” တမလွန်ရွာသူ မပန်းဖြူ ” (စ/ဆုံး)
==============================
———————————
တစ်ခါတစ်လေမှာ တစ်ချို့အဖြစ်အပျက်တွေဟာ ကျွန်တော်တို့ ဦးနှောက်နဲ့လိုက်မမှီတာတွေ သာမာန်အမြင်နဲ့ မဆုံးဖြတ်နိုင်တာတွေ တော်တော်အများသားပဲဗျ။ ”ပြောမယုံ ကြုံမှသိ” ဆိုသလို ကျွန်တော့်ဘဝမှာ သရဲ တစ္ဆေနဲ့ပက်သက်ပြီးကြုံခဲ့ရတဲ့ အတွေ့အကြုံတစ်ခုကတော့ ………
”အစ်ကိုရေ ကျွန်မထဲမှာ စုထားဆောင်းထားတာလေးတွေရှိတုန်း…ကျွန်မတို့ အခုနေနေတဲ့ အိမ်လေးကို တိုက်ခံအိမ်လေးပြင်ဆောက်ကြရင် ကောင်းမလားဟင် …… အိမ်မှာဧည့်သည် ဘာညာလာရင်လည်း သပ်သပ်ရပ်ရပ်နဲ့ လွတ်လွတ်လပ်လပ် ကျယ်ကျယ် ဝန်းဝန်း တည်းခိုလို့ရတာပေါ့အစ်ကိုရဲ့ ။ ”
” အင်းလေ အဲ့လိုဆိုတော့လည်း မင်းသဘောပါပဲ မိန်းမရယ်။ ဒါနဲ့ နေစမ်းပါဦး… ခုနေနေတဲ့အိမ်ကို ပြင်ဆောက်မယ်ဆိုတော့က ငါတို့က အိမ်ဆောက်နေတဲ့အချိန် ဘယ်မှာသွားနေကြမတုန်းဟ ”
”အို …… အကိုကလည်း အိမ်ပြင်ဆောက်နေတုန်းတော့ အပြင်မှာခနဌားနေကြတာပေါ့ရှင် အဲ့အတွက်လည်း ဘာမှမပူနဲ့ … ကျွန်မစုံစမ်းထားပြီးသား။ ခုအမေတို့ပြောင်းနေတဲ့ ရပ်ကွက်နားမှာ အိမ်တစ်အိမ်ရှိတယ်ရှင့်… နှစ်ထပ်ပျဉ်ထောင်အိမ်ကြီး ခြံနဲ့ဝင်းနဲ့ အေးအေးဆေးဆေးပဲ မြေးအဘွားနှစ်ယောက်ပဲနေကြတာတဲ့… ခု အဲ့အိမ်အောက်ထပ်ကို အဌားတင်မယ်ကြားတယ် အပေါ်ထပ်ကတော့ သူတို့နေမှာပေါ့လေ… … အဲ့တာ ကျွန်မသွားစုံစမ်းလိုက်ဦးမယ်။ အဆင်ပြေရင် အဲ့မှာ လပိုင်းလောက်ခန သွားဌားနေကြတာပေါ့ အကိုရဲ့။ မြေးအဘွားနှစ်ယောက်ထဲဆိုတော့ ဇယားလည်းမရှုပ်တော့ဘူးလေ အေးအေးဆေးဆေးပဲ ……”
” အေးပါ မိန်းမရယ် …အဲ့ဒါဆိုလည်း မင်းသဘောပါပဲ မင်းကောင်းမယ်ထင်သလိုသာလုပ် … ဟုတ်ပြီလား…”
ဒီလိုနဲ့ မိန်းမရဲ့ ကောင်းမှု့နဲ့ပဲ ကျွန်တော်တို့ အဲ့အိမ်အောက်ထပ်မှာ ဌားနေဖြစ်ခဲ့ကြတယ်ဆိုပါတော့ဗျာ။ ခနပဲဌားနေတာဆိုပေမယ့် အိမ်ဆောက်နေတဲ့ချိန် သုံးလေးငါးလ လောက်တော့နေရမှာမို့ ပစ္စည်းပစ္စယတွေတော့ သယ်ရရွှေ့ရနဲ့ပေါ့လေ။ ပစ္စည်းတွေ နေရာချထားပြီးတာနဲ့ မိန်းမကတော့ နဂိုထဲက ဘုရား တရား ကိုင်းရှိုင်းတဲ့သူပီပီ အိမ်ရှေ့ခန်းမှာ စားပွဲခုံလေးချ အခင်းလေးခင်းပြီး ပင့်လာတဲ့ ဘုရားဆင်းတုတော်လေးကို နေရာတကျထားပြီးပူဇော်လိုက်တယ်။ ကျွန်တော်ကတော့ သူလုပ်တာဘေးက ကူညီညာလုပ်ရတာပေါ့လေ။
