ငရဲတံခါးမှအပြန်

ငရဲတံခါးမှအပြန်(စ/ဆုံး)
————————–

စံပေါ် ဆိုတဲ့ ကျုပ် ယစ်ရွှေရည်တန်ခိုးနဲ့အိမ်ရှေ့အဖီက ကွပ်ပျစ်လေး
ပေါ်မှာ တုံးလုံးလဲပီး ဇိမ်ကျနေတာဗျ။ နေကလည်းမွန်းတည့်နေတော့
ရွာထဲလျှောက်ပတ်ပီး အလုပ်မတောင်းနိုင်သေးဘူး။ ကျုပ်ရဲ့ အမေအို
ကြီးကတော့ အိမ်ပေါ်ကဘုရားခန်းရှေ့မှာပုတီးလေးတဂျောက်ဂျောက်
စိပ်လို့ပေါ့ဗျာ။

လူက ပက်လက်ပေမဲ့ အိပ်မပျော်ပါဘူးဗျာ။ မွေးထဲက ကံမကောင်းခဲ့တဲ့
ကိုယ့်ဘဝအကြောင်းကိုစဉ်းစားရင်း သက်ပြင်းအခါခါချနေမိတာဗျို့။ ကျုပ် အမေ့ဗိုက်ထဲမှာ ပဋိသန္ဒေ တည်တဲ့ အချိန်ကစပီး ဖခင်ဖြစ်သူကအိမ်ထောင်ရေးဖောက်ပြန်ပီး ထွက်သွားလိုက်တာ…ဘယ်ရောက်လို့
ဘယ်ပေါက်မှန်းတောင် မသိဘူး။ အမေ့ခမျာ ဆင်းဆင်းရဲရဲနဲ့တဲအိမ် အစုတ်လေးမှာ ကိုယ်လေးလက်ဝန်ကြီးနဲ့တစ်ကိုယ်တည်း ကျန်ခဲ့ရရှာတာဗျ။

ရွာထဲက အမေ့သူငယ်ချင်း တစ်ချို့ကတော့ အမေ့ရဲ့ဒုက္ခကိုမကြည့်
ရက်တာနဲ့ အကြံပေးကြတယ်။ အဲဒါတခြား ဟုတ်ရိုးလား…ကျုပ်ကို
လွယ်ထားရတဲ့ ကိုယ်ဝန်ကို ဖျက်ချဖို့ပဲပေါ့ဗျာ။ ဒါပေမဲ့ ကျုပ်ရဲ့ အမေ ဒေါ်မယ်ခက ဘယ်သူ့စကားကိုမှ နားမယောင်ပဲ ကြီးမားတဲ့ မိခင်
မေတ္တာစိတ်အပြည့်နဲ့ ကျုပ်ကိုမွေးဖို့ဆုံးဖြတ်လိုက်တာဗျ။

ဗိုက်ကြီးတကားကားနဲ့ နေပူမရှောင် မိုးရွာမရှောင် ရပ်ထဲရွာထဲလက်
တိုလက်တောင်း အလုပ်ကလေးတွေ ရှာကြံလုပ်ပီး…ကျူပ်ကို ခဲခဲရင်း
ရင်းနဲ့လူလောကထဲရအောင်ခေါ်ဆောင်ပေးခဲ့တာဗျို့။ ဒါ့ကြောင့် စံပေါ်
ဆိုတဲ့ ကျုပ်ရဲ့ဘဝမှာအမေဟာ စံပြသူရဲကောင်းကြီးပါပဲ။ အမေ့ကြောင့်
ပဲ ကျုပ် လူဖြစ်ခွင့်ရလာတာ။

အခုတော့ ကျုပ်ရဲ့မိခင်ကြီးဟာ အသက်ကြီးလို့ အိုးမင်းမစွမ်းဖြစ်နေပီ
လေ။ ကျုပ်ကိုလူလားမြောက်အောင် ကျွေးမွေးနိုင်ဖို့အတွက် ရုန်းကန်
ခဲ့ရတဲ့ လောကဓံရဲ့ အထုထောင်း အရိုက်ပုတ်တွေကြောင့် ဒီအမေအို
ကြီးဟာ ဒဏ်ဖြစ်ပီး အိပ်ယာထဲက မထနိုင်တဲ့ အခြေနေရောက်နေပီ။
ဒီအမေအိုကြီးကို ကျုပ်က ပြန်ပီးကျွေးမွေးပြုစုရမဲ့ အလှည့်ကျပီပေါ့။

အမေ့ကို ကျုပ်လုပ်နိုင်ကိုင်တဲ့ အရွယ်ကစလို့ ပြန်ပီးကျွေးမွေးလာခဲ့တာ အခုဆို ကျုပ်ရဲ့ အသက်တောင်နှစ်ဆယ်ကျော်လို့ သုံးဆယ်
ထဲဝင်တော့မယ်။ အမေတစ်ခု သားတစ်ခုဘဝနဲ့ဆွေမရှိ မျိုးမရှိဘဝ
မှာ တစ်သက်လုံး တစ်ရွာလုံးရဲ့ခိုင်းဖတ်အဖြစ်နဲ့ပဲ ရှင်သန်ခဲ့ရတယ်။

ဒါကြောင့်လည်း ကိုယ့်ကံကြမ္မာကို တွေးမိတိုင်း ဖြေမဆည်နိုင်ခဲ့ဘူး။
နောက်တော့အဲဒီလို စိတ်ညစ်စရာတွေ မတွေးမိအောင် အရက်ကိုအစ
လုပ်ပီး သောက်တတ် စားတတ်လာတယ်။ အခုဆို ကျုပ်ဟာ အရက်
ကိုအရမ်းကြိုက်ပီး…မသောက်ရရင် မနေနိုင်တဲ့ အရက်သမားလုံးလုံး
ကြီး ဖြစ်နေ ပါယောလားဗျာ။

အမေက ကျုပ်အရက်သောက်တာကို လုံးဝမကြိုက်ဘူး…မသောက်
ဖို့အတန်တန်ပြောတယ်။ ဒါပေမဲ့ ကျုပ်က အရက်ကိုစွဲလန်းနေပီလေ။
နောက်ဆုံး အမေအိုကြီး ဘယ်လိုမှပြောမရတဲ့အဆုံး လွှတ်ထားလိုက်
ရတော့တာပေါ့။

ဒါပေမဲ့ ကျုပ်ဘယ်လောက်ပဲ လူမှန်းသူမှန်း မသိအောင် မူးမှောက်နေပါစေ…အိမ်ကိုပြန်လာရင်တော့ ရွာထဲက လူတွေပေးလိုက် ကမ်းလိုက်
တဲ့ ထမင်းတစ်ထုပ်က အမေအိုကြီးတွက် မမေ့မလျော့ ပါလာစမြဲပဲဗျ။ လူကသာ ဂျွမ်းထိုးမှောက်ခုံဖြစ်နေပါစေ…အမေ့ကိုကျွေးမဲ့ ထမင်းထုပ်
ကတစ်စက်လေးတောင် မဖိတ်စင်စေရဘူး…အရာမယွင်းစေရဘူးဗျို့။

အိမ်ကို ရောက်ပီဆိုရင်လည်း ပါလာတဲ့ ထမင်းထုပ်လေးကိုဖြေပီး အိပ်
ယာထဲလဲနေတဲ့ အမေအိုကြီးကို ဦးဦးဖျားဖျား ခွံ့ကျွေးတယ်။ အမေစား
လို့ပိုတဲ့ ဟာကိုမှ ကျုပ်ကစားတာဗျ။ စားသောက်လို့ ပီးပီဆိုမှ အမေ့
ကို ဦးချကန်တော့ပီး အိမ်ရှေ့အဖီ ကွပ်ပျစ်လေးပေါ်မှာ တခူးခူးတခေါ
ခေါနဲ့ အိပ်ပစ်လိုက်တော့တာပဲဗျို့။

နောက်နေ့မိုးလင်းရင် အမေ့ကို အဆာပြေ တစ်ခုခုကျွေး…ပီးရင်ရွာထဲသွား ဘယ်အိမ်မှာ ဘာလိုအပ်လဲ မေးမြန်းလုပ်ကိုင်ပေးလို့ရလာတဲ့
ထမင်းထုပ်လေးကိုယူလို့ အမေ့ဆီ အပြေးပြန်ပီး ကျွေးရတာဗျ။

အဲဒီလိုကျွေးမွေးပီးပီဆိုတော့မှ ရွာထိပ်က ကိုသိန်းမောင်ရဲ့ အရက်ပုန်း
ဆိုင်ကို သွားပီး ကူညီလုပ်ကိုင်ပေးရင်း ကျုပ်ကြိုက်တဲ့ အရက်ကို အဝ
သောက်ရတော့တာဗျို့။ တစ်ခါတစ်လေ ရွာထဲမှာ လုပ်စရာအလုပ်မရှိ
ရင် ချောင်းထဲသွား… ငါးရှာ/ဖားရှာနဲ့ပဲ ဒီအမေအိုကို ကျွေးမွေးစောင့်
ရှောက်နေရတာပေါ့ဗျာ။

ဒါတွေက နိစ္စဒူဝ ကျုပ် ကျင်လည်လုပ်ကိုင်နေရတဲ့ သမရိုးကျ လုပ်ရိုး
လုပ်စဉ်တွေပေါ့။ ကျုပ်လည်း အရက်ကို တစ်ရက်မှ အသောက်မပျက်ခဲ့သလို… အမေအိုကြီးလည်း တစ်နေ့မှ ထမင်းမစားရတဲ့နေ့ မရှိစေခဲ့
ရပါဘူး။

” စံပေါ်ရေ !! စံပေါ် ”

