” စုန်းထီးကြီးဦးဘသာနှင့် ဓါးပြကျော်ဘမော် ”
*********************************************
(၁)
ခုခေတ်လူတွေအတွက်တော့ ဓါးပြဆိုတဲ့စကားက ကြားပဲကြားဖူးကြမယ်၊ ကြုံတော့ ကြုံဖူးမှာမဟုတ်ဘူးဗျ၊ ဒါပေမယ့် ကျုပ်တို့ဒေသမှာတော့ ကျုပ်တို့အသက်တော်တော်ကြီးကြီးအထိ ဓါးပြတွေရှိသေးတယ်ဗျ၊ ရှစ်ဆယ့်ရှစ်အရေးအခင်းတုန်းကဆို ကျုပ်တို့ဘက်မှာ ဓါးပြတွေတော်တော်ပူတာဗျာ၊ ကျုပ်တို့ဖြင့် ရွာကိုတပ်စည်း(စည်းရိုး)ကာပြီးတော့ တစ်အိမ်တစ်ယောက် ကင်းထွက်စောင့်ရတဲ့အထိပဲဗျ၊ ဓါးပြကလည်း တစ်ယောက်နှစ်ယောက် လာတာမဟုတ်ဘူးဗျို့၊
ဓါးပြအကြောင်းပြောရင်းနဲ့ ကျုပ်အမေရဲ့အကိုအကြီးဆုံး ဘကြီးပေါ တို့အကြောင်းကို သွားသတိရတယ်ဗျာ၊ တစ်ခါတည်းကျုပ်ပြောပြမယ်ဗျ၊ ဘကြီးပေါတို့ ဓါးပြအတိုက်ခံရတော့ ကျုပ်တို့အသက်ဆယ်နှစ်ကျော်လောက်ပေါ့ဗျာ၊ ကျုပ်တို့တော့ သေချာမသိမမီလိုက်ပါဘူး။ နောက်မှလူကြီးတွေပြောရင်းသိရတာဗျ။
ဘကြီးပေါတို့မိသားစုက လူအင်အားတောင့်တယ်ပြောရမယ်၊ သူ့မှာ မိန်းမက သုံးယောက်တောင်ရှိတာ၊ ပထမမိန်းမနဲ့ သားသမီးခြောက်ယောက်ရတယ်၊ အဲဒီမိန်းမသေပြီးတော့ နောက်မိန်းမထပ်ယူတာ သားသမီးဆယ်ယောက်တောင်ရတယ်ဗျာ၊ ဒုတိယမိန်းမက ကလေးမွေးရင်း မမွေးနိုင်ဘဲ သေသွားခဲ့တာဗျ၊ ကလေးရော အမေရောသေသွားလို့ဗျို့၊ မဟုတ်ရင် သားသမီးဆယ့်တစ်ယောက်ပေါ့ဗျာ၊ အဲဒီအချိန်မှာ ပထမမိန်းမနဲ့ မွေးခဲ့တဲ့သားသမီးတွေက အပျိုကြီးဖားဖားဖြစ်နေပြီပေါ့ဗျာ၊ ဒုတိယမိန်းမသေပြီး ဆယ်နှစ်လောက်ကြာတော့ နောက်ဆုံးမိန်းမကို ယူလိုက်တာပဲဗျာ၊ သူ့နောက်ဆုံးမိန်းမက အသက်ဆယ်ရှစ်နှစ်တောင် ကောင်းကောင်းမပြည့်သေးပါဘူးဗျာ၊ ပထမမိန်းမနဲ့ရခဲ့တဲ့ သမီးအကြီးဆုံးတောင်မှ အိမ်ထောင်ကျပြီး ကလေးနဲ့ဘာနဲ့ဖြစ်နေပြီ၊ ပြောရရင်တော့ သမီးထက်ငယ်တဲ့ မိန်းကလေးကောက်ယူလိုက်တာပေါ့ဗျာ။
ကျုပ်တို့အမေတွေဆိုရင် သူ့ကိုနွားအိုကြီးလို့ လှောင်ပြောင်ခေါ်တတ်ကြတာဗျ၊ ဟုတ်တယ်လေဗျာ၊ အသက်က ခြောက်ဆယ်နားကပ်နေပြီး ယူလိုက်တာက ဆယ့်ရှစ်နှစ်သမီးလေးဗျ။ နောက်တော့သေချာစုံစမ်းကြည့်တော့မှ ဒီကလေးမလေးရဲ့ မိဘတွေက သူ့ဆီကနေ အကြွေးတွေတော်တော်ယူထားတာတဲ့ဗျ၊ စပါးကြွေးတွေဆိုလည်း မနည်းဘူးတဲ့လေ၊ နောက်ဆုံး အကြွေးမဆပ်နိုင်တော့ သမီးအငယ်ဆုံးကို ထိုးပေးလိုက်တဲ့ပုံဘဲဗျ၊ ဒီကောင်မလေးနာမည်ကတော့ ယဉ်တော့ပါတယ်ဗျ၊ ကျုပ်လည်းသိပ်မမှတ်မိဘူးဗျာ၊ ယဉ်ယဉ်လို့ပဲထားလိုက်ပါတော့။
ယဉ်ယဉ်တို့အမေက မီးယပ်ဖြစ်ပြီးအောက်ပိုင်းသေသွားတယ်ဆိုလားပဲဗျာ၊ တချို့ကလည်း လေဖြတ်သွားတယ်လို့ပြောတယ်၊ ယဉ်ယဉ်အဖေက နယ်စပ်ကိုအလုပ်သွားလုပ်တာပေါ့ဗျာ၊ အဲဒီတုန်းကတော့ တော်တော်အလုပ်ဖြစ်တယ်လို့ပြောပါတယ်၊ ဒါပေမယ့် ဆေးသုံးတတ်လာတယ်ဗျ။ ရွာပြန်လာတော့ ဆေးစွဲလာခဲ့တာ မနည်းကုရတယ်ဆိုပဲ။
ဒါပေမယ့်လည်း မရပါဘူးဗျ၊ ဆေးသမားဆိုတော့လည်း ငွေကုန်တာပေါ့ဗျာ၊ အကြွေးတွေယူရင်း အလုပ်လဲမလုပ်တော့ နောက်ဆုံးသမီးကိုသူများဆီ ထိုးအပ်လိုက်ရတဲ့ပုံပဲဗျ၊ ကျုပ်တို့ဘကြီးပေါတော့ မရွယ်ဘဲ စော်ကဲမင်းဖြစ်ဆိုတဲ့ စကားပုံလို မိန်းမတစ်ယောက်ထပ်ရတာပေါ့ဗျာ။
ဘကြီးပေါတို့က ကျုပ်တို့ရွာထဲမှာ မနေဘူးဗျ၊ ရွာနဲ့မလှမ်းကမ်း ရွာအပြင်မှာနေတယ်ဗျ၊ သူတို့ရွာအစုကလေးကို ကိုပေါအစုလို့ခေါ်ကြတယ်၊ တစ်ချို့ကလည်း သီးပင်စုလို့ခေါ်တယ်ဗျ၊ သူတို့နေတဲ့နေရာက ကျုပ်တို့ရွာကလေးနဲ့ဆိုရင် တစ်ခေါ်သာသာလောက်ပဲဝေးတာ၊ အဲဒီမှာ အိမ်လေးငါးလုံးရှိပြီးတော့ သားသမီးတွေ၊ သားမက်တွေနဲ့နေတယ်၊ အနားကလယ်တွေကလည်း သူပိုင်တဲ့လယ်တွေချည်းဘဲ၊ ပြောရရင်တော့ အမျိုးတွေ စုနေတဲ့သဘောပေါ့ဗျာ။ သူတို့နေရာကလေးက မန်ကျည်းပင်ကြီးတွေ၊ သီးပင်ကြီးတွေနဲ့ အုပ်အုပ်ဆိုင်းဆိုင်းကလေးဖြစ်နေတာပေါ့၊ ဒါကြောင့်လည်း သီးပင်စုလို့ခေါ်တာနေမှာဗျ။
