*ကျိန်စာသင့်၍ခံရသော ဝိမာနပြိတ္တာ*📖📖📖(စ/ဆုံး)
**********************************************
ကဿပဘုရားရှင်လက်ထက်က ဖြစ်၏။ ကိမိလ
မြို့၌’ပုညကုသလ’ဟူသောအမည်ဖြင့် သာသာ
ရေးအသင်းတစ်သင်း ရှိ၏။ ကုသိုလ်ကောင်းမှုကို
စိတ်တူညီမျှ ပြုလုပ်ကြသောကြောင့် ‘ပုညကုသ
လ’ဟူ၍ ထင်ရှားသောအသင်းဖြစ်၏။ အသင်း
သားဦးရေမှာ ငါးရာအထိရှိ၏။
ယင်းအသင်းကို သောတပန်အဆင့်သို့ ရောက်
သူ ဥပါသကာသူကြွယ်တစ်ဦးက ဦးဆောင်ခဲ့
သည်။ သူတို့၏ ဆောင်ရွက်ချက်များမှာ အရာ
နှင့် ထင်ထင် အကျိုးသက်ရောက်လှပေသည်။
ပျက်စီးဟောင်းနွမ်းနေသော ဘုရားအို၊ ကျောင်း
အို၊ တံတားအိုများကို သစ်လွင်သော ပြုပြင်ကြ
သည်။ ရေရှားပါးသော ဒေသများတွင် အများ
သောက်သုံးနိုင်ရန်အတွက် ရေတွင်းရေကန်
တူးဖော်ခြင်း၊ ဆည်မြောင်းတာတမံများ ဆည်
ဖို့ခြင်း၊ အရိပ်အာဝါသဖြစ်စေခြင်းငှာ လမ်းဘေး
ဝဲယာတို့၌ သစ်ပင်စိုက်ပျိုးခြင်း စသော ပုညကု
သလအမှုများကို တက်ညီလက်ညီ ပြုကြကုန်၏။
ကျောင်းကန်မရှိသေးသော ဒေသများ၌လည်း သာသနာတော် တည်တံ့ပြန့်ပွားရေးကို ရှေးရှု
ကာ ကျောင်းသစ်များ ဆောက်ကြပြီး၊
ထိုကျောင်းများ၌ရဟန်းသံဃာများကို ပင့်ဆောင်
၍ ကိုးကွယ်ကြကုန်၏။ သူတို့၏ ဇနီးများသည်
လည်း သူတို့၏ စရိုက်နှင့် လိုက်ဖက်လှကုန်၏။
ကုသိုလ်ကောင်းမှုပြုရေးတွင် သွေးစည်းညီညွတ်
ကြ၏။ သူတို့လည်း ပုညကုသလအသင်းသူများ
ပင်တည်၊ အကျင့်သီလ အာစာရဂုဏ်နှင့် ပြည့်စုံ
သူ အမျိုးသမီးများ အဖြစ်ဖြင့် အရပ်ထက်ဝန်း
ကျင်၌ ထင်ရှား၏။ သူတို့လည်း ကျောင်းကန်
ဘုရားနှင့် ယဉ်ပါးသူများဖြစ်သည့်အားလျော်စွာ
ကျောင်းသို့ သွားသောအခါများတွင် အပန်းဖြေ
ကာ နားနားနေနေ သွားလေ့ရှိကြ၏။
တစ်နေ့သောအခါ ထိုအမျိုးသမီးတစ်သိုက်သည်
ဘုရားကျောင်းမှ အပြန်တွင် နားနေကျအေးရိပ်
သာ၌ အပန်းဖြေနားနေကြကုန်၏။ ထိုနေ့တွင်
သူမနားနေသော ရိပ်သာနှင့် ခပ်လှမ်းလှမ်းသစ်
ပင်အောက်၌ သေသောက်ကြူးတစ်စုတို့ ဝိုင်းဖွဲ့
၍ မူးနေကြသည်။ အတော်မူးနေသူတစ်ဦးက ထို
အမျိုးသမီးများဘက်သို့ လက်ညှိုးထိုးကာ အရက်
မူးသော အာလုတ်သံကြီးနှင့် …
“ဟေ့…ဟိုကောင်မတွေကို ပျက်စီးအောင် ဖျက်
နိုင်သူ ထွက်ခဲ့…”
“ရှူး …တိုးတိုးပြောပါကွ၊ ကြားသွားဦးမယ်…သူ
တော်ကောင်း အမျိုးသမီးတွေပါကွာ…ထားလိုက်
စမ်းပါ”
ထိုအမျိုးသမီးများ၏ အကျင့်စာရိတ္တကို သိသူ
တစ်ယောက်က ဝင်၍ ဟောက်လိုက်၏။
“အဲဒါကြောင့် …ပြောတာပေါ့၊ မယ်မင်းကြီးမ
တွေရဲ့ အကျင့်သီလ ခိုင်မခိုင် လက်တွေ့စမ်း
ချင်တာ”
ဟု ပထမလူကဆိုသော် ဒုတိယလူက ပြန်ပြော
သည်။
“သည်အမျိုးသမီးတွေကို ဘယ်လိုဖျက်ဖျက်
မပ်က္ဘူးကြ”
“ပျက်စေရမယ်”
“မပျက်စေရဘူး”
“ကိုင်း…ဒါဖြင့် လောင်းမလား”
“လောင်းမယ် …ပျက်ရင် တစ်ထောင်ယူ၊ မပျက်ရင်တစ်ထောင်ပေး”
ငွေတစ်ထောင်ကြေးဖြင့် အလောင်းအစား
လုပ်ကြ၏။ ဤအထဲတွင် ‘ပျက်အောင် ဖျက်
ပြမယ်’ဆိုသူကား စောင်းသမားဂီတသမားဖြစ်
သည်။ ဂီတအားကိုးနှင့် ရဲဝံ့စွာ အလောင်းအ
စား ပြုကြခြင်းဖြစ်၏။
တစ်နေ့တွင် ထိုစောင်းသမားသေသောက်ကြူး
သည် ထိုအမျိုးသမီးများ အသွားအပြန် နားလေ့
ရှိသော အေးရိပ်သာ၏ အနီးတွင် စောင်းတစ်
