ထူးဆန်းသောအဘိုးအိုနှင့်သူယောင်ဒေဝီ

*ထူးဆန်းသော အဖိုးအိုနှင့် သူယောင်ဒေဝီ*📖📖📖

***********************************

။ည

မှောင်မိုက်သောတစ်ည
ပဲခူးရိုးမနှင့်ထိစပ်နေသော ပန်းတောရွာကလေးသည်
တိတ်ဆိတ်စွာ အိပ်မောကျလျှက်ရှိသည်။

ထိုရွာ၏ အစွန်ဆုံးတစ်နေရာတွင်
မီးမလင်းသည့် တဲအိမ်ငယ်လေးတစ်လုံး။

“အား ကျွတ် ကျွတ် ဗိုက်ကနာလိုက်တာ”

အိမ်အတွင်းမှ ငြီးသံတစ်သံ။
မောင်သာလှသည် မိဘမဲ့တစ်ကိုယ်တည်းနေရသူဖြစ်
သည်။

မနှစ်ကတော့သူ့အစ်ကို မောင်သာ၀ရှိသေးသည်။
ရိုးမတောထဲ အမဲလိုက်ရင်းကျားကိုက်ခံရကာ
သေဆုံးပြီးသည့်နောက်ပိုင်း မောင်သာလှသာ ကျန်ရစ်
ခဲ့သည်။

မောင်သာလှကတော့ မုဆိုးမလုပ်။
ရွာအတွင်းက ရေခပ်ထင်းခွဲစသည့်သူများခိုင်းသမျှကို
ပေးသလောက်ယူပြီး လုပ်ကိုင်စားသောက်သည်။

အသက်ဆယ့်ခြောက်နှစ်အရွယ်မောင်သာလှ
ရုပ်ရည်အဆင့်မနိမ့်ကျပါ။
ထွားကြိုင်းတောင့်တင်းသောကိုယ်ခန္ဓာနှင့်
အသားအရေမှာ ညိုချောဖြစ်သည်။

မောင်သာလှသည် ဆေးကွမ်းမစား အရက်မသောက်
ဖဲမရိုက်တတ်ပေ လူရိုးလူအေးတစ်ယောက်ဖြစ်သည်။

ဒါပေမဲ့ မောင်သာလှအား ပန်းတောရွာမှ ဘယ်မိန်းက
လေးမှစိတ်မ၀င်စားပါ အရေးမပေးကြပါ။
သူသည်အညတြမဟုတ်လော။

မောင်သာလှတွင်အားနည်းချက်တော့ရှိသည်။
ညမှောင်လျှင် အိမ်ပြင်မထွက်ရဲခြင်းဖြစ်သည်။

“အား ဒီဗိုက်ကလည်း အောင့်နေလို့မရတော့ဘူး”

အိမ်သာတက်ချင်နေသည်မှာ အောင်အည်းမရတော့
သဖြင့် အနားကဓားမနှင့် ဓာတ်မီးစုတ်ကလေးကို
ဆွဲယူကာ ခြံနောကာဘက် ပြေးလေတော့သည်။

သူပြေးဆင်းသွားပြီးနောက်တွင်
သူ့တဲအိမ်မှောင်မ်ုက်မိုက်လေးနား လူရိပ်တစ်ရိပ်ကပ်
သွားလေသည်။

ပစ္စည်းမဲ့လူတန်းစားမောင်သာလှထံ
ဘယ်ပစ္စည်းကိူ ခိုးယူလိုသည့်သူခိုးနည်း။
……
ချွင် ချွင် ချလွင်

ပန်းတောရွာလေး၏ ရွာပြင်ကျောင်းအတွင်းက
စေတီလေးတစ်ဆူထံမှ ဆည်းလည်းသံများက
မနက်ခင်းရဲ့ အေးမြမှုကို ပိုပြည့်စုံစေသည်။

ရွှမ်းရွှမ်း ရွှမ်း

စေတီလေးအနီး သစ်ပင်အုပ်အုပ်လေးဆီမှ
တံမြက်စည်းလှည်းသံတစ်သံ။

ဟုတ်ပါသည် အ၀တ်ခပ်မှိုင်းမှိုင်းကို၀တ်ဆင်ထားသည့်
အသက်ခုနှစ်ဆယ်အဖိုးအိုတစ်ယောက်သည်
သစ်ရွက်ခြောက်များအား လှည်းကျင်းနေသည်။

ထိုအနီးကို ဘုန်းကြီးတစ်ပါးကြွလာပြီး…

“ဒကာကြီး မနက်စာစားဖို့ ကပ္ပိယကြီးစောင့်နေပြီ”

အဖိုးအိုကလက်အုပ်ချီပြီး…

“တင်ပါ တပြည့်တော်ဒါလေးပြီးရင် တက်သွားလ်ုက်
ပါ့မယ် ဘုန်းဘုန်းကော တစ်ဖက်ရွာကို ဆွမ်းစားကြွ
ရမယ်ဆို”

