*ဇနီးဟောင်းတစ္ဆေမနဲ့ အတူနေသူ*📖📖📖
****************************************
၁။
ကျောင်းပိတ်ရက် တစ်နေခင်းမှာ ကျောင်းဆရာ ကိုချစ်ဖေတယောက် ခင်မင်ရင်းစွဲရှိတဲ့ ရွာလယ်က ကိုခင်မြရဲ့အိမ်ကို အလယ်ရောက်လာပါတယ်။
ကိုခင်မြက လုပ်လက်စအလုပ်ကို ချထားလိုက်ပြီး၊ ကျောင်းဆရာကိုချစ်ဖေ ကို တန်းလျားခုံမှာ ထိုင်ဖို့ ခေါ်တယ်။
“ဟာ ကျောင်းဆရာပါလား၊ မြို့က ပြန်ရောက်တယ်တော့ အကြားသား၊ ကျောင်းဆရာ အလယ်လာတယ်ဟေ့၊ မဌေးရေ လ္ဘက်အစ်လေး ချပါအုံးဟ ၊ လာ ဆရာ ထိုင်ပါအုံး”
ပြောလည်းပြော၊ နဖူးက ချွေးတွေကို ပခုန်းပေါ် တင်ထားတဲ့ တဘက်စနဲ့ သုတ်ပြီး ကိုခင်မြက လမ်းဘက်ကျောပေး တန်းလျားခုံမှာ အရင် နေရာယူလိုက်တယ်။
ကျောင်းဆရာလည်း ခပ်ပြုံးပြုံး မျက်နှာထားနဲ့ လမ်းဘက် မျက်နှာမူထားတဲ့ တန်းလျားခုံမှာ ဝင်ထိုင်လိုက်တယ်။
အဲ့ဒီအချိန် ရွာလယ်လမ်းမမှာ ရှပ်အင်္ကျီလက်ရှည်နဲ့ ဆိတ်ခွံပုဆိုးကို သပ်သပ်ရပ်ရပ် ဝတ်ပြီး တောင်ကနေ မြောက်ဘက်ဆီလမ်းလျှောက်သွားနေတဲ့ အုန်းမောင်ကို ကျောင်းဆရာက လှမ်းမြင်လိုက်ရတယ်။
အုန်းမောင် ကြည့်ရတာ အလှုမင်္ဂလာဆောင် သွားမယ့်လူလိုပဲ။ ဘိုကေကိုလည်း ကျော့နေအောင် ဖီးသင်လို့။
ဘာရယ်မဟုတ် ကျောင်းဆရာက အုန်းမောင်ကို ကြည့်ပြီး …
” အုန်းမောင်က ဒီလိုတော့လဲ အဟုတ်သား “
အုန်းမောင်ကို ရွာထဲက လူတွေက ရူးသွားပြီဟု ပြောနေကြတယ်။ဒါကို မြို့ကနေ ပြန်ရောက်တာ မကြာသေးတဲ့ ကျောင်းဆရာကိုချစ်ဖေလည်း နားစွန်နားဖျားကြားမိထားတယ်။
သို့ပေမဲ့ အခု အုန်းမောင်ကို မြင်နေရတာက အရူးတယောက်နှင့်မတူပါလားလို့ ကျောင်းဆရာက တွေးမိသွားပုံရတယ်။ အုန်းမောင်က လည်းသပ်သပ်ရပ်ရပ် ဝတ်စားထားတာကိုး။
ကြည့်လေ … အုန်းမောင် သွားလာ စကားပြောနေတဲ့ဟန်က လူကောင်းတစ်ယောက်လိုပါပဲ။ ရွာလယ်လမ်းနံဘေး အိမ်တွေက လူအချို့ကို အုန်းမောင်က ပြုံးရွှင်ပြီး နုတ်ဆက်စကားဆိုသွားတာကို ကျောင်းဆရာ မြင်လိုက်ရတယ်မဟုတ်လား။
‘ လူတွေက အုန်းမောင်ကို ဘာလို့ အရူးလို့ ပြောနေကြတာပါလိမ့်။ ကျွန်တော့်အမြင်တော့ အုန်းမောင်ကို ကြည့်ရတာ ပုံမှန်ပါပဲ “
ကျောင်းဆရာ မှတ်ချက်ပေးလို့မှ မဆုံးသေးဘူး။ အုန်းမောင်က သူ့ဘေးမှာ လူတစ်ယောက်ပါသည့်အလား ရယ်ရယ်မောမော စကားတွေ ဆိုရင်း ထွက်သွားလေရဲ့။ သူ သွားဟန်ကို အသေအချာ ကြည့်မယ်ဆိုရင် တစ်ယောက်ယောက်က သူ့လက်တဖက်ကို တွဲကိုင်ထားသလိုပဲ။
ကိုခင်မြရဲ့ ဇနီး မမြင့်ဌေးက အကြမ်းအိုးနှင့် လ္ဘက်ပန်းကန် လာချပေးရင်း ကျောင်းဆရာ လှမ်းကြည့်နေတဲ့ အုန်းမောင်ကို မြင်လိုက်တော့ …
“အုန်းမောင်က သူ့ မိန်းမစိတ်နဲ့ ရူးသွားတာလေ၊ မယ်ဆုံကို သူက ခုထိ မသေဘူးပြောနေတော့ ၊ မရူးလား ကျောင်းဆရာရဲ့၊ သနားတော့ သနားစရာ “
မမြင့်ဌေးက မျက်နှာချင်းဆိုင်က သူ့ယောက်ကျားနံဘေး တန်လျားခုံမှာ ဝင်ထိုင်လိုက်ပြီး၊ကျောင်းဆရာ မသိသေးတဲ့ အုန်းမောင် အကြောင်း ဆက်ပြောပြတယ်။ ကျောင်းဆရာကိုချစ်ဖေက မြို့ကို သုံးလေးလသွားပြီး သင်တန်းသွားတက်တာ၊ ရွာကို ပြန်ရောက်တာ ဘာကြာသေးလို့တုန်း။
” မယ်ဆုံဆိုတာက အုန်းမောင်ရဲ့ ငယ်ချစ်မယားပဲဥစ္စာ ။သူတို့လင်မယားက တစ်ယောက်နဲ့တစ်ယောက် မျက်စိအောက်က အပျောက်မခံနိုင်အောင်ကို ချစ်ကြတာ ကျောင်းဆရာရဲ့။ ဒါတော့ ဆရာလေးလဲ အသိမဟုတ်လားလေ။
