Unicode Version
“စုန်းထီးကြီး ဦးဘသာနှင့် ထန်းသုံးမြူနဲ့ပဲကြီးလှော်”(စ/ဆုံး)
—————————————————————————
အတွဲ(၄) စာစဉ် (၃)
(၁)
တစ်နေ့လင်းပြန်ပြီဗျ၊ ကျုပ်လည်း ဒီနေ့တော့ အလုပ်မယ်မယ်ရရမရှိတာနဲ့ ဘကြီးစိန်ရင်တို့အိမ်ဘက်ကိုလှည့်ခဲ့တာပေါ့ဗျာ၊ ဒီနေ့တော့ ဘကြီးစိန်ရင်က ထန်းရည်မသောက်တော့ဘူးဗျ၊ ကွပ်ပျစ်မှာ ကွေးကွေးလေးထိုင်လို့ဗျို့။
“ဗျို့ ဘကြီးစိန်ရင်သက်သာရဲ့လား”
“သက်သာပါ့ကွာ၊ ဒါနဲ့ မနေ့က မင်းအကိုကြီးအတော်ထိသွားတယ်ဆိုကွ”
“ထိတာမှတော့ ပြောမနေပါနဲ့ဗျာ၊ ကျုပ်ကိုတောင်မှ ဘကြီးစိန်ရင်က လက်ပြန်နဲ့ရိုက်ထည့်လိုက်လို့ လက်မောင်းတစ်ဖက် အောင့်သွားသေးသဗျ”
ကျုပ်တို့ပြောနေတုန်း ဘွားစန်းတုတ်က ဓါးမတိုကလေး ကိုင်ပြီးတော့ အိမ်အနောက်ဖေးကနေထွက်လာပါရော။
“ဟဲ့ စန်းတင်ဘယ်လဲဟဲ့”
“ထင်းခွေမလို့ပေါ့တော်၊ ဒါနဲ့ တစ်ခါတည်းမှာထားရအုံးမယ်နော်၊ ရှင်ဟိုကောင်လေးမေးတိုင်း ဒေါ်ပျင်းအကြောင်းတွေချည်းပြောမနေနဲ့၊ မနေ့ကတွေ့တယ်မဟုတ်လား၊ ကျုပ်က ဒေါ်ပျင်းကိုတောင်းပန်ပြီး ဒေါ်ပျင်းအကြောင်းပြောတော့ ဘာမှမဖြစ်ဘူးမို့လား၊ ရှင်က အိပ်ရာကနေထလာပြီး ကွပ်ပျစ်မှာထိုင်လို့ သူများအကြောင်းအာပေါင်အာရင်းသန်သန်နဲ့ပြောတော့ ညနေတော့ ရှင်ထိပြီမဟုတ်လား”
ဘွားစန်းတုတ်က ကျုပ်ကိုပါမျက်စောင်းထိုးကြည့်ပြီးတော့ ခြံထဲကနေထွက်သွားပါရောဗျာ၊ ကျုပ်လည်း ဘကြီးစိန်ရင်ကိုကြည့်လိုက်မိတယ်။
“ဟုတ်တယ်ဗျ၊ ဘွားစန်းတုတ်ပြောသလိုများ ဟုတ်နေသလားပဲနော်၊ ဘကြီးစိန်ရင်”
“အလကားပါကွာ၊ ဒေါ်ပျင်းအကြောင်းပြောတိုင်းဖြစ်ရမယ်ဆိုရင် တစ်ရွာလုံးဖြစ်ပြီပေါ့ကွ၊ တိုက်ဆိုင်တာနေမှာပါ”
“တစ်ရွာလုံးလည်း ဘယ်သူမှမပြောပါဘူးဗျာ”
“စုန်းဆိုတာမျိုးက တကယ်စွမ်းတာကနည်းနည်း၊ လူတွေကို ခြောက်လှန့်ပြီး ကြောက်အောင်လုပ်ထားတာက များများကွ၊ အခုလည်း သူ့မကောင်းကြောင်းတွေ အတင်းမပြောစေချင်လို့ အဲဒီလိုသတင်းလွှင့်ထားတာပေါ့ကွာ၊ ကြောက်တဲ့လူကလည်း ကြောက်တယ်မဟုတ်လားကွ”
“အင်း၊ ဘကြီးစိန်ရင်ပြောတာတော့ ဖြစ်နိုင်တယ်ဗျ၊ ဒါဆိုရင်လည်း ဘွားစန်းတုတ်မရှိတုန်း မနေ့ကပြောခဲ့တဲ့အကြောင်းလေး ဆက်ပါအုံးဗျာ”
“မနေ့က ဘယ်နားရောက်သွားပြီလဲကွ”
“မမယ်ဖြူက စုန်းခုနစ်ယောက်နဲ့ညားပြီးတော့ စုန်းတွေသေတော့ ရွာကိုပြန်ရောက်လာတဲ့ နေရာရောက်သွားပြီ”
“သြော်၊ အေးအေး၊ မမယ်ဖြူပြန်ရောက်လာတော့ ရွာမှာထူးခြားတာတွေဖြစ်တယ်ကွ၊ ရွာမှာကလည်း ရွာခံစုန်းတွေရှိတော့ မမယ်ဖြူကို သိပ်မကြည်ကြဘူးပေါ့ကွာ၊ ဒါနဲ့ မင်းဒေါ်သောင်းတင်ကြီးကိုသိသလား”
“ဒေါ်သောင်းတင်ဆိုတာ ဖိုးတရုတ်အဘွားရဲ့ အမေမဟုတ်လားဗျ၊ ကျုပ်တို့တော့မမီလိုက်ပါဘူးဗျာ၊ ဖိုးတရုပ်အဘွားတောင်မှ ကျုပ်တို့ခပ်ငယ်ငယ်က ဆုံးပြီမဟုတ်လား”
“အေး၊ အဲဒီဒေါ်သောင်းတင်က စုန်းကွ၊ ဘာလို့သိသလဲဆိုတော့ စန်းတုတ်နဲ့ညီအမဝမ်းကွဲတော်လို့သိတာ၊ သူကလည်း ငါတို့ဆွေမျိုးတွေအချင်းချင်းတော့ စုန်းဆိုတာကို လူသိခံပေမယ့် သူစိမ်းကိုလူသိမခံဘူးပေါ့ကွာ၊ သူပြောတာတော့ မမယ်ဖြူက ကဝေသားပိုက်ဆိုပဲကွ”
“ကဝေသားပိုက်ဆိုတာက ဘာကိုပြောတာလဲဗျ”
“စုန်းကြီးတွေ၊ ကဝေကြီးတွေက သူတို့သေတော့မယ်ဆိုရင် သူတို့မှာလည်း လက်ဆင့်ကမ်းစရာ မျိုးဆက်မရှိတော့ဘူးဆိုရင် မမွေးသေးတဲ့ကလေးရဲ့ဝမ်းထဲကို သူတို့ပညာတွေထည့််ပေးတယ်ကွ၊ အဲဒါကို ကဝေသားပိုက်လို့ခေါ်တာ၊ မမယ်ဖြူယောက်ျား စုန်းကြီးတွေက အသက်အိုအိုကြီးတွေကွ၊ တောထဲတောင်ထဲမှာဆိုတော့ ဆက်ပြီးပြန့််ပွားစရာ မျိုးဆက်မရှိတာနဲ့ မမယ်ဖြူဗိုက်ထဲက ကလေးလေးထဲကို ပညာတွေထည့်ပေးခဲ့ကြတာလို့ပြောတာပဲ၊ စုန်းထီးကြီး ခုနစ်ယောက်က ပညာထည့်ပေးထားတာဆိုတော့ မယ်ပျင်းကသိပ်စွမ်းတာပေါ့ကွာ၊ စုန်းထီးကြီးတွေကလည်း နှယ်နှယ်ရရမှမဟုတ်တာ၊ ဘုရင်က ရေချတာတောင်မှ မသေလို့ မြိုင်ရပ်ကိုနှင်ထားတဲ့ စုန်းတွေပဲဥစ္စာ”
“ဟာ၊ ဒါကြောင့်လည်း ဒေါ်ပျင်းက သိပ်စွမ်းနေတာကိုးဗျ”
“စွမ်းပါပြီကောကွာ၊ သူ့ဆီမှာ အမောက်ခုနစ်ခုတောင်ရှိတယ်ဆိုပဲကွ၊ ငါတော့မမြင်ဖူးပါဘူး၊ ခုနက သောင်းတင်ပြောတာပဲ”
ဦးဘသာတောင်မှ အမောက်သုံးခုရှိတာမဟုတ်လား၊ ဒေါ်ပျင်းအမောက် ခုနစ်ခုရှိတယ်ဆိုတော့ ဦးဘသာထက် နှစ်ဆကျော်လောက် ပိုစွမ်းမယ်လို့တော့ ကျုပ်ထင်တာပဲဗျာ။ ဘကြီးစိန်ရင်က ရေနွေးတစ်ခွက်ငှဲ့လိုက်ရင်းနဲ့
“သောင်းတင်က ငါ့ကို မမယ်ဖြူက ကဝေသားပိုက်လို့ပြောတော့ ငါလည်းဘယ်ယုံမှာလည်းကွာ၊ အရင်ကတည်းကလည်း တို့ရွာသူပဲမဟုတ်လား၊ ဒါနဲ့ သောင်းတင်က ဆက်ပြောတယ်ကွ၊ မယုံရင် ဒီလကွယ်ည ပေါက်ကုန်းကို လာချောင်းကြည့်တဲ့ကွ၊ ရွာခံစုန်းတွေက မမယ်ဖြူဗိုက်ထဲက ကဝေသားပိုက်ကို စိန်ခေါ်ကြမယ်ဆိုပဲ၊ ငါလည်း သိချင်တာပေါ့ကွာ၊ အဲဒီတုန်းက အသက်ကလည်း ခပ်ငယ်ငယ်၊ စန်းတုတ်နဲ့ အိမ်ထောင်ကျတာတောင်မှ တစ်နှစ်မပြည့်သေးဘူးမဟုတ်လား၊ ဒါနဲ့ သိချင်တော့ သူတို့ပြောတဲ့အတိုင်း လကွယ်ညမှာ ပေါက်ကုန်းအနားသွားစောင့်နေတာပေါ့ကွာ”
“ပေါက်ကုန်းဆိုတာ၊၊ ကျုပ်တို့ရွာအထွက်နားက ပေါက်ကုန်းကိုပြောတာမဟုတ်လား”
“အေးလေ၊ ရွာမှာ ပေါက်ကုန်းဘယ်နှကုန်းရှိလို့လဲ၊ အရင်က ပေါက်ကုန်းဆိုတာ ချုံတွေဝိုင်းနေတဲ့နေရာပဲကွ၊ ဇီးကုန်းရွာမတည်ခင်တုန်းကဆိုရင်တော့ ကွင်းခေါင်ခေါင်ထဲ ပေါက်ပင်ကြီးတစ်ပင်ပေါက်နေတဲ့ နေရာပေါ့၊ ငါလည်း အဲဒီညမှာ ပေါက်ကုန်းကိုကြိုသွားပြီးတော့ ချုံတစ်ခုထဲမှာ နေရာအသေအချာယူထားလိုက်တာပေါ့၊ မကြာပါဘူးကွာ၊ ရွာထဲကနေလူတွေ စကားတပြောပြောနဲ့ရောက်လာတယ်၊ လကွယ်ညဆိုတော့လည်း အလင်းရောင်မရှိတော့ ဘယ်သူဘယ်ဝါမှန်း မသိဘူးပေါ့ကွာ၊ သူတို့က အဲဒီပေါက်ပင်ကြီးအနားကိုလာပြီးတော့ စကားတွေပြောနေကြတာကွ၊ နှစ်ယောက်လာလိုက်၊ သုံးယောက်လာလိုက်နဲ့ နောက်ဆုံးဆယ့်ငါးယောက်လောက်ဖြစ်သွားပါရော၊ ယောက်ျားတွေရော၊ မိန်းမတွေရောကွ၊ ငါဖြင့် အဲဒီတော့မှ ရွာမှာစုန်းတွေများတာကို သိလိုက်ရတာ”
“ဆက်ပြောပါအုံးဗျာ၊ ကောင်းခန်းရောက်နေပြီဗျ”
ဘကြီးစိန်ရင်က ရေနွေးခွက်ကို ကောက်သောက်လိုက်ပြီးတော့
“သန်းခေါင်မရောက်ခင်လောက် မမယ်ဖြူရောက်လာပါရောဟေ့၊ ဗိုက်ကြီးကလည်း မွေးခါနီးဆိုတော့ တကားကားနဲ့ပေါ့ကွာ၊ နောက်တော့ အဲဒီစုန်းတွေကို လက်ညှိုးထိုးပြီး ဆဲလိုက်ဆိုလိုက်တာ ရစရာမရှိပါဘူးကွာ၊ စုန်းတွေကလည်း ပြန်ပြီးဆဲကြဆိုကြနဲ့ပေါ့၊ နောက်တော့ အဖြူရောင်တွေ၊ အနီရောင်တွေ၊ အစိမ်းရောင်တွေ တလက်လက်နဲ့ လက်ကုန်ပါရောကွာ၊ ငါလည်း ချုံထဲက ကြည့်နေတာဆိုတော့ မြင်ကွင်းက သိပ်မရှင်းဘူးပေါ့၊ နောက်တော့ မမယ်ဖြူဗိုက်ကြီးက လင်းနေတာကွ၊ ဘယ်လောက်လင်းသလဲဆိုရင် ဗိုက်ထဲက ကလေးကိုပါ ထိုးဖောက်မြင်နေရတယ်၊ နောက်တော့ အဲဒီဗိုက်ထဲကနေပြီး မီးလုံးကြီးတစ်လုံးထွက်လာတာကွ၊ မီးလုံးလည်းထွက်ရော ရွာထဲကစုန်းတွေက ငိုယိုကြတာကွာ၊ ပြောမနေပါနဲ့တော့”
“သူတို့က ဘာလို့ငိုတာလဲဗျ”
“ဒါတော့ငါလည်းမသိဘူး၊ ငိုတာမှ ရှိုက်ကြီးတငင်နဲ့ငိုကြတာကွ၊ ပြီးတော့ တဖုန်းဖုန်းနဲ့ပြေးကြတာပဲကွာ၊ ပြေးတဲ့လူတွေကို မမယ်ဖြူက ကြည့်ပြီးရယ်နေတယ်ကွ၊ လူတွေအားလုံးကုန်သွားတော့မှ မီးလုံးကြီးက ဗိုက်ထဲပြန်ဝင်သွားတာ၊ ငါဆိုရင်ကြောက်တာ ပြောမနေပါနဲ့ကွာ၊ မနက်လင်းမှ ချုံထဲကနေထွက်ရဲတယ်ဟေ့”
နောက်ရက်ပိုင်းတော့ သောင်းတင်က စန်းတုတ်ကိုခေါ်ပြောတယ်၊ သူသွားရတော့မယ်တဲ့၊ ငါတို့ကလည်း ခရီးသွားတာကိုပြောတာလားပေါ့၊ ပြောရင်းနဲ့ မျက်ရည်တွေတောင်ကျနေသေးတယ်၊ စန်းတုတ်ကို ချစ်လို့ဆိုပြီးတော့ လက်စွပ်တစ်ကွင်းနဲ့ ထမီသုံးလေးထည် ပေးလိုက်သေးတယ်ကွ၊ နောက်တစ်နေ့မနက်ရောက်တော့ သောင်းတင်သေတာပဲကွ၊ ငါတို့တောင်အံ့သြနေကြတာ”
“ဒါဆို မမယ်ဖြူဆီမှာ ရှုံးသွားလို့များလား”
“အေး၊ ငါလည်း အဲဒီလိုထင်တာပဲကွ၊ လူတွေပြောတာတော့ ကဝေသားပိုက်နဲ့ပညာပြိုင်လို့ ရှုံးရင် ကဝေသားပိုက်က အဲဒီလူကိုဖမ်းစားတယ်တဲ့ကွ၊ သောင်းတင်သေသလို မကြာပါဘူး၊ ရွာက လူတွေတဖြုတ်ဖြုတ်သေတာကွ၊ သေတာကလည်း ညအိပ်ရင်အကောင်း မနက်လင်းရင်အသက်မရှိတော့ဘူး၊ သေတာကလည်း တစ်နေ့တစ်ယောက်နှုန်းနဲ့သေတာ၊ ဆယ့်ငါးရက်မှာ ဆယ့်ငါးယောက်သေပြီး နောက်ရက်ကျတော့ လူတွေဆက်မသေတော့ဘူး၊ အဲဒီရက်မှာ မယ်ပျင်းကို မွေးတာပဲဟေ့”
“ဒါဆို စုန်းတွေအားလုံးကို ဒေါ်ပျင်းက ဖမ်းစားလိုက်တာများလား”
“ဟုတ်ချင်ဟုတ်မှာကွ၊ မယ်ပျင်းမွေးပြီးတော့ ရွာမှာနည်းနည်းငြိမ်သွားတယ်၊ မယ်ပျင်းဆိုတာ အရပ်ကပေးတဲ့နာမည်ကွ၊ နာမည်နဲ့လိုက်အောင် ငယ်ငယ်က သိပ်ပျင်းတာတဲ့၊ အားအားရှိခွေခေါက်နေ၊ အိပ်နေတာချည်းပဲ၊ သူ့အမေမမယ်ဖြူနဲ့ဆိုရင် အမြဲတမ်းစကားများရန်ဖြစ်နေသတဲ့၊ ဒါပေမယ့် မယ်ပျင်းက သူ့အမေအလုပ်ခိုင်းရင် ပညာနဲ့လုပ်တာတဲ့ကွ၊ တံမြက်လှည်းဆိုရင် တံမြက်စည်းကို သူ့အလိုလိုလှဲခိုင်းတာကွ၊ ရေငင်ဆိုရင်လည်း ရေအိုးက သူ့အလိုလိုရေသွားငင်တယ်”
“ဟုတ်ရဲ့လားဗျာ”
“တကယ်ဟ၊ ငါကိုယ်တိုင်မြင်ခဲ့ဖူးတာ၊ တစ်ခါတော့ ကာလသားတွေက မယ်ပျင်းကိုမယုံတာနဲ့ လောင်းကြေးစားကြေးလုပ်ပြီး သွားချောင်းတာပေါ့ကွာ၊ အဲဒီမှာငါလည်းပါတယ်ကွ၊ မယ်ပျင်းက တစ်အိမ်လုံးကို ခိုင်းထားတာကွ၊ ထင်းပေါက်ဆိုရင်လည်း ပေါက်ဆိန်ကြီးပဲ မြင်ရတယ်ကွ၊ အဲဒီပေါက်ဆိန်ကြိးက သူ့အလိုလိုထင်းတွေပေါက်နေတာ၊ မောင်းစင်ကြီးကလည်း တခွပ်ခွပ်နဲ့မောင်းတွေထောင်းနေပြီးတော့ စကောကြီးက သူ့အလိုလိုလှည့်ပြီး ဆန်တွေပြာနေတာကွာ၊ ငါတို့လည်းတွေ့တော့ လန့်ပြီးထွက်ပြေးကြတာပဲ”
“ဟုတ်ရဲ့လားဗျာ၊ ကျုပ်ဖြင့် နားရှိလို့သာကြားရတယ်”
