” စုန်းထီးကြီး ဦးဘသာနှင့် အမေ့ပါးကသနပ်ခါး”(စ/ဆုံး)

Unicode Version

” စုန်းထီးကြီး ဦးဘသာနှင့် အမေ့ပါးကသနပ်ခါး”(စ/ဆုံး)
————————————————————————-
အတွဲ(၃) စာစဉ် (၁၃)

(၁)

အညာဒေသရဲ့ထွက်ကုန်ဆိုရင် သနပ်ခါးဆိုတာကလည်း မပါမဖြစ်ပဲဗျ၊ သနပ်ခါးဆိုတာက မြန်မာ့ရိုးရာ လိမ်းကျံစရာအလှကုန်လည်းဖြစ်၊ ဆေးဘက်လည်းဝင်တယ်ဆိုတော့ အထက်အညာသူပဲဖြစ်ဖြစ်၊ အောက်အကြေသူသာမက၊ ဟိုးတောင်တန်းပေါ်က ရှမ်းမတွေတောင်မှ သနပ်ခါးဆို လူတိုင်းကြိုက်တယ်မဟုတ်လားဗျာ။ ကျုပ်တို့ငယ်ငယ်တုန်းကဆို မွေးကတည်းက သနပ်ခါးလိမ်းပြီးကြီးလာကြတာပဲ၊ နွေရာသီလိုမျိုးဆို ကလေးကို ဖင်ကြားပါမကျန် သနပ်ခါးပွတ်ထားတတ်တာ၊ ဟော နည်းနည်းလည်းကြီးလာပြီဆိုပြန်တော့ သနပ်ခါးကိုသွေးသွေးပြီး ခွံ့တတ်ကြသေးတာပဲ၊ ဆေးဖက်ဝင်တယ်ဆိုပေမယ့် သူ့အရသာက ဖန်ခါးခါးဆိုတော့ ကလေးတွေကတော့ ဘယ်ကြိုက်ပါ့မလဲဗျာ၊ ဒါပေမယ့် ပါးစပ်ထဲအတင်းခွံ့တယ်ဆိုတော့ ကြောက်ကြောက်နဲ့မြိုချရတာပေါ့။

အရွယ်ရောက်လာပြီး ကျောင်းတက်တဲ့အရွယ်ရောက်ပြီဆိုရင်လည်း သနပ်ခါးဟာ မပါမဖြစ်ဗျ၊ ကျုပ်တို့ကတော့ ဘုန်းကြီးကျောင်းတက်တာပေါ့၊ ဘုန်းကြီးကျောင်းတက်လို့ မျက်နှာမှာ သနပ်ခါးမပါဘူးဆိုလို့ကတော့ ဆရာတော်က ကြိမ်လုံးနဲ့ရိုက်ပါလေရောဗျာ၊ သနပ်ခါးမပါတဲ့မျက်နှာက ကျက်သရေမရှိဘူးတဲ့၊ ယောက်ျားလေးတွေဖြစ်ပေမယ့် မနက်မိုးလင်းရင် သနပ်ခါးခြေဆုံးခေါင်းဆုံးလူးပြီးမှ ဘုန်းကြီးကျောင်းတက်ရတာဗျ။

အသက်နည်းနည်းကြီးလာတော့လည်း သနပ်ခါးပဲ၊ လယ်ထဲဆင်း၊ ယာထဲဆင်းကြပြီဟေ့ဆိုရင်တော့ သနပ်ခါးကိုကျဲကျဲသွေးပြီး မျက်နှာတစ်ပြင်လုံးကိုနေရာလပ်မကျန်လူးရတာဗျ၊ ပြီးတော့ လက်တွေ၊ ခြေတွေ အစုံလူးတာပဲ၊ ဒီလိုလူးမှလည်း နေလောင်ခံတာဗျ၊ ကျုပ်တို့ငယ်ငယ်တုန်းကတော့ ခုခေတ်လို နေရောင်ကာခရင်မ်တို့၊ SPF ဘယ်လောက်ပါတယ်တို့ဆိုတာ မသိခဲ့ပါဘူးဗျာ၊ သနပ်ခါးက ကျုပ်တို့အတွက်တော့ နေရောင်ကာခရင်မ်ပဲပေါ့။ ရွာမှာတော့ ယောက်ျား၊ မိန်းမ၊ ကြီးကြီး၊ ငယ်ငယ် သနပ်ခါးကိုဖုံနေအောင်လူးတတ်တာ သဘာဝပါပဲဗျာ။

မိန်းကလေးများကျပြန်တော့လည်း သနပ်ခါးက သူတို့အတွက်အကောင်းဆုံးအလှကုန်ပဲဗျ၊ မနက်မိုးလင်းလို့ မျက်နှာမှာသနပ်ခါးမရှိတဲ့မိန်းကလေးဆိုရင် အရပ်က ကဲ့ရဲ့ချင်ကြတာကလား၊ မနက်မိုးလင်းလို့ မျက်နှာသစ်ပြီးတာနဲ့ သနပ်ခါးသွေးပြီး ဖုံနေအောင်လူးတာက တောအထာပေါ့ဗျာ၊ ပြီးတော့ လယ်ထဲယာထဲဆင်းရင်လည်း လူးသွားကြတာပေါ့၊ ဟော၊ ညနေအိမ်ပြန်လာပြီဆိုရင်လည်း ရေမိုးချိုးပြီးတော့ သနပ်ခါးအမြစ်တုံးတွေ လူးကြတယ်၊ ဒီလိုလူးတော့မှ နေလောင်ထားတာတွေ၊ တင်းတိပ်တွေ ပျောက်တယ်မဟုတ်လားဗျာ၊ သနပ်ခါးအမြစ်တုံးကလည်း သိပ်မွှေးတော့ ညနေရေခပ်ဆင်းတဲ့ရွာသူတွေဆိုတာ ရေမွေးတောင်သုံးစရာမလိုဘဲ သနပ်ခါးနံ့လေးတွေ သင်းနေတာပေါ့ဗျာ။

သနပ်ခါးဆိုတာက တကယ်တော့ သနပ်ပင်မျိုးနွယ်ဝင်ပဲလို့ အဖေကတော့ပြောတယ်၊ ဒါပေမယ့် ကျုပ်ကြည့်ရသလောက်ကတော့ သနပ်ပင်နဲ့သိပ်မတူပါဘူးဗျာ၊ ကျုပ်တို့နယ်ဘက်မှာက ရာသီဥတုကပူတာဆိုတော့ သနပ်ခါးတော့ သိပ်ဖြစ်တာဗျ၊ ခြံဝိုင်းတိုင်းလိုလိုမှာ သနပ်ခါးပင်တွေ သုံးလေးပင်လောက်တော့ စိုက်ထားကြတယ်၊ သနပ်ခါးဆိုတာက နှစ်ရှည်ပင်ဆိုတော့ နှစ်ရှည်စီမံကိန်းဆွဲထားတဲ့သဘောပေါ့ဗျာ၊ ကိုယ့််အိမ်ကလူတွေလိမ်းဖို့အတွက်ကတော့ ဘယ်မှာမှသွားရှာဝယ်စရာမလိုပါဘူးဗျာ၊ ဒါမှ မလောက်သေးဘူးဆိုရင်တော့ သနပ်ခါးပင်စိုက်တဲ့ခြံတွေဆီကနေ သွားတောင်းဝယ်ပေါ့ဗျာ။ ကျုပ်တို့ဆီမှာတော့ သနပ်ခါးကို အပိုင်းနဲ့မရောင်းဘူး၊ ကြိုက်တဲ့အပင်လက်ညှိုးထိုး၊ ပြီးရင် ဈေးညှိပြီးတော့ အပင်ကိုလှဲပြီး တူးဖြတ်ပေးလိုက်တာပဲဗျာ၊ သက်တမ်းဆယ်နှစ်လောက်ရှိတဲ့အပင်ဆိုရင်တော့ တစ်မိသားစုလုံး နှစ်ပေါက်အောင် လိမ်းပါလေ့ဗျာ၊

သနပ်ခါးပင်က အညာရဲ့ရာသီဥတုနဲ့ အံကိုက်ပဲဗျ၊ ရေတွေဘာတွေ လောင်းစရာမလိုဘူး၊ စိုက်ပြီး ဒီအတိုင်းပစ်ထားရင် သူ့အလိုလိုကြီးနေတာပဲကိုးဗျ၊ သနပ်ခါးပင်ကလည်း တစ်ပင်လုံး လွှင့််ပစ်ရတယ်လို့ကို မရှိပါဘူးဗျာ၊ ပင်စည်ကလည်း အပွေးကောင်းတော့ သွေးလိမ်းရတာကိုးဗျ၊ သနပ်ခါး အကိုင်းလေးတွေဆိုရင်လည်း စိမ်းရွှေရွှေနဲ့ တစ်မျိုးကလေးမွှေးသေးတာ၊ သနပ်ခါးအမြစ်ကတော့ ဆေးဘက်အဝင်ဆုံးပေါ့ဗျာ၊ သာမန်ဝက်ခြံပေါက်တာလောက်ကတော့ သံပုရာရည်နဲ့ သနပ်ခါးသွေးလူးရင် သုံးလေးရက်ဆို ပျောက်သွားပါရော၊ တင်းတိပ်ပေါက်ရင် ဆန်ဆေးရည်ထဲ ဆားနည်းနည်းထည့်ပြီး သနပ်ခါးအမြစ်တုံး သွေးလူးတယ်၊ နွေရာသီ ကန့််ကော်ပန်းတွေရပြီဆိုရင်တော့ ကံကော်ဝတ်ဆန်နဲ့သနပ်ခါးသွေးလူးရင် အသားကိုအေးပြီး ချောသွားတာပဲဗျာ။

သနပ်ခါးအကြောင်းတွေ စကားဦးသန်းနေရင်း သနပ်ခါးနဲ့ပတ်သက်ပြီးတော့ ကျုပ်တော်တော်သူဌေးဖြစ်သွားတဲ့အကြောင်းကလေးလည်း၊ ကြုံတုန်း ကြွားအုံးမယ်ဗျို့။

(၂)

တစ်နှစ်တော့ အောက်ပြည်က လူတွေ ကျုပ်တို့ဆီမှာ အလှူလာလုပ်ပါရောဗျာ၊ ရွာဦးကျောင်းမှာ ကျောင်းဆောင်သစ်ကြီး လာလှူတာပေါ့ဗျာ၊ လာတဲ့သူတွေကလည်း ကျိုက်လတ်တို့ ဘိုကလေးတို့ကလူတွေပေါ့ဗျာ၊ သူတို့လာတာလည်း ထူးထူးဆန်းဆန်းဗျ၊ ရွာဦးကျောင်းဆရာတော်ရဲ့ ငယ်သူငယ်ချင်းတဲ့ဗျာ၊ ဆရာတော်က ဗေဒင်တွေဘာတွေတွက်တော့ သူ့ကိုကြည့်ပေးပြီး ထီထိုးခိုင်းလိုက်တာ သန်းထီဆုပေါက်သဗျ၊ အဲဒါနဲ့ ဆရာတော်ကို ကျောင်းလှူတာပေါ့ဗျာ။

ကျောင်းကြီးတစ်ဆောင်လုံးကိုလှူတာဆိုတော့ တစ်ဆွေလုံးတစ်မျိုးလုံး အညာကိုတက်လာကြတာပေါ့ဗျာ၊ ဧည့််သည်တွေတင် လူသုံးဆယ်နီးပါးလောက်ရှိတယ်၊ ရွာဦးကျောင်းမှာလည်း တစ်ချို့တစ်ဝက်တည်းခိုကြတယ်၊ ဒါပေမယ့် မိန်းမသားတွေနဲ့ ကလေးတွေလည်းပါတာဆိုတော့ ရွာထဲက အိမ်တွေမှာတည်းကြတာပေါ့၊ ကျုပ်တို့က သူကြီးအိမ်ဆိုတော့ သူတို့တွေကိုလည်း အိမ်နိုင်သလောက် ခေါ်တင်ထားတာပေါ့ဗျာ။

်အလှူမလုပ်ခင် အိမ်နေကြရင်း အဲဒီအောက်ပြည်သူတွေက ကျုပ်တို့အိမ်ကသနပ်ခါးကို သိပ်ကြိုက်သွားတယ်ဗျ၊ သနပ်ခါးက ရင့််ရင့်၊ အပွေးကလည်း နှစ်ထပ်ပွေးဆိုတော့ အရောင်ကလည်းကောင်း၊ အနံ့ကလည်း သိပ်မွှေးတာပေါ့ဗျာ၊ ဒါနဲ့ တစ်ရက်တော့ ကျောင်းအမကြီးက ကျုပ်ကိုခေါ်ပြောတယ်ဗျ။

“သူကြီးသားအလတ်ကောင်၊ ငါတို့မပြန်ခင် သနပ်ခါးကောင်းကောင်းလေးလိုချင်တယ်၊ နင်ရှာပေးမလား”

“ရတယ်လေ၊ ဘယ်လောက်ပေးမှာလဲ”

“အို၊ သနပ်ခါးကောင်းရင်ပြီးရော၊ ဈေးကတော့ မေးမနေနဲ့”

ဒါနဲ့ ကျုပ်လည်း ခြံထဲဆင်းခဲ့တယ်၊ ခြံထဲက သနပ်ခါးပင်တွေက နုသေးတယ်ဗျ၊ ဒါနဲ့ပဲ သနပ်ခါးစိုက်တဲ့ ဝိုင်းတွေကို လိုက်မေးကြည့်တာပေါ့ဗျာ၊ ဖြစ်ချင်တော့ သနပ်ခါးက ကောင်းကောင်းမရဘူးဗျ၊ ကျုပ်တို့ရွာကို မနှစ်ကပဲ သနပ်ခါးဖော်တဲ့လူတွေ လာပြီး စုပြုံဖော်ပြီးပြီဆိုတော့ အပင်နုတွေပဲကျန်ခဲ့တော့တာ၊ သနပ်ခါးက နှစ်ရှည်ပင်ဆိုတော့ သနပ်ခါးခုတ်တဲ့လူတွေက ရွာတစ်ရွာကို တစ်နှစ်ကျ လိုက်ပြီးတော့ သနပ်ခါးရင့်ရင့််တွေ လိုက်ဝယ်တယ်၊ ပြီးတော့ တစ်ရွာလုံးက ရှိသမျှအပင်တွေကို ဝယ်သွားတာပေါ့ဗျာ၊ သူတို့ဝယ်ပြီးသွားရင် အိမ်လိမ်းချင်လို့ ဖယ်ထားတဲ့အပင်ကလွဲလို့ အပင်ကောင်းသိပ်မကျန်တော့ဘူး၊ ဒီလူတွေကလည်း နောက်ထပ် လေးငါးနှစ်လောက်မှ တစ်ခါပြန်လာပြီးတော့ သနပ်ခါးးလာထပ်ခုတ်ကြတာပေါ့ဗျာ။

ကျုပ်လည်း ခေါင်းကုပ်ရင်း အကြံတစ်ခုရသွားတယ်၊ မဟုတ်က ဟုတ်က အကြံပေါ့ဗျာ၊ ဒါနဲ့ အိမ်က ညီမနှစ်ယောက်ကိုစည်းရုံးရတယ်။

“နင်တို့ ငါ့ကိုသနပ်ခါးသွေးပေးစမ်း်ဟာ”

“ဟာ၊ အကိုလတ်ကလည်း သနပ်ခါးသွေးတယ်ဆိုတာ ပင်ပန်းတယ်”

“ငါသိပါတယ်ဟ၊ နင်တို့ကို ငါအလကားမခိုင်းပါဘူး၊ သနပ်ခါး ကျောက်ပြင်တစ်ပြင်စာကို တစ်ကျပ်နဲ့ငါးမူးပေးမယ်ဟာ၊ ဟုတ်ပြီလား”

ငွေနံ့လေးနည်းနည်းပေးလိုက်တော့ အငယ်မနှစ်ယောက်က ခေါင်းညိတ်သွားတော့တယ်၊ ကျုပ်လည်း သူတို့ကို သွေးခိုင်းထားပြီးတော့ လှည်းကောက်ပြင်ပြီး တောင်ရိုးဘက်ကိုထွက်ခဲ့တာပေါ့ဗျာ။ ကျုပ်ဘာလုပ်မယ်ဆိုတာ ခင်ဗျားတို့ ကြိုသိရင်သိနေမှာဗျ၊

တောင်ရိုးပေါ်မှာ သစ်ပလွေပင်လို့ခေါ်တဲ့ အပင်ရှိတယ်၊ အဲဒီအပင်က သနပ်ခါးပင်နဲ့ တစ်ပုံစံတည်းတူတယ်၊ သနပ်ခါးပင်က ဆူးရှိပေမယ့်် သစ်ပလွေကတော့ ဆူးမပါသလောက်ပဲ၊ အပွေးကြည့်ရင်လည်း သစ်ပလွေ ရင့်ရင့််ဆိုရင် သနပ်ခါးပင်ထက်တောင် အပွေးက ကောင်းသေးသဗျာ၊ သစ်ပုလွေနဲ့သနပ်ခါးနဲ့ မတူတာကတော့ အပင်ရဲ့အရောင်ပဲ၊ သစ်ပလွေပင်က သက်တမ်းဘယ်လောက်ရင့်ရင့််ဒီအရောင်ပဲဆိုပေမယ့် သနပ်ခါးပင်ကတော့ သက်တမ်းရင့်လေလေ အနီရောင်သန်းသွားလေလေပေါ့၊ ဒါတွေလည်း အောက်ပြည်က လူတွေ သိမှာမဟုတ်ပါဘူးဗျာ၊ သစ်ပလွေပင်ကို ပိုင်းပြီး သနပ်ခါးတွေနဲ့ရောထားလိုက်ရင် အောက်ပြည်ကလူမပြောနဲ့ ကျုပ်တို့လို သနပ်ခါးတောထဲကြီးပြင်းလာတဲ့အညာသားတောင်မှ ခွဲရသိပ်ခက်တယ်။

သွေးလိုက်ပြန်ရင်လည်း သနပ်ခါးလိုအရောင်ပဲ၊ အနံ့ကလည်း ခပ်ဆင်ဆင်ဗျ၊ သနပ်ခါးကတော့ ပိုမွှေးတာပေါ့ဗျာ၊ ဒါနဲ့ကျုပ်လည်း သစ်ပလွေ ရင့်ရင့််ကောင်းကောင်းကို တောင်ရိုးပေါ်မှာရှာပြီး ခုတ်ခဲ့တာပေါ့ဗျာ၊ သနပ်ခါးပေါတဲ့အရပ်မှာ ဒီသစ်ပလွေတွေကို ဘယ်သူမှ မခုတ်တော့ အပင်ကြီးတွေကအပွေးတွေတက်ပြီး ရှယ်ပဲဗျာ။ သုံးပင်လောက်ခုတ်တယ်ဆိုရင်ပဲ တော်တော်ရနေပြီဗျ၊ ကျုပ်ကလောဘတက်ပြီးတော့ ငါးပင်လောက်ခုတ်ခဲ့တာပေါ့။

သနပ်ခါးတွေလည်း်ရရော အိမ်ကိုမပြန်ဘဲ ဦးဘသာအိမ်ကိုဝင်ခဲ့တာပေါ့ဗျာ၊ အိမ်မှာကျတော့ အင်ထုရတာ မလွတ်လပ်ဘူးမဟုတ်လား၊ ပြီးတော့ လွှတစ်ချောင်းနဲ့ အဲဒီသစ်ပလွေတွေကို အနေတော်အတုံးတွေဖြတ်နေတော့တာပဲ၊ ဦးဘသာကတော့ ကျုပ်လုပ်နေတာကို ကွမ်းကလေးတမြုံ့မြုံ့နဲ့ ကြည့်နေတယ်။

