” စုန်းထီးကြီးဦးဘသာနှင့် ဗလာပွဲ “(စ/ဆုံး)

Unicode Version

” စုန်းထီးကြီးဦးဘသာနှင့် ဗလာပွဲ “(စ/ဆုံး)
——————————————————–
အတွဲ(၄) စာစဉ်(၁၀)

(၁)

လှည်းလမ်းခွရွာရဲ့ ငါးရက်ဈေးက စည်လိုက်တာဗျာ၊ နွားဈေးဆိုရင်လည်း နွားတွေကိုမနည်းဘူးဗျ၊ အစကတော့ ကျုပ်တို့က နွားဝယ်မလို့ပဲ၊ ဒါပေမယ့် ငညိုအရေးပေါ်လာတော့ နွားမဝယ်ဖြစ်တော့ဘဲနဲ့ နိဗ္ဗာန်ရွာဘက်သွားမယ်ပေါ့ဗျာ၊ နိဗ္ဗာန်ရွာဘက်ကိုတော့ နိဗ္ဗာန်တိုက်နယ်လို့ခေါ်တယ်ဗျ၊ အဲဒီမှာ ရွာပေါင်းဆယ်ရွာလောက်ရှိတယ်၊ ဗမာစကားအရ ရွာငယ်ရင် ဇနပုဒ်၊ ရွာကြီးရင် တိုက်လို့ခေါ်သဗျ၊ အဲဒီရွာကြီးနဲ့ အနီးအပါးမှ စုပြီးရှိနေကြတဲ့ ရွာကလေးတွေကို စုပေါင်းပြီး တိုက်နယ်ခေါ်တာပေါ့ဗျာ၊ အဲဒီတိုက်ကို အပိုင်စားတဲ့သူကြီးကိုတော့ တိုက်သူကြီးခေါ်တာကိုး၊ သူက တခြားသူကြီးတွေထက် ပိုပြီးရာထူးမြင့်တယ်၊ တိုက်နယ်ထဲက တခြားရွာတွေက သူကြီးတွေရဲ့အချုပ်ပေါ့ဗျာ၊ ဒါတွေကတော့ ဟိုးအင်္ဂလိပ်ခေတ်ကတည်းက ခေါ်ခဲ့တဲ့အခေါ်အဝေါ်တွေပေါ့၊ အခုခေတ်တော့ ကျေးရွာအုပ်စုဆိုပြီးဖြစ်သွားတာပေါ့။

ကျုပ်တို့ဈေးထဲဝင်ခဲ့တာလည်း အကြောင်းရှိတယ်ဗျ၊ ငညိုနဲ့ အရင်က သဒိုးဖြစ်ခဲ့တဲ့ ချိုတူးနဲ့က အဝတ်ကောင်းအစားကောင်းမရှိလှဘူးဗျ၊ ဒါနဲ့ သူတို့အတွက် အထည်လေး၊ ပုဆိုးလေး ရလိုရငြားဆိုပြီး လာခဲ့တာပဲ၊ ကျုပ်တို့ခေတ်ကတော့ ခုခေတ်လို ချုပ်ပြီးသားမရှိဘူးဗျို့၊ ပုဆိုးဆိုရင်လည်း မချုပ်ရသေးတဲ့အကွင်းလိုက်ပေါ့၊ အဲဒီအကွင်းလိုက်ကိုဝယ်ပြီး ကိုယ်နဲ့တော်မယ့် အနံ၊ အလျားကိုတိုင်းဖြတ်ပြီးတော့ ချုပ်ဝတ်ကြတာ၊ အင်္ကျီဆိုရင်လည်း ဒီလိုပဲပေါ့ဗျာ၊ အားလုံးက ပိတ်စဝယ်ပြီး တိုင်းချုပ်ကြတာပဲ။

ပိတ်တွေထဲမှာတောင်မှ စက်ထည်နဲ့ လက်ထည်ဆိုပြီးရှိသေးတယ်၊ ခုခေတ်တော့ လက်ထည်ဆိုတာ မရှိသလောက်ပဲ၊ အရင်ခေတ်ကတော့ ရက်ကန်းရုံတွေရှိသေးတာကိုးဗျ၊ လက်ထည်ဆိုတာကတော့ တစ်နိုင်တစ်ပိုင်ပဲဖြစ်ဖြစ်၊ ရက်ကန်းရုံတွေကပဲဖြစ်ဖြစ်ရက်လုပ်ထားတဲ့ ပိတ်တွေကိုခေါ်တာ၊ များသောအားဖြင့် ချည်သားတွေပါ၊ လက်ထည်ဆိုတဲ့အတိုင်း အထည်တစ်အုပ်ဖြစ်လာဖို့အတွက် ဟိုးယာခင်းထဲ ဝါစေ့ကျဲတာကနေစပြီးတော့ ရက်လုပ်ပြီးတဲ့အဆင့်အထိကို လက်နဲ့ချည်းလုပ်ရတာကိုး၊ လက်ထည်က အထည်ကြမ်းတယ်၊ ချည်ကလည်း စက်နဲ့လှည့်ထားတာမဟုတ်တော့ ချည်လုံးကြီးတာပေါ့ဗျာ၊ ဈေးကလည်း စက်ထည်ထက်စာရင်တော့ ပေါတယ်ဗျ။

ဒါပေမယ့် ကျုပ်တို့အညာသားတွေတော်တော်များများကတော့ အဲဒီလက်ထည်တွေကိုပဲ ကြိုက်ကြတာ၊ အဖေတို့ဆိုရင် စက်ထည်ပိတ်ပါးပါးနဲ့ချုပ်ထားတဲ့ ရှပ်အင်္ကျီဆိုရင် ရှက်လို့ဆိုပြီး မဝတ်ဘူးဗျာ၊ ပါးလို့တဲ့၊ နေရောင်ထဲထွက်ပြီး ချိုင်းမြှောက်လိုက်ရင် ချိုင်းကြားက ချိုင်းမွှေးဘယ်နှပင်ကအစ ရေတွက်လို့ရလို့တဲ့ဗျာ၊ ရှေးလူကြီးများပြောပါတယ်၊ ခုခေတ်ကတော့ ဝတ်ကြတာပါပဲ၊ ပါးတယ်လို့လဲ မထင်ကြတော့ပါဘူးဗျာ။

နယ်ဘက်ကလူကတော့ လက်ထည်အထည်ကြမ်းကြီးတွေကို ပိုကြိုက်တယ်ဗျ၊ ထူသလားလည်းမမေးနဲ့ဗျို့၊ ချည်ရဲ့ထုံးစံက ရက်စကတော့ ခပ်ကျဲကျဲပဲဗျ၊ ဒါပေမယ့် ရေလျှော်လိုက်ရင် ပွတက်လာပြီးတော့ ပိတ်သွားတာပဲဗျာ၊ ပုဆိုးဆိုရင်လည်း ကျုပ်တို့ဆို အမေ့လက်ရာ ပုဆိုးကြမ်းပဲဝတ်တာကိုး၊ ပုဆိုးကြမ်းဆိုတာလည်း နာမည်နဲ့လိုက်အောင် ကြမ်းကြမ်းကြီးဗျ၊ ပိတ်နေတာကတော့ ခုခေတ်ဂျင်းသားလောက်ရှိတယ်၊ ကျုပ်တို့ခေတ်က အတွင်းခံဘောင်းဘီတို့ဘာတို့ ဝတ်တာခေတ်မစားသေးဘူးဆိုတော့ ပုဆိုးကြမ်းနဲ့ပဲ သွားကြလာကြတာဗျ။ ခုခေတ်ပုဆိုးကတော့ နေပူထဲထွက်လိုက်တာနဲ့ ဟိုဖက်ဒီဖက် ဖောက်မြင်ရလောက်အောင်ကို ပါးသွားကြတာ၊ ပုဆိုးကြမ်း၊ အင်္ကျီကြမ်းဆိုတဲ့အတိုင်း ကျုပ်တို့တောသားတွေက ဒုံးဝတ်တာကိုးဗျ၊ ယာထဲသွား၊ လယ်ထဲဆင်း၊ တောတက် တစ်နေကုန်ဒီအထည်တွေပဲဝတ်ကြတာ၊ အကြမ်းလည်းခံတာကိုး၊ နည်းနည်းဟောင်းသွားရင်တော့ ပုခံုံးပေါ်တင်တဲ့အဝတ်လုပ်မလား၊ ခေါင်းဖုလုပ်မလား၊ အေးအေးဆေးဆေးသုံးလို့ရသေးတယ်ဗျ၊ ဒါထက်ပိုစုတ်သွားရင် လက်နှီးစုတ်လုပ်ကြသေးတယ်၊ တော်တော်ကြီးကို ပေါက်ပြဲနေပြီး ဝတ်မရတော့တဲ့အဆုံးဆိုရင်တော့ အမေက ပုဆိုးတွေကို ကတ်ကြေးနဲ့အပိုင်းလေးတွေညှပ်ပြီး တစ်ခုနဲ့တစ်ခု ပြန်စပ်ချုပ်လိုက်ရင် ခြေသုတ်ခုံလောက်တော့ ဖြစ်သေးသဗျ၊ အဲ တစ်ခုရှိတာကတော့ အိမ်ထောင်ဦးစီးရဲ့ အင်္ကျီ၊ ပုဆိုးတို့ဆိုရင်တော့ လက်နှီးတို့၊ ခြေသုတ်တို့ မလုပ်ကြပါဘူး၊ ဘုန်းနိမ့်မှာစိုးလို့ထင်တာပဲဗျာ။

ပြောနေရင်းနဲ့ ဘယ်ရောက်သွားမှန်းမသိဘူး၊ လှည်းလမ်းခွဈေးထဲဝင်ပြီးတော့ ပိတ်ဝယ်တာပေါ့ဗျာ၊ ချုပ်တာကတော့ နောက်ပေါ့၊

“ဦးဘသာ၊ ချိုတူးဝတ်ဖို့ဆိုရင် ကျုပ်မှာလည်း အင်္ကျီအဝတ်အစားတစ်စုံလောက်ပါတယ်၊ သူ့ကိုပေးဝတ်လိုက်ပါလားဗျာ”

“အိုကွာ၊ လူသစ်၊ စိတ်သစ်၊ အဝတ်အစားအသစ်နဲ့စရတယ်ကွ၊ မင်းအင်္ကျီကြီး ပေးမဝတ်ချင်ပါဘူးကွာ”

ဒီလိုနဲ့မချုပ်ရသေးတဲ့ ပုဆိုးသုံးလေးကွင်းဝယ်လိုက်ပါရောဗျာ၊ အဝတ်အတွက်ပိတ်လည်း ဝယ်ကြတယ်၊ ဒါပေမယ့် လောလောလတ်လတ်ဝတ်လို့ရအောင်ဆိုပြီး စွပ်ကျယ်တော့ ဝယ်ပေးလိုက်တယ်ဗျ၊ ဟိုနှစ်ယောက်ကလည်း စုတ်ပြတ်နေတာကိုး။ အဲဒါနဲ့ပဲ သူတို့အဝတ်အစားတွေလွင့်ပစ်ပြီးတော့ စွပ်ကျယ်ဝတ်ခိုင်းရတယ်၊ အောက်ကတော့ မချုပ်ရသေးတဲ့ ပုဆိုးပဲ ပတ်ခိုင်းတာပေါ့ဗျာ။

“ဒီအတိုင်းပတ်ထားစမ်းပါ၊ တို့ဗမာတွေ ရှေးခေတ်ကဝတ်တဲ့တောင်ရှည်ပုဆိုးဆိုရင် ချုပ်တောင်မချုပ်ထားဘူးကွ၊ ဒီလိုပဲ ပတ်ဝတ်ရတာပဲ”

“ဟာဗျာ၊ ဦးဘသာကလည်း အတောင်နှစ်ဆယ်ရှည်တဲ့ တောင်ရှည်ပုဆိုးကတော့ ဟုတ်တာပေါ့ဗျာ၊ အခုပုဆိုးက မချုပ်ရသေးတော့ လမ်းလျှောက်ရင် ဒူးခေါင်းထွက်နေတာဗျ၊ မတော် လေလှန်လိုက်ရင် ပုဆိုးကျွတ်ပါသွားအုံးမယ်”

ပြီးတော့ ဈေးထဲက ပြန်အထွက်မှာ ဦးဘသာက ဈေးသည်တစ်ယောက် ဈေးရောင်းတာကို ရပ်ကြည့်တယ်ဗျ၊ ဈေးသည်က ထန်းလျက်တွေရောင်းနေတာဗျ၊

“အမကြီးဟောဒီမှာကြည့်နော်၊ ချိန်ခွင်ကြီးဇောက်ထိုးလိုက်နေပြီ၊ ပိုပိုသာသာထည့်ပေးထားတယ်သိလား”

ထန်းလျက်တွေကိုချိန်လိုက် ရောင်းလိုက်ပေါ့ဗျာ၊ ဦးဘသာက ပြုံးစိစိနဲ့ကြည့်နေတယ်၊ ဈေးဝယ်သုံးလေးဦးကိုလည်း ရောင်းလို့ပြီးရော ဈေးသည်မျက်နှာက တော်တော်ပျက်နေတယ်ဗျ၊ ဒါနဲ့ ဘေးနားက ရပ်ကြည့်နေတဲ့ ဦးဘသာကိုကြည့်ရင်း

“အဘကြီးနော်၊ ကိုယ်နဲ့မဆိုင်ဘဲနဲ့ ဝင်မပါစမ်းနဲ့”

ဦးဘသာက ပြုံးရင်း

“မလှူတတ်ဈေးရောင်းတဲ့ဟ၊ နင်လည်း ကုသိုလ်ရတာပေါ့၊ ဟား၊ ဟား”

ဦးဘသာက ရယ်ရယ်မောမောနဲ့ထွက်သွားတော့ ဈေးသည်က အနောက်ကနေ ဦးဘသာကို မကြားတကြားနဲ့ဆဲတယ်ဗျ၊ သူတို့ဘာဖြစ်နေမှန်း ကျုပ်ဆိုရင်လုံးဝကိုမသိဘူး၊ ဈေးကထွက်လာတော့မှ ဦးဘသာကိုလက်ကုပ်ပြီးမေးရတယ်။

“ဦးဘသာ၊ ခုနက ဈေးသည်မက ဘာဖြစ်သွားလို့လဲဗျ”

“ဘာဖြစ်ရမလဲကွာ၊ ချိန်ခွင်ကိုမပြည့်အောင်လုပ်ထားတာပေါ့ကွ”

“ဗျာ၊ ချိန်ခွင်ကိုမပြည့်အောင်လုပ်ထားတယ်လား၊ ကျုပ်ကြည့်ရသလောက်ကတော့ ပြည့်ပါတယ်”

“သူက ပညာသည်ကွ၊ သူသုံးတဲ့ထန်းခေါက်ချိန်ခွင်ကို ပညာနဲ့လုပ်ထားတော့ သူထည့်တာမပြည့်ပေမယ့် ချိန်ခွင်က မှန်နေတတ်တယ်ကွ၊ ပညာသည်တွေဈေးရောင်းတဲ့အခါ အဲဒီလိုလုပ်လေ့ရှိတယ်၊ အခုနက ငါကသွားကြည့်နေရင်း ဘေးကနေ သူ့ချိန်ခွင်ကို ပိုမှန်သွားအောင်လုပ်ပေးလိုက်တာပေါ့ကွာ၊ ပုံမှန်သူ့ချိန်ခွင်က တစ်ပိဿချိန်ရင် ရှစ်ဆယ်သားလောက်ပဲ ရပေမယ့် ငါလုပ်လိုက်တော့ တစ်ပိဿချိန်ရင် တစ်ပိဿနဲ့နှစ်ဆယ်လောက် ထွက်နေတာ့ သူတွက်ခြေမကိုက်ဘူးဖြစ်သွားတာပေါ့ကွာ”

“ဟာ၊ ဦးဘသာကလည်းဗျာ၊ ဒါကတော့ သူများစီးပွားရေးကို တုတ်နဲ့သွားထိုးသလိုဖြစ်နေပါပြီ”

“ဟေ့ကောင်ရ၊ တန်ရာတန်ကြေးပေးဝယ်တာပဲကွာ၊ မှန်မှန်ကန်ကန်လုပ်ပေါ့၊ ဒီဈေးနဲ့မရောင်းနိုင်ဘူးဆိုရင်လည်း ဈေးတင်ရောင်းပေါ့ကွာ၊ ဒီလိုတော့ မဟုတ်တာမလုပ်နဲ့၊ ဒါသက်သက်လိမ်တာကွ”

ဦးဘသာပြောတာလည်း ဟုတ်သလိုလိုပဲဗျ။

“ပညာသည်ဈေးရောင်းရင် ပညာတော့ ထည့်ရောင်းတာပဲ၊ တစ်ချို့ကျတော့ ကုန်တွေပွားအောင်လုပ်တယ်၊ အဲဒါကိုတော့ ကုန်နှိုက်တယ်လို့ ခေါ်ကြတယ်၊ ကုန်က ဈေးမှာချိန်ရင် အပြည့်ပဲ၊ အကောင်းပဲပေါ့ကွာ၊ အိမ်ပြန်ရောက်သွားရင်တော့ ကုန်ချိန်တွေက လျော့နေတယ်ကွ၊ တစ်ခါတစ်လေကျတော့ မကောင်းတဲ့ကုန်တွေ ရောပါလာတတ်တယ်၊ အဲဒီလိုမျိုးကို ကုန်နှိုက်တယ်ခေါ်တယ်”

ကျုပ်ဖြင့် အခုမှကြားဖူးတာဗျာ၊ သတိတောင် မထားမိဘူး။

“ခုနကလို အလေး၊ တင်းတောင်း၊ ချိန်ခွင်တွေကို ပြင်တာလည်းရှိသေးတယ်၊ တင်းချိန်ဝင်ဆိုတဲ့နည်းက ဘယ်ထဲထည့်ထည့်အပြည့်ဖြစ်စေတဲ့နည်းပေါ့ကွာ၊ မင်းတို့တော့ တွေ့ဖူးချင်မှတွေ့ဖူးမှာ။ မြိုင်သာက ဈေးရောင်းတဲ့အဘွားကြီးတစ်ယောက် ငါ့ကိုလက်တွေ့ပြဖူးတယ်ကွ၊ အရင်ဆုံး ပဲကို နို့ဆီနှစ်ဘူးချိန်ပြီး ပြည်တောင်းထဲထည့်လိုက်တာ ပြည်တောင်းကြီးပြည့်သွားပါရောကွာ”

“ရှစ်လုံးတစ်ပြည်လေဗျာ၊ နှစ်ဘူးနဲ့ပြည့်ပါ့မလား”

“တကယ်ပါဆိုကွ၊ အဲဒီပြည်တောင်းကို ဘေးနားမှာထည့်တဲ့ လေးပြည်ဝင်စိတ်တောင်းထဲကောက်ထည့်လိုက်တာ စိတ်တောင်းပြည့်သွားပါရော၊ အဲဒီစိတ်တောင်းထဲက ပဲကို တင်းတောင်းထဲထည့်တာ တင်းတောင်းကြီးလည်းပြည့်တာပဲ”

“မဖြစ်နိုင်တာဗျာ၊ နှစ်လုံးထဲနဲ့ တင်းတောင်းပြည့်တယ်လို့၊ ဒါဆို ကိုင်ကြည့်၊ စမ်းကြည့်တော့ရော မသိဘူးလားဗျ၊ နှစ်လုံးနဲ့တစ်တင်းက အလေးချိန်ချင်းကွာမှာပေါ့”

“ပညာနဲ့လုပ်ထားပါတယ်ဆိုမှကွာ၊ ကြိုက်သလောက်စမ်း၊ ကြိုက်သလိုစမ်း အပြည့်အတိပဲကွ၊ အေး၊ ဒါပေမယ့် အဲဒီကုန်တွေက တစ်ညအိပ်ပဲဖြစ်ဖြစ်၊ အိမ်ပြန်ရောက်ရင်ပဲဖြစ်ဖြစ်၊ ပညာကုန်သွားတဲ့အခါကျရင် မူရင်းအတိုင်းပြန်ဖြစ်ကုန်တာပဲ၊ မင်းကြားဖူးရင် ကြားဖူးမှာ တို့ရွာက ဦးရွှေလှစပါးဝယ်သလိုပေါ့”

“ဟုတ်ပြီဗျ၊ မှတ်မိပြီ၊ ကျုပ်ကောင်းကောင်းမီလိုက်ပါတယ်၊ အဖေတောင်မှ သွားပြီးကြည့်ပေးရသေးတာ”

ဦးရွှေလှစပါးဝယ်တာက ကျုပ်တို့ ရှစ်နှစ်သားလောက်မှာဖြစ်တာဗျ၊ စပါးတွေကို တစ်ရွာကနေသွားတိုက်ပြီးတော့ ကျီထဲထည့်ထားလိုက်တယ်ဗျာ၊ သူ့သမက်က ဆန်ကြိတ်တယ်ဆိုတော့ တစ်ခါတစ်ခါစပါးဆင်းဝယ်ရင် ကျီပြတ်တွေဝယ်တာဗျ၊ ဒီလိုနဲ့ ကျီထဲ စပါးပြည့်ပြီဆိုပြီးတော့ ကျီကိုတံခါးပိတ်ထားတာပေါ့၊ နောက်နေ့သမက်လာတော့ စပါးကျီက လေးပုံတစ်ပုံတောင်မရှိဘူးတဲ့ဗျာ၊ ဦးရွှေလှတစ်ယောက် ဒီအဖြစ်ဖြစ်ပြီးတော့ ရူးသလိုလို နှမ်းသလိုလိုတောင်ဖြစ်သွားတာ၊ ဦးမှတ်ကြီးကတော့ သည်းခြေထိသွားတယ်ပြောတာပဲ၊ တော်တော်ပြန်ကုမှ ကောင်းတာဗျို့။

ကျုပ်နဲ့ဦးဘသာနဲ့ ပြောဆိုရန်ဖြစ်ပြီးတော့ လမ်းလျှောက်လာတာကို ချိုတူးနဲ့ ငညိုနဲ့ ကြောင်စီစီနဲ့ကြည့်ရင်း ကျုပ်တို့အနာက်ကိုလိုက်လာခဲ့ကြတာပေါ့ဗျာ။

(၂)

“မောင်တို့ရွာကို ယောင်လို့တောင်မလာချင်ဘူးရယ်လို့ xxxxx ကညာခင်ဆိုတဲ့စကား xxxxx မှား ဟား ဟား ဟာ၊ မှား ဟား ဟ ဟာ လိမ့်မဗျ”

လမ်းလျှောက်နေရင်း ချိုတူးက ပျင်းလာတယ်ထင်ပါတယ်ဗျာ၊ ကိုအံ့ကြီးရဲ့ ကျေးရွာဝါဒသီချင်းအစကို အသံနေအသံထားနဲ့ စလိုက်သဗျ၊

“ဟ သဒိုး၊ အဲလေ၊ ချိုတူး မင်းအသံကလည်း တယ်ကောင်းပါလားကွ”

ကျုပ်ပြောလိုက်တော့ ချိုတူးက သီချင်းဆက်မဆိုဘဲ ပြုံးဖြီးဖြီးလုပ်ရင်း

“မကောင်းပါဘူးဗျာ၊ ကိုအလတ်ကောင် ကျုပ်ကိုမြှောက်နေပါပြီ”

ဦးဘသာလည်းခေါင်းညိတ်တယ်။

“မဟုတ်ဘူး ချိုတူးရ မင်းအသံတကယ်ကောင်းတာပဲ၊ မင်းသာ ဇတ်ထဲလိုက်လို့ကတော့ ခေါင်းဆောင်မင်းသားမဖြစ်ရင်တောင်မှ၊ နောက်လိုက်မင်းသား ဖြစ်ရင်ဖြစ်၊ မဟုတ်ရင် လူရွှင်တောင်တောင်ဖြစ်နိုင်သေးတယ်”

“လုပ်ပြန်ပြီ ဆရာကြီးရာ”

“ငါက အကောင်းပြောတာကွ၊ ဒါနဲ့ မင်းသီချင်းဆိုဘယ်မှာသင်သလဲကွ”

ချိုတူးက ခေါင်းကုပ်ရင်း

“ဘယ်မှာသင်ရမှာလဲဗျာ၊ ဒီအတိုင်း ရွာအပြင်ထွက်ပြီး ရေမရှိတဲ့ချောင်းရိုးထဲမှာ နွားသွားထိုးရင်း သီချင်းတွေအော်အော်ပြီးဆိုခဲ့တာဗျ၊ သရဲကြောက်တာလည်းပါတာပေါ့ဗျာ၊ ဘာပဲပြောပြော သီချင်းဆိုတော့ နည်းနည်းတော့စိတ်ပြေတယ်မဟုတ်လား”

“အောင်မာ၊ လုပ်တော့သဒိုး၊ သရဲကကြောက်တတ်သေးတာလား”

ကျုပ်ကဝင်ပြောတော့ ချိုတူးက ပြုံးဖြီးဖြီးနဲ့

“ကိုအလတ်ကောင်ကလည်းဗျာ၊ သရဲကတော့ လူတိုင်းကြောက်တာပေါ့”

ဦးဘသာက ကွမ်းတစ်ချက်ထွေးပြီးတော့

“ဒါနဲ့ ချိုတူး၊ မင်း စစ်ကိုင်းတောင်သီချင်းရသလား”

“ရတာပေါ့ဗျာ၊ ကိုအံ့ကြီးတို့၊ ပြည်လှဖေတို့သီချင်းဆိုရင် ကျုုပ်ကအကုန်ရပြီးသားဗျ”

ပြောရင်းဆိုရင်း ချိုတူးက ခါးပုံစခတ်သလိုလုပ်လိုက်ရင်း ဇာတ်မင်းသားတွေ သီချင်းမဆိုခင် လုပ်သလိုအမူအရာလုပ်လိုက်တယ်ဗျ၊ ပုဆိုးက မချုပ်ရသေးဘူးဆိုတော့ ဗြန်းခနဲလန်သွားတာပေါ့ဗျာ၊ ကျုပ်နဲ့ဦးဘသာလည်း ချိုတူးကိုလက်ညှိုးထိုးပြီးတော့ ရယ်ကြတာပေါ့ဗျာ။ ဦးဘသာဆို တော်တော်နဲ့စကားမပြောနိုင်ဘူး။

“ဟေ့ ချိုတူးရေ၊ မင်း တောင်ရှည်စခတ်တာ ကြည့်ခတ်နော်ကွ၊ ငါတို့ကို တုတ်ပြ၊ ခဲပြမလုပ်နဲ့”

ချိုတူးက ခေါင်းကုပ်ရင်း

“ပုဆိုးက မချုပ်ရသေးဘူးဆိုတာ မေ့သွားလို့ပါ၊ ကဲ စဆိုတော့မယ်နော်”

“ပုညရှင် စေတီထံပါး xxxxx စစ်ကိုင်းတောင်၊ စစ်ကိုင်းတောင်အထက်နားဆီက xxxxx အရှေ့တစ်လွှားရှုလိုက်ရင်လေး . . .”