“အိမ်း အဲ့ဒါခုလာပင့်နေကြပြီမို့ သွားတော့မလို့လေ”

“လမ်းမှာဂရုစိုက်ပါဘုရာ့”

“စိတ်ချပါဒကာကြီး”

ဘုန်းကြီးဦးတေဇသည် ထိုသို့ပြောပြီး လှည့်ထွက်ခဲ့
သည်။

“အရှင်ဘုရားလှည်းပေါ်ကြွပါဘုရာ့”

လာကြိုကြသည့်လှည်းပေါ် တက်ထိုင်လိုက်သည်။

“ထ်ုင်ရတာအဆင်ပြေလားဘုရား”

“ပြေတယ်ဒကာတို့ နေပူမကြမ်းခင် ထွက်ကြစို့ရဲ့
တော်နေနွားနေပူမိနေလိမ့်မယ်”

“တင်ပါဘုရာ့ ဟဲ့ငညို ဟီး ဟီး ထွက်ထွက်”

(ထိုအရပ်တွင် နွားများကိုခိုင်းစေလျှင် မောင်းနှင်လျှင်
ဟီး ဟုအသံထွက်ကြသည်)

ဘုန်းကြီးသည် လှည်းပေါ်ထိုင်ရင်း ကျောင်း၀င်းအတွင်း
စေတီလေးနားက သစ်ပင်တန်းကိုအဖြတ်တွင်
ယခုတိုင်တံမြက်စည်းလှည်းနေဆဲဖြစ်သော အဖိုးအိုကို
တွေ့ရသည့်အခါ လွန်ခဲ့သည့်ရက်က အဖြစ်ကို
ပြန်တွေးမိသည်။

ကျောင်းက ကပ္ပိယကြီးက….

“အရှင်ဘုရား ကျောင်းအောက်မှာ ဧည့်သည်တစ်ယောက် ရောက်နေတယ်ဘုရာ့
ဒီကဘူရားမှာ ကိုးရက်တရားထိုင်မလို့တဲ့
ခွင့်တောင်းနေတယ်”

“အိမ်း နေရပ်မေးလိုက်လေကွယ် အမည်နာမကကော”

“မေးတယ်ဘုရာ့ နာမည်ဆိုတာ လူတစ်ယောက်က
လူတစ်ယောက်ကို ခေါ်ရပြောရလွယ်အောင် ပေးကြ
တာ နာမည်ဆိုတာ အရေးမပါပါဘူးတဲ့
နေရပ်ဆိုတာလည်း အတည်တကျ နေထိုင်တဲ့နေရာရှိမှ
ဖြေလို့ကောင်းတာတဲ့
သူကနေရာအတည်တကျမနေတော့ ဘယ်နေရာကို
ပြောရမှန်းမသိဘူးတဲ့
လူ့ဂွစာကြီးလားမသိပါဘူးဘုရာ့”

ဘုန်းကြီးဦးတေဇမှာတချက်ပြုံးမိလေသည်။

“အိမ်း လက်ခံထားလိုက်လေကွယ် ကောင်းမှုလုပ်ဖို့လာတာပဲ”

ထိုသို့ခွင့်ပြုခဲ့ပြီး ထို အဖိုးအိုမျက်နှာကြည့်ရသည်မှာ
ကြည်လင်ရှင်းသန့်နေသဖြင့် သမာဓိ မနည်းသူမှန်း
ရိပ်မိခဲ့သည်။

ထိုအဖိုးအိုသည် စကားသိပ်မပြော။
မိမိထက်ပင် အသက်ကြီးပုံရသည်။

ကပ္ပိယနှင့်အတူ ကျောင်းအောက်ထပ်တွင်မအိပ်
ဘုရားအနီးမှ ဇရပ်ငယ်လေးတွင်သာ နေသည်။

သူလုပ်စရာရှိသည်တို့ကိုသာ လုပ်သည်။
ညအခါတွင် ကျောင်း၀င်းအတွင်းကဘုရားရှေ့တွင်
တရားထိုင်သည်။

သန်းခေါင်ယံထိဖြစ်သည်။

ဘုန်းကြီးသည် အဖိုးအိုအကြောင်းတွေးရင်း
တစ်ဖက်ရွာကို လိုက်ပါသွားလေသည်။
…..
“အဟမ်း”

“သြော် ကပ္ပိယကြီး လာထိုင်လေဗျာ ဘုန်းကြီးပြန်မကြွလာသေးဘူးလား”

“တော်နေပြန်ရောက်လိမ့်မယ်ဗျာ့ ခင်ဗျားကို ကျုပ်တစ်ခုမေးချင်လို့
ရမလား”

ဘုရားအနီးပဇရပ်လေးတွင်း ၀င်လာပြီး
ကပ္ပိယကြီးသည် သူ့ကိုစကားစလာခြင်းဖြစ်သည်။
တစ်ချက်ပြုံးလိုက်ရင်း….