အဲ့နေ့က ညနေစောင်းမှပဲ အလုပ်တွေပြီးတော့တယ်… အိမ်ရှင်းရ လင်းရ ပစ္စည်းပစ္စယတွေ နေရာချရနဲ့ဆိုတော့ အတော်လေးပင်ပန်းသွားတော့ ထမင်းဟင်းလည်းမချက်နိုင်ဘူးလေ…အဲ့ဒါနဲ့ လင်မယားနှစ်ယောက် အိမ်ရှင် အဘွားကို ထမင်းဆိုင်ရှိတဲ့နေရာမေးမြန်းပြီး အဘွားညွှန်လိုက်တဲ့ လမ်းထိပ်ကထမင်းဆိုင်လေးကို .…ထမင်းစားဖို့ ထွက်လာခဲ့လိုက်တယ်…။ ထမင်းဆိုင်ရောက်တော့ ဟင်းတောင်သိပ်မစုံချင်တော့ဘူးဗျ ။အချိန်ကလည်း ညရှစ်နာရီလောက်ရှိနေပြီကိုး။
”အဒေါ်ရေ ကျွန်မကို ထမင်းတစ်ပွဲ ကြက်အသဲအမြစ်နဲ့ပေးပါ … အကိုရော ဘာနဲ့စားမလဲ ”
မိန်းမက ကျန်နေတဲ့ဟင်းအမျိုးအစားတွေကို လိုက်ကြည့်နေရင်း သူ့အတွက်ကြက်အသဲအမြစ်ဟင်းနဲ့မှာရင်းက တဆက်ထဲ ကျွန်တော့ကိုပါလှည့်မေးလိုက်တယ်။
” အင်းး ကိုယ်အတွက်ကတော့ငါးဟင်းပဲလုပ်လိုက်ကွာ ”
” အဒေါ်ရေ အဲ့တာဆို ကြက်အသဲအမြစ်နဲ့တစ်ပွဲ ငါးဟင်းနဲ့တစ်ပွဲနော် ”
မကြာခင်မှာပဲ ထမင်းပွဲတွေ ကျွန်တော်တို့ရှေ့ရောက်လာတယ်။အဲ့ဆိုင်ဟင်းချက်ကောင်းချက်ဗျာ… ပင်ပန်းထားတဲ့ အရှိန်ရော ဆာနေတဲ့အရှိန်ပါပေါင်းပြီး ကျွန်တော်တို့လင်မယားဆွဲလိုက်ကြတာ ခေါင်းတောင်မဖော်နိုင်ကြဘူး။ စားပြီး ပိုက်ဆံရှင်းမယ်လုပ်တော့ ဆိုင်ရှင်အဒေါ်ကြီးက ကျွန်တော်တို့ကိုကြည့်ရင်း မျက်နှာစိမ်းနေလို့ထင်ပါ့ စကားစမြည်ပြောလာပါလေရော ။
” ငါ့တူတို့ တူမတို့က ဒီလမ်းထဲမှာပဲ နေကြတာလားကွယ့် … အော် စိတ်တော့မရှိပါနဲ့ကွယ် မျက်နှာစိမ်းနေလို့ အဒေါ်ကမေးမိတာပါ …”
” ဟုတ်ကဲ့ ရပါတယ် အဒေါ်ရဲ့ … ကျွန်တော်တို့က ဒီနေ့မှ ဒီလမ်းထဲပြောင်းလာကြတာလေ… ဟိုးဘက်နားလမ်းအစွန်က နှစ်ထပ်ပျဉ်ထောင်အိမ်ကြီးရဲ့ အောက်ထပ်မှာခနဌားနေကြတာပါအဒေါ်ရေ ”
ကျွန်တော့စကားအဆုံးအဒေါ်ကြီးမျက်နှာမှာ အမည်ဖော်ရခက်တဲ့ အရိပ်တစ်ချို့ဖြတ်ပြေးသွားတာကို ကျွန်တော်မြင်လိုက်ရတယ်…။
”ဟင် လမ်းစွန်က နှစ်ထပ်ပျဉ်ထောင်အိမ်ကြီး ဟုတ်လား ”
”ဟုတ်တယ်လေ အဒေါ်ရဲ့ ဘာဖြစ်လို့လဲဟင်”
ကျွန်တော်ပြန်မေးလိုက်တော့ အဒေါ်ကြီးက တစ်ခုခုကိုမျိုသိပ်ထားရတဲ့ပုံစံနဲ့
”.ဘာ ဘာမှမဖြစ်ပါဘူးကွယ် အဒေါ်က သိချင်လို့မေးကြည့်တာပါ… ဒါနဲ့လေ စကားမစပ် နေရာအပြောင်းအရွေ့ဆိုရင် သက်ဆိုင် ဆိုင်ရာပိုင်ရာ ပုဂ္ဂိုလ်တွေကိုတော့ မေတ္တာပို့ဖို့ မမေ့ကြနဲ့နော် ငါ့တူနဲ့တူမ ”
” ဟုတ်ကဲ့ပါ အဒေါ်ရေ …ကျွန်မတို့က မြင်အပ်မမြင်အပ်ပုဂ္ဂိုလ်တွေကို အမြဲမေတ္တာပို့ဖြစ်ပါတယ် …ခုလိုပြောပြပေးတာ ကျေးဇူးပါနော် ……ခွင့်ပြုပါဦးရှင့်…”