“အောင်မာ၊ မင်းက ငါ့ကိုလိမ်နေတယ်လို့ ထင်လို့လားကွ၊ တော်ပြီကွာ၊ နားမထောင်ချင်ရင်လည်းနေ ငါဆက်မပြောတော့ဘူး”
“လုပ်ပါဗျာ၊ ကျုပ်က စတာပါ”
“တော်ပြီကွာ၊ အာညောင်းတယ်၊ နေလည်းကောင်းကောင်းမကောင်းသေးဘူးကွ”
ဘကြီးစိန်ရင်က ကျုပ်ကိုစိတ်ဆိုးသွားပုံရတယ်ဗျ၊ ဒါနဲ့ကျုပ်လည်း သူ့အိမ်ကနေပြန်ထွက်လာခဲ့တာပေါ့ဗျာ။
(၂)
“ဟေ့အလတ်ကောင်၊ အတော်ပဲကွာ”
“ဟာ၊ ဦးဘသာပါလားဗျ”
ဦးဘသာက သူ့ခါးကြားထဲမှာ ပုဆိုးနဲ့လိပ်ထားတဲ့ ပိုက်ဆံတွေကိုထုတ်ပေးတယ်ဗျ၊ ပိုက်ဆံအစိတ်တန်ဗျ။ ကျုပ်လည်း ပိုက်ဆံလှမ်းယူလိုက်တယ်။
“ကြွက်နီဆီသွားပြီး ထန်းသုံးမြူလောက်ရအောင်ဝယ်ခဲ့ပါကွာ၊ ပြီးတော့ ပဲကြီးလှော်လည်း နှစ်ဆယ်သားလောက်ဝယ်ခဲ့”
ဒီတော့မှ ကျုပ်လည်း ဦးဘသာကို ဟိုနေ့က သရဲကြီးမှာသွားတဲ့အကြောင်းကို သတိရသွားတာဗျ၊ ထန်းသုံးမြူနဲ့ ပဲကြီးလှော်ယူလာခဲ့ပါဆိုတာလေ၊ ဒါနဲ့ကျုပ်လည်း ပိုက်ဆံယူပြီးထွက်လာခဲ့တယ်၊ ဦးဘသာက ကိုကြွက်နီဆီမသွားချင်တာ အကြောင်းရှိတယ်လေ၊ ကိုကြွက်နီနဲ့သူနဲ့က သိပ်ပြီးအကြောမတည့်ဘူးမဟုတ်လား။
ကိုကြွက်နီအိမ်ရောက်တော့ ကိုကြွက်နီက အိမ်ဘေးနားကအရိပ်ထဲမှာ ဝါးပက်လက်ကုလားထိုင်ကလေးချထားပြီးတော့ ထန်းရည်ကလေးသောက်ရင်း ဇိမ်ခံနေတာဗျ၊ ကျုပ်လည်း ကိုကြွက်နီဆီကိုလာခဲ့တာပေါ့။
“ဟာ၊ ကိုကြွက်နီကတော့ ဇိမ်ပဲဟေ့၊ ထန်းရည်နဲ့ ကောင်းနေပြီ၊ ဟိုဟာက ဘာသားလဲဗျ”
“ရှဉ့်သားလေကွာ၊ ငါမနေ့က ထောင်ခဲ့တာ၊ ထန်းရည်နဲ့ရှဉ့်သားကြော်ဆိုတာ သိပ်လိုက်တာပေါ့ကွ၊ ရော့အလတ်ကောင်၊ သောက်”
ကိုကြွက်နီက ထန်းရည်တစ်ခွက်ပေးတာနဲ့ ကျုပ်လည်းကြည့်လိုက်တယ်ဗျ၊ ထန်းရည်က မိုးပြာရောင်ကလေးဗျာ။ ကျုပ်လည်း ပါးစပ်ထဲကိုတစ်ခွက်လုံးမော့ချလိုက်တာပေါ့။
“ဖွီ၊ ကိုကြွက်နီထန်းရည်ကလည်း ခါးလိုက်တာဗျာ”
“ခါးမှာပေါ့ကွ၊ ငါက ငှက်ခါးတောင်သောက်တာကိုး”
ငှက်ခါးတောင်ဆိုတာကတော့ ထန်းရည်ကို ကောက်ညှင်းချက်နဲ့ပြန်ပြီးအချဉ်ဖောက်ထားတာကိုပြောတာဗျ၊ ထန်းရည်ထဲမှာ သိပ်ခါးပြီး သိပ်မူးတာပေါ့ဗျာ၊ အရောင်ကတော့ မိုးပြာရောင်လဲ့လဲ့ကလေးလိုပဲ၊ တကယ့်ထန်းရည်သမား၊ ဂျိုးတွေဆိုရင်တော့ ငှက်ခါးတောင်မှ သောက်တာဗျ။
“အလတ်ကောင်၊ မင်းကတော့ ထန်းရည်မသောက်တတ်ဘူးပဲ၊ ထန်းရည်ဆိုတာ တစိမ့်စိမ့်သောက်၊ မော့သောက်ရတယ်ကွ၊ ဟောဒီလို ခေါင်းကလေးကိုမော့ပြီးတော့ ပါးစပ်ထဲကို ထန်းရည်ကိုတစ်စိမ့်စိမ့်လောင်းချပြီးတော့မှ တစ်ကျိုက်အရသာခံသောက်ရတာကွ”
ကိုကြွက်နီက ပက်လက်ကုလားထိုင်ပေါ်မှာ လှန်အိပ်ပြိးတော့ သောက်ပြသေးတာ။
“ဒါနဲ့ မင်းဘာလာလုပ်တာလဲ”
“ထန်းရည် သုံးမြူလောက် လိုချင်လို့ဗျ”
“ဟာ၊ ငါက အခုထန်းရည်မှမရောင်းတာ”
“လုပ်ပါ ကိုကြွက်နီရာ အဖေက ထန်းရည်များများရအောင်ရှာလို့ပြောလိုက်လို့ပါ”
အဖေဆိုတဲ့အသံကြားတာနဲ့ ကိုကြွက်နီခေါင်းထောင်လာတာပဲဗျ။
“ဟာ၊ သူကြီးက ထန်းရည်သောက်တော့မယ်ပေါ့ဟုတ်လား၊ အေးအေး၊ ပေးလိုက်မယ်၊ သူကြီးအတွက်ဆို လက်ဆောင်ပေးလိုက်မယ်၊ သုံးမြူမဟုတ်ဘူးကွာ၊ ငါးမြူယူသွား”
ကိုကြွက်နီကထသွားပြီးတော့ ထန်းရည်မြူအိုးကလေးတွေကို ကြိုးနဲ့ဆွဲပြီး ပေးလိုက်တယ်ဗျ၊ ကျုပ်လည်း ပိုက်ဆံတစ်ပြားမှမကုန်ဘဲ ထန်းရည်ရတယ်ဆိုတော့ ပျော်တာပေါ့ဗျာ။ ပဲလှော်ကတော့ ကိုကြွက်နီဆီမှာ မရတတ်ဘူးဗျ၊ ရွာလယ်က မကပ်စေးရဲ့ ကုန်စုံဆိုင်ရယ်၊ ရွာထိပ်က ဦးတရုတ်ကြီးတို့ရဲ့ အရက်ဆိုင်ရယ်မှာပဲရတာ၊ မကပ်စေးဆိုင်ဘက် ခြေဦးမလှည့်ချင်တာနဲ့ ဦးတရုတ်ကြီးဆိုင်ကိုပဲ သွားဝယ်တာပေါ့ဗျာ၊ ကိုကြွက်နီဆိုင်ကနေ ဦးတရုတ်ကြီးဆိုင်ကို မြန်မြန်ရောက်အောင်လို့ ရွာလယ်ကနေမသွားဘဲ အိမ်နောက်ဖေးကိုဆင်းပြီး ရွာပြင်ကွင်းဘက်ကနေ ဖြတ်လာခဲ့တာပေါ့ဗျာ၊ ဒါနဲ့လမ်းမှာ ဘွားစန်းတုတ်နဲ့သွားဆုံပါရော။
ဘွားစန်းတုတ် ထင်းခွေတယ်ဆိုတာကလည်း ရွာမှာ ပြောစမှတ်တွင်တယ်ဗျ၊ ကျုပ်တို့ဘက်မှာတော့ တမာကိုင်းခြောက်တို့၊ ထန်းဖလက်၊ ဝါးလုံးပိုင်းတွေကို ထင်းအဖြစ်မသုံးကြဘူးဗျ၊ တမာကိုင်းကို မီးရှို့ရဲ့ မီးခိုးသင်းပြီးတော့ အနံ့တစ်မျိုးညှော်တယ်ဗျ၊ ထန်းဖလက်တို့၊ ဝါးတို့ကျတော့ ခဏလေးနဲ့ မီးလောင်ပြာဖြစ်တာဆိုတော့ ထင်းစိုက်မကောင်းဘူးပေါ့ဗျာ၊ ဒီတော့ ဘယ်သူမှ အပင်ပန်းခံပြီး အဲဒါတွေကို ထင်းလုပ်သယ်မနေဘူး၊ ဒါပေမယ့် ဘွားစန်းတုတ်ကတော့ တွေ့သမျှသစ်အကုန်သယ်တယ်၊ ဒါကြောင့် ရွာထဲက လူကြီးတွေက “စန်းတုတ်ထင်းခွေသလိုမလုပ်နဲ့နော်” ဆိုပြီးတော့ အလွယ်လုပ်တတ်တဲ့လူတွေကို တင်စားပြောတတ်တယ်ဗျ။
ခုလည်း ကိုကြွက်နီခြံနောက်က ထန်းဖလက်တွေ လာကောက်တာဖြစ်မယ်ဗျ၊ ကျုပ်လည်း ဘွားစန်းတုတ်ကို စချင်တာနဲ့ ဘွားစန်းတုတ်ကောက်မယ့် ထန်းဖလက်ကိုကြည့်ပြီး
“ဘွားစန်းတုတ်၊ အဲဒီမှာ မြွေကြီး၊ မြွေကြီးဗျ”
ကျုပ်အော်လိုက်တော့ ဘွားစန်းတုတ်လန့်သွားတယ်ဗျ၊ ပြီးတော့ အနောက်ကိုခုန်ဆုတ်သွားပါရော၊ ကျုပ်လည်း ကျုပ်လှန့်တာကို တကယ်လန့်သွားတယ်ဆိုပြီး ရယ်နေမိတာ၊ နောက်တော့မှ ဘယ်ဟုတ်မလဲဗျာ၊ ဘွားစန်းတုတ်ကောက်တဲ့ ထန်းဖလက်တွေကြားထဲမှာ မြွေဟောက်ကြီးတစ်ကောင် ပါးပျဉ်းထောင်လို့ဗျ၊ ကျုပ်လည်းအနားရောက်လာရော ကျုပ်ကိုပါ တရှူးရှူးလုပ်နေတာနဲ့ ထန်းရည်အိုးတွေဆွဲပြီး သုတ်ခြေတင်ပြေးခဲ့ရပါရောဗျာ။
(၃)
ထန်းရည်လည်းရပြီ၊ ပဲကြီးလှော်လည်း ဝယ်ပြီးပြီဆိုတော့ ကျုပ်နဲ့ဦးဘသာလည်း ရွာထဲကနေထွက်ခဲ့တာပေါ့ဗျာ၊ ဦးဘသာကတော့ သားသတ်ကုန်းနားကိုသွားတယ်ဗျ၊ အဲဒီမှာထန်းရည်မြူတွေချပြီးတော့ ပါးစပ်က ပွစိပွစိလုပ်နေတယ်။
“အဘိုး၊ အဘိုး၊ အဘိုးတို့ သောက်ပါ သုံးဆောင်ပါ”
ထန်းရည်မြူကို ဒီအတိုင်းချပြီးတော့ ပဲကြိးလှော်ကိုတော့ ဖက်ခင်းပြီးပုံပေးလိုက်တာပေါ့ဗျာ၊ ပြီးတော့ ရေတွင်းပေါင်နားမှာ ထိုင်နေတာနဲ့ ကျုပ်လည်းထိုင်ရတာပေါ့ဗျာ၊ ထန်းသုံးမြူဆိုပေမယ့် ကျုပ်က ငါးမြူယူလာတာဆိုတော့ နှစ်မြူပိုနေတာပေါ့ဗျာ၊ ဒါနဲ့ပဲ ကျုပ်က ထန်းရည်မြူတစ်အိုးကို ပါးစပ်နဲ့တေ့ပြီးသောက်ချလိုက်တယ်။
“ကဲ ဦးဘသာ၊ တစ်ခွက်တစ်ဖလားလောက် သောက်ပါအုံးလား”
ဦးဘသာက ကျုပ်ကိုလှည့်ကြည့်တယ်ဗျ၊ နောက်တော့ ဘာမပြောညာမပြောနဲ့ ကျုပ်ရှေ့ကထန်းရည်မြူတစ်ခုကိုကောက်ပြီးတော့ မော့ချလိုက်တာပဲ၊ တော်တော်များများသောက်လိုက်ပြီးတော့ အေ့ခနဲလေတက်လိုက်သေးတယ်ဗျ၊ ကျုပ်လည်း ရှပ်အင်္ကျီအိတ်ကပ်ထဲ ထည့်ထားတဲ့ ပဲကြီးလှော်ကို နှိုက်ပြီးတော့ ပါးစပ်ထဲပစ်ထည့်လိုက်တာပေါ့ဗျာ။ ဦးဘသာကိုလည်း နည်းနည်းလှမ်းပေးလိုက်တော့ ဦးဘသာက ခေါင်းခါတယ်ဗျ၊ ပြီးတော့ ထန်းရည်အိုးကိုပဲ ဆက်တိုက်မော့ချပြီးသောက်နေတော့တာပါပဲဗျာ။
ကျုပ်ပဲအမြင်မှားတာလား၊ ထန်းရေတန်ခိုးပဲ ပြလာတာလားတော့မသိဘူးဗျို့၊ ပတ်ဝန်းကျင်ကြီးတစ်ခုလုံးက ပြာသွားလိုက်၊ စိမ်းသွားလိုက်နဲ့ဖြစ်နေတော့တာ၊ နောက်တော့ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်ကျသွားတာပဲဗျို့။
နားထဲမှာ ဆဲသံဆိုသံတွေကြားတော့မှ ကျုပ်လည်းလန့်နိုးလာတယ်ဗျ၊ ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ အိမ်ခန်းတစ်ခုထဲကိုရောက်နေတာဗျ၊ အိမ်ကတော့ ကျုပ်လည်းတစ်ခါမှ မနေဖူးတဲ့အိမ်ပဲ၊ ဒါနဲ့ အိမ်အပြင်ကိုထွက်လိုက်တော့ လှေကားအတက်အဆင်းနားမှာ ဦးဘသာငယ်ဘ၀ သာစံကိုတွေ့လိုက်ရတယ်ဗျ။ ခြံရှေ့နားမှာတော့ ဒေါ်ပျင်းက အော်ဟစ်ပြီးဆဲဆိုနေတာပဲ။ ဒေါ်ပျင်းအရှေ့လမ်းပေါ်မှာတော့ လက်ထဲသေနတ်ကိုင်ထားတဲ့ လူကြီးတစ်ဦးကိုတွေ့ရတယ်ဗျ၊ လူကြီးက ခပ်ပုပု၀၀နဲ့ နှုတ်ခမ်းမွှေးကြီးကလည်း ကားလို့၊ သူ့အနောက်မှာတော့ လက်နက်ကိုင်ထားတဲ့လူတွေ တွေ့ရတယ်။
“ဟဲ့ မယ်ပျင်း၊ ငါတို့ရွာကို ညည်းဒုက္ခပေးနေတာတွေ ရပ်တန်းကရပ်နော်၊ မဟုတ်ရင် ညည်းတို့ကို ငါတို့ရွာအပြင်မောင်းထုတ်ရလိမ့်မယ်”
“အောင်မာ၊ သူကြီးစမ်းကြည့်လိုက်ပါ၊ သူကြီးစွမ်းသလား၊ ကျုပ်စွမ်းသလားဆိုတာ စမ်းကြည့်လိုက်”
အဲဒီလူကြီးက သူကြီးတဲ့ဗျ၊ ဒါဆိုရင် ကျုပ်တို့အဘိုးပေါ့၊ ကျုပ်အဘိုးကို ကျုပ်တစ်ခါမှ မမြင်ဖူးတာ၊ အခုမှပဲမြင်လိုက်ရတယ်ဗျာ၊ ကျုပ်အဘိုးက ဒေါ်ပျင်းကိုတစ်ချက်မျက်စောင်းထိုးပြီးတော့ သူ့လူတွေနဲ့အတူတူထွက်သွားတော့တယ်၊ ကျုပ်လည်း အဘိုးကိုတွေ့ဖူးချင်တာနဲ့ အနောက်ကပြေးလိုက်သွားတာပေါ့ဗျာ။
အဘိုးတို့က သွားနေရင်း မကြာခင် ရွာလယ်နားက ခြံဝိုင်းကြီးထဲဝင်သွားတယ်ဗျ။ ခြံဝိုင်းကြီးကလည်း အကျယ်ကြီးပဲဗျာ၊ အထဲက အိမ်ကြီးဆိုတာလည်း အကြီးကြီးပဲ၊ အိမ်တိုင်ကြီးတွေဆိုရင် ရှစ်ပတ်လည်လောက်ရှိတဲ့ တိုင်ကြီးတွေဗျ။ အဘိုးက ဒေါသတကြီးနဲ့အိမ်ထဲကိုဝင်လာပြီးတော့ အိမ်ရှေ့နားမှာ ခင်းထားတဲ့ ခုံမှာထိုင်လိုက်တယ်ဗျ။
“တောက်၊ တို့ရွာမှာ ဒီကောင်မရှိနေတာ ငါခေါင်းကြိမ်းတာပဲဟေ့”
“ဟုတ်တယ်သူကြီး၊ ကျုပ်တို့ကတော့ သူတို့သားအမိတွေကို အပြတ်ရှင်းပြီး တစ်အိမ်လုံးကို မီးနဲ့ရှို့ချင်နေပြီ”
“နေစမ်းပါအုံးကွ၊ ခုနွေရာသီ ရေရှားနေတယ်မဟုတ်လား၊ သူတို့အိမ်ကိုမီးရှို့ပြီး မီးကိုငါတို့မထိန်းနိုင်ရင် တစ်ရွာလုံးလောင်သွားမှာပေါ့ကွ”
ဒီအချိန်မှာပဲ အိမ်ထဲမှာ ကလေးငိုသံကြားရတယ်ဗျ၊ ကလေးက လသားလေးရှိသေးတာ၊ အလွန်ဆုံးရှိမှ သုံးလေးလပေါ့ဗျာ၊ မိန်းမတစ်ယောက်က ကလေးကိုချီပြီးထွက်လာတယ်။
“လုပ်ပါအုံးတော်၊ ဒီလိုနဲ့ ကျုပ်တို့သားကလေး သေတော့မှာလားတော့၊ ကျောကုန်းမှာလည်း စုန်းစုပ်တဲ့အရာကြီးနဲ့မဟုတ်လား”
အဘိုးက တော်တော်စိတ်ညစ်နေပုံရတယ်ဗျ၊ ဒီအချိန်မှာပဲ နွားလှည်းတစ်စီးက ခြံထဲဝင်လာတယ်၊ အဘိုးက နွားလှည်းကိုလှမ်းကြည့်ပြီးတော့ ပျော်သွားပုံရတယ်။
“ကြွလာပြီ၊ ဆရာမောင်ကြီး ကြွလာပြီ”