“ဟား၊ အလတ်ကောင်တို့ကတော့ သစ်ပလွေတွေကို သနပ်ခါးဆိုပြီး လိမ်ရောင်းတော့မယ်နဲ့တူတယ်”

ဦးဘသာက အာပေါင်အာရင်းသန်သန်နဲ့အော်ပြောလို့ ကျုပ်မှာ သူ့ပါးစပ်ကို ပြေးပိတ်ရသေးတယ်။

“တိုးတိုးလုပ်စမ်းပါ ဦးဘသာရာ”

“အလတ်ကောင်ရာ၊ မင်းကလည်း ရွာထဲကလူတွေကို သစ်ပလွေရောင်းတော့ ဘယ်သူဝယ်မှာတုန်းကွ”

“အိုဗျာ၊ ရွာကလူတွေအတွက်မှမဟုတ်တာ”

ဦးဘသာလည်း သဘောပေါက်သွားပုံရတယ်ဗျ၊ ကျုပ်လည်း သစ်ပလွေတွေကို ရေဆေးပြီးတော့ အိမ်ကိုအမြန်ပြေးခဲ့တာပေါ့ဗျာ၊ အိမ်ရောက်တော့ ကျောက်ပြင်အနားမှာ လူတွေစုံနေတာပဲ၊ အငယ်ကောင်ရော၊ အကိုကြီးရော၊ မရီးရော သနပ်ခါးသွေးနေတဲ့အပြင် အငယ်မနှစ်ယောက်ပါ ဝိုင်းသွေးနေသေးတယ်။ ကျုပ်ဝင်လာတော့ အားလုံးကပြုံးကြည့်ပြီး

“ဟေ့ကောင်၊ ငါတို့တွေ သနပ်ခါးသွေးထားတာ ကျောက်ပြင်ပေါင်း ငါးဆယ်ကျော်ပြီကွ”

အကိုကြီးက အားရဝမ်းသာပြောပါရော၊ ဟုတ်တော့လည်းဟုတ်တယ်၊ သူတို့သနပ်ခါးတွေ သွေးသွေးပြီးတော့ အင်တုံကြီးထဲထည့်ထားတာ အင်တုံကြီးတောင် တစ်ဝက်လောက်ရှိတော့မယ်ဗျ၊ ဒီအတိုင်းဆက်သွေးခိုင်းလို့ကတော့ ကျုပ်တော့ မွဲပေါက်ပဲဗျာ။

“တော်ပြီ၊ တော်ပြီ ရပြီ”

ကျုပ်လည်း အင်တုံကြီးကိုပြေးဆွဲတာပေါ့ဗျာ၊ အကိုကြီးက အင်တုံကိုတစ်ဖက်ကနေဆွဲထားတယ်။

“ဟေ့၊ အခုပတ္တမြား၊ အခုနဂါးပဲအလတ်ကောင်”

“ဟုတ်တယ်၊ အကိုလတ်၊ ညီမတို့က လက်ညောင်းခံပြီးသွေးထားတာ နောက်တော့ အကိုလတ်က မပေးတော့ဘူးဆိုရင် ဘယ်လိုလုပ်မလဲ”

“နင်တို့ကလည်းဟာ၊ တစ်အိမ်တည်းနေတဲ့လူတွေပဲ၊ အကြွေးမှတ်ထား၊ ငါပြန်ဆပ်မယ်ဟုတ်ပြီလား”

ကျုပ်လည်း အင်တုံကြီးမပြီး ဦးဘသာခြံထဲပြေးခဲ့တာပေါ့၊ ပြီးတော့ ရေဆေးထားတဲ့သစ်ပလွေတွေကို သနပ်ခါးအင်တုံထဲကိုနှစ်၊ ပြီးတော့ နေပူထဲလှမ်းထားလိုက်တယ်ဗျာ၊ နောက်ရက်ကျတော့ အဝတ်တိုက်တဲ့ ဘရှက်ရ်နဲ့ အဲဒီသစ်ပလွေတုံးတွေက သနပ်ခါးလေးတွေကို ခြစ်ချလိုက်တော့ သစ်ပလွေတုန်းတွေက သနပ်ခါးနံ့ကူးပြီး မွှေးချက်ဗျာ။ ကျုပ်လည်း အဲဒီအတုံးတွေကို တောင်းကြီးတစ်လုံးထဲကိုထည့််ပြီးတော့ လာခဲ့တော့တာပေါ့။

“ရော့၊ ဒီမှာ သနပ်ခါးတွေ၊ ကောင်းမှကောင်းပဲဗျာ”

ကျောင်းအမကြီးကို သနပ်ခါးတောင်းကြီးချပေးလိုက်တော့ သူက ကောက်ပြီးတော့ နမ်းကြည့်တယ်။

“ဟုတ်ပါ့၊ မွှေးလိုက်တာ၊ ဘယ်လောက်ပေးရမလဲ”

“အတုံးကြီးအပွေးကောင်းတွေကိုတော့ ငါးကျပ်ပဲပေးဗျာ၊ ကျန်တာကတော့ သုံးကျပ်နဲ့ယူ”

“ဟယ်၊ တန်လိုက်တာ၊ အဲဒီတောင်းကြီးယူပြီးတော့ ငါ့နောက်လိုက်ခဲ့စမ်းပါ”

ဒီလိုနဲ့ ရွာဦးကျောင်းကိုသွားကြတာပေါ့ဗျာ၊ အဲဒီမှာ အောက်ပြည်ကလူတွေ စုပြီး ကျုပ်ရဲ့သစ်ပလွေတွေကို သနပ်ခါးအမှတ်နဲ့အားပေးလိုက်ကြတာ၊ တောင်းကြီးနှစ်တောင်းစလုံး ကုန်ပါရောလားဗျာ။ အမေကတောင် ကျုပ်ကို တအံ့တသြနဲ့ကြည့်နေတယ်။

“အလတ်ကောင်၊ ရွာထဲက သနပ်ခါးတွေက ကုန်ပြီမဟုတ်လား၊ နင်ဘယ်လိုလုပ်ပြီး သနပ်ခါးတွေထပ်ရတာလဲ”

ကျုပ်လည်း အမေယုံအောင် လိမ်ရတာပေါ့။

“ပေတောရွာက သနပ်ခါးမဖော်ရသေးဘူးတဲ့အမေရ၊ အဲဒီက ကိုအေးတို့ခြံမှာ သွားခုတ်လာခဲ့တာ”

အမေကတောင် ကျုပ်သနပ်ခါးကို တစ်တုံးယူလိုက်သေးတယ်၊ အမေက သေချာစစ်မကြည့်လို့သာပေါ့ဗျာ၊ စစ်ကြည့်ရင်တော့ အမေလည်းအညာသူဆိုတော့ သစ်ပလွေလား၊ သနပ်ခါးလားဆိုတာ တန်းသိမှာဗျ။ ခင်ဗျားတို့ပဲစဉ်းစားကြည့်ဗျာ၊ တောင်ရိုးပေါ်က အလကားရတဲ့ သစ်ပလွေတွေကိုခုတ်ပြီး တစ်တုံးကို ငါးကျပ်၊ သုံးကျပ်နဲ့ရောင်းတာဆိုတော့ အကုန်လုံးရောင်းကုန်ရော ကျုပ်လက်ထဲမှာ သုံးရာကျော်၊ လေးရာနီးပါး ကျန်တာပေါ့ဗျာ၊ အကိုကြီးတို့သနပ်ခါးသွေးထားတဲ့ ပိုက်ဆံပေးတော့မှ အကိုကြီးက ကျုပ်အနားကိုကပ်လာတယ်။

“ဟေ့အလတ်ကောင်၊ မင်းဘာလုပ်တယ်ဆိုတာ ငါသိတယ်နော်”

ကျုပ်ဖြင့် ပြာသွားတာပဲဗျာ။

“အလှူက မပြီးသေးဘူးကွ၊ အဖေ့ကို ငါပြောလိုက်ရင် မင်းဘာဖြစ်မယ်ထင်သလဲ”

အကိုကြီးက ကျုပ်ကိုခြိမ်းခြောက်နေပြီလေဗျာ၊ ဒါနဲ့ ကျုပ်လည်းအကိုကြီး အိပ်ကပ်ထဲကို ပိုက်ဆံငါးဆယ် ထည့််ပေးလိုက်တာပေါ့။ ဒီတော့မှ အကိုကြီးက ပြုံးသွားတယ်။ အိတ်ကပ်ကိုလက်နဲ့ပုတ်ပြီးတော့

“အေးပါ၊ စီးပွားရေးဆိုတာ လျှင်သူစားစတမ်းပဲကွ၊ ဒီတော့ မင်းအကြောင်းတွေ ငါဝမ်းထဲမှာပဲ သိမ်းထားလိုက်ပါ့မယ်”

အကိုကြီးထွက်သွားမှ ကျုပ်လည်း သက်ပြင်းချနိုင်တော့တယ်ဗျာ၊ မကြာပါဘူး အငယ်ကောင်ကလည်း ကျုပ်အနားကပ်လာတယ်။

“အကိုလတ်၊ ပေတောရွာက ဟိုတစ်လလောက်ကပဲ သနပ်ခါးဖော်လို့ကုန်သွားပြီတဲ့၊ ဒီတော့ အကိုလတ်သနပ်ခါးတွေက ဘာတွေလည်း၊ မဟုတ်မှလွဲရော တောင်ရိုးပေါ်က သစ်ပလွေ . . လွေ”

ကျုပ်လည်း အငယ်ကောင့်ပါးစပ်ကိုပိတ်လိုက်ပြီးတော့ နှစ်ဆယ်တန်တစ်ရွက်ထည့််ပေးလိုက်တာပေါ့၊ ဒါတောင်မှ ဒီကောင်က အင်တင်တင်ရယ်

“ငါးဆယ်မပေးရင် မယူဘူး”

ကျုပ်လည်းမတတ်နိုင်တဲ့အဆုံး ငါးဆယ်ထုတ်ပေးလိုက်ရတာပေါ့ဗျာ။ ပြီးတော့ ညီမနှစ်ယောက်က ကျုပ်နားကပ်လာရော

“အကိုလတ်သနပ်ခါးတုံးက ရင့််နေပေမယ့် နီမနေဘူးနော်၊ ညီမတို့အထင် သစ်ပလွေများလား”

ကျုပ်လည်း အိတ်ထဲက ငါးဆယ်ထုတ်လိုက်ပြီးတော့

“နင်တို့နှစ်ယောက်ခွဲယူကြ၊ ဒါငါပေးနိုင်တာအကုန်ပဲ”

စကားကိုအပြတ်ပြောလိုက်တော့မှ ညီမငယ်နှစ်ယောက်က ငါးဆယ်ကိုခွဲယူပြီး သနပ်ခါးတုံးကိုပေးသွားတယ်၊ ကျုပ်လည်း ပိုက်ဆံလေးတွေကုန်သွားလို့ ဘယ်နားဖွက်ရရင်ကောင်းမလဲဆိုပြီးကြည့်နေတုန်း ဗြုန်းဆိုအမေက ရောက်လာတယ်။

“အလတ်ကောင်၊ နင်သနပ်ခါးသွားခုတ်တာ၊ အမြစ်တွေရော၊ အကိုင်းတွေရော ဘယ်မှာလဲ”

ကျုပ်လည်း ဘာပြောရမှန်းမသိတော့ဘူးပေါ့ဗျာ၊ အမေက သူအားလုံးကို သိပြီးပြီဆိုတဲ့အထာနဲ့ ကျုပ်ရှေ့မှာလက်ဝါးဖြန့်တယ်၊ ကျုပ်လည်း ငွေငါးဆယ်ထုတ်ပြီးတော့ အမေ့လက်ထဲထည့်ပေးလိုက်တာပေါ့။

“နည်းသေးတယ်၊ နည်းသေးတယ်၊ ငါသာ နင့်အဖေကိုပြောလိုက်ရင် နင်တော့ထိပ်တုံးသုံးညလောက်အခတ်ခံရလောက်တယ်”

ဒီတော့ ကျုပ်လည်း နောက်ထပ်ငါးဆယ်ထပ်ထည့်ပေးလိုက်တာပေါ့၊ ဒီလိုနဲ့ ကျုပ်ရထားတဲ့ပိုက်ဆံက အိမ်နားတင် တစ်ဝက်လောက်ကုန်သွားပါရောဗျာ၊ မဟုတ်တာနဲ့လုပ်ထားတဲ့ပိုက်ဆံ၊ မဟုတ်တဲ့နည်းလမ်းနဲ့ ကုန်တယ်ဆိုတာ ဒါမျိုးကိုပြောတာဗျ၊ အမေထွက်သွားပြီးတော့ ကျုပ်လည်း ကျန်ခဲ့တဲ့ပိုက်ဆံကလေး ကိုင်ထားတုန်း အိမ်ပေါ်ထပ်ကနေ အဖေက ဗြုန်းဆိုဆင်းလာတယ်ဗျ။

“အလတ်ကောင် . . .”

အဖေခေါ်တဲ့လေသံက သူတစ်ခုခုကိုသိထားပြီဆိုတဲ့ လေသံမျိုးပေါ့၊ ကျုပ်လည်း ရှောင်မရတော့ဘူးလေဗျာ၊ ဒါနဲ့ပဲ ကျန်တဲ့ပိုက်ဆံလေးတွေကို ကိုင်ပြီး ငိုမဲ့မဲ့မျက်နှာနဲ့ အဖေ့လက်ထဲကို ပိုက်ဆံတွေအကုန်ထည့်ပေးပြီးတော့ အိမ်ကနေထွက်ခဲ့တာပေါ့ဗျာ၊ အဖေကတော့ ကျုပ်ကိုခေါင်းကုပ်ရင်းကြည့်နေလေရဲ့

“အလတ်ကောင်၊ သူ့နာမည်ခေါ်လိုက်တာနဲ့ ငိုမဲ့မဲ့နဲ့ပါလား၊ နောက်ပြီး ငါ့ကိုပိုက်ဆံတွေလည်းပေးသွားသေးတယ်၊ မဟုတ်မှလွဲရော၊ ဒီကောင်သူ့အမေဆီကနေ ခိုးထားတဲ့ပိုက်ဆံတွေဖြစ်မယ်”

အဖေက ပြုံးဖြီးဖြီးနဲ့ အိပ်ကပ်ထဲကို ပိုက်ဆံထည့်လိုက်တာပေါ့ဗျာ၊ ကျုပ်လည်း နောက်မှသိခဲ့ရတာက အဖေက အဲဒီအကြောင်းတွေ ဘာကိုမှမသိဘူးတဲ့ဗျ၊ ကျုပ်ကသာ အိုးမလုံအုံပွင့်ဖြစ်ပြီးတော့ အဖေ့ကိုပိုက်ဆံတွေအကုန်ပေးခဲ့တာကို နောင်တရလို့မဆုံးဘူးပေါ့ဗျာ၊ အောက်ပြည်ကလူတွေဆိုတော့ သစ်ပလွေမှန်းဘယ်သိမလဲ၊ သနပ်ခါးတွေ ပေါပေါရတယ်ဆိုပြီးတော့ တစ်မျိုးလုံးတစ်ဆွေလုံး လိမ်းဖို့ဆိုပြီး သယ်သွားကြလေရဲ့ဗျာ။

သစ်ပလွေနဲ့သနပ်ခါးက အကုန်တူပေမယ့် ဘာကွာသလဲဆိုရင်တော့ သနပ်ခါးက အေးတယ်၊ သစ်ပလွေက ပူတယ်ဗျ၊ ကျုပ်တို့အညာဘက်ဆို သစ်ပလွေမလိမ်းနိုင်ဘူး၊ နေကလည်းပူ၊ သစ်ပလွေကလည်းပူဆိုတော့ ဘယ်ခံနိုင်ပါ့မလဲဗျာ၊ အောက်ပြည်အောက်ရွာကတော့ နည်းနည်းအေးတယ်ဆိုတော့ နေသာထိုင်သာရှိလိမ့်မယ်ထင်တာပါပဲဗျာ။ ဒါကတော့ ကျုပ်သနပ်ခါးကို အင်ထုရောင်းပြီး ကြီးပွားခဲ့တာလေးကို ကြွားတာပါ၊ ခင်ဗျားတို့လည်း အညာရောက်လို့ သနပ်ခါးစစ်မစစ်ကိုမခွဲတတ်လို့ကတော့ သစ်ပလွေနဲ့ညားပြီသာမှတ်ဗျာ။

(၃)

တောင်ရိုးပေါ်မှာပေါက်တဲ့ သနပ်ခါးဆိုတာ ရှိသေးတယ်ဗျ၊ သူက သဘာဝအတိုင်းပေါက်တာဆိုတော့ အပင်က သိပ်မသန်ရှာပါဘူး၊ အလွန်ဆုံးရှိမှ ဒူးလောက်၊ တော်တော်ကို လူသူမရောက်တဲ့နေရာမှာ ပေါင်လောက်ရှိတတ်တာဗျ၊ သူ့ကိုကျတော့ ကျုပ်တို့က သနပ်ခါးအရိုင်းလို့ခေါ်တယ်။ သနပ်ခါးအရိုင်းက အပွေးမရှိတော့ လိမ်းလို့သိပ်မကောင်းဘူး၊ ဒါပေမယ့် သူ့အမြစ်က မြေကြီးထဲမှာရှိတာဗျ၊ အဲဒီအမြစ်က သာမန်သနပ်ခါးပင်ရဲ့အမြစ်ထက် ပိုမွှေးတယ်၊ ဆေးဘက်လည်းတအားဝင်တယ်၊ သနပ်ခါးနဲ့ဆေးဖော်ရင် အဲဒီတောင်ရိုးပေါ်က သနပ်ခါးအရိုင်းတွေနဲ့ ဖော်တတ်ကြတယ်။ တစ်ချို့ဆို တောင်ရိုးပေါ်သွားရင်း သနပ်ခါးပင်တွေ့ရင် တိတ်တိတ်လေးနေရာမှတ်ထားကြတယ်၊ နွယ်ပင်တွေဘာတွေနဲ့ဖုံးထားတတ်ကြသေးတယ်ဗျ။

တစ်ခါကလည်း ကျုပ်နဲ့အကိုကြီးနဲ့ တောင်ရိုးပေါ်ကို တက်ခဲ့ကြတယ်၊ တက်ခဲ့တာကတော့ မှိုရှာတက်ခဲ့တာပေါ့၊ ဒါပေမယ့် မှိုမတွေ့ဘဲ မြောင်ကြောထဲမှာ ပေါက်နေတဲ့ သနပ်ခါးပင်ကိုတွေ့ပါရောဗျာ၊ အဲဒီနေရာမှာ မြေကြီးက ပြောင်ပြောင်ကလေးဖြစ်နေတာ၊ ကျုပ်လည်း သေချာသွားကြည့်တော့မှ သနပ်ခါးပင်ဗျ၊ အရွယ်က လူကြီးခါးစောင်းလောက်တောင်ရှိနေပြီ၊ ဟောဒီမြောင်ကလေးက မတ်စောက်တော့ တော်ရုံလူဆို မတက်မဆင်းကြဘူး၊ တောင်ကမ်းပါးကို ဖက်တက်ရ၊ ဖက်ဆင်းရတာကိုးဗျ၊ ကျုပ်သာ ဆတ်ဆော့ပြီးတော့ ရောက်လာခဲ့တာမဟုတ်လား။

ခါးစောင်းလောက်ဆိုရင် အမြစ်ကလည်းအတော်ကြီးနေလောက်ပြီ၊ ကျုပ်လည်း ဓါးနဲ့အဲဒီမြေပြင်ကလေးကို အသာဖဲ့တူးတာပေါ့ဗျာ။

“အဟမ်း . . .”

