” ထောင်ချောက်သမား”(စ/ဆုံး)

Unicode Version

” ထောင်ချောက်သမား”(စ/ဆုံး)
———————————–

“ငလုံး”
“ဗျာ အဖေ”
“မင်းဦးလေး ဘကြည်နဲ့ ဦးလေးကြည်မြင့် အိမ် ခုသွား”
“ဟုတ်”
“အဖေ ပြောထားတဲ့ဟာတွေ ကောင်းတာရော ပျက်တာရော အကုန် ပေးလိုက်ပါလို့”
“ဟုတ်”
“အိမ်ရောက်ရင် ည ထောင်မှာမို့ ပျက်တာမှန်သမျှ အကုန် ပြင်ထား၊ ကြက်ပေါင်ပင် ဝယ်ဖို့ ငွေလိုရင် မင်း အမေဆီ ပိုက်ဆံ တောင်းဝယ်၊ ဝါး လိုရင် မန်ကျည်းပင် ထောင်ထားတဲ့ ဝါးမာလုံးတွေ ဖြတ်တောက်သုံး” .
“ဘာ ပြင်ရမှာလဲ အဖေရ”
“ကြွက်ထောင်ချောက်တွေပေါ့ကွ၊ ညမှာ တို့ ကြွက်ထောင်ချောက် တစ်ရာဝန်းကျင် ထောင်ရမယ်။ ဘကြည်ရော၊ ကြည်မြင့်ရော ငါ မနေ့ ကတည်း က ပြောငှားထားပြီးပြီ။ ကနေ့မှ မင်းကို အယူ လွှတ်လိုက်မယ် ပြောထားတာ”
“ဟုတ်… ဟုတ်၊ ကျုပ်ယူပြီး ပြင်ထားလိုက်ပါ့မယ် အဖေ၊ ခု တော သွားမှာလား” .
“အေး… မင်းအမေကိုလည်း ပြောလိုက်၊ အဖေ တောသွားတယ်လို့ ည ကြွက်ထောင်မှာမို့ ညနေစာ ထမင်းဟင်း အတွက်ပါ ကြိုလုပ်ထားပါလို့ ကြားလား”
“ဟုတ်”

ငတော သည်မျှပြောပြီး တောသို့ ထွက်သွားခဲ့သည်။ ဘယ်တောက စ,သွား၍ ဘယ်တော၌ အဆုံးသတ်ရမည်ကို ငတော မှန်းဆလိုက်သည်။

သည်ရာသီမှာ ဆောင်းဦးရာသီ၊ လ အလို ပြောရလျှင် နတ်တော်လ နတ်တော်လမှာ ကြွက်ထောင်လျှင် မိမည့် ချိုင့်ကြီးဒေသရှိ ယာတောများကို ငတော ခေါင်းထဲ တစ်ခုချင်း စီ၍ စဉ်းစားသည်။

နတ်တော်လမှာ ကြွက်စာဖြစ်သော သီးနှံမှာ ပဲသီးတောင့်၊ ခရမ်းချဉ်၊ ပြောင်းဖူး၊ ပဲနတ်တော်၊ ပျဉ်းမနားပဲ၊ ပဲတီစိမ်းတို့ ရှိမည်။

ပဲသီးတောင့်၊ ပဲနတ်တော်၊ ပျဉ်းမနားပဲ၊ ပဲတီစိမ်းနှင့် ပြောင်းဖူးခင်းများ စိုက်ပျိုးထားရာ ယာခင်းတောများသို့ သူ သွားရောက်မှသာ ညကြွက် ထောင်နိုင် ရန် ကြွက်လမ်းတွေ့မည်။

ထို့ကြောင့် သဲတော ယာမြေများနှင့် ကုန်းယာ ယာမြေများ ရှိရာဘက်သို့ ငတော ခြေဦး လှည့်သည်။

မိုးကုန်ပြီ ဖြစ်သော်လည်း မိုးသားနှင်း(မိုးသနှင်း)ကား ထူထူထပ်ထပ် သိပ်သိပ်သည်းသည်း ကျဆင်းနေဆဲဖြစ်၏။ မိုးသားနှင်းနှင့် မြူငွေ့ရောယှက် စိုးမိုး၍နေသော ဝန်းကျင် တစ်ခုလုံး အညာမြေသင်းနံ့ သင်းပျံ့ ကြိုင်လှိုင်နေ၏။

အညာမြေသင်းနံ့၊ မိုးသားနှင်းရနံ့၊ တောပန်းမြိုင် ပန်းရနံ့သည် နတ် တော်လ၏ အညာကျေးလက် ပန်းချီကားကို မြမောင်းရွှမ်းစို နုပျိုနိုးထ အလှ သစ် တစ်ရပ်အဖြစ် ပေါ်ထွက်စေပါ၏။

ရှုလေရာ ဝန်းကျင်တစ်ခု၌ မြူ နှင့် နှင်းတို့ ဆူဝေ့ဝဲဝဲ။ သွားလေရာ လမ်းတစ်လျှောက် အညာမြေသင်းရနံ့ သင်းသင်း ထုံပျံ့မြဲ။ စိမ်းမြလတ်ဆတ်သော လေပြည်က တသုန်သုန် သုတ်မြူးနေဆဲ။

ကဇာရိုးကြီးများနှင့် နီးစပ်သော ပဲခင်းများ၊ ခရမ်းချဉ်ခင်းများဆီ ငတော ရောက်လာသည်။

ကဇာခင်တန်း ရိုးကြီးများ၌ အညာ သဘာဝ ပေါက်ပင်များ မြမြ မောင်မောင်း၊ မိုးရေတစ်ဝ သောက်ချိုးထားရ၍ ရွန်းနုစိုပြည်နေသလို နှင်းရည်ခ၍ အားမာန်တက်ကြွစွာ ခေါင်းတစွင့်စွင့်။

ကဇာခင်တန်းရိုး၌ သဘာဝပေါက်ပင်ကြီးများ၊ ချုံနွယ်ပိတ်ပေါင်းများ ထူထူထပ်ထပ် ရှိသလို ကဇာအို ချုံအိုများ ရှိနေ၍ တောင်ပို့အို၊ ကြွက်တွင်းအို များ ပေါများလှသည်။ တောကောင်ငယ်တို့ စားကျက်ချလေ့ ရှိသော နေရာ ဖြစ်သလို မှီခိုရှင်သန်ရာ နေရာသည်လည်း ကဇာခင်တန်းရိုး ဖြစ်ပါ၏။ လူတို့ မည်မျှ တူးတူး၊ မည်မျှ ထင်းခုတ်ခုတ် မုတ်သုံစောင်းကြိုး တီးခတ်နှိုး၍ ပုလဲမိုး သွန်းဖြိုးစွေရွာလျှင် ကဇာရိုးထဲမှ အခုတ်အထစ် အဖျက်အဆီး ခံခဲ့ရသော သဘာဝပေါက်ပင်တို့က မြစိမ်းရောင် ဝတ်စုံ ဆင်မြန်းကာ မိခင် ကဇာရိုးကြီး၏ အလှကို နိုးထစေပါ၏။ အားကောင်းမောင်းသန် လျင်လျင်မြန်မြန်ဖြင့် မြစိမ်းရှင် ပင် အလှတို့ ကဇာပြည့် နှစ်စဉ်ဖြစ်လာပါ၏။ ဤသဘာဝကို လူသား နားလည် သလို တောတိရစ္ဆာန်တို့လည်း နားလည်သည်။ သူတို့ မှီခိုရာ ကဇာရိုးကို သူတို့ အားကိုးကြ၏။

ပြန်လည်ဆန်းသစ်စ ကဇာ အလှတစ်ရပ် ထပ်မံ မွေးဖွားခြင်းသည် သူတို့ အစာရေစာ ပေါများတော့မည့် လက္ခဏာဟု သူတို့ သိကြ၏။ ကဇာကို နေအိမ် ပြု၍ နေသော တောကောင်ငယ်လေးများတို့သည် ကဇာကို ခြေကုပ်ယူကာ အစာ ရှာဖွေ စားသောက်ကြ၊ သားပေါက်ကြသည်။

အထူးသဖြင့် ငတောတို့ ကနေ့ည ထောင်မည့်ကြွက်။

ကြွက်သည် ကဇာရိုးကို အားကိုးပြီး နေ၏။ သူ့ ကဇာရိုး တစ်ဝိုက်၌ စိုက်ပျိုး ကြဲပက်လာသော လူတို့၏ စိုက်ခင်း၊ ပျိုးခင်းများသည် ကြွက်စားကျက်။ ကြွက်ဘဏ္ဍာရိက္ခာ၊ ကြွက်တို့၏ ဝမ်းစာသိုက်၊ စိုက်ခင်းပျိုးခင်းဟူသည် ရာသီ အလိုက် ရှိ၏။ ရာသီအလိုက် ရှိသော စိုက်ခင်းပျိုးခင်းမှ သစ်သီးဝလံများကို ကြွက်အုပ်သည် ကဇာရိုးမှ အသာစောင့်ကာ ခိုးယူ စားသောက်လေ့ ရှိသည်။

ငတော ရောက်ရှိနေသော ပဲသီးတောင့်ခင်းနှင့် ပြောင်းဖူးခင်းမှာ ကြွက်လမ်းဖုံနေပြီး၊ ကြွက်ကိုက်ထားသော ပဲနွယ် ပဲညွန့်များ၊ ပဲသီးတောင့်များ၊ ပြောင်းဖူးနုနုလေးများက ကယ်တော်မူကြပါချို့ဟု ဟစ်အော် တိုင်တည်နေသလို ထင်ရ၏။ ကြွက်လမ်းကို ငတော မှန်းဆသည်။

ကြွက်သည် ပါးနပ်သော သတ္တဝါ။

သူ့သွားလမ်း၌ ဘာမှ အရှိမခံ၊ အရှုပ်မခံ၊ သူ သွားရာလာရာ၌ လွယ်ကူ ရန်လည်း ဖြစ်၏။ သူ သွားလမ်းပြန်လမ်း၌ ရှုပ်ထွေးနေပါက သဘာဝရန်သူ မြွေတို့ ဘာတို့က စောင့်၍ ချောင်းမြောင်းကာ အန္တရာယ် ပြုမည်စိုး၍ ရန်သူကို မြင်သာ ထင်သာ ရှိစေရန်လည်း ဖြစ်မည်။ ရှင်းလင်းနေအောင် လမ်း ဖောက်ပြီးမှသာ အမြဲတမ်း ဝင်လမ်း ထွက်လမ်း အဖြစ် အသုံးချသော ဓလေ့ စရိုက်ရှိ၏။

သူ နေထိုင်ရာ ချုံမှ သူ ထွက်မည့်ဘက်၌ ပေါက်ရောက်နေသော သစ်ကိုင်း၊ သစ်ခက်၊ သစ်ရွက်၊ သစ်ညွန့်မှန်သမျှ ဘာမှ မထား၊ အကုန် ကိုက်ဖြတ်ပစ်သည်။ ကိုက်ဖြတ် ‘ရှင်းလင်းပြီးက အပေါက်ဖောက်သည်။ ထို အပေါက်သည် ကြွက်အမြဲတမ်း ဝင်ပေါက် ထွက်ပေါက်။

တောင်ဘက်၌ သူ သွားမည့်ယာ ရှိပါက သူ့နေရာ ချုံကို တောင်ဘက်မှ အပေါက်ဖောက်သည်။

မြောက်ဘက်သို့ သွားမည်ဆိုပါက မြောက်ဘက်၌ အပေါက်။ အရှေ့ဘက်သို့ သွားမည်ဆိုပါက အရှေ့ဘက်၌ အပေါက်။ အနောက်ဘက်သို့ သွားမည်ဆိုပါက အနောက်ဘက်၌ အပေါက်။

ကြွက်တစ်ကောင် သို့မဟုတ် ကြွက်တစ်အုပ်နေသော ကဖာခင်တန်းရိုးမှ ချုံကို ကြည့်ခြင်းအားဖြင့် သည်ကြွက် ဘယ်သွားမည်ကို မှန်းဆရသည်။

သူ့ အပေါက်ကို သူ့ ဘေးပတ်ဝန်းကျင်ရှိ သီးနှံခင်း အခြေအနေအပေါ် မူတည်ပြီး ကြွက်တို့ ဖောက်သည်။ ဘယ်သီးနှံကို ဘယ်အချိန်၌ စတင်စား၍ ရပြီ ဖြစ်ကြောင်းလည်း ကြွက်တို့ သိသည်။ ဘယ်သီးနှံကို ဘယ်အချိန် ကာလ ရောက်လျှင် စားရုံမျှမက နွေတစ်ခွေစာပါ သိုလှောင်ရန် သယ်ယူရမည့် အကြောင်းကိုလည်း ကြွက်တို့ နားလည်သည်။

မိုးရာသီ၌ ကြွက်တို့ ဖောက်ထားသော အပေါက်တိုင်း ဦးတည် သွားလာ ပါက မိုးသီးနှံဖြစ်သော နှမ်းလျင်၊ မိုးမြေပဲ၊ သခွာ၊ ဖရဲ စသော ယာခင်းများကို တွေ့လေ့ရှိသည်။

သူ့ချုံမှ သူ အပေါက်ဖောက်၍ ထွက်ခဲ့သော ကြွက်အုပ်သည် သူစားမည့် ယာခင်းများထဲ ရောက်သောအခါ ခြေဦးတည်ရာ လျှောက်သွားသည့် အကောင် မဟုတ်။ ယာခင်းများထဲ၌လည်း ကြွက်လမ်းဖောက်သည်။

ယာကန်သင်း တောင်မြောက် ရှေ့နောက် ရှိပါက ကြွက်လမ်းကို တောင်မြောက် ရှေ့နောက် ယာပတ်ပတ်လည် ထိပ်တိုက်ဖောက်သည်။ ယာ ပတ်ပတ်လည် ဖောက်ထားသော ကြွက်လမ်းမှသာ ယာအတွင်းဝင်သည်။

ယာအတွင်း ဝင်ရာ၌လည်း သွားလမ်းကို ဖောက်သည်။ သွားလမ်း ဖောက်ပြီးမှ နီးရာနီးရာ အပင်ကို ကြွက်တို့ ကိုက်ဖြတ် စားသောက်သည်။ ကြွက်လမ်းကို ကြွက်တို့ ဖောက်ထားသည်မှာ စနစ်ကျသည်။ အခင်းထဲ၌ သူတို့ သွားမည့်လမ်းတွင် ရှိနေသော မည်သည့် အပင်ဖြစ်ဖြစ်၊ မည်သည့် အနွယ် အညွန့် အသီး ဖြစ်ဖြစ် ကြွက်တို့ မထား။ အပင်၊ အညွှန့်၊ အရွယ် မှန်သမျှကို တက်ညီလက်ညီ ကိုက်ဖြတ်သည်။ အားလုံး ကိုက်ဖြတ်ပြီး သူတို့ သွားနိုင် သည်အထိ လမ်းလေး ရှင်းနေမှ ကြွက်သွားလမ်းအဖြစ် အမြဲတမ်း အသုံးပြုကာ သွားကြ လာကြသည်။

ကြွက်လမ်း စတင်ဖောက်မဖောက်ကို ကိုက်ဖြတ်ထားသော အရွယ်၊ အညွန့်၊ အပင် အပြတ်အသတ်များကို တွေ့ မတွေ့၊ ရှိ မရှိ ကြည့်ရသည်။

ကြွက်လမ်းဖုံးနေခြင်း၊ ရှိ မရှိကြည့်ရာ၌ သူ့ဘေးရှိ အခြား အပင်များက ဖြစ်ထွန်း စည်ပင်နေပြီး ကြွက်လမ်းနေရာ၌ ဘာ အပင်မှ မရှိဘဲ မာပြောင် ချောနေကာ လမ်းရှင်းနေခြင်း ရှိမရှိ ကြည့်ရသည်။ ကြွက်သွားလမ်း သက်ရှည် နေပါက လမ်းဘေးများ ပြောင်ချောနေပြီ ကင်းရှင်းလင်းနေသည်။

ကဇာခင်တန်းရိုးများနှင့် ပဲခင်းများ၊ ခရမ်းချဉ်ခင်းများ၊ ပြောင်းဖူးခင်း များသို့ ကူးထားရာ ကြွက်လမ်း အများအပြားကို ငတော တွေ့ရသည်။ ဓား တစ်ချောင်း လက်မှကိုင်၊ ကြွက်လမ်းကို သေသေချာချာ ရှာနေသော ငတော စိတ်ကြိုက်ဖြစ်စေရန် ကြွက်လမ်းများ အများအပြား တွေ့ရသည်။

လူတို့ စားသောက်မည့် ယာကန်သင်းသို့ မိုးကုန်မှ ပြောင်းရွှေ့လာသော အစိုဓာတ်အမီ တွင်းဖောက်ပြီး၊ တွင်းကို အခြေပြုကာ ယာခင်းများထဲ သွားလာ ဖျက်ဆီးနေသော ယာခင်းကြွက်များ၏ ကြွက်သွားလမ်းကိုလည်း အချို့ ယာခင်းများ၌ ငတော တွေ့ရသည်။

ကြွက်လမ်းများကို အစက စိတ်မှတ်ဖြင့် မှတ်၍ မှတ်၍ နေသော်လည်း အများအပြား တွေ့လာသောအခါ ငတော သူ့ မှတ်ဉာဏ်ကို သူ မယုံဝံ့တော့။ အများအပြား တွေ့လာသော ကြွက်လမ်းများကို ထောင်သောအခါ အံဝင်ခွင်ကျ ကွက်တိ ဖြစ်စေရေးအတွက် ငတော အမှတ်သညာ ပြုဖို့ လုပ်ရတော့သည်။

ချင်းရဲချိုများ၊ နဘူးချုံများဆီ သွားပြီး ချင်းရဲကိုင်းနှင့် နဘူးကိုင်းများ ခုတ်ကာ ကြွက်လမ်းကို အမှတ်သင်္ကေတ စိုက်ရသည်။

ထောင်မည့် ထောင်ချောက်က တစ်ရာဝန်းကျင်။

သည်တော့ ကြွက်လမ်း အများအပြား တွေ့သည့်တိုင် ငတော ကျေနပ်၍ ပြန်မဖြစ်။ တစ်ညမှာ ထောင်ချောက် တစ်ရာ ဝန်းကျင် ထောင်ရမည်ဖြစ်ရာ ညများစွာအတွက် ကြွက်လမ်းများစွာ တွေ့ထားဖို့ လိုသည်။

သည်အသိဖြင့် ငတော ကြွက်လမ်းကို ကြိုးကြိုးစားစား ရှာနေခိုက် သူ့ရှေ့ ပဲသီးတောင့်ခင်းထဲမှ ဝုန်းဝုန်း ဝုန်ဝုန်း ရွှန်းရွှန်း ရွှန်းရှန်း အသံ။ ပြေးသံ၊ လွှားသံ ကြားရာ ဘာသံပါလိမ့်ဟု စူးစမ်းသော အကြည့်ဖြင့် တော ကြည့်လိုက်သည်။

ပဲသီးတောင့်ခင်းထဲ လှည့်ပတ် ပြေးနေရာမှ ငတော ရောက်နေရာ ကဇာ ချုံတန်းဆီသို့ အားကုန် အင်ကုန် ပြေးသော အကောင်မှာ ကြွက်နက်ကြီး တစ်ကောင်။ သေပြေးရှင်းပြေး ရှေ့မှ ပြေးလာဟန်ရှိသော ကြွက်နက်ကြီးက ငတောကို မြင်သည့်တိုင် နောက်ပြန်လှည့်ဖို့ သတိမရ။ အမြီးတန်းအောင် တော ရှိရာသို့ တည့်တည့်ပြေးလာသည်။

နောက်မှ အစာ ဇောရမ္မက်ဖြင့် ပြေးလိုက်လာသော အကောင်မှာ မျက်လုံး၌ အစာရောင် တဝင်းဝင်း။ ဝင်းလက် စူးပြောင်နေသည့် မျက်လုံးကြီး ပြူးကာ အပြေးလိုက်လာသော အကောင်က သူ့လက်တစ်လံ ကျော်ကျော်ခန့် ရှိသည့် မြွေကြီး တစ်ကောင်။

ကြွက်ကလည်း မြွေကြီး၏ ဘေးအန္တရာယ်မှ လွတ်ရေးသာ အသိ ရှိဟန် တူသည်။

မြွေကြီးကလည်း သူ့အစာ ကြွက်မှလွဲ၍ ဘာမှ သူ့အာရုံ၌ သွင်းဟန် မတူ။ မီလု မီလု ရှိသော ကြွက်ကိုသာ သဲသဲမဲမဲ လိုက်လာသည်။

မှင်သက်မိ၍ ဓားကြီးကိုင်ကာ ငူငူကြီး ကြည့်နေသော ငတော။

ငတောဟန်က ခြောက်ဟန်၊ လှန့်ဟန်၊ လှုပ်ရှားဟန် ပြုလျှင်တော့ ကြွက်ရော မြွေပါ သတိထားလောက်သည်။ ငတောက ယခု မတုန်မလှုပ် ကျောက်ရုပ်။

သေဘေးထက် ဆိုးသောဘေး မရှိဟူသည့် အသိဖြင့် သေဘေးမှ လွတ် မြောက်စေရန် ဒုန်းတိုက်ပြေးလာသည့် ကြွက်နက်ကြီး။ သူ့အသိ၌ ငတော သတိ မထားနိုင်။ အာရုံ မပြုနိုင်။ နောက်မှ မြွေရန် လွတ်ဖို့သာ အားကုန် ပြေးနေသည်။

ကျောက်ရုပ်ကြီးပမာ ပြူးပြူးကြီး ကြည့်၍ မလှုပ်မယှက် ရပ်နေသော ငတော ခြေနှစ်ချောင်းကြားကို ဝင်တိုးပြီး ကြွက်နက်ကြီးက တစ်ဖက် ဆက် ပြေးသည်။

နောက်မှ မြွေကြီးကလည်း ကြွက်နက်ကြီးလိုပင် ငတာကို မကြောက်၊ ထည့်မတွက်၊ အာရုံ၌ မထား။ မီလာ မီလု ဖြစ်နေသော ကြွက်နက်ကြီးကိုသာ သူ့ မျက်စိထဲ သူ့အသိထဲ ထားနေ၍ အပြေးအလွှား လိုက်မိလိုက်လာ၏။

ကြွက်နက်ကြီးက ခြေထောက် ဝင်တိုး၍ သတိပေးခဲ့ရသလို ဖြစ်သွားသော င​ေတာ။

သူ သတိရလျှင်ရချင်း ကြည့်လိုက်ရာ မြွေကြီးက သူ့ဆီ အငမ်းမရ ဒုန်းပြေးလာသည်။ စက္ကန့်ပိုင်းအတွင်း သူ့ဆီသို့ မြွေကြီး ရောက်တော့မည့် အကြောင်း ငတော ရုတ်တရက် သတိဝင်လာ၏။