အဘိုးက ပြာပြာသလဲနဲ့ပြေးသွားတယ်ဗျ၊ လှည်းပေါ်မှာ ထိုင်လိုက်လာတာကတော့ ခေါင်းပေါင်းအကြီးကြီးပေါင်းထားပြီး နှုတ်ခမ်းမွှေးထူထူနဲ့လူကြီးပဲဗျ၊ အသက်ကတော့ ခုနစ်ဆယ်လောက်ရှိမှာပေါ့။ ဆရာမောင်ကြီးလို့ ခေါ်တဲ့ဆရာကြီးကို အဘိုးတို့က အိမ်ပေါ်ခေါ်တင်သွားတယ်ဗျ။
“ကလေးပြစမ်း၊ ဘာဖြစ်တာလဲ”
“ကလေးကိုပြလိုက်တော့ ဆရာမောင်ကြီးက တစ်ချက်ချီကြည့်ပြီးတော့
“စုန်းပြုစားထားတာပဲဗျ၊ ကဲပါ၊ ကျုပ်ရဲ့လျှာပွတ်ဆေးနဲ့ ကုသပေးမယ်”
ဆရာမောင်ကြီးက သူ့လွယ်အိတ်ထဲက ယွန်းဘူးကလေးတစ်ဘူးထုတ်လိုက်ပြီးတော့ ဖွင့်တယ်ဗျ၊ ဘူးထဲမှာက မဲမဲအတောင့်ကလေးတစ်တောင့််ဗျ။ ကလေးရဲ့ပါးစပ်ကိုဟခိုင်းပြီးတော့ အဲဒီအတုံးကလေးနဲ့ ကလေးလျှာကိုပွတ်တယ်ဗျ၊ ပါးစပ်ကလည်း ဂါထာတွေရွတ်နေတယ်။
“ဘုရားဆေး၊ တရားဆေး၊ သံဃာဆေး၊ အထက်ဝိဇ္ဇာတွေပေးတဲ့ဆေး၊ ဒီကလေးမှာဖြစ်နေတဲ့ အနာရောဂါမှန်သမျှ ထွက်စရာထွက်၊ သက်စရာသက်”
အဲဒီလိုရွတ်ပေးပြိး မကြာခင်မှာပဲ ကလေးက ငြိမ်ကျသွားပါရောဗျာ၊ ဆရာမောင်ကြီးက အဘိုးဘက်ကိုလှည့်လိုက်ပြီး
“ဒီရွာက စုန်းတစ်ယောက်ပြုစားထားတာပဲ၊ ဒါနဲ့ ဒီရွာမှာ စုန်းတွေဘာတွေရှိသလား”
“စုန်းကတော့ ရွာတိုင်းရှိတာပေါ့ ဆရာကြီးရယ်၊ ဒါနဲ့ ဆရာကြီးက စုန်းတွေဘာတွေ နိုင်သလား”
“ဟား၊ ဟား စုန်းလောက်ကတော့ ကျုပ်ကိုင်လာတာများပြီဗျ”
ဆရာမောင်ကြီးစကားကြားတော့ အဘိုးသူကြီးက အားတက်သွားတဲ့ပုံပဲဗျ။
“ဒါဆို ဒီရွာမှာ ဆိုးသွမ်းနေတဲ့ စုန်းမတစ်ကောင်ကို ဆရာမောင်ကြီး မောင်းထုတ်နိုင်မလား”
“ဒါပေါ့ဗျ၊ စုန်းဆိုတာ မကောင်းတဲ့လူတွေပဲ၊ ကျုပ် နယ်တကာလှည့်ပြီးတော့ ဆေးကုသရင်း စုန်းတွေ၊ ကဝေတွေကို မောင်းထုတ်နှိမ်နင်းခဲ့တာများပြီ၊ တချို့ကိုလည်း ပညာခန်းဖြတ်၊ တစ်ချို့ကိုတော့ ပညာတွေအလှူခံပြီးတော့ ငြိမ်ဝပ်စေခဲ့တာများပြီ”
“ဒါဆိုလည်း ဒီရွာက စုန်းမကို နှိမ်နင်းပေးပါ ဆရာကြီးရယ်၊ ဆရာကြီးကျေးဇူးကို ကျုပ်တို့မမေ့ပါဘူး”
ဆရာမောင်ကြီးက ခေါင်းညိတ်လိုက်ပြီး
“အေး၊ ခုနစ်ရက်သားသမီးတွေကို ကယ်တင်ပေးရတာပေါ့ကွဲ့”
အဘိုးက သူ့လူတစ်ယောက်ကို လှည့်ကြည့်ပြီးတော့
“ဟေ့၊ မယ်ပျင်းကို သွားခေါ်စမ်းကွာ”
အဘိုးပြောတော့ ဆရာမောင်ကြီးက လက်ကာပြတယ်။
“ဒီအတိုင်းခေါ်မနေနဲ့သူကြီး၊ အဲဒီစုန်းမကို ပညာစက်၊ အာဏာစက်နဲ့ လှမ်းခေါ်မယ်၊ လာ ကလေးကို ဒီကိုခေါ်လာခဲ့”
ကလေးလေးကိုခေါ်လာတော့ ဆရာမောင်ကြီးက ကလေးကျောကိုလှန်လိုက်တယ်ဗျ။ ကလေးကျောကုန်းမှာ မှည်းမှည်းအကွက်ကြီးက အကြီးကြီးပဲဗျာ၊ ဆရာမောင်ကြီးက ကလေးကျောကုန်းကိုလက်နဲ့ထောက်လိုက်ပြီးတော့
“ကဲ အထက်ဆရာများအမိန့်၊ ငါ့အမိန့်၊ ဒီစုန်း လာလေရော့လဟယ်”
ဦးမောင်ကြီးအသံကတော့ အတော်ကိုအာဏာသံပါတယ်ဗျ၊ သူခေါ်လိုက်တယ်ဆိုရင်ပဲ ခြံရှေ့ကနေ ဆဲသံဆိုသံတွေကြားရပြီးတော့ ဒေါ်ပျင်းကြီးတစ်ယောက် ထမီစွန်တောင်ဆွဲပြီး အိမ်ပေါ်ကိုတက်ချလာတယ်၊ အိမ်ပေါ်ကလူတွေဆို ကြောက်လို့ ရှောင်ပေးလိုက်ရတယ်၊ ဒေါ်ပျင်းက မထိုင်ဘူးဗျ၊ လှေကားဝမှာတင် မတ်တပ်ရပ်ပြီးတော့
“ဟဲ့ သေချင်းဆိုး၊ ဘာလို့ငါကိုခေါ်တာတုန်း”
“နင့် ပညာတွေ ငါ့ကိုလှူစမ်းကောင်မ”
“ဟား၊ ဟား သူများပညာတွေကို အလကားလိုချင်လို့ရမလား၊ နင့်ကိုငါက ဘာလို့လှူရမှာလဲ”
“အောင်မယ်၊ နင်စကားပြောတာမိုက်ရိုင်းလှပါလား၊ နင်က ကြမ်းကြမ်းလေးလိုချင်မှာတော့ ငါကလည်း ကြမ်းပေးရတာပေါ့”
ဆရာမောင်ကြီးက အိတ်ထဲက ဆေးလုံးကလေးတွေ ထုတ်လိုက်တယ်ဗျ၊ ဆေးလုံးကလေးက ငရုတ်ကောင်းစေ့လောက်ရှိမှာဗျ၊ အဲဒီဆေးလုံးကလေးတွေနဲ့ ဒေါ်ပျင်းကိုလှမ်းပက်လိုက်တော့ ဒေါ်ပျင်းမှာ ပူလို့ လူးခါနေတာပဲဗျာ။
“မှတ်ပြီလားစုန်းမ၊ အဲဒါ စုန်းပြေးဆေးလို့ခေါ်တယ်၊ နင့်ပါးစပ်ထဲခွံ့လိုက်ရင် ရွာတစ်ပတ် ပတ်ပြေးနေရလိမ့်မယ်ဟဲ့”
ဒေါ်ပျင်းက ချက်ချင်းကုန်းထတယ်ဗျ။
“ဟား၊ ဟား ခွေးကြီး၊ နင့်ဆေးက သိပ်စွမ်းတယ်လို့မထင်နဲ့၊ နင့်ကို ငါပြုစားမယ်ဟဲ့”
“လုပ်စမ်းပါ စုန်းမရဲ့၊ နင်ငါ့ကိုကြိုက်သလောက်ပြုစားစမ်း၊ နင်ငါ့ကိုတစ်ချက်တောင် ထိလို့ရမှာမဟုတ်ဘူး၊ ငါ့မှာက စုန်းပြီးအင်းတွေတစ်ကိုယ်လုံးထိုးထားတယ်၊ နင်မပြောနဲ့ ဇော်ဂနီ၊ ဇော်ဂနက်တောင် ငါ့ကိုပညာနဲ့လုပ်မရဘူးဟဲ့”
ဒေါ်ပျင်းကြီးက ရယ်တယ်ဗျ။ ဦးမောင်ကြီးရော ကြည့်နေတဲ့လူတွေအားလုံးရော လန့်နေတာပေါ့။
“ဟား၊ ဟား နင့်ဆေးတွေကဘယ်နားမှာ သွားထိုးထားတာလဲ”
ဦးမောင်ကြီးက အင်္ကျီကြယ်သီးနှစ်လုံးဖြုတ်ပြီးတော့ ရင်ဘတ်ကိုလှန်လိုက်တယ်ဗျ၊ ပြီးတော့ သူ့ရင်ဘတ်ကိုသူကြည့်ပြီးအံ့သြသွားတယ်၊ ရင်ဘတ်မှာ ဘာမှမရှိဘဲ ပြောင်သလင်းနေတာပဲဗျာ၊ ဒါနဲ့ အကျီလက်ကိုဆွဲတင်ပြီးတော့ လက်ဖျံတွေ လက်မောင်းတွေကိုလည်း ကြည့်လိုက်တယ်၊ ဘာဆိုဘာမှမရှိဘူး၊ ဦးမောင်ကြီးက သရဲတစ်ကောင်ကိုတွေ့သလို ထိတ်လန့်သွားတယ်။
“ငါ့ဆေး၊ ငါ့ဆေးတွေ ဘယ်ရောက်သွားသလဲ၊ ငါထိုးထားတဲ့ဆေးတွေ၊ အင်းတွေ ဘယ်ရောက်သွားသလဲ”
ဒေါ်ပျင်းရယ်သံကြီးက ကြောက်စရာကောင်းလိုက်တာဗျာ။
“ဟား၊ ဟား နင့်အဆင့်လောက်နဲ့ ငါ့ကိုများလာလုပ်လို့ရမလားဟဲ့၊ ကဲ ဆရာစုတ်၊ နင့်ကိုငါသနားလို့ အခွင့်အရေးပေးမယ်၊ နင်ငါ့ကိုကန်တော့မယ်ဆိုရင် နင့်ကိုငါအသက်ချမ်းသာပေးမယ်”
ဆရာမောင်ကြီးက လူကြားထဲအရှက်ကွဲတာဆိုတော့ ဒေါသထွက်နေတာပေါ့ဗျာ။
“နင့်လိုစုန်းမကို ငါက ကန်တော့စရာလားဟဲ့၊ ဘယ်တော့မှ မကန်တော့ဘူး၊ နင်သာ ငါ့ကိုကန်တော့ရမှာ”
အိတ်ထဲကနေ မဲမဲဆေးလုံးကလေးတွေ နှိုက်ပြီးတော့ ပစ်ထည့်လိုက်ပြန်ရောဗျာ၊ ဒေါ်ပျင်းက ဖြုံတောင်မဖြုံဘူးဗျို့၊ ဆရာမောင်ကြီးနဖူးမှာ ဇောချွေးတွေပြန်ပြီးတော့ ရွှဲစိုနေတာပဲဗျာ၊ နောက်တော့ ဆရာမောင်ကြီးက အိတ်ထဲလက်နက်ပြီးတော့ အဲဒီဆေးတွေကို လက်တစ်ဆုပ်ကြီးကိုင်ပြီး ကျဲပက်ထည့်လိုက်တာဗျ၊ ဒေါ်ပျင်းက တစ်ချက်တောင်မတွန့်သွားဘူးဗျာ၊ ဆရာမောင်ကြီးလည်း တော်တော်ကိုသွေးပျက်နေပြီဗျ၊ ဒေါ်ပျင်းက ဆရာမောင်ကြီးကိုလက်ညှိုးထိုးပြီးတော့
“ခွေးကြီး၊ နင့်အလှည့်ပြီးပြီလား၊ အေး၊ ဒီတစ်ခါငါ့အလှည့်ပဲ၊ နင်လေးဖက်ထောက်စမ်း”
ဦးမောင်ကြီးက ထိုင်နေရာကနေထပြီးတော့ လေးဖက်ကုန်းတယ်ဗျ။
“ခွေးလိုအူစမ်း”
ဦးမောင်ကြီးပါးစပ်ကနေ ခွေးတစ်ကောင်လို တအူအူနဲ့ အူနေတာပဲဗျာ။
“ပြီးတော့ နင်ပြောသလို ရွာကိုတစ်ပတ်ပတ်ပြေးပြီးတော့ ခွေးသေ သေစမ်း၊ ခွေးကြီး”
ဒေါ်ပျင်းစကားဆုံးတာနဲ့ ဦးမောင်ကြီးက အိမ်ပေါ်ကနေလေးဖက်ထောက်ကြီးပြေးဆင်းပြီး ရွာလယ်လမ်းအတိုင်း လေးဖက်ထောက်ပြီး ပြေးထွက်သွားတာပဲဗျာ၊ ဦးမောင်ကြီးပြေးတော့ သူကြီးအိမ်ပေါ်ကလူတွေအားလုံး ဆင်းပြေးကုန်ကြတယ်ဗျ၊ လှေကားအတက်မှာထိုင်နေတဲ့ဒေါ်ပျင်းက သူကြီးကိုမျက်စောင်းကြိးထိုးပြီးတော့
“အောင်မာ၊ ရှင်က မလောက်လေးမလောက်စား ဆရာလောက်နဲ့ ကျုပ်ကို မောင်းချင် နှင်ချင်တယ်ပေါ့ဟုတ်လားသူကြီး”
သူကြီးလည်း အခြေအနေမဟန်တော့ဘူးဗျို့။
“ရှင်တို့ကိုလည်း ကျုပ်ဘာလည်းဆိုတာ အကြောင်းသိအောင်ပြရသေးတာပေါ့သူကြီးရာ၊ ဟိုခွေးကြီးက ခွေးသေသေသလို၊ ရှင်တို့သားက ဝက်သေသေရမယ်”
ဒေါ်ပျင်းကပြောပြီးတော့ အိမ်ပေါ်ကနေဆင်းသွားတာပဲဗျာ၊ ဒီတော့ သုံးလသားကလေးလေးက အော်လိုက်၊ ငိုလိုက်တာဗျာ၊ အော်နေရင်းငိုနေရင်း တဖြည်းဖြည်း ဝက်သံပေါက်လာတယ်ဗျ၊ တစီစီနဲ့အော်နေရင်း အော်ရတာမောလို့ တစ်ကိုယ်လုံးက ပြာနှမ်းလာပြီးတော့ ဖုတ်လိုက်ဖုတ်လိုက်ဖြစ်ပြီး သေသွားပါရောဗျာ၊ သူကြီးကတော်ဖြစ်ပုံရတဲ့မိန်းမဆို ငိုလိုက်တာပြောမနေပါနဲ့တော့ဗျာ။ ငိုရင်းနဲ့တက်သွားလို့ အိမ်ကလူတွေက ဝိုင်းပြီးနှာနှပ်ကြပါရောဗျာ။
အဘိုးသူကြီးကတော့ တောက်တစ်ခေါက်ခေါက်နဲ့ပေါ့ဗျာ။
“ဒီစုန်းမကိုမှ မနှိမ်နင်းနိုင်ရင် ငါသူကြီးမလုပ်ဘူးဟေ့”
ကျုပ်လည်း ဒေါ်ပျင်းအနောက်ကိုပြေးလိုက်ခဲ့တာပေါ့ဗျာ၊ ဒေါ်ပျင်းက ရွာထိပ်ကိုသွားတာဗျ၊ ရွာထိပ်ရောက်တော့ ရွာထိပ်နားက ညောင်ပင်ကြီးအောက်မှာပါးစပ်ကအမြှုပ်တွေထွက်ပြီး ခွေခွေကြီးဖြစ်နေတဲ့ ဆရာမောင်ကြီးကိုတွေ့တယ်ဗျ၊ တစ်ကိုယ်လုံးလည်း ဖုန်တွေပေကျံနေတာပဲဗျာ၊၊ အသက်ကြီးပြီဆိုတော့ အမောဖောက်ပြီး လူက ဖုတ်လှိုက် ဖုတ်လှိုက်ဖြစ်နေပြီပေါ့။
“သေစမ်း၊ ခွေးနာကြီးသေစမ်း”
ဒေါ်ပျင်းက ဆရာမောင်ကြီးကို ခြေထောက်တွေနဲ့ လှိမ့်လှိမ့်ကန်တာပဲဗျ၊ ဒီအချိန် သာစံကလေးလည်း အပြေးရောက်လာတယ်။
“အမေ၊ တော်ပါတော့”
ဒေါ်ပျင်းက သာစံဘက်ကိုလှည့်ပြီး
“ဟဲ့၊ ငါကဘာလို့တော်ရမှာလဲ”
“တော်ရုံတန်ရုံပွန်းရုံပဲ့ရုံလောက် လုပ်ရင်တော်ရောပေါ့အမေရာ၊ အသေသတ်စရာမလိုပါဘူးဗျ”
“ဟဲ့၊ နင့်ပထွေးက ငါ့ကိုဘယ်လိုလုပ်တယ်ဆိုတာ နင်သိရဲ့လား”
“ဘယ်လိုလုပ်လုပ်ပေါ့အမေရာ၊ အခု အမေနိုင်နေပြီပဲ”
“ဟဲ့ကောင်လေးရဲ့၊ သန်မာတဲ့လူဆိုတာ မသနားတတ်ရဘူးဟဲ့၊ သနားတယ်တို့ အားနာတယ်တို့ဆိုတာ ပျော့ညံ့တဲ့လူတွေရဲ့လုပ်ရပ်၊ ငါသာရှုံးကြည့်၊ နင်ပထွေးက ငါ့ကိုရော သနားမယ်လို့ထင်လို့လား၊ လူတွေအရှေ့မှာ မျက်နှာပန်းလှအောင် ငါ့ကိုစိတ်ကြိုက်အမျိုးမျိုးနှိပ်စက်မှာဟဲ့”
“ဘာပဲဖြစ်ဖြစ် အခုအမေနိုင်တယ်လေဗျာ၊ သေအောင်လုပ်စရာလိုသေးလို့လား”
ဒေါ်ပျင်းက သက်ပြင်းတစ်ချက်ချလိုက်ပြီးတော့ ပြန်လှည့်ထွက်သွားတယ်ဗျ၊ သာစံကတော့ ဦးမောင်ကြီးကို ကုန်းကြည့်ပြီးတော့ ပါးစပ်က ထွက်နေတဲ့အမြှုပ်တွေကို သူ့အင်္ကျီအောက်အနားနဲ့သုတ်ပေးလိုက်သေးတယ်။ ဦးမောင်ကြီးက အသက်ကိုခပ်ပြင်းပြင်းရှူနေရင်းနဲ့ ခေါင်းကြီးငိုက်ကျသွားတယ်ဗျ၊ ပြူးထွက်နေတဲ့မျက်လုံးကြီးတွေကို သာစံက လက်နဲ့အုပ်ပြီးတော့ မျက်လုံးတွေပိတ်ပေးလိုက်တယ်။
“ဘကြီး၊ ကျုပ်အမေကို ခွင့်လွှတ်ပေးပါဗျာ”
