“စုန်းထီးကြီးဦးဘသာနှင့် စုန်းအိုင်”(စ/ဆုံး)

“စုန်းထီးကြီးဦးဘသာနှင့် စုန်းအိုင်”(စ/ဆုံး)

================================

(၁)

တစ်ရက်တော့ ထူးထူးဆန်းဆန်းဆိုသလိုပဲ ဦးဘသာကြီး အိမ်ကိုရောက်လာသဗျ၊ လက်ထဲမှာလည်း နွားနို့ထည့်ထားတဲ့ ဇလုံကြီးကိုင်လို့ပေါ့ဗျာ၊ ကျုပ်နဲ့အကိုကြီးကလည်း တောင်ရိုးပေါ်ကိုသွားဖို့ ပြင်ဆင်နေကြတဲ့အချိန်ဗျ။ တောင်ရိုးပေါ်တက်ပြီးတော့ လောက်သေရွက်တွေ သွာခူးဖို့ပေါ့ဗျာ၊ လောက်သေရွက်ကိုတော့ ကျုပ်တို့ဘက်မှာ ရွေကူသွန်ရက်လို့ခေါ်တယ်ဗျ၊ တစ်ချို့ကလည်း ရွှေကူသန်လျက်ဆိုပဲ၊ တစ်နယ်နဲ့တစ်နယ် အခေါ်အဝေါ်ကွာတာဖြစ်ပါလိမ့်မယ်၊ အခုတော့ ကျုပ်က လူအများသိတဲ့ လောက်သေရွက်လို့ပဲ ပြောတော့မယ်ဗျာ။

လောက်သေရွက်က ဆောင်းတွင်းလောက်ဆိုရင် လှိုင်လှိုင်ပေါလာပြီဗျ၊ ကျုပ်တို့ရွာအနောက်ဘက်က တောင်ရိုးပေါ်ဆိုရင်တော့ အုံလိုက်ကျင်းလိုက်ပေါက်ကြတယ်ပေါ့ဗျာ၊ သူ့အပင်က ချုံပင်မျိုးပဲဗျ၊ ချုံဆိုပေမယ့်လည်း လူတွေပုန်းအောင်းလို့ရတဲ့ ချုံကြီးမျိုးတော့မဟုတ်ဘူး၊ အမြစ်ကနေ လက်တံလေးငါးခြောက်ခုဖျာထွက်ပြီးတော့ အဲဒီလက်တံတွေမှာ အရွက်တွေထွက်တာမျိုးပေါ့ဗျာ၊ မြေကောင်းရင်ကောင်းသလို လက်တံအရှည်ကြီးတွေထွက်တတ်တယ်၊ အဖူးတွေဖူးတဲ့အခါကျတော့ အဲဒီလက်တံထိပ်နားလောက်မှာ အဖူးဖူးတယ်၊ အပွင့်ကတော့ ခရမ်းရောင်နဲ့ပန်းရောင်စပ်ကလေးဗျ၊ အသီးတွေကတော့ ပဲသီးလိုအသီးလေးတွေပါ၊ အသီးပြားပြားကလေးတွေထဲမှာ အစေ့လေးတွေပါတယ်၊ အစေ့တွေရင့်သွားရင်တော့ အသီးတွေကွဲထွက်သွားတတ်တယ်ဗျ၊ ဒီလိုအစေ့ကလေးတွေက မြေထဲကျနေပြီးတော့ အပင်ပေါက်လာတာပါပဲဗျာ။

လောက်သေမှာလည်း အဖိုအမရှိတယ်လို့ ပြောကြသေးတယ်၊ ပန်းရောင်ဖက်သန်းတဲ့အပွင့်ပွင့်တာက အမပင်၊ ခရမ်းရောင်လို အရောင်ရင့်ရင့်နဲ့ဆိုရင် အဖိုပင်တဲ့ဗျ၊ နောက်ပြီးတော့ လောက်သေပင်မှာ အနီတို့ အနက်မျိုးတို့လည်းရှိသေးတယ်ဆိုပဲ၊ လောက်သေအနီက အရွက်တွေအနီစပ်စပ်ထွက်တယ်ဆိုပဲဗျာ၊ လောက်သေအနက်ကတော့ အရွက်ကိုလှန်ကြည့်ရင် အလယ်ရိုးမှာ အနက်ရောင်မျဉ်းကြောင်းလေးပါတယ်ဆိုပဲ၊ လောက်သေရွက် အဖိုဖြစ်ဖြစ် အမဖြစ်ဖြစ်၊ အနီဖြစ်ဖြစ်၊ အနက်ဖြစ်ဖြစ် ကျုပ်တို့အညာသားတွေနဲ့တွေ့ရင်တော့ ရေနွေးကြမ်းဖြစ်တာပါပဲဗျာ။

ဦးဘသာကြီး ခြံထဲဝင်လာတော့ အဖေကလှမ်းကြည့်ပြီး

“ဟာ၊ ဦးဘသာကြီးပါလား၊ ဘယ်ကနေဘယ်လို လှည့်လာတာလဲဗျာ”

“ကျုပ်အိမ်က နွားမက နို့စားကျနေလို့ဗျ၊ အဲဒါ နို့ဦးဦးဖျားဖျားကို သူကြီးကိုလာတိုက်တာ၊ နို့ဦးထွက်ရင် သူကြီးအတွက်ဆိုတဲ့ စကားတောင်ရှိသေးတယ်မဟုတ်လားဗျာ”

“ရပါတယ်ဗျာ၊ ဦးဘသာက တကူးတကပေးတော့လည်း သောက်ရသေးတာပေါ့၊ လာထိုင်အုံးဗျာ၊ အညာလက်ဖက်ခြောက်ကလေးနဲ့ ရေနွေးကလေးသောက်သွားပါအုံး”

အညာလက်ဖက်ခြောက်ဆိုတာက လောက်သေရွက်ခြောက်ကိုခေါ်တာဗျ၊ ကျုပ်တို့ငယ်ငယ်က လက်ဖက်ခြောက်ဆိုတာ ခပ်ရှားရှားဗျ၊ ရှမ်းပြည်က ပလောင်တွေဘာတွေလာရောင်းတော့မှသာ ပေါပေါများများရတာ၊ ပလောင်တွေကလည်း မိုးကုန်ပြီး ဆောင်းပေါက်လို့ ချောက်ချောက်သွေ့သွေ့ဖြစ်သွားမှ ဆိုင်းထမ်းကြီးတွေနဲ့လာတတ်ကြတာဗျ၊ ဒါကြောင့် မိုးတွင်း၊ ဆောင်းတွင်းဆိုရင် လက်ဖက်ခြောက်က ရွာမှာရှားသဗျာ။ မြိုင်သာတက်ဝယ်ရင်တော့ရတယ်ဗျ၊ ဒါပေမယ့် ဈေးကလည်း မသေးဘူးဆိုတော့ အလကားရတဲ့ လက်ဖက်ခြောက်ဘက်ကို လှည့်ကြတာပေါ့ဗျာ။

လောက်သေရွက်တွေကို လက်ဖက်ခြောက်လိုခပ်သောက်မယ်ဆိုရင် လောက်သေရွက်ရင့်ရင့်လိုတယ်ဗျ၊ ဒါကြောင့် ဆောင်းဦးပေါက်လောက်မှာ ဘယ်သူမှသွားမခူးဘဲ လောက်သေရွက်ရင့်လောက်တဲ့ ဆောင်းလယ်လောက်မှ သွားခူးတတ်ကြတယ်၊ ဆောင်းကုန်လောက်ပြီဆိုရင် လောက်သေရွက်တွေက ခြောက်ပြီးလိပ်သွားပြီ၊ လောက်သေပင်က တစ်ရာသီပဲခံတာဆိုတော့ အဲဒီအချိန်ဆိုသေကုန်ရော၊ ဒါကြောင့် အခုလိုဆောင်းလယ်လောက် သွားခူးကြရတာဗျ။

