ထူးဆန်းသော သိုက်/ဥစ္စာစောင့်များ( စ/ ဆုံး )
—————————————
ဆောင်းဥတုရဲ့ တစ်ခုသော ညနေခင်း ….
ရေးရခတ်တဲ့ ဝတ္ထုတစ်ပုဒ်ရဲ့ ဇာတ်သိမ်းခန်းကို ကျနော်
ရေးနေ၏။
ထိုဝတ္ထုက ကျနော်ရေးဖူးသမျှဝတ္ထုတွေထဲ အချိန်အတော်
လေးယူရသောဝတ္ထုပင်။
ဇာတ်သိမ်းရေးလိုက်၊ ပြန်ဖတ်ပြီးစိတ်တိုင်းမကျဖြစ်လိုက်၊
နောက်တစ်ခါ ထပ်ရေးလိုက်နှင့် တစ်ယောက်တည်း
အလုပ်ရှုပ်နေ၏။
ထိုအချိန်၌ ကျနော့်အဖေရဲ့အဖေ ဖြစ်တဲ့ ဖိုးဖိုးကား
ကျနော်နှင့် ခပ်လှမ်းလှမ်းမှာ စာဖတ်နေ၏။
ကျနော်က ဝတ္ထုရေးရင် စာအုပ်မှာ မူကြမ်းရေးပြီးမှ
note ထဲ ရေးတာမို့၊ စိတ်တိုင်းမကျဖြစ်တိုင်း
ဆုတ်ဖြဲထားတဲ့ စာရွက်တွေနေရာအနှံ့ပြန့်ကြဲနေ၍
ဖိုးဖိုး ကျနော့်ကို စကားစလာ၏။
” ငထူး၊ စာရွက်တွေကို ဆုတ်ဖြဲလိုက်၊ လွှင့်ပစ်လိုက်နဲ့
ဘာတွေ စိတ်တိုင်းမကျဖြစ်နေတာတုန်း င့ါမြေးရ”
” ဒီမှာဗျာ၊ ဇာတ်လမ်းတစ်ပုဒ်လုံး ရေးလာပြီးမှ ဇာတ်သိမ်း
မှာ လာတစ်နေလို့ ဖိုးဖိုးရေ၊
‘ဆင်ပြောင်ကြီး အမြှီးကျမှတစ်’ ဆိုသလိုဖြစ်နေလို့ ”
ဖိုးဖိုး ကျနော့်အနားသို့ ရောက်လာပြီး ဘေးနားက ကုလား
ထိုင်ပေါ်တွင်ထိုင်လိုက်၏။
” မြေးရဲ့ ဇာတ်လမ်းက ဘယ်လိုဇာတ်လမ်းမို့လို့တုန်း၊
မှန်းစမ်း၊ ဖိုးဖိုးကြည့်ပေးမယ် ”
ဖိုးဖိုးက ပြောပြောဆိုဆိုနှင့် ကျနော်ရေးနေတဲ့စာအုပ်ကို
ယူကာ ဖတ်ပါတော့၏။
သို့ပေမဲ့ ဇာတ်လမ်းက ရှည်နေ၍ ဖိုးဖိုးက
” ငါ့မြေးရဲ့ဇာတ်လမ်းကို နှစ်ရက်လောက်ဖတ်မှ ပြီးမယ်
ထင်တယ်၊ ငါ့မြေးက သရဲဇာတ်လမ်းတွေရေးတတ်တာ
ကို ဖိုးဖိုးလည်း မသိပါလား၊
လူငယ်တွေဆိုတော့ ဖိုးဖိုးက အချစ်ဇာတ်လမ်းတွေပဲ
ရေးတယ်ထင်နေတာ ” ဟု ပြောကာ စာအုပ်ကို ပြန်ချ
ထားလိုကျ၏။
” မြေးက အချစ်နဲ့ ဓာတ်မတည့်ဘူး ဖိုးဖိုးရ၊ အဲဒါကြောင့်
ဟီးးး …. ”
ဖိုးဖိုး သဘောကျစွာ ပြုံးလိုက်၏။
ကျနော့်အဖေ မရှိတော့ကတည်းက ဖိုးဖိုး ကျနော်တို့နဲ့
အတူမနေပေ။
ဖွားဖွားသာ ကျနော်တို့နှင့် အတူနေ၏။
ဖိုးဖိုးမှာက သားသမီးတွေများတာမို့ ဟိုသားဆီတစ်လှည့်၊
ဒီသမီးဆီတစ်လှည့်၊ လှည့်လည်နေတတ်၏။
တစ်ခါတလေမှ ကျနော်တို့ဆီသို့ လာလည်တတ်၏။
ဖွားဖွားက ဖိုးဖိုးကို ကျနော်တို့နဲ့အတူ နေစေလိုပေမဲ့
ဖိုးဖိုးကား အကြောင်းအမျိုးမျိုးပြကာ ငြင်းလေ့ရှိ၏။
ကျနော်က ” ဖိုးဖိုး၊ မြေးတို့နဲ့အတူနေပါလား၊ ဖွားဖွား
လည်း ရှိနေတာပဲလေ ” လို့ ပြောတိုင်း ဖိုးဖိုးက
” အာ၊ မနေချင်ပါဘူးကွာ၊ ငါ့မြေးနေတာက မြို့လို့သာ
ပြောတယ် ငါ့ဖြင့် အသက်ရှုတောင်မဝ၊ စားရတဲ့အစား
အစာတွေကလည်း မလက်မဆတ်နဲ့၊ မဖြစ်ဘူး၊
မဖြစ်ဘူး၊ မြို့မှာနေရင် ဖိုးဖိုးအသက်တိုလိမ့်မယ်၊
ဟော၊ ရွာမှာဆိုရင် မနက်အိပ်ရာက နိုးတာနဲ့ ကျေးငှက်
လေးတွေရဲ့ အသံလေးတွေနဲ့ သာယာနေရော၊