အင်း … မယ်ဆုံက လွန်ခဲ့တဲ့ သုံးလလောက်ကပဲ ရုတ်တရက်ကြီး ဆုံးပါးသွားခဲ့ရှာတယ် ဆရာလေးရဲ့။ အဲ့ဒီတုန်းက ဆရာလေးက ရွာမှာ မရှိဘူး။ မြို့မှာ သင်တန်းသွားတက်နေတာမဟုတ်လား “
မမြင့်ဌေးက မျက်နှာချင်းဆိုင်က သူ့ယောက်ကျားနံဘေး တန်လျားခုံမှာ ဝင်ထိုင်လိုက်ပြီး၊ အုန်းမောင် အကြောင်း ဆက်ပြောပြနေတယ်။
ကျောင်းဆရာ ကိုချစ်ဖေက …
“နေပါအုံး မမြင့်ဌေးရ၊ အုန်းမောင်ရဲ့ မိန်းမက ဘာရောဂါနဲ့ ဆုံးတာတုန်း၊ ကျုပ် မြို့ကို သင်တန်း မသွားခင်က အကောင်းကြီးပါ “
မမြင့်ဌေးက …
” ဘာရောဂါလဲ အတတ်မသိပါဘူးတော် ၊ မယ်ဆုံ ဆုံးတာကလည်း အဆန်းသား။ ညနေစောင်းကြီး သူ့အိမ်က ရေခံပြင်မှာ မူးတယ် မူးတယ်ဆိုပြီး ကောက်ခါငင်ခါကြီး လဲကျသွားရာကနေ အသက်ပါ ပါသွားတာ။ မယ်ဆုံ လဲကျ အသက်ပါသွားတုန်းကများဆို အုန်းမောင်ကို မြင်စမ်းစေချင်တယ်။ ပဋာမြေလူး အရူးတစ်ယောက်လို ကြေကွဲဝမ်းနည်းလို့မဆုံးနိုင်ဘူး။ သူ့ရင်ဘတ်ကို တဘုန်းဘုန်းထုပြီး ငိုလိုက်တာများဆို ရင်ဘက်တောင် ညိုပုပ်နေမလားပဲ ကျောင်းဆရာရေ။ ဘေးက လူတွေ ဖျောင်ဖြကြလို့သာပေါ့ “
ဆေးပေါ့လိပ်ဖွာနေတဲ့ ကိုခင်မြက ပါးစပ်က ဆေးပေါ့လိပ်ကို ချွတ်ပြီးနောက် …
” အံ့တော့ အံ့သြစရာ ဆရာလေးရ၊မယ်ဆုံရဲ့ အသုဘကို နောက်တစ်ရက် နေ့လယ်ဆယ်နာရီလောက် ချတယ်။ မယ်ဆုံကို မြေချတော့ အုန်းမောင်က မငိုတော့ဘူး။ လုံးဝ မငိုဘူးဗျ။ သူ့ကြည့်ရတာ ကြောင်တောင်တောင်ပဲ။ အင်း … အဲ့ဒီကတည်းကများ ရူးသွားသလား မသိနိုင်ဘူး “
မမြင့်ဌေးက သူ့ယောက်ကျားစကားအဆုံးမှာ သူ့အသံကို တတ်နိုင်သလောက် နှိမ့်ပြီး …
” ရက်လည်ပြီး နောက်တနေ့ ညသန်းခေါင်ကြီးမှာ အုန်းမောင်ကို ရွာသင်္ချိုင်းကနေ ပြန်ခေါ်ခဲ့ရတယ်။ သွားခေါ်တဲ့အထဲ ကျောင်းဆရာရဲ့လူ ကိုခင်မြတောင်ပါသေး “
မမြင့်ဌေးက သူ့ယောက်ကျားကို မေးငေါ့ပြီး ပြောလိုက်တယ်။ ကျောင်းဆရာက စိတ်ဝင်စားသွားပြီး ကိုခင်မြဘက်ကို လှည့်ကာ မေးလိုက်တယ်။
” ဟင်! ဟုတ်လား ။ သူက ဘယ်လိုဖြစ်ပြီး သင်္ချိုင်းကို အချိန်မတော်ကြီး ရောက်နေရတာတုန်း “
ကိုခင်မြက ဆေးလိပ်မီးကို ပြာခွက်မှာ ထိုးချေလိုက်ပြီး …
” ဒီလိုဗျ ဆရာလေးရ ၊ အဲ့ဒီည ညဦးပိုင်းက ကျုပ်တို့ရွာမှာ မိုးကြီးလေကြီး ကျတယ်။ည ၁၁နာရီခွဲလောက် မိုးလေငြိမ်တဲ့အခါ ကျုပ်တို့လည်း ရွာထဲက လေပြင်းကြောင့် အမိုးလန်တဲ့အိမ်တို့ ဘာတို့ကို အကူအညီပေးရအောင် ရွာထဲက နီးရာလူတွေ စုပြီး ထွက်လာခဲ့ကြတယ်ပေါ့ဗျာ … “
ကိုခင်မြလည်း အဲ့ဒီညက သူတွေ့ကြုံခဲ့ရသမျှ ထူးခြားတဲ့ ဖြစ်ရပ်တစ်ခုအကြောင်းကို ကျောင်းဆရာ နားလည်အောင် ခရေစေ့တွင်းကျ လုံးစေ့ပတ်စေ့ ပြောပြတော့တာပဲပေါ့။
_______________
၂။
သည်းကြီးမည်းကြီး ရွာနေတဲ့မိုးက လေပြင်းကြမ်းကြမ်းကိုပါ အဖေါ်ခေါ်လာတော့ ၊ မိုးကြမ်းလေကြမ်းအောက်မှာ တစ်ရွာလုံးက အိမ်တွေ ယိမ်းထိုးနေကြတယ်။
သူတို့ရွာက အိမ်ကြီးအိမ်ကောင်း သိပ်ရှိလှတာမဟုတ်။ ဓနိမိုး ဝါးထရံကာ အိမ်တွေက အများသား။ တစ်ချို့အိမ်တွေက အမိုးပင် မလုံ။ အခုလို လေကြမ်းနဲ့တွေ့တော့ ပိုဆိုးရောပေါ့။
လေထဲမှာ အမိုး ဓနိပျစ်တွေ လွှားခနဲ လွှားခနဲ လေယူရာကို ဝဲပါကုန်ကြတယ်။ လေသံနဲ့မိုးသံကြားမှာ ကလေးငိုသံအချို့ ရောစွက်ပါလာတယ်။ အမိုး လွင့်ပါ လန်ထွက်သွားတဲ့ အိမ်တွေက ကလေးတွေ ကြောက်လန့်ပြီး ငိုကြတာနေမှာပေါ့။
” အောင်ထွန်း … ဟဲ့ အောင်ထွန်းတို့ မသီတို့ ၊ နင်တို့တဲက အမိုး မရှိတော့ဘူး ၊ လာ လာ ကလေးတွေ ခေါ်ပြီး ငါ့အိမ်အောက် လာခိုနေ “
