ကျိန်စာသင့် ကျောက်တုံးကြီး(စ/ဆုံး)
———————————
“ဤကျောက်တုံး ပတ်လည်ဆယ့်ငါးမိုင်တွင်
ရောက်လာသော လူအပေါင်းတို့ ဤကျောက်တုံးကို
ထိကိုင်လိုက်မိသည်နှင့် ဤနေရာ ဤဝန်းကျင်ကို
စောင့်ရှောက်ရသူများ ဖြစ်စေရမည်”
ဂျပန်စစ်ဗိုလ်ကြီးက ကျိန်စာကို ဂျပန်လိုပြောပြီး
စကားပြန်က မြန်မာလို ပြန်ပေးသည်။ ထို့နောက်
အချက်ပြလိုက်သည်နှင့် လက်ပြန်ကြိုးတုပ်ထား
သော လူများကို သေနတ်များနှင့် ပစ်သတ်လိုက်
သည်။ ထိုအပစ်ခံရသူများက တိုင်များမှာကပ်ချည်း
ထားသဖြင့် အပစ်ခံရသော်လည်း ကျမသွား။
ထိုသူတို့၏ နှလုံးတည့်တည့်မှ သွေးများစီးကျ
လာနေသည်။
ဂျပန်စစ်သားတစ်ယောက်က သေနတ်ဒဏ်ရာမှ
ထွက်ကျလာသော သွေးများကို ခွက်နှင့်လိုက်ပြီး
ခံယူနေသည်။ နှလုံးတည့်တည့်ကို အပစ်ခံရ
သဖြင့် ချက်ချင်းသေကုန်သည်။ သူတို့အားလုံး၏
သွေးများကိုခံယူပြီး ကျောက်တုံးကြီးပေါ် အမိန့်
ပြန်သည်။ ဂျပန်စစ်ဗိုလ်ကြီးက သွားပြီး လောင်း
ချနေသည်။
“အားလုံးရဲ့ အသက်ဝိညာဉ်တွေ ဒီကျောက်တုံးမှာ
ခိုကပ်ပြီး ဆယ့်ငါးမိုင်ပတ်လည် ဝင်လာသမျှ
လူအားလုံးကို ကာကွယ်ရမယ်၊ သင်တို့ ကျွတ်
လွတ်ချင်လို့ လူစားလဲလိုပါက ကျောက်တုံးရှိရာကို
ခေါ်ဆောင်ပါ ”
အမိန့်ပြန်တမ်းဆုံးသည်နှင့် သွေးများကျောက်တုံး
ကြီးကို ပက်ဖျန်းလိုက်သည်။
“ကဲ …ဒီအလောင်းတွေအားလုံး ကျောက်တုံးကြီး
ပတ်ပတ်လည်မှာ မြှုပ်ထားလိုက်ကြ”
ဂျပန်စစ်ဗိုလ်၏ စကားအဆုံး အသတ်ခံရသူ
ငါးယောက်အား ကျောက်တုံးကြီးပတ်ပတ်လည်
ကျင်းတူးပြီး မြှုပ်ထားလိုက်သည်။ ထိုနေရာက
ရှမ်းပြည်နယ်တစ်နေရာ ရွှေထွက်သည့်ဒေသမှာ
ဖြစ်သည်။ ရွှေထွက်သည့်နေရာကို အသေ
အချာရှာဖွေနိုင်ခဲ့သည် ဂျပန်စစ်ဗိုလ်က
သူ့လက်အောက်စစ်သားအချို့နှင့်
လျှိုဝှက်စွာ တူးဖော်နေခဲ့သည်
သူ၏ မိခင်တပ်ရင်းပင် မသိရ။ လျှို့ဝှက်စွာ
လုပ်ကိုင်ခဲ့သည့်အတွက် မြေဧရိယာကို
ကျယ်ပြန့်စွာ မယူပဲ ဆယ့်ငါးမိုင်ပတ်လည်သာ
ယူခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း
ဂျပန်တို့အုပ်ချုပ်ခဲ့စဉ် ကာလတစ်လျှောက်
လျှို့ဝှက်စွာ ရွှေများတူးယူခဲ့သည်။
