*ဘွားမယ်စိန်နှင့် စုန်းထီးစံကျော်*📖📖📖 (စဆုံး)
********************************************
ညနေပိုင်းအချိန်သည် နွားများကိုရွာထဲ
ပြန်မောင်းသွင်းကြသည်မို့ ဖုန်များက
တထောင်းထောင်းဖြစ်လို့နေခဲ့၏။
လယ်တောဆင်းသူများလည်းပြန်လာကြသည်မို့
နွားလှည်းများအပေါ်၌လည်း လယ်တောသုံးပစ္စည်းများကို
တင်ကာရွာထဲသို့ပြန်ဝင်လာကြလေသည်။
“ဗျို့နောင်ကြီး…ဒီရွာနာမည်က
သောင်ထွန်းရွာဆိုတာဟုတ်သလားဗျ”
ဟု…လှည်းလမ်းကြောင်းအတိုင်းလာသော
အသက်ခပ်လတ်လတ်အရွယ်…
ခရီးသွားဖြစ်ဟန်တူသောလူမှ
လယ်တောမှပြန်လာသော ရွာသားကိုမေးလိုက်ခြင်းပင်။
“ဟုတ်တယ်လေ…ဒါသောင်ထွန်းရွာပဲဗျ”
“ဒါဆိုရင်…ဘွားမယ်စိန်ဆိုတဲ့အမျိုးသမီးဒီမှာ
ရှိတယ်ပေါ့…ဟုတ်သလား နောင်ကြီး…”
“ဘွားကိုမေးတာလား…ရှိတယ်လေ…
ခင်ဗျားကဘယ်သူတုန်း…”
ရွာသားက ခရီးသွား၏ပုံစံကိုအကဲခတ်ရင်းမေးလိုက်သည်။
“ကျုပ်နာမည်…စံကျော်…
ခင်ဗျားတို့ဘွားလို့ခေါ်တဲ့ဘွားမယ်စိန်ဆီကို
လာတာ…”
“သြော်…ဒါဆို ဘွားဧည့်သည်ပဲ…
လာလေ…လှည်းပေါ်တက် ကျုပ်လိုက်ပို့ပေးပါ့မယ်”
“နေ…နေ…ကျုပ်မလိုက်တော့ဘူး…”
ဟု…ဆိုကာ စံကျော်ဆိုသူသည်
နွားလှည်းအနီးမှ ထွက်သွားတော့၏။
“ဘယ်လိုလူလဲတာ…”
ရွာသားလည်းစံကျော်ကိုလှမ်းကြည့်ရင်း
ပြောလိုက်သည်။
ပြီးနောက်နွားလှည်းကိုရွာထဲသို့မောင်းဝင်လာခဲ့တော့သည်။
********************************
နံနက်ခင်းအချိန်နိုးသည်နှင့် ဘုရားခန်းထဲ၌
သောက်တော်ရေကပ်ခြင်း…၊ဆွမ်းတင်ခြင်းကို
ဘွားမယ်စိန်လုပ်ဆောင်နေခဲ့သည်။
“အရီး…”
“ဟော…မောင်တိုး…စောလှချည်လားဟဲ့…
အမယ်…လက်ထဲမှာလည်းအကြော်တွေနဲ့ပါလား…”
“ဟုတ်တယ်အရီး…အမေက ဆူးပုပ်ရွက်ကြော်နဲ့
ကုလားပဲကြော်လေး…ဒီမနက်ကျုပ်တို့စားဖို့
ကြော်လို့လေ…အဲ့တာဘွားတို့အရီးတို့စားဖို့လာပေးတာဗျ”
“အေးကောင်းသား ဟဲ့…
အရီးလည်းအိမ်မှာဆီထမင်းထိုးထားတာ..
အခုပဲနင့်ညီမကိုအကြော်သွားဝယ်ခိုင်းတော့မလို့လေ…
အခုတော့အတော်ပဲ….အကြော်ဝယ်စရာမလိုတော့ဘူး…
ခဏထိုင်ဦး…အရီးဆီထမင်းခူးပေးဦးမယ်”
မောင်တိုးကအကြော်ပန်းကန်ကို ဒေါ်ဝင်းကိုပေးလိုက်ပြီး
ကွပ်ပျစ်ခင်း၌ ဝင်ထိုင်ကာ အကြမ်းရည်သောက်သည်။
ဒေါ်ဝင်းကတော့အကြော်ပန်းကန်ကိုကိုင်၍
မီးဖိုထဲဝင်သွား၏။
ခြံဝိုင်းထဲမှာတော့နန်းကြိုင်လေးက
တံမြက်စည်းလှည်း၍
အမှိုက်များကိုကျူံးနေခဲ့၏။
“ငါ့ညီမက…လိမ်မာနေလိုက်တာကြည့်စမ်း”
ဟု…မောင်တိုးကလှမ်းပြောလိုက်လေတော့
နန်းကြိုင်လေးကိုတံမြက်စည်းကိုကိုင်ရင်း
ခါးကြီးထောက်၍…
“အမယ်…စောစောစီးစီးကိုကြီးတိုးက
အိမ်ကိုရောက်နေတာလား…”
“မစောတော့ပါဘူးဟ…နေတောင်တော်တော်ထွက်နေပြီကို”
“အင်းပေါ့လေ…တို့ကိုကြီးတိုးက
ကိုကြီးအုန်းလိုမစွံရှာလို့
ကျုပ်တို့အိမ်ပဲလာလည်စရာရှိမှာပေါ့…”
“အမယ်…ဒီကလေးမက…ကျုပ်အတော်ထင်သေးသကိုး…
မေးကြည့်စမ်းပါဗျာ…ဘွားနဲ့ခရီးအတူလိုက်တိုင်း
ရောက်တဲ့ရွာကအပျိုတွေခမျာကျုပ်ကိုမပြန်စေချင်ကြလို့
ငိုယိုပြီးကိုလိုက်ဆွဲကြတာ…မေးကြည့်စမ်းပါ…”
“ဟားးး…ဟားးး…ဟားးး…ဟားးး….