ဟော !! ကျုပ် ဘယ်လောက်တောင် အတွေးကောင်းနေတယ်မသိဘူး
… အိမ်ရှေ့က ခေါ်သံကြားမှပဲ အတွေးစက ပြတ်သွားတာဗျ။ ခေါ်နေ
တာ ဘယ်သူဘာလိမ့်ဆိုပီး အသာခေါင်းထောင်ကြည့်လိုက်တော့…ရွာလယ်ပိုင်းက လယ်သူငှေး ဦးတောကျော် ဖြစ်နေတာဗျို့။ လယ်သူဌေး
ဆိုတဲ့ အတိုင်း ရွှေကိုင်းမျက်မှန်နဲ့ တိုက်ပုံအကျီ င်္…ဘန်ကောက်ပုဆိုးတို့ကို ကျကျနနဝတ်လို့ပေါ့ဗျာ။ ကျုပ်လည်း ထူထူးဆန်းဆန်းရောက်
ချလာတဲ့ ဦးတောကျော်ကိုကြည့်ပီး မေးလိုက်ရတယ်။

” ဟင် !! ဦးတောကျော် လာလေဗျာ… ဘာကိစ္စရှိလို့လဲ ”

ကျုပ်လှမ်းခေါ်လိုက်တော့ ဦးတောကျော်ကယိုင်နဲ့နေတဲ့ တဲအိမ်စုတ်
လေးကိုတစ်ချက်ကြည့်ပီး နှာခေါင်းရှုံ့လိုက်သေးတယ်။ပီးတော့မှ ပြန်
ပြောတာဗျ။

” အထဲမဝင်တော့ပါဘူး…ငါမင်းကို ခိုင်းစရာရှိလို့လာပြောတာကွ ”

” အော် !! ဘာခိုင်းမလို့လဲ ပြောလေ ဗျာ ”

” အေးး !! မနက်ဖြန် ငါ့သားနှစ်ယောက် ရှင်ပြုအလှူလေးရှိလို့…အိမ်
မှာ အလှူတွက် လိုအပ်တာလေးတွေ လုပ်ကိုင်ပေးဖို့ မင်းကိုလာခေါ်တာကွ ”

” ဟုတ်… ဟုတ်ကဲ့… ကျုပ် ခဏနေလာခဲ့ပါ့မယ် ဦးတောကျော် ”

” အေးးအေးး !! ဒါဖြင့် စိတ်ချမယ်နော် စံပေါ် ”

ဦးတောကျော်ဆိုတဲ့ လူကြီးကနူတ်ဆက်စကားလေးတောင်မပြောပဲ
ချာခနဲလှည့်ပီး ထွက်သွားတာဗျ။ ရွာထဲက လူအားလုံးက ကျုပ်ဆိုရင် အဲဒီလိုပါပဲဗျာ…တစ်ရွာလုံးရဲ့ ခိုင်းဖတ်ဆိုပီး အလုပ်လုပ်ခိုင်းစရာရှိတာကလွဲလို့ လူရာသွင်း အရေးမလုပ်ချင်ကြဘူး။ ကျုပ်အတွက်တော့ ဒါ
တွေက ရိုးနေပီမို့ နေသားကျနေပါပီဗျာ။

” အဟွတ်…အဟွတ် !! လူလေးကြီး !! ”

ဟော !! အိမ်ထဲက အမေအိုကြီးက ကျုပ်ကို လှမ်းခေါ်လိုက်တာဗျ။
ဒါနဲ့ ကျုပ်လည်း ပြန်ထူးလိုက်ရတာပေါ့။

” ဘာတုံး !! အေမရ ”

” အလှူမှာ သွားပီး လုပ်ကိုင်ပေးတဲ့ အခါကျရင် ဟိုက တိုက်တဲ့အရက်
ကို တအားကြီး သောက်မနေနဲ့နော် လူလေး ”

” ဟာဗျာ !! အမေကလည်း ကျုပ်က မူးနေတော့ကော ဘယ်သူ့ကို
ပြသနာရှာဖူးလို့လဲ…ဒီရွာမှာ အမေ့သား စံပေါ်က မူးရူးနေလို့ဘယ်
သူ့အပေါ်ကိုမှ မစော်ကား…မရမ်းကားဖူးပါဘူး ”

” အေးပါကွယ် !! အမေသိပါတယ် လူလေးကြီးရယ်… သူများအလှူ
တန်းလုပ်ပီး ကုသိုလ်ယူနေတဲ့အချိန် တစ်ရက်တစ်လေ မသောက်
မစားပဲနေဖို့ပြောချင်တာပါကွယ် ”

” ဟာ !! အမေကလဲ…ကျုပ်ကြိုက်လို့ကျုပ်သောက်တာ…ဒီလိုအလုပ်
အကိုင်လေးပေါ်မှ အရက်ဆိုတာကိုစိတ်ကြိုက်သောက်ရတာဗျ…အမေတို့နဲ့ ခက်ပါရဲ့ဗျာ…ကျုပ်ကအရက်ကိုကြိုက်လို့ သောက်တတ်တာကလွဲရင်တစ်ခြားမကောင်းတာဘာတစ်ခုမှ မလုပ်ပါဘူး…ဒါကိုပဲအပစ်ကြီးလို မြင်နေကြတယ် ”

ကျုပ်အဲဒီလိုပြောတော့ အမေအိုကြီးက ဘာမှပြန်မပြောပဲ သက်ပြင်း
လေးချပီး နူတ်ဆိတ်သွားတယ်။ ကျုပ်ကလည်း မရဘူးဗျ…အမေပြောသမျှကို တစ်ခုမကျန်လိုက်နာနိုင်တယ်။ အဲ !! အရက်နဲ့ပတ်သတ်လာ
ပီ ဆိုရင်သာ မရတာဗျို့။

အမေနဲ့ စကားစပြတ်သွားတော့ ကျုပ်လည်း ရေမိုးချိုးပီး ဦးတောကျော်
ရဲ့ မဏ္ဍပ် အလှူရှိရာဘက်ကို ခပ်စောစောပဲ ထွက်လာလိုက်တယ်။
ဦးတောကျော်က လယ်သူငှေးကြီးပီပီ အိမ်ရှေ့မှာ မဏ္ဍပ်ကြီးကိုဟီးနေ
အောင်ဆောက်ထားတာဗျ။ မဏ္ဍပ်ထဲမှာ အလှူတွက်လိုအပ်တာတွေ
ကူညီ ဝိုင်းဝန်းလုပ်ကိုင်ဖို့ ရွာထဲက လူအတော်များများလည်းရောက်
နေကြတယ်။

” လာဟေ့ !! စံပေါ်… စောသားပဲ…ကောင်းတယ်ဟေ့…ဒီမှာလည်း
ချက်ပြုတ်ဖို့ ပြင်ဆင်နေကျပီဆိုတော့ အံကိုက်ပဲ ”

မဏ္ဍပ်ထဲက ကုလားထိုင်တစ်လုံးပေါ်မှာ ထိုင်နေတဲ့ ဦးတောကျော်
က ကျုပ်ကို လှမ်းခေါ်လိုက်တာဗျ။ ပီးတော့ ကျုပ်လုပ်ရမဲ့ ဟာတွေကို
လည်းပြောပြတယ်။ ကျုပ်လုပ်ရမဲ့ဟာတွေဆိုတာကလည်း ထွေထွေ
ထူးထူးတော့ မဟုတ်ဘူး…ရေခပ်…ထင်းခွဲ စတဲ့သူတစ်ပါး မလုပ်ချင်
တဲ့ အောက်ခြေသိမ်း အလုပ်မျိုးတွေပေါ့။ ဒါကြောင့်လည်း ကျုပ်ကိုအိမ်
ထိ တကူးတက လာခေါ်တာပေါ့ဗျာ။

ကျုပ်လည်း ထွေထွေထူးထူးစဉ်းစားမနေပဲ…ဦးတောကျော်ဆီက ရဲဒင်း
တစ်လက်တောင်းပီး အရင်ဆုံး ထင်းတွေကို ခွဲပေးလိုက်တယ်။ ထင်း
တွေ အားလုံးခွဲပီးလို့ ခဏနားတုန်း…အရက်ကသောက်ချင်လာပီဗျ။
အဲဒီချိန်မှာပဲ ဦးတောကျော်က ကျုပ်ကို ချက်အရက်နှစ်လုံးနဲ့ အမြည်းတစ်ချို့လာပေးတာဗျို့။

” မောနေပီလား စံပေါ်…ရော့ !! ဟောဒီမှာ အမောပြေလေး ချလိုက်
ဦး… တအားကြီးတော့ မလုပ်နဲ့…မင်း ရေခပ်ဖို့ ရှိသေးတယ် ”

” ဟားးဟားးဟားး !! ဦးတောကျော်က ကျုပ်ကို လျှော့တွက်တာကိုး
…အရက်ဆို ရေပဲမှတ်တဲ့ စံပေါ်ပါဗျ…တစ်လုံး…နှစ်လုံးလောက်နဲ့
မှောက်သွားရိုး ထုံးစံရှိလို့လား ”

” အေးပါကွာ !! သိပါတယ်…ကဲ…ကဲ !! ချလိုက်ဦး… ငါဟိုဘက်မှာ
ဘာလိုလဲ သွားကြည့်လိုက်ဦးမယ် ”

ဦးတောကျော် ထွက်သွားတာနဲ့ ကျုပ်လည်း ဟန်မဆောင်နိုင်တော့
ဘူး…လက်ထဲက အရက်ပုလင်းကို ကမန်းကတန်းအဖုံးဖွင့်လို့ မော့
ချပစ်လိုက်တယ်။

အလိုလေး !! သောက်ကောင်းချက်ဗျာ…လည်ချောင်းထဲ ပူဆင်းပီးတစ်
ကိုယ်လုံးလေပေါ်မြောက်တတ်သွားသလားအောက်မေ့ရတယ်။ အရက်
လေး တစ်ငုံလောက်ဝင်သွားမှ လူက နေသာထိုင်သာရှိသွားတာဗျို့။

