“စုန်းထီးကြီး ဦးဘသာနှင့် အစိမ်းသေမိဝေ”(စ/ဆုံး)
===============================
(၁)
အစိမ်းသေဆိုတာ လူတိုင်းတော့ ကြားဖူးပြီးသားဖြစ်မှာပါဗျာ၊ ရောဂါရှိလို့သေတာမဟုတ်ဘဲနဲ့ ဘေးတစ်ခုခုကြောင်း ချက်ချင်းကြီး ကောက်ကာငင်ကာ သေသွားတဲ့သူတွေကို အစိမ်းသေလို့ ခေါ်တတ်ကြတယ်မဟုတ်လား၊ များသောအားဖြင့်ကတော့ မြွေကိုက်၊ ကားတိုက် အဲဒီလိုမျိုး ဗြုန်းစားကြီး သေသွားတာကို အစိမ်းသေလို့ ခေါ်ဝေါ်ကြတယ်မဟုတ်လားဗျာ။
ကျုပ်တို့အရပ်မှာ အသုဘချပုံကို ပြောပြရအုံးမယ်ဗျ၊ သာမန်သွေးရိုးသားရိုး သေတာဆိုရင်တော့ အိမ်ရှေ့ခြံပြင်မှာ အလောင်းစင်ပြင်ပြီးတော့ သုံးရက်လောက်ထားတတ်ကြတယ်၊ တကယ်လို့ ရပ်ဝေးက ဆွေမျိုးသားချင်းတွေ၊ အဝေးရောက်နေတဲ့သားသမီးတွေကို စောင့်ချင်တယ်ဆိုရင်တော့ ငါးရက်၊ တစ်ပတ်လောက်ထားတတ်ကြတယ်။ ဒါပေမယ့် ပုံမှန်ဆို သုံးလေးရက်ထားတာ အလွန်ဆုံးပါပဲဗျာ၊ ငါးရက်လောက်ဆိုရင်ကို မသာကြီးက မသတီစရာကောင်းလာပြီလေ၊ ခုနစ်ရက်လောက်ဆိုရင်တော့ ပိုဆိုးတာပေါ့ဗျာ၊ နောက်ပြီး ရာသီဥတုအခြေအနေကိုလည်း ကြည့်ရသေးတယ်မဟုတ်လား။
တစ်ချို့တွေကတော့ ရက်ကြာကြာထားချင်ကြသေးတယ်၊ အဝေးရောက်နေတဲ့သားသမီးတွေကို စောင့်ချင်ကြသေးတယ်ပေါ့ဗျာ၊ ဒါပေမယ့် အလောင်းက အခြေအနေမကောင်းတော့ဘူးဆိုရင်တော့ ရွာလူကြီးက ဖြောင်းဖျပြီးတော့ အတင်းမြေချခိုင်းရတာပေါ့ဗျာ၊ နို့မဟုတ်ရင် ပုပ်ပွပြီး နံစော်လာပြီဆိုရင်အဲဒီအခေါင်းကြီးကို ဘယ်သူမှ မထမ်းချင်ကြတော့ဘူးလေ။
ဒီလိုမျို သာမန်မဟုတ်ဘဲနဲ့ ရုတ်တရက် အကြောင်းတစ်ခုခု၊ ဘေးတစ်ခုခုကြောင့် သေသွားတဲ့ အစိမ်းသေတွေဆိုရင်တော့ ချက်ချင်း သဂြိုလ်ရတာဗျ၊ သဂြိုလ်တဲ့အခါမှာလည်း ရွာသချိုင်းမှာ မြေမမြှုပ်ကြဘူးဗျို့၊ လူသေအလောင်းကို ကွင်းပြင်ထဲကိုထုတ်ပြီးတော့ မီးရှို့ကြရတာဗျ၊ ထင်းတွေ၊ လောင်စာတွေနဲ့ အဲဒီလူသေကောင်ကြီးကို ပြာမဖြစ်မချင်း မီးရှို့လိုက်ကြရတာဗျ။
(၂)
ကျုပ်တို့ရွာမှာ သေတာနဲ့ပတ်သက်ပြီးတော့ အရမ်းအယူသည်းကြတယ်ဗျ၊ လူသေရှိရင် အဲဒီအိမ်က အိမ်သားတွေက ရက်မလည်မပြီးမချင်း ခေါင်းမလျော်ကြဘူး၊ လူသေအသုဘပို့ရင် တစ်ယောက်နဲ့တစ်ယောက် မစနောက်ရဘူး၊ စကားမပြောကြရဘူး၊ ကလေးတွေနဲ့လူကြီးတွေ၊ လူမမာတွေက လူသေအိမ်အနားကို ညနေစောင်းရင်မသွားရဘူး၊ ဗိုက်ကြီးသယ် အသုဘလိုက်မပို့ရဘူး စသဖြင့်ပေါ့ဗျာ။
အဲဒီလိုအယူသည်းနေကြတဲ့ထဲကမှ ထူးထူးဆန်းဆန်းဖြစ်သွားတဲ့ ဇာတ်လမ်းကလေးတစ်ခုလဲရှိသေးတယ်ဗျ၊ အဲဒီအကြောင်းက နှစ်တွေကြာသွားခဲ့ပေမယ့် အခုအချိန်အထိ ကျုပ်တို့ရွာမှာ ပြောစမှတ်ဖြစ်နေသေးတယ်ဗျ၊ အဲဒါကတော့ အစိမ်းသေမိဝေ ဆိုတဲ့အကြောင်းပါပဲဗျာ၊
ဒီအဖြစ်က ကျုပ်တို့လူပျိုကြီးဖားဖားဖြစ်နေတဲ့အရွယ်မှာ ဖြစ်ပျက်ခဲ့တာပေါ့ဗျာ၊ အခုအချိန်နဲ့ဆိုရင်တော့ နှစ်ပေါင်း ငါးဆယ်နီးပါးကြာခဲ့ပြီပေါ့ဗျာ၊ ဒါပေမယ့် ကျုပ်ပြောခဲ့သလို အခုထိ အဲဒီအကြောင်းကို အများစုက ပြောဆိုနေကြတုန်းပဲဗျ၊ ခုခေတ်တော့ ကျုပ်တို့ရွာသချိုင်းလဲ ကောနေပါပြီဗျာ၊ အုတ်ဂူတွေသာ ကျန်နေခဲ့ပြီးတော့ သချိုင်းက ဇရပ်တောင် မရှိတော့ဘူး၊ အုတ်ဂူ ဆယ့်ငါးလုံးလောက်ရှိနေတဲ့နေရာကလေးကို ရွာသချိုင်းဆိုပြီးတော့ပဲ ပြစရာရှိတော့တယ်၊ အခုနောက်ပိုင်း ကျုပ်တို့ရွာသုံးရွာကြားမှာ မီးသဂြိုလ်စက်ပေါ်လာခဲ့တယ်လေဗျာ၊ အဲဒီတော့ သေသမျှလူအကုန် မီးသဂြိုလ်လိုက်တာဆိုတော့ သချိုင်းကို မသုံးတော့ဘူးပေါ့ဗျာ၊
ချမ်းသာလို့ ဂူသွင်းချင်တယ်ဆိုရင်လဲ ရွာသချိုင်းမှာ မသွင်းကြတော့ပဲ၊ အဲဒီ မီးသဂြိုလ်စက်နံဘေးနားမှာပဲ ဂူတွေသွင်းကြတော့တာပေါ့၊ ဒါပေမယ့် ဒီခေတ်မှာ ဂူသွင်းတာတော့ ရှားသွားပါပြီ။
ခုနက ဇာတ်လမ်းကို ပြန်ဆက်ရရင် အမမိဝေဆိုတာ ကျုပ်တို့ထက်တော့ လေးငါးနှစ်လောက်ကြီးလိမ့်မယ်ထင်တယ်ဗျ၊ သူ့ယောက်ျားက ကိုဗျိုင်းလို့ခေါ်တယ်၊ နာမည်အရင်းတော့ ဘာလဲဆိုတာ မမှတ်မိတော့ပါဘူးဗျာ၊ ကိုဗျိုင်းက အသားဖြူဖြူနဲ့ အရပ်က အရှည်ကြီးဗျ၊ ဒါကြောင့်သူ့ကို ကိုဗျိုင်းလို့ ကျီစယ်ပြီးခေါ်ကြရင်းနဲ့ အဲဒီနာမည်တွင်သွားတော့တာပါပဲ၊ ကိုဗျိုင်းက ကျုပ်တို့ရွာဇာတိတော့မဟုတ်ဘူးဗျ၊ အထက်ချင်းတွင်းဘက်က ရှမ်းတစ်ယောက်လို့ပြောတယ်၊ ဒါကြောင့်လဲ ကိုဗျိုင်းက အသားဖြူတာပေါ့ဗျာ၊ ကျုပ်တို့လို အညာသားတွေရဲ့ အသားကတော့ သိတယ်မဟုတ်လား၊ ထန်းလျက်ရောင်လေးပေါ့ဗျာ။