ခုနကပြောတဲ့အတိုင်း ဘေးကိုထွက်နေတဲ့ လက်တံကြီးကို အရင်းကနေခူးပြီး တောင်းထဲထည့်ကြတာပါပဲဗျာ၊ တောင်းတစ်တောင်းလောက်ဆိုရင် တစ်နွေစာရတာပေါ့၊ အိမ်ပြန်ရောက်တဲ့အခါ လောက်သေရွက်လက်တံတွေကိုစုပြီး လျှော်ကြိုးနဲ့ချည်တယ်၊ ပြီးရင် အိမ်တံစက်မြိတ်အောက်တို့၊ သစ်ပင်ရိပ်အောက်တို့မှာ သွားချိတ်ထားတာပါပဲဗျာ၊ လောက်သေရွက်ကို နေပူလှန်းရင် အာနိသင်ပျက်တယ်တဲ့ဗျ၊ ဒါကြောင့် နေရိပ်မှာပဲ လှန်းကြတာပါ၊ ကျုပ်တို့အညာဘက်က ခပ်ပူပူဆိုတော့ အိမ်တံစက်မြိတ်အောက်ချိတ်ထားရုံနဲ့ သုံးရက်လောက်ဆိုရင် လောက်သေရွက်တွေက ခြောက်သွေ့ပြီးကြွပ်နေတာပါပဲ၊ ဒီအခါ အစည်းလိုက်ကလေး သိမ်းထားကြတယ်၊ တစ်ချို့ကလည်း အရွက်တွေချွေပြီးတော့ ရေနွေးအိုးဟောင်းတစ်ခုထဲ ထည့်သိမ်းထားတတ်ကြတယ်။

အိမ်က ရေနွေးအိုးကြီးက မြေရေနွေးအိုးကြီးဗျ၊ မနက်ခင်းလင်းပြီဆိုတာနဲ့ အမေက ထင်းမီးမွှေးပြီး မြေရေနွေးကရားကြီးနဲ့ ရေနွေးတစ်အိုးတည်တာပါပဲဗျာ၊ ရေနွေးဆူရင် အဲဒီလောက်သေရွက်ကလေး လေးငါးရွက်လောက် ခပ်ထည့်လိုက်ပြီး ရေနွေးကရားအိုးအသေးလေးထဲ ကဲ့ကဲ့ပြီး သောက်ကြတာပေါ့၊ လောက်သေရွက်ကိုအထင်မသေးနဲ့ဗျ၊ သူက လက်ဖက်ခြောက်နဲ့အရသာအရမ်းတူတယ်၊ အရောင်အဆင်းကလည်း လက်ဖက်ခြောက်နီးနီးပဲ၊ ခွက်နှစ်ခုထဲ လောက်သေရွက်ခပ်ထားတာနဲ့ လက်ဖက်ခြောက်ခပ်ထားတာကို ယှဉ်ထည့်ထားရင် ဘယ်ဟာက လောက်သေရွက်ခပ်ထားတာလဲဆိုတာ ပြောရခက်အောင်ကိုတူတယ်ဗျ၊ ပြီးတော့ လောက်သေရွက်က အချိုဓါတ်နည်းနည်းရှိတယ်၊ လက်ဖက်ခြောက်လို အဖန်ချည်းပဲမဟုတ်ဘူးဗျာ၊ ကျုပ်တို့ အဘိုးတွေအဘွားတွေခေတ်တုန်းကဆိုရင် အဲဒီလောက်သေရွက်ကိုပဲ သောက်ကြတာဗျာ၊ အဖေတို့ခေတ်တုန်းကတောင်မှ လက်ဖက်ခြောက်က ရှားသေးတယ်၊ ပုံမှန်ဆိုရင် လောက်သေရွက်ပဲသောက်ပြီး ဧည့်သည်ဆောင်သည်လာတော့မှ သိမ်းထားတဲ့လက်ဖက်ခြောက်ကိုထုတ်ခပ်ကြတာဗျ၊ ခုခေတ်တော့ လက်ဖက်ခြောက်က ပေါသောနေပါပြီဗျာ၊ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းလာလို့ထင်ပါရဲ့၊ ရွာမှာဆိုရင် ခုချိန် လောက်သေရွက်သောက်တဲ့လူတောင် မရှိတော့ဘူးဗျ။

အဖေငှဲ့ပေးတဲ့ ရေနွေးကြမ်းကို ဦးဘသာကကြည့်ရင်း

“အရောင်လှလိုက်တာသူကြီးရာ၊ နီကျင်ကျင်ကလေးနဲ့ဆိုတော့ ဧကန္တလောက်သေနီပင် ပါလို့ဖြစ်မယ်”

“အနီလားအနက်လားတော့ မသိပါဘူး ဦးဘသာရာ၊ ကျုပ်တို့ကတော့ ရေနွေးထဲခပ်ပြီး သောက်လိုက်တာပါပဲ”

ဦးဘသာက ကျုပ်တို့ညီအကိုကိုကြည့်ပြီး

“ဒါထက် မင်းတို့ညီအကိုက ဘယ်သွားမလို့လဲကွ”

“တောင်ရိုးပေါ်သွားမလို့ ဦးဘသာရ၊ အဖေပြောတဲ့ အညာလက်ဖက်ခြောက်တွေက ဒီအချိန်တောင်ရိုးပေါ်မှာ ရင့်နေပြီလေဗျာ၊ ခုချိန်ခူးပြီး အခြောက်ခံထားမှ တစ်နှစ်စာဖူလုံမယ်မဟုတ်လားဗျ”

“တောင်ရိုးပေါ်တက်တာလည်း ကြည့်တက်အုံးနော်၊ တော်ကြာ စုန်းအိုင်နဲ့တွေ့နေမှဖြင့်”

ဦးဘသာက ပြောပြီးတော့ ရေနွေးသောက်နေတယ်ဗျ၊ ကျုုပ်နဲ့အကိုကြီးလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြတယ်။ ကျုပ်က ဦးဘသာအနားကိုကပ်လာပြီးတော့

“နေပါအုံးဦးဘသာ၊ ခုနက ဦးဘသာပြောတဲ့ စုန်းအိုင်ဆိုတာ ဘာလဲဗျ”

အကိုကြီးက ကျုပ်အနောက်မှာဝင်ရပ်ရင်း

“ဟုတ်တယ်ဦးဘသာ၊ ကျုပ်လည်းသိချင်နေတာကြာပြီဗျ”

ဦးဘသာက အဖေ့ကိုတစ်ချက်ကြည့်လိုက်ပြီး

“သူကြီးက သူတို့ကိုပြောမပြဘူးလားဗျ”

အဖေက ရယ်ကျဲကျဲနဲ့

“ဒါတွေက ယုံတမ်းစကားတွေပါဦးဘသာရာ၊ တကယ်မရှိပါဘူးဗျ”

ဦးဘသာ မျက်နှာထားကတည်သွားတယ်ဗျ။

“ဟာ၊ ဒါဆိုရင် သူကြီးက စုန်းအိုင်ကိစ္စကို မယုံဘူပေါ့”

“ကျုပ်တို့ငယ်ငယ်က ကြားဖူးတာပဲဗျာ၊ ပြီးတော့ ယုံနိုင်စရာမှ မရှိတာပဲ၊ ဒီအနောက်ဘက်တောင်ရိုးပေါ်မှာ စုန်းအိုင်သာတကယ်ရှိရင် တခြားသူတွေမပြောနဲ့ ကျုပ်တို့အိမ်က ကောင်တွေနဲ့တွေ့တာကြာပေါ့ဗျ၊ တောင်ရိုးပေါ်မှာ ဒီကောင်တွေခြေရာတွေချည်းပဲမဟုတ်လား ဦးဘသာရဲ့”

“ဟုတ်တာတော့ဟုတ်တယ်သူကြီးရဲ့၊ ဒါပေမယ့် စုန်းအိုင်ဆိုတာကလည်း လူတွေလျှာအရိုးမရှိဘဲ လျှောက်ပြောနေတာမဟုတ်ဘူးဗျ”

ဦးဘသာစကားက ကျုပ်တို့ကိုပိုပြီးတော့သိချင်စေတယ်ဗျ။

“ပြောပြပါဦးဘသာရာ၊ ယုံတာမယုံတာနောက်ထား၊ အခုတော့ အဲဒီစုန်းအိုင်ဆိုတာကို ကျုပ်သိချင်တယ်”

ဦးဘသာက သူဘာမှမပြောဘဲ အဖေ့ကိုမေးငေါ့ပြလိုက်တယ်ဗျ၊ အဖေက ချောင်းတစ်ချက်ဟန့်လိုက်ပြီးတော့