မဏ္ဍပ်ကဖွင့်ထားတဲ့သားရှင်ပြုအလှူသီချင်းကလည်း လွှတ်နားထောင်
လို့ကောင်းသဗျာ။ သီချင်းလေးနားထောင်ရင်း အရက်လေးမော့လိုက်
အမြည်းလေးစားလိုက်နဲ့ အတော့်ကို ဇိမ်ကျနေတာဗျ။

ဘာကြာလို့လဲ… ဦးတောကျော်ပေးသွားတဲ့ ချက်အရက်အပြင်းစား
နှစ်လုံးက တစ်စက်မကျန်ပြောင်သလင်းခါသွားပီ။ ထပ်ပီးသောက်ချင်
ပေမဲ့ ရေခပ်ပေးဖို့ကျန်နေသေးတော့…ထမ်းပိုးနဲ့ ရေပုံးကိုဆွဲပီး ရွာ
မြောက်ပိုင်းက သောက်ရေကန်မှာ ရေသွားခပ်ရတာပေါ့ဗျာ။

ကျူပ်ရေခပ်လို့ ပီးတော့ နေတောင်အတော်စောင်းနေပီ။ ဒါနဲ့ပဲ
ဦးတောကျော် ကိုပြန်တော့မဲ့ အကြောင်းသွားပြောလိုက်တယ်။

” ဦးတောကျော် !! ရေခပ်လို့တော့ ပီးပီဗျ…ကျုပ် ပြန်လို့ရပီလား ”

” ဟာ !! ပြန်တော့ မလို့လားစံပေါ်… ငါမင်းကို နောက်ထပ်ခိုင်းစရာ
လေးရှိသေးလို့ကွ ”

” အော် !! ဒါဖြင့်လည်း ပြောလေဗျာ ”

” အေး !! ငါ့ အိမ်ခေါင်းရင်းမှာ ပေါက်နေတဲ့ မြက်ပင်လေးတွေကိုရှင်း
ခိုင်းချင်လို့ပါကွာ…ဘာရယ်တော့ မဟုတ်ဘူး … အလှူလုပ်မှာဆို
တော့ အိမ်ကိုသပ်သပ်ရပ်ရပ်နဲ့ လူမြင်ကောင်းအောင်လို့ပါ…ကူညီပါ
စံပေါ်ရာ…မင့်ကို အရက်လည်းထပ်တိုက်မယ်…ပိုက်ဆံလည်း ပေးပါ့
မယ်ကွာ ”

ဦးတောကျော်က ပြောရင်းနဲ့ အိမ်ခေါင်းရင်းကို လက်ညိုးနဲ့ထိုးပီးပြ
လိုက်တာဗျ။ ဟုတ်ပဗျာ !! သူပြောသလိုပဲ အိမ်ခေါင်းရင်းမှာ မြက်ပင်
ရှည်ကြီးတွေ အများကြီးပေါက်နေတာဗျို့။ ဒီတော့ကျုပ်လည်း မြက်တွေ
ရှင်းရပီပေါ့။

မြက်ပင်တွေကို ကိုင်းခုတ်ဓားနဲ့ ခပ်သွက်သွက်ရှင်းနေရင်း ညစာမကျွေး
ရသေးတဲ့ အမေ့ကိုလည်းသတိရလိုက်မိတယ်။ အချိန်ကမှောင်ရီသမ်း
နေပီမို့အမြန်ပီးအောင် လုပ်နေရတာပေါ့ဗျာ။အရက်ရှိန်လေး ခပ်ထွေ
ထွေနဲ့ ခုတ်ပီးသား မြက်တွေကို အိမ်ရဲ့ အနောက်ဘက်မှာ သွားပစ်ဖို့
ပြင်လိုက်တာဗျ။

” ဖြီးးးး !! ”

” ဖေါက် !! ”

အောင်မလေးဗျာ !! ဓားနဲ့ခုတ်ပီးတဲ့ မြက်ပင်တွေကိုသိမ်းကြုံးယူလိုက်
တဲ့ အချိန်မှာပဲ ဖောက်ဆိုတဲ့အသံနဲ့အတူ ကျုပ်ရဲ့လက်ဖမိုးမှာ ပူခနဲ
ဖြစ်သွားတာဗျ။ ထိတ်လန့်စိတ်နဲ့ ကြည့်လိုက်တော့ ကျိုးပြတ်နေတဲ့
မြက်ပင်တွေကြားထဲမှာ မွဲခြောက်ခြောက်အကွက်ကွက် တွေနဲ့မြွေပွေး
ကြီးတစ်ကောင်ကို ခွေလျက်ကြီး တွေ့လိုက်ရတယ်။

ဟာ !! သွားပီ… ကျုပ် ပိုးထိသွားပီဗျို့။ ချက်ချင်းပဲ မျက်လုံးတွေပြာဝေ
လာသလိုရင်ဝကိုလည်း မီးစနဲ့ ထိုးနေသလိုမျိူးခံစားလိုက်ရတယ်။
တစ်ကိုယ်လုံးရှိသမျှ အားအင်တွေလည်း ချက်ချင်းဆိုသလိုလျော့ကျ
သွားပီး အမြင်အာရုံတွေလည်း မသဲကွဲတော့ဘူးဗျို့။ ဒါ့ကြောင့်လည်း
ရှိသမျှလက်ကျန်အားအင်ကို ဖျစ်ညှစ်လို့ ကြောက်လန့်တကြားအော်
ဟစ်ပီး အကူညီတောင်းလိုက်တာဗျ။

” အောင်မလေး !! လာ…လာကြပါဦး…ကျုပ်…ကျုပ်ကို ပိုးထိသွားလို့
ပါဗျို့”

” ဟာ !! ဟိုမှာ စံပေါ် ပိုးထိလို့တဲ့ဟေ့ ”

” ဟယ် !! လုပ်ကြပါဦး… ကိုက်တဲ့မြွေကို မိအောင်ဖမ်းကြပါတော့ ”

ကျုပ်အဲဒီလို အော်လိုက်တဲ့ အသံကိုကြားတော့ မဏ္ဍပ်ထဲကလူတွေ
လည်း တစ်ယောက်တစ်ပေါက်နဲ့ ပြေးချလာတယ်။ ဒါပေမဲ့ သူတို့
အနားကိုရောက်လာခင်မှာပဲ ကျုပ်ရဲ့အမြင်အာရုံတွေဟာမှောင်အတိ
ကျလို့ မြေပြင်ပေါ်ကို အရုပ်ကြိုးပြတ်လဲကျသွားတော့တာပဲဗျို့။

⏰⏰⏰⏰

” စံပေါ် !! ထစမ်း…ထစမ်း… မင်း ငါတို့နဲ့လိုက်ခဲ့ရမယ် ”

ရုတ်တရက် ကျုပ်ကိုခေါ်လိုက်တဲ့ အသံတစ်ခုကိုကြားလိုက်ရလို့မျက်စိ
ကိုဖျတ်ခနဲဖွင့်ကြည့်ပီး ငုတ်တုပ်ထထိုင်လိုက်တယ်။

” ဟာ !! ”

အောင်မလေးဗျာ !! မမျှော်လင့်ပဲ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အံ့သြ
လွန်းလို့ ဟာခနဲဖြစ်သွားတာဗျ။ ကျုပ်အံ့သြတာ တခြားကြောင့်ဟုတ်
ဘူး… အင်မတန်မှကိုကြောက်စရာကောင်းတဲ့ လူကြီးနှစ်ယောက်ကို
မြေကျင်းကြီးတစ်ခုထဲကနေ တက်လာတာတွေ့လိုက်ရလို့ပဲဗျို့။

အသားရေက နီစပ်စပ်အရောင်ပေါက်နေပီး မျက်နှာအမူအရာကဘာခံ
စားချက်မှ မရှိတဲ့မျက်နှာသေကြီးတွေနဲ့ဗျ။ ကတုံးကိုပြောင်အောင်တုန်း
ထားပီး ခန္ဓာကိုယ်အပေါ်ပိုင်းမှာဘာမှ ဝတ်မထားဘူး…အောက်မှာတော့
ပုဆိုးတစ်ထည်ကို ခါးထောင်းမြှောင်အောင်ကျိုက်ပီးဝတ်ထားကြတယ်။
လက်ထဲမှာလည်း မှိန်းလိုလို…လှံလိုလိုဟာကြီးတစ်ချောင်းကို ကိုယ်စီ
ကိုင်ထားသေးတာဗျို့။

အရပ်ကြီး ခုနှစ်ပေလောက်နဲ့…လူကောင်က ထွားထွားကျိုင်းကျိုင်းကြီး
တွေဗျ။ ကျုပ်ကို ခါးကြီးထောက်ပီး မျက်ထောင့်နီကြီးတွေနဲ့ စိုက်ကြည့်
နေကြတယ်။ ကျုပ် အဲဒီလိုအားသင့် ထိတ်လန့်နေတုန်းမှာပဲ လူနီကြီး
နှစ်ယောက်ထဲက တစ်ယောက်က ထပ်ခေါ်ပြန်ပီဗျို့။

” စံပေါ် !! မင်း ငါတို့နောက်ကို လိုက်ခဲ့ရမယ် ”

ဘာကြောင့်ရယ် မသိဘူး…သူတို့ခေါ်တာကို ကျုပ်ပါးစပ်ကဘာမှမတုံ့
ပြန်ဖြစ်ဘူး။ စိတ်ထဲမှာလည်း ငြင်းဆန်ဖို့အင်အား မရှိတော့သလိုခံစားလိုက်ရတယ်။ ထိတ်လန့်တုန်လှုပ်ပီး ဘာမှ မပြောနိုင်တာလဲဖြစ်
နိုင်တယ်ဗျ။

ဟာ !! အဲဒီချိန်မှာပဲ လူနီကြီးတွေက ကျုပ်အနားကိုလှမ်းလာနေပီ။
အနားကိုရောက်တော့ ကျုပ်ကို ဂျိုင်းကနေ တစ်ဖက်တစ်ချက်ဆွဲကိုင်
လိုက်ကြတယ်။ ပီးတော့…သူတို့တက်လာခဲ့တဲ့ တွင်းပေါက်ကြီးထဲကို ခုန်ချလိုက်ပီဗျ။