ကိုဗျိုင်းက ကျုပ်တို့ရွာမှာ စပါးလာဝယ်နေကျလူဗျ၊ သူ့သူဌေးက မြင်သာမြို့မှာ ဆန်စက်လုပ်တယ်၊ ဆန်လဲရောင်းတယ်ဆိုတော့ ကျုပ်တို့ရွာတွေက စပါးတွေကို ကိုဗျိုင်းတို့က လိုက်သိမ်းရတာပေါ့ဗျာ၊ နောက်တော့ အဲဒီစပါးတွေကို သူ့သူဌေးက ဆန်စက်မှာ ကြိတ်ခွဲပြီး ဆန်ပြန်ရောင်းတာပေါ့၊ အမမိဝေရဲ့ မိဘတွေက လယ်တွေလုပ်တယ်မဟုတ်လား၊ တစ်နှစ်တော့ ကိုဗျိုင်းက စပါးလာဝယ်ရင်း အမမိဝေနဲ့ ချစ်ကြိုက်သွားတာပေါ့ဗျာ၊ နောက်တော့ ကိုဗျိုင်းတစ်ယောက် ကျုပ်တို့ရွာချည်း စပါးလာလာဝယ်နေတာ၊ သုံးလေးလလောက်ကြာတော့ အမမိဝေတစ်ယောက် ကိုဗျိုင်းစပါးလာတိုက်တဲ့လှည်းနဲ့ ခိုးရာလိုက်သွားတော့တာပဲဗျာ။
အမမိဝေ မိဘတွေက ရွာမှာ ငွေရှိတဲ့သူတွေလို့ ပြောလို့ရတယ်လေ၊ ဒီတော့ ကိုဗျိုင်းလို အခြေအနေမရှိတဲ့သူနဲ့ဘယ်လိုလုပ်ပြီး သဘောတူမှာလဲဗျာ၊ ဒါနဲ့ အမမိဝေလဲ အချစ်၏ ခေါ်ဆောင်ရာနောက်သို့ လိုက်သွားခဲ့တယ်ပေါ့ဗျာ။
တစ်ရက်တော့ အမိမိဝေတို့ မိဘတွေ ကျုပ်တို့အိမ်ကိုရောက်လာကြတယ်ဗျ။
“သူကြီး၊ မိဝေတစ်ယောက် တန်းမြင့်ရွာမှာ နေတယ်လို့သတင်းရထားတယ်သူကြီးရာ၊ ကျုပ်တို့ အဲဒါသွားပြန်ခေါ်ချင်လို့”
အမမိဝေတို့ အမျိုးတွေကလည်း အတော်ဒေါသထွက်နေပုံပဲဗျ၊ သူတို့ဒေါသထွက်မယ်ဆိုရင်လဲ ထွက်ချင်စရာဗျ၊ အမမိဝေက အသားမည်းတယ်ဆိုပေမယ့် ရုပ်ရည်ကတော့ အတော်ချောတယ်လို့ ပြောလို့ရတယ်၊ အသားညိုညိုက ဝင်းပြီး ညက်နေတာပဲဗျာ၊ လည်တိုင်လေးတွေ၊ လက်ဆစ်ခြေဆစ်လေးတွေဆိုရင်လဲ သွယ်သွယ်လျလျနဲ့ ကြည့်ကောင်းတာဗျ၊ ဒါကြောင့် အလှူအတန်းတွေရှိရင် ကွမ်းတောင်ကိုင်ရတယ်လေ။ ဒီတော့ အသားဖြူဖြူ အရပ်ရှည်ရှည်ဖြစ်နေတဲ့အပြင် အခြေအနေမရှိတဲ့ ကိုဗျိုင်းနဲ့ကို သဘောမတူတာ သဘာဝကျပါတယ်ဗျာ။
သူတို့က ပြန်သွားခေါ်ချင်ပုံရမှန်း အဖေကသိလိုက်တယ်ဗျ။
“ခင်ဗျားတို့က ဘာလုပ်ချင်လို့လဲ”
“ကျုပ်တို့သမီးကို သွားပြန်ခေါ်မယ်ဗျာ”
“ဒီမယ်ဦးတိုး၊ ခင်ဗျားတို့ သမီးကိုချစ်တယ်ဆိုတာတော့ သိပါတယ်ဗျာ၊ ဒါပေမယ့် သူလည်းအတောင်စုံ အရွယ်ရောက်နေပြီမဟုတ်လား၊ အခုလည်း သူ့ချစ်သူနဲ့ အကြောင်းပါနေပြီးဆိုတော့ ခင်ဗျားတို့အေးအေးဆေးဆေးပဲ ဖြေရှင်းလိုက်ကြတာကောင်းမယ်”
ဦးတိုးဆိုတဲ့လူကြီးက အရမ်းဒေါသထွက်နေတာဗျ။
“ဒီမယ်သူကြီး၊ ခင်ဗျားသမီး လင်နောက်လိုက်တာ မဟုတ်လို့ ခင်ဗျားဒီစကားမျိုး ပြောထွက်တာဗျ၊ ကျုပ်သမီးကို ကျုပ်ပြန်ခေါ်မယ်၊ ဒီလိုကောင်နဲ့တော့ နောက်ထပ်လုံး၀ ထပ်ပြီးပတ်သက်ခိုင်းတော့မှာမဟုတ်ဘူး”
“စဉ်းစဉ်းစားစားလဲ လုပ်စမ်းပါ ဦးတိုးရာ၊ ခင်ဗျားသမီးကို ပြန်ခေါ်လာပြီးရင်လည်းခင်ဗျားသမီးက အပျိုပြန်မဖြစ်တော့ဘူးဗျ”
“အပျိုတွေ အအိုတွေ ကျုပ်မသိချင်ဘူး၊ ကျုပ်သမီးကို ကျုပ်ပြန်ခေါ်မယ်၊ ရွာကလူတွေ ဘယ်လောက်ကဲ့ရဲ့ ကဲ့ရဲ့ ကျုပ်သမီးကို ကျုပ်ပြန်ခေါ်ထားမယ်၊ အခု သူကြီးကိုပြောတယ်ဆိုတာလည်း သူကြီးကို သိအောင်လို့ ပြောပြတာ၊ ကျုပ်တို့အခုပဲ သွားခေါ်ကြမယ်”
“လက်လွန်ခြေလွန်တော့ မဖြစ်ကြပါနဲ့ဗျာ”
“အိုဗျာ၊ လွန်သွားရင်လည်း ကျုပ်ဒီလိုကောင်ကိုသတ်ပြီး ထောင်ထဲဝင်မယ်၊ ကြိုးစင်တက်မယ်”
ဦးတိုးဒေါသက ထိန်းမရတော့ဘူးဗျို့၊ ဒါနဲ့ အဖေက အကျီအဝတ်အစားလဲပြီးတော့ ကျုပ်ကိုလှည်းပြင်ခိုင်းတယ်ဗျ။
“ငါ့သားရေ လာကွာ၊ သူတို့ချည်းဆိုရင် လက်လွန်ခြေလွန်တွေဖြစ်ကုန်မယ်ကွ၊ ငါတို့ပါလိုက်သွားမှ ကောင်းမယ်”
ဒါနဲ့ ဦးတိုးတို့ လှည်းနောက်က ကျုပ်နဲ့အဖေနဲ့ လိုက်ခဲ့တာပေါ့ဗျာ၊ ဦးတိုးတို့လှည်းမှာ ယောက်ျားသားတွေ လေးငါးယောက်ပါတယ်၊ နောက်မှသိရတာက ဓါးတွေလှံတွေကိုပါ ဖွက်ပြီးယူလာခဲ့ကြတာတဲ့ဗျ။
(၃)
သိပ်မကြာပါဘူး၊ တန်းမြင့်ရွာကိုရောက်တယ်၊ ညနေတောင်စောင်းနေပြီဗျ၊ ဒါနဲ့သတင်းရထားတဲ့အတိုင်း ရွာစွန်က အိမ်တစ်အိမ်ကို ဝိုင်းကြတယ်၊ နောက်တော့ အိမ်ထဲကနေ အမမိဝေထွက်လာတယ်ဗျ။
“ဟဲ့ သမီးမိုက်၊ လာခဲ့စမ်း၊ နင်ငါတို့နဲ့ပြန်လိုက်ခဲ့”
အမမိဝေက ကိုဗျိုင်းလက်ကိုဆွဲထားပြီးတော့ ခေါင်းခါပြတယ်။ ကိုဗျိုင်းကလည်း လက်အုပ်ချီပြီးတော့
“ကျွန်တော့်ကိုခွင့်လွှတ်ပါခင်ဗျာ၊ ကျွန်တော်တို့ကို မခွဲကြပါနဲ့”
“မခွဲလို့ရမလားကွ၊ မင်းလိုကောင်သူများခိုင်းဖတ်ကောင်ကများ၊ ငါ့သမီးကို မှန်းချင်သေးတယ်၊ သမီး၊ ငါတို့နဲ့ပြန်လိုက်ခဲ့လို့ ပြောနေတယ်နော်”
