“စုန်းထီးကြီး ဦးဘသာနှင့် ရေတွင်းထဲကရတနာ”(စ/ဆုံး)

“စုန်းထီးကြီး ဦးဘသာနှင့် ရေတွင်းထဲကရတနာ”(စ/ဆုံး)
================================

(၁)

တန်ခူးရေကုန်၊ ကဆုန်ရေခမ်းဆိုတဲ့စကားနဲ့အညီ ကျုပ်တို့အညာဘက်မှာ သင်္ကြန်အခါပြီးလို့ ကဆုန်လရောက်ပြီဆိုရင်ဖြင့်် ရေတွင်းတွေတော်တော်များများခမ်းခြောက်သွားတတ်ကြပါတယ်ဗျာ၊ တစ်ရွာလုံးက ရှိသမျှရေတွင်းတွေအကုန်ရေတွေခမ်းပြီးတော့ နှုန်းဖတ်တွေတင်လာကြတာပေါ့ဗျာ၊ ရေမခမ်းတဲ့တွင်းတောင်မှ ရေလေးကနည်းနည်းလောက်သာရှိတော့တာ၊ ဒါပေမယ့် တစ်ရွာလုံးကရေဘယ်လောက်ခမ်းခမ်း ကျုပ်တို့ရွာလယ် မန်ကျည်းပင်ကြီးတွေအနားက ရေတွင်းကြီးကတော့ ဘယ်တော့မှရေခမ်းသွားတယ်ဆိုတာမရှိဘူးဗျ။

ဒီလိုအချိန်ဆိုရင်ဖြင့် ရေခမ်းသွားတဲ့ရေတွင်းတွေကို ပြန်ဆယ်ကြတဲ့အချိန်ပေါ့ဗျာ၊ ရေတွင်းဆယ်တယ်ဆိုတာ ရေတွင်းအောက်ခြေက နှုန်းတွေကို ခပ်ပြီးထုတ်တာကိုပြောတာပါ၊ အဲဒီလိုခပ်ထုတ်တော့မှ အောက်ရေလိုက်တယ်ဗျ၊ ရေလည်းကြည်တယ်၊ များသောအားဖြင့်ကတော့ နှစ်တိုင်း ရေခမ်းရင်ရေတွင်းဆယ်ကြတာများတယ်၊ ဒီလိုမှ နှုန်းမထူမှာဗျ၊ သုံးလေးနှစ်မဆယ်တဲ့ရေတွင်းတွေဆိုရင် နှုန်းတွေတင်မနည်းဘူးဗျာ၊ မိုးတွင်းရေပြန်ထွက်တော့လည်း ဒီနှုန်းတွေကြောင့် တွင်းရေက နောက်နေသဗျ။

တစ်ရွာလုံးက ဆွေမျိုးတွေလိုဖြစ်နေတော့ ယောက်ျားသားရှိတဲ့လူတွေက ကိုယ့်နီးစပ်ရာ ဆွေမျိုးအိမ်တွေကို ရေတွင်းဆယ်ပေးကြပါတယ်ဗျာ၊ ရေတွင်းက အခုခေတ်လိုမပေါသေးဘူးဆိုတော့ တွင်းတစ်တွင်းရှိရင် အနီးအနားက လေးငါးဆယ်အိမ်လောက် မျှသုံးကြရတယ်မဟုတ်လား။ ဒီတော့ တွင်းဆယ်ဖို့အတွက်ဆိုရင်လည်း တွင်းသုံးတဲ့အိမ်တွေက စုပေါင်းပြီးလုပ်ကြကိုင်ကြတာပေါ့ဗျာ၊ ကိုယ့်အိမ်က ယောက်ျားသားရှိရင်ရေတွင်းဆယ်ခိုင်းတယ်၊ ယောက်ျားသားမရှိတဲ့အိမ်တွေကျပြန်တော့လည်း တွင်းဆယ်တဲ့လူတွေအတွက် ရေနွေးကြမ်းလေး၊ လက်ဖက်လေး ပြင်ဆင်ပြီး ဧည့်ခံပေးကြတာပေါ့ဗျာ၊ ကိုယ့််ရွာသားအချင်းချင်းဆိုတော့ တွင်းဆယ်ရင် ပိုက်ဆံမယူကြတာများပါတယ်၊ တစ်ချို့ကလည်း ရွာအနှံ့လှည့်ပတ်ပြီး အခကြေးငွေနဲ့ တွင်းဆယ်ပေးတာမျိုးရှိကြတယ်ဗျ။

ရေတွင်းဆယ်တာလည်း အပြောလွယ်သလောက် အလုပ်ခက်တဲ့အမျိုးဗျ၊ အရေးအကြီးဆုံးကတော့ တွင်းထဲဆင်းတတ်တဲ့လူလိုတာပါပဲဗျာ၊ ရေတွင်းထဲက လူတိုင်းမဆင်းတက်ဘူးဗျ၊ အညာကရေတွင်းတွေဆိုတာက ဝါးဆယ်ပြန်၊ ဆယ့်ငါးပြန်လောက် နက်တဲ့ရေတွင်းကြီးတွေဆိုတော့ တွင်းနက်လေလေ အောက်ဘက်မှာအသက်ရှုကြပ်လေလေပဲဗျ၊ တော်ရုံယောက်ျားသားက အားကောင်းမောင်းသန်တယ်ဆိုပြီးတော့ တွင်းထဲအရမ်းမဆင်းလိုက်နဲ့ဗျ၊ တွင်းအောက်ရောက်မှ အသက်ရှုကြပ်သွားရင် မသကာ အလောင်းပဲပြန်ဆွဲတင်နိုင်မှာဗျာ။

ဒီတော့ တွင်းထဲဆင်းတဲ့လူကအရေးကြီးတယ်ပေါ့ဗျာ၊ သူက တွင်းထဲကိုဆင်းပြီးရင် သံပုံးနဲ့ရေတွင်းအောက်ခြေက ထုတက်နေတဲ့နှုန်းတွေကို ကလော်ပေးရတယ်ဗျ၊ ရေတွင်းအပေါ်မှာတော့ ယောက်ျားသားတွေစောင့်နေကြတယ်၊ ရေတွင်းဟိုဘက်ဒီဘက်ကို ပျဉ်ပြားကုန်းဘောင်ကြီးထိုးပြီး အဲဒီအပေါ်မှာ တက်စောင့်နေကြရတာပေါ့၊ တွင်းထဲကလူက နှုန်းတွေကို ပုံးထဲထည့်ပြီးပြီဆိုရင်ဖြင့် အပေါ်ကလူတွေက အဲဒီသံပုံးကိုဆွဲတင်ရတာပါပဲဗျာ၊ ဒီအချိန် တွင်းထဲကလူက နောက်တစ်ပုံးဆက်ထည့်ရတာပေါ့၊ နှုန်းပုံးက လေးလိုက်တာလည်းပြောမနေပါနဲ့ဗျာ၊ ရွံ့အနှစ်တွေဆိုတော့ အတော်လေးတာဗျ၊ ယောက်ျားသားနှစ်ယောက်လောက်ဝိုင်းဆွဲရင်တော့ အတော်သက်သာတယ်၊ ဒါတောင်မှ လေးငါးဆယ်ခေါက်လောက်ဆွဲပြီးရင် လက်အံတွေသေပြီး လက်တွေညောင်းလာရောဗျာ၊ ဒီအခါ အလှည့်နဲ့ဆွဲကြရတယ်၊ လက်အံ့သေတာကိုလည်း ထပ်ဆွဲဖို့မကြိုးစားနဲ့ဗျာ၊ နှုန်းတွေပေနေတဲ့ ရေပုံးကြိုးကလည်း ခပ်ချောချောရယ်ဗျ၊ နှုန်းပုံးက ကိုယ့်လက်ထဲကလွတ်ကျသွားရင် တွင်းထဲကလူရဲ့ခေါင်းပေါ်ပြုတ်ကျပြီး တွင်းထဲကလူသေတတ်တယ်ဗျ။

ရေတွင်းထဲဆင်းတဲ့နေရာမှာတော့ အကိုကြီးက ပါရမီပါတယ်ပြောရမယ်ဗျ၊ သူက ရွာမှာရေတွင်းဆယ်တဲ့အချိန်ရောက်ရင် ငွေရွှင်တယ်ဗျ၊ တွင်းထဲဆင်းတာ ခက်ခဲတယ်ဆိုတော့ သူ့ကိုတွင်းဆယ်ခိုင်းတဲ့လူတွေက မုန့်ဖိုးပဲဖိုးပေးကြတယ်ဗျာ။ တစ်ချို့လည်း စားစရာမျိုး၊ ဟင်းချက်စရာမျိုးပေးတတ်သေးတာ။

ပြောရင်းဆိုရင်း အကိုကြီးက သံပုံးနဲ့လွန်ကြိုးရှည်ကြီးကို ယူလာတယ်ဗျ၊ သူ့ပုံစံကြည့်ရတာတော့ တွင်းဆယ်မယ့်ပုံစံပဲဗျာ၊ ကျုပ်လည်းအကိုကြီးကိုကြည့်ရင်း

“အကိုကြီး၊ ဒီနေ့ဘယ်တွင်းဆယ်မှာတုန်းဗျ”

“ရွာလယ်က ကဝေတွင်းကိုဆယ်မှာလေကွာ”

ကျုပ်လည်းအဖေ့ကိုကြည့်လိုက်မိတယ်၊ အဖေက ခေါင်းညိတ်ရင်း

“အေးလေကွာ၊ ရွာသားတွေကို ငါမနေ့ကပြောထားပြီးပြီ၊ ဒီနေ့ရွာလယ်ရေတွင်းကိုဆယ်မှာမို့လို့ ရေခပ်စရာရှိရင် မနေ့ကတည်းက ကြိုခပ်ထားလို့ပြောပြီးသားပါကွ”

“ဆယ်ဆိုတော့လည်း ဆယ်တာပေါ့အဖေရာ”