မြွေ မြွေ မြွေ ဟူသော အသိက ငတာကို ချက်ချင်း ချွေးပြန်စေပြီး လျှပ်စစ်ဓာတ်ဖြင့် အတို့ ခံလိုက်ရသလို တွန့်ခနဲ ဖြစ်ကာ “မြွေကြီးလာနေပြီ မင်း တိုးတော့မည်၊ အားကုန် ခုန်ပါတော့လား” ဟု အမိန့်ပေး ခံလိုက်ရသလို ဖြစ်စေ၏။

“ဟ နင့်မေကလွှား မြွေကြီး ဟ”
ပြောပြီးမှ ခုန်သလား။
ခုန်ပြီးမှ ပြောသလား။
တစ်ပြိုင်နက် ခုန်ခုန် ပြောပြော ပြောသလား။
ပြောပြော ခုန်ခုန် ခုန်သလား။

ငတော မသိလိုက်။ လန့်အား ကြောက်အားဖြင့် မြောက်ခနဲ နေအောင် ငတော ဆန့်ခုန်လိုက်သည်။

ငတော ကိုးရိုးကားရား ဆန့်ခုန်လိုက်သည့်တိုင်၊ မြွေကြီး တန့်မသွား။ သူ့အရှိန်ကို သူ သတိမရ၊ မီလုဆဲဆဲ သူ့အစာ ကြွက်နက်ကြီး ပြေးရာကိုသာ တမက်တမော ပြေးလွှားလိုက်ဆဲဖြစ်ရာ ငတော အောက်မှ ပြေးသွားပြီး ခေါင်းနှင့် ကိုယ်လုံး အားလုံးနီးပါးခန့်မျှ ငတော ဟိုဘက်ရောက်သွားသည်။

သို့ရာတွင် အမြီးဖျားကို လွတ်အောင် မြွေကြီးသွားချိန် မရ။ ငတော ခြေအစုံက မြေပေါ် ပြန်အကျ၌ မြွေအမြီးပေါ်တည့်တည့် ကျသည်။

မြွေကြီးသည် ဘရိတ်အုပ် ခံရသကဲ့သို့ တန့်ခနဲ ဖြစ်သွားသည်။ သူ့ ခန္ဓာကိုယ်ကို အားကုန် ရှေ့စွပ်ရုန်းသည်။

ငတောက သူ့ ခြေထောက်အောက် တင်းခနဲ ဖြစ်လာပြီး မြွေကြီး ရုန်းနေသည်ကို သိ၍ ကြောက်အားလန့်အားဖြင့် နောက်ပြန်၍ အားကုန် ထပ်မံ ခုန်သည်။

သည်အခါမှ မြွေကြီး လွတ်ထွက်သွားပြီး ငတောကို သတိပြုမိလာ သည်။ အာရုံ သွင်းလာသည်။ ကြောက်ရလန့်ရမှန်း သိလာသည်။

သူ့အစာ ကြွက်ကိုလည်း မျက်ခြည်ပြတ်သွားသော မြွေကြီး။ သူ့ အမြီး ကိုလည်း တက်နင်းခံရသော မြွေကြီး။ ထို မြွေကြီးသည် ကြောက်လန့်စိတ် ဖြစ်ပေါ်လာကာ ခိုလှုံနိုင်မည့် နီးစပ်ရာ ဝန်းကျင်ကို ရှာသည်။

မြွေကြီးသည် ဟိုကြည့်သည်ကြည့် ကြည့်ရာမှ သူ့ အမြီးဖျားကို တက် နင်းသော ငတောကို လှမ်းအကြည့် ငတောကလည်း သတိပြန်ရ၍ မြွေကို လှမ်းအကြည့်၌ အကြည့်နှစ်ခု တိုက်ဆိုင်သွားသည်။

ငတော မျက်လုံးအစုံသည် ဝင်းဝင်းထိန်ထိန်။ လူ့ လက်တစ်လံကျော်မျှရှိသော မြွေကြီးသည် သူ့ မိသားစု ဟင်းလျာ အတွက် အရသာလေး ချိုဆိမ့်သည့် ဟင်းစားကောင်ကြီး။..

အဆိပ် မရှိသည့် လင်းမြွေမျိုး၌ ပါဝင်သော လင်းမြွေဝါကြီး ပဲလင်းမြွေ သီးကြီးလို တုတ်တုတ်ရှည်ရှည်၊ ဆူဆူဖြိုးဖြိုး၊ ဝဝလင်လင် ရှိသော လင်းမြွေဝါ, သည်လင်းမြွေဝါကြီးသာ သူ ရလိုက်က ဟင်းတစ်နပ်၊ နှစ်နပ်စာ သူ့ မိသားစု ဖူလုံမည်။ စောစောက မှင်သက်မိ၍ သတိ မရခဲ့သော ငတောသည် ယခုမှ ဟင်းစားရလို စိတ်ကြောင့် ဓားဖြင့် ပေါက်ရန် ဟန်ပြင်သည်။

လူသား ငတောကလည်း မှင်သက်မိကာ တအံ့တဩဖြစ်၍ ချွတ်ယွင်း ချက် ဖြစ်ခဲ့ရသလို၊ တိရစ္ဆာန်ဖြစ်သော လင်းမြွေကြီးသည်လည်း အစာ ဇော ရမ္မက်ဖုံးကာ သေဘေးရှင်ဘေးမှန်း မသိဘဲ လူ့အောက်မှ ဖြတ်တိုးကာ အစာ နောက် လိုက်ခဲ့မိသည့် ချွတ်ယွင်းချက် ဖြစ်ခဲ့ရသည်။ ယခုအခါတွင် ငတောလည်း ပုံမှန် အသိ၊ ပုံမှန် သတိရှိပြီ။

လင်းမြွေဝါကြီးသည် ပုံမှန် အသိ၊ ပုံမှန် သတိဘဝ ရောက်သွားပြီ။

သူ့အစာ ကြွက်နက်ကြီးကို သူ မမြင်တော့။ သူ မြင်နေရသည်မှာ ဓားကိုင်ထားသော လူသားတစ်ဦး။ လူသားဟူသည် သူတို့လို အဆိပ် မရှိသည့် လင်းမြွေလို အမျိုးအစား မပြောနှင့် အဆိပ် ပြင်းထန်လှသော ဆင်ပစ်မြွေ၊ မြွေပွေး၊ မြွေဟောက်ငန်းပုပ်ပင်လျှင် လူသားနှင့် တွေ့က တစ်နည်းမဟုတ် တစ်နည်းဖြင့် အသေဆိုးသေအောင် ဖန်တီးခံရသည်။ မိမိလို လင်းမြွေကိုဖြင့် အမြီးဆွဲယမ်း သတ်ကာ ဟင်းချက်စားလေ့ ရှိကြသည်။ ပြေးနိုင်မှလွတ်မည်။ ပြေး ပြေးဟု သူ့ကိုသူ ပြောဆိုကာ ပြောသလို လျှောလျှော လျှောလျှာဖြင့် နီးစပ်ရာ ကဇာချုံဆီ တရကြမ်း ပြေးသည်။

မြွေကအပြေး ငတောက အလိုက်၊ ကဇာချုံအ၀၌ ရှိသော တောင်ပို့ ကြီးက မြွေအသက်ကို ကယ်လိုက်သည်။

တောင်ပို့ထဲ ဝင်ပြေးသော လင်း​ဝါကြီး။

အမြီးစ တောင်ပို့ထဲအဝင် လူက တောင်ပို့ဘေး အရောက် စက္ကန့်ပိုင်းမျှ နောက်ကျသွားသော ငတော။

ထွက်လာလိမ့်နိုး ထွက်လာနိုးဖြင့် ငါးမိနစ်ခန့်မျှ ငတော စောင့်သည်။

တောင်ပို့ထဲမှာ ဖွတ်ကြီးကြီးလို့၊ တောခွေးအ,လို၊ တောကြောင်လို ရှိနေပါက လင်းမြွေဝါကြီး ပြန်ထွက်ချင် ထွက်မည်။ ယခုမူ လင်းမြွေဝါကြီး ထွက်လာဖို့ ဝေးလာဝေး၊ စောင့်ရင်း စောင့်ရင်း မျှော်ရ၍သာ ငတော မောလှ၏။

“ဟယ် သင်း ထွက်မလာတော့လည်း ကြံရဖန်ရသေးတာပေါ့။ ပဲလင်းမြွေ သီးကြီးလို ၀၀ရှည်ရှည် တုတ်တုတ်ကြီး။ စားလိုက်ရ အတင်း ကောင်းမှာ၊ ငါ့ ဝင်တိုးတုန်းက ဓားနဲ့ ဆီးခုတ် ရသားနဲ့၊ ခွေးသတိ၊ ဝက်သတိက နေရာတကာ မေ့၊ နှေးလိုက်တဲ့ လက်ကလည်း လက်ဖြတ်ပစ်ဖို့ ကောင်း”
ဟု သူခိုးပြေးမှ ထိုးကွင်းထသလို ကြိတ်မနိုင် ခဲမရ ဖြစ်ကာ ချုံကို ပါလာသော ဓားဖြင့် ရှင်းသည်။ ချုံရှင်းပြီးမှ တောင်ပို့ကို ငတော လှည့်ပတ်ကြည့်သည်။

တောင်ပို့မှာ အပေါက် နှစ်ပေါက်သာ ရှိသည်။

သည်အပေါက် နှစ်ပေါက်ကို ခဲလုံးကြီးကြီးဖြင့် ပိတ်လိုက်ကလင်းမြွေဝါ ကြီး ဘယ်နည်းနှင့်မှ မထွက်နိုင်။

ဟုတ်သည်၊ ခဲကြီးကြီး ရှာ၍ ငတော ပိတ်ရမည်။ ခဲ ဘယ်က ရမည်နည်း။

နွားစာ ပြောင်းခင်း အငုတ်ကို ထယ်ထိုး၍ ကုလားပဲကြီးထား (ကြဲပက် ထား)သော ထယ်စာခဲကြီးများအား ငတော သွားတွေ့သည်။

ထယ်ခဲကြီးကြီး နှစ်လုံးကို ယူကာ တောင်ပို့ပေါက်ကို ငတော ပိတ်ပြီး သည်ချုံနှင့် သည်တောင်ပို့ မှတ်မိစေရန် ချုံဘေးပေါက်နေသော ဘောက်ခွေးပင် သုံးပင်အား ခုတ်က ကြက်ခြေခတ် ပြလိုက်သည်။

အပေါက် နှစ်ပေါက်ကို ထည်စာခဲဖြင့် ပိတ်ပြီး ထားလိုက်ခြင်းသည် လင်းမြွေဝါကြီးအား ချည်နှောင်ထားသလို ချုပ်ထားရာ ရောက်သွားသည်။ ထည်စာခဲကြီးများကို မလှန်နိုင်သမျှ လင်းမြွေကြီး ထွက်လမ်း မရှိ။ မြွေဟူသည် သည်မျှ ကြီးမားသော ထည်စာခဲကြီးကို ပွင့်သွားအောင် ခေါင်းဖြင့် ရုန်းထွက်နိုင် သည့် အကောင် မဟုတ်။ လူသား ဖယ်မပေးသမျှ တောင်ပို့ထဲ မြွေကြီး နေပေ ရော။

ရှေ့၌ ဆက်လက်၍ ကြွက်လမ်း ရှာရန် ယာများ တောများတို့ ရှိသေး သောကြောင့် ငတော ရှေ့ဆက် သွားခဲ့သည်။

တောင်သူလုပ်စာ မြေမှာတစ်ဝက် ပြောသည်ထက် ကြွက်နှင့် လုယူ နေရသည်ဟု ပြောရမည်ပုံလိုလို ငတော တွေ့ရ၏။

ကြွက် ဖျက်ဆီးထားသော ပဲသီးတောင့် အပြတ်များ အပဲ့များ၊ ပဲနွယ် ပဲညွန့်များမှာ မြင်ရမကောင်း။

ပြောင်းဖူးများ ကိုက်ချပြီး စားသောက်ထားသည်မှာ အပုံ အပုံ။

ပဲနတ်တော်များ၊ ပျဉ်းမနားပဲများ၊ ပဲတီများကို အတောင့်လိုက် ကိုက်ချ။ အဆန်ထုတ်စားဖြင့် လုပ်ထားရာ အတောင့် အခွံများ လူစုပုံထားသလို အစု လိုက် အပုံလိုက်။

လူဖျက် အရက်၊ အိမ်ဖျက် ကြွက်မျှသာမက တော၊ ယာ ဖျက် ကြွက်ဟု ပင် ပြောရလိုက်မည်ဟု

ကြွက်လမ်းများကို ငတော မရေမတွက်နိုင်အောင် တွေ့ခဲ့ပါ၏။ ထိုအထဲ မှ ဖုန်နေသော ကြွက်လမ်းနှင့် ကြွက်အုပ် ကောင်ရေ များမည်ဟု ထင်ရသော ကြွက်လမ်းများကို စတင် ဆောင်ရန် တော သူ့စိတ်ကူး၌ သူ့ အကွက်ချ စီစဉ်ခဲ့သည်။

ငတော ထွက်စက နံနက်ခင်း။ တစ်တောပြီး တစ်တော တစ်ခင်းပြီး တစ်ခင်း ငတော ကူးလာရာ မွန်းတည့်ချိန် ရောက်ပြီဖြစ်ကြောင်း သူ့ လူရိပ် သူ နေရောင်အောက်၌ ရှာမတွေ့သဖြင့် ငတော သိလိုက်၏။ အရိပ်သည် ရှေ့နောက် ဝဲယာစသည်ဖြင့် မထွက်ဘဲ မိမိအောက်၌ ရောက်နေက နေမွန်းတည့် ဟု တောသမားတို့ သညာထားသည်။

အညာဆောင်းနေသည် နေ့လယ်၌ ပူပြင်းလှ၏။

မြမြမောင်းမောင်း ပင်ထနောင်းပေါ်မှ ချိုးကူသံများ ကဇာခင်တန်း များဆီမှ ဘုတ်ပူသံများ၊ ငုံးတို့ အုပ်လိုက် တွန်သံများက ငတောတို့ ကြားရိုး ကြားစဉ် ဖြစ်သော်လည်း ရိုးအီ မသွားနိုင်သည့် သဘာဝ ဂီတ တေးသံသာများ ဖြစ်ကြသည်။

အဝေးဆီမှ ရှင်မတောင်သည် မြူခိုးများ ကင်းစင်ပြီး ဆောင်းနေ့လယ် ခင်း နေရောင်၌ စိမ်းစိမ်းညိုညို မြို့မြို့မှိုင်းမှိုင်း။

ငတောသည် အိမ်ပြန်ရန် ယာတောများ ဆီမှ သူ့ ရွာဆီသို့ ခြေဦး တည်လိုက်သည်။

(၂)
“အဖေ၊ ညကြွက်ထောင်မှာ ငါးမျှားချိတ်က ဘာလုပ်ဖို့လဲဗျ”
ငလုံး မေးမည်ဆိုက မေးစရာ။

ငတော တောမှ ပြန်လာ၍ စားသောက်ပြီး၊ ကြွက်ထောင် ချောက် ပြင်နေသော ငလုံးကို ဝင်၍ ကူပြင်သည်။ ပြင်ဆင်၍ ကြွက်ထောင်ချောက် သုံး လေးခု မျှသာ ကျန်တော့သော အချိန်၌ မင်းဘာသာ ပြီးအောင်လုပ်တော့ ငါလုပ်စရာ ရှိသေးတယ်ဟု ပြောကာ ငါးမျှားတံများ ထံမှ အငယ်ဆုံး အရွယ် အစား ငါးမျှားတံကို တော ရွေးထုတ်သည်။

ငါးမျှားချိတ် အငယ်ဆုံး ရွေးထုတ်ပြီး ငါးမျှားကြိုးကို ဖြုတ်ကာ နိုင်လွန် ကြိုး တုတ်တုတ်ရှည်ရှည် တစ်ချောင်းဖြင့် ငတော လိုက်ကြိုးဆက်ပေးနေသည်။

သွားမှာက ကြွက်ထောင်။ လိုက်ကြိုးဆက်နေက ငါးမျှားချိတ်သေးသေး သူ့အဖေဘာလှုပ်နေသလဲဟု နားမလည်၍ ငလုံး မေးသည်။

သူ့ အလုပ်ကို သူ သဘောကျသလို ငတော ပြုံးပြုံး၊

“ငါ့ အဖေဖြစ်တဲ့ သွားလေသူ မင်းအဘ ပြောခဲ့တာကို သတိရပြီး ပြန်ဖြေချင်လိုက်တာ ငါ့သားရာ”

“အဘက ဘာပြောခဲ့သလဲဗျ”

“မင်းလောက် မရှိတရှိ အရွယ်တုန်းက မင်းအဘ တောထွက်ရင် ငါက အမြဲ မေးတယ်ကွ၊ အဖေ ဘာသွားလုပ်မှာလဲ ဘာလုပ်သွားလဲလို့ ပေါ့ကွာ”

ငလုံးက ငတော စကားကို စောင့်၍ နားထောင်နေဆဲ။

“အဖေက ပြောတယ်၊ စေတနာကျွန်ကြီးဆိုတော့ သမီးနှင့် သား မယား စားရအောင် နောင်ဘဝ နောင် ကိုယ်ခံသဘော ထားပြီး စားဖို့ သောက်ဖို့ ဝတ်ဖို့ နေဖို့ ထိုင်ဖို့ သွားလုပ်ရဦးမယ် လူကလေး စေတနာ့ကျွန်တို့ မေတ္တာ ကျွန်တို့ဆိုတာ ကျွေးရသလောက် မတင်းတိမ်ဖူး၊ ထင်ရသလောက် အားမရဘူး၊ ပေးရသလောက် မရောင့်ရဲနိုင်ဘူး၊ ထားရသလောက် မတင်းတိမ်နိုင်ဘူးတဲ့။ ထမင်း နပ်မမှန်တဲ့ လူကလည်း နပ်မှန်မှန် ကျွေးချင်တယ်။ နပ်မှန်နေတဲ့ လူကလည်း ကောင်းသထက် ကောင်းအောင် ကျွေးချင်တယ်တဲ့။ အဝတ်အစား ဆင်ရာမှာလည်း ပိုးဖဲ ကတ္တီပါတင်မက ဖြစ်နိုင်ရင် နတ်၌ ဝတ်သော အထည်။ နတ်၌ဝတ်သော ပုဆိုး၊ ထဘီအထိ ဝတ်စေချင်တယ်တဲ့။ ပေးရသမျှလည်း
မတင်းတိမ်ဘူး ဆိုတာက တစ်ကျပ်ပေးနိုင်ရင် တစ်ရာ ပေးချင်တယ်။ တစ်ရာ ပေးနိုင်ရင် တစ်ထောင် ပေးချင်တယ်။ ပေးများ ပေးနိုင်ရင် ရွှေပုံ ငွေပုံကို ပုံ ပေးပြီး၊ ရတနာ စိန်ကျောက် ပတ္တမြားကို ဇယ်တောက် ကစားစေချင်သတဲ့။ တဲနဲ့ ထားနိုင်ရာက အိမ်နဲ့၊ အိမ်နဲ့ ထားနိုင်ရာက တိုက်နဲ့၊ တိုက်နဲ့ ထားနိုင်ရာက နတ်ဘုံနတ်နန်းနဲ့ ထားချင်သတဲ့။ ငါ့အဖေ အဲဒီစကားကို ပြောတုန်းက နား ထောင် ကောင်းအောင် စကားအရာ ဥပမာ ပြောတယ်လို့ အဖေ ထင်ခဲ့မိတယ် ငါ့သား၊ အင်း လက်တွေ့သိလာမှ ဆင်ခြင်ကြည့်တော့ မေတ္တာ၊ စေတနာ၊ အကြင်နာ၊ ကရုဏာရဲ့ ခိုင်းစေရာ ခံနေရတဲ့ မိဘဆိုတဲ့ ဘဝ ဗိသုကာကြီးတွေ ဟာ ပြောပြနိုင်တာထက် ပိုအောင် မေတ္တာ၊ စေတနာ၊ အကြင်နာ ကရုဏာ ကြီးမားလှပါပေခြင်း။ မိဘကျေးဇူး မြင့်မိုရ်ဦးဆိုတာ နည်းသေးတယ် သား။ မြင့်မိုရ်တောင် အပါအဝင် စကြဝဠာ တိုက်ပေါင်း သောင်း သိန်း သန်း ကုဋေ ကုဌာန့် မိဘမေတ္တာကို နှိုင်းယှဉ်ပြရင်တောင် ရေခွက်ငယ်နဲ့ ပင်လယ် သမုဒ္ဒရာလို ကွာခြားလိမ့်မယ်။ မိဘ ဆိုတာ သားသမီးအတွက် သူတို့ ဘဝကို စတေးမြုပ်နှံပြီး အသွေးအသား အရိုးအကြော အရေမှန်သမျှ သားသမီး အတွက် သားသမီး အတွက်လို့ မြည်ဟည်းရိုက်ကျူးနေတယ်လို့ ထင်ရလောက်အောင် မေတ္တာ စေတနာ ကြီးပေးခြင်း။ အဖေပြောခဲ့သလို စေတနာ့ကျွန်ကြီး ဖြစ်တဲ့ ငါဟာ အဖေ ဝဋ်လည်ပြီ၊ အဖေ လျှောက်ခဲ့တဲ့လမ်း လျှောက်ရမှာပဲ ငါ့သားရာ”

ငတောက လေးလေးနက်နက် ချိန်ချိန်ဆဆ နက်နက်ရှိုင်းရှိုင်း စကား များကို ပြောနေ၍ ငလုံး အားလုံး သဘော မပေါက်။ သူ့ အသိ၌ သူတို့စားဖို့ သောက်ဖို့အတွက် သူ့ အဖေ ငါးမျှားချိတ်ဖြင့် တစ်ခုခု လုပ်လိမ့်မည်ဟုသာ သိသည်။