“ဒီလိုကွာ၊ တို့လူပျိုပေါက်မရောက်တရောက်လောက်က ရွာမှာ ညီအကိုနှစ်ယောက်ရှိတယ်ကွ၊ သူတို့နာမည်တောင် မေ့နေပြီ၊ သူ့အကိုက ဘာဆိုလဲ”

“သူ့အကိုနာမည်က ချမ်းသာတဲ့၊ သူ့ညီနာမည်ကတော့ ပုတိတဲ့”

ဦးဘသာက အဖေ့ကိုထောက်ပေးတော့ အဖေကခေါင်းညိတ်ပြီး

“ဟုတ်တယ်၊ ဟုတ်တယ်၊ သူတို့က အဲဒီအချိန် အသက်အစိတ်သုံးဆယ်လောက်ပေါ့ကွာ၊ သူများတွေလိုရွာမှာ လယ်ယာမလုပ်ဘဲနဲ့ တောင်ရိုးပေါ်ကိုတက် သစ်ဝါးခုတ်ပြီးတော့ ပြန်ရောင်းကြတဲ့လူတွေပေါ့”

“အဖေကလည်းဗျာ၊ တောင်ရိုးပေါ်မှာ သစ်ကောင်းဝါးကောင်းမှ မရှိတာပဲ”

“အဲဒီအချိန်တုန်းကတော့ ရှိတယ်ကွ၊ ပြီးတော့ တောင်ရိုးပေါ်ကနေဆက်သွားရင်း အနောက်ဘက်တောင်မကြီးကိုတက်တဲ့အခါ သစ်တွေဝါးတွေကောင်းကောင်းရှိတယ်မဟုတ်လား”

“အလတ်ကောင်ကလည်းကွာ၊ စကားကိုဖြတ်ဖြတ်မပြောစမ်းပါနဲ့ကွ၊ ပြောပါအုံးအဖေရာ”

“အဲဒီ ချမ်းသာတို့ညီအကိုက တောင်ရိုးပေါ်ကိုနွားလှည်းနဲ့တက်ပြီး သစ်ခုတ်ကြတယ်၊ သစ်တစ်ခါခုတ်ရင် လေးငါးရက် တစ်ပတ်လောက်တော့ကြာသကွ၊ တစ်ခါတော့ သစ်ခုတ်တက်သွားပြီးတော့ ချမ်းသာတစ်ယောက်ထဲပြန်လာတယ်၊ လှည်းလည်းမပါဘူး၊ နွားတွေလည်းမပါတော့ဘူးကွ၊ ပိုဆိုးတာက သူ့ညီပုတိလည်းမပါတာပဲ၊ ချမ်းသာတောင်မှ ကြောင်တောင်တောင်နဲ့ရွာကိုပြန်ရောက်လာတာ၊ ရွာကလူတွေမေးကြည့်တော့မှ ချမ်းသာက ပြောပြတယ်၊ တောင်ရိုးပေါ်သွားရင်း တစ်နေရာရောက်တော့ ရေအိုင်ကလေးတစ်အိုင်တွေ့တယ်ဆိုပဲကွာ၊ ရေအိုင်က ကျောက်ခွက်ထဲမှာ ဂလိုင်ပေါက်ပြီးဖြစ်နေတဲ့ရေအိုင်ဆိုပဲကွ၊ ကြည်ပြီးစိမ်းနေတာနဲ့ သူတို့တွေအဲဒီရေအိုင်အနားမှာပဲ စခန်းချလိုက်ကြတယ်ဆိုပဲ”

“ညရောက်တော့ ရေတွေက ပုပ်စော်ကြီးနံလာတယ်ဆိုတာပဲကွာ၊ ချမ်းသာအိပ်နေရာက နိုးးလာတော့ သူ့ညီပုတိလည်းမရှိတော့ဘူး၊ သူလိုက်ရှာတော့မှ ရေအိုင်ထဲကို နွားတွေရော သူ့ညီပါ ဆင်းသွားတာတဲ့ကွာ၊ ဆင်းရင်း ရေအိုင်အလယ်လောက်ရောက်တော့မှ ရေတွေက တဝေါဝေါနဲ့အသံတွေမြည်တော့တာပဲ၊ ဒီတော့မှ သူ့ညီလည်းအော်၊ နွားတွေလည်းအော်တာပေါ့ကွာ၊ အော်ရင်းနဲ့ပဲ ရေအိုင်ထဲကို အကုန်နစ်သွားကြသတဲ့ကွ၊ ချမ်းသာလည်း ကြောက်ကြောက်နဲ့ပြန်လှည့်ပြေးရင်း ရွာကိုရောက်လာတယ်ဆိုပါတော့”

“ထူးဆန်းလိုက်တာအဖေရာ၊ ဒါဆို အဲဒီချမ်းသာရော ဘာဖြစ်သွားသလဲဗျ”

“ချမ်းသာလည်း သိပ်မကြာဘူး ရွာကနေပျောက်သွားတာပဲ၊ သူများပြောတာကတော့ ရွာကမပျောက်သွားခင်မှာ တစ်ရွာသူတစ်ယောက်နဲ့ တွဲသွားတွဲလာလုပ်နေတာကို တွေ့တယ်ဆိုပဲကွ”

“အဲဒီအိုင်ကို လူတွေက စုန်းအိုင်လို့ခေါ်တယ်ပေါ့ကွာ၊ ဒီလောက်ပါပဲ”

အဖေကပြောပြီးတော့ ရေနွေးကိုတစ်ငုံသောက်နေတယ်ဗျ။ ကျုပ်က အဖေ့ကိုသေချာကြည့်ရင်း

“ဒီအဖြစ်ကို အဖေဘယ်လိုမြင်သလဲဗျ”

“ရွာကလူတွေကတော့ စုန်းအိုင်က ဖမ်းစားသွားတယ်ဆိုတာပဲ၊ ငါကတော့ ဒီလိုမထင်ဘူး၊ ပုတိပြန်မလာတာ အကြောင်းတစ်ခုခုရှိလို့ဖြစ်မယ်၊ ချမ်းသာပါပျောက်သွားပုံထောက်တော့ သူတို့ညီအကိုနှစ်ယောက်က လူမသိသူမသိအောင်ရွာကနေထွက်သွားပြီး တစ်နယ်တစ်ကျေးမှာ သွားအခြေချတာများလား၊ ချမ်းသာက ကောင်မလေးတစ်ယောက်နဲ့တွဲသွားတွဲလာလုပ်နေတယ်ဆိုတော့ တခြားရွာမှာ အိမ်ထောင်ကျသွားတာများလားပေါ့ကွာ”

(၂)

ဦးဘသာက မျက်မှောင်ကြုတ်လိုက်ပြီး

“သူကြီးက စုန်းအိုင်ကိုမယုံဘူူးဆိုပါတော့ဗျာ၊ ကဲ ဒါဆိုကျုပ်မေးမယ်၊ ဒီရွာမှာလည်း အကောင်းအတိုင်းနေနိုင်တဲ့ ချမ်းသာတို့ညီအကိုက ဘာကိစ္စဒီရွာကနေ လူမသိသူမသိထွက်သွားမှာလဲ၊ ဒါကတစ်ချက်၊ နောက်တစ်ချက်က ချမ်းသာက စုန်းအိုင်နဲ့မတွေ့ခဲ့ဘူးဆိုရင် သူဘာဖြစ်လို့သည်းခြေပျက်ပြီး ရူးကြောင်ကြောင်ဖြစ်သွားရတာလည်း ဒါကတစ်ချက်နော်သူကြီး၊ ချမ်းသာကို ပေတောရွာက ဆေးဆရာကြီးကုပေးမှ လူမှန်းသူမှန်းပြန်သိလာတာမဟုတ်လား”

ဦးဘသာအမေးကို အဖေက မေးစေ့ပွတ်ရင်းခေါင်းညိတ်တယ်ဗျ။

“ဒါကတော့ဗျာ၊ သူတို့အနောက်မှာ ပြောပြလို့မရတဲ့အမှုတစ်ခုခုရှိနေမှာပေါ့၊ ကျုပ်ကတော့ဖြင့် အဲဒီတောင်ရိုးမှာ စုန်းအိုင်ရှိတယ်ဆိုတာကို မယုံပါဘူးဗျာ၊ ဒါက ချမ်းသာထွင်သွားတဲ့ ထွင်လုံးသက်သက်ပါ”