တစ်ညတော့ ဘကြီးပေါတို့အစုကို ဓါးပြတိုက်ပါလေရောဗျာ၊ ဓါးပြတွေက မီးတုတ်တွေကိုင်ပြီးတော့ လာကြတာကို ကျုပ်တို့ရွာထဲကနေ အတိုင်းသားမြင်နေရတယ်ဗျာ၊ ဓါးပြက လူခြောက်ဆယ်လောက်နီးပါးကိုရှိတာ။ မီးတုတ်တွေနဲ့မို့ ထိန်နေတာပေါ့ဗျာ၊ အဖေက ကျုပ်တို့ရွာကလူတွေကို စုကြည့်သေးတယ်၊ ဒါပေမယ့် ဓါးပြတွေကိုတော့ ကြောက်တာပေါ့ဗျာ၊ လူအုပ်ကလည်း နည်းမှမနည်းဘဲကိုးဗျ။ ရွာကိုမီးမှိတ်ပြီးတော့ ရွာသားတွေအကုန်လုံး ငြိမ်ကြည့်နေကြရတာပေါ့ဗျာ။
ဓါးပြတွေကို ရွာသားတွေစုပြီးတိုက်ရင်တော့ ရနိုင်တယ်၊ ဒါပေမယ့် ဘယ်သူမှမတိုက်ရဲဘူးဗျ၊ ဓါးပြတွေဆီမှာ သေနတ်တွေပါတယ်မဟုတ်လားဗျ၊ ကျုပ်တို့ဆီမှာ သေနတ်မှမရှိတာ၊ ကျုပ်တို့အဘိုးသူကြီး ကိုင်ခဲ့တဲ့သေနတ်တောင်မှ အစိုးရက လက်နက်အပ်ရမယ်ဆိုပြီး သိမ်းသွားတာမဟုတ်လား၊ ကိုယ်က တုတ်ဓါးလေးမြားလောက်ရှိတာနဲ့ တက်သွားရင်၊ ဟိုဓါးပြက သေနတ်နဲ့စီးပစ်ရင် အကုန်သေကုန်ကြမယ်မဟုတ်လားဗျာ၊ ဒီတော့ ဘုရားစာရွတ်ပြီး သူတို့ဘေးကင်းဖို့ ဆုတောင်းပေးရုံပဲ တတ်နိုင်တာပေါ့ဗျာ။
(၂)
အဲဒီဓါးပြအုပ်ကိုခေါင်းဆောင်တဲ့သူက ဘမော်တဲ့ဗျ၊ စစ်ပြန်ကြီးတစ်ယောက်ပါဗျာ၊ တိုက်ပွဲမှာ ဒဏ်ရာရပြီးလက်တစ်ဖက်က လက်မောင်းရင်းကနေပြတ်ထွက်နေသတဲ့ဗျာ၊ ရုပ်ကလည်း အတော်fဆိုးဆိုးဆိုပဲ၊ အဲဒီတုန်းက ကျုပ်တို့က ဘမော်ဘယ်လိုပုံလဲဆိုတာကို မမြင်ဖူးသေးဘူးလေ၊ နောက်မှ နဖူးတွေ့ ဒူးတွေ့ ကြုံရတာမဟုတ်လား။ ကလေးတွေတုန်းကတော့ လူကြီးတွေခြောက်သမျှ ကြောက်လိုက်ရတာပေါ့ဗျာ၊ ဘမော်က အမြဲတမ်းရှပ်အကျီလက်ရှည်ကြီးကို အပေါ်ကခြုံထားတယ်၊ အောက်ကတော့ စွပ်ကျယ်တို့ အကျီတို့ဝတ်ထားတာပေါ့ဗျာ၊ ပုဆိုးကို ဒူးလောက်အထိဝတ်ပြီးတော့ ခြေထောက်မှာတော့ စစ်ဖိနပ်အဟောင်းကြီး ဝတ်ထားလေ့ရှိတယ်တဲ့ဗျ၊ သူ့ခါးမှာလည်း စစ်ခါးပတ်ကြီးပတ်ထားပြီး အဲဒီခါးပတ်ကြီးမှာ ကွပ်ကရီးလို့ခေါ်တဲ့ ဓါးကောက်ကြီးကို အမြဲချိတ်ထားတယ်၊ အဲဒီဓါးကြီးနဲ့လူတွေသတ်လာခဲ့တာ မနည်းဘူးပေါ့ဗျာ၊ နောက်ပြီး ခြောက်လုံးပြုးသေနတ်တစ်လက်ကိုလည်း ခါးမှာအိတ်ထဲထည့်ပြီး ချိတ်ထားတာပေါ့ဗျာ။
ဘမော်လာပြီဆိုရင် သူတို့က အော်ဟစ်ပြီးလာကြတာဗျာ၊ ဘမော်လာပြီဟေ့ ဘမော်လာပြီဟေ့နဲ့အော်ရင် ကျုပ်တို့ဆိုကြောက်လွန်းလို့ စောင်ခေါက်ထဲဝင်ပုန်းနေကြရတာ၊ သူက လူအင်အားလည်းတောင့်တယ်၊ အစည်းအရုံးလည်း သိပ်တော်တယ်ဆိုပဲဗျ၊ ဒါနဲ့ ဘကြီးပေါတို့ အစုကလေးကို ဓါးပြတွေ ဝိုင်းတိုက်ကြပါလေရောဗျာ။
နောက်တော့ သေနတ်ဖောက်သံတွေ ဆယ်ချက်လောက်ကြားရတယ်၊ ဓါးပြတိုက်ပြီး တစ်နာရီလောက်ကြာတော့ ဓါးပြတွေ ပြန်သွားကြတယ်ဗျ၊ ဓါးပြတွေပြေးသွားတော့မှ ကျုပ်တို့ရွာကလူတွေကလည်း ညာသံပေးပြီးတော့ ပြေးထွက်ရဲတာပေါ့ဗျာ၊ သူခိုးပြေးမှ ထိုးကွင်းထတာတော့မဟုတ်ဘူးပေါ့၊ ဓါးပြပြေးတော့မှ လိုက်ကြတာပေါ့ဗျာ။
ဘကြီးပေါတို့ကံမကောင်းရှာပါဘူးဗျာ၊ ဘကြီးပေါက အိမ်ပေါ်တက်တဲ့လှေကားခြေရင်းမှာ ခွေခွေကလေးသေနေရှာတာ၊ ရင်ဘတ်မှာ သေနတ်ပေါက်ရာသုံးခုနဲ့လေ၊ ဘကြီးပေါ သားမက်နဲ့ သားနှစ်ယောက်လည်း သေနတ်ဒဏ်ရာတွေနဲ့သေတယ်၊ သူ့သမီးနှစ်ယောက်ကိုလည်း မုဒိန်းကျင့်သွားတယ်ဆိုလားပဲဗျ၊ ဒါပေမယ့် တစ်ခုထူးဆန်းတာက ဒွေးချောင်းရွာက ဖိုးတုတ်လည်း လည်ပင်းပြတ်ပြီး သေနေတာပဲဗျ၊ ဘကြီးပေါမိန်းမ ယဉ်ယဉ်ကိုတော့ ဘမော်က ဖမ်းသွားတယ်တဲ့ဗျ။
ဒီဓါးပြမှုက အမှုမှန်မပေါ်ခဲ့ပါဘူးဗျာ၊ ဘာလို့လဲဆိုတော့ ရဲတွေဘာတွေလည်း မတိုင်ရဲဘူးလေ၊ အဖေတို့က ရဲတိုင်မယ်ဆိုရင်တောင်မှ ရွာသားတွေက ကန့်ကွက်ကြတာ၊ ရဲဆိုတာ အချိန်တိုင်းမရှိနိုင်ဘူးမဟုတ်လား၊ တော်ကြာဓါးပြတွေက ရဲတွေတိုင်ပါတယ်ဆိုပြီး ရွာကိုလာဖိနေမှာကို ကြောက်ရသေးတယ်မဟုတ်လား။ သီးပင်စုမှာ အဲဒီကတည်းက လူမနေရဲတော့တာပဲဗျ၊ အရမ်းအခြောက်အလှန့်များတယ်။ အစိမ်းသေတွေသေထားတာလည်းပါတာကိုးဗျာ၊ သစ်သားနဲ့ဆောက်ထားတဲ့ အိမ်ကြီးအိမ်ကောင်းတွေကိုပစ်ပြီးတော့ ဘကြီးပေါသားသမီးတွေက ရွာထဲပြောင်းလာနေကြတယ်ဗျ၊ ကျုပ်တို့အတော်ကြီးကြီးအထိ အဲဒီမှာ အိမ်ပျက်ကြီးတွေရှိသေးတယ်ဗျ။