ယုံတယ်…ယုံတယ်…အဲ့မိန်းမတွေက
စုန်းမရုပ်ဆိုးကြီးတွေပဲဖြစ်လိမ့်မယ် နော့ကိုကြီးတိုး”
“အမယ်လေးဗျာ…ပြောရက်ပါပေတယ်…”
မောင်တိုးက လူပျော်ကြီးဖြစ်သည်။
စတတ်…နောက်တတ်သည်က မောင်တိုး၏အကျင့်ဖြစ်၏။
ယခုလည်းနန်းကြိုင်လေးနဲ့စနောက်ရင်း
ပြုံးပျော်လို့နေလေသည်။
“အသံကြားပါတယ်လို့ထင်နေတာ…
မောင်ရင်ရောက်နေတာကိုး”
“ဟာ…ဘွားတောင်
ဘုရားကန်တော့် ပြီးပြီပဲ…”
“အေးလေ…”
ဘွားမယ်စိန်ဘုရားခန်းထဲမှထွက်လာသည်နှင့်
အိမ်အောက်ထပ်ကွပ်ပျစ်ခင်းဆီရောက်လာခဲ့သည်။
“အမေ့သားက အကြော်လာပေးတာတဲ့လေ…
ဒီမှာဆီထမင်းနဲ့အကြော်…အမေတို့တစ်ခါထဲ
စားလိုက်ကြတော့”
ဒေါ်ဝင်းကအကြော်ပန်းကန်နဲ့ဆီထမင်းပန်းကန်နှစ်ချပ်ကို
ကွပ်ပျစ်ခင်းရှိလင်ဗန်းပေါ်၌ချပေးလေသည်။
မောင်တိုးကဘွားမယ်စိန်အတွက်ရေနွေးကြမ်းလေး
ငှဲ့ပေး၏။
“မနက်စာဆီထမင်းနဲ့အကြော်ဆို
အတော်လိုက်ဖက်တာမောင်ရင်ရဲ့…
စား…စား…မိဝင်းညည်းတို့သားအမိလည်း
အတူတူလာစားကြလေ…”
“အမေတို့ပဲစားနှင့်ကြပါ…
ကျုပ်တို့သားအမိ
ရွာလယ်ပိုင်းခဏသွားလိုက်ဦးမယ်အမေ…
အရီးသန်းဆင့်ဆီ ဆုံဆီလေးသွားဝယ်ချင်လို့ပါ”
“အေး…အေး…ဒါဆိုလည်းသွားကြလေ…
ညည်းအရီးကအလကားပေးရင်မယူခဲ့နဲ့နော်…
သူတို့လည်းအလကားရတာမဟုတ်ဘူး…ကြားလားမိဝင်း”
“ဟုတ်ကဲ့ပါအမေရယ်…”
ဘွားမယ်စိန်ကိုပြောပြီးသည်နှင့်ဒေါ်ဝင်းက
ဆီထည့်သည့်ချိုင့်ကိုယူ၍ နန်းကြိုင်လေးကိုခေါ်ကာ
အိမ်ဝိုင်းထဲမှထွက်သွားတော့သည်။
“ဘွား…”
မောင်တိုးကဆီထမင်းနဲ့အကြော်ကိုရော၍
နှယ်ဖက်နေရင်းမှ ဘွားမယ်စိန်ကိုခေါ်လိုက်သည်။
ဘွားမယ်စိန်ကလည်းအကြမ်းရေမော့သောက်ပြီးမှ
“ဟေ…”ဟုထူးလိုက်၏။
“အစောက နန်းကြိုင်လေးနဲ့စနောက်နေရင်း
ကျုပ်သိချင်တာပေါ်လာခဲ့လို့…အဲ့တာ
ဘွားကိုမေးရကောင်းမလားတွေးမိလို့ပါ…”
“အမယ်…ထူးထူးဆန်းဆန်းပါလား
ဘာများမေးချင်လို့တုန်း…”
“ဒီလိုဗျ…အစောကနန်းကြိုင်လေးနဲ့စကြရင်းကနေ…
ကျုပ်သိချင်သွားတာက…
စုန်းမတွေဆိုရင်ရုပ်ဆိုးတယ်ဆိုတာ
အမှန်ပဲလားဘွား…”
မောင်တိုးစကားကြောင့်
ဘွားမယ်စိန်သည် လက်ထဲကိုင်ထားသော
အကြော်နဲ့ဆီထမင်းကိုပန်းကန်ထဲပြန်ချ၍စိုက်ကာ
ကြည့်လေသည်။
ဘွားမယ်စိန်အကြည့်ကြောင့်
မောင်တိုးခမျာ ကြောင်အမ်းသွားရ၏။
ပြီးလေမှာဘွားမယ်စိန်ကပြုံး၍…
“မောင်ရင့်စကားကြောင့်ဘွားတောင်
အတိတ်ကိုပြန်သတိရမိသွားတယ်…”
“ဘယ်လို…အတိတ်ဟုတ်လားဘွား…
အတိတ်မှာဘာများဖြစ်ခဲ့လို့လဲဘွားရဲ့…”
ဟု…မောင်တိုးကသိချင်စိတ်ကြောင့်
ထပ်မံကာမေးလေသည်။
ဘွားမယ်စိန်ကလည်းတွေးတွေးစစဖြင့်…
“အင်း…အဲ့သည်တုန်းက မင်းအဘိုး.ဘိုးသာမောင်နဲ့
ဘွားတို့က လက်ထပ်ပြီးစအချိန်ကပေါ့လေ…”
***************************
“မယ်စိန်ရေ…ငါ့ညီမ…”
“ရှင်…မမသိန်း…”
ခြံဝိုင်းထဲသို့နာမည်ခေါ်ကာဝင်လာသူကြောင့်
ငရုပ်ဆီးများအညှာချွေနေသော မယ်စိန်သည်
မည်သူ့အသံဆိုတာသိ၍ ချက်ချင်းထူးလိုက်၏။
“သာမောင်လယ်တောသွားပြီလား”
“အစ်မမောင်အစောကပဲသွားတယ်လေ…
ဘာလို့လဲအစ်မ”
“ဘာမှမဟုတ်ပါဘူးအေ…
ညည်းများပျင်းနေမလားလို့…လာခဲ့တာပါ…”
“ကျုပ်ပျင်းချိန်မရှိပါဘူးအစ်မရယ်…
အခုအိမ်အလုပ်လေးလုပ်ပြီးရင် တော်နေ
ကိုသာမောင်ကိုထမင်းပို့ဖို့ပြင်ဆင်ရဦးမှာလေ…”
“အေးနော်…ငါ့ညီမကရုပ်လေးကချော…
ဟောအချက်အပြုတ်နဲ့အိမ်အလုပ်ကျလည်း
မပျင်းရှာတော့ အစ်မမောင် သာမောင်ကတော့
ဇနီးကောင်းလေးရထားရှာတာပဲ…
သိလား…အစ်မတော့သူ့အစားဝမ်းသာပါတယ်အေ”
မသိန်းစကားကြောင့်မမယ်စိန်လည်းပြုံးသွားလေသည်။
“ဒါနဲ့…ညည်းအားရင်ခဏလိုက်ခဲ့ပါလား…
တောင်ဝိုင်းကအေးပုတို့အိမ်ကိုသွားကြရအောင်လေ”
“အေးပုကဘာဖြစ်လို့တုန်းအစ်မ”
“ဘာဖြစ်တာလဲဆိုတော့
အေးပုလေ…အောက်လမ်းနဲ့တိုက်တာခံထားရလို့ဆိုပြီး