အမမိဝေက ခေါင်းခါပြပြီး ငိုပဲငိုနေတယ်၊ နောက်တော့ ပါလာတဲ့ ယောက်ျားသားတွေက ဓါးတွေထုတ်ပြီးတော့
အတင်းအိမ်ပေါ်တက်တော့တာပေါ့ဗျာ၊ အဖေနဲ့ကျွန်တော်လည်း အော်ပြီးတော့ တားကြတာပေါ့၊ နောက်တော့ တန်းမြင့်ရွာက ရွာခံတွေကလည်း ထွက်လာပြီး ရုတ်ရုတ်သဲသဲတွေဖြစ်ကုန်တာပေါ့ဗျာ၊ အဲဒီမှာ အဖေနဲ့ တန်းမြင့်ရွာသူကြီး ဦးဘဖေနဲ့ ခေါင်းချင်းဆိုင်ပြီးတိုင်ပင်ကြတယ်။
“ကျုပ်ကတော့ ဘယ်သူမှန်တယ်၊ မှားတယ်လို့မပြောချင်ဘူး၊ သမီးမိန်းကလေးအရေးဆိုတော့ မိဘတွေလုပ်တာ မှန်တယ်လို့ထင်တာပဲ”
ဦးဘဖေက ဦးတိုးတို့ဘက်ကနေ ထောက်ခံတယ်ဗျ၊ နောက်တော့ အဖေတို့ကလည်း ကိုဗျိုင်းကိုဖြောင်းဖြလိုက်ပြီးတော့ အမမိဝေကို ပြန်ထည့်ဖို့ ပြောရတော့တာပေါ့၊ မပြောလို့လည်းမရဘူးလေ၊ ပါလာတဲ့လူတွေက ဓါးတွေနဲ့ ကိုဗျိုင်းကိုခုတ်သတ်ကြတော့မှာမဟုတ်လား။
“ဒီမှာမောင်ဗျိုင်း၊ မိဝေကို မင်းတကယ်ချစ်တယ်ဆိုရင် သူ့မိဘတွေလက်ထဲကို ပြန်အပ်လိုက်ပါကွာ၊ ဒီအတိုင်းဆက်သွားရင် သွေးထွက်သံယိုတွေဖြစ်ကုန်မယ်ကွ၊ မင်းလဲ ရွာပြန်ပြီး မင်းမိဘတွေကို သွားခေါ်ကွာ၊ နောက်တော့ ငါတို့ရွာကိုလာပြီး အချင်းချင်းညှိနှိုင်းကြပေါ့၊ ငါတို့လည်း ဝိုင်းတိုက်တွန်းပေးပါ့မယ်ကွာ”
ဒီတော့မှ ကိုဗျိုင်းက ခေါင်းညိတ်လိုက်တာဗျ။ အမမိဝေက ပြန်မလိုက်ချင်ဘူးဆိုပေမယ့် သူ့မိဘတွေကလည်း ပြန်လိုက်ခဲ့ဖို့၊ သူတို့ကိုသဘောတူတဲ့အကြောင်း၊ နှစ်ဖက်မိဘတွေစုံညီပြီး မင်္ဂလာဆောင်ပေးမယ့်အကြောင်း ပြောတာပေါ့၊ ဒီလိုနဲ့ အမမိဝေက ကျုပ်တို့ရွာကို ပြန်ပါလာခဲ့တာပေါ့ဗျာ၊ သူတို့ခိုးပြေးပြီး ဆယ်ရက်လောက်အကြာဖြစ်မယ်ဗျ၊
ဒါပေမယ့် ဦးတိုးက ကတိမတည်ခဲ့ပါဘူး၊ ကိုဗျိုင်းက သူ့မိဘတွေခေါ်ပြီးတော့ ရွာကိုရောက်လာတဲ့အချိန်မှာ အမမိဝေနဲ့ ပေးမတွေ့တဲ့အပြင် မင်္ဂလာစကားလဲ အပြောမခံဘဲနဲ့ သတ်မယ်ဖြတ်မယ်ဆိုပြီး ကြိမ်းမောင်းကြတယ်ဗျာ၊ အဖေတို့လဲ ဝင်ပြီး ညှိနှိုင်းပေးပေမယ့် မရပါဘူးဗျာ၊ နောက်တော့ ကိုဗျိုင်းမိဘတွေကလည်း စိတ်နာသွားပြီးတော့ ပြန်သွားတာပါပဲ၊ ကိုဗျိုင်းကတော့ စိတ်နာပုံမရပါဘူးဗျာ၊ အလုပ်နားတာနဲ့ ကျုပ်တို့ရွာကို လာလာနေတတ်တာ၊ ဦးတိုးတို့ အိမ်ကိုလည်း သွားပြီးချောင်းချောင်းနေတတ်တယ်လေ။
အဲဒီမှာ ကျုပ်တို့နဲ့ကိုဗျိုင်းနဲ့ခင်သွားကြတာပေါ့ဗျာ၊ တစ်ရွာလုံးကလူတွေက ကိုဗျိုင်းကို သနားဂရုဏာ သက်ကြတယ်လေ၊ တခြားယောက်ျားကလေးဆိုရင် ဒီလောက်နဲ့ထွက်သွားတာကြာပြီပေါ့ဗျာ၊ ကိုဗျိုင်းကတော့ အမမိဝေကို တကယ်ချစ်ခဲ့တယ်ထင်ပါရဲ့ဗျာ၊ တစ်ပတ်ကိုတစ်ရက်လောက် ရွာကိုလာလာနေတတ်တာ၊ လာတိုင်းလည်း အမမိဝေနဲ့ မတွေ့ခဲ့ရပါဘူးဗျာ။
ကိုဗျိုင်းက ညနေစောင်းပြီဆိုရင် ဦးတရုတ်ကြီးဆိုင်မှာအရက်သောက်နေလေ့ရှိတယ်ဗျ၊ ကျုပ်တို့လည်းသနားတာနဲ့ သူနဲ့ဝိုင်းဖွဲ့သောက်ရင်း စကားတွေပြောကြတာပေါ့ဗျာ။
“ကိုဗျိုင်းရာ၊ ခင်ဗျားကိုကြည့်ပြီး ကျုပ်တို့အရမ်းသနားတာပဲဗျာ၊ ဒီလိုလုပ်ဗျာ၊ ကျုပ်တို့ကာလသားတွေစုပြီးတော့ အမမိဝေကို တစ်ဖက်လှည့်နဲ့ခေါ်ထုတ်ပေးမယ်၊ ဒီတစ်ခါ ကိုဗျိုင်းက သူ့ကိုခေါ်ပြီး ဝေးတဲ့နေရာကိုသာ ထွက်ပြေးတော့ဗျာ”
ဒါပေမယ့် ကျုပ်တို့အကြံကို ကိုဗျိုင်းလက်မခံခဲ့ပါဘူးဗျာ၊ သူကတော့ ဦးတိုးတို့ သူနဲ့သဘောတူတဲ့ တစ်နေ့ကို စောင့်နေမယ်ဆိုပြီး မျှော်လင့်နေလေရဲ့ဗျာ။
ဒီလိုနဲ့ သုံးလလောက်ကြာတော့ ကိုဗျိုင်းရွာကိုမလာတော့ဘူးဗျ၊ အစကတော့ သူလက်လျော့လိုက်ပြီလို့ထင်ခဲ့တာ၊ နောက်တော့မှ မြိုင်သာကနေသတင်းရတာ ကိုဗျိုင်းတစ်ယောက် ရူးသွားလို့တဲ့ဗျ၊ မြိုင်သာဈေးကြီးရှေ့က ညောင်ပင်အောက်မှာ ရူးနေတဲ့ကိုဗျိုင်းကြီးနေတယ်တဲ့ဗျာ။ ကျုပ်တို့ရွာကလူတွေ မြိုင်သာရောက်ရင် ကိုဗျိုင်းကြီးကို သွားသွားကြည့်ကြသေးတာဗျ၊ တကယ်ကို သွက်သွက်ခါအောင် ရူးနေတာပဲတဲ့ဗျို့။
ဒီလိုနဲ့ ကိုဗျိုင်းရူးတယ်ဆိုတဲ့သတင်းကြားပြီး မကြာပါဘူး၊ တစ်ပတ်လောက်ပဲကြာသေးတယ် အမမိဝေလည်း သေသွားတယ်တဲ့ဗျာ။ အမမိဝေသေသွားတော့မှ ရွာသားတွေက မြင်ရတော့တာ၊ မစားတာ မသောက်တာ အတော်ကြာနေလို့ မျက်တွင်းတွေချောင်ပြီးတော့ လူကလည်း ပိန်ကျနေတာပဲဗျာ၊ တစ်ရွာလုံးကတော့ ဦးတိုးတို့မိသားစုကို လက်ညှိုးဝိုင်းထိုးကြတာပေါ့ဗျာ၊ ဦးတိုးဆို ငိုလိုက်တာ ပြောမနေပါနဲ့တော့ဗျာ။
