” စုန်းထီးကြီး ဦးဘသာနှင့် ရွာသူ ခင်နှောင်း “(စ/ဆုံး)

Unicode Version

” စုန်းထီးကြီး ဦးဘသာနှင့် ရွာသူ ခင်နှောင်း “(စ/ဆုံး)
————————————————————————-
အတွဲ(၃) စာစဉ် (၁၂)

(၁)

ဘာလိုလိုနဲ့ ကျုပ်အကိုကြီးတော့ မိန်းမနှစ်ယောက်ရတော့မယ်ဗျို့၊ ကျုပ်မရီးကတော့ အကိုကြီးကိုမကျေနပ်ဘူးပေါ့ဗျာ၊ အိမ်ကနေဆင်းမယ်ချည်း တကဲကဲလုပ်နေတာ၊ အမေတို့ပြောထားလို့သာငြိမ်နေတာဗျို့၊ အဲဒီရက်တွေတော့ အကိုကြီးက အိပ်ခန်းထဲဝင်မအိပ်ပါဘူးဗျာ၊ အိမ်ရှေ့မှာပဲ ကျုပ်တို့ညီအကိုနဲ့လာအိပ်တတ်တယ်။ ကျုပ်ရယ်၊ အငယ်ကောင်ရယ်၊ အကိုကြီးရယ်ဆိုတော့ ခြင်ထောင်အကြီးကြီးထောင်ပြီး အိမ်ရှေ့ခန်းမှာ အိပ်ကြရတာပေါ့ဗျာ။ အဖေကတော့ မခင်နှောင်းနဲ့ သေသေချာချာမစီစဉ်ရသေးတဲ့အတွက် မခင်နှောင်းအိမ်ကို သွားမအိပ်ခိုင်းဘူးဗျ။

တစ်ရက်တော့ အကိုကြီးနဲ့ကျုပ်နဲ့ လယ်ထဲမှာ စကားပြောဖြစ်တယ်၊ အကိုကြီးကတော့ သစ်ပင်အောက်မှာထိုင်ပြီးတော့ တွေဝေပြီး ငေးမောနေတာပေါ့ဗျာ။

“အကိုကြီးကို ကျုပ်ယောက်ျားသားချင်းမို့ ပွင့်ပွင့်လင်းလင်းမေးမယ်နော်”

အကိုကြီးက ဘာမှပြန်မပြောဘဲ ဆက်ငေးနေတယ်ဗျ။

“အကိုကြီး မခင်နှောင်းကိုတကယ်ချစ်သလား”

အကိုကြီးက ခေါင်းညိတ်တယ်ဗျ။

“ချစ်ခဲ့တာပေါ့ကွာ၊ ခင်နှောင်းနဲ့ငါနဲ့ဆိုတာ ငယ်ငယ်ကတည်းက ကစားဖော်၊ ကစားဖက်၊ သွားဖော်၊ သွားဖက် မဟုတ်လားကွ၊ နည်းနည်းအသက်အရွယ်ရလာတော့လည်း ငါတို့နှစ်ယောက်က တဖြည်းဖြည်းချစ်လာမိကြတယ်၊ သံယောဇဉ်ရှိကြတယ်၊ ရှင်းရှင်းပြောရရင် အခုအထိ ငါခင်နှောင်းအပေါ်မှာ ချစ်နေမိဆဲပဲကွ”

“ဒါဖြင့်လည်း ဘာဖြစ်လို့ မရီးနဲ့ယူလိုက်ရတာလဲဗျာ”

“သူ့ကိုလည်း ငါချစ်တယ်ကွ၊ ခင်နှောင်းမရှိတော့ပေမယ့် သူ့ကိုလည်း ငါတကယ်အချစ်စစ်နဲ့ချစ်ခဲ့တာအမှန်ပဲ၊ ဒါကြောင့်မို့လည်း သူ့ကိုငါလက်ထပ်ယူခဲ့ပြီး အခုအချိန်အထိ ကောင်းကောင်းမွန်မွန်လုပ်ကျွေးနေခဲ့တာပေါ့ကွာ”

ကျုပ်လည်း အကိုကြီးစိတ်ကို နားလည်ပေးမိပါတယ်၊ ကျုပ်တို့ယောက်ျားတွေက မိန်းမတွေလိုမဟုတ်ဘဲ အချစ်စိတ်ကြီးမားကြတယ်မဟုတ်လား၊ ရှင်းရှင်းပြောရင်တော့ ချစ်တတ်တယ်ပေါ့ဗျာ။

“ဒါဆိုရင် အကိုကြီးမိန်းမနှစ်ယောက်ရတဲ့ကိစ္စကိုရော ဘယ်လိုနေသလဲ၊ စိတ်ထဲမှာ တကယ်ပျော်ရဲ့လား”

အကိုကြီးက တွေတွေကြီး ခေါင်းညိတ်တယ်ဗျ။

“ဒါနဲ့များဗျာ၊ ဘာဖြစ်လို့ ဒီလို ငေါင်ငေါင်ငူငူကြီးဖြစ်နေရတာလဲ၊ ပျော်ပျော်နေပေါ့ဗျ”

“မဟုတ်ဘူးအလတ်ကောင်ရ၊ ငါက သေသေချာချာစဉ်းစားနေတာ”

“ဘာကိုစဉ်းစားနေတာလဲ”

“ဘယ်ရက်မှာ၊ ဘယ်မိန်းမအိမ်ကို သွားအိပ်ရမလဲဆိုပြီးတော့ သေချာတွေးနေတာကွ”

“ဟာဗျာ၊ အကိုကြီးကတော့”

ကျုပ်လည်း အနားက သစ်ကိုင်းပြေးကောက်ပြီး အကိုကြီးကိုလိုက်ရိုက်တော့ အကိုကြီးလည်း ပြုံးဖြီးဖြီးနဲ့ထွက်ပြေးပါရောဗျာ၊ လွန်တယ်ဗျာ၊ ဒီလူတွေလွန်တယ်၊ ကျုပ်တောင်မှ မိန်းမရသေးဘူး၊ သူတို့ကျတော့ မိန်းမနှစ်ယောက်နဲ့ကိုတောင် ဘယ်အိမ်မှာ ဘယ်ရက်သွားရမယ်ဆိုတာကို စဉ်းစားခန်းဖွင့်နေသေးတယ်၊ ကျုပ်တုတ်နဲ့လိုက်ရိုက်တာ လွန်သလားဗျာ။

အကိုကြီးနဲ့ မခင်နှောင်းယူမယ့်ကိစ္စကို တစ်ရွာလုံးကသိပေမယ့် သာမန်ကိစ္စပဲဆိုပြီး အေးအေးလူလူပဲပေါ့ဗျာ၊ မခင်နှောင်းကိုချိန်နေတဲ့ ကာလသားတွေသာ အကိုကြီးအပေါ်ကို နည်းနည်းနှာပွနေကြတာ၊ ယုတ်စွအဆုံး မရီးဘက်က ဆွေမျိုးတွေ၊ မိဘတွေကတောင်မှ အေးအေးဆေးဆေးပဲ၊ အဲဒီတုန်းကတော့ ယောက်ျားတစ်ယောက် မိန်းမနှစ်ယောက်ယူတာ ဆန်းမှမဆန်းကိုးဗျ။

ဒါပေမယ့်လည်း မိန်းမတွေစိတ်ကအဆန်းသား၊ မုန့်ကိုသာခွဲဝေစားမယ်၊ အချစ်ကိုတော့ ခွဲဝေမစားနိုင်ဘူးဆိုတဲ့ စိတ်ကလည်းရှိသေးတာကိုး၊ ဒါကြောင့်် ကျုပ်က မိန်းကလေးတွေက အချစ်နဲ့ပတ်သက်လာရင် အမြင်ကျဉ်းတယ်လို့ပြောတာ၊ အခုလည်းကြည့်ဗျာ၊ ကျုပ်အိမ်ရောက်တော့ အမေနဲ့ မရီးနဲ့က တကြိတ်ကြိတ်နဲ့ဗျ။ အဖေကတော့ ဘယ်ထွက်သွားတယ်မသိပါဘူး၊ ကျုပ်လည်း မောမောနဲ့ရေနွေးတစ်ခွက်ငှဲ့တော့ အမေက ကျုပ်အနားကိုကပ်လာတယ်။

“ဟဲ့အလတ်ကောင်၊ နင့်အကိုနဲ့ခင်နှောင်းကိစ္စကိုနင်ဘယ်လိုမြင်သလဲ၊ နင်ရော နင့်အကိုကို အဲဒီဟာမနဲ့ သဘောတူသလား”

ကျုပ်ကတော့ ရေနွေးခွက်ကိုင်ပြီး ခေါင်းခါလိုက်တယ်။ ကျုပ်သဘောမတူတာက တခြားတော့မဟုတ်ဘူး၊ မခင်နှောင်းက စုန်းမမဟုတ်လားဗျ၊ စုန်းမှန်းသိသိကြီးနဲ့တော့ ကျုပ်မကြိုက်ပါဘူးဗျာ၊ ဦးဘသာနဲ့ဘယ်လောက်ခင်ခင်၊ စုန်းတွေကို ဘယ်လိုပဲသဘောထားထား၊ မခင်နှောင်းက အကိုကြီးကိုလိုချင်လို့ ပညာနဲ့ပြုစားခဲ့တာမဟုတ်လားဗျ၊ ဒီတော့ ကျုပ်က ရှင်းရှင်းပြောရရင်တော့ သူ့ကိုကြည့်မရဘူး။

အမေတို့က ကျုပ်ခေါင်းခါတာကို ဘယ်လိုထင်သွားသလဲတော့မသိဘူးဗျ၊ ကျုပ်ကိုပြုံးကြည့်ရင်း မီးဖိုချောင်ထဲကို လက်ဆွဲခေါ်သွားတယ်။

“အမေ၊ ခိုးကြောင်ခိုးဝှက်နဲ့ ဘာလုပ်မလို့လဲ”

“ဟဲ့၊ နင်လည်း ဒီကောင်မနဲ့သဘောမတူဘူးဆိုရင် ငါတို့အတူတူပေါင်းပြီး ဒီကောင်မကို ဆော်မယ်”

“ဟာ၊ အမေကလည်း၊ အမေလုပ်တာမကောင်းပါဘူး၊ တော်ကြာအရပ်ကသိသွားလို့ သူကြီးကတော်က လူကိုရိုက်ပါတယ်ဆိုပြီးဖြစ်တော့ ကောင်းမလားဗျ”

အမေက ကျုပ်ခေါင်းကို ဒေါင်ခနဲခေါက်တယ်ဗျ။ လက်ကလည်းမြန်လိုက်တာဗျာ။

“နင်ဟာလေ၊ တော်တော်သုံးစားမရတဲ့ကောင်၊ ငါတို့ဆော်မယ်ဆိုတာက ကိုယ်ထိလက်ရောက်လုပ်မှာကို ပြောတာမဟုတ်ဘူး၊ နင့်အကိုနဲ့ အဲဒီကောင်မနဲ့ကို မရရအောင် ခွဲမယ်လို့ပြောတာ”

အမေပြောတော့ ကျုပ်လည်းထိတ်လန့်သွားတာပေါ့ဗျာ။

“အမေရာ၊ ဖြစ်ပါ့မလား”

“ဖြစ်ပါတယ်ဟဲ့၊ နင်အသာနေစမ်းပါ၊ နင်လုပ်ရမှာက နင့်အကိုကြီးကို သေသေချာချာစောင့်ကြည့်ထား၊ ဟိုကောင်မအိမ်နားကို ခြေဦးတောင်မလှည့်စေနဲ့နော်”

ကျုပ်လည်းခေါင်းညိတ်လိုက်ရတယ်။

“ဒါနဲ့နေပါအုံးအမေရ၊ အကိုကြီးနောက်မိန်းမယူတဲ့ကိစ္စကို မရီးဘက်ကတောင်မှ ဘာမှဖြစ်မနေတာ၊ အမေက ဘာလို့ရှေတန်းကနေ ရဲရဲဝံ့ဝံ့တိုက်နေသေးတာလဲ”

“ဟဲ့အကောင်ရဲ့၊ နင့်အကိုနောက်မိန်းမယူတော့၊ နင့်အဖေကလည်း ငါ့သားတောင်ယူသေးတာဆိုပြီးတော့ သူလည်းတစ်စခန်းထလာမှာပေါ့ဟဲ့၊ ဒီတော့ ငါလည်းအခုကတည်းက ပြတ်ပြတ်သားသားလုပ်ထားမှရမယ်၊ မသန်းယောက်ျားက တစ်မယားပဲပေါင်းသလို၊ မသန်းရဲ့သားကလည်း တစ်လင်တစ်မယားပဲဖြစ်စေရမယ်ဟေ့”

အမေက ယောက်မကြိးကိုင်ပြီးတော့ ခြေဟန်လက်ဟန်နဲ့ကိုပြောနေတာဗျ၊ ကျုပ်လည်း အမေတို့များ ဘာတွေလုပ်မလဲဆိုတာတွေးပြီး ခေါင်းပဲကုပ်နေလိုက်တာပေါ့ဗျာ။

နောက်နေ့တွေတော့ အကိုကြီးက မခင်နှောင်းဆီမသွားပေမယ့် မခင်နှောင်းကတော့ အကိုကြီးရဲ့လယ်ကို လိုက်လာသဗျ၊ ထမင်းစားချိန်ဆိုရင် ခံတောင်းလေးရွက်ပြီး လယ်ထဲဆင်းတော့တာ၊ အကိုကြီးတို့ လယ်တဲထဲမှာလည်း အကိုကြီးတစ်ယောက်တည်းမဟုတ်လား၊ ကျုပ်သာ အကိုကြီးကိုမျက်ခြေပြတ်မခံတာနဲ့ အကိုကြီးရဲ့အနားမှာ ရစ်သီရစ်သီလုပ်နေလို့သာပေါ့။

“ကိုမောင်၊ ထမင်းစားရအောင်”

အဲဒီလိုပြောပြီးတော့ လယ်တဲထဲကိုဝင် ခံတောင်းကိုဖွင့်ပေါ့ဗျာ၊ ဟင်းတွေကလည်း ဖွယ်ဖွယ်ရာရာပါပဲ၊ အသားဟင်းတင် နှစ်ခွက်လောက်ပါတယ်၊ ပြီးတော့ အရွက်ဟင်း၊ ငါးပိချက်၊ တို့စရာနဲ့ အရည်သောက်တောင် ပါလိုက်သေးတယ်ဗျာ၊ အကိုကြီးကတော့ မယားအသစ်က ထမင်းလာပို့လို့လားတော့မသိဘူး ပြုံးဖြီးဖြီးနဲ့ပေါ့ဗျာ၊ ကျုပ်ဖြင့်အကိုကြီးကို ကြည့်ရင်းအမြင်တွေကပ်လာတာ။

မခင်နှောင်းက ထမင်းပွဲပြင်ဆင်ပြီး သူတို့လင်မယားအသစ်တွေ ထမင်းစားကြမယ်ပေါ့၊ ဘေးနားမှာထိုင်နေတဲ့ကျုပ်ကိုတောင် မျက်စောင်းထိုးပြီးကြည့်သေးတာ၊ မခင်နှောင်းက ကျုပ်ကိုကြည့်မရသလို၊ ကျုပ်ကလည်း သူ့ကိုကြည့်မရပါဘူး။ ဒါပေမယ့် အကိုကြီးရှေ့ကျတော့လည်း ဒင်းက ဟန်ဆောင်ကောင်းတယ်ဗျ။

“မောင်လေး၊ ထမင်းစားပြီးပြီလား၊ မစားရသေးဘူးဆိုရင် တစ်ခါတည်း ဝင်စားသွားလေ”

ဟင်းတွေက မွှေးကြိုင်နေပေမယ့် ကျုပ်လည်းခေါင်းခါလိုက်တယ်၊ သူကျွေးတာကို ကျုပ်မစားရဲပေါင်ဗျာ၊ တော်ကြာ ဟိုနေ့ကလို ထမီလျှော်တဲ့အင်တုံထဲမှာ၊ ခြေထောက်တွေနဲ့နင်းပြီး ချက်ထားတာဆို ဘယ့်နှယ့်လုပ်ပါ့၊ ကျုပ်လည်း အားနာတာနဲ့ သူတို့ထမင်းစားနေတဲ့အချိန် တဲနောက်ဘက်မှာ ယောင်ပေယောင်ပေလုပ်နေလိုက်တယ်၊ သူတို့က ထမင်းစားရင်း စကားပြောလိုက်၊ ရယ်လိုက်မောလိုက်နဲ့ဗျ၊ မခင်နှောင်းက အကိုကြီးနဖူးက ချွေးစတွေကိုတောင် သူ့ပုခုံးတင်ပုဆိုးနဲ့ သုတ်ပေးလိုက်သေးတယ်၊ ဟင်းရည်ကိုတောင်မှ ခပ်ပြီးမှုတ်တိုက်သေးတာဗျာ၊ သူတို့ချစ်နေကြတာကြည့်ရင်း ကျုပ်ဖြင့် အမြင်တွေကပ်လိုက်တာ ပြောမနေပါနဲ့။

အကိုကြီးတို့ ထမင်းစားတာကို ဆက်မကြည့်ချင်တာနဲ့ ကျုပ်တို့လယ်ဘက်ကိုပြန်လာခဲ့တယ်၊ အငယ်မတို့က ထမင်းတောင်စားပြီးလို့ ပန်းကန်တွေဆေးကြောနေပြီ၊

“ဟဲ့အငယ်မ၊ ငါမစားရသေးဘူးလေ”

“မသိဘူးလေ၊ အကိုလတ်က အကိုကြီးတို့ဆီမှာ ထမင်းစားမယ်ထင်တာနဲ့ အကုန်စားလိုက်ပြီ၊ မရှိတော့ဘူး”

“ဟာ၊ နင်တို့လွန်တာပေါ့ဟ”

ဦးဘသာကတော့ တခွိခွိနဲ့ရယ်နေတယ်ဗျ၊ ဦးဘသာလယ်တဲက မီးမဖိုဘူးဆိုတော့ သူကထမင်းစားပြီးရင် ကျုပ်တို့လယ်တဲထဲမှာ လာလာပြီးရေနွေးသောက်တတ်တယ်မဟုတ်လားဗျာ၊ ပက်လက်ကုလားထိုင်မှာထိုင်နေတဲ့ ဦးဘသာကိုကြည့်ရင်း ကျုပ်ဒေါသတွေထွက်လာတယ်။

“အောင်မယ်၊ ဦးဘသာက ဘာလို့ရယ်တာလဲဗျ”

“မင်းမရီးအသစ်က မင်းကိုမကျွေးလွတ်လိုက်ဘူးလား”

ကျုပ်က အငယ်မတို့ကိုတစ်ချက်ကြည့်ရင်း

“ကျွေးတယ်၊ တမင်သက်သက်မစားတာ”

“ထမင်းဝိုင်းတွေ့တာတောင် မစားဘူးဆိုတော့၊ ကြည့်ရတာ ဟင်းမကောင်းဘူးနဲ့တူတယ်”

အငယ်မက ရယ်ကျဲကျဲပြောတော့ ကျုပ်လည်း ခါးထောက်လိုက်ပြီး

“အောင်မယ်လေး၊ ဟင်းကတော့ ဘာကောင်းသလဲမမေးနဲ့၊ အသားဟင်းတောင် နှစ်ခွက်ပါတယ်၊ ငါမစားဘူးဆိုတာက သူတို့ကိုကြည့်မရလို့ဟေ့၊ ဘယ့်နှယ့် အရည်သောက်တောင်မှ ဇွန်းနဲ့ခပ်ပြီးတော့ ပါးစပ်နဲ့ကိုယ်တိုင်မှုတ်ပြီး ခွံ့ကျွေးနေသေးတာ”

“ဟား၊ ဟား၊ ဒါကိုပြောတာပေါ့ အကိုမယားနေတော့ ညီဖင်ကြိမ်းတယ်ဆိုတာ”

“ကြံကြံဖန်ဖန်အငယ်မရာ၊ နှမလင်နေ မောင်ဖင်ကြိမ်းတာပါဟ”

“သိတယ်လေ၊ အခုက အကိုကြီးမိန်းမအသစ်ရတော့ အကိုလတ်မနေနိုင်ပဲ ထွက်ပြေးခဲ့ရတယ်မဟုတ်လား၊ ဟား၊ ဟား”

ကျုပ်လည်း ဘာမှမပြောတော့ဘူး၊ ဗိုက်ကလည်းအတော်ဆာနေပြီ၊ ဒါနဲ့ လယ်ထဲကိုယူလာတဲ့ တောင်းတွေ၊ အိုးတွေသယ်ပြီးတော့ အိမ်ကိုပဲပြန်ခဲ့တာပေါ့ဗျာ၊ အိမ်ရောက်တော့ လူကရှင်းနေပါရော။ ဒါနဲ့ မီးဖိုထဲဝင်ပြီး ထမင်းစားဖို့လှန်လှောရင်း အိမ်ပေါ်ထပ်ကနေ ပြောနေတဲ့အသံကြားလိုက်တယ်။

“စားလိုက်ပါသမီးရယ်၊ တစ်လုပ်နှစ်လုပ်တော့စားပေါ့အေ၊ ညည်းဒီအတိုင်းဆက်သွားရင် အိပ်ရာထဲလဲသွားမှာပေါ့”

ကြားလိုက်တာကတော့ အမေ့အသံပါ။

“မစားချင်ဘူးအမေ၊ သမီးဘယ်လိုမျက်နှာနဲ့ အိမ်အပြင်ထွက်ရမလဲ၊ မယားကြီးရှိရက်နဲ့ မယားငယ်အိမ်မှာ ညသန်းခေါင်ကြီးမိထားတာဆိုတော့ သမီးကိုရွာကလူတွေက ဘယ်လိုပြောကြမလဲ၊ မစားဘူးအမေ၊ သမီးသေသွားလည်းအေးတာပဲ”

“ဟဲ့၊ သြော်၊ သေစကားမပြောပါနဲ့အေ၊ ညည်းသေသွားတော့ရော ဘာကောင်းသွားမှာမို့လို့လဲ”

“သြော်၊ အမေကလည်း၊ သမီးသေသွားတော့ သူတို့နှစ်ယောက် သမီးမျက်နှာကြည့်စရာမလိုဘဲ ချစ်ချစ်ခင်ခင်နေသွားလို့ရတာပေါ့”

ကျုပ်လည်း ဆက်ပြီးနားမထောင်နိုင်တော့တာနဲ့ အိမ်ပေါ်ကိုတက်လာခဲ့တယ်။

“ဘာမှ သေစရာမလိုဘူး မရီး၊ ကျုပ်ပြောပြမယ် မရီးသေသွားတော့ ကျုပ်တူမက မိထွေးနဲ့နေရပြီပေါ့”

ကျုပ်က အခန်းဝကနေ စကားပြောပြီးဝင်လာတာကိုမြင်တော့ အမေရော မရီးရောက လန့်သွားတယ်ဗျ။

“မိထွေးဆိုတာ ဘယ်မိထွေးက ကောင်းလို့လဲ၊ ပြီးတော့ အကိုကြီးနဲ့မခင်နှောင်းနဲ့က သားသမီးထပ်ရပြီဆိုရင် ကျုပ်တူမပဲ အပယ်ခံဖြစ်မှာမဟုတ်လား၊ ဒီတော့ မသေနဲ့အုံး မရီးရေ၊ ကျုပ်အကိုကြီးနဲ့ အဲဒီမခင်နှောင်းနဲ့ကို ရအောင်ခွဲပေးမယ်”

ကျုပ်ပြောတော့မှ မရီးက နည်းနည်းတွေဝေသွားတယ်။

“အားမွေးထားစမ်းပါ မရီးရဲ့၊ ဒီပွဲမှာ အားအရင်လျော့တဲ့လူက အရှုံးပဲ”

ကျုပ်လျှောက်ပြောတော့မှ မရီးက ထမင်းတွေကုန်းစားတယ်ဗျာ၊ အမေနဲ့ကျုပ်လည်း သုံးလေးရက်ထမင်းမစားလို့ မျောက်ခေါင်းရုပ်ဖြစ်နေတဲ့ မရီးကိုကြည့်ရင်း သက်ပြင်းတွေအကြိမ်ကြိမ်ချနေမိပါရော။

(၂)