“ကဲအလတ်ကောင်၊ မင်းက မောင်မြင့်အိမ်သွားကွာ၊ ရွာထဲက ကာလသားတွေစုလာခဲ့၊ တွင်းဆယ်ရင် ဝိုင်းကူဖို့ပေါ့”

ကျုပ်လည်းခေါင်းညိတ်လိုက်တယ်။

“မသန်း၊ မင်းကောက်ညှင်းကရပြီလား”

“ရတော့မယ်ကိုဘမောင်၊ နောက်နာရီဝက်လောက်ဆိုရင်ရပြီ”

အဖေက ခေါင်းညိတ်ရင်း

“အေးအေး၊ ရွာလယ်ရေတွင်းဆယ်တဲ့နေရာမှာ လုပ်အားပေးမယ့်လူတိုင်းကို သူကြီးက ကောက်ညှင်းပေါင်းနဲ့ ဧည့်ခံမယ်လို့ တစ်ရွာလုံးသိအောင် ပတ်ပြောလိုက်စမ်းအလတ်ကောင်ရာ”

အဖေအမိန့်ပေးတာနဲ့ ကျုပ်လည်းအိမ်ထဲကနေထွက်လာခဲ့တာပေါ့ဗျာ၊ ကိုမြင့်တို့အိမ်ကိုရောက်တော့ ကိုမြင့်ကို ကာလသားတွေစုခိုင်းလိုက်တယ်၊ ကိုမြင့်က မနေ့ကတည်းက အဖေပြောထားလို့ လူတောင်စုပြီးနေပါပြီဗျာ။ ဒါနဲ့ကျုပ်တို့ကာလသားတစ်သိုက် ရွာလယ်ကိုထွက်လာခဲ့ကြတယ်ဗျ၊

ရွာလယ်ရေတွင်းက ဗက်ပြဲကြီးဗျ၊ အုတ်တစ်လွှားလောက်ပဲတက်ပြီး ဘောင်ခတ်ထားတာ၊ ဘေးနားမှာသစ်သားတိုင်ထောင်ပြီးတော့ အပေါ်ကတန်းပစ်ပြီး စက်သီးကြီးတစ်ခုလည်း တပ်ထားသေးသဗျာ၊ ကျုပ်တို့လူစုရောက်တော့ အကိုကြီးတို့က လုပ်ငန်းတောင်စနေပါပြီဗျာ၊ အရင်ဆုံး ရေပုံးထဲမှာ ဖယောင်းတိုင်တစ်တိုင်ထွန်းပြီးတော့ ရေတွင်းထဲချကြည့်တယ်ဗျ၊ ရေတွင်းထဲကို ရေပုံးကဆင်းသွားရင်း တစ်ဝက်လောက်နေတော့ ဖယောင်းတိုင်က မီးငြိမ်းသွားပါရော။ ဒီအခါ ငှက်ပျောဖက်တွေကို ရေတွင်းဘောင်နဲ့တိုင်းဖြတ်ပြီး ခါးလယ်နားက ကြိုးချည်ထားတဲ့ ငှက်ပျောဖက်အစကြီးကို ရေတွင်းထဲကိုချလိုက်ပါရောဗျာ၊ ပြီးတဲ့အခါ အဲဒီငှက်ပျောဖက်ကို ကြိုးကနေဆွဲပြီး မြှောက်ချည်၊ ချချည်လုပ်ရတယ်ဗျ၊ ဒီလိုလုပ်တဲ့အခါ ရေတွင်းထဲက မကောင်းတဲ့လေတွေ ထွက်တယ်ပေါ့ဗျာ၊ ခုခေတ်စကားနဲ့ပြောရရင်တော့ ရေတွင်းအောက်ခြေက အောက်စီဂျင်နည်းလို့ အောက်ဆီဂျင်ဝင်အောင်လို့ လုပ်ပေးရတဲ့သဘောပေါ့။

အကြိမ်လေးငါးဆယ်လောက် ယပ်ထုပ်ပြီးပြီဆိုတော့မှ ခုနကလို ဖယောင်းတိုင်ဆက်ချကြည့်တယ်၊ တွင်းအောက်ခြေအထိရောက်လို့ ဖယောင်းတိုင်မီးမငြိမ်းဘူးဆိုရင်တော့ အိုကေပြီပေါ့ဗျာ၊ အကိုကြီးကို ခါးကနေကြိုးချည်ပြီး ရေတွင်းထဲကိုဆင်းခိုင်းရတယ်ဗျ၊ သူနဲ့အတူ ဖက်စိမ်းရွက်တွေ၊ ငှက်ပျောရွက်တွေလည်း ခါးကြားထိုးပြီးထည့်ပေးလိုက်ရသေးတယ်၊ အကိုကြီးက ရေတွင်းဘောင်ကိုခြေထောက်တွေနဲ့အသာခွထိန်းရင်း တဖြည်းဖြည်းဆင်းသွားတယ်၊ တွင်းအောက်ရောက်ပြီဆိုတော့ ရေတွင်းဆယ်မယ့်ပုံးတွေချပေးရတယ်၊ အကိုကြီးက လက်ယပ်ဂေါ်ပြားအသေးလေးနဲ့ နှုန်းတွေကိုခပ်ခပ်ပြီးတော့ ရေပုံးထဲကိုထည့်ရတယ်၊ ဖက်စိမ်းရွက်တွေယူသွားတာကတော့ ရေတွင်းထဲမူးလာရင် အဲဒီသစ်ရွက်စိမ်းတွေကို ချေပြီးတော့ ရှူပေးရတယ်ပေါ့ဗျာ၊ ရလာတဲ့နှုန်းပုံးကို ကာလသားသုံးလေးယောက်က စီတန်းပြီးတော့ ကြိုးနဲ့ဆွဲကြတယ်၊ စက်သီးရှိတော့ သိပ်မပင်ပန်းဘူးဗျာ။ ဒါပေမယ့် ရွာလယ်ရေတွင်းက အတော်ကြီးတာဆိုတော့ တခြားရေတွင်းတွေထက်တော့ နှုန်းပိုထွက်တယ်၊ အချိန်ပိုကြာတယ်ပေါ့ဗျာ။

(၂)

ရေတွင်းနားနေတုန်း ဦးဘသာက ရေပုံးကလေးတစ်ပုံးကိုင်ပြီးတော့ထွက်လာသဗျ၊ ကျုပ်လည်း သူ့ကိုမြင်တာနဲ့

“ဦးဘသာ ဘာလာလုပ်တာလဲဗျ”

“ရေလာခပ်တာလေကွာ”

“ဒါဆိုရင်တော့ နောက်ကျသွားပြီဦးဘသာရေ၊ ဒီနေ့ ဒီရေတွင်းဆယ်မယ်လို့ပြောထားတာ မသိဘူးလား”

ဦးဘသာက ကျုပ်ကိုကြည့်ပြီးခေါင်းခါပြတယ်ဗျ၊

“နောက်နေ့မနက် ရေသစ်တက်မှပဲခပ်တော့ဗျာ၊ တစ်ပုံးတစ်လေလိုရင် ကျုပ်အိမ်ကနေဆွဲထမ်းပေးမယ်”

ဦးဘသာက ခေါင်းခါပြီး

“နေပါစေကွာ၊ မင်းပင်ပန်းနေပါအုံးမယ်ကွ”

ဦးဘသာက အဲဒီလိုပြောပြီး တွင်းဆယ်တာကိုခပ်လှမ်းလှမ်းကနေ ထိုင်ကြည့်နေသဗျ။ ကျုပ်လည်း ဦးဘသာအနားထိုင်ပြီး

“ထူးတာတော့ထူးတယ်နော်ဦးဘသာ၊ တခြားရေတွင်းတွေ ရေဘယ်လောက်ခမ်းဘူးနော်၊ ဒီတွင်းတစ်တွင်း နောက်ပြီးတော့ ရွာဟောင်းဘက်က ရေတွင်းတစ်တွင်းက ဘယ်တော့မှရေမခမ်းဘူး”

“အေးလေ၊ ရှေးလူကြီးတွေက ရေကြောကိုသေချာတွက်ချက်ပြီး တူးဖော်ခဲ့တာကိုးကွ”

“ရေကြော၊ ရေကြောနဲ့ပြောနေတာတော့ကြားဖူးတယ်ဗျ၊ အဲဒီရေကြောကိုဘယ်လိုရှာကြတာလဲဗျာ”

ဦးဘသာက ခေါင်းညိတ်ပြီး

“ရေတွင်းဆိုတာက မြေအောက်မှာရှိတဲ့ ရေအောင်းနေတဲ့နေရာက ရေတွေကိုစုထုတ်တဲ့သဘောပဲကွ၊ အဲဒီရေအောင်းနေတဲ့နေရာကို ရေကြောလို့ခေါ်တာပေါ့ကွာ၊ မြေမျက်နှာသွင်ပြင်ကိုလိုက်ပြီး ရေကြောတွေက တစ်နေရာနဲ့တစ်နေရာ မတူတတ်ဘူးကွ၊ ရေကြောမှာလည်း နှစ်မျိုးရှိသေးသကွ”

ဦးဘသာက တံတွေးတစ်ချက်ထွေးလိုက်ပြီးတော့

“တစ်ဖက်ပိတ်ရေကြောနဲ့၊ နှစ်ဖက်ပိတ်ရောကြောဆိုတာရှိတယ်၊ တစ်ဖက်ပိတ်ရေကြောဆိုတာကတော့ ရေတွင်းတူးတဲ့အခါ အပေါ်ဘက်မှာမြေသားတွေချည်းဘဲကွ၊ အောက်နက်လို့ ကျောက်သားကိုရောက်လာတဲ့အခါ အဲဒီကျောက်သားကို ဖြတ်မစီးဘဲ တင်နေတဲ့ရောကြောပေါ့ကွာ၊ အောက်ဖက်မှာ ကျောက်သားတစ်ဖက်ပဲရှိလို့ ဒီလိုရေကြောမျိုးကို တစ်ဖက်ပိတ်ရောကြောလို့ခေါ်တယ်ကွ၊ နှစ်ဖက်ပိတ်ရောကြောကျတော့ အပေါ်မှာလည်းကျောက်သား အောက်မှာလည်းကျောက်သားပဲဗျ၊ တစ်ခါတစ်ခါရေတွင်းတူးရင် ကျောက်ဖျာကြီးတွေပေါ်လာတတ်တာ ကြားဖူးတယ်မဟုတ်လား၊ အဲဒီကျောက်ဖျာကို နားနဲ့ကပ်ကြည့်လို့ရေသံကြားရင် အဲဒီကျောက်ဖျာကို ခွဲကြရသတဲ့ကွ၊ ကျောက်ဖျာကွဲသွားရင်ထွက်လာတဲ့ရေဟာ သိပ်ကောင်း၊ သိပ်ကြည်သတဲ့ကွာ”