ဒီလိုနဲ့ အမမိဝေကို မြေချလိုက်တယ်ပေါ့ဗျာ၊ ဦးတိုးကတော့ ဘာမှမပြောနိုင်တော့ပါဘူး၊ အမမိဝေအလောင်းကို တစ်ရက်ပဲထားပြီး နောက်တစ်နေ့တော့ မြေချလိုက်တယ်ဗျ၊ ကျုပ်တို့ဆီမှာ အယူတစ်ခုရှိတာက လကွယ်မတိုင်ခင် မြေချရတယ်ဆိုတဲ့အယူပဲလေ၊ လဆန်းရက်မှာ လူမမြှုပ်ရဘူးဆိုတာနဲ့ လကွယ်မတိုင်ခင် အပြေးအလွှားချလိုက်ရတယ်ပေါ့ဗျာ။
(၄)
ရွာမှာနောက်ပိုင်းတော့ ထူးဆန်းတာတွေဖြစ်လာတယ်ဗျ၊ ကလေးသူငယ်တွေ ညညဆို ထထအော်ငိုတတ်ကြတာ၊ အဲဒီတုန်းက ကျုပ်အကိုက သူ့သမီးလေးကို မွေးထားတာလေဗျာ၊ တစ်နှစ်သာသာပဲရှိသေးတာပေါ့၊ ညဆိုရင် ညတစ်နာရီလောက်ဆိုရင် ကလေးက အချိန်မှန်ပဲ ထထပြီးငိုတာဗျာ၊ ကျုပ်အကိုရဲ့ ကလေးတစ်ယောက်တည်းမဟုတ်ဘူးနော်၊ တစ်ရွာလုံးက ရှိသမျှကလေးက ညတစ်နာရီထိုးပြီဆိုတာနဲ့ ထအော်ငိုကြတာ၊ တစ်ရွာလုံးဆူညံနေတာပေါ့ဗျာ၊ သုံးညလောက်ဆက်တိုက်ဖြစ်နေတော့ တစ်ခုခုထူးပြီဆိုပြီး သိလိုက်တာပေါ့ဗျာ၊ ညသန်းခေါင် ကလေးငိုသံကြားရင် နာရီထကြည့်မနေနဲ့ဗျို့၊ ညတစ်နာရီ ကွက်တိပဲ၊ ဘယ်လိုမှ ချော့မရ ပြုမရနဲ့ မိနစ်နှစ်ဆယ်လောက်ငိုပြီးရင် တိတ်သွားရော။
လေးရက်မြောက်နေ့တော့ ကလေးတွေတွင်မကဘဲ ခွေးတွေပါအူတော့တာပဲဗျာ၊ အူတာကလဲ ကြောက်စရာကြီးပါ။ ခွေးတွေက လေးလေးပင်ပင်နဲ့ကို ဆွဲပြီးအူကြတာ၊ လူတွေပြောကြတာကတော့ သေသွားတဲ့ အမမိဝေက သူ့မိဘတွေကို မကျေနပ်လို့ သရဲအဖြစ်ခြောက်လှန့်နေတယ်လို့ ပြောကြတယ်၊ ဒါနဲ့ နောက်နေ့တော့ အဖေနဲ့ ရွာလူကြီးတွေပေါင်းပြီး ရွာဦးကျောင်းက ဆရာတော်တွေပင့်ပြီးတော့ ပရိတ်တရားနာတယ်ပေါ့ဗျာ၊ ပရိတ်ချည်တွေလက်မှာပတ်ကြ၊ ပရိတ်သဲတွေ ခြံဝိုင်းတွေထဲကို ဖြန်းကြတာပေါ့၊ ထူးဆန်းစွာပဲ အဲဒီညကနေစပြီးတော့ ကျုပ်တို့ရွာမှာ ဘာမှမဖြစ်တော့တာပဲ။
တစ်ရက်တော့ ကျုပ်နဲ့ ဦးဘသာနဲ့တွေ့တယ်ဗျ၊ စပါးပေါ်ပြီးချိန်ဆိုတော့ လယ်ထဲမဆင်းတာကြာပြီလေ၊ ဒီတော့ ဦးဘသာနဲ့ မတွေ့ဖြစ်ဘူးပေါ့ဗျာ၊ ဦးဘသာကတော့ သူ့နွားတွေအတွက် ရိုးချောင်းလေးဘေးက မြက်တွေကို ရိတ်ပြီးသယ်နေတာပေါ့။
“ဦးဘသာကြီး မတွေ့တာကြာပြီဗျာ”
“အေးကွ၊ ဒါနဲ့မင်းကိုငါ ပြောစရာရှိတယ်”
ဦးဘသာကြီးက ရိုးချောင်းထဲကနေ တက်လာပြီး ကျုပ်အနားကိုရောက်လာတာပေါ့ဗျာ။
“မိဝေက မကျွတ်ဘူးကွ၊ ဟိုနေ့က ရွာအပြင်မှာ ငါနဲ့တွေ့ခဲ့တယ်၊ ရွာကိုရပ်ပြီးတော့ မျက်လုံးပြူးပြီး ကြည့်နေတယ်ကွ”
ကျုပ်လည်း အံ့ဩသွားတာပေါ့ဗျာ။
“ဖြစ်တော့ဖြစ်နိုင်တယ်ဗျ၊ ရွာထဲက ကလေးတွေငိုတာ၊ ခွေးတွေအူတာတွေက သူများတွေပြောသလိုမျိုး အမမိဝေ လုပ်နေတာများဖြစ်နေမလား”
“ဖြစ်နိုင်တယ်ကွ၊ နောက်ပြီးတော့ မနေ့က ညနေက ငါရွာထိပ်မှာ ကွမ်းရွက်သွားဝယ်ပြီးအပြန်ကျတော့ မိဝေက ခြံဝန်းတစ်ခြံရှေ့မှာ နောက်ပြန်ကြီးထိုင်နေတာကွ၊ ငါက မိဝေ နင်ဘာလုပ်နေတာလဲလို့ ပြောလိုက်တော့ သူက ငါ့ကိုဘာမှပြန်မပြောဘဲနဲ့ တစ်ချိုးတည်း ထပြေးပါရောကွာ”
“အင်း၊ ထူးတော့ထူးဆန်းနေပြီ၊ သူက ဘယ်သူ့အိမ်ရှေ့မှာထိုင်နေတာလဲဗျ”
“ဖိုးချမ်းတို့ အိမ်ရှေ့မှာကွ”
ကိုဖိုးချမ်းဆိုတာ ကျုပ်တို့ထက် ဆယ်နှစ်လောက်ကြီးတယ်ဗျ၊ လယ်တွေလည်း တော်တော်ပိုင်တယ်၊ ပြောရရင်တော့ ပိုက်ဆံရှိတယ်ပေါ့ဗျာ၊ မြိုင်သာမြို့ပေါ်မှာလည်း အိမ်တစ်လုံးပိုင်သေးတယ်ဗျ။
“အမမိဝေက သူတို့အိမ်ရှေ့မှာ ဘာလို့ထိုင်နေတာလဲ ဦးဘသာကြီးရဲ့”
“အေး၊ ငါလည်း အတိအကျတော့မပြောတတ်ဘူးကွ၊ ရွာထဲလာရင်း တွေ့တဲ့နေရာမှာ ထိုင်နေတာဖြစ်ချင်ဖြစ်မှာပေါ့ကွာ”
ဦးဘသာကြီးက မြက်ရိတ်လို့မပြီးသေးတော့ ကျုပ်လည်း နှုတ်ဆက်ပြီးပြန်လာခဲ့တယ်၊ အိမ်ကိုပြန်ရောက်လို့ ကွပ်ပျစ်မှာ ထိုင်နေရုံပဲရှိသေးတယ် ရွာသားတွေ ရုတ်ရုတ်သဲသဲနဲ့ပြေးလွှားနေပါရော၊ စပ်စုတဲ့ကျုပ်လည်း ရွာသားတစ်ယောက်ကို လှမ်းမေးလိုက်တာပေါ့ဗျာ။
“ဟေ့၊ ဘာတွေဖြစ်နေကြတာလဲဗျ၊ ရန်ဖြစ်တာလား”
“ဖိုးချမ်းသမီးလေး လှေကားပေါ်ကနေပြုတ်ကျတာကွာ၊ ခြေထောက်က နောက်ပြန်ကြီးဖြစ်နေသတဲ့ကွ”
ကျုပ်လည်း ထူးဆန်းသွားတာပေါ့၊ ထူးဆန်းတာက ခြေထောက်နောက်ပြန်ဖြစ်တာရယ်၊ နောက်တစ်ခုက မနေ့က အမမိဝေ သရဲမကြီးက အဲဒီအိမ်ရှေ့မှာ ထိုင်နေတယ်လို့ ဦးဘသာကြီးက ပြောတယ်မဟုတ်လားဗျာ။