ဒီလိုနဲ့ သုံးလလောက်ကြာတော့မှ အဖြစ်မှန်ပေါ်တော့တာ။ ပေါ်တာကလည်း အဲဒီဖိုးတုတ်က ပြန်ပြောတာပဲဗျ၊ ခင်ဗျားတို့ နားရှုပ်သွားပြီထင်တယ်၊ ဒီလိုဗျ၊ ဖိုးတုတ်ကသေပြီးတော့ အစိမ်းသရဲဖြစ်နေပြီး အဲဒီသီးပင်စုမှာ နေတယ်ထင်ပါတယ်ဗျာ၊ နောက်တော့ နွားကျောင်းသားလေးကိုပူးကပ်ပြီး ပြောပြတော့တာ၊ နွားကျောင်းသားကလေးကလည်း နွားတစ်ကောင်ပျောက်လို့ လိုက်ရှာရင်း ဘကြီးပေါတို့ အိမ်ပျက်တွေနားမှာ နွားပြန်တွေ့တယ်တဲ့၊ အဲဒီနွားကိုသွားခေါ်ရင်း ဖိုးတုတ်ရဲ့အပူးကို ခံလိုက်ရတာပေါ့ဗျာ။
ဖိုးတုတ်က ယဉ်ယဉ်နဲ့ ကြိုက်နေတာဗျ၊ ယူတောင်ယူတော့မှာ၊ ဖိုးတုတ်က ငွေသိပ်မရှိပေမယ့် ယဉ်ယဉ်ကိုတော့ တင်တောင်းဖို့လုပ်ထားတာတဲ့ဗျ၊ ယဉ်ယဉ်အဖေ ဆေးသမားက ဖိုးတုတ်တို့ တင်တောင်းတဲ့ငွေတွေကိုတောင် ယူပြီးသွားပြီတဲ့ဗျာ၊ ပြောရရင်တော့ စေ့စပ်နားဖောက်ပြီးသားပေါ့ဗျာ၊ ဒါပေမယ့် ဘကြီးပေါက ယဉ်ယဉ်ကိုသိမ်းသွားတော့ ဖိုးတုတ်အသဲကွဲပြီပေါ့ဗျာ၊
အဲဒီမှာတင် ဖိုးတုတ်က ဘမော်ကိုရှာပြီး ဘကြီးပေါတို့ဟာ အရမ်းချမ်းသာတဲ့အကြောင်းပြောတယ်ဗျ၊ ပြီးတော့ ယဉ်ယဉ်နဲ့ချိန်းချိန်းတွေ့ပြီးတော့ အတူတူထွက်ပြေးဖို့ ကြံထားပြီးသားတဲ့ဗျာ၊ ဘမော်က လူတွေစုပြီး ဓါးပြတိုက်မယ်၊ ဘကြီးပေါဆီက လုယက်တဲ့အချိန်၊ ဖိုးတုတ်နဲ့ယဉ်ယဉ်နဲ့ အတူတူပြေးကြမယ်ပေါ့ဗျာ။
ဒါပေမယ့် ကံဆိုးသွားတာက ဖိုးတုတ်အကြံမအောင်လိုက်ပါဘူး၊ ဘမော်တို့ အိမ်ပေါ်တက်ရှာတော့ ဘကြီးပေါအိမ်မှာ စပါးတွေ၊ သီးနှံတွေလောက်ပဲရှိပြီး ငွေတို့လက်ဝတ်လက်စားတို့ များများစားစားမရှိဘူးတဲ့ဗျာ၊ ဒီတော့ ဘမော်က စိတ်ဆိုးပြီးတော့ ဖိုးတုတ်ကိုသတ်ပြီး ယဉ်ယဉ်ကိုဖမ်းခေါ်သွားတာပဲဗျ။
အခုတော့ ယဉ်ယဉ်နဲ့သူပေါင်းရပြီတဲ့ဗျ၊ ယဉ်ယဉ်ကို ဘမော်တို့က ဖမ်းသွားပြီး စိတ်ကြိုက်စော်ကားပြီးတော့ သတ်ပစ်လိုက်ကြတာ အခု ဘကြီးပေါတို့ သီးပင်စုမှာ အတူတူနေကြတယ်တဲ့လေ။ အဖေတို့၊ ရွာဦးကျောင်းဆရာတော်တို့က သူတို့အတွက် ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှအတန်းဝေပေးပါမယ်ဆိုတာတောင်မှ သူတို့က အမျှမလိုချင်ဘူးတဲ့ဗျ၊ သရဲဘဝနဲ့ ပေါင်းဖက်နေတယ်ဆိုပဲဗျာ။
ခုထိ လယ်တွေကြားထဲမှာ အဲဒီအုပ်အုပ်ဆိုင်းဆိုင်းနေရာကြီးရှိသေးတယ်ဗျ၊ ကျုပ်တို့ရွာမပြောနဲ့ အနီးအပါးရွာကလူတွေတောင် သတင်းတွေကြားပြီး ဘယ်သူမှမသွားရဲဘူးဗျာ၊ ခြောက်လှန့်လိုက်တာကလည်း နေ့ခင်းကြောင်တောင်ကြီးတောင် အခြောက်ခံကြရတာဗျ၊ အဲဒီအနားကလယ်တွေကိုဆိုရင် ဘကြီးပေါသားသမီးတွေက ရောင်းထုတ်တာ ရောင်းမရလို့အလကားပေးတာတောင် လုပ်တဲ့လူမရှိဘူးတဲ့ဗျာ၊
(၃)
ဓါးပြဆိုတာ အင်အားများတယ်ဆိုပေမယ့် သူတို့က တခြားလူတွေမဟုတ်ဘူးဗျ၊ ဓါးပြဆိုလို့ ခင်ဗျားတို့အထင် တောတွေတောင်တွေထဲမှာ အုပ်စုဖွဲ့ပုန်းအောင်းနေပြီးတော့ အခွင့်သာတဲ့အချိန် တောင်ပေါ်ကဆင်းပြီး တိုက်တယ်လို့ ထင်နေကြလိမ့်မယ်၊ ကျုပ်တို့အရပ်က ဓါးပြဆိုတာကတော့ သာမန်ရွာသားတွေပါပဲဗျာ၊ ဘမော်တို့လို့ ဓါးပြခေါင်းဆောင်တွေက ရွာထဲက လူမိုက်တွေ၊ အရက်သမားတွေကို စည်းရုံးရေးဆင်းတယ်ဗျ။ အထူးသဖြင့် ဆင်းရဲတဲ့ရွာကလေးတွေဆီကိုပေါ့ဗျာ၊ ဒွေးချောင်းတို့၊ အဲဒီအနောက်က တောင်ညိုရွာ၊ ပဲဇင်းရွာ စတဲ့ရွာကလေးတွေဆီကိုပေါ့၊ အဲဒီရွာကလေးတွေမှာ ဆင်းရဲသားတွေများတယ်မဟုတ်လား။
-ဘာမှလုပ်စရာမလိုဘူး၊ မျက်နှာကိုလည်း ဖုံးအုပ်ထားရင် မင်းဘယ်သူလည်းဆိုတာ မသိဘူး၊ ငါတို့ချိန်းထားတဲ့နေရာကိုလိုက်ရမယ်၊ ပြီးရင် တစ်ညကို နှစ်ရာရမယ်-
စသဖြင့် ဓါးပြအဖွဲ့ခေါင်းဆောင်က စည်းရုံးရတယ်ဗျ၊ ပြီးရင်လိုက်မယ့်သူတွေကို တစ်နေရာမှာစုရပ်လုပ်ပြီးတော့ ချိန်းထားကြတာ၊ လိုက်မယ့်သူတွေကလည်း ပုဆိုးတွေနဲ့အုပ်ပြီးရုပ်ဖျက်ထားတော့ ဘယ်သူဘယ်ဝါလည်းမသိတော့ဘူးပေါ့ဗျာ၊ ဘမော်တို့မှာ အမာခံဓါးပြ ငါးယောက်လောက်က သေနတ်တွေကိုင်ပြိး ဓါးပြတိုက်တယ်၊ ခုနကလို ရွာတွေကနေငှားလာတဲ့လူတွေကတော့ လူအင်အားပြရုံပေါ့ဗျာ၊ သူတို့အကြံကလည်း ပိုင်သဗျ။