“ဘာစစ်ဆေးအုန်းမလို့လဲ ကပ္ပိယကြီး “

” ဒီလိုပါ ခင်ဗျားဟာ နေရာအနှံ့သွားလာနေတယ်ဆိုတော့
ကျုပ်ထက် ဗဟုသုတပိုစုံမှာပေါ့
ဒီပဲခူးရိုးမအတွင်းမှာ ဝိဇ္ဇာတွေနေထိုင်တယ် ကျုပ်ကြားဘူးတယ်ဗျို့
၀ိဇ္ဇာဆိုတာ ဘယ်လိုမျိုးလဲ ခင်ဗျားသိသလောက် ပြောပြပေးပါ
ကျုပ်လဲ သိရတာပေါ့”

အဖိုးအိုက နှစ်လိုဖွယ်ပြုံးပြပြလိုက်ပြီး…

“ဝိဇ္ဇာ ငါးပါးရိတယ်ဗျာ
၁။ အရိယာဝိဇ္ဇာ
၂။ လောကီဝိဇ္ဇာ
၃။ ဂန္ဓာရီဝိဇ္ဇာ
၄။ မန္တန်ဝိဇ္ဇာ
၅။ ဝေဒဝိဇ္ဇာ

အရိယာဝိဇၨာဆိုတာ…
သာသနာတော်အတွင်းမှာ
ပေါက်မြောက်အောင် အားထုတ်တဲ့
ဝိဇ္ဇာဖြစ်တယ်။

လောကီဝိဇ္ဇာဆိုတာ…
ကသိုဏ်းစျာန်ကို ရပြီး
ကျင့်ကြံအားထုတ်အပ်တဲ့
ဣဒ္ဓိဝိဓ အဘိညာ၊ ဒိဗ္ဗစက္ခု၊
ဒိဗ္ဗသောတ၊ စေတောပုရိသ၊
ပုဗ္ဗေနိဝါသ၊ ယထာကမ္မုပဂ၊
အနာဂတံ အဘိညာ ဆိုတဲ့ အဘိညာဝိဇၨာကို
လောကီဝိဇ္ဇာလို့ ခေါ်ပါတယ်။

ဂန္ဓာရီဝိဇ္ဇာကတော့…
မြေလျှိုး မိုးပျံပြီး
အရာရာကို ဖန်ဆင်းပြနိုင်တယ်။
စိန္တာမယဣဒ္ဓိ ကြံတိုင်းပြီးစေတဲ့
စိန္တာမယ တန်ခိုးနဲ့ ပြီးနိုင်တယ်။

မန္တန်ဝိဇ္ဇာက
လက္ခဏာကျမ်းအမျိုးမျိုး၊
နိမိတ်ကျမ်းအမျိုးမျိုး၊
နက္ခတ်ကျမ်း၊ ဂါထာမန္တရား၊
ဆေး၊ ဓာတ် စတဲ့ လောကီကျမ်းမျိုးစုံကို
အမှန်တကယ်တတ်တဲ့ ဝိဇ္ဇာကို
မန္တန်ဝိဇ္ဇာလို့ ခေါ်ပါတယ်။

ဝေဒဝိဇ္ဇာက…
ဗေဒင်လေးပုံကို
အမှန်တကယ် တတ်ကျွမ်းတဲ့
ပုဂ္ဂိုလ်ကို ခေါ်ပါတယ်။

အားလုံးသော ဝိဇ္ဇာတွေက
ကျင့်ယူလို့ရနိုင်ပါတယ်
တစ်ကယ်ကျင့်ကြံရခက်ခဲတာက လောကုတ္တရာဝိဇ္ဇာပါပဲ
ဒါကျုပ်သိသလောက်အကုန်ပဲ ကပ္ပိယကြီး”

ကပ္ပိယကြီးလည်း ကျေနပ်စွာပြုံးသည်။

“ခုလိုပြောပြပေးတာ ကျေးဇူးအရမ်းတင်ပါတယ် ဧည့်သည်ကြီး
ကိုင်း ဆရာတော်ပြန်ရောက်လာတော့မှာမို့
လိုအပ်တာလေးပြင်ဆင်ဘို့ သွားပြီဗျို့”

သူ့ကို ဧည့်သည်ဟုပြောသွားသည့် ကပ္ပိယ၏နောက်ကျောအား
ကြည့်ကာ အဖိုးအိုတစ်ချက်ပြုံးမိပြန်သည်။

လူသားအားလုံးတို့သည် သံသရာခရီးသည်တွေမှန်း
သူမသိသေး သတိမမူမိသေးပါလား။
…….