အဲ့နေ့က ထမင်းဆိုင်က ပြန်လာတဲ့လမ်းမှာ ဆိုင်ရှင်အဒေါ်ကြီး ဘာကြောင့်အဲ့လိုပြောလည်းဆိုတာ ကျွန်တော်တွေးမိသေးတယ်။ ဒါပေမယ့် အော် လူကြီးဆိုတော့လည်း အိမ်နေရာအပြောင်းအရွေ့မို့ ပြောတယ်ထင်ပါတယ်လေ ဆိုပြီးတော့ အမှတ်တမဲ့ပဲ သဘောထားဖြစ်လိုက်တယ်ပေါ့ဗျာ။ ကျွန်တော်တို့လင်မယား အိမ်ပြန်ရောက်တော့ အိမ်ရှင်မြေးအဘွားက အိပ်နေကြပြီထင်ပါတယ်။ အပေါ်ထပ်တစ်ခုလုံး မှောင်မဲ တိတ်ဆိတ်လို့။ ကျွန်တော်တို့လင်မယားလည်း တနေကုန်ပင်ပန်းထားတဲ့ အရှိန်နဲ့ အိပ်ရာဝင်ဖို့ပြင်ကြတာပေါ့လေ။ အိပ်ရာမဝင်ခင် မိန်းမက ထုံးစံအတိုင်း ဘုရားရှိခိုးပြီး ပဋ္ဌာန်းရွတ် မေတ္တာပို့ အမျှဝေတာပေါ့။ မိန်းမပဋ္ဌာန်းရွတ်နေတုန်းမှာပဲ……
” တောက် ! ”
ကျွန်တော့်နားထဲမှာ တောက်ခေါက်သံအကျယ်ကြီးတစ်ချက်ကို ကြားလိုက်ရပြီး ဘာကြောင့်ရယ်မသိ ကျွန်တော်ကျောထဲမှာစိမ့်ပြီး ကြက်သီးထသွားတယ်။ မိန်းမဘက်ကိုကြည့်လိုက်တော့ မိန်းမကဘာသံမှကြားလိုက်ပုံမရဘူးဗျ။ သူ့ဘာသာသူ ဘုရားဆက်ရှိခိုးနေတာတွေ့လိုက်ရတယ်။ ကျွန်တော်ကတော့ တောက်ခေါက်သံကြီးကို သေချာပီပီသသကြားလိုက်ရပြီး ကျောထဲကိုစိမ့်တက်သွားတာဗျ။ ဒါပေမယ့် ရာသီဥတုအေးလာလို့ဖြစ်မှာပါလေဆိုပြီး အမှတ်တမဲ့ပဲ သဘောထားပြီး အိပ်ရာဝင်ခဲ့လိုက်တော့တာပေါ့ဗျာ။
မနက်လင်းတော့ ကျွန်တော်လည်း မျက်နှာသစ် မိန်းမပြင်ပေးတဲ့ မနက်စာစားပြီး အလုပ်သွားဖို့ထွက်လာခဲ့လိုက်တယ်။ အိမ်ထဲကနေ ကျွန်တော်ထွက်လာတော့ မျက်နှာစိမ်းမို့ထင်ပါရဲ့…အိမ်ရှေ့အိမ်က လူတွေနဲ့ အိမ်နားပတ်ဝန်းကျင်က သူတစ်ချို့က… ကျွန်တော့်ကို ကွက်ကြည့်ကွက်ကြည့်နဲ့ ။ ကိုယ်ကလည်း နဂိုကထဲက လူတွေနဲ့အရမ်းရောရော နှောနှောနေတတ်တဲ့ အကျင့်မရှိလေတော့ … သူတို့ကြည့်နေကြတာသိပေမယ့် မသိသလိုဘဲ ခပ်တည်တည်နဲ့ လျှောက်လာခဲ့လိုက်တယ်။ စိတ်ထဲမှာတော့ ဒီရပ်ကွက်က လူတွေ စပ်စုလှချည်လားပေါ့လေ။
ကျွန်တော်အလုပ်ကပြန်လာတော့ မိန်းမက အိမ်ပေါက်ဝမှာအသင့်ဆီးကြိုနေလေရဲ့။ သူ့အမူအရာကြည့်ရတာလည်း တစ်စုံတခုကိုဝေခွဲမရသလို ဇဝေဇဝါပုံစံနဲ့။ ဒါနဲ့ကျွန်တော်လည်း ……
” မိန်းမ မင်းဘာဖြစ်နေတာတုန်း မင်းကြည့်ရတာ တခုခုပြောချင်နေတဲ့ပုံပဲ ”
”အဲ့ဒါကလေ ဒီလိုအကိုရဲ့ မနက်ကလေ အကို အလုပ်သွားတော့ ကျွန်မလည်းလုပ်စရာရှိတာလေးတွေ လုပ်နေတုန်း အပေါ်ထပ်က အိမ်ရှင်အဘွားရောက်လာတယ် ”
”အမလေးးကွာ အဲ့တာများ အထူးအဆန်းလုပ်လို့ ဒါသူ့အိမ်ပဲဟ သူလည်းဆင်းလာချင်လာမှာပေါ့ ”
” အိုတော် … ရှင်ကလည်း ကျွန်မပြောတာဆုံးအောင်နားထောင်ပါဦး …တကထဲမှပဲ ”
”အေးပါကွာ ပြော ပြော ”