ငါ့မြေးတို့မြို့မှာက ကားသံဆိုင်ကယ်သံ တစ်ညံညံနဲ့
ဖိုးဖိုးနဲ့ အဆင်မပြေပါဘူးကွာ၊
ရွာမှာဆိုရင် စားစရာတွေလည်း လတ်ဆတ်တယ်၊
လေကောင်းလေသံလည်း ရှုရတယ် ” စသဖြင့် မြို့ရဲ့
အပြစ်တွေကိုပြောကာ ငြင်းသည်ချည်း။
ယခုမူလည်း ဖိုးဖိုး ကျနော်တို့ဆီ လာလည်တာ ရက်
အနည်းငယ်မျှသာရှိပါသေး၏။
” ငါ့မြေးကို ဖိုးဖိုး ငယ်ငယ်တုန်းက ကြုံခဲ့ရတဲ့ နာနာဘာဝ
အကြောင်းတွေ ပြောပြမယ်လေ၊ ဘယ့်နှယ်လဲ ”
” ဟာ၊ ဝမ်းသာလိုက်တာ ဖိုးဖိုး၊ ဖိုးဖိုး တစ်ကယ်ပြောတာ
နော်၊ တစ်ခါတလေဆို ကုန်ကြမ်းက တော်တော်လည်းရှား
တာ ဖိုးဖိုးရ ”
ကျနော် ညဉ်းရင်း ပြောလိုက်၏။
” ကဲ၊ ဘာမှ မပူနဲ့တော့၊ ဟုတ်ပြီလား ”
” ဟုတ္ကဲ့ ဖိုးဖိုး ”
**** ****
” ဖိုးဖိုးတို့ ငယ်ငယ်တုန်းကဆိုရင် တောတောင်တွေ
ပေါများထူထပ်ပြီး၊ သားရဲ တိရိစ္ဆာန်တွေလည်း အင်မတန်
ပေါများတာ ငါ့မြေးရ၊ သားငါး ပုစွန်ဆိုလည်း ပေါမှပေါ၊
ပြီးတော့ အဲတုန်းက လူတွေက ရောင်းစားကြတာတို့၊
ခိုးယူ လုယက်ကြတာတို့ မရှိကြဘူးလေ၊
အေး၊ တောပုန်းဓားပြတွေတော့ ရှိတာပေါ့ကွယ်၊
လူတွေက ရိုးသားကြတယ်၊ ပွင့်လင်းကြတယ်၊
ပေးစားကမ်းစားကြတယ်၊ အသက်လည်းပိုရှည်ကြတယ် မြေးလေးရဲ့ ”
” အင်း … ပြောရရင်တော့ ဖိုးဖိုး
အသက် ၁၈၊ ၁၉ လောက်က ဖြစ်မယ်ထင်တယ် ”
” ဟုတ္ကဲ့ ဖိုးဖိုး ”
” ဖိုးဖိုးက ငယ်ငယ်ကတည်းက မုဆိုးလုပ်ရတာကို ဝါသနာ
ထုံတော့၊ တစ်နေ့ အမ်း ဘက်ကနေလာတဲ့ သစ်တော
အရာရှိတစ်ဦးနဲ့ လိုက်သွားတယ်လေ၊
အဖေ့ကိုတောင် မသိမပေးခဲ့ပဲပေါ့ ”
” ဟင်၊ မြေးရဲ့ အဘေးလား ”
” အင်း ”
” သစ်တောအရာရှိကလည်း ဖိုးဖိုးနဲ့ လူခင်တွေဆိုတော့၊
သူက ဖိုးဖိုးကို သေနတ်ပစ်သင်ပေးပြီး၊ တားမြစ်တောမှာပါ
အမဲလိုက်ခွင့်ပြုမယ်တဲ့လေ ”
ဖိုးဖိုးက ပြောပြနေပေမဲ့ ကျနော်ကတော့ ဖိုးဖိုးပြောတာတွေ
ကို နားထောင်ရင်း စိတ်ကူးနှင့် မြင်ယောင်ကြည့်နေ၏။
” အဲ့တုန်းက သွားရလာရ ခတ်ခဲတော့ လမ်းမှာ နှစ်သုံးည
လောက်တောင် ကြာခဲ့သေးတယ်ကွဲ့၊
ဟိုရောက်တော့ အဲဒီ အရာရှိပြောသမျှတွေကို တစ်ကယ်
လုပ်ခွင့်ရတယ်လေ၊
အဲ့ဒီ အရာရှိရဲ့ နာမည်က ….
” ဦးပု ” တဲ့။
” ဦးပုနေတဲ့နေရာက ရွာနဲ့အတော်လေး အလှမ်းဝေးတယ်
ကွဲ့၊ ပြီးတော့ လမ်းတွေကလည်း ကြမ်းပါဘိကွယ်၊
ဦးပုနေတဲ့နေရာနဲ့ ပေ ၁၀၀၊ ၁၂၀ လောက်အကွာမှာ
စေတီပျက်ကြီးတစ်ဆူရှိတယ်၊
ခြုံနွယ်တွေနဲ့ ဖုံးအုပ်ထားတော့ အနားကပ်ကြည့်မှ
စေတီပျက်လို့ သိနိုင်တာကွဲ့၊
ဘေးပတ်ပတ်လည်မှာတော့ သက်တမ်းရင့်နေပြီဖြစ်တဲ့
မယ်ဇလီ (မဲဇလီ)ပင်တွေရှိတယ်ကွဲ့၊
အဲ့စေတီပျက်ကြီးရဲ့ အနောက်တောင်ထောင့်လောက်မှာ
တော့ ၄ ပေ ၅ပေ လောက်ရှိမဲ့ မြရာပင်တွေနဲ့ တစ်ခြား
မြက်ရိုင်းပင်တွေ ပေါက်နေကြတယ်ကွဲ့၊
ဒီလိုနဲ့ တစ်နေ့တော့ ….
