Unicode Version
“စုန်းထီးကြီးဦးဘသာနှင့် ကိုစံပေါနဲ့မခင်ခင်”(စ/ဆုံး)
——————————————————————
အတွဲ(၄) စာစဉ်(၈)
(၁)
ဘကြီးထွန်းရင်ရဲ့ တူတော်မောင် နွားကျောင်းသားမိုးစွေကို ဆေးကုသပေးလိုက်တာ ဘာကောင်းသွားသလဲဆိုတော့ ဘကြီးထွန်းရင်က သူ့နွားတွေထဲက ကြိုက်တဲ့နွားကိုပြော၊ ဦးဘသာကို ရောင်းပေးမတဲ့ဗျာ၊ ဒါကလည်း သူများအကျိုးဆောင်လို့ ကိုယ်ကျိုးအောင်တယ်လို့ပဲပြောရမှာပေါ့ဗျာ၊
“ဒီကလေးကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ၊ ဒီကလေးက တော်တော်သနားဖို့ကောင်းတဲ့ကလေးဗျ”
မိုးစွေက နေပြန်ကောင်းလာတာနဲ့ အလုပ်ပြန်လုပ်တာပါပဲဗျာ၊ ခုလည်း အိမ်ခြေရင်းနားမှာ နွားစာစဉ်းနေရဲ့ဗျာ၊
“ဘယ်လိုသနားစရာကောင်းတာလဲ ဘကြီးထွန်းရင်ရဲ့”
“ဒီကောင်လေးအဖေက ငါ့ညီအရင်းပေါ့၊ စံပေါလို့ခေါ်တယ်၊ သူ့မိန်းမကတော့ ခင်ခင်တဲ့၊ ငါ့ညီအငယ်ဆုံးဆိုတော့ ငါနဲ့အသက်တော့ တော်တော်ကလေးကွာတာ၊ စံပေါတို့အိမ်ထောင်ကျပြီးတော့ လယ်တွေလုပ်ကြတယ်ကွာ၊ အဲဒီနှစ်က မိုးတွင်းကြီးပေါ့၊ စံပေါက ကန်သင်းပြင်မယ်ဆိုပြီး လယ်ထဲဆင်း၊ ခင်ခင်ကလည်း နေ့လည်ကျတော့ ထမင်းလိုက်ပို့တာပေါ့ကွာ၊ ဒီလိုနဲ့ ညနေစောင်းလို့ လင်မယားနှစ်ယောက် ပြန်မလာပါလားဆိုပြီး လိုက်ကြည့်တော့ လယ်တဲထဲမှာ လင်မယားနှစ်ယောက်စလုံး သေလို့”
“ဗျာ၊ ဘာဖြစ်ပြီးသေတာလဲ”
ဘကြီးထွန်းရင်က ခေါင်းခါတယ်ဗျ၊
“ဘာဒဏ်ရာဒဏ်ချက်မှ မရှိပဲနဲ့ကို သေနေတာပဲ၊ ခုထိ သူတို့လင်မယား ဘယ်လိုသေသွားသလဲဆိုတာကို မသိကြသေးဘူး”
“ဟာဗျာ၊ ဒီရွာမှာ ဦးဖိုးခွေးရှိတာပဲဗျ၊ ဒီလောက်တော်တဲ့ဆေးဆရာကြီးက မသိဘူးလား”
“ဖိုးခွေးကတော့ သွေးတက်သေတယ်ပြောတာပဲ၊ ဒါပေမယ့် လူကလည်းသေပြီးပြီဆိုတော့ သူလည်းခန့်မှန်းပြောရတာကိုး၊ သူတို့လင်မယားသေတုန်းကဆို မိုးစွေကလေးက အခါလယ်လောက်ပဲရှိသေးတာကလား၊ အဲဒီအချိန်ကတည်းက ငါပဲသူ့ကိုခေါ်ထားပြီးတော့ ပြုစုကျွေးမွေးလာရတယ်ဆိုပါတော့၊ မိုးစွေငယ်ငယ်က နွားနို့သိပ်ကြိုက်တာ၊ ငါ့နွားမတွေက မိုးစွေကိုနို့အလှည့်ကျတိုက်ရတယ်၊ ဒါကြောင့်ပဲထင်ပါရဲ့၊ ဒီကောင်လေးက နွားတွေနဲ့သိပ်ခင်တာ”
ကျုပ်လည်း မေးချင်နေတာနဲ့အတော်ပဲပေါ့ဗျာ။
“ကျုပ်လည်းအဲဒါမေးချင်နေတာဗျ၊ ဘကြီးထွန်းရင်က သူ့ကို ကိုယ့်တူလဲဖြစ်၊ သားတစ်ယောက်လိုလဲချစ်တယ်လို့ပြောပြီးတော့ နွားကျောင်းခိုင်းနေရသလားဗျ”
ကျုပ်ထမေးတော့ ဘကြီးထွန်းရင် နည်းနည်းစိတ်တိုသွားပံုံရတယ်။
“အဲဒီကောင်လေးကို ကျုပ်က ဘုန်းကြီးကျောင်းထားပါသေးတယ်၊ စာရေးစာဖတ် မပျော်ဘူးတဲ့၊ ဒါနဲ့ တခြားအတတ်တွေသင်ပေးပေမယ့် ဒီကောင်လေးက နွားပဲကျောင်းချင်နေတာ၊ ဟိုနွားတွေကလည်း သူနဲ့ဘာအမျိုးတော်တယ်မသိပါဘူးကွာ၊ သူ့ကိုတော့သိပ်ခင်တာကွ”
ကွမ်းမြုံ့နေတဲ့ဦးဘသာက
“ဒါဆို စံပေါတို့လယ်တွေကျန်သေးမှာပေါ့”
“စံပေါလယ်တွေက အပေါင်ဆုံးသွားတယ်ဗျ၊ ရွာထဲက ငွေရှင်ကြေးရှင်ဆီမှာ သူ့လယ်တွေပေါင်ထားခဲ့တာကိုး၊ ကျုပ်လည်း အဲဒီတုန်းက ငွေတော်တော်လိုနေတော့ ပြန်မရွှေးနိုင်ဘူးပေါ့ဗျာ”
“ဒါဆို အဲဒီလယ်တွေက အခုသူများပိုင်သွားပြီပေါ့”
“ဒါပေါ့ဗျ၊ ဒါပေမယ့် အဲဒီလယ်တွေကို ဘယ်သူမှမလုပ်ကြဘူး၊ လယ်တွေကို ဟိုလူ့ကိုရောင်း၊ ဒီလူ့ကိုရောင်းနဲ့ လက်ပြောင်းကြလွန်းလို့တောင်မှ အဲဒီလယ်တွေကို ကျုပ်တို့ရွာမှာ လယ်တန်ဆာလို့တောင်ခေါ်ကြတယ်”
ကျုပ်လည်းမျက်မှောင်ကြုတ်လိုက်ပြီး
“လယ်တန်ဆာတဲ့လားဗျာ”
“တင်စားပြီးခေါ်တာ ငါ့တူရ၊ ပြည့်တန်ဆာဆိုတာ ဟိုလူနဲ့ပျော်လိုက်၊ ဒီလူနဲ့ပျော်လိုက် အချိန်ခဏပဲပျော်ရသလို၊ ဒီလယ်တွေကိုလည်း ဟိုလူကဝယ်လိုက်၊ မလုပ်ရဲလို့ ပြန်ရောင်းလိုက်နဲ့ လူတကာလက်ထဲဝေ့လည်လည်ဖြစ်နေလို့ ဒီနာမည်ပေးထားတာပဲ”
“နေပါအုံးဗျ၊ ဘာလို့ဝယ်တဲ့သူတွေက လယ်ကိုမလုပ်ရဲတာလဲ”
“အဲဒါကတော့ စံပေါတို့ကြောင့်ပေါ့ကွာ”
“ဘယ်လိုဗျ”
ဘကြီးထွန်းရင်က မဘောမပေါက်ရကောင်းလားဆိုတဲ့ မျက်နှာပေးနဲ့ ကျုပ်ကိုတစ်ချက်ကြည့်ပြီးတော့
“စံပေါတို့လင်မယားက မသေဘူးတဲ့ကွ၊ သူတို့လယ်တွေကို စိတ်စွဲပြီးတော့ သရဲကြီးဖြစ်နေကြတာတဲ့”
“ဟာဗျာ၊ သနားဖို့ကောင်းလိုက်တာ၊ ရွာကလူတွေက ဘာမှလုပ်မပေးဘူးလား”
“မင်းနှယ်ကွာ၊ လုပ်မပေးဘဲနေပါ့မလားကွ၊ ငါကိုယ်တိုင် အလှူအတန်းတွေလုပ်၊ အမျှတွေဝေပေးခဲ့တာပဲ၊ ဒါပေမယ့် ဘာမှမထူးပါဘူးကွာ၊ ငါဆိုရင် အခါအခွင့်သင့်လို့ ကြုံတိုင်း အလှူအတန်းလုပ်ပေးပြီးတော့ ငါ့ညီ စံပေါအတွက် အမျှပေးဝေတာကြာခဲ့ပြီကွ၊ ဒါပေမယ့် ဘယ်လိုကြောင့်လဲမသိဘူး သူတို့မကျွတ်လွတ်ဘူးကွ”
ကျုပ်လည်း ခေါင်းပဲကုပ်နေမိတော့တယ်၊ ဦးဘသာကတော့ ဘာမှမပြောပဲ တစ်ခုခုကိုအလေးအနက်စဉ်းစားနေပုံပဲဗျ၊ သူ့မုတ်ဆိတ်မွှေး ကျိုးတို့ကျဲတဲကို ပွတ်သပ်နေရင်း ပြတင်းပေါက်အပြင်ကိုငေးကြည့်နေပါရော။ ဘကြီးထွန်းရင်က ဦးဘသာကိုကြည့်ရင်း
“ဘာပဲပြောပြော ကျုပ်တူလေးကို ကယ်တင်ပေးခဲ့တဲ့ ဒီကဆရာကြီးကို ကျေးဇူးတင်ပါတယ်”
ဦးဘသာကို ပြောပေမယ့် ဦးဘသာက ကြားဟန်မတူဘူးဗျ၊ ခုနက ပုံစံအတိုင်း တွေတွေကြီးပဲလုပ်နေပါရော၊ ကျုပ်လည်းမကောင်းတတ်လို့ ဦးဘသာကို ခေါ်ရသေးတယ်။
“ဦးဘသာ၊ ဦးဘသာ”
ကျုပ်သုံးလေးခွန်းခေါ်တာကိုတောင် ဦးဘသာက ကြားပုံမပေါ်ဘူးဗျ၊ ဒါနဲ့ ကျုပ်လည်း ဦးဘသာဒူးခေါင်းကို အသာလေးပုတ်လိုက်တာပေါ့ဗျာ။
“အောင်မယ်လေး၊ နင့်မေကလွှား”
ဒီတော့မှ ဦးဘသာကထပြီးတော့ ယောင်တာပဲဗျာ၊ ကျုပ်တို့လည်း ဦးဘသာကို ပြုံးစိစိနဲ့ကြည့်နေရင်း
“ဦးဘသာ ဘာတွေစဉ်းစားနေတာလဲဗျ”
“ဘာမှမဟုတ်ပါဘူးကွာ၊ နွားအကြောင်းတွေးမိသွားလို့ပါ”
“ကျုပ်လည်းအဲဒါပဲပြောမလို့ ဆရာကြီး၊ ဆရာကြီးက ကျုပ်တူ မိုးစွေကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျုပ်ကျေးဇူးတင်ပါတယ်ဆရာကြီး၊ ဆရာကြီးကို ငွေရေးကြေးရေးနဲ့ ကန်တော့ပေမယ့်လည်း ဆရာကြီးက လက်မခံဘူးဆိုတော့ ကျုပ်မွေးထားတဲ့နွားတွေထဲက ဆရာကြီးကြိုက်တဲ့နွားကိုကြည့်သွားပြီးတော့ ပေးချင်တဲ့ဈေးသာ ပေးခဲ့ဗျာ၊ ဒါကတော့ ကျုပ်ဆရာကြီးအပေါ် ကျေးဇူးပြန်ဆပ်တဲ့အနေနဲ့ ပေးတာဆိုတော့ ဆရာကြီး မငြင်းပါနဲ့ဗျာ”
ဦးဘသာက တွေဝေနေသေးတယ်ဗျ။
“ဟုတ်ပါတယ်ဦးဘသာရာ၊ ဘကြီးထွန်းရင်ကို အားနာဖို့ကောင်းပါတယ်၊ ငြင်းမနေပါနဲ့”
ကျုပ်ပြောတော့မှ ဦးဘသာက ခေါင်းညိတ်တယ်ဗျ။
“ပေးချင်သလောက်တော့ မလုပ်ပါနဲ့ဗျာ၊ ကျုပ်လည်း နွားဈေးတွေလေ့လာထားပြီးသားပါ၊ ဒီတော့ တန်ရာတန်ကြေးပေးမှာပါ ကိုထွန်းရင်၊ ကျုပ်ကိုရောင်းပေးတာနဲ့တင် ကျေးဇူးတင်ဖို့ကောင်းနေပါပြီဗျာ”
“ကဲအလတ်ကောင်၊ ရောက်တုန်းရောက်ခိုက် မင်းကိုပညာသင်ပေးရအုံးမယ်၊ နွားတင်းကုပ်ထဲဆင်းသွားပြီး မင်းစိတ်ထဲက အကောင်းဆုံးလို့ထင်တဲ့နွားကိုရွေးကွာ၊ အဲ၊ ဟိုနေ့က ငါပြောထားတဲ့ လက္ခဏာ၊ အင်္ဂါကိုကြည့်ပြီး ရွေးနော်ကွ”
ကျုပ်ကို ခိုင်းပြီမို့ ကျုပ်လည်းအိမ်ပေါ်ကနေဆင်းလာခဲ့တာပေါ့ဗျာ။
(၂)
ပေတောရွာမှာ ဘကြီးထွန်းရင်ကတော့ နွားတွေတော်တော်မွေးထားတာဗျ၊ ပေနှစ်ရာလောက်ကျယ်တဲ့ ခြံဝိုင်းအကျယ်ကြီးထဲမှာ အိမ်ကိုခေါင်းရင်းဘက်နားလုဆောက်ထားပြီးတော့ အိမ်ခြေရင်းမှာတော့ နွားတင်းကုပ်ကြီးကို ဟီးနေတာပဲဗျာ၊ နောက်ချေးနံ့ နံတယ်ဆိုပေမယ့်လည်း ကျုပ်တို့လိုတောသားနှာခေါင်းအတွက်တော့ နောက်ချေးနံ့ဆိုတာ နံံတယ်လို့ကို သိပ်မထင်တော့ဘူးဗျ၊
တောသားနဲ့နောက်ချေးက ခွဲလို့မှမရတာကလား၊ ကျုပ်တို့လို တောင်သူလယ်သမားတွေဆိုရင်ပိုဆိုးတာပေါ့ဗျာ၊ ကျုပ်တို့ငယ်ငယ်က ခုခေတ်လို မြေဆီတို့၊ ဓါတ်မြေသြဇာတို့က လွယ်လွယ်ဝယ်လို့မှမရတာဗျ၊ ဒီတော့ စိုက်မယ်ပျိုးမယ်ဆိုရင် နောက်ချေးက ကျုပ်တို့အတွက် အကောင်းဆုံးမြေသြဇာပေါ့ဗျာ၊ နောက်ချေးတွေကို ကန်တွေလုပ်ပြီးတော့ ထည့််ပုံထားတာပဲ၊ ပြီးတော့ တစ်နွေလုံးအခြောက်လှမ်းပြီး မိုးမကျခင်မှာ အဲဒီနောက်ချေးခြောက်တွေကို ထုချေပြီး ကွင်းထဲဖြန့်ထားတာပေါ့ဗျာ၊ မိုးလေးတစ်ပြိုက်နှစ်ပြိုက်ကျလို့ လယ်ထွန်ကောင်းပြီဆိုရင် ဒီနောက်ချေးခြောက်တွေကို မြေနဲ့ရောသမအောင်ထွန်လိုက်ရင် သဘာဝမြေသြဇာဖြစ်သွားတာပေါ့ဗျာ၊ ဦးဘသာကတော့ မြေသြဇာကိုသူ့နည်းနဲ့သူလုပ်တယ်ဗျ၊
သစ်ရွက်အခြောက်တွေ၊ ရိုးပြတ်တွေကို သစ်ရွက်အစိုတွေနဲ့ ဆတူလောက်ရောတယ်ဗျ၊ ပြီးတော့ ဝါးနဲ့ကပ်လုပ်ပြီး လေးဘက်လေးတန်ကာထားပြီးတော့ အဲဒီကပ်အထဲကို ခုနက သစ်ရွက်တွေထည့်ထားတာပဲဗျာ၊ သုံးရက်တစ်ခါ၊ လေးရက်တစ်ခါလောက် အဲဒီကပ်ထဲက သစ်ရွက်တွေကို ကောက်ဆွကြီးနဲ့ ထိုးထိုးပြီးတော့ အထက်အောက်လှန်ပေးတာပဲ၊ သုံးလေးလဆိုရင်တော့ အဲဒီသစ်ရွက်တွေက ကောင်းကောင်းဆွေးပြီးတော့ မြေဆွေးဖြစ်သွားပြီပေါ့ဗျာ၊ အဲဒီသစ်ရွက်ဆွေးက သိပ်ပြီးမြေသြဇာကောင်းတယ်ဆိုပဲဗျ၊ ကျုပ်တို့လည်း တစ်ခါနှစ်ခါတော့လုပ်ဖူးတယ်၊ နောက်တော့ အထက်အောက်လှန်ပေးရတာ အလုပ်ရှုပ်လို့ မလုပ်တော့တာပေါ့ဗျာ။
တင်းကုပ်ထဲဝင်ပြီး ဦးဘသာပြောတဲ့အတိုင်း နွားတွေကို လိုက်ကြည့်တယ်ဗျ၊ နွားအုပ်တင် အကောင်သုံးဆယ်လောက်ရှိတာဆိုတော့ မနည်းကြည့်ရွေးရတာပေါ့ဗျာ၊ မိုးစွေကတော့ ကျုပ်လုပ်တာကို ပြုံးဖြီးဖြီးနဲ့ကြည့်ရင်း နွားစာတွေစဉ်းနေတယ်။ ဒီနွားတွေထဲကမှ ဦးဘသာဟိုတစ်နေ့ကပြောထားတဲ့ စေလေးလုံးကိုကြည့်ပြီး ရွေးတာပေါ့၊ အင်္ဂါခြောက်ပါးနဲ့ညီတဲ့ နွားကြန်စုံတော့ မတွေ့ဘူးဗျ၊ ရွေးလိုက်တော့ အနီရောင်နည်းနည်းစပ်တဲ့နွားရွှေနီရယ်၊ အဝါရောင်ဖျော့ဖျော့ရှိတဲ့ နွားရွှေဝါကြီးတစ်ကောင်ရယ်က အကောင်းဆုံးပဲပေါ့၊ သိပ်မကြာပါဘူးဗျာ၊ ဦးဘသာက အိမ်ပေါ်ကဆင်းလာပြီး တင်းကုပ်ထဲဝင်လာပါရော။
“ဟေ့ အလတ်ကောင်၊ ရွေးပြီးပြီလားကွ”
“ဟုတ်ကဲ့ဦးဘသာ၊ ဟောဟိုက နွားရွှေနီနဲ့ ဒီဖက်နားက နွားရွှေဝါက အကောင်းဆုံးလို့ထင်တာပဲ”
ကျုပ်ပြောတဲ့နွားတွေကို ဦးဘသာက တစ်ချက်ကြည့်တယ်။ ပြီးတော့ ခေါင်းညိတ်တယ်ဗျ။
“အလတ်ကောင်၊ ကိုထွန်းရင်က ငါတို့ကိုနွားနှစ်ကောင်မရောင်းဘူးကွ၊ တစ်ကောင်ပဲရောင်းပေးမှာ၊ ဒီတော့ အဲဒီနှစ်ကောင်ထဲက ဘယ်ကောင်ပိုကောင်းမယ်ထင်သလဲ မင်းရွေးစမ်း”
ကျုပ်လည်းဝေခွဲမရဘူးဗျ၊ နှစ်ကောင်လုံးက အင်္ဂါအရဆိုရင်တော့ တူတူလောက်ပဲ၊ ဒါနဲ့ကျုပ်လည်း နွားရွှေနီကိုလက်ညှိုးထိုးပြလိုက်တော့တယ်၊ ဦးဘသာက ကျုပ်မျက်နှာကိုကြည့်ရင်း
“ကောင်းပြီ၊ ဘာလို့အဲဒီနွားကိုရွေးလိုက်တာလဲ”
“ဘာလို့လဲဆိုတော့၊ နွားနှစ်ကောင်လုံးက အတူတူပဲဗျ၊ ဒါပေမယ့် ဟိုနေ့က ဦးဘသာပြောဖူးတယ်မဟုတ်လား၊ နွားလေးမျိုးထဲမှာ နွားရွှေနီက အရင်လာတယ်၊ ပြီးမှ နွားရွှေဝါလေ၊ အနောက်ဆုံးက နွားကျားက အဆိုးဆုံးဆိုဗျ၊ ဒီတော့ အရင်ဆုံးလာတဲ့ နွားရွှေနီက အကောင်းဆုံးဖြစ်မှာမို့ အဲဒီနွားကိုပဲ ရွှေးလိုက်တာ”
ဦးဘသာက ခွက်ထိုးခွက်လန်ရယ်တယ်ဗျ။
“အလတ်ကောင်တို့ အတွေးအခေါ်တွေကတော့ ဆန်းသစ်ပါပေတယ်ကွာ”
ဦးဘသာက နွားတွေအနားကိုသွားပြီးတော့
“ကဲ အလတ်ကောင်၊ မင်းရဲ့ နွားရွှေနီကြီးကို သွားဖြဲကြည့်စမ်းကွာ”
“ဟာ၊ ဟုတ်သားဗျ၊ နွားမှာ သွားကောင်းဖို့ကလည်းအရေးကြီးတာပဲ”
ကျုပ်လည်းနွားရဲ့သွားကိုဖြဲကြည့်လိုက်တာပေါ့ဗျာ၊ ဦးဘသာက အနားကိုကပ်လာပြီး
“မှတ်ထားအလတ်ကောင်ရ၊ နွားမှာ သွားကောင်းဖို့က အခရာပဲ၊ ဒါကြောင့် “အလကားရတဲ့နွား သွားဖြဲကြည့်တယ်” ဆိုတဲ့ စကားပုံတောင်ပေါ်လာတာပဲကွ၊ ဒီတော့ နွားကောင်းမကောင်းက ကြန်အင်လက္ခဏာတွေလည်းတစ်ခုပါသလို သွားကလည်းတစ်ခုပဲကွ”
“ပြောပါအုံးဗျာ၊ ကျုပ်တော့ နွားတွေကိုသွားဖြဲကြည့်ရတယ်ပဲကြားဖူးတာ၊ ဘယ်နားကိုကြည့်ရတာလဲ”
“သွားကြည့်ရတာက နွားရဲ့အသက်ကိုခန့်မှန်းဖို့၊ နောက်ပြီးတော့ ကျန်းမာရေးကောင်းမကောင်းကို မှန်းဖို့ပဲကွ”
ဦးဘသာက နွားရှေ့အောက်သွားတွေကို သေချာဖြဲကြည့်ပြီးတော့
“နွားမှာက အောက်ရှေ့သွားပဲပါတယ်ကွ၊ တို့လူတွေလို အပေါ်ရှေ့သွားမပါဘူး၊ အောက်ရှေ့သွားရဲ့ အသုံးဝင်ပုံကတော့ အစာတွေကိုကိုက်ဖြတ်ဆွဲယူဖို့ပဲကွ၊ အောက်ရှေ့သွားက ရှစ်ချောင်းတိတိရှိတယ်၊ ပြီးရင် အံသွားက တစ်ဖက်မှာအထက်ခြောက်ချောင်း၊ အောက်ခြောက်ချောင်း၊ အပေါ်အောက် ဆယ့်နှစ်ချောင်း၊ ဘယ်ညာပေါင်းတော့ နှစ်ဆယ့်လေးချောင်း၊ ရှေ့သွား ရှစ်ချောင်းနဲ့ပေါင်းရင် သုံးဆယ့်နှစ်ချောင်းပေါ့ကွာ”
“ဟီး၊ ဟီး ဒါဆို သွားသုံးဆယ့်နှစ်ချောင်းပေါ်အောင်ရယ်တယ်ဆိုတာ နွားကိုများပြောသလား”
“အဲဒါလူကိုပြောတာကွ၊ ဆက်ကြည့်စမ်း၊ နွားသားပေါက်ကလေးတွေမှာ သွားတွေပါတတ်တယ်၊ ဒါပေမယ့် ကြီးကောင်ဝင်လာတဲ့အခါ ကြီးသွားထွက်လာကြတယ်ကွ၊ နွားအသက် နှစ်နှစ်ဝန်းကျင်ဆိုရင် ဟောဒီရှေ့သွားနှစ်ချောင်းက ကြီးသွားဖြစ်သွားပြီ၊ အဲဒီလိုအခြေအနေကို နှစ်ချောင်းစိုက်လို့ခေါ်တယ်၊ သွားလေးချောင်းပီပြင်လာပြီဆိုရင်တော့ သုံးနှစ်ကွ လေးချောင်းစိုက်ပေါ့၊ ခြောက်ချောင်းစိုက်ဖြစ်သွားရင် လေးနှစ်ပြည့်ပြီ၊ နောက်ဆုံးရှစ်ချောင်းလုံးပြည့်သွားပြီဆိုရင်တော့ ရှစ်ချောင်းစိုက်၊ တစ်ချို့ကလည်း ပဲ့စုံလို့ခေါ်တယ်ကွ၊ အသက်ငါးနှစ်ပေါ့၊ ကဲ အခုဒီနွားကြည့်စမ်း၊ အရှေ့သွားဘယ်နှချောင်းလဲ”