သာစံကပြောပြီးတော့ ထွက်သွားတော့တာပါပဲဗျာ။ ဒီအချိန်မှာပဲ ရွာထဲမှာ ဆူညံဆူညံအသံံတွေကြားတယ်ဗျ၊ မီးခိုးတွေလည်း တအူအူထွက်လို့ပေါ့ဗျာ၊ နောက်တော့ ဘွားမယ်ဖြူကြိးက ပြေးထွက်လာတယ်ဗျ၊ လမ်းမှာ သာစံကိုတွေ့တော့။
“ငါ့မြေး၊ မသွားနဲ့၊ ရွာထဲကိုမသွားနဲ့တော့”
အဲဒီလိုပြောပြီးတော့ ရွာပြင်ကိုဆွဲခေါ်သွားပါရော၊ ကျုပ်လည်း သိချင်လို့ရွာထဲဝင်ကြည့်တော့ မျက်နှာကိုပုဆိုးတွေနဲ့အုပ်ထားတဲ့ရွာသားတွေက ဒေါ်ပျင်းတို့အိမ်ကြိးကို မီးကွင်းတွေ၊ မီးတုတ်တွေနဲ့ ဝိုင်းပစ်နေကြတာပါပဲဗျာ၊ အိမ်တစ်ခုလုံးမီးလောင်သလို ခြံထဲက ရှိသမျှသစ်ပင်တွေလည်း အကုန်မီးတွေစွဲနေတာပဲဗျာ။
မီးလောင်နေတဲ့ သစ်ပင်ပေါ်ကနေ မဲမဲအကောင်ကြီးတွေ ပြေးဆင်းလာတယ်ဗျ၊ အကောင်ကြီးက စုစုပေါင်း ခုနစ်ကောင်တိတိရှိတယ်၊ နောက်ဆုံးက အကောင်ကြီးဆို သူ့ကိုယ်မှာပါ မီးတွေစွဲနေသေးတယ်၊ သူတို့ပြေးတဲ့အနောက်ကို ကျုပ်လိုက်ပြေးတော့ ရွာနောက်ဖက် ရေတွင်းအနားကိုရောက်လာပြီဗျ။ ဒေါ်ပျင်းကြီးက အဲဒီရေတွင်းအနားမှာ ခါးထောက်မတ်တပ်ရပ်ပြီးတော့ ရွာကိုကြည့်နေတယ်။
“ဒီတစ်ရွာလုံးတော့ ငါလုပ်လိုက်ရရင်သေတော့မယ်”
သရဲကြီးတွေက ဒေါ်ပျင်းအနားမှာ ကပ်နေကြတယ်။
“ငါတို့ဘယ်လိုလုပ်ရမလဲ၊ ငါတို့မှာ နေစရာမရှိတော့ဘူး”
ဒေါ်ပျင်းက ခပ်ထေ့ထေ့ပြုံးရင်း
“ငါတို့ကို မီးနဲ့ပြေးအောင်လုပ်တယ်ဆိုတော့၊ ငါတို့ကလည်း ဒင်းတို့ရွာကို ရေနဲ့ပတ်သက်ပြီး ဒုက္ခရောက်အောင်ပြန်လုပ်ရမှာပေါ့၊ ကဲ အဖေတို့၊ ဟောဒီရေတွင်းမှာသာနေ၊ ဒီနေရာကို အဖေတို့ကိုအပိုင်ပေးလိုက်ပြီ၊ အဖေတို့စိတ်ကြိုက်သာ ချောက်ချင်ချောက်၊ လှန့်ချင်လှန့်၊ စားချင်စား စိတ်ကြိုက်သာလုပ်ပေတော့”
ဒီတော့ သရဲကြီးတွေက ရေတွင်းအုတ်ဘောင်နဲ့ ရေတွင်းအပေါ်မှာ မိုးထားတဲ့ပြဿဒ်ပေါ်ကို ကုတ်ဖက်တက်ကြတယ်ဗျာ။ ကျုပ်ဖြင့်် ကြောက်ကြောက်နဲ့ထွက်ပြေးဖို့လုပ်ရင်း ကျောက်တုံးနဲ့ခလုပ်တိုက်ပြီးတော့ အရှေ့ကိုဟပ်ထိုးလဲကျသွားတော့တာပဲ။
(၄)
ကျုပ်နိုးတော့ ညတောင်အတော်မှောင်နေပြီဗျ၊ ကျုပ်ဘေးဘီကြည့်တော့ ရေတွင်းကြီးနားမှာပဲရှိသေးတာ၊ ဦးဘသာကလည်း ကျုပ်ဘေးမှာလဲကျနေတယ်၊ ထန်းရည်မြူသုံးအိုးကလည်း တက်တက်စင်အောင်ပြောင်နေသလို ပဲကြီးလှော်လည်း တစ်စေ့တောင် မရှိတော့ဘူးဗျို့။ ကျုပ်လည်း ဦးဘသာကိုနှိုးလိုက်ရတယ်။
“ဦးဘသာ၊ ထတော့၊ ထတော့ဗျ”
ဦးဘသာလည်း နိုးလာတယ်၊ ဒါနဲ့ အိုးတွေကို နောက်မှသယ်မယ်ဆိုပြိးတော့ ကျုပ်တို့လည်း ပြန်လာခဲ့တာပေါ့၊ ဦးဘသာက ထန်းရည်တွေကို မသောက်စဖူးများများသောက်လိုက်လို့ထင်ပါတယ်၊ အခုထိမူးနေပြီး ခြေလှမ်းတွေယိုင်နေတုန်းပဲဗျ၊ ကျုပ်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်တွဲရင်း ရွာဆီကိုပြန်လာတော့ ရွာထဲမှာ ဆူညံံဆူညံအသံကြားရတယ်၊ ကျုပ်တို့ဆက်လာတော့ ဦးဘသာအိမ်ရှေ့မှာ လူတွေအုံနေတယ်ဗျ။
“ဦးဘသာ ခင်ဗျားထွက်ခဲ့၊ ခင်ဗျားမထွက်ခဲ့ရင် ခင်ဗျားအိမ်ကို မီးနဲ့ရှို့ပစ်မယ်”
သောင်းကျန်းနေတဲ့သူကတော့ ကိုကြွက်နီဗျ၊ ကျုပ်နဲ့ဦးဘသာရောက်သွားတော့ အကိုကြီးက ကျုပ်တို့အနားကိုပြေးလာတယ်။
“ဦးဘသာ အခြေအနေမကောင်းဘူး တစ်နေရာကိုရှောင်နေပါလား”
ကိုကြွက်နီက ဦးဘသာကိုတွေ့သွားပြီးတော့ ဓါးကြီးကိုင်လို့ပြေးလာတယ်ဗျ။ ရွာသားတွေအကုန်လုံး ဟာခနဲဟင်ခနဲဖြစ်သွားတာပေါ့ဗျာ။ ကိုကြွက်နီလက်ထဲမှာလည်း ကိုင်းခုတ်ဓါးကြီးကိုင်လို့ဗျ၊ ကျုပ်လည်း စိတ်ထဲကနေ ဓါးကြီးကိုကြည့်ပြီးတော့
“ဓါးကြီးလွတ်ထွက်သွားရင်ကောင်းမယ်” လို့တွေးလိုက်မိတယ်။ ချက်ချင်းဆိုသလိုပဲ ကိုကြွက်နီလက်ထဲက ဓါးကလွတ်ကျပြီးတော့ သူ့ခြေထောက်ပေါ်သူပြန်ကျပြီး ခြေမက ဓါးဦးနဲ့ထိပြီး ကွဲသွားပါရောဗျာ။ ကျုပ်ဖြင့် အံ့သြလို့မဆုံးဘူး။
ကိုကြွက်နီက ခြေထောက်ထိသွားတော့ လဲကျသွားတယ်ဗျ၊ လဲကျနေရာကနေ ဦးဘသာကိုလက်ညှိုးထိုးပြီးတော့
“ခင်ဗျားကြီးလုပ်တာ၊ ခင်ဗျားကြီးလုပ်လို့ ကျုပ်အဖေသေရတာဗျ”
“ကိုကြွက်နီ မဟုတ်တာမပြောနဲ့”
“ဟုတ်တယ်ကွ၊ ငါ့အဖေသေပြီ၊ ခုနကပဲ ငါ့အဖေသေပြီ”
ကျုပ်ဖြင့်တော်တော်အံ့သြသွားတာဗျာ။
“ဘာဗျ၊ ဘကြီးစိန်ရင်သေပြီတဲ့လား၊ ကျုပ်နဲ့မနက်က စကားပြောတော့ အကောင်းကြီးရှိပါသေးတယ်ဗျာ”
“အေး၊ ဟုတ်တယ်အလတ်ကောင်၊ ငါ့အဖေသေပြီ၊ အဲဒါ အဲဒီဦးဘသာကြီးလုပ်လို့ကွ”
“ခင်ဗျားအဖေသေတာတော့ ကျုပ်စိတ်မကောင်းဘူး၊ ဒါပေမယ့် ဒါက ဦးဘသာနဲ့ဘာမှမဆိုင်ဘူး၊ ကျုပ်တို့နှစ်ယောက် အခုမှ ရွာထဲကိုဝင်လာခဲ့တာဗျ၊ နေ့လည်ကတည်းက ရွာပြင်မှာထန်းရည်သောက်ပြီးတော့ မူးနေကြတာ”
ဒီအချိန်မှာပဲ အဖေနဲ့ရပ်ရွာလူကြီးတစ်ချို့ရောက်လာကြတယ်၊ ကိုကြွက်နီက မတ်တပ်ထလိုက်ပြီးတော့
“မင်း ဘာမှကာဆီးကာဆီးလုပ်မနေနဲ့အလတ်ကောင်၊ ငါ့အဖေသေတာ သူ့ကြောင့်၊ မနေ့က ငါ့အဖေကိုသရဲဝင်ပူးတော့ ဦးဘသာက သရဲနှင်တယ်ဆိုပြီးတော့ သရဲနဲ့စကားတစ်ခွန်းနှစ်ခွန်းပြောလိုက်လို့ သရဲထွက်သွားတယ်ဆိုတာ မင်းအကိုကြီးငါ့ကိုပြောပြီးပြီ၊ ဒီတော့ ဒီသရဲက သူနဲ့သိနေလို့ပေါ့၊ သူမွေးထားတဲ့ သရဲမို့ပေါ့၊ အခုလည်း သူမွေးထားတဲ့သရဲကိုလွှတ်ပြီးတော့ ငါ့အဖေကို သတ်ခိုင်းတာလားမှမသိတာ၊ ဦးဘသာ၊ ခင်ဗျားနဲ့အဖေရဲ့ကြားမှာ ရန်ငြိုးတွေရှိတာနဲ့ပဲ ခင်ဗျားကျုပ်အဖေကို ပြန်သတ်လိုက်တယ်ပေါ့၊ ဟုတ်သလား”
ကျုပ်လည်း ဘာမှမပြောတတ်လောက်အောင်ကိုပါပဲဗျာ၊ ဦးဘသာက ကိုကြွက်နီကို ဒယိမ်းဒယိုင်နဲ့လမ်းလျှောက်သွားရင်း
“ဒီမယ်ကြွက်နီ၊ မင်းအဖေနဲ့ငါနဲ့ ရန်ငြိုးရှိတာက ရှိခဲ့တာပဲ၊ အေး၊ အဲဒီရန်ငြိုးကြောင့် သူ့ကိုငါသတ်ရမယ်ဆိုရင် မင်းအဖေ ဒီအသက်အရွယ်အထိ မနေရပါဘူးကွာ၊ နောက်ပြီးတော့ ငါက ဘယ်တော့မှ ငါ့ရွာကလူတွေ နစ်နာပါစေ ထိခိုက်ပါစေဆိုတဲ့စိတ်နဲ့ မကောင်းမှုကိုတစ်ခုမှ မလုပ်ခဲ့ဘူး၊ မင်းလည်းသိချင်မှသိမယ်၊ ရွာကလူတွေလည်း သိချင်မှသိမယ်၊ ဒါပေမယ့် ငါကတော့သိတယ်ကွ၊ ငါ့လိပ်ပြာငါလုံတယ်”
ဦးဘသာက ကိုကြွက်နီအရှေ့ဒူးထောက်ချလိုက်ပြီးတော့
“မင်းငါ့ကိုသတ်ရမှ စိတ်ပြေမယ်ဆိုရင်တော့ ငါ့ကိုသာ တစ်ခါတည်းခုတ်သတ်လိုက်ကွာ၊ မင်းအဖေသေရတာငါ့ကြောင့်လို့ထင်လို့ ငါ့ကိုပြန်သတ်ရမှ စိတ်ရှင်းမယ်ဆိုရင် ငါ့ကိုသာသတ်သွားလိုက် ကြွက်နီ၊ မင်းဓါးကိုကောက်ပြီး ငါ့လည်ပင်းကို တစ်ချက်တည်းခုတ်ထည့်လိုက်”
ကိုကြွက်နီက ဓါးကိုလက်လှမ်းတယ်ဗျ၊ နောက်တော့ လက်တွေက တုန်ယင်လာပြီးတော့ မြေကြီးမှာ ပက်လက်လန်ပြီးလဲကျသွားတယ်။ ပြီးတော့ ယောက်ျားကြီးတန်မဲ့ ငိုတော့တာပါပဲ။ ကျုပ်လည်း ကိုကြွက်နီစိတ်ပြောင်းပြီး ဦးဘသာကြီးကို ခုတ်မှာစိုးလို့ မြေပေါ်ကျနေတဲ့ဓါးကြီးပြေးကောက်ရတာပေါ့ဗျာ။
ဘကြီးစိန်ရင်ကတော့ သေသွားခဲ့ပါပြီဗျာ၊ နေ့လည်အိပ်နေရင်း ညနေစောင်းတာတောင်မှ မထလို့သွားနှိုးတော့ သေနေတာပဲတဲ့၊ ရွာထဲမှာတော့ သို့လော သို့လော ပြောကြတယ်ဗျ၊ ကျုပ်ကတော့ ဒီကိစ္စက ဦးဘသာနဲ့မဆိုင်ဘဲ သွေးရိုးသားရိုးဖြစ်သွားတယ်လို့ပဲထင်တယ်၊ ဆေးဆရာဦးမှတ်ကြီးကလည်း နှလုံးရပ်ပြီးသေသွားတာလို့ပြောတယ်၊ အရင်က ဘကြီးစိန်ရင်က နှလုံးရောဂါသူနဲ့ကုဖူးတယ်ဆိုပဲဗျ။ ဘွားစန်းတုတ်ကတော့ ကျုပ်ကိုမကြည်ပါဘူးဗျာ၊ ကျုပ်က ဘကြီးစိန်ရင်နဲ့ ဒေါ်ပျင်းအကြောင်းတွေပြောလို့ ဒေါ်ပျင်းကြီးက သတ်တယ်လို့ပဲ သူက ယူဆနေတာဗျ၊ ကျုပ်ခေါင်းထဲလည်း အတွေးမျိုးစုံဝင်နေတယ်၊ တကယ်ပဲ ဘကြီးစိန်ရင်က ဒေါ်ပျင်းအကြောင်းပြောလို့ သေတာလား၊ ဒါမှမဟုတ် တိုက်ဆိုင်တာများလား၊
ဘကြီးစိန်ရင်သေပြီးတော့ ဘွားစန်းတုတ်တစ်ယောက် ခွက်ကလေးအရှေ့ချပြီး အမြဲတမ်းငိုနေတတ်တယ်ဗျ၊ ဘကြီးစိန်ရင်က သူ့ယောက်ျားလည်းဖြစ်ပြန်၊ နောက်ပြီး သောက်ဖော်သောက်ဖက်ဆိုတော့လည်း သတိရတာပေါ့ဗျာ၊ ကျုပ်ကတော့ ဘွားစန်းတုတ်အနားကိုမသွားတော့ပါဘူး၊ ကျုပ်ကိုမြင်ရင် ကျုပ်ကြောင့်သေရတာဆိုပြီး သူဝမ်းနည်းနေမှာစိုးလို့ပါဗျာ၊ သူတို့အိမ်ရှေ့ကဖြတ်သွားတိုင်း သူတို့အိမ်ကလေးလှမ်းကြည့်ရင် ဘွားစန်းတုတ်တစ်ယောက် ငူငူငိုင်ငိုင်နဲ့ထိုင်နေတာပါပဲဗျာ။
ဘကြီးစိန်ရင်သေပြီးတော့ တစ်လလောက်ကြာတော့ ညနေဖက်ကြီး ဘွားစန်းတုတ်တစ်ယောက် ရန်ဖြစ်နေတယ်ဗျ၊ အော်ကျယ်အော်ကျယ်နဲ့ကိုဖြစ်နေတာ၊ ကျုပ်တို့လည်းအံ့သြတာပေါ့ဗျာ၊ အရင်လို ရန်ဖြစ်နေကျ သူ့ယောက်ျားလည်းမရှိတော့ဘူးမဟုတ်လား၊ ဘယ်သူနဲ့ရန်ဖြစ်ပါလိမ့်ဆိုပြိး ကျုပ်လည်း သွားကြည့်မိတယ်။
ဘွားစန်းတုတ်တစ်ယောက် ထန်းရည်မူးနေပုံရတယ်ဗျ၊ ထန်းရည်သောက်လိုက် သူ့ယောက်ျားရှိတယ်အမှတ်နဲ့ ဆဲလိုက်ဆိုလိုက်ပဲ၊ နောက်တော့ ခြံဝကိုကြည့်ပြီးတော့ တစ်ချက်ပြုံးရယ်တယ်။
“ဟယ် သေနာကောင်ကြီး၊ နင်ငါ့ကို တစ်ယောက်တည်း ထားသွားတာ တော်တော်မှပျော်ရဲ့လား” တဲ့ဗျာ၊ အဲဒီလိုအော်ပြီးတော့ ကွပ်ပျစ်ပေါ်ကနေ ပက်လက်လန်လဲကျသွားတာပဲ၊ ကျုပ်တို့ပြေးထူလိုက်တဲ့အချိန်မှာတော့ ဘွားစန်းတုတ်တစ်ယောက် နှလုံးမခုန်တော့ပါဘူးဗျာ၊ ဘကြီးစိန်ရင်သေပြီး တစ်လအကြာမှာပဲ ဘွားစန်းတုတ်လည်း သေသွားတော့တာပါပဲဗျာ၊ ခုထိ ကျုပ်တို့ရွာက သချိုင်းမှာ ဘကြီးစိန်ရင်နဲ့ ဘွားစန်းတုတ်တို့ရဲ့ အုတ်ဂူလေး ဘေးချင်းကပ်ရှိသေးတယ်ဗျ၊
ညနေမှောင်လာပြီဆိုရင်တော့ ကိုကြွက်နီတစ်ယောက် ထန်းရည်နှစ်မြျူဆွဲပြီးတော့ သချိုင်းကိုထွက်သွားလေ့ရှိတယ်၊ ဟိုရောက်ရင် သူ့အဖေနဲ့အမေရဲ့ အုတ်ဂူအပေါ်ကို ထန်းရည်မြူအိုးတင်ပြီးတော့ အုတ်ဂူရှေ့မှာထိုင်ပြီး
“အဖေရေ အဖေကြိုက်တဲ့ထန်းရည်ဗျ၊ အမေရေ ငှက်ခါးတောင်စစ်စစ်ကလေးဗျ၊ သောက်နော်၊ သောက်ပြီးတော့ အရင်လို လင်မယားတွေရန်ဖြစ်ကြပါအုံးဗျာ”