ဆရာခေါ်ထားတာ…အခုဆိုလူတွေ
အတော်စည်နေလောက်ပြီအေ့…”
ဟုပြောတော့…
“သြော်…ဒါဆိုရင်အစ်မသွားချင်ရင်သွားလေ…
ကျုပ်တော့မလိုက်ချင်ဘူး”
“လိုက်ခဲ့စမ်းပါအေ…ငါလည်းကြည့်ချင်နေတာ
ညည်းပါမှပဲသွားချင်လို့ပါမယ်စိန်ရယ်…”
“ခက်ပါ့မမသိန်းရယ်…
တော်ပဲသွားလိုက်ပါ…ကျုပ်မလိုက်ချင်လို့ပါတော်…”
“မယ်စိန်ရယ်…အစ်မခေါ်တာကိုလိုက်ခဲ့စမ်းပါအေ…
နော်ညီမလေး”
မသိန်းကမမယ်စိန်ကိုအတင်းခေါ်နေသည်။
ထိုအခါမမယ်စိန်လည်း သက်ပြင်းလေးချပြီး
ခေါင်းတစ်ချက်ညိတ်၍…
“အင်းပါမမသိန်းရယ်…
ကျုပ်လိုက်ခဲ့ပေးပါ့မယ်”
ဟုဆိုပြီးပြောလိုက်တော့လေသည်။
ထိုသို့ဖြင့်…
မသိန်းနှင့်အတူလိုက်လာခဲ့ရာ
အေးပုတို့၏အိမ်ဝိုင်းအတွင်း၌
ရွာသူ၊ရွာသားများတရုန်းရုန်းဖြစ်လို့နေတာကို
တွေ့လိုက်ကြရ၏။
“ဟဲ့ကောင်မတွေအခြေအနေဘယ်လိုတုန်းအေ့”
မသိန်းကရွာသူမိန်းမပျိုများ၏အနီးသို့
လာကာမေးလေတော့…
“အိမ်အပေါ်ထပ်မှာ…ပယောဂကုတဲ့ဆရာတစ်ယောက်
ရောက်နေတယ်တော့်…အေးပုကိုဘုရားခန်းမှာခြေဆင်းခိုင်းပြီး
စစ်နေတယ်လို့ပြောတယ်”
“ဟယ်…ဟုတ်လား”
မသိန်းလည်းသိချင်လာပြန်၍
မယ်စိန်ကိုလက်ဆွဲ၍အိမ်အပေါ်ထပ်သို့တက်လာခဲ့သည်။
အပေါ်ထပ်၌အေးပုမိဘများနဲ့
လူကြီးများရယ်ရွာသူတချို့ရယ်သာရှိပြီး
ခြံဝိုင်းထဲကကဲ့သို့လူသိပ်မရှိလှပေ။
“မိသိန်း…ဘာတက်လုပ်တာတုန်း”
“ကြီးတော်ကလည်းကျုပ်တို့လည်းသိချင်လို့ပေါ့တော်…”
“ညည်းတယ်စပ်စုသကိုး…
မယ်စိန်ကိုတောင်အဖော်ညှိ့လာသေးတယ်”
“ကြီးတော်လည်းဘာထူးသလဲ”
မသိန်းကပြန်ပြောလေတော့ ကြီးတော်ဖြစ်သူက
မည်သည့်စကားမှဆက်မပြောတော့။
အေးပုကတော့ဘုရားခန်းကိုကျောပေး၍
ခြေဆင်းကာထိုင်နေသည်။
ဆံပင်ကိုလည်းဖျားလျားချလို့ထား၏။
သူ၏အနီးမှာတော့တိုက်ပုံအဖြူကိုဝတ်ဆင်ထားသော
အသက်ငါးဆယ်အရွယ်ရှိလူကြီးတစ်ဦး
တင်ပုလ္လင်ခွေကာထိုင်လို့နေသည်။
ခေါင်းမှာလည်း
တစ်ခေါင်းလုံးဖြူကာဖွေးလို့နေ၏။
ထိုလူကြီးက
ရေခွက်တစ်ခုကိုလက်၌ကိုင်၍သစ္စာဆိုနေခဲ့သည်။
“ကျွန်ုပ်ပြုသောသစ္စာမှန်ကန်ပါက
အထက်ဆရာကြီးများချီးမြှင့်သော ဤသစ္စာရေစင်သည်
အစွမ်းထက်၍ရန်ဟူသမျှ…အတိုက်ဟူသမျှ
ဖယ်ရှားအောင်မြင်နိုင်ပါစေ…”
ဆိုပြီးတိုင်တည်ကာသစ္စာပြုလေသည်။
ပြီးနောက်အေးပု၏မျက်လုံးအတွင်းသို့
ထိုသစ္စာရေအားတစ်စက်စီခတ်လိုက်၏။
ထိုအခါ အေးပုမှာငရုတ်သီးစပ်သကဲ့သို့မြေပေါ်သို့
တွန့်တွန့်လူးကာအော်ဟစ်တော့သည်။
“အမယ်….ပူလှ…စပ်လှချည်ရဲ့တော့်…”
“အေး…မေတ္တာနဲ့မရတော့လည်း…
ညည်းဒီဒဏ်ကိုခံပေဦးပေါ့”
“ပူလိုက်တာ… ပူလိုက်တာဆရာရယ်…
ကျုပ်ကြောက်ပါပြီ…ကျုပ်ကြောက်ပါပြီ…
အီးးးဟီးးးဟီးးးးးးးဟီးးးးးးးးး”
ဟုအော်ကာငိုလေသည်။
“ကောင်းပြီ…ဒါဆိုရင်ညည်းပညာတွေနဲ့လုပ်ထားတဲ့
ဒီကလေးမကိုညည်းပြန်ကုပေတော့…
ကုနိုင်မလားဟေ့”
“ကုနိုင်ပါတယ်ဆရာ…
ကျုပ်ပြန်ဖယ်ပေးပါ့မယ်…”
“ကောင်းပြီ…”
ပြောဆိုဖယ်ရှားခိုင်းပြီးနောက်
အေးပုလည်းသက်သာသွားသည်။
အေးပုသက်သာလေတော့ ထိုဆရာကြီးကို
တစ်ရွာလုံးကချီးကျုးကြ၏။
“တောက်…”
လူအုပ်ကြားထဲမှ တောက် တစ်ချက်ခေါက်၍
ထွက်သွားသော ခင်သိုက်ကို မယ်စိန် မြင်လိုက်သည်။
ပညာသည်ချင်းပေမို့ ခင်သိုက်ဘာဆိုတာ
မယ်စိန်သိ၏။
ခင်သိုက်က ရွာ၌အချောအလှစာရင်းထဲ
ပါဝင်သူဖြစ်သော်လည်း
ခင်သိုက်ကစုန်းပညာတတ်သည်။
ယခုလည်း ပယောဂ ကုနေသည်ကိုလာကြည့်ပြီး
လူများကြားထဲ၌ တောက်တစ်ချက်ခေါက်၍
ပြန်ထွက်သွားသည်။
မယ်စိန်ကတော့ခင်သိုက်ကိုလည်းကောင်း…
ပယောဂကုပေးသည် လူကြီးကိုလည်းကောင်းကြည့်၍
ခေါင်းလေးခါနေမိ၏။
အေးပုအကြောင်းကိုအထူးပြု၍
တစ်အိမ်တက်ဆင်း ပူဇော်ခံနေရသည့်ဘဝကို
ရောက်ရှိသွားသော ပယောဂကုဆရာကြီးသည်
နှစ်ရက်မြှောက်သော နေ့၌
ခြေကားယား…လက်ကားယား….