“အရှေ့သွားက ရှစ်ချောင်းဆိုတော့ ငါးနှစ်ပေါ့”
“ပုံမှန်ဆိုရင်တော့ အဲဒီလိုပြောလို့ရတယ်အလတ်ကောင်ရ၊ ဒါပေမယ့် နွားတစ်ကောင်ရဲ့အသက်ကိုသိဖို့က သွားပေါက်တာတင်မဟုတ်ဘဲ သွားတုန်းတာကိုလဲသိထားမှ၊ အရှေ့ဆုံးအရင်ဆုံးက ပေါက်ထားတဲ့သွားတွေ နည်းနည်းတုန်းလာပြီဆိုရင် အဲဒါအသက်ခြောက်နှစ်ကွ၊ ဒီလိုနည်းနဲ့သွားတွေတုံးသွားကို ကြည့်ပြီးမှန်းလို့ရတယ်၊ သွားရှစ်ချောင်းစလုံး တုံးသွားပြီဆိုရင်တော့ အသက်ဆယ်နှစ်အထက်ပေါ့”
ကျုပ်လည်းဒီတော့မှ ပြူးပြဲကြည့်ရတယ်ဗျ၊ ဟုတ်တယ်ဗျ၊ ကျုပ်သေချာကြည့်တော့မှ ရှေ့သွားအလယ်က လေးချောင်းက ဘေးကသွားတွေထက် မသိမသာကလေး တုံးနေတယ်ဗျ၊
“ဟာ၊ သွားလေးချောင်းတုံးနေပုံထောက်တော့ ခြောက်နှစ်၊ ခုနစ်နှစ်ရှိပြီထင်ပါ့ဗျာ”
ဦးဘသာက ခေါင်းညိတ်ရင်း
“မဆိုးဘူး၊ မင်းတော်လာပြီ၊ ဒါပေမယ့် သွားဆိုတာက တစ်ခုခုဖြစ်ရင်လည်း ကျိုးတတ်သေးတယ်၊ ဒါပေမယ့် တောင်သူတွေက အရှေ့သွားထက် အံသွားကိုပိုကြည့်တယ်ကွ၊ အရှေ့သွားတစ်ချောင်းကျိုးရင်တောင် ဝယ်ကြသေးတယ်၊ အံသွားကတော့ တစ်ချောင်းကျိုးတာမပြောနဲ့၊ ယိုင်နေ၊ နဲ့နေရင်တောင် မယူကြဘူးဟေ့”
“ဟာ၊ ဒါဆို အံသွားကလည်း အရေးကြီးတာပေါ့”
“ဒါပေါ့၊ အရှေ့သွားရဲ့တာဝန်က အစာကိုဖြတ်သိမ်းဖို့ပဲကိုး၊ ဒီတော့ ဒါက သိပ်အရေးမကြီးဘူး၊ အရေးကြီးတာက အံသွားပေါ့၊ အံသွားမကောင်းရင် အစာမကျေတာ၊ အစာမဝါးနိုင်တာ၊ အစာတွေပြန်အန်ထွက်တာဖြစ်နိုင်လို့ လူတွေက အံသွားကိုပိုကြည့်ကြတာ၊ ဒီနွားကြီးကိုလည်း အံသွားသေချာကြည့်ပါအုံးကွာ”
ကျုပ်လည်း အံသွားတွေအကုန်ကြည့်လိုက်ပြီးတော့
“အံသွားကတော့ အကုန်အကောင်းဗျ”
“အေးဟုတ်ပြီ၊ ဟိုနွားဝါကိုသွားဖြဲကြည့်အုံး”
ကျုပ်လည်းသွားဖြဲကြည့်လိုက်တယ်ဗျ၊ နွားရွှေဝါကတော့ ရှစ်ချောင်းစိုက်ဆိုပေမယ့် သွားတုံးနေတာမတွေ့ရဘူး၊ သူကလည်း အံသွားတော့ အကောင်းပဲ။ အားလုံးကြည့်ပြီးတော့မှ ဦးဘသာက ပြန်ပြီးဆုံးဖြတ်ခိုင်းတယ်။
“ကဲ အလတ်ကောင်၊ မင်းဘယ်နွားယူမလဲ”
ကျုပ်လည်းတွေးရခက်နေတယ်ဗျ၊ နောက်ဆုံးတော့ နွားရွှေဝါကိုပဲ လက်ညှိုးထိုးလိုက်တယ်။
“ဘာဖြစ်လို့လဲကွ”
“သူ့အသက်က နည်းနည်းပိုငယ်မယ်ထင်လို့”
ဦးဘသာက ပြုံးရင်း
“မဆိုးဘူး၊ တိုးတက်လာပြီ၊ အသက်ကြီးတဲ့နွားယူတော့ မြန်မြန်အိုပြီး မြန်မြန်သေတာပေါ့ကွာ၊ အမဲသားကြိုက်တဲ့လူဆိုရင်တော့ အသက်ကြီးတဲ့နွားယူသင့်တာပေါ့၊ ဟား၊ ဟား”
ဒါနဲ့ပဲ ကျုပ်တို့လည်း နွားရွှေဝါကြီးကိုယူဖို့ တေ့တေ့ဆိုင်ဆိုင်ပြောကြဆိုကြတာပေါ့ဗျာ။ ဦးဘသာပေးတဲ့ဈေးက မနည်းဘူးဗျ၊ ထိုက်ထိုက်တန်တန်ပေးတာပါပဲ၊ ဒါပေမယ့် ဘကြီးထွန်းရင်ကလည်း တမင်ကိုဈေးလျော့ပေးတော့ နှစ်ဦးနှစ်ဖက်အဆင်ပြေသွားတယ်ဆိုပါရောဗျာ၊ ကျုပ်လည်း နွားပြေးဖြုတ်မယ်လုပ်တော့။
“ဟ၊ အလတ်ကောင်ရ ဘာလုပ်မလို့လဲ”
“နွားရပြီပဲဗျာ၊ ရွာပြန်မသယ်ဘူးလား”
“မင်းကွာ၊ တစ်ကောင်ရတိုင်း တစ်ခါသယ်နေရင် ခရီးဘယ်တွင်ပါ့မလဲကွ၊ ဒီတော့ စရံအဖြစ် ငွေသားပေးခဲ့ပြီးတော့ ငါတို့ခရီးဆက်မယ်ဟေ့၊ နွားလေးငါးကောင်ရတော့မှ ခရီးစဉ်အတိုင်းပြန်ခေါက်လာရင်း နောက်ဆုံးရွာကိုပြန်တာပေါ့ကွာ”
“မသိပါဘူးဗျာ၊ ကျုပ်က တစ်ကောင်ဝယ်ပြီး တစ်ခါပြန်ထားမှာလားလို့၊ ဟီး၊ ဟီး”
အဲဒီနေ့က ကျုပ်တို့ခရီးဆက်ချင်ပေမယ့် ဘကြီးထွန်းရင်က တစ်ရက်လောက် နားနားနေနေ နေပါအုံးဆိုလို့ ကျုပ်တို့လည်း ဆက်နေလိုက်ရတယ်ပေါ့ဗျာ၊ ဘကြီးထွန်းရင်မှာ မိန်းမမရှိတော့ဘူးဗျ၊ သူ့မှာလည်း သားချည်းနှစ်ယောက်ရှိတာ၊ သားကလည်း လူပျိုကြီးတွေဆိုတော့ ကျုပ်တို့စားသောက်ဖို့ အသားကောင်း၊ ဟင်းကောင်းတွေချက်ပေမယ့် ချက်ထားတာက စားမကောင်းဘူးဗျို့။ နေ့လည်စာစားပြီးတာနဲ့ ဦးဘသာနဲ့ကျုပ်နဲ့ သစ်ပင်ရိပ်မှာထိုင်နေကြတာပေါ့ဗျာ၊ ဘကြီးထွန်းရင်ကတော့ ဘယ်ကိုလည်းမသိဘူးထွက်သွားလေရဲ့၊ ကျုပ်တို့ထိုင်နေတဲ့အနားကို မိုးစွေလာထိုင်ပါရော။
“မိုးစွေ၊ ကိုထွန်းရင်ပြောတဲ့ မင်းတို့မိဘတွေပိုင်ခဲ့တဲ့လယ်ကို မင်းရောက်ဖူးသလား”
မိုးစွေက ခေါင်းခါပြတယ်ဗျ၊
“အရင်က ရောက်ဖူးပေမယ့် အခုတော့မရောက်ဖူးဘူးဗျ၊ ဘာလို့လဲဆိုတော့ ကျုပ်ငယ်ငယ်ခြောက်နှစ်သားလောက်က အိမ်ကနေတစ်ယောက်တည်း အဲဒီကုန်းကိုထွက်သွားခဲ့ဖူးလို့ပဲဗျ၊ ဘကြီးရဲ့သားက အသိမြန်လို့မသေတာဗျို့၊ ကျုပ်တစ်ယောက်ထဲ ညကြီးမင်းကြီး အဲဒီလယ်တွေဆီကိုထသွားတာတဲ့ဗျာ”
“မင်းကရော ဘာမှမမှတ်မိဘူးလား”
မိုးစွေက ခေါင်းခါပြတယ်ဗျ၊ ဦးဘသာက ကျုပ်ကိုတစ်ချက်လှမ်းကြည့်တယ်၊ ပြီးတော့ မိုးစွေကို ပုခုံးပုတ်ရင်း
“ငါအဲဒီလယ်တွေဆီကိုသွားကြည့်ချင်တယ်ကွာ၊ မင်းငါ့ကိုလိုက်ပို့ပေးမလား မိုးစွေ”
မိုးစွေက တွေဝေနေတယ်ဗျ၊ သူ့ကြည့်ရတာ ကြောက်နေတဲ့ပုံပဲ၊ ကျုပ်လည်း ထူးဆန်းနေတာပေါ့ဗျာ၊ ကျုပ်တို့ရွာမှာ လယ်တွေရှိနေရဲ့သားနဲ့ ပေတောရွာက လယ်ကိုဘာလို့စိတ်ဝင်စားသလဲပေါ့၊ ကြည့်ရတာ ဦးဘသာမှာ အကြံအစည်တစ်ခုခုတော့ ရှိနေတဲ့ပုံပဲဗျ၊ မိုးစွေက ခေါင်းခါလိုက်ပြီးတော့
“ကျုပ်မသွားရဲဘူးဗျာ၊ ကျုပ်က စေတီလှတောဘက်ကိုသာ အကြောက်အလန့်မရှိသွားရဲတာဗျ၊ ကျုပ်မိဘတွေသေထားတဲ့ လယ်ထဲကိုတော့ မဆင်းရဲဘူး၊ မဆင်းးဝံ့ဘူးဗျာ”
“မကြောက်စမ်းပါနဲ့ မိုးစွေရာ၊ ငါလည်းပါပါတယ်ကွ၊ ကဲ လိုက်ပို့မယ်မဟုတ်လား”
မိုးစွေက ဒီတော့မှ ခေါင်းညိတ်ရင်း
“ဟုတ်ကဲ့၊ ဒါဆို နေမဝင်ခင် အမြန်ရောက်အောင်သွားကြတာပေါ့ဗျာ”
ဦးဘသာအစွမ်းကိုတော့ မိုးစွေက ယုံတဲ့ပုံပါပဲဗျာ၊ ဒီလိုနဲ့ မိုးစွေက ပုဆိုးသွားလဲဝတ်တော့ ကျုပ်လည်း ဦးဘသာကိုလက်ကုပ်လိုက်တာပေါ့။
“ဦးဘသာ၊ ဒီလယ်တွေက ဘာဖြစ်နေလို့လဲဗျ”
“ကြည့်ရတာ ဒီကိစ္စမှာတော့ ငါတို့ဝင်ပါမှ ဖြစ်တော့မယ်ထင်ပါတယ်ကွာ”
(၃)
ဒီလိုနဲ့ ကျုပ်တို့သုံးယောက် ပေတောရွာကနေ အနောက်ဘက်ကိုထွက်ခဲ့တယ်ဗျ၊ ကျုပ်တို့အရှေ့ဆုံးက မိုးစွေကသွားနေတယ်၊ အနောက်မှာတော့ ဦးဘသာက ဝါးစိမ်းတုတ်ကလေးတစ်ချောင်းကိုင်ရင်း သွားနေတယ်ဗျ၊ နောက်ဆုံးကတော့ ကျုပ်ပေါ့ဗျာ၊ ပေတောရွာ အနောက်ဘက်မှာ လယ်ကွင်းတွေအများကြီးပဲရှိတယ်ဗျ၊ အဲဒီလယ်ကွင်းတွေရဲ့ အစွန်လောက်မှာတော့ ချုံနွယ်ပိတ်ပေါင်းတွေထနေတဲ့ တောရိုင်းမြေကြီးတစ်ခုရှိတာပေါ့ဗျာ၊ အဲဒီတောရိုင်းမြေကြီး အလယ်မှာ ထန်းပင်သုံးပင်က အတန်းလိုက်ပေါက်နေပါသေးတယ်၊ မိုးစွေက အဲဒီနေရာကိုလက်ညှိုးထိုးပြပြီးတော့
“ဆရာကြီး၊ အဲဒီလယ်ပါပဲ”
“အေး၊ ငါအနီးကပ်သွားကြည့်ချင်တယ်ကွာ”
မိုးစွေက ဦးဘသာကိုတစ်ချက်ကြည့်တယ်၊ နောက်တော့မှ အရှေ့ကနေ ကုပ်ချောင်းချောင်းနဲ့ဆက်လျှောက်သွားတာပါပဲဗျာ၊ ရွာကနေ ကွမ်းတစ်ယာညက်လောက်လျှောက်ပြီးတော့ အဲဒီနေရာကိုရောက်တယ်ဗျ၊ လမ်းခရီးမှာတော့ ထူးထူးဆန်းဆန်း ဦးဘသာ မိုးစွေကို ကွမ်းတစ်ယာထုတ်ကျွေးတယ်ဗျ။
“မောင်မိုးစွေ၊ မင်း ကွမ်းစားတတ်သလား”
“ဟုတ်ကဲ့၊ တစ်ခါတစ်လေစားပါတယ် ဆရာကြီး”
“အေး၊ ဒါဆိုရင် ဒီကွမ်းလေးစားလိုက်ကွာ”
ဦးဘသာက မိုးစွေကို ကွမ်းတစ်ယာလှမ်းပေးတယ်ဗျ၊ မိုးစွေကလည်း ကြောင်တောင်တောင်နဲ့ဦးဘသာကိုကြည့်နေတယ်၊
“ဟေ့ကောင်လေး၊ မင်းကိုလူကြီးတွေပြောတာ နားထောင်ဖို့ မင်းဘကြီးက သင်မထားပေးဘူးလားကွ”
ဦးဘသာက ငေါက်လိုက်တော့မှ မိုးစွေက ကွမ်းယာကိုယူပြီးတော့ ပါးစပ်ထဲကိုပစ်ထည့်လိုက်တော့တာပဲဗျာ၊ မိုးစွေက ဆက်လျှောက်သွားတော့ ဦးဘသာအနားကို ကျုပ်ကပ်ပြီး လက်ဝါးဖြန့်လိုက်တာပေါ့။
“အောင်မယ်၊ မင်းကဘာလိုချင်တာလဲ”
“ကျုပ်လည်း ကွမ်းတစ်ယာလောက်ပေးလေဗျာ၊ လမ်းသွားရင်း ပျင်းတော့ဝါးချင်လို့”
“မရှိဘူးဟေ့၊ ကွမ်းက တစ်ယာထဲပါတာကွ”
ဦးဘသာက ခပ်ဆတ်ဆတ်ပြောပြီးတော့ လမ်းဆက်လျှောက်သွားတော့တာပဲဗျာ။
ချုံတွေထူလိုက်တာကတော့ ပြောမနေပါနဲ့ဗျာ၊ မစိုက်မပျိုးတာကြာလို့ သစ်ပင်ပေါင်းစုံကလည်း အလေ့ကျပေါက်ပြီးတော့ တောအုပ်ကလေးလိုတောင်ဖြစ်နေပြီဗျ၊ လူတစ်ရပ်မြင့်တဲ့ သစ်ပင်ကလေးတွေအောက်ကနေ ကျုပ်တို့ချုံထဲကိုတိုးခဲ့ကြတယ်၊ အချိန်က နေမဝင်သေးပေမယ့် အဲဒီချုံတွေအောက်ရောက်တော့ အေးစိမ့်ပြီးတော့ မှောင်ရိပ်ကျနေတယ်ဗျ။
“ဆ၊ ဆရာကြီး ကျုပ်တော့ဆက်မနေဝံ့တော့ဘူးနော်”
“ငါရှိပါတယ်ဆိုကွာ၊ မင်းတို့အဖေအမေတွေ သေခဲ့တဲ့ လယ်စောင့်တဲကလေးက ဘယ်အနားလောက်လဲကွ”
“လူကြီးတွေပြောတာတော့ ဟောဟိုထန်းသုံးပင်အောက်နားမှာ လယ်တဲကလေးရှိခဲ့ဖူးတယ်တဲ့ဗျ”
ဦးဘသာက တောအုပ်ကိုဆက်တိုးသွားတယ်ဗျ၊ ကျုပ်လည်း ဆက်လိုက်လာတာပေါ့ဗျာ၊ အနောက်ကတော့ မိုးစွေပေါ့၊ ကျုပ်တို့တိုးလာခဲ့ပြီး ထန်းသုံးပင်အနားကိုရောက်တော့ မြေကြီးက ပြောင်ပြောင်ကလေးဖြစ်နေတယ်ဗျ၊ ဦးဘသာက ထန်းပင်တွေအပေါ်ကိုမော့ကြည့်လိုက်တယ်၊ ထန်းပင်တွေက ထန်းတက်မယ့်လူမရှိတာကြောင့် ထန်းဖလက်တွေက တွဲလောင်းကျနေပြီးတော့ အရုပ်ဆိုးတာပေါ့ဗျာ။
ဒီအချိန်မှာပဲ ကျုပ်တို့အနောက်က ချုံတိုးသံကြားရတယ်ဗျ၊ ကျုပ်နဲ့မိုးစွေလည်း ကြောက်ကြောက်နဲ့လှည့်ကြည့်လိုက်တာပေါ့ဗျာ၊ ဘာမှတော့မတွေ့ဘူးဗျ၊ နောက်တော့ ချုံတိုးသံတွေက တစ်နေရာထဲကနေမဟုတ်ဘဲ ကျုပ်တို့ကိုပတ်ပြီးတော့ လှည့်ပတ်ပြေးနေသလိုပဲဗျ၊ မကြာပါဘူး၊ အဲဒီအနားက ချုံတွေအားလုံးကို လူတွေကလှှုပ်နေသလိုမျိုး တဖြန်းဖြန်းနဲ့လှုပ်နေပါရောလားဗျာ၊ မိုးစွေလည်း တော်တော်ထိတ်လန့်နေတာနဲ့ ပြန်ပြေးဖို့လုပ်တာပေါ့။
“ဟေ့၊ ဘယ်သူမှ မပြေးနဲ့နော်၊ ငါရှိတယ်၊ ဘာမှမကြောက်နဲ့၊ မင်းတို့ပြေးတော့မှ ပိုဆိုးသွားမယ်ကွ”
ထွက်ပြေးချင်တဲ့မိုးစွေတောင် ဦးဘသာစကားကြားပြီးတော့ ငြိမ်ကုပ်သွားတယ်။ ခဏကြာတော့ သစ်ပင်တွေလည်း ပြန်ပြီးငြိမ်သွားတယ်ဗျ၊ ကျုပ်တို့ဖြင့် သက်ပြင်းချမလိုရှိသေးတယ်၊ ချုံတွေကြားထဲကနေ ကျောက်တုံးတွေ၊ သစ်ကိုင်းခြောက်တွေထွက်လာပြီး ကျုပ်တို့ကိုလာထိပါရောဗျာ၊ ကျောက်တုံးသေးသေးလေးတွေ သစ်ကိုင်းလေးတွေဆိုတော့ သိပ်တော့မနာဘူးဗျ၊ ထိမိရင် စပ်ရုံစပ်သွားတာ။ ဦးဘသာက ပတ်ဝန်းကျင်ကိုတစ်ချက်ဝေ့ကြည့်ပြီးတော့
“ဟေ့၊ ဘယ်သူခြောက်နေတာလဲကွ၊ သတ္တိရှိရင် အကောင်အထည်ပြစမ်း”
လို့အော်လိုက်တော့ ပစ်ခတ်နေတာတွေရပ်သွားပြီးတော့ ထန်းပင်ကြီးပေါ်ကနေ တဂျွတ်ဂျွတ်အသံကိုကြားရတာပဲဗျာ၊ ကျုပ်တို့သုံးယောက်သား မော့ကြည့်လိုက်တော့ ထန်းပင်ထိပ်နားကနေ အကောင်ကြီးတစ်ကောင်က ကုပ်ဖက်ပြီးတော့ ဇောက်ထိုးကြီးဆင်းလာတာပဲဗျာ၊ အရောင်အသွေးကတော့ ထန်းသီးရောင်လို မည်းမည်းပြောင်ပြောင်နဲ့ဗျာ၊ ခြေတံလက်တံရှည်ရှည်နဲ့ အကောင်ကြီးပေါ့၊ ကျုပ်နဲ့မိုးစွေလည်း အဲဒီအကောင်ကြီးကိုတွေ့တော့ လန့်သွားတယ်ဗျ။
“အောင်မယ်လေးသရဲကြီးဗျ”
မိုးစွေလည်း လှည့်ပြေးတော့တယ်ဗျ၊ ဒါပေမယ့် ပြေးမရဘူးဗျို့၊ တစ်ခါ ကျုပ်တို့ခြေထောက်အောက်နား မြေကြီးထဲကနေ လက်ကြီးတစ်ဖက်ထွက်လာပါလေရော၊ လက်က ရွှံ့ရောင်လို ညိုညိုခြောက်ခြောက်ဗျ၊ လက်ချောင်းကြီးတွေကတော့ ပိန်ရှည်ကြီးတွေ၊ လက်ချောင်းတစ်ချောင်းတစ်ချောင်း တစ်ပေလောက်ရှိမယ်ထင်ပါ့ဗျာ၊ အဲဒီလက်က ကျုပ်ခြေထောက်ကိုလာပြီးဖမ်းဆွဲတော့တာပဲဗျာ၊ အထိအတွေ့ကလည်း ခပ်ကြမ်းကြမ်းကြီးဗျာ၊ ကျုပ်လည်း ဦးဘသာပါတယ်ဆိုတာကိုတောင်မေ့ပြီးတော့ လှည့်ပြေးတာပဲဗျို့။
ကျုပ်နဲ့မိုးစွေနဲ့ အနောက်ပြန်လှည့်ပြီးတော့ ခြေကုန်သုတ်ပြေးတာပေါ့ဗျာ၊ ဒါပေမယ့် ကျုပ်လည်းအရှေ့မရောက်သလို မိုးစွေလည်းအရှေ့မရောက်ဘူးဗျ၊ ကျုပ်တို့နှစ်ယောက်ခြေထောက်တွေကို အားကုန်သုံးပြီးပြေးပေမယ့် ကျုပ်ခြေထောက်ကို လက်ကြီးတစ်ဖက်က ဆွဲထားသေးပါရော။
“အောင်မယ်လေး၊ ကယ်ကြပါအုံး၊ သရဲကြီးက ကျုပ်ကိုဆွဲထားတယ်ဗျ”
မိုးစွေက ထအော်တယ်ဗျ။
“ဟေ့ကောင်မိုးစွေ မင်းကိုသရဲဆွဲထားတာမဟုတ်ဘူးကွ၊ ငါဆွဲထားတာ”
ဦးဘသာက ထအော်တော့မှ မိုးစွေကလှည့်ကြည့်လိုက်တော့ သူ့အင်္ကျီဂုတ်စကို ဦးဘသာက ဆွဲထားတယ်ဗျ၊ ဒါကြောင့် မိုးစွေက ပြေးမရတာကိုး။ ကျုပ်လည်းပြေးနေတာကိုရပ်ပြီးတော့
“ဒါဆိုရင် ကျုပ်ကိုရော ဦးဘသာဆွဲထားတာလား”
လို့ပြောပြီး ခြေထောက်အောက်ကိုငုံ့ကြည့်တော့ မြေကြီးထဲကနေ လက်ကြီးတစ်ဖက်ကိုတွေ့ရတယ်။ ကျုပ်တို့တော့ ဦးဘသာကဆွဲထားတာမဟုတ်ဘူးဗျို့၊ သရဲကြီးက ဆွဲထားတာဗျ၊ ကျုပ်ကြည့်နေတုန်းမှာပဲ သရဲကြီးတစ်ကောင်က မြေကြီးထဲကနေ တိုးထွက်လာတယ်၊ မာကြောကြမ်းတမ်းတဲ့ မြေပြင်ကြီးက မသိရင်ရေပြင်ကြီးကျနေတာပဲဗျာ၊ တစ်ကိုယ်လုံးအမွှေးတွေနဲ့ ဖုံးနေတဲ့ အကောင်တစ်ကောင်ဗျို့၊ မျက်တွင်းတွေက နက်နေပြီးတော့ မျက်လုံးတွေကလည်း မည်းမည်းကြီးတွေဗျ။
“ဟေ့ကောင်တွေ၊ ဘာမှမကြောက်နဲ့၊ ဒါဘယ်သူလဲဆိုတာ သိကြသလားကွ”
ကျုပ်လည်းခေါင်းခါလိုက်တယ်ဗျ၊ ဦးဘသာ ထန်းပင်ပေါ်ကဇောက်ထိုးဆင်းလာတဲ့အကောင်ကြီးကိုလက်ညှိုးထိုးပြီးတော့
“စံပေါရေ၊ မင်းလူရုပ်အတိုင်း ကိုယ်ထင်ပြစမ်းဟေ့”
ဦးဘသာပြောပြီး မကြာပါဘူး၊ ထန်းပင်ပေါ်ကဆင်းလာတဲ့အကောင်ကြီးက လူပုံစံဖြစ်သွားတယ်ဗျ၊ အကျီကြမ်းတစ်ထည်ကို ရင်ဘတ်ဖွင့်ဝတ်ထားပြီးတော့ အောက်ကလည်း ဒူးလောက်သာသာရှိတဲ့ ပုဆိုးကိုဝတ်ထားတဲ့ လူတစ်ယောက်အဖြစ်ပြောင်းသွားတာပေါ့ဗျာ၊ မိုးစွေကတော့ အံ့သြလွန်းလို့ ပါးစပ်ကြီးဟပြီးတော့ ကျောက်ရုပ်ကြီးလိုရပ်နေတယ်ဗျ။