“အဟင့် ဟင်းဟင်း”

အိပ်ပျော်နေစဉ် နားထဲတိုး၀င်လာသည့်အသံတစ်သံ။
ပထမတွင် အလုံးစုံမနိုးသေး။

နိုးတစ်၀က်ဖြင့် ကြားရခြင်းဖြစ်သည်။

“ဟင်းဟင်း ဟင်း”

ထပ်မံပေါ်ထွက်လာသည့်အသံကြောင့်
အသိစိတ်က ကိုယ်မှာပြန်ကပ်လာသည်။
ဆက်ခနဲထထိုင်လိုက်သည်။

“ဘယ်ကရီသံလဲဟ ငါအိပ်မက်ယောင်နေတာလား”

အမှောင်ထဲမှာပေမဲ့ ကြယ်ရောင်လရောင်မြင်ရသော
သူ့တဲအိမ်လေးမှာ သူ့မျက်စိဖြင့် ကျင့်သားရနေသည်။

မီးမထိုးဘဲ မြင်ရသည်။
တဲအိမ်အပြင်ဘက်တွင်တော့ မှောင်နေသည်။
အရဲစွန့်ပြီးမေးရသည်။

“ဘယ်သူလဲရီနေတာ ဓားနဲ့ခုတ်မှာနော်”

သူ့အသံကြောင့် ရယ်သံတိတ်သွားသည်။
အတန်ကြာသည်ထိ မထူးခြား။

“ငါစိတ်ထင်တာနေမှာပါ”

ပြောရင်းပြန်ထိုင်ချလိုက်ပြန်သည်။

“ဟင့်ဟင့် ဟင်း”

ထပ်မံကြားလိုက်ရသောအသံကြောင့် အိပ်ရာပေါ်မှ
အမြန်ထရပ်လိုက်သည်။

သရဲကြောက်ပေမဲ့ ထိုင်နေ၍ မဖြစ်တော့

သူ့အိမ်တွင် လူတစာယောက်ရောက်နေတာသေချာ
သွားလေပြီ။
ထို့ကြောင့် ခေါင်းအုံးအောက်ကဓားမနှင့်
အိပ်ယာနှဘေးက ဓာတ်မီးကို ဆွဲယူကာ
အိမ်အောက်ပြေးဆင်းခဲ့သည်။

အသံသည် အိမ်နောက်ဘက်နားဆီမှ
ကပ်ပေါ်နေသည်မှန်း ခန့်မှန်းမိနေပြီဖြစ်သည်။
ဓာတ်မီးကိုထိုးရင်း ဓားဖြင့်ရွယ်ကာ…

“ဘယ်သူလဲပြောစမ်း သူခိုးလား “

“အဟင့်အဟင့်”

“ဟင် မင်း မင်းဘယ်သူလဲ ဒီမှာဘာလုပ်နေတာလဲ”

အိမ်နောက်ဘက် တံစက်မြိတ်နားတွင် ပုဆစ်တုတ်
ထိုင်ပြီး မျက်နှာကို လက်နှစ်ဖက်ဖြင့်အုပ်ကာ ငိုနေသည့်မိန်းကလေးတစ်ဦး။

သူနှင့်အသက်အတူတူလောက်ရှိမည်။

“ဟေ့ မေးနေတာဖြေလေကွာ..”

“အဟင့်ဟင့် ကျွန်မမိဘတွေနဲ့ ခရီးထွက်ရင်း
လူခြင်းကွဲသွားလ်ို့ပါရှင့် ဟင့်ဟင့်”

“မငိုနဲ့လေကွာ ထထ ရွာထဲကလူကြီးအိမ်
ပို့ပေးမယ်နော် ထတော့ထတော့”

“ဟင့်အင်း ညီမ လူတွေကြားမနေချင်ဘူး
ဖြစ်နိုင်ရင် အစ်ကိုနဲ့နေပါရစေရှင် “

“ဘယ်ဖြစ်မလဲကွာ ကျုပ်က တစ်ယောက်ထဲနေတာ”

“အို ဘာပဲဖြစ်ဖြစ် အစ်ကိုနဲ့ပဲနေပါရစေ
တခြားသူတွေဆိုရင် ညီမအပေါ် အစ်ကို့လောက်
ကောင်းပေးချင်မှကောင်းပေးမှာ
အမေတို့ကလဲမရှိတော့ အရမ်းကြောက်တာပဲ”

မိန်းကလေးသည် ပြောရင်းငိုနေပြန်သည်။

ဓာတ်မီးရောင်မှိန်မှိန်အောက်မှာပင်
သူမအလှက ပေါ်လွင်နေသည်။
ရှိုက်ကြီးဖိုငယ် အသွယ်သွယ်ဖြင့် လှပလွန်းသည်။

သူမသည်ပြောရင်းဆိုရင်း ကုန်းအထ

“အို”

ယိုင်ခနဲဖြစ်သွားစဉ်
မောင်သာလှကဆွဲပွေ့လိုက်သည်။

“နော်အစ်ကို ညီမ အစ်ကိုနဲ့နေပါရစေ “

ပါးပြင်ထိရိုက်ခတ်လာသော လေအငွေ့။
ရင်ခွင်ထဲရောက်ရှိနေသော နူးညံ့သည့်အထိအတွေ့။

မောင်သာလှသည် မဖြစ်စဖူး မူးမိုက်ရီဝေလာရတော့
သည်။

“နော် အစ်ကိုနော်”