“လူမှာ အရွယ်ရှိတယ်၊ ဘဝ အသိရှိတယ်၊ ဘဝက ပေးလာတဲ့ အသိမှ လူဟာ လေးလေးနက်နက် မြင်တယ်၊ သိတယ်၊ ခံစားရတယ်၊ စွဲတယ် စကားလုံးတွေ အတူတူ ပြောပေမဲ့ နားထောင်ရတဲ့ လူ အသိက ကိုယ်တွေ့ ကြုံလာမှ ပိုပြီးတော့ ဆင်ခြင် သုံးသပ်နိုင်တယ်။ မင်း အရွယ် မရှိတရှိတုန်းက အဖေ နားမလည်ခဲ့တဲ့ မင်းအဘ ပြောခဲ့တဲ့ စကားတွေကို အဖေ အိမ်ထောင်သည်ဖြစ်၊ သားသမီးတွေ ရလာမှ နားလည်နိုင်ခဲ့တယ်။ မင်းလည်း အခု အဖေပြောတဲ့ စကားတွေကို အဖေလို သားသမီးတွေ ရလာရင် နားလည် ပါလိမ့်မယ်။ ခုတော့ အဖေ ငါးမျှားချိတ်တုတ် ပြင်နေတာဟာ ငါတို့ မိသားစု အတွက် ပါလားလို့ လက်တွေ့ အသိလေးနဲ့သာ မင်း အကဲဖြတ်ဦးမယ်။ သားသမီးတွေရဲ့ အဖေ ဘဝကို ငါ့သား ရောက်လာတဲ့အခါ အဖေ မပြောဘဲ ချန်ထားခဲ့တဲ့ စကားတွေအထိ ငါ့သား ကြားမယ်၊ အဖေ နှုတ်ဆိတ်ခဲ့တဲ့ ကာလတွေက စကားကိုပါ မင်းနှလုံးသားက ကြားမယ်။ မပြောတဲ့ စကားကို ကြားလာရခြင်းဟာလည်း အတွေ့အကြုံ တစ်ခုပဲ ငါ့သား”

ငတောသည် သူ့စကား အရပ်ရပ်ကို ငလုံး နားလည်မည် မဟုတ်ကြောင်း ကြိုတင် သဘောပေါက်ထားဟန် ရှိသည်။

သူ့ရင်၊ သူ့နှလုံးသားကို ထွင်းဖောက် မြင်နေသော သူ့အဖေအား လုံး တအံ့တဩ ကြည့်သည်။ လောက တောကို ဖြတ်သန်းလာရာ၌ သူလည်း သားဖြစ်ခဲ့ဖူး၍ သူ့သား ငလုံးသည် ဘာတွေ အံ့သြနေမည်ကို ငတော ရိပ်မိ ပါ၏။ ရိပ်မိသည့်အတွက် ဆက်မပြောတော့။

သူ တောယူမည့် ငါးမျှားချိတ်နှင့် လိုက်ကြိုး သိမ်းပြီး၊ တော ယူမည့် လွယ်အိတ်ထဲ ငတော ထည့်သည်။

ကြွက်ထောင်ချောက်များကို တစ်ခုချင်း အချောသပ် ငတော စီစဉ်၏။ ဘကြည် ထံမှ ဝါး ကြွက်ထောင်ချောက် သုံးဆယ့်နှစ်ခု။ ကြည်မြင့် ထံမှ ဝါး ကြွက်ထောင်ချောက် သုံးဆယ့်လေးခု။ သူ့အိမ်မှ ကြွက်ထောင်ချောက် လေးဆယ့်တစ်ခု။ စုစုပေါင်း ကြွက်ထောင်ချောက် တစ်ရာ့ခုနစ်ခု။ သည်ညမှာ ထောင်မည့် ကြွက်ထောင်ချောက်များ။ သည်မျှ ကြွက်ထောင်ချောက် များနေ မှတော့ ညနေ နေစွယ်ကျိုး ကတည်းက တောသို့ သွားမှ ဖြစ်မည်ဟု ငတော စိတ်ကူးသည်။

ငတော ယူနေကျ တောလိုက်မီး၊ ဓားရှည်၊ ဓားလှံ၊ ကွမ်းထုပ်၊ အရန် လက်နှိပ်ဓာတ်မီး၊ အရန်ဖန်သီး၊ ကြွက်ထောင်ချောက်များကို တစ်ခုမှ မေ့မကျန် စေရေးအတွက် စိစစ်ကာ အရန်သင့် ပြင်ထားရေးအတွက် ငလုံးအား ငတာက သတိပေး၏။

(၃)
“ဒီ ကြွက်တွင်းကို တူးစမ်း ငလုံး”

ကဇာ ဘေး၌ ရှိသော ကြွက်တွင်းကို တူးခိုင်းသည့် ငတောကို ငလုံး မော့ကြည့်သည်။ သူ့ အဖေ အဟုတ် ခိုင်းတာမှ ဟုတ်ရဲ့ လားဟူသော သဘော ဖြင့် ငလုံး မော့ကြည့်ခြင်း ဖြစ်သည်။

ငတော အဟုတ်ခိုင်းခြင်းဖြစ်ကြောင်း ကြွက်ထောင်ချောက်ကြီးများကို ထမ်းလာရာမှ အသာအယာ ချ၍ သူ့ဘေး လာရပ်ခြင်းကြောင့်သာ ငလုံး ယုံလိုက်ရ၏။ သူ့အဖေ တူးခိုင်းသော တွင်းက ကြွက်ကတိုးတွင်း။

ကြွက်ကတိုး(ကြွက်ကဒိုး)သည် နှုတ်သီးချွန်လေးဖြင့် လက်သန်းဝက် သာသာခန့်သာ ရှိသော ကြွက်ကလေး အမျိုးအစားဝင်မို့ ကြွက်သမားက သူ့ကို ဘေးမဲ့ပြုထားသည်။ ဘေးမဲ့ပြုခံရသော ကြွက်ဖြစ်သဖြင့် သဘာဝရန်သူကြောင့်သေလျှင်သာ ကြွက်ကတိုး သေရသည်။ ကြွက်သမား လက်ချက်ဖြင့် သေရိုး ထုံးစံ မရှိ။ ယခုမူ ထုံးတမ်းသစ် တစ်ခု မှတ်တိုင် စိုက်ထူရတော့မည်ဟု ငလုံး ထင်သည်။

ကြွက်ကတိုး တွင်းမှာ တွင်းနက် မဟုတ်။ ဓားဦးချွန်ဖြင့် တူးပြီး တွင်းဝ ဖော်ကာ လိုက်လိုက်ရာ တွင်းအဆုံး၌ ကွေးကွေးလေး ဖြစ်နေသော ကြွက်ကတိုး တစ်ကောင်ကို တွေ့ရသည်။ ငတောက ဖျတ်ခနဲ အရှင် ဖမ်းယူပြီး သွားကြစို့ ဟူသော သဘော မျက်ရိပ်ပြသည်။

ကြွက်ထောင်ချောက် တစ်ရာကို ဓားလှံရိုး ရှေ့နောက်၌ လျှို၍ ထမ်းလာ သော ငတာ။ သူ့လက်တစ်ဖက်၌ ကြွက်ကတိုး အရှင်လေးကို ဇက်မှဆုပ်လာ၏။

ငလုံးသည် တောလိုက် ဘက်ထရီမီးမှ အစ လွယ်အိတ် အဆုံး ငတော နောက်မှ လိုက်ပါရင်း လွယ်လာသည်။

သူ ထယ်ဖြင့် ပိတ်ခဲ့သော တောင်ပို့ကြီး အနီး ရောက်သောအခါ ငတောက ငလုံးကို ခိုင်းသည်။

“တောင်ပို့ အပေါက် နှစ်ပေါက်ကို အဖေ ထယ်ခဲကြီးတွေနဲ့ ပိတ်ခဲ့တာ မြင်လား၊ အဲဒါ ဖယ်လိုက်ကွာ၊ ကျန်တာ အဖေ ဆက်လုပ်မယ်”

ငလုံး ထယ်စာခဲကြီးများကို ဖယ်နေခိုက် ငလုံး လွယ်လာသော လွယ် အိတ်ထဲမှ ငါးမျှားချိတ်နှင့် လိုက်ကြိုးကို ငတော ထုတ်သည်။

ကြွက်ကတိုးလေးအား ငါးမျှားချိတ်ဖြင့် ဖင်မှအတွင်းပိုင်းသို့ ဖောက်ချိတ် လိုက်ပြီး လိုက်ကြိုးကို တောင်ပို့ဘေးရှိ ပနီ သန်လျက်ကိုင်း တုတ်တုတ်အား ငတော”မြဲမြဲမြံမြံ ချည်လိုက်သည်။

လင်းမြွေဝါကြီး ဝင်သွားသော တောင်ပို့ အပေါက်မှ ကြွက်ကတိုး အရှင် လေးကို အစာတပ်ထားသည့် ငါးမျှားချိတ်အား ငတော ခပ်ဖြည်းဖြည်း ချသည်။ ကြွက်ကတိုးလေးသည် တောင်ပို့ အောက်ခြေရှိ မြေကြီးကို ထိတွေ့ပြီး နာနာ ကျင်ကျင်ဖြင့် ကြောက်အားလန့်အား ပြေးလွှား နေကြောင်းကို လိုက်ကြိုးစ အောက်သို့ ဆင်းဆင်း သွားခြင်း ကြည့်၍ ငတော သိသည်။ အိုက်နေသော လိုက်ကြိုးကို တောင်ပို့ခြေရှိ တောငရုတ်ပင်ရိုင်းအား တစ်ပတ်ပတ်ပြီးမှ ငတော ရှေ့ဆက်ရန် ငလုံးကို ခေါ်သည်။

“အဖေ ဘာကောင်လဲဗျ၊ ဖွတ်လား” “မဟုတ်ဘူးကွ”
“ဒါဖြင့် ဘာကောင်လဲ”
“မင်းတို့ကြိုက်တဲ့ ငါးသေတ္တာသုပ် လိုနေတယ်ဆိုတဲ့ အကောင်ပေါ့ကွာ။ မင်းတို့ကြိုက်တဲ့ ဟင်းတစ်ခွက် စားကြပါစေတော့ဆိုပြီး အဖေ စမ်းထောင် ကြည့်တာ”

“ဒါဖြင့် မြွေ မြွေပေါ့နော်”

“အေး ဟုတ်တယ်၊ မြွေဆိုတာ အကောင်သေကို စားခဲတယ်၊ စိတ်ဝင်စား နည်းတယ်၊ မစားဘူး၊ စိတ်မဝင်စားဘူး၊ ပြောတာ မဟုတ်ဘူးနော်၊ အကောင်ရှင် လောက် သူ အာရုံမကျတာ ပြောတာ။ ခု ကြွက်ရှင်ကို ငါးမျှားချိတ်နဲ့ ထောင်တော့ မျိုရာမှ ထွေးထုတ် မရရင် မြွေရမှာပဲ၊ ထွေးထုတ်လို့ အစာရော၊ ချိတ်ရော လုံးထွက်လာရင်တော့ ရမှာမဟုတ်ဘူး။ မြွေတို့ ဘာတို့သာ မထောင်ဖူးသေးလို့ မသိတာ၊ ဖွတ်ဆိုရင်တော့ လာလေလော့ဆိုရင် မိတာပဲ၊ မြွေလည်း သားစား ကျူးတဲ့ အကောင်ပဲ မိနိုင်တယ်”

သူ့အဖေက စကားကို ချိန်ချိန်ဆဆ ပြောနေသည့်တိုင် ငလုံး စိတ်၌ မြွေရလိမ့်မည်ဟု ယုံကြည်သည်။

ငတော အနေဖြင့် မြွေတွေ့ပြီးနောက် သူရှာထားသော ကြွက်သွားလမ်း များမှ ယနေ့ည စထောင်မည်ဖြစ်သဖြင့် ထိုနေရာများ ဆီသို့ ရောက်စေရန် သုတ်ခြေတင် လှမ်းနေ၏။ နောက်မှ ငလုံးက အမီလိုက်သမား။

ဟုတ်သည်။ ထောင်ချောက်သမားသည် မိမိထောင်မည့် ကွင်းသို့ အချိန်မီ ရောက်စေရေး အရေးကြီးသလို အချိန်မီ ပြီးစီးအောင် ထောင်နိုင်မှ ပိုမို အဆင်ပြေသည်။

ချိုင့်ကြီးဒေသမှာ ကြွက်သမားကို နေ့သမားနှင့် ညသမား ဟူ၍ နှစ်မျိုး ခွဲခြားသည်။

နေ့သမားကို ကြွက်တူးသမားဟုလည်း ခေါ်သည်။ ခွေးသမားဟုလည်း ခေါ်သည်။ နေ့သမားသည် သူ့ မျက်စိ အားကိုးဖြင့် ကြွက်တွင်းကို ရှာသည်။ ခွေး အားကိုးဖြင့် အနံ့ခံကာ ကြွက်ကိုရှာသည်။ ခွေးနှင့်လိုက်၍ ရသည့် အကောင်ရ၊ တွင်းတူး၍ ရသည့် အကောင်ရနှင့် နေ့သမားလည်း သူ့နည်း သူဟန်ဖြင့် ကြွက်ရသည်။

ကြွက်တူးသမား ခွေးသမားသည် နေ့ပိုင်း၌ ကြွက်ရှာသူ ဖြစ်ပါ၏။ နွေရာသီနှင့် မိုးဦးကျ ရာသီတို့သည် နေ့သမားများ ကြွက်တူး ကြွက်လိုက်ရန် အသင့်လျော်ဆုံး ကာလ ဖြစ်၏။

ညသမား၌ သုံးမျိုး ရှိသည်။

ကြွက်သံ အတုဖြင့် ကြွက်လာစေရန် ဖန်တီးပြီး လာသော ကြွက်ကို ခက်ရင်းဖြင့်ထိုး၊ ခက်ရင်းရိုးဖြင့်ရိုက် ပြုလုပ်သူအား ကြွက်ထိုးသမားဟု ခေါ်သည်။ ကြွက်ထိုးသမားသည် ကြွက်သံတု ကိရိယာဖြင့် မီးဖြင့် ကြွက်ထိုးရ သည်။ သီးနှံရိတ်သိမ်းပြီး တလင်း သင်းပေါင်းတက်ချိန်၊ ယာရိုးပြတ်ငုတ်များ၊ ကဇာများ အနီး၌ အသံတုဖြင့် ကြွက်ထိုးနိုင်သည်

ဝါးထောင်ချောက်ဖြင့် ကြွက်ထောင်သော သူကို ထောင်ချောက်သမား ဟု ခေါ်သည်။ ထောင်ချောက်သမားသည် ညဘက်၌ ထွက်သော ကြွက်ကို ဝါးထောင်ချောက်ဖြင့် ဖမ်းဆီးသည်။ ဆောင်းရာသီ တစ်လျှောက်လုံး ထောင်ကြ ဖမ်းကြသည်။

ဘိထောင်ချောက်ဖြင့် ကြွက်ထောင်သော သူကို ဘိသမားဟု ခေါ်သည်။ ဘိထောင်ချောက်ကို ရွှံ့ဖြင့် ပြုလုပ်ပြီး ညဘက်၌ ထောင်သည်။ ဘိသမားသည် ဆောင်းရာသီ ကြွက်တွင်းပေါသော လယ်များရှိရာသွား၍ ထောင်ကြ ဖမ်းကြ သည်။

ထို့ကြောင့် ချိုင့်ကြီးရွာရှိ ကြွက်သမားများကို ကြွက်ဖမ်းနည်းအရ အမျိုးအစား ခွဲခြားလိုက်ပါက ကြွက်တူးသမား(ခွေးသမား)၊ ကြွက်ထိုးသမား၊ ထောင်ချောက်သမားနှင့် ဘိသမား ဟူ၍ လေးမျိုး တွေ့နိုင်သည်။

ငတောနှင့် ငလုံးတို့သည် ထောင်ချောက်သမား။ သူတို့သည် ဝါးထောင်ချောက်ဖြင့် ကြွက်ထောင်ဖမ်းမည့်သူ။

သူတို့ ကြွက်ထောင်မည့် နေရာသို့ ရောက်သောအခါ ငတော ရပ်လိုက် သည်။ ငတော ရပ်သောအခါ ငလုံးကလည်း အလိုက်တသိ ရပ်လိုက်သည်။

သည်နေရာမှ စတင် ကြွက်ထောင်မည်ဟု ငလုံးကို ပြောကြားလိုက်၏။

(၄)
“မင်းက ကန်သင်းထိပ်တွေ ပတ်ဖောက်ထားတဲ့ ကြွက်လမ်းတွေ ထောင်၊ အဖေက ကန့်ဇာနဲ့ ယာထဲအကူး ကြွက်လမ်းတွေကို ထောင်မယ်”

ကြွက်လမ်းကြောင်းများမှာ သိသာထင်ရှားနေ၍ ငလုံး ဇဝေဇဝါ မဖြစ်။ သူ့အဖေ သည်မျှပြောလျှင် ငလုံး အလုပ် လုပ်ရပြီ။

ငတောက ကြွက်ထောင်ချောက် အချို့ကို ယူပြီး ကဇာနှင့် ယာခင်း အကူး ကြွက်လမ်းများ၌ ထောင်ရန် ထွက်သွားသည်။

ငလုံးက ယာကန်သင်းထိပ်များကို လမ်းပတ်ဖောက်ထားသောကြွက် လမ်း၌ ထောင်ရန် ထောင်ချောက်ကို ကြွက်လမ်းမှာ စိုက်သည်။

ဝါးထောင်ချောက်။

ဝါးထောင်ချောက်မှာ အရင်း၌ တစ်တောင်နှင့် လက်သုံးသစ်ခန့် ရှိသော ဝါးမာလုံးပြတ်ဖြစ်သည်။ ဝါးမာပြတ်ကို ဝါးခေါင်း ဖြစ်စေရန် ဘယ်ညာတစ်ဖက် ၌သာ ချန်ထားပြီး ထွင်းထားသည်။ အရင်း၌ ထားသည့် ဝါးမာပြတ်ကို အောက် ပိုင်း၌ ထက်မြည့် စူးရှနေအောင် ချွန်ထားသည်။ ကြွက်လမ်းကျရာ မြေ၌ ထိုးစိုက်သောအခါ ရနိုင်သည်အထိ ချွန်သည်။ ကြွက်ထောင်ချောက် ပုံစံကြည့်က တြိဂံပုံစံ ဖြစ်သည်။ အရင်း၌ ဝါးခေါင်း သွင်းထားသော ဝါးလုံးပြတ်။ အောက်က ဝါးခြမ်းပြား တစ်ပြား။ ထိုဝါးခြမ်းပြားကို ကြွက်သမားက ရိုက်ခံပြားဟု ခေါ်သည်။ အလယ်၌ ဝါးခြမ်းပြား တစ်ပြား၊ ထိုဝါးခြမ်းပြားကို ရိုက်မောင်းဟု ခေါ်သည်။ အပေါ်ဆုံးမှ ဝါးခြမ်းပြားကို သာမန်လို အပေါ် ဝါးခြမ်းပြားဟု ခေါ်သည်။

ရိုက်မောင်း ဝါးခြမ်းပြားနှင့် ရိုက်ခံ ဝါးခြမ်းပြား နှစ်ခုကြား၌ မောင်းတံ ဝါးကို ထည့်ရသည်။ မောင်းတံဝါးကို ကြွက်နင်းတံဟုလည်း ခေါ်သည်။ ကြွက်နင်းတံခေါ် မောင်းတံ ဝါးလုံးမှာ ရိုက်မောင်း၊ ရိုက်တံနှင့် အပေါ်ဝါးခြမ်းလို နှစ်လက်မ ဗျက်အကျယ် မဟုတ်။ ခဲတံလုံး၏ လေးပုံတစ်ပုံခန့်ရှိသော ဝါးတံ လေးကို ချောနေအောင် သပ်၍ ထည့်ထားရသည်။ အရှည် တစ်တောင်နှင့် လက်သုံးလုံးခန့် ရှည်သည်။

ကြွက် မထောင်မီ အချိန်၌ ရိုက်မောင်းပြားနှင့် ရိုက်ခံပြား ကြား၌ မောင်းတံဝါးလေး ညပ်နေသည်။

ရိုက်မောင်း ဝါးခြမ်းပြားနှင့် ရိုက်ခံ ဝါးခြမ်းပြားကို တြိဂံ အဖျား၌ အောက်နှင့်အထက် ဆုံရာတွင် ကြက်ပေါင်ပင် သန်သန်ဖြင့် တွဲချည်ထားသည်။ ဝါးလုံး ထွင်းထားသော ဝါးခေါင်း အရင်းပေါက်မှ ထွက်နေသော လက်သုံးသစ်ခန့်ရှိမည့် မောင်းဝါး ဝါးခြမ်းနှင့် ရိုက်ခံဝါးခြမ်း အရင်းကိုလည်း ကြက်ပေါင်ပင် သန်သန်ဖြင့် တွဲချည်ထားသည်။

ကြွက်ထောင်ရန် ရိုက်မောင်းကို ဆွဲတင်လိုက်ပါက ကြက်ပေါင်ပင် အပေါ် ဆန့်တက်လာပြီး မောင်းတံဝါးပါ မြောက်တက်လာသည်။

အပေါ် ဝါးခြမ်း အရင်း၌ ထစ်ထားသော ငုတ်မှ တစ်မိုက်ခန့် ရှည်သော နိုင်လွန်ကြိုးလေး ချည်ထားပြီး ကြိုးထိပ်၌ လက်တစ်အုပ်ခန့် ရှိသည့် ဝါးတန်း လေး ပါသည်။ ဝါးတန်းလေး အရွယ်အစားမှာ ခဲတံလုံးလေး၏ လေးပုံတစ်ပုံခန့် ရှိသည်။ ထို ဝါးတံလေးကို ခလုတ်ဟု ခေါ်သည်။

မောင်းတံကကြွ၊ ကြက်ပေါင်ပင်က ဆန့်အတင်း လျှာတံက အထက် တက်လာခိုက် လျှာတံကို အပေါ်တွဲလောင်း ချည်ချထားသော ခလုတ်လေးဖြင့် ကန့်လန့်ချိတ် ထောင်ရသည်။

ကြွက်က ပြေးအလာ လျှောတံဝင်နင်း၊ အပေါ်မှ တွဲလောင်းချထားပြီး ကန့်လန့်(ကလန့်)ထားသော ခလုတ်တံလေး ပြုတ်၊ ရိုက်မောင်းက ရိုက်ခံ ဝါးခြမ်းပြားဆီ ရုတ်တရက် ပြေးကျလာ၊ ဝါးလက်ခုပ် တီးသလို ညှပ်ရိုက်မိပြီး ကြား၌ မိနေသော ကြွက်မှန်သမျှ မလှုပ်နိုင်၊ မယှက်နိုင်။