သုံးနှစ်ခန့် လျှို့ဝှက်စွာ တူးဖော်ပြီး ဂျပန်တပ်ရင်းမှ
သိရှိသွားကာ ရွှေချောင်းများကို သိမ်းပြီး အုပ်ချုပ်
သူဂျပန်စစ်ဗိုလ်ကိုလည်း ကွပ်မျက်ပစ်လိုက်သည်။
ဂျပန်တပ်မတော်ကြီးအတွက် ရည်ရွယ်ပြီး မလုပ်ဘဲ
ကိုယ်ကျိုးအတွက် ရွှေများကို လျှို့ဝှက်စွာ လုပ်
သည်ဆိုကာ ထိုလုပ်ငန်းပါဝင်သူအားလုံးကို
ဂျပန်ဗိုလ်ချုပ်အမိန့်နှင့် သတ်ပစ်လိုက်ပြီး
ရွှေချောင်းကို သိမ်းယူလိုက်သည်။
၁၉၄၅ အရောက် ဂျပန်များကို ထိုရွှေတွင်းကို
မလုပ်ကိုင်နိုင်တော့ပဲ မြန်မာပြည်မှ တဖြည်းဖြည်း
ဆုတ်ခွာနေရတော့သည်။
ဂျပန်များစစ်ရှုံးပြီး ပြည်တော်ပြန်သွားပြီးနောက်
ထိုနေရာဝန်းကျင်မှာ တောများဖြစ်ကာ ဂျပန်
ခေတ်က ရွှေတူးခဲ့သည့်နေရာဟု မည့်သူမှ
မသိကြတော့။
ခေတ်အဆက်ဆက်ပြောင်းလာသည့်အချိန် ထိုရွှေတွင်းတူးခဲ့ရာ နေရာဟောင်းနှင့်ဆယ့်ငါးမိုင်
အလွန်မှာ ကားလမ်းက အစိုးရက ဖောက်လုပ်သည်။
၁၉၉၆ခု ခရီးသွားရာသီနှစ်အလွန်ကျော်သူထွန်း
နိုင်ဝင်း လှဟန် ချစ်ကိုနှင့် တင်တင်ဝင်း၊သီတာ
ဝင်း၊ မိုးမိုးစံတို့ သူငယ်ချင်းတစ်စု သူတို့၏
အချစ်ဆုံးသူငယ်ချင်း စိုင်းကိုကိုနှင့်
နန်းခင်ထွေးရီတို့ မင်္ဂလာပွဲချီးမြှင့်ရန်
ကျောက်မဲသို့ ကျော်သူထွန်း၏ ပါရာဒို
ကားကြီးနှင့် တက်လာခဲ့ကြသည်။
ကျော်သူထွန်းနှင့် တင်တင်ဝင်းတို့က
မကြာခင် လက်ထပ်ကြတော့သူများ
ဖြစ်သည်။ ကျန်ငါးယောက်က လုပ်ဖော်
ကိုင်ဖက် သူငယ်ချင်းများ ဖြစ်သည်။
ရန်ကုန်က ညဘက်ထွက်လာရာ
မနက်မိုးလင်းတော့ ရှမ်းပြည်တက်သော
လမ်းပေါ်သို့ ရောက်လာခဲ့သည်။
ပြင်ဦးလွင်သို့ မနက်ရှစ်နာရီခွဲမှာ ရောက်
လာခဲ့သည်။ ထိုမှဆက်ပြီး နောင်ချိုသို့
သွားရမည်။ မနက်စာ ပြင်ဦးလွင်မှာ
စားလိုက်ကြသည်။ ကိုးနာရီခန့် ဆက်
ထွက်ခဲ့ကြသည်။ ဆယ့်တစ်နာရီမထိုးခင်
နောင်ချိုသို့ ရောက်ခဲ့သည်။ နောင်ချိုမှာ
နေ့လယ်စာ ထမင်းစားလိုက်ကြသည်။
နောင်ချိုမှ ဆယ့်နှစ်နာရီခွဲခန့် ဆက်လက်
ထွက်ခွာလာခဲ့သည်။ ကားကိုနာရီခန့်မောင်း
အပြီး…
“ဟေ့ …ကျော်သူထွန်း ခဏရပ်ကွာ
အပေါ့အပါးသွားချင်တယ်”
“ခဏလေးနေဦး၊ မိန်းကလေးတွေရော
ယောက်ျားလေးတွေပါ အပေါ့အပါးသွားလို့