**** *** ****
” ရွှေဘရေ၊ ရွှေဘ၊ ငါ ရွာဘက်ဆင်းမလို့၊
မင်းတစ်ယောက်တည်း တစ်ညလောက်နေခဲ့လို့ ဖြစ်တယ်
မလား၊
ငါ မနက်အစောကြီး ပြန်လာခဲ့မယ်၊ တစ်ခြားကောင်လေး
တွေလည်း ငါနဲ့အတူပါလာမှာ ”
ဦးပုက ကင်းတဲပေါ်ရောက်နေတဲ့ ရွှေဘအား
လှမ်းအော်ပြောလိုက်၏။
” ရတယ် ဆရာ၊ ရတယ် ”
” အေးအေး၊ အဲ့ဒါဆို ငါစိတ်ချမယ်နော်၊ အော် မေ့လို့၊
ရွှေဘ၊ ငါ့အခန်းထောင့်မှာ ဓားပြားဟောင်းတွေရှိတယ်၊
မင်း ပျင်းနေရင် ဖွင့်ချင်ဖွင့်ထားပေါ့၊
ငါ သွားပြီနော် ”
” ဟုတ်ကဲ့ဆရာ၊ လမ်းမှာ ဂရုစိုက်အုန်း ”
” အေးအေး ”
*** **** ***
ရွှေဘ တစ်ယောက် ပျင်းလာတာနဲ့ ကင်းတဲပေါ်က
ဆင်းပြီး ဦးပုရဲ့ အခန်းထဲဝင်လာခဲ့၏။
မကြာမီ မှောင်လည်းမှောင်တော့မှာမို့ မီးအိမ်ကိုယူပြီး၊
ဓာတ်ပြားကိုတီးထားခဲ့မယ်ဟု စိတ်ကူးထားသောကြောင့်
ပင်။
မီးအိမ်ကိုယူ မီးညှိပြီး ဓာတ်ပြားဟောင်းကို ဖွင့်လိုက်တော့
ပဋ္ဌာန်းရွတ်သံ ထွက်လာပါတော့၏။
ရွှေဘလည်း ပထမ ဓာတ်ပြားကို ဖြုတ်ယူပြီး
နောက်ထပ်ဓာတ်ပြားတစ်ခုကို တပ်ဆင်ကြည့်ပြန်တော့
လည်း
” သမန္တာ စက္ကာဝါဠေသု ” ဟု ထွက်လာပြန်၏။
နောက်တစ်ခုကို ထပ်ပြီး တပ်ဆင်ပြန်တော့လည်း
” ကဲကဲ၊ ပရိသတ်တို့ရေ နတ်လူ ချစ်ခင်တဲ့
မဟာသမယသုတ်တော်တဲ့ဟဲ့၊ စိတ်ထဲစွဲမှတ်နာယူကြဟဲ့” ဟု ထွက်လာပြန်၏။
” ဦးပုကတော့ လုပ်ချလိုက်ပြီ၊ ဓာတ်ပြားဟောင်းတွေရှိ
တယ်ပြောပြီး၊ အကုန်လုံး တရားသံတွေချည်းပဲ၊
သီချင်းလည်းမပါဘူး၊ ဟူး ”
ရွှေဘ တစ်ယောက်တည်း ညဉ်းလိုက်၏။
” အင်း၊ တောတောင်ဆိုတော့လည်း တရားဖွင့်ထားတာ
ကောင်းပါတယ်လေ ”
နောက်ဆုံးတော့ ရွှေဘလည်း မဟာသမယသုတ်
တရားတော်ကို ဖွင့်ထားခဲ့ပြီး၊ မီးအိမ်ကိုယူကာ ကင်းတဲ
ပေါ်သို့တတ်လာခဲ့၏။
” ဧဝံ မေ သုတံ ဧကံ သမယံ ”
ဓာတ်ပြားဟောင်းရဲ့အသံက တောတစ်ခုလုံး ပျံနှံ့လျက်။
ရွှေဘလည်း တရားသံကိုနားထောင်လိုက်၊ မှောင်မဲတိတ်
ဆိတ်နေတဲ့ တောတန်းတောင်တန်းတွေကိုကြည့်လိုက်
နှင့်၊ မိနစ်အနည်းငယ်ကြာတဲ့အခါ ငိုက်မျဉ်းလာ၍၊
ခေတ္တခဏမျှ အိပ်ရန်ဆုံးဖြတ်လိုက်၏။
ထိုခေတ်ထိုအခါက တောပုန်းဓားပြတွေ သောင်းကြမ်း
ထကြွတဲ့အချိန်မို့၊ ဦးပုက ရွှေဘကို တစ်ယောက်တည်း
ထားသာထားခဲ့ရတာ၊ နည်းနည်းမှ စိတ်မချ။
ထို့ကြောင့် ရွှေဘအား နှစ်လုံးပြူးသေနတ်တစ်လက်ပေးထားခဲ့ပြီး၊ အရေးအကြောင်းဆိုလျှင် လက်မနှေးဖို့လည်း
မှာထားခဲ့သေး၏။
သို့နှင့် ရွှေဘလည်း ကင်းတဲရဲ့ထောင့်တစ်နေရာတွင်
မှီကာ၊ သေနတ်ကိုဘေးမှာချ၊ မီးအိမ်ကလေးကို
ချိတ်ဆွဲထားလိုက်ပြီး ခေတ္တမျှ အိပ်လိုက်ပါ တော့၏။
*** **** ****
” ဟေ့၊ မတိုးကြနဲ့လေ၊ ငြိမ်ငြမ်လေးနေကြ”
” ဒီဘက်တိုးပါဟ၊ ဟိုဘက်မှာ ပြည့်ခါနီးနေပြီ၊ ကဲ တိုးကြ
တိုးကြ ”
” ကဲ၊ အကုန်လုံး ရောက်ကြပြီမလား၊ အကုန်ရောက်ပြီဆို
ရင် ငြိမ်ငြိမ်လေးနေကြတော့ ”
ရုတ်တရက် ဆူညံသံများထွက်ပေါ်လာ၍ ရွှေဘ လန့်နိုး
သွား၏။
” ဟင် ”
လူသူမနီးတဲ့တောတောင်နေရာမှာ ဆူသံကြားလိုက်ရတာ
ကြောင့်၊ ” တောပုန်းဓားပြ” တွေများလားဟု
