Unicode Version
” စုန်းထီးကြီး ဦးဘသာနှင့် နွားပျောက်ကုန်း”(စ/ဆုံး)
—————————————————————–
အတွဲ(၄) စာစဉ်(၄)
(၁)
“ဟိတ်ကောင်လေး၊ ထ . . . ထတော့”
ကျုပ်အိပ်နေတုန်း နားထဲမှာအသံဆိုးကြီးကြားလိုက်တယ်ဗျ၊ အသံကဘယ်လိုအသံလဲဆိုတော့ ရေငတ်ပြီးရေမသောက်ရလို့ လည်ချောင်းတွေကွဲနေတဲ့အသံမျိုးဗျ၊ ကျုပ်လည်း မထချင်သေးဘူးဗျာ၊ ဆောင်းအဝင်ဆိုတော့ ရာသီဥတုက အေးအေးနဲ့ ဆက်ကွေးနေတာပေါ့ဗျာ။
“ဟဲ့ကောင်လေး”
နောက်တော့ ကျုပ်ကိုခေါ်နေတယ်ဗျ၊ ကျုပ်လည်း မျက်လံုံးကိုမဖွင့်ချင်ပါဘူး၊ ခေါ်နေတာကိုမကြားသလိုလုပ်ပြီးတော့ စောင်ကိုခေါင်းမြီးခြုံပြီးဆက်အိပ်နေလိုက်တယ်။
“သြော်၊ နင်က ငါပါးစပ်နဲ့ပြောတာမရဘူးဆိုတော့၊ လက်တွေ့ပြမှထင်တယ်”
အဲဒီအသံကြီးက ပြောတယ်ဗျ၊ နောက်တော့
“ဟဲ့ကောင်လေး၊ နင်အခုထ”
အဲဒီလိုလည်းပြောလိုက်ရော ကျုပ်အိပ်နေတဲ့ဖျာကြီးက ဗြန်းခနဲမတ်တပ်ကြီးဖြစ်သွားတာဗျာ၊ ကျုပ်လည်းလန့်ပြီးမျက်လုံးဖွင့်ကြည့်လိုက်တော့ ကွင်းပြင်ကျယ်ကြီးထဲမှာ ကျုပ်ရောက်နေပါရော၊ ပြီးတော့ ကျုပ်ကလည်းမတ်တပ်ကြီးဗျ၊ မတ်တပ်ကြီးဆိုပေမယ့်လည်း လူကအိပ်နေတာ၊ ခေါင်းအုံးနဲ့စောင်ကြီးလည်းခြုံလို့ဗျ၊ ဒါပေမယ့် ကျုပ်အိပ်နေတဲ့ဖျာကြီးက မတ်တပ်ကြီးဆိုတော့ ကျုပ်လည်းမတ်တပ်ကြီးဖြစ်နေတာပေါ့ဗျာ၊ လက်တွေခြေတွေကိုလှုပ်ပေမယ့် လှုပ်မရဘူးဗျို့။
“ဘယ်သူလဲ၊ ဘယ်သူကျုပ်ကိုခေါ်တာလဲ”
ကျုပ်အော်လိုက်တော့ မိုးပေါ်ကနေ အဘွားကြီးတစ်ယောက်ဆင်းလာတယ်ဗျ၊ တစ်ကိုယ်လုံးက ခေါင်းမွှေးတွေကလည်း ကြာဆန်တွေလို ဆွတ်ဆွတ်ဖြူလို့ဗျာ၊ ပြီးတော့ ပိုပြီးထူးခြားတာက ဆံပင်တွေကလင်းနေသေးတယ်၊ မျက်နှာကလည်းပါးရေတွေတွန့်နေလို့ ဘယ်သူမှန်းတောင် မှန်းလို့ရဘူးဗျာ။
“ဟဲ့ကောင်လေး”
“ခင်၊ ခင်ဗျားကဘယ်သူလဲ”
“ငါက မယ်ပျင်း”
“ဗျာ၊ ဒေါ်၊ ဒေါ်ပျင်းကြီးလား၊ ခင်ဗျားက သေပြီမဟုတ်လား”
“သေတော့ သေပြီးပြီ၊ ဒါပေမယ့် ငါ့သားကိုယ်ထဲမှာ ငါ့ရဲ့စိတ်ပွားတစ်ခုကျန်နေသေးတယ်၊ အဲဒါက မကြာခင်ကမှ လွတ်လာတာ”
ကျုပ်ပြန်စဉ်းစားလိုက်တော့ ဦးဘသာကို ဘသော်တို့က စုန်းကိုးပေါက်ဖောက်ကြတုန်းက နောက်ဆုံးထွက်လာတဲ့ ဒေါ်ပျင်းကြီးနဲ့တစ်ပုံစံတည်းပဲဗျာ၊ ကျုပ်အထင်တော့ ဒေါ်ပျင်းက အဲဒီတုန်းကလွတ်လာတယ်ထင်တာပဲ။
“ကျုပ်ကိုမလုပ်ပါနဲ့၊ ကျုပ်ကိုမသတ်ပါနဲ့”
“နင့်ကိုမသတ်ပါဘူး၊ ဟိုစိန်ရင်ကိုတော့ ငါသတ်ပစ်လိုက်ပြီ၊ ငါ့အကြောင်းတွေ နောက်ကွယ်မှာပြောရင် မကြိုက်ဘူးဆိုတာကို ဒင်းသိရဲ့သားနဲ့”
“ဗျာ၊ ဒါဆို ဘကြီးစိန်ရင်သေသွားတာ ခင်ဗျားလုပ်တာလား”
“အောင်မယ်၊ ဒီကောင်လေးက ငါ့ကိုများ ခင်ဗျား၊ ခင်ဗျားနဲ့ စကားပြောတာ မိုက်ရိုင်းလိုက်တာ၊ နင့်မိဘတွေက မသင်ပေးဘူးလား”
“ခင်ဗျားကို ခင်ဗျားလို့မခေါ်လို့ ဘယ်လိုခေါ်ရမှာလဲ”
“ငါ့ကို မေမေကြီးလို့ခေါ်”
“ဖွီ၊ ဒီအသက်အရွယ်ကြီးကို မေမေကြီးလို့ခေါ်ရမယ်တဲ့၊ ဘွားဘွားကြီးလို့ခေါ်ရင်တောင်မှ တော်တော်လွန်နေပြီ”
“ဟား၊ ဟား နင်ကတော်တော် ပါးစိပါးစပ်များတဲ့ကောင်လေးပဲ၊ နင့်ကိုမှတ်လောက်အောင်တော့ လုပ်ရသေးတာပေါ့”
ကျုပ်ဇောချွေးတွေပြန်လာတယ်ဗျ။
“မလုပ် . . . မလုပ်”
ကျုပ်ပြောနေတုန်းရှိသေးတယ် ဖျာကြီးက မိုးပေါ်ကိုပျံတက်သွားတာဗျာ၊ ဘယ်လောက်အထိတက်သွားသလဲဆိုရင် ဟိုးမိုးပေါ်တိမ်တွေကြားအထိရောက်သွားတယ်။ ကောင်းကင်မှာ ကြယ်တွေစုံပြီးတော့ အလင်းရောင်တွေမျိုးစုံထွက်နေတာဗျာ၊ ကြည့်လို့တောင်ကောင်းသေးတယ်။ ပြီးတာနဲ့ ဖျာကြီးက မိုးပေါ်မှာမှောက်ခုံကြိးဖြစ်သွားပါရောဗျာ၊ ဖျာပေါ်အိပ်နေတဲ့ကျုပ်လည်း မြေပြင်နဲ့မျက်နှာမူပြီးသားကြီးဖြစ်သွားတာပေါ့၊ ကျုပ်တို့ရွာကလေးကို ခပ်သေးသေးလေးပဲမြင်ရတော့တယ်ဗျ၊ အိမ်ခေါင်မိုးလေးတွေတောင်မှ မသဲမကွဲပဲဗျာ။
ပြီးတာနဲ့ချက်ချင်းကြီး ပြုတ်ကျတော့တာပါပဲ၊ ကျတာကလည်း အရှိန်နဲ့ကျတာဗျ၊ လေတွေကလည်းပင့်တိုက်တာဆိုတော့ အသည်းကိုအေးနေတာပဲဗျာ၊ ကျုပ်လည်း ပါးစပ်ဖွင့်ပြီးတော့ အသံကုန်ဟစ်ပြီးတော့ တအားအားနဲ့အော်နေတာပေါ့ဗျာ၊ ဒီအတိုင်းဆိုရင် မြေကြီးပေါ်ကို မျက်နှာနဲ့ပြုတ်ကျပြီးတော့ သေတော့မယ်မဟုတ်လား။
“အောင်မယ်လေး၊ လုပ်ကြပါအုံးဗျ၊ ကယ်ကြပါအုံး”
မြေကြီးနဲ့ထိဖို့ တစ်ထွာလောက်အလိုမှာ ဝုန်းခနဲရပ်သွားတော့တာဗျာ။ ကျုပ်ရင်တွေဆို တဒုန်းဒုန်းနဲ့ဗျာ၊ ဒါတင်မကသေးပါဘူး ဖျားကြီးက စကောဝိုင်းကြီးလိုလှည့်ပြီးတော့ ပတ်ပျံနေပြန်ရောဗျာ။ ကျုပ်ဖြင့်ခေါင်းတွေမူးပြီးတော့ ချာချာလည်နေတော့တာပဲ၊ ပါးစပ်ထဲကလည်း ဖြူဖြူတွေရော၊ နီနီတွေရော အကုန်အန်တာဗျာ၊ နောက်ဆုံးကျုပ်မျက်ဖြူဆိုက်နေတော့မှ ဖျာကြီးကရပ်သွားတယ်။
“ဟုတ်ပါပြီ၊ မေမေကြီး . . . မေမေကြီး၊ ကျုပ်ခေါ်ပါမယ်”
ဒေါ်ပျင်းကြီးက ကျုပ်ကိုခါးထောက်ကြည့်နေရင်း ရယ်တယ်ဗျ။
“ဘယ့်နှယ့်လဲ၊ ဖျာပျံစီးရတာ ကောင်းတယ်မဟုတ်လား”
“တောင်းပန်ပါတယ်ဗျာ၊ ကျုပ်ကိုထပ်မလုပ်ပါနဲ့တော့”
“ဒါဆို ငါ့ကိုမေမေကြီးလို့ခေါ်မှာလား”
“ခေါ်ပါ့မယ်၊ ခေါ်ပါ့မယ်”
“ဒါဆို ငါ့အနားကိုတိုးလာခဲ့”
ကျုပ်တိုးစရာမလိုဘဲ ဖျာကြီးက သူ့အလိုလိုတိုးသွားတာဗျ၊ ဒီမှာပဲ ဒေါ်ပျင်းကြီးက ကျုပ်နဖူးကိုလက်ညှိုးနဲ့ထိုးလိုက်တယ်၊ ပြီးတော့
“ပြန်အိပ်တော့”
အဲဒီလိုတစ်ချက်ပြောလိုက်တာနဲ့ ကျုပ်ဖျာကြီးက အနောက်ကိုဝှီးခနဲလွင့်သွားတာဗျာ၊ ကျုပ်လည်း အော်နေတာပေါ့ဗျာ။
“အား၊ မေမေကြီး . . . တော်ပါပြီ၊ မလုပ်ပါနဲ့တော့”
အိပ်နေရင်းနဲ့ ကျုပ်ထအော်တော့ အနားကဖြတ်သွားတဲ့အမေက ကျုပ်ကိုသေချာကြည့်တယ်။
“ဟဲ့အလတ်ကောင်၊ နင့်ကိုငါ ဘာမှမလုပ်ပါဘူး”
ကျုပ်လည်းတော်တော်လန့်နေသေးတာဗျ။ ဖျာပေါ်မှာ ငုတ်တုတ်ထိုင်ပြီး အော်နေတာ၊ လက်နှစ်ဖက်ကတောင် ဖျာအစွန်းကို ကျစ်နေအောင်ဆုပ်ကိုင်ထားမိသေးတယ်၊ တစ်ကိုယ်လုံးလည်း ချွေးတွေက ရေချိုးသလိုထွက်နေတာ၊ အမေက ဘုရားဆွမ်းတော်ဗန်းကလေးကိုင်ပြီးတော့
“အိပ်မက်ဆိုးတွေမက်နေတာထင်တယ်၊ နင်ညအိပ်တော့ ဘုရားရှိခိုးပြီးမအိပ်ဘူးလားအလတ်ကောင်”
အမေက ပြောဆိုပြီး အိမ်ပေါ်ကဆင်းသွားတော့မှ ကျုပ်လည်း အိပ်ရာထဲက ထလိုက်တော့တယ်၊ ကြောက်ဖို့ကောင်းလိုက်တာဗျာ၊ မသိရင် တကယ်ဖြစ်နေတဲ့အတိုင်းပဲဗျ။
(၂)
ထမင်းစားသောက်ပြီးတော့ ကျုပ်လည်း လယ်ခင်းထဲဆင်းလိုက်တယ်၊ မကြာခင် ယာခင်းစိုက်ကြတော့မယ်ဗျ၊ အငယ်ကောင်ကတော့ နွားတွေကိုရိုက်ပြီးစ လယ်ကွင်းတွေဆီမှာလိုက်ကျောင်းနေလေရဲ့၊ နွားတွေက စားရင်းသောက်ရင်း ဟိုးတောတန်းကလေးအနားကိုတောင်ရောက်သွားပြီ။ ကျုပ်လည်း ကွင်းထဲကိုကြည့်ရင်း စဉ်းစားနေတာပေါ့ဗျာ၊ မနက်မိုးလင်းပိုင်းက မက်ခဲ့တဲ့အိပ်မက်အကြောင်းပေါ့ဗျာ၊ နောက်ပြီးတော့ ဦးဘသာကြီးငယ်ဘဝကို ပြန်တွေးရင် ကျုပ်ကဘာလို့သူ့အတွေးထဲကို ရောက်ရောက်သွားရတာလဲလို့ပေါ့၊ ဘကြီးစိန်ရင်သေတာကရော အိပ်မက်ထဲပြောသလို ဒေါ်ပျင်းကြီးလုပ်လိုက်တာများလား။
ကျုပ်တွေးနေတုန်း အငယ်ကောင်က ဖုန်တလုံးလုံးနဲ့ ကျုပ်ဆီကိုပြေးလာတယ်ဗျ။ ကျုပ်ကိုမြင်တာနဲ့
“အကိုလတ်၊ နွားနှစ်ကောင်ဝှေ့နေကြလို့”
“ဟာ၊ နွားဝှေ့တာ ငါနဲ့ဘာဆိုင်သလဲကွ”
“အိမ်ကနွားပြာနဲ့ ကိုထွန်းရဲ့ နွားညှိုနဲ့စားကျက်ထဲမှာ ဝှေ့ကြရင်းနဲ့ အိမ်ကနွားပြာကြီးက ထွက်ပြေးသွားလို့”
“ထွက်ပြေးတော့လည်း လိုက်ခေါ်ပေါ့အငယ်ကောင်ရာ”
“လိုက်တော့ခေါ်ချင်တာ၊ နွားပြာကြီးက နွားပျောက်ကုန်းဘက်ပြေးသွားလို့ဗျ”
“ဟေ”
ကျုပ်လည်း တစ်ခွန်းပဲပြောနိုင်တော့တယ်၊ အငယ်ကောင် မသွားရဲတာလည်းမပြောနဲ့ဗျာ၊ နွားပျောက်ကုန်းဆိုတာ နာမည်နဲ့လိုက်အောင်ပဲ အဲဒီဘက်ကိုနွားတွေရောက်ရင် ပျောက်ပျောက်သွားတတ်ကြတယ်၊ မြန်မြန်လိုက်ရှာခါမှ တော်ကာကျတာဗျ၊ ညနေမိုးချုပ်ဆိုရင်တော့ လိုက်မသွားနဲ့တော့ဗျို့၊ တော်တော်လည်းမြေကြမ်းတဲ့နေရာဗျ။ အခုကတော့ မနက်အစောပိုင်းပဲရှိသေးတာဆိုတော့ ကျုပ်တို့လိုက်မယ်ပေါ့ဗျာ၊ နွားပျောက်ကုန်းမရောက်ခင် နွားပြာကြီးကို မီရင်မီမယ်ဆိုပြီး ညီအကိုနှစ်ယောက် လိုက်ခဲ့ကြတာပေါ့။
ကျုပ်တို့ဗမာတွေက လူနာမည်ပေးရင်လည်း ခေါ်ကောင်းရုံပေးသလို နေရာတွေကို နာမည်ပေးတဲ့အခါလည်း အဲဒီနေရာရဲ့အထင်ကရဖြစ်တဲ့အချက်ကိုကြည့်ပြီး အမည်ပေးကြတယ်မဟုတ်လားဗျာ၊ ကြို့ပင်ကြီးရှိတဲ့ကုန်းဆို ကြို့ကုန်း၊ ပေါက်ပင်ကြီးပေါက်နေတဲ့နေရာဆိုရင်တော့ ပေါက်ကုန်းပေါ့၊ တစ်ခါတစ်လေ ကုန်းလို့သာ နာမည်ပေးပေမယ့် ကုန်းကလေးလို မြင့်မနေတဲ့နေရာကိုလည်း ကုန်းလို့ခေါ်ကြသေးတယ်၊ ကျုပ်တို့ဘက်က ရွာတွေဆိုရင် ကုန်းလို့နာမည်တွေ ထည့်ခေါ်ကြတယ်၊ ကျုပ်တို့ရွာဆိုရင်လည်း ဇီးကုန်းတဲ့၊ နောက်ပြီး တမာကုန်းရွာ၊ ထောက်ရှာကုန်းရွာဆိုပြီး ကုန်းတွေထည့်ကြတာဗျာ၊ ယုတ်စွအဆုံး မီးလောင်သွားတဲ့ရွာကိုတောင်မှ မီးလောင်ကုန်းရွာဆိုပြီး ခေါ်ကြသေးတာဗျ။
အဲ လူတွေနေတဲ့နေရာပြီးသွားတော့လည်း တခြားနေရာတွေဆိုရင်လည်း ကုန်းဆိုပြီးထည့်တတ်တာ၊ နွားပျောက်ကုန်းဆိုတဲ့ နေရာကတော့ အဲဒီနားရောက်တဲ့နွား ပျောက်ပြီသာမှတ်တော့ဗျာ၊ ဖက်လိပ်ရွာဟောင်းရဲ့ တောင်ဘက်နားမှာ ကုန်းသုံးကုန်းရှိတယ်ဗျ၊ နွားပျောက်ကုန်း၊ သားပျောက်ကုန်း၊ လင်ပျောက်ကုန်းတဲ့၊ ကုန်းကလေးတွေက ခပ်မြင့်မြင့်ကမူကလေးတွေပေါ့ဗျာ၊ သုံးခု ဖိုခုံလောက်ဆိုင်ရှိနေကြတာ၊ သရဲ၊ တစ္ဆေအခြောက်အလှန့်ကြမ်းတာကတော့ ပြောမနေပါနဲ့ဗျာ၊ ရွာကလူတွေ ဘယ်သူမှ မသွားရဲတဲ့နေရာတွေပေါ့။
အဖေကတော့ မယုံဘူးဗျ၊ ဥပါဒ်ဒါန်ကြောင့် ဥပါဒ်ရောက်ဆိုသလိုပါတဲ့ဗျာ၊ ကုန်းနာမည်တွေကိုလည်း ရွာကလူတွေက ပေးချင်သလိုပေးခဲ့ကြတာ၊ တကယ်မဟုတ်ဘူးလို့ပြောတာပဲ၊ အဖေကသာ အဲဒီလိုပြောပေမယ့် အရပ်ထဲမှာတော့ နွားပျောက်ကုန်းကဘယ်လို၊ သားပျောက်ကုန်းက ဘယ်လိုနဲ့ ယုံတမ်းစကားတွေ လျှောက်ပြောကြတာပေါ့ဗျာ။
ဒီလိုနဲ့ကျုပ်နဲ့အငယ်ကောင်ပြေးလာလိုက်တာ မကြာခင် ကုန်းသုံးကုန်းအနားကိုရောက်လာပါရောဗျာ၊ ဘယ်သူမှအသွားအလာမရှိတော့ ကုန်းတွေက တောကြီးတွေလိုဖြစ်နေပြီဗျ၊ ဒါပေမယ့် အပင်ကြီးကြီးမားမားမရှိဘဲနဲ့ ချုံတွေပဲမင်းမူနေတာပေါ့ဗျာ၊ အနားရောက်တော့ ကျုပ်တို့လည်း နွားကြီးကိုအသံပြုပြီးရှာကြည့်သေးတယ်ဗျ၊ နွားအော်သံတော့မကြားရပေမယ့် ချုံကြားထဲတိုးနေတဲ့အသံတစ်ခုကိုတော့ကြားလိုက်ရတယ်။
“အငယ်ကောင် ဝင်ကြည့်မယ်ကွာ”
“ဟာ၊ အကိုလတ်ကလည်း ကျုပ်ကြောက်တယ်ဗျ”
“မင်းကလည်းကွာ၊ ဒါဆိုရင်လည်း မင်းဒီမှာစောင့်နေ၊ ငါဝင်မယ်”
“ကျုပ်စောင့်လည်း မစောင့််ရဲဘူးဗျာ”
ကျုပ်လည်းဘာမှမပြောတော့ဘဲ ချုံတွေကိုဖြဲပြီးအသာတိုးဝင်သွားတာပေါ့ဗျာ၊ အငယ်ကောင်လည်းအနောက်ကနေလိုက်ခဲ့တာပေါ့၊ ဆူးတွေပါတဲ့ချုံပင်တွေဆိုတော့ ရှလိုက်တာမှပြောမနေပါနဲ့တော့ဗျာ၊ ကျုပ်တို့အသားမာမာ၊ ထူထူကြီးတွေတောင်မှ ဆူးတွေနဲ့ညိပြီးတော့ ပေါက်ပြဲကုန်တော့တာ။ ချုံတိုးသံံကြားတဲ့အနောက်လိုက်ခဲ့ရင်းနဲ့ မကြာပါဘူး ကုန်းပြောင်ပြောင်ကလေးဆီကိုရောက်သွားတယ်ဗျ၊ အဲဒီနေရာမှာတော့ ခြေသလုံးလောက် မြက်ပင်တွေပဲရှိပြီး တခြားအပင်တွေမရှိဘူး၊ အဲဒီမှာ ကျုပ်တို့နွားကြီးကိုတွေ့လိုက်ရပါရောဗျာ။
“ဟေ့၊ သားကြီးလာဟေ့”
ကျုပ်တို့နွားကြီးအနားလည်းရောက်ရော နွားကြီးရဲ့ကျောကုန်းပေါ်မှာ မည်းမည်းအကောင်ကြီးတစ်ကောင်ထိုင်နေတာပဲဗျာ၊ နွားကိုခွစီးတာတာမဟုတ်ဘူးဗျ၊ နွားကျောကုန်းအပေါ်မှ ဆောင့်ကြောင့်ကြီးထိုင်လို့ရယ်ဗျ၊ ဆံံပင်ကြီးတွေကလည်း အရှည်ကြီးပဲဗျာ၊ တစ်ကိုယ်လုံးလည်း မည်းမှောင်နေလိုက်တာများ မီးသွေးတုံးအလားပဲဗျ၊ မွဲခြောက်ခြောက်တော့မဟုတ်ဘူးဗျ၊ ဆီပွတ်ထားသလို ပြောင်ချောချောနဲ့ပေါ့ဗျာ၊ အငယ်ကောင်က အဲဒီအကောင်ကြီးတွေ့ရော လှည့်ပြေးတာ တန်းနေတာပဲဗျာ၊ ကျုပ်တို့ငါးမိနစ်လောက် ဖြတ်တိုးရတဲ့ ဆူးတောကို ဝုန်းခနဲတိုးပြီးတော့ကိုပြေးတာ၊ ကျုပ်ဖြင့်တစ်ယောက်တည်း လှည့်ပြေးရနိုးနိုး၊ ဆက်နေရနိုးနိုးနဲ့ ကျန်ခဲ့တာပေါ့ဗျာ။
အကောင်ကြီးက အစွယ်တွေဖြဲပြတယ်ဗျ၊ အစွယ်ကြီးတွေကလည်း ရှည်လို့ဗျ၊ ကျုပ်ကိုထွက်သွားအောင်လို့ ခြောက်တာပေါ့ဗျာ၊ ကျုပ်လည်း ကြောက်ရမယ့်အစား ဒေါသထွက်လာသလိုလိုနဲ့ စိတ်ထဲတစ်မျိုးကြီးဖြစ်သွားတာဗျ၊ ငါတို့နွားကိုတက်စီးနေပြီး ငါတို့ကိုပြန်ရန်လိုနေတယ်ဆိုပြီးတော့ မခံချင်ဘူးပေါ့ဗျာ၊ ဒါနဲ့ ခါးထောက်လိုက်ပြီး
“ဟေ့ကောင်၊ အောက်ဆင်းစမ်း”
ကျုပ်လည်း ဟန်ပါပါနဲ့အော်လိုက်တော့ အကောင်ကြီးကလည်း မခေဘူးဗျာ၊ ခွီးခနဲကြောင်အော်သလိုအသံကြီးအော်ပြီးတော့ အစွယ်တွေကို ထပ်ဖြဲပြပြန်ရော၊ ကျုပ်လည်းအမြင်ကပ်တာနဲ့ အနားက မြေကြီးခဲတစ်ခဲကောက်ပြီးတော့ အဲ့ကောင်ကိုလှမ်းထုတာပေါ့၊ မြေကြီးခဲကြီးထိပေမယ့် သူက ဘာမှမဖြစ်ဘူးဗျ၊ ဘတ်ခနဲအသံံကြီးမြည်ပြီးတော့ မြေကြီးခဲက အောက်ကိုပြုတ်ကျသွားတာ၊ ပြီးတာနဲ့ ဒီကောင်ကြီးက ကျုပ်ဆီကိုလှမ်းခုန်အုပ်ပါရောဗျာ။