သည်ဝါးကြွက်ထောင်ချောက်သည် ဘာကြွက်စာမှ ချထားစရာ မလို သော ထောင်ချောက်။ သူ့လမ်းသူ ညစဉ် အစာ ရှာထွက်သည့် ကြွက်လာလမ်း ပြန်လမ်း၌ ထောင်ရာ ကြွက်ထောင်ချောက်ကို ဖြတ်ကျော်သွားသော ကြွက် မှန်သမျှ မလွတ်တမ်း မိသော ကြွက်ထောင်ချောက် အမျိုးအစား၊ ကြွက်လည်ကို ညပ်ညပ်နေတတ်၍ ကြွက်လည်ညှပ်ဟုလည်း အချို့အရပ်က ခေါ်ကြ၏။ အချို့က မောင်းကို ဖဲထီးသံကိုင်းဖြင့် ဆင်ပြီး ကြက်ပေါင်ပင် မသုံး။ အချို့က ထိပ်မှ ကြက်ပေါင်ပင် ချပြီး အောက်ကို ဆွဲတင်သည့် ထောင်ချောက်လည်း ရှိသည်။ ခလုတ်နှင့် လျှာတံ တွဲရာ၌ ဒေသကွဲ မှုကွဲ ရှိသော်လည်း ဝါးကြွက် ထောင်ချောက် အသုံး အနေဖြင့် ကြွက်ပြေးလမ်း၊ ကြွက်သွားလမ်းကို ထောင်ရာ ၌ လျှာတံကို နင်းမိပြီး ခလုတ် ပြုတ်ကျရာ၌ ကြွက်မိသည်မှာ တူညီကြသည်။

ငတောတို့ ငလုံးတို့ သည်အချိန် သည်တော၌ နှစ်စဉ် ထောင်ရာတွင် လည်း သည်ကြွက်ထောင်ချောက်များကိုသာ အမြဲ သုံးသည်။

အခြား ဒေသများ၌ သည်ထောင်ချောက်မျိုးကို သုံးရာတွင် အစာချ ထောင်လေ့ ရှိသည်ဟု သူတို့ ကြားဖူးသော်လည်း ဘယ်သောအခါမှ ကြွက်စာချ၍ သည်ထောင်ချောက်ကို သူတို့ မထောင်၊ မသုံး။ ကြွက်စာ မပါဘဲသာ သူတို့ ထောင်သည်။ သုံးသည်။

သူတို့ သုံးသည်က ကြွက်ပြေးလမ်း၊ ကြွက်သွားလမ်းကို အပင်ပန်းခံ၍ ရှာဖွေကာ သေချာပေါက်မိသည့် နည်းကိုသာ သုံးသည်။ ထို့ကြောင့် ငတော မှတ်ထားသည့် ကြွက်သွားလမ်းများ၌သာ အာရုံ စူးစိုက် ထောင်သည်။

သူတို့ အနေဖြင့် အိမ်မှ ထွက်လာစဉ်က နေစွယ်ကျိုးချိန်မို့ စောသေး သည်ဟု ထင်၏။ တက်သုတ်ရိုက်၍ ထောင်သည့်တိုင် ကြွက်ထောင်ချောက် တစ်ရာကျော် ထောင်ရသောအခါ နေဝင်ရီတရော၌ ပြီးအောင် ကြိုးစားဆောင်ရ သည်။

သူတို့ ထောင်ချောက် အားလုံး ထောင်ပြီးချိန်တွင် အနောက် မိုးကုတ် စက်ဝိုင်း၌ နေလုံးကြီး မေးတင်နေပြီ။

တစ်နေ့တာ ပင်ပန်းခဲ့သမျှ အနားယူပါတော့မည်ဟု နှုတ်ဆက်သလို ဝင်လုဆဲဆဲ နေဝန်းကြီးက နှုတ်ဆက်နေပြီ။

နေဝင်သွားသည့်တိုင် အလင်းရောင် မပျောက်။

တိမ်များ နီနီရဲရဲ အရောင်တောက်ကာ ပတ္တမြားရည်တို့ ဝန်းကျင် တစ်ခုလုံးကို သွန်းလောင်း ထားသကဲ့သို့ ရဲရဲနီနီ။

နေဝင်လျှင် တိမ်တောက်၍ ပျိုကြောက်သည့် သည်အချိန် ရောက်ခဲ့ပြီ။

ညတစ်ည၏ နိဒါန်းကို ဖွင့်လှစ်ရန် အမှောင်ထုက တစ်စတစ်စ စိုးမိုး လာ၏။

နှင်းနှင့်မြူတို့က တစ်စတစ်စ ကျဆင်းလာ၏။

ငတောနှင့် ငလုံးတို့ ထောင်ချောက်အားလုံး ထောင်ပြီး နားနေစပြုနေ ချိန်၌ မဟူရာ ကမ္ဗလာသည် ညကို လွှမ်းခြုံ လာ၏။

နှင်းတို့ ဝေနေအောင် ကျလာသလို ဆောင်းလေအေးကလည်း တစ်စ ထက် တစ်စ ယမ်းယမ်းလာသည်။

သားအဖ နှစ်ယောက်စလုံး အချမ်းဒဏ် ခံနိုင်ရန် ညဦးပိုင်းက မီးကို ဆက်တိုက်ဖို၍ လှုံခဲ့သော်လည်း ညဉ့်နက်လာသောအခါ မီးဆက်မလှုံတော့။ ကြွက်ထွက်သည့် အချိန်နှင့် မီးရောင် မဆုံစေလိုသော သဘောဖြင့် မီးဆက်မလှုံ ခြင်း ဖြစ်သည်။ တစ်စထက်တစ်စ ညသည် ပိုမို နက်ရှိုင်းကာ အမှောင်ထု ပိုမို သိပ်သည်းလာသည်။ လဆုတ် ရှစ်ရက်ညဖြစ်ရာ ညဦး၌ ကြယ်ရောင် မှိတ်တုတ်မှိတ်တုတ်သာ ရှိပြီး လရောင် မရှိ။

သားအဖ နှစ်ယောက်သည် ရောက်တတ်ရာရာ ပြောပြီး ခဏ ကျော ဆန့်ရအောင်ကွာဟု ငတော ပြောကာ နှောပင်ရင်းရှိ မြေကြီးပေါ်၌ ပုဆိုး အစုတ်ကလေးများကို ခြုံ၍ ကွေးလိုက်ကြသည့်တိုင် အိပ်မပျော်။ ဆုပ်ပက်သလို အလုံးအရင်းဖြင့် ဝင်လာသော’ခြင်အုပ်များ၏ အန္တရာယ်က ကြီးမားလွန်း၍ လည်း ရုတ်တရက် အိပ်မရ။ မြေကြီးပေါ် အိပ်နေရသဖြင့် အချိန်မရွေး လာ ရောက်နိုင်သော မြွေအန္တရာယ် ကြောက်လန့်၍ စိတ်ချလက်ချ မအိပ်ဝံ့။

အိပ်မပျော်လေတိုင်း ငတော စဉ်းစားခန်း ကျယ်ကျယ်ပြန့်ပြန့်။ သမုဒ္ဒရာ ဝမ်းတစ်ထွာ အတွက် လှုပ်ရှား ရုန်းကန် နေရသော သူ့ဘဝ အကြောင်းလည်း တွေးမိသည်။ လက် လှုပ်မှ ပါးစပ် လှုပ်ရပြီး ပြေးနိုင်လွှားနိုင်မှ စားဝတ်နေရေး အကျပ်အတည်းမှ လွတ်မြောက်ရသော သူ့မိသားစု အကြောင်းလည်း ပါသည်။ ရှာရင်းဖွေရင်း အချိန်တွေ ကုန်သွားသည်ကို သတိ မပြု လိုက်နိုင်သော အကြောင်းလည်း သူ့ခေါင်းထဲ ရောက်ရောက်လာသည်။ သူ့ဘဝလို ခက်ခဲ ကြမ်းတမ်းသော ခရီးလမ်းမှာ သူ့သားသမီးတွေ လျှောက်လှမ်းရမှာ စိုးရိမ် သောက ဖြစ်ရသည်လည်းပါသည်။ ဘဝတက်လမ်းဆိုတာ ဝေလာဝေး၊ ဘဝ ရပ်တည်ရေးကိုပင်လျှင် မျက်ကလဲဆန်ပျား လုပ်နေရသော သူတို့ဘဝ လွတ် မြောက်ရာ လမ်းကို မျှော်မှန်းရာမှ သက်ပြင်းချရသည့် အကြိမ် များလှကြောင်းလည်း ငတော တွေးမိသည်။

စိတ်ဓာတ်ကျ၍ စိတ်ပျက်၍ နောက်ဆုတ် ဘုတ်ထိုင် ထိုင်နေ၍ ဖြစ်မလား။

ဘာပဲ ကြုံတွေ့ကြုံ တွေ့၊ ဘာပဲ ဖြစ်နေဖြစ်နေ နောက်ဆုတ် ဘုတ်ထိုင် ထိုင်နေ၍ ဘဝသည် အဓိပ္ပာယ် မရှိနိုင်။ ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် ကြိုးစားမှုကို လျှော့ချမရ။ သူ့ဘဝ တစ်ခုတည်း ရပ်တည်ရေးအတွက်သာ သူ စဉ်းစားရတော့ မည် မဟုတ်။ သူ့မှာ သားမယား ရှိသည်၊ သားသမီး ရှိသည်။ ဇနီးမယား သမီးသားတို့ အတွက်ပါ သူ ကြိုးစား လုပ်ကိုင်ရမည်ဟု သူ့ ဘဝကို သူ သတိရ သည်။

သူ့မှာ တာဝန်များစွာ ရှိသည်။ သူ့မိသားစုအတွက် သူ လုပ်ပေးစရာ များစွာ ကျန်သေးသည်။ ဘဝကို ရုန်းရင်းကန်ရင်း သူ့မိသားစုကို ပြုစုပျိုးထောင် ရဦးမည်။ ဖေးမကူညီကာ လက်တွဲ ခေါ်ရဦးမည်။

ပြောမည့်သာ ပြောရ၏။ သူ့မိသားစုဝင် မှန်သမျှသည်လည်း သည်လိုပါပဲ။ တတ်အားသမျှ စွမ်းအားဖြင့် ဘဝကို ကြံ့ကြံ့ခိုင်ခိုင် ရင်ဆိုင် လှုပ်ရှားနေကြ သူများသာ ဖြစ်သည်။

သူ့ဇနီး မိဂျမ်း။ အပင်ပန်း အဆင်းရဲ အနစ်နာ များစွာ ခံနိုင်သော မိန်းမ။ သူ့သား ငလုံး။ သူနှင့်အတူ ဘဝတိုက်ပွဲကို ဦးလည်မသုန် အင်တိုက် အားတိုက် ရင်ဆိုင် ရုန်းကန်နေရသော သားကြီး၊ ပျော်ချင်ပါးချင် မော်ချင် ကြားချင်၊ ဝတ်ချင် စားချင်၊ သွားချင် လာချင်သော အရွယ်ဖြစ်သည့်တိုင် သူ့ ဆန္ဒထက် သူ့ မိသားစု ဘဝကို အဓိက ထားသော သားကြီး။ သားငယ် ငခုံး၊ ကျောင်သားဖြစ်၍ ကျောင်းသားတာဝန် ကျေပွန်သလို အိမ်သားဖြစ်၍ အိမ်သား တာဝန် ကျေပွန်စေရန် သူ တတ်နိုင်သမျှ ကြိုးစားသော သားငယ်။ သမီးလေးခင်မ။ ကျောင်းသူလေး ဖြစ်သည့်တိုင် အရွယ်နှင့် မလိုက်အောင် လက်တို လက်တောင်း ခိုင်းကောင်းသည့် ကလေးမလေး။

အားလုံး အားလုံးသော သူ့မိသားစုဝင်များသည် ထမင်း တန်ဖိုးကို နားလည်သလို၊ ဘဝတန်ဖိုးကို မြတ်နိုးကာ ကျရာတာဝန်မှ အားသွန်ခွန်စိုက် လုပ်နေကြပါ၏။ သည်လို တက်ညီလက်ညီ လုပ်ကိုင်နေပါက ဘဝ အခက်အခဲ၊ ဘဝ အကျပ်အတည်းကို ဘာကြောက်စရာ လိုပါသနည်း။ ဘာကြောင့် စိတ် ဓာတ် ကျစရာ လိုပါသနည်း။ စိတ်ပျက်စရာ လိုပါသနည်း။

ရရစားစား တောသမား လူဆင်းရဲမို့ ရုန်းကန်ရတာ ဆန်းသလား မဆန်းပါ။ ခေါက်ရှာငှက်ပျံ လောကဓံ။ သစ်ငုတ်မြင့်တုံ မြက်မြင့်တုံ၊ ဗုံလုံ တစ်လှည့် ငါးပျံတစ်လှည့် ဖြစ်တတ်သော လောကကြီးထဲမှာ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ငတောတို့ မိသားစု၏ ဘဝ မတိုးတက်ဘူး၊ မကောင်းစားဘူးဟု မည်သူ ပြောနိုင်မည်နည်း။

သောကဟူသည် တွေးသမျှကျယ်၏။ အပူဟူသည် မွေးသမျှ တစ်စတစ်စ ကြီး၏။

အားတက်စရာဘက်မှ အနာဂတ်ကို ငတော တွေးမိသောအခါ အားတက်စရာများကို တစ်စတစ်စ မြင်လာသည်။

သူ့ သားသမီးတွေ အရွယ်ရောက်၊ တက်ညီလက်ညီ လုပ်၊ စီးပွားရှာက တစ်စက်ကျပျား ပြည့်သောလားသို့ သူ ကြီးပွားချမ်းသာ နိုင်ကြောင်း ငတော တွေးမိသောအခါ ချက်ချင်းပင် ထိုင်ရာမထ ယခု ကြီးပွားတော့မည့် ပုံမျိုးလို ငတော သဘော ကျမိပြီး ပူပင်သောက ဟူသမျှ တစ်စမကျန် ပျောက်ကွယ် သွားသည်။

အပူကင်းသော ဘဝ တွေးမိသော ခဏ၌ သူ့စိတ်သည် ကြည်နူး ရွှင်လန်း လာပြီး ဘဝကို အားတက်စဖွယ် မြတ်နိုး တန်းဖိုးထား မျှော်လင့်စဖွယ် အဖြစ် မြင်လာကာ ပို၍ ပို၍ အလုပ် ကြိုးစားလိုစိတ် ပေါ်လာသည်။

ညဉ့်ငှက်တို့ အစာ ရှာရင်း ချစ်ခွန်းတုံ့တင် ကယုကယင် မြည်သံ၊ တစ်စုံတစ်ခုကို လန့်ပျံသံတို့ ထွက်ပေါ်လာသည်မှ တစ်ပါး ညသည် တိတ်တိတ် ဆိတ်ဆိတ်။

ဟိုတွေး သည်တွေး တွေးရာမှ ငတော အိပ်ပျော်သွားသည်။

သူ့ နာမည်ကို ခေါ်သံ နားထဲ ကြားလာရာ တောသမားပီတီ ဆက်ခန် ထထိုင်ပြီး ပတ်ဝန်းကျင်ကို ငတော ကြည့်သည်။

သူ အိပ်ပျော်သွားသည်မှာ မကြာဟု ထင်သည့်တိုင် လ ထွက်နေပြီး လရောင်ခြည် ရွှေရည်လဲ့သည် နှင်းဇာလွှာကို ထိုးဖောက်၍ တစ်လောကလုံးအား ထွေးပွေ့ထားသည်။

လဆုတ် ရှစ်ရက်ညမှာ လသာပြီဆိုတော့ အချိန်မှာ သန်းခေါင်ကျော် ရော့မည်။

“အဖေ နိုးပလား၊ လရောင်ခြည် ကြည်လာပြီ”
သူ့ကို ခပ်တိုးတိုး မေးလာသော သားဖြစ်သူ ငလုံး။

“အေးကွာ အဖေနီးနေပါပြီ ချိန်ကိုက်နိုးသလိုပဲ၊ လရောင် ကြည်လာမှ တော့ ကြွက် အစာရှာချိန်၊ ပြန်ချိန်မှာ ကြွက်စုံပါပြီ။ တို့ ထောင်ချောက်တွေ အစအဆုံး အကုန် သိမ်းပြီး ပြန်ရအောင်”

“ထပ်မထောင်ဘူးလား အဖေ”

“နောက်ရက်မှ တောပြောင်းယာပြောင်း ထောင်တာပေါ့ကွာ။ ကနေ့ည တော်ရအောင် ခု တို့ထောင်ချောက်ထဲမှာ မိတဲ့ ကြွက်တွေကို ဈေးအမီ အရေ ဆုတ်ရ၊ ရင်ခွဲရ၊ အူကလီစာတို့ ထုတ်ပစ်ရ၊ ကြွက်ဆီရအောင် ချက်ရနဲ့ဆိုတော့ ဖောက်သည်အမီ အပ်နိုင်အောင် သိမ်းဆည်းပြီး ပြန်တာပေါ့။ မင်း မီးဖွင့်ကွာ၊ ထောင်ချောက်တွေ စဖြုတ်မယ်”

ဆောင်းအအေးဓာတ် အစွမ်းကို နှင်းကြားမှ ဖြတ်သန်း ပြေးလွှား လာသော မြောက်ပြန်လေက ပြသသည်။ အရိုးထဲ၊ အကြောထဲ၊ သွေးထဲ ရောက်အောင် စိမ့်အေးသွားသည်။ သို့ရာတွင် ငတောတို့ အအေးဓာတ်ကို မမှု။ သူတို့ ထောင်ထားသော ကြွက်ထောင်ချောက်များ ရှိရာသို့ သွားကာ အဖျားမှ အရင်းဆီသို့ တစ်စတစ်စ ဖြုတ်သိမ်းလာသည်။

ပဲသီးတောင့်ခင်းများ၊ ပဲနက်ခင်းများ၊ ပြောင်းဖူးခင်းများ၊ ပဲတီခင်း များကို စားသောက် ဖျက်ဆီး နေကြသော ကြွက်လမ်းပိုင်ရှင် ကြွက်အုပ်တို့သည် သူတို့ ပြေးလမ်း၊ သွားလမ်း၊ ပြန်လမ်း၌ ထောင်ထားသော ကြွက်ထောင်ချောက် ၏ မောင်းတံကို ဖြတ်ကျော်နင်း၍ အစာရှာရန် သွားရောက်ရာမှ မောင်းပြုတ် ပြီး စန့်စန့်ကြီးများဖြစ်ကာ ထောင်ချောက်၌ မိနေကြသည်။ အချို့ ထောင် ချောက်များက ထောင်လျက် မိနေပြီ။ အချို့ ထောင်ချောက်များမှာ ရုန်းကန်၍ လဲကျနေသည်။ လဲကျနေသော ကြွက်ထောင်ချောက် များကို သတိထား၍ ကြည့်သည်။ မြွေကိုလည်း တစ်ခါတစ်ရံ မိနေတတ်၍ အမှုမဲ့ အမှတ်မဲ့ သွားကိုင်က မြွေဖြစ်လျှင် အကိုက်ခံ ရတတ်သည်။ ကြွက်ထောင်ချောက်မှ ကြွက်များကို ဖြုတ်ရင်း ကြွက်ထောင်ချောက် သိမ်းရင်း ငတောရော ငလုံးပါ ဝမ်းသာ မဆုံး။

ငတော ကြွက်လမ်း ခန့်မှန်း ထောင်ထားသည်မှာ စေ့စပ် သေချာလှ သဖြင့် ကြွက်လမ်း၌ ထောင်ထားသမျှ ထောင်ချောက်တိုင်း၌ ကြွက်မိသည်။ မိသော ကြွက်အားလုံးမှာ ကောင်ရေ တစ်ရာ့ခုနှစ်ကောင်။

ကြွက်များကို ဆယ်ကောင်တစ်တွဲ၊ ဆယ်ကောင်တစ်တွဲစီ တွဲချည်ပြီး ကြွက်ထောင်ချောက်နှင့် ကြွက်တွဲတချို့ကို ငတောက ထမ်းသည်။ ကျန် ကြွက်တွဲနှင့် တောလိုက်ပစ္စည်းများကို ငလုံးက ထမ်းသည်။ တောလိုက် ဘက်ထရီမီးကို ဖွင့်ကာ သားအဖ နှစ်ယောက် ရွာဆီ အပြန်တွင် ညနေက ထောင်ထားသော ငါးမျှားချိတ်ရှိရာ တောင်ပို့ဆီ ဝင်ကြသည်။

ပထမဦးဆုံး ပနီသန်လျက်ကိုင်းကို ချည်ထားသောကြိုးအား ငလုံးကို ငတောက မီးထိုးပြခိုင်းသည်။

ပြီးမှ ငရုတ်ပင်ကို ပတ်ထားသော ကြိုးအား မီးထိုး ပြခိုင်းသည်။ ပနီသန်လျက်ကိုင်း လှုပ်ပုံမှာ ငြိမ့်ခနဲ ငြိမ့်ခနဲ။

တောငရုတ်ပင်ရိုင်းမှာ ပနီသန်လျက်ကိုင်း ငြိမ့်ခနဲ ငြိမ့်ခနဲ အဖြစ်၌ ဆက်ခနဲ၊ ဆက်ခနဲ လာလာဖြစ်သည်။

ငတော ပြုံးသည်။ ထမ်းပိုးလာသ၍ မြေပေါ်သို့ ခေတ္တချသည်။

ပနီသန်လျက်ကိုင်း ချည်ထားသော နိုင်လွန်ကြိုးအား ဖြေ၍ ခပ်ဖြည်းဖြည်း ခပ်မျှင်းမျှင်းဖြင့် တောင်ပို့ထဲ ချ၍ ထောင်ထားသည့် ငါးမျှားချိတ်ကို ဆွဲထုတ်သည်။ ပဲလင်းမြွေသီး ၀၀တုတ်တုတ်ကြီးလို သဏ္ဍာန် ရှိသော လူ့ လက်တစ်လံ ကျော်မျှရှိမည့် လင်းမြွေဝါကြီးသည် ရုန်းရင်းကန်ရင်း ပါလာသည်မှာ ယက်ကန် ယက်ကန်။

စာစီ – မီးမီး

Zawgyi Version

” ေထာင္ေခ်ာက္သမား”(စ/ဆုံး)
———————————–

“ငလုံး”
“ဗ်ာ အေဖ”
“မင္းဦးေလး ဘၾကည္နဲ႔ ဦးေလးၾကည္ျမင့္ အိမ္ ခုသြား”
“ဟုတ္”
“အေဖ ေျပာထားတဲ့ဟာေတြ ေကာင္းတာေရာ ပ်က္တာေရာ အကုန္ ေပးလိုက္ပါလို႔”
“ဟုတ္”
“အိမ္ေရာက္ရင္ ည ေထာင္မွာမို႔ ပ်က္တာမွန္သမွ် အကုန္ ျပင္ထား၊ ၾကက္ေပါင္ပင္ ဝယ္ဖို႔ ေငြလိုရင္ မင္း အေမဆီ ပိုက္ဆံ ေတာင္းဝယ္၊ ဝါး လိုရင္ မန္က်ည္းပင္ ေထာင္ထားတဲ့ ဝါးမာလုံးေတြ ျဖတ္ေတာက္သုံး” .
“ဘာ ျပင္ရမွာလဲ အေဖရ”
“ႂကြက္ေထာင္ေခ်ာက္ေတြေပါ့ကြ၊ ညမွာ တို႔ ႂကြက္ေထာင္ေခ်ာက္ တစ္ရာဝန္းက်င္ ေထာင္ရမယ္။ ဘၾကည္ေရာ၊ ၾကည္ျမင့္ေရာ ငါ မေန႔ ကတည္း က ေျပာငွားထားၿပီးၿပီ။ ကေန႔မွ မင္းကို အယူ လႊတ္လိုက္မယ္ ေျပာထားတာ”
“ဟုတ္… ဟုတ္၊ က်ဳပ္ယူၿပီး ျပင္ထားလိုက္ပါ့မယ္ အေဖ၊ ခု ေတာ သြားမွာလား” .
“ေအး… မင္းအေမကိုလည္း ေျပာလိုက္၊ အေဖ ေတာသြားတယ္လို႔ ည ႂကြက္ေထာင္မွာမို႔ ညေနစာ ထမင္းဟင္း အတြက္ပါ ႀကိဳလုပ္ထားပါလို႔ ၾကားလား”
“ဟုတ္”