မျက်လုံး…မျက်စံပြူး၍အိပ်ရာထဲ၌သေဆုံးနေခဲ့သည်။
သောင်ထွန်းတစ်ရွာလုံးလည်း ထိုဖြစ်ရပ်ကြောင့်
အထိတ်တလန့်ဖြစ်ကုန်ကြရပြီး…
ပယောဂဆရာကြီးကိုနေ့ချင်းပင်သဂြိုလ်ပေးကြသည်။
ဘယ်ဆီ…ဘယ်ဝယ်ကမှန်းမသိ…
မိဘမျိုးရိုးမသိသောထိုပယောဂဆရာကြီး၏
အသုဘသည်က ရွာသားများ၏လက်ထဲ၌
ဖြစ်သလိုပြီးဆုံးသွားခဲ့ရသည်။
*********************************
“ဘွား…ဒါဆိုရင်အမေခင်က
စုန်းပညာတတ်ခဲ့တာပေါ့”
မောင်တိုးကဘွားမယ်စိန်ပြောသောအကြောင်းအရာကို
နားထောင်ပြီးတော့မှမေးလေသည်။
ဘွားမယ်စိန်ကလည်း…
“တကယ်တော့ ခင်သိုက်ကဘာဆိုတာ
ဟောသည်သောင်ထွန်းတစ်ရွာလုံး
ခင်သိုက်သေပြီး…အခုချိန်ထိဘယ်သူမှမသိကြဘူးကွဲ့…
ဘွားကသာပညာသည်ချင်းဆိုတော့သိတာပေါ့ကွယ်…”
“သြော်…ဒီလိုလား…ဒါဖြင့်
ဟိုဘိုးတော်သေတာကရော…
ရိုးသလားဗျ”
“ဘယ်ရိုးမလည်းကွယ်…
တကယ်တော့အဲ့သည်လူက
အထက်လမ်းဆရာအယောင်ဆောင်ထားတဲ့
အောက်လမ်းကောင်ကွဲ့…
ဒင်းကလူတွေဆီကလာဘ်လာဘကိုလိုချင်လို့…
ဒင်းတပည့်သရဲမတစ်ကောင်ကိုပူးကပ်ခိုင်းပြီး
လူယုံအောင်သရုပ်ပြတာပေါ့ကွယ်…
ခက်တာက ဒီအကြောင်းကိုဘွားအပြင်
ခင်သိုက်ကလည်းသိထားတော့
ဒင်းသေပြီပေါ့…
ဒင်းပညာနုနုလေးနဲ့ရွာကိုလာလိမ်တော့
ဟိုခင်သိုက်ကပညာနဲ့သတ်ပြီပေါ့ကွယ်…”
“ဒါဆို…ဘွားခင်ကကြောက်တော့ကြောက်စရာကြီးဗျ”
“ခင်သိုက်ကသေတဲ့အထိသူတပါးအပေါ်
မကောင်းတာမလုပ်ပါဘူး…
မကောင်းသူပယ်…ကောင်းသူကယ်လမ်းစဥ်ပေါ့
မောင်ရင်ရယ်…”
ဘွားမယ်စိန်ပြောပြသောခင်သိုက်ဆိုသည်က
သောင်ထွန်းရွာသူပင်…။
ဘွားမယ်စိန်ငယ်ရွယ်စဥ်သောင်ထွန်းရွာကို
ရောက်လာစအချိန်တုန်းက
သိထားသောအကြောင်းအရာကိုမောင်တိုးတစ်ယောက်
သိရှိသွားလေသည်။
“ဒါဆို စုန်းပညာတတ်တဲ့သူတွေဆိုရင်
ရုပ်ဆိုးတဲ့သူတွေဆိုပြီးပြောကြတဲ့
စကားကမှားတာပေါ့ဗျ….
ဘွားတို့…ဘွားခင်သိုက်တို့ဆိုတာ ဟိုးအရင်က
အတော်ချောအတော်လှတဲ့သူတွေပဲလို့
ကျုပ်အဘိုးတွေပြောခဲ့ဖူးတယ်လေ…”
မောင်တိုးစကားကြောင့်ဘွားမယ်စိန်က
ပြုံးပဲပြုံးနေခဲ့သည်။
မောင်တိုးကတော့ဆီထမင်းနဲ့အကြော်ကို
အားရပါးရစားနခေဲ့၏။
“စားထားမောင်ရင်…
သဘက်ခါညကျရင်တော့ သကောင့်သားတစ်ကောင်ကို
ဘွားသွားတွေ့ရဦးမယ်ကွဲ့”
“ဗျာ…ဘယ်သူလဲဘွား…
ညဘက်ကြီးဘယ်သူ့ကိုသွားတွေ့ရမှာလဲဗျ”
“မောင်ရင်သိလာပါလိမ့်မယ်ကွယ်…”
ဘွားမယ်စိန်စကားကိုမောင်တိုးနားမလည်…
ပါးစပ်ထဲရှိ ဆီထမင်းနဲ့အကြော်များကို ဆက်ဝါးရမှာပင်
မေ့နေခဲ့သည်။
“ကဲ…စားစရာရှိတာကိုပဲစားစမ်းပါ…”
“ဟုတ်…”
မောင်တိုးလည်းမမေးရဲ၍မမေးတော့ဘဲ
ပန်းကန်ထဲရှိလက်ကျန်ကိုကုန်အောင်စားတော့သည်။
စားလို့ပြီးလေမှ ဘွားမယ်စိန်ကိုနှုတ်ဆက်၍
မောင်တိုးလည်းအိမ်သို့ ပြန်သွားလေသည်။
ဘွားမယ်စိန်နှင့်စုန်းထီးစံကျော်
စာမူ…၉၃
ဇာတ်သိမ်းပိုင်း
တစ်နေကုန် နွားများအစာကျွေး…ရေတိုက်သည့်အပြင်
နွားချီးကျုံးအလုပ်များကိုပါလုပ်ကိုင်ပြီးတော့မှ
မောင်တိုးလည်းရေချိုးရသည်။
ရေချိုးနေစဥ်…
“အရီး…ကိုကြီးတိုးရှိလားဗျ”
“ဟယ်…ငသွင်နဲ့ဖိုးထူးပါလား…
နင်တို့အစ်ကိုရှိပါ့…ဟိုမှာရေချိုးနေလေရဲ့”
“ကိုကြီးတိုး…”
မောင်တိုးအမေကရေချိုးသောနေရာကို ညွှန်ပြလေတော့
ငသွင်တို့ကချက်ချင်းအပြေးလာကြသည်။
“ငသွင်…အလောတကြီးနဲ့
ဘာဖြစ်လာတာတုန်းကွ…”
“အလောကြီးတာမဟုတ်ဘူးကိုကြီးတိုးရဲ့
အရေးကြီးတာဗျ…အရေးကြီးတာ”
ငသွင်၏စကားကြောင့်
မောင်တိုးရေပင်ဆက်မချိုးနိုင်တော့။
“ဘာဖြစ်လို့လဲ…ဘာအရေးကြီးတာလဲကွ”
