ကံ ကံ၏အကျိုး(စ/ဆုံး)
———————
“ဟာ သားတို့ထမင်းမစားရသေးဘူးလား၊မိန်းမနင်ကလေးတွေကို ခုထိ မကျွေးရသေးဘူးလားဟ”
ကိုခင် ထမင်းစားနေရင်း အိမ်ခန်းဝခန်းဆီးနားက ထမင်းဝိုင်းရှိရာသို့ လှမ်းမျှော်နေသော သားနှစ်ယောက်ကိုတွေ့လိုက်ရတာမို့ ဇနီးဖြစ်သူကိုလှမ်းမေးလိုက်သည်။
“အိုတော် တော့သားတွေ ဘယ်နှစ်ခါရှိပြီတုန်းစားနေတာ၊ဆယ်ယောက်စား ဆယ်ခါပါချင်နေတာ၊ကဲ ရော့ ရော့ တစ်ယောက်တစ်ရာလာယူမုန့်သွားဝယ်စားချေ၊ကိုယ့်ဖအေက မောကြီးပန်းကြီးနဲ့ ပင်ပင်ပန်းပန်းအလုပ်ပြီးထမင်းလေး လာပြန်စားတာကို မျှော်နေကြတယ်၊ဘယ့်နှယ် စားပြီးတာကိုလာမျှော်နေတာ၊ယောကျာ်းရယ် တော့ခလေးကလည်း ကျုပ်ခလေးပါပဲ၊ကျုပ်လည်း အငတ်မထားပါဘူးတော်ကျွေးတာပေါ့တော်၊သူတို့ကိုကအချိန်ပြည့် စားချင်သောက်ချင်နေတာ”
“အေးပါကွာ၊ငါလည်း မင်းကိုယုံပါတယ် ၊ခလေးတွေကမျှော်နေလို့မေးကြည့်တာပါ”
မတင်တစ်ယောက် ထမင်းဝိုင်းကြည့်ကာ မျှော်နေကြသော လင်ပါသားကလေးနှစ်ယောက်ကို ပိုက်ဆံတစ်ရာစီပေးကာ အလျင်အမြန်ပင်ပထုတ်လိုက်လေသည်။လင်ဖြစ်သူကလည်း မယားစကားသာယုံသူမို့ သားနှစ်ယောက်မှာအားကိုးရသူမရှိပေ။
^^^^^^^^^^^
“ကိုကြီး သားထမင်းပဲစားချင်တယ်ဗျာ၊သားမုန့်မစားချင်ဘူး၊မုန့်စားရင် သားဗိုက်မဝဘူးဗျ”
ကျော်ကျော်မှာ ဗိုက်ကလေးကို ပုတ်ကာပြောနေသည့် ညီလေးဖြစ်သူ ဇော်ဇော်ကိုကြည့်ကာစိတ်မကောင်းဖြစ်ရသည်။
“လာပါညီလေးရာ ၊ငါတို့မုန့်မစားလည်း တခြားဘာစားကြမလည်း၊ဒေါ်ကြီးက ဟင်းကောင်းချက်တိုင်းငါတို့ကို ဘယ်တုန်းက ကျွေးဖူးလို့လည်းကွာ”
မိထွေးဖြစ်သူကို ကြောက်၍သာ ပေးတဲ့ပိုက်ဆံလေးယူပြီး ထွက်လာခဲ့ရပေမယ့် ထမင်းဝိုင်းကကြက်သားဟင်းပန်းကန်လေးကို ပြန်မြင်ယောင်ရင်း ညီအစ်ကိုနှစ်ယောက် ဗိုက်ကပို၍ပင်ဆာလာလေသည်။ဒါပေမယ့် လောလောဆယ်ဆာနေတဲ့ဗိုက်ပြည့်ဖို့ သူတို့ပါတဲ့ပိုက်ဆံလေးနဲ့လောက်မည့်မုန့်ဝယ်ရန်စျေးဆိုင်သို့ တရွေ့ရွေ့လာခဲ့သည်။သူ့စိတ်ထဲတွင်တော့ မိခင်ဖြစ်သူရှိစဥ်အခါက ထမင်းစားချိန်ရောက်တိုင်း မိခင်ကိုယ်တိုင်ခွန့်ကျွေးခဲ့သော ထမင်းလုတ်ကလေးတွေကိုအောက်မေ့နေမိသည်။