“တော်စမ်းအလတ်ကောင်၊ ငါဒါမျိုး ဘယ်တော့မှမလုပ်ပေးဘူး”

ထုံးစံအတိုင်း ကျုပ်လည်း ဦးဘသာကြီးဆီကိုသွားပြီး အပူကပ်တော့ ဦးဘသာက ကျုပ်ကိုရက်ရက်စက်စက် ပြန်ငေါက်လွတ်တယ်ဗျ။

“သူများချစ်ခြင်းကိုခွဲတယ်ဆိုတာ သိပ်ကြောက်ဖို့ကောင်းတယ်ကွ၊ မင်းတို့ယုံသလား မယုံသလားတော့ မသိပေမယ့် ငါကတော့ ဝဋ်ကြွေးဆိုတာကိုယုံတယ်၊ ဒီတော့ ငါ့ဘဝတစ်လျှောက်လုံးအဲဒီလိုချစ်ခြင်းကို မခွဲဘူးလို့ ဆုံးဖြတ်ထားတာကြောင့်၊ ဒီတစ်ခါတော့ မင်းကိုငါ မကူညီနိုင်တော့ဘူး”

သူပြောတာလည်း ခပ်ဟုတ်ဟုတ်ဗျ၊ သူတောင်မှ ဝဋ်ကြွေးရှိလို့ ဒီဘဝမှာ ချစ်တဲ့သူနဲ့ကင်းကွာခဲ့တယ်မဟုတ်လား။ ဦးဘသာက ကျုပ်ကိုလက်ညှိုးထိုးပြီး

“မင်းလည်း သူများကြားထဲ ကြပ်ကြပ်ဝင်ပါနော်အလတ်ကောင်၊ တစ်နေ့ မင်းလုပ်ခဲ့တဲ့အလုပ်က မင်းကိုဝဋ်ပြန်လည်လာလိမ့်မယ်”

“ဟာဗျာ၊ ကျုပ်ကတော့ ဝဋ်တွေ၊ ငရဲတွေ ကြောက်မနေဘူး၊ ဒါက ရှေးလူကြီးတွေ ခြောက်လှန့်သွားတာလို့ပဲထင်တယ်၊ ကျုပ်ကတော့ ကျုပ်အကိုကြီးကို အဲဒီစုန်းမနဲ့သဘောမတူဘူး၊ စုန်းမမှန်းသိရက်နဲ့ ကျုပ်တို့မိသားစုဝင်အဖြစ် လက်ခံမပေးနိုင်ဘူး”

ကျုပ်လည်း အဲဒီလိုပြောပြီး ထွက်လာခဲ့လိုက်တာပေါ့ဗျာ၊ အိမ်ရောက်တော့ အဖေနဲ့အမေနဲ့ စကားပြောနေတယ်ဗျ။

“ယောက်ျားရေ၊ ကွင်းချောင်းက ကျုပ်ဘကြီး ဘိုးမှန် ဆုံးလို့တဲ့”

“ဟုတ်လား၊ အေး၊ ဒါကြောင့်လည်း ငါထင်နေတာ၊ အရင်က ဘိုးမှန်တစ်ယောက် သုံးလတစ်ခါ၊ လေးလတစ်ခါလောက် လာလာနေကျမဟုတ်လား၊ အခုဆို မလာတာ ခြောက်လတောင်ကျော်ရောပေါ့”

“ဘိုးမှန်က အမျိုးရင်းတော့ မသွားလို့မရဘူးယောက်ျားရေ၊ အဲဒါ မနက်ဖြန်မနက်စောစော ကျုပ်နဲ့မောင်ထွန်းနဲ့သွားမယ်၊ ဟိုမှာ တစ်ရက်ညအိပ်ပြီးတော့ ပြန်လာခဲ့မယ်”

“ဟာ၊ အမေက ကွင်းချောင်းဆိုရင် ကျုပ်လည်းလိုက်ချင်တယ်”

အမေက ကျုပ်ကိုမျက်နှာရိပ်မျက်နှာကဲပြပြီး

“မလိုက်စမ်းပါနဲ့အလတ်ကောင်ရာ၊ နင့်ကိုခေါ်ရမှာကြောက်လို့ပါဟ”

နောက်တော့မှ အမေက ကျုပ်ကိုတီးတိုးပြောတယ်၊ သူအပြင်သွားနေတဲ့အချိန် မရီးနဲ့အကိုကြီးကိုစောင့်ကြည့်ထားဖို့ပေါ့ဗျာ၊ မရီးကလည်း စိတ်အခြေအနေသိပ်မကောင်းဘူးဆိုတော့ လုပ်မိလုပ်ရာ လုပ်မှာကို ပူမိလည်းပါတာပေါ့။

အမေတို့ထွက်သွားပြီးတော့ အိမ်က ခြောက်ကပ်ပြီးကျန်နေတော့တာပေါ့ဗျာ၊ ကွင်းချောင်းရွာက ရွာနဲ့အတော်လှမ်းတာဆိုတော့ ဒီကနေမနက်အစောကြီးထွက်မှ ဟိုကို ညနေလောက်ရောက်တာ၊ ဟိုမှာ တစ်ညအိပ်ပြီးတော့ ပြန်ထွက်လာရင် ဒီကို ညနေလောက်တော့ ရောက်ပါတယ်၊ မောင်ထွန်းဆိုတာက အမေ့အမျိုးပဲ၊ အမေတို့ လှည်းနဲ့ထွက်သွားကြတာပေါ့ဗျာ။

အမေတို့ထွက်သွားတဲ့ညပဲ ကျုပ်လည်း အိပ်နေတာပေါ့ဗျာ၊ ညနက်တော့ ကျုပ်နားထဲ အသံတစ်ခုကိုကြားတယ်။

“ဟိတ်ကောင်၊ အိပ်မနေနဲ့၊ ထ . . ထ”

အသံကတော့ ယောက်ျားသံကြီးဗျ၊ အသက်ကြီးကြီး အိုအိုအသံပေါ့ဗျာ၊ ကျုပ်လည်း အိပ်မက်မက်နေတယ်ထင်ပြီး မထသေးဘူးဗျ။ ဒီအချိန်မှာပဲ ကျုပ်ခြေထောက်ကို အေးခနဲဖြစ်သွားတယ်၊ လက်အေးကြီးနဲ့ ဖမ်းကိုင်လိုက်သလိုပေါ့ဗျာ၊ ကျုပ်လည်း ဂယောင်ကတမ်းနဲ့အော်ဟစ်ပြီး ထလိုက်ရတပေါ့။ ထထိုင်လိုက်တော့လည်း ကျုပ်ခြေရင်းမှာ ဘယ်သူမှမရှိဘူးဗျ၊ ကျုပ်လည်း အိပ်မက်လား၊ တကယ်လားဆိုပြီးကြည့်နေတုန်း အိပ်ခန်းထဲကနေ တအိအိနဲ့အသံကြားလိုက်တာပေါ့ဗျာ။

အစကတော့ ကလေးငိုတာလား၊ ဘာလားလို့ထင်လိုက်တာ၊ ဒါနဲ့ပဲ စောင်လေးခြုံပြီး ပြန်အိပ်မယ်ဆိုပြီး လှဲချလိုက်တော့

“အိပ်မနေနဲ့ထ၊ ထစမ်း”

အသံကြီးကို သေသေချာချာကြားလိုက်ရတာဗျာ၊ အနားကိုကြည့်လိုက်တော့လည်း အကိုကြီးနဲ့ အငယ်ကောင်နဲ့က တခူးခူးနဲ့ဟောက်ပြီးအိပ်နေကြတာ၊ ကျုပ်လည်း ပြန်ထိုင်လိုက်ရတယ်၊ တစ်ခုခုကတော့ကျုပ်ကိုသတိပေးနေပြီပေါ့ဗျာ၊ အခန်းထဲက တအိအိအသံလည်းကြားတာဆိုတော့ ကျုပ်က ဘာများဖြစ်သလဲဆိုပြီးတော့ အခန်းထဲကို အမြန်ပြေးဝင်လိုက်တယ်၊ ရွာကအိမ်တွေက အိပ်ခန်းတွေကို တံခါးတွေမတပ်ကြဘူးဗျ၊ ခန်းဆီးလိုက်ကာလောက်ဘဲ ကာထားတာဆိုတော့ ကျုပ်ဝင်လို့လွယ်တာပေါ့၊ အထဲရောက်တော့ မရီးက ထုပ်တန်းမှာ တွဲလောင်းကြီးဗျာ။

“ဟာ၊ မရီး . . . မရီး”

ခြေထောက်တွေကတော့ တဆတ်ဆတ်တုန်နေသေးတယ်ဗျ။ အသံက တအိအိနဲ့လည်ပင်းအစ်လို့ အော်နေတဲ့အသံမျိုးပေါ့၊ ကျုပ်လည်း မရီးဆီကိုပြေးသွားပြီးတော့ မရီးခြေထောက်တွေကို ဖမ်းကိုင်ပြီးတော့ ပင့်တင်ထားလိုက်ရတယ်၊ မရီးရဲ့ခြေရင်းအနားမှာလည်း သစ်သားခွေးခြေတစ်လုံးက ကျနေသေးရဲ့။

“အဖေရေ၊ လုပ်ပါအုံး၊ အကိုကြီးရေ”

ကျုပ်အော်တော့မှ အခန်းထဲကိုပြေးလာကြတယ်ဗျာ၊ မရီးက ထုပ်တန်းမှာ ဆွဲကြိုးချပြီး သတ်သေဖို့လုပ်နေတာဗျ။ အဖေက ကြိုးကိုဓါးနဲ့ခုတ်ဖြတ်လိုက်တော့မှ မရီးကပြုတ်ကျလာတယ်။ ပြီးတော့ ငိုနေတော့တာပဲ။

“မလုပ်ကောင်းလုပ်ကောင်းသမီးရယ်၊ ဘယ်လိုဖြစ်တာလဲ”

ဒီအချိန်မှာပဲ အကိုကြီးက မရီးကို ပိတ်ပြောတော့တာပဲဗျာ၊ မရီးကလည်း ပြန်ခံပြီးပြောတယ်။ သူတို့လင်မယားတွေရန်ဖြစ်ကြတယ်ပေါ့၊ နောက်တော့ ကျုပ်တူမက လန့်နိုးလာပြီးငိုပါရောဗျာ၊ မရီးက ကလေးကိုပိုက်ပြီး အိမ်ပေါ်ကနေ ညည့်နက်သန်းခေါင်ကြီး ဆင်းချသွားပါရော၊ ကျုပ်လည်း မရီးအနောက်လိုက်ပြီးခေါ်တာပေါ့။

“မခေါ်နဲ့၊ ငါ့ကိုမခေါ်နဲ့တော့အလတ်ကောင်၊ ငါသူ့နဲ့ကွဲဖို့ဆုံးဖြတ်လိုက်ပြီးပြီ”

ကျုပ်လည်း ခေါ်မရတော့ဘူးပေါ့၊ ဒါနဲ့ပဲ မရီးရဲ့မိဘအိမ်ကိုပြန်ပို့ပေးခဲ့ရတာပေါ့ဗျာ၊ အဖေကတော့ အကိုကြီးကိုဖိဆူတာပေါ့ဗျာ၊ အကိုကြီးကတော့ ခပ်ပေပေပဲဗျ၊

“အကြီးကောင်၊ ဒါမင်းအစပျိုးခဲ့တဲ့ ကိစ္စတွေကွ၊ မင်းကိစ္စကို မင်းနိုင်အောင်ရှင်းရမယ်”

“အဖေကလည်းဗျာ၊ ဒီလိုကောင်မမျိုးသေသွားရင်အေးတာပဲပေါ့”

အဖေဆို ဒေါသထွက်ထွက်နဲ့ အကိုကြီးကို ထထိုးလို့ ကျုပ်တို့ဝိုင်းဆွဲရသေးတယ်၊ အကိုကြီးမျက်နှာကို သုံးချက်လောက်ထိုးမိသွားတာပေါ့ဗျာ။ ကျုပ်ကတော့ ဒါဘယ်သူ့လက်ချက်လဲဆိုတာကို သိပြီးသားပါ၊ ဒါနဲ့ နောက်တစ်နေ့မနက်ပဲ ဦးဘသာကြီးဆီကိုချီတက်ခဲ့တာပေါ့။

(၃)

“ညတုန်းက ကျုပ်ကြားလိုက်တဲ့အသံက ဦးဘသာအသံမဟုတ်လား”

ဦးဘသာက လယ်ထဲမဆင်းရသေးဘူး၊ မနက်အစောဆိုတော့ အိမ်မှာပဲရှိသေးတယ်ဗျ၊ သူကတော့ ထုံးစံအတိုင်းပဲ ဘာမှပြန်မပြောဘူး၊ ကျုပ်လည်းဆက်ပြောရတာပေါ့။

“ညက ကျုပ်မရီးဘာဖြစ်သွားတယ်ဆိုတာ ဦးဘသာ သိသလား”

ဦးဘသာက ကွမ်းယာနေရင်း

“လုပ်တာကတော့ အသေလုပ်တာကွ”

ဦးဘသာက တန်းပြောတော့ ကျုပ်ဖြင့်အံ့သြသွားတာပဲဗျာ။ ကျုပ်က ဘာမှတောင်ပြောရသေးတာမဟုတ်ဘူးနော်၊ သူက အသေလုပ်တယ်ဆိုတာ သိနေပြီးသား။

“ဒါမခင်နှောင်းလက်ချက်မဟုတ်လား ဦးဘသာ”

“ဘယ်သူလုပ်တယ်၊ ဘယ်ဝါလုပ်တယ်ဆိုတာတော့ မပြောချင်တော့ပါဘူးကွာ”

“ဟာဗျာ၊ ဦးဘသာနော်၊ မခင်နှောင်းက စုန်းဆိုပြီးတော့ ဦးဘသာအဲဒီလိုကာဆီးကာဆီးမပြောနဲ့၊ လူတစ်ယောက်ကို သေအောင်လုပ်တယ်ဆိုတာက သိပ်ပြီးတော့ကြောက်ဖို့ကောင်းတဲ့အရာပဲဗျ၊ ကျုပ်လုံးဝခွင့်မလွှတ်ဘူး”

ဦးဘသာက သက်ပြင်းချလိုက်ပြီးတော့

“စိတ်လျှော့လိုက်ပါတော့အလတ်ကောင်ရာ၊ မင်းမရီးလည်း သေမှမသေဘဲကွ”

“အိုဗျာ၊ မသေသေးလို့ ဒီအထိကျုပ်ခံနေတာပေါ့၊ သေများသေသွားလို့ကတော့ အဲဒီခင်နှောင်းဆိုတဲ့ကောင်မကို ကျုပ်ဓါးနဲ့သွားခုတ်ပြီးတာ ကြာလှပေါ့ဗျာ”

“ငါကတော့လေ၊ သူတို့လူမှုရေးပြဿနာကို သူတို့ဖာသာရှင်းကြလင်းကြစေချင်တယ်ကွ”

“လူမှုရေးဆိုပေမယ့် အခုက အောက်လမ်းနည်းတွေ ပါလာပြီမဟုတ်လားဦးဘသာ၊ ဦးဘသာကြီး တစ်ခုခုမလုပ်ပေးဘူးဆိုရင် မခင်နှောင်းဟာ စုန်းတစ်ယောက်ပါလို့ ကျုပ်ရွာထဲမှာသတင်းဖြန့်မယ်ဗျာ၊ အထက်လမ်းဆရာခေါ်ပြီးတော့ ပြန်ဆော်မယ်ဗျာ”

ဦးဘသာက သူယာနေတဲ့ကွမ်းယာကိုတောင် ရပ်ပြီးတော့ ကျုပ်ကိုမျက်မှောင်ကြုတ်ပြီးကြည့်တယ်။

“အလတ်ကောင်ရာ၊ မင်းက မဟုတ်တာတွေဆက်လုပ်အုံးမလို့လား၊ မင်းလုပ်မှ တို့ရွာထဲမှ မဖြစ်သင့်တာတွေဖြစ်ပြီး ရှုပ်ထွေးကုန်ပါအုံးမယ်ကွ”

“ဒါဖြင့်ရင် ဦးဘသာကြီး အဲဒီမခင်နှောင်းကို တစ်ခုခုပြောပေးဗျာ”

ဦးဘသာက ခေါင်းညိတ်ရင်း

“စိတ်ချပါကွာ၊ ငါလည်း ဒီအတိုင်းလက်ပိုက်ကြည့်မနေပါဘူးကွ”

သူပြောလိုက်တော့မှ ကျုပ်လည်း စိတ်အေးရတော့တယ်။

“ဒါဖြင့်ရင် အခုဘယ်လိုလုပ်မလဲ”

“အချိန်ပဲလိုတယ်အလတ်ကောင်၊ တစ်ရက်နှစ်ရက်လောက်စောင့်လိုက်ရင် အဖြေပေါ်လာလိမ့်မယ်”

“ဘယ်လိုအဖြေလဲဗျ”

ဦးဘသာက ဘာမှဆက်မပြောတော့ဘူးဗျာ။

အကိုကြီးနဲ့မရီးနဲ့ကတော့ အခြေအနေမကောင်းတော့တာထက် ဆိုးတာထက်ပိုဆိုးလာတယ်ဗျ၊ မရီးက တောင်းပန်လို့ထင်တယ်၊ သူ့မိဘတွေ အိမ်ကိုရောက်လာပြီးတော့ အကိုကြီးနဲ့ကွာဖို့ ကိစ္စကိုပြောဆိုနေကြပြီဗျ၊ ဒီအတိုင်းဆိုရင် အကိုကြီးနဲ့ မရီးနဲ့ကွဲဖို့ပဲရှိတော့တယ်၊ အဖေကတော့ လေးငါးရက်လောက် စောင့်ကြည့်ပါအုံးလို့ပဲ နားချပြီးပြန်လွှတ်လိုက်ရတာပါပဲဗျာ၊ အကိုကြီးကလည်း တစ်မျိုးပဲဗျာ၊ သူ့စိတ်က မရီးနဲ့ပတ်သက်လာရင်ကို ဆတ်ဆတ်ထိမခံဖြစ်နေတာ။

ဒီလိုနဲ့ သုံးလေးရက်လောက်ကြာတော့ ရွာကိုလူတစ်ယောက်ရောက်လာတယ်ဗျ၊ ဖြစ်ချင်တော့ ကျုပ်လည်း လယ်ထဲဆင်းတဲ့အချိန် ရွာထိပ်မှာတွေ့ကြတာပေါ့ဗျာ၊

“ညီလေး၊ ဒီရွာမှာ ခင်နှောင်းဆိုတဲ့မိန်းကလေးရှိတယ်မှတ်လား”

လူပုံစံကတော့ အသားမည်းမည်း၊ အရပ်ပုပုပါပဲဗျာ၊ ရုပ်ကလည်းဆိုးလိုက်တာမှ ပြောမနေပါနဲ့တော့။ ပုံစံကတော့ ကုလားဒိန်လိုပုံစံမျိုးပဲ။ ကျုပ်လည်း သူ့ကိုကြည့်ပြီးတော့

“ရှိတာပေါ့ဗျာ”

“သူ့အိမ်ဘယ်အိမ်လည်းဆိုတာကို ငါ့ကိုညွှန်စမ်းပါ ညီလေးရာ”

“ဟာဗျာ၊ ခင်ဗျားက သူ့အိမ်သိချင်ရအောင် ဘယ်သူမို့လို့လဲဗျ”

“ငါက သူ့ယောက်ျားပဲ”

ကျုပ်ဖြင့် မျက်လုံးတောင်ပြူးသွားတာပဲဗျာ။

“ဗျာ၊ သူ့ယောက်ျားတဲ့လား”

“အေး၊ ဟုတ်ပါတယ်ဆိုကွာ”

“ဒါ၊ ဒါဆိုရင်တော့ မခင်နှောင်းတို့အိမ်ကိုမလိုက်နဲ့တော့ ကျုပ်တို့အိမ်ကိုသာ လိုက်ခဲ့တော့ဗျို့”

ကျုပ်လည်း အဲဒီလူကြီးလက်ကိုဆွဲပြီးတော့ အိမ်ကိုတစ်ခါတည်း တန်းပြေးပြန်လာခဲ့တာပဲဗျာ၊ အဲဒီလူကြီးကလည်း ကြောင်တောင်တောင်နဲ့ပြေးလိုက်လာတာပေါ့။ အိမ်ရောက်တော့လည်း အဖေက အိမ်မှာရှိနေတာနဲ့ အတော်ပဲဖြစ်သွားတယ်၊ ခြံထဲဝင်လာတဲ့ ကျုပ်တို့နှစ်ယောက်ကိုအကဲခတ်ကြည့်ပြီး

“အလတ်ကောင်၊ ဘာဖြစ်လာတာလဲ၊ သူက ဘယ်သူလဲ”

“သူက မခင်နှောင်းရဲ့ ယောက်ျားတဲ့ဗျ”

အဖေက မျက်ခုံးပင့်သွားတော့တယ်၊ အဲဒီလူကြီးကို ထိုင်ခုံမှာထိုင်ခိုင်းပြီး မေးမြန်းရတာပေါ့။

“ခင်ဗျားက ခင်နှောင်းယောက်ျားဆိုတာ တကယ်လား”

“တကယ်ပါသူကြီးရယ်၊ ကျုပ်အခု ခင်နှောင်းကို သတိရလို့ လိုက်လာခဲ့တာ”

အဖေက ကျုပ်ဘက်ကိုကြည့်ပြီးတော့

“အလတ်ကောင်၊ ခင်နှောင်းကို သွားခေါ်စမ်း”

အဖေက အခေါ်လွှတ်တယ်ဆိုတော့ ကျုပ်လည်း မခင်နှောင်းအိမ်ကိုပြေးလာခဲ့တာပေါ့ဗျာ။

“မခင်နှောင်း . . . ဗျို့၊ မခင်နှောင်း”

ကျုပ်အော်ခေါ်လိုက်တော့ မခင်နှောင်းက အိမ်ထဲကနေထွက်လာတယ်။

“ဟဲ့၊ ဘာဖြစ်ပြန်တာတုန်း၊ အော်ကြီးဟစ်ကျယ်နဲ့”

“အဖေက အိမ်ကိုလာခဲ့ပါအုံးတဲ့။ အိမ်မှာ ခင်ဗျားယောက်ျားဆိုတဲ့ ကုလားကြီးတစ်ယောက်ရောက်နေတယ်”

ကျုပ်လည်း သူ့ကိုကြည့်မရတာနဲ့ ပိတ်ပြောထည့်လိုက်တာ မခင်နှောင်းက ကျုပ်စကားကိုကြားပြီးတော့ အတော်လန့်သွားရှာတာဗျ။

“အေးအေး၊ လိုက်ခဲ့မယ်၊ သွားနှင့်၊ ငါအဝတ်အစားလဲလိုက်အုံးမယ်”

ကျုပ်လည်း အိမ်ကနေထွက်လာခဲ့တယ်၊ အိမ်ကိုမပြန်သေးဘဲ လယ်ကွင်းထဲကိုဆင်းသွားတဲ့ အကိုကြီးကို သွားခေါ်ဖို့အကြံရလိုက်တယ်၊ ဘာပဲပြောပြော တေ့တေ့ဆိုင်ဆိုင်ရှင်းကြပြီဆိုရင် မခင်နှောင်းနဲ့ညားတော့မယ့် အကိုကြီးလည်း သိသင့်တယ်မဟုတ်လားဗျ၊ အကိုကြီးရော ကျုပ်တို့တစ်ရွာလုံးရော မခင်နှောင်းကို အပျိုကြီးဆိုပြီးတော့ သိထားကြတယ်မဟုတ်လား။

ကျုပ်လည်း အပြေးတစ်ပိုင်းနဲ့အကိုကြီးလယ်ကိုပြေးခဲ့တယ်၊ အကိုကြီးကတော့ သီချင်းကလေး တအေးအေးနဲ့ပေါ့ဗျာ။

“အကိုကြီး၊ အကိုကြီး ပြဿနာတက်ပြီ”

“ဘာလဲကွ”

“မခင်နှောင်းယောက်ျားဆိုပြီးတော့ ကုလားကြီးတစ်ယောက်ရောက်နေတယ်၊ အခု အိမ်မှာအဖေနဲ့စကားပြောနေပြီ”

“ဟေ”