“သူကြီးက မယုံဘူးကိုးဗျ၊ စုန်းအိုင်ဆိုတာ တကယ်ရှိတယ်သူကြီးရဲ့၊ မြေကြမ်းတဲ့နေရာဆိုရင် မြေစုန်းခေါ်သလို၊ အခြောက်အလှန့်ကြမ်းတဲ့သစ်ဆိုရင်လည်း သစ်စုန်းခေါ်တယ်မဟုတ်လား၊ အခုလို ရေထဲမှာကြမ်းတာဆိုရင်တော့ ရေစုန်းလို့ခေါ်သဗျာ၊ ရေအိုင်ထဲကျတော့ စုန်းအိုင်ပေါ့ဗျာ”

“နေပါအုံး ဦးဘသာရဲ့၊ စုန်းအိုင်လို့ပြောရအောင် အဲဒီအိုင်ထဲမှာ စုန်းနေလို့လား”

“သဘာဝအတိုင်းဖြစ်လာတာလို့ငါထင်တယ်၊ ငါအခုနကပြောခဲ့တဲ့အရာတွေလိုပေါ့ကွာ၊ အထက်မရောက် အောက်မရောက်တဲ့ နတ်စိမ်းတွေ၊ ပရလောကသားတွေက နေထိုင်ဖို့အတွက်နေရာလိုအပ်တယ်မဟုတ်လားကွာ၊ ဒီလိုနဲ့ ရေအိုင်ကိုအစွဲပြုပြီးတော့ ပရလောကသားတစ်ဦးက နေလိမ့်မယ်ကွ၊ သူနေတဲ့အိုင်ကိုတော့ စုန်းအိုင်လို့ခေါ်လိုက်တယ်ပေါ့ကွာ”

အဖေက မကျေမနပ်နဲ့

“ဒါဆို စုန်းအိုင်တကယ်ရှိတယ်ဆိုပါတော့ဗျာ၊ ဒီတောင်ရိုးပေါ်မှာ ခြေချင်းထပ်နေတဲ့ရွာသားတွေက ဘာလို့မတွေ့ကြရတာလဲ၊ တကယ်ရှိတယ်ဆိုရင် ဘယ်နေရာမှာရှိတယ်ဆိုတာ အတိအကျပြောနိုင်ရမယ်မဟုတ်လား၊ ပြီးတော့ ရေအိုင်ဆိုတာကလည်း ရွှေ့ပြောင်းလို့ရတဲ့အရာမှ မဟုတ်ဘဲဗျာ”

“မဟုတ်ဘူးသူကြီးရဲ့၊ စုန်းအိုင်ဆိုတာမျိုးက နေရာအနှံ့ပြောင်းသွားနေတာဗျ၊ အချိန်အခါကျတဲ့အခါမှသာ မြင်တွေ့ကြရတာ၊ နောက်ပြီးတော့ မြင်တွေ့လိုက်ပြီဆိုရင်လည်း အဲဒီလူဖြစ်ဖြစ် တိရစ္ဆာန်ဖြစ်ဖြစ် အသက်ရှင်ဖို့မလွယ်ဘူးဗျ”

“တကယ်သာရှိရင် မြင်ဖူးချင်တယ်ဗျာ၊ တွေ့လို့ကတော့ ကျုပ်က ဓါတ်ပုံကင်မရာတွေဘာတွေနဲ့ရိုက်ပြီး မှတ်တမ်းတင်ထားလိုက်ချင်သေးတာ”

ဦးဘသာနဲ့အဖေက ပြိုင်မငြင်းကြလို့ ဒီကိစ္စက ဒီနေရာတင်ပြတ်သွားပါရောဗျာ၊ ကျုပ်နဲ့အကိုကြီးလည်း တောင်းတွေပလုံးတွေယူပြီး အိမ်ကထွက်ဖို့ပြင်ကြတယ်၊ ဒီအခါ ခြံရှေ့ကိုလူတွေရောက်လာတယ်။

“သူကြီး၊ ဗျို့သူကြီး ဘမောင်”

ခြံရှေ့ကိုကြည့်လိုက်တော့ ရဲအဝတ်အစားနဲ့လူတွေရောက်နေသဗျ၊ အဖေက ဒီလူတွေကိုကြည့်ရင်း

“အလိုဗျာ၊ နယ်ထိန်းကြီးပါလား၊ ကြွပါ၊ ဝင်ခဲ့ကြပါ”

ရဲတွေဝင်လာတော့ အဖေက ကျုပ်ကိုကြည့်ပြီး

“သွားအလတ်ကောင်၊ ရေနွေးတစ်အိုးသွားထည့်ချည်ကွာ၊ ဒီတစ်ခါတော့ အညာလက်ဖက်ခြောက်မခတ်နဲ့နော်ကွ၊ မင်းအမေသိမ်းထားတဲ့ ပင်လောင်းလက်ဖက်ခြောက်ခတ်ခဲ့စမ်းပါ”

ကျုပ်လည်း ရေနွေးကရားအိုးကလေးယူပြီးဝင်ခဲ့တယ်၊ ရေနွေးပွက်ပွက်ဆူပြီးသားကို ကရားထဲထည့်ပြီးတော့ အမေက စက္ကူအထပ်ထပ်နဲ့ထုပ်ပိုးပြီးသိမ်းထားတဲ့ လက်ဖက်ခြောက်ကလေး လက်တစ်နှိုက်စာလောက်ခတ်ပြီးတော့ အိမ်ရှေ့ကိုထွက်ခဲ့တာပေါ့ဗျာ၊ ရဲဝတ်စုံနဲ့က သုံးယောက်ဗျ၊ သာမန်အရပ်ဝတ်နဲ့ကတော့ နှစ်ယောက်၊ သူတို့က ခုံတန်းမှာတောင် ထိုင်နေကြပြီ၊ ဦးဘသာနဲ့အကိုကြီးကတော့ သူတို့ဘေးနားမှာရပ်ပြီးကြည့်နေတယ်။ ကျုပ်က စားပွဲပေါ်ကို ကရားအိုးကလေးတင်ပေးလိုက်တယ်ဆိုရင်ပဲ

“ရွာကိုတကူးတကလာတယ်ဆိုတော့ ဘာအရေးများရှိလို့လဲဗျာ”

ရဲဝတ်စုံနဲ့လူက

“အရေးကတော့ ကြီးတယ်ဗျ၊ ခင်ဗျားတို့ရွာရဲ့ ဟောဟိုအနောက်ဘက်တောင်ရိုးပေါ်ကို ဓါးပြတစ်ဖွဲ့ရောက်နေသဗျ”

အဖေတောင်မျက်လုံးပြူးသွားတယ်။

“ဟုတ်လို့လား နယ်ထိန်းကြီးရယ်”

“ဟုတ်ပါတယ်ဆိုသူကြီးရာ၊ ပြီးခဲ့တဲ့လက တောင်မကြီးပေါ်မှာ ကျက်စားနေတဲ့ဓါးပြတစ်ဖွဲ့ကို အစိုးရတပ်တွေက ဝင်တိုက်သဗျ၊ ဓါးပြအဖွဲ့ပျက်ပြီး သေတဲ့လူလည်းသေတယ်၊ တော်တော်များများလည်းဖမ်းမိတယ်၊ ဒါပေမယ့် ဓါးပြခေါင်းဆောင်နဲ့ နောက်လိုက်လေးငါးယောက်ကတော့ လက်နက်တွေနဲ့လွှတ်သွားတယ်ဆိုပဲဗျာ၊ အဲဒါ တစ်နေ့က တန်းမြင့်ရွာသားတစ်ယောက် တောင်ရိုးပေါ်တက်ပြီး သားကောင်လေးဘာလေးတက်ရှာတာ၊ အဲဒီမှာ ဓါးပြအဖွဲ့နဲ့တွေ့ခဲ့တယ်ဆိုပဲဗျ၊ ကံကောင်းတာက သူက ဓါးပြတွေကိုမြင်ပေမယ့် ဓါးပြတွေက သူ့ကိုမမြင်ဘူးဆိုပဲ၊ ဓါးပြတွေလက်ထဲမှာလည်း ရိုင်ဖယ်သေနတ် တစ်ယောက်တစ်လက်စီနဲ့တဲ့ဗျာ”