^^^^^^^^^^^^^^^
“ဟဲ့ မသာလေးတေ၊နင်တို့သောက်စားဆိုရင်တော့ မျိုချင်လိုက်ကြတာ ဟမ်၊အခု အိမ်လေးသန့်ရှင်းရေးလုပ်ခိုင်းတာကိုတော့ ပြောင်စင်အောင်မလုပ်နိုင်ဘူး၊
ပြီးတော့ဟိုအကောင် ကျော်ကျော် နင့်ကိုရေခပ်ခိုင်းထားတာ မခပ်ရသေးဘူးမလား”
“ဒေါ်ကြီး သားရေထမ်းပုံးအပြည့်ကြီးမနိုင်လို့ပါ၊ပုံးအသေးလေးနဲ့ဆွဲမယ်နော်”
“ဟဲ့ သေနာလေး နင့်ကိုငါ အပြည့်မနိုင်ရင် တစ်ဝက်ထည့်ထမ်းလို့ပြောထားတယ်လေ၊ဘာကိုပုံးအသေးလေးနဲ့ဆွဲမှာလည်း၊ရေထမ်းပုံးနဲ့ပဲထမ်းရမယ်၊အခုထဲကထမ်းထားမှ ကျင့်သားရမှာ၊သွား ငါပြောတဲ့အတိုင်းသွားလုပ်”
“ဟဲ့…နေဦး နင်အဖေပြန်လာလို့ ပြန်တိုင်ရင် နင်တို့နှစ်ကောင်လုံးသေပြီသာမှတ်နော်၊ငါ့ကြောင်းသိတယ်မှတ်လား”
ကျော်ကျော်မှာ သူတို့ညီအစ်ကိုကို မျက်နှာထိမျက်နှာထား နဲ့လက်ညိုးငေါက်ငေါက်ထိုးကာခိုင်းနေသော ဒေါ်ကြီးမတင်ကိုကြောက်လန့်တကြားကြည့်ကာ ရေထမ်းပုံးလေးဆွဲထွက်ခဲ့လေသည်။ဒီလိုတွေကြောင့်လည်းသူတို့မိခင်ဆုံးပြီးသိပ်မကြာသေးခင် အမေအသစ်ဟုဆိုကာ ဖခင်အိမ်ခေါ်လာသော သူတို့ကိုရိုက်နှက်ဆုံးမပြီး တခါတလေသူတို့ညီအစ်ကို ထမင်းကျွေးလေ့မရှိသော အဒေါ်ကြီးမတင်ကို အလွန်ကြောက်ရသည်။ထမင်းကျွေးခဲ့ရင်တောင် ဟင်းအကြွင်းအကျန်တွေနှင့်သာစားရသည်။
ဖခင်ဖြစ်သူ ကိုခင်ကလည်း အပြင်အလုပ်ထွက်လုပ်ရသူဖြစ်ပြီး အိမ်မှာ မတင်နှင့်သားကလေးနှစ်ယောက်သာအမြဲရှိသည့်မို့ ယောကျာ်းဖြစ်သူမှာမတင်ပြောသမျှကိုသာ အမြဲယုံကြည်လေ့ရှိပြီး သားနှစ်ယောက်အဆင်ပြေသည်သာထင်နေသည်။
မတင်ကတော့ လင်ပါသားနှစ်ယောက်ကလည်း ခုမှ ခြောက်နှစ်သားနှင့်ရှစ်နှစ်သားပေမို့ သူပြောချင်ရာပြော၊ခိုင်းချင်ရာခိုင်း၊ဆူချင်သလိုဆူ၊ရိုက်ချင်သလိုရိုက်နေရ၍ မတင်အကြိုက်ဖြစ်နေလေသည်။ပတ်ဝန်းကျင်က ပြောသော်လည်း ဖခင်အရင်းဖြစ်တဲ့ကိုခင် ကိုယ်တိုင်ကမယားစကားမှလွှဲ၍တခြားနားမဝင်သည်မို့ ဘာမှမတတ်နိုင်ပေ။