ရွှေဘတွေးလိုက်၏။
ပြီးသည်နှင့် မီးအိမ်ကို မီးငြိမ်းကာ၊ သေနတ်ကို အဆင်သင့်
ပြင်ပြီး၊ အသံလာရာဘက်သို့ ကင်းတဲရဲ့နံရံအပေါက်
ကလေးတွေကြားမှ ချောင်းကြည့်လိုက်၏။
ထိုအခါ ရာနှင့်ချီသော လူများကို မြင်တွေ့လိုက်ရပါ
တော့၏။
ကင်းတဲနှင့်လည်း အလှမ်းဝေး၊ အလင်းရောင်ကလည်း
ဖိုးလမင်းနှင့် ကြယ်ကလေးတွေရဲ့အလင်းရောင်ပဲရှိတာမို့
မျက်နှာတွေကိုတော့မမြင်ရပေ။
” ဘုရား၊ ဘုရား၊ ဒီ ဒီလူတွေက ဓားပြ ဓားပြတွေများ
လား၊ ငါတော့ ငါတော့ ကိုယ်ကျိုးနည်းပြီထင်ပါရဲ့ ”
ရွှေဘခမျာ ကြောက်လွန်းလို့ အသက်ပင်ဖြောင့်ဖြောင့်
မရှုရဲပေ။
” ဘယ်လိုပဲဖြစ်ဖြစ်၊ ယောကျာ်းပဲ၊ အများနဲ့တစ်ယောက်ဆို
ရင်ကော ဘာဖြစ်လဲ၊ သူသေကိုယ်သေချရုံပဲပေါ့ ”
ရွှေဘ ကိုယ့်ကိုကိုယ် နှစ်သိမ့်ပြီး သေနတ်ကိုမောင်းတင်
ကာ အသင့်အနေအထားပြင်ထားပေမဲ့ သူမြင်တွေ့နေရ
သော လူအများကား မလှုပ်မယှက်ငြိမ်သက်နေကြသလို
ရှေ့သို့တိုးလာခြင်းလည်းမရှိပါချေ။
*** *** ***
” ရွှေဘ ”
ရုတ်တရက် အော်ခေါ်လိုက်သော အသံကြောင့် ရွှေဘ
လန့်နိုးသွား၏။
” ဟင်း၊ ဟင်း၊ ဘယ်သူလဲ၊ ဘယ်သူ ငါ့ကို ခေါ်တာလဲ ”
ရွှေဘ နိုးလျင်နိုးချင်း သေနတ်ကို ကောက်ကိုင်ပြီး အသံ
လာရာဖက်သို့ ချိန်ရွယ်လိုက်၏။
” ရွှေဘ၊ ငါပါဟ၊ ဘာဖြစ်တာတုန်းမင်းက၊ အထိတ်တလန့်
နဲ့၊ သေနတ်ကို ချထားလိုက်စမ်းပါ ”
” ဦးပု၊ ဦးပု ဟုတ်ပါတယ်နော် ”
ရွှေဘ မယုံသင်္ကာ၍ မေးလိုက်ပြီး၊ ပတ်ဝန်းကျင်ကိုလည်း
ဝေ့ဝိုက်ကြည့်လိုက်၏။
ဦးပုကား မျက်မှောင်ကြုတ်ကာကြည့်နေ၏။
ထိုအခါမှ ရွှေဘ အသက်ရှု ဖြောင့်နိုင်တော့၏။
ပြီးမှ သေနတ်ကို ချိတ်ထားလိုက်၏။
” ဦးပု၊ မနေ့က မနေ့ညတုန်းက လူ လူ အယောက် ၁၀၀
နီးပါး လာသွားတယ်ဗျ ”
” ဟမ် ”
” လူ ၁၀၀လောက် လာသွားတယ် ဟုတ်လား၊ ဘယ်ကလူ
တွေလဲ၊ မင်းကို ရန်ရှာသေးလား၊ ဓားပြတွေများလား ”
ဦးပု စိုးရိမ်စွာမေးလိုက်၏။
” အဲဒါကို ကျုပ်တွေးနေတာ၊ မနေ့ကတွေ့ခဲ့တဲ့ လူအုပ်က
၁၀၀မပြည့်ရင်တောင် အနည်းဆုံး လေးငါးဆယ်လောက်
တော့ရှိမယ်ဗျ၊
ဒါပေမဲ့ သူတို့ကျုပ်ကို ရန်မရှာသလို ကင်းတဲအနားသို့
တောင် မကပ်ဘူးဗျ ”
ဦးပု ခေါင်းကုတ်ပါတော့၏။
” ရွှေဘ၊ မင်း ဘာဖြစ်နေတာတုန်း၊ မင်းပြောနေတာတွေ
ကို တစ်ခုမှ နားမလည်တော့ဘူး ”
” မနေ့ညက၊ မနေ့ညတုန်းကလေ ဦးပု ထွက်သွားပြီး
သိပ်မကြာမီမှာပဲ ကျွန်တော် ….. ”
ရွှေဘက အဖြစ်အပျက်အကုန်လုံးကို ဦးပုအား အကျဉ်းချုပ်
ပြောပြလိုက်၏။
သို့သည့်တိုင် ဦးပုက မယုံတစ်ဝက်ယုံတစ်ဝက်နှင့်။
” ဒါဆို၊ မင်း ဘယ်အချိန် အိပ်ပျော်သွားတာတုန်း ”
” အင်း၊ အဲ့လူတွေရှေ့တိုးလာမလား၊ ကျုပ်ကို တစ်ခုခုများ
လုပ်မလားဆိုတာ စောင့်ရင်း စောင့်ရင်းနဲ့ ဘယ်ချိန်
အိပ်ပျော်သွားမှန်းတောင်မသိဘူးဗျ ”
ရွှေဘ ခေါင်းကုတ်ရင်း ဖြေလိုက်၏။
” အင်း၊ အင်း၊ ပြီးမှ ငါ သွားကြည့်လိုက်အုန်းမယ်၊
မင်း ဘာမှ မဖြစ်တာပဲ တော်လှပြီ၊ ဒါနဲ့ စကားမစပ် သူက
ဖိုးရွှေ၊ သူက အဝင်းတဲ့ ”