လက်နှင့် အချက်ကောင်းကို စောင့်နေ၏။
ထိုအမျိုးသမီးတစ်သိုက် ရောက်လာကြပြီး အ
ပန်းဖြေကြသည့်အခိုက်တွင် သမုဒယဗြောင်း
ဆန်အောင် ရှေးဦးစွာ စောင်းသံပေးလိုက်ပြီးမှ
သီချင်းတစ်ကျော့ စောင်းတစ်ကျော့တီးခြင်း၊
သီချင်းလည်းဆို စောင်းကိုလည်းတီး ဆိုတီး
တီးခြင်းပြုလေသော် အမျိုးသမီးတစ်စုမှာ
နားမခံသာသဖြင့် ထ၍ သွားကြကုန်လေ၏။
သို့သော်…သို့သော်
ယင်းအမျိုးသမီးတစ်သိုက်ထဲမှ အမျိုးသမီးတစ်
ဦးသည်ကား မျောက်နှဲစေးသည့်အလား ထိုဂီ
တ၌ မိန်းမောကာ ထိုင်ရာကပင်မထဘဲ ဂီတကို
သာ စွဲနေလေ၏။
ထိုအချက်ကို အကွက်ကောင်းစောင့်နေသော သကောင့်သား စောင်းသမားသည် မိမိ၏ညှို့
ကွင်း၌ လည်စင်း၍ မိနေသော ထိုအမျိုးသမီး
အား သီလပျက်အောင် ကျူးလွန်ဖျက်ဆီးလိုက်
ကာ လောင်းကြေးတစ်ထောင်ကို ချောင်ချောင်
ကလေးနှင့် ရရှိသွားလေ၏။
XXXX
နိုင်သူမှာ ပြုံး၍ ရှုံးသူမှာ မဲ့မြဲဖြစ်သော လောင်း
ကစားသမားတို့၏ ထုံးစံအတိုင်း အမျိုးသမီး၏
သီလပျက်မှုကြောင့် အသပြာတစ်ထောင့် အရှုံး
ခံလိုက်ကြရသော သေသောက်ကြူးတို့မှာ တ
ရှူးရှူး တရှားရှားနှင့် မကျေမနပ် ဖြစ်ကုန်လေ၏။
ထိုအမျိုးသမီးအပေါ်၌ အထင်ကြီးမိတဲ့အတွက်
ငါတို့ ရှုံးရသည်ဟူ၍ နှလုံးပေါက်ကာ သူ၏ခင်
ပွန်းလင်ထံ သွားရောက်ကြပြီး…
“သင်၏ဇနီးသည် မည်သည်နေ့ မည်သည့်အချိန်
က သေသောက်ကြူးတစ်ဦးနှင့် ကျူးလွန်ဖောက်
ပြားကြောင်း “ဖြင့် တိုင်ကြားကြကုန်လေ၏။
“ကျုပ်ဇနီး သင်ပြောသလို မဖြစ်နိုင်ပါဘူး”
“ခင်ဗျားကသာ မဖြစ်နိုင်ဘူးပြောနေ၊ ကျုပ်တို့
မှာတော့ ခင်ဗျားဇနီး အကျင့်စာရိတ္တကောင်း
ကြောင်း အလောင်းအစား ပြုမိတဲ့အတွက်
လက်ငင်းအသပြာတစ်ထောင် ရှုံးပြီဗျာ”
ဤသို့ အတိအကျထောက်ပြသောအခါတွင်မူ…
လင်ယောက်ျားမှာ မယားအပေါ်၌ ဇဝေဇဝါ ဖြစ်
လာသဖြင့် မယားကို စစ်ဆေးကြည့်သောအခါ
‘ကြံကြီးစည်ရာတော်’ဟူ၍ ကတ်ကတ်လှန် ငြင်း
ဆန်ခြင်း ပြုလေသည့်အပြင် အနီးတွင်ရှိသော
ခွေးနက်ကြီးကို ပြကာ ကျိန်ဆို၍ ပြောပါလေ၏။
“အရှင် ကျမကို မယုံကြည်ခဲ့သော ကျမကျိန်
စာဆိုပါအံ့၊ ဤသို့ ယောက်ျားတစ်ပါးနှင့် ကျူး
လွန်ဖောက်ပြားမှုများကို ကျူးလွန်မိခဲ့သော်
ဤနားရွက်ပြတ် ခွေးကြီးသည် ကျမဖြစ်လေ
ရာရာဘဝတိုင်း ဘဝတိုင်း ကျမကို ကိုက်ဝါး
လို့ စားပါစေသား”
ဤသို့ကျိန်ဆိုငြားသော်လည်း မယားအတွက်
အဆိပ်တက်နေသော ယောက်ျားက မယုံကြည်၊
အပေါင်းအသင်းမိန်းမဖော်များကို စုံစမ်းဦးအံ့ဟူ
၍ ထိုအမျိုးသမီးများထံ သွားရောက်စူးစမ်းလေ
သောအခါ ထိုအမျိုးသမီးများသည် ဖောက်ပြား
ကျူးလွန်မှန်း သိကြသော်လည်း မိမိတို့အချင်း
ချင်း ဂုဏ်သိက္ခာ ထိပါးမည်ကို ကာကွယ်ခြင်းငှာ…
“မသိပါ” ဟူ၍ အညီအညွတ် တစ်သံတည်း
ထွက်ဆိုကြကုန်သည့်အပြင် ထိုအမျိုးသမီး
နည်းတူပင် ကျိန်ဆိုကြပြန်ကုန်၏။
“အကယ်၍ သိလျက်နှင့် မသိဟု လိမ်လည်၍
မုသားဆိုခဲ့ပါသော် ကျမတို့သည် ဖြစ်နေရာ
ဘဝတိုင်းတို့၌ ထိုသခင်မ ကျွန်ချည်း ဖြစ်ရ
ပါစေသား”
ဟူ၍ ရဲဝံ့စွာ ကျိန်ဆိုကြလေသည်။ ထိုကျုး
လွန်ဖောက်ပြားမိသော မိန်းမသည်လည်း
စိတ်နှလုံးတွင် အပူမီးတဟုန်းဟုန်း တောက်
ကာ မကြာမီ ထိုဝေဒနာဖြင့်ပင် ကွယ်လွန်ရှာ