နောက်တော့ စစ်တပ်ကဆင်းလာရတယ်၊ ဘမော် တို့ဓါးပြတိုက်မယ့်နေရာမှာ စောင့်ပြီးဖမ်းရတာပေါ့ဗျာ၊ ဘမော်က ကံကောင်းပြီးလွတ်သွားတယ်၊ ပစ်ကြခတ်ကြနဲ့ လူအင်အားပြတဲ့ ရွာသားဆယ်ယောက်လောက် သေကြတာပေါ့၊ သေသွားတော့မှ မျက်နှာတွေကိုလှန်ကြည့်တော့ ကျုပ်တို့ရွာကတောင် တစ်ယောက်ပါသေးတယ်ဗျ၊ အနေအေးအေး လူပျိုကြီးဆိုတဲ့သူဗျ၊ အင်းလေ ငွေဆိုတာ လူတိုင်းလိုကြတာမဟုတ်လားဗျာ။
အဲဒီနောက်ပိုင်းတော့ ဘမော်တို့ ဓါးပြတွေပျောက်သွားတယ်၊ ခေါင်းဆောင်မည့်သူမရှိတော့ ဓါးပြမရှိတော့ဘူးပေါ့ဗျာ၊ အချို့ကလဲ လူစုပြီး လေးငါးယောက် ဓါးပြတိုက်ကြတယ်၊ လူနည်းရင်တော့ ရွာကလူတွေဝိုင်းဖမ်းရင် မိတာပေါ့ဗျာ၊
ဒီလိုနဲ့ ကျွန်တော်က အသက်ဆယ့်ရှစ်နှစ်ကျော်လာပြီး လူပျိုဖြစ်ပြီပေါ့ဗျာ၊ ဓါးပြဆိုတာကလည်း မတွေ့ကြုံတာ ဆယ်နှစ်လောက်နီးပါးရှိပြီမဟုတ်လားဗျ၊ တစ်နေ့တော့ လယ်ထဲဆင်းလာရင်း ဦးဘသာနဲ့တွေ့တယ်ဗျ။
-ငါမင်းတို့ဆီလာမလို့ပဲကွာ၊ မအားသေးလို့ကွ၊ ဒါနဲ့ မင်းအဖေကိုပြောလိုက် တို့ရွာကို ဓါးပြတိုက်ချင်တဲ့သူရှိနေပြီကွ-
ကျုပ်အံ့ဩသွားမိတယ်ဗျာ၊
-ဟာ၊ ဦးဘသာကြီးက ဓါးပြတိုက်မယ့်လူရှိတာကို ကြိုသိတယ်ဆိုတော့ အကြားအမြင်တွေဘာတွေများ ရနေတာလားဗျ-
ဦးဘသာကြီးက ရယ်တယ်ဗျ။
-အကြားအမြင်ရတာမဟုတ်ပါဘူးကွာ၊ ရွာတော်ရှင်ပြောတာကွ-
-လုပ်ပြန်ပြီရွာတော်ရှင်၊ ဦးဘသာကြီးနဲ့ ရွာတော်ရှင်က ညီအကိုတွေများလားမသိဘူးနော်-
-ငါက အကောင်းပြောတာကွ၊ ဓါးပြက ရိုးရိုးတိုက်တယ်လို့ထင်နေလို့လား-
-ရိုးရိုးမတိုက်လို့ စပါယ်ရှယ်တိုက်တာလားဗျ-
-မင်းတော်တော်တုံးတဲ့ကောင်ပဲကွ၊ မှတ်ထား၊ ဓါးပြတွေဆိုတာ တကယ်အချီကြီးတိုက်တော့မယ်ဆိုရင် အဲဒီရွာရဲ့ ရွာတော်ရှင်နန်းမှာ စားစရာတွေတင်မြှောက်ပြီးတော့ အသိပေးတတ်ကြတယ်၊ ခွင့်တောင်းတတ်ကြတယ်ကွ-
ဦးဘသာပြောမှ ကျုပ်လည်းသိတာဗျ၊ အရင်ကတော့ ဓါးပြဆိုတာ ဒီအတိုင်းကြုံတဲ့အိမ် တိုက်တာပဲလို့ထင်နေတာမဟုတ်လား။
-ဓါးပြခေါင်းဆောင်က လူခြေတိတ်ချိန်လောက်ဆို ရွာတော်ရှင်နန်းကိုသွားရတယ်ကွ၊ မီးမထွန်းဘဲနဲ့ အရက်တို့ ကြက်ကြော်၊ ကောက်ညှင်းပေါင်းတို့ ဆက်ရတာပေါ့ကွာ၊ ဆက်သပြီးတော့ သူတို့အသုံးပြုမယ့် လက်နက်တွေကို ရှာတော်ရှင်fနန်းမှာဖြစ်ဖြစ်၊ သစ်ပင်တစ်ပင်မှာဖြစ်ဖြစ်ထောင်ထားကြရတယ်ကွ၊ ရွာတော်ရှင်ကို သူတို့သတင်းရထားတဲ့ ဘယ်အိမ်ကိုဓါးပြတိုက်လို့ရမလဲလို့ မေးတာပေါ့၊ ခွင့်လဲတောင်းတာပေါ့ကွာ၊ တိုက်လို့မရတဲ့အိမ်ဆိုရင် ရွာတော်ရှင်က လက်နက်တွေကိုလှဲပြသတဲ့ကွ၊ ရွာတော်ရှင်က မကျေနပ်တဲ့အိမ်တို့၊ ဒါမှမဟုတ် ဓါးပြတိုက်ခံရမယ့်အိမ်တို့ဆိုရင် လက်နက်တွေကထောင်နေတယ်၊ ဓါးပြတွေက အဲဒီအိမ်ကိုတိုက်ရတာပဲကွ-
-ဒါဆို ကျုပ်တို့ရွာကိုရော တိုက်မှာလား-
-ရွာတော်ရှင်ကို ဓါးပြက အိမ်ငါးအိမ်ပြောတယ်တဲ့ကွ၊ ရွာတော်ရှင်က လက်နက်တွေအကုန်လှဲချလိုက်လို့ သန်းခေါင်ကျော်တော့ ဆက်သထားတဲ့အစားအစာတွေကိုယူပြီး ပြန်သွားကြသတဲ့ကွာ-
-ဒါဆိုရင် ကျုပ်အဖေ့ကိုသွားပြောထားမှပဲ-
-အေး၊ သွားပြောကွာ၊ ဒါပေမယ့် မင်းအဖေက ဒါမျိုးတွေယုံမှာမဟုတ်ဘူးကွ၊ အတင်းအကြပ်တော့မပြောပါနဲ့၊ တော်ကြာဓါးပြမတိုက်ဖြစ်ရင် ငါ့ကိုလူလိမ်ကြီးလို့ ထင်နေပါအုံးမယ်ကွ-
ကျုပ်လည်း အိမ်ပြန်တော့ အဖေ့ကိုပြောလိုက်တယ်ဗျ၊ အဖေကတော့ သူ့ပုံစံအတိုင်းပါပဲဗျာ၊ အင်းမလှုပ်၊ အဲမလှုပ်နဲ့ဘာမှလည်း ပြန်မပြောဘူးလေ-
(၄)
အဲဒီနေ့ကတော့ ကျုပ်လယ်ထဲကိုရောက်တယ်ဆိုရင်ပဲ ဦးဘသာကြီးက ကျုပ်ဆီပြေးလာတယ်ဗျ၊ ကျုပ်ညီလည်းပါတယ်၊ ကျုပ်ညီက အခု အသက်ဆယ့်ခြောက်နှစ်လောက်ဖြစ်နေပြီပေါ့ဗျာ။
-ဟေ့ မင်းတို့လာတာ ငါစောင့်နေတာကွ-
-ဘာထူးလို့လဲ ဦးဘသာကြီးရဲ့-
-ရွာတော်ရှင်ပျောက်နေတာ နှစ်ရက်ရှိပြီကွ-
ကျုပ်လည်း မျက်မှောင်ကြုတ်လိုက်တယ်ဗျ။
-အဲဒါဘာဖြစ်လဲဗျ၊ လူတွေလို ခရီးလွန်နေလို့ဖြစ်မှာပေါ့ဗျာ-
-ငါကတော့ အဲဒီလိုမထင်ဘူးကွ၊ ငါထင်တာက ဓါးပြတွေက ရွာတော်ရှင်ကို နှင်ထုတ်လိုက်ပြီထင်တယ်-