ဦးပုက သူနှင့်အတူပါလာသည့်၊ လူနှစ်ယောက်နဲ့
မိတ်ဆက်ပေး၍၊ ရွှေဘလည်း
” ရွှေဘပါဗျ ” ဟု ပြန်မိတ်ဆက်လိုက်၏။
သို့နှင့် ထိုနေ့ မနက်စာစားပြီးတဲ့အခါ ရွှေဘပြောတဲ့
နေရာသို့ သွားကြည့်ကြတော့၊ အဆိုပါနေရာတွင် မြက်များ
ပိဝပ်နေသည်မှာ လယ်တစ်လင်း တစ်ကွင်းပြင်စာမျှ
ရှိကြောင်းကို အံ့သြဖွယ်ရာမြင်တွေ့လိုက်ကြရပါတော့၏။
*** *** ***
ထိုနေ့ည နေညိုတဲ့အခါ ဦးပုက အဝင်းအား ကင်းတဲအပေါ်တွင် မီးထွန်းခိုင်းလိုက်၏။
ပြီးသည်နှင့် လေးယောက်လုံး ဦးပုရဲ့ အခန်းတွင် ထိုင်ကာ
စကားစမြည်ပြောနေလိုက်ကြ၏။
” ဦးပု၊ အရင်တုန်းက ဦးပု တစ်ခါမှ ဒီဓာတ်ပြားတွေကို
မတီးဖူးဘူးလားဗျ ”
ရွှေဘက ဓာတ်ပြားတွေကို တစ်ခုချင်းစီ ကိုင်ကြည့်ရင်း
မေးလိုက်၏။
” အေးကွ၊ တစ်ခါမှ မတီးဖူးဘူးကော၊ ပြီးတော့ ဒီဓာတ်
ပြားတွေက အရင်က အရာရှိဟောင်းမှာ ကျန်နေခဲ့တာလေ၊
ငါတောင် မနေ့ညက မင်းကို ” ပျင်းနေရင် ဓာတ်ပြားတီး
လေ ” လို့ ပြောခဲ့ပေမဲ့၊
လမ်းတစ်ဝက်လောက်ရောက်မှ ဓာတ်ပြားတွေက တီးလို့
ရ/မရ မသိတာကို သတိရသွားတာ ရွှေဘရ ”
” ရပါ့ဗျာ၊ ရပါ့၊ ဒါပေမဲ့ အကုန်လုံး တရားတွေချည်းပဲဗျ၊
သံစဉ်တောင် တစ်ခုမှ မပါဘူးရယ် ”
” အမ်၊ ဟုတ်လား၊ ငါက သံစဉ်တွေမှတ်နေတာ၊
ဒါနဲ့၊ မနေ့က မင်းတီးတာက မဟာသမယသုတ်နော်”
” ဟုတ်တယ်လေ၊ ဦးပု”
” ဟုတ်ပြီ၊ ဒါဆို ဒီညလည်း အဲ့ ဓာတ်ပြားကိုပဲတီးကွာ၊
မင်း မနေ့က တွေ့ခဲ့တဲ့လူတွေ ဒီညလည်း လာမလား
စောင့်ကြည့်ရတာပေါ့ ”
*** *** ***
” ဧဝံ မေ သုတံ ဧကံ သမယံ ဘဂဝါ သက်ကသေု ဝိဟရတိ
ကပိလဝတ်ထုသ်မိံ မဟာဝနေ မဟတာ ဘိက်ခုသံဃနေ သဒ်ဓိံ
ပဉ္စမတ္တေဟိ သဗ္ဗေဟေဝ အရဟန္တေဟိ ….
” ဟာ၊ မွှေးလိုက်တာကွာ၊ မွှေးလိုက်တာ ”
မဟာသမယသုတ်တော် တရားဒေသနာတော်ကို ဖွင့်ပြီး
ခဏအကြာတွင် ရုတ်တရက်နံ့လာသော မွှေးရနံ့ကြောင့်
ရွှေဘ ထိုင်နေရာမှ ထရပ်ရင်း ပြောလိုက်၏။
” ဟုတ်ပါ့ကွာ၊ ငါ့ဘဝမှာ ရခဲ့ဖူးတဲ့ မွှေးရနံ့တွေထဲ ဒီအနံ့က
အမွှေးဆုံးနဲ့ အထူးခြားဆုံးပဲထင်တယ်ကွ ”
လေးယောက်လုံး မွှေးရနံ့လာရာဘက်သို့ အနံ့စိုက်နေ
ကွ၏။
” လာကြဟေ့၊ လာကြ၊ လာကြ ”
” ဟ၊ ဘာအသံကြီးတုန်းဟ၊ ဟေ့ကောင်တွေ မင်းတို့ရော
ကြားကြလား ”
မွှေးရနံ့ကို အနံ့စိုက်နေတုန်း လူအုပ်တစ်အုပ်၏ စကားပြော
သံလို ထွက်ပေါ်လာသောဆူဆူညံညံအသံကြောင့် ဦးပု
ရွှေဘတို့ကို မေးလိုက်၏။
” ဦးပု၊ အဲ့ဒါ ကျုပ်ပြောတဲ့ လူတွေထင်တယ်ဗျ၊ ဟိုမှာ
ကြည့်အုန်း … ”
ရွှေဘ နံရံအပေါက်ကြားမှ ကြည့်ရင်း ပြောလိုက်၍၊
ဦးပုနှင့် အဝင်း၊ ဖိုးရွှေတို့လည်း ကြည့်လိုက်တော့ တကယ်
ကိုပင် ရာနှင့်ချီသော လူများကို မြင်တွေ့လိုက်ရပါတော့၏။
ထိုလူများကား မနေ့ညက ရွှေဘမြင်ခဲ့သော နေရာမှာပင်
နေရာယူကာ ထိုင်နေကြ၏။
” ဦးပု၊ အဲ့ဒါ ကျုပ်ပြောတဲ့လူတွေဗျ ”
” အင်း၊ ဟုတ်ပါ့ကွာ၊ ဒီနေရာက လူသူနဲ့ဝေးတော့ ဧကန္တ
ဒီလူတွေက လူစင်စစ်ဟုတ်ပုံမရဘူး၊
ရွှေဘ၊ ဓာတ်ပြားကို ခဏပိတ်လိုက်ကွာ၊ ဘာဖြစ်မလဲ
စောင့်ကြည့်ကြတာပေါ့၊ အဝင်း သေနတ်ကို အသင့်ပြင်