ဒီလူကြီးကလည်း သူ့လက်ချောင်းတွေကို သူပြန်ငုံ့ကြည့်ပြီးတော့
“ကျုပ် . . . ကျုပ် လူပုံစံပြန်ဖြစ်ပြီဗျ”
အသံကွဲအက်အက်ကြီးနဲ့အော်တယ်၊ ဒီလိုပဲ ကျုပ်ခြေထောက်ကိုကိုင်ထားတဲ့ သရဲကြီးကလည်း တဖြည်းဖြည်းနဲ့ ဘီးဆံပတ်ကြီးထုံးထားတဲ့ မိန်းမတစ်ယောက်အဖြစ်ပြောင်းသွားတယ်ဗျ၊ အဲဒီမိန်းမက မြေပေါ်မှာဆောင့်ကြောင့်ထိုင်ရင်း ကျုပ်ခြေထောက်တွေကိုလှမ်းကိုင်ထားတာ၊ ဒီတော့မှ မိုးစွေက သတိဝင်လာတယ်။
“စံပေါ၊ စံပေါဆိုတော့ ဟောဟိုက ကျုပ်အဖေစံပေါလား”
ဦးဘသာက ခေါင်းညိတ်လိုက်တယ်ဗျ။ မိုးစွေက ကျုပ်ခြေထောက်ကို ကိုင်ထားတဲ့ မိန်းမကြီးကိုကြည့်လိုက်ရင်း
“ဒါကတော့ ကျုပ်အမေ ခင်ခင်ဆိုတာလား”
ဒီတော့မှ မိန်းမကြီးက ကျုပ်လက်ကိုလွှတ်လိုက်ပြီးတော့ မိုးစွေဘက်ကိုလှည့်ကြည့်တယ်ဗျ၊ အဲဒီမိန်းမက မိုးစွေကိုစိုက်ကြည့်ပြီးတော့
“သား . . . သားလေး”
မိုးစွေက တအံ့တသြနဲ့ကြည့်နေရင်း မျက်ရည်တွေ ပေါက်ခနဲပေါက်ခနဲ စီးကျလာပါရောဗျာ၊ ပြီးတာနဲ့ သူ့အမေဆီကိုပြေးသွားတယ်၊
“အမေ၊ အမေ့ကိုကျုပ်မြင်ဖူးပြီ၊ အဖေ့ကိုလည်း ကျုပ်မြင်ဖူးပြီဗျ”
မိုးစွေက သူ့အမေလက်တွေကိုပြေးဆွဲတယ်ဗျ၊ ဒါပေမယ့် သရဲမကြီးက အကိုင်မခံဘူး၊ လက်ကိုရှောင်နေတယ်။ ကျုပ်တောင်မှ သူတို့သားအမိတွေကို ဘေးနားကနေကြည့်နေရင်း ရင်ထဲတစ်ဆို့ဆို့ကြီးဖြစ်လာတယ်ဗျ။
“ကျုပ် တစ်သက်နဲ့တစ်ကိုယ် အမေတို့ကိုမမြင်ဖူးဘူးဗျာ၊ အခုမှပဲ မြင်ရပြီ”
ဒီတော့ ထန်းပင်အနားမှာ ရပ်နေတဲ့ ဦးစံပေါက သူ့သားဆီကိုပြေးလာတယ်။
“သားရယ်၊ အဖေတို့လည်း သားဆီကိုလာချင်ပါတယ်၊ သားကိုတွေ့ချင်လွန်းလို့တောင်မှ သားငယ်ငယ်က အဖေတို့လှမ်းခေါ်ဖူးတယ်သား”
“တွေ့ချင်ရင် လာတွေ့ပေါ့အဖေရ၊ သားက ရွာမှာရှိတာပဲကို”
မိုးစွေပြောလိုက်တော့ ဦးစံပေါရော၊ ဒေါ်ခင်ခင်ရော မျက်နှာပျက်သွားကြတယ်ဗျ။
“သားရွာမှာရှိနေတာသိပေမယ့် အမေတို့သားဆီကို မလာနိုင်ပါဘူးသားရယ်၊ ကဲ အခုတော့ သားကိုအမေပြန်တွေ့ရပြီ၊ အမေတို့နဲ့အတူတူဒီမှာလာနေပါလားသား”
ဒီတော့ ဦးဘသာက ချောင်းဟန့်လိုက်ပြီး
“ဟဲ့ခင်ခင်၊ နင်တို့သားနဲ့ နင်တို့နဲ့က ဘဝတွေခြားနေပြီဟဲ့၊ နင်တို့ဘဝနဲ့နင်၊ သူ့ဘဝနဲ့သူ ရှိစေတော့ပေါ့ဟာ”
ဒေါ်ခင်ခင်က ဦးဘသာကို ဒေါသတကြီးနဲ့ကြည့်လိုက်ပြီးတော့
“အောင်မာ၊ အဘိုးကြီး၊ ရှင်နဲ့ဘာဆိုင်လို့ ဝင်ပါရတာလဲ”
ပြီးတော့ မိုးစွေလက်ကိုလှမ်းဆွဲလိုက်တယ်ဆိုရင်ပဲ ဒေါ်ခင်ခင်လက်က ရှဲခနဲထမြည်ပြီးတော့ တစ်ချက်တွန့်သွားတယ်ဗျ။ မိုးစွေကတော့ မသိဘူးထင်ပါရဲ့။
“အမေ၊ အမေ”
ဆိုပြီးတော့ သူ့အမေကိုလက်ကမ်းပေမယ့် သူ့အမေက မကိုင်ဝံ့ဘူးဗျာ။
“မကိုင်နဲ့၊ အမေ့ကိုမကိုင်နဲ့၊ အမေ့ကိုမကိုင်နဲ့”
ဦးဘသာက ခါးထောက်ပြီး
“နင်တို့သားကို နင်တို့ခေါ်သွားမရအောင် အစီအမံလုပ်ပေးပြီးသားဟဲ့၊ နင်တို့သဘောပေါက်လိုက်ကြ၊ ကဲ ကဲ ငါကောင်းကောင်းမွန်မွန်ပြောနေတုန်း နင်တို့ပစ္စည်းတွေထုတ်ပေးကြ”
ဦးစံပေါက ဦးဘသာကိုကြည့်ရင်း
“အောင်မာ၊ ခင်ဗျားကြီးက လူပါးဝလို့”
ဦးစံပေါက ချက်ချင်းပဲ သရဲပုံကြီးပြန်ဖြစ်သွားပြီးတော့ ဦးဘသာဆီကိုအတင်းခုန်ဝင်တာပါပဲဗျာ၊ ဦးဘသာက လက်ထဲကဝါးစိမ်းတုတ်ကလေးနဲ့ လှမ်းရိုက်ထည့်လိုက်တော့ ဝုန်းခနဲအသံနဲ့အတူ သရဲကြီးဦးစံပေါက မြေပြင်ပေါ်ကို မှောက်ခုံကြီး ကျသွားတော့တာပဲဗျာ၊ ကျသွားပြီး တော်တော်နဲ့ပြန်မထနိုင်ဘူးဖြစ်နေတယ်ဗျ၊ ဒေါ်ခင်ခင်ကလည်း သရဲကြီးဖြစ်ပြီး ဦးဘသာကိုလွှားခနဲအုပ်ပါရော၊ ဒါပေမယ့် ဦးဘသာက မတ်တပ်ရပ်နေတဲ့နေရာကနေ ရုတ်ခြည်းပျောက်သွားပြီးတော့ ခပ်လှမ်းလှမ်းမှာသွားပေါ်တယ်ဗျ၊ ဒေါ်ခင်ခင်က စိတ်ဆိုးသွားပြီး ဦးဘသာကို ဖားတစ်ကောင်လိုမျိုး ခုန်အုပ်ပြန်ရောဗျာ၊ ဒါပေမယ့် ဦးဘသာကိုမထိပါဘူး၊ သူခုန်အုပ်လို့ ဦးဘသာကိုထိလုထိခင်မှာပဲ ဦးဘသာက လှစ်ခနဲပျောက်သွားပြီးတော့ ဆယ်ပေလောက်ဝေးတဲ့တစ်နေရာမှာ ပြန်ပေါ်သွားရောဗျ၊ ဒီတော့ လက်ထဲက ဝါးစိမ်းတုတ်ကလေးကို မိုးပေါ်ကိုလှမ်းပစ်တင်လိုက်ပြီးတော့
“သရဲမကို ရိုက်စမ်းဟေ့”
လို့ အမိန့်ပေးလိုက်တာနဲ့ ဝါးစိမ်းတုတ်ကလေးက သူ့အလိုလိုလေပေါ်ပျံသွားပြီးတော့ သရဲမကိုတဖြန်းဖြန်းနဲ့ရိုက်တော့တာပါပဲဗျာ၊ လက်သန်းလုံးလောက်ရှိတဲ့ ဝါးစိမ်းတုတ်ဆိုပေမယ့် သူတစ်ချက်တစ်ချက်ရိုက်လိုက်ရင် သရဲမခမျာ ကျောကော့အောင်ကို ခံရတာပဲ၊ ဝါးစိမ်းတုတ်ကလည်း သရဲမကို ကျောတွေ၊ ရင်တွေ လှိမ့်ရိုက်တော့တာဗျ။
(၄)
“မရိုက်ပါနဲ့တော့၊ အမေ့ကို မရိုက်ပါနဲ့တော့”
မိုးစွေက ပြေးဝင်လာပြီး တုတ်ကိုအတင်းလိုက်ဖမ်းတယ်ဗျ၊ ဦးဘသာလည်း သနားသွားတယ်ထင်ပါရဲ့ဗျာ၊ လက်ဝါးဖြန့်ပြီး မိုးပေါ်ထောင်လိုက်တော့ ဝါးစိမ်းတုတ်ကလေးက လှစ်ခနဲပျံထွက်ပြီးတော့ ဦးဘသာလက်ထဲကိုပြန်ရောက်သွားပါရော။
ဒီအချိန်မှာပဲ ကျုပ်ကိုအနောက်ကနေ တစ်ယောက်ယောက်က အားနဲ့ဆွဲပွေ့ဖက်လိုက်တယ်ဗျ၊ ကျုပ်ကိုယ်ကျုပ်ငုံ့ကြည့်လိုက်တော့ လက်မည်းမည်းကြီးက ကျုပ်ကိုအတင်းဖက်ထားတယ်၊ ပြီးတာနဲ့ ထန်းပင်ကြီးပေါ်ကို ပြေးတက်တော့ ကျုပ်လည်း ထန်းပင်အပေါ်ကိုပါသွားတာပေါ့ဗျာ၊ ထန်းပင်တက်တာလည်း မြန်သလားမမေးနဲ့ဗျာ၊ ရိပ်ခနဲ ထန်းပင်ထိပ်နားကိုရောက်သွားတာဗျ၊ ကျုပ်ကိုဖမ်းသွားတဲ့လူကတော့ သရဲကြီးဦးစံပေါပေါ့ဗျာ။
“ဟား၊ ဟား၊ ကျုပ်သားကိုခေါ်မရရင်၊ ဒီကောင်လေးကိုခေါ်ထားမယ်၊ ခင်ဗျားကြီး ကျုပ်သားကိုခေါ်ခွင့်မပေးဘူးဆိုရင် ဒီကောင့်ကို ကျုပ်ထန်းပင်ပေါ်ကနေပစ်ချမယ်”
အသံကွဲကွဲကြီးနဲ့ပြောတာဗျ၊ ထန်းပင်ကမြင့်တော့ လေတွေက တဝူးဝူးနဲ့တိုက်နေတာဗျာ၊ ကျုပ်ဖြင့် အောက်ကိုကြည့်ပြီးတော့ အသည်းတအေးအေးနဲ့ပေါ့၊ တကယ်ပါ၊ ထန်းပင်ဘယ်လောက်မြင့်သလဲဆိုရင် အောက်က ဦးဘသာတို့ကိုတောင် ခပ်သေးသေးပဲမြင်ရတာဗျ။
“ကယ်ပါအုံး၊ ဦးဘသာ ကျုပ်ကိုကယ်ပါအုံး”
ဦးဘသာက ထန်းပင်ပေါ်ကို ဝါးစိမ်းတုတ်နဲ့လှမ်းညွှန်ရင်း
“ဟေ့ကောင်စံပေါ၊ အလတ်ကောင်ကို ချထားလိုက်စမ်း”
“ဟီး၊ ဟီး မချပေးဘူး၊ ကျုပ်သားကို ကျုပ်တို့ပြန်ခေါ်မယ်”
“အောင်မာ၊ မင်းတို့ကတော့ ငါ့အကြောင်းသိချင်နေပြီထင်တယ်ကွ”
ဦးဘသာဘာလုပ်လိုက်သလဲတော့မသိပါဘူးဗျာ၊ အဲဒီထန်းပင်ထိပ်က ထန်းလက်တွေက ယပ်တောင်ကြီးတွေလို လုှုပ်လာပြီးတော့ သရဲကြီးဦးစံပေါကို တဖြန်းဖြန်းနဲ့ရိုက်ပါလေရောဗျာ၊ ထန်းလက် လေးငါးလက်က ဝိုင်းရိုက်တာဆိုတော့ တဖြန်းဖြန်း၊ တခွပ်ခွပ်နဲ့ပေါ့၊ ဒီတော့မှ ဦးစံံပေါက
“ကြောက်ပါပြီ၊ မလုပ်ပါနဲ့တော့” လို့အော်ပြီးတော့ ဘာမပြောညာမပြောနဲ့ ကျုပ်ကိုဖမ်းထားတဲ့လက်ကို လွှတ်ချလိုက်တယ်ဗျာ၊ ကျုပ်လည်း ထန်းပင်ပေါ်ကနေ ပြန်ကျတာ အေးခနဲပဲဗျို့၊ ကိုယ့်ကိုယ်ကိုယ်တော့ သေပြီထင်တာဗျ၊ ဒီလောက်အမြင့်ကြီးကနေ ဇောက်ထိုးကြီးပြုတ်ကျတာကိုး၊ ဒါပေမယ့် မြေကြီးပေါ်ကိုမကျခင် ကျုပ်ကိုယ်လုံးက တစ်ပတ်လည်သွားပြီးတော့ ဟော၊ မြေကြီးပေါ်လည်းရောက်ရော မတ်တပ်ကြီးဗျာ၊ မသိရင် တစ်ယောက်ယောက်ကဖမ်းပြီးတော့ မတ်တပ်ရပ်ပေးလိုက်သလိုပဲဗျ။
ဦးဘသာက ထန်းပင်ပေါ်က သရဲကြီးဦးစံပေါဆီကို လက်ဝါးနဲ့ထိုးချိန်လိုက်ပြီးတော့
“ဟေ့ကောင်လာစမ်း”
ဆိုတာနဲ့ ထန်းပင်ပေါ်က သရဲကြီးက ဖုတ်ခနဲမြေကြီးပေါ်ကိုပြုတ်ကျပြီးတော့ ဦးဘသာရဲ့လက်ထဲကို သူ့အလိုလိုရောက်သွားတယ်၊ ဦးဘသာက သရဲကြီးရဲ့ နဖူးကို သူ့လက်ဝါးနဲ့ကပ်ထားတာပေါ့။ တစ်ခါ ဝါးစိမ်းတုတ်ဒဏ်မိပြီးတော့ လူးလှိမ့်နေတဲ့ သရဲမကြီးခင်ခင်ကိုလည်း လက်နဲ့ချိန်လိုက်တော့ အဲဒီလိုပဲ ဦးဘသာဆီကို တရွတ်တရွတ်နဲ့ရောက်သွားပြီးတော့ ဦးဘသာလက်မှာ နဖူးကပြေးကပ်သွားတယ်။
“ငါအခုလာတယ်ဆိုတာ၊ မင်းတို့ရဲ့အစွဲတွေကို ချွတ်ပေးဖို့လာတာပဲဟေ့”
ဦးဘသာ ကြိမ်းဝါးလိုက်ပြီးတော့ သူ့လက်ကနေ ရွှေရောင်တွေဝင်းခနဲလက်သွားတယ်၊ သူစက်တွေလွှတ်လိုက်တာပဲဗျ၊ ဒီအချိန်ပဲ သူ့လက်နှစ်ဖက်မှာ ကပ်နေတဲ့ သရဲလင်မယားက လွင့်ထွက်သွားပြီးတော့ ထန်းပင်နဲ့ဖြတ်တိုက်မိပြီးတော့ ထန်းပင်ခြေရင်းမှာ ပုံပုံကလေးခွေကျသွားတာပေါ့ဗျာ။
ပြီးတာနဲ့ အမြန်ကုန်းထပြီးတော့ ဒူးထောက်ပြီးလက်အုပ်ချီတော့တာပါပဲ။
“ကြောက်ပါပြီဆရာကြီး၊ ကျုပ်တို့ကြောက်ပါပြီ”
“ပြောစမ်း၊ မင်းတို့ရွှေအိုးဘယ်မှာဝှက်ထားသလဲ”
ကျုပ်ဖြင့်မယုံနိုင်ဘူး။
“ဗျာ၊ ရွှေအိုးတဲ့လား”
သရဲမကြီးခင်ခင်က သရဲကြီးဦးစံံပေါကိုကြည့်လိုက်ပြီးတော့ ဦးစံပေါက ငိုက်စိုက်စိုက်နဲ့ထသွားပြီး ထန်းပင်သုံးပင်အကြားလောက်မှာရှိတဲ့ မြေကြီးကို လက်နဲ့စွက်ခနဲ နှိုက်လိုက်တယ်ဗျ၊ မြေမာမာကြီးကိုနှိုက်တာက မသိရင် ရေထဲနှိုက်လိုက်သလိုပဲဗျာ၊ ပြန်ပေါ်လာတော့ လက်ထဲမှာ ဘုရားညောင်ရေအိုးလောက်ရှိမယ့် ရေအိုးကလေးတစ်လုံးပါလာတယ်ဗျ၊ အိုးကလေးက ရွှေရောင်လက်နေတာပဲဗျာ၊ အထဲမှာလည်း ရွှေမန်ကျည်းစေ့တွေ ထည့်ထားသေးတယ်။
သရဲကြီးဦးစံပေါက ဦးဘသာအရှေ့ကိုသွားပြီးတော့ အဲဒီရွှေအိုးကို ချပေးတယ်ဗျ၊ ကျုပ်လည်း ပြေးကြည့်တာပေါ့ဗျာ၊ မိုးစွေလည်း တော်တော်အံ့သြလို့ပေါ့။ ဦးဘသာက ရွှေအိုးကိုသေချာကြည့်ပြီးတော့
“ဒီပစ္စည်းက မင်းတို့နဲ့မထိုက်ဘူးကွ၊ မင်းတို့ဘယ်က ရလာတာလဲ၊ အဲဒီနေရာကို သွားပြန်ပေးလိုက်ကြ”
သရဲကြီးဦးစံပေါက ခေါင်းကိုသွက်သွက်ခါတယ်ဗျ။
“မထားဘူး၊ ဒါကျုပ်တို့ပစ္စည်း၊ ဒါ ကျုပ်တို့ရဲ့ဟာ”
“ဘုရားပစ္စည်းအဆိပ်သီးတဲ့ကွ၊ မင်းတို့မယူကောင်းဘူးနော်၊ ဒီပစ္စည်းကြောင့် မင်းတို့လင်မယားတွေ ဒီလိုဖြစ်ခဲ့တာမဟုတ်လား၊ အခုလည်း ပစ္စည်းကိုစွဲနေလို့ မစားရမသောက်ရ နှစ်ရှည်လများ ဒီမှာစောင့်ရှောက်နေရတယ်မဟုတ်ဘူးလား”
သရဲကြီးဦးစံပေါက ငူငူကြီးထိုင်နေတယ်။ ကျုပ်လည်း မေးချင်တာ မနေနိုင်တော့ဘူးဗျာ။
“ဦးဘသာ၊ ဦးဘသာက ဘာလို့ဒီကိစ္စတွေကို သိနေတာလဲဗျ”
ဦးဘသာက ကျုပ်ဘက်ကိုလှည့်ကြည့်ပြီးတော့
“မင်းနဲ့ ကိုထွန်းရင်နဲ့ မနက်က မိုးစွေမိဘတွေအကြောင်းပြောနေတယ်မဟုတ်လားကွ၊ ဒီအချိန်မှာ ဘာဖြစ်မှန်းမသိဘဲ သေသွားတယ်ဆိုတာကို ငါကထူးဆန်းသွားတာနဲ့ ရွာတော်ရှင်ဆီကို မနောနဲ့လှမ်းဆက်သွယ်ပြီးမေးလိုက်တာကွ”
အခုမှပဲ ကျုပ်သိတော့တယ်၊ ဒါကြောင့် မနက်က စကားပြောနေရင်း ဦးဘသာက တစ်ခုခုကိုတွေးသလိုလိုမျိုး ကြောင်စီစီကြီးဖြစ်နေတယ်မဟုတ်လား။
“ရွာတစ်ရွာမှာ ဘာဖြစ်ခဲ့တယ်ဆိုတာကို ရွာတော်ရှင်တွေက မီတယ်ကွ၊ ငါလည်း မေးကြည့်တော့မှ သူတို့လင်မယားက ဘုရားပစ္စည်းတစ်ခုကို ရသွားတယ်တဲ့၊ အဲဒါကို ဘုရားသိုက်က လူတွေက ပြန်တောင်းတာကို မပေးကြလို့ သူတို့ကိုသတ်လိုက်တယ်ဆိုပဲ”
ဦးစံံပေါက အသံပြဲကြီးနဲ့ငိုတယ်ဗျ။
“ဟုတ်ပါတယ်ဗျာ၊ ကျုပ်တို့ယူမိပါတယ်”
“မင်းတို့ ဘယ်ကရတာလဲကွ”
“ကျုပ်က တစ်ရက်တော့ ထင်းခွေထွက်ရင်း ဖွတ်တွေ့တာနဲ့ လိုက်မိပါတယ်၊ တောတန်းထဲက တောင်ပို့ကလေးတစ်ခုအောက်ကို ဖွတ်ဝင်သွားတယ်အထင်နဲ့ နှိုက်ရင်း ဟောဒီရွှေအိုးကိုတွေ့တာပါ”
“လတ်စသတ်တော့ မင်းနှိုက်တာက တောင်ပို့မှမဟုတ်ဘဲကွ၊ ရှေးခေတ်ကတည်ထားခဲ့တဲ့ ဘုရားတစ်ဆူဆူဖြစ်မှာပေါ့”
“ဟုတ်မှာပါ၊ ကျုပ်လည်း ရွှေအိုးတွေ့လို့ပျော်သွားပြီးတော့ အိမ်ပြန်သယ်ဖို့ယူပါတယ်၊ ဒါပေမယ့် ရွာကလူတွေသိသွားမှာစိုးတဲ့အတွက် အိမ်ကိုပြန်မသယ်တော့ဘဲနဲ့ လယ်ထဲကိုသယ်လာပြီးတော့ လယ်တဲရဲ့တိုင်အောက်ခြေနားမှာ မြှုပ်ထားလိုက်ပါတယ်”
ဒီတစ်ခါတော့ ကျုပ်လည်း ဦးစံပေါပြောတာကိုထောက်ခံတယ်ဗျ။
“ဟုတ်တယ်ဦးဘသာ၊ ဦးစံပေါက ဒီပစ္စည်းက ဘုရားပစ္စည်းဆိုတာကို သိခဲ့တာမှမဟုတ်တာဗျ၊ ကျုပ်ဆိုရင်လည်း ယူမိမှာပဲ”
ဦးဘသာက သက်ပြင်းတစ်ချက်ချတယ်၊ ဦးစံပေါကလည်း ဆက်ပြောတယ်ဗျ။
“အဲဒီနေ့ညပဲ ကျုပ်တို့လင်မယားနှစ်ယောက် အိပ်မက်တစ်ခုကို အတူတူမက်ပါတယ်၊ အိပ်မက်ထဲမှာတော့ ဒေါသတကြီးနဲ့လူအုပ်ကြီးတစ်အုပ်ရောက်လာပြီးတော့ ကျုပ်တို့ဆီကရွှေအိုးကိုလာပြန်တောင်းတာပါ၊ မပေးရင် ကျုပ်တို့ကိုသတ်ပစ်မယ်ဆိုပြီးတော့ ခြိမ်းခြောက်ပါတယ်၊ တွေ့ခဲ့တဲ့နေရာမှာ ပြန်လာထားဖို့လည်းပြောပါတယ်၊ ကျုပ်တို့လင်မယားအိပ်မက်ကနေနိုးလာပြီးတော့ အစကတော့ ရေအိုးကိုသွားပြန်ထားမလို့ပါပဲ၊ ဒါပေမယ့် စိတ်ထင်လို့မက်တယ်လို့ သတ်မှတ်ပြီးတော့ ပြန်မသွားထားခဲ့ပါဘူး”
“မင်းတို့ တော်တော်မိုက်တဲ့ဟာတွေပဲ”
“သုံးရက်တိတိအိပ်မက်လာပေးပြီးတော့ နောက်တစ်နေ့မှ လာမပေးရင် သူတို့အဆိုးမဆိုနဲ့လို့ ကြိမ်းဝါးပြီးတော့ အိမ်မှာမွေးထားတဲ့ ခွေးကိုသတ်သွားကြပါတယ်၊ ကျုပ်တို့အိပ်မက်က နိုးလို့ထကြည့်တော့ ခွေးကြီးက သေနေပါပြီ”
“ဒါတောင်မှ ခင်ဗျားတို့က ပြန်မပေးကြဘူးလား”
ဦးစံပေါက ခေါင်းခါတယ်။
“ကျုပ်တို့ကတော့ နာနာဘာဝတွေက မကျေနပ်တာဖြစ်မယ်လို့တွေးပြီး အိမ်မှာအလှူလုပ်၊ ပရိတ်ရွတ်မယ်လို့ တွေးမိပြီးတော့ အဲဒီနေ့မှာပဲ ကန်သင်းဖော်မယ်ဆိုပြီးတော့ လယ်ထဲဆင်းရင်း ရွှေအိုးထဲကနေ ရွှေမန်ကျည်းစေ့တွေလာယူတာပါ၊ ကျုပ်မိန်းမ ထမင်းပို့ပြီးအပြန် သူ့ထမင်းတောင်းထဲမျာ ရွှေမန်ကျည်းစေ့တွေ ထည့်ပေးလိုက်မယ်ဆိုပြီးကြံခဲ့တာပါ၊ ဒါပေမယ့် . . .”