လေသည်။ ကွယ်လွန်သော် ဟိမဝန္တာတောင်
ကဏ္ဏမုဏ္ဍအိုင်ကြီး၏ အနီးအပါး၌ ဝိမာနပြိ
တ္တာမ ဖြစ်လေ၏။
ဟိမန္တာတောင်၌ အိုင်ကြီးခုနှစ်အိုင် ရှိသည့်အ
နက် ကဏ္ဏမုဏ္ဍအိုင်မှာ တစ်ခုအဖြစ် ပါဝင်၏။
ကြွင်းသောအပေါင်းအသင်းရောင်းရင်းမိန်းမ
ငါးရာတို့သည်လည်း ကွယ်လွန်ကြသော် မိမိ
တို့၏ ကျိန်စာသင့်ကာ ထိုမိန်းမ၏ ကျွန်မများ
ဖြစ်ကြကုန်လေသတည်း။
ထိုမိန်းမသည် ရှေးလူဖြစ်စဉ်အခါ ပြုခဲ့ဖူးသော
ကုသိုလ်အဟုန်တို့ဖြင့် နေ့အခါတွင် နတ်ဘုံ၌
စံစားရဘိသကဲ့သို့ နတ်စည်းစိမ်ကို ခံစားရသော်
လည်း ညအခါတွင်မူကား အမှန်တရားကို ဖုံး
ကွယ်ကျိန်ဆိုခဲ့သော ကျိန်စာကြောင့် ရေကန်
အနီးသို့ ညတိုင်းညတိုင်းသွား၍ ခွေးနက်ကြီး၏
စားခြင်းကို ခံရလေ၏။
စားပြီးသော် ခွေးနက်ကြီးသည် အရိုးများကို ရေ
ကန်တွင် ပစ်ချပြီးကွယ်ပျောက်သွားလေ၏။ ရေ
ကန်ထဲ ပစ်ချလိုက်သော အရိုးများသည် ရေကန်
ထဲရောက်သည်နှင့် တစ်ပြိုင်နက် မူလရုပ်သွင်
အတိုင်း အသစ်ပြန်၍ ဖြစ်ကာ ဗိမာန်ပေါ်သို့
တက်၍ အိပ်လေ၏။ နေ့မှာစံ၍ ညခံရသော
ပြိတ္တာမ ဖြစ်ပေသည်။
အပေါင်းအသင်းမိန်းမ ငါးရာတို့သည်လည်း မိမိ
တို့၏ ကျိန်စာအလျောက် ထိုမိန်းမအပါးတွင်
ကျွန်အဖြစ်ရံလျက် ဖြစ်လာရကုန်လေ၏။
XXXXX
“ရွှေဘုံပေါ်မှာ စံရသော်လည်း အချစ်မရှိက
အချည်းနှီးသာတည်း”
ဤကား ထိုအမျိုးသမီးငါးရာတို့၏ ညည်းချင်း
ဖြစ်၏။ ယောက်ျားသည် မိန်းမတို့၏ မွေ့လျော်
ရာဖြစ်၏။ မွေ့လျော်ဖွယ်ရာ ယောက်ျားတည်း
ဟူသော အာရုံမရှိလေသည့်အတွက် သူ့တို့
ငြီးငွေ့လာကြကုန်သည်။ ယောက်ျားကို တွေ့
လို မြင်လို ယောက်ျားနှင့်မွေ့လျော်လိုကြကုန်
၏။ ထို့ကြောင့် သူတို့သည် ယောက်ျားနှင့်တွေ့
ရာ တွေကြောင်း ဥာဏ်နီ ဥာဏ်နက် ထုတ်ကြ
လေကုန်၏။
နေရာ၌ ကဏ္ဏမုဏ္ဍရေအိုင်ကြီးမှ ဂင်္ဂါမြစ်သို့
တောက်လျှောက် စီးဝင်နေ၏။ ထိုအမျိုးသ
မီးတို့သည် ဂင်္ဂါမြစ်သို့ စီးဝင်သော ရေစီး
ကြောင်းအတိုင်း နတ်သရက်သီးများကို
မျှောနေကြ၏။
သူတို့၏ စိတ်ထဲမှာ…
“ဤနတ်သရက်သီးသည် လွန်စွာအရသာရှိ၏။
စိတ်ပျိုကိုယ်နုစေ၏။ ဤနတ်သရက်သီးကို
စားမိသောသူသည် သရက်သီးရှိရာ ဤဒေသ
သို့ မလာဘဲ နေနိုင်မည်မဟုတ်၊ မုချလာရောက်
လိမ့်မည်။ ထိုအခါ ငါတို့သည် ယောက်ျားကို
တွေ့ရကုန်လတ္တံ့၊ ယောက်ျားနှင့် မွေ့လျော်
ကြကုန်လတ္တံ့”
ဟူသော စိတ်ကူးယဉ် အကြံအစည်ဖြစ်၏။
ဤစိတ်ကူးဖြင့် နတ်သရက်သီးများကို မျှော
နေကြခြင်းဖြစ်၏။ စင်စစ်ဆိုသော် ယောက်ျား
နှင့် မွေ့လျော်ရရေးအတွက် နတ်သရက်သီး
ကို အောင်သွယ်အဖြစ် အသုံးချခြင်းပင်တည်း။
နတ်သရက်သီးတို့သည် မြစ်ကြောင်းအတိုင်း
မျောရာက အချို့ကိုတော့ ရသေ့တို့ ရကုန်၏။
အချို့ကို မုဆိုးတို့ ရကုန်၏။ အချို့မှာမူ သောင်
ကမ်းများတွင် တင်နေကုန်သောကြောင့် သရက်
သီးများသည် ထိုမိန်းမများ မျှော်လင့်ထားကြ
သလို အောင်သွယ်ကိစ္စကို ဆောင်ရွက်ခွင့်
မရကြကုန်။
တစ်လုံးသောသရက်သီးကား ဂင်္ဂါမြစ်တွင် ရေချိုး
နေသော ဗာရာဏမင်း ရရှိဘေးလသည်။ မျောပါ
လာသော သရက်သီးသည် သံကွန်ရက်၌ငြိ၍ မင်း
ချင်းယောက်ျားများက မင်းအားဆက်ကြ၍ ဗာရာ
ဏသီမင်း ရရှိခြင်းဖြစ်သည်။ ဗာရာဏသီမင်းသည်