ကျုပ်လည်း ပုဆိုးပြင်ဝတ်ပြီးတဲ့နောက် ရွာသားတွေအနောက်ကို ပြေးလိုက်ခဲ့တာပေါ့ဗျာ၊ ကျုပ်တို့ ကိုဖိုးချမ်းတို့အိမ်ကိုရောက်တော့ အိမ်အောက်မှာ ရွာကလူတွေ အုံခဲနေတာပဲဗျာ။ ကျုပ်လည်း လူအုပ်ကြားထဲတိုးပြီး အိမ်ပေါ်ကိုလှမ်းကြည့်လိုက်တယ်ဆိုရင်ပဲ အိမ်ရှေ့ဘုရားခန်းမှာ တုံးလုံးလဲနေတဲ့ ကိုဖိုးချမ်းသမီးလေးကို တွေ့တာပါပဲဗျာ၊ ကိုဖိုးချမ်းသမီးလေးက အသက်ဆယ်နှစ်လောက်ပဲရှိအုံးမယ်ဗျ၊
သူ့ညာဘက်ခြေထောက်က ဒူးခေါင်းက အနောက်ပြန်ကြီးဖြစ်နေတာဗျာ၊ အောက်ကခြေဖဝါးကြီးကလဲ နောက်ပြန်ကြီးဖြစ်နေတာဗျို့၊ ရွာကလူတွေကတော့ တစ်ယောက်တစ်မျိုးနဲ့ပြောဆိုနေကြတာပေါ့ဗျာ၊ ကျုပ်လဲ သတိရသွားပြီး ဦးဘသာကြီးကို ပြေးခေါ်တော့တာပေါ့၊ ကျုပ်လမ်းတစ်ဝက်လောက်ပဲရောက်သေးတယ် မြက်ထုံးတွေထမ်းပြီးလာတဲ့ ဦးဘသာကြီးနဲ့ တွေ့ပါလေရော။
“ဦး၊ ဦးဘသာကြီး ထူးတော့ထူးနေပြီဗျ”
“ဟေ၊ ဘာတွေထူးနေတာလဲ”
“ကိုဖိုးချမ်းသမီးလေး လှေကားပေါ်က ပြုတ်ကျပြီးတော့ ခြေထောက်လိမ်ပြီး ခြေဖဝါးကြီးနောက်ပြန်ဖြစ်နေတယ်ဗျ”
ဦးဘသာကြီးက မျက်မှောင်ကြုတ်လိုက်ပြီးတော့ သူ့မြက်ထုံးကြီးကို လမ်းဘေးကိုပစ်ချလိုက်တယ်၊ ပြီးတော့ ကျုပ်နဲ့အတူတူပြေးလိုက်လာတာပေါ့ဗျာ၊ မကြာပါဘူး ကိုဖိုးချမ်းတို့အိမ်ကိုရောက်တယ်၊ ကိုဖိုးချမ်းအိမ်မှာ ဆေးဆရာကြီးကရောက်နေပြီပေါ့ဗျာ၊ ခြေထောက်ကို ဟိုစမ်း၊ ဒီစမ်းနဲ့လုပ်နေတာပေါ့။
“ဒီလိုအဖြစ်မျိုး ကျုပ်ဖြင့်တစ်ခါမှ မတွေ့ဖူးပါဘူးဗျာ”
ဒီအချိန်မှာ အိမ်ပေါက်ဝကနေ ရပ်ကြည့်နေတဲ့ ဦးဘသာကြီးက အိမ်ထဲကိုမပြောမဆိုနဲ့ဝင်သွားတယ်ဗျ၊ နောက်ပြီး လှဲနေတဲ့ကောင်မလေးကို လက်ညှိုးထိုးပြီးတော့
“ဟဲ့၊ နင့်ကိုငါသိတယ်နော်၊ နင်အခုချက်ချင်းထွက်သွားလိုက်စမ်း”
ကိုဖိုးချမ်းသမီးက ကတုန်ကယင်ဖြစ်ပြီး လူးလိမ့်နေပါရောဗျာ၊ ဆေးဆရာကြီးနဲ့ ကိုဖိုးချမ်းက ဦးဘသာကြီးကို မျက်စောင်းထိုးပြီးတော့ ကြည့်ကြတယ်ဗျာ။
“ကိုဘသာ ခင်ဗျားကျုပ်တို့ဆေးကုနေတာကို လာမရှုပ်နဲ့”
ကိုဖိုးချမ်းတို့ကလဲ ဦးဘသာကြီးကို စုန်းဆိုပြီးတော့ ကြောက်နေကြတာဗျ။
“ဦးဘသာကြီးရာ၊ ဦးကြီးတစ်ခုခုလိုချင်တယ်ဆိုရင် ကျုပ်ကိုပြောပါ၊ ကျုပ်သမီးလေးကို ဒီလိုမလုပ်ပါနဲ့ဗျ”
ဦးဘသာကြီးက စိတ်ဆိုးသွားတာပေါ့ဗျာ၊ ဒါနဲ့ ကိုဖိုးချမ်းကိုလက်ညှိုးထိုးလိုက်ပြီး
“ဟေ့ကောင်၊ မင်းငါ့ကိုမစော်ကားနဲ့ မင်းသမီးကို ငါလုပ်တာမဟုတ်ဘူးကွ၊ ငါက ငါ့ဖာသာငါ အေးအေးဆေးဆေးနေလို့ရတယ်၊ တစ်ကိုယ်ရေတစ်ကာယ စားနိုင်သောက်နိုင်တယ်ကွ၊ အခုမင်းသမီးကိုလုပ်ထားတာက အစိမ်းသရဲတစ်ကောင်လုပ်ထားတာ”
ဆေးဆရာကြီးတော့ ဦးဘသာကြီးကို မကြည်ဘူးပေါ့ဗျာ၊ သူပယောဂကုတော့မယ်ဆိုရင် ဦးဘသာကြီးက ရောက်ရောက်လာပြီးတော့ ဝင်ဝင်ကုပေးသွားတာ သုံးလေးခါရှိပြီမဟုတ်လားဗျ။
“ကိုဘသာ ခင်ဗျားသွားတော့၊ ကျုပ်လည်း ဒီအဖြစ်က သွေးရိုးသားရိုးမဟုတ်ဘူးဆိုတာ ကျုပ်သိတယ်၊ လူနာက ကျုပ်လူနာ၊ ကျုပ်ကုမယ်”
ဦးဘသာကြီးက ခေါင်းတဆတ်ဆတ်ညိတ်ပြီးတော့
“ကောင်းပြီလေ၊ မင်းကုမယ်ဆိုတော့လည်း ငါဝင်ပါစရာမလိုတော့ဘူးပေါ့ကွာ”
ဦးဘသာကြီးက အိမ်ထဲကနေထွက်သွားတယ်ဗျ၊ ကျုပ်ကိုတောင် နှုတ်မဆက်တော့ဘူး၊ အိမ်အောက်ကလူတွေကတော့ သို့လော သို့လောနဲ့ တစ်ယောက်တစ်မျိုးပြောနေတာပေါ့ဗျာ၊ ဦးဘသာကြီးထွက်သွားပြီးတော့ တော်တော်ကြာမှ ကျုပ်လည်းသူ့အနောက်ကိုပြေးလိုက်လာခဲ့တာပေါ့ဗျာ၊ ဦးဘသာကတော့ မြက်ထုံးကြီးထမ်းပြီး ခြေလှမ်းကျဲကြီးနဲ့ လျှောက်နေတာပေါ့။
“ဦးဘသာကြီး စိတ်ဆိုးသွားသလားဗျ”
“ငါစိတ်မဆိုးပါဘူးကွာ၊ စိတ်ပျက်သွားတာ၊ နောက်ပြီးတော့ ငါ့အမေမှာခဲ့ဖူးတဲ့စကားတွေကို ငါပြန်သတိရသွားတာ”
“ဦးဘသာအမေက ဘယ်လိုမှာခဲ့လို့လဲကွ”
“ငါ့သား၊ လူတွေက သူ့သက်တမ်းနဲ့သူ လာကြပြီးသားတဲ့၊ မင်းဘယ်သူ့ကိုမှ ကယ်ဖို့မစဉ်းစားနဲ့တဲ့၊ လူတွေလောက် ကြောက်ဖို့ကောင်းတာ လူတွေပဲရှိတယ်တဲ့ကွာ၊ အမေပြောတာဟုတ်တယ်၊ ငါအရင်ကတော့ ကိုယ့်ရွာသားတွေပဲဆိုပြီးတော့ စေတနာနဲ့လိုက်လုပ်ပေးတာ၊ အခုတော့ ငါကပဲ ရွာကလူတွေကို လုပ်နေသလိုမျိုးကြီးဖြစ်နေတယ်ကွာ၊ ဒီတစ်ခါတော့ ငါဆုံးဖြတ်လိုက်ပြီ၊ သူ့ထိုက်နဲ့သူ့ကံ ခံကြပေတော့ဟေ့”
ဦးဘသာခပ်သွက်သွက်လျှောက်တဲ့ခြေလှမ်းကို ကျုပ်မမီပါဘူးဗျာ၊ ကျုပ်အိမ်ရှေ့ရောက်တော့ ကျုပ်လည်း အိမ်ထဲကိုပြန်ဝင်ခဲ့တယ်၊ ကိုဖိုးချမ်း သမီးလေးကို ဆေးဆရာကြီးက သရဲထုတ်ပေးသွားတယ်လို့တော့ ပြောတာပါပဲဗျာ၊ ကျုပ်လည်းနောက်ပိုင်း ကိုဖိုးချမ်းတို့အိမ်ကို သိပ်မသွားဖြစ်တော့ဘူးပေါ့၊ နောက်နေ့တော့ တဖြည်းဖြည်းအခြေအနေဆိုးလာတယ်လို့ပြောတယ်၊ တစ်ညတော့ အသည်းအသန်ဖြစ်တာနဲ့ မြိုင်သာဆေးရုံကိုလှည်းနဲ့သွားကြတယ်ဗျ၊ ဒါပေမယ့် ကလေးမလေးကံမကောင်းရှာပါဘူးဗျာ၊ လှည်းပေါ်မှာတင်ပဲ အသက်ထွက်သွားသတဲ့။