ချိုတူးသီချင်းဆိုတာက သာမန်ကျုပ်တို့သီချင်းဆိုတာနဲ့ မတူဘူးဗျ၊ ဘယ်နေရာမှာ အသံကိုနှိမ့်ရမယ်၊ ဘယ်နေရာမှာ အသံကိုမြှင့်ပြီး ဘယ်နေရာမျာ ဝမ်းခေါင်းသံကြီးနဲ့ ဆိုရမလဲဆိုတာကိုပါ သိတယ်၊ လူပုံမမြင်ရရင်တော့ မသိရင် မင်းသားတစ်ယောက်ယောက် သီချင်းဆိုနေတယ်လို့ ထင်ရမှာဗျ၊ ချိုတူးက သီချင်းလဲဆို၊ လမ်းသွားရင်းနဲ့ လက်ဟန်ခြေဟန်နဲ့လုပ်ရင်း တစ်ခါတစ်ခါ ကွေးနေအောင်ကို ထကတတ်သေးတာဗျ၊ ကျုပ်တို့ဖြင့် လမ်းသာသွားနေရတယ် တစ်ချက်မှ မပျင်းရဘူးဗျို့။ တစ်ခါတစ်ခါ လမ်းပေါ်သွားနေတဲ့ လှည်းပေါ်က လူတွေက ကျုပ်တို့ကို ပြူးကြောင်ပြီး အထူးအဆန်းနဲ့ကြည့်သွားကြသေးတာ၊ သူတို့ကလည်း ထင်မှာပဲဗျ၊ လမ်းလျှောက်ရင်း ဒီလိုသီချင်းဆိုပြီး ကသွားတဲ့လူမှ မရှိတာ၊ ကျုပ်တို့ကို အရူးကြီးတွေလို့ ထင်နေတာလားမသိပါဘူးဗျာ။

သိပ်မကြာပါဘူး၊ ဇရပ်ကလေးတစ်ဆောင်ကိုရောက်လာပါရောဗျာ၊

“အောင်မယ်လေး၊ သီချင်းဆိုရ ကရနဲ့မောလိုက်တာဗျာ”

“ဟောဟိုမှာ ဇရပ်တစ်ဆောင်ရှိတယ်ကွ၊ တို့ဗမာတွေရှိတဲ့အရပ် ဇရပ်ရှိရင် ရေမရှားဘူးတဲ့ကွ၊ လာကွာ အဲဒီမှာသွားထိုင်နားရအောင်”

ဦးဘသာပြောတာနဲ့ ကျုပ်တို့လည်းဇရပ်ပေါ်တက်ခဲ့တာပေါ့ဗျာ၊ ဇရပ်က လမ်းခွဲကလေးတစ်ခုမှာဆောက်ထားတာဗျ၊ တစ်လမ်းကတော့ ကျုပ်တို့လျှောက်နေတဲ့ လှည်းလမ်းကြီး၊ တစ်လမ်းကတော့ ရွာတစ်ခုဆီသွားတဲ့ လမ်းကလေးဖြစ်မယ်ဗျ။ ဇရပ်ပေါ်တက်လိုက်တော့ ကောင်မလေးနှစ်ယောက်က ရေအိုးကလေးပိုက်ပြီးထိုင်နေကြတယ်ဗျ။ ဇရပ်အတက်အဆင်းနားမှာ ရေအိုးကလေးနှစ်လုံးရှိတာနဲ့ ရေငတ်လာတဲ့ကျုပ်တို့လည်း သောက်လိုက်ကြတာပေါ့ဗျာ၊ ရေကလည်း အခုမှဖြည့်ထားလို့လားတော့မသိဘူး အေးပြီးတော့ ချိုနေတာပဲ။

“သောက်ကြ၊ သောက်ကြ၊ အကိုတို့ရေ၊ အဲဒီရေက ဟိုးရွာဖျားက လက်ယက်တွင်းထဲက ခပ်လာတဲ့ရေ၊ ချိုမှချို၊ အေးမှအေးပဲတော့”

ကျုပ်လည်း ရေသောက်ပြီးတော့ မိန်းကလေးတွေဘက်ကိုလှည့်ကြည့်လိုက်တယ်၊ မိန်းကလေးနှစ်ယောက်က အချောလေးတွေဗျ၊ တောသူတောင်သားရုပ်ရည်ဆိုပေမယ့်လည်း အသားအရေဝင်းဝင်းနဲ့ စိုစိုပြေပြောကလေး၊ ကိုယ်လုံးကိုယ်ပေါက်ကလည်း တောင့်တောင့်တင်းတင်းနဲ့ပေါ့ဗျာ၊

“အခုလို ရေချိုချိုအေးအေးလေး လှူရတဲ့အတွက်ကြောင့် ငါ့နှမတွေ လှချင်တိုင်းလှနိုင်ကြပါစေဗျာ”

မိန်းကလေးနှစ်ယောက်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးတော့ ပြုံးတယ်ဗျ။

“ပြည့်ပါစေတော်၊ အဲဒီဆုတောင်းတော့ ပြည့်ပါစေ”

ဦးဘသာက ရေသောက်ပြီးတော့ သေသေချာချာပလုပ်ကျင်းတယ်ဗျ၊ ပြီးတာနဲ့ ကွမ်းထိုင်ယာနေရင်း

“ဒါနဲ့ ကလေးမတွေ၊ ကြက်ကွင်းရွာက ဒီကနေဆို လိုသေးသလား”

“ကြက်ကွင်းရွာက ကျုပ်တို့ရွာပဲ ဘကြီး၊ ဒီကနေလမ်းလျှောက်ရင် တစ်ခေါ်သာသာလောက်ဆို ရောက်ရောပေါ့”

ဦးဘသာက တစ်ချက်မျက်မှောင်ကြုတ်လိုက်တယ်ဗျ၊ ပြီးတော့ ကျုပ်ကိုလှည့်ကြည့်ပြီး

“တို့တွေ၊ ကြက်ကွင်းမှာ တစ်ညဝင်နားမှထင်တယ်ကွ”

“ဟာဗျာ၊ ခရီးဖင့်တာပေါ့”

“ခရိးဖင့်တယ်မလုပ်နဲ့ကွ၊ ဟိုမင်းသားက သီချင်းဆိုလိုက် ကလိုက်နဲ့မို့လို့ တို့တွေခရီးမှသိပ်မတွင်တာ၊ မကြာခင်နေစောင်းတော့မယ်၊ နိဗ္ဗာန်ရွာကလည်း ဝေးသေးတယ်ကွ၊ လမ်းမှာလှည်းကြုံတွေ့ရင်တော့မဆိုးဘူးပေါ့၊ လှည်းကြုံတွေ့ပြန်ရင်လည်း တို့လိုလူလေးယောက်လိုက်ဖို့ ချောင်ချင်မှ ချောင်မှာကွ၊ ကြက်ကွင်းမှာ ငါ့အသိတစ်ယောက်ရှိတယ်၊ သူနဲ့မတွေ့တာလည်း ကြာပြီဆိုတော့ ဝင်နှုတ်ဆက်ရင်း တစ်ညလောက်တည်းပြီး မနက်ကျမှ အေးအေးလူလူထသွားကြတာပေါ့ကွာ”

ကျုပ်လည်း ဦးဘသာပြောတာ ဟုတ်နေတာနဲ့ ခေါင်းပဲညိတ်လိုက်တယ်ဗျ၊ အမှန်တော့ ကျုပ်လည်း ချက်ချင်းတော့ ထမပြန်ချင်သေးဘူး၊ လူပျိုကာလသားဆိုတော့လည်း ခုနကမိန်းကလေးနှစ်ယောက်နဲ့ စကားစမြည်လေးပြောချင်သေးတာပ။ ကျုပ်ကတောင်နောက်ကျနေသေးတယ်ဗျာ၊ ဟိုသကောင့်သား ချိုတူးက ရေသောက်ပြီးတာနဲ့ မိန်းကလေးတွေနားသွားပြီး သွားကြီးဖြဲပြနေပြီ။

“ဒါနဲ့ အကိုတို့လာရင်း သီချင်းဆိုလာတာထင်ပါ့၊ ညီမတို့ ဒီမှာထိုင်ရင်းတောင် အတိုင်းသားကြားရတယ်၊ နားထောင်လို့လဲကောင်းလိုက်တာရှင်”

ဦးဘသာက ကွမ်းယာကိုပါးစောင်ထဲထည့်လိုက်ပြီး

“ဟာ၊ ချိုတူးရေ၊ မင်းတော့ ပရိသတ်နှစ်ယောက်ရပြီဟေ့”

ချိုတူးကလည်း ဟန်ပါပါနဲ့မတ်တပ်ရပ်လိုက်တော့ ကျုပ်မှာ သူ့ကိုကမန်းကတန်းနဲ့တားလိုက်ရသေးတယ်။

“ဟေ့ကောင်ချိုတူး၊ သီချင်းဆိုတာတော့ဆို ခါးပုံစတော့ မခတ်နဲ့တော့နော်”

ချိုတူးက ရှက်ပြုံးပြုံးပြီးတော့ ဒီအတိုင်းလက်ဟန်ပဲလုပ်လိုက်တယ်ဗျ။

“အဲ၊ ဘာသီချင်းဆိုပြရမလဲမသိဘူး”

ကျုပ်လည်းက မိန်းကလေးတွေကိုကြည့်ရင်း

“ဟာ၊ မင်းကလည်းကွာ၊ ဒီကမိန်းကလေးတွေက သိပ်လှတာကို၊ ဟို သီချင်းဆိုကွာ၊ မင်းဂံဘုတ်ရွာသူများ xxxxx အသားတော်၊ ဝင်း . . .ဝင်းလို့ xxxxx ဝါဝါရည်ရွှေ၊ ကြည်ကြည်လင်လင်ဆိုတဲ့သီချင်းလေကွာ”

“ဟုတ်ပြီ၊ အဲဒါ ရွှေမင်းဂံသီချင်းပဲ ကျုပ်သိပ်ရတာပေါ့ဗျာ”

ဒီလိုနဲ့ ချိုတူးက ရွှေမင်းဂံသီချင်းကို ဆိုပါရောဗျာ၊ မိန်းကလေးနှစ်ယောက်က သူဆိုလိုက်၊ ကလိုက်လုပ်နေတာကို လက်ကလေးတွေမေးထောက်ရင်း စူးစူးစိုက်စိုက်ကြည့်နေတာဗျာ၊ ဟိုကောင်ကလည်း မိန်းကလေးတွေကြည့်တယ်ဆိုပြီးတော့ အစွမ်းကုန်ထုတ်ပြီး ကပြနေကြတာပေါ့ဗျာ။ သီချင်းလည်းဆုံးရော လက်ခုပ်လက်ဝါးတွေ တီးကြသဗျာ။

“ဟာ၊ ဒီကအကိုဆိုတာ သိပ်နားထောင်လို့ကောင်းတာပဲ၊ ကျုပ်ဖြင့် ပွဲခင်းထဲရောက်သွားသလိုခံစားရတယ်”

“ဟုတ်ပါရဲ့၊ နောက်တစ်ပုဒ်လောက် လုပ်စမ်းပါအုံးအကိုရာ”

ဒီတော့ ပြုံးဖြီးဖြီးနဲ့ ကွမ်းဝါးနေတဲ့ ဦးဘသာက

“ကဲ တော်ပြီ၊ နောက်တစ်ပုဒ်ဆိုရင် နေဝင်သွားလိမ့်မယ်၊ တို့တွေ ရွာကိုမြန်မြန်သွားမှ”

မိန်းကလေးတွေလည်း ဦးဘသာကိုတစ်ချက်မျက်စောင်းထိုးကြည့်ပြီးတော့ ရေအိုးတွေကို ခါးတစ်ခွင်လိုက်ပြီး မတ်တပ်ရပ်ကြတယ်ဗျ၊ ပြီးတာနဲ့

“ဒါဆိုလည်း ကျုပ်တို့နဲ့အတူတူလိုက်ခဲ့ပေါ့၊ ကျုပ်တို့လည်း ကြက်ကွင်းသွားမှာပဲတော့”

ကျုပ်တို့လည်း မိန်းကလေးတွေနဲ့လိုက်လာခဲ့တာပေါ့ဗျာ၊ လမ်းတလျှောက် အဲဒီဟာမလေးတွေက ကျုပ်ကိုတောင်ရှိတယ်လို့ မထင်ကြဘူးဗျ၊ ဟိုကောင် ချိုတူးကိုပဲ အကို၊ အကိုနဲ့ ခွန်းချင်းထပ်ပြီး တစ်ယောက်တစ်ဖက်စကားပြောပြိး သွားကြတာဗျာ၊ ကျုပ်ဖြင့် ဒီကောင့်ကိုအားကျသလို မနာလိုတောင်ဖြစ်မိပါရဲ့၊ ကျုပ်မျက်နှာကြီးမဲ့နေတာကိုကြည့်ပြီး ဦးဘသာက ရယ်ကျဲကျဲနဲ့ဗျ။

“လာအကို၊ ညီမတို့ ဒီခင်တန်းထဲက ဖြတ်သွားရအောင်”

ဦးဘသာက မျက်မှောင်ကြုတ်ပြီး

“ဟုတ်ရဲ့လား၊ ငါရွာကိုသွားဖူးတာတော့ ခင်တန်းမဖြစ်ရဘူးနော်”

“မဟုတ်တာပဲ ဘကြီးရယ်၊ ကျုပ်တို့ကိုယုံပါတော့၊ ဒီလမ်းက ခင်တန်းကိုကွေ့ပြီးဖောက်ထားတာ၊ မိုးရာသီဆိုရင်တော့ ခင်တန်းထဲကသွားမရတာကြောင့် လမ်းအတိုင်းလိုက်ရတာပေါ့၊ ခုလိုရာသီဆိုရင် ခင်တန်းထဲမှာ လမ်းပေါက်သွားပြီ၊ ရွာကိုလမ်းအတိုင်းကွေ့သွားတာက ပိုကြာတယ်၊ ကျုပ်တို့တောင်မှ ခုနက ဒီခင်တန်းထဲကပဲဖြတ်လာခဲ့တာ”

“အေးဟုတ်မယ်၊ ငါတစ်ခါရောက်တာ မိုးတွင်းကြီးကိုးဟ၊ ကဲကဲ နင်တို့ကရွာခံပဲ နင်တို့ကပိုသိမှာပေါ့”

ခင်တန်းထဲဖြတ်တော့ နေဝင်လုပြီဗျ၊ သစ်ပင်တွေကြားဆိုတော့လည်း နည်းနည်းတော့မှောင်သွားတာပေါ့ဗျာ၊ သွားနေရင်း အရှေ့မှာရွာတစ်ရွာတွေ့တယ်ဗျ၊ ခင်တန်းအလွန်မှာ သစ်ပင်တွေအုပ်အုပ်ဆိုင်းဆိုင်းနဲ့ရွာကြီးဗျာ၊ ရွာထိပ်ရောက်တာနဲ့ ရေတွင်းတစ်တွင်းကနေ ရေခပ်နေကျတဲ့ရွာသူတစ်သိုက်ကိုတွေ့တာပဲဗျို့။ ရွာသူတွေက ရေအိုးကိုယ်စီနဲ့ကျုပ်တို့ကို လူစိမ်းတွေမို့ အထူးအဆန်းနဲ့ကြည့်နေတာပေါ့ဗျာ၊ ကျုပ်လည်းရွာသူတွေကိုအသေအချာပြန်ကြည့်တော့ အကုန်လုံးက ကြည့်ပျော်ရှုပျော်ရှိတယ်ဗျ။

ကျုပ်အငမ်းလွန်ပြီး ခလုတ်တိုက်လဲသွားတော့ ရွာသူတွေက ကျုပ်ကိုကြည့်ပြီး တခွိခွိနဲ့ရယ်ကြတော့တာပဲ၊ ကျုပ်လည်း အမြန်ကုန်းထလိုက်တာပေါ့ဗျာ၊ ရွာထဲမှာတော့ အိမ်ကောင်းတွေရှိတယ်ဗျ။ မှောင်နေပြီဆိုတော့ သိပ်တော့မသဲကွဲဘူးဗျို့၊ ဒီတော့ ကျုပ်တို့ကိုခေါ်လာတဲ့ ရွာသူကပဲ ချိုတူးဘက်လှည့်ပြီးတော့

“အကိုတို့ ဘာမှမစားရသေးဘူးထင်တယ်၊ ရောက်တုန်းရောက်ခိုက် ညီမတို့အိမ်မှာ ဝင်စားသွားပေါ့”

ဒီတော့ ဘေးနားက မိန်းကလေးက

“အို၊ မဟုတ်တာ၊ ညီမတို့အိမ်မှာ စားစမ်းပါ၊ ဒီကောင်မအိမ်က ဟင်းချက်လက်ရာ တယ်ညံ့သတော့”

တစ်ဖက်က မိန်းကလေးကလည်းမကျေနပ်ဘူး။

“အကို၊ ဒီကောင်မအိမ်ကိုသွားမစားနဲ့နော်၊ သူ့အိမ်မှာ သူ့အကိုတစ်သိုက်ရှိတယ်၊ တော်ကြာထမင်းစားဖို့လိုက်သွားရင်း သူ့ညီမကိုလာပိုးပန်းတယ်ထင်လို့ ဝိုင်းနှက်နေအုံးမယ်၊ ညီမတို့အိမ်ကိုသာလိုက်ခဲ့ပါ၊ အဘွားနဲ့ ညီမပဲရှိတာ၊ ထမင်းစားပြီးရင်လည်း ညီမတို့ အေးအေးလူလူစကားပြောလို့ရတာပေါ့”

ကြည့်စမ်းဗျာ၊ ချိုတူးတော့ ကံဇာတာတက်တာပဲ၊ မိန်းကလေးနှစ်ယောက်က သူ့အိမ်ကိုထမင်းလိုက်စားပါ၊ ကိုယ့်အိမ်ကိုထမင်းလိုက်စားပါနဲ့ လုတောင်နေကြတာဗျ၊ ကျုပ်နဲ့ဦးဘသာတို့ကို ရှိတယ်လို့တောင်မထင်ဘူးဗျာ။ ဦးဘသာက ချောင်းတစ်ချက်ဟန့်လိုက်တယ်။

“အဟမ်း၊ ကောင်မလေးတွေ ဒီရွာမှာ လူဝဆိုတဲ့လူကြီးတစ်ယောက်ရှိတယ်မဟုတ်လား”

မိန်းကလေးတစ်ယောက်က ဦးဘသာကိုလှည့်ကြည့်ပြီးတော့

“ရှိတာပေါ့”

“ရှိရင်လိုက်ပို့စမ်းဟာ၊ ငါတို့အဲဒီမှာတည်းမယ်”

မိန်းကလေးနှစ်ယောက်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးတော့ သူလိုက်ပို့နိုးနိုး၊ ငါလိုက်ပို့နိုးနိုးနဲ့လုပ်နေတယ်ဗျ၊ ဦးဘသာလည်း စိတ်မရှည်တော့ဘူးထင်ပါရဲ့ဗျာ။

“အေး၊ နင်တို့လိုက်မပို့လဲ၊ ငါ့ဖာသာ မေးမြန်းပြီးသွားမယ်”

ဦးဘသာက စိတ်တိုတိုနဲ့ခြေလှမ်းကျဲကြီးနဲ့ထွက်သွားပါရောဗျာ၊ ကျုပ်လည်း ဦးဘသာအနောက်ပြေးလိုက်ရတာပေါ့။

“ဦးဘသာ၊ ဦးဘာသာ နေအုံးလေ”

ဒီတော့ ချိုတူးကကျုပ်ကိုလှမ်းကြည့်ပြီး

“ကျုပ်နဲ့ငညိုတော့၊ ဒီညီမလေးတွေအိမ်ကိုလိုက်သွားပြီး ထမင်းစားလိုက်အုံးမယ်ဗျာ၊ သူတို့ခမျာ တကူးတကလှိုက်လှိုက်လှဲလှဲဖိတ်နေတာဆိုတော့ လိုက်မသွားရင်မကောင်းဘူးဗျ”

ကျုပ်လည်းခေါင်းညိတ်ပြပြီး ရွာထဲဝင်သွားတဲ့ ဦးဘသာအနောက်ကိုပြေးလိုက်သွားတော့တာပေါ့ဗျာ။

(၃)

“ဦးဘသာ၊ ကျုပ်ကိုစောင့်ပါအုံးဗျ”