အကိုကြီး တစ်ခွန်းထဲရေရွတ်ပြီးတော့ လုပ်လက်စအလုပ်တွေကို ပစ်ချထားခဲ့ပြီး ကျုပ်အနောက်ကိုလိုက်လာတာပေါ့ဗျာ၊ ကျုပ်တို့လယ်နားကိုရောက်တော့ ရွာအပြင်ဇရပ်တွေအနားမှာ သုတ်ခြေတင်ပြီးပြေးသွားတဲ့ မိန်းမတစ်ယောက်ကိုတွေ့လိုက်ရတယ်ဗျ၊ ပုဆိုးနဲ့ထုပ်ထားတဲ့ အထုပ်ကို ခေါင်းပေါ်တင်ပြီးတော့ ပြေးနေတဲ့မိန်းမကို ကျုပ်အသေအချာလှမ်းကြည့်လိုက်တယ်။

“အလို၊ မခင်နှောင်းပါလား”

အကိုကြီးလည်း အထူးအဆန်းနဲ့ကြည့်နေတယ်။ ကျုပ်လည်းသိလိုက်ပြီ။ ဟိုလူကြီးလာလို့ မခင်နှောင်းလည်း ပြေးပြီထင်တယ်ဗျ။

“ပြေးပြီ၊ မခင်နှောင်းပြေးပြီဗျ”

အဲဒီလိုအော်ရင်း ကျုပ်တို့ညီအကို မခင်နှောင်းအနောက်ကိုပြေးလိုက်ခဲ့တယ်ဗျ၊ မခင်နှောင်းက ကျုပ်တို့ထက် တော်တော်ဝေးဝေးအရှေ့ကိုရောက်နေတယ်ဆိုပေမယ့် ကျုပ်တို့က ယောက်ျားခြေလှမ်းဆိုတော့ ရွာအထွက် သုဿန်နားရောက်တော့ မခင်နှောင်းကို မီလာတာပေါ့ဗျာ။

“မခင်နှောင်း၊ မပြေးနဲ့”

“ခင်နှောင်း၊ ဘယ်ကိုပြေးတာလဲ”

ကျုပ်တို့အော်တော့ မခင်နှောင်းက ကျုပ်တို့ကိုလှည့်ကြည့်တယ်၊ ပြီးတာနဲ့ ကျုပ်ကိုလက်ညှိုးနဲ့လှည့်ထိုးတော့ ကျုပ်တစ်ကိုယ်လုံးပူထူသွားတယ်ဗျ၊ မခင်နှောင်းက ကျုပ်ကို စက်နဲ့ပစ်တယ်ထင်ပါရဲ့ဗျာ၊ စက်ထိသွားပြီးတော့ ကျုပ်က အရှေ့ကိုပြေးနေတယ်ဆိုပေမယ့် တကယ်တမ်းတော့ အနောက်ကိုရောက်သွားတာဗျ၊ ထူးဆန်းလိုက်တာမှ ပြောမနေပါနဲ့တော့ဗျာ၊ အရှေ့ကို အားကုန်ပြေးလေလေ၊ အနောက်ကိုရောက်သွားလေလေပဲ၊ ကျုပ်နဲ့တူတူပြေးတဲ့ အကိုကြီးတောင်မှ ကျုပ်နဲ့ခပ်လှမ်းလှမ်းကိုရောက်သွားပြီ၊ ပြီးတော့ အကိုကြီးက မခင်နှောင်းဆီပြေးသွားတယ်၊ မခင်နှောင်းက အကိုကြီးလက်ကိုတွဲပြီးတော့ နှစ်ယောက်သား ဆက်ပြေးကြတယ်ဗျာ။

“ဟေ့လူတွေ၊ ရပ်လိုက်”

ကျုပ်က အော်ပေမယ့် တကယ်တမ်းရပ်နေရတာကတော့ ကျုပ်ပဲဗျ။ အရှေ့ဆက်ပြေးလို့လည်း မဖြစ်တော့ဘူးလေဗျာ၊ အရှေ့ပြေးရင် အနောက်ကိုရောက်တာကိုး။ ဒါနဲ့ပဲ ဉာဏ်နီဉာဏ်နက်သုံးရတော့တယ်၊ ကျုပ်လည်း ချက်ချင်းရွာဘက်ကိုမျက်နှာလှည့်လိုက်ပြီးတော့ ရွာဆီကိုပြေးပါရောဗျာ၊ အရှေ့ပြေးရင် အနောက်ကိုရောက်တယ်ဆိုတော့၊ အနောက်လှည့်ပြေးတော့ အရှေ့ကိုရောက်တာပေါ့ဗျာ၊ အနောက်ကိုတော့ လှည့်ကြည့်လှည့်ကြည့်နဲ့ပြေးရတာပေါ့။

မခင်နှောင်းနဲ့ အကိုကြီးနဲ့က ပြေးရတာမောလို့ထင်ပါရဲ့၊ သုဿန်အကျော်နားက တမာပင်တန်းကလေးအနားမှာ ထိုင်နေကြတယ်၊ ကျုပ်လိုက်လာမယ်လို့လည်း မထင်ဘူးပေါ့လေ၊ ကျုပ်က နောက်ပြန်ကြီးပြေးလာတာကိုး။

“မပြေးနဲ့”

ကျုပ်အော်သံကြားလိုက်တော့မှ သူတို့နှစ်ယောက်က ထပ်ပြေးဖို့လုပ်တယ်၊ ဒီအခါမှာပဲ တမာပင်တန်းကြားကနေ နွားနှစ်ကောင်နဲ့ ဦးဘသာကြီးက ထွက်လာတယ်၊ လက်ထဲမှာလည်း ကြိမ်လုံးကြီး ကိုင်ထားလို့ပေါ့ဗျာ။

“ဟိတ်၊ ရပ်ကြစမ်း”

ဦးဘသာပြောတော့မှ မခင်နှောင်းတို့အပြေးရပ်တယ်၊ ကျုပ်လည်း နောက်ပြန်ကြီးပြေးလာရင်း အနားရောက်လာတာပေါ့။ မခင်နှောင်းက လက်အုပ်ကိုကောက်ချီလိုက်တယ်ဗျ။

“ကျွန်မတောင်းပန်ပါတယ် ဦးလေးရယ်၊ ကျွန်မတို့ကို သွားခွင့်ပေးပါ၊ ကျွန်မတို့ချစ်ခြင်းကို မခွဲပါနဲ့”

“နင်တို့ကိုငါမခွဲပါဘူး၊ တားပဲတားလိုက်တာ”

ကျုပ်လည်း နောက်ပြန်ကြီးရောက်လာတာပေါ့၊ ဦးဘသာက ကျုပ်ကိုကြည့်ရင်း

“အလတ်ကောင် ဘာဖြစ်နေတာလဲ”

“သူပေါ့ဗျ၊ ကျုပ်ကိုစက်နဲ့ပစ်ထားတာ”

ဦးဘသာ ကျုပ်ဆီကို နွားရိုက်တဲ့ကြိမ်လုံးကြီးနဲ့လှမ်းထိုးလိုက်တော့ ကျုပ်တစ်ကိုယ်လုံး ပေါ့သွားသလိုခံစားသွားရတယ်၊ ဦးဘသာက လက်တစ်ဖက်ခါးထောက်ထားရင်း

“နေစမ်းပါအုံးခင်နှောင်း၊ နင်တို့နှစ်ယောက်ကို မကြာခင် မင်္ဂလာဆောင်ပေးတော့မှာမဟုတ်လား၊ နင်တို့ဘာတွေ အလျင်လိုနေသလဲ”

“အဲဒါတွေ မေးမနေပါနဲ့တော့ ဦးလေးရယ်၊ ကျွန်မတို့ကို သွားခွင့်ပြုပါ၊ ဦးလေးကျေးဇူးကို ကျွန်မ မမေ့ပါဘူး”

မခင်နှောင်းက ပြောပြောဆိုဆိုနဲ့ သူ့ခေါင်းပေါ်က ပုဆိုးထုပ်ကိုဖြေလိုက်ပြီး အထဲက ပိုက်ဆံအိတ်တစ်လုံးကိုဖွင့်ပြီး ရွှေလက်ကောက်တွေထုတ်လိုက်တယ်ဗျ၊ ရွှေလက်ကောက်ငါးကွင်းလောက်ကို ကိုင်ပြီးတော့ ဦးဘသာကြီးဆီကို လှမ်းပေးတယ်။

“ဦးလေး ဒါတွေယူပါ၊ ဦးလေးသုံးချင်ရာသုံးပါ၊ ကျွန်မတို့ကိုလွှတ်ပေးပါ”

ဦးဘသာက ရွှေလက်ကောက်တွေကို လှမ်းယူလိုက်ပြီးတော့ လက်နဲ့သေချာကိုင်ကြည့်တယ်၊ ပြီးတော့မှ မဲ့ပြုံးတစ်ချက်ပြုံးပြီး ရွှေလက်ကောက်တွေကို မခင်နှောင်းဆီကို ပိတ်ပေါက်ထည့်လိုက်တာ လက်ကောက်တွေက မခင်နှောင်းလက်နှစ်ဖက်မှာ ဝတ်ပြီးသားဖြစ်သွားပါရောဗျာ၊ ကျုပ်ဖြင့် အံ့သြလို့မဆုံးဘူး။

“ဟဲ့ ခင်နှောင်း၊ ညည်းက ငါ့ကိုရွှေမက်တယ်လို့ထင်နေတာလား၊ ငါနင်ပေးတာကို မယူဘူး၊ လိုလည်းမလိုချင်ဘူး၊ နင်လုပ်ရမှာက ရွာထဲကိုပြန်သွားဖို့ပဲ”

မခင်နှောင်းက ပြောနေရင်း ဒေါသထွက်လာတယ်ဗျ။

“အောင်မာ၊ အဘိုးကြီးကတော့ ကောင်းကောင်းပြောလို့မရဘူး”

မခင်နှောင်းက လက်ညှိုးနဲ့ဆတ်ခနဲထိုးလိုက်တော့ ဦးဘသာက တစ်ခုခုကို လက်နဲ့ပုတ်ချလိုက်တယ်ဗျ။

“ခင်နှောင်းရာ၊ နင်ငါ့ကို ပြိုင်နိုင်မယ်ထင်သလား”

“အပိုတွေလာမပြောစမ်းပါနဲ့ရှင်”

မခင်နှောင်းက ထမီကိုမပြီးတော့ ခါးတောင်းကျိုက်လိုက်တယ်ဗျ။ မခင်နှောင်းပေါင်တွေက နေမထိလေမထိဆိုတော့ ခပ်ဖြူဖြူပေါ့ဗျာ။ ထမီကိုခါးတောင်းမြောင်နောက်အောင်ကျိုက်လိုက်တော့မှ ပေါင်ရင်းနဲ့တင်ပါးတွေမှာ ဆေးနီဆေးနက်တွေနဲ့ အကွက်အကွက်တွေဆွဲထားတာဗျ၊ ကျုပ်ထင်တာတော့ အင်းတွေဖြစ်မှာပေါ့၊ မခင်နှောင်းက ထမီခါးတောင်းကျိုက်ပြီးတော့မှ

“ငါက တခြားလူမဟုတ်ဘူးရွာသူဟဲ့၊ ရွာသူ၊ အဘိုးကြီး မနာချင်ရင် အသာဖယ်နေလိုက်စမ်း”

ဦးဘသာက ရွာထဲမှာ သူကဘာစုန်းမျိုးပါ၊ ဘယ်လောက်ပညာတတ်တယ်ဆိုတာ ပြောထားတဲ့သူမဟုတ်တော့ ဦးဘသာအကြောင်းကို မခင်နှောင်းက သိပုံမရဘူးပေါ့ဗျာ၊ ဦးဘသာကလည်း ဒီလောက်ခင်ပါတယ်ဆိုတဲ့ ကျုပ်ကိုတောင်မှ သူ့ပညာဘယ်လောက်သွားတယ်ဆိုတာကို ပြောပြတာမှမဟုတ်တာကလား။

“ခင်နှောင်းရာ၊ နင်က တို့ရွာမှာနေတော့ တို့ရွာသူပါပဲဟာ”

မခင်နှောင်းက ပုခုံးပေါ်တင်ထားတဲ့ ပုဆိုးပိုင်းကိုဖြုတ်ယူပြီး ဦးဘသာဆီကိုလှမ်းပစ်ထည့်လိုက်တော့တာပဲဗျာ၊ ပုဆိုးပိုင်းက မြေပေါ်ကိုကျပြီးတော့ လူကြီးလက်မောင်းလုံးလောက်ရှိတဲ့ ငန်းမြွေကြီးဖြစ်သွားတာပဲဗျို့၊ ငန်းမြွေကြီးက တစ်ကိုယ်လုံးကိုမည်းနက်နေပြီးတော့ ဦးဘသာကို ပေါက်မယ်ဆိုပြီးတကဲကဲလုပ်နေတာဗျ။ ပြီးတာနဲ့ ဦးဘသာဆီကို တရှူးရှူးနဲ့အသံပေးပြီးတော့ ပြေးသွားတာမြန်လိုက်တာဗျာ၊ ဦးဘသာကလည်း အဲဒီမြွေကြီးရဲ့ခေါင်းကို လက်ထဲက ကြိမ်လုံးနဲ့ထိုးပြီး မြေမှာထောက်ချလိုက်တော့ ငန်းမြွေကြီးကနေပြီး ပုဆိုးပိုင်းပြန်ဖြစ်သွားတယ်ဗျ။

“ဟဲ့၊ ခင်နှောင်း၊ နင့်ပုဆိုးစုတ်က ငါခြေသုတ်ဖို့လောက်တောင် မသားနားပါလားဟ”

အကိုကြီးက တွေတွေကြီးရပ်နေတာဗျ၊ တန်တော့ မခင်နှောင်းက ခုနက လက်မောင်းကိုကိုင်ပြီး တစ်ခုခုလုပ်ထားပုံရတယ်၊ မခင်နှောင်းက မကျေနပ်ဘူး၊ တောက်တစ်ချက်ခေါက်ပြီးတော့ ထမီခါးတောင်းကျိုက်ကိုဖြေချလိုက်တယ်ဗျ၊ ပြီးတော့ ထမီကိုဆွဲလှန်ပြီး ခေါင်းပေါ်ကနေ ကျော်ချွတ်လိုက်တာ၊ ဘာပြောကောင်းမလဲ အတွင်းခံမဝတ်ထားတော့ ဖင်ပြောင်ကြီးပေါ့ဗျာ၊ အဲဒီလိုထမီကိုခေါင်းပေါ်ကနေ ကျော်ချွတ်ပြီးတာနဲ့ ထမီကိုတစ်ခုခုမန်းမှုတ်ပြီး ဦးဘသာကြီးဆီကိုကွင်းလိုက်ပြီး ပစ်ထည့်လိုက်ပါရော။

ထမီပျံထွက်သွားပုံကလည်း ကွင်းလိုက်ကြီးဗျ၊ ဦးဘသာက သူ့အနားမရောက်ခင်မှာပဲ လက်ထဲကကြိမ်လုံးကို လေပေါ်မှာ စက်ဝိုင်းပုံစံဝှေ့ယမ်းလိုက်တော့ ပျံလာတဲ့ထမီကြီးကလည်း လေပေါ်မှာ အကွင်းလိုက်ကြီး လည်ပတ်နေတော့တယ်ဗျာ၊ အမြင့်ကတော့ လူတစ်ရပ်အမြင့်လောက်ရှိမယ်ဗျ။ ဦးဘသာက ခဏကြာတော့ လက်ထဲက ကြိမ်လုံးကို လမ်းဘေးက တမာပင်တန်းဆီကို ညွှန်ပြလိုက်တော့မှ ထမီကွင်းကြီးက အရွက်တွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ တမာပင်ကလေးအပေါ်ကို သွားကျတာပဲဗျာ၊ တရှဲရှဲအသံမြည်ပြီးတော့ အရွက်စိမ်းစိမ်းစိုစိုနဲ့ တမာပင်ကလေးက ချက်ချင်းအရွက်တွေဝါပြီးတော့ တဖြုတ်ဖြုတ်နဲ့ကျွေကျကုန်ပါရောဗျာ။

“ဟဲ့၊ နင့်ဖင်ငါမကြည့်ချင်ဘူး၊ ထမင်းစားပျက်တယ်ဟဲ့”

ဦးဘသာက မခင်နှောင်းကို ကြိမ်လုံးနဲ့လှမ်းညွှန်ထိုးပြီးတော့

“အလတ်ကောင် မင်းဘောင်းဘီပါရင်၊ မင်းပုဆိုးကို သူ့ကိုစွပ်ပေးလိုက်စမ်း”

ကျုပ်က အောက်က ဒူးလောက်ရှိတဲ့ ဘောင်းဘိတိုကလေးပါတော့ ပုဆိုးကိုချွတ်ပြီးတော့ မခင်နှောင်းအနားကိုကပ်ခဲ့တာပေါ့ဗျာ၊ မခင်နှောင်းက တွေတွေကြီးရပ်နေပေမယ့် ကျုပ်ကိုတော့ စူးစူးစိုက်စိုက်နဲ့ကြည့်နေတော့တာ၊ ကျုုပ်လည်း ပုဆိုးကို ခေါင်းကနေစွပ်ချပြီးတော့ သူ့ခါးမှာခပ်မြန်မြန်ပဲ ပတ်ပေးလိုက်တာပေါ့။ ဦးဘသာက ပုဆိုးဝတ်ပြုပြီးတော့မှ

“ဟေ့ကောင်တွေ၊ ဒင်းကို ရွာထဲကိုဖမ်းဆွဲခေါ်သွားကြစမ်း”

ဦးဘသာအမိန့်ပေးလိုက်တော့ မခင်နှောင်းတစ်ယောက် ယက်ကန်ယက်ကန်နဲ့ ရွာထဲကို တရွတ်တရွတ်နဲ့ပါသွားတာပဲဗျာ၊ မသိရင် သူ့လက်နှစ်ဖက်ကို လူတစ်ယောက်ဆီက ကိုင်ဆွဲပြီး ဆွဲခေါ်သွားတဲ့ပုံစံမျိုး၊ ကျုပ်မျက်လုံးထဲတော့ ကျန်တာတွေမတွေ့ရဘဲ မခင်နှောင်းးတရွတ်တိုက်ပါသွားတာကိုပဲမြင်ရတယ်။

ဦးဘသာက အကိုကြီးအနားကိုကပ်ပြိး လက်ဝါးနဲ့မျက်နှာကိုသပ်ချလိုက်တော့မှ အကိုကြီးလည်း သတိပြန်ကပ်တယ်ဗျ။

“ကဲ၊ မင်းတို့လည်း လိုက်သွားကြတော့ဟေ့၊ ငါ့နွားတွေကို ဟိုဘက်နားမှာ သွားလှန်ထားလိုက်အုံးမယ်”

ဦးဘသာပြောတော့ ကျုပ်တို့ညီအကိုလှည့်အထွက် အဲဒီတမာပင်ပေါ်က ထမီကြီးက ဟုန်းခနဲ သူ့အလိုလိုမီးတွေထတောက်ပြီး တောက်လောင်နေပါရောဗျာ။

(၄)

အိမ်ရောက်တော့ မခင်နှောင်းခမျာ ခုံတန်းမှာထိုင်နေရတယ်။ ကုလားကြီးကိုတော့ နည်းနည်းကျောပေးပြီး တစောင်းထိုင်နေတာပေါ့ဗျာ။

“ပြောစမ်း၊ ခင်ဗျားနာမည်ဘယ်သူလဲ”

“ကျုပ်နာမည် အောင်စိုးပါ၊ လူတွေကတော့ ရာဂျားလို့ခေါ်ပါတယ်”

“ဟဲ့ ခင်နှောင်း၊ နင်သူ့ကိုသိသလား”

အဖေကမေးတော့ မခင်နှောင်းက ကျုပ်ကိုတစ်ချက်ကြည့်ပြီးတော့ ခေါင်းကိုအသာညိတ်ပါတယ်။

“ဒီလူက နင့််ယောက်ျားလို့ပြောနေတယ်၊ အဲဒါဟုတ်သလား”

မခင်နှောင်း ဘာမှမပြောတော့ပါဘူး၊ ဒီတော့မှ ဦးရာဂျားက သူ့လွယ်အိတ်ထဲကနေပြီးတော့ စာအုပ်အရှည်ကြီးတစ်အုပ်ထုပ်တယ်ဗျ၊ အဲဒီစာအုပ်ထဲမှာ ခေါက်ထားတဲ့ စာရွက်ခေါက်ကလေးကို အဖေ့ကိုပြတယ်၊ အဖေက ယူပြီးဖြန့်ကြည့်လိုက်တော့ စာချုပ်တစ်ခုဖြစ်နေတယ်၊ အသိသက်သေတွေအရှေ့မှာ နှစ်ဦးသဘောတူ လက်ထပ်ထိမ်းမြားထားကြောင်း ရေးထိုးထားတဲ့စာချုပ်ပါ၊ အဖေက အချက်အလက်တွေအကုန်တိုက်ကြည့်တော့လည်း တူတူပဲဖြစ်နေတယ်။

“ဟဲ့ ခင်နှောင်း၊ ဒီစာချုပ်က တကယ်လား၊ နင်တကယ်ပဲ လက်မှတ်ထိုးခဲ့တာလား”

မခင်နှောင်းက မျက်ရည်တွေကျလာပြီးတော့ ခေါင်းညိတ်ပါတယ်။

“ဟုတ်ပါတယ်သူကြီးရယ်၊ ဒါပေမယ့် ကျွန်မလက်မှတ်သာထိုးလိုက်ရတယ်၊ သူ့ကိုတကယ်မချစ်ခဲ့ပါဘူး”

“ငါက နင့်ကိုချစ်တာတွေဘာတွေ မေးနေတာမဟုတ်ဘူး၊ လက်ထပ်စာချုပ်ပြနိုင်တယ်ဆိုတော့ ဘာပဲပြောပြော နင်နဲ့သူနဲ့က အကြင်လင်မယားအဖြစ်ရှိနေကြသေးတယ်၊ ဒီတော့ နင်တို့အချင်းချင်း အရင်ရှင်းကြလင်းကြပြီးတော့ လွတ်လွတ်လပ်လပ်ဖြစ်သွားတဲ့အထိ ငါ့သားနဲ့နင်နဲ့ကိစ္စကို ဆိုင်းငံ့ထားမယ်”

“ဆိုင်းငံ့လို့တင်ဘယ်ဖြစ်မလဲ၊၊ တစ်ခါတည်းဖျက်သိမ်းလိုက်မှဖြစ်မှာ သူကြီးရ၊ ဘာလို့လဲဆိုတော့ ခင်ဗျားသားသာ ကျုပ်ရဲ့မိန်းမနဲ့ဆက်ပြီးဖြစ်နေမယ်ဆိုရင်တော့ ကျုုပ်ခင်ဗျားသားကို မယားခိုးမှုနဲ့အမှုဖွင့်ရလိမ့်မယ်”

ဦးရာဂျားကပြောလိုက်တော့ အကိုကြီးတောင် တော်တော်လေးလန့်သွားတယ်ဗျ၊ အဖေက မခင်နှောင်းကိုကြည့်ပြီး

“ကဲ ခင်နှောင်း၊ ကျန်တာကတော့ နင်တို့လင်မယားကြားထဲက ကိစ္စပဲ၊ ဒီတော့ နင်တို့အဆင်ပြေသလိုရှင်းကြပေတော့”

အဖေက ဦးရာဂျားဘက်ကိုကြည့်လိုက်ပြီးတော့

“ကိုရာဂျား၊ ခင်ဗျားလည်း ခင်ဗျားမိန်းမကိုခေါ်ပြီးပြန်တော့ ကျုပ်အိမ်မှာတော့ လာမရှင်းကြနဲ့”

ဒီတော့ ဦးရာဂျားက စာရွက်စာတမ်းတွေသိမ်းပြီးတော့ မတ်တပ်ရပ်လိုက်တယ်၊ ပြီးတော့ မခင်နှောင်းဘက်ကိုလှည့်လိုက်ပြီးတော့

“ခင်နှောင်း၊ ထ၊ ငါနဲ့လိုက်ခဲ့တော့၊ နင့်ကတိအတိုင်းပဲပေါ့”