ဖိုးထူးကငုတ်တုပ်ထိုင်နေသည်။
ငသွင်ကတော့ခါးကြီးထောက်၍…
“ကျုပ်တို့ကျောင်းအနောက်က
သင်္ချိုင်းမှာစံကျော်ဆိုတဲ့လူရောက်နေတယ်ဗျ”
“ဟေ…စံကျော်ဟုတ်လား…
သူကဘယ်သူတုန်းကွ”
“ဘယ်သူတုန်းဆိုတာထက်…
သူ့ကိုယ်သူစုန်းပညာမှာဆရာတစ်ဆူလိုလိုပြောနေတာဗျ…
ဒါ့အပြင်ဒင်းကဘွားမယ်စိန်ကိုလာရှင်းတာဆိုပဲ…”
“ဗွမ်း…”
“ဘာကွ…”
“ဟာ…စင်ကုန်ပါပြီဗျာ…”
မောင်တိုးဒေါသထွက်သွားပြီးရေခွက်ကိုရေအိုးထဲသို့
ပစ်ပေါက်ချလိုက်သည်။
ရေများက ငုတ်တုတ်ထိုင်နေသာ ဖိုးထူးကိုသွားစင်လေတော့
ဖိုးထူးခမျာ နေရာမှချက်ချင်းထ၍အဝတ်များကို
ရေညှစ်ရသည်။
“စိတ်ကိုလျော့ပါဦးကိုကြီးတိုးရာ…
ကျုပ်ပြောပြပါ့မယ်…”
“အေး…ဒါဆိုပြောစမ်းငသွင်…
ဒင်းကဘာကောင်မလို့ တို့ရွာကိုလာပြီး
ဒီစကားတွေပြောရတာလဲကွ”
“ကျုပ်ပြောမယ်ကိုကြီးတိုး…
ဒီလူက အဲ့ကိုရောက်တာနှစ်ရက်လောက်ပဲရှိသေးတယ်ဗျ…
သင်္ချိုင်းထဲဟိုသွားဒီလာမြင်မိလို့ကျုပ်တို့ကသွားစပ်စုကြည့်မိတာ…အဲ့မှာဒီလူက သူပညာတွေအဆင့်မြှင့်ဖို့
ဒီရွာကစုန်းဖြူမ မယ်စိန်ကိုလာရှင်းတာလို့ပြောတယ်…
ကျုပ်တို့ကိုဒီလိုပြောတော့ဒင်းကိုရိုက်သတ်ချင်စိတ်တွေက
တဖွားဖွားဖြစ်နေတာများဗျာ မနည်းမြိုသိပ်ခဲ့ရတယ်…
ဒါပေမယ့်တစ်ခုတော့ပြောခဲ့လိုက်တယ်ဗျ…
ကျုပ်တို့ဘွားရဲ့ပညာကိုယှဥ်နိုင်သူမရှိသေးဘူးလို့
ယှဥ်သမျှလူလည်းအရှင်မထွက်ရဘူးလို့
ပြောခဲ့လိုက်သေးတယ်…”
“အေး…အဲ့သည်တော့ဒီကောင်ကဘာပြောသေးလဲ…”
“ပြန်တော့မပြောဘူးဗျ…
ဒါပေမယ့်တဟားဟားနဲ့ရယ်နေတော့တာပဲကိုကြီးတိုးရာ…”
“တောက်…ဒင်းကများကွာ…”
မောင်တိုးက တောက်တစ်ချက်ခေါက်၍
ရေစိုပုဆိုးဖြင့်အိမ်ထဲဝင်သွားသည်။
ပြီးနောက်အဝတ်အစားများလဲကာ အိမ်ထဲမှပြန်ထွက်လာခဲ့၏။
ကိုယ်ပေါ်စိုနေသော ရေများကိုပင်မသုတ်ဘဲ…
“လာ…ငသွင်…တို့ကိုကြီးအုန်းဆီကိုသွားကြမယ်…
ဒါနဲ့…
ဒီအကြောင်းကိုဘယ်သူတွေသိထားသေးလဲ…”
“ကျုပ်တို့အပြင်သိတာဆိုလို့ကိုကြီးတိုးပဲရှိတာဗျ…
ကျန်လူတွေကိုကျုပ်တို့မပြောထားရသေးဘူး”
“အေး…ကောင်းတယ်…မပြောသေးနဲ့…
ဒီကိစ္စကိုတို့တွေတိုးတိုးတိတ်တိတ်ဖြေရှင်းကြတာပေါ့ကွာ…”
မောင်တိုးကငသွင်နဲ့ဖိုးထူးတို့နှစ်ယောက်ကိုခေါ်သွားသည်။
ခြံဝိုင်းထဲမှထွက်တော့…
“ဟဲ့….ဘယ်သွားကြမလို့တုန်း…
ငါ့လည်းပြောသွားကြဦးလေ…”
ဟု…မောင်တိုးအမေကအော်ကာပြောရှာသည်။
“ကိုကြီးအုန်းတို့အိမ် သွားမလို့အမေရေ…
ခဏပဲ”
“သြော်…အေး…အေး…အေး…”
ထိုသို့ဖြင့်မောင်တိုးက ခြေလှမ်းကျယ်ကြီးဖြင့်
မောင်အုန်းတို့အိမ်ဆီထွက်လာခဲ့သည်။
ငသွင်နဲ့ဖိုးထူးခမျာလည်း မောင်တိုးခြေလှမ်းကိုမီဖို့
မပြေးယုံတမယ်လိုက်လာကြရ၏။
“ဟေ့…ငတိုး…ဘယ်တုန်း”
ဟု…လမ်း၌တွေ့သော
ရွာသားများကနှုတ်ဆက်ကြသော်လည်း
မောင်တိုးကမဖြေဘဲ သူ့လမ်းသူသာလျှောက်နေခဲ့၏။
“ငသွင်…ဒီကောင်ဘာဖြစ်နေတာတုန်းကွ”
မောင်တိုးကမဖြေတော့ ငသွင်တို့ကိုမေးပြန်လေရာ…
“အစ်ကိုတို့အသာနေကြစမ်းပါဗျာ…
ကျုပ်နောက်မှပြောပြမယ်…”
ဟုသာ…ငသွင်ကဖြေခဲ့လေသည်။
မောင်အုန်းတို့ခြံဝိုင်းထဲဝင်လာလေတော့
မောင်အုန်းကနွားစာစဥ်းနေသည်ကိုမြင်လေရာ
မောင်တိုးကထိုနေရာကိုတန်းမတ်စွာသွား၏။
“အမယ်…ငါ့ညီအလည်တွေဘာတွေလာလို့ပါလားကွ”
ဟု…မောင်အုန်းက နွားစာစဥ်းနေရင်းမှမေးလိုက်သည်။
“ကိုကြီးအုန်း”
မောင်တိုးက အရယ်အပြုံးမရှိဘဲ
မောင်အုန်းကိုခေါ်လေတော့ မောင်အုန်းမှာ
မောင်တိုးမျက်နှာကို ကြည့်၍…
“ဘာတွေဖြစ်လာတာလဲမောင်တိုး…
မင်းကြည့်ရတာတစ်မျိုးပဲ….