အိမ်နီးချင်းတွေက ကောင်းကြပါတယ်။ ဒုက္ခရောက်နေတဲ့ နီးရာလူတွေကို အော်ခေါ် အကူအညီ ပေးကြတယ်။ သွပ်မိုး၊အုတ်စီ၊ ပျဉ် ထောင်အိမ်တွေက လေအကွယ် ရသေးတော့ လောလောဆယ် အဲ့ဒီအိမ်တွေဘက် ပြေးခိုကြရတယ်။
” ဟဲ့ ဟိုထင်ရူးသေတ္တာကို သယ်ခဲ့ပါဟဲ့၊ တော်နေကြာ မိုးတိတ်ရင် ဝတ်စရာ အဝတ် မရှိဘဲနေအုံးမယ် “
အမိုးတွေလန်ကုန်တဲ့ အိမ်တွေက သူတို့ သယ်နိုင်သလောက်လေးတွေ သယ်ပြီး၊ အမိုးအကာရှိတဲ့ အိမ်တွေဘက် ပြေးခိုကြတယ်။ အိမ်ရှင်တွေကလည်း သူတို့ကို ဆီးကြို နေရာချပေးကြတယ်။
မိုးသက်လေပြင်းက နာရီဝက်ကျော်၊ ၄၅မိနစ်လောက် တိုက်ပြီး အားပျော့သွားတယ်။ လေတော့ ငြိမ်သွားပြီ။ မိုးကတော့ ရွာနေတုန်းပဲ။ ဒါပေမဲ့ သည်းသည်းမည်းမည်းကြီး ရွာတာမဟုတ်ဘူး။ ခပ်ဖွဲဖွဲနဲ့ မစဲသေးတာပေါ့။
ရွာထဲက ကာလသားတွေ ဒုတ်မီးကိုယ်စီနဲ့ ခမောက်တို့ ဦးထုပ်တို့ ဆောင်းပြီး ထွက်လာကြတယ်။ ရွာလယ် လမ်းမပေါ်မှာ သစ်ကိုင်းတစ်ချို့ ကျိုးကျနေတာ တွေ့တော့၊ ကာလသားထဲက ခပ်ရွယ်ရွယ် လူတစ်ယောက်က …
” လမ်းသွားလို့ရအောင် လမ်းပေါ်က သစ်ကိုင်းကျိုးတွေ အရင်ရှင်းကြရအောင်ဟေ့ ၊ ပြီးတော့ ရွာထဲအိမ်တွေ အခြေအနေ လိုက်ကြည့်ကြရအောင် “
လမ်းပိတ်လုမတတ် ကန့်လန့်ဖြတ် ကျိုးကျနေတဲ့ သစ်ကိုင်းကြီးတွေကို ရွာသားတွေက အကိုင်းအလက်တွေ အရင်ခုတ်ထွင်ပြီး၊ သစ်ကိုင်းကြီးတွေကို လမ်းနံဘေး ရွေ့လိုက်ကြတယ်။ အဲ့ဒီသစ်ကိုင်းကြီးတွေကို ရွေ့လို့မပြီးသေးဘူး။ ရွာတောင်ဘက်ကနေ လူငယ်တယောက် သူတို့ရှိရာကို မပြေးရုံတမယ် ခပ်သုတ်သုတ် လျှောက်လာရင်း ပါးစပ်ကလည်း အော်လာတယ်။
” ဘဒွေးထွန်းကြည်ရေ … အုန်းမောင်တဲပေါ် ဧကရာဇ်ပင်ကြီး လဲကျလို့၊ တဲတော့ အပင်အောက် ပြားနေသဗျို၊ အုန်းမောင်ကို အော်ခေါ်တော့လဲ ပြန်ထူးသံ မကြားရဘူး။ သစ်ပင်ပိတဲ့ထဲများ ပါသွားသလားမသိဘူး။ ကျုပ်လဲ တစ်ယောက်တည်း မကြည့်ရဲလို့ … လာဝိုင်းကူကြပါအုံး “
အုန်းမောင် ခြံထဲက ဧကရာဇ်ပင်က နည်းနည်းနောနောမဟုတ်။ အပင်က အိုပြီး ရင့်နေပြီ။ လေပြင်းကြောင့် အမြစ်ကပါ ကျွတ်ပြီး လဲကျသွားတာတဲ့။ ကာလသားခေါင်း ဦးထွန်းကြည်က စိတ်မကောင်းစွာ …
” ဟာကွာ … ဒီကောင် မယားသေထားတာမှ မကြာသေးဘူး၊ ဒုက္ခပါပဲ။ကဲ … ကဲ … လာကြဟေ့ ။ အုန်းမောင်အိမ် သွားကူကြရအောင် “
ရွာသားတွေက အုန်းမောင်တဲပေါ်က ဧကရာဇ်ပင်ကြီးကို အမြန် ခုတ်ထွင် ဖယ်ရှားကြတယ်။ တဲကတော့ ရစရာမရှိတော့ဘူး။ တဲထဲက အိုးခွက်ပန်းကန်တွေလည်း ကွဲကြေကုန်ပြီ။
ဒါပေမဲ့ ဧကရာဇ်ပင် ပိတဲ့ တဲထဲမှာ အုန်းမောင်ကို မတွေ့ရဘူး။ အနီးဝန်းကျင်ကို တကြော်ကြော် အော်ခေါ်ကြပေမယ့် အုန်းမောင်ရဲ့ ပြန်လည်ထူးသံကို မကြားကြပါဘူး။
အဲ့ဒီအချိန် အုန်းမောင်တို့တဲနဲ့ နှစ်ခြံကျော်က မခင်ဆွေဝင်းတစ်ယောက် ကလေးကို ခါးထစ်ခွပြီး ရောက်လာတယ်။ မခင်ဆွေဝင်းက …
” မိုးလေ စကျခါစက … အုန်းမောင် မြောက်ဘက်ကို ပြေးထွက်သွားတာ ကျွန်မ မြင်လိုက်တယ်။ ကျွန်မကတောင် ဟဲ့ အုန်းမောင် လေထဲမိုးထဲ ဘယ်တုန်းလို့ လှမ်းအော်မေးလိုက်သေးတယ်တော့ “
ဘဒွေးထွန်းကြည်က မျက်လုံးပြူးသွားတယ်။ သူ့ပါးစပ်ကလည်း အခုလို မှတ်ချက်ပေးလိုက်မိတယ် …
“ဟေ! မြောက်ဘက်ကို ပြေးသွားတယ်ဆိုတော့ ဒီအကောင် … သူ့မိန်းမဆီများ သွားတာလား “