“ဘာဖြစ်လဲဗျ”
“ကျုပ်တို့လင်မယားရွှေအိုးကိုပြန်ဖော်မယ်ကြံစည်တုန်းမှာပဲ မြေကြီးထဲက ဘီလူးကြီးတစ်ကောင်ထွက်လာပြီးတော့ ကျုပ်တို့ကိုသေသေချာချာကြည့်ပါတယ်၊ သူ့မျက်လုံးတွေကို ကျုပ်တို့လည်းကြည့်မိပြီးတော့ ဘာဖြစ်သွားမှန်းကိုမသိလိုက်ပါဘူး၊ ကျုပ်တို့ပြန်သတိရလာတော့ ကျုပ်တို့က သေနေပါပြီ”
“ဒါကြောင့် ဖိုးခွေးက ဘာရောဂါမှန်းမသိတာကိုးကွ”
ကျုပ်လည်းမနေနိုင်တော့ဘူးလေဗျာ။
“ဒါနဲ့မေးပါရစေအုံး၊ ခင်ဗျားတို့သေသွားတော့ အဲဒီဘီလူးကြီးက ရွှေအိုးကို ပြန်မယူသွားဘူးလား”
ဦးစံပေါက ခေါင်းခါလိုက်ပြီးတော့
“မြှုပ်ခဲ့တာက ကျုပ်တို့လယ်မှာမို့လို့ ကျုပ်တို့က လယ်ရှင်မြေရှင်လိုဖြစ်နေတော့ သူတို့တူးလို့မရဘူးထင်ပါတယ်၊ ဒါနဲ့ ကျုပ်တို့လည်း ရွှေအိုးကိုစွဲပြီး သရဲကြီးတွေဖြစ်နေတာပါပဲ၊ ကျုပ်တို့ ရွှေအိုးကိုပြန်ဖော်မယ့်လူ လာတဲ့အချိန်ကိုစောင့်နေတာပါ၊ ကျုပ်တို့အထင်ကတော့ တစ်နေ့ကျုပ်တို့သားကလေး ဒီဘက်ကိုလာခဲ့ရင် သူ့ကိုရွှေအိုးမြှုပ်ထားတဲ့နေရာကိုပြခိုင်းပြီးတော့ ဖော်ခိုင်းမလို့ပါ၊ ပြီးရင်တော့ ရွှေအိုးကိုယူပြီး တစ်နယ်တစ်ကျေးကို ထွက်ပြေးခိုင်းမှာပါ”
“တောက်၊ မင်းတို့တော်တော်မိုက်မဲတဲ့သူတွေပဲကွ၊ ဒီရွှေအိုးက မင်းတို့နဲ့တောင်မထိုက်တန်တာ၊ မင်းတို့သားနဲ့ရော ထိုက်ပါ့မလားကွ၊ ရွှေအိုးကြောင့် မင်းတို့သားကို မင်းတို့လိုဖြစ်စေချင်ကြတာလားကွ”
ကျုပ်အခုမှပဲ အားလုံးသဘောပေါက်လိုက်ပါပြီဗျာ၊ လတ်စသတ်တော့ သူတို့လင်မယားက သူတို့သားလေးပြန်လာရင် ရွှေအိုးဖော်ပြီးယူခိုင်းမယ်ဆိုပြီးတော့ စောင့်နေတာကိုးဗျ၊ ဒါကြောင့် ဒီနေရာမှာ လယ်လာလုပ်တဲ့လူတွေ တွေ့သွားမှာစိုးလို့ အမျိုးမျိုးခြောက်လှန့်နေတာပေါ့ဗျာ။ ဦးဘသာက ခါးထောက်လိုက်ပြီး
“မင်းတို့ရွှေအိုးကို ငါမယူဘူူး၊ မင်းတို့သားကိုလည်းမပေးဘူး၊ မင်းတို့တွေ့ခဲ့တယ်ဆိုတဲ့နေရာမှာ သွားထားပေးမယ်၊ မူရင်းပိုင်ရှင်ဆီကိုပို့ပေးမယ်”
ဦးဘသာပြောတော့ သရဲလင်မယားက ခေါင်းခါပြိးငြင်းဆန်ကြတယ်ဗျ။
“အိုတော်၊ ဒီရွှေအိုးကြီးရထားပြီးတော့မှ ကျုပ်တို့က ဘာမှမရပဲဖြစ်တော့မှာပေါ့၊ အနည်းဆုံးတော့ ဒီရွှေအိုးက ကျုပ်တို့တွေ့တာ၊ ရေအဆုံးကုန်းတစ်ဝက်ဆိုသလို ပြန်ပေးရမယ်ဆိုရင်တောင်မှ ကျုပ်တို့သားလေးအတွက် တစ်ဝက်တော့ ယူထားသင့်တယ်မဟုတ်ဘူးလား”
ဦးဘသာက ကျွတ်သပ်ရင်း ခေါင်းခါတယ်။
“သြော်၊ လူတွေ လူတွေ၊ လောဘတက်တာကလည်း သိပ်ကြောက်စရာကောင်းပါလားကွာ၊ ရေအဆုံးကုန်းတစ်ဝက်ဆိုရအောင် ဒီပစ္စည်းတွေက မင်းတို့ပစ္စည်းတွေဟုတ်ရဲ့လား၊ နောက်ပြီး မင်းတို့ကလည်း ဒီအတိုင်းကောက်ရတာဟုတ်လို့လားကွ၊ ငါနောက်ဆုံးအကြိမ်ပြောမယ်နော်၊ မင်းတို့လင်မယား ဒီရွှေတွေကို မမက်မောနဲ့တော့၊ ပြီးတော့ ငါတို့လည်းတစ်ပြားတစ်ချပ်မှမယူဘူး၊ မူရင်းပိုင်ရှင်ဆီကိုပြန်ပေးမယ်”
“ဒါဆို ကျုပ်တို့သားလေးက ဘာမှမရဘူးပေါ့၊ ကျုပ်တို့သားလေးက ဆင်းဆင်းရဲရဲနေရမှာပေါ့”
မိုးစွေက အရှေ့ကိုတက်သွားပြီးတော့
“သားမဆင်းရဲပါဘူးအမေ၊ သားဘကြီးထွန်းရင်တို့အိမ်မှာ ကောင်းကောင်းနေရပါတယ်၊ ထမင်း၀၀စားရပါတယ်အမေ၊ သားကတော့ ဒီမကောင်းတဲ့ရွှေတွေကို မမက်မောတော့ဘူးအမေ”
မိုးစွေက ပြောရင်း ရွှေအိုးကိုလက်နှစ်ဖက်နဲ့ကောက်ကိုင်လိုက်တယ်ဗျ၊ ရွှေတွေက အရည်အသွေးကောင်းလွန်းတာကြောင့် ဒီလောက်မြေကြီးထဲမှာ နှစ်ပေါင်းများစွာနေရတာတောင်မှ ဝင်းလက်နေလိုက်တာဗျာ။ မိုးစွေက သူ့မိဘတွေကိုကျောခိုင်းလိုက်ပြီးတော့
“သားပြန်သွားထားလိုက်မယ်အမေ၊ ဒီက ဆရာကြီးပြောသလိုပဲ၊ ဒီရွှေတွေက ကျုပ်တို့နဲ့မဆိုင်ဘူး”
ဦးစံပေါနဲ့ ဒေါ်ခင်ခင်တို့ကတော့ ရှိုက်ကြီးတငင်နဲ့ငိုယိုနေကြတယ်ဗျ။ ဦးသဘာက သူတို့နှစ်ယောက်အနားကိုကပ်သွားလိုက်ပြီးတော့
“ကဲ နင်တို့နှစ်ယောက် လွတ်လပ်သွားပြီ၊ နင်တို့သွားချင်တဲ့နေရာကိုသွားကြတော့၊ ပြီးတော့ နင်တို့သားနဲ့ နင်တို့နဲ့က ဘဝတွေခြားသွားခဲ့ပြီ၊ နင်တို့လိုယုတ်ညံ့တဲ့ဘဝထဲကို ကလေးကိုဆွဲမသွင်းပါနဲ့တော့၊ သူလည်း သူ့ဘဝနဲ့သူ ရှိပါစေတော့”
ကျုပ်တို့လည်းပြောပြီးတော့ လှည့်ပြန်ခဲ့ကြတယ်၊ မိုးစွေက ခပ်လှမ်းလှမ်းရောက်တော့ ရွှေအိုးကလေးပိုက်ပြိးတော့ နောက်ပြန်လှည့်ကြည့်တယ်ဗျ။
“အဖေ၊ အမေ၊ သားသွားပြီ၊ သားကိုစိတ်မပူပါနဲ့၊ သားကိုစိတ်ချကြပါ”
ဦးစံပေါနဲ့ ဒေါ်ခင်ခင်နဲ့ ငိုယိုနေရင်းနဲ့ ခေါင်းညိတ်ပြလိုက်ကြတယ်ဗျာ။ ကျုပ်တို့ရွာကို မပြန်ဖြစ်ပါဘူးဗျာ၊ တောတန်းကြီးထဲကို တစ်ခါတည်းဝင်လာခဲ့တယ်၊ ဦးဘသာက ဘုရားသိုက်စောင့်တွေနဲ့ ဆက်သွယ်တယ်ထင်ပါတယ်ဗျာ၊ သူပြောတဲ့လမ်းအတိုင်းလိုက်သွားရင်းနဲ့ မကြာခင် ဝါးရုံပင်ကြီးအောက်ခြေက တောင်ပို့ကလေးတစ်ခုအနားကိုရောက်လာတယ်ဗျ၊
“ကဲ၊ မိုးစွေ၊ မင်းမိဘတွေစခဲ့တဲ့ဇတ်လမ်းကို မင်းအဆုံးသတ်လိုက်ပါတော့”
ကျုပ်နဲ့ဦးဘသာလည်း ဝါးရုံပင်အပြင်ဘက်နားမှာ စောင့်နေလိုက်တယ်၊ မိုးစွေက တောင်ပို့ကလေးအနားကိုကပ်သွားပြီးတော့ ရွှေအိုးကို အဲးဒီတောင်ပို့ကလေးအပေါ်မှာပဲတင်ထားခဲ့ပြီးတော့
“ရွှေအိုးပိုင်ရှင်များခင်ဗျာ၊ ကျုပ်ခင်ဗျားတို့ရွှေအိုးကို ပြန်လည်ပို့ဆောင်ပေးခဲ့ပါပြီ၊ ကျုပ်တို့ကျူးလွန်ခဲ့တာတွေရှိရင်လည်း ခွင့်လွှတ်ပေးဖို့တောင်းပန်ပါတယ်၊ ကျုပ်မိဘနှစ်ပါးကိုလည်း ခွင့်လွတ်ပေးကြပါ”
မိုးစွေလည်း လှည့်ထွက်လာခဲ့တော့တယ်ဗျာ၊ ပေတောရွာအပြန်လမ်းမှာ ကျုပ်တို့တစ်ယောက်နဲ့တစ်ယောက် စကားတောင်မပြောနိုင်ပါဘူးဗျာ၊ ကျုပ်ဖြင့် မိုးစွေကိုသနားလို့ သူ့ပုခုံးကိုတင်းတင်းဖက်ထားမိတယ်ဗျ၊ သြော် မိဘမေတ္တာဆိုတာ သိပ်လည်းဆန်းကြယ်လှပါလားဗျာ၊ ကိုယ့်သားသမီးကောင်းစားစေချင်လို့ ရွှေအိုးကိုစောင့်ကြပ်ပေးနေကြသတဲ့လေ၊ ကျုပ်ဖြင့် ဦးစံပေါတို့လင်မယားကို အပြစ်ပဲတင်ရမလား၊ သနားပဲသနားရမလားဆိုတာ မဝေခွဲတတ်တော့ပါဘူးဗျာ။
ရွာပြန်ရောက်တော့ ညနေအတော်စောင်းပြီဗျ၊ ကျုပ်တို့လည်း ရေမိုးချိုးပြီးတော့ ဘကြီးထွန်းရင်သားချက်ကျွေးတဲ့ မကောင်းတကောင်းဟင်းကလေးတွေကို စားပြီး အိပ်ရာဝင်ခဲ့တာပေါ့ဗျာ၊ မနက်ရောက်တော့ အိမ်နောက်ဘက်တန်းလျားက ဆူညံဆူညံနဲ့အသံကြားရတယ်ဗျ၊ ကျုပ်နဲ့ဦးဘသာလည်း အပြေးသွားတော့ မိုးစွေတစ်ယောက် လက်ထဲမှာ ရွှေမန်ကျည်းစေ့လေးတွေကိုင်လို့ဗျ၊ ဘကြီးထွန်းရင်နဲ့ သူ့သားတွေက တအံ့တသြနဲ့ကြည့်နေကြတယ်။
“ဒါ၊ ဒါ သိုက်နန်းရှင်တွေက ကျေးဇူးတင်လို့ပေးတာဖြစ်မယ်”
ကျုပ်နဲ့ဦးဘသာလည်း မနေ့ကအဖြစ်အပျက်တွေပြန်ပြောတော့ ဘကြီးထွန်းရင်တစ်ယောက် ပါးစပ်တောင်မစေ့နိုင်ပါဘူးဗျာ၊ ဒါနဲ့ မိုးစွေကိုပဲ ဘာလုပ်ချင်သလဲဆိုပြီးမေးတာပေါ့ဗျာ၊ မိုးစွေကတော့ မန်ကျည်းစေ့ကလေးတွေကို ဘကြီးထွန်းရင်ကိုအပ်တယ်ဗျ၊
“ကျုပ်ဒီရွှေတွေမလိုချင်ပါဘူးဗျာ၊ ဒီတော့ ဘကြီးထွန်းရင်ပဲ ကျုပ်အတွက်စီစဉ်ပေးပါ”
“အေး၊ ငါ့တူ၊ ဘကြီး ဘာလုပ်ပေးရမလဲ”
“မန်ကျည်းစေ့ထဲက တစ်ချို့တစ်ဝက်ကို အဖေနဲ့အမေအတွက်ရည်စူးပြီးတော့ လှူဒါန်းပေးပါ ဘကြီး၊ နောက်ပြီးတော့ ကျုပ်လည်း လူ့လောကမှာ နေရတာမပျော်တော့ပါဘူးဗျာ”
ကျုပ်တော်တော်အံ့သြသွားပြီးတော့ မိုးစွေလက်ကိုဆွဲထားလိုက်တယ်။
“မိုးစွေ မင်းဘာတွေမဟုတ်တာလျှောက်လုပ်မလို့လဲ”
မိုးစွေက ကျုပ်ကိုခပ်ပြုံးပြုံးနဲ့ကြည့်ရင်း
“လူ့လောကမှာ မပျော်တော့ဘူးဆိုတာ ဘုန်းကြီးဝတ်တော့မယ်လို့ ပြောချင်တာပါ ကိုအလတ်ကောင်ရ”
“ဟာကွာ၊ ငါ့ဖြင့် ရင်ထဲထိတ်သွားတာပဲ”
ဘကြီးထွန်းရင်က ပြုံးရင်း
“အေးကွာ၊ ငါလည်း ဒီမန်ကျည်းစေ့တွေကို ငါ့အတွက်မသုံးပါဘူး၊ စိတ်ချပါ ငါ့တူ၊ မင်းဖြစ်စေချင်တဲ့အတိုင်းဖြစ်ရမယ်၊ ဒီရွှေတွေနဲ့ ရွာမှာအလှူကြီးကျင်းပပြီးတော့ ငါ့တူကိုရှင်ပြုပေးရမယ်ဟေ့”
ကျုပ်နဲ့ဦးဘသာလည်း တစ်ယောက်ကိုတစ်ယောက်ပြုံးရင်းကြည့်လိုက်ကြတော့တာပေါ့ဗျာ၊ ဒါပေမယ့် ကျုပ်တို့ မိုးစွေရဲ့ရှင်ပြုကိုလည်း မမီလိုက်ပါဘူးဗျာ၊ ဘာလို့လဲဆိုတော့ နောက်တစ်နေ့ပဲ ပေတောရွာကနေ နွားဝယ်ဖို့ထွက်ခဲ့ကြလို့ပေါ့။
အခုတော့ အဲဒီထန်းသုံးပင်နေရာမှာ ဘုန်းကြီးကျောင်းတိုက်တစ်ခုဖြစ်သွားပါပြီဗျာ၊ အုတ်နဲ့ဘာနဲ့ ခိုင်ခိုင်ခံ့ခံံ့ကျောင်းတိုက်ကြီးပါ၊ ထန်းသုံးပင်တော့ မရှိတော့ပေမယ့် ကျောင်းတိုက်နာမည်ကတော့ ထန်းသုံးပင်ကျောင်းတိုက်လို့ပဲ အမည်တွင်တယ်ဗျ၊ အဲဒီကျောင်းတိုက်မှာ ကျောင်းထိုင်တဲ့ဦးဇင်းကတော့ ဦးအလောဘ တဲ့ဗျာ၊ နာမည်နဲ့လိုက်အောင်ကိုပဲ ခြိုးခြိုးခြံံခြံနဲ့ တရားအားထုတ်တဲ့ဦးဇင်းပါ၊ အဲဒီဦးဇင်းကတော့ ဘယ်သူဖြစ်မလဲ၊ လောဘရဲ့ကြောက်စရာကောင်းပုံတွေကိုသိပြီး၊ ငယ်ငယ်ရွယ်ရွယ်နဲ့ လောဘကိုစွန့်လွှတ်နိုင်ခဲ့တဲ့ တစ်ချိန်က နွားကျောင်းသားလေး မိုးစွေပေါ့ဗျာ။
ပြီးပါပြီ။
#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ
Zawgyi Version
“စုန္းထီးႀကီးဦးဘသာႏွင့္ ကိုစံေပါနဲ႔မခင္ခင္”(စ/ဆုံး)
——————————————————————
အတြဲ(၄) စာစဥ္(၈)
(၁)
ဘႀကီးထြန္းရင္ရဲ႕ တူေတာ္ေမာင္ ႏြားေက်ာင္းသားမိုးေစြကို ေဆးကုသေပးလိုက္တာ ဘာေကာင္းသြားသလဲဆိုေတာ့ ဘႀကီးထြန္းရင္က သူ႔ႏြားေတြထဲက ႀကိဳက္တဲ့ႏြားကိုေျပာ၊ ဦးဘသာကို ေရာင္းေပးမတဲ့ဗ်ာ၊ ဒါကလည္း သူမ်ားအက်ိဳးေဆာင္လို႔ ကိုယ္က်ိဳးေအာင္တယ္လို႔ပဲေျပာရမွာေပါ့ဗ်ာ၊
“ဒီကေလးကို ကယ္တင္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ဗ်ာ၊ ဒီကေလးက ေတာ္ေတာ္သနားဖို႔ေကာင္းတဲ့ကေလးဗ်”
မိုးေစြက ေနျပန္ေကာင္းလာတာနဲ႔ အလုပ္ျပန္လုပ္တာပါပဲဗ်ာ၊ ခုလည္း အိမ္ေျခရင္းနားမွာ ႏြားစာစဥ္းေနရဲ႕ဗ်ာ၊
“ဘယ္လိုသနားစရာေကာင္းတာလဲ ဘႀကီးထြန္းရင္ရဲ႕”
“ဒီေကာင္ေလးအေဖက ငါ့ညီအရင္းေပါ့၊ စံေပါလို႔ေခၚတယ္၊ သူ႔မိန္းမကေတာ့ ခင္ခင္တဲ့၊ ငါ့ညီအငယ္ဆုံးဆိုေတာ့ ငါနဲ႔အသက္ေတာ့ ေတာ္ေတာ္ကေလးကြာတာ၊ စံေပါတို႔အိမ္ေထာင္က်ၿပီးေတာ့ လယ္ေတြလုပ္ၾကတယ္ကြာ၊ အဲဒီႏွစ္က မိုးတြင္းႀကီးေပါ့၊ စံေပါက ကန္သင္းျပင္မယ္ဆိုၿပီး လယ္ထဲဆင္း၊ ခင္ခင္ကလည္း ေန႔လည္က်ေတာ့ ထမင္းလိုက္ပို႔တာေပါ့ကြာ၊ ဒီလိုနဲ႔ ညေနေစာင္းလို႔ လင္မယားႏွစ္ေယာက္ ျပန္မလာပါလားဆိုၿပီး လိုက္ၾကည့္ေတာ့ လယ္တဲထဲမွာ လင္မယားႏွစ္ေယာက္စလုံး ေသလို႔”
“ဗ်ာ၊ ဘာျဖစ္ၿပီးေသတာလဲ”
ဘႀကီးထြန္းရင္က ေခါင္းခါတယ္ဗ်၊
“ဘာဒဏ္ရာဒဏ္ခ်က္မွ မရွိပဲနဲ႔ကို ေသေနတာပဲ၊ ခုထိ သူတို႔လင္မယား ဘယ္လိုေသသြားသလဲဆိုတာကို မသိၾကေသးဘူး”
“ဟာဗ်ာ၊ ဒီ႐ြာမွာ ဦးဖိုးေခြးရွိတာပဲဗ်၊ ဒီေလာက္ေတာ္တဲ့ေဆးဆရာႀကီးက မသိဘူးလား”
“ဖိုးေခြးကေတာ့ ေသြးတက္ေသတယ္ေျပာတာပဲ၊ ဒါေပမယ့္ လူကလည္းေသၿပီးၿပီဆိုေတာ့ သူလည္းခန႔္မွန္းေျပာရတာကိုး၊ သူတို႔လင္မယားေသတုန္းကဆို မိုးေစြကေလးက အခါလယ္ေလာက္ပဲရွိေသးတာကလား၊ အဲဒီအခ်ိန္ကတည္းက ငါပဲသူ႔ကိုေခၚထားၿပီးေတာ့ ျပဳစုေကြၽးေမြးလာရတယ္ဆိုပါေတာ့၊ မိုးေစြငယ္ငယ္က ႏြားႏို႔သိပ္ႀကိဳက္တာ၊ ငါ့ႏြားမေတြက မိုးေစြကိုႏို႔အလွည့္က်တိုက္ရတယ္၊ ဒါေၾကာင့္ပဲထင္ပါရဲ႕၊ ဒီေကာင္ေလးက ႏြားေတြနဲ႔သိပ္ခင္တာ”
က်ဳပ္လည္း ေမးခ်င္ေနတာနဲ႔အေတာ္ပဲေပါ့ဗ်ာ။
“က်ဳပ္လည္းအဲဒါေမးခ်င္ေနတာဗ်၊ ဘႀကီးထြန္းရင္က သူ႔ကို ကိုယ့္တူလဲျဖစ္၊ သားတစ္ေယာက္လိုလဲခ်စ္တယ္လို႔ေျပာၿပီးေတာ့ ႏြားေက်ာင္းခိုင္းေနရသလားဗ်”
က်ဳပ္ထေမးေတာ့ ဘႀကီးထြန္းရင္ နည္းနည္းစိတ္တိုသြားပံုံရတယ္။
“အဲဒီေကာင္ေလးကို က်ဳပ္က ဘုန္းႀကီးေက်ာင္းထားပါေသးတယ္၊ စာေရးစာဖတ္ မေပ်ာ္ဘူးတဲ့၊ ဒါနဲ႔ တျခားအတတ္ေတြသင္ေပးေပမယ့္ ဒီေကာင္ေလးက ႏြားပဲေက်ာင္းခ်င္ေနတာ၊ ဟိုႏြားေတြကလည္း သူနဲ႔ဘာအမ်ိဳးေတာ္တယ္မသိပါဘူးကြာ၊ သူ႔ကိုေတာ့သိပ္ခင္တာကြ”
ကြမ္းၿမဳံ႕ေနတဲ့ဦးဘသာက
“ဒါဆို စံေပါတို႔လယ္ေတြက်န္ေသးမွာေပါ့”
“စံေပါလယ္ေတြက အေပါင္ဆုံးသြားတယ္ဗ်၊ ႐ြာထဲက ေငြရွင္ေၾကးရွင္ဆီမွာ သူ႔လယ္ေတြေပါင္ထားခဲ့တာကိုး၊ က်ဳပ္လည္း အဲဒီတုန္းက ေငြေတာ္ေတာ္လိုေနေတာ့ ျပန္မေ႐ႊးႏိုင္ဘူးေပါ့ဗ်ာ”