” ဝေါလ် !! ဝရော !! ဝှီးးးး !! ”

ဘုရား…ဘုရား !! ကျုပ်ဖြင့်ကြောက်လွန်းလို့ မျက်စိကိုမဖွင့်ပဲ စုံမှိတ်
ထားလိုက်ရတာဗျို့။ရင်ထဲမှာလည်း လှိုက်ခနဲဖြစ်ပီး အူတွေအသည်း
တွေပါပြောင်းပြန်လန်သွားသလား အောက်မေ့ရတာ။ အောက်ကိုခုန်
ချလိုက်တဲ့အရှိန်နဲ့ထွက်ပေါ်လာတဲ့လေတိုးသံက နားတောင်အူတယ်။

တွင်းပေါက်ကြီးကလည်း ဘယ်လောက်တောင် နက်တယ်မသိဘူး…
တော်တော်နဲ့ အောက်ကိုမရောက်နိုင်ဘူး။ အောက်ကိုရောက်ရင် ကျုပ်
တစ်ကိုယ်လုံးကျိူးပဲ့ပီး တစ်စစီဖြစ်သွားမလား မသိပါဘူးဗျာ။

ဟော !! ကျုပ်စိတ်ထင် ထမင်းတစ်အိုးချက်လောက် ကြာမယ်ထင်ပါ
ရဲ့။ လေဟာနယ်ထဲရောက်နေတဲ့ ခန္ဓာကိုယ်ကြီးက သိမ့်ခနဲဖြစ်သွားပီး
ခြေအစုံက တစ်စုံတစ်ခုနဲ့ ထိတွေ့လိုက်သလိုခံစားမိတယ်။ ဒါနဲ့မျက်
စိကို မရဲတရဲဖွင့်ကြည့်လိုက်တာပေါ့ဗျာ။

အလို !! မြင်ကွင်းတစ်ခုလုံး မြူလိုလို…မီးခိုးတွေလိုလို…ပြာလိုလို အရာ
တွေ အုံ့ဆိုင်းနေတာဗျ။ ဒါနဲ့မျက်စိကို အားပြုပီး အရှေ့တည့်တည့်ကိုစူးစိုက်ကြည့်လိုက်တယ်။

ဟာ !! ကျုပ်က ပန်းဆိုင်းတွေ…ကနုတ်တွေနဲ့ သေသေ ကျကျနန
ဆောက်ထားတဲ့ မုဒ်ဦးဝအကြီးကြီး တစ်ခုရှေ့ကိုရောက်နေတာဗျ။
အဲဒီမုဒ်ဦးကြီးမှာ စာအချို့ကိုလည်း ရေးထားသေးတယ်။ မြူလိုလို…မီးခိုးလိုလိုအရာတွေ အုပ်ဆိုင်းနေလို့ ဘာတွေရေးထားလဲဆိုတာသေချာမမြင်ရဘူးပေါ့ဗျာ။

ဘာ့ကြောင့်လဲတာ့မသိဘူး…မုဒ်ဦးကြီးကိုမြင်လိုက်ရတဲ့အချိန်မှာပဲ အားငယ်စိတ်တွေ…ဖော်မပြနိုင်တဲ့အကြောက်တရားတွေက ရင်ထဲကိုအလုံးအရင်းနဲ့တိုးဝင်လာတာဗျ။ ကျုပ်ရဲ့နှလုံးသားကို အေးစက်စက် လက်
ကြီးနှစ်ဖက်နဲ့ လာရောက် ဖျစ်ညှစ် ဆုတ်ကိုင်ထားသလိုပါပဲဗျာ။

အဲဒီချိန်မှာ လူနီကြီးနှစ်ယောက်က ကျုပ်ကို မုဒ်ဦးကြီးထဲဆွဲခေါ်သွား
ကြပြန်ပီဗျို့။ မုဒ်ဦးထဲကို ဝင်လိုက်တာနဲ့ မြောက်များတဲ့ အခန်းကျယ်
ကြီးတွေကိုမြင်လိုက်ရတယ်။ ပီးတော့ ဘယ်ကလာမှန်းမသိတဲ့ အပူ
ရှိန်ကြီးကလည်း တစ်ကိုယ်လုံးကိုလာဟပ်နေတာဗျ။ အဲဒီအပူရှိန်ကြီး
ကြောင့်ပဲ ကျုပ်တစ်ကိုယ်လုံး ချွေးတွေရေလောင်းထားသလို ရွဲနစ်လာတာဗျို့။

” ကယ်…ကယ်တော်မူကြပါ ”

” အောင်မလေး !! သေ…သေပါပီတော့ ”

” အမလေး !! ပူလွန်းလို့… သေရပါတော့မယ် ”

ဟာ !! အခန်းကျယ်ကြီးတစ်ခုရှေ့ကိုရောက်တဲ့ချိန်မှာ ကြောက်စရာ
ကောင်းတဲ့ အသံနက်ကြီးတွေနဲ့ ကယ်ပါ ယူပါတဆာဆာနဲ့အော်ဟစ်
သံကြီးတွေကို အတိုင်းသားကြားလိုက်ရတာဗျ။ ကျုပ်အမှတ်မထင်
အခန်းထဲကို ချောင်းကြည့်လိုက်မိတယ်။

အောင်မလေးဗျာ !! ကျုပ် ဖြင့်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အသက်
တောင်ဘယ်ကထွက်ရမှန်းမသိဖြစ်သွားတာဗျ။ ကြည့်စမ်းပါဦးဗျာ…
ကျုပ်ကိုခေါ်ဆောင်လာတဲ့ လူနီကြီးတွေနဲ့အသွင်သဏ္ဍာန်တူတဲ့ လူနီ
ကြီး သုံးယောက်က ကြီးမားကျယ်ပြန့်တဲ့ ဆီပူဒယ်အိုးကြီးတစ်ခုထဲမှာ လူပေါင်းများစွာကိုကြော်လှော်နေကြတာဗျ။ ဆီပူထဲကလူတွေက ဒယ်
အိုးကြီးထဲမှာ မုန့်လုံးရေပေါ်လို မြုပ်ချည်ပေါ်ချည်နဲ့ဗျို့။

အဲဒီလို မြုပ်ချည်ပေါ်ချည် ဖြစ်နေတဲ့လူတွေကို လူနီကြီးတွေက မှိန်းလိုလိုဟာကြီးတွေနဲ့ ဆီပူထဲမနစ် နစ်အောင် ထိုးထိုးပီးနှစ်နေသေးတာဗျ။ အင်မတန် စက်ဆုပ်ကြောက်ရွံ့ဖွယ်ကောင်းတဲ့ မြင်ကွင်းကြီးပါဗျာ။

ကျုပ် အဲဒီအခန်းကြီးကိုကျော်ပီး နောက်ထပ်အခန်းကျယ်ကြီးတစ်ခု
ရှေ့ကို ရောက်လာပီဗျ။

” ဝေါင်းးး !! ဝုတ် !! ”

” အမလေးးး !! အားးး !! ”

ဟာ !! ဒီအခန်းထဲမှာလည်း မီးကျီမီးခဲတွေပေါ် လှည့်ပတ်ပြေးလွှားနေ
တဲ့ လူပေါင်းများစွာကို နွားပေါက်တစ်ကောင်စာလောက်ရှိတဲ့ ခွေးနက်
ကြီးတွေက လိုက်လံခုန်အုပ်ကိုက်ဖဲ့စားသောက်နေတာဗျို့။

နောက်တစ်ခန်းကိုရောက်လာတော့လည်း ထိုနည်းတူပဲ။ ဆူးတွေရှိတဲ့
လက်ပံပင်ကြီးတွေပေါ်ကို သွေးသံတရဲရဲနဲ့ အလုအယက်ပြေးတက်နေ
ကြတဲ့လူပေါင်းများစွာကိုမြင်လိုက်ရတယ်။ မတက်နိုင်လို့ အောက်ကို
ပြုတ်ကျလာရင် အသင့်စောင့်နေတဲ့ ခွေးနက်ကြီးတွေက ဝင်ရောက်
ကိုက်ဖဲ့စားသောက်နေသလို ကြောက်စရာကောင်းတဲ့လူနီကြီးတွေကလည်း ဆူးတွေအပြည့်ပါတဲ့ ကျာပွတ်ကြီးနဲ့ အဆတ်မပြတ်ရိုက်နှက်
နေသေးတာဗျို့။

အမလေးဗျာ !! ကျုပ် သေးမထွက် ကျရုံတမယ်ကြောက်ရွံ့တုန့်လှုပ်
သွားတာဗျ။ ဒါ…ဒါဟာ ဘယ်လိုနေရာမျိုးလဲ…ကျုပ်ဘယ်ကိုရောက်နေ
တာလဲ…စတဲ့အတွေးပေါင်းစုံကလည်း ခေါင်းထဲကိုအလုအယက်ပြေး
ဝင်လာတယ်။ ဆောက်တည်ရာမရတဲ့ ကြောက်ရွံ့စိတ်တွေနဲ့ ကျုပ် ဒီ
နေရာကနေ ထွက်ပြေးဖို့ကြိုးစားကြည့်တယ်။ ဒါပေမဲ့ မရပါဘူးဗျာ…
ကျုပ်လက်မောင်းကိုဆုပ်ကိုင်ထားတဲ့ လူနီကြီးတွေရဲ့လက်အစုံက
ပြုတ်တူတွေလိုသန်မာလွန်းတော့ ဘယ်လိုမှရုန်းထွက်လို့မရဘူး။