မခင်နှောင်းကလည်း မလိုက်ချင်လိုက်ချင်နဲ့ထလိုက်သွားတော့တယ်ဗျ၊ ဒီတော့မှ ကျုပ်လည်းသက်ပြင်းချနိုင်တာဗျို့၊ အဖေကလည်းအမေ့ကိုကြည့်လိုက်တယ်၊ အမေ့မျက်နှာမှာတော့ အပြုံးတွေနဲ့ပေါ့ဗျာ။ ကျုပ်စိတ်ထဲတော့ အတွေးမျိုးစုံတွေးနေမိတယ်၊ ဒီဦးရာဂျားဆိုတဲ့လူကြီးက ဘယ်သူကြီးလဲ၊ ဘာလို့အခုမှ ရွာကိုပေါ်လာတာလဲ၊ သူပေါ်လာတာနဲ့ ဦးဘသာနဲ့များ တစ်ခုခုဆက်စပ်နေမလား၊ ဘာလို့လဲဆိုတော့ ဦးဘသာက ကျုပ်ကိုအချိန်စောင့်နေလိုက်ပါလို့ ပြောထားတယ်မဟုတ်လား။ ကျုပ်လည်း သို့လော သို့လောတွေးနေရင်းနဲ့ တော်တော်ကြာတော့မှ တစ်ခုသတိရတယ်။

“ဟာ၊ ပါသွားပြီ၊ ပါသွားပြီ”

ကျုပ်လည်း ထိုင်ခုံကနေ ကမန်းကတမ်းထပြီးတော့ ဘောင်းဘီတိုကြီးနဲ့ မခင်နှောင်းတို့အနောက်ကို ပြေးလိုက်သွားမိတယ်ဗျ။ ကျုပ်ရဲ့ပုဆိုးကြမ်းကြီး မခင်နှောင်းဆီကို ပါသွားပြီမဟုတ်လားဗျာ။ ကျုပ်ပြေးလိုက်ရင်း ရွာလယ်မန်ကျည်းပင်နားရောက်တော့ သူတို့လင်မယားကိုမီလိုက်တယ်ဗျ၊ ဒီအချိန်မှာပဲ ဦးဘသာကြီးနဲ့ သူတို့လင်မယားနဲ့မျက်နှာချင်းဆိုင်တွေ့ပါရောဗျာ။ ဦးရာဂျားက ဦးဘသာကိုကြည့်ရင်း သေသေချာချာပြုံးပြတယ်ဗျ၊ ပြီးတော့

“အကိုကြီး နေကောင်းရဲ့နော်”

လို့နှုတ်ဆက်တယ်၊ ဦးဘသာကလည်း ပြန်ပြုံးရင်း

“အေးပါ၊ ကောင်းပါ့ကွာ၊ ဒါနဲ့ရာဂျားရေ၊ မင်းတောင် အသားတွေပိုပြီးမည်းလာသလိုပဲ”

“ဟာဗျာ၊ အကိုကြီးကတော့လုပ်ပြီ”

“မင်းရောက်တုန်းရောက်ခိုက် ရွာမှာနေပါအုံးကွ”

“မနေတော့ဘူးအကိုကြီးရေ၊ ကျုပ်မိန်းမနဲ့ကျုပ် အကျေအလည်ဆွေးနွေးစရာလေးတွေ ရှိသေးသဗျ၊ ဟား၊ ဟား”

ဦးဘသာက ပြုံးရင်း ခေါင်းတညိတ်ညိတ်လုပ်နေတယ်ဗျ။ ဦးရာဂျားကလည်း ပြုံးပြုံးကြီးနဲ့ မခင်နှောင်းလက်ကိုဆွဲပြီးဆက်လျှောက်သွားပါရော၊ မခင်နှောင်းကတော့ မျက်ရည်စက်လက်နဲ့လိုက်သွားပြန်တယ်ဗျာ၊ ကျုပ်လည်း ဆက်တော့လိုက်ချင်သား၊ ဒါပေမယ့် ဦးဘသာနဲ့ပက်ပင်းတိုးတုန်း ကျုပ်ရင်ထဲကမေးခွန်းတွေကို မေးမယ်လို့ဆုံးဖြတ်လိုက်တာနဲ့ ကျုပ်ဝတ်တဲ့ပုဆိုးကြမ်းကြိးကို အဆုံးရှုံးခံလိုက်ပြီး ဦးဘသာအနားကိုကပ်ခဲ့တယ်။

“ဦးဘသာနဲ့၊ အဲဒီကုလားကြီးနဲ့က သိတယ်တဲ့လား”

ဦးဘသာကခေါင်းညိတ်တယ်ဗျ။

“ကျုပ်စဉ်းစားမရတာက၊ မခင်နှောင်းကလည်း ရုပ်ရည်အသင့်အတင့်နဲ့ အရွယ်ကောင်းလေးပါ၊ ဘယ်လိုလုပ်ပြီးတော့များ ဦးရာဂျားလို အသက်ကြီးကြီး အရုပ်ဆိုးဆိုးလူကြီးကိုများ ယောက်ျားအဖြစ်ယူခဲ့ပါလိမ့်”

“မင်းနားလည်အောင်ပြောရမယ်ဆိုရင်တော့ ခင်နှောင်းကို သူ့မိဘတွေက မင်းအကိုကြီးနဲ့သဘောမတူတော့ မြိုင်သာကိုပို့လိုက်တယ်မဟုတ်လား၊ မြိုင်သာမှာ ခင်နှောင်းက ပညာတွေသင်ခဲ့တယ်၊ ပြောရရင်တော့ မြိုင်သာက သူ့အမျိုးက ပညာသည်ကိုးကွ၊ ခင်နှောင်းကို ဘူးထဲ့ရင်းနဲ့အောင်သွားတယ်၊ ခင်နှောင်းကလည်း ဒီပညာတွေကို မက်မောတယ်ကွ၊ ဒါနဲ့ အဲဒီရာဂျားဆီမှာ တပည့်ခံပြီး ပညာအဆင့်တက်ခဲ့တာ”

“သြော်၊ ဒါကြောင့်ကိုး”

“အပြန်အလှန်အနေနဲ့ ရာဂျားက ခင်နှောင်းကိုပေါင်းရမယ်ဆိုပြီး လက်မှတ်ထိုးခဲ့တာပေါ့ကွာ၊ ခင်နှောင်းကလည်းအကြံနဲ့ကွ၊ ရာဂျားက ခရီးရက်ရှည်ထွက်နေတဲ့အချိန် ရွာကိုတိတ်တိတ်လေးပြန်လာရင်း မင်းအကိုနဲ့ပြန်ငြိတာပေါ့ကွာ၊ ငါထင်တာကတော့ ဒီလိုပဲဖြစ်မှာ၊ အဲဒီရာဂျားက ဘယ်သူလဲဆိုတာ မင်းသိသလား”

ကျုပ်လည်း ခေါင်းခါပြလိုက်တယ်။

“မြိုင်သာက ငါ့အသိ မာယာရဲ့ အကိုအရင်းကွ၊ စုန်းပညာမှာတော့ မွေးရာပါ ပါရမီရှင်လို့တောင်ပြောလို့ရတယ်”

ဒီတော့မှ ကျုပ်ဇတ်ရည်လည်တယ်။ ကုလားမကြီး မာယာကလည်း စုန်းပဲမဟုတ်လားဗျာ။ ဦးဘသာနဲ့ အဲဒီကုလားမကြီးတွေအမျိုးနဲ့က ငယ်ငယ်ကတည်းက ကျောင်းနေဖက်တွေ ခင်ခဲ့ကြတာကိုး၊ ကျုပ်အထင်ပြောရရင်တော့ အဲဒီဦးရာဂျားကြီးကို ဒီကိုခေါ်တာလည်း ဦးဘသာပဲနေမှာဗျ။

“ဒါနဲ့ ဦးဘသာ၊ တစ်ယောက်တော့ ထွက်ပြီးရှင်းသွားပေမယ့် နောက်တစ်ယောက်ကတော့ ကျန်နေသေးသဗျ”

ဦးဘသာက မျက်မှောင်ကြုတ်တယ်။

“ဘာလဲ၊ မင်းအကိုကြီးမှာ နောက်ထပ်တိတ်တိတ်ပုန်းဖြစ်နေတဲ့သူ ရှိသေးလို့လား”

ကျုပ်က ခေါင်းကိုတွင်တွင်ခါလိုက်ရင်း

“မဟုတ်ပါဘူးဗျာ၊ ကျုပ်မရီးကိုပြောတာပါ၊ ကျုပ်မရီးက အကိုကြီးနဲ့ရန်ဖြစ်ပြီး အိမ်ကဆင်းသွားတယ်မဟုတ်လား”

ဦးဘသာက ပြုံးရင်း

“ဟေ့ဟေး၊ ဒါတော့ ငါကူညီမယ်ကွ၊ သူများကိုခွဲတာ မကူညီကောင်းပေမယ့်၊ ကွဲကွာနေတဲ့သူကိုတော့ ပြန်ပေါင်းသင်းအောင် ကူညီကောင်းတယ်မဟုတ်လား”

ကျုပ်လည်းအားတက်သွားတယ်။

“လုပ်ရမှာက သိပ်မခက်ပါဘူးကွာ၊ ကွဲကွာစေတဲ့လင်မယားတွေကို ပြန်ပေါင်းစေချင်ရင်တော့ ပီယလိပ်စီရင်နည်းက အကောင်းဆုံးပဲကွ”

“ပီယလိပ်တဲ့လား၊ ပြောပါအုံး၊ ကျုပ်ဘယ်လိုလုပ်ရမလဲ”

“သိပ်မခက်ပါဘူးကွာ၊ အရင်ဆုံး ဆန်မှုန့်နှစ်ကျပ်သားကို ညက်အောင်ထောင်း၊ ရေနည်းနည်းနဲ့ မုန့်ညက်လုပ်ပေါ့ကွာ၊ ပြီးရင် လိပ်ဖိုတစ်ရုပ်၊ လိပ်မတစ်ရုပ် လိပ်နှစ်ကောင်ပုံစံ အဲဒီမုန့်ညက်နဲ့လုပ်ပေါ့၊ လိပ်ဖို၊ လိပ်မက ပုံစံတူတူပါပဲ၊ တစ်ကောင်ကို လိပ်ဖို၊ တစ်ကောင်ကို လိပ်မလို့ သတ်မှတ်လိုက်ပေါ့”

“ပြီးတော့ရောဗျာ”

“ပြီးရင်တော့ အဖိုလိပ်ရုပ်ရဲ့ဝမ်းဗိုက်မှာ တုတ်တစ်ချောင်းနဲ့ ယောက်ျားဖြစ်သူရဲ့ နံကိုရေးရမယ်၊ မင်းအကိုကြီးက စနေသားဆိုတော့ ခုနစ်လို့ရေးပေါ့ကွာ၊ လိပ်မမှာတော့ မင်းမရီးရဲ့ နံကို ဂဏန်းနဲ့ရေးပေါ့”

“ဒါပဲလားဗျ”

“ကျန်သေးတယ်ဟ၊ ပြီးရင် လိပ်ဖိုရုပ်ကိုကျတော့ “ဥုံ နေမင်းသွေးသား နတ်ယောက်ျား ချင်းစရာချင်း” လို့ မန္တန်ခုနစ်အုပ်စုတ်ရတယ်၊ ခုနှစ်ခေါက်ရွတ်ခိုင်းတာပေါ့ကွာ၊ လိပ်မရုပ်မှာကျတော့ “ဥုံ နဂါးသမီး၊ ဇသီးမည်လှ၊ နတ်မိန်းမ၊ ချင်းစရာချင်း” လို့ ခုနကအတိုင်းရွတ်ပြီးတော့ လမ်းလေးခွဆုံအလယ်မှာ ကျင်းလေးတူးပြီး ခေါင်းချင်းဆိုင်ပြီးမြှုပ်ထား၊ တစ်နယ်တစ်ကျေးကိုထွက်သွားတဲ့သူတောင်မှ မနေနိုင်အောင် တမ်းတမိလို့ ပြန်လာရတယ်လို့ဆိုသကွ”

ကျုပ်လည်းပျော်သွားတော့တယ်။

“ဟုတ်ပြီ၊ ဟုတ်ပြီ၊ စိတ်ချ၊ ကျုပ်အခုပဲ စမ်းကြည့်လိုက်မယ်ဗျ”

ကျုပ်လည်း ဦးဘသာကြီးကို ကျေးဇူးတင်စကားပြောဖို့တောင် မေ့သွားပြီး အိမ်ကိုအမြန်ပြေးလာတာပေါ့ဗျာ၊ ဦးဘသာကတော့ ပြုံးရင်း ကျုပ်ကိုကြည့်နေပြီး ကျန်ခဲ့ပါရောလား။

ကျုပ်လည်း ဦးဘသာခိုင်းတဲ့အတိုင်းလုပ်ပြီး ခုနက မန်ကျည်းပင်ကြီးအနား ရွာရဲ့ အရှေ့၊ အနောက်၊ မြောက်၊ တောင် လမ်းလေးခွဆုံတဲ့နေရာအလယ်မှာ ကျင်းတူးပြီး ခေါင်းချင်းဆိုင်ပြီးမြှုပ်ထားလိုက်တယ်၊ နည်းနည်းလူခြေတိတ်တဲ့ ညရှစ်နာရီလောက်မှ လုပ်လိုက်တာပေါ့ဗျာ။

အစီအရင်က စွမ်းတယ်ပြောရမလား နောက်တစ်နေ့မနက် ကျုပ်ကို အမေနှိုးလို့ နှိုးတော့မှ ကျုပ်မရီးက အိမ်ပေါ်တောင်ပြန်ရောက်နေပြီဗျ၊ အကိုကြီးကလည်း သူ့သမီးကိုချီပိုးလို့ပေါ့ဗျာ၊ ကျုပ်ရင်ထဲက အပူလုံးကြီးလည်း အခုမှပဲ ဟင်းခနဲကျသွားတော့တယ်ဗျာ၊

“သြော်၊ ဦးဘသာ၊ ဦးဘသာ ဒီလိုမျိုးကွဲနေတဲ့လင်မယားကိုး ပြန်လည်ပေါင်းဖက်အောင်လုပ်ပေးတဲ့အတွက် ဦးဘသာကြီးလည်း သံသရာတစ်လျှောက် ချစ်တဲ့သူနဲ့မကွေကွင်းပဲ အမြဲဆုံစည်းရပါစေဗျာ”

ကျုပ်က အသံထွက်ပြီးတော့ ရေရွတ်လိုက်မိတာပေါ့ဗျာ။

ကျုပ်တို့ညီအကိုတွေ မနက်စာစားပြီး လယ်ထဲဆင်းမယ်လုပ်ကြတာပေါ့၊ မိုးကလည်း အုံ့ဆိုင်းနေတာ့ မှောင်ကလည်း သိပ်မှောင်နေတာဗျ၊ ဒီအတိုင်းဆို နေ့လည်လောက်တော့ မိုးကောင်းကောင်းချတော့မယ့်ပုံပဲ၊ ကျုပ်နဲ့အငယ်ကောင်နဲ့ ခြံရှေ့လည်းထွက်ရော ကျုပ်တို့ခြံရှေ့မှာ လူကြီးတစ်ယောက်ရပ်နေတာဗျ၊ ကျုပ်လည်း အဲဒီလူကြီးကိုသေချာကြည့်ပြီး အော်မိတာပေါ့။

“အောင်မယ်လေးဗျ၊ သရဲ၊ သရဲ လုပ်ပါအုံး”

ကျုပ်နဲ့အငယ်ကောင်နဲ့ အဲဒီလူကြီးကိုကြည့်ပြီး တစ်ခါတည်းအော်ပြီး အိမ်ထဲပြန်ဝင်ပြေးတာပဲဗျ၊ အဖေက ကြောင်တောင်တောင်နဲ့ထကြည့်တော့ အဖေ့အနောက်မှာ ကျုပ်တို့ညီအကိုတွေ ဝင်ပုန်းတာပေါ့၊ ကျုပ်တို့မြင်လိုက်တဲ့လူကြီးကတော့ ဟိုတစ်လောကဆုံးသွားတယ်ဆိုတဲ့ ကွင်းချောင်းရွာက ဘိုးမှန်ဆိုတဲ့လူကြီးပေါ့ဗျာ။ အဲဒီသရဲကြီးက ကြောင်တောင်တောင်နဲ့ခြံထဲဝင်လာပြီး အဖေ့အနားကိုတစ်လှမ်းချင်းလျှောက်လာပါရော။

“အဖေရေ၊ လုပ်ပါအုံး၊ သရဲကြီး”

အဖေကလည်း လက်ကာပြပြီးတော့

“ဘိုးမှန်၊ ခင်ဗျားနဲ့ကျုပ်တို့နဲ့ ဘဝချင်းခြားသွားပြီဗျ၊ အခုလိုမနှောင့်ယှက်သင့်တော့ပါဘူးဗျာ”

“ဟာ၊ ဟေ့ကောင် မင်းဘာတွေပြောနေတာလည်း၊ မင်းတို့ပြောပုံအရ မသိရင် ငါကသေပြီးသားလူကျနေတာပဲ”

“ဟင်၊ ဒါနဲ့ တစ်လောကပဲ ဘိုးမှန်သေလို့ဆို၊ အမေတို့တောင် တစ်ညအိပ်လောက် ကွင်းချောင်းကိုပြန်သွားတယ်မဟုတ်လား”

“ပေါက်ပေါက်ရှာရှာကွာ၊ ငါအလတ်ကြီးပါကွ၊ မင်းတို့ကိုဘယ်သူပြောတာလည်း”

ဒီတော့မှ အမေက မီးဖိုချောင်ထဲကနေ ပြုံးဖြီးဖြီးနဲ့ထွက်လာတယ်။

“အဲဒါ၊ ကျွန်မတမင်သက်သက်လိမ်ပြောလိုက်တာပါ”

“ဘာ . . .”

အဖေ့အသံက ကျယ်သွားတယ်။

“ကျွန်မက သားကြီးနဲ့ခင်နှောင်းနဲ့ပြတ်အောင်ဆိုပြီး မြိုင်သာကဆရာတစ်ယောက်ဆီမှာ ဓါတ်ရိုက်ဓါတ်ဆင်သွားလုပ်လိုက်တာ၊ ဒါကို ရှင်တို့ကိုမပြောချင်တာနဲ့”

အဖေကတော့ အမေ့ကိုကြိတ်ဆူတာပါပဲဗျာ၊ ကျုပ်လည်း ဒီတော့မှ တစ်ခုတွေးမိတယ်၊ ဦးဘသာ ပြောတော့ တစ်ခါတုန်းက မရီးကိုယ့်ကိုယ်ကိုယ် သတ်သေအောင်လုပ်တာက မခင်နှောင်းလုပ်တာ မဟုတ်သလိုလိုပြောနေတော့ မဟုတ်မှလွဲရော၊ အမေများ လုပ်လေသလား၊ အမေက မကောင်းတဲ့လူဆီမှာများ အပ်မိလေသလား၊ ဒါကိုသိတဲ့ မခင်နှောင်းက သူ့အစွမ်းနဲ့ တန်ပြန်အောင်လုပ်လိုက်လို့များ၊ အကိုကြီးနဲ့ မရီးနဲ့ ကွဲသွားကြတာလားဆိုတာကို ကျုပ်အခုထိ တွေးနေမိပါသေးတယ်၊ ဒါကြောင့် နေမှာ ဦးဘသာကပြောခဲ့ပြီးသား၊ ဘယ်သူလုပ်တယ်ဆိုတာကို မင်းမသိချင်ပါနဲ့တဲ့။

ပြီးပါပြီ။
#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ

Zawgyi Version

” စုန္းထီးႀကီး ဦးဘသာႏွင့္ ႐ြာသူ ခင္ေႏွာင္း “(စ/ဆုံး)
————————————————————————-
အတြဲ(၃) စာစဥ္ (၁၂)

(၁)

ဘာလိုလိုနဲ႔ က်ဳပ္အကိုႀကီးေတာ့ မိန္းမႏွစ္ေယာက္ရေတာ့မယ္ဗ်ိဳ႕၊ က်ဳပ္မရီးကေတာ့ အကိုႀကီးကိုမေက်နပ္ဘူးေပါ့ဗ်ာ၊ အိမ္ကေနဆင္းမယ္ခ်ည္း တကဲကဲလုပ္ေနတာ၊ အေမတို႔ေျပာထားလို႔သာၿငိမ္ေနတာဗ်ိဳ႕၊ အဲဒီရက္ေတြေတာ့ အကိုႀကီးက အိပ္ခန္းထဲဝင္မအိပ္ပါဘူးဗ်ာ၊ အိမ္ေရွ႕မွာပဲ က်ဳပ္တို႔ညီအကိုနဲ႔လာအိပ္တတ္တယ္။ က်ဳပ္ရယ္၊ အငယ္ေကာင္ရယ္၊ အကိုႀကီးရယ္ဆိုေတာ့ ျခင္ေထာင္အႀကီးႀကီးေထာင္ၿပီး အိမ္ေရွ႕ခန္းမွာ အိပ္ၾကရတာေပါ့ဗ်ာ။ အေဖကေတာ့ မခင္ေႏွာင္းနဲ႔ ေသေသခ်ာခ်ာမစီစဥ္ရေသးတဲ့အတြက္ မခင္ေႏွာင္းအိမ္ကို သြားမအိပ္ခိုင္းဘူးဗ်။

တစ္ရက္ေတာ့ အကိုႀကီးနဲ႔က်ဳပ္နဲ႔ လယ္ထဲမွာ စကားေျပာျဖစ္တယ္၊ အကိုႀကီးကေတာ့ သစ္ပင္ေအာက္မွာထိုင္ၿပီးေတာ့ ေတြေဝၿပီး ေငးေမာေနတာေပါ့ဗ်ာ။

“အကိုႀကီးကို က်ဳပ္ေယာက္်ားသားခ်င္းမို႔ ပြင့္ပြင့္လင္းလင္းေမးမယ္ေနာ္”

အကိုႀကီးက ဘာမွျပန္မေျပာဘဲ ဆက္ေငးေနတယ္ဗ်။

“အကိုႀကီး မခင္ေႏွာင္းကိုတကယ္ခ်စ္သလား”

အကိုႀကီးက ေခါင္းညိတ္တယ္ဗ်။

“ခ်စ္ခဲ့တာေပါ့ကြာ၊ ခင္ေႏွာင္းနဲ႔ငါနဲ႔ဆိုတာ ငယ္ငယ္ကတည္းက ကစားေဖာ္၊ ကစားဖက္၊ သြားေဖာ္၊ သြားဖက္ မဟုတ္လားကြ၊ နည္းနည္းအသက္အ႐ြယ္ရလာေတာ့လည္း ငါတို႔ႏွစ္ေယာက္က တျဖည္းျဖည္းခ်စ္လာမိၾကတယ္၊ သံေယာဇဥ္ရွိၾကတယ္၊ ရွင္းရွင္းေျပာရရင္ အခုအထိ ငါခင္ေႏွာင္းအေပၚမွာ ခ်စ္ေနမိဆဲပဲကြ”

“ဒါျဖင့္လည္း ဘာျဖစ္လို႔ မရီးနဲ႔ယူလိုက္ရတာလဲဗ်ာ”

“သူ႔ကိုလည္း ငါခ်စ္တယ္ကြ၊ ခင္ေႏွာင္းမရွိေတာ့ေပမယ့္ သူ႔ကိုလည္း ငါတကယ္အခ်စ္စစ္နဲ႔ခ်စ္ခဲ့တာအမွန္ပဲ၊ ဒါေၾကာင့္မို႔လည္း သူ႔ကိုငါလက္ထပ္ယူခဲ့ၿပီး အခုအခ်ိန္အထိ ေကာင္းေကာင္းမြန္မြန္လုပ္ေကြၽးေနခဲ့တာေပါ့ကြာ”

က်ဳပ္လည္း အကိုႀကီးစိတ္ကို နားလည္ေပးမိပါတယ္၊ က်ဳပ္တို႔ေယာက္်ားေတြက မိန္းမေတြလိုမဟုတ္ဘဲ အခ်စ္စိတ္ႀကီးမားၾကတယ္မဟုတ္လား၊ ရွင္းရွင္းေျပာရင္ေတာ့ ခ်စ္တတ္တယ္ေပါ့ဗ်ာ။

“ဒါဆိုရင္ အကိုႀကီးမိန္းမႏွစ္ေယာက္ရတဲ့ကိစၥကိုေရာ ဘယ္လိုေနသလဲ၊ စိတ္ထဲမွာ တကယ္ေပ်ာ္ရဲ႕လား”