”ဒီလိုအကိုရဲ့ အဲ့အဘွားရောက်လာပြီး ကျွန်မကိုပြောတယ်။ ငါ့တူမကြီးကို အဘွားတစ်ခုလောက်မေတ္တာရပ်ခံချင်လို့ပါတဲ့ … အဲ့ဒါနဲ့ ကျွန်မကလည်း… ဟုတ်ကဲ့ ပြောပါအဘွားဆိုတော့ သူကဘာပြောတယ်မှတ်တုန်း …”
”ဟ အဲ့တာတော့ ငါဘယ်သိပါ့မတုန်းဟ ”
” အဲ့တာလေ… အဘွားကပြောတယ်ရှင့် … ကျွန်မ ဘုရားရှိခိုးတဲ့အခါမှာ ပဋ္ဌာန်းဒေသနာတော်ကြီးကို မရွတ်ပါနဲ့ မေတ္တာရပ်ခံတာပါတဲ့လေ ”
”ဟေ ဘာလို့တုန်းဟ… ပဋ္ဌာန်းရွတ်တယ်ဆိုတာ ကောင်းတဲ့အလုပ်ပဲလေ… အန္တရာယ်တောင်ကင်းသေး ”
”အဲ့ဒါတော့ ကျွန်မလည်းမသိဘူးရှင့် အင်းပေါ့လေ… သူ့အိမ်မှာနေတုန်းဆိုတော့လည်း သူပြောသလို လိုက်နာယုံပဲပေါ့ တခြားဂုဏ်တော်တွေနဲ့ မေတ္တသုတ်တော်ကြီးကိုပဲ ရွတ်ဖတ်ပူဇော်ကြတာပေါ့အကိုရယ် …… ”
မိန်းမပြောတဲ့စကားကြောင့် ကျွန်တော့်စိတ်ထဲမှာ မတင်မကျနဲ့ ဘဝင်မကျသလိုခံစားလိုက်ရတယ်။ ဒါနဲ့ညရောက်တော့ အိပ်ခါနီး မိန်းမ မသိအောင် စိတ်ထဲကနေ ပဋ္ဌာန်းဒေသနာတော်ကြီးကို ရွတ်ဖတ်ပူဇော်ရင်း အိပ်ရာဝင်ခဲ့လိုက်တယ်။ ညလယ်လောက်အရောက်မှာပဲ ……
” ဒုန်း ဝုန်းး ”
အသံနဲ့အတူ ကျွန်တော်တို့ အိပ်ခန်းဘေးက ပြတင်းပေါက်တံခါးက လေမတိုက်ဘာမတိုက်ပါပဲနဲ့ ဝုန်း ခနဲပွင့်သွားတာကြောင့် ကျွန်တော်လန့်နိုးလာခဲ့ရတယ်လေ။ မိန်းမကို ကြည့်လိုက်တော့ သူက ဘာသံမှ မကြားတဲ့အတိုင်း ဘေးမှာနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လို့… ။ ကျွန်တော်မအိပ်ခင်က ပြတင်းပေါက်တံခါးကို သေချာပိတ်ခဲ့တာပါ လေလည်းမတိုက်ပဲနဲ့ ဘာလို့များပွင့်သွားရတာပါလိမ့် …… ဝေခွဲမရတဲ့ အတွေးတစ်ချို့နဲ့အတူ ကျွန်တော်လည်းပြတင်းတံခါးကို ထပြီးပြန်ပိတ်ရင်း ပြန်အိပ်ဖို့ကြိုးစားတုန်းမှာပဲ…
”ရှပ် ရှပ် ” ”ရှပ် ”
” ရှပ် ချွတ် ချွတ် ရှပ် ”
ကျွန်တော်တို့အိပ်ခန်းရဲ့ တည့်တည့်အပေါ်ထပ်နေရာကနေ တရှပ်ရှပ်နဲ့လျောက်သွားနေတဲ့ ခြေသံတွေကြားလိုက်ရတယ်။ စိတ်ထဲမှာတော့ အိမ်ရှင်အဘွားကြီးမအိပ်ဘဲ ဘာများထလုပ်နေပါ့လိမ့်ပေါ့။ ခြေသံတွေက တော်တော်ကြာတဲ့ထိ လျောက်သွားနေတာ။ ထူးဆန်းတာက ဒီလောက်အအိပ်ဆတ်တဲ့ ကျွန်တော့်မိန်းမက ပြတင်းပေါက်ပွင့်တဲ့အသံရော ဒီအပေါ်ထပ်ကခြေသံတွေကိုရောပါ ဘာမှမကြားသလို နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေတာကိုပဲ။ ကျွန်တော်လည်း ကြားနေရတဲ့ ခြေသံတွေနားထောင်နေရင်း ဟိုတွေး ဒီတွေးနဲ့ပြန်ပြီး အိပ်ပျော်သွားတယ်။
တစ်ည…