ဒီလိုနဲ့ လူနီကြီးတွေခေါ်ဆောင်ရာကိုပါလာခဲ့တယ်။ ဖြတ်လာသမျှ
အခန်းတိုင်းမှာလည်း အနိဌအာရုံ မြင်ကွင်းမျိုးစုံကိုမြင်နေရတာဗျ။
ပါးစပ်ထဲ ကျွတ်ကျွတ်ဆူတဲ့ သံရည်ပူတွေလောင်းထည့်ခံနေရတဲ့ လူ
တွေ…လူနီကြီးတွေ ကျွေးတဲ့မစင်နဲ့လောက်တွေကို အားရပါးရစား
သောက်နေရတဲ့လူတွေနဲ့ စုံလို့ပါပဲဗျာ။

အဲဒီ အကျည်းတန် အနိဌအာရုံ အခန်းကျယ်ကြီးအားလုံးကို ကျော်
ဖြတ်ပီးသွားတဲ့အချိန်မှာတော့ ခန်းနားကြီးကျယ်တဲ့ အဆောက်အဦး
ကြီးတစ်ခုရှေ့ကိုရောက်လာတယ်ဗျ။ အဆောက်ဦးကြီးရှေ့ကိုရောက်
တော့…လူနီကြီးတွေက လှမ်းနေတဲ့ ခြေလှမ်းတွေကိုပြိုင်တူရပ်တန့်
လိုက်ပီး ကျုပ်ကိုအသံပြတ်ကြီးနဲ့လှမ်းပြောတယ်။

” အထဲကို ဝင်သွားလိုက် ”

ကျုပ်လည်း ကြောက်ကြောက်ရွံ့ရွံ့နဲ့ အထဲကိုဝင်သွားလိုက်တယ်။
အဆောက်အဦးကြီးထဲကို ခြေချလိုက်မိတယ်ဆိုရင်ပဲ…အေးစိမ့်တဲ့
အငွေ့အသက်တစ်ခုက ကျုပ် တစ်ကိုယ်လုံးကိုလွှမ်းခြုံသွားသလိုခံ
စားလိုက်ရတာဗျို့။

အဆောက်အဦးထဲကိုရောက်တော့ လက်ရာမြောက်တဲ့စားပွဲကြီးတစ်လုံး
နဲ့အတူ ထိုင်ခုံတစ်ခုပေါ်မှာ တစ်ကိုယ်လုံး အဝတ်နက်ကြီးကိုလွှမ်းခြုံ
ထားတဲ့ အဖိုးကြီးတစ်ယောက် ကျကျနနထိုင်နေတာကိုတွေ့လိုက်ရ
တယ်။ ရှည်လျားတဲ့ မုတ်ဆိတ်နဲ့ ပါးသိုင်းမွှေးတွေက ဆွတ်ဆွတ်ဖြူ
နေပီး…ခေါင်းမှာလည်း လေးထောင့်မကျတကျ အနီရောင်ဦးထုပ်တစ်
လုံးကိုဆောင်းလို့ပေါ့ဗျာ။ အဲဒီအဖိုးကြီးက ကျုပ်ဝင်လာတာကိုမြင်
တော့ အေးစက်မာကြောတဲ့ အသံသြကြီးနဲ့ဦးဆုံးစမေးလိုက်တာဗျ။

” မင်းနံမည် စံပေါ်လား ”

” ဟုတ်…ဟုတ်ပါတယ်ဗျာ ”

အဖိုးကြီးရဲ့ အမေးကို ထိတ်လန့်တုန်ရင်နေတဲ့ အသံနဲ့ကျုပ်ပြန်ဖြေမိ
လိုက်တာဗျ။ ကျုပ်အဲဒီလို သွေးပျက် ခြောက်ခြားနေတာကိုမြင်တော့
အဖိုးကြီးကနှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း ထပ်မေးတယ်။

” မင်းဘယ်နေရာ ရောက်နေလဲ ဆိုတာသိလား ”

” မ … မသိပါဘူး အဖိုး ”

” ဒါဖြင့် ငါဘယ်သူလဲဆိုတာကော သိလား ”

” မ …မသိပါဘူး ခင်မျာ ”

” အေး !! ကောင်းယော… မသိသေးရင်လည်း ပြောပြရတာပေါ့…မင်းအခုရောက်နေတာ ငရဲကြီးရှစ်ထပ်ရဲ့ အပေါ်ဆုံးအထပ်ပဲကွ…ငါက ဒီ
ငရဲပြည် ရှစ်ထပ်ကို အုပ်စိုးရတဲ့ ငရဲပြည့်ရှင် ယမမင်းပဲဟေ့ ”

အလိုလေးဗျာ !! အဖိုးကြီးရဲ့ စကားက ကျုပ်ရဲ့ငယ်ထိပ်ကို မိုးကြိုးနဲ့
အတောင့်လိုက် ပစ်ခွင်းလိုက်သလိုပါပဲဗျာ။ ဘုရား…ဘုရား !! ကျုပ်…
ကျုပ်က ငရဲပြည်ကိုရောက်နေတာတဲ့…ပီးတော့ သူက ယမမင်းတဲ့ဗျာ။

ဒါ…ဒါဆို ကျုပ်သေသွားပီပေါ့။ ကျုပ်အဲဒီလို စိတ်ထဲကတွေးနေတာကို အဖိုးကြီးကလည်းသိနေပုံရတယ်…ခေါင်းကို တဆတ်ဆတ်ညိမ့်ရင်း
ထပ်ပြောတာဗျ။

” မင်းက သေသွားပီ စံပေါ်…ဒီနေရာကိုရောက်တယ်ဆိုတာ သေပီးတဲ့
လူတွေပဲရောက်တာ… အဲဒီလိုရောက်လာတဲ့ လူတွေကလည်း…လူ့
ဘဝမှာ ကုသိုလ်ကောင်းမူလုပ်ဖို့ကို မေ့လျော့နေတဲ့သူတွေပဲကွ ”

” ဗျာ !! ဒါ…ဒါ ဆို ကျ…ကျနော်က ”

” အေး !! နေဦး… မင်းရဲ့ မှတ်တမ်းကို ကြည့်ဦးမယ် ”

ကျုပ်ရဲ့စကားမဆုံးခင်မှာပဲ အဖိုးကြီးကဖြတ်ပြောလိုက်တာဗျ။ ပီးတော့
သူ့ရှေ့က စားပွဲပေါ်မှာရှိနေတဲ့ စာအုပ်လိုလို…ကျမ်းဂန်လိုလိုအပုံကြီး
ထဲကနေ တစ်စုံတစ်ခုကိုရှာဖွေသလိုလုပ်နေတယ်။ အတန်ကြာတော့ အနက်ရောင်သားရေဖုံးထားတဲ့ စာအုပ်တစ်အုပ်ကိုဆွဲထုတ်ပီးတစ်ရွက်
ချင်းလှန်ပီး ကြည့်ရှု့နေတာဗျို့။

စာရွက်တစ်နေရာကိုရောက်တော့ ရပ်လိုက်ပီး…ကျုပ်ကို မျက်လုံး
စိမ်းကြီးနဲ့ကြည့်လိုက်…စာအုပ်ထဲကိုပြန်ကြည့်လိုက်နဲ့လုပ်နေတာဗျ။
အတော်လေး ကြာတော့မှ တည်ကြည်လေးနက်တဲ့ မျက်နှာထားနဲ့
ကျုပ်ကိုစကားလှမ်းပြောတာ။

” စံပေါ်…စံပေါ် !! မင်းဟာ လူ့ဘဝမှာ ဘုရားမှန်းမသိ…တရားမှန်းမ
သိနဲ့ကုသိုလ်ကောင်းမူဆိုလို့ ဘာတစ်ခုမှ မရှိဘူးကိုး…မင်းမှာရှိတာဆိုလို့အကုသိုလ်တွေချည်းပါပဲလား ”

အဖိုးအိုကအဲဒီလိုပြောတော့ ကျုပ်လည်းကြောက်အားလန့်အားနဲ့ချက်
ချင်းဆိုသလို ပြန်ပြောလိုက်တာဗျ။

” အဖိုး !! ကျ…ကျနော်ဟာ လူ့ဘဝအသက်ရှင်စဉ်ကာလမှာ…ကုသိုလ်
ကောင်းမူဆိုလို့ဘာမှမလုပ်ဖူးတာမှန်ပေမဲ့ ဘယ်သူ့ကိုမှ မဟုတ်တာ
မလုပ်ဖူးပါဘူးဗျာ ”

ကျုပ်အဲဒီလိုပြောတော့ အဖိုးကြီးရဲ့မျက်နှာကချက်ချင်းတင်းမာခက်ထန်
သွားတယ်။ ပီးတော့ ကျုပ်ကို စားမတတ်ဝါးမတတ် စိုက်ကြည့်ပီးမေး
တော့တာဗျို့။

” ဘာကွ !! မင်း ဘုရားမကြိုက်…နတ်မကြိုက်တဲ့ အရက်သေစာတွေ
သောက်လား မသောက်ဘူးလား ”

” ဟုတ် !! သောက်…သောက်ပါတယ် အဖိုး ”

” အေး !! ပီးတော့ ငါးရှာ…ဖားရှာနဲ့ သူတစ်ပါးအသတ်တွေကိုကော
မသတ်ဘူးလား ”

” ဟို…ဟို ဝမ်းစာအတွက်ပါ အဖိုး ”

” ဘာပဲဖြစ်ဖြစ်…ဒါဟာ မကောင်းမူကိုကျူးလွန်တာပဲကွ…ဒီတော့ မင်း
သွားရမဲ့နေရာက သူရာမေရ မှီဝဲသူတွေ..သူတစ်ပါးအသတ်ကိုဖမ်းဆီးနှိပ်စက် သတ်ဖြတ်တဲ့သူတွေ အချင်းချင်းကိုက်ဖြတ်စားသောက်ရတဲ့
လောကန္တရိတ် ငရဲအပြင် တစ်ခြားမရှိတော့ဘူး ”