ရမယ့် နေရာရှာလိုက်ပြီး ရပ်သွားမယ်”
ခဏမျှ ဆက်မောင်းလိုက်သည်နှင့်
သစ်ပင်ကြီးများ များများစားစား မရှိပဲ
ခြုံများကိုင်းပင်များ ပိတ်နေသော နေရာမှာ
ကားကိုရပ်ပေးလိုက်သည်။
သူတို့အုပ်စု ကားရပ်သည်နှင့် အားလုံး
ကားပေါ်က ဆင်းလိုက်ကြသည်။
“ကဲ…သင့်တော်ရာ ရှာကြံပြီး ခြုံထဲတိုးကြ”
ကျော်သူထွန်းက အားလုံးကို ကြားအောင်
အော်ပြောလိုက်သည်။ အားလုံးကားလမ်းမမှ
အတွင်းသို့ ဝင်သွားချိန် ကျော်သူထွန်းက
ကားကို လမ်းပေါ်မှာမထားပဲ သစ်ပင်ကြီး
တစ်ပင်အောက်သို့ မောင်းသွားပြီး ရပ်
ထားလိုက်သည်။ ဤနေရာမှာ ဆယ်မိနစ်
ဆယ့်ငါးမိနစ်ခန့်နားမည်ဟု စိတ်ကူးမိ၍
သော်လည်း ကားကို လမ်းနှင့် လွတ်ရာ
မှာ ရပ်လိုက်ခြင်း ဖြစ်သည်။
မကြာခင်တစ်ယောက်စ နှစ်ယောက်စ
ပြန်ရောက်လာသည်။ ငါးမိနစ်ခန့်ကြာ
တော့ လှဟန်၊ မိုးမိုးစံ တင်တင်ဝင်းနှင့်
ကျော်သူထွန်းတို့ ကားဆီကို ပြန်ရောက်
လာကြသည်။ နိုင်ဝင်း၊ သီတာအေး ချစ်ကိုတို့
သုံးယောက် ပြန်ရောက်မလာကြ၊
ငါးမိနစ်မှသည် ဆယ်မိနစ်ခန့်ကြာသွားသည်။
သုံးယောက်လုံး ပြန်ရောက်မလာကြ။
“ဘယ်လိုဖြစ်တာလဲ အပေါ့မကလို့ အလေးပဲ
သွားသွား ဒီလောက် ကြာစရာအကြောင်းမရှိဘူး”
“ဒီကောင်တွေ အထဲဝင်ရင်း
လမ်းမှားသွားတာလား”
‘ဘာမှားစရာလိုမှာလဲ၊ ဝင်တဲ့အတိုင်း နောက်ကြောင်း
ပြန်လှည့်လာရင် လမ်းပေါ်ပြန်ရောက်မှာပဲဟာ”
“နိုင်ဝင်း …ချစ်ကို”
“သီတာအေး”
လှဟန်တို့ ကျော်သူထွန်းတို့ မိုးမိုးစံတို့က
ကားဘေးမှာ ရပ်ပြီး အသံကုန်အော်သည်။
တစ်ယောက်မှ ပြန်ထူးသံမကြားရ။
“နိုင်ဝင်းရေ …မင်းတို့ဘယ်မှာလဲ”
ကျော်သူထွန်းကခေါ်သည်၊ ပြန်တးလည်တုန့်
ပြန်မှုမရှိ အားလုံးတိတ်ဆိတ်နေသည်
“တောကောင်နဲ့များ တိုးကုန်တာလား”
“တောကောင်နဲ့တိုးလည်း သုံးယောက်
တွဲပြီးတော့ မဖြစ်နိုင်ပါဘူး၊ သူပုန်တွေနဲ့
တိုးပြီး သေနတ်ပြပြီး ခေါ်သွားတာများလား”
“ဟုတ်တယ် …ဖြစ်နိုင်တယ် ရှမ်းသောင်းကျန်
သူတွေနဲ့ တိုးသွားပြီလား မသိဘူး”
“ဘယ်လိုလုပ်ကြမလဲ”
“ဒီမှာနာရီဝက်လောက် ရပ်စောင့်ကြမယ်။
နာရီဝက်ကျော်လို့မှ မထူးခြားရင် ကျောက်မဲ
အထိ သွားကြမယ် စိုင်းကိုကိုတို့ကိုပြောပြပြီး