ကျုပ်နဲ့ဒီကောင်ကြီးနဲ့ လုံးကြတာပေါ့ဗျာ၊ အားကလည်းအတော်သန်သန်ဗျ၊ လုံးရင်းလုံးရင်းနဲ့ တဖြည်းဖြည်းကျုပ်လည်း အားနည်းလာတယ်။ ဒီကောင်က ကျုပ်ရင်ဘတ်ပေါ်တက်ပြီး ဆောင့်ကြောင့်တက်ထိုင်ပါရောဗျာ၊ နောက်တော့ သူ့လက်အရှည်ကြီးတွေနဲ့ ကျုပ်လည်ပင်းကိုညှစ်သေးတယ်။ ကျုပ်လည်း လက်ကချလို့မနိုင်တော့ ပါးစပ်ကနေ အမျိုးစုံဆဲတာပေါ့ဗျာ။
“အသားကမည်းမည်းနဲ့ မီးသွေးနဲ့လင်တော်တဲ့ကောင်မ၊ ငါ့ကိုလွှတ်စမ်း၊ နင်ငါ့ကိုလွှတ်စမ်း”
ကျုပ်ပြောတော့ အဲဒီသရဲကြီးက ကျုပ်လည်ပင်းကိုညှစ်ထားတဲ့လက်တွေကို ဆွဲလွှတ်လိုက်တယ်ဗျ၊ ကျုပ်ဖြင့်တော်တော်အံ့သြသွားတာ၊ အစကတော့ ဘာလဲပေါ့ဗျာ။ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေထဲဆိုရင် ငါ့ကိုလွှတ်စမ်းလို့ပြောရင် လူကြမ်းက မလွတ်တဲ့အပြင် ပိုပြီးကြမ်းတယ်ဆိုပေမယ့် အခုကတော့ ထူးထူးဆန်းဆန်းပဲဗျ။
“ဟဲ့၊ ငါ့ပေါ်ဘာတက်လုပ်နေတာလဲ၊ ငါ့ရင်ဘတ်ပေါ်ကနေဆင်းစမ်း”
သရဲကြီးက ကျုပ်ရင်ဘတ်ပေါ်တက်နေရာကနေ ဖုတ်ခနဲခုန်ဆင်းလိုက်တယ်ဗျ။ ကျုပ်လည်း လူးလဲပြီးထလိုက်တာပေါ့၊ ဒီသရဲက တစ်ခုတော့တစ်ခုပဲဗျ။ ကျုပ်ပြောတာတွေချည်းလိုက်လုပ်နေတော့တာ။ ကျုပ်လည်း နည်းနည်းစမ်းကြည့်မယ်ဆိုပြီးတော့
“ဟဲ့သရဲ၊ လျှာထုတ်ပြစမ်း”
ကျုပ်ပြောတော့ သူက ဆောင့်ကြောင့်ထိုင်လျှက်သား လျှာကြီးကိုထုတ်ပြတယ်ဗျာ၊ လျှာကတစ်တောင်လောက်တောင်ရှိတယ်ဗျာ၊ အခွေလိုက်ကြိးထွက်ကျလာတာ လျှာကြီးထွက်လာတော့ ညှီစို့စို့အနံ့ကြီးကလည်း တွဲပါလာတာဗျ၊ နံလိုက်တာပြောမနေပါနဲ့။ ကျုပ်လည်း နှာခေါင်းကိုလက်နဲ့ပိတ်ပြီးတော့
“တော်ပြီ၊ လျှာပြန်သိမ်းတော့”
သရဲကြီးက လျှာကိုခေါက်ဆွဲဖတ်တွေ ဆွဲပြီးစားသလို ရှလွတ်ခနဲလုပ်လိုက်တော့ လျှာအရှည်ကြီးက ပါးစပ်ထဲပြန်ဝင်သွားရောဗျို့။
“လေးဖက်ထောက်စမ်း”
“ကင်းမြှီးကောက်ထောင်စမ်း”
ကျုပ်ပြောသမျှကို သရဲက လိုက်လုပ်နေရတာ၊ ကျုပ်ဖြင့် စိတ်ထဲ ပျော်တောင်ပျော်လာသေးတာဗျ။ ဒါနဲ့ နွားပြာကြီးကိုလက်ညှိုးထိုးပြီးတော့
“ကဲ၊ ငါ့နွားကို လယ်ထဲကိုမောင်းသွားစမ်းဟာ”
သရဲကြီးက မပြောမဆိုနဲ့ နွားကျောပေါ်ကိုခုန်တက်ပြီးတော့ လယ်ထဲကိုမောင်းသွားတာပဲဗျာ၊ နွားကလည်း သူတက်စီးရင် ငြိမ်နေတာပဲ၊ သူသွားခိုင်းတဲ့အတိုင်းကို သွားတော့တာပဲဗျာ၊ ကျုပ်လည်း နွားတိုးတဲ့အပေါက်အနောက်ကနေ လိုက်တိုးပြီးထွက်ခဲ့တာပေါ့၊ ခပ်လှမ်းလှမ်းမှာ အငယ်ကောင်နဲ့ အကိုကြီးနဲ့ပြေးလာနေကြတယ်၊ အကိုကြီးက လက်ထဲမှာ ကိုင်းခုတ်ဓါးတစ်ချောင်းကိုင်လို့ရယ်ဗျ။
“ဟေ့အလတ်ကောင်၊ ဘယ်မှာလဲသရဲ”
“အလကားပါဗျာ၊ ဘာသရဲမှမရှိပါဘူး၊ အငယ်ကောင်က ကြောက်ကိုကြောက်လွန်းတယ်”
ကျုပ်ပြောတော့ အငယ်ကောင်က ပြူးတူးကြောင်တောင်နဲ့
“ခုနက သရဲမည်းမည်းကြီးရော အကိုလတ်”
“ဘာသရဲမှမရှိပါဘူး၊ အဲဒါ ချုံပုတ်ကို နေထိုးလို့အရိပ်ကျတာပါကွ၊ လာ ပြန်ကြစို့”
ကျုုပ်တို့ညီအကိုသုံးယောက်လည်းပြန်လာခဲ့တယ်ဗျ၊ ကျုပ်တို့အရှေ့မှာ အေးအေးလူလူသွားနေတဲ့ နွားကြီးရဲ့ကျောကုန်းပေါ်မှာတော့ သရဲကြီးကရှိနေတယ်ဗျ၊ အငယ်ကောင်နဲ့ အကိုကြီးနဲ့ မမြင်ရတာဖြစ်မယ်။ အိမ်ကနွားတွေစားကျက်ထဲမှာ ပြေးလွှားနေကြတယ်ဗျ၊ နောက်တော့ နွားနှစ်ကောင်က ဟိုးတောတန်းဘက်ကိုပြေးပါရော၊ အငယ်ကောင်က ကြိမ်တစ်ချောင်းနဲ့ အော်လိုက်ဆဲဆိုပေမယ့် နွားတွေက သူ့ကိုမမှုပဲနဲ့ဆက်ပြေးတယ်။ ကျုပ်လည်း အဲဒီနွားနှစ်ကောင်ကိုကြည့်ပြီးတော့
“အဲဒီနွားနှစ်ကောင်ကို သွားပြန်ခေါ်ခဲ့စမ်း”
ကျုပ်က ပြောလိုက်တော့ ဘေးနားက အကိုကြီးက ကျုပ်ကိုမျက်လုံးအပြူးသားနဲ့ကြည့်ပြီးတော့
“ဟေ့ကောင်၊ မင်းငါ့ကို ဘယ်လိုပြောလိုက်တာလဲကွ”
“ဟာဗျာ၊ အကိုကြီးကိုပြောတာမဟုတ်ပါဘူး”
“ဒီနေရာမှာ မင်းနဲ့ငါနဲ့ နှစ်ယောက်တည်းရပ်နေတာကွ၊ မင်းက ငါ့ကိုပြောတာမဟုတ်လို့ ဘယ်သူ့ကိုပြောတာလဲ”
အကိုကြီးပြောတာကို ကျုပ်လည်းပြန်ဖြေလို့မရဘူးဗျ။ အကိုကြီးက ဒေါသထွက်သွားတယ်နဲ့တူတယ်။
“အလတ်ကောင်နော်၊ မင်းကိုငါကြည့်နေတာကြာပြီ၊ ငါ့ကိုမလေးမစားမလုပ်နဲ့၊ မင်းအကိုကွ၊ တန်းတူလာမပေါင်းနဲ့”
ကျုပ်လည်းဘာမှ ပြန်မပြောတော့ပါဘူးဗျာ၊ မကြာပါဘူး တောတန်းဘက်ကိုပြေးသွားတဲ့နွားနှစ်ကောင်က သူ့အလိုလိုပြန်ပြေးလာတယ်၊ နွားကျောပေါ်မှာတော့ ဟိုသရဲက ရှိနေဆဲပဲဗျ။ တန်တော့ ကျုပ်အမိန့်ပေးလိုက်တာကို လိုက်လုပ်တဲ့ပုံပဲ။
အကိုကြီးနဲ့ အငယ်ကောင်လစ်တုန်း ကျုပ်လည်း သုဿန်ဘက်ကိုပြေးလာခဲ့တယ်၊ အနောက်က သရဲလည်းပါလာတယ်ဗျ၊ သုဿန်နားက သစ်ပင်အောက်မှာထိုင်ရင်းနဲ့
“ဟေ့သရဲမ၊ နင့်နာမည်ဘယ်လိုခေါ်သလဲ”
သရဲက ကျုပ်ကိုတွေတွေကြီးကြည့်နေတယ်။
“စကားမပြောတတ်ဘူးလား၊ ပြောလေကွာ၊ ငါလုပ်ထည့်လိုက်လို့”
“ပြောပါ့မယ်”
သရဲအသံကခပ်သေးသေးဗျ၊ ကလေးအသံလိုပဲ”
“ဟ၊ ငါမေးတာ နင့်နာမည်ကိုမေးတာ”
“ကျုပ်က မိန်းမမဟုတ်ပါဘူး၊ ယောက်ျားပါဗျ”
“ဟောဗျာ၊ ဒီလောက်ဆံပင်အရှည်ကြီးနဲ့က ယောက်ျားတဲ့လား၊ အေးကွာ၊ ထားပါတော့ မင်းနာမည်ဘယ်သူလဲ”
“ငတိုး”
နာမည်ကလည်း ငတိုးတဲ့ဗျ၊ ကျုပ်လည်းခေါင်းညိတ်ရင်း
“အေး၊ မင်းက ဘာဖြစ်လို့ အဲဒီနားမှာနေပြီးတော့ နွားတွေကိုခိုးခိုးနေရတာလဲကွ”
“ကျုပ်ခိုးတာမဟုတ်ပါဘူးဗျာ၊ ကျုပ်က နွားကျောင်းပေးတာပါ၊ ကျုပ်ကနွားတွေကိုခေါ်ပြီး အဲဒီနေရာမှာ ထားထားပေးရတယ်၊ ညနေညဘက်ရောက်ရင်တော့ လူကြီးတစ်ယောက် လာလာပြီးယူတာပဲဗျ”
“ဘယ်သူလဲကွ”
“ဒါတော့ ကျုပ်မသိဘူး၊ မုတ်ဆိတ်မွှေးရှည်ရှည်နဲ့လူကြီးပဲဗျ”
ကျုပ်ဖြင့်တွေးလို့တောင်မရပါဘူးဗျာ၊
“ဒါနဲ့ငတိုး၊ မင်းသရဲဖြစ်နေတာကြာပြီလား”
ကျုပ်မေးတော့ ငတိုးက မှိုင်မှိုင်တွေတွေနဲ့ဗျ။ ကျုပ်လည်းမေးခွန်းပြောင်းမေးရမှာပေါ့။
“ဒါဖြင့် မင်းက ဘယ်လိုလုပ်ပြီးသေတာလဲ”
ငတိုးက ကျုပ်ကိုကြည့်ပြီးတော့ ဇက်ပုသွားတယ်ဗျ၊ ဒီအချိန်မှာပဲ ကျုပ်အနောက်ကနေ အသံကြားရတယ်။
“အလတ်ကောင်”
အသံကြားကတည်းက ဦးဘသာကြီးမှန်း သိပြီးသားပါဗျာ။
“လူနဲ့ပရလောကသားနဲ့ဆိုတာက မထိတွေ့လေကောင်းလေပဲကွ၊ သွားသွား၊ သူ့ကိုပြန်လွှတ်ပေးလိုက်”
ဦးဘသာပြောတာဆိုတော့ ကျုပ်လည်းခေါင်းညိတ်လိုက်ရတာပေါ့ဗျာ၊ ဦးဘသာက ငတိုးကိုကြည့်ရင်း
“ဟဲ့ကောင်လေး သွားတော့”
သူပြောလိုက်တော့ ငတိုးက သုဿန်ထဲကနေထွက်ပြေးသွားတော့တယ်ဗျ၊ ပြီးတော့ ဦးဘသာကြီးက ကျုပ်အနားမှာလာထိုင်တာနဲ့
“ဦးဘသာက ဒီသရဲကိုသိတယ်တဲ့လား”
“သိတာပေါ့ကွ၊ ငတိုးဆိုတာ ငါတို့နဲ့ငယ်ငယ်ကတည်းက ဆော့ခဲ့တဲ့ ကစားဖော်တွေပေါ့”
“ဘာဗျ၊ ဦးဘသာ ငယ်ငယ်ကတည်းကဆိုတော့ ငတိုးသေတာ ကြာပြီပေါ့”
ဦးဘသာက ခေါင်းညိတ်ပြတယ်ဗျ။
“ဒါဆို ငတိုးကဘာဖြစ်လို့များ သေသွားရတာလဲဗျာ”
ဦးဘသာက ဘာမှမပြောဘဲ တွေဝေနေတယ်၊ ကျုပ်လည်း ဦးဘသာရဲ့ပုခုံးကို ကိုင်လိုက်တယ်။
“ဦးဘသာ . . . ဦးဘသာ”
ပတ်ဝန်းကျင်ကြီးတစ်ခုလုံးက နီညိုရောင်လိုလိုဖြစ်သွားလိုက်၊ ဝါဝါထိန်ထိန်ကြီးဖြစ်သွားလိုက်နဲ့ဆိုတော့ ကျုပ်လည်း ဦးဘသာငယ်ဘဝကို ပြန်စဉ်းစားနေပြီလို့ သိလိုက်ပြီလေဗျာ၊
(၃)
ကျုပ်တို့ထိုင်နေတဲ့ သုဿန်ကြီးက ချက်ချင်းပဲသစ်ပင်တွေနဲ့စိုစိုပြေပြေကလေးဖြစ်သွားတယ်ဗျ၊ သုဿန်အလယ်လောက်မှာတော့ အိမ်ကလေးတစ်လုံးရှိတယ်၊ ခြံထဲမှာတော့ သာစံကလေးက ငရုတ်ပင်တွေကို ရေလောင်းနေတယ်ဗျ၊ ငရုတ်သီးတောင့််ကလေးတွေများ စိမ်းစိမ်းစိုစိုနဲ့ မိုးပေါ်ထောင်ပြီးသီးနေလိုက်ကြတာဗျာ၊ အိမ်လှေကားထစ်မှာတော့ ဘွားမယ်ဖြူက ပြုံးရင်းကြည့်နေတယ်ဗျ။
“ဘွားဘွားကြီးရေ၊ ငရုတ်ပင်တွေတအားကောင်းတာပဲဗျာ၊ တစ်ပင်တစ်ပင်ကို အတောင့််ငါးဆယ်၊ အတောင့်တစ်ရာလောက်တော့ ရှိမှာဗျ”
“အေးကွယ်၊ ငါ့မြေးက စိုက်ပျိုးရေးနဲ့တော့ အကျိုးပေးသားဟဲ့၊ နင့်ငရုတ်သီးတွေအကုန် ငါတို့ဘယ်လိုစားမလဲ”
“ငရုတ်စိမ်းက ရွာထဲမှာရှားတယ် ဘွားဘွားကြီးရ၊ သားရွာထဲသွားရောင်းမှာပေါ့”
“အောင်မယ်လေး၊ ငါ့မြေးက အသက်သာငယ်တာဟဲ့၊ ဈေးတွက်က တွက်တတ်နေပြီ၊ အေးအေး၊ ငရုတ်တွေများတော့လည်း နင်တို့သားအမိသွားရောင်းကြပေါ့”
“ဟာဗျာ၊ အမေ့ကိုမရောင်းခိုင်းပါဘူး၊ ဟိုတစ်နေ့က ငတိုးကပြောတယ်၊ အမေဈေးရောင်းတာက ဓါးပြတိုက်တာကျနေတာပဲတဲ့၊ အမေရောင်းတော့ ရွာကလူတွေက ဝယ်မှာတဲ့လား”
သူတို့ပြောနေရင်း ခြံဝကို ကလေးလေးတစ်ယောက်ပြေးလာတယ်ဗျ၊ အသက်က ဆယ်နှစ်ဝန်းကျင်လောက်ပဲရှိအုံးမယ်ဗျ၊ သာစံကလေးကတော့ ရှစ်နှစ်လောက်ပေါ့။
“သာစံရေ၊ သာစံ”
“ဟေ့ငတိုး၊ လာကွ”
“မလာတော့ဘူးဟေ့၊ ဇီးကုန်းဘက်မှာ ဇီးသီးတွေဝင်းနေပြီ၊ တို့တွေသွားခူးစားရအောင်ဟေ့”
သာစံလည်း သူရေလောင်းနေတဲ့အိုးကလေးချပြီးတော့ ငတိုးနဲ့အတူတူအပြင်ကိုပြေးထွက်သွားကြတာပေါ့ဗျာ၊ ကျုပ်လည်း သူတို့အနောက်ကနေ ပြေးလိုက်ခဲ့တာပေါ့၊ ကလေးတွေဆိုတော့ ပြေးကြတာမြန်သားဗျ၊ ကျုပ်တို့အခုရွာသစ်ဘက်ကိုပြေးကြတာဗျ၊ အဲဒီမှာဇီးပင်တွေက စုပြိးပေါက်နေတယ်ဗျာ၊ ဇီးပင်ဆိုတာက အညာမှာအလေ့ကျပေါက်တဲ့အပင်ပေါ့ဗျာ၊ ရေလောင်းစရာလဲမလို၊ မြေသြဇာထည့်စရာလည်းမလိုဘူးဗျ၊ သူ့အလိုလိုပေါက်ရင်း အချိန်တန်တော့ကြီးသွားကြတာပဲ၊ ပြီးရင်တော့ သီးချိန်ပွင့်ချိန်ရောက်ရင် ပြွတ်ခဲနေအောင်သီးကြတာ၊ ကျုပ်တို့တုန်းကတော့ ဇီးသီးပေါလွန်းလို့ ပေါ်ဦးပေါ်ဖျားနဲ့၊ အလုံးကြီးတာလောက်ပဲ ရွေးစားကြတာဗျ၊ ကျန်တဲ့ဇီးသီးတွေကိုတော့ နွားတွေကိုကျွေးတာပဲ၊ ဆိတ်တွေကလည်း ဇီးသီးသိပ်ကြိုက်တာဗျ၊ ဇီးပင်အောက်မှာ နွားတို့ ဆိတ်တို့လွှတ်ထားလိုက်ရင် တဖြောက်ဖြောက်နဲ့ကို အသံစုံမြည်နေတော့တာ။
ဒါနဲ့ သာစံတို့ဇီးပင်တွေအနားကိုသွားမယ်လုပ်တော့ ရွာပြင်ကနေပြီးတော့ လှည်းတစ်စီးက မောင်းလာတယ်ဗျ၊ လှည်းပေါ်မှာထိုင်နေတဲ့သူကတော့ သူကြီးနဲ့တခြားသူတွေလည်းပါသေးတယ်၊ ခေါင်းတုံးပြောင်ပြောင်နဲ့သူရယ်၊ ပိန်ညောင်ကျပြီးအရိုးကပ်နေတဲ့လူကြီးရယ်ပေါ့ဗျာ၊ အဲဒီလှည်းက သူတို့အနားကိုရောက်သွားတော့ ထိုးရပ်သွားတယ်ဗျ။
“သာစံပါလား၊ ငတိုးလည်းပါတာကိုးကွ”
သာစံံံကတော့ သူကြီးကိုကြောင်ကြည့်နေတယ်ဗျ။ သူကြီးကပြုံးဖြီးဖြီးနဲ့ ကြည့်နေရင်း အရိုးခြောက်ကြီးလိုမျိုးပိန်ကပ်နေတဲ့အဘိုးကြီးက ပဲချောင်းတွေလှမ်းယူလိုက်တယ်ဗျ၊ ပြီးတော့ သာစံတို့ကိုကြည့်ရင်း
“ဘယ်သူလဲ သူကြီးရဲ့”
သူကြီးက သာစံကိုလက်ညှိုးထိုးပြီးတော့
“အဲဒါသူပေါ့”
အဲဒီလူကြီးက သာစံဆီကိုပဲချောင်းတစ်ချောင်းလှမ်းပေးတယ်ဗျ၊ ပဲချောင်းဆိုတာ ဆိမ့်ပြီးကြွပ်ရွနေတဲ့စားစရာတစ်ခုပေါ့ဗျာ၊ အဲဒီအပေါ်မှာ သကာရည်လေးလမ်းဆမ်းထားတာဆိုတော့ ကလေးတွေသိပ်ကြိုက်ပေါ့၊ သာစံံကလည်း ကလေးဆိုတော့ စားချင်ရှာတာပေါ့ဗျာ၊ အဲဒါနဲ့ အဲဒီပဲချောင်းကိုလှမ်းယူတယ်၊ နောက်တော့ အဲဒီလူကြီးက ပဲချောင်းနောက်တစ်ချောင်းကို ငတိုးကိုပေးလိုက်တယ်။ သူကြီးက သာစံကိုကြည့်ရင်း
“မင်းတို့မုန့်စားလို့ကုန်သွားရင် မင်းအမေဆီကိုပြန်ကြနော်ကွ”
သူကြီးပြောပြီးတာနဲ့ လှည်းကမောင်းထွက်သွားတာပဲဗျာ၊ သာစံနဲ့ငတိုးက ဇီးကုန်းအနားကိုသွားရင်း လက်ထဲက ပဲချောင်းတွေကိုကိုက်စားတယ်ဗျ၊ ငတိုးက သူ့လက်ထဲက ပဲချောင်းကိုကြည့်လိုက်ပြီးတော့
“ငါ့ပဲချောင်းက သေးသေးလေးကွ၊ သကာရည်လည်းနည်းတယ်”
“ဒါဆိုလည်း ငါ့အချောင်းယူစားလိုက်ပါ၊ ငါနဲ့မင်းနဲ့လဲစားကြတာပေါ့”
“ရပါတယ်သာစံရ”
“လုပ်မနေပါနဲ့ငတိုးရာ၊ တစ်ရွာလုံးက ဘယ်သူမှငါနဲ့အပေါင်းအသင်းမလုပ်ပေမယ့် မင်းကတော့ ငါ့ကိုပေါင်းတယ်မဟုတ်လား၊ ငါ့မှာသူငယ်ချင်းဆိုလို့ မင်းတစ်ယောက်ပဲရှိတာ၊ မင်းကို ကျေးဇူးတင်တဲ့အနေနဲ့ ငါကျွေးတာပါကွာ”
ငတိုးလည်း သာစံလက်ထဲက ပဲချောင်းကိုယူပြိးတော့ တဂျွတ်ဂျွတ်နဲ့ကိုက်စားတော့တာပဲ၊ ဇီးကုန်းနားကိုရောက်တော့ နွားတစ်သိုက်က ဇီးပင်တွေအောက်မှာထိုင်ပြီး ဇီးသီးတွေဝါးနေတယ်ဗျ။
“ဟ ငတိုး၊ မင်းနွားတွေက ဒီကိုကြိုရောက်နေပါလားကွ”
“ဒါပေါ့သူငယ်ချင်းရာ၊ ငါ့ကောင်ကြီးတွေက လွှတ်လိမ်မာတာကွ၊ ငါခိုင်းရင်တစ်ချက်မှ ညည်းညူတယ်လို့မရှိဘူး၊ ဒီကောင်ကြီးတွေက တခြားသူနဲ့သာ ပေကပ်ကပ်ဆိုပေမယ့် င့ါစကားတော့ သိပ်နားထောင်တဲ့ကောင်တွေကွ”
“ဟုတ်မယ်ဟေ့၊ ဒါကြောင့် မင်းကြီးဒေါ်က မင်းကိုနွားပဲကျောင်းခိုင်းတာဖြစ်မယ်”
သူတို့သူငယ်ချင်းနှစ်ယောက်က ဇီးပင်ရိပ်အောက်မှာထိုင်ကြတယ်ဗျ။ သာစံက ဇီးပင်ပေါ်ကိုမော့ကြည့်နေရင်း
“ငတိုးရေ၊ မင်းဇီးပင်ပေါ်တက်ပြီးလှှုပ်ကွာ၊ ငါအောက်ကနေ ပုဆိုးနဲ့ခံမယ်”
ငတိုးက ခေါင်းညိတ်ပြီးတော့ ပုဆိုးကိုစလွယ်သိုင်းပြီးတော့ ဇီးပင်ပေါ်ကိုတက်ဖို့ပြင်တယ်ဗျ၊ ဇီးပင်ရဲ့ ပင်စည်ကိုခြေထောက်နဲ့နင်းလိုက်တယ်ဆိုရင်ပဲ ငတိုးတစ်ယောက်မျက်နှာပျက်သွားတယ်။
“အောင်မယ်လေး၊ နာလိုက်တာ”
“ငတိုး၊ မင်းဗိုက်နာတာလား၊ ဒီနားမှာလူရှင်းပါတယ်ကွ၊ ဒီနားမှာပဲရှင်းလိုက်ကွာ”
ငတိုးက ခေါင်းခါပြီးတော
“မဟုတ်ဘူးကွ၊ တစ်ခုခုပဲ၊ ငါ့ဗိုက်ထဲမှာ တစ်ခုခုက ခွေပြီးထိုးနေသလိုပဲ၊ အား၊ နာလိုက်တာ၊ အား . . .”