” ဟာ !! မ…မလုပ်ပါနဲ့ အဖိုး…ကျ…ကျနော် နောက်မလုပ်တော့ပါဘူး
… ကျနော့်ကို အဲဒီငရဲကိုတော့ မ…မ…မပို့ပါနဲ့ ”

” မရဘူး ဟေ့ကောင် !! အပစ်ရှိရင် ခံရမှာပဲကွ ”

” ကျနော် နောင်တရပါပီ အဖိုးရယ်…အမေ…အမေ ကျုပ်ကို ကယ်ပါ
ဦးဗျာ ”

” အောင်မာ !! ခလုတ်ထိတော့ အမိတရမှန်းသိတယ်ပေါ့ …ဟုတ်လား စံပေါ် ”

ဟာ !! အဖိုးအို အဲဒီလိုပြောလိုက်တော့မှ ကျုပ် အမေ့ကိုသတိရသွား
တာဗျို့။ ဟုတ်တယ်…ကျုပ်မှာ အိပ်ယာထဲလဲနေတဲ့ အမေအိုကြီးရှိသေးတာပဲ။ ပီးတော့ ဒီအမေအိုကြီးဟာ ကျုပ်မရှိရင်ကျွေးမွေးပြုစုမဲ့သူမရှိဘူး
ဗျ။ ကျုပ် အခုဒုက္ခရောက်နေပေမဲ့ အမေ့ကို အားချင်းစိတ်ပူသွားတယ်…ဒါနဲ့ပဲ အဖိုးအိုကို ကြည့်ပီး ပြောလိုက်ရတာဗျို့။

” အဖိုး…အဖိုး !! ကျ…ကျနော့်မှာ မလှုပ်ရှားနိုင်တဲ့ အမေအိုကြီးရှိသေး
တယ်…ကျ…ကျနော်သာ မရှိရင် အဲဒီအမေအိုကြီးဟာ အစာရေစာငတ်
ပြတ်ပီး ဒုက္ခတွေ့တော့မှာဗျ ”

” ဟေ !! ”

ကျုပ်အဲဒီလိုပြောလိုက်တော့ အဖိုးအိုရဲ့မျက်ခုံးနှစ်ဖက်ကအပေါ်ကိုမြင့်
တက်သွားပီး ” ဟေ “ဆိုတဲ့ စကားတစ်ခွန်းကလွဲလို့ဆွံ့အသွားတယ်။ ကျုပ်လည်း အဖိုးကိုထပ်ပြောလိုက်တာဗျ။

” ဟုတ်ပါတယ် အဖိုး !! ဒါကြောင့် ကျနော့်မှာ အပစ်ရှိလို့ ခံယူရမယ်
ဆိုရင်လည်း… အမေအိုကြီးမရှိတော့တဲ့ အချိန်မှသာ ခံယူပါရစေဗျာ…
အဲဒီချိန်ကျရင် ဘယ်လိုအပစ်မျိုးပဲဖြစ်ဖြစ် ကျနော် ခံယူပါ့မယ်…အခု
တော့ ကျနော့်ကိုပြန်လွှတ်ပေးပါ အဖိုးရယ် ”

ကျုပ်ပြောလိုက်တဲ့ စကားကြောင့် ဝတ်ရုံနက်ကြီးကို လွှမ်းခြုံထားတဲ့
အဖိုးအိုက ခဏလေး ငိုင်ကျသွားတယ်။ အတော်လေးကြာမှ ခေါင်း
ကိုတဆတ်ဆတ်ညိမ့်ရင်း ပြန်ပြောတာဗျ။

” အိမ်းးး !! မင်းမဆိုးဘူး… နောက်ဆုံးအချိန်မှာတောင် မိခင်အပေါ်ပူ
ပန်တတ်သေးတာပဲ…အေး !! မိဘကို သိတတ်တဲ့ သားသမီးမျိုးဟာ
ဒုက္ခတွေ့နေရင် နတ်/သကြားတွေတောင် လက်ပိုက်ကြည့်မနေနိုင်
ကြ ပါဘူး ”

ဟာ !! အဖိုးအိုရဲ့စကားက ကျုပ်အတွက်မျှော်လင့်ချက် တစ်ခုခုရှိနိုင်
တဲ့ပုံမျိုးဗျ။ ကျုပ် အားတက်သွားပီး အဖိုးအိုဆက်ပြောလာမဲ့ စကား
ကိုလည်း မျှော်လင့်နေမိတယ်။

” အေး !! ငါ မင်းကို အခွင့်အရေးတစ်ခုပေးလိုက်ပါ့မယ် ”

” ဗျာ !! တ…တကယ်လားဟင် အဖိူး ”

” ဟုတ်တယ် စံပေါ် !! ဒါပေမဲ့ သိပ်လည်းဝမ်းသာမနေနဲ့ဦး…မင်းကို
လူ့ပြည် ပြန်လွှတ်သင့်…မလွှတ်သင့်ဆိုတာက ငါ့တစ်ယောက်ထဲ ဆုံး
ဖြတ်လို့မရဘူး…ဆိုင်ရာကို တင်ပြပီး အထက်ကခွင့်ပြုမှ ရမှာကွ…ဒီ
တော့ မင်းခဏစောင့်ဦး ”

အဖိုးအိုကစကားဆုံးတာနဲ့ခန္ဓာကိုယ် အနေအထားကိုပြောင်းထိုင်လိုက်
တယ်။ ပီးတာနဲ့ မျက်စိအစုံကိုမှိတ်ပီး တစ်စုံတစ်ခုကိုအာရုံခံနေသလို
လုပ်နေတာဗျို့။ ကျုပ်လည်း ရင်တထိတ်ထိတ်နဲ့စောင့်စားနေရပီပေါ့။
စိတ်တွေအရမ်းလှုပ်ရှားလွန်းလို့ရင်ခုန်သံတွေက ဖားစည်ကြီးတစ်ခုလိုတဒိန်းဒိန်းနဲ့မြည်နေတာဗျ။

ဟော !! အတော်လေးကြာတော့ အဖိုးအိုရဲ့မျက်လုံးကဖျတ်ခနဲပွင့်လာ
တယ်။ ပီးတော့ ကျုပ်ကို ပြုံးပြုံးကြီး စိုက်ကြည့်ပီးပြောလိုက်တာဗျ။

” စံပေါ် !! မင်းကိုလူ့ပြည်ပြန်ပို့ပေးဖို့ အထက်ကခွင့်ပြုပေးလိုက်ပီ ”

” ဟာ !! တကယ်လား အဖိုး… ကျ…ကျနော် ဝမ်းသာလိုက်တာဗျာ ”

” ဟုတ်တယ် !! စံပေါ်… ဒါဟာ မင်းရဲ့မိခင်ကြီးအပေါ်သိတတ်တဲ့
ကုသိုလ်ကံ အကျိုးဆက်ကြောင့်ပဲ ”

ကျုပ်ဖြင့် ပျော်လွန်းလို့ထခုန်မိမတက်ဖြစ်သွားတာဗျ။ အဲဒါတစ်ခြား
ကြောင့်မဟုတ်ဘူး…လူ့လောကကြီးမှာတစ်ယောက်ထဲ မျက်စိသူငယ်
နားသူငယ်နဲ့ ကျန်နေခဲ့ရှာတဲ့ အမေအိုကြီးကို ပြန်လည်ကျွေးမွေးစောင့်
ရှောက်ခွင့်ရလိုက်လို့ပဲဗျို့။ ကျုပ်ရဲ့ ရင်ထဲက အပျော်ကို အဖိုးကလည်း
ရိပ်စားမိပုံရတယ်။

” သာဓု !! သာဓု !! သာဓု !! မောင်စံပေါ်…အခုချိန်ကစပီး မင်းရဲ့အကုသိုလ်ကံတွေကို ပြန်လည် ဆေးကြောဖို့အခွင့်ရေးရပီ…အဲဒီအခွင့်ရေး
ကို အကောင်းဆုံးအသုံးချပီး…ရတနာသုံးပါးကို ဦးထိပ်ထားလို့…ငါးပါး
သီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံအောင်ကျင့်ကြံနေထိုင်ပေတော့ကွဲ့ ”

” ဟုတ်…ဟုတ်ကဲ့ပါ အဖိုး ”

” ကဲ !! အချိန်မှီပြန်ဖို့ ပြင်ပေတော့ မောင်စံပေါ် ”

ကျုပ် တုန်ရင်နေတဲ့ လက်အစုံနဲ့ ကျေးဇူးရှင် အဖိုးအိုကို ဦးချကန်တော့
လိုက်တယ်။ အဖိုးကိုဦးချကန်တော့ပီးတော့ ကျုပ်ကိုခေါ်ဆောင်လာတဲ့ လူနီကြီးနှစ်ယောက်က အဆောက်ဦးထဲကို လှမ်းဝင်လာတယ်ဗျ။
ပီးတော့ ကျုပ်ကိုတစ်ဖက်တစ်ချက်က ဆွဲကိုင်ရင်းခေါ်ထုတ်လာတယ်။

ဟော !! ကျုပ်အလာတုန်းက ဖြတ်ကျော်ခဲ့တဲ့ ငရဲခန်းကြီးတွေရှိတဲ့နေရာ
ကိုပြန်ရောက်လာပီဗျို့။ ထောင်သောင်းမကတဲ့ လူပေါင်းများစွာရဲ့ ကယ်
ပါ ယူပါတဆာဆာနဲ့ အော်ဟစ်နေတဲ့ ကြောက်စရာအသံနက်ကြီးတွေ
ကိုလည်း ကြားနေရပြန်ပီဗျ။ ဒီတစ်ခါတော့ ကျုပ်ဘယ်ကိုမှမကြည့်ရဲ
တော့ဘူး…ဒါ့ကြောင့်လည်း မျက်စိကိုတင်းတင်းပိတ်ထားလိုက်တာဗျ။