ဦးဘသာက လမ်းသွားနေရင်း ခြံဝန်းအရှေ့မှာ အဝတ်လှန်းနေတဲ့မိန်းမတစ်ယောက်အနားကိုတိုးကပ်သွားလိုက်တယ်ဗျ၊ နောက်ပြီးတော့

“ဒီမယ်ကလေးမ၊ ဒီရွာမှာ ဦးလူဝဆိုတဲ့လူကြီးရှိသလား”

အဲဒီမိန်းကလေးက တစ်ချက်စဉ်းစားပြီးတော့ ခေါင်းခါတယ်ဗျ၊ ဦးဘသာက သေချာချင်တာနဲ့

“ပုပု၀၀နဲ့ အသားကခပ်လတ်လတ်ကွယ် ကလေးမရယ်၊ သူ့ကို ဦးလူဝဆိုရင် လူတွေသိပါတယ်”

မိန်းကလေးက အဝတ်တွေကိုင်ရင်း စဉ်းစားနေတယ်၊ နောက်တော့မှ

“သြော်၊ သိပြီ၊ ကျုပ်တို့ကတော့ ဦးဝတုတ်လို့ခေါ်တာပဲ”

“ဟေ၊ ဝတုတ်တဲ့လား၊ အေးပေါ့၊ အခေါ်အဝေါ်တော့ နည်းနည်းကွာမယ်ထင်ပါ့၊ သူ့အိမ်ကိုဘယ်လိုသွားရမလဲ”

“ဒီလမ်းအတိုင်းတည့်တည့်သွား၊ ရွာလယ်လောက်ရင် ညာဘက်ကိုကွေ့သွားလိုက်၊ ဒုတိယမြောက် လမ်းဂုတ်သားက အိမ်ပဲ၊ အဲဒီအိမ်အနောက်ဘက်ကိုဆက်ဝင်သွားရင် နွားတင်းကုပ်ထဲမှာ ဦးဝတုတ်ကိုတွေ့လိမ့်မယ်”

ဦးဘသာလည်း ခေါင်းညိတ်လိုက်တာပေါ့ဗျာ၊ ပြီးတာနဲ့ ကျုပ်တို့နှစ်ယောက် ဆက်လျှောက်လာကြတာပေါ့၊ ရွာလယ်လမ်းက သိပ်မရှည်ပါဘူးဗျ၊ အိမ်ဆယ်လုံးလောက်ကိုဖြတ်လည်းပြီးရော လမ်းဆုံတစ်ခုရောက်ပါရော၊ အဲဒီကနေညာဘက်ကွေ့ပြီးတော့ ဒုတိယမြောက်အိမ်ရှေ့ရပ်လိုက်တာပေါ့ဗျာ။ ဦးဘသာက ခြံရှေ့ကနေ ခါးထောက်ပြီးကြည့်နေတယ်ဗျ။

“ဦးဘသာ၊ ခေါ်လိုက်လေဗျာ”

“အေး၊ ငါအရင်ရောက်ဖူးတဲ့ လူဝအိမ်က ဒီလိုပုံစံမျိုးမဟုတ်ဘူးဗျ”

“သြော်ဗျာ၊ အိမ်ဆိုတာက ပြင်ဆောက်လို့ရတာပဲကိုး၊ အိမ်ပြင်လိုက်တာနေမှာပေါ့”

ကျုပ်ပြောတော့ ဦးဘသာလည်းခေါင်းညိတ်ပြီး

“အေးအေး၊ မင်းအသံကျယ်ကျယ်နဲ့ခေါ်ကြည့်ကွာ”

ကျုပ်လည်း ခေါ်ရတာပေါ့။

“ဦးလူဝ၊ ဗျို့ . . . ဦးလူဝရှိသလားဗျ”

ခြံထဲက ဘာအသံမှပြန်မကြားရဘူးဗျ၊ ဒါနဲ့ နောက်တစ်ခါထပ်ခေါ်တယ်၊ မကြားရပြန်ဘူး၊ ကျုပ်ခေါ်တာများ မကြားလို့လားဆိုပြီးတော့ လက်ဝါးနှစ်ဖက်ကို ပါးစပ်နားကပ်ပြီးတော့ ဝမ်းခေါင်းသံနဲ့အော်လိုက်တယ်။

“ဗျို့၊ ဦးလူဝ”

ဘာသံမှကိုပြန်မကြားတာဗျ၊ ဒါနဲ့ ကျုပ်တစ်ခုသတိထားလိုက်မိတယ်၊

“ဦးဘသာ၊ ဦးလူဝကို ရွာကလူတွေက ဦးဝတုတ်လို့ခေါ်တယ်ဆိုဗျ၊ ဦးလူဝလို့ခေါ်နေတော့ သူ့ကိုခေါ်တယ်မထင်လို့ ပြန်မထူးတာနေမှာဗျ”

“ဟုတ်ပ့ါမလားကွာ၊ အေးလေ၊ ဘာပဲပြောပြော ခေါ်ကြည့်ပေါ့”

“ဗျို့၊ ဦးဝတုတ်”

“ဟေ့”

ကျုပ်အော်လိုက်တော့ ခြံနောက်ဖက်ခပ်လှမ်းလှမ်းကနေ အော်သံကြားတယ်ဗျာ။

“ဦးဝတုတ်၊ ကျုပ်တို့ ဇီးကုန်းက ဧည့်သည်တွေပါဗျ”

“အေးအေး၊ ဝင်ခဲ့လေကွာ”

အသံကြားတာနဲ့ ကျုပ်နဲ့ဦးဘသာလည်း ခြံထဲကိုအသာဝင်ခဲ့တာပေါ့ဗျာ၊ အိမ်ကြီးကတော့ မှောင်နေပြီဗျ၊ အထဲမှာ ဘာရှိသလဲဆိုတာကို မမြင်ရဘူး၊ ကျုပ်လည်း အသံထပ်ပြုတာပေါ့။

“ဦးဝတုတ်၊ ခင်ဗျားဘယ်မှာလဲ”

“အိမ်နောက်ဖေးဝင်ခဲ့ဟေ့”

ဦးဘသာက မျက်မှောင်ကြုတ်တယ်ဗျ။

“ဟုတ်သားပဲ ဦးဘသာ၊ ခုနက မိန်းမပြောတာက နွားတင်းကုပ်ထဲသွားလို့ပြောတယ်မဟုတ်လား”

“လူဝက နွားတင်းကုပ်ထဲဘာသွားလုပ်မှာလဲဗျ”

“ဟောဗျာ၊ နွားစာတွေဘာတွေ သွားကျွေးနေတာနေမှာပေါ့”

ဒါနဲ့ အိမ်ကိုပတ်ပြီးတော့ နွားတင်းကုပ်ထဲလာခဲ့တယ်ဗျ၊ နွားတင်းကုပ်ထဲမှာ နွားချေးတွေက ပြည့်နေတာပဲဗျာ၊ ဒါပေမယ့် နွားတွေတော့ တစ်ကောင်မှမရှိဘူးဗျ၊ ထပ်ပြီးအသံပြုတော့ အသံက ဟိုးခြံထောင့်နားကလာသဗျ၊ ကျုပ်တို့လည်း ဦးလူဝတစ်ယောက် အိမ်သာသွားနေတယ်ထင်ပြီးတော့ ဆက်လိုက်လာခဲ့တာပေါ့ဗျာ၊ ခြံနောက်ဘက်မှာ သစ်ပင်ရိပ်တွေနဲ့ဆိုတော့ အုပ်ဆိုင်းပြီးတော့မှောင်အတိကျနေတာဗျ၊ ကိုယ့်ပတ်ဝန်းကျင် ဆယ်ပေ၊ ပေနှစ်ဆယ်လောက်ကိုပဲ သဲသဲကွဲကွဲမြင်ရတယ်၊ အိမ်နောက်ရောက်တော့ နွားကြီးတစ်ကောင်က ကျုပ်တို့ကိုကျောပေးလျှက်သားဗျ၊ သူ့အရှေ့မှာတော့ ကျင်းကြီးတစ်ကျင်းရှိတယ်။

“ဗျို့၊ ဦးလူ၀ ခင်ဗျားဘယ်မှာလဲ”

“ငါဒီမှာလေကွာ”

ဒီအချိန်မှာ ကျုပ်တို့ကိုကျောပေးထားတဲ့ နွားကြီးက လှည့်ကြည့်ပြီးပြောတာပဲဗျာ၊ နွားကြီးရဲ့ခေါင်းက နွားခေါင်းမဟုတ်ဘဲ လူခေါင်းကြီးဖြစ်နေတယ်၊ ကျုပ်လည်း အဲဒီနွားကြီးမြင်တော့ လိပ်ပြာလွင့်မတတ် လန့်သွားတာပေါ့ဗျာ၊ နွားကိုယ်လုံးနဲ့ လူကြီးက ကျုပ်တို့ကိုအသေအချာကြည့်ပြီးတော့ အံ့သြသွားပုံရတယ်။

“ဟော၊ လူ၊ လူလာပြီ”

တအံ့တသြဖြစ်သွားတာဗျ၊ ကျုပ်လည်း ဦးဘသာကိုလှည့်ကြည့်ပြီးတော့

“ဦးဘသာရဲ့ အသိမိတ်ဆွေကတော့ လူဟုတ်ပါတယ်နော်”

“ငါ့မိတ်ဆွေလူဝက လူပါပဲကွ၊ ဒါပေမယ့် ငါတို့အခုတွေ့နေရတာကြီးကတော့ လူမဟုတ်ဘူးဟေ့”

နွားကြီးက သူ့အရှေ့ကျင်းကြီးထဲက ချီးတွေကို အားရပါးရစားနေတာဗျ၊ ကျင်းထဲမှာလည်း ချီးတွေပြည့်နေတာပဲဗျာ၊ ဒါပေမယ့် ကျုပ်တို့ကိုတွေ့တော့ တစ်ဖက်ကိုလှည့်လာတယ်။

“လူလာပြီ၊ လူလာပြီ၊ လူစားလဲရတော့မယ်၊ ဟေး၊ ဟေး”

ပြောဆိုရင်းနဲ့ နွားကြီးရဲ့ ခြေတွေလက်တွေက လူခြေ၊ လူလက်တွေဖြစ်သွားတယ်ဗျ၊ လူ၀၀ကြီးတစ်ယောက်အဖြစ်ပြောင်းသွားတော့တာပဲ၊ ပြီးတာနဲ့ မတ်တပ်ရပ်တယ်၊ ၀၀ဖိုင့်ဖိုင့်နဲ့ အဝတ်အစားမပါဘူးဗျို့၊ ဗိုက်ကြီးတွေကလည်း ပူထွက်နေပြီး အဆီတွေနဲ့ တွဲကျနေတာ အင်္ဂါကိုတောင် ဖုံးနေတယ်ဗျာ၊ လက်တွေခြေတွေဆိုတာကလည်း လေထိုးထားတဲ့ဘောကွင်းကြီးလို ပြည့်ပြည့်ဖောင်းဖောင်းကြီးဗျ၊ မျက်နှာဆိုရင်လည်း ပါးမို့မို့၊ မေ့စေ့မို့မို့တွေက အစ်ထွက်နေတာပေါ့။

“မင်းတို့ကိုစားမယ်၊ မင်းတို့ကိုစားမယ်”

သူ့မျက်လုံးကြီးက နီရဲလာပြီးတော့ ပါးစပ်ကြီးထဲမှာလည်း အစွယ်ကြီးတွေနဲ့ဗျ၊ ကျုပ်လည်း ကြောက်ကြောက်နဲ့ အနောက်ကိုခုန်ဆုပ်ပြီးတော့ ဦးဘသာအနောက်မှာ ကွယ်နေလိုက်တာပဲဗျာ။ ဦးဘသာက တောက်ခေါက်လိုက်ပြီးတော့

“အောင်မယ်၊ ငါ့များလုပ်ချင်သေးတယ်”

ဒီလူကြီးက ဦးဘသာကို လက်ဝါးကြီးနဲ့ဖြန်းခနဲရိုက်တာဗျ၊ သူ့လက်ဝါးတစ်ဖက်တစ်ဖက်ဆိုရင် စကောကြီးလောက်ရှိသဗျ၊ ဒါပေမယ့် ဦးဘသာ ခေါင်းအပေါ် တစ်တောင်လောက်ရောက်တော့ လက်ကတန့်သွားတယ်ဗျ။

“ရိုက်လေကွ၊ မင်းရိုက်မယ်ဆို”

လူဝကြီးက အားကုန်ဖိတာပဲဗျ၊ နောက်တော့ မရတာနဲ့ နောက်ထပ်လက်တစ်ဖက်နဲ့ထပ်ရိုက်ပါရော၊ အဲဒီလက်လဲ ခုနကလက်လိုပဲ တန့်သွားတယ်။ ဒီတော့ ဦးဘသာက ရယ်မောပြီးတော့

“ဟေ့ကောင်ပိန်သေး၊ မင်းပိန်ပြီးတော့ သေးသွားစမ်းကွာ”

ဦးဘသာလက်ညှိုးထိုးပြီးတာနဲ့ ဒီလူဝကြီးရဲ့ဖောင်းတင်းနေတဲ့လက်တွေက ချက်ချင်းကျုံ့သွားလိုက်တာဗျာ၊ ကျူရိုးကလေးလို သေးသေးကလေးဖြစ်သွားတယ်၊ ဗိုက်တွေလည်း ချက်ချင်းပြားကပ်ပြီးတော့ နောက်ဆုံးလူပိန်ပိန် သေးသေးလေးဖြစ်သွားတာပေါ့ဗျာ၊ သေးလိုက်တာမှ ကလေးလောက်ကိုပြန်ဖြစ်သွားတာ၊ တစ်ကိုယ်လုံးလည်း ကျူရိုးလေးလိုပဲ၊ ဒီတော့မှ ဒီလူက ခြေပစ်လက်ပစ်ထိုင်ချပြီးတော့ ငိုတော့တာပဲ။ ဦးဘသာက ရှေ့တိုးလိုက်ပြီး

“ဟေ့ကောင် မှန်မှန်ပြော၊ မင်းဘယ်သူလဲ၊ လူဝဘယ်မှာလဲ”

“မသိဘူး၊ မသိဘူး၊ ဘယ်ကလူဝလဲ၊ ကျုပ်နာမည် ဝတုတ်၊ အခုတော့ . . . အခုတော့”

“အခုတော့ ပိန်ပိန်သေးသေး ပိန်သေးပေါ့”

ကျုပ်က ဝင်ထောက်လိုက်တာနဲ့ ဒီလူက ငိုတော့တာပဲဗျာ။

“ပြောစမ်း၊ မင်းကဘာကောင်လဲ၊ ဘာလို့ ငါတို့ကိုရန်ပြုတာလဲ”

“ကျုပ် ဒီရွာမှာ ပိတ်မိနေတာကြာပါပြီ၊ ကျုပ်ထွက်သွားချင်တယ်၊ ကျုပ်လူအစားလိုချင်တယ်”

်ကျုပ်လည်းနားထောင်ရင်း ခေါင်းကုပ်လိုက်တယ်။

“ကျုပ်တော့ ဘာမှနားမလည်တော့ဘူး ဦးဘသာ”

ဦးဘသာက ခေါင်းညိတ်လိုက်ပြီး

“ငါနားလည်ပြီ၊ ငါတို့ရောက်နေတာ လူသားတွေနေတဲ့ရွာမဟုတ်ဘူးကွ၊ ကျတ်တွေနေတဲ့ရွာဖြစ်မယ်”

ကျုပ်ဆို ဦးဘသာစကားကိုနားထောင်ပြီး တော်တော်ထိတ်လန့်သွားတာဗျ။

“သိပ်ဟုတ်တာပေါ့ဗျာ”

အသံကြီးကြီး ပြတ်ပြတ်တစ်ခုက ကျုပ်တို့အနားကနေထွက်လာတယ်ဗျ၊ ကျုပ်လှည့်ကြည့်တော့ ကျုပ်တို့ပတ်ပတ်လည်မှာ လူတွေဗျာ၊ အားလုံးကလည်း မိန်းမတွေချည်းဘဲ၊ ကျုပ်တို့ကိုဝိုင်းထားကြတာ၊ လူတွေဆိုပေမယ့်လည်း တစ်မျိုးတော့တစ်မျိုးပဲဗျ၊ သူတို့ကိုယ်လုံးတွေမှာ အဖြူရောင်လိုလို၊ အဝါရောင်လိုလို၊ ဖုန်မှုန့်တွေလိုလို အဲဒီလိုအရာတွေက ထုတက်နေတယ်ဗျ၊ မြင်အောင်ပြောပြရရင်တော့ ဖုန်ထူတဲ့လှည်းလမ်းမှာ လှည်းနောက်ကလိုက်စီးတဲ့သူလိုပေါ့ဗျာ၊

“မင်းတို့နဲ့ငါ သိလည်းမသိဘူး၊ ပတ်လည်းမပတ်သက်ဘူး၊ ငါတို့ကိုပြန်ခွင့်ပေး”

ဦးဘသာက ပြောလိုက်တော့ လူအုပ်ထဲကနေ ယောက်ျားကြီးတစ်ယောက်ထွက်လာတယ်ဗျ။ ခေါင်းပေါင်းကြီးပေါင်းထားပြီးတော့ မပိန်မဝနဲ့လူကြီးပေါ့ဗျာ၊ မျက်နှာမှာလည်း နှုတ်ခမ်းမွှေးကြီးက စင်းနေတာပဲ၊ မျက်လုံးမျက်ခုံးခပ်ကောင်းကောင်းနဲ့ အတော်ခံ့တဲ့လူကြီးပေါ့။ လူအုပ်ထဲမှာ သူတစ်ယောက်ပဲ ယောက်ျားပါတယ်။

“ခဏနေကြပါအုံးဗျ၊ ကျုပ်တို့ဆီကို ရောက်တုန်းရောက်ခိုက်၊ ကျုပ်တို့က ဧည့်ခံချင်လို့ပါဗျ”

“တိတ်စမ်း၊ ငါမင်းတို့ဆီကိုလာတာမဟုတ်ဘူး၊ ငါတို့ပြန်မယ်”

ဦးဘသာကလှည့်ထွက်မယ်လုပ်တော့ အဲဒီလူကြီးက ဦးဘသာအရှေ့မှာ ဘွားခနဲသွားပေါ်တယ်ဗျ၊

“ခင်ဗျားတို့ ဒီရွာကနေ ခြေတစ်လှမ်း ထွက်လို့ရမယ်မထင်နဲ့”

ဦးဘသာကလည်း မျက်မှောင်ကြုတ်လိုက်ပြီးတော့

“စမ်းကြည့်လိုက်လေ”

ဒီလူကြီးက ဒေါ်သထွက်သွားပုံရတယ်ဗျ၊ သူ့ကျောကုန်းကနေ လက်လေးဘက်ထွက်လာတယ်ဗျာ၊ စုစုပေါင်း လက်ခြောက်ဖက်ဖြစ်သွားတာပေါ့၊ ပြီးတော့ လက်တစ်ဖက်စီမှာလည်း ဓါးလှံလက်နက်တွေ ပေါ်လာတယ်ဗျ၊ အဲဒီလက်နက်တွေကလည်း အရောင်တဝင်းဝင်းနဲ့ ဝင်းလက်နေတာပဲဗျာ၊ ပြီးတော့ ဦးဘသာကြီးဆီ ခုန်ဝင်ပြီး ခုတ်ပါရော။

ဦးဘသာက နောက်ဆုတ်၊ နောက်ဆုတ်နဲ့ရှောင်တယ်ဗျ၊ ဒီလူကြီးရဲ့ဓါးက ဦးဘသာကိုထိတော့ ဓါးကြီးက ချက်ချင်းသစ်ရွက်ကြီးတစ်ရွက်ဖြစ်သွားတာပဲဗျာ၊ ဒီလူကြီးလည်း အတော်အံ့သြသွားတယ်၊ ဒါနဲ့ လှံနဲ့ဦးဘသာရင်ဝကို ပိတ်စောင့်ထိုးတယ်ဗျာ၊ လှံကလည်း ဦးဘသာကိုထိတော့ သစ်ကိုင်းခြောက်ကလေးတစ်ခုဖြစ်သွားတာပဲ၊ သူက အားနဲ့ထိုးတာဆိုတော့ သစ်ကိုင်းခြောက်က ဦးဘသာကိုထိပြိး ကျိုးကျသွားတာပေါ့။

“ဟား၊ ဟား ငါ့ကိုသစ်ရွက်တွေနဲ့ သတ်လို့ရမယ်လို့ ထင်လို့လားကွ”

ဦးဘသာက လှစ်ခနဲပျောက်သွားပြီးတော့ ဒီလူကြီးအနောက်ကိုရောက်သွားတယ်ဗျ၊ ဒီလူကြီးရဲ့လည်ကုပ်ကို အနောက်ကနေလက်နဲ့ဖမ်းဆုပ်ကိုင်လိုက်တော့ ဒီလူကြီးခမျာပျော့ကျသွားတာပဲဗျာ။

“ကဲ၊ မှတ်ပြီလား၊ တားစမ်း၊ မင်းတို့ငါ့ကိုတားကြစမ်း”

ဒီလူကြီးကလည်းမခေဘူးဗျ၊ ဝုန်းဆိုပြီး မီးခိုးလုံးကြီးတွေထွက်လာပြီးတော့ တစ်ခါတည်းပျောက်သွားတာပဲဗျာ၊ နောက်တော့ ဦးဘသာရဲ့အရှေ့ ခပ်လှမ်းလှမ်းမှာသွားပေါ်တယ်။ ပြီးတာနဲ့ သူ့လက်ဝါးကိုဖြန့်လိုက်တော့ လက်ထဲမှာ ခဲလုံးတွေဗျ၊ ခဲလုံးဆိုပေမယ့် ထူးခြားတယ်ဗျို့၊ လောက်စာလုံးလို လုံးဝန်းနေပြီးတော့ ရွှေရောင်ငွေရောင်တွေကလည်း ထွက်နေသေးတာဗျာ။ အဲဒါနဲ့ ဦးဘသာကိုပေါက်တာပဲဗျာ။

ဦးဘသာက လက်နဲ့ကာထားလိုက်တော့ အဲဒီအလုံးတွေက လေထဲမှာ တဝုန်းဝုန်းနဲ့ပေါက်ကွဲတော့တာပဲဗျာ၊ ဒီလူကြီးလည်း သူ့လက်နက်တွေက မထူးတော့တာနဲ့ အဲဒီခဲလုံးတစ်လုံးကို ပါးစပ်နားကပ်ပြီး မန်းမှုတ်ရင်း လေပေါ်ကိုပစ်တင်လိုက်တာပဲဗျာ၊ လေပေါ်ကိုအလုံးကပျံတက်သွားပြီးတော့ တဖြည်းဖြည်းကြီးလာတယ်ဗျ၊ လောက်စာလုံးအရွယ်ကနေ ဥသျှစ်သီးအရွယ်၊ ဥသျှစ်သီးအရွယ်ကနေ နွားခေါင်းလောက်အရွယ်၊ အဲဒီလိုတဖြည်းဖြည်းကြီးလာပြီးနောက်ဆုံး အိမ်လုံးကြီးလောက်အရွယ်ဖြစ်သွားပါရောလားဗျာ၊ ပြီးတာနဲ့ အဲဒီကျောက်တုံးကြီးက ဦးဘသာအပေါ်ကိုကျတာပဲဗျ၊ ဦးဘသာက ကျောက်တုံးကို လက်ဝါးနဲ့ဖြန့်ပြီးခံထားတယ်။ ခံထားရင်းနဲ့ ပါးစပ်ကလည်း တအင်းအင်းနဲ့ ညည်းညူနေတယ်ဗျ။