“ဒါဆို အဲဒီလယ္ေတြက အခုသူမ်ားပိုင္သြားၿပီေပါ့”
“ဒါေပါ့ဗ်၊ ဒါေပမယ့္ အဲဒီလယ္ေတြကို ဘယ္သူမွမလုပ္ၾကဘူး၊ လယ္ေတြကို ဟိုလူ႔ကိုေရာင္း၊ ဒီလူ႔ကိုေရာင္းနဲ႔ လက္ေျပာင္းၾကလြန္းလို႔ေတာင္မွ အဲဒီလယ္ေတြကို က်ဳပ္တို႔႐ြာမွာ လယ္တန္ဆာလို႔ေတာင္ေခၚၾကတယ္”
က်ဳပ္လည္းမ်က္ေမွာင္ၾကဳတ္လိုက္ၿပီး
“လယ္တန္ဆာတဲ့လားဗ်ာ”
“တင္စားၿပီးေခၚတာ ငါ့တူရ၊ ျပည့္တန္ဆာဆိုတာ ဟိုလူနဲ႔ေပ်ာ္လိုက္၊ ဒီလူနဲ႔ေပ်ာ္လိုက္ အခ်ိန္ခဏပဲေပ်ာ္ရသလို၊ ဒီလယ္ေတြကိုလည္း ဟိုလူကဝယ္လိုက္၊ မလုပ္ရဲလို႔ ျပန္ေရာင္းလိုက္နဲ႔ လူတကာလက္ထဲေဝ့လည္လည္ျဖစ္ေနလို႔ ဒီနာမည္ေပးထားတာပဲ”
“ေနပါအုံးဗ်၊ ဘာလို႔ဝယ္တဲ့သူေတြက လယ္ကိုမလုပ္ရဲတာလဲ”
“အဲဒါကေတာ့ စံေပါတို႔ေၾကာင့္ေပါ့ကြာ”
“ဘယ္လိုဗ်”
ဘႀကီးထြန္းရင္က မေဘာမေပါက္ရေကာင္းလားဆိုတဲ့ မ်က္ႏွာေပးနဲ႔ က်ဳပ္ကိုတစ္ခ်က္ၾကည့္ၿပီးေတာ့
“စံေပါတို႔လင္မယားက မေသဘူးတဲ့ကြ၊ သူတို႔လယ္ေတြကို စိတ္စြဲၿပီးေတာ့ သရဲႀကီးျဖစ္ေနၾကတာတဲ့”
“ဟာဗ်ာ၊ သနားဖို႔ေကာင္းလိုက္တာ၊ ႐ြာကလူေတြက ဘာမွလုပ္မေပးဘူးလား”
“မင္းႏွယ္ကြာ၊ လုပ္မေပးဘဲေနပါ့မလားကြ၊ ငါကိုယ္တိုင္ အလႉအတန္းေတြလုပ္၊ အမွ်ေတြေဝေပးခဲ့တာပဲ၊ ဒါေပမယ့္ ဘာမွမထူးပါဘူးကြာ၊ ငါဆိုရင္ အခါအခြင့္သင့္လို႔ ႀကဳံတိုင္း အလႉအတန္းလုပ္ေပးၿပီးေတာ့ ငါ့ညီ စံေပါအတြက္ အမွ်ေပးေဝတာၾကာခဲ့ၿပီကြ၊ ဒါေပမယ့္ ဘယ္လိုေၾကာင့္လဲမသိဘူး သူတို႔မကြၽတ္လြတ္ဘူးကြ”
က်ဳပ္လည္း ေခါင္းပဲကုပ္ေနမိေတာ့တယ္၊ ဦးဘသာကေတာ့ ဘာမွမေျပာပဲ တစ္ခုခုကိုအေလးအနက္စဥ္းစားေနပုံပဲဗ်၊ သူ႔မုတ္ဆိတ္ေမႊး က်ိဳးတို႔က်ဲတဲကို ပြတ္သပ္ေနရင္း ျပတင္းေပါက္အျပင္ကိုေငးၾကည့္ေနပါေရာ။ ဘႀကီးထြန္းရင္က ဦးဘသာကိုၾကည့္ရင္း
“ဘာပဲေျပာေျပာ က်ဳပ္တူေလးကို ကယ္တင္ေပးခဲ့တဲ့ ဒီကဆရာႀကီးကို ေက်းဇူးတင္ပါတယ္”
ဦးဘသာကို ေျပာေပမယ့္ ဦးဘသာက ၾကားဟန္မတူဘူးဗ်၊ ခုနက ပုံစံအတိုင္း ေတြေတြႀကီးပဲလုပ္ေနပါေရာ၊ က်ဳပ္လည္းမေကာင္းတတ္လို႔ ဦးဘသာကို ေခၚရေသးတယ္။
“ဦးဘသာ၊ ဦးဘသာ”
က်ဳပ္သုံးေလးခြန္းေခၚတာကိုေတာင္ ဦးဘသာက ၾကားပုံမေပၚဘူးဗ်၊ ဒါနဲ႔ က်ဳပ္လည္း ဦးဘသာဒူးေခါင္းကို အသာေလးပုတ္လိုက္တာေပါ့ဗ်ာ။
“ေအာင္မယ္ေလး၊ နင့္ေမကလႊား”
ဒီေတာ့မွ ဦးဘသာကထၿပီးေတာ့ ေယာင္တာပဲဗ်ာ၊ က်ဳပ္တို႔လည္း ဦးဘသာကို ၿပဳံးစိစိနဲ႔ၾကည့္ေနရင္း
“ဦးဘသာ ဘာေတြစဥ္းစားေနတာလဲဗ်”
“ဘာမွမဟုတ္ပါဘူးကြာ၊ ႏြားအေၾကာင္းေတြးမိသြားလို႔ပါ”
“က်ဳပ္လည္းအဲဒါပဲေျပာမလို႔ ဆရာႀကီး၊ ဆရာႀကီးက က်ဳပ္တူ မိုးေစြကို ကယ္တင္ေပးခဲ့တဲ့အတြက္ က်ဳပ္ေက်းဇူးတင္ပါတယ္ဆရာႀကီး၊ ဆရာႀကီးကို ေငြေရးေၾကးေရးနဲ႔ ကန္ေတာ့ေပမယ့္လည္း ဆရာႀကီးက လက္မခံဘူးဆိုေတာ့ က်ဳပ္ေမြးထားတဲ့ႏြားေတြထဲက ဆရာႀကီးႀကိဳက္တဲ့ႏြားကိုၾကည့္သြားၿပီးေတာ့ ေပးခ်င္တဲ့ေဈးသာ ေပးခဲ့ဗ်ာ၊ ဒါကေတာ့ က်ဳပ္ဆရာႀကီးအေပၚ ေက်းဇူးျပန္ဆပ္တဲ့အေနနဲ႔ ေပးတာဆိုေတာ့ ဆရာႀကီး မျငင္းပါနဲ႔ဗ်ာ”
ဦးဘသာက ေတြေဝေနေသးတယ္ဗ်။
“ဟုတ္ပါတယ္ဦးဘသာရာ၊ ဘႀကီးထြန္းရင္ကို အားနာဖို႔ေကာင္းပါတယ္၊ ျငင္းမေနပါနဲ႔”
က်ဳပ္ေျပာေတာ့မွ ဦးဘသာက ေခါင္းညိတ္တယ္ဗ်။
“ေပးခ်င္သေလာက္ေတာ့ မလုပ္ပါနဲ႔ဗ်ာ၊ က်ဳပ္လည္း ႏြားေဈးေတြေလ့လာထားၿပီးသားပါ၊ ဒီေတာ့ တန္ရာတန္ေၾကးေပးမွာပါ ကိုထြန္းရင္၊ က်ဳပ္ကိုေရာင္းေပးတာနဲ႔တင္ ေက်းဇူးတင္ဖို႔ေကာင္းေနပါၿပီဗ်ာ”
“ကဲအလတ္ေကာင္၊ ေရာက္တုန္းေရာက္ခိုက္ မင္းကိုပညာသင္ေပးရအုံးမယ္၊ ႏြားတင္းကုပ္ထဲဆင္းသြားၿပီး မင္းစိတ္ထဲက အေကာင္းဆုံးလို႔ထင္တဲ့ႏြားကိုေ႐ြးကြာ၊ အဲ၊ ဟိုေန႔က ငါေျပာထားတဲ့ လကၡဏာ၊ အဂၤါကိုၾကည့္ၿပီး ေ႐ြးေနာ္ကြ”
က်ဳပ္ကို ခိုင္းၿပီမို႔ က်ဳပ္လည္းအိမ္ေပၚကေနဆင္းလာခဲ့တာေပါ့ဗ်ာ။
(၂)
ေပေတာ႐ြာမွာ ဘႀကီးထြန္းရင္ကေတာ့ ႏြားေတြေတာ္ေတာ္ေမြးထားတာဗ်၊ ေပႏွစ္ရာေလာက္က်ယ္တဲ့ ၿခံဝိုင္းအက်ယ္ႀကီးထဲမွာ အိမ္ကိုေခါင္းရင္းဘက္နားလုေဆာက္ထားၿပီးေတာ့ အိမ္ေျခရင္းမွာေတာ့ ႏြားတင္းကုပ္ႀကီးကို ဟီးေနတာပဲဗ်ာ၊ ေနာက္ေခ်းနံ႔ နံတယ္ဆိုေပမယ့္လည္း က်ဳပ္တို႔လိုေတာသားႏွာေခါင္းအတြက္ေတာ့ ေနာက္ေခ်းနံ႔ဆိုတာ နံံတယ္လို႔ကို သိပ္မထင္ေတာ့ဘူးဗ်၊
ေတာသားနဲ႔ေနာက္ေခ်းက ခြဲလို႔မွမရတာကလား၊ က်ဳပ္တို႔လို ေတာင္သူလယ္သမားေတြဆိုရင္ပိုဆိုးတာေပါ့ဗ်ာ၊ က်ဳပ္တို႔ငယ္ငယ္က ခုေခတ္လို ေျမဆီတို႔၊ ဓါတ္ေျမၾသဇာတို႔က လြယ္လြယ္ဝယ္လို႔မွမရတာဗ်၊ ဒီေတာ့ စိုက္မယ္ပ်ိဳးမယ္ဆိုရင္ ေနာက္ေခ်းက က်ဳပ္တို႔အတြက္ အေကာင္းဆုံးေျမၾသဇာေပါ့ဗ်ာ၊ ေနာက္ေခ်းေတြကို ကန္ေတြလုပ္ၿပီးေတာ့ ထည့္္ပုံထားတာပဲ၊ ၿပီးေတာ့ တစ္ေႏြလုံးအေျခာက္လွမ္းၿပီး မိုးမက်ခင္မွာ အဲဒီေနာက္ေခ်းေျခာက္ေတြကို ထုေခ်ၿပီး ကြင္းထဲျဖန႔္ထားတာေပါ့ဗ်ာ၊ မိုးေလးတစ္ၿပိဳက္ႏွစ္ၿပိဳက္က်လို႔ လယ္ထြန္ေကာင္းၿပီဆိုရင္ ဒီေနာက္ေခ်းေျခာက္ေတြကို ေျမနဲ႔ေရာသမေအာင္ထြန္လိုက္ရင္ သဘာဝေျမၾသဇာျဖစ္သြားတာေပါ့ဗ်ာ၊ ဦးဘသာကေတာ့ ေျမၾသဇာကိုသူ႔နည္းနဲ႔သူလုပ္တယ္ဗ်၊
သစ္႐ြက္အေျခာက္ေတြ၊ ႐ိုးျပတ္ေတြကို သစ္႐ြက္အစိုေတြနဲ႔ ဆတူေလာက္ေရာတယ္ဗ်၊ ၿပီးေတာ့ ဝါးနဲ႔ကပ္လုပ္ၿပီး ေလးဘက္ေလးတန္ကာထားၿပီးေတာ့ အဲဒီကပ္အထဲကို ခုနက သစ္႐ြက္ေတြထည့္ထားတာပဲဗ်ာ၊ သုံးရက္တစ္ခါ၊ ေလးရက္တစ္ခါေလာက္ အဲဒီကပ္ထဲက သစ္႐ြက္ေတြကို ေကာက္ဆြႀကီးနဲ႔ ထိုးထိုးၿပီးေတာ့ အထက္ေအာက္လွန္ေပးတာပဲ၊ သုံးေလးလဆိုရင္ေတာ့ အဲဒီသစ္႐ြက္ေတြက ေကာင္းေကာင္းေဆြးၿပီးေတာ့ ေျမေဆြးျဖစ္သြားၿပီေပါ့ဗ်ာ၊ အဲဒီသစ္႐ြက္ေဆြးက သိပ္ၿပီးေျမၾသဇာေကာင္းတယ္ဆိုပဲဗ်၊ က်ဳပ္တို႔လည္း တစ္ခါႏွစ္ခါေတာ့လုပ္ဖူးတယ္၊ ေနာက္ေတာ့ အထက္ေအာက္လွန္ေပးရတာ အလုပ္ရႈပ္လို႔ မလုပ္ေတာ့တာေပါ့ဗ်ာ။
တင္းကုပ္ထဲဝင္ၿပီး ဦးဘသာေျပာတဲ့အတိုင္း ႏြားေတြကို လိုက္ၾကည့္တယ္ဗ်၊ ႏြားအုပ္တင္ အေကာင္သုံးဆယ္ေလာက္ရွိတာဆိုေတာ့ မနည္းၾကည့္ေ႐ြးရတာေပါ့ဗ်ာ၊ မိုးေစြကေတာ့ က်ဳပ္လုပ္တာကို ၿပဳံးၿဖီးၿဖီးနဲ႔ၾကည့္ရင္း ႏြားစာေတြစဥ္းေနတယ္။ ဒီႏြားေတြထဲကမွ ဦးဘသာဟိုတစ္ေန႔ကေျပာထားတဲ့ ေစေလးလုံးကိုၾကည့္ၿပီး ေ႐ြးတာေပါ့၊ အဂၤါေျခာက္ပါးနဲ႔ညီတဲ့ ႏြားၾကန္စုံေတာ့ မေတြ႕ဘူးဗ်၊ ေ႐ြးလိုက္ေတာ့ အနီေရာင္နည္းနည္းစပ္တဲ့ႏြားေ႐ႊနီရယ္၊ အဝါေရာင္ေဖ်ာ့ေဖ်ာ့ရွိတဲ့ ႏြားေ႐ႊဝါႀကီးတစ္ေကာင္ရယ္က အေကာင္းဆုံးပဲေပါ့၊ သိပ္မၾကာပါဘူးဗ်ာ၊ ဦးဘသာက အိမ္ေပၚကဆင္းလာၿပီး တင္းကုပ္ထဲဝင္လာပါေရာ။
“ေဟ့ အလတ္ေကာင္၊ ေ႐ြးၿပီးၿပီလားကြ”
“ဟုတ္ကဲ့ဦးဘသာ၊ ေဟာဟိုက ႏြားေ႐ႊနီနဲ႔ ဒီဖက္နားက ႏြားေ႐ႊဝါက အေကာင္းဆုံးလို႔ထင္တာပဲ”
က်ဳပ္ေျပာတဲ့ႏြားေတြကို ဦးဘသာက တစ္ခ်က္ၾကည့္တယ္။ ၿပီးေတာ့ ေခါင္းညိတ္တယ္ဗ်။
“အလတ္ေကာင္၊ ကိုထြန္းရင္က ငါတို႔ကိုႏြားႏွစ္ေကာင္မေရာင္းဘူးကြ၊ တစ္ေကာင္ပဲေရာင္းေပးမွာ၊ ဒီေတာ့ အဲဒီႏွစ္ေကာင္ထဲက ဘယ္ေကာင္ပိုေကာင္းမယ္ထင္သလဲ မင္းေ႐ြးစမ္း”
က်ဳပ္လည္းေဝခြဲမရဘူးဗ်၊ ႏွစ္ေကာင္လုံးက အဂၤါအရဆိုရင္ေတာ့ တူတူေလာက္ပဲ၊ ဒါနဲ႔က်ဳပ္လည္း ႏြားေ႐ႊနီကိုလက္ညႇိဳးထိုးျပလိုက္ေတာ့တယ္၊ ဦးဘသာက က်ဳပ္မ်က္ႏွာကိုၾကည့္ရင္း
“ေကာင္းၿပီ၊ ဘာလို႔အဲဒီႏြားကိုေ႐ြးလိုက္တာလဲ”
“ဘာလို႔လဲဆိုေတာ့၊ ႏြားႏွစ္ေကာင္လုံးက အတူတူပဲဗ်၊ ဒါေပမယ့္ ဟိုေန႔က ဦးဘသာေျပာဖူးတယ္မဟုတ္လား၊ ႏြားေလးမ်ိဳးထဲမွာ ႏြားေ႐ႊနီက အရင္လာတယ္၊ ၿပီးမွ ႏြားေ႐ႊဝါေလ၊ အေနာက္ဆုံးက ႏြားက်ားက အဆိုးဆုံးဆိုဗ်၊ ဒီေတာ့ အရင္ဆုံးလာတဲ့ ႏြားေ႐ႊနီက အေကာင္းဆုံးျဖစ္မွာမို႔ အဲဒီႏြားကိုပဲ ေ႐ႊးလိုက္တာ”
ဦးဘသာက ခြက္ထိုးခြက္လန္ရယ္တယ္ဗ်။
“အလတ္ေကာင္တို႔ အေတြးအေခၚေတြကေတာ့ ဆန္းသစ္ပါေပတယ္ကြာ”
ဦးဘသာက ႏြားေတြအနားကိုသြားၿပီးေတာ့
“ကဲ အလတ္ေကာင္၊ မင္းရဲ႕ ႏြားေ႐ႊနီႀကီးကို သြားၿဖဲၾကည့္စမ္းကြာ”
“ဟာ၊ ဟုတ္သားဗ်၊ ႏြားမွာ သြားေကာင္းဖို႔ကလည္းအေရးႀကီးတာပဲ”
က်ဳပ္လည္းႏြားရဲ႕သြားကိုၿဖဲၾကည့္လိုက္တာေပါ့ဗ်ာ၊ ဦးဘသာက အနားကိုကပ္လာၿပီး
“မွတ္ထားအလတ္ေကာင္ရ၊ ႏြားမွာ သြားေကာင္းဖို႔က အခရာပဲ၊ ဒါေၾကာင့္ “အလကားရတဲ့ႏြား သြားၿဖဲၾကည့္တယ္” ဆိုတဲ့ စကားပုံေတာင္ေပၚလာတာပဲကြ၊ ဒီေတာ့ ႏြားေကာင္းမေကာင္းက ၾကန္အင္လကၡဏာေတြလည္းတစ္ခုပါသလို သြားကလည္းတစ္ခုပဲကြ”
“ေျပာပါအုံးဗ်ာ၊ က်ဳပ္ေတာ့ ႏြားေတြကိုသြားၿဖဲၾကည့္ရတယ္ပဲၾကားဖူးတာ၊ ဘယ္နားကိုၾကည့္ရတာလဲ”
“သြားၾကည့္ရတာက ႏြားရဲ႕အသက္ကိုခန႔္မွန္းဖို႔၊ ေနာက္ၿပီးေတာ့ က်န္းမာေရးေကာင္းမေကာင္းကို မွန္းဖို႔ပဲကြ”
ဦးဘသာက ႏြားေရွ႕ေအာက္သြားေတြကို ေသခ်ာၿဖဲၾကည့္ၿပီးေတာ့
“ႏြားမွာက ေအာက္ေရွ႕သြားပဲပါတယ္ကြ၊ တို႔လူေတြလို အေပၚေရွ႕သြားမပါဘူး၊ ေအာက္ေရွ႕သြားရဲ႕ အသုံးဝင္ပုံကေတာ့ အစာေတြကိုကိုက္ျဖတ္ဆြဲယူဖို႔ပဲကြ၊ ေအာက္ေရွ႕သြားက ရွစ္ေခ်ာင္းတိတိရွိတယ္၊ ၿပီးရင္ အံသြားက တစ္ဖက္မွာအထက္ေျခာက္ေခ်ာင္း၊ ေအာက္ေျခာက္ေခ်ာင္း၊ အေပၚေအာက္ ဆယ့္ႏွစ္ေခ်ာင္း၊ ဘယ္ညာေပါင္းေတာ့ ႏွစ္ဆယ့္ေလးေခ်ာင္း၊ ေရွ႕သြား ရွစ္ေခ်ာင္းနဲ႔ေပါင္းရင္ သုံးဆယ့္ႏွစ္ေခ်ာင္းေပါ့ကြာ”
“ဟီး၊ ဟီး ဒါဆို သြားသုံးဆယ့္ႏွစ္ေခ်ာင္းေပၚေအာင္ရယ္တယ္ဆိုတာ ႏြားကိုမ်ားေျပာသလား”
“အဲဒါလူကိုေျပာတာကြ၊ ဆက္ၾကည့္စမ္း၊ ႏြားသားေပါက္ကေလးေတြမွာ သြားေတြပါတတ္တယ္၊ ဒါေပမယ့္ ႀကီးေကာင္ဝင္လာတဲ့အခါ ႀကီးသြားထြက္လာၾကတယ္ကြ၊ ႏြားအသက္ ႏွစ္ႏွစ္ဝန္းက်င္ဆိုရင္ ေဟာဒီေရွ႕သြားႏွစ္ေခ်ာင္းက ႀကီးသြားျဖစ္သြားၿပီ၊ အဲဒီလိုအေျခအေနကို ႏွစ္ေခ်ာင္းစိုက္လို႔ေခၚတယ္၊ သြားေလးေခ်ာင္းပီျပင္လာၿပီဆိုရင္ေတာ့ သုံးႏွစ္ကြ ေလးေခ်ာင္းစိုက္ေပါ့၊ ေျခာက္ေခ်ာင္းစိုက္ျဖစ္သြားရင္ ေလးႏွစ္ျပည့္ၿပီ၊ ေနာက္ဆုံးရွစ္ေခ်ာင္းလုံးျပည့္သြားၿပီဆိုရင္ေတာ့ ရွစ္ေခ်ာင္းစိုက္၊ တစ္ခ်ိဳ႕ကလည္း ပဲ့စုံလို႔ေခၚတယ္ကြ၊ အသက္ငါးႏွစ္ေပါ့၊ ကဲ အခုဒီႏြားၾကည့္စမ္း၊ အေရွ႕သြားဘယ္ႏွေခ်ာင္းလဲ”
“အေရွ႕သြားက ရွစ္ေခ်ာင္းဆိုေတာ့ ငါးႏွစ္ေပါ့”
“ပုံမွန္ဆိုရင္ေတာ့ အဲဒီလိုေျပာလို႔ရတယ္အလတ္ေကာင္ရ၊ ဒါေပမယ့္ ႏြားတစ္ေကာင္ရဲ႕အသက္ကိုသိဖို႔က သြားေပါက္တာတင္မဟုတ္ဘဲ သြားတုန္းတာကိုလဲသိထားမွ၊ အေရွ႕ဆုံးအရင္ဆုံးက ေပါက္ထားတဲ့သြားေတြ နည္းနည္းတုန္းလာၿပီဆိုရင္ အဲဒါအသက္ေျခာက္ႏွစ္ကြ၊ ဒီလိုနည္းနဲ႔သြားေတြတုံးသြားကို ၾကည့္ၿပီးမွန္းလို႔ရတယ္၊ သြားရွစ္ေခ်ာင္းစလုံး တုံးသြားၿပီဆိုရင္ေတာ့ အသက္ဆယ္ႏွစ္အထက္ေပါ့”
က်ဳပ္လည္းဒီေတာ့မွ ျပဴးၿပဲၾကည့္ရတယ္ဗ်၊ ဟုတ္တယ္ဗ်၊ က်ဳပ္ေသခ်ာၾကည့္ေတာ့မွ ေရွ႕သြားအလယ္က ေလးေခ်ာင္းက ေဘးကသြားေတြထက္ မသိမသာကေလး တုံးေနတယ္ဗ်၊
“ဟာ၊ သြားေလးေခ်ာင္းတုံးေနပုံေထာက္ေတာ့ ေျခာက္ႏွစ္၊ ခုနစ္ႏွစ္ရွိၿပီထင္ပါ့ဗ်ာ”
ဦးဘသာက ေခါင္းညိတ္ရင္း
“မဆိုးဘူး၊ မင္းေတာ္လာၿပီ၊ ဒါေပမယ့္ သြားဆိုတာက တစ္ခုခုျဖစ္ရင္လည္း က်ိဳးတတ္ေသးတယ္၊ ဒါေပမယ့္ ေတာင္သူေတြက အေရွ႕သြားထက္ အံသြားကိုပိုၾကည့္တယ္ကြ၊ အေရွ႕သြားတစ္ေခ်ာင္းက်ိဳးရင္ေတာင္ ဝယ္ၾကေသးတယ္၊ အံသြားကေတာ့ တစ္ေခ်ာင္းက်ိဳးတာမေျပာနဲ႔၊ ယိုင္ေန၊ နဲ႔ေနရင္ေတာင္ မယူၾကဘူးေဟ့”
“ဟာ၊ ဒါဆို အံသြားကလည္း အေရးႀကီးတာေပါ့”
“ဒါေပါ့၊ အေရွ႕သြားရဲ႕တာဝန္က အစာကိုျဖတ္သိမ္းဖို႔ပဲကိုး၊ ဒီေတာ့ ဒါက သိပ္အေရးမႀကီးဘူး၊ အေရးႀကီးတာက အံသြားေပါ့၊ အံသြားမေကာင္းရင္ အစာမေက်တာ၊ အစာမဝါးႏိုင္တာ၊ အစာေတြျပန္အန္ထြက္တာျဖစ္ႏိုင္လို႔ လူေတြက အံသြားကိုပိုၾကည့္ၾကတာ၊ ဒီႏြားႀကီးကိုလည္း အံသြားေသခ်ာၾကည့္ပါအုံးကြာ”
က်ဳပ္လည္း အံသြားေတြအကုန္ၾကည့္လိုက္ၿပီးေတာ့
“အံသြားကေတာ့ အကုန္အေကာင္းဗ်”
“ေအးဟုတ္ၿပီ၊ ဟိုႏြားဝါကိုသြားၿဖဲၾကည့္အုံး”
က်ဳပ္လည္းသြားၿဖဲၾကည့္လိုက္တယ္ဗ်၊ ႏြားေ႐ႊဝါကေတာ့ ရွစ္ေခ်ာင္းစိုက္ဆိုေပမယ့္ သြားတုံးေနတာမေတြ႕ရဘူး၊ သူကလည္း အံသြားေတာ့ အေကာင္းပဲ။ အားလုံးၾကည့္ၿပီးေတာ့မွ ဦးဘသာက ျပန္ၿပီးဆုံးျဖတ္ခိုင္းတယ္။
“ကဲ အလတ္ေကာင္၊ မင္းဘယ္ႏြားယူမလဲ”