တပ်မက်ခြင်းပြင်းစွာဖြစ်၍ “မည်သည့်နေရာ၌ရှိ
ကြောင်း” မုဆိုးများကို ခေါ်၍ မေးရာတွင်…
“အထက်မြစ်ညာ ဟိမန္တာတောင်မင်း၌ ရှိကြောင်း
ကြားဖူးပါသည်”
ဟု လျှောက်တင်လေသော် ဗာရာဏသီမင်းသည်
ထိုမုဆိုးတို့အား အသပြာတစ်ထောင်ပေး၍ သရက်
သီးကို ယူဆောင်ရန် ဟိမန္တာသို့ စေလွှတ်လိုက်
လေသည်။
XXXX
စိမ့်ကြီးမြိုင်ကြီးအတွင်း တစ်ခုသောနေရာ၌
ကျောက်ဂူကြီး ရှိ၏။ ထိုကျောက်ဂူ၌ ရသေ့သူ
မြတ်တစ်ပါး တရားအားထုတ်နေ၏။ မုဆိုးသည်
တောတောင်အထပ်ထပ်ကို ဖြတ်ကျော်၍ ထို
ကျောက်ဂူကို ရောက်သွားလေ၏။
အရှင်ရသေ့အား …မိမိလာရောက်ရခြင်းအ
ကြောင်းကို လျှောက်ထားပြီး…
“နတ်သရက်သီးရှိရာသို့ သွားရာလမ်းကို
ညွှန်ကြားပေးပါရန် ရိုသေစွာ လျှောက်ထား
ပါသည်”
ထိုအခါ ရသေ့မြတ်က…
“ဤမြစ်ငယ်လေးကို အမှီပြု၍ ရေညာသို့ လိုက်
သွားသည်ရှိသော အကြင်အခါ တောင်ခေါင်းကို
တွေ့မြင်လတ္တိ ံ့။ ထိုအရပ်မှစ၍ ညဉ့်အခါ၌ မီးရှူး
မီးစည်းကိုယူ၍ သွားလော့၊ ဤမြစ်သည် ထိုမှ
နှစ်ယူဇန သုံးယူဇနာလွန်သော သရက်သီးကို
တွေ့မြင်ရလတ္တိ ံ့”
ဟု ဆို၏။ ရသေ့သူမြတ်၏ လမ်းညွှန်ချက်အရ
အားတက်သရောပင် ထွက်ခွာပြီးနောက် ထိုသ
ရက်ပင်ရှိရာအရပ်သို့ ဦးတည်၍ လျှောက်လာ
သည်။
XXXX
“တို့မျှော်လိုက်တဲ့ သရက်သီးတွေ အလကား
ဖြစ်ကုန်သလား”
“မသိဘူး…ယောက်ျားတစ်ယောက်မှလည်း
ပေါ်မလာဘူး”
“မလာတာဘဲ ကောင်းပါတယ်လေ”
“ဘာဖြစ်လို့လဲ…ရှင်မ”
“လာရင် အဝေတည့်မှာ မဟုတ်ဘူး…လေးငါး
ခြောက် လာတယ်ပဲထား၊ တို့က ငါးရာတောင်မှ
ဘယ်မှ အဝေတည့်နိုင်မလဲ…လင်လုပွဲကြီး ဖြစ်
နေမှာပေါ့”
ထိုအမျိုးသမီးတို့သည် အားအားရှိတိုင်း ယော
က်ျားအကြောင်းကိုသာ အလေးပေး၍ ဆွေးနွေး
နေကြ၏။ ယောက်ျားကို မြင်ရနိုးနိုးနှင့် မျှော်ကိုး
နေကြစဉ် သူတို့အတွက် နတ်ဖက်သော ယော
က်ျားဟု ဆိုရလေမလား မုဆိးသည် နတ်သရက်
သီးရှိသော ဥယျာဉ်သို့ ရောက်သွားလေ၏။
သရက်ပင်ပေါ်မှ သရက်သီးများကို မော့ကြည့်ကာ…
“နိပ်ဟ…ဒီသရက်သီးတွေများ ဆက်သလိုက်ရ
ရင် ဘုရင်မင်းတရား ငါ့အား ဆုတော်ငွေများစွာ
ချီးမြှင့်တော့မှာပဲ”
ဟူ၍ အတိုင်းမသိ ဝမ်းသာသွား၏။
ထိုသို့ ဝမ်းသာနေခိုက်တွင် အမျိုးသမီးတစ်သိုက်
၏ ကျွတ်ကျွတ်ညံသောအသံကြောင့် လှည့်
ကြည့်လိုက်ရာ”သူ့လင်၊ ငါ့လင်”ဟူ၍ ငြင်းခုန်ရင်း
သူ့ဆီသို့ အတင်းပြေးလာကြသည်ကိုမြင်လျှင်
မုဆိုးလည်း လန့်ပြီး ကြောက်အားလန့်အားနှင့်
ကဆုန်ချ၍ ထွက်ပြေးလေသောကြောင့် ထိုအ
မျိုးသမီးတစ်သိုက်မှာ လင်မရဘဲ မောဟိုက်ခြင်း
သာလျှင် အဖတ်တင်ကာ ကျန်ရစ်ကြလေသည်။
XXXXX
ဗာရာဏသီးမင်းလည်း နတ်သရက်သီးကို မှီဝဲ
လိုလှသော ဆန္ဒဖြင့် မုဆိုးအလာကိုသာ မျှော်
လင့်နေခဲ့ရာ မုဆိုးရောက်လာသော်လည်း နတ်
သရက်သီး ပါမလာဘဲ…
“သရက်သီးကို တွေ့ခဲ့ရကြောင်း၊ သို့သော်
ထိုသရက်သီးကို လူလား နတ်လားမသိ အ
မျိုးသမီးများ စောင့်ရှောက်ကြဟန်တူကြောင်း၊
သူ့ကို ဝိုင်းလိုက်သည့်အတွက် ထွက်ပြေးခဲ့ရ
ကြောင်း” လျှောက်ထားလေသည်။
ထိုအခါ ဗာရာဏသီမင်းသည် နတ်သရက်သီးကို
သာမက “လူလား နတ်လား”ဆိုသော အမျိုးသမီး
များကိုပါ စိတ်ဝင်စားလေရကာ၊ထိုမုဆိုးကို ရှေ့
ဆောင်လမ်းပြပြုစေပြီး နတ်သရက်သီးရှိရာ ဟိမ