ငေတာ သည္မွ်ေျပာၿပီး ေတာသို႔ ထြက္သြားခဲ့သည္။ ဘယ္ေတာက စ,သြား၍ ဘယ္ေတာ၌ အဆုံးသတ္ရမည္ကို ငေတာ မွန္းဆလိုက္သည္။

သည္ရာသီမွာ ေဆာင္းဦးရာသီ၊ လ အလို ေျပာရလွ်င္ နတ္ေတာ္လ နတ္ေတာ္လမွာ ႂကြက္ေထာင္လွ်င္ မိမည့္ ခ်ိဳင့္ႀကီးေဒသရွိ ယာေတာမ်ားကို ငေတာ ေခါင္းထဲ တစ္ခုခ်င္း စီ၍ စဥ္းစားသည္။

နတ္ေတာ္လမွာ ႂကြက္စာျဖစ္ေသာ သီးႏွံမွာ ပဲသီးေတာင့္၊ ခရမ္းခ်ဥ္၊ ေျပာင္းဖူး၊ ပဲနတ္ေတာ္၊ ပ်ဥ္းမနားပဲ၊ ပဲတီစိမ္းတို႔ ရွိမည္။

ပဲသီးေတာင့္၊ ပဲနတ္ေတာ္၊ ပ်ဥ္းမနားပဲ၊ ပဲတီစိမ္းႏွင့္ ေျပာင္းဖူးခင္းမ်ား စိုက္ပ်ိဳးထားရာ ယာခင္းေတာမ်ားသို႔ သူ သြားေရာက္မွသာ ညႂကြက္ ေထာင္ႏိုင္ ရန္ ႂကြက္လမ္းေတြ႕မည္။

ထို႔ေၾကာင့္ သဲေတာ ယာေျမမ်ားႏွင့္ ကုန္းယာ ယာေျမမ်ား ရွိရာဘက္သို႔ ငေတာ ေျခဦး လွည့္သည္။

မိုးကုန္ၿပီ ျဖစ္ေသာ္လည္း မိုးသားႏွင္း(မိုးသႏွင္း)ကား ထူထူထပ္ထပ္ သိပ္သိပ္သည္းသည္း က်ဆင္းေနဆဲျဖစ္၏။ မိုးသားႏွင္းႏွင့္ ျမဴေငြ႕ေရာယွက္ စိုးမိုး၍ေနေသာ ဝန္းက်င္ တစ္ခုလုံး အညာေျမသင္းနံ႔ သင္းပ်ံ႕ ႀကိဳင္လႈိင္ေန၏။

အညာေျမသင္းနံ႔၊ မိုးသားႏွင္းရနံ႔၊ ေတာပန္းၿမိဳင္ ပန္းရနံ႔သည္ နတ္ ေတာ္လ၏ အညာေက်းလက္ ပန္းခ်ီကားကို ျမေမာင္း႐ႊမ္းစို ႏုပ်ိဳႏိုးထ အလွ သစ္ တစ္ရပ္အျဖစ္ ေပၚထြက္ေစပါ၏။

ရႈေလရာ ဝန္းက်င္တစ္ခု၌ ျမဴ ႏွင့္ ႏွင္းတို႔ ဆူေဝ့ဝဲဝဲ။ သြားေလရာ လမ္းတစ္ေလွ်ာက္ အညာေျမသင္းရနံ႔ သင္းသင္း ထုံပ်ံ႕ၿမဲ။ စိမ္းျမလတ္ဆတ္ေသာ ေလျပည္က တသုန္သုန္ သုတ္ျမဴးေနဆဲ။

ကဇာ႐ိုးႀကီးမ်ားႏွင့္ နီးစပ္ေသာ ပဲခင္းမ်ား၊ ခရမ္းခ်ဥ္ခင္းမ်ားဆီ ငေတာ ေရာက္လာသည္။

ကဇာခင္တန္း ႐ိုးႀကီးမ်ား၌ အညာ သဘာဝ ေပါက္ပင္မ်ား ျမျမ ေမာင္ေမာင္း၊ မိုးေရတစ္ဝ ေသာက္ခ်ိဳးထားရ၍ ႐ြန္းႏုစိုျပည္ေနသလို ႏွင္းရည္ခ၍ အားမာန္တက္ႂကြစြာ ေခါင္းတစြင့္စြင့္။

ကဇာခင္တန္း႐ိုး၌ သဘာဝေပါက္ပင္ႀကီးမ်ား၊ ခ်ဳံႏြယ္ပိတ္ေပါင္းမ်ား ထူထူထပ္ထပ္ ရွိသလို ကဇာအို ခ်ဳံအိုမ်ား ရွိေန၍ ေတာင္ပို႔အို၊ ႂကြက္တြင္းအို မ်ား ေပါမ်ားလွသည္။ ေတာေကာင္ငယ္တို႔ စားက်က္ခ်ေလ့ ရွိေသာ ေနရာ ျဖစ္သလို မွီခိုရွင္သန္ရာ ေနရာသည္လည္း ကဇာခင္တန္း႐ိုး ျဖစ္ပါ၏။ လူတို႔ မည္မွ် တူးတူး၊ မည္မွ် ထင္းခုတ္ခုတ္ မုတ္သုံေစာင္းႀကိဳး တီးခတ္ႏႈိး၍ ပုလဲမိုး သြန္းၿဖိဳးေစြ႐ြာလွ်င္ ကဇာ႐ိုးထဲမွ အခုတ္အထစ္ အဖ်က္အဆီး ခံခဲ့ရေသာ သဘာဝေပါက္ပင္တို႔က ျမစိမ္းေရာင္ ဝတ္စုံ ဆင္ျမန္းကာ မိခင္ ကဇာ႐ိုးႀကီး၏ အလွကို ႏိုးထေစပါ၏။ အားေကာင္းေမာင္းသန္ လ်င္လ်င္ျမန္ျမန္ျဖင့္ ျမစိမ္းရွင္ ပင္ အလွတို႔ ကဇာျပည့္ ႏွစ္စဥ္ျဖစ္လာပါ၏။ ဤသဘာဝကို လူသား နားလည္ သလို ေတာတိရစာၦန္တို႔လည္း နားလည္သည္။ သူတို႔ မွီခိုရာ ကဇာ႐ိုးကို သူတို႔ အားကိုးၾက၏။

ျပန္လည္ဆန္းသစ္စ ကဇာ အလွတစ္ရပ္ ထပ္မံ ေမြးဖြားျခင္းသည္ သူတို႔ အစာေရစာ ေပါမ်ားေတာ့မည့္ လကၡဏာဟု သူတို႔ သိၾက၏။ ကဇာကို ေနအိမ္ ျပဳ၍ ေနေသာ ေတာေကာင္ငယ္ေလးမ်ားတို႔သည္ ကဇာကို ေျခကုပ္ယူကာ အစာ ရွာေဖြ စားေသာက္ၾက၊ သားေပါက္ၾကသည္။

အထူးသျဖင့္ ငေတာတို႔ ကေန႔ည ေထာင္မည့္ႂကြက္။

ႂကြက္သည္ ကဇာ႐ိုးကို အားကိုးၿပီး ေန၏။ သူ႔ ကဇာ႐ိုး တစ္ဝိုက္၌ စိုက္ပ်ိဳး ႀကဲပက္လာေသာ လူတို႔၏ စိုက္ခင္း၊ ပ်ိဳးခင္းမ်ားသည္ ႂကြက္စားက်က္။ ႂကြက္ဘ႑ာရိကၡာ၊ ႂကြက္တို႔၏ ဝမ္းစာသိုက္၊ စိုက္ခင္းပ်ိဳးခင္းဟူသည္ ရာသီ အလိုက္ ရွိ၏။ ရာသီအလိုက္ ရွိေသာ စိုက္ခင္းပ်ိဳးခင္းမွ သစ္သီးဝလံမ်ားကို ႂကြက္အုပ္သည္ ကဇာ႐ိုးမွ အသာေစာင့္ကာ ခိုးယူ စားေသာက္ေလ့ ရွိသည္။

ငေတာ ေရာက္ရွိေနေသာ ပဲသီးေတာင့္ခင္းႏွင့္ ေျပာင္းဖူးခင္းမွာ ႂကြက္လမ္းဖုံေနၿပီး၊ ႂကြက္ကိုက္ထားေသာ ပဲႏြယ္ ပဲၫြန႔္မ်ား၊ ပဲသီးေတာင့္မ်ား၊ ေျပာင္းဖူးႏုႏုေလးမ်ားက ကယ္ေတာ္မူၾကပါခ်ိဳ႕ဟု ဟစ္ေအာ္ တိုင္တည္ေနသလို ထင္ရ၏။ ႂကြက္လမ္းကို ငေတာ မွန္းဆသည္။

ႂကြက္သည္ ပါးနပ္ေသာ သတၱဝါ။

သူ႔သြားလမ္း၌ ဘာမွ အရွိမခံ၊ အရႈပ္မခံ၊ သူ သြားရာလာရာ၌ လြယ္ကူ ရန္လည္း ျဖစ္၏။ သူ သြားလမ္းျပန္လမ္း၌ ရႈပ္ေထြးေနပါက သဘာဝရန္သူ ေႁမြတို႔ ဘာတို႔က ေစာင့္၍ ေခ်ာင္းေျမာင္းကာ အႏၲရာယ္ ျပဳမည္စိုး၍ ရန္သူကို ျမင္သာ ထင္သာ ရွိေစရန္လည္း ျဖစ္မည္။ ရွင္းလင္းေနေအာင္ လမ္း ေဖာက္ၿပီးမွသာ အၿမဲတမ္း ဝင္လမ္း ထြက္လမ္း အျဖစ္ အသုံးခ်ေသာ ဓေလ့ စ႐ိုက္ရွိ၏။

သူ ေနထိုင္ရာ ခ်ဳံမွ သူ ထြက္မည့္ဘက္၌ ေပါက္ေရာက္ေနေသာ သစ္ကိုင္း၊ သစ္ခက္၊ သစ္႐ြက္၊ သစ္ၫြန႔္မွန္သမွ် ဘာမွ မထား၊ အကုန္ ကိုက္ျဖတ္ပစ္သည္။ ကိုက္ျဖတ္ ‘ရွင္းလင္းၿပီးက အေပါက္ေဖာက္သည္။ ထို အေပါက္သည္ ႂကြက္အၿမဲတမ္း ဝင္ေပါက္ ထြက္ေပါက္။

ေတာင္ဘက္၌ သူ သြားမည့္ယာ ရွိပါက သူ႔ေနရာ ခ်ဳံကို ေတာင္ဘက္မွ အေပါက္ေဖာက္သည္။

ေျမာက္ဘက္သို႔ သြားမည္ဆိုပါက ေျမာက္ဘက္၌ အေပါက္။ အေရွ႕ဘက္သို႔ သြားမည္ဆိုပါက အေရွ႕ဘက္၌ အေပါက္။ အေနာက္ဘက္သို႔ သြားမည္ဆိုပါက အေနာက္ဘက္၌ အေပါက္။

ႂကြက္တစ္ေကာင္ သို႔မဟုတ္ ႂကြက္တစ္အုပ္ေနေသာ ကဖာခင္တန္း႐ိုးမွ ခ်ဳံကို ၾကည့္ျခင္းအားျဖင့္ သည္ႂကြက္ ဘယ္သြားမည္ကို မွန္းဆရသည္။

သူ႔ အေပါက္ကို သူ႔ ေဘးပတ္ဝန္းက်င္ရွိ သီးႏွံခင္း အေျခအေနအေပၚ မူတည္ၿပီး ႂကြက္တို႔ ေဖာက္သည္။ ဘယ္သီးႏွံကို ဘယ္အခ်ိန္၌ စတင္စား၍ ရၿပီ ျဖစ္ေၾကာင္းလည္း ႂကြက္တို႔ သိသည္။ ဘယ္သီးႏွံကို ဘယ္အခ်ိန္ ကာလ ေရာက္လွ်င္ စား႐ုံမွ်မက ေႏြတစ္ေခြစာပါ သိုေလွာင္ရန္ သယ္ယူရမည့္ အေၾကာင္းကိုလည္း ႂကြက္တို႔ နားလည္သည္။

မိုးရာသီ၌ ႂကြက္တို႔ ေဖာက္ထားေသာ အေပါက္တိုင္း ဦးတည္ သြားလာ ပါက မိုးသီးႏွံျဖစ္ေသာ ႏွမ္းလ်င္၊ မိုးေျမပဲ၊ သခြာ၊ ဖရဲ စေသာ ယာခင္းမ်ားကို ေတြ႕ေလ့ရွိသည္။

သူ႔ခ်ဳံမွ သူ အေပါက္ေဖာက္၍ ထြက္ခဲ့ေသာ ႂကြက္အုပ္သည္ သူစားမည့္ ယာခင္းမ်ားထဲ ေရာက္ေသာအခါ ေျခဦးတည္ရာ ေလွ်ာက္သြားသည့္ အေကာင္ မဟုတ္။ ယာခင္းမ်ားထဲ၌လည္း ႂကြက္လမ္းေဖာက္သည္။

ယာကန္သင္း ေတာင္ေျမာက္ ေရွ႕ေနာက္ ရွိပါက ႂကြက္လမ္းကို ေတာင္ေျမာက္ ေရွ႕ေနာက္ ယာပတ္ပတ္လည္ ထိပ္တိုက္ေဖာက္သည္။ ယာ ပတ္ပတ္လည္ ေဖာက္ထားေသာ ႂကြက္လမ္းမွသာ ယာအတြင္းဝင္သည္။

ယာအတြင္း ဝင္ရာ၌လည္း သြားလမ္းကို ေဖာက္သည္။ သြားလမ္း ေဖာက္ၿပီးမွ နီးရာနီးရာ အပင္ကို ႂကြက္တို႔ ကိုက္ျဖတ္ စားေသာက္သည္။ ႂကြက္လမ္းကို ႂကြက္တို႔ ေဖာက္ထားသည္မွာ စနစ္က်သည္။ အခင္းထဲ၌ သူတို႔ သြားမည့္လမ္းတြင္ ရွိေနေသာ မည္သည့္ အပင္ျဖစ္ျဖစ္၊ မည္သည့္ အႏြယ္ အၫြန႔္ အသီး ျဖစ္ျဖစ္ ႂကြက္တို႔ မထား။ အပင္၊ အၫႊန႔္၊ အ႐ြယ္ မွန္သမွ်ကို တက္ညီလက္ညီ ကိုက္ျဖတ္သည္။ အားလုံး ကိုက္ျဖတ္ၿပီး သူတို႔ သြားႏိုင္ သည္အထိ လမ္းေလး ရွင္းေနမွ ႂကြက္သြားလမ္းအျဖစ္ အၿမဲတမ္း အသုံးျပဳကာ သြားၾက လာၾကသည္။

ႂကြက္လမ္း စတင္ေဖာက္မေဖာက္ကို ကိုက္ျဖတ္ထားေသာ အ႐ြယ္၊ အၫြန႔္၊ အပင္ အျပတ္အသတ္မ်ားကို ေတြ႕ မေတြ႕၊ ရွိ မရွိ ၾကည့္ရသည္။

ႂကြက္လမ္းဖုံးေနျခင္း၊ ရွိ မရွိၾကည့္ရာ၌ သူ႔ေဘးရွိ အျခား အပင္မ်ားက ျဖစ္ထြန္း စည္ပင္ေနၿပီး ႂကြက္လမ္းေနရာ၌ ဘာ အပင္မွ မရွိဘဲ မာေျပာင္ ေခ်ာေနကာ လမ္းရွင္းေနျခင္း ရွိမရွိ ၾကည့္ရသည္။ ႂကြက္သြားလမ္း သက္ရွည္ ေနပါက လမ္းေဘးမ်ား ေျပာင္ေခ်ာေနၿပီ ကင္းရွင္းလင္းေနသည္။

ကဇာခင္တန္း႐ိုးမ်ားႏွင့္ ပဲခင္းမ်ား၊ ခရမ္းခ်ဥ္ခင္းမ်ား၊ ေျပာင္းဖူးခင္း မ်ားသို႔ ကူးထားရာ ႂကြက္လမ္း အမ်ားအျပားကို ငေတာ ေတြ႕ရသည္။ ဓား တစ္ေခ်ာင္း လက္မွကိုင္၊ ႂကြက္လမ္းကို ေသေသခ်ာခ်ာ ရွာေနေသာ ငေတာ စိတ္ႀကိဳက္ျဖစ္ေစရန္ ႂကြက္လမ္းမ်ား အမ်ားအျပား ေတြ႕ရသည္။

လူတို႔ စားေသာက္မည့္ ယာကန္သင္းသို႔ မိုးကုန္မွ ေျပာင္းေ႐ႊ႕လာေသာ အစိုဓာတ္အမီ တြင္းေဖာက္ၿပီး၊ တြင္းကို အေျချပဳကာ ယာခင္းမ်ားထဲ သြားလာ ဖ်က္ဆီးေနေသာ ယာခင္းႂကြက္မ်ား၏ ႂကြက္သြားလမ္းကိုလည္း အခ်ိဳ႕ ယာခင္းမ်ား၌ ငေတာ ေတြ႕ရသည္။

ႂကြက္လမ္းမ်ားကို အစက စိတ္မွတ္ျဖင့္ မွတ္၍ မွတ္၍ ေနေသာ္လည္း အမ်ားအျပား ေတြ႕လာေသာအခါ ငေတာ သူ႔ မွတ္ဉာဏ္ကို သူ မယုံဝံ့ေတာ့။ အမ်ားအျပား ေတြ႕လာေသာ ႂကြက္လမ္းမ်ားကို ေထာင္ေသာအခါ အံဝင္ခြင္က် ကြက္တိ ျဖစ္ေစေရးအတြက္ ငေတာ အမွတ္သညာ ျပဳဖို႔ လုပ္ရေတာ့သည္။

ခ်င္းရဲခ်ိဳမ်ား၊ နဘူးခ်ဳံမ်ားဆီ သြားၿပီး ခ်င္းရဲကိုင္းႏွင့္ နဘူးကိုင္းမ်ား ခုတ္ကာ ႂကြက္လမ္းကို အမွတ္သေကၤတ စိုက္ရသည္။

ေထာင္မည့္ ေထာင္ေခ်ာက္က တစ္ရာဝန္းက်င္။

သည္ေတာ့ ႂကြက္လမ္း အမ်ားအျပား ေတြ႕သည့္တိုင္ ငေတာ ေက်နပ္၍ ျပန္မျဖစ္။ တစ္ညမွာ ေထာင္ေခ်ာက္ တစ္ရာ ဝန္းက်င္ ေထာင္ရမည္ျဖစ္ရာ ညမ်ားစြာအတြက္ ႂကြက္လမ္းမ်ားစြာ ေတြ႕ထားဖို႔ လိုသည္။

သည္အသိျဖင့္ ငေတာ ႂကြက္လမ္းကို ႀကိဳးႀကိဳးစားစား ရွာေနခိုက္ သူ႔ေရွ႕ ပဲသီးေတာင့္ခင္းထဲမွ ဝုန္းဝုန္း ဝုန္ဝုန္း ႐ႊန္း႐ႊန္း ႐ႊန္းရွန္း အသံ။ ေျပးသံ၊ လႊားသံ ၾကားရာ ဘာသံပါလိမ့္ဟု စူးစမ္းေသာ အၾကည့္ျဖင့္ ေတာ ၾကည့္လိုက္သည္။

ပဲသီးေတာင့္ခင္းထဲ လွည့္ပတ္ ေျပးေနရာမွ ငေတာ ေရာက္ေနရာ ကဇာ ခ်ဳံတန္းဆီသို႔ အားကုန္ အင္ကုန္ ေျပးေသာ အေကာင္မွာ ႂကြက္နက္ႀကီး တစ္ေကာင္။ ေသေျပးရွင္းေျပး ေရွ႕မွ ေျပးလာဟန္ရွိေသာ ႂကြက္နက္ႀကီးက ငေတာကို ျမင္သည့္တိုင္ ေနာက္ျပန္လွည့္ဖို႔ သတိမရ။ အၿမီးတန္းေအာင္ ေတာ ရွိရာသို႔ တည့္တည့္ေျပးလာသည္။

ေနာက္မွ အစာ ေဇာရမၼက္ျဖင့္ ေျပးလိုက္လာေသာ အေကာင္မွာ မ်က္လုံး၌ အစာေရာင္ တဝင္းဝင္း။ ဝင္းလက္ စူးေျပာင္ေနသည့္ မ်က္လုံးႀကီး ျပဴးကာ အေျပးလိုက္လာေသာ အေကာင္က သူ႔လက္တစ္လံ ေက်ာ္ေက်ာ္ခန႔္ ရွိသည့္ ေႁမြႀကီး တစ္ေကာင္။

ႂကြက္ကလည္း ေႁမြႀကီး၏ ေဘးအႏၲရာယ္မွ လြတ္ေရးသာ အသိ ရွိဟန္ တူသည္။

ေႁမြႀကီးကလည္း သူ႔အစာ ႂကြက္မွလြဲ၍ ဘာမွ သူ႔အာ႐ုံ၌ သြင္းဟန္ မတူ။ မီလု မီလု ရွိေသာ ႂကြက္ကိုသာ သဲသဲမဲမဲ လိုက္လာသည္။

မွင္သက္မိ၍ ဓားႀကီးကိုင္ကာ ငူငူႀကီး ၾကည့္ေနေသာ ငေတာ။

ငေတာဟန္က ေျခာက္ဟန္၊ လွန႔္ဟန္၊ လႈပ္ရွားဟန္ ျပဳလွ်င္ေတာ့ ႂကြက္ေရာ ေႁမြပါ သတိထားေလာက္သည္။ ငေတာက ယခု မတုန္မလႈပ္ ေက်ာက္႐ုပ္။