“အင်းအင်း အိမ်ထဲသွားကြမယ်လေ”

“ဟုတ်ကဲ့”

မိန်းကလေးကိုထွေးပွေ့ရင်း ခေါ်လာခဲ့မိတော့သည်။

အိမ်ပြင်ဘက်တွင် မောင်သာလှရဲ့ဓားမသည်သည်သာ
မြက်ခင်းပေါ်ကျကျန်ရစ်ခဲ့တော့သည်။
……

နောက်ရက်များတွင်လည်း
မောင်သာလှသည် အလုပ်ကိုစိတ်မပါ။

အနားကလှကလျှာထံတွင်သာ အခစား၀င်နေမိသည်။

မကြုံဘူးသည့် အချစ်ဆိုသည် ထိုအရာကိုခေါ်လေမလား။

……….

ချွင် ချလွင် ချွင်

လေပြည်လေညင်းတို့ကြောင့်
ဘုရားဆီက ဆည်းလည်းသံချိုချိုတို့သည်
ကြည်နူးဖွယ် ပျံ့လွင့်လျှက်ရှိသည်။

ဘုရားရှေ့တွင် တရားထိုင်နေသည့်အဖိုးသည်
တရားထိုင်နေရာမှ ထရပ်လိုက်သည်။

အောက်အီး အီး အွတ်

ခပ်လှမ်းလှမ်းကရွာဘက်ဆီမှ ကြက်တွန်သံ။
အဆိုပါကြက်တွန်သံကိုကြားရသည်က
ယခုဆိုလျှင် နှစ်ကြိမ်ရှိပြီဖြစ်သည်။

ဒါဆိုသေချာပြီ အချိန်အားဖြင့် သန်းခေါင်ယံလောက်
ရှိချေတော့မည်ဟု
ခန့်မှန်းလိုက်သည်။

ဘုရားအားတစ်ချက်မော်ဖူးလိုက်ပြီး မိမိအိပ်ယာရှိသည့်
ဇရပ်လေးဘက် ပြန်ထွက်ခဲ့တော့သည်။

“ဟင် “

ဇရပ်ပေါ်တွင် ကောင်လေးတစ်ယောက်ပါလား။

“ညကြီးအချိန်မတော် ဘာကိစ္စလဲလူလေး”

“ဟုတ်အဖိုး ကျနော့ညီမလေး အရမ်းဗိုက်အောင့်နေ
လို့ပါ အဲ့ဒါရွာထဲကဆရာမပင့်ရဲလို့
ကျုပ်မြင်ဖူးနေတဲ့ အဖိုးဆီအကူညီလာတောင်းရတာပါ
ညီမလေးကိုကယ်ပါအုံးအဖိုး”

ထိုသို့ပြောလာသည့်သူငယ်လေးသည်
ဘုန်းကြီးကျောင်းလာရင်း မိမိကိုတွေ့ဘူးနေတာဖြစ်
မည်။

“အိမ်ကဘယ်နားမှာလဲကွဲ့”
“ဒီကျောင်းနဲ့သိပ်မဝေးဘူးအဖိုး လိုက်ခဲ့ပေးနော်”

လူရွယ်၏ မျက်လုံးတိူ့သည် မှိုင်းရီနေကြသည်။
ထိုသည်ကိုအဖိုးအိုခံစားမိနေရသည်။

“အင်းငါမကယ်ရင် ဒီကလေးဒီညအသက်ဆုံးရှုံးရ
တော့မှာပဲ
ပြဿနာကလည်း ငါ့ဆီအရင်းခံပီးလာတာမို့
ငါကယ်မှဖြစ်တော့မှာပါလား”

စိတ်အတွင်းကထိုသို့တွေးပြီး
ဇရပ်ပေါ် အိပ်ယာဘေးနားက လွယ်အိတ်အား
ကောက်ယူလိုက်သည်။

“ရှေ့ကသွားလူလေး”

“ဟုတ်အဖိုး ဒီဘက်လမ်းကပါ”

သူ့ရှေ့က စိုက်စိုက် စိုက်စိုက်ဖြင့်သွားနေသည့်
လူငယ်လေးကိုကြည့်ရင်း အဖိုးအိုစိတ်မကောင်း။

“သံသရာကြွေးတွေ ဒီတစ်ညနဲ့ ကျေပါစေကလေး”

ရင်တွင်းမှဆုတောင်းလိုက်ရင်း
နောက်မှကပ်လိုက်ခဲ့တော့သည်။

အတန်ကြာလျှောက်လာကြပြီးနောက်တွင်…
တဲအိမ်လေးတစ်အိမ်ရှေ့ ရောက်လာကြသည်။
မီးမှိန်မှိန်ထွန်းထားသည်။