န္တအရပ်သို့ ကိုယ်တိုင်သွားလေတော့သည်။
ဆန္ဒပြင်းထန်သူကား မပြီးမြောက်သော အရာ
ဟူ၍ မရှိပေ၊ ဆန္ဒဆွဲအားကြီးလှသော ဗာရာဏ
သီမင်းသည် အဆိုပါ သရက်ဥယျာဉ်သို့ ဆိုက်
ိဆ်ိုက်မြိုက်မြိုက် ရောက်၍ ဝမ်းမြောက်သည်နှင့်
အမျှ မုဆိုးမှာမူ လန့်နေ၏။ ထိုနေရာထိအောင်
မလိုက်ဝံ့အောင် ရှိနေ၏။ ထို့ကြောင့်…
“ဥယျာဉ်အတွင်းမှာ နတ်သရက်သီး ရှိပါသည်
ဘုရား”
ဟူ၍ သံတော်ဦးတင်ကာ ဗာရာဏသီမင်းသည်
သရက်ပင်သို့ စိတ်ရောက်သွား၍ ရှေ့သို့သွားနေ
စဉ် မုဆိုးသည် မင်းကြီးကို ထားခဲ့ပြီး နောက်သို့
ပြန်ပြေးလေသည်။
ထို့ကြောင့် ဗာရာဏသီမင်းတစ်ပါတည်း ထိုသ
ရက်ပင်များအောက်သို့ရောက်သွားလေသော
အခါ ဒေဝစ္ဆာရာနတ်ကညာကဲ့သို့လှပသော
အမျိုးသမီးများကို အံ့သြစွာ တွေ့ရလေ၏။
ဤသည် နောက်ပိုင်းအချိန်တွင် ဗာရာဏသီ
မင်းမှာ ထိုအမျိုးသမီးငါးရာတို့၏ သခင်မဝိမာ
နပြိတ္တာမ၏ ဗိမာန်တွင် ဗိမာန်ရှင်မများနှင့်
အတူ ခံစားလေ၏။
ဗာရာဏသီမင်းမှာ မိမိတပ်မက်နေသော နတ်
သရက်သီးကိုလည်း မှဲဝဲရသဖြင့် အသားအရည်
ကြည်လင်၍ အားအင်ခွန်အားဗလလည်း သန်
စွမ်းလာ၏။ ဗိမာန်ရှင်ဝိမာနအား နတ်အတွေ့၌
လည်း မွေ့နေ၏။ ထို့ကြောင့် ဗာရာဏသီရွှေထီး
ရွှေနန်းကိုပင် မေ့ခမန်းဖြစ်၍ နေလေပြီ။
“သြော်…လေကမှာ ဤသို့သော မွေ့လျော်ဖွယ်
ရာ များလည်း ရှိပါသေးကလား”
မိမိခံစားရမှုအပေါ် အခြေခံ၍ ထိုဗိမာန်ကိုပင်
ချီးကျူးမိလေ၏။ ဗိမာန်ရှင်ဝိမာနကလည်း
ဗာရာဏသီမင်းအား ပျော်ရွှင်အောင်ထား၏။
ပြုစုလုပ်ကျွေး၏။ နေ့အခါများတွင် နတ်၌ဖြစ်
သော အစားအစာများကို ခံစားစံစားစေပြီး
နတ်၌ ဖြစ်သော ကချေသည် အဆိုတော် တူ
ရိယာများဖြင့် ဖျော်ဖြေလေရာ ဗာရာဏသီမင်း
၏ စိတ်တွင်…
“ငါ…နတ်ပြည်ကို ရောက်နေပါကလား”
ဟု ထင်မှတ်ရှာလေ၏။
‘ငါ…ပြိတ္တာ တစ္ဆေမတွေကြားထဲ ရောက်နေပါ
ကလား’ ဟူ၍ သူ မသိရှာပေ။
XXXXX
ဥတုသုံးပါးသည် ချားရဟတ်ကဲ့သို့ လည်နေ
၏။ နွေရောက်လာလိုက် ပျောက်သွားလိုက်၊
မိုးရောက်လာလိုက် ပျောက်သွားလိုက်၊ ဆောင်း
ရောက်လာလိုက် ပျောက်သွားလိုက်၊ သည်လို
နှင့်ပင် ရာသီတွေ တစ်ခုပြီးတစ်ခု များသည်
ထက်များ။ ပွားသည် ထက်ပွား၍ နှစ်ပရိစ္ဆေဒ
ကြာညောင်းလာသော်လည်း ဗာရာဏသီမင်း
မှာ ဝိမာနထံမှ ရွှေ့ပြောင်းခြင်း မရှိလေဘဲ ဝိ
မာနနှင့် သာလျှင် အမြဲပျော်နေ၏။
ယခုလည်း ဝိမာနသည် ဗာရာဏသီမင်းအား
ရွှေမှုန်ဝတ်ဆံကြာမျိုးစုံသည့်ရေကန်သို့ ခေါ်
သွားပြီးလျှင် သာယာသော ရှုခင်းများကို ပြ
လေ၏။ ဗာရာဏသီမင်းလည်း ရှေ့နောက်ဝဲ
ယာ၊ ဖီလာထုတ်သန်း တင့်ဆန်းလှပုံများကို
ကြည့်ကာ မချီးကျူးဘဲ မရနိုင်အောင် ဖြစ်လေ
၏။
“ဝိမာန…သင်၏ဘုန်းသမ္မာကား ကြီးမားလှပါပေစွ၊ ကန်တော်တွင်းဆင်းတဲ့ စောင်းတန်းတွေကလည်း
ရွှေနှင့် တဝင်းဝင်း ပန်းရနံ့တွေဆိုတာကလည်း တ
သင်းသင်းနှင့် တယ်သာယာတဲ့ ရှုခင်းပါလား၊ ဒီက
နေ ဟိုကို လှမ်းကြည့်တော့လည်း သင်စံစားတဲ့
ဗိမာန်ဆောင်က ရတနာရောင်တွေဟာ မျက်
တောင်ခတ်သလို တလျှပ်လျှပ် မြူးလို့ပါလား၊
ဘုန်းထူး ကံထူး ပါရမီထူးသူတို့ နေထိုင်ရာ
ဒေသပါလား”
ဗာရာဏသီမင်းသည် ဝိမာနနှင့်ကန်တော်မင်္ဂလာ