အကိုႀကီးက ေတြေတြႀကီး ေခါင္းညိတ္တယ္ဗ်။

“ဒါနဲ႔မ်ားဗ်ာ၊ ဘာျဖစ္လို႔ ဒီလို ေငါင္ေငါင္ငူငူႀကီးျဖစ္ေနရတာလဲ၊ ေပ်ာ္ေပ်ာ္ေနေပါ့ဗ်”

“မဟုတ္ဘူးအလတ္ေကာင္ရ၊ ငါက ေသေသခ်ာခ်ာစဥ္းစားေနတာ”

“ဘာကိုစဥ္းစားေနတာလဲ”

“ဘယ္ရက္မွာ၊ ဘယ္မိန္းမအိမ္ကို သြားအိပ္ရမလဲဆိုၿပီးေတာ့ ေသခ်ာေတြးေနတာကြ”

“ဟာဗ်ာ၊ အကိုႀကီးကေတာ့”

က်ဳပ္လည္း အနားက သစ္ကိုင္းေျပးေကာက္ၿပီး အကိုႀကီးကိုလိုက္႐ိုက္ေတာ့ အကိုႀကီးလည္း ၿပဳံးၿဖီးၿဖီးနဲ႔ထြက္ေျပးပါေရာဗ်ာ၊ လြန္တယ္ဗ်ာ၊ ဒီလူေတြလြန္တယ္၊ က်ဳပ္ေတာင္မွ မိန္းမရေသးဘူး၊ သူတို႔က်ေတာ့ မိန္းမႏွစ္ေယာက္နဲ႔ကိုေတာင္ ဘယ္အိမ္မွာ ဘယ္ရက္သြားရမယ္ဆိုတာကို စဥ္းစားခန္းဖြင့္ေနေသးတယ္၊ က်ဳပ္တုတ္နဲ႔လိုက္႐ိုက္တာ လြန္သလားဗ်ာ။

အကိုႀကီးနဲ႔ မခင္ေႏွာင္းယူမယ့္ကိစၥကို တစ္႐ြာလုံးကသိေပမယ့္ သာမန္ကိစၥပဲဆိုၿပီး ေအးေအးလူလူပဲေပါ့ဗ်ာ၊ မခင္ေႏွာင္းကိုခ်ိန္ေနတဲ့ ကာလသားေတြသာ အကိုႀကီးအေပၚကို နည္းနည္းႏွာပြေနၾကတာ၊ ယုတ္စြအဆုံး မရီးဘက္က ေဆြမ်ိဳးေတြ၊ မိဘေတြကေတာင္မွ ေအးေအးေဆးေဆးပဲ၊ အဲဒီတုန္းကေတာ့ ေယာက္်ားတစ္ေယာက္ မိန္းမႏွစ္ေယာက္ယူတာ ဆန္းမွမဆန္းကိုးဗ်။

ဒါေပမယ့္လည္း မိန္းမေတြစိတ္ကအဆန္းသား၊ မုန႔္ကိုသာခြဲေဝစားမယ္၊ အခ်စ္ကိုေတာ့ ခြဲေဝမစားႏိုင္ဘူးဆိုတဲ့ စိတ္ကလည္းရွိေသးတာကိုး၊ ဒါေၾကာင့္္ က်ဳပ္က မိန္းကေလးေတြက အခ်စ္နဲ႔ပတ္သက္လာရင္ အျမင္က်ဥ္းတယ္လို႔ေျပာတာ၊ အခုလည္းၾကည့္ဗ်ာ၊ က်ဳပ္အိမ္ေရာက္ေတာ့ အေမနဲ႔ မရီးနဲ႔က တႀကိတ္ႀကိတ္နဲ႔ဗ်။ အေဖကေတာ့ ဘယ္ထြက္သြားတယ္မသိပါဘူး၊ က်ဳပ္လည္း ေမာေမာနဲ႔ေရေႏြးတစ္ခြက္ငွဲ႔ေတာ့ အေမက က်ဳပ္အနားကိုကပ္လာတယ္။

“ဟဲ့အလတ္ေကာင္၊ နင့္အကိုနဲ႔ခင္ေႏွာင္းကိစၥကိုနင္ဘယ္လိုျမင္သလဲ၊ နင္ေရာ နင့္အကိုကို အဲဒီဟာမနဲ႔ သေဘာတူသလား”

က်ဳပ္ကေတာ့ ေရေႏြးခြက္ကိုင္ၿပီး ေခါင္းခါလိုက္တယ္။ က်ဳပ္သေဘာမတူတာက တျခားေတာ့မဟုတ္ဘူး၊ မခင္ေႏွာင္းက စုန္းမမဟုတ္လားဗ်၊ စုန္းမွန္းသိသိႀကီးနဲ႔ေတာ့ က်ဳပ္မႀကိဳက္ပါဘူးဗ်ာ၊ ဦးဘသာနဲ႔ဘယ္ေလာက္ခင္ခင္၊ စုန္းေတြကို ဘယ္လိုပဲသေဘာထားထား၊ မခင္ေႏွာင္းက အကိုႀကီးကိုလိုခ်င္လို႔ ပညာနဲ႔ျပဳစားခဲ့တာမဟုတ္လားဗ်၊ ဒီေတာ့ က်ဳပ္က ရွင္းရွင္းေျပာရရင္ေတာ့ သူ႔ကိုၾကည့္မရဘူး။

အေမတို႔က က်ဳပ္ေခါင္းခါတာကို ဘယ္လိုထင္သြားသလဲေတာ့မသိဘူးဗ်၊ က်ဳပ္ကိုၿပဳံးၾကည့္ရင္း မီးဖိုေခ်ာင္ထဲကို လက္ဆြဲေခၚသြားတယ္။

“အေမ၊ ခိုးေၾကာင္ခိုးဝွက္နဲ႔ ဘာလုပ္မလို႔လဲ”

“ဟဲ့၊ နင္လည္း ဒီေကာင္မနဲ႔သေဘာမတူဘူးဆိုရင္ ငါတို႔အတူတူေပါင္းၿပီး ဒီေကာင္မကို ေဆာ္မယ္”

“ဟာ၊ အေမကလည္း၊ အေမလုပ္တာမေကာင္းပါဘူး၊ ေတာ္ၾကာအရပ္ကသိသြားလို႔ သူႀကီးကေတာ္က လူကို႐ိုက္ပါတယ္ဆိုၿပီးျဖစ္ေတာ့ ေကာင္းမလားဗ်”

အေမက က်ဳပ္ေခါင္းကို ေဒါင္ခနဲေခါက္တယ္ဗ်။ လက္ကလည္းျမန္လိုက္တာဗ်ာ။

“နင္ဟာေလ၊ ေတာ္ေတာ္သုံးစားမရတဲ့ေကာင္၊ ငါတို႔ေဆာ္မယ္ဆိုတာက ကိုယ္ထိလက္ေရာက္လုပ္မွာကို ေျပာတာမဟုတ္ဘူး၊ နင့္အကိုနဲ႔ အဲဒီေကာင္မနဲ႔ကို မရရေအာင္ ခြဲမယ္လို႔ေျပာတာ”

အေမေျပာေတာ့ က်ဳပ္လည္းထိတ္လန႔္သြားတာေပါ့ဗ်ာ။

“အေမရာ၊ ျဖစ္ပါ့မလား”

“ျဖစ္ပါတယ္ဟဲ့၊ နင္အသာေနစမ္းပါ၊ နင္လုပ္ရမွာက နင့္အကိုႀကီးကို ေသေသခ်ာခ်ာေစာင့္ၾကည့္ထား၊ ဟိုေကာင္မအိမ္နားကို ေျခဦးေတာင္မလွည့္ေစနဲ႔ေနာ္”

က်ဳပ္လည္းေခါင္းညိတ္လိုက္ရတယ္။

“ဒါနဲ႔ေနပါအုံးအေမရ၊ အကိုႀကီးေနာက္မိန္းမယူတဲ့ကိစၥကို မရီးဘက္ကေတာင္မွ ဘာမွျဖစ္မေနတာ၊ အေမက ဘာလို႔ေရွတန္းကေန ရဲရဲဝံ့ဝံ့တိုက္ေနေသးတာလဲ”

“ဟဲ့အေကာင္ရဲ႕၊ နင့္အကိုေနာက္မိန္းမယူေတာ့၊ နင့္အေဖကလည္း ငါ့သားေတာင္ယူေသးတာဆိုၿပီးေတာ့ သူလည္းတစ္စခန္းထလာမွာေပါ့ဟဲ့၊ ဒီေတာ့ ငါလည္းအခုကတည္းက ျပတ္ျပတ္သားသားလုပ္ထားမွရမယ္၊ မသန္းေယာက္်ားက တစ္မယားပဲေပါင္းသလို၊ မသန္းရဲ႕သားကလည္း တစ္လင္တစ္မယားပဲျဖစ္ေစရမယ္ေဟ့”

အေမက ေယာက္မႀကိးကိုင္ၿပီးေတာ့ ေျခဟန္လက္ဟန္နဲ႔ကိုေျပာေနတာဗ်၊ က်ဳပ္လည္း အေမတို႔မ်ား ဘာေတြလုပ္မလဲဆိုတာေတြးၿပီး ေခါင္းပဲကုပ္ေနလိုက္တာေပါ့ဗ်ာ။

ေနာက္ေန႔ေတြေတာ့ အကိုႀကီးက မခင္ေႏွာင္းဆီမသြားေပမယ့္ မခင္ေႏွာင္းကေတာ့ အကိုႀကီးရဲ႕လယ္ကို လိုက္လာသဗ်၊ ထမင္းစားခ်ိန္ဆိုရင္ ခံေတာင္းေလး႐ြက္ၿပီး လယ္ထဲဆင္းေတာ့တာ၊ အကိုႀကီးတို႔ လယ္တဲထဲမွာလည္း အကိုႀကီးတစ္ေယာက္တည္းမဟုတ္လား၊ က်ဳပ္သာ အကိုႀကီးကိုမ်က္ေျချပတ္မခံတာနဲ႔ အကိုႀကီးရဲ႕အနားမွာ ရစ္သီရစ္သီလုပ္ေနလို႔သာေပါ့။

“ကိုေမာင္၊ ထမင္းစားရေအာင္”

အဲဒီလိုေျပာၿပီးေတာ့ လယ္တဲထဲကိုဝင္ ခံေတာင္းကိုဖြင့္ေပါ့ဗ်ာ၊ ဟင္းေတြကလည္း ဖြယ္ဖြယ္ရာရာပါပဲ၊ အသားဟင္းတင္ ႏွစ္ခြက္ေလာက္ပါတယ္၊ ၿပီးေတာ့ အ႐ြက္ဟင္း၊ ငါးပိခ်က္၊ တို႔စရာနဲ႔ အရည္ေသာက္ေတာင္ ပါလိုက္ေသးတယ္ဗ်ာ၊ အကိုႀကီးကေတာ့ မယားအသစ္က ထမင္းလာပို႔လို႔လားေတာ့မသိဘူး ၿပဳံးၿဖီးၿဖီးနဲ႔ေပါ့ဗ်ာ၊ က်ဳပ္ျဖင့္အကိုႀကီးကို ၾကည့္ရင္းအျမင္ေတြကပ္လာတာ။

မခင္ေႏွာင္းက ထမင္းပြဲျပင္ဆင္ၿပီး သူတို႔လင္မယားအသစ္ေတြ ထမင္းစားၾကမယ္ေပါ့၊ ေဘးနားမွာထိုင္ေနတဲ့က်ဳပ္ကိုေတာင္ မ်က္ေစာင္းထိုးၿပီးၾကည့္ေသးတာ၊ မခင္ေႏွာင္းက က်ဳပ္ကိုၾကည့္မရသလို၊ က်ဳပ္ကလည္း သူ႔ကိုၾကည့္မရပါဘူး။ ဒါေပမယ့္ အကိုႀကီးေရွ႕က်ေတာ့လည္း ဒင္းက ဟန္ေဆာင္ေကာင္းတယ္ဗ်။

“ေမာင္ေလး၊ ထမင္းစားၿပီးၿပီလား၊ မစားရေသးဘူးဆိုရင္ တစ္ခါတည္း ဝင္စားသြားေလ”

ဟင္းေတြက ေမႊးႀကိဳင္ေနေပမယ့္ က်ဳပ္လည္းေခါင္းခါလိုက္တယ္၊ သူေကြၽးတာကို က်ဳပ္မစားရဲေပါင္ဗ်ာ၊ ေတာ္ၾကာ ဟိုေန႔ကလို ထမီေလွ်ာ္တဲ့အင္တုံထဲမွာ၊ ေျခေထာက္ေတြနဲ႔နင္းၿပီး ခ်က္ထားတာဆို ဘယ့္ႏွယ့္လုပ္ပါ့၊ က်ဳပ္လည္း အားနာတာနဲ႔ သူတို႔ထမင္းစားေနတဲ့အခ်ိန္ တဲေနာက္ဘက္မွာ ေယာင္ေပေယာင္ေပလုပ္ေနလိုက္တယ္၊ သူတို႔က ထမင္းစားရင္း စကားေျပာလိုက္၊ ရယ္လိုက္ေမာလိုက္နဲ႔ဗ်၊ မခင္ေႏွာင္းက အကိုႀကီးနဖူးက ေခြၽးစေတြကိုေတာင္ သူ႔ပုခုံးတင္ပုဆိုးနဲ႔ သုတ္ေပးလိုက္ေသးတယ္၊ ဟင္းရည္ကိုေတာင္မွ ခပ္ၿပီးမႈတ္တိုက္ေသးတာဗ်ာ၊ သူတို႔ခ်စ္ေနၾကတာၾကည့္ရင္း က်ဳပ္ျဖင့္ အျမင္ေတြကပ္လိုက္တာ ေျပာမေနပါနဲ႔။

အကိုႀကီးတို႔ ထမင္းစားတာကို ဆက္မၾကည့္ခ်င္တာနဲ႔ က်ဳပ္တို႔လယ္ဘက္ကိုျပန္လာခဲ့တယ္၊ အငယ္မတို႔က ထမင္းေတာင္စားၿပီးလို႔ ပန္းကန္ေတြေဆးေၾကာေနၿပီ၊

“ဟဲ့အငယ္မ၊ ငါမစားရေသးဘူးေလ”

“မသိဘူးေလ၊ အကိုလတ္က အကိုႀကီးတို႔ဆီမွာ ထမင္းစားမယ္ထင္တာနဲ႔ အကုန္စားလိုက္ၿပီ၊ မရွိေတာ့ဘူး”

“ဟာ၊ နင္တို႔လြန္တာေပါ့ဟ”

ဦးဘသာကေတာ့ တခြိခြိနဲ႔ရယ္ေနတယ္ဗ်၊ ဦးဘသာလယ္တဲက မီးမဖိုဘူးဆိုေတာ့ သူကထမင္းစားၿပီးရင္ က်ဳပ္တို႔လယ္တဲထဲမွာ လာလာၿပီးေရေႏြးေသာက္တတ္တယ္မဟုတ္လားဗ်ာ၊ ပက္လက္ကုလားထိုင္မွာထိုင္ေနတဲ့ ဦးဘသာကိုၾကည့္ရင္း က်ဳပ္ေဒါသေတြထြက္လာတယ္။

“ေအာင္မယ္၊ ဦးဘသာက ဘာလို႔ရယ္တာလဲဗ်”

“မင္းမရီးအသစ္က မင္းကိုမေကြၽးလြတ္လိုက္ဘူးလား”

က်ဳပ္က အငယ္မတို႔ကိုတစ္ခ်က္ၾကည့္ရင္း

“ေကြၽးတယ္၊ တမင္သက္သက္မစားတာ”

“ထမင္းဝိုင္းေတြ႕တာေတာင္ မစားဘူးဆိုေတာ့၊ ၾကည့္ရတာ ဟင္းမေကာင္းဘူးနဲ႔တူတယ္”

အငယ္မက ရယ္က်ဲက်ဲေျပာေတာ့ က်ဳပ္လည္း ခါးေထာက္လိုက္ၿပီး

“ေအာင္မယ္ေလး၊ ဟင္းကေတာ့ ဘာေကာင္းသလဲမေမးနဲ႔၊ အသားဟင္းေတာင္ ႏွစ္ခြက္ပါတယ္၊ ငါမစားဘူးဆိုတာက သူတို႔ကိုၾကည့္မရလို႔ေဟ့၊ ဘယ့္ႏွယ့္ အရည္ေသာက္ေတာင္မွ ဇြန္းနဲ႔ခပ္ၿပီးေတာ့ ပါးစပ္နဲ႔ကိုယ္တိုင္မႈတ္ၿပီး ခြံ႕ေကြၽးေနေသးတာ”

“ဟား၊ ဟား၊ ဒါကိုေျပာတာေပါ့ အကိုမယားေနေတာ့ ညီဖင္ႀကိမ္းတယ္ဆိုတာ”

“ႀကံႀကံဖန္ဖန္အငယ္မရာ၊ ႏွမလင္ေန ေမာင္ဖင္ႀကိမ္းတာပါဟ”

“သိတယ္ေလ၊ အခုက အကိုႀကီးမိန္းမအသစ္ရေတာ့ အကိုလတ္မေနႏိုင္ပဲ ထြက္ေျပးခဲ့ရတယ္မဟုတ္လား၊ ဟား၊ ဟား”

က်ဳပ္လည္း ဘာမွမေျပာေတာ့ဘူး၊ ဗိုက္ကလည္းအေတာ္ဆာေနၿပီ၊ ဒါနဲ႔ လယ္ထဲကိုယူလာတဲ့ ေတာင္းေတြ၊ အိုးေတြသယ္ၿပီးေတာ့ အိမ္ကိုပဲျပန္ခဲ့တာေပါ့ဗ်ာ၊ အိမ္ေရာက္ေတာ့ လူကရွင္းေနပါေရာ။ ဒါနဲ႔ မီးဖိုထဲဝင္ၿပီး ထမင္းစားဖို႔လွန္ေလွာရင္း အိမ္ေပၚထပ္ကေန ေျပာေနတဲ့အသံၾကားလိုက္တယ္။

“စားလိုက္ပါသမီးရယ္၊ တစ္လုပ္ႏွစ္လုပ္ေတာ့စားေပါ့ေအ၊ ညည္းဒီအတိုင္းဆက္သြားရင္ အိပ္ရာထဲလဲသြားမွာေပါ့”

ၾကားလိုက္တာကေတာ့ အေမ့အသံပါ။

“မစားခ်င္ဘူးအေမ၊ သမီးဘယ္လိုမ်က္ႏွာနဲ႔ အိမ္အျပင္ထြက္ရမလဲ၊ မယားႀကီးရွိရက္နဲ႔ မယားငယ္အိမ္မွာ ညသန္းေခါင္ႀကီးမိထားတာဆိုေတာ့ သမီးကို႐ြာကလူေတြက ဘယ္လိုေျပာၾကမလဲ၊ မစားဘူးအေမ၊ သမီးေသသြားလည္းေအးတာပဲ”

“ဟဲ့၊ ေၾသာ္၊ ေသစကားမေျပာပါနဲ႔ေအ၊ ညည္းေသသြားေတာ့ေရာ ဘာေကာင္းသြားမွာမို႔လို႔လဲ”

“ေၾသာ္၊ အေမကလည္း၊ သမီးေသသြားေတာ့ သူတို႔ႏွစ္ေယာက္ သမီးမ်က္ႏွာၾကည့္စရာမလိုဘဲ ခ်စ္ခ်စ္ခင္ခင္ေနသြားလို႔ရတာေပါ့”

က်ဳပ္လည္း ဆက္ၿပီးနားမေထာင္ႏိုင္ေတာ့တာနဲ႔ အိမ္ေပၚကိုတက္လာခဲ့တယ္။

“ဘာမွ ေသစရာမလိုဘူး မရီး၊ က်ဳပ္ေျပာျပမယ္ မရီးေသသြားေတာ့ က်ဳပ္တူမက မိေထြးနဲ႔ေနရၿပီေပါ့”

က်ဳပ္က အခန္းဝကေန စကားေျပာၿပီးဝင္လာတာကိုျမင္ေတာ့ အေမေရာ မရီးေရာက လန႔္သြားတယ္ဗ်။

“မိေထြးဆိုတာ ဘယ္မိေထြးက ေကာင္းလို႔လဲ၊ ၿပီးေတာ့ အကိုႀကီးနဲ႔မခင္ေႏွာင္းနဲ႔က သားသမီးထပ္ရၿပီဆိုရင္ က်ဳပ္တူမပဲ အပယ္ခံျဖစ္မွာမဟုတ္လား၊ ဒီေတာ့ မေသနဲ႔အုံး မရီးေရ၊ က်ဳပ္အကိုႀကီးနဲ႔ အဲဒီမခင္ေႏွာင္းနဲ႔ကို ရေအာင္ခြဲေပးမယ္”

က်ဳပ္ေျပာေတာ့မွ မရီးက နည္းနည္းေတြေဝသြားတယ္။

“အားေမြးထားစမ္းပါ မရီးရဲ႕၊ ဒီပြဲမွာ အားအရင္ေလ်ာ့တဲ့လူက အရႈံးပဲ”

က်ဳပ္ေလွ်ာက္ေျပာေတာ့မွ မရီးက ထမင္းေတြကုန္းစားတယ္ဗ်ာ၊ အေမနဲ႔က်ဳပ္လည္း သုံးေလးရက္ထမင္းမစားလို႔ ေမ်ာက္ေခါင္း႐ုပ္ျဖစ္ေနတဲ့ မရီးကိုၾကည့္ရင္း သက္ျပင္းေတြအႀကိမ္ႀကိမ္ခ်ေနမိပါေရာ။

(၂)

“ေတာ္စမ္းအလတ္ေကာင္၊ ငါဒါမ်ိဳး ဘယ္ေတာ့မွမလုပ္ေပးဘူး”

ထုံးစံအတိုင္း က်ဳပ္လည္း ဦးဘသာႀကီးဆီကိုသြားၿပီး အပူကပ္ေတာ့ ဦးဘသာက က်ဳပ္ကိုရက္ရက္စက္စက္ ျပန္ေငါက္လြတ္တယ္ဗ်။

“သူမ်ားခ်စ္ျခင္းကိုခြဲတယ္ဆိုတာ သိပ္ေၾကာက္ဖို႔ေကာင္းတယ္ကြ၊ မင္းတို႔ယုံသလား မယုံသလားေတာ့ မသိေပမယ့္ ငါကေတာ့ ဝဋ္ေႂကြးဆိုတာကိုယုံတယ္၊ ဒီေတာ့ ငါ့ဘဝတစ္ေလွ်ာက္လုံးအဲဒီလိုခ်စ္ျခင္းကို မခြဲဘူးလို႔ ဆုံးျဖတ္ထားတာေၾကာင့္၊ ဒီတစ္ခါေတာ့ မင္းကိုငါ မကူညီႏိုင္ေတာ့ဘူး”

သူေျပာတာလည္း ခပ္ဟုတ္ဟုတ္ဗ်၊ သူေတာင္မွ ဝဋ္ေႂကြးရွိလို႔ ဒီဘဝမွာ ခ်စ္တဲ့သူနဲ႔ကင္းကြာခဲ့တယ္မဟုတ္လား။ ဦးဘသာက က်ဳပ္ကိုလက္ညႇိဳးထိုးၿပီး

“မင္းလည္း သူမ်ားၾကားထဲ ၾကပ္ၾကပ္ဝင္ပါေနာ္အလတ္ေကာင္၊ တစ္ေန႔ မင္းလုပ္ခဲ့တဲ့အလုပ္က မင္းကိုဝဋ္ျပန္လည္လာလိမ့္မယ္”

“ဟာဗ်ာ၊ က်ဳပ္ကေတာ့ ဝဋ္ေတြ၊ ငရဲေတြ ေၾကာက္မေနဘူး၊ ဒါက ေရွးလူႀကီးေတြ ေျခာက္လွန႔္သြားတာလို႔ပဲထင္တယ္၊ က်ဳပ္ကေတာ့ က်ဳပ္အကိုႀကီးကို အဲဒီစုန္းမနဲ႔သေဘာမတူဘူး၊ စုန္းမမွန္းသိရက္နဲ႔ က်ဳပ္တို႔မိသားစုဝင္အျဖစ္ လက္ခံမေပးႏိုင္ဘူး”