ရွာရဲ့ မြောက်ဘက်ဆိုရင် သင်္ချိုင်းကုန်းကို သွားတာ သေချာတယ်။ ဘဒွေးထွန်းကြည်ရဲ့ မှန်းဆချက်က ဖြစ်နိုင်တာမို့၊ လူငယ်တစ်ချို့ကို ကိုခင်မြက ဦးဆောင်ပြီး သင်္ချိုင်းကို လိုက်သွားကြတာပေါ့။
တွေ့ပါပြီ။ အုန်းမောင်ကို သူ့မိန်းမရဲ့ မြေပုံနံဘေးမှာ ခွေခွေလေး မေ့မြောနေတာကို ရှာတွေ့သွားကြတယ်။ အုန်းမောင် တစ်ကိုယ်လုံး မိုးရေတွေ ရွှဲလို့။ မျက်နှာလည်း ပြာနှမ်းနေပြီလေ။
အုန်းမောင်ကို အားကောင်းမောင်းသန် ရွာသားတစ်ချို့က တစ်လှည့်စီ ရွာအရောက် ထမ်းခေါ်လာပေးကြတယ်။ အုန်းမောင်တော့ အဆုတ် အအေးမိပြီး ဖျားတော့မယ်ပဲ မှတ်ကြတာပေါ့။ အုန်းမောင်ကို ရွာထဲက အိမ်တစ်အိမ်မှာ အဝတ်တွေလဲပေးပြီး၊ ဆေးဆရာ သွားခေါ်စဉ်မှာပဲ အုန်းမောင် သတိပြန်လည်လာတယ်။
အုန်းမောင်က ငေါက်ခနဲ ထထိုင်လိုက်ပြီး …
” မယ်ဆုံ … မယ်ဆုံ ၊ သူ ဘယ်ရောက်သွားပြီလဲ “
အုန်းမောင်က ပြူးတူးပြာတာနဲ့ သူ့မိန်းမ မယ်ဆုံကို ရှာနေတယ်။ အနီးနားက လူတွေက အုန်းမောင်စကားကြောင့် ကြက်သီးမွှေးညင်းတွေ ထကုန်ကြတာပေါ့။
“ဟဲ့ အုန်းမောင် သတိထားအုံးလေ၊ နင့်မိန်းမက သေလို့ ရက်တောင်လည်ပြီးပြီ၊ နင့်မလဲ အစွဲကြီးလိုက်တာဟယ် “
ဘေးနားက ဒေါ်အေးမြင့်က အုန်းမောင်ကို သတိပေးသလို ပြောလိုက်တယ်။ ဒါကို အုန်းမောင်က ဘာပြန်ပြောသလဲဆိုတော့ …
” မယ်ဆုံ မသေဘူး၊ သူ မသေဘူးဗျ။ မိုးတွေလေတွေကျတော့ မယ်ဆုံက ကိုအုန်းမောင် ကျွန်မ ချမ်းလွန်းလို့ အပေါ်ရုံဖျင်ထည်လေး ယူခဲ့ပေးပါဆိုလို့ ကျုပ် သွားပေးပြီး ဝတ်ပေးခဲ့သေးတယ် “
အုန်းမောင် မျက်လုံးတွေက ဂဏှာမငြိမ်ဘူး။ တောင်ကြည့်မြောက်ကြည့်နဲ့။ မယ်ဆုံကို အနီးနားတွေ့ရမလားလို့ ရှာဖွေနေသလိုပဲ။
အဲ့ဒီမှာ ကိုခင်မြ သတိရလိုက်တာက၊ မယ်ဆုံရဲ့ မြေပုံနံဘေးမှာ မိန်းမဝတ် ဖျင်ကြမ်းထည်လေးတထည် ရေတွေ ရွှဲနစ်နေတာကိုပဲ။
အုန်းမောင်ရဲ့မိန်းမအင်္ကျီလို့ သူလည်း မထင်တော့ ယူမလာခဲ့ဘူးပေါ့။ အုန်းမောင်ကတော့ သူ့မိန်းမ မသေဘူးချည်း တွင်တွင်ပြောနေတော့တာပါပဲ။ ဒါပေမဲ့ သူ့အပြောတွေက မူမမှန်နေတော့ အုန်းမောင်ကို မယားစိတ်နဲ့ ရူးသွားရှာပြီလို့ အားလုံးက သတ်မှတ်လိုက်ကြတယ်။
______________
၃။
အုန်းမောင်အကြောင်း ပြောပြနေတဲ့ ကိုခင်မြက …
” အဲ့ဒီနောက်ပိုင်း အုန်းမောင်ကို ကျွန်တော်တို့ တစ်ရွာလုံးက မယားစိတ်နဲ့ ယဉ်ယဉ်လေး ရူးသွားတယ်လို့ မှတ်လိုက်ကြတယ် ဆရာလေးရေ ။ ဘာလို့လဲဆို ဒီနောက်ပိုင်း ဒီကောင်က လယ်ထဲဆင်းတော့လဲ လူကောင်း ဆရာရဲ့။ သူ့အလုပ် သူ ပုံမှန်လုပ်တယ်။ သူ့တဲအိမ်လေး ပြန်ပြင်ဆောက်ပြီးတော့ သူ့ဆီ အလည်သွားတဲ့ ဖိုးခင် ပြောတာက အုန်းမောင်က ထမင်းဟင်းဆိုလဲ နှစ်ယောက်စာ ချက်သတဲ့။ ပြီးတော့ အိပ်ရာပြင်ရင်လဲ သူ့မိန်းမ ရှိနေသလို ပြင်ထားသတဲ့ ဆရာရေ။ ရူး မရူးတော့ ဆရာသာ စဉ်းစားကြည်ပေတော့ “
အံတော့ အံဩစရာ။ အုန်းမောင်က သူ့မိန်းမ ခေါ်လို့ မိုးကြီးလေကြီးကျချိန်မှာ သင်္ချိုင်းကို အင်္ကျီ သွားပေးတာရယ်၊ အဲ့ဒီနောက်ပိုင်း အုန်းမောင်က သူ့အိမ်မှာ သေသွားတဲ့ မယ်ဆုံ ရှိနေသလို နေထိုင်နေတာရယ်က ထူးဆန်းတယ်။ ကျောင်းဆရာ ကိုချစ်ဖေက ကိုခင်မြကို ဒီလို မှတ်ချက်ပြုလိုက်တယ်။
” သင်္ချိုင်းက ပြန်လာပြီးမှ သူ့မိန်းမ မသေဘူးလို့ ထင်မှတ်နေတာဆိုတော့၊ အုန်းမောင်နဲ့အတူ မယ်ဆုံရဲ့ဝိဉာဥ်များ အဲ့ဒီညက တပါတည်း ပြန်ကပ်ပါလာသလား ကိုခင်မြ။ ခင်ဗျားတို့ အုန်းမောင်ကို ဆေးကု မပေးကြဘူးလား “