နားထဲ ချောင်းဟန့်သံတစ်ချက်ကြားလိုက်ရတယ်၊ ကျုပ်လည်း ဘေးဘီလှည့်ကြည့်တော့ ဘာမှမတွေ့ဘူူး၊ ကျုပ်များ နားကြားမှားသလားဆိုပြီးတော့ ဆက်တူးနေတာပေါ့ဗျာ၊ ဒီအခါမှာပဲ နောက်ထပ် ချောင်းဟန့်သံထပ်ကြားရတယ်၊ ကျုပ်လှည့်ကြည့်လိုက်တော့ အကိုကြီးက ကျုပ်ဆီကို လာနေတယ်ဗျ၊ နောက်တော့ ကျုပ်အနားရောက်လာတယ်။

“အလတ်ကောင်၊ ဘာလုပ်နေတာလဲ”

“ဒီမှာမတွေ့ဘူးလား”

“သနပ်ခါးကတော့ ခပ်ကောင်းကောင်းပဲဟေ့၊ ဒါနဲ့ ခုနကဘယ်သူလဲကွ”

ကျုပ်အတော်အံ့သြသွားတာ။

“ဘယ်သူလဲဗျ”

“မင်းသနပ်ခါးကုန်းတူးနေတုန်း၊ ဟောဟိုနားမှာ ရပ်နေတဲ့လူကြီးလေကွာ၊ ငါအခုရောက်တော့ မတွေ့တော့ပါလား”

ကျုပ်စိတ်ထင်တော့ တောခြောက်ပြီထင်တာပဲ၊ ဒါနဲ့ အကိုကြီးကိုပါ သနပ်ခါးပင်ဝိုင်းတူးခိုင်းပြီးတော့ ညီအကိုနှစ်ယောက် သနပ်ခါးပင်ထမ်းပြီး ပြန်လာခဲ့ကြတာပေါ့ဗျာ၊ တောင်ရိုးပေါ်က သနပ်ခါးပါရင် အမေက ဝမ်းသာလို့မဆုံးဘူးဗျ၊ အလကားလည်းရတယ်၊ အဲဒီသနပ်ခါးက ရှားတော့ အဖိုးလည်းတန်တယ်မဟုတ်လားဗျာ။ ဒါနဲ့ ကျုပ်တို့လည်း သနပ်ခါးပင်ကို လှေကားရင်းမှာထောင်ပြီးတော့ ရေမိုးချိုး၊ ထမင်းစားတာပေါ့ဗျာ၊ ညနေစောင်းနေပြီဆိုတော့လည်း ဒီသနပ်ခါးပင်ကို ဆေးကြောပြီး ဖြတ်ဖို့ပြုဖို့ မနက်ဖြန်မှလုပ်တော့မယ်ဆိုပြီး ဒီအတိုင်းပစ်ထားလိုက်တာပေါ့ဗျာ။

ညရောက်ရင် ကျုပ်တို့အိမ်ပေါ်ထပ်မှာအိပ်တဲ့လူတွေက အိမ်ပေါ်တက်ခဲ့ကြပြီ၊ အကိုကြီးတို့လင်မယားလည်း အိပ်ခန်းထဲဝင်ပေါ့၊ အဖေကတော့ ညခုနစ်နာရီ၊ ရှစ်နာရီလောက်ဆို ဘုရားကန်တော့တယ်၊ အမေကတော့ မီးဖိုထဲက မထွက်ရသေးဘူး၊ မနက်ခင်းချက်ပြုတ်ဖို့ ပြင်ဆင်နေရတာပေါ့ဗျာ၊ အငယ်မနှစ်ယောက်က အခန်းထဲမှာ တုံးလုံးပက်လက်ပေါ့၊ အငယ်ကောင်လည်း သူလုပ်စရာရှိတာလုပ်၊ ကျုပ်ကတော့ စာအုပ်လေးကိုင်လာပြီးတော့ အဖေထိုင်တဲ့ခုံတန်းကလေးမှာ ထိုင်ပြီး စာဖတ်နေတာပေါ့ဗျာ။

“တောက် . . .ခွီး”

တောက်ခေါက်သံရယ်၊ ချွဲခပ်တဲ့အသံလို အသံကြီးရယ် ကြားလိုက်ရတာဗျ၊ ကျုပ်က ခုံတန်းလေးမှာထိုင်နေတာဆိုတော့ အသံက ကျုပ်ဘေးကနေထွက်လာနေတာ၊ ကျုပ်လည်းကြည့်လိုက်တော့ ဘယ်သူမှမရှိဘူး၊ ခပ်လှမ်းလှမ်း မီးဖိုချောင်ထဲမှာတော့ အမေက ပဲတွေရေစိမ်နေတယ်။ ကျုပ်လည်း စာပြန်ဖတ်နေရင်း

“ဟာ . . .ဟေ့”

အော်သံကြားပြန်ရောဗျာ၊ လူကြီးတစ်ယောက်က ကြိမ်းမောင်းနေတဲ့အသံလိုပဲဗျ၊ ကျုပ်ကတော့ အဖေများအိမ်ပေါ်ကနေ အော်နေသလားပေါ့၊ အမေက ပဲတွေရေစိမ်ပြီးတော့ မီးဖိုချောင်ထဲကအထွက်လက်ထဲမှာ ကိုင်ထားတဲ့ အိုးကြီးပြုတ်ကျပါရော။

“အောင်မယ်လေးတော့”

“အမေဘာဖြစ်တာလဲ”

“မဟုတ်ဘူး၊ ခုနက ဒီအနားမှာ လူတစ်ယောက်ရပ်နေသလားလို့”

ကျုပ်အမေပြတဲ့လှေကားရင်းကိုကြည့်လိုက်တော့လည်း ဘာမှမတွေ့ဘူးဗျ။ အမေက ကျသွားတဲ့အိုးပြန်ကောက်ပြီး အိမ်ပေါ်တက်သွားတော့ ကျုပ်လည်း စာဆက်ဖတ်နေတယ်၊ ဖတ်နေတဲ့စာအုပ်ကလည်း စုန်းစာအုပ်၊ သရဲစာအုပ်ဗျာ၊ ဖတ်နေရင်းနဲ့ နောက်ကျောတွေချမ်းတက်လာပြီးတော့ ခေါင်းမွှေးတွေပါ ထောင်ထလာတာ၊ ကျုပ်က အစကတော့ သရဲစာအုပ်ဖတ်ပြီး ကိုယ့််ဖာသာကြောက်နေတယ်မှတ်တာဗျ။ နောက်တော့ အဟမ်းဆိုတဲ့ အသံကြားလိုက်ရလို့ ဖြတ်ခနဲလှည့်ကြည့်လိုက်တော့ ကျုပ်အနောက်မှာ လူရိပ်ကြီးဗျာ၊ ကျုပ်ကြည့်လိုက်တဲ့အချိန်မှာပဲ ဖြတ်ခနဲပျောက်သွားတာ၊ ကျုပ်လည်း တစ်ခုခုထူးဆန်းနေပြီဆိုပြီးတော့ ခုံတန်းပေါ်က မီးခွက်ကိုမှုတ်ပြီး အိမ်ပေါ်ပြေးတက်ခဲ့တာပေါ့။

အဖေက ဘုရားရှိခိုးနေရင်း ရပ်သွားတယ်ဗျ၊ ပြီးတော့ လှေကားထိပ်မှာရပ်နေတဲ့ ကျုပ်ကိုလှည့်ကြည့်တယ်။

“အလတ်ကောင် လှေကားထိပ်ကနေဖယ်စမ်းကွာ”

“အဖေ ဘာဖြစ်လို့လဲ”

“ငါဘုရားရှိခိုးနေတုန်း လှေကားထိပ်ကနေ တစ်ယောက်ယောက်က လက်အနောက်ပစ်ပြီးကြည့်နေသလိုပဲ၊ လူပုံကတော့ အဘိုးကြီးတစ်ယောက်ပုံပဲ၊ ငါမျက်စိမှိတ်ပြီး ဘုရားရှိခိုးနေတုန်း အာရုံထဲမှာ ပေါ်လာတာဟ”

“ဒါဆို ကျုပ်လည်းအတူတူပဲအဖေ၊ ကျုပ်တို့တော့ သရဲခြောက်ခံထိတာလား၊ ဒါမှမဟုတ် အတိုက်တစ်ခုခုရှိနေပြီလားပဲ”

အဖေက တိုင်ကနာရီကိုလှမ်းကြည့်တယ်ဗျ။ နာရီက ရှေးဟောင်းချိန်သီးနာရီကြီးပေါ့၊ အချိန်က ရှစ်နာရီထိုးတော့မယ်၊ အဖေက ကြည့်နေရင်း

“ဦးဘသာ မအိပ်လောက်သေးဘူးထင်တယ်”

ကျုပ်လည်း အဖေဘာကိုဆိုလိုချင်တယ်ဆိုတာ သိပြီမို့ ဦးဘသာအိမ်ကို အပြေးလာခဲ့တော့တယ်။ ဦးဘသာအိမ်ထဲမှာ ဆီမီးအလင်းရောင်လေးမြင်တော့ ခြံဝကနေလှမ်းခေါ်တာပေါ့ဗျာ။ ဦးဘသာက အိမ်ပေါ်ကနေဆင်းလာတယ်။

“နှောင့်ယှက်ရတာတော့ အားနာပါတယ်ဦးဘသာ၊ အိမ်မှာတစ်ခုခုဖြစ်နေပြီ”

ဦးဘသာက မဲ့ပြုံးပြုံးလိုက်ပြီး

“ငါထင်ပြီးသားပါကွ”

အဲဒီလိုပြောပြီး ကျုပ်အနောက်လိုက်လာခဲ့တယ်၊ ခြံထဲကိုတန်းဝင်လိုက်တာနဲ့ အိမ်လှေကားရင်းနားမှာ ထောင်ထားတဲ့ သနပ်ခါးပင်ကြီးအနားကို ကပ်သွားတာပဲ၊ ပြီးတော့ သေသေချာချာကြည့်နေရင်း

“မင်းတို့ ဒီအပင်ကို ဘယ်ကခုတ်လာတာလဲ”

“တောင်ရိုးကြားထဲ မြောင်ကလေးကပါ ဦးဘသာ”

“အေးအေး၊ တစ်မိသားစုလုံး ဟောဒီမြေကြီးမှာထိုင်ကြစမ်း၊ ပြီးတော့ လက်အုပ်ချီပြီး သနပ်ခါးပင်ကိုတောင်းပန်ကြ”

ကျုပ်တို့ထူးဆန်းသွားတော့မယ်။

“ဘာဖြစ်လို့လဲဗျ”

“မင်းတို့ခုတ်လာတဲ့အပင်မှာ မြင့်မြတ်တဲ့ပုဂ္ဂိုလ်တစ်ယောက်နေတယ်ကွ၊ သူက မင်းတို့ကိုမကျေနပ်ပေမယ့်် သူလုပ်ရင် မင်းတို့ဒုက္ခဖြစ်မှာစိုးလို့ သည်းခံနေတာဟေ့၊ ခုနက မင်းအဖေဘုရားရှိခိုးတာကိုလည်း သူက နားထောင်နေပုံရတယ်၊ ဘုရား၊ တရားသမား၊ သူတော်ကောင်းကြီးပါ၊ မင်းတို့ သူတော်ကောင်းကို ပြစ်မှားမိပြီ”

ဦးဘသာပြောတော့ ကျုပ်တို့လည်း ထိုင်ပြီးကန်တော့တာပေါ့ဗျာ၊ မှားတာရှိရင် ခွင့်လွှတ်ပေးဖို့ တောင်းပန်တာပေါ့၊ ကျုပ်ပြန်တွေးကြည့်တော့လည်း သနပ်ခါးပင်ခုတ်ခါနီးမှာ ချောင်းဟန့်သံတွေ ဘာတွေကြားရတယ်မဟုတ်လား၊ ဒီတော့ ကျုပ်ကိုများ သတိပေးတာများလားပေါ့ဗျာ။ ဦးဘသာကလည်း သနပ်ခါးပင်ကြီးကိုကြည့်ပြီးတော့

“ဒီအပင်မှာနေထိုင်တဲ့ ဘိုးဘိုးကြီးခင်ဗျာ၊ ကလေးတွေက မသိနားမလည်မိလို့ မိုက်မှားမိပါတယ်၊ ဘိုးဘိုးကြီး ခွင့်လွတ်သည်းခံပေးပါ၊ ကလေးတွေကိုလည်း အပြစ်မယူပါနဲ့၊ မနက်ဖြန်မနက်ပဲ ဘိုးဘိုးကြီးရဲ့နေရပ်ကို ပြန်လည်ပို့ဆောင်ပေးပါ့မယ်”

ဦးဘသာပြောလိုက်တော့ သနပ်ခါးနံ့တွေ မွှေးတက်လာတာဗျာ၊ သနပ်ခါးပင်က အနံ့နဲ့မတူဘဲ သနပ်ခါးပန်းမွှေးသလိုကို မွှေးလာတာ၊ ဘိုးဘိုးကြီးက သူခွင့်လွှတ်ကြောင်း ပြတဲ့ပုံပဲဗျ၊ အဲဒီအပင်မှာ ပုဂ္ဂိုလ်ရှိလို့ သူများတွေက တွေ့ပေမယ့် မတူးမခုတ်ခဲ့တာနေမှာပါ၊ ဦးဘသာက ကျုပ်တို့ဘက်ကိုလှည့်ပြီး

“မင်းတို့ကောင်တွေ၊ သစ်ပင်တွေကို မဆင်မခြင်ခုတ်လိုခုတ်၊ တူးလိုတူးလုပ်ကြတာ သတိထားကွ၊ သူတော်ကောင်းနဲ့တွေ့လို့သာပေါ့ကွာ၊ ဘီလူးတို့၊ ကုမ္ဘာန်တို့နဲ့တွေ့ရင် မင်းတို့ကောင်တွေအခုလောက်ဆို သေလောက်ပြီကွ၊ တောထဲတောင်ထဲမှာ သစ်မွှေးတို့၊ နံ့သာပင်တို့ တွေ့ရင် သတိထားရတယ်၊ နတ်တွေ၊ ဘီလူးတွေ ကပ်နေတတ်တယ်ကွ”

ကျုပ်တို့လည်း အဲဒီညတော့ သိပ်မအိပ်ရဲဘူးဗျ၊ အဲဒီအပင်ကြီးက ဘာဖြစ်မလဲဆိုပြီးတော့ တွေးပူနေမိတာ၊ ဒါပေမယ့် တောင်းပန်လိုက်လို့ထင်ပါတယ်ဗျာ၊ တစ်ညလုံးတော့ ဘာမှမဖြစ်တော့ဘူးဗျ၊ အဲ . . . သနပ်ခါးနံ့ကတော့ မွှေးနေတော့တာပဲ။

မနက်ရောက်တော့ ကျုပ်တို့ညီအကိုတွေ သနပ်ခါးပင်ကြီးထမ်းပြီး ပြန်ခဲ့ကြတယ်၊ ကျုပ်တို့တွေ့ခဲ့တဲ့နေရာမှာ ပြန်စိုက်ပေးခဲ့ပြီးတော့ တောင်းပန်ခဲ့တာပေါ့ဗျာ၊ သနပ်ခါးပင်စိုက်ပြီးတော့ ကျုပ်တို့ပြန်ထွက်လာပြီး ကျုပ်လည်း နောက်ကျောမလုံသလိုဖြစ်တာနဲ့ ဖြတ်ခနဲလှည့်ကြည့်တော့ အဘိုးကြီးတစ်ယောက်က ရပ်နေတာဗျ၊ ဝတ်ဖြူစင်ကြယ်ဝတ်ထားပြီး ဖြူဖြူကြီးဗျ၊ ကျုပ်လှည့်ကြည့်ပြီး မျက်စိအရှေ့မှာပဲ ပျောက်သွားတာထူးဆန်းပါပေ့ဗျာ။

(၄)

ခုတစ်လောတော့ အိမ်မှာရန်တွေဖြစ်နေတယ်ဗျ၊ ဖြစ်တာကလည်း အကြောင်းအရာက ကြီးကြီးမားမားမဟုတ်ဘူး၊ မနက်စောစော လယ်ထဲဆင်းမယ်ဆိုပြီးတော့ ကျုပ်လည်း အိမ်က ကျောက်ပြင်ကြီးမှာ သနပ်ခါးသွေးပြီးတော့ ဖုံနေအောင်လူးပြီး ဆင်းလာခဲ့တာပေါ့ဗျာ၊ ထမင်းစားဖို့ စားပွဲမှာထိုင်လိုက်တော့ အကိုကြီးက ကျုပ်မျက်နှာကိုကြည့်တယ်ဗျ။

“စောစောစီးစီး၊ မင်းမျက်နှာကိုကြည့်ရတာ ကျက်သရေမရှိဘူး အလတ်ကောင်ရာ”

ကျုပ်စိတ်ထဲလည်း ထောင်းခနဲဒေါသထွက်သွားတယ်။

“အောင်မာ၊ အကိုကြီးမျက်ခွက်ကရော ဘယ်လောက်ကျက်သရေရှိနေလို့လဲ”

အကိုကြီးကလည်း ကျုပ်လိုပဲ သနပ်ခါးတွေ ဘဲကြားလူးထားတာပေါ့ဗျာ၊ အတူတူနဲ့အနူနူကို ဘိန်းစားချင်းတစ်လုံးပိုရှူချင်နေတဲ့အကိုကြီးကို ကျုပ်လည်း ပြန်အော်ပြောလိုက်တာပေါ့။ အကိုကြီးကလည်း ဒေါသဖြစ်သွားပုံရတယ်ဗျ၊ သူ့လက်ထဲကိုင်ထားတဲ့ ရေနွေးခွက်နဲ့ ကျုပ်ကိုလှမ်းပေါက်ထည့်တာ၊ ကျုပ်က လည်း အရှောင်အတိမ်းက မြန်ပေလို့ပေါ့ဗျာ၊ ခေါင်းကိုအသာငုံ့ရှောင်လိုက်တော့ ကျုပ်အနောက်နား အိမ်အောက်ထပ်အခန်းထဲကနေ ထွက်လာတဲ့ နို့ညှာညီမရဲ့ ခြေခံကိုသွားထိပါလေရော၊

“အား . . . သေပါပြီ၊ သူတောင်းစားကြီး နင်ဘာလုပ်တာလဲ”

နို့ညှာမက ရေနွေးအကြမ်းပန်းကန်လုံးကို ကောက်ပြီး အကိုကြီးဆီကိုပြန်ပစ်လိုက်တော့ အကိုကြီးဘေးနားမှာ မအူမလည်နဲ့ထိုင်နေတဲ့ အငယ်ကောင်ရဲ့ခေါင်းကို ဒေါင်ခနဲမှန်သွားတာပေါ့ဗျာ၊ အငယ်ကောင်ကလည်း မတ်တပ်ထရ့ပ်တယ်၊ ပြီးတော့ ရန်တွေဖြစ်ကြတာ ပြောမနေပါနဲ့ဗျာ။ အကိုကြီးနဲ့ကျုပ်နဲ့ဆိုရင် ရန်ဖြစ်ပြီး ညီအကိုချင်းထိုးကြတာဗျ၊ အဲဒါနဲ့ အဖေက ကျုပ်တို့ကို ထိပ်တုံးခတ်လိုက်ပါရော၊ ကျုပ်တို့ညီအကိုဆို တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းတောင် မဆိုင်ချင်ဘူး။

အမေကတော့ မကောင်းတတ်လို့ ထမင်းလာကျွေးတယ်၊ ပြီးတော့ ကျုပ်တို့နှစ်ယောက်ရဲ့ခေါင်းကို သံပန်းကန်ပြားနဲ့ခေါက်ပြီး ဆဲလိုက်ဆိုလိုက်တာလည်း ပြောမနေပါနဲ့တော့ဗျာ။ ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် အိမ်မှာ ရန်ပွဲတွေချည်းဆက်နေတော့တာ၊ အကိုကြီးတို့လင်မယားလည်း ကြုံရင်ကြုံသလိုရန်ဖြစ်ကြ၊ အငယ်မနှစ်ကောင်လည်း ဘာမဟုတ်တာနဲ့ရန်ထဖြစ်ပြီးတော့ ပါးတွေဆွဲရိုက်လိုက်၊ ဆံပင်တွေ ဆွဲလိုက်နဲ့၊ အမေကလည်း တစ်အိမ်လုံးနဲ့တစ်ယောက်ဆိုသလိုဖြစ်နေတာဗျ။

နောက်ရက်တော့ လယ်ထဲကိုသုန်သုန်မှုန်မှုန်နဲ့ဆင်းလာတဲ့ကျုပ်ကိုမြင်တော့ ဦးဘသာက သေချာစိုက်ကြည့်တယ်၊ ပြီးတော့ လယ်တဲထဲကိုလည်းကြည့်တယ်။ ကျုပ်တို့မောင်နှမလေးယောက် လယ်ထဲသာဆင်းလာတာ၊ တစ်ယောက်နဲ့တစ်ယောက် ဘုနဲ့ဘောက်ဖြစ်နေကြတာကိုးဗျ၊ ပြောလို့မှမဆုံးသေးဘူး မီးဖိုမီးမွှေးတဲ့ ပြဿနာနဲ့ ကျုပ်နဲ့အငယ်မ ရန်ဖြစ်ပါရောလား၊ ကျုပ်လည်း စိတ်တွေအတော်တိုတယ်ဗျ၊ ဒါနဲ့ ပေါက်တူးကောက်ပြီး အငယ်မခေါင်းကိုပြေးခုတ်တာဗျ။

“ဟေ့ကောင်ရပ်စမ်း”

ဦးဘသာအော်လိုက်တော့မှ ကျုပ်လည်းတန့်ခနဲရပ်သွားတာဗျ၊ ပေါက်တူးအသွားက အငယ်မ ငယ်ထိပ်ကိုကျဖို့ ကပ်သီးလေးဗျာ၊ ကျုပ်တစ်ကိုယ်လုံးလည်း ဘယ်လိုဖြစ်နေတယ်မသိဘူး။

“စိတ်ကိုလျော့ထားစမ်းပါအလတ်ကောင်ရာ”

“မသိဘူးဗျာ၊ ကျုပ်ကတော့ စိတ်တိုတယ်၊ သူ့ကိုသတ်မယ်”

“ဟာကွာ၊ မင်းက ပြောလေကဲလေပါလား၊ ဟောဒီမှာလာထိုင်”

ကျုပ်လည်း ဦးဘသာပြတဲ့နေရာကို ဘောက်ဆတ်ဘောက်ဆတ်နဲ့သွားပြီးတော့ ငုတ်တုတ်ထိုင်ချလိုက်တယ်။

“မီးမွှေးတဲ့ပြဿနာနဲ့ မောင်နှမချင်းသတ်စရာမလိုပါဘူးကွ၊ ပြီးတော့ ငါကြည့်နေတာ၊ အခုတစ်လော မင်းတို့မောင်နှမတွေ သိပ်ပြီးအစေးမကပ်သလိုပဲ”

“အိုဗျာ၊ ဒီကောင်မတွေကမှ သောက်ချိုးမပြေတာ”

“ပြောလေကဲလေပါလား အလတ်ကောင်ရာ၊ မှန်းစမ်း၊ မင်းမျက်လုံးကိုငါကြည့်ရအောင်”

ဦးဘသာက ကျုပ်မျက်နှာကိုသေချာကိုင်ပြီးတော့ မျက်လုံးကိုသေသေချာချာကြည့်တယ်၊ ပြီးတော့

“သွားကွာ အလတ်ကောင်၊ မင်းစိတ်ကြည်သွားအောင် မျက်နှာသွားသစ်လိုက်”

လယ်တဲအရှေ့မှာချထားတဲ့ စဉ့်အိုးထဲကရေနဲ့ ကျုပ်လည်းမျက်နှာသစ်ထည့်လိုက်တယ်။ ဦးဘသာက ကျုပ်ကိုသေချာကြည့်ပြီး

“ကဲ မင်းဘာထူးခြားသလဲ”

ကျုပ်လည်း မစဉ်းစားတတ်တော့ဘူးဗျ။

“မင်းညီမ မီးမွှေးလို့ မီးခိုးမွှန်တာနဲ့ မင်းကသူ့ကိုရိုက်သတ်တော့မလားကွ”

“ဟာဗျာ၊ ခုနက ဒေါသထွက်နေလို့ဗျ၊ အဲဒီလိုလုပ်စရာလား”

“မင်းတို့အိမ်မှာဖြစ်နေတာ သွေးရိုးသားရိုးလို့တော့ ငါမထင်ဘူးကွာ”

“ဒါဆို ဘယ်လိုဖြစ်နေတယ်လို့ ဦးဘသာကထင်လို့လဲ”

“ငါ့အထင်ကတော့ သနပ်ခါးကြောင့်ကွ”

“ဗျာ၊ သနပ်ခါးတဲ့လား”

“ဒီလိုလုပ်ကွာ ညနေအိမ်ပြန်ရင် မင်းတို့အိမ်က သနပ်ခါးတုံးကို ငါ့ဆီကိုယူလာခဲ့”

“ညနေစောင့်မနေပါနဲ့ဗျာ၊ ကျုပ်အခုပဲပြေးယူမယ်”

ကျုပ်လည်း အိမ်ပြန်ပြေးခဲ့တယ်၊ အိမ်မှာ ကျန်ခဲ့တဲ့အမေက အဖေ့ကိုပွစိပွစိနဲ့ ပြောဆိုနေတယ်။ အမေ့မျက်နှာကြည့်တော့လည်း သနပ်ခါးအဖွေးသားနဲ့ဗျ။ အဖေကတော့ သနပ်ခါးမလူးဘူးလေ၊ ကျုပ်အိမ်ပေါ်တက်ခဲ့ပြီးတော့ ကျောက်ပြင်ကြီးအနားက သနပ်ခါးတုံးကြီးကိုယူလိုက်တယ်၊ သနပ်ခါးတုံးကြီးက ထွာဆိုင်လောက်နီးနီးကိုရှိတယ်ဗျ။ အပွေးကောင်းပြီးတော့ နီရဲနေတာပဲဗျာ။

ကျုပ်လည်း သနပ်ခါးတုံးယူပြီး ဆင်းလာတုန်းရှိသေးတယ်၊ ကျုပ်မရီးနဲ့အမေနဲ့ ရန်တွေဖြစ်ကုန်ပါရောလား၊ ကျုပ်လည်း ကြံရာမရတာနဲ့ လက်ကိုရေဆွတ်ပြီးတော့ အမေ့မျက်နှာကို အတင်းဝင်ပွတ်တယ်၊ အမေ့ပါးက သနပ်ခါးတွေ ပျက်သွားတော့မှ အမေက ဒေါသလျော့သွားတယ်ဗျ။ ကျုပ်လည်း သနပ်ခါးကြောင့်ဆိုတာ သိပြီမို့ ဦးဘသာဆီအမြန်ပြေးခဲ့တာပေါ့ဗျာ။

လယ်တဲရောက်တော့ အငယ်မတို့အားလုံး မျက်နှာသစ်ပြီးသားဖြစ်နေပြီ၊ အားလုံးကလည်း ခုနကလို ဒေါသတွေထွက်မနေဘဲ မှုန်ကုပ်ကုပ်နဲ့ဗျ၊ ကျုပ်လည်း သနပ်ခါးတုံးကို ဦးဘသာကိုပေးလိုက်တယ်။ ဦးဘသာက သနပ်ခါးတုံးကို သေသေချာချာကြည့်ပြီးတော့ ခေါင်းညိတ်တယ်။

“အလတ်ကောင်ရေ၊ အိုးမဲနည်းနည်းယူခဲ့ကွာ”

ကျုပ်လည်း ရေနွေးအိုးဖင်မှာ ကပ်နေတဲ့အိုးမဲတွေယူလိုက်တာပေါ့ဗျာ၊ ထင်းမီးဖိုဆိုတော့ အိုးမဲတွေကပ်နေတာ မနည်းဘူးပေါ့၊ ဦးဘသာက အိုးမဲကိုလက်မှာတို့ပြီးတော့ သနပ်ခါးတုံးရဲ့ လွှနဲ့ဖြတ်ထားတဲ့ ထိပ်နဲ့အောက်ဘက်ကို အိုးမဲနဲ့သေချာသုတ်တယ်ဗျ၊ နှစ်ဖက်စလုံးကို စိမ်ပြေနပြေ အိုးမဲသုတ်ပြီးတော့မှ ကျုပ်ကိုပြတယ်။

“ဒီမှာ ဘာတွေလည်း၊ ကြည့်လိုက်စမ်း”

ကျုပ်ကြည့်လိုက်တော့ သနပ်ခါးတုံးရဲ့ ထိပ်နဲ့အောက်ဘက်က လွှနဲ့တိတိဖြတ်ထားတဲ့နေရာမှာ လေးကွက်အင်းတွေတွေ့တယ်ဗျ၊ အင်းဆံတွေကတော့ အင်္ဂလိပ်အက္ခရာလိုလိုတွေရေးထားတာ။ လွှနဲ့တိုက်ထားတဲ့နေရာဆိုတော့ ဒီအတိုင်းကြည့်လို့ မမြင်ရဘူူးဗျ၊ အိုးမဲနဲ့သုတ်တော့မှ အင်းဆွဲထားတဲ့ အခြစ်ကြောင်းကလေးတွေက ထင်းနေအောင် ပေါ်လာတာ။

“အဲဒါ အင်းတွေလား”

“သေချာတာပေါ့ကွာ၊ ဟိုဖက်ထိပ်၊ ဒီဖက်ထိပ်ဆွဲထားတာက မတည့်တဲ့အင်းလို့ခေါ်တယ်ကွာ၊ ဒီအင်းကြောင့် ဟောဒီသနပ်ခါးတုံးကို သွေးပြီးလိမ်းမိသူတိုင်း တစ်ယောက်မျက်နှာတစ်ယောက်မြင်တာနဲ့ ရန်ဖြစ်ချင်လာတယ်၊ တစ်ခုခုဆိုရင် ဒေါသထွက်လာတယ်ပေါ့ကွာ၊ မင်းတောင်မှ ခုနက ငါတွေ့လိုက်လို့ မတွေ့များ မတွေ့လိုက်ရင် မင်းညီမတော့ သေလောက်ပြီကွ”

“တော်တော်ကြောက်စရာကောင်းပါလားဗျာ၊ ဒါနဲ့ အိမ်ကသနပ်ခါးတုံးကို ဘယ်သူက အင်းကွက်ဝင်ဆွဲသွားတာလဲ”

“မင်းကလည်း တုံးလိုက်တာကွာ၊ မင်းတို့အိမ်ထဲက သနပ်ခါးတုံးကို ဝင်ဆွဲတာဖြစ်ပါ့မလား၊ အင်းကိုသနပ်ခါးတုံးမှာ ရေးဆွဲပြီးတော့မှ မင်းတို့အိမ်ထဲကိုသွင်းတာဖြစ်မှာပေါ့”

“အိမ်ထဲကိုသွင်းတာဆိုတော့ . . .”

ကျုပ်လည်း ဒီသနပ်ခါးတံုံးကြီးကို ကျုပ်တို့မသိအောင် ဘယ်လိုများသွင်းသလဲဆိုပြီး စဉ်းစားနေတာပေါ့ဗျာ။ ဒီအချိန်မှာပဲ ဦးဘသာက ကျုပ်ခေါင်းကို ဒေါက်ခနဲခေါက်တယ်။

“မင်းတော်တော်စဉ်းစားနေရသလားကွ၊ ဒီသနပ်ခါးတုံးကို သူများလက်ဆောင်ပေးတာဖြစ်မှာပေါ့ကွ”

“ဟာ၊ ဟုတ်သားပဲ၊ ကျုပ်အမေ့ကိုမေးကြည့်ရမယ်”

ဦးဘသာက သနပ်ခါးတုံးကြီးကို ကျုပ်ကိုပြန်ပေးတယ်။

“ရော့၊၊ ဒါကြီးကိုလွှင့်ပစ်လိုက်တော့”

ကျုပ်လည်း သနပ်ခါးတုံးကြီးကိုင်ပြီး ပြေးလာရင်း ရွာထိပ်ရိုးချောင်းနားရောက်တော့ ရေထဲကိုပစ်ချထည့်လိုက်တာပေါ့ဗျာ၊ ပြီးတော့မှ အိမ်ကိုအမြန်ပြေးလာခဲ့ရတယ်။ အိမ်ရောက်တာနဲ့ အမေက ကျုပ်ကိုဆူပါရော။

“ဟဲ့အလတ်ကောင်၊ အိမ်ကသနပ်ခါးတုံးကြီး ဘယ်ရောက်သွားသလဲ၊ ငါက လိမ်းဖို့လိုက်ရှာနေတာ”

“အဲဒါအသာထားစမ်းပါအမေရာ၊ အမေ့ရဲ့ အဲဒီသနပ်ခါးတုံးကြီးကို ဘယ်လိုရတာလဲ”

“ဟဲ့၊ အဲဒါ ဦးဘဖြူမိန်းမ၊ မယဉ်ပေးတာလေ”

“ဗျာ”

ကျုပ်အတော်အံ့သြသွားတယ်၊ ဦးဘဖြူဆိုတာက ကျုပ်တို့ရွာက ဘုရားတရားသမားကြီးဗျ၊ တစ်နည်းပြောရရင် သူတော်ကောင်းကြီးပေါ့ဗျာ၊ ဥပုဓ်နေ့ဆို ဘုန်းကြီးကျောင်းသွားသလို၊ အလှူရေစက်လက်နဲ့မကွာတဲ့အပြင် ဦးဘဖြူဆိုတဲ့လူကြီးက ဘုန်းကြီးနီးပါး တရားဟောနိုင်တယ်ဗျ၊ အခု လက်ဆောင်ပေးတာလည်း မယဉ်ဆိုတော့ ကျုပ်လည်း စဉ်းစားရခက်နေတာပေ့ါဗျာ၊ ဒါနဲ့ ဒီအကြောင်းကို ဘယ်သူ့ကိုမှမပြောတော့ဘဲ စိတ်ထဲမှာပဲသိမ်းထားလိုက်တာပေါ့။

“ဟဲ့၊ ငါမေးနေတယ်လေ၊ သနပ်ခါးတုံးရောလို့”

“ဟို၊ ဟို မရှိ . . .မရှိတော့ဘူး”

“ဟဲ့ ဘယ်ရောက်သွားလို့လဲ”

“ရွာအပြင်ရိုးချောင်းထဲကျသွားပြီ”

“အောင်မယ်လေး သွားပါပြီတော်၊ ဒီလောက်အပွေးကောင်းပြီးတော့ လိမ်းလို့ကောင်းတဲ့သနပ်ခါးကြီးတုံးကို နင်ဘာဖြစ်လို့ ရိုးချောင်းထဲကို ချလိုက်တာလဲဟဲ့”

အမေက စီးနေတဲ့ဖိနပ်ကို ချွတ်ထည့်လိုက်တာမို့ ကျုပ်လည်း ခြံထဲကနေ အပြေးထွက်တာပေါ့ဗျာ၊ ဒါပေမယ့် အမေ့ဖိနပ်က ကျုပ်ထက်မြန်တယ်ဗျ၊ ကျုပ်ရဲ့ဇက်ပိုးကို ဖြောင်းခနဲလာမှန်တာ၊ ကျုပ်လည်း နောက်ဖိနပ်တစ်ဖက် ပျံပြီးထွက်မလာခင် ရွာပြင်ကို ခြေကုန်ပြေးခဲ့ရတာပေါ့ဗျာ။

ပြီးပါပြီ။

#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ

Zawgyi Version

” စုန္းထီးႀကီး ဦးဘသာႏွင့္ အေမ့ပါးကသနပ္ခါး”(စ/ဆုံး)
————————————————————————-
အတြဲ(၃) စာစဥ္ (၁၃)

(၁)

အညာေဒသရဲ႕ထြက္ကုန္ဆိုရင္ သနပ္ခါးဆိုတာကလည္း မပါမျဖစ္ပဲဗ်၊ သနပ္ခါးဆိုတာက ျမန္မာ့႐ိုးရာ လိမ္းက်ံစရာအလွကုန္လည္းျဖစ္၊ ေဆးဘက္လည္းဝင္တယ္ဆိုေတာ့ အထက္အညာသူပဲျဖစ္ျဖစ္၊ ေအာက္အေၾကသူသာမက၊ ဟိုးေတာင္တန္းေပၚက ရွမ္းမေတြေတာင္မွ သနပ္ခါးဆို လူတိုင္းႀကိဳက္တယ္မဟုတ္လားဗ်ာ။ က်ဳပ္တို႔ငယ္ငယ္တုန္းကဆို ေမြးကတည္းက သနပ္ခါးလိမ္းၿပီးႀကီးလာၾကတာပဲ၊ ေႏြရာသီလိုမ်ိဳးဆို ကေလးကို ဖင္ၾကားပါမက်န္ သနပ္ခါးပြတ္ထားတတ္တာ၊ ေဟာ နည္းနည္းလည္းႀကီးလာၿပီဆိုျပန္ေတာ့ သနပ္ခါးကိုေသြးေသြးၿပီး ခြံ႕တတ္ၾကေသးတာပဲ၊ ေဆးဖက္ဝင္တယ္ဆိုေပမယ့္ သူ႔အရသာက ဖန္ခါးခါးဆိုေတာ့ ကေလးေတြကေတာ့ ဘယ္ႀကိဳက္ပါ့မလဲဗ်ာ၊ ဒါေပမယ့္ ပါးစပ္ထဲအတင္းခြံ႕တယ္ဆိုေတာ့ ေၾကာက္ေၾကာက္နဲ႔ၿမိဳခ်ရတာေပါ့။

အ႐ြယ္ေရာက္လာၿပီး ေက်ာင္းတက္တဲ့အ႐ြယ္ေရာက္ၿပီဆိုရင္လည္း သနပ္ခါးဟာ မပါမျဖစ္ဗ်၊ က်ဳပ္တို႔ကေတာ့ ဘုန္းႀကီးေက်ာင္းတက္တာေပါ့၊ ဘုန္းႀကီးေက်ာင္းတက္လို႔ မ်က္ႏွာမွာ သနပ္ခါးမပါဘူးဆိုလို႔ကေတာ့ ဆရာေတာ္က ႀကိမ္လုံးနဲ႔႐ိုက္ပါေလေရာဗ်ာ၊ သနပ္ခါးမပါတဲ့မ်က္ႏွာက က်က္သေရမရွိဘူးတဲ့၊ ေယာက္်ားေလးေတြျဖစ္ေပမယ့္ မနက္မိုးလင္းရင္ သနပ္ခါးေျခဆုံးေခါင္းဆုံးလူးၿပီးမွ ဘုန္းႀကီးေက်ာင္းတက္ရတာဗ်။

အသက္နည္းနည္းႀကီးလာေတာ့လည္း သနပ္ခါးပဲ၊ လယ္ထဲဆင္း၊ ယာထဲဆင္းၾကၿပီေဟ့ဆိုရင္ေတာ့ သနပ္ခါးကိုက်ဲက်ဲေသြးၿပီး မ်က္ႏွာတစ္ျပင္လုံးကိုေနရာလပ္မက်န္လူးရတာဗ်၊ ၿပီးေတာ့ လက္ေတြ၊ ေျခေတြ အစုံလူးတာပဲ၊ ဒီလိုလူးမွလည္း ေနေလာင္ခံတာဗ်၊ က်ဳပ္တို႔ငယ္ငယ္တုန္းကေတာ့ ခုေခတ္လို ေနေရာင္ကာခရင္မ္တို႔၊ SPF ဘယ္ေလာက္ပါတယ္တို႔ဆိုတာ မသိခဲ့ပါဘူးဗ်ာ၊ သနပ္ခါးက က်ဳပ္တို႔အတြက္ေတာ့ ေနေရာင္ကာခရင္မ္ပဲေပါ့။ ႐ြာမွာေတာ့ ေယာက္်ား၊ မိန္းမ၊ ႀကီးႀကီး၊ ငယ္ငယ္ သနပ္ခါးကိုဖုံေနေအာင္လူးတတ္တာ သဘာဝပါပဲဗ်ာ။

မိန္းကေလးမ်ားက်ျပန္ေတာ့လည္း သနပ္ခါးက သူတို႔အတြက္အေကာင္းဆုံးအလွကုန္ပဲဗ်၊ မနက္မိုးလင္းလို႔ မ်က္ႏွာမွာသနပ္ခါးမရွိတဲ့မိန္းကေလးဆိုရင္ အရပ္က ကဲ့ရဲ႕ခ်င္ၾကတာကလား၊ မနက္မိုးလင္းလို႔ မ်က္ႏွာသစ္ၿပီးတာနဲ႔ သနပ္ခါးေသြးၿပီး ဖုံေနေအာင္လူးတာက ေတာအထာေပါ့ဗ်ာ၊ ၿပီးေတာ့ လယ္ထဲယာထဲဆင္းရင္လည္း လူးသြားၾကတာေပါ့၊ ေဟာ၊ ညေနအိမ္ျပန္လာၿပီဆိုရင္လည္း ေရမိုးခ်ိဳးၿပီးေတာ့ သနပ္ခါးအျမစ္တုံးေတြ လူးၾကတယ္၊ ဒီလိုလူးေတာ့မွ ေနေလာင္ထားတာေတြ၊ တင္းတိပ္ေတြ ေပ်ာက္တယ္မဟုတ္လားဗ်ာ၊ သနပ္ခါးအျမစ္တုံးကလည္း သိပ္ေမႊးေတာ့ ညေနေရခပ္ဆင္းတဲ့႐ြာသူေတြဆိုတာ ေရေမြးေတာင္သုံးစရာမလိုဘဲ သနပ္ခါးနံ႔ေလးေတြ သင္းေနတာေပါ့ဗ်ာ။

သနပ္ခါးဆိုတာက တကယ္ေတာ့ သနပ္ပင္မ်ိဳးႏြယ္ဝင္ပဲလို႔ အေဖကေတာ့ေျပာတယ္၊ ဒါေပမယ့္ က်ဳပ္ၾကည့္ရသေလာက္ကေတာ့ သနပ္ပင္နဲ႔သိပ္မတူပါဘူးဗ်ာ၊ က်ဳပ္တို႔နယ္ဘက္မွာက ရာသီဥတုကပူတာဆိုေတာ့ သနပ္ခါးေတာ့ သိပ္ျဖစ္တာဗ်၊ ၿခံဝိုင္းတိုင္းလိုလိုမွာ သနပ္ခါးပင္ေတြ သုံးေလးပင္ေလာက္ေတာ့ စိုက္ထားၾကတယ္၊ သနပ္ခါးဆိုတာက ႏွစ္ရွည္ပင္ဆိုေတာ့ ႏွစ္ရွည္စီမံကိန္းဆြဲထားတဲ့သေဘာေပါ့ဗ်ာ၊ ကိုယ့္္အိမ္ကလူေတြလိမ္းဖို႔အတြက္ကေတာ့ ဘယ္မွာမွသြားရွာဝယ္စရာမလိုပါဘူးဗ်ာ၊ ဒါမွ မေလာက္ေသးဘူးဆိုရင္ေတာ့ သနပ္ခါးပင္စိုက္တဲ့ၿခံေတြဆီကေန သြားေတာင္းဝယ္ေပါ့ဗ်ာ။ က်ဳပ္တို႔ဆီမွာေတာ့ သနပ္ခါးကို အပိုင္းနဲ႔မေရာင္းဘူး၊ ႀကိဳက္တဲ့အပင္လက္ညႇိဳးထိုး၊ ၿပီးရင္ ေဈးညႇိၿပီးေတာ့ အပင္ကိုလွဲၿပီး တူးျဖတ္ေပးလိုက္တာပဲဗ်ာ၊ သက္တမ္းဆယ္ႏွစ္ေလာက္ရွိတဲ့အပင္ဆိုရင္ေတာ့ တစ္မိသားစုလုံး ႏွစ္ေပါက္ေအာင္ လိမ္းပါေလ့ဗ်ာ၊

သနပ္ခါးပင္က အညာရဲ႕ရာသီဥတုနဲ႔ အံကိုက္ပဲဗ်၊ ေရေတြဘာေတြ ေလာင္းစရာမလိုဘူး၊ စိုက္ၿပီး ဒီအတိုင္းပစ္ထားရင္ သူ႔အလိုလိုႀကီးေနတာပဲကိုးဗ်၊ သနပ္ခါးပင္ကလည္း တစ္ပင္လုံး လႊင့္္ပစ္ရတယ္လို႔ကို မရွိပါဘူးဗ်ာ၊ ပင္စည္ကလည္း အေပြးေကာင္းေတာ့ ေသြးလိမ္းရတာကိုးဗ်၊ သနပ္ခါး အကိုင္းေလးေတြဆိုရင္လည္း စိမ္းေ႐ႊေ႐ႊနဲ႔ တစ္မ်ိဳးကေလးေမႊးေသးတာ၊ သနပ္ခါးအျမစ္ကေတာ့ ေဆးဘက္အဝင္ဆုံးေပါ့ဗ်ာ၊ သာမန္ဝက္ၿခံေပါက္တာေလာက္ကေတာ့ သံပုရာရည္နဲ႔ သနပ္ခါးေသြးလူးရင္ သုံးေလးရက္ဆို ေပ်ာက္သြားပါေရာ၊ တင္းတိပ္ေပါက္ရင္ ဆန္ေဆးရည္ထဲ ဆားနည္းနည္းထည့္ၿပီး သနပ္ခါးအျမစ္တုံး ေသြးလူးတယ္၊ ေႏြရာသီ ကန္႔္ေကာ္ပန္းေတြရၿပီဆိုရင္ေတာ့ ကံေကာ္ဝတ္ဆန္နဲ႔သနပ္ခါးေသြးလူးရင္ အသားကိုေအးၿပီး ေခ်ာသြားတာပဲဗ်ာ။

သနပ္ခါးအေၾကာင္းေတြ စကားဦးသန္းေနရင္း သနပ္ခါးနဲ႔ပတ္သက္ၿပီးေတာ့ က်ဳပ္ေတာ္ေတာ္သူေဌးျဖစ္သြားတဲ့အေၾကာင္းကေလးလည္း၊ ႀကဳံတုန္း ႂကြားအုံးမယ္ဗ်ိဳ႕။

(၂)

တစ္ႏွစ္ေတာ့ ေအာက္ျပည္က လူေတြ က်ဳပ္တို႔ဆီမွာ အလႉလာလုပ္ပါေရာဗ်ာ၊ ႐ြာဦးေက်ာင္းမွာ ေက်ာင္းေဆာင္သစ္ႀကီး လာလႉတာေပါ့ဗ်ာ၊ လာတဲ့သူေတြကလည္း က်ိဳက္လတ္တို႔ ဘိုကေလးတို႔ကလူေတြေပါ့ဗ်ာ၊ သူတို႔လာတာလည္း ထူးထူးဆန္းဆန္းဗ်၊ ႐ြာဦးေက်ာင္းဆရာေတာ္ရဲ႕ ငယ္သူငယ္ခ်င္းတဲ့ဗ်ာ၊ ဆရာေတာ္က ေဗဒင္ေတြဘာေတြတြက္ေတာ့ သူ႔ကိုၾကည့္ေပးၿပီး ထီထိုးခိုင္းလိုက္တာ သန္းထီဆုေပါက္သဗ်၊ အဲဒါနဲ႔ ဆရာေတာ္ကို ေက်ာင္းလႉတာေပါ့ဗ်ာ။

ေက်ာင္းႀကီးတစ္ေဆာင္လုံးကိုလႉတာဆိုေတာ့ တစ္ေဆြလုံးတစ္မ်ိဳးလုံး အညာကိုတက္လာၾကတာေပါ့ဗ်ာ၊ ဧည့္္သည္ေတြတင္ လူသုံးဆယ္နီးပါးေလာက္ရွိတယ္၊ ႐ြာဦးေက်ာင္းမွာလည္း တစ္ခ်ိဳ႕တစ္ဝက္တည္းခိုၾကတယ္၊ ဒါေပမယ့္ မိန္းမသားေတြနဲ႔ ကေလးေတြလည္းပါတာဆိုေတာ့ ႐ြာထဲက အိမ္ေတြမွာတည္းၾကတာေပါ့၊ က်ဳပ္တို႔က သူႀကီးအိမ္ဆိုေတာ့ သူတို႔ေတြကိုလည္း အိမ္ႏိုင္သေလာက္ ေခၚတင္ထားတာေပါ့ဗ်ာ။

္အလႉမလုပ္ခင္ အိမ္ေနၾကရင္း အဲဒီေအာက္ျပည္သူေတြက က်ဳပ္တို႔အိမ္ကသနပ္ခါးကို သိပ္ႀကိဳက္သြားတယ္ဗ်၊ သနပ္ခါးက ရင့္္ရင့္၊ အေပြးကလည္း ႏွစ္ထပ္ေပြးဆိုေတာ့ အေရာင္ကလည္းေကာင္း၊ အနံ႔ကလည္း သိပ္ေမႊးတာေပါ့ဗ်ာ၊ ဒါနဲ႔ တစ္ရက္ေတာ့ ေက်ာင္းအမႀကီးက က်ဳပ္ကိုေခၚေျပာတယ္ဗ်။

“သူႀကီးသားအလတ္ေကာင္၊ ငါတို႔မျပန္ခင္ သနပ္ခါးေကာင္းေကာင္းေလးလိုခ်င္တယ္၊ နင္ရွာေပးမလား”

“ရတယ္ေလ၊ ဘယ္ေလာက္ေပးမွာလဲ”

“အို၊ သနပ္ခါးေကာင္းရင္ၿပီးေရာ၊ ေဈးကေတာ့ ေမးမေနနဲ႔”

ဒါနဲ႔ က်ဳပ္လည္း ၿခံထဲဆင္းခဲ့တယ္၊ ၿခံထဲက သနပ္ခါးပင္ေတြက ႏုေသးတယ္ဗ်၊ ဒါနဲ႔ပဲ သနပ္ခါးစိုက္တဲ့ ဝိုင္းေတြကို လိုက္ေမးၾကည့္တာေပါ့ဗ်ာ၊ ျဖစ္ခ်င္ေတာ့ သနပ္ခါးက ေကာင္းေကာင္းမရဘူးဗ်၊ က်ဳပ္တို႔႐ြာကို မႏွစ္ကပဲ သနပ္ခါးေဖာ္တဲ့လူေတြ လာၿပီး စုၿပဳံေဖာ္ၿပီးၿပီဆိုေတာ့ အပင္ႏုေတြပဲက်န္ခဲ့ေတာ့တာ၊ သနပ္ခါးက ႏွစ္ရွည္ပင္ဆိုေတာ့ သနပ္ခါးခုတ္တဲ့လူေတြက ႐ြာတစ္႐ြာကို တစ္ႏွစ္က် လိုက္ၿပီးေတာ့ သနပ္ခါးရင့္ရင့္္ေတြ လိုက္ဝယ္တယ္၊ ၿပီးေတာ့ တစ္႐ြာလုံးက ရွိသမွ်အပင္ေတြကို ဝယ္သြားတာေပါ့ဗ်ာ၊ သူတို႔ဝယ္ၿပီးသြားရင္ အိမ္လိမ္းခ်င္လို႔ ဖယ္ထားတဲ့အပင္ကလြဲလို႔ အပင္ေကာင္းသိပ္မက်န္ေတာ့ဘူး၊ ဒီလူေတြကလည္း ေနာက္ထပ္ ေလးငါးႏွစ္ေလာက္မွ တစ္ခါျပန္လာၿပီးေတာ့ သနပ္ခါးးလာထပ္ခုတ္ၾကတာေပါ့ဗ်ာ။

က်ဳပ္လည္း ေခါင္းကုပ္ရင္း အႀကံတစ္ခုရသြားတယ္၊ မဟုတ္က ဟုတ္က အႀကံေပါ့ဗ်ာ၊ ဒါနဲ႔ အိမ္က ညီမႏွစ္ေယာက္ကိုစည္း႐ုံးရတယ္။

“နင္တို႔ ငါ့ကိုသနပ္ခါးေသြးေပးစမ္း္ဟာ”

“ဟာ၊ အကိုလတ္ကလည္း သနပ္ခါးေသြးတယ္ဆိုတာ ပင္ပန္းတယ္”

“ငါသိပါတယ္ဟ၊ နင္တို႔ကို ငါအလကားမခိုင္းပါဘူး၊ သနပ္ခါး ေက်ာက္ျပင္တစ္ျပင္စာကို တစ္က်ပ္နဲ႔ငါးမူးေပးမယ္ဟာ၊ ဟုတ္ၿပီလား”

ေငြနံ႔ေလးနည္းနည္းေပးလိုက္ေတာ့ အငယ္မႏွစ္ေယာက္က ေခါင္းညိတ္သြားေတာ့တယ္၊ က်ဳပ္လည္း သူတို႔ကို ေသြးခိုင္းထားၿပီးေတာ့ လွည္းေကာက္ျပင္ၿပီး ေတာင္႐ိုးဘက္ကိုထြက္ခဲ့တာေပါ့ဗ်ာ။ က်ဳပ္ဘာလုပ္မယ္ဆိုတာ ခင္ဗ်ားတို႔ ႀကိဳသိရင္သိေနမွာဗ်၊

ေတာင္႐ိုးေပၚမွာ သစ္ပေလြပင္လို႔ေခၚတဲ့ အပင္ရွိတယ္၊ အဲဒီအပင္က သနပ္ခါးပင္နဲ႔ တစ္ပုံစံတည္းတူတယ္၊ သနပ္ခါးပင္က ဆူးရွိေပမယ့္္ သစ္ပေလြကေတာ့ ဆူးမပါသေလာက္ပဲ၊ အေပြးၾကည့္ရင္လည္း သစ္ပေလြ ရင့္ရင့္္ဆိုရင္ သနပ္ခါးပင္ထက္ေတာင္ အေပြးက ေကာင္းေသးသဗ်ာ၊ သစ္ပုေလြနဲ႔သနပ္ခါးနဲ႔ မတူတာကေတာ့ အပင္ရဲ႕အေရာင္ပဲ၊ သစ္ပေလြပင္က သက္တမ္းဘယ္ေလာက္ရင့္ရင့္္ဒီအေရာင္ပဲဆိုေပမယ့္ သနပ္ခါးပင္ကေတာ့ သက္တမ္းရင့္ေလေလ အနီေရာင္သန္းသြားေလေလေပါ့၊ ဒါေတြလည္း ေအာက္ျပည္က လူေတြ သိမွာမဟုတ္ပါဘူးဗ်ာ၊ သစ္ပေလြပင္ကို ပိုင္းၿပီး သနပ္ခါးေတြနဲ႔ေရာထားလိုက္ရင္ ေအာက္ျပည္ကလူမေျပာနဲ႔ က်ဳပ္တို႔လို သနပ္ခါးေတာထဲႀကီးျပင္းလာတဲ့အညာသားေတာင္မွ ခြဲရသိပ္ခက္တယ္။

ေသြးလိုက္ျပန္ရင္လည္း သနပ္ခါးလိုအေရာင္ပဲ၊ အနံ႔ကလည္း ခပ္ဆင္ဆင္ဗ်၊ သနပ္ခါးကေတာ့ ပိုေမႊးတာေပါ့ဗ်ာ၊ ဒါနဲ႔က်ဳပ္လည္း သစ္ပေလြ ရင့္ရင့္္ေကာင္းေကာင္းကို ေတာင္႐ိုးေပၚမွာရွာၿပီး ခုတ္ခဲ့တာေပါ့ဗ်ာ၊ သနပ္ခါးေပါတဲ့အရပ္မွာ ဒီသစ္ပေလြေတြကို ဘယ္သူမွ မခုတ္ေတာ့ အပင္ႀကီးေတြကအေပြးေတြတက္ၿပီး ရွယ္ပဲဗ်ာ။ သုံးပင္ေလာက္ခုတ္တယ္ဆိုရင္ပဲ ေတာ္ေတာ္ရေနၿပီဗ်၊ က်ဳပ္ကေလာဘတက္ၿပီးေတာ့ ငါးပင္ေလာက္ခုတ္ခဲ့တာေပါ့။

သနပ္ခါးေတြလည္း္ရေရာ အိမ္ကိုမျပန္ဘဲ ဦးဘသာအိမ္ကိုဝင္ခဲ့တာေပါ့ဗ်ာ၊ အိမ္မွာက်ေတာ့ အင္ထုရတာ မလြတ္လပ္ဘူးမဟုတ္လား၊ ၿပီးေတာ့ လႊတစ္ေခ်ာင္းနဲ႔ အဲဒီသစ္ပေလြေတြကို အေနေတာ္အတုံးေတြျဖတ္ေနေတာ့တာပဲ၊ ဦးဘသာကေတာ့ က်ဳပ္လုပ္ေနတာကို ကြမ္းကေလးတၿမဳံ႕ၿမဳံ႕နဲ႔ ၾကည့္ေနတယ္။

“ဟား၊ အလတ္ေကာင္တို႔ကေတာ့ သစ္ပေလြေတြကို သနပ္ခါးဆိုၿပီး လိမ္ေရာင္းေတာ့မယ္နဲ႔တူတယ္”

ဦးဘသာက အာေပါင္အာရင္းသန္သန္နဲ႔ေအာ္ေျပာလို႔ က်ဳပ္မွာ သူ႔ပါးစပ္ကို ေျပးပိတ္ရေသးတယ္။

“တိုးတိုးလုပ္စမ္းပါ ဦးဘသာရာ”

“အလတ္ေကာင္ရာ၊ မင္းကလည္း ႐ြာထဲကလူေတြကို သစ္ပေလြေရာင္းေတာ့ ဘယ္သူဝယ္မွာတုန္းကြ”

“အိုဗ်ာ၊ ႐ြာကလူေတြအတြက္မွမဟုတ္တာ”

ဦးဘသာလည္း သေဘာေပါက္သြားပုံရတယ္ဗ်၊ က်ဳပ္လည္း သစ္ပေလြေတြကို ေရေဆးၿပီးေတာ့ အိမ္ကိုအျမန္ေျပးခဲ့တာေပါ့ဗ်ာ၊ အိမ္ေရာက္ေတာ့ ေက်ာက္ျပင္အနားမွာ လူေတြစုံေနတာပဲ၊ အငယ္ေကာင္ေရာ၊ အကိုႀကီးေရာ၊ မရီးေရာ သနပ္ခါးေသြးေနတဲ့အျပင္ အငယ္မႏွစ္ေယာက္ပါ ဝိုင္းေသြးေနေသးတယ္။ က်ဳပ္ဝင္လာေတာ့ အားလုံးကၿပဳံးၾကည့္ၿပီး

“ေဟ့ေကာင္၊ ငါတို႔ေတြ သနပ္ခါးေသြးထားတာ ေက်ာက္ျပင္ေပါင္း ငါးဆယ္ေက်ာ္ၿပီကြ”

အကိုႀကီးက အားရဝမ္းသာေျပာပါေရာ၊ ဟုတ္ေတာ့လည္းဟုတ္တယ္၊ သူတို႔သနပ္ခါးေတြ ေသြးေသြးၿပီးေတာ့ အင္တုံႀကီးထဲထည့္ထားတာ အင္တုံႀကီးေတာင္ တစ္ဝက္ေလာက္ရွိေတာ့မယ္ဗ်၊ ဒီအတိုင္းဆက္ေသြးခိုင္းလို႔ကေတာ့ က်ဳပ္ေတာ့ မြဲေပါက္ပဲဗ်ာ။

“ေတာ္ၿပီ၊ ေတာ္ၿပီ ရၿပီ”

က်ဳပ္လည္း အင္တုံႀကီးကိုေျပးဆြဲတာေပါ့ဗ်ာ၊ အကိုႀကီးက အင္တုံကိုတစ္ဖက္ကေနဆြဲထားတယ္။

“ေဟ့၊ အခုပတၱျမား၊ အခုနဂါးပဲအလတ္ေကာင္”

“ဟုတ္တယ္၊ အကိုလတ္၊ ညီမတို႔က လက္ေညာင္းခံၿပီးေသြးထားတာ ေနာက္ေတာ့ အကိုလတ္က မေပးေတာ့ဘူးဆိုရင္ ဘယ္လိုလုပ္မလဲ”

“နင္တို႔ကလည္းဟာ၊ တစ္အိမ္တည္းေနတဲ့လူေတြပဲ၊ အေႂကြးမွတ္ထား၊ ငါျပန္ဆပ္မယ္ဟုတ္ၿပီလား”

က်ဳပ္လည္း အင္တုံႀကီးမၿပီး ဦးဘသာၿခံထဲေျပးခဲ့တာေပါ့၊ ၿပီးေတာ့ ေရေဆးထားတဲ့သစ္ပေလြေတြကို သနပ္ခါးအင္တုံထဲကိုႏွစ္၊ ၿပီးေတာ့ ေနပူထဲလွမ္းထားလိုက္တယ္ဗ်ာ၊ ေနာက္ရက္က်ေတာ့ အဝတ္တိုက္တဲ့ ဘရွက္ရ္နဲ႔ အဲဒီသစ္ပေလြတုံးေတြက သနပ္ခါးေလးေတြကို ျခစ္ခ်လိုက္ေတာ့ သစ္ပေလြတုန္းေတြက သနပ္ခါးနံ႔ကူးၿပီး ေမႊးခ်က္ဗ်ာ။ က်ဳပ္လည္း အဲဒီအတုံးေတြကို ေတာင္းႀကီးတစ္လုံးထဲကိုထည့္္ၿပီးေတာ့ လာခဲ့ေတာ့တာေပါ့။

“ေရာ့၊ ဒီမွာ သနပ္ခါးေတြ၊ ေကာင္းမွေကာင္းပဲဗ်ာ”

ေက်ာင္းအမႀကီးကို သနပ္ခါးေတာင္းႀကီးခ်ေပးလိုက္ေတာ့ သူက ေကာက္ၿပီးေတာ့ နမ္းၾကည့္တယ္။

“ဟုတ္ပါ့၊ ေမႊးလိုက္တာ၊ ဘယ္ေလာက္ေပးရမလဲ”

“အတုံးႀကီးအေပြးေကာင္းေတြကိုေတာ့ ငါးက်ပ္ပဲေပးဗ်ာ၊ က်န္တာကေတာ့ သုံးက်ပ္နဲ႔ယူ”

“ဟယ္၊ တန္လိုက္တာ၊ အဲဒီေတာင္းႀကီးယူၿပီးေတာ့ ငါ့ေနာက္လိုက္ခဲ့စမ္းပါ”

ဒီလိုနဲ႔ ႐ြာဦးေက်ာင္းကိုသြားၾကတာေပါ့ဗ်ာ၊ အဲဒီမွာ ေအာက္ျပည္ကလူေတြ စုၿပီး က်ဳပ္ရဲ႕သစ္ပေလြေတြကို သနပ္ခါးအမွတ္နဲ႔အားေပးလိုက္ၾကတာ၊ ေတာင္းႀကီးႏွစ္ေတာင္းစလုံး ကုန္ပါေရာလားဗ်ာ။ အေမကေတာင္ က်ဳပ္ကို တအံ့တၾသနဲ႔ၾကည့္ေနတယ္။

“အလတ္ေကာင္၊ ႐ြာထဲက သနပ္ခါးေတြက ကုန္ၿပီမဟုတ္လား၊ နင္ဘယ္လိုလုပ္ၿပီး သနပ္ခါးေတြထပ္ရတာလဲ”

က်ဳပ္လည္း အေမယုံေအာင္ လိမ္ရတာေပါ့။

“ေပေတာ႐ြာက သနပ္ခါးမေဖာ္ရေသးဘူးတဲ့အေမရ၊ အဲဒီက ကိုေအးတို႔ၿခံမွာ သြားခုတ္လာခဲ့တာ”

အေမကေတာင္ က်ဳပ္သနပ္ခါးကို တစ္တုံးယူလိုက္ေသးတယ္၊ အေမက ေသခ်ာစစ္မၾကည့္လို႔သာေပါ့ဗ်ာ၊ စစ္ၾကည့္ရင္ေတာ့ အေမလည္းအညာသူဆိုေတာ့ သစ္ပေလြလား၊ သနပ္ခါးလားဆိုတာ တန္းသိမွာဗ်။ ခင္ဗ်ားတို႔ပဲစဥ္းစားၾကည့္ဗ်ာ၊ ေတာင္႐ိုးေပၚက အလကားရတဲ့ သစ္ပေလြေတြကိုခုတ္ၿပီး တစ္တုံးကို ငါးက်ပ္၊ သုံးက်ပ္နဲ႔ေရာင္းတာဆိုေတာ့ အကုန္လုံးေရာင္းကုန္ေရာ က်ဳပ္လက္ထဲမွာ သုံးရာေက်ာ္၊ ေလးရာနီးပါး က်န္တာေပါ့ဗ်ာ၊ အကိုႀကီးတို႔သနပ္ခါးေသြးထားတဲ့ ပိုက္ဆံေပးေတာ့မွ အကိုႀကီးက က်ဳပ္အနားကိုကပ္လာတယ္။

“ေဟ့အလတ္ေကာင္၊ မင္းဘာလုပ္တယ္ဆိုတာ ငါသိတယ္ေနာ္”

က်ဳပ္ျဖင့္ ျပာသြားတာပဲဗ်ာ။

“အလႉက မၿပီးေသးဘူးကြ၊ အေဖ့ကို ငါေျပာလိုက္ရင္ မင္းဘာျဖစ္မယ္ထင္သလဲ”

အကိုႀကီးက က်ဳပ္ကိုၿခိမ္းေျခာက္ေနၿပီေလဗ်ာ၊ ဒါနဲ႔ က်ဳပ္လည္းအကိုႀကီး အိပ္ကပ္ထဲကို ပိုက္ဆံငါးဆယ္ ထည့္္ေပးလိုက္တာေပါ့။ ဒီေတာ့မွ အကိုႀကီးက ၿပဳံးသြားတယ္။ အိတ္ကပ္ကိုလက္နဲ႔ပုတ္ၿပီးေတာ့

“ေအးပါ၊ စီးပြားေရးဆိုတာ လွ်င္သူစားစတမ္းပဲကြ၊ ဒီေတာ့ မင္းအေၾကာင္းေတြ ငါဝမ္းထဲမွာပဲ သိမ္းထားလိုက္ပါ့မယ္”

အကိုႀကီးထြက္သြားမွ က်ဳပ္လည္း သက္ျပင္းခ်ႏိုင္ေတာ့တယ္ဗ်ာ၊ မၾကာပါဘူး အငယ္ေကာင္ကလည္း က်ဳပ္အနားကပ္လာတယ္။

“အကိုလတ္၊ ေပေတာ႐ြာက ဟိုတစ္လေလာက္ကပဲ သနပ္ခါးေဖာ္လို႔ကုန္သြားၿပီတဲ့၊ ဒီေတာ့ အကိုလတ္သနပ္ခါးေတြက ဘာေတြလည္း၊ မဟုတ္မွလြဲေရာ ေတာင္႐ိုးေပၚက သစ္ပေလြ . . ေလြ”

က်ဳပ္လည္း အငယ္ေကာင့္ပါးစပ္ကိုပိတ္လိုက္ၿပီးေတာ့ ႏွစ္ဆယ္တန္တစ္႐ြက္ထည့္္ေပးလိုက္တာေပါ့၊ ဒါေတာင္မွ ဒီေကာင္က အင္တင္တင္ရယ္

“ငါးဆယ္မေပးရင္ မယူဘူး”

က်ဳပ္လည္းမတတ္ႏိုင္တဲ့အဆုံး ငါးဆယ္ထုတ္ေပးလိုက္ရတာေပါ့ဗ်ာ။ ၿပီးေတာ့ ညီမႏွစ္ေယာက္က က်ဳပ္နားကပ္လာေရာ

“အကိုလတ္သနပ္ခါးတုံးက ရင့္္ေနေပမယ့္ နီမေနဘူးေနာ္၊ ညီမတို႔အထင္ သစ္ပေလြမ်ားလား”

က်ဳပ္လည္း အိတ္ထဲက ငါးဆယ္ထုတ္လိုက္ၿပီးေတာ့

“နင္တို႔ႏွစ္ေယာက္ခြဲယူၾက၊ ဒါငါေပးႏိုင္တာအကုန္ပဲ”

စကားကိုအျပတ္ေျပာလိုက္ေတာ့မွ ညီမငယ္ႏွစ္ေယာက္က ငါးဆယ္ကိုခြဲယူၿပီး သနပ္ခါးတုံးကိုေပးသြားတယ္၊ က်ဳပ္လည္း ပိုက္ဆံေလးေတြကုန္သြားလို႔ ဘယ္နားဖြက္ရရင္ေကာင္းမလဲဆိုၿပီးၾကည့္ေနတုန္း ျဗဳန္းဆိုအေမက ေရာက္လာတယ္။

“အလတ္ေကာင္၊ နင္သနပ္ခါးသြားခုတ္တာ၊ အျမစ္ေတြေရာ၊ အကိုင္းေတြေရာ ဘယ္မွာလဲ”

က်ဳပ္လည္း ဘာေျပာရမွန္းမသိေတာ့ဘူးေပါ့ဗ်ာ၊ အေမက သူအားလုံးကို သိၿပီးၿပီဆိုတဲ့အထာနဲ႔ က်ဳပ္ေရွ႕မွာလက္ဝါးျဖန႔္တယ္၊ က်ဳပ္လည္း ေငြငါးဆယ္ထုတ္ၿပီးေတာ့ အေမ့လက္ထဲထည့္ေပးလိုက္တာေပါ့။

“နည္းေသးတယ္၊ နည္းေသးတယ္၊ ငါသာ နင့္အေဖကိုေျပာလိုက္ရင္ နင္ေတာ့ထိပ္တုံးသုံးညေလာက္အခတ္ခံရေလာက္တယ္”

ဒီေတာ့ က်ဳပ္လည္း ေနာက္ထပ္ငါးဆယ္ထပ္ထည့္ေပးလိုက္တာေပါ့၊ ဒီလိုနဲ႔ က်ဳပ္ရထားတဲ့ပိုက္ဆံက အိမ္နားတင္ တစ္ဝက္ေလာက္ကုန္သြားပါေရာဗ်ာ၊ မဟုတ္တာနဲ႔လုပ္ထားတဲ့ပိုက္ဆံ၊ မဟုတ္တဲ့နည္းလမ္းနဲ႔ ကုန္တယ္ဆိုတာ ဒါမ်ိဳးကိုေျပာတာဗ်၊ အေမထြက္သြားၿပီးေတာ့ က်ဳပ္လည္း က်န္ခဲ့တဲ့ပိုက္ဆံကေလး ကိုင္ထားတုန္း အိမ္ေပၚထပ္ကေန အေဖက ျဗဳန္းဆိုဆင္းလာတယ္ဗ်။

“အလတ္ေကာင္ . . .”

အေဖေခၚတဲ့ေလသံက သူတစ္ခုခုကိုသိထားၿပီဆိုတဲ့ ေလသံမ်ိဳးေပါ့၊ က်ဳပ္လည္း ေရွာင္မရေတာ့ဘူးေလဗ်ာ၊ ဒါနဲ႔ပဲ က်န္တဲ့ပိုက္ဆံေလးေတြကို ကိုင္ၿပီး ငိုမဲ့မဲ့မ်က္ႏွာနဲ႔ အေဖ့လက္ထဲကို ပိုက္ဆံေတြအကုန္ထည့္ေပးၿပီးေတာ့ အိမ္ကေနထြက္ခဲ့တာေပါ့ဗ်ာ၊ အေဖကေတာ့ က်ဳပ္ကိုေခါင္းကုပ္ရင္းၾကည့္ေနေလရဲ႕

“အလတ္ေကာင္၊ သူ႔နာမည္ေခၚလိုက္တာနဲ႔ ငိုမဲ့မဲ့နဲ႔ပါလား၊ ေနာက္ၿပီး ငါ့ကိုပိုက္ဆံေတြလည္းေပးသြားေသးတယ္၊ မဟုတ္မွလြဲေရာ၊ ဒီေကာင္သူ႔အေမဆီကေန ခိုးထားတဲ့ပိုက္ဆံေတြျဖစ္မယ္”

အေဖက ၿပဳံးၿဖီးၿဖီးနဲ႔ အိပ္ကပ္ထဲကို ပိုက္ဆံထည့္လိုက္တာေပါ့ဗ်ာ၊ က်ဳပ္လည္း ေနာက္မွသိခဲ့ရတာက အေဖက အဲဒီအေၾကာင္းေတြ ဘာကိုမွမသိဘူးတဲ့ဗ်၊ က်ဳပ္ကသာ အိုးမလုံအုံပြင့္ျဖစ္ၿပီးေတာ့ အေဖ့ကိုပိုက္ဆံေတြအကုန္ေပးခဲ့တာကို ေနာင္တရလို႔မဆုံးဘူးေပါ့ဗ်ာ၊ ေအာက္ျပည္ကလူေတြဆိုေတာ့ သစ္ပေလြမွန္းဘယ္သိမလဲ၊ သနပ္ခါးေတြ ေပါေပါရတယ္ဆိုၿပီးေတာ့ တစ္မ်ိဳးလုံးတစ္ေဆြလုံး လိမ္းဖို႔ဆိုၿပီး သယ္သြားၾကေလရဲ႕ဗ်ာ။

သစ္ပေလြနဲ႔သနပ္ခါးက အကုန္တူေပမယ့္ ဘာကြာသလဲဆိုရင္ေတာ့ သနပ္ခါးက ေအးတယ္၊ သစ္ပေလြက ပူတယ္ဗ်၊ က်ဳပ္တို႔အညာဘက္ဆို သစ္ပေလြမလိမ္းႏိုင္ဘူး၊ ေနကလည္းပူ၊ သစ္ပေလြကလည္းပူဆိုေတာ့ ဘယ္ခံႏိုင္ပါ့မလဲဗ်ာ၊ ေအာက္ျပည္ေအာက္႐ြာကေတာ့ နည္းနည္းေအးတယ္ဆိုေတာ့ ေနသာထိုင္သာရွိလိမ့္မယ္ထင္တာပါပဲဗ်ာ။ ဒါကေတာ့ က်ဳပ္သနပ္ခါးကို အင္ထုေရာင္းၿပီး ႀကီးပြားခဲ့တာေလးကို ႂကြားတာပါ၊ ခင္ဗ်ားတို႔လည္း အညာေရာက္လို႔ သနပ္ခါးစစ္မစစ္ကိုမခြဲတတ္လို႔ကေတာ့ သစ္ပေလြနဲ႔ညားၿပီသာမွတ္ဗ်ာ။

(၃)

ေတာင္႐ိုးေပၚမွာေပါက္တဲ့ သနပ္ခါးဆိုတာ ရွိေသးတယ္ဗ်၊ သူက သဘာဝအတိုင္းေပါက္တာဆိုေတာ့ အပင္က သိပ္မသန္ရွာပါဘူး၊ အလြန္ဆုံးရွိမွ ဒူးေလာက္၊ ေတာ္ေတာ္ကို လူသူမေရာက္တဲ့ေနရာမွာ ေပါင္ေလာက္ရွိတတ္တာဗ်၊ သူ႔ကိုက်ေတာ့ က်ဳပ္တို႔က သနပ္ခါးအ႐ိုင္းလို႔ေခၚတယ္။ သနပ္ခါးအ႐ိုင္းက အေပြးမရွိေတာ့ လိမ္းလို႔သိပ္မေကာင္းဘူး၊ ဒါေပမယ့္ သူ႔အျမစ္က ေျမႀကီးထဲမွာရွိတာဗ်၊ အဲဒီအျမစ္က သာမန္သနပ္ခါးပင္ရဲ႕အျမစ္ထက္ ပိုေမႊးတယ္၊ ေဆးဘက္လည္းတအားဝင္တယ္၊ သနပ္ခါးနဲ႔ေဆးေဖာ္ရင္ အဲဒီေတာင္႐ိုးေပၚက သနပ္ခါးအ႐ိုင္းေတြနဲ႔ ေဖာ္တတ္ၾကတယ္။ တစ္ခ်ိဳ႕ဆို ေတာင္႐ိုးေပၚသြားရင္း သနပ္ခါးပင္ေတြ႕ရင္ တိတ္တိတ္ေလးေနရာမွတ္ထားၾကတယ္၊ ႏြယ္ပင္ေတြဘာေတြနဲ႔ဖုံးထားတတ္ၾကေသးတယ္ဗ်။

တစ္ခါကလည္း က်ဳပ္နဲ႔အကိုႀကီးနဲ႔ ေတာင္႐ိုးေပၚကို တက္ခဲ့ၾကတယ္၊ တက္ခဲ့တာကေတာ့ မႈိရွာတက္ခဲ့တာေပါ့၊ ဒါေပမယ့္ မႈိမေတြ႕ဘဲ ေျမာင္ေၾကာထဲမွာ ေပါက္ေနတဲ့ သနပ္ခါးပင္ကိုေတြ႕ပါေရာဗ်ာ၊ အဲဒီေနရာမွာ ေျမႀကီးက ေျပာင္ေျပာင္ကေလးျဖစ္ေနတာ၊ က်ဳပ္လည္း ေသခ်ာသြားၾကည့္ေတာ့မွ သနပ္ခါးပင္ဗ်၊ အ႐ြယ္က လူႀကီးခါးေစာင္းေလာက္ေတာင္ရွိေနၿပီ၊ ေဟာဒီေျမာင္ကေလးက မတ္ေစာက္ေတာ့ ေတာ္႐ုံလူဆို မတက္မဆင္းၾကဘူး၊ ေတာင္ကမ္းပါးကို ဖက္တက္ရ၊ ဖက္ဆင္းရတာကိုးဗ်၊ က်ဳပ္သာ ဆတ္ေဆာ့ၿပီးေတာ့ ေရာက္လာခဲ့တာမဟုတ္လား။

ခါးေစာင္းေလာက္ဆိုရင္ အျမစ္ကလည္းအေတာ္ႀကီးေနေလာက္ၿပီ၊ က်ဳပ္လည္း ဓါးနဲ႔အဲဒီေျမျပင္ကေလးကို အသာဖဲ့တူးတာေပါ့ဗ်ာ။

“အဟမ္း . . .”

နားထဲ ေခ်ာင္းဟန႔္သံတစ္ခ်က္ၾကားလိုက္ရတယ္၊ က်ဳပ္လည္း ေဘးဘီလွည့္ၾကည့္ေတာ့ ဘာမွမေတြ႕ဘူူး၊ က်ဳပ္မ်ား နားၾကားမွားသလားဆိုၿပီးေတာ့ ဆက္တူးေနတာေပါ့ဗ်ာ၊ ဒီအခါမွာပဲ ေနာက္ထပ္ ေခ်ာင္းဟန႔္သံထပ္ၾကားရတယ္၊ က်ဳပ္လွည့္ၾကည့္လိုက္ေတာ့ အကိုႀကီးက က်ဳပ္ဆီကို လာေနတယ္ဗ်၊ ေနာက္ေတာ့ က်ဳပ္အနားေရာက္လာတယ္။

“အလတ္ေကာင္၊ ဘာလုပ္ေနတာလဲ”

“ဒီမွာမေတြ႕ဘူးလား”

“သနပ္ခါးကေတာ့ ခပ္ေကာင္းေကာင္းပဲေဟ့၊ ဒါနဲ႔ ခုနကဘယ္သူလဲကြ”

က်ဳပ္အေတာ္အံ့ၾသသြားတာ။

“ဘယ္သူလဲဗ်”

“မင္းသနပ္ခါးကုန္းတူးေနတုန္း၊ ေဟာဟိုနားမွာ ရပ္ေနတဲ့လူႀကီးေလကြာ၊ ငါအခုေရာက္ေတာ့ မေတြ႕ေတာ့ပါလား”

က်ဳပ္စိတ္ထင္ေတာ့ ေတာေျခာက္ၿပီထင္တာပဲ၊ ဒါနဲ႔ အကိုႀကီးကိုပါ သနပ္ခါးပင္ဝိုင္းတူးခိုင္းၿပီးေတာ့ ညီအကိုႏွစ္ေယာက္ သနပ္ခါးပင္ထမ္းၿပီး ျပန္လာခဲ့ၾကတာေပါ့ဗ်ာ၊ ေတာင္႐ိုးေပၚက သနပ္ခါးပါရင္ အေမက ဝမ္းသာလို႔မဆုံးဘူးဗ်၊ အလကားလည္းရတယ္၊ အဲဒီသနပ္ခါးက ရွားေတာ့ အဖိုးလည္းတန္တယ္မဟုတ္လားဗ်ာ။ ဒါနဲ႔ က်ဳပ္တို႔လည္း သနပ္ခါးပင္ကို ေလွကားရင္းမွာေထာင္ၿပီးေတာ့ ေရမိုးခ်ိဳး၊ ထမင္းစားတာေပါ့ဗ်ာ၊ ညေနေစာင္းေနၿပီဆိုေတာ့လည္း ဒီသနပ္ခါးပင္ကို ေဆးေၾကာၿပီး ျဖတ္ဖို႔ျပဳဖို႔ မနက္ျဖန္မွလုပ္ေတာ့မယ္ဆိုၿပီး ဒီအတိုင္းပစ္ထားလိုက္တာေပါ့ဗ်ာ။

ညေရာက္ရင္ က်ဳပ္တို႔အိမ္ေပၚထပ္မွာအိပ္တဲ့လူေတြက အိမ္ေပၚတက္ခဲ့ၾကၿပီ၊ အကိုႀကီးတို႔လင္မယားလည္း အိပ္ခန္းထဲဝင္ေပါ့၊ အေဖကေတာ့ ညခုနစ္နာရီ၊ ရွစ္နာရီေလာက္ဆို ဘုရားကန္ေတာ့တယ္၊ အေမကေတာ့ မီးဖိုထဲက မထြက္ရေသးဘူး၊ မနက္ခင္းခ်က္ျပဳတ္ဖို႔ ျပင္ဆင္ေနရတာေပါ့ဗ်ာ၊ အငယ္မႏွစ္ေယာက္က အခန္းထဲမွာ တုံးလုံးပက္လက္ေပါ့၊ အငယ္ေကာင္လည္း သူလုပ္စရာရွိတာလုပ္၊ က်ဳပ္ကေတာ့ စာအုပ္ေလးကိုင္လာၿပီးေတာ့ အေဖထိုင္တဲ့ခုံတန္းကေလးမွာ ထိုင္ၿပီး စာဖတ္ေနတာေပါ့ဗ်ာ။

“ေတာက္ . . .ခြီး”

ေတာက္ေခါက္သံရယ္၊ ခြၽဲခပ္တဲ့အသံလို အသံႀကီးရယ္ ၾကားလိုက္ရတာဗ်၊ က်ဳပ္က ခုံတန္းေလးမွာထိုင္ေနတာဆိုေတာ့ အသံက က်ဳပ္ေဘးကေနထြက္လာေနတာ၊ က်ဳပ္လည္းၾကည့္လိုက္ေတာ့ ဘယ္သူမွမရွိဘူး၊ ခပ္လွမ္းလွမ္း မီးဖိုေခ်ာင္ထဲမွာေတာ့ အေမက ပဲေတြေရစိမ္ေနတယ္။ က်ဳပ္လည္း စာျပန္ဖတ္ေနရင္း

“ဟာ . . .ေဟ့”

ေအာ္သံၾကားျပန္ေရာဗ်ာ၊ လူႀကီးတစ္ေယာက္က ႀကိမ္းေမာင္းေနတဲ့အသံလိုပဲဗ်၊ က်ဳပ္ကေတာ့ အေဖမ်ားအိမ္ေပၚကေန ေအာ္ေနသလားေပါ့၊ အေမက ပဲေတြေရစိမ္ၿပီးေတာ့ မီးဖိုေခ်ာင္ထဲကအထြက္လက္ထဲမွာ ကိုင္ထားတဲ့ အိုးႀကီးျပဳတ္က်ပါေရာ။

“ေအာင္မယ္ေလးေတာ့”

“အေမဘာျဖစ္တာလဲ”

“မဟုတ္ဘူး၊ ခုနက ဒီအနားမွာ လူတစ္ေယာက္ရပ္ေနသလားလို႔”

က်ဳပ္အေမျပတဲ့ေလွကားရင္းကိုၾကည့္လိုက္ေတာ့လည္း ဘာမွမေတြ႕ဘူးဗ်။ အေမက က်သြားတဲ့အိုးျပန္ေကာက္ၿပီး အိမ္ေပၚတက္သြားေတာ့ က်ဳပ္လည္း စာဆက္ဖတ္ေနတယ္၊ ဖတ္ေနတဲ့စာအုပ္ကလည္း စုန္းစာအုပ္၊ သရဲစာအုပ္ဗ်ာ၊ ဖတ္ေနရင္းနဲ႔ ေနာက္ေက်ာေတြခ်မ္းတက္လာၿပီးေတာ့ ေခါင္းေမႊးေတြပါ ေထာင္ထလာတာ၊ က်ဳပ္က အစကေတာ့ သရဲစာအုပ္ဖတ္ၿပီး ကိုယ့္္ဖာသာေၾကာက္ေနတယ္မွတ္တာဗ်။ ေနာက္ေတာ့ အဟမ္းဆိုတဲ့ အသံၾကားလိုက္ရလို႔ ျဖတ္ခနဲလွည့္ၾကည့္လိုက္ေတာ့ က်ဳပ္အေနာက္မွာ လူရိပ္ႀကီးဗ်ာ၊ က်ဳပ္ၾကည့္လိုက္တဲ့အခ်ိန္မွာပဲ ျဖတ္ခနဲေပ်ာက္သြားတာ၊ က်ဳပ္လည္း တစ္ခုခုထူးဆန္းေနၿပီဆိုၿပီးေတာ့ ခုံတန္းေပၚက မီးခြက္ကိုမႈတ္ၿပီး အိမ္ေပၚေျပးတက္ခဲ့တာေပါ့။

အေဖက ဘုရားရွိခိုးေနရင္း ရပ္သြားတယ္ဗ်၊ ၿပီးေတာ့ ေလွကားထိပ္မွာရပ္ေနတဲ့ က်ဳပ္ကိုလွည့္ၾကည့္တယ္။

“အလတ္ေကာင္ ေလွကားထိပ္ကေနဖယ္စမ္းကြာ”

“အေဖ ဘာျဖစ္လို႔လဲ”

“ငါဘုရားရွိခိုးေနတုန္း ေလွကားထိပ္ကေန တစ္ေယာက္ေယာက္က လက္အေနာက္ပစ္ၿပီးၾကည့္ေနသလိုပဲ၊ လူပုံကေတာ့ အဘိုးႀကီးတစ္ေယာက္ပုံပဲ၊ ငါမ်က္စိမွိတ္ၿပီး ဘုရားရွိခိုးေနတုန္း အာ႐ုံထဲမွာ ေပၚလာတာဟ”

“ဒါဆို က်ဳပ္လည္းအတူတူပဲအေဖ၊ က်ဳပ္တို႔ေတာ့ သရဲေျခာက္ခံထိတာလား၊ ဒါမွမဟုတ္ အတိုက္တစ္ခုခုရွိေနၿပီလားပဲ”

အေဖက တိုင္ကနာရီကိုလွမ္းၾကည့္တယ္ဗ်။ နာရီက ေရွးေဟာင္းခ်ိန္သီးနာရီႀကီးေပါ့၊ အခ်ိန္က ရွစ္နာရီထိုးေတာ့မယ္၊ အေဖက ၾကည့္ေနရင္း

“ဦးဘသာ မအိပ္ေလာက္ေသးဘူးထင္တယ္”

က်ဳပ္လည္း အေဖဘာကိုဆိုလိုခ်င္တယ္ဆိုတာ သိၿပီမို႔ ဦးဘသာအိမ္ကို အေျပးလာခဲ့ေတာ့တယ္။ ဦးဘသာအိမ္ထဲမွာ ဆီမီးအလင္းေရာင္ေလးျမင္ေတာ့ ၿခံဝကေနလွမ္းေခၚတာေပါ့ဗ်ာ။ ဦးဘသာက အိမ္ေပၚကေနဆင္းလာတယ္။

“ေႏွာင့္ယွက္ရတာေတာ့ အားနာပါတယ္ဦးဘသာ၊ အိမ္မွာတစ္ခုခုျဖစ္ေနၿပီ”

ဦးဘသာက မဲ့ၿပဳံးၿပဳံးလိုက္ၿပီး

“ငါထင္ၿပီးသားပါကြ”

အဲဒီလိုေျပာၿပီး က်ဳပ္အေနာက္လိုက္လာခဲ့တယ္၊ ၿခံထဲကိုတန္းဝင္လိုက္တာနဲ႔ အိမ္ေလွကားရင္းနားမွာ ေထာင္ထားတဲ့ သနပ္ခါးပင္ႀကီးအနားကို ကပ္သြားတာပဲ၊ ၿပီးေတာ့ ေသေသခ်ာခ်ာၾကည့္ေနရင္း

“မင္းတို႔ ဒီအပင္ကို ဘယ္ကခုတ္လာတာလဲ”

“ေတာင္႐ိုးၾကားထဲ ေျမာင္ကေလးကပါ ဦးဘသာ”

“ေအးေအး၊ တစ္မိသားစုလုံး ေဟာဒီေျမႀကီးမွာထိုင္ၾကစမ္း၊ ၿပီးေတာ့ လက္အုပ္ခ်ီၿပီး သနပ္ခါးပင္ကိုေတာင္းပန္ၾက”

က်ဳပ္တို႔ထူးဆန္းသြားေတာ့မယ္။

“ဘာျဖစ္လို႔လဲဗ်”

“မင္းတို႔ခုတ္လာတဲ့အပင္မွာ ျမင့္ျမတ္တဲ့ပုဂၢိဳလ္တစ္ေယာက္ေနတယ္ကြ၊ သူက မင္းတို႔ကိုမေက်နပ္ေပမယ့္္ သူလုပ္ရင္ မင္းတို႔ဒုကၡျဖစ္မွာစိုးလို႔ သည္းခံေနတာေဟ့၊ ခုနက မင္းအေဖဘုရားရွိခိုးတာကိုလည္း သူက နားေထာင္ေနပုံရတယ္၊ ဘုရား၊ တရားသမား၊ သူေတာ္ေကာင္းႀကီးပါ၊ မင္းတို႔ သူေတာ္ေကာင္းကို ျပစ္မွားမိၿပီ”

ဦးဘသာေျပာေတာ့ က်ဳပ္တို႔လည္း ထိုင္ၿပီးကန္ေတာ့တာေပါ့ဗ်ာ၊ မွားတာရွိရင္ ခြင့္လႊတ္ေပးဖို႔ ေတာင္းပန္တာေပါ့၊ က်ဳပ္ျပန္ေတြးၾကည့္ေတာ့လည္း သနပ္ခါးပင္ခုတ္ခါနီးမွာ ေခ်ာင္းဟန႔္သံေတြ ဘာေတြၾကားရတယ္မဟုတ္လား၊ ဒီေတာ့ က်ဳပ္ကိုမ်ား သတိေပးတာမ်ားလားေပါ့ဗ်ာ။ ဦးဘသာကလည္း သနပ္ခါးပင္ႀကီးကိုၾကည့္ၿပီးေတာ့

“ဒီအပင္မွာေနထိုင္တဲ့ ဘိုးဘိုးႀကီးခင္ဗ်ာ၊ ကေလးေတြက မသိနားမလည္မိလို႔ မိုက္မွားမိပါတယ္၊ ဘိုးဘိုးႀကီး ခြင့္လြတ္သည္းခံေပးပါ၊ ကေလးေတြကိုလည္း အျပစ္မယူပါနဲ႔၊ မနက္ျဖန္မနက္ပဲ ဘိုးဘိုးႀကီးရဲ႕ေနရပ္ကို ျပန္လည္ပို႔ေဆာင္ေပးပါ့မယ္”

ဦးဘသာေျပာလိုက္ေတာ့ သနပ္ခါးနံ႔ေတြ ေမႊးတက္လာတာဗ်ာ၊ သနပ္ခါးပင္က အနံ႔နဲ႔မတူဘဲ သနပ္ခါးပန္းေမႊးသလိုကို ေမႊးလာတာ၊ ဘိုးဘိုးႀကီးက သူခြင့္လႊတ္ေၾကာင္း ျပတဲ့ပုံပဲဗ်၊ အဲဒီအပင္မွာ ပုဂၢိဳလ္ရွိလို႔ သူမ်ားေတြက ေတြ႕ေပမယ့္ မတူးမခုတ္ခဲ့တာေနမွာပါ၊ ဦးဘသာက က်ဳပ္တို႔ဘက္ကိုလွည့္ၿပီး

“မင္းတို႔ေကာင္ေတြ၊ သစ္ပင္ေတြကို မဆင္မျခင္ခုတ္လိုခုတ္၊ တူးလိုတူးလုပ္ၾကတာ သတိထားကြ၊ သူေတာ္ေကာင္းနဲ႔ေတြ႕လို႔သာေပါ့ကြာ၊ ဘီလူးတို႔၊ ကုမာၻန္တို႔နဲ႔ေတြ႕ရင္ မင္းတို႔ေကာင္ေတြအခုေလာက္ဆို ေသေလာက္ၿပီကြ၊ ေတာထဲေတာင္ထဲမွာ သစ္ေမႊးတို႔၊ နံ႔သာပင္တို႔ ေတြ႕ရင္ သတိထားရတယ္၊ နတ္ေတြ၊ ဘီလူးေတြ ကပ္ေနတတ္တယ္ကြ”

က်ဳပ္တို႔လည္း အဲဒီညေတာ့ သိပ္မအိပ္ရဲဘူးဗ်၊ အဲဒီအပင္ႀကီးက ဘာျဖစ္မလဲဆိုၿပီးေတာ့ ေတြးပူေနမိတာ၊ ဒါေပမယ့္ ေတာင္းပန္လိုက္လို႔ထင္ပါတယ္ဗ်ာ၊ တစ္ညလုံးေတာ့ ဘာမွမျဖစ္ေတာ့ဘူးဗ်၊ အဲ . . . သနပ္ခါးနံ႔ကေတာ့ ေမႊးေနေတာ့တာပဲ။

မနက္ေရာက္ေတာ့ က်ဳပ္တို႔ညီအကိုေတြ သနပ္ခါးပင္ႀကီးထမ္းၿပီး ျပန္ခဲ့ၾကတယ္၊ က်ဳပ္တို႔ေတြ႕ခဲ့တဲ့ေနရာမွာ ျပန္စိုက္ေပးခဲ့ၿပီးေတာ့ ေတာင္းပန္ခဲ့တာေပါ့ဗ်ာ၊ သနပ္ခါးပင္စိုက္ၿပီးေတာ့ က်ဳပ္တို႔ျပန္ထြက္လာၿပီး က်ဳပ္လည္း ေနာက္ေက်ာမလုံသလိုျဖစ္တာနဲ႔ ျဖတ္ခနဲလွည့္ၾကည့္ေတာ့ အဘိုးႀကီးတစ္ေယာက္က ရပ္ေနတာဗ်၊ ဝတ္ျဖဴစင္ၾကယ္ဝတ္ထားၿပီး ျဖဴျဖဴႀကီးဗ်၊ က်ဳပ္လွည့္ၾကည့္ၿပီး မ်က္စိအေရွ႕မွာပဲ ေပ်ာက္သြားတာထူးဆန္းပါေပ့ဗ်ာ။

(၄)

ခုတစ္ေလာေတာ့ အိမ္မွာရန္ေတြျဖစ္ေနတယ္ဗ်၊ ျဖစ္တာကလည္း အေၾကာင္းအရာက ႀကီးႀကီးမားမားမဟုတ္ဘူး၊ မနက္ေစာေစာ လယ္ထဲဆင္းမယ္ဆိုၿပီးေတာ့ က်ဳပ္လည္း အိမ္က ေက်ာက္ျပင္ႀကီးမွာ သနပ္ခါးေသြးၿပီးေတာ့ ဖုံေနေအာင္လူးၿပီး ဆင္းလာခဲ့တာေပါ့ဗ်ာ၊ ထမင္းစားဖို႔ စားပြဲမွာထိုင္လိုက္ေတာ့ အကိုႀကီးက က်ဳပ္မ်က္ႏွာကိုၾကည့္တယ္ဗ်။

“ေစာေစာစီးစီး၊ မင္းမ်က္ႏွာကိုၾကည့္ရတာ က်က္သေရမရွိဘူး အလတ္ေကာင္ရာ”

က်ဳပ္စိတ္ထဲလည္း ေထာင္းခနဲေဒါသထြက္သြားတယ္။

“ေအာင္မာ၊ အကိုႀကီးမ်က္ခြက္ကေရာ ဘယ္ေလာက္က်က္သေရရွိေနလို႔လဲ”

အကိုႀကီးကလည္း က်ဳပ္လိုပဲ သနပ္ခါးေတြ ဘဲၾကားလူးထားတာေပါ့ဗ်ာ၊ အတူတူနဲ႔အႏူႏူကို ဘိန္းစားခ်င္းတစ္လုံးပိုရႉခ်င္ေနတဲ့အကိုႀကီးကို က်ဳပ္လည္း ျပန္ေအာ္ေျပာလိုက္တာေပါ့။ အကိုႀကီးကလည္း ေဒါသျဖစ္သြားပုံရတယ္ဗ်၊ သူ႔လက္ထဲကိုင္ထားတဲ့ ေရေႏြးခြက္နဲ႔ က်ဳပ္ကိုလွမ္းေပါက္ထည့္တာ၊ က်ဳပ္က လည္း အေရွာင္အတိမ္းက ျမန္ေပလို႔ေပါ့ဗ်ာ၊ ေခါင္းကိုအသာငုံ႔ေရွာင္လိုက္ေတာ့ က်ဳပ္အေနာက္နား အိမ္ေအာက္ထပ္အခန္းထဲကေန ထြက္လာတဲ့ ႏို႔ညႇာညီမရဲ႕ ေျခခံကိုသြားထိပါေလေရာ၊

“အား . . . ေသပါၿပီ၊ သူေတာင္းစားႀကီး နင္ဘာလုပ္တာလဲ”

ႏို႔ညႇာမက ေရေႏြးအၾကမ္းပန္းကန္လုံးကို ေကာက္ၿပီး အကိုႀကီးဆီကိုျပန္ပစ္လိုက္ေတာ့ အကိုႀကီးေဘးနားမွာ မအူမလည္နဲ႔ထိုင္ေနတဲ့ အငယ္ေကာင္ရဲ႕ေခါင္းကို ေဒါင္ခနဲမွန္သြားတာေပါ့ဗ်ာ၊ အငယ္ေကာင္ကလည္း မတ္တပ္ထရ႕ပ္တယ္၊ ၿပီးေတာ့ ရန္ေတြျဖစ္ၾကတာ ေျပာမေနပါနဲ႔ဗ်ာ။ အကိုႀကီးနဲ႔က်ဳပ္နဲ႔ဆိုရင္ ရန္ျဖစ္ၿပီး ညီအကိုခ်င္းထိုးၾကတာဗ်၊ အဲဒါနဲ႔ အေဖက က်ဳပ္တို႔ကို ထိပ္တုံးခတ္လိုက္ပါေရာ၊ က်ဳပ္တို႔ညီအကိုဆို တစ္ေယာက္နဲ႔တစ္ေယာက္ မ်က္ႏွာခ်င္းေတာင္ မဆိုင္ခ်င္ဘူး။

အေမကေတာ့ မေကာင္းတတ္လို႔ ထမင္းလာေကြၽးတယ္၊ ၿပီးေတာ့ က်ဳပ္တို႔ႏွစ္ေယာက္ရဲ႕ေခါင္းကို သံပန္းကန္ျပားနဲ႔ေခါက္ၿပီး ဆဲလိုက္ဆိုလိုက္တာလည္း ေျပာမေနပါနဲ႔ေတာ့ဗ်ာ။ ဒီလိုနဲ႔ တစ္ရက္ၿပီးတစ္ရက္ အိမ္မွာ ရန္ပြဲေတြခ်ည္းဆက္ေနေတာ့တာ၊ အကိုႀကီးတို႔လင္မယားလည္း ႀကဳံရင္ႀကဳံသလိုရန္ျဖစ္ၾက၊ အငယ္မႏွစ္ေကာင္လည္း ဘာမဟုတ္တာနဲ႔ရန္ထျဖစ္ၿပီးေတာ့ ပါးေတြဆြဲ႐ိုက္လိုက္၊ ဆံပင္ေတြ ဆြဲလိုက္နဲ႔၊ အေမကလည္း တစ္အိမ္လုံးနဲ႔တစ္ေယာက္ဆိုသလိုျဖစ္ေနတာဗ်။

ေနာက္ရက္ေတာ့ လယ္ထဲကိုသုန္သုန္မႈန္မႈန္နဲ႔ဆင္းလာတဲ့က်ဳပ္ကိုျမင္ေတာ့ ဦးဘသာက ေသခ်ာစိုက္ၾကည့္တယ္၊ ၿပီးေတာ့ လယ္တဲထဲကိုလည္းၾကည့္တယ္။ က်ဳပ္တို႔ေမာင္ႏွမေလးေယာက္ လယ္ထဲသာဆင္းလာတာ၊ တစ္ေယာက္နဲ႔တစ္ေယာက္ ဘုနဲ႔ေဘာက္ျဖစ္ေနၾကတာကိုးဗ်၊ ေျပာလို႔မွမဆုံးေသးဘူး မီးဖိုမီးေမႊးတဲ့ ျပႆနာနဲ႔ က်ဳပ္နဲ႔အငယ္မ ရန္ျဖစ္ပါေရာလား၊ က်ဳပ္လည္း စိတ္ေတြအေတာ္တိုတယ္ဗ်၊ ဒါနဲ႔ ေပါက္တူးေကာက္ၿပီး အငယ္မေခါင္းကိုေျပးခုတ္တာဗ်။

“ေဟ့ေကာင္ရပ္စမ္း”

ဦးဘသာေအာ္လိုက္ေတာ့မွ က်ဳပ္လည္းတန႔္ခနဲရပ္သြားတာဗ်၊ ေပါက္တူးအသြားက အငယ္မ ငယ္ထိပ္ကိုက်ဖို႔ ကပ္သီးေလးဗ်ာ၊ က်ဳပ္တစ္ကိုယ္လုံးလည္း ဘယ္လိုျဖစ္ေနတယ္မသိဘူး။

“စိတ္ကိုေလ်ာ့ထားစမ္းပါအလတ္ေကာင္ရာ”

“မသိဘူးဗ်ာ၊ က်ဳပ္ကေတာ့ စိတ္တိုတယ္၊ သူ႔ကိုသတ္မယ္”

“ဟာကြာ၊ မင္းက ေျပာေလကဲေလပါလား၊ ေဟာဒီမွာလာထိုင္”

က်ဳပ္လည္း ဦးဘသာျပတဲ့ေနရာကို ေဘာက္ဆတ္ေဘာက္ဆတ္နဲ႔သြားၿပီးေတာ့ ငုတ္တုတ္ထိုင္ခ်လိုက္တယ္။

“မီးေမႊးတဲ့ျပႆနာနဲ႔ ေမာင္ႏွမခ်င္းသတ္စရာမလိုပါဘူးကြ၊ ၿပီးေတာ့ ငါၾကည့္ေနတာ၊ အခုတစ္ေလာ မင္းတို႔ေမာင္ႏွမေတြ သိပ္ၿပီးအေစးမကပ္သလိုပဲ”

“အိုဗ်ာ၊ ဒီေကာင္မေတြကမွ ေသာက္ခ်ိဳးမေျပတာ”

“ေျပာေလကဲေလပါလား အလတ္ေကာင္ရာ၊ မွန္းစမ္း၊ မင္းမ်က္လုံးကိုငါၾကည့္ရေအာင္”

ဦးဘသာက က်ဳပ္မ်က္ႏွာကိုေသခ်ာကိုင္ၿပီးေတာ့ မ်က္လုံးကိုေသေသခ်ာခ်ာၾကည့္တယ္၊ ၿပီးေတာ့

“သြားကြာ အလတ္ေကာင္၊ မင္းစိတ္ၾကည္သြားေအာင္ မ်က္ႏွာသြားသစ္လိုက္”

လယ္တဲအေရွ႕မွာခ်ထားတဲ့ စဥ့္အိုးထဲကေရနဲ႔ က်ဳပ္လည္းမ်က္ႏွာသစ္ထည့္လိုက္တယ္။ ဦးဘသာက က်ဳပ္ကိုေသခ်ာၾကည့္ၿပီး

“ကဲ မင္းဘာထူးျခားသလဲ”

က်ဳပ္လည္း မစဥ္းစားတတ္ေတာ့ဘူးဗ်။

“မင္းညီမ မီးေမႊးလို႔ မီးခိုးမႊန္တာနဲ႔ မင္းကသူ႔ကို႐ိုက္သတ္ေတာ့မလားကြ”

“ဟာဗ်ာ၊ ခုနက ေဒါသထြက္ေနလို႔ဗ်၊ အဲဒီလိုလုပ္စရာလား”

“မင္းတို႔အိမ္မွာျဖစ္ေနတာ ေသြး႐ိုးသား႐ိုးလို႔ေတာ့ ငါမထင္ဘူးကြာ”

“ဒါဆို ဘယ္လိုျဖစ္ေနတယ္လို႔ ဦးဘသာကထင္လို႔လဲ”

“ငါ့အထင္ကေတာ့ သနပ္ခါးေၾကာင့္ကြ”

“ဗ်ာ၊ သနပ္ခါးတဲ့လား”

“ဒီလိုလုပ္ကြာ ညေနအိမ္ျပန္ရင္ မင္းတို႔အိမ္က သနပ္ခါးတုံးကို ငါ့ဆီကိုယူလာခဲ့”

“ညေနေစာင့္မေနပါနဲ႔ဗ်ာ၊ က်ဳပ္အခုပဲေျပးယူမယ္”

က်ဳပ္လည္း အိမ္ျပန္ေျပးခဲ့တယ္၊ အိမ္မွာ က်န္ခဲ့တဲ့အေမက အေဖ့ကိုပြစိပြစိနဲ႔ ေျပာဆိုေနတယ္။ အေမ့မ်က္ႏွာၾကည့္ေတာ့လည္း သနပ္ခါးအေဖြးသားနဲ႔ဗ်။ အေဖကေတာ့ သနပ္ခါးမလူးဘူးေလ၊ က်ဳပ္အိမ္ေပၚတက္ခဲ့ၿပီးေတာ့ ေက်ာက္ျပင္ႀကီးအနားက သနပ္ခါးတုံးႀကီးကိုယူလိုက္တယ္၊ သနပ္ခါးတုံးႀကီးက ထြာဆိုင္ေလာက္နီးနီးကိုရွိတယ္ဗ်။ အေပြးေကာင္းၿပီးေတာ့ နီရဲေနတာပဲဗ်ာ။

က်ဳပ္လည္း သနပ္ခါးတုံးယူၿပီး ဆင္းလာတုန္းရွိေသးတယ္၊ က်ဳပ္မရီးနဲ႔အေမနဲ႔ ရန္ေတြျဖစ္ကုန္ပါေရာလား၊ က်ဳပ္လည္း ႀကံရာမရတာနဲ႔ လက္ကိုေရဆြတ္ၿပီးေတာ့ အေမ့မ်က္ႏွာကို အတင္းဝင္ပြတ္တယ္၊ အေမ့ပါးက သနပ္ခါးေတြ ပ်က္သြားေတာ့မွ အေမက ေဒါသေလ်ာ့သြားတယ္ဗ်။ က်ဳပ္လည္း သနပ္ခါးေၾကာင့္ဆိုတာ သိၿပီမို႔ ဦးဘသာဆီအျမန္ေျပးခဲ့တာေပါ့ဗ်ာ။

လယ္တဲေရာက္ေတာ့ အငယ္မတို႔အားလုံး မ်က္ႏွာသစ္ၿပီးသားျဖစ္ေနၿပီ၊ အားလုံးကလည္း ခုနကလို ေဒါသေတြထြက္မေနဘဲ မႈန္ကုပ္ကုပ္နဲ႔ဗ်၊ က်ဳပ္လည္း သနပ္ခါးတုံးကို ဦးဘသာကိုေပးလိုက္တယ္။ ဦးဘသာက သနပ္ခါးတုံးကို ေသေသခ်ာခ်ာၾကည့္ၿပီးေတာ့ ေခါင္းညိတ္တယ္။

“အလတ္ေကာင္ေရ၊ အိုးမဲနည္းနည္းယူခဲ့ကြာ”

က်ဳပ္လည္း ေရေႏြးအိုးဖင္မွာ ကပ္ေနတဲ့အိုးမဲေတြယူလိုက္တာေပါ့ဗ်ာ၊ ထင္းမီးဖိုဆိုေတာ့ အိုးမဲေတြကပ္ေနတာ မနည္းဘူးေပါ့၊ ဦးဘသာက အိုးမဲကိုလက္မွာတို႔ၿပီးေတာ့ သနပ္ခါးတုံးရဲ႕ လႊနဲ႔ျဖတ္ထားတဲ့ ထိပ္နဲ႔ေအာက္ဘက္ကို အိုးမဲနဲ႔ေသခ်ာသုတ္တယ္ဗ်၊ ႏွစ္ဖက္စလုံးကို စိမ္ေျပနေျပ အိုးမဲသုတ္ၿပီးေတာ့မွ က်ဳပ္ကိုျပတယ္။

“ဒီမွာ ဘာေတြလည္း၊ ၾကည့္လိုက္စမ္း”

က်ဳပ္ၾကည့္လိုက္ေတာ့ သနပ္ခါးတုံးရဲ႕ ထိပ္နဲ႔ေအာက္ဘက္က လႊနဲ႔တိတိျဖတ္ထားတဲ့ေနရာမွာ ေလးကြက္အင္းေတြေတြ႕တယ္ဗ်၊ အင္းဆံေတြကေတာ့ အဂၤလိပ္အကၡရာလိုလိုေတြေရးထားတာ။ လႊနဲ႔တိုက္ထားတဲ့ေနရာဆိုေတာ့ ဒီအတိုင္းၾကည့္လို႔ မျမင္ရဘူူးဗ်၊ အိုးမဲနဲ႔သုတ္ေတာ့မွ အင္းဆြဲထားတဲ့ အျခစ္ေၾကာင္းကေလးေတြက ထင္းေနေအာင္ ေပၚလာတာ။

“အဲဒါ အင္းေတြလား”

“ေသခ်ာတာေပါ့ကြာ၊ ဟိုဖက္ထိပ္၊ ဒီဖက္ထိပ္ဆြဲထားတာက မတည့္တဲ့အင္းလို႔ေခၚတယ္ကြာ၊ ဒီအင္းေၾကာင့္ ေဟာဒီသနပ္ခါးတုံးကို ေသြးၿပီးလိမ္းမိသူတိုင္း တစ္ေယာက္မ်က္ႏွာတစ္ေယာက္ျမင္တာနဲ႔ ရန္ျဖစ္ခ်င္လာတယ္၊ တစ္ခုခုဆိုရင္ ေဒါသထြက္လာတယ္ေပါ့ကြာ၊ မင္းေတာင္မွ ခုနက ငါေတြ႕လိုက္လို႔ မေတြ႕မ်ား မေတြ႕လိုက္ရင္ မင္းညီမေတာ့ ေသေလာက္ၿပီကြ”

“ေတာ္ေတာ္ေၾကာက္စရာေကာင္းပါလားဗ်ာ၊ ဒါနဲ႔ အိမ္ကသနပ္ခါးတုံးကို ဘယ္သူက အင္းကြက္ဝင္ဆြဲသြားတာလဲ”

“မင္းကလည္း တုံးလိုက္တာကြာ၊ မင္းတို႔အိမ္ထဲက သနပ္ခါးတုံးကို ဝင္ဆြဲတာျဖစ္ပါ့မလား၊ အင္းကိုသနပ္ခါးတုံးမွာ ေရးဆြဲၿပီးေတာ့မွ မင္းတို႔အိမ္ထဲကိုသြင္းတာျဖစ္မွာေပါ့”

“အိမ္ထဲကိုသြင္းတာဆိုေတာ့ . . .”

က်ဳပ္လည္း ဒီသနပ္ခါးတံုံးႀကီးကို က်ဳပ္တို႔မသိေအာင္ ဘယ္လိုမ်ားသြင္းသလဲဆိုၿပီး စဥ္းစားေနတာေပါ့ဗ်ာ။ ဒီအခ်ိန္မွာပဲ ဦးဘသာက က်ဳပ္ေခါင္းကို ေဒါက္ခနဲေခါက္တယ္။

“မင္းေတာ္ေတာ္စဥ္းစားေနရသလားကြ၊ ဒီသနပ္ခါးတုံးကို သူမ်ားလက္ေဆာင္ေပးတာျဖစ္မွာေပါ့ကြ”

“ဟာ၊ ဟုတ္သားပဲ၊ က်ဳပ္အေမ့ကိုေမးၾကည့္ရမယ္”

ဦးဘသာက သနပ္ခါးတုံးႀကီးကို က်ဳပ္ကိုျပန္ေပးတယ္။

“ေရာ့၊၊ ဒါႀကီးကိုလႊင့္ပစ္လိုက္ေတာ့”

က်ဳပ္လည္း သနပ္ခါးတုံးႀကီးကိုင္ၿပီး ေျပးလာရင္း ႐ြာထိပ္႐ိုးေခ်ာင္းနားေရာက္ေတာ့ ေရထဲကိုပစ္ခ်ထည့္လိုက္တာေပါ့ဗ်ာ၊ ၿပီးေတာ့မွ အိမ္ကိုအျမန္ေျပးလာခဲ့ရတယ္။ အိမ္ေရာက္တာနဲ႔ အေမက က်ဳပ္ကိုဆူပါေရာ။

“ဟဲ့အလတ္ေကာင္၊ အိမ္ကသနပ္ခါးတုံးႀကီး ဘယ္ေရာက္သြားသလဲ၊ ငါက လိမ္းဖို႔လိုက္ရွာေနတာ”

“အဲဒါအသာထားစမ္းပါအေမရာ၊ အေမ့ရဲ႕ အဲဒီသနပ္ခါးတုံးႀကီးကို ဘယ္လိုရတာလဲ”

“ဟဲ့၊ အဲဒါ ဦးဘျဖဴမိန္းမ၊ မယဥ္ေပးတာေလ”

“ဗ်ာ”

က်ဳပ္အေတာ္အံ့ၾသသြားတယ္၊ ဦးဘျဖဴဆိုတာက က်ဳပ္တို႔႐ြာက ဘုရားတရားသမားႀကီးဗ်၊ တစ္နည္းေျပာရရင္ သူေတာ္ေကာင္းႀကီးေပါ့ဗ်ာ၊ ဥပုဓ္ေန႔ဆို ဘုန္းႀကီးေက်ာင္းသြားသလို၊ အလႉေရစက္လက္နဲ႔မကြာတဲ့အျပင္ ဦးဘျဖဴဆိုတဲ့လူႀကီးက ဘုန္းႀကီးနီးပါး တရားေဟာႏိုင္တယ္ဗ်၊ အခု လက္ေဆာင္ေပးတာလည္း မယဥ္ဆိုေတာ့ က်ဳပ္လည္း စဥ္းစားရခက္ေနတာေပ့ါဗ်ာ၊ ဒါနဲ႔ ဒီအေၾကာင္းကို ဘယ္သူ႔ကိုမွမေျပာေတာ့ဘဲ စိတ္ထဲမွာပဲသိမ္းထားလိုက္တာေပါ့။

“ဟဲ့၊ ငါေမးေနတယ္ေလ၊ သနပ္ခါးတုံးေရာလို႔”

“ဟို၊ ဟို မရွိ . . .မရွိေတာ့ဘူး”

“ဟဲ့ ဘယ္ေရာက္သြားလို႔လဲ”

“႐ြာအျပင္႐ိုးေခ်ာင္းထဲက်သြားၿပီ”

“ေအာင္မယ္ေလး သြားပါၿပီေတာ္၊ ဒီေလာက္အေပြးေကာင္းၿပီးေတာ့ လိမ္းလို႔ေကာင္းတဲ့သနပ္ခါးႀကီးတုံးကို နင္ဘာျဖစ္လို႔ ႐ိုးေခ်ာင္းထဲကို ခ်လိုက္တာလဲဟဲ့”

အေမက စီးေနတဲ့ဖိနပ္ကို ခြၽတ္ထည့္လိုက္တာမို႔ က်ဳပ္လည္း ၿခံထဲကေန အေျပးထြက္တာေပါ့ဗ်ာ၊ ဒါေပမယ့္ အေမ့ဖိနပ္က က်ဳပ္ထက္ျမန္တယ္ဗ်၊ က်ဳပ္ရဲ႕ဇက္ပိုးကို ေျဖာင္းခနဲလာမွန္တာ၊ က်ဳပ္လည္း ေနာက္ဖိနပ္တစ္ဖက္ ပ်ံၿပီးထြက္မလာခင္ ႐ြာျပင္ကို ေျခကုန္ေျပးခဲ့ရတာေပါ့ဗ်ာ။

ၿပီးပါၿပီ။

#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