“စုန်းထီးကြီး ဦးဘသာနှင့် မယဉ်နဲ့ကိုဘအေး”(စ/ဆုံး)

Unicode Version

“စုန်းထီးကြီး ဦးဘသာနှင့် မယဉ်နဲ့ကိုဘအေး”(စ/ဆုံး)
———————————————————————
အတွဲ(၃) စာစဉ်(၁၆)

(၁)

ဒီနေ့ကတော့ မယဉ်အကြောင်းပြောမယ့်နေ့ပေါ့ဗျာ၊ မယဉ်ရဲ့အကို လူမိုက်ကြီး သရဲပြေးဘအေးတစ်ယောက် သူသေပြီးတဲ့အခါ မကျွတ်ဘူးတဲ့ဗျ၊ ဘာလို့သိသလဲဆိုရင်တော့ ကျုပ်တို့ကိုယ်တွေ့ပဲပေါ့ဗျာ၊ ကျုပ်တို့ရွာမှာ ကိုဘအေးမရှိတော့ အမဲသား၊ ဝက်သား ရှားသွားတယ်ဗျ၊ ဆိတ်သားတောင်မှ ပေတောရွာက ကုလားလေးညီအကိုလာတော့မှ စားရတာ၊ ဒါတောင် အလုအယက်ဝယ်စားရတာမျိုးမဟုတ်လား၊ ပြီးတော့ ကိုဘအေးနေရာကိုဆက်ခံမယ့် သားသတ်သမားမရှိတော့ အမဲသားဆိုတာ ရခဲသွားတာပေါ့ဗျာ၊ တခြားရွာကနေ ခေါင်းရွက်ဗျက်ထိုးလာရောင်းကြတဲ့ အသားသည်တွေဆီကနေပဲ ဝယ်ပြီးစားရတာဗျ၊ ဝယ်စားတဲ့အသားက ဈေးလည်းကြီးတယ်၊ တစ်နေ့လုံးပတ်ရောင်းပြီး ကျုပ်တို့ရွာကို ညနေခင်းလောက်မှရောင်းတော့ ယင်ကောင်တဝီဝီနဲ့ အသားတွေက အူချင်နေပြီပေါ့ဗျာ၊ မလတ်ဆတ်တော့ စားမကောင်းဘူးပေါ့။

တစ်ရက်တော့ ကာလသားကိုမြင့်နဲ့ ကိုကျွဲနဲ့ အိမ်ကိုရောက်လာပါရောဗျာ၊ ကိုကျွဲက ဦးဘဖြူသမီး မညိုရဲ့ယောက်ျားပေါ့၊ အဖေ့ကိုလာတွေ့ပြီးတော့ သူတို့အမဲပေါ်ချင်တယ်ဆိုပြီး လာပြောတာပေါ့ဗျာ။ အမဲသားလည်းငတ်နေတာဆိုတာနဲ့ အဖေကခွင့်ပြုပေးလိုက်တယ်၊ အဲဒီတုန်းက အကိုကြီးက ဆယ့်လေးဆယ့်ငါးလောက်ပေါ့၊ ကျုပ် ဆယ်နှစ်ကျော်ပေါ့ဗျာ၊ ကျုပ်တို့ကလေးတွေလည်း နွားပေါ်တာကို မမြင်ဖူးတာနဲ့ လိုက်ကြည့်ကြမယ်ပေါ့။

ကိုကျွဲက သူမွေးထားတဲ့နွားတစ်ကောင်ကိုဆွဲလာတယ်၊ ပြီးတော့ သားသတ်ကုန်းလို့ခေါ်တဲ့ ရွာအပြင်ကိုမောင်းခဲ့တာပေါ့ဗျာ၊ နွားကြီးကလည်း ရုန်းကန်နေတာပဲဗျ၊ ဟိုရောက်တော့ နွားကိုမသတ်ခင် အရင်ဆုံးခေါင်းကိုထုကြတယ်၊ ကိုမြင့််ရော၊ ကိုကျွဲရောက လက်မရဲတော့ နွားကိုမနည်းသတ်ရတယ်ပေါ့ဗျာ၊ ပြီးတော့ နွားကိုဖျက်တာပေါ့၊ ဖျက်ပြီးတော့ နွားပေါင်ကြီးခုတ်ထားတုန်း အဲဒီပေါင်ကြီးက သူ့အလိုလိုရွေ့သွားတာပဲဗျာ၊ နွားခွာဘက်ကနေ တစ်ယောက်ယောက်က ဆွဲသွားသလိုမျိုးပေါ့၊ နေ့ခင်းကြောင်တောင်ကြီး ကျုပ်တို့အရှေ့မှာဖြစ်တာဆိုတော့ ကျုပ်တို့လည်း အံ့သြတာပေါ့ဗျာ။

ကိုကျွဲက နွားပေါင်ကိုဝင်ဆွဲတယ်၊ ကိုမြင့်က ရိပ်စားမိတာနဲ့

“ကိုဘအေး၊ ကျုပ်တို့ကို မနှောင့်ယှက်ပါနဲ့၊ ကျုပ်တို့ကိစ္စပြီးရင် ကိုဘအေးအတွက် အသားကောင်းကောင်းပေးပါ့မယ်”

အဲဒီလိုပြောလိုက်တော့မှပဲ သူ့အလိုလိုတရွတ်တိုက်ရွှေ့နေတဲ့နွားပေါင်ကြီးက ဖုတ်ခနဲမြေပေါ်ကျပြီး ငြိမ်သွားတာပဲဗျာ၊ ကိုမြင့်တို့က လုပ်ကိုင်ပြီးတော့ အမဲအရွတ်တွေ၊ အရိုးအရင်းတွေကို ဖက်ခင်းပြီးတော့ ပုံထားခဲ့တယ်၊ ပြီးတော့ ကိုဘအေးအတွက်ဆိုပြီး နွားပေါင်သားကောင်းကောင်း အစိတ်သားလောက်ကို ဖက်ပေါ်ချပေးခဲ့တာပဲ၊ ပြီးတာနဲ့ အသားတွေကို တောင်းထဲထည့််ပြီး ရွာထဲကို ခြေကုန်သုတ်ကြတာပေါ့ဗျာ၊ အဲဒီကနေစလို့ သားသတ်ကုန်းမှာ အသားပေါ်ရင် ဖက်ခင်းပြီးကျွေးရတဲ့ဓလေ့ဖြစ်သွားခဲ့တာပေါ့ဗျာ၊ ကိုဘအေးက အမဲသားသိပ်ကြိုက်တာဆိုတော့ သူပဲဖြစ်မယ်ထင်တာပေါ့။

တစ်ပတ်လောက်ကြာတော့ ပေတောက ကုလားလေးတို့ ညီအကိုရောက်လာတယ်ဗျ၊ သူတို့က ဆင်းရဲတယ်၊ ကျုပ်တို့ရွာကိုလာပြီးတော့ ရွာကဆိတ်တွေဘာတွေ ပေါ်ပေးပြုပေးတယ်၊ ပြီးရင်တော့ ဆိတ်ပေါ်ခအနေနဲ့ သူတို့ကိုအသားနည်းနည်းပေးရတယ်၊ ဒါမှမဟုတ်ရင်လည်း ဆန်ပေး၊ စပါးပေးပေါ့ဗျာ။

ဆိတ်ပေါ်တဲ့နေရာတော့ အဲဒီကုလားလေးညီအကိုက သိပ်တော်တာဗျ၊ ဘယ်နားကအသားကို ဘယ်လိုလှီးရမယ်ဆိုတာသိပြီးသား၊ တခြားသူပေါ်ရင် အသားကောင်းကောင်းလှီးတတ်ဖို့ခက်တာကိုး၊ ဒါနဲ့ ကုလားလေးညီအကိုကို ဆိတ်မနှစ်ကောင် ပေါ်ခိုင်းလိုက်တာပေါ့ဗျာ၊ ရွာမှာလည်း ဆိတ်မွေးတဲ့သူတွေ ရှိတာကိုး။

ကုလားလေးညီအကိုလည်း ထုံးစံအတိုင်း သားသတ်ကုန်းဆီလာတာပေါ့ဗျာ၊ ဆိတ်ပေါ်နေတုန်း အမျိုးမျိုးခြောက်လှန့်ခံရတယ်တဲ့ဗျ၊ ဖြတ်ပြီးသားဆိတ်ခေါင်းက မြက်တွေထစားလိုစားနဲ့တဲ့၊ ကုလားလေးတွေကလည်း သရဲမကြောက်တတ်တော့ ပြန်ပြီးဟောက်ဟမ်းတာပေါ့ဗျာ၊ ကိစ္စပြီးသွားတော့ ဆိတ်သားတွေကို တောင်းထဲထည့်ပြီးသယ်တယ်၊ သူတို့က ကိုဘအေးအတွက် ကျွေးရကောင်းမှန်းမသိတော့ ဒီအတိုင်းပြန်လာခဲ့ကြတာပေါ့ဗျာ၊ မကြာပါဘူး သူတို့အနောက်ကို ကွင်းထဲကနေ လူတစ်ယောက်ပြေးလိုက်လာတာတဲ့ဗျာ၊ ပြီးတော့ သူတို့ဆီက ဆိတ်သားတောင်းတွေကို ဆွဲလွဲတော့တာပါပဲ၊ ကုလားလေးညီအကိုဆိုရင် အဲဒီကတည်းက သားသတ်ကုန်းမသွားရဲတော့တာပဲဗျာ၊ သားသတ်ကုန်းမှာ သားသတ်ပြီးရင် အရိုးအရင်းတွေ၊ အသားစတွေကို အဲဒီလိုပဲ ဖက်ပုံပြီးထားခဲ့ရတယ်။ မထားခဲ့လို့ကတော့ ရွာထဲကို အသားတွေပြန်သယ်မရဘူးတဲ့။

ကိုဘအေးသေတော့ သူ့ညီမကိုစိတ်မချလို့ မကျွတ်တာလို့လဲပြောကြတယ်၊ တစ်ခါသားတော့ ဦးဘဖြူကြီး ညည့််နက်သန်းခေါင်လန့်နိုးလာသတဲ့၊ ဘေးနားကိုစမ်းကြည့်တော့ မယဉ်မရှိတော့တာနဲ့ ဘယ်သွားသလဲဆိုပြီး ထလိုက်ရှာတော့ အိမ်ခြံအနောက်ဘက်မှာ တရှုံ့ရှုံ့နဲ့ငိုနေတာတဲ့ဗျာ၊ သူ့အရှေ့မှာတော့ မဲမဲအကောင်ကြီးက နည်းတာကြီးမဟုတ်ဘူးတဲ့၊ ဦးဘဖြူကိုတွေ့တော့ အဲဒီအကောင်ကြီးက လှစ်ခနဲထွက်ပြေးတော့တာပဲတဲ့ဗျာ၊ ဒါက ကျုပ်တို့တကယ်ကြုံခဲ့ရတာမဟုတ်ဘူးဆိုတော့ ကောလာဟလတွေလို့ပဲ ထင်ကြတာပေါ့။

(၂)

ဦးဘဖြူသေတဲ့အကြောင်းလည်း ပြောပြရအုံးမယ်။

တစ်ရက်ပေါ့ဗျာ၊ ကျုပ်တို့မောင်နှမတွေလည်း လယ်ထဲဆင်းလာကြတာပေါ့။ ဦးဘဖြူဘုရားတိုက်လုပ်တာသိသွားတော့ အိမ်ကလူတွေလည်း ဦးဘဖြူနဲ့ ခပ်တန်းတန်းဖြစ်သွားတာပေါ့ဗျာ၊ လယ်ထဲမရောက်ခင်မှာပဲ ရွာသားတွေက ပြေးလွှားနေကြတယ်၊ ကျုပ်တို့လည်းသိချင်တာနဲ့ မေးကြည့်တာပေါ့။

“ဦးဘဖြူကြီးသေပြီဗျ”

“ဟေ၊ ဘယ်နားမှာသေတာလဲ”

“သူ့လယ်ထဲမှာ သေတာဗျ”

ကျုပ်တို့လည်း သိချင်စိတ်နဲ့ ဦးဘဖြူလယ်ထဲကိုပြေးခဲ့တာပေါ့၊ ဟိုရောက်တော့ လူတွေက ဝိုင်းအုံနေတာပဲဗျာ၊ အဖေတို့တော့ မရောက်သေးဘူး။ ကျုပ်တို့လူအုပ်ကြားထဲကို တိုးပြီးကြည့်လိုက်တော့ ဦးဘဖြူကြီးက လယ်ထဲမှာ မှောက်ခုံကြီးသေနေပါရော၊ ဒါပေမယ့်် သူ့မျက်နှာက အတည့််ကြီးဗျ၊ ခင်ဗျားတို့မြင်သာအောင်ပြောရရင်တော့ ဇက်က တစ်ပတ်လည်ပြီးတော့ သေနေတဲ့ပုံပေါ့ဗျာ၊ လူကသာ မှောက်ခုံကြီးဆိုပေမယ့်် မျက်နှာကတော့ အတည့််ကြီးဗျ၊ သူ့မိန်းမ မယဉ်ကတော့ လယ်တဲထဲမှာ တရှုံ့ရှုံ့ငိုနေတယ်။ မကြာပါဘူး အဖေနဲ့ရွာလူကြီးတွေရောက်လာကြတယ်၊ ဒါနဲ့ မယဉ်ကိုမေးတော့တာပဲ။

“ဟဲ့ ယဉ်ယဉ်၊ မနက်က ရွာကထွက်သွားတုန်းက အကောင်းကြီးပါ၊ အခုဘယ်လိုဖြစ်တာလဲ”

မယဉ်က ရှိုက်တောင်ရှိုက်နေတယ်ဗျ။

“မသိတော့ပါဘူးသူကြီးရယ်၊ ကျွန်မတို့ လယ်ထဲဆင်းလာပြီး ကျွန်မက ရေနွေးတည်ဖို့လုပ်နေတုန်း၊ အကိုကြီးက လယ်ထဲသွားကြည့်အုံးမယ်ဆိုပြီး ထွက်သွားတာပဲ၊ နောက်တော့ အခု သူကြီးတို့မြင်တဲ့အတိုင်းပါပဲရှင်၊ ဟင့်၊ ဟင့်”

ရွာကလူတွေက တစ်ယောက်တစ်ပေါက်နဲ့ပြောနေပြီဗျ၊ အဖေတို့လည်း စဉ်းစားရခက်နေတာပေါ့၊ ဘာလို့လဲဆိုတော့ အလောင်းကြီးက မြင်တဲ့အတိုင်းပဲမဟုတ်လား၊ ချော်လဲကျတယ်ဆိုရင်လည်း မြေပြင်မှာ ချော်ထားတဲ့အရာတွေဘာတွေမတွေ့ရဘူး၊ ခေါင်းကလည်းနောက်ပြန်ကြီးဆိုတော့ သူ့အလိုလိုဖြစ်တာလည်း မဖြစ်နိုင်ဘူးဗျ။ ရွာကလူတွေကတော့ ဦးဘဖြူကို သရဲဂုတ်ချိုးပြီးလိမ်သတ်တယ်လို့ပဲပြောကြတယ်၊ ဘာပဲပြောပြော၊ သေသွားတဲ့လူက သေသွားပြီဆိုတော့ သူ့ကိုသဂြိုဟ်ဖို့ လုပ်ရတာပေါ့။

မိုးရာသီမှာ ခက်ခဲတဲ့အရာတစ်ခုကတော့ လူကိုမီးရှို့တာပဲဗျ၊ ဦးဘဖြူက အစိမ်းသေဆိုတော့ ဘာပဲပြောပြောမီးရှို့သင့်တယ်မဟုတ်လား၊ ဒါပေမယ့် ကျုပ်တို့ဆီမှာက မိုးတွင်းသေတဲ့အလောင်းဆို မီးမရှို့ပဲ မြေမြှုပ်ပစ်တယ်ဗျ၊ မီးရှို့တယ်ဆိုတာ ထင်းလည်းကုန်တယ်၊ အချိန်လည်းအတော်ကုန်တာမဟုတ်လား၊ မတော်လို့ မီးရှို့နေတုန်း မိုးရွာချရင် မပြောကောင်း၊ မဆိုကောင်းတာတွေ ဖြစ်ကုန်မယ်လေ၊ ဒါကြောင့် မိုးတွင်းသေတဲ့အစိမ်းသေဆိုရင် မီးမရှို့ဘူးပေါ့ဗျာ။

ဒါနဲ့ မိသားစုရဲ့ဆန္ဒအရ ဦးဘဖြူအလောင်းကို ရွာသုဿန်မှာ ဂူသွင်းတာပေ့ါဗျာ၊ ကျုပ်တို့ခေတ်က အုတ်ဂူဆိုတာ ခပ်ရှားရှားဗျ၊ ပိုက်ဆံအတော်အတန်ရှိတဲ့လူမှသာ ဂူသွင်းနိုင်တာ၊ ရွာသုဿန်ကိုလည်း နှစ်ပိုင်းပိုင်းထားတယ်၊ သုဿန်အလယ်က ညောင်ပင်ကြီးရဲ့ မြောက်ဘက်မှာ အုတ်ဂူတွေချည်း သီးသန့််ထားတယ်၊ ညောင်ပင်ကြီးရဲ့ တောင်ဘက်မှာတော့ မြေပုံတွေထားတာပေါ့ဗျာ၊ သုဿန်ဇရပ်က အဲဒီညောင်ပင်ကြီးခြေရင်းနားမှာ ရှိတာကိုး။

ဦးဘဖြူက ရွာမှာလည်း မျက်နှာဖုံး၊ မသိသူမရှိဆိုတော့ သူ့နာရေးက တော်တော်စည်ကားပါတယ်ဗျာ၊ ထူးဆန်းတာပြောရရင် သူ့အလောင်းကောင်ကြီးရဲ့ လည်ပင်းကို ပြန်လှည့်မရလို့ ဒီအတိုင်းကြီးပဲ သဂြိုဟ်လိုက်ရပါရောလား၊ မယဉ်တစ်ယောက်ကတော့ မျက်ရည်တစမ်းစမ်းနဲ့ပေါ့ဗျာ။ ပြဿနာက ဦးဘဖြူသေပြီးမှစတာဗျ။ ထုံးစံအတိုင်း အမွေမှုပေါ့၊ ဦးဘဖြူမှာက သားသမီးလေးယောက်ရှိတော့ သူတို့ကလည်း အဖေပိုင်တဲ့ပစ္စည်းကိုလိုချင်ကြတယ်၊ မယဉ်ကလည်း မပေးချင်ဘူးဆိုတော့ နောက်ဆုံးတော့ အဖေ့ဆီရောက်လာတော့တာပေါ့ဗျာ။

(၂)

“သူကြီးစဉ်းစားကြည့်ပါ၊ ကျွန်မယောက်ျားဆုံးသွားတယ်ဆိုပေမယ့် ကျွန်မက သူ့ကိုတစ်ဘဝလုံးပုံအပ်ခဲ့ရတဲ့သူဆိုတော့ ကျွန်မမှာ ရပိုင်ခွင့်ရှိတယ်”

မညိုတို့ မောင်နှမတွေကလည်း မကျေနပ်ဘူးဗျ။

“ကျွန်မတို့ကလည်း ဦးဘဖြူရဲ့သားသမီးတွေပဲ၊ အဖေကျန်ခဲ့တဲ့ အမွေတွေကို ကျွန်မတို့သားသမီးတွေချည်းယူမယ်။ ဒီကောင်မကို တစ်ပြားသားမှ မပေးနိုင်ဘူး”

အိမ်မှာရန်ဖြစ်ကြပြီး ဆူညံနေတာပေါ့ဗျာ။

“အားလုံးတိတ်စမ်း၊ အခုငါ့ဆီလာတယ်ဆိုတာ ငါဆုံးဖြတ်တာကို နာခံချင်လို့လာကြတာမဟုတ်လား”

အဖေက ငေါက်လိုက်တော့မှ အားလုံးတိတ်သွားတော့တယ်၊

“အားလုံးကို ညီညီမျှမျှဖြစ်သွားအောင် ငါဆုံးဖြတ်ပေးမယ်၊ ဦးဘဖြူရဲ့ မိန်းမဖြစ်တဲ့ ယဉ်ယဉ်လည်း အမွေတွေရသင့်သလို၊ ဦးဘဖြူရဲ့ သားသမီးတွေလည်း အမွေတွေအကုန်ရသင့်တယ်၊ ဒီတော့ ပိုင်ဆိုင်သမျှ အရာတွေအားလုံးကို ငါးပုံပုံမယ်၊ သားသမီးလေးယောက် တစ်ယောက်တစ်ပုံဆီယူကြ၊ ယဉ်ယဉ် နင်လည်းတစ်ပုံယူ”

သားသမီးတွေက ကျေနပ်သလိုလိုရှိပေမယ့် မကျေနပ်တဲ့သူတော့ မယဉ်ပေါ့ဗျာ။ မယဉ်က မတ်တပ်ထရပ်ပြီး ခါးထောက်တယ်ဗျ။

“အောင်မယ်၊ သူကြီး၊ သူကြီးကို သူတို့က ဘယ်နှပြားပေးထားလို့ သူကြီးက သူတို့ဘက်ကနေလိုက်ရတာလဲ၊ လင်ပိုင်တဲ့ပစ္စည်းမယားပိုင်တယ်ရှင့်၊ ဒီတော့ ကျုပ်တစ်ခါတည်းပြောထားလိုက်မယ်၊ ရှင်တို့အဖေကျန်ခဲ့တဲ့အမွေတွေကို နှစ်ပုံပုံမယ်၊ ကျွန်မက တစ်ပုံယူမယ်၊ ကျန်တဲ့တစ်ပုံကိုရှင်တို့တွေ ကိုယ့်ဖာသာကိုယ်ခွဲယူကြ”

မညိုက မတ်တပ်ထရပ်တော့တယ်။

“ဟဲ့ကောင်မ၊ နင်ဒီလိုလုပ်လို့ရမလားဟဲ့”

အမှန်တော့ မယဉ်က မညိုထက်တောင်အသက်ငယ်သေးတယ်ဗျ၊ ဒီတော့အဖေ့ရှေ့မှာတင် ရန်ဖြစ်ကြ၊ ဆံပင်တွေဆောင့်ဆွဲကြနဲ့ပေါ့ဗျာ၊ ကျုပ်တို့လည်း အတော်ဝင်ဆွဲရတာပေါ့၊

“ဟဲ့တော်ကြတော့၊ နင်တို့ငါဆုံးဖြတ်တာကို မခံယူချင်ဘူးဆိုရင် မြို့တက်ပြီး အမှုဖွင့်၊ တရားစွဲပြီး ရှေ့နေရှေ့ရပ်နဲ့သာ ရှင်းကြပေတော့”

မညိုတို့လည်း တိတ်သွားတော့တယ်၊ မယဉ်ကတော့ မကျေနပ်ပါဘူးဗျာ၊ အဖေ့ရှေ့မှာတင်ပဲ မညိုကိုလက်ညိုးငေါက်ငေါက်ထိုးပြီးတော့

“ဟဲ့ မိညို၊ နင်ငါ့အကြောင်းသိမယ်၊ နင်ထမင်းဝအောင်သာစားထား”

ဆိုပြီးတော့ ပြောဆိုပြီး ထမီစွန်တောင်ဆွဲပြီး ထွက်သွားတော့တာပဲဗျာ။ တခြားလူက မသိပေမယ့် ကျုပ်ကတော့သိနေတယ်၊ မယဉ်က မညိုတို့ကို တစ်ခုခုလုပ်တော့မယ့်ပုံပဲဗျ။ ဒီအကြောင်းတွေကို ကျုပ်လည်း သူတို့သိအောင် အသိပေးရတော့မှာပေါ့၊ ခက်တာက မညိုနဲ့ကျုပ်နဲ့က သိပ်အခေါ်အပြောမရှိဘူးဗျ၊ ဒါနဲ့ ညနေရောက်ရင် ရွာထိပ်က ဦးတရုတ်ကြီးအရက်ဆိုင်ကို လာလာထိုင်တတ်တဲ့ ကိုကျွဲကို တိုးတိုးကပ်ပြောရတာပေါ့ဗျာ။

“ကိုကျွဲ၊ ခင်ဗျားသတိထားနေနော်၊ မယဉ်က စုန်းမဗျ၊ အောက်လမ်းတွေဘာတွေလည်း တတ်တယ်”

ကိုကျွဲက မူးမူးနဲ့ခေါင်းညိတ်တယ်။

“အေးပါကွ၊ ငါ့မိန်းမက ဘုရားဒကာသမီးပီပီ ဘုရားတရားတော့ သိပ်လုပ်တယ်ကွ၊ ဒီလိုပညာတွေဆိုတာက ဘုရားတရားမြဲရင် လုပ်လို့မရပါဘူးကွာ”

“အေးဗျာ၊ သတိတော့ထားပေါ့”

ကျုပ်လည်း သတိပေးရမယ့်တာဝန်အရ သတိပေးခဲ့ရတယ်၊ ကိုကျွဲကတော့ ယုံသလိုလို၊မယုံသလိုလို ခပ်ပေါ့ပေါ့ပါပဲဗျာ။ ဒုတိယသတင်းပေးရမယ့်သူကတော့ ဦးဘသာမဟုတ်လား၊ ကျုပ်လည်း ဦးဘသာနဲ့ မတွေ့တာ သုံးလေးရက်လောက်ရှိပြီဆိုတာနဲ့ ဦးဘသာအိမ်ကိုကူးခဲ့တာပေါ့ဗျာ၊ ဦးဘသာကတော့ ထုံးစံအတိုင်းပါပဲ၊ ညနေစာ စားသောက်ပြီးတော့ ကွမ်းလေးမြုံ့လို့ဗျ။

“ဦးဘသာရေ၊ မယဉ်ကတော့ မညိုကိုစိန်ခေါ်သွားပြီဗျ”

ဦးဘသာကတော့ သူ့ပုံစံအတိုင်းခပ်အေးအေးပါပဲ။ ကျုပ်လည်း အားမလိုအားမရဖြစ်နေတာပေါ့။

“ဦးဘသာ တစ်ခုခုပြောအုံးလေဗျာ၊ မယဉ်က စုန်းမဟုတ်တယ်မဟုတ်လား၊ ကျုပ်တို့အိမ်က သနပ်ခါးတုံးကို အင်းကွက်ဆွဲတာလည်းသူပဲ၊ နောက်ပြီးတော့ ဘုရားရုပ်လက်ဆောင်ပေးတာကရော သူနဲ့ဆိုင်နေမလား”

ဦးဘသာက ခေါင်းညိတ်တယ်။ ပြီးတော့ ကွမ်းယာကိုတစ်ချက်နှက်ချက်ဝါးရင်း ခေါင်းခါတယ်ဗျ၊ ဘာပြန်ဖြေမှန်းမသိတာနဲ့ ကျုပ်လည်းခေါင်းကုပ်ရင်း

“ဦးဘသာအဖြေကလည်းဗျာ၊ ခေါင်းညိတ်လိုက်၊ ခေါင်းခါလိုက်ပါလား”

ဦးဘသာ ထွေးခံကိုကောက်လိုက်ပြီးတော့ ကွမ်းတံတွေးထွေးထည့်လိုက်တယ်ဗျ။ ပြီးတော့မှ

“ဒီလိုအလတ်ကောင်က ခေါင်းညိတ်တယ်ဆိုတာကတော့ မယဉ်က စုန်းဆိုတာကို ခေါင်းညိတ်တာ၊ ခေါင်းခါတာကျတော့ မယဉ်ရဲ့ပညာအဆင့်အတန်းကို ငါမှန်းကြည့်ရသလောက်တော့ ဒီလို ဘုရားတိုက်တွေဘာတွေ လုပ်နိုင်မယ်မထင်ဘူးကွ၊ ဒီတော့ သူ့အနောက်မှာ တစ်ခုခုတော့ကြိမ်းသေပေါက်ရှိရမယ်”

“အဲဒါအသာထားစမ်းပါ၊ မယဉ်က မညိုကိုတစ်ခုခုလုပ်မှာရော မဖြစ်နိုင်ဘူးလား၊ ထမင်းဝအောင်စားထားလို့ ကြိမ်းသွားတာနော်”

“ဖြစ်နိုင်ပါတယ်၊ ငါတို့တွေ စောင့်ကြည့်ကြတာပေါ့ကွာ၊ ငါထင်နေတာ တစ်ခုရှိတယ်ကွ”

ဦးဘသာကပြောရင်း ကွမ်းဖတ်တွေကိုဆက်ဝါးနေသေးတယ်၊ ကျုပ်လည်းသိချင်တာနဲ့

“ဘာထင်နေတာလဲ ဦးဘသာ”

ဦးဘသာက ခေါင်းခါရင်း

“ဘာမှမဟုတ်သေးပါဘူးကွာ၊ ငါက သူများကိုအထင်တစ်လုံးနဲ့တော့ မစွပ်စွဲချင်သေးဘူး၊ လက်ပူးလက်ကြပ်မိတဲ့အချိန်မှ သိရမှာပဲ”

“ဒါဆို အဲဒီလက်ပူးလက်ကြပ် မိမဲ့အချိန်ရောက်ရင် ကျုပ်ကိုခေါ်ပါဗျာ”

ဦးဘသာက ခေါင်းညိတ်လိုက်တယ်။

“အေးပါ၊ ဒါနဲ့ မင်းတို့ဘုရားဒကာကြီး ဘဖြူဆုံးသွားတာ ဘယ်နှရက်ရှိပြီလဲကွ”

ကျုပ်လည်းသေချာတွက်ကြည့်ရင်း

“ဆယ်ရက်၊ သေတဲ့နေ့ပါထည့်တွက်ရင် ဆယ့်တစ်ရက်ဗျ”

ဦးဘသာက မျက်မှောင်ကြုတ်လိုက်တယ်။

“ဆယ့်တစ်ရက် . . . ဆယ့်တစ်ရက်”

သူ့စိတ်ထဲ တစ်ခုခုတွေးနေရင်း ပါးစပ်ကလည်း ရေရွတ်နေသေးတယ်ဗျ၊ ပြီးတော့မှ ကျုပ်ဘက်ကိုကြည့်ပြီးတော့

“အလတ်ကောင်၊ မင်းဒီညအားသလား”

ကျုပ်လည်းခေါင်းညိတ်လိုက်တယ်။

“အားရင် အိမ်အောက်မှာထောင်ထားတဲ့ သံတူရွင်းသွားယူကွာ”

ကျုပ်သံတူရွင်းယူလိုက်တော့ ဦးဘသာက ပုဆိုးပြင်ဝတ်တယ်ဗျ၊ ညနေက အတော်မှောင်နေပြီပေါ့ဗျာ၊ ပြီးတော့ သူ့အနားမှာချထားတဲ့ ရေနံဆီမီးခွက်ကောက်ကိုင်ပြီး မပြောမဆိုနဲ့ခြံထဲကထွက်သွားတော့ ကျုပ်လည်း တူရွင်းကြီးထမ်းပြီးတော့ အနောက်ကနေလိုက်ခဲ့ရတာပေါ့၊ လမ်းမှာတော့ လူသွားလူလာရှိသေးတယ်ဗျ၊ ကျုပ်တို့ခြေရင်းအိမ်က ကောင်မလေးနဲ့တွေ့တော့ ကျုပ်ဒီညဦးဘသာအိမ်မှာ အိပ်မယ်ဆိုတဲ့အကြောင်း အမေ့ကိုပြောခိုင်းလိုက်တာပေါ့ဗျာ၊ ပြီးတာနဲ့ ကျုပ်တို့လည်းဆက်ထွက်ခဲ့တာပေါ့။

ဦးဘသာက ရွာပြင်ကိုသွားနေတယ်ဗျ၊ လယ်ကွင်းတွေဘက်ကိုမချိုးဘဲ ရွာအထွက်လမ်းဆက်သွားနေရင်းမကြာခင် ဇရပ်ပျက်တွေအနားတောင် ရောက်လာခဲ့တယ်၊ ညမှောင်နေပြီဆိုပါတော့။

“ဦးဘသာ ဘယ်သွားနေတာလဲဆိုတာ ပြောအုံးလေဗျာ”

“သြော်၊ ဘာမှမဟုတ်ပါဘူးကွာ၊ သုဿန်ထဲမှာ ကြည့်စရာတစ်ခုရှိလို့ပါ”

သုဿန်အဝကနေ လှမ်းကြည့်လိုက်တော့ သုဿန်ကြီးက ကြောက်စရာကြီးဗျ၊ ကျုပ်တို့ဆီမှာလည်း အလင်းရောင်ဆိုလို့ ဆီမီးခွက်ကလေးတစ်ခုပဲ ပါတယ်မဟုတ်လား၊ အဝင်လမ်းအတိုင်းဆက်လျှောက်လာရင်း ညောင်ပင်ကြီးဆီရောက်ခဲ့တယ်၊ ဘယ်ဖက်မှာတော့ အုတ်ဂူကြီးတွေရှိပြီးတော့ ညာဖက်ခြမ်းကတော့ မြေပံုံတွေ၊ မှတ်တိုင်တွေ ထိုးထိုးထောင်ထောင်နဲ့ပေါ့ဗျာ။

ဦးဘသာက ဆီမီးခွက်ကို ခေါင်းပေါ်ကိုမြှောက်တင်ကိုင်လိုက်ပြီးတော့ အုတ်ဂူတွေဘက်ကိုကြည့်နေတယ်ဗျ။ ဆီမီးအလင်းရောင်အောက်မှာ အုတ်ဂူတွေစုံလို့ပေါ့ဗျာ။

“အလတ်ကောင်၊ ဘဖြူအုတ်ဂူက ဘယ်ဟာတုန်းဗျ”

“ဟာ၊ ဦးဘသာကလည်း ဟောဟိုက အုတ်ဂူအသစ် ဖြူဖြူကြီးပေါ့ဗျ”

“လာကွာ၊ သွားရအောင်”

ကျုပ်နည်းနည်းတော့ သဘောပေါက်ပြီဗျ၊ ကျုပ်ကိုလည်း သံတူရွင်းကြီးထမ်းခိုင်းခဲ့သေးတယ်ဆိုတော့ မဟုတ်မှလွဲရော အုတ်ဂူဖောက်ဖို့များလား မသိပါဘူးဗျာ၊ တခြားအုတ်ဂူတွေကို ကျော်ဖြတ်သွားရင်းနဲ့ ဦးဘဖြူအုတ်ဂူကိုရောက်လာခဲ့တယ်၊ အုတ်ဂူအသစ်ဆိုတော့ ထုံးနံ့၊ ဘိလပ်မြေနံ့တောင်မှ မပျောက်သေးဘူးပေါ့ဗျာ၊ ကျုပ်ဖြင့် အုတ်ဂူကြီးကိုကြည့်ပြီး ကျောချမ်းလာတာပဲဗျ။ ဦးဘသာက အုတ်ဂူကိုပတ်ကြည့်တယ်။ အုတ်ဂူခေါင်းရင်းရောက်တော့ ရပ်လိုက်တယ်ဗျ။ ပြီးတော့ အုတ်ဂူကိုလက်နဲ့ပွတ်ကြည့်နေတယ်။

“ဘဖြူအုတ်ဂူက မြှုပ်ပြီးတာ ဘယ်နှရက်ရှိပြီလဲကွ”

“သေပြီးနောက်တစ်ရက်ပဲ သဂြိုဟ်လိုက်တာဆိုတော့ ကိုးရက်လောက်နီးနီးရှိရောပေါ့ ဦးဘသာ”

“အေး၊ ထူးတော့ထူးးပြီဟေ့၊ ဟောဒီအနားကိုလာကိုင်ကြည့်စမ်း”

ဦးဘသာပြောတော့ ကျုပ်လည်း အုတ်ဂူခေါင်းးရင်းကိုသွားလိုက်တယ်၊ သူပြတဲ့နေရာကိုကိုင်လိုက်တော့ ဘိလပ်မြေတွေက စိုလို့ဗျ၊ သေချာကြည့်ရင် ထုံးတွေတောင်အကွက်ကြီးဖြစ်နေသေးတာ၊ ကျုပ်တို့ဆီမှာက မိုးတွင်းဆိုပေမယ့်လည်း အညာဆိုတော့ အပူဓါတ်ကရှိနေတာပဲ၊ အုတ်စီရင် အလွန်ဆုံး သုံးလေးရက်ဆိုရင် ခိုင်ရောပေါ့၊ အခုဟာကတော့ မနေ့တစ်နေ့ကမှ လုပ်ထားသလိုမျိုးခပ်ပြော့ပြော့ရယ်ဗျ၊ တခြားဘက်ကိုကိုင်ကြည့်တော့ မာကျောနေတာပဲ။

“တူရွင်းနဲ့ထိုးကြည့်စမ်းအလတ်ကောင်”

“ဗျာ၊ ကျုပ် . . . ကျုပ်က အုတ်ဂူဖောက်ရမှာလား”

“အေးလေ၊ မင်းကိုခိုင်းမယ်ဆိုပြီး ခေါ်လာတာကွ၊ ငါက လုပ်ရမှာလား”

“ဟို၊ ဟို အုတ်ဂူတော့ မဖောက်ရဲဘူးဗျ၊ ကျုပ် . . . ကျုပ်ကြောက်တယ်”

“ငါရှိပါတယ်ကွ၊ မင်းကဘာကြောက်နေတာလည်း”

ကျုပ်လည်း ကြောက်ကြောက်နဲ့ အဲဒီစိုနေတဲ့နေရာကို သံတူရွင်းနဲ့ထိုးလိုက်တာပေါ့ဗျာ၊ ဒီတော့ အုတ်ဂူကိုပိတ်ပြီးချောထားတဲံ ဘိလပ်မြေတွေက သူ့အလိုလို ပဲ့ကျလာတာပဲဗျ၊ သိပ်မကြာပါဘူး၊ အုတ်ဂူခေါင်းရင်းမှာ အပေါက်ကြီးတစ်ခုဖြစ်သွားတယ်၊ အုတ်တွေကလည်း စိုလို့ဗျ။

“ငါထင်တဲ့အတိုင်းပဲ၊ အလတ်ကောင်ရေ၊ ကဲ အခေါင်းကိုဆွဲစမ်း”

“ဗျာ၊ ကျုပ် . . . ကျုပ်မလုပ်ရဲ”

ဦးဘသာက ဘာမပြောညာမပြောနဲ့ အုတ်ဂူထဲကိုလက်နှိုက်ပြီးတော့ သစ်သားခေါင်းကိုဖမ်းဆွဲလိုက်တယ်၊ အခေါင်းကြီးက လျောခနဲထွက်လာတာပေါ့ဗျာ၊ ပြီးတော့ ကျုပ်ကိုကြည့်ရင်း

“ကဲ၊ အခေါင်းဖုံးကို သံတူရွင်းနဲ့ကလော်ပြီး လှန်လိုက်စမ်းဟေ့”

ကျုပ်လည်း မထူးတော့တာနဲ့ အခေါင်းဖုံးပျဉ်အဟကြားထဲကို သံတူရွင်းအပြားထိုးထည့်ပြီး နည်းနည်းကလန့်လိုက်တာနဲ့ အခေါင်းအဖုံးမှာရိုက်ထားတဲ့သံတွေက ကြွတက်လာပြီး အခေါင်းပွင့်ထွက်သွားပါရောဗျာ၊ ကျုုပ်ဆိုကြောက်လို့ အခေါင်းထဲကိုတောင် မကြည့်ရဲဘူး၊ ဦးဘသာကတော့ အခေါင်းထဲကို ဆီမီးခွက်အလင်းရောင်နဲ့ ကြည့်တယ်။

“ငါထင်တဲ့အတိုင်းပဲအလတ်ကောင်ရေ၊ ကြည့်လိုက်စမ်း”

“ဟာဗျာ၊ ကျုပ်မကြည့်ရဲပါဘူး”

“ကြည့်စမ်းပါကွ၊ မြင်ဖူးတယ်ရှိအောင်”

ကျုပ်လည်း မဝံ့မရဲနဲ့ကြည့်လိုက်တော့ အခေါင်းထဲက အလောင်းကောင်ကြီးမှာ ခေါင်းကြီးမရှိတော့ဘူးဗျ၊ လည်ပင်းကလည်း အပေါက်ကြီးဖြစ်နေတာ၊ ကျုပ်ဖြင့်ကြည့်ရင်း ကျောတွေချမ်းပြီး တုန်တက်လာတယ်၊ ဦးဘသာက အခေါင်းကိုပြန်ပိတ်ပြီးတော့ သံတူရွင်းနဲ့သံချက်တွေကို ပြန်ထုတယ်။

“ဘာဖြစ်လို့ ခေါင်းမရှိတော့တာလဲ ဦးဘသာ”

“အစိမ်းသေရဲ့ခေါင်းကို ယူသွားပြီဟေ့”

“ဒါဆို မယဉ်များလား”

“သေချာတာပေါ့ကွာ၊ ဒါကြောင့်မို့လို့ ဆယ်ရက်လောက်လုပ်ထားတဲ့ အုတ်ဂူက အခုထိပျော့နေတာပေါ့ကွ၊ ငါထင်တဲ့အတိုင်းဆိုရင် ကိုးရက်မြောက်မှာကတည်းက သူတို့တွေဖောက်ယူသွားတာပဲ၊ ခုရက်ပိုင်း မိုးကလည်းရွာနေတာဆိုတော့ သူတို့ပိတ်ခဲ့တဲ့ အင်္ဂတေတွေက မခြောက်သေးတာကွ၊ မသာခေါင်းဖောက် ကိုးရက်မြောက်ဆိုတဲ့ အစီအရင်ကိုလုပ်သွားတာပဲကွ”

“ဗျာ၊ မသာခေါင်းဖောက် ကိုးရက်မြောက်တဲ့လား”

“အေး၊ အောက်လမ်းဆရာတွေနဲ့ စုန်းကဝေတွေ သုံးကြတဲ့နည်းလမ်းပေါ့ကွာ၊ အစိမ်းသေသေသွားတဲ့လူတွေရဲ့ ဦးခေါင်းခွံကိုရအောင်ယူတဲ့နည်းလမ်းပေါ့၊ မင်းစာတွေဖတ်ဖူးရင်၊ ဒါမှမဟုတ် ဇာတ်လမ်းတွေကြည့်ဖူးရင် အောက်လမ်းတို့ စုန်းတို့ရဲ့အိမ်ခန်းတွေမှာ လူဦးခေါင်းခွံတွေ တွေ့တတ်တယ်မဟုတ်လားကွ၊ အဲဒီဦးခေါင်းခွံတွေက ဒီလိုအစိမ်းသေသေသွားတဲ့ လူတွေရဲ့ ဦးခေါင်းခွံတွေပေါ့ကွာ”

ကျုပ်တို့စကားပြောနေတဲ့အချိန်မှာပဲ သုဿန်ထဲမှာ ရယ်သံကြီးတစ်ခုထွက်ပေါ်လာတယ်ဗျ၊ အသံက အက်ကွဲကွဲ၊ ရှတတအသံကြီးဗျာ။ ကျုပ်တို့လည်း အသံလာရာကိုကြည့်လိုက်တော့ ထမီရင်လျားနဲ့ ဆံပင်ကြီးဖားလျားချထားတဲ့ မိန်းမတစ်ဦးကိုတွေ့လိုက်ရတယ်၊ အဲဒီမိန်းမက အရှေ့တက်လာတော့ ဦးဘဖြူရဲ့အုတ်ဂူပေါ်မှာ တင်ထွန်းထားတဲ့ ရေနံဆီမီးခွက်ရဲ့အလင်းရောင်ကြောင့် သူ့မျက်နှာကိုသေသေချာချာမြင်တွေ့လိုက်ရတာပေါ့ဗျာ။ သူကတော့ ဘယ်သူရှိမလဲ မယဉ်ပဲပေါ့ဗျာ။

“ဟား၊ ဟား အဘိုးကြီး၊ ကိုယ်နဲ့မဆိုင်တာကို ဝင်မပါနဲ့”

ဦးဘသာက ခါးထောက်လိုက်ပြီး

“ယဉ်ယဉ်၊ နင့်ဖာသာနင် ဘာလုပ်လုပ်၊ ဘာပညာပဲတတ်တတ် ငါဝင်မပါဘူး၊ ဒါပေမယ့် တို့ရွာကလူတွေကို မကောင်းကြံမယ်ဆိုရင်တော့ ငါဝင်တားရလိမ့်မယ်”

“ဟား၊ ဟား အဲဒီလူတွေကရော ကောင်းတာကျလို့”

“သူတို့ဖာသာ ကောင်းကောင်း၊ မကောင်းကောင်းပေါ့၊ နင်က ဘာကိစ္စမကောင်းကြံချင်ရတာတုန်း၊ ပြီးတော့ ဘဖြူဆိုတာ နင့်ယောက်ျား၊ နင်နဲ့ဆယ်နှစ်ကျော်လောက် ပေါင်းသင်းခဲ့တဲ့ နင့်လင်ပဲ၊ နင့်လင်ခေါင်းကို နင်ပြန်ထားလိုက်စမ်းပါဟာ”

“ဟား၊ ဟား၊ ဘာလင်လဲ၊ ကျုပ်ကတော့ သူ့ကိုလင်လို့မသတ်မှတ်ဘူး၊ သူက ကျုပ်ရဲ့ရန်သူပဲ”

မယဉ်စကားကြားလိုက်တော့ ကျုပ်လည်းမျက်လုံးပြူးသွားတာပေါ့။ ဦးဘသာက ခေါင်းကိုခါရမ်းလိုက်ပြီး

“မဟုတ်ဘူးယဉ်ယဉ်၊ ကိုယ့်ကိုထမင်းတစ်လုပ်ကျွေးဖူးတဲ့သူတောင်မှ ကိုယ့်ရဲ့ကျေးဇူးရှင်လို့ သတ်မှတ်ရသတဲ့၊ ဘဖြူက နင်နဲ့ယူပြီးတော့ နင့်ကိုကောင်းကောင်းမွန်မွန်ထားခဲ့တယ်မဟုတ်ဘူးလား၊ နင့်အကိုနဲ့တုန်းကတောင်မှ နင်အေးအေးဆေးဆေးနေခဲ့ရလို့လား”

မယဉ်ရဲ့မျက်လုံးတွေက မီးဝင်းဝင်းတောက်သလို တောက်ပနေတယ်ဗျ၊ ပြီးတော့ ဦးဘဖြူရဲ့အုတ်ဂူကြီးကိုစိုက်ကြည့်ရင်း

“ဘာလင်လဲ၊ ဘာကျေးဇူးရှင်လဲ၊ ဒီလူကြီးက ကျုပ်အပေါ်မှာ ဘာကျေးဇူးခံကျေးဇူးစမှ မရှိတဲ့အပြင်၊ ကျုပ်တို့မိသားစု ပျက်စီးအောင်လုပ်ခဲ့တဲ့လူကြီးပဲ”

ဦးဘသာက ဘာမှမပြောပေမယ့် ကျုပ်ကတော့ မဆီမဆိုင်သိချင်တယ်မဟုတ်လား၊ ဒါနဲ့ မယဉ်ကိုကြည့်လိုက်ပြီး

“ဦးဘဖြူက မယဉ်တို့မိသားစုကို ဘာများလုပ်ခဲ့လို့ မယဉ်က မကျေနပ်ရတာတုန်း၊ ဘာလို့ရန်သူလို့ သတ်မှတ်ရတာတုန်း”

ကျုပ်မေးလိုက်တော့ မယဉ်က ကျုပ်ကိုမီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးတွေနဲ့ကြည့်တယ်၊ ပြီးတော့မှ

“ဒင်းကြောင့်၊ ငါ့မိဘတွေ သေခဲ့ရတာ . . .”

မယဉ်က သက်ပြင်းအရှည်ကြီးချပြီးတော့ အဖြစ်အပျက်တွေကို ပြန်ပြောပြတော့တယ်ဗျာ။

(၃)

ဒီလိုဗျ၊ ဒီရန်မီးတွေရဲ့အစကတော့ မယဉ်ရဲ့မိဘတွေကနေ စဖြစ်ခဲ့တာဗျ၊ မယဉ်ရဲ့မိဘတွေကတော့ ဦးဖော့နဲ့ ဒေါ်လွမ်းတဲ့ဗျ၊ သူတို့က အေးအေးဆေးဆေးတောင်သူယာလုပ်၊ လုပ်ကိုင်စားသောက်ကြတဲ့သူတွေပါဗျာ၊ သူတို့မှာ သားတစ်ယောက်သမီးတစ်ယောက် ရှိတာပေါ့၊ သူ့သားကတော့ ကိုအေးတဲ့ဗျ၊ ရွာကလူတွေကတော့ ဘအေးလို့ခေါ်တာပေါ့၊ ဦးဖော့တို့မဆုံးပါးခင်တုန်းက ကိုဘအေးက လိမ်မာတဲ့လူတစ်ယောက်ပါ၊ သူ့မှာလည်း သိပ်ချစ်ရတဲ့ နှမတစ်ယောက်ရှိတယ်၊ အဲဒါကတော့ အခုမယဉ်ပေါ့ဗျာ။

ဦးဖော့တို့က ယာခင်းစိုက်တယ်၊ လယ်ကွင်းတွေရဲ့အဆုံး၊ ကုန်းကျကျယာကွက်တွေက ဦးဖော့တို့ပိုင်တာပေါ့ဗျာ၊ ယာကွက်တွေနဲ့ တောတန်းကလေးနဲ့က တဆက်တည်းပေါ့၊ ဦးဖော့တို့က လယ်မစိုက်ဘဲ မိုးတွင်းမှာတောင်မှ ငရုတ်၊ ဖရုံ စတဲ့ ယာထွက်သီးနှံတွေပဲစိုက်တာပေါ့၊ တစ်ရက်မှာတော့ မြေယာအရေးနဲ့ပတ်သက်ပြီး ဦးဘဖြူနဲ့ ပြဿနာတက်ကြတယ်ဗျ၊ ဦးဖော့တို့က အဲဒီယာခင်းတွေကို ဓါးမဦးချ လုပ်ကိုင်စိုက်ပျိုးခဲ့တဲ့သူတွေ၊ ဦးဘဖြူကတော့ သူတို့ပိုင်တဲ့အခင်းဆိုပြီးတော့ ဖြစ်ကြတာပေါ့ဗျာ၊ တကယ်တော့ဟိုးအရင်ကတည်းက အဲဒီနားက ယာခင်းတစ်ခင်းက ဦးဘဖြူတို့လုပ်ကိုင်ခဲ့တာပါ၊ ဒါပေမယ့် နောက်ပိုင်းမလုပ်ဖြစ်တော့ တောကြီးဖြစ်သွားတာပေါ့ဗျာ၊ ဦးဖော့တို့လည်း တောလို့ထင်ပြီးတော့ လုပ်ကိုင်စားသောက်ခဲ့တာပဲ၊ ဒါပေမယ့် အဖေကတော့ ဦးဖော့တို့ဘက်ကို ဆုံးဖြတ်ပေးခဲ့တယ်၊ ဦးဖော့တို့ကလည်း သူများမြေမှန်းသိသိကြီးနဲ့ ကျူးကျော်တာမှမဟုတ်တာပဲလေ၊ တောရှင်းရင်းနဲ့ အဲဒီယာမြေပါ ဆက်နေတာကိုးဗျ၊ အဖေဆုံးဖြတ်တာဆိုတော့ ဦးဘဖြူလည်း မကျေမနပ်နဲ့ ခေါင်းညိတ်လိုက်ရတော့တာပေါ့ဗျာ။

ဒါပေမယ့် သူက ကျေတော့မကျေနပ်ဘူးဗျ၊ ဦးဖော့တို့ကို တစ်ချီတော့ တွေ့မယ်ဆိုပြီး တေးမှတ်ထားတာပေါ့၊ ပဲထွက်တဲ့ရာသီရောက်တော့ ပဲတွေပေါ်ပြီဗျ၊ ပဲတွေပေါ်ရင် အဲဒီတုန်းက ရွာကိုဆင်းဝယ်တဲ့လူတွေမရှိဘူး၊ ရွာကလူတွေက ပဲတွေကိုလှည်းနဲ့တင်ပြီး သွားရောင်းရတာ၊ တန်းမြင့်ရွာအနားမှာ ပဲကောက်တဲ့ဒိုင်ရှိတယ်ဆိုပေမယ့် မြိုင်သာနဲ့ဆိုရင် တစ်တင်းဈေးက မသိမသာလေးကွာတယ်၊ တင်းများရင်တော့ တော်တော်ကွာတာပေါ့ဗျာ၊ ဒီတော့ အတော်များများက လှည်းနဲ့မြိုင်သာတက်ပြီး ရောင်းကြတာပေါ့။

ခေတ်ကလည်း မတည်ငြိမ်တဲ့ခေတ်၊ နောက်ပြီး ကျုပ်တို့ရွာဘက်တွေက လူနေကျဲပြီး ခေါင်တော့ အဲဒီတုန်းက ဓါးပြတွေအတော်ထတယ်ပေါ့ဗျာ၊ ဒီတော့ ဦးဖော့တို့လင်မယား ပဲရောင်းပြီးပြန်အလာမှာ ကျုပ်တို့ရွာနဲ့ တန်းမြင့်ရွာကြားက လက်ပံငုတ်တိုနားမှာ ဓါးပြအတိုက်ခံရပါရော၊ ဓါးပြတွေက ပိုက်ဆံတွေယူတဲ့အပြင် ဦးဖော့တို့လင်မယားကို သတ်ပါသွားတယ်တဲ့ဗျာ။ ကျုပ်လည်း မယဉ်ပြောတာနားထောင်ပြီးတော့

“အေးလေဗျာ၊ ဓါးပြက ဦးဖော့တို့ကိုသတ်တာ၊ ဦးဘဖြူနဲ့ ဘာဆိုင်လို့လဲဗျ”

“ဆိုင်တယ်ဟဲ့၊ အဲဒီဓါးပြတွေကို လက်ထောက်ချတာက နင်တို့ဘုရားဒကာကြီး ဦးဘဖြူပဲ”

“ဟုတ်လို့လားဗျာ”

“သိပ်ဟုတ်တာပေါ့၊ ဖြစ်ချင်တော့ ငါ့အမေကို ဓါးပြတွေကသတ်ပေမယ့် ချက်ချင်းမသေခဲ့ဘူး၊ မြိုင်သာဆေးရုံမှာ တစ်ရက်ခံလိုက်သေးတယ်၊ အမေက သတိရတော့ ငါ့အနားကိုကပ်ပြောတယ်၊ ဓါးပြတွေထဲက တစ်ယောက်က ငကျွဲတဲ့၊ ငါ့အမေတွေကို သတ်ပြီးတော့ သေပြီအထင်နဲ့ ပိုက်ဆံတွေအချင်းချင်းခွဲဝေယူကြရင်း သူတို့အချင်းချင်းစကားပြောနေရင်း နဲ့သိလိုက်ရတာ၊ နောက်တော့ ဒဏ်ရာပြင်းတာနဲ့ ငါ့အမေလည်း သေသွားခဲ့တယ်”

“ဟာ၊ အဲဒီငကျွဲဆိုတာက၊ ဦးဘဖြူရဲ့ သားမက်များလား”

“သိပ်ဟုတ်တာပေါ့၊ အဲဒီတုန်းက ငကျွဲက ဘာမှမရှိဘူး၊ ဦးဘဖြူတို့လယ်မှာ သူရင်းငှားလုပ်နေတာမဟုတ်လား၊ ဓါးပြတိုက်ပြီးတော့မှ ငကျွဲတစ်ယောက် ပြောင်ပြောင်ရောင်ရောင်နဲ့ဖြစ်လာခဲ့ပြီး နောက်ဆုံးသူ့သမီးနဲ့ ငြားသွားတာမဟုတ်လား”

“ယဉ်ယဉ်ရယ်၊ နင့်ဟာက အထင်နဲ့ပြောတာပဲ၊ ငကျွဲဆိုတဲ့နာမည်က တို့ရွာမှာပဲရှီတာမှမဟုတ်တာ”

ဦးဘသာကဝင်ပြောတော့ မယဉ်က ဦးဘသာကိုမျက်စောင်းထိုးတယ်ဗျ။

“ထားပါတော့၊ အဲဒါက ကျုပ်အတွေးခေါင်တယ်ပဲထား၊ ဒါပေမယ့် ကျုပ်မိဘတွေသေတော့ ကျုပ်မိဘတွေရဲ့ယာကို ရှင်တို့ဘုရားဒကာကြီးပဲ သိမ်းပိုက်ခဲ့တာမဟုတ်လား၊ ဟိုကောင်လေး၊ နင့်အဖေဒီအကြောင်း ကောင်းကောင်းသိတယ်”

“ကျုပ်ကြားဖူးတာကတော့ ဦးဖော့တို့က ဦးဘဖြူဆီကနေ ပိုက်ဆံတွေချေးထားပြီးတော့ မဆပ်နိုင်လို့ဆိုဗျ”

“ဟဲ့၊ ပဲစိုက်၊ ယာစိုက်တယ်ဆိုတာ ဒီလိုပဲ ချေးငှားပြီးငွေရင်းရှာ စိုက်ရတယ်မဟုတ်လား၊ သီးနှံထွက်တော့ ပြန်ဆပ်ရတာပဲလေ၊ ဒါကို ဒီလူကြီးက သူကြီးနဲ့ပေါင်းပြီးတော့ ငါတို့လယ်တွေမတရားသိမ်းတယ်၊ ငါ့အကိုဆိုရင်လည်း စိတ်ညစ်ပြီး အရက်တွေသောက်ရင်း၊ နောက်ဆုံးတော့ သားသတ်သမားလမ်းကိုလိုက်ပြီး လူမိုက်ကြီးဖြစ်သွားခဲ့တာပဲမဟုတ်လား”

ကျုပ်တို့ဘာမှမပြောနိုင်တော့ဘူးဗျ။

“ဒါနဲ့ ကျုပ်လည်း ဒီလူကြီးကိုလက်တုံ့ပြန်ချင်ခဲ့တယ်၊၊ အဲဒီမှာ မထင်မှတ်ပဲ စုန်းတစ်ယောက်ကနေ ကျုပ်ကိုအိပ်မက်ထဲကနေဆက်သွယ်ပြီးတော့ စုန်းပညာသင်ပေးမယ်ဆိုပြီးပြောခဲ့တယ်၊ ကျုပ်လည်း လက်ခံလိုက်လို့ အခုလိုစုန်းဖြစ်လာခဲ့တာပဲ”

“အခု ဘဖြူသေတာ နင့်စနက်မဟုတ်လား၊ ယဉ်ယဉ်”

“သိပ်သေချာတာပေါ့၊ ကျုပ်အကိုကြီးက သူ့ကိုသည်းမခံနိုင်တော့တာနဲ့ လည်ပင်းလှည့်ပြီး ဂုတ်ချိုးသတ်ပစ်လိုက်တာ”

“ပြီးခဲ့တာတွေ ထားလိုက်တော့ ယဉ်ယဉ်၊ အခု နင့်ယောက်ျားရဲ့ ခေါင်းကိုနင်ပြန်ထားလိုက်စမ်းပါ၊ ပြီးတော့ တခြားသူတွေကို ဒုက္ခပေးဖို့ကြံနေတာကိုလည်း နင်ရပ်တန်းကရပ်လိုက်”

“ဟား၊ ဟား ကျုပ်က ဘာလို့ရပ်ရမှာလဲ အဘိုးကြီးရဲ့”

ပြောနေတုန်းမှာပဲ မယဉ်က မိုးပေါ်ကိုလက်ညှိုးညွှန်လိုက်ပြီး ရွှီးခနဲမီးတန်းကြီးတစ်ခုကို ပစ်တင်လိုက်တော့တာပဲဗျာ၊ မီးတန်းကြီးက မိုးပေါ်မှာပျောက်ကွယ်သွားပြီးတော့ မကြာပါဘူး မိုးပေါ်ကနေပြီးတော့ ခြင်ဆေးမီးလိုလို၊ အမွှွှေးတိုင်မီးလိုလို မီးစလေးတွေ တဖွားဖွားနဲ့ကျလာတာပဲဗျာ၊ မီးစက်တွေလွှွတ်လိုက်တယ်ဆိုတာကျုပ်လည်းသိလိုက်တာပေါ့၊ ဦးဘသာကတော့ သူခေါင်းပေါင်းထားတဲ့ သဘက်ဟောင်းကြီးကိုဖြုတ်လိုက်ပြီး လေပေါ်မှာဝှေ့ယမ်းလိုက်တယ်ဆိုရင်ပဲ အဲဒီမီးစကလေးတွေက ကျုပ်တို့ကိုမထိဘဲနဲ့ အုတ်ဂူတွေအပေါ်ကို ကျကုန်တာပဲဗျာ၊ မီးစလေးတွေ မြေကြီးနဲ့ထိတာနဲ့ တရှဲရှဲနဲ့ မီးကိုရေနဲ့လောင်းလိုက်သလို အသံကြီးမြည်တော့တာပဲ။

“အဘိုးကြီးက ဘယ်ဆိုးလို့လဲတော့”

မယဉ်က ဦးဘသာရဲ့ပညာအစွမ်းကို မသိလောက်ဘူးဗျ၊ မသိလည်းမသိချင်စရာပဲလေ၊ ဦးဘသာက ကျုပ်ကိုတောင်မှ သူ့ပညာဘယ်လောက်ဆိုတာ ပြောတာမဟုတ်ဘူး၊ တကယ်တတ်တဲ့လူက အသာကလေးလျှိုနေတာဆိုတော့ မယဉ်က ဦးဘသာနဲ့ ပညာမြ့ပိုင်ဖူးတော့ ဘယ်လောက်တတ်သလဲဆိုတာ မသိဘူးထင်ပါ့။

မယဉ်က ပြောရင်းဆိုရင်း မြေကြီးကိုခြေဖနောင့််နဲ့ ဝုန်းခဲဆောင့်ပေါက်လိုက်တာနဲ့ သုဿန်ထဲက သစ်ပင်ကြီးတွေက တဝေါဝေါနဲ့လှုပ်သွားတယ်ဗျ၊ ပြီးတော့ မြေကြီးပေါ်မှာ အက်ကွဲကြောင်းကြီးတစ်ခုပေါ်လာပြီး ကျုပ်တို့ဆီကိုတဖြည်းဖြည်းဦးတည်လာပါရောလား။ ကျုပ်တို့နဲ့လက်တစ်ကမ်းလောက်ရောက်တော့ ဦးဘသာက မြေကြီးကိုဖနောင့််နဲ့ ခပ်ဆတ်ဆတ်လေးပေါက်ထည့်လိုက်တော့ ခုနက အက်ကွဲကြောင်းကြီးက သူ့အလိုလိုပြန်စေ့သွားပါရောလားဗျာ။

မယဉ်က ဒီတော့မှ ဦးဘသာကိုနည်းနည်းဖြုံသွားတယ်ဗျ။ သူဆက်ပြီးတော့ လုပ်လို့မရတော့မှန်းသိတာနဲ့ လူတစ်ယောက်ကိုခေါ်သလိုမျိုး လက်ကိုဝှေ့ယမ်းလိုက်တယ်။

“အကိုကြီး ဒီကိုလာကူပါအုံး”

မယဉ်ခေါ်လိုက်တာနဲ့ အုတ်ဂူတွေကြားထဲကနေ အကောင်ကြီးတစ်ကောင်ထွက်လာတယ်ဗျ၊ တစ်ကိုယ်လုံးကို မည်းနက်နေပြီးတော့ အမွှေးရှည်ရှည်ကြီးတွေကလည်း ဖုံးအုပ်ထားသေးတယ်ဗျာ၊ ပြီးတော့ အမွှေးတွေကလည်း ရေတွေစိုနေသလိုလို၊ ဆီတွေပေနေသလိုလိုနဲ့ ရွဲရွှဲစိုစိုကြီးဗျ၊ အဲဒီအကောင်ကြီးရဲ့အရပ်က လူနှစ်ရပ်နီးပါးရှိတယ်၊ ကျုပ်တို့အရှေ့ကိုရောက်လာတော့ ကျုပ်တို့ကိုခေါင်းငုံ့ပြီးကြည့်နေတာပေါ့ဗျာ။

ဘာပြောကောင်းမလဲ၊ ကျုပ်လည်း သူ့မြင်ပြီးလန့်တာပေါ့ဗျာ၊ ကိုဘအေးဆိုတာ ကျုပ်တို့ငယ်ငယ်ကတည်းက သိပ်ကြောက်ခဲ့ရတဲ့ လူကြီးမဟုတ်လား၊ မယဉ်က ကိုဘအေးကိုကြည့်ပြီးတော့

“အကိုကြီး၊ သူတို့ကိုရှင်းလိုက်”

အဲဒီလိုပြောပြီးတာနဲ့ မယဉ်က သုဿန်ထဲကနေထွက်သွားတော့တာပဲဗျာ၊ ဦးဘသာက ကျုပ်ကိုလှည့်ကြည့်တယ်။

“အလတ်ကောင်၊ ဘအေးကို မင်းရှင်းထားလိုက်”

ကျုပ်လန့်သွားတာ ပြောပြလို့တောင်မရပါဘူးဗျာ။

“ဘာဗျ၊ ကျုပ် . . ကျုပ်က ဒီသရဲကြီးကို နိုင်ပါ့မလား”

ဦးဘသာက ကျုပ်ဇက်ပိုးကို လက်နဲ့ဖြောင်းခနဲနေအောင်ရိုက်ထည့်လိုက်တယ်၊ ပြီးတော့ ကျုပ်မျက်လုံးတွေကို သေချာစိုက်ကြည့်ပြီးတော့

“မင်းလုပ်နိုင်ပါတယ်အလတ်ကောင်၊ ဘအေးကို မင်းနိုင်ပါတယ်”

အဲဒီလိုပြောပြီးတာနဲ့ သုဿန်ထဲကနေ ခပ်သုတ်သုတ်ထွက်သွားတာပဲဗျာ၊ ကျုပ်က ကိုဘအေးကိုကြည့်လိုက်တော့ ကိုဘအေးက အစွယ်ဖြူဖြူကြီးတွေပေါ်အောင်လို့ ကျုပ်ကိုပြုံးပြတယ်ဗျ၊ ကျုပ်လည်း ထွက်ပြေးချင်ပြီ၊ ကျုပ်က ဘာမို့လို့ ဒီသရဲကြီးကို နိုင်မှာလဲ၊ ကျုပ်ထွက်ပြေးဖို့လုပ်ပေမယ့် ဒူးတွေက တဆတ်ဆတ်တုန်နေတာဗျ၊ တကယ်ပါ၊ ဒူးတုန်ရင် လမ်းတောင်လျှောက်မရဘူးဆိုတာ တကယ်ဗျ၊ ကျုပ်ခြေလှမ်းသုံးလှမ်းလောက် တောင်မှ အနိုင်နိုင်လှမ်းရတယ်။

“ဦး . . .ဦးဘသာ၊ ကျုပ်ကိုထားခဲ့ပြီလား”

ကိုဘအေးသရဲကြီးက ပါးစပ်ကြီးဖြဲပြီးတော့ ကြောက်စရာကောင်းတဲ့အသံကြီးနဲ့ အော်ပါလေရောဗျာ၊ ပြီးတာနဲ့ ကျုပ်ကိုခုန်အုပ်တော့တာပဲ၊ ကျုပ်လည်း အုတ်ဂူတွေကြားထဲမှာ အမြန်ပြေးရတာပေါ့၊ အရေးထဲ အုတ်ဂူတွေက စီစီညီညီရှိမနေဘူးဆိုတော့ သူတို့ကိုကျော်ခွပြီး ပြေးနေရတာနဲ့ ခရီးမတွင်ပါဘူးဗျာ၊ လူကသာပြေးနေပေမယ့် စိတ်ကတော့ အနောက်ကိုလှည့်ကြည့်ချင်မိသားဗျ၊ ဒါနဲ့လှည့်ကြည့်လိုက်တော့ အုတ်ဂူကြီးတစ်ခုပေါ်မှာ လေးဖက်ကုန်းပြီး ကုန်းကုန်းကြီးလုပ်နေတဲ့ ကိုဘအေးကို တွေ့လိုက်ရပါရော၊ ကျုပ်ကြည့်နေတုန်းပဲ ကိုဘအေးက ဖားပျံတစ်ကောင်လို လွှားခနဲခုန်ပြီး ကျုပ်ကိုအုပ်ထည့်ပါရော။

ကျုပ်လည်းပြေးနေလျှက်သားဆိုတော့ ကိုဘအေးက ကျုပ်ကျောကုန်းကို အုပ်မိတာပဲ၊ ကျုပ်လည်း အရှေ့ကိုဟပ်ထိုးလဲကျသွားပြီးတော့ အုတ်ဂူဟောင်းကြီးတစ်ခုနဲ့ ခေါင်းနဲ့ရိုက်မိသွားတာပေါ့ဗျာ၊ ဒါပေမယ့် ထူးဆန်းတာက ကျုပ်က ဘာနာကျင်မှုကိုမှ မခံစားရဘူးဗျ၊ အုတ်ဂူဟောင်းကြီးကတော့ ကျုပ်ခေါင်းနဲ့တိုက်မိပြီး အုတ်တွေတောင်ပဲ့ကျသွားတယ်။

ကျုပ်ထဖို့ ပက်လက်လှန်လိုက်တော့ ကိုဘအေးက ကျုပ်အပေါ်ကိုခုန်တက်လိုက်တယ်။ ကျုပ်လက်နှစ်ဖက်ကို သူ့လက်ကြီးတစ်ဖက်နဲ့ ချုပ်ကိုင်လိုက်ပြီးတော့ ရင်ဘတ်ပေါ်ကို တက်ထိုင်ထားပါရောဗျာ၊ လေးလိုက်တာကလည်း ပြောမနေပါနဲ့တော့၊ သူ့လက်ကြီးကလည်း အကြီးကြီးဗျ၊ လက်ဝါးကြီးတစ်ဖက်တစ်ဖက်ကို တစ်တောင်လောက်ရှိတယ်ဗျ၊ လက်ချောင်းကြီးတွေကလည်း တုတ်တုတ်ခဲခဲနဲ့ အရှည်ကြီးတွေဗျ၊ အမွှေးကြမ်းကြီးတွေကလည်း ယားကျိကျိနဲ့၊ ပြီးတော့ လက်ချောင်းထိပ်မှာလည်းလက်သည်းကြီးတွေက ချွန်ထက်နေတာပဲဗျာ။

ကျုပ်လည်း အတင်းအကန်ရုန်းတာပေါ့ဗျာ၊ သရဲဖိထားတော့ ဘယ်ရုန်းနိုင်မလဲ၊ ဒီအချိန်မှာ ကိုဘအေးက သူ့လက်နောက်တစ်ဖက်နဲ့ ကျုပ်ပါးကိုလွှဲရိုက်ထည့်လိုက်တယ်ဗျာ။ ဖြောင်းခနဲမြည်သံကြီးကို ကြားလိုက်ရပြီးတော့ ကျုပ်မျက်နှာဆိုရင် တစ်ဖက်ကိုလည်ထွက်သွားတာပဲ၊ လက်ဝါးနဲ့အရိုက်ခံရတော့ လူကိုပူထူသွားတာပဲဗျာ၊ ကျုပ်လည်းဘာကြောင့်လည်းမသိ ကြောက်ရမယ့်အစား ဒေါသတွေအလိပ်လိုက်ထွက်လာတာပဲ၊ ဒါနဲ့ ကိုဘအေးကို ကျုပ်ဒေါသတကြီးပြန်ကြည့်မိတယ်၊ ကိုဘအေးက သူ့လက်နဲ့ ကျုပ်ပါးတွေကို ဘယ်ပြန်ညာပြန်ရိုက်ပါရောဗျာ၊ တဖြန်းဖြန်း၊ တခွပ်ခွပ်နဲ့ကို မြည်နေတော့တာ၊ သူရိုက်လေ ကျုပ်ကဒေါသထွက်လေပဲ၊ ဒါနဲ့ကျုပ်လည်း ဝမ်းခေါင်းသံကြီးနဲ့ အော်ထည့်လိုက်တယ်။

“ယား” လို့တစ်ချက်အော်လိုက်ပြီး လက်နှစ်ဖက်ကိုအတင်းရုန်းလိုက်တော့ ကိုဘအေးရဲ့ချုပ်ထားတဲ့လက်ကနေကျုပ်လက်လွတ်သွားတယ်ဗျ၊ ကိုဘအေးက ကျုပ်မျက်နှာကိုငုံ့ကြည့်နေတာဆိုတော့ ကျုပ်လက်တွေလွတ်သွားတာနဲ့ သူ့ပါးကို ဘယ်ဖက်လက်နဲ့ ရိုက်ထည့်ပစ်လိုက်တယ်။

“ဖုန်း” ဆိုတဲ့အသံကြီးက အကျယ်ကြီးပဲဗျ၊ ကိုဘအေးသရဲကြီးက ကျုပ်လက်ဝါးချက်မိတော့ ဘေးနားကိုလွင့်ထွက်သွားပြီး အုတ်ဂူတစ်လုံးနဲ့ဆောင့်မိသွားတယ်၊ ကျုပ်ဖြင့် ကိုယ့်ကိုယ်ကိုယ်တောင်မယုံလို့ ကိုယ့်လက်ဝါးကိုယ် ပြန်ကြည့်နေမိတယ်။ ကျုပ်လည်းအမြန်ကုန်းထလိုက်ပြီးတော့ ကိုဘအေးဆီကိုလွှားခနဲခုန်အုပ်ထည့်လိုက်တာပေါ့ဗျာ၊ ပုဆိုးတောင်မှ ကွင်းလုံးကြီး ကျွတ်ကျန်နေခဲ့သေးတာ၊ ကိုဘအေးအပေါ်ကို ကျုပ်ကခွတက်လိုက်ပြီးတော့ သူ့မျက်နှာတွေကို လက်နဲ့ဘယ်ပြန်ညာပြန် လွှဲလွှဲပြီးရိုက်ထည့့််တာပဲဗျာ၊ အားရသလားတော့ မမေးပါနဲ့၊ ကိုဘအေးဆို သူ့မျက်နှာကြီးက ဘယ်ဖက်ယိမ်းလိုက်၊ ညာဖက်ယိမ်းလိုက်ပေါ့ဗျာ၊ ကျုပ်ဆယ်ချက်လောက်ရိုက်ပြီးတော့ ကိုဘအေးက ကုန်းထလိုက်တယ်၊ ကျုပ်က သူ့အပေါ်တက်နေတာဆိုတော့ ကျုပ်လည်း ပက်လက်လန်လဲကျသွားတာပေါ့ဗျာ။ ကိုဘအေးက ကျုပ်ရဲ့ညာဖက်ခြေခြင်းဝတ်ကို လက်နဲ့ကိုင်ပြီးတော့ မတ်တပ်ထရပ်လိုက်တယ်၊ သူ့အရပ်က အမြင့်ကြီးဆိုတော့ ကျုပ်လည်း မြေကြီးနဲ့လွတ်ပြီး ဇောက်ထိုးကြီးဖြစ်နေတာပေါ့ဗျာ။

ကိုဘအေးက အသံံပြဲကြီးနဲ့ အော်ဟစ်တယ်ဗျ၊ ပြီးတော့ ကျုပ်ကိုခြေထောက်ကနေကိုင်ပြီး အနားက သစ်ပင်ကြီးတစ်ပင်နှဲ့ လွှဲရိုက်တော့တာပဲဗျာ၊ ကျုပ်ဆိုလေထဲမြောက်တက်သွားပြီးတော့ ခေါင်းတွေမူးဝေသွားတယ်၊ ပြီးတော့ သစ်ပင်ပင်စည်နဲ့ ကျုပ်ကိုယ်လံုံးနဲ့ ဝုန်းခနဲတိုက်တာဗျ၊ တစ်ကိုယ်လုံးမှာ ရှိသမျှအရိုးတွေ ကျိုးကုန်ပြီလားလို့တောင် မှတ်ရတယ်၊ ကိုဘအေးက ကျုပ်ကိုသစ်ပင်နဲ့သုံးလေးချက်လောက် ရိုက်ထည့်ပြီးတော့မှ အုတ်ဂူတွေကြားထဲကိုပစ်ထည့်လိုက်တယ်။ ကျုပ်လည်း သူ့လက်ထဲကအရုပ်လေးလိုဖြစ်နေတာဆိုတော့ အုတ်ဂူတွေကြားထဲကိုခွေခနဲကျသွားတာပေါ့ဗျာ။

ကိုဘအေးက ကျုပ်ဆီကိုတစ်လှမ်းချင်းလာတယ်ဗျ၊ ကျုပ်အနားရောက်တော့ကျုပ်လည်း အားယူပြီးမတ်တပ်ရပ်ထလိုက်ရင်း ဟက်ဟက်ပက်ပက်ကို ရယ်မောလိုက်တော့တယ်၊ ကိုဘအေးသရဲကြီးက ကျုပ်ကိုအထူးအဆန်းသဖွယ် မျက်လုံးကြီးပြူးပြီးကြည့်နေတာဗျ၊ ကျုပ်လည်းခါးထောက်ရင်း တဟားဟားနဲ့ ရယ်လိုက်တာပေါ့။

“ဟား၊ ဟား ခင်ဗျားအလှည့်ပြီးပြီလား၊ ဒါဆိုရင် ကျုပ်အလှည့်”

ကျုပ်လည်း ဘယ်ကနေဘယ်လို သတ္တိတွေရှိလာသလဲမသိပါဘူးဗျာ၊ သရဲကြီးဖြစ်နေတဲ့ ကိုဘအေးကို လုံးဝကိုမကြောက်တော့တာ၊ ကိုဘအေးဆီကိုပြေးဝင်ပြီးတော့ ခြေထောက်နဲ့ပိတ်ကန်ထည့်လိုက်တာ ကိုဘအေးခမြာ အနောက်ကိုဆယ်တောင်လောက် ရွေ့သွားပါရော၊ ကျုပ်ကိုလည်း တော်တော်ကြောက်လန့်နေသလိုမျက်နှာနဲ့ကြည့်တယ်၊ ကျုပ်လည်း သူ့ဆီကိုခုန်ဝင်ပြီးတော့ သူ့ကိုလက်သီးတွေနဲ့ထိုး၊ တံတောင်တွေနဲ့ထောင်းတာပေါ့ဗျာ၊ ဒီတစ်ခါတော့ ကိုဘအေးက ကျုပ်လုပ်သမျှကိုခံနေရတာဗျ၊

အတော်ကြာအောင် ထုနှက်ပြီးတော့မှ ကိုဘအေးက အသံထွက်လာတယ်။

“တော်ပါပြီ၊ ကြောက်ပါပြီ၊ မလုပ်ပါနဲ့တော့”

“ဘာအခုမှကြောက်ပါပြီလည်း၊ မင်းကိုငါသေအာင်သတ်မယ်၊ သေစမ်း”

ကျုပ်ကလည်း ဆက်ပြီးထုထောင်းနေတော့တာပဲ၊ ကိုဘအေးတစ်ယောက် ကျုပ်လက်ထဲမှာ ဖုတ်ဖုတ်ညက်ညက်ကိုကြေနေတာပဲဗျာ၊ နောက်တော့ လေးဖက်ကုန်းပြီး ခွေးလိုမျိုးထွက်ပြေးတော့တယ်၊ ကျုပ်ကလည်းဘယ်ရမလဲ သူ့ဘယ်ဖက်ခြေထောက်ကြီးကို လက်နှစ်ဖက်နဲ့ ဖမ်းဆုပ်ကိုင်ထားတာပေါ့ဗျာ၊ ကိုဘအေး လေးဖက်သွားနေရင်း တုန့်ခနဲဖြစ်သွားတယ်၊ ကျုပ်ဆွဲထားတာကိုးဗျ၊ ကျုပ်လည်း အံကြိတ်ပြီးတော့ ကိုဘအေးခြေထောက်ကိုလွှဲပြီး ခုနက သစ်ပင်ကြီးဆီကို လှမ်းပစ်ထည့်လိုက်တော့တာပါပဲ။

“ဝုန်း” ခနဲအသံအကြီးနဲ့ သစ်ပင်ကြီးက တုန်ထွက်သွားတယ်ဗျ၊ သစ်ရွက်တွေတောင် တဖွားဖွားနဲ့ ကျွေကျလာတယ်၊ ကိုဘအေးကတော့ သစ်ပင်အောက်မှာ ဆန့်ဆန့်ကြီးလဲကျနေတာ၊ ကျုုပ်က အနားကိုသွားတော့ လက်ကာကာ ခြေကာကာနဲ့

“ကြောက်ပါပြီ၊ ငါ့ကိုမလုပ်ပါနဲ့တော့ကွာ၊ ငါမင်းကိုအရှုံးပေးပါတယ်”

“ကဲအရှုံးပေးရင် လေးဖက်ထောက်စမ်း”

ကျုပ်ပြောလိုက်တော့ ကိုဘအေးက လေးဖက်ကုန်းပေးတယ်၊ ကျုပ်လည်း ဘာမပြောညာမနေနဲ့ကိုဘအေး ကျောပေါ်ကိုခွတက်လိုက်ပြီးတော့ ကိုဘအေးနားရွက်တွေကိုဆွဲလိမ်လိုက်တယ်။

“ကဲသွားစမ်း၊ မင်းနှမရှိတဲ့ဆီကို သွားစမ်း”

ကိုဘအေးက ခွေးကြီးတစ်ကောင်လိုမျိုး လေးဖက်ကုန်းပြီးတော့ ကွင်းထဲကိုဖြတ်ပြေးတော့တာပါပဲ။

(၄)

လယ်ကွင်းထဲမှာ စပါးပင်တွေက တော်တော်ကြီးနေပြီဗျ၊ ကိုဘအေးက ကွင်းထဲရောက်တော့ လေးဖက်ထောက်မပြေးတော့ဘဲ ဖားတစ်ကောင်လို ခုန်ဆွခုန်ဆွပြေးပါရော၊ သူတစ်ခါတစ်ခါခုန်လိုက်ရင်လည်း အမြင့်ကြီးရောက်ရောက်သွားတာဗျ၊ ကျုပ်ဖြင့် အသည်းကိုအေးနေတာပဲဗျာ၊ ဟိုးအမြင့်ရောက်သွားရင် အောက်ကလယ်ကွင်းတွေနဲ့ လယ်တဲကလေးတွေကိုတွေ့ရတယ်၊ ပြီးတော့ ကန်သင်းပေါ်ကိုပြန်ကျတယ်၊ နောက်တစ်ချက်ပြန်ခုန်လိုက်ရင် မြင့််တက်သွားတာပဲဗျာ၊ သရဲစီးဖူးတဲ့အရသာကို အဲဒီတော့မှ ခံစားဖူးတယ်ဗျ။

လယ်တဲတစ်ခုအနားမှာ အစိမ်းရောင်တွေဝင်းခနဲလက်သွားလိုက်၊ အနီရောင်တွေ ပျက်ခနဲလက်သွားလိုက်နဲ့မြင်ရတယ်၊ ကိုဘအေးက အဲဒီလယ်တဲဆီကို သွားနေတာဗျို့၊ နောက်တော့ လယ်တဲကလေးအရှေ့ကိုခုန်ဆင်းလိုက်တယ်၊ လယ်တဲအရှေ့နားက မြေကွက်လပ်ကလေးမှာ ဦးဘသာက မတ်တပ်ရပ်နေတယ်၊ ဦးဘသာအရှေ့မှာတော့ မယဉ်က ခွေခွေကလေး လဲကျနေတယ်ဗျ။ ကိုဘအေး မြေပေါ်ဆင်းလိုက်တာနဲ့ ကျုပ်လည်း ကိုဘအေးပေါ်ကနေ လွှားခနဲဆင်းလိုက်တယ်။ မယဉ်ကတော့ ရှိုက်ကြီးတငင် ငိုနေတော့တာပဲဗျာ။

“နင့်အပြစ်နင်သိပြီလား ယဉ်ယဉ်”

မယဉ်က ငိုနေရင်း ခေါင်းညိတ်တယ်ဗျ၊ ကိုဘအေးက မယဉ်အနားကိုသွားပြီးတော့ မယဉ်ကိုဆွဲထူလိုက်တယ်။

“အကိုကြီး . . .”

ကိုဘအေးက သူ့ညီမကို ဝမ်းနည်းနေတဲ့မျက်နှာနဲ့ ငုံ့ကြည့်တယ်။

“အရင်က ဖြစ်ခဲ့တာတွေကို ထားလိုက်တော့၊ အခုနင်ရှုံးပြီဆိုတော့ နင့်ကတိအတိုင်း ခံဖို့သာပြင်ပေတော့ ယဉ်ယဉ်”

မယဉ်က သူ့ခေါင်းကို ငုံ့ပြီးတော့ ဦးဘသာအရှေ့မှာ လည်ကိုစင်းပေးတယ်၊ ဦးဘသာက မယဉ်ရဲ့ခေါင်းကိုလက်တစ်ဖက်က ကိုင်ပြီးတော့ ကျုပ်နားမလည်တဲ့ မန္တန်တွေ ရွတ်ဖတ်တယ်ဗျ၊ မန္တန်ကတော့ ပါဠိလိုလို စာတွေလည်းပါတယ်၊ ဦးဘသာက အသံနေအသံထားနဲ့ရွတ်တာဗျ၊ မသိရင် ဘုန်းကြီးစာအံနေတဲ့အသံနဲ့တောင် တူနေသေးတာ။ မယဉ်က ခေါင်းငုံ့ထားလို့ ဆံပင်တွေက ဖျားလျားကြီးကျနေတာပေါ့ဗျာ၊ နောက်တော့ အဲဒီဆံပင်တွေကို အောက်ကနေလေကပင့်တိုက်လိုက်သလိုမျိုး ဆံပင်တွေက အပေါ်ကိုထောင်တက်လာတယ်၊ အဲဒီဆံပင်တွေထဲကမှ ဆံပင်တစ်မွှေးကတော့ ရွှေရောင်လို ဝါဝါထိန်ထိန်အလင်းရောင်နဲ့ တောက်ပနေတယ်ဗျ၊ ဘယ်လောက်လင်းသလဲဆိုရင် ဦးဘသာမျက်နှာဆိုရင်အလင်းတွေဟပ်ပြီးတော့ ထင်းနေတာပဲဗျာ။

ဦးဘသာက အဲဒီဆံပင်ကို လက်နှစ်ချောင်းနဲ့ညှပ်လိုက်ပြီးတော့ “ဟင်း” ခနဲသက်ပြင်းချပြီး ဆွဲနှုတ်လိုက်ပါရောဗျာ၊ ဒီတော့ ခုနက လေနဲ့လွင့််နေတဲ့ဆံပင်တွေအကုန်လုံး ပြန်ကျသွားတယ်၊ ထူးဆန်းတာက ဦးဘသာလက်ထဲက ဆံပင်ကလေးက မြွေတစ်ကောင်လို လူးလွန့်နေတာပဲ၊ အရောင်တွေလည်းထွက်နေသေးတာ၊ နောက်တော့အဲဒီဆံပင်ကလေးက ဦးဘသာလက်ထဲမှာ တီကောင်ဆားတို့သလို လူးလွန့်နေပါလေရော၊ ခဏကြာတော့ အရောင်တွေမှိန်ကျလာပြီးတော့ မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားတယ်၊ နောက်တော့မှ သာမန်ဆံပင်တစ်ချောင်းလိုဖြစ်သွားပြီးတော့ လက်ထဲမှာတွဲလောင်းကျသွားတော့တာပါပဲ။

“ပြီးပြီမယဉ်၊ နင့်ရဲ့ပညာတွေအကုန်လုံးကို ငါနှုတ်လိုက်ပြီ၊ ဒီနေ့ကစပြီး နင်က စုန်းမဟုတ်တော့ဘူး”

မယဉ်ကတော့ ဘာမှမပြောဘဲ မျက်နှာကိုလက်ဝါးနှစ်ဖက်နဲ့အုပ်ရင်း ငိုနေတော့တာပဲ၊ ဦးဘသာက ကိုဘအေးကိုကြည့်ပြီးတော့

“ဟေ့ကောင်၊ မင်းလဲသွားတော့၊ နောက်တို့ရွာမှာ မင်းကြောင့် တစ်ခုခုကြားတယ်ဆိုရင် မင်းနာမယ်သာမှတ်”

ဦးဘသာပြောတော့ သရဲကြီးက ခေါင်းညိတ်ပြတယ်ဗျ၊ ဒါနဲ့ ဦးဘသာက ကျုပ်ပုခုံးကိုပုတ်လိုက်တယ်။

“ထွက်တော့၊ ထွက်တော့”

ကျုပ်ကိုယ်ကြီးက ပေါ့သွားသလိုလိုကြီးဖြစ်သွားတယ်ဗျ၊ ခဏကြာတော့ တစ်ကိုယ်လုံး လေးလံံသွားပြန်ရော၊ အကြောတွေတောင့်တင်းပြီးတော့ အိပ်ရာနိုးစအချိန်လိုပေါ့ဗျာ၊ ဒါနဲ့ ကျုပ်တို့နှစ်ယောက်ရွာဘက်ကို လမ်းလျှောက်လာတုန်း ခြေလှမ်းဆယ်လှမ်း လောက်ရောက်တော့ မယဉ်က ထိုင်နေရာကနေထပြီးတော့ လယ်တဲအနောက်ကိုဝင်သွားတယ်ဗျ၊ ပြီးတော့ အသံနက်ကြီးနဲ့ အော်သံတစ်ခုကိုကြားလိုက်ရတယ်။

“ညီမလေး . . .”

အသံက ကိုဘအေးအသံဖြစ်မယ်ဗျ၊ ကျုပ်တို့လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး လယ်တဲအနားကိုပြေးလာကြတယ်၊ လယ်တဲအနောက်နားက မီးဖိုလေ့ရှိတဲ့နေရာအနားမှာ မယဉ်ကလဲကျနေတယ်ဗျ၊ သူ့လည်ပင်းကိုသူ့လက်နှစ်ဖက်နဲ့အုပ်ထားတယ်၊ လက်ချောင်းတွေကြားထဲကနေလည်း သွေးတွေက ပန်းထွက်နေပါရော။

“ဟာ၊ မယဉ်”

ကျုပ်လည်း အမြန်ပြေးသွားပြီးတော့ မယဉ်ကိုပွေ့လိုက်တာပေါ့၊ မယဉ်က တစ်ကိုယ်လုံးတဆတ်ဆတ်တုန်နေသေးတယ်၊ သူ့အနားမှာလည်း ကြက်သွန်ခွာတဲ့ ဓါးဦးချွန်ထက်ထက်ကလေးက ကျနေသေးတယ်ဗျာ၊ ကျုပ်လည်း မယဉ်ဘာလုပ်မှန်းသိလိုက်ပါပြီ၊ ကြက်သွန်လှီးတဲ့ဓါးနဲ့ သူ့ကိုယ်သူ အဆုံးစီရင်လိုက်တာပဲ။ ကျုပ်က ဦးဘသာကိုကြည့်လိုက်ပြီး

“ဦးဘသာ တစ်ခုခုလုပ်ပါအုံး”

ဦးဘသာက သူခေါင်းပေါင်းထားတဲ့ သဘက်ဟောင်းကြီးကိုဖြုတ်လိုက်ပြီး သူ့မျက်နှာကိုပွတ်လိုက်တယ်၊ နောက်တော့ ကျုပ်ကိုခေါင်းခါပြတယ်၊ ကျုပ်ကြည့်နေတဲ့အချိန်မှာပဲ မယဉ်တစ်ယောက် တစ်ကိုယ်လုံးဆွတ်ဆွတ်ဖြူနေပြီဗျ၊ မျက်လုံးကြီးက ပြူးကြောင်နေပြီးတော့ မိုးပေါ်ကိုကြည့်နေတယ်၊ နောက်တော့ မယဉ်က နှုတ်ခမ်းကလေးလှုပ်ရုံ ပြုံးလိုက်တယ်၊ သူ့အပေါ်မှာ သူ့ကိုမိုးပြီးကြည့်နေတာကတော့ သူ့အကို ကိုဘအေးပဲဗျ။ ဦးဘသာက ကျုပ်ပုခုံးကိုပုတ်တယ်။

“အလတ်ကောင် ထားလိုက်တော့၊ ငါတို့ဒီမှာဆက်နေရင် အမှုပတ်နေမယ်၊ သွားကြရအောင်”

“ဟာဗျာ၊ ကျုပ်တို့ဒီအတိုင်းသွားလို့ကောင်းပါ့မလား”

“မင်းကိုသာ အလောင်းကြီးပိုက်လျှက်သားနဲ့ ရွာသားတွေတွေ့သွားရင် မင်းမသတ်ဘူးဆိုရင်တောင်မှ အမှုအခင်းဖြစ်ပြီး အစစ်အဆေးခံရမယ်ကွ၊ ပြီးတော့ ဒီညဖြစ်တဲ့ အဖြစ်အပျက်တွေကို မင်းဘယ်လိုလုပ်ပြီးရှင်းပြမလဲ၊ မင်းရှင်းပြရင်ရော လူတွေက ယုံမှာတဲ့လား”

ဦးဘသာပြောတာလည်း ဟုတ်နေတာနဲ့ ကျုပ်လည်း မယဉ်ရဲ့အလောင်းကို မြေကြီးပေါ်အသာကလေးချပြီးတော့ မတ်တပ်ရပ်လိုက်တယ်၊ ပြီးတော့ အဲဒီနေရာကနေထွက်ခဲ့တာပေါ့ဗျာ၊ ဦးဘသာက မြေပြင်ကိုလက်ညှိုးတစ်ချက်ထိုးလိုက်တော့ ကျုပ်တို့ရဲ့ခြေရာတွေ၊ သွားလာလှုပ်ရှားထားတဲ့အရာတွေက အကုန်ပျောက်သွားတာ အံ့သြစရာကြီးဗျာ၊ ဒီလိုနဲ့ ကျုပ်တို့နှစ်ယောက်ပြန်မယ်လုပ်နေတုန်း လယ်စောင့်တဲအနားမှာ လူနှစ်ယောက်ပေါ်လာတယ်ဗျ။

ထမီရင်လျားနဲ့ ဆံပင်ဖားလျားချထားတဲ့ မယဉ်ရယ်၊ နောက်ပြီးတော့ ပုဆိုးတိုတိုနဲ့ ချည်သားဖျင်ကြမ်းအင်္ကျီကို လက်အနားတွေခေါက်ပြီးဝတ်ထားတဲ့ ကိုဘအေးကို တွေ့လိုက်ရတယ်၊ ကိုဘအေး ကသူ့ညီမ မယဉ်ကိုကြည့်ပြီးတော့

“ကဲ ငါ့ညီမ၊ အကိုတို့တွေ သွားကြပါစို့ကွာ”

ကိုဘအေးက အရှေ့ကလျှောက်သွားတော့ မယဉ်က ခေါင်းငိုက်စိုက်ချပြီးတော့ သူ့အကိုအနောက်ကနေလိုက်သွားတာ့တာပဲ၊ ကန်သင်းရိုးတစ်ခုကို ကျော်သွားတဲ့အချိန်မှာတော့ ကျုပ်တို့မြင်ကွင်းကနေ ပျောက်ချင်းမလှ ပျောက်သွားတော့တာပဲဗျာ။

ဦးဘသာအိမ်ကိုပြန်ရောက်တဲ့အထိ ကျုပ်က ဘောင်းဘီတိုကလေးနဲ့ဗျ၊ ပုဆိုးကတော့ သုဿန်ထဲကျန်ခဲ့ပြီမဟုတ်လား၊ ဦးဘသာနဲ့ကျုပ်နဲ့ ခြင်ထောင်တစ်ခုထဲမှာ အတူတူအိပ်ကြတယ်၊ ကျုပ်လည်း အိပ်မပျော်ပါဘူးဗျာ၊ ကိုယ့်ရှေ့မှာတင် လူတစ်ယောက်သေသွားတာကိုမြင်ထားတော့ စိတ်ကောင်းပါ့မလား။ ကျုပ်လည်းရင်ဘတ်ပေါ်လက်တင်ပြီးတော့ ခြင်ထောင်အမိုးကို ဘာရယ်မဟုတ်ကြည့်နေမိတယ်၊

ဦးဘသာလည်း အိပ်ပျော်ပုံမရပါဘူး၊၊ ကျုပ်ကိုကျောပေးပြီး ခွေခွေကလေးလှဲနေတယ်။

“ဦးဘသာ၊ မယဉ်က ဘာလို့ဒီလိုလုပ်သွားတာလဲ”

ဦးဘသာက သက်ပြင်းတစ်ချက်ချလိုက်ပြီးတော့

“ပညာတတ်တဲ့လူက ပညာမရှိဘဲနဲ့ မနေချင်ကြတာ ထုံးစံပဲကွ”

“ဒါဆို ဦးဘဖြူရဲ့ ခေါင်းကြီးကရော ဘယ်ရောက်သွားတာလဲ”

“ခုလောက်ဆို သူ့နေရာကိုသူ ပြန်ရောက်နေမှာပါကွာ”

“ဒါနဲ့ ခုနက ကျုပ်သရဲကိုအေးနဲ့ ဆော်ကြတာကရောဗျာ”

“ဟား၊ ဟား အဲဒါကတော့ မင်းကိုဘီလူးမှော်သွင်းပေးခဲ့တာကွ”

“ဒါကြောင့်ဖြစ်မယ်ဗျ၊ ကျုပ်ကို ကိုဘအေးက တော်တော်ထိုးနှက်ပေမယ့် ကျုပ်ပူထူတာတစ်ခုပဲဖြစ်ပြီးတော့ ဘာဒဏ်ရာမှ မရခဲ့တာကိုး”

ဦးဘသာက ကျုပ်ဘက်ကိုလှည့်လိုက်ပြီးတော့

“အိပ်တော့အလတ်ကောင်ရေ”

“ဘာပဲပြောပြော မယဉ်ဒီလိုဖြစ်သွားတာတော့ ကျုပ်စိတ်မကောင်းဘူးဗျာ၊ သူသေရတာ ကျုပ်တို့တာဝန်မကင်းသလိုဖြစ်နေတယ်မဟုတ်ဘူးလား”

ဦးဘသာက သက်ပြင်းတစ်ချက် အရှည်ကြီးချလိုက်တယ်ဗျ။

“လူဆိုတာ ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးတယ်မဟုတ်လားကွာ၊ အခုဖြစ်ရတာတွေကလည်း ငါတို့ကြောင့်ဆိုတာထက် သူဖန်တီးတဲ့ သူ့ကြမ္မာကြောင့်လို့ပဲ တွေးလိုက်စမ်းပါ၊ ဒါကြောင့်် ငါက စုန်းတစ်ယောက်ရဲ့ပညာကို ဖျက်ဆီးခဲတယ်ကွ၊ ယဉ်ယဉ်ကိုတော့ မဖျက်ဆီးလို့မရလို့ ဖျက်ဆီးလိုက်ရတာ၊ စုန်းတစ်ယောက်က အရှက်ကွဲ၊ သိက္ခာအကျခံပြီး တစ်သက်လုံးနေနိုင်ရင် နေနိုင်ကြတယ်ဆိုပေမယ့် ပညာတွေမရှိတော့ဘဲ တစ်ရက်တောင် နေမပျော်ဘူးတဲ့ကွာ”

နောက်တော့ ဦးဘသာက သူ့လက်ဝါးနဲ့ ကျုပ်ရင်ဘတ်ပေါ်ကလက်ကို ဖိကိုင်လိုက်တယ်။

“အိပ်တော့ . . . အိပ်တော့”

မကြာခင် ရွာထဲက လင်းကြက်တွန်သံကို ကြားလိုက်ရတယ်၊ ကျုပ်လည်း မျက်လုံးတွေမှေးစင်းလာပြီးတော့ အိပ်မောကျသွားတော့တာပါပဲဗျာ။

(၅)

မနက်မိုးလင်းတော့ ဦးဘသာနဲ့ကျုပ်နဲ့ ထမင်းဆီဆမ်း၊ မြေပဲဆန်ကြော်၊ ငါးခြောက်ဖုတ်နဲ့ မနက်စာစားနေကြတာပေါ့၊ ဒီအချိန်မှာပဲ အငယ်ကောင်က ခြံဝကိုအပြေးရောက်လာတယ်။

“အကိုလတ်ရေ၊ အကိုလတ်ရေ”

“ဟေ၊ အငယ်ကောင်၊ ဝင်လာခဲ့ဟေ့”

အငယ်ကောင်က ခြံထဲပြေးဝင်လာပြီး အိမ်ရှေ့အမိုးအောက်မှာ ထမင်းစားနေတဲ့ ကျုပ်နဲ့ဦးဘသာကိုကြည့်တယ်။

“အကိုလတ်တို့က ဒီမှာအေးအေးလူလူထမင်းစားနေကြတယ်၊ ရွာထဲမှာတော့ ပွက်လောရိုက်နေပြီဗျ”

ဦးဘသာက ကျုပ်ကိုမျက်စပစ်ရင်း ထမင်းဝါးနေတယ်၊ ဒါနဲ့ကျုပ်လည်း ဘာမှမမသိတဲ့ဟန်ဆောင်လိုက်ပြီးတော့

“ဟေ၊ ဟုတ်လား၊ ဘယ်သူဘာဖြစ်တာတုန်းဟ”

“ဦးဘဖြူမိန်းမ၊ မယဉ်သေပြီတဲ့ဗျာ”

ကျုပ်လည်း အရမ်းထူးဆန်းပြီး အံ့သြသွားတဲ့ပုံစံ လုပ်ပြလိုက်ရတာပေါ့။

“ဟာ၊ ဟုတ်လား၊ ဘာဖြစ်တာလဲကွ”

“သူတို့လယ်တဲထဲမှာ လည်ပင်းပြတ်ပြီးတော့ သေနေတာပဲတဲ့ဗျာ၊ အခု အဖေတို့သွားကြည့်နေကြပြီ”

ကျုပ်လည်း လက်တောင်မဆေးတော့ဘဲ အငယ်ကောင်ရဲ့အနောက်ကိုအပြေးလိုက်လာခဲ့တော့တာပေါ့ဗျာ၊ ဘာဖြစ်တယ်ဆိုတာတော့ ကျုပ်က အကုန်သိပြီးသားပါ၊ ဒါပေမယ့်လည်း မသိအောင်ဟန်ဆောင်ရတာ လွယ်တာမှတ်လို့ဗျာ။

နေ့လည်လောက်မှ မြိုင်သာက ရဲတွေရောက်လာပြီး စစ်ဆေးကြတယ်၊ ရဲတွေကတော့ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်တယ်ဆိုပြီးတော့ ကောက်ချက်ချကြတယ်၊ ဒါနဲ့ မယဉ်အလောင်းကို ဦးဘဖြူအုတ်ဂူဘေးနားမှာပဲ ဂူသွင်းဖို့လုပ်ကြတာပေါ့ဗျာ၊ ဒီတော့မှ ဦးဘဖြူအုတ်ဂူကြီးပွင့်နေတာကို သိသွားကြတယ်၊ အဖေကတော့ ဦးဘဖြူမှာ ရွှေသွားတစ်ချောင်းတပ်ထားလို့ လာတူးဖော်ကြတာဖြစ်နိုင်တယ်လို့ပြောတာပဲ၊ ဒီလိုနဲ့ပဲ မယဉ်သေတော့ အားလုံးအေးအေးဆေးဆေးနဲ့ ပြီးဆုံးသွားတာပေါ့ဗျာ။ ဦးဘဖြူသားသမီးတွေလည်း အမွေတွေကို ခွဲဝေယူလိုက်ကြတာပေါ့။

ကျုပ်ကတော့ ဒီအဖြစ်တွေကိုကြည့်ရင်းသင်ခန်းစာတော်တော်ရသွားတယ်၊ အဖြစ်တွေကို အစပြုခဲ့ရတာက ဦးဘဖြူရဲ့ လောဘတွေကြောင့်ပဲဗျ၊ နောက်ပြီးတော့ မယဉ်ရဲ့ မောဟတွေကြောင့် သူကိုယ်တိုင်စုန်းတစ်ယောက်ဖြစ်ခဲ့တယ်၊ သူ့ရဲ့အမိုက်အမဲ ဒေါသတွေကြောင့်လည်း သူတို့မောင်နှမရော၊ သူ့ယောက်ျားဖြစ်တဲ့ ဦးဘဖြူပါ ပျက်စီးခဲ့ရတယ်မဟုတ်လားဗျာ။ မယဉ်က ဦးဘဖြူလည်းသေစေ၊ ဦးဘဖြူပိုင်တဲ့အရာတွေကိုလည်း သူရပါစေဆိုပြီးတော့ လောဘတက်ခဲ့လို့ အခုတော့ သူသေသွားတော့ ဘာမှတောင်မရလိုက်ဘဲ အုတ်ဂူတစ်လုံးပဲ ပိုင်ဆိုင်ခဲ့တာ သာဓကပေါ့ဗျာ။

“အလိုကြီးရင် အရနည်းတတ်သတဲ့ကွ”

သုဿန်ထဲက ဘေးချင်းကပ်လျှက် အုတ်ဂူအသစ်နှစ်လုံးကိုကြည့်ရင်း ဦးဘသာက ရေရွတ်လိုက်တယ်ဗျ၊ ပြီးတော့ သုဿန်ထဲကနေထွက်သွားတော့တာပါပဲ၊ ကျုပ်လည်း ဆက်ပြီးကြည့်နေသေးတယ်၊ နောက်တော့ ကျောထဲစိမ့်သလိုလို ချမ်းသလိုလိုဖြစ်လာတာနဲ့ ဦးဘသာအနောက်ကို ပြေးလိုက်ခဲ့တော့တာပါပဲ။

“ဦးဘသာ၊ ကျုပ်ကိုစောင့်ပါအုံးဗျ”

ပြီးပါပြီ။

#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ

Zawgyi Version

“စုန္းထီးႀကီး ဦးဘသာႏွင့္ မယဥ္နဲ႔ကိုဘေအး”(စ/ဆုံး)
———————————————————————
အတြဲ(၃) စာစဥ္(၁၆)

(၁)

ဒီေန႔ကေတာ့ မယဥ္အေၾကာင္းေျပာမယ့္ေန႔ေပါ့ဗ်ာ၊ မယဥ္ရဲ႕အကို လူမိုက္ႀကီး သရဲေျပးဘေအးတစ္ေယာက္ သူေသၿပီးတဲ့အခါ မကြၽတ္ဘူးတဲ့ဗ်၊ ဘာလို႔သိသလဲဆိုရင္ေတာ့ က်ဳပ္တို႔ကိုယ္ေတြ႕ပဲေပါ့ဗ်ာ၊ က်ဳပ္တို႔႐ြာမွာ ကိုဘေအးမရွိေတာ့ အမဲသား၊ ဝက္သား ရွားသြားတယ္ဗ်၊ ဆိတ္သားေတာင္မွ ေပေတာ႐ြာက ကုလားေလးညီအကိုလာေတာ့မွ စားရတာ၊ ဒါေတာင္ အလုအယက္ဝယ္စားရတာမ်ိဳးမဟုတ္လား၊ ၿပီးေတာ့ ကိုဘေအးေနရာကိုဆက္ခံမယ့္ သားသတ္သမားမရွိေတာ့ အမဲသားဆိုတာ ရခဲသြားတာေပါ့ဗ်ာ၊ တျခား႐ြာကေန ေခါင္း႐ြက္ဗ်က္ထိုးလာေရာင္းၾကတဲ့ အသားသည္ေတြဆီကေနပဲ ဝယ္ၿပီးစားရတာဗ်၊ ဝယ္စားတဲ့အသားက ေဈးလည္းႀကီးတယ္၊ တစ္ေန႔လုံးပတ္ေရာင္းၿပီး က်ဳပ္တို႔႐ြာကို ညေနခင္းေလာက္မွေရာင္းေတာ့ ယင္ေကာင္တဝီဝီနဲ႔ အသားေတြက အူခ်င္ေနၿပီေပါ့ဗ်ာ၊ မလတ္ဆတ္ေတာ့ စားမေကာင္းဘူးေပါ့။

တစ္ရက္ေတာ့ ကာလသားကိုျမင့္နဲ႔ ကိုကြၽဲနဲ႔ အိမ္ကိုေရာက္လာပါေရာဗ်ာ၊ ကိုကြၽဲက ဦးဘျဖဴသမီး မညိဳရဲ႕ေယာက္်ားေပါ့၊ အေဖ့ကိုလာေတြ႕ၿပီးေတာ့ သူတို႔အမဲေပၚခ်င္တယ္ဆိုၿပီး လာေျပာတာေပါ့ဗ်ာ။ အမဲသားလည္းငတ္ေနတာဆိုတာနဲ႔ အေဖကခြင့္ျပဳေပးလိုက္တယ္၊ အဲဒီတုန္းက အကိုႀကီးက ဆယ့္ေလးဆယ့္ငါးေလာက္ေပါ့၊ က်ဳပ္ ဆယ္ႏွစ္ေက်ာ္ေပါ့ဗ်ာ၊ က်ဳပ္တို႔ကေလးေတြလည္း ႏြားေပၚတာကို မျမင္ဖူးတာနဲ႔ လိုက္ၾကည့္ၾကမယ္ေပါ့။

ကိုကြၽဲက သူေမြးထားတဲ့ႏြားတစ္ေကာင္ကိုဆြဲလာတယ္၊ ၿပီးေတာ့ သားသတ္ကုန္းလို႔ေခၚတဲ့ ႐ြာအျပင္ကိုေမာင္းခဲ့တာေပါ့ဗ်ာ၊ ႏြားႀကီးကလည္း ႐ုန္းကန္ေနတာပဲဗ်၊ ဟိုေရာက္ေတာ့ ႏြားကိုမသတ္ခင္ အရင္ဆုံးေခါင္းကိုထုၾကတယ္၊ ကိုျမင့္္ေရာ၊ ကိုကြၽဲေရာက လက္မရဲေတာ့ ႏြားကိုမနည္းသတ္ရတယ္ေပါ့ဗ်ာ၊ ၿပီးေတာ့ ႏြားကိုဖ်က္တာေပါ့၊ ဖ်က္ၿပီးေတာ့ ႏြားေပါင္ႀကီးခုတ္ထားတုန္း အဲဒီေပါင္ႀကီးက သူ႔အလိုလိုေ႐ြ႕သြားတာပဲဗ်ာ၊ ႏြားခြာဘက္ကေန တစ္ေယာက္ေယာက္က ဆြဲသြားသလိုမ်ိဳးေပါ့၊ ေန႔ခင္းေၾကာင္ေတာင္ႀကီး က်ဳပ္တို႔အေရွ႕မွာျဖစ္တာဆိုေတာ့ က်ဳပ္တို႔လည္း အံ့ၾသတာေပါ့ဗ်ာ။

ကိုကြၽဲက ႏြားေပါင္ကိုဝင္ဆြဲတယ္၊ ကိုျမင့္က ရိပ္စားမိတာနဲ႔

“ကိုဘေအး၊ က်ဳပ္တို႔ကို မေႏွာင့္ယွက္ပါနဲ႔၊ က်ဳပ္တို႔ကိစၥၿပီးရင္ ကိုဘေအးအတြက္ အသားေကာင္းေကာင္းေပးပါ့မယ္”

အဲဒီလိုေျပာလိုက္ေတာ့မွပဲ သူ႔အလိုလိုတ႐ြတ္တိုက္ေ႐ႊ႕ေနတဲ့ႏြားေပါင္ႀကီးက ဖုတ္ခနဲေျမေပၚက်ၿပီး ၿငိမ္သြားတာပဲဗ်ာ၊ ကိုျမင့္တို႔က လုပ္ကိုင္ၿပီးေတာ့ အမဲအ႐ြတ္ေတြ၊ အ႐ိုးအရင္းေတြကို ဖက္ခင္းၿပီးေတာ့ ပုံထားခဲ့တယ္၊ ၿပီးေတာ့ ကိုဘေအးအတြက္ဆိုၿပီး ႏြားေပါင္သားေကာင္းေကာင္း အစိတ္သားေလာက္ကို ဖက္ေပၚခ်ေပးခဲ့တာပဲ၊ ၿပီးတာနဲ႔ အသားေတြကို ေတာင္းထဲထည့္္ၿပီး ႐ြာထဲကို ေျခကုန္သုတ္ၾကတာေပါ့ဗ်ာ၊ အဲဒီကေနစလို႔ သားသတ္ကုန္းမွာ အသားေပၚရင္ ဖက္ခင္းၿပီးေကြၽးရတဲ့ဓေလ့ျဖစ္သြားခဲ့တာေပါ့ဗ်ာ၊ ကိုဘေအးက အမဲသားသိပ္ႀကိဳက္တာဆိုေတာ့ သူပဲျဖစ္မယ္ထင္တာေပါ့။

တစ္ပတ္ေလာက္ၾကာေတာ့ ေပေတာက ကုလားေလးတို႔ ညီအကိုေရာက္လာတယ္ဗ်၊ သူတို႔က ဆင္းရဲတယ္၊ က်ဳပ္တို႔႐ြာကိုလာၿပီးေတာ့ ႐ြာကဆိတ္ေတြဘာေတြ ေပၚေပးျပဳေပးတယ္၊ ၿပီးရင္ေတာ့ ဆိတ္ေပၚခအေနနဲ႔ သူတို႔ကိုအသားနည္းနည္းေပးရတယ္၊ ဒါမွမဟုတ္ရင္လည္း ဆန္ေပး၊ စပါးေပးေပါ့ဗ်ာ။

ဆိတ္ေပၚတဲ့ေနရာေတာ့ အဲဒီကုလားေလးညီအကိုက သိပ္ေတာ္တာဗ်၊ ဘယ္နားကအသားကို ဘယ္လိုလွီးရမယ္ဆိုတာသိၿပီးသား၊ တျခားသူေပၚရင္ အသားေကာင္းေကာင္းလွီးတတ္ဖို႔ခက္တာကိုး၊ ဒါနဲ႔ ကုလားေလးညီအကိုကို ဆိတ္မႏွစ္ေကာင္ ေပၚခိုင္းလိုက္တာေပါ့ဗ်ာ၊ ႐ြာမွာလည္း ဆိတ္ေမြးတဲ့သူေတြ ရွိတာကိုး။

ကုလားေလးညီအကိုလည္း ထုံးစံအတိုင္း သားသတ္ကုန္းဆီလာတာေပါ့ဗ်ာ၊ ဆိတ္ေပၚေနတုန္း အမ်ိဳးမ်ိဳးေျခာက္လွန႔္ခံရတယ္တဲ့ဗ်၊ ျဖတ္ၿပီးသားဆိတ္ေခါင္းက ျမက္ေတြထစားလိုစားနဲ႔တဲ့၊ ကုလားေလးေတြကလည္း သရဲမေၾကာက္တတ္ေတာ့ ျပန္ၿပီးေဟာက္ဟမ္းတာေပါ့ဗ်ာ၊ ကိစၥၿပီးသြားေတာ့ ဆိတ္သားေတြကို ေတာင္းထဲထည့္ၿပီးသယ္တယ္၊ သူတို႔က ကိုဘေအးအတြက္ ေကြၽးရေကာင္းမွန္းမသိေတာ့ ဒီအတိုင္းျပန္လာခဲ့ၾကတာေပါ့ဗ်ာ၊ မၾကာပါဘူး သူတို႔အေနာက္ကို ကြင္းထဲကေန လူတစ္ေယာက္ေျပးလိုက္လာတာတဲ့ဗ်ာ၊ ၿပီးေတာ့ သူတို႔ဆီက ဆိတ္သားေတာင္းေတြကို ဆြဲလြဲေတာ့တာပါပဲ၊ ကုလားေလးညီအကိုဆိုရင္ အဲဒီကတည္းက သားသတ္ကုန္းမသြားရဲေတာ့တာပဲဗ်ာ၊ သားသတ္ကုန္းမွာ သားသတ္ၿပီးရင္ အ႐ိုးအရင္းေတြ၊ အသားစေတြကို အဲဒီလိုပဲ ဖက္ပုံၿပီးထားခဲ့ရတယ္။ မထားခဲ့လို႔ကေတာ့ ႐ြာထဲကို အသားေတြျပန္သယ္မရဘူးတဲ့။

ကိုဘေအးေသေတာ့ သူ႔ညီမကိုစိတ္မခ်လို႔ မကြၽတ္တာလို႔လဲေျပာၾကတယ္၊ တစ္ခါသားေတာ့ ဦးဘျဖဴႀကီး ညည့္္နက္သန္းေခါင္လန႔္ႏိုးလာသတဲ့၊ ေဘးနားကိုစမ္းၾကည့္ေတာ့ မယဥ္မရွိေတာ့တာနဲ႔ ဘယ္သြားသလဲဆိုၿပီး ထလိုက္ရွာေတာ့ အိမ္ၿခံအေနာက္ဘက္မွာ တရႈံ႕ရႈံ႕နဲ႔ငိုေနတာတဲ့ဗ်ာ၊ သူ႔အေရွ႕မွာေတာ့ မဲမဲအေကာင္ႀကီးက နည္းတာႀကီးမဟုတ္ဘူးတဲ့၊ ဦးဘျဖဴကိုေတြ႕ေတာ့ အဲဒီအေကာင္ႀကီးက လွစ္ခနဲထြက္ေျပးေတာ့တာပဲတဲ့ဗ်ာ၊ ဒါက က်ဳပ္တို႔တကယ္ႀကဳံခဲ့ရတာမဟုတ္ဘူးဆိုေတာ့ ေကာလာဟလေတြလို႔ပဲ ထင္ၾကတာေပါ့။

(၂)

ဦးဘျဖဴေသတဲ့အေၾကာင္းလည္း ေျပာျပရအုံးမယ္။

တစ္ရက္ေပါ့ဗ်ာ၊ က်ဳပ္တို႔ေမာင္ႏွမေတြလည္း လယ္ထဲဆင္းလာၾကတာေပါ့။ ဦးဘျဖဴဘုရားတိုက္လုပ္တာသိသြားေတာ့ အိမ္ကလူေတြလည္း ဦးဘျဖဴနဲ႔ ခပ္တန္းတန္းျဖစ္သြားတာေပါ့ဗ်ာ၊ လယ္ထဲမေရာက္ခင္မွာပဲ ႐ြာသားေတြက ေျပးလႊားေနၾကတယ္၊ က်ဳပ္တို႔လည္းသိခ်င္တာနဲ႔ ေမးၾကည့္တာေပါ့။

“ဦးဘျဖဴႀကီးေသၿပီဗ်”

“ေဟ၊ ဘယ္နားမွာေသတာလဲ”

“သူ႔လယ္ထဲမွာ ေသတာဗ်”

က်ဳပ္တို႔လည္း သိခ်င္စိတ္နဲ႔ ဦးဘျဖဴလယ္ထဲကိုေျပးခဲ့တာေပါ့၊ ဟိုေရာက္ေတာ့ လူေတြက ဝိုင္းအုံေနတာပဲဗ်ာ၊ အေဖတို႔ေတာ့ မေရာက္ေသးဘူး။ က်ဳပ္တို႔လူအုပ္ၾကားထဲကို တိုးၿပီးၾကည့္လိုက္ေတာ့ ဦးဘျဖဴႀကီးက လယ္ထဲမွာ ေမွာက္ခုံႀကီးေသေနပါေရာ၊ ဒါေပမယ့္္ သူ႔မ်က္ႏွာက အတည့္္ႀကီးဗ်၊ ခင္ဗ်ားတို႔ျမင္သာေအာင္ေျပာရရင္ေတာ့ ဇက္က တစ္ပတ္လည္ၿပီးေတာ့ ေသေနတဲ့ပုံေပါ့ဗ်ာ၊ လူကသာ ေမွာက္ခုံႀကီးဆိုေပမယ့္္ မ်က္ႏွာကေတာ့ အတည့္္ႀကီးဗ်၊ သူ႔မိန္းမ မယဥ္ကေတာ့ လယ္တဲထဲမွာ တရႈံ႕ရႈံ႕ငိုေနတယ္။ မၾကာပါဘူး အေဖနဲ႔႐ြာလူႀကီးေတြေရာက္လာၾကတယ္၊ ဒါနဲ႔ မယဥ္ကိုေမးေတာ့တာပဲ။

“ဟဲ့ ယဥ္ယဥ္၊ မနက္က ႐ြာကထြက္သြားတုန္းက အေကာင္းႀကီးပါ၊ အခုဘယ္လိုျဖစ္တာလဲ”

မယဥ္က ရႈိက္ေတာင္ရႈိက္ေနတယ္ဗ်။

“မသိေတာ့ပါဘူးသူႀကီးရယ္၊ ကြၽန္မတို႔ လယ္ထဲဆင္းလာၿပီး ကြၽန္မက ေရေႏြးတည္ဖို႔လုပ္ေနတုန္း၊ အကိုႀကီးက လယ္ထဲသြားၾကည့္အုံးမယ္ဆိုၿပီး ထြက္သြားတာပဲ၊ ေနာက္ေတာ့ အခု သူႀကီးတို႔ျမင္တဲ့အတိုင္းပါပဲရွင္၊ ဟင့္၊ ဟင့္”

႐ြာကလူေတြက တစ္ေယာက္တစ္ေပါက္နဲ႔ေျပာေနၿပီဗ်၊ အေဖတို႔လည္း စဥ္းစားရခက္ေနတာေပါ့၊ ဘာလို႔လဲဆိုေတာ့ အေလာင္းႀကီးက ျမင္တဲ့အတိုင္းပဲမဟုတ္လား၊ ေခ်ာ္လဲက်တယ္ဆိုရင္လည္း ေျမျပင္မွာ ေခ်ာ္ထားတဲ့အရာေတြဘာေတြမေတြ႕ရဘူး၊ ေခါင္းကလည္းေနာက္ျပန္ႀကီးဆိုေတာ့ သူ႔အလိုလိုျဖစ္တာလည္း မျဖစ္ႏိုင္ဘူးဗ်။ ႐ြာကလူေတြကေတာ့ ဦးဘျဖဴကို သရဲဂုတ္ခ်ိဳးၿပီးလိမ္သတ္တယ္လို႔ပဲေျပာၾကတယ္၊ ဘာပဲေျပာေျပာ၊ ေသသြားတဲ့လူက ေသသြားၿပီဆိုေတာ့ သူ႔ကိုသၿဂိဳဟ္ဖို႔ လုပ္ရတာေပါ့။

မိုးရာသီမွာ ခက္ခဲတဲ့အရာတစ္ခုကေတာ့ လူကိုမီးရႈိ႕တာပဲဗ်၊ ဦးဘျဖဴက အစိမ္းေသဆိုေတာ့ ဘာပဲေျပာေျပာမီးရႈိ႕သင့္တယ္မဟုတ္လား၊ ဒါေပမယ့္ က်ဳပ္တို႔ဆီမွာက မိုးတြင္းေသတဲ့အေလာင္းဆို မီးမရႈိ႕ပဲ ေျမျမႇဳပ္ပစ္တယ္ဗ်၊ မီးရႈိ႕တယ္ဆိုတာ ထင္းလည္းကုန္တယ္၊ အခ်ိန္လည္းအေတာ္ကုန္တာမဟုတ္လား၊ မေတာ္လို႔ မီးရႈိ႕ေနတုန္း မိုး႐ြာခ်ရင္ မေျပာေကာင္း၊ မဆိုေကာင္းတာေတြ ျဖစ္ကုန္မယ္ေလ၊ ဒါေၾကာင့္ မိုးတြင္းေသတဲ့အစိမ္းေသဆိုရင္ မီးမရႈိ႕ဘူးေပါ့ဗ်ာ။

ဒါနဲ႔ မိသားစုရဲ႕ဆႏၵအရ ဦးဘျဖဴအေလာင္းကို ႐ြာသုႆန္မွာ ဂူသြင္းတာေပ့ါဗ်ာ၊ က်ဳပ္တို႔ေခတ္က အုတ္ဂူဆိုတာ ခပ္ရွားရွားဗ်၊ ပိုက္ဆံအေတာ္အတန္ရွိတဲ့လူမွသာ ဂူသြင္းႏိုင္တာ၊ ႐ြာသုႆန္ကိုလည္း ႏွစ္ပိုင္းပိုင္းထားတယ္၊ သုႆန္အလယ္က ေညာင္ပင္ႀကီးရဲ႕ ေျမာက္ဘက္မွာ အုတ္ဂူေတြခ်ည္း သီးသန္႔္ထားတယ္၊ ေညာင္ပင္ႀကီးရဲ႕ ေတာင္ဘက္မွာေတာ့ ေျမပုံေတြထားတာေပါ့ဗ်ာ၊ သုႆန္ဇရပ္က အဲဒီေညာင္ပင္ႀကီးေျခရင္းနားမွာ ရွိတာကိုး။

ဦးဘျဖဴက ႐ြာမွာလည္း မ်က္ႏွာဖုံး၊ မသိသူမရွိဆိုေတာ့ သူ႔နာေရးက ေတာ္ေတာ္စည္ကားပါတယ္ဗ်ာ၊ ထူးဆန္းတာေျပာရရင္ သူ႔အေလာင္းေကာင္ႀကီးရဲ႕ လည္ပင္းကို ျပန္လွည့္မရလို႔ ဒီအတိုင္းႀကီးပဲ သၿဂိဳဟ္လိုက္ရပါေရာလား၊ မယဥ္တစ္ေယာက္ကေတာ့ မ်က္ရည္တစမ္းစမ္းနဲ႔ေပါ့ဗ်ာ။ ျပႆနာက ဦးဘျဖဴေသၿပီးမွစတာဗ်။ ထုံးစံအတိုင္း အေမြမႈေပါ့၊ ဦးဘျဖဴမွာက သားသမီးေလးေယာက္ရွိေတာ့ သူတို႔ကလည္း အေဖပိုင္တဲ့ပစၥည္းကိုလိုခ်င္ၾကတယ္၊ မယဥ္ကလည္း မေပးခ်င္ဘူးဆိုေတာ့ ေနာက္ဆုံးေတာ့ အေဖ့ဆီေရာက္လာေတာ့တာေပါ့ဗ်ာ။

(၂)

“သူႀကီးစဥ္းစားၾကည့္ပါ၊ ကြၽန္မေယာက္်ားဆုံးသြားတယ္ဆိုေပမယ့္ ကြၽန္မက သူ႔ကိုတစ္ဘဝလုံးပုံအပ္ခဲ့ရတဲ့သူဆိုေတာ့ ကြၽန္မမွာ ရပိုင္ခြင့္ရွိတယ္”

မညိဳတို႔ ေမာင္ႏွမေတြကလည္း မေက်နပ္ဘူးဗ်။

“ကြၽန္မတို႔ကလည္း ဦးဘျဖဴရဲ႕သားသမီးေတြပဲ၊ အေဖက်န္ခဲ့တဲ့ အေမြေတြကို ကြၽန္မတို႔သားသမီးေတြခ်ည္းယူမယ္။ ဒီေကာင္မကို တစ္ျပားသားမွ မေပးႏိုင္ဘူး”

အိမ္မွာရန္ျဖစ္ၾကၿပီး ဆူညံေနတာေပါ့ဗ်ာ။

“အားလုံးတိတ္စမ္း၊ အခုငါ့ဆီလာတယ္ဆိုတာ ငါဆုံးျဖတ္တာကို နာခံခ်င္လို႔လာၾကတာမဟုတ္လား”

အေဖက ေငါက္လိုက္ေတာ့မွ အားလုံးတိတ္သြားေတာ့တယ္၊

“အားလုံးကို ညီညီမွ်မွ်ျဖစ္သြားေအာင္ ငါဆုံးျဖတ္ေပးမယ္၊ ဦးဘျဖဴရဲ႕ မိန္းမျဖစ္တဲ့ ယဥ္ယဥ္လည္း အေမြေတြရသင့္သလို၊ ဦးဘျဖဴရဲ႕ သားသမီးေတြလည္း အေမြေတြအကုန္ရသင့္တယ္၊ ဒီေတာ့ ပိုင္ဆိုင္သမွ် အရာေတြအားလုံးကို ငါးပုံပုံမယ္၊ သားသမီးေလးေယာက္ တစ္ေယာက္တစ္ပုံဆီယူၾက၊ ယဥ္ယဥ္ နင္လည္းတစ္ပုံယူ”

သားသမီးေတြက ေက်နပ္သလိုလိုရွိေပမယ့္ မေက်နပ္တဲ့သူေတာ့ မယဥ္ေပါ့ဗ်ာ။ မယဥ္က မတ္တပ္ထရပ္ၿပီး ခါးေထာက္တယ္ဗ်။

“ေအာင္မယ္၊ သူႀကီး၊ သူႀကီးကို သူတို႔က ဘယ္ႏွျပားေပးထားလို႔ သူႀကီးက သူတို႔ဘက္ကေနလိုက္ရတာလဲ၊ လင္ပိုင္တဲ့ပစၥည္းမယားပိုင္တယ္ရွင့္၊ ဒီေတာ့ က်ဳပ္တစ္ခါတည္းေျပာထားလိုက္မယ္၊ ရွင္တို႔အေဖက်န္ခဲ့တဲ့အေမြေတြကို ႏွစ္ပုံပုံမယ္၊ ကြၽန္မက တစ္ပုံယူမယ္၊ က်န္တဲ့တစ္ပုံကိုရွင္တို႔ေတြ ကိုယ့္ဖာသာကိုယ္ခြဲယူၾက”

မညိဳက မတ္တပ္ထရပ္ေတာ့တယ္။

“ဟဲ့ေကာင္မ၊ နင္ဒီလိုလုပ္လို႔ရမလားဟဲ့”

အမွန္ေတာ့ မယဥ္က မညိဳထက္ေတာင္အသက္ငယ္ေသးတယ္ဗ်၊ ဒီေတာ့အေဖ့ေရွ႕မွာတင္ ရန္ျဖစ္ၾက၊ ဆံပင္ေတြေဆာင့္ဆြဲၾကနဲ႔ေပါ့ဗ်ာ၊ က်ဳပ္တို႔လည္း အေတာ္ဝင္ဆြဲရတာေပါ့၊

“ဟဲ့ေတာ္ၾကေတာ့၊ နင္တို႔ငါဆုံးျဖတ္တာကို မခံယူခ်င္ဘူးဆိုရင္ ၿမိဳ႕တက္ၿပီး အမႈဖြင့္၊ တရားစြဲၿပီး ေရွ႕ေနေရွ႕ရပ္နဲ႔သာ ရွင္းၾကေပေတာ့”

မညိဳတို႔လည္း တိတ္သြားေတာ့တယ္၊ မယဥ္ကေတာ့ မေက်နပ္ပါဘူးဗ်ာ၊ အေဖ့ေရွ႕မွာတင္ပဲ မညိဳကိုလက္ညိဳးေငါက္ေငါက္ထိုးၿပီးေတာ့

“ဟဲ့ မိညိဳ၊ နင္ငါ့အေၾကာင္းသိမယ္၊ နင္ထမင္းဝေအာင္သာစားထား”

ဆိုၿပီးေတာ့ ေျပာဆိုၿပီး ထမီစြန္ေတာင္ဆြဲၿပီး ထြက္သြားေတာ့တာပဲဗ်ာ။ တျခားလူက မသိေပမယ့္ က်ဳပ္ကေတာ့သိေနတယ္၊ မယဥ္က မညိဳတို႔ကို တစ္ခုခုလုပ္ေတာ့မယ့္ပုံပဲဗ်။ ဒီအေၾကာင္းေတြကို က်ဳပ္လည္း သူတို႔သိေအာင္ အသိေပးရေတာ့မွာေပါ့၊ ခက္တာက မညိဳနဲ႔က်ဳပ္နဲ႔က သိပ္အေခၚအေျပာမရွိဘူးဗ်၊ ဒါနဲ႔ ညေနေရာက္ရင္ ႐ြာထိပ္က ဦးတ႐ုတ္ႀကီးအရက္ဆိုင္ကို လာလာထိုင္တတ္တဲ့ ကိုကြၽဲကို တိုးတိုးကပ္ေျပာရတာေပါ့ဗ်ာ။

“ကိုကြၽဲ၊ ခင္ဗ်ားသတိထားေနေနာ္၊ မယဥ္က စုန္းမဗ်၊ ေအာက္လမ္းေတြဘာေတြလည္း တတ္တယ္”

ကိုကြၽဲက မူးမူးနဲ႔ေခါင္းညိတ္တယ္။

“ေအးပါကြ၊ ငါ့မိန္းမက ဘုရားဒကာသမီးပီပီ ဘုရားတရားေတာ့ သိပ္လုပ္တယ္ကြ၊ ဒီလိုပညာေတြဆိုတာက ဘုရားတရားၿမဲရင္ လုပ္လို႔မရပါဘူးကြာ”

“ေအးဗ်ာ၊ သတိေတာ့ထားေပါ့”

က်ဳပ္လည္း သတိေပးရမယ့္တာဝန္အရ သတိေပးခဲ့ရတယ္၊ ကိုကြၽဲကေတာ့ ယုံသလိုလို၊မယုံသလိုလို ခပ္ေပါ့ေပါ့ပါပဲဗ်ာ။ ဒုတိယသတင္းေပးရမယ့္သူကေတာ့ ဦးဘသာမဟုတ္လား၊ က်ဳပ္လည္း ဦးဘသာနဲ႔ မေတြ႕တာ သုံးေလးရက္ေလာက္ရွိၿပီဆိုတာနဲ႔ ဦးဘသာအိမ္ကိုကူးခဲ့တာေပါ့ဗ်ာ၊ ဦးဘသာကေတာ့ ထုံးစံအတိုင္းပါပဲ၊ ညေနစာ စားေသာက္ၿပီးေတာ့ ကြမ္းေလးၿမဳံ႕လို႔ဗ်။

“ဦးဘသာေရ၊ မယဥ္ကေတာ့ မညိဳကိုစိန္ေခၚသြားၿပီဗ်”

ဦးဘသာကေတာ့ သူ႔ပုံစံအတိုင္းခပ္ေအးေအးပါပဲ။ က်ဳပ္လည္း အားမလိုအားမရျဖစ္ေနတာေပါ့။

“ဦးဘသာ တစ္ခုခုေျပာအုံးေလဗ်ာ၊ မယဥ္က စုန္းမဟုတ္တယ္မဟုတ္လား၊ က်ဳပ္တို႔အိမ္က သနပ္ခါးတုံးကို အင္းကြက္ဆြဲတာလည္းသူပဲ၊ ေနာက္ၿပီးေတာ့ ဘုရား႐ုပ္လက္ေဆာင္ေပးတာကေရာ သူနဲ႔ဆိုင္ေနမလား”

ဦးဘသာက ေခါင္းညိတ္တယ္။ ၿပီးေတာ့ ကြမ္းယာကိုတစ္ခ်က္ႏွက္ခ်က္ဝါးရင္း ေခါင္းခါတယ္ဗ်၊ ဘာျပန္ေျဖမွန္းမသိတာနဲ႔ က်ဳပ္လည္းေခါင္းကုပ္ရင္း

“ဦးဘသာအေျဖကလည္းဗ်ာ၊ ေခါင္းညိတ္လိုက္၊ ေခါင္းခါလိုက္ပါလား”

ဦးဘသာ ေထြးခံကိုေကာက္လိုက္ၿပီးေတာ့ ကြမ္းတံေတြးေထြးထည့္လိုက္တယ္ဗ်။ ၿပီးေတာ့မွ

“ဒီလိုအလတ္ေကာင္က ေခါင္းညိတ္တယ္ဆိုတာကေတာ့ မယဥ္က စုန္းဆိုတာကို ေခါင္းညိတ္တာ၊ ေခါင္းခါတာက်ေတာ့ မယဥ္ရဲ႕ပညာအဆင့္အတန္းကို ငါမွန္းၾကည့္ရသေလာက္ေတာ့ ဒီလို ဘုရားတိုက္ေတြဘာေတြ လုပ္ႏိုင္မယ္မထင္ဘူးကြ၊ ဒီေတာ့ သူ႔အေနာက္မွာ တစ္ခုခုေတာ့ႀကိမ္းေသေပါက္ရွိရမယ္”

“အဲဒါအသာထားစမ္းပါ၊ မယဥ္က မညိဳကိုတစ္ခုခုလုပ္မွာေရာ မျဖစ္ႏိုင္ဘူးလား၊ ထမင္းဝေအာင္စားထားလို႔ ႀကိမ္းသြားတာေနာ္”

“ျဖစ္ႏိုင္ပါတယ္၊ ငါတို႔ေတြ ေစာင့္ၾကည့္ၾကတာေပါ့ကြာ၊ ငါထင္ေနတာ တစ္ခုရွိတယ္ကြ”

ဦးဘသာကေျပာရင္း ကြမ္းဖတ္ေတြကိုဆက္ဝါးေနေသးတယ္၊ က်ဳပ္လည္းသိခ်င္တာနဲ႔

“ဘာထင္ေနတာလဲ ဦးဘသာ”

ဦးဘသာက ေခါင္းခါရင္း

“ဘာမွမဟုတ္ေသးပါဘူးကြာ၊ ငါက သူမ်ားကိုအထင္တစ္လုံးနဲ႔ေတာ့ မစြပ္စြဲခ်င္ေသးဘူး၊ လက္ပူးလက္ၾကပ္မိတဲ့အခ်ိန္မွ သိရမွာပဲ”

“ဒါဆို အဲဒီလက္ပူးလက္ၾကပ္ မိမဲ့အခ်ိန္ေရာက္ရင္ က်ဳပ္ကိုေခၚပါဗ်ာ”

ဦးဘသာက ေခါင္းညိတ္လိုက္တယ္။

“ေအးပါ၊ ဒါနဲ႔ မင္းတို႔ဘုရားဒကာႀကီး ဘျဖဴဆုံးသြားတာ ဘယ္ႏွရက္ရွိၿပီလဲကြ”

က်ဳပ္လည္းေသခ်ာတြက္ၾကည့္ရင္း

“ဆယ္ရက္၊ ေသတဲ့ေန႔ပါထည့္တြက္ရင္ ဆယ့္တစ္ရက္ဗ်”

ဦးဘသာက မ်က္ေမွာင္ၾကဳတ္လိုက္တယ္။

“ဆယ့္တစ္ရက္ . . . ဆယ့္တစ္ရက္”

သူ႔စိတ္ထဲ တစ္ခုခုေတြးေနရင္း ပါးစပ္ကလည္း ေရ႐ြတ္ေနေသးတယ္ဗ်၊ ၿပီးေတာ့မွ က်ဳပ္ဘက္ကိုၾကည့္ၿပီးေတာ့

“အလတ္ေကာင္၊ မင္းဒီညအားသလား”

က်ဳပ္လည္းေခါင္းညိတ္လိုက္တယ္။

“အားရင္ အိမ္ေအာက္မွာေထာင္ထားတဲ့ သံတူ႐ြင္းသြားယူကြာ”

က်ဳပ္သံတူ႐ြင္းယူလိုက္ေတာ့ ဦးဘသာက ပုဆိုးျပင္ဝတ္တယ္ဗ်၊ ညေနက အေတာ္ေမွာင္ေနၿပီေပါ့ဗ်ာ၊ ၿပီးေတာ့ သူ႔အနားမွာခ်ထားတဲ့ ေရနံဆီမီးခြက္ေကာက္ကိုင္ၿပီး မေျပာမဆိုနဲ႔ၿခံထဲကထြက္သြားေတာ့ က်ဳပ္လည္း တူ႐ြင္းႀကီးထမ္းၿပီးေတာ့ အေနာက္ကေနလိုက္ခဲ့ရတာေပါ့၊ လမ္းမွာေတာ့ လူသြားလူလာရွိေသးတယ္ဗ်၊ က်ဳပ္တို႔ေျခရင္းအိမ္က ေကာင္မေလးနဲ႔ေတြ႕ေတာ့ က်ဳပ္ဒီညဦးဘသာအိမ္မွာ အိပ္မယ္ဆိုတဲ့အေၾကာင္း အေမ့ကိုေျပာခိုင္းလိုက္တာေပါ့ဗ်ာ၊ ၿပီးတာနဲ႔ က်ဳပ္တို႔လည္းဆက္ထြက္ခဲ့တာေပါ့။

ဦးဘသာက ႐ြာျပင္ကိုသြားေနတယ္ဗ်၊ လယ္ကြင္းေတြဘက္ကိုမခ်ိဳးဘဲ ႐ြာအထြက္လမ္းဆက္သြားေနရင္းမၾကာခင္ ဇရပ္ပ်က္ေတြအနားေတာင္ ေရာက္လာခဲ့တယ္၊ ညေမွာင္ေနၿပီဆိုပါေတာ့။

“ဦးဘသာ ဘယ္သြားေနတာလဲဆိုတာ ေျပာအုံးေလဗ်ာ”

“ေၾသာ္၊ ဘာမွမဟုတ္ပါဘူးကြာ၊ သုႆန္ထဲမွာ ၾကည့္စရာတစ္ခုရွိလို႔ပါ”

သုႆန္အဝကေန လွမ္းၾကည့္လိုက္ေတာ့ သုႆန္ႀကီးက ေၾကာက္စရာႀကီးဗ်၊ က်ဳပ္တို႔ဆီမွာလည္း အလင္းေရာင္ဆိုလို႔ ဆီမီးခြက္ကေလးတစ္ခုပဲ ပါတယ္မဟုတ္လား၊ အဝင္လမ္းအတိုင္းဆက္ေလွ်ာက္လာရင္း ေညာင္ပင္ႀကီးဆီေရာက္ခဲ့တယ္၊ ဘယ္ဖက္မွာေတာ့ အုတ္ဂူႀကီးေတြရွိၿပီးေတာ့ ညာဖက္ျခမ္းကေတာ့ ေျမပံုံေတြ၊ မွတ္တိုင္ေတြ ထိုးထိုးေထာင္ေထာင္နဲ႔ေပါ့ဗ်ာ။

ဦးဘသာက ဆီမီးခြက္ကို ေခါင္းေပၚကိုေျမႇာက္တင္ကိုင္လိုက္ၿပီးေတာ့ အုတ္ဂူေတြဘက္ကိုၾကည့္ေနတယ္ဗ်။ ဆီမီးအလင္းေရာင္ေအာက္မွာ အုတ္ဂူေတြစုံလို႔ေပါ့ဗ်ာ။

“အလတ္ေကာင္၊ ဘျဖဴအုတ္ဂူက ဘယ္ဟာတုန္းဗ်”

“ဟာ၊ ဦးဘသာကလည္း ေဟာဟိုက အုတ္ဂူအသစ္ ျဖဴျဖဴႀကီးေပါ့ဗ်”

“လာကြာ၊ သြားရေအာင္”

က်ဳပ္နည္းနည္းေတာ့ သေဘာေပါက္ၿပီဗ်၊ က်ဳပ္ကိုလည္း သံတူ႐ြင္းႀကီးထမ္းခိုင္းခဲ့ေသးတယ္ဆိုေတာ့ မဟုတ္မွလြဲေရာ အုတ္ဂူေဖာက္ဖို႔မ်ားလား မသိပါဘူးဗ်ာ၊ တျခားအုတ္ဂူေတြကို ေက်ာ္ျဖတ္သြားရင္းနဲ႔ ဦးဘျဖဴအုတ္ဂူကိုေရာက္လာခဲ့တယ္၊ အုတ္ဂူအသစ္ဆိုေတာ့ ထုံးနံ႔၊ ဘိလပ္ေျမနံ႔ေတာင္မွ မေပ်ာက္ေသးဘူးေပါ့ဗ်ာ၊ က်ဳပ္ျဖင့္ အုတ္ဂူႀကီးကိုၾကည့္ၿပီး ေက်ာခ်မ္းလာတာပဲဗ်။ ဦးဘသာက အုတ္ဂူကိုပတ္ၾကည့္တယ္။ အုတ္ဂူေခါင္းရင္းေရာက္ေတာ့ ရပ္လိုက္တယ္ဗ်။ ၿပီးေတာ့ အုတ္ဂူကိုလက္နဲ႔ပြတ္ၾကည့္ေနတယ္။

“ဘျဖဴအုတ္ဂူက ျမႇဳပ္ၿပီးတာ ဘယ္ႏွရက္ရွိၿပီလဲကြ”

“ေသၿပီးေနာက္တစ္ရက္ပဲ သၿဂိဳဟ္လိုက္တာဆိုေတာ့ ကိုးရက္ေလာက္နီးနီးရွိေရာေပါ့ ဦးဘသာ”

“ေအး၊ ထူးေတာ့ထူးးၿပီေဟ့၊ ေဟာဒီအနားကိုလာကိုင္ၾကည့္စမ္း”

ဦးဘသာေျပာေတာ့ က်ဳပ္လည္း အုတ္ဂူေခါင္းးရင္းကိုသြားလိုက္တယ္၊ သူျပတဲ့ေနရာကိုကိုင္လိုက္ေတာ့ ဘိလပ္ေျမေတြက စိုလို႔ဗ်၊ ေသခ်ာၾကည့္ရင္ ထုံးေတြေတာင္အကြက္ႀကီးျဖစ္ေနေသးတာ၊ က်ဳပ္တို႔ဆီမွာက မိုးတြင္းဆိုေပမယ့္လည္း အညာဆိုေတာ့ အပူဓါတ္ကရွိေနတာပဲ၊ အုတ္စီရင္ အလြန္ဆုံး သုံးေလးရက္ဆိုရင္ ခိုင္ေရာေပါ့၊ အခုဟာကေတာ့ မေန႔တစ္ေန႔ကမွ လုပ္ထားသလိုမ်ိဳးခပ္ေျပာ့ေျပာ့ရယ္ဗ်၊ တျခားဘက္ကိုကိုင္ၾကည့္ေတာ့ မာေက်ာေနတာပဲ။

“တူ႐ြင္းနဲ႔ထိုးၾကည့္စမ္းအလတ္ေကာင္”

“ဗ်ာ၊ က်ဳပ္ . . . က်ဳပ္က အုတ္ဂူေဖာက္ရမွာလား”

“ေအးေလ၊ မင္းကိုခိုင္းမယ္ဆိုၿပီး ေခၚလာတာကြ၊ ငါက လုပ္ရမွာလား”

“ဟို၊ ဟို အုတ္ဂူေတာ့ မေဖာက္ရဲဘူးဗ်၊ က်ဳပ္ . . . က်ဳပ္ေၾကာက္တယ္”

“ငါရွိပါတယ္ကြ၊ မင္းကဘာေၾကာက္ေနတာလည္း”

က်ဳပ္လည္း ေၾကာက္ေၾကာက္နဲ႔ အဲဒီစိုေနတဲ့ေနရာကို သံတူ႐ြင္းနဲ႔ထိုးလိုက္တာေပါ့ဗ်ာ၊ ဒီေတာ့ အုတ္ဂူကိုပိတ္ၿပီးေခ်ာထားတဲံ ဘိလပ္ေျမေတြက သူ႔အလိုလို ပဲ့က်လာတာပဲဗ်၊ သိပ္မၾကာပါဘူး၊ အုတ္ဂူေခါင္းရင္းမွာ အေပါက္ႀကီးတစ္ခုျဖစ္သြားတယ္၊ အုတ္ေတြကလည္း စိုလို႔ဗ်။

“ငါထင္တဲ့အတိုင္းပဲ၊ အလတ္ေကာင္ေရ၊ ကဲ အေခါင္းကိုဆြဲစမ္း”

“ဗ်ာ၊ က်ဳပ္ . . . က်ဳပ္မလုပ္ရဲ”

ဦးဘသာက ဘာမေျပာညာမေျပာနဲ႔ အုတ္ဂူထဲကိုလက္ႏႈိက္ၿပီးေတာ့ သစ္သားေခါင္းကိုဖမ္းဆြဲလိုက္တယ္၊ အေခါင္းႀကီးက ေလ်ာခနဲထြက္လာတာေပါ့ဗ်ာ၊ ၿပီးေတာ့ က်ဳပ္ကိုၾကည့္ရင္း

“ကဲ၊ အေခါင္းဖုံးကို သံတူ႐ြင္းနဲ႔ကေလာ္ၿပီး လွန္လိုက္စမ္းေဟ့”

က်ဳပ္လည္း မထူးေတာ့တာနဲ႔ အေခါင္းဖုံးပ်ဥ္အဟၾကားထဲကို သံတူ႐ြင္းအျပားထိုးထည့္ၿပီး နည္းနည္းကလန႔္လိုက္တာနဲ႔ အေခါင္းအဖုံးမွာ႐ိုက္ထားတဲ့သံေတြက ႂကြတက္လာၿပီး အေခါင္းပြင့္ထြက္သြားပါေရာဗ်ာ၊ က်ဳုပ္ဆိုေၾကာက္လို႔ အေခါင္းထဲကိုေတာင္ မၾကည့္ရဲဘူး၊ ဦးဘသာကေတာ့ အေခါင္းထဲကို ဆီမီးခြက္အလင္းေရာင္နဲ႔ ၾကည့္တယ္။

“ငါထင္တဲ့အတိုင္းပဲအလတ္ေကာင္ေရ၊ ၾကည့္လိုက္စမ္း”

“ဟာဗ်ာ၊ က်ဳပ္မၾကည့္ရဲပါဘူး”

“ၾကည့္စမ္းပါကြ၊ ျမင္ဖူးတယ္ရွိေအာင္”

က်ဳပ္လည္း မဝံ့မရဲနဲ႔ၾကည့္လိုက္ေတာ့ အေခါင္းထဲက အေလာင္းေကာင္ႀကီးမွာ ေခါင္းႀကီးမရွိေတာ့ဘူးဗ်၊ လည္ပင္းကလည္း အေပါက္ႀကီးျဖစ္ေနတာ၊ က်ဳပ္ျဖင့္ၾကည့္ရင္း ေက်ာေတြခ်မ္းၿပီး တုန္တက္လာတယ္၊ ဦးဘသာက အေခါင္းကိုျပန္ပိတ္ၿပီးေတာ့ သံတူ႐ြင္းနဲ႔သံခ်က္ေတြကို ျပန္ထုတယ္။

“ဘာျဖစ္လို႔ ေခါင္းမရွိေတာ့တာလဲ ဦးဘသာ”

“အစိမ္းေသရဲ႕ေခါင္းကို ယူသြားၿပီေဟ့”

“ဒါဆို မယဥ္မ်ားလား”

“ေသခ်ာတာေပါ့ကြာ၊ ဒါေၾကာင့္မို႔လို႔ ဆယ္ရက္ေလာက္လုပ္ထားတဲ့ အုတ္ဂူက အခုထိေပ်ာ့ေနတာေပါ့ကြ၊ ငါထင္တဲ့အတိုင္းဆိုရင္ ကိုးရက္ေျမာက္မွာကတည္းက သူတို႔ေတြေဖာက္ယူသြားတာပဲ၊ ခုရက္ပိုင္း မိုးကလည္း႐ြာေနတာဆိုေတာ့ သူတို႔ပိတ္ခဲ့တဲ့ အဂၤေတေတြက မေျခာက္ေသးတာကြ၊ မသာေခါင္းေဖာက္ ကိုးရက္ေျမာက္ဆိုတဲ့ အစီအရင္ကိုလုပ္သြားတာပဲကြ”

“ဗ်ာ၊ မသာေခါင္းေဖာက္ ကိုးရက္ေျမာက္တဲ့လား”

“ေအး၊ ေအာက္လမ္းဆရာေတြနဲ႔ စုန္းကေဝေတြ သုံးၾကတဲ့နည္းလမ္းေပါ့ကြာ၊ အစိမ္းေသေသသြားတဲ့လူေတြရဲ႕ ဦးေခါင္းခြံကိုရေအာင္ယူတဲ့နည္းလမ္းေပါ့၊ မင္းစာေတြဖတ္ဖူးရင္၊ ဒါမွမဟုတ္ ဇာတ္လမ္းေတြၾကည့္ဖူးရင္ ေအာက္လမ္းတို႔ စုန္းတို႔ရဲ႕အိမ္ခန္းေတြမွာ လူဦးေခါင္းခြံေတြ ေတြ႕တတ္တယ္မဟုတ္လားကြ၊ အဲဒီဦးေခါင္းခြံေတြက ဒီလိုအစိမ္းေသေသသြားတဲ့ လူေတြရဲ႕ ဦးေခါင္းခြံေတြေပါ့ကြာ”

က်ဳပ္တို႔စကားေျပာေနတဲ့အခ်ိန္မွာပဲ သုႆန္ထဲမွာ ရယ္သံႀကီးတစ္ခုထြက္ေပၚလာတယ္ဗ်၊ အသံက အက္ကြဲကြဲ၊ ရွတတအသံႀကီးဗ်ာ။ က်ဳပ္တို႔လည္း အသံလာရာကိုၾကည့္လိုက္ေတာ့ ထမီရင္လ်ားနဲ႔ ဆံပင္ႀကီးဖားလ်ားခ်ထားတဲ့ မိန္းမတစ္ဦးကိုေတြ႕လိုက္ရတယ္၊ အဲဒီမိန္းမက အေရွ႕တက္လာေတာ့ ဦးဘျဖဴရဲ႕အုတ္ဂူေပၚမွာ တင္ထြန္းထားတဲ့ ေရနံဆီမီးခြက္ရဲ႕အလင္းေရာင္ေၾကာင့္ သူ႔မ်က္ႏွာကိုေသေသခ်ာခ်ာျမင္ေတြ႕လိုက္ရတာေပါ့ဗ်ာ။ သူကေတာ့ ဘယ္သူရွိမလဲ မယဥ္ပဲေပါ့ဗ်ာ။

“ဟား၊ ဟား အဘိုးႀကီး၊ ကိုယ္နဲ႔မဆိုင္တာကို ဝင္မပါနဲ႔”

ဦးဘသာက ခါးေထာက္လိုက္ၿပီး

“ယဥ္ယဥ္၊ နင့္ဖာသာနင္ ဘာလုပ္လုပ္၊ ဘာပညာပဲတတ္တတ္ ငါဝင္မပါဘူး၊ ဒါေပမယ့္ တို႔႐ြာကလူေတြကို မေကာင္းႀကံမယ္ဆိုရင္ေတာ့ ငါဝင္တားရလိမ့္မယ္”

“ဟား၊ ဟား အဲဒီလူေတြကေရာ ေကာင္းတာက်လို႔”

“သူတို႔ဖာသာ ေကာင္းေကာင္း၊ မေကာင္းေကာင္းေပါ့၊ နင္က ဘာကိစၥမေကာင္းႀကံခ်င္ရတာတုန္း၊ ၿပီးေတာ့ ဘျဖဴဆိုတာ နင့္ေယာက္်ား၊ နင္နဲ႔ဆယ္ႏွစ္ေက်ာ္ေလာက္ ေပါင္းသင္းခဲ့တဲ့ နင့္လင္ပဲ၊ နင့္လင္ေခါင္းကို နင္ျပန္ထားလိုက္စမ္းပါဟာ”

“ဟား၊ ဟား၊ ဘာလင္လဲ၊ က်ဳပ္ကေတာ့ သူ႔ကိုလင္လို႔မသတ္မွတ္ဘူး၊ သူက က်ဳပ္ရဲ႕ရန္သူပဲ”

မယဥ္စကားၾကားလိုက္ေတာ့ က်ဳပ္လည္းမ်က္လုံးျပဴးသြားတာေပါ့။ ဦးဘသာက ေခါင္းကိုခါရမ္းလိုက္ၿပီး

“မဟုတ္ဘူးယဥ္ယဥ္၊ ကိုယ့္ကိုထမင္းတစ္လုပ္ေကြၽးဖူးတဲ့သူေတာင္မွ ကိုယ့္ရဲ႕ေက်းဇူးရွင္လို႔ သတ္မွတ္ရသတဲ့၊ ဘျဖဴက နင္နဲ႔ယူၿပီးေတာ့ နင့္ကိုေကာင္းေကာင္းမြန္မြန္ထားခဲ့တယ္မဟုတ္ဘူးလား၊ နင့္အကိုနဲ႔တုန္းကေတာင္မွ နင္ေအးေအးေဆးေဆးေနခဲ့ရလို႔လား”

မယဥ္ရဲ႕မ်က္လုံးေတြက မီးဝင္းဝင္းေတာက္သလို ေတာက္ပေနတယ္ဗ်၊ ၿပီးေတာ့ ဦးဘျဖဴရဲ႕အုတ္ဂူႀကီးကိုစိုက္ၾကည့္ရင္း

“ဘာလင္လဲ၊ ဘာေက်းဇူးရွင္လဲ၊ ဒီလူႀကီးက က်ဳပ္အေပၚမွာ ဘာေက်းဇူးခံေက်းဇူးစမွ မရွိတဲ့အျပင္၊ က်ဳပ္တို႔မိသားစု ပ်က္စီးေအာင္လုပ္ခဲ့တဲ့လူႀကီးပဲ”

ဦးဘသာက ဘာမွမေျပာေပမယ့္ က်ဳပ္ကေတာ့ မဆီမဆိုင္သိခ်င္တယ္မဟုတ္လား၊ ဒါနဲ႔ မယဥ္ကိုၾကည့္လိုက္ၿပီး

“ဦးဘျဖဴက မယဥ္တို႔မိသားစုကို ဘာမ်ားလုပ္ခဲ့လို႔ မယဥ္က မေက်နပ္ရတာတုန္း၊ ဘာလို႔ရန္သူလို႔ သတ္မွတ္ရတာတုန္း”

က်ဳပ္ေမးလိုက္ေတာ့ မယဥ္က က်ဳပ္ကိုမီးဝင္းဝင္းေတာက္ေနတဲ့ မ်က္လုံးေတြနဲ႔ၾကည့္တယ္၊ ၿပီးေတာ့မွ

“ဒင္းေၾကာင့္၊ ငါ့မိဘေတြ ေသခဲ့ရတာ . . .”

မယဥ္က သက္ျပင္းအရွည္ႀကီးခ်ၿပီးေတာ့ အျဖစ္အပ်က္ေတြကို ျပန္ေျပာျပေတာ့တယ္ဗ်ာ။

(၃)

ဒီလိုဗ်၊ ဒီရန္မီးေတြရဲ႕အစကေတာ့ မယဥ္ရဲ႕မိဘေတြကေန စျဖစ္ခဲ့တာဗ်၊ မယဥ္ရဲ႕မိဘေတြကေတာ့ ဦးေဖာ့နဲ႔ ေဒၚလြမ္းတဲ့ဗ်၊ သူတို႔က ေအးေအးေဆးေဆးေတာင္သူယာလုပ္၊ လုပ္ကိုင္စားေသာက္ၾကတဲ့သူေတြပါဗ်ာ၊ သူတို႔မွာ သားတစ္ေယာက္သမီးတစ္ေယာက္ ရွိတာေပါ့၊ သူ႔သားကေတာ့ ကိုေအးတဲ့ဗ်၊ ႐ြာကလူေတြကေတာ့ ဘေအးလို႔ေခၚတာေပါ့၊ ဦးေဖာ့တို႔မဆုံးပါးခင္တုန္းက ကိုဘေအးက လိမ္မာတဲ့လူတစ္ေယာက္ပါ၊ သူ႔မွာလည္း သိပ္ခ်စ္ရတဲ့ ႏွမတစ္ေယာက္ရွိတယ္၊ အဲဒါကေတာ့ အခုမယဥ္ေပါ့ဗ်ာ။

ဦးေဖာ့တို႔က ယာခင္းစိုက္တယ္၊ လယ္ကြင္းေတြရဲ႕အဆုံး၊ ကုန္းက်က်ယာကြက္ေတြက ဦးေဖာ့တို႔ပိုင္တာေပါ့ဗ်ာ၊ ယာကြက္ေတြနဲ႔ ေတာတန္းကေလးနဲ႔က တဆက္တည္းေပါ့၊ ဦးေဖာ့တို႔က လယ္မစိုက္ဘဲ မိုးတြင္းမွာေတာင္မွ င႐ုတ္၊ ဖ႐ုံ စတဲ့ ယာထြက္သီးႏွံေတြပဲစိုက္တာေပါ့၊ တစ္ရက္မွာေတာ့ ေျမယာအေရးနဲ႔ပတ္သက္ၿပီး ဦးဘျဖဴနဲ႔ ျပႆနာတက္ၾကတယ္ဗ်၊ ဦးေဖာ့တို႔က အဲဒီယာခင္းေတြကို ဓါးမဦးခ် လုပ္ကိုင္စိုက္ပ်ိဳးခဲ့တဲ့သူေတြ၊ ဦးဘျဖဴကေတာ့ သူတို႔ပိုင္တဲ့အခင္းဆိုၿပီးေတာ့ ျဖစ္ၾကတာေပါ့ဗ်ာ၊ တကယ္ေတာ့ဟိုးအရင္ကတည္းက အဲဒီနားက ယာခင္းတစ္ခင္းက ဦးဘျဖဴတို႔လုပ္ကိုင္ခဲ့တာပါ၊ ဒါေပမယ့္ ေနာက္ပိုင္းမလုပ္ျဖစ္ေတာ့ ေတာႀကီးျဖစ္သြားတာေပါ့ဗ်ာ၊ ဦးေဖာ့တို႔လည္း ေတာလို႔ထင္ၿပီးေတာ့ လုပ္ကိုင္စားေသာက္ခဲ့တာပဲ၊ ဒါေပမယ့္ အေဖကေတာ့ ဦးေဖာ့တို႔ဘက္ကို ဆုံးျဖတ္ေပးခဲ့တယ္၊ ဦးေဖာ့တို႔ကလည္း သူမ်ားေျမမွန္းသိသိႀကီးနဲ႔ က်ဴးေက်ာ္တာမွမဟုတ္တာပဲေလ၊ ေတာရွင္းရင္းနဲ႔ အဲဒီယာေျမပါ ဆက္ေနတာကိုးဗ်၊ အေဖဆုံးျဖတ္တာဆိုေတာ့ ဦးဘျဖဴလည္း မေက်မနပ္နဲ႔ ေခါင္းညိတ္လိုက္ရေတာ့တာေပါ့ဗ်ာ။

ဒါေပမယ့္ သူက ေက်ေတာ့မေက်နပ္ဘူးဗ်၊ ဦးေဖာ့တို႔ကို တစ္ခ်ီေတာ့ ေတြ႕မယ္ဆိုၿပီး ေတးမွတ္ထားတာေပါ့၊ ပဲထြက္တဲ့ရာသီေရာက္ေတာ့ ပဲေတြေပၚၿပီဗ်၊ ပဲေတြေပၚရင္ အဲဒီတုန္းက ႐ြာကိုဆင္းဝယ္တဲ့လူေတြမရွိဘူး၊ ႐ြာကလူေတြက ပဲေတြကိုလွည္းနဲ႔တင္ၿပီး သြားေရာင္းရတာ၊ တန္းျမင့္႐ြာအနားမွာ ပဲေကာက္တဲ့ဒိုင္ရွိတယ္ဆိုေပမယ့္ ၿမိဳင္သာနဲ႔ဆိုရင္ တစ္တင္းေဈးက မသိမသာေလးကြာတယ္၊ တင္းမ်ားရင္ေတာ့ ေတာ္ေတာ္ကြာတာေပါ့ဗ်ာ၊ ဒီေတာ့ အေတာ္မ်ားမ်ားက လွည္းနဲ႔ၿမိဳင္သာတက္ၿပီး ေရာင္းၾကတာေပါ့။

ေခတ္ကလည္း မတည္ၿငိမ္တဲ့ေခတ္၊ ေနာက္ၿပီး က်ဳပ္တို႔႐ြာဘက္ေတြက လူေနက်ဲၿပီး ေခါင္ေတာ့ အဲဒီတုန္းက ဓါးျပေတြအေတာ္ထတယ္ေပါ့ဗ်ာ၊ ဒီေတာ့ ဦးေဖာ့တို႔လင္မယား ပဲေရာင္းၿပီးျပန္အလာမွာ က်ဳပ္တို႔႐ြာနဲ႔ တန္းျမင့္႐ြာၾကားက လက္ပံငုတ္တိုနားမွာ ဓါးျပအတိုက္ခံရပါေရာ၊ ဓါးျပေတြက ပိုက္ဆံေတြယူတဲ့အျပင္ ဦးေဖာ့တို႔လင္မယားကို သတ္ပါသြားတယ္တဲ့ဗ်ာ။ က်ဳပ္လည္း မယဥ္ေျပာတာနားေထာင္ၿပီးေတာ့

“ေအးေလဗ်ာ၊ ဓါးျပက ဦးေဖာ့တို႔ကိုသတ္တာ၊ ဦးဘျဖဴနဲ႔ ဘာဆိုင္လို႔လဲဗ်”

“ဆိုင္တယ္ဟဲ့၊ အဲဒီဓါးျပေတြကို လက္ေထာက္ခ်တာက နင္တို႔ဘုရားဒကာႀကီး ဦးဘျဖဴပဲ”

“ဟုတ္လို႔လားဗ်ာ”

“သိပ္ဟုတ္တာေပါ့၊ ျဖစ္ခ်င္ေတာ့ ငါ့အေမကို ဓါးျပေတြကသတ္ေပမယ့္ ခ်က္ခ်င္းမေသခဲ့ဘူး၊ ၿမိဳင္သာေဆး႐ုံမွာ တစ္ရက္ခံလိုက္ေသးတယ္၊ အေမက သတိရေတာ့ ငါ့အနားကိုကပ္ေျပာတယ္၊ ဓါးျပေတြထဲက တစ္ေယာက္က ငကြၽဲတဲ့၊ ငါ့အေမေတြကို သတ္ၿပီးေတာ့ ေသၿပီအထင္နဲ႔ ပိုက္ဆံေတြအခ်င္းခ်င္းခြဲေဝယူၾကရင္း သူတို႔အခ်င္းခ်င္းစကားေျပာေနရင္း နဲ႔သိလိုက္ရတာ၊ ေနာက္ေတာ့ ဒဏ္ရာျပင္းတာနဲ႔ ငါ့အေမလည္း ေသသြားခဲ့တယ္”

“ဟာ၊ အဲဒီငကြၽဲဆိုတာက၊ ဦးဘျဖဴရဲ႕ သားမက္မ်ားလား”

“သိပ္ဟုတ္တာေပါ့၊ အဲဒီတုန္းက ငကြၽဲက ဘာမွမရွိဘူး၊ ဦးဘျဖဴတို႔လယ္မွာ သူရင္းငွားလုပ္ေနတာမဟုတ္လား၊ ဓါးျပတိုက္ၿပီးေတာ့မွ ငကြၽဲတစ္ေယာက္ ေျပာင္ေျပာင္ေရာင္ေရာင္နဲ႔ျဖစ္လာခဲ့ၿပီး ေနာက္ဆုံးသူ႔သမီးနဲ႔ ျငားသြားတာမဟုတ္လား”

“ယဥ္ယဥ္ရယ္၊ နင့္ဟာက အထင္နဲ႔ေျပာတာပဲ၊ ငကြၽဲဆိုတဲ့နာမည္က တို႔႐ြာမွာပဲရွီတာမွမဟုတ္တာ”

ဦးဘသာကဝင္ေျပာေတာ့ မယဥ္က ဦးဘသာကိုမ်က္ေစာင္းထိုးတယ္ဗ်။

“ထားပါေတာ့၊ အဲဒါက က်ဳပ္အေတြးေခါင္တယ္ပဲထား၊ ဒါေပမယ့္ က်ဳပ္မိဘေတြေသေတာ့ က်ဳပ္မိဘေတြရဲ႕ယာကို ရွင္တို႔ဘုရားဒကာႀကီးပဲ သိမ္းပိုက္ခဲ့တာမဟုတ္လား၊ ဟိုေကာင္ေလး၊ နင့္အေဖဒီအေၾကာင္း ေကာင္းေကာင္းသိတယ္”

“က်ဳပ္ၾကားဖူးတာကေတာ့ ဦးေဖာ့တို႔က ဦးဘျဖဴဆီကေန ပိုက္ဆံေတြေခ်းထားၿပီးေတာ့ မဆပ္ႏိုင္လို႔ဆိုဗ်”

“ဟဲ့၊ ပဲစိုက္၊ ယာစိုက္တယ္ဆိုတာ ဒီလိုပဲ ေခ်းငွားၿပီးေငြရင္းရွာ စိုက္ရတယ္မဟုတ္လား၊ သီးႏွံထြက္ေတာ့ ျပန္ဆပ္ရတာပဲေလ၊ ဒါကို ဒီလူႀကီးက သူႀကီးနဲ႔ေပါင္းၿပီးေတာ့ ငါတို႔လယ္ေတြမတရားသိမ္းတယ္၊ ငါ့အကိုဆိုရင္လည္း စိတ္ညစ္ၿပီး အရက္ေတြေသာက္ရင္း၊ ေနာက္ဆုံးေတာ့ သားသတ္သမားလမ္းကိုလိုက္ၿပီး လူမိုက္ႀကီးျဖစ္သြားခဲ့တာပဲမဟုတ္လား”

က်ဳပ္တို႔ဘာမွမေျပာႏိုင္ေတာ့ဘူးဗ်။

“ဒါနဲ႔ က်ဳပ္လည္း ဒီလူႀကီးကိုလက္တုံ႔ျပန္ခ်င္ခဲ့တယ္၊၊ အဲဒီမွာ မထင္မွတ္ပဲ စုန္းတစ္ေယာက္ကေန က်ဳပ္ကိုအိပ္မက္ထဲကေနဆက္သြယ္ၿပီးေတာ့ စုန္းပညာသင္ေပးမယ္ဆိုၿပီးေျပာခဲ့တယ္၊ က်ဳပ္လည္း လက္ခံလိုက္လို႔ အခုလိုစုန္းျဖစ္လာခဲ့တာပဲ”

“အခု ဘျဖဴေသတာ နင့္စနက္မဟုတ္လား၊ ယဥ္ယဥ္”

“သိပ္ေသခ်ာတာေပါ့၊ က်ဳပ္အကိုႀကီးက သူ႔ကိုသည္းမခံႏိုင္ေတာ့တာနဲ႔ လည္ပင္းလွည့္ၿပီး ဂုတ္ခ်ိဳးသတ္ပစ္လိုက္တာ”

“ၿပီးခဲ့တာေတြ ထားလိုက္ေတာ့ ယဥ္ယဥ္၊ အခု နင့္ေယာက္်ားရဲ႕ ေခါင္းကိုနင္ျပန္ထားလိုက္စမ္းပါ၊ ၿပီးေတာ့ တျခားသူေတြကို ဒုကၡေပးဖို႔ႀကံေနတာကိုလည္း နင္ရပ္တန္းကရပ္လိုက္”

“ဟား၊ ဟား က်ဳပ္က ဘာလို႔ရပ္ရမွာလဲ အဘိုးႀကီးရဲ႕”

ေျပာေနတုန္းမွာပဲ မယဥ္က မိုးေပၚကိုလက္ညႇိဳးၫႊန္လိုက္ၿပီး ႐ႊီးခနဲမီးတန္းႀကီးတစ္ခုကို ပစ္တင္လိုက္ေတာ့တာပဲဗ်ာ၊ မီးတန္းႀကီးက မိုးေပၚမွာေပ်ာက္ကြယ္သြားၿပီးေတာ့ မၾကာပါဘူး မိုးေပၚကေနၿပီးေတာ့ ျခင္ေဆးမီးလိုလို၊ အမႊႊေးတိုင္မီးလိုလို မီးစေလးေတြ တဖြားဖြားနဲ႔က်လာတာပဲဗ်ာ၊ မီးစက္ေတြလႊြတ္လိုက္တယ္ဆိုတာက်ဳပ္လည္းသိလိုက္တာေပါ့၊ ဦးဘသာကေတာ့ သူေခါင္းေပါင္းထားတဲ့ သဘက္ေဟာင္းႀကီးကိုျဖဳတ္လိုက္ၿပီး ေလေပၚမွာေဝွ႔ယမ္းလိုက္တယ္ဆိုရင္ပဲ အဲဒီမီးစကေလးေတြက က်ဳပ္တို႔ကိုမထိဘဲနဲ႔ အုတ္ဂူေတြအေပၚကို က်ကုန္တာပဲဗ်ာ၊ မီးစေလးေတြ ေျမႀကီးနဲ႔ထိတာနဲ႔ တရွဲရွဲနဲ႔ မီးကိုေရနဲ႔ေလာင္းလိုက္သလို အသံႀကီးျမည္ေတာ့တာပဲ။

“အဘိုးႀကီးက ဘယ္ဆိုးလို႔လဲေတာ့”

မယဥ္က ဦးဘသာရဲ႕ပညာအစြမ္းကို မသိေလာက္ဘူးဗ်၊ မသိလည္းမသိခ်င္စရာပဲေလ၊ ဦးဘသာက က်ဳပ္ကိုေတာင္မွ သူ႔ပညာဘယ္ေလာက္ဆိုတာ ေျပာတာမဟုတ္ဘူး၊ တကယ္တတ္တဲ့လူက အသာကေလးလွ်ိဳေနတာဆိုေတာ့ မယဥ္က ဦးဘသာနဲ႔ ပညာျမ့ပိုင္ဖူးေတာ့ ဘယ္ေလာက္တတ္သလဲဆိုတာ မသိဘူးထင္ပါ့။

မယဥ္က ေျပာရင္းဆိုရင္း ေျမႀကီးကိုေျခဖေနာင့္္နဲ႔ ဝုန္းခဲေဆာင့္ေပါက္လိုက္တာနဲ႔ သုႆန္ထဲက သစ္ပင္ႀကီးေတြက တေဝါေဝါနဲ႔လႈပ္သြားတယ္ဗ်၊ ၿပီးေတာ့ ေျမႀကီးေပၚမွာ အက္ကြဲေၾကာင္းႀကီးတစ္ခုေပၚလာၿပီး က်ဳပ္တို႔ဆီကိုတျဖည္းျဖည္းဦးတည္လာပါေရာလား။ က်ဳပ္တို႔နဲ႔လက္တစ္ကမ္းေလာက္ေရာက္ေတာ့ ဦးဘသာက ေျမႀကီးကိုဖေနာင့္္နဲ႔ ခပ္ဆတ္ဆတ္ေလးေပါက္ထည့္လိုက္ေတာ့ ခုနက အက္ကြဲေၾကာင္းႀကီးက သူ႔အလိုလိုျပန္ေစ့သြားပါေရာလားဗ်ာ။

မယဥ္က ဒီေတာ့မွ ဦးဘသာကိုနည္းနည္းၿဖဳံသြားတယ္ဗ်။ သူဆက္ၿပီးေတာ့ လုပ္လို႔မရေတာ့မွန္းသိတာနဲ႔ လူတစ္ေယာက္ကိုေခၚသလိုမ်ိဳး လက္ကိုေဝွ႔ယမ္းလိုက္တယ္။

“အကိုႀကီး ဒီကိုလာကူပါအုံး”

မယဥ္ေခၚလိုက္တာနဲ႔ အုတ္ဂူေတြၾကားထဲကေန အေကာင္ႀကီးတစ္ေကာင္ထြက္လာတယ္ဗ်၊ တစ္ကိုယ္လုံးကို မည္းနက္ေနၿပီးေတာ့ အေမႊးရွည္ရွည္ႀကီးေတြကလည္း ဖုံးအုပ္ထားေသးတယ္ဗ်ာ၊ ၿပီးေတာ့ အေမႊးေတြကလည္း ေရေတြစိုေနသလိုလို၊ ဆီေတြေပေနသလိုလိုနဲ႔ ႐ြဲ႐ႊဲစိုစိုႀကီးဗ်၊ အဲဒီအေကာင္ႀကီးရဲ႕အရပ္က လူႏွစ္ရပ္နီးပါးရွိတယ္၊ က်ဳပ္တို႔အေရွ႕ကိုေရာက္လာေတာ့ က်ဳပ္တို႔ကိုေခါင္းငုံ႔ၿပီးၾကည့္ေနတာေပါ့ဗ်ာ။

ဘာေျပာေကာင္းမလဲ၊ က်ဳပ္လည္း သူ႔ျမင္ၿပီးလန႔္တာေပါ့ဗ်ာ၊ ကိုဘေအးဆိုတာ က်ဳပ္တို႔ငယ္ငယ္ကတည္းက သိပ္ေၾကာက္ခဲ့ရတဲ့ လူႀကီးမဟုတ္လား၊ မယဥ္က ကိုဘေအးကိုၾကည့္ၿပီးေတာ့

“အကိုႀကီး၊ သူတို႔ကိုရွင္းလိုက္”

အဲဒီလိုေျပာၿပီးတာနဲ႔ မယဥ္က သုႆန္ထဲကေနထြက္သြားေတာ့တာပဲဗ်ာ၊ ဦးဘသာက က်ဳပ္ကိုလွည့္ၾကည့္တယ္။

“အလတ္ေကာင္၊ ဘေအးကို မင္းရွင္းထားလိုက္”

က်ဳပ္လန႔္သြားတာ ေျပာျပလို႔ေတာင္မရပါဘူးဗ်ာ။

“ဘာဗ်၊ က်ဳပ္ . . က်ဳပ္က ဒီသရဲႀကီးကို ႏိုင္ပါ့မလား”

ဦးဘသာက က်ဳပ္ဇက္ပိုးကို လက္နဲ႔ေျဖာင္းခနဲေနေအာင္႐ိုက္ထည့္လိုက္တယ္၊ ၿပီးေတာ့ က်ဳပ္မ်က္လုံးေတြကို ေသခ်ာစိုက္ၾကည့္ၿပီးေတာ့

“မင္းလုပ္ႏိုင္ပါတယ္အလတ္ေကာင္၊ ဘေအးကို မင္းႏိုင္ပါတယ္”

အဲဒီလိုေျပာၿပီးတာနဲ႔ သုႆန္ထဲကေန ခပ္သုတ္သုတ္ထြက္သြားတာပဲဗ်ာ၊ က်ဳပ္က ကိုဘေအးကိုၾကည့္လိုက္ေတာ့ ကိုဘေအးက အစြယ္ျဖဴျဖဴႀကီးေတြေပၚေအာင္လို႔ က်ဳပ္ကိုၿပဳံးျပတယ္ဗ်၊ က်ဳပ္လည္း ထြက္ေျပးခ်င္ၿပီ၊ က်ဳပ္က ဘာမို႔လို႔ ဒီသရဲႀကီးကို ႏိုင္မွာလဲ၊ က်ဳပ္ထြက္ေျပးဖို႔လုပ္ေပမယ့္ ဒူးေတြက တဆတ္ဆတ္တုန္ေနတာဗ်၊ တကယ္ပါ၊ ဒူးတုန္ရင္ လမ္းေတာင္ေလွ်ာက္မရဘူးဆိုတာ တကယ္ဗ်၊ က်ဳပ္ေျခလွမ္းသုံးလွမ္းေလာက္ ေတာင္မွ အႏိုင္ႏိုင္လွမ္းရတယ္။

“ဦး . . .ဦးဘသာ၊ က်ဳပ္ကိုထားခဲ့ၿပီလား”

ကိုဘေအးသရဲႀကီးက ပါးစပ္ႀကီးၿဖဲၿပီးေတာ့ ေၾကာက္စရာေကာင္းတဲ့အသံႀကီးနဲ႔ ေအာ္ပါေလေရာဗ်ာ၊ ၿပီးတာနဲ႔ က်ဳပ္ကိုခုန္အုပ္ေတာ့တာပဲ၊ က်ဳပ္လည္း အုတ္ဂူေတြၾကားထဲမွာ အျမန္ေျပးရတာေပါ့၊ အေရးထဲ အုတ္ဂူေတြက စီစီညီညီရွိမေနဘူးဆိုေတာ့ သူတို႔ကိုေက်ာ္ခြၿပီး ေျပးေနရတာနဲ႔ ခရီးမတြင္ပါဘူးဗ်ာ၊ လူကသာေျပးေနေပမယ့္ စိတ္ကေတာ့ အေနာက္ကိုလွည့္ၾကည့္ခ်င္မိသားဗ်၊ ဒါနဲ႔လွည့္ၾကည့္လိုက္ေတာ့ အုတ္ဂူႀကီးတစ္ခုေပၚမွာ ေလးဖက္ကုန္းၿပီး ကုန္းကုန္းႀကီးလုပ္ေနတဲ့ ကိုဘေအးကို ေတြ႕လိုက္ရပါေရာ၊ က်ဳပ္ၾကည့္ေနတုန္းပဲ ကိုဘေအးက ဖားပ်ံတစ္ေကာင္လို လႊားခနဲခုန္ၿပီး က်ဳပ္ကိုအုပ္ထည့္ပါေရာ။

က်ဳပ္လည္းေျပးေနလွ်က္သားဆိုေတာ့ ကိုဘေအးက က်ဳပ္ေက်ာကုန္းကို အုပ္မိတာပဲ၊ က်ဳပ္လည္း အေရွ႕ကိုဟပ္ထိုးလဲက်သြားၿပီးေတာ့ အုတ္ဂူေဟာင္းႀကီးတစ္ခုနဲ႔ ေခါင္းနဲ႔႐ိုက္မိသြားတာေပါ့ဗ်ာ၊ ဒါေပမယ့္ ထူးဆန္းတာက က်ဳပ္က ဘာနာက်င္မႈကိုမွ မခံစားရဘူးဗ်၊ အုတ္ဂူေဟာင္းႀကီးကေတာ့ က်ဳပ္ေခါင္းနဲ႔တိုက္မိၿပီး အုတ္ေတြေတာင္ပဲ့က်သြားတယ္။

က်ဳပ္ထဖို႔ ပက္လက္လွန္လိုက္ေတာ့ ကိုဘေအးက က်ဳပ္အေပၚကိုခုန္တက္လိုက္တယ္။ က်ဳပ္လက္ႏွစ္ဖက္ကို သူ႔လက္ႀကီးတစ္ဖက္နဲ႔ ခ်ဳပ္ကိုင္လိုက္ၿပီးေတာ့ ရင္ဘတ္ေပၚကို တက္ထိုင္ထားပါေရာဗ်ာ၊ ေလးလိုက္တာကလည္း ေျပာမေနပါနဲ႔ေတာ့၊ သူ႔လက္ႀကီးကလည္း အႀကီးႀကီးဗ်၊ လက္ဝါးႀကီးတစ္ဖက္တစ္ဖက္ကို တစ္ေတာင္ေလာက္ရွိတယ္ဗ်၊ လက္ေခ်ာင္းႀကီးေတြကလည္း တုတ္တုတ္ခဲခဲနဲ႔ အရွည္ႀကီးေတြဗ်၊ အေမႊးၾကမ္းႀကီးေတြကလည္း ယားက်ိက်ိနဲ႔၊ ၿပီးေတာ့ လက္ေခ်ာင္းထိပ္မွာလည္းလက္သည္းႀကီးေတြက ခြၽန္ထက္ေနတာပဲဗ်ာ။

က်ဳပ္လည္း အတင္းအကန္႐ုန္းတာေပါ့ဗ်ာ၊ သရဲဖိထားေတာ့ ဘယ္႐ုန္းႏိုင္မလဲ၊ ဒီအခ်ိန္မွာ ကိုဘေအးက သူ႔လက္ေနာက္တစ္ဖက္နဲ႔ က်ဳပ္ပါးကိုလႊဲ႐ိုက္ထည့္လိုက္တယ္ဗ်ာ။ ေျဖာင္းခနဲျမည္သံႀကီးကို ၾကားလိုက္ရၿပီးေတာ့ က်ဳပ္မ်က္ႏွာဆိုရင္ တစ္ဖက္ကိုလည္ထြက္သြားတာပဲ၊ လက္ဝါးနဲ႔အ႐ိုက္ခံရေတာ့ လူကိုပူထူသြားတာပဲဗ်ာ၊ က်ဳပ္လည္းဘာေၾကာင့္လည္းမသိ ေၾကာက္ရမယ့္အစား ေဒါသေတြအလိပ္လိုက္ထြက္လာတာပဲ၊ ဒါနဲ႔ ကိုဘေအးကို က်ဳပ္ေဒါသတႀကီးျပန္ၾကည့္မိတယ္၊ ကိုဘေအးက သူ႔လက္နဲ႔ က်ဳပ္ပါးေတြကို ဘယ္ျပန္ညာျပန္႐ိုက္ပါေရာဗ်ာ၊ တျဖန္းျဖန္း၊ တခြပ္ခြပ္နဲ႔ကို ျမည္ေနေတာ့တာ၊ သူ႐ိုက္ေလ က်ဳပ္ကေဒါသထြက္ေလပဲ၊ ဒါနဲ႔က်ဳပ္လည္း ဝမ္းေခါင္းသံႀကီးနဲ႔ ေအာ္ထည့္လိုက္တယ္။

“ယား” လို႔တစ္ခ်က္ေအာ္လိုက္ၿပီး လက္ႏွစ္ဖက္ကိုအတင္း႐ုန္းလိုက္ေတာ့ ကိုဘေအးရဲ႕ခ်ဳပ္ထားတဲ့လက္ကေနက်ဳပ္လက္လြတ္သြားတယ္ဗ်၊ ကိုဘေအးက က်ဳပ္မ်က္ႏွာကိုငုံ႔ၾကည့္ေနတာဆိုေတာ့ က်ဳပ္လက္ေတြလြတ္သြားတာနဲ႔ သူ႔ပါးကို ဘယ္ဖက္လက္နဲ႔ ႐ိုက္ထည့္ပစ္လိုက္တယ္။

“ဖုန္း” ဆိုတဲ့အသံႀကီးက အက်ယ္ႀကီးပဲဗ်၊ ကိုဘေအးသရဲႀကီးက က်ဳပ္လက္ဝါးခ်က္မိေတာ့ ေဘးနားကိုလြင့္ထြက္သြားၿပီး အုတ္ဂူတစ္လုံးနဲ႔ေဆာင့္မိသြားတယ္၊ က်ဳပ္ျဖင့္ ကိုယ့္ကိုယ္ကိုယ္ေတာင္မယုံလို႔ ကိုယ့္လက္ဝါးကိုယ္ ျပန္ၾကည့္ေနမိတယ္။ က်ဳပ္လည္းအျမန္ကုန္းထလိုက္ၿပီးေတာ့ ကိုဘေအးဆီကိုလႊားခနဲခုန္အုပ္ထည့္လိုက္တာေပါ့ဗ်ာ၊ ပုဆိုးေတာင္မွ ကြင္းလုံးႀကီး ကြၽတ္က်န္ေနခဲ့ေသးတာ၊ ကိုဘေအးအေပၚကို က်ဳပ္ကခြတက္လိုက္ၿပီးေတာ့ သူ႔မ်က္ႏွာေတြကို လက္နဲ႔ဘယ္ျပန္ညာျပန္ လႊဲလႊဲၿပီး႐ိုက္ထည့့္္တာပဲဗ်ာ၊ အားရသလားေတာ့ မေမးပါနဲ႔၊ ကိုဘေအးဆို သူ႔မ်က္ႏွာႀကီးက ဘယ္ဖက္ယိမ္းလိုက္၊ ညာဖက္ယိမ္းလိုက္ေပါ့ဗ်ာ၊ က်ဳပ္ဆယ္ခ်က္ေလာက္႐ိုက္ၿပီးေတာ့ ကိုဘေအးက ကုန္းထလိုက္တယ္၊ က်ဳပ္က သူ႔အေပၚတက္ေနတာဆိုေတာ့ က်ဳပ္လည္း ပက္လက္လန္လဲက်သြားတာေပါ့ဗ်ာ။ ကိုဘေအးက က်ဳပ္ရဲ႕ညာဖက္ေျချခင္းဝတ္ကို လက္နဲ႔ကိုင္ၿပီးေတာ့ မတ္တပ္ထရပ္လိုက္တယ္၊ သူ႔အရပ္က အျမင့္ႀကီးဆိုေတာ့ က်ဳပ္လည္း ေျမႀကီးနဲ႔လြတ္ၿပီး ေဇာက္ထိုးႀကီးျဖစ္ေနတာေပါ့ဗ်ာ။

ကိုဘေအးက အသံံၿပဲႀကီးနဲ႔ ေအာ္ဟစ္တယ္ဗ်၊ ၿပီးေတာ့ က်ဳပ္ကိုေျခေထာက္ကေနကိုင္ၿပီး အနားက သစ္ပင္ႀကီးတစ္ပင္ႏွဲ႔ လႊဲ႐ိုက္ေတာ့တာပဲဗ်ာ၊ က်ဳပ္ဆိုေလထဲေျမာက္တက္သြားၿပီးေတာ့ ေခါင္းေတြမူးေဝသြားတယ္၊ ၿပီးေတာ့ သစ္ပင္ပင္စည္နဲ႔ က်ဳပ္ကိုယ္လံုံးနဲ႔ ဝုန္းခနဲတိုက္တာဗ်၊ တစ္ကိုယ္လုံးမွာ ရွိသမွ်အ႐ိုးေတြ က်ိဳးကုန္ၿပီလားလို႔ေတာင္ မွတ္ရတယ္၊ ကိုဘေအးက က်ဳပ္ကိုသစ္ပင္နဲ႔သုံးေလးခ်က္ေလာက္ ႐ိုက္ထည့္ၿပီးေတာ့မွ အုတ္ဂူေတြၾကားထဲကိုပစ္ထည့္လိုက္တယ္။ က်ဳပ္လည္း သူ႔လက္ထဲကအ႐ုပ္ေလးလိုျဖစ္ေနတာဆိုေတာ့ အုတ္ဂူေတြၾကားထဲကိုေခြခနဲက်သြားတာေပါ့ဗ်ာ။

ကိုဘေအးက က်ဳပ္ဆီကိုတစ္လွမ္းခ်င္းလာတယ္ဗ်၊ က်ဳပ္အနားေရာက္ေတာ့က်ဳပ္လည္း အားယူၿပီးမတ္တပ္ရပ္ထလိုက္ရင္း ဟက္ဟက္ပက္ပက္ကို ရယ္ေမာလိုက္ေတာ့တယ္၊ ကိုဘေအးသရဲႀကီးက က်ဳပ္ကိုအထူးအဆန္းသဖြယ္ မ်က္လုံးႀကီးျပဴးၿပီးၾကည့္ေနတာဗ်၊ က်ဳပ္လည္းခါးေထာက္ရင္း တဟားဟားနဲ႔ ရယ္လိုက္တာေပါ့။

“ဟား၊ ဟား ခင္ဗ်ားအလွည့္ၿပီးၿပီလား၊ ဒါဆိုရင္ က်ဳပ္အလွည့္”

က်ဳပ္လည္း ဘယ္ကေနဘယ္လို သတၱိေတြရွိလာသလဲမသိပါဘူးဗ်ာ၊ သရဲႀကီးျဖစ္ေနတဲ့ ကိုဘေအးကို လုံးဝကိုမေၾကာက္ေတာ့တာ၊ ကိုဘေအးဆီကိုေျပးဝင္ၿပီးေတာ့ ေျခေထာက္နဲ႔ပိတ္ကန္ထည့္လိုက္တာ ကိုဘေအးချမာ အေနာက္ကိုဆယ္ေတာင္ေလာက္ ေ႐ြ႕သြားပါေရာ၊ က်ဳပ္ကိုလည္း ေတာ္ေတာ္ေၾကာက္လန႔္ေနသလိုမ်က္ႏွာနဲ႔ၾကည့္တယ္၊ က်ဳပ္လည္း သူ႔ဆီကိုခုန္ဝင္ၿပီးေတာ့ သူ႔ကိုလက္သီးေတြနဲ႔ထိုး၊ တံေတာင္ေတြနဲ႔ေထာင္းတာေပါ့ဗ်ာ၊ ဒီတစ္ခါေတာ့ ကိုဘေအးက က်ဳပ္လုပ္သမွ်ကိုခံေနရတာဗ်၊

အေတာ္ၾကာေအာင္ ထုႏွက္ၿပီးေတာ့မွ ကိုဘေအးက အသံထြက္လာတယ္။

“ေတာ္ပါၿပီ၊ ေၾကာက္ပါၿပီ၊ မလုပ္ပါနဲ႔ေတာ့”

“ဘာအခုမွေၾကာက္ပါၿပီလည္း၊ မင္းကိုငါေသအာင္သတ္မယ္၊ ေသစမ္း”

က်ဳပ္ကလည္း ဆက္ၿပီးထုေထာင္းေနေတာ့တာပဲ၊ ကိုဘေအးတစ္ေယာက္ က်ဳပ္လက္ထဲမွာ ဖုတ္ဖုတ္ညက္ညက္ကိုေၾကေနတာပဲဗ်ာ၊ ေနာက္ေတာ့ ေလးဖက္ကုန္းၿပီး ေခြးလိုမ်ိဳးထြက္ေျပးေတာ့တယ္၊ က်ဳပ္ကလည္းဘယ္ရမလဲ သူ႔ဘယ္ဖက္ေျခေထာက္ႀကီးကို လက္ႏွစ္ဖက္နဲ႔ ဖမ္းဆုပ္ကိုင္ထားတာေပါ့ဗ်ာ၊ ကိုဘေအး ေလးဖက္သြားေနရင္း တုန႔္ခနဲျဖစ္သြားတယ္၊ က်ဳပ္ဆြဲထားတာကိုးဗ်၊ က်ဳပ္လည္း အံႀကိတ္ၿပီးေတာ့ ကိုဘေအးေျခေထာက္ကိုလႊဲၿပီး ခုနက သစ္ပင္ႀကီးဆီကို လွမ္းပစ္ထည့္လိုက္ေတာ့တာပါပဲ။

“ဝုန္း” ခနဲအသံအႀကီးနဲ႔ သစ္ပင္ႀကီးက တုန္ထြက္သြားတယ္ဗ်၊ သစ္႐ြက္ေတြေတာင္ တဖြားဖြားနဲ႔ ေကြၽက်လာတယ္၊ ကိုဘေအးကေတာ့ သစ္ပင္ေအာက္မွာ ဆန႔္ဆန႔္ႀကီးလဲက်ေနတာ၊ က်ဳုပ္က အနားကိုသြားေတာ့ လက္ကာကာ ေျခကာကာနဲ႔

“ေၾကာက္ပါၿပီ၊ ငါ့ကိုမလုပ္ပါနဲ႔ေတာ့ကြာ၊ ငါမင္းကိုအရႈံးေပးပါတယ္”

“ကဲအရႈံးေပးရင္ ေလးဖက္ေထာက္စမ္း”

က်ဳပ္ေျပာလိုက္ေတာ့ ကိုဘေအးက ေလးဖက္ကုန္းေပးတယ္၊ က်ဳပ္လည္း ဘာမေျပာညာမေနနဲ႔ကိုဘေအး ေက်ာေပၚကိုခြတက္လိုက္ၿပီးေတာ့ ကိုဘေအးနား႐ြက္ေတြကိုဆြဲလိမ္လိုက္တယ္။

“ကဲသြားစမ္း၊ မင္းႏွမရွိတဲ့ဆီကို သြားစမ္း”

ကိုဘေအးက ေခြးႀကီးတစ္ေကာင္လိုမ်ိဳး ေလးဖက္ကုန္းၿပီးေတာ့ ကြင္းထဲကိုျဖတ္ေျပးေတာ့တာပါပဲ။

(၄)

လယ္ကြင္းထဲမွာ စပါးပင္ေတြက ေတာ္ေတာ္ႀကီးေနၿပီဗ်၊ ကိုဘေအးက ကြင္းထဲေရာက္ေတာ့ ေလးဖက္ေထာက္မေျပးေတာ့ဘဲ ဖားတစ္ေကာင္လို ခုန္ဆြခုန္ဆြေျပးပါေရာ၊ သူတစ္ခါတစ္ခါခုန္လိုက္ရင္လည္း အျမင့္ႀကီးေရာက္ေရာက္သြားတာဗ်၊ က်ဳပ္ျဖင့္ အသည္းကိုေအးေနတာပဲဗ်ာ၊ ဟိုးအျမင့္ေရာက္သြားရင္ ေအာက္ကလယ္ကြင္းေတြနဲ႔ လယ္တဲကေလးေတြကိုေတြ႕ရတယ္၊ ၿပီးေတာ့ ကန္သင္းေပၚကိုျပန္က်တယ္၊ ေနာက္တစ္ခ်က္ျပန္ခုန္လိုက္ရင္ ျမင့္္တက္သြားတာပဲဗ်ာ၊ သရဲစီးဖူးတဲ့အရသာကို အဲဒီေတာ့မွ ခံစားဖူးတယ္ဗ်။

လယ္တဲတစ္ခုအနားမွာ အစိမ္းေရာင္ေတြဝင္းခနဲလက္သြားလိုက္၊ အနီေရာင္ေတြ ပ်က္ခနဲလက္သြားလိုက္နဲ႔ျမင္ရတယ္၊ ကိုဘေအးက အဲဒီလယ္တဲဆီကို သြားေနတာဗ်ိဳ႕၊ ေနာက္ေတာ့ လယ္တဲကေလးအေရွ႕ကိုခုန္ဆင္းလိုက္တယ္၊ လယ္တဲအေရွ႕နားက ေျမကြက္လပ္ကေလးမွာ ဦးဘသာက မတ္တပ္ရပ္ေနတယ္၊ ဦးဘသာအေရွ႕မွာေတာ့ မယဥ္က ေခြေခြကေလး လဲက်ေနတယ္ဗ်။ ကိုဘေအး ေျမေပၚဆင္းလိုက္တာနဲ႔ က်ဳပ္လည္း ကိုဘေအးေပၚကေန လႊားခနဲဆင္းလိုက္တယ္။ မယဥ္ကေတာ့ ရႈိက္ႀကီးတငင္ ငိုေနေတာ့တာပဲဗ်ာ။

“နင့္အျပစ္နင္သိၿပီလား ယဥ္ယဥ္”

မယဥ္က ငိုေနရင္း ေခါင္းညိတ္တယ္ဗ်၊ ကိုဘေအးက မယဥ္အနားကိုသြားၿပီးေတာ့ မယဥ္ကိုဆြဲထူလိုက္တယ္။

“အကိုႀကီး . . .”

ကိုဘေအးက သူ႔ညီမကို ဝမ္းနည္းေနတဲ့မ်က္ႏွာနဲ႔ ငုံ႔ၾကည့္တယ္။

“အရင္က ျဖစ္ခဲ့တာေတြကို ထားလိုက္ေတာ့၊ အခုနင္ရႈံးၿပီဆိုေတာ့ နင့္ကတိအတိုင္း ခံဖို႔သာျပင္ေပေတာ့ ယဥ္ယဥ္”

မယဥ္က သူ႔ေခါင္းကို ငုံ႔ၿပီးေတာ့ ဦးဘသာအေရွ႕မွာ လည္ကိုစင္းေပးတယ္၊ ဦးဘသာက မယဥ္ရဲ႕ေခါင္းကိုလက္တစ္ဖက္က ကိုင္ၿပီးေတာ့ က်ဳပ္နားမလည္တဲ့ မႏၲန္ေတြ ႐ြတ္ဖတ္တယ္ဗ်၊ မႏၲန္ကေတာ့ ပါဠိလိုလို စာေတြလည္းပါတယ္၊ ဦးဘသာက အသံေနအသံထားနဲ႔႐ြတ္တာဗ်၊ မသိရင္ ဘုန္းႀကီးစာအံေနတဲ့အသံနဲ႔ေတာင္ တူေနေသးတာ။ မယဥ္က ေခါင္းငုံ႔ထားလို႔ ဆံပင္ေတြက ဖ်ားလ်ားႀကီးက်ေနတာေပါ့ဗ်ာ၊ ေနာက္ေတာ့ အဲဒီဆံပင္ေတြကို ေအာက္ကေနေလကပင့္တိုက္လိုက္သလိုမ်ိဳး ဆံပင္ေတြက အေပၚကိုေထာင္တက္လာတယ္၊ အဲဒီဆံပင္ေတြထဲကမွ ဆံပင္တစ္ေမႊးကေတာ့ ေ႐ႊေရာင္လို ဝါဝါထိန္ထိန္အလင္းေရာင္နဲ႔ ေတာက္ပေနတယ္ဗ်၊ ဘယ္ေလာက္လင္းသလဲဆိုရင္ ဦးဘသာမ်က္ႏွာဆိုရင္အလင္းေတြဟပ္ၿပီးေတာ့ ထင္းေနတာပဲဗ်ာ။

ဦးဘသာက အဲဒီဆံပင္ကို လက္ႏွစ္ေခ်ာင္းနဲ႔ညႇပ္လိုက္ၿပီးေတာ့ “ဟင္း” ခနဲသက္ျပင္းခ်ၿပီး ဆြဲႏႈတ္လိုက္ပါေရာဗ်ာ၊ ဒီေတာ့ ခုနက ေလနဲ႔လြင့္္ေနတဲ့ဆံပင္ေတြအကုန္လုံး ျပန္က်သြားတယ္၊ ထူးဆန္းတာက ဦးဘသာလက္ထဲက ဆံပင္ကေလးက ေႁမြတစ္ေကာင္လို လူးလြန႔္ေနတာပဲ၊ အေရာင္ေတြလည္းထြက္ေနေသးတာ၊ ေနာက္ေတာ့အဲဒီဆံပင္ကေလးက ဦးဘသာလက္ထဲမွာ တီေကာင္ဆားတို႔သလို လူးလြန႔္ေနပါေလေရာ၊ ခဏၾကာေတာ့ အေရာင္ေတြမွိန္က်လာၿပီးေတာ့ မွိတ္တုတ္မွိတ္တုတ္ျဖစ္သြားတယ္၊ ေနာက္ေတာ့မွ သာမန္ဆံပင္တစ္ေခ်ာင္းလိုျဖစ္သြားၿပီးေတာ့ လက္ထဲမွာတြဲေလာင္းက်သြားေတာ့တာပါပဲ။

“ၿပီးၿပီမယဥ္၊ နင့္ရဲ႕ပညာေတြအကုန္လုံးကို ငါႏႈတ္လိုက္ၿပီ၊ ဒီေန႔ကစၿပီး နင္က စုန္းမဟုတ္ေတာ့ဘူး”

မယဥ္ကေတာ့ ဘာမွမေျပာဘဲ မ်က္ႏွာကိုလက္ဝါးႏွစ္ဖက္နဲ႔အုပ္ရင္း ငိုေနေတာ့တာပဲ၊ ဦးဘသာက ကိုဘေအးကိုၾကည့္ၿပီးေတာ့

“ေဟ့ေကာင္၊ မင္းလဲသြားေတာ့၊ ေနာက္တို႔႐ြာမွာ မင္းေၾကာင့္ တစ္ခုခုၾကားတယ္ဆိုရင္ မင္းနာမယ္သာမွတ္”

ဦးဘသာေျပာေတာ့ သရဲႀကီးက ေခါင္းညိတ္ျပတယ္ဗ်၊ ဒါနဲ႔ ဦးဘသာက က်ဳပ္ပုခုံးကိုပုတ္လိုက္တယ္။

“ထြက္ေတာ့၊ ထြက္ေတာ့”

က်ဳပ္ကိုယ္ႀကီးက ေပါ့သြားသလိုလိုႀကီးျဖစ္သြားတယ္ဗ်၊ ခဏၾကာေတာ့ တစ္ကိုယ္လုံး ေလးလံံသြားျပန္ေရာ၊ အေၾကာေတြေတာင့္တင္းၿပီးေတာ့ အိပ္ရာႏိုးစအခ်ိန္လိုေပါ့ဗ်ာ၊ ဒါနဲ႔ က်ဳပ္တို႔ႏွစ္ေယာက္႐ြာဘက္ကို လမ္းေလွ်ာက္လာတုန္း ေျခလွမ္းဆယ္လွမ္း ေလာက္ေရာက္ေတာ့ မယဥ္က ထိုင္ေနရာကေနထၿပီးေတာ့ လယ္တဲအေနာက္ကိုဝင္သြားတယ္ဗ်၊ ၿပီးေတာ့ အသံနက္ႀကီးနဲ႔ ေအာ္သံတစ္ခုကိုၾကားလိုက္ရတယ္။

“ညီမေလး . . .”

အသံက ကိုဘေအးအသံျဖစ္မယ္ဗ်၊ က်ဳပ္တို႔လည္း တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီး လယ္တဲအနားကိုေျပးလာၾကတယ္၊ လယ္တဲအေနာက္နားက မီးဖိုေလ့ရွိတဲ့ေနရာအနားမွာ မယဥ္ကလဲက်ေနတယ္ဗ်၊ သူ႔လည္ပင္းကိုသူ႔လက္ႏွစ္ဖက္နဲ႔အုပ္ထားတယ္၊ လက္ေခ်ာင္းေတြၾကားထဲကေနလည္း ေသြးေတြက ပန္းထြက္ေနပါေရာ။

“ဟာ၊ မယဥ္”

က်ဳပ္လည္း အျမန္ေျပးသြားၿပီးေတာ့ မယဥ္ကိုေပြ႕လိုက္တာေပါ့၊ မယဥ္က တစ္ကိုယ္လုံးတဆတ္ဆတ္တုန္ေနေသးတယ္၊ သူ႔အနားမွာလည္း ၾကက္သြန္ခြာတဲ့ ဓါးဦးခြၽန္ထက္ထက္ကေလးက က်ေနေသးတယ္ဗ်ာ၊ က်ဳပ္လည္း မယဥ္ဘာလုပ္မွန္းသိလိုက္ပါၿပီ၊ ၾကက္သြန္လွီးတဲ့ဓါးနဲ႔ သူ႔ကိုယ္သူ အဆုံးစီရင္လိုက္တာပဲ။ က်ဳပ္က ဦးဘသာကိုၾကည့္လိုက္ၿပီး

“ဦးဘသာ တစ္ခုခုလုပ္ပါအုံး”

ဦးဘသာက သူေခါင္းေပါင္းထားတဲ့ သဘက္ေဟာင္းႀကီးကိုျဖဳတ္လိုက္ၿပီး သူ႔မ်က္ႏွာကိုပြတ္လိုက္တယ္၊ ေနာက္ေတာ့ က်ဳပ္ကိုေခါင္းခါျပတယ္၊ က်ဳပ္ၾကည့္ေနတဲ့အခ်ိန္မွာပဲ မယဥ္တစ္ေယာက္ တစ္ကိုယ္လုံးဆြတ္ဆြတ္ျဖဴေနၿပီဗ်၊ မ်က္လုံးႀကီးက ျပဴးေၾကာင္ေနၿပီးေတာ့ မိုးေပၚကိုၾကည့္ေနတယ္၊ ေနာက္ေတာ့ မယဥ္က ႏႈတ္ခမ္းကေလးလႈပ္႐ုံ ၿပဳံးလိုက္တယ္၊ သူ႔အေပၚမွာ သူ႔ကိုမိုးၿပီးၾကည့္ေနတာကေတာ့ သူ႔အကို ကိုဘေအးပဲဗ်။ ဦးဘသာက က်ဳပ္ပုခုံးကိုပုတ္တယ္။

“အလတ္ေကာင္ ထားလိုက္ေတာ့၊ ငါတို႔ဒီမွာဆက္ေနရင္ အမႈပတ္ေနမယ္၊ သြားၾကရေအာင္”

“ဟာဗ်ာ၊ က်ဳပ္တို႔ဒီအတိုင္းသြားလို႔ေကာင္းပါ့မလား”

“မင္းကိုသာ အေလာင္းႀကီးပိုက္လွ်က္သားနဲ႔ ႐ြာသားေတြေတြ႕သြားရင္ မင္းမသတ္ဘူးဆိုရင္ေတာင္မွ အမႈအခင္းျဖစ္ၿပီး အစစ္အေဆးခံရမယ္ကြ၊ ၿပီးေတာ့ ဒီညျဖစ္တဲ့ အျဖစ္အပ်က္ေတြကို မင္းဘယ္လိုလုပ္ၿပီးရွင္းျပမလဲ၊ မင္းရွင္းျပရင္ေရာ လူေတြက ယုံမွာတဲ့လား”

ဦးဘသာေျပာတာလည္း ဟုတ္ေနတာနဲ႔ က်ဳပ္လည္း မယဥ္ရဲ႕အေလာင္းကို ေျမႀကီးေပၚအသာကေလးခ်ၿပီးေတာ့ မတ္တပ္ရပ္လိုက္တယ္၊ ၿပီးေတာ့ အဲဒီေနရာကေနထြက္ခဲ့တာေပါ့ဗ်ာ၊ ဦးဘသာက ေျမျပင္ကိုလက္ညႇိဳးတစ္ခ်က္ထိုးလိုက္ေတာ့ က်ဳပ္တို႔ရဲ႕ေျခရာေတြ၊ သြားလာလႈပ္ရွားထားတဲ့အရာေတြက အကုန္ေပ်ာက္သြားတာ အံ့ၾသစရာႀကီးဗ်ာ၊ ဒီလိုနဲ႔ က်ဳပ္တို႔ႏွစ္ေယာက္ျပန္မယ္လုပ္ေနတုန္း လယ္ေစာင့္တဲအနားမွာ လူႏွစ္ေယာက္ေပၚလာတယ္ဗ်။

ထမီရင္လ်ားနဲ႔ ဆံပင္ဖားလ်ားခ်ထားတဲ့ မယဥ္ရယ္၊ ေနာက္ၿပီးေတာ့ ပုဆိုးတိုတိုနဲ႔ ခ်ည္သားဖ်င္ၾကမ္းအက်ႌကို လက္အနားေတြေခါက္ၿပီးဝတ္ထားတဲ့ ကိုဘေအးကို ေတြ႕လိုက္ရတယ္၊ ကိုဘေအး ကသူ႔ညီမ မယဥ္ကိုၾကည့္ၿပီးေတာ့

“ကဲ ငါ့ညီမ၊ အကိုတို႔ေတြ သြားၾကပါစို႔ကြာ”

ကိုဘေအးက အေရွ႕ကေလွ်ာက္သြားေတာ့ မယဥ္က ေခါင္းငိုက္စိုက္ခ်ၿပီးေတာ့ သူ႔အကိုအေနာက္ကေနလိုက္သြားတာ့တာပဲ၊ ကန္သင္း႐ိုးတစ္ခုကို ေက်ာ္သြားတဲ့အခ်ိန္မွာေတာ့ က်ဳပ္တို႔ျမင္ကြင္းကေန ေပ်ာက္ခ်င္းမလွ ေပ်ာက္သြားေတာ့တာပဲဗ်ာ။

ဦးဘသာအိမ္ကိုျပန္ေရာက္တဲ့အထိ က်ဳပ္က ေဘာင္းဘီတိုကေလးနဲ႔ဗ်၊ ပုဆိုးကေတာ့ သုႆန္ထဲက်န္ခဲ့ၿပီမဟုတ္လား၊ ဦးဘသာနဲ႔က်ဳပ္နဲ႔ ျခင္ေထာင္တစ္ခုထဲမွာ အတူတူအိပ္ၾကတယ္၊ က်ဳပ္လည္း အိပ္မေပ်ာ္ပါဘူးဗ်ာ၊ ကိုယ့္ေရွ႕မွာတင္ လူတစ္ေယာက္ေသသြားတာကိုျမင္ထားေတာ့ စိတ္ေကာင္းပါ့မလား။ က်ဳပ္လည္းရင္ဘတ္ေပၚလက္တင္ၿပီးေတာ့ ျခင္ေထာင္အမိုးကို ဘာရယ္မဟုတ္ၾကည့္ေနမိတယ္၊

ဦးဘသာလည္း အိပ္ေပ်ာ္ပုံမရပါဘူး၊၊ က်ဳပ္ကိုေက်ာေပးၿပီး ေခြေခြကေလးလွဲေနတယ္။

“ဦးဘသာ၊ မယဥ္က ဘာလို႔ဒီလိုလုပ္သြားတာလဲ”

ဦးဘသာက သက္ျပင္းတစ္ခ်က္ခ်လိုက္ၿပီးေတာ့

“ပညာတတ္တဲ့လူက ပညာမရွိဘဲနဲ႔ မေနခ်င္ၾကတာ ထုံးစံပဲကြ”

“ဒါဆို ဦးဘျဖဴရဲ႕ ေခါင္းႀကီးကေရာ ဘယ္ေရာက္သြားတာလဲ”

“ခုေလာက္ဆို သူ႔ေနရာကိုသူ ျပန္ေရာက္ေနမွာပါကြာ”

“ဒါနဲ႔ ခုနက က်ဳပ္သရဲကိုေအးနဲ႔ ေဆာ္ၾကတာကေရာဗ်ာ”

“ဟား၊ ဟား အဲဒါကေတာ့ မင္းကိုဘီလူးေမွာ္သြင္းေပးခဲ့တာကြ”

“ဒါေၾကာင့္ျဖစ္မယ္ဗ်၊ က်ဳပ္ကို ကိုဘေအးက ေတာ္ေတာ္ထိုးႏွက္ေပမယ့္ က်ဳပ္ပူထူတာတစ္ခုပဲျဖစ္ၿပီးေတာ့ ဘာဒဏ္ရာမွ မရခဲ့တာကိုး”

ဦးဘသာက က်ဳပ္ဘက္ကိုလွည့္လိုက္ၿပီးေတာ့

“အိပ္ေတာ့အလတ္ေကာင္ေရ”

“ဘာပဲေျပာေျပာ မယဥ္ဒီလိုျဖစ္သြားတာေတာ့ က်ဳပ္စိတ္မေကာင္းဘူးဗ်ာ၊ သူေသရတာ က်ဳပ္တို႔တာဝန္မကင္းသလိုျဖစ္ေနတယ္မဟုတ္ဘူးလား”

ဦးဘသာက သက္ျပင္းတစ္ခ်က္ အရွည္ႀကီးခ်လိုက္တယ္ဗ်။

“လူဆိုတာ ကိုယ့္ၾကမၼာကို ကိုယ္ဖန္တီးတယ္မဟုတ္လားကြာ၊ အခုျဖစ္ရတာေတြကလည္း ငါတို႔ေၾကာင့္ဆိုတာထက္ သူဖန္တီးတဲ့ သူ႔ၾကမၼာေၾကာင့္လို႔ပဲ ေတြးလိုက္စမ္းပါ၊ ဒါေၾကာင့္္ ငါက စုန္းတစ္ေယာက္ရဲ႕ပညာကို ဖ်က္ဆီးခဲတယ္ကြ၊ ယဥ္ယဥ္ကိုေတာ့ မဖ်က္ဆီးလို႔မရလို႔ ဖ်က္ဆီးလိုက္ရတာ၊ စုန္းတစ္ေယာက္က အရွက္ကြဲ၊ သိကၡာအက်ခံၿပီး တစ္သက္လုံးေနႏိုင္ရင္ ေနႏိုင္ၾကတယ္ဆိုေပမယ့္ ပညာေတြမရွိေတာ့ဘဲ တစ္ရက္ေတာင္ ေနမေပ်ာ္ဘူးတဲ့ကြာ”

ေနာက္ေတာ့ ဦးဘသာက သူ႔လက္ဝါးနဲ႔ က်ဳပ္ရင္ဘတ္ေပၚကလက္ကို ဖိကိုင္လိုက္တယ္။

“အိပ္ေတာ့ . . . အိပ္ေတာ့”

မၾကာခင္ ႐ြာထဲက လင္းၾကက္တြန္သံကို ၾကားလိုက္ရတယ္၊ က်ဳပ္လည္း မ်က္လုံးေတြေမွးစင္းလာၿပီးေတာ့ အိပ္ေမာက်သြားေတာ့တာပါပဲဗ်ာ။

(၅)

မနက္မိုးလင္းေတာ့ ဦးဘသာနဲ႔က်ဳပ္နဲ႔ ထမင္းဆီဆမ္း၊ ေျမပဲဆန္ေၾကာ္၊ ငါးေျခာက္ဖုတ္နဲ႔ မနက္စာစားေနၾကတာေပါ့၊ ဒီအခ်ိန္မွာပဲ အငယ္ေကာင္က ၿခံဝကိုအေျပးေရာက္လာတယ္။

“အကိုလတ္ေရ၊ အကိုလတ္ေရ”

“ေဟ၊ အငယ္ေကာင္၊ ဝင္လာခဲ့ေဟ့”

အငယ္ေကာင္က ၿခံထဲေျပးဝင္လာၿပီး အိမ္ေရွ႕အမိုးေအာက္မွာ ထမင္းစားေနတဲ့ က်ဳပ္နဲ႔ဦးဘသာကိုၾကည့္တယ္။

“အကိုလတ္တို႔က ဒီမွာေအးေအးလူလူထမင္းစားေနၾကတယ္၊ ႐ြာထဲမွာေတာ့ ပြက္ေလာ႐ိုက္ေနၿပီဗ်”

ဦးဘသာက က်ဳပ္ကိုမ်က္စပစ္ရင္း ထမင္းဝါးေနတယ္၊ ဒါနဲ႔က်ဳပ္လည္း ဘာမွမမသိတဲ့ဟန္ေဆာင္လိုက္ၿပီးေတာ့

“ေဟ၊ ဟုတ္လား၊ ဘယ္သူဘာျဖစ္တာတုန္းဟ”

“ဦးဘျဖဴမိန္းမ၊ မယဥ္ေသၿပီတဲ့ဗ်ာ”

က်ဳပ္လည္း အရမ္းထူးဆန္းၿပီး အံ့ၾသသြားတဲ့ပုံစံ လုပ္ျပလိုက္ရတာေပါ့။

“ဟာ၊ ဟုတ္လား၊ ဘာျဖစ္တာလဲကြ”

“သူတို႔လယ္တဲထဲမွာ လည္ပင္းျပတ္ၿပီးေတာ့ ေသေနတာပဲတဲ့ဗ်ာ၊ အခု အေဖတို႔သြားၾကည့္ေနၾကၿပီ”

က်ဳပ္လည္း လက္ေတာင္မေဆးေတာ့ဘဲ အငယ္ေကာင္ရဲ႕အေနာက္ကိုအေျပးလိုက္လာခဲ့ေတာ့တာေပါ့ဗ်ာ၊ ဘာျဖစ္တယ္ဆိုတာေတာ့ က်ဳပ္က အကုန္သိၿပီးသားပါ၊ ဒါေပမယ့္လည္း မသိေအာင္ဟန္ေဆာင္ရတာ လြယ္တာမွတ္လို႔ဗ်ာ။

ေန႔လည္ေလာက္မွ ၿမိဳင္သာက ရဲေတြေရာက္လာၿပီး စစ္ေဆးၾကတယ္၊ ရဲေတြကေတာ့ ကိုယ့္ကိုယ္ကိုယ္အဆုံးစီရင္တယ္ဆိုၿပီးေတာ့ ေကာက္ခ်က္ခ်ၾကတယ္၊ ဒါနဲ႔ မယဥ္အေလာင္းကို ဦးဘျဖဴအုတ္ဂူေဘးနားမွာပဲ ဂူသြင္းဖို႔လုပ္ၾကတာေပါ့ဗ်ာ၊ ဒီေတာ့မွ ဦးဘျဖဴအုတ္ဂူႀကီးပြင့္ေနတာကို သိသြားၾကတယ္၊ အေဖကေတာ့ ဦးဘျဖဴမွာ ေ႐ႊသြားတစ္ေခ်ာင္းတပ္ထားလို႔ လာတူးေဖာ္ၾကတာျဖစ္ႏိုင္တယ္လို႔ေျပာတာပဲ၊ ဒီလိုနဲ႔ပဲ မယဥ္ေသေတာ့ အားလုံးေအးေအးေဆးေဆးနဲ႔ ၿပီးဆုံးသြားတာေပါ့ဗ်ာ။ ဦးဘျဖဴသားသမီးေတြလည္း အေမြေတြကို ခြဲေဝယူလိုက္ၾကတာေပါ့။

က်ဳပ္ကေတာ့ ဒီအျဖစ္ေတြကိုၾကည့္ရင္းသင္ခန္းစာေတာ္ေတာ္ရသြားတယ္၊ အျဖစ္ေတြကို အစျပဳခဲ့ရတာက ဦးဘျဖဴရဲ႕ ေလာဘေတြေၾကာင့္ပဲဗ်၊ ေနာက္ၿပီးေတာ့ မယဥ္ရဲ႕ ေမာဟေတြေၾကာင့္ သူကိုယ္တိုင္စုန္းတစ္ေယာက္ျဖစ္ခဲ့တယ္၊ သူ႔ရဲ႕အမိုက္အမဲ ေဒါသေတြေၾကာင့္လည္း သူတို႔ေမာင္ႏွမေရာ၊ သူ႔ေယာက္်ားျဖစ္တဲ့ ဦးဘျဖဴပါ ပ်က္စီးခဲ့ရတယ္မဟုတ္လားဗ်ာ။ မယဥ္က ဦးဘျဖဴလည္းေသေစ၊ ဦးဘျဖဴပိုင္တဲ့အရာေတြကိုလည္း သူရပါေစဆိုၿပီးေတာ့ ေလာဘတက္ခဲ့လို႔ အခုေတာ့ သူေသသြားေတာ့ ဘာမွေတာင္မရလိုက္ဘဲ အုတ္ဂူတစ္လုံးပဲ ပိုင္ဆိုင္ခဲ့တာ သာဓကေပါ့ဗ်ာ။

“အလိုႀကီးရင္ အရနည္းတတ္သတဲ့ကြ”

သုႆန္ထဲက ေဘးခ်င္းကပ္လွ်က္ အုတ္ဂူအသစ္ႏွစ္လုံးကိုၾကည့္ရင္း ဦးဘသာက ေရ႐ြတ္လိုက္တယ္ဗ်၊ ၿပီးေတာ့ သုႆန္ထဲကေနထြက္သြားေတာ့တာပါပဲ၊ က်ဳပ္လည္း ဆက္ၿပီးၾကည့္ေနေသးတယ္၊ ေနာက္ေတာ့ ေက်ာထဲစိမ့္သလိုလို ခ်မ္းသလိုလိုျဖစ္လာတာနဲ႔ ဦးဘသာအေနာက္ကို ေျပးလိုက္ခဲ့ေတာ့တာပါပဲ။

“ဦးဘသာ၊ က်ဳပ္ကိုေစာင့္ပါအုံးဗ်”

ၿပီးပါၿပီ။

#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