အစိမ်းသေဆိုတော့ ရွာထဲမသွင်းကောင်းဘူးမဟုတ်လား၊ ဒါနဲ့ အလောင်းကို ရွာပြင်မှာတစ်ညထားပြီး နောက်နေ့မွန်းလွဲတော့ မီးရှို့ဖို့လုပ်ကြတယ်၊ လူသေမီးရှို့တယ်ဆိုတာ တကယ်တမ်းပြောရရင် သိပ်မလွယ်ဘူးဗျ၊ မွန်းလဲပိုင်း မီးရှို့ရင် ညနေလောက်မှ ပြီးတတ်တာ၊ ထင်းတွေ လောင်စာတွေဆိုတာလည်း သိပ်ကုန်တာမဟုတ်လား၊ ဒီတော့ လူသေကိုမီးရှို့ဖို့က ကျုပ်တို့ကာလသားတွေ တာဝန်ကျတာပေါ့ဗျာ
ဒီတော့ ကျုပ်လည်းမနေသာတော့ဘူးလေ၊ ရှိသမျှထင်းတွေစုပြီး လူသေအလောင်းကို မီးရှို့မဲ့နေရာကို လာခဲ့ကြတယ်ဗျ၊ ရွာမြောက်ဘက်မှာ ကွင်းခေါင်ခေါင်ကြီးရှိတယ်၊ အဲဒီကွင်းအနားမှာတော့ တောတန်းကလေးတစ်ခုရှိတယ်၊ ကျုပ်တို့ ကွင်းထဲမှာ ထင်းတွေပုံပြီးတော့ ကလေးမလေးအလောင်းကို သယ်လာကြတာပေါ့ဗျာ၊ အဲဒီတော့မှ ကျုပ်ကြည့်မိလိုက်တာ ကလေးမလေးက မျောက်ခေါင်းရုပ်လို ပိန်ကျနေတာပဲဗျာ၊ သူစဖြစ်တဲ့နေ့ကနေဆို သုံးလေးရက်လောက်ပဲ ကြာအုံးမှာပေါ့ဗျာ၊ ဒါပေမယ့် သူ့ရဲ့နောက်ပြန်ကြီးဖြစ်နေတဲ့ ခြေထောက်ကြီးကတော့ ဆင်ခြေထောက်ကြီးလို ဖောင်းကားနေတာပဲဗျာ၊ ရေထည့်ထားတဲ့ ပူစီပေါင်းကြီးလို့ ပွပွအိအိကြီးပေါ့ဗျာ၊
မကြာပါဘူးဗျာ၊ ကျုပ်တို့အလောင်းကို မီးစရှို့ကြတယ်၊ မီးက ထင်းတွေကို စွဲပေမယ့် အလောင်းကို မစွဲဘူးဗျ၊ ထင်းတစ်အုပ်သာ ပြာဖြစ်သွားတယ် အလောင်းက ဒီအတိုင်းပဲဗျာ၊ သူ့ကိုယ်မှာ ဝတ်ထားတဲ့အဝတ်အစားတွေ မီးစွဲလောင်သွားပေမယ့် အသားတွေကတော့ ဒီအတိုင်းပဲ၊ ကျုပ်တို့လည်း တစ်ခုခုထူးနေပြီမှန်းသိလိုက်တယ်၊ ဒါနဲ့ ထင်းထပ်ထည့်ပြီးတော့ ထပ်ရှို့ကြတာပေါ့ဗျာ၊ မကြာပါဘူး ဦးဘသာကြီး ကျုပ်တို့အနားကိုရောက်လာတယ်ဗျ။ ကာလသားတွေက ဦးဘသာကြီးကိုတော့ ခင်ကြတယ်မဟုတ်လား၊ ဦးဘသာရောက်လာတော့ အားကိုးတကြီးနဲ့ အလောင်းကို မီးမစွဲတဲ့အကြောင်း ပြောကြတာပေါ့ဗျာ၊
ဦးဘသာက ခေါင်းတညိတ်ညိတ်နဲ့ ကျောက်ခဲကလေးတွေကောက်ပြီးတော့ အလောင်းကိုရှို့နေတဲ့ မီးပုံထဲကို လှမ်းလှမ်းပစ်ထည့်နေတာဗျာ၊ ကြည့်နေတုန်းမှာပဲ အလောင်းရဲ့ ဆံပင်တွေ၊ အသားတွေ မီးစွဲလာတော့တာပဲ၊ ကျုပ်က ဦးဘသာအနားကို ကပ်သွားလိုက်တယ်။
“ဦးဘသာ အလောင်းက ဘာဖြစ်တာလဲ”
“အောက်လမ်းအတိုက်ခံရတာကွ၊ ဒီကောင်မလေးက ကံနိမ့်နေလို့ သူအရင်ဆုံးထိတာဖြစ်မယ်ကွာ၊ တိုက်တဲ့လူကလည်း တော်တော်အကျင့်ယုတ်တဲ့လူပဲ၊ အသေကိုလုပ်တာဟ”
ကျုပ်လည်း ကြောက်သွားတာပေါ့ဗျာ။
“ဒါနဲ့ ဘယ်သူလုပ်တယ်လို့ထင်သလဲ၊ ဘာကြောင့်လုပ်တာလဲ”
“ငါနဲ့မဆိုင်ဘူးလေကွာ၊ ငါက ဒီအတိုင်းကြည့်ရင်း သိမလားကွ၊ ဒီအတိုင်းသာဆိုရင် သူတို့အိမ်က ကျန်တဲ့မိသားစုတွေပါ ဆက်ဖြစ်မှာပဲဟေ့”
“လုပ်စမ်းပါ ဦးဘသာရာ၊ သူတို့ကို မသနားဘူးလား၊ သူတို့ကို ကုပေးလိုက်ပါဗျာ”
“နေစမ်းပါကွာ၊ မင်းတို့ ဆေးဆရာကြီးရှိတယ်မဟုတ်လား၊ သူကုပေးမှာပေါ့ကွ၊ ဟား၊ ဟား”
ဒီတစ်ခါတော့ ကျုပ်ဦးဘသာကို ဘယ်လိုမှ ပြောလို့မရတော့ဘူးဗျာ။ သူကလည်း စိတ်နာသွားပုံရပါတယ်၊ ကောင်မလေးအလောင်းက ညနေလောက်မှ ပြာအကုန်ကျတယ်၊ ကျုပ်ကတော့ သေသွားတဲ့ အမမိဝေနဲ့ တစ်ခုခုပတ်သက်နေရမယ်လို့ တွေးတော့ တွေးနေမိသေးတယ်ဗျ။
(၅)
တစ်ပါတ်လောက်ပဲကြာလိုက်မယ်ထင်တယ်ဗျ၊ ကိုဖိုးချမ်းလည်း သူ့သမီးစိတ်နဲ့ အရက်တွေလှိမ့်သောက်ပြီး မူးနေတာ၊ တရုတ်ကြီးဆိုင်မှာ အရက်သောက်ပြီးထွက်အလာ လမ်းပေါ်သွားနေတဲ့နွားက လိုက်ခွေ့လို့ ရင်ဘတ်မှာ ဒဏ်ရာကြီးက နည်းတာကြီးမဟုတ်ဘူးဗျာ၊ သူ့မိန်းမကလဲ တရှောင်ရှောင်နဲ့၊ သူ့သားအကြီးဆိုရင်လည်း စကားမေးမရဘူး၊ မှိုင်မှိုင်တွေတွေနဲ့ဗျာ၊ ရွာကလူတွေကတော့ သူ့သမီးသေသွားလို့ စိတ်ထိခိုက်နေကြတယ်လို့ ထင်နေကြတာပေါ့၊ တစ်ရက်တော့ ဆေးဆရာကြီးက ခပ်သုတ်သုတ်နဲ့ ကျုပ်တို့အိမ်ရှေ့ကနေ လျှောက်သွားတယ်ဗျ၊ အဖေက ထိုင်နေတာမို့လို့ ဆေးဆရာကြီးကို လှမ်းနှုတ်ဆက်တာပေါ့ဗျာ။
“ဘယ်သွားမလို့တုန်း ဆေးဆရာကြီးရဲ့”
“ဖိုးချမ်းအိမ်ကပြန်လာတာဟေ့၊ ဖိုးချမ်းအခြေအနေမကောင်းဘူး သွေးတွေ အန်အန်ထွက်နေလို့ကွ၊ ငါလည်း ဆေးပြန်ယူတာ”
ဆေးဆရာကြီးထွက်သွားတော့ ကျုပ်လည်းအဖေ့ကိုကြည့်လိုက်တယ်၊ နောက်တော့ ဦးဘသာပြောထားခဲ့ဖူးသမျှ အဖေ့ကိုပြောပြလိုက်တော့တယ်ဗျာ၊ အဖေက အရမ်းထိတ်လန့်နေတယ်။