ဘာလုပ်သင့်လဲ တိုင်ပင်ရမယ်…”
“ကောင်းတယ်…ဒီကနှစ်နာရီထိုးရင် ကျောက်မဲကို
ဆက်သွားတော့မယ်”
“သောင်းကျန်းသူတွေနဲ့ တိုးပြီး ဖမ်းခေါ်သွားတာပဲ
ဖြစ်မယ်”
နှစ်နာရီထိုးကာနီးတော့ အားလုံးကားပေါ်
တက်လိုက်ကြသည်။
“ကျော်သူထွန်းရေ …လှဟန်ရေ…ငါတို့ကို
လာကယ်ပါဦး”
“ဟာ …မင်းကြားလား”
“ကြားတယ် …ငါတို့လည်းကြားတယ်”
“ချစ်ကို …နိုင်ဝင်း …မင်းတို့ ဘယ်မှာလဲ”
“ငါတို့ ဒီတောထဲမှာ ထွက်လို့မရဘူး၊
မင်းတို့လာကယ်ပါ”
“ဟာ …ငါတို့အားလုံး အသံကြားတဲ့ဘက်
မှန်းပြီး ဝင်ကြမယ်၊ နိုင်ဝင်း သီတာအေး
နင်တို့ ဘယ်မှာလဲ”
“ငါတို့ …ဒီတောထဲမှာ…ငါတို့ထွက်လို့
မရဘူးဖြစ်နေတယ်၊ မင်းတို့လာကယ်ကြပါ”
“အေး…ငါတို့လာပြီ၊ ဘာမှပူမနေကြနဲ့
ငါတို့မင်းတို့ကို ကားဆီပြန်ခေါ်မယ်”
“အေး …အထဲဝင်ခဲ့၊ ငါတို့ရှေ့နားမှာ”
ကျော်သူထွန်းတို့ လေးယောက် အသံကြား
ရာသို့ မှန်းပြီး ဝင်လာခဲ့သည်။ တောင်လည်း
မဟုတ် ဘေးသို့ ခပ်ပြေပြေ ဆင်းသွားသည်။
လူတစ်ရပ်ကျော်သော ကိုင်းပင်၊ ချုံပင်၊
မြက်ပင်များဖြင့်ပြည့်နေသည်။
“နိုင်ဝင်းရေ…အသံပေးကွ”
“ငါတို့ ဒီမှာ”
“သုံးယောက်လုံးလား”
“အေး …သုံးယောက်လုံးပဲ”
အသံသာကြားနေရသည်။ လူသုံးယောက်
လုံးကို မတွေ့ကြသေး။
“ကျော်သူထွန်း နိုင်ဝင်းတို့ကိုတွေ့ပြီလား”
“မတွေ့သေးဘူး လှဟန် မိုးမိုးစံတို့
တင်တင်ဝင်းတို့ကိုလည်း အဝေးကြီး
မသွားဖို့ ပြောဦး”
“အေး.…ပြောလိုက်မယ်၊ တင်တင်ဝင်း
မိုးမိုးစံ ”
“တင်တင်ဝင်း၊ မိုးမိုးစံ”
တောထဲမှာ လေးယောက်သား မျက်စိလည်
နေကြသည်။ သူတို့လေးယောက်လုံး တစ်နေရာ
စီကွဲသွားသလို ချစ်ကို၊ နိုင်ဝင်းနှင့် သီတာအေး
တို့ကိုလည်း ယခုအထိမတွေ့သေး။
“ကျော်သူထွန်း…ကျော်သူထွန်း”
“တင်တင်ဝင်းလား”
“ဟုတ်တယ် …နင်ငါ့ဆီလာခဲ့ပါလား”
“အေး…လာခဲ့မယ်၊ နင့်အသံပြုနေ”
“ငါ …နင်နဲ့ သိပ်မဝေးဘူး။ ငါ့အသံကို
မှန်းပြီးလာခဲ့”
“အေး …လာခဲ့မယ်၊ အောက်ခြေရှုပ်လို့
မြန်မြန်သွားလို့ မရဘူး၊ နင်စိတ်မပူနဲ့
ငါလာခဲ့မယ်”
ကျော်သူထွန်းလည်း ခြုံပင်များကို လက်နှစ်ဖက်နှင့်
တွန်းဖယ်ရင်း တင်တင်ဝင်း၏အသံကြားရာသို့