ဦးဘသာက အဲဒီအိမ်လောက်ရှိတဲ့ကျောက်တုံးကြီးကို တော်တော်အားသုံးပြီးတော့ ပင့်ထားရတယ်ထင်ပါတယ်ဗျာ၊ နောက်တော့ ပင့်ထားရင်း ဒူးခေါင်းတွေလှုပ်လာတယ်၊ ပြီးတာနဲ့ ဒူးတစ်ဖက်ထောက်ပြီး ကျသွားပါရောဗျာ၊ ကျုပ်လည်း ဦးဘသာဆီကိုပြေးသွားဖို့လုပ်တာပေါ့။

“အလတ်ကောင်၊ ငါ့ဆီမလာနဲ့၊ မင်း . . မင်းပြေးတော့”

“ဦးဘသာမပါဘဲ ကျုပ်မသွားဘူးဗျ”

“ပြေးတော့ဟ၊ မင်း . . . မင်း ငညိုတို့ ချိုတူးတို့ကိုသွားခေါ်ပြီး ရွာထဲကနေထွက်ပြေးတော့”

ကျုပ်လည်းမပြေးချင်ဘူးဗျ၊

“ပြေးပါတော့ဆိုကွာ၊ မင်းငါ့ကို ချစ်တယ်မဟုတ်လား အလတ်ကောင်၊ အေး ငါ့ကိုချစ်ရင် ငါပြောတာကိုနားထောင်စမ်းပါ၊ မင်းသွား၊ အခုပဲ ပြန်ပြေးကြတော့”

ကျုပ်လည်း မပြေးတော့ဘဲနဲ့ ဦးဘသာအရှေ့က လူကြီးအရှေ့မှာ ဒူးထောက်ထိုင်ချလိုက်တယ်ဗျ၊ ပြီးတော့ အဲဒီလူကြီးကိုလက်အုပ်ချီပြီးတော့

“မလုပ်ပါနဲ့ဗျာ၊ ဦးဘသာကို မလုပ်ပါနဲ့တော့၊ ကျုပ်တောင်းပန်ပါတယ်၊ ကျုပ်တို့အမှားရှိရင် ခွင့်လွှွှတ်ပေးကြပါ”

ဒီလူကြီးက ကျုပ်ကိုကြည့်ပြီး

“မင်းတို့မှားတာပေါ့၊ မင်းတို့အပြစ်က ဒီကဝတုတ်ကို ငိုအောင်လုပ်တယ်မဟုတ်လား”

“ကျုပ်တို့မသိလို့လုပ်မိတာပါဗျာ၊ ပြီးတော့ ဝတုတ်ကလည်း ကျုပ်တို့ကိုအရင်ရန်ရှာလို့ပါ”

ဒီလူကြီးက ငိုနေတဲ့ဝတုတ်ဘက်ကိုလှည့်ကြည့်တယ်။

“ဝတုတ်၊ သူပြောတာဟုတ်သလား”

ဝတုတ်က ခေါင်းညိတ်ပြီးတော့

“ဟုတ်ပါတယ်ဗျာ၊ ကျုပ်လည်း သူတို့ကိုမြင်တော့ လူစားလဲချင်တာနဲ့ သူတို့ကိုစားဖို့လုပ်လိုက်မိတာပါ”

ဒီလူကြီးက နည်းနည်းတော့တွေဝေသွားတယ်ဗျ၊ ဒါပေမယ့် မျက်နှာကတော့ ခက်ထန်နေတုန်းပဲ။

-သြော်ဝတုတ်၊ မင်းက ငါတို့ကိုစော်ကားချင်တိုင်းစော်ကား၊ လုပ်ချင်တိုင်းလုပ်ပြီးတော့ အခုတော့လူစားလဲပြီး ထွက်ပြေးချင်တယ်ပေါ့၊ မင်းဒီလိုလုပ်လို့ရမယ်ထင်လို့လားကွ-

ပြီးတော့ ဦးဘသာကိုဖိထားတဲ့ကျောက်တုံးကြီးကိုလက်ညှိုးထိုးလိုက်တော့ ကျောက်တုံးကြီးက ဝုန်းခနဲကွဲသွားတော့တာပါပဲဗျာ။ ကျုပ်လည်း ဦးဘသာကိုပြေးတွဲတာပေါ့။

“မင်းတို့ကိုငါခွင့်လွှတ်တယ်၊ မင်းတို့တွေရွာကပြန်လို့ရပြီ၊ ဒါပေမယ့် ဟိုကောင်လေးတစ်ယောက်ကိုတော့ ထားခဲ့ရမယ်”

“ဘယ်သူလဲဗျ”

“သီချင်းဆိုတဲ့ ကောင်လေးပေါ့ကွာ”

(၄)

အိမ်ဝိုင်းတစ်ခုနားကို ကျုပ်တို့ရောက်တော့ ချိုတူးရဲ့အသံကိုကြားရတာပါပဲဗျာ၊ ချိုတူးက ကွပ်ပျစ်ပေါ်မှာ မင်းသားစတိုင်နဲ့ ကနေတယ်ဗျ၊ သူ့အနားမှာလည်း မိန်းကလေးတွေက အုံလိုက်ကျင်းလိုက်ထိုင်နေကြပြီးတော့ လက်ခုပ်တစ်ဖျပ်ဖျပ်တီးလို့ပေါ့ဗျာ၊ ချိုတူးဆိုတဲ့ကောင်ကတော့ ပါးစပ်က သီချင်းဆိုလိုက်၊ ပါးစပ်ဆိုင်းတီးလိုက်နဲ့ လက်ကလည်း ကလို့ဗျ၊ အောင်မယ် ဇာတ်မင်းသားဝတ်စုံတောင်မှ ဘယ်ကရှာထားတယ်မသိပါဘူးဗျာ၊ ဒီကောင့်ကြည့်ရတာ တကယ့်ဇာတ်မင်းသားဒီဇိုင်းဗျ။

ကျုပ်လည်းအခုမှ သတိထားမိတာဗျ၊ တစ်ရွာလံံုံးမှာ ယောက်ျားနဲ့တူတာ တစ်ယောက်မှမရှိဘူး၊ အကုန်လုံးက မိန်းမတွေချည်းပဲဗျ၊ မိန်းမတွေမှာတောင်မှ အဘွားကြီးတွေ၊ အဒေါ်ကြီးတွေ မပါဘူးဗျို့၊ အားလုံးက အပျိုအရွယ်၊ သက်လတ်ပိုင်းအရွယ်လောက်တွေချည်းဘဲဗျာ။ ပြောရရင်တော့ ပါးစပ်ဆိုင်းတီးပြီး ကိုယ့်ဖာသာကတဲ့ပွဲ၊ ဗလာပွဲပေါ့ဗျာ။

ဦးဘသာက ဘေးနားကလူကြီးကိုကြည့်လိုက်တယ်ဗျ၊ ဒီလူကြီးက ဒီရွာက အကြီးအကဲဖြစ်မယ့်ပုံပါပဲ။

“ကျုပ်တို့တောင်းပန်ပါတယ် ကျတ်မင်းကြီး၊ ဒီကလေးက ကျုပ်တို့ခေါ်လာတဲ့ကလေးမို့ ပြန်ခေါ်သွားမှရပါမယ်”

ကျုပ်တို့ အတော်ကိုတောင်းပန်ယူရတာဗျာ၊ ဒီလူကြီးကလည်း ခေါင်းမာတယ်ဗျ၊ မပေးဘူးတဲ့၊ နောက်ဆုံးပြောမရတဲ့အဆုံး ဦးဘသာက ကျုပ်အနားကိုကပ်လာတယ်။

“အလတ်ကောင်၊ မင်း သံံဗုဒ္ဓေရသလားကွ”

“ရတာပေါ့ဗျာ”

“ရရင် ရွတ်စမ်းကွာ”

ဒါနဲ့ကျုပ်လည်း အဖေပြောလိုက်တာကို သတိရသွားတယ်ဗျာ၊ အဖေက တစ်ခါကပြောဖူးတယ်။

“ငါ့သား၊ အပြင်သွားလို့ ဘာဘေးရန်ပဲဖြစ်ဖြစ်၊ သံဗုဒ္ဓေရွတ်ရင် ဘေးကင်းတယ်ကွ”

ကျုပ်လည်း လက်အုပ်ချီလက်စနဲ့မို့ စိတ်ထဲကနေ သေသေချာချာနဲ့ကို သံဗုဒ္ဓေ ရွတ်တော့တာပဲဗျာ၊ ကျုပ်တို့ငယ်ငယ်က ဘုန်းကြီးကျောင်းမှာ သင်သလိုမျိုး အသံနေအသံံထားနဲ့ကိုရွတ်တာဗျ၊ ဒီတော့ ဒီလူကြီးက သူ့လက်နှစ်ဖက်နဲ့ နားကိုပိတ်တယ်။

“မရွတ်နဲ့ ဆက်မရွတ်နဲ့”

သူတို့မရွတ်နဲ့ပြောလေ၊ ကျုပ်ကဆက်ရွတ်လေပဲဗျာ၊ ရွတ်နေရင်းနဲ့ သူတို့က ပုံစံတွေပြောင်းသွားကြတယ်ဗျ၊ လူသားစင်စစ်ကနေ အရေခွံကြီးတွေ၊ အမြီးကြီးတွေထွက်လာတယ်၊ ပြီးတော့ ခေါင်းကလည်း ရှည်ထွက်သွားပြီးတော့ ဖွတ်ကြီးတွေလိုဖြစ်သွားတယ်၊ ကျုပ်ကိုလက်ညှိုးထိုးပြီးတော့

“ဟေ့ကောင်လေး၊ မင်းရွတ်နေတာရပ်လိုက်၊ မရပ်လိုက်ရင် မင်းကိုငါတို့စားပစ်မယ်”

သူတို့က စားမယ်ပြောပြီးတော့ လက်ထဲမှာလည်းလက်နက်ကြီးတွေထွက်လာကြတာဗျ၊ ပြီးတော့ ကျုပ်ကိုဝိုင်းပြီးတော့ ထိုးမယ်၊ ခုတ်မယ် တစ်ကဲကဲနဲ့ ရွယ်နေကြတာပေါ့၊ ကျုပ်က ကြောက်တော့ကြောက်တာပေါ့ဗျာ၊ ဒါပေမယ့် သူတို့က အနားကိုမကပ်ရဲဘူးဗျ၊ ကျုပ်ရွတ်နေရင်း သုံးခေါက်လောက်လဲရောက်ရော ကြေးစည်သံတစ်ခုကိုကြားလိုက်ရတယ်ဗျ။

တနောင်နောင်နဲ့တီးနေတဲ့ကြေးစည်သံက ရွာကိုလွှမ်းသွားတာပဲ၊ ကြေးစည်သံလဲကြားရော သူတို့တွေအကုန်လုံး လှုပ်လှုပ်ရွရွဖြစ်ကုန်ကြတယ်၊ ကြေးစည်သံက တဖြည်းဖြည်းနဲ့ နီးလာတော့ သူတို့တွေအကုန်လံုံး ဖွတ်တွေလိုလေးဘက်ထောက်ပြီးတော့ ဒရောသောပါး ပြေးကုန်ကြတာပဲဗျာ၊ ကျုပ်လည်း ဦးဘသာကိုပြေးထူတာပေါ့ဗျာ၊ ဦးဘသာလည်း တော်တော်ကိုပင်ပန်းနေတာဗျ၊ ဒီအချိန် ကျုပ်မျက်ခွံတွေလေးလာတယ်ဗျ၊ ကျုပ်တို့အရှေ့မှာ လူကြီးတစ်ယောက်ရောက်လာတယ်ဗျ၊ တစ်ကိုယ်လုံးအဖြူရောင်ဝတ်ထားတဲ့လူဗျ၊ ခေါင်းတုံးပြောင်ပြောင်နဲ့ အဖြူရောင်ပိတ်စကို သင်္ကန်းလိုပတ်ထားတာ၊ လက်ထဲမှာလည်း ကြေးစည်ကလေးနဲ့ဗျ၊ ကျုပ်မျက်လုံးတွေက ေ၀ဝါးနေတော့ သူ့မျက်နှာကိုသေသေချာချာမမြင်ရတော့ဘူး၊ သူက ကြေးစည်ကလေးကို သစ်သားနဲ့လုပ်ထားတဲ့ တူကလေးနဲ့ထုလိုက်တဲ့အချိန် ကျုပ်လည်း မေ့လဲကျသွားတော့တာပါပဲဗျာ။

“ဟေ့ကောင်၊ ထ၊ ထတော့ကွ”

ကျုပ်ကိုလှုပ်နှိုးတဲ့အသံံကြားတော့မှပဲ ကျုပ်လည်းမျက်စိဖွင့်ကြည့်မိတယ်၊ ကျုပ်တို့အိပ်နေတာ တောအုပ်တစ်ခုထဲမှာဗျ၊ ကျုပ်ကိုလာနှိုးတာကတော့ ဦးဘသာကြီးပေါ့ဗျာ၊ မကြာခင် မိုးလင်းတော့မှာမို့လို့ ငှက်တွေကလည်းတကျီကျီနဲ့အော်နေပြီဗျ၊ ကျုပ်လည်း ထပြီးကြည့်လိုက်တော့ ငညိုတစ်ယောက်က သစ်ပင်တစ်ခုကိုမှီပြီး အိပ်လို့ဗျ၊ ဆိုထား၊ ကထားတဲ့ ချိုတူးတစ်ယောက်ကတော့ ကိုယ်တံုံးလံုံးကြီးနဲ့ ဖင်ပူးတောင်းကြီးထောင်ပြီး အိပ်နေလို့ဗျို့။

ကျုပ်လည်းအကုန်လုံးကို လိုက်နှိုးရတယ်၊ ဦးဘသာက သူ့နားထင်ကိုလက်နဲ့ဖိနေရင်း

“ငါတို့တော့ ကျတ်တွေနဲ့တွေ့ခဲ့တာနေမယ်ကွ”

“ဖြစ်နိုင်တယ်ဗျ”

ကျုပ်က ချိုတူးကိုကန်ပြီးနှိုးလိုက်တော့ ချိုတူးတစ်ယောက် ခေါင်းထောင်ကြည့်တယ်ဗျ၊ ပြီးတော့ သူ့ကိုယ်သူမလုံမလဲနဲ့ လက်နဲ့အုပ်ထားတာပဲ။

“ဘာာ၊ ဘာဖြစ်တာလဲဗျာ”

“ညကတွေ့ခဲ့တာ ကျတ်တွေကွ၊ မင်းအဝတ်အစားတွေဘယ်နားချွတ်ထားလိုက်သလဲ”

သိပ်မရှာရပါဘူးဗျာ၊ ချိုတူးဝတ်ထားတဲ့အဝတ်အစားတွေကို သစ်ကိုင်းတစ်ခုမှာချိတ်လျှက်သား တွေ့တော့တာပဲဗျာ၊ ကျုပ်တို့လည်းအဝတ်အစားဝတ်ပြီး ခင်တန်းထဲက ပြန်ထွက်လာကြတော့ သိပ်မကြာဘူး လမ်းကလေးတစ်ခုကိုရောက်လာတယ်ဗျ၊ အဲဒီလမ်းကလေးမှာ ဈေးသည်နှစ်ယောက်က သွားနေကြတယ်၊ တောထဲက ထွက်လာတဲ့ကျုပ်တို့ကိုမြင်တော့ လန့်ပြီးပြေးကြတာပဲ။

“ဟေ့၊ စောင့်ကြပါအုံးဗျ၊ ကျုပ်တို့ကလူတွေပါ”

မနည်းပြောယူမှ အပြေးရပ်တယ်၊ ဒါနဲ့ သူတို့ကိုမေးမြန်းတော့ ကြက်ကွင်းရွာက ဒီအရှေ့နားတင်ဗျ၊ ဒါပေမယ့် ဒီခင်တန်းကတော့ သိပ်ပြီးကျတ်ပေါတာဆိုပဲဗျာ၊ ဘယ်သူမှ ခင်တန်းထဲကိုမသွားဝံ့ကြဘူးတဲ့၊ ပိုဆိုးတာက ဒီကျတ်တွေက ဆိုင်းတွေ၊ ဗုံတွေကြိုက်တယ်ဆိုပဲဗျာ၊ ဒါကြောင့် သီချင်းဆိုလာတဲ့ ကျုပ်တို့ကို သူတို့ရွာကိုခေါ်သွားတာနေမှာပေါ့၊ ကျုပ်တို့လည်း ကံသီပေလို့ဗျို့၊ မဟုတ်ရင် ဟိုကောင်ချိုတူးတော့ ကျတ်ရွာမှာ မင်းသားဖြစ်မယ့်ကိန်းဗျ။

လမ်းအတိုင်းဆက်သွားရင်း မကြာခင် ကြက်ကွင်းရွာကို ရောက်တာပါပဲဗျာ၊ ရွာက ကွင်းအလယ်တည့်တည့်မှာရှိတာဗျ၊ ကွင်းတွေကတော့ ယာခင်းတွေစိုက်ထားတာအပြည့်ပဲပေါ့ဗျာ၊ ရွာက အိမ်ခြေလေးငါးဆယ်လောက်ပဲရှိမယ်ထင်တယ်၊ ကျုပ်တို့လည်းဆက်သွားရင်း ရွာထိပ်နားရောက်တော့ လူကြီးတစ်ယောက်နဲ့တွေ့သဗျ။

“ဟေ့ကောင် လူဝ”

ဦးဘသာက ခေါ်လိုက်တော့ ဒီလူကလှည့်ကြည့်တယ်။

“အောင်မာ၊ ဘယ်သူများလဲလို့ ဘသာပါလားဟ”

သူတို့နှစ်ယောက် ပြေးပြီးနှုတ်ဆက်ကြတယ်ဗျ။

“ဘသာ၊ မင်းဘယ်ကနေလှည့််လာတာလဲကွ”

“လာတာကတော့ နိဗ္ဗာန်ရွာကိုကွ၊ လမ်းခရီးမှာ ဒီနားကနေဖြတ်တော့ မင်းကိုသတိရပြီး ဝင်လည်တာပဲဟေ့၊ မင်းရော အဆင်ပြေရဲ့လား”

“ပြေပါ့ကွာ၊ ရောက်တုန်းရောက်ခိုက် တို့ရွာမှာ တစ်ရက်နှစ်ရက်လောက် နေပြီးမှပြန်ကွာ၊ ဒါနဲ့ မင်းတို့လမ်းခရီးမှာ အဆင်ပြေတယ်မဟုတ်လား”

ဦးဘသာက ကျုပ်ကိုလှည့်ကြည့်တယ်ဗျ၊ ကျုပ်နဲ့ချိုတူးလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြီးပြီး

“အဆင်ပြေပါတယ်ဗျာ၊ သိပ်ကိုအဆင်ပြေခဲ့တာပေါ့”

ဒီလိုနဲ့ ကျုပ်တို့လည်း ဦးလူဝအနောက်ကို လိုက်သွားကြတော့တာပေါ့ဗျာ။ ကျတ်တွေနဲ့ကျုပ်တို့နဲ့က ရေစက်မကုန်သေးဘူးဗျ၊ နောက်တော့ ထပ်တွေ့ကြပါလေရော။

ဆက်ရန်။
#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ

Zawgyi Version

” စုန္းထီးႀကီးဦးဘသာႏွင့္ ဗလာပြဲ “(စ/ဆုံး)
——————————————————–
အတြဲ(၄) စာစဥ္(၁၀)

(၁)

လွည္းလမ္းခြ႐ြာရဲ႕ ငါးရက္ေဈးက စည္လိုက္တာဗ်ာ၊ ႏြားေဈးဆိုရင္လည္း ႏြားေတြကိုမနည္းဘူးဗ်၊ အစကေတာ့ က်ဳပ္တို႔က ႏြားဝယ္မလို႔ပဲ၊ ဒါေပမယ့္ ငညိဳအေရးေပၚလာေတာ့ ႏြားမဝယ္ျဖစ္ေတာ့ဘဲနဲ႔ နိဗၺာန္႐ြာဘက္သြားမယ္ေပါ့ဗ်ာ၊ နိဗၺာန္႐ြာဘက္ကိုေတာ့ နိဗၺာန္တိုက္နယ္လို႔ေခၚတယ္ဗ်၊ အဲဒီမွာ ႐ြာေပါင္းဆယ္႐ြာေလာက္ရွိတယ္၊ ဗမာစကားအရ ႐ြာငယ္ရင္ ဇနပုဒ္၊ ႐ြာႀကီးရင္ တိုက္လို႔ေခၚသဗ်၊ အဲဒီ႐ြာႀကီးနဲ႔ အနီးအပါးမွ စုၿပီးရွိေနၾကတဲ့ ႐ြာကေလးေတြကို စုေပါင္းၿပီး တိုက္နယ္ေခၚတာေပါ့ဗ်ာ၊ အဲဒီတိုက္ကို အပိုင္စားတဲ့သူႀကီးကိုေတာ့ တိုက္သူႀကီးေခၚတာကိုး၊ သူက တျခားသူႀကီးေတြထက္ ပိုၿပီးရာထူးျမင့္တယ္၊ တိုက္နယ္ထဲက တျခား႐ြာေတြက သူႀကီးေတြရဲ႕အခ်ဳပ္ေပါ့ဗ်ာ၊ ဒါေတြကေတာ့ ဟိုးအဂၤလိပ္ေခတ္ကတည္းက ေခၚခဲ့တဲ့အေခၚအေဝၚေတြေပါ့၊ အခုေခတ္ေတာ့ ေက်း႐ြာအုပ္စုဆိုၿပီးျဖစ္သြားတာေပါ့။

က်ဳပ္တို႔ေဈးထဲဝင္ခဲ့တာလည္း အေၾကာင္းရွိတယ္ဗ်၊ ငညိဳနဲ႔ အရင္က သဒိုးျဖစ္ခဲ့တဲ့ ခ်ိဳတူးနဲ႔က အဝတ္ေကာင္းအစားေကာင္းမရွိလွဘူးဗ်၊ ဒါနဲ႔ သူတို႔အတြက္ အထည္ေလး၊ ပုဆိုးေလး ရလိုရျငားဆိုၿပီး လာခဲ့တာပဲ၊ က်ဳပ္တို႔ေခတ္ကေတာ့ ခုေခတ္လို ခ်ဳပ္ၿပီးသားမရွိဘူးဗ်ိဳ႕၊ ပုဆိုးဆိုရင္လည္း မခ်ဳပ္ရေသးတဲ့အကြင္းလိုက္ေပါ့၊ အဲဒီအကြင္းလိုက္ကိုဝယ္ၿပီး ကိုယ္နဲ႔ေတာ္မယ့္ အနံ၊ အလ်ားကိုတိုင္းျဖတ္ၿပီးေတာ့ ခ်ဳပ္ဝတ္ၾကတာ၊ အက်ႌဆိုရင္လည္း ဒီလိုပဲေပါ့ဗ်ာ၊ အားလုံးက ပိတ္စဝယ္ၿပီး တိုင္းခ်ဳပ္ၾကတာပဲ။

ပိတ္ေတြထဲမွာေတာင္မွ စက္ထည္နဲ႔ လက္ထည္ဆိုၿပီးရွိေသးတယ္၊ ခုေခတ္ေတာ့ လက္ထည္ဆိုတာ မရွိသေလာက္ပဲ၊ အရင္ေခတ္ကေတာ့ ရက္ကန္း႐ုံေတြရွိေသးတာကိုးဗ်၊ လက္ထည္ဆိုတာကေတာ့ တစ္ႏိုင္တစ္ပိုင္ပဲျဖစ္ျဖစ္၊ ရက္ကန္း႐ုံေတြကပဲျဖစ္ျဖစ္ရက္လုပ္ထားတဲ့ ပိတ္ေတြကိုေခၚတာ၊ မ်ားေသာအားျဖင့္ ခ်ည္သားေတြပါ၊ လက္ထည္ဆိုတဲ့အတိုင္း အထည္တစ္အုပ္ျဖစ္လာဖို႔အတြက္ ဟိုးယာခင္းထဲ ဝါေစ့က်ဲတာကေနစၿပီးေတာ့ ရက္လုပ္ၿပီးတဲ့အဆင့္အထိကို လက္နဲ႔ခ်ည္းလုပ္ရတာကိုး၊ လက္ထည္က အထည္ၾကမ္းတယ္၊ ခ်ည္ကလည္း စက္နဲ႔လွည့္ထားတာမဟုတ္ေတာ့ ခ်ည္လုံးႀကီးတာေပါ့ဗ်ာ၊ ေဈးကလည္း စက္ထည္ထက္စာရင္ေတာ့ ေပါတယ္ဗ်။