ထားကွာ၊ လိုရမယ်ရပေါ့ ”
” ဟုတ်ကဲ့၊ ဦးပု ”
ဦးပု ပြောသည့်အတိုင်း ရွှေဘ ဓာတ်ပြားကို ရပ်ပစ်
လိုက်၏။
ထိုအခါ လူအုပ်ရဲ့ ဆူဆူညံညံအော်ဟစ်ပြောဆိုသံများ
ထွက်လာပြီး၊ ချက်ချင်းဆိုသလို အော်ဂလီဆန်စရာ အပုပ်
နံ့က စူးရှစွာ ဝင်ရောက်လာပါတော့၏။
” ဟာ၊ ဘာအနံ့ကြီးလဲကွာ”
” အွတ်၊ အွတ် ”
ဦးပု နှာခေါင်းရှုံ့နေတုန်း၊ ဖိုးရွှေကား အခန်းအပြင်ထွက်
ကာ အန်ပါတော့၏။
ဖိုးရွှေ အန်နေရင်း လူအုပ်ကြီးကိုကြည့်လိုက်တော့
စောနကတွေ့လိုက်ရတဲ့ လူအုပ်ကြီးမှာ၊ အနည်းငယ်မျှသာ
ကျန်နေခဲ့ပြီး၊
သူတို့နေတဲ့အဆောင်ဘက်သို့ လာနေကြသည်ကို
မြင်တွေ့လိုက်ရ၍၊ ဖိုးရွှေ ချက်ချင်းပြေးဝင်လာခဲ့၏။
” ဦးပု၊ ဦးပု၊ ဟိုလူတွေ ဒီဘက်ကို လာနေကြပြီ ”
” ဟမ် ”
ဦးပုလည်း အလန့်တကြားဖြစ်ကာ နံရံပေါက်ကနေပြီး
ကြည့်လိုက်တော့၊ ဘာကိုမှမတွေ့ရချေ။
” ဖိုးရွှေ၊ မင်းပြောတဲ့လူတွေ ဘယ်မှာတုန်းဟ ”
ဦးပုရဲ့ စကားကြောင့် ဖိုးရွှေတို့လည်း နံရံပေါက်က ကြည့်
လိုက်ကြပြန်တော့၊ တကယ်ကိုပင် ဘာမှမတွေ့ကြပေ။
” ဟာ၊ ဘာလိုဖြစ်ရတာတုန်း၊ ခုနကပဲ …
” ဝုန်း ”
” အောင်မလေးဟ၊ ဗုဒ္ဓေါ ”
ဖိုးရွှေရဲ့ စကားမဆုံးမီမှာပင် သူတို့ရှေ့တည့်တည့်က
ထွက်ပေါ်လာတဲ့ နံရံကို ရိုက်လိုက်သည့်အသံကြောင့်
လေးယောက်သား လန့်အော်ကာ နောက်သို့ဆုတ်သွား
ကွ၏။
” ဘုန်း၊ တရားအသံကိုမပိတ်လိုက်နဲ့ ပြန်ဖွင့်၊ ပြန်ဖွင့် ”
ရုတ်တရက် ပီပီသသကြားလိုက်ရသော အသံတစ်သံ။
” ဟင် ”
” ဘုန်း၊ ဘုန်း ”
” ဦးပု၊ ကျုပ်တို့ဘယ်လိုလုပ်ကြမလဲ ”
” ဘုန်း၊ ဘုန်း ”
ရွှေဘက ဦးပုအား မေးနေတုန်းမှာပင် အဆောင်ရဲ့
လေးဘက်လေးထောင့်က နံရံကို ခပ်ပြင်းပြင်းရိုက်သံ
ထွက်ပေါ်လာပြန်၏။
ဦးပုလည်း နံရံ အပေါက်ကြားက ချောင်း
ကြည့်လိုက်တဲ့အခါ၊ အဆောင်ရဲ့လောင်းရိပ်မလွတ်
လောက်တဲ့နေရာမှာ ရပ်နေကြသော မည်းမည်းအရိပ်ကြီး
များကိုမြင်တွေ့လိုက်ရပါတော့၏။
သို့သော် ရိုက်တဲ့သူကိုကား မမြင်ရပေ။
” ဘုန်း ”
ဦးပု ကြည့်နေတုန်းမှာပင် သူ့ရှေ့တည့်တည့်မှ ရိုက်သံ
ထွက်ပေါ်လာ၍ နောက်သို့အနည်းငယ်ဆုတ်သွားခဲ့၏။
ထိုအချိန်၌ ရွှေဘနှင့် ဖိုးရွှေတို့က ထိတ်လန့်နေကြပေမဲ့
အဝင်းကတော့ သေနတ်ကို အသင့်ပြင်ထားကာ စိတ်တို
နေတဲ့မျက်နှာနှင့် နံရံဘက်ကိုကြည့်နေ၏။
” ဦးပု၊ ဓာတ်ပြားကို ပြန်တီးရအောင်ဗျာ ”
ရွှေဘ ထိုသို့ပြောကာ ဓာတ်ပြားကို ယူလိုက်ပြီး၊
ဓာတ်ပြားခွက်မှာ တပ်ဆင်မယ်လုပ်နေစဉ်မှာပဲ …
အဝင်းက တံခါးကို ဝုန်းကနဲကန်ကျောက်ကာ မည်းမည်း
အရိပ်တွေကို သေနတ်နှင့် ပစ်ပါတော့၏။
” ဟာ၊ အဝင်း၊ အဝင်း၊ ဟေ့ကောင် …. ”
” ဒိုင်း၊ ဒိုင်း ”
အဝင်းပစ်လိုက်တဲ့ သေနတ်အသံက တစ်တောလုံးညံ့
သွားခဲ့၏။
ထိုအခါ အရိပ်မဲကြီးတွေပျောက်သွားပြီး၊ နံရံကို ရိုက်တဲ့
အသံလည်း ငြိမ်သွား၍၊
” ဘယ်အကောင်တွေလည်းကွာ၊ မိုက်ရင်ထွက်ခဲ့ဟေ့၊
အဝင်း ဘာကောင်လဲဆိုတာ သိသွားစေရမယ် ” ဟု
စိန်ခေါ်လိုက်၏။
” ဟ၊ ဟေ့ကောင် အဝင်း၊ တောတောင်ဆိုတာ အဲလို