-ဟာဗျာ၊ ဓါးပြက ဘယ်လိုနှင်မလဲဗျ-
-မဟုတ်ဘူးကွ၊ ရွာတော်ရှင်ဆိုတာ အဆင့်တော်တော်နိမ့်တဲ့နတ်၊ နတ်ဆိုတာထက် သရဲသာသာပါကွာ၊ ဒီတော့ သူ့ကို စုန်းတို့၊ ကဝေတို့က နှင်လို့ရတယ်ကွ၊ ဓါးပြတွေက စုန်းကဝေတွေကိုခိုင်းပြီး လုပ်သွားတာဖြစ်မယ်-
-အဲဒီတော့ ဓါးပြတွေက ကျုပ်တို့ရွာကို တိုက်တော့မှာပေါ့နော်-
ဦးဘသာက ခေါင်းညိတ်လိုက်ပြီးတော့
-အေးကွ၊ ဒီညပဲတိုက်မယ်ထင်တယ်-
-ဦးဘသာကြီးကလည်းဗျာ၊ ဓါးပြစိတ်ထဲကအကြံကို ဦးဘသာကသိနေတာလား-
-မသိပါဘူးကွာ၊ ငါက ပညာနဲ့မှန်းကြည့်တာပါကွ၊ ဒီလိုကွာ ရွာတော်ရှင်ဆိုတာ အဲဒီရွာမှာအပိုင်ရတဲ့လူဆိုတော့ အကြာကြီးနှင်လို့မရကောင်းဘူးကွ၊ အကြာကြီးနှင်ရင် အဲဒီစုန်းတို့ အောက်လမ်းတို့ကို ရွာတော်ရှင်က မုန်းပြီး ပြန်လုပ်တတ်တယ်-
-ငါသတိထားမိတာ ပျောက်နေတာနှစ်ရက်ရှိပြီဆိုတော့ ဒီနေ့ညတော့ သူတို့လုပ်မယ်ထင်တယ်၊ သူတို့သုံးရက်လောက်ပဲ နှင်နိုင်မှာကွ-
-ကောင်းပြီလေ၊ ဒါဆို ကျုပ်အဖေ့ကိုပြောလိုက်မယ်-
ကျုပ်လှည့်ထွက်မယ်လုပ်တော့ ဦးဘသာက ကျုပ်လက်ကိုဆွဲလိုက်တယ်။
-မင်းငါ့ကိုယုံလား-
-ယုံတာပေါ့ဗျာ-
-ဒါဆိုမပြောနဲ့တော့၊ မင်းနဲ့ငါနဲ့ ညဘက်ကျတော့ ဓါးပြတွေနဲ့တွေ့မယ်-
-ဟာဗျာ၊ ဖြစ်ပါ့မလားဗျ၊ ဓါးပြဆိုတာ နည်းနည်းနောနောလူအုပ်ကြီးလား၊ ကျုပ်က သိုင်းတွေဘာတွေမတတ်ဘူးနော်ဗျ-
-မကြောက်စမ်းပါနဲ့ကွာ၊ ဒီဓါးပြတွေလောက်တော့ ငါအသာကလေးပါကွ၊ မင်းမလာချင်လဲ ရပါတယ်၊ ငါ့ဖာသာ ဖြေရှင်းလိုက်ပါ့မယ်-
ဒီအခါ ကျုပ်ဘေးနားမှာရပ်နေတဲ့ ကျုပ်ညီက
-အကိုလတ်၊ သွားကြမယ်ဗျာ၊ ဦးဘသာကြီးလည်းပါတယ်မဟုတ်လား-
ကျုပ်က ဦးဘသာကြီးကိုတော့ မယုံတာမဟုတ်ပေမယ့်၊ သူကပညာတွေတတ်တယ်မဟုတ်လား၊ ကျုပ်တို့က ဘာမှတတ်တဲ့ကောင်တွေမဟုတ်ဘူးလေ။
-ဒါဆိုရင်လိုက်ခဲ့မယ်ဗျာ၊ တစ်ခုပဲ ဓါးပြတွေနဲ့တော့ ကျုပ်မတွေ့ချင်ဘူး၊ ကျုပ်တို့ပုန်းနေကြမယ်-
-အေးကွာ၊ မင်းနဲ့မင်းညီနဲ့ လာခဲ့ပေါ့ကွာ၊ ဒါပေမယ့် နှုတ်တော့လုံရမယ်နော်၊ ဓါးပြတွေက ငါလုပ်တယ်ဆိုတာသိသွားရင် ငါ့ကိုလာလုပ်နေမှာကွ-
-အို၊ ဦးဘသာကြီးကလည်း ဓါးပြတွေကိုမကြောက်ဘူးဆိုပြီး အခုကျတော့ ကြောက်နေပြန်ပါပြီ-
-ငါတစ်ယောက်တည်းအနေနဲ့ဆို သူတို့ကိုမကြောက်ပါဘူးကွာ၊ ဒါပေမယ့် ငါ့ကိုမနိုင်လို့ ငါ့လယ်တွေကို မီးနဲ့တိုက်ရင် ကုန်မှာကွ-
ဦးဘသာပြောတာလည်း အကျိုးအကြောင်းဆီလျော်တာကြောင့် ကျုပ်လည်းခေါင်းညိတ်လိုက်တာပေါ့ဗျာ၊ ကျုပ်တို့ညီအကိုဖြင့် အဲဒီနေ့က နေလို့ထိုင်လို့တောင် မထိပါဘူးဗျာ၊ အဲဒီဓါးပြတွေအကြောင်းပဲ စဉ်းစားပြီး ပြောဆိုနေတော့တာပဲ-
(၅)
ညရှစ်နာရီထိုးပြီ။ သက်ငယ်ခေါင်းချချိန်ပြီးရင်တော့ ကျုပ်တို့ကာလသားတွေ လူပျိုလှည့်ချိန်ပေါ့ဗျာ၊ အမှန်က ညရှစ်နာရီဆိုတာ နည်းနည်းတော့နောက်ကျနေပြီ၊ ကျုပ်တို့ရွာမှာက ညကိုးနာရီလောက်ဆို လူကြီးတွေရော၊ လူငယ်တွေပါ အကုန်အိပ်ကြတာ၊ ကျုပ်တို့ ငယ်ငယ်တုန်းကပေါ့ဗျာ၊ အခုများတော့ ရွာက ကလေးတွေ ညတစ်နာရီ နှစ်နာရီအထိ မအိပ်ကြဘူးတဲ့ဗျာ၊ ဂိမ်းဆော့ကြတယ်လို့ပြောတာပဲ။
ကျုပ်တို့ညီအကိုအိမ်ကနေထွက်လာပြီး ဦးဘသာခြံအနားမှာ ရစ်သီရစ်သီလုပ်နေလိုက်တယ်၊ မကြာပါဘူး ဦးဘသာကြီးလည်းထွက်လာတယ်၊ ကျုပ်တို့ကိုဦးဆောင်ပြီးတော့ ရွာအဝင်လမ်းကိုထွက်ခဲ့တာပေါ့ဗျာ။ ကျုပ်တို့ရွာကနေထွက်ခဲ့ပြီးတော့ မကြာပါဘူး ရွာတော်ရှင်နန်းကိုရောက်တယ်၊ နန်းကတော့ ခပ်သေးသေးပါပဲဗျာ၊ ရွာတော်ရှင်နန်းအနားမှာ ညောင်ကြပ်ပင်ကြီးတစ်ပင်ရှိတယ်၊ ကျွန်တော်တို့နေ့စဉ် လယ်ထဲသွား၊ ယာထဲသွားရင် အဲဒီအရှေ့ကပဲ ဖြတ်ဖြတ်သွားရတာမဟုတ်လား။
ညောင်ကြပ်ပင်ကြီးနားမှာ ကျုပ်တို့ပုန်းနေလိုက်ကြတယ်၊ အဲဒီနားမှာ ချုံတွေလည်းထူတယ်ဗျ၊ ခြင်တွေဆိုတာ တဝီဝီနဲ့ ကိုက်လိုက်တာဗျာ၊ ကျုပ်တို့ညီအကို ပုဆိုးခြုံပြီးတော့ထားတာတောင်မှ ဝိုင်းအတွယ်ခံရတာ၊ ခြင်ကိုရိုက်လည်းမရိုက်ရဲဘူးလေဗျ။ တော်ကြာ ဓါးပြတွေခြင်ရိုက်သံကြားပြီး ကျုပ်တို့ကို မြင်သွားမယ်မဟုတ်လား။