“မင်းကွာ၊ ငါ့ကိုစောစောကပြောတာမဟုတ်ဘူး”
“ဦးဘသာကြီးက ဒီတစ်ခါတော့ သူဝင်မပါတော့ဘူးတဲ့အဖေရဲ့”
“သူဝင်မပါလည်း ငါတို့လုပ်ရမယ်လေကွာ၊ ဘာလို့လဲဆိုရင် ဒီအတိုင်းဆို ဖိုးချမ်းတို့ မိသားစုဝင်တွေ အကုန်သေကုန်ကြမှာကွ၊ ကဲ ငါနဲ့လိုက်ခဲ့ကွာ”
အဖေနဲ့ကျုပ်လည်း အိမ်ထဲကထွက်လာခဲ့တယ်၊ အဖေက ဦးဘသာကြီးအိမ်ကိုသွားနေမှန်း ကျုပ်သိလိုက်တယ်လေ၊ ဦးဘသာခြံထဲဝင်လိုက်တော့ ဦးဘသာက နွားစာတွေစဉ်းနေတာဗျာ။
“သူကြီး လာဗျာ၊ အလာထူးလို့ပါလား”
“ဟုတ်တယ်ဦးဘသာရေ၊ ဦးဘသာကို အကူအညီတောင်းစရာရှိလို့၊ ဖိုးချမ်းတို့ကို ကယ်ပေးလိုက်ပါဗျာ”
ဦးဘသာရုပ်က တည်သွားတယ်။
“လူတွေက သေကံပါရင်သေမှာပဲဗျ၊ ဒီတစ်ခါတော့ ကျုပ်ဝင်မပါတော့ဘူး၊ ရွာထဲကလူတွေကလည်း ကျုပ်ကိုမကြည်ဖြူဘူး မဟုတ်လား”
“ဒီလိုတော့မလုပ်ပါနဲ့ဗျာ၊ ကျုပ်တို့တစ်ရွာတည်းသားချင်းတွေပဲ၊ ရွာထဲက ဘယ်သူသေသေ ကောင်းတဲ့အရာမှမဟုတ်တာဗျာ၊ အခုအတိုင်းဆိုရင်တော့ ရွာနာအုံးမယ့်ပုံပဲ၊ ကျန်တဲ့လူတွေ မသေအောင်လို့ တားဆီးပေးပါဗျာ”
အဖေက ဦးဘသာကို အတော်တောင်းတောင်းပန်ပန်နဲ့ပြောတော့မှ ဦးဘသာက ခေါင်းညိတ်လိုက်တယ်၊ နောက်တော့ ကျုပ်တို့အနားကို ရောက်လာတယ်။
“ဒီအဖြစ်မှာ မိအေးလည်းပါတယ်ဗျ၊ ကျုပ် ရွာထဲမှာ သူ့ကိုတွေ့တွေ့နေတာကြာပြီ၊ အခုတော့ သူကြီးတောင်းပန်လို့ ကျုပ်ကူညီလိုက်မယ်၊ ကျုပ်ကတော့ တစ်ယောက်တည်း အေးရာအေးကြောင်း နေချင်တာပါသူကြီးရယ်”
“ကျုပ်သိပါတယ်ဗျ၊ လာဗျာ၊ အခုပဲသွားစို့”
အဖေခေါ်တော့ ဦးဘသာက စွပ်ကျယ်ကြီးနဲ့ပဲ ပေစုတ်စုတ်နဲ့လိုက်လာတာပေါ့ဗျာ၊ ကိုဖိုးချမ်းတို့အိမ်ရောက်တော့ ဆေးဆရာကြီးက ကိုဖိုးချမ်းကို ဆေးတွေလူးပေးနေတယ်၊ အဖေက ကိုဖိုးချမ်းအနားမှာ ဝင်ထိုင်လိုက်ပြီး
“ဖိုးချမ်း၊ မင်းဘယ်လိုနေသေးလဲ”
ကိုဖိုးချမ်းက စကားပြောဖို့လုပ်လိုက်တယ်၊ အဲဒီအချိန်မှာပဲ ပျို့အန်တက်လာပြီးတော့ သူ့ဘေးနားက ထွေးခံကို လှမ်းယူလိုက်တယ်ဗျ၊ ထွေးခံထဲကို တဝေါ့ဝေါ့နဲ့ အန်ချလိုက်ပြီးတော့ ထွေးခံကို ကျုပ်တို့ကြည့်လိုက်တာ သွေးတွေချည်းပြည့်နေတာပဲဗျာ။
“ဟေ့ကောင်မ၊ လာစမ်းဟာ”
ဦးဘသာက လေထဲမှာ လက်ဝါးတွေပိတ်ပိတ်ပြီးရိုက်နေတယ်၊ နောက်တော့ ကိုဖိုးချမ်းခေါင်းပေါ်ကနေ တစ်ခုခုကိုဆွဲချသွားသလိုလုပ်လိုက်တယ်၊ လက်တစ်ဖက်ကတော့ တစ်ခုခုကိုဆုပ်ကိုင်ထားပုံပဲဗျ၊ နောက်ပြီး ကိုဖိုးချမ်းရဲ့ မိန်းမကိုလည်း အဲဒီအတိုင်း ဆွဲချလိုက်တယ်၊ အိမ်ရှေ့မှာထိုင်နေတဲ့ သူ့သားအကြီးကောင်က တဝါးဝါးသမ်းပြီး အိမ်ပြင်ကိုကြည့်နေတယ်ဗျာ၊ အကြီးကောင် ခေါင်းကိုလည်း လက်နှင့်ရစ်ပြီး ဆွဲချသလိုဟန်လုပ်တယ်၊ ပြီးတော့ အကြီးကောင် ခေါင်းကို သူ့လက်နဲ့ ဒေါက်ခနဲနေအောင် ခေါက်ချလိုက်တယ်ဗျာ၊ အကြီးကောင်က လန့်နိုးသွားသလိုဖြစ်ပြီး ကျုပ်တို့ဘက်ကိုလှည့်ကြည့်တယ်။
“အဖေရေ၊ ရွာလူကြီးလာတယ်ဗျို့”
သူ့အဖေဘက်ကိုလှည့်ကြည့်ပြီး အကြီးကောင်က အရမ်းအံ့ဩသွားပုံရတယ်။
“အဖေ၊ အဖေဘာဖြစ်နေတာလဲ”
ဦးဘသာက အိမ်ပေါက်ဝကနေထွက်လိုက်တယ်ဗျ၊ ကျုပ်လည်း သူ့အနောက်ကနေ ပြေးလိုက်ခဲ့တာပေါ့ဗျာ၊ နေကအတော်စောင်းနေပြီဗျ၊ ကောင်းကင်မှာ လက်ကျန်နေရောင်နည်းနည်းကလွဲရင် အမှောင်တွေက ဖုံးအုပ်နေပြီ။
“ဦးဘသာ၊ ဘယ်သွားတာလဲဗျ”
ကျုပ်မေးပေမယ့် ဦးဘသာက ဘာမှမပြောပါဘူးဗျာ၊ ရွာပြင်ကို မပြေးရုံတစ်မည် သွားနေတာဗျ၊ ရွာအပြင်ဇရပ်ရောက်တော့မှ သူ့လက်တွေကို ဇရပ်ပေါ်ကိုပစ်တင်လိုက်တယ်။
“နင်တို့ မလှုပ်ကြနဲ့၊ နင်ငါ့အကြောင်း သိတယ်မဟုတ်လား မိဝေ”
ဦးဘသာပြောနေတာကိုကြည့်ပြီး ကျုပ်ထူးဆန်းသွားတယ်လေ၊ ကျုပ်မျက်လုံးထဲမှာ ဘာဆိုဘာမှ မမြင်ရဘူးမဟုတ်လား။ ဦးဘသာက ကျုပ်ဘက်ကိုလှည့်လာပြီး
“ဟေ့၊ မင်းသူတို့ကိုကြည့်မလား”
ကျုပ်ခေါင်းညိတ်မိလိုက်တယ်ဗျာ၊ ဦးဘသာက သူ့လက်ညှိုးကို ပါးစပ်ထဲကိုထည့်လိုက်ပြီးတော့ ကွမ်းတံတွေးတွေ ပေနေတဲ့သူ့လျှာကိုပွတ်လိုက်တယ်၊ နောက်ပြီး အဲဒီလက်ညှိုးနဲ့ ကျုပ်မျက်လုံးတစ်ဖက်ကို လက်ဝဲရစ်အတိုင်း ပွတ်သပ်လိုက်တယ်။
“မင်း မျက်လုံးတစ်ဖက်ကို ပိတ်ပြီးတော့ ကြည့်လိုက်ကွာ”