ဒါေပမယ့္ က်ဳပ္တို႔အညာသားေတြေတာ္ေတာ္မ်ားမ်ားကေတာ့ အဲဒီလက္ထည္ေတြကိုပဲ ႀကိဳက္ၾကတာ၊ အေဖတို႔ဆိုရင္ စက္ထည္ပိတ္ပါးပါးနဲ႔ခ်ဳပ္ထားတဲ့ ရွပ္အက်ႌဆိုရင္ ရွက္လို႔ဆိုၿပီး မဝတ္ဘူးဗ်ာ၊ ပါးလို႔တဲ့၊ ေနေရာင္ထဲထြက္ၿပီး ခ်ိဳင္းေျမႇာက္လိုက္ရင္ ခ်ိဳင္းၾကားက ခ်ိဳင္းေမႊးဘယ္ႏွပင္ကအစ ေရတြက္လို႔ရလို႔တဲ့ဗ်ာ၊ ေရွးလူႀကီးမ်ားေျပာပါတယ္၊ ခုေခတ္ကေတာ့ ဝတ္ၾကတာပါပဲ၊ ပါးတယ္လို႔လဲ မထင္ၾကေတာ့ပါဘူးဗ်ာ။

နယ္ဘက္ကလူကေတာ့ လက္ထည္အထည္ၾကမ္းႀကီးေတြကို ပိုႀကိဳက္တယ္ဗ်၊ ထူသလားလည္းမေမးနဲ႔ဗ်ိဳ႕၊ ခ်ည္ရဲ႕ထုံးစံက ရက္စကေတာ့ ခပ္က်ဲက်ဲပဲဗ်၊ ဒါေပမယ့္ ေရေလွ်ာ္လိုက္ရင္ ပြတက္လာၿပီးေတာ့ ပိတ္သြားတာပဲဗ်ာ၊ ပုဆိုးဆိုရင္လည္း က်ဳပ္တို႔ဆို အေမ့လက္ရာ ပုဆိုးၾကမ္းပဲဝတ္တာကိုး၊ ပုဆိုးၾကမ္းဆိုတာလည္း နာမည္နဲ႔လိုက္ေအာင္ ၾကမ္းၾကမ္းႀကီးဗ်၊ ပိတ္ေနတာကေတာ့ ခုေခတ္ဂ်င္းသားေလာက္ရွိတယ္၊ က်ဳပ္တို႔ေခတ္က အတြင္းခံေဘာင္းဘီတို႔ဘာတို႔ ဝတ္တာေခတ္မစားေသးဘူးဆိုေတာ့ ပုဆိုးၾကမ္းနဲ႔ပဲ သြားၾကလာၾကတာဗ်။ ခုေခတ္ပုဆိုးကေတာ့ ေနပူထဲထြက္လိုက္တာနဲ႔ ဟိုဖက္ဒီဖက္ ေဖာက္ျမင္ရေလာက္ေအာင္ကို ပါးသြားၾကတာ၊ ပုဆိုးၾကမ္း၊ အက်ႌၾကမ္းဆိုတဲ့အတိုင္း က်ဳပ္တို႔ေတာသားေတြက ဒုံးဝတ္တာကိုးဗ်၊ ယာထဲသြား၊ လယ္ထဲဆင္း၊ ေတာတက္ တစ္ေနကုန္ဒီအထည္ေတြပဲဝတ္ၾကတာ၊ အၾကမ္းလည္းခံတာကိုး၊ နည္းနည္းေဟာင္းသြားရင္ေတာ့ ပုခံုံးေပၚတင္တဲ့အဝတ္လုပ္မလား၊ ေခါင္းဖုလုပ္မလား၊ ေအးေအးေဆးေဆးသုံးလို႔ရေသးတယ္ဗ်၊ ဒါထက္ပိုစုတ္သြားရင္ လက္ႏွီးစုတ္လုပ္ၾကေသးတယ္၊ ေတာ္ေတာ္ႀကီးကို ေပါက္ၿပဲေနၿပီး ဝတ္မရေတာ့တဲ့အဆုံးဆိုရင္ေတာ့ အေမက ပုဆိုးေတြကို ကတ္ေၾကးနဲ႔အပိုင္းေလးေတြညႇပ္ၿပီး တစ္ခုနဲ႔တစ္ခု ျပန္စပ္ခ်ဳပ္လိုက္ရင္ ေျခသုတ္ခုံေလာက္ေတာ့ ျဖစ္ေသးသဗ်၊ အဲ တစ္ခုရွိတာကေတာ့ အိမ္ေထာင္ဦးစီးရဲ႕ အက်ႌ၊ ပုဆိုးတို႔ဆိုရင္ေတာ့ လက္ႏွီးတို႔၊ ေျခသုတ္တို႔ မလုပ္ၾကပါဘူး၊ ဘုန္းနိမ့္မွာစိုးလို႔ထင္တာပဲဗ်ာ။

ေျပာေနရင္းနဲ႔ ဘယ္ေရာက္သြားမွန္းမသိဘူး၊ လွည္းလမ္းခြေဈးထဲဝင္ၿပီးေတာ့ ပိတ္ဝယ္တာေပါ့ဗ်ာ၊ ခ်ဳပ္တာကေတာ့ ေနာက္ေပါ့၊

“ဦးဘသာ၊ ခ်ိဳတူးဝတ္ဖို႔ဆိုရင္ က်ဳပ္မွာလည္း အက်ႌအဝတ္အစားတစ္စုံေလာက္ပါတယ္၊ သူ႔ကိုေပးဝတ္လိုက္ပါလားဗ်ာ”

“အိုကြာ၊ လူသစ္၊ စိတ္သစ္၊ အဝတ္အစားအသစ္နဲ႔စရတယ္ကြ၊ မင္းအက်ႌႀကီး ေပးမဝတ္ခ်င္ပါဘူးကြာ”

ဒီလိုနဲ႔မခ်ဳပ္ရေသးတဲ့ ပုဆိုးသုံးေလးကြင္းဝယ္လိုက္ပါေရာဗ်ာ၊ အဝတ္အတြက္ပိတ္လည္း ဝယ္ၾကတယ္၊ ဒါေပမယ့္ ေလာေလာလတ္လတ္ဝတ္လို႔ရေအာင္ဆိုၿပီး စြပ္က်ယ္ေတာ့ ဝယ္ေပးလိုက္တယ္ဗ်၊ ဟိုႏွစ္ေယာက္ကလည္း စုတ္ျပတ္ေနတာကိုး။ အဲဒါနဲ႔ပဲ သူတို႔အဝတ္အစားေတြလြင့္ပစ္ၿပီးေတာ့ စြပ္က်ယ္ဝတ္ခိုင္းရတယ္၊ ေအာက္ကေတာ့ မခ်ဳပ္ရေသးတဲ့ ပုဆိုးပဲ ပတ္ခိုင္းတာေပါ့ဗ်ာ။

“ဒီအတိုင္းပတ္ထားစမ္းပါ၊ တို႔ဗမာေတြ ေရွးေခတ္ကဝတ္တဲ့ေတာင္ရွည္ပုဆိုးဆိုရင္ ခ်ဳပ္ေတာင္မခ်ဳပ္ထားဘူးကြ၊ ဒီလိုပဲ ပတ္ဝတ္ရတာပဲ”

“ဟာဗ်ာ၊ ဦးဘသာကလည္း အေတာင္ႏွစ္ဆယ္ရွည္တဲ့ ေတာင္ရွည္ပုဆိုးကေတာ့ ဟုတ္တာေပါ့ဗ်ာ၊ အခုပုဆိုးက မခ်ဳပ္ရေသးေတာ့ လမ္းေလွ်ာက္ရင္ ဒူးေခါင္းထြက္ေနတာဗ်၊ မေတာ္ ေလလွန္လိုက္ရင္ ပုဆိုးကြၽတ္ပါသြားအုံးမယ္”

ၿပီးေတာ့ ေဈးထဲက ျပန္အထြက္မွာ ဦးဘသာက ေဈးသည္တစ္ေယာက္ ေဈးေရာင္းတာကို ရပ္ၾကည့္တယ္ဗ်၊ ေဈးသည္က ထန္းလ်က္ေတြေရာင္းေနတာဗ်၊

“အမႀကီးေဟာဒီမွာၾကည့္ေနာ္၊ ခ်ိန္ခြင္ႀကီးေဇာက္ထိုးလိုက္ေနၿပီ၊ ပိုပိုသာသာထည့္ေပးထားတယ္သိလား”

ထန္းလ်က္ေတြကိုခ်ိန္လိုက္ ေရာင္းလိုက္ေပါ့ဗ်ာ၊ ဦးဘသာက ၿပဳံးစိစိနဲ႔ၾကည့္ေနတယ္၊ ေဈးဝယ္သုံးေလးဦးကိုလည္း ေရာင္းလို႔ၿပီးေရာ ေဈးသည္မ်က္ႏွာက ေတာ္ေတာ္ပ်က္ေနတယ္ဗ်၊ ဒါနဲ႔ ေဘးနားက ရပ္ၾကည့္ေနတဲ့ ဦးဘသာကိုၾကည့္ရင္း

“အဘႀကီးေနာ္၊ ကိုယ္နဲ႔မဆိုင္ဘဲနဲ႔ ဝင္မပါစမ္းနဲ႔”

ဦးဘသာက ၿပဳံးရင္း

“မလႉတတ္ေဈးေရာင္းတဲ့ဟ၊ နင္လည္း ကုသိုလ္ရတာေပါ့၊ ဟား၊ ဟား”

ဦးဘသာက ရယ္ရယ္ေမာေမာနဲ႔ထြက္သြားေတာ့ ေဈးသည္က အေနာက္ကေန ဦးဘသာကို မၾကားတၾကားနဲ႔ဆဲတယ္ဗ်၊ သူတို႔ဘာျဖစ္ေနမွန္း က်ဳပ္ဆိုရင္လုံးဝကိုမသိဘူး၊ ေဈးကထြက္လာေတာ့မွ ဦးဘသာကိုလက္ကုပ္ၿပီးေမးရတယ္။

“ဦးဘသာ၊ ခုနက ေဈးသည္မက ဘာျဖစ္သြားလို႔လဲဗ်”

“ဘာျဖစ္ရမလဲကြာ၊ ခ်ိန္ခြင္ကိုမျပည့္ေအာင္လုပ္ထားတာေပါ့ကြ”

“ဗ်ာ၊ ခ်ိန္ခြင္ကိုမျပည့္ေအာင္လုပ္ထားတယ္လား၊ က်ဳပ္ၾကည့္ရသေလာက္ကေတာ့ ျပည့္ပါတယ္”

“သူက ပညာသည္ကြ၊ သူသုံးတဲ့ထန္းေခါက္ခ်ိန္ခြင္ကို ပညာနဲ႔လုပ္ထားေတာ့ သူထည့္တာမျပည့္ေပမယ့္ ခ်ိန္ခြင္က မွန္ေနတတ္တယ္ကြ၊ ပညာသည္ေတြေဈးေရာင္းတဲ့အခါ အဲဒီလိုလုပ္ေလ့ရွိတယ္၊ အခုနက ငါကသြားၾကည့္ေနရင္း ေဘးကေန သူ႔ခ်ိန္ခြင္ကို ပိုမွန္သြားေအာင္လုပ္ေပးလိုက္တာေပါ့ကြာ၊ ပုံမွန္သူ႔ခ်ိန္ခြင္က တစ္ပိႆခ်ိန္ရင္ ရွစ္ဆယ္သားေလာက္ပဲ ရေပမယ့္ ငါလုပ္လိုက္ေတာ့ တစ္ပိႆခ်ိန္ရင္ တစ္ပိႆနဲ႔ႏွစ္ဆယ္ေလာက္ ထြက္ေနတာ့ သူတြက္ေျခမကိုက္ဘူးျဖစ္သြားတာေပါ့ကြာ”

“ဟာ၊ ဦးဘသာကလည္းဗ်ာ၊ ဒါကေတာ့ သူမ်ားစီးပြားေရးကို တုတ္နဲ႔သြားထိုးသလိုျဖစ္ေနပါၿပီ”

“ေဟ့ေကာင္ရ၊ တန္ရာတန္ေၾကးေပးဝယ္တာပဲကြာ၊ မွန္မွန္ကန္ကန္လုပ္ေပါ့၊ ဒီေဈးနဲ႔မေရာင္းႏိုင္ဘူးဆိုရင္လည္း ေဈးတင္ေရာင္းေပါ့ကြာ၊ ဒီလိုေတာ့ မဟုတ္တာမလုပ္နဲ႔၊ ဒါသက္သက္လိမ္တာကြ”

ဦးဘသာေျပာတာလည္း ဟုတ္သလိုလိုပဲဗ်။

“ပညာသည္ေဈးေရာင္းရင္ ပညာေတာ့ ထည့္ေရာင္းတာပဲ၊ တစ္ခ်ိဳ႕က်ေတာ့ ကုန္ေတြပြားေအာင္လုပ္တယ္၊ အဲဒါကိုေတာ့ ကုန္ႏႈိက္တယ္လို႔ ေခၚၾကတယ္၊ ကုန္က ေဈးမွာခ်ိန္ရင္ အျပည့္ပဲ၊ အေကာင္းပဲေပါ့ကြာ၊ အိမ္ျပန္ေရာက္သြားရင္ေတာ့ ကုန္ခ်ိန္ေတြက ေလ်ာ့ေနတယ္ကြ၊ တစ္ခါတစ္ေလက်ေတာ့ မေကာင္းတဲ့ကုန္ေတြ ေရာပါလာတတ္တယ္၊ အဲဒီလိုမ်ိဳးကို ကုန္ႏႈိက္တယ္ေခၚတယ္”

က်ဳပ္ျဖင့္ အခုမွၾကားဖူးတာဗ်ာ၊ သတိေတာင္ မထားမိဘူး။

“ခုနကလို အေလး၊ တင္းေတာင္း၊ ခ်ိန္ခြင္ေတြကို ျပင္တာလည္းရွိေသးတယ္၊ တင္းခ်ိန္ဝင္ဆိုတဲ့နည္းက ဘယ္ထဲထည့္ထည့္အျပည့္ျဖစ္ေစတဲ့နည္းေပါ့ကြာ၊ မင္းတို႔ေတာ့ ေတြ႕ဖူးခ်င္မွေတြ႕ဖူးမွာ။ ၿမိဳင္သာက ေဈးေရာင္းတဲ့အဘြားႀကီးတစ္ေယာက္ ငါ့ကိုလက္ေတြ႕ျပဖူးတယ္ကြ၊ အရင္ဆုံး ပဲကို ႏို႔ဆီႏွစ္ဘူးခ်ိန္ၿပီး ျပည္ေတာင္းထဲထည့္လိုက္တာ ျပည္ေတာင္းႀကီးျပည့္သြားပါေရာကြာ”

“ရွစ္လုံးတစ္ျပည္ေလဗ်ာ၊ ႏွစ္ဘူးနဲ႔ျပည့္ပါ့မလား”

“တကယ္ပါဆိုကြ၊ အဲဒီျပည္ေတာင္းကို ေဘးနားမွာထည့္တဲ့ ေလးျပည္ဝင္စိတ္ေတာင္းထဲေကာက္ထည့္လိုက္တာ စိတ္ေတာင္းျပည့္သြားပါေရာ၊ အဲဒီစိတ္ေတာင္းထဲက ပဲကို တင္းေတာင္းထဲထည့္တာ တင္းေတာင္းႀကီးလည္းျပည့္တာပဲ”

“မျဖစ္ႏိုင္တာဗ်ာ၊ ႏွစ္လုံးထဲနဲ႔ တင္းေတာင္းျပည့္တယ္လို႔၊ ဒါဆို ကိုင္ၾကည့္၊ စမ္းၾကည့္ေတာ့ေရာ မသိဘူးလားဗ်၊ ႏွစ္လုံးနဲ႔တစ္တင္းက အေလးခ်ိန္ခ်င္းကြာမွာေပါ့”

“ပညာနဲ႔လုပ္ထားပါတယ္ဆိုမွကြာ၊ ႀကိဳက္သေလာက္စမ္း၊ ႀကိဳက္သလိုစမ္း အျပည့္အတိပဲကြ၊ ေအး၊ ဒါေပမယ့္ အဲဒီကုန္ေတြက တစ္ညအိပ္ပဲျဖစ္ျဖစ္၊ အိမ္ျပန္ေရာက္ရင္ပဲျဖစ္ျဖစ္၊ ပညာကုန္သြားတဲ့အခါက်ရင္ မူရင္းအတိုင္းျပန္ျဖစ္ကုန္တာပဲ၊ မင္းၾကားဖူးရင္ ၾကားဖူးမွာ တို႔႐ြာက ဦးေ႐ႊလွစပါးဝယ္သလိုေပါ့”

“ဟုတ္ၿပီဗ်၊ မွတ္မိၿပီ၊ က်ဳပ္ေကာင္းေကာင္းမီလိုက္ပါတယ္၊ အေဖေတာင္မွ သြားၿပီးၾကည့္ေပးရေသးတာ”

ဦးေ႐ႊလွစပါးဝယ္တာက က်ဳပ္တို႔ ရွစ္ႏွစ္သားေလာက္မွာျဖစ္တာဗ်၊ စပါးေတြကို တစ္႐ြာကေနသြားတိုက္ၿပီးေတာ့ က်ီထဲထည့္ထားလိုက္တယ္ဗ်ာ၊ သူ႔သမက္က ဆန္ႀကိတ္တယ္ဆိုေတာ့ တစ္ခါတစ္ခါစပါးဆင္းဝယ္ရင္ က်ီျပတ္ေတြဝယ္တာဗ်၊ ဒီလိုနဲ႔ က်ီထဲ စပါးျပည့္ၿပီဆိုၿပီးေတာ့ က်ီကိုတံခါးပိတ္ထားတာေပါ့၊ ေနာက္ေန႔သမက္လာေတာ့ စပါးက်ီက ေလးပုံတစ္ပုံေတာင္မရွိဘူးတဲ့ဗ်ာ၊ ဦးေ႐ႊလွတစ္ေယာက္ ဒီအျဖစ္ျဖစ္ၿပီးေတာ့ ႐ူးသလိုလို ႏွမ္းသလိုလိုေတာင္ျဖစ္သြားတာ၊ ဦးမွတ္ႀကီးကေတာ့ သည္းေျခထိသြားတယ္ေျပာတာပဲ၊ ေတာ္ေတာ္ျပန္ကုမွ ေကာင္းတာဗ်ိဳ႕။

က်ဳပ္နဲ႔ဦးဘသာနဲ႔ ေျပာဆိုရန္ျဖစ္ၿပီးေတာ့ လမ္းေလွ်ာက္လာတာကို ခ်ိဳတူးနဲ႔ ငညိဳနဲ႔ ေၾကာင္စီစီနဲ႔ၾကည့္ရင္း က်ဳပ္တို႔အနာက္ကိုလိုက္လာခဲ့ၾကတာေပါ့ဗ်ာ။

(၂)

“ေမာင္တို႔႐ြာကို ေယာင္လို႔ေတာင္မလာခ်င္ဘူးရယ္လို႔ xxxxx ကညာခင္ဆိုတဲ့စကား xxxxx မွား ဟား ဟား ဟာ၊ မွား ဟား ဟ ဟာ လိမ့္မဗ်”

လမ္းေလွ်ာက္ေနရင္း ခ်ိဳတူးက ပ်င္းလာတယ္ထင္ပါတယ္ဗ်ာ၊ ကိုအံ့ႀကီးရဲ႕ ေက်း႐ြာဝါဒသီခ်င္းအစကို အသံေနအသံထားနဲ႔ စလိုက္သဗ်၊

“ဟ သဒိုး၊ အဲေလ၊ ခ်ိဳတူး မင္းအသံကလည္း တယ္ေကာင္းပါလားကြ”

က်ဳပ္ေျပာလိုက္ေတာ့ ခ်ိဳတူးက သီခ်င္းဆက္မဆိုဘဲ ၿပဳံးၿဖီးၿဖီးလုပ္ရင္း

“မေကာင္းပါဘူးဗ်ာ၊ ကိုအလတ္ေကာင္ က်ဳပ္ကိုေျမႇာက္ေနပါၿပီ”

ဦးဘသာလည္းေခါင္းညိတ္တယ္။

“မဟုတ္ဘူး ခ်ိဳတူးရ မင္းအသံတကယ္ေကာင္းတာပဲ၊ မင္းသာ ဇတ္ထဲလိုက္လို႔ကေတာ့ ေခါင္းေဆာင္မင္းသားမျဖစ္ရင္ေတာင္မွ၊ ေနာက္လိုက္မင္းသား ျဖစ္ရင္ျဖစ္၊ မဟုတ္ရင္ လူ႐ႊင္ေတာင္ေတာင္ျဖစ္ႏိုင္ေသးတယ္”

“လုပ္ျပန္ၿပီ ဆရာႀကီးရာ”

“ငါက အေကာင္းေျပာတာကြ၊ ဒါနဲ႔ မင္းသီခ်င္းဆိုဘယ္မွာသင္သလဲကြ”

ခ်ိဳတူးက ေခါင္းကုပ္ရင္း

“ဘယ္မွာသင္ရမွာလဲဗ်ာ၊ ဒီအတိုင္း ႐ြာအျပင္ထြက္ၿပီး ေရမရွိတဲ့ေခ်ာင္း႐ိုးထဲမွာ ႏြားသြားထိုးရင္း သီခ်င္းေတြေအာ္ေအာ္ၿပီးဆိုခဲ့တာဗ်၊ သရဲေၾကာက္တာလည္းပါတာေပါ့ဗ်ာ၊ ဘာပဲေျပာေျပာ သီခ်င္းဆိုေတာ့ နည္းနည္းေတာ့စိတ္ေျပတယ္မဟုတ္လား”

“ေအာင္မာ၊ လုပ္ေတာ့သဒိုး၊ သရဲကေၾကာက္တတ္ေသးတာလား”

က်ဳပ္ကဝင္ေျပာေတာ့ ခ်ိဳတူးက ၿပဳံးၿဖီးၿဖီးနဲ႔

“ကိုအလတ္ေကာင္ကလည္းဗ်ာ၊ သရဲကေတာ့ လူတိုင္းေၾကာက္တာေပါ့”

ဦးဘသာက ကြမ္းတစ္ခ်က္ေထြးၿပီးေတာ့

“ဒါနဲ႔ ခ်ိဳတူး၊ မင္း စစ္ကိုင္းေတာင္သီခ်င္းရသလား”

“ရတာေပါ့ဗ်ာ၊ ကိုအံ့ႀကီးတို႔၊ ျပည္လွေဖတို႔သီခ်င္းဆိုရင္ က်ဳုပ္ကအကုန္ရၿပီးသားဗ်”

ေျပာရင္းဆိုရင္း ခ်ိဳတူးက ခါးပုံစခတ္သလိုလုပ္လိုက္ရင္း ဇာတ္မင္းသားေတြ သီခ်င္းမဆိုခင္ လုပ္သလိုအမူအရာလုပ္လိုက္တယ္ဗ်၊ ပုဆိုးက မခ်ဳပ္ရေသးဘူးဆိုေတာ့ ျဗန္းခနဲလန္သြားတာေပါ့ဗ်ာ၊ က်ဳပ္နဲ႔ဦးဘသာလည္း ခ်ိဳတူးကိုလက္ညႇိဳးထိုးၿပီးေတာ့ ရယ္ၾကတာေပါ့ဗ်ာ။ ဦးဘသာဆို ေတာ္ေတာ္နဲ႔စကားမေျပာႏိုင္ဘူး။

“ေဟ့ ခ်ိဳတူးေရ၊ မင္း ေတာင္ရွည္စခတ္တာ ၾကည့္ခတ္ေနာ္ကြ၊ ငါတို႔ကို တုတ္ျပ၊ ခဲျပမလုပ္နဲ႔”

ခ်ိဳတူးက ေခါင္းကုပ္ရင္း

“ပုဆိုးက မခ်ဳပ္ရေသးဘူးဆိုတာ ေမ့သြားလို႔ပါ၊ ကဲ စဆိုေတာ့မယ္ေနာ္”

“ပုညရွင္ ေစတီထံပါး xxxxx စစ္ကိုင္းေတာင္၊ စစ္ကိုင္းေတာင္အထက္နားဆီက xxxxx အေရွ႕တစ္လႊားရႈလိုက္ရင္ေလး . . .”