ေသေဘးထက္ ဆိုးေသာေဘး မရွိဟူသည့္ အသိျဖင့္ ေသေဘးမွ လြတ္ ေျမာက္ေစရန္ ဒုန္းတိုက္ေျပးလာသည့္ ႂကြက္နက္ႀကီး။ သူ႔အသိ၌ ငေတာ သတိ မထားႏိုင္။ အာ႐ုံ မျပဳႏိုင္။ ေနာက္မွ ေႁမြရန္ လြတ္ဖို႔သာ အားကုန္ ေျပးေနသည္။

ေက်ာက္႐ုပ္ႀကီးပမာ ျပဴးျပဴးႀကီး ၾကည့္၍ မလႈပ္မယွက္ ရပ္ေနေသာ ငေတာ ေျခႏွစ္ေခ်ာင္းၾကားကို ဝင္တိုးၿပီး ႂကြက္နက္ႀကီးက တစ္ဖက္ ဆက္ ေျပးသည္။

ေနာက္မွ ေႁမြႀကီးကလည္း ႂကြက္နက္ႀကီးလိုပင္ ငတာကို မေၾကာက္၊ ထည့္မတြက္၊ အာ႐ုံ၌ မထား။ မီလာ မီလု ျဖစ္ေနေသာ ႂကြက္နက္ႀကီးကိုသာ သူ႔ မ်က္စိထဲ သူ႔အသိထဲ ထားေန၍ အေျပးအလႊား လိုက္မိလိုက္လာ၏။

ႂကြက္နက္ႀကီးက ေျခေထာက္ ဝင္တိုး၍ သတိေပးခဲ့ရသလို ျဖစ္သြားေသာ င​ေတာ။

သူ သတိရလွ်င္ရခ်င္း ၾကည့္လိုက္ရာ ေႁမြႀကီးက သူ႔ဆီ အငမ္းမရ ဒုန္းေျပးလာသည္။ စကၠန႔္ပိုင္းအတြင္း သူ႔ဆီသို႔ ေႁမြႀကီး ေရာက္ေတာ့မည့္ အေၾကာင္း ငေတာ ႐ုတ္တရက္ သတိဝင္လာ၏။

ေႁမြ ေႁမြ ေႁမြ ဟူေသာ အသိက ငတာကို ခ်က္ခ်င္း ေခြၽးျပန္ေစၿပီး လွ်ပ္စစ္ဓာတ္ျဖင့္ အတို႔ ခံလိုက္ရသလို တြန႔္ခနဲ ျဖစ္ကာ “ေႁမြႀကီးလာေနၿပီ မင္း တိုးေတာ့မည္၊ အားကုန္ ခုန္ပါေတာ့လား” ဟု အမိန႔္ေပး ခံလိုက္ရသလို ျဖစ္ေစ၏။

“ဟ နင့္ေမကလႊား ေႁမြႀကီး ဟ”
ေျပာၿပီးမွ ခုန္သလား။
ခုန္ၿပီးမွ ေျပာသလား။
တစ္ၿပိဳင္နက္ ခုန္ခုန္ ေျပာေျပာ ေျပာသလား။
ေျပာေျပာ ခုန္ခုန္ ခုန္သလား။

ငေတာ မသိလိုက္။ လန႔္အား ေၾကာက္အားျဖင့္ ေျမာက္ခနဲ ေနေအာင္ ငေတာ ဆန႔္ခုန္လိုက္သည္။

ငေတာ ကိုး႐ိုးကားရား ဆန႔္ခုန္လိုက္သည့္တိုင္၊ ေႁမြႀကီး တန႔္မသြား။ သူ႔အရွိန္ကို သူ သတိမရ၊ မီလုဆဲဆဲ သူ႔အစာ ႂကြက္နက္ႀကီး ေျပးရာကိုသာ တမက္တေမာ ေျပးလႊားလိုက္ဆဲျဖစ္ရာ ငေတာ ေအာက္မွ ေျပးသြားၿပီး ေခါင္းႏွင့္ ကိုယ္လုံး အားလုံးနီးပါးခန႔္မွ် ငေတာ ဟိုဘက္ေရာက္သြားသည္။

သို႔ရာတြင္ အၿမီးဖ်ားကို လြတ္ေအာင္ ေႁမြႀကီးသြားခ်ိန္ မရ။ ငေတာ ေျခအစုံက ေျမေပၚ ျပန္အက်၌ ေႁမြအၿမီးေပၚတည့္တည့္ က်သည္။

ေႁမြႀကီးသည္ ဘရိတ္အုပ္ ခံရသကဲ့သို႔ တန႔္ခနဲ ျဖစ္သြားသည္။ သူ႔ ခႏၶာကိုယ္ကို အားကုန္ ေရွ႕စြပ္႐ုန္းသည္။

ငေတာက သူ႔ ေျခေထာက္ေအာက္ တင္းခနဲ ျဖစ္လာၿပီး ေႁမြႀကီး ႐ုန္းေနသည္ကို သိ၍ ေၾကာက္အားလန႔္အားျဖင့္ ေနာက္ျပန္၍ အားကုန္ ထပ္မံ ခုန္သည္။

သည္အခါမွ ေႁမြႀကီး လြတ္ထြက္သြားၿပီး ငေတာကို သတိျပဳမိလာ သည္။ အာ႐ုံ သြင္းလာသည္။ ေၾကာက္ရလန႔္ရမွန္း သိလာသည္။

သူ႔အစာ ႂကြက္ကိုလည္း မ်က္ျခည္ျပတ္သြားေသာ ေႁမြႀကီး။ သူ႔ အၿမီး ကိုလည္း တက္နင္းခံရေသာ ေႁမြႀကီး။ ထို ေႁမြႀကီးသည္ ေၾကာက္လန႔္စိတ္ ျဖစ္ေပၚလာကာ ခိုလႈံႏိုင္မည့္ နီးစပ္ရာ ဝန္းက်င္ကို ရွာသည္။

ေႁမြႀကီးသည္ ဟိုၾကည့္သည္ၾကည့္ ၾကည့္ရာမွ သူ႔ အၿမီးဖ်ားကို တက္ နင္းေသာ ငေတာကို လွမ္းအၾကည့္ ငေတာကလည္း သတိျပန္ရ၍ ေႁမြကို လွမ္းအၾကည့္၌ အၾကည့္ႏွစ္ခု တိုက္ဆိုင္သြားသည္။

ငေတာ မ်က္လုံးအစုံသည္ ဝင္းဝင္းထိန္ထိန္။ လူ႔ လက္တစ္လံေက်ာ္မွ်ရွိေသာ ေႁမြႀကီးသည္ သူ႔ မိသားစု ဟင္းလ်ာ အတြက္ အရသာေလး ခ်ိဳဆိမ့္သည့္ ဟင္းစားေကာင္ႀကီး။..

အဆိပ္ မရွိသည့္ လင္းေႁမြမ်ိဳး၌ ပါဝင္ေသာ လင္းေႁမြဝါႀကီး ပဲလင္းေႁမြ သီးႀကီးလို တုတ္တုတ္ရွည္ရွည္၊ ဆူဆူၿဖိဳးၿဖိဳး၊ ဝဝလင္လင္ ရွိေသာ လင္းေႁမြဝါ, သည္လင္းေႁမြဝါႀကီးသာ သူ ရလိုက္က ဟင္းတစ္နပ္၊ ႏွစ္နပ္စာ သူ႔ မိသားစု ဖူလုံမည္။ ေစာေစာက မွင္သက္မိ၍ သတိ မရခဲ့ေသာ ငေတာသည္ ယခုမွ ဟင္းစားရလို စိတ္ေၾကာင့္ ဓားျဖင့္ ေပါက္ရန္ ဟန္ျပင္သည္။

လူသား ငေတာကလည္း မွင္သက္မိကာ တအံ့တဩျဖစ္၍ ခြၽတ္ယြင္း ခ်က္ ျဖစ္ခဲ့ရသလို၊ တိရစာၦန္ျဖစ္ေသာ လင္းေႁမြႀကီးသည္လည္း အစာ ေဇာ ရမၼက္ဖုံးကာ ေသေဘးရွင္ေဘးမွန္း မသိဘဲ လူ႔ေအာက္မွ ျဖတ္တိုးကာ အစာ ေနာက္ လိုက္ခဲ့မိသည့္ ခြၽတ္ယြင္းခ်က္ ျဖစ္ခဲ့ရသည္။ ယခုအခါတြင္ ငေတာလည္း ပုံမွန္ အသိ၊ ပုံမွန္ သတိရွိၿပီ။

လင္းေႁမြဝါႀကီးသည္ ပုံမွန္ အသိ၊ ပုံမွန္ သတိဘဝ ေရာက္သြားၿပီ။

သူ႔အစာ ႂကြက္နက္ႀကီးကို သူ မျမင္ေတာ့။ သူ ျမင္ေနရသည္မွာ ဓားကိုင္ထားေသာ လူသားတစ္ဦး။ လူသားဟူသည္ သူတို႔လို အဆိပ္ မရွိသည့္ လင္းေႁမြလို အမ်ိဳးအစား မေျပာႏွင့္ အဆိပ္ ျပင္းထန္လွေသာ ဆင္ပစ္ေႁမြ၊ ေႁမြေပြး၊ ေႁမြေဟာက္ငန္းပုပ္ပင္လွ်င္ လူသားႏွင့္ ေတြ႕က တစ္နည္းမဟုတ္ တစ္နည္းျဖင့္ အေသဆိုးေသေအာင္ ဖန္တီးခံရသည္။ မိမိလို လင္းေႁမြကိုျဖင့္ အၿမီးဆြဲယမ္း သတ္ကာ ဟင္းခ်က္စားေလ့ ရွိၾကသည္။ ေျပးႏိုင္မွလြတ္မည္။ ေျပး ေျပးဟု သူ႔ကိုသူ ေျပာဆိုကာ ေျပာသလို ေလွ်ာေလွ်ာ ေလွ်ာလွ်ာျဖင့္ နီးစပ္ရာ ကဇာခ်ဳံဆီ တရၾကမ္း ေျပးသည္။

ေႁမြကအေျပး ငေတာက အလိုက္၊ ကဇာခ်ဳံအ၀၌ ရွိေသာ ေတာင္ပို႔ ႀကီးက ေႁမြအသက္ကို ကယ္လိုက္သည္။

ေတာင္ပို႔ထဲ ဝင္ေျပးေသာ လင္း​ဝါႀကီး။

အၿမီးစ ေတာင္ပို႔ထဲအဝင္ လူက ေတာင္ပို႔ေဘး အေရာက္ စကၠန႔္ပိုင္းမွ် ေနာက္က်သြားေသာ ငေတာ။

ထြက္လာလိမ့္ႏိုး ထြက္လာႏိုးျဖင့္ ငါးမိနစ္ခန႔္မွ် ငေတာ ေစာင့္သည္။

ေတာင္ပို႔ထဲမွာ ဖြတ္ႀကီးႀကီးလို႔၊ ေတာေခြးအ,လို၊ ေတာေၾကာင္လို ရွိေနပါက လင္းေႁမြဝါႀကီး ျပန္ထြက္ခ်င္ ထြက္မည္။ ယခုမူ လင္းေႁမြဝါႀကီး ထြက္လာဖို႔ ေဝးလာေဝး၊ ေစာင့္ရင္း ေစာင့္ရင္း ေမွ်ာ္ရ၍သာ ငေတာ ေမာလွ၏။

“ဟယ္ သင္း ထြက္မလာေတာ့လည္း ႀကံရဖန္ရေသးတာေပါ့။ ပဲလင္းေႁမြ သီးႀကီးလို ၀၀ရွည္ရွည္ တုတ္တုတ္ႀကီး။ စားလိုက္ရ အတင္း ေကာင္းမွာ၊ ငါ့ ဝင္တိုးတုန္းက ဓားနဲ႔ ဆီးခုတ္ ရသားနဲ႔၊ ေခြးသတိ၊ ဝက္သတိက ေနရာတကာ ေမ့၊ ေႏွးလိုက္တဲ့ လက္ကလည္း လက္ျဖတ္ပစ္ဖို႔ ေကာင္း”
ဟု သူခိုးေျပးမွ ထိုးကြင္းထသလို ႀကိတ္မႏိုင္ ခဲမရ ျဖစ္ကာ ခ်ဳံကို ပါလာေသာ ဓားျဖင့္ ရွင္းသည္။ ခ်ဳံရွင္းၿပီးမွ ေတာင္ပို႔ကို ငေတာ လွည့္ပတ္ၾကည့္သည္။

ေတာင္ပို႔မွာ အေပါက္ ႏွစ္ေပါက္သာ ရွိသည္။

သည္အေပါက္ ႏွစ္ေပါက္ကို ခဲလုံးႀကီးႀကီးျဖင့္ ပိတ္လိုက္ကလင္းေႁမြဝါ ႀကီး ဘယ္နည္းႏွင့္မွ မထြက္ႏိုင္။

ဟုတ္သည္၊ ခဲႀကီးႀကီး ရွာ၍ ငေတာ ပိတ္ရမည္။ ခဲ ဘယ္က ရမည္နည္း။

ႏြားစာ ေျပာင္းခင္း အငုတ္ကို ထယ္ထိုး၍ ကုလားပဲႀကီးထား (ႀကဲပက္ ထား)ေသာ ထယ္စာခဲႀကီးမ်ားအား ငေတာ သြားေတြ႕သည္။

ထယ္ခဲႀကီးႀကီး ႏွစ္လုံးကို ယူကာ ေတာင္ပို႔ေပါက္ကို ငေတာ ပိတ္ၿပီး သည္ခ်ဳံႏွင့္ သည္ေတာင္ပို႔ မွတ္မိေစရန္ ခ်ဳံေဘးေပါက္ေနေသာ ေဘာက္ေခြးပင္ သုံးပင္အား ခုတ္က ၾကက္ေျခခတ္ ျပလိုက္သည္။

အေပါက္ ႏွစ္ေပါက္ကို ထည္စာခဲျဖင့္ ပိတ္ၿပီး ထားလိုက္ျခင္းသည္ လင္းေႁမြဝါႀကီးအား ခ်ည္ေႏွာင္ထားသလို ခ်ဳပ္ထားရာ ေရာက္သြားသည္။ ထည္စာခဲႀကီးမ်ားကို မလွန္ႏိုင္သမွ် လင္းေႁမြႀကီး ထြက္လမ္း မရွိ။ ေႁမြဟူသည္ သည္မွ် ႀကီးမားေသာ ထည္စာခဲႀကီးကို ပြင့္သြားေအာင္ ေခါင္းျဖင့္ ႐ုန္းထြက္ႏိုင္ သည့္ အေကာင္ မဟုတ္။ လူသား ဖယ္မေပးသမွ် ေတာင္ပို႔ထဲ ေႁမြႀကီး ေနေပ ေရာ။

ေရွ႕၌ ဆက္လက္၍ ႂကြက္လမ္း ရွာရန္ ယာမ်ား ေတာမ်ားတို႔ ရွိေသး ေသာေၾကာင့္ ငေတာ ေရွ႕ဆက္ သြားခဲ့သည္။

ေတာင္သူလုပ္စာ ေျမမွာတစ္ဝက္ ေျပာသည္ထက္ ႂကြက္ႏွင့္ လုယူ ေနရသည္ဟု ေျပာရမည္ပုံလိုလို ငေတာ ေတြ႕ရ၏။

ႂကြက္ ဖ်က္ဆီးထားေသာ ပဲသီးေတာင့္ အျပတ္မ်ား အပဲ့မ်ား၊ ပဲႏြယ္ ပဲၫြန႔္မ်ားမွာ ျမင္ရမေကာင္း။

ေျပာင္းဖူးမ်ား ကိုက္ခ်ၿပီး စားေသာက္ထားသည္မွာ အပုံ အပုံ။

ပဲနတ္ေတာ္မ်ား၊ ပ်ဥ္းမနားပဲမ်ား၊ ပဲတီမ်ားကို အေတာင့္လိုက္ ကိုက္ခ်။ အဆန္ထုတ္စားျဖင့္ လုပ္ထားရာ အေတာင့္ အခြံမ်ား လူစုပုံထားသလို အစု လိုက္ အပုံလိုက္။

လူဖ်က္ အရက္၊ အိမ္ဖ်က္ ႂကြက္မွ်သာမက ေတာ၊ ယာ ဖ်က္ ႂကြက္ဟု ပင္ ေျပာရလိုက္မည္ဟု

ႂကြက္လမ္းမ်ားကို ငေတာ မေရမတြက္ႏိုင္ေအာင္ ေတြ႕ခဲ့ပါ၏။ ထိုအထဲ မွ ဖုန္ေနေသာ ႂကြက္လမ္းႏွင့္ ႂကြက္အုပ္ ေကာင္ေရ မ်ားမည္ဟု ထင္ရေသာ ႂကြက္လမ္းမ်ားကို စတင္ ေဆာင္ရန္ ေတာ သူ႔စိတ္ကူး၌ သူ႔ အကြက္ခ် စီစဥ္ခဲ့သည္။

ငေတာ ထြက္စက နံနက္ခင္း။ တစ္ေတာၿပီး တစ္ေတာ တစ္ခင္းၿပီး တစ္ခင္း ငေတာ ကူးလာရာ မြန္းတည့္ခ်ိန္ ေရာက္ၿပီျဖစ္ေၾကာင္း သူ႔ လူရိပ္ သူ ေနေရာင္ေအာက္၌ ရွာမေတြ႕သျဖင့္ ငေတာ သိလိုက္၏။ အရိပ္သည္ ေရွ႕ေနာက္ ဝဲယာစသည္ျဖင့္ မထြက္ဘဲ မိမိေအာက္၌ ေရာက္ေနက ေနမြန္းတည့္ ဟု ေတာသမားတို႔ သညာထားသည္။

အညာေဆာင္းေနသည္ ေန႔လယ္၌ ပူျပင္းလွ၏။

ျမျမေမာင္းေမာင္း ပင္ထေနာင္းေပၚမွ ခ်ိဳးကူသံမ်ား ကဇာခင္တန္း မ်ားဆီမွ ဘုတ္ပူသံမ်ား၊ ငုံးတို႔ အုပ္လိုက္ တြန္သံမ်ားက ငေတာတို႔ ၾကား႐ိုး ၾကားစဥ္ ျဖစ္ေသာ္လည္း ႐ိုးအီ မသြားႏိုင္သည့္ သဘာဝ ဂီတ ေတးသံသာမ်ား ျဖစ္ၾကသည္။

အေဝးဆီမွ ရွင္မေတာင္သည္ ျမဴခိုးမ်ား ကင္းစင္ၿပီး ေဆာင္းေန႔လယ္ ခင္း ေနေရာင္၌ စိမ္းစိမ္းညိဳညိဳ ၿမိဳ႕ၿမိဳ႕မႈိင္းမႈိင္း။

ငေတာသည္ အိမ္ျပန္ရန္ ယာေတာမ်ား ဆီမွ သူ႔ ႐ြာဆီသို႔ ေျခဦး တည္လိုက္သည္။

(၂)
“အေဖ၊ ညႂကြက္ေထာင္မွာ ငါးမွ်ားခ်ိတ္က ဘာလုပ္ဖို႔လဲဗ်”
ငလုံး ေမးမည္ဆိုက ေမးစရာ။

ငေတာ ေတာမွ ျပန္လာ၍ စားေသာက္ၿပီး၊ ႂကြက္ေထာင္ ေခ်ာက္ ျပင္ေနေသာ ငလုံးကို ဝင္၍ ကူျပင္သည္။ ျပင္ဆင္၍ ႂကြက္ေထာင္ေခ်ာက္ သုံး ေလးခု မွ်သာ က်န္ေတာ့ေသာ အခ်ိန္၌ မင္းဘာသာ ၿပီးေအာင္လုပ္ေတာ့ ငါလုပ္စရာ ရွိေသးတယ္ဟု ေျပာကာ ငါးမွ်ားတံမ်ား ထံမွ အငယ္ဆုံး အ႐ြယ္ အစား ငါးမွ်ားတံကို ေတာ ေ႐ြးထုတ္သည္။

ငါးမွ်ားခ်ိတ္ အငယ္ဆုံး ေ႐ြးထုတ္ၿပီး ငါးမွ်ားႀကိဳးကို ျဖဳတ္ကာ ႏိုင္လြန္ ႀကိဳး တုတ္တုတ္ရွည္ရွည္ တစ္ေခ်ာင္းျဖင့္ ငေတာ လိုက္ႀကိဳးဆက္ေပးေနသည္။

သြားမွာက ႂကြက္ေထာင္။ လိုက္ႀကိဳးဆက္ေနက ငါးမွ်ားခ်ိတ္ေသးေသး သူ႔အေဖဘာလႈပ္ေနသလဲဟု နားမလည္၍ ငလုံး ေမးသည္။

သူ႔ အလုပ္ကို သူ သေဘာက်သလို ငေတာ ၿပဳံးၿပဳံး၊

“ငါ့ အေဖျဖစ္တဲ့ သြားေလသူ မင္းအဘ ေျပာခဲ့တာကို သတိရၿပီး ျပန္ေျဖခ်င္လိုက္တာ ငါ့သားရာ”

“အဘက ဘာေျပာခဲ့သလဲဗ်”

“မင္းေလာက္ မရွိတရွိ အ႐ြယ္တုန္းက မင္းအဘ ေတာထြက္ရင္ ငါက အၿမဲ ေမးတယ္ကြ၊ အေဖ ဘာသြားလုပ္မွာလဲ ဘာလုပ္သြားလဲလို႔ ေပါ့ကြာ”