တွင် အတူလျှောက်ရင်း ချီးကျူးလေသည်။
“မောင်ဘုရား စံစားတဲ့ ဗာရာဏသီနိုင်ငံဆိုတာနဲ့
ဘယ်ဟာက သာယာပါသလဲ”
ဝိမာနက မေးသောအခါတွင်မူ ရုတ်တရက်
အဖြေပေါ်မလာဘဲ …ခဏကြာမှ
” ဒါက ဒီလိုရှိတယ် ဝိမာန၊ ဟိုကသာတယ်၊
ဒီကသာတယ် လို့ ပြောဖို့ခက်ပါတယ်။ လိမ္မော်
သီးမှာလည်း သူ့အရသာနဲ့သူ၊ ရှောက်သီးမှာ
လည်း သူ့အရသာနဲ့သူ ရှိကြသလိုပေပ၊ ဘယ်
သင်းက ဘယ်လိုဟု ပြောဖို့ မလွယ်ပါဘူး”
“မောင်ဘုရားစကားထဲမှာ နေပြည်တော်ကို
လွမ်းသံတွေပါနေပါကလား”
“လွမ်းတယ်…မလွမ်းဘူးရယ်လို့ ဘယ်ဟုတ်
ပါ့မလဲကွယ်…သိထားဖူးတဲ့ အရာတစ်ခုကို
စိတ်ထဲမှာ ဖျောက်မရသလိုပေါ့”
ဤသို့ဖြင့် အတုံ့အလှယ် ချစ်ခွန်းသွယ်ရခြင်း
သည် ပင်လျှင် သူတို့၏ ချစ်ခရီးရှည်ကြီး လျှောက်
ဖို့အတွက် တံတားဆောက်ပေသကဲ့သို့ ရှိလေ၏။
ဗာရာဏသီမင်း၏ အသည်း၌ ဝိမာနစွဲနေဘိသကဲ့
သို့ ဝိမာန၏ နှလုံးပလ္လင်တွင်လည်း ဗာရာဏသီ
ဘုရင် အမြဲစံစားလျက် ရှိနေလေသည်။
ကာလအတန်ကြာညောင်းလာသောအခါ ဝိမာနနှင့်
ပတ်သက်၍ ဗာရာဏသီမင်းအဖို့မှာ သတိထားစရာ
များ ဖြစ်ပေါ်လာလေသည်။ ညသန်းခေါင်ကျော်
လောက်တွင် ဝိမာန ပျောက်,ပျောက်သွားသော
ကြောင့် ဖြစ်၏။
ထိုညတွင်မူ ဗာရာဏသီမင်းသည် ဝိမာနနှင့်အတူ
သလွန်ညောင်စောင်းတွင် ခါတိုင်းကဲ့သို့ အိပ်စက်
တော်မူ၏။ သို့သော် စက်ပျော်ယောင်ဆောင်ကာ
ဝိမာန၏ အရိပ်အခြေကို သတိရှိရှိနှင့် အကဲခတ်
နေ၏။ ညသန်းခေါင် ရောက်သောအခါ ဝိမာန
သည် ဗာရာဏမင်း အိပ်ပျော်,မပျော် အသာ
စောင်းငဲ့၍ ကြည့်၏။
ဤသည်ကို ဗာရာဏမင်းကသိ၍ အိပ်ပျော်ဟန်ဖြင့် တခေါခေါ ဟောက်ပြလျှင် ဝိမာနသည် စက်ရာမှ
အသာကြွ၍ ထပြီးလျှင် စက်ခန်းဆောင်မှ ထွက်
သွားလေသော် ဗာရာဏမင်းသည် နောက်ယောင်
ခံ၍ ချောင်းလေ၏။ အကာလ ညဉ့်လွှာရုံအောက်
ရေကန်စောင်းတွင် ခွေးနက်ကြီးတစ်ကောင်သည်
လျှာကြီးကိုထုတ်ကာ ထုတ်ကာနှင့် ရှိနေ၏။
ဗာရာဏမင်းသည် ပန်းခြုံတစ်ခုတွင်ဝင်၍ ချောင်း
နေ၏။ ခွေးနက်ကြီးက ရှေ့သို့ စွေ့ကနဲ ရောက်
လာသော ဝိမာနအား ခွေးနက်ကြီးက ကျွတ်ကျွတ်
ဝါး၍ စားလေသော် ဗာရာဏသီမင်းသည် လန့်၍
သွား၏။ ခွေးနက်ကြီးသည် ဝိမာနအား တစ်ကိုယ်
လုံးဝါး၍ စားပြီးသောအခါ အရိုးများကို ခါတိုင်း
ကဲ့သို့ ကန်ထဲကို ပစ်ချ၏။
အရိုးများအားလုံး ကန်ထဲသို့ ရောက်သည်နှင့်
တစ်ပြိုင်နက် မယုံကြည်နိုင်အောင် အဆန်း
အပြားကို တွေ့ရပြန်လေ၏။ ထိုအရိုးများက
တဖန် ဝိမာန နဂိုရုပ်သွင်အတိုင်း အကောင်း
ပကတိဖြစ်လာပြီး ဗိမာန်သို့ ပြန်လာသည်ကို
တွေ့ရသဖြင့် ရှေ့မှ ကြိုတင်၍ စက်ရာသို့
ပြန်လာပြီး အိပ်ချင်ယောင်ဆောင်ရင်းမှ ပုစ္ဆာ
ကို အဖြေရှာနေမိသည်။
“ဘယ်လိုဖြစ်တာပါလိမ့်”
မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသော ဖြစ်ရပ်
ဆန်းများကို မစဉ်းစားတတ်အောင် ဖြစ်နေသည်။
ဒုတိယနေ့ လိုက်၍ ချောင်းသည်။ ပထမနေ့က
အတိုင်းပင် တွေ့ရသည်။ ဝိမာနတစ်ယောက်
ညသန်းခေါင်ကျော်လျှင် ထသွားပြီး ရေကန်
ဘေးတွင် ခွေးစားခံရကာ အရိုးကို ရေကန်ထဲ
ချလိုက်သည်။ အရိုးက တစ်ဖန်ပြန်၍ အသက်
ရှင်လာပြီး အကောင်း ပကတိဖြစ်ပြီး စက်ရာ
သို့ ပြန်လာကာ အိပ်လေသည်။
ထိုအခါ ဗာရာဏသီမင်းမှာ သည်းမခံနိုင်အောင်