ခ်ိဳတူးသီခ်င္းဆိုတာက သာမန္က်ဳပ္တို႔သီခ်င္းဆိုတာနဲ႔ မတူဘူးဗ်၊ ဘယ္ေနရာမွာ အသံကိုႏွိမ့္ရမယ္၊ ဘယ္ေနရာမွာ အသံကိုျမႇင့္ၿပီး ဘယ္ေနရာမ်ာ ဝမ္းေခါင္းသံႀကီးနဲ႔ ဆိုရမလဲဆိုတာကိုပါ သိတယ္၊ လူပုံမျမင္ရရင္ေတာ့ မသိရင္ မင္းသားတစ္ေယာက္ေယာက္ သီခ်င္းဆိုေနတယ္လို႔ ထင္ရမွာဗ်၊ ခ်ိဳတူးက သီခ်င္းလဲဆို၊ လမ္းသြားရင္းနဲ႔ လက္ဟန္ေျခဟန္နဲ႔လုပ္ရင္း တစ္ခါတစ္ခါ ေကြးေနေအာင္ကို ထကတတ္ေသးတာဗ်၊ က်ဳပ္တို႔ျဖင့္ လမ္းသာသြားေနရတယ္ တစ္ခ်က္မွ မပ်င္းရဘူးဗ်ိဳ႕။ တစ္ခါတစ္ခါ လမ္းေပၚသြားေနတဲ့ လွည္းေပၚက လူေတြက က်ဳပ္တို႔ကို ျပဴးေၾကာင္ၿပီး အထူးအဆန္းနဲ႔ၾကည့္သြားၾကေသးတာ၊ သူတို႔ကလည္း ထင္မွာပဲဗ်၊ လမ္းေလွ်ာက္ရင္း ဒီလိုသီခ်င္းဆိုၿပီး ကသြားတဲ့လူမွ မရွိတာ၊ က်ဳပ္တို႔ကို အ႐ူးႀကီးေတြလို႔ ထင္ေနတာလားမသိပါဘူးဗ်ာ။

သိပ္မၾကာပါဘူး၊ ဇရပ္ကေလးတစ္ေဆာင္ကိုေရာက္လာပါေရာဗ်ာ၊

“ေအာင္မယ္ေလး၊ သီခ်င္းဆိုရ ကရနဲ႔ေမာလိုက္တာဗ်ာ”

“ေဟာဟိုမွာ ဇရပ္တစ္ေဆာင္ရွိတယ္ကြ၊ တို႔ဗမာေတြရွိတဲ့အရပ္ ဇရပ္ရွိရင္ ေရမရွားဘူးတဲ့ကြ၊ လာကြာ အဲဒီမွာသြားထိုင္နားရေအာင္”

ဦးဘသာေျပာတာနဲ႔ က်ဳပ္တို႔လည္းဇရပ္ေပၚတက္ခဲ့တာေပါ့ဗ်ာ၊ ဇရပ္က လမ္းခြဲကေလးတစ္ခုမွာေဆာက္ထားတာဗ်၊ တစ္လမ္းကေတာ့ က်ဳပ္တို႔ေလွ်ာက္ေနတဲ့ လွည္းလမ္းႀကီး၊ တစ္လမ္းကေတာ့ ႐ြာတစ္ခုဆီသြားတဲ့ လမ္းကေလးျဖစ္မယ္ဗ်။ ဇရပ္ေပၚတက္လိုက္ေတာ့ ေကာင္မေလးႏွစ္ေယာက္က ေရအိုးကေလးပိုက္ၿပီးထိုင္ေနၾကတယ္ဗ်။ ဇရပ္အတက္အဆင္းနားမွာ ေရအိုးကေလးႏွစ္လုံးရွိတာနဲ႔ ေရငတ္လာတဲ့က်ဳပ္တို႔လည္း ေသာက္လိုက္ၾကတာေပါ့ဗ်ာ၊ ေရကလည္း အခုမွျဖည့္ထားလို႔လားေတာ့မသိဘူး ေအးၿပီးေတာ့ ခ်ိဳေနတာပဲ။

“ေသာက္ၾက၊ ေသာက္ၾက၊ အကိုတို႔ေရ၊ အဲဒီေရက ဟိုး႐ြာဖ်ားက လက္ယက္တြင္းထဲက ခပ္လာတဲ့ေရ၊ ခ်ိဳမွခ်ိဳ၊ ေအးမွေအးပဲေတာ့”

က်ဳပ္လည္း ေရေသာက္ၿပီးေတာ့ မိန္းကေလးေတြဘက္ကိုလွည့္ၾကည့္လိုက္တယ္၊ မိန္းကေလးႏွစ္ေယာက္က အေခ်ာေလးေတြဗ်၊ ေတာသူေတာင္သား႐ုပ္ရည္ဆိုေပမယ့္လည္း အသားအေရဝင္းဝင္းနဲ႔ စိုစိုေျပေျပာကေလး၊ ကိုယ္လုံးကိုယ္ေပါက္ကလည္း ေတာင့္ေတာင့္တင္းတင္းနဲ႔ေပါ့ဗ်ာ၊

“အခုလို ေရခ်ိဳခ်ိဳေအးေအးေလး လႉရတဲ့အတြက္ေၾကာင့္ ငါ့ႏွမေတြ လွခ်င္တိုင္းလွႏိုင္ၾကပါေစဗ်ာ”

မိန္းကေလးႏွစ္ေယာက္က တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီးေတာ့ ၿပဳံးတယ္ဗ်။

“ျပည့္ပါေစေတာ္၊ အဲဒီဆုေတာင္းေတာ့ ျပည့္ပါေစ”

ဦးဘသာက ေရေသာက္ၿပီးေတာ့ ေသေသခ်ာခ်ာပလုပ္က်င္းတယ္ဗ်၊ ၿပီးတာနဲ႔ ကြမ္းထိုင္ယာေနရင္း

“ဒါနဲ႔ ကေလးမေတြ၊ ၾကက္ကြင္း႐ြာက ဒီကေနဆို လိုေသးသလား”

“ၾကက္ကြင္း႐ြာက က်ဳပ္တို႔႐ြာပဲ ဘႀကီး၊ ဒီကေနလမ္းေလွ်ာက္ရင္ တစ္ေခၚသာသာေလာက္ဆို ေရာက္ေရာေပါ့”

ဦးဘသာက တစ္ခ်က္မ်က္ေမွာင္ၾကဳတ္လိုက္တယ္ဗ်၊ ၿပီးေတာ့ က်ဳပ္ကိုလွည့္ၾကည့္ၿပီး

“တို႔ေတြ၊ ၾကက္ကြင္းမွာ တစ္ညဝင္နားမွထင္တယ္ကြ”

“ဟာဗ်ာ၊ ခရီးဖင့္တာေပါ့”

“ခရိးဖင့္တယ္မလုပ္နဲ႔ကြ၊ ဟိုမင္းသားက သီခ်င္းဆိုလိုက္ ကလိုက္နဲ႔မို႔လို႔ တို႔ေတြခရီးမွသိပ္မတြင္တာ၊ မၾကာခင္ေနေစာင္းေတာ့မယ္၊ နိဗၺာန္႐ြာကလည္း ေဝးေသးတယ္ကြ၊ လမ္းမွာလွည္းႀကဳံေတြ႕ရင္ေတာ့မဆိုးဘူးေပါ့၊ လွည္းႀကဳံေတြ႕ျပန္ရင္လည္း တို႔လိုလူေလးေယာက္လိုက္ဖို႔ ေခ်ာင္ခ်င္မွ ေခ်ာင္မွာကြ၊ ၾကက္ကြင္းမွာ ငါ့အသိတစ္ေယာက္ရွိတယ္၊ သူနဲ႔မေတြ႕တာလည္း ၾကာၿပီဆိုေတာ့ ဝင္ႏႈတ္ဆက္ရင္း တစ္ညေလာက္တည္းၿပီး မနက္က်မွ ေအးေအးလူလူထသြားၾကတာေပါ့ကြာ”

က်ဳပ္လည္း ဦးဘသာေျပာတာ ဟုတ္ေနတာနဲ႔ ေခါင္းပဲညိတ္လိုက္တယ္ဗ်၊ အမွန္ေတာ့ က်ဳပ္လည္း ခ်က္ခ်င္းေတာ့ ထမျပန္ခ်င္ေသးဘူး၊ လူပ်ိဳကာလသားဆိုေတာ့လည္း ခုနကမိန္းကေလးႏွစ္ေယာက္နဲ႔ စကားစျမည္ေလးေျပာခ်င္ေသးတာပ။ က်ဳပ္ကေတာင္ေနာက္က်ေနေသးတယ္ဗ်ာ၊ ဟိုသေကာင့္သား ခ်ိဳတူးက ေရေသာက္ၿပီးတာနဲ႔ မိန္းကေလးေတြနားသြားၿပီး သြားႀကီးၿဖဲျပေနၿပီ။

“ဒါနဲ႔ အကိုတို႔လာရင္း သီခ်င္းဆိုလာတာထင္ပါ့၊ ညီမတို႔ ဒီမွာထိုင္ရင္းေတာင္ အတိုင္းသားၾကားရတယ္၊ နားေထာင္လို႔လဲေကာင္းလိုက္တာရွင္”

ဦးဘသာက ကြမ္းယာကိုပါးေစာင္ထဲထည့္လိုက္ၿပီး

“ဟာ၊ ခ်ိဳတူးေရ၊ မင္းေတာ့ ပရိသတ္ႏွစ္ေယာက္ရၿပီေဟ့”

ခ်ိဳတူးကလည္း ဟန္ပါပါနဲ႔မတ္တပ္ရပ္လိုက္ေတာ့ က်ဳပ္မွာ သူ႔ကိုကမန္းကတန္းနဲ႔တားလိုက္ရေသးတယ္။

“ေဟ့ေကာင္ခ်ိဳတူး၊ သီခ်င္းဆိုတာေတာ့ဆို ခါးပုံစေတာ့ မခတ္နဲ႔ေတာ့ေနာ္”

ခ်ိဳတူးက ရွက္ၿပဳံးၿပဳံးၿပီးေတာ့ ဒီအတိုင္းလက္ဟန္ပဲလုပ္လိုက္တယ္ဗ်။

“အဲ၊ ဘာသီခ်င္းဆိုျပရမလဲမသိဘူး”

က်ဳပ္လည္းက မိန္းကေလးေတြကိုၾကည့္ရင္း

“ဟာ၊ မင္းကလည္းကြာ၊ ဒီကမိန္းကေလးေတြက သိပ္လွတာကို၊ ဟို သီခ်င္းဆိုကြာ၊ မင္းဂံဘုတ္႐ြာသူမ်ား xxxxx အသားေတာ္၊ ဝင္း . . .ဝင္းလို႔ xxxxx ဝါဝါရည္ေ႐ႊ၊ ၾကည္ၾကည္လင္လင္ဆိုတဲ့သီခ်င္းေလကြာ”

“ဟုတ္ၿပီ၊ အဲဒါ ေ႐ႊမင္းဂံသီခ်င္းပဲ က်ဳပ္သိပ္ရတာေပါ့ဗ်ာ”

ဒီလိုနဲ႔ ခ်ိဳတူးက ေ႐ႊမင္းဂံသီခ်င္းကို ဆိုပါေရာဗ်ာ၊ မိန္းကေလးႏွစ္ေယာက္က သူဆိုလိုက္၊ ကလိုက္လုပ္ေနတာကို လက္ကေလးေတြေမးေထာက္ရင္း စူးစူးစိုက္စိုက္ၾကည့္ေနတာဗ်ာ၊ ဟိုေကာင္ကလည္း မိန္းကေလးေတြၾကည့္တယ္ဆိုၿပီးေတာ့ အစြမ္းကုန္ထုတ္ၿပီး ကျပေနၾကတာေပါ့ဗ်ာ။ သီခ်င္းလည္းဆုံးေရာ လက္ခုပ္လက္ဝါးေတြ တီးၾကသဗ်ာ။

“ဟာ၊ ဒီကအကိုဆိုတာ သိပ္နားေထာင္လို႔ေကာင္းတာပဲ၊ က်ဳပ္ျဖင့္ ပြဲခင္းထဲေရာက္သြားသလိုခံစားရတယ္”

“ဟုတ္ပါရဲ႕၊ ေနာက္တစ္ပုဒ္ေလာက္ လုပ္စမ္းပါအုံးအကိုရာ”

ဒီေတာ့ ၿပဳံးၿဖီးၿဖီးနဲ႔ ကြမ္းဝါးေနတဲ့ ဦးဘသာက

“ကဲ ေတာ္ၿပီ၊ ေနာက္တစ္ပုဒ္ဆိုရင္ ေနဝင္သြားလိမ့္မယ္၊ တို႔ေတြ ႐ြာကိုျမန္ျမန္သြားမွ”

မိန္းကေလးေတြလည္း ဦးဘသာကိုတစ္ခ်က္မ်က္ေစာင္းထိုးၾကည့္ၿပီးေတာ့ ေရအိုးေတြကို ခါးတစ္ခြင္လိုက္ၿပီး မတ္တပ္ရပ္ၾကတယ္ဗ်၊ ၿပီးတာနဲ႔

“ဒါဆိုလည္း က်ဳပ္တို႔နဲ႔အတူတူလိုက္ခဲ့ေပါ့၊ က်ဳပ္တို႔လည္း ၾကက္ကြင္းသြားမွာပဲေတာ့”

က်ဳပ္တို႔လည္း မိန္းကေလးေတြနဲ႔လိုက္လာခဲ့တာေပါ့ဗ်ာ၊ လမ္းတေလွ်ာက္ အဲဒီဟာမေလးေတြက က်ဳပ္ကိုေတာင္ရွိတယ္လို႔ မထင္ၾကဘူးဗ်၊ ဟိုေကာင္ ခ်ိဳတူးကိုပဲ အကို၊ အကိုနဲ႔ ခြန္းခ်င္းထပ္ၿပီး တစ္ေယာက္တစ္ဖက္စကားေျပာၿပိး သြားၾကတာဗ်ာ၊ က်ဳပ္ျဖင့္ ဒီေကာင့္ကိုအားက်သလို မနာလိုေတာင္ျဖစ္မိပါရဲ႕၊ က်ဳပ္မ်က္ႏွာႀကီးမဲ့ေနတာကိုၾကည့္ၿပီး ဦးဘသာက ရယ္က်ဲက်ဲနဲ႔ဗ်။

“လာအကို၊ ညီမတို႔ ဒီခင္တန္းထဲက ျဖတ္သြားရေအာင္”

ဦးဘသာက မ်က္ေမွာင္ၾကဳတ္ၿပီး

“ဟုတ္ရဲ႕လား၊ ငါ႐ြာကိုသြားဖူးတာေတာ့ ခင္တန္းမျဖစ္ရဘူးေနာ္”

“မဟုတ္တာပဲ ဘႀကီးရယ္၊ က်ဳပ္တို႔ကိုယုံပါေတာ့၊ ဒီလမ္းက ခင္တန္းကိုေကြ႕ၿပီးေဖာက္ထားတာ၊ မိုးရာသီဆိုရင္ေတာ့ ခင္တန္းထဲကသြားမရတာေၾကာင့္ လမ္းအတိုင္းလိုက္ရတာေပါ့၊ ခုလိုရာသီဆိုရင္ ခင္တန္းထဲမွာ လမ္းေပါက္သြားၿပီ၊ ႐ြာကိုလမ္းအတိုင္းေကြ႕သြားတာက ပိုၾကာတယ္၊ က်ဳပ္တို႔ေတာင္မွ ခုနက ဒီခင္တန္းထဲကပဲျဖတ္လာခဲ့တာ”

“ေအးဟုတ္မယ္၊ ငါတစ္ခါေရာက္တာ မိုးတြင္းႀကီးကိုးဟ၊ ကဲကဲ နင္တို႔က႐ြာခံပဲ နင္တို႔ကပိုသိမွာေပါ့”

ခင္တန္းထဲျဖတ္ေတာ့ ေနဝင္လုၿပီဗ်၊ သစ္ပင္ေတြၾကားဆိုေတာ့လည္း နည္းနည္းေတာ့ေမွာင္သြားတာေပါ့ဗ်ာ၊ သြားေနရင္း အေရွ႕မွာ႐ြာတစ္႐ြာေတြ႕တယ္ဗ်၊ ခင္တန္းအလြန္မွာ သစ္ပင္ေတြအုပ္အုပ္ဆိုင္းဆိုင္းနဲ႔႐ြာႀကီးဗ်ာ၊ ႐ြာထိပ္ေရာက္တာနဲ႔ ေရတြင္းတစ္တြင္းကေန ေရခပ္ေနက်တဲ့႐ြာသူတစ္သိုက္ကိုေတြ႕တာပဲဗ်ိဳ႕။ ႐ြာသူေတြက ေရအိုးကိုယ္စီနဲ႔က်ဳပ္တို႔ကို လူစိမ္းေတြမို႔ အထူးအဆန္းနဲ႔ၾကည့္ေနတာေပါ့ဗ်ာ၊ က်ဳပ္လည္း႐ြာသူေတြကိုအေသအခ်ာျပန္ၾကည့္ေတာ့ အကုန္လုံးက ၾကည့္ေပ်ာ္ရႈေပ်ာ္ရွိတယ္ဗ်။

က်ဳပ္အငမ္းလြန္ၿပီး ခလုတ္တိုက္လဲသြားေတာ့ ႐ြာသူေတြက က်ဳပ္ကိုၾကည့္ၿပီး တခြိခြိနဲ႔ရယ္ၾကေတာ့တာပဲ၊ က်ဳပ္လည္း အျမန္ကုန္းထလိုက္တာေပါ့ဗ်ာ၊ ႐ြာထဲမွာေတာ့ အိမ္ေကာင္းေတြရွိတယ္ဗ်။ ေမွာင္ေနၿပီဆိုေတာ့ သိပ္ေတာ့မသဲကြဲဘူးဗ်ိဳ႕၊ ဒီေတာ့ က်ဳပ္တို႔ကိုေခၚလာတဲ့ ႐ြာသူကပဲ ခ်ိဳတူးဘက္လွည့္ၿပီးေတာ့

“အကိုတို႔ ဘာမွမစားရေသးဘူးထင္တယ္၊ ေရာက္တုန္းေရာက္ခိုက္ ညီမတို႔အိမ္မွာ ဝင္စားသြားေပါ့”

ဒီေတာ့ ေဘးနားက မိန္းကေလးက

“အို၊ မဟုတ္တာ၊ ညီမတို႔အိမ္မွာ စားစမ္းပါ၊ ဒီေကာင္မအိမ္က ဟင္းခ်က္လက္ရာ တယ္ညံ့သေတာ့”

တစ္ဖက္က မိန္းကေလးကလည္းမေက်နပ္ဘူး။

“အကို၊ ဒီေကာင္မအိမ္ကိုသြားမစားနဲ႔ေနာ္၊ သူ႔အိမ္မွာ သူ႔အကိုတစ္သိုက္ရွိတယ္၊ ေတာ္ၾကာထမင္းစားဖို႔လိုက္သြားရင္း သူ႔ညီမကိုလာပိုးပန္းတယ္ထင္လို႔ ဝိုင္းႏွက္ေနအုံးမယ္၊ ညီမတို႔အိမ္ကိုသာလိုက္ခဲ့ပါ၊ အဘြားနဲ႔ ညီမပဲရွိတာ၊ ထမင္းစားၿပီးရင္လည္း ညီမတို႔ ေအးေအးလူလူစကားေျပာလို႔ရတာေပါ့”

ၾကည့္စမ္းဗ်ာ၊ ခ်ိဳတူးေတာ့ ကံဇာတာတက္တာပဲ၊ မိန္းကေလးႏွစ္ေယာက္က သူ႔အိမ္ကိုထမင္းလိုက္စားပါ၊ ကိုယ့္အိမ္ကိုထမင္းလိုက္စားပါနဲ႔ လုေတာင္ေနၾကတာဗ်၊ က်ဳပ္နဲ႔ဦးဘသာတို႔ကို ရွိတယ္လို႔ေတာင္မထင္ဘူးဗ်ာ။ ဦးဘသာက ေခ်ာင္းတစ္ခ်က္ဟန႔္လိုက္တယ္။

“အဟမ္း၊ ေကာင္မေလးေတြ ဒီ႐ြာမွာ လူဝဆိုတဲ့လူႀကီးတစ္ေယာက္ရွိတယ္မဟုတ္လား”

မိန္းကေလးတစ္ေယာက္က ဦးဘသာကိုလွည့္ၾကည့္ၿပီးေတာ့

“ရွိတာေပါ့”

“ရွိရင္လိုက္ပို႔စမ္းဟာ၊ ငါတို႔အဲဒီမွာတည္းမယ္”

မိန္းကေလးႏွစ္ေယာက္က တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီးေတာ့ သူလိုက္ပို႔ႏိုးႏိုး၊ ငါလိုက္ပို႔ႏိုးႏိုးနဲ႔လုပ္ေနတယ္ဗ်၊ ဦးဘသာလည္း စိတ္မရွည္ေတာ့ဘူးထင္ပါရဲ႕ဗ်ာ။

“ေအး၊ နင္တို႔လိုက္မပို႔လဲ၊ ငါ့ဖာသာ ေမးျမန္းၿပီးသြားမယ္”

ဦးဘသာက စိတ္တိုတိုနဲ႔ေျခလွမ္းက်ဲႀကီးနဲ႔ထြက္သြားပါေရာဗ်ာ၊ က်ဳပ္လည္း ဦးဘသာအေနာက္ေျပးလိုက္ရတာေပါ့။

“ဦးဘသာ၊ ဦးဘာသာ ေနအုံးေလ”

ဒီေတာ့ ခ်ိဳတူးကက်ဳပ္ကိုလွမ္းၾကည့္ၿပီး

“က်ဳပ္နဲ႔ငညိဳေတာ့၊ ဒီညီမေလးေတြအိမ္ကိုလိုက္သြားၿပီး ထမင္းစားလိုက္အုံးမယ္ဗ်ာ၊ သူတို႔ခမ်ာ တကူးတကလႈိက္လႈိက္လွဲလွဲဖိတ္ေနတာဆိုေတာ့ လိုက္မသြားရင္မေကာင္းဘူးဗ်”

က်ဳပ္လည္းေခါင္းညိတ္ျပၿပီး ႐ြာထဲဝင္သြားတဲ့ ဦးဘသာအေနာက္ကိုေျပးလိုက္သြားေတာ့တာေပါ့ဗ်ာ။