ထွက်လာခဲ့သည်။ ငါးမိနစ်ခန့်ကြာအောင်
လျှောက်သော်လည်း တင်တင်ဝင်းရှိရာသို့
မရောက်၍လားမသိ၊ ယခုထိမတွေ့သေး၊
တောထဲမှာ လူခုနှစ်ရက်လုံး၏ အသံကိုသာ
ကြားနေရပြီး တစ်ယောက်နှင့်တစ်ယောက်
မတွေ့ကြရ၊ တောခြောက်နေသည်လား
မသိ၊ အတော့်ကို ထူးခြားနေသည်ဟု
ကျော်သူထွန်းတွေးထင်လိုက်သည်။
အချိန်က တဖြည်ဖြည်း မှောင်လာသည်။
သူတို့တောထဲမှာ အချိန်အားဖြင့် သုံးနာရီမက
ကြာသွားခဲ့သည်။ ရှာသူငယ်ချင်းပင် မတွေ့
ကြတော့။ နောက်ကြောင်းပြန်လှည့်သော်လည်း
ကားလမ်းဆီပြန်မရောက်။
“ဟေ့လူ ဘာရှာနေတာလဲ”
ကျော်သူထွန်းဘေးမှာ အဝတ်အစား
စုတ်စုတ်ပြတ်ပြတ်နှင့် လူတစ်ယောက်
ချုံတောထဲက ထွက်လာသည်ကိုတွေ့ရသည်။
“ကျနော့် သူငယ်ချင်းတွေ ဒီတောထဲမှာ
မျက်စိလည်ပြီး ပျောက်နေလို့ လိုက်ရှာတာ”
“အင်း…ဒီတောထဲရောက်ရင် တော်တော်နဲ့
ပြန်မထွက်နိုင်ဘူး၊ လမ်းလည်းရှာလို့ရမှာ
မဟုတ်ဘူး”
“နောင်ကြီးက ဒီဒေသခံမဟုတ်လား။
ကားလမ်းထွက်တဲ့လမ်းကို သိရင် ပြပေးပါလား”
“သိတာပေါ့၊ အားလုံးသိတယ်၊ မင်းသူငယ်ချင်း
တွေရှိတဲ့ နေရာကိုပါ ပြပေးနိုင်တယ်”
“ဟာ …ဒါဆိုအတော်ပဲ၊ သူငယ်ချင်းတွေရှိတဲ့
နေရာကို ပြပေးပါလား”
“လာ…ဒါဆို ငါ့နောက်ကလိုက်ခဲ သူတို့
ရောက်နေတဲ့နေရာကို ငါသိတယ်”
ကျော်သူထွန်းလည်း လူစိမ်းခေါ်ရာ နောက်မှ
လိုက်ခဲ့သည်။ ဆယ့်ငါးမိနစ် မိနစ်နှစ်ဆယ်ခန့်
သွားသည်တောင်မှ တစ်ယောက်မှ မတွေ့သေး။
အနောက်ဘက်မှ နေလုံးဝင်သွားပြီ၊ အမှောင်ထု
က အရာရာကို ဖုံးလွှမ်းလို့လာသည်။
“အခုထိ မရောက်သေးဘူးလား”
“ရောက်တော့မှာပါ”
နေလုံးကြီး လုံးဝကွယ်သွားစဉ် လဆန်း
ဆယ်ရက် တစ်ခြမ်းပဲ့လက ကောင်းကင်မှာ
ရှိနေသဖြင့် လုံးဝတော့မှောင်မသွား။
“ကျုပ်ကို ဘယ်ကိုခေါ်နေတာလဲ၊
အခုထိ အသံမကြားရသေးဘူး”
“ရှေ့နားဆို ရောက်ပြီ”
ခဏကြာတော့ လူတစ်ရပ်သာသာ
ကျောက်တုံးရှေ့မှာ နိုင်ဝင်းနှင့် ချစ်ကို
သီတာအေးတို့ကို တွေ့လိုက်သည်။
သူတို့က ကျော်သူထွန်းကိုမြင်သော်လည်း
မသိသည့်အလား ရှိနေသည်။
“ကဲ…ဒီကို သူတို့သုံးယောက်က အရင်
ရောက်နေတာ။ ကျန်တဲ့အဖွဲ့တွေ
မကြာခင် ရောက်လာကြလိမ့်မယ်
မင်းကဦးဆုံး ရောက်လာတာဆိုတော့