အဖေတောင် တော်တော်ထိတ်ထိတ်ပျာပျာဖြစ်သွားတာ

“အဲဒါ သူကြီးတို့ရွာလည်း သတိထားဖို့ပြောတာပါ၊ တောင်ရိုးပေါ်တက်တဲ့လူတွေကိုလည်း သတိပေးထားအုံးဗျ၊ ရွာမှာရှိတဲ့ အားကိုးရတဲ့ကာလသားတွေကိုလည်း တပ်လှန့်ထားနော်၊ ဒီကောင်တွေက လက်နက်တွေနဲ့ဆိုတော့ အန္တရာယ်ဆိုတာ အချိန်မရွေးပေါ်လာနိုင်တယ်၊ အရေးအကြီးဆုံးကတော့ မျက်နှာစိမ်းတွေမြင်ရင် သတိလေးဘာလေးထားပြီးဆက်ဆံဖို့ပေါ့ဗျာ၊ တစ်ခုခုဖြစ်လာပြီဆိုရင် တန်းမြင့်ရွာကိုသတင်းအမြန်ပို့ပါ၊ ကျုပ်တို့ အထိုင်တပ်တစ်တပ်ကို အဲဒီမှာ ယာယီတပ်စွဲထားတယ်”

အဖေက ခေါင်းညိတ်ရင်း

“ကောင်းပါပြီဗျာ၊ ကျုပ်သတိပေးလိုက်ပါ့မယ်”

အဖေပြောပြီးတော့ ရဲတွေလည်းပြန်သွားတယ်ဗျ၊ ပြီးတော့မှ အဖေက ကျုပ်ကိုလှည့််ကြည့်ပြီးတော့

“အလတ်ကောင်နဲ့ အကြီးကောင်၊ မင်းတို့တောင်ရိုးပေါ်တက်မှာကို နောက်ထား၊ လောလောဆယ်တော့ ရွာကလူတွေကို တစ်အိမ်တစ်ယောက်မဖြစ်မနေ သူကြီးအိမ်လာခဲ့ပါလို့ လိုက်အော်စမ်းကွာ၊ အခုပဲအော်နော်”

အကိုကြီးနဲ့ကျုပ်နဲ့ အိမ်ထဲကနေထွက်ဖို့ပြင်လိုက်ကြတယ်၊ ဒီအချိန်မှာပဲ ခြံဝိုင်းထဲကို လူတစ်စုက အမောတကောနဲ့ပြေးဝင်လာကြတယ်ဗျ၊ ပြေးလာတဲ့လူတွေကိုကျုပ်သိပါတယ်ဗျာ၊ ရွာတောင်ပိုင်းက ကြီးဒေါ်ဂျမ်းစိန်တို့ဗျ၊ ကျုပ်တို့ညီအကိုလည်းမအော်ဖြစ်တော့ဘဲ သူတို့အနောက်ကိုလိုက်ခဲ့တာပေါ့ဗျာ၊ အဖေက သူတို့ကိုတွေ့တာနဲ့

“ကဲ ဒေါ်ဂျမ်းစိန်၊ စောစောစီးစီး ဘာဖြစ်ရပြန်တာလဲဗျာ”

“ကျုပ်သားထွေး ငခွေးပျောက်နေလို့ပါ”

“ဟ၊ ငခွေးက ဘယ်ကိုသွားလို့တုန်းဟ၊ ပြီးတော့ ဘယ်တုန်းကပျောက်သွားတာတုန်း”

“ပျောက်တာကတော့ မနေ့မနက်ကတည်းကပါရှင်၊ တောင်ရိုးပေါ်မှာ ရွှေကူသွန်ရက်ခူးမယ်ဆိုပြီး မနက်စောစောထသွားတာပဲ”

“ဟ၊ မနေ့ကတည်းက ပျောက်တာကို အခုမှလာတိုင်တယ်တဲ့လား ဒေါ်ဂျမ်းစိန်ရာ”

“သားက တစ်ခါတလေ ရွာမြောက်ပိုင်းက သူ့အဘွားအိမ်ဝင်ပြီးအိပ်တတ်လို့ပါသူကြီးရယ်၊ ကျွန်မတို့လည်း မနေ့ညက သူပြန်မလာတာနဲ့ သူ့အဘွားအိမ်ဝင်အိပ်နေပြီထင်လို့ပါ၊ ဒီမနက်မှာ သူ့အဘွားအိမ်သွားတော့ မနေ့ကတည်းက မလာပါဘူးတဲ့လေ”

ကျုပ်လည်း အံ့သြသွားပြီးတော့

“ဟာ၊ အဖေရာ၊ တောင်ရိုးပေါ်သွားရင်း ပျောက်သွားတယ်ဆိုတော့ မဟုတ်မှလွဲရော စုန်းအိုင်က စားသွားတာများလားဗျာ”

ကျုပ်ပြောလိုက်တော့ ကြီးဒေါ်ဂျမ်းစိန်မျက်နှာက ပူပန်သွားတယ်ဗျ၊ အကိုကြီးက ကျုပ်ခေါင်းကိုခေါက်ရင်း

“အလတ်ကောင်ရာ၊ မင်းတွေးလိုက်ရင် ဒါမျိုးချည်းပဲ၊ နည်းနည်းယုတ္တိရှိတာတွေးစမ်းပါကွ၊ တောင်ရိုးပေါ်မှာ ဓါးပြအဖွဲ့တွေရောက်နေတယ်လို့ ခုနက ရဲတွေပြောသွားတယ်မဟုတ်လား၊ ငါ့အထင်တော့ ငခွေးက ဓါးပြတွေနဲ့ ပက်ပင်းတိုးသွားတာဖြစ်မယ်”

“ရှင်၊ ဓါးပြ . . .ဓါးပြတဲ့လားသူကြီး”

အဖေက သက်ပြင်းတစ်ချက်ချပြီး ခေါင်းညိတ်ပြလိုက်တယ်ဆိုရင်ပဲ ကြီးဒေါ်ဂျမ်းစိန်တစ်ယောက် ရင်ဘတ်စည်တီးပြီး ငိုတော့တာပဲဗျာ။

“အောင်မယ်လေး သားလေးရဲ့အဖြစ်ဆိုးလှချည်လား၊ ဓါးပြတွေနဲ့တွေ့ရတယ်လို့”

“ငိုမနေစမ်းပါနဲ့ ဒေါ်ဂျမ်းစိန်ရာ၊ ကျုပ်တို့ရှာပေးပါ့မယ်”

“ဟာအဖေ၊ တောင်ရိုးပေါ်မှာ ဓါးပြတွေရှိတယ်ဆိုပဲနော်၊ ကျုပ်တို့ချည်းသွားလို့အဆင်ပြေပါ့မလား”

အကိုကြီးဝင်ထောက်တော့ အဖေကလည်းခေါင်းညိတ်တယ်ဗျ။

“ရဲတွေခေါ်ရအောင်ကလည်း ဓါးပြနဲ့တွေ့တာဟုတ်မဟုတ် တပ်အပ်မပြောနိုင်သေးဘူးမဟုတ်လား၊ ငခွေးက ငါတို့ရွာသားဆိုတော့ တို့တွေမရှာပေးလို့လည်း မကောင်းဘူးမဟုတ်လား”

“ဒါဆို ဘယ်လိုလုပ်မလဲအဖေရာ”

“ငါတို့ကာလသားတွေစုပြီးတော့ လူနည်းနည်းနဲ့ခပ်ကျဲကျဲရှာကြမယ်ကွာ၊ ဓါးပြတွေနဲ့မတွေ့အောင်တော့ အတတ်နိုင်ဆုံးဆုတောင်းရမှာပဲ”

“ရှာပေးကြပါသူကြီးရယ်၊ ကျွန်မအားကိုးပါတယ်ရှင့်”

“မပူပါနဲ့ ဒေါ်ဂျမ်းစိန်၊ ကျုပ်တို့သတင်းကောင်းယူလာမှာပါဗျ”