“ဒါဆိုရွာလယ်ရေတွင်းကြီးက တစ်ဖက်ပိတ်ရေကြောလား၊ နှစ်ဖက်ပိတ်ရောကြောလားဗျာ”

“သေချာပေါက် နှစ်ဖက်ပိတ်ရောကြောပေါ့ကွ၊ တစ်ဖက်ပိတ်ရောကြောတူးထားတဲ့တွင်းတွေက နှုန်းအထွက်များတယ်၊ ရေနောက်တယ်ကွ၊ ဒီရေတွင်းက ရေကြည်ပြီး နှုန်းလည်းသိပ်မတက်တာ နှစ်ဖက်ပိတ်ရောကြောမိထားလို့ပေါ့ကွာ၊ တစ်ဖက်ပိတ်ရေကြောက ရာသီဥတုပူတဲ့အခါ ရေတွေခမ်းတက်ပေမယ့် နှစ်ဖက်ပိတ်ရောကြောက ကျောက်နှစ်ထပ်ကြားကထွက်တာမို့လို့ ရေခမ်းတယ်ဆိုတာ မရှိဘူးပေါ့ကွာ”

ကျုပ်ဖြင့်အခုမှနားလည်တော့တယ်ဗျာ၊ ဦးဘသာက

“ရေတွင်းဆိုတာ တို့မြန်မာအယူအရ သိပ်ကိုအရေးပါတယ်မဟုတ်လား၊ ရှေးကဆိုရေတွင်းတူးရတာကလည်း ခက်တယ်ကွ၊ တူးတဲ့တွင်းတိုင်းကလည်း ရေကြည်ရေကောင်းထွက်ဖို့ခက်တာ၊ ရေတွင်းမှာလည်း တွင်းတိမ်၊ တွင်းနက်တို့၊ ရေချို၊ ရေငန်တို့ဆိုတာကလည်းရှိသေးတယ်ကွ၊ အတောင်သုံးလေးဆယ်တူးပြီးတော့မှ ရေငန်တွင်းကြီးဆိုရင်လည်း တူးရတာမောတာပဲအဖတ်တင်တာပေါ့ကွာ၊ ဒါကြောင့် ရှေးလူကြီးတွေက ရေတွင်းမတူးခင် သေသေချာချာလေ့လာပြီးတော့မှ တူးတတ်ကြတာ”

“ဘယ်လိုလေ့လာကြတာလဲဗျာ”

“အရင်ဆုံး ရေတွင်းတူးမယ့်နေရာအနားမှာ သစ်ပင်တွေဘာတွေရှိမရှိကြည့်ရတယ်ကွ၊ သစ်ပင်တွေရှိရင်လည်း တစ်နှစ်ပတ်လုံးမှာ ဒီအပင်တွေက ဘယ်လိုအခြေအနေရှိသလဲဆိုပြီးကြည့်ရတယ်၊ ရေရတဲ့အပင်ကျတော့ တစ်နှစ်ပတ်လုံးစိမ်းလန်းနေတတ်တယ်မဟုတ်လားကွာ”

“အရွက်အမြဲတမ်းထွက်နေတတ်တဲ့ အုန်းနှဲ၊ မယ်ဇလီ၊ မြက်ပင်တွေရှိနေရင် အဲဒီနေရာက ရေရှိလို့ပေါ့ကွ၊ တစ်ခါ အဲဒီအပင်တွေရှိပေမယ့်လည်း အပင်တွေက အရွက်မှာအနာအဆာတွေများပြီး ခပ်ခြောက်ခြောက်ဖြစ်နေတယ်ဆိုရင် အဲဒီအောက်ကရေက ရေငန်ပဲကွ၊ အပင်တွေက စိုပြေနေတော့မှ ရေချိုဖြစ်တယ်ကွ”

“တစ်ခါ ရေတိမ်ရေနက်ကြည့်ပုံကတော့ သစ်ပင်တွေရဲ့အဆစ်တွေက တိုနေရင် ရေတိမ်တယ်၊ ရေနည်းတယ်လို့သတ်မှတ်ကြတယ်၊ သစ်ပင်ရဲ့အဆစ်တွေက ရှည်မြောမြောဆိုရင်တော့ ရေဝေးတယ်၊ ရေများတယ်လို့ သတ်မှတ်ကြပြန်ရောကွာ၊ မြေအောက်မှာ ကျောက်ဆောင်ရှိမရှိကတော့ အနားမှာပေါက်နေတဲ့အပင်ကြီးတွေက ကြီးသင့်သလောက်မကြီးဘဲနဲ့ ပုတိုပြီးကျစ်နေတယ်၊ ပြီးတော့ အမြစ်တွေက မြေအောက်ကိုတန်းတန်းမဆင်းသွားဘဲ မြေပေါ်ကိုဖြာထွက်ပြီး ဖုတက်နေတယ်ဆိုရင် အောက်မှာကျောက်ဖျာရှိတယ်လို့ ယူဆကြတယ်ကွ”

“ဟုတ်တော့ ဟုတ်တာပဲနော်”

“ရှေးလူကြီးတွေ တိုင်းခဲ့တဲ့ နည်းတစ်ခုရှိသေးတယ်ကွ၊ အဲဒီနည်းကတော့ ရေကြောရှိမရှိ၊ အတိမ်အနက်ဘယ်လောက်မှာ တူးရမလဲဆိုတာကိုတစ်ခါတည်းသိအောင်တိုင်းတဲ့နည်းပေါ့ကွာ”

“ဟာ၊ ဒါဆိုရင်ဒီနည်းလမ်းကလေးကို လက်ဆင့်ကမ်းပါအုံးဦးဘသာရာ”

“အေးကွ၊ မြန်မာ့ရိုးရာနည်းနဲ့ ဘယ်နေရာမှာ ရေကြောရှိသလဲ ရေအနက်ဘယ်လောက်တူးရမလဲဆိုတာကို သိတဲ့နည်းတစ်ခုရှိတယ်ကွ၊ အရင်ဆုံး ကွမ်းရွက်သုံးဆယ့်ခြောက်ရွက်လိုတယ်ကွ၊ အဲဒီကွမ်းရွက်တွေကို အညှာမဖြတ်၊ အဖျားမဖြတ်ဘဲ အပေါက်အပြဲပါမပါစစ်ရတယ်၊ အပေါက်အပြဲပါတဲ့ကွမ်းရွက်ကို မသုံးရဘူးကွ၊ ပြီးရင်အဲဒီကွမ်းရွက်တွေကို ရေဆေးပြီးတော့ ရေထဲမှာတစ်မိနစ်လောက်စိမ်ထားလိုက်ကွာ”

“ပြီးတော့ ကိုယ်တူးမယ့်မြေနေရာကို ဝါးခြမ်းပြားတစ်ခုနဲ့ခြစ်ရမယ်ကွ၊ ခြစ်ရင်းခြစ်ရင်းနဲ့အောက်က မြေအစိုဓါတ်ပေါ်လာတဲ့အထိခြစ်ရမယ်၊ တို့အညာဘက်တော့ တစ်ချို့တွေက တွင်းတူးကြတယ်ကွ၊ မြေကြီးစိုနေတဲ့နေရာရောက်ရင်တော့ အဲဒီအပေါ်ကို စောနက ရေစိမ်ထားတဲ့ ကွမ်းရွက်တွေကို အထက်လိုက်မှောက်ခုံလုပ်ပြီးချရတယ်၊ ပြီးတော့ အပေါ်ကနေ သံပုံးတစ်ခုကိုဖြစ်ဖြစ် လေလုံရေလုံတဲ့အရာတစ်ခုခုနဲ့ အုပ်ဆိုင်းထားရတယ်ကွ၊ နောက်တစ်နေ့မနက်မိုးလင်းတာနဲ့ အဲဒီအဖုံးကိုဖယ်ပြီး ကွမ်းရွက်အထပ်လိုက်ကိုယူရတယ်၊ ပြီးတော့ ဘယ်လောက်တူးရမလဲဆိုတာကို ဖတ်ရတာပဲဟေ့”

“ဘယ်လိုဖတ်ရတာလဲ ဦးဘသာရာ”

“ကွမ်းရွက်ကိုတစ်ရွက်ခြင်းလှန်ကြည့်ရတယ်ကွ၊ အဲဒီအခါ ကွမ်းရွက်တွေရဲ့မျက်နှာစာဘက်မှာ ရေလုံးကလေးတွေသီးနေရင် အဲဒီအရွက်က တွင်းတူးရမယ့် မြေအနက်ကိုဖော်ပြတာပဲ၊ ဥပမာ ကွမ်းရွက်ဆယ်ရွက်မြောက်မှာ ရေစိုတာတွေ့ရင် အဲဒီနေရာမှာ ဆယ်တောင်တူးရင်ရေထွက်သကွ၊ ဆယ့်ငါးရွက်မြောက်မှတွေ့ရင်တော့ ဆယ့်ငါးတောင်တူးရတယ်ပေါ့ကွာ”

“ဒါဆိုရင် ကွမ်းရွက်တစ်ရွက်မှ ရေမစိုဘူးဆိုရင်ရောဗျာ”