အဲ့ဒီညက မနက်ကစားထားတဲ့ ပဲဟင်းနဲ့ ချဉ်ပေါင်ကြော်အစွမ်းကြောင့် ဗိုက်ကရစ်နာလာတာနဲ့ အိမ်သာသွားမယ်ဆိုပြီး ဓာတ်မီးလေးဆွဲပြီး ထွက်လာခဲ့တယ်။ အိမ်သာက အိမ်နောက်ဘက်ဒေါင့် ခပ်လှမ်းလှမ်းမှာဆောက်ထားတာကိုး။ အိမ်သာနားလည်းရောက်ရော အိမ်သာထဲမှာ မီးအလင်းရောင်ကိုတွေ့လိုက်ရတယ်။ ဒါနဲ့ကျွန်တော်လည်း အိမ်ရှင်အဘွားပဲဖြစ်မှာပါလေ ဆိုပြီး မလှမ်းမကမ်းကနေ ဖျင်လေးလိမ်ကျစ် လိမ်ကျစ်နဲ့ ရပ်စောင့်နေလိုက်တယ် ။
ကိစ္စကမှ ထိပ်ဝရောက်နေပါပြီဆိုကာမှလည်း အိမ်သာထဲက အဘွားကလည်း ကြာလိုက်တာ ထွက်ကိုမလာဘူးဗျာ။ ကြာတော့ လူကမထိန်းနိုင်တော့ဘူး ထွက်ကျတော့မယ် ။ အဲ့ဒါနဲ့ ကျွန်တော်လည်း ……
” အရှေ့မှာ အိမ်သာဝင်ဖို့ စောင့်နေတယ်ဗျ မြန်မြန်လုပ်ပါ ” ဆိုပြီးအော်ပစ်လိုက်တယ်လေ။ ကျွန်တော် အော်လိုက်လို့လားမသိဘူး ခနကြာတော့ ကျွီ ခနဲ အိမ်သာတံခါးပွင့်လာပြီး ဆံပင်ဖျားလျားချထားတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်အိမ်သာထဲကထွက်လာပြီး အိမ်ဘက်သို့လျောက်သွားတယ်။ ဟင် အိမ်ရှင်အဘွားလည်းမဟုတ်ပါလား ဘယ်သူများပါလိမ့် ဧည့်သည်များရောက်နေသလားဆိုပြီး တွေးလိုက်မိတာပေါ့ဗျာ။ ဒါပေမယ့် ကြာကြာမတွေးအားပါဘူး ကိုယ့်ကိစ္စရှင်းဖို့က ပိုအရေးကြီးနေတာကိုး။
မနက်ရောက်တော့ မိန်းမကို အပေါ်ထပ်ကအဘွားတို့ဆီမှာဧည့်သည်တွေ ဘာတွေများရောက်နေတာတွေ့မိသေးလားဆိုပြီး ညကတွေ့လိုက်တဲ့အမျိုးသမီးအကြောင်းကို ပြောပြမိတယ်လေ။ မိန်းမကတော့ ကျွန်တော့်ပြောစကားနားထောင်ပြီးဇဝေဇဝါနဲ့…
”ဟုတ်ရဲ့လား အကိုရဲ့ ကျွန်မတော့ဧည့်သည်လာတာ မတွေ့မိပါဘူးရှင် ညကြီးမိုးချုပ်ဆိုတော့ ရှင်အဘွားကိုများ လူမှားနေသလား ”
” ဟ မိန်းမရ ငါ့အဲ့လောက်မျက်စိမမှုံသေးပါဘူးကွ… ခုဟာက လူလတ်ပိုင်းအရွယ်မိန်းမတစ်ယောက်ဟ ”
” အင်းပေါ့လေ ဧည့်သည်ဖြစ်ချင်လည်းဖြစ်မှာပေါ့… အပေါ်မှာပဲနေလို့ ကျွန်မတို့ မတွေ့မိတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ရှင် …… ”
ဖြစ်ချင်တော့ အဲ့နေ့ညကပဲ ညသန်းခေါင်လောက်အရောက်မှာ…
”အကို အကို ခနထပါဦးအကိုရဲ့”
ကျွန်တော့်ပခုံးကို အသာလှုပ်နှိုးပြီးခေါ်လိုက်တဲ့ မိန်းမခေါ်သံကြောင့် ကျွန်တော်ဆတ်ခနဲလန့်နိုးလာခဲ့ရတယ်… ။
” ဘာဖြစ်လို့လဲ မိန်းမ ”
”ကျွန်မလေ ကျွန်မ အိမ်သာသွားချင်လို့ … အဲ့တာ မီးကလည်း ပျက်နေတော့ တစ်ယောက်ထဲမသွားရဲလို့ အကို့ကို နှိုးလိုက်ရတာ ကျွန်မကို လိုက်ပို့ပေးပါဦး ”
”အေး အေး လာ လာ ”
ကျွန်တော်က ဓာတ်မီးလေးကိုဆွဲ မိန်းမကဖယောင်းတိုင်နဲ့မီးခြစ်လေးကို ကိုင်ပြီးလင်မယားနှစ်ယောက် အိမ်သာဘက်ကိုထွက်လာခဲ့တယ်။ အိမ်သာနားလည်းရောက်ရော မိန်းမက ပါလာတဲ့ ဖယောင်းတိုင်က်ု မီးခြစ်လေးခြစ်ပြီး မီးညှိလိုက်ရင်း……