က်ဳပ္လည္း အဲဒီလိုေျပာၿပီး ထြက္လာခဲ့လိုက္တာေပါ့ဗ်ာ၊ အိမ္ေရာက္ေတာ့ အေဖနဲ႔အေမနဲ႔ စကားေျပာေနတယ္ဗ်။

“ေယာက္်ားေရ၊ ကြင္းေခ်ာင္းက က်ဳပ္ဘႀကီး ဘိုးမွန္ ဆုံးလို႔တဲ့”

“ဟုတ္လား၊ ေအး၊ ဒါေၾကာင့္လည္း ငါထင္ေနတာ၊ အရင္က ဘိုးမွန္တစ္ေယာက္ သုံးလတစ္ခါ၊ ေလးလတစ္ခါေလာက္ လာလာေနက်မဟုတ္လား၊ အခုဆို မလာတာ ေျခာက္လေတာင္ေက်ာ္ေရာေပါ့”

“ဘိုးမွန္က အမ်ိဳးရင္းေတာ့ မသြားလို႔မရဘူးေယာက္်ားေရ၊ အဲဒါ မနက္ျဖန္မနက္ေစာေစာ က်ဳပ္နဲ႔ေမာင္ထြန္းနဲ႔သြားမယ္၊ ဟိုမွာ တစ္ရက္ညအိပ္ၿပီးေတာ့ ျပန္လာခဲ့မယ္”

“ဟာ၊ အေမက ကြင္းေခ်ာင္းဆိုရင္ က်ဳပ္လည္းလိုက္ခ်င္တယ္”

အေမက က်ဳပ္ကိုမ်က္ႏွာရိပ္မ်က္ႏွာကဲျပၿပီး

“မလိုက္စမ္းပါနဲ႔အလတ္ေကာင္ရာ၊ နင့္ကိုေခၚရမွာေၾကာက္လို႔ပါဟ”

ေနာက္ေတာ့မွ အေမက က်ဳပ္ကိုတီးတိုးေျပာတယ္၊ သူအျပင္သြားေနတဲ့အခ်ိန္ မရီးနဲ႔အကိုႀကီးကိုေစာင့္ၾကည့္ထားဖို႔ေပါ့ဗ်ာ၊ မရီးကလည္း စိတ္အေျခအေနသိပ္မေကာင္းဘူးဆိုေတာ့ လုပ္မိလုပ္ရာ လုပ္မွာကို ပူမိလည္းပါတာေပါ့။

အေမတို႔ထြက္သြားၿပီးေတာ့ အိမ္က ေျခာက္ကပ္ၿပီးက်န္ေနေတာ့တာေပါ့ဗ်ာ၊ ကြင္းေခ်ာင္း႐ြာက ႐ြာနဲ႔အေတာ္လွမ္းတာဆိုေတာ့ ဒီကေနမနက္အေစာႀကီးထြက္မွ ဟိုကို ညေနေလာက္ေရာက္တာ၊ ဟိုမွာ တစ္ညအိပ္ၿပီးေတာ့ ျပန္ထြက္လာရင္ ဒီကို ညေနေလာက္ေတာ့ ေရာက္ပါတယ္၊ ေမာင္ထြန္းဆိုတာက အေမ့အမ်ိဳးပဲ၊ အေမတို႔ လွည္းနဲ႔ထြက္သြားၾကတာေပါ့ဗ်ာ။

အေမတို႔ထြက္သြားတဲ့ညပဲ က်ဳပ္လည္း အိပ္ေနတာေပါ့ဗ်ာ၊ ညနက္ေတာ့ က်ဳပ္နားထဲ အသံတစ္ခုကိုၾကားတယ္။

“ဟိတ္ေကာင္၊ အိပ္မေနနဲ႔၊ ထ . . ထ”

အသံကေတာ့ ေယာက္်ားသံႀကီးဗ်၊ အသက္ႀကီးႀကီး အိုအိုအသံေပါ့ဗ်ာ၊ က်ဳပ္လည္း အိပ္မက္မက္ေနတယ္ထင္ၿပီး မထေသးဘူးဗ်။ ဒီအခ်ိန္မွာပဲ က်ဳပ္ေျခေထာက္ကို ေအးခနဲျဖစ္သြားတယ္၊ လက္ေအးႀကီးနဲ႔ ဖမ္းကိုင္လိုက္သလိုေပါ့ဗ်ာ၊ က်ဳပ္လည္း ဂေယာင္ကတမ္းနဲ႔ေအာ္ဟစ္ၿပီး ထလိုက္ရတေပါ့။ ထထိုင္လိုက္ေတာ့လည္း က်ဳပ္ေျခရင္းမွာ ဘယ္သူမွမရွိဘူးဗ်၊ က်ဳပ္လည္း အိပ္မက္လား၊ တကယ္လားဆိုၿပီးၾကည့္ေနတုန္း အိပ္ခန္းထဲကေန တအိအိနဲ႔အသံၾကားလိုက္တာေပါ့ဗ်ာ။

အစကေတာ့ ကေလးငိုတာလား၊ ဘာလားလို႔ထင္လိုက္တာ၊ ဒါနဲ႔ပဲ ေစာင္ေလးၿခဳံၿပီး ျပန္အိပ္မယ္ဆိုၿပီး လွဲခ်လိုက္ေတာ့

“အိပ္မေနနဲ႔ထ၊ ထစမ္း”

အသံႀကီးကို ေသေသခ်ာခ်ာၾကားလိုက္ရတာဗ်ာ၊ အနားကိုၾကည့္လိုက္ေတာ့လည္း အကိုႀကီးနဲ႔ အငယ္ေကာင္နဲ႔က တခူးခူးနဲ႔ေဟာက္ၿပီးအိပ္ေနၾကတာ၊ က်ဳပ္လည္း ျပန္ထိုင္လိုက္ရတယ္၊ တစ္ခုခုကေတာ့က်ဳပ္ကိုသတိေပးေနၿပီေပါ့ဗ်ာ၊ အခန္းထဲက တအိအိအသံလည္းၾကားတာဆိုေတာ့ က်ဳပ္က ဘာမ်ားျဖစ္သလဲဆိုၿပီးေတာ့ အခန္းထဲကို အျမန္ေျပးဝင္လိုက္တယ္၊ ႐ြာကအိမ္ေတြက အိပ္ခန္းေတြကို တံခါးေတြမတပ္ၾကဘူးဗ်၊ ခန္းဆီးလိုက္ကာေလာက္ဘဲ ကာထားတာဆိုေတာ့ က်ဳပ္ဝင္လို႔လြယ္တာေပါ့၊ အထဲေရာက္ေတာ့ မရီးက ထုပ္တန္းမွာ တြဲေလာင္းႀကီးဗ်ာ။

“ဟာ၊ မရီး . . . မရီး”

ေျခေထာက္ေတြကေတာ့ တဆတ္ဆတ္တုန္ေနေသးတယ္ဗ်။ အသံက တအိအိနဲ႔လည္ပင္းအစ္လို႔ ေအာ္ေနတဲ့အသံမ်ိဳးေပါ့၊ က်ဳပ္လည္း မရီးဆီကိုေျပးသြားၿပီးေတာ့ မရီးေျခေထာက္ေတြကို ဖမ္းကိုင္ၿပီးေတာ့ ပင့္တင္ထားလိုက္ရတယ္၊ မရီးရဲ႕ေျခရင္းအနားမွာလည္း သစ္သားေခြးေျခတစ္လုံးက က်ေနေသးရဲ႕။

“အေဖေရ၊ လုပ္ပါအုံး၊ အကိုႀကီးေရ”

က်ဳပ္ေအာ္ေတာ့မွ အခန္းထဲကိုေျပးလာၾကတယ္ဗ်ာ၊ မရီးက ထုပ္တန္းမွာ ဆြဲႀကိဳးခ်ၿပီး သတ္ေသဖို႔လုပ္ေနတာဗ်။ အေဖက ႀကိဳးကိုဓါးနဲ႔ခုတ္ျဖတ္လိုက္ေတာ့မွ မရီးကျပဳတ္က်လာတယ္။ ၿပီးေတာ့ ငိုေနေတာ့တာပဲ။

“မလုပ္ေကာင္းလုပ္ေကာင္းသမီးရယ္၊ ဘယ္လိုျဖစ္တာလဲ”

ဒီအခ်ိန္မွာပဲ အကိုႀကီးက မရီးကို ပိတ္ေျပာေတာ့တာပဲဗ်ာ၊ မရီးကလည္း ျပန္ခံၿပီးေျပာတယ္။ သူတို႔လင္မယားေတြရန္ျဖစ္ၾကတယ္ေပါ့၊ ေနာက္ေတာ့ က်ဳပ္တူမက လန႔္ႏိုးလာၿပီးငိုပါေရာဗ်ာ၊ မရီးက ကေလးကိုပိုက္ၿပီး အိမ္ေပၚကေန ညည့္နက္သန္းေခါင္ႀကီး ဆင္းခ်သြားပါေရာ၊ က်ဳပ္လည္း မရီးအေနာက္လိုက္ၿပီးေခၚတာေပါ့။

“မေခၚနဲ႔၊ ငါ့ကိုမေခၚနဲ႔ေတာ့အလတ္ေကာင္၊ ငါသူ႔နဲ႔ကြဲဖို႔ဆုံးျဖတ္လိုက္ၿပီးၿပီ”

က်ဳပ္လည္း ေခၚမရေတာ့ဘူးေပါ့၊ ဒါနဲ႔ပဲ မရီးရဲ႕မိဘအိမ္ကိုျပန္ပို႔ေပးခဲ့ရတာေပါ့ဗ်ာ၊ အေဖကေတာ့ အကိုႀကီးကိုဖိဆူတာေပါ့ဗ်ာ၊ အကိုႀကီးကေတာ့ ခပ္ေပေပပဲဗ်၊

“အႀကီးေကာင္၊ ဒါမင္းအစပ်ိဳးခဲ့တဲ့ ကိစၥေတြကြ၊ မင္းကိစၥကို မင္းႏိုင္ေအာင္ရွင္းရမယ္”

“အေဖကလည္းဗ်ာ၊ ဒီလိုေကာင္မမ်ိဳးေသသြားရင္ေအးတာပဲေပါ့”

အေဖဆို ေဒါသထြက္ထြက္နဲ႔ အကိုႀကီးကို ထထိုးလို႔ က်ဳပ္တို႔ဝိုင္းဆြဲရေသးတယ္၊ အကိုႀကီးမ်က္ႏွာကို သုံးခ်က္ေလာက္ထိုးမိသြားတာေပါ့ဗ်ာ။ က်ဳပ္ကေတာ့ ဒါဘယ္သူ႔လက္ခ်က္လဲဆိုတာကို သိၿပီးသားပါ၊ ဒါနဲ႔ ေနာက္တစ္ေန႔မနက္ပဲ ဦးဘသာႀကီးဆီကိုခ်ီတက္ခဲ့တာေပါ့။

(၃)

“ညတုန္းက က်ဳပ္ၾကားလိုက္တဲ့အသံက ဦးဘသာအသံမဟုတ္လား”

ဦးဘသာက လယ္ထဲမဆင္းရေသးဘူး၊ မနက္အေစာဆိုေတာ့ အိမ္မွာပဲရွိေသးတယ္ဗ်၊ သူကေတာ့ ထုံးစံအတိုင္းပဲ ဘာမွျပန္မေျပာဘူး၊ က်ဳပ္လည္းဆက္ေျပာရတာေပါ့။

“ညက က်ဳပ္မရီးဘာျဖစ္သြားတယ္ဆိုတာ ဦးဘသာ သိသလား”

ဦးဘသာက ကြမ္းယာေနရင္း

“လုပ္တာကေတာ့ အေသလုပ္တာကြ”

ဦးဘသာက တန္းေျပာေတာ့ က်ဳပ္ျဖင့္အံ့ၾသသြားတာပဲဗ်ာ။ က်ဳပ္က ဘာမွေတာင္ေျပာရေသးတာမဟုတ္ဘူးေနာ္၊ သူက အေသလုပ္တယ္ဆိုတာ သိေနၿပီးသား။

“ဒါမခင္ေႏွာင္းလက္ခ်က္မဟုတ္လား ဦးဘသာ”

“ဘယ္သူလုပ္တယ္၊ ဘယ္ဝါလုပ္တယ္ဆိုတာေတာ့ မေျပာခ်င္ေတာ့ပါဘူးကြာ”

“ဟာဗ်ာ၊ ဦးဘသာေနာ္၊ မခင္ေႏွာင္းက စုန္းဆိုၿပီးေတာ့ ဦးဘသာအဲဒီလိုကာဆီးကာဆီးမေျပာနဲ႔၊ လူတစ္ေယာက္ကို ေသေအာင္လုပ္တယ္ဆိုတာက သိပ္ၿပီးေတာ့ေၾကာက္ဖို႔ေကာင္းတဲ့အရာပဲဗ်၊ က်ဳပ္လုံးဝခြင့္မလႊတ္ဘူး”

ဦးဘသာက သက္ျပင္းခ်လိုက္ၿပီးေတာ့

“စိတ္ေလွ်ာ့လိုက္ပါေတာ့အလတ္ေကာင္ရာ၊ မင္းမရီးလည္း ေသမွမေသဘဲကြ”

“အိုဗ်ာ၊ မေသေသးလို႔ ဒီအထိက်ဳပ္ခံေနတာေပါ့၊ ေသမ်ားေသသြားလို႔ကေတာ့ အဲဒီခင္ေႏွာင္းဆိုတဲ့ေကာင္မကို က်ဳပ္ဓါးနဲ႔သြားခုတ္ၿပီးတာ ၾကာလွေပါ့ဗ်ာ”

“ငါကေတာ့ေလ၊ သူတို႔လူမႈေရးျပႆနာကို သူတို႔ဖာသာရွင္းၾကလင္းၾကေစခ်င္တယ္ကြ”

“လူမႈေရးဆိုေပမယ့္ အခုက ေအာက္လမ္းနည္းေတြ ပါလာၿပီမဟုတ္လားဦးဘသာ၊ ဦးဘသာႀကီး တစ္ခုခုမလုပ္ေပးဘူးဆိုရင္ မခင္ေႏွာင္းဟာ စုန္းတစ္ေယာက္ပါလို႔ က်ဳပ္႐ြာထဲမွာသတင္းျဖန႔္မယ္ဗ်ာ၊ အထက္လမ္းဆရာေခၚၿပီးေတာ့ ျပန္ေဆာ္မယ္ဗ်ာ”

ဦးဘသာက သူယာေနတဲ့ကြမ္းယာကိုေတာင္ ရပ္ၿပီးေတာ့ က်ဳပ္ကိုမ်က္ေမွာင္ၾကဳတ္ၿပီးၾကည့္တယ္။

“အလတ္ေကာင္ရာ၊ မင္းက မဟုတ္တာေတြဆက္လုပ္အုံးမလို႔လား၊ မင္းလုပ္မွ တို႔႐ြာထဲမွ မျဖစ္သင့္တာေတြျဖစ္ၿပီး ရႈပ္ေထြးကုန္ပါအုံးမယ္ကြ”

“ဒါျဖင့္ရင္ ဦးဘသာႀကီး အဲဒီမခင္ေႏွာင္းကို တစ္ခုခုေျပာေပးဗ်ာ”

ဦးဘသာက ေခါင္းညိတ္ရင္း

“စိတ္ခ်ပါကြာ၊ ငါလည္း ဒီအတိုင္းလက္ပိုက္ၾကည့္မေနပါဘူးကြ”

သူေျပာလိုက္ေတာ့မွ က်ဳပ္လည္း စိတ္ေအးရေတာ့တယ္။

“ဒါျဖင့္ရင္ အခုဘယ္လိုလုပ္မလဲ”

“အခ်ိန္ပဲလိုတယ္အလတ္ေကာင္၊ တစ္ရက္ႏွစ္ရက္ေလာက္ေစာင့္လိုက္ရင္ အေျဖေပၚလာလိမ့္မယ္”

“ဘယ္လိုအေျဖလဲဗ်”

ဦးဘသာက ဘာမွဆက္မေျပာေတာ့ဘူးဗ်ာ။

အကိုႀကီးနဲ႔မရီးနဲ႔ကေတာ့ အေျခအေနမေကာင္းေတာ့တာထက္ ဆိုးတာထက္ပိုဆိုးလာတယ္ဗ်၊ မရီးက ေတာင္းပန္လို႔ထင္တယ္၊ သူ႔မိဘေတြ အိမ္ကိုေရာက္လာၿပီးေတာ့ အကိုႀကီးနဲ႔ကြာဖို႔ ကိစၥကိုေျပာဆိုေနၾကၿပီဗ်၊ ဒီအတိုင္းဆိုရင္ အကိုႀကီးနဲ႔ မရီးနဲ႔ကြဲဖို႔ပဲရွိေတာ့တယ္၊ အေဖကေတာ့ ေလးငါးရက္ေလာက္ ေစာင့္ၾကည့္ပါအုံးလို႔ပဲ နားခ်ၿပီးျပန္လႊတ္လိုက္ရတာပါပဲဗ်ာ၊ အကိုႀကီးကလည္း တစ္မ်ိဳးပဲဗ်ာ၊ သူ႔စိတ္က မရီးနဲ႔ပတ္သက္လာရင္ကို ဆတ္ဆတ္ထိမခံျဖစ္ေနတာ။

ဒီလိုနဲ႔ သုံးေလးရက္ေလာက္ၾကာေတာ့ ႐ြာကိုလူတစ္ေယာက္ေရာက္လာတယ္ဗ်၊ ျဖစ္ခ်င္ေတာ့ က်ဳပ္လည္း လယ္ထဲဆင္းတဲ့အခ်ိန္ ႐ြာထိပ္မွာေတြ႕ၾကတာေပါ့ဗ်ာ၊

“ညီေလး၊ ဒီ႐ြာမွာ ခင္ေႏွာင္းဆိုတဲ့မိန္းကေလးရွိတယ္မွတ္လား”

လူပုံစံကေတာ့ အသားမည္းမည္း၊ အရပ္ပုပုပါပဲဗ်ာ၊ ႐ုပ္ကလည္းဆိုးလိုက္တာမွ ေျပာမေနပါနဲ႔ေတာ့။ ပုံစံကေတာ့ ကုလားဒိန္လိုပုံစံမ်ိဳးပဲ။ က်ဳပ္လည္း သူ႔ကိုၾကည့္ၿပီးေတာ့

“ရွိတာေပါ့ဗ်ာ”

“သူ႔အိမ္ဘယ္အိမ္လည္းဆိုတာကို ငါ့ကိုၫႊန္စမ္းပါ ညီေလးရာ”

“ဟာဗ်ာ၊ ခင္ဗ်ားက သူ႔အိမ္သိခ်င္ရေအာင္ ဘယ္သူမို႔လို႔လဲဗ်”

“ငါက သူ႔ေယာက္်ားပဲ”

က်ဳပ္ျဖင့္ မ်က္လုံးေတာင္ျပဴးသြားတာပဲဗ်ာ။

“ဗ်ာ၊ သူ႔ေယာက္်ားတဲ့လား”

“ေအး၊ ဟုတ္ပါတယ္ဆိုကြာ”

“ဒါ၊ ဒါဆိုရင္ေတာ့ မခင္ေႏွာင္းတို႔အိမ္ကိုမလိုက္နဲ႔ေတာ့ က်ဳပ္တို႔အိမ္ကိုသာ လိုက္ခဲ့ေတာ့ဗ်ိဳ႕”

က်ဳပ္လည္း အဲဒီလူႀကီးလက္ကိုဆြဲၿပီးေတာ့ အိမ္ကိုတစ္ခါတည္း တန္းေျပးျပန္လာခဲ့တာပဲဗ်ာ၊ အဲဒီလူႀကီးကလည္း ေၾကာင္ေတာင္ေတာင္နဲ႔ေျပးလိုက္လာတာေပါ့။ အိမ္ေရာက္ေတာ့လည္း အေဖက အိမ္မွာရွိေနတာနဲ႔ အေတာ္ပဲျဖစ္သြားတယ္၊ ၿခံထဲဝင္လာတဲ့ က်ဳပ္တို႔ႏွစ္ေယာက္ကိုအကဲခတ္ၾကည့္ၿပီး

“အလတ္ေကာင္၊ ဘာျဖစ္လာတာလဲ၊ သူက ဘယ္သူလဲ”

“သူက မခင္ေႏွာင္းရဲ႕ ေယာက္်ားတဲ့ဗ်”

အေဖက မ်က္ခုံးပင့္သြားေတာ့တယ္၊ အဲဒီလူႀကီးကို ထိုင္ခုံမွာထိုင္ခိုင္းၿပီး ေမးျမန္းရတာေပါ့။

“ခင္ဗ်ားက ခင္ေႏွာင္းေယာက္်ားဆိုတာ တကယ္လား”

“တကယ္ပါသူႀကီးရယ္၊ က်ဳပ္အခု ခင္ေႏွာင္းကို သတိရလို႔ လိုက္လာခဲ့တာ”

အေဖက က်ဳပ္ဘက္ကိုၾကည့္ၿပီးေတာ့

“အလတ္ေကာင္၊ ခင္ေႏွာင္းကို သြားေခၚစမ္း”

အေဖက အေခၚလႊတ္တယ္ဆိုေတာ့ က်ဳပ္လည္း မခင္ေႏွာင္းအိမ္ကိုေျပးလာခဲ့တာေပါ့ဗ်ာ။

“မခင္ေႏွာင္း . . . ဗ်ိဳ႕၊ မခင္ေႏွာင္း”

က်ဳပ္ေအာ္ေခၚလိုက္ေတာ့ မခင္ေႏွာင္းက အိမ္ထဲကေနထြက္လာတယ္။

“ဟဲ့၊ ဘာျဖစ္ျပန္တာတုန္း၊ ေအာ္ႀကီးဟစ္က်ယ္နဲ႔”

“အေဖက အိမ္ကိုလာခဲ့ပါအုံးတဲ့။ အိမ္မွာ ခင္ဗ်ားေယာက္်ားဆိုတဲ့ ကုလားႀကီးတစ္ေယာက္ေရာက္ေနတယ္”

က်ဳပ္လည္း သူ႔ကိုၾကည့္မရတာနဲ႔ ပိတ္ေျပာထည့္လိုက္တာ မခင္ေႏွာင္းက က်ဳပ္စကားကိုၾကားၿပီးေတာ့ အေတာ္လန႔္သြားရွာတာဗ်။

“ေအးေအး၊ လိုက္ခဲ့မယ္၊ သြားႏွင့္၊ ငါအဝတ္အစားလဲလိုက္အုံးမယ္”

က်ဳပ္လည္း အိမ္ကေနထြက္လာခဲ့တယ္၊ အိမ္ကိုမျပန္ေသးဘဲ လယ္ကြင္းထဲကိုဆင္းသြားတဲ့ အကိုႀကီးကို သြားေခၚဖို႔အႀကံရလိုက္တယ္၊ ဘာပဲေျပာေျပာ ေတ့ေတ့ဆိုင္ဆိုင္ရွင္းၾကၿပီဆိုရင္ မခင္ေႏွာင္းနဲ႔ညားေတာ့မယ့္ အကိုႀကီးလည္း သိသင့္တယ္မဟုတ္လားဗ်၊ အကိုႀကီးေရာ က်ဳပ္တို႔တစ္႐ြာလုံးေရာ မခင္ေႏွာင္းကို အပ်ိဳႀကီးဆိုၿပီးေတာ့ သိထားၾကတယ္မဟုတ္လား။

က်ဳပ္လည္း အေျပးတစ္ပိုင္းနဲ႔အကိုႀကီးလယ္ကိုေျပးခဲ့တယ္၊ အကိုႀကီးကေတာ့ သီခ်င္းကေလး တေအးေအးနဲ႔ေပါ့ဗ်ာ။

“အကိုႀကီး၊ အကိုႀကီး ျပႆနာတက္ၿပီ”

“ဘာလဲကြ”

“မခင္ေႏွာင္းေယာက္်ားဆိုၿပီးေတာ့ ကုလားႀကီးတစ္ေယာက္ေရာက္ေနတယ္၊ အခု အိမ္မွာအေဖနဲ႔စကားေျပာေနၿပီ”

“ေဟ”