“ကွမ်းရွက်တစ်ရွက်မှမစိုရင် ရေမရှိလို့ပေါ့ကွ၊ ဒါမှမဟုတ် ရေရှိတဲ့နေရာက သုံးဆယ့်ခြောက်တောင်ထက် နက်နေလို့ပေါ့ကွ၊ ဒါဆိုရင် လွယ်လွယ်တူးနိုင်တဲ့နောက်တစ်နေရာရှာရတယ်”

ကျုပ်လည်းတစ်ခုမှတ်သားရပါတယ်ဗျာ။ ကျုပ်တို့စကားပြောနေတုန်း အကိုကြီးက တွင်းပေါ်ကိုတက်လာပါရောဗျာ၊ တွင်းပေါ်ရောက်တော့မှ လေကိုဝအောင်ရှုနေတယ်ဗျာ။ ဦးဘသာက

“အင်း၊ တွင်းထဲဆင်းရတာကလည်း ခက်တော့ခက်သားကွ၊ ထမင်းအသက် ခုနစ်ရက်၊ ရေအသက်တစ်မနက်၊ လေအသက် မိနစ်ဝက်ဆိုတဲ့အဆိုရှိတယ်မဟုတ်လား၊ အဆုတ်အားကောင်းတဲ့လူမှသာ ဒီလိုတွင်းထဲဆင်းနိုင်တာကွ”

အကိုကြီးက ခဏအမောဖြေပြီးတော့ ကျုပ်ကိုလှမ်းကြည့်ရင်း

“အောင်မာ၊ ငါကတော့ ပင်ပင်ပန်းပန်းလုပ်လိုက်ရတာ၊ မင်းကတော့ ဦးဘသာနဲ့ထိုင်ပြီးတော့ လေဖုတ်နေတယ်ဟုတ်လား၊ တော်တော်ကောင်းတဲ့ကောင်ပဲကွာ”

မကြာခင် အငယ်မတို့က ရေနွေးကြမ်းဗန်းတွေ၊ ပဲလှော်ပန်းကန်တွေလာချတယ်ဗျ၊ ရေဆာတဲ့လူတွေ လာသောက်ကြတာပေါ့ဗျာ၊ ကျုပ်တို့အရှေ့မှာ တစ်ဗန်းချသွားတာဆိုတော့ ကျုပ်တို့လို ရေတွင်းဆယ်တာကို ဝိုင်းမကူဘဲ လေဖုတ်နေကြတဲ့လူကြီးပိုင်းတွေအကုန် ကျုပ်တို့ဆီကိုလာဝိုင်းကုန်ကြတာပေါ့ဗျာ။

(၂)

ဦးဘသာက ပဲလှော်သုံးလေးလုံးယူလိုက်ပြီးတော့ ပါးစပ်ထဲထည့်ပြီး မြုံ့နေသဗျ၊ ကျုပ်လည်း ရေနွေးတစ်ကျိုက်သောက်လိုက်ပြီးတော့

“ဒါနဲ့ ကျုပ်လည်း ဦးဘသာကိုမေးမယ်မေးမယ်နဲ့ မမေးဖြစ်တာကြာပြီဗျ၊ ဒီရေတွင်းကို ဘာဖြစ်လို့ ကဝေတွင်းလို့ ခေါ်ကြတာလဲဗျာ”

ဦးဘသာက ပါးစပ်ထဲကပဲစေ့တွေကို ပါးစောင်ကိုကပ်လိုက်ပြီးတော့

“ဒီရေတွင်းကလည်း ရာဇဝင်ရှိသကွ၊ တို့ငယ်ငယ်တုန်းက ဒီရွာမှမရှိသေးတာပဲ၊ ဖက်လိပ်ရွာကနေလှမ်းကြည့်ရင် ဒီနေရာက ဟောဒီမန်ကျည်းပင်ကြီးတွေနဲ့ အုပ်အုပ်ဆိုင်းဆိုင်းဖြစ်နေတာပေါ့ကွာ၊ တစ်ခါတော့ ဒီသစ်ပင်တွေအောက်မှာ ကဝေကြီးတွှေလာနေကြတယ်တဲ့ကွ၊ တို့ငယ်ငယ်ကဆိုတော့ တော်တော်ကြာပြီပေါ့၊ အဲဒီကဝေကြီးတွေက မန်ကျည်းပင်တွေအောက်မှာ တစ်ဖက်ရပ်တဲကလေးတွေထိုးပြီး နေတယ်ဆိုပဲ”

“သူတို့က ဘာလာလုပ်ကြတာလဲဗျ”

“ထူးဆန်းတဲ့ကျင့်စဉ်တွေ လာကျင့်ကြတာလို့တော့ ပြောတာပဲကွ၊ ညညဆိုရင်လည်း ဒီအပင်ကြီးတွေအောက်ကနေ မီးရောင်တွေဝင်းခနဲလက်ခနဲဖြစ်နေတာ မြင်ကြရသတဲ့ကွ၊ စပ်စုတဲ့ရွာသားတွေက သွားချောင်းကြည့်တဲ့အခါ ကဝေကြီးတွေက ဒီရေတွင်းကြီးကို တူးနေတာတဲ့ကွာ၊ မကြာပါဘူး၊ တစ်ညတော့ ဟောဒီနေရာမှာ ဆင်သံမြင်းသံတွေကြားရတယ်၊ နောက်တော့ ဓါးလှံလက်နက်တွေနဲ့ ထိုးခုတ်နေကြတဲ့အသံကြီးတွေ၊ တစ်ယောက်နဲ့တစ်ယောက်အော်ဟစ်နေတဲ့အသံတွေကြားရတယ်ဆိုပဲကွ၊ စစ်မက်ဖြစ်နေတဲ့အသံမျိုးဆိုပဲ၊ ဘယ်သူမှ အိမ်ထဲကထွက်မကြည့်ဝံ့ကြဘူးကွာ၊ အရဲကိုးတဲ့ ကာလသားတွေကတော့ ရွာပြင်ထွက်ပြီးချောင်းကြည့်ကြတဲ့အခါ ဖုန်လုံးကြီးတွေကိုတွေ့ရတယ်ဆိုပဲ၊ အဲဒီဖုန်လုံးကြီးတွေထဲမှာ ဆင်ကြီးတွေ၊ မြင်းကြီးတွေနဲ့အတူ စစ်သားတွေက တစ်ဖက်နဲ့တစ်ဖက်ထိုးကြခုတ်ကြနဲ့ စစ်ဖြစ်နေတယ်လို့ပြောတာပဲ”

“တော်တော်ထူးဆန်းတာပဲဗျာ”

“နောက်သုံးရက်လောက်ကြာတော့ ကဝေကြီးတွေကိုမတွေ့ရတော့ဘူးကွ၊ သူတို့နေခဲ့တဲ့ မန်ကျည်းပင်ကြီးတွေအလယ်မှာ ဟောဒီရေတွင်းကြီးကိုတွေ့ခဲ့ရတာပဲကွာ၊ ရေကလည်း ကြည်စိမ်းနေတယ်ဆိုပဲ၊ ဒါပေမယ့် ဒီရေတွင်းက ကဝေတွေတူးထားတာမို့လို့ ဘယ်သူမှ မသုံးစွဲရဲကြဘူးကွ၊ ရွာနဲ့လှမ်းတာလည်း ပါတာပေါ့ကွာ၊ အဲဒီလိုနဲ့ ဒီရေတွင်းကို ကဝေတွင်းဆိုပြီး နာမည်တပ်လိုက်ကြတာပဲ၊ နောက်ပိုင်းရွာပြောင်းလိုက်တဲ့အခါကျတော့ ဒီတွင်းကိုပဲ အားကိုးပြီးသုံးနေကြရတယ်ပေါ့ကွာ”

ဦးဘသာကပြောပြီးတော့ ပဲတွေကိုဆက်မြုံ့နေတယ်ဗျ၊ ရွာထဲက အဘကြီးတစ်ယောက်ကလည်း

“ဟုတ်တယ်၊ ဦးဘသာပြောတာမှန်တယ်ကွ၊ တို့ငယ်ငယ်က ဒီရေတွင်းကြီးကိုအခုလိုဆယ်ကြတယ်ကွာ၊ အဲဒီလိုဆယ်ရင်း ရေတွင်းအောက်ခြေမှာလေပိတ်ပြီးသေတာ သုံးယောက်တိတိပဲကွာ၊ တစ်ခါကလည်း ရေတွင်းကြီးကိုဟိုးအောက်အထိဆယ်တော့ နှုံးတွေကြားထဲကနေ လူအရိုးစုကြီးတစ်ခုရသေးတယ်ကွ၊ ဘယ်သူကျသေထားတယ်တော့ မသိပါဘူးကွာ”

ဒီအခါ အကိုကြီးက အနားရောက်လာပြီး

“ကဲအလတ်ကောင်ရေ၊ အဘကြီးတွေနားကပ်ပြီး စကားပြောရင်း အပါးခိုမနေနဲ့၊ နှုံးပုံးဝိုင်းမဆွဲရင်တောင်မှ နှုံးတွေကျုံးဖို့ကောင်းတယ်ကွ”

ကျုပ်လည်း မနေသာတော့တာနဲ့ ထလုပ်ရပါတော့တယ်ဗျာ။ နှုံးဆွဲတဲ့နေရာမှာ လူတွေပြည့်နေတာနဲ့ သူတို့ဆွဲပြီး ပုံထားတဲ့နှုံးတွေကို ဂေါ်ပြားနဲ့ကျုံးရတော့တာပေါ့ဗျာ၊ တောင်းကြီးတစ်လုံးထဲထည့်ပြီး နှုံးတွေကိုသယ်ကာ အပင်ခြေတွေဘာတွေကို သွားလောင်းရတယ်၊ နှုံးမြေတွေက နုနုညက်ညက်ကလေးတွေဗျ၊ မသိရင် သနပ်ခါးမှုန့်လိုလို၊ ပေါင်ဒါမှုန့်လိုလိုပဲဗျ။