က်ဳပ္လည္းေတြးရခက္ေနတယ္ဗ်၊ ေနာက္ဆုံးေတာ့ ႏြားေ႐ႊဝါကိုပဲ လက္ညႇိဳးထိုးလိုက္တယ္။
“ဘာျဖစ္လို႔လဲကြ”
“သူ႔အသက္က နည္းနည္းပိုငယ္မယ္ထင္လို႔”
ဦးဘသာက ၿပဳံးရင္း
“မဆိုးဘူး၊ တိုးတက္လာၿပီ၊ အသက္ႀကီးတဲ့ႏြားယူေတာ့ ျမန္ျမန္အိုၿပီး ျမန္ျမန္ေသတာေပါ့ကြာ၊ အမဲသားႀကိဳက္တဲ့လူဆိုရင္ေတာ့ အသက္ႀကီးတဲ့ႏြားယူသင့္တာေပါ့၊ ဟား၊ ဟား”
ဒါနဲ႔ပဲ က်ဳပ္တို႔လည္း ႏြားေ႐ႊဝါႀကီးကိုယူဖို႔ ေတ့ေတ့ဆိုင္ဆိုင္ေျပာၾကဆိုၾကတာေပါ့ဗ်ာ။ ဦးဘသာေပးတဲ့ေဈးက မနည္းဘူးဗ်၊ ထိုက္ထိုက္တန္တန္ေပးတာပါပဲ၊ ဒါေပမယ့္ ဘႀကီးထြန္းရင္ကလည္း တမင္ကိုေဈးေလ်ာ့ေပးေတာ့ ႏွစ္ဦးႏွစ္ဖက္အဆင္ေျပသြားတယ္ဆိုပါေရာဗ်ာ၊ က်ဳပ္လည္း ႏြားေျပးျဖဳတ္မယ္လုပ္ေတာ့။
“ဟ၊ အလတ္ေကာင္ရ ဘာလုပ္မလို႔လဲ”
“ႏြားရၿပီပဲဗ်ာ၊ ႐ြာျပန္မသယ္ဘူးလား”
“မင္းကြာ၊ တစ္ေကာင္ရတိုင္း တစ္ခါသယ္ေနရင္ ခရီးဘယ္တြင္ပါ့မလဲကြ၊ ဒီေတာ့ စရံအျဖစ္ ေငြသားေပးခဲ့ၿပီးေတာ့ ငါတို႔ခရီးဆက္မယ္ေဟ့၊ ႏြားေလးငါးေကာင္ရေတာ့မွ ခရီးစဥ္အတိုင္းျပန္ေခါက္လာရင္း ေနာက္ဆုံး႐ြာကိုျပန္တာေပါ့ကြာ”
“မသိပါဘူးဗ်ာ၊ က်ဳပ္က တစ္ေကာင္ဝယ္ၿပီး တစ္ခါျပန္ထားမွာလားလို႔၊ ဟီး၊ ဟီး”
အဲဒီေန႔က က်ဳပ္တို႔ခရီးဆက္ခ်င္ေပမယ့္ ဘႀကီးထြန္းရင္က တစ္ရက္ေလာက္ နားနားေနေန ေနပါအုံးဆိုလို႔ က်ဳပ္တို႔လည္း ဆက္ေနလိုက္ရတယ္ေပါ့ဗ်ာ၊ ဘႀကီးထြန္းရင္မွာ မိန္းမမရွိေတာ့ဘူးဗ်၊ သူ႔မွာလည္း သားခ်ည္းႏွစ္ေယာက္ရွိတာ၊ သားကလည္း လူပ်ိဳႀကီးေတြဆိုေတာ့ က်ဳပ္တို႔စားေသာက္ဖို႔ အသားေကာင္း၊ ဟင္းေကာင္းေတြခ်က္ေပမယ့္ ခ်က္ထားတာက စားမေကာင္းဘူးဗ်ိဳ႕။ ေန႔လည္စာစားၿပီးတာနဲ႔ ဦးဘသာနဲ႔က်ဳပ္နဲ႔ သစ္ပင္ရိပ္မွာထိုင္ေနၾကတာေပါ့ဗ်ာ၊ ဘႀကီးထြန္းရင္ကေတာ့ ဘယ္ကိုလည္းမသိဘူးထြက္သြားေလရဲ႕၊ က်ဳပ္တို႔ထိုင္ေနတဲ့အနားကို မိုးေစြလာထိုင္ပါေရာ။
“မိုးေစြ၊ ကိုထြန္းရင္ေျပာတဲ့ မင္းတို႔မိဘေတြပိုင္ခဲ့တဲ့လယ္ကို မင္းေရာက္ဖူးသလား”
မိုးေစြက ေခါင္းခါျပတယ္ဗ်၊
“အရင္က ေရာက္ဖူးေပမယ့္ အခုေတာ့မေရာက္ဖူးဘူးဗ်၊ ဘာလို႔လဲဆိုေတာ့ က်ဳပ္ငယ္ငယ္ေျခာက္ႏွစ္သားေလာက္က အိမ္ကေနတစ္ေယာက္တည္း အဲဒီကုန္းကိုထြက္သြားခဲ့ဖူးလို႔ပဲဗ်၊ ဘႀကီးရဲ႕သားက အသိျမန္လို႔မေသတာဗ်ိဳ႕၊ က်ဳပ္တစ္ေယာက္ထဲ ညႀကီးမင္းႀကီး အဲဒီလယ္ေတြဆီကိုထသြားတာတဲ့ဗ်ာ”
“မင္းကေရာ ဘာမွမမွတ္မိဘူးလား”
မိုးေစြက ေခါင္းခါျပတယ္ဗ်၊ ဦးဘသာက က်ဳပ္ကိုတစ္ခ်က္လွမ္းၾကည့္တယ္၊ ၿပီးေတာ့ မိုးေစြကို ပုခုံးပုတ္ရင္း
“ငါအဲဒီလယ္ေတြဆီကိုသြားၾကည့္ခ်င္တယ္ကြာ၊ မင္းငါ့ကိုလိုက္ပို႔ေပးမလား မိုးေစြ”
မိုးေစြက ေတြေဝေနတယ္ဗ်၊ သူ႔ၾကည့္ရတာ ေၾကာက္ေနတဲ့ပုံပဲ၊ က်ဳပ္လည္း ထူးဆန္းေနတာေပါ့ဗ်ာ၊ က်ဳပ္တို႔႐ြာမွာ လယ္ေတြရွိေနရဲ႕သားနဲ႔ ေပေတာ႐ြာက လယ္ကိုဘာလို႔စိတ္ဝင္စားသလဲေပါ့၊ ၾကည့္ရတာ ဦးဘသာမွာ အႀကံအစည္တစ္ခုခုေတာ့ ရွိေနတဲ့ပုံပဲဗ်၊ မိုးေစြက ေခါင္းခါလိုက္ၿပီးေတာ့
“က်ဳပ္မသြားရဲဘူးဗ်ာ၊ က်ဳပ္က ေစတီလွေတာဘက္ကိုသာ အေၾကာက္အလန႔္မရွိသြားရဲတာဗ်၊ က်ဳပ္မိဘေတြေသထားတဲ့ လယ္ထဲကိုေတာ့ မဆင္းရဲဘူး၊ မဆင္းးဝံ့ဘူးဗ်ာ”
“မေၾကာက္စမ္းပါနဲ႔ မိုးေစြရာ၊ ငါလည္းပါပါတယ္ကြ၊ ကဲ လိုက္ပို႔မယ္မဟုတ္လား”
မိုးေစြက ဒီေတာ့မွ ေခါင္းညိတ္ရင္း
“ဟုတ္ကဲ့၊ ဒါဆို ေနမဝင္ခင္ အျမန္ေရာက္ေအာင္သြားၾကတာေပါ့ဗ်ာ”
ဦးဘသာအစြမ္းကိုေတာ့ မိုးေစြက ယုံတဲ့ပုံပါပဲဗ်ာ၊ ဒီလိုနဲ႔ မိုးေစြက ပုဆိုးသြားလဲဝတ္ေတာ့ က်ဳပ္လည္း ဦးဘသာကိုလက္ကုပ္လိုက္တာေပါ့။
“ဦးဘသာ၊ ဒီလယ္ေတြက ဘာျဖစ္ေနလို႔လဲဗ်”
“ၾကည့္ရတာ ဒီကိစၥမွာေတာ့ ငါတို႔ဝင္ပါမွ ျဖစ္ေတာ့မယ္ထင္ပါတယ္ကြာ”
(၃)
ဒီလိုနဲ႔ က်ဳပ္တို႔သုံးေယာက္ ေပေတာ႐ြာကေန အေနာက္ဘက္ကိုထြက္ခဲ့တယ္ဗ်၊ က်ဳပ္တို႔အေရွ႕ဆုံးက မိုးေစြကသြားေနတယ္၊ အေနာက္မွာေတာ့ ဦးဘသာက ဝါးစိမ္းတုတ္ကေလးတစ္ေခ်ာင္းကိုင္ရင္း သြားေနတယ္ဗ်၊ ေနာက္ဆုံးကေတာ့ က်ဳပ္ေပါ့ဗ်ာ၊ ေပေတာ႐ြာ အေနာက္ဘက္မွာ လယ္ကြင္းေတြအမ်ားႀကီးပဲရွိတယ္ဗ်၊ အဲဒီလယ္ကြင္းေတြရဲ႕ အစြန္ေလာက္မွာေတာ့ ခ်ဳံႏြယ္ပိတ္ေပါင္းေတြထေနတဲ့ ေတာ႐ိုင္းေျမႀကီးတစ္ခုရွိတာေပါ့ဗ်ာ၊ အဲဒီေတာ႐ိုင္းေျမႀကီး အလယ္မွာ ထန္းပင္သုံးပင္က အတန္းလိုက္ေပါက္ေနပါေသးတယ္၊ မိုးေစြက အဲဒီေနရာကိုလက္ညႇိဳးထိုးျပၿပီးေတာ့
“ဆရာႀကီး၊ အဲဒီလယ္ပါပဲ”
“ေအး၊ ငါအနီးကပ္သြားၾကည့္ခ်င္တယ္ကြာ”
မိုးေစြက ဦးဘသာကိုတစ္ခ်က္ၾကည့္တယ္၊ ေနာက္ေတာ့မွ အေရွ႕ကေန ကုပ္ေခ်ာင္းေခ်ာင္းနဲ႔ဆက္ေလွ်ာက္သြားတာပါပဲဗ်ာ၊ ႐ြာကေန ကြမ္းတစ္ယာညက္ေလာက္ေလွ်ာက္ၿပီးေတာ့ အဲဒီေနရာကိုေရာက္တယ္ဗ်၊ လမ္းခရီးမွာေတာ့ ထူးထူးဆန္းဆန္း ဦးဘသာ မိုးေစြကို ကြမ္းတစ္ယာထုတ္ေကြၽးတယ္ဗ်။
“ေမာင္မိုးေစြ၊ မင္း ကြမ္းစားတတ္သလား”
“ဟုတ္ကဲ့၊ တစ္ခါတစ္ေလစားပါတယ္ ဆရာႀကီး”
“ေအး၊ ဒါဆိုရင္ ဒီကြမ္းေလးစားလိုက္ကြာ”
ဦးဘသာက မိုးေစြကို ကြမ္းတစ္ယာလွမ္းေပးတယ္ဗ်၊ မိုးေစြကလည္း ေၾကာင္ေတာင္ေတာင္နဲ႔ဦးဘသာကိုၾကည့္ေနတယ္၊
“ေဟ့ေကာင္ေလး၊ မင္းကိုလူႀကီးေတြေျပာတာ နားေထာင္ဖို႔ မင္းဘႀကီးက သင္မထားေပးဘူးလားကြ”
ဦးဘသာက ေငါက္လိုက္ေတာ့မွ မိုးေစြက ကြမ္းယာကိုယူၿပီးေတာ့ ပါးစပ္ထဲကိုပစ္ထည့္လိုက္ေတာ့တာပဲဗ်ာ၊ မိုးေစြက ဆက္ေလွ်ာက္သြားေတာ့ ဦးဘသာအနားကို က်ဳပ္ကပ္ၿပီး လက္ဝါးျဖန႔္လိုက္တာေပါ့။
“ေအာင္မယ္၊ မင္းကဘာလိုခ်င္တာလဲ”
“က်ဳပ္လည္း ကြမ္းတစ္ယာေလာက္ေပးေလဗ်ာ၊ လမ္းသြားရင္း ပ်င္းေတာ့ဝါးခ်င္လို႔”
“မရွိဘူးေဟ့၊ ကြမ္းက တစ္ယာထဲပါတာကြ”
ဦးဘသာက ခပ္ဆတ္ဆတ္ေျပာၿပီးေတာ့ လမ္းဆက္ေလွ်ာက္သြားေတာ့တာပဲဗ်ာ။
ခ်ဳံေတြထူလိုက္တာကေတာ့ ေျပာမေနပါနဲ႔ဗ်ာ၊ မစိုက္မပ်ိဳးတာၾကာလို႔ သစ္ပင္ေပါင္းစုံကလည္း အေလ့က်ေပါက္ၿပီးေတာ့ ေတာအုပ္ကေလးလိုေတာင္ျဖစ္ေနၿပီဗ်၊ လူတစ္ရပ္ျမင့္တဲ့ သစ္ပင္ကေလးေတြေအာက္ကေန က်ဳပ္တို႔ခ်ဳံထဲကိုတိုးခဲ့ၾကတယ္၊ အခ်ိန္က ေနမဝင္ေသးေပမယ့္ အဲဒီခ်ဳံေတြေအာက္ေရာက္ေတာ့ ေအးစိမ့္ၿပီးေတာ့ ေမွာင္ရိပ္က်ေနတယ္ဗ်။
“ဆ၊ ဆရာႀကီး က်ဳပ္ေတာ့ဆက္မေနဝံ့ေတာ့ဘူးေနာ္”
“ငါရွိပါတယ္ဆိုကြာ၊ မင္းတို႔အေဖအေမေတြ ေသခဲ့တဲ့ လယ္ေစာင့္တဲကေလးက ဘယ္အနားေလာက္လဲကြ”
“လူႀကီးေတြေျပာတာေတာ့ ေဟာဟိုထန္းသုံးပင္ေအာက္နားမွာ လယ္တဲကေလးရွိခဲ့ဖူးတယ္တဲ့ဗ်”
ဦးဘသာက ေတာအုပ္ကိုဆက္တိုးသြားတယ္ဗ်၊ က်ဳပ္လည္း ဆက္လိုက္လာတာေပါ့ဗ်ာ၊ အေနာက္ကေတာ့ မိုးေစြေပါ့၊ က်ဳပ္တို႔တိုးလာခဲ့ၿပီး ထန္းသုံးပင္အနားကိုေရာက္ေတာ့ ေျမႀကီးက ေျပာင္ေျပာင္ကေလးျဖစ္ေနတယ္ဗ်၊ ဦးဘသာက ထန္းပင္ေတြအေပၚကိုေမာ့ၾကည့္လိုက္တယ္၊ ထန္းပင္ေတြက ထန္းတက္မယ့္လူမရွိတာေၾကာင့္ ထန္းဖလက္ေတြက တြဲေလာင္းက်ေနၿပီးေတာ့ အ႐ုပ္ဆိုးတာေပါ့ဗ်ာ။
ဒီအခ်ိန္မွာပဲ က်ဳပ္တို႔အေနာက္က ခ်ဳံတိုးသံၾကားရတယ္ဗ်၊ က်ဳပ္နဲ႔မိုးေစြလည္း ေၾကာက္ေၾကာက္နဲ႔လွည့္ၾကည့္လိုက္တာေပါ့ဗ်ာ၊ ဘာမွေတာ့မေတြ႕ဘူးဗ်၊ ေနာက္ေတာ့ ခ်ဳံတိုးသံေတြက တစ္ေနရာထဲကေနမဟုတ္ဘဲ က်ဳပ္တို႔ကိုပတ္ၿပီးေတာ့ လွည့္ပတ္ေျပးေနသလိုပဲဗ်၊ မၾကာပါဘူး၊ အဲဒီအနားက ခ်ဳံေတြအားလုံးကို လူေတြကလွႈပ္ေနသလိုမ်ိဳး တျဖန္းျဖန္းနဲ႔လႈပ္ေနပါေရာလားဗ်ာ၊ မိုးေစြလည္း ေတာ္ေတာ္ထိတ္လန႔္ေနတာနဲ႔ ျပန္ေျပးဖို႔လုပ္တာေပါ့။
“ေဟ့၊ ဘယ္သူမွ မေျပးနဲ႔ေနာ္၊ ငါရွိတယ္၊ ဘာမွမေၾကာက္နဲ႔၊ မင္းတို႔ေျပးေတာ့မွ ပိုဆိုးသြားမယ္ကြ”
ထြက္ေျပးခ်င္တဲ့မိုးေစြေတာင္ ဦးဘသာစကားၾကားၿပီးေတာ့ ၿငိမ္ကုပ္သြားတယ္။ ခဏၾကာေတာ့ သစ္ပင္ေတြလည္း ျပန္ၿပီးၿငိမ္သြားတယ္ဗ်၊ က်ဳပ္တို႔ျဖင့္ သက္ျပင္းခ်မလိုရွိေသးတယ္၊ ခ်ဳံေတြၾကားထဲကေန ေက်ာက္တုံးေတြ၊ သစ္ကိုင္းေျခာက္ေတြထြက္လာၿပီး က်ဳပ္တို႔ကိုလာထိပါေရာဗ်ာ၊ ေက်ာက္တုံးေသးေသးေလးေတြ သစ္ကိုင္းေလးေတြဆိုေတာ့ သိပ္ေတာ့မနာဘူးဗ်၊ ထိမိရင္ စပ္႐ုံစပ္သြားတာ။ ဦးဘသာက ပတ္ဝန္းက်င္ကိုတစ္ခ်က္ေဝ့ၾကည့္ၿပီးေတာ့
“ေဟ့၊ ဘယ္သူေျခာက္ေနတာလဲကြ၊ သတၱိရွိရင္ အေကာင္အထည္ျပစမ္း”
လို႔ေအာ္လိုက္ေတာ့ ပစ္ခတ္ေနတာေတြရပ္သြားၿပီးေတာ့ ထန္းပင္ႀကီးေပၚကေန တဂြၽတ္ဂြၽတ္အသံကိုၾကားရတာပဲဗ်ာ၊ က်ဳပ္တို႔သုံးေယာက္သား ေမာ့ၾကည့္လိုက္ေတာ့ ထန္းပင္ထိပ္နားကေန အေကာင္ႀကီးတစ္ေကာင္က ကုပ္ဖက္ၿပီးေတာ့ ေဇာက္ထိုးႀကီးဆင္းလာတာပဲဗ်ာ၊ အေရာင္အေသြးကေတာ့ ထန္းသီးေရာင္လို မည္းမည္းေျပာင္ေျပာင္နဲ႔ဗ်ာ၊ ေျခတံလက္တံရွည္ရွည္နဲ႔ အေကာင္ႀကီးေပါ့၊ က်ဳပ္နဲ႔မိုးေစြလည္း အဲဒီအေကာင္ႀကီးကိုေတြ႕ေတာ့ လန႔္သြားတယ္ဗ်။
“ေအာင္မယ္ေလးသရဲႀကီးဗ်”
မိုးေစြလည္း လွည့္ေျပးေတာ့တယ္ဗ်၊ ဒါေပမယ့္ ေျပးမရဘူးဗ်ိဳ႕၊ တစ္ခါ က်ဳပ္တို႔ေျခေထာက္ေအာက္နား ေျမႀကီးထဲကေန လက္ႀကီးတစ္ဖက္ထြက္လာပါေလေရာ၊ လက္က ႐ႊံ႕ေရာင္လို ညိဳညိဳေျခာက္ေျခာက္ဗ်၊ လက္ေခ်ာင္းႀကီးေတြကေတာ့ ပိန္ရွည္ႀကီးေတြ၊ လက္ေခ်ာင္းတစ္ေခ်ာင္းတစ္ေခ်ာင္း တစ္ေပေလာက္ရွိမယ္ထင္ပါ့ဗ်ာ၊ အဲဒီလက္က က်ဳပ္ေျခေထာက္ကိုလာၿပီးဖမ္းဆြဲေတာ့တာပဲဗ်ာ၊ အထိအေတြ႕ကလည္း ခပ္ၾကမ္းၾကမ္းႀကီးဗ်ာ၊ က်ဳပ္လည္း ဦးဘသာပါတယ္ဆိုတာကိုေတာင္ေမ့ၿပီးေတာ့ လွည့္ေျပးတာပဲဗ်ိဳ႕။
က်ဳပ္နဲ႔မိုးေစြနဲ႔ အေနာက္ျပန္လွည့္ၿပီးေတာ့ ေျခကုန္သုတ္ေျပးတာေပါ့ဗ်ာ၊ ဒါေပမယ့္ က်ဳပ္လည္းအေရွ႕မေရာက္သလို မိုးေစြလည္းအေရွ႕မေရာက္ဘူးဗ်၊ က်ဳပ္တို႔ႏွစ္ေယာက္ေျခေထာက္ေတြကို အားကုန္သုံးၿပီးေျပးေပမယ့္ က်ဳပ္ေျခေထာက္ကို လက္ႀကီးတစ္ဖက္က ဆြဲထားေသးပါေရာ။
“ေအာင္မယ္ေလး၊ ကယ္ၾကပါအုံး၊ သရဲႀကီးက က်ဳပ္ကိုဆြဲထားတယ္ဗ်”
မိုးေစြက ထေအာ္တယ္ဗ်။
“ေဟ့ေကာင္မိုးေစြ မင္းကိုသရဲဆြဲထားတာမဟုတ္ဘူးကြ၊ ငါဆြဲထားတာ”
ဦးဘသာက ထေအာ္ေတာ့မွ မိုးေစြကလွည့္ၾကည့္လိုက္ေတာ့ သူ႔အက်ႌဂုတ္စကို ဦးဘသာက ဆြဲထားတယ္ဗ်၊ ဒါေၾကာင့္ မိုးေစြက ေျပးမရတာကိုး။ က်ဳပ္လည္းေျပးေနတာကိုရပ္ၿပီးေတာ့
“ဒါဆိုရင္ က်ဳပ္ကိုေရာ ဦးဘသာဆြဲထားတာလား”
လို႔ေျပာၿပီး ေျခေထာက္ေအာက္ကိုငုံ႔ၾကည့္ေတာ့ ေျမႀကီးထဲကေန လက္ႀကီးတစ္ဖက္ကိုေတြ႕ရတယ္။ က်ဳပ္တို႔ေတာ့ ဦးဘသာကဆြဲထားတာမဟုတ္ဘူးဗ်ိဳ႕၊ သရဲႀကီးက ဆြဲထားတာဗ်၊ က်ဳပ္ၾကည့္ေနတုန္းမွာပဲ သရဲႀကီးတစ္ေကာင္က ေျမႀကီးထဲကေန တိုးထြက္လာတယ္၊ မာေၾကာၾကမ္းတမ္းတဲ့ ေျမျပင္ႀကီးက မသိရင္ေရျပင္ႀကီးက်ေနတာပဲဗ်ာ၊ တစ္ကိုယ္လုံးအေမႊးေတြနဲ႔ ဖုံးေနတဲ့ အေကာင္တစ္ေကာင္ဗ်ိဳ႕၊ မ်က္တြင္းေတြက နက္ေနၿပီးေတာ့ မ်က္လုံးေတြကလည္း မည္းမည္းႀကီးေတြဗ်။
“ေဟ့ေကာင္ေတြ၊ ဘာမွမေၾကာက္နဲ႔၊ ဒါဘယ္သူလဲဆိုတာ သိၾကသလားကြ”
က်ဳပ္လည္းေခါင္းခါလိုက္တယ္ဗ်၊ ဦးဘသာ ထန္းပင္ေပၚကေဇာက္ထိုးဆင္းလာတဲ့အေကာင္ႀကီးကိုလက္ညႇိဳးထိုးၿပီးေတာ့
“စံေပါေရ၊ မင္းလူ႐ုပ္အတိုင္း ကိုယ္ထင္ျပစမ္းေဟ့”
ဦးဘသာေျပာၿပီး မၾကာပါဘူး၊ ထန္းပင္ေပၚကဆင္းလာတဲ့အေကာင္ႀကီးက လူပုံစံျဖစ္သြားတယ္ဗ်၊ အက်ီၾကမ္းတစ္ထည္ကို ရင္ဘတ္ဖြင့္ဝတ္ထားၿပီးေတာ့ ေအာက္ကလည္း ဒူးေလာက္သာသာရွိတဲ့ ပုဆိုးကိုဝတ္ထားတဲ့ လူတစ္ေယာက္အျဖစ္ေျပာင္းသြားတာေပါ့ဗ်ာ၊ မိုးေစြကေတာ့ အံ့ၾသလြန္းလို႔ ပါးစပ္ႀကီးဟၿပီးေတာ့ ေက်ာက္႐ုပ္ႀကီးလိုရပ္ေနတယ္ဗ်။
ဒီလူႀကီးကလည္း သူ႔လက္ေခ်ာင္းေတြကို သူျပန္ငုံ႔ၾကည့္ၿပီးေတာ့
“က်ဳပ္ . . . က်ဳပ္ လူပုံစံျပန္ျဖစ္ၿပီဗ်”
အသံကြဲအက္အက္ႀကီးနဲ႔ေအာ္တယ္၊ ဒီလိုပဲ က်ဳပ္ေျခေထာက္ကိုကိုင္ထားတဲ့ သရဲႀကီးကလည္း တျဖည္းျဖည္းနဲ႔ ဘီးဆံပတ္ႀကီးထုံးထားတဲ့ မိန္းမတစ္ေယာက္အျဖစ္ေျပာင္းသြားတယ္ဗ်၊ အဲဒီမိန္းမက ေျမေပၚမွာေဆာင့္ေၾကာင့္ထိုင္ရင္း က်ဳပ္ေျခေထာက္ေတြကိုလွမ္းကိုင္ထားတာ၊ ဒီေတာ့မွ မိုးေစြက သတိဝင္လာတယ္။
“စံေပါ၊ စံေပါဆိုေတာ့ ေဟာဟိုက က်ဳပ္အေဖစံေပါလား”
ဦးဘသာက ေခါင္းညိတ္လိုက္တယ္ဗ်။ မိုးေစြက က်ဳပ္ေျခေထာက္ကို ကိုင္ထားတဲ့ မိန္းမႀကီးကိုၾကည့္လိုက္ရင္း
“ဒါကေတာ့ က်ဳပ္အေမ ခင္ခင္ဆိုတာလား”
ဒီေတာ့မွ မိန္းမႀကီးက က်ဳပ္လက္ကိုလႊတ္လိုက္ၿပီးေတာ့ မိုးေစြဘက္ကိုလွည့္ၾကည့္တယ္ဗ်၊ အဲဒီမိန္းမက မိုးေစြကိုစိုက္ၾကည့္ၿပီးေတာ့
“သား . . . သားေလး”