အကိုႀကီး တစ္ခြန္းထဲေရ႐ြတ္ၿပီးေတာ့ လုပ္လက္စအလုပ္ေတြကို ပစ္ခ်ထားခဲ့ၿပီး က်ဳပ္အေနာက္ကိုလိုက္လာတာေပါ့ဗ်ာ၊ က်ဳပ္တို႔လယ္နားကိုေရာက္ေတာ့ ႐ြာအျပင္ဇရပ္ေတြအနားမွာ သုတ္ေျခတင္ၿပီးေျပးသြားတဲ့ မိန္းမတစ္ေယာက္ကိုေတြ႕လိုက္ရတယ္ဗ်၊ ပုဆိုးနဲ႔ထုပ္ထားတဲ့ အထုပ္ကို ေခါင္းေပၚတင္ၿပီးေတာ့ ေျပးေနတဲ့မိန္းမကို က်ဳပ္အေသအခ်ာလွမ္းၾကည့္လိုက္တယ္။

“အလို၊ မခင္ေႏွာင္းပါလား”

အကိုႀကီးလည္း အထူးအဆန္းနဲ႔ၾကည့္ေနတယ္။ က်ဳပ္လည္းသိလိုက္ၿပီ။ ဟိုလူႀကီးလာလို႔ မခင္ေႏွာင္းလည္း ေျပးၿပီထင္တယ္ဗ်။

“ေျပးၿပီ၊ မခင္ေႏွာင္းေျပးၿပီဗ်”

အဲဒီလိုေအာ္ရင္း က်ဳပ္တို႔ညီအကို မခင္ေႏွာင္းအေနာက္ကိုေျပးလိုက္ခဲ့တယ္ဗ်၊ မခင္ေႏွာင္းက က်ဳပ္တို႔ထက္ ေတာ္ေတာ္ေဝးေဝးအေရွ႕ကိုေရာက္ေနတယ္ဆိုေပမယ့္ က်ဳပ္တို႔က ေယာက္်ားေျခလွမ္းဆိုေတာ့ ႐ြာအထြက္ သုႆန္နားေရာက္ေတာ့ မခင္ေႏွာင္းကို မီလာတာေပါ့ဗ်ာ။

“မခင္ေႏွာင္း၊ မေျပးနဲ႔”

“ခင္ေႏွာင္း၊ ဘယ္ကိုေျပးတာလဲ”

က်ဳပ္တို႔ေအာ္ေတာ့ မခင္ေႏွာင္းက က်ဳပ္တို႔ကိုလွည့္ၾကည့္တယ္၊ ၿပီးတာနဲ႔ က်ဳပ္ကိုလက္ညႇိဳးနဲ႔လွည့္ထိုးေတာ့ က်ဳပ္တစ္ကိုယ္လုံးပူထူသြားတယ္ဗ်၊ မခင္ေႏွာင္းက က်ဳပ္ကို စက္နဲ႔ပစ္တယ္ထင္ပါရဲ႕ဗ်ာ၊ စက္ထိသြားၿပီးေတာ့ က်ဳပ္က အေရွ႕ကိုေျပးေနတယ္ဆိုေပမယ့္ တကယ္တမ္းေတာ့ အေနာက္ကိုေရာက္သြားတာဗ်၊ ထူးဆန္းလိုက္တာမွ ေျပာမေနပါနဲ႔ေတာ့ဗ်ာ၊ အေရွ႕ကို အားကုန္ေျပးေလေလ၊ အေနာက္ကိုေရာက္သြားေလေလပဲ၊ က်ဳပ္နဲ႔တူတူေျပးတဲ့ အကိုႀကီးေတာင္မွ က်ဳပ္နဲ႔ခပ္လွမ္းလွမ္းကိုေရာက္သြားၿပီ၊ ၿပီးေတာ့ အကိုႀကီးက မခင္ေႏွာင္းဆီေျပးသြားတယ္၊ မခင္ေႏွာင္းက အကိုႀကီးလက္ကိုတြဲၿပီးေတာ့ ႏွစ္ေယာက္သား ဆက္ေျပးၾကတယ္ဗ်ာ။

“ေဟ့လူေတြ၊ ရပ္လိုက္”

က်ဳပ္က ေအာ္ေပမယ့္ တကယ္တမ္းရပ္ေနရတာကေတာ့ က်ဳပ္ပဲဗ်။ အေရွ႕ဆက္ေျပးလို႔လည္း မျဖစ္ေတာ့ဘူးေလဗ်ာ၊ အေရွ႕ေျပးရင္ အေနာက္ကိုေရာက္တာကိုး။ ဒါနဲ႔ပဲ ဉာဏ္နီဉာဏ္နက္သုံးရေတာ့တယ္၊ က်ဳပ္လည္း ခ်က္ခ်င္း႐ြာဘက္ကိုမ်က္ႏွာလွည့္လိုက္ၿပီးေတာ့ ႐ြာဆီကိုေျပးပါေရာဗ်ာ၊ အေရွ႕ေျပးရင္ အေနာက္ကိုေရာက္တယ္ဆိုေတာ့၊ အေနာက္လွည့္ေျပးေတာ့ အေရွ႕ကိုေရာက္တာေပါ့ဗ်ာ၊ အေနာက္ကိုေတာ့ လွည့္ၾကည့္လွည့္ၾကည့္နဲ႔ေျပးရတာေပါ့။

မခင္ေႏွာင္းနဲ႔ အကိုႀကီးနဲ႔က ေျပးရတာေမာလို႔ထင္ပါရဲ႕၊ သုႆန္အေက်ာ္နားက တမာပင္တန္းကေလးအနားမွာ ထိုင္ေနၾကတယ္၊ က်ဳပ္လိုက္လာမယ္လို႔လည္း မထင္ဘူးေပါ့ေလ၊ က်ဳပ္က ေနာက္ျပန္ႀကီးေျပးလာတာကိုး။

“မေျပးနဲ႔”

က်ဳပ္ေအာ္သံၾကားလိုက္ေတာ့မွ သူတို႔ႏွစ္ေယာက္က ထပ္ေျပးဖို႔လုပ္တယ္၊ ဒီအခါမွာပဲ တမာပင္တန္းၾကားကေန ႏြားႏွစ္ေကာင္နဲ႔ ဦးဘသာႀကီးက ထြက္လာတယ္၊ လက္ထဲမွာလည္း ႀကိမ္လုံးႀကီး ကိုင္ထားလို႔ေပါ့ဗ်ာ။

“ဟိတ္၊ ရပ္ၾကစမ္း”

ဦးဘသာေျပာေတာ့မွ မခင္ေႏွာင္းတို႔အေျပးရပ္တယ္၊ က်ဳပ္လည္း ေနာက္ျပန္ႀကီးေျပးလာရင္း အနားေရာက္လာတာေပါ့။ မခင္ေႏွာင္းက လက္အုပ္ကိုေကာက္ခ်ီလိုက္တယ္ဗ်။

“ကြၽန္မေတာင္းပန္ပါတယ္ ဦးေလးရယ္၊ ကြၽန္မတို႔ကို သြားခြင့္ေပးပါ၊ ကြၽန္မတို႔ခ်စ္ျခင္းကို မခြဲပါနဲ႔”

“နင္တို႔ကိုငါမခြဲပါဘူး၊ တားပဲတားလိုက္တာ”

က်ဳပ္လည္း ေနာက္ျပန္ႀကီးေရာက္လာတာေပါ့၊ ဦးဘသာက က်ဳပ္ကိုၾကည့္ရင္း

“အလတ္ေကာင္ ဘာျဖစ္ေနတာလဲ”

“သူေပါ့ဗ်၊ က်ဳပ္ကိုစက္နဲ႔ပစ္ထားတာ”

ဦးဘသာ က်ဳပ္ဆီကို ႏြား႐ိုက္တဲ့ႀကိမ္လုံးႀကီးနဲ႔လွမ္းထိုးလိုက္ေတာ့ က်ဳပ္တစ္ကိုယ္လုံး ေပါ့သြားသလိုခံစားသြားရတယ္၊ ဦးဘသာက လက္တစ္ဖက္ခါးေထာက္ထားရင္း

“ေနစမ္းပါအုံးခင္ေႏွာင္း၊ နင္တို႔ႏွစ္ေယာက္ကို မၾကာခင္ မဂၤလာေဆာင္ေပးေတာ့မွာမဟုတ္လား၊ နင္တို႔ဘာေတြ အလ်င္လိုေနသလဲ”

“အဲဒါေတြ ေမးမေနပါနဲ႔ေတာ့ ဦးေလးရယ္၊ ကြၽန္မတို႔ကို သြားခြင့္ျပဳပါ၊ ဦးေလးေက်းဇူးကို ကြၽန္မ မေမ့ပါဘူး”

မခင္ေႏွာင္းက ေျပာေျပာဆိုဆိုနဲ႔ သူ႔ေခါင္းေပၚက ပုဆိုးထုပ္ကိုေျဖလိုက္ၿပီး အထဲက ပိုက္ဆံအိတ္တစ္လုံးကိုဖြင့္ၿပီး ေ႐ႊလက္ေကာက္ေတြထုတ္လိုက္တယ္ဗ်၊ ေ႐ႊလက္ေကာက္ငါးကြင္းေလာက္ကို ကိုင္ၿပီးေတာ့ ဦးဘသာႀကီးဆီကို လွမ္းေပးတယ္။

“ဦးေလး ဒါေတြယူပါ၊ ဦးေလးသုံးခ်င္ရာသုံးပါ၊ ကြၽန္မတို႔ကိုလႊတ္ေပးပါ”

ဦးဘသာက ေ႐ႊလက္ေကာက္ေတြကို လွမ္းယူလိုက္ၿပီးေတာ့ လက္နဲ႔ေသခ်ာကိုင္ၾကည့္တယ္၊ ၿပီးေတာ့မွ မဲ့ၿပဳံးတစ္ခ်က္ၿပဳံးၿပီး ေ႐ႊလက္ေကာက္ေတြကို မခင္ေႏွာင္းဆီကို ပိတ္ေပါက္ထည့္လိုက္တာ လက္ေကာက္ေတြက မခင္ေႏွာင္းလက္ႏွစ္ဖက္မွာ ဝတ္ၿပီးသားျဖစ္သြားပါေရာဗ်ာ၊ က်ဳပ္ျဖင့္ အံ့ၾသလို႔မဆုံးဘူး။

“ဟဲ့ ခင္ေႏွာင္း၊ ညည္းက ငါ့ကိုေ႐ႊမက္တယ္လို႔ထင္ေနတာလား၊ ငါနင္ေပးတာကို မယူဘူး၊ လိုလည္းမလိုခ်င္ဘူး၊ နင္လုပ္ရမွာက ႐ြာထဲကိုျပန္သြားဖို႔ပဲ”

မခင္ေႏွာင္းက ေျပာေနရင္း ေဒါသထြက္လာတယ္ဗ်။

“ေအာင္မာ၊ အဘိုးႀကီးကေတာ့ ေကာင္းေကာင္းေျပာလို႔မရဘူး”

မခင္ေႏွာင္းက လက္ညႇိဳးနဲ႔ဆတ္ခနဲထိုးလိုက္ေတာ့ ဦးဘသာက တစ္ခုခုကို လက္နဲ႔ပုတ္ခ်လိုက္တယ္ဗ်။

“ခင္ေႏွာင္းရာ၊ နင္ငါ့ကို ၿပိဳင္ႏိုင္မယ္ထင္သလား”

“အပိုေတြလာမေျပာစမ္းပါနဲ႔ရွင္”

မခင္ေႏွာင္းက ထမီကိုမၿပီးေတာ့ ခါးေတာင္းက်ိဳက္လိုက္တယ္ဗ်။ မခင္ေႏွာင္းေပါင္ေတြက ေနမထိေလမထိဆိုေတာ့ ခပ္ျဖဴျဖဴေပါ့ဗ်ာ။ ထမီကိုခါးေတာင္းေျမာင္ေနာက္ေအာင္က်ိဳက္လိုက္ေတာ့မွ ေပါင္ရင္းနဲ႔တင္ပါးေတြမွာ ေဆးနီေဆးနက္ေတြနဲ႔ အကြက္အကြက္ေတြဆြဲထားတာဗ်၊ က်ဳပ္ထင္တာေတာ့ အင္းေတြျဖစ္မွာေပါ့၊ မခင္ေႏွာင္းက ထမီခါးေတာင္းက်ိဳက္ၿပီးေတာ့မွ

“ငါက တျခားလူမဟုတ္ဘူး႐ြာသူဟဲ့၊ ႐ြာသူ၊ အဘိုးႀကီး မနာခ်င္ရင္ အသာဖယ္ေနလိုက္စမ္း”

ဦးဘသာက ႐ြာထဲမွာ သူကဘာစုန္းမ်ိဳးပါ၊ ဘယ္ေလာက္ပညာတတ္တယ္ဆိုတာ ေျပာထားတဲ့သူမဟုတ္ေတာ့ ဦးဘသာအေၾကာင္းကို မခင္ေႏွာင္းက သိပုံမရဘူးေပါ့ဗ်ာ၊ ဦးဘသာကလည္း ဒီေလာက္ခင္ပါတယ္ဆိုတဲ့ က်ဳပ္ကိုေတာင္မွ သူ႔ပညာဘယ္ေလာက္သြားတယ္ဆိုတာကို ေျပာျပတာမွမဟုတ္တာကလား။

“ခင္ေႏွာင္းရာ၊ နင္က တို႔႐ြာမွာေနေတာ့ တို႔႐ြာသူပါပဲဟာ”

မခင္ေႏွာင္းက ပုခုံးေပၚတင္ထားတဲ့ ပုဆိုးပိုင္းကိုျဖဳတ္ယူၿပီး ဦးဘသာဆီကိုလွမ္းပစ္ထည့္လိုက္ေတာ့တာပဲဗ်ာ၊ ပုဆိုးပိုင္းက ေျမေပၚကိုက်ၿပီးေတာ့ လူႀကီးလက္ေမာင္းလုံးေလာက္ရွိတဲ့ ငန္းေႁမြႀကီးျဖစ္သြားတာပဲဗ်ိဳ႕၊ ငန္းေႁမြႀကီးက တစ္ကိုယ္လုံးကိုမည္းနက္ေနၿပီးေတာ့ ဦးဘသာကို ေပါက္မယ္ဆိုၿပီးတကဲကဲလုပ္ေနတာဗ်။ ၿပီးတာနဲ႔ ဦးဘသာဆီကို တရႉးရႉးနဲ႔အသံေပးၿပီးေတာ့ ေျပးသြားတာျမန္လိုက္တာဗ်ာ၊ ဦးဘသာကလည္း အဲဒီေႁမြႀကီးရဲ႕ေခါင္းကို လက္ထဲက ႀကိမ္လုံးနဲ႔ထိုးၿပီး ေျမမွာေထာက္ခ်လိုက္ေတာ့ ငန္းေႁမြႀကီးကေနၿပီး ပုဆိုးပိုင္းျပန္ျဖစ္သြားတယ္ဗ်။

“ဟဲ့၊ ခင္ေႏွာင္း၊ နင့္ပုဆိုးစုတ္က ငါေျခသုတ္ဖို႔ေလာက္ေတာင္ မသားနားပါလားဟ”

အကိုႀကီးက ေတြေတြႀကီးရပ္ေနတာဗ်၊ တန္ေတာ့ မခင္ေႏွာင္းက ခုနက လက္ေမာင္းကိုကိုင္ၿပီး တစ္ခုခုလုပ္ထားပုံရတယ္၊ မခင္ေႏွာင္းက မေက်နပ္ဘူး၊ ေတာက္တစ္ခ်က္ေခါက္ၿပီးေတာ့ ထမီခါးေတာင္းက်ိဳက္ကိုေျဖခ်လိုက္တယ္ဗ်၊ ၿပီးေတာ့ ထမီကိုဆြဲလွန္ၿပီး ေခါင္းေပၚကေန ေက်ာ္ခြၽတ္လိုက္တာ၊ ဘာေျပာေကာင္းမလဲ အတြင္းခံမဝတ္ထားေတာ့ ဖင္ေျပာင္ႀကီးေပါ့ဗ်ာ၊ အဲဒီလိုထမီကိုေခါင္းေပၚကေန ေက်ာ္ခြၽတ္ၿပီးတာနဲ႔ ထမီကိုတစ္ခုခုမန္းမႈတ္ၿပီး ဦးဘသာႀကီးဆီကိုကြင္းလိုက္ၿပီး ပစ္ထည့္လိုက္ပါေရာ။

ထမီပ်ံထြက္သြားပုံကလည္း ကြင္းလိုက္ႀကီးဗ်၊ ဦးဘသာက သူ႔အနားမေရာက္ခင္မွာပဲ လက္ထဲကႀကိမ္လုံးကို ေလေပၚမွာ စက္ဝိုင္းပုံစံေဝွ႔ယမ္းလိုက္ေတာ့ ပ်ံလာတဲ့ထမီႀကီးကလည္း ေလေပၚမွာ အကြင္းလိုက္ႀကီး လည္ပတ္ေနေတာ့တယ္ဗ်ာ၊ အျမင့္ကေတာ့ လူတစ္ရပ္အျမင့္ေလာက္ရွိမယ္ဗ်။ ဦးဘသာက ခဏၾကာေတာ့ လက္ထဲက ႀကိမ္လုံးကို လမ္းေဘးက တမာပင္တန္းဆီကို ၫႊန္ျပလိုက္ေတာ့မွ ထမီကြင္းႀကီးက အ႐ြက္ေတြ အုပ္အုပ္ဆိုင္းဆိုင္းနဲ႔ တမာပင္ကေလးအေပၚကို သြားက်တာပဲဗ်ာ၊ တရွဲရွဲအသံျမည္ၿပီးေတာ့ အ႐ြက္စိမ္းစိမ္းစိုစိုနဲ႔ တမာပင္ကေလးက ခ်က္ခ်င္းအ႐ြက္ေတြဝါၿပီးေတာ့ တျဖဳတ္ျဖဳတ္နဲ႔ေကြၽက်ကုန္ပါေရာဗ်ာ။

“ဟဲ့၊ နင့္ဖင္ငါမၾကည့္ခ်င္ဘူး၊ ထမင္းစားပ်က္တယ္ဟဲ့”

ဦးဘသာက မခင္ေႏွာင္းကို ႀကိမ္လုံးနဲ႔လွမ္းၫႊန္ထိုးၿပီးေတာ့

“အလတ္ေကာင္ မင္းေဘာင္းဘီပါရင္၊ မင္းပုဆိုးကို သူ႔ကိုစြပ္ေပးလိုက္စမ္း”

က်ဳပ္က ေအာက္က ဒူးေလာက္ရွိတဲ့ ေဘာင္းဘိတိုကေလးပါေတာ့ ပုဆိုးကိုခြၽတ္ၿပီးေတာ့ မခင္ေႏွာင္းအနားကိုကပ္ခဲ့တာေပါ့ဗ်ာ၊ မခင္ေႏွာင္းက ေတြေတြႀကီးရပ္ေနေပမယ့္ က်ဳပ္ကိုေတာ့ စူးစူးစိုက္စိုက္နဲ႔ၾကည့္ေနေတာ့တာ၊ က်ဳုပ္လည္း ပုဆိုးကို ေခါင္းကေနစြပ္ခ်ၿပီးေတာ့ သူ႔ခါးမွာခပ္ျမန္ျမန္ပဲ ပတ္ေပးလိုက္တာေပါ့။ ဦးဘသာက ပုဆိုးဝတ္ျပဳၿပီးေတာ့မွ

“ေဟ့ေကာင္ေတြ၊ ဒင္းကို ႐ြာထဲကိုဖမ္းဆြဲေခၚသြားၾကစမ္း”

ဦးဘသာအမိန႔္ေပးလိုက္ေတာ့ မခင္ေႏွာင္းတစ္ေယာက္ ယက္ကန္ယက္ကန္နဲ႔ ႐ြာထဲကို တ႐ြတ္တ႐ြတ္နဲ႔ပါသြားတာပဲဗ်ာ၊ မသိရင္ သူ႔လက္ႏွစ္ဖက္ကို လူတစ္ေယာက္ဆီက ကိုင္ဆြဲၿပီး ဆြဲေခၚသြားတဲ့ပုံစံမ်ိဳး၊ က်ဳပ္မ်က္လုံးထဲေတာ့ က်န္တာေတြမေတြ႕ရဘဲ မခင္ေႏွာင္းးတ႐ြတ္တိုက္ပါသြားတာကိုပဲျမင္ရတယ္။

ဦးဘသာက အကိုႀကီးအနားကိုကပ္ၿပိး လက္ဝါးနဲ႔မ်က္ႏွာကိုသပ္ခ်လိုက္ေတာ့မွ အကိုႀကီးလည္း သတိျပန္ကပ္တယ္ဗ်။

“ကဲ၊ မင္းတို႔လည္း လိုက္သြားၾကေတာ့ေဟ့၊ ငါ့ႏြားေတြကို ဟိုဘက္နားမွာ သြားလွန္ထားလိုက္အုံးမယ္”

ဦးဘသာေျပာေတာ့ က်ဳပ္တို႔ညီအကိုလွည့္အထြက္ အဲဒီတမာပင္ေပၚက ထမီႀကီးက ဟုန္းခနဲ သူ႔အလိုလိုမီးေတြထေတာက္ၿပီး ေတာက္ေလာင္ေနပါေရာဗ်ာ။

(၄)

အိမ္ေရာက္ေတာ့ မခင္ေႏွာင္းခမ်ာ ခုံတန္းမွာထိုင္ေနရတယ္။ ကုလားႀကီးကိုေတာ့ နည္းနည္းေက်ာေပးၿပီး တေစာင္းထိုင္ေနတာေပါ့ဗ်ာ။

“ေျပာစမ္း၊ ခင္ဗ်ားနာမည္ဘယ္သူလဲ”

“က်ဳပ္နာမည္ ေအာင္စိုးပါ၊ လူေတြကေတာ့ ရာဂ်ားလို႔ေခၚပါတယ္”

“ဟဲ့ ခင္ေႏွာင္း၊ နင္သူ႔ကိုသိသလား”

အေဖကေမးေတာ့ မခင္ေႏွာင္းက က်ဳပ္ကိုတစ္ခ်က္ၾကည့္ၿပီးေတာ့ ေခါင္းကိုအသာညိတ္ပါတယ္။

“ဒီလူက နင့္္ေယာက္်ားလို႔ေျပာေနတယ္၊ အဲဒါဟုတ္သလား”

မခင္ေႏွာင္း ဘာမွမေျပာေတာ့ပါဘူး၊ ဒီေတာ့မွ ဦးရာဂ်ားက သူ႔လြယ္အိတ္ထဲကေနၿပီးေတာ့ စာအုပ္အရွည္ႀကီးတစ္အုပ္ထုပ္တယ္ဗ်၊ အဲဒီစာအုပ္ထဲမွာ ေခါက္ထားတဲ့ စာ႐ြက္ေခါက္ကေလးကို အေဖ့ကိုျပတယ္၊ အေဖက ယူၿပီးျဖန႔္ၾကည့္လိုက္ေတာ့ စာခ်ဳပ္တစ္ခုျဖစ္ေနတယ္၊ အသိသက္ေသေတြအေရွ႕မွာ ႏွစ္ဦးသေဘာတူ လက္ထပ္ထိမ္းျမားထားေၾကာင္း ေရးထိုးထားတဲ့စာခ်ဳပ္ပါ၊ အေဖက အခ်က္အလက္ေတြအကုန္တိုက္ၾကည့္ေတာ့လည္း တူတူပဲျဖစ္ေနတယ္။

“ဟဲ့ ခင္ေႏွာင္း၊ ဒီစာခ်ဳပ္က တကယ္လား၊ နင္တကယ္ပဲ လက္မွတ္ထိုးခဲ့တာလား”

မခင္ေႏွာင္းက မ်က္ရည္ေတြက်လာၿပီးေတာ့ ေခါင္းညိတ္ပါတယ္။

“ဟုတ္ပါတယ္သူႀကီးရယ္၊ ဒါေပမယ့္ ကြၽန္မလက္မွတ္သာထိုးလိုက္ရတယ္၊ သူ႔ကိုတကယ္မခ်စ္ခဲ့ပါဘူး”