” သူက ဘာရောဂါမှ မဖြစ်တော့ ဘာကြောင့် ဆေးကုပေးရမှာလဲ ဆရာလေးရ။ ခုဏက အုန်းမောင် လမ်းလျှောက်သွားတာလဲ ဆရာလေး မြင်လိုက်သား။ တကယ့် လူကောင်းပကတိလိုပဲလေ “
ကျောင်းဆရာ ကိုချစ်ဖေက ခေါင်းကို ခါရမ်းလိုက်ပြီး …
” ကျွန်တော် ပြောတာက … ကိုယ်တွင်းကိုယ်ပမှာ ဖြစ်တဲ့ ရောဂါကို ဆေးကုခိုင်းတာ မဟုတ်ဘူး ကိုခင်မြရဲ့။ ရှင်းရှင်းပြောရရင် သူ့စိတ်ကို စိုးမိုးနေတဲ့ မယ်ဆုံရဲ့ ဝိညာဉ်ကို တတ်သိနားလည်တဲ့ လောကီဆရာတဦးနဲ့ ပြကြည့်ဖို့ ပြောတာ “
” အင်း … ဒါတော့ ဘယ်သူကမှ ပြမကြည့်ဖူးဘူး ဆရာလေး။ ခက်တာက အုန်းမောင်က ဆွေမရှိမျိုးမရှိ တစ်ကောင်ကြွက်ဗျ။ သူ့ကို အဲ့သလို ပြကြည့်ပေးဖို့ ဘယ်သူကမှ တာဝန် ယူပေးကြမယ့်သူ မရှိဘူးပေါ့ဗျာ။
ကျွန်တော်တို့ဆိုတာကလဲ လယ်ထဲယာထဲ ဆင်းရ၊ အိမ်အလုပ်တွေ လုပ်ရနဲ့ဆိုတော့ သူ့ကို တကူးတက အချိန်မပေးနိုင်ဘူးလေ။ အချိန်တန်ရင် အုန်းမောင် ပြန်ကောင်းသွားမယ်ပဲ ခပ်ပေါ့ပေါ့ ထင်မိတာပေါ့ ။ ပြီးတော့လဲ ဆရာလေး ပြောသလို မယ်ဆုံရဲ့ ဝိညာဉ်ပါလာလိမ့်မယ်လို့ ဘယ်သူကမှ မထင်မိကြဘူးလေ “
ကိုခင်မြစကားက ကျောင်းဆရာ ကိုချစ်ဖေ ပြောတဲ့ မယ်ဆုံရဲ့ဝိဉာဥ်ပါလာတယ်ဆိုတာ လက်သင့်ခံပုံမရဘူး။ ဒါကို ကျောင်းဆရာက ရိပ်စားမိတော့ ချက်ချင်းပဲ …
” ကျွန်တော်က အထင်နဲ့ ပြောတာပါဗျာ ။ မယ်ဆုံရဲ့ ဝိညာဉ်ပါလာခဲ့သည်ရှိသော် … အဲ ပါလာခဲ့ရင်ပေါ့လေ။တတ်သိနားလည်တဲ့ လောကီဆရာတဦးနဲ့ နှင်ပေးလိုက်ရင် အုန်းမောင် ပြန်ကောင်းသွားလိမ့်မယ်ဆိုတဲ့ ယူဆချက်နဲ့ ပြောလိုက်တာပါ။ ဒါကလဲ ဖြစ်နိုင်ချေ ခပ်နည်းနည်းပါ “
အဲ့ဒီတော့မှ ကိုခင်မြက သက်ပြင်း ငွေ့ငွေ့ချလိုက်ပြီး …
” သူထိုက်နဲ့ သူကံပေါ့ ဆရာလေးရယ်။ အချိန်တန်တော့ ပြန်ကောင်းချင် ကောင်းသွားမှာပါ ။ ခုတောင် အုန်းမောင်က ရှိုးနဲ့မိုးနဲ့ သွားလာနေတာပဲ ။ အုန်းမောင်က သူ့အလုပ်ဆိုလဲ တချက်မပျက်ဘူး။ လယ်ထဲဆင်းချိန်ဆို သူကတောင် သူများထက် စောနေသေး “
ကျောင်းဆရာက စေ့စပ်သေချာတဲ့သူဆိုတော့ အုန်းမောင်ကို ခဏတဖြုတ် တွေ့လိုက်တာတောင် ဘယ်သူမှ သတိမထားမိတဲ့ အချက်တခုကို သတိထားမိတယ်။
” ခုဏက အုန်းမောင်ကို တွေ့လိုက်တော့ ကိုခင်မြ တခုသတိထားမိသေးလား “
ကိုခင်မြက ဆရာလေးစကားကို နားလည်ဟန်မတူဘူး။
” ဗျာ! ဘာကိုလဲ ဆရာလေး “
ဆရာကိုချစ်ဖေက သူ သတိထားမိတာကို ပြောပြတယ်။
” အုန်းမောင် အရင်ကလို ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းမဟုတ်ဘူးဗျ။ သူ့ကြည့်ရတာ လျော့ယဲယဲ နိုင်လှတယ်။ မျက်ကွင်းတွေကလဲ ခပ်ညိုညိုပဲဗျ “
“ဒါတော့ တယ်လဲ သတိမထားမိဘူး ၊ ဒီအတိုင်း ဖြတ်သွားဖြတ်လာပဲ တွေ့မိတာကိုး ဆရာလေးရဲ့ “
ကျောင်းဆရာ ကိုချစ်ဖေက ကိုခင်မြအဖြေကို တယ်စိတ်ဝင်စားပုံမရဘူး။ တစ်ခုခုကို ခပ်နက်နက် တွေးတောနေသလိုပဲ။ နောက်တော့ တစ်ခုခုကို စဉ်းစားမိဟန်နဲ့ ကိုခင်မြနဲ့ မမြင့်ဌေးတို့ကို နုတ်ဆက်ပြီး ပြန်သွားပါတော့တယ်။
ကျောင်းဆရာ ကိုချစ်ဖေရဲ့ စိတ်အတွေးမှာ ‘ ငါ အုန်းမောင်ရဲ့အိမ်ကို တစ်ခေါက်လောက်တော့ သွားလည်ရင်း အုန်းမောင်ရဲ့ အခြေအနေကို လေ့လာကြည့်ဦးမှ ‘ လို့ ဆုံးဖြတ်ချက် ချလိုက်မိတာပေါ့။
___________
၄။
လုပ်စရာတွေက ဒီကနေ့မှ များလွန်းနေသလား မသိပါဘူး။ ကိုချစ်ဖေတယောက် ညနေ ၅နာရီခွဲအထိ တစ်ယောက်တည်း အလုပ်ရှုပ်နေတယ်။
