Unicode Version
” စုန်းထီးကြီး ဦးဘသာနှင့် ဘုရားဒကာ ဦးဘဖြူ “(စ/ဆုံး)
————————————————————————
အတွဲ(၃) စာစဉ် (၁၄)
(၁)
ကျုပ်တို့မြန်မာတွေ ပြောလေ့ရှိတဲ့စကားတစ်ခွန်းရှိတယ်ဗျ၊ အပြောနဲ့အလုပ်နဲ့ မညီတဲ့သူဆိုရင်တော့ “ပါးစပ်က ဘုရားဘုရား၊ လက်က ကားယားကားယား” လို့ပြောဆိုတတ်ကြတယ်မဟုတ်လားဗျာ။ ကျုပ်တို့ရွာမှာလည်း အဲဒီစကားနဲ့လိုက်တဲ့လူတစ်ယောက်ရှိတယ်ဗျ၊ အဲဒီလူကတော့ ဘုရားဒကာကြီး ဦးဘဖြူပဲ။
ဘုရားတရားနဲ့ပတ်သက်လို့ကတော့ ဦးဘဖြူလောက်သိတဲ့လူ ရွာမှာမရှိဘူးဗျ၊ အသက်ကတော့ ခုနစ်ဆယ်ကျော်ပြီး ရှစ်ဆယ်နားတောင်ကပ်နေပါပြီဗျာ၊ လူက ခပ်ပုပု၊ အညာသားဆိုတော့ အသားကခပ်မဲမဲပေါ့၊ ငယ်နာမည်ကတော့ ဦးဖိုးလှတဲ့ဗျ၊ နာမည်နဲ့လူနဲ့ကတော့ တခြားစီပါဗျာ၊ အသက်ငါးဆယ်ကျော်တော့ ခရုသင်းသမင်ဖြူတွေ တစ်ကိုယ်လုံးပေါက်ပြီးတော့ အသားအရေက ဖြူတက်လာတာ၊ ဒါနဲ့ပဲ ရွာရဲ့ထုံးစံအတိုင်း ငယ်နာမည်ပျောက်ပြီးတော့ ဦးဘဖြူလို့ခေါ်ကြပါရောဗျာ၊ ခရုသင်းတွေနဲ့ တစ်ကိုယ်လုံးဖြူနေတော့ မသိရင် ဘိုကြီးလိုလို၊ တရုတ်ကြီးလိုလိုပေါ့ဗျာ၊ ခရုသင်းဆိုတာကလည်း ဖွေးဖွေးဆွတ်အောင်ဖြူတာဆိုတော့ ဦးဘဖြူဆိုတဲ့နာမည်နဲ့ အံကိုက်ပါပဲဗျာ။
ကျုပ်တို့ခေတ်က သံဃာတွေလည်း ဂိုဏ်းဂဏတွေ ကွဲကြတယ်၊ လူတွေလည်း ဘုရားတရားဆိုပေမယ့်် ဂိုဏ်းအမျိုးမျိုး၊ ကျင့်စဉ်အမျိုးမျိုးနဲ့ ကွဲနေတာပေါ့ဗျာ၊ အဲဒီဦးဘဖြူကြီးက အရင်တုန်းက မိုးပြာဂိုဏ်းကဆိုပဲ၊ နောက်တော့မှ ဂိုဏ်းကထွက်သွားတာ၊ ဘုရားတရားဆိုလည်း သိပ်လုပ်တာပဲဗျာ၊ အမြဲတမ်း လည်ပင်းမှာပုတီးကြီးဆွဲလို့၊ ရွာထဲလမ်းလျှောက်တဲ့အခါလည်း ပုတီးတစ်ကုံးစိပ်ရင်း လျှောက်နေတာပဲဗျာ၊ စာပေကျမ်းဂန်တွေဆိုရင်လည်း တော်တော်များများမှတ်သားထားတော့ တစ်ခုခုပြောရင် ဘုရားဟောဇတ်တော်ထဲက ကောက်နှုတ်ပြီး ဥပမာပေးတယ်၊ နောက်ပြီးတော့ ဘယ်ကျမ်းကလာတာ၊ ဘယ်မဂ်၊ ဘယ်ပါဠိ၊ ဘယ်အဌကထာထဲက လာတယ်ဆိုတာကို တန်းပြောနိုင်တော့ ရွာကလူတွေ လေးစားကြတာမဆန်းပါဘူးဗျာ။
လူဖြစ်ပြီးတော့ တရားဟောကလည်း သိပ်ကောင်းဗျ၊ ကျုပ်တို့ရွာမှာ အခုလက်ရှိတက်နေတဲ့ ရွာဦးကျောင်းဆရာတော်တောင်မှ ဦးဘဖြူလောက် တရားမဟောတတ်ဘူး၊ ဥပုဓ်သည်တွေများလာပြီဆိုတာနဲ့ ဦးဘဖြူက ဆရာတော်ရဲ့အခြေအနေကိုကြည့်ပြီးတော့ တရားဖမ်းဟောတာပဲဗျာ။ တရားဟောတဲ့အခါကျတော့လည်း ရိုးရိုးရှင်းရှင်းကြီးမဟုတ်ဘူးဗျ၊ ဟာသလေးတွေထည့်ဟော၊ အဖြစ်မှန်လေးတွေထည့်၊ တစ်ခါတစ်လေ ဘုရားဟောတဲ့ဇတ်တော်တွေကို ကွက်စိပ်သဘောမျိုးတောင် ဟောပြတယ်ဆိုတော့ တရားနာတဲ့လူကြီးတွေမပြောနဲ့၊ ဘုန်းကြီးကျောင်းသားတွေနဲ့ ကလေးတွေတောင်မှ ငေးမောပြီးနားထောင်ရတဲ့အထိကိုကောင်းတာ။
အလှူအတန်းရှိပြီဆိုလို့ကတော့ ဦးဘဖြူတော့ ငွေဖလားပိုက်ပြီပေါ့ဗျာ၊ အာပေါင်အာရင်းသန်သန်နဲ့ ရွာထဲပတ်ပြီးအလှူခံတာပေါ့။ စကားပြောကလည်းသိပ်ကောင်းတာဗျ၊ မလှူချင်တဲ့လူကို လှူအောင်ပြောတတ်တယ်၊ နည်းနည်းလှူတဲ့လူကို များများလှူလာအောင်၊ များများလှူတဲ့လူကိုလည်း ခဏခဏလှူအောင်ပြောတတ်သဗျ၊ ဆုပေးတာကလည်း ပြောမနေပါနဲ့၊ ဘုန်းကြီးတွေ လေ့ကျင့်ပြီးကျက်ကြတဲ့ ဆုထူးပန်ကျမ်းတို့၊ ဆုပေးကျမ်းတို့ကို အရည်ကျိုသောက်ထားသလားမှတ်ရတယ်ဗျ။ ဒီတော့လည်း ရွာထဲကလူတွေက အားကိုးကြ၊ လေးစားကြနဲ့၊ သူ့အသက်အရွယ်နဲ့လည်းဆိုတော့ ရွာခံလူကြီးတစ်ဦးဖြစ်သွားတာပေါ့ဗျာ၊ ရွာမှာ တစ်ခုခုကို အများဆန္ဒနဲ့ တိုင်ပင်ဆုံးဖြတ်ကြပြီဆိုရင် သူ့ကိုမပါမဖြစ်ခေါ်ကြ၊ တိုင်ပင်ကြပေါ့ဗျာ။
တစ်ရက်တော့ မနက်ခင်းအစောကြီး ဦးဘဖြူတို့ အိမ်ကိုပေါက်ချလာပါရောဗျာ။ အဖေက ဦးဘဖြူကိုကြည့်ရင်း
“ဦးဘဖြူတစ်ယောက် ငွေဖလားကြီးပိုက်လို့ပါလား၊ ဧကန္တတော့ အလှူခံဖို့ကိစ္စထင်တယ်”
“ဒါပေါ့သူကြီးရာ၊ မရှိလို့မလှူ၊ မလှူလို့မရှိတဲ့ဗျ၊ အခုတစ်ခေါက်လာရတာကတော့ ရွာထဲက ခွေးလွေခွေးလွင့်တွေကို ထမင်းကျွေးပြီး ဒါနပြုဖို့လာခဲ့တာပဲ”
အဖေက မျက်မှောင်ကြုတ်သွားတယ်ဗျ၊ ကျုပ်လည်း ပြုံးစိစိလုပ်နေတာပေါ့၊ ဘယ်သူမှ မွေးမထားဘဲ၊ သူ့အလိုလိုချီးစားပြီးတော့ တိုးပွားလာတဲ့ခွေးတွေကိုများ အဆန်းတကြယ်လုပ်ပြီး အစာကျွေးမလို့တဲ့ဗျာ။ အဖေကလည်း သိတယ်။
“ခွေးစာကျွေးချင်တာများဗျာ၊ ဦးဘဖြူတို့ ဆန်တစ်ပြည်လောက်ချက်ပြီး ကျွေးရင်ရပါတယ်”
ဦးဘဖြူက ခေါင်းခါလိုက်ပြီး
“ကျုပ်တစ်ယောက်တည်းကျွေးလိုက်လို့ရတယ်သူကြီး၊ ဒါပေမယ့် ကျုပ်က မိတ်ဆွေကောင်းဆိုတော့ သူကြီးတို့အကုန်လုံးကို ကုသိုလ်ရစေချင်လို့ပါ၊ တာဝတိ ံသာနတ်ပြည်မှာ သိကြားမင်းဖြစ်နေတဲ့ ဦးမာဃကြီးတောင်မှ သူတစ်ယောက်တည်းကုသိုလ်မလုပ်ဘဲ၊ သူ့မိတ်ဆွေ သုံးကျိပ်သုံးယောက်ကိုပါ အတူတကွကုသိုလ်ပြုခိုင်းလို့ သေဆုံးတဲ့အခါ နတ်ပြည်မှာ သုံးကျိပ်သုံးယောက်သော နတ်မင်းကြီးတွေဖြစ်သွားတယ်မဟုတ်လား”
“သူတို့က လမ်းပြင်လမ်းဖောက်၊ တံတားဆောက်ကြတာကိုးဗျ၊ သုံးကျိပ်သုံးယောက်အားနဲ့မှ ရမှာပေါ့၊ အခု ဦးဘဖြူက ခွေးစာကျွေးမှာမဟုတ်လား”
“ရော်၊ သူကြီးရာ၊ ဒီမယ်သူကြီးရဲ့ တိရစ္ဆာန်တစ်ကောင်ကိုလှူရင် ဘဝပေါင်းတစ်ရာ ချမ်းသာရတယ်ဗျ၊ အဲဒါ ကျုပ်ပြောတာမဟုတ်ဘူးနော်၊ ဘုရားဟောတာ၊ ဒီတော့ သူကြီးသာငွေနည်းနည်းလှူဒါန်းမယ်ဆိုရင် ကျုပ်တို့ ဘဝပေါင်းတစ်ရာလောက်တော့ အတူတူကောင်းစားကြမယ်၊ ပြီးတော့ ကျုပ်တို့အားလုံးအတူတူ ဟောဒီကုသိုလ်တစ်ခုအရင်းပြုပြီးတော့ နတ်ဘုံနတ်နန်းမှာ အတူတူခံစားစံစားကြရမယ်မဟုတ်လား”
“ဟုတ်ပါပြီ ဦးဘဖြူရာ၊ ရော့ ငွေအစိတ်၊ ဟုတ်ပြီလား”
အဖေက အိပ်ထဲက ပိုက်ဆံနှိုက်ပြီး ဖလားထဲကိုထည့်လိုက်တော့တယ်၊ ဦးဘဖြူက ဖလားကိုတချွင်ချွင်ခေါက်ပြီးတော့၊ အဖေ့ကိုဆုတွေပေးတယ်။ ပြီးတော့ ကျုပ်ဘက်ကိုလှည့်လာတယ်။
“အလတ်ကောင် မင်းလည်းလှူအုံး”
“ဟာဗျာ၊ ကျုပ်ဖာသာကျုပ်ခွေးတစ်ကောင်ကို ထမင်းကြမ်းခဲပစ်ကျွေးလိုက်မှာပေါ့၊ မလှူနိုင်ပါဘူးဗျာ”
“မရှိလို့မလှူ၊ မလှူလို့မရှိတဲ့၊ မင်းအခုမွဲနေတာ အလှူအတန်းမလုပ်လို့ကွ”
ကျုပ်လည်း စိတ်ထဲတော့ ဒေါသထွက်သွားတာပေါ့ဗျာ၊ ဦးဘဖြူက ကျုပ်ကိုသေချာကြည့်ပြောပြီးတော့ ပြုံးဖြီးဖြီးနဲ့ထွက်သွားပါရောဗျာ၊ ကျုပ်လည်း အဖေ့ကိုကြည့်ရင်း
“အဖေရာ၊ ဒီလူကြီးကတော့ အားနေရင် အလှူခံဆင်းနေတာပဲ၊ ပြီးတော့ သူလှူပါတယ်ဆိုပြီးတော့ နာမည်ကောင်းက ဝင်ယူအုံးမယ်”
“ဒါတွေ မတွေးပါနဲ့အလတ်ကောင်ရာ၊ သူ့အလှူမှာကိုယ်ထည့်လိုက်ရတယ်ဆိုပြီးတော့ ကောင်းတဲ့စိတ်ပဲတွေးစမ်းပါ”
ကျုပ်ကတော့ မတွေးနိုင်ပါဘူးဗျာ။
“အိုဗျာ၊ သူကြီးအလှူရွာသားကောင်းမှုပဲကြားဖူးတယ်၊ အခုကတော့ ဦးဘဖြူအလှူက ရွာသားကောင်းမှုဖြစ်နေပြီ အဖေရ”
ကျုပ်လည်း မနက်စာစားသောက်ပြီးတော့ လယ်ထဲဆင်းခဲ့တယ်။ ထင်တဲ့အတိုင်းပါပဲဗျာ၊ သုံးလေးရက်လောက်ကြတော့ ခွေးအစာကျွေးပွဲက စတင်ပါရော၊ ဦးဘဖြူရဲ့ တိရစ္ဆာန်များအပေါ် ဒါနပြုပွဲဆိုပြီးတော့ ခေါင်းစဉ်က တပ်ထားသေးတယ်၊ ရွာပြင်ဇရပ်ပျက်တွေအနားမှာ ဖျာကြမ်းကြီးတွေခင်းပြီးတော့ ကျွေးတာပေါ့ဗျာ၊ အဲဒီဖျာကြမ်းအပေါ်မှာ ထမင်းတွေပုံပြီးတော့ အမဲရိုးတွေ၊ အမဲအရွတ်တွေ ပြုတ်ထားတဲ့အရည်တွေကိုဆမ်းတာပေါ့ဗျာ၊ တစ်ရွာလုံးက ခွေးအငတ်တွေကလည်း အစားအသောက်ဆိုတော့ လာစားကြတာပေါ့ဗျာ၊ ဦးဘဖြူက ပိတ်ဖြူစင်ကြယ်ဝတ်ပြီးတော့ ခေါင်းပေါင်းအဖြူကြီးနဲ့ ခွေးတွေစားသောက်နေတဲ့အရှေ့မှာရပ်တယ်ဗျ။
“ယနေ့ယခုတွင် ကျွနုပ်သည် ခွေးသတ္တဝါအပောင်းတို့အား အစာရေစာကျွေးကာ၊ ကုသိုလ်ပြု ဒါနပြုခဲ့ပါသည်။ ယခုပြုရသည့် ကုသိုလ်ဒါနသည် ကျွန်ုပ် အတွက် ဒါနပါရမီ ဖြစ်ပါစေသတည်း”
သူက ရွတ်နေတုန်း ကျုပ်လည်း စိတ်ပေါက်ပေါက်နဲ့ မြေစာခဲကောက်ပြီးတော့ ခွေးအုပ်ထဲကိုပစ်ထည့်လိုက်တယ်ဗျ၊ ခွေးဆိုတဲ့အမျိုးက အတူတူစားကြသောက်ကြရရင်တောင်မှ လုကြယက်ကြ၊ စားမန်(စမန်) ခုတ်ကြနဲ့ဆိုတော့ ကျုပ်ပစ်တဲ့မြေစာခဲကို ထိသွားတဲ့ခွေးက ထပြီးအော်တော့တာပေါ့ဗျာ၊ သူ့ဘေးနားကိုလည်း ပတ်ရမ်းတာပေါ့၊ အဲဒါနဲ့ဖျာကြမ်းပေါ်မှာ ထမင်းစားနေတဲ့ခွေးတွေလည်းတစ်ကောင်နဲ့တစ်ကောင် ကိုက်ကြပြုကြရင်း ခွေးကိုက်ပွဲကြီးဖြစ်သွားပါလေရော၊ ခွေးတွေနားမှာ ပိတ်ဖြူစင်ကြယ်နဲ့လုပ်နေတဲ့ ဦးဘဖြူကိုလည်း ခွေးတွေက မျက်စိနောက်ပြီး လိုက်ဆွဲကြတော့ ဦးဘဖြူခမျာ ဆုတောင်မတောင်းလိုက်ရဘဲနဲ့ ပုဆိုးစွန်တောင်ဆွဲပြီးတော့ ရွာထဲကိုပြန်လှည့်ပြေးရပါရောလားဗျာ။
(၂)
ဒီလူကြီးကို ရွာကလူကြီးပိုင်းတွေကသာ ကြည့်ရပေမယ့်၊ လူငယ်ကာလသားပိုင်းကတော့ ကြည့်မရဘူးဗျ၊ သူက ပါးစပ်မှအငြိမ်မနေတာ၊ နေရာတကာလည်း ပါချင်တယ်ဆိုတော့ ဟိုလိုက်ပြော၊ ဒီလိုက်ပြောနဲ့ပေါ့ဗျာ၊ ကျုပ်တို့အရက်သောက်နေတာမြင်ရင် အရက်သောက်ရင် ရူးတတ်ကြောင်း စာပေကျမ်းဂန်တွေနဲ့ထောက်ပြပြီးတော့ ပြောဆိုလို့မဆုံးဘူးဗျ၊ သူကျတော့ အရက်ကို ဖြူအူနဲ့စိမ်ပြီး သောက်တယ်၊ အံမယ် ဒါကျတော့ ဆေးအဖြစ်နဲ့သုံးတာ ရတယ်ပေါ့ဗျာ၊ ကျုပ်တို့ကတော့ ဒီလူကြီးတွေ့ရင် ရှောင်တယ်၊ တရားဟောခံရရင် နားငြီးတာကိုးဗျ။
ကျုပ်တို့ဒီလူကြီးကို ဒဲ့ရွံသွားတာကတော့ ဒီလိုဗျ၊ အဲဒီတုန်းက ကျုပ်အသက် နှစ်ဆယ်လောက်ပေါ့ဗျာ၊ တစ်ရက်တော့ ဦးဘဖြူကြီးက အိမ်ကိုရောက်လာပြန်ပါရော၊ လက်ထဲမှာ ငွေဖလားကိုင်ထားတာမတွေ့တော့၊ အလှူခံဖို့လာတာမဟုတ်လောက်ဘူးပေါ့ဗျာ၊ ဦးဘဖြူက အဖေ့အနားမှာကပ်ထိုင်ရင်း
“ကျုပ်သူကြီးကို အရေးတကြီးတိုင်ပင်စရာတစ်ခုရှိတယ်”
ပြီးတော့ ဦးဘဖြူက ကျုပ်ကိုကွက်ကြည့်၊ ကွက်ကြည့်လုပ်နေပါရော၊ ကျုပ်လည်း ဒီလောက်တော့ နပ်ပါတယ်၊ ကျုပ်ကိုပထုတ်ချင်တဲ့သဘောပေါ့ဗျာ၊ ကျုပ်လည်း ဒါနဲ့ အိမ်ပေါ်ကိုတက်ခဲ့တော့တယ၊ ဒါပေမယ့် ကျုပ်ဆိုတဲ့ကောင်က ကျုပ်ကိုမသိစေချင်လေ၊ ပိုပိုပြီးသိချင်လေမဟုတ်လား၊ ဒါနဲ့ လှေကားပေါ်တက်ပြီး ပုဏ္ဍကွယ်ကနေ အသာချောင်းပြီးနားထောင်နေတာပေါ့ဗျာ။
“ကဲ၊ ဘာများအရေးကြီးလို့လဲ ဦးဘဖြူ”
“ဒီလိုပါသူကြီးရာ၊ မတင်လှတို့ပိုင်တဲ့ လယ်ဧကနှစ်ဆယ်လောက်က အခုမစိုက်ပျိုးတာကြာပြီမဟုတ်လား”
“အေးလေ၊ သူ့ယောက်ျားသေသွားတော့ လယ်လုပ်မယ့်လူမှမရှိတော့တာ၊ အဲဒါဘာဖြစ်သလဲ”
“ဘာဖြစ်ရမှာလဲသူကြီးရာ၊ သူတို့လယ်တွေကို သူကြီးက သိမ်းလိုက်ပေါ့”
“ဘာဗျ”
အဖေ့အသံက မာသွားတယ်ဗျ၊ ဦးဘဖြူကတော့ဆက်ပြောတယ်။
“ဟုတ်တယ်သူကြီး၊ သူတို့မစိုက်ပျိုးတာကြာလို့ဆိုပြီး သူကြီးကသိမ်းလိုက်ဗျာ၊ သူကြီးသာလုပ်မယ်ဆိုရင် ရွာကလူတွေက နာခံကြပြီးသားပါ”
“ကျုပ်က သိမ်းပြီးတော့ ဘာလုပ်ရမှာလဲ”
ဦးဘဖြူက ဘေးဘီကိုကြည့်လိုက်ပြီးတော့
“သိမ်းပြီးတော့ သူကြီးနဲ့ကျုပ်နဲ့ တစ်ယောက်ဆယ်ဧကစီ ခွဲယူမယ်ဗျာ၊ အလကားတော့ မယူပါဘူးဗျာ၊ မတင်လှတို့ကို တစ်ဧကကို နှစ်ရာပေးလိုက်မယ်လေ၊ ဒါဆိုရင် သူတို့လည်းအဆင်ပြေ၊ ကျုပ်တို့လည်းအဆင်ပြေတယ်မဟုတ်လား”
အဖေက ခေါင်းခါပြီးတော့
“နေစမ်းပါအုံး၊ အခုကျုပ်မှာလည်း လယ်တွေရှိနေတာပဲ၊ ခင်ဗျားမှာလည်း လယ်တွေများတယ်မဟုတ်လား၊ ဘာဖြစ်လို့ သူများလယ်ကို မတော်မတရားလုပ်ပြီး လိုချင်တာလဲဗျ”
ဦးဘဖြူက ရယ်ကျဲကျဲနဲ့
“သူကြီးမှာလည်း သားသမီးတွေရှိတယ်မဟုတ်လားဗျာ၊ တစ်နေ့ကျလို့ ဒီသားသမီးတွေကို လယ်တွေခွဲပေးမယ်ဆိုရင် အခုပိုင်တဲ့လယ်လောက်နဲ့ လောက်ငှပါ့မလား၊ သူကြီး ကျုပ်ပြောတာကို အထင်မမှားနဲ့နော်၊ ဆယ်ဧကဆိုတာ မနည်းဘူးဗျ၊ နောက်ပြီး မတင်လှတို့ကလည်း စိုက်ပျိုးတာမှမဟုတ်တာ”
“တော်စမ်းပါဦးဘဖြူ၊ ဦးဘဖြူ ဝယ်ချင်သပဆိုရင် မတင်လှတို့ဆီသွားပြီး တောင်းဝယ်ပေါ့ဗျာ၊ ကျုပ်ကတော့ ကိုယ်ရလိုမှုအတွက်နဲ့ သူများအပေါ် မတော်သြဇာသုံးပြီးမလုပ်ချင်ဘူး၊ ဦးဘဖြူပြန်ပါတော့၊ ဒီကိစ္စဆိုရင်တော့ ကျုပ်အကူအညီမပေးနိုင်ဘူး”
ဦးဘဖြူလည်း ဒေါသထွက်သွားပုံရတယ်ဗျ၊ ပြီးတော့ အဖေ့ကိုမကျေမနပ်နဲ့ကြည့်ရင်း ပြန်ထွက်သွားတော့တယ်၊ ဒီတော့မှ ကျုပ်လည်း အိမ်ပေါ်ကနေဆင်းလာတယ်။
“တော်တော်အကျင့်မကောင်းတဲ့လူကြီးဗျာ”
“သွားပြောမနေပါနဲ့အလတ်ကောင်ရာ၊ မတင်လှဆီကလယ်တွေကို သူကမတော်မတရားတဲ့နည်းနဲ့လိုချင်တာကွ၊ လယ်တစ်ဧကကို ငွေနှစ်ရာပဲပေးချင်သတဲ့ကွာ၊ ငါကတော့ ဒီလိုကိစ္စဘယ်တော့မှမလုပ်ဘူး”
“ဒီလူကြီးကလည်းဗျာ၊ ပြီးရင်ပါးစပ်က ဘုရားတရားအကြောင်းကိုမချဘူး၊ အခုသူဒီလိုလုပ်တယ်ဆိုတာ လူတွေသိကြည့်ပါလား”
“အလတ်ကောင်ရာ၊ ဦးဘဖြူဆိုတဲ့လူက တရားပဲသိတာကွ၊ တရားမရှိဘူး၊ တို့ဗုဒ္ဓဘာသာမှာက တရားကိုသိရုံနဲ့မရဘူး၊ သိထားတဲ့တရားကို လက်တွေ့ကျင့်သုံးနိုင်မှမဟုတ်လား”
ဒီလိုနဲ့ တစ်လလောက်ကြာတော့ ဦးဘဖြူတို့နဲ့ မတင်လှတို့ ကျုပ်တို့အိမ်ကိုရောက်လာပါရောဗျာ၊ ဦးဘဖြူမျက်နှာကတော့ ပြုံးလို့ဗျ။
“သူကြီး၊ မတင်လှက သူ့လယ်ဧကနှစ်ဆယ်လောက်ကို ကျုပ်ကိုရောင်းမလို့တဲ့၊ အဲဒါ သူကြီးရှေ့မှာပဲ အသိသက်သေထားပြီးတော့ အရောင်းအဝယ်လုပ်တာ”
ကျုပ်လည်း ကြည့်နေတာပေါ့၊ သူတို့ဟာသူတို့ ဘယ်လိုညှိလိုက်လဲတော့မသိပါဘူးဗျ၊ ဒါနဲ့ အဖေရဲ့ရှေ့မှာပဲ ငွေချေကြ ရောင်းကြဝယ်ကြပေါ့၊ ပြီးတော့ မတင်လှက ငွေကလေးယူပြီး ကုပ်ချောင်းချောင်းနဲ့ပြန်သွားတယ်၊ ဦးဘဖြူကတော့ ကျန်နေခဲ့တာပေါ့ဗျာ၊ ပြီးတော့ သက်ပြင်းတစ်ချက်ချပြီးတော့။
“သူကြီးရေ၊ လောကမှာ လူနပ်က ချမ်းသာသတဲ့၊ ပါးနပ်တဲ့လူပဲ ချမ်းသာတယ်ဆိုတာ သူကြီးသိထားသင့်တယ်”
ကျုပ်တောင် ဒီစကားကြားပြီးတော့ ဒေါသထွက်သွားတာဗျ၊ အဖေကတော့ အေးအေးလူလူပါပဲ။
“ကျုပ်တို့က ငတ်မနေပါဘူး ဦးဘဖြူရ၊ ကျုပ်ကတော့ သူများလက်ထဲကနေ မတော်မတရားလုပ်ပြီးမှ ချမ်းသာမယ့်အစား လျှာပေါ်မှာပဲ မြက်အပေါက်ခံလိုက်မယ်”
ဦးဘဖြူကြီးက အဖေ့စကားကြားပြီး တော်တော်ခံပြင်းသွားပုံရတယ်။ နောက်တော့ အင်္ကျီအိတ်ကပ်ထဲက နှစ်ရာထုတ်ပြီးတော့ အဖေ့ကိုလှမ်းပေးတယ်ဗျ၊ အဖေက တစ်ဖက်ကိုမျက်နှာလှည့်လိုက်ပြီးတော့
“ကျုပ်က ပွဲစားမဟုတ်ဘူး ဦးဘဖြူ၊ ဦးဘဖြူပိုက်ဆံသာ ပြန်ယူသွားပါ၊ တော်ကြာပတ်ဝန်းကျင်က မြင်ရင် ဦးဘဖြူနဲ့ကျုပ်နဲ့ကို တစ်မျိုးထင်ကုန်ပါအုံးမယ်”
ဦးဘဖြူက နှစ်ရာတန်ကို အိတ်ကပ်ထဲပြန်ထည့်လိုက်ပြီးတော့ အဖေ့ကိုလက်ညှိုးထိုးပြီးတော့
“သူကြီးရေ၊ လောကကြီးမှာ သစ်ဖြောင့်၊ ဝါးဖြောင့်ကိုပဲ အရင်ဆုံးရွေးပြီး အခုတ်ခံရသတဲ့ဗျာ”
ဦးဘဖြူက ပြောပြီးတော့ ပြုံးဖြီးဖြီးနဲ့ထွက်သွားပါရောဗျာ။ ကျုပ်ဖြင့် ဒေါသထွက်လို့မဆုံးဘူးပေါ့ဗျာ၊ နောက်မှသိရတာက မတင်လှက ရောဂါဖြစ်တာတဲ့ဗျာ၊ အဲဒါနဲ့ ဦးဘဖြူကြီးက လိုလိုလားလား ပိုက်ဆံတွေထုတ်ချေးတယ်ဆိုပဲ၊ ရောဂါအတွက် မြို့တက်ပြီး ဆေးကုရ၊ ဆေးရုံတက်ရနဲ့ဆိုတော့ ဦးဘဖြူကြီးက သူ့အကြွေးတွေကို လယ်တွေနဲ့နှိမ်ပြီးယူလိုက်တာတဲ့ဗျာ။
(၃)
အဲဒီနောက်ပိုင်းတော့ အဖေနဲ့ဦးဘဖြူနဲ့က နည်းနည်းခပ်တန်းတန်းဖြစ်သွားတယ်၊ နောက်မကြာခင်မှာပဲ မူဝါဒအသစ်တစ်ခုထွက်လာတယ်ဗျ၊ အဲဒါကတော့ အရင်တုန်းက မိဘဘိုးဘွားစဉ်ဆက် အုပ်ချုပ်ခဲ့တဲ့ ကျေးရွာလူကြီးတွေကို ဖြုတ်ပြီးတော့ ရွာခံတွေက ဝိုင်းပြီးမဲပေးတဲ့စနစ်နဲ့ ရွာလူကြီးအသစ်ကိုရွေးကြမယ်ပေါ့ဗျာ၊ ဒီအချိန်မှာ အဖေနဲ့ပြိုင်ဘက် ပေါ်လာတယ်ဆိုပါတော့၊ အဲဒီပြိုင်ဘက်လူကို ဦးဘဖြူကြီးက ကောင်းကောင်းကြီးကို မြှောက်ပေးထားတာဗျ၊ ဒါပေမယ် မှန်းချက်နဲ့နှမ်းထွက်မကိုက်ပါဘူး၊ အဲဒီမူဝါဒကလည်း ပျက်သွားတော့ ထုံးစံအတိုင်း အရင်သူကြီးတွေပဲ ဒုံရင်းအတိုင်း ပြန်ဖြစ်သွားတော့တာပေါ့ဗျာ၊ သူထောက်ခံတဲ့လူက ဘယ်သူလဲဆိုတော့ သူ့သမီးအကြီးရဲ့ ယောက်ျား၊ သူ့သမက်တဲ့ဗျာ၊
မယဉ်ပေးတဲ့ သနပ်ခါးတုံးကို လူးမိပြီးအိမ်ကလူတွေ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ကြတော့မှ ကျုပ်လည်း သူတို့တွေမရိုးသားဘူးဆိုတာ သိလိုက်ရတာဗျ၊ ဒါပေမယ့်် ဘာဖြစ်လို့လဲဆိုတာကိုတော့ အကြောင်းရှာမရဘူးပေါ့။
“အလတ်ကောင်ရေ၊ ဒီနေ့ငါလည်း လယ်ထဲလိုက်ကြည့်စမ်းမယ်ကွ”
အဖေက လယ်ထဲဆင်းမလို့တဲ့ဗျ၊ ဒါနဲ့ ကျုပ်နဲ့အဖေနဲ့ လယ်ထဲဆင်းခဲ့တာပေါ့။ အငယ်ကောင်ကတော့ အိမ်ကနွားကြီးတွေနဲ့ အရင်ဆင်းသွားတယ်၊ အငယ်မတို့ကတော့ ထမင်းတောင်းစောင့််ရင်း အနောက်ကလိုက်လာကြမှာပေါ့ဗျာ၊ ကျုပ်နဲ့အဖေလည်း စကားတပြောပြောနဲ့ လယ်ထဲရောက်လာခဲ့တယ်ဗျ၊ ကျုပ်တို့အိမ်က နွားတွေကိုတော့ လယ်ကန်သင်းတစ်ဖက်က မြက်တောကြီးထဲမှာ လွှတ်ကျောင်းထားတာပေါ့ဗျာ၊ မိုးတွင်းဆိုတော့ မြက်ကလည်း ပေါမှပေါပဲကိုးဗျ။
အဖေနဲ့ကျုပ်နဲ့ ကန်သင်းပေါ်လျှောက်လာကြရင်း လွှတ်ကြောင်းထားတဲ့နွားကြီးထဲက ငညိုကြီးလို့ခေါ်တဲ့ နွားထီးကြီးက ကျုပ်တို့ဆီကိုပြေးလာတယ်ဗျ၊ အစပိုင်းကတော့ ကွင်းထဲမှာ ဒီအတိုင်းပဲပြေးတယ်ထင်တာ၊ နောက်တော့ ဘယ်ဟုတ်ပါ့မလဲဗျာ၊ ကျုပ်တို့သားအဖဆီကို ပြေးလာတာဗျ၊ ကျုပ်လည်း ဘာလုပ်ရမှန်းမသိတာနဲ့ ကန်သင်းရိုးအစပ်က မြေစာခဲတစ်ခုကိုကောက်လိုက်တယ်၊ ကန်သင်းပေါက်ရင်း ကျန်ခဲ့တဲ့မြေစာတွေပေါ့ဗျာ၊ မြေစာခဲဆိုပေမယ့်လည်း သုံးပိဿလောက် လေးတယ်၊ တစ်ထွာလောက်ရှိတာကိုး၊ ကျုပ်လည်း မြေစာခဲကို လက်နှစ်ဖက်နဲ့သေသေချာချာမလိုက်ပြီး အနားကပ်လာတဲ့ ငညိုကြီးဆီကို ပစ်ထည့်လိုက်တာပေါ့ဗျာ၊ အဲဒီမြေစာခဲကြီးကို ငညိုကြီးက ချိုနဲ့ခတ်ထုတ်လိုက်တော့ မြေစာခဲက တစ်စစီဖြစ်သွားပါရော၊ ပြီးတော့ သူ့ဦးချိုအချွန်ကြီးကို ထိုးစိုက်လိုက်ပြီးတော့ အဖေ့ကိုခတ်ဖို့ ပြေးလာပါရောဗျာ။
ကျုပ်တို့သားအဖ ဘာလုပ်ရမှန်းကိုမသိတော့ဘူး၊ အရာအားလုံးက မျက်စိတစ်မှိတ်အတွင်းမှဖြစ်သွားတာဗျ၊ ငညှိုကြီးက အဖေ့ကိုခတ်လုဆဲဆဲပြေးလာရင်း အဖေ့နဲ့လက်တစ်တောင်လောက်အကွာရောက်တော့မှ ခြေလေးချောင်းစလုံး တုံ့ခနဲကိုရပ်သွားတာ၊ ကျုပ်ဆို နှလုံးတွေ တဒိတ်ဒိတ်နဲ့ခုန်နေတာဗျ၊ ဘေးဘီကိုကြည့်တော့မှ ခပ်လှမ်းလှမ်းက သစ်ပင်ကြီးတစ်ပင်အောက်မှာ ထိုင်နေတဲ့ ဦးဘသာကိုတွေ့တယ်ဗျ၊ ကျုပ်ထင်တာကတော့ ဦးဘသာများ အဖေ့ကိုကယ်သွားတာလားပေါ့ဗျာ။ အဖေက ငညိုကြီးကို သေသေချာချာကြည့်ပြီးတော့
“ဟေ့ကောင်ညိုကြီး၊ ဘာဖြစ်တာလဲဟ”
အဖေငေါက်လိုက်တော့မှ ငညိုကြီးက ပြန်လှည့်ထွက်သွားပြီးတော့ မြက်သွားစားနေတယ်၊ ငညိုကြီးဆိုတဲ့ နွားကြီးက လိမ်မာတဲ့နွားထီးကြီးပါဗျာ၊ ဟော့ဟော့ရမ်းရမ်းလည်းမရှိပါဘူး၊ ဒီနေ့တော့ ဘာစိတ်ကူးပေါက်သလဲမသိ၊ အဖေ့ကို ခတ်ချင်နေတာ ထူးဆန်းတယ်ဗျ။
ဒါနဲ့ လယ်ထဲကနေ ညနေမစောင်းခင် ပြန်ခဲ့တာပေါ့ဗျာ၊ အိမ်လည်းရောက်ရော အဖေက အိမ်ပေါ်တက်သွားတော့တယ်၊ ဒီအချိန်မှာပဲ အားခနဲအော်ပြီးတော့ လှေကားပေါ်ကနေ ပြန်ပြုတ်ကျတယ်ဗျ၊ လှေကားကိုးထစ်ဆိုတော့ အတော်မြင့်တယ်ပြောရမယ်၊ အဖေက ဟိုးလှေကားထိပ်ကနေ ပြုတ်ကျတာဗျ၊ မြေကြီးပေါ်ကို ဘုန်းခနဲကျပြီး လဲသွားပါရောဗျာ၊ ကျုပ်တို့လည်း ပြေးဆွဲပြီးထူတာပေါ့။
“အဖေ၊ ဘာဖြစ်တာလည်း”
“မသိပါဘူးကွာ၊ လှေကားထိပ်ရောက်တော့ မိုက်ခနဲဖြစ်သွားပြီး လဲသွားတာပဲ၊ အား၊ လက်ကျိုးသွားပြီလားမသိဘူး”
အမေကလည်း အတော်စိတ်ပူနေတယ်။
“ရှင်အငန်တွေစားတာများပြီး သွေးတိုးတာဖြစ်မယ်၊ အလတ်ကောင်ရေ၊ နင့််အကိုကြီးနဲ့ အတူတူတွဲမပြီး နင့်အဖေကိုအိမ်ပေါ်ကိုတင်ဟဲ့၊ ပြီးရင် ဦးမှတ်ကြီးသွားပင့််စမ်း”
အဖေ့ကိုတွဲတော့ အဖေက မတ်တပ်တောင်မရပ်နိုင်ဘူးဗျာ၊ ပြုတ်ကျတဲ့အတိုင်း ကွေးကွေးကြီးဗျ၊ အဖေ့ကိုမောင်နှမတွေ ခဲရာခဲဆစ်ဆွဲတင်ပြီးတော့ အိမ်ရှေ့ခန်းမှာ ဖြည်းဖြည်းချင်းချထားလိုက်တယ်၊ အဖေ့က ဘယ်ဖက်ကိုစောင်းပြီးကျတာ၊ ဘယ်ဖက်လက်က လှုပ်မရဘဲ ကွေးကွေးကြီး၊ ဘက်ဖက်ကိုယ်တစ်ခြမ်း်လည်း ထုံလာတယ်လို့ပြောတာနဲ့ ကျုပ်လည်း ဦးမှတ်ကြီးဆီကို အပြေးလာခဲ့တာပေါ့ဗျာ။
ဦးမှတ်ကြီးက အိမ်ရောက်တော့ အဖေ့ကိုအသေအချာစစ်ပေးတယ်၊ အကြောတွေကပ်သွားပုံရတယ်တဲ့၊ ဒဏ်ကြေဆေးတွေဘာတွေ ပေးခဲ့တာပေါ့ဗျာ၊ အဖေကတော့ အဲဒီပုံစံအတိုင်းပဲ ဘေးစောင်းကြီးလဲနေပြီးတော့ ဒူးကြီးကွေးလို့ ကုန်းကုန်းကြီးဗျ။
ညရောက်တော့မှ ရောဂါစတာပဲဗျာ၊ အိမ်ရှေ့ခန်းမှာ အိပ်နေတဲ့အဖေက ထပြီးညည်းတော့တာပဲဗျာ၊ အဖေက တော်ရုံဆိုညည်းခဲတယ်ဗျ၊ အခုတော့ တအားအား၊ တအီးအီးနဲ့ ညည်းနေတော့တာ၊ ကျုပ်တို့လည်း အိပ်ရာထပြီးတော့ ဝိုင်းပြီးကူညီရတာပေါ့ဗျာ၊ အဖေ့ကိုယ်လုံးကို ကြပ်ထုပ်တွေထိုးပေး၊ ဆေးတွေလူးပေးပေမယ့်် အဖေက မသက်သာဘူးထင်တယ်ဗျ။
“နာလိုက်တာ၊ အင်း . . .ဟင်း . . .ဟင်း”
အဖေက မျက်လုံးစုံမှိတ်ပြီးတော့ ညည်းညူနေတော့တယ်၊ ကျုပ်တို့လည်း အဖေဖြစ်တာဆိုတော့ စိတ်မကောင်းဘူးပေါ့ဗျာ၊ အမေနဲ့ မောင်နှမတွေ တိုင်ပင်ပြီးတော့ နောက်တစ်နေ့ပဲ မြိုင်သာဆေးရုံကိုပို့ဖို့ဆုံးဖြတ်လိုက်တယ်ဗျ၊ ခုညတော့ အဖေ့ကိုဒီအတိုင်းပဲထားရမှာပေါ့ဗျာ၊ ဒီလိုနဲ့ အဖေက တစ်ညလုံ ညည်းနေရင်း သန်းခေါင်လောက်ရောက်တော့မှ အသံတိတ်သွားတယ်၊ ကျုပ်လည်း အိပ်ဖို့ပြင်နေဆဲမှာ ကျုပ်တို့အိမ်ပေါ်က နတ်စင်က မြင်းဖြူရှင်နတ်မှာ ကပ်ထားတဲ့သောက်တော်ရေခွက်က ခွမ်းခနဲ သူ့အလိုလိုကွဲသွားတာဗျ၊ ကျုပ်လည်း ခဲတွေဘာတွေများ မှန်သလားဆိုပြီးလိုက်ရှာသေးတယ်၊ ခဲမှန်ရင် တစ်ခုခုတော့ ရှိမှာပဲလေ၊ အခုကတော့ထူးထူးဆန်းဆန်းကြီးဗျို့၊ ဖြစ်တာကလည်း ကျုပ်မျက်စိရှေ့တင်ဖြစ်သွားတာ၊ ဒါနဲ့ ကျုပ်လည်း အဲဒီညတော့ အဖေ့နားမှာစောင့််နေရင်း နိုးတစ်ဝက်၊ ပျော်တဝက်နဲ့အိပ်ရတာပေါ့ဗျာ။
မနက်လင်းတော့ ဆေးရုံသွားဖို့ပြင်ကြဆင်ကြပြီပေါ့၊ အကိုကြီးက လှည်းဆင်နေတုန်း ကျုပ်လည်း စိတ်ထဲမသင်္ကၤၤာနဲ့ ဦးဘသာကြီးဆီကိုပြေးလာလိုက်တယ်။
“ဦးဘသာ၊ ဦးဘသာ”
ကျုပ်အမောတကောနဲ့ ရောက်လာပြီဆိုရင် ဦးဘသာတော့ မျက်ခုံးလှုပ်နေလောက်ပြီပေါ့ဗျာ၊ ဦးဘသာက မနက်စာစားနေတုန်းဗျ၊ ထမင်းကြမ်းခဲကို ဆီဆားနယ်ပြီးတော့ ပဲလှော်လေးဖြူးပြီးစားနေလေရဲ့။
“ဘာဖြစ်ပြန်တာတုန်း”
“ထူးဆန်းတာပြောမလို့၊ ညက အဖေလှေကားပေါ်က ပြုတ်ကျတယ်၊ အခုထိ မထနိုင်ဘူးဗျာ၊ စောင်းစောင်းကြီးပဲ”
“အဲဒါ မှတ်ကြီးခေါ်ပြပေါ့ကွ”
“ပြပြီးပြီ၊ မနေ့က ညနေကတည်းက၊ ဒါပေမယ့်် အခုထိမသက်သာဘူးဗျ၊ ခဏနေရင် မြိုင်သာဆေးရုံပို့ကြမယ်”
“မင်းကဘယ်လိုထင်လို့လည်း”
“ကျုပ်က ပယောဂများလားလို့”
ဦးဘသာက လက်ကို လက်သုတ်ပုဝါနဲ့သုတ်လိုက်ပြီးတော့ ကွမ်းရွက်တစ်ရွက်ယူလိုက်တယ်၊ ပြီးတော့ ကွမ်းရွက်ကို ထုံးသုတ်၊ ရှားစေးနည်းနည်းသုတ်တယ်၊ ပြီးတော့ ကွမ်းရွက်ကို ကန်တော့ပုံစံထိုးတာပဲဗျာ၊ ကွမ်းရွက်ရဲ့အညှာရိုးတံကို ကန်တော့ရဲ့ဖင်မှာပတ်ပြီးခွေတယ်ဗျ။ ပြီးတော့ တစ်ခုခုကိုမန်းမှုတ်လိုက်တယ်။
“ဟောဒီကွမ်းကန်တော့ကိုယူသွား၊ မင်းအဖေနဖူးမှာကပ်ကြည့် ပယောဂမှန်ရင် မင်းအဖေမခံမရပ်နိုင်အောင်ဖြစ်လာလိမ့််မယ်၊ ဘာမှမဖြစ်ဘူးဆိုရင်တော့ သွေးရိုးသားရိုးပေါ့ကွာ”
“ဘယ်ပယောဂမဆို ပေါ်ရဲ့လားဦးဘသာ”
“စုန်းတိုက်၊ နတ်တိုက်၊ ကဝေတိုက်၊ အောက်လမ်း အားလုံးပေါ်တယ်၊ သွား၊ မြန်မြန်လုပ်”
ကျုပ်လည်း ကန်တော့ထိုးထားတဲ့ ကွမ်းရွက်ကိုင်ပြီး အိမ်ကိုပြေးခဲ့တာပေါ့ဗျာ၊ အိမ်ရောက်တော့ အဖေက လှည်းပေါ်ရောက်နေပြီ၊ ကျုပ်လည်း လှည်းပေါ်တက်လိုက်ရင်း ဦးဘသာပြောတဲ့အတိုင်း အဖေ့ရဲ့နဖူးကို အဲဒီကွမ်းကန်တော့နဲ့ထိထားလိုက်တယ်၊ နှစ်မိနစ်သုံးမိနစ်ကြာတဲ့အထိ ဘာမှမဖြစ်ဘူး၊ ကျုပ်လည်း သေချာအောင်ဆိုပြီးတော့ ဆက်ဖိထားတယ်၊ အမေနဲ့ အကိုကြီးက လှည်းပေါ်တက်လာတယ်။
“အလတ်ကောင်၊ နင်ပါလိုက်ခဲ့၊ အကြီးကောင် မောင်းတော့ဟဲ့”
ကျုပ်လည်း အမေတို့နဲ့အတူတူ လှည်းနဲ့ပါသွားတာပေါ့ဗျာ၊ တစ်လမ်းလုံးလည်း အဖေ့ကို ဦးဘသာပေးတဲ့ ကွမ်းရွက်ကန်တော့လေးနဲ့ ကပ်ပြီးလိုက်လာခဲ့တယ်၊ ဘာမှမထူးခြားပုံထောက်တော့ ပယောဂမရှိဘူးပေါ့ဗျာ။
မြိုင်သာဆေးရုံကို နေ့လည်မွန်းတည့်လောက်မှ ရောက်တော့တယ်ဗျာ၊ ဒါတောင် လှည်းကိုအကိုကြီးက အတော်နှင်လို့ပေါ့၊ နွားတွေများ ဟောဟဲလိုက်နေကြပြီ။ ဆေးရုံရောက်တော့ အဖေ့ကိုဓါတ်မှန်ရိုက်တယ်၊ ဆရာဝန်တွေက မေးစမ်းပြီးတော့ တူအသေးလေးနဲ့လည်း ဒူးဆစ်တွေကို ထုကြည့််သေးတယ်ဗျ။
“ကျုပ်တို့စမ်းသပ်ရသလောက်ကတော့ ဘာမှကြီးကြီးမားမားမဖြစ်ပါဘူး၊ အရိုးတွေလည်း အကုန်ကောင်းတယ်”
ဒါနဲ့ မြိုင်သာဆေးရုံမှာ နှစ်ရက်လောက်ဆက်တက်ရတယ်။ ဆရာဝန်တွေလည်း ရောဂါရှာပေမယ့်် ဘာမှမဖြစ်ဘူးပဲပြနေတာ၊ သူတို့စမ်းတာလည်း အကုန်အကောင်းပဲဗျာ၊ ဒါပေမယ့််အဖေက အဲဒီအတိုင်းခွေခွေကြီးပဲဖြစ်နေတော့တာ။ သုံးရက်လောက်နေပြီးတော့ အဖေက အတော်ပိန်ကျသွားတယ်၊ အစာလည်းမဝင်ဘူးကိုး၊ ရေလောက်ပဲသောက်လို့ရတာ၊ အမေကတော့ ဆေးရုံမတက်ချင်တော့ဘူး၊ သူကလည်း ပယောဂလားလို့ထင်နေပြီ၊ ဒါနဲ့ပဲ ဆေးရုံကနေဆင်းပြီးတော့ မြိုင်သာက အထက်လမ်းဆရာတစ်ယောက်ဆီမှာ ပယောဂစစ်ကြတယ်ပေါ့ဗျာ။
ဦးဘသာစစ်တာလည်းမတွေ့ဘူး၊ အထက်လမ်းဆရာစစ်တာလည်း ဘာမှမတွေ့ဘူးဗျ။ ကျုပ်တို့ဖြင့်် ဘာလုပ်ရမှန်းမသိအောင် အတော်ကိုစိုးရိမ်နေပြီ။ ပယောဂလည်းမရှိဘူးဆိုတော့လက်လျှော့လိုက်ပြီး ဗိန္ဓောဆရာကောင်းကောင်းရှာမယ်ဆိုပြီးတော့ အဖေ့ကိုရွာကိုပြန်သယ်ခဲ့တာပေါ့ဗျာ။
အိမ်ပြန်ရောက်တော့ အဖေ့ကိုလူနာလာမေးကြတယ်၊ တစ်ရွာလုံးနီးပါးပါပဲ၊ အဲဒီအထဲမှာ ဦးဘဖြူလည်းပါတယ်ဗျ၊ ဦးဘဖြူက အဖေ့ဘေးနားမှာ ဝိုင်းထိုင်နေတဲ့လူတွေကိုကြည့်ပြီးတော့
“သူကြီးနေမကောင်းဘူးဆိုတော့ သူကြီးအသစ်ခန့်ဖို့များ လိုနေပြီလားမသိပါဘူး”
သူကတော့ အတည်ပြောတာဗျ၊ သူ့စကားကြားပြီးတော့ ရွာခံလူကြီးတွေက အံ့သြနေကြတာနဲ့ ဦးဘဖြူက စနောက်တာပါဆိုပြီးတော့ ရယ်ကျဲကျဲဖြစ်သွားတာ။ ညနေစောင်းလောက်ရောက်တော့ လူတွေရှင်းသွားပြီ၊ ဒီအချိန်ကျမှ ဦးဘသာကြီးရောက်လာတော့တယ်။
“မင်းအဖေမကောင်းသေးဘူးဆိုကွ”
“အိမ်ပေါ်သာ တက်ကြည့်ပါတော့ ဦးဘသာရယ်”
ဦးဘသာလည်း အိမ်ပေါ်တက်ကြည့်တယ်၊ အိမ်ရှေ့ခန်းမှာ ကွေးကွေးကြီးဖြစ်နေတဲ့အဖေ့ကိုကြည့်ရင်း ဦးဘသာက သက်ပြင်းချတယ်။ အမေက ဦးဘသာအနားကိုကပ်ပြီး
“ဦးဘသာ၊ ကျွန်မယောက်ျားကို စုန်းတွေ၊ ကဝေတွေကများ ပြုစားထားတာလားတော့”
ဦးဘသာက အဖေ့လက်တွေကိုဆွဲကိုင်ရင်း
“နင်တို့လည်း ပယောဂစစ်သေးတယ်ဆို မသန်းရဲ့”
“ဟုတ်ပါတယ်၊ အထက်လမ်းဆရာကတော့ ပယောဂမရှိဘူးလို့ပဲပြောနေတော့တာ”
ဦးဘသာက အဖေ့ကိုမျက်မှောင်ကြုတ်ပြီးကြည့်နေတယ်၊ ဒီအချိန်မှာပဲ မြင်းဖြူရှင်နတ်ကွန်းက သောက်ရေခွက်က နတ်ကွန်းပေါ်က ပြုတ်ကျပြီးတော့ ကြမ်းပေါ်ကိုကျတော့တာပါပဲ၊ အရင်ခေတ်က နတ်ဆက်တဲ့ခွက်တွေက မြေနဲ့စဉ့်နဲ့လုပ်တဲ့ခွက်တွေဗျ။ ဒီခေတ်လို ဖန်ခွက်တွေ မပေါသေးဘူး။ ဦးဘသာက အသေအချာကြည့်ရင်း အမေ့ကိုနှုတ်ဆက်တယ်၊ သူအိမ်ပေါ်ကဆင်းပြီး လှေကားရင်းလည်းရောက်ရော ကျုပ်ကိုလက်ကုပ်တယ်ဗျ။
“မင်းငါနဲ့လိုက်ခဲ့အလတ်ကောင်”
“ဟာ၊ ဦးဘသာ တစ်ခုခုထူးပြီလား”
ဦးဘသာက ခေါင်းညိတ်ရင်း ခြံထဲကနေထွက်သွားတော့ ကျုပ်လည်း သူ့အနောက်ကနေလိုက်ခဲ့တာပေါ့ဗျာ၊ လမ်းရောက်မှ ဦးဘသာက စကားစတယ်ဗျ။
“မင်းတို့အိမ်က မြင်းဖြူရှင်နတ်ကွန်းက ရေခွက်ဘာလို့ကျတာလဲကွ”
“ကျုပ်လည်းမသိဘူး၊ အခုမှ မဟုတ်ဘူးဗျ၊ အဖေလှေကားပေါ်က ကျတဲ့ညကလည်း သူ့အလိုလိုကွဲထွက်သွားသေးတယ်”
ဦးဘသာက ခေါင်းညိတ်ရင်း
“တစ်ခုခုတော့ တစ်ခုခုပဲကွ၊ ကဲလာကွာ၊ ရွာတော်ရှင်ဆီသွားမယ်၊ မင်းတို့ ကိုးကွယ်တဲ့ရိုးရာနတ်က မင်းတို့ကို တစ်ခုခုသတိပေးချင်နေပြီကွ”
ဒီလိုနဲ့ ရွာတော်ရှင်နတ်ကွန်းကို ထွက်လာခဲ့တာပေါ့ဗျာ၊ နေဝင်ပြီး မိုးချုပ်သွားပြီဆိုတော့ ရွာထိပ်မှာလူရှင်းသွားပြီလေ၊ ဦးဘသာက ရွာတော်ရှင်နတ်ကွန်းကိုကြည့်နေရင်း
“မြင်းဖြူရှင်က ဘယ်သူ့ဘက်ကရိုးရာလဲကွ”
“အဖေ့ဘက်က ရိုးရာဗျ”
ဦးဘသာက လက်နှစ်ဖက်နောက်ပစ်ပြီးတော့ နတ်ကွန်းရှေ့မှာ တစ်ခုခုကိုရွတ်ဆိုနေတယ်။ ပင့််ဖိတ်နေတဲ့ပုံစံမျိုးပေ့ါဗျာ၊ ပြီးတာနဲ့ ကျုပ်နဖူးကို လက်ဝါးနဲ့အုပ်တယ်၊
“မျက်စိမှိတ်၊ အာရုံခံနော်ကွ”
ကျုပ်လည်း မျက်စိမှိတ်လိုက်တော့တယ်၊ ဒီအချိန် ကျုပ်နားထဲမှာ အသံကြားရတယ်ဗျ၊ ကြားရတဲ့အသံကတော့ မြင်းခွာသံတွေပဲ၊ ဟိုးအဝေးကနေပြေးလာပြီးတော့ ကျုပ်အနားကို နီးလာတဲ့ပုံပေါ့၊ ဦးဘသာက ဘာမှမပြောတာနဲ့ ကျုပ်လည်း မျက်လုံးမဖွင့််ရဲဘူးပေါ့ဗျာ၊ နောက်တော့ မြင်းခွာသံက ကျုပ်အရှေ့နားမှာ ရပ်သွားတယ်၊ မြင်းမှာဆွဲထားတဲ့ ချူလေးတွေကလည်း တချွင်ချွင်နဲ့၊ မြင်းရဲ့အသက်ရှူသံ၊ နှာမှုတ်သံတွေကိုလည်း ကြားရသေးတယ်။
“ဒီသူငယ်အိမ်မှာ ဘာတွေဖြစ်နေသလဲဆိုတာ ပြောပြပါ မြင်းဖြူရှင်”
ဦးဘသာ အသံကိုကြားလိုက်ရတယ်။
“သူတို့ကို တိုက်ထားတယ်၊ ငါ့ကိုလည်း အာစေးထည့််ပြီး ပိတ်ထားတယ်၊ ငါလည်းအတိအကျပြောလို့မရဘူး၊ နင်တို့ဘုရားကျောင်းဆောင်ကို အသေအချာကြည့်”
အသံက ခပ်ပြတ်ပြတ်ပဲဗျ၊ ပြီးတာနဲ့ မြင်းခွာသံတွေကြားလိုက်ရပြီး မြင်းဖြူရှင်ပြန်သွားပုံရတယ်။
“ကဲ၊ အလတ်ကောင်၊ မျက်လုံးဖွင့််”
ကျုပ်မျက်လုံးဖွင့်လိုက်တော့ မျက်လုံးတွေကို ဝါးနေတာပဲဗျာ၊ ဦးဘသာက ခေါင်းတဆတ်ဆတ်ညိတ်ရင်း
“ငါထင်နေတာ မှန်နေပါပြီ”
“ဦးဘသာက ဘာထင်လို့လဲဗျ”
“ဘုရားကျောင်းဆောင်ကိုကြည့်ဆိုတော့ ငါ့အထင် ဘုရားတိုက်ပဲကွ”
“ဘုရားတိုက်တဲ့လား”
“အတော်ဆိုးတဲ့ အတိုက်တစ်ခုပေါ့ကွာ၊ ဘုရားတိုက်ဆိုတာ အတော်ကိုယုတ်မာပြီးတော့ အောက်တန်းကျတဲ့လူတွေလုပ်တာပဲ၊ သူတို့က အတိုက်ကို ဘုရားအနားမှာအကာအကွယ်ယူထားတော့ တော်ရုံအထက်လမ်းဆရာက စစ်ရင် ပယောဂမှန်းမပေါ်ဘူးကွ”
“ဗျာ၊ ဒါ . . ဒါဆို ဘယ်လိုလုပ်ကြမလဲ”
“ဒါကတော့ မင်းတို့အိမ်သားတွေကိုမေးကြည့်ပေါ့၊ လောလောဆယ်တော့ မင်းအိမ်ကိုပြန်ကွာ၊ ဘုရားကျောင်းဆောင်မှာ ဘာထူးခြားနေသလဲဆိုတာကိုကြည့်၊ ဘုရားတိုက်သာမှန်တယ်ဆိုရင်တော့ ဟိုနေ့က နွားကြီးပြေးဝှေ့တာ သွေးရိုးသားရိုးမဟုတ်ဘူးဟေ့၊ မင်းအဖေလှေကားပေါ်က ကျတာကလည်း အတိုက်ခံရတာပဲ”
ကျုပ်နဲ့ဦးဘသာလည်း အိမ်ကိုပြန်လာခဲ့တယ်၊ ဦးဘသာက သူ့အိမ်ကိုသူပြန်သွားပေမယ့် ကျုပ်ကတော့ အိမ်ပေါ်ကိုအမြန်ပြေးတက်ခဲ့တာပေါ့ဗျာ။ ကျုပ်တို့အိမ်က ဘုရားကျောင်းဆောင်က အကျယ်ကြီးပဲဗျ၊ ရှည်ကလည်း အတော်ရှည်တယ်၊ ကျုပ်လည်း ဘုရားဆင်းတုတွေကိုကြည့်နေရင်း ကျောင်းဆောင်တစ်နေရာမှာ သုံးလက်မလောက်ပဲရှိတဲ့ ဘုရားဆင်းတုလေးတစ်ခုတွေ့တယ်ဗျ၊ ဘုရားဆင်းတုက ရွှေရောင်အသေးလေးပါ၊ ကျုပ်လည်း အဲဒီဆင်းတုကို တစ်ခါမှမမြင်ဖူးဘူး၊ ဒါနဲ့ အမေ့ကိုခေါ်မေးရတယ်။
“အမေ၊ ဒီဘုရားဆင်းတုကလေးကို အရင်က မမြင်ဖူးပါလား”
အမေက ကျုပ်ခေါ်ပြတာကို သေချာကြည့်ပြီးတော့
“အော်၊ အေး၊ အဲဒီဆင်းတုကလေးက ပန်းပေါင်းတစ်ထောင်ဆင်းတုတဲ့”
“အမေဝယ်တာလား”
“မဟုတ်ဘူး၊ ဦးဘဖြူတို့ မုံရွာဘက်ဘုရားဖူးသွားရင်းနဲ့ ပင့်လာခဲ့တာပဲ၊ အမေတို့ကိုလက်ဆောင်အဖြစ်ပေးလို့ ဘုရားကျောင်းဆောင်ပေါ်ကို တင်ထားလိုက်တာ”
“ဗျာ၊ ဦးဘဖြူက ပေးတာလား”
ကျုပ်လည်း အခုမှ ရေရေရာရာသိတော့တယ်၊ ပြီးတော့ ညနေက လူနာလာကြည့်တုန်းက ဦးဘဖြူစကားကိုပြန်ကြားယောင်ပြီးတော့မှ ဒီအဘိုးကြီးလက်ချက်မှန်း သေချာသိသွားတော့တယ်။ အိမ်က ဘုရားကတော့ ထူးခြားနေပြီ၊ ဒါပေမယ့် ဘာမှန်းမသိတော့ ကျုပ်လည်းမကိုင်ရဲဘူးဗျ၊ ဒါနဲ့ ဦးဘသာဆီကိုပြန်ပြေးလာခဲ့ရပါရော။
“ဦးဘသာရေ၊ ဟုတ်တယ်ဗျို့၊ အိမ်မှာ ဘုရားဆင်းတုအသစ်တစ်ခုရောက်နေတယ်၊ အဲဒါကလည်း သူများပေးထားတာ”
ဦးဘသာက မျက်ခုံးပင့်လိုက်ပြီး
“ဟေ့၊ အဲဒါပဲဖြစ်မယ်ကွ”
“ကျုပ်တို့ဘာဆက်လုပ်မလဲ”
“ဘုရားဆင်းတုဆိုတော့ ငါလည်းကိုင်လို့မကောင်းဘူးကွ၊ ဖျက်ဆီးလို့လည်းအဆင်မပြေဘူး၊ ဒီတော့အဲဒီဘုရားဆင်းတုတော်ကို မင်းပင့်လာခဲ့ကွာ၊ မင်းကိုငါ ရွာဦးကျောင်းနံဘေးနားက မြေကွက်လပ်မှာ စောင့််နေမယ်”
ကျုပ်လည်းအိမ်ကိုတစ်ခေါက်ပြန်ပြီး ဘုရားဆင်းတုကို လက်ကိုင်ပုဝါတစ်ခုနဲ့ ထုပ်ပြီးယူခဲ့တယ်၊ ယူလာရင်းနဲ့ ဘုရားဆင်းတု မျက်နှာတော်ကိုကြည့်ရင်း ကျုပ်မှာကြည်ညိုရမှာထက် တစိမ့်စိမ့်ကြည့်လေ ကြောက်ဖို့ကောင်းလာလေလေပဲဗျာ၊ နောက်တော့ ရွာဦးကျောင်းကိုဖြတ်လိုက်ပြီး မြေကွက်လပ်တစ်ခုကိုရောက်လာပါရောဗျာ၊ ဦးဘသာက အမှောင်ထဲမှာ စောင့်နေတယ်ဗျ။
“အလတ်ကောင်၊ မင်းလက်ငါ့ကိုပေးစမ်း”
ကျုပ်လည်း လက်တစ်ဖက်ကို ဦးဘသာကိုပေးလိုက်တယ်၊ လက်တစ်ဖက်ကတော့ လက်ကိုင်ပုဝါနဲ့ ဘုရားဆင်းတုလေးကိုင်လို့ပေါ့ဗျာ၊ ဦးဘသာက မျက်လုံးတွေမှိတ်ပြိး အာရုံခံနေလိုက်တယ်။
“တော်တော်ကြောက်ဖို့ကောင်းတာပဲကွ၊ မင်းအဖေကို အသေလုပ်တာဟေ့၊ ခုနစ်ရက်ပဲခံမယ်၊ အခုတောင် လေးငါးရက်ရှိနေပြီမဟုတ်လား၊ ဘုရားတိုက်ကိုတောင် ခပ်စွမ်းစွမ်းတိုက်နိုင်တယ်ဆိုတော့ တိုက်တဲ့လူတော့ နှယ်နှယ်ရရမဟုတ်ဘူးဟေ့”
“ဦးဘသာ တစ်ခုခုလုပ်ပါအုံးကွာ”
“မင်း ဘုရားဆင်းတုကို လက်ဝါးပေါ်တင်ထားလိုက်”
ကျုပ်လည်း ဘုရားဆင်းတုကို ထောင်လျှက်သားကလေး လက်ဝါးပေါ်တင်ထားလိုက်တယ်၊ ဦးဘသာက လက်ဝါးနှစ်ဖက်ကိုစုလိုက်ပြီးတော့ ဘုရားဆင်းတုကို လက်ညှိုးနဲ့သေသေချာချာထိုးပြီးတော့ မန္တန်တွေရွတ်တယ်ဗျာ၊ ငါးမိနစ်လောက်ကြာတော့ ဖွတ် . . . ရွှီးဆိုတဲ့အသံနဲ့အတူ ဘုရားဆင်းတုက ပေါက်ထွက်သွားပြီးတော့ အဲဒီအထဲက မီးလုံးတစ်ခုက မိုးပေါ်ကိုပျံတက်သွားတယ်၊ မီးလုံးက သိပ်မကြီးပါဘူးဗျာ၊ ဆီးသီးကင်းလောက်ရှိမှာ၊ ကျုပ်လည်း ကိုင်ထားရင်းနဲ့လန့်ပြီးထခုန်တာပေါ့။
“သွား၊ အဲဒီဘုရားဆင်းတုကို ကိုးတောင်ပြည့်စေတီမှာသွားစွန့်လိုက်ကွာ”
ကိုးတောင်ပြည့်စေတီဆိုတာ ရွာဦးကျောင်းဝန်းထဲမှာရှိတာဗျ၊ အဲဒီစေတီကလည်း ဦးဘဖြူတည်ခဲ့တာ၊ ဒါကြောင့် သူ့ကိုဘုရားဒယာ ဦးဘဖြူလို့ ခေါ်ကြတာပေါ့၊ ကျုပ်လည်း အမှောင်ကြီးထဲ စေတီကလေးအနားကိုပြေးလာပြီးတော့ စေတီတစ်နေရာမှာ အဲဒီဆင်းတုကလေးတင်ပြီး ပြန်ပြေးထွက်ခဲ့တာပေါ့ဗျာ။
“အားလုံးရှင်းသွားပြီအလတ်ကောင်၊ အိမ်ရောက်ရင် မင်းအဖေကို ကွမ်းရွက်ပြုတ်ရည်နဲ့ ရေပတ်တိုက်ပေးလိုက်”
“ဒါ ဦးဘဖြူလုပ်တာပဲဗျ”
ကျုပ်ပြောလိုက်တော့ ဦးဘသာက ထိတ်လန့်သွားတယ်။
“ဟုတ်ပါ့မလား၊ ဦးဘဖြူက ဘုရားတရားသမားနော်”
ကြည့်လေဗျာ၊ ဦးဘသာတောင်မှ မယံဘုူးတဲ့ဗျ၊ ကျုပ်လည်း ဦးဘဖြူက အရင်တုန်းက အဖေနဲ့သိပ်မပြေလည်တဲ့အကြောင်းတွေ၊ ဟိုတစ်နေ့က သနပ်ခါးတုံးကလည်း ဦးဘဖြူ မိန်းမ မယဉ်ပေးတဲ့အကြောင်း၊ အခု ဘုရားဆင်းတုကလည်း ဦးဘဖြူတို့ ဘုရားဖူးထွက်ရင်း ပင့်လာပြီး ကျုပ်တို့ကိုလက်ဆောင်ပေးတဲ့အကြောင်းပြောတော့ ဦးဘသာက ပါးစပ်အဟောင်းသားနဲ့ဗျ။
“ကျုပ်ပြောတာ ယုံစမ်းပါ ဦးဘသာရယ်”
“အေး၊ ယုံပါတယ်ကွ၊ သစ်ကောက်၊ ဝါးကောက်သာ မြင်ရပေမယ့် လူ့အတွင်းစိတ်ကောက်တာ မမြင်ရဘူးမဟုတ်လား၊ ခုနေ မင်းအဖေသေရင်၊ မင်းတို့မိသားစုထဲမှာလည်း သူကြီးဖြစ်လောက်တဲ့လူမရှိဘူး၊ ဒီတော့ ကြိမ်းသေပေါက် ရွာထဲက တစ်ယောက်ယောက်ကို သူကြီးတင်ရမှာပဲကွ၊ ဒါကြောင့် လုပ်တာဖြစ်နိုင်တယ်”
“ကျုပ်တော့မကျေနပ်ဘူးဦးဘသာရာ၊ ဒီလူကြီးကို ကျုပ်လက်စားချေမယ်”
ဦးဘသာက ခေါင်းခါရင်း
“မလိုတော့ပါဘူး အလတ်ကောင်ရာ၊ သူ့အကုသိုလ်က ကိုယ့်အကုသိုလ်မဖြစ်စေနဲ့တော့ကွ၊ သူ့စားရိတ်နဲ့သူ သွားလိမ့်မယ်”
ကျုပ်စိတ်ထဲရှိတဲ့အတိုင်းဆိုရင် ဒီလူကြီးကို ဓါးနဲ့ပဲ သွားခုတ်ချင်တာဗျ၊ ဒါပေမယ့်လည်း ဦးဘသာအကြိမ်ကြိမ်တားလို့ သည်းခံလိုက်ရတာ။ ကျုပ်မကျေမချမ်းနဲ့ အိမ်ပြန်လာတော့ အဖေက အိမ်ပေါ်မှာ ငုတ်တုတ်တောင်ထိုင်နေပြီဗျ၊ ကျုပ်ဖြင့် အံ့သြလိုက်တာ ပြောမနေပါနဲ့။
“အဖေ၊ အဖေ ဘယ်လိုဖြစ်ပြီး ပြန်ကောင်းသွားတာလဲ”
“အေးကွ၊ ခုနက အိပ်ရာလန့်နိုးလာပြီး ရုတ်တရက်ကောက်ထိုင်လိုက်တော့ ထိုင်လို့ရသွားတာပဲ”
ကျုပ်လည်းအခုမှ သက်ပြင်းချနိုင်တော့တယ်ဗျာ၊ ဒါနဲ့ အိမ်ပေါ်ထပ် နတ်ကွန်းစင်က မြင်းဖြူရှင်ပုံတော်ကိုကြည့်လိုက်တော့ ပုံတော်ထဲမှာ မြင်းဖြူကြီးစီး၊ ဓါးကြီးကိုင်ထားတဲ့ လူပုံက ကျုပ်ကိုပြုံးပြနေတယ်လို့တောင် ထင်ရတယ်ဗျာ။
ဦးဘသာပြောတဲ့အတိုင်းပဲ ဦးဘဖြူလည်း သိပ်မကြာဘူး၊ သေသွားတာပဲဗျ၊ သူများမကောင်းကြံတဲ့အကျိုးနေမှာပေါ့ဗျာ၊ သူသေသွားတာလည်း ရိုးရိုးသေသွားတာမဟုတ်ဘူးဗျို့၊ ခင်ဗျားတို့ကို အဲဒီအကြောင်းတွေပြောရမယ်ဆိုရင်တော့ ဦးဘဖြူမိန်းမ မယဉ်အကြောင်းကို ပြန်ပြောပြမှရမှာ၊ မယဥ်ဘယ်လောက်ဆိုးသလဲဆိုတာ မတင်လှယောကျ်ားကို သေအောင်လည်းသူလုပ်ခဲ့တာ၊ မတင်လှသေကောင်ပေါင်းလဲဖြစ်ပြီး ငွေတွေကုန်လို့ လယ်တွေကို သူတို့ဆီထိုးရောင်းအောင်လည်း သူပဲစီစဥ်ခဲ့တာတဲ့ဗျာ။
ဒီနေ့တော့ တော်လောက်ပြီဗျာ၊ နောက်နေ့မှ မယဉ်အကြောင်း ဆက်အုံးစို့ဗျ။
ပြီးပါပြီ။
#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ
Zawgyi version
” စုန္းထီးႀကီး ဦးဘသာႏွင့္ ဘုရားဒကာ ဦးဘျဖဴ “(စ/ဆုံး)
————————————————————————
အတြဲ(၃) စာစဥ္ (၁၄)
(၁)
က်ဳပ္တို႔ျမန္မာေတြ ေျပာေလ့ရွိတဲ့စကားတစ္ခြန္းရွိတယ္ဗ်၊ အေျပာနဲ႔အလုပ္နဲ႔ မညီတဲ့သူဆိုရင္ေတာ့ “ပါးစပ္က ဘုရားဘုရား၊ လက္က ကားယားကားယား” လို႔ေျပာဆိုတတ္ၾကတယ္မဟုတ္လားဗ်ာ။ က်ဳပ္တို႔႐ြာမွာလည္း အဲဒီစကားနဲ႔လိုက္တဲ့လူတစ္ေယာက္ရွိတယ္ဗ်၊ အဲဒီလူကေတာ့ ဘုရားဒကာႀကီး ဦးဘျဖဴပဲ။
ဘုရားတရားနဲ႔ပတ္သက္လို႔ကေတာ့ ဦးဘျဖဴေလာက္သိတဲ့လူ ႐ြာမွာမရွိဘူးဗ်၊ အသက္ကေတာ့ ခုနစ္ဆယ္ေက်ာ္ၿပီး ရွစ္ဆယ္နားေတာင္ကပ္ေနပါၿပီဗ်ာ၊ လူက ခပ္ပုပု၊ အညာသားဆိုေတာ့ အသားကခပ္မဲမဲေပါ့၊ ငယ္နာမည္ကေတာ့ ဦးဖိုးလွတဲ့ဗ်၊ နာမည္နဲ႔လူနဲ႔ကေတာ့ တျခားစီပါဗ်ာ၊ အသက္ငါးဆယ္ေက်ာ္ေတာ့ ခ႐ုသင္းသမင္ျဖဴေတြ တစ္ကိုယ္လုံးေပါက္ၿပီးေတာ့ အသားအေရက ျဖဴတက္လာတာ၊ ဒါနဲ႔ပဲ ႐ြာရဲ႕ထုံးစံအတိုင္း ငယ္နာမည္ေပ်ာက္ၿပီးေတာ့ ဦးဘျဖဴလို႔ေခၚၾကပါေရာဗ်ာ၊ ခ႐ုသင္းေတြနဲ႔ တစ္ကိုယ္လုံးျဖဴေနေတာ့ မသိရင္ ဘိုႀကီးလိုလို၊ တ႐ုတ္ႀကီးလိုလိုေပါ့ဗ်ာ၊ ခ႐ုသင္းဆိုတာကလည္း ေဖြးေဖြးဆြတ္ေအာင္ျဖဴတာဆိုေတာ့ ဦးဘျဖဴဆိုတဲ့နာမည္နဲ႔ အံကိုက္ပါပဲဗ်ာ။
က်ဳပ္တို႔ေခတ္က သံဃာေတြလည္း ဂိုဏ္းဂဏေတြ ကြဲၾကတယ္၊ လူေတြလည္း ဘုရားတရားဆိုေပမယ့္္ ဂိုဏ္းအမ်ိဳးမ်ိဳး၊ က်င့္စဥ္အမ်ိဳးမ်ိဳးနဲ႔ ကြဲေနတာေပါ့ဗ်ာ၊ အဲဒီဦးဘျဖဴႀကီးက အရင္တုန္းက မိုးျပာဂိုဏ္းကဆိုပဲ၊ ေနာက္ေတာ့မွ ဂိုဏ္းကထြက္သြားတာ၊ ဘုရားတရားဆိုလည္း သိပ္လုပ္တာပဲဗ်ာ၊ အၿမဲတမ္း လည္ပင္းမွာပုတီးႀကီးဆြဲလို႔၊ ႐ြာထဲလမ္းေလွ်ာက္တဲ့အခါလည္း ပုတီးတစ္ကုံးစိပ္ရင္း ေလွ်ာက္ေနတာပဲဗ်ာ၊ စာေပက်မ္းဂန္ေတြဆိုရင္လည္း ေတာ္ေတာ္မ်ားမ်ားမွတ္သားထားေတာ့ တစ္ခုခုေျပာရင္ ဘုရားေဟာဇတ္ေတာ္ထဲက ေကာက္ႏႈတ္ၿပီး ဥပမာေပးတယ္၊ ေနာက္ၿပီးေတာ့ ဘယ္က်မ္းကလာတာ၊ ဘယ္မဂ္၊ ဘယ္ပါဠိ၊ ဘယ္အဌကထာထဲက လာတယ္ဆိုတာကို တန္းေျပာႏိုင္ေတာ့ ႐ြာကလူေတြ ေလးစားၾကတာမဆန္းပါဘူးဗ်ာ။
လူျဖစ္ၿပီးေတာ့ တရားေဟာကလည္း သိပ္ေကာင္းဗ်၊ က်ဳပ္တို႔႐ြာမွာ အခုလက္ရွိတက္ေနတဲ့ ႐ြာဦးေက်ာင္းဆရာေတာ္ေတာင္မွ ဦးဘျဖဴေလာက္ တရားမေဟာတတ္ဘူး၊ ဥပုဓ္သည္ေတြမ်ားလာၿပီဆိုတာနဲ႔ ဦးဘျဖဴက ဆရာေတာ္ရဲ႕အေျခအေနကိုၾကည့္ၿပီးေတာ့ တရားဖမ္းေဟာတာပဲဗ်ာ။ တရားေဟာတဲ့အခါက်ေတာ့လည္း ႐ိုး႐ိုးရွင္းရွင္းႀကီးမဟုတ္ဘူးဗ်၊ ဟာသေလးေတြထည့္ေဟာ၊ အျဖစ္မွန္ေလးေတြထည့္၊ တစ္ခါတစ္ေလ ဘုရားေဟာတဲ့ဇတ္ေတာ္ေတြကို ကြက္စိပ္သေဘာမ်ိဳးေတာင္ ေဟာျပတယ္ဆိုေတာ့ တရားနာတဲ့လူႀကီးေတြမေျပာနဲ႔၊ ဘုန္းႀကီးေက်ာင္းသားေတြနဲ႔ ကေလးေတြေတာင္မွ ေငးေမာၿပီးနားေထာင္ရတဲ့အထိကိုေကာင္းတာ။
အလႉအတန္းရွိၿပီဆိုလို႔ကေတာ့ ဦးဘျဖဴေတာ့ ေငြဖလားပိုက္ၿပီေပါ့ဗ်ာ၊ အာေပါင္အာရင္းသန္သန္နဲ႔ ႐ြာထဲပတ္ၿပီးအလႉခံတာေပါ့။ စကားေျပာကလည္းသိပ္ေကာင္းတာဗ်၊ မလႉခ်င္တဲ့လူကို လႉေအာင္ေျပာတတ္တယ္၊ နည္းနည္းလႉတဲ့လူကို မ်ားမ်ားလႉလာေအာင္၊ မ်ားမ်ားလႉတဲ့လူကိုလည္း ခဏခဏလႉေအာင္ေျပာတတ္သဗ်၊ ဆုေပးတာကလည္း ေျပာမေနပါနဲ႔၊ ဘုန္းႀကီးေတြ ေလ့က်င့္ၿပီးက်က္ၾကတဲ့ ဆုထူးပန္က်မ္းတို႔၊ ဆုေပးက်မ္းတို႔ကို အရည္က်ိဳေသာက္ထားသလားမွတ္ရတယ္ဗ်။ ဒီေတာ့လည္း ႐ြာထဲကလူေတြက အားကိုးၾက၊ ေလးစားၾကနဲ႔၊ သူ႔အသက္အ႐ြယ္နဲ႔လည္းဆိုေတာ့ ႐ြာခံလူႀကီးတစ္ဦးျဖစ္သြားတာေပါ့ဗ်ာ၊ ႐ြာမွာ တစ္ခုခုကို အမ်ားဆႏၵနဲ႔ တိုင္ပင္ဆုံးျဖတ္ၾကၿပီဆိုရင္ သူ႔ကိုမပါမျဖစ္ေခၚၾက၊ တိုင္ပင္ၾကေပါ့ဗ်ာ။
တစ္ရက္ေတာ့ မနက္ခင္းအေစာႀကီး ဦးဘျဖဴတို႔ အိမ္ကိုေပါက္ခ်လာပါေရာဗ်ာ။ အေဖက ဦးဘျဖဴကိုၾကည့္ရင္း
“ဦးဘျဖဴတစ္ေယာက္ ေငြဖလားႀကီးပိုက္လို႔ပါလား၊ ဧကႏၲေတာ့ အလႉခံဖို႔ကိစၥထင္တယ္”
“ဒါေပါ့သူႀကီးရာ၊ မရွိလို႔မလႉ၊ မလႉလို႔မရွိတဲ့ဗ်၊ အခုတစ္ေခါက္လာရတာကေတာ့ ႐ြာထဲက ေခြးေလြေခြးလြင့္ေတြကို ထမင္းေကြၽးၿပီး ဒါနျပဳဖို႔လာခဲ့တာပဲ”
အေဖက မ်က္ေမွာင္ၾကဳတ္သြားတယ္ဗ်၊ က်ဳပ္လည္း ၿပဳံးစိစိလုပ္ေနတာေပါ့၊ ဘယ္သူမွ ေမြးမထားဘဲ၊ သူ႔အလိုလိုခ်ီးစားၿပီးေတာ့ တိုးပြားလာတဲ့ေခြးေတြကိုမ်ား အဆန္းတၾကယ္လုပ္ၿပီး အစာေကြၽးမလို႔တဲ့ဗ်ာ။ အေဖကလည္း သိတယ္။
“ေခြးစာေကြၽးခ်င္တာမ်ားဗ်ာ၊ ဦးဘျဖဴတို႔ ဆန္တစ္ျပည္ေလာက္ခ်က္ၿပီး ေကြၽးရင္ရပါတယ္”
ဦးဘျဖဴက ေခါင္းခါလိုက္ၿပီး
“က်ဳပ္တစ္ေယာက္တည္းေကြၽးလိုက္လို႔ရတယ္သူႀကီး၊ ဒါေပမယ့္ က်ဳပ္က မိတ္ေဆြေကာင္းဆိုေတာ့ သူႀကီးတို႔အကုန္လုံးကို ကုသိုလ္ရေစခ်င္လို႔ပါ၊ တာဝတိ ံသာနတ္ျပည္မွာ သိၾကားမင္းျဖစ္ေနတဲ့ ဦးမာဃႀကီးေတာင္မွ သူတစ္ေယာက္တည္းကုသိုလ္မလုပ္ဘဲ၊ သူ႔မိတ္ေဆြ သုံးက်ိပ္သုံးေယာက္ကိုပါ အတူတကြကုသိုလ္ျပဳခိုင္းလို႔ ေသဆုံးတဲ့အခါ နတ္ျပည္မွာ သုံးက်ိပ္သုံးေယာက္ေသာ နတ္မင္းႀကီးေတြျဖစ္သြားတယ္မဟုတ္လား”
“သူတို႔က လမ္းျပင္လမ္းေဖာက္၊ တံတားေဆာက္ၾကတာကိုးဗ်၊ သုံးက်ိပ္သုံးေယာက္အားနဲ႔မွ ရမွာေပါ့၊ အခု ဦးဘျဖဴက ေခြးစာေကြၽးမွာမဟုတ္လား”
“ေရာ္၊ သူႀကီးရာ၊ ဒီမယ္သူႀကီးရဲ႕ တိရစာၦန္တစ္ေကာင္ကိုလႉရင္ ဘဝေပါင္းတစ္ရာ ခ်မ္းသာရတယ္ဗ်၊ အဲဒါ က်ဳပ္ေျပာတာမဟုတ္ဘူးေနာ္၊ ဘုရားေဟာတာ၊ ဒီေတာ့ သူႀကီးသာေငြနည္းနည္းလႉဒါန္းမယ္ဆိုရင္ က်ဳပ္တို႔ ဘဝေပါင္းတစ္ရာေလာက္ေတာ့ အတူတူေကာင္းစားၾကမယ္၊ ၿပီးေတာ့ က်ဳပ္တို႔အားလုံးအတူတူ ေဟာဒီကုသိုလ္တစ္ခုအရင္းျပဳၿပီးေတာ့ နတ္ဘုံနတ္နန္းမွာ အတူတူခံစားစံစားၾကရမယ္မဟုတ္လား”
“ဟုတ္ပါၿပီ ဦးဘျဖဴရာ၊ ေရာ့ ေငြအစိတ္၊ ဟုတ္ၿပီလား”
အေဖက အိပ္ထဲက ပိုက္ဆံႏႈိက္ၿပီး ဖလားထဲကိုထည့္လိုက္ေတာ့တယ္၊ ဦးဘျဖဴက ဖလားကိုတခြၽင္ခြၽင္ေခါက္ၿပီးေတာ့၊ အေဖ့ကိုဆုေတြေပးတယ္။ ၿပီးေတာ့ က်ဳပ္ဘက္ကိုလွည့္လာတယ္။
“အလတ္ေကာင္ မင္းလည္းလႉအုံး”
“ဟာဗ်ာ၊ က်ဳပ္ဖာသာက်ဳပ္ေခြးတစ္ေကာင္ကို ထမင္းၾကမ္းခဲပစ္ေကြၽးလိုက္မွာေပါ့၊ မလႉႏိုင္ပါဘူးဗ်ာ”
“မရွိလို႔မလႉ၊ မလႉလို႔မရွိတဲ့၊ မင္းအခုမြဲေနတာ အလႉအတန္းမလုပ္လို႔ကြ”
က်ဳပ္လည္း စိတ္ထဲေတာ့ ေဒါသထြက္သြားတာေပါ့ဗ်ာ၊ ဦးဘျဖဴက က်ဳပ္ကိုေသခ်ာၾကည့္ေျပာၿပီးေတာ့ ၿပဳံးၿဖီးၿဖီးနဲ႔ထြက္သြားပါေရာဗ်ာ၊ က်ဳပ္လည္း အေဖ့ကိုၾကည့္ရင္း
“အေဖရာ၊ ဒီလူႀကီးကေတာ့ အားေနရင္ အလႉခံဆင္းေနတာပဲ၊ ၿပီးေတာ့ သူလႉပါတယ္ဆိုၿပီးေတာ့ နာမည္ေကာင္းက ဝင္ယူအုံးမယ္”
“ဒါေတြ မေတြးပါနဲ႔အလတ္ေကာင္ရာ၊ သူ႔အလႉမွာကိုယ္ထည့္လိုက္ရတယ္ဆိုၿပီးေတာ့ ေကာင္းတဲ့စိတ္ပဲေတြးစမ္းပါ”
က်ဳပ္ကေတာ့ မေတြးႏိုင္ပါဘူးဗ်ာ။
“အိုဗ်ာ၊ သူႀကီးအလႉ႐ြာသားေကာင္းမႈပဲၾကားဖူးတယ္၊ အခုကေတာ့ ဦးဘျဖဴအလႉက ႐ြာသားေကာင္းမႈျဖစ္ေနၿပီ အေဖရ”
က်ဳပ္လည္း မနက္စာစားေသာက္ၿပီးေတာ့ လယ္ထဲဆင္းခဲ့တယ္။ ထင္တဲ့အတိုင္းပါပဲဗ်ာ၊ သုံးေလးရက္ေလာက္ၾကေတာ့ ေခြးအစာေကြၽးပြဲက စတင္ပါေရာ၊ ဦးဘျဖဴရဲ႕ တိရစာၦန္မ်ားအေပၚ ဒါနျပဳပြဲဆိုၿပီးေတာ့ ေခါင္းစဥ္က တပ္ထားေသးတယ္၊ ႐ြာျပင္ဇရပ္ပ်က္ေတြအနားမွာ ဖ်ာၾကမ္းႀကီးေတြခင္းၿပီးေတာ့ ေကြၽးတာေပါ့ဗ်ာ၊ အဲဒီဖ်ာၾကမ္းအေပၚမွာ ထမင္းေတြပုံၿပီးေတာ့ အမဲ႐ိုးေတြ၊ အမဲအ႐ြတ္ေတြ ျပဳတ္ထားတဲ့အရည္ေတြကိုဆမ္းတာေပါ့ဗ်ာ၊ တစ္႐ြာလုံးက ေခြးအငတ္ေတြကလည္း အစားအေသာက္ဆိုေတာ့ လာစားၾကတာေပါ့ဗ်ာ၊ ဦးဘျဖဴက ပိတ္ျဖဴစင္ၾကယ္ဝတ္ၿပီးေတာ့ ေခါင္းေပါင္းအျဖဴႀကီးနဲ႔ ေခြးေတြစားေသာက္ေနတဲ့အေရွ႕မွာရပ္တယ္ဗ်။
“ယေန႔ယခုတြင္ ကြၽႏုပ္သည္ ေခြးသတၱဝါအေပာင္းတို႔အား အစာေရစာေကြၽးကာ၊ ကုသိုလ္ျပဳ ဒါနျပဳခဲ့ပါသည္။ ယခုျပဳရသည့္ ကုသိုလ္ဒါနသည္ ကြၽႏ္ုပ္ အတြက္ ဒါနပါရမီ ျဖစ္ပါေစသတည္း”
သူက ႐ြတ္ေနတုန္း က်ဳပ္လည္း စိတ္ေပါက္ေပါက္နဲ႔ ေျမစာခဲေကာက္ၿပီးေတာ့ ေခြးအုပ္ထဲကိုပစ္ထည့္လိုက္တယ္ဗ်၊ ေခြးဆိုတဲ့အမ်ိဳးက အတူတူစားၾကေသာက္ၾကရရင္ေတာင္မွ လုၾကယက္ၾက၊ စားမန္(စမန္) ခုတ္ၾကနဲ႔ဆိုေတာ့ က်ဳပ္ပစ္တဲ့ေျမစာခဲကို ထိသြားတဲ့ေခြးက ထၿပီးေအာ္ေတာ့တာေပါ့ဗ်ာ၊ သူ႔ေဘးနားကိုလည္း ပတ္ရမ္းတာေပါ့၊ အဲဒါနဲ႔ဖ်ာၾကမ္းေပၚမွာ ထမင္းစားေနတဲ့ေခြးေတြလည္းတစ္ေကာင္နဲ႔တစ္ေကာင္ ကိုက္ၾကျပဳၾကရင္း ေခြးကိုက္ပြဲႀကီးျဖစ္သြားပါေလေရာ၊ ေခြးေတြနားမွာ ပိတ္ျဖဴစင္ၾကယ္နဲ႔လုပ္ေနတဲ့ ဦးဘျဖဴကိုလည္း ေခြးေတြက မ်က္စိေနာက္ၿပီး လိုက္ဆြဲၾကေတာ့ ဦးဘျဖဴခမ်ာ ဆုေတာင္မေတာင္းလိုက္ရဘဲနဲ႔ ပုဆိုးစြန္ေတာင္ဆြဲၿပီးေတာ့ ႐ြာထဲကိုျပန္လွည့္ေျပးရပါေရာလားဗ်ာ။
(၂)
ဒီလူႀကီးကို ႐ြာကလူႀကီးပိုင္းေတြကသာ ၾကည့္ရေပမယ့္၊ လူငယ္ကာလသားပိုင္းကေတာ့ ၾကည့္မရဘူးဗ်၊ သူက ပါးစပ္မွအၿငိမ္မေနတာ၊ ေနရာတကာလည္း ပါခ်င္တယ္ဆိုေတာ့ ဟိုလိုက္ေျပာ၊ ဒီလိုက္ေျပာနဲ႔ေပါ့ဗ်ာ၊ က်ဳပ္တို႔အရက္ေသာက္ေနတာျမင္ရင္ အရက္ေသာက္ရင္ ႐ူးတတ္ေၾကာင္း စာေပက်မ္းဂန္ေတြနဲ႔ေထာက္ျပၿပီးေတာ့ ေျပာဆိုလို႔မဆုံးဘူးဗ်၊ သူက်ေတာ့ အရက္ကို ျဖဴအူနဲ႔စိမ္ၿပီး ေသာက္တယ္၊ အံမယ္ ဒါက်ေတာ့ ေဆးအျဖစ္နဲ႔သုံးတာ ရတယ္ေပါ့ဗ်ာ၊ က်ဳပ္တို႔ကေတာ့ ဒီလူႀကီးေတြ႕ရင္ ေရွာင္တယ္၊ တရားေဟာခံရရင္ နားၿငီးတာကိုးဗ်။
က်ဳပ္တို႔ဒီလူႀကီးကို ဒဲ့႐ြံသြားတာကေတာ့ ဒီလိုဗ်၊ အဲဒီတုန္းက က်ဳပ္အသက္ ႏွစ္ဆယ္ေလာက္ေပါ့ဗ်ာ၊ တစ္ရက္ေတာ့ ဦးဘျဖဴႀကီးက အိမ္ကိုေရာက္လာျပန္ပါေရာ၊ လက္ထဲမွာ ေငြဖလားကိုင္ထားတာမေတြ႕ေတာ့၊ အလႉခံဖို႔လာတာမဟုတ္ေလာက္ဘူးေပါ့ဗ်ာ၊ ဦးဘျဖဴက အေဖ့အနားမွာကပ္ထိုင္ရင္း
“က်ဳပ္သူႀကီးကို အေရးတႀကီးတိုင္ပင္စရာတစ္ခုရွိတယ္”
ၿပီးေတာ့ ဦးဘျဖဴက က်ဳပ္ကိုကြက္ၾကည့္၊ ကြက္ၾကည့္လုပ္ေနပါေရာ၊ က်ဳပ္လည္း ဒီေလာက္ေတာ့ နပ္ပါတယ္၊ က်ဳပ္ကိုပထုတ္ခ်င္တဲ့သေဘာေပါ့ဗ်ာ၊ က်ဳပ္လည္း ဒါနဲ႔ အိမ္ေပၚကိုတက္ခဲ့ေတာ့တယ၊ ဒါေပမယ့္ က်ဳပ္ဆိုတဲ့ေကာင္က က်ဳပ္ကိုမသိေစခ်င္ေလ၊ ပိုပိုၿပီးသိခ်င္ေလမဟုတ္လား၊ ဒါနဲ႔ ေလွကားေပၚတက္ၿပီး ပု႑ကြယ္ကေန အသာေခ်ာင္းၿပီးနားေထာင္ေနတာေပါ့ဗ်ာ။
“ကဲ၊ ဘာမ်ားအေရးႀကီးလို႔လဲ ဦးဘျဖဴ”
“ဒီလိုပါသူႀကီးရာ၊ မတင္လွတို႔ပိုင္တဲ့ လယ္ဧကႏွစ္ဆယ္ေလာက္က အခုမစိုက္ပ်ိဳးတာၾကာၿပီမဟုတ္လား”
“ေအးေလ၊ သူ႔ေယာက္်ားေသသြားေတာ့ လယ္လုပ္မယ့္လူမွမရွိေတာ့တာ၊ အဲဒါဘာျဖစ္သလဲ”
“ဘာျဖစ္ရမွာလဲသူႀကီးရာ၊ သူတို႔လယ္ေတြကို သူႀကီးက သိမ္းလိုက္ေပါ့”
“ဘာဗ်”
အေဖ့အသံက မာသြားတယ္ဗ်၊ ဦးဘျဖဴကေတာ့ဆက္ေျပာတယ္။
“ဟုတ္တယ္သူႀကီး၊ သူတို႔မစိုက္ပ်ိဳးတာၾကာလို႔ဆိုၿပီး သူႀကီးကသိမ္းလိုက္ဗ်ာ၊ သူႀကီးသာလုပ္မယ္ဆိုရင္ ႐ြာကလူေတြက နာခံၾကၿပီးသားပါ”
“က်ဳပ္က သိမ္းၿပီးေတာ့ ဘာလုပ္ရမွာလဲ”
ဦးဘျဖဴက ေဘးဘီကိုၾကည့္လိုက္ၿပီးေတာ့
“သိမ္းၿပီးေတာ့ သူႀကီးနဲ႔က်ဳပ္နဲ႔ တစ္ေယာက္ဆယ္ဧကစီ ခြဲယူမယ္ဗ်ာ၊ အလကားေတာ့ မယူပါဘူးဗ်ာ၊ မတင္လွတို႔ကို တစ္ဧကကို ႏွစ္ရာေပးလိုက္မယ္ေလ၊ ဒါဆိုရင္ သူတို႔လည္းအဆင္ေျပ၊ က်ဳပ္တို႔လည္းအဆင္ေျပတယ္မဟုတ္လား”
အေဖက ေခါင္းခါၿပီးေတာ့
“ေနစမ္းပါအုံး၊ အခုက်ဳပ္မွာလည္း လယ္ေတြရွိေနတာပဲ၊ ခင္ဗ်ားမွာလည္း လယ္ေတြမ်ားတယ္မဟုတ္လား၊ ဘာျဖစ္လို႔ သူမ်ားလယ္ကို မေတာ္မတရားလုပ္ၿပီး လိုခ်င္တာလဲဗ်”
ဦးဘျဖဴက ရယ္က်ဲက်ဲနဲ႔
“သူႀကီးမွာလည္း သားသမီးေတြရွိတယ္မဟုတ္လားဗ်ာ၊ တစ္ေန႔က်လို႔ ဒီသားသမီးေတြကို လယ္ေတြခြဲေပးမယ္ဆိုရင္ အခုပိုင္တဲ့လယ္ေလာက္နဲ႔ ေလာက္ငွပါ့မလား၊ သူႀကီး က်ဳပ္ေျပာတာကို အထင္မမွားနဲ႔ေနာ္၊ ဆယ္ဧကဆိုတာ မနည္းဘူးဗ်၊ ေနာက္ၿပီး မတင္လွတို႔ကလည္း စိုက္ပ်ိဳးတာမွမဟုတ္တာ”
“ေတာ္စမ္းပါဦးဘျဖဴ၊ ဦးဘျဖဴ ဝယ္ခ်င္သပဆိုရင္ မတင္လွတို႔ဆီသြားၿပီး ေတာင္းဝယ္ေပါ့ဗ်ာ၊ က်ဳပ္ကေတာ့ ကိုယ္ရလိုမႈအတြက္နဲ႔ သူမ်ားအေပၚ မေတာ္ၾသဇာသုံးၿပီးမလုပ္ခ်င္ဘူး၊ ဦးဘျဖဴျပန္ပါေတာ့၊ ဒီကိစၥဆိုရင္ေတာ့ က်ဳပ္အကူအညီမေပးႏိုင္ဘူး”
ဦးဘျဖဴလည္း ေဒါသထြက္သြားပုံရတယ္ဗ်၊ ၿပီးေတာ့ အေဖ့ကိုမေက်မနပ္နဲ႔ၾကည့္ရင္း ျပန္ထြက္သြားေတာ့တယ္၊ ဒီေတာ့မွ က်ဳပ္လည္း အိမ္ေပၚကေနဆင္းလာတယ္။
“ေတာ္ေတာ္အက်င့္မေကာင္းတဲ့လူႀကီးဗ်ာ”
“သြားေျပာမေနပါနဲ႔အလတ္ေကာင္ရာ၊ မတင္လွဆီကလယ္ေတြကို သူကမေတာ္မတရားတဲ့နည္းနဲ႔လိုခ်င္တာကြ၊ လယ္တစ္ဧကကို ေငြႏွစ္ရာပဲေပးခ်င္သတဲ့ကြာ၊ ငါကေတာ့ ဒီလိုကိစၥဘယ္ေတာ့မွမလုပ္ဘူး”
“ဒီလူႀကီးကလည္းဗ်ာ၊ ၿပီးရင္ပါးစပ္က ဘုရားတရားအေၾကာင္းကိုမခ်ဘူး၊ အခုသူဒီလိုလုပ္တယ္ဆိုတာ လူေတြသိၾကည့္ပါလား”
“အလတ္ေကာင္ရာ၊ ဦးဘျဖဴဆိုတဲ့လူက တရားပဲသိတာကြ၊ တရားမရွိဘူး၊ တို႔ဗုဒၶဘာသာမွာက တရားကိုသိ႐ုံနဲ႔မရဘူး၊ သိထားတဲ့တရားကို လက္ေတြ႕က်င့္သုံးႏိုင္မွမဟုတ္လား”
ဒီလိုနဲ႔ တစ္လေလာက္ၾကာေတာ့ ဦးဘျဖဴတို႔နဲ႔ မတင္လွတို႔ က်ဳပ္တို႔အိမ္ကိုေရာက္လာပါေရာဗ်ာ၊ ဦးဘျဖဴမ်က္ႏွာကေတာ့ ၿပဳံးလို႔ဗ်။
“သူႀကီး၊ မတင္လွက သူ႔လယ္ဧကႏွစ္ဆယ္ေလာက္ကို က်ဳပ္ကိုေရာင္းမလို႔တဲ့၊ အဲဒါ သူႀကီးေရွ႕မွာပဲ အသိသက္ေသထားၿပီးေတာ့ အေရာင္းအဝယ္လုပ္တာ”
က်ဳပ္လည္း ၾကည့္ေနတာေပါ့၊ သူတို႔ဟာသူတို႔ ဘယ္လိုညႇိလိုက္လဲေတာ့မသိပါဘူးဗ်၊ ဒါနဲ႔ အေဖရဲ႕ေရွ႕မွာပဲ ေငြေခ်ၾက ေရာင္းၾကဝယ္ၾကေပါ့၊ ၿပီးေတာ့ မတင္လွက ေငြကေလးယူၿပီး ကုပ္ေခ်ာင္းေခ်ာင္းနဲ႔ျပန္သြားတယ္၊ ဦးဘျဖဴကေတာ့ က်န္ေနခဲ့တာေပါ့ဗ်ာ၊ ၿပီးေတာ့ သက္ျပင္းတစ္ခ်က္ခ်ၿပီးေတာ့။
“သူႀကီးေရ၊ ေလာကမွာ လူနပ္က ခ်မ္းသာသတဲ့၊ ပါးနပ္တဲ့လူပဲ ခ်မ္းသာတယ္ဆိုတာ သူႀကီးသိထားသင့္တယ္”
က်ဳပ္ေတာင္ ဒီစကားၾကားၿပီးေတာ့ ေဒါသထြက္သြားတာဗ်၊ အေဖကေတာ့ ေအးေအးလူလူပါပဲ။
“က်ဳပ္တို႔က ငတ္မေနပါဘူး ဦးဘျဖဴရ၊ က်ဳပ္ကေတာ့ သူမ်ားလက္ထဲကေန မေတာ္မတရားလုပ္ၿပီးမွ ခ်မ္းသာမယ့္အစား လွ်ာေပၚမွာပဲ ျမက္အေပါက္ခံလိုက္မယ္”
ဦးဘျဖဴႀကီးက အေဖ့စကားၾကားၿပီး ေတာ္ေတာ္ခံျပင္းသြားပုံရတယ္။ ေနာက္ေတာ့ အက်ႌအိတ္ကပ္ထဲက ႏွစ္ရာထုတ္ၿပီးေတာ့ အေဖ့ကိုလွမ္းေပးတယ္ဗ်၊ အေဖက တစ္ဖက္ကိုမ်က္ႏွာလွည့္လိုက္ၿပီးေတာ့
“က်ဳပ္က ပြဲစားမဟုတ္ဘူး ဦးဘျဖဴ၊ ဦးဘျဖဴပိုက္ဆံသာ ျပန္ယူသြားပါ၊ ေတာ္ၾကာပတ္ဝန္းက်င္က ျမင္ရင္ ဦးဘျဖဴနဲ႔က်ဳပ္နဲ႔ကို တစ္မ်ိဳးထင္ကုန္ပါအုံးမယ္”
ဦးဘျဖဴက ႏွစ္ရာတန္ကို အိတ္ကပ္ထဲျပန္ထည့္လိုက္ၿပီးေတာ့ အေဖ့ကိုလက္ညႇိဳးထိုးၿပီးေတာ့
“သူႀကီးေရ၊ ေလာကႀကီးမွာ သစ္ေျဖာင့္၊ ဝါးေျဖာင့္ကိုပဲ အရင္ဆုံးေ႐ြးၿပီး အခုတ္ခံရသတဲ့ဗ်ာ”
ဦးဘျဖဴက ေျပာၿပီးေတာ့ ၿပဳံးၿဖီးၿဖီးနဲ႔ထြက္သြားပါေရာဗ်ာ။ က်ဳပ္ျဖင့္ ေဒါသထြက္လို႔မဆုံးဘူးေပါ့ဗ်ာ၊ ေနာက္မွသိရတာက မတင္လွက ေရာဂါျဖစ္တာတဲ့ဗ်ာ၊ အဲဒါနဲ႔ ဦးဘျဖဴႀကီးက လိုလိုလားလား ပိုက္ဆံေတြထုတ္ေခ်းတယ္ဆိုပဲ၊ ေရာဂါအတြက္ ၿမိဳ႕တက္ၿပီး ေဆးကုရ၊ ေဆး႐ုံတက္ရနဲ႔ဆိုေတာ့ ဦးဘျဖဴႀကီးက သူ႔အေႂကြးေတြကို လယ္ေတြနဲ႔ႏွိမ္ၿပီးယူလိုက္တာတဲ့ဗ်ာ။
(၃)
အဲဒီေနာက္ပိုင္းေတာ့ အေဖနဲ႔ဦးဘျဖဴနဲ႔က နည္းနည္းခပ္တန္းတန္းျဖစ္သြားတယ္၊ ေနာက္မၾကာခင္မွာပဲ မူဝါဒအသစ္တစ္ခုထြက္လာတယ္ဗ်၊ အဲဒါကေတာ့ အရင္တုန္းက မိဘဘိုးဘြားစဥ္ဆက္ အုပ္ခ်ဳပ္ခဲ့တဲ့ ေက်း႐ြာလူႀကီးေတြကို ျဖဳတ္ၿပီးေတာ့ ႐ြာခံေတြက ဝိုင္းၿပီးမဲေပးတဲ့စနစ္နဲ႔ ႐ြာလူႀကီးအသစ္ကိုေ႐ြးၾကမယ္ေပါ့ဗ်ာ၊ ဒီအခ်ိန္မွာ အေဖနဲ႔ၿပိဳင္ဘက္ ေပၚလာတယ္ဆိုပါေတာ့၊ အဲဒီၿပိဳင္ဘက္လူကို ဦးဘျဖဴႀကီးက ေကာင္းေကာင္းႀကီးကို ေျမႇာက္ေပးထားတာဗ်၊ ဒါေပမယ္ မွန္းခ်က္နဲ႔ႏွမ္းထြက္မကိုက္ပါဘူး၊ အဲဒီမူဝါဒကလည္း ပ်က္သြားေတာ့ ထုံးစံအတိုင္း အရင္သူႀကီးေတြပဲ ဒုံရင္းအတိုင္း ျပန္ျဖစ္သြားေတာ့တာေပါ့ဗ်ာ၊ သူေထာက္ခံတဲ့လူက ဘယ္သူလဲဆိုေတာ့ သူ႔သမီးအႀကီးရဲ႕ ေယာက္်ား၊ သူ႔သမက္တဲ့ဗ်ာ၊
မယဥ္ေပးတဲ့ သနပ္ခါးတုံးကို လူးမိၿပီးအိမ္ကလူေတြ တစ္ေယာက္နဲ႔တစ္ေယာက္ ရန္ျဖစ္ၾကေတာ့မွ က်ဳပ္လည္း သူတို႔ေတြမ႐ိုးသားဘူးဆိုတာ သိလိုက္ရတာဗ်၊ ဒါေပမယ့္္ ဘာျဖစ္လို႔လဲဆိုတာကိုေတာ့ အေၾကာင္းရွာမရဘူးေပါ့။
“အလတ္ေကာင္ေရ၊ ဒီေန႔ငါလည္း လယ္ထဲလိုက္ၾကည့္စမ္းမယ္ကြ”
အေဖက လယ္ထဲဆင္းမလို႔တဲ့ဗ်၊ ဒါနဲ႔ က်ဳပ္နဲ႔အေဖနဲ႔ လယ္ထဲဆင္းခဲ့တာေပါ့။ အငယ္ေကာင္ကေတာ့ အိမ္ကႏြားႀကီးေတြနဲ႔ အရင္ဆင္းသြားတယ္၊ အငယ္မတို႔ကေတာ့ ထမင္းေတာင္းေစာင့္္ရင္း အေနာက္ကလိုက္လာၾကမွာေပါ့ဗ်ာ၊ က်ဳပ္နဲ႔အေဖလည္း စကားတေျပာေျပာနဲ႔ လယ္ထဲေရာက္လာခဲ့တယ္ဗ်၊ က်ဳပ္တို႔အိမ္က ႏြားေတြကိုေတာ့ လယ္ကန္သင္းတစ္ဖက္က ျမက္ေတာႀကီးထဲမွာ လႊတ္ေက်ာင္းထားတာေပါ့ဗ်ာ၊ မိုးတြင္းဆိုေတာ့ ျမက္ကလည္း ေပါမွေပါပဲကိုးဗ်။
အေဖနဲ႔က်ဳပ္နဲ႔ ကန္သင္းေပၚေလွ်ာက္လာၾကရင္း လႊတ္ေၾကာင္းထားတဲ့ႏြားႀကီးထဲက ငညိဳႀကီးလို႔ေခၚတဲ့ ႏြားထီးႀကီးက က်ဳပ္တို႔ဆီကိုေျပးလာတယ္ဗ်၊ အစပိုင္းကေတာ့ ကြင္းထဲမွာ ဒီအတိုင္းပဲေျပးတယ္ထင္တာ၊ ေနာက္ေတာ့ ဘယ္ဟုတ္ပါ့မလဲဗ်ာ၊ က်ဳပ္တို႔သားအဖဆီကို ေျပးလာတာဗ်၊ က်ဳပ္လည္း ဘာလုပ္ရမွန္းမသိတာနဲ႔ ကန္သင္း႐ိုးအစပ္က ေျမစာခဲတစ္ခုကိုေကာက္လိုက္တယ္၊ ကန္သင္းေပါက္ရင္း က်န္ခဲ့တဲ့ေျမစာေတြေပါ့ဗ်ာ၊ ေျမစာခဲဆိုေပမယ့္လည္း သုံးပိႆေလာက္ ေလးတယ္၊ တစ္ထြာေလာက္ရွိတာကိုး၊ က်ဳပ္လည္း ေျမစာခဲကို လက္ႏွစ္ဖက္နဲ႔ေသေသခ်ာခ်ာမလိုက္ၿပီး အနားကပ္လာတဲ့ ငညိဳႀကီးဆီကို ပစ္ထည့္လိုက္တာေပါ့ဗ်ာ၊ အဲဒီေျမစာခဲႀကီးကို ငညိဳႀကီးက ခ်ိဳနဲ႔ခတ္ထုတ္လိုက္ေတာ့ ေျမစာခဲက တစ္စစီျဖစ္သြားပါေရာ၊ ၿပီးေတာ့ သူ႔ဦးခ်ိဳအခြၽန္ႀကီးကို ထိုးစိုက္လိုက္ၿပီးေတာ့ အေဖ့ကိုခတ္ဖို႔ ေျပးလာပါေရာဗ်ာ။
က်ဳပ္တို႔သားအဖ ဘာလုပ္ရမွန္းကိုမသိေတာ့ဘူး၊ အရာအားလုံးက မ်က္စိတစ္မွိတ္အတြင္းမွျဖစ္သြားတာဗ်၊ ငညႇိဳႀကီးက အေဖ့ကိုခတ္လုဆဲဆဲေျပးလာရင္း အေဖ့နဲ႔လက္တစ္ေတာင္ေလာက္အကြာေရာက္ေတာ့မွ ေျခေလးေခ်ာင္းစလုံး တုံ႔ခနဲကိုရပ္သြားတာ၊ က်ဳပ္ဆို ႏွလုံးေတြ တဒိတ္ဒိတ္နဲ႔ခုန္ေနတာဗ်၊ ေဘးဘီကိုၾကည့္ေတာ့မွ ခပ္လွမ္းလွမ္းက သစ္ပင္ႀကီးတစ္ပင္ေအာက္မွာ ထိုင္ေနတဲ့ ဦးဘသာကိုေတြ႕တယ္ဗ်၊ က်ဳပ္ထင္တာကေတာ့ ဦးဘသာမ်ား အေဖ့ကိုကယ္သြားတာလားေပါ့ဗ်ာ။ အေဖက ငညိဳႀကီးကို ေသေသခ်ာခ်ာၾကည့္ၿပီးေတာ့
“ေဟ့ေကာင္ညိဳႀကီး၊ ဘာျဖစ္တာလဲဟ”
အေဖေငါက္လိုက္ေတာ့မွ ငညိဳႀကီးက ျပန္လွည့္ထြက္သြားၿပီးေတာ့ ျမက္သြားစားေနတယ္၊ ငညိဳႀကီးဆိုတဲ့ ႏြားႀကီးက လိမ္မာတဲ့ႏြားထီးႀကီးပါဗ်ာ၊ ေဟာ့ေဟာ့ရမ္းရမ္းလည္းမရွိပါဘူး၊ ဒီေန႔ေတာ့ ဘာစိတ္ကူးေပါက္သလဲမသိ၊ အေဖ့ကို ခတ္ခ်င္ေနတာ ထူးဆန္းတယ္ဗ်။
ဒါနဲ႔ လယ္ထဲကေန ညေနမေစာင္းခင္ ျပန္ခဲ့တာေပါ့ဗ်ာ၊ အိမ္လည္းေရာက္ေရာ အေဖက အိမ္ေပၚတက္သြားေတာ့တယ္၊ ဒီအခ်ိန္မွာပဲ အားခနဲေအာ္ၿပီးေတာ့ ေလွကားေပၚကေန ျပန္ျပဳတ္က်တယ္ဗ်၊ ေလွကားကိုးထစ္ဆိုေတာ့ အေတာ္ျမင့္တယ္ေျပာရမယ္၊ အေဖက ဟိုးေလွကားထိပ္ကေန ျပဳတ္က်တာဗ်၊ ေျမႀကီးေပၚကို ဘုန္းခနဲက်ၿပီး လဲသြားပါေရာဗ်ာ၊ က်ဳပ္တို႔လည္း ေျပးဆြဲၿပီးထူတာေပါ့။
“အေဖ၊ ဘာျဖစ္တာလည္း”
“မသိပါဘူးကြာ၊ ေလွကားထိပ္ေရာက္ေတာ့ မိုက္ခနဲျဖစ္သြားၿပီး လဲသြားတာပဲ၊ အား၊ လက္က်ိဳးသြားၿပီလားမသိဘူး”
အေမကလည္း အေတာ္စိတ္ပူေနတယ္။
“ရွင္အငန္ေတြစားတာမ်ားၿပီး ေသြးတိုးတာျဖစ္မယ္၊ အလတ္ေကာင္ေရ၊ နင့္္အကိုႀကီးနဲ႔ အတူတူတြဲမၿပီး နင့္အေဖကိုအိမ္ေပၚကိုတင္ဟဲ့၊ ၿပီးရင္ ဦးမွတ္ႀကီးသြားပင့္္စမ္း”
အေဖ့ကိုတြဲေတာ့ အေဖက မတ္တပ္ေတာင္မရပ္ႏိုင္ဘူးဗ်ာ၊ ျပဳတ္က်တဲ့အတိုင္း ေကြးေကြးႀကီးဗ်၊ အေဖ့ကိုေမာင္ႏွမေတြ ခဲရာခဲဆစ္ဆြဲတင္ၿပီးေတာ့ အိမ္ေရွ႕ခန္းမွာ ျဖည္းျဖည္းခ်င္းခ်ထားလိုက္တယ္၊ အေဖ့က ဘယ္ဖက္ကိုေစာင္းၿပီးက်တာ၊ ဘယ္ဖက္လက္က လႈပ္မရဘဲ ေကြးေကြးႀကီး၊ ဘက္ဖက္ကိုယ္တစ္ျခမ္း္လည္း ထုံလာတယ္လို႔ေျပာတာနဲ႔ က်ဳပ္လည္း ဦးမွတ္ႀကီးဆီကို အေျပးလာခဲ့တာေပါ့ဗ်ာ။
ဦးမွတ္ႀကီးက အိမ္ေရာက္ေတာ့ အေဖ့ကိုအေသအခ်ာစစ္ေပးတယ္၊ အေၾကာေတြကပ္သြားပုံရတယ္တဲ့၊ ဒဏ္ေၾကေဆးေတြဘာေတြ ေပးခဲ့တာေပါ့ဗ်ာ၊ အေဖကေတာ့ အဲဒီပုံစံအတိုင္းပဲ ေဘးေစာင္းႀကီးလဲေနၿပီးေတာ့ ဒူးႀကီးေကြးလို႔ ကုန္းကုန္းႀကီးဗ်။
ညေရာက္ေတာ့မွ ေရာဂါစတာပဲဗ်ာ၊ အိမ္ေရွ႕ခန္းမွာ အိပ္ေနတဲ့အေဖက ထၿပီးညည္းေတာ့တာပဲဗ်ာ၊ အေဖက ေတာ္႐ုံဆိုညည္းခဲတယ္ဗ်၊ အခုေတာ့ တအားအား၊ တအီးအီးနဲ႔ ညည္းေနေတာ့တာ၊ က်ဳပ္တို႔လည္း အိပ္ရာထၿပီးေတာ့ ဝိုင္းၿပီးကူညီရတာေပါ့ဗ်ာ၊ အေဖ့ကိုယ္လုံးကို ၾကပ္ထုပ္ေတြထိုးေပး၊ ေဆးေတြလူးေပးေပမယ့္္ အေဖက မသက္သာဘူးထင္တယ္ဗ်။
“နာလိုက္တာ၊ အင္း . . .ဟင္း . . .ဟင္း”
အေဖက မ်က္လုံးစုံမွိတ္ၿပီးေတာ့ ညည္းညဴေနေတာ့တယ္၊ က်ဳပ္တို႔လည္း အေဖျဖစ္တာဆိုေတာ့ စိတ္မေကာင္းဘူးေပါ့ဗ်ာ၊ အေမနဲ႔ ေမာင္ႏွမေတြ တိုင္ပင္ၿပီးေတာ့ ေနာက္တစ္ေန႔ပဲ ၿမိဳင္သာေဆး႐ုံကိုပို႔ဖို႔ဆုံးျဖတ္လိုက္တယ္ဗ်၊ ခုညေတာ့ အေဖ့ကိုဒီအတိုင္းပဲထားရမွာေပါ့ဗ်ာ၊ ဒီလိုနဲ႔ အေဖက တစ္ညလုံ ညည္းေနရင္း သန္းေခါင္ေလာက္ေရာက္ေတာ့မွ အသံတိတ္သြားတယ္၊ က်ဳပ္လည္း အိပ္ဖို႔ျပင္ေနဆဲမွာ က်ဳပ္တို႔အိမ္ေပၚက နတ္စင္က ျမင္းျဖဴရွင္နတ္မွာ ကပ္ထားတဲ့ေသာက္ေတာ္ေရခြက္က ခြမ္းခနဲ သူ႔အလိုလိုကြဲသြားတာဗ်၊ က်ဳပ္လည္း ခဲေတြဘာေတြမ်ား မွန္သလားဆိုၿပီးလိုက္ရွာေသးတယ္၊ ခဲမွန္ရင္ တစ္ခုခုေတာ့ ရွိမွာပဲေလ၊ အခုကေတာ့ထူးထူးဆန္းဆန္းႀကီးဗ်ိဳ႕၊ ျဖစ္တာကလည္း က်ဳပ္မ်က္စိေရွ႕တင္ျဖစ္သြားတာ၊ ဒါနဲ႔ က်ဳပ္လည္း အဲဒီညေတာ့ အေဖ့နားမွာေစာင့္္ေနရင္း ႏိုးတစ္ဝက္၊ ေပ်ာ္တဝက္နဲ႔အိပ္ရတာေပါ့ဗ်ာ။
မနက္လင္းေတာ့ ေဆး႐ုံသြားဖို႔ျပင္ၾကဆင္ၾကၿပီေပါ့၊ အကိုႀကီးက လွည္းဆင္ေနတုန္း က်ဳပ္လည္း စိတ္ထဲမသကၤၤၤာနဲ႔ ဦးဘသာႀကီးဆီကိုေျပးလာလိုက္တယ္။
“ဦးဘသာ၊ ဦးဘသာ”
က်ဳပ္အေမာတေကာနဲ႔ ေရာက္လာၿပီဆိုရင္ ဦးဘသာေတာ့ မ်က္ခုံးလႈပ္ေနေလာက္ၿပီေပါ့ဗ်ာ၊ ဦးဘသာက မနက္စာစားေနတုန္းဗ်၊ ထမင္းၾကမ္းခဲကို ဆီဆားနယ္ၿပီးေတာ့ ပဲေလွာ္ေလးျဖဴးၿပီးစားေနေလရဲ႕။
“ဘာျဖစ္ျပန္တာတုန္း”
“ထူးဆန္းတာေျပာမလို႔၊ ညက အေဖေလွကားေပၚက ျပဳတ္က်တယ္၊ အခုထိ မထႏိုင္ဘူးဗ်ာ၊ ေစာင္းေစာင္းႀကီးပဲ”
“အဲဒါ မွတ္ႀကီးေခၚျပေပါ့ကြ”
“ျပၿပီးၿပီ၊ မေန႔က ညေနကတည္းက၊ ဒါေပမယ့္္ အခုထိမသက္သာဘူးဗ်၊ ခဏေနရင္ ၿမိဳင္သာေဆး႐ုံပို႔ၾကမယ္”
“မင္းကဘယ္လိုထင္လို႔လည္း”
“က်ဳပ္က ပေယာဂမ်ားလားလို႔”
ဦးဘသာက လက္ကို လက္သုတ္ပုဝါနဲ႔သုတ္လိုက္ၿပီးေတာ့ ကြမ္း႐ြက္တစ္႐ြက္ယူလိုက္တယ္၊ ၿပီးေတာ့ ကြမ္း႐ြက္ကို ထုံးသုတ္၊ ရွားေစးနည္းနည္းသုတ္တယ္၊ ၿပီးေတာ့ ကြမ္း႐ြက္ကို ကန္ေတာ့ပုံစံထိုးတာပဲဗ်ာ၊ ကြမ္း႐ြက္ရဲ႕အညႇာ႐ိုးတံကို ကန္ေတာ့ရဲ႕ဖင္မွာပတ္ၿပီးေခြတယ္ဗ်။ ၿပီးေတာ့ တစ္ခုခုကိုမန္းမႈတ္လိုက္တယ္။
“ေဟာဒီကြမ္းကန္ေတာ့ကိုယူသြား၊ မင္းအေဖနဖူးမွာကပ္ၾကည့္ ပေယာဂမွန္ရင္ မင္းအေဖမခံမရပ္ႏိုင္ေအာင္ျဖစ္လာလိမ့္္မယ္၊ ဘာမွမျဖစ္ဘူးဆိုရင္ေတာ့ ေသြး႐ိုးသား႐ိုးေပါ့ကြာ”
“ဘယ္ပေယာဂမဆို ေပၚရဲ႕လားဦးဘသာ”
“စုန္းတိုက္၊ နတ္တိုက္၊ ကေဝတိုက္၊ ေအာက္လမ္း အားလုံးေပၚတယ္၊ သြား၊ ျမန္ျမန္လုပ္”
က်ဳပ္လည္း ကန္ေတာ့ထိုးထားတဲ့ ကြမ္း႐ြက္ကိုင္ၿပီး အိမ္ကိုေျပးခဲ့တာေပါ့ဗ်ာ၊ အိမ္ေရာက္ေတာ့ အေဖက လွည္းေပၚေရာက္ေနၿပီ၊ က်ဳပ္လည္း လွည္းေပၚတက္လိုက္ရင္း ဦးဘသာေျပာတဲ့အတိုင္း အေဖ့ရဲ႕နဖူးကို အဲဒီကြမ္းကန္ေတာ့နဲ႔ထိထားလိုက္တယ္၊ ႏွစ္မိနစ္သုံးမိနစ္ၾကာတဲ့အထိ ဘာမွမျဖစ္ဘူး၊ က်ဳပ္လည္း ေသခ်ာေအာင္ဆိုၿပီးေတာ့ ဆက္ဖိထားတယ္၊ အေမနဲ႔ အကိုႀကီးက လွည္းေပၚတက္လာတယ္။
“အလတ္ေကာင္၊ နင္ပါလိုက္ခဲ့၊ အႀကီးေကာင္ ေမာင္းေတာ့ဟဲ့”
က်ဳပ္လည္း အေမတို႔နဲ႔အတူတူ လွည္းနဲ႔ပါသြားတာေပါ့ဗ်ာ၊ တစ္လမ္းလုံးလည္း အေဖ့ကို ဦးဘသာေပးတဲ့ ကြမ္း႐ြက္ကန္ေတာ့ေလးနဲ႔ ကပ္ၿပီးလိုက္လာခဲ့တယ္၊ ဘာမွမထူးျခားပုံေထာက္ေတာ့ ပေယာဂမရွိဘူးေပါ့ဗ်ာ။
ၿမိဳင္သာေဆး႐ုံကို ေန႔လည္မြန္းတည့္ေလာက္မွ ေရာက္ေတာ့တယ္ဗ်ာ၊ ဒါေတာင္ လွည္းကိုအကိုႀကီးက အေတာ္ႏွင္လို႔ေပါ့၊ ႏြားေတြမ်ား ေဟာဟဲလိုက္ေနၾကၿပီ။ ေဆး႐ုံေရာက္ေတာ့ အေဖ့ကိုဓါတ္မွန္႐ိုက္တယ္၊ ဆရာဝန္ေတြက ေမးစမ္းၿပီးေတာ့ တူအေသးေလးနဲ႔လည္း ဒူးဆစ္ေတြကို ထုၾကည့္္ေသးတယ္ဗ်။
“က်ဳပ္တို႔စမ္းသပ္ရသေလာက္ကေတာ့ ဘာမွႀကီးႀကီးမားမားမျဖစ္ပါဘူး၊ အ႐ိုးေတြလည္း အကုန္ေကာင္းတယ္”
ဒါနဲ႔ ၿမိဳင္သာေဆး႐ုံမွာ ႏွစ္ရက္ေလာက္ဆက္တက္ရတယ္။ ဆရာဝန္ေတြလည္း ေရာဂါရွာေပမယ့္္ ဘာမွမျဖစ္ဘူးပဲျပေနတာ၊ သူတို႔စမ္းတာလည္း အကုန္အေကာင္းပဲဗ်ာ၊ ဒါေပမယ့္္အေဖက အဲဒီအတိုင္းေခြေခြႀကီးပဲျဖစ္ေနေတာ့တာ။ သုံးရက္ေလာက္ေနၿပီးေတာ့ အေဖက အေတာ္ပိန္က်သြားတယ္၊ အစာလည္းမဝင္ဘူးကိုး၊ ေရေလာက္ပဲေသာက္လို႔ရတာ၊ အေမကေတာ့ ေဆး႐ုံမတက္ခ်င္ေတာ့ဘူး၊ သူကလည္း ပေယာဂလားလို႔ထင္ေနၿပီ၊ ဒါနဲ႔ပဲ ေဆး႐ုံကေနဆင္းၿပီးေတာ့ ၿမိဳင္သာက အထက္လမ္းဆရာတစ္ေယာက္ဆီမွာ ပေယာဂစစ္ၾကတယ္ေပါ့ဗ်ာ။
ဦးဘသာစစ္တာလည္းမေတြ႕ဘူး၊ အထက္လမ္းဆရာစစ္တာလည္း ဘာမွမေတြ႕ဘူးဗ်။ က်ဳပ္တို႔ျဖင့္္ ဘာလုပ္ရမွန္းမသိေအာင္ အေတာ္ကိုစိုးရိမ္ေနၿပီ။ ပေယာဂလည္းမရွိဘူးဆိုေတာ့လက္ေလွ်ာ့လိုက္ၿပီး ဗိေႏၶာဆရာေကာင္းေကာင္းရွာမယ္ဆိုၿပီးေတာ့ အေဖ့ကို႐ြာကိုျပန္သယ္ခဲ့တာေပါ့ဗ်ာ။
အိမ္ျပန္ေရာက္ေတာ့ အေဖ့ကိုလူနာလာေမးၾကတယ္၊ တစ္႐ြာလုံးနီးပါးပါပဲ၊ အဲဒီအထဲမွာ ဦးဘျဖဴလည္းပါတယ္ဗ်၊ ဦးဘျဖဴက အေဖ့ေဘးနားမွာ ဝိုင္းထိုင္ေနတဲ့လူေတြကိုၾကည့္ၿပီးေတာ့
“သူႀကီးေနမေကာင္းဘူးဆိုေတာ့ သူႀကီးအသစ္ခန႔္ဖို႔မ်ား လိုေနၿပီလားမသိပါဘူး”
သူကေတာ့ အတည္ေျပာတာဗ်၊ သူ႔စကားၾကားၿပီးေတာ့ ႐ြာခံလူႀကီးေတြက အံ့ၾသေနၾကတာနဲ႔ ဦးဘျဖဴက စေနာက္တာပါဆိုၿပီးေတာ့ ရယ္က်ဲက်ဲျဖစ္သြားတာ။ ညေနေစာင္းေလာက္ေရာက္ေတာ့ လူေတြရွင္းသြားၿပီ၊ ဒီအခ်ိန္က်မွ ဦးဘသာႀကီးေရာက္လာေတာ့တယ္။
“မင္းအေဖမေကာင္းေသးဘူးဆိုကြ”
“အိမ္ေပၚသာ တက္ၾကည့္ပါေတာ့ ဦးဘသာရယ္”
ဦးဘသာလည္း အိမ္ေပၚတက္ၾကည့္တယ္၊ အိမ္ေရွ႕ခန္းမွာ ေကြးေကြးႀကီးျဖစ္ေနတဲ့အေဖ့ကိုၾကည့္ရင္း ဦးဘသာက သက္ျပင္းခ်တယ္။ အေမက ဦးဘသာအနားကိုကပ္ၿပီး
“ဦးဘသာ၊ ကြၽန္မေယာက္်ားကို စုန္းေတြ၊ ကေဝေတြကမ်ား ျပဳစားထားတာလားေတာ့”
ဦးဘသာက အေဖ့လက္ေတြကိုဆြဲကိုင္ရင္း
“နင္တို႔လည္း ပေယာဂစစ္ေသးတယ္ဆို မသန္းရဲ႕”
“ဟုတ္ပါတယ္၊ အထက္လမ္းဆရာကေတာ့ ပေယာဂမရွိဘူးလို႔ပဲေျပာေနေတာ့တာ”
ဦးဘသာက အေဖ့ကိုမ်က္ေမွာင္ၾကဳတ္ၿပီးၾကည့္ေနတယ္၊ ဒီအခ်ိန္မွာပဲ ျမင္းျဖဴရွင္နတ္ကြန္းက ေသာက္ေရခြက္က နတ္ကြန္းေပၚက ျပဳတ္က်ၿပီးေတာ့ ၾကမ္းေပၚကိုက်ေတာ့တာပါပဲ၊ အရင္ေခတ္က နတ္ဆက္တဲ့ခြက္ေတြက ေျမနဲ႔စဥ့္နဲ႔လုပ္တဲ့ခြက္ေတြဗ်။ ဒီေခတ္လို ဖန္ခြက္ေတြ မေပါေသးဘူး။ ဦးဘသာက အေသအခ်ာၾကည့္ရင္း အေမ့ကိုႏႈတ္ဆက္တယ္၊ သူအိမ္ေပၚကဆင္းၿပီး ေလွကားရင္းလည္းေရာက္ေရာ က်ဳပ္ကိုလက္ကုပ္တယ္ဗ်။
“မင္းငါနဲ႔လိုက္ခဲ့အလတ္ေကာင္”
“ဟာ၊ ဦးဘသာ တစ္ခုခုထူးၿပီလား”
ဦးဘသာက ေခါင္းညိတ္ရင္း ၿခံထဲကေနထြက္သြားေတာ့ က်ဳပ္လည္း သူ႔အေနာက္ကေနလိုက္ခဲ့တာေပါ့ဗ်ာ၊ လမ္းေရာက္မွ ဦးဘသာက စကားစတယ္ဗ်။
“မင္းတို႔အိမ္က ျမင္းျဖဴရွင္နတ္ကြန္းက ေရခြက္ဘာလို႔က်တာလဲကြ”
“က်ဳပ္လည္းမသိဘူး၊ အခုမွ မဟုတ္ဘူးဗ်၊ အေဖေလွကားေပၚက က်တဲ့ညကလည္း သူ႔အလိုလိုကြဲထြက္သြားေသးတယ္”
ဦးဘသာက ေခါင္းညိတ္ရင္း
“တစ္ခုခုေတာ့ တစ္ခုခုပဲကြ၊ ကဲလာကြာ၊ ႐ြာေတာ္ရွင္ဆီသြားမယ္၊ မင္းတို႔ ကိုးကြယ္တဲ့႐ိုးရာနတ္က မင္းတို႔ကို တစ္ခုခုသတိေပးခ်င္ေနၿပီကြ”
ဒီလိုနဲ႔ ႐ြာေတာ္ရွင္နတ္ကြန္းကို ထြက္လာခဲ့တာေပါ့ဗ်ာ၊ ေနဝင္ၿပီး မိုးခ်ဳပ္သြားၿပီဆိုေတာ့ ႐ြာထိပ္မွာလူရွင္းသြားၿပီေလ၊ ဦးဘသာက ႐ြာေတာ္ရွင္နတ္ကြန္းကိုၾကည့္ေနရင္း
“ျမင္းျဖဴရွင္က ဘယ္သူ႔ဘက္က႐ိုးရာလဲကြ”
“အေဖ့ဘက္က ႐ိုးရာဗ်”
ဦးဘသာက လက္ႏွစ္ဖက္ေနာက္ပစ္ၿပီးေတာ့ နတ္ကြန္းေရွ႕မွာ တစ္ခုခုကို႐ြတ္ဆိုေနတယ္။ ပင့္္ဖိတ္ေနတဲ့ပုံစံမ်ိဳးေပ့ါဗ်ာ၊ ၿပီးတာနဲ႔ က်ဳပ္နဖူးကို လက္ဝါးနဲ႔အုပ္တယ္၊
“မ်က္စိမွိတ္၊ အာ႐ုံခံေနာ္ကြ”
က်ဳပ္လည္း မ်က္စိမွိတ္လိုက္ေတာ့တယ္၊ ဒီအခ်ိန္ က်ဳပ္နားထဲမွာ အသံၾကားရတယ္ဗ်၊ ၾကားရတဲ့အသံကေတာ့ ျမင္းခြာသံေတြပဲ၊ ဟိုးအေဝးကေနေျပးလာၿပီးေတာ့ က်ဳပ္အနားကို နီးလာတဲ့ပုံေပါ့၊ ဦးဘသာက ဘာမွမေျပာတာနဲ႔ က်ဳပ္လည္း မ်က္လုံးမဖြင့္္ရဲဘူးေပါ့ဗ်ာ၊ ေနာက္ေတာ့ ျမင္းခြာသံက က်ဳပ္အေရွ႕နားမွာ ရပ္သြားတယ္၊ ျမင္းမွာဆြဲထားတဲ့ ခ်ဴေလးေတြကလည္း တခြၽင္ခြၽင္နဲ႔၊ ျမင္းရဲ႕အသက္ရႉသံ၊ ႏွာမႈတ္သံေတြကိုလည္း ၾကားရေသးတယ္။
“ဒီသူငယ္အိမ္မွာ ဘာေတြျဖစ္ေနသလဲဆိုတာ ေျပာျပပါ ျမင္းျဖဴရွင္”
ဦးဘသာ အသံကိုၾကားလိုက္ရတယ္။
“သူတို႔ကို တိုက္ထားတယ္၊ ငါ့ကိုလည္း အာေစးထည့္္ၿပီး ပိတ္ထားတယ္၊ ငါလည္းအတိအက်ေျပာလို႔မရဘူး၊ နင္တို႔ဘုရားေက်ာင္းေဆာင္ကို အေသအခ်ာၾကည့္”
အသံက ခပ္ျပတ္ျပတ္ပဲဗ်၊ ၿပီးတာနဲ႔ ျမင္းခြာသံေတြၾကားလိုက္ရၿပီး ျမင္းျဖဴရွင္ျပန္သြားပုံရတယ္။
“ကဲ၊ အလတ္ေကာင္၊ မ်က္လုံးဖြင့္္”
က်ဳပ္မ်က္လုံးဖြင့္လိုက္ေတာ့ မ်က္လုံးေတြကို ဝါးေနတာပဲဗ်ာ၊ ဦးဘသာက ေခါင္းတဆတ္ဆတ္ညိတ္ရင္း
“ငါထင္ေနတာ မွန္ေနပါၿပီ”
“ဦးဘသာက ဘာထင္လို႔လဲဗ်”
“ဘုရားေက်ာင္းေဆာင္ကိုၾကည့္ဆိုေတာ့ ငါ့အထင္ ဘုရားတိုက္ပဲကြ”
“ဘုရားတိုက္တဲ့လား”
“အေတာ္ဆိုးတဲ့ အတိုက္တစ္ခုေပါ့ကြာ၊ ဘုရားတိုက္ဆိုတာ အေတာ္ကိုယုတ္မာၿပီးေတာ့ ေအာက္တန္းက်တဲ့လူေတြလုပ္တာပဲ၊ သူတို႔က အတိုက္ကို ဘုရားအနားမွာအကာအကြယ္ယူထားေတာ့ ေတာ္႐ုံအထက္လမ္းဆရာက စစ္ရင္ ပေယာဂမွန္းမေပၚဘူးကြ”
“ဗ်ာ၊ ဒါ . . ဒါဆို ဘယ္လိုလုပ္ၾကမလဲ”
“ဒါကေတာ့ မင္းတို႔အိမ္သားေတြကိုေမးၾကည့္ေပါ့၊ ေလာေလာဆယ္ေတာ့ မင္းအိမ္ကိုျပန္ကြာ၊ ဘုရားေက်ာင္းေဆာင္မွာ ဘာထူးျခားေနသလဲဆိုတာကိုၾကည့္၊ ဘုရားတိုက္သာမွန္တယ္ဆိုရင္ေတာ့ ဟိုေန႔က ႏြားႀကီးေျပးေဝွ႔တာ ေသြး႐ိုးသား႐ိုးမဟုတ္ဘူးေဟ့၊ မင္းအေဖေလွကားေပၚက က်တာကလည္း အတိုက္ခံရတာပဲ”
က်ဳပ္နဲ႔ဦးဘသာလည္း အိမ္ကိုျပန္လာခဲ့တယ္၊ ဦးဘသာက သူ႔အိမ္ကိုသူျပန္သြားေပမယ့္ က်ဳပ္ကေတာ့ အိမ္ေပၚကိုအျမန္ေျပးတက္ခဲ့တာေပါ့ဗ်ာ။ က်ဳပ္တို႔အိမ္က ဘုရားေက်ာင္းေဆာင္က အက်ယ္ႀကီးပဲဗ်၊ ရွည္ကလည္း အေတာ္ရွည္တယ္၊ က်ဳပ္လည္း ဘုရားဆင္းတုေတြကိုၾကည့္ေနရင္း ေက်ာင္းေဆာင္တစ္ေနရာမွာ သုံးလက္မေလာက္ပဲရွိတဲ့ ဘုရားဆင္းတုေလးတစ္ခုေတြ႕တယ္ဗ်၊ ဘုရားဆင္းတုက ေ႐ႊေရာင္အေသးေလးပါ၊ က်ဳပ္လည္း အဲဒီဆင္းတုကို တစ္ခါမွမျမင္ဖူးဘူး၊ ဒါနဲ႔ အေမ့ကိုေခၚေမးရတယ္။
“အေမ၊ ဒီဘုရားဆင္းတုကေလးကို အရင္က မျမင္ဖူးပါလား”
အေမက က်ဳပ္ေခၚျပတာကို ေသခ်ာၾကည့္ၿပီးေတာ့
“ေအာ္၊ ေအး၊ အဲဒီဆင္းတုကေလးက ပန္းေပါင္းတစ္ေထာင္ဆင္းတုတဲ့”
“အေမဝယ္တာလား”
“မဟုတ္ဘူး၊ ဦးဘျဖဴတို႔ မုံ႐ြာဘက္ဘုရားဖူးသြားရင္းနဲ႔ ပင့္လာခဲ့တာပဲ၊ အေမတို႔ကိုလက္ေဆာင္အျဖစ္ေပးလို႔ ဘုရားေက်ာင္းေဆာင္ေပၚကို တင္ထားလိုက္တာ”
“ဗ်ာ၊ ဦးဘျဖဴက ေပးတာလား”
က်ဳပ္လည္း အခုမွ ေရေရရာရာသိေတာ့တယ္၊ ၿပီးေတာ့ ညေနက လူနာလာၾကည့္တုန္းက ဦးဘျဖဴစကားကိုျပန္ၾကားေယာင္ၿပီးေတာ့မွ ဒီအဘိုးႀကီးလက္ခ်က္မွန္း ေသခ်ာသိသြားေတာ့တယ္။ အိမ္က ဘုရားကေတာ့ ထူးျခားေနၿပီ၊ ဒါေပမယ့္ ဘာမွန္းမသိေတာ့ က်ဳပ္လည္းမကိုင္ရဲဘူးဗ်၊ ဒါနဲ႔ ဦးဘသာဆီကိုျပန္ေျပးလာခဲ့ရပါေရာ။
“ဦးဘသာေရ၊ ဟုတ္တယ္ဗ်ိဳ႕၊ အိမ္မွာ ဘုရားဆင္းတုအသစ္တစ္ခုေရာက္ေနတယ္၊ အဲဒါကလည္း သူမ်ားေပးထားတာ”
ဦးဘသာက မ်က္ခုံးပင့္လိုက္ၿပီး
“ေဟ့၊ အဲဒါပဲျဖစ္မယ္ကြ”
“က်ဳပ္တို႔ဘာဆက္လုပ္မလဲ”
“ဘုရားဆင္းတုဆိုေတာ့ ငါလည္းကိုင္လို႔မေကာင္းဘူးကြ၊ ဖ်က္ဆီးလို႔လည္းအဆင္မေျပဘူး၊ ဒီေတာ့အဲဒီဘုရားဆင္းတုေတာ္ကို မင္းပင့္လာခဲ့ကြာ၊ မင္းကိုငါ ႐ြာဦးေက်ာင္းနံေဘးနားက ေျမကြက္လပ္မွာ ေစာင့္္ေနမယ္”
က်ဳပ္လည္းအိမ္ကိုတစ္ေခါက္ျပန္ၿပီး ဘုရားဆင္းတုကို လက္ကိုင္ပုဝါတစ္ခုနဲ႔ ထုပ္ၿပီးယူခဲ့တယ္၊ ယူလာရင္းနဲ႔ ဘုရားဆင္းတု မ်က္ႏွာေတာ္ကိုၾကည့္ရင္း က်ဳပ္မွာၾကည္ညိဳရမွာထက္ တစိမ့္စိမ့္ၾကည့္ေလ ေၾကာက္ဖို႔ေကာင္းလာေလေလပဲဗ်ာ၊ ေနာက္ေတာ့ ႐ြာဦးေက်ာင္းကိုျဖတ္လိုက္ၿပီး ေျမကြက္လပ္တစ္ခုကိုေရာက္လာပါေရာဗ်ာ၊ ဦးဘသာက အေမွာင္ထဲမွာ ေစာင့္ေနတယ္ဗ်။
“အလတ္ေကာင္၊ မင္းလက္ငါ့ကိုေပးစမ္း”
က်ဳပ္လည္း လက္တစ္ဖက္ကို ဦးဘသာကိုေပးလိုက္တယ္၊ လက္တစ္ဖက္ကေတာ့ လက္ကိုင္ပုဝါနဲ႔ ဘုရားဆင္းတုေလးကိုင္လို႔ေပါ့ဗ်ာ၊ ဦးဘသာက မ်က္လုံးေတြမွိတ္ၿပိး အာ႐ုံခံေနလိုက္တယ္။
“ေတာ္ေတာ္ေၾကာက္ဖို႔ေကာင္းတာပဲကြ၊ မင္းအေဖကို အေသလုပ္တာေဟ့၊ ခုနစ္ရက္ပဲခံမယ္၊ အခုေတာင္ ေလးငါးရက္ရွိေနၿပီမဟုတ္လား၊ ဘုရားတိုက္ကိုေတာင္ ခပ္စြမ္းစြမ္းတိုက္ႏိုင္တယ္ဆိုေတာ့ တိုက္တဲ့လူေတာ့ ႏွယ္ႏွယ္ရရမဟုတ္ဘူးေဟ့”
“ဦးဘသာ တစ္ခုခုလုပ္ပါအုံးကြာ”
“မင္း ဘုရားဆင္းတုကို လက္ဝါးေပၚတင္ထားလိုက္”
က်ဳပ္လည္း ဘုရားဆင္းတုကို ေထာင္လွ်က္သားကေလး လက္ဝါးေပၚတင္ထားလိုက္တယ္၊ ဦးဘသာက လက္ဝါးႏွစ္ဖက္ကိုစုလိုက္ၿပီးေတာ့ ဘုရားဆင္းတုကို လက္ညႇိဳးနဲ႔ေသေသခ်ာခ်ာထိုးၿပီးေတာ့ မႏၲန္ေတြ႐ြတ္တယ္ဗ်ာ၊ ငါးမိနစ္ေလာက္ၾကာေတာ့ ဖြတ္ . . . ႐ႊီးဆိုတဲ့အသံနဲ႔အတူ ဘုရားဆင္းတုက ေပါက္ထြက္သြားၿပီးေတာ့ အဲဒီအထဲက မီးလုံးတစ္ခုက မိုးေပၚကိုပ်ံတက္သြားတယ္၊ မီးလုံးက သိပ္မႀကီးပါဘူးဗ်ာ၊ ဆီးသီးကင္းေလာက္ရွိမွာ၊ က်ဳပ္လည္း ကိုင္ထားရင္းနဲ႔လန႔္ၿပီးထခုန္တာေပါ့။
“သြား၊ အဲဒီဘုရားဆင္းတုကို ကိုးေတာင္ျပည့္ေစတီမွာသြားစြန႔္လိုက္ကြာ”
ကိုးေတာင္ျပည့္ေစတီဆိုတာ ႐ြာဦးေက်ာင္းဝန္းထဲမွာရွိတာဗ်၊ အဲဒီေစတီကလည္း ဦးဘျဖဴတည္ခဲ့တာ၊ ဒါေၾကာင့္ သူ႔ကိုဘုရားဒယာ ဦးဘျဖဴလို႔ ေခၚၾကတာေပါ့၊ က်ဳပ္လည္း အေမွာင္ႀကီးထဲ ေစတီကေလးအနားကိုေျပးလာၿပီးေတာ့ ေစတီတစ္ေနရာမွာ အဲဒီဆင္းတုကေလးတင္ၿပီး ျပန္ေျပးထြက္ခဲ့တာေပါ့ဗ်ာ။
“အားလုံးရွင္းသြားၿပီအလတ္ေကာင္၊ အိမ္ေရာက္ရင္ မင္းအေဖကို ကြမ္း႐ြက္ျပဳတ္ရည္နဲ႔ ေရပတ္တိုက္ေပးလိုက္”
“ဒါ ဦးဘျဖဴလုပ္တာပဲဗ်”
က်ဳပ္ေျပာလိုက္ေတာ့ ဦးဘသာက ထိတ္လန႔္သြားတယ္။
“ဟုတ္ပါ့မလား၊ ဦးဘျဖဴက ဘုရားတရားသမားေနာ္”
ၾကည့္ေလဗ်ာ၊ ဦးဘသာေတာင္မွ မယံဘုူးတဲ့ဗ်၊ က်ဳပ္လည္း ဦးဘျဖဴက အရင္တုန္းက အေဖနဲ႔သိပ္မေျပလည္တဲ့အေၾကာင္းေတြ၊ ဟိုတစ္ေန႔က သနပ္ခါးတုံးကလည္း ဦးဘျဖဴ မိန္းမ မယဥ္ေပးတဲ့အေၾကာင္း၊ အခု ဘုရားဆင္းတုကလည္း ဦးဘျဖဴတို႔ ဘုရားဖူးထြက္ရင္း ပင့္လာၿပီး က်ဳပ္တို႔ကိုလက္ေဆာင္ေပးတဲ့အေၾကာင္းေျပာေတာ့ ဦးဘသာက ပါးစပ္အေဟာင္းသားနဲ႔ဗ်။
“က်ဳပ္ေျပာတာ ယုံစမ္းပါ ဦးဘသာရယ္”
“ေအး၊ ယုံပါတယ္ကြ၊ သစ္ေကာက္၊ ဝါးေကာက္သာ ျမင္ရေပမယ့္ လူ႔အတြင္းစိတ္ေကာက္တာ မျမင္ရဘူးမဟုတ္လား၊ ခုေန မင္းအေဖေသရင္၊ မင္းတို႔မိသားစုထဲမွာလည္း သူႀကီးျဖစ္ေလာက္တဲ့လူမရွိဘူး၊ ဒီေတာ့ ႀကိမ္းေသေပါက္ ႐ြာထဲက တစ္ေယာက္ေယာက္ကို သူႀကီးတင္ရမွာပဲကြ၊ ဒါေၾကာင့္ လုပ္တာျဖစ္ႏိုင္တယ္”
“က်ဳပ္ေတာ့မေက်နပ္ဘူးဦးဘသာရာ၊ ဒီလူႀကီးကို က်ဳပ္လက္စားေခ်မယ္”
ဦးဘသာက ေခါင္းခါရင္း
“မလိုေတာ့ပါဘူး အလတ္ေကာင္ရာ၊ သူ႔အကုသိုလ္က ကိုယ့္အကုသိုလ္မျဖစ္ေစနဲ႔ေတာ့ကြ၊ သူ႔စားရိတ္နဲ႔သူ သြားလိမ့္မယ္”
က်ဳပ္စိတ္ထဲရွိတဲ့အတိုင္းဆိုရင္ ဒီလူႀကီးကို ဓါးနဲ႔ပဲ သြားခုတ္ခ်င္တာဗ်၊ ဒါေပမယ့္လည္း ဦးဘသာအႀကိမ္ႀကိမ္တားလို႔ သည္းခံလိုက္ရတာ။ က်ဳပ္မေက်မခ်မ္းနဲ႔ အိမ္ျပန္လာေတာ့ အေဖက အိမ္ေပၚမွာ ငုတ္တုတ္ေတာင္ထိုင္ေနၿပီဗ်၊ က်ဳပ္ျဖင့္ အံ့ၾသလိုက္တာ ေျပာမေနပါနဲ႔။
“အေဖ၊ အေဖ ဘယ္လိုျဖစ္ၿပီး ျပန္ေကာင္းသြားတာလဲ”
“ေအးကြ၊ ခုနက အိပ္ရာလန႔္ႏိုးလာၿပီး ႐ုတ္တရက္ေကာက္ထိုင္လိုက္ေတာ့ ထိုင္လို႔ရသြားတာပဲ”
က်ဳပ္လည္းအခုမွ သက္ျပင္းခ်ႏိုင္ေတာ့တယ္ဗ်ာ၊ ဒါနဲ႔ အိမ္ေပၚထပ္ နတ္ကြန္းစင္က ျမင္းျဖဴရွင္ပုံေတာ္ကိုၾကည့္လိုက္ေတာ့ ပုံေတာ္ထဲမွာ ျမင္းျဖဴႀကီးစီး၊ ဓါးႀကီးကိုင္ထားတဲ့ လူပုံက က်ဳပ္ကိုၿပဳံးျပေနတယ္လို႔ေတာင္ ထင္ရတယ္ဗ်ာ။
ဦးဘသာေျပာတဲ့အတိုင္းပဲ ဦးဘျဖဴလည္း သိပ္မၾကာဘူး၊ ေသသြားတာပဲဗ်၊ သူမ်ားမေကာင္းႀကံတဲ့အက်ိဳးေနမွာေပါ့ဗ်ာ၊ သူေသသြားတာလည္း ႐ိုး႐ိုးေသသြားတာမဟုတ္ဘူးဗ်ိဳ႕၊ ခင္ဗ်ားတို႔ကို အဲဒီအေၾကာင္းေတြေျပာရမယ္ဆိုရင္ေတာ့ ဦးဘျဖဴမိန္းမ မယဥ္အေၾကာင္းကို ျပန္ေျပာျပမွရမွာ၊ မယဥ္ဘယ္ေလာက္ဆိုးသလဲဆိုတာ မတင္လွေယာက်္ားကို ေသေအာင္လည္းသူလုပ္ခဲ့တာ၊ မတင္လွေသေကာင္ေပါင္းလဲျဖစ္ၿပီး ေငြေတြကုန္လို႔ လယ္ေတြကို သူတို႔ဆီထိုးေရာင္းေအာင္လည္း သူပဲစီစဥ္ခဲ့တာတဲ့ဗ်ာ။
ဒီေန႔ေတာ့ ေတာ္ေလာက္ၿပီဗ်ာ၊ ေနာက္ေန႔မွ မယဥ္အေၾကာင္း ဆက္အုံးစို႔ဗ်။
ၿပီးပါၿပီ။
#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