သြော်…ငသွင်တို့လည်းပါလာသေးတာကိုး”
ဝိုင်းထဲဝင်လာသော ငသွင်တို့ကိုလှမ်းကြည့်ရင်း
မောင်အုန်းကမေးလေသည်။
“ကိုကြီးအုန်း….ကျုပ်တို့ ရွာသင်္ချိုင်းမှာ
လူတစ်ယောက်ရောက်နေတယ်ဗျ…
အဲ့သည်လူက ကျုပ်တို့ဘွားကို ရှင်းပစ်ဖို့လာတာဆိုပဲ”
“ဘာကွ…ဒီကောင်ကဘာကောင်လဲ…
မင်းစကားကသေချာရဲ့လားမောင်တိုး…”
“ကျုပ်ကိုလည်းငသွင်ပြောတာပဲဗျ”
“ငသွင်…လာပါဦးဒီနားကို”
ငသွင်တို့ကမောင်အုန်းနဲ့မောင်တိုးဆိုလျှင်
မောင်အုန်းကိုကြောက်ကြသည်။
မောင်အုန်းကမျက်နှာထားတည်တည်နေတတ်သူမို့
ငသွင်တို့က မပြောရဲမဆိုရဲရှာ…။
မောင်အုန်းကလည်းနွားစာဆက်မစဥ်းနိုင်ဘဲ
ငသွင်တို့ကိုအနားခေါ်လိုက်၏။
“မင်းတို့အစ်ကိုပြောတာဟုတ်သလား
ငသွင်…”
ဟု…မေးလေတော့ ငသွင်ကခေါင်းညိတ်ပြသည်။
“ဟေ့ကောင်…ပါးစပ်ကပြောစမ်းပါကွာ…
ဒီကိစ္စကပေါ့ပေါ့တန်တန်မဟုတ်ဘူးငါ့ကောင်…”
“ကျုပ်ပြောတာအမှန်ပါဗျာ…
ကျုပ်တို့နောက်ပြောင်ပြီးပြောတာမဟုတ်ပါဘူး…
သင်္ချိုင်းမှာအဲ့သည်လူရောက်နေတာ ကိုကြီးအုန်း
မယုံရင်ဖိုးထူးကိုမေးကြည့်ပါ…”
ငသွင်ကဖိုးထူးကိုပါပြောလိုက်လေတော့
မောင်အုန်း၏အကြည့်ကဖိုးထူးဆီသို့ရောက်သွားတော့သည်။
“ဟုတ်တယ်ကိုကြီးအုန်း…
အဲ့သည်လူက ဘွားမယ်စိန်ကိုရှင်းပစ်ဖို့လာတာလို့
ကျုပ်တို့ကိုသေချာပြောသွားတာဗျ”
“အမယ်…ဒင်းကများသောင်ထွန်းရွာထဲဝင်ပြီး
ဒီစကားကိုပြောရဲသေးတယ်…
လာကွာမောင်တိုး…ဒင်းကိုဘွားနဲ့
မတွေ့ခင်တို့အရင်ရှင်းပစ်ကြတာပဲကောင်းမယ်”
မောင်အုန်းက ပုဆိုးကိုခပ်တိုတိုပြင်ဝတ်ပြီး
လက်သီးလက်မောင်းတန်း၍ပြောသည်။
မောင်တိုးကလည်း လက်ကာပြရင်း…
“နေဦးဗျ…ဒီကိစ္စကပေါ့သေးသေးတော့
မဟုတ်ဘူးဗျကိုကြီးအုန်းရဲ့…
ရှေ့ကလာစိန်ခေါ်တဲ့စုန်းမတွေ…
ကဝေကောင်တွေကိုတောင်ဘွားကရှင်းပစ်နိုင်ခဲ့တာ…
အဲ့သည်လိုတွေရှိတာတောင်ဒင်းကလာစိန်ခေါ်ရဲတာဆိုတော့
ပေါ့သေးသေးတော့ဖြန်ဟန်မတူဘူး…
တော်နေကျုပ်တို့ကိုပါ သူ့ပညာသုံးပြီးတိုက်ရင်
ဘယ်လိုလုပ်ကြမတုန်း…”
“ဟာကွာ…မင်းကလည်း…
ဒင်းငါ့ကိုသူ့ပညာနဲ့သတ်နေချိန် တစ်ဖက်ကနေ
မင်းကဓားနဲ့ဝင်ပိုင်းပေါ့ကွ”
မောင်အုန်းစကားကြောင့်မောင်တိုးကခေါင်းကိုခါရမ်း၍…
“မဟုတ်ဘူးနော်ကိုကြီးအုန်း…
ကျုပ်ကောခင်ဗျားကောက
ဘွားရဲ့နောက်ကိုအတူတူလိုက်နေကြပါ…
အခုကိစ္စကအဲ့သည်လောက်မလွယ်ကူဘူးဗျ”
“အေး…ဒါဖြင့်မင်းဘက်ကရော
ဘယ်လိုများစဥ်းစားထားလဲ…”
“ကျုပ်ကတော့သူကြီးကိုအသိပေးပြီးမှ
လုပ်သင့်တာကိုတိုင်ပင်ချင်တယ်ဗျာ…
အဲ့သည်လိုမှမဟုတ်ဘဲတစ်ရွာလုံးကို
အသိပေးလိုက်ပြန်ရင်လည်း သူတို့အားလုံးသွေးဆူလာရင်
ထိန်းမရမှာတော့စိုးရိမ်တယ်”
“အေးလေ…မင်းပြောသလိုပဲ
တို့သူကြီးကိုအရင်အသိပေးကြတာပေါ့”
ထိုသို့ဖြင့် မောင်အုန်းနဲ့မောင်တိုးတို့က
သူကြီးအိမ်ကိုဆက်သွားကြသည်။
ငသွင်နဲ့ဖိုးထူးသည်က ဘုန်းကြီးကျောင်း၌
ဝိုင်းကူစရာများရှိ၍ပြန်သွားကြပြီဖြစ်သည်။
သူကြီးနဲ့တွေ့တော့လည်း အကြောင်းစုံပြောပြလိုက်ကြ၏။
ထိုအခါသူကြီးဦးနောင်ချိုကလည်းသူတို့နည်းတူ
ဒေါသများထွက်လို့နေခဲ့သည်။
“တောက်…ငါ့ရွာကိုလာပြီးရာရာစစကွာ…”
“ကဲပါသူကြီးရာ…ကျုပ်တို့ဘယ်လိုလုပ်ကြမလဲ”
“ဘယ်လိုလုပ်ရမတုန်း…
ဒင်းနဲ့အခုပဲသွားတွေ့ကြမယ်ကွာ…”
“နေပါဦးသူကြီးရာ…
ဘွားကိုအသိပေးရင်ကော
မကောင်းဘူးလားဗျ”
“မောင်တိုးရ…ဒီလိုကိစ္စလေးလောက်နဲ့ဘွားကို
တို့ကဒုက္ခပေးစရာလားကွာ…”
“သူကြီးပြောတာမှန်တယ်ဗျ…
ဒါပေမယ့် အခုလိုနေ့ခင်းအချိန်ကြီးသွားလိုက်ရင်
ကျုပ်တို့ကိုရွာသားတွေရိပ်မိသွားနိုင်တယ်…
အဲ့တာကိုရောခင်ဗျားတို့ စဥ်းစားမိကြရဲ့လား…”
မောင်အုန်းစကားကြောင့် သူကြီးက…
“အေး…ဟုတ်သားပဲ..