ရေတွင်းဆယ်ပြီး ညနေရောက်တော့ ကာလသားတွေစုပြီး အောင်ပွဲခံကြတယ်ဗျ။ အိမ်ကြက်လေးငါးကောင်ကို ကိစ္စတုံးပြီးတော့ ဘူးသီး၊ ကျောက်ဖရုံသီးထည့်ရောပြီးတော့ ကာလသားချက် ချက်တာပေါ့ဗျာ၊ ကာလသားတွေဆိုတော့ အရက်လေးဘာလေးလည်း ပါတာပေါ့ဗျာ၊ ရွာလယ်ရေတွင်းကို ဆယ်ပြီးရင် အခုလိုအောင်ပွဲခံကြတာ ထုံးစံပဲဗျ၊ ထမင်းတွေချက်ပြီးတော့ စကောကြီးတွေထဲ ဖက်ခင်းပြီးတော့ ထမင်းတွေကိုပုံတယ်ဗျာ၊ ကြက်ကာလသားချက်ရပြီဆိုရင်တော့ဖြင့်် ခုနက စကောထဲက ထမင်းပုံကြီးပေါ်မှာ ပူပူလောလောလိုက်ပြီးဆမ်းတာပဲဗျာ၊ စကောတစ်ခုကို လူလေးငါးခြောက်ယောက်ဝိုင်းပြီးတော့ တစ်ယောက်တစ်လက်နှိုက်ပြီး လက်ရေတပြင်တည်းစားရတာလည်း ပျော်စရာတစ်ခုကောင်းတာပါပဲဗျာ၊ အသောက်ကြိုက်တတ်တဲ့လူကတော့ ထမင်းလေးတစ်လုပ်စားလိုက်၊ အသောက်လေးတစ်ငုံမော့လိုက်နဲ့ပေါ့ဗျာ။

အကိုကြီးနဲ့ကျုပ်လည်း ကာလသားဟင်းထဲက ကြက်သားတွေကိုအလုအယက်စားသောက်နေကြတုန်း အကိုကြီးလက်က မီးရောင်ထဲမှာ ဝင်းခနဲ ဝင်းခနဲပဲဗျ၊ ကျုပ်သေသေချာချာစိုက်ကြည့်တော့မှ ရွှေလက်စွပ်ကလေးတစ်ကွင်းဖြစ်နေပါရောဗျာ၊ လက်စွပ်ကလေးက မောင်းကွင်းပုံစံကလေးပါဗျာ၊ ရွှေအသားကတော့ အတော်ထူသဗျ၊ ပြီးတော့ လက်တာလည်း တော်တော်လက်တယ်၊ ကျုပ်လည်း လက်စွပ်ကိုကြည့်လိုက်ပြီးတော့

“ဟာအကိုကြီး၊ အကိုကြီးလက်က လက်စွပ်ကိုဘယ်လိုရတာလဲဗျ”

အကိုကြီးက သူ့လက်ကိုသေသေချာချာကြည့်လိုက်ပြီးတော့

“ဒီလိုပါပဲကွာ၊ ရေတွင်းဆယ်ပေးတာများတော့ ဆုချထားတာပါ”

“အောင်မယ်၊ မရီးကဒါကျတော့ များသွားပြီဗျ၊ သူ့ယောက်ျားကို လှစေချင်လို့ ကြိတ်ပြီးလက်စွပ်လုပ်ပေးရသေးတယ်”

အကိုကြီးက ဘာမှမပြောဘဲ ပြုံးဖြီးဖြီးနဲ့ ထမင်းတစ်လုပ်ကိုပါးစပ်ထဲသွင်းပြီး ဝါးတယ်ဗျ၊ နောက်တော့ ဘေးနားမှာချထားတဲ့ အရက်ပုလင်းကို ကောက်ပြီးတော့ မော့တာပဲဗျာ၊ စားပြီးသောက်ပြီးတော့ ကာလသားတွေ သီချင်းဆိုကြတယ်ဗျာ၊ မူးပြဲပြီး ကတဲ့လူတွေကလည်း ကကြတယ်၊ ကျုပ်တို့ကတော့ မယ်ဒလင်သမားတီးပေးတဲ့သီချင်းအလိုက်ကို အသံပြဲကြီးတွေနဲ့ ဝိုင်းအော်ပြီးတော့ ဆိုကြတာပေါ့ဗျာ၊ မယ်ဒလင်ကိုပေါဆိုတာ ကျုပ်တို့ရွာရဲ့ ချစ်စမ်းမောင်လို့ပဲ ဆိုကြပါတော့ဗျာ၊ သူက သီချင်းတွေတစ်ခုပြီးတစ်ခုတီးတယ်၊ ကျုပ်တို့ကလည်း လိုက်ဆိုတယ်၊ မရတဲ့အပိုဒ်ကျတော့ ဝါးချတယ်၊ ကိုယ်ရတဲ့အပိုဒ်ကျတော့ ဖင်ဖြဲပြီးအော်တော့တာပေါ့ဗျာ၊ တစ်ခါတစ်ခါ တစ်ယောက်ဆိုတာနဲ့ နောက်တစ်ယောက်ဆိုတာ စာသားချင်းမတူလို့ သူဆိုတာအမှန်၊ ငါဆိုတာအမှန်ဆိုပြီး ပြိုင်ငြင်းကြရင်း ထိုးကြကြိတ်ကြနဲ့မို့လို့ ဝင်ဆွဲရတဲ့အခါလည်းရှိသေးတယ်ဗျ။

ညသန်းခေါင်လောက်ရောက်တော့ မူးပြီးကွေးတဲ့လူကလည်း ကွေးကုန်ပြီ၊ အိမ်ပြန်တဲ့လူတွေလည်း ပြန်ကြပြီပေါ့ဗျာ၊ အကိုကြီးနဲ့ကျုပ်လည်း တော်တော်ရေချိန်ကိုက်နေပြီဗျ၊ ဒါနဲ့ညီအကိုနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ထိန်းပြီးတော့ သီချင်းတအေးအေးဆိုရင်း အိမ်ကိုပြန်လာကြတယ်။

“ထွေးညိုကလေးရယ်၊ အကြွေးဆိုတာနောက်မှ . . . နောက်မှ . . .ဟာ မဲကြီး မဲမဲကြီးကွ”

အကိုကြီးက သီချင်းဆိုရင်း ထအော်တယ်ဗျ၊ ကျုပ်လည်း

“ဟာ၊ ဘယ်လိုလုပ်ပြီးတော့ ထွေးညိုသီချင်းမှာ မဲကြီးကပါလာရတာတုန်းဗျာ”

“အလတ်ကောင်၊ မဲမဲကြီးက ဟိုမှာကွ”

အကိုကြီးလက်ညှိုးထိုးပြတဲ့နေရာကိုကြည့်လိုက်တော့ လရောင်အောက်မှာ လူမဲမဲကြီးက မတ်တပ်ရပ်နေသဗျာ။ ဘေးဘီကိုကြည့်လိုက်တော့မှ ရွာလယ်ရေတွင်းကြီးအနားမှာ ကျုပ်တို့ရောက်နေတာဗျ၊ အောင်ပွဲက ရွာထိပ်နားလုပ်တာဆိုတော့ ဒီရေတွင်းအနားက ဖြတ်သွားရတယ်မဟုတ်လားဗျာ၊ ကျုပ်လည်း လူမဲကြီးကိုကြည့်ရင်း

“ဟေ့လူ၊ မူးရင်လည်း အိမ်ပြန်ကွေးတော့ ကျုပ်တို့သွားမယ့်လမ်းကို ပိတ်မရပ်နဲ့၊ ဖယ်ဗျာ၊ ဖယ်”

ကျုပ်လည်း လျှာလေးအာလေးနဲ့ပြောလိုက်တာပေါ့ဗျာ၊ လူမဲကြီးက အကိုကြီးကိုစိုက်ကြည့်ပြီးတော့

“ဟေ့ကောင်၊ ငါ့ပစ္စည်းကိုပြန်ပေးစမ်း”

အကိုကြီးက မျက်မှောင်ကြုတ်ရင်း

“ဟ၊ ဘာပစ္စည်းလဲကွ၊ မင်းဆီက ငါဘာယူထားလို့လဲ အေ့”

“ပေးဆိုပေးနော်၊ မဟုတ်ရင် ငါ့အဆိုးမဆိုနဲ့”

“အောင်မာ ငမဲကများလာပြီးကြိမ်းမောင်းနေသေးတယ်”

အကိုကြီးက ပြောဆိုပြီးတော့ ပုဆိုးကိုအပုံလိုက်ကြီးချွတ်ချလိုက်တယ်ဗျ၊ ကျုပ်လည်း အကိုကြီးကိုကြည့်ပြီးတော့

“အကိုကြီး၊ ဒါကဘာလုပ်တာလဲဗျာ”

“ဘာလုပ်ရမလဲကွ၊ သရဲဆိုတာ သေးကိုကြောက်တယ်မဟုတ်လား၊ ဒီကောင့်ကို ငါသေးနဲ့ပန်းမလို့ကွ”

အကိုကြီးက ပြောပြီးတော့ လူမဲကြီးကိုသေးနဲ့ကော့ပန်းပါရောဗျာ။ လူမဲကလည်း သေးကိုတကယ်ကြောက်တဲ့ပုံပဲဗျာ၊ ခုန်ဆွခုန်ဆွနဲ့ အနောက်ကိုခုန်သွားပြီးတော့ ရေတွင်းကြီးထဲကို ခုန်ဆင်းသွားပါရောဗျာ၊ အကိုကြီးက အောင်နိုင်သူအပြုံးနဲ့ပြုံးရင်း

“ဟား၊ ဟား ငါ့ကိုများဘာမှတ်နေသလဲကွ၊ လာစမ်းသရဲ၊ မင်းနေတဲ့ရေတွင်းထဲကိုပါ သေးပန်းထည့်ပေးမယ်”