(၃)

“ဦးဘသာ၊ က်ဳပ္ကိုေစာင့္ပါအုံးဗ်”

ဦးဘသာက လမ္းသြားေနရင္း ၿခံဝန္းအေရွ႕မွာ အဝတ္လွန္းေနတဲ့မိန္းမတစ္ေယာက္အနားကိုတိုးကပ္သြားလိုက္တယ္ဗ်၊ ေနာက္ၿပီးေတာ့

“ဒီမယ္ကေလးမ၊ ဒီ႐ြာမွာ ဦးလူဝဆိုတဲ့လူႀကီးရွိသလား”

အဲဒီမိန္းကေလးက တစ္ခ်က္စဥ္းစားၿပီးေတာ့ ေခါင္းခါတယ္ဗ်၊ ဦးဘသာက ေသခ်ာခ်င္တာနဲ႔

“ပုပု၀၀နဲ႔ အသားကခပ္လတ္လတ္ကြယ္ ကေလးမရယ္၊ သူ႔ကို ဦးလူဝဆိုရင္ လူေတြသိပါတယ္”

မိန္းကေလးက အဝတ္ေတြကိုင္ရင္း စဥ္းစားေနတယ္၊ ေနာက္ေတာ့မွ

“ေၾသာ္၊ သိၿပီ၊ က်ဳပ္တို႔ကေတာ့ ဦးဝတုတ္လို႔ေခၚတာပဲ”

“ေဟ၊ ဝတုတ္တဲ့လား၊ ေအးေပါ့၊ အေခၚအေဝၚေတာ့ နည္းနည္းကြာမယ္ထင္ပါ့၊ သူ႔အိမ္ကိုဘယ္လိုသြားရမလဲ”

“ဒီလမ္းအတိုင္းတည့္တည့္သြား၊ ႐ြာလယ္ေလာက္ရင္ ညာဘက္ကိုေကြ႕သြားလိုက္၊ ဒုတိယေျမာက္ လမ္းဂုတ္သားက အိမ္ပဲ၊ အဲဒီအိမ္အေနာက္ဘက္ကိုဆက္ဝင္သြားရင္ ႏြားတင္းကုပ္ထဲမွာ ဦးဝတုတ္ကိုေတြ႕လိမ့္မယ္”

ဦးဘသာလည္း ေခါင္းညိတ္လိုက္တာေပါ့ဗ်ာ၊ ၿပီးတာနဲ႔ က်ဳပ္တို႔ႏွစ္ေယာက္ ဆက္ေလွ်ာက္လာၾကတာေပါ့၊ ႐ြာလယ္လမ္းက သိပ္မရွည္ပါဘူးဗ်၊ အိမ္ဆယ္လုံးေလာက္ကိုျဖတ္လည္းၿပီးေရာ လမ္းဆုံတစ္ခုေရာက္ပါေရာ၊ အဲဒီကေနညာဘက္ေကြ႕ၿပီးေတာ့ ဒုတိယေျမာက္အိမ္ေရွ႕ရပ္လိုက္တာေပါ့ဗ်ာ။ ဦးဘသာက ၿခံေရွ႕ကေန ခါးေထာက္ၿပီးၾကည့္ေနတယ္ဗ်။

“ဦးဘသာ၊ ေခၚလိုက္ေလဗ်ာ”

“ေအး၊ ငါအရင္ေရာက္ဖူးတဲ့ လူဝအိမ္က ဒီလိုပုံစံမ်ိဳးမဟုတ္ဘူးဗ်”

“ေၾသာ္ဗ်ာ၊ အိမ္ဆိုတာက ျပင္ေဆာက္လို႔ရတာပဲကိုး၊ အိမ္ျပင္လိုက္တာေနမွာေပါ့”

က်ဳပ္ေျပာေတာ့ ဦးဘသာလည္းေခါင္းညိတ္ၿပီး

“ေအးေအး၊ မင္းအသံက်ယ္က်ယ္နဲ႔ေခၚၾကည့္ကြာ”

က်ဳပ္လည္း ေခၚရတာေပါ့။

“ဦးလူဝ၊ ဗ်ိဳ႕ . . . ဦးလူဝရွိသလားဗ်”

ၿခံထဲက ဘာအသံမွျပန္မၾကားရဘူးဗ်၊ ဒါနဲ႔ ေနာက္တစ္ခါထပ္ေခၚတယ္၊ မၾကားရျပန္ဘူး၊ က်ဳပ္ေခၚတာမ်ား မၾကားလို႔လားဆိုၿပီးေတာ့ လက္ဝါးႏွစ္ဖက္ကို ပါးစပ္နားကပ္ၿပီးေတာ့ ဝမ္းေခါင္းသံနဲ႔ေအာ္လိုက္တယ္။

“ဗ်ိဳ႕၊ ဦးလူဝ”

ဘာသံမွကိုျပန္မၾကားတာဗ်၊ ဒါနဲ႔ က်ဳပ္တစ္ခုသတိထားလိုက္မိတယ္၊

“ဦးဘသာ၊ ဦးလူဝကို ႐ြာကလူေတြက ဦးဝတုတ္လို႔ေခၚတယ္ဆိုဗ်၊ ဦးလူဝလို႔ေခၚေနေတာ့ သူ႔ကိုေခၚတယ္မထင္လို႔ ျပန္မထူးတာေနမွာဗ်”

“ဟုတ္ပ့ါမလားကြာ၊ ေအးေလ၊ ဘာပဲေျပာေျပာ ေခၚၾကည့္ေပါ့”

“ဗ်ိဳ႕၊ ဦးဝတုတ္”

“ေဟ့”

က်ဳပ္ေအာ္လိုက္ေတာ့ ၿခံေနာက္ဖက္ခပ္လွမ္းလွမ္းကေန ေအာ္သံၾကားတယ္ဗ်ာ။

“ဦးဝတုတ္၊ က်ဳပ္တို႔ ဇီးကုန္းက ဧည့္သည္ေတြပါဗ်”

“ေအးေအး၊ ဝင္ခဲ့ေလကြာ”

အသံၾကားတာနဲ႔ က်ဳပ္နဲ႔ဦးဘသာလည္း ၿခံထဲကိုအသာဝင္ခဲ့တာေပါ့ဗ်ာ၊ အိမ္ႀကီးကေတာ့ ေမွာင္ေနၿပီဗ်၊ အထဲမွာ ဘာရွိသလဲဆိုတာကို မျမင္ရဘူး၊ က်ဳပ္လည္း အသံထပ္ျပဳတာေပါ့။

“ဦးဝတုတ္၊ ခင္ဗ်ားဘယ္မွာလဲ”

“အိမ္ေနာက္ေဖးဝင္ခဲ့ေဟ့”

ဦးဘသာက မ်က္ေမွာင္ၾကဳတ္တယ္ဗ်။

“ဟုတ္သားပဲ ဦးဘသာ၊ ခုနက မိန္းမေျပာတာက ႏြားတင္းကုပ္ထဲသြားလို႔ေျပာတယ္မဟုတ္လား”

“လူဝက ႏြားတင္းကုပ္ထဲဘာသြားလုပ္မွာလဲဗ်”

“ေဟာဗ်ာ၊ ႏြားစာေတြဘာေတြ သြားေကြၽးေနတာေနမွာေပါ့”

ဒါနဲ႔ အိမ္ကိုပတ္ၿပီးေတာ့ ႏြားတင္းကုပ္ထဲလာခဲ့တယ္ဗ်၊ ႏြားတင္းကုပ္ထဲမွာ ႏြားေခ်းေတြက ျပည့္ေနတာပဲဗ်ာ၊ ဒါေပမယ့္ ႏြားေတြေတာ့ တစ္ေကာင္မွမရွိဘူးဗ်၊ ထပ္ၿပီးအသံျပဳေတာ့ အသံက ဟိုးၿခံေထာင့္နားကလာသဗ်၊ က်ဳပ္တို႔လည္း ဦးလူဝတစ္ေယာက္ အိမ္သာသြားေနတယ္ထင္ၿပီးေတာ့ ဆက္လိုက္လာခဲ့တာေပါ့ဗ်ာ၊ ၿခံေနာက္ဘက္မွာ သစ္ပင္ရိပ္ေတြနဲ႔ဆိုေတာ့ အုပ္ဆိုင္းၿပီးေတာ့ေမွာင္အတိက်ေနတာဗ်၊ ကိုယ့္ပတ္ဝန္းက်င္ ဆယ္ေပ၊ ေပႏွစ္ဆယ္ေလာက္ကိုပဲ သဲသဲကြဲကြဲျမင္ရတယ္၊ အိမ္ေနာက္ေရာက္ေတာ့ ႏြားႀကီးတစ္ေကာင္က က်ဳပ္တို႔ကိုေက်ာေပးလွ်က္သားဗ်၊ သူ႔အေရွ႕မွာေတာ့ က်င္းႀကီးတစ္က်င္းရွိတယ္။

“ဗ်ိဳ႕၊ ဦးလူ၀ ခင္ဗ်ားဘယ္မွာလဲ”

“ငါဒီမွာေလကြာ”

ဒီအခ်ိန္မွာ က်ဳပ္တို႔ကိုေက်ာေပးထားတဲ့ ႏြားႀကီးက လွည့္ၾကည့္ၿပီးေျပာတာပဲဗ်ာ၊ ႏြားႀကီးရဲ႕ေခါင္းက ႏြားေခါင္းမဟုတ္ဘဲ လူေခါင္းႀကီးျဖစ္ေနတယ္၊ က်ဳပ္လည္း အဲဒီႏြားႀကီးျမင္ေတာ့ လိပ္ျပာလြင့္မတတ္ လန႔္သြားတာေပါ့ဗ်ာ၊ ႏြားကိုယ္လုံးနဲ႔ လူႀကီးက က်ဳပ္တို႔ကိုအေသအခ်ာၾကည့္ၿပီးေတာ့ အံ့ၾသသြားပုံရတယ္။

“ေဟာ၊ လူ၊ လူလာၿပီ”

တအံ့တၾသျဖစ္သြားတာဗ်၊ က်ဳပ္လည္း ဦးဘသာကိုလွည့္ၾကည့္ၿပီးေတာ့

“ဦးဘသာရဲ႕ အသိမိတ္ေဆြကေတာ့ လူဟုတ္ပါတယ္ေနာ္”

“ငါ့မိတ္ေဆြလူဝက လူပါပဲကြ၊ ဒါေပမယ့္ ငါတို႔အခုေတြ႕ေနရတာႀကီးကေတာ့ လူမဟုတ္ဘူးေဟ့”

ႏြားႀကီးက သူ႔အေရွ႕က်င္းႀကီးထဲက ခ်ီးေတြကို အားရပါးရစားေနတာဗ်၊ က်င္းထဲမွာလည္း ခ်ီးေတြျပည့္ေနတာပဲဗ်ာ၊ ဒါေပမယ့္ က်ဳပ္တို႔ကိုေတြ႕ေတာ့ တစ္ဖက္ကိုလွည့္လာတယ္။

“လူလာၿပီ၊ လူလာၿပီ၊ လူစားလဲရေတာ့မယ္၊ ေဟး၊ ေဟး”

ေျပာဆိုရင္းနဲ႔ ႏြားႀကီးရဲ႕ ေျခေတြလက္ေတြက လူေျခ၊ လူလက္ေတြျဖစ္သြားတယ္ဗ်၊ လူ၀၀ႀကီးတစ္ေယာက္အျဖစ္ေျပာင္းသြားေတာ့တာပဲ၊ ၿပီးတာနဲ႔ မတ္တပ္ရပ္တယ္၊ ၀၀ဖိုင့္ဖိုင့္နဲ႔ အဝတ္အစားမပါဘူးဗ်ိဳ႕၊ ဗိုက္ႀကီးေတြကလည္း ပူထြက္ေနၿပီး အဆီေတြနဲ႔ တြဲက်ေနတာ အဂၤါကိုေတာင္ ဖုံးေနတယ္ဗ်ာ၊ လက္ေတြေျခေတြဆိုတာကလည္း ေလထိုးထားတဲ့ေဘာကြင္းႀကီးလို ျပည့္ျပည့္ေဖာင္းေဖာင္းႀကီးဗ်၊ မ်က္ႏွာဆိုရင္လည္း ပါးမို႔မို႔၊ ေမ့ေစ့မို႔မို႔ေတြက အစ္ထြက္ေနတာေပါ့။

“မင္းတို႔ကိုစားမယ္၊ မင္းတို႔ကိုစားမယ္”

သူ႔မ်က္လုံးႀကီးက နီရဲလာၿပီးေတာ့ ပါးစပ္ႀကီးထဲမွာလည္း အစြယ္ႀကီးေတြနဲ႔ဗ်၊ က်ဳပ္လည္း ေၾကာက္ေၾကာက္နဲ႔ အေနာက္ကိုခုန္ဆုပ္ၿပီးေတာ့ ဦးဘသာအေနာက္မွာ ကြယ္ေနလိုက္တာပဲဗ်ာ။ ဦးဘသာက ေတာက္ေခါက္လိုက္ၿပီးေတာ့

“ေအာင္မယ္၊ ငါ့မ်ားလုပ္ခ်င္ေသးတယ္”

ဒီလူႀကီးက ဦးဘသာကို လက္ဝါးႀကီးနဲ႔ျဖန္းခနဲ႐ိုက္တာဗ်၊ သူ႔လက္ဝါးတစ္ဖက္တစ္ဖက္ဆိုရင္ စေကာႀကီးေလာက္ရွိသဗ်၊ ဒါေပမယ့္ ဦးဘသာ ေခါင္းအေပၚ တစ္ေတာင္ေလာက္ေရာက္ေတာ့ လက္ကတန႔္သြားတယ္ဗ်။

“႐ိုက္ေလကြ၊ မင္း႐ိုက္မယ္ဆို”

လူဝႀကီးက အားကုန္ဖိတာပဲဗ်၊ ေနာက္ေတာ့ မရတာနဲ႔ ေနာက္ထပ္လက္တစ္ဖက္နဲ႔ထပ္႐ိုက္ပါေရာ၊ အဲဒီလက္လဲ ခုနကလက္လိုပဲ တန႔္သြားတယ္။ ဒီေတာ့ ဦးဘသာက ရယ္ေမာၿပီးေတာ့

“ေဟ့ေကာင္ပိန္ေသး၊ မင္းပိန္ၿပီးေတာ့ ေသးသြားစမ္းကြာ”

ဦးဘသာလက္ညႇိဳးထိုးၿပီးတာနဲ႔ ဒီလူဝႀကီးရဲ႕ေဖာင္းတင္းေနတဲ့လက္ေတြက ခ်က္ခ်င္းက်ဳံ႕သြားလိုက္တာဗ်ာ၊ က်ဴ႐ိုးကေလးလို ေသးေသးကေလးျဖစ္သြားတယ္၊ ဗိုက္ေတြလည္း ခ်က္ခ်င္းျပားကပ္ၿပီးေတာ့ ေနာက္ဆုံးလူပိန္ပိန္ ေသးေသးေလးျဖစ္သြားတာေပါ့ဗ်ာ၊ ေသးလိုက္တာမွ ကေလးေလာက္ကိုျပန္ျဖစ္သြားတာ၊ တစ္ကိုယ္လုံးလည္း က်ဴ႐ိုးေလးလိုပဲ၊ ဒီေတာ့မွ ဒီလူက ေျခပစ္လက္ပစ္ထိုင္ခ်ၿပီးေတာ့ ငိုေတာ့တာပဲ။ ဦးဘသာက ေရွ႕တိုးလိုက္ၿပီး

“ေဟ့ေကာင္ မွန္မွန္ေျပာ၊ မင္းဘယ္သူလဲ၊ လူဝဘယ္မွာလဲ”

“မသိဘူး၊ မသိဘူး၊ ဘယ္ကလူဝလဲ၊ က်ဳပ္နာမည္ ဝတုတ္၊ အခုေတာ့ . . . အခုေတာ့”

“အခုေတာ့ ပိန္ပိန္ေသးေသး ပိန္ေသးေပါ့”

က်ဳပ္က ဝင္ေထာက္လိုက္တာနဲ႔ ဒီလူက ငိုေတာ့တာပဲဗ်ာ။

“ေျပာစမ္း၊ မင္းကဘာေကာင္လဲ၊ ဘာလို႔ ငါတို႔ကိုရန္ျပဳတာလဲ”

“က်ဳပ္ ဒီ႐ြာမွာ ပိတ္မိေနတာၾကာပါၿပီ၊ က်ဳပ္ထြက္သြားခ်င္တယ္၊ က်ဳပ္လူအစားလိုခ်င္တယ္”

္က်ဳပ္လည္းနားေထာင္ရင္း ေခါင္းကုပ္လိုက္တယ္။

“က်ဳပ္ေတာ့ ဘာမွနားမလည္ေတာ့ဘူး ဦးဘသာ”

ဦးဘသာက ေခါင္းညိတ္လိုက္ၿပီး

“ငါနားလည္ၿပီ၊ ငါတို႔ေရာက္ေနတာ လူသားေတြေနတဲ့႐ြာမဟုတ္ဘူးကြ၊ က်တ္ေတြေနတဲ့႐ြာျဖစ္မယ္”

က်ဳပ္ဆို ဦးဘသာစကားကိုနားေထာင္ၿပီး ေတာ္ေတာ္ထိတ္လန႔္သြားတာဗ်။

“သိပ္ဟုတ္တာေပါ့ဗ်ာ”

အသံႀကီးႀကီး ျပတ္ျပတ္တစ္ခုက က်ဳပ္တို႔အနားကေနထြက္လာတယ္ဗ်၊ က်ဳပ္လွည့္ၾကည့္ေတာ့ က်ဳပ္တို႔ပတ္ပတ္လည္မွာ လူေတြဗ်ာ၊ အားလုံးကလည္း မိန္းမေတြခ်ည္းဘဲ၊ က်ဳပ္တို႔ကိုဝိုင္းထားၾကတာ၊ လူေတြဆိုေပမယ့္လည္း တစ္မ်ိဳးေတာ့တစ္မ်ိဳးပဲဗ်၊ သူတို႔ကိုယ္လုံးေတြမွာ အျဖဴေရာင္လိုလို၊ အဝါေရာင္လိုလို၊ ဖုန္မႈန႔္ေတြလိုလို အဲဒီလိုအရာေတြက ထုတက္ေနတယ္ဗ်၊ ျမင္ေအာင္ေျပာျပရရင္ေတာ့ ဖုန္ထူတဲ့လွည္းလမ္းမွာ လွည္းေနာက္ကလိုက္စီးတဲ့သူလိုေပါ့ဗ်ာ၊

“မင္းတို႔နဲ႔ငါ သိလည္းမသိဘူး၊ ပတ္လည္းမပတ္သက္ဘူး၊ ငါတို႔ကိုျပန္ခြင့္ေပး”

ဦးဘသာက ေျပာလိုက္ေတာ့ လူအုပ္ထဲကေန ေယာက္်ားႀကီးတစ္ေယာက္ထြက္လာတယ္ဗ်။ ေခါင္းေပါင္းႀကီးေပါင္းထားၿပီးေတာ့ မပိန္မဝနဲ႔လူႀကီးေပါ့ဗ်ာ၊ မ်က္ႏွာမွာလည္း ႏႈတ္ခမ္းေမႊးႀကီးက စင္းေနတာပဲ၊ မ်က္လုံးမ်က္ခုံးခပ္ေကာင္းေကာင္းနဲ႔ အေတာ္ခံ့တဲ့လူႀကီးေပါ့။ လူအုပ္ထဲမွာ သူတစ္ေယာက္ပဲ ေယာက္်ားပါတယ္။

“ခဏေနၾကပါအုံးဗ်၊ က်ဳပ္တို႔ဆီကို ေရာက္တုန္းေရာက္ခိုက္၊ က်ဳပ္တို႔က ဧည့္ခံခ်င္လို႔ပါဗ်”

“တိတ္စမ္း၊ ငါမင္းတို႔ဆီကိုလာတာမဟုတ္ဘူး၊ ငါတို႔ျပန္မယ္”

ဦးဘသာကလွည့္ထြက္မယ္လုပ္ေတာ့ အဲဒီလူႀကီးက ဦးဘသာအေရွ႕မွာ ဘြားခနဲသြားေပၚတယ္ဗ်၊

“ခင္ဗ်ားတို႔ ဒီ႐ြာကေန ေျခတစ္လွမ္း ထြက္လို႔ရမယ္မထင္နဲ႔”

ဦးဘသာကလည္း မ်က္ေမွာင္ၾကဳတ္လိုက္ၿပီးေတာ့

“စမ္းၾကည့္လိုက္ေလ”

ဒီလူႀကီးက ေဒၚသထြက္သြားပုံရတယ္ဗ်၊ သူ႔ေက်ာကုန္းကေန လက္ေလးဘက္ထြက္လာတယ္ဗ်ာ၊ စုစုေပါင္း လက္ေျခာက္ဖက္ျဖစ္သြားတာေပါ့၊ ၿပီးေတာ့ လက္တစ္ဖက္စီမွာလည္း ဓါးလွံလက္နက္ေတြ ေပၚလာတယ္ဗ်၊ အဲဒီလက္နက္ေတြကလည္း အေရာင္တဝင္းဝင္းနဲ႔ ဝင္းလက္ေနတာပဲဗ်ာ၊ ၿပီးေတာ့ ဦးဘသာႀကီးဆီ ခုန္ဝင္ၿပီး ခုတ္ပါေရာ။

ဦးဘသာက ေနာက္ဆုတ္၊ ေနာက္ဆုတ္နဲ႔ေရွာင္တယ္ဗ်၊ ဒီလူႀကီးရဲ႕ဓါးက ဦးဘသာကိုထိေတာ့ ဓါးႀကီးက ခ်က္ခ်င္းသစ္႐ြက္ႀကီးတစ္႐ြက္ျဖစ္သြားတာပဲဗ်ာ၊ ဒီလူႀကီးလည္း အေတာ္အံ့ၾသသြားတယ္၊ ဒါနဲ႔ လွံနဲ႔ဦးဘသာရင္ဝကို ပိတ္ေစာင့္ထိုးတယ္ဗ်ာ၊ လွံကလည္း ဦးဘသာကိုထိေတာ့ သစ္ကိုင္းေျခာက္ကေလးတစ္ခုျဖစ္သြားတာပဲ၊ သူက အားနဲ႔ထိုးတာဆိုေတာ့ သစ္ကိုင္းေျခာက္က ဦးဘသာကိုထိၿပိး က်ိဳးက်သြားတာေပါ့။

“ဟား၊ ဟား ငါ့ကိုသစ္႐ြက္ေတြနဲ႔ သတ္လို႔ရမယ္လို႔ ထင္လို႔လားကြ”

ဦးဘသာက လွစ္ခနဲေပ်ာက္သြားၿပီးေတာ့ ဒီလူႀကီးအေနာက္ကိုေရာက္သြားတယ္ဗ်၊ ဒီလူႀကီးရဲ႕လည္ကုပ္ကို အေနာက္ကေနလက္နဲ႔ဖမ္းဆုပ္ကိုင္လိုက္ေတာ့ ဒီလူႀကီးခမ်ာေပ်ာ့က်သြားတာပဲဗ်ာ။

“ကဲ၊ မွတ္ၿပီလား၊ တားစမ္း၊ မင္းတို႔ငါ့ကိုတားၾကစမ္း”