စိန်မခေါ်ကောင်းဘူးဟ၊ သူ့နေရာ သူ့စည်းတော့ လိုက်နာ
ရမယ်၊ မင်းနဲ့တော့ခတ်ပါဘိကွာ ”
ဦးပု ထိုသို့ပြောကာ ထွက်လာ၍၊ ရွှေဘနှင့် ဖိုးရွှေလည်း
နောက်က လိုက်လာခဲ့၏။
” မခတ်ပါဘူး ဦးပုရာ၊ တွေ့လား၊ အဲ့အကောင်တွေမရှိ
တော့ဘူး၊ သူတို့က သေနတ်ကိုတော့ ကြောက်ပုံရတယ်
ဗ် ”
အဝင်း ပြောပြောဆိုဆိုနှင့် အဆောင်အောက်ကို
ဆင်းမည်အပြု၊
” ဝုန်း” ဆို အဝင်း လှေကားအောက်ပြုတ်ကျကာ လူနှင့်
သေနတ် တစ်ခြားစီဖြစ်သွားတော့၏။
” ဟာ၊ ဦးပု၊ ကျုပ်ကို ဘာလို့တွန်းရတာတုန်းဗျ ”
” ဟ၊ ငါက မင်းကိုဘာလို့တွန်း … ”
” ဝုန်း ”
” အေမ့ … ”
ရုတ်တရက် ဦးပုနှင့် အဝင်းရဲ့ကြားမှာ ယောကျာ်းကြီး
တစ်ဖက်စာလောက်ရှိတဲ့ အရိပ်ကြီးတစ်ခုပေါ်လာကာ
အဝင်းရဲ့ခြေကို ဆွဲပါတော့၏။
” ဦးပု …. ”
” အားးး”
အဝင်း အော်ဟစ်ရုန်းကန်လျှက် အရိပ်မည်းကြီးဆွဲရာသို့
ပါသွားပါတော့၏။
” ဟာ၊ အဝင်း၊ အဝင်း ”
ဦးပုလည်း အော်ဟစ်ကာ အဝင်းရဲ့နောက်သို့ ပြေးလိုက်
သွားပေမဲ့၊ ရွှေဘနှင့် ဖိုးရွှေကား ကြက်သေသေလျက်
ရပ်ကျန်နေခဲ့၏။
” ဟာ၊ ဟေ့ကောင်တွေ၊ ဘာရပ်လုပ်နေကြတာလဲ၊
သေနတ်ကိုယူ၊ အဝင်းနောက်သို့ လိုက်ကြဟ ”
ဦးပု ပြေးရင်း သူ့နောက်မှာ ဘယ်သူမှ မပါလာမှန်းသိလိုက်
ရ၍ ရွှေတို့ကို အော်ပြောလိုက်၏။
ထိုအခါမှ ရွှေဘက သေနတ်ကိုကောက်ကိုင်၊ ဖိုးရွှေက
အနားမှာရှိတဲ့ သစ်သားပိုင်းတစ်ပိုင်းကိုကောက်ကာ ဦးပုရဲ့
နောက်သို့ အမှီလိုက်ကြရတော့၏။
လိုက်ရင်းနှင့် စေတီပျက်နားသို့ရောက်တဲ့အခါ မယ်ဇလီ
(မဲဇလီ)ပင်မှာ ဦးခေါင်းဇောက်ထိုးဖြစ်နေသော အဝင်းကို
တွေ့လိုက်ရပါတော့၏။
” ဦးပု၊ ဦးပု ”
အဝင်းကား ဦးပုတို့ သူ့အနားသို့ရောက်နေတာကိုမသိပဲ
သံကုန်ဟစ်နေ၏။
” ဟေ့ကောင်၊ အဝင်း၊ အဝင်း ”
ဦးပု အော်ခေါ်လိုက်မှ အဝင်းလည်း မြင်သွား၏။
” ဦးပု၊ ကျုပ်ကို ကယ်ပါအုန်း၊ အဲအကောင်က ကျုပ်ခြေ
ထောက်ကို ဆွဲထားတာဗျ ”
ဦးပုအပင်ကို မော့ကြည့်လိုက်တော့၊ အဝင်းကို ကြိုးနှင့်
ချည်ထားခြင်းမရှိပဲ၊ သည်အတိုင်း တွဲလောင်းဖြစ်နေသည်
ကို မြင်တွေ့လိုက်ရ၏။
” ဦးပု၊ အဲအကောင်ကို သေနတ်နဲ့ပစ်ဗျာ၊ ဒီမှာ ကျုပ်
အသက်ရှုကျပ်လာပြီ”
” ဟာ၊ ဘယ်ဖြစ်မလဲ၊ ပိုဆိုးသွားမှာဟ၊ ရွှေဘ မင်း
အဆောင်ဆီပြန်သွား၊ ဓာတ်ပြားသွားတီးကွာ၊ ဖိုးရွှေ မင်း
ရွှေဘနဲ့လိုက်သွား ”
ဦးပု၊ ရွှေဘရဲ့လက်ထဲမှ သေနတ်ကိုယူကာ ပြောလိုက်၏။
” ဦးပု တစ်ယောက်တည်းဖြစ်ပါ့မလား ”
” ငါ့အတွက်မပူစမ်းနဲ့၊ မင်းပဲ မြန်မြန်သွားစမ်းပါ ”
” ပြီးရောဗျာ ”
ရွှေဘနှင့် ဖိုးရွှေ ထိုနေရာမှ ပြေးထွက်ကာ၊ အဆောင်သို့
အမြန်ပြေးပြီး၊ ဓာတ်ပြားကို တီးလိုက်တော့မှ အဝင်းလည်း
သစ်ပင်ပေါ်မှ ပြုတ်ကျလာပါတော့၏။
အဝင်း ပြုတ်ကျလာတုန်း ဦးပု ဖမ်းထားလိုက်၍၊ ထိခိုက်
ဒဏ်ရာတော့ မရလိုက်ပေမဲ့ အဝင်းရဲ့ ခြေချင်းဝတ်မှာ
လက်ငါးချောင်းရာ စွဲထင်ကျန်နေခဲ့ပါတော့၏။
*** ** ***
” နောက်တစ်နေ့ရောက်တဲ့အခါ၊ ဖိုးဖိုးတို့ စေတီပျက်ဆီသို့
သွားပြီး၊ ငှက်ပျောပွဲ၊ အုန်းပွဲတွေနဲ့တေင်းပန်ကြတယ်၊
