Unicode Version
“စုန်းထီးကြီး ဦးဘသာနှင့် ရုက္ခစိုးမှော်”(စ/ဆုံး)
——————————————————–
အတွဲ(၃) စာစဉ် (၁၇)
(၁)
စပါးတွေအတော်ရင့်ပြီး သီးတော့မယ့်အချိန်ပေါ့ဗျာ၊ ဒီလိုအချိန်ဆိုရင်တော့ စပါးခင်းထဲမှာ ပေါင်းတွေအတော်ပွထတဲ့အချိန်ပေါ့ဗျာ၊ စပါးမသီးခင် ပေါင်းလိုက်၊ တမန်းထိုးထားတော့မှ စပါးတွေသီးအား၊ ဖွံ့အားကောင်းတာမဟုတ်လား၊ လယ်တောထဲမှာပေါက်တဲ့ပေါင်းပင်တွေဆိုတာက ကျုပ်တို့အတွက်တော့ စားစရာအပင်တွေပေါ့ဗျာ၊ စားလို့မရတဲ့အပင်ဆိုရင်လည်း နွားစာကျွေးဖို့ ယူလာခဲ့တာပေါ့၊ လယ်ခင်းထဲမှာ ထမင်းစားရတာကို ကျုပ်တို့ကတော့ပျော်တယ်၊ လယ်ထဲထမင်းစားတဲ့အခါ အတို့အမြှုပ်ကတော့ လောလောလတ်လတ်ခူးထားတဲ့အရွက်တွေကို တို့ကျ၊ စားကြတာပေါ့ဗျာ၊ ဦးဘသာရဲ့လယ်ကွက်ထိပ်နားမှာ ညောင်ပင်လေးတစ်ပင်ပေါက်နေတယ်ဗျ၊ ညောင်ပင်ဆိုတာကလည်း အဖြစ်မြန်တယ်မဟုတ်လား၊ မိုးဦးကျတုန်းက သတိမထားပေမယ့် အခုမိုးနှောင်းရောက်ခါနီးတော့ ညောင်ပင်လေးက လူတစ်ရပ်လောက်ရှိနေပြီဗျ၊ အရွက်အညွှန့်တွေလဲ နုဖတ်နေတာပဲဗျာ၊ တစ်ရက်တော့ ကျုပ်လည်း အဲဒီညောင်ပင်လေးကိုသွားကြည့်မိတယ်။
“ညောင်ပင်က ညောင်ချဉ်ပဲ အငယ်မရဲ့”
“ဟုတ်ပါရဲ့၊ အဖူးလေးတွေဆို နုနေတာပဲ၊ နေ့လည်ထမင်းစားရင်တော့ ညောင်ချဉ်လေးတို့စားမှထင်တယ်”
ညောင်ချဉ်ရဲ့အရွက်က တခြားညောင်ရွက်တွေနဲ့မတူဘူးဗျ၊ သူက ခပ်ဝန်းဝန်းရှိတယ်၊ အရွက်ထွက်ပြီး အရွက်တွေမပြန့်ခင်မှာ အလိပ်ကလေးတွေဖြစ်နေတတ်တယ်၊ ဒါကိုကျုပ်တို့က အဖူးလို့ခေါ်တာပေါ့ဗျာ၊ ညောင်ချဉ်ဆိုတဲ့အတိုင်း သူ့အရွက်က ချဉ်ချဉ်၊ ဖန်ဖန်ကလေးဗျ၊ အရွက်ကြမ်းသွားရင်တော့ အဖန်ဓါတ်များသွားပေမယ့် အရွက်နုတဲ့ ခုနကလို အဖူးကလေးတွေဆိုရင်တော့ အချဉ်စူးတာပေါ့ဗျာ၊ အဲဒါကို ငါးပိချက်ကလေးနဲ့ မြှုပ်ပြီးစားလိုက်လို့ကတော့ ချဉ်ချဉ်မွှေးမွှေးကလေးဗျ။
လူတစ်ရပ်မရှိတရှိအပင်ကလေးက အကိုင်းအခက်တွေလည်း ဝေလို့ဗျ၊ ကျုပ်က ယာထဲပေါင်းလိုက်ရမှာမို့လို့ အငယ်ဆုံးညီမကို ခူးခိုင်းခဲ့တာပေါ့ဗျာ၊ ညောင်ချဉ်ဖူးက သိပ်မရှိပေမယ့် တစ်နပ်စာတော့ စားလောက်တယ်ဗျ။
“ဦးဘသာကြီးရေ၊ ထမင်းစားတော့မယ်ဗျို့”
ကျုပ်အော်လိုက်တာနဲ့ ဦးဘသာလည်း သူ့တဲထဲကနေ ဒန်အိုးစုတ်ကလေးကိုင်ပြီး ထွက်လာတော့တာပါပဲ၊ အခုနောက်ပိုင်းတော့ ဦးဘသာက ထမင်းစားတိုင်း ကျုပ်တို့နဲ့အတူတူလာစားလေ့ရှိတယ်ဗျ၊ ကျုပ်တို့တဲမှာက ရေမီးအစုံကိုးဗျ၊ နို့ညှာညီမက ဖရုံပွင့်နဲ့ ဖရုံသီးကင်းလေးတွေကို ပြုတ်တယ်၊ အငယ်ဆုံးညီမကတော့ ညောင်ချဉ်ဖူးလေးတွေကို ရေစင်အောင်ဆေးတယ်ပေါ့ဗျာ၊ အမေထည့််ပေးလိုက်တဲ့ ခရမ်းချဉ်သီးငရုပ်စပ်ဟင်းလေးနဲ့ဆိုတော့ စားလို့သိပ်လိုက်တာပေါ့ဗျာ။
ငါးပိချက်ခွက်ကိုအလယ်မှာချပြီးတော့ ကျုပ်တို့ဝိုင်းထိုင်ပြီးစားကြတာပေါ့၊ ထမင်းကိုတစ်လုပ်စာပြင်ပြီးတော့ ထမင်းအောက်ထဲကို ညောင်ချဉ်ဖူးလေးထိုးမြှုပ်ထည့်ပေါ့ဗျာ၊ ပြီးတော့ အပေါ်က ခရမ်းချဉ်သီးငါးပိချက်ကလေးဆမ်းပြီးတော့ ငါးခြောက်တစ်ဖဲ့နဲ့ ပါးစပ်ထဲကိုထိုးထည့်ဝါးတာပေါ့၊ ညောင်ချဉ်က ချဉ်ချဉ်စူးစူးဆိုတော့ စားလို့မြိန်တာပေါ့ဗျာ။
“တို့မြန်မာစကားမှာ အတို့အမြှုပ်ဆိုတာရှိတယ်ကွ၊ အတို့ဆိုတာကတော့ သခွားသီးလိုအသီးတွေပေါ့ကွာ၊ ငါးပိရည်၊ ငါးပိချက်နဲ့ တို့တို့ပြီးစားရတာကိုး၊ အမြှုပ်ဆိုတာကတော့ ခုလိုအသေးအမွှားအရွက်ကလေးတွေကိုခေါ်တာကွ၊ ထမင်းထဲမြှုပ်ပြီးတော့ စားကြတယ်ပေါ့ကွာ”
ဦးဘသာက စားနေရင်းစကားစတယ်။
“အတို့ဖြစ်ဖြစ်၊ အမြှုပ်ဖြစ်ဖြစ် ကျုပ်တို့ကတော့ အကုန်ဆွဲတယ်ဗျာ၊ ဦးဘသာ ညောင်ချဉ်စားပါအုံးလား၊ နုဖတ်နေတာပဲ”
ကျုပ်က ညောင်ချဉ်လေးတွေလှမ်းပြတော့ ဦးဘသာက ခေါင်းခါတယ်။
“နေပါစေကွာ၊ မင်းတို့လူငယ်တွေပဲစားကြ၊ ငါတို့ကတော့ အသက်ကြီးသွားလို့ထင်တယ်၊ အချဉ်စားရင် သွားတွေကြိမ်းတယ်ဟ”
ဦးဘသာကတော့ အကိုကြီးဖရုံခင်းထဲကနေ ကျုပ်ညီမခူးပြီးပြုတ်ထားတဲ့ ဖရုံသီးကင်း နုနုဖတ်ဖတ်ကလေးနဲ့ ခံတွင်းတွေ့နေတယ်ပေါ့ဗျာ။ စားသောက်ပြီးတော့ ထန်းလျက်ခဲကလေးကိုက်ပြီး ထမင်းလုံးစီနေတာပေါ့ဗျာ၊ ကျုပ်တို့ကတော့ စားသောက်ပြီးရင် အလုပ်တန်းမလုပ်ချင်ဘူး၊ နာရီဝက် တစ်နာရီလောက် နားနေကြသေးတာ၊ အဲဒါကို ထမင်းလုံးစီတယ်လို့ခေါ်တာပေါ့ဗျာ၊ အငယ်ကောင်ဆိုရင် လယ်တဲကထရံကိုမှီပြီး တခေါခေါနဲ့ အိပ်မောတောင်ကျနေပြီပေါ့ဗျာ၊ အိပ်လည်းအိပ်ချင်စရာကိုးဗျ၊ ထမင်းစားပြီးတော့ ဗိုက်ကလည်းလေးလာပြီ၊ လယ်ကွင်းထဲကိုဖြတ်တိုက်လာတဲ့ လေကလည်း တဖြူးဖြူးဆိုတော့ မျက်စိက အလိုလိုစင်းကျလာတာဗျ။ အငယ်မနှစ်ယောက်က အသက်မတိမ်းမယိမ်းအပြင် အခုနှစ်ယောက်လုံးအပျိုပေါက်တွေဖြစ်လာပြီဆိုတော့ ကျုပ်တို့နဲ့သိပ်မတွဲတော့ဘူး၊ သူတို့ညီအမအချင်းချင်း တွတ်ထိုးပြီးတော့ တခိခိနဲ့ရယ်နေတတ်တာပဲ၊ ကျုပ်နဲ့ဦးဘသာကတော့ တစ်ဖွဲ့ပေါ့ဗျာ။
အငယ်မတွေကတော့ လယ်တဲအနောက်ဘက်မှာ ထိုင်နေကြရင်း တခိခိနဲ့ရယ်နေကြတာပဲ၊ နောက်တော့ တခိခိကနေ တဝါးဝါးနဲ့ဖြစ်လာတော့တာ၊ ကျုပ်တို့စကားသံတွေကိုဖုံးလာပြီး အတော်ဆူလာလို့ ကျုပ်ဖြင့်ငေါက်လိုက်ရသေးတယ်။
“ဟဲ့ကောင်မလေးတွေ၊ နင်တို့ကလည်း မိန်းကလေးတွေဖြစ်ပြီးတော့ သိပ်ရယ်တာပဲ၊ တိုးတိုးတိတ်တိတ်နေကြစမ်း”
ကျုပ်ငေါက်လိုက်ပေမယ့် တိတ်မသွားတဲ့အပြင် နှစ်ယောက်စလုံးက တဝါးဝါးတဟားဟားနဲ့ကို ရယ်တော့တာပဲ၊ ကျုပ်လည်း ကျုပ်ပြောတဲ့စကားကို အလေးမထားရကောင်းလားဆိုပြီးတော့ ဒေါသထွက်ပြီး လယ်တဲအနောက်ဘက်ကိုထွက်ခဲ့တာပေါ့ဗျာ။ လယ်တဲအနောက်ဘက် ထင်းပုံအနားမှာ အငယ်မနှစ်ယောက်က ခွက်ထိုးခွက်လန်ရယ်နေတာဗျ၊ အငယ်ဆုံးညီမဆိုရင် မြေပေါ်မှာပက်လက်လန်နေပြီးတော့ ဗိုက်ကိုနှိပ်ရင်း ရယ်နေတော့တာ။ ကျုပ်လည်း သူတို့ရယ်နေတာကို စိတ်ဆိုးနေရင်းကနေ ဘာကြောင့်မှန်းမသိ စိတ်ထဲရယ်ချင်လာတာဗျို့၊ သူများရယ်တာတွေ့ရင် လိုက်ရယ်ချင်တယ်ဆိုတာမျိုးဖြစ်မှာပေါ့ဗျာ၊ ရယ်ချင်တာကလည်း အောင့်ထားလို့မကောင်းဘူးဆိုတော့ ကျုပ်လည်း ရယ်ချလိုက်တာပေါ့ဗျာ။
“ဟား၊ ဟား၊ ဟား”
ကျုပ်လည်း အငယ်မရယ်တာကိုကြည့်ပြီး လိုက်ရယ်မိတယ်၊ နို့ညှာညီမက ကျုပ်ကိုလက်ညှိုးထိုးပြီးတော့ ရယ်ပါရော၊ ရယ်တာကလည်း အူလှိုက်သည်းလှိုက်ပဲဗျ၊ မနားတမ်းရယ်နေရင်းနဲ့ နောက်တော့ မျက်ရည်တွေပါ သူ့အလိုလိုကျလာတာဗျာ၊ ပါးစပ်ဆို စေ့လို့ကိုမရတော့ဘူး၊ နောက်တော့ ဦးဘသာက ကျုပ်အနားကိုလျှောက်လာတယ်။
“ဟဲ့ ဒီမောင်နှမတွေ ဘာတွေခွက်ထိုးခွက်လန်ရယ်နေကြတာလဲ၊ ငါ့လဲပြောပါအုံးဟ၊ ငါလည်းရယ်ချင်လို့”
ဦးဘသာက ကျုပ်ပုခုံးကို ကိုင်ပြီး သူ့ဘက်ဆွဲလှည့််လိုက်တော့ ကျုပ်လည်း ဦးဘသာမျက်နှာကြီးကြည့်ပြီး ရယ်တော့တာပဲဗျာ၊ ဦးဘသာကတော့ ကြောင်စီစီနဲ့ ရယ်နေတဲ့ကျုပ်တို့သုံးယောက်ကို ကြည့်နေတယ်။
“ဘာတွေသဘောကျနေတာလဲကွ၊၊ ဟေ”
ကျုပ်လည်း ပြန်ပြောဖို့လုပ်လိုက်ပေမယ့် စကားကိုပြောမရဘူးဗျာ၊ စိတ်ထဲမှာလည်း ရယ်ချင်နေတာနဲ့ စကားကိုမပြောနိုင်ဘဲ ရယ်နေမိတာ၊ ရယ်ရင်းရယ်ရင်း ဗိုက်တွေအောင့်တက်လာတယ်ဗျ၊ နို့ညှာမဆိုရင် မောပြီးတော့ တက်မလိုချက်မလိုကိုဖြစ်သွားတာ၊ ကျုပ်လည်း ဗိုက်ကိုနှိပ်ပြီးတော့ ခါးကိုကိုင်းထားရတယ်၊ ရယ်ရတာ အူတွေနာတယ်ဆိုတာ ဒါမျိုးကိုပြောတာနေမှာဗျ၊ ခင်ဗျားတို့ကြုံဖူးချင်မှ ကြုံဖူးမယ်နော်၊ ဆယ်မိနစ်လောက် ရယ်လိုက်တာနဲ့ ဗိုက်တွေက အောင့်တက်လာတာ။
“ရယ်ပါများရင် ငိုရတတ်တယ်တဲ့အလတ်ကောင်ရ”
ဦးဘသာပြောပေမယ့် ကျုပ်ကတော့ အရယ်မရပ်တော့ဘူးဗျာ၊ နောက်တော့ ကျုပ်လည်း ထိုင်ကျသွားပါရော၊ ထိုင်တာတောင်ဆက်ရယ်နေသေးသဗျ၊ ရယ်နေရင်းနဲ့ အသက်ရှူတွေကြပ်လာပါရော၊ ဦးဘသာက ကျုပ်ငယ်ထိပ်ကိုလက်နဲ့ပုတ်ထည့်လိုက်တော့မှ ကျုပ်လည်း ဘယ်လိုကြီးဖြစ်သွားမှန်းမသိဘဲ အရယ်ရပ်သွားတော့တယ်။
“ဟေ့အလတ်ကောင်၊ မင်းတို့ဟာက မဟုတ်တော့ဘူးနော်”
မြေကြီးမှာရယ်ရင်း ထွန့်ထွန့််လူးနေတဲ့ နို့ညှာညီမကိုလည်း ဦးဘသာက လက်နဲ့ပုတ်ထည့်လိုက်တယ်၊ ဒီတော့မှ သူလည်းအရယ်ရပ်ပြီးတော့ အသက်ကိုမနည်းရှူရတာဗျ၊ အငယ်မပုခုံးကိုလည်း ပုတ်လိုက်ရော အငယ်မပါ အရယ်ရပ်သွားတယ်။
“မင်းတို့တော့ တစ်ခုခုမှားနေပြီဟေ့”
ဦးဘသာပြောတာနားထောင်ရင်း ကျုပ်စိတ်ထဲ ဝမ်းနည်းလာတာဗျ၊ ဘယ်လိုကြောင့် ဝမ်းနည်းမှန်းလဲမသိဘူး၊ ဦးဘသာက ကျုပ်ပုခုံးကိုပုတ်ရင်း
“အလတ်ကောင်၊ မင်းတို့ဘာတွေလုပ်ထားသလဲ”
အဲဒီလိုမေးလိုက်တော့ ကျုပ်လည်း တဟီးဟီးနဲ့ ငိုချလိုက်တော့တာပဲဗျာ၊ စိတ်ထဲလည်း အရမ်းဝမ်းနည်းတယ်၊ ကျုပ်ငိုတော့ ကျုပ်ညီမနှစ်ယောက်ကလည်း လိုက်ပြီး ငိုကြတယ်ဗျ၊ ဦးဘသာက ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေပြီ။
“ဟဲ့သောက်ခွေး၊ ခုနကတော့ ရယ်ပြီး၊ အခုတော့ ငိုနေကြပါလား”
ဦးဘသာက တစ်ခုခုကိုသိလိုက်ပြီကိုးဗျ။ ဒါနဲ့ ကျုပ်အနားမှာ ငိုနေတဲ့ နို့ညှာညီမရဲ့ နဖူးကိုလက်ညှိုးနဲ့တောက်ထည့်လိုက်တော့ နို့ညှာညီမက တစ်ချက်ယိမ်းသွားတယ်ဗျ၊ ပြီးတော့ တဆတ်ဆတ်တုန်လာတယ်၊
“ပြော၊ ဘယ်သူလဲ၊ ဘာဖြစ်တာလဲ”
“ငါ့နာမည် တုတ်ပေါ”
အဲဒီလိုပြောလိုက်တော့ ဦးဘသာက နဖူးကိုလက်ဝါးနဲ့ရိုက်ထည့်လိုက်တယ်။
“ငါသိပြီ၊ ငါသိပြီ၊ အေးပါ တုတ်ပေါရာ၊ သူတို့မသိလို့လုပ်မိတာပဲ ခွင့်လွှတ်လိုက်ပါ”
“ဒင်းတို့ကို ငါမကျေနပ်ဘူး”
“မကျေနပ်ရင်လည်း နောက်မလုပ်တော့ပါဘူးကွာ၊ ကလေးလေးတွေပါကွ၊ အသက်အရွယ်လည်း ငယ်ငယ်ပဲရှိကြသေးတာ၊ ငါပြောထားလိုက်မယ်ဟုတ်ပြီလား၊ မင်းလည်းပြန်တော့၊ သူတို့ကိုလုပ်ထားတာတွေလည်း ပြန်သိမ်းသွားနော်”
နို့ညှာမက ခေါင်းညိတ်ပြီးတော့ အရှေ့ကိုယိုင်ကျသွားတယ်ဗျ၊ ကျုပ်တို့လည်း ဒီတော့မှ အငိုရပ်တော့တယ်၊ ဒါတောင်မှ မျက်ရည်တွေက သူ့အလိုလိုစီးကျနေတာဗျာ၊ ငိုရတာမောလို့ ရှိုက်တောင်ရှိုက်နေမိတယ်။
“ကျုပ်၊ ကျုပ်တို့ဘာဖြစ်တာလဲ ဦးဘသာ၊ ဟင့် . . ဟင့်”
ကျုပ်ကငိုသံပါကြီးနဲ့မေးလိုက်တော့မှ
“မင်းတို့ ခုနကစားတဲ့ ညောင်ချဉ်တွေ ဘယ်ကရသလဲ”
“ဘယ်ကရမလဲဗျ၊ ဦးဘသာလယ်ကွက် အရှေ့နားမှာပေါက်နေတဲ့နေရာကပေါ့”
“ငါထင်တော့ထင်သားကွ၊ အဲဒီအပင်မှာ တုတ်ပေါနေတာကွ၊ တုတ်ပေါက ငါ့ကိုပြောတယ်၊ သူ့မှာနေစရာမရှိလို့ ခွင့်ပြုပါဆိုတာနဲ့ ငါလည်းခွင့်ပြုထားလိုက်တာ၊ နောက်ဆိုရင် မင်းတို့ မဆင်မခြင်မလုပ်နဲ့”
“ဟုတ်၊ ဟုတ်ကဲ့၊ ညောင်ချဉ်တွေ့တော့လဲ ခူးချင်တာပေါ့ ဦးဘသာရာ”
“ခူးချင်လည်း ခွင့်တောင်းခူးကွ၊ တော်သေးတာပေါ့ မသေကောင်းမပျောက်ကောင်းကွာ၊ ရယ်လွန်းရင်လည်း သေတတ်တယ်၊ ငိုလွန်းရင်လည်း သေတတ်သတဲ့ကွ၊ နောက်ဆို ဆင်ခြင်၊ ညောင်ပင်ဆိုတာ နှစ်တောင်တစ်မိုက်မြင့်တာနဲ့ နေတဲ့လူရောက်လာစမြဲပဲကွ၊ မဆင်မခြင်မလုပ်ကြနဲ့ဟေ့”
“ဟုတ်ကဲ့ပါ၊ ဦးဘသာ ကျုပ်မှတ်ထားလိုက်ပါ့မယ်”
ကျုပ်တို့မောင်နှမသုံးယောက်လည်း ရယ်လိုက်၊ ငိုလိုက်ရတာ မောလို့ စကားတောင်သိပ်မပြောနိုင်ပါဘူး၊ ဒီတော့မှ အိပ်နေတဲ့အငယ်ကောင်က နိုးလာတယ်။
“အကိုလတ်တို့ ဘာတွေလုပ်ထားလို့ ဒီလောက်မောနေကြတာလဲ”
ကျုပ်လည်း မောမောနဲ့အငယ်ကောင်ကို မျက်စောင်းထိုးပြီး
“ရယ်ထားလို့ဟေ့၊ ရယ်ထားလို့ကွ၊ ဟုတ်ပြီလား”
(၂)
“ညောင်ပင်ရှိရင် ရုက္ခစိုးရှိတတ်တာ ထုံးစံပဲကွ”
အိမ်ရောက်လို့ အဖေ့ကိုပြောပြတော့မှ အဖေကပြောတယ်။
“ဒါနဲ့ မင်းတို့ဘောကြီးကို သိတယ်မဟုတ်လား”
“သိတာပေါ့ဗျ၊ ဘောကြီးက ကျုပ်သူငယ်ချင်းပဲဟာကို”
“အေး၊ အဲဒီဘောကြီး နာမည်ဘယ်လိုဖြစ်လာတယ်ဆိုတာရော မင်းသိသလား”
အဖေမေးတော့ ကျုပ်လည်း ခေါင်းခါလိုက်မိတယ်၊ တကယ်တော့ ဘောကြီးဆိုတာ ကျုပ်ထက်အသက်တစ်နှစ်လောက်ကြီးတဲ့လူပါ၊ ကျုပ်နဲ့ငယ်ငယ်ကလေးထဲက သိပ်ခင်တဲ့သူတွေပေါ့၊ ဒါပေမယ့် သူ့ကို တစ်ရွာလုံးက ဘောကြီးပဲခေါ်တာ၊ ကျုပ်တို့သိတတ်ကတည်းက ဘောကြီးပဲခေါ်ကြတာဗျ။
“ဒီကောင်ငယ်ငယ်၊ သုံးလေးနှစ်လောက်တုန်းက သူ့အမေနဲ့ တောထဲလိုက်သွားတယ်ကွာ၊ နောက်တော့ တောတိုးရင်း သေးပေါက်ချင်တာနဲ့ ညောင်ပင်တစ်ပင်အောက်မှာ ပေါက်မိသတဲ့၊ ရွာပြန်ရောက်တော့ သူ့ကပ်ပယ်အိတ်က တဖြည်းဖြည်းကြီးလာတာကွ၊ ဘယ်လောက်ကြီးသလဲဆိုရင် ဥသျှစ်သီးလောက်ကို ဖြစ်လာတာ၊ သွေးကြောကြီးတွေဆိုရင်လည်း ကြွတက်နေတာပဲ၊ ဒါနဲ့ ဦးမှတ်ကြီးနဲ့တွေ့တာပေါ့ကွာ၊ ဦးမှတ်ကြီး မေးမြန်းလိုက်တော့မှ ရုက္ခစိုးက မကျေနပ်လို့ လုပ်ထားတာတဲ့၊ ဦးမှတ်ကြီးလည်း ကလေးမို့မသိလို့ဆိုပြီး ပြန်တောင်းပန်ရတာပေါ့ကွာ၊ အဲဒီတော့မှ ပြန်သေးပြီး နဂိုအတိုင်းဖြစ်သွားတာ၊ သူ့ကပ်ပယ်အိတ်က နဂိုအတိုင်းဖြစ်သွားပေမယ့်် ဒီကောင်ဖြစ်ခဲ့တာကို တစ်ရွာလုံးက သိသွားတာမို့လို့ ဘောကြီး၊ ဘောကြီးနဲ့ခေါ်ရင်း အဲဒီနာမည်တွင်သွားတာပေါ့ကွာ”
အဖေပြောတော့မှ ကျုပ်လည်းဇတ်ရည်လယ်တော့တယ်၊ ဒါကြောင့် ဒီကောင်ဘောကြီးလည်း မင်းနာမည်ဘာလို့ဖြစ်လာတာလဲလို့မေးရင် သိသလိုလို၊ မသိသလိုလို ကြောင်အမ်းအမ်းနဲ့ဖြစ်နေတာပေါ့ဗျာ။
“ဗျို့၊ သူကြီး . . . သူူကြီးရှိသလား”
အဖေက ခြံရှေ့ကိုလှမ်းကြည့်တယ်၊ ကျုပ်ကြည့်လိုက်တော့ လူတစ်ယောက်ရပ်နေတယ်ဗျ၊ သူ့ကိုတော့ တစ်ခါမှမြင်ဖူးဘူး၊ ဒါနဲ့အဖေက ကျုပ်ကိုမျက်စပစ်ပြတယ်၊ ကျုပ်လည်း
“ရှိတယ်ဗျို့၊ ဝင်သာလာခဲ့ဗျာ”
ဒီလူက ခြံတံခါးကိုဖွင့်ပြီး ဝင်လာတယ်၊ အချိန်ကတော့ ညနေစောင်းနေပြီပေါ့ဗျာ၊ ဒီလူကို ကျုပ်က ထိုင်ခုံတန်းမှာထိုင်ဖို့ နေရာချပေးလိုက်တော့ သူက အဖေ့အရှေ့မှာ ဝင်ထိုင်တယ်ဗျ။ အဖေက သေချာကြည့်ပြီးတော့
“မောင်ရင့်ကို ကျုပ်မမြင်ဖူးဘူး၊ ဘယ်အရပ်ကနေ လာပါလိမ့်”
ထိုလူက ပြုံးရင်း
“ကျွန်တော်က မြစ်သားဘက်ကနေလာခဲ့တာပဲ ဦးလေး”
အဖေက ခေါင်းညိတ်ရင်း
“မြစ်သားဆိုတာ ကြားတော့ကြားဖူးတယ် မောင်ရင်၊ မြစ်သားကြက်သွန်ဆိုတာ နာမည်ကြီးပေါ့၊ နို့ ငါ့ဆီလာရအောင် ဘာကိစ္စရှိလို့လဲကွ”
“ဒီလိုပါဦးလေး၊ ကျွန်တော့နာမည်က ခင်မောင်ပါ၊ ကျွန်တော်က ဝိဇ္ဖာလမ်းကို လိုက်နေတဲ့လူငယ်တစ်ယောက်ပါ”
အဖေက ပြုံးစိစိနဲ့ကျုပ်ကိုလှမ်းကြည့်တယ်၊ ကျုပ်ကလည်း ပြန်ပြုံးလိုက်မိတယ်ဗျ၊ တိုက်တိုက်ဆိုင်ဆိုင် သူနဲ့ကျုပ်နဲ့ နာမည်လာတူနေတာကိုး။ အဲဒီ ခင်မောင်က ဆက်ပြောတယ်ဗျ။
“ကျွန်တော်၊ ဒီရွာကိုလာရတဲ့အကြောင်းအရင်းကတော့ ကျွန်တော်ကိုယ်တိုင် ကျင့်စဉ်တစ်ခုကျင့််မယ့်အကြောင်းကို သူကြီးကိုလာပြီး အသိပေးပြီး မေတ္တာရပ်ခံတာပါ”
“ဘာကျင့်စဉ်များပါလိမ့်မောင်ရင်၊ ဦးလေးကတော့ ကြိုပြောထားမယ်နော်၊ မဟုတ်တဲ့ကျင့်စဉ်တွေ၊ နောက်ပြီးတော့ ဒီရွာကိုထိခိုက်စေမယ့် ကျင့်စဉ်တွေဆိုရင် ဦးလေးက ခွင့်မပြုနိုင်ဘူး”
ခင်မောင်က ခေါင်းညိတ်ရင်း
“ကျွန်တော်ကျင့်မယ့်် ကျင့်စဉ်က ဒီရွာကို ဘာမှအန္တရာယ်မပြုပါဘူး ဦးလေး၊ ကျွန်တော်ကျင့်မှာကတော့ ရုက္ခစိုးမှော်ဆိုတဲ့ ကျင့်စဉ်ပါ၊ မှော်ဆိုပေမယ့် သူ့ရဲ့ကျင့်စဉ်က ဘုရားဂုဏ်တော်တွေကို ပွားများပြီးတော့ မေတ္တာဘာဝနာစီးဖြန်းရမယ့် ကျင့်စဉ်တစ်ခုဖြစ်လို့ မကောင်းတဲ့ကျင့်စဉ်မဟုတ်တာတော့ အသေအချာပါပဲ ဦးလေး”
အဖေက ဘာမှမပြောဘဲ တွေးပဲတွေးနေတယ်ဗျ၊ စိတ်ဝင်စားသွားတာကတော့ ကျုပ်ပဲဗျာ၊ ရုက္ခစိုးမှော်ဆိုတာကို စိုင်းရာဇာနဲ့တွေ့တုန်းက အရိပ်အမွက်လောက်သိခဲ့ရတယ်မဟုတ်လား (ထိုအကြောင်းကို စုန်းထီးကြီး ဦးဘသာနှင့် ရုက္ခစိုးမကယ်နိုင်ပေါင် တွင် ဖော်ပြပြီးဖြစ်ပါသည်)။ အခုတော့ ကျုပ်အရမ်းသိချင်နေတဲ့ ရုက္ခစိုးမှော် ဘယ်လိုကျင့််မယ်ဆိုတာကို သိရတော့မယ်လေဗျာ၊ ခင်မောင်က ဆက်ပြောတယ်ဗျ။
“ကျွန်တော်ကျင့််မှာကလည်း ဒီရွာမှာမဟုတ်ပါဘူး၊ ဒီရွာရဲ့အနောက်ဘက်နားက ဖက်လိပ်ရွာဟောင်းထိပ်က ညောင်ပင်ကြီးဆီမှာ ကျင့်မှာပါဦးလေး”
“ဦးလေးက ဒီလောကီအကြောင်းတွေကို သိပ်တော့နားမလည်ပါဘူးမောင်ရင်၊ ဒါပေမယ့် အဲဒီညောင်ပင်ကြီးနဲ့ ဖက်လိပ်ရွာကတော့ နာမည်ဆိုးရှိတယ် မောင်ရင်ရေ၊ ဦးလေးက မဖြစ်သင့်တာ မဖြစ်ရအောင်ကြိုပြောထားတဲ့သဘောပါ”
“ရပါတယ် ဦးလေး၊ ကျွန်တော်အကုန်စီစဉ်ထားပါတယ်”
“ဒါဆိုရင်လည်း ဦးလေးက တားစရာအကြောင်းမရှိပါဘူးကွာ”
အဲဒီခင်မောင်က လွယ်အိတ်ထဲကိုနှိုက်ပြီးတော့ ပိုက်ဆံတွေထုတ်တယ်ဗျ။
“ကျွန်တော်လာခဲ့ရတာကလည်း ဦးလေးဆီမှာ အကူအညီတောင်းဖို့ပါပဲ၊ တစ်ခုကတော့ ကျွန်တော် အဲဒီညောင်ပင်ကြီးအောက်မှာ ကျင့်စဉ်ကျင့်ရမယ်၊ လနဲ့ချီပြီးကြာနိုင်တယ်ဦးလေး၊ ဒီတော့ ကျွန်တော်စားဖို့သောက်ဖို့ကိုတော့ တစ်ရက်ကို တစ်နပ်စာလောက် စီစဉ်ပေးဖို့ပါ၊ ဒီအတွက်လည်း ကျွန်တော် ငွေအလုံအလောက်ပေးမှာပါ”
ခင်မောင်က ငွေတွေကိုရေတွက်ပြီးတော့ အဖေ့ဆီလှမ်းပေးတယ်ဗျ၊ ကျုပ်လည်း စိတ်ထဲက လိုက်ရေကြည့်တော့ ငွေကသုံးရာနီးပါးရှိတယ်၊ အဖေက အဲဒီငွေသုံးရာကို ခင်မောင်ဘက်ကို ပြန်တွန်းပို့ပေးလိုက်တယ်။
“ဦးလေးတို့ ရွာကိုလာတဲ့ ဧည့်သည်ကို ဦးလေးတို့ ကျွေးမွေးဖို့တာဝန်ရှိပါတယ် မောင်ရင်ရာ၊ ငွေကြေးတွေ ပြောစရာမလိုပါဘူး”
ခင်မောင်က အဖေ့စကားကြားတော့ နှစ်နှစ်ကာကာပြုံးတယ်ဗျ။
“ဒါပေမယ့်လည်း ယူထားလိုက်ပါဦးလေးရာ၊ နောက်ထပ်ကျွန်တော် တောင်းဆိုစရာတစ်ခုက ရှိသေးတယ်ဗျ၊ အဲဒါကတော့ မပြောကောင်း၊ မဆိုကောင်း၊ ကျွန်တော်ကျင့်စဉ်ကျင့်ရင်း တစ်ခုခုတိမ်းစောင်းသွားလို့ သေသွားတယ်ဆိုရင် ဦးလေးတို့အနေနဲ့ ကျွန်တော့်ကို ကောင်းကောင်းမွန်မွန်သဂြိုဟ်ပေးစေချင်တာပါပဲ”
အဖေ့မျက်နှာကတစ်မျိုးပြောင်းသွားတယ်ဗျ။ နောက်တော့ ခေါင်းညိတ်လိုက်တယ်။
“ဒီအတွက်က ပူစရာ မလိုပါဘူးမောင်ရင်၊ တကယ်လို့ ဖြစ်လာခဲ့သည်ရှိသော်၊ ဦးလေးတို့ အကုန်စီစဉ်ပေးမှာပါ၊ ဒီငွေကိုမယူပါရစေနဲ့”
“ဒါဆိုရင် ကျွန်တော့်အတွက် နေ့တိုင်း ထမင်းပို့ဖို့၊ ရေပို့ဖို့ လူတစ်ယောက်လိုပါတယ်၊ ဦးလေးက ရွာသားတွေထဲက တစ်ယောက်ယောက်ကို အဲဒီတာဝန်ချထားပေးပါ၊ ဒီငွေကိုလည်း အဲဒီလူကို ပေးလိုက်စေချင်ပါတယ်”
ဒီအခါ ကျုပ်က စားပွဲပေါ်က ငွေသုံးရာကိုလှမ်းပြီးလက်ဝါးနဲ့အုပ်လိုက်တယ်၊ အဖေရော၊ အဲဒီခင်မောင်ရော ကျုပ်ကိုမော့ကြည့်တယ်ဗျ။
“ဒါတော့စိတ်သာချကိုခင်မောင်၊ ခင်ဗျားအကြံအစည်အောင်ပြီလို့သာမှတ်လိုက်တော့၊ ကျုပ်ခင်ဗျားကို ကူညီပေးမယ်ဗျာ”
အဖေကတော့ အံ့သြနေပုံရတယ်၊ ကျုပ်ကလည်း ဒါမျိုးကိစ္စဆိုရင် သိပ်စိတ်ဝင်စားတာမဟုတ်လား၊ အဖေကလည်း ကျုပ်စိတ်ကိုသိတယ်ထင်ပါရဲ့ခေါင်းညိတ်လိုက်တယ်။
“ကောင်းပြီမောင်ရင်၊ မောင်ရင်လိုအပ်သမျှကို ဟောဒီက ဦးလေးရဲ့သားကိုပြောပါ၊ သူက ကူညီပေးလိမ့်မယ်”
ခင်မောင်က ကျုပ်ကိုပြုံးကြည့်ရင်း
“ဒါနဲ့ ဒီကနောင်ကြီးနာမည်က”
“ကျုပ်နာမည်ကတော့ . . . ပြောမနေတော့ပါဘူးဗျာ၊ ကျုပ်ကိုတစ်ရွာလုံးကတော့ အလတ်ကောင်လို့ခေါ်တယ်၊ ခင်ဗျားလည်း အဲဒီလိုခေါ်ပေါ့”
“အလတ်ကောင်၊ အလတ်ကောင် ဆိုပါလား”
ခင်မောင်က ပြုံးရင်းခေါင်းညိတ်တယ်ဗျ၊ နောက်တော့ အဖေ့ဘက်ကိုကြည့်ပြီး
“ကျွန်တော်တော့ ဒီတစ်ခါအစီအရင် အောင်မြင်ပြီထင်ပါ့ဦးလေးရာ၊ အလတ်ဆိုတာ မဆိုးမကောင်း၊ မယုတ်မလွန်ပဲဗျ၊ မြတ်စွာဘုရားတောင်မှ အလယ်အလတ်ဒေသဖြစ်တဲ့ မဇ္ဇျိမ ဒေသမှာပွင့်တယ်မဟုတ်လား၊ ဘုရားရှင်ကျင့်သုံးတာကလည်း အလယ်အလတ်လမ်းစဉ်လို့ခေါ်တဲ့ မဇ္ဇျိမပဋိပဒာ လမ်းစဉ်မဟုတ်လားဗျာ၊ ဒီတော့ အတိတ်နိမိတ်ကတော့ ကောင်းနေပြီဗျာ၊ မဆိုးမကောင်း၊ အလယ်အလတ်ဖြစ်တဲ့ အလတ်ကောင်နဲ့ တွေ့နေပြီပဲ”
ခင်မောင်က တမင်ပြောတာလား၊ ကျုပ်ကိုမြှောက်ပြောတာလားတော့ မသိပေမယ့် ကျုပ်ကတော့ သွားကြီးဖြီးလို့ပေါ့ဗျာ၊ ပြီးတော့ ငွေသုံးရာကိုလှမ်းယူပြီး အိတ်ကပ်ထဲထည့််လိုက်တာပေါ့။
“မောင်ရင်လည်း ခရီးပန်းလာရောပေါ့၊ ညလည်းမိုးချုပ်နေပြီဆိုတော့ ဦးလေးတို့အိမ်မှာပဲ တစ်ညတည်းလိုက်ပေါ့”
“ရပါတယ်ဦးလေး၊ ဦးလေးတို့ အနေကျဉ်းကြပ်နေပါအုံးမယ်”
“မဟုတ်တာပဲမောင်ရင်ရာ၊ ဦးလေးတို့အိမ်ကို အမြဲဧည့်သည်တွေအဝင်အထွက်ရှိတော့ ဦးလေးတို့အနေနဲ့ဘာမှမထူးပါဘူး၊ ကဲ အလတ်ကောင်၊ ဧည့်သည်အတွက် ဘုရားခန်းရှေ့မှာ အိပ်ဖို့ပြင်ဆင်ပေးလိုက်ပါ၊ ပြီးတော့ တို့အတူတူထမင်းစားကြတာပေါ့”
ကျုပ်လည်း အဖေပြောတဲ့အတိုင်းပြင်ဆင်ပေးလိုက်ရတယ်၊ ပြီးတော့ အမေပြင်ပေးတဲ့ထမင်းဝိုင်းမှာ ကျုပ်တို့အတူတူထမင်းစားကြတာပေါ့ဗျာ၊ အဖေကတော့ အိမ်ကလူတွေနဲ့ မိတ်ဆက်ပေးနေတာပေါ့၊ ကျုပ်လည်း ပိုက်ဆံရထားတဲ့မျက်နှာနဲ့ အမေချက်ထားတဲ့ ကြက်သားရွှေဖရုံချက်ကလေးကို ဇွန်းနဲ့ခပ်ပြီး ကိုခင်မောင်ရဲ့ ပန်းကန်ထဲကို ခပ်ထည့််ပေးလိုက်တာပေါ့။
“ဟာ၊ နေပါစေအလတ်ကောင်ရာ”
“စားပါဗျ၊ ကိုခင်မောင်ရ၊ ကျုပ်အမေလက်ရာစားပြီးရင် ခင်ဗျားရွာကနေတောင်ပြန်ချင်မှာမဟုတ်ဘူးနော်”
“မဟုတ်ပါဘူးအလတ်ကောင်ရာ၊ ကျုပ်က သားသတ်လွတ်ပဲစားတာဗျ”
ကိုခင်မောင်ပြောတော့မှ ကျုပ်လည်းတော်တော်အားနားသွားတာ၊ အမေကတော့ ကျုပ်ကိုဒေါသမျက်စောင်းတွေနဲ့ကြည့်ပြီးတော့ ကိုခင်မောင်စားမယ့်ပန်းကန်ကို အသစ်ပြန်လဲပေးလိုက်တာပေါ့ဗျာ၊ ကိုခင်မောင်က စားသောက်ပြိးတော့ ဘုရားရှိခိုးတယ်ဗျ၊ ဘုရားရှိခိုးတာကလည်း အသံနေအသံထားနဲ့ကို ရှိခိုးတာ၊ တစ်နာရီ၊ နှစ်နာရီလောက်ကြတယ်ဗျ၊ မေတ္တာတွေပို့ပြီး အမျှတွေဝေနေသေးတာဗျ။
ကိုခင်မောင်ရဲ့ ပုံပန်းသဏ္ဍာန်ကိုပြောရမယ်ဆိုရင်တော့ အသားခပ်လတ်လတ်ဗျ၊ အရပ်က ကျုပ်လောက်ပဲ၊ ကိုယ်လုံးကိုယ်ထည်ကလည်း ကျုပ်နဲ့ခပ်ဆင်ဆင်ပါပဲဗျာ၊ ဒါပေမယ့် သူကတော့ ဝတ်တာစားတာ သန့်သန့်ပြန့်ပြန့်ဗျ၊ ကြည့်လိုက်တာနဲ့ကို သူတော်ကောင်းရုပ်ပေါက်တယ်ပေါ့ဗျာ၊ ကျုပ်တို့က မောမောပန်းပန်းနဲ့အိပ်သွားတာတောင်မှ သူကမအိပ်သေးဘူးဗျ၊ တရားထိုင်နေလေရဲ့ဗျာ။
(၃)
နောက်တစ်နေ့မနက်တောင်မလင်းသေးဘူး၊ ကိုခင်မောင်က ကျုပ်ကိုပေါက်တူးထမ်းခိုင်းပြီး၊ ထုံးတစ်အိတ်နဲ့အတူ ရွာထဲကထွက်ခဲ့တာပေါ့ဗျာ၊ ဖက်လိပ်ရွာဟောင်းဆိုတာ ကျုပ်တို့ရွာသားတွေ မသွားဝံ့တဲ့နေရာမဟုတ်လား၊ တောထနေတဲ့ ရွာဟောင်းကြီးကို မနက်ဝေလီဝေလင်းဖြတ်ရတာဗျ၊ မိုးကလည်းခပ်အုံ့အုံ့ဆိုတော့ မှောင်နေတာပေ့ါဗျာ၊ ရွာဟောင်းကြီးရဲ့ ရွာလယ်လမ်းအတိုင်းလျှောက်လာရင်း သစ်လုံးတိုင်ကြီးတွေနဲ့ အိမ်ပျက်ကြီးတွေရှိတဲ့ ဘေးပတ်ဝန်းကျင်ကိုကြည့်ရင်း လာခဲ့ရတာပဲဗျို့၊ ရွာဟောင်းကိုကျုပ်တို့က ပြောင်းပြန်ဖြတ်နေသလိုပေါ့ဗျာ။ ရွာလမ်းဆုံးတော့ ညောင်ပင်ကြီးအောက်ကိုရောက်ရောဗျာ၊ အဲဒီညောင်ပင်ကြီးက ကျုပ်တို့အဘိုးမပြောနဲ့ ကျုပ်တို့အဘိုးရဲ့အဖေတောင်မှ မမီလိုက်တဲ့ညောင်ပင်ကြီးဗျာ၊ လူတွေပြောကြတာကတော့ ဖက်လိပ်ရွာတည်ကတည်းက ရှိနေခဲ့တယ်ဆိုပဲဗျာ၊ အပင်ကြီးက သက်တမ်းအနှစ်နှစ်ရာလောက်နီးနီးရှိပြီပေါ့။
အကိုင်းအခက်တွေက ဘေးကိုပြန့်ကားပြီးတက်သွားတာဗျ၊ အကိုင်းကြီးတွေတင် တော်တော်ကြီးနေတာ၊ တစ်ချို့အကိုင်းတွေဆိုရင် မြေကြီးကိုထိလုနီးနီးပါပဲ၊ ညောင်ပင်ကြီးက ညောင်မုတ်ဆိတ်တွေလည်း ကျနေတာပဲပေါ့ဗျာ၊ အဲဒီအောက်ကိုဝင်သွားလိုက်တာနဲ့ စိမ့်ပြီးအေးနေတော့တာ။ ကိုခင်မောင်က အဲဒီညောင်ပင်ကြီးကို သုံးပတ်ပတ်တယ်၊ ကျုပ်ကိုလည်း သူ့အနောက်ကနေလိုက်ခိုင်းပြီးတော့ သူနင်းလျှောက်ပြီးသွားတာနဲ့ တစ်လက်မအနက်လောက် ပေါက်တူးနဲ့ပေါက်ပြီးအရာပေးခိုင်းတာပေါ့ဗျာ၊ ညောင်ပင်ရဲ့ ပင်စည်အနားကနေ ကပ်ပြီးတစ်ပတ်ပတ်တယ်၊ ပါးစပ်ကလည်း ဘုရားစာတွေရွတ်တယ်၊ မေတ္တာတွေပို့နေတာပေါ့ဗျာ၊ ကျုပ်နားထောင်ကြည့်ရသလောက်ကတော့ ဒီအရိပ်မှာနေတဲ့ နာနာဘာဝ၊ ဝိနာဘာဝတွေကို မေတ္တာရပ်ခံပြီးဖယ်ရှားနေတာပါပဲ။
ကျုပ်လည်း ပေါက်တူးနဲ့လိုက်ပေါက်တာပေါ့ဗျာ၊ ဒီအချိန်မှာပဲ ညောင်ပင်ကြီးတစ်ပင်လုံးက တဖြန်းဖြန်းနဲ့လှုပ်လာပါရော၊ ကိုခင်မောင်က ကျုပ်ကိုလှည့်ကြည့်ပြီး
“ဘာမှမကြောက်နဲ့အလတ်ကောင်၊ ကျုပ်တစ်ယောက်လုံးရှိတယ်၊ ခင်ဗျားကိုသူတို့ရန်မပြုနိုင်ပါဘူး”
စည်းဝိုင်းတစ်ပတ်ပတ်မိတော့ ကိုခင်မောင်က ထုံးမှုန့်တွေကို ကျုပ်ပေါက်ထားတဲ့အထဲကို ဖြူးထည့််တယ်ဗျ၊ နောက်တော့ အဲဒီစည်းဝိုင်းကနေ အပြင်ဘက် ခြေလေးငါးလှမ်းလောက်အကွာမှာ နောက်တစ်ပတ်ထပ်ပတ်ပြီး ထုံးစံအတိုင်းစည်းတားတယ်၊ နောက်ဆုံးတော့ ညောင်ပင်ကြီးရဲ့ သစ်ကိုင်းတွေအဆုံးနေရာလောက်မှာ ထပ်ပြီးတစ်ပတ်ပတ်တယ်၊ ဒီလိုနဲ့ စည်းသုံးထပ် ပတ်ပြီးပြီပေါ့ဗျာ။
“အလတ်ကောင်၊ မင်းမှတ်ထားရမှာက အတွင်းစည်းကို ငါကလွဲလို့ ဘယ်သူမှ မဝင်ရဘူး၊ မင်းလည်းမဝင်ရဘူးကွ၊ မင်းကတော့ အပြင်စည်းနဲ့ အလယ်စည်းအထဲကိုဝင်ခွင့်ရှိတယ်”
“ဒါဆိုရင် ထမင်းပို့ဖို့ကျတော့ရောဗျာ”
“ထမင်းကို တောင်းနဲ့ထည့်ပြီး အလယ်စည်းဝိုင်းနဲ့ အတွင်းစည်းနဲ့ကပ်နေတဲ့နေရာမှာထားခဲ့၊ သောက်ရေအိုးကိုလည်း ဒီအတိုင်းပဲထားခဲ့၊ ကျုပ်လိုချင်တော့ စည်းထဲကနေ လက်လှမ်းပြီးယူလိုက်မယ်၊ ဟုတ်ပြီလား”
“ဒါနဲ့ ကျုပ်က ထမင်းကိုတစ်နေ့ တစ်နပ်ပဲ ပို့ရမှာလား”
ကိုခင်မောင်က ခေါင်းညိတ်တယ်။
“ကျုပ်၊ ကိုးပါးသီလယူလိုက်ပြီဆိုတော့ ညနေစာ စားဖို့မလိုတော့ဘူးအလတ်ကောင်၊ ပြီးတော့ ထမင်းလာပို့ရင်လည်း မနက်ပိုင်းကိုပဲလာပို့ပါ၊ ညနေစောင်းရင် ဒီနားကိုမလာပါနဲ့”
ကျုပ်လည်း ခေါင်းညိတ်လိုက်မိတယ်၊
“ဒါနဲ့ ကျုပ်တစ်ခုမေးချင်တယ်ဗျာ ကိုခင်မောင်၊ စပ်စုတယ်လို့တော့မထင်ပါနဲ့၊ ရုက္ခစိုးမှော်က ဘယ်လိုကျင့်ရတာလဲဗျ”
“ကျုပ်ပြောပါ့မယ်၊ ကျုပ်လည်း ပညာတွေကို သိုဝှက်မထားချင်ပါဘူး၊ ကျင့်စဉ်ကတော့ လွယ်ပေမယ့် ကျင့်ဖို့ကတော့ မလွယ်ဘူးဗျ၊ ရုက္ခစိုးမှော်ကျင့်ဖို့ဆို အရင်ဆုံး ငါးပါးသီလလုံရတယ်၊ ဘုရားတရားလုပ်ရတယ်ပေါ့ဗျာ၊ ပြီးရင်တော့ သားသတ်လွတ်စားရတယ်၊ ခဏတဖြုတ်စားလို့မရဘူးဗျ၊ ကျုပ်ဆို သားသတ်လွတ်စားလာတာ ဆယ်နှစ်ကျော်ပြီ”
“ဟာ၊ ဒီတစ်ချက်နဲ့တင် အတော်မလွယ်တာဗျို့၊ ကျုပ်ကတော့ အသားဆိုသိပ်ကြိုက်တာ”
“ဒါပေါ့ဗျ၊ ရုက္ခစိုးမှော်ဆိုတာ တန်ခိုးကြီးတဲ့ ရုက္ခစိုးမင်းကြီးတွေ ချစ်လာအောင်လုပ်ယူတာပဲဗျာ၊ ဒီတော့ ရုက္ခစိုးတွေက အသားငါးစားတဲ့လူကို မကြိုက်ဘူးဗျ၊ အညှီနံ့နံတယ်လို့ ဆိုတယ်”
ကျုပ်လည်း ကျုပ်ကိုယ်ကျုပ်နမ်းကြည့်လိုက်မိသေးတယ်၊ ဒါကိုတွေ့တော့ ကိုခင်မောင်က ပြုံးတယ်။
“အိုဗျာ၊ ဒီလိုနမ်းလို့မရဘူးဗျ၊ ခင်ဗျားတို့ အသားတွေနေ့တိုင်းစားနေရင် နတ်တွေ၊ ရုက္ခစိုးတွေ မကပ်နိုင်အောင် အညှီနံ့ရတယ်လို့ဆိုတာ၊ ဒီအတိုင်းတော့ အနံ့ခံလို့ဘယ်ရမလဲ”
“ဆက်ပြောပါအုံးဗျာ”
“ပြီးတော့ ကိုယ်နဲ့ရေစက်ပါနိုင်တဲ့ ရုက္ခစိုးရှိတဲ့ညောင်ပင်၊ အရပ်ဒေသကို တွက်ချက်ရတယ်ဗျ၊ တွေ့သမျှညောင်ပင်က ရုက္ခစိုးတိုင်းကို ကျင့်လို့မရဘူး၊ လူတွေလိုပေါ့ဗျာ။ လူစိမ်းသူစိမ်းထက်စာရင် ကိုယ်နဲ့သိကျွမ်းဖူးတဲ့သူကို ပိုခင်၊ ပိုယုံတတ်တယ်မဟုတ်လား”
“ဒါတော့ဟုတ်တယ်၊ ကျုပ်လည်း တစ်ခါကြုံဖူးပြီ၊ အရင်ဘဝက ရုက္ခစိုးနဲ့သူနဲ့ သားအဖတော်ဖူးတော့၊ အဲဒီလူကို ရုက္ခစိုးက စောင့်ရှောက်ကျေးဇူးပြုနေတာဗျ”
ကိုခင်မောင်က ခေါင်းညိတ်တယ်ဗျ။
“နောက်ဆုံးအချက်ကတော့ အရင်ဆုံးမိုးလင်းတာနဲ့ ဘုရားအာရုံပြုုရတယ်၊ ဘုရားဂုဏ်တော်တွေကို အခောက်တစ်ထောင်လောက်ပွားရတယ်၊ ပြီးတော့ ဒီအပင်က ရုက္ခစိုးမင်းကြီးကို မေတ္တာနာနာပို့ရတယ်ဗျ၊ လုပ်ရမှာကတော့ နေ့ရောညရော၊ အချိန်ရှိသရွေ့ မေတ္တာပို့နေရတာ၊ အထုံပါရမီကောင်းရင် ကိုးရက်နဲ့အောင်တယ်၊ ကိုးရက်မရရင်တော့ ဆယ့််ရှစ်ရက်၊ ဆယ့််ရှစ်ရက်နဲ့မရရင်တော့ နှစ်ဆယ့်ခုနစ်ရက်ပေါ့ဗျာ၊ ဒီလိုနဲ့ ကျင့်ရင်း ရက်ပေါင်းတစ်ရာ့ရှစ်ဆယ်ကြာလို့မှ ဘာမှမထူးသေးရင်တော့ ကျင့်စဉ်မအောင်ဘူးလို့သတ်မှတ်တယ်၊ နေရာပြောင်းပြီး အသစ်ပြန်ကျင့်ပေါ့ဗျာ”
“လွယ်တော့ အတော်မလွယ်ဘူးဗျ၊ ဒါနဲ့ ကိုခင်မောင် အခုမှစကျင့်ဖူးတာလား”
“ကျုပ်ကျင့်တာ လေးခါရှိပြီ၊ တစ်ခါကျင့််ရင် အချိန်ခြောက်လကြာတယ်၊ တစ်နှစ်ကိုတစ်ကြိမ်ပဲကျင့်နိုင်တယ်ဗျ၊ ခြောက်လလုံးလုံး ကိုးပါးသီလယူထားရတာဆိုတော့ ပြီးသွားတဲ့အခါ လူလည်းနုံးခွေပြီးတော့ နောက်တစ်ခါပြန်ကျင့်ဖို့ကို ခြောက်လလောက်အားပြန်မွေးရတာပဲဗျို့၊ အခုတော့ မန္တလေးက ဘိုးတော်ကြီးတစ်ပါးနဲ့တွေ့ခဲ့ပြီ၊ သူက ကျုပ်ကိုပညာနဲ့ကြည့်ပေးရင်း ဒီနေရာကို တန်းတန်းမတ်မတ်လမ်းညွှန်လိုက်တာပဲ အလတ်ကောင်ရေ”
ဒီအချိန်မှာပဲ စကားပြောသံတွေကြားရတယ်ဗျ၊ စကားပြောသံတွေက ခပ်လှမ်းလှမ်းကနေလာတာ၊ မသိရင် လူတစ်သိုက်ကြီး လမ်းလျှောက်ရင်း စကားပြောတာမျိုးပေါ့၊ နေုာက်တော့ စကားသံတွေက ဟိုးညောင်ပင်အပြင်ဘက် အပြင်စည်းအနားကနေ ကြားနေရတယ်ဗျ၊ အကောင်အထည်တော့ ဘာမှမမြင်ရဘူး၊ နောက်တော့ စကားသံတွေက မာလာတယ်၊ တောက်ခေါက်သံတွေလည်းပါတယ်ဗျ၊ ခဏကြာတာနဲ့ ကျောက်ခဲတွေ စည်းဝိုင်းထဲကို ပျံပြီးဝင်လာတာပဲဗျာ။ ကျုပ်ဖြင့်ကြောက်လို့ ဘာလုပ်ရမှန်းမသိဘူး၊ ကိုခင်မောင်က အတွင်းစည်းထဲမှာနေတယ်။
“အလတ်ကောင် ဘာမှမကြောက်နဲ့၊ အလယ်စည်းထဲသာနေ၊ ဒီကျောက်တုံးတွေက မင်းကိုမထိဘူး”
ကျုပ်လည်း ယံုံတော့မယုံဘူးဗျ၊ ကိုခင်မောင်က မျက်လုံးမှိတ်ပြီးတော့ ဘုရားစာရွတ်တယ်၊ နောက်တော့ မေတ္တာပို့နေတာပေါ့ဗျာ၊ ထူးလည်းထူးဆန်းတယ်ဗျ၊ ကျောက်တုံးတွေက အရှိန်နဲ့ပျံလာပေမယ့် အလယ်စည်းနဲ့ထိတယ်ဆိုရင်ပဲ တဖုတ်ဖုတ်နဲ့မြေကိုပြုတ်ကျတာ၊ မသိရင် အုတ်တံတိုင်းကြီးတစ်ခု ကာထားသလိုပေါ့ဗျာ၊ အလယ်စည်းကိုထိမှန်သွားတာနဲ့ အနောက်ကိုပြန်ကန်ပြီးတော့ အပြင်စည်းမှာပဲကျသွားတော့တာ၊ ကျုပ်ဖြင့် အံ့သြလို့မဆုံးပါဘူး။ ခဲနဲ့ပစ်တာ ငါးမိနစ်လောက်ပဲကြာမယ်ဗျ၊ ခဲတွေဆို စည်းဝိုင်းထဲမှာ ဖွေးသွားတာပဲဗျာ၊ ပြိးတာနဲ့ အားလုံးရပ်ပြီးငြိမ်ကျသွားတယ်။
“ကဲ အလတ်ကောင်၊ ခင်ဗျားလည်းပြန်တော့၊ ကျုပ်တရားမှတ်ရအုံးမယ်၊ ဘုရားကန်တော့ရအုံးမယ်”
“ဖြစ်၊ ဖြစ်ပါ့မလားဗျာ၊ ကျုပ် ပြန်ရမှာတောင် ခပ်လန့်လန့်ဗျ၊ မတော်လို့ ကျုပ်ကိုခဲနဲ့လိုက်ပေါက်နေရင် ဘယ့်နှယ့်လုပ်မလဲ”
“ခဲက ခင်ဗျားကိုပေါက်တာမဟုတ်ပါဘူးဗျာ၊ သူတို့က ကျုပ်ကိုဖျက်ချင်လို့ လာကြတာဗျ။ စိတ်သာချ၊ ခင်ဗျားကို ဘာမှမလုပ်စေရဘူး”
ကျုပ်လည်း ကြောက်ကြောက်နဲ့ ပေါက်တူးထမ်းပြီးပြေးတော့တာပဲဗျာ။
(၄)
“ဦးဘသာ၊ ရုက္ခစိုးမှော်ဆိုတာကို သိသလား”
“မင်းကလည်းကွာ၊ မသိတာကျနေတာပဲ”
“အခုကျုပ်တို့ရွာကို လူတစ်ယောက်ရောက်နေတယ်ဗျ၊ သူက ရုက္ခစိုးမှော်လာကျင့််တာတဲ့”
ဦးဘသာက မျက်မှောင်ကြုတ်ရင်း
“တို့ရွာမှာ ရုက္ခစိုးမှော်ကျင့်လို့ရတဲ့ သစ်ပင်မှမရှိဘဲကွ”
“ဟုတ်တယ်ဦးဘသာ၊ ကျုပ်ပြောတာဆုံးအောင်နားထောင်ပါအုံး၊ ကျုပ်တို့ရွာဆိုပေမယ့်် ဖက်လိပ်ရွာဟောင်းထိပ်က ညောင်ပင်ကြီးအောက်မှာ ကျင့်နေတာဗျ”
ဒီတော့မှ ဦးဘသာက ခေါင်းတဆတ်ဆတ်ညိတ်တယ်။
“အဲဒါအောင်သွားရင် ဘာဖြစ်သလဲဗျ”
“ရုက္ခစိုးက စောင့််ရှောက်တယ်ပေါ့ကွာ၊ စိုင်းရာဇာလိုပေါ့၊ မင်းလိုချင်တာ အကုန်ဖြစ်တယ်ကွ၊ ငါကြားဖူးတာကတော့ မြေကြီးခဲကိုကောက်ပြီး ရွှေဖြစ်စေဆိုရင်တောင် အဲဒီမြေကြီးက ရွှေအစစ်ဖြစ်သွားသတဲ့”
“ဟာ၊ စွမ်းလိုက်တာဗျာ၊ ဒါနဲ့ မအောင်မြင်ရင်ရော”
ဦးဘသာ ကျုပ်ကို မျက်စောင်းထိုးကြည့်ပြီး
“ဟ၊ ဒါကတော့ မင်းရဲ့လူကို မင်းသွားမေးပေါ့ကွ၊ ငါကစုန်းပဲ၊ ဒီအထက်လမ်းပညာတွေကို သိပါ့မလား၊ ဒါပေမယ့် ငါစိတ်ထင့်နေတာ တစ်ခုရှိတယ်ကွ”
“ဘာတုန်းဗျ”
“တို့ရွာဟောင်းထိပ်က သစ်ပင်ကြီးက မကောင်းဘူးနော်ကွ၊ လူတွေအဲဒီသစ်ပင်ကြီးအောက်မှာ သေခဲ့တာကလည်းမနည်းဘူး၊ မင်းအဘိုးခေတ်တုန်းကဆိုရင် ရွာထဲမှာ တော်လှန်ရေးသမားရှိတယ်ဆိုပြီး အဲဒီသစ်ပင်ကြီးမှာ တွဲလောင်းကြီးချိတ်ဆွဲပြီး သတ်ခဲ့ကြတာကွ၊ ငါ့အမေပြောဖူးတာကလည်း ဟိုးအရင်ခေတ်တုန်းက မင်းပြစ်မင်းဒဏ်သင့်တဲ့လူတွေကိုဆိုရင် ဗိုက်တွေခွဲပြီးတော့ အူတွေထုတ်ပြီး အဲဒီသစ်ပင်ကြီးရဲ့ပင်စည်မှာ မသေမရှင်ပစ်ထားကြတာဆိုပဲ”
“ကျုပ်တောင်ကျောချမ်းလာပြီဗျာ”
“အေး၊ ကြောက်ရင်တော့ အဲဒီအနားကိုမသွားတာကောင်းမယ်ဟေ့အလတ်ကောင်ရေ”
“မရတော့ဘူးဗျ၊ အခုဆို ကျုပ်က နေ့တိုင်းသွားရတော့မှာ၊ ဘာလို့လဲဆိုတော့ သူ့ကိုထမင်းပို့ဖို့ ကျုပ်က တာဝန်ယူလိုက်တာကိုး”
ဦးဘသာပုံကိုကြည့်ရတာ တော်တော်စိတ်ပျက်သွားတဲ့ပုံပဲဗျ။
“မင်းကတော့ကွာ၊ ဒီလိုအန္တရာယ်များတဲ့အလုပ်ကို မင်းကဘာလို့လုပ်တာလဲကွ၊ မင်းတော့နော် အဲဒီဆတ်ဆတ်ဆော့ဆော့စိတ်ကြောင့် မင်းတစ်နေ့ နောင်တရလိမ့်မယ်ကွ”
“ဒါဆိုလည်း ဦးဘသာကယ်ပေါ့ဗျာ၊ တစ်ခုခုဆို ကျုပ်မှာအားကိုးစရာ ဦးဘသာကြီးရှိတယ်မဟုတ်လား”
“မင်းကတော့ ပြောလေကဲလေပါလားကွာ”
ကျုပ်လည်း ဦးဘသာဆီကနေ ပြေးထွက်ခဲ့တာပေါ့ဗျာ၊ အဲဒီ ကိုခင်မောင်အတွက် သောက်ရေအိုးအသစ်တစ်လုံးရယ်၊ သောက်ရေခွက်ရယ် စီစဉ်ပေးရတယ်၊ ပြီးတော့ ထမင်းပန်းကန်တွေ ဘာတွေပေါ့ဗျာ၊ မနက်တိုင်း ကျုပ်ကတောင်းတစ်လုံးထမ်း၊ ရေတစ်ပုံးဆွဲပြီးသွားတာပဲဗျာ၊ ရေအိုးကိုရေလှယ်ပြီးတော့ သောက်ရေအသစ်ဖြည့်ပေါ့၊ မနေ့က ပို့ထားတဲ့ထမင်းတောင်းကိုသိမ်း၊ ဒီနေ့စာအတွက် အသစ်ထည့်ပေါ့ဗျာ၊ အမေကလည်း စေတနာကောင်းပါတယ်၊ ထမင်းကို နှစ်ယောက်စာနီးပါးကို ထည့်ပေးတာဗျ၊ ဟင်းကတော့ သားသတ်လွတ်ပေါ့ဗျာ၊ မိုးတွင်းဆိုတော့ အသီးအရွက်ပေါတာနဲ့ ဟန်ကျတာပေါ့ဗျ။ ထမင်းပို့ပြီးပြန်လာတိုင်းလည်း အဖေက ကျုပ်ကိုအမြဲမေးတယ်ဗျ၊ သူက သူကြီးဆိုတော့လည်း အမြဲလေ့လာနေတာပေါ့ဗျာ။ ဒါကြောင့်လည်း ကျုပ်ကိုထမင်းပို့တာဝန်ပေးထားတာဖြစ်မယ်ဗျ၊ ဒီလိုနဲ့ ဆယ်ရက်လောက်ကြာပြီးတော့ ကိုခင်မောင်က ကျုပ်ကိုစကားမပြောတော့ဘူးဗျ၊ သွားရင်လည်း လက်ဟန်ခြေဟန်နဲ့လုပ်ပြတာ၊ နောက်ပိုင်းကျတော့ ကျုပ်ကိုလှည့်တောင်မကြည့်ဘဲ တရားပဲမှတ်နေတော့တာ၊ ကျုပ်လည်း လုပ်စရာရှိတာလုပ်ပြီး ခပ်မြန်မြန်ပြန်တာပေါ့ဗျာ။
တစ်ရက်တော့ ကျုပ်ထမင်းတောင်းကလေးထမ်းပြီး ပြန်လာတော့ ကာလသားကိုမြင့်က ကျုပ်ဆီပြေးလာတယ်ဗျ။
“အလတ်ကောင်၊ မင်းရဲ့ဘိုးတော်က စည်းဝိုင်းအပြင်ကနေမထွက်ဘူးဆိုကွ”
“အောင်မယ်၊ ကိုမြင့်က စိတ်ဝင်စားနေတာလား၊ ဘိုးတော်မဟုတ်သေးပါဘူးဗျ၊ အခုမှ ကျင့်စဉ်ကျင့်တုန်းပါ”
“အေးကွာ၊ ငါကတော့ ဒီလူကို လူလိမ်လို့ပဲထင်တယ်”
“လုပ်ပြန်ပြီ၊ ကဲပြောပါအုံး၊ ကွန်မြူနစ် ကိုမြင့်က ဘယ်လိုထင်လို့လဲ”
ကိုမြင့်ဆိုတဲ့လူက အရင်က ကွန်မြူနစ်အလံနီလူငယ်အဖွဲ့ထဲဝင်ဖူးတယ်ဗျ၊ ဒီတော့ ဒီလိုအဖြစ်တွေကို သိပ်မယုံဘူး၊ အရင်ကဆို သရဲတောင်ယုံတာမဟုတ်ဘူး၊ သရဲက သူ့ကိုနားပန်ကျင်းလိုက်တော့မှ ယုံသွားတာမဟုတ်လား။
“ဒါက မင်းရှေ့မှာဟန်ဆောင်နေတာလည်းဖြစ်နိုင်တယ်၊ မင်းကွယ်သွားတော့မှ စည်းဝိုင်းထဲက ထွက်မယ်ဆိုရင်ရော”
“ကိုမြင့််ကတော့ ခက်ပြီဗျာ၊ အတွင်းစည်းထဲကကို မထွက်တာဗျ”
“ဒါဖြင့်ငါမေးမယ်၊ သူချီးပါသေးပေါက်တော့ ဘယ်မှာပေါက်သလဲ”
ဒီတော့မှ ကျုပ်လည်းတွေးမိသွားတယ်။ ကိုခင်မောင် တကယ်ပဲအပြင်မထွက်ဘူးလား၊ ချီးပါသေးပေါက်ရော စည်းဝိုင်းထဲမှာပဲ လုပ်တာလား၊ ဒါဆိုရင်ရော ရုက္ခစိုးက ကြိုက်ပါ့မလား။ ကိုမြင့်က ကျုပ်တွေဝေသွားတာကိုကြည့်ရင်း
“ငါတော့မယုံဘူးကွ၊ မင်းကိုတမင်သက်သက်ကြောက်အောင်ပြောပြီး တစ်ခုခုကြံနေတာလို့ ငါထင်တယ်၊ ပြီးတော့ ရွာထဲက လူတွေကလည်း ပြောနေကြသေးတယ်”
“ဘာပြောလို့လဲဗျ”
“အဲဒီညောင်ပင်အောက်မှာ သူဌေးကြီးက ရွှေအိုးမြှုပ်ခဲ့တယ်ဆိုပဲကွ၊ ဒါကိုများ လာရှာတာလား”
ကျုပ်တို့အရပ်မှာ ပုံပြင်လိုဖြစ်နေတဲ့ ရွှေအိုးကိစ္စကလည်းရှိသေးသဗျ၊ အရမ်းချမ်းသာတဲ့ သူဌေးကြီးတစ်ယောက်က အဲဒီညောင်ပင်အောက်မှာ ရွှေအိုးသုံးလုံးမြှုပ်ခဲ့တယ်ဆိုတဲ့ ပုံပြင်တစ်ခုရှိတယ်၊ တစ်ချို့လည်းသွားရှာကြတယ်၊ တွေ့တော့ မတွေ့ကြပါဘူး။ ဒါပေမယ့် ကိုမြင့်ပြောတာလည်းဖြစ်နိုင်တယ်ဗျ၊
“ဒီတော့ ငါတို့တစ်ရက်လောက်သွားချောင်းကြမလို့ကွ၊ သွားချောင်းလို့ တကယ်စည်းအပြင်မထွက်ဘူးဆိုရင်တော့ ဟုတ်တာပေါ့၊ မင်းမရှီတဲ့အချိန် သူဘာလုပ်သလဲ၊ ဘာကြံနေသလဲဆိုတာ ငါတို့သိရမှဖြစ်မယ်”
“မလုပ်ပါနဲ့ကိုမြင့်ရာ”
“ငါကတော့လုပ်မယ်ဟ၊ ဦးတရုတ်ကြီးနဲ့တောင်မှ လောင်းကြေးစားကြေးဖွင့်ထားပြီးပြီ၊ ဦးတရုတ်ကြီးကလည်း မင်းလိုပဲ အပြင်မထွက်ဘူးဆိုတာ ယုံတယ်တဲ့ကွ၊ ငါကတော့ မယုံဘူး၊ ဒီတော့ ငါတစ်ရက်လောက် သူမသိအောင် သွားစောင့်ကြည့်မယ်ကွာ”
“ဒါကတော့ဗျာ၊ သူမထွက်လည်း ခင်ဗျားက ထွက်တယ်ဆိုပြီးပြောရင်ဘယ်လိုလုပ်မလဲ”
“အလတ်ကောင်ရာ၊ ငါတို့လည်းတွေးထားပြီးသားပါ၊ ငါရယ်၊ ဖိုးသားရယ်၊ ကျော်ခေါင်ရယ်သွားမယ်ကွာ၊ သူမသိအောင်လို့ အသာချောင်းကြမယ်၊ သုံးယောက်စလုံးဆိုတော့ မယုံချင်စရာလည်းမရှိတော့ဘူးပေါ့၊ ကျော်ခေါင်က ဦးတရုတ်ကြီးဘက်ကဆိုတော့လည်း နှစ်ဖက် မျှမျှတတပေါ့ကွာ”
ကျုပ်လည်းအတော်သိချင်သွားတယ်။
“ဒါဆိုရင်လည်းလုပ်ဗျာ၊ နေအုံးဗျ၊ ကျုပ်လည်း စောင့်ကြည့်ချင်သေးတယ်၊ ခင်ဗျားတို့ပြောတာများ ဟုတ်နေမလားပဲ”
“ငါတို့ကတော့ သေချာပြီးသားပါ၊ အလကား ဘာကျင့်စဉ်မှာ လာကျင့်တာမဟုတ်ဘူး၊ ညောင်ပင်အောက်က ရွှေအိုးလာရှာတာပဲဖြစ်မှာကွ”
“ဒါဆို ဘယ်နေ့စောင့်ကြမလဲဗျာ”
“မနက်ဖြန်သန်ဘက်ခါဆို လကွယ်ပြီမဟုတ်လား၊ အဲဒီနေ့စောင့်ကြမယ်၊ မင်းရော လိုက်မလား”
“လိုက်မယ်ဗျာ၊ ကျုပ်ကိုလာခေါ်နော်”
“စိတ်ချစမ်းပါ၊ ဒါနဲ့ ဒီလူစည်းဝိုင်းထဲကထွက်ရင် မင်းငါ့ကိုဘယ်လောက်ပေးမလဲ”
“ငါးဆယ်ပေးမယ်ဗျာ၊ ဒါနဲ့ မထွက်ဘူးဆိုရင်ရောဗျာ”
“ဟား၊ ဟား၊ ဒီလိုဆိုရင်တော့ မင်းလည်းဦးတရုတ်ကြီးဆိုင်မှာ အဝသောက်ပေါ့ကွာ”
“စိန်လိုက်လေဗျာ”
ကျုပ်နဲ့ ကိုမြင့်တို့လည်း အချိန်းအချက်လုပ်ပြီးတော့ အိမ်ကိုပြန်ခဲ့တယ်ဗျ၊ နောက်နေ့ ထမင်းသွားပို့တော့ ကျုပ်လည်း မင်္သကာဘူးဖြစ်နေတယ်၊ ကိုခင်မောင်က ကျုပ်လာတော့မှ ကမန်းကတမ်း တင်ပလ္လင်ခွေထိုင်ပြီးတော့ ဘုရားစာရွက်နေတော့တာ၊ ကျုပ်က ဟိုးအဝေးကလည်းက လှမ်းကြည့်လာတာဆိုတော့ မြင်တာပေါ့ဗျ၊ အတွင်းစည်းကို အကဲခတ်လိုက်တော့လည်း ချေးပုံတွေဘာတွေမတွေ့ဘူး၊
နေ့တိုင်းလည်းထမင်းစားတယ်၊ လူကလည်း လူဆိုတော့ အလွန်ဆုံးအောင့်နိုင်လှ သုံးရက်ပေါ့ဗျာ၊ အခု ဆယ်ရက်ကျော်နေတာတောင်မှ ချေးတစ်ပုံမရှိဘူးဆိုတော့ စည်းဝိုင်းထဲက မထွက်ဘူးဆိုတာ သိပ်ယုံချင်စရာမကောင်းတော့ဘူးပေါ့၊ အပြင်ထွက်ပြီး ချုံထဲမှာများ အခင်းသွားသလားမသိတာကိုး။ ကျုပ်လည်း အဲဒီနေ့တော့ ကိုခင်မောင်လှည့်လာမယ့်အချိန်အထိ ထိုင်စောင့်နေလိုက်တာဗျ၊ ကိုခင်မောင်က နာရီဝက်လောက်ကြာတော့မှ ကျုပ်ဘက်လှည့်လာတယ်။
“သြော်၊ အလတ်ကောင်မပြန်သေးဘဲကိုး”
“ကျုပ်မေးစရာရှိလို့ပါဗျ၊ ခင်ဗျားကျင့်စဉ်ကျင့်နေတာ ဘယ်အခြေအနေရောက်နေပြီလဲဆိုတာ အဖေက ကျုပ်ကိုမေးနေပြီဗျ”
ကိုခင်မောင်က ပြုံးနေရင်း လက်ဝါးကိုဖြန့်လိုက်တယ်။
“ညောင်ရွက်တစ်ရွက်လောက် ချပေးပါ၊ ရုက္ခစိုးမင်းကြီး”
ဒီအချိန်မှာ ညောင်ပင်ပေါ်ကနေ လူကြီးလက်တစ်ဝါးထက်ကြီးတဲ့ ညောင်ရွက်ရင့်ရင့် စိမ်းစိမ်းကြီးက သူ့အလိုလိုကြွေကျလာပြီးတော့ ကိုခင်မောင်လက်ပေါ်ကိုတင်သွားပါရောဗျာ၊ ကိုခင်မောင်က ထမင်းတောင်းကိုလှမ်းကြည့်ပြီးတော့
“ထမင်းတောင်း လာခဲ့”
ဒုတိယစည်းနဲ့ အတွင်းစည်းအနားမှာ ချထားတဲ့ထမင်းတောင်းက သူ့အလိုလိုရွေ့သွားပြီးတော့ အတွင်းစည်းထဲကို ဝင်သွားတယ်ဗျ၊ ကိုခင်မောင်ထိုင်နေတဲ့အနားရောက်တော့မှ ရပ်သွားတာ၊ ကိုခင်မောင်က ထမင်းတောင်းထဲကိုလက်နှိုက်ပြီးတော့ ထမင်းတွေခူးထည့်တယ်၊ ပြီးတော့ ဟင်းတွေပုံထည့်တယ်ဗျ၊ နောက်ပြီးတော့ ညောင်ပင်ကြီးကိုမော့ကြည့်ရင်း
“ရုက္ခစိုးမင်းကြီးကို စားဦးစားဖျား လှူဒါန်းဒါနပြုပါတယ်၊ သုံးဆောင်ပါ”
အဲဒီလိုပြောပြီး ညောင်ကိုင်းတစ်ခုအပေါ်ကိုတင်ပေးလိုက်တာပဲဗျာ၊ ညောင်ကိုင်းပေါ်မှာ ထမင်းက အသာလေးတင်နေတာဗျ၊ ပြုတ်ကိုမကျဘူး၊ ကျုပ်ဖြင့်အံ့သြလို့မဆုံးဘူး။
“အခြေအနေကတော့ ကောင်းနေပြိအလတ်ကောင်၊ ဒီအတိုင်းဆိုရင် ဆယ့််ရှစ်ရက်ပြည့်ရင်ဖြစ်ဖြစ်၊ နှစ်ဆယ့်ခုနစ်ရက် ပြည့်ရင်ဖြစ်ဖြစ် ကျင့််စဉ်အောင်တော့မှာပါလို့ ဦးလေးကိုပြောလိုက်ပါ၊ ကျုပ်သာကျင့်စဉ်အောင်ရင် ရွာကိုမမေ့ပါဘူး၊ နောက်ပြီး ဦးလေးတို့မိသားစုကိုလည်း မမေ့ပါဘူး၊ အထူးသဖြင့်ကတော့ မင်းကို မမေ့ပါဘူးအလတ်ကောင်ရေ”
ကိုခင်မောင်စကားကြားတော့ ကျုပ်လည်းဝမ်းသာသွာတော့တာပေါ့ဗျာ၊ ဒါနဲ့ မနေ့ကပို့ထားတဲ့ ထမင်းတောင်းအဟောင်းပိုက်ပြီးတော့ အိမ်ကိုပြန်လာခဲ့တာပေါ့။
ရွာပြန်ရောက်တော့ ကျုပ်လည်းဒီအကြောင်းတွေကို ကိုမြင့််တို့ကိုပြောပေမယ့်် သူတို့က မယုံပါဘူးဗျာ၊ ကျုပ်အပိုပြောတယ်ပဲ ထင်ကြတာကလား၊
“အေးပါ၊ အလတ်ကောင်ရာ၊ လကွယ်ညရောက်တော့ ငါတို့အကုန်လုံး မျက်ဝါးထင်ထင်မြင်ကြရမှာပေါ့ကွ”
ဆက်ရန်။
#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ
Zawgyi Version
“စုန္းထီးႀကီး ဦးဘသာႏွင့္ ႐ုကၡစိုးေမွာ္”(စ/ဆုံး)
——————————————————–
အတြဲ(၃) စာစဥ္ (၁၇)
(၁)
စပါးေတြအေတာ္ရင့္ၿပီး သီးေတာ့မယ့္အခ်ိန္ေပါ့ဗ်ာ၊ ဒီလိုအခ်ိန္ဆိုရင္ေတာ့ စပါးခင္းထဲမွာ ေပါင္းေတြအေတာ္ပြထတဲ့အခ်ိန္ေပါ့ဗ်ာ၊ စပါးမသီးခင္ ေပါင္းလိုက္၊ တမန္းထိုးထားေတာ့မွ စပါးေတြသီးအား၊ ဖြံ႕အားေကာင္းတာမဟုတ္လား၊ လယ္ေတာထဲမွာေပါက္တဲ့ေပါင္းပင္ေတြဆိုတာက က်ဳပ္တို႔အတြက္ေတာ့ စားစရာအပင္ေတြေပါ့ဗ်ာ၊ စားလို႔မရတဲ့အပင္ဆိုရင္လည္း ႏြားစာေကြၽးဖို႔ ယူလာခဲ့တာေပါ့၊ လယ္ခင္းထဲမွာ ထမင္းစားရတာကို က်ဳပ္တို႔ကေတာ့ေပ်ာ္တယ္၊ လယ္ထဲထမင္းစားတဲ့အခါ အတို႔အျမႇဳပ္ကေတာ့ ေလာေလာလတ္လတ္ခူးထားတဲ့အ႐ြက္ေတြကို တို႔က်၊ စားၾကတာေပါ့ဗ်ာ၊ ဦးဘသာရဲ႕လယ္ကြက္ထိပ္နားမွာ ေညာင္ပင္ေလးတစ္ပင္ေပါက္ေနတယ္ဗ်၊ ေညာင္ပင္ဆိုတာကလည္း အျဖစ္ျမန္တယ္မဟုတ္လား၊ မိုးဦးက်တုန္းက သတိမထားေပမယ့္ အခုမိုးေႏွာင္းေရာက္ခါနီးေတာ့ ေညာင္ပင္ေလးက လူတစ္ရပ္ေလာက္ရွိေနၿပီဗ်၊ အ႐ြက္အၫႊန႔္ေတြလဲ ႏုဖတ္ေနတာပဲဗ်ာ၊ တစ္ရက္ေတာ့ က်ဳပ္လည္း အဲဒီေညာင္ပင္ေလးကိုသြားၾကည့္မိတယ္။
“ေညာင္ပင္က ေညာင္ခ်ဥ္ပဲ အငယ္မရဲ႕”
“ဟုတ္ပါရဲ႕၊ အဖူးေလးေတြဆို ႏုေနတာပဲ၊ ေန႔လည္ထမင္းစားရင္ေတာ့ ေညာင္ခ်ဥ္ေလးတို႔စားမွထင္တယ္”
ေညာင္ခ်ဥ္ရဲ႕အ႐ြက္က တျခားေညာင္႐ြက္ေတြနဲ႔မတူဘူးဗ်၊ သူက ခပ္ဝန္းဝန္းရွိတယ္၊ အ႐ြက္ထြက္ၿပီး အ႐ြက္ေတြမျပန႔္ခင္မွာ အလိပ္ကေလးေတြျဖစ္ေနတတ္တယ္၊ ဒါကိုက်ဳပ္တို႔က အဖူးလို႔ေခၚတာေပါ့ဗ်ာ၊ ေညာင္ခ်ဥ္ဆိုတဲ့အတိုင္း သူ႔အ႐ြက္က ခ်ဥ္ခ်ဥ္၊ ဖန္ဖန္ကေလးဗ်၊ အ႐ြက္ၾကမ္းသြားရင္ေတာ့ အဖန္ဓါတ္မ်ားသြားေပမယ့္ အ႐ြက္ႏုတဲ့ ခုနကလို အဖူးကေလးေတြဆိုရင္ေတာ့ အခ်ဥ္စူးတာေပါ့ဗ်ာ၊ အဲဒါကို ငါးပိခ်က္ကေလးနဲ႔ ျမႇဳပ္ၿပီးစားလိုက္လို႔ကေတာ့ ခ်ဥ္ခ်ဥ္ေမႊးေမႊးကေလးဗ်။
လူတစ္ရပ္မရွိတရွိအပင္ကေလးက အကိုင္းအခက္ေတြလည္း ေဝလို႔ဗ်၊ က်ဳပ္က ယာထဲေပါင္းလိုက္ရမွာမို႔လို႔ အငယ္ဆုံးညီမကို ခူးခိုင္းခဲ့တာေပါ့ဗ်ာ၊ ေညာင္ခ်ဥ္ဖူးက သိပ္မရွိေပမယ့္ တစ္နပ္စာေတာ့ စားေလာက္တယ္ဗ်။
“ဦးဘသာႀကီးေရ၊ ထမင္းစားေတာ့မယ္ဗ်ိဳ႕”
က်ဳပ္ေအာ္လိုက္တာနဲ႔ ဦးဘသာလည္း သူ႔တဲထဲကေန ဒန္အိုးစုတ္ကေလးကိုင္ၿပီး ထြက္လာေတာ့တာပါပဲ၊ အခုေနာက္ပိုင္းေတာ့ ဦးဘသာက ထမင္းစားတိုင္း က်ဳပ္တို႔နဲ႔အတူတူလာစားေလ့ရွိတယ္ဗ်၊ က်ဳပ္တို႔တဲမွာက ေရမီးအစုံကိုးဗ်၊ ႏို႔ညႇာညီမက ဖ႐ုံပြင့္နဲ႔ ဖ႐ုံသီးကင္းေလးေတြကို ျပဳတ္တယ္၊ အငယ္ဆုံးညီမကေတာ့ ေညာင္ခ်ဥ္ဖူးေလးေတြကို ေရစင္ေအာင္ေဆးတယ္ေပါ့ဗ်ာ၊ အေမထည့္္ေပးလိုက္တဲ့ ခရမ္းခ်ဥ္သီးင႐ုပ္စပ္ဟင္းေလးနဲ႔ဆိုေတာ့ စားလို႔သိပ္လိုက္တာေပါ့ဗ်ာ။
ငါးပိခ်က္ခြက္ကိုအလယ္မွာခ်ၿပီးေတာ့ က်ဳပ္တို႔ဝိုင္းထိုင္ၿပီးစားၾကတာေပါ့၊ ထမင္းကိုတစ္လုပ္စာျပင္ၿပီးေတာ့ ထမင္းေအာက္ထဲကို ေညာင္ခ်ဥ္ဖူးေလးထိုးျမႇဳပ္ထည့္ေပါ့ဗ်ာ၊ ၿပီးေတာ့ အေပၚက ခရမ္းခ်ဥ္သီးငါးပိခ်က္ကေလးဆမ္းၿပီးေတာ့ ငါးေျခာက္တစ္ဖဲ့နဲ႔ ပါးစပ္ထဲကိုထိုးထည့္ဝါးတာေပါ့၊ ေညာင္ခ်ဥ္က ခ်ဥ္ခ်ဥ္စူးစူးဆိုေတာ့ စားလို႔ၿမိန္တာေပါ့ဗ်ာ။
“တို႔ျမန္မာစကားမွာ အတို႔အျမႇဳပ္ဆိုတာရွိတယ္ကြ၊ အတို႔ဆိုတာကေတာ့ သခြားသီးလိုအသီးေတြေပါ့ကြာ၊ ငါးပိရည္၊ ငါးပိခ်က္နဲ႔ တို႔တို႔ၿပီးစားရတာကိုး၊ အျမႇဳပ္ဆိုတာကေတာ့ ခုလိုအေသးအမႊားအ႐ြက္ကေလးေတြကိုေခၚတာကြ၊ ထမင္းထဲျမႇဳပ္ၿပီးေတာ့ စားၾကတယ္ေပါ့ကြာ”
ဦးဘသာက စားေနရင္းစကားစတယ္။
“အတို႔ျဖစ္ျဖစ္၊ အျမႇဳပ္ျဖစ္ျဖစ္ က်ဳပ္တို႔ကေတာ့ အကုန္ဆြဲတယ္ဗ်ာ၊ ဦးဘသာ ေညာင္ခ်ဥ္စားပါအုံးလား၊ ႏုဖတ္ေနတာပဲ”
က်ဳပ္က ေညာင္ခ်ဥ္ေလးေတြလွမ္းျပေတာ့ ဦးဘသာက ေခါင္းခါတယ္။
“ေနပါေစကြာ၊ မင္းတို႔လူငယ္ေတြပဲစားၾက၊ ငါတို႔ကေတာ့ အသက္ႀကီးသြားလို႔ထင္တယ္၊ အခ်ဥ္စားရင္ သြားေတြႀကိမ္းတယ္ဟ”
ဦးဘသာကေတာ့ အကိုႀကီးဖ႐ုံခင္းထဲကေန က်ဳပ္ညီမခူးၿပီးျပဳတ္ထားတဲ့ ဖ႐ုံသီးကင္း ႏုႏုဖတ္ဖတ္ကေလးနဲ႔ ခံတြင္းေတြ႕ေနတယ္ေပါ့ဗ်ာ။ စားေသာက္ၿပီးေတာ့ ထန္းလ်က္ခဲကေလးကိုက္ၿပီး ထမင္းလုံးစီေနတာေပါ့ဗ်ာ၊ က်ဳပ္တို႔ကေတာ့ စားေသာက္ၿပီးရင္ အလုပ္တန္းမလုပ္ခ်င္ဘူး၊ နာရီဝက္ တစ္နာရီေလာက္ နားေနၾကေသးတာ၊ အဲဒါကို ထမင္းလုံးစီတယ္လို႔ေခၚတာေပါ့ဗ်ာ၊ အငယ္ေကာင္ဆိုရင္ လယ္တဲကထရံကိုမွီၿပီး တေခါေခါနဲ႔ အိပ္ေမာေတာင္က်ေနၿပီေပါ့ဗ်ာ၊ အိပ္လည္းအိပ္ခ်င္စရာကိုးဗ်၊ ထမင္းစားၿပီးေတာ့ ဗိုက္ကလည္းေလးလာၿပီ၊ လယ္ကြင္းထဲကိုျဖတ္တိုက္လာတဲ့ ေလကလည္း တျဖဴးျဖဴးဆိုေတာ့ မ်က္စိက အလိုလိုစင္းက်လာတာဗ်။ အငယ္မႏွစ္ေယာက္က အသက္မတိမ္းမယိမ္းအျပင္ အခုႏွစ္ေယာက္လုံးအပ်ိဳေပါက္ေတြျဖစ္လာၿပီဆိုေတာ့ က်ဳပ္တို႔နဲ႔သိပ္မတြဲေတာ့ဘူး၊ သူတို႔ညီအမအခ်င္းခ်င္း တြတ္ထိုးၿပီးေတာ့ တခိခိနဲ႔ရယ္ေနတတ္တာပဲ၊ က်ဳပ္နဲ႔ဦးဘသာကေတာ့ တစ္ဖြဲ႕ေပါ့ဗ်ာ။
အငယ္မေတြကေတာ့ လယ္တဲအေနာက္ဘက္မွာ ထိုင္ေနၾကရင္း တခိခိနဲ႔ရယ္ေနၾကတာပဲ၊ ေနာက္ေတာ့ တခိခိကေန တဝါးဝါးနဲ႔ျဖစ္လာေတာ့တာ၊ က်ဳပ္တို႔စကားသံေတြကိုဖုံးလာၿပီး အေတာ္ဆူလာလို႔ က်ဳပ္ျဖင့္ေငါက္လိုက္ရေသးတယ္။
“ဟဲ့ေကာင္မေလးေတြ၊ နင္တို႔ကလည္း မိန္းကေလးေတြျဖစ္ၿပီးေတာ့ သိပ္ရယ္တာပဲ၊ တိုးတိုးတိတ္တိတ္ေနၾကစမ္း”
က်ဳပ္ေငါက္လိုက္ေပမယ့္ တိတ္မသြားတဲ့အျပင္ ႏွစ္ေယာက္စလုံးက တဝါးဝါးတဟားဟားနဲ႔ကို ရယ္ေတာ့တာပဲ၊ က်ဳပ္လည္း က်ဳပ္ေျပာတဲ့စကားကို အေလးမထားရေကာင္းလားဆိုၿပီးေတာ့ ေဒါသထြက္ၿပီး လယ္တဲအေနာက္ဘက္ကိုထြက္ခဲ့တာေပါ့ဗ်ာ။ လယ္တဲအေနာက္ဘက္ ထင္းပုံအနားမွာ အငယ္မႏွစ္ေယာက္က ခြက္ထိုးခြက္လန္ရယ္ေနတာဗ်၊ အငယ္ဆုံးညီမဆိုရင္ ေျမေပၚမွာပက္လက္လန္ေနၿပီးေတာ့ ဗိုက္ကိုႏွိပ္ရင္း ရယ္ေနေတာ့တာ။ က်ဳပ္လည္း သူတို႔ရယ္ေနတာကို စိတ္ဆိုးေနရင္းကေန ဘာေၾကာင့္မွန္းမသိ စိတ္ထဲရယ္ခ်င္လာတာဗ်ိဳ႕၊ သူမ်ားရယ္တာေတြ႕ရင္ လိုက္ရယ္ခ်င္တယ္ဆိုတာမ်ိဳးျဖစ္မွာေပါ့ဗ်ာ၊ ရယ္ခ်င္တာကလည္း ေအာင့္ထားလို႔မေကာင္းဘူးဆိုေတာ့ က်ဳပ္လည္း ရယ္ခ်လိုက္တာေပါ့ဗ်ာ။
“ဟား၊ ဟား၊ ဟား”
က်ဳပ္လည္း အငယ္မရယ္တာကိုၾကည့္ၿပီး လိုက္ရယ္မိတယ္၊ ႏို႔ညႇာညီမက က်ဳပ္ကိုလက္ညႇိဳးထိုးၿပီးေတာ့ ရယ္ပါေရာ၊ ရယ္တာကလည္း အူလႈိက္သည္းလႈိက္ပဲဗ်၊ မနားတမ္းရယ္ေနရင္းနဲ႔ ေနာက္ေတာ့ မ်က္ရည္ေတြပါ သူ႔အလိုလိုက်လာတာဗ်ာ၊ ပါးစပ္ဆို ေစ့လို႔ကိုမရေတာ့ဘူး၊ ေနာက္ေတာ့ ဦးဘသာက က်ဳပ္အနားကိုေလွ်ာက္လာတယ္။
“ဟဲ့ ဒီေမာင္ႏွမေတြ ဘာေတြခြက္ထိုးခြက္လန္ရယ္ေနၾကတာလဲ၊ ငါ့လဲေျပာပါအုံးဟ၊ ငါလည္းရယ္ခ်င္လို႔”
ဦးဘသာက က်ဳပ္ပုခုံးကို ကိုင္ၿပီး သူ႔ဘက္ဆြဲလွည့္္လိုက္ေတာ့ က်ဳပ္လည္း ဦးဘသာမ်က္ႏွာႀကီးၾကည့္ၿပီး ရယ္ေတာ့တာပဲဗ်ာ၊ ဦးဘသာကေတာ့ ေၾကာင္စီစီနဲ႔ ရယ္ေနတဲ့က်ဳပ္တို႔သုံးေယာက္ကို ၾကည့္ေနတယ္။
“ဘာေတြသေဘာက်ေနတာလဲကြ၊၊ ေဟ”
က်ဳပ္လည္း ျပန္ေျပာဖို႔လုပ္လိုက္ေပမယ့္ စကားကိုေျပာမရဘူးဗ်ာ၊ စိတ္ထဲမွာလည္း ရယ္ခ်င္ေနတာနဲ႔ စကားကိုမေျပာႏိုင္ဘဲ ရယ္ေနမိတာ၊ ရယ္ရင္းရယ္ရင္း ဗိုက္ေတြေအာင့္တက္လာတယ္ဗ်၊ ႏို႔ညႇာမဆိုရင္ ေမာၿပီးေတာ့ တက္မလိုခ်က္မလိုကိုျဖစ္သြားတာ၊ က်ဳပ္လည္း ဗိုက္ကိုႏွိပ္ၿပီးေတာ့ ခါးကိုကိုင္းထားရတယ္၊ ရယ္ရတာ အူေတြနာတယ္ဆိုတာ ဒါမ်ိဳးကိုေျပာတာေနမွာဗ်၊ ခင္ဗ်ားတို႔ႀကဳံဖူးခ်င္မွ ႀကဳံဖူးမယ္ေနာ္၊ ဆယ္မိနစ္ေလာက္ ရယ္လိုက္တာနဲ႔ ဗိုက္ေတြက ေအာင့္တက္လာတာ။
“ရယ္ပါမ်ားရင္ ငိုရတတ္တယ္တဲ့အလတ္ေကာင္ရ”
ဦးဘသာေျပာေပမယ့္ က်ဳပ္ကေတာ့ အရယ္မရပ္ေတာ့ဘူးဗ်ာ၊ ေနာက္ေတာ့ က်ဳပ္လည္း ထိုင္က်သြားပါေရာ၊ ထိုင္တာေတာင္ဆက္ရယ္ေနေသးသဗ်၊ ရယ္ေနရင္းနဲ႔ အသက္ရႉေတြၾကပ္လာပါေရာ၊ ဦးဘသာက က်ဳပ္ငယ္ထိပ္ကိုလက္နဲ႔ပုတ္ထည့္လိုက္ေတာ့မွ က်ဳပ္လည္း ဘယ္လိုႀကီးျဖစ္သြားမွန္းမသိဘဲ အရယ္ရပ္သြားေတာ့တယ္။
“ေဟ့အလတ္ေကာင္၊ မင္းတို႔ဟာက မဟုတ္ေတာ့ဘူးေနာ္”
ေျမႀကီးမွာရယ္ရင္း ထြန႔္ထြန္႔္လူးေနတဲ့ ႏို႔ညႇာညီမကိုလည္း ဦးဘသာက လက္နဲ႔ပုတ္ထည့္လိုက္တယ္၊ ဒီေတာ့မွ သူလည္းအရယ္ရပ္ၿပီးေတာ့ အသက္ကိုမနည္းရႉရတာဗ်၊ အငယ္မပုခုံးကိုလည္း ပုတ္လိုက္ေရာ အငယ္မပါ အရယ္ရပ္သြားတယ္။
“မင္းတို႔ေတာ့ တစ္ခုခုမွားေနၿပီေဟ့”
ဦးဘသာေျပာတာနားေထာင္ရင္း က်ဳပ္စိတ္ထဲ ဝမ္းနည္းလာတာဗ်၊ ဘယ္လိုေၾကာင့္ ဝမ္းနည္းမွန္းလဲမသိဘူး၊ ဦးဘသာက က်ဳပ္ပုခုံးကိုပုတ္ရင္း
“အလတ္ေကာင္၊ မင္းတို႔ဘာေတြလုပ္ထားသလဲ”
အဲဒီလိုေမးလိုက္ေတာ့ က်ဳပ္လည္း တဟီးဟီးနဲ႔ ငိုခ်လိုက္ေတာ့တာပဲဗ်ာ၊ စိတ္ထဲလည္း အရမ္းဝမ္းနည္းတယ္၊ က်ဳပ္ငိုေတာ့ က်ဳပ္ညီမႏွစ္ေယာက္ကလည္း လိုက္ၿပီး ငိုၾကတယ္ဗ်၊ ဦးဘသာက ေျခမကိုင္မိ လက္မကိုင္မိျဖစ္ေနၿပီ။
“ဟဲ့ေသာက္ေခြး၊ ခုနကေတာ့ ရယ္ၿပီး၊ အခုေတာ့ ငိုေနၾကပါလား”
ဦးဘသာက တစ္ခုခုကိုသိလိုက္ၿပီကိုးဗ်။ ဒါနဲ႔ က်ဳပ္အနားမွာ ငိုေနတဲ့ ႏို႔ညႇာညီမရဲ႕ နဖူးကိုလက္ညႇိဳးနဲ႔ေတာက္ထည့္လိုက္ေတာ့ ႏို႔ညႇာညီမက တစ္ခ်က္ယိမ္းသြားတယ္ဗ်၊ ၿပီးေတာ့ တဆတ္ဆတ္တုန္လာတယ္၊
“ေျပာ၊ ဘယ္သူလဲ၊ ဘာျဖစ္တာလဲ”
“ငါ့နာမည္ တုတ္ေပါ”
အဲဒီလိုေျပာလိုက္ေတာ့ ဦးဘသာက နဖူးကိုလက္ဝါးနဲ႔႐ိုက္ထည့္လိုက္တယ္။
“ငါသိၿပီ၊ ငါသိၿပီ၊ ေအးပါ တုတ္ေပါရာ၊ သူတို႔မသိလို႔လုပ္မိတာပဲ ခြင့္လႊတ္လိုက္ပါ”
“ဒင္းတို႔ကို ငါမေက်နပ္ဘူး”
“မေက်နပ္ရင္လည္း ေနာက္မလုပ္ေတာ့ပါဘူးကြာ၊ ကေလးေလးေတြပါကြ၊ အသက္အ႐ြယ္လည္း ငယ္ငယ္ပဲရွိၾကေသးတာ၊ ငါေျပာထားလိုက္မယ္ဟုတ္ၿပီလား၊ မင္းလည္းျပန္ေတာ့၊ သူတို႔ကိုလုပ္ထားတာေတြလည္း ျပန္သိမ္းသြားေနာ္”
ႏို႔ညႇာမက ေခါင္းညိတ္ၿပီးေတာ့ အေရွ႕ကိုယိုင္က်သြားတယ္ဗ်၊ က်ဳပ္တို႔လည္း ဒီေတာ့မွ အငိုရပ္ေတာ့တယ္၊ ဒါေတာင္မွ မ်က္ရည္ေတြက သူ႔အလိုလိုစီးက်ေနတာဗ်ာ၊ ငိုရတာေမာလို႔ ရႈိက္ေတာင္ရႈိက္ေနမိတယ္။
“က်ဳပ္၊ က်ဳပ္တို႔ဘာျဖစ္တာလဲ ဦးဘသာ၊ ဟင့္ . . ဟင့္”
က်ဳပ္ကငိုသံပါႀကီးနဲ႔ေမးလိုက္ေတာ့မွ
“မင္းတို႔ ခုနကစားတဲ့ ေညာင္ခ်ဥ္ေတြ ဘယ္ကရသလဲ”
“ဘယ္ကရမလဲဗ်၊ ဦးဘသာလယ္ကြက္ အေရွ႕နားမွာေပါက္ေနတဲ့ေနရာကေပါ့”
“ငါထင္ေတာ့ထင္သားကြ၊ အဲဒီအပင္မွာ တုတ္ေပါေနတာကြ၊ တုတ္ေပါက ငါ့ကိုေျပာတယ္၊ သူ႔မွာေနစရာမရွိလို႔ ခြင့္ျပဳပါဆိုတာနဲ႔ ငါလည္းခြင့္ျပဳထားလိုက္တာ၊ ေနာက္ဆိုရင္ မင္းတို႔ မဆင္မျခင္မလုပ္နဲ႔”
“ဟုတ္၊ ဟုတ္ကဲ့၊ ေညာင္ခ်ဥ္ေတြ႕ေတာ့လဲ ခူးခ်င္တာေပါ့ ဦးဘသာရာ”
“ခူးခ်င္လည္း ခြင့္ေတာင္းခူးကြ၊ ေတာ္ေသးတာေပါ့ မေသေကာင္းမေပ်ာက္ေကာင္းကြာ၊ ရယ္လြန္းရင္လည္း ေသတတ္တယ္၊ ငိုလြန္းရင္လည္း ေသတတ္သတဲ့ကြ၊ ေနာက္ဆို ဆင္ျခင္၊ ေညာင္ပင္ဆိုတာ ႏွစ္ေတာင္တစ္မိုက္ျမင့္တာနဲ႔ ေနတဲ့လူေရာက္လာစၿမဲပဲကြ၊ မဆင္မျခင္မလုပ္ၾကနဲ႔ေဟ့”
“ဟုတ္ကဲ့ပါ၊ ဦးဘသာ က်ဳပ္မွတ္ထားလိုက္ပါ့မယ္”
က်ဳပ္တို႔ေမာင္ႏွမသုံးေယာက္လည္း ရယ္လိုက္၊ ငိုလိုက္ရတာ ေမာလို႔ စကားေတာင္သိပ္မေျပာႏိုင္ပါဘူး၊ ဒီေတာ့မွ အိပ္ေနတဲ့အငယ္ေကာင္က ႏိုးလာတယ္။
“အကိုလတ္တို႔ ဘာေတြလုပ္ထားလို႔ ဒီေလာက္ေမာေနၾကတာလဲ”
က်ဳပ္လည္း ေမာေမာနဲ႔အငယ္ေကာင္ကို မ်က္ေစာင္းထိုးၿပီး
“ရယ္ထားလို႔ေဟ့၊ ရယ္ထားလို႔ကြ၊ ဟုတ္ၿပီလား”
(၂)
“ေညာင္ပင္ရွိရင္ ႐ုကၡစိုးရွိတတ္တာ ထုံးစံပဲကြ”
အိမ္ေရာက္လို႔ အေဖ့ကိုေျပာျပေတာ့မွ အေဖကေျပာတယ္။
“ဒါနဲ႔ မင္းတို႔ေဘာႀကီးကို သိတယ္မဟုတ္လား”
“သိတာေပါ့ဗ်၊ ေဘာႀကီးက က်ဳပ္သူငယ္ခ်င္းပဲဟာကို”
“ေအး၊ အဲဒီေဘာႀကီး နာမည္ဘယ္လိုျဖစ္လာတယ္ဆိုတာေရာ မင္းသိသလား”
အေဖေမးေတာ့ က်ဳပ္လည္း ေခါင္းခါလိုက္မိတယ္၊ တကယ္ေတာ့ ေဘာႀကီးဆိုတာ က်ဳပ္ထက္အသက္တစ္ႏွစ္ေလာက္ႀကီးတဲ့လူပါ၊ က်ဳပ္နဲ႔ငယ္ငယ္ကေလးထဲက သိပ္ခင္တဲ့သူေတြေပါ့၊ ဒါေပမယ့္ သူ႔ကို တစ္႐ြာလုံးက ေဘာႀကီးပဲေခၚတာ၊ က်ဳပ္တို႔သိတတ္ကတည္းက ေဘာႀကီးပဲေခၚၾကတာဗ်။
“ဒီေကာင္ငယ္ငယ္၊ သုံးေလးႏွစ္ေလာက္တုန္းက သူ႔အေမနဲ႔ ေတာထဲလိုက္သြားတယ္ကြာ၊ ေနာက္ေတာ့ ေတာတိုးရင္း ေသးေပါက္ခ်င္တာနဲ႔ ေညာင္ပင္တစ္ပင္ေအာက္မွာ ေပါက္မိသတဲ့၊ ႐ြာျပန္ေရာက္ေတာ့ သူ႔ကပ္ပယ္အိတ္က တျဖည္းျဖည္းႀကီးလာတာကြ၊ ဘယ္ေလာက္ႀကီးသလဲဆိုရင္ ဥသွ်စ္သီးေလာက္ကို ျဖစ္လာတာ၊ ေသြးေၾကာႀကီးေတြဆိုရင္လည္း ႂကြတက္ေနတာပဲ၊ ဒါနဲ႔ ဦးမွတ္ႀကီးနဲ႔ေတြ႕တာေပါ့ကြာ၊ ဦးမွတ္ႀကီး ေမးျမန္းလိုက္ေတာ့မွ ႐ုကၡစိုးက မေက်နပ္လို႔ လုပ္ထားတာတဲ့၊ ဦးမွတ္ႀကီးလည္း ကေလးမို႔မသိလို႔ဆိုၿပီး ျပန္ေတာင္းပန္ရတာေပါ့ကြာ၊ အဲဒီေတာ့မွ ျပန္ေသးၿပီး နဂိုအတိုင္းျဖစ္သြားတာ၊ သူ႔ကပ္ပယ္အိတ္က နဂိုအတိုင္းျဖစ္သြားေပမယ့္္ ဒီေကာင္ျဖစ္ခဲ့တာကို တစ္႐ြာလုံးက သိသြားတာမို႔လို႔ ေဘာႀကီး၊ ေဘာႀကီးနဲ႔ေခၚရင္း အဲဒီနာမည္တြင္သြားတာေပါ့ကြာ”
အေဖေျပာေတာ့မွ က်ဳပ္လည္းဇတ္ရည္လယ္ေတာ့တယ္၊ ဒါေၾကာင့္ ဒီေကာင္ေဘာႀကီးလည္း မင္းနာမည္ဘာလို႔ျဖစ္လာတာလဲလို႔ေမးရင္ သိသလိုလို၊ မသိသလိုလို ေၾကာင္အမ္းအမ္းနဲ႔ျဖစ္ေနတာေပါ့ဗ်ာ။
“ဗ်ိဳ႕၊ သူႀကီး . . . သူူႀကီးရွိသလား”
အေဖက ၿခံေရွ႕ကိုလွမ္းၾကည့္တယ္၊ က်ဳပ္ၾကည့္လိုက္ေတာ့ လူတစ္ေယာက္ရပ္ေနတယ္ဗ်၊ သူ႔ကိုေတာ့ တစ္ခါမွျမင္ဖူးဘူး၊ ဒါနဲ႔အေဖက က်ဳပ္ကိုမ်က္စပစ္ျပတယ္၊ က်ဳပ္လည္း
“ရွိတယ္ဗ်ိဳ႕၊ ဝင္သာလာခဲ့ဗ်ာ”
ဒီလူက ၿခံတံခါးကိုဖြင့္ၿပီး ဝင္လာတယ္၊ အခ်ိန္ကေတာ့ ညေနေစာင္းေနၿပီေပါ့ဗ်ာ၊ ဒီလူကို က်ဳပ္က ထိုင္ခုံတန္းမွာထိုင္ဖို႔ ေနရာခ်ေပးလိုက္ေတာ့ သူက အေဖ့အေရွ႕မွာ ဝင္ထိုင္တယ္ဗ်။ အေဖက ေသခ်ာၾကည့္ၿပီးေတာ့
“ေမာင္ရင့္ကို က်ဳပ္မျမင္ဖူးဘူး၊ ဘယ္အရပ္ကေန လာပါလိမ့္”
ထိုလူက ၿပဳံးရင္း
“ကြၽန္ေတာ္က ျမစ္သားဘက္ကေနလာခဲ့တာပဲ ဦးေလး”
အေဖက ေခါင္းညိတ္ရင္း
“ျမစ္သားဆိုတာ ၾကားေတာ့ၾကားဖူးတယ္ ေမာင္ရင္၊ ျမစ္သားၾကက္သြန္ဆိုတာ နာမည္ႀကီးေပါ့၊ ႏို႔ ငါ့ဆီလာရေအာင္ ဘာကိစၥရွိလို႔လဲကြ”
“ဒီလိုပါဦးေလး၊ ကြၽန္ေတာ့နာမည္က ခင္ေမာင္ပါ၊ ကြၽန္ေတာ္က ဝိဇၹာလမ္းကို လိုက္ေနတဲ့လူငယ္တစ္ေယာက္ပါ”
အေဖက ၿပဳံးစိစိနဲ႔က်ဳပ္ကိုလွမ္းၾကည့္တယ္၊ က်ဳပ္ကလည္း ျပန္ၿပဳံးလိုက္မိတယ္ဗ်၊ တိုက္တိုက္ဆိုင္ဆိုင္ သူနဲ႔က်ဳပ္နဲ႔ နာမည္လာတူေနတာကိုး။ အဲဒီ ခင္ေမာင္က ဆက္ေျပာတယ္ဗ်။
“ကြၽန္ေတာ္၊ ဒီ႐ြာကိုလာရတဲ့အေၾကာင္းအရင္းကေတာ့ ကြၽန္ေတာ္ကိုယ္တိုင္ က်င့္စဥ္တစ္ခုက်င့္္မယ့္အေၾကာင္းကို သူႀကီးကိုလာၿပီး အသိေပးၿပီး ေမတၱာရပ္ခံတာပါ”
“ဘာက်င့္စဥ္မ်ားပါလိမ့္ေမာင္ရင္၊ ဦးေလးကေတာ့ ႀကိဳေျပာထားမယ္ေနာ္၊ မဟုတ္တဲ့က်င့္စဥ္ေတြ၊ ေနာက္ၿပီးေတာ့ ဒီ႐ြာကိုထိခိုက္ေစမယ့္ က်င့္စဥ္ေတြဆိုရင္ ဦးေလးက ခြင့္မျပဳႏိုင္ဘူး”
ခင္ေမာင္က ေခါင္းညိတ္ရင္း
“ကြၽန္ေတာ္က်င့္မယ့္္ က်င့္စဥ္က ဒီ႐ြာကို ဘာမွအႏၲရာယ္မျပဳပါဘူး ဦးေလး၊ ကြၽန္ေတာ္က်င့္မွာကေတာ့ ႐ုကၡစိုးေမွာ္ဆိုတဲ့ က်င့္စဥ္ပါ၊ ေမွာ္ဆိုေပမယ့္ သူ႔ရဲ႕က်င့္စဥ္က ဘုရားဂုဏ္ေတာ္ေတြကို ပြားမ်ားၿပီးေတာ့ ေမတၱာဘာဝနာစီးျဖန္းရမယ့္ က်င့္စဥ္တစ္ခုျဖစ္လို႔ မေကာင္းတဲ့က်င့္စဥ္မဟုတ္တာေတာ့ အေသအခ်ာပါပဲ ဦးေလး”
အေဖက ဘာမွမေျပာဘဲ ေတြးပဲေတြးေနတယ္ဗ်၊ စိတ္ဝင္စားသြားတာကေတာ့ က်ဳပ္ပဲဗ်ာ၊ ႐ုကၡစိုးေမွာ္ဆိုတာကို စိုင္းရာဇာနဲ႔ေတြ႕တုန္းက အရိပ္အမြက္ေလာက္သိခဲ့ရတယ္မဟုတ္လား (ထိုအေၾကာင္းကို စုန္းထီးႀကီး ဦးဘသာႏွင့္ ႐ုကၡစိုးမကယ္ႏိုင္ေပါင္ တြင္ ေဖာ္ျပၿပီးျဖစ္ပါသည္)။ အခုေတာ့ က်ဳပ္အရမ္းသိခ်င္ေနတဲ့ ႐ုကၡစိုးေမွာ္ ဘယ္လိုက်င့္္မယ္ဆိုတာကို သိရေတာ့မယ္ေလဗ်ာ၊ ခင္ေမာင္က ဆက္ေျပာတယ္ဗ်။
“ကြၽန္ေတာ္က်င့္္မွာကလည္း ဒီ႐ြာမွာမဟုတ္ပါဘူး၊ ဒီ႐ြာရဲ႕အေနာက္ဘက္နားက ဖက္လိပ္႐ြာေဟာင္းထိပ္က ေညာင္ပင္ႀကီးဆီမွာ က်င့္မွာပါဦးေလး”
“ဦးေလးက ဒီေလာကီအေၾကာင္းေတြကို သိပ္ေတာ့နားမလည္ပါဘူးေမာင္ရင္၊ ဒါေပမယ့္ အဲဒီေညာင္ပင္ႀကီးနဲ႔ ဖက္လိပ္႐ြာကေတာ့ နာမည္ဆိုးရွိတယ္ ေမာင္ရင္ေရ၊ ဦးေလးက မျဖစ္သင့္တာ မျဖစ္ရေအာင္ႀကိဳေျပာထားတဲ့သေဘာပါ”
“ရပါတယ္ ဦးေလး၊ ကြၽန္ေတာ္အကုန္စီစဥ္ထားပါတယ္”
“ဒါဆိုရင္လည္း ဦးေလးက တားစရာအေၾကာင္းမရွိပါဘူးကြာ”
အဲဒီခင္ေမာင္က လြယ္အိတ္ထဲကိုႏႈိက္ၿပီးေတာ့ ပိုက္ဆံေတြထုတ္တယ္ဗ်။
“ကြၽန္ေတာ္လာခဲ့ရတာကလည္း ဦးေလးဆီမွာ အကူအညီေတာင္းဖို႔ပါပဲ၊ တစ္ခုကေတာ့ ကြၽန္ေတာ္ အဲဒီေညာင္ပင္ႀကီးေအာက္မွာ က်င့္စဥ္က်င့္ရမယ္၊ လနဲ႔ခ်ီၿပီးၾကာႏိုင္တယ္ဦးေလး၊ ဒီေတာ့ ကြၽန္ေတာ္စားဖို႔ေသာက္ဖို႔ကိုေတာ့ တစ္ရက္ကို တစ္နပ္စာေလာက္ စီစဥ္ေပးဖို႔ပါ၊ ဒီအတြက္လည္း ကြၽန္ေတာ္ ေငြအလုံအေလာက္ေပးမွာပါ”
ခင္ေမာင္က ေငြေတြကိုေရတြက္ၿပီးေတာ့ အေဖ့ဆီလွမ္းေပးတယ္ဗ်၊ က်ဳပ္လည္း စိတ္ထဲက လိုက္ေရၾကည့္ေတာ့ ေငြကသုံးရာနီးပါးရွိတယ္၊ အေဖက အဲဒီေငြသုံးရာကို ခင္ေမာင္ဘက္ကို ျပန္တြန္းပို႔ေပးလိုက္တယ္။
“ဦးေလးတို႔ ႐ြာကိုလာတဲ့ ဧည့္သည္ကို ဦးေလးတို႔ ေကြၽးေမြးဖို႔တာဝန္ရွိပါတယ္ ေမာင္ရင္ရာ၊ ေငြေၾကးေတြ ေျပာစရာမလိုပါဘူး”
ခင္ေမာင္က အေဖ့စကားၾကားေတာ့ ႏွစ္ႏွစ္ကာကာၿပဳံးတယ္ဗ်။
“ဒါေပမယ့္လည္း ယူထားလိုက္ပါဦးေလးရာ၊ ေနာက္ထပ္ကြၽန္ေတာ္ ေတာင္းဆိုစရာတစ္ခုက ရွိေသးတယ္ဗ်၊ အဲဒါကေတာ့ မေျပာေကာင္း၊ မဆိုေကာင္း၊ ကြၽန္ေတာ္က်င့္စဥ္က်င့္ရင္း တစ္ခုခုတိမ္းေစာင္းသြားလို႔ ေသသြားတယ္ဆိုရင္ ဦးေလးတို႔အေနနဲ႔ ကြၽန္ေတာ့္ကို ေကာင္းေကာင္းမြန္မြန္သၿဂိဳဟ္ေပးေစခ်င္တာပါပဲ”
အေဖ့မ်က္ႏွာကတစ္မ်ိဳးေျပာင္းသြားတယ္ဗ်။ ေနာက္ေတာ့ ေခါင္းညိတ္လိုက္တယ္။
“ဒီအတြက္က ပူစရာ မလိုပါဘူးေမာင္ရင္၊ တကယ္လို႔ ျဖစ္လာခဲ့သည္ရွိေသာ္၊ ဦးေလးတို႔ အကုန္စီစဥ္ေပးမွာပါ၊ ဒီေငြကိုမယူပါရေစနဲ႔”
“ဒါဆိုရင္ ကြၽန္ေတာ့္အတြက္ ေန႔တိုင္း ထမင္းပို႔ဖို႔၊ ေရပို႔ဖို႔ လူတစ္ေယာက္လိုပါတယ္၊ ဦးေလးက ႐ြာသားေတြထဲက တစ္ေယာက္ေယာက္ကို အဲဒီတာဝန္ခ်ထားေပးပါ၊ ဒီေငြကိုလည္း အဲဒီလူကို ေပးလိုက္ေစခ်င္ပါတယ္”
ဒီအခါ က်ဳပ္က စားပြဲေပၚက ေငြသုံးရာကိုလွမ္းၿပီးလက္ဝါးနဲ႔အုပ္လိုက္တယ္၊ အေဖေရာ၊ အဲဒီခင္ေမာင္ေရာ က်ဳပ္ကိုေမာ့ၾကည့္တယ္ဗ်။
“ဒါေတာ့စိတ္သာခ်ကိုခင္ေမာင္၊ ခင္ဗ်ားအႀကံအစည္ေအာင္ၿပီလို႔သာမွတ္လိုက္ေတာ့၊ က်ဳပ္ခင္ဗ်ားကို ကူညီေပးမယ္ဗ်ာ”
အေဖကေတာ့ အံ့ၾသေနပုံရတယ္၊ က်ဳပ္ကလည္း ဒါမ်ိဳးကိစၥဆိုရင္ သိပ္စိတ္ဝင္စားတာမဟုတ္လား၊ အေဖကလည္း က်ဳပ္စိတ္ကိုသိတယ္ထင္ပါရဲ႕ေခါင္းညိတ္လိုက္တယ္။
“ေကာင္းၿပီေမာင္ရင္၊ ေမာင္ရင္လိုအပ္သမွ်ကို ေဟာဒီက ဦးေလးရဲ႕သားကိုေျပာပါ၊ သူက ကူညီေပးလိမ့္မယ္”
ခင္ေမာင္က က်ဳပ္ကိုၿပဳံးၾကည့္ရင္း
“ဒါနဲ႔ ဒီကေနာင္ႀကီးနာမည္က”
“က်ဳပ္နာမည္ကေတာ့ . . . ေျပာမေနေတာ့ပါဘူးဗ်ာ၊ က်ဳပ္ကိုတစ္႐ြာလုံးကေတာ့ အလတ္ေကာင္လို႔ေခၚတယ္၊ ခင္ဗ်ားလည္း အဲဒီလိုေခၚေပါ့”
“အလတ္ေကာင္၊ အလတ္ေကာင္ ဆိုပါလား”
ခင္ေမာင္က ၿပဳံးရင္းေခါင္းညိတ္တယ္ဗ်၊ ေနာက္ေတာ့ အေဖ့ဘက္ကိုၾကည့္ၿပီး
“ကြၽန္ေတာ္ေတာ့ ဒီတစ္ခါအစီအရင္ ေအာင္ျမင္ၿပီထင္ပါ့ဦးေလးရာ၊ အလတ္ဆိုတာ မဆိုးမေကာင္း၊ မယုတ္မလြန္ပဲဗ်၊ ျမတ္စြာဘုရားေတာင္မွ အလယ္အလတ္ေဒသျဖစ္တဲ့ မဇၨ်ိမ ေဒသမွာပြင့္တယ္မဟုတ္လား၊ ဘုရားရွင္က်င့္သုံးတာကလည္း အလယ္အလတ္လမ္းစဥ္လို႔ေခၚတဲ့ မဇၨ်ိမပဋိပဒာ လမ္းစဥ္မဟုတ္လားဗ်ာ၊ ဒီေတာ့ အတိတ္နိမိတ္ကေတာ့ ေကာင္းေနၿပီဗ်ာ၊ မဆိုးမေကာင္း၊ အလယ္အလတ္ျဖစ္တဲ့ အလတ္ေကာင္နဲ႔ ေတြ႕ေနၿပီပဲ”
ခင္ေမာင္က တမင္ေျပာတာလား၊ က်ဳပ္ကိုေျမႇာက္ေျပာတာလားေတာ့ မသိေပမယ့္ က်ဳပ္ကေတာ့ သြားႀကီးၿဖီးလို႔ေပါ့ဗ်ာ၊ ၿပီးေတာ့ ေငြသုံးရာကိုလွမ္းယူၿပီး အိတ္ကပ္ထဲထည့္္လိုက္တာေပါ့။
“ေမာင္ရင္လည္း ခရီးပန္းလာေရာေပါ့၊ ညလည္းမိုးခ်ဳပ္ေနၿပီဆိုေတာ့ ဦးေလးတို႔အိမ္မွာပဲ တစ္ညတည္းလိုက္ေပါ့”
“ရပါတယ္ဦးေလး၊ ဦးေလးတို႔ အေနက်ဥ္းၾကပ္ေနပါအုံးမယ္”
“မဟုတ္တာပဲေမာင္ရင္ရာ၊ ဦးေလးတို႔အိမ္ကို အၿမဲဧည့္သည္ေတြအဝင္အထြက္ရွိေတာ့ ဦးေလးတို႔အေနနဲ႔ဘာမွမထူးပါဘူး၊ ကဲ အလတ္ေကာင္၊ ဧည့္သည္အတြက္ ဘုရားခန္းေရွ႕မွာ အိပ္ဖို႔ျပင္ဆင္ေပးလိုက္ပါ၊ ၿပီးေတာ့ တို႔အတူတူထမင္းစားၾကတာေပါ့”
က်ဳပ္လည္း အေဖေျပာတဲ့အတိုင္းျပင္ဆင္ေပးလိုက္ရတယ္၊ ၿပီးေတာ့ အေမျပင္ေပးတဲ့ထမင္းဝိုင္းမွာ က်ဳပ္တို႔အတူတူထမင္းစားၾကတာေပါ့ဗ်ာ၊ အေဖကေတာ့ အိမ္ကလူေတြနဲ႔ မိတ္ဆက္ေပးေနတာေပါ့၊ က်ဳပ္လည္း ပိုက္ဆံရထားတဲ့မ်က္ႏွာနဲ႔ အေမခ်က္ထားတဲ့ ၾကက္သားေ႐ႊဖ႐ုံခ်က္ကေလးကို ဇြန္းနဲ႔ခပ္ၿပီး ကိုခင္ေမာင္ရဲ႕ ပန္းကန္ထဲကို ခပ္ထည့္္ေပးလိုက္တာေပါ့။
“ဟာ၊ ေနပါေစအလတ္ေကာင္ရာ”
“စားပါဗ်၊ ကိုခင္ေမာင္ရ၊ က်ဳပ္အေမလက္ရာစားၿပီးရင္ ခင္ဗ်ား႐ြာကေနေတာင္ျပန္ခ်င္မွာမဟုတ္ဘူးေနာ္”
“မဟုတ္ပါဘူးအလတ္ေကာင္ရာ၊ က်ဳပ္က သားသတ္လြတ္ပဲစားတာဗ်”
ကိုခင္ေမာင္ေျပာေတာ့မွ က်ဳပ္လည္းေတာ္ေတာ္အားနားသြားတာ၊ အေမကေတာ့ က်ဳပ္ကိုေဒါသမ်က္ေစာင္းေတြနဲ႔ၾကည့္ၿပီးေတာ့ ကိုခင္ေမာင္စားမယ့္ပန္းကန္ကို အသစ္ျပန္လဲေပးလိုက္တာေပါ့ဗ်ာ၊ ကိုခင္ေမာင္က စားေသာက္ၿပိးေတာ့ ဘုရားရွိခိုးတယ္ဗ်၊ ဘုရားရွိခိုးတာကလည္း အသံေနအသံထားနဲ႔ကို ရွိခိုးတာ၊ တစ္နာရီ၊ ႏွစ္နာရီေလာက္ၾကတယ္ဗ်၊ ေမတၱာေတြပို႔ၿပီး အမွ်ေတြေဝေနေသးတာဗ်။
ကိုခင္ေမာင္ရဲ႕ ပုံပန္းသ႑ာန္ကိုေျပာရမယ္ဆိုရင္ေတာ့ အသားခပ္လတ္လတ္ဗ်၊ အရပ္က က်ဳပ္ေလာက္ပဲ၊ ကိုယ္လုံးကိုယ္ထည္ကလည္း က်ဳပ္နဲ႔ခပ္ဆင္ဆင္ပါပဲဗ်ာ၊ ဒါေပမယ့္ သူကေတာ့ ဝတ္တာစားတာ သန႔္သန႔္ျပန႔္ျပန႔္ဗ်၊ ၾကည့္လိုက္တာနဲ႔ကို သူေတာ္ေကာင္း႐ုပ္ေပါက္တယ္ေပါ့ဗ်ာ၊ က်ဳပ္တို႔က ေမာေမာပန္းပန္းနဲ႔အိပ္သြားတာေတာင္မွ သူကမအိပ္ေသးဘူးဗ်၊ တရားထိုင္ေနေလရဲ႕ဗ်ာ။
(၃)
ေနာက္တစ္ေန႔မနက္ေတာင္မလင္းေသးဘူး၊ ကိုခင္ေမာင္က က်ဳပ္ကိုေပါက္တူးထမ္းခိုင္းၿပီး၊ ထုံးတစ္အိတ္နဲ႔အတူ ႐ြာထဲကထြက္ခဲ့တာေပါ့ဗ်ာ၊ ဖက္လိပ္႐ြာေဟာင္းဆိုတာ က်ဳပ္တို႔႐ြာသားေတြ မသြားဝံ့တဲ့ေနရာမဟုတ္လား၊ ေတာထေနတဲ့ ႐ြာေဟာင္းႀကီးကို မနက္ေဝလီေဝလင္းျဖတ္ရတာဗ်၊ မိုးကလည္းခပ္အုံ႔အုံ႔ဆိုေတာ့ ေမွာင္ေနတာေပ့ါဗ်ာ၊ ႐ြာေဟာင္းႀကီးရဲ႕ ႐ြာလယ္လမ္းအတိုင္းေလွ်ာက္လာရင္း သစ္လုံးတိုင္ႀကီးေတြနဲ႔ အိမ္ပ်က္ႀကီးေတြရွိတဲ့ ေဘးပတ္ဝန္းက်င္ကိုၾကည့္ရင္း လာခဲ့ရတာပဲဗ်ိဳ႕၊ ႐ြာေဟာင္းကိုက်ဳပ္တို႔က ေျပာင္းျပန္ျဖတ္ေနသလိုေပါ့ဗ်ာ။ ႐ြာလမ္းဆုံးေတာ့ ေညာင္ပင္ႀကီးေအာက္ကိုေရာက္ေရာဗ်ာ၊ အဲဒီေညာင္ပင္ႀကီးက က်ဳပ္တို႔အဘိုးမေျပာနဲ႔ က်ဳပ္တို႔အဘိုးရဲ႕အေဖေတာင္မွ မမီလိုက္တဲ့ေညာင္ပင္ႀကီးဗ်ာ၊ လူေတြေျပာၾကတာကေတာ့ ဖက္လိပ္႐ြာတည္ကတည္းက ရွိေနခဲ့တယ္ဆိုပဲဗ်ာ၊ အပင္ႀကီးက သက္တမ္းအႏွစ္ႏွစ္ရာေလာက္နီးနီးရွိၿပီေပါ့။
အကိုင္းအခက္ေတြက ေဘးကိုျပန႔္ကားၿပီးတက္သြားတာဗ်၊ အကိုင္းႀကီးေတြတင္ ေတာ္ေတာ္ႀကီးေနတာ၊ တစ္ခ်ိဳ႕အကိုင္းေတြဆိုရင္ ေျမႀကီးကိုထိလုနီးနီးပါပဲ၊ ေညာင္ပင္ႀကီးက ေညာင္မုတ္ဆိတ္ေတြလည္း က်ေနတာပဲေပါ့ဗ်ာ၊ အဲဒီေအာက္ကိုဝင္သြားလိုက္တာနဲ႔ စိမ့္ၿပီးေအးေနေတာ့တာ။ ကိုခင္ေမာင္က အဲဒီေညာင္ပင္ႀကီးကို သုံးပတ္ပတ္တယ္၊ က်ဳပ္ကိုလည္း သူ႔အေနာက္ကေနလိုက္ခိုင္းၿပီးေတာ့ သူနင္းေလွ်ာက္ၿပီးသြားတာနဲ႔ တစ္လက္မအနက္ေလာက္ ေပါက္တူးနဲ႔ေပါက္ၿပီးအရာေပးခိုင္းတာေပါ့ဗ်ာ၊ ေညာင္ပင္ရဲ႕ ပင္စည္အနားကေန ကပ္ၿပီးတစ္ပတ္ပတ္တယ္၊ ပါးစပ္ကလည္း ဘုရားစာေတြ႐ြတ္တယ္၊ ေမတၱာေတြပို႔ေနတာေပါ့ဗ်ာ၊ က်ဳပ္နားေထာင္ၾကည့္ရသေလာက္ကေတာ့ ဒီအရိပ္မွာေနတဲ့ နာနာဘာဝ၊ ဝိနာဘာဝေတြကို ေမတၱာရပ္ခံၿပီးဖယ္ရွားေနတာပါပဲ။
က်ဳပ္လည္း ေပါက္တူးနဲ႔လိုက္ေပါက္တာေပါ့ဗ်ာ၊ ဒီအခ်ိန္မွာပဲ ေညာင္ပင္ႀကီးတစ္ပင္လုံးက တျဖန္းျဖန္းနဲ႔လႈပ္လာပါေရာ၊ ကိုခင္ေမာင္က က်ဳပ္ကိုလွည့္ၾကည့္ၿပီး
“ဘာမွမေၾကာက္နဲ႔အလတ္ေကာင္၊ က်ဳပ္တစ္ေယာက္လုံးရွိတယ္၊ ခင္ဗ်ားကိုသူတို႔ရန္မျပဳႏိုင္ပါဘူး”
စည္းဝိုင္းတစ္ပတ္ပတ္မိေတာ့ ကိုခင္ေမာင္က ထုံးမႈန႔္ေတြကို က်ဳပ္ေပါက္ထားတဲ့အထဲကို ျဖဴးထည့္္တယ္ဗ်၊ ေနာက္ေတာ့ အဲဒီစည္းဝိုင္းကေန အျပင္ဘက္ ေျခေလးငါးလွမ္းေလာက္အကြာမွာ ေနာက္တစ္ပတ္ထပ္ပတ္ၿပီး ထုံးစံအတိုင္းစည္းတားတယ္၊ ေနာက္ဆုံးေတာ့ ေညာင္ပင္ႀကီးရဲ႕ သစ္ကိုင္းေတြအဆုံးေနရာေလာက္မွာ ထပ္ၿပီးတစ္ပတ္ပတ္တယ္၊ ဒီလိုနဲ႔ စည္းသုံးထပ္ ပတ္ၿပီးၿပီေပါ့ဗ်ာ။
“အလတ္ေကာင္၊ မင္းမွတ္ထားရမွာက အတြင္းစည္းကို ငါကလြဲလို႔ ဘယ္သူမွ မဝင္ရဘူး၊ မင္းလည္းမဝင္ရဘူးကြ၊ မင္းကေတာ့ အျပင္စည္းနဲ႔ အလယ္စည္းအထဲကိုဝင္ခြင့္ရွိတယ္”
“ဒါဆိုရင္ ထမင္းပို႔ဖို႔က်ေတာ့ေရာဗ်ာ”
“ထမင္းကို ေတာင္းနဲ႔ထည့္ၿပီး အလယ္စည္းဝိုင္းနဲ႔ အတြင္းစည္းနဲ႔ကပ္ေနတဲ့ေနရာမွာထားခဲ့၊ ေသာက္ေရအိုးကိုလည္း ဒီအတိုင္းပဲထားခဲ့၊ က်ဳပ္လိုခ်င္ေတာ့ စည္းထဲကေန လက္လွမ္းၿပီးယူလိုက္မယ္၊ ဟုတ္ၿပီလား”
“ဒါနဲ႔ က်ဳပ္က ထမင္းကိုတစ္ေန႔ တစ္နပ္ပဲ ပို႔ရမွာလား”
ကိုခင္ေမာင္က ေခါင္းညိတ္တယ္။
“က်ဳပ္၊ ကိုးပါးသီလယူလိုက္ၿပီဆိုေတာ့ ညေနစာ စားဖို႔မလိုေတာ့ဘူးအလတ္ေကာင္၊ ၿပီးေတာ့ ထမင္းလာပို႔ရင္လည္း မနက္ပိုင္းကိုပဲလာပို႔ပါ၊ ညေနေစာင္းရင္ ဒီနားကိုမလာပါနဲ႔”
က်ဳပ္လည္း ေခါင္းညိတ္လိုက္မိတယ္၊
“ဒါနဲ႔ က်ဳပ္တစ္ခုေမးခ်င္တယ္ဗ်ာ ကိုခင္ေမာင္၊ စပ္စုတယ္လို႔ေတာ့မထင္ပါနဲ႔၊ ႐ုကၡစိုးေမွာ္က ဘယ္လိုက်င့္ရတာလဲဗ်”
“က်ဳပ္ေျပာပါ့မယ္၊ က်ဳပ္လည္း ပညာေတြကို သိုဝွက္မထားခ်င္ပါဘူး၊ က်င့္စဥ္ကေတာ့ လြယ္ေပမယ့္ က်င့္ဖို႔ကေတာ့ မလြယ္ဘူးဗ်၊ ႐ုကၡစိုးေမွာ္က်င့္ဖို႔ဆို အရင္ဆုံး ငါးပါးသီလလုံရတယ္၊ ဘုရားတရားလုပ္ရတယ္ေပါ့ဗ်ာ၊ ၿပီးရင္ေတာ့ သားသတ္လြတ္စားရတယ္၊ ခဏတျဖဳတ္စားလို႔မရဘူးဗ်၊ က်ဳပ္ဆို သားသတ္လြတ္စားလာတာ ဆယ္ႏွစ္ေက်ာ္ၿပီ”
“ဟာ၊ ဒီတစ္ခ်က္နဲ႔တင္ အေတာ္မလြယ္တာဗ်ိဳ႕၊ က်ဳပ္ကေတာ့ အသားဆိုသိပ္ႀကိဳက္တာ”
“ဒါေပါ့ဗ်၊ ႐ုကၡစိုးေမွာ္ဆိုတာ တန္ခိုးႀကီးတဲ့ ႐ုကၡစိုးမင္းႀကီးေတြ ခ်စ္လာေအာင္လုပ္ယူတာပဲဗ်ာ၊ ဒီေတာ့ ႐ုကၡစိုးေတြက အသားငါးစားတဲ့လူကို မႀကိဳက္ဘူးဗ်၊ အညႇီနံ႔နံတယ္လို႔ ဆိုတယ္”
က်ဳပ္လည္း က်ဳပ္ကိုယ္က်ဳပ္နမ္းၾကည့္လိုက္မိေသးတယ္၊ ဒါကိုေတြ႕ေတာ့ ကိုခင္ေမာင္က ၿပဳံးတယ္။
“အိုဗ်ာ၊ ဒီလိုနမ္းလို႔မရဘူးဗ်၊ ခင္ဗ်ားတို႔ အသားေတြေန႔တိုင္းစားေနရင္ နတ္ေတြ၊ ႐ုကၡစိုးေတြ မကပ္ႏိုင္ေအာင္ အညႇီနံ႔ရတယ္လို႔ဆိုတာ၊ ဒီအတိုင္းေတာ့ အနံ႔ခံလို႔ဘယ္ရမလဲ”
“ဆက္ေျပာပါအုံးဗ်ာ”
“ၿပီးေတာ့ ကိုယ္နဲ႔ေရစက္ပါႏိုင္တဲ့ ႐ုကၡစိုးရွိတဲ့ေညာင္ပင္၊ အရပ္ေဒသကို တြက္ခ်က္ရတယ္ဗ်၊ ေတြ႕သမွ်ေညာင္ပင္က ႐ုကၡစိုးတိုင္းကို က်င့္လို႔မရဘူး၊ လူေတြလိုေပါ့ဗ်ာ။ လူစိမ္းသူစိမ္းထက္စာရင္ ကိုယ္နဲ႔သိကြၽမ္းဖူးတဲ့သူကို ပိုခင္၊ ပိုယုံတတ္တယ္မဟုတ္လား”
“ဒါေတာ့ဟုတ္တယ္၊ က်ဳပ္လည္း တစ္ခါႀကဳံဖူးၿပီ၊ အရင္ဘဝက ႐ုကၡစိုးနဲ႔သူနဲ႔ သားအဖေတာ္ဖူးေတာ့၊ အဲဒီလူကို ႐ုကၡစိုးက ေစာင့္ေရွာက္ေက်းဇူးျပဳေနတာဗ်”
ကိုခင္ေမာင္က ေခါင္းညိတ္တယ္ဗ်။
“ေနာက္ဆုံးအခ်က္ကေတာ့ အရင္ဆုံးမိုးလင္းတာနဲ႔ ဘုရားအာ႐ုံျပဳုရတယ္၊ ဘုရားဂုဏ္ေတာ္ေတြကို အေခာက္တစ္ေထာင္ေလာက္ပြားရတယ္၊ ၿပီးေတာ့ ဒီအပင္က ႐ုကၡစိုးမင္းႀကီးကို ေမတၱာနာနာပို႔ရတယ္ဗ်၊ လုပ္ရမွာကေတာ့ ေန႔ေရာညေရာ၊ အခ်ိန္ရွိသေ႐ြ႕ ေမတၱာပို႔ေနရတာ၊ အထုံပါရမီေကာင္းရင္ ကိုးရက္နဲ႔ေအာင္တယ္၊ ကိုးရက္မရရင္ေတာ့ ဆယ့္္ရွစ္ရက္၊ ဆယ့္္ရွစ္ရက္နဲ႔မရရင္ေတာ့ ႏွစ္ဆယ့္ခုနစ္ရက္ေပါ့ဗ်ာ၊ ဒီလိုနဲ႔ က်င့္ရင္း ရက္ေပါင္းတစ္ရာ့ရွစ္ဆယ္ၾကာလို႔မွ ဘာမွမထူးေသးရင္ေတာ့ က်င့္စဥ္မေအာင္ဘူးလို႔သတ္မွတ္တယ္၊ ေနရာေျပာင္းၿပီး အသစ္ျပန္က်င့္ေပါ့ဗ်ာ”
“လြယ္ေတာ့ အေတာ္မလြယ္ဘူးဗ်၊ ဒါနဲ႔ ကိုခင္ေမာင္ အခုမွစက်င့္ဖူးတာလား”
“က်ဳပ္က်င့္တာ ေလးခါရွိၿပီ၊ တစ္ခါက်င့္္ရင္ အခ်ိန္ေျခာက္လၾကာတယ္၊ တစ္ႏွစ္ကိုတစ္ႀကိမ္ပဲက်င့္ႏိုင္တယ္ဗ်၊ ေျခာက္လလုံးလုံး ကိုးပါးသီလယူထားရတာဆိုေတာ့ ၿပီးသြားတဲ့အခါ လူလည္းႏုံးေခြၿပီးေတာ့ ေနာက္တစ္ခါျပန္က်င့္ဖို႔ကို ေျခာက္လေလာက္အားျပန္ေမြးရတာပဲဗ်ိဳ႕၊ အခုေတာ့ မႏၲေလးက ဘိုးေတာ္ႀကီးတစ္ပါးနဲ႔ေတြ႕ခဲ့ၿပီ၊ သူက က်ဳပ္ကိုပညာနဲ႔ၾကည့္ေပးရင္း ဒီေနရာကို တန္းတန္းမတ္မတ္လမ္းၫႊန္လိုက္တာပဲ အလတ္ေကာင္ေရ”
ဒီအခ်ိန္မွာပဲ စကားေျပာသံေတြၾကားရတယ္ဗ်၊ စကားေျပာသံေတြက ခပ္လွမ္းလွမ္းကေနလာတာ၊ မသိရင္ လူတစ္သိုက္ႀကီး လမ္းေလွ်ာက္ရင္း စကားေျပာတာမ်ိဳးေပါ့၊ ေနုာက္ေတာ့ စကားသံေတြက ဟိုးေညာင္ပင္အျပင္ဘက္ အျပင္စည္းအနားကေန ၾကားေနရတယ္ဗ်၊ အေကာင္အထည္ေတာ့ ဘာမွမျမင္ရဘူး၊ ေနာက္ေတာ့ စကားသံေတြက မာလာတယ္၊ ေတာက္ေခါက္သံေတြလည္းပါတယ္ဗ်၊ ခဏၾကာတာနဲ႔ ေက်ာက္ခဲေတြ စည္းဝိုင္းထဲကို ပ်ံၿပီးဝင္လာတာပဲဗ်ာ။ က်ဳပ္ျဖင့္ေၾကာက္လို႔ ဘာလုပ္ရမွန္းမသိဘူး၊ ကိုခင္ေမာင္က အတြင္းစည္းထဲမွာေနတယ္။
“အလတ္ေကာင္ ဘာမွမေၾကာက္နဲ႔၊ အလယ္စည္းထဲသာေန၊ ဒီေက်ာက္တုံးေတြက မင္းကိုမထိဘူး”
က်ဳပ္လည္း ယံုံေတာ့မယုံဘူးဗ်၊ ကိုခင္ေမာင္က မ်က္လုံးမွိတ္ၿပီးေတာ့ ဘုရားစာ႐ြတ္တယ္၊ ေနာက္ေတာ့ ေမတၱာပို႔ေနတာေပါ့ဗ်ာ၊ ထူးလည္းထူးဆန္းတယ္ဗ်၊ ေက်ာက္တုံးေတြက အရွိန္နဲ႔ပ်ံလာေပမယ့္ အလယ္စည္းနဲ႔ထိတယ္ဆိုရင္ပဲ တဖုတ္ဖုတ္နဲ႔ေျမကိုျပဳတ္က်တာ၊ မသိရင္ အုတ္တံတိုင္းႀကီးတစ္ခု ကာထားသလိုေပါ့ဗ်ာ၊ အလယ္စည္းကိုထိမွန္သြားတာနဲ႔ အေနာက္ကိုျပန္ကန္ၿပီးေတာ့ အျပင္စည္းမွာပဲက်သြားေတာ့တာ၊ က်ဳပ္ျဖင့္ အံ့ၾသလို႔မဆုံးပါဘူး။ ခဲနဲ႔ပစ္တာ ငါးမိနစ္ေလာက္ပဲၾကာမယ္ဗ်၊ ခဲေတြဆို စည္းဝိုင္းထဲမွာ ေဖြးသြားတာပဲဗ်ာ၊ ၿပိးတာနဲ႔ အားလုံးရပ္ၿပီးၿငိမ္က်သြားတယ္။
“ကဲ အလတ္ေကာင္၊ ခင္ဗ်ားလည္းျပန္ေတာ့၊ က်ဳပ္တရားမွတ္ရအုံးမယ္၊ ဘုရားကန္ေတာ့ရအုံးမယ္”
“ျဖစ္၊ ျဖစ္ပါ့မလားဗ်ာ၊ က်ဳပ္ ျပန္ရမွာေတာင္ ခပ္လန႔္လန႔္ဗ်၊ မေတာ္လို႔ က်ဳပ္ကိုခဲနဲ႔လိုက္ေပါက္ေနရင္ ဘယ့္ႏွယ့္လုပ္မလဲ”
“ခဲက ခင္ဗ်ားကိုေပါက္တာမဟုတ္ပါဘူးဗ်ာ၊ သူတို႔က က်ဳပ္ကိုဖ်က္ခ်င္လို႔ လာၾကတာဗ်။ စိတ္သာခ်၊ ခင္ဗ်ားကို ဘာမွမလုပ္ေစရဘူး”
က်ဳပ္လည္း ေၾကာက္ေၾကာက္နဲ႔ ေပါက္တူးထမ္းၿပီးေျပးေတာ့တာပဲဗ်ာ။
(၄)
“ဦးဘသာ၊ ႐ုကၡစိုးေမွာ္ဆိုတာကို သိသလား”
“မင္းကလည္းကြာ၊ မသိတာက်ေနတာပဲ”
“အခုက်ဳပ္တို႔႐ြာကို လူတစ္ေယာက္ေရာက္ေနတယ္ဗ်၊ သူက ႐ုကၡစိုးေမွာ္လာက်င့္္တာတဲ့”
ဦးဘသာက မ်က္ေမွာင္ၾကဳတ္ရင္း
“တို႔႐ြာမွာ ႐ုကၡစိုးေမွာ္က်င့္လို႔ရတဲ့ သစ္ပင္မွမရွိဘဲကြ”
“ဟုတ္တယ္ဦးဘသာ၊ က်ဳပ္ေျပာတာဆုံးေအာင္နားေထာင္ပါအုံး၊ က်ဳပ္တို႔႐ြာဆိုေပမယ့္္ ဖက္လိပ္႐ြာေဟာင္းထိပ္က ေညာင္ပင္ႀကီးေအာက္မွာ က်င့္ေနတာဗ်”
ဒီေတာ့မွ ဦးဘသာက ေခါင္းတဆတ္ဆတ္ညိတ္တယ္။
“အဲဒါေအာင္သြားရင္ ဘာျဖစ္သလဲဗ်”
“႐ုကၡစိုးက ေစာင့္္ေရွာက္တယ္ေပါ့ကြာ၊ စိုင္းရာဇာလိုေပါ့၊ မင္းလိုခ်င္တာ အကုန္ျဖစ္တယ္ကြ၊ ငါၾကားဖူးတာကေတာ့ ေျမႀကီးခဲကိုေကာက္ၿပီး ေ႐ႊျဖစ္ေစဆိုရင္ေတာင္ အဲဒီေျမႀကီးက ေ႐ႊအစစ္ျဖစ္သြားသတဲ့”
“ဟာ၊ စြမ္းလိုက္တာဗ်ာ၊ ဒါနဲ႔ မေအာင္ျမင္ရင္ေရာ”
ဦးဘသာ က်ဳပ္ကို မ်က္ေစာင္းထိုးၾကည့္ၿပီး
“ဟ၊ ဒါကေတာ့ မင္းရဲ႕လူကို မင္းသြားေမးေပါ့ကြ၊ ငါကစုန္းပဲ၊ ဒီအထက္လမ္းပညာေတြကို သိပါ့မလား၊ ဒါေပမယ့္ ငါစိတ္ထင့္ေနတာ တစ္ခုရွိတယ္ကြ”
“ဘာတုန္းဗ်”
“တို႔႐ြာေဟာင္းထိပ္က သစ္ပင္ႀကီးက မေကာင္းဘူးေနာ္ကြ၊ လူေတြအဲဒီသစ္ပင္ႀကီးေအာက္မွာ ေသခဲ့တာကလည္းမနည္းဘူး၊ မင္းအဘိုးေခတ္တုန္းကဆိုရင္ ႐ြာထဲမွာ ေတာ္လွန္ေရးသမားရွိတယ္ဆိုၿပီး အဲဒီသစ္ပင္ႀကီးမွာ တြဲေလာင္းႀကီးခ်ိတ္ဆြဲၿပီး သတ္ခဲ့ၾကတာကြ၊ ငါ့အေမေျပာဖူးတာကလည္း ဟိုးအရင္ေခတ္တုန္းက မင္းျပစ္မင္းဒဏ္သင့္တဲ့လူေတြကိုဆိုရင္ ဗိုက္ေတြခြဲၿပီးေတာ့ အူေတြထုတ္ၿပီး အဲဒီသစ္ပင္ႀကီးရဲ႕ပင္စည္မွာ မေသမရွင္ပစ္ထားၾကတာဆိုပဲ”
“က်ဳပ္ေတာင္ေက်ာခ်မ္းလာၿပီဗ်ာ”
“ေအး၊ ေၾကာက္ရင္ေတာ့ အဲဒီအနားကိုမသြားတာေကာင္းမယ္ေဟ့အလတ္ေကာင္ေရ”
“မရေတာ့ဘူးဗ်၊ အခုဆို က်ဳပ္က ေန႔တိုင္းသြားရေတာ့မွာ၊ ဘာလို႔လဲဆိုေတာ့ သူ႔ကိုထမင္းပို႔ဖို႔ က်ဳပ္က တာဝန္ယူလိုက္တာကိုး”
ဦးဘသာပုံကိုၾကည့္ရတာ ေတာ္ေတာ္စိတ္ပ်က္သြားတဲ့ပုံပဲဗ်။
“မင္းကေတာ့ကြာ၊ ဒီလိုအႏၲရာယ္မ်ားတဲ့အလုပ္ကို မင္းကဘာလို႔လုပ္တာလဲကြ၊ မင္းေတာ့ေနာ္ အဲဒီဆတ္ဆတ္ေဆာ့ေဆာ့စိတ္ေၾကာင့္ မင္းတစ္ေန႔ ေနာင္တရလိမ့္မယ္ကြ”
“ဒါဆိုလည္း ဦးဘသာကယ္ေပါ့ဗ်ာ၊ တစ္ခုခုဆို က်ဳပ္မွာအားကိုးစရာ ဦးဘသာႀကီးရွိတယ္မဟုတ္လား”
“မင္းကေတာ့ ေျပာေလကဲေလပါလားကြာ”
က်ဳပ္လည္း ဦးဘသာဆီကေန ေျပးထြက္ခဲ့တာေပါ့ဗ်ာ၊ အဲဒီ ကိုခင္ေမာင္အတြက္ ေသာက္ေရအိုးအသစ္တစ္လုံးရယ္၊ ေသာက္ေရခြက္ရယ္ စီစဥ္ေပးရတယ္၊ ၿပီးေတာ့ ထမင္းပန္းကန္ေတြ ဘာေတြေပါ့ဗ်ာ၊ မနက္တိုင္း က်ဳပ္ကေတာင္းတစ္လုံးထမ္း၊ ေရတစ္ပုံးဆြဲၿပီးသြားတာပဲဗ်ာ၊ ေရအိုးကိုေရလွယ္ၿပီးေတာ့ ေသာက္ေရအသစ္ျဖည့္ေပါ့၊ မေန႔က ပို႔ထားတဲ့ထမင္းေတာင္းကိုသိမ္း၊ ဒီေန႔စာအတြက္ အသစ္ထည့္ေပါ့ဗ်ာ၊ အေမကလည္း ေစတနာေကာင္းပါတယ္၊ ထမင္းကို ႏွစ္ေယာက္စာနီးပါးကို ထည့္ေပးတာဗ်၊ ဟင္းကေတာ့ သားသတ္လြတ္ေပါ့ဗ်ာ၊ မိုးတြင္းဆိုေတာ့ အသီးအ႐ြက္ေပါတာနဲ႔ ဟန္က်တာေပါ့ဗ်။ ထမင္းပို႔ၿပီးျပန္လာတိုင္းလည္း အေဖက က်ဳပ္ကိုအၿမဲေမးတယ္ဗ်၊ သူက သူႀကီးဆိုေတာ့လည္း အၿမဲေလ့လာေနတာေပါ့ဗ်ာ။ ဒါေၾကာင့္လည္း က်ဳပ္ကိုထမင္းပို႔တာဝန္ေပးထားတာျဖစ္မယ္ဗ်၊ ဒီလိုနဲ႔ ဆယ္ရက္ေလာက္ၾကာၿပီးေတာ့ ကိုခင္ေမာင္က က်ဳပ္ကိုစကားမေျပာေတာ့ဘူးဗ်၊ သြားရင္လည္း လက္ဟန္ေျခဟန္နဲ႔လုပ္ျပတာ၊ ေနာက္ပိုင္းက်ေတာ့ က်ဳပ္ကိုလွည့္ေတာင္မၾကည့္ဘဲ တရားပဲမွတ္ေနေတာ့တာ၊ က်ဳပ္လည္း လုပ္စရာရွိတာလုပ္ၿပီး ခပ္ျမန္ျမန္ျပန္တာေပါ့ဗ်ာ။
တစ္ရက္ေတာ့ က်ဳပ္ထမင္းေတာင္းကေလးထမ္းၿပီး ျပန္လာေတာ့ ကာလသားကိုျမင့္က က်ဳပ္ဆီေျပးလာတယ္ဗ်။
“အလတ္ေကာင္၊ မင္းရဲ႕ဘိုးေတာ္က စည္းဝိုင္းအျပင္ကေနမထြက္ဘူးဆိုကြ”
“ေအာင္မယ္၊ ကိုျမင့္က စိတ္ဝင္စားေနတာလား၊ ဘိုးေတာ္မဟုတ္ေသးပါဘူးဗ်၊ အခုမွ က်င့္စဥ္က်င့္တုန္းပါ”
“ေအးကြာ၊ ငါကေတာ့ ဒီလူကို လူလိမ္လို႔ပဲထင္တယ္”
“လုပ္ျပန္ၿပီ၊ ကဲေျပာပါအုံး၊ ကြန္ျမဴနစ္ ကိုျမင့္က ဘယ္လိုထင္လို႔လဲ”
ကိုျမင့္ဆိုတဲ့လူက အရင္က ကြန္ျမဴနစ္အလံနီလူငယ္အဖြဲ႕ထဲဝင္ဖူးတယ္ဗ်၊ ဒီေတာ့ ဒီလိုအျဖစ္ေတြကို သိပ္မယုံဘူး၊ အရင္ကဆို သရဲေတာင္ယုံတာမဟုတ္ဘူး၊ သရဲက သူ႔ကိုနားပန္က်င္းလိုက္ေတာ့မွ ယုံသြားတာမဟုတ္လား။
“ဒါက မင္းေရွ႕မွာဟန္ေဆာင္ေနတာလည္းျဖစ္ႏိုင္တယ္၊ မင္းကြယ္သြားေတာ့မွ စည္းဝိုင္းထဲက ထြက္မယ္ဆိုရင္ေရာ”
“ကိုျမင့္္ကေတာ့ ခက္ၿပီဗ်ာ၊ အတြင္းစည္းထဲကကို မထြက္တာဗ်”
“ဒါျဖင့္ငါေမးမယ္၊ သူခ်ီးပါေသးေပါက္ေတာ့ ဘယ္မွာေပါက္သလဲ”
ဒီေတာ့မွ က်ဳပ္လည္းေတြးမိသြားတယ္။ ကိုခင္ေမာင္ တကယ္ပဲအျပင္မထြက္ဘူးလား၊ ခ်ီးပါေသးေပါက္ေရာ စည္းဝိုင္းထဲမွာပဲ လုပ္တာလား၊ ဒါဆိုရင္ေရာ ႐ုကၡစိုးက ႀကိဳက္ပါ့မလား။ ကိုျမင့္က က်ဳပ္ေတြေဝသြားတာကိုၾကည့္ရင္း
“ငါေတာ့မယုံဘူးကြ၊ မင္းကိုတမင္သက္သက္ေၾကာက္ေအာင္ေျပာၿပီး တစ္ခုခုႀကံေနတာလို႔ ငါထင္တယ္၊ ၿပီးေတာ့ ႐ြာထဲက လူေတြကလည္း ေျပာေနၾကေသးတယ္”
“ဘာေျပာလို႔လဲဗ်”
“အဲဒီေညာင္ပင္ေအာက္မွာ သူေဌးႀကီးက ေ႐ႊအိုးျမႇဳပ္ခဲ့တယ္ဆိုပဲကြ၊ ဒါကိုမ်ား လာရွာတာလား”
က်ဳပ္တို႔အရပ္မွာ ပုံျပင္လိုျဖစ္ေနတဲ့ ေ႐ႊအိုးကိစၥကလည္းရွိေသးသဗ်၊ အရမ္းခ်မ္းသာတဲ့ သူေဌးႀကီးတစ္ေယာက္က အဲဒီေညာင္ပင္ေအာက္မွာ ေ႐ႊအိုးသုံးလုံးျမႇဳပ္ခဲ့တယ္ဆိုတဲ့ ပုံျပင္တစ္ခုရွိတယ္၊ တစ္ခ်ိဳ႕လည္းသြားရွာၾကတယ္၊ ေတြ႕ေတာ့ မေတြ႕ၾကပါဘူး။ ဒါေပမယ့္ ကိုျမင့္ေျပာတာလည္းျဖစ္ႏိုင္တယ္ဗ်၊
“ဒီေတာ့ ငါတို႔တစ္ရက္ေလာက္သြားေခ်ာင္းၾကမလို႔ကြ၊ သြားေခ်ာင္းလို႔ တကယ္စည္းအျပင္မထြက္ဘူးဆိုရင္ေတာ့ ဟုတ္တာေပါ့၊ မင္းမရွီတဲ့အခ်ိန္ သူဘာလုပ္သလဲ၊ ဘာႀကံေနသလဲဆိုတာ ငါတို႔သိရမွျဖစ္မယ္”
“မလုပ္ပါနဲ႔ကိုျမင့္ရာ”
“ငါကေတာ့လုပ္မယ္ဟ၊ ဦးတ႐ုတ္ႀကီးနဲ႔ေတာင္မွ ေလာင္းေၾကးစားေၾကးဖြင့္ထားၿပီးၿပီ၊ ဦးတ႐ုတ္ႀကီးကလည္း မင္းလိုပဲ အျပင္မထြက္ဘူးဆိုတာ ယုံတယ္တဲ့ကြ၊ ငါကေတာ့ မယုံဘူး၊ ဒီေတာ့ ငါတစ္ရက္ေလာက္ သူမသိေအာင္ သြားေစာင့္ၾကည့္မယ္ကြာ”
“ဒါကေတာ့ဗ်ာ၊ သူမထြက္လည္း ခင္ဗ်ားက ထြက္တယ္ဆိုၿပီးေျပာရင္ဘယ္လိုလုပ္မလဲ”
“အလတ္ေကာင္ရာ၊ ငါတို႔လည္းေတြးထားၿပီးသားပါ၊ ငါရယ္၊ ဖိုးသားရယ္၊ ေက်ာ္ေခါင္ရယ္သြားမယ္ကြာ၊ သူမသိေအာင္လို႔ အသာေခ်ာင္းၾကမယ္၊ သုံးေယာက္စလုံးဆိုေတာ့ မယုံခ်င္စရာလည္းမရွိေတာ့ဘူးေပါ့၊ ေက်ာ္ေခါင္က ဦးတ႐ုတ္ႀကီးဘက္ကဆိုေတာ့လည္း ႏွစ္ဖက္ မွ်မွ်တတေပါ့ကြာ”
က်ဳပ္လည္းအေတာ္သိခ်င္သြားတယ္။
“ဒါဆိုရင္လည္းလုပ္ဗ်ာ၊ ေနအုံးဗ်၊ က်ဳပ္လည္း ေစာင့္ၾကည့္ခ်င္ေသးတယ္၊ ခင္ဗ်ားတို႔ေျပာတာမ်ား ဟုတ္ေနမလားပဲ”
“ငါတို႔ကေတာ့ ေသခ်ာၿပီးသားပါ၊ အလကား ဘာက်င့္စဥ္မွာ လာက်င့္တာမဟုတ္ဘူး၊ ေညာင္ပင္ေအာက္က ေ႐ႊအိုးလာရွာတာပဲျဖစ္မွာကြ”
“ဒါဆို ဘယ္ေန႔ေစာင့္ၾကမလဲဗ်ာ”
“မနက္ျဖန္သန္ဘက္ခါဆို လကြယ္ၿပီမဟုတ္လား၊ အဲဒီေန႔ေစာင့္ၾကမယ္၊ မင္းေရာ လိုက္မလား”
“လိုက္မယ္ဗ်ာ၊ က်ဳပ္ကိုလာေခၚေနာ္”
“စိတ္ခ်စမ္းပါ၊ ဒါနဲ႔ ဒီလူစည္းဝိုင္းထဲကထြက္ရင္ မင္းငါ့ကိုဘယ္ေလာက္ေပးမလဲ”
“ငါးဆယ္ေပးမယ္ဗ်ာ၊ ဒါနဲ႔ မထြက္ဘူးဆိုရင္ေရာဗ်ာ”
“ဟား၊ ဟား၊ ဒီလိုဆိုရင္ေတာ့ မင္းလည္းဦးတ႐ုတ္ႀကီးဆိုင္မွာ အဝေသာက္ေပါ့ကြာ”
“စိန္လိုက္ေလဗ်ာ”
က်ဳပ္နဲ႔ ကိုျမင့္တို႔လည္း အခ်ိန္းအခ်က္လုပ္ၿပီးေတာ့ အိမ္ကိုျပန္ခဲ့တယ္ဗ်၊ ေနာက္ေန႔ ထမင္းသြားပို႔ေတာ့ က်ဳပ္လည္း မသၤကာဘူးျဖစ္