”အကို … ဒီနားကပဲစောင့်နေပေးနော် ဘယ်မှမသွားနဲ့… ကျွန်မကြောက်တယ် ”
”အေးပါကွာ… မင်းသာ စိတ်ချလက်ချနဲ့ ကိုယ့်ကိစ္စကိုရှင်း… ငါဒီနားမှာပဲရှိမယ် ဟုတ်ပြီလား”
” အင်းပါ အင်းပါ ”
ပြောပြောဆိုဆိုနဲ့ မိန်းမက အိမ်သာတံခါးကို ဆွဲအဖွင့် ……
”အားးးးးး အမလေးး ”
”ဟာ ”
မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ကျွန်တော့်မိန်းမတင်မကဘူး ကျွန်တော်ပါ ကြက်သီးမွှေးညှင်းတွေထပြီး ခေါင်းကဆံပင်တွေပါထောင်တက်သွားသလားထင်ရတယ်… ။
အိမ်သာထဲမှာ ဆံပင်ဖျားလျားနဲ့မိန်းမတစ်ယောက် ငုတ်တုတ်ထိုင်ပြီး ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို အားပါးတရ …ရဲခနဲ ရဲခနဲနေအောင် ဖွာနေတာများဗျာ… တစ်ချက်တစ်ချက်မှာ ရဲခနဲဖြစ်သွားတဲ့ ဆေးလိပ်မီးရောင်ကြောင့်… သွေးမရှိသလို ဖြူစွတ်စွတ်မျက်နှာထက်က ညိုမည်းပြီး ချိုင့်ဝင်နေတဲ့ သူ့မျက်လုံးတွေကို လင်မယားနှစ်ယောက်လုံးမြင်လိုက်ကြရတယ်။ အဲ့ချိန်မှာပဲ ဘယ်ကရလာမှန်းမသိတဲ့ နနွင်းနံ့ကြီးကလည်း ကျွန်တော်တို့လင်မယားနှစ်ယောက်လုံးရဲ့ နှာခေါင်းဝမှာ ထောင်းခနဲဆို ရလိုက်တယ်လေ။ အဲ့ဒီတော့မှပဲ ကြောင်ပြီးရပ်ကြည့်နေတဲ့ မိန်းမလည်းသတိဝင်လာပြီး ……
”အမလေးးး သရဲ သရဲ သရဲပါတော့ ”ဆိုပြီး အိမ်ဘက်ကိုလှည့်ပြီး ပြေးပါလေရော။ ကျွန်တော်တို့ လင်မယားနှစ်ယောက် ပြေးလာတဲ့အသံ မိန်းမရဲ့ အော်လိုက်တဲ့အသံတွေကိုကြားလိုက်ရလို့ထင်ပါ့… အပေါ်ထပ်က အိမ်ရှင်မြေးအဘွား မီးအိမ်လေးကိုင်ပြီးဆင်းလာကြတယ်လေ… ။ အဲ့မြေးအဘွားဆင်းလာတာကို မြင်မြင်ချင်းပဲ မိန်းမက ……
”အဘွား အဘွား ဟို ဟို သရဲ သရဲ… ”
မိန်းမစကားတောင်မဆုံးသေးဘူး အဘွားက လက်ကာပြပြီး ……
” ငါ့တူကြီးနဲ့ တူမကြီးတို့ သိချင်နေကြတဲ့ မေးခွန်းတွေရဲ့အဖြေကို အဘွားမနက်ကျအကုန်ရှင်းပြပေးပါ့မယ်ကွယ် … ဒီနေ့ညတော့ ငါ့တူနဲ့တူမ သုံးဆယ့်တစ်ဘုံက သတ္တဝါတွေကို မေတ္တာပို့ အမျှဝေပြီးတော့သာ အိပ်လိုက်ကြပါတော့နော်… မနက်ကျ အားလုံးသိရအောင် အဘွားပြောပြပါ့မယ် ပဋ္ဌာန်းတော့မရွတ်ကြပါနဲ့ကွယ်… ဟုတ်ပြီလား မေတ္တာရပ်ခံတာပါကွယ် နော် ……”
ဟင် ဒါဆို ဒီအကြောင်းတွေ အဘွားကကြိုသိနေတာပေါ့… ဝေခွဲမရတဲ့စိတ် စိုးရိပ်ကြောက်လန့်တဲ့ စိတ်တွေပေါင်းပြီး အဲ့နေ့ညက ကျွန်တော်တို့ လင်မယားနှစ်ယောက် ကောင်းကောင်းအိပ်မပျော်ခဲ့ပါဘူး …… ရသမျှ ဘုရားစာတွေ တတွတ်တွတ်ရွတ်ရင်းနဲ့သာ မိုးလင်းသွားခဲ့ရတယ်လေ… ။ မနက်လင်းတော့ အိမ်ရှင်အဘွားရောက်လာပြီး ……