ဒါနဲ့ပဲ ငခွေးကိုရှာဖို့ လူတွေစုရတော့တယ်၊ သိပ်တော့မများပါဘူးဗျာ၊ နှစ်ယောက်တစ်တွဲနဲ့ ဆယ်ယောက်လောက်ပါပဲ၊ တောင်ရိုးပေါ်ကို တကယ်ကျွမ်းကျွမ်းကျင်ကျင်သွားလာတတ်တဲ့လူတွေကို စုထားတာဗျ၊ ကျုပ်နဲ့အကိုကြီးကတော့ တစ်တွဲပေါ့ဗျာ၊ အဖေနဲ့ဦးဘသာကလည်း တစ်တွဲပေါ့၊ မကြာပါဘူး ကျုပ်တို့တွေလူစုပြီးတာနဲ့ တောင်ရိုးဘက်ကိုထွက်ခဲ့ပါရောဗျာ။

(၃)

အကိုကြီးနဲ့ကျုပ်က လူငယ်တွေလည်းလူငယ်တွေ၊ တောင်ရိုးပေါ်ကိုလည်း ထုံးလိုချေ ရေလိုနှောက်အောင် ကျွမ်းတာမို့လို့ လူတွေသိပ်မသွားတဲ့ မတ်စောက်တဲ့တောင်ကြားဘက်ကို ဦးတည်ခဲ့တယ်ဗျာ၊ ဓါးပြတွေရန်ကလည်းရှိသေးတယ်ဆိုတော့ မျက်စိကိုရှင်ရှင် နားကိုလျင်လျင်ထားရသေးသဗျ၊ အရင်တုန်းကလို လူတွေအများကြီးနဲ့ရှာတာမဟုတ်လေတော့ သိပ်ပြီးမအော်ရဲဘူးပေါ့ဗျာ။

ရှာရင်းနဲ့ တောင်ချိုင့်ကြားကိုရောက်လာသဗျ၊ မောလိုက်တာလည်းပြောမနေပါနဲ့ဗျာ၊ ဒီအချိန်အကိုကြီးက အရှေ့ကနေသွားနေရင်း ခြေလှမ်းတွေတုန့်ခနဲရပ်သွားတယ်ဗျ။

“အလတ်ကောင်ရေ၊ ဟိုမှာကြည့်စမ်း၊ စမ်းရေအိုင်ကလေးတစ်အိုင်ကွ”

ဟုတ်တော့ဟုတ်တယ်ဗျ၊ သစ်ပင်တွေကြားထဲမှာ ရေအိုင်ကလေးတစ်အိုင်ဖြစ်နေတယ်၊ ရေတွေကလည်း ကြည်လင်နေပြီးတော့ မှန်သားတစ်ချပ်လိုပဲဗျာ၊ ဆယ်ပေပတ်လည်နီးပါးတော့ရှိမယ်ဗျ။ အကိုကြီးက ရေအိုင်ဆီသွားမယ်လုပ်တော့ ကျုပ်က အကိုကြီးကိုလှမ်းဆွဲထားရသေးတယ်ဗျ။

“နေပါအုံး အကိုကြီးရာ၊ တော်ကြာ စုန်းအိုင်ဖြစ်နေမှဖြင့်”

ကျုပ်ပြောတော့ အကိုကြီးက ရယ်ကျဲကျဲနဲ့

“အောင်မယ်လေးအလတ်ကောင်ရာ၊ မင်းကလည်း ပူတတ်ရန်ကော၊ ဦးဘသာပြောတဲ့ မဟုတ်ကဟုတ်ကတွေကို ယုံမနေပါနဲ့ကွ၊ စုန်းအိုင်ဆိုတာ တကယ်မရှိပါဘူးကွ”

အကိုကြီးက ရေအိုင်နားကိုကပ်သွားတဲ့အချိန်မှာ ကျုပ်နှာခေါင်းထဲ အပုပ်နံ့ကြီးရလိုက်တယ်ဗျ၊ တော်တော်ကိုညှီညှီဟောက်ဟောက်ပုပ်နေတဲ့အနံ့ဗျာ၊ ကျုပ်က နှာခေါင်းရှုံ့ရင်း

“အကိုကြီး၊ ပုပ်စော်နံလိုက်တာဗျာ”

“အေးကွ၊ ဘာကောင်သေပြီး ပုပ်နေသလဲမသိဘူး”

အကိုကြီးက ရေအိုင်နဲ့သုံးလေးလှမ်းအလိုမှာ အသံကြီးတစ်သံထွက်လာသဗျာ။

“ဟေ့ကောင်တွေ ရပ်လိုက်ကြစမ်း”

အနောက်ကိုလှည့်ကြည့်လိုက်တော့ ဦးဘသာကြီးဖြစ်နေတယ်။

“မင်းတို့ကောင်တွေ ဆတ်ဆတ်ဆော့ဆော့ကွာ အိုင်တွေ့တိုင်း ခြေဆေးမလို့လားကွ”

“ခြေတော့မဆေးပါဘူးဦးဘသာရာ၊ ဒါပေမယ့် တစ်မနက်လုံးတောတိုးနေရတော့ လူကညစ်ပတ်ပြီး နှုံးချိနေပြီ၊ လက်လေးဘာလေးဆေးပြီး မျက်နှာလေးဘာလေးသစ်မှာပေါ့ဗျ”

အကိုကြီးက ပြန်ပြောတယ်ဗျ၊ ဦးဘသာက အရှေ့ကိုတိုးလာပြီး

“ငါပြောမယ်အကြီးကောင်၊ ဒီအိုင်ကိုသေချာကြည့်စမ်းကွာ သစ်ပင်ကြီးတွေကြားထဲမှာ ရေအိုင်ကလေးဖြစ်နေပေမယ့် ရေမျက်နှာပြင်မှာ သစ်ရွက်ခြောက်တစ်ရွက်၊ အမှိုက်တစ်ဖတ်တောင် မရှိဘူးမဟုတ်လား”

ဦးဘသာပြောတော့မှ ကျုပ်လည်းသတိထားကြည့်မိတယ်ဗျ၊ ရေကန်ပတ်ပတ်လည်မှာမြေက ပြောင်ပြောင်ကလေးဖြစ်နေတာဗျာ၊ ဦးဘသာပြောသလို အမှိုက်တစ်စမရှိဘူးဗျ။

“ပြီးတော့ တောထဲကရေအိုင်ဆိုတဲ့အတွက် တောကောင်တွေရေသောက်ထားတဲ့ ခြေရာလက်ရာတွေဘာတွေကျန်နေမှာပဲမဟုတ်လား၊ အခုတော့ ဘာမှမရှိတာ မထူးဆန်းဘူးလားကွ”

ဒီတော့မှ အကိုကြီးလည်း ရပ်သွားတော့တယ်ဗျ၊ ကျုပ်တို့ရေကန်ကိုကြည့်နေရင်း ရေကန်ကရေတွေတဖြည်းဖြည်းလှုပ်လာသဗျာ၊ နောက်တော့ ရေတွေက ကတော့ထိုးပြီး ဝဲဂယက်ကြီးတစ်ခုလို လည်နေပါရော၊ မကြာပါဘူး အဲဒီရေကန်ထဲက ဝတ်လစ်စားလစ်နဲ့မိန်းမတစ်ယောက်တက်လာတယ်ဗျ၊ ရေစိုနေတဲ့ဆံပင်တွေက မျက်နှာကိုအုပ်နေတော့ဘယ်သူဘယ်ဝါမှန်းတော့ မမြင်ရဘူးဗျ၊ အဲဒီမိန်းမက အကိုကြီးကိုကြည့်ပြီးတော့ လက်ယက်ခေါ်တယ်ဗျ။

“လာ . . . လာ၊ ငါ့ဆီကိုလာ”

အကိုကြီးမျက်လုံးကြီးက ပြူးကြောင်သွားပြီးတော့ အရှေ့ကိုတဖြည်းဖြည်းချင်းတိုးသွားတယ်ဗျာ၊ ကျုပ်လည်း အကိုကြီးကိုပြေးဆွဲရတာပေါ့။

“အကိုကြီး ဘယ်သွားမလို့လဲ”