အတော်လေးကြာတော့ နားထဲမှာ အဲဒီအသံတွေကိုမကြားရတော့ဘူး။
ဟော !! ရုတ်တရက် တစ်ကိုယ်လုံး လေထဲမြောက်တက်သွားသလို
ခံစားလိုက်ရပီး နားထဲမှာလည်း အလာတုန်းကလိုလေတိုးသံတွေ ကြားလိုက်ရပီဗျ။ ထမင်းတစ်အိုးချက်လောက်ကြာတော့ ခြေအစုံက တစ်စုံ
တစ်ခုနဲ့ထိတွေ့မိသလို ခံစားလိုက်ရပီဗျို့။

” အမလေးး !! လူလေးကြီးရဲ့ အမေ့ကို အရမ်းချစ်တာဆို…အခုတော့ ဒီအမေအိုကြီးကို စိတ်ချလက်ချနဲ့ထားသွားနိုင်ပီလား…လူလေးကြီးရဲ့ အီးးးးဟီးးးဟီးးး !! ”

” ကျွတ် !! ကျွတ် !! သနားစရာပဲကွာ !! ”

” အေးကွာ !! အရီးမယ်ခ ခမျာ…အသက်ကြီးမှပဲ ကံဆိုးရှာတယ် ”

ဟာ !! ရုတ်တရတ် နားထဲမှာ အမေ့ရဲ့ အသံနဲ့အတူ လူတစ်ချို့ရဲ့
စကားသံတွေကို ကြားလိုက်ရတာဗျ။ ဒါနဲ့ပဲ မျက်စိကို ကမန်းကတန်း
ဖွင့်ကြည့်လိုက်ရတာဗျို့။

အလို !! ကျုပ်…ကျုပ် ရွာက သုသာန်ထဲကိုရောက်နေပီဗျ။ အသစ်စက်
စက် တူးထားတဲ့ မြေကျင်းကြီးတစ်ခုရဲ့ဘေးမှာ ဖျာအစုတ်လေးနဲ့ချထားတဲ့ ကျုပ်ရဲ့ရုပ်ခန္ဓာကြီးကိုလည်း မြင်လိုက်ရတယ်။

အလို !! ကျုပ်ရဲ့အမေအိုကြီးဟာ လှဲလျောင်းနေတဲ့ ကျုပ်ရဲ့ရုပ်ခန္ဓာ
ကိုယ်ကြီးကို ဖက်တွယ်ရင်း မြေပြင်ပေါ်မှာ လူးလှိမ့်ပီးအားရပါးရ ငိုယို
လို့ပါလား။

” ကဲ !! သွားပေတော့ စံပေါ် ”

လူနီကြီးတစ်ယောက်က စကားဆုံးတာနဲ့ ကျုပ်ကိုတွန်းလွှတ်လိုက်
တာဗျို့။ အဲဒီလို တွန်းထုတ်လိုက်တော့ ကျုပ်က ကျုပ်ရဲ့ခန္ဓာကိုယ်ကြီး
ပေါ်ကိုလဲကျသွားတာဗျ။ ကျုပ် မျက်လုံးထဲမှောင်မိုက်သွားပီး အရာအား
လူံးနဲ့ အဆက်ပြတ် သွားတာဗျို့။

⏰⏰⏰⏰

” ကဲ !! အရီးမယ်ခရေ … စံပေါ်က သေသွားပီ…ပြန်မရှင်နိုင်တော့
ဘူး… တရားနဲ့သာဖြေပါတော့ဗျာ ”

” ဟုတ်တယ် အရီး !!အချိန်ရှိတုန်းလေး အလောင်းမြေချဖို့လုပ်ကြရ
အောင်ဗျာ ”

ဟာ !! ကျုပ် သတိပြန်ရလာတဲ့အချိန်မှာ ကျုပ်ကိုမြေမြုပ်ဖို့အတွက်
ရွာသား တစ်ချို့ပြောဆိုနေတဲ့ အသံတွေကိုကြားလိုက်ရတယ်။ ဒါနဲ့
ကမန်းကတန်း ထထိုင်ဖို့ကြိုးစားကြည့်လိုက်တာဗျ။ မရဘူးဗျို့…တစ်
ကိုယ်လုံးအားမရှိသလိုခံစားရပီး…ထထိုင်ဖို့မပြောနဲ့ ခြေလေး…လက်
လေးလှုပ်ဖို့ကိုတောင် မစွမ်းဆောင်နိုင်ပါဘူးဗျာ။ အဲဒီချိန်မှာ ရေက
လည်းအရမ်း ဆာတာဗျ။ နောက်ဆုံး ရှိသမျှအားအင်လေးကို ခြစ်ကုပ်
ပီး အော်လိုက်ရတယ်။

” ရေ…ရေ !! ကျုပ်ကို ရေလေးတစ်ခွက်လောက် တိုက်ကြပါဗျာ ”

” အလို !! အလောင်းက စကားပြောတယ်ဟ ”

” ဟာ !! အဲဒါ ဖုတ်ဝင်တာ…ဖုတ်ဝင်တာဟေ့…ပြေး…ပြေးကြဟ ”

” အောင်မလေး !! ကယ်တော်မူကြပါ…အလောင်းကြီး ဖုတ်ဝင်လာ
လို့ပါတော့ ”

ဟာ !! ကျုပ်အဲဒီလိုပြောလိုက်တော့မှပဲ အားလုံး ဝရုန်းသုန်းကားနဲ့ထ
ပြေးကြတော့တာဗျို့။ မပြေးပဲကျန်ခဲ့တဲ့သူဆိုလို့ ကျုပ်ရဲ့ မဟာဂရုဏာရှင် အမေအိုကြီးပဲရှိတာဗျ။ အမေက မပြေးတဲ့အပြင် ပိန်ခြောက်ခြောက်
လက်အစုံနဲ့ ကျုပ်ရဲ့လက်ဝါးကိုဆုပ်ကိုင်လိုက်တယ်။ ပီးတော့ အံ့သြ
ဝမ်းသာ တုန်ရင်နေတဲ့ အသံလေးနဲ့ ကျုပ်ကိုမေးရှာတာ။

” လူ…လူလေးကြီး !! လူလေးကြီး မ…မသေဘူးနော် ”

” အ…အမေ !! ကျုပ် ရင်တွေပူလိုက်တာ…ရေ…ရေလေးတစ်ခွက်
လောက် သောက်ပါရစေ အမေရယ် ”

” ဟင် !! ရမယ်…ရမယ်…အမေသွားခပ်ပေးမယ် လူလေး ”

အမေအိုက ပြောပြော ဆိုဆိုနဲ့ သချိူင်္င်းဇရပ်ထောင့်မှာရှိတဲ့ ရေအိုးစင်
လေးရှိရာကို ဖင်တရွတ်ဆွဲပီးသွားနေတာဗျ။ ကြည့်စမ်းပါဦးဗျာ…ကျုပ်
ကိုလူလားမြောက်အောင် ကျွေးမွေးစောင့်ရှောက်လာရတဲ့အတွက် အခု
ချိန်မှာ လောကဓံရဲ့ အထုအထောင်းကို ခံစားနေရပီး မလှုပ်မရှားနိုင်
တဲ့ ဒီအမေအိုကြီး…တစ်စုံတစ်ယောက်ရဲ့ အကူညီမပါပဲ လုံးဝမရွေ့
လျားနိုင်တဲ့ ဒီအမေအိုကြီးဟာ အခုတော့ရေအိုးစင်လေးရှိရာကို သား
ဇောနဲ့ အနိုင်နိုင်အားတင်းပီးသွားနေရှာပါ့လား။

ရေအိုးစင် ရှိရာကိုရောက်တော့ ချိနဲ့တဲ့ လက်အစုံနဲ့ ရေတစ်ခွက်ကို
လှမ်းခပ်ပီး ကျုပ်ဆီကိုပြန်လာနေပီဗျ။ ပီးတော့ ပက်လက်လေးဖြစ်နေတဲ့ ကျုပ်ရဲ့ခေါင်းကိုအသာမထူပေးပီး ရေခွက်နဲ့ နူတ်ခမ်းကိုတေ့ပေးတာဗျို့။

” ရော့ !! လူလေးကြီး…ရေလေး သောက်လိုက်ဦး ”

မဟာဂရုဏာရှင် အမေရဲ့ မေတ္တာတွေနဲ့ပြည့်ဝနေတဲ့ ရေချိုတစ်ခွက်
ဟာ ကျုပ်အဖို့တော့ ချက်ချင်းလန်းဆန်းပီး အားအင်တွေပြည့်ဖြိုးလာ
သလိုခံစားလိုက်ရတယ်။

” ဟာ !! ဟိုမှာဟေ့ … အလောင်းကထတောင် ထိုင်နေပီ ”

” ဟုတ်ပါ့ !! သတိ နဲ့ကပ်ကြဟေ့ ”

အမေတိုက်တဲ့ ရေကိုသောက်ပီးတဲ့ အချိန်မှာပဲ ရုတ်တရတ်ထွက်ပေါ်
လာတဲ့ ဆူဆူညံညံ အသံတွေကိုကြားလိုက်လို့ လှမ်းကြည့်လိုက်တော့
ရွာထဲကလူတွေ ဓား /လှံ လက်နက်ကိုယ်စီနဲ့ သချိူင်္င်းထဲလှမ်းဝင်လာ
တာကိုတွေ့လိုက်ရတယ်။ သူတို့နဲ့အတူရွာဦးကျောင်းက ဆရာတော်
ဘုရားလည်း ါလာတယ်ဗျ။