ငတိုးက မြေပေါ်ကိုခွေခွေကလေးလဲကျသွားတော့တယ်ဗျ၊ ဒီတော့မှ သာစံလည်း ပြာပြာသလဲဖြစ်သွားတာ၊
“ငတိုးရရဲ့လား”
သာစံရဲ့အမေးကို ငတိုးကမဖြေတော့ဘဲ ခေါင်းပဲခါပြနေတယ်ဗျာ၊ ဒါနဲ့ သာစံက ငတိုးကိုဆွဲပွေ့လိုက်ပြီးတော့ ကျောကုန်းပေါ်တင်လိုက်တယ်ဗျ၊ လူကောင်ကလည်း နှစ်ယောက်သားက မတိမ်းမယိမ်းကိုး၊ ငတိုးကလည်း ခပ်ပိန်ပိန်ဆိုတော့ သာစံက မတ်တပ်ရပ်ပြီးတော့ ကုန်းပိုးရင်း ပြေးတော့တာပဲဗျာ၊ ကျုပ်လည်း ကူလို့ရရင်အကောင်းသားဗျ။ သာစံံတစ်ယောက် မနိုင်မနင်းနဲ့ဆွဲပြေးရင်း သူတို့အိမ်နားရောက်တော့ လှမ်းအော်ရှာတယ်။
“ဘွားဘွားကြီးရေ၊ ဘွားဘွားကြီးရေ”
ဘွားမယ်ဖြူက လှေကားကနေဆင်းလာရင်း ခြံံံထဲကိုအလန့်တကြားပြေးဝင်လာတဲ့ သာစံကိုကြည့်တယ်ဗျ။
“ဟဲ့၊ ငါ့မြေး၊ ဘာဖြစ်လာတာလဲ”
“ငတိုး၊ ငတိုးလေအောင့်တာလားမသိဘူး”
ဘွားမယ်ဖြူက လှေကားကနေဆင်းလာပြီးတော့ ငတိုးကိုဆွဲယူရင်း ကွပ်ပျစ်ပေါ်ကိုတင်ပေးလိုက်တယ်၊ ငတိုးကတော့ လူးလိမ့်နေတာပဲဗျာ၊ ဘွားမယ်ဖြူက ငတိုးဗိုက်ကိုစမ်းနှိပ်ရင်းနဲ့
“အောင်မယ်လေး”
ဆိုပြီးထအော်တယ်ဗျ၊ သာစံံလည်းအံံ့သြသွားတာပေါ့။
“ဘွားဘွားကြီး ဘာဖြစ်တာလဲ”
“နင့်အမေသွားခေါ်ကောင်လေး၊ ဒါကတော့ ငါမရဘူး နင့်အမေပဲရမှာ၊ နင့်အမေ ခုနက ရေတွင်းဘက်ကိုထွက်သွားတယ်၊ မြန်မြန်သွားလိုက်ခေါ်ချေ”
သာစံံပြေးထွက်သွားတော့ ကျုပ်လည်း သူ့နောက်မလိုက်တော့ဘဲ ခြံထဲမှာပဲကျန်နေခဲ့တာပေါ့ဗျာ၊ နောက်တော့ ဒေါ်ပျင်းနဲ့သာစံံံက ခြံထဲကိုပြေးဝင်လာတယ်ဗျ။ ဒေါ်ပျင်းက ငတိုးဗိုက်ကိုစမ်းကြည့်ရင်း
“မှန်းစမ်း၊ လတ်စသတ်တော့ တိုက်မြွေထည့်ထားတာပဲ”
ဒေါ်ပျင်းက သာစံဘက်ကိုလှည့်ပြီးတော့
“နင်တို့ဘာတွေစားထားသောက်ထားလဲဆိုတာ မှန်မှန်ပြောစမ်း”
“ဒီလိုပါ၊ အိမ်ကနေထွက်သွားပြီးတော့ သူကြီးနဲ့တွေ့တယ်၊ သူကြီးနဲ့ပါလာတဲ့လူကြီးက ကျုပ်တို့စားဖို့ဆိုပြီးတော့ ပဲချောင်းနှစ်ချောင်းပေးခဲ့တယ်အမေရ၊ ကျုပ်စားတဲ့ပဲချောင်းက ခပ်ကြီးကြီး၊ ငတိုးစားတဲ့ ပဲချောင်းက ခပ်သေးသေးမို့လို့ သားတို့ချင်းပဲချောင်းလဲစားလိုက်တာ”
သာစံံပြောတော့ ဒေါ်ပျင်းကြီးက အံကြိတ်သွားပြီးတော့
“သြော်၊ သူကြီး၊ သူကြီး၊ ဒင်းက ငါနဲ့တစ်ပွဲတစ်လမ်းတွေ့ချင်တယ်ပေါ့ဟုတ်သလား”
ဒေါ်ပျင်းက ထသွားဖို့လုပ်တာနဲ့ သာစံက ဒေါ်ပျင်းလက်ကိုဆွဲလိုက်တာပေါ့ဗျာ။
“အမေ၊ ငတိုးကို ကယ်ပါအံုံးအမေရာ၊ ဒီအတိုင်းဆိုရင် ငတိုးသေတော့မယ်ဗျ”
ဒေါ်ပျင်းက ငတိုးကိုတစ်ချက်ကြည့်လိုက်ပြီးတော့
“ငါတို့က လူမကယ်ဘူးသား၊ သူသေတာ မင်းသေတာမဟုတ်ဘူး”
အဲဒီလိုပြောပြီးတာနဲ့ ဒေါ်ပျင်းကြီးက အိမ်ကနေထွက်သွားတာပဲဗျာ၊ ကျုပ်လည်း ဒေါ်ပျင်းနောက်လိုက်ရကောင်းနိုးနိုး၊ သာစံံတို့မြေးအဘွားနဲ့ပဲ နေရကောင်းနိုးနိုးဖြစ်နေတာပေါ့၊ ဒီအချိန်မှာပဲ ငတိုးက ပက်လန်လန်သွားတယ်ဗျ၊ သူ့ဗိုက်ထဲမှာတော့ ခွေခွေအကောင်ကြီးက လိမ်တွန့်နေတာပဲဗျာ၊ ဗိုက်အပြင်ကနေပြိးမြင်ရတယ်ဗျ၊ မသိရင်အူကြီးတွေလှုပ်နေတယ်လို့ထင်ရတာ၊ သာစံံကတော့ ငိုနေတယ်ဗျ။
“ဘွားဘွားကြီး၊ ဘွားဘွားကြီး တစ်ခုခုလုပ်ပါအုံး”
ဘွားမယ်ဖြူလည်း သက်ပြင်းချပြီးတော့ ခေါင်းခါတယ်ဗျ၊
“သူ့ဗိုက်ထဲက တိုက်မြွေကိုပြန်ထုတ်ဖို့လောက်တော့ ဘွားဘွားက မစွမ်းဘူးငါ့မြေးရဲ့၊ ဒါပေမယ့် တစ်ခုတော့ရှိတယ်”
“ဘာလဲဘွားဘွားကြီး”
“သူ့ကို ဒီလိုဝေဒနာမခံစားရအောင်လို့ လုပ်ပေးလို့ရတယ်”
“ဒါဆိုရင်လည်း လုပ်ပေးပါ ဘွားဘွားကြီးရယ်၊ ငတိုးဖြစ်နေတာကို သားမကြည့်ရက်နိုင်တော့ဘူး”
ဘွားမယ်ဖြူက လက်ဝါးကိုဖြန့်လိုက်ပြီးတော့ ငတိုးမျက်နှာအပေါ်ကိုလက်ဝါးနဲ့အုပ်လိုက်တယ်ဗျ၊ အုပ်တယ်ဆိုပေမယ့် ထိတယ်ဆိုရံုံလေးထိထားတာ၊ ငတိုးက မျက်ဖြူတွေလန်တက်လာတယ်၊ ပြီးတော့ မျက်နှာကြီးတစ်ခုလုံးမှာ သွေးကြောကြီးူတွေ ရဲပြီးတော့ အကြောင်းအကြောင်းတွေဖြစ်လာတယ်ဗျာ၊ ခဏလေးအတွင်းမှာပဲ ငတိုးတစ်ယောက် တစ်ချက်တွန့်လိမ်ပြီးတော့ ငြိမ်ကျသွားတာပဲ။ သာစံံက ငတိုးကိုခေါ်ကြည့်တော့ ငတိုးကမလှုပ်တော့ဘူးဗျ။
“ဘွားဘွားကြီး၊ ဘွားဘွားကြီး ငတိုးကိုဘာလုပ်လိုက်တာလဲ”
“သူဒီအတိုင်းဆိုရင် မသေမချင်းရောဂါတွေခံံစားနေရအုံးမှာလေ၊ ဒါကြောင့်မို့ သူ့ကိုငါက သတ်ပစ်လိုက်တာ”
“ဗျာ၊ ဘွားဘွားကြီး၊ ဒါဆိုရင် ငတိုး . . . ငတိုးသေပြီပေါ့”
“အေးပေါ့၊ တိုက်မြွေက တစ်ရက်နှစ်ရက်လောက်သူ့ကိုနှိပ်စက်အုံးမှာပဲ ငါ့မြေး၊ အခုသူသေသွားတော့ မခံစားရတော့ဘူးပေါ့”
သာစံက ခေါင်းတခါခါနဲ့
“မဟုတ်ဘူးလေဘွားဘွားကြီးရာ၊ သူ့ကိုမနာကျင်၊ မခံံံစားအောင်လုပ်ခိုင်းတာ ဘွားဘွားကြီးက သတ်ပစ်လိုက်တာလား၊ အီး . . .ဟီး”
သေသွားတဲ့အလောင်းကိုဖက်ပြီးတော့ သာစံကငိုတော့တယ်ဗျ၊ ကျုပ်လည်း စိတ်မကောင်းဘူးပေါ့ဗျာ၊ ငတိုးတစ်ယောက် ငယ်ငယ်ရွယ်ရွယ်နဲ့သေသွားတာမဟုတ်လား၊ ဒါကြောင့် သူ့ကိုဘာလို့သေသလဲလို့မေးရင် သူပြန်မဖြေတာကိုးဗျ။ ငတိုးသေပြီးမကြာပါဘူးဗျာ၊ ငတိုးရင်ဘတ်က လှုပ်လာတယ်၊ ပြီးတော့ ပါးစပ်ကြိးပွင့်သွားပြီးတော့ အထဲက မြွေကြီးတစ်ကောင်ထွက်လာတယ်ဗျ၊ လုံးပတ်ကတော့ သိပ်မကြီးပါဘူးဗျာ၊ ကျပ်ပြားဝိုင်းလောက်ရှိမှာပေါ့။ မြွေကြီးလည်းထွက်လာရော ဘွားမယ်ဖြူက မြွေကြီးကိုလက်ညှိုးထိုးလိုက်တော့ မြွေကြီးက အပ်ချည်ကြိုးကလေးတစ်ချောင်းဖြစ်သွားသဗျ။
ကျုပ်လည်း ရွာထဲကိုပြေးလာခဲ့တာပေါ့ဗျာ၊ ဟိုမှာက ပွဲကောင်းနေပြီမဟုတ်လား၊ ရွာထိပ်ရောက်တော့ အော်သံဟစ်သံတွေကို ကြားရပြီဗျ။
“ဟဲ့ ငဖောင်ရိုး၊ နင်လား ငါ့သားကိုလုပ်တာ”
“ဟား၊ ဟား စုန်းမ၊ နင့်သားအသက်မသေချင်ရင် နင်ငါ့ရှေ့မှာဒူးထောက်ဟဲ့”
ဒေါ်ပျင်းက ရယ်တယ်ဗျ။
“ဟား၊ ဟား အခုနက နင်ကျွေးတဲ့ပဲချောင်းကို ငါ့သားမစားမိဘဲ၊ နွားကျောင်းသား ငတိုးစားမိပြီး အခုငတိုးသေပြီဟဲ့”
“ဘာ၊ ငတိုးသေပြီတဲ့လား”
ရွာသားတွေက တစ်ယောက်တစ်ပေါက်နဲ့ပြောဆိုကုန်တယ်ဗျ၊ ပိန်ပိန်ညှောင်ညှောင်နဲ့လူကြီးကတော့ ခေါင်းခါရင်း
“မဟုတ်တာတွေမပြောနဲ့စုန်းမ၊ အဲဒီကလေးသေတာ နင်သတ်တာမဟုတ်လား၊ ငါက သူနဲ့ဘာရန်ငြိုးရှိလို့ သူ့ကိုသတ်ရမှာလည်း”
အဲဒီလူကြီးပြောတာကို ရွာသားတွေကလည်းယုံတယ်ဗျ၊ အမှန်တော့ အဲဒီလူကြီးကပဲ အစာထဲကိုအပင်းထည့်ပြီး မြွေတိုက်နဲ့တိုက်တာမဟုတ်လားဗျာ။ ကျုပ်က ကိုယ့်မျက်စိနဲ့တင် တပ်အပ်မြင်ခဲ့တာဆိုတော့ သိတာပေါ့ဗျာ၊ ဒါပေမယ့်လည်း လူတွေကတော့ ဒေါ်ပျင်းလုပ်တယ်ပဲထင်ကြတာဗျ။
“ရှင်ဘာမှ ဘူးခံငြင်းမနေနဲ့၊ ရှင်တို့တွေ ကျုပ်ကိုမနိုင်လို့ ကျုပ်သားကိုလုပ်ပြီး အကြပ်ကိုင်ချင်တာမဟုတ်လား၊ လူကြီးတွေဖြစ်ပြီးတော့ စကားတွေက ဖာဆန်လိုက်တာရှင်”
ဒေါ်ပျင်းပြောတော့ ခေါင်းတုံးပြောင်ကြီးနဲ့လူက ရှူးရှူးရှဲရှဲဖြစ်သွားတယ်ဗျ။
“ဟဲ့ စုန်းမ၊ နင့်အဆင့်လောက်ကိုများ ငါကကြောက်မတဲ့လား”
“နင့်ကိုရောငါက လန့်နေလို့လား၊ ဖုတ်ဆရာရဲ့၊ နင့်ဘေးက လူကြီးက ရိုးရိုးလူမဟုတ်ဘဲ ပညာသည်ရဲ့သရဲကို ဖုတ်သွင်းထားတယ်ဆိုတာ ငါသိသားပဲ”
ဒေါ်ပျင်းပြောမှ ကျုပ်တို့လည်းသိတော့တယ်ဗျာ၊ ဒါကြောင့် ကျုပ်ကြည့်ကတည်းက ဒီလူကြီးက လူနဲ့လုံးဝကိုမတူတာဗျ၊ တစ်ကိုယ်လုံးအရိုးပေါ်အရေတင်နဲ့ အရိုးခြောက်ကြီးတစ်ကောင်နဲ့ တူပါတယ်လို့ပေါ့ဗျာ၊ ခေါင်းတုံးပြောင်နဲ့လူကြီးက ဘေးနားက ပိန်ပိန်နဲ့လူကြီးကို တစ်ချက်ကြည့်လိုက်တယ်ဗျ။ အဲဒီလူကြီးက မျက်လုံးကြီးတွေက ဝင်းဖန့်လာပြီးတော့ ဒေါ်ပျင်းကြီးဆီကိုပြေးလာတာဗျ။ ဒေါ်ပျင်းကတော့ အေးအေးလူလူပါပဲ။
“ဟဲ့၊ မယ်ပျင်းဆိုတာ ဖုတ်လောက်ကတော့ ရှိတယ်လို့တောင်မထင်တာ”
ဖုတ်ကောင်ကြီးက ဒေါ်ပျင်းကို လက်ညှိုးနဲ့ထိုးပြီး ရေရွတ်နေတာဗျ၊ ဘာမှကိုတော့ မမြင်တွေ့ရပေမယ့် ဒေါ်ပျင်းရပ်နေတဲ့ခြေထောက်အနားက မြေကြီးတွေက ဖုန်းခနဲ၊ ဖုန်းခနဲ၊ ထထပေါက်တာဗျ၊ ဒေါ်ပျင်းကတော့ ဖုတ်ကောင်ကြီးကိုကြည့်တောင်ကြည့်မနေပါဘူးဗျာ၊ နောက်တော့ ဖုတ်ကောင်ကြီးက သူလုပ်မရတဲ့အဆုံး မြေကြီးမှာကျနေတဲ့ သစ်ကိုင်းတစ်ခုကိုကောက်လိုက်ပါရော၊ အဲဒီသစ်ကိုင်းက ဖုတ်ကောင်ကြီးလက်ထဲရောက်တော့ ဓါးကြီးတစ်လက်ဖြစ်သွားတာဗျ၊ အသွားတွေဆိုရင် ဝင်းလက်လင်းထိန်နေတာပဲ၊
ဖုတ်ကောင်ကြီးက ဓါးဝင့်ပြီး ဒေါ်ပျင်းကြီးဆီကိုပြေးလာပြီးတော့ လက်နှစ်ဖက်ကိုမြှောက်ပြီးတော့ ဒေါ်ပျင်းကိုဓါးနဲ့ပိုင်းဖို့လုပ်တာပေါ့ဗျာ၊ ဒေါ်ပျင်းက ဒီတော့မှ ဖုတ်ကောင်ကြီးကိုစိုက်ကြည့်လိုက်တော့ ဖုတ်ကောင်ကြီးက ဓါးကြီးမြှောက်ရင်း တန့်ခနဲရပ်သွားတော့တာပါပဲ။ ဒေါ်ပျင်းက ဖုတ်ကောင်ရဲ့နဖူးကို လက်ညှိုးနဲ့တောက်ထည့်လိုက်တော့ ဖုတ်ကောင်ကြီးက အသေကောင်ကြီးတစ်ကောင်လိုဖြစ်သွားပြီးတော့ မြေပေါ်ကိုပက်လက်လန်ပြီးလဲကျသွားတာပဲဗျာ၊ မြေပေါ်ကျပြီးတော့ တွန့်ခွေသွားပြီး ပြန်မထလာတော့ဘူး။
“ဟဲ့၊ နင်ဖုတ်တော့ ပြေးပြီ၊ နင်ပဲကျန်တော့တယ်”
ခေါင်းတုံးပြောင်ပြောင်နဲ့လူကြီးက ပြေးဖို့လုပ်တာပေါ့ဗျာ၊ ဒေါ်ပျင်းက လက်ညှိုးနဲ့ထိုးလိုက်တော့ ခေါင်းတုံးကြီးက ပြေးမရတော့ဘူးဗျ။
“ငါ့ကိုမသတ်ပါနဲ့၊ ငါ့ကိုမသတ်ပါနဲ့ဟာ”
ဒေါ်ပျင်းကရယ်မောရင်းနဲ့
“မသတ်ပါဘူး၊ နင့််ကိုငါမသတ်ပါဘူး”
ဒီအချိန် ချုံပုတ်ထဲကနေ မြွေကြီးတွေထွက်လာတာဗျ၊ မြွေကြီးငါးကောင်ရှိတယ်၊ မြွေဟောက်တွေလား၊ မြွေပွေးတွေလားတော့မသိပေမယ့် အကုန်လုံးကတော့ အနက်ရောင်တွေချည်းပဲဗျ။ ရွာသားတွေဆို အနောက်ကိုခုန်ဆုတ်ကြတယ်၊ ထွက်ပြေးတဲ့သူကလည်း ပြေးကြတာပေါ့ဗျာ၊ မြွေကြီးတွေက ခေါင်းတုံးပြောင်နဲ့လူကြီးရဲ့ ခြေထောက်အပေါ်ကိုရစ်ဖက်တက်သွားပြီးတော့ တဖြည်းဖြည်းနဲ့လည်ပင်းဆီကိုရောက်လာတယ်၊ ဒေါ်ပျင်းက ခေါင်းတုံးကြီးဆီကိုကြည့်ပြီး
“ဟဲ့၊ တံခါးလေးဘာလေး ဖွင့်ပေးလိုက်ပါအုံး”
ဒေါ်ပျင်းပြောလိုက်တော့ အဲဒီလူကြီးရဲ့ပါးစပ်က ပွင့်သွားတယ်ဗျ၊ မြွေကြီးတွေက အဲဒီလူကြီးရဲ့ပါးစပ်ထဲကို တစ်ကောင်ပြီးတစ်ကောင် ဝင်သွားကြတာဗျာ၊ မသိရင် တွင်းထဲဝင်သွားသလိုပဲ၊ အဲဒီလူကြီးလည်း အော်လိုက်တာမှ ပြောမနေပါနဲ့တော့၊ ပါးစပ်ဖွင့်ထားတာဆိုတော့ ဝူးဝူးဝါးဝါးနဲ့အော်နေတော့တာပေါ့ဗျာ။
မြွေငါးကောင်လုံးဝင်သွားပြီးတော့မှ ဒေါ်ပျင်းက အသံအကျယ်ကြီးနဲ့ရယ်မောရင်းနဲ့
“နင်တို့က ငါ့ကိုနိုင်ဖို့ ဆရာတွေခေါ်လာကြတယ်ပေါ့၊ ခေါ်ကြစမ်း၊ နင်တို့ဒီနယ်မကလို့ တစ်ကမ္ဘာလုံးက ဆရာတွေခေါ်လာခဲ့စမ်း၊ ဒီရွာက ဒင်းတို့ရဲ့သချိုင်းဖြစ်သွားစေရမယ်၊ ဟား၊ ဟား”
အဲဒီလိုကြွေးကျော်ပြီးတော့ လှည့််ထွက်သွားတာပဲဗျာ၊ ခေါင်းတံုံးကြီးက ပြန်လှည့်လို့ရတော့ လည်ပင်းကိုလက်နဲ့အတင်းထိုးနှိုက်ပြီးအန်တယ်ဗျ၊ စားထားသမျှအကုန်အန်ပေမယ့် မြွေကြီးတွေကတော့ ပြန်ထွက်မလာပါဘူး။ နောက်တော့ သူဝတ်ထားတဲ့အင်္ကျီကိုလှန်ကြည့်လိုက်တော့ သူ့ဗိုက်ထဲမှာ မြွေကြီးတွေက တိုးဝှေ့ပြီးသွားနေတာဗျ၊ အပြင်ကနေ အတိုင်းသားမြင်နေရတယ်၊ အဲဒီလူကြီးက သူလွယ်ထားတဲ့လွယ်အိတ်ထဲကနေ ဓါးမြှောင်တစ်လက်ဆွဲထုတ်လိုက်တယ်ဗျာ၊ ဓါးမြှောင်က ခြောက်လက်မလောက်ပဲရှိမယ်၊ နောက်တော့ သူ့ဗိုက်ကိုသူ အဲဒီဓါးနဲ့ဟက်တက်ကြီးခွဲချလိုက်တာပါပဲဗျာ။
ကျုပ်ဖြင့်ကြည့်နေရင်းကို တုန်လှုပ်နေတော့တာပဲဗျာ၊ ဗိုက်ကြီးက ဖားပါးစပ်ကြီးလိုပြဲထွက်သွားပြီးတော့ အဲဒီလူကြီးက ဗိုက်ပြဲကြီးထဲလက်နှိုက်ပြီးတော့ ဟိုစမ်းဒီစမ်းနဲ့ စမ်းနေသေးတာဗျ၊ နောက်တော့ တစ်ခုခုကိုလက်နဲ့စမ်းပြီး ဆွဲထုတ်လိုက်တော့ မြွေကြီးမထွက်လာဘဲနဲ့ အူကြီးက အခွေလိုက်ကြီး ပါလာတော့တာပဲဗျာ။ ဒီလိုနဲ့ဗိုက်ထဲစမ်းလိုက်၊ အူတွေဆွဲထုတ်လိုက်လုပ်နေရင်း နောက်ဆုံးတော့ ဒီလူကြီး မှောက်ခုံကြီးလဲပြီး သေသွားပါရော။ အူတွေမြေပေါ်ပြန့်ကျဲနေတာ မြင်မကောင်းဘူးဗျာ။
(၄)