ပြီးတာနဲ့ စေတီအနီးနားက မြက်တွေ နွယ်တွေကို ရှင်း
ပေးခဲ့ပေမဲ့၊ နောက်နေ့မနက် အဲအမှိုက်တွေ အကုန်
ဦးပုရဲ့ အဆောင်ဆီပြန်ရောက်နေတယ်ကွဲ့၊
ပြီးတော့ စေတီပျက်ကလည်း အရင်အတိုင်း မြက်တွေ
နွယ်တွေက ပြန်ပေါက်နေရောကွဲ့ ”
” ဟင်၊ ထူးဆန်းတယ်နော် ဖိုးဖိုး ”
” အင်း၊ ကြည့်ရတာ၊ အဲ့စေတီရဲ့ အစောင့်အရှောက်တွေက
စေတီပျက်ကို လူတွေမမြင်အောင် တမင်ဝှက်ထားသလိုပဲ
မြေးရ ”
” ဟုတ်မယ်နော် ဖိုးဖိုး ”
” ဒါနဲ့ ဖိုးဖိုး၊ ဦးပုရော ဘယ်လို ဖြစ်သွားလဲဗျ ”
ဖိုးဖိုး ခေတ္တမျှတွေးနေ၏။
ပြီးမှ …
” အင်း၊ ကြားတာတော့ အဲ့ဒီနောက်ပိုင်း ဦးပု အဲ့မှာ
တာဝန်ကျနေသမျှ ကာလတစ်လျှောက် နေ့တိုင်းဓာတ်ပြား
တီးပေးရတယ်ဆိုပဲ၊
သူတို့ကလည်း ဦးပုကို အန္တရာယ်ဒုက္ခမကျရောက်ရအောင်
စောင့်ရှောက်ပေးကြတယ်ဆိုပဲ။
အဲ့နောက်ပိုင်းတော့ ဖိုးဖိုးလည်း မသိတော့ဘူး၊ အဲ့ကိစ္စပြီး
ကတည်းက ဖိုးဖိုး၊ ဦးပုနဲ့ တစ်ခါနှစ်ခါလောက်ပဲ ဆုံပဲ
ဆုံဖြစ်တော့တယ်ကွဲ့ ”
ဖိုးဖိုးက သူ့အဖြစ်အပျက်ကိုပြောပြီးသွားပေမဲ့၊ ကျနော့်
ခေါင်းထဲမှာတော့ မေးခွန်းတွေနှင့် ပြည့်နှက်ကျန်နေခဲ့၏။
” မြေးလေး၊ သရဲဝတ္ထုတွေချည်းမရေးနဲ့လေ၊ တစ်ခါတလေ
အပြောင်းအလဲအဖြစ်၊ အချစ်ဝတ္ထုတို့ဘာတို့လည်း
ရေးပါအုန်းကွဲ့ ”
” ဟာ၊ မရေးချင်ပါဘူးဗျာ၊ မြေးက အချစ်နဲ့ သိပ် သဟဇာတ မဖြစ်ဘူး ဖိုးဖိုးရ ”
” ဟမ်၊ ဆိုစမ်းပါအုန်း၊ ဘာဖြစ်လို့တုန်းကွဲ့ ”
ဖိုးဖိုး ရယ်လျက် မေးပြန်၏။
” ဘာဖြစ်ရမှာလဲဖိုးဖိုးရာ၊ မြေးရဲ့ ရည်းစားဟောင်းလေ၊
မြေး မမှားတဲ့ ကိစ္စတစ်ခု မြေး မှားပါတယ်ပြောပြီး၊
လမ်းခွဲသွားတာဗျ ”
” ဟာ၊ အဲဒါဆို ငါ့မြေးက မတောင်းပန်ပြီး ချော့လိုက်ပေါ့
ကွယ် ”
” မတောင်းပန်နိုင်ပါဘူးဗျာ ”
ကျနော် ငြင်းရင်း ရေးလက်စ စာအုပ်ကို ပိတ်လိုက်၏။
” ဒီမှာ ငါ့မြေး၊ တောင်းပန်စကားပြောတိုင်း ငါ့မြေးက မှား
တယ်လို့ မဆိုလိုပါဘူးကွယ်၊
ဆိုလိုတာက လူနှစ်ယောက်ရဲ့ ဆက်ဆံရေးကို ” ငါမှန်
နေတယ် ” ဆိုတာထက် တန်ဖိုးထားလို့ပဲကွဲ့၊
ငါ့မြေးက ရွေးချယ်ဖို့လိုအပ်တယ်ကွဲ့၊ မှန်နေရတာကိုလား
ဒါမှမဟုတ် အချစ်ကိုလား၊
တကယ်လို့ ငါ့မြေးလိုအပ်နေတာက ချစ်ခြင်းတရားဆိုရင်
တစ်ခါတလေမှာ တောင်းပန်စကားပြောဖို့လိုအပ်တယ်၊
တကယ်လို့ မြေးဘက်က မှန်နေတယ်ဆိုရင်တောင်မှပေါ့
ကွယ် ”
” ဟာ၊ ဟုတ်တယ်နော် ဖိုးဖိုး ”
ဖိုးဖိုး ပြုံးလျက် ခေါင်းညှိတ်ပြ၏။
” ဒါနဲ့ ငါ့မြေးတို့က ဘာပြဿနာဖြစ်လို့တုန်းကွဲ့ ”
” ဒီလိုဗျာ၊ တန်ဆောင်တိုင်တုန်းက သူမက မြေးကို
အတင်း လာခိုးခိုင်းတာဗျ၊ မြေးက မခိုးဘူး မိသားဖသားပီပီ
လာတောင်းပါ့မယ် ပြောတာကို၊
အဲ့မသာမက နောက်တစ်ရက်မစောင့်ပဲ အဲ့ညမှာပဲ
နောက်တစ်ယောက်နဲ့ ခိုးပြေးသွားတာဗျ ”
” ဟေ ”
ကျနော် စိတ်တိုစွာ အခန်းထဲကထွက်သွားခဲ့ပေမဲ့၊
ဖိုးဖိုးကား တစ်ခုခုကို တွေးမိပုံရကာ၊ ပြုံးလျက်သာ
ကျန်နေခဲ့ပါတော့သည်။
**** **** ****
ပြီးပါပြီ။
ဆန္ဒနဲ့ ဘဝ ထပ်တူကျနိုင်ကြပါစေ။