၆နာရီထိုးတော့ အလုပ်ကြွေးတွေ ပြီးသလောက်ဖြစ်သွားပြီ။ ဒါနဲ့ သူ ကျောင်းရေကန်မှာ ရေချိုးလိုက်တယ်။ ကိုချစ်ဖေက ကျောင်းထဲက ရုံးခန်းမှာ နေတယ်။ လူပျိုဆိုတော့ ကိုယ့်ဖာသာပဲ လျှော်ဖွပ်၊ချက်ပြုတ်စားတယ်။ တခါတလေ ကျောင်းသားမိဘတွေက ဟင်းလေးဘာလေး လာပို့ပေးကြတယ်။ သူ့ဖာသူဆို ကြက်ဥကြော်၊ ဝက်အူချောင်းကြော် စသဖြင့် အခြောက်အခြမ်း အကြော်အလှော်လေးတွေနဲ့ပဲ ဝမ်းမီးကို ဖြစ်သလိုငြိမ်းလိုက်တာ များသပေါ့။
ဒီကနေ့လည်း ကိုချစ်ဖေ ညနေစာကို ကြက်ဥကြော်နဲ့ စားလိုက်တယ်။ သူ ထမင်းစားပြီး နာရီကြည့်လိုက်တော့ ည ၇နာရီ ထိုးလုပြီ။
သူ ဒီကနေ့ အုန်းမောင်အိမ်ကို သွားလည်မယ်လို့ တွေးထားတော့၊ ကျောင်းတံခါးတွေကို အသေအချာ ပိတ်ခဲ့ပြီး ရွာထဲကို ထွက်လာခဲ့လိုက်တယ်။
” ရွာထဲက အိမ်တွေတောင် မီးတွေ ထွန်းနေကြပါပေါ့လား။ ငါ ဒီကနေ့ အလုပ်များတာနဲ့ နောက်ကျနေတာပဲ “
ရွာတွေရဲ့သဘောက ည ၈နာရီလောက်ဆိုရင်ပဲ အိပ်ရာဝင်ကြလေ့ရှိတယ်။ တောင်သူတွေဆိုတော့ မနက်စောစောထ လယ်ထဲယာထဲ လုပ်ငန်းဆင်းကြရတာမဟုတ်လား။ အဲ့ဒီတော့ စောစော အိပ်ရာဝင်ကြလေ့ရှိတယ်။
အုန်းမောင် အိမ်ရှေ့ ရောက်တော့၊ ခြံစည်းရိုးကနေ ကိုချစ်ဖေက လှမ်းအသံပေးလိုက်တယ်။
” ဟေ့ အုန်းမောင် အိပ်ပြီလားကွ “
အုန်းမောင် အိမ်ထဲက မီးရောင်လက်လက်မြင်ကတည်းက အုန်းမောင် မအိပ်သေးတာ ကိုချစ်ဖေ သိပါတယ်။ ဒါပေမဲ့ သူလာလည်ကြောင်း လှမ်းအသိပေးလိုက်တဲ့သဘောနဲ့ မေးလိုက်ခြင်းသာ။
အိမ်ထဲက အုန်းမောင် ထွက်လာပြီး ကျောင်းဆရာ ကိုချစ်ဖေကို မြင်တော့ …
” ဟာ ဆရာလေး ၊ မလာစဖူး အလာထူးလို့ ၊ မအိပ်သေးဘူး ဆရာရေ၊ ဒီမှာ မယ်ဆုံ အကြောတွေ တင်းနေတယ်ဆိုလို့ နင်းပေးနေတာ ၊ လာဗျို့ လာ လာ၊ ခြံတံခါးက စေ့ရုံ စေ့ထားတာရယ်၊ ဖွင့်ဝင်ခဲ့လိုက် ဆရာ “
ကိုချစ်ဖေ တစ်ယောက် အုန်းမောင်ရဲ့ အဖြေကြောင့် ကြက်သီးထသွားတယ်။ အုန်းမောင်က သူ့မိန်းမကို နင်းပေးနေတယ်ဆိုတာကိုး။
မီးအိမ်တစ်ခုကို ယူပြီး အုန်းမောင်က တဲအိမ်ရဲ့ တံစက်မြိတ် ဝါးလုံးမှာ ချိတ်ဆွဲလိုက်တယ်။ သူ့တဲအိမ်ရှေ့မှာ ၆ပေ ပတ်လည် ဝါးကွပ်ပြစ်တစ်ခု ရှိတယ်။
” လာ ဆရာလေး၊ ထိုင်ပါအုံး ၊ ကျွန်တော် ရေနွေးကြမ်းနဲ့ထန်းလျက်ခဲ သွားယူလိုက်အုံးမယ် “
” နေပါစေ အုန်းမောင်ရာ၊ ယူမနေပါနဲ့တော့ ၊ ငါ ဒီတိုင်း အလည်သက်သက် လာတာပါကွ “
အိမ်နေရင်းဆိုတော့ အုန်းမောင်က စွပ်ကျယ် လက်ပြတ် ဝတ်ထားတာကို တွေ့ရတယ်။ စွပ်ကျယ်က အုန်းမောင်ရဲ့ခန္ဓာကိုယ်နဲ့ဆို ခပ်ချောင်ချောင် ဖြစ်နေတယ်။
အရင်က အုန်းမောင်ကို ကိုချစ်ဖေ ကောင်းကောင်း ရင်းနှီးတယ်။ အုန်းမောင်က လက်သမားအလုပ်လည်း လုပ်တတ်တယ်။ ကျောင်းက စာသင်ခုံတွေ ကျိုးရင် ပျက်ရင်၊ ကျောင်းဆရာ ကိုချစ်ဖေက အုန်းမောင်ကို ခေါ်ခိုင်းနေကျ။ ရင်အုပ်ကားကား ၊ လက်မောင်းထွားထွားနဲ့ အုန်းမောင်ရဲ့ ကိုယ်အထက်ပိုင်းဗလာကို ကိုချစ်ဖေ မြင်ဖူးတယ်။
အခု အုန်းမောင်က စွပ်ကျယ်လက်ပြတ်နဲ့ဆိုတော့ အရင်လို ကြံ့ခိုင်သန်မာတဲ့ ကိုယ်ထည်မျိုးမရှိဘဲ၊ လျော့တိလျော့ယဲ ဖြစ်နေတာကို ထပ်မံ အတည်ပြုသွားနိုင်ခဲ့တယ်။
” ရောက်မှတော့ ရေနွေးကြမ်းလေးနဲ့ဖြစ်ဖြစ် ဧည့်ခံပါရစေအုံး ဆရာရယ်။ တော်နေကြာ အုန်းမောင်တို့လင်မယားက ဧည့်ခံညံ့တယ် အပြောခံနေရပါမယ် ဆရာ “
ကိုချစ်ဖေလည်း အားနာတော့ ‘အေး ဒါဆိုလဲ လုပ်ကွာ ‘ လို့ပဲ ပြောလိုက်တယ်။ အဲ့ဒီမှာ အုန်းမောင်က တစ်စုံတစ်ခုကို သတိရသွားတဲ့ဟန်နဲ့ သူ့တဲအိမ်ထဲကို လှမ်းပြောလိုက်တယ်။