ဖြစ်လာသည်။ ‘မယားထိ ဓါးကြည့်’ဆိုသကဲ့သို့
မိမိချစ်မြတ်နိုးသူ ဝိမာနကို စားသော ခွေးအပေါ်
အမျက်ဒေါသ ချောင်းချောင်းထလေတော့သည်။
“ဒီခွေးဟာ ဝိမာန၏ ရန်သူ ဖြစ်ရမည်။ ဝိမာန၏
ရန်သူသည်လည်း ငါ့ရန်သူပင်တည်း၊ ရန်သူကို
ငါလကိပိုက်၍ ကြည့်နေမည်လော”
လေးရက်မြောက်သော ညဉ့်ကား ဗာရာဏသီ
မင်းသည် ဝိမာနထွက်သွားသောအခါ လေး
လက်နက်ကို စွဲကိုင်၍ လိုက်လေ၏။ ချောင်း
နေသော ပန်းခြုံတွင်းမှ လေးကို အသင့်ပြင်
၍ စောင့်နေ၏။ လမင်းက ထိန်ထိန်သာနေ၏။
ထိန်ထိန်သာသာ လရောင်အောက်တွင် ခွေးနက်
ကြီး၏ အမွေးများမှာ မည်းနက်ချိပ်မှောင်၍ ပိတုန်း
ရောင်တောက်နေ၏။ မကြာခင် ဝိမာနသည် ခွေး
ရှေ့သို့ လာနေစဉ် ဗာရာဏသီမင်းသည် ပန်းခြုံ
တွင်းမှ လေးနှင့် ချိန်းထားသည်။
ဝိမာနရောက်လာ၍ ခွေးနက်ကြီး ကိုက်စားလေ
သော ခဏ၌ ဗာရာဏသီမင်းက မြားနှင့်ခွင်းလိုက်
ရာ ချက်ကောင်းကို ထိမှန်ချက်ကြောင့် ပြင်းထန်
စွာ အော်မြည်လျက် ခွေးနက်ကြီးရော ဝိမာနပါ
ရေကန်ထဲသို့ စိုက်ကျသွားလေ၏။
သို့သော် အသက်ရှင်လျက် ပကတိအသွင်အတိုင်း
ကုန်းပေါ်သို့ ပြန်တက်လာသော ဝိမာနကိုသာ
မြင်ရပြီး ခွေးနက်ကြီးကား မြားချက်ဖြင့် အသက်
ထွက်သွားရှာလေပြီတည်း။
ဗာရာဏသီမင်းမှာ ဤတောထဲ ရောက်ခါမှ စိတ်
ကူးယဉ်ထက် ဆန်းကြယ်သော ဖြစ်ရပ်များနှင့်
မျက်ဝါးထင်ထင် ရင်ဆိုင်တွေ့ကြုံနေရသောအခါ
ဝိမာန၏ ဘဝဖြစ်အင်အတွက် ဂရုဏာသက်မိ
လာ၏။
“ဝိမာနဘဝကား နေ့မှာစံ၍ ညမှာခံရသော
ပြိတ္တာမျိုးပါတကား…ဘာကြောင့် ဤအဖြစ်
မျိုး ဘဝမျိုးသို့ သူ့ခမျာ ရောက်နေရရှာပါလိမ့်”
ဗာရာဏသီမင်းသည် ဝိမာနအား မေးလေသော
အခါ ဝိမာနသည်လည်း သူ၏ဘဝဖြစ်အင်ကို
မှန်သည့်အတိုင်း ဤသို့ အစီရင်ခံရရှာလေ၏။
“အသက်တမျှ မြတ်နိုးရပါသော ဗာရာဏပြည်
ကြီးရှင် သခင် မောင်တော်ဘုရား၊ ဝိမာနဟူ၍
ချစ်စနိုးစွာ ခေါ်ဝေါ်ခြင်း ခံရပါသော ကျမသည်
ဟိုရှေးသရောအခါက ကိမိလမည်သော မြို့တွင်
သူကြွယ်တစ်ဦး၏ ဇနီးဖြစ်ခဲ့ပါ၏။ ကျမ၏ ခင်
ပွန်းလင်မှာ အကျင့်သီလနှင့် ပြည့်စုံသူဖြစ်၍
သူတော်စင်ဟု ထင်ရှားပါသည်။
ကျမသည်လည်း သူတော်စင်၏ ချစ်ဇနီးပီပီ
အကျင့်သီလအာစာရဂုဏ်နှင့် ပြည့်ဝစွာ နေ
ထိုင်လာခဲ့ရာက တစ်နေ့သောအခါတွင် ဂီတ
နှင့်မြူဆွယ်လာသော သေသောက်ကြူး၏
အလိုသို့ ပါမိသည့်အတွက် သူ၏အဓ္မကျင့်ကြံ
ဖျက်ဆီးခြင်းကို ခံရပါ၏။ ထိုအကြောင်းကို
အတွင်းသိ အစင်းသိဖြစ်သော သေသောက်
ကြူးတစ်စုက ကျမ၏ ခင်ပွန်းအား တိုင်ကြား
ပြောဆိုကြတော့ ခင်ပွန်းလင်က ကျမကို
မမေးရက် မေးရက်နှင့် မလွှဲသာ၍ မေးခြင်း
ပြုပါသည်။
ထိုအခါ ခင်ပွန်းလင်ဖြစ်သူမှာ မြို့မျက်နှာဖုံး ဂုဏ်
ကြီးရှင် သူတော်စင်ဖြစ်ခြင်းကြောင့် ဟုတ်မှန်သည့်
အတိုင်း ဝန်ခံလိုက်ချေက ခင်ပွန်းလင်၏ ဂုဏ်သိ
က္ခာကိုလည်း ထိခိုက်အံ့၊ ငါ့မှာလည်း လူတော သူ
တောထဲ မဝင်ဆံ့နိုင်အောင် အရှက်ကွဲ အကျိုး
နည်းလေအံ့ဟူ၍ အရှက်နှင့် ဂုဏ်သိက္ခာကို
ငဲ့သောအားဖြင့် မဟုတ်မမှန် ငြင်းဆိုခဲ့ပါတယ်။
ယောက်ျားတစ်ပါးနှင့် ဖောက်ဖောက်ပြားပြား
မရှိခဲ့ပါဟု အမှန်ကို ဖုံးကွယ်ခဲ့သည်သာမက
အကယ်၍ မယုံခဲ့သော် ကျမ ကျိန်ဆိုပါအံ့၊