စောင့်နေရင်း အတော်ကြာခဲ့ပြီဗျ၊ နာရီလည်းမပါတော့ ဘယ်အချိန်လည်းတော့မသိဘူး၊ စကားလည်းမပြောရဲ၊ ချောင်းလည်းမဆိုးရဲနဲ့ဆိုတော့ အချိန်တွေကုန်တာ နှေးလိုက်တာဗျာ၊ မကြာပါဘူး၊ မီးရောင်တွေက လယ်ကွင်းစပ်မှာထိန်လင်းသွားတယ်။ ဦးဘသာကြိးက ကျုပ်တို့အိပ်နေတယ်ထင်လို့ လက်ကုပ်ပြီးနှိုးတယ်။
-ဟေ့ကောင်တွေ ထတော့ကွ၊ ဟိုမှာ ဓါးပြတွေ မီးတုတ်တွေညှိနေပြီ-
လကလည်း လဆုတ်ရက်မို့လို့ ဘယ်ရောက်နေမှန်းတောင်မသိပါဘူးဗျာ၊ ဓါးပြတွေက အမှောင်ထဲလာကြပြီး စုရပ်ရောက်မှ မီးတုတ်တွေထွန်းပုံရတယ်ဗျ၊ လယ်ကွင်းအစပ်မှာ ဓါးပြအင်အားက သုံးဆယ်လောက်တော့ရှိမယ်ဗျ၊ ပုဆိုးတွေ၊ အဝတ်တွေနဲ့မျက်နှာတွေကို အုပ်ထားပြီးတော့ လက်ထဲမှာလည်း ဓါးတွေ လှံတွေကိုင်ထားကြတယ်၊ မီးတုတ်ကိုင်ထားတဲ့လူတွေကတော့ လက်တစ်ဖက်က ဓါးရှည်ကြီးတွေ ကိုင်ထားကြတာပေါ့ဗျာ။
မီးရောင်တွေထိန်လင်းပြီးတဲ့နောက် ခေါင်းဆောင်ဖြစ်တဲ့သူရဲ့နောက်ကို ဓါးပြတွေလိုက်လာကြတယ်ဗျာ၊ သူတို့က ခပ်မြန်မြန်ပြေးလာကြတာပေါ့။
-တောက်၊ ဒီကောင်က ဘမော်ပဲကွ-
ဦးဘသာက မကျေမနပ်နဲ့တောက်ခေါက်လိုက်တယ်ဗျာ။ ကျုပ်တို့လည်း ဘမော်ဆိုတဲ့အသံကိုကြားလိုက်တာနဲ့ ကြက်သီးတွေဖြန်းခနဲထသွားတယ်။
-ဘ၊ ဘမော်ဆိုတာ ကျုပ်တို့ငယ်ငယ်က ဘမော်လား-
ကျုပ်ပြန်မေးလိုက်တော့ ဦးဘသာကြီးက မရှိတော့ဘူးဗျ၊ ဘယ်ရောက်သွားသလဲဆိုတော့ ရွာတော်ရှင်နန်းအရှေ့ ရွာဝင်လမ်းအလယ်ခေါင်တည့်တည့်မှာ တစ်ယောက်တည်း ဓါးပြတွေကို နောက်ကျောပေးပြီးရပ်နေတယ်။
-ဦးဘသာကြီး၊ ဟိုမှာ လူတွေအများကြီးနော်-
ကျုပ်အော်လိုက်တယ်၊ ဒါပေမယ့် အသံမထွက်ပါဘူးဗျာ၊ ကြောက်နေတာကိုးဗျ၊ ဓါးပြအုပ်ကလည်း ခပ်နည်းနည်းပဲမဟုတ်လား၊ တစ်ယောက်တစ်ချက် ဓါးနဲ့ဝိုင်းခုတ်ရင်တောင် အရိုးတခြားအသားတစ်ခြား ဖြစ်သွားနိုင်တယ်မဟုတ်လားဗျာ။ ဓါးပြဆိုတာက မလုပ်ရဲတာမရှိဘူးဗျ။ မျက်နှာတွေအုပ်ထားတယ်ဆိုတော့ ဘယ်သူဘယ်ဝါမှန်းမသိဘူးလေ။ ပုံမှန်ကြောက်တတ်တဲ့သူတောင်မှ ဓါးပြတွေနဲ့ပေါင်းရင် လူသတ်ဖို့စိတ်တွေကြွလာတယ်ဆိုပဲဗျာ၊ လူဆိုးလူမိုက်တွေဆိုရင်တော့ ပြောမနေပါနဲ့တော့။
ဓါးပြအုပ်က တဖြည်းဖြည်းနီးလာတယ်ဗျ၊ ဦးဘသာနဲ့ ပေ ၂၀၀လောက်အကွာကိုရောက်တော့ ဓါးပြအုပ်က တန့်ခနဲရပ်သွားတယ်။ လန့်သွားကြတဲ့သဘောပေါ့ဗျာ၊ နောက်တော့ ဓါးပြခေါင်းဆောင်ဘမော်က အရှေ့ကိုတက်လာတယ်ဗျ၊
သူ့ပုံစံက အပေါ်က ကျုပ်ပြောခဲ့သလို ပုံစံမဟုတ်ဘူးဗျာ၊ လက်တစ်ဖက်ပြတ်နေတယ်ဆိုပေမယ့် ဝတ်ထားတဲ့အကျီကလည်း အတော်ကောင်းကောင်း၊ အောက်က ဘောင်းဘီရှည်နဲ့ ဘွတ်ဖိနပ်နဲ့၊ လူကလည်း အရပ်မြင့်မြင့် ဒေါင်ကောင်းကောင်းနဲ့ ခပ်ဖြောင့်ဖြောင့်ပြ၊ ဓါးပြဆိုပြီးတော့ မုတ်ဆိတ်မွှေးတွေ၊ ပါးသိုင်းမွှေးတွေလည်း မရှိပါဘူးဗျာ၊ သူကတော့ ပုဝါတစ်ခုကို မျက်နှာမှာအုပ်ထားတယ်ဗျာ၊ ဘိုကေဆိုတာ ဆီတွေရွှဲနေတာပဲဗျို့။
-ဒီကမိတ်ဆွေကြီးက ကျုပ်တို့နဲ့အတူတူလိုက်ခဲ့မလို့လား-
စကားပြောတဲ့အသံကလည်း တော်တော်ကောင်းတယ်ဗျာ၊ အသံမှာလည်း အာဏာသံလိုလိုပါတယ်၊ ကျုပ်တို့သစ်ပင်နောက်က ချုံနဲ့ဆိုရင် သူတို့နဲ့ဘေးချင်းကပ်ရက်အနေအထားလောက်ပဲဗျ၊ မီးတွေထိန်နေပေမယ်လည်း့ ကျုပ်တို့ချုံထဲကို သေချာမမြင်ရလို့ တော်သေးတာပေါ့ဗျာ။
-မင်းတို့နဲ့လိုက်ဖို့မဟုတ်ဘူးကွ၊ ငါက မင်းတို့ကိုတားဖို့ရောက်လာခဲ့တာ-
ဓါးပြခေါင်းဆောင်ဘမော်က ဟက်ဟက်ပက်ပက်ရယ်တယ်ဗျ၊ ဒီတော့မှ အနောက်က ဓါးပြတွေကလည်း ဝိုင်းရယ်တော့တာ၊ ရွာထဲမှာတော့ လှုပ်ရှားသံတွေကြားရတယ်ဗျာ၊ အော်သံသဲ့သဲ့လဲကြားရတယ်ဆိုတော့ ဓါးပြတွေရောက်နေတာကို ရိပ်စားမိကြပုံပဲဗျ။
-ဟေ့လူကြီး၊ ခင်ဗျားရူးနေရင်လည်းဖယ်စမ်းဗျာ၊ ခင်ဗျားတစ်ယောက်တည်းက ကျုပ်တို့ကိုတားနိုင်မယ်လို့ ထင်လို့လား-
-ထင်တယ်ကွာ၊ မင်းတို့ထဲက ဘယ်ကောင်အရှေ့တက်ခဲ့မလဲ-
ဦးဘသာကြိးက ကျောပေးထားတယ်ဗျ၊ ကျုပ်ထင်တာက သူ့မျက်နှာကို အမြင်မခံဝံ့လို့ထင်တယ်၊ သူ့အသံကလည်း ခပ်ဩဩနဲ့ ဝမ်းခေါင်းသံကြီးဖြစ်နေတာဗျ၊ အသံဖျက်ပြောတယ်ထင်ပါတယ်။