ဒီကျောက်တုံးကြီးကို ကိုင်လိုက်”
“ကိုင်ရင် ဘာထူးမှာလဲ”
“မင်းပြန်ချင်တဲ့လမ်းကို ဒီကျောက်တုံးထဲက
စွမ်းအင်တွေက ပြသလိမ့်မယ် ကိုင်လိုက်”
“မကိုင်ဘူး ခင်ဗျားပြောတော့ ကားလမ်း
ရောက်အောင် ပြပေးမယ်ဆို”
“မင်းသူငယ်ချင်းတွေနဲ့ တွေ့ပြီးမှ ပို့ပေး
မယ်လို့ ပြောတာပါကွာ၊ မင်းကျောက်တုံး
ကို လက်လေးနဲ့ ထိရုံထိကြည့်ပါ”
“ထိရင် ပြန်လို့ရမှာလား”
“ဒါပေါ့ ပြန်လို့ရမှာပေါ့”
ကျော်သူထွန်းက ညဘက်လက်ကို ဆန့်တန်းပြီး
ကျောက်တုံးကြီးကို ကိုင်တွယ်ကြည့်ရန် ပြုလုပ်
စဉ် နိုင်ဝင်းက မသိသလိုနေရာမှ…
“မလုပ်နဲ့ …မထိနဲ့ ”
“ထိလိုက်ရင် ဘယ်မှသွားလို့ မရပဲ ဖြစ်လိမ့်မယ်”
ထိုစကားသံကြောင့် ကျော်သူထွန်းလက်ရုတ်
သွားသည်။
“ဟေ့ …မင်းတို့သုံးယောက်နဲ့ မဆိုင်တော့ဘူး။
အေးအေးနေ ဝင်မပါနဲ့ ”
ထိုလူက အမိန့်သံပါပါ လှည့်ပြောလိုက်သည်။
ထိုအချိန် တင်တင်မိုး၊ မိုးမိုးစံနှင့် လှဟန်တို့ကို
စုတ်စုတ်ပြတ်ပြတ် လူကြီးနှစ်ယောက် ခေါ်
လာသည်။
“ကဲ…မင်းတို့သူငယ်ချင်းတွေ အားလုံးစုံပြီ၊
အပြင်ထွက်မယ့် လမ်းကိုသိချင်ရင် ဒီကျောက်
တုံးကိုသာ ကိုင်လိုက်ကြ”
“ကျောက်တုံးကိုင်ရင် အပြင်ထွက်မယ့်လမ်းကို
ဘယ်လိုသိမှာလဲ၊ ရှင်ပြောပြလိုက်ရင် ပြီးမယ့်
ဟာကို”
“ဒီကျောက်တုံးက ရိုးရိုးကျောက်တုံးမဟုတ်ဘူး၊
စွမ်းအင်တွေ ပါဝါတွေရှိတဲ့ ကျောက်တုံး၊ သူ့ကို
ကိုင်လိုက်တာနဲ့ ဦးနှောက်ထဲရော မျက်စိမှာပါ၊
အပြင်ထွက်တဲ့လမ်းကို ရှင်းရှင်းကြီးမြင်ရလိမ့်
မယ်”
“ဒါဆို ဒီတောကြီးမှာ ညအိပ်လို့မဖြစ်ဘူး၊
ကျောက်တုံးကိုငါကိုင်လိုက်တော့မယ်”
“နင်တို့လေးယောက် ကျောက်တုံးကို
လုံးဝမထိကြနဲ့ ”
“ဟဲ့ …သောက်ကောင်မ ငါတို့ကိစ္စ
ဘာဝင်ရှုပ်ဦးမလို့လဲ ငြိမ်ငြိမ်နေစမ်း”
“ငါတို့သုံးယောက် နင်တို့လှည့်စားတာ
ခံရပြီး အချုပ်အနှောင်ခံလိုက်ရတာ
ငါ့သူငယ်ချင်းတွေကို အဖြစ်မခံတော့ဘူး”
“ဘာ…ဘယ်လိုတွေ ဖြစ်ကုန်တာလဲ သီတာအေး”
ထိုအခါ ချစ်ကိုက…
“ငါတို့ …လူတွေမဟုတ်တော့ဘူး …
သ…သရဲတွေ ဖြစ်နေပြီ၊ သူတို့သုံးယောက်
ကလည်း သရဲတွေပဲ ဒီကျောက်တုံးကြီးထဲမှာ
ဂျပန်တွေ ရွှေတူးခဲ့တဲ့ အလုပ်သမားငါးယောက်
ကို စတေးပြီး အစောင့်ထားပြီး ကျိန်စာတိုက်
ခဲ့တယ်။ သူတို့ရဲ့ ကျိန်စာက လွတ်ချင်ရင်
ဒီကျောက်တုံးကို လာကိုင်မဲ့ ငါးယောက်
အလာကို စောင့်ရမယ်တဲ့၊ အခုငါတို့
သုံးယောက် ကိုင်မိလိုက်လို့ ငါတို့ကျိန်
စာမိသွားပြီ၊ ငါတို့ကြောင့် သူတို့သုံးယောက်
လွတ်ရာကျွတ်ရာကို ဝိညာဉ်ဘဝနဲ့သွားတော့မှာ”
“သူတို့သွားလို့ရတာပဲ ငါတို့ကို ဘာလို့
အတင်းကိုင်ခိုင်းနေတာလဲ”
“ဒီကျောက်တုံးထဲမှာ အရင်က လူငါးယောက်ရဲ့
ဝိညာဉ်တွေခိုအောင်းနေတယ်။ အခုအထဲမှာ
နှစ်ယောက်ရဲ့ဝိညာဉ်တွေ ရှိသေးတယ်။
သူတို့ပါလွတ်အောင် မင်းတို့ကိုညှုိ့ခေါ်နေတာ
မင်းတို့ ဘယ်သူကပြောပြော ဟောဒီတည့်တည့်သာပြန်ထွက်
ကားဆီရောက်လိမ့်မယ်”
“ဟား ဟား ဟား ဟား ငါတို့သုံးယောက်က
တောထဲမှာ မျက်စိလည်အောင် လုပ်ထားတာ
ဘယ်တော့မှ ထွက်လို့ မရဘူး”
ထိုအခါ ချစ်ကိုက…
“လာ …ငါ့နောက်လိုက်ခဲ့”
“မင်း လူမဟုတ်တော့ဘူး၊ မင်း ဒီက ဘယ်မှသွားဖို့
စိတ်မကူးနဲ့ …”
ထိုစဉ် စုတ်စုတ်ပြတ်ပြတ်နှင့် ဝိညာဉ်သရဲ
နှစ်ကောင်က ကျော်သူထွန်းနှင့် မိုးမိုးစံတို့
ခန္ဓာကိုယ်မှာဝင်ပူးကပ်သွားသည်။
သရဲပူးကပ်ခံနေရသော ကျော်သူထွန်းနှင့်
မိုးမိုးစံတို့ ကျောက်တုံးဆီသို့ တရွေ့ရွေ့
တိုးကပ်လာနေကြသည်။ ကျောက်တုံး
အနီးရောက်သည်နှင့် လက်များရှေ့သို့
တန်းကာ ကျောက်တုံးနှင့် ထိရန် ပြင်
လိုက်စဉ် နိုင်ဝင်း ချစ်ကိုတို့၏ ဝိညာဉ်
ခန္ဓာကိုယ်များက ကျောက်တုံးကြား
ဝင်ခံလိုက်သည်။
ကျော်သူထွန်းနှင့် မိုးမိုးစံတို့ နောက်သို့
ပစ်လဲကျသွားသည်။
“တောက်”
အပြင်ရောက်နေသော ဝိညာဉ်သရဲကောင်က
မကျေမချမ်းနှင့် တောက်ခေါက်လိုက်သည်။
ထိုစဉ် တင်တင်ဝင်းတစ်ယောက် သူ၏လည်ပင်းမှာ
ဆွဲထားသော လော့ကတ်သီးဆွဲပြားလေးကို
သတိရလိုက်သည် ။ သူမကျန်းမာစဉ်က
ဆေးကုပေးသော ဆရာကြီးက ဘုရားယတြာ
လုပ်ရမည်ဆိုကာ ရွှေလော့ကတ်သီးထဲမှာ
ဘုရားပုံတော် ထည့်သွင်းခိုင်းထားသည်။
ထိုအချိန်မှစပြီး ရောဂါမထူတော့ပဲ ကျန်းမာခဲ့သည်။
ယခုလော့ကတ်သီးခလုတ်လေးကို နှိပ်လိုက်စဉ်
နှစ်ခြမ်းပွင့်သွားပြီး ဘုရားပုံတော်ပေါ်လာသည်။
တင်တင်ဝင်းဆွဲကြိုးကို ခေါင်းမှဆွဲချွတ်ပြီး
သူတို့ကို အနိုင်ယူနေသည့် ကျောက်တုံးထဲက
ထွက်လာသောဝိညာဉ်ကောင်သရဲ၏
မျက်နှာရှေ့မှာ ဘုရားပုံတော်ကို ပြလိုက်သည်။
“အား”
ကြောက်လန့်စွာအော်ပြီး နောက်သို့
ဆုတ်သွားသည်။ တင်တင်ဝင်းက
ကျန်သည့်နှစ်ကောင်၏ မျက်နှာရှေ့မှာပါ
ဘုရားပုံတော်ကို လှုပ်ယမ်းပြလိုက်စဉ်…
ရုတ်တရက် ရှေ့မှ ပျောက်သွားသည်။
“ကဲ…ကျန်တဲ့လူတွေကို ကျိန်စာမိအောင်
မကြိုးစားနဲ့တော့ သွားစရာရှိတဲ့အရပ်ကို
သွားကြလော့ ”
သရဲသုံးကောင်လည်း ကျောက်တုံးထဲမှာ
ကျန်နေသောသူတို့ လူနှစ်ယောက်၏
ဝိညာဉ်များ လွတ်ရာလွတ်ကြောင်း
မကြိုးစားဝံ့တော့ပဲ အနီးက ရုတ်တရက်
ပျောက်သွားကြတော့သည်။
ဝိညာဉ်တစ္ဆေသုံးကောင် ပျောက်သွားမှ…
နိုင်ဝင်း၊ သီတာအေး ချစ်ကိုတို့နှင့်
စကားပြောဖြစ်သည်။
“ဒါကြီးက ဂျပန်တွေ ရွှေထွက်လို့ ကြိတ်ပြီး
တူးခဲ့တဲ့နေရာ ဘယ်သူမှမလာနိုင်အောင်
အလုပ်သမားငါးယောက်ကိုစတေးပြီး
အစောင့်ထားခဲ့တာ …ဒီကျောက်တုံးကို
လာထိတဲ့လူရှိရင် သူတို့ဝိညာဉ်တွေ
လွတ်မယ်ဆိုလို့ ငါတို့ကို လှည့်စားပြီး
ဒီရောက်အောင် ခေါ်ခဲ့တာ။ အခု
ငါတို့သုံးယောက်က သူတို့အစား
စောင့်နေရတော့မယ်”
“ဘာမှ စိတ်မပူပါနဲ့ ဒီနေရာကလွတ်ရာ
ကျွတ်ရာသွားနိုင်အောင် ကျိန်စာပျယ်အောင်
လုပ်ပေးနိုင်မယ် ဆရာကောင်းသမားကောင်း
ရှာခဲ့မယ်”
“မင်းတို့ အချိန်လည်း မနည်းတော့ဘူး၊
ငါတို့ကားလမ်းရောက်တဲ့အထိ လိုက်ပို့ပေးမယ်”
ကားကို လှမ်းမြင်ရသော အနေအထားသို့
အရောက် အနီးမှာ လိုက်ပါလာသော နိုင်ဝင်း
ချစ်ကို သီတာအေးတို့သုံးယောက် ပျောက်ချင်း
မလှ ပျောက်သွားသည်။ မနက်ဖြန် စိုင်းကိုကိုနှင့်
နန်းခင်ထွေးရီတို့ ဘုရားကျောင်းမှာ မင်္ဂလာပွဲ
ကျင်းပမည်။
တစ်ဖက်က ပျော်ရွှင်နေသည့်အချိန်
သူတို့လေးယောက် လမ်းမှာကျန်ခဲ့သည့်
သူငယ်ချင်းသုံးယောက်အတွက်
မည်ကဲ့သို့ ပျော်နိုင်ပါ့မလဲ၊ သည်ကိစ္စကို
မင်္ဂလာပွဲမပြီးမချင်း မပြောပြရန် သူတို့
လေးယောက် တိုင်ပင်လာခဲ့ကြတော့သည်။
မူရင်းရေးသူ ဆရာ ဧကန်မင်း
မဖဲဝါနဲ့ စာခြောက်ရုပ်သရဲကြီး စာအုပ်မှ
ကောက်နုတ်တင်ပြထားသည်။
စာဖတ်သူများစိတ်ရွှင်လန်းပါစေ
ပြီးပါပြီ