“ဒီအိမ်ပဲအဖိုး အိမ်ထဲကြွပါ”

မောင်သာလှသည် အဖိုးအိုအားပြောရင်း
ခေါင်းထဲမိုက်ခနဲဖြစ်ပြီး မေ့မြောသွားလေသည်။

ကောင်လေး၏လက်ကို သွေးအမြန်စမ်းသည်။

အဖိုးအိုသည် အိမ်တွင်းအမြန်၀င်လိုက်သည်။

မီးရောင်မှိန်မှိန်အောက်တွင် တစ်ဖက်ကိုဘေးစောင်း
လှဲအိပ်နေသည့် အမျိုးသမီးတစ်ယောက်။
ခါးအောက်ပိုင်းတွင် စောင်ပါးလေးခြုံလွှမ်းထားသော်
လည်း ညီမျှသည့်အချိုးအဆစ်တို့အား
အတိုင်းသားပင် မြင်တွေ့နေရသည်။

“သူယောင်ဒေဝီ”

အဖိုးအိုနှုတ်မှ အသံတစ်ချက်ထွက်သွားသောအခါ
တစ်ဖက်ကိုလှည့်အိပ်နေသော မိန်းကလေးမှ
ထလာလေသည်။

“အမောင်ရယ် အမောင့်ကိုသူဇာရှာနေတာ
့ကြာလှပါပြီ အမောင်ကအပြင်မထွက်တော့ သူဇာလဲ
အကြံထုတ်ရတော့တာပေါ့”

“တော်ပါတော့ သူယောင်ဒေဝီတော်တော့
ဟိုကလေး ကိုခုလွှတ်ပေးပါ”

“ဟင်းဟင်း ဒီလောက်မလွယ်ဘူးလေ
ရှင် သူဇာနဲ့အတူလိုက်မယ်ဆိုမှ သူ့ကိုလွှတ်ပေးနိုင်
မယ်”

“ဒီမှာ သူယောင်ဒေဝီ လောကမှာ ကိုယ်ဖြစ်ချင်တာ
ဖြစ်ရရိုးလား ပီးတော့ မတရားတဲ့အကြံအစည်ဟာ
အထမြောက်ရရိုးလား ငါသီလမပျက်ချင်ဘူးနော်
ခုလွှတ်”

“ဟင်းဟင်း ဒေါသကလည်းကြီးလိုက်တာအမောင်ရယ်
သူက သူဇာနဲ့ပေါင်းသင်းနေတာ တစ်ပါတ်ရှိနေပြီ
သူ့ကိုသူဇာပိုင်နေပီလေ သူ့အသက်ကို
ခုနှုတ် ခုရတယ်”

အဖိုးအိုစိတ်မရှည်ချင်တော့ပါ။
ကြာလာရင် မောင်သာလှ အသက်ဆုံးနိုင်သည်။

“အင်းလေ မင်းကိုပြောနေရင်အပိုပဲ
ဒီတော့ ကျုပ်ရမဲ့အလုပ်ကိုသာ လုပ်ယုံပေါ့”

ဟု
ပြောပြီး တဲအိမ်အလယ်တွင် ထိုင်ချလိုက်သည်။

သူဘာလုပ်တော့မည်ကို သူဇာသိသည်။

“အမောင် သူဇာ့ကိုမရက်စက်ပါနဲ့ အဲ့လိုမလုပ်ပါနဲ့”

ငိုရင်းတောင်းပန်လေသည်။
သို့သော်
အဖိုးအိုမှာ သူ့စကားကိုအရေးမစိုက်တော့ပါ။

စိတ်ကတစ်ခုခုကိုညွတ်လိုက်သည့်အခါ
နာမ်သည် ရုပ်ခန္ဓာမှ ခွာသွားလေသည်။

ဟိမ၀န္တာတောင်တန်းပေါ်သို့…

ဟိမ၀န္တာကို သွားနေရင်း လမ်းခရီးတစ်လျှောက်တွင်
သူယောင်ဒေဝီခေါ် သူယောင်မယ်သည်
လူတို့ဌာနေသိူ့ ၀င်ခွင့်ရအောင် ခက်ခဲစွာကြိုးပမ်းရပုံ
တွေကို စိတ်ဖြင့်မြင်ရပြန်သည်။

ပင်ပန်းလှပေစွ ဆင်းရဲလှပေစွ။
အသီးအဖြစ်ဖန်ဆင်းပြီး လူတစ်ယောက်ကို ကောက်ယူလာစေသည်။
ညရောက်လျှင်ခရီးဆက်ပြန်ပြီး
လူတစ်ယောက်အားတွေ့စေပြန်သည်။