သူပွတ်ပေးတာ ဘက်ဖက်မျက်လုံးမို့လို့ ကျုပ်လည်း ညာဖက်မျက်လုံးကို မှိတ်ပြီးကြည့်လိုက်တာပေါ့ဗျာ၊ ကျုပ်အရမ်းကို ထိတ်လန့်သွားခဲ့တာဗျ၊ ဘာလို့လဲဆိုတာ့ ဇရပ်ပေါ်မှာ သရဲမကြီးသုံးကောင်က ဆောင့်ကြောင့်ကြီး ထိုင်နေကြတယ်ဗျာ။ တစ်ယောက်က အမမိဝေဗျ၊ ကျန်တဲ့နှစ်ယောက်ကတော့ အိုကြီးအိုမတွေပါဗျာ၊ ဆံပင်ရှည်ကြီးတွေက ဖွာလန်ကျဲနေပြီး ဖားလျားကျနေတယ်ဗျ။
“နင်တို့ကို ဘယ်သူခိုင်းတာလဲ မှန်မှန်ပြောစမ်း”
သရဲမတွေက ပါးစပ်တွေပိတ်ထားတယ်ဗျာ၊ ဦးဘသာကြီးက သရဲမကြီးတစ်ကောင်ကို လက်ညှိုးထိုးလိုက်ပြီး
“နင်ငါ့ကို လိမ်လို့မရဘူးနော်၊ နင့်ကိုဘယ်သူခိုင်းသလဲဆိုတာ ပြောစမ်း”
သရဲမကြီးက ရယ်မောနေတယ်ဗျ။ ဒါနဲ့ ဦးဘသာက လက်ညှိုးကိုဆတ်ခနဲ ဆတ်ခနဲထိုးလိုက်တယ်ဆိုရင်ပဲ သရဲမကြီးက အော်ဟစ်လူးလိမ့်နေတာပဲဗျာ။
“ပြောစမ်း၊ မပြောရင် ပိုနာမယ်”
“ကျုပ်တို့သခင်က ကျုပ်တို့ကိုခိုင်းထားတာပါ၊ အစိမ်းတိုက် တိုက်ထားတာပါ”
“နင်တို့သခင်ဘယ်သူလဲ”
“မပြောရဲဘူး၊ သူ့နာမည်ပြောရင် ကျုပ်တို့ကို သူက နှိပ်စက်မှာတော့”
“အဲဒီခွေးကောင်ရဲ့ အစိမ်းတိုက်တွေကို ငါအကုန်ပြန်ဖျက်မယ်၊ နင်တို့တွေ သွားကြတော့၊ ဒီကနေထွက်သွားတော့”
သရဲမကြီးတွေက ဇရပ်ပေါ်ကဆင်းပြေးသွားပေမယ့် အမမိဝေကတော့ ငိုနေတယ်ဗျာ။
“ဟဲ့ မိဝေ၊ ညည်းက ရောဂါဖြစ်ပြီးသေတာမဟုတ်ဘူးလား”
အမမိဝေက ခေါင်းခါတယ်ဗျာ။
“မဟုတ်ပါဘူးဦးကြီးရယ်၊ ကျွန်မက အိပ်ဆေးတွေသောက်ပြီးတော့ ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့တာပါ”
ဦးဘသာရော ကျုပ်ရော မျက်လုံးပြူးသွားတယ်ဗျာ။
“ဒါ၊ ဒါဆိုရင် နင်က အစိမ်းသေပေါ့”
“ဟုတ်ပါတယ်၊ ကျွန်မတို့ရဲ့ သခင်က ကျွန်မအလောင်းက အသားစကိုယူသွားပြီးတော့ ကျွန်မကိုဖမ်းချုပ်ထားတာပါ”
“တောက်”
ဦးဘသာကြီးက တောက်တစ်ချက်ခေါက်လိုက်တယ်ဗျာ၊ အမမိဝေကပဲ ဆက်ပြီးတော့ပြောတယ်။
“ကိုဗျိုင်းကို ကယ်တင်ပေးပါ ဦးကြီး၊ ကျွန်မတို့အဖေက အဲဒီဆရာကိုငှားပြီးတော့ ကိုဗျိုင်းနဲ့ခွဲရအောင်လို့ စီစဉ်ခဲ့တာပါ၊ အဲဒီဆရာက ကိုဗျိုင်းကို ရူးသွားအောင်လို့ အောက်လမ်းအတိုက်နဲ့ပြုလုပ်ခဲ့တာပါ”
“တော်တော်ယုတ်မာတဲ့လူကွာ၊ နင်သေသွားတာသိတော့လည်း အစိမ်းသေမှန်းသိလို့ နင့်ကိုပြန်မွေးထားတာပေါ့ ဟုတ်လား”
အမမိဝေက ခေါင်းညိတ်တယ်၊ ဦးဘသာကြီးကလည်း ခေါင်းညိတ်တယ်ဗျ။
“ကောင်းပြီ မိဝေ၊ ညည်းသွားတော့၊ ငါမကြာခင် ညည်းကိုလာကယ်ပေးမယ်”
အမမိဝေလည်း ဇရပ်ပေါ်က နောက်ပြန်ကြီးဆင်းပြီးတော့ ပြေးတော့တာပဲဗျာ။ ဦးဘသာကြီးက ကျုပ်ဝတ်ထားတဲ့ပုဆိုးခါးပုံစနဲ့ ကျုပ်မျက်လုံးကို လက်ယာရစ်ပြန်ပြီး သုတ်ခိုင်းတယ်ဗျ၊ ကျုပ်သုတ်လိုက်တော့ ဘာမှ မမြင်တွေ့ရတော့ပါဘူးဗျာ၊ ကျုပ်နဲ့ ဦးဘသာလည်း ရွာထဲကိုပြန်လာခဲ့တယ်။
“ငါ့ကို သံပုရာသီး လေးလုံးနဲ့ ဖျာချုပ်တဲ့အပ်ကြီး လေးခုပေးဟေ့”
ကိုဖိုးချမ်းအိမ်သားတွေက ဦးဘသာတောင်းတဲ့အတိုင်းပေးလိုက်တယ်၊ ဦးဘသာက သံပုရာသီးတွေကို အဲဒီအပ်ကြီးနဲ့ ထုတ်ချင်းဖောက်အောင် ထိုးပြီးတော့ အိမ်ရဲ့ခြံလေးထောင့်မှာ အပ်တွေကို အိမ်ဘက်ကိုလှည့်ပြီး မြေမြှုပ်ခိုင်းလိုက်တယ်ဗျ၊ မကြာပါဘူး အိမ်ရှေ့လှေကားရင်းမှာ ဝုန်းခနဲ မီးခိုးတွေထွက်လာပဲဗျာ၊ ကျုပ်တို့ဖြင့် အံ့ဩလို့မဆုံးဘူးဗျို့။
“အတိုက်တွေအားလုံးရှင်းပြီးသွားပါပြီ၊ မနက်ဖြန်ကျတော့ သံပုရာသီးတွေ ပြန်ဖော်ပြီးလွှင့်ပစ်လိုက်ပါ၊ ခင်asm;ကိုအကုန်လုံး ပြန်ကောင်းသွားမယ်”
နောက်နေ့တော့ ကိုဖိုးချမ်းတို့ သက်သာသွားတယ်ဗျာ။ ရောဂါတွေက ယူပစ်သလိုကို ပျောက်သွားတာ၊ အဲဒီနောက်ပိုင်းတော့ ကိုဖိုးချမ်းက ဦးဘသာကြီးကို လေးလေးစားစားဆက်ဆံပါတော့တယ်ဗျာ၊ သူတို့မိသားစုလည်း ဘုရားတရား ပိုလုပ်လာခဲ့ကြတယ်။
ကျုပ်က ဦးဘသာကြီးကို လုပ်တဲ့လူကို သိသလားလို့မေးတော့ သူကခေါင်းညိတ်ပြတယ်။
“လူသွားရင် ခြေရာကျန်သလိုမျိုး၊ အောက်လမ်းတွေ ပညာရပ်ပိုင်းတွေမှာလည်း ခြေရာလက်ရာတွေ ကျန်နေခဲ့တယ်ကွ၊ ဒီအတိုင်းလိုက်ရင် ဘယ်သူလုပ်တယ်ဆိုတာကို သိဖို့လွယ်လွယ်ကလေးပဲ”
ကျုပ်အတန်တန်မေးပေမယ့် ဦးဘသာကတော့ နာမည်ထုတ်မပြောပါဘူးဗျာ၊ ကိုဗျိုင်းကိုလည်း ကျုပ်တို့ကယ်လိုက်နိုင်တယ်။ နောက်ပိုင်း အဲဒီအောက်လမ်းဆရာက ဒီထက်ပိုပြီး ကြမ်းတမ်းလာတော့မှ ဦးဘသာကြီးက အောက်လမ်းဆရာကို ပညာပေးလိုက်တာပေါ့ဗျာ၊ အဲဒီအကြောင်းတွေတော့ နောက်နေ့မှ အသေးစိတ် ပြောပြမယ်ဗျာ၊ အခုကတော့ တော်တော်လေရှည်နေပြီမို့လို့ နားလိုက်ကြစို့ဗျာ။
ပြီးပါပြီ။
ရေးသားသူ–အဂ္ဂဇော်
#crd