ဒါဖြင့်ညလူခြေတိတ်မှတို့သွားကြမလား…
မင်းတို့ကရောလိုက်ရဲကြရဲ့လားကွ”
“ဟာဗျာ…သူကြီးကလည်း
ကျုပ်တို့ကမလိုက်ရဲစရာလားဗျ”
“အေး…ဒါဖြင့် ညမိုးချုပ်တာနဲ့မင်းတို့နဲ့ငါတို့
အဲ့သည်ကောင်ဆီကိုသွားကြတာပေါ့ကွာ…”
“ဟုတ်ပြီသူကြီး…”
သူကြီးဦးနောင်ချိုကဲ့သို့ မောင်တိုး၊မောင်အုန်းတို့သည်
ယခုကိစ္စကိုဘွားမယ်စိန်အားအသိမပေးချင်ကြ။
ဘွားမယ်စိန်ကိုဒုက္ခပေးမည့်သူကိုလည်း
ကိုယ်တိုင်ပင်ရှင်းလင်းပစ်ချင်ကြသည်။
ထိုသည်ကသူတို့၏ဘွားမယ်စိန်အပေါ်ထားရှိသော
လေးစားချစ်ခင်မှုပင်ဖြစ်ပေသည်။
******************************
ညမိုးချုပ်တော့ တစတစအသံများကတိတ်ဆိတ်ကုန်သည်။
လူများအိပ်မောကျချိန်မှ…သူကြီးဦးနောင်ချို၊ဦးဘစီ၊
မောင်တိုးနဲ့မောင်အုန်းတို့လေးယောက်သည်
လက်၌တုတ်များ၊ဓားရှည်များကို ကိုင်ဆောင်ပြီး
ရွာသင်္ချိုင်းဆီသို့ထွက်လာခဲ့ကြ၏။
မီးတုတ်လည်းမပါ…အမှောင်ထဲ၌
အကြောက်အလန့်ပင်မရှိသွားလာနေကြသည်။
ပိုးမွှားအန္တရာယ်ကိုစိုးရိမ်ခြင်းထက်
ဘွားမယ်စိန်ကိုဒုက္ခပေးမည့်သူအပေါ်၌
ရောက်ရှိနေသောဒေါသက ပို၍ကြီးမားနေခဲ့၏။
သင်္ချိုင်းထဲသို့သူတို့လေးဦးခြေချလိုက်သည်နှင့်
စကားပြောသံသဲ့သဲ့ကိုကြားလိုက်ရသည်။
“ဟေ့…ဒီကောင်ကအဖော်တွေပါပုံရတယ်…
သတိတော့ရှိကြကွ”
“ဟုတ်ကဲ့သူကြီး”
သူကြီးဦးနောင်ချိုကသတိပေးလိုက်သည်။
သင်္ချိုင်းအနောက်ဘက်ကို သတိနဲ့ရောက်လာကြချိန်
မလှမ်းမကမ်း၌ မီးတုတ်တစ်ချောင်းထွန်းထားသည်ကိုမြင်လိုက်ကြ၏။
ဘေးဘယ်ညာကိုကြည့်လိုက်ချိန်မှာတော့…
“ဟာ…”
ဟူသောအသံသည်သူတို့လေးဦးထံမှ ထွက်ပေါ်လာခဲ့၏။
သူတို့အံ့သြသွားခြင်းမှာက သူတို့နှင့်မလှမ်းမကမ်းတွင်
တောင်ဝှေးကြီးထောက်၍ရပ်နေသော
ဘွားမယ်စိန်ကိုလည်းကောင်း…၊
ဘွားမယ်စိန်၏အရှေ့၌ခါးကြီးထောက်၍ဒေါသတကြီး
စကားများပြောနေသောလူတစ်ယောက်ကိုလည်းကောင်း
တွေ့ရှိသွားသောကြောင့်ပင်။
“တို့တော့နောက်ကျသွားပြီ…
ဘွားကကြိိုသိနေပုံရတယ်ကွ…
အသာသာကြည့်ကြပေတော့…”
သူကြီးဦးနောင်ချို၏စကားကိုမောင်တိုးတို့
ခေါင်းညိတ်လိုက်ပြီး နေရာမှရှေ့ကိုမတိုးတော့ဘဲ
ရပ်ကြည့်နေကြတော့၏။
“ကောင်လေး…နင်ကဘာကြောင့်
ငါ့ကိုပညာယှဥ်ချင်ရတာလဲ…”
“ခင်ဗျားကိုရှင်းနိုင်ရင်ကျုပ်ကဒီထက်မက
ပညာတွေတက်မှာလေ…
ဘာလဲအဘွားကြီးခင်ဗျား ကျုပ်ကိုကြောက်နေတာလား”
“အမယျ…ဟားး…ဟားး…ဟားး…ဟား…ဟားးး…
နင့်လိုစုန်းထီးလေးကများငါ့ကိုယှဥ်ချင်ရတယ်လို့…
ဘယ့်နဲ့ကိုယ့်သေတွင်းကိုယ်တူးရတယ်လို့ဟယ်…”
“အောင်မယ်…ကျုပ်ပညာကိုခင်ဗျားက
အတော်အထင်သေးသကိုး…
ကျုပ်ကခင်ဗျားကိုရှင်းပစ်ပြီးမှ
ဒီရွာကနေပျော်ပျော်ကြီးပြန်မှာ…
ကဲပါ…စကားတွေပြောနေတာအချိန်ကြာပါတယ်…
စကြတာပေါ့…”
ဟုဆိုကာ စုန်းထီးစံကျော်သည်မျက်လုံးများကိုမှိတ်၍
ဂါထာတစ်ပုဒ်ကိုအကျယ်ကြီးရွတ်လေသည်။
သူ၏ဂါထာရွတ်သံကြောင့် အပင်များအပေါ်မှ
အိပ်တန်းတက်နေသောငှက်များပင်
အလန့်တကြားဖြင့်ထပျံကြ၏။
ဒါ့အပြင်သင်္ချိုင်းထဲ၌လည်း အရိပ်မည်းမည်းများက
တရိပ်ရိပ်ပေါ်ထွက်လာခဲ့လေသည်။
ဘွားမယ်စိန်ကမည်သို့မှမလုပ်
ရပ်မြဲအတိုင်းရပ်ကြည့်လို့နေခဲ့၏။
“ငါ့ အမိန့်ကိုနာခံကြပေတော့…
ဒင်းကိုအသေဝိုင်းသတ်ကြ…
ဒင်းသေရင်တော့သောင်ထွန်း
တစ်ရွာလုံးကိုဝင်မွှေပြီး မင်းတို့လည်းပျော်ရစေမယ်…”
ဟု…
စုန်းထီးစံကျော်က ဘွားမယ်စိန်ကိုလက်ညိုးထိုး၍
ပြောလိုက်လေရာအရိပ်အမည်းကြီးများက
ပို၍များပြားလာခဲ့၏။
ထိုအရိပ်မည်းကြီးများက
ဘွားမယ်စိန်ကိုဝန်းရံလို့ထားသည်။