^^^^^^^^^^^^^^^
“အဒေါ်ထည့်စားနော် ၊ရော့ ထည့်ပါအဒေါ်ရယ်”
မတင် အိမ်သို့အလည်လာသော တစ်ရွာထဲနေခင်မင်သူအဒေါ်ကြီးကို ထမင်းကျွေးမွေးနေခြင်းဖြစ်သည်။ထမင်းဝိုင်းဘေးကနေပြီး ထမင်းပန်းကန်ထဲသို့ ဟင်းတွေခပ်ခပ်ထည့်ပေးနေလေသည်။ဒါကိုမြင်တဲ့ကျော်ကျော်တို့ညီအစ်ကိုကတော့ ထုံးစံအတိုင်းဟင်းကောင်းလေးနဲ့စားရနိုးအခန်းထောင့်လေးကလှမ်းကြည့်နေကြသည်။
“ဟဲ့ တူမ၊ဟိုကလေးနှစ်ယောက် ထမင်းဆာပြီနဲ့တူတယ်၊ထမင်းမကျွေးရသေးဘူးမလား”
ကျော်ကျော်တို့ညီအစ်ကိုကိုမြင်သွားတဲ့ ဧည့်သည်အဒေါ်ကြီးက မတင်အကြောင်းကို အများပြောစကားအရသိသော်ငြားလည်း မသိချင်ယောင်ဆောင်ကာမေးလိုက်သည်။
“အမလေးး အဒေါ်ရယ်၊သူတို့ကိုဟင်းကျက်ကတည်းက ကျွေးပြီးပြီ၊စားရသလောက်ကိုငတ်ပါတယ်ရှင်၊ကဲ နင်တို့ဧည့်သည်မျိုမကျအောင် လာလုပ်မနေနဲ့ ရော့ မုန့်သွားဝယ်စားကြ”
မတင်ထုံးစံအတိုင်း ကျော်ကျော်တို့ညီအစ်ကိုကို တစ်ရာတန်တစ်ယောက်တစ်ရွက်စီပေးကာ လွှတ်လိုက်လေသည်။ဒါကိုမြင်တဲ့ဧည့်သည်အဒေါ်ကြီးကစိတ်မကောင်း၍ ပန်းကန်ထဲကစားလက်စထမင်းပင်ကုန်အောင်မစားနိုင်တော့ပေ။
^^^^^^^^^^^^^^^^
“ဟဲ့ ဟိုနှစ်ကောင် နင်တို့ဘာအလုပ်တွေလုပ်စရာရှိလည်း သိကြနော်၊ငါဗိုက်ထဲက ကလေးကမွေးခါနီး ဖွားခါနီးဖြစ်နေပြီ၊အဲ့တော့ နင်တို့ကို နေရာတကာလိုက်ပြောမနေနိုင်ဘူး၊ဟိုအကောင်ကျော်ကျော် ငါချိုးဖို့ရေခပ်ပြီးပြီလား”
မတင်ကတော့ မနိုင်မနင်းနဲ့ကလေးတစ်ယောက်ခပ်ထားရတဲ့ရေတွေကို စာနာစိတ်မရှိပဲ တစ်ဝုန်းဝုန်းနဲ့ချိုးကာကျေနပ်နေလေသည်။မတင်တစ်ယောက်မွေးခါနီးလေလေ ကျော်ကျော်တို့ညီအစ်ကိုမှာအဆူအငေါက်ပိုခံရပြီး၊အိမ်အလုပ်ပိုလုပ်ရလေသည်။
မတင်ကတော့ ဗိုက်အကြောင်းပြပြီး သက်သောင့်သက်သာအေးဆေးကျော့မော့နေလေသည်။