ထိနည်းဖြင့် ပန်းတောရွာပြင်ထိရောက်လာရခြင်းဖြစ်မည်။

ခေါင်းကိုခါယမ်းကာ ကြင်နာစိတ်ကို
မောင်းထုတ်လိုက်သည်။

ဟိမ၀န္တာတောအုပ်

ကျောက်ကလပ်တောင်

ထိုတောင်မှာ ဝိဇ္ဇာများဆေးပင်ရှာရာ
ဆေးကြိတ်ရာအရပ်ဖြစ်ပြီး ထိုနေရာနှင့်မနီးမဝေးတွင်
သူယောင်တောရှိသည်။

ကာမဂုဏ်မကင်းစင်သေးသည့် ဝိဇ္ဇာတို့သည်
ထိုနယ်မြေတွင် ကာမဂုဏ်ကိုခံစားကြသည်။

ထိုသူယောင်တောသည် သက်ရှိတစ်ယောက်မျှမရှိ
ျသော်လည်း လေတိုးသံ သစ်ရွက်လှုပ်သံများက
တစ်ယောက်ယောက်က တေးဆိုနေသယောင်
ခေါ်ငင်နေသယောင် ခံစားစေသော တောဖြစ်သည်။

သူယောင်တောရဲ့အလည်တွင် အခြားသော
သူယောင်ပင်တွေထက် ပိုကြီးမားသော သူယောင်ပင်
ကြီးတစ်ပင်ရှိသည်။

အသီးမှာမူ တစ်လုံးမှမရှိ။
အဖိုးအိုကသိနေသည်။
ထိုသူယောင်ဘုရင်၏တစ်လုံးတည်းသောအသီးမှာ
ယခု လူ့ရပ်ရွာကို ရောက်နေသည်ဟု.။

သူယောင်ဘုရင်အပင်ရှေ့ မတ်တပ်ရပ်ကာ
ပါးစပ်မှ ဂါထာတစ်ပုဒ်ကို ခပ်တိုးတိုးစရွတ်လေသည်။

သူသည် မန္တာန်ဝိဇ္ဇာမဟုတ်လော..

စရွတ်ရွတ်ခြင်းပင်…

ဝေါ ဝေါ
လေပြင်းများတိုက်ခတ်လာပြီးနောက်
သစ်ပင်ကြီးမှာ ယိမ်းထိုးလာတော့သည်။

ဂါထာဆက်ရွတ်မရသည်ထိ လေပြင်းမှာပြင်းထန်လှသည်။

“အမောင်ရေ မလုပ်ပါနဲ့ သူဇာကိုမရက်စက်ပါနဲ့နော်”

နားအတွင်း တိုး၀င်လာနေသည့် မိန်းမပျိုအသံအား
ဂရုမစိုက်တော့ဘဲ ဂါထာတော်ကိုသာ
ကျနသေချာစွာ ရွတ်ဆိုလေတော့သည်။

ငိုသံများ တောင်းပန်သံများ ကြားနေရပြီးနောက်

နားကကြားတေရသည့်အသံ
မျက်စိကပြေးမြင်နေမိသည့်သဏ္ဍာန်တို့အား
ဇွတ်ဖျောက်ဖျက်ကာ
ဂါထာရွတ်နေသည့်အကြိမ်ရေအား သုံးကြိမ်ပြည့်အောင်အားထုတ်လေသည်။

အချိန်တစ်ချို့ကြာလာပြီးနောက်တွင်

“အား…”

ဝေါ ဝုန်း ဘုန်း

အော်သံစူးစူးနှင့်အတူ သူယောင်ပင်မှာလဲပြိုကျသွား
လေတေ့ာသည်။

ထိုအခါ မခြားသော သူယောင်ပင်တို့သည်လည်း
တုန်ခါမှုကိုပြုကြလေသည်။
အဖိုးအိုကထိုအခါမှ မူလခန္ဓာကို ရှိရာအရပ်ဆီ
ပြန်လှည့်ခဲ့တော့သည်။

ထိုင်နေသောရုပ်ခန္ဓာကိုယ်တွင်း ပြန်၀င်လိုက်ပြီးနောက်
အမြန်ထရပ်သည်။

မောင်သာလှမှာခုထိသတိမရသေး။
အဖိုးအိုက လက်ညိုးလေးဖြင့် နှဖူးကိုတို့ထိလိုက်မှ
သတိပြန်လည်လာလေသည်။

“ဟင် အဖိုး အားအေးလိုက်တာ
ညီ ညီမလေးကော သက်သာသွားပြီလားအဖိုး”

“လူလေး စိတ်ကိုငြိမ်အောင်ထားပါ
လူလေးဆီရောက်နေသူက လူမဟုတ်ဘူးကွဲ့”

“ဟင်ဘာပြောတာလဲအဖိုး လူမဟုတ်လို့ဘာလဲဗျ”

မေးသံက ဒေါသသံ။

“ဂန္ဓာရီဝိဇ္ဇာ ကိလေသာကုန်စင်အောင် အားထုတ်ကြတဲ့
၀ိဇ္ဇထ်ုရ်ကြီးတွေကို သမာဓိလိုက်ဖျက်ဆီးတဲ့
သူယောင်မယ်ပဲလူလေး”