ပတ်ဝန်းကျင်က ရုတ်ခြည်းပြန်ပြီး ပြောင်းလဲသွားတယ်ဗျ၊ နောက်တော့ ကျုပ်တို့ထိုင်နေတာ အုတ်ဂူဖြူဖြူကြီးတွေနဲ့ မြေပံုံမို့မို့တွေအကြားက သစ်ပင်ကြီးအောက်မှာဖြစ်နေတယ်၊ ဦးဘသာက ထိုင်နေရင်း ငေးမောနေတယ်ဗျ။
“ဒါ၊ ဒါဆို ခုနက ငတိုးသရဲက၊ ဦးဘသာရဲ့ သူငယ်ချင်းငတိုးပေါ့”
ဦးဘသာက ခေါင်းညိတ်တယ်ဗျ။
“ဒါဆိုရင် သူကနွားကျောင်းသားဆိုတော့ နွားတွေလိုက်ကျောင်းနေတာပေါ့၊ ဒါကြောင့်ဖြစ်မှာဗျ၊ နွားတွေက သူနဲ့ဆိုရင် ငြိမ်နေတာပဲ”
“ငတိုးက နဂိုကတည်းက မိဘမဲ့၊ တစ်ကောင်ကြွက်ဆိုတော့ သူ့အလောင်းကို လာတောင်မယူကြပါဘူးကွာ၊ ဒါနဲ့ ငါနဲ့ဘွားမယ်ဖြူပဲ အခုနွားပျောက်ကုန်းလို့ခေါ်တဲ့ ကုန်းကလေးအလယ်နားမှာ မြှုပ်ပေးလိုက်တာပေါ့ကွာ”
“သြော်၊ ဒီလိုလား၊ ငတိုးသေသွားတာ သနားစရာဗျာ၊ ဒါနဲ့ ဒေါ်ပျင်းကြီးက ဘာလို့များ ငတိုးကိုမကယ်ခဲ့တာလဲဗျ၊ သူသာကယ်ခဲ့ရင် ငတိုးတစ်ယောက်သေမှာမဟုတ်ဘူး”
ဦးဘသာက သက်ပြင်းချတယ်ဗျ။
“စုန်းဆိုတာကို ဘာလို့လူတွေက မကောင်းဘူးလို့သတ်မှတ်ကြသလဲဆိုတာ မင်းသိပြီမဟုတ်လားကွ၊ တကယ်တော့ လူတွေပြောတာလည်း မမှားပါဘူးကွာ၊ စုန်းဆိုတာက ဘယ်တော့မှ ကောင်းတဲ့အလုပ်ကို လုပ်ကြတဲ့လူတွေမဟုတ်ဘူးကွ”
“ဒါပေမယ့် ဦးဘသာကျတော့၊ ဦးဘသာကျတော့ ကောင်းမှုတွေလိုက်လုပ်နေတယ်မဟုတ်လား”
“ပတ်ဝန်းကျင်က လူတွေကိုပုံဖော်တယ်ဆိုတဲ့ စကားတစ်ခုရှိတယ်အလတ်ကောင်၊ လူတွေက လူဆိုးဆိုတာနဲ့ အဲဒီလူက ဆိုးရမှာလား၊ လူတွေက လူကောင်းလို့သမုတ်လိုက်တာနဲ့ ဒီလူတွေက မကောင်းတာတွေ မလုပ်ကြရတော့ဘူးလား”
ဦးဘသာစကားက တော်တော်အဓိပ္ပါယ်ရှိတယ်ဗျ။
“တကယ်တော့ လူဆိုတာ ကိုယ့်ကိုယ်ကိုယ်သာ ပုံဖော်ရတာကွ၊ ပတ်ဝန်းကျင်က မကောင်းဘူးလို့ ခေါင်းစဉ်တပ်ပေမယ့် မကောင်းမှုဆိုတာ ကိုယ်လုပ်ချင်မှဖြစ်တာ၊ ကောင်းတယ်၊ မကောင်းဘူူးဆိုတာကို ကိုယ်ဆုံးဖြတ်ပြီး ကိုယ့်လက်နဲ့လုပ်ရတာပဲအလတ်ကောင်ရေ”
ဦးဘသာက မတ်တပ်ရပ်ပြီးတော့ ပုဆိုးပြင်ဝတ်လိုက်တယ်။
“ငတိုးသေသွားပြီးကတည်းက ငါကဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်၊ အဲဒါကတော့ ငါစုန်းပညာကိုသင်ယူမယ်ဆိုတာပဲ၊ ဒါပေမယ့် ငါသင်ယူရတဲ့ရည်ရွယ်ချက်က ငါ့အမေဒေါ်ပျင်းကိုလူသတ်ဖို့မဟုတ်ဘူး၊ ငတိုးလိုမျိုး ပညာနဲ့လုပ်ခံထိထားတဲ့လူတွေကို ကယ်တင်မယ်ဆိုတဲ့စိတ်နဲ့ ငါ့အဘွားဆီက ပညာသင်ယူခဲ့တာပဲအလတ်ကောင်”
“မွန်မြတ်လိုက်တာဗျာ”
ကျုပ်ပါးစပ်ကနေတောင် ယောင်ပြီးတော့ထွက်သွားတယ်ဗျ။
“တကယ်တော့ လူဆိုတာသိပ်ကြောက်ဖို့ကောင်းတယ်ကွ၊ သူတို့အပေါ်မင်းက ကောင်းနေသရွေ့၊ သူတို့မင်းကိုအသုံးလိုနေသရွေ့တော့ မင်းကိုလူကောင်းတစ်ယောက်လို့ ပြောဆိုသတ်မှတ်ကြပေမယ့် သူတို့မလိုချင်တဲ့အချိန်၊ သူတို့အကျိုးစိးပွားထိခိုက်လာပြီဆိုရင်တော့ မင်းကိုလူဆိုးတစ်ယောက်ဆိုပြီး ဝိုင်းပြီးသမုတ်ကြဖို့ ဝန်မလေးကြဘူးကွ၊ ကဲ . . . ငါတော့သွားပြီအလတ်ကောင်ရေ”
ဦးဘသာက သုဿန်ထဲကနေ တစ်လှမ်းချင်းထွက်သွားတယ်ဗျ၊ သုံးလေးလှမ်းလောက်ရောက်တော့ ကျုပ်ဘက်ကိုပြန်လှည့်ကြည့်တယ်။
“နောက်ပြီး မင်းငါ့ရဲ့အတိတ်တွေကို ပြန်တွေ့နေတာ မကောင်းဘူးနော်အလတ်ကောင်၊ မင်း ရှေ့လျှောက်ဒီလိုထပ်မလုပ်ပါနဲ့”
ကျုပ်လည်းမတ်တပ်ရပ်လိုက်ပြီး
“ဘာဖြစ်လို့လဲဦးဘသာ၊ ကျုပ်လုပ်တယ်ဆိုတာ ကျုပ်အတွက်လုပ်နေတာမဟုတ်ဘူး၊ ဦးဘသာကြီးရဲ့ မေ့ပျောက်နေတဲ့ ပညာတွေကို ပြန်ရဖို့ ကျုပ်ကြိုးစားပေးနေတာ”
ဦးဘသာက ကျုပ်ကိုကျောခိုင်းရင်း
“ငါသိတယ်၊ ဒါပေမယ့် အဲဒါက ငါကိုယ်တိုင်ရွေးချယ်ခဲ့တာ”
“ဘာဗျ”
“ငါ့ပညာတွေ ကုန်သွားဖို့ကို ငါကိုယ်တိုင်ရွေးချယ်ခဲ့တာပဲအလတ်ကောင်၊ တကယ်တော့ ဘသော်တို့လူတစ်စုလောက်ကို ငါ့ပညာနဲ့အသာကလေး သတ်ပစ်လိုက်လို့ရတယ်၊ ဒါပေမယ့် ငါမသတ်ခဲ့ဘူး၊ ငါ့ပညာတွေပျောက်သွားလို့ ငါဝမ်းမနည်းဘူး၊ ငါပျော်တောင်ပျော်သေးတယ်”
“ဘယ်လိုဗျ၊ ဘာလို့ဦးဘသာက ပျော်တာလဲ၊ စုန်းတစ်ယောက်က စုန်းပညာတွေမရှိဘဲနဲ့ အသက်မရှင်နိုင်ဘူးဆိုဗျ”
“ဒါက ခုနကပြောသလို ပတ်ဝန်းကျင်က သတ်မှတ်ကြတာလေကွာ၊ ဒါပေမယ့် ငါကတော့ နေနိုင်တယ်၊ င့ါပညာတွေမရှိဘဲနဲ့လည်း ငါအေးအေးဆေးဆေးနေနိုင်တယ်အလတ်ကောင်၊ ဒါကြောင့်မို့ ဘသော်တို့ငါ့ကို စုန်းပေါက်ဖောက်တာကို ငါ့အတွက်အခွင့်အရေးတစ်ခုလို့ ငါထင်မှတ်ခဲ့တယ်၊ ဒါကြောင့်သူတို့လုပ်ချင်တဲ့အတိုင်း အလုပ်ခံခဲ့တယ်”
“ကျုပ်တော့နားမလည်ဘူး၊ ဦးဘသာ ပညာမရှိလို့မရဘူး၊ စုန်းထီးဖြစ်တဲ့ဦးဘသာ ပညာမရှိတော့ရင် စုန်းထီးဘယ်ဟုတ်တော့မလဲ၊ နောက်ပြီး ကျုပ်ကို၊ ကျုပ်တို့မိသားစုကို၊ နောက်တော့ ဦးဘသာချစ်တဲ့ရွာသားတွေကို ဘယ်လိုအကာအကွယ်ပေးနိုင်တော့မလဲဗျ”
ဦးဘသာက တော်တော်စိတ်ပျက်သွားတဲ့ပုံနဲ့ ကျုပ်ဘက်ကိုလှည့်လာတယ်ဗျ၊ နောက်ပြီးတော့ ကျုပ်ပုခုံးကိုပုတ်လိုက်တယ်။
“ဒီမှာအလတ်ကောင်၊ ငါမင်းကိုကယ်ခဲ့တော့ဘာရခဲ့လဲ”
ဦးဘသာမေးတော့ ကျုပ်ဖြင့်ဆအသွားတာပဲဗျာ။
“ဒီရွာသားတွေကို ငါကယ်ခဲ့တော့ ငါဘာပြန်ရလိုက်သလဲ”
“ဟို . . . ဟို”
“ငါနောက်ဆုံးပြောမယ်အလတ်ကောင်၊ မင်းတို့ကိုကယ်လို့၊ ရွာသားတွေကိုကယ်လို့ ငါရလိုက်တာက ငါ့အတွက်ဒုက္ခတွေပဲ၊ မင်းတို့ကိုသာ မကယ်လို့ရှိရင် ဒီကဝေတွေ၊ စုန်းတွေက ငါ့ကိုအငြိုးအတေးထားခဲ့မှာမဟုတ်ဘူးကွ၊ တကယ်တော့ ငါကရွာကလူတွေကို ကူညီခဲ့ပေမယ့် ငါ့ကိုတောင် အကောင်းပြောခံံရတာမဟုတ်ဘူးကွ၊ ရွာဦးကျောင်းဆရာတော်ပြောတာမှန်တယ်၊ ကုသိုလ်၊ အကုသိုလ်ဆိုတာ ကိုယ်ဖြစ်ကိုယ်ခံပဲကွ၊ မင်းတို့တွေကို ကယ်တင်တယ်ဆိုပေမယ့် တကယ်တမ်းတော့ငါခံံံရတာ၊ တော်ပြီ၊ ငါရှေ့လျှောက် ကိုယ်နဲ့မဆိုင်တဲ့အရာတွေကိုဝင်ပါတော့မှာမဟုတ်ဘူး”
ဦးဘသာက ကျုပ်လက်ကိုဆွဲရင်း
“ဒီတော့ ငါတောင်းပန်ပါတယ်အလတ်ကောင်ရာ၊ မင်းဒိလောက်နဲ့ပဲရပ်လိုက်ပါတော့၊ င့ါပညာတွေကိုငါ ထပ်မလိုချင်တော့ဘူး၊ ငါပညာတွေမရှိဘဲ အေးအေးဆေးဆေးနေချင်တယ်၊ ငါသာမန်လူတစ်ယောက်လိုပဲ နေသွားချင်တယ်ကွာ၊ ငါတောင်းပန်ပါတယ်အလတ်ကောင်ရာ၊ မင်းကိုငါတကယ်တောင်းပန်ပါတယ်”
ဦးဘသာမျက်လုံးထဲက မျက်ရည်တွေစီးကျလာတယ်ဗျ၊ နောက်ပြီးတော့ တစ်ဖက်ကိုလှည့်သွားပြီးတော့ သူပေါင်းထားတဲ့ ခေါင်းပေါင်းစကြီးဖြုတ်ပြီးသုတ်လိုက်တယ်၊ ပြီးတာနဲ့ သုဿန်ထဲကနေထွက်သွားတော့တာပါပဲဗျာ။
သူငိုတာတွေ့တော့ ကျုပ်လည်းစိတ်မကောင်းဘူးဗျ၊ ကျုပ်လုပ်ခဲ့တာတွေက အမှားတွေလား၊ ကျုုပ်က သူ့ကိုပညာတွေပြန်ရပါစေဆိုပြီးတော့ လုပ်ခဲ့တာတွေက အမှားတွေလား။ ကျုပ်ကိုယ့်ကိုယ်ကိုယ်မေးရင်းနဲ့ သစ်ပင်ခြေရင်းမှာ ထိုင်ကျသွားတယ်၊ တကယ်လို့ ဒါသာ ဦးဘသာရွေးချယ်မှုဆိုရင်တော့ ကျုပ်လက်လျော့သင့်ပြီပေါ့၊ ဦးဘသာကိုကျုပ်ချစ်တယ်၊ ကိုယ်ချစ်တဲ့လူဖြစ်ချင်တာကို ဖြစ်စေချင်ကြတာ သဘာဝမို့ နောက်ဆုံးတော့ ကျုပ်လက်လျော့ဖို့စိတ်ဆုံးချက် ချလိုက်တော့တယ်။
“မှန်ပါတယ်ဗျာ၊ ဦးဘသာက အမြဲတမ်းမှန်ပါတယ်”
“မှားတယ်”
သစ်ပင်နောက်က အသံကြားလိုက်လို့ ကျုပ်လှည့််ကြည့်လိုက်တော့ ဒေါ်ပျင်းတစ်ယောက် ဆေးလိပ်ကြီးလက်ကြားညှပ်ရင်း သုဿန်ထဲကနေထွက်လာတယ်ဗျ။ ကျုပ်ဖြင့် အံံ့သြလို့မဆုံးပါဘူးဗျာ။
“မှားတယ်၊ သာစံဆိုတာ အမြဲတမ်းမှားခဲ့တယ်၊ မှားခဲ့လို့လည်း ဒီကောင်လေး အခုလိုနေရတာပေါ့”
“ဒေါ်၊ ဒေါ်ပျင်း၊ ဒါဆိုရင် ကျုပ်အိပ်မက်မက်တာ တကယ်ပေါ့”
“စုန်းတစ်ယောက်ရဲ့သားက စုန်းပဲဖြစ်ရမယ်၊ နောက်ပြီး စုန်းဆိုတာ ပျော့ညံ့နေလို့မရဘူး၊ ငါရှိတုန်းက ဟောဒီရွာမပြောနဲ့ အနားကရွာတွေအပြင်၊ ဒီနယ်တစ်ခွင်မှာ ငါ့ကိုယှဉ်ရဲတဲ့လူရှိခဲ့လို့လား၊ ဒီတော့ ဒီဟာကလည်း ငါ့ရဲ့အခွင့်အရေးပဲ”
“ဘာအခွင့်အရေးလဲ”
“သာစံကိုပညာတွေထည့်ပေးပြီးတော့ သူ့ဝမ်းထဲက ငါပေးခဲ့တဲ့နတ်မင်းတွေရဲ့ ပညာတွေကိုတောင်းခံရမယ်၊ ပြီးတော့ သူ့ကိုဒီနယ်တစ်ကြောမှာ အစွမ်းအထက်ဆုံးသူဖြစ်အောင် လုပ်ပေးရမယ်”
“မဖြစ်နိုင်ဘူးထင်တယ်၊ ဦးဘသာက ဒီလိုလုပ်မှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ သူက လူကောင်းတစ်ယောက်၊ သူတော်ကောင်းတစ်ယောက်မို့လို့ဗျ”
ကျုပ်စကားကြားတော့ ဒေါ်ပျင်းက တဟားဟားနဲ့ရယ်တယ်ဗျ။
“စုန်းတစ်ယောက်က သူတော်ကောင်းဖြစ်နိုင်မလား၊ စာဆိုတောင်ရှိသေးတယ်၊ ဒီပုတ်ထဲက ဒီပဲဘဲတဲ့၊ ဒီတော့ ဒီပုတ်ထဲမှာ ဒီပဲမဟုတ်ဘဲ တခြားပဲတွေရောပါလာရင် လွှင့်ပစ်ခံရတတ်တာထုံးစံပဲ၊ သာစံအခုဖြစ်နေတာလည်း ဒီလိုပဲ၊ သူက စိတ်ကောင်းရှိတော့ သူ့ကိုရွာကလူတွေက ပစ်ပယ်ထားကြတယ်မဟုတ်လား၊ အခုငါရောက်လာပြီ၊ ငါ့သားရဲ့စိတ်တွေကို ငါပြောင်းလဲပေးမယ်၊ သာစံဆိုတဲ့နာမည်ကြားလိုက်တာနဲ့ လူတွေအားလုံးက ခေါင်းဖော်မကြည့်ဝံ့လောက်အောင်ဖြစ်သွားအောင်လို့ ငါလုပ်ပေးရမယ်”
“မလုပ်နဲ့၊ အဲဒီလိုမလုပ်ပါနဲ့၊ ဦးဘသာက အဲဒီလိုဖြစ်စေချင်တာမဟုတ်ဘူး၊ သူက သာမန်လူအတိုင်း ဘဝကိုအေးအေးချမ်းချမ်းပဲ ဖြတ်သန်းချင်တာဗျ”
ဒေါ်ပျင်းက ကျုပ်ကိုပြုံးကြည့်ရင်း အခိုးအငွေ့တွေအဖြစ်ပြောင်းသွားတယ်ဗျ၊ နောက်တော့ အဲဒီအခိုးအငွေ့တွေက ကျုပ်မျက်နှာအနားကိုပျံံံသန်းလာပြီးတော့ ကျုပ်ရဲ့နှာခေါင်းပေါက်တွေနဲ့ ပါးစပ်ထဲကိုအတင်းတိုးဝင်တယ်ဗျာ၊ ကျုပ်နှာခေါင်းထဲမှာလည်း စိမ်းရွှေရွှေအနံ့ကြီးရပြီးတော့ ပါးစပ်ထဲမှာလည်း တစ်မျိုးကြီးပဲဗျ၊ နောက်တော့ ကျုပ်ခေါင်းတွေအကုန်လုံး မူးဝေလာသလိုဖြစ်ပြီးတော့ ကျုပ်လည်း သစ်ပင်ခြေရင်းမှာ လဲကျသွားတော့တာပါပဲဗျာ။
ဆက်ရန်။
#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ
Zawgyi Version
” စုန္းထီးႀကီး ဦးဘသာႏွင့္ ႏြားေပ်ာက္ကုန္း”(စ/ဆုံး)
—————————————————————–
အတြဲ(၄) စာစဥ္(၄)
(၁)
“ဟိတ္ေကာင္ေလး၊ ထ . . . ထေတာ့”
က်ဳပ္အိပ္ေနတုန္း နားထဲမွာအသံဆိုးႀကီးၾကားလိုက္တယ္ဗ်၊ အသံကဘယ္လိုအသံလဲဆိုေတာ့ ေရငတ္ၿပီးေရမေသာက္ရလို႔ လည္ေခ်ာင္းေတြကြဲေနတဲ့အသံမ်ိဳးဗ်၊ က်ဳပ္လည္း မထခ်င္ေသးဘူးဗ်ာ၊ ေဆာင္းအဝင္ဆိုေတာ့ ရာသီဥတုက ေအးေအးနဲ႔ ဆက္ေကြးေနတာေပါ့ဗ်ာ။
“ဟဲ့ေကာင္ေလး”
ေနာက္ေတာ့ က်ဳပ္ကိုေခၚေနတယ္ဗ်၊ က်ဳပ္လည္း မ်က္လံုံးကိုမဖြင့္ခ်င္ပါဘူး၊ ေခၚေနတာကိုမၾကားသလိုလုပ္ၿပီးေတာ့ ေစာင္ကိုေခါင္းၿမီးၿခဳံၿပီးဆက္အိပ္ေနလိုက္တယ္။
“ေၾသာ္၊ နင္က ငါပါးစပ္နဲ႔ေျပာတာမရဘူးဆိုေတာ့၊ လက္ေတြ႕ျပမွထင္တယ္”
အဲဒီအသံႀကီးက ေျပာတယ္ဗ်၊ ေနာက္ေတာ့
“ဟဲ့ေကာင္ေလး၊ နင္အခုထ”
အဲဒီလိုလည္းေျပာလိုက္ေရာ က်ဳပ္အိပ္ေနတဲ့ဖ်ာႀကီးက ျဗန္းခနဲမတ္တပ္ႀကီးျဖစ္သြားတာဗ်ာ၊ က်ဳပ္လည္းလန႔္ၿပီးမ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ ကြင္းျပင္က်ယ္ႀကီးထဲမွာ က်ဳပ္ေရာက္ေနပါေရာ၊ ၿပီးေတာ့ က်ဳပ္ကလည္းမတ္တပ္ႀကီးဗ်၊ မတ္တပ္ႀကီးဆိုေပမယ့္လည္း လူကအိပ္ေနတာ၊ ေခါင္းအုံးနဲ႔ေစာင္ႀကီးလည္းၿခဳံလို႔ဗ်၊ ဒါေပမယ့္ က်ဳပ္အိပ္ေနတဲ့ဖ်ာႀကီးက မတ္တပ္ႀကီးဆိုေတာ့ က်ဳပ္လည္းမတ္တပ္ႀကီးျဖစ္ေနတာေပါ့ဗ်ာ၊ လက္ေတြေျခေတြကိုလႈပ္ေပမယ့္ လႈပ္မရဘူးဗ်ိဳ႕။
“ဘယ္သူလဲ၊ ဘယ္သူက်ဳပ္ကိုေခၚတာလဲ”
က်ဳပ္ေအာ္လိုက္ေတာ့ မိုးေပၚကေန အဘြားႀကီးတစ္ေယာက္ဆင္းလာတယ္ဗ်၊ တစ္ကိုယ္လုံးက ေခါင္းေမႊးေတြကလည္း ၾကာဆန္ေတြလို ဆြတ္ဆြတ္ျဖဴလို႔ဗ်ာ၊ ၿပီးေတာ့ ပိုၿပီးထူးျခားတာက ဆံပင္ေတြကလင္းေနေသးတယ္၊ မ်က္ႏွာကလည္းပါးေရေတြတြန႔္ေနလို႔ ဘယ္သူမွန္းေတာင္ မွန္းလို႔ရဘူးဗ်ာ။
“ဟဲ့ေကာင္ေလး”
“ခင္၊ ခင္ဗ်ားကဘယ္သူလဲ”
“ငါက မယ္ပ်င္း”
“ဗ်ာ၊ ေဒၚ၊ ေဒၚပ်င္းႀကီးလား၊ ခင္ဗ်ားက ေသၿပီမဟုတ္လား”
“ေသေတာ့ ေသၿပီးၿပီ၊ ဒါေပမယ့္ ငါ့သားကိုယ္ထဲမွာ ငါ့ရဲ႕စိတ္ပြားတစ္ခုက်န္ေနေသးတယ္၊ အဲဒါက မၾကာခင္ကမွ လြတ္လာတာ”