” ဟာ … မေ့နေလိုက်တာ ၊ နေ့ခင်းက ကိုသာဒင်က လ္ဘက်တထုပ် ပေးလိုက်တာ ရှိတယ်။ ဟေ့ မယ်ဆုံ ဆရာ့အတွက် လ္ဘက်လေး ဆီရွှဲရွှဲနဲ့သုပ်ပေးစမ်းပါလား ။ ငါ့ဆရာက လ္ဘက်သုတ် ကြိုက်သဟ “
ကွပ်ပြစ်မှာ ထိုင်နေတဲ့ ကိုချစ်ဖေ ကျောထဲ စိမ့်ခနဲ အေးသွားတယ်။ လာပြန်ပြီ မယ်ဆုံတဲ့။ ကိုချစ်ဖေက အုန်းမောင်ရဲ့ မျက်နှာကို အကဲခတ်တယ်။ အုန်းမောင် မျက်နှာပေါ်မှာ လိမ်ညာနေဟန် တစ်စက်မှ မရှိဘူး။ ပြီးတော့ တဲအိမ်ထဲကလည်း ခြေသံလိုလို ဘာလိုလို လှုပ်ရှားသံတခုကိုလည်း ကိုချစ်ဖေ နားနဲ့ ဆက်ဆက်ကြားလိုက်ရပြန်တယ်။
ကိုချစ်ဖေ ခေါင်းနပန်းကြီးသွားတယ်။ ငါတော့ တစ္ဆေအခြောက်ခံနေရပြီနဲ့တူတယ်လို့ တွေးမိသွားတယ်။
အုန်းမောင်က ဆက်ပြောတယ်။
” ေဩာ် … ဒါနဲ့ ဆရာ၊ ကျွန်တော့ကို ဘာခိုင်းစရာ ရှိလို့လဲ “
ကိုချစ်ဖေက ချက်ချင်း ဘာပြန်ဖြေရမှန်းမသိတော့ ကြောင်အမ်းအမ်း ဖြစ်နေသေးတယ်။ နောက်တော့ …
” ဟို … ဟို … အဲ … ဘာ ဘာမှ ခိုင်းစရာ မယ်မယ်ရရ မရှိပါဘူး အုန်းမောင်ရ။ ဒီတိုင်း မင်းဆီကို အလည်သက်သက် လာတာပါ “
အုန်းမောင်က ကျောင်းဆရာရဲ့အဖြေကို သိပ်ကြိုက်ပုံမရဘူး။ သူ ကျောင်းဆရာရဲ့ မျက်နှာကို သေချာ အကဲခတ် လိုက်တယ်။ ပြီးတော့ အုန်းမောင်က ကျောင်းဆရာ စိုးရွံစွာ ကြည့်နေတဲ့ သူတဲအတွင်းကို လည်ပြန် ကြည့်လိုက်ပြန်တယ်။အုန်းမောင်ရဲ့မျက်နှာက တစုံတရာကို မကျေမနပ် ဖြစ်နေသလိုပဲ။ တည်တည်တင်းတင်းနဲ့ ကျောင်းဆရာကိုချစ်ဖေကို လှမ်းမေးလိုက်တယ်။
” ဆရာ … ဆရာရော ကျွန်တော့မိန်းမ မယ်ဆုံကို သေပြီလို့ ထင်နေတာလား “
အုန်းမောင်က ပွင့်ပွင့်လင်းလင်း ဒဲ့မေးလိုက်တော့ ကျောင်းဆရာ ဘာပြန်ဖြေရမှန်း မသိဘူး ဖြစ်သွားတယ်။ အုန်းမောင်ရဲ့ ခပ်တင်းတင်း မျက်နှာပေးကိုလည်း အခုတခါပဲ သူတွေ့ဖူးတယ်။ ကျောင်းဆရာက အုန်းမောင် ကျေနပ်အောင် ဘယ်လို ဖြေရမလဲ တွေးနေတုန်း …
ဂီး ဂွစ် ဂွစ်
ခြံစည်းရိုးမှာ ခွပေါက်နေတဲ့ လက်ပံပင်ပေါ်က ငှက်ဆိုးထိုးသံကြီးက ရုတ်ခြည်း ထွက်ပေါ်လာတယ်။
ငှက်ဆိုးထိုးသံနဲ့ မရှေးမနှောင်းမှာပဲ ရွာလမ်းမပေါ်က ခွေးတစ်ချို့က ရုတ်တရက် ထအူလိုက်ပြန်တယ်။
“ဝု အု အူး “
” ဝူး အူး အူး “
ကိုချစ်ဖေ ကြက်သီးတွေ ဖျန်းဖျန်းထသွားတယ်။ သူ အုန်းမောင်ရဲ့မျက်နှာကို လှမ်းကြည့်တော့ အုန်းမောင်က သူ့ကို မျက်တောင်မခတ်ဘဲ ကြည့်နေတာနဲ့ ဆုံသွားတယ်။ အုန်းမောင်က ကျောင်းဆရာရဲ့ အဖြေကို စောင့်နေတဲ့ပုံပဲ။
” အုန်းမောင်ရေ … ငါ မြို့ကို သင်တန်း သွားတက်နေတော့ ရွာမှာ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ဂဃနဏ မသိဘူးပေါ့ကွာ ။ ဒါပေမဲ့ ရွာထဲက လူတွေ ပြောတာတော့ … မင်းမိန်းမ မယ်ဆုံက လွန်ခဲ့တဲ့ သုံးလလောက်ကပဲ ဆုံး … ဆုံး … “
ကျောင်းဆရာရဲ့ စကားကို အုန်းမောင်က ဆုံးတဲ့အထိ နားမထောင်ဘူး။ လက်ကာပြလိုက်ပြီး စကားကို လေသံမာမာနဲ့ ဖြတ်ပြောလိုက်တယ်။
” တော် တော်တော့ ဆရာ ။ ဆရာလဲ ရွာထဲကလူတွေလို ကျွန်တော့မိန်းမ သေပြီလို့ ပြောချင်တာမဟုတ်လား “
အဲ့သလို ပြောပြီး အုန်းမောင်က ဆတ်ခနဲ ထပြီး သူ့တဲထဲ ဝင်သွားတယ်။ ခဏနေ အုန်းမောင်ဟာ လက်တဖက်က လ္ဘက်သုတ်ပန်းကန်ကို ကိုင်လာသလို ၊ ကျန်လက်တဖက် သူ့မိန်းမ မယ်ဆုံရဲ့ လက်ကို ဆွဲလာဟန်နဲ့ …
” မယ်ဆုံ မသေဘူး ဆရာ၊ ဟောဒီမှာ မယ်ဆုံ၊ ဟောဒါက မယ်ဆုံ သုတ်ပေးထားတဲ့ လ္ဘက် “
ဟေ!