”ငါ့တူနဲ့တူမကို အဘွားတောင်းပန်ပါတယ်ကွယ်… တကယ်က ဒီအကြောင်းတွေကို ကြိုမပြောပြဖြစ်ခဲ့တာ ငါတူမတို့ ကြောက်ပြီး မနေရဲမှာစိုးလို့ပါ…… ”
”ဟင် ဒါ ဒါဆို အဘွားအိမ်က တကယ်သရဲခြောက်တာပေါ့… ဒါနဲ့များဗျာ ကျွန်တော်တို့ကို ဖုံးထားရက်တယ်…လုပ်ရက်ပါ့ အဘွားရယ်… ”
” အပြစ်တင်လည်း ခံရတော့မှာပါကွယ် … အဘွားနဲ့ မြေးလေးတို့ စားဝတ်နေရေး အခက်အခဲအတွက် ငါ့တူမကြီးတို့ဆီက အိမ်ဌားခလေးပဲ မျှော်လင့်စရာရှိတာမို့ပါကွယ်… အဲ့ဒီအတွက် အဘွားကိုခွင့်လွှတ်ပေးကြပါ… အခု ငါ့တူနဲ့ တူမကြီးတို့ မနေချင်တော့ဘူးဆိုရင်လည်း အိမ်ဌားခတွေ အဘွားပြန်ပေးပါ့မယ်ကွယ်နော်… ”
အိမ်ရှင်အဘွားစကားကြားလိုက်ရတော့ မိန်းမက စိတ်မကောင်းဖြစ်သွားတယ်ထင်ပါတယ်……
” ထားလိုက်ပါအဘွား ကျွန်မတို့ အိမ်ဌားခလည်းပြန်မယူပါဘူး … ဒါပေမယ့် ကျွန်မသိချင်တာက… ညက တွေ့ခဲ့ရတဲ့ သရဲမက ဘယ်သူလဲ ဘာကြောင့် ဒီအိမ်မှာရှိနေရတာလဲ ဆိုတာကိုပါပဲ… အဲ့ဒါလေးတော့ ပြောပြပေးပါလား အဘွား…… ”
မိန်းမရဲ့စကားအဆုံးမှာ အဘွားမျက်ဝန်းတွေရီဝေသွားပြီး တစ်ခုခုကို သတိရလိုက်ဟန်နဲ့ ငိုင်ကျသွားတယ်…။ ခနနေတော့ ဝေ့ဝဲလာတဲ့ မျက်ရည်စတွေကို လက်ခုံလေးနဲ့ အသာတို့သုတ်လိုက်ရင်း……
” တကယ်တော့ အဲ့ဒါ အဘွားရဲ့ တစ်ဦးထဲသော သမီးလေးပါကွယ်… ဒီမြေးလေးရဲ့ အမေပေါ့ … သူ့နာမည်က မပန်းဖြူတဲ့ … ”
”ဟင် ” ”အို ”
”ဟုတ်ပါတယ်ကွယ်… တကယ်တော့ အဘွားသမီးလေးက အရမ်းကိုသနားဖို့ ကောင်းပါတယ်… အမေတစ်ခု သမီးတစ်ခုဘဝမှာ သူအဘွားကို သိပ်ချစ်ရှာတယ်… …အရမ်းလည်း လိမ်မာရေးခြားရှိတဲ့ သမီးလေးပါ… သူအရွယ်ရောက်လို့ အိမ်ထောင်ရက်သား ကျသွားတော့လည်း ဒီအမေအိုကြီးကို တစ်ယောက်ထဲမထားခဲ့နိုင်ရှာဘူးလေ… အဲ့အတွက် သူတို့လင်မယား အဘွားနဲ့အတူပဲလာနေခဲ့ကြတယ်… ။ ဒီလိုနဲ့မြေးလေးကို ကိုယ်ဝန်လွယ်ခဲ့ရတယ်လေ… ။ ကံဆိုးချင်တော့ မြေးလေး ကိုယ်ဝန်အရင့်အမာနဲ့ အချိနိမှာပဲ သမီးလေးရဲ့ ခင်ပွန်းဟာ အလုပ်ခွင်မှာ မတော်တဆမှု့နဲ့ အသက်ဆုံးပါးသွားခဲ့ရတယ် ……ကိုယ်ဝန်အရင့်အမာကြီးနဲ့ အချိန်ကျမှ ခင်ပွန်း
ဖြစ်သူဆုံးပါးသွားတဲ့အတွက် …သမီးလေးလည်း အတော်ခံစားသွားရပုံပေါက်ပါတယ် … အဲ့အချိန်ကစပြီး တရှောင်ရှောင်နဲ့ဖြစ်တော့တာပါပဲ… မြေးလေးကို မွေးတဲ့အချိန်လည်းရောက်ရော… နဂိုကထဲက အားနည်းနေတဲ့သမီးလေးဟာ သူ့ကလေးလေးကို မွေးပြီးပြီးချင်းမှာပဲ ဒီအိမ်အပေါ်ထပ်မှာတင်ဆုံးပါးသွားခဲ့ရှာတယ်ကွယ် …… ။