ဖောက်ပြားခြင်းမှန်လျက်နှင့် မမှန်ဟု ငြင်းဆို
ချေက ကျမသည် ဖြစ်လေရာ ဘဝတိုင်း၌
ခွေးနက်ကြီး၏ ကိုက်ဝါးစားသောက်ခြင်းကို
ခံရပါစေသားဟူ၍ ကျိန်ဆိုမိခဲ့ပါ၏။
ဤကျိန်စာသင့်လေ၍ ယခုဘဝတွင် ရှေးက
ရှိခဲ့သော သီလအကျိုးကြောင့် နေ့အခါမှာ
ဗိမာန်၌ ခံစားနေရပါသော်လည်း ညအခါတွင်
ခွေးနက်ကြီး၏ စားခြင်းကို ခံနေရပါ၏။
အရှင်သခင် ပြည်ကြီးရှင်၏ ကျေးဇူးတရားကား
ကြီးမားလှပါပေစွ၊ အနှစ်နှစ်အလလက ညအခါ
များတွင် ခွေးစားခံလာခဲ့ရသော ဝဋ်မှ သခင်ချွတ်
၍ လွတ်မြောက်ရပါပြီ”
ထိုစကားကို ကြားလျှင် ဗာရာဏသီမင်းမှာ
များစွာ ဓမ္မသံဝေဂ ရလာမိ၏။
“မမှန်မုသား၊ ဆိုမိငြားရုံနှင့် ဤမျှ ဆိုးဝါးသော
အဖြစ်သို့ ရောက်ရပါကလား၊ ငါတို့သည်လည်း
လူသားဖြစ်ပါလျက်နှင့် ပြိတ္တာတစ္ဆေမနှင့် စပ်
ယှက်ပေါင်းသင်းမိချေသည်တကား၊ လူသည်
လူချမ်းသာလျှင် နေသင့်သည်တကား၊ ငါသည်
လူတို့နှင့် ကင်းကွာကာ နေပြည်တော်မှ စွန့်ခွာ
လာခဲ့သည်မှာလည်း ကြာညောင်းလေပြီတကား၊
ဤအရပ်၌ ကြာကြာတေခြင်းငှာ မသင့်တော်
တော့ပြီ”
ဗာရာဏသီမင်း၏ ဤသို့သော အသိစိတ်များက
တဖွားဖွားပွက်၍ ထလာကုန်တော့သည်။ ဝိမာန
ကို ကြည့်လိုက်တော့လည်း မျက်ရည်လေးတစ
စနှင့် သနားစရာ ဖြစ်နေသည်။
သူနှင့် ကြာရှည်စွာ မေတ္တာကူးယှက် ပေါင်းဖက်
လာခဲ့သည်များကို တွေးမိပြန်တော့လည်း ခွဲခွာ
ရမှာ ခက်လျက် ဗာရာဏသီမင်းမှာ မင်းနေပြည်
နှင့် ဝိမာနပြိတ္တာမအကြားတွင် ဗျာများနေမိတော့
သည်။သို့သော် ဗာရာဏသီမင်းသည် လူသား
ယောက်ျား မဟုတ်လေသလော၊ လူအများတို့
ထက် သာလွန်ထူးချွန်သော ဘုန်းကံပါရမီ
အာဇာနည်စိတ်ဓါတ်မျိုးကြောင့် တိုင်းပြည်
အုပ်ချုပ်သော မင်းအဖြစ်သို့ ရောက်ရှိခဲ့ပြီး
ဤတော ဤတောင် ဤလျှိုမြောင်သို့ ရောက်
လာခြင်းမှာလည်း သူ၏ ယောက်ျားမြတ် ပီသ
သော စိတ်ဓါတ်များ၏ လှုံဆော်တွန်းပို့ချက်
အရ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။
“ယောက်ျားကောင်းမည်သည် သင့်သည်ကို တိုး
၍ လုပ်အပ်၏။အသင့်သည်ကို နောက်သို့ဆုတ်
အပ်၏၊ငါကား ယောက်ျားမြတ် ဖြစ်ပါလျက် မနေ
အပ်သောအရပ်၌ မပြုအပ်သော အမှုကို အဘယ်
ကြောင့် ဆက်၍ ပြုမည်နည်း ငါတစ်ဦးတစ်ယောက်
အတွက်နှင့် ယောက်ျားမြတ်တို့၏ ဂုဏ်သိက္ခာကို
မထိပါးစေသင့်၊ လူသားတစ်ဦးအနေဖြင့်နေခြင်း
ငှာ မသင့်လျော်သော ဤအရပ်မှ ငါခွာအံ့၊ ဝိမာန
အပေါ်၌ အသက်နှင့် ထပ်တူ မေတ္တာအောင်လံ
တလူလူ လွှင့်ခဲ့သည်ကား မှန်၏။ သို့သော် အမျိုး
ဇာတ်ချင်း ခြားနားနေသည်တကား”
ဗာရာဏသီမင်းသည် ဝိမာန၏အဖြစ်မှန်ကို သိ
လာသည့်အချိန်မှစ၍ မိမိ၏ အမှားများကို မြင်
လာပြီး နေပြည်တော်သို့ ပြန်လိုသောစိတ်များ
တဖွားဖွား ပေါ်နေ၏။ ယင်းစိတ်များက သူ့အား
သွေးဆောင်လျက် ရှိနေချေပြီတည်း။
ထိုကြောင့်လည်း ဗာရာဏသီမင်းသည် အမှန်
တရားကို ကျင့်သုံးရန် ယတိပြတ် ဆုံးဖြတ်လိုက်
ပြီးနောက် ဝိမာနထံ ပြန်ခွင့်တောင်းကာ ဗာရာ
ဏသီသို့ ပြန်ခဲ့လေတော့သတည်း။
ပြီးပါပြီ
မူရင်းရေးသူ ဆရာ ဧကန်မင်း
အချင်းချင်းသတ်စားသည့် တစ္ဆေလင်မယား
နှင့် ပြိတ္တာ တစ္ဆေ ဇာတ်လမ်းများ စာအုပ်မှ
ကောက်နုတ်တင်ပြထားပါသည်။
စာဖတ်သူများ စိတ်ရွှင်လန်းပါစေ