ဆရာတော်က နှယ်နှယ်ရရတော့ မဟုတ်ဘူး…လောကီအစီအရင်တွေ
…ပညာတွေကို အတော်လေးနှံ့စပ်ကျွမ်းကျင်တယ်။ ရွာမှာ နတ်တိုက်/
စုန်းတိုက်/ အမှောင့်ပယောဂ မှန်သမျှ ဆရာတော်နဲ့တွေ့ရင် မပျောက်
ဘူးဆိုတာ မရှိဘူးဗျ။ ခမ်းလှမ်းလှမ်းကိုရောက်လာတော့ ရွာသားတွေက ကျုပ်တို့သားအမိနှစ်ယောက်ကိုဝိုင်းထားလိုက်ပီး ဓားတွေ…လှံတွေ တပြင်ပြင်နဲ့ပေါ့ဗျာ။ အခြေနေမဟန်ရင် ဝိုင်းခုတ်…ဝိုင်းထိုးကြမဲ့ ပုံမျိုးဗျို့။ အဲဒီချိန်မှာပဲ ဆရာတော်ဘုရားက ကျုပ်ကိုလှမ်းမိန့်တယ်။

” ဟဲ့ !! နင် ဘယ်သူတုန်း ”

ဆရာတော်ဘုရားရဲ့ အမေးကို ကျုပ်လည်း လက်အုပ်လေးချီရင်း ပြန်
ဖြေလိုက်ရတာပေါ့။

” တင်ပါ့ !! တပည့်တော် စံပေါ် ပါဘုရား ”

” ဟေ !! နင်က သေပီမဟုတ်လား ”

” မသေပါဘူး ဘုရား !! တပည့်တော်က ပြင်းထန်တဲ့ မြွေဆိပ်ကြောင့်
ခေတ္တ ခဏ သတိလစ် မေ့မျောသွားတာပါ ”

” အလို !! ထူးဆန်းလှပါကလား… မှန်းစမ်း…သေချာအောင် ငါကိုယ်
တိုင် စစ်ကြည့်စမ်းမယ်…ပယောဂလှည့်စားတာဆိုရင်တော့ သေမယ်
သာပြင်ထား ”

ဆရာတော်ဘုရားက ပြောပြောဆိုဆိုနဲ့ အရှေ့ကို လှမ်းထွက်လာပီး
ကျုပ်ရဲ့ ခေါင်းကို လက်နဲ့အုပ်လိုက်တယ်။ အတော်လေးကြာတော့မှ
ဆရာတော်ရဲ့မျက်နှာမှာ မယုံကြည်နိုင်တဲ့အမူအရာက အထင်းသား
ပေါ်လွင်လာပီး… နူတ်ကလည်း ဝမ်းသာအားရနဲ့ မိန့်လိုက်တာဗျ။

” ဟာ !! အဟုတ်ပဲ… စံပေါ် မသေဘူးဟ … ဒီကောင်သေရွာပြန်
လာတာဟေ့ ”

ဆရာတော့် စကားကိုကြားတော့ လက်နက်ကိုယ်စီနဲ့ ဝိုင်းထားတဲ့ ရွာ
သားတွေ အားလုံး ကျောက်ရုပ်ကြီး တစ်ရုပ်လို အံ့အားသင့် မှင်သက်မိ
ကုန်ကြတာဗျ။ အဲဒီချိန်မှာပဲ ဆရာတော်က အားလုံးကို မျက်လုံးဝေ့
ကြည့်ပီး ထပ်မိန့်လိုက်တာဗျို့။

” ဟဲ့ !! အော်…ဘာရပ်ကြည့်နေကြတာတုန်း…စံပေါ်အသက်ပြန်ရှင်
လာတာဟဲ့ … ဝိုင်းထမ်းပီး ရွာထဲခေါ်သွားကြပါတော့လား ”

ဆရာတော် ထပ်မိန့်တော့မှပဲ အားလုံးကြောင်နေရာကနေ သတိပြန်
ဝင်လာတာဗျ။ လက်မှာကိုင်ဆောင်ထားတဲ့ လက်နက်တွေကိုလည်း
မြေပေါ်လွှတ်ချလို့ ကျုပ်ကို ဝိုင်းထမ်းပီး ချီပိုးကြတော့တာဗျို့။ အမေ့ကို
လည်း ရွာသားနှစ်ယောက်က ဝိုင်းချီပီး ရွာထဲကို ပြန်ခေါ်လာကြတယ်။

တစ်ယောက်စကား တစ်ယောက်နားနဲ့ တစ်ရွာလုံး အုတ်အော်သောင်း
နင်းတွေဖြစ်ကုန်ကြတာဗျို့။ ကျုပ်တို့သားအမိနှစ်ယောက်နေတဲ့ တဲ
အိမ်အစုတ်လေးကို ရောက်တော့ များလိုက်တဲ့ လူတွေဆိုတာမှ ပြော
မနေပါနဲ့တော့ဗျာ။ အိမ်ပေါ်မှာကော…ဝိုင်းထဲမှာပါ ပြည့်နှက်နေလိုက်
တာ ခြေချစရာနေရာကို မရှိဘူးဗျ။ ခနော်နီခနော်နဲ့ တဲအိမ်အစုတ်လေး
တောင် အုန်းခနဲ ပြိုကျသွားမှာ စိုးရတယ်။

တစ်ခြားဟုတ်ရိုးလားဗျာ…သေပီအထင်နဲ့ သုံးရက်တိုင်တိုင်ထား ထား
ပီး မြေမြုပ်မယ်လုပ်မှ ထူးဆန်းစွာအသက်ပြန်ရှင်လာတဲ့ ကျုပ်ရဲ့ အဖြစ်
ကိုဝိုင်းဝန်းမေးမြန်းဖို့ပဲပေါ့။ ဒါပေမဲ့ ကျုပ်ကဘယ်သူ့ကိုမှ ပြောပြလိမ့်
မှာ မဟုတ်ဘူး။

ခင်များတို့ပဲ စဉ်းစားကြည့်လေ…အမေအိုကြီးပေါ် သိတတ်မူကြောင့် ကံကောင်းထောက်မပီး အင်မတန်ကြောက်ဖို့ကောင်းတဲ့ ငရဲပြည်က
ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ကျုပ်ရဲ့အဖြစ်ကိုပြောပြတော့ကော
ဘယ်သူကယုံမှာ မို့လို့လဲ။ မသေပဲ ရူးသွားပီဆိုပီး ဝိုင်းအလှောင်ခံ
ရဖို့သာ သေချာသလောက်ရှိတာဗျ။

ဒါကြောင့် ကျုပ် ကြုံတွေ့ခဲ့ရတဲ့ ကြောက်စရာငရဲသားကြီးတွေ…ငရဲ
ခွေးကြီးတွေနဲ့ ငရဲခံနေရတဲ့ လူတွေ… ငရဲကြီးရှစ်ထပ်ကိုအုပ်စိုးရတဲ့ ယမမင်းအဖိုးအိုရဲ့အကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောပြပဲ ရင်ထဲမှာသာ သိမ်းထားလိုက်တော့တာဗျို့။ အခုချိန် ကျုပ်စိတ်ထဲမှာ သိတာဆိုလို့တစ်ခုပဲရှိတော့တယ်။

အဲဒါ ကျုပ် အသက်ရှင်နေသမျှ ကာလပတ်လုံး ဘုရားမကြိုက်/နတ်မ
ကြိုက်တဲ့ အရက်သေစာ သောက်စားခြင်းတို့ကို ရှောင်ကြဉ်ပီး…ငါးပါးသီလကို အသက်ထက်ဆုံးဆောက်တည်သွားဖို့ပဲပေါ့ဗျာ။

အဲဒီ နောက်ပိုင်းတော့ ကျုပ်ထူထူထောင်ထောင်ပြန်ဖြစ်လာတဲ့ အချိန်
ကစလို့…ဘုရား/တရားကို နေ့ညမပြတ်ဇောက်ချလုပ်ကိုင်လာခဲ့
တယ်။ အကုသိုလ်ကို ကင်းနိုင်သမျှ ကင်းအောင်နေပီး…ကိုယ်တတ်
နိုင်တဲ့ ကောင်းမူကုသိုလ်လေးတွေလုပ်ပီး…ကုသိုလ်တစ်ခါပြုပီးတိုင်း
မှာလည်း ကျေးဇူးရှင် ယမမင်းအဖိုးအိုကို အမြဲတန်းအမျှပေးဝေခဲ့သလို
…အမေ့ကိုလည်း အရင်ကထက်ပိုပီး ဂရုတစိုက်နဲ့ ကျွေးမွေးပြုစုစောင့်
ရှောက်ခဲ့တာပေါ့ဗျာ။

ကျုပ်ရဲ့ ပြောင်းလဲမူတွေကြောင့် အမေအိုကြီးဟာလည်း နောက်ဆုံး
ကွယ်လွန်သွားတဲ့အချိန်ထိစိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ နေနိုင်သွား
ခဲ့တယ်။ အမေ ကျုပ်ကိုထားသွားပီးတဲ့ အချိန်ကစလို့ ကျုပ်လည်း
ရွာဦးကျောင်း ဆရာတော်ကြီးထံမှာ ခွင့်ပြုချက်တောင်းခံပီး သာသနာ့
ဘောင်ထဲ အပီးတိုင်ဝင်လိုက်တာဗျ။

ရဟန်းဘဝနဲ့ မြတ်ဗုဒ္ဓရဲ့ နိဗ္ဗာန်ရောက်ကြောင်း တရားတော်မြတ်တို့
ကိုတစိုက်တမတ် ပွားများအားထုတ်လာခဲ့တာ အခုချိန်ထိပဲဆိုပါတော့ဗျာ။ ဒါကြောင့် နောက်ဆုံးအနေနဲ့ ခင်များတို့ကို ပြောချင်တာအသက်
ရှင်စဉ်ကာလမှာတတ်နိုင်သလောက် ကုသိုလ်ကောင်းမူလေးတွေပြုပီး
အကုသိုလ်နဲ့ ကင်းအောင်နေကြဗျ။ ဒါန နဲ့ သီလမပါရင်သေခါမှ သိလိမ့်မယ်လို့ သတိလေးတော့ ပေးခဲ့ချင်ပါရဲ့ဗျာ။

×××××××××××××××××××××××××××××××××××××××
ပြီးပါပီ။

#စာချစ်သူများအားအစဉ်လေးစားရိုသေလျက်

MT