ပြောနေရင်းနဲ့ အဘွားက အတိတ်ကိုပြန်သတိရသွားတဲ့ ပုံနဲ့ မျက်ရည်တွေကျလာခဲ့တယ်။ ပြီးမှ ကျလာတဲ့မျက်ရည်တွေကို သုတ်ရင်း ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး ……
”နဂိုကထဲက အစွဲအလမ်းကြီးလွန်းလှတဲ့ သမီးလေးဟာ… သေဆုံးပြီးသွားတဲ့ နောက်မှာလည်း အဘွားနဲ့ သူ့ကလေးကို သံယောဇဉ်မပြတ်နိုင်ရှာဘူး ထင်ပါရဲ့ကွယ်… ဘယ်လိုပဲ ကောင်းမှု့ကုသိုလ်တွေလုပ်ပြီး အမျှဝေပေးပေမယ့် … သူ့ခမျာ သံယောဇဉ်တွေကြီးပြီး သာဓုမခေါ်နိုင်ရှာဘူးထင်ပါရဲ့… ခုထိမကျွတ်မလွတ်တဲ့ ဘဝနဲ့ ရံဖန်ရံခါဆိုသလို တွေ့ရလေ့ရှိတယ်……တစ်ခါတလေမှာလည်း သူဆုံးသွားခဲ့တဲ့ အခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေတဲ့ ခြေသံတွေကိုကြားရလေ့ရှိတယ်လေ…… တကယ်တော့ အဘွားသမီးလေး ဘဝက သနားစရာပါကွယ် …… ”
အိမ်ရှင်အဘွားပြောပြတဲ့ မပန်းဖြူ အကြောင်းကို ကြားမိတော့… ကျွန်တော်တို့လင်မယား ကြောက်စိတ်ထက် အစွဲအလမ်းကြီးပြီး မကျွတ်လွတ်နိုင်ရှာတဲ့ ဝိဉာဉ်မလေးမပန်းဖြူအပေါ် သနားဂရုဏာသက်မိတဲ့စိတ်က ပိုလာခဲ့ရပါတော့တယ်… ။ နောက်နေ့တွေမှာလည်း ရံဖန်ရံခါဆိုသလို ညဘက်ရောက်တိုင်း မပန်းဖြူရဲ့ ပုံရိပ်ကို အိမ်ဝင်းထဲမှာတွေ့ရလေ့ရှိတယ်… ။
အဲ့လိုအခါမျိုးမှာတော့ ကျွန်တော်တို့လင်မယား မပန်းဖြူလေးကို ရည်စူးပြီး မေတ္တာပို့ အမျှဝေဖြစ်ခဲ့ပါတယ် … ဘုံဘဝခြင်းမတူပေမယ့် တစ်ဦးစေတနာ တစ်ဦးမေတ္တာလို့ဆိုရမလားပဲဗျာ … ကျွန်တော်တို့အဲ့အိမ်မှာ ငါးလနီးပါးကြာခဲ့ပေမယ့် မပန်းဖြူရဲ့ မလိုလားတဲ့ပုံရိပ် ခြောက်လှန့်တဲ့ ပုံရိပ်တွေကို နောက်ပိုင်းမှာဘယ်တော့မှ မတွေ့ခဲ့ရတော့ဘူး …… ။
ငါးလလောက်ကြာတဲ့အခါမှာတော့…… ကျွန်တော်တို့အိမ်လည်း ပြင်ဆင်ဆောက်လုပ်ပြီးတာနဲ့ ကျွန်တော်တို့ ဇနီးမောင်နှံနှစ်ယောက် မပန်းဖြူတို့ အိမ်ကနေ ကျွန်တော်တို့ရဲ့ အိမ်သစ်ကို ပြန်လည်ပြောင်းရွှေ့လာခဲ့ကြတယ်ပေါ့ဗျာ… အဲ့ဒီအိမ်ဘက်ကိုလည်း ပြန်မရောက်ဖြစ်တော့တာကြောင့် နောက်ပိုင်းမှာ မပန်းဖြူနဲ့ပက်သက်တဲ့ အကြောင်းတွေလည်း ဘာတစ်ခုမှမကြားမိတော့ပါဘူး… အစွဲအလမ်းကြီးလွန်းလှတဲ့ တမလွန်ရွာသူ မပန်းဖြူတစ်ယောက်ကတော့ ကျွတ်လွတ်၍သွားပြီလား … သို့တည်းမဟုတ် ထိုအိမ်မှာပဲ အမေနဲ့သားအပေါ် စွဲလမ်းတွယ်ငြိစိတ်နဲ့ မကျွတ်မလွတ်ဘဝနဲ့ပဲ ဆက်ရှိနေတုန်းလား ဆိုသည်ကိုတော့ ကျွန်တော်လည်း အမှန်တကယ်ပင် သိချင်မိပါသေးတော့သည်…… ။
ချစ်ခြင်းများစွာဖြင့်
အမ်နိုင်း (oasis)
#crd