“ငါက နင့္ကိုခ်စ္တာေတြဘာေတြ ေမးေနတာမဟုတ္ဘူး၊ လက္ထပ္စာခ်ဳပ္ျပႏိုင္တယ္ဆိုေတာ့ ဘာပဲေျပာေျပာ နင္နဲ႔သူနဲ႔က အၾကင္လင္မယားအျဖစ္ရွိေနၾကေသးတယ္၊ ဒီေတာ့ နင္တို႔အခ်င္းခ်င္း အရင္ရွင္းၾကလင္းၾကၿပီးေတာ့ လြတ္လြတ္လပ္လပ္ျဖစ္သြားတဲ့အထိ ငါ့သားနဲ႔နင္နဲ႔ကိစၥကို ဆိုင္းငံ့ထားမယ္”

“ဆိုင္းငံ့လို႔တင္ဘယ္ျဖစ္မလဲ၊၊ တစ္ခါတည္းဖ်က္သိမ္းလိုက္မွျဖစ္မွာ သူႀကီးရ၊ ဘာလို႔လဲဆိုေတာ့ ခင္ဗ်ားသားသာ က်ဳပ္ရဲ႕မိန္းမနဲ႔ဆက္ၿပီးျဖစ္ေနမယ္ဆိုရင္ေတာ့ က်ဳုပ္ခင္ဗ်ားသားကို မယားခိုးမႈနဲ႔အမႈဖြင့္ရလိမ့္မယ္”

ဦးရာဂ်ားကေျပာလိုက္ေတာ့ အကိုႀကီးေတာင္ ေတာ္ေတာ္ေလးလန႔္သြားတယ္ဗ်၊ အေဖက မခင္ေႏွာင္းကိုၾကည့္ၿပီး

“ကဲ ခင္ေႏွာင္း၊ က်န္တာကေတာ့ နင္တို႔လင္မယားၾကားထဲက ကိစၥပဲ၊ ဒီေတာ့ နင္တို႔အဆင္ေျပသလိုရွင္းၾကေပေတာ့”

အေဖက ဦးရာဂ်ားဘက္ကိုၾကည့္လိုက္ၿပီးေတာ့

“ကိုရာဂ်ား၊ ခင္ဗ်ားလည္း ခင္ဗ်ားမိန္းမကိုေခၚၿပီးျပန္ေတာ့ က်ဳပ္အိမ္မွာေတာ့ လာမရွင္းၾကနဲ႔”

ဒီေတာ့ ဦးရာဂ်ားက စာ႐ြက္စာတမ္းေတြသိမ္းၿပီးေတာ့ မတ္တပ္ရပ္လိုက္တယ္၊ ၿပီးေတာ့ မခင္ေႏွာင္းဘက္ကိုလွည့္လိုက္ၿပီးေတာ့

“ခင္ေႏွာင္း၊ ထ၊ ငါနဲ႔လိုက္ခဲ့ေတာ့၊ နင့္ကတိအတိုင္းပဲေပါ့”

မခင္ေႏွာင္းကလည္း မလိုက္ခ်င္လိုက္ခ်င္နဲ႔ထလိုက္သြားေတာ့တယ္ဗ်၊ ဒီေတာ့မွ က်ဳပ္လည္းသက္ျပင္းခ်ႏိုင္တာဗ်ိဳ႕၊ အေဖကလည္းအေမ့ကိုၾကည့္လိုက္တယ္၊ အေမ့မ်က္ႏွာမွာေတာ့ အၿပဳံးေတြနဲ႔ေပါ့ဗ်ာ။ က်ဳပ္စိတ္ထဲေတာ့ အေတြးမ်ိဳးစုံေတြးေနမိတယ္၊ ဒီဦးရာဂ်ားဆိုတဲ့လူႀကီးက ဘယ္သူႀကီးလဲ၊ ဘာလို႔အခုမွ ႐ြာကိုေပၚလာတာလဲ၊ သူေပၚလာတာနဲ႔ ဦးဘသာနဲ႔မ်ား တစ္ခုခုဆက္စပ္ေနမလား၊ ဘာလို႔လဲဆိုေတာ့ ဦးဘသာက က်ဳပ္ကိုအခ်ိန္ေစာင့္ေနလိုက္ပါလို႔ ေျပာထားတယ္မဟုတ္လား။ က်ဳပ္လည္း သို႔ေလာ သို႔ေလာေတြးေနရင္းနဲ႔ ေတာ္ေတာ္ၾကာေတာ့မွ တစ္ခုသတိရတယ္။

“ဟာ၊ ပါသြားၿပီ၊ ပါသြားၿပီ”

က်ဳပ္လည္း ထိုင္ခုံကေန ကမန္းကတမ္းထၿပီးေတာ့ ေဘာင္းဘီတိုႀကီးနဲ႔ မခင္ေႏွာင္းတို႔အေနာက္ကို ေျပးလိုက္သြားမိတယ္ဗ်။ က်ဳပ္ရဲ႕ပုဆိုးၾကမ္းႀကီး မခင္ေႏွာင္းဆီကို ပါသြားၿပီမဟုတ္လားဗ်ာ။ က်ဳပ္ေျပးလိုက္ရင္း ႐ြာလယ္မန္က်ည္းပင္နားေရာက္ေတာ့ သူတို႔လင္မယားကိုမီလိုက္တယ္ဗ်၊ ဒီအခ်ိန္မွာပဲ ဦးဘသာႀကီးနဲ႔ သူတို႔လင္မယားနဲ႔မ်က္ႏွာခ်င္းဆိုင္ေတြ႕ပါေရာဗ်ာ။ ဦးရာဂ်ားက ဦးဘသာကိုၾကည့္ရင္း ေသေသခ်ာခ်ာၿပဳံးျပတယ္ဗ်၊ ၿပီးေတာ့

“အကိုႀကီး ေနေကာင္းရဲ႕ေနာ္”

လို႔ႏႈတ္ဆက္တယ္၊ ဦးဘသာကလည္း ျပန္ၿပဳံးရင္း

“ေအးပါ၊ ေကာင္းပါ့ကြာ၊ ဒါနဲ႔ရာဂ်ားေရ၊ မင္းေတာင္ အသားေတြပိုၿပီးမည္းလာသလိုပဲ”

“ဟာဗ်ာ၊ အကိုႀကီးကေတာ့လုပ္ၿပီ”

“မင္းေရာက္တုန္းေရာက္ခိုက္ ႐ြာမွာေနပါအုံးကြ”

“မေနေတာ့ဘူးအကိုႀကီးေရ၊ က်ဳပ္မိန္းမနဲ႔က်ဳပ္ အေက်အလည္ေဆြးေႏြးစရာေလးေတြ ရွိေသးသဗ်၊ ဟား၊ ဟား”

ဦးဘသာက ၿပဳံးရင္း ေခါင္းတညိတ္ညိတ္လုပ္ေနတယ္ဗ်။ ဦးရာဂ်ားကလည္း ၿပဳံးၿပဳံးႀကီးနဲ႔ မခင္ေႏွာင္းလက္ကိုဆြဲၿပီးဆက္ေလွ်ာက္သြားပါေရာ၊ မခင္ေႏွာင္းကေတာ့ မ်က္ရည္စက္လက္နဲ႔လိုက္သြားျပန္တယ္ဗ်ာ၊ က်ဳပ္လည္း ဆက္ေတာ့လိုက္ခ်င္သား၊ ဒါေပမယ့္ ဦးဘသာနဲ႔ပက္ပင္းတိုးတုန္း က်ဳပ္ရင္ထဲကေမးခြန္းေတြကို ေမးမယ္လို႔ဆုံးျဖတ္လိုက္တာနဲ႔ က်ဳပ္ဝတ္တဲ့ပုဆိုးၾကမ္းႀကိးကို အဆုံးရႈံးခံလိုက္ၿပီး ဦးဘသာအနားကိုကပ္ခဲ့တယ္။

“ဦးဘသာနဲ႔၊ အဲဒီကုလားႀကီးနဲ႔က သိတယ္တဲ့လား”

ဦးဘသာကေခါင္းညိတ္တယ္ဗ်။

“က်ဳပ္စဥ္းစားမရတာက၊ မခင္ေႏွာင္းကလည္း ႐ုပ္ရည္အသင့္အတင့္နဲ႔ အ႐ြယ္ေကာင္းေလးပါ၊ ဘယ္လိုလုပ္ၿပီးေတာ့မ်ား ဦးရာဂ်ားလို အသက္ႀကီးႀကီး အ႐ုပ္ဆိုးဆိုးလူႀကီးကိုမ်ား ေယာက္်ားအျဖစ္ယူခဲ့ပါလိမ့္”

“မင္းနားလည္ေအာင္ေျပာရမယ္ဆိုရင္ေတာ့ ခင္ေႏွာင္းကို သူ႔မိဘေတြက မင္းအကိုႀကီးနဲ႔သေဘာမတူေတာ့ ၿမိဳင္သာကိုပို႔လိုက္တယ္မဟုတ္လား၊ ၿမိဳင္သာမွာ ခင္ေႏွာင္းက ပညာေတြသင္ခဲ့တယ္၊ ေျပာရရင္ေတာ့ ၿမိဳင္သာက သူ႔အမ်ိဳးက ပညာသည္ကိုးကြ၊ ခင္ေႏွာင္းကို ဘူးထဲ့ရင္းနဲ႔ေအာင္သြားတယ္၊ ခင္ေႏွာင္းကလည္း ဒီပညာေတြကို မက္ေမာတယ္ကြ၊ ဒါနဲ႔ အဲဒီရာဂ်ားဆီမွာ တပည့္ခံၿပီး ပညာအဆင့္တက္ခဲ့တာ”

“ေၾသာ္၊ ဒါေၾကာင့္ကိုး”

“အျပန္အလွန္အေနနဲ႔ ရာဂ်ားက ခင္ေႏွာင္းကိုေပါင္းရမယ္ဆိုၿပီး လက္မွတ္ထိုးခဲ့တာေပါ့ကြာ၊ ခင္ေႏွာင္းကလည္းအႀကံနဲ႔ကြ၊ ရာဂ်ားက ခရီးရက္ရွည္ထြက္ေနတဲ့အခ်ိန္ ႐ြာကိုတိတ္တိတ္ေလးျပန္လာရင္း မင္းအကိုနဲ႔ျပန္ၿငိတာေပါ့ကြာ၊ ငါထင္တာကေတာ့ ဒီလိုပဲျဖစ္မွာ၊ အဲဒီရာဂ်ားက ဘယ္သူလဲဆိုတာ မင္းသိသလား”

က်ဳပ္လည္း ေခါင္းခါျပလိုက္တယ္။

“ၿမိဳင္သာက ငါ့အသိ မာယာရဲ႕ အကိုအရင္းကြ၊ စုန္းပညာမွာေတာ့ ေမြးရာပါ ပါရမီရွင္လို႔ေတာင္ေျပာလို႔ရတယ္”

ဒီေတာ့မွ က်ဳပ္ဇတ္ရည္လည္တယ္။ ကုလားမႀကီး မာယာကလည္း စုန္းပဲမဟုတ္လားဗ်ာ။ ဦးဘသာနဲ႔ အဲဒီကုလားမႀကီးေတြအမ်ိဳးနဲ႔က ငယ္ငယ္ကတည္းက ေက်ာင္းေနဖက္ေတြ ခင္ခဲ့ၾကတာကိုး၊ က်ဳပ္အထင္ေျပာရရင္ေတာ့ အဲဒီဦးရာဂ်ားႀကီးကို ဒီကိုေခၚတာလည္း ဦးဘသာပဲေနမွာဗ်။

“ဒါနဲ႔ ဦးဘသာ၊ တစ္ေယာက္ေတာ့ ထြက္ၿပီးရွင္းသြားေပမယ့္ ေနာက္တစ္ေယာက္ကေတာ့ က်န္ေနေသးသဗ်”

ဦးဘသာက မ်က္ေမွာင္ၾကဳတ္တယ္။

“ဘာလဲ၊ မင္းအကိုႀကီးမွာ ေနာက္ထပ္တိတ္တိတ္ပုန္းျဖစ္ေနတဲ့သူ ရွိေသးလို႔လား”

က်ဳပ္က ေခါင္းကိုတြင္တြင္ခါလိုက္ရင္း

“မဟုတ္ပါဘူးဗ်ာ၊ က်ဳပ္မရီးကိုေျပာတာပါ၊ က်ဳပ္မရီးက အကိုႀကီးနဲ႔ရန္ျဖစ္ၿပီး အိမ္ကဆင္းသြားတယ္မဟုတ္လား”

ဦးဘသာက ၿပဳံးရင္း

“ေဟ့ေဟး၊ ဒါေတာ့ ငါကူညီမယ္ကြ၊ သူမ်ားကိုခြဲတာ မကူညီေကာင္းေပမယ့္၊ ကြဲကြာေနတဲ့သူကိုေတာ့ ျပန္ေပါင္းသင္းေအာင္ ကူညီေကာင္းတယ္မဟုတ္လား”

က်ဳပ္လည္းအားတက္သြားတယ္။

“လုပ္ရမွာက သိပ္မခက္ပါဘူးကြာ၊ ကြဲကြာေစတဲ့လင္မယားေတြကို ျပန္ေပါင္းေစခ်င္ရင္ေတာ့ ပီယလိပ္စီရင္နည္းက အေကာင္းဆုံးပဲကြ”

“ပီယလိပ္တဲ့လား၊ ေျပာပါအုံး၊ က်ဳပ္ဘယ္လိုလုပ္ရမလဲ”

“သိပ္မခက္ပါဘူးကြာ၊ အရင္ဆုံး ဆန္မႈန႔္ႏွစ္က်ပ္သားကို ညက္ေအာင္ေထာင္း၊ ေရနည္းနည္းနဲ႔ မုန႔္ညက္လုပ္ေပါ့ကြာ၊ ၿပီးရင္ လိပ္ဖိုတစ္႐ုပ္၊ လိပ္မတစ္႐ုပ္ လိပ္ႏွစ္ေကာင္ပုံစံ အဲဒီမုန႔္ညက္နဲ႔လုပ္ေပါ့၊ လိပ္ဖို၊ လိပ္မက ပုံစံတူတူပါပဲ၊ တစ္ေကာင္ကို လိပ္ဖို၊ တစ္ေကာင္ကို လိပ္မလို႔ သတ္မွတ္လိုက္ေပါ့”

“ၿပီးေတာ့ေရာဗ်ာ”

“ၿပီးရင္ေတာ့ အဖိုလိပ္႐ုပ္ရဲ႕ဝမ္းဗိုက္မွာ တုတ္တစ္ေခ်ာင္းနဲ႔ ေယာက္်ားျဖစ္သူရဲ႕ နံကိုေရးရမယ္၊ မင္းအကိုႀကီးက စေနသားဆိုေတာ့ ခုနစ္လို႔ေရးေပါ့ကြာ၊ လိပ္မမွာေတာ့ မင္းမရီးရဲ႕ နံကို ဂဏန္းနဲ႔ေရးေပါ့”

“ဒါပဲလားဗ်”

“က်န္ေသးတယ္ဟ၊ ၿပီးရင္ လိပ္ဖို႐ုပ္ကိုက်ေတာ့ “ဥဳံ ေနမင္းေသြးသား နတ္ေယာက္်ား ခ်င္းစရာခ်င္း” လို႔ မႏၲန္ခုနစ္အုပ္စုတ္ရတယ္၊ ခုႏွစ္ေခါက္႐ြတ္ခိုင္းတာေပါ့ကြာ၊ လိပ္မ႐ုပ္မွာက်ေတာ့ “ဥဳံ နဂါးသမီး၊ ဇသီးမည္လွ၊ နတ္မိန္းမ၊ ခ်င္းစရာခ်င္း” လို႔ ခုနကအတိုင္း႐ြတ္ၿပီးေတာ့ လမ္းေလးခြဆုံအလယ္မွာ က်င္းေလးတူးၿပီး ေခါင္းခ်င္းဆိုင္ၿပီးျမႇဳပ္ထား၊ တစ္နယ္တစ္ေက်းကိုထြက္သြားတဲ့သူေတာင္မွ မေနႏိုင္ေအာင္ တမ္းတမိလို႔ ျပန္လာရတယ္လို႔ဆိုသကြ”

က်ဳပ္လည္းေပ်ာ္သြားေတာ့တယ္။

“ဟုတ္ၿပီ၊ ဟုတ္ၿပီ၊ စိတ္ခ်၊ က်ဳပ္အခုပဲ စမ္းၾကည့္လိုက္မယ္ဗ်”

က်ဳပ္လည္း ဦးဘသာႀကီးကို ေက်းဇူးတင္စကားေျပာဖို႔ေတာင္ ေမ့သြားၿပီး အိမ္ကိုအျမန္ေျပးလာတာေပါ့ဗ်ာ၊ ဦးဘသာကေတာ့ ၿပဳံးရင္း က်ဳပ္ကိုၾကည့္ေနၿပီး က်န္ခဲ့ပါေရာလား။

က်ဳပ္လည္း ဦးဘသာခိုင္းတဲ့အတိုင္းလုပ္ၿပီး ခုနက မန္က်ည္းပင္ႀကီးအနား ႐ြာရဲ႕ အေရွ႕၊ အေနာက္၊ ေျမာက္၊ ေတာင္ လမ္းေလးခြဆုံတဲ့ေနရာအလယ္မွာ က်င္းတူးၿပီး ေခါင္းခ်င္းဆိုင္ၿပီးျမႇဳပ္ထားလိုက္တယ္၊ နည္းနည္းလူေျခတိတ္တဲ့ ညရွစ္နာရီေလာက္မွ လုပ္လိုက္တာေပါ့ဗ်ာ။

အစီအရင္က စြမ္းတယ္ေျပာရမလား ေနာက္တစ္ေန႔မနက္ က်ဳပ္ကို အေမႏႈိးလို႔ ႏႈိးေတာ့မွ က်ဳပ္မရီးက အိမ္ေပၚေတာင္ျပန္ေရာက္ေနၿပီဗ်၊ အကိုႀကီးကလည္း သူ႔သမီးကိုခ်ီပိုးလို႔ေပါ့ဗ်ာ၊ က်ဳပ္ရင္ထဲက အပူလုံးႀကီးလည္း အခုမွပဲ ဟင္းခနဲက်သြားေတာ့တယ္ဗ်ာ၊

“ေၾသာ္၊ ဦးဘသာ၊ ဦးဘသာ ဒီလိုမ်ိဳးကြဲေနတဲ့လင္မယားကိုး ျပန္လည္ေပါင္းဖက္ေအာင္လုပ္ေပးတဲ့အတြက္ ဦးဘသာႀကီးလည္း သံသရာတစ္ေလွ်ာက္ ခ်စ္တဲ့သူနဲ႔မေကြကြင္းပဲ အၿမဲဆုံစည္းရပါေစဗ်ာ”

က်ဳပ္က အသံထြက္ၿပီးေတာ့ ေရ႐ြတ္လိုက္မိတာေပါ့ဗ်ာ။

က်ဳပ္တို႔ညီအကိုေတြ မနက္စာစားၿပီး လယ္ထဲဆင္းမယ္လုပ္ၾကတာေပါ့၊ မိုးကလည္း အုံ႔ဆိုင္းေနတာ့ ေမွာင္ကလည္း သိပ္ေမွာင္ေနတာဗ်၊ ဒီအတိုင္းဆို ေန႔လည္ေလာက္ေတာ့ မိုးေကာင္းေကာင္းခ်ေတာ့မယ့္ပုံပဲ၊ က်ဳပ္နဲ႔အငယ္ေကာင္နဲ႔ ၿခံေရွ႕လည္းထြက္ေရာ က်ဳပ္တို႔ၿခံေရွ႕မွာ လူႀကီးတစ္ေယာက္ရပ္ေနတာဗ်၊ က်ဳပ္လည္း အဲဒီလူႀကီးကိုေသခ်ာၾကည့္ၿပီး ေအာ္မိတာေပါ့။

“ေအာင္မယ္ေလးဗ်၊ သရဲ၊ သရဲ လုပ္ပါအုံး”

က်ဳပ္နဲ႔အငယ္ေကာင္နဲ႔ အဲဒီလူႀကီးကိုၾကည့္ၿပီး တစ္ခါတည္းေအာ္ၿပီး အိမ္ထဲျပန္ဝင္ေျပးတာပဲဗ်၊ အေဖက ေၾကာင္ေတာင္ေတာင္နဲ႔ထၾကည့္ေတာ့ အေဖ့အေနာက္မွာ က်ဳပ္တို႔ညီအကိုေတြ ဝင္ပုန္းတာေပါ့၊ က်ဳပ္တို႔ျမင္လိုက္တဲ့လူႀကီးကေတာ့ ဟိုတစ္ေလာကဆုံးသြားတယ္ဆိုတဲ့ ကြင္းေခ်ာင္း႐ြာက ဘိုးမွန္ဆိုတဲ့လူႀကီးေပါ့ဗ်ာ။ အဲဒီသရဲႀကီးက ေၾကာင္ေတာင္ေတာင္နဲ႔ၿခံထဲဝင္လာၿပီး အေဖ့အနားကိုတစ္လွမ္းခ်င္းေလွ်ာက္လာပါေရာ။

“အေဖေရ၊ လုပ္ပါအုံး၊ သရဲႀကီး”

အေဖကလည္း လက္ကာျပၿပီးေတာ့

“ဘိုးမွန္၊ ခင္ဗ်ားနဲ႔က်ဳပ္တို႔နဲ႔ ဘဝခ်င္းျခားသြားၿပီဗ်၊ အခုလိုမေႏွာင့္ယွက္သင့္ေတာ့ပါဘူးဗ်ာ”

“ဟာ၊ ေဟ့ေကာင္ မင္းဘာေတြေျပာေနတာလည္း၊ မင္းတို႔ေျပာပုံအရ မသိရင္ ငါကေသၿပီးသားလူက်ေနတာပဲ”

“ဟင္၊ ဒါနဲ႔ တစ္ေလာကပဲ ဘိုးမွန္ေသလို႔ဆို၊ အေမတို႔ေတာင္ တစ္ညအိပ္ေလာက္ ကြင္းေခ်ာင္းကိုျပန္သြားတယ္မဟုတ္လား”

“ေပါက္ေပါက္ရွာရွာကြာ၊ ငါအလတ္ႀကီးပါကြ၊ မင္းတို႔ကိုဘယ္သူေျပာတာလည္း”

ဒီေတာ့မွ အေမက မီးဖိုေခ်ာင္ထဲကေန ၿပဳံးၿဖီးၿဖီးနဲ႔ထြက္လာတယ္။

“အဲဒါ၊ ကြၽန္မတမင္သက္သက္လိမ္ေျပာလိုက္တာပါ”

“ဘာ . . .”

အေဖ့အသံက က်ယ္သြားတယ္။

“ကြၽန္မက သားႀကီးနဲ႔ခင္ေႏွာင္းနဲ႔ျပတ္ေအာင္ဆိုၿပီး ၿမိဳင္သာကဆရာတစ္ေယာက္ဆီမွာ ဓါတ္႐ိုက္ဓါတ္ဆင္သြားလုပ္လိုက္တာ၊ ဒါကို ရွင္တို႔ကိုမေျပာခ်င္တာနဲ႔”

အေဖကေတာ့ အေမ့ကိုႀကိတ္ဆူတာပါပဲဗ်ာ၊ က်ဳပ္လည္း ဒီေတာ့မွ တစ္ခုေတြးမိတယ္၊ ဦးဘသာ ေျပာေတာ့ တစ္ခါတုန္းက မရီးကိုယ့္ကိုယ္ကိုယ္ သတ္ေသေအာင္လုပ္တာက မခင္ေႏွာင္းလုပ္တာ မဟုတ္သလိုလိုေျပာေနေတာ့ မဟုတ္မွလြဲေရာ၊ အေမမ်ား လုပ္ေလသလား၊ အေမက မေကာင္းတဲ့လူဆီမွာမ်ား အပ္မိေလသလား၊ ဒါကိုသိတဲ့ မခင္ေႏွာင္းက သူ႔အစြမ္းနဲ႔ တန္ျပန္ေအာင္လုပ္လိုက္လို႔မ်ား၊ အကိုႀကီးနဲ႔ မရီးနဲ႔ ကြဲသြားၾကတာလားဆိုတာကို က်ဳပ္အခုထိ ေတြးေနမိပါေသးတယ္၊ ဒါေၾကာင့္ ေနမွာ ဦးဘသာကေျပာခဲ့ၿပီးသား၊ ဘယ္သူလုပ္တယ္ဆိုတာကို မင္းမသိခ်င္ပါနဲ႔တဲ့။

ၿပီးပါၿပီ။
#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