“သူယောင်မယ် ဘာလဲဗျသူယောင်မယ်
ဂန္ဓာရီ ဝိဇ္ဇာဆိုတာကကော ဘာလဲ”

“ဒါတွေပြောနေရင် လူလေးနားလည်မယ်မထင်ဘူး
အဖိုးလဲ တရားပျက်ရပြီ
လူလေးလဲ ၀ဋ်ကြွေးကိုဆပ်ဖ်ု့ပြင်ပေတော့ကွယ်
အဖိုးသွားရတော့မယ်
အင်း သဗ္ဗေသတ္တာ ကမ္မသကာပါလား…”

အဖိုးအိုသည် တဲအိမ်အပြင်ဘက်အမှောင်ထဲ
မီးမပါဘာမပါဖြင့်
လှမ်းထွက်သွားလေပြီ။

“ညီမလေး သူဇာရေ”

ထ်ုအခါမှ မောင်သာလှလည်း သတိ၀င်လာပြီး
အိပ်ယာဘက်ပြေးလာခဲ့သည်။
မိမိပြင်ထားသည့်အိပ်ယာထက်တွင်
သူဇာမရှိ။

“သူဇာရေ သူဇာ”

တကြော်ကြော်အော်ရင်း မျက်၀န်းအစုံက
ကြမ်းပြင်တနေရာတွင် ကျနေသော သစ်သီးတစ်လုံး
အား တွေ့မြင်လေသည်။

ပြေးကောက်ကြည့်မိသည်။
သာမာန်သစ်သီးတွေထက် အနည်းငယ်ပိုကြီးနေပြီး
လူသားမိန်းမအသွင်ဖြင့် သစ်သီးတစ်လုံး။

အိမ်အတွင်းဝေ့ကြည့်လိုက်ပြီး သစ်သီးကို
ပွေ့ဖက်ထားမိသည်။

နားထဲတွင် အဖိုးအိုပြောသွားသည့်
စကားအချို့ကိုကြားယောင်လျှက်
ငိုကြွေးမိတော့သည်။

ပန်းတောရွာနှင့်ထိစပ်မနေသော တဲအိမ်လေးဆီမှ
နာနာကျင်ကျင်ငိုကြွေးနေသံတို့အား
ဘယ်သူမှမကြားခဲ့ကြပါ။

“သူဇာ သူဇာမရှိတောဘူ း အီးဟီးဟီး…”

…….

မနက်လင်းသောအခါ…

“ဟားဟား ဂန္ဓာရီဝိဇ္ဇာကွ
ငါ့ချစ်သူကို လိုက်ရှာရမယ်”

ထိုစကားအားဟစ်အော်ရင်း
ရွာလမ်းမတစ်လျှောက် ပြေးလွှားခုန်ပေါက်နေသည့်
မောင်သာလှအား ရွာသားများတွေ့ကြရလေသည်။

“ဟာ မောင်သာလှပါလား ရူးသွားတာထင်တယ်”

“ဟယ် မောင်သာလှပါလား ဟိုတလောကတောင်
ငါ့အိမ်ထင်းလာခွဲသေးတယ်
ဘယ်လိုဖြစ်ရတာလဲမသိဘူး”

တစ်ယောက်တပေါက်ပြောဆိုကြသည်။

ထိုနေ့က
မောင်သာလှအား နောက်ဆုံးမြင်တွေ့ကြရခြင်းပင်
ဖြစ်သည်။

ဆွေမျိုးမရှိ အညတြမောင်သာလှတစ်ယောက်
ပဲခူးရိုးမတောင်ခြေနားတွင်တည်ရှိသော
ပန်းတောရွာကလေးမှ ပျောက်ချင်းမလှ
ပျောက်သွားရလေသည်။

ထို့အတူပင်
ပန်းတောရွာကျောင်း၀င်းဆီမှ
တရားလာအားထုတ်ပါသည်ဟုဆိုသော
ထူးဆန်းသည့်အဖိုးအိုသည်လည်း
ရက်မစေ့ခင် ပျောက်သွားပြန်တော့သည်။

ထိုအရာကို မည်သူတစ်ဦးတစ်ယောက်မှ
အရေးတယူမရှိသော်လည်း
ဘုန်းကြီးဦးဇောတိကမှာ ကျောင်း၀င်းအတွင်းက
ဘုရားရှေ့တွင်ရပ်ရင်း
ထူးဆန်းသည့်အဖိုးအိုအကြောင်းအားတွေးနေမိတော့
သည်။

ပြီးပါပြီ။
စာမူကိုကူးယူခွင့်မပြုပါ။
နှလုံးစိတ်၀မ်း အေးချမ်းကြပါစေရှင်….

                              ဧကရီ {မနောမြေ }အားလေးစားလျက်