ငလုံးက ငေတာ စကားကို ေစာင့္၍ နားေထာင္ေနဆဲ။

“အေဖက ေျပာတယ္၊ ေစတနာကြၽန္ႀကီးဆိုေတာ့ သမီးႏွင့္ သား မယား စားရေအာင္ ေနာင္ဘဝ ေနာင္ ကိုယ္ခံသေဘာ ထားၿပီး စားဖို႔ ေသာက္ဖို႔ ဝတ္ဖို႔ ေနဖို႔ ထိုင္ဖို႔ သြားလုပ္ရဦးမယ္ လူကေလး ေစတနာ့ကြၽန္တို႔ ေမတၱာ ကြၽန္တို႔ဆိုတာ ေကြၽးရသေလာက္ မတင္းတိမ္ဖူး၊ ထင္ရသေလာက္ အားမရဘူး၊ ေပးရသေလာက္ မေရာင့္ရဲႏိုင္ဘူး၊ ထားရသေလာက္ မတင္းတိမ္ႏိုင္ဘူးတဲ့။ ထမင္း နပ္မမွန္တဲ့ လူကလည္း နပ္မွန္မွန္ ေကြၽးခ်င္တယ္။ နပ္မွန္ေနတဲ့ လူကလည္း ေကာင္းသထက္ ေကာင္းေအာင္ ေကြၽးခ်င္တယ္တဲ့။ အဝတ္အစား ဆင္ရာမွာလည္း ပိုးဖဲ ကတၱီပါတင္မက ျဖစ္ႏိုင္ရင္ နတ္၌ ဝတ္ေသာ အထည္။ နတ္၌ဝတ္ေသာ ပုဆိုး၊ ထဘီအထိ ဝတ္ေစခ်င္တယ္တဲ့။ ေပးရသမွ်လည္း
မတင္းတိမ္ဘူး ဆိုတာက တစ္က်ပ္ေပးႏိုင္ရင္ တစ္ရာ ေပးခ်င္တယ္။ တစ္ရာ ေပးႏိုင္ရင္ တစ္ေထာင္ ေပးခ်င္တယ္။ ေပးမ်ား ေပးႏိုင္ရင္ ေ႐ႊပုံ ေငြပုံကို ပုံ ေပးၿပီး၊ ရတနာ စိန္ေက်ာက္ ပတၱျမားကို ဇယ္ေတာက္ ကစားေစခ်င္သတဲ့။ တဲနဲ႔ ထားႏိုင္ရာက အိမ္နဲ႔၊ အိမ္နဲ႔ ထားႏိုင္ရာက တိုက္နဲ႔၊ တိုက္နဲ႔ ထားႏိုင္ရာက နတ္ဘုံနတ္နန္းနဲ႔ ထားခ်င္သတဲ့။ ငါ့အေဖ အဲဒီစကားကို ေျပာတုန္းက နား ေထာင္ ေကာင္းေအာင္ စကားအရာ ဥပမာ ေျပာတယ္လို႔ အေဖ ထင္ခဲ့မိတယ္ ငါ့သား၊ အင္း လက္ေတြ႕သိလာမွ ဆင္ျခင္ၾကည့္ေတာ့ ေမတၱာ၊ ေစတနာ၊ အၾကင္နာ၊ က႐ုဏာရဲ႕ ခိုင္းေစရာ ခံေနရတဲ့ မိဘဆိုတဲ့ ဘဝ ဗိသုကာႀကီးေတြ ဟာ ေျပာျပႏိုင္တာထက္ ပိုေအာင္ ေမတၱာ၊ ေစတနာ၊ အၾကင္နာ က႐ုဏာ ႀကီးမားလွပါေပျခင္း။ မိဘေက်းဇူး ျမင့္မိုရ္ဦးဆိုတာ နည္းေသးတယ္ သား။ ျမင့္မိုရ္ေတာင္ အပါအဝင္ စၾကဝဠာ တိုက္ေပါင္း ေသာင္း သိန္း သန္း ကုေဋ ကုဌာန႔္ မိဘေမတၱာကို ႏႈိင္းယွဥ္ျပရင္ေတာင္ ေရခြက္ငယ္နဲ႔ ပင္လယ္ သမုဒၵရာလို ကြာျခားလိမ့္မယ္။ မိဘ ဆိုတာ သားသမီးအတြက္ သူတို႔ ဘဝကို စေတးျမဳပ္ႏွံၿပီး အေသြးအသား အ႐ိုးအေၾကာ အေရမွန္သမွ် သားသမီး အတြက္ သားသမီး အတြက္လို႔ ျမည္ဟည္း႐ိုက္က်ဴးေနတယ္လို႔ ထင္ရေလာက္ေအာင္ ေမတၱာ ေစတနာ ႀကီးေပးျခင္း။ အေဖေျပာခဲ့သလို ေစတနာ့ကြၽန္ႀကီး ျဖစ္တဲ့ ငါဟာ အေဖ ဝဋ္လည္ၿပီ၊ အေဖ ေလွ်ာက္ခဲ့တဲ့လမ္း ေလွ်ာက္ရမွာပဲ ငါ့သားရာ”

ငေတာက ေလးေလးနက္နက္ ခ်ိန္ခ်ိန္ဆဆ နက္နက္ရႈိင္းရႈိင္း စကား မ်ားကို ေျပာေန၍ ငလုံး အားလုံး သေဘာ မေပါက္။ သူ႔ အသိ၌ သူတို႔စားဖို႔ ေသာက္ဖို႔အတြက္ သူ႔ အေဖ ငါးမွ်ားခ်ိတ္ျဖင့္ တစ္ခုခု လုပ္လိမ့္မည္ဟုသာ သိသည္။

“လူမွာ အ႐ြယ္ရွိတယ္၊ ဘဝ အသိရွိတယ္၊ ဘဝက ေပးလာတဲ့ အသိမွ လူဟာ ေလးေလးနက္နက္ ျမင္တယ္၊ သိတယ္၊ ခံစားရတယ္၊ စြဲတယ္ စကားလုံးေတြ အတူတူ ေျပာေပမဲ့ နားေထာင္ရတဲ့ လူ အသိက ကိုယ္ေတြ႕ ႀကဳံလာမွ ပိုၿပီးေတာ့ ဆင္ျခင္ သုံးသပ္ႏိုင္တယ္။ မင္း အ႐ြယ္ မရွိတရွိတုန္းက အေဖ နားမလည္ခဲ့တဲ့ မင္းအဘ ေျပာခဲ့တဲ့ စကားေတြကို အေဖ အိမ္ေထာင္သည္ျဖစ္၊ သားသမီးေတြ ရလာမွ နားလည္ႏိုင္ခဲ့တယ္။ မင္းလည္း အခု အေဖေျပာတဲ့ စကားေတြကို အေဖလို သားသမီးေတြ ရလာရင္ နားလည္ ပါလိမ့္မယ္။ ခုေတာ့ အေဖ ငါးမွ်ားခ်ိတ္တုတ္ ျပင္ေနတာဟာ ငါတို႔ မိသားစု အတြက္ ပါလားလို႔ လက္ေတြ႕ အသိေလးနဲ႔သာ မင္း အကဲျဖတ္ဦးမယ္။ သားသမီးေတြရဲ႕ အေဖ ဘဝကို ငါ့သား ေရာက္လာတဲ့အခါ အေဖ မေျပာဘဲ ခ်န္ထားခဲ့တဲ့ စကားေတြအထိ ငါ့သား ၾကားမယ္၊ အေဖ ႏႈတ္ဆိတ္ခဲ့တဲ့ ကာလေတြက စကားကိုပါ မင္းႏွလုံးသားက ၾကားမယ္။ မေျပာတဲ့ စကားကို ၾကားလာရျခင္းဟာလည္း အေတြ႕အႀကဳံ တစ္ခုပဲ ငါ့သား”

ငေတာသည္ သူ႔စကား အရပ္ရပ္ကို ငလုံး နားလည္မည္ မဟုတ္ေၾကာင္း ႀကိဳတင္ သေဘာေပါက္ထားဟန္ ရွိသည္။

သူ႔ရင္၊ သူ႔ႏွလုံးသားကို ထြင္းေဖာက္ ျမင္ေနေသာ သူ႔အေဖအား လုံး တအံ့တဩ ၾကည့္သည္။ ေလာက ေတာကို ျဖတ္သန္းလာရာ၌ သူလည္း သားျဖစ္ခဲ့ဖူး၍ သူ႔သား ငလုံးသည္ ဘာေတြ အံ့ၾသေနမည္ကို ငေတာ ရိပ္မိ ပါ၏။ ရိပ္မိသည့္အတြက္ ဆက္မေျပာေတာ့။

သူ ေတာယူမည့္ ငါးမွ်ားခ်ိတ္ႏွင့္ လိုက္ႀကိဳး သိမ္းၿပီး၊ ေတာ ယူမည့္ လြယ္အိတ္ထဲ ငေတာ ထည့္သည္။

ႂကြက္ေထာင္ေခ်ာက္မ်ားကို တစ္ခုခ်င္း အေခ်ာသပ္ ငေတာ စီစဥ္၏။ ဘၾကည္ ထံမွ ဝါး ႂကြက္ေထာင္ေခ်ာက္ သုံးဆယ့္ႏွစ္ခု။ ၾကည္ျမင့္ ထံမွ ဝါး ႂကြက္ေထာင္ေခ်ာက္ သုံးဆယ့္ေလးခု။ သူ႔အိမ္မွ ႂကြက္ေထာင္ေခ်ာက္ ေလးဆယ့္တစ္ခု။ စုစုေပါင္း ႂကြက္ေထာင္ေခ်ာက္ တစ္ရာ့ခုနစ္ခု။ သည္ညမွာ ေထာင္မည့္ ႂကြက္ေထာင္ေခ်ာက္မ်ား။ သည္မွ် ႂကြက္ေထာင္ေခ်ာက္ မ်ားေန မွေတာ့ ညေန ေနစြယ္က်ိဳး ကတည္းက ေတာသို႔ သြားမွ ျဖစ္မည္ဟု ငေတာ စိတ္ကူးသည္။

ငေတာ ယူေနက် ေတာလိုက္မီး၊ ဓားရွည္၊ ဓားလွံ၊ ကြမ္းထုပ္၊ အရန္ လက္ႏွိပ္ဓာတ္မီး၊ အရန္ဖန္သီး၊ ႂကြက္ေထာင္ေခ်ာက္မ်ားကို တစ္ခုမွ ေမ့မက်န္ ေစေရးအတြက္ စိစစ္ကာ အရန္သင့္ ျပင္ထားေရးအတြက္ ငလုံးအား ငတာက သတိေပး၏။

(၃)
“ဒီ ႂကြက္တြင္းကို တူးစမ္း ငလုံး”

ကဇာ ေဘး၌ ရွိေသာ ႂကြက္တြင္းကို တူးခိုင္းသည့္ ငေတာကို ငလုံး ေမာ့ၾကည့္သည္။ သူ႔ အေဖ အဟုတ္ ခိုင္းတာမွ ဟုတ္ရဲ႕ လားဟူေသာ သေဘာ ျဖင့္ ငလုံး ေမာ့ၾကည့္ျခင္း ျဖစ္သည္။

ငေတာ အဟုတ္ခိုင္းျခင္းျဖစ္ေၾကာင္း ႂကြက္ေထာင္ေခ်ာက္ႀကီးမ်ားကို ထမ္းလာရာမွ အသာအယာ ခ်၍ သူ႔ေဘး လာရပ္ျခင္းေၾကာင့္သာ ငလုံး ယုံလိုက္ရ၏။ သူ႔အေဖ တူးခိုင္းေသာ တြင္းက ႂကြက္ကတိုးတြင္း။

ႂကြက္ကတိုး(ႂကြက္ကဒိုး)သည္ ႏႈတ္သီးခြၽန္ေလးျဖင့္ လက္သန္းဝက္ သာသာခန႔္သာ ရွိေသာ ႂကြက္ကေလး အမ်ိဳးအစားဝင္မို႔ ႂကြက္သမားက သူ႔ကို ေဘးမဲ့ျပဳထားသည္။ ေဘးမဲ့ျပဳခံရေသာ ႂကြက္ျဖစ္သျဖင့္ သဘာဝရန္သူေၾကာင့္ေသလွ်င္သာ ႂကြက္ကတိုး ေသရသည္။ ႂကြက္သမား လက္ခ်က္ျဖင့္ ေသ႐ိုး ထုံးစံ မရွိ။ ယခုမူ ထုံးတမ္းသစ္ တစ္ခု မွတ္တိုင္ စိုက္ထူရေတာ့မည္ဟု ငလုံး ထင္သည္။

ႂကြက္ကတိုး တြင္းမွာ တြင္းနက္ မဟုတ္။ ဓားဦးခြၽန္ျဖင့္ တူးၿပီး တြင္းဝ ေဖာ္ကာ လိုက္လိုက္ရာ တြင္းအဆုံး၌ ေကြးေကြးေလး ျဖစ္ေနေသာ ႂကြက္ကတိုး တစ္ေကာင္ကို ေတြ႕ရသည္။ ငေတာက ဖ်တ္ခနဲ အရွင္ ဖမ္းယူၿပီး သြားၾကစို႔ ဟူေသာ သေဘာ မ်က္ရိပ္ျပသည္။

ႂကြက္ေထာင္ေခ်ာက္ တစ္ရာကို ဓားလွံ႐ိုး ေရွ႕ေနာက္၌ လွ်ိဳ၍ ထမ္းလာ ေသာ ငတာ။ သူ႔လက္တစ္ဖက္၌ ႂကြက္ကတိုး အရွင္ေလးကို ဇက္မွဆုပ္လာ၏။

ငလုံးသည္ ေတာလိုက္ ဘက္ထရီမီးမွ အစ လြယ္အိတ္ အဆုံး ငေတာ ေနာက္မွ လိုက္ပါရင္း လြယ္လာသည္။

သူ ထယ္ျဖင့္ ပိတ္ခဲ့ေသာ ေတာင္ပို႔ႀကီး အနီး ေရာက္ေသာအခါ ငေတာက ငလုံးကို ခိုင္းသည္။

“ေတာင္ပို႔ အေပါက္ ႏွစ္ေပါက္ကို အေဖ ထယ္ခဲႀကီးေတြနဲ႔ ပိတ္ခဲ့တာ ျမင္လား၊ အဲဒါ ဖယ္လိုက္ကြာ၊ က်န္တာ အေဖ ဆက္လုပ္မယ္”

ငလုံး ထယ္စာခဲႀကီးမ်ားကို ဖယ္ေနခိုက္ ငလုံး လြယ္လာေသာ လြယ္ အိတ္ထဲမွ ငါးမွ်ားခ်ိတ္ႏွင့္ လိုက္ႀကိဳးကို ငေတာ ထုတ္သည္။

ႂကြက္ကတိုးေလးအား ငါးမွ်ားခ်ိတ္ျဖင့္ ဖင္မွအတြင္းပိုင္းသို႔ ေဖာက္ခ်ိတ္ လိုက္ၿပီး လိုက္ႀကိဳးကို ေတာင္ပို႔ေဘးရွိ ပနီ သန္လ်က္ကိုင္း တုတ္တုတ္အား ငေတာ”ၿမဲၿမဲၿမံၿမံ ခ်ည္လိုက္သည္။

လင္းေႁမြဝါႀကီး ဝင္သြားေသာ ေတာင္ပို႔ အေပါက္မွ ႂကြက္ကတိုး အရွင္ ေလးကို အစာတပ္ထားသည့္ ငါးမွ်ားခ်ိတ္အား ငေတာ ခပ္ျဖည္းျဖည္း ခ်သည္။ ႂကြက္ကတိုးေလးသည္ ေတာင္ပို႔ ေအာက္ေျခရွိ ေျမႀကီးကို ထိေတြ႕ၿပီး နာနာ က်င္က်င္ျဖင့္ ေၾကာက္အားလန႔္အား ေျပးလႊား ေနေၾကာင္းကို လိုက္ႀကိဳးစ ေအာက္သို႔ ဆင္းဆင္း သြားျခင္း ၾကည့္၍ ငေတာ သိသည္။ အိုက္ေနေသာ လိုက္ႀကိဳးကို ေတာင္ပို႔ေျခရွိ ေတာင႐ုတ္ပင္႐ိုင္းအား တစ္ပတ္ပတ္ၿပီးမွ ငေတာ ေရွ႕ဆက္ရန္ ငလုံးကို ေခၚသည္။

“အေဖ ဘာေကာင္လဲဗ်၊ ဖြတ္လား” “မဟုတ္ဘူးကြ”
“ဒါျဖင့္ ဘာေကာင္လဲ”
“မင္းတို႔ႀကိဳက္တဲ့ ငါးေသတၱာသုပ္ လိုေနတယ္ဆိုတဲ့ အေကာင္ေပါ့ကြာ။ မင္းတို႔ႀကိဳက္တဲ့ ဟင္းတစ္ခြက္ စားၾကပါေစေတာ့ဆိုၿပီး အေဖ စမ္းေထာင္ ၾကည့္တာ”

“ဒါျဖင့္ ေႁမြ ေႁမြေပါ့ေနာ္”

“ေအး ဟုတ္တယ္၊ ေႁမြဆိုတာ အေကာင္ေသကို စားခဲတယ္၊ စိတ္ဝင္စား နည္းတယ္၊ မစားဘူး၊ စိတ္မဝင္စားဘူး၊ ေျပာတာ မဟုတ္ဘူးေနာ္၊ အေကာင္ရွင္ ေလာက္ သူ အာ႐ုံမက်တာ ေျပာတာ။ ခု ႂကြက္ရွင္ကို ငါးမွ်ားခ်ိတ္နဲ႔ ေထာင္ေတာ့ မ်ိဳရာမွ ေထြးထုတ္ မရရင္ ေႁမြရမွာပဲ၊ ေထြးထုတ္လို႔ အစာေရာ၊ ခ်ိတ္ေရာ လုံးထြက္လာရင္ေတာ့ ရမွာမဟုတ္ဘူး။ ေႁမြတို႔ ဘာတို႔သာ မေထာင္ဖူးေသးလို႔ မသိတာ၊ ဖြတ္ဆိုရင္ေတာ့ လာေလေလာ့ဆိုရင္ မိတာပဲ၊ ေႁမြလည္း သားစား က်ဴးတဲ့ အေကာင္ပဲ မိႏိုင္တယ္”

သူ႔အေဖက စကားကို ခ်ိန္ခ်ိန္ဆဆ ေျပာေနသည့္တိုင္ ငလုံး စိတ္၌ ေႁမြရလိမ့္မည္ဟု ယုံၾကည္သည္။

ငေတာ အေနျဖင့္ ေႁမြေတြ႕ၿပီးေနာက္ သူရွာထားေသာ ႂကြက္သြားလမ္း မ်ားမွ ယေန႔ည စေထာင္မည္ျဖစ္သျဖင့္ ထိုေနရာမ်ား ဆီသို႔ ေရာက္ေစရန္ သုတ္ေျခတင္ လွမ္းေန၏။ ေနာက္မွ ငလုံးက အမီလိုက္သမား။

ဟုတ္သည္။ ေထာင္ေခ်ာက္သမားသည္ မိမိေထာင္မည့္ ကြင္းသို႔ အခ်ိန္မီ ေရာက္ေစေရး အေရးႀကီးသလို အခ်ိန္မီ ၿပီးစီးေအာင္ ေထာင္ႏိုင္မွ ပိုမို အဆင္ေျပသည္။

ခ်ိဳင့္ႀကီးေဒသမွာ ႂကြက္သမားကို ေန႔သမားႏွင့္ ညသမား ဟူ၍ ႏွစ္မ်ိဳး ခြဲျခားသည္။

ေန႔သမားကို ႂကြက္တူးသမားဟုလည္း ေခၚသည္။ ေခြးသမားဟုလည္း ေခၚသည္။ ေန႔သမားသည္ သူ႔ မ်က္စိ အားကိုးျဖင့္ ႂကြက္တြင္းကို ရွာသည္။ ေခြး အားကိုးျဖင့္ အနံ႔ခံကာ ႂကြက္ကိုရွာသည္။ ေခြးႏွင့္လိုက္၍ ရသည့္ အေကာင္ရ၊ တြင္းတူး၍ ရသည့္ အေကာင္ရႏွင့္ ေန႔သမားလည္း သူ႔နည္း သူဟန္ျဖင့္ ႂကြက္ရသည္။

ႂကြက္တူးသမား ေခြးသမားသည္ ေန႔ပိုင္း၌ ႂကြက္ရွာသူ ျဖစ္ပါ၏။ ေႏြရာသီႏွင့္ မိုးဦးက် ရာသီတို႔သည္ ေန႔သမားမ်ား ႂကြက္တူး ႂကြက္လိုက္ရန္ အသင့္ေလ်ာ္ဆုံး ကာလ ျဖစ္၏။

ညသမား၌ သုံးမ်ိဳး ရွိသည္။

ႂကြက္သံ အတုျဖင့္ ႂကြက္လာေစရန္ ဖန္တီးၿပီး လာေသာ ႂကြက္ကို ခက္ရင္းျဖင့္ထိုး၊ ခက္ရင္း႐ိုးျဖင့္႐ိုက္ ျပဳလုပ္သူအား ႂကြက္ထိုးသမားဟု ေခၚသည္။ ႂကြက္ထိုးသမားသည္ ႂကြက္သံတု ကိရိယာျဖင့္ မီးျဖင့္ ႂကြက္ထိုးရ သည္။ သီးႏွံရိတ္သိမ္းၿပီး တလင္း သင္းေပါင္းတက္ခ်ိန္၊ ယာ႐ိုးျပတ္ငုတ္မ်ား၊ ကဇာမ်ား အနီး၌ အသံတုျဖင့္ ႂကြက္ထိုးႏိုင္သည္

ဝါးေထာင္ေခ်ာက္ျဖင့္ ႂကြက္ေထာင္ေသာ သူကို ေထာင္ေခ်ာက္သမား ဟု ေခၚသည္။ ေထာင္ေခ်ာက္သမားသည္ ညဘက္၌ ထြက္ေသာ ႂကြက္ကို ဝါးေထာင္ေခ်ာက္ျဖင့္ ဖမ္းဆီးသည္။ ေဆာင္းရာသီ တစ္ေလွ်ာက္လုံး ေထာင္ၾက ဖမ္းၾကသည္။

ဘိေထာင္ေခ်ာက္ျဖင့္ ႂကြက္ေထာင္ေသာ သူကို ဘိသမားဟု ေခၚသည္။ ဘိေထာင္ေခ်ာက္ကို ႐ႊံ႕ျဖင့္ ျပဳလုပ္ၿပီး ညဘက္၌ ေထာင္သည္။ ဘိသမားသည္ ေဆာင္းရာသီ ႂကြက္တြင္းေပါေသာ လယ္မ်ားရွိရာသြား၍ ေထာင္ၾက ဖမ္းၾက သည္။

ထို႔ေၾကာင့္ ခ်ိဳင့္ႀကီး႐ြာရွိ ႂကြက္သမားမ်ားကို ႂကြက္ဖမ္းနည္းအရ အမ်ိဳးအစား ခြဲျခားလိုက္ပါက ႂကြက္တူးသမား(ေခြးသမား)၊ ႂကြက္ထိုးသမား၊ ေထာင္ေခ်ာက္သမားႏွင့္ ဘိသမား ဟူ၍ ေလးမ်ိဳး ေတြ႕ႏိုင္သည္။

ငေတာႏွင့္ ငလုံးတို႔သည္ ေထာင္ေခ်ာက္သမား။ သူတို႔သည္ ဝါးေထာင္ေခ်ာက္ျဖင့္ ႂကြက္ေထာင္ဖမ္းမည့္သူ။

သူတို႔ ႂကြက္ေထာင္မည့္ ေနရာသို႔ ေရာက္ေသာအခါ ငေတာ ရပ္လိုက္ သည္။ ငေတာ ရပ္ေသာအခါ ငလုံးကလည္း အလိုက္တသိ ရပ္လိုက္သည္။

သည္ေနရာမွ စတင္ ႂကြက္ေထာင္မည္ဟု ငလုံးကို ေျပာၾကားလိုက္၏။

(၄)
“မင္းက ကန္သင္းထိပ္ေတြ ပတ္ေဖာက္ထားတဲ့ ႂကြက္လမ္းေတြ ေထာင္၊ အေဖက ကန႔္ဇာနဲ႔ ယာထဲအကူး ႂကြက္လမ္းေတြကို ေထာင္မယ္”