က်ဳပ္ျပန္စဥ္းစားလိုက္ေတာ့ ဦးဘသာကို ဘေသာ္တို႔က စုန္းကိုးေပါက္ေဖာက္ၾကတုန္းက ေနာက္ဆုံးထြက္လာတဲ့ ေဒၚပ်င္းႀကီးနဲ႔တစ္ပုံစံတည္းပဲဗ်ာ၊ က်ဳပ္အထင္ေတာ့ ေဒၚပ်င္းက အဲဒီတုန္းကလြတ္လာတယ္ထင္တာပဲ။
“က်ဳပ္ကိုမလုပ္ပါနဲ႔၊ က်ဳပ္ကိုမသတ္ပါနဲ႔”
“နင့္ကိုမသတ္ပါဘူး၊ ဟိုစိန္ရင္ကိုေတာ့ ငါသတ္ပစ္လိုက္ၿပီ၊ ငါ့အေၾကာင္းေတြ ေနာက္ကြယ္မွာေျပာရင္ မႀကိဳက္ဘူးဆိုတာကို ဒင္းသိရဲ႕သားနဲ႔”
“ဗ်ာ၊ ဒါဆို ဘႀကီးစိန္ရင္ေသသြားတာ ခင္ဗ်ားလုပ္တာလား”
“ေအာင္မယ္၊ ဒီေကာင္ေလးက ငါ့ကိုမ်ား ခင္ဗ်ား၊ ခင္ဗ်ားနဲ႔ စကားေျပာတာ မိုက္႐ိုင္းလိုက္တာ၊ နင့္မိဘေတြက မသင္ေပးဘူးလား”
“ခင္ဗ်ားကို ခင္ဗ်ားလို႔မေခၚလို႔ ဘယ္လိုေခၚရမွာလဲ”
“ငါ့ကို ေမေမႀကီးလို႔ေခၚ”
“ဖြီ၊ ဒီအသက္အ႐ြယ္ႀကီးကို ေမေမႀကီးလို႔ေခၚရမယ္တဲ့၊ ဘြားဘြားႀကီးလို႔ေခၚရင္ေတာင္မွ ေတာ္ေတာ္လြန္ေနၿပီ”
“ဟား၊ ဟား နင္ကေတာ္ေတာ္ ပါးစိပါးစပ္မ်ားတဲ့ေကာင္ေလးပဲ၊ နင့္ကိုမွတ္ေလာက္ေအာင္ေတာ့ လုပ္ရေသးတာေပါ့”
က်ဳပ္ေဇာေခြၽးေတြျပန္လာတယ္ဗ်။
“မလုပ္ . . . မလုပ္”
က်ဳပ္ေျပာေနတုန္းရွိေသးတယ္ ဖ်ာႀကီးက မိုးေပၚကိုပ်ံတက္သြားတာဗ်ာ၊ ဘယ္ေလာက္အထိတက္သြားသလဲဆိုရင္ ဟိုးမိုးေပၚတိမ္ေတြၾကားအထိေရာက္သြားတယ္။ ေကာင္းကင္မွာ ၾကယ္ေတြစုံၿပီးေတာ့ အလင္းေရာင္ေတြမ်ိဳးစုံထြက္ေနတာဗ်ာ၊ ၾကည့္လို႔ေတာင္ေကာင္းေသးတယ္။ ၿပီးတာနဲ႔ ဖ်ာႀကီးက မိုးေပၚမွာေမွာက္ခုံႀကိးျဖစ္သြားပါေရာဗ်ာ၊ ဖ်ာေပၚအိပ္ေနတဲ့က်ဳပ္လည္း ေျမျပင္နဲ႔မ်က္ႏွာမူၿပီးသားႀကီးျဖစ္သြားတာေပါ့၊ က်ဳပ္တို႔႐ြာကေလးကို ခပ္ေသးေသးေလးပဲျမင္ရေတာ့တယ္ဗ်၊ အိမ္ေခါင္မိုးေလးေတြေတာင္မွ မသဲမကြဲပဲဗ်ာ။
ၿပီးတာနဲ႔ခ်က္ခ်င္းႀကီး ျပဳတ္က်ေတာ့တာပါပဲ၊ က်တာကလည္း အရွိန္နဲ႔က်တာဗ်၊ ေလေတြကလည္းပင့္တိုက္တာဆိုေတာ့ အသည္းကိုေအးေနတာပဲဗ်ာ၊ က်ဳပ္လည္း ပါးစပ္ဖြင့္ၿပီးေတာ့ အသံကုန္ဟစ္ၿပီးေတာ့ တအားအားနဲ႔ေအာ္ေနတာေပါ့ဗ်ာ၊ ဒီအတိုင္းဆိုရင္ ေျမႀကီးေပၚကို မ်က္ႏွာနဲ႔ျပဳတ္က်ၿပီးေတာ့ ေသေတာ့မယ္မဟုတ္လား။
“ေအာင္မယ္ေလး၊ လုပ္ၾကပါအုံးဗ်၊ ကယ္ၾကပါအုံး”
ေျမႀကီးနဲ႔ထိဖို႔ တစ္ထြာေလာက္အလိုမွာ ဝုန္းခနဲရပ္သြားေတာ့တာဗ်ာ။ က်ဳပ္ရင္ေတြဆို တဒုန္းဒုန္းနဲ႔ဗ်ာ၊ ဒါတင္မကေသးပါဘူး ဖ်ားႀကီးက စေကာဝိုင္းႀကီးလိုလွည့္ၿပီးေတာ့ ပတ္ပ်ံေနျပန္ေရာဗ်ာ။ က်ဳပ္ျဖင့္ေခါင္းေတြမူးၿပီးေတာ့ ခ်ာခ်ာလည္ေနေတာ့တာပဲ၊ ပါးစပ္ထဲကလည္း ျဖဴျဖဴေတြေရာ၊ နီနီေတြေရာ အကုန္အန္တာဗ်ာ၊ ေနာက္ဆုံးက်ဳပ္မ်က္ျဖဴဆိုက္ေနေတာ့မွ ဖ်ာႀကီးကရပ္သြားတယ္။
“ဟုတ္ပါၿပီ၊ ေမေမႀကီး . . . ေမေမႀကီး၊ က်ဳပ္ေခၚပါမယ္”
ေဒၚပ်င္းႀကီးက က်ဳပ္ကိုခါးေထာက္ၾကည့္ေနရင္း ရယ္တယ္ဗ်။
“ဘယ့္ႏွယ့္လဲ၊ ဖ်ာပ်ံစီးရတာ ေကာင္းတယ္မဟုတ္လား”
“ေတာင္းပန္ပါတယ္ဗ်ာ၊ က်ဳပ္ကိုထပ္မလုပ္ပါနဲ႔ေတာ့”
“ဒါဆို ငါ့ကိုေမေမႀကီးလို႔ေခၚမွာလား”
“ေခၚပါ့မယ္၊ ေခၚပါ့မယ္”
“ဒါဆို ငါ့အနားကိုတိုးလာခဲ့”
က်ဳပ္တိုးစရာမလိုဘဲ ဖ်ာႀကီးက သူ႔အလိုလိုတိုးသြားတာဗ်၊ ဒီမွာပဲ ေဒၚပ်င္းႀကီးက က်ဳပ္နဖူးကိုလက္ညႇိဳးနဲ႔ထိုးလိုက္တယ္၊ ၿပီးေတာ့
“ျပန္အိပ္ေတာ့”
အဲဒီလိုတစ္ခ်က္ေျပာလိုက္တာနဲ႔ က်ဳပ္ဖ်ာႀကီးက အေနာက္ကိုဝွီးခနဲလြင့္သြားတာဗ်ာ၊ က်ဳပ္လည္း ေအာ္ေနတာေပါ့ဗ်ာ။
“အား၊ ေမေမႀကီး . . . ေတာ္ပါၿပီ၊ မလုပ္ပါနဲ႔ေတာ့”
အိပ္ေနရင္းနဲ႔ က်ဳပ္ထေအာ္ေတာ့ အနားကျဖတ္သြားတဲ့အေမက က်ဳပ္ကိုေသခ်ာၾကည့္တယ္။
“ဟဲ့အလတ္ေကာင္၊ နင့္ကိုငါ ဘာမွမလုပ္ပါဘူး”
က်ဳပ္လည္းေတာ္ေတာ္လန႔္ေနေသးတာဗ်။ ဖ်ာေပၚမွာ ငုတ္တုတ္ထိုင္ၿပီး ေအာ္ေနတာ၊ လက္ႏွစ္ဖက္ကေတာင္ ဖ်ာအစြန္းကို က်စ္ေနေအာင္ဆုပ္ကိုင္ထားမိေသးတယ္၊ တစ္ကိုယ္လုံးလည္း ေခြၽးေတြက ေရခ်ိဳးသလိုထြက္ေနတာ၊ အေမက ဘုရားဆြမ္းေတာ္ဗန္းကေလးကိုင္ၿပီးေတာ့
“အိပ္မက္ဆိုးေတြမက္ေနတာထင္တယ္၊ နင္ညအိပ္ေတာ့ ဘုရားရွိခိုးၿပီးမအိပ္ဘူးလားအလတ္ေကာင္”
အေမက ေျပာဆိုၿပီး အိမ္ေပၚကဆင္းသြားေတာ့မွ က်ဳပ္လည္း အိပ္ရာထဲက ထလိုက္ေတာ့တယ္၊ ေၾကာက္ဖို႔ေကာင္းလိုက္တာဗ်ာ၊ မသိရင္ တကယ္ျဖစ္ေနတဲ့အတိုင္းပဲဗ်။
(၂)
ထမင္းစားေသာက္ၿပီးေတာ့ က်ဳပ္လည္း လယ္ခင္းထဲဆင္းလိုက္တယ္၊ မၾကာခင္ ယာခင္းစိုက္ၾကေတာ့မယ္ဗ်၊ အငယ္ေကာင္ကေတာ့ ႏြားေတြကို႐ိုက္ၿပီးစ လယ္ကြင္းေတြဆီမွာလိုက္ေက်ာင္းေနေလရဲ႕၊ ႏြားေတြက စားရင္းေသာက္ရင္း ဟိုးေတာတန္းကေလးအနားကိုေတာင္ေရာက္သြားၿပီ။ က်ဳပ္လည္း ကြင္းထဲကိုၾကည့္ရင္း စဥ္းစားေနတာေပါ့ဗ်ာ၊ မနက္မိုးလင္းပိုင္းက မက္ခဲ့တဲ့အိပ္မက္အေၾကာင္းေပါ့ဗ်ာ၊ ေနာက္ၿပီးေတာ့ ဦးဘသာႀကီးငယ္ဘဝကို ျပန္ေတြးရင္ က်ဳပ္ကဘာလို႔သူ႔အေတြးထဲကို ေရာက္ေရာက္သြားရတာလဲလို႔ေပါ့၊ ဘႀကီးစိန္ရင္ေသတာကေရာ အိပ္မက္ထဲေျပာသလို ေဒၚပ်င္းႀကီးလုပ္လိုက္တာမ်ားလား။
က်ဳပ္ေတြးေနတုန္း အငယ္ေကာင္က ဖုန္တလုံးလုံးနဲ႔ က်ဳပ္ဆီကိုေျပးလာတယ္ဗ်။ က်ဳပ္ကိုျမင္တာနဲ႔
“အကိုလတ္၊ ႏြားႏွစ္ေကာင္ေဝွ႔ေနၾကလို႔”
“ဟာ၊ ႏြားေဝွ႔တာ ငါနဲ႔ဘာဆိုင္သလဲကြ”
“အိမ္ကႏြားျပာနဲ႔ ကိုထြန္းရဲ႕ ႏြားညႇိဳနဲ႔စားက်က္ထဲမွာ ေဝွ႔ၾကရင္းနဲ႔ အိမ္ကႏြားျပာႀကီးက ထြက္ေျပးသြားလို႔”
“ထြက္ေျပးေတာ့လည္း လိုက္ေခၚေပါ့အငယ္ေကာင္ရာ”
“လိုက္ေတာ့ေခၚခ်င္တာ၊ ႏြားျပာႀကီးက ႏြားေပ်ာက္ကုန္းဘက္ေျပးသြားလို႔ဗ်”
“ေဟ”
က်ဳပ္လည္း တစ္ခြန္းပဲေျပာႏိုင္ေတာ့တယ္၊ အငယ္ေကာင္ မသြားရဲတာလည္းမေျပာနဲ႔ဗ်ာ၊ ႏြားေပ်ာက္ကုန္းဆိုတာ နာမည္နဲ႔လိုက္ေအာင္ပဲ အဲဒီဘက္ကိုႏြားေတြေရာက္ရင္ ေပ်ာက္ေပ်ာက္သြားတတ္ၾကတယ္၊ ျမန္ျမန္လိုက္ရွာခါမွ ေတာ္ကာက်တာဗ်၊ ညေနမိုးခ်ဳပ္ဆိုရင္ေတာ့ လိုက္မသြားနဲ႔ေတာ့ဗ်ိဳ႕၊ ေတာ္ေတာ္လည္းေျမၾကမ္းတဲ့ေနရာဗ်။ အခုကေတာ့ မနက္အေစာပိုင္းပဲရွိေသးတာဆိုေတာ့ က်ဳပ္တို႔လိုက္မယ္ေပါ့ဗ်ာ၊ ႏြားေပ်ာက္ကုန္းမေရာက္ခင္ ႏြားျပာႀကီးကို မီရင္မီမယ္ဆိုၿပီး ညီအကိုႏွစ္ေယာက္ လိုက္ခဲ့ၾကတာေပါ့။
က်ဳပ္တို႔ဗမာေတြက လူနာမည္ေပးရင္လည္း ေခၚေကာင္း႐ုံေပးသလို ေနရာေတြကို နာမည္ေပးတဲ့အခါလည္း အဲဒီေနရာရဲ႕အထင္ကရျဖစ္တဲ့အခ်က္ကိုၾကည့္ၿပီး အမည္ေပးၾကတယ္မဟုတ္လားဗ်ာ၊ ႀကိဳ႕ပင္ႀကီးရွိတဲ့ကုန္းဆို ႀကိဳ႕ကုန္း၊ ေပါက္ပင္ႀကီးေပါက္ေနတဲ့ေနရာဆိုရင္ေတာ့ ေပါက္ကုန္းေပါ့၊ တစ္ခါတစ္ေလ ကုန္းလို႔သာ နာမည္ေပးေပမယ့္ ကုန္းကေလးလို ျမင့္မေနတဲ့ေနရာကိုလည္း ကုန္းလို႔ေခၚၾကေသးတယ္၊ က်ဳပ္တို႔ဘက္က ႐ြာေတြဆိုရင္ ကုန္းလို႔နာမည္ေတြ ထည့္ေခၚၾကတယ္၊ က်ဳပ္တို႔႐ြာဆိုရင္လည္း ဇီးကုန္းတဲ့၊ ေနာက္ၿပီး တမာကုန္း႐ြာ၊ ေထာက္ရွာကုန္း႐ြာဆိုၿပီး ကုန္းေတြထည့္ၾကတာဗ်ာ၊ ယုတ္စြအဆုံး မီးေလာင္သြားတဲ့႐ြာကိုေတာင္မွ မီးေလာင္ကုန္း႐ြာဆိုၿပီး ေခၚၾကေသးတာဗ်။
အဲ လူေတြေနတဲ့ေနရာၿပီးသြားေတာ့လည္း တျခားေနရာေတြဆိုရင္လည္း ကုန္းဆိုၿပီးထည့္တတ္တာ၊ ႏြားေပ်ာက္ကုန္းဆိုတဲ့ ေနရာကေတာ့ အဲဒီနားေရာက္တဲ့ႏြား ေပ်ာက္ၿပီသာမွတ္ေတာ့ဗ်ာ၊ ဖက္လိပ္႐ြာေဟာင္းရဲ႕ ေတာင္ဘက္နားမွာ ကုန္းသုံးကုန္းရွိတယ္ဗ်၊ ႏြားေပ်ာက္ကုန္း၊ သားေပ်ာက္ကုန္း၊ လင္ေပ်ာက္ကုန္းတဲ့၊ ကုန္းကေလးေတြက ခပ္ျမင့္ျမင့္ကမူကေလးေတြေပါ့ဗ်ာ၊ သုံးခု ဖိုခုံေလာက္ဆိုင္ရွိေနၾကတာ၊ သရဲ၊ တေစၦအေျခာက္အလွန႔္ၾကမ္းတာကေတာ့ ေျပာမေနပါနဲ႔ဗ်ာ၊ ႐ြာကလူေတြ ဘယ္သူမွ မသြားရဲတဲ့ေနရာေတြေပါ့။
အေဖကေတာ့ မယုံဘူးဗ်၊ ဥပါဒ္ဒါန္ေၾကာင့္ ဥပါဒ္ေရာက္ဆိုသလိုပါတဲ့ဗ်ာ၊ ကုန္းနာမည္ေတြကိုလည္း ႐ြာကလူေတြက ေပးခ်င္သလိုေပးခဲ့ၾကတာ၊ တကယ္မဟုတ္ဘူးလို႔ေျပာတာပဲ၊ အေဖကသာ အဲဒီလိုေျပာေပမယ့္ အရပ္ထဲမွာေတာ့ ႏြားေပ်ာက္ကုန္းကဘယ္လို၊ သားေပ်ာက္ကုန္းက ဘယ္လိုနဲ႔ ယုံတမ္းစကားေတြ ေလွ်ာက္ေျပာၾကတာေပါ့ဗ်ာ။
ဒီလိုနဲ႔က်ဳပ္နဲ႔အငယ္ေကာင္ေျပးလာလိုက္တာ မၾကာခင္ ကုန္းသုံးကုန္းအနားကိုေရာက္လာပါေရာဗ်ာ၊ ဘယ္သူမွအသြားအလာမရွိေတာ့ ကုန္းေတြက ေတာႀကီးေတြလိုျဖစ္ေနၿပီဗ်၊ ဒါေပမယ့္ အပင္ႀကီးႀကီးမားမားမရွိဘဲနဲ႔ ခ်ဳံေတြပဲမင္းမူေနတာေပါ့ဗ်ာ၊ အနားေရာက္ေတာ့ က်ဳပ္တို႔လည္း ႏြားႀကီးကိုအသံျပဳၿပီးရွာၾကည့္ေသးတယ္ဗ်၊ ႏြားေအာ္သံေတာ့မၾကားရေပမယ့္ ခ်ဳံၾကားထဲတိုးေနတဲ့အသံတစ္ခုကိုေတာ့ၾကားလိုက္ရတယ္။
“အငယ္ေကာင္ ဝင္ၾကည့္မယ္ကြာ”
“ဟာ၊ အကိုလတ္ကလည္း က်ဳပ္ေၾကာက္တယ္ဗ်”
“မင္းကလည္းကြာ၊ ဒါဆိုရင္လည္း မင္းဒီမွာေစာင့္ေန၊ ငါဝင္မယ္”
“က်ဳပ္ေစာင့္လည္း မေစာင့္္ရဲဘူးဗ်ာ”
က်ဳပ္လည္းဘာမွမေျပာေတာ့ဘဲ ခ်ဳံေတြကိုၿဖဲၿပီးအသာတိုးဝင္သြားတာေပါ့ဗ်ာ၊ အငယ္ေကာင္လည္းအေနာက္ကေနလိုက္ခဲ့တာေပါ့၊ ဆူးေတြပါတဲ့ခ်ဳံပင္ေတြဆိုေတာ့ ရွလိုက္တာမွေျပာမေနပါနဲ႔ေတာ့ဗ်ာ၊ က်ဳပ္တို႔အသားမာမာ၊ ထူထူႀကီးေတြေတာင္မွ ဆူးေတြနဲ႔ညိၿပီးေတာ့ ေပါက္ၿပဲကုန္ေတာ့တာ။ ခ်ဳံတိုးသံံၾကားတဲ့အေနာက္လိုက္ခဲ့ရင္းနဲ႔ မၾကာပါဘူး ကုန္းေျပာင္ေျပာင္ကေလးဆီကိုေရာက္သြားတယ္ဗ်၊ အဲဒီေနရာမွာေတာ့ ေျခသလုံးေလာက္ ျမက္ပင္ေတြပဲရွိၿပီး တျခားအပင္ေတြမရွိဘူး၊ အဲဒီမွာ က်ဳပ္တို႔ႏြားႀကီးကိုေတြ႕လိုက္ရပါေရာဗ်ာ။
“ေဟ့၊ သားႀကီးလာေဟ့”
က်ဳပ္တို႔ႏြားႀကီးအနားလည္းေရာက္ေရာ ႏြားႀကီးရဲ႕ေက်ာကုန္းေပၚမွာ မည္းမည္းအေကာင္ႀကီးတစ္ေကာင္ထိုင္ေနတာပဲဗ်ာ၊ ႏြားကိုခြစီးတာတာမဟုတ္ဘူးဗ်၊ ႏြားေက်ာကုန္းအေပၚမွ ေဆာင့္ေၾကာင့္ႀကီးထိုင္လို႔ရယ္ဗ်၊ ဆံံပင္ႀကီးေတြကလည္း အရွည္ႀကီးပဲဗ်ာ၊ တစ္ကိုယ္လုံးလည္း မည္းေမွာင္ေနလိုက္တာမ်ား မီးေသြးတုံးအလားပဲဗ်၊ မြဲေျခာက္ေျခာက္ေတာ့မဟုတ္ဘူးဗ်၊ ဆီပြတ္ထားသလို ေျပာင္ေခ်ာေခ်ာနဲ႔ေပါ့ဗ်ာ၊ အငယ္ေကာင္က အဲဒီအေကာင္ႀကီးေတြ႕ေရာ လွည့္ေျပးတာ တန္းေနတာပဲဗ်ာ၊ က်ဳပ္တို႔ငါးမိနစ္ေလာက္ ျဖတ္တိုးရတဲ့ ဆူးေတာကို ဝုန္းခနဲတိုးၿပီးေတာ့ကိုေျပးတာ၊ က်ဳပ္ျဖင့္တစ္ေယာက္တည္း လွည့္ေျပးရႏိုးႏိုး၊ ဆက္ေနရႏိုးႏိုးနဲ႔ က်န္ခဲ့တာေပါ့ဗ်ာ။
အေကာင္ႀကီးက အစြယ္ေတြၿဖဲျပတယ္ဗ်၊ အစြယ္ႀကီးေတြကလည္း ရွည္လို႔ဗ်၊ က်ဳပ္ကိုထြက္သြားေအာင္လို႔ ေျခာက္တာေပါ့ဗ်ာ၊ က်ဳပ္လည္း ေၾကာက္ရမယ့္အစား ေဒါသထြက္လာသလိုလိုနဲ႔ စိတ္ထဲတစ္မ်ိဳးႀကီးျဖစ္သြားတာဗ်၊ ငါတို႔ႏြားကိုတက္စီးေနၿပီး ငါတို႔ကိုျပန္ရန္လိုေနတယ္ဆိုၿပီးေတာ့ မခံခ်င္ဘူးေပါ့ဗ်ာ၊ ဒါနဲ႔ ခါးေထာက္လိုက္ၿပီး
“ေဟ့ေကာင္၊ ေအာက္ဆင္းစမ္း”
က်ဳပ္လည္း ဟန္ပါပါနဲ႔ေအာ္လိုက္ေတာ့ အေကာင္ႀကီးကလည္း မေခဘူးဗ်ာ၊ ခြီးခနဲေၾကာင္ေအာ္သလိုအသံႀကီးေအာ္ၿပီးေတာ့ အစြယ္ေတြကို ထပ္ၿဖဲျပျပန္ေရာ၊ က်ဳပ္လည္းအျမင္ကပ္တာနဲ႔ အနားက ေျမႀကီးခဲတစ္ခဲေကာက္ၿပီးေတာ့ အဲ့ေကာင္ကိုလွမ္းထုတာေပါ့၊ ေျမႀကီးခဲႀကီးထိေပမယ့္ သူက ဘာမွမျဖစ္ဘူးဗ်၊ ဘတ္ခနဲအသံံႀကီးျမည္ၿပီးေတာ့ ေျမႀကီးခဲက ေအာက္ကိုျပဳတ္က်သြားတာ၊ ၿပီးတာနဲ႔ ဒီေကာင္ႀကီးက က်ဳပ္ဆီကိုလွမ္းခုန္အုပ္ပါေရာဗ်ာ။
က်ဳပ္နဲ႔ဒီေကာင္ႀကီးနဲ႔ လုံးၾကတာေပါ့ဗ်ာ၊ အားကလည္းအေတာ္သန္သန္ဗ်၊ လုံးရင္းလုံးရင္းနဲ႔ တျဖည္းျဖည္းက်ဳပ္လည္း အားနည္းလာတယ္။ ဒီေကာင္က က်ဳပ္ရင္ဘတ္ေပၚတက္ၿပီး ေဆာင့္ေၾကာင့္တက္ထိုင္ပါေရာဗ်ာ၊ ေနာက္ေတာ့ သူ႔လက္အရွည္ႀကီးေတြနဲ႔ က်ဳပ္လည္ပင္းကိုညႇစ္ေသးတယ္။ က်ဳပ္လည္း လက္ကခ်လို႔မႏိုင္ေတာ့ ပါးစပ္ကေန အမ်ိဳးစုံဆဲတာေပါ့ဗ်ာ။
“အသားကမည္းမည္းနဲ႔ မီးေသြးနဲ႔လင္ေတာ္တဲ့ေကာင္မ၊ ငါ့ကိုလႊတ္စမ္း၊ နင္ငါ့ကိုလႊတ္စမ္း”
က်ဳပ္ေျပာေတာ့ အဲဒီသရဲႀကီးက က်ဳပ္လည္ပင္းကိုညႇစ္ထားတဲ့လက္ေတြကို ဆြဲလႊတ္လိုက္တယ္ဗ်၊ က်ဳပ္ျဖင့္ေတာ္ေတာ္အံ့ၾသသြားတာ၊ အစကေတာ့ ဘာလဲေပါ့ဗ်ာ။ ႐ုပ္ရွင္ေတြ၊ ဇာတ္လမ္းေတြထဲဆိုရင္ ငါ့ကိုလႊတ္စမ္းလို႔ေျပာရင္ လူၾကမ္းက မလြတ္တဲ့အျပင္ ပိုၿပီးၾကမ္းတယ္ဆိုေပမယ့္ အခုကေတာ့ ထူးထူးဆန္းဆန္းပဲဗ်။
“ဟဲ့၊ ငါ့ေပၚဘာတက္လုပ္ေနတာလဲ၊ ငါ့ရင္ဘတ္ေပၚကေနဆင္းစမ္း”
သရဲႀကီးက က်ဳပ္ရင္ဘတ္ေပၚတက္ေနရာကေန ဖုတ္ခနဲခုန္ဆင္းလိုက္တယ္ဗ်။ က်ဳပ္လည္း လူးလဲၿပီးထလိုက္တာေပါ့၊ ဒီသရဲက တစ္ခုေတာ့တစ္ခုပဲဗ်။ က်ဳပ္ေျပာတာေတြခ်ည္းလိုက္လုပ္ေနေတာ့တာ။ က်ဳပ္လည္း နည္းနည္းစမ္းၾကည့္မယ္ဆိုၿပီးေတာ့