ကျုပ်လည်းအကိုကြီးကိုဆွဲရတာပေါ့ဗျာ။

“ရေတွင်းထဲတော့ မလုပ်ပါနဲ့အကိုကြီးရာ၊ သူများတွေက ဒီတွင်းရေသောက်နေကြတာဗျ၊ မလုပ်ကောင်းပါဘူးဗျာ၊ သရဲလည်းပြေးပြီပဲဗျ၊ လာလာ သွားကြရအောင်”

အကိုကြီးကို ကျုပ်မနည်းဆွဲခေါ်လာရတယ်ဗျာ၊ အကိုကြီးက ပုဆိုးစွန်တောင်ဆွဲပြီး ကျုပ်အနောက်ကနေ ပါလာခဲ့ပါရော။ အကိုကြီးနဲ့ကျုပ်နဲ့ အိမ်ကိုဘယ်လိုပြန်ရောက်သွားမှန်းတောင် မသိပါဘူးဗျာ။

အိမ်အောက်က ဆူညံဆူညံအသံကြားတော့မှ ကျုပ်လည်းလန့်နိုးလာသဗျ၊ မျက်လုံးဖွင့်ကြည့်လိုက်တော့ မိုးတောင်တော်တော်လင်းနေပြီ၊ အိမ်အောက်ထပ်မှာလည်း အကိုကြီးနဲ့အဖေနဲ့က ဆူလို့ညံလို့ဗျ။ ကျုပ်အိပ်ရာကနေထလိုက်တော့ ခေါင်းတွေကိုက်လိုက်တာ ပြောမနေပါနဲ့ဗျာ၊ တောအရက်၊ ချက်အရက်ဆိုတာက သိတဲ့အတိုင်းပဲမဟုတ်လား၊ များများသောက်ပြီးရင် နောက်တစ်နေ့ခေါင်းမထူနိုင်လောက်အောင် ကိုက်ချက်ပဲဗျာ၊ ကျုပ်ခေါင်းကိုလက်နှစ်ဖက်နဲ့ထိန်းပြီးတော့ လှေကားကနေအသာဆင်းလာတယ်ဆိုရင်ပဲ အဖေနဲ့အကိုကြီးရဲ့ ရန်ပွဲကိုမြင်လိုက်ရပါပြီ။

“ဟေ့ကောင်၊ မင်းငါ့ကိုဘယ်လိုဆက်ဆံနေတာလဲကွ”

အဖေကအော်တယ်ဗျ၊ အကိုကြီးက အဖေ့ကိုကြည့်ရင်း

“အောင်မာ၊ မင်းကိုငါဘယ်လိုဆက်ဆံဆက်ဆံပေါ့ကွာ၊၊ အခုငါအပြင်သွားမယ်”

အကိုကြီးလက်ထဲမှာလည်း ကလေးချီလို့ဗျ၊ အဲဒီတုန်းက အကိုကြီးသမီးက လေးဆယ့်ငါးရက်လောက်ပဲရှိသေးတာ၊ မရီးနဲ့အမေကလည်း အကိုကြီးကိုဝိုင်းတာတယ်။

“အကြီးကောင်ရယ်၊ ကလေးခေါ်ပြီးဘယ်သွားမလို့လဲ၊ သွားစရာရှိရင် နင်ပဲသွားစမ်းပါ၊ ငါ့မြေးထားခဲ့စမ်းပါ”

အကိုကြီးက အမေ့ကိုလှမ်းကြည့်ပြီးတော့

“တယ်၊ ဒီမိန်းမကြီးက စကားကိုများတယ်၊ ခင်ဗျားပါးစပ်ပိတ်၊ အခုချက်ချင်းပိတ်”

အကိုကြီးက အမေ့ကိုလက်ညှိုးထိုးပြီးပြောလိုက်တော့ အမေကတော်တော်အံ့သြသွားတယ်ဗျ၊ နောက်တော့ ထုံးစံအတိုင်းအမေက အကိုကြီးကို ဆဲဖို့ပြင်တယ်၊ ဒါပေမယ့် ထူးဆန်းတယ်ဗျာ၊ အမေက ပါးစပ်ဟမရတော့ဘူးဗျ၊ နှုတ်ခမ်းနှစ်ခုက ကော်နဲ့ကပ်ထားသလို စေ့နေပါရော၊ အမေလည်းတော်တော်ထူးဆန်းသွားပုံပဲဗျ၊ သူ့ပါးစပ်သူ လက်ညှိုးထိုးပြပြီးတော့ တအုအုနဲ့အသံပေးနေတယ်။

အဖေက မတ်တပ်ထရပ်လိုက်ပြီးတော့

“ဟေ့ကောင်၊ မင်းကိုယ့်အမေကိုယ်ဘာလုပ်လိုက်တာလဲကွ”

အကိုကြီးက အဖေ့ကိုလက်ညှိုးထိုးပြီးတော့

“ခင်ဗျားကြီးလည်း ကျုပ်အရှေ့ကနေဖယ်နေဗျာ”

အကိုကြီးပြောလိုက်တော့ အဖေကအနောက်ကိုသူ့အလိုလိုရွေ့သွားတယ်ဗျ၊ အဖေက လှုပ်ရှားဖို့လုပ်ပေမယ့် လှုပ်မရတော့ဘူးဗျ၊ ကျောက်ရုပ်ကြီးလို တောင့်တောင့်ကြီးရပ်နေပါရော။ အကိုကြီးက အရှေ့ကိုဆက်လျှောက်သွားရင်း

“ငါ့ဖာသာ သွားချင်တဲ့နေရာသွားမယ်၊ လာချင်တဲ့နေရာလာမယ်၊ ငါ့ကိုဘယ်ကောင်မှ မတားကြနဲ့ကွ”

အကိုကြီးကိုကြည့်ရင်း အငယ်ကောင်ရောကျုပ်ရောလန့်သွားတယ်ဗျ၊ အကိုကြီးကတော့ ကလေးပိုက်ပြီးရွာထဲကိုထွက်သွားလေရဲ့ဗျာ၊ မရီးကတော့ ခွေကျသွားတာပါပဲ၊ အငယ်မတွေက မရီးကိုဆွဲထားကြတယ်၊ ကျုပ်လည်း အကိုကြီးကိုဖြောင်းဖျဖို့ အနောက်ကနေလိုက်ခဲ့တာပေါ့ဗျာ။

(၃)

အကိုကြီးက ရွာလယ်လမ်းအတိုင်းလျှောက်သွားရင်း တွေ့တဲ့သူတွေကို လက်ညှိုးတထိုးထိုးနဲ့ ဒုက္ခပေးသွားသေးသဗျာ၊ ဟင်းရွက်တောင်းကြီးရွက်လာတဲ့ ဈေးသည်ကိုလက်ညှိုးနဲ့ထိုးထည့်လိုက်တော့ ဈေးသည်လက်ထဲက ဟင်းရွက်တောင်းကြီးက မိုးပေါ်ကိုပျံတက်ပြီးတော့ ဟင်းရွက်တွေလည်း အကုန်လုံးမွစာကျဲကုန်တော့တာပေါ့ဗျာ၊ တစ်ခါ နွားဆွဲလာတဲ့ လူတစ်ယောက်ကိုလက်ညှိုးထိုးလိုက်ပြန်တော့ နွားကြီးက နှာတွေမှုတ်ပြီး အဲဒီလူကိုလိုက်ဝှေ့ပြန်ရောဗျာ၊ ရွာလယ်လမ်းပေါ်မှာ ထုပ်ဆီးတိုးတမ်း၊ ဖန်ခုန်တမ်းကစားနေကြတဲ့ ကလေးတွေကိုတွေ့ပြန်တော့ တဟားဟားနဲ့ရယ်မောပြီးတော့ လမ်းဘေးနားက သစ်ပင်ကြီးကိုလက်ညှိုးထိုးလိုက်တာ သစ်ပင်ပေါ်ကနေ မြွေစိမ်းတွေပြုတ်ကျလာလို့ ကလေးတွေလန့်ပြီးပြေးကြတာ ထမီကျွတ်တဲ့လူကကျွတ်၊ ဖိနပ်ကျန်ခဲ့တဲ့လူက ကျန်ခဲ့နဲ့ပေါ့ဗျာ။ ရွာထဲကလူတွေအကုန်လုံး ထွက်ပြေးကြရင်း နောက်ဆုံး ရွာလယ်ရေတွင်းကြီးအနားကိုရောက်လာခဲ့တာပေါ့ဗျာ။

အကိုကြီးက ရေတွင်းဘောင်မှာရပ်လိုက်ပြီးတော့ လက်ထဲက ကိုင်ထားတဲ့ကလေးကိုကြည့်ရင်း

“ဟား၊ ဟား စားရတော့မယ်၊ ဗိုက်ဝတော့မယ်ဟေ့”

အကိုကြီးသမီးက သူ့အဖေမျက်နှာကိုကြည့်ရင်း ငိုပါရောဗျာ၊ ဒီအခါ အကိုကြီးက

“မငိုပါနဲ့ကလေးရ၊ မင်းနဲ့ငါ ဒီရေတွင်းအောက်မှာ တစ်သက်လုံးအတူတူနေကြမယ်လေကွာ”

အဲဒီလိုပြောပြီးတော့ ရေတွင်းထဲကိုခုန်ချဖို့ တွင်းဘောင်ပေါ်ကိုလှမ်းအတက်မှာ ကျုပ်လည်း အကိုကြီးလက်ကို အနောက်ကပြေးဆွဲလိုက်ပါရောဗျာ။

“အကိုကြီး၊ ဘာလုပ်မလို့လဲ”