မိုးေစြက တအံ့တၾသနဲ႔ၾကည့္ေနရင္း မ်က္ရည္ေတြ ေပါက္ခနဲေပါက္ခနဲ စီးက်လာပါေရာဗ်ာ၊ ၿပီးတာနဲ႔ သူ႔အေမဆီကိုေျပးသြားတယ္၊
“အေမ၊ အေမ့ကိုက်ဳပ္ျမင္ဖူးၿပီ၊ အေဖ့ကိုလည္း က်ဳပ္ျမင္ဖူးၿပီဗ်”
မိုးေစြက သူ႔အေမလက္ေတြကိုေျပးဆြဲတယ္ဗ်၊ ဒါေပမယ့္ သရဲမႀကီးက အကိုင္မခံဘူး၊ လက္ကိုေရွာင္ေနတယ္။ က်ဳပ္ေတာင္မွ သူတို႔သားအမိေတြကို ေဘးနားကေနၾကည့္ေနရင္း ရင္ထဲတစ္ဆို႔ဆို႔ႀကီးျဖစ္လာတယ္ဗ်။
“က်ဳပ္ တစ္သက္နဲ႔တစ္ကိုယ္ အေမတို႔ကိုမျမင္ဖူးဘူးဗ်ာ၊ အခုမွပဲ ျမင္ရၿပီ”
ဒီေတာ့ ထန္းပင္အနားမွာ ရပ္ေနတဲ့ ဦးစံေပါက သူ႔သားဆီကိုေျပးလာတယ္။
“သားရယ္၊ အေဖတို႔လည္း သားဆီကိုလာခ်င္ပါတယ္၊ သားကိုေတြ႕ခ်င္လြန္းလို႔ေတာင္မွ သားငယ္ငယ္က အေဖတို႔လွမ္းေခၚဖူးတယ္သား”
“ေတြ႕ခ်င္ရင္ လာေတြ႕ေပါ့အေဖရ၊ သားက ႐ြာမွာရွိတာပဲကို”
မိုးေစြေျပာလိုက္ေတာ့ ဦးစံေပါေရာ၊ ေဒၚခင္ခင္ေရာ မ်က္ႏွာပ်က္သြားၾကတယ္ဗ်။
“သား႐ြာမွာရွိေနတာသိေပမယ့္ အေမတို႔သားဆီကို မလာႏိုင္ပါဘူးသားရယ္၊ ကဲ အခုေတာ့ သားကိုအေမျပန္ေတြ႕ရၿပီ၊ အေမတို႔နဲ႔အတူတူဒီမွာလာေနပါလားသား”
ဒီေတာ့ ဦးဘသာက ေခ်ာင္းဟန႔္လိုက္ၿပီး
“ဟဲ့ခင္ခင္၊ နင္တို႔သားနဲ႔ နင္တို႔နဲ႔က ဘဝေတြျခားေနၿပီဟဲ့၊ နင္တို႔ဘဝနဲ႔နင္၊ သူ႔ဘဝနဲ႔သူ ရွိေစေတာ့ေပါ့ဟာ”
ေဒၚခင္ခင္က ဦးဘသာကို ေဒါသတႀကီးနဲ႔ၾကည့္လိုက္ၿပီးေတာ့
“ေအာင္မာ၊ အဘိုးႀကီး၊ ရွင္နဲ႔ဘာဆိုင္လို႔ ဝင္ပါရတာလဲ”
ၿပီးေတာ့ မိုးေစြလက္ကိုလွမ္းဆြဲလိုက္တယ္ဆိုရင္ပဲ ေဒၚခင္ခင္လက္က ရွဲခနဲထျမည္ၿပီးေတာ့ တစ္ခ်က္တြန႔္သြားတယ္ဗ်။ မိုးေစြကေတာ့ မသိဘူးထင္ပါရဲ႕။
“အေမ၊ အေမ”
ဆိုၿပီးေတာ့ သူ႔အေမကိုလက္ကမ္းေပမယ့္ သူ႔အေမက မကိုင္ဝံ့ဘူးဗ်ာ။
“မကိုင္နဲ႔၊ အေမ့ကိုမကိုင္နဲ႔၊ အေမ့ကိုမကိုင္နဲ႔”
ဦးဘသာက ခါးေထာက္ၿပီး
“နင္တို႔သားကို နင္တို႔ေခၚသြားမရေအာင္ အစီအမံလုပ္ေပးၿပီးသားဟဲ့၊ နင္တို႔သေဘာေပါက္လိုက္ၾက၊ ကဲ ကဲ ငါေကာင္းေကာင္းမြန္မြန္ေျပာေနတုန္း နင္တို႔ပစၥည္းေတြထုတ္ေပးၾက”
ဦးစံေပါက ဦးဘသာကိုၾကည့္ရင္း
“ေအာင္မာ၊ ခင္ဗ်ားႀကီးက လူပါးဝလို႔”
ဦးစံေပါက ခ်က္ခ်င္းပဲ သရဲပုံႀကီးျပန္ျဖစ္သြားၿပီးေတာ့ ဦးဘသာဆီကိုအတင္းခုန္ဝင္တာပါပဲဗ်ာ၊ ဦးဘသာက လက္ထဲကဝါးစိမ္းတုတ္ကေလးနဲ႔ လွမ္း႐ိုက္ထည့္လိုက္ေတာ့ ဝုန္းခနဲအသံနဲ႔အတူ သရဲႀကီးဦးစံေပါက ေျမျပင္ေပၚကို ေမွာက္ခုံႀကီး က်သြားေတာ့တာပဲဗ်ာ၊ က်သြားၿပီး ေတာ္ေတာ္နဲ႔ျပန္မထႏိုင္ဘူးျဖစ္ေနတယ္ဗ်၊ ေဒၚခင္ခင္ကလည္း သရဲႀကီးျဖစ္ၿပီး ဦးဘသာကိုလႊားခနဲအုပ္ပါေရာ၊ ဒါေပမယ့္ ဦးဘသာက မတ္တပ္ရပ္ေနတဲ့ေနရာကေန ႐ုတ္ျခည္းေပ်ာက္သြားၿပီးေတာ့ ခပ္လွမ္းလွမ္းမွာသြားေပၚတယ္ဗ်၊ ေဒၚခင္ခင္က စိတ္ဆိုးသြားၿပီး ဦးဘသာကို ဖားတစ္ေကာင္လိုမ်ိဳး ခုန္အုပ္ျပန္ေရာဗ်ာ၊ ဒါေပမယ့္ ဦးဘသာကိုမထိပါဘူး၊ သူခုန္အုပ္လို႔ ဦးဘသာကိုထိလုထိခင္မွာပဲ ဦးဘသာက လွစ္ခနဲေပ်ာက္သြားၿပီးေတာ့ ဆယ္ေပေလာက္ေဝးတဲ့တစ္ေနရာမွာ ျပန္ေပၚသြားေရာဗ်၊ ဒီေတာ့ လက္ထဲက ဝါးစိမ္းတုတ္ကေလးကို မိုးေပၚကိုလွမ္းပစ္တင္လိုက္ၿပီးေတာ့
“သရဲမကို ႐ိုက္စမ္းေဟ့”
လို႔ အမိန႔္ေပးလိုက္တာနဲ႔ ဝါးစိမ္းတုတ္ကေလးက သူ႔အလိုလိုေလေပၚပ်ံသြားၿပီးေတာ့ သရဲမကိုတျဖန္းျဖန္းနဲ႔႐ိုက္ေတာ့တာပါပဲဗ်ာ၊ လက္သန္းလုံးေလာက္ရွိတဲ့ ဝါးစိမ္းတုတ္ဆိုေပမယ့္ သူတစ္ခ်က္တစ္ခ်က္႐ိုက္လိုက္ရင္ သရဲမခမ်ာ ေက်ာေကာ့ေအာင္ကို ခံရတာပဲ၊ ဝါးစိမ္းတုတ္ကလည္း သရဲမကို ေက်ာေတြ၊ ရင္ေတြ လွိမ့္႐ိုက္ေတာ့တာဗ်။
(၄)
“မ႐ိုက္ပါနဲ႔ေတာ့၊ အေမ့ကို မ႐ိုက္ပါနဲ႔ေတာ့”
မိုးေစြက ေျပးဝင္လာၿပီး တုတ္ကိုအတင္းလိုက္ဖမ္းတယ္ဗ်၊ ဦးဘသာလည္း သနားသြားတယ္ထင္ပါရဲ႕ဗ်ာ၊ လက္ဝါးျဖန႔္ၿပီး မိုးေပၚေထာင္လိုက္ေတာ့ ဝါးစိမ္းတုတ္ကေလးက လွစ္ခနဲပ်ံထြက္ၿပီးေတာ့ ဦးဘသာလက္ထဲကိုျပန္ေရာက္သြားပါေရာ။
ဒီအခ်ိန္မွာပဲ က်ဳပ္ကိုအေနာက္ကေန တစ္ေယာက္ေယာက္က အားနဲ႔ဆြဲေပြ႕ဖက္လိုက္တယ္ဗ်၊ က်ဳပ္ကိုယ္က်ဳပ္ငုံ႔ၾကည့္လိုက္ေတာ့ လက္မည္းမည္းႀကီးက က်ဳပ္ကိုအတင္းဖက္ထားတယ္၊ ၿပီးတာနဲ႔ ထန္းပင္ႀကီးေပၚကို ေျပးတက္ေတာ့ က်ဳပ္လည္း ထန္းပင္အေပၚကိုပါသြားတာေပါ့ဗ်ာ၊ ထန္းပင္တက္တာလည္း ျမန္သလားမေမးနဲ႔ဗ်ာ၊ ရိပ္ခနဲ ထန္းပင္ထိပ္နားကိုေရာက္သြားတာဗ်၊ က်ဳပ္ကိုဖမ္းသြားတဲ့လူကေတာ့ သရဲႀကီးဦးစံေပါေပါ့ဗ်ာ။
“ဟား၊ ဟား၊ က်ဳပ္သားကိုေခၚမရရင္၊ ဒီေကာင္ေလးကိုေခၚထားမယ္၊ ခင္ဗ်ားႀကီး က်ဳပ္သားကိုေခၚခြင့္မေပးဘူးဆိုရင္ ဒီေကာင့္ကို က်ဳပ္ထန္းပင္ေပၚကေနပစ္ခ်မယ္”
အသံကြဲကြဲႀကီးနဲ႔ေျပာတာဗ်၊ ထန္းပင္ကျမင့္ေတာ့ ေလေတြက တဝူးဝူးနဲ႔တိုက္ေနတာဗ်ာ၊ က်ဳပ္ျဖင့္ ေအာက္ကိုၾကည့္ၿပီးေတာ့ အသည္းတေအးေအးနဲ႔ေပါ့၊ တကယ္ပါ၊ ထန္းပင္ဘယ္ေလာက္ျမင့္သလဲဆိုရင္ ေအာက္က ဦးဘသာတို႔ကိုေတာင္ ခပ္ေသးေသးပဲျမင္ရတာဗ်။
“ကယ္ပါအုံး၊ ဦးဘသာ က်ဳပ္ကိုကယ္ပါအုံး”
ဦးဘသာက ထန္းပင္ေပၚကို ဝါးစိမ္းတုတ္နဲ႔လွမ္းၫႊန္ရင္း
“ေဟ့ေကာင္စံေပါ၊ အလတ္ေကာင္ကို ခ်ထားလိုက္စမ္း”
“ဟီး၊ ဟီး မခ်ေပးဘူး၊ က်ဳပ္သားကို က်ဳပ္တို႔ျပန္ေခၚမယ္”
“ေအာင္မာ၊ မင္းတို႔ကေတာ့ ငါ့အေၾကာင္းသိခ်င္ေနၿပီထင္တယ္ကြ”
ဦးဘသာဘာလုပ္လိုက္သလဲေတာ့မသိပါဘူးဗ်ာ၊ အဲဒီထန္းပင္ထိပ္က ထန္းလက္ေတြက ယပ္ေတာင္ႀကီးေတြလို လုႈပ္လာၿပီးေတာ့ သရဲႀကီးဦးစံေပါကို တျဖန္းျဖန္းနဲ႔႐ိုက္ပါေလေရာဗ်ာ၊ ထန္းလက္ ေလးငါးလက္က ဝိုင္း႐ိုက္တာဆိုေတာ့ တျဖန္းျဖန္း၊ တခြပ္ခြပ္နဲ႔ေပါ့၊ ဒီေတာ့မွ ဦးစံံေပါက
“ေၾကာက္ပါၿပီ၊ မလုပ္ပါနဲ႔ေတာ့” လို႔ေအာ္ၿပီးေတာ့ ဘာမေျပာညာမေျပာနဲ႔ က်ဳပ္ကိုဖမ္းထားတဲ့လက္ကို လႊတ္ခ်လိုက္တယ္ဗ်ာ၊ က်ဳပ္လည္း ထန္းပင္ေပၚကေန ျပန္က်တာ ေအးခနဲပဲဗ်ိဳ႕၊ ကိုယ့္ကိုယ္ကိုယ္ေတာ့ ေသၿပီထင္တာဗ်၊ ဒီေလာက္အျမင့္ႀကီးကေန ေဇာက္ထိုးႀကီးျပဳတ္က်တာကိုး၊ ဒါေပမယ့္ ေျမႀကီးေပၚကိုမက်ခင္ က်ဳပ္ကိုယ္လုံးက တစ္ပတ္လည္သြားၿပီးေတာ့ ေဟာ၊ ေျမႀကီးေပၚလည္းေရာက္ေရာ မတ္တပ္ႀကီးဗ်ာ၊ မသိရင္ တစ္ေယာက္ေယာက္ကဖမ္းၿပီးေတာ့ မတ္တပ္ရပ္ေပးလိုက္သလိုပဲဗ်။
ဦးဘသာက ထန္းပင္ေပၚက သရဲႀကီးဦးစံေပါဆီကို လက္ဝါးနဲ႔ထိုးခ်ိန္လိုက္ၿပီးေတာ့
“ေဟ့ေကာင္လာစမ္း”
ဆိုတာနဲ႔ ထန္းပင္ေပၚက သရဲႀကီးက ဖုတ္ခနဲေျမႀကီးေပၚကိုျပဳတ္က်ၿပီးေတာ့ ဦးဘသာရဲ႕လက္ထဲကို သူ႔အလိုလိုေရာက္သြားတယ္၊ ဦးဘသာက သရဲႀကီးရဲ႕ နဖူးကို သူ႔လက္ဝါးနဲ႔ကပ္ထားတာေပါ့။ တစ္ခါ ဝါးစိမ္းတုတ္ဒဏ္မိၿပီးေတာ့ လူးလွိမ့္ေနတဲ့ သရဲမႀကီးခင္ခင္ကိုလည္း လက္နဲ႔ခ်ိန္လိုက္ေတာ့ အဲဒီလိုပဲ ဦးဘသာဆီကို တ႐ြတ္တ႐ြတ္နဲ႔ေရာက္သြားၿပီးေတာ့ ဦးဘသာလက္မွာ နဖူးကေျပးကပ္သြားတယ္။
“ငါအခုလာတယ္ဆိုတာ၊ မင္းတို႔ရဲ႕အစြဲေတြကို ခြၽတ္ေပးဖို႔လာတာပဲေဟ့”
ဦးဘသာ ႀကိမ္းဝါးလိုက္ၿပီးေတာ့ သူ႔လက္ကေန ေ႐ႊေရာင္ေတြဝင္းခနဲလက္သြားတယ္၊ သူစက္ေတြလႊတ္လိုက္တာပဲဗ်၊ ဒီအခ်ိန္ပဲ သူ႔လက္ႏွစ္ဖက္မွာ ကပ္ေနတဲ့ သရဲလင္မယားက လြင့္ထြက္သြားၿပီးေတာ့ ထန္းပင္နဲ႔ျဖတ္တိုက္မိၿပီးေတာ့ ထန္းပင္ေျခရင္းမွာ ပုံပုံကေလးေခြက်သြားတာေပါ့ဗ်ာ။
ၿပီးတာနဲ႔ အျမန္ကုန္းထၿပီးေတာ့ ဒူးေထာက္ၿပီးလက္အုပ္ခ်ီေတာ့တာပါပဲ။
“ေၾကာက္ပါၿပီဆရာႀကီး၊ က်ဳပ္တို႔ေၾကာက္ပါၿပီ”
“ေျပာစမ္း၊ မင္းတို႔ေ႐ႊအိုးဘယ္မွာဝွက္ထားသလဲ”
က်ဳပ္ျဖင့္မယုံႏိုင္ဘူး။
“ဗ်ာ၊ ေ႐ႊအိုးတဲ့လား”
သရဲမႀကီးခင္ခင္က သရဲႀကီးဦးစံံေပါကိုၾကည့္လိုက္ၿပီးေတာ့ ဦးစံေပါက ငိုက္စိုက္စိုက္နဲ႔ထသြားၿပီး ထန္းပင္သုံးပင္အၾကားေလာက္မွာရွိတဲ့ ေျမႀကီးကို လက္နဲ႔စြက္ခနဲ ႏႈိက္လိုက္တယ္ဗ်၊ ေျမမာမာႀကီးကိုႏႈိက္တာက မသိရင္ ေရထဲႏႈိက္လိုက္သလိုပဲဗ်ာ၊ ျပန္ေပၚလာေတာ့ လက္ထဲမွာ ဘုရားေညာင္ေရအိုးေလာက္ရွိမယ့္ ေရအိုးကေလးတစ္လုံးပါလာတယ္ဗ်၊ အိုးကေလးက ေ႐ႊေရာင္လက္ေနတာပဲဗ်ာ၊ အထဲမွာလည္း ေ႐ႊမန္က်ည္းေစ့ေတြ ထည့္ထားေသးတယ္။
သရဲႀကီးဦးစံေပါက ဦးဘသာအေရွ႕ကိုသြားၿပီးေတာ့ အဲဒီေ႐ႊအိုးကို ခ်ေပးတယ္ဗ်၊ က်ဳပ္လည္း ေျပးၾကည့္တာေပါ့ဗ်ာ၊ မိုးေစြလည္း ေတာ္ေတာ္အံ့ၾသလို႔ေပါ့။ ဦးဘသာက ေ႐ႊအိုးကိုေသခ်ာၾကည့္ၿပီးေတာ့
“ဒီပစၥည္းက မင္းတို႔နဲ႔မထိုက္ဘူးကြ၊ မင္းတို႔ဘယ္က ရလာတာလဲ၊ အဲဒီေနရာကို သြားျပန္ေပးလိုက္ၾက”
သရဲႀကီးဦးစံေပါက ေခါင္းကိုသြက္သြက္ခါတယ္ဗ်။
“မထားဘူး၊ ဒါက်ဳပ္တို႔ပစၥည္း၊ ဒါ က်ဳပ္တို႔ရဲ႕ဟာ”
“ဘုရားပစၥည္းအဆိပ္သီးတဲ့ကြ၊ မင္းတို႔မယူေကာင္းဘူးေနာ္၊ ဒီပစၥည္းေၾကာင့္ မင္းတို႔လင္မယားေတြ ဒီလိုျဖစ္ခဲ့တာမဟုတ္လား၊ အခုလည္း ပစၥည္းကိုစြဲေနလို႔ မစားရမေသာက္ရ ႏွစ္ရွည္လမ်ား ဒီမွာေစာင့္ေရွာက္ေနရတယ္မဟုတ္ဘူးလား”
သရဲႀကီးဦးစံေပါက ငူငူႀကီးထိုင္ေနတယ္။ က်ဳပ္လည္း ေမးခ်င္တာ မေနႏိုင္ေတာ့ဘူးဗ်ာ။
“ဦးဘသာ၊ ဦးဘသာက ဘာလို႔ဒီကိစၥေတြကို သိေနတာလဲဗ်”
ဦးဘသာက က်ဳပ္ဘက္ကိုလွည့္ၾကည့္ၿပီးေတာ့
“မင္းနဲ႔ ကိုထြန္းရင္နဲ႔ မနက္က မိုးေစြမိဘေတြအေၾကာင္းေျပာေနတယ္မဟုတ္လားကြ၊ ဒီအခ်ိန္မွာ ဘာျဖစ္မွန္းမသိဘဲ ေသသြားတယ္ဆိုတာကို ငါကထူးဆန္းသြားတာနဲ႔ ႐ြာေတာ္ရွင္ဆီကို မေနာနဲ႔လွမ္းဆက္သြယ္ၿပီးေမးလိုက္တာကြ”
အခုမွပဲ က်ဳပ္သိေတာ့တယ္၊ ဒါေၾကာင့္ မနက္က စကားေျပာေနရင္း ဦးဘသာက တစ္ခုခုကိုေတြးသလိုလိုမ်ိဳး ေၾကာင္စီစီႀကီးျဖစ္ေနတယ္မဟုတ္လား။
“႐ြာတစ္႐ြာမွာ ဘာျဖစ္ခဲ့တယ္ဆိုတာကို ႐ြာေတာ္ရွင္ေတြက မီတယ္ကြ၊ ငါလည္း ေမးၾကည့္ေတာ့မွ သူတို႔လင္မယားက ဘုရားပစၥည္းတစ္ခုကို ရသြားတယ္တဲ့၊ အဲဒါကို ဘုရားသိုက္က လူေတြက ျပန္ေတာင္းတာကို မေပးၾကလို႔ သူတို႔ကိုသတ္လိုက္တယ္ဆိုပဲ”
ဦးစံံေပါက အသံၿပဲႀကီးနဲ႔ငိုတယ္ဗ်။
“ဟုတ္ပါတယ္ဗ်ာ၊ က်ဳပ္တို႔ယူမိပါတယ္”
“မင္းတို႔ ဘယ္ကရတာလဲကြ”
“က်ဳပ္က တစ္ရက္ေတာ့ ထင္းေခြထြက္ရင္း ဖြတ္ေတြ႕တာနဲ႔ လိုက္မိပါတယ္၊ ေတာတန္းထဲက ေတာင္ပို႔ကေလးတစ္ခုေအာက္ကို ဖြတ္ဝင္သြားတယ္အထင္နဲ႔ ႏႈိက္ရင္း ေဟာဒီေ႐ႊအိုးကိုေတြ႕တာပါ”
“လတ္စသတ္ေတာ့ မင္းႏႈိက္တာက ေတာင္ပို႔မွမဟုတ္ဘဲကြ၊ ေရွးေခတ္ကတည္ထားခဲ့တဲ့ ဘုရားတစ္ဆူဆူျဖစ္မွာေပါ့”
“ဟုတ္မွာပါ၊ က်ဳပ္လည္း ေ႐ႊအိုးေတြ႕လို႔ေပ်ာ္သြားၿပီးေတာ့ အိမ္ျပန္သယ္ဖို႔ယူပါတယ္၊ ဒါေပမယ့္ ႐ြာကလူေတြသိသြားမွာစိုးတဲ့အတြက္ အိမ္ကိုျပန္မသယ္ေတာ့ဘဲနဲ႔ လယ္ထဲကိုသယ္လာၿပီးေတာ့ လယ္တဲရဲ႕တိုင္ေအာက္ေျခနားမွာ ျမႇဳပ္ထားလိုက္ပါတယ္”
ဒီတစ္ခါေတာ့ က်ဳပ္လည္း ဦးစံေပါေျပာတာကိုေထာက္ခံတယ္ဗ်။
“ဟုတ္တယ္ဦးဘသာ၊ ဦးစံေပါက ဒီပစၥည္းက ဘုရားပစၥည္းဆိုတာကို သိခဲ့တာမွမဟုတ္တာဗ်၊ က်ဳပ္ဆိုရင္လည္း ယူမိမွာပဲ”
ဦးဘသာက သက္ျပင္းတစ္ခ်က္ခ်တယ္၊ ဦးစံေပါကလည္း ဆက္ေျပာတယ္ဗ်။
“အဲဒီေန႔ညပဲ က်ဳပ္တို႔လင္မယားႏွစ္ေယာက္ အိပ္မက္တစ္ခုကို အတူတူမက္ပါတယ္၊ အိပ္မက္ထဲမွာေတာ့ ေဒါသတႀကီးနဲ႔လူအုပ္ႀကီးတစ္အုပ္ေရာက္လာၿပီးေတာ့ က်ဳပ္တို႔ဆီကေ႐ႊအိုးကိုလာျပန္ေတာင္းတာပါ၊ မေပးရင္ က်ဳပ္တို႔ကိုသတ္ပစ္မယ္ဆိုၿပီးေတာ့ ၿခိမ္းေျခာက္ပါတယ္၊ ေတြ႕ခဲ့တဲ့ေနရာမွာ ျပန္လာထားဖို႔လည္းေျပာပါတယ္၊ က်ဳပ္တို႔လင္မယားအိပ္မက္ကေနႏိုးလာၿပီးေတာ့ အစကေတာ့ ေရအိုးကိုသြားျပန္ထားမလို႔ပါပဲ၊ ဒါေပမယ့္ စိတ္ထင္လို႔မက္တယ္လို႔ သတ္မွတ္ၿပီးေတာ့ ျပန္မသြားထားခဲ့ပါဘူး”
“မင္းတို႔ ေတာ္ေတာ္မိုက္တဲ့ဟာေတြပဲ”
“သုံးရက္တိတိအိပ္မက္လာေပးၿပီးေတာ့ ေနာက္တစ္ေန႔မွ လာမေပးရင္ သူတို႔အဆိုးမဆိုနဲ႔လို႔ ႀကိမ္းဝါးၿပီးေတာ့ အိမ္မွာေမြးထားတဲ့ ေခြးကိုသတ္သြားၾကပါတယ္၊ က်ဳပ္တို႔အိပ္မက္က ႏိုးလို႔ထၾကည့္ေတာ့ ေခြးႀကီးက ေသေနပါၿပီ”
“ဒါေတာင္မွ ခင္ဗ်ားတို႔က ျပန္မေပးၾကဘူးလား”
ဦးစံေပါက ေခါင္းခါတယ္။
“က်ဳပ္တို႔ကေတာ့ နာနာဘာဝေတြက မေက်နပ္တာျဖစ္မယ္လို႔ေတြးၿပီး အိမ္မွာအလႉလုပ္၊ ပရိတ္႐ြတ္မယ္လို႔ ေတြးမိၿပီးေတာ့ အဲဒီေန႔မွာပဲ ကန္သင္းေဖာ္မယ္ဆိုၿပီးေတာ့ လယ္ထဲဆင္းရင္း ေ႐ႊအိုးထဲကေန ေ႐ႊမန္က်ည္းေစ့ေတြလာယူတာပါ၊ က်ဳပ္မိန္းမ ထမင္းပို႔ၿပီးအျပန္ သူ႔ထမင္းေတာင္းထဲမ်ာ ေ႐ႊမန္က်ည္းေစ့ေတြ ထည့္ေပးလိုက္မယ္ဆိုၿပီးႀကံခဲ့တာပါ၊ ဒါေပမယ့္ . . .”