“ဟဲ့သရဲ၊ လွ်ာထုတ္ျပစမ္း”
က်ဳပ္ေျပာေတာ့ သူက ေဆာင့္ေၾကာင့္ထိုင္လွ်က္သား လွ်ာႀကီးကိုထုတ္ျပတယ္ဗ်ာ၊ လွ်ာကတစ္ေတာင္ေလာက္ေတာင္ရွိတယ္ဗ်ာ၊ အေခြလိုက္ႀကိးထြက္က်လာတာ လွ်ာႀကီးထြက္လာေတာ့ ညႇီစို႔စို႔အနံ႔ႀကီးကလည္း တြဲပါလာတာဗ်၊ နံလိုက္တာေျပာမေနပါနဲ႔။ က်ဳပ္လည္း ႏွာေခါင္းကိုလက္နဲ႔ပိတ္ၿပီးေတာ့
“ေတာ္ၿပီ၊ လွ်ာျပန္သိမ္းေတာ့”
သရဲႀကီးက လွ်ာကိုေခါက္ဆြဲဖတ္ေတြ ဆြဲၿပီးစားသလို ရွလြတ္ခနဲလုပ္လိုက္ေတာ့ လွ်ာအရွည္ႀကီးက ပါးစပ္ထဲျပန္ဝင္သြားေရာဗ်ိဳ႕။
“ေလးဖက္ေထာက္စမ္း”
“ကင္းျမႇီးေကာက္ေထာင္စမ္း”
က်ဳပ္ေျပာသမွ်ကို သရဲက လိုက္လုပ္ေနရတာ၊ က်ဳပ္ျဖင့္ စိတ္ထဲ ေပ်ာ္ေတာင္ေပ်ာ္လာေသးတာဗ်။ ဒါနဲ႔ ႏြားျပာႀကီးကိုလက္ညႇိဳးထိုးၿပီးေတာ့
“ကဲ၊ ငါ့ႏြားကို လယ္ထဲကိုေမာင္းသြားစမ္းဟာ”
သရဲႀကီးက မေျပာမဆိုနဲ႔ ႏြားေက်ာေပၚကိုခုန္တက္ၿပီးေတာ့ လယ္ထဲကိုေမာင္းသြားတာပဲဗ်ာ၊ ႏြားကလည္း သူတက္စီးရင္ ၿငိမ္ေနတာပဲ၊ သူသြားခိုင္းတဲ့အတိုင္းကို သြားေတာ့တာပဲဗ်ာ၊ က်ဳပ္လည္း ႏြားတိုးတဲ့အေပါက္အေနာက္ကေန လိုက္တိုးၿပီးထြက္ခဲ့တာေပါ့၊ ခပ္လွမ္းလွမ္းမွာ အငယ္ေကာင္နဲ႔ အကိုႀကီးနဲ႔ေျပးလာေနၾကတယ္၊ အကိုႀကီးက လက္ထဲမွာ ကိုင္းခုတ္ဓါးတစ္ေခ်ာင္းကိုင္လို႔ရယ္ဗ်။
“ေဟ့အလတ္ေကာင္၊ ဘယ္မွာလဲသရဲ”
“အလကားပါဗ်ာ၊ ဘာသရဲမွမရွိပါဘူး၊ အငယ္ေကာင္က ေၾကာက္ကိုေၾကာက္လြန္းတယ္”
က်ဳပ္ေျပာေတာ့ အငယ္ေကာင္က ျပဴးတူးေၾကာင္ေတာင္နဲ႔
“ခုနက သရဲမည္းမည္းႀကီးေရာ အကိုလတ္”
“ဘာသရဲမွမရွိပါဘူး၊ အဲဒါ ခ်ဳံပုတ္ကို ေနထိုးလို႔အရိပ္က်တာပါကြ၊ လာ ျပန္ၾကစို႔”
က်ဳုပ္တို႔ညီအကိုသုံးေယာက္လည္းျပန္လာခဲ့တယ္ဗ်၊ က်ဳပ္တို႔အေရွ႕မွာ ေအးေအးလူလူသြားေနတဲ့ ႏြားႀကီးရဲ႕ေက်ာကုန္းေပၚမွာေတာ့ သရဲႀကီးကရွိေနတယ္ဗ်၊ အငယ္ေကာင္နဲ႔ အကိုႀကီးနဲ႔ မျမင္ရတာျဖစ္မယ္။ အိမ္ကႏြားေတြစားက်က္ထဲမွာ ေျပးလႊားေနၾကတယ္ဗ်၊ ေနာက္ေတာ့ ႏြားႏွစ္ေကာင္က ဟိုးေတာတန္းဘက္ကိုေျပးပါေရာ၊ အငယ္ေကာင္က ႀကိမ္တစ္ေခ်ာင္းနဲ႔ ေအာ္လိုက္ဆဲဆိုေပမယ့္ ႏြားေတြက သူ႔ကိုမမႈပဲနဲ႔ဆက္ေျပးတယ္။ က်ဳပ္လည္း အဲဒီႏြားႏွစ္ေကာင္ကိုၾကည့္ၿပီးေတာ့
“အဲဒီႏြားႏွစ္ေကာင္ကို သြားျပန္ေခၚခဲ့စမ္း”
က်ဳပ္က ေျပာလိုက္ေတာ့ ေဘးနားက အကိုႀကီးက က်ဳပ္ကိုမ်က္လုံးအျပဴးသားနဲ႔ၾကည့္ၿပီးေတာ့
“ေဟ့ေကာင္၊ မင္းငါ့ကို ဘယ္လိုေျပာလိုက္တာလဲကြ”
“ဟာဗ်ာ၊ အကိုႀကီးကိုေျပာတာမဟုတ္ပါဘူး”
“ဒီေနရာမွာ မင္းနဲ႔ငါနဲ႔ ႏွစ္ေယာက္တည္းရပ္ေနတာကြ၊ မင္းက ငါ့ကိုေျပာတာမဟုတ္လို႔ ဘယ္သူ႔ကိုေျပာတာလဲ”
အကိုႀကီးေျပာတာကို က်ဳပ္လည္းျပန္ေျဖလို႔မရဘူးဗ်။ အကိုႀကီးက ေဒါသထြက္သြားတယ္နဲ႔တူတယ္။
“အလတ္ေကာင္ေနာ္၊ မင္းကိုငါၾကည့္ေနတာၾကာၿပီ၊ ငါ့ကိုမေလးမစားမလုပ္နဲ႔၊ မင္းအကိုကြ၊ တန္းတူလာမေပါင္းနဲ႔”
က်ဳပ္လည္းဘာမွ ျပန္မေျပာေတာ့ပါဘူးဗ်ာ၊ မၾကာပါဘူး ေတာတန္းဘက္ကိုေျပးသြားတဲ့ႏြားႏွစ္ေကာင္က သူ႔အလိုလိုျပန္ေျပးလာတယ္၊ ႏြားေက်ာေပၚမွာေတာ့ ဟိုသရဲက ရွိေနဆဲပဲဗ်။ တန္ေတာ့ က်ဳပ္အမိန႔္ေပးလိုက္တာကို လိုက္လုပ္တဲ့ပုံပဲ။
အကိုႀကီးနဲ႔ အငယ္ေကာင္လစ္တုန္း က်ဳပ္လည္း သုႆန္ဘက္ကိုေျပးလာခဲ့တယ္၊ အေနာက္က သရဲလည္းပါလာတယ္ဗ်၊ သုႆန္နားက သစ္ပင္ေအာက္မွာထိုင္ရင္းနဲ႔
“ေဟ့သရဲမ၊ နင့္နာမည္ဘယ္လိုေခၚသလဲ”
သရဲက က်ဳပ္ကိုေတြေတြႀကီးၾကည့္ေနတယ္။
“စကားမေျပာတတ္ဘူးလား၊ ေျပာေလကြာ၊ ငါလုပ္ထည့္လိုက္လို႔”
“ေျပာပါ့မယ္”
သရဲအသံကခပ္ေသးေသးဗ်၊ ကေလးအသံလိုပဲ”
“ဟ၊ ငါေမးတာ နင့္နာမည္ကိုေမးတာ”
“က်ဳပ္က မိန္းမမဟုတ္ပါဘူး၊ ေယာက္်ားပါဗ်”
“ေဟာဗ်ာ၊ ဒီေလာက္ဆံပင္အရွည္ႀကီးနဲ႔က ေယာက္်ားတဲ့လား၊ ေအးကြာ၊ ထားပါေတာ့ မင္းနာမည္ဘယ္သူလဲ”
“ငတိုး”
နာမည္ကလည္း ငတိုးတဲ့ဗ်၊ က်ဳပ္လည္းေခါင္းညိတ္ရင္း
“ေအး၊ မင္းက ဘာျဖစ္လို႔ အဲဒီနားမွာေနၿပီးေတာ့ ႏြားေတြကိုခိုးခိုးေနရတာလဲကြ”
“က်ဳပ္ခိုးတာမဟုတ္ပါဘူးဗ်ာ၊ က်ဳပ္က ႏြားေက်ာင္းေပးတာပါ၊ က်ဳပ္ကႏြားေတြကိုေခၚၿပီး အဲဒီေနရာမွာ ထားထားေပးရတယ္၊ ညေနညဘက္ေရာက္ရင္ေတာ့ လူႀကီးတစ္ေယာက္ လာလာၿပီးယူတာပဲဗ်”
“ဘယ္သူလဲကြ”
“ဒါေတာ့ က်ဳပ္မသိဘူး၊ မုတ္ဆိတ္ေမႊးရွည္ရွည္နဲ႔လူႀကီးပဲဗ်”
က်ဳပ္ျဖင့္ေတြးလို႔ေတာင္မရပါဘူးဗ်ာ၊
“ဒါနဲ႔ငတိုး၊ မင္းသရဲျဖစ္ေနတာၾကာၿပီလား”
က်ဳပ္ေမးေတာ့ ငတိုးက မႈိင္မႈိင္ေတြေတြနဲ႔ဗ်။ က်ဳပ္လည္းေမးခြန္းေျပာင္းေမးရမွာေပါ့။
“ဒါျဖင့္ မင္းက ဘယ္လိုလုပ္ၿပီးေသတာလဲ”
ငတိုးက က်ဳပ္ကိုၾကည့္ၿပီးေတာ့ ဇက္ပုသြားတယ္ဗ်၊ ဒီအခ်ိန္မွာပဲ က်ဳပ္အေနာက္ကေန အသံၾကားရတယ္။
“အလတ္ေကာင္”
အသံၾကားကတည္းက ဦးဘသာႀကီးမွန္း သိၿပီးသားပါဗ်ာ။
“လူနဲ႔ပရေလာကသားနဲ႔ဆိုတာက မထိေတြ႕ေလေကာင္းေလပဲကြ၊ သြားသြား၊ သူ႔ကိုျပန္လႊတ္ေပးလိုက္”
ဦးဘသာေျပာတာဆိုေတာ့ က်ဳပ္လည္းေခါင္းညိတ္လိုက္ရတာေပါ့ဗ်ာ၊ ဦးဘသာက ငတိုးကိုၾကည့္ရင္း
“ဟဲ့ေကာင္ေလး သြားေတာ့”
သူေျပာလိုက္ေတာ့ ငတိုးက သုႆန္ထဲကေနထြက္ေျပးသြားေတာ့တယ္ဗ်၊ ၿပီးေတာ့ ဦးဘသာႀကီးက က်ဳပ္အနားမွာလာထိုင္တာနဲ႔
“ဦးဘသာက ဒီသရဲကိုသိတယ္တဲ့လား”
“သိတာေပါ့ကြ၊ ငတိုးဆိုတာ ငါတို႔နဲ႔ငယ္ငယ္ကတည္းက ေဆာ့ခဲ့တဲ့ ကစားေဖာ္ေတြေပါ့”
“ဘာဗ်၊ ဦးဘသာ ငယ္ငယ္ကတည္းကဆိုေတာ့ ငတိုးေသတာ ၾကာၿပီေပါ့”
ဦးဘသာက ေခါင္းညိတ္ျပတယ္ဗ်။
“ဒါဆို ငတိုးကဘာျဖစ္လို႔မ်ား ေသသြားရတာလဲဗ်ာ”
ဦးဘသာက ဘာမွမေျပာဘဲ ေတြေဝေနတယ္၊ က်ဳပ္လည္း ဦးဘသာရဲ႕ပုခုံးကို ကိုင္လိုက္တယ္။
“ဦးဘသာ . . . ဦးဘသာ”
ပတ္ဝန္းက်င္ႀကီးတစ္ခုလုံးက နီညိဳေရာင္လိုလိုျဖစ္သြားလိုက္၊ ဝါဝါထိန္ထိန္ႀကီးျဖစ္သြားလိုက္နဲ႔ဆိုေတာ့ က်ဳပ္လည္း ဦးဘသာငယ္ဘဝကို ျပန္စဥ္းစားေနၿပီလို႔ သိလိုက္ၿပီေလဗ်ာ၊
(၃)
က်ဳပ္တို႔ထိုင္ေနတဲ့ သုႆန္ႀကီးက ခ်က္ခ်င္းပဲသစ္ပင္ေတြနဲ႔စိုစိုေျပေျပကေလးျဖစ္သြားတယ္ဗ်၊ သုႆန္အလယ္ေလာက္မွာေတာ့ အိမ္ကေလးတစ္လုံးရွိတယ္၊ ၿခံထဲမွာေတာ့ သာစံကေလးက င႐ုတ္ပင္ေတြကို ေရေလာင္းေနတယ္ဗ်၊ င႐ုတ္သီးေတာင့္္ကေလးေတြမ်ား စိမ္းစိမ္းစိုစိုနဲ႔ မိုးေပၚေထာင္ၿပီးသီးေနလိုက္ၾကတာဗ်ာ၊ အိမ္ေလွကားထစ္မွာေတာ့ ဘြားမယ္ျဖဴက ၿပဳံးရင္းၾကည့္ေနတယ္ဗ်။
“ဘြားဘြားႀကီးေရ၊ င႐ုတ္ပင္ေတြတအားေကာင္းတာပဲဗ်ာ၊ တစ္ပင္တစ္ပင္ကို အေတာင့္္ငါးဆယ္၊ အေတာင့္တစ္ရာေလာက္ေတာ့ ရွိမွာဗ်”
“ေအးကြယ္၊ ငါ့ေျမးက စိုက္ပ်ိဳးေရးနဲ႔ေတာ့ အက်ိဳးေပးသားဟဲ့၊ နင့္င႐ုတ္သီးေတြအကုန္ ငါတို႔ဘယ္လိုစားမလဲ”
“င႐ုတ္စိမ္းက ႐ြာထဲမွာရွားတယ္ ဘြားဘြားႀကီးရ၊ သား႐ြာထဲသြားေရာင္းမွာေပါ့”
“ေအာင္မယ္ေလး၊ ငါ့ေျမးက အသက္သာငယ္တာဟဲ့၊ ေဈးတြက္က တြက္တတ္ေနၿပီ၊ ေအးေအး၊ င႐ုတ္ေတြမ်ားေတာ့လည္း နင္တို႔သားအမိသြားေရာင္းၾကေပါ့”
“ဟာဗ်ာ၊ အေမ့ကိုမေရာင္းခိုင္းပါဘူး၊ ဟိုတစ္ေန႔က ငတိုးကေျပာတယ္၊ အေမေဈးေရာင္းတာက ဓါးျပတိုက္တာက်ေနတာပဲတဲ့၊ အေမေရာင္းေတာ့ ႐ြာကလူေတြက ဝယ္မွာတဲ့လား”
သူတို႔ေျပာေနရင္း ၿခံဝကို ကေလးေလးတစ္ေယာက္ေျပးလာတယ္ဗ်၊ အသက္က ဆယ္ႏွစ္ဝန္းက်င္ေလာက္ပဲရွိအုံးမယ္ဗ်၊ သာစံကေလးကေတာ့ ရွစ္ႏွစ္ေလာက္ေပါ့။
“သာစံေရ၊ သာစံ”
“ေဟ့ငတိုး၊ လာကြ”
“မလာေတာ့ဘူးေဟ့၊ ဇီးကုန္းဘက္မွာ ဇီးသီးေတြဝင္းေနၿပီ၊ တို႔ေတြသြားခူးစားရေအာင္ေဟ့”
သာစံလည္း သူေရေလာင္းေနတဲ့အိုးကေလးခ်ၿပီးေတာ့ ငတိုးနဲ႔အတူတူအျပင္ကိုေျပးထြက္သြားၾကတာေပါ့ဗ်ာ၊ က်ဳပ္လည္း သူတို႔အေနာက္ကေန ေျပးလိုက္ခဲ့တာေပါ့၊ ကေလးေတြဆိုေတာ့ ေျပးၾကတာျမန္သားဗ်၊ က်ဳပ္တို႔အခု႐ြာသစ္ဘက္ကိုေျပးၾကတာဗ်၊ အဲဒီမွာဇီးပင္ေတြက စုၿပိးေပါက္ေနတယ္ဗ်ာ၊ ဇီးပင္ဆိုတာက အညာမွာအေလ့က်ေပါက္တဲ့အပင္ေပါ့ဗ်ာ၊ ေရေလာင္းစရာလဲမလို၊ ေျမၾသဇာထည့္စရာလည္းမလိုဘူးဗ်၊ သူ႔အလိုလိုေပါက္ရင္း အခ်ိန္တန္ေတာ့ႀကီးသြားၾကတာပဲ၊ ၿပီးရင္ေတာ့ သီးခ်ိန္ပြင့္ခ်ိန္ေရာက္ရင္ ႁပြတ္ခဲေနေအာင္သီးၾကတာ၊ က်ဳပ္တို႔တုန္းကေတာ့ ဇီးသီးေပါလြန္းလို႔ ေပၚဦးေပၚဖ်ားနဲ႔၊ အလုံးႀကီးတာေလာက္ပဲ ေ႐ြးစားၾကတာဗ်၊ က်န္တဲ့ဇီးသီးေတြကိုေတာ့ ႏြားေတြကိုေကြၽးတာပဲ၊ ဆိတ္ေတြကလည္း ဇီးသီးသိပ္ႀကိဳက္တာဗ်၊ ဇီးပင္ေအာက္မွာ ႏြားတို႔ ဆိတ္တို႔လႊတ္ထားလိုက္ရင္ တေျဖာက္ေျဖာက္နဲ႔ကို အသံစုံျမည္ေနေတာ့တာ။
ဒါနဲ႔ သာစံတို႔ဇီးပင္ေတြအနားကိုသြားမယ္လုပ္ေတာ့ ႐ြာျပင္ကေနၿပီးေတာ့ လွည္းတစ္စီးက ေမာင္းလာတယ္ဗ်၊ လွည္းေပၚမွာထိုင္ေနတဲ့သူကေတာ့ သူႀကီးနဲ႔တျခားသူေတြလည္းပါေသးတယ္၊ ေခါင္းတုံးေျပာင္ေျပာင္နဲ႔သူရယ္၊ ပိန္ေညာင္က်ၿပီးအ႐ိုးကပ္ေနတဲ့လူႀကီးရယ္ေပါ့ဗ်ာ၊ အဲဒီလွည္းက သူတို႔အနားကိုေရာက္သြားေတာ့ ထိုးရပ္သြားတယ္ဗ်။
“သာစံပါလား၊ ငတိုးလည္းပါတာကိုးကြ”
သာစံံံကေတာ့ သူႀကီးကိုေၾကာင္ၾကည့္ေနတယ္ဗ်။ သူႀကီးကၿပဳံးၿဖီးၿဖီးနဲ႔ ၾကည့္ေနရင္း အ႐ိုးေျခာက္ႀကီးလိုမ်ိဳးပိန္ကပ္ေနတဲ့အဘိုးႀကီးက ပဲေခ်ာင္းေတြလွမ္းယူလိုက္တယ္ဗ်၊ ၿပီးေတာ့ သာစံတို႔ကိုၾကည့္ရင္း
“ဘယ္သူလဲ သူႀကီးရဲ႕”
သူႀကီးက သာစံကိုလက္ညႇိဳးထိုးၿပီးေတာ့
“အဲဒါသူေပါ့”
အဲဒီလူႀကီးက သာစံဆီကိုပဲေခ်ာင္းတစ္ေခ်ာင္းလွမ္းေပးတယ္ဗ်၊ ပဲေခ်ာင္းဆိုတာ ဆိမ့္ၿပီးႂကြပ္႐ြေနတဲ့စားစရာတစ္ခုေပါ့ဗ်ာ၊ အဲဒီအေပၚမွာ သကာရည္ေလးလမ္းဆမ္းထားတာဆိုေတာ့ ကေလးေတြသိပ္ႀကိဳက္ေပါ့၊ သာစံံကလည္း ကေလးဆိုေတာ့ စားခ်င္ရွာတာေပါ့ဗ်ာ၊ အဲဒါနဲ႔ အဲဒီပဲေခ်ာင္းကိုလွမ္းယူတယ္၊ ေနာက္ေတာ့ အဲဒီလူႀကီးက ပဲေခ်ာင္းေနာက္တစ္ေခ်ာင္းကို ငတိုးကိုေပးလိုက္တယ္။ သူႀကီးက သာစံကိုၾကည့္ရင္း
“မင္းတို႔မုန႔္စားလို႔ကုန္သြားရင္ မင္းအေမဆီကိုျပန္ၾကေနာ္ကြ”
သူႀကီးေျပာၿပီးတာနဲ႔ လွည္းကေမာင္းထြက္သြားတာပဲဗ်ာ၊ သာစံနဲ႔ငတိုးက ဇီးကုန္းအနားကိုသြားရင္း လက္ထဲက ပဲေခ်ာင္းေတြကိုကိုက္စားတယ္ဗ်၊ ငတိုးက သူ႔လက္ထဲက ပဲေခ်ာင္းကိုၾကည့္လိုက္ၿပီးေတာ့
“ငါ့ပဲေခ်ာင္းက ေသးေသးေလးကြ၊ သကာရည္လည္းနည္းတယ္”
“ဒါဆိုလည္း ငါ့အေခ်ာင္းယူစားလိုက္ပါ၊ ငါနဲ႔မင္းနဲ႔လဲစားၾကတာေပါ့”
“ရပါတယ္သာစံရ”
“လုပ္မေနပါနဲ႔ငတိုးရာ၊ တစ္႐ြာလုံးက ဘယ္သူမွငါနဲ႔အေပါင္းအသင္းမလုပ္ေပမယ့္ မင္းကေတာ့ ငါ့ကိုေပါင္းတယ္မဟုတ္လား၊ ငါ့မွာသူငယ္ခ်င္းဆိုလို႔ မင္းတစ္ေယာက္ပဲရွိတာ၊ မင္းကို ေက်းဇူးတင္တဲ့အေနနဲ႔ ငါေကြၽးတာပါကြာ”
ငတိုးလည္း သာစံလက္ထဲက ပဲေခ်ာင္းကိုယူၿပိးေတာ့ တဂြၽတ္ဂြၽတ္နဲ႔ကိုက္စားေတာ့တာပဲ၊ ဇီးကုန္းနားကိုေရာက္ေတာ့ ႏြားတစ္သိုက္က ဇီးပင္ေတြေအာက္မွာထိုင္ၿပီး ဇီးသီးေတြဝါးေနတယ္ဗ်။
“ဟ ငတိုး၊ မင္းႏြားေတြက ဒီကိုႀကိဳေရာက္ေနပါလားကြ”
“ဒါေပါ့သူငယ္ခ်င္းရာ၊ ငါ့ေကာင္ႀကီးေတြက လႊတ္လိမ္မာတာကြ၊ ငါခိုင္းရင္တစ္ခ်က္မွ ညည္းညဴတယ္လို႔မရွိဘူး၊ ဒီေကာင္ႀကီးေတြက တျခားသူနဲ႔သာ ေပကပ္ကပ္ဆိုေပမယ့္ င့ါစကားေတာ့ သိပ္နားေထာင္တဲ့ေကာင္ေတြကြ”
“ဟုတ္မယ္ေဟ့၊ ဒါေၾကာင့္ မင္းႀကီးေဒၚက မင္းကိုႏြားပဲေက်ာင္းခိုင္းတာျဖစ္မယ္”
သူတို႔သူငယ္ခ်င္းႏွစ္ေယာက္က ဇီးပင္ရိပ္ေအာက္မွာထိုင္ၾကတယ္ဗ်။ သာစံက ဇီးပင္ေပၚကိုေမာ့ၾကည့္ေနရင္း
“ငတိုးေရ၊ မင္းဇီးပင္ေပၚတက္ၿပီးလွႈပ္ကြာ၊ ငါေအာက္ကေန ပုဆိုးနဲ႔ခံမယ္”
ငတိုးက ေခါင္းညိတ္ၿပီးေတာ့ ပုဆိုးကိုစလြယ္သိုင္းၿပီးေတာ့ ဇီးပင္ေပၚကိုတက္ဖို႔ျပင္တယ္ဗ်၊ ဇီးပင္ရဲ႕ ပင္စည္ကိုေျခေထာက္နဲ႔နင္းလိုက္တယ္ဆိုရင္ပဲ ငတိုးတစ္ေယာက္မ်က္ႏွာပ်က္သြားတယ္။
“ေအာင္မယ္ေလး၊ နာလိုက္တာ”
“ငတိုး၊ မင္းဗိုက္နာတာလား၊ ဒီနားမွာလူရွင္းပါတယ္ကြ၊ ဒီနားမွာပဲရွင္းလိုက္ကြာ”
ငတိုးက ေခါင္းခါၿပီးေတာ
“မဟုတ္ဘူးကြ၊ တစ္ခုခုပဲ၊ ငါ့ဗိုက္ထဲမွာ တစ္ခုခုက ေခြၿပီးထိုးေနသလိုပဲ၊ အား၊ နာလိုက္တာ၊ အား . . .”