အကိုကြီးက ကျုပ်ကိုစိမ်းစိမ်းကြီးပြန်လှည့်ကြည့်တယ်ဗျ၊ အကိုကြီးမျက်လုံးတွေက နီရဲနေတာပါပဲဗျာ၊ သူကျုပ်ကိုကြည့်လိုက်တဲ့အချိန်မှာပဲ ကျုပ်လည်းအနောက်ကိုလွင့်ထွက်သွားတော့တယ်ဗျ၊ မြေပေါ်ကို ကျွမ်းနှစ်ပတ်လောက်ပစ်ပြီးပြုတ်ကျသွားတယ်၊ ဒီအခါ ရေသံပုံးကလေးကိုင်ပြီးလာတဲ့ ဦးဘသာက ကျုပ်အနားမှာလာရပ်ပါရောဗျာ။ အကိုကြီးကိုတစ်ချက်ကြည့်ပြီးတော့

“ဟေ့ကောင်၊ အကြီးကောင်ရပ်လိုက်စမ်း”

အကိုကြီးက ဦးဘသာကိုလက်ညှိုးထိုးရင်း

“ငါ့ကိုလာမတားနဲ့ ငါ့နာမည်အောင်မောင်းတဲ့၊ အောင်မောင်းအကြောင်း ကောင်းကောင်းသိသွားစေရမယ်”

ကျုပ်က အလူးအလဲထလိုက်ရင်း

“အကိုကြီး၊ အကိုကြီးနာမည်က အောင်မောင်းမှမဟုတ်တာဗျာ”

ဦးဘသာက ကျုပ်ကိုတားရင်း

“ဟေ့ အနားကိုမကပ်နဲ့ကွ၊ ဒီလူက မင်းအကိုကြီးမဟုတ်တော့ဘူးကွ”

အကိုကြီးက တဟားဟားရယ်မောရင်း

“ဟုတ်တယ်၊ ငါ့နာမည်အောင်မောင်း၊ မြိုင်သာက ကဝေအောင်မောင်းဆိုတာ ငါပဲ”

ဦးဘသာမျက်လုံးပြူးသွားတယ်ဗျ။

“ခင်ဗျား၊ ခင်ဗျား . . .ဘယ်လိုလုပ်ပြီးတော့ သူ့ဆီရောက်နေတာလဲ”

“ဒီရေတွင်းအောက်မှာ ငါနေတာကြာပြီ၊ ငါ့သူငယ်ချင်းတွေနဲ့ ငါနဲ့ ကျင့်စဉ်တစ်ခုကျင့်ကြရင်း တွင်းကြီးတစ်တွင်းတူးခဲ့ကြတယ်၊ ဒါပေမယ့် ကျင့်စဉ်အောင်မြင်ခါနီးကျတော့ ဒီကောင်တွေက ငါ့ကိုသစ္စာဖောက်ပြီး ဟောဒီကျင်းကြီးထဲ ထည့်မြှုပ်ခဲ့ကြတာပဲဟေ့”

ဒီတော့မှ ရုပ်လုံးပေါ်လာတယ်ဗျာ။

“ဒါဆိုရင် ဟိုးအရင်က တွင်းဆယ်တုန်းက ထွက်လာတဲ့အရိုးစုဆိုတာ ခင်ဗျားပေါ့”

အကိုကြီးက ခေါင်းညိတ်တယ်။ ဦးဘသာက ဆက်ပြီး

“ဒါနဲ့မေးပါအုံးမယ်၊ မင်းက သူ့ကိုယ်ထဲကို ဘာကြောင့်ရောက်နေတာလဲ၊ ဘယ်လိုဖြစ်ပြီးရောက်နေခဲ့တာလဲ”

“ငါအရိုးစုကို လူတွေသယ်ထုတ်သွားပေမယ့် ငါဝတ်ခဲ့တဲ့ မိုးကြိုးလက်စွပ်က တွင်းထဲကျကျန်နေခဲ့သကွ၊ မနေ့က ဒီကောင်ရေတွင်းဆယ်ရင်း နှုံးတွေအောက်မှာနစ်နေတဲ့ ငါ့လက်စွပ်ကိုတွေ့သွားခဲ့တယ်၊ ငါဒီကောင့်ကိုမယူဖို့ အတန်တန်တားသေးတယ်၊ ဒါပေမယ့် ဒီကောင်က မရပါဘူး၊ ငါ့လက်စွပ်ကို ပိုင်စိုးပိုင်နင်းနဲ့ယူသွားတာ ဒီကောင်ပဲ”

ကျုပ်အားလုံးကိုသဘောပေါက်သွားပြီဗျ၊ လက်စသတ်တော့ အကိုကြီးလက်စွပ်က မရီးလုပ်ပေးတာမှ မဟုတ်ဘဲဗျာ၊ ရေတွင်းဆယ်ရင်း ရတာပဲဗျ၊ ကျုပ်သေချာပြန်စဉ်းစားကြည့်တော့ အကိုကြီးကလည်း ဒီလက်စွပ်ကို ရေတွင်းဆယ်ပေးလို့ရလာတာလို့ပြောတယ်မဟုတ်လားဗျာ။ ကျုပ်လည်း အကိုကြီးကိုလက်ညှိုးထိုးလိုက်ပြီး

“ဒါဆိုရင် ညက တွေ့ခဲ့တဲ့ လူမဲကြီးက ခင်ဗျား . . . ခင်ဗျားပေါ့”

အကိုကြီးက ခေါင်းညိတ်ပြီး

“ညက ငါကိုယ်ထင်ပြပြီးတောင်းတာပဲကွ၊ မင်းတို့ကောင်တွေက ငါ့ကိုသေးနဲ့ပန်းလွှတ်လိုက်ကြတယ်မဟုတ်လား၊ ဒီအတွက် ဒီကောင့်ကိုငါမကျေနပ်ဘူး၊ အခုလည်း ဒီကောင်နဲ့ ဒီကောင့်ရဲ့သမီးကို ငါနေတဲ့တွင်းနက်ထဲကို အတူတူခေါ်သွားမလို့ဟေ့”

“မရဘူးအောင်မင်း၊ မင်းမလုပ်ရဘူး၊ မင်းဖာသာတွင်းထဲပြန်ဆင်းချင်ရင် အေးဆေးဆင်း၊ ကလေးနဲ့ အကြီးကောင်ကိုချန်ထားခဲ့”

“ဒီလိုဖြစ်မှတော့ ရတော့မလားကွ၊ ခလေးရော ဒီကောင့်ကိုပါ ငါနဲ့အတူတူခေါ်သွားမယ်”

ဦးဘသာက ဦးအောင်မောင်းကိုလက်ညှိုးညွန်လိုက်ပြီးတော့

“ထွက်ဆိုထွက်စမ်းကွာ၊ မဟုတ်ရင် ငါ့အဆိုးမဆိုနဲ့နော်”

“အောင်မာ၊ မင်းကဘာကောင်မို့ ငါ့ကိုစိန်ခေါ်တာလဲကွ၊ ကောင်းပြီလေ မင်းနဲ့ငါ တစ်ပွဲတစ်လမ်းတွေ့ကြသေးတာပေါ့”

ရေတွင်းဘေးနားမှာကျနေတဲ့ရေပုံးကို အကိုကြီးကလက်ညှိုးထိုးလိုက်တော့ ရေပုံးကြီးကဝုန်းခနဲထပျံပြီး ဦးဘသာဆီကိုပြေးဝင်သွားပါရောဗျာ၊ ဦးဘသာက ရေပုံးကိုစိုက်ကြည့်လိုက်တော့ ရေပုံးက မြေပေါ်ကိုပြုတ်ကျသွားပါရော၊ ဦးဘသာက သူ့လက်ထဲကိုင်ထားတဲ့ သံရေပုံးကလေးကို ကျုပ်ကိုလှမ်းပေးတယ်။

“ရေပုံးကလေး ခဏကိုင်ထားစမ်းကွာ၊ ငါဒီကောင့်ကို ပညာနည်းနည်းပြလိုက်စမ်းမယ်”

တစ်ခါ ဦးအောင်မောင်းက ရေပုံးဆွဲတဲ့ကြိုးကို လက်ညှိုးထိုးလိုက်ပြန်တော့ ကြိုးတွေက အသက်ဝင်လာပြီး ဦးဘသာဆီကို ပြေးလာကြတယ်ဗျာ၊ မြွေတစ်ကောင်ပြေးသလို မြေကြီးပေါ်မှာတွန့်လိမ်ပြီး ပြေးလာတာဗျ၊ ဦးဘသာခြေထောက်ကို ကြိုးတွေက သူ့အလိုလိုရစ်ပတ်ကုန်ကြတယ်၊ ဦးဘသာက အံကြိတ်ပြီးတော့ ခြေဖနောင့်ဆောင့်ထဲ့လိုက်တဲ့အခါမှာတော့ ခြေထောက်ကိုပတ်နေတဲ့ကြိုးတွေအကုန် အပိုင်းပိုင်းဖြစ်ပြီးတော့ ပြတ်ကျကုန်သဗျာ၊ ဦးအောင်မောင်းကလည်း မခေဘူးနော်ဗျ၊ အနားကမန်ကျည်းပင်ကြီးကို လက်နဲ့ပုတ်ပြီးတော့ “ဟိတ်၊ ထစမ်း” လို့အော်လိုက်တယ်ဆိုရင်ပဲ မန်ကျည်းကိုင်းကြီးက မြွေကြီးတစ်ကောင်လိုဖြစ်သွားပြီးတော့ သူ့အလိုလိုလှုပ်ရှားလာသဗျ၊ အဲဒီမန်ကျည်းကိုင်းကြီးက ဦးဘသာကြီးကို အရှိန်နဲ့လွှဲပြီး ရိုက်ပါလေရောဗျာ။ ဒီသစ်ကိုင်းကြီးနဲ့သာ အရိုက်ခံရရင် လွယ်မှာမဟုတ်ဘူးဗျို့၊ တစ်ကိုယ်လုံးက အရိုးတွေ စိစိညက်ညက်ကို ကြေသွားနိုင်တယ်ဗျာ။