“အမလေးးးးနာလှချည်သေးရဲ့၊အမလေးးးးအမေရဲ့နာလိုက်တာတော့ ”
“ညှစ် မတင်ရေ၊မွေးခါနီးနေပြီဟဲ့၊ညှစ် ညှစ်”
“မွေးပြီးဟဲ့ ၊ယောကျ်ားလေးတော်ရေ၊မတင် ညီးယောကျ်ားလေးမွေးသယ်အေ့”
မတင်မှာ လင်ပါသားလေးနှစ်ယောက်အပေါ်သားသမီးချင်း ကိုယ်ချင်းမစာနာ အနိုင်ကျင့်နှိတ်စက်ခဲ့ပေမယ့် သူမွေးသည့်သားကလေးကျတော့ မျက်စိအောက်က အပျောက်မခံနိုင်အောင်ပင်ချစ်လှသည်။သို့သော်လည်း ကျော်ကျော်တို့ညီအစ်ကိုကတော့ ပိုအပြောအဆိုခံလာရသည်။
ဒီလိုနဲ့မတင်တစ်ယောက် ကလေးမွေးပြီးလေးငါးရက်ခန့်အကြာတွင် မနက်စောစောဝေလီဝေလင်းအိပ်ယာမှထပြီး မျက်နှာသစ်၊ကိုယ်လက်သန့်စင်ရန် သုံးရေအိုးရှိရာဆင်းလာခဲ့သည်။
“အားးးးအမလေးးးးးမလုပပွါနဲ့းးးအစွးးးးးအစွ”
မတင်ရဲ့အလန့်တကြားအော်ဟစ်သံကြီးကြောင့် ကိုခင်လည်းအိမ်ပေါ်မှအပြေးအလွှားဆင်းလာသလို
ပတ်ဝန်းကျင်က အိမ်နီးချင်းတချို့လည်း
ရောက်လာခဲ့ကြသည်။
ဒါပေမယ့် အားလုံးရောက်လာခဲ့ချိန်မှာတော့ သုံးရေအိုးနားတွင် လျှာကြီးတစ်ထွာခန့်ထွက်ကာ
မျက်လုံးကြီးပြူးသေဆုံးနေသော မတင်ရဲ့အသက်မဲ့ခန္ဓာကြီးကိုသာ တွေ့လိုက်ရပါတော့သည်။
“အမလေးးးးကြောက်စရာကြီးတော့”
“ဟယ် ဒဏ်ရာလည်းမရှိပဲ ဘယ်လိုဖြစ်တာပါလိမ့်”
“ဟဲ့ အဲ့ဒါ ကျော်ကျော်တို့အမေ ဂုတ်ချိုးသတ်လိုက်တာနေမှာပေါ့ဟဲ့၊သူ့သားသမီးတွေကိုဒီလောက်နှိတ်စက်နေမှာတော့အေ”
“ဟုတ်လောက်တယ်အေ့၊ညီးပြောတာဖြစ်နိုင်လောက်တယ်”
“ဟဲ့ကမတွေ ညီးတို့မသိပဲမဟုတ်တာတွေလျှောက်ပြောမနေကြနဲ့ကိုယ်သိတာမဟုတ်ပဲ”
မည်သို့ပင်ဆိုစေကာမူ အကြောင်းအရင်းမသိ၊အဖြေတိတိကျကျမရှိပဲ မတင်ကတော့လူ့ဘဝကတစ်ခန်းရပ်ထွက်ခွာသွားချေပြီ။နောက်ဆုံး၌သူများသားသမီးအပေါ် ကိုယ်ချင်းစာစိတ်မရှိ အနိုင်
ကျင့်ခဲ့သမျှ ကိုယ့်သားသမီးကိုမွေးပြီး လေးငါးရက်သားလေးဘဝနဲ့ထားရစ်ခဲ့ရလေတော့သည်။
(အားလုံးပဲ လူသားအချင်းချင်းကိုယ်ချင်းစာတရားထားနိုင်ကြပါစေ)
#သန္တာထွန်း(အတွေးစု)