အကိုကြီးက ကျုပ်ဆွဲထားတဲ့ကြားထဲက အတင်းရုန်းကန်ပြီးတော့ သွားတာဗျ၊ ကျုပ်လက်နှစ်ဖက်နဲ့အတင်းဆွဲဖက်ထားရတယ်၊ ဒီအချိန်ဘာရယ်မဟုတ်ဘဲ ကျုပ်က အဲဒီမိန်းမရဲ့မျက်နှာကိုကြည့်လိုက်မိတယ်။ ဆံပင်ကြီးတွေအုပ်ထားတဲ့ မျက်နှာမှာ မျက်လုံးနီနီကြီးနှစ်ခုပါသဗျာ၊ အဲဒီမျက်လုံးကြီးကို ကြည့်မိပြီးတော့ ကျုပ်စိတ်တွေဘယ်လိုဖြစ်သွားသလဲကို မသိပါဘူးဗျာ၊ ကျုပ်ခြေထောက်တွေက ရေအိုင်ဆီကိုအလိုလိုဦးတည်နေမိတယ်ဗျ။

ဦးဘသာက ပြေးဆင်းလာပြီး ကျုပ်ပခုံးကိုပုတ်လိုက်မှ ကျုပ်မှာ အိပ်ရာကနိုးသလိုကြောင်စီစီကြီးဖြစ်သွားတော့တာပဲဗျာ၊ အကိုကြီးလည်း ပခုံးအပုတ်ခံရပြီးတော့ ရပ်သွားတယ်။ ရေအိုင်ထဲက မိန်းမက ဦးဘသာကိုကြည့်ပြီးတော့ ကြောက်စရာအသံပြဲကြီးနဲ့အော်ပါရောဗျာ။

“အလတ်ကောင် မင်းတို့နောက်ဆုတ်နေစမ်း”

“ကျုပ်နဲ့အကိုကြီး အနောက်ကိုတော်တော်ဆုတ်ပြီး သစ်ပင်တွေနဲ့ကွယ်နေလိုက်တယ်ဗျ၊ ဦးဘသာက ခါးထောက်လိုက်ပြီးတော့

“အောင်မာ၊ ရေစုန်းမ နင်က ငါ့ကိုနိုင်မယ်ထင်လို့လား”

ရေစုန်းမက ဦးဘသာကို ရေနဲ့လှမ်းပက်တယ်ဗျာ၊ ဦးဘသာက သူ့ဆီလာတဲ့ရေတွေကိုလက်ပြန်နဲ့ယမ်းခါလိုက်တော့ ရေတွေက အနားကမြေပြင်ကိုကျပြီး ရှဲခနဲထမြည်ပါရော၊ မြေပြင်မှာကျနေတဲ့သစ်ရွက်ခြောက်တွေဆိုရင် ချက်ချင်းမဲတူးပြီးတော့ ပြာလိုဖြစ်သွားတာပဲဗျာ။

ရေစုန်းမက လက်နှစ်ဖက်ကိုမြှောက်တင်လိုက်တဲ့အခါ သူ့လက်ထဲမှာဘောလုံးလောက်ရှိတဲ့ ရေလုံးကြီးတစ်လုံးပါလာပြန်ပါရော၊ အဲဒီရေလုံးကြီးနဲ့ ဦးဘသာကို လှမ်းပေါက်ထည့်ပါရောဗျာ၊ ဦးဘသာက သူ့ဆီပြေးလာတဲ့ ရေဘောလုံးကြိးကို မျက်လုံးနဲ့စိုက်ကြည့်လိုက်တာ ရေဘောလုံးကြီးက ရေမှုန်ရေမွှားတွေဖြစ်ပြီးတော့ ပြုတ်ကျကုန်ပါရောဗျာ၊ ရေစုန်းမလည်း ဦးဘသာကို နည်းနည်းဖြုံသွားပုံရတယ်၊ ဦးဘသာ မျက်လုံးကိုရေစုန်းမက တည့်တည့်စိုက်ကြည့်ပြီး

“လာ . . . လာ၊ ရှင်ဒီကိုလာ၊ ကျွန်မဆီကိုလာ”

ဦးဘသာမျက်လုံးကြီးကလည်း အနီရောင်ကြီးလင်းသွားတယ်ဗျ၊ နောက်တော့ ဦးဘသာက ရေကန်ဆီကိုတစ်လှမ်းချင်း လှမ်းသွားတော့တာပဲဗျာ၊ ရေစုန်းမရယ်သံကြီးက သိပ်ကြောက်ဖို့ကောင်းတယ်ဗျာ၊ ကျုပ်က ဦးဘသာကြီးကို အသံကုန်ဟစ်ပြီးအော်လိုက်ပေမယ့် ဦးဘသာကြီးက မကြားတော့ဘူးဗျ၊ ရေစုန်းမရဲ့ ညှို့ချက်ခံလိုက်ရတဲ့ပုံစံပါပဲ၊ ဦးဘသာကို ပြေးဆွဲဖို့ဆိုပြီး ကျုပ်လည်းပြေးဆင်းလာခဲ့ပေမယ့် မမီတော့ပါဘူူးဗျာ၊ ဦးဘသာက ရေအိုင်ထဲကိုလမ်းလျှောက်ဝင်သွားပြီးတော့ မကြာခင်မှာပဲ ရေအောက်ကိုနစ်မြုပ်သွားတော့တယ်။

“ဦးဘသာ . .. ဦးဘသာ သေပြီလား”

ကျုပ်အတော်ကို တုန်လှုပ်နေမိတာဗျ၊ ရေစုန်းမကလည်း ဦးဘသာကိုစားယုံနဲ့ မဝဘူးထင်ပါတယ်၊ ကျုပ်နဲ့အကိုကြီးကို ပြုံးရင်းကြည့်နေသေးတယ်၊ နောက်တော့ ပြုံးနေရာကနေ သူ့မျက်နှာကြီးက ရှုံ့မဲ့လာတယ်ဗျာ၊ ပြီးတော့ အသံအကျယ်ကြီးနဲ့ အော်ဟစ်နေပါရော၊ ရေထဲမှာ စုန်းမက လူးလွန့်နေပြီးတော့ မကြာခင်မှာပဲ ရေအောက်ကိုစွပ်ခနဲနစ်သွားတော့တယ်ဗျာ၊ ရေဝဲကတော့ကြီးဖြစ်လာပြီးတော့ ဝဲကတော့အထဲမှာ လျှပ်စီးလက်သလို တဖြတ်ဖြတ်နဲ့လက်နေပါရော၊ ပြီးတာနဲ့ ရေဝဲကြီးအလယ်ကနေ ဖူးခနဲအသံမြည်ပြီးတော့ ဦးဘသာကြီး ပျံထွက်လာတယ်ဗျ။

“ဟာ၊ ဦးဘသာ မသေဘူးနော်”

“ငါက ဒီရေစုန်းအဆင့်လောက်နဲ့ သေစရာလားကွ”

ရေအိုင်ထဲက ရေတွေက လှိုင်းလေတွေထန်နေတဲ့ပင်လယ်က ရေတွေလိုဘောင်ဘင်ခတ်နေပါရောဗျာ၊ ဦးဘသာက ကျုပ်ဘက်ကိုလှည့်ပြီးတော့

“အလတ်ကောင် ငါ့ကိုကျောက်ခဲတစ်ခဲရှာပေးစမ်းကွာ”

ကျုပ်က အနားကကျောက်ခဲလေးတစ်လုံးကိုကောက်ပေးလိုက်တယ်၊ ကျောက်ခဲက လက်သီးဆုပ်လောက်တော့ရှိမယ်ဗျ၊ ဦးဘသာက ကျောက်ခဲလေးကို မန်းမှုတ်ပြီးတော့ တံတွေးနဲ့ပွတ်နေသေးတယ်ဗျာ၊ ပြီးတော့မှ ရေအိုင်ထဲကိုပစ်ချလိုက်ပါရော၊ သူပစ်ချပြီးမကြာခင်မှာပဲ ရေအိုင်ထဲက ရေတွေက ပလုံစီတွေတက်လာတယ်ဗျာ၊ ပြီးတော့ ရေနွေးဆူသလို တဗွမ်းဗွမ်းနဲ့ဆူကုန်ပါရော။

“ရေဆူအစီအရင်အစွမ်းကို နင်ခံနိုင်ရင်ခံပေတော့”

ရေအိုင်ထဲကနေ အသံနက်ကြီးနဲ့ ဝူးဝူးဝါးဝါးအော်သံတွေထွက်လာပါရောဗျာ၊ ဦးဘသာက ရေအိုင်ကိုလက်ညှိုးထိုးရင်း

“ကဲ ရေစုန်းမ၊ နင်မြိုထားတာတွေ အကုန်ပြန်အန်ထုတ်စမ်းဟဲ့”