ႂကြက္လမ္းေၾကာင္းမ်ားမွာ သိသာထင္ရွားေန၍ ငလုံး ဇေဝဇဝါ မျဖစ္။ သူ႔အေဖ သည္မွ်ေျပာလွ်င္ ငလုံး အလုပ္ လုပ္ရၿပီ။

ငေတာက ႂကြက္ေထာင္ေခ်ာက္ အခ်ိဳ႕ကို ယူၿပီး ကဇာႏွင့္ ယာခင္း အကူး ႂကြက္လမ္းမ်ား၌ ေထာင္ရန္ ထြက္သြားသည္။

ငလုံးက ယာကန္သင္းထိပ္မ်ားကို လမ္းပတ္ေဖာက္ထားေသာႂကြက္ လမ္း၌ ေထာင္ရန္ ေထာင္ေခ်ာက္ကို ႂကြက္လမ္းမွာ စိုက္သည္။

ဝါးေထာင္ေခ်ာက္။

ဝါးေထာင္ေခ်ာက္မွာ အရင္း၌ တစ္ေတာင္ႏွင့္ လက္သုံးသစ္ခန႔္ ရွိေသာ ဝါးမာလုံးျပတ္ျဖစ္သည္။ ဝါးမာျပတ္ကို ဝါးေခါင္း ျဖစ္ေစရန္ ဘယ္ညာတစ္ဖက္ ၌သာ ခ်န္ထားၿပီး ထြင္းထားသည္။ အရင္း၌ ထားသည့္ ဝါးမာျပတ္ကို ေအာက္ ပိုင္း၌ ထက္ျမည့္ စူးရွေနေအာင္ ခြၽန္ထားသည္။ ႂကြက္လမ္းက်ရာ ေျမ၌ ထိုးစိုက္ေသာအခါ ရႏိုင္သည္အထိ ခြၽန္သည္။ ႂကြက္ေထာင္ေခ်ာက္ ပုံစံၾကည့္က ႀတိဂံပုံစံ ျဖစ္သည္။ အရင္း၌ ဝါးေခါင္း သြင္းထားေသာ ဝါးလုံးျပတ္။ ေအာက္က ဝါးျခမ္းျပား တစ္ျပား။ ထိုဝါးျခမ္းျပားကို ႂကြက္သမားက ႐ိုက္ခံျပားဟု ေခၚသည္။ အလယ္၌ ဝါးျခမ္းျပား တစ္ျပား၊ ထိုဝါးျခမ္းျပားကို ႐ိုက္ေမာင္းဟု ေခၚသည္။ အေပၚဆုံးမွ ဝါးျခမ္းျပားကို သာမန္လို အေပၚ ဝါးျခမ္းျပားဟု ေခၚသည္။

႐ိုက္ေမာင္း ဝါးျခမ္းျပားႏွင့္ ႐ိုက္ခံ ဝါးျခမ္းျပား ႏွစ္ခုၾကား၌ ေမာင္းတံ ဝါးကို ထည့္ရသည္။ ေမာင္းတံဝါးကို ႂကြက္နင္းတံဟုလည္း ေခၚသည္။ ႂကြက္နင္းတံေခၚ ေမာင္းတံ ဝါးလုံးမွာ ႐ိုက္ေမာင္း၊ ႐ိုက္တံႏွင့္ အေပၚဝါးျခမ္းလို ႏွစ္လက္မ ဗ်က္အက်ယ္ မဟုတ္။ ခဲတံလုံး၏ ေလးပုံတစ္ပုံခန႔္ရွိေသာ ဝါးတံ ေလးကို ေခ်ာေနေအာင္ သပ္၍ ထည့္ထားရသည္။ အရွည္ တစ္ေတာင္ႏွင့္ လက္သုံးလုံးခန႔္ ရွည္သည္။

ႂကြက္ မေထာင္မီ အခ်ိန္၌ ႐ိုက္ေမာင္းျပားႏွင့္ ႐ိုက္ခံျပား ၾကား၌ ေမာင္းတံဝါးေလး ညပ္ေနသည္။

႐ိုက္ေမာင္း ဝါးျခမ္းျပားႏွင့္ ႐ိုက္ခံ ဝါးျခမ္းျပားကို ႀတိဂံ အဖ်ား၌ ေအာက္ႏွင့္အထက္ ဆုံရာတြင္ ၾကက္ေပါင္ပင္ သန္သန္ျဖင့္ တြဲခ်ည္ထားသည္။ ဝါးလုံး ထြင္းထားေသာ ဝါးေခါင္း အရင္းေပါက္မွ ထြက္ေနေသာ လက္သုံးသစ္ခန႔္ရွိမည့္ ေမာင္းဝါး ဝါးျခမ္းႏွင့္ ႐ိုက္ခံဝါးျခမ္း အရင္းကိုလည္း ၾကက္ေပါင္ပင္ သန္သန္ျဖင့္ တြဲခ်ည္ထားသည္။

ႂကြက္ေထာင္ရန္ ႐ိုက္ေမာင္းကို ဆြဲတင္လိုက္ပါက ၾကက္ေပါင္ပင္ အေပၚ ဆန႔္တက္လာၿပီး ေမာင္းတံဝါးပါ ေျမာက္တက္လာသည္။

အေပၚ ဝါးျခမ္း အရင္း၌ ထစ္ထားေသာ ငုတ္မွ တစ္မိုက္ခန႔္ ရွည္ေသာ ႏိုင္လြန္ႀကိဳးေလး ခ်ည္ထားၿပီး ႀကိဳးထိပ္၌ လက္တစ္အုပ္ခန႔္ ရွိသည့္ ဝါးတန္း ေလး ပါသည္။ ဝါးတန္းေလး အ႐ြယ္အစားမွာ ခဲတံလုံးေလး၏ ေလးပုံတစ္ပုံခန႔္ ရွိသည္။ ထို ဝါးတံေလးကို ခလုတ္ဟု ေခၚသည္။

ေမာင္းတံကႂကြ၊ ၾကက္ေပါင္ပင္က ဆန႔္အတင္း လွ်ာတံက အထက္ တက္လာခိုက္ လွ်ာတံကို အေပၚတြဲေလာင္း ခ်ည္ခ်ထားေသာ ခလုတ္ေလးျဖင့္ ကန႔္လန႔္ခ်ိတ္ ေထာင္ရသည္။

ႂကြက္က ေျပးအလာ ေလွ်ာတံဝင္နင္း၊ အေပၚမွ တြဲေလာင္းခ်ထားၿပီး ကန႔္လန႔္(ကလန႔္)ထားေသာ ခလုတ္တံေလး ျပဳတ္၊ ႐ိုက္ေမာင္းက ႐ိုက္ခံ ဝါးျခမ္းျပားဆီ ႐ုတ္တရက္ ေျပးက်လာ၊ ဝါးလက္ခုပ္ တီးသလို ညႇပ္႐ိုက္မိၿပီး ၾကား၌ မိေနေသာ ႂကြက္မွန္သမွ် မလႈပ္ႏိုင္၊ မယွက္ႏိုင္။

သည္ဝါးႂကြက္ေထာင္ေခ်ာက္သည္ ဘာႂကြက္စာမွ ခ်ထားစရာ မလို ေသာ ေထာင္ေခ်ာက္။ သူ႔လမ္းသူ ညစဥ္ အစာ ရွာထြက္သည့္ ႂကြက္လာလမ္း ျပန္လမ္း၌ ေထာင္ရာ ႂကြက္ေထာင္ေခ်ာက္ကို ျဖတ္ေက်ာ္သြားေသာ ႂကြက္ မွန္သမွ် မလြတ္တမ္း မိေသာ ႂကြက္ေထာင္ေခ်ာက္ အမ်ိဳးအစား၊ ႂကြက္လည္ကို ညပ္ညပ္ေနတတ္၍ ႂကြက္လည္ညႇပ္ဟုလည္း အခ်ိဳ႕အရပ္က ေခၚၾက၏။ အခ်ိဳ႕က ေမာင္းကို ဖဲထီးသံကိုင္းျဖင့္ ဆင္ၿပီး ၾကက္ေပါင္ပင္ မသုံး။ အခ်ိဳ႕က ထိပ္မွ ၾကက္ေပါင္ပင္ ခ်ၿပီး ေအာက္ကို ဆြဲတင္သည့္ ေထာင္ေခ်ာက္လည္း ရွိသည္။ ခလုတ္ႏွင့္ လွ်ာတံ တြဲရာ၌ ေဒသကြဲ မႈကြဲ ရွိေသာ္လည္း ဝါးႂကြက္ ေထာင္ေခ်ာက္ အသုံး အေနျဖင့္ ႂကြက္ေျပးလမ္း၊ ႂကြက္သြားလမ္းကို ေထာင္ရာ ၌ လွ်ာတံကို နင္းမိၿပီး ခလုတ္ ျပဳတ္က်ရာ၌ ႂကြက္မိသည္မွာ တူညီၾကသည္။

ငေတာတို႔ ငလုံးတို႔ သည္အခ်ိန္ သည္ေတာ၌ ႏွစ္စဥ္ ေထာင္ရာတြင္ လည္း သည္ႂကြက္ေထာင္ေခ်ာက္မ်ားကိုသာ အၿမဲ သုံးသည္။

အျခား ေဒသမ်ား၌ သည္ေထာင္ေခ်ာက္မ်ိဳးကို သုံးရာတြင္ အစာခ် ေထာင္ေလ့ ရွိသည္ဟု သူတို႔ ၾကားဖူးေသာ္လည္း ဘယ္ေသာအခါမွ ႂကြက္စာခ်၍ သည္ေထာင္ေခ်ာက္ကို သူတို႔ မေထာင္၊ မသုံး။ ႂကြက္စာ မပါဘဲသာ သူတို႔ ေထာင္သည္။ သုံးသည္။

သူတို႔ သုံးသည္က ႂကြက္ေျပးလမ္း၊ ႂကြက္သြားလမ္းကို အပင္ပန္းခံ၍ ရွာေဖြကာ ေသခ်ာေပါက္မိသည့္ နည္းကိုသာ သုံးသည္။ ထို႔ေၾကာင့္ ငေတာ မွတ္ထားသည့္ ႂကြက္သြားလမ္းမ်ား၌သာ အာ႐ုံ စူးစိုက္ ေထာင္သည္။

သူတို႔ အေနျဖင့္ အိမ္မွ ထြက္လာစဥ္က ေနစြယ္က်ိဳးခ်ိန္မို႔ ေစာေသး သည္ဟု ထင္၏။ တက္သုတ္႐ိုက္၍ ေထာင္သည့္တိုင္ ႂကြက္ေထာင္ေခ်ာက္ တစ္ရာေက်ာ္ ေထာင္ရေသာအခါ ေနဝင္ရီတေရာ၌ ၿပီးေအာင္ ႀကိဳးစားေဆာင္ရ သည္။

သူတို႔ ေထာင္ေခ်ာက္ အားလုံး ေထာင္ၿပီးခ်ိန္တြင္ အေနာက္ မိုးကုတ္ စက္ဝိုင္း၌ ေနလုံးႀကီး ေမးတင္ေနၿပီ။

တစ္ေန႔တာ ပင္ပန္းခဲ့သမွ် အနားယူပါေတာ့မည္ဟု ႏႈတ္ဆက္သလို ဝင္လုဆဲဆဲ ေနဝန္းႀကီးက ႏႈတ္ဆက္ေနၿပီ။

ေနဝင္သြားသည့္တိုင္ အလင္းေရာင္ မေပ်ာက္။

တိမ္မ်ား နီနီရဲရဲ အေရာင္ေတာက္ကာ ပတၱျမားရည္တို႔ ဝန္းက်င္ တစ္ခုလုံးကို သြန္းေလာင္း ထားသကဲ့သို႔ ရဲရဲနီနီ။

ေနဝင္လွ်င္ တိမ္ေတာက္၍ ပ်ိဳေၾကာက္သည့္ သည္အခ်ိန္ ေရာက္ခဲ့ၿပီ။

ညတစ္ည၏ နိဒါန္းကို ဖြင့္လွစ္ရန္ အေမွာင္ထုက တစ္စတစ္စ စိုးမိုး လာ၏။

ႏွင္းႏွင့္ျမဴတို႔က တစ္စတစ္စ က်ဆင္းလာ၏။

ငေတာႏွင့္ ငလုံးတို႔ ေထာင္ေခ်ာက္အားလုံး ေထာင္ၿပီး နားေနစျပဳေန ခ်ိန္၌ မဟူရာ ကမၺလာသည္ ညကို လႊမ္းၿခဳံ လာ၏။

ႏွင္းတို႔ ေဝေနေအာင္ က်လာသလို ေဆာင္းေလေအးကလည္း တစ္စ ထက္ တစ္စ ယမ္းယမ္းလာသည္။

သားအဖ ႏွစ္ေယာက္စလုံး အခ်မ္းဒဏ္ ခံႏိုင္ရန္ ညဦးပိုင္းက မီးကို ဆက္တိုက္ဖို၍ လႈံခဲ့ေသာ္လည္း ညဥ့္နက္လာေသာအခါ မီးဆက္မလႈံေတာ့။ ႂကြက္ထြက္သည့္ အခ်ိန္ႏွင့္ မီးေရာင္ မဆုံေစလိုေသာ သေဘာျဖင့္ မီးဆက္မလႈံ ျခင္း ျဖစ္သည္။ တစ္စထက္တစ္စ ညသည္ ပိုမို နက္ရႈိင္းကာ အေမွာင္ထု ပိုမို သိပ္သည္းလာသည္။ လဆုတ္ ရွစ္ရက္ညျဖစ္ရာ ညဦး၌ ၾကယ္ေရာင္ မွိတ္တုတ္မွိတ္တုတ္သာ ရွိၿပီး လေရာင္ မရွိ။

သားအဖ ႏွစ္ေယာက္သည္ ေရာက္တတ္ရာရာ ေျပာၿပီး ခဏ ေက်ာ ဆန႔္ရေအာင္ကြာဟု ငေတာ ေျပာကာ ေႏွာပင္ရင္းရွိ ေျမႀကီးေပၚ၌ ပုဆိုး အစုတ္ကေလးမ်ားကို ၿခဳံ၍ ေကြးလိုက္ၾကသည့္တိုင္ အိပ္မေပ်ာ္။ ဆုပ္ပက္သလို အလုံးအရင္းျဖင့္ ဝင္လာေသာ’ျခင္အုပ္မ်ား၏ အႏၲရာယ္က ႀကီးမားလြန္း၍ လည္း ႐ုတ္တရက္ အိပ္မရ။ ေျမႀကီးေပၚ အိပ္ေနရသျဖင့္ အခ်ိန္မေ႐ြး လာ ေရာက္ႏိုင္ေသာ ေႁမြအႏၲရာယ္ ေၾကာက္လန႔္၍ စိတ္ခ်လက္ခ် မအိပ္ဝံ့။

အိပ္မေပ်ာ္ေလတိုင္း ငေတာ စဥ္းစားခန္း က်ယ္က်ယ္ျပန႔္ျပန႔္။ သမုဒၵရာ ဝမ္းတစ္ထြာ အတြက္ လႈပ္ရွား ႐ုန္းကန္ ေနရေသာ သူ႔ဘဝ အေၾကာင္းလည္း ေတြးမိသည္။ လက္ လႈပ္မွ ပါးစပ္ လႈပ္ရၿပီး ေျပးႏိုင္လႊားႏိုင္မွ စားဝတ္ေနေရး အက်ပ္အတည္းမွ လြတ္ေျမာက္ရေသာ သူ႔မိသားစု အေၾကာင္းလည္း ပါသည္။ ရွာရင္းေဖြရင္း အခ်ိန္ေတြ ကုန္သြားသည္ကို သတိ မျပဳ လိုက္ႏိုင္ေသာ အေၾကာင္းလည္း သူ႔ေခါင္းထဲ ေရာက္ေရာက္လာသည္။ သူ႔ဘဝလို ခက္ခဲ ၾကမ္းတမ္းေသာ ခရီးလမ္းမွာ သူ႔သားသမီးေတြ ေလွ်ာက္လွမ္းရမွာ စိုးရိမ္ ေသာက ျဖစ္ရသည္လည္းပါသည္။ ဘဝတက္လမ္းဆိုတာ ေဝလာေဝး၊ ဘဝ ရပ္တည္ေရးကိုပင္လွ်င္ မ်က္ကလဲဆန္ပ်ား လုပ္ေနရေသာ သူတို႔ဘဝ လြတ္ ေျမာက္ရာ လမ္းကို ေမွ်ာ္မွန္းရာမွ သက္ျပင္းခ်ရသည့္ အႀကိမ္ မ်ားလွေၾကာင္းလည္း ငေတာ ေတြးမိသည္။

စိတ္ဓာတ္က်၍ စိတ္ပ်က္၍ ေနာက္ဆုတ္ ဘုတ္ထိုင္ ထိုင္ေန၍ ျဖစ္မလား။

ဘာပဲ ႀကဳံေတြ႕ႀကဳံ ေတြ႕၊ ဘာပဲ ျဖစ္ေနျဖစ္ေန ေနာက္ဆုတ္ ဘုတ္ထိုင္ ထိုင္ေန၍ ဘဝသည္ အဓိပၸာယ္ မရွိႏိုင္။ ဇြဲ၊ လုံ႔လ၊ ဝီရိယႏွင့္ ႀကိဳးစားမႈကို ေလွ်ာ့ခ်မရ။ သူ႔ဘဝ တစ္ခုတည္း ရပ္တည္ေရးအတြက္သာ သူ စဥ္းစားရေတာ့ မည္ မဟုတ္။ သူ႔မွာ သားမယား ရွိသည္၊ သားသမီး ရွိသည္။ ဇနီးမယား သမီးသားတို႔ အတြက္ပါ သူ ႀကိဳးစား လုပ္ကိုင္ရမည္ဟု သူ႔ ဘဝကို သူ သတိရ သည္။

သူ႔မွာ တာဝန္မ်ားစြာ ရွိသည္။ သူ႔မိသားစုအတြက္ သူ လုပ္ေပးစရာ မ်ားစြာ က်န္ေသးသည္။ ဘဝကို ႐ုန္းရင္းကန္ရင္း သူ႔မိသားစုကို ျပဳစုပ်ိဳးေထာင္ ရဦးမည္။ ေဖးမကူညီကာ လက္တြဲ ေခၚရဦးမည္။

ေျပာမည့္သာ ေျပာရ၏။ သူ႔မိသားစုဝင္ မွန္သမွ်သည္လည္း သည္လိုပါပဲ။ တတ္အားသမွ် စြမ္းအားျဖင့္ ဘဝကို ႀကံ့ႀကံ့ခိုင္ခိုင္ ရင္ဆိုင္ လႈပ္ရွားေနၾက သူမ်ားသာ ျဖစ္သည္။

သူ႔ဇနီး မိဂ်မ္း။ အပင္ပန္း အဆင္းရဲ အနစ္နာ မ်ားစြာ ခံႏိုင္ေသာ မိန္းမ။ သူ႔သား ငလုံး။ သူႏွင့္အတူ ဘဝတိုက္ပြဲကို ဦးလည္မသုန္ အင္တိုက္ အားတိုက္ ရင္ဆိုင္ ႐ုန္းကန္ေနရေသာ သားႀကီး၊ ေပ်ာ္ခ်င္ပါးခ်င္ ေမာ္ခ်င္ ၾကားခ်င္၊ ဝတ္ခ်င္ စားခ်င္၊ သြားခ်င္ လာခ်င္ေသာ အ႐ြယ္ျဖစ္သည့္တိုင္ သူ႔ ဆႏၵထက္ သူ႔ မိသားစု ဘဝကို အဓိက ထားေသာ သားႀကီး။ သားငယ္ ငခုံး၊ ေက်ာင္သားျဖစ္၍ ေက်ာင္းသားတာဝန္ ေက်ပြန္သလို အိမ္သားျဖစ္၍ အိမ္သား တာဝန္ ေက်ပြန္ေစရန္ သူ တတ္ႏိုင္သမွ် ႀကိဳးစားေသာ သားငယ္။ သမီးေလးခင္မ။ ေက်ာင္းသူေလး ျဖစ္သည့္တိုင္ အ႐ြယ္ႏွင့္ မလိုက္ေအာင္ လက္တို လက္ေတာင္း ခိုင္းေကာင္းသည့္ ကေလးမေလး။

အားလုံး အားလုံးေသာ သူ႔မိသားစုဝင္မ်ားသည္ ထမင္း တန္ဖိုးကို နားလည္သလို၊ ဘဝတန္ဖိုးကို ျမတ္ႏိုးကာ က်ရာတာဝန္မွ အားသြန္ခြန္စိုက္ လုပ္ေနၾကပါ၏။ သည္လို တက္ညီလက္ညီ လုပ္ကိုင္ေနပါက ဘဝ အခက္အခဲ၊ ဘဝ အက်ပ္အတည္းကို ဘာေၾကာက္စရာ လိုပါသနည္း။ ဘာေၾကာင့္ စိတ္ ဓာတ္ က်စရာ လိုပါသနည္း။ စိတ္ပ်က္စရာ လိုပါသနည္း။

ရရစားစား ေတာသမား လူဆင္းရဲမို႔ ႐ုန္းကန္ရတာ ဆန္းသလား မဆန္းပါ။ ေခါက္ရွာငွက္ပ်ံ ေလာကဓံ။ သစ္ငုတ္ျမင့္တုံ ျမက္ျမင့္တုံ၊ ဗုံလုံ တစ္လွည့္ ငါးပ်ံတစ္လွည့္ ျဖစ္တတ္ေသာ ေလာကႀကီးထဲမွာ တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္တြင္ ငေတာတို႔ မိသားစု၏ ဘဝ မတိုးတက္ဘူး၊ မေကာင္းစားဘူးဟု မည္သူ ေျပာႏိုင္မည္နည္း။

ေသာကဟူသည္ ေတြးသမွ်က်ယ္၏။ အပူဟူသည္ ေမြးသမွ် တစ္စတစ္စ ႀကီး၏။

အားတက္စရာဘက္မွ အနာဂတ္ကို ငေတာ ေတြးမိေသာအခါ အားတက္စရာမ်ားကို တစ္စတစ္စ ျမင္လာသည္။

သူ႔ သားသမီးေတြ အ႐ြယ္ေရာက္၊ တက္ညီလက္ညီ လုပ္၊ စီးပြားရွာက တစ္စက္က်ပ်ား ျပည့္ေသာလားသို႔ သူ ႀကီးပြားခ်မ္းသာ ႏိုင္ေၾကာင္း ငေတာ ေတြးမိေသာအခါ ခ်က