ချောင်းထဲမှခေါင်းပြတ်သရဲ

“ချောင်းထဲမှခေါင်းပြတ်သရဲ”📖📖📖

***********************************
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ယခုလို နွေရာသီဆို ကျွန်တော်တို့ ကလေးတစ်စုက လွှတ်ပျော်ကြတဲ့ အချိန်ပေါ့။

ရထားလမ်းဘေးမှာ အလေ့ကျပေါက်နေတဲ့ ဇီပင်များမှ  ဇီးသီးတွေကို ခူးတယ်၊ငရုပ်သီး၊ဆား၊အချိုမှု့န်တွေကို စုပြီးယူလာကြကာ ခူးထားတဲ့ ဇီးသီးတွေနဲ့ တို့စားရတာ ပျော်စရာကြီး ပေါ့ဗျာ။

နေ့လည်ခင်းဆို အရိပ်ကောင်းတဲ့ ရထားလမ်းနံဘေးက မန်ကျည်းပင်ကြီးအောက်မှာ ဆော့ကစားကြတယ်။ဖန်ဒိုးပစ်တယ်၊ကျောက်ဒိုးရိုက်တယ်၊သရေပင်ပစ်တယ် ဒါက ခလေးဘဝရဲ့ ပျော်စရာအချိန်တွေပေါ့။

ညနေစောင်းရင် ချောင်းထဲဆင်း ရေချိုးကြ၊ခရုဖင်ချွန်းတွေ ကောက်ကြ၊ ရွှံ့စစ်တိုက် တမ်းဆော့ကြတယ်။

ယောကျာ်းလေးမိန်းကလေးမခွဲကြပါဖူး။အကုန်လုံးက မျောက်ရှူံးအောင်ဆော့ကြတာ။

အခုခေတ်လို ဖုန်းတွေ၊တီဗီတွေ ကလည်း မရှိကြဘူးလေ။

ညဘက် ဗီဒီယိုကြည့်ချင်ရင် ဗီဒီယိုရုံကိုသွား၍ ပိုက်ဆံပေးပြီးကြည့်ကြရတာ။

“CIDဘကောင်း”တို့၊”ဘဦးပြန်လာပြီ “တို့ အဲ့လိုကားတွေ ဗီဒီယိုရုံမှာပြရင် ကျွန်တော်တို့ သူငယ်ချင်းတစ်စုက ရှေ့ဆုံးကနေ အရင်သွားကြည့်ကြတာပဲ။

ညဘက် ဗီဒီယိုရုံက ပြန်လာရင် သူငယ်ချင်းတွေ လူစုမကွဲအောင် စု….ပြီးရင် အိမ်ပြန်လမ်းတစ်လျှောက်လုံး စကားတွေအော်ကြီးဟစ်ကျယ်ပြောကြ၊သီချင်းတွေ အော်ဆိုကြ၊ဗီဒီယိုဇာတ်ကားထဲက အတိုင်း ဇာတ်လိုက်က ဘယ်လို ချလိုက်တာ၊ ဂျွမ်းဘယ်လိုပစ်လိုက်တာ ဆိုတာကို ငြင်းကြခုံကြ သိုင်းကွက်တွေ ထုတ်ပြ ကြနဲ့ အတော့်ကို ပျော်စရာကောင်းတာပဲ။