အရိပ်မည်းကြီးများတဖြေးဖြေး
ဘွားမယ်စိန်အနီးသို့တိုးကပ်လာသောအခါ
ဘွားမယ်စိန်ကဖနောင့်တစ်ချက်ပေါက်လိုက်ပြီး…
“မဆိုင်တဲ့အကောင်တွေဝေးဝေးသွားကြစမ်းဟဲ့…”
ဟုပြောလိုက်ရာ ချက်ချင်းပင်အနောက်သို့
ဆုတ်ခွာပျောက်ကွယ်ကုန်ကြ၏။
စုန်းထီးစံကျော်လည်း အံ့သြသွားပေမယ့်
မျက်နှာကိုချက်ချင်းတည်လိုက်ပြီးနောက်မှ…
“ကောင်းပြီလေ…ဒီလောက်ကတော့
ခင်ဗျားပညာကိုစမ်းတဲ့သဘောပါ…
လာမယ်ဗျို့…ကျုပ်ပညာတွေကို
ခင်ဗျားယှဥ်နိုင်ရင် ယှဥ်ကြည့်ပေါ့ဗျာ…”
ဟု…ရယ်မောရင်းပြောပြန်သည်။
“ကောင်လေး…အခုချက်ချင်း
နောက်ကြောင်းကိုပြန်လှည့်ရင်
အချိန်မီနိုင်သေးတယ်…
မဟုတ်ရင်တော့မယ်စိန်အဆိုးမဆိုလေနဲ့…”
“ဟားးး…ဟားးး…ဟားး…ဟားး…ဟားးး…
ဟောသည်မှာကြည့်လိုက် ခြေဖဝါးမှာဘုရား…
စုန်းမှာစံကျော်…ခင်ဗျားလိုစုန်းဖြူမကိုကျုပ်လိုကောင်က
အပြတ်ရှင်းပစ်ပြီးမှ….ဒီရွာကထွက်မယ်”
သူ၏ခြေဖဝါး၌ဘုရားပုံကြီးကအထင်းသားပင်။
“ကောင်းပြီလေ…နင့်လိုအယုတ်တမာကို
ငါလိုကောင်မက မရှင်းရင်
ကျန်လူတွေအတွက်ဘေးဖြစ်နိုင်တယ်…
တိုက်စမ်းဟဲ့…နင့်ပညာ…”
ဘွားမယ်စိန်သည်လက်က တောင်ဝှေးကို
ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်းရင်းပြောလိုက်၏။
စုန်းထီးစံကျော်ကလည်း လူအရိုးခေါင်းကြီးတစ်ခုကို
လက်၌ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားပြီး
ဂါထာများကိုကျယ်လောင်စွာရွတ်ဆိုသည်။
သင်္ချိုင်းတွင်း၌လေများကလည်း
တဝေါဝေါတိုက်ခတ်လို့နေခဲ့၏။
စုန်းထီးစံကျော်၏ပါးစပ်အတွင်းမှလည်းစက်တန်းတစ်ခု
ထွက်ပေါ်လာခဲ့သည်။
ထိုစက်တန်းကို ဘွားမယ်စိန်ဆီကို တန်းမတ်စွာ
ပစ်သွင်းချိန် ဘွားမယ်စိန်က သူ၏တောင်ဝှေးဖြင့်
ကာဆီးလိုက်သည်။
ကာဆီးထားရင်းမှ….
“ဒီလောက်ပျော့တဲ့စက်လေးထုတ်နိုင်ယုံနဲ့
မယ်စိန်ကိုလာစမ်းသလားဟဲ့…
ကဲရော့…နင့်စက်ကိုနင်ပြန်သိမ်းလိုက်…”
ဟုဆိုကာ တောင်ဝှေးဖြင့်စက်တန်းကို
ဆောင့်တွန်းလိုက်လေသည်။
ထိုစက်တန်းသည်လည်း စုန်းထီးစံကျော်ဆီသို့
ပြေးဝင်သွားခဲ့ပြီး…
“ဝုန်း…”
“အားးးးး”
စုန်းထီးစံကျော်၏အော်သံကြီးက
ကျယ်လောင်စွာထွက်ပေါ်လာသည်။
စက်တန်းထိမှန်ပြီးနောက်မြေပေါ်သို့လွှင့်စင်သွားကာ
ပြန်ပင်မထနိုင်တော့ဘဲမြေ၌
ခွေခွေလေးငြိမ်သက်လို့နေခဲ့၏။
ဘွားမယ်စိန်ကစုန်းထီးစံကျော်ကိုလှမ်းကြည့်ရင်း…
“ကိုယ့်ကံနဲ့ကိုယ်သွားပေဦးတော့…”
ဟုပြောအပြီးနောက်သို့လှည့်ပြန်လာတော့သည်။
ထိုအခါမောင်တိုးတို့အုပ်စုနဲ့ဆုံလေတော့…
“ဘယ့်နဲ့တုန်းကွဲ့….
တစ်ခုခုဆိုဒီအမယ်အိုကြီးကိုသတိမပေးကြပဲ…
ကိုယ့်မင်းကိုယ်ချင်းလုပ်နေကြတယ်ပေါ့”
“အဲ့တာက…”
“နေပါ…မောင်တိုး…တစ်နေ့ကမောင်ရင့်ကို
ဘွားပြောထားတယ်လေ…
မမှတ်မိဘူးလားကွဲ့”
“ဗျာ…အယ်ဟုတ်သားဗျ…
တစ်နေ့ကပဲဘွားက သကောင့်သားတစ်ကောင်ကို
ရှင်းစရာရှိတယ်လို့ကျုပ်ကိုပြောထားတာပဲ…”
“ဟာ…မောင်တိုးရာမင်းကလည်းမေ့စရာရှားလို့”
“ဟုတ်ပါ့ကွာ…”
သူကြီးတို့ကမောင်တိုးကိုဝိုင်းအပြစ်တင်ကြသည်။
“ကဲ…မနက်ကျမှဟိုအလောင်းကိုသဂြိုလ်ပေးကြပေတော့…
အခုတော့ ရွာထဲပြန်ဝင်ကြမယ်…”
“ဟုတ်ကဲ့ဘွား”
ထိုညကမောင်တိုးတို့လည်းဘွားမယ်စိန်၏
အနောက်မှလိုက်၍
ပြန်လာခဲ့ကြတော့သည်။
စုန်းထီးစံကျော်ကတော့သူ့အတတ်နဲ့သူကိစ္စရှင်းသွားပေသည်။
စုန်းထီးစံကျော်၏အလောင်းကိုလည်း
မိုးလင်းတာနဲ့မီးရှို့ ရှင်းလင်းပစ်ခဲ့ကြ၏။
ထိုသို့ဖြင့် ဘွားမယ်စိန်နဲ့စုန်းထီးစံကျော်၏
အကြောင်းကပြီးဆုံး၍သွားတော့သည်။
ပြီးပါပြီ။
ယဥ်မင်း(ကန့်ဘလူ)