ဘမော်က သူ့ဓါးပြသုံးလေးယောက်ကို မျက်ရိပ်ပြလိုက်တော့ ဓါးပြတွေက ဓါးဆွဲပြီးပြေးတက်လာကြတယ်၊ ဒီလူတစ်ယောက်လောက်ကို သေနတ်သုံးပြီးတော့ မဖြေရှင်းဘဲ တိုးတိုးတိတ်တိတ်ဖြေရှင်းမယ့် ပုံပေါ့ဗျာ၊ ဓါးပြလေးယောက်က ဓါးကိုခုတ်ဖို့အသင့်ပြင်ပြီးပြေးလာတုန်း ဦးဘသာကြီးနဲ့ ပေနှစ်ဆယ်လောက်အကွာကိုရောက်တော့ အကုန်လုံးမှောက်လျက်လဲကုန်တယ်ဗျ၊ ဓါးပြတွေလည်း ကြည့်နေကြတာပေါ့ဗျာ၊ သူတို့က မတ်တပ်ရပ်ပြီး ဦးဘသာကြီးဆီကို ပြေးဝင်ပြန်ရော၊ ဒီအခါ သူတို့ရင်ဝကို တစ်ယောက်ယောက်က ဆောင့်တွန်းလိုက်သလိုမျိုး အနောက်ကို လွင့်လွင့်ထွက်သွားတယ်ဗျာ။
ဘမော်က ဦးဘသာကြီးကိုတစ်ချက်ကြည့်လိုက်ပြီးတော့ သူ့ခါးကြားက ခြောက်လုံးပြူးကိုဆွဲထုတ်လိုက်တယ်၊ ခြောက်လုံးပြူးပြောင်းရှည်ကြီးက အမဲဆီတွေဝနေပြီးတော့ ပြောင်လက်နေတာပဲဗျာ၊ ကျုပ်တို့လည်း ယောင်ပြီး နားကိုလက်နှစ်ဖက်နဲ့ပိတ်ထားလိုက်မိတယ်။ ဘမော်က သေနတ်မောင်းကိုဆွဲညှစ်လိုက်တယ်၊ ဒါပေမယ့် သေနတ်က ကျည်မထွက်ပါဘူးဗျာ၊ ချက်ခနဲ အသံတစ်ချက်ပဲ မြည်တယ်၊ ဒါနဲ့ ဘမော်က သုံးလေးချက်ဆက်ပစ်တယ်၊ ဘေးတိုက်ကြည့်နေတဲ့ ကျွန်တော်တို့က ဘမော်ကိုင်ထားတဲ့ ခြောက်လုံးပြူးရဲ့ မောင်းရိုက်တံကလေးက ကျည်အိမ်ကိုသွားသွားရိုက်တာကို မြင်နေရတယ်၊ ခြောက်ချက်စလုံးပစ်လိုက်ပေမယ့် ကျည်ကလုံးဝကိုမထွက်ဘူးဗျာ။
-အဘိုးကြီး ခင်ဗျားဘာလုပ်ထားတာလဲ-
-မင်းလိုသေနတ်အစုတ်နဲ့ ငါ့ကိုပစ်လို့ရမယ်လို့ထင်လို့လားကွ-
ဘမော်က သူ့လူနှစ်ယောက်ကို မျက်ရိပ်ပြလိုက်ပြန်တယ်၊ သူ့လူနှစ်ယောက်က ရိုင်ဖယ်သေနတ်တစ်ယောက်တစ်လက်ကိုင်ထားတယ်၊ မြေပြင်ပေါ်ကိုဒူးထောက်မုဆိုးထိုင် ထိုင်ချလိုက်ပြီးတော့ ဦးဘသာကိုပစ်ပြန်တယ်၊ ကျည်မထွက်ဘူးဗျာ။ ဘမော်ဒေါသထွက်လာပုံရတယ်ဗျ။
-အဘိုးကြီး ကျုပ်တို့ကိုမနှောင့်ယှက်နဲ့၊ ခင်ဗျားဘာလိုချင်လဲ၊ ရွှေလား၊ ငွေလား၊ ကျုပ်တို့တိုက်ပြီးရင် ခင်ဗျားကိုဝေစုပေးမယ်၊ ဟုတ်ပြီလား-
-ငါဘာမှမလိုချင်ဘူး၊ ငါလိုချင်တာကတော့ မင်းတို့တွေ ဒီရွာကနေထွက်သွားပြီး နောက်ဘယ်တော့မှ ပြန်မလာတာကိုလိုချင်တယ်ကွာ-
-ကျုပ်တို့ဒီတစ်ခါပဲ၊ ဒီတစ်ခါပဲတိုက်ပြီးရင်ပြန်မယ်-
-မတိုက်ရဘူးဆိုမှကွာ၊ မင်းတို့ပြန်ကြတော့၊ မပြန်ရင် ငါ့အဆိုးမဆိုနဲ့နော်-
ဦးဘသာကြီးပြောပြီး ခဏပဲကြာလိုက်တယ်၊ ဓါးပြတွေဆိုတာ ဓါးတွေလှံတွေကို ပစ်ချပြီးတော့ လက်တစ်ဖက်နဲ့ ကိုယ့်ကိုယ်လုံးကို ကိုယ်ပြန်ကုတ်ကြတယ်ဗျ၊ လက်တစ်ဖက်က မီးတုတ်တွေကိုင်ထားတာမဟုတ်လား။ နောက်တော့ လက်တစ်ဖက်နဲ့ကုပ်တာ အားမရလို့ မီးတုတ်တွေပါပစ်ချပြီး ကုပ်ကြတယ်၊ ခုန်ဆွခုန်ဆွဖြစ်နေကြတယ်။
-အေး၊ မှတ်ပြီလား၊ မင်းတို့အခုအချိန်ပြန်ရင်မှီသေးတယ်၊ မပြန်တဲ့ကောင်ကတော့ တစ်သက်လုံးကုပ်ပြီး အနူဖြစ်သွားရမယ်မှတ်-
ဦးဘသာကြီးအသံက မာန်ပြင်းလှတယ်ဗျာ၊ အသံကြီးက ဟိန်းနေတာပဲ၊ ဒါနဲ့ ဓါးပြနောက်လိုက်တွေက ကြောက်ပြီး ထွက်ပြေးကြပါရောဗျာ၊ တချို့ဆို ပုဆိုးတွေပါ ကျွတ်ကျခဲ့တယ်၊ ပြေးရင်းနဲ့လည်း ကုပ်နေလိုက်ကြတာဗျာ၊ နောက်ဆုံး ဘမော်ရဲ့တပည့်လက်ရင်းတွေပါ ကုပ်ရင်းထွက်ပြေးကုန်တယ်၊ ဒါပေမယ့် ထူးဆန်းတာက မကုပ်ပဲကျန်နေခဲ့တာ ဘမော်ပဲဗျ၊ ဘမော်က ဦးဘသာကြီးကို အသေအချာကြည့်နေတယ်။
-ငါထင်သားပဲ ဘမော်ရာ၊ မင်းမှာဆေးကောင်းကောင်းရှိတယ်ထင်တယ်ကွ၊ ရွာတော်ရှင်ကိုတောင် မင်းက နှင်ထားနိုင်တယ်မဟုတ်လား-
ဘမော်fက မြေပေါ်ဒူးထောက်ထိုင်ချလိုက်ပြီးတော့ ဦးဘသာကြီးအနားကိုတိုးသွားတယ်ဗျ၊ အရမ်းတော့ အရှေ့တိုးလို့မရဘူး၊ သူ့အရှေ့မှာ မမြင်နိုင်တဲ့ တံတိုင်းကြီးတစ်ခု ခံနေသလိုပေါ့ဗျာ။ နောက်တော့ ဦးဘသာကြီးကို လက်အုပ်ချီတယ်။
-ဆရာကြီးခင်ဗျ၊ ဆရာကြီးကိုကျွန်တော်မှားတာရှိရင် ဝန်ချတောင်းပန်ပါတယ်၊ ဆရာကြီးဆီက သေနတ်ကျည်မထွက်တဲ့ အစီအရင်လိုချင်ပါတယ်၊ ကျွန်တော့်ကိုရောင်းချပါ၊ ကျွန်တော်ထိုက်ထိုက်တန်တန်ကန်တော့ပါ့မယ်ဆရာကြီး-