ငတိုးက ေျမေပၚကိုေခြေခြကေလးလဲက်သြားေတာ့တယ္ဗ်၊ ဒီေတာ့မွ သာစံလည္း ျပာျပာသလဲျဖစ္သြားတာ၊
“ငတိုးရရဲ႕လား”
သာစံရဲ႕အေမးကို ငတိုးကမေျဖေတာ့ဘဲ ေခါင္းပဲခါျပေနတယ္ဗ်ာ၊ ဒါနဲ႔ သာစံက ငတိုးကိုဆြဲေပြ႕လိုက္ၿပီးေတာ့ ေက်ာကုန္းေပၚတင္လိုက္တယ္ဗ်၊ လူေကာင္ကလည္း ႏွစ္ေယာက္သားက မတိမ္းမယိမ္းကိုး၊ ငတိုးကလည္း ခပ္ပိန္ပိန္ဆိုေတာ့ သာစံက မတ္တပ္ရပ္ၿပီးေတာ့ ကုန္းပိုးရင္း ေျပးေတာ့တာပဲဗ်ာ၊ က်ဳပ္လည္း ကူလို႔ရရင္အေကာင္းသားဗ်။ သာစံံတစ္ေယာက္ မႏိုင္မနင္းနဲ႔ဆြဲေျပးရင္း သူတို႔အိမ္နားေရာက္ေတာ့ လွမ္းေအာ္ရွာတယ္။
“ဘြားဘြားႀကီးေရ၊ ဘြားဘြားႀကီးေရ”
ဘြားမယ္ျဖဴက ေလွကားကေနဆင္းလာရင္း ၿခံံံထဲကိုအလန႔္တၾကားေျပးဝင္လာတဲ့ သာစံကိုၾကည့္တယ္ဗ်။
“ဟဲ့၊ ငါ့ေျမး၊ ဘာျဖစ္လာတာလဲ”
“ငတိုး၊ ငတိုးေလေအာင့္တာလားမသိဘူး”
ဘြားမယ္ျဖဴက ေလွကားကေနဆင္းလာၿပီးေတာ့ ငတိုးကိုဆြဲယူရင္း ကြပ္ပ်စ္ေပၚကိုတင္ေပးလိုက္တယ္၊ ငတိုးကေတာ့ လူးလိမ့္ေနတာပဲဗ်ာ၊ ဘြားမယ္ျဖဴက ငတိုးဗိုက္ကိုစမ္းႏွိပ္ရင္းနဲ႔
“ေအာင္မယ္ေလး”
ဆိုၿပီးထေအာ္တယ္ဗ်၊ သာစံံလည္းအံံ့ၾသသြားတာေပါ့။
“ဘြားဘြားႀကီး ဘာျဖစ္တာလဲ”
“နင့္အေမသြားေခၚေကာင္ေလး၊ ဒါကေတာ့ ငါမရဘူး နင့္အေမပဲရမွာ၊ နင့္အေမ ခုနက ေရတြင္းဘက္ကိုထြက္သြားတယ္၊ ျမန္ျမန္သြားလိုက္ေခၚေခ်”
သာစံံေျပးထြက္သြားေတာ့ က်ဳပ္လည္း သူ႔ေနာက္မလိုက္ေတာ့ဘဲ ၿခံထဲမွာပဲက်န္ေနခဲ့တာေပါ့ဗ်ာ၊ ေနာက္ေတာ့ ေဒၚပ်င္းနဲ႔သာစံံံက ၿခံထဲကိုေျပးဝင္လာတယ္ဗ်။ ေဒၚပ်င္းက ငတိုးဗိုက္ကိုစမ္းၾကည့္ရင္း
“မွန္းစမ္း၊ လတ္စသတ္ေတာ့ တိုက္ေႁမြထည့္ထားတာပဲ”
ေဒၚပ်င္းက သာစံဘက္ကိုလွည့္ၿပီးေတာ့
“နင္တို႔ဘာေတြစားထားေသာက္ထားလဲဆိုတာ မွန္မွန္ေျပာစမ္း”
“ဒီလိုပါ၊ အိမ္ကေနထြက္သြားၿပီးေတာ့ သူႀကီးနဲ႔ေတြ႕တယ္၊ သူႀကီးနဲ႔ပါလာတဲ့လူႀကီးက က်ဳပ္တို႔စားဖို႔ဆိုၿပီးေတာ့ ပဲေခ်ာင္းႏွစ္ေခ်ာင္းေပးခဲ့တယ္အေမရ၊ က်ဳပ္စားတဲ့ပဲေခ်ာင္းက ခပ္ႀကီးႀကီး၊ ငတိုးစားတဲ့ ပဲေခ်ာင္းက ခပ္ေသးေသးမို႔လို႔ သားတို႔ခ်င္းပဲေခ်ာင္းလဲစားလိုက္တာ”
သာစံံေျပာေတာ့ ေဒၚပ်င္းႀကီးက အံႀကိတ္သြားၿပီးေတာ့
“ေၾသာ္၊ သူႀကီး၊ သူႀကီး၊ ဒင္းက ငါနဲ႔တစ္ပြဲတစ္လမ္းေတြ႕ခ်င္တယ္ေပါ့ဟုတ္သလား”
ေဒၚပ်င္းက ထသြားဖို႔လုပ္တာနဲ႔ သာစံက ေဒၚပ်င္းလက္ကိုဆြဲလိုက္တာေပါ့ဗ်ာ။
“အေမ၊ ငတိုးကို ကယ္ပါအံုံးအေမရာ၊ ဒီအတိုင္းဆိုရင္ ငတိုးေသေတာ့မယ္ဗ်”
ေဒၚပ်င္းက ငတိုးကိုတစ္ခ်က္ၾကည့္လိုက္ၿပီးေတာ့
“ငါတို႔က လူမကယ္ဘူးသား၊ သူေသတာ မင္းေသတာမဟုတ္ဘူး”
အဲဒီလိုေျပာၿပီးတာနဲ႔ ေဒၚပ်င္းႀကီးက အိမ္ကေနထြက္သြားတာပဲဗ်ာ၊ က်ဳပ္လည္း ေဒၚပ်င္းေနာက္လိုက္ရေကာင္းႏိုးႏိုး၊ သာစံံတို႔ေျမးအဘြားနဲ႔ပဲ ေနရေကာင္းႏိုးႏိုးျဖစ္ေနတာေပါ့၊ ဒီအခ်ိန္မွာပဲ ငတိုးက ပက္လန္လန္သြားတယ္ဗ်၊ သူ႔ဗိုက္ထဲမွာေတာ့ ေခြေခြအေကာင္ႀကီးက လိမ္တြန႔္ေနတာပဲဗ်ာ၊ ဗိုက္အျပင္ကေနၿပိးျမင္ရတယ္ဗ်၊ မသိရင္အူႀကီးေတြလႈပ္ေနတယ္လို႔ထင္ရတာ၊ သာစံံကေတာ့ ငိုေနတယ္ဗ်။
“ဘြားဘြားႀကီး၊ ဘြားဘြားႀကီး တစ္ခုခုလုပ္ပါအုံး”
ဘြားမယ္ျဖဴလည္း သက္ျပင္းခ်ၿပီးေတာ့ ေခါင္းခါတယ္ဗ်၊
“သူ႔ဗိုက္ထဲက တိုက္ေႁမြကိုျပန္ထုတ္ဖို႔ေလာက္ေတာ့ ဘြားဘြားက မစြမ္းဘူးငါ့ေျမးရဲ႕၊ ဒါေပမယ့္ တစ္ခုေတာ့ရွိတယ္”
“ဘာလဲဘြားဘြားႀကီး”
“သူ႔ကို ဒီလိုေဝဒနာမခံစားရေအာင္လို႔ လုပ္ေပးလို႔ရတယ္”
“ဒါဆိုရင္လည္း လုပ္ေပးပါ ဘြားဘြားႀကီးရယ္၊ ငတိုးျဖစ္ေနတာကို သားမၾကည့္ရက္ႏိုင္ေတာ့ဘူး”
ဘြားမယ္ျဖဴက လက္ဝါးကိုျဖန႔္လိုက္ၿပီးေတာ့ ငတိုးမ်က္ႏွာအေပၚကိုလက္ဝါးနဲ႔အုပ္လိုက္တယ္ဗ်၊ အုပ္တယ္ဆိုေပမယ့္ ထိတယ္ဆိုရံုံေလးထိထားတာ၊ ငတိုးက မ်က္ျဖဴေတြလန္တက္လာတယ္၊ ၿပီးေတာ့ မ်က္ႏွာႀကီးတစ္ခုလုံးမွာ ေသြးေၾကာႀကီးူေတြ ရဲၿပီးေတာ့ အေၾကာင္းအေၾကာင္းေတြျဖစ္လာတယ္ဗ်ာ၊ ခဏေလးအတြင္းမွာပဲ ငတိုးတစ္ေယာက္ တစ္ခ်က္တြန႔္လိမ္ၿပီးေတာ့ ၿငိမ္က်သြားတာပဲ။ သာစံံက ငတိုးကိုေခၚၾကည့္ေတာ့ ငတိုးကမလႈပ္ေတာ့ဘူးဗ်။
“ဘြားဘြားႀကီး၊ ဘြားဘြားႀကီး ငတိုးကိုဘာလုပ္လိုက္တာလဲ”
“သူဒီအတိုင္းဆိုရင္ မေသမခ်င္းေရာဂါေတြခံံစားေနရအုံးမွာေလ၊ ဒါေၾကာင့္မို႔ သူ႔ကိုငါက သတ္ပစ္လိုက္တာ”
“ဗ်ာ၊ ဘြားဘြားႀကီး၊ ဒါဆိုရင္ ငတိုး . . . ငတိုးေသၿပီေပါ့”
“ေအးေပါ့၊ တိုက္ေႁမြက တစ္ရက္ႏွစ္ရက္ေလာက္သူ႔ကိုႏွိပ္စက္အုံးမွာပဲ ငါ့ေျမး၊ အခုသူေသသြားေတာ့ မခံစားရေတာ့ဘူးေပါ့”
သာစံက ေခါင္းတခါခါနဲ႔
“မဟုတ္ဘူးေလဘြားဘြားႀကီးရာ၊ သူ႔ကိုမနာက်င္၊ မခံံံစားေအာင္လုပ္ခိုင္းတာ ဘြားဘြားႀကီးက သတ္ပစ္လိုက္တာလား၊ အီး . . .ဟီး”
ေသသြားတဲ့အေလာင္းကိုဖက္ၿပီးေတာ့ သာစံကငိုေတာ့တယ္ဗ်၊ က်ဳပ္လည္း စိတ္မေကာင္းဘူးေပါ့ဗ်ာ၊ ငတိုးတစ္ေယာက္ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ေသသြားတာမဟုတ္လား၊ ဒါေၾကာင့္ သူ႔ကိုဘာလို႔ေသသလဲလို႔ေမးရင္ သူျပန္မေျဖတာကိုးဗ်။ ငတိုးေသၿပီးမၾကာပါဘူးဗ်ာ၊ ငတိုးရင္ဘတ္က လႈပ္လာတယ္၊ ၿပီးေတာ့ ပါးစပ္ႀကိးပြင့္သြားၿပီးေတာ့ အထဲက ေႁမြႀကီးတစ္ေကာင္ထြက္လာတယ္ဗ်၊ လုံးပတ္ကေတာ့ သိပ္မႀကီးပါဘူးဗ်ာ၊ က်ပ္ျပားဝိုင္းေလာက္ရွိမွာေပါ့။ ေႁမြႀကီးလည္းထြက္လာေရာ ဘြားမယ္ျဖဴက ေႁမြႀကီးကိုလက္ညႇိဳးထိုးလိုက္ေတာ့ ေႁမြႀကီးက အပ္ခ်ည္ႀကိဳးကေလးတစ္ေခ်ာင္းျဖစ္သြားသဗ်။
က်ဳပ္လည္း ႐ြာထဲကိုေျပးလာခဲ့တာေပါ့ဗ်ာ၊ ဟိုမွာက ပြဲေကာင္းေနၿပီမဟုတ္လား၊ ႐ြာထိပ္ေရာက္ေတာ့ ေအာ္သံဟစ္သံေတြကို ၾကားရၿပီဗ်။
“ဟဲ့ ငေဖာင္႐ိုး၊ နင္လား ငါ့သားကိုလုပ္တာ”
“ဟား၊ ဟား စုန္းမ၊ နင့္သားအသက္မေသခ်င္ရင္ နင္ငါ့ေရွ႕မွာဒူးေထာက္ဟဲ့”
ေဒၚပ်င္းက ရယ္တယ္ဗ်။
“ဟား၊ ဟား အခုနက နင္ေကြၽးတဲ့ပဲေခ်ာင္းကို ငါ့သားမစားမိဘဲ၊ ႏြားေက်ာင္းသား ငတိုးစားမိၿပီး အခုငတိုးေသၿပီဟဲ့”
“ဘာ၊ ငတိုးေသၿပီတဲ့လား”
႐ြာသားေတြက တစ္ေယာက္တစ္ေပါက္နဲ႔ေျပာဆိုကုန္တယ္ဗ်၊ ပိန္ပိန္ေညႇာင္ေညႇာင္နဲ႔လူႀကီးကေတာ့ ေခါင္းခါရင္း
“မဟုတ္တာေတြမေျပာနဲ႔စုန္းမ၊ အဲဒီကေလးေသတာ နင္သတ္တာမဟုတ္လား၊ ငါက သူနဲ႔ဘာရန္ၿငိဳးရွိလို႔ သူ႔ကိုသတ္ရမွာလည္း”
အဲဒီလူႀကီးေျပာတာကို ႐ြာသားေတြကလည္းယုံတယ္ဗ်၊ အမွန္ေတာ့ အဲဒီလူႀကီးကပဲ အစာထဲကိုအပင္းထည့္ၿပီး ေႁမြတိုက္နဲ႔တိုက္တာမဟုတ္လားဗ်ာ။ က်ဳပ္က ကိုယ့္မ်က္စိနဲ႔တင္ တပ္အပ္ျမင္ခဲ့တာဆိုေတာ့ သိတာေပါ့ဗ်ာ၊ ဒါေပမယ့္လည္း လူေတြကေတာ့ ေဒၚပ်င္းလုပ္တယ္ပဲထင္ၾကတာဗ်။
“ရွင္ဘာမွ ဘူးခံျငင္းမေနနဲ႔၊ ရွင္တို႔ေတြ က်ဳပ္ကိုမႏိုင္လို႔ က်ဳပ္သားကိုလုပ္ၿပီး အၾကပ္ကိုင္ခ်င္တာမဟုတ္လား၊ လူႀကီးေတြျဖစ္ၿပီးေတာ့ စကားေတြက ဖာဆန္လိုက္တာရွင္”
ေဒၚပ်င္းေျပာေတာ့ ေခါင္းတုံးေျပာင္ႀကီးနဲ႔လူက ရႉးရႉးရွဲရွဲျဖစ္သြားတယ္ဗ်။
“ဟဲ့ စုန္းမ၊ နင့္အဆင့္ေလာက္ကိုမ်ား ငါကေၾကာက္မတဲ့လား”
“နင့္ကိုေရာငါက လန႔္ေနလို႔လား၊ ဖုတ္ဆရာရဲ႕၊ နင့္ေဘးက လူႀကီးက ႐ိုး႐ိုးလူမဟုတ္ဘဲ ပညာသည္ရဲ႕သရဲကို ဖုတ္သြင္းထားတယ္ဆိုတာ ငါသိသားပဲ”
ေဒၚပ်င္းေျပာမွ က်ဳပ္တို႔လည္းသိေတာ့တယ္ဗ်ာ၊ ဒါေၾကာင့္ က်ဳပ္ၾကည့္ကတည္းက ဒီလူႀကီးက လူနဲ႔လုံးဝကိုမတူတာဗ်၊ တစ္ကိုယ္လုံးအ႐ိုးေပၚအေရတင္နဲ႔ အ႐ိုးေျခာက္ႀကီးတစ္ေကာင္နဲ႔ တူပါတယ္လို႔ေပါ့ဗ်ာ၊ ေခါင္းတုံးေျပာင္နဲ႔လူႀကီးက ေဘးနားက ပိန္ပိန္နဲ႔လူႀကီးကို တစ္ခ်က္ၾကည့္လိုက္တယ္ဗ်။ အဲဒီလူႀကီးက မ်က္လုံးႀကီးေတြက ဝင္းဖန႔္လာၿပီးေတာ့ ေဒၚပ်င္းႀကီးဆီကိုေျပးလာတာဗ်။ ေဒၚပ်င္းကေတာ့ ေအးေအးလူလူပါပဲ။
“ဟဲ့၊ မယ္ပ်င္းဆိုတာ ဖုတ္ေလာက္ကေတာ့ ရွိတယ္လို႔ေတာင္မထင္တာ”
ဖုတ္ေကာင္ႀကီးက ေဒၚပ်င္းကို လက္ညႇိဳးနဲ႔ထိုးၿပီး ေရ႐ြတ္ေနတာဗ်၊ ဘာမွကိုေတာ့ မျမင္ေတြ႕ရေပမယ့္ ေဒၚပ်င္းရပ္ေနတဲ့ေျခေထာက္အနားက ေျမႀကီးေတြက ဖုန္းခနဲ၊ ဖုန္းခနဲ၊ ထထေပါက္တာဗ်၊ ေဒၚပ်င္းကေတာ့ ဖုတ္ေကာင္ႀကီးကိုၾကည့္ေတာင္ၾကည့္မေနပါဘူးဗ်ာ၊ ေနာက္ေတာ့ ဖုတ္ေကာင္ႀကီးက သူလုပ္မရတဲ့အဆုံး ေျမႀကီးမွာက်ေနတဲ့ သစ္ကိုင္းတစ္ခုကိုေကာက္လိုက္ပါေရာ၊ အဲဒီသစ္ကိုင္းက ဖုတ္ေကာင္ႀကီးလက္ထဲေရာက္ေတာ့ ဓါးႀကီးတစ္လက္ျဖစ္သြားတာဗ်၊ အသြားေတြဆိုရင္ ဝင္းလက္လင္းထိန္ေနတာပဲ၊
ဖုတ္ေကာင္ႀကီးက ဓါးဝင့္ၿပီး ေဒၚပ်င္းႀကီးဆီကိုေျပးလာၿပီးေတာ့ လက္ႏွစ္ဖက္ကိုေျမႇာက္ၿပီးေတာ့ ေဒၚပ်င္းကိုဓါးနဲ႔ပိုင္းဖို႔လုပ္တာေပါ့ဗ်ာ၊ ေဒၚပ်င္းက ဒီေတာ့မွ ဖုတ္ေကာင္ႀကီးကိုစိုက္ၾကည့္လိုက္ေတာ့ ဖုတ္ေကာင္ႀကီးက ဓါးႀကီးေျမႇာက္ရင္း တန႔္ခနဲရပ္သြားေတာ့တာပါပဲ။ ေဒၚပ်င္းက ဖုတ္ေကာင္ရဲ႕နဖူးကို လက္ညႇိဳးနဲ႔ေတာက္ထည့္လိုက္ေတာ့ ဖုတ္ေကာင္ႀကီးက အေသေကာင္ႀကီးတစ္ေကာင္လိုျဖစ္သြားၿပီးေတာ့ ေျမေပၚကိုပက္လက္လန္ၿပီးလဲက်သြားတာပဲဗ်ာ၊ ေျမေပၚက်ၿပီးေတာ့ တြန႔္ေခြသြားၿပီး ျပန္မထလာေတာ့ဘူး။
“ဟဲ့၊ နင္ဖုတ္ေတာ့ ေျပးၿပီ၊ နင္ပဲက်န္ေတာ့တယ္”
ေခါင္းတုံးေျပာင္ေျပာင္နဲ႔လူႀကီးက ေျပးဖို႔လုပ္တာေပါ့ဗ်ာ၊ ေဒၚပ်င္းက လက္ညႇိဳးနဲ႔ထိုးလိုက္ေတာ့ ေခါင္းတုံးႀကီးက ေျပးမရေတာ့ဘူးဗ်။
“ငါ့ကိုမသတ္ပါနဲ႔၊ ငါ့ကိုမသတ္ပါနဲ႔ဟာ”
ေဒၚပ်င္းကရယ္ေမာရင္းနဲ႔
“မသတ္ပါဘူး၊ နင့္္ကိုငါမသတ္ပါဘူး”
ဒီအခ်ိန္ ခ်ဳံပုတ္ထဲကေန ေႁမြႀကီးေတြထြက္လာတာဗ်၊ ေႁမြႀကီးငါးေကာင္ရွိတယ္၊ ေႁမြေဟာက္ေတြလား၊ ေႁမြေပြးေတြလားေတာ့မသိေပမယ့္ အကုန္လုံးကေတာ့ အနက္ေရာင္ေတြခ်ည္းပဲဗ်။ ႐ြာသားေတြဆို အေနာက္ကိုခုန္ဆုတ္ၾကတယ္၊ ထြက္ေျပးတဲ့သူကလည္း ေျပးၾကတာေပါ့ဗ်ာ၊ ေႁမြႀကီးေတြက ေခါင္းတုံးေျပာင္နဲ႔လူႀကီးရဲ႕ ေျခေထာက္အေပၚကိုရစ္ဖက္တက္သြားၿပီးေတာ့ တျဖည္းျဖည္းနဲ႔လည္ပင္းဆီကိုေရာက္လာတယ္၊ ေဒၚပ်င္းက ေခါင္းတုံးႀကီးဆီကိုၾကည့္ၿပီး
“ဟဲ့၊ တံခါးေလးဘာေလး ဖြင့္ေပးလိုက္ပါအုံး”
ေဒၚပ်င္းေျပာလိုက္ေတာ့ အဲဒီလူႀကီးရဲ႕ပါးစပ္က ပြင့္သြားတယ္ဗ်၊ ေႁမြႀကီးေတြက အဲဒီလူႀကီးရဲ႕ပါးစပ္ထဲကို တစ္ေကာင္ၿပီးတစ္ေကာင္ ဝင္သြားၾကတာဗ်ာ၊ မသိရင္ တြင္းထဲဝင္သြားသလိုပဲ၊ အဲဒီလူႀကီးလည္း ေအာ္လိုက္တာမွ ေျပာမေနပါနဲ႔ေတာ့၊ ပါးစပ္ဖြင့္ထားတာဆိုေတာ့ ဝူးဝူးဝါးဝါးနဲ႔ေအာ္ေနေတာ့တာေပါ့ဗ်ာ။
ေႁမြငါးေကာင္လုံးဝင္သြားၿပီးေတာ့မွ ေဒၚပ်င္းက အသံအက်ယ္ႀကီးနဲ႔ရယ္ေမာရင္းနဲ႔
“နင္တို႔က ငါ့ကိုႏိုင္ဖို႔ ဆရာေတြေခၚလာၾကတယ္ေပါ့၊ ေခၚၾကစမ္း၊ နင္တို႔ဒီနယ္မကလို႔ တစ္ကမာၻလုံးက ဆရာေတြေခၚလာခဲ့စမ္း၊ ဒီ႐ြာက ဒင္းတို႔ရဲ႕သခ်ိဳင္းျဖစ္သြားေစရမယ္၊ ဟား၊ ဟား”