ရေအိုင်ကြီးက ဝုန်းခနဲပေါက်ကွဲသွားပြီးတော့ ရေတွေမိုးပေါ်ကိုပျံတက်သွားတယ်ဗျာ၊ မိုးပေါ်ရောက်တော့မှ မိုးရေတွေလို တဝေါဝေါနဲ့ကျလာတာဗျာ၊ ရေတွေနဲ့အတူ လူဦးခေါင်းခွံတွေ၊ အရိုးတွေ အစုံပဲကျလာသဗျာ။ နောက်တော့ ရေအိုင်ထဲကနေ ငခွေးအလောင်းးက ခုန်ထွက်လာတယ်၊ ငခွေးအလောင်းခုန်ထွက်ပြီးတာနဲ့ အနောက်ကနေ အလောင်းငါးလောင်း ဆက်တိုက်ထွက်လာပါရောဗျာ၊ ရေနစ်သေထားတဲ့အလောင်းကြီးတွေဆိုတော့ အသားက ရေတွေနဲ့ပွပြီးတော့ ဖြူဖြူဖောင်းဖောင်းကြီးတွေဖြစ်နေပါရော။

ရေအိုင်ကြီးကလည်း အော်ဟစ်ပြီးတော့ မြေကြီးထဲကို ကျွံ့ဝင်သွားတော့တာပဲဗျာ၊ ဘေးနားက မြေကြီးတွေဆိုရင် သူ့အလိုလိုတဖြည်းဖြည်းပြန်စေ့သွားတာဗျ၊ ခဏကြာတော့ ဒီနေရာမှာ ရေအိုင်တစ်ခုရှိခဲ့ပါတယ်လို့ပြောရင်တောင် ယုံမဲ့လူရှိမှာမဟုတ်တော့ဘူးဗျာ။

အကိုကြီးက ပြူးကြောင်နေတုန်းပဲဗျ၊ ဦးဘသာက ပခုံးပုတ်လိုက်တော့မှ သူလည်းကြောင်စီစီပြန်ဖြစ်သွားပါရော၊ ရေစုန်းမက ခုနကတစ်ခါ ပြုစားလိုက်တာဖြစ်မယ်၊ ဦးဘသာက အသံတစ်မျိုးနဲ့ အော်လိုက်တော့ မကြာခင်မှာပဲ အဖေနဲ့ရွာသားတွေရောက်လာတယ်ဗျ၊ ရေနစ်သေတဲ့ ငခွေးအလောင်းကိုကြည့်ပြီး အံ့သြသွားတယ်။

“ဘယ်လိုဖြစ်တာလဲဗျာ”

“ဘယ်လိုဖြစ်တယ်တော့မသိဘူး၊ ငါလည်း ဒီအတိုင်းတွေ့တာပဲ”

ရွာသားတွေက ငခွေးအလောင်းကိုသယ်ရင်း ဓါးပြငါးယောက်ရဲ့အလောင်းကိုလည်း စီတန်းလိုက်တယ်၊ ဓါးပြတွေလက်ထဲမှာလည်း သေနတ်တွေနဲ့ဗျ။ ဒီလိုနဲ့ တန်းမြင့်ရွာက ရဲတွေကိုပြေးခေါ်ရတာပေါ့ဗျာ၊ ရဲတွေဆိုရင် ဆောင်းလယ်လောက်ကြီး တောင်ရိုးပေါ်မှာ ရေနစ်သေသွားပါတယ်လို့ပြောတာကို လုံးဝမယုံဘူးဗျာ။ သူတို့မျက်စိနဲ့တပ်အပ်တွေ့တော့မှပဲ ယုံကြတာ၊ ဘာကြောင့်လဲဆိုတာ သူတို့လည်း အဖြေမရှာတတ်ဘူးပေါ့၊ ဘာပဲပြောပြော ဓါးပြမှုလည်းပြီးသွားပြီ ဓါးပြအလောင်းတွေကိုလည်း လက်နက်တွေနဲ့အတူတူတွေ့ပြီမို့လို့ ရဲတွေက မှတ်တမ်းမှတ်ရာတင်ပြီး လက်နက်တွေသိမ်းကာ ပြန်သွားကြပါရောဗျာ၊ ဓါးပြငါးလောင်းနဲ့ ငခွေးအလောင်းကိုတော့ ကျုပ်တို့ရွာက သုဿန်မှာပဲ နေ့ချင်းပြီးသဂြိုဟ်လိုက်ကြပါတယ်။ ဒေါ်ဂျမ်းစိန်ဆိုရင် ငိုလိုက်တာမှ ပြောမနေပါနဲ့တော့ဗျာ၊ ငခွေးဆိုတာကလည်း အရွယ်ကောင်းလေးကိုးဗျ။ ဆယ့်ငါးနှစ်သားပဲရှိသေးတာ။

အဲဒီနှစ်က ကျုပ်တို့အရပ်မှာ ချေးပေါသေးပေါ ပေါတဲ့ အညာလက်ဖက်ခြောက်တွေက တော်တော်ရှားသွားတယ်လို့ပြောရင် ယုံကြမလားဗျာ၊ တောင်ရိုးပေါ်မှာ ငခွေးသေတယ်ဆိုတဲ့သတင်းကြားတော့ ရွာကလူတွေ တောင်ရိုးပေါ်မှ မသွားရဲကြတော့တာဗျ၊ ဒီတော့ အညာလက်ဖက်ခြောက်လည်းရှားပြီပေါ့ဗျာ၊ ကျုပ်တို့အိမ်မှာတောင်မှ တစ်နှစ်က ကျန်တဲ့အကပ်အသပ်လေး ချွေသောက်နေရတော့တာ။

တစ်ပတ်လောက်နေတော့ ဦးဘသာက နွားနို့ဇလုံကြီးကိုင်ပြီး အိမ်ရောက်လာပါရောဗျာ၊ အဖေက ထုံးစံအတိုင်း

“ဦးဘသာ၊ လာဗျာ၊ ထိုင်ပါအုံး၊ အညာကော်ဖီလေး သုံးဆောင်သွားပါအုံး”

ဦးဘသာက မျက်ခုံးပင့်လိုက်ပြီး

“အညာကော်ဖီတဲ့လားသူကြီးရ”

အဖေက ရယ်ရင်း

“ဒန့်ကျွဲစေ့ကိုပြောတာပါဗျာ၊ မိုးကျလက်ဖက်လို့ခေါ်တဲ့ ဒန့်ကျွဲပင်တွေက ရင့်သွားလို့ ဖူးပွင့်ပြီး အသီးတောင့်ကလေးတွေကျန်ခဲ့တယ်မဟုတ်လား၊ အဲဒီအသီးတောင့်ကလေးတွေကို အခြောက်ခံပြီးအထဲက အစေ့ကိုလှော်ထားတာပေါ့ဗျာ၊ ပြီးတော့ ရေနွေးထဲခပ်သောက်တာပေါ့”

ဦးဘသာက အထူးအဆန်းနဲ့တစ်ငုံသောက်ကြည့်တယ်ဗျ၊ နောက်တော့ ဦးဘသာမျက်နှာကြီး ပြုံးသွားပါတော့တယ်။ ဒန့်ကျွဲစေ့ကို မီးဖုတ်ပြီးတော့ ရေနွေးပွက်ပွက်ဆူထဲကို လေးငါးဆယ်စေ့ခပ်ပြီးသောက်ရင် အနံ့က တကယ့်ကော်ဖီနံ့ထွက်တာဗျ၊ ကော်ဖီစေ့ကိုလှော်ထားတဲ့အနံ့ပါပဲဗျာ၊ ဒါကြောင့် အညာကော်ဖီခေါ်တာဗျ၊ သူလည်း ဖန်ခါးခါးလေးနဲ့ သောက်လို့တစ်မျိုးကောင်းတာပါပဲ၊ သောက်လို့ကောင်းလို့လည်း ကျုပ်တို့က အညာကော်ဖီဆိုပြီး တခုပ်တရကို သောက်ကြတာပေါ့ဗျာ၊ ငယ်ငယ်က အညာကော်ဖီမွှေးမွှေးလေးကို ခုခေတ်ကော်ဖီမစ်တွေနဲ့များ လဲလို့ရရင် လဲလိုက်ချင်ပါသေးတယ်ဗျာ။

ပြီးပါပြီ။

#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