မန်ကျည်းကိုင်းကြီးက အရှိန်နဲ့ဝှီးခနဲလာတာကို ဦးဘသာကြီးက လက်ဝါးနဲ့ပဲ အသာကာလိုက်တယ်ဗျ၊ ဦးဘသာလက်နဲ့ထိတဲ့အအခါ အရှိန်နဲ့လာတဲ့ မန်ကျည်းကိုင်းက တိခနဲရပ်သွားပါရောဗျာ။ ဦးဘသာက မျက်နှာကိုတစ်ချက်ရှုံ့မဲ့လိုက်ပြီးတော့ အဲဒီမန်ကျည်းကိုင်းကို လက်နဲ့ပြန်တွန်းထည့်လိုက်တော့ မန်ကျည်းကိုင်းက တစ်ဖက်ကိုလည်ထွက်သွားပြီး ဦးအောင်မောင်းဆီကိုပြေးဝင်သွားပါရော၊ ဦးအောင်မောင်းက ကမန်းကတမ်းနဲ့ လက်ညှိုးနဲ့ထိုးလိုက်တော့မှ ဖြုန်းခနဲအသံကြီးမြည်ပြီး မန်ကျည်းကိုင်းက သစ်ပင်ကြီးကနေပြုတ်ထွက်ပြီး ကျလာပါရောဗျာ၊ မန်ကျည်းရွက်တွေရော မန်ကျည်းသီးတွေပါ တဖြုတ်ဖြုတ်နဲ့ကြွေလို့ပေါ့ဗျာ။

ဦးအောင်မင်းက သိပ်မဟနု်မှန်းသိတာနဲ့ နောက်ဆုံးတော့ ယားခနဲတစ်ချက်အော်ပြီး ရေတွင်းကြီးထဲကို ခုန်ချပါရောဗျာ၊ ကျုပ်ဖြင့် ရင်တွေကိုတုန်သွားတာပဲဗျာ၊ ဦးဘသာကလည်းလျှင်တန်ဗျ၊ ရပ်စမ်းလို့တစ်ချက်အော်ပြီး လက်ညှိုးနဲ့ဖမ်းထိုးထားတော့ ဦးအောင်မောင်းက ရေတွင်းထဲကိုမကျဘဲ လေပေါ်မှာတွဲလောင်းကြီးဖြစ်နေတယ်ဗျ။

ဦးဘသာက အံ့ကြီးကြိတ်ပြီးတော့ အားကုန်ထုတ်သုံးနေတယ်ဗျာ၊ ဒီအချိန် အကိုကြီးဘယ်ဘက်လက်မှာဝတ်ထားတဲ့ လက်စွပ်ကလေးက သူ့လက်ချောင်းကနေ တဖြည်းဖြည်းနဲ့လျှောဆင်းလာပြီးတော့ နောက်ဆုံးတော့ ရေတွင်းထဲကိုပြုတ်ကျသွားတယ်ဗျ၊ ဦးဘသာက လက်ကိုသိမ်းလိုက်တော့ အကိုကြီးရော သူ့သမီးရော လေပေါ်ကနေပြုတ်ကျပါရောဗျာ၊ ကျုပ်လည်း လက်ထဲကရေပုံးကြီးပစ်ချပြီးတော့ ကျုပ်တူမကို အမိဖမ်းရတယ်ဗျ၊ အကိုကြီးက အကျမတော်တော့ ပက်လက်လန်ပြီး ဖင်ညှောင့်ရိုးနဲ့ကျပါလေရောဗျာ။

“အောင်မယ်လေး၊ နာလိုက်တာဗျ”

အကိုကြီးက အော်ပြီးတော့ မြေမှာလူးလိမ့်နေတယ်ဗျ၊ ကျုပ်တူမက ကျုပ်လက်ထဲမှာငိုလို့ပေါ့ဗျာ၊ ဦးဘသာကတော့ သူ့ရေပုံးကို ကောက်လိုက်ပါတယ်။

“သွားပါပြီကွာ၊ ငါ့သံပုံးလေး ပိန်သွားပြီအလတ်ကောင်ရ”

“ဟာဗျာ၊ ကလေးက ပိုအရေးကြီးတယ်မဟုတ်လား”

ရေတွင်းအနားမှာလည်း မွစာကျဲလို့ဗျ၊ ဦးဘသာက ရေငင်တဲ့ရေပုံးကိုကောက်လိုက်တော့ ရေပုံးကြိုးက အပိုင်းပိုင်းဖြစ်နေပါရောဗျာ။

“ဦးဘသာ၊ ကြိုးကတော့ အပိုင်းပိုင်းဖြစ်သွားပြီဗျာ”

“ရပါတယ်ကွ၊ ဒီလောက်က ဘာခက်တာမှတ်လို့”

ဦးဘသာက အပိုင်းပိုင်းဖြစ်နေတဲ့ကြိုးတွေကို သူ့လက်ထဲစုကိုင်လိုက်ပြီးတော့ ကြိုးစတစ်ခုကိုဆွဲထုတ်သဗျ၊ ကြိုးစကထွက်လာတော့ အရှည်ကြီးပဲဗျာ၊ ဦးဘသာဆွဲထုတ်ရင်းထုတ်ရင်း နောက်ဆုံးတော့ ကြိုးတစ်ချောင်းလုံးက ဆက်ရာမရှိဘဲ အကောင်းပကတိအတိုင်းပြန်ဖြစ်သွားပါရော။

“ဦးဘသာ၊ ပြီးရင်အိမ်လိုက်ခဲ့တော့ အိမ်မှာအဖေနဲ့အမေရှိသေးသဗျ”

ဦးဘသာက အိမ်ကိုလိုက်ခဲ့တယ်၊ အကိုကြီးကလည်း သူ့ဖင်ကိုလက်နဲ့ပွတ်ရင်း လိုက်လာခဲ့တာပေါ့၊ အိမ်ရောက်တော့ အဖေကတောင့်တောင့်ကြီးရှိသေးတယ်၊ ဦးဘသာက အဖေ့နဖူးကိုလက်နဲ့သုံးလေးချက်ပုတ်လိုက်တော့မှ အဖေက ထိုင်ကျသွားတယ်ဗျ၊ နောက်တော့ အမေရှိသေးတယ်ဗျာ၊ ပါးစပ်ဖွင့်မရဘဲ တအုအုနဲ့အော်နေသဗျ၊ ဦးဘသာက အမေ့အနားကိုသွားတော့ အဖေကလှမ်းအော်တယ်။

“ဦးဘသာ၊ မသန်းကိုတော့ ဒီအတိုင်းပဲထားလိုက်တာကောင်းမယ်ဗျ၊ နို့မို့ဆို နားပူလို့ဗျာ”

ဦးဘသာကလည်း ပြုံးရင်းအမေ့ကိုကြည့်ပြီး

“မသန်းရေ၊ နင့်ယောက်ျားက နင့်ကိုနားညည်းလို့တဲ့ဟ၊ ဒါဆို ငါပြန်မဖြေဘဲနေလိုက်ရမလား”

အမေက ကြောက်ကြောက်လန့်လန့်နဲ့ ခေါင်းခါပြရှာတယ်ဗျာ၊ ဦးဘသာက အမေ့ကိုခါးထောက်ကြည့်ရင်း

“အစကတော့ မဖြေပေးဘဲနေမလို့ဟေ့၊ ပါးစပ်ပိတ်ထားတော့ ဘယ်အပေါက်ကသွားပြီး စားသောက်တော့မလဲဟ”

အဖေက ရယ်ပါရောဗျာ၊ ဦးဘသာကလည်း ရယ်ရင်း အမေ့နဖူးကိုလက်နဲ့ပုတ်လိုက်တော့မှ အမေ့ပါးစပ်က ပြန်ဖွင့်လို့ရသွားတော့တယ်ဗျာ၊ အမေက ပါးစပ်ဖွင့်လို့ရသွားတာနဲ့ အဖေ့ကိုဒေါနဲ့မောနဲ့ကြည့်ရင်း

“ကိုဘမောင်၊ ရှင်ပြောတော့ ကျုပ်အသံလေးကချိုတယ်ဆို၊ ကျုပ်စကားလေးက နားထောင်လို့ကောင်းတယ်ဆို”

“အဲဒါက မင်းနဲ့ငါနဲ့မယူခင်တုန်းက ပြောခဲ့တာပါကွာ၊ အခုယူပြီးသွားတော့ . . .”

“အောင်မာ၊ ယူပြီးသွားတော့ ဘာဖြစ်သလဲ၊ ရှင်ဘာဖြစ်ချင်လဲဆိုတာသာ ပြောလိုက်စမ်းပါ”

“မဟုတ်ပါဘူးကွာ၊ ယူပြီးသွားတော့ အသံက ပိုချိုပြီး ပိုနားထောင်ကောင်းလာတယ်လို့ ပြောမလို့ပါ”

အဖေက တမင်ညာပြောပေမယ့် အမေကတော့ မျက်နှာကြီးဖြီးသွားတယ်ဗျ၊ ဒါပေါ့ဗျာ၊ စာဆိုတောင်ရှိသေးတယ်မဟုတ်လား၊ မိန်းမတွေဆိုတာ ယောက်ျားတွေအညာခံဖို့ဖြစ်လာတာတဲ့ဗျာ၊ အခုတော့အမေက မျက်နှာကြီးပြုံးပြီးတော့

“ဟောတော်၊ အချိန်တွေတောင်လင့်ကုန်ပါရောလား၊ ဒီနေ့ ရှင်ကြိုက်တဲ့ အမဲခြောက်လေး ဖုတ်မလို့တော်ရေ”

ပြောပြောဆိုဆိုနဲ့ မီးဖိုထဲဝင်သွားပါရောဗျာ၊ ကျုပ်လှမ်းကြည့်လိုက်တော့ ဦးဘသာကြီးက ရေပုံးကလေးဆွဲပြီး ခြံဝတောင်ရောက်နေပါရောဗျာ၊ ကြင်နာတတ်တဲ့သူတွေကြားထဲမှာ အဖော်မဲ့တဲ့သူက မနေဝံ့တာ အဆန်းတော့မဟုတ်ဘူးမဟုတ်လားဗျ။

ပြီးပါပြီ။

#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