အဲဒီလိုေႂကြးေက်ာ္ၿပီးေတာ့ လွည့္္ထြက္သြားတာပဲဗ်ာ၊ ေခါင္းတံုံးႀကီးက ျပန္လွည့္လို႔ရေတာ့ လည္ပင္းကိုလက္နဲ႔အတင္းထိုးႏႈိက္ၿပီးအန္တယ္ဗ်၊ စားထားသမွ်အကုန္အန္ေပမယ့္ ေႁမြႀကီးေတြကေတာ့ ျပန္ထြက္မလာပါဘူး။ ေနာက္ေတာ့ သူဝတ္ထားတဲ့အက်ႌကိုလွန္ၾကည့္လိုက္ေတာ့ သူ႔ဗိုက္ထဲမွာ ေႁမြႀကီးေတြက တိုးေဝွ႔ၿပီးသြားေနတာဗ်၊ အျပင္ကေန အတိုင္းသားျမင္ေနရတယ္၊ အဲဒီလူႀကီးက သူလြယ္ထားတဲ့လြယ္အိတ္ထဲကေန ဓါးေျမႇာင္တစ္လက္ဆြဲထုတ္လိုက္တယ္ဗ်ာ၊ ဓါးေျမႇာင္က ေျခာက္လက္မေလာက္ပဲရွိမယ္၊ ေနာက္ေတာ့ သူ႔ဗိုက္ကိုသူ အဲဒီဓါးနဲ႔ဟက္တက္ႀကီးခြဲခ်လိုက္တာပါပဲဗ်ာ။
က်ဳပ္ျဖင့္ၾကည့္ေနရင္းကို တုန္လႈပ္ေနေတာ့တာပဲဗ်ာ၊ ဗိုက္ႀကီးက ဖားပါးစပ္ႀကီးလိုၿပဲထြက္သြားၿပီးေတာ့ အဲဒီလူႀကီးက ဗိုက္ၿပဲႀကီးထဲလက္ႏႈိက္ၿပီးေတာ့ ဟိုစမ္းဒီစမ္းနဲ႔ စမ္းေနေသးတာဗ်၊ ေနာက္ေတာ့ တစ္ခုခုကိုလက္နဲ႔စမ္းၿပီး ဆြဲထုတ္လိုက္ေတာ့ ေႁမြႀကီးမထြက္လာဘဲနဲ႔ အူႀကီးက အေခြလိုက္ႀကီး ပါလာေတာ့တာပဲဗ်ာ။ ဒီလိုနဲ႔ဗိုက္ထဲစမ္းလိုက္၊ အူေတြဆြဲထုတ္လိုက္လုပ္ေနရင္း ေနာက္ဆုံးေတာ့ ဒီလူႀကီး ေမွာက္ခုံႀကီးလဲၿပီး ေသသြားပါေရာ။ အူေတြေျမေပၚျပန႔္က်ဲေနတာ ျမင္မေကာင္းဘူးဗ်ာ။
(၄)
ပတ္ဝန္းက်င္က ႐ုတ္ျခည္းျပန္ၿပီး ေျပာင္းလဲသြားတယ္ဗ်၊ ေနာက္ေတာ့ က်ဳပ္တို႔ထိုင္ေနတာ အုတ္ဂူျဖဴျဖဴႀကီးေတြနဲ႔ ေျမပံုံမို႔မို႔ေတြအၾကားက သစ္ပင္ႀကီးေအာက္မွာျဖစ္ေနတယ္၊ ဦးဘသာက ထိုင္ေနရင္း ေငးေမာေနတယ္ဗ်။
“ဒါ၊ ဒါဆို ခုနက ငတိုးသရဲက၊ ဦးဘသာရဲ႕ သူငယ္ခ်င္းငတိုးေပါ့”
ဦးဘသာက ေခါင္းညိတ္တယ္ဗ်။
“ဒါဆိုရင္ သူကႏြားေက်ာင္းသားဆိုေတာ့ ႏြားေတြလိုက္ေက်ာင္းေနတာေပါ့၊ ဒါေၾကာင့္ျဖစ္မွာဗ်၊ ႏြားေတြက သူနဲ႔ဆိုရင္ ၿငိမ္ေနတာပဲ”
“ငတိုးက နဂိုကတည္းက မိဘမဲ့၊ တစ္ေကာင္ႂကြက္ဆိုေတာ့ သူ႔အေလာင္းကို လာေတာင္မယူၾကပါဘူးကြာ၊ ဒါနဲ႔ ငါနဲ႔ဘြားမယ္ျဖဴပဲ အခုႏြားေပ်ာက္ကုန္းလို႔ေခၚတဲ့ ကုန္းကေလးအလယ္နားမွာ ျမႇဳပ္ေပးလိုက္တာေပါ့ကြာ”
“ေၾသာ္၊ ဒီလိုလား၊ ငတိုးေသသြားတာ သနားစရာဗ်ာ၊ ဒါနဲ႔ ေဒၚပ်င္းႀကီးက ဘာလို႔မ်ား ငတိုးကိုမကယ္ခဲ့တာလဲဗ်၊ သူသာကယ္ခဲ့ရင္ ငတိုးတစ္ေယာက္ေသမွာမဟုတ္ဘူး”
ဦးဘသာက သက္ျပင္းခ်တယ္ဗ်။
“စုန္းဆိုတာကို ဘာလို႔လူေတြက မေကာင္းဘူးလို႔သတ္မွတ္ၾကသလဲဆိုတာ မင္းသိၿပီမဟုတ္လားကြ၊ တကယ္ေတာ့ လူေတြေျပာတာလည္း မမွားပါဘူးကြာ၊ စုန္းဆိုတာက ဘယ္ေတာ့မွ ေကာင္းတဲ့အလုပ္ကို လုပ္ၾကတဲ့လူေတြမဟုတ္ဘူးကြ”
“ဒါေပမယ့္ ဦးဘသာက်ေတာ့၊ ဦးဘသာက်ေတာ့ ေကာင္းမႈေတြလိုက္လုပ္ေနတယ္မဟုတ္လား”
“ပတ္ဝန္းက်င္က လူေတြကိုပုံေဖာ္တယ္ဆိုတဲ့ စကားတစ္ခုရွိတယ္အလတ္ေကာင္၊ လူေတြက လူဆိုးဆိုတာနဲ႔ အဲဒီလူက ဆိုးရမွာလား၊ လူေတြက လူေကာင္းလို႔သမုတ္လိုက္တာနဲ႔ ဒီလူေတြက မေကာင္းတာေတြ မလုပ္ၾကရေတာ့ဘူးလား”
ဦးဘသာစကားက ေတာ္ေတာ္အဓိပၸါယ္ရွိတယ္ဗ်။
“တကယ္ေတာ့ လူဆိုတာ ကိုယ့္ကိုယ္ကိုယ္သာ ပုံေဖာ္ရတာကြ၊ ပတ္ဝန္းက်င္က မေကာင္းဘူးလို႔ ေခါင္းစဥ္တပ္ေပမယ့္ မေကာင္းမႈဆိုတာ ကိုယ္လုပ္ခ်င္မွျဖစ္တာ၊ ေကာင္းတယ္၊ မေကာင္းဘူူးဆိုတာကို ကိုယ္ဆုံးျဖတ္ၿပီး ကိုယ့္လက္နဲ႔လုပ္ရတာပဲအလတ္ေကာင္ေရ”
ဦးဘသာက မတ္တပ္ရပ္ၿပီးေတာ့ ပုဆိုးျပင္ဝတ္လိုက္တယ္။
“ငတိုးေသသြားၿပီးကတည္းက ငါကဆုံးျဖတ္ခ်က္တစ္ခုခ်လိုက္တယ္၊ အဲဒါကေတာ့ ငါစုန္းပညာကိုသင္ယူမယ္ဆိုတာပဲ၊ ဒါေပမယ့္ ငါသင္ယူရတဲ့ရည္႐ြယ္ခ်က္က ငါ့အေမေဒၚပ်င္းကိုလူသတ္ဖို႔မဟုတ္ဘူး၊ ငတိုးလိုမ်ိဳး ပညာနဲ႔လုပ္ခံထိထားတဲ့လူေတြကို ကယ္တင္မယ္ဆိုတဲ့စိတ္နဲ႔ ငါ့အဘြားဆီက ပညာသင္ယူခဲ့တာပဲအလတ္ေကာင္”
“မြန္ျမတ္လိုက္တာဗ်ာ”
က်ဳပ္ပါးစပ္ကေနေတာင္ ေယာင္ၿပီးေတာ့ထြက္သြားတယ္ဗ်။
“တကယ္ေတာ့ လူဆိုတာသိပ္ေၾကာက္ဖို႔ေကာင္းတယ္ကြ၊ သူတို႔အေပၚမင္းက ေကာင္းေနသေ႐ြ႕၊ သူတို႔မင္းကိုအသုံးလိုေနသေ႐ြ႕ေတာ့ မင္းကိုလူေကာင္းတစ္ေယာက္လို႔ ေျပာဆိုသတ္မွတ္ၾကေပမယ့္ သူတို႔မလိုခ်င္တဲ့အခ်ိန္၊ သူတို႔အက်ိဳးစိးပြားထိခိုက္လာၿပီဆိုရင္ေတာ့ မင္းကိုလူဆိုးတစ္ေယာက္ဆိုၿပီး ဝိုင္းၿပီးသမုတ္ၾကဖို႔ ဝန္မေလးၾကဘူးကြ၊ ကဲ . . . ငါေတာ့သြားၿပီအလတ္ေကာင္ေရ”
ဦးဘသာက သုႆန္ထဲကေန တစ္လွမ္းခ်င္းထြက္သြားတယ္ဗ်၊ သုံးေလးလွမ္းေလာက္ေရာက္ေတာ့ က်ဳပ္ဘက္ကိုျပန္လွည့္ၾကည့္တယ္။
“ေနာက္ၿပီး မင္းငါ့ရဲ႕အတိတ္ေတြကို ျပန္ေတြ႕ေနတာ မေကာင္းဘူးေနာ္အလတ္ေကာင္၊ မင္း ေရွ႕ေလွ်ာက္ဒီလိုထပ္မလုပ္ပါနဲ႔”
က်ဳပ္လည္းမတ္တပ္ရပ္လိုက္ၿပီး
“ဘာျဖစ္လို႔လဲဦးဘသာ၊ က်ဳပ္လုပ္တယ္ဆိုတာ က်ဳပ္အတြက္လုပ္ေနတာမဟုတ္ဘူး၊ ဦးဘသာႀကီးရဲ႕ ေမ့ေပ်ာက္ေနတဲ့ ပညာေတြကို ျပန္ရဖို႔ က်ဳပ္ႀကိဳးစားေပးေနတာ”
ဦးဘသာက က်ဳပ္ကိုေက်ာခိုင္းရင္း
“ငါသိတယ္၊ ဒါေပမယ့္ အဲဒါက ငါကိုယ္တိုင္ေ႐ြးခ်ယ္ခဲ့တာ”
“ဘာဗ်”
“ငါ့ပညာေတြ ကုန္သြားဖို႔ကို ငါကိုယ္တိုင္ေ႐ြးခ်ယ္ခဲ့တာပဲအလတ္ေကာင္၊ တကယ္ေတာ့ ဘေသာ္တို႔လူတစ္စုေလာက္ကို ငါ့ပညာနဲ႔အသာကေလး သတ္ပစ္လိုက္လို႔ရတယ္၊ ဒါေပမယ့္ ငါမသတ္ခဲ့ဘူး၊ ငါ့ပညာေတြေပ်ာက္သြားလို႔ ငါဝမ္းမနည္းဘူး၊ ငါေပ်ာ္ေတာင္ေပ်ာ္ေသးတယ္”
“ဘယ္လိုဗ်၊ ဘာလို႔ဦးဘသာက ေပ်ာ္တာလဲ၊ စုန္းတစ္ေယာက္က စုန္းပညာေတြမရွိဘဲနဲ႔ အသက္မရွင္ႏိုင္ဘူးဆိုဗ်”
“ဒါက ခုနကေျပာသလို ပတ္ဝန္းက်င္က သတ္မွတ္ၾကတာေလကြာ၊ ဒါေပမယ့္ ငါကေတာ့ ေနႏိုင္တယ္၊ င့ါပညာေတြမရွိဘဲနဲ႔လည္း ငါေအးေအးေဆးေဆးေနႏိုင္တယ္အလတ္ေကာင္၊ ဒါေၾကာင့္မို႔ ဘေသာ္တို႔ငါ့ကို စုန္းေပါက္ေဖာက္တာကို ငါ့အတြက္အခြင့္အေရးတစ္ခုလို႔ ငါထင္မွတ္ခဲ့တယ္၊ ဒါေၾကာင့္သူတို႔လုပ္ခ်င္တဲ့အတိုင္း အလုပ္ခံခဲ့တယ္”
“က်ဳပ္ေတာ့နားမလည္ဘူး၊ ဦးဘသာ ပညာမရွိလို႔မရဘူး၊ စုန္းထီးျဖစ္တဲ့ဦးဘသာ ပညာမရွိေတာ့ရင္ စုန္းထီးဘယ္ဟုတ္ေတာ့မလဲ၊ ေနာက္ၿပီး က်ဳပ္ကို၊ က်ဳပ္တို႔မိသားစုကို၊ ေနာက္ေတာ့ ဦးဘသာခ်စ္တဲ့႐ြာသားေတြကို ဘယ္လိုအကာအကြယ္ေပးႏိုင္ေတာ့မလဲဗ်”
ဦးဘသာက ေတာ္ေတာ္စိတ္ပ်က္သြားတဲ့ပုံနဲ႔ က်ဳပ္ဘက္ကိုလွည့္လာတယ္ဗ်၊ ေနာက္ၿပီးေတာ့ က်ဳပ္ပုခုံးကိုပုတ္လိုက္တယ္။
“ဒီမွာအလတ္ေကာင္၊ ငါမင္းကိုကယ္ခဲ့ေတာ့ဘာရခဲ့လဲ”
ဦးဘသာေမးေတာ့ က်ဳပ္ျဖင့္ဆအသြားတာပဲဗ်ာ။
“ဒီ႐ြာသားေတြကို ငါကယ္ခဲ့ေတာ့ ငါဘာျပန္ရလိုက္သလဲ”
“ဟို . . . ဟို”
“ငါေနာက္ဆုံးေျပာမယ္အလတ္ေကာင္၊ မင္းတို႔ကိုကယ္လို႔၊ ႐ြာသားေတြကိုကယ္လို႔ ငါရလိုက္တာက ငါ့အတြက္ဒုကၡေတြပဲ၊ မင္းတို႔ကိုသာ မကယ္လို႔ရွိရင္ ဒီကေဝေတြ၊ စုန္းေတြက ငါ့ကိုအၿငိဳးအေတးထားခဲ့မွာမဟုတ္ဘူးကြ၊ တကယ္ေတာ့ ငါက႐ြာကလူေတြကို ကူညီခဲ့ေပမယ့္ ငါ့ကိုေတာင္ အေကာင္းေျပာခံံရတာမဟုတ္ဘူးကြ၊ ႐ြာဦးေက်ာင္းဆရာေတာ္ေျပာတာမွန္တယ္၊ ကုသိုလ္၊ အကုသိုလ္ဆိုတာ ကိုယ္ျဖစ္ကိုယ္ခံပဲကြ၊ မင္းတို႔ေတြကို ကယ္တင္တယ္ဆိုေပမယ့္ တကယ္တမ္းေတာ့ငါခံံံရတာ၊ ေတာ္ၿပီ၊ ငါေရွ႕ေလွ်ာက္ ကိုယ္နဲ႔မဆိုင္တဲ့အရာေတြကိုဝင္ပါေတာ့မွာမဟုတ္ဘူး”
ဦးဘသာက က်ဳပ္လက္ကိုဆြဲရင္း
“ဒီေတာ့ ငါေတာင္းပန္ပါတယ္အလတ္ေကာင္ရာ၊ မင္းဒိေလာက္နဲ႔ပဲရပ္လိုက္ပါေတာ့၊ င့ါပညာေတြကိုငါ ထပ္မလိုခ်င္ေတာ့ဘူး၊ ငါပညာေတြမရွိဘဲ ေအးေအးေဆးေဆးေနခ်င္တယ္၊ ငါသာမန္လူတစ္ေယာက္လိုပဲ ေနသြားခ်င္တယ္ကြာ၊ ငါေတာင္းပန္ပါတယ္အလတ္ေကာင္ရာ၊ မင္းကိုငါတကယ္ေတာင္းပန္ပါတယ္”
ဦးဘသာမ်က္လုံးထဲက မ်က္ရည္ေတြစီးက်လာတယ္ဗ်၊ ေနာက္ၿပီးေတာ့ တစ္ဖက္ကိုလွည့္သြားၿပီးေတာ့ သူေပါင္းထားတဲ့ ေခါင္းေပါင္းစႀကီးျဖဳတ္ၿပီးသုတ္လိုက္တယ္၊ ၿပီးတာနဲ႔ သုႆန္ထဲကေနထြက္သြားေတာ့တာပါပဲဗ်ာ။
သူငိုတာေတြ႕ေတာ့ က်ဳပ္လည္းစိတ္မေကာင္းဘူးဗ်၊ က်ဳပ္လုပ္ခဲ့တာေတြက အမွားေတြလား၊ က်ဳုပ္က သူ႔ကိုပညာေတြျပန္ရပါေစဆိုၿပီးေတာ့ လုပ္ခဲ့တာေတြက အမွားေတြလား။ က်ဳပ္ကိုယ့္ကိုယ္ကိုယ္ေမးရင္းနဲ႔ သစ္ပင္ေျခရင္းမွာ ထိုင္က်သြားတယ္၊ တကယ္လို႔ ဒါသာ ဦးဘသာေ႐ြးခ်ယ္မႈဆိုရင္ေတာ့ က်ဳပ္လက္ေလ်ာ့သင့္ၿပီေပါ့၊ ဦးဘသာကိုက်ဳပ္ခ်စ္တယ္၊ ကိုယ္ခ်စ္တဲ့လူျဖစ္ခ်င္တာကို ျဖစ္ေစခ်င္ၾကတာ သဘာဝမို႔ ေနာက္ဆုံးေတာ့ က်ဳပ္လက္ေလ်ာ့ဖို႔စိတ္ဆုံးခ်က္ ခ်လိုက္ေတာ့တယ္။
“မွန္ပါတယ္ဗ်ာ၊ ဦးဘသာက အၿမဲတမ္းမွန္ပါတယ္”
“မွားတယ္”
သစ္ပင္ေနာက္က အသံၾကားလိုက္လို႔ က်ဳပ္လွည့္္ၾကည့္လိုက္ေတာ့ ေဒၚပ်င္းတစ္ေယာက္ ေဆးလိပ္ႀကီးလက္ၾကားညႇပ္ရင္း သုႆန္ထဲကေနထြက္လာတယ္ဗ်။ က်ဳပ္ျဖင့္ အံံ့ၾသလို႔မဆုံးပါဘူးဗ်ာ။
“မွားတယ္၊ သာစံဆိုတာ အၿမဲတမ္းမွားခဲ့တယ္၊ မွားခဲ့လို႔လည္း ဒီေကာင္ေလး အခုလိုေနရတာေပါ့”
“ေဒၚ၊ ေဒၚပ်င္း၊ ဒါဆိုရင္ က်ဳပ္အိပ္မက္မက္တာ တကယ္ေပါ့”
“စုန္းတစ္ေယာက္ရဲ႕သားက စုန္းပဲျဖစ္ရမယ္၊ ေနာက္ၿပီး စုန္းဆိုတာ ေပ်ာ့ညံ့ေနလို႔မရဘူး၊ ငါရွိတုန္းက ေဟာဒီ႐ြာမေျပာနဲ႔ အနားက႐ြာေတြအျပင္၊ ဒီနယ္တစ္ခြင္မွာ ငါ့ကိုယွဥ္ရဲတဲ့လူရွိခဲ့လို႔လား၊ ဒီေတာ့ ဒီဟာကလည္း ငါ့ရဲ႕အခြင့္အေရးပဲ”
“ဘာအခြင့္အေရးလဲ”
“သာစံကိုပညာေတြထည့္ေပးၿပီးေတာ့ သူ႔ဝမ္းထဲက ငါေပးခဲ့တဲ့နတ္မင္းေတြရဲ႕ ပညာေတြကိုေတာင္းခံရမယ္၊ ၿပီးေတာ့ သူ႔ကိုဒီနယ္တစ္ေၾကာမွာ အစြမ္းအထက္ဆုံးသူျဖစ္ေအာင္ လုပ္ေပးရမယ္”
“မျဖစ္ႏိုင္ဘူးထင္တယ္၊ ဦးဘသာက ဒီလိုလုပ္မွာမဟုတ္ဘူး၊ ဘာလို႔လဲဆိုေတာ့ သူက လူေကာင္းတစ္ေယာက္၊ သူေတာ္ေကာင္းတစ္ေယာက္မို႔လို႔ဗ်”
က်ဳပ္စကားၾကားေတာ့ ေဒၚပ်င္းက တဟားဟားနဲ႔ရယ္တယ္ဗ်။
“စုန္းတစ္ေယာက္က သူေတာ္ေကာင္းျဖစ္ႏိုင္မလား၊ စာဆိုေတာင္ရွိေသးတယ္၊ ဒီပုတ္ထဲက ဒီပဲဘဲတဲ့၊ ဒီေတာ့ ဒီပုတ္ထဲမွာ ဒီပဲမဟုတ္ဘဲ တျခားပဲေတြေရာပါလာရင္ လႊင့္ပစ္ခံရတတ္တာထုံးစံပဲ၊ သာစံအခုျဖစ္ေနတာလည္း ဒီလိုပဲ၊ သူက စိတ္ေကာင္းရွိေတာ့ သူ႔ကို႐ြာကလူေတြက ပစ္ပယ္ထားၾကတယ္မဟုတ္လား၊ အခုငါေရာက္လာၿပီ၊ ငါ့သားရဲ႕စိတ္ေတြကို ငါေျပာင္းလဲေပးမယ္၊ သာစံဆိုတဲ့နာမည္ၾကားလိုက္တာနဲ႔ လူေတြအားလုံးက ေခါင္းေဖာ္မၾကည့္ဝံ့ေလာက္ေအာင္ျဖစ္သြားေအာင္လို႔ ငါလုပ္ေပးရမယ္”
“မလုပ္နဲ႔၊ အဲဒီလိုမလုပ္ပါနဲ႔၊ ဦးဘသာက အဲဒီလိုျဖစ္ေစခ်င္တာမဟုတ္ဘူး၊ သူက သာမန္လူအတိုင္း ဘဝကိုေအးေအးခ်မ္းခ်မ္းပဲ ျဖတ္သန္းခ်င္တာဗ်”
ေဒၚပ်င္းက က်ဳပ္ကိုၿပဳံးၾကည့္ရင္း အခိုးအေငြ႕ေတြအျဖစ္ေျပာင္းသြားတယ္ဗ်၊ ေနာက္ေတာ့ အဲဒီအခိုးအေငြ႕ေတြက က်ဳပ္မ်က္ႏွာအနားကိုပ်ံံံသန္းလာၿပီးေတာ့ က်ဳပ္ရဲ႕ႏွာေခါင္းေပါက္ေတြနဲ႔ ပါးစပ္ထဲကိုအတင္းတိုးဝင္တယ္ဗ်ာ၊ က်ဳပ္ႏွာေခါင္းထဲမွာလည္း စိမ္းေ႐ႊေ႐ႊအနံ႔ႀကီးရၿပီးေတာ့ ပါးစပ္ထဲမွာလည္း တစ္မ်ိဳးႀကီးပဲဗ်၊ ေနာက္ေတာ့ က်ဳပ္ေခါင္းေတြအကုန္လုံး မူးေဝလာသလိုျဖစ္ၿပီးေတာ့ က်ဳပ္လည္း သစ္ပင္ေျခရင္းမွာ လဲက်သြားေတာ့တာပါပဲဗ်ာ။
ဆက္ရန္။
#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