ကျောင်းဆရာ မျက်လုံးက လင်းကွင်းလောက် ပြူးကျယ်သွားပြီး၊ ဟေ လို့သာ တစ်ခွန်းတည်း ရေရွတ်နိုင်ရှာတယ်။
လ္ဘက်ပန်းကန်ကို ချပေးတဲ့ အုန်းမောင်ရဲ့ ကျန်တဲ့လက်တဖက်မှာက သူ ပြောသလို မယ်ဆုံမဟုတ်ဘူး။ မယ်ဆုံ ဝတ်တတ်တဲ့ ဖျင်ကြမ်း လည်ရှည်အင်္ကျီတထည် ဖြစ်နေတယ်။ အုန်းမောင်က ဘာဆက်ပြောလဲဆိုတော့ …
” မယ်ဆုံက ကျွန်တော့ကို ဘယ်တော့မှ ခွဲသွားမှာမဟုတ်ဘူး ဆရာ။ မယ်ဆုံက ကျွန်တော့ကို အသဲပေါက်မတတ် ချစ်သလို ၊ ကျွန်တော်ကလဲ မယ်ဆုံကို သေမတတ် ချစ်တယ်။ ကျွန်တော်တို့ ဘယ်တော့မှ မခွဲဘူး ။ သေရင်တောင် အတူတူ သေမယ် ဆရာ “
ကျောင်းဆရာက အုန်းမောင်ကို ဘာပြောရမှန်းမသိတော့ ယောင်နနနဲ့ လ္ဘက်သုတ်ပန်းကန်ကို လက်အလှမ်း
” မြတ်စွာဘုရား “
ပန်းကန်ထဲမှာက လ္ဘက်သုတ်မဟုတ်ဘူး။ သစ်ရွက်ခြောက်တွေ ဆီဆမ်းထားတာကို တွေ့လိုက်ရတယ်။
အုန်းမောင် ကမန်းကတန်း လုပ်လာခဲ့ပုံပါပဲ။ ဒါကို သူက သူ့မိန်းမက သုတ်ပေးထားတဲ့ လ္ဘက်ဆိုပဲ။
ကျောင်းဆရာ ခုတော့ သဘောပေါက်သွားပြီ။ ရွာထဲက လူတွေက အုန်းမောင်ကို ရူးတယ်ဆိုကြတာ အမှန်ပါပဲလားလို့ပေါ့ ။
အုန်းမောင်က သူကိုင်ထားတဲ့ ဖျင်ကြမ်းအင်္ကျီစဘက်ကို လှည့်ပြီး၊
” မယ်ဆုံကလဲ ဆရာ့ကို အားနာစရာမှတ်လို့ ၊ နင်မှ နေမကောင်းတာ ၊သွား သွား နားချင် အိပ်ရာမှာသွားနားလိုက် ၊ ငါ ဆရာနဲ့ စကား ပြောလိုက်အုံးမယ် “
အုန်းမောင်က အဲ့သလို ပြောပြီး၊ ကျောင်းဆရာကို အားနာသလို ကြည့်လိုက်တယ်။ ပြီးတော့ သူကိုင်ထားတဲ့ အင်္ကျီလက်ကို လွှတ်ပေးလိုက်တယ်။
” ဟာ! ဟာ! “
ကျောင်းဆရာ ကိုချစ်ဖေ ကွပ်ပြစ်ပေါ်က ဝုန်းခနဲ ခုန်ထလိုက်တယ်။ သူ မထဘဲ နေပါ့မလား။ အုန်းမောင် လွှတ်ပေးလိုက်တဲ့ ဖျင်ကြမ်းလက်ရှည်အင်္ကျီကြီးက လူတစ်ောက် ဝတ်ထားသလို သူထိုင်နေတဲ့ ကွပ်ပျစ်ရှေ့ကနေ တဲထဲကို တလွင့်လွင့်နဲ့ ဝင်သွားတာကိုး ။
ကျောင်းဆရာ ကိုချစ်ဖေ … အုန်းမောင်ကို နုတ်မဆက်နိုင်တော့ဘူး။ ဖိနပ်ကျွတ်ကြီးနဲ့ ‘အောင်မယ်လေး သရဲ သရဲ ‘လို့ ကတုန်ကရင် အော်ဟစ်ခါ ရွာလမ်းမကြီးအတိုင်း အတင်း ပြေးထွက်သွားတယ်။
အုန်းမောင်ကတော့ နားမလည်သလိုနဲ့ ၊ ‘ဟာ ဆရာ ဆရာ နေအုံးလေ၊ လ္ဘက်လေး စားသွားပါအုံး ‘လို့ အော်ခေါ်ရင်း ကျန်နေရစ်ပါတော့တယ်။
ပြီးပါပြီ။
ပီပီ၊မန္တလေး၊