နောက်ပြီး လူပြတ်နဲ့နေရာ၊ မှောင်ရိပ်ကျတဲ့နေရာရောက်ရင် ဟိုမှာ သရဲကြီး၊ဒီမှာ သဘက်ကြီးနဲ့ အချင်းချင်းနောက်ပြောင်ပြီး ပြေးကြလွှားကြပေါ့ဗျာ။

~~~~~

တစ်နေ့……။
အဲဒီ့နေ့က တန်ဆောင်မုန်းလပြည့်ကျော်တစ်ရက်နေ့…..သူခိုးကြီးညပေါ့ဗျာ။

ကျွန်တော်တို့သူငယ်ချင်းတစ်စု မနက်ကတည်းက ခိုးဖို့ လိုက်ကြည့်ထားတဲ့ ကီလို မာလကာသီးခြံနဲ့ သံပုရာခြံကို သွားရောက်ခိုးယူဖို့ လူစုလိုက်ကြသည်။

စီးပွားပျက်ခိုးမည်မဟုတ်၊အပျော်သာ ခိုးယူကြမည် ဖြစ်သောကြောင့် ထည့်စရာ ဘာမှမယူပဲ ဒီတိုင်းထွက်လာခဲ့ကြသည်။

ကျွန်တော်တို့ လူစုမှာ ယောကျာ်းလေး သုံးယောက်နှင့်မိန်းကလေး နှစ်ယောက်ပါဝင်၍ ပုဆိုးများကို ဗီဒီယိုဇာတ်ကားများထဲက သူခိုးသဏ္ဌန်မျက်နှာကို စည်းလိုက်ကြသည်။

ပြီးနောက် မာလကာသီးခိုးရန် ချောင်းကမ်းပါးမှ တဆင့် မာလကာခြံဘက်သို့ ထွက်လာခဲ့ကြ၏။

တန်ဆောင်မုန်းလပြည့်ကျော်တစ်ရက် ရဲ့ လမင်းကြီးက ပိုလိုတောင် လင်းလက်တောက်ပနေသေးတယ်ဗျို့။

လမင်းကြီးရဲ့ အလင်းရောင်ကြောင့် ကျွန်တော်တို့ လူစု ချောင်းကမ်းဘေးကနေ သွားရတာ အ​တော်သင့်အဆင်ပြေတယ်ဗျ။

“ဟေ့ကောင် ငဖြိုး…..”
” မာလကာခြံကဝေးသေးတယ်နော်……သရဲ နဲ့တွေ့နေမယ်”

ကျွန်​တော့်၏ သူငယ်ချင်း မှင်စာ(ခေါ်)ဖိုးသားကသရဲကြောက်နေဟန်ဖြင့်ကျွန်တော့်ကို လှမ်း၍ ပြောနေသည်။

“မှင်စာကလည်း သရဲက တန်ဆောင်မုန်းလမှာ မခြောက်ဖူးကွ ငါ့အမေပြောတာကြာဖူးတယ်”

စည်သူကလည်း မာလကားသီးစားချင်နေရော့သလားမသိ သရဲက တန်ဆောင်မုန်းလ ထဲမှာ မခြောက်ဖူးတောင် လုပ်နေသေးသည်။

“နင့်မေဂျီးတော်….. ”
“သရဲက တန်ဆောင်မုန်းလပြည့်ည ပဲ မခြောက်တာဟဲ့……”။

“ငါ့အဖိုးပြောတာက တန်ဆောင်မုန်းလပြည့်ညက ဆေးပေါင်းခတဲ့ည တဲ့…..”။

“သစ်ပင်ပန်းမာန်တွေက အနံ့သက်တွေ မြေကြီးထဲမှာ လူတွေမမြင်နိူင်တဲ့ ဂမုန်းဥတွေ ဂမုန်းပင်တွေရဲ့ အနံ့တွေ ရောနေလို့ တန်ဆောင်မုန်းလပြည့်ညဆို သရဲတွေ အပြင်မထွက်ဖူး……”။

“ခုညက လပြည့်ကျော် နေပြီလေ မနေ့က အစာမစားရတဲ့ သရဲတွေ က ခုည ထွက်မှာပေါ့ဟ”

ဆုလှိုင်က စည်သူကို ဆဲဆိုရင်း ပါးစပ်က တတွတ်တွတ် ပြောဆိုနေပြန်သည်။

ကျွန်တော်လည်း မနေသာတော့ပဲ….”ဟေ့ကောင်တွေ တိတ်တိတ်နေကွ….”
“သရဲထက် မင်းအဘ မာလကာခြံက ဦးသံချောင်း လောက်လေးစာ မိမှ အရင် ဘုသီးထနေမယ် လို့ ပိတ်ဟောက်ပစ်လိုက်တယ် ဗျို့”။

ကျွန်တော်တို့လည်း ချောင်းကမ်းနံဘေးကနေ မာလကာခြံဘက်ကို ဖြေးဖြေးချင်းတိုးကပ်လာကြသည်။