“ဘာျဖစ္လဲဗ်”
“က်ဳပ္တို႔လင္မယားေ႐ႊအိုးကိုျပန္ေဖာ္မယ္ႀကံစည္တုန္းမွာပဲ ေျမႀကီးထဲက ဘီလူးႀကီးတစ္ေကာင္ထြက္လာၿပီးေတာ့ က်ဳပ္တို႔ကိုေသေသခ်ာခ်ာၾကည့္ပါတယ္၊ သူ႔မ်က္လုံးေတြကို က်ဳပ္တို႔လည္းၾကည့္မိၿပီးေတာ့ ဘာျဖစ္သြားမွန္းကိုမသိလိုက္ပါဘူး၊ က်ဳပ္တို႔ျပန္သတိရလာေတာ့ က်ဳပ္တို႔က ေသေနပါၿပီ”
“ဒါေၾကာင့္ ဖိုးေခြးက ဘာေရာဂါမွန္းမသိတာကိုးကြ”
က်ဳပ္လည္းမေနႏိုင္ေတာ့ဘူးေလဗ်ာ။
“ဒါနဲ႔ေမးပါရေစအုံး၊ ခင္ဗ်ားတို႔ေသသြားေတာ့ အဲဒီဘီလူးႀကီးက ေ႐ႊအိုးကို ျပန္မယူသြားဘူးလား”
ဦးစံေပါက ေခါင္းခါလိုက္ၿပီးေတာ့
“ျမႇဳပ္ခဲ့တာက က်ဳပ္တို႔လယ္မွာမို႔လို႔ က်ဳပ္တို႔က လယ္ရွင္ေျမရွင္လိုျဖစ္ေနေတာ့ သူတို႔တူးလို႔မရဘူးထင္ပါတယ္၊ ဒါနဲ႔ က်ဳပ္တို႔လည္း ေ႐ႊအိုးကိုစြဲၿပီး သရဲႀကီးေတြျဖစ္ေနတာပါပဲ၊ က်ဳပ္တို႔ ေ႐ႊအိုးကိုျပန္ေဖာ္မယ့္လူ လာတဲ့အခ်ိန္ကိုေစာင့္ေနတာပါ၊ က်ဳပ္တို႔အထင္ကေတာ့ တစ္ေန႔က်ဳပ္တို႔သားကေလး ဒီဘက္ကိုလာခဲ့ရင္ သူ႔ကိုေ႐ႊအိုးျမႇဳပ္ထားတဲ့ေနရာကိုျပခိုင္းၿပီးေတာ့ ေဖာ္ခိုင္းမလို႔ပါ၊ ၿပီးရင္ေတာ့ ေ႐ႊအိုးကိုယူၿပီး တစ္နယ္တစ္ေက်းကို ထြက္ေျပးခိုင္းမွာပါ”
“ေတာက္၊ မင္းတို႔ေတာ္ေတာ္မိုက္မဲတဲ့သူေတြပဲကြ၊ ဒီေ႐ႊအိုးက မင္းတို႔နဲ႔ေတာင္မထိုက္တန္တာ၊ မင္းတို႔သားနဲ႔ေရာ ထိုက္ပါ့မလားကြ၊ ေ႐ႊအိုးေၾကာင့္ မင္းတို႔သားကို မင္းတို႔လိုျဖစ္ေစခ်င္ၾကတာလားကြ”
က်ဳပ္အခုမွပဲ အားလုံးသေဘာေပါက္လိုက္ပါၿပီဗ်ာ၊ လတ္စသတ္ေတာ့ သူတို႔လင္မယားက သူတို႔သားေလးျပန္လာရင္ ေ႐ႊအိုးေဖာ္ၿပီးယူခိုင္းမယ္ဆိုၿပီးေတာ့ ေစာင့္ေနတာကိုးဗ်၊ ဒါေၾကာင့္ ဒီေနရာမွာ လယ္လာလုပ္တဲ့လူေတြ ေတြ႕သြားမွာစိုးလို႔ အမ်ိဳးမ်ိဳးေျခာက္လွန႔္ေနတာေပါ့ဗ်ာ။ ဦးဘသာက ခါးေထာက္လိုက္ၿပီး
“မင္းတို႔ေ႐ႊအိုးကို ငါမယူဘူူး၊ မင္းတို႔သားကိုလည္းမေပးဘူး၊ မင္းတို႔ေတြ႕ခဲ့တယ္ဆိုတဲ့ေနရာမွာ သြားထားေပးမယ္၊ မူရင္းပိုင္ရွင္ဆီကိုပို႔ေပးမယ္”
ဦးဘသာေျပာေတာ့ သရဲလင္မယားက ေခါင္းခါၿပိးျငင္းဆန္ၾကတယ္ဗ်။
“အိုေတာ္၊ ဒီေ႐ႊအိုးႀကီးရထားၿပီးေတာ့မွ က်ဳပ္တို႔က ဘာမွမရပဲျဖစ္ေတာ့မွာေပါ့၊ အနည္းဆုံးေတာ့ ဒီေ႐ႊအိုးက က်ဳပ္တို႔ေတြ႕တာ၊ ေရအဆုံးကုန္းတစ္ဝက္ဆိုသလို ျပန္ေပးရမယ္ဆိုရင္ေတာင္မွ က်ဳပ္တို႔သားေလးအတြက္ တစ္ဝက္ေတာ့ ယူထားသင့္တယ္မဟုတ္ဘူးလား”
ဦးဘသာက ကြၽတ္သပ္ရင္း ေခါင္းခါတယ္။
“ေၾသာ္၊ လူေတြ လူေတြ၊ ေလာဘတက္တာကလည္း သိပ္ေၾကာက္စရာေကာင္းပါလားကြာ၊ ေရအဆုံးကုန္းတစ္ဝက္ဆိုရေအာင္ ဒီပစၥည္းေတြက မင္းတို႔ပစၥည္းေတြဟုတ္ရဲ႕လား၊ ေနာက္ၿပီး မင္းတို႔ကလည္း ဒီအတိုင္းေကာက္ရတာဟုတ္လို႔လားကြ၊ ငါေနာက္ဆုံးအႀကိမ္ေျပာမယ္ေနာ္၊ မင္းတို႔လင္မယား ဒီေ႐ႊေတြကို မမက္ေမာနဲ႔ေတာ့၊ ၿပီးေတာ့ ငါတို႔လည္းတစ္ျပားတစ္ခ်ပ္မွမယူဘူး၊ မူရင္းပိုင္ရွင္ဆီကိုျပန္ေပးမယ္”
“ဒါဆို က်ဳပ္တို႔သားေလးက ဘာမွမရဘူးေပါ့၊ က်ဳပ္တို႔သားေလးက ဆင္းဆင္းရဲရဲေနရမွာေပါ့”
မိုးေစြက အေရွ႕ကိုတက္သြားၿပီးေတာ့
“သားမဆင္းရဲပါဘူးအေမ၊ သားဘႀကီးထြန္းရင္တို႔အိမ္မွာ ေကာင္းေကာင္းေနရပါတယ္၊ ထမင္း၀၀စားရပါတယ္အေမ၊ သားကေတာ့ ဒီမေကာင္းတဲ့ေ႐ႊေတြကို မမက္ေမာေတာ့ဘူးအေမ”
မိုးေစြက ေျပာရင္း ေ႐ႊအိုးကိုလက္ႏွစ္ဖက္နဲ႔ေကာက္ကိုင္လိုက္တယ္ဗ်၊ ေ႐ႊေတြက အရည္အေသြးေကာင္းလြန္းတာေၾကာင့္ ဒီေလာက္ေျမႀကီးထဲမွာ ႏွစ္ေပါင္းမ်ားစြာေနရတာေတာင္မွ ဝင္းလက္ေနလိုက္တာဗ်ာ။ မိုးေစြက သူ႔မိဘေတြကိုေက်ာခိုင္းလိုက္ၿပီးေတာ့
“သားျပန္သြားထားလိုက္မယ္အေမ၊ ဒီက ဆရာႀကီးေျပာသလိုပဲ၊ ဒီေ႐ႊေတြက က်ဳပ္တို႔နဲ႔မဆိုင္ဘူး”
ဦးစံေပါနဲ႔ ေဒၚခင္ခင္တို႔ကေတာ့ ရႈိက္ႀကီးတငင္နဲ႔ငိုယိုေနၾကတယ္ဗ်။ ဦးသဘာက သူတို႔ႏွစ္ေယာက္အနားကိုကပ္သြားလိုက္ၿပီးေတာ့
“ကဲ နင္တို႔ႏွစ္ေယာက္ လြတ္လပ္သြားၿပီ၊ နင္တို႔သြားခ်င္တဲ့ေနရာကိုသြားၾကေတာ့၊ ၿပီးေတာ့ နင္တို႔သားနဲ႔ နင္တို႔နဲ႔က ဘဝေတြျခားသြားခဲ့ၿပီ၊ နင္တို႔လိုယုတ္ညံ့တဲ့ဘဝထဲကို ကေလးကိုဆြဲမသြင္းပါနဲ႔ေတာ့၊ သူလည္း သူ႔ဘဝနဲ႔သူ ရွိပါေစေတာ့”
က်ဳပ္တို႔လည္းေျပာၿပီးေတာ့ လွည့္ျပန္ခဲ့ၾကတယ္၊ မိုးေစြက ခပ္လွမ္းလွမ္းေရာက္ေတာ့ ေ႐ႊအိုးကေလးပိုက္ၿပိးေတာ့ ေနာက္ျပန္လွည့္ၾကည့္တယ္ဗ်။
“အေဖ၊ အေမ၊ သားသြားၿပီ၊ သားကိုစိတ္မပူပါနဲ႔၊ သားကိုစိတ္ခ်ၾကပါ”
ဦးစံေပါနဲ႔ ေဒၚခင္ခင္နဲ႔ ငိုယိုေနရင္းနဲ႔ ေခါင္းညိတ္ျပလိုက္ၾကတယ္ဗ်ာ။ က်ဳပ္တို႔႐ြာကို မျပန္ျဖစ္ပါဘူးဗ်ာ၊ ေတာတန္းႀကီးထဲကို တစ္ခါတည္းဝင္လာခဲ့တယ္၊ ဦးဘသာက ဘုရားသိုက္ေစာင့္ေတြနဲ႔ ဆက္သြယ္တယ္ထင္ပါတယ္ဗ်ာ၊ သူေျပာတဲ့လမ္းအတိုင္းလိုက္သြားရင္းနဲ႔ မၾကာခင္ ဝါး႐ုံပင္ႀကီးေအာက္ေျခက ေတာင္ပို႔ကေလးတစ္ခုအနားကိုေရာက္လာတယ္ဗ်၊
“ကဲ၊ မိုးေစြ၊ မင္းမိဘေတြစခဲ့တဲ့ဇတ္လမ္းကို မင္းအဆုံးသတ္လိုက္ပါေတာ့”
က်ဳပ္နဲ႔ဦးဘသာလည္း ဝါး႐ုံပင္အျပင္ဘက္နားမွာ ေစာင့္ေနလိုက္တယ္၊ မိုးေစြက ေတာင္ပို႔ကေလးအနားကိုကပ္သြားၿပီးေတာ့ ေ႐ႊအိုးကို အဲးဒီေတာင္ပို႔ကေလးအေပၚမွာပဲတင္ထားခဲ့ၿပီးေတာ့
“ေ႐ႊအိုးပိုင္ရွင္မ်ားခင္ဗ်ာ၊ က်ဳပ္ခင္ဗ်ားတို႔ေ႐ႊအိုးကို ျပန္လည္ပို႔ေဆာင္ေပးခဲ့ပါၿပီ၊ က်ဳပ္တို႔က်ဴးလြန္ခဲ့တာေတြရွိရင္လည္း ခြင့္လႊတ္ေပးဖို႔ေတာင္းပန္ပါတယ္၊ က်ဳပ္မိဘႏွစ္ပါးကိုလည္း ခြင့္လြတ္ေပးၾကပါ”
မိုးေစြလည္း လွည့္ထြက္လာခဲ့ေတာ့တယ္ဗ်ာ၊ ေပေတာ႐ြာအျပန္လမ္းမွာ က်ဳပ္တို႔တစ္ေယာက္နဲ႔တစ္ေယာက္ စကားေတာင္မေျပာႏိုင္ပါဘူးဗ်ာ၊ က်ဳပ္ျဖင့္ မိုးေစြကိုသနားလို႔ သူ႔ပုခုံးကိုတင္းတင္းဖက္ထားမိတယ္ဗ်၊ ေၾသာ္ မိဘေမတၱာဆိုတာ သိပ္လည္းဆန္းၾကယ္လွပါလားဗ်ာ၊ ကိုယ့္သားသမီးေကာင္းစားေစခ်င္လို႔ ေ႐ႊအိုးကိုေစာင့္ၾကပ္ေပးေနၾကသတဲ့ေလ၊ က်ဳပ္ျဖင့္ ဦးစံေပါတို႔လင္မယားကို အျပစ္ပဲတင္ရမလား၊ သနားပဲသနားရမလားဆိုတာ မေဝခြဲတတ္ေတာ့ပါဘူးဗ်ာ။
႐ြာျပန္ေရာက္ေတာ့ ညေနအေတာ္ေစာင္းၿပီဗ်၊ က်ဳပ္တို႔လည္း ေရမိုးခ်ိဳးၿပီးေတာ့ ဘႀကီးထြန္းရင္သားခ်က္ေကြၽးတဲ့ မေကာင္းတေကာင္းဟင္းကေလးေတြကို စားၿပီး အိပ္ရာဝင္ခဲ့တာေပါ့ဗ်ာ၊ မနက္ေရာက္ေတာ့ အိမ္ေနာက္ဘက္တန္းလ်ားက ဆူညံဆူညံနဲ႔အသံၾကားရတယ္ဗ်၊ က်ဳပ္နဲ႔ဦးဘသာလည္း အေျပးသြားေတာ့ မိုးေစြတစ္ေယာက္ လက္ထဲမွာ ေ႐ႊမန္က်ည္းေစ့ေလးေတြကိုင္လို႔ဗ်၊ ဘႀကီးထြန္းရင္နဲ႔ သူ႔သားေတြက တအံ့တၾသနဲ႔ၾကည့္ေနၾကတယ္။
“ဒါ၊ ဒါ သိုက္နန္းရွင္ေတြက ေက်းဇူးတင္လို႔ေပးတာျဖစ္မယ္”
က်ဳပ္နဲ႔ဦးဘသာလည္း မေန႔ကအျဖစ္အပ်က္ေတြျပန္ေျပာေတာ့ ဘႀကီးထြန္းရင္တစ္ေယာက္ ပါးစပ္ေတာင္မေစ့ႏိုင္ပါဘူးဗ်ာ၊ ဒါနဲ႔ မိုးေစြကိုပဲ ဘာလုပ္ခ်င္သလဲဆိုၿပီးေမးတာေပါ့ဗ်ာ၊ မိုးေစြကေတာ့ မန္က်ည္းေစ့ကေလးေတြကို ဘႀကီးထြန္းရင္ကိုအပ္တယ္ဗ်၊
“က်ဳပ္ဒီေ႐ႊေတြမလိုခ်င္ပါဘူးဗ်ာ၊ ဒီေတာ့ ဘႀကီးထြန္းရင္ပဲ က်ဳပ္အတြက္စီစဥ္ေပးပါ”
“ေအး၊ ငါ့တူ၊ ဘႀကီး ဘာလုပ္ေပးရမလဲ”
“မန္က်ည္းေစ့ထဲက တစ္ခ်ိဳ႕တစ္ဝက္ကို အေဖနဲ႔အေမအတြက္ရည္စူးၿပီးေတာ့ လႉဒါန္းေပးပါ ဘႀကီး၊ ေနာက္ၿပီးေတာ့ က်ဳပ္လည္း လူ႔ေလာကမွာ ေနရတာမေပ်ာ္ေတာ့ပါဘူးဗ်ာ”
က်ဳပ္ေတာ္ေတာ္အံ့ၾသသြားၿပီးေတာ့ မိုးေစြလက္ကိုဆြဲထားလိုက္တယ္။
“မိုးေစြ မင္းဘာေတြမဟုတ္တာေလွ်ာက္လုပ္မလို႔လဲ”
မိုးေစြက က်ဳပ္ကိုခပ္ၿပဳံးၿပဳံးနဲ႔ၾကည့္ရင္း
“လူ႔ေလာကမွာ မေပ်ာ္ေတာ့ဘူးဆိုတာ ဘုန္းႀကီးဝတ္ေတာ့မယ္လို႔ ေျပာခ်င္တာပါ ကိုအလတ္ေကာင္ရ”
“ဟာကြာ၊ ငါ့ျဖင့္ ရင္ထဲထိတ္သြားတာပဲ”
ဘႀကီးထြန္းရင္က ၿပဳံးရင္း
“ေအးကြာ၊ ငါလည္း ဒီမန္က်ည္းေစ့ေတြကို ငါ့အတြက္မသုံးပါဘူး၊ စိတ္ခ်ပါ ငါ့တူ၊ မင္းျဖစ္ေစခ်င္တဲ့အတိုင္းျဖစ္ရမယ္၊ ဒီေ႐ႊေတြနဲ႔ ႐ြာမွာအလႉႀကီးက်င္းပၿပီးေတာ့ ငါ့တူကိုရွင္ျပဳေပးရမယ္ေဟ့”
က်ဳပ္နဲ႔ဦးဘသာလည္း တစ္ေယာက္ကိုတစ္ေယာက္ၿပဳံးရင္းၾကည့္လိုက္ၾကေတာ့တာေပါ့ဗ်ာ၊ ဒါေပမယ့္ က်ဳပ္တို႔ မိုးေစြရဲ႕ရွင္ျပဳကိုလည္း မမီလိုက္ပါဘူးဗ်ာ၊ ဘာလို႔လဲဆိုေတာ့ ေနာက္တစ္ေန႔ပဲ ေပေတာ႐ြာကေန ႏြားဝယ္ဖို႔ထြက္ခဲ့ၾကလို႔ေပါ့။
အခုေတာ့ အဲဒီထန္းသုံးပင္ေနရာမွာ ဘုန္းႀကီးေက်ာင္းတိုက္တစ္ခုျဖစ္သြားပါၿပီဗ်ာ၊ အုတ္နဲ႔ဘာနဲ႔ ခိုင္ခိုင္ခံ့ခံံ့ေက်ာင္းတိုက္ႀကီးပါ၊ ထန္းသုံးပင္ေတာ့ မရွိေတာ့ေပမယ့္ ေက်ာင္းတိုက္နာမည္ကေတာ့ ထန္းသုံးပင္ေက်ာင္းတိုက္လို႔ပဲ အမည္တြင္တယ္ဗ်၊ အဲဒီေက်ာင္းတိုက္မွာ ေက်ာင္းထိုင္တဲ့ဦးဇင္းကေတာ့ ဦးအေလာဘ တဲ့ဗ်ာ၊ နာမည္နဲ႔လိုက္ေအာင္ကိုပဲ ၿခိဳးၿခိဳးၿခံံၿခံနဲ႔ တရားအားထုတ္တဲ့ဦးဇင္းပါ၊ အဲဒီဦးဇင္းကေတာ့ ဘယ္သူျဖစ္မလဲ၊ ေလာဘရဲ႕ေၾကာက္စရာေကာင္းပုံေတြကိုသိၿပီး၊ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ေလာဘကိုစြန႔္လႊတ္ႏိုင္ခဲ့တဲ့ တစ္ခ်ိန္က ႏြားေက်ာင္းသားေလး မိုးေစြေပါ့ဗ်ာ။
ၿပီးပါၿပီ။
#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