ဒီလူႀကီးကလည္းမေခဘူးဗ်၊ ဝုန္းဆိုၿပီး မီးခိုးလုံးႀကီးေတြထြက္လာၿပီးေတာ့ တစ္ခါတည္းေပ်ာက္သြားတာပဲဗ်ာ၊ ေနာက္ေတာ့ ဦးဘသာရဲ႕အေရွ႕ ခပ္လွမ္းလွမ္းမွာသြားေပၚတယ္။ ၿပီးတာနဲ႔ သူ႔လက္ဝါးကိုျဖန႔္လိုက္ေတာ့ လက္ထဲမွာ ခဲလုံးေတြဗ်၊ ခဲလုံးဆိုေပမယ့္ ထူးျခားတယ္ဗ်ိဳ႕၊ ေလာက္စာလုံးလို လုံးဝန္းေနၿပီးေတာ့ ေ႐ႊေရာင္ေငြေရာင္ေတြကလည္း ထြက္ေနေသးတာဗ်ာ။ အဲဒါနဲ႔ ဦးဘသာကိုေပါက္တာပဲဗ်ာ။

ဦးဘသာက လက္နဲ႔ကာထားလိုက္ေတာ့ အဲဒီအလုံးေတြက ေလထဲမွာ တဝုန္းဝုန္းနဲ႔ေပါက္ကြဲေတာ့တာပဲဗ်ာ၊ ဒီလူႀကီးလည္း သူ႔လက္နက္ေတြက မထူးေတာ့တာနဲ႔ အဲဒီခဲလုံးတစ္လုံးကို ပါးစပ္နားကပ္ၿပီး မန္းမႈတ္ရင္း ေလေပၚကိုပစ္တင္လိုက္တာပဲဗ်ာ၊ ေလေပၚကိုအလုံးကပ်ံတက္သြားၿပီးေတာ့ တျဖည္းျဖည္းႀကီးလာတယ္ဗ်၊ ေလာက္စာလုံးအ႐ြယ္ကေန ဥသွ်စ္သီးအ႐ြယ္၊ ဥသွ်စ္သီးအ႐ြယ္ကေန ႏြားေခါင္းေလာက္အ႐ြယ္၊ အဲဒီလိုတျဖည္းျဖည္းႀကီးလာၿပီးေနာက္ဆုံး အိမ္လုံးႀကီးေလာက္အ႐ြယ္ျဖစ္သြားပါေရာလားဗ်ာ၊ ၿပီးတာနဲ႔ အဲဒီေက်ာက္တုံးႀကီးက ဦးဘသာအေပၚကိုက်တာပဲဗ်၊ ဦးဘသာက ေက်ာက္တုံးကို လက္ဝါးနဲ႔ျဖန႔္ၿပီးခံထားတယ္။ ခံထားရင္းနဲ႔ ပါးစပ္ကလည္း တအင္းအင္းနဲ႔ ညည္းညဴေနတယ္ဗ်။

ဦးဘသာက အဲဒီအိမ္ေလာက္ရွိတဲ့ေက်ာက္တုံးႀကီးကို ေတာ္ေတာ္အားသုံးၿပီးေတာ့ ပင့္ထားရတယ္ထင္ပါတယ္ဗ်ာ၊ ေနာက္ေတာ့ ပင့္ထားရင္း ဒူးေခါင္းေတြလႈပ္လာတယ္၊ ၿပီးတာနဲ႔ ဒူးတစ္ဖက္ေထာက္ၿပီး က်သြားပါေရာဗ်ာ၊ က်ဳပ္လည္း ဦးဘသာဆီကိုေျပးသြားဖို႔လုပ္တာေပါ့။

“အလတ္ေကာင္၊ ငါ့ဆီမလာနဲ႔၊ မင္း . . မင္းေျပးေတာ့”

“ဦးဘသာမပါဘဲ က်ဳပ္မသြားဘူးဗ်”

“ေျပးေတာ့ဟ၊ မင္း . . . မင္း ငညိဳတို႔ ခ်ိဳတူးတို႔ကိုသြားေခၚၿပီး ႐ြာထဲကေနထြက္ေျပးေတာ့”

က်ဳပ္လည္းမေျပးခ်င္ဘူးဗ်၊

“ေျပးပါေတာ့ဆိုကြာ၊ မင္းငါ့ကို ခ်စ္တယ္မဟုတ္လား အလတ္ေကာင္၊ ေအး ငါ့ကိုခ်စ္ရင္ ငါေျပာတာကိုနားေထာင္စမ္းပါ၊ မင္းသြား၊ အခုပဲ ျပန္ေျပးၾကေတာ့”

က်ဳပ္လည္း မေျပးေတာ့ဘဲနဲ႔ ဦးဘသာအေရွ႕က လူႀကီးအေရွ႕မွာ ဒူးေထာက္ထိုင္ခ်လိုက္တယ္ဗ်၊ ၿပီးေတာ့ အဲဒီလူႀကီးကိုလက္အုပ္ခ်ီၿပီးေတာ့

“မလုပ္ပါနဲ႔ဗ်ာ၊ ဦးဘသာကို မလုပ္ပါနဲ႔ေတာ့၊ က်ဳပ္ေတာင္းပန္ပါတယ္၊ က်ဳပ္တို႔အမွားရွိရင္ ခြင့္လႊႊတ္ေပးၾကပါ”

ဒီလူႀကီးက က်ဳပ္ကိုၾကည့္ၿပီး

“မင္းတို႔မွားတာေပါ့၊ မင္းတို႔အျပစ္က ဒီကဝတုတ္ကို ငိုေအာင္လုပ္တယ္မဟုတ္လား”

“က်ဳပ္တို႔မသိလို႔လုပ္မိတာပါဗ်ာ၊ ၿပီးေတာ့ ဝတုတ္ကလည္း က်ဳပ္တို႔ကိုအရင္ရန္ရွာလို႔ပါ”

ဒီလူႀကီးက ငိုေနတဲ့ဝတုတ္ဘက္ကိုလွည့္ၾကည့္တယ္။

“ဝတုတ္၊ သူေျပာတာဟုတ္သလား”

ဝတုတ္က ေခါင္းညိတ္ၿပီးေတာ့

“ဟုတ္ပါတယ္ဗ်ာ၊ က်ဳပ္လည္း သူတို႔ကိုျမင္ေတာ့ လူစားလဲခ်င္တာနဲ႔ သူတို႔ကိုစားဖို႔လုပ္လိုက္မိတာပါ”

ဒီလူႀကီးက နည္းနည္းေတာ့ေတြေဝသြားတယ္ဗ်၊ ဒါေပမယ့္ မ်က္ႏွာကေတာ့ ခက္ထန္ေနတုန္းပဲ။

-ေၾသာ္ဝတုတ္၊ မင္းက ငါတို႔ကိုေစာ္ကားခ်င္တိုင္းေစာ္ကား၊ လုပ္ခ်င္တိုင္းလုပ္ၿပီးေတာ့ အခုေတာ့လူစားလဲၿပီး ထြက္ေျပးခ်င္တယ္ေပါ့၊ မင္းဒီလိုလုပ္လို႔ရမယ္ထင္လို႔လားကြ-

ၿပီးေတာ့ ဦးဘသာကိုဖိထားတဲ့ေက်ာက္တုံးႀကီးကိုလက္ညႇိဳးထိုးလိုက္ေတာ့ ေက်ာက္တုံးႀကီးက ဝုန္းခနဲကြဲသြားေတာ့တာပါပဲဗ်ာ။ က်ဳပ္လည္း ဦးဘသာကိုေျပးတြဲတာေပါ့။

“မင္းတို႔ကိုငါခြင့္လႊတ္တယ္၊ မင္းတို႔ေတြ႐ြာကျပန္လို႔ရၿပီ၊ ဒါေပမယ့္ ဟိုေကာင္ေလးတစ္ေယာက္ကိုေတာ့ ထားခဲ့ရမယ္”

“ဘယ္သူလဲဗ်”

“သီခ်င္းဆိုတဲ့ ေကာင္ေလးေပါ့ကြာ”

(၄)

အိမ္ဝိုင္းတစ္ခုနားကို က်ဳပ္တို႔ေရာက္ေတာ့ ခ်ိဳတူးရဲ႕အသံကိုၾကားရတာပါပဲဗ်ာ၊ ခ်ိဳတူးက ကြပ္ပ်စ္ေပၚမွာ မင္းသားစတိုင္နဲ႔ ကေနတယ္ဗ်၊ သူ႔အနားမွာလည္း မိန္းကေလးေတြက အုံလိုက္က်င္းလိုက္ထိုင္ေနၾကၿပီးေတာ့ လက္ခုပ္တစ္ဖ်ပ္ဖ်ပ္တီးလို႔ေပါ့ဗ်ာ၊ ခ်ိဳတူးဆိုတဲ့ေကာင္ကေတာ့ ပါးစပ္က သီခ်င္းဆိုလိုက္၊ ပါးစပ္ဆိုင္းတီးလိုက္နဲ႔ လက္ကလည္း ကလို႔ဗ်၊ ေအာင္မယ္ ဇာတ္မင္းသားဝတ္စုံေတာင္မွ ဘယ္ကရွာထားတယ္မသိပါဘူးဗ်ာ၊ ဒီေကာင့္ၾကည့္ရတာ တကယ့္ဇာတ္မင္းသားဒီဇိုင္းဗ်။

က်ဳပ္လည္းအခုမွ သတိထားမိတာဗ်၊ တစ္႐ြာလံံုံးမွာ ေယာက္်ားနဲ႔တူတာ တစ္ေယာက္မွမရွိဘူး၊ အကုန္လုံးက မိန္းမေတြခ်ည္းပဲဗ်၊ မိန္းမေတြမွာေတာင္မွ အဘြားႀကီးေတြ၊ အေဒၚႀကီးေတြ မပါဘူးဗ်ိဳ႕၊ အားလုံးက အပ်ိဳအ႐ြယ္၊ သက္လတ္ပိုင္းအ႐ြယ္ေလာက္ေတြခ်ည္းဘဲဗ်ာ။ ေျပာရရင္ေတာ့ ပါးစပ္ဆိုင္းတီးၿပီး ကိုယ့္ဖာသာကတဲ့ပြဲ၊ ဗလာပြဲေပါ့ဗ်ာ။

ဦးဘသာက ေဘးနားကလူႀကီးကိုၾကည့္လိုက္တယ္ဗ်၊ ဒီလူႀကီးက ဒီ႐ြာက အႀကီးအကဲျဖစ္မယ့္ပုံပါပဲ။

“က်ဳပ္တို႔ေတာင္းပန္ပါတယ္ က်တ္မင္းႀကီး၊ ဒီကေလးက က်ဳပ္တို႔ေခၚလာတဲ့ကေလးမို႔ ျပန္ေခၚသြားမွရပါမယ္”

က်ဳပ္တို႔ အေတာ္ကိုေတာင္းပန္ယူရတာဗ်ာ၊ ဒီလူႀကီးကလည္း ေခါင္းမာတယ္ဗ်၊ မေပးဘူးတဲ့၊ ေနာက္ဆုံးေျပာမရတဲ့အဆုံး ဦးဘသာက က်ဳပ္အနားကိုကပ္လာတယ္။

“အလတ္ေကာင္၊ မင္း သံံဗုေဒၶရသလားကြ”

“ရတာေပါ့ဗ်ာ”

“ရရင္ ႐ြတ္စမ္းကြာ”

ဒါနဲ႔က်ဳပ္လည္း အေဖေျပာလိုက္တာကို သတိရသြားတယ္ဗ်ာ၊ အေဖက တစ္ခါကေျပာဖူးတယ္။

“ငါ့သား၊ အျပင္သြားလို႔ ဘာေဘးရန္ပဲျဖစ္ျဖစ္၊ သံဗုေဒၶ႐ြတ္ရင္ ေဘးကင္းတယ္ကြ”

က်ဳပ္လည္း လက္အုပ္ခ်ီလက္စနဲ႔မို႔ စိတ္ထဲကေန ေသေသခ်ာခ်ာနဲ႔ကို သံဗုေဒၶ ႐ြတ္ေတာ့တာပဲဗ်ာ၊ က်ဳပ္တို႔ငယ္ငယ္က ဘုန္းႀကီးေက်ာင္းမွာ သင္သလိုမ်ိဳး အသံေနအသံံထားနဲ႔ကို႐ြတ္တာဗ်၊ ဒီေတာ့ ဒီလူႀကီးက သူ႔လက္ႏွစ္ဖက္နဲ႔ နားကိုပိတ္တယ္။

“မ႐ြတ္နဲ႔ ဆက္မ႐ြတ္နဲ႔”

သူတို႔မ႐ြတ္နဲ႔ေျပာေလ၊ က်ဳပ္ကဆက္႐ြတ္ေလပဲဗ်ာ၊ ႐ြတ္ေနရင္းနဲ႔ သူတို႔က ပုံစံေတြေျပာင္းသြားၾကတယ္ဗ်၊ လူသားစင္စစ္ကေန အေရခြံႀကီးေတြ၊ အၿမီးႀကီးေတြထြက္လာတယ္၊ ၿပီးေတာ့ ေခါင္းကလည္း ရွည္ထြက္သြားၿပီးေတာ့ ဖြတ္ႀကီးေတြလိုျဖစ္သြားတယ္၊ က်ဳပ္ကိုလက္ညႇိဳးထိုးၿပီးေတာ့

“ေဟ့ေကာင္ေလး၊ မင္း႐ြတ္ေနတာရပ္လိုက္၊ မရပ္လိုက္ရင္ မင္းကိုငါတို႔စားပစ္မယ္”

သူတို႔က စားမယ္ေျပာၿပီးေတာ့ လက္ထဲမွာလည္းလက္နက္ႀကီးေတြထြက္လာၾကတာဗ်၊ ၿပီးေတာ့ က်ဳပ္ကိုဝိုင္းၿပီးေတာ့ ထိုးမယ္၊ ခုတ္မယ္ တစ္ကဲကဲနဲ႔ ႐ြယ္ေနၾကတာေပါ့၊ က်ဳပ္က ေၾကာက္ေတာ့ေၾကာက္တာေပါ့ဗ်ာ၊ ဒါေပမယ့္ သူတို႔က အနားကိုမကပ္ရဲဘူးဗ်၊ က်ဳပ္႐ြတ္ေနရင္း သုံးေခါက္ေလာက္လဲေရာက္ေရာ ေၾကးစည္သံတစ္ခုကိုၾကားလိုက္ရတယ္ဗ်။

တေနာင္ေနာင္နဲ႔တီးေနတဲ့ေၾကးစည္သံက ႐ြာကိုလႊမ္းသြားတာပဲ၊ ေၾကးစည္သံလဲၾကားေရာ သူတို႔ေတြအကုန္လုံး လႈပ္လႈပ္႐ြ႐ြျဖစ္ကုန္ၾကတယ္၊ ေၾကးစည္သံက တျဖည္းျဖည္းနဲ႔ နီးလာေတာ့ သူတို႔ေတြအကုန္လံုံး ဖြတ္ေတြလိုေလးဘက္ေထာက္ၿပီးေတာ့ ဒေရာေသာပါး ေျပးကုန္ၾကတာပဲဗ်ာ၊ က်ဳပ္လည္း ဦးဘသာကိုေျပးထူတာေပါ့ဗ်ာ၊ ဦးဘသာလည္း ေတာ္ေတာ္ကိုပင္ပန္းေနတာဗ်၊ ဒီအခ်ိန္ က်ဳပ္မ်က္ခြံေတြေလးလာတယ္ဗ်၊ က်ဳပ္တို႔အေရွ႕မွာ လူႀကီးတစ္ေယာက္ေရာက္လာတယ္ဗ်၊ တစ္ကိုယ္လုံးအျဖဴေရာင္ဝတ္ထားတဲ့လူဗ်၊ ေခါင္းတုံးေျပာင္ေျပာင္နဲ႔ အျဖဴေရာင္ပိတ္စကို သကၤန္းလိုပတ္ထားတာ၊ လက္ထဲမွာလည္း ေၾကးစည္ကေလးနဲ႔ဗ်၊ က်ဳပ္မ်က္လုံးေတြက ေ၀ဝါးေနေတာ့ သူ႔မ်က္ႏွာကိုေသေသခ်ာခ်ာမျမင္ရေတာ့ဘူး၊ သူက ေၾကးစည္ကေလးကို သစ္သားနဲ႔လုပ္ထားတဲ့ တူကေလးနဲ႔ထုလိုက္တဲ့အခ်ိန္ က်ဳပ္လည္း ေမ့လဲက်သြားေတာ့တာပါပဲဗ်ာ။

“ေဟ့ေကာင္၊ ထ၊ ထေတာ့ကြ”

က်ဳပ္ကိုလႈပ္ႏႈိးတဲ့အသံံၾကားေတာ့မွပဲ က်ဳပ္လည္းမ်က္စိဖြင့္ၾကည့္မိတယ္၊ က်ဳပ္တို႔အိပ္ေနတာ ေတာအုပ္တစ္ခုထဲမွာဗ်၊ က်ဳပ္ကိုလာႏႈိးတာကေတာ့ ဦးဘသာႀကီးေပါ့ဗ်ာ၊ မၾကာခင္ မိုးလင္းေတာ့မွာမို႔လို႔ ငွက္ေတြကလည္းတက်ီက်ီနဲ႔ေအာ္ေနၿပီဗ်၊ က်ဳပ္လည္း ထၿပီးၾကည့္လိုက္ေတာ့ ငညိဳတစ္ေယာက္က သစ္ပင္တစ္ခုကိုမွီၿပီး အိပ္လို႔ဗ်၊ ဆိုထား၊ ကထားတဲ့ ခ်ိဳတူးတစ္ေယာက္ကေတာ့ ကိုယ္တံုံးလံုံးႀကီးနဲ႔ ဖင္ပူးေတာင္းႀကီးေထာင္ၿပီး အိပ္ေနလို႔ဗ်ိဳ႕။

က်ဳပ္လည္းအကုန္လုံးကို လိုက္ႏႈိးရတယ္၊ ဦးဘသာက သူ႔နားထင္ကိုလက္နဲ႔ဖိေနရင္း

“ငါတို႔ေတာ့ က်တ္ေတြနဲ႔ေတြ႕ခဲ့တာေနမယ္ကြ”

“ျဖစ္ႏိုင္တယ္ဗ်”

က်ဳပ္က ခ်ိဳတူးကိုကန္ၿပီးႏႈိးလိုက္ေတာ့ ခ်ိဳတူးတစ္ေယာက္ ေခါင္းေထာင္ၾကည့္တယ္ဗ်၊ ၿပီးေတာ့ သူ႔ကိုယ္သူမလုံမလဲနဲ႔ လက္နဲ႔အုပ္ထားတာပဲ။

“ဘာာ၊ ဘာျဖစ္တာလဲဗ်ာ”

“ညကေတြ႕ခဲ့တာ က်တ္ေတြကြ၊ မင္းအဝတ္အစားေတြဘယ္နားခြၽတ္ထားလိုက္သလဲ”

သိပ္မရွာရပါဘူးဗ်ာ၊ ခ်ိဳတူးဝတ္ထားတဲ့အဝတ္အစားေတြကို သစ္ကိုင္းတစ္ခုမွာခ်ိတ္လွ်က္သား ေတြ႕ေတာ့တာပဲဗ်ာ၊ က်ဳပ္တို႔လည္းအဝတ္အစားဝတ္ၿပီး ခင္တန္းထဲက ျပန္ထြက္လာၾကေတာ့ သိပ္မၾကာဘူး လမ္းကေလးတစ္ခုကိုေရာက္လာတယ္ဗ်၊ အဲဒီလမ္းကေလးမွာ ေဈးသည္ႏွစ္ေယာက္က သြားေနၾကတယ္၊ ေတာထဲက ထြက္လာတဲ့က်ဳပ္တို႔ကိုျမင္ေတာ့ လန႔္ၿပီးေျပးၾကတာပဲ။

“ေဟ့၊ ေစာင့္ၾကပါအုံးဗ်၊ က်ဳပ္တို႔ကလူေတြပါ”

မနည္းေျပာယူမွ အေျပးရပ္တယ္၊ ဒါနဲ႔ သူတို႔ကိုေမးျမန္းေတာ့ ၾကက္ကြင္း႐ြာက ဒီအေရွ႕နားတင္ဗ်၊ ဒါေပမယ့္ ဒီခင္တန္းကေတာ့ သိပ္ၿပီးက်တ္ေပါတာဆိုပဲဗ်ာ၊ ဘယ္သူမွ ခင္တန္းထဲကိုမသြားဝံ့ၾကဘူးတဲ့၊ ပိုဆိုးတာက ဒီက်တ္ေတြက ဆိုင္းေတြ၊ ဗုံေတြႀကိဳက္တယ္ဆိုပဲဗ်ာ၊ ဒါေၾကာင့္ သီခ်င္းဆိုလာတဲ့ က်ဳပ္တို႔ကို သူတို႔႐ြာကိုေခၚသြားတာေနမွာေပါ့၊ က်ဳပ္တို႔လည္း ကံသီေပလို႔ဗ်ိဳ႕၊ မဟုတ္ရင္ ဟိုေကာင္ခ်ိဳတူးေတာ့ က်တ္႐ြာမွာ မင္းသားျဖစ္မယ့္ကိန္းဗ်။

လမ္းအတိုင္းဆက္သြားရင္း မၾကာခင္ ၾကက္ကြင္း႐ြာကို ေရာက္တာပါပဲဗ်ာ၊ ႐ြာက ကြင္းအလယ္တည့္တည့္မွာရွိတာဗ်၊ ကြင္းေတြကေတာ့ ယာခင္းေတြစိုက္ထားတာအျပည့္ပဲေပါ့ဗ်ာ၊ ႐ြာက အိမ္ေျခေလးငါးဆယ္ေလာက္ပဲရွိမယ္ထင္တယ္၊ က်ဳပ္တို႔လည္းဆက္သြားရင္း ႐ြာထိပ္နားေရာက္ေတာ့ လူႀကီးတစ္ေယာက္နဲ႔ေတြ႕သဗ်။

“ေဟ့ေကာင္ လူဝ”

ဦးဘသာက ေခၚလိုက္ေတာ့ ဒီလူကလွည့္ၾကည့္တယ္။

“ေအာင္မာ၊ ဘယ္သူမ်ားလဲလို႔ ဘသာပါလားဟ”

သူတို႔ႏွစ္ေယာက္ ေျပးၿပီးႏႈတ္ဆက္ၾကတယ္ဗ်။

“ဘသာ၊ မင္းဘယ္ကေနလွည့္္လာတာလဲကြ”

“လာတာကေတာ့ နိဗၺာန္႐ြာကိုကြ၊ လမ္းခရီးမွာ ဒီနားကေနျဖတ္ေတာ့ မင္းကိုသတိရၿပီး ဝင္လည္တာပဲေဟ့၊ မင္းေရာ အဆင္ေျပရဲ႕လား”

“ေျပပါ့ကြာ၊ ေရာက္တုန္းေရာက္ခိုက္ တို႔႐ြာမွာ တစ္ရက္ႏွစ္ရက္ေလာက္ ေနၿပီးမွျပန္ကြာ၊ ဒါနဲ႔ မင္းတို႔လမ္းခရီးမွာ အဆင္ေျပတယ္မဟုတ္လား”

ဦးဘသာက က်ဳပ္ကိုလွည့္ၾကည့္တယ္ဗ်၊ က်ဳပ္နဲ႔ခ်ိဳတူးလည္း တစ္ေယာက္မ်က္ႏွာတစ္ေယာက္ႀကီးၿပီး

“အဆင္ေျပပါတယ္ဗ်ာ၊ သိပ္ကိုအဆင္ေျပခဲ့တာေပါ့”

ဒီလိုနဲ႔ က်ဳပ္တို႔လည္း ဦးလူဝအေနာက္ကို လိုက္သြားၾကေတာ့တာေပါ့ဗ်ာ။ က်တ္ေတြနဲ႔က်ဳပ္တို႔နဲ႔က ေရစက္မကုန္ေသးဘူးဗ်၊ ေနာက္ေတာ့ ထပ္ေတြ႕ၾကပါေလေရာ။

ဆက္ရန္။
#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