-မင်းလိုကောင်ကို ငါကပေးမယ်များထင်နေသလားကွာ၊ ဒီအစီအရင်ပေးလိုက်ရင် မင်းအရင်ကထက် လူပိုသတ်မယ်၊ မုဒိန်းပိုကျင့်မယ်၊ ပိုဓါးပြတိုက်မယ်မဟုတ်လား၊ ငါမရောင်းဘူးဟေ့ကောင်၊ မင်းသွားတော့-
ဘမော်က မပြန်သေးဘဲနဲ့ ပေကပ်ကပ်လုပ်နေပြန်တယ်၊ ဒီအခါ ဦးဘသာကြီးက
-ဟေ့၊ ဒီကောင်က သူ့ခြေထောက်သူ မသုံးချင်ဘူးတဲ့ကွာ၊ မင်းတို့ပြန်ပို့ပေးလိုက်ကြစမ်း-
အဲဒီလိုအမိန့်ပေးလိုက်တာနဲ့ ဘမော်ကိုတစ်စုံတစ်ယောက်က ဆွဲသလိုဖြစ်ပြီးတော့ နောက်ပြန်ကြီး တရွတ် တရွတ်နဲ့ပါသွားလိုက်တာဗျာ၊ တော်တော်လှမ်းလှမ်းကိုရောက်တော့မှ ဘမော်ချော်လဲကျသွားတယ်။
-ခင်ဗျားကြီး၊ ခင်ဗျားကြီးကို ကျုပ်ဒီအတိုင်းမထားဘူး၊ ကျုပ်အကိုသိရင် ခင်ဗျားကိုအရှင်ထားမှာမဟုတ်ဘူး-
ဦးဘသာကြီးက ဘာမှမပြောတော့ဘဲ တစ်ဖက်ကိုလှည့်လိုက်တော့တယ်၊ နောက်တော့ ဘမော်ကို တာ့တာပြလိုက်သေးတယ်၊ ဘမော်နဲ့ဦးဘသာနေရာက အတော်လှမ်းတယ်လေ၊ နောက်ပြီးတော့ မီးတုတ်တွေကလည်း မြေပေါ်ကိုကျပြီး သေကုန်ပြီဆိုတော့ မှောင်နေတာပေါ့ဗျာ၊ ဒီအချိန်မှာပဲ ရွာထဲကနေ ညာသံတွေထွက်လာတယ်ဗျ၊ ဦးဘသာကြီးကလည်း ရွာထဲပြန်ပြေးတော့တာပဲဗျာ၊ ကျုပ်တို့ညီအကိုကတော့ ချုံထဲကနေထွက်လိုက်တာပေါ့၊ အဖေနဲ့ရွာသားတွေ တုတ်တွေဓါးတွေကိုင်ပြီးတော့ ထွက်လာကြပါရော၊ ထွက်ပြေးသွားတဲ့ ဓါးပြတွေရဲ့ လက်နက်တွေနဲ့ ဖိနပ်တွေ၊ ပုဆိုးတွေကိုတော့ သိမ်းမိကြတယ်။
-ဘယ်မလဲဒီကောင်တွေ-
ကျုပ်လည်း ဘာပြောရမှန်းမသိဘူးဖြစ်နေတယ်။ ကျုပ်ညီက
-သားတို့ လူပျိုလှည့်ရင်း ဓါးပြအုပ်တွေ့လို့ ချုံထဲဝင်ပုန်းနေလိုက်တာပါ-
ရွာသားတွေက ဓါးပြတွေကို ကြိမ်းမောင်းနေတာပေါ့ဗျာ၊ ကျုပ်ဖြင့်ရယ်ချင်လို့မဆုံးဘူး၊ ခုနက မီးရောင်တွေ တွေ့ကတည်းက ထွက်လာကြပါတော့လား။
(၈)
ကျုပ်ပါးစပ်ကလည်း သိပ်မဖွာပါဘူးဗျာ၊ အဖေ့ကိုတော့ ဦးဘသာကြီး ဓါးပြတွေကို တားလိုက်တဲ့အကြောင်းပြောလိုက်တယ်၊ အဖေက သိပြီးပြီတဲ့၊ ဘယ်သူရှိမလဲဗျာ အငယ်ကောင်ပြောတာပေါ့။
နောက်သုံးရက်လောက်နေတော့ တောင်ညိုရွာကို ရဲတွေဝင်ဖမ်းတော့ ဘမော်ကိုမိသွားတယ်ဗျ၊ တောင်ညိုရွာကလူတွေက အဲဒီလူကို ဘမော်မှန်းတောင်မသိပါဘူးဗျာ၊ ဘမော်က မိန်းမတွေဘာတွေနဲ့ နေတာဗျ။ အိမ်ထဲရှာကြည့်တော့မှ ဖွက်ထားတဲ့ ရွှေထည်တွေကိုတွေ့တာ၊ အဲဒီရွှေတွေက အရင်လက သူတို့အဖွဲ့တိုက်ထားတဲ့ အိမ်တစ်အိမ်က လက်ဝတ်လက်စားတွေပေါ့ဗျာ။
-ဓါးပြတွေ သုံးလေးရက်လောက်တော့ ခံရခက်နေမှာကွ-
နောက်ရက်တော့ ဦးဘသာကြီးက ကျုပ်တို့ကိုပြောတယ်၊ ကျုပ်တို့လည်း အမှတ်တမဲ့ပဲပေါ့ဗျာ၊ ဒါပေမယ့်ဆေးဆရာကြီးကတော့ အလုပ်ရှုပ်တယ်ဗျ၊ ကျုပ်တို့မေးကြည့်တော့ ရွာထဲက လူနာသုံးယောက် ယားနာတွေပေါက်ပြီးတော့ ကုပ်နေကြရသတဲ့ဗျာ၊ ဒီတော့မှ ဒီဓါးပြမှုမှာ အတွင်းလူပါတယ်ဆိုတာ ကျုပ်တို့သိသွားရတာပါပဲဗျာ။
-ရွာကလူခံပါတယ်ဆိုတော့ သေချာပေါက် ဦးဘသာကြီးလုပ်တယ်ဆိုတာ သိမှာပဲ-
-ဒီကောင်တွေက ဓါးပြနောက်လိုက်တွေပါကွာ၊ မျက်နှာကိုအုပ်ထားတဲ့အချိန်ပဲ သတိရှိတာပါကွ၊ ကျန်တဲ့အချိန်ဆိုရင် ငါ့ကို စေ့စေ့တောင်ကြည့်ရဲတဲ့ကောင်တွေမဟုတ်ဘူး-
ဒီလိုနဲ့ ကျုပ်တို့ရွာဓါးပြမှုက ပြီးသွားတယ်ပေါ့ဗျာ၊ ကျုပ်နဲ့ လူနည်းနည်းကလွဲရင်တော့ ဘာတွေဖြစ်သွားတယ်ဆိုတာ သိပ်မသိကြပါဘူး။ နောက်တော့ ဘမော်က တစ်ကျွန်းကျသွားတယ်ပြောတယ်ဗျ၊ သူ့ကို အခုအချိန်အထိ ပြန်မတွေ့ရတော့ပါဘူး။
ဒါပေမယ့် ဘမော်ရဲ့အကိုက တောင်ညိုရွာက အောက်လမ်းဆရာကြီးတဲ့ဗျ၊ အောက်လမ်းဘသော် လို့ခေါ်ကြတယ်။ ဘမော်အတွက် အဆောင်တွေ၊ အင်းတွေ၊ အောက်လမ်းအတိုက်တွေ သူကလုပ်ပေးနေကျဆိုပဲဗျ၊ ဒါကြောင့် ဦးဘသာလုပ်တော့ တခြားဓါးပြတွေ ယားယံနေပေမယ့် သူက ဘာမှမဖြစ်ဘူးမဟုတ်လားဗျာ။
ကဲ၊ ဒီနေ့တော့ တော်လောက်ပြီစာရေးဆရာရေ၊ နောက်ရက်ကျရင်တော့ အဲဒီအောက်လမ်းဘသော်က ဦးဘသာကြီးကို ရန်ငြိုးဖွဲ့တဲ့အကြောင်း ထပ်ပြောပြအုံးမယ်ဗျာ။
ပြီးပါပြီ။
ရေးသားသူ- အဂ္ဂဇော်
#crd