“ဟေ့ကောင်….စည်သူ…မင်းရယ်၊ငါရယ်၊ဆုလှိုင်ရယ် ခြံထဲဝင်ခူးမယ်”။

“အိဖြူနဲ့ မှင်စာက အပြင်ကနေ အဘဦးသံချောင်းအရိပ်ခြေကို ကြည့်ပေးထား”

ကျွန်တော်က မာလကားသီးခိုးဖို့ အစီစဥ်ကို သူငယ်ချင်း တွေကို ပြောပြလိုက်သည်။

ကျွန်တော်တို့ သုံးယောက်လည်း ဖိုးသံချောင်းမာလကာခြံထဲသို့ ခိုးဝင်၍ မာလကားသီးတွေ ခူးယူကြသည်။

သတင်းစာစက္ကူပတ်၍ ပလပ်စတစ်အိပ်ဖြင့် စည်းထားသည့် ကီလိုမာလကာသီးကြီးများကို သေချာစွာ လက်သည်းဖြင့်စိပ်၍ ပွလောက်မည် ဆိုသည့် အသီးကြီးများကို ကျွန်တော်တို့ရွေး၍ခူးကြသည်။

မာလကာသီး ဆယ်လုံးလောက် ရပြီးသည် နှင့် ကျွန်တော်တို့လည်း ဖိုးသံချောင်းခြံထဲမှ တိတ်တဆိတ်ပြန်၍ ထွက်လာခဲ့ကြတော့သည်။

“ဟူး…”

“တော်သေးတယ်ဟေ့ အဘဦးသံချောင်း မရှိလို့….”

“ငါတို့ ဆယ်လုံးလောက်ရတယ် ပြန်ကြမယ်….”။

“ပြီးမှ ကွမ်းယာဆိုင်ခုံတွေကို လိုက်ရွှေ့ကြမယ်”

ကျွန်တော့်၏ အစီစဥ်ကို သူငယ်ချင်းများကသဘောကျဟန်ဖြင့် ပြိုင်တူခေါင်းငြိမ့်လိုက်ကြ ကာ ချောင်းကမ်းဘေးမှ အိမ်သို့ ပြန်လာခဲ့ကြသည်။

“ဝေါ……ဝေါ…….ဝေါ…”

ကျွန်တော်တို့ချောင်းကမ်းဘေးမှ အိမ်သို့ အပြန်….ချောင်းထဲမှ ရေစီးသံလိုလို လူတစ်ဦး၏ ရယ်သံ လိုလို ကြောက်မက်ဖွယ် အသံကြီး ကို ကျွန်တော်တော်တို့ သူငယ်ချင်းတစ်စု ကြားလိုက်ရသည်။

ကျွန်တော်လည်း သူငယ်ချင်း များကို ချောင်ူကမ်းဘေးရှိ လယ်ကွက်များထဲသို့ ဆင်းရန် တီးတိုးပြောဆိုလိုက်၍ ကျွန်တော်ကိုယ်တိုင်လည်း လယ်ကွက်ထဲသို့ ပြေးဆင်းလိုက်သည်။

“ဝေါ….ဝေါ….ဝေါ……”

ကျွန်တော်တို့လည်း လယ်ကွက်ထဲမှ ခေါင်းလေးများဖော်ကာ ချောင်းထဲသို့ ကြည့်လိုက်သည်။

“ဟာ…..ဘာကြီးတုန်းဟ….”

ကျွန်တော်တို့ သူငယ်ချင်းတစ်စု မြင်လိုက်ရသည်ကား……..။

လူတစ်ဦး၏ ဦးခေါင်းသဏ္ဌန်ကြီးတစ်ခု။

ထို ဦးခေါင်းကြီးသည် တင်းတောင်းခန့်ကြီးမား၍ ခေါင်းတစ်ခုလုံး ဖြူဖွေးနေကာ မီးခိုးငွေ့များသဏ္ဌန် လူးလွန့်၍ ချောင်းထဲတွင် ရွှေ့လျားသွားလာနေသည်။

ကျွန်တော်တို့ သူငယ်ချင်းတစ်စုလည်း အသံမထွက်ရဲပဲ ထို ခေါင်းပြတ်သဏ္ဌန် မီးခိုးလုံးကြီးကိုသာ စူးစိုက်၍ ကြည့်နေမိသည်။

ထို ခေါင်းပြတ်ကြီးသည် တဖြေးဖြေး ချောင်း၏ အထက်ပိုင်းသို့ ရွှေ့လျားသွားကာ ကျွန်တော်တို့၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားလေတော့သည်။

ကျွန်တော်တို့လည်း ထိုအခါမှ အိမ်ဘက်သို့ သုတ်ခြေတင်၍ ပြန်ပြေးခဲ့ကြသည်။

“အမေ…အမေ……အမေရ..”

“ဟဲ့….ခလေးတွေ ဘာဖြစ်လာတာတုန်း”

ဖယောင်းတိုင်မီးအိမ်ကလေးကို ကိုင်၍ ထွက်လာသော ကျွန်တော့်၏ အမေ ကို ဆုလှိုင်က…”သရဲ ခြောက်လို့ ကြီးကြီး….”
“ချောင်းထဲမှာ…ခေါင်းပြတ်ကြီး….လျှောက်သွားနေတယ်”

“အလို…..ဘုရား…”

“လာ လာ အကုန်အိမ်ထဲဝင်…”

အိမ်ထဲသို့ရောက်သောအခါ အမေက ကျွန်တော်တို့အား စေ့စေ့စပ်စပ်မေးမြန်းလေတော့သည်။

ကျွန်တော်တို့လည်း ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်ရတော့သည်။

“အလို..ချောင်းအော်တာလား…”
“ဝေါဝေါ….ဝေါ..လို ရေစီးသံ ကြီးကြားရတယ်ဆိုတာက “

“ဟုတ်တယ်..​ကြီးကြီး….”
“ချောင်းထဲက ဝေါခနဲ ဝေါခနဲ အသံကြီးတွေ ကြားရတယ်”ဟု မှင်စာက ဂတုန်ကရင်​​​ဖြင့်ဝင်ပြောပြန်သည်။

“အာ့တာ ချောင်းအော်တာ ဖြစ်မယ်ဟဲ့…”
“နင်တို့ နောက်နေ့က စပြီး ချောင်းထဲ ရေဆင်းမချိုးရတော့ဖူး “

“ဟာ..”
“အမေကလည်း..ချောင်းထဲ ရေဆင်းချိုးတော့ ချောင်းအော်တာ နဲ့ ဘာဆိုင်တုန်း”

ကျွန်တော်က ချောင်းထဲ ရေမချိုးရတော့ဖူးဟု ပြောလိုက်သည့် အမေအသံကြောင့် စောဒကတက်လိုက်ပြန်သည်။

“ဟဲ့ကောင်လေး.. ချောင်းအော်ရင် လူစားလဲတတ်တယ်ဟဲ့….တစ်ယောက်မဟုတ် တစ်ယောက် ရေနစ်သေတတ်တယ်”

အမေ့၏ စကားများကို ကျွန်​တော့်၏ သူငယ်ချင်းများက ငြိမ်သက်စွာ နားထောင်နေလေသည်။

“အမေကလည်း..ချောင်းထဲမှာ ရေက တိမ်တိမ်လေးရှိတော့တယ်လေ…ဘယ်လို နစ်မလဲ…..”

ကျွန်​တော့်၏ အမေးကို အမေက စိတ်မရှည် ဟန်ဖြင့် ခေါင်းကို တစ်ချက်ပိတ်ခေါက်လိုက်ကာ…..”နင်သေချင်ရင် သွားကူး ပေါ့” လို့ ပြန်ပြောလေတော့သည်။

ကျွန်တော်တို့လည်း ချောင်းထဲမှ ခေါင်းပြတ်သဏ္ဌန်ကြီးကို တွေ့မြင်၍ အမေ့၏ ပြောစကားများကို ဆက်စပ်တွေး​တော ရင်း ချောင်းထဲသို့ ရေဆင်းမကူးတော့ပါ။

ကျွန်တော်တို့ သူငယ်ချင်း တစ်စု ချောင်းထဲမှ ခေါင်းပြတ်ကြီးနှင့်တွေ့ပြီး…သုံးလေးရက်အကြာတွင်……..ရပ်ကွက်ထဲမှ အရက်သမားမောင်စိုး တစ်ယောက် ချောင်းထဲ၌ ညအခါရေဆင်း၍ ချိုးရာမှ ဒူးဆစ် ကျော်ကျော် လောက် သာရှိ​သော ရေထဲတွင်  ရေနစ်၍ သေဆုံးသွားလေတော့သည်။

ထိုနေ့မှ စ၍ ကျွန်တော်တို့လည်း ချောင်းထဲသို့ ရေဆင်း၍ မကူးတော့သည်မှာ ယနေ့အချိန်ထိပင်ဖြစ်သည်။

ထိုအဖြစ်ပျက်များက………။

တိုက်ဆိုင်မှုလေလား….. ချောင်းအော်သံ ကြောင့်လား ဆိုတာတော့……………..။
မောင်နတ်ဆေး(မင်းလှ)
မောင်နတ်ဆေးကိုအားပေးမယ်။
Pageကိုlike&follow!