လို့ပြောပြီး ငိုယိုနေတတ်တာလည်း ခဏခဏတွေ့ရတတ်တာပေါ့ဗျာ၊ ဘကြီးစိန်ရင်နဲ့ ဘွားစန်းတုတ်သေသွားပေမယ့် သူတို့နဲ့ပတ်သက်တဲ့ စိန်ရင်တစ်ခွက်စန်းတုတ်တစ်ခွက်တို့၊ မစန်းတုတ်ထင်းခွေတာတို့၊ အရက်သောက်တဲ့မိန်းကလေးတွေဆိုရင် စန်းတုတ်မတို့ဆိုတဲ့ စကားလေးတွေကတော့ ကျုပ်တို့ရွာမှာ သုံးနေဆဲပါဗျာ၊ သြော်၊ ဒီလိုဆိုတော့လည်း ဘကြီးစိန်ရင်နဲ့ ဘွားစန်းတုတ်ကို လွမ်းမိပြန်ရောဗျို့။
ပြီးပါပြီ။
#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ
Zawgyi Version
“စုန္းထီးႀကီး ဦးဘသာႏွင့္ ထန္းသုံးျမဴနဲ႔ပဲႀကီးေလွာ္”(စ/ဆုံး)
—————————————————————————
အတြဲ(၄) စာစဥ္ (၃)
(၁)
တစ္ေန႔လင္းျပန္ၿပီဗ်၊ က်ဳပ္လည္း ဒီေန႔ေတာ့ အလုပ္မယ္မယ္ရရမရွိတာနဲ႔ ဘႀကီးစိန္ရင္တို႔အိမ္ဘက္ကိုလွည့္ခဲ့တာေပါ့ဗ်ာ၊ ဒီေန႔ေတာ့ ဘႀကီးစိန္ရင္က ထန္းရည္မေသာက္ေတာ့ဘူးဗ်၊ ကြပ္ပ်စ္မွာ ေကြးေကြးေလးထိုင္လို႔ဗ်ိဳ႕။
“ဗ်ိဳ႕ ဘႀကီးစိန္ရင္သက္သာရဲ႕လား”
“သက္သာပါ့ကြာ၊ ဒါနဲ႔ မေန႔က မင္းအကိုႀကီးအေတာ္ထိသြားတယ္ဆိုကြ”
“ထိတာမွေတာ့ ေျပာမေနပါနဲ႔ဗ်ာ၊ က်ဳပ္ကိုေတာင္မွ ဘႀကီးစိန္ရင္က လက္ျပန္နဲ႔႐ိုက္ထည့္လိုက္လို႔ လက္ေမာင္းတစ္ဖက္ ေအာင့္သြားေသးသဗ်”
က်ဳပ္တို႔ေျပာေနတုန္း ဘြားစန္းတုတ္က ဓါးမတိုကေလး ကိုင္ၿပီးေတာ့ အိမ္အေနာက္ေဖးကေနထြက္လာပါေရာ။
“ဟဲ့ စန္းတင္ဘယ္လဲဟဲ့”
“ထင္းေခြမလို႔ေပါ့ေတာ္၊ ဒါနဲ႔ တစ္ခါတည္းမွာထားရအုံးမယ္ေနာ္၊ ရွင္ဟိုေကာင္ေလးေမးတိုင္း ေဒၚပ်င္းအေၾကာင္းေတြခ်ည္းေျပာမေနနဲ႔၊ မေန႔ကေတြ႕တယ္မဟုတ္လား၊ က်ဳပ္က ေဒၚပ်င္းကိုေတာင္းပန္ၿပီး ေဒၚပ်င္းအေၾကာင္းေျပာေတာ့ ဘာမွမျဖစ္ဘူးမို႔လား၊ ရွင္က အိပ္ရာကေနထလာၿပီး ကြပ္ပ်စ္မွာထိုင္လို႔ သူမ်ားအေၾကာင္းအာေပါင္အာရင္းသန္သန္နဲ႔ေျပာေတာ့ ညေနေတာ့ ရွင္ထိၿပီမဟုတ္လား”
ဘြားစန္းတုတ္က က်ဳပ္ကိုပါမ်က္ေစာင္းထိုးၾကည့္ၿပီးေတာ့ ၿခံထဲကေနထြက္သြားပါေရာဗ်ာ၊ က်ဳပ္လည္း ဘႀကီးစိန္ရင္ကိုၾကည့္လိုက္မိတယ္။
“ဟုတ္တယ္ဗ်၊ ဘြားစန္းတုတ္ေျပာသလိုမ်ား ဟုတ္ေနသလားပဲေနာ္၊ ဘႀကီးစိန္ရင္”
“အလကားပါကြာ၊ ေဒၚပ်င္းအေၾကာင္းေျပာတိုင္းျဖစ္ရမယ္ဆိုရင္ တစ္႐ြာလုံးျဖစ္ၿပီေပါ့ကြ၊ တိုက္ဆိုင္တာေနမွာပါ”
“တစ္႐ြာလုံးလည္း ဘယ္သူမွမေျပာပါဘူးဗ်ာ”
“စုန္းဆိုတာမ်ိဳးက တကယ္စြမ္းတာကနည္းနည္း၊ လူေတြကို ေျခာက္လွန႔္ၿပီး ေၾကာက္ေအာင္လုပ္ထားတာက မ်ားမ်ားကြ၊ အခုလည္း သူ႔မေကာင္းေၾကာင္းေတြ အတင္းမေျပာေစခ်င္လို႔ အဲဒီလိုသတင္းလႊင့္ထားတာေပါ့ကြာ၊ ေၾကာက္တဲ့လူကလည္း ေၾကာက္တယ္မဟုတ္လားကြ”
“အင္း၊ ဘႀကီးစိန္ရင္ေျပာတာေတာ့ ျဖစ္ႏိုင္တယ္ဗ်၊ ဒါဆိုရင္လည္း ဘြားစန္းတုတ္မရွိတုန္း မေန႔ကေျပာခဲ့တဲ့အေၾကာင္းေလး ဆက္ပါအုံးဗ်ာ”
“မေန႔က ဘယ္နားေရာက္သြားၿပီလဲကြ”
“မမယ္ျဖဴက စုန္းခုနစ္ေယာက္နဲ႔ညားၿပီးေတာ့ စုန္းေတြေသေတာ့ ႐ြာကိုျပန္ေရာက္လာတဲ့ ေနရာေရာက္သြားၿပီ”
“ေၾသာ္၊ ေအးေအး၊ မမယ္ျဖဴျပန္ေရာက္လာေတာ့ ႐ြာမွာထူးျခားတာေတြျဖစ္တယ္ကြ၊ ႐ြာမွာကလည္း ႐ြာခံစုန္းေတြရွိေတာ့ မမယ္ျဖဴကို သိပ္မၾကည္ၾကဘူးေပါ့ကြာ၊ ဒါနဲ႔ မင္းေဒၚေသာင္းတင္ႀကီးကိုသိသလား”
“ေဒၚေသာင္းတင္ဆိုတာ ဖိုးတ႐ုတ္အဘြားရဲ႕ အေမမဟုတ္လားဗ်၊ က်ဳပ္တို႔ေတာ့မမီလိုက္ပါဘူးဗ်ာ၊ ဖိုးတ႐ုပ္အဘြားေတာင္မွ က်ဳပ္တို႔ခပ္ငယ္ငယ္က ဆုံးၿပီမဟုတ္လား”
“ေအး၊ အဲဒီေဒၚေသာင္းတင္က စုန္းကြ၊ ဘာလို႔သိသလဲဆိုေတာ့ စန္းတုတ္နဲ႔ညီအမဝမ္းကြဲေတာ္လို႔သိတာ၊ သူကလည္း ငါတို႔ေဆြမ်ိဳးေတြအခ်င္းခ်င္းေတာ့ စုန္းဆိုတာကို လူသိခံေပမယ့္ သူစိမ္းကိုလူသိမခံဘူးေပါ့ကြာ၊ သူေျပာတာေတာ့ မမယ္ျဖဴက ကေဝသားပိုက္ဆိုပဲကြ”
“ကေဝသားပိုက္ဆိုတာက ဘာကိုေျပာတာလဲဗ်”
“စုန္းႀကီးေတြ၊ ကေဝႀကီးေတြက သူတို႔ေသေတာ့မယ္ဆိုရင္ သူတို႔မွာလည္း လက္ဆင့္ကမ္းစရာ မ်ိဳးဆက္မရွိေတာ့ဘူးဆိုရင္ မေမြးေသးတဲ့ကေလးရဲ႕ဝမ္းထဲကို သူတို႔ပညာေတြထည့္္ေပးတယ္ကြ၊ အဲဒါကို ကေဝသားပိုက္လို႔ေခၚတာ၊ မမယ္ျဖဴေယာက္်ား စုန္းႀကီးေတြက အသက္အိုအိုႀကီးေတြကြ၊ ေတာထဲေတာင္ထဲမွာဆိုေတာ့ ဆက္ၿပီးျပန္႔္ပြားစရာ မ်ိဳးဆက္မရွိတာနဲ႔ မမယ္ျဖဴဗိုက္ထဲက ကေလးေလးထဲကို ပညာေတြထည့္ေပးခဲ့ၾကတာလို႔ေျပာတာပဲ၊ စုန္းထီးႀကီး ခုနစ္ေယာက္က ပညာထည့္ေပးထားတာဆိုေတာ့ မယ္ပ်င္းကသိပ္စြမ္းတာေပါ့ကြာ၊ စုန္းထီးႀကီးေတြကလည္း ႏွယ္ႏွယ္ရရမွမဟုတ္တာ၊ ဘုရင္က ေရခ်တာေတာင္မွ မေသလို႔ ၿမိဳင္ရပ္ကိုႏွင္ထားတဲ့ စုန္းေတြပဲဥစၥာ”
“ဟာ၊ ဒါေၾကာင့္လည္း ေဒၚပ်င္းက သိပ္စြမ္းေနတာကိုးဗ်”
“စြမ္းပါၿပီေကာကြာ၊ သူ႔ဆီမွာ အေမာက္ခုနစ္ခုေတာင္ရွိတယ္ဆိုပဲကြ၊ ငါေတာ့မျမင္ဖူးပါဘူး၊ ခုနက ေသာင္းတင္ေျပာတာပဲ”
ဦးဘသာေတာင္မွ အေမာက္သုံးခုရွိတာမဟုတ္လား၊ ေဒၚပ်င္းအေမာက္ ခုနစ္ခုရွိတယ္ဆိုေတာ့ ဦးဘသာထက္ ႏွစ္ဆေက်ာ္ေလာက္ ပိုစြမ္းမယ္လို႔ေတာ့ က်ဳပ္ထင္တာပဲဗ်ာ။ ဘႀကီးစိန္ရင္က ေရေႏြးတစ္ခြက္ငွဲ႔လိုက္ရင္းနဲ႔
“ေသာင္းတင္က ငါ့ကို မမယ္ျဖဴက ကေဝသားပိုက္လို႔ေျပာေတာ့ ငါလည္းဘယ္ယုံမွာလည္းကြာ၊ အရင္ကတည္းကလည္း တို႔႐ြာသူပဲမဟုတ္လား၊ ဒါနဲ႔ ေသာင္းတင္က ဆက္ေျပာတယ္ကြ၊ မယုံရင္ ဒီလကြယ္ည ေပါက္ကုန္းကို လာေခ်ာင္းၾကည့္တဲ့ကြ၊ ႐ြာခံစုန္းေတြက မမယ္ျဖဴဗိုက္ထဲက ကေဝသားပိုက္ကို စိန္ေခၚၾကမယ္ဆိုပဲ၊ ငါလည္း သိခ်င္တာေပါ့ကြာ၊ အဲဒီတုန္းက အသက္ကလည္း ခပ္ငယ္ငယ္၊ စန္းတုတ္နဲ႔ အိမ္ေထာင္က်တာေတာင္မွ တစ္ႏွစ္မျပည့္ေသးဘူးမဟုတ္လား၊ ဒါနဲ႔ သိခ်င္ေတာ့ သူတို႔ေျပာတဲ့အတိုင္း လကြယ္ညမွာ ေပါက္ကုန္းအနားသြားေစာင့္ေနတာေပါ့ကြာ”
“ေပါက္ကုန္းဆိုတာ၊၊ က်ဳပ္တို႔႐ြာအထြက္နားက ေပါက္ကုန္းကိုေျပာတာမဟုတ္လား”
“ေအးေလ၊ ႐ြာမွာ ေပါက္ကုန္းဘယ္ႏွကုန္းရွိလို႔လဲ၊ အရင္က ေပါက္ကုန္းဆိုတာ ခ်ဳံေတြဝိုင္းေနတဲ့ေနရာပဲကြ၊ ဇီးကုန္း႐ြာမတည္ခင္တုန္းကဆိုရင္ေတာ့ ကြင္းေခါင္ေခါင္ထဲ ေပါက္ပင္ႀကီးတစ္ပင္ေပါက္ေနတဲ့ ေနရာေပါ့၊ ငါလည္း အဲဒီညမွာ ေပါက္ကုန္းကိုႀကိဳသြားၿပီးေတာ့ ခ်ဳံတစ္ခုထဲမွာ ေနရာအေသအခ်ာယူထားလိုက္တာေပါ့၊ မၾကာပါဘူးကြာ၊ ႐ြာထဲကေနလူေတြ စကားတေျပာေျပာနဲ႔ေရာက္လာတယ္၊ လကြယ္ညဆိုေတာ့လည္း အလင္းေရာင္မရွိေတာ့ ဘယ္သူဘယ္ဝါမွန္း မသိဘူးေပါ့ကြာ၊ သူတို႔က အဲဒီေပါက္ပင္ႀကီးအနားကိုလာၿပီးေတာ့ စကားေတြေျပာေနၾကတာကြ၊ ႏွစ္ေယာက္လာလိုက္၊ သုံးေယာက္လာလိုက္နဲ႔ ေနာက္ဆုံးဆယ့္ငါးေယာက္ေလာက္ျဖစ္သြားပါေရာ၊ ေယာက္်ားေတြေရာ၊ မိန္းမေတြေရာကြ၊ ငါျဖင့္ အဲဒီေတာ့မွ ႐ြာမွာစုန္းေတြမ်ားတာကို သိလိုက္ရတာ”
“ဆက္ေျပာပါအုံးဗ်ာ၊ ေကာင္းခန္းေရာက္ေနၿပီဗ်”
ဘႀကီးစိန္ရင္က ေရေႏြးခြက္ကို ေကာက္ေသာက္လိုက္ၿပီးေတာ့
“သန္းေခါင္မေရာက္ခင္ေလာက္ မမယ္ျဖဴေရာက္လာပါေရာေဟ့၊ ဗိုက္ႀကီးကလည္း ေမြးခါနီးဆိုေတာ့ တကားကားနဲ႔ေပါ့ကြာ၊ ေနာက္ေတာ့ အဲဒီစုန္းေတြကို လက္ညႇိဳးထိုးၿပီး ဆဲလိုက္ဆိုလိုက္တာ ရစရာမရွိပါဘူးကြာ၊ စုန္းေတြကလည္း ျပန္ၿပီးဆဲၾကဆိုၾကနဲ႔ေပါ့၊ ေနာက္ေတာ့ အျဖဴေရာင္ေတြ၊ အနီေရာင္ေတြ၊ အစိမ္းေရာင္ေတြ တလက္လက္နဲ႔ လက္ကုန္ပါေရာကြာ၊ ငါလည္း ခ်ဳံထဲက ၾကည့္ေနတာဆိုေတာ့ ျမင္ကြင္းက သိပ္မရွင္းဘူးေပါ့၊ ေနာက္ေတာ့ မမယ္ျဖဴဗိုက္ႀကီးက လင္းေနတာကြ၊ ဘယ္ေလာက္လင္းသလဲဆိုရင္ ဗိုက္ထဲက ကေလးကိုပါ ထိုးေဖာက္ျမင္ေနရတယ္၊ ေနာက္ေတာ့ အဲဒီဗိုက္ထဲကေနၿပီး မီးလုံးႀကီးတစ္လုံးထြက္လာတာကြ၊ မီးလုံးလည္းထြက္ေရာ ႐ြာထဲကစုန္းေတြက ငိုယိုၾကတာကြာ၊ ေျပာမေနပါနဲ႔ေတာ့”
“သူတို႔က ဘာလို႔ငိုတာလဲဗ်”
“ဒါေတာ့ငါလည္းမသိဘူး၊ ငိုတာမွ ရႈိက္ႀကီးတငင္နဲ႔ငိုၾကတာကြ၊ ၿပီးေတာ့ တဖုန္းဖုန္းနဲ႔ေျပးၾကတာပဲကြာ၊ ေျပးတဲ့လူေတြကို မမယ္ျဖဴက ၾကည့္ၿပီးရယ္ေနတယ္ကြ၊ လူေတြအားလုံးကုန္သြားေတာ့မွ မီးလုံးႀကီးက ဗိုက္ထဲျပန္ဝင္သြားတာ၊ ငါဆိုရင္ေၾကာက္တာ ေျပာမေနပါနဲ႔ကြာ၊ မနက္လင္းမွ ခ်ဳံထဲကေနထြက္ရဲတယ္ေဟ့”
ေနာက္ရက္ပိုင္းေတာ့ ေသာင္းတင္က စန္းတုတ္ကိုေခၚေျပာတယ္၊ သူသြားရေတာ့မယ္တဲ့၊ ငါတို႔ကလည္း ခရီးသြားတာကိုေျပာတာလားေပါ့၊ ေျပာရင္းနဲ႔ မ်က္ရည္ေတြေတာင္က်ေနေသးတယ္၊ စန္းတုတ္ကို ခ်စ္လို႔ဆိုၿပီးေတာ့ လက္စြပ္တစ္ကြင္းနဲ႔ ထမီသုံးေလးထည္ ေပးလိုက္ေသးတယ္ကြ၊ ေနာက္တစ္ေန႔မနက္ေရာက္ေတာ့ ေသာင္းတင္ေသတာပဲကြ၊ ငါတို႔ေတာင္အံ့ၾသေနၾကတာ”
“ဒါဆို မမယ္ျဖဴဆီမွာ ရႈံးသြားလို႔မ်ားလား”
“ေအး၊ ငါလည္း အဲဒီလိုထင္တာပဲကြ၊ လူေတြေျပာတာေတာ့ ကေဝသားပိုက္နဲ႔ပညာၿပိဳင္လို႔ ရႈံးရင္ ကေဝသားပိုက္က အဲဒီလူကိုဖမ္းစားတယ္တဲ့ကြ၊ ေသာင္းတင္ေသသလို မၾကာပါဘူး၊ ႐ြာက လူေတြတျဖဳတ္ျဖဳတ္ေသတာကြ၊ ေသတာကလည္း ညအိပ္ရင္အေကာင္း မနက္လင္းရင္အသက္မရွိေတာ့ဘူး၊ ေသတာကလည္း တစ္ေန႔တစ္ေယာက္ႏႈန္းနဲ႔ေသတာ၊ ဆယ့္ငါးရက္မွာ ဆယ့္ငါးေယာက္ေသၿပီး ေနာက္ရက္က်ေတာ့ လူေတြဆက္မေသေတာ့ဘူး၊ အဲဒီရက္မွာ မယ္ပ်င္းကို ေမြးတာပဲေဟ့”
“ဒါဆို စုန္းေတြအားလုံးကို ေဒၚပ်င္းက ဖမ္းစားလိုက္တာမ်ားလား”
“ဟုတ္ခ်င္ဟုတ္မွာကြ၊ မယ္ပ်င္းေမြးၿပီးေတာ့ ႐ြာမွာနည္းနည္းၿငိမ္သြားတယ္၊ မယ္ပ်င္းဆိုတာ အရပ္ကေပးတဲ့နာမည္ကြ၊ နာမည္နဲ႔လိုက္ေအာင္ ငယ္ငယ္က သိပ္ပ်င္းတာတဲ့၊ အားအားရွိေခြေခါက္ေန၊ အိပ္ေနတာခ်ည္းပဲ၊ သူ႔အေမမမယ္ျဖဴနဲ႔ဆိုရင္ အၿမဲတမ္းစကားမ်ားရန္ျဖစ္ေနသတဲ့၊ ဒါေပမယ့္ မယ္ပ်င္းက သူ႔အေမအလုပ္ခိုင္းရင္ ပညာနဲ႔လုပ္တာတဲ့ကြ၊ တံျမက္လွည္းဆိုရင္ တံျမက္စည္းကို သူ႔အလိုလိုလွဲခိုင္းတာကြ၊ ေရငင္ဆိုရင္လည္း ေရအိုးက သူ႔အလိုလိုေရသြားငင္တယ္”
“ဟုတ္ရဲ႕လားဗ်ာ”
“တကယ္ဟ၊ ငါကိုယ္တိုင္ျမင္ခဲ့ဖူးတာ၊ တစ္ခါေတာ့ ကာလသားေတြက မယ္ပ်င္းကိုမယုံတာနဲ႔ ေလာင္းေၾကးစားေၾကးလုပ္ၿပီး သြားေခ်ာင္းတာေပါ့ကြာ၊ အဲဒီမွာငါလည္းပါတယ္ကြ၊ မယ္ပ်င္းက တစ္အိမ္လုံးကို ခိုင္းထားတာကြ၊ ထင္းေပါက္ဆိုရင္လည္း ေပါက္ဆိန္ႀကီးပဲ ျမင္ရတယ္ကြ၊ အဲဒီေပါက္ဆိန္ႀကိးက သူ႔အလိုလိုထင္းေတြေပါက္ေနတာ၊ ေမာင္းစင္ႀကီးကလည္း တခြပ္ခြပ္နဲ႔ေမာင္းေတြေထာင္းေနၿပီးေတာ့ စေကာႀကီးက သူ႔အလိုလိုလွည့္ၿပီး ဆန္ေတြျပာေနတာကြာ၊ ငါတို႔လည္းေတြ႕ေတာ့ လန႔္ၿပီးထြက္ေျပးၾကတာပဲ”
“ဟုတ္ရဲ႕လားဗ်ာ၊ က်ဳပ္ျဖင့္ နားရွိလို႔သာၾကားရတယ္”
“ေအာင္မာ၊ မင္းက ငါ့ကိုလိမ္ေနတယ္လို႔ ထင္လို႔လားကြ၊ ေတာ္ၿပီကြာ၊ နားမေထာင္ခ်င္ရင္လည္းေန ငါဆက္မေျပာေတာ့ဘူး”
“လုပ္ပါဗ်ာ၊ က်ဳပ္က စတာပါ”
“ေတာ္ၿပီကြာ၊ အာေညာင္းတယ္၊ ေနလည္းေကာင္းေကာင္းမေကာင္းေသးဘူးကြ”
ဘႀကီးစိန္ရင္က က်ဳပ္ကိုစိတ္ဆိုးသြားပုံရတယ္ဗ်၊ ဒါနဲ႔က်ဳပ္လည္း သူ႔အိမ္ကေနျပန္ထြက္လာခဲ့တာေပါ့ဗ်ာ။
(၂)
“ေဟ့အလတ္ေကာင္၊ အေတာ္ပဲကြာ”
“ဟာ၊ ဦးဘသာပါလားဗ်”
ဦးဘသာက သူ႔ခါးၾကားထဲမွာ ပုဆိုးနဲ႔လိပ္ထားတဲ့ ပိုက္ဆံေတြကိုထုတ္ေပးတယ္ဗ်၊ ပိုက္ဆံအစိတ္တန္ဗ်။ က်ဳပ္လည္း ပိုက္ဆံလွမ္းယူလိုက္တယ္။
“ႂကြက္နီဆီသြားၿပီး ထန္းသုံးျမဴေလာက္ရေအာင္ဝယ္ခဲ့ပါကြာ၊ ၿပီးေတာ့ ပဲႀကီးေလွာ္လည္း ႏွစ္ဆယ္သားေလာက္ဝယ္ခဲ့”
ဒီေတာ့မွ က်ဳပ္လည္း ဦးဘသာကို ဟိုေန႔က သရဲႀကီးမွာသြားတဲ့အေၾကာင္းကို သတိရသြားတာဗ်၊ ထန္းသုံးျမဴနဲ႔ ပဲႀကီးေလွာ္ယူလာခဲ့ပါဆိုတာေလ၊ ဒါနဲ႔က်ဳပ္လည္း ပိုက္ဆံယူၿပီးထြက္လာခဲ့တယ္၊ ဦးဘသာက ကိုႂကြက္နီဆီမသြားခ်င္တာ အေၾကာင္းရွိတယ္ေလ၊ ကိုႂကြက္နီနဲ႔သူနဲ႔က သိပ္ၿပီးအေၾကာမတည့္ဘူးမဟုတ္လား။
ကိုႂကြက္နီအိမ္ေရာက္ေတာ့ ကိုႂကြက္နီက အိမ္ေဘးနားကအရိပ္ထဲမွာ ဝါးပက္လက္ကုလားထိုင္ကေလးခ်ထားၿပီးေတာ့ ထန္းရည္ကေလးေသာက္ရင္း ဇိမ္ခံေနတာဗ်၊ က်ဳပ္လည္း ကိုႂကြက္နီဆီကိုလာခဲ့တာေပါ့။
“ဟာ၊ ကိုႂကြက္နီကေတာ့ ဇိမ္ပဲေဟ့၊ ထန္းရည္နဲ႔ ေကာင္းေနၿပီ၊ ဟိုဟာက ဘာသားလဲဗ်”
“ရွဥ့္သားေလကြာ၊ ငါမေန႔က ေထာင္ခဲ့တာ၊ ထန္းရည္နဲ႔ရွဥ့္သားေၾကာ္ဆိုတာ သိပ္လိုက္တာေပါ့ကြ၊ ေရာ့အလတ္ေကာင္၊ ေသာက္”
ကိုႂကြက္နီက ထန္းရည္တစ္ခြက္ေပးတာနဲ႔ က်ဳပ္လည္းၾကည့္လိုက္တယ္ဗ်၊ ထန္းရည္က မိုးျပာေရာင္ကေလးဗ်ာ။ က်ဳပ္လည္း ပါးစပ္ထဲကိုတစ္ခြက္လုံးေမာ့ခ်လိုက္တာေပါ့။
“ဖြီ၊ ကိုႂကြက္နီထန္းရည္ကလည္း ခါးလိုက္တာဗ်ာ”
“ခါးမွာေပါ့ကြ၊ ငါက ငွက္ခါးေတာင္ေသာက္တာကိုး”
ငွက္ခါးေတာင္ဆိုတာကေတာ့ ထန္းရည္ကို ေကာက္ညႇင္းခ်က္နဲ႔ျပန္ၿပီးအခ်ဥ္ေဖာက္ထားတာကိုေျပာတာဗ်၊ ထန္းရည္ထဲမွာ သိပ္ခါးၿပီး သိပ္မူးတာေပါ့ဗ်ာ၊ အေရာင္ကေတာ့ မိုးျပာေရာင္လဲ့လဲ့ကေလးလိုပဲ၊ တကယ့္ထန္းရည္သမား၊ ဂ်ိဳးေတြဆိုရင္ေတာ့ ငွက္ခါးေတာင္မွ ေသာက္တာဗ်။
“အလတ္ေကာင္၊ မင္းကေတာ့ ထန္းရည္မေသာက္တတ္ဘူးပဲ၊ ထန္းရည္ဆိုတာ တစိမ့္စိမ့္ေသာက္၊ ေမာ့ေသာက္ရတယ္ကြ၊ ေဟာဒီလို ေခါင္းကေလးကိုေမာ့ၿပီးေတာ့ ပါးစပ္ထဲကို ထန္းရည္ကိုတစ္စိမ့္စိမ့္ေလာင္းခ်ၿပီးေတာ့မွ တစ္က်ိဳက္အရသာခံေသာက္ရတာကြ”
ကိုႂကြက္နီက ပက္လက္ကုလားထိုင္ေပၚမွာ လွန္အိပ္ၿပိးေတာ့ ေသာက္ျပေသးတာ။
“ဒါနဲ႔ မင္းဘာလာလုပ္တာလဲ”
“ထန္းရည္ သုံးျမဴေလာက္ လိုခ်င္လို႔ဗ်”
“ဟာ၊ ငါက အခုထန္းရည္မွမေရာင္းတာ”
“လုပ္ပါ ကိုႂကြက္နီရာ အေဖက ထန္းရည္မ်ားမ်ားရေအာင္ရွာလို႔ေျပာလိုက္လို႔ပါ”
အေဖဆိုတဲ့အသံၾကားတာနဲ႔ ကိုႂကြက္နီေခါင္းေထာင္လာတာပဲဗ်။
“ဟာ၊ သူႀကီးက ထန္းရည္ေသာက္ေတာ့မယ္ေပါ့ဟုတ္လား၊ ေအးေအး၊ ေပးလိုက္မယ္၊ သူႀကီးအတြက္ဆို လက္ေဆာင္ေပးလိုက္မယ္၊ သုံးျမဴမဟုတ္ဘူးကြာ၊ ငါးျမဴယူသြား”
ကိုႂကြက္နီကထသြားၿပီးေတာ့ ထန္းရည္ျမဴအိုးကေလးေတြကို ႀကိဳးနဲ႔ဆြဲၿပီး ေပးလိုက္တယ္ဗ်၊ က်ဳပ္လည္း ပိုက္ဆံတစ္ျပားမွမကုန္ဘဲ ထန္းရည္ရတယ္ဆိုေတာ့ ေပ်ာ္တာေပါ့ဗ်ာ။ ပဲေလွာ္ကေတာ့ ကိုႂကြက္နီဆီမွာ မရတတ္ဘူးဗ်၊ ႐ြာလယ္က မကပ္ေစးရဲ႕ ကုန္စုံဆိုင္ရယ္၊ ႐ြာထိပ္က ဦးတ႐ုတ္ႀကီးတို႔ရဲ႕ အရက္ဆိုင္ရယ္မွာပဲရတာ၊ မကပ္ေစးဆိုင္ဘက္ ေျခဦးမလွည့္ခ်င္တာနဲ႔ ဦးတ႐ုတ္ႀကီးဆိုင္ကိုပဲ သြားဝယ္တာေပါ့ဗ်ာ၊ ကိုႂကြက္နီဆိုင္ကေန ဦးတ႐ုတ္ႀကီးဆိုင္ကို ျမန္ျမန္ေရာက္ေအာင္လို႔ ႐ြာလယ္ကေနမသြားဘဲ အိမ္ေနာက္ေဖးကိုဆင္းၿပီး ႐ြာျပင္ကြင္းဘက္ကေန ျဖတ္လာခဲ့တာေပါ့ဗ်ာ၊ ဒါနဲ႔လမ္းမွာ ဘြားစန္းတုတ္နဲ႔သြားဆုံပါေရာ။
ဘြားစန္းတုတ္ ထင္းေခြတယ္ဆိုတာကလည္း ႐ြာမွာ ေျပာစမွတ္တြင္တယ္ဗ်၊ က်ဳပ္တို႔ဘက္မွာေတာ့ တမာကိုင္းေျခာက္တို႔၊ ထန္းဖလက္၊ ဝါးလုံးပိုင္းေတြကို ထင္းအျဖစ္မသုံးၾကဘူးဗ်၊ တမာကိုင္းကို မီးရႈိ႕ရဲ႕ မီးခိုးသင္းၿပီးေတာ့ အနံ႔တစ္မ်ိဳးေညႇာ္တယ္ဗ်၊ ထန္းဖလက္တို႔၊ ဝါးတို႔က်ေတာ့ ခဏေလးနဲ႔ မီးေလာင္ျပာျဖစ္တာဆိုေတာ့ ထင္းစိုက္မေကာင္းဘူးေပါ့ဗ်ာ၊ ဒီေတာ့ ဘယ္သူမွ အပင္ပန္းခံၿပီး အဲဒါေတြကို ထင္းလုပ္သယ္မေနဘူး၊ ဒါေပမယ့္ ဘြားစန္းတုတ္ကေတာ့ ေတြ႕သမွ်သစ္အကုန္သယ္တယ္၊ ဒါေၾကာင့္ ႐ြာထဲက လူႀကီးေတြက “စန္းတုတ္ထင္းေခြသလိုမလုပ္နဲ႔ေနာ္” ဆိုၿပီးေတာ့ အလြယ္လုပ္တတ္တဲ့လူေတြကို တင္စားေျပာတတ္တယ္ဗ်။
ခုလည္း ကိုႂကြက္နီၿခံေနာက္က ထန္းဖလက္ေတြ လာေကာက္တာျဖစ္မယ္ဗ်၊ က်ဳပ္လည္း ဘြားစန္းတုတ္ကို စခ်င္တာနဲ႔ ဘြားစန္းတုတ္ေကာက္မယ့္ ထန္းဖလက္ကိုၾကည့္ၿပီး
“ဘြားစန္းတုတ္၊ အဲဒီမွာ ေႁမြႀကီး၊ ေႁမြႀကီးဗ်”
က်ဳပ္ေအာ္လိုက္ေတာ့ ဘြားစန္းတုတ္လန႔္သြားတယ္ဗ်၊ ၿပီးေတာ့ အေနာက္ကိုခုန္ဆုတ္သြားပါေရာ၊ က်ဳပ္လည္း က်ဳပ္လွန႔္တာကို တကယ္လန႔္သြားတယ္ဆိုၿပီး ရယ္ေနမိတာ၊ ေနာက္ေတာ့မွ ဘယ္ဟုတ္မလဲဗ်ာ၊ ဘြားစန္းတုတ္ေကာက္တဲ့ ထန္းဖလက္ေတြၾကားထဲမွာ ေႁမြေဟာက္ႀကီးတစ္ေကာင္ ပါးပ်ဥ္းေထာင္လို႔ဗ်၊ က်ဳပ္လည္းအနားေရာက္လာေရာ က်ဳပ္ကိုပါ တရႉးရႉးလုပ္ေနတာနဲ႔ ထန္းရည္အိုးေတြဆြဲၿပီး သုတ္ေျခတင္ေျပးခဲ့ရပါေရာဗ်ာ။
(၃)
ထန္းရည္လည္းရၿပီ၊ ပဲႀကီးေလွာ္လည္း ဝယ္ၿပီးၿပီဆိုေတာ့ က်ဳပ္နဲ႔ဦးဘသာလည္း ႐ြာထဲကေနထြက္ခဲ့တာေပါ့ဗ်ာ၊ ဦးဘသာကေတာ့ သားသတ္ကုန္းနားကိုသြားတယ္ဗ်၊ အဲဒီမွာထန္းရည္ျမဴေတြခ်ၿပီးေတာ့ ပါးစပ္က ပြစိပြစိလုပ္ေနတယ္။
“အဘိုး၊ အဘိုး၊ အဘိုးတို႔ ေသာက္ပါ သုံးေဆာင္ပါ”
ထန္းရည္ျမဴကို ဒီအတိုင္းခ်ၿပီးေတာ့ ပဲႀကိးေလွာ္ကိုေတာ့ ဖက္ခင္းၿပီးပုံေပးလိုက္တာေပါ့ဗ်ာ၊ ၿပီးေတာ့ ေရတြင္းေပါင္နားမွာ ထိုင္ေနတာနဲ႔ က်ဳပ္လည္းထိုင္ရတာေပါ့ဗ်ာ၊ ထန္းသုံးျမဴဆိုေပမယ့္ က်ဳပ္က ငါးျမဴယူလာတာဆိုေတာ့ ႏွစ္ျမဴပိုေနတာေပါ့ဗ်ာ၊ ဒါနဲ႔ပဲ က်ဳပ္က ထန္းရည္ျမဴတစ္အိုးကို ပါးစပ္နဲ႔ေတ့ၿပီးေသာက္ခ်လိုက္တယ္။
“ကဲ ဦးဘသာ၊ တစ္ခြက္တစ္ဖလားေလာက္ ေသာက္ပါအုံးလား”
ဦးဘသာက က်ဳပ္ကိုလွည့္ၾကည့္တယ္ဗ်၊ ေနာက္ေတာ့ ဘာမေျပာညာမေျပာနဲ႔ က်ဳပ္ေရွ႕ကထန္းရည္ျမဴတစ္ခုကိုေကာက္ၿပီးေတာ့ ေမာ့ခ်လိုက္တာပဲ၊ ေတာ္ေတာ္မ်ားမ်ားေသာက္လိုက္ၿပီးေတာ့ ေအ့ခနဲေလတက္လိုက္ေသးတယ္ဗ်၊ က်ဳပ္လည္း ရွပ္အက်ႌအိတ္ကပ္ထဲ ထည့္ထားတဲ့ ပဲႀကီးေလွာ္ကို ႏႈိက္ၿပီးေတာ့ ပါးစပ္ထဲပစ္ထည့္လိုက္တာေပါ့ဗ်ာ။ ဦးဘသာကိုလည္း နည္းနည္းလွမ္းေပးလိုက္ေတာ့ ဦးဘသာက ေခါင္းခါတယ္ဗ်၊ ၿပီးေတာ့ ထန္းရည္အိုးကိုပဲ ဆက္တိုက္ေမာ့ခ်ၿပီးေသာက္ေနေတာ့တာပါပဲဗ်ာ။
က်ဳပ္ပဲအျမင္မွားတာလား၊ ထန္းေရတန္ခိုးပဲ ျပလာတာလားေတာ့မသိဘူးဗ်ိဳ႕၊ ပတ္ဝန္းက်င္ႀကီးတစ္ခုလုံးက ျပာသြားလိုက္၊ စိမ္းသြားလိုက္နဲ႔ျဖစ္ေနေတာ့တာ၊ ေနာက္ေတာ့ ပတ္ဝန္းက်င္တစ္ခုလုံး ေမွာင္က်သြားတာပဲဗ်ိဳ႕။
နားထဲမွာ ဆဲသံဆိုသံေတြၾကားေတာ့မွ က်ဳပ္လည္းလန႔္ႏိုးလာတယ္ဗ်၊ ေဘးပတ္ဝန္းက်င္ကိုၾကည့္လိုက္ေတာ့ အိမ္ခန္းတစ္ခုထဲကိုေရာက္ေနတာဗ်၊ အိမ္ကေတာ့ က်ဳပ္လည္းတစ္ခါမွ မေနဖူးတဲ့အိမ္ပဲ၊ ဒါနဲ႔ အိမ္အျပင္ကိုထြက္လိုက္ေတာ့ ေလွကားအတက္အဆင္းနားမွာ ဦးဘသာငယ္ဘ၀ သာစံကိုေတြ႕လိုက္ရတယ္ဗ်။ ၿခံေရွ႕နားမွာေတာ့ ေဒၚပ်င္းက ေအာ္ဟစ္ၿပီးဆဲဆိုေနတာပဲ။ ေဒၚပ်င္းအေရွ႕လမ္းေပၚမွာေတာ့ လက္ထဲေသနတ္ကိုင္ထားတဲ့ လူႀကီးတစ္ဦးကိုေတြ႕ရတယ္ဗ်၊ လူႀကီးက ခပ္ပုပု၀၀နဲ႔ ႏႈတ္ခမ္းေမႊးႀကီးကလည္း ကားလို႔၊ သူ႔အေနာက္မွာေတာ့ လက္နက္ကိုင္ထားတဲ့လူေတြ ေတြ႕ရတယ္။
“ဟဲ့ မယ္ပ်င္း၊ ငါတို႔႐ြာကို ညည္းဒုကၡေပးေနတာေတြ ရပ္တန္းကရပ္ေနာ္၊ မဟုတ္ရင္ ညည္းတို႔ကို ငါတို႔႐ြာအျပင္ေမာင္းထုတ္ရလိမ့္မယ္”
“ေအာင္မာ၊ သူႀကီးစမ္းၾကည့္လိုက္ပါ၊ သူႀကီးစြမ္းသလား၊ က်ဳပ္စြမ္းသလားဆိုတာ စမ္းၾကည့္လိုက္”
အဲဒီလူႀကီးက သူႀကီးတဲ့ဗ်၊ ဒါဆိုရင္ က်ဳပ္တို႔အဘိုးေပါ့၊ က်ဳပ္အဘိုးကို က်ဳပ္တစ္ခါမွ မျမင္ဖူးတာ၊ အခုမွပဲျမင္လိုက္ရတယ္ဗ်ာ၊ က်ဳပ္အဘိုးက ေဒၚပ်င္းကိုတစ္ခ်က္မ်က္ေစာင္းထိုးၿပီးေတာ့ သူ႔လူေတြနဲ႔အတူတူထြက္သြားေတာ့တယ္၊ က်ဳပ္လည္း အဘိုးကိုေတြ႕ဖူးခ်င္တာနဲ႔ အေနာက္ကေျပးလိုက္သြားတာေပါ့ဗ်ာ။
အဘိုးတို႔က သြားေနရင္း မၾကာခင္ ႐ြာလယ္နားက ၿခံဝိုင္းႀကီးထဲဝင္သြားတယ္ဗ်။ ၿခံဝိုင္းႀကီးကလည္း အက်ယ္ႀကီးပဲဗ်ာ၊ အထဲက အိမ္ႀကီးဆိုတာလည္း အႀကီးႀကီးပဲ၊ အိမ္တိုင္ႀကီးေတြဆိုရင္ ရွစ္ပတ္လည္ေလာက္ရွိတဲ့ တိုင္ႀကီးေတြဗ်။ အဘိုးက ေဒါသတႀကီးနဲ႔အိမ္ထဲကိုဝင္လာၿပီးေတာ့ အိမ္ေရွ႕နားမွာ ခင္းထားတဲ့ ခုံမွာထိုင္လိုက္တယ္ဗ်။
“ေတာက္၊ တို႔႐ြာမွာ ဒီေကာင္မရွိေနတာ ငါေခါင္းႀကိမ္းတာပဲေဟ့”
“ဟုတ္တယ္သူႀကီး၊ က်ဳပ္တို႔ကေတာ့ သူတို႔သားအမိေတြကို အျပတ္ရွင္းၿပီး တစ္အိမ္လုံးကို မီးနဲ႔ရႈိ႕ခ်င္ေနၿပီ”
“ေနစမ္းပါအုံးကြ၊ ခုေႏြရာသီ ေရရွားေနတယ္မဟုတ္လား၊ သူတို႔အိမ္ကိုမီးရႈိ႕ၿပီး မီးကိုငါတို႔မထိန္းႏိုင္ရင္ တစ္႐ြာလုံးေလာင္သြားမွာေပါ့ကြ”
ဒီအခ်ိန္မွာပဲ အိမ္ထဲမွာ ကေလးငိုသံၾကားရတယ္ဗ်၊ ကေလးက လသားေလးရွိေသးတာ၊ အလြန္ဆုံးရွိမွ သုံးေလးလေပါ့ဗ်ာ၊ မိန္းမတစ္ေယာက္က ကေလးကိုခ်ီၿပီးထြက္လာတယ္။
“လုပ္ပါအုံးေတာ္၊ ဒီလိုနဲ႔ က်ဳပ္တို႔သားကေလး ေသေတာ့မွာလားေတာ့၊ ေက်ာကုန္းမွာလည္း စုန္းစုပ္တဲ့အရာႀကီးနဲ႔မဟုတ္လား”
အဘိုးက ေတာ္ေတာ္စိတ္ညစ္ေနပုံရတယ္ဗ်၊ ဒီအခ်ိန္မွာပဲ ႏြားလွည္းတစ္စီးက ၿခံထဲဝင္လာတယ္၊ အဘိုးက ႏြားလွည္းကိုလွမ္းၾကည့္ၿပီးေတာ့ ေပ်ာ္သြားပုံရတယ္။
“ႂကြလာၿပီ၊ ဆရာေမာင္ႀကီး ႂကြလာၿပီ”
အဘိုးက ျပာျပာသလဲနဲ႔ေျပးသြားတယ္ဗ်၊ လွည္းေပၚမွာ ထိုင္လိုက္လာတာကေတာ့ ေခါင္းေပါင္းအႀကီးႀကီးေပါင္းထားၿပီး ႏႈတ္ခမ္းေမႊးထူထူနဲ႔လူႀကီးပဲဗ်၊ အသက္ကေတာ့ ခုနစ္ဆယ္ေလာက္ရွိမွာေပါ့။ ဆရာေမာင္ႀကီးလို႔ ေခၚတဲ့ဆရာႀကီးကို အဘိုးတို႔က အိမ္ေပၚေခၚတင္သြားတယ္ဗ်။
“ကေလးျပစမ္း၊ ဘာျဖစ္တာလဲ”
“ကေလးကိုျပလိုက္ေတာ့ ဆရာေမာင္ႀကီးက တစ္ခ်က္ခ်ီၾကည့္ၿပီးေတာ့
“စုန္းျပဳစားထားတာပဲဗ်၊ ကဲပါ၊ က်ဳပ္ရဲ႕လွ်ာပြတ္ေဆးနဲ႔ ကုသေပးမယ္”
ဆရာေမာင္ႀကီးက သူ႔လြယ္အိတ္ထဲက ယြန္းဘူးကေလးတစ္ဘူးထုတ္လိုက္ၿပီးေတာ့ ဖြင့္တယ္ဗ်၊ ဘူးထဲမွာက မဲမဲအေတာင့္ကေလးတစ္ေတာင့္္ဗ်။ ကေလးရဲ႕ပါးစပ္ကိုဟခိုင္းၿပီးေတာ့ အဲဒီအတုံးကေလးနဲ႔ ကေလးလွ်ာကိုပြတ္တယ္ဗ်၊ ပါးစပ္ကလည္း ဂါထာေတြ႐ြတ္ေနတယ္။
“ဘုရားေဆး၊ တရားေဆး၊ သံဃာေဆး၊ အထက္ဝိဇၨာေတြေပးတဲ့ေဆး၊ ဒီကေလးမွာျဖစ္ေနတဲ့ အနာေရာဂါမွန္သမွ် ထြက္စရာထြက္၊ သက္စရာသက္”
အဲဒီလို႐ြတ္ေပးၿပိး မၾကာခင္မွာပဲ ကေလးက ၿငိမ္က်သြားပါေရာဗ်ာ၊ ဆရာေမာင္ႀကီးက အဘိုးဘက္ကိုလွည့္လိုက္ၿပီး
“ဒီ႐ြာက စုန္းတစ္ေယာက္ျပဳစားထားတာပဲ၊ ဒါနဲ႔ ဒီ႐ြာမွာ စုန္းေတြဘာေတြရွိသလား”
“စုန္းကေတာ့ ႐ြာတိုင္းရွိတာေပါ့ ဆရာႀကီးရယ္၊ ဒါနဲ႔ ဆရာႀကီးက စုန္းေတြဘာေတြ ႏိုင္သလား”
“ဟား၊ ဟား စုန္းေလာက္ကေတာ့ က်ဳပ္ကိုင္လာတာမ်ားၿပီဗ်”
ဆရာေမာင္ႀကီးစကားၾကားေတာ့ အဘိုးသူႀကီးက အားတက္သြားတဲ့ပုံပဲဗ်။
“ဒါဆို ဒီ႐ြာမွာ ဆိုးသြမ္းေနတဲ့ စုန္းမတစ္ေကာင္ကို ဆရာေမာင္ႀကီး ေမာင္းထုတ္ႏိုင္မလား”
“ဒါေပါ့ဗ်၊ စုန္းဆိုတာ မေကာင္းတဲ့လူေတြပဲ၊ က်ဳပ္ နယ္တကာလွည့္ၿပီးေတာ့ ေဆးကုသရင္း စုန္းေတြ၊ ကေဝေတြကို ေမာင္းထုတ္ႏွိမ္နင္းခဲ့တာမ်ားၿပီ၊ တခ်ိဳ႕ကိုလည္း ပညာခန္းျဖတ္၊ တစ္ခ်ိဳ႕ကိုေတာ့ ပညာေတြအလႉခံၿပီးေတာ့ ၿငိမ္ဝပ္ေစခဲ့တာမ်ားၿပီ”
“ဒါဆိုလည္း ဒီ႐ြာက စုန္းမကို ႏွိမ္နင္းေပးပါ ဆရာႀကီးရယ္၊ ဆရာႀကီးေက်းဇူးကို က်ဳပ္တို႔မေမ့ပါဘူး”
ဆရာေမာင္ႀကီးက ေခါင္းညိတ္လိုက္ၿပီး
“ေအး၊ ခုနစ္ရက္သားသမီးေတြကို ကယ္တင္ေပးရတာေပါ့ကြဲ႕”
အဘိုးက သူ႔လူတစ္ေယာက္ကို လွည့္ၾကည့္ၿပီးေတာ့
“ေဟ့၊ မယ္ပ်င္းကို သြားေခၚစမ္းကြာ”
အဘိုးေျပာေတာ့ ဆရာေမာင္ႀကီးက လက္ကာျပတယ္။
“ဒီအတိုင္းေခၚမေနနဲ႔သူႀကီး၊ အဲဒီစုန္းမကို ပညာစက္၊ အာဏာစက္နဲ႔ လွမ္းေခၚမယ္၊ လာ ကေလးကို ဒီကိုေခၚလာခဲ့”
ကေလးေလးကိုေခၚလာေတာ့ ဆရာေမာင္ႀကီးက ကေလးေက်ာကိုလွန္လိုက္တယ္ဗ်။ ကေလးေက်ာကုန္းမွာ မွည္းမွည္းအကြက္ႀကီးက အႀကီးႀကီးပဲဗ်ာ၊ ဆရာေမာင္ႀကီးက ကေလးေက်ာကုန္းကိုလက္နဲ႔ေထာက္လိုက္ၿပီးေတာ့
“ကဲ အထက္ဆရာမ်ားအမိန႔္၊ ငါ့အမိန႔္၊ ဒီစုန္း လာေလေရာ့လဟယ္”
ဦးေမာင္ႀကီးအသံကေတာ့ အေတာ္ကိုအာဏာသံပါတယ္ဗ်၊ သူေခၚလိုက္တယ္ဆိုရင္ပဲ ၿခံေရွ႕ကေန ဆဲသံဆိုသံေတြၾကားရၿပီးေတာ့ ေဒၚပ်င္းႀကီးတစ္ေယာက္ ထမီစြန္ေတာင္ဆြဲၿပီး အိမ္ေပၚကိုတက္ခ်လာတယ္၊ အိမ္ေပၚကလူေတြဆို ေၾကာက္လို႔ ေရွာင္ေပးလိုက္ရတယ္၊ ေဒၚပ်င္းက မထိုင္ဘူးဗ်၊ ေလွကားဝမွာတင္ မတ္တပ္ရပ္ၿပီးေတာ့
“ဟဲ့ ေသခ်င္းဆိုး၊ ဘာလို႔ငါကိုေခၚတာတုန္း”
“နင့္ ပညာေတြ ငါ့ကိုလႉစမ္းေကာင္မ”
“ဟား၊ ဟား သူမ်ားပညာေတြကို အလကားလိုခ်င္လို႔ရမလား၊ နင့္ကိုငါက ဘာလို႔လႉရမွာလဲ”
“ေအာင္မယ္၊ နင္စကားေျပာတာမိုက္႐ိုင္းလွပါလား၊ နင္က ၾကမ္းၾကမ္းေလးလိုခ်င္မွာေတာ့ ငါကလည္း ၾကမ္းေပးရတာေပါ့”
ဆရာေမာင္ႀကီးက အိတ္ထဲက ေဆးလုံးကေလးေတြ ထုတ္လိုက္တယ္ဗ်၊ ေဆးလုံးကေလးက င႐ုတ္ေကာင္းေစ့ေလာက္ရွိမွာဗ်၊ အဲဒီေဆးလုံးကေလးေတြနဲ႔ ေဒၚပ်င္းကိုလွမ္းပက္လိုက္ေတာ့ ေဒၚပ်င္းမွာ ပူလို႔ လူးခါေနတာပဲဗ်ာ။
“မွတ္ၿပီလားစုန္းမ၊ အဲဒါ စုန္းေျပးေဆးလို႔ေခၚတယ္၊ နင့္ပါးစပ္ထဲခြံ႕လိုက္ရင္ ႐ြာတစ္ပတ္ ပတ္ေျပးေနရလိမ့္မယ္ဟဲ့”
ေဒၚပ်င္းက ခ်က္ခ်င္းကုန္းထတယ္ဗ်။
“ဟား၊ ဟား ေခြးႀကီး၊ နင့္ေဆးက သိပ္စြမ္းတယ္လို႔မထင္နဲ႔၊ နင့္ကို ငါျပဳစားမယ္ဟဲ့”
“လုပ္စမ္းပါ စုန္းမရဲ႕၊ နင္ငါ့ကိုႀကိဳက္သေလာက္ျပဳစားစမ္း၊ နင္ငါ့ကိုတစ္ခ်က္ေတာင္ ထိလို႔ရမွာမဟုတ္ဘူး၊ ငါ့မွာက စုန္းၿပီးအင္းေတြတစ္ကိုယ္လုံးထိုးထားတယ္၊ နင္မေျပာနဲ႔ ေဇာ္ဂနီ၊ ေဇာ္ဂနက္ေတာင္ ငါ့ကိုပညာနဲ႔လုပ္မရဘူးဟဲ့”
ေဒၚပ်င္းႀကီးက ရယ္တယ္ဗ်။ ဦးေမာင္ႀကီးေရာ ၾကည့္ေနတဲ့လူေတြအားလုံးေရာ လန႔္ေနတာေပါ့။
“ဟား၊ ဟား နင့္ေဆးေတြကဘယ္နားမွာ သြားထိုးထားတာလဲ”
ဦးေမာင္ႀကီးက အက်ႌၾကယ္သီးႏွစ္လုံးျဖဳတ္ၿပီးေတာ့ ရင္ဘတ္ကိုလွန္လိုက္တယ္ဗ်၊ ၿပီးေတာ့ သူ႔ရင္ဘတ္ကိုသူၾကည့္ၿပီးအံ့ၾသသြားတယ္၊ ရင္ဘတ္မွာ ဘာမွမရွိဘဲ ေျပာင္သလင္းေနတာပဲဗ်ာ၊ ဒါနဲ႔ အက်ီလက္ကိုဆြဲတင္ၿပီးေတာ့ လက္ဖ်ံေတြ လက္ေမာင္းေတြကိုလည္း ၾကည့္လိုက္တယ္၊ ဘာဆိုဘာမွမရွိဘူး၊ ဦးေမာင္ႀကီးက သရဲတစ္ေကာင္ကိုေတြ႕သလို ထိတ္လန႔္သြားတယ္။
“ငါ့ေဆး၊ ငါ့ေဆးေတြ ဘယ္ေရာက္သြားသလဲ၊ ငါထိုးထားတဲ့ေဆးေတြ၊ အင္းေတြ ဘယ္ေရာက္သြားသလဲ”
ေဒၚပ်င္းရယ္သံႀကီးက ေၾကာက္စရာေကာင္းလိုက္တာဗ်ာ။
“ဟား၊ ဟား နင့္အဆင့္ေလာက္နဲ႔ ငါ့ကိုမ်ားလာလုပ္လို႔ရမလားဟဲ့၊ ကဲ ဆရာစုတ္၊ နင့္ကိုငါသနားလို႔ အခြင့္အေရးေပးမယ္၊ နင္ငါ့ကိုကန္ေတာ့မယ္ဆိုရင္ နင့္ကိုငါအသက္ခ်မ္းသာေပးမယ္”
ဆရာေမာင္ႀကီးက လူၾကားထဲအရွက္ကြဲတာဆိုေတာ့ ေဒါသထြက္ေနတာေပါ့ဗ်ာ။
“နင့္လိုစုန္းမကို ငါက ကန္ေတာ့စရာလားဟဲ့၊ ဘယ္ေတာ့မွ မကန္ေတာ့ဘူး၊ နင္သာ ငါ့ကိုကန္ေတာ့ရမွာ”
အိတ္ထဲကေန မဲမဲေဆးလုံးကေလးေတြ ႏႈိက္ၿပီးေတာ့ ပစ္ထည့္လိုက္ျပန္ေရာဗ်ာ၊ ေဒၚပ်င္းက ၿဖဳံေတာင္မၿဖဳံဘူးဗ်ိဳ႕၊ ဆရာေမာင္ႀကီးနဖူးမွာ ေဇာေခြၽးေတြျပန္ၿပီးေတာ့ ႐ႊဲစိုေနတာပဲဗ်ာ၊ ေနာက္ေတာ့ ဆရာေမာင္ႀကီးက အိတ္ထဲလက္နက္ၿပီးေတာ့ အဲဒီေဆးေတြကို လက္တစ္ဆုပ္ႀကီးကိုင္ၿပီး က်ဲပက္ထည့္လိုက္တာဗ်၊ ေဒၚပ်င္းက တစ္ခ်က္ေတာင္မတြန႔္သြားဘူးဗ်ာ၊ ဆရာေမာင္ႀကီးလည္း ေတာ္ေတာ္ကိုေသြးပ်က္ေနၿပီဗ်၊ ေဒၚပ်င္းက ဆရာေမာင္ႀကီးကိုလက္ညႇိဳးထိုးၿပီးေတာ့
“ေခြးႀကီး၊ နင့္အလွည့္ၿပီးၿပီလား၊ ေအး၊ ဒီတစ္ခါငါ့အလွည့္ပဲ၊ နင္ေလးဖက္ေထာက္စမ္း”
ဦးေမာင္ႀကီးက ထိုင္ေနရာကေနထၿပီးေတာ့ ေလးဖက္ကုန္းတယ္ဗ်။
“ေခြးလိုအူစမ္း”
ဦးေမာင္ႀကီးပါးစပ္ကေန ေခြးတစ္ေကာင္လို တအူအူနဲ႔ အူေနတာပဲဗ်ာ။
“ၿပီးေတာ့ နင္ေျပာသလို ႐ြာကိုတစ္ပတ္ပတ္ေျပးၿပီးေတာ့ ေခြးေသ ေသစမ္း၊ ေခြးႀကီး”
ေဒၚပ်င္းစကားဆုံးတာနဲ႔ ဦးေမာင္ႀကီးက အိမ္ေပၚကေနေလးဖက္ေထာက္ႀကီးေျပးဆင္းၿပီး ႐ြာလယ္လမ္းအတိုင္း ေလးဖက္ေထာက္ၿပီး ေျပးထြက္သြားတာပဲဗ်ာ၊ ဦးေမာင္ႀကီးေျပးေတာ့ သူႀကီးအိမ္ေပၚကလူေတြအားလုံး ဆင္းေျပးကုန္ၾကတယ္ဗ်၊ ေလွကားအတက္မွာထိုင္ေနတဲ့ေဒၚပ်င္းက သူႀကီးကိုမ်က္ေစာင္းႀကိးထိုးၿပီးေတာ့
“ေအာင္မာ၊ ရွင္က မေလာက္ေလးမေလာက္စား ဆရာေလာက္နဲ႔ က်ဳပ္ကို ေမာင္းခ်င္ ႏွင္ခ်င္တယ္ေပါ့ဟုတ္လားသူႀကီး”
သူႀကီးလည္း အေျခအေနမဟန္ေတာ့ဘူးဗ်ိဳ႕။
“ရွင္တို႔ကိုလည္း က်ဳပ္ဘာလည္းဆိုတာ အေၾကာင္းသိေအာင္ျပရေသးတာေပါ့သူႀကီးရာ၊ ဟိုေခြးႀကီးက ေခြးေသေသသလို၊ ရွင္တို႔သားက ဝက္ေသေသရမယ္”
ေဒၚပ်င္းကေျပာၿပီးေတာ့ အိမ္ေပၚကေနဆင္းသြားတာပဲဗ်ာ၊ ဒီေတာ့ သုံးလသားကေလးေလးက ေအာ္လိုက္၊ ငိုလိုက္တာဗ်ာ၊ ေအာ္ေနရင္းငိုေနရင္း တျဖည္းျဖည္း ဝက္သံေပါက္လာတယ္ဗ်၊ တစီစီနဲ႔ေအာ္ေနရင္း ေအာ္ရတာေမာလို႔ တစ္ကိုယ္လုံးက ျပာႏွမ္းလာၿပီးေတာ့ ဖုတ္လိုက္ဖုတ္လိုက္ျဖစ္ၿပီး ေသသြားပါေရာဗ်ာ၊ သူႀကီးကေတာ္ျဖစ္ပုံရတဲ့မိန္းမဆို ငိုလိုက္တာေျပာမေနပါနဲ႔ေတာ့ဗ်ာ။ ငိုရင္းနဲ႔တက္သြားလို႔ အိမ္ကလူေတြက ဝိုင္းၿပီးႏွာႏွပ္ၾကပါေရာဗ်ာ။
အဘိုးသူႀကီးကေတာ့ ေတာက္တစ္ေခါက္ေခါက္နဲ႔ေပါ့ဗ်ာ။
“ဒီစုန္းမကိုမွ မႏွိမ္နင္းႏိုင္ရင္ ငါသူႀကီးမလုပ္ဘူးေဟ့”
က်ဳပ္လည္း ေဒၚပ်င္းအေနာက္ကိုေျပးလိုက္ခဲ့တာေပါ့ဗ်ာ၊ ေဒၚပ်င္းက ႐ြာထိပ္ကိုသြားတာဗ်၊ ႐ြာထိပ္ေရာက္ေတာ့ ႐ြာထိပ္နားက ေညာင္ပင္ႀကီးေအာက္မွာပါးစပ္ကအျမႇဳပ္ေတြထြက္ၿပီး ေခြေခြႀကီးျဖစ္ေနတဲ့ ဆရာေမာင္ႀကီးကိုေတြ႕တယ္ဗ်၊ တစ္ကိုယ္လုံးလည္း ဖုန္ေတြေပက်ံေနတာပဲဗ်ာ၊၊ အသက္ႀကီးၿပီဆိုေတာ့ အေမာေဖာက္ၿပီး လူက ဖုတ္လႈိက္ ဖုတ္လႈိက္ျဖစ္ေနၿပီေပါ့။
“ေသစမ္း၊ ေခြးနာႀကီးေသစမ္း”
ေဒၚပ်င္းက ဆရာေမာင္ႀကီးကို ေျခေထာက္ေတြနဲ႔ လွိမ့္လွိမ့္ကန္တာပဲဗ်၊ ဒီအခ်ိန္ သာစံကေလးလည္း အေျပးေရာက္လာတယ္။
“အေမ၊ ေတာ္ပါေတာ့”
ေဒၚပ်င္းက သာစံဘက္ကိုလွည့္ၿပီး
“ဟဲ့၊ ငါကဘာလို႔ေတာ္ရမွာလဲ”
“ေတာ္႐ုံတန္႐ုံပြန္း႐ုံပဲ့႐ုံေလာက္ လုပ္ရင္ေတာ္ေရာေပါ့အေမရာ၊ အေသသတ္စရာမလိုပါဘူးဗ်”
“ဟဲ့၊ နင့္ပေထြးက ငါ့ကိုဘယ္လိုလုပ္တယ္ဆိုတာ နင္သိရဲ႕လား”
“ဘယ္လိုလုပ္လုပ္ေပါ့အေမရာ၊ အခု အေမႏိုင္ေနၿပီပဲ”
“ဟဲ့ေကာင္ေလးရဲ႕၊ သန္မာတဲ့လူဆိုတာ မသနားတတ္ရဘူးဟဲ့၊ သနားတယ္တို႔ အားနာတယ္တို႔ဆိုတာ ေပ်ာ့ညံ့တဲ့လူေတြရဲ႕လုပ္ရပ္၊ ငါသာရႈံးၾကည့္၊ နင္ပေထြးက ငါ့ကိုေရာ သနားမယ္လို႔ထင္လို႔လား၊ လူေတြအေရွ႕မွာ မ်က္ႏွာပန္းလွေအာင္ ငါ့ကိုစိတ္ႀကိဳက္အမ်ိဳးမ်ိဳးႏွိပ္စက္မွာဟဲ့”
“ဘာပဲျဖစ္ျဖစ္ အခုအေမႏိုင္တယ္ေလဗ်ာ၊ ေသေအာင္လုပ္စရာလိုေသးလို႔လား”
ေဒၚပ်င္းက သက္ျပင္းတစ္ခ်က္ခ်လိုက္ၿပီးေတာ့ ျပန္လွည့္ထြက္သြားတယ္ဗ်၊ သာစံကေတာ့ ဦးေမာင္ႀကီးကို ကုန္းၾကည့္ၿပီးေတာ့ ပါးစပ္က ထြက္ေနတဲ့အျမႇဳပ္ေတြကို သူ႔အက်ႌေအာက္အနားနဲ႔သုတ္ေပးလိုက္ေသးတယ္။ ဦးေမာင္ႀကီးက အသက္ကိုခပ္ျပင္းျပင္းရႉေနရင္းနဲ႔ ေခါင္းႀကီးငိုက္က်သြားတယ္ဗ်၊ ျပဴးထြက္ေနတဲ့မ်က္လုံးႀကီးေတြကို သာစံက လက္နဲ႔အုပ္ၿပီးေတာ့ မ်က္လုံးေတြပိတ္ေပးလိုက္တယ္။
“ဘႀကီး၊ က်ဳပ္အေမကို ခြင့္လႊတ္ေပးပါဗ်ာ”
သာစံကေျပာၿပီးေတာ့ ထြက္သြားေတာ့တာပါပဲဗ်ာ။ ဒီအခ်ိန္မွာပဲ ႐ြာထဲမွာ ဆူညံဆူညံအသံံေတြၾကားတယ္ဗ်၊ မီးခိုးေတြလည္း တအူအူထြက္လို႔ေပါ့ဗ်ာ၊ ေနာက္ေတာ့ ဘြားမယ္ျဖဴႀကိးက ေျပးထြက္လာတယ္ဗ်၊ လမ္းမွာ သာစံကိုေတြ႕ေတာ့။
“ငါ့ေျမး၊ မသြားနဲ႔၊ ႐ြာထဲကိုမသြားနဲ႔ေတာ့”
အဲဒီလိုေျပာၿပီးေတာ့ ႐ြာျပင္ကိုဆြဲေခၚသြားပါေရာ၊ က်ဳပ္လည္း သိခ်င္လို႔႐ြာထဲဝင္ၾကည့္ေတာ့ မ်က္ႏွာကိုပုဆိုးေတြနဲ႔အုပ္ထားတဲ့႐ြာသားေတြက ေဒၚပ်င္းတို႔အိမ္ႀကိးကို မီးကြင္းေတြ၊ မီးတုတ္ေတြနဲ႔ ဝိုင္းပစ္ေနၾကတာပါပဲဗ်ာ၊ အိမ္တစ္ခုလုံးမီးေလာင္သလို ၿခံထဲက ရွိသမွ်သစ္ပင္ေတြလည္း အကုန္မီးေတြစြဲေနတာပဲဗ်ာ။
မီးေလာင္ေနတဲ့ သစ္ပင္ေပၚကေန မဲမဲအေကာင္ႀကီးေတြ ေျပးဆင္းလာတယ္ဗ်၊ အေကာင္ႀကီးက စုစုေပါင္း ခုနစ္ေကာင္တိတိရွိတယ္၊ ေနာက္ဆုံးက အေကာင္ႀကီးဆို သူ႔ကိုယ္မွာပါ မီးေတြစြဲေနေသးတယ္၊ သူတို႔ေျပးတဲ့အေနာက္ကို က်ဳပ္လိုက္ေျပးေတာ့ ႐ြာေနာက္ဖက္ ေရတြင္းအနားကိုေရာက္လာၿပီဗ်။ ေဒၚပ်င္းႀကီးက အဲဒီေရတြင္းအနားမွာ ခါးေထာက္မတ္တပ္ရပ္ၿပီးေတာ့ ႐ြာကိုၾကည့္ေနတယ္။
“ဒီတစ္႐ြာလုံးေတာ့ ငါလုပ္လိုက္ရရင္ေသေတာ့မယ္”
သရဲႀကီးေတြက ေဒၚပ်င္းအနားမွာ ကပ္ေနၾကတယ္။
“ငါတို႔ဘယ္လိုလုပ္ရမလဲ၊ ငါတို႔မွာ ေနစရာမရွိေတာ့ဘူး”
ေဒၚပ်င္းက ခပ္ေထ့ေထ့ၿပဳံးရင္း
“ငါတို႔ကို မီးနဲ႔ေျပးေအာင္လုပ္တယ္ဆိုေတာ့၊ ငါတို႔ကလည္း ဒင္းတို႔႐ြာကို ေရနဲ႔ပတ္သက္ၿပီး ဒုကၡေရာက္ေအာင္ျပန္လုပ္ရမွာေပါ့၊ ကဲ အေဖတို႔၊ ေဟာဒီေရတြင္းမွာသာေန၊ ဒီေနရာကို အေဖတို႔ကိုအပိုင္ေပးလိုက္ၿပီ၊ အေဖတို႔စိတ္ႀကိဳက္သာ ေခ်ာက္ခ်င္ေခ်ာက္၊ လွန႔္ခ်င္လွန႔္၊ စားခ်င္စား စိတ္ႀကိဳက္သာလုပ္ေပေတာ့”
ဒီေတာ့ သရဲႀကီးေတြက ေရတြင္းအုတ္ေဘာင္နဲ႔ ေရတြင္းအေပၚမွာ မိုးထားတဲ့ျပႆဒ္ေပၚကို ကုတ္ဖက္တက္ၾကတယ္ဗ်ာ။ က်ဳပ္ျဖင့္္ ေၾကာက္ေၾကာက္နဲ႔ထြက္ေျပးဖို႔လုပ္ရင္း ေက်ာက္တုံးနဲ႔ခလုပ္တိုက္ၿပီးေတာ့ အေရွ႕ကိုဟပ္ထိုးလဲက်သြားေတာ့တာပဲ။
(၄)
က်ဳပ္ႏိုးေတာ့ ညေတာင္အေတာ္ေမွာင္ေနၿပီဗ်၊ က်ဳပ္ေဘးဘီၾကည့္ေတာ့ ေရတြင္းႀကီးနားမွာပဲရွိေသးတာ၊ ဦးဘသာကလည္း က်ဳပ္ေဘးမွာလဲက်ေနတယ္၊ ထန္းရည္ျမဴသုံးအိုးကလည္း တက္တက္စင္ေအာင္ေျပာင္ေနသလို ပဲႀကီးေလွာ္လည္း တစ္ေစ့ေတာင္ မရွိေတာ့ဘူးဗ်ိဳ႕။ က်ဳပ္လည္း ဦးဘသာကိုႏႈိးလိုက္ရတယ္။
“ဦးဘသာ၊ ထေတာ့၊ ထေတာ့ဗ်”
ဦးဘသာလည္း ႏိုးလာတယ္၊ ဒါနဲ႔ အိုးေတြကို ေနာက္မွသယ္မယ္ဆိုၿပိးေတာ့ က်ဳပ္တို႔လည္း ျပန္လာခဲ့တာေပါ့၊ ဦးဘသာက ထန္းရည္ေတြကို မေသာက္စဖူးမ်ားမ်ားေသာက္လိုက္လို႔ထင္ပါတယ္၊ အခုထိမူးေနၿပီး ေျခလွမ္းေတြယိုင္ေနတုန္းပဲဗ်၊ က်ဳပ္တို႔ႏွစ္ေယာက္ တစ္ေယာက္ကိုတစ္ေယာက္တြဲရင္း ႐ြာဆီကိုျပန္လာေတာ့ ႐ြာထဲမွာ ဆူညံံဆူညံအသံၾကားရတယ္၊ က်ဳပ္တို႔ဆက္လာေတာ့ ဦးဘသာအိမ္ေရွ႕မွာ လူေတြအုံေနတယ္ဗ်။
“ဦးဘသာ ခင္ဗ်ားထြက္ခဲ့၊ ခင္ဗ်ားမထြက္ခဲ့ရင္ ခင္ဗ်ားအိမ္ကို မီးနဲ႔ရႈိ႕ပစ္မယ္”
ေသာင္းက်န္းေနတဲ့သူကေတာ့ ကိုႂကြက္နီဗ်၊ က်ဳပ္နဲ႔ဦးဘသာေရာက္သြားေတာ့ အကိုႀကီးက က်ဳပ္တို႔အနားကိုေျပးလာတယ္။
“ဦးဘသာ အေျခအေနမေကာင္းဘူး တစ္ေနရာကိုေရွာင္ေနပါလား”
ကိုႂကြက္နီက ဦးဘသာကိုေတြ႕သြားၿပီးေတာ့ ဓါးႀကီးကိုင္လို႔ေျပးလာတယ္ဗ်။ ႐ြာသားေတြအကုန္လုံး ဟာခနဲဟင္ခနဲျဖစ္သြားတာေပါ့ဗ်ာ။ ကိုႂကြက္နီလက္ထဲမွာလည္း ကိုင္းခုတ္ဓါးႀကီးကိုင္လို႔ဗ်၊ က်ဳပ္လည္း စိတ္ထဲကေန ဓါးႀကီးကိုၾကည့္ၿပီးေတာ့
“ဓါးႀကီးလြတ္ထြက္သြားရင္ေကာင္းမယ္” လို႔ေတြးလိုက္မိတယ္။ ခ်က္ခ်င္းဆိုသလိုပဲ ကိုႂကြက္နီလက္ထဲက ဓါးကလြတ္က်ၿပီးေတာ့ သူ႔ေျခေထာက္ေပၚသူျပန္က်ၿပီး ေျခမက ဓါးဦးနဲ႔ထိၿပီး ကြဲသြားပါေရာဗ်ာ။ က်ဳပ္ျဖင့္ အံ့ၾသလို႔မဆုံးဘူး။
ကိုႂကြက္နီက ေျခေထာက္ထိသြားေတာ့ လဲက်သြားတယ္ဗ်၊ လဲက်ေနရာကေန ဦးဘသာကိုလက္ညႇိဳးထိုးၿပီးေတာ့
“ခင္ဗ်ားႀကီးလုပ္တာ၊ ခင္ဗ်ားႀကီးလုပ္လို႔ က်ဳပ္အေဖေသရတာဗ်”
“ကိုႂကြက္နီ မဟုတ္တာမေျပာနဲ႔”
“ဟုတ္တယ္ကြ၊ ငါ့အေဖေသၿပီ၊ ခုနကပဲ ငါ့အေဖေသၿပီ”
က်ဳပ္ျဖင့္ေတာ္ေတာ္အံ့ၾသသြားတာဗ်ာ။
“ဘာဗ်၊ ဘႀကီးစိန္ရင္ေသၿပီတဲ့လား၊ က်ဳပ္နဲ႔မနက္က စကားေျပာေတာ့ အေကာင္းႀကီးရွိပါေသးတယ္ဗ်ာ”
“ေအး၊ ဟုတ္တယ္အလတ္ေကာင္၊ ငါ့အေဖေသၿပီ၊ အဲဒါ အဲဒီဦးဘသာႀကီးလုပ္လို႔ကြ”
“ခင္ဗ်ားအေဖေသတာေတာ့ က်ဳပ္စိတ္မေကာင္းဘူး၊ ဒါေပမယ့္ ဒါက ဦးဘသာနဲ႔ဘာမွမဆိုင္ဘူး၊ က်ဳပ္တို႔ႏွစ္ေယာက္ အခုမွ ႐ြာထဲကိုဝင္လာခဲ့တာဗ်၊ ေန႔လည္ကတည္းက ႐ြာျပင္မွာထန္းရည္ေသာက္ၿပီးေတာ့ မူးေနၾကတာ”
ဒီအခ်ိန္မွာပဲ အေဖနဲ႔ရပ္႐ြာလူႀကီးတစ္ခ်ိဳ႕ေရာက္လာၾကတယ္၊ ကိုႂကြက္နီက မတ္တပ္ထလိုက္ၿပီးေတာ့
“မင္း ဘာမွကာဆီးကာဆီးလုပ္မေနနဲ႔အလတ္ေကာင္၊ ငါ့အေဖေသတာ သူ႔ေၾကာင့္၊ မေန႔က ငါ့အေဖကိုသရဲဝင္ပူးေတာ့ ဦးဘသာက သရဲႏွင္တယ္ဆိုၿပီးေတာ့ သရဲနဲ႔စကားတစ္ခြန္းႏွစ္ခြန္းေျပာလိုက္လို႔ သရဲထြက္သြားတယ္ဆိုတာ မင္းအကိုႀကီးငါ့ကိုေျပာၿပီးၿပီ၊ ဒီေတာ့ ဒီသရဲက သူနဲ႔သိေနလို႔ေပါ့၊ သူေမြးထားတဲ့ သရဲမို႔ေပါ့၊ အခုလည္း သူေမြးထားတဲ့သရဲကိုလႊတ္ၿပီးေတာ့ ငါ့အေဖကို သတ္ခိုင္းတာလားမွမသိတာ၊ ဦးဘသာ၊ ခင္ဗ်ားနဲ႔အေဖရဲ႕ၾကားမွာ ရန္ၿငိဳးေတြရွိတာနဲ႔ပဲ ခင္ဗ်ားက်ဳပ္အေဖကို ျပန္သတ္လိုက္တယ္ေပါ့၊ ဟုတ္သလား”
က်ဳပ္လည္း ဘာမွမေျပာတတ္ေလာက္ေအာင္ကိုပါပဲဗ်ာ၊ ဦးဘသာက ကိုႂကြက္နီကို ဒယိမ္းဒယိုင္နဲ႔လမ္းေလွ်ာက္သြားရင္း
“ဒီမယ္ႂကြက္နီ၊ မင္းအေဖနဲ႔ငါနဲ႔ ရန္ၿငိဳးရွိတာက ရွိခဲ့တာပဲ၊ ေအး၊ အဲဒီရန္ၿငိဳးေၾကာင့္ သူ႔ကိုငါသတ္ရမယ္ဆိုရင္ မင္းအေဖ ဒီအသက္အ႐ြယ္အထိ မေနရပါဘူးကြာ၊ ေနာက္ၿပီးေတာ့ ငါက ဘယ္ေတာ့မွ ငါ့႐ြာကလူေတြ နစ္နာပါေစ ထိခိုက္ပါေစဆိုတဲ့စိတ္နဲ႔ မေကာင္းမႈကိုတစ္ခုမွ မလုပ္ခဲ့ဘူး၊ မင္းလည္းသိခ်င္မွသိမယ္၊ ႐ြာကလူေတြလည္း သိခ်င္မွသိမယ္၊ ဒါေပမယ့္ ငါကေတာ့သိတယ္ကြ၊ ငါ့လိပ္ျပာငါလုံတယ္”
ဦးဘသာက ကိုႂကြက္နီအေရွ႕ဒူးေထာက္ခ်လိုက္ၿပီးေတာ့
“မင္းငါ့ကိုသတ္ရမွ စိတ္ေျပမယ္ဆိုရင္ေတာ့ ငါ့ကိုသာ တစ္ခါတည္းခုတ္သတ္လိုက္ကြာ၊ မင္းအေဖေသရတာငါ့ေၾကာင့္လို႔ထင္လို႔ ငါ့ကိုျပန္သတ္ရမွ စိတ္ရွင္းမယ္ဆိုရင္ ငါ့ကိုသာသတ္သြားလိုက္ ႂကြက္နီ၊ မင္းဓါးကိုေကာက္ၿပီး ငါ့လည္ပင္းကို တစ္ခ်က္တည္းခုတ္ထည့္လိုက္”
ကိုႂကြက္နီက ဓါးကိုလက္လွမ္းတယ္ဗ်၊ ေနာက္ေတာ့ လက္ေတြက တုန္ယင္လာၿပီးေတာ့ ေျမႀကီးမွာ ပက္လက္လန္ၿပီးလဲက်သြားတယ္။ ၿပီးေတာ့ ေယာက္်ားႀကီးတန္မဲ့ ငိုေတာ့တာပါပဲ။ က်ဳပ္လည္း ကိုႂကြက္နီစိတ္ေျပာင္းၿပီး ဦးဘသာႀကီးကို ခုတ္မွာစိုးလို႔ ေျမေပၚက်ေနတဲ့ဓါးႀကီးေျပးေကာက္ရတာေပါ့ဗ်ာ။
ဘႀကီးစိန္ရင္ကေတာ့ ေသသြားခဲ့ပါၿပီဗ်ာ၊ ေန႔လည္အိပ္ေနရင္း ညေနေစာင္းတာေတာင္မွ မထလို႔သြားႏႈိးေတာ့ ေသေနတာပဲတဲ့၊ ႐ြာထဲမွာေတာ့ သို႔ေလာ သို႔ေလာ ေျပာၾကတယ္ဗ်၊ က်ဳပ္ကေတာ့ ဒီကိစၥက ဦးဘသာနဲ႔မဆိုင္ဘဲ ေသြး႐ိုးသား႐ိုးျဖစ္သြားတယ္လို႔ပဲထင္တယ္၊ ေဆးဆရာဦးမွတ္ႀကီးကလည္း ႏွလုံးရပ္ၿပီးေသသြားတာလို႔ေျပာတယ္၊ အရင္က ဘႀကီးစိန္ရင္က ႏွလုံးေရာဂါသူနဲ႔ကုဖူးတယ္ဆိုပဲဗ်။ ဘြားစန္းတုတ္ကေတာ့ က်ဳပ္ကိုမၾကည္ပါဘူးဗ်ာ၊ က်ဳပ္က ဘႀကီးစိန္ရင္နဲ႔ ေဒၚပ်င္းအေၾကာင္းေတြေျပာလို႔ ေဒၚပ်င္းႀကီးက သတ္တယ္လို႔ပဲ သူက ယူဆေနတာဗ်၊ က်ဳပ္ေခါင္းထဲလည္း အေတြးမ်ိဳးစုံဝင္ေနတယ္၊ တကယ္ပဲ ဘႀကီးစိန္ရင္က ေဒၚပ်င္းအေၾကာင္းေျပာလို႔ ေသတာလား၊ ဒါမွမဟုတ္ တိုက္ဆိုင္တာမ်ားလား၊
ဘႀကီးစိန္ရင္ေသၿပီးေတာ့ ဘြားစန္းတုတ္တစ္ေယာက္ ခြက္ကေလးအေရွ႕ခ်ၿပီး အၿမဲတမ္းငိုေနတတ္တယ္ဗ်၊ ဘႀကီးစိန္ရင္က သူ႔ေယာက္်ားလည္းျဖစ္ျပန္၊ ေနာက္ၿပီး ေသာက္ေဖာ္ေသာက္ဖက္ဆိုေတာ့လည္း သတိရတာေပါ့ဗ်ာ၊ က်ဳပ္ကေတာ့ ဘြားစန္းတုတ္အနားကိုမသြားေတာ့ပါဘူး၊ က်ဳပ္ကိုျမင္ရင္ က်ဳပ္ေၾကာင့္ေသရတာဆိုၿပီး သူဝမ္းနည္းေနမွာစိုးလို႔ပါဗ်ာ၊ သူတို႔အိမ္ေရွ႕ကျဖတ္သြားတိုင္း သူတို႔အိမ္ကေလးလွမ္းၾကည့္ရင္ ဘြားစန္းတုတ္တစ္ေယာက္ ငူငူငိုင္ငိုင္နဲ႔ထိုင္ေနတာပါပဲဗ်ာ။
ဘႀကီးစိန္ရင္ေသၿပီးေတာ့ တစ္လေလာက္ၾကာေတာ့ ညေနဖက္ႀကီး ဘြားစန္းတုတ္တစ္ေယာက္ ရန္ျဖစ္ေနတယ္ဗ်၊ ေအာ္က်ယ္ေအာ္က်ယ္နဲ႔ကိုျဖစ္ေနတာ၊ က်ဳပ္တို႔လည္းအံ့ၾသတာေပါ့ဗ်ာ၊ အရင္လို ရန္ျဖစ္ေနက် သူ႔ေယာက္်ားလည္းမရွိေတာ့ဘူးမဟုတ္လား၊ ဘယ္သူနဲ႔ရန္ျဖစ္ပါလိမ့္ဆိုၿပိး က်ဳပ္လည္း သြားၾကည့္မိတယ္။
ဘြားစန္းတုတ္တစ္ေယာက္ ထန္းရည္မူးေနပုံရတယ္ဗ်၊ ထန္းရည္ေသာက္လိုက္ သူ႔ေယာက္်ားရွိတယ္အမွတ္နဲ႔ ဆဲလိုက္ဆိုလိုက္ပဲ၊ ေနာက္ေတာ့ ၿခံဝကိုၾကည့္ၿပီးေတာ့ တစ္ခ်က္ၿပဳံးရယ္တယ္။
“ဟယ္ ေသနာေကာင္ႀကီး၊ နင္ငါ့ကို တစ္ေယာက္တည္း ထားသြားတာ ေတာ္ေတာ္မွေပ်ာ္ရဲ႕လား” တဲ့ဗ်ာ၊ အဲဒီလိုေအာ္ၿပီးေတာ့ ကြပ္ပ်စ္ေပၚကေန ပက္လက္လန္လဲက်သြားတာပဲ၊ က်ဳပ္တို႔ေျပးထူလိုက္တဲ့အခ်ိန္မွာေတာ့ ဘြားစန္းတုတ္တစ္ေယာက္ ႏွလုံးမခုန္ေတာ့ပါဘူးဗ်ာ၊ ဘႀကီးစိန္ရင္ေသၿပီး တစ္လအၾကာမွာပဲ ဘြားစန္းတုတ္လည္း ေသသြားေတာ့တာပါပဲဗ်ာ၊ ခုထိ က်ဳပ္တို႔႐ြာက သခ်ိဳင္းမွာ ဘႀကီးစိန္ရင္နဲ႔ ဘြားစန္းတုတ္တို႔ရဲ႕ အုတ္ဂူေလး ေဘးခ်င္းကပ္ရွိေသးတယ္ဗ်၊
ညေနေမွာင္လာၿပီဆိုရင္ေတာ့ ကိုႂကြက္နီတစ္ေယာက္ ထန္းရည္ႏွစ္ျမ်ဴဆြဲၿပီးေတာ့ သခ်ိဳင္းကိုထြက္သြားေလ့ရွိတယ္၊ ဟိုေရာက္ရင္ သူ႔အေဖနဲ႔အေမရဲ႕ အုတ္ဂူအေပၚကို ထန္းရည္ျမဴအိုးတင္ၿပီးေတာ့ အုတ္ဂူေရွ႕မွာထိုင္ၿပီး
“အေဖေရ အေဖႀကိဳက္တဲ့ထန္းရည္ဗ်၊ အေမေရ ငွက္ခါးေတာင္စစ္စစ္ကေလးဗ်၊ ေသာက္ေနာ္၊ ေသာက္ၿပီးေတာ့ အရင္လို လင္မယားေတြရန္ျဖစ္ၾကပါအုံးဗ်ာ”
လို႔ေျပာၿပီး ငိုယိုေနတတ္တာလည္း ခဏခဏေတြ႕ရတတ္တာေပါ့ဗ်ာ၊ ဘႀကီးစိန္ရင္နဲ႔ ဘြားစန္းတုတ္ေသသြားေပမယ့္ သူတို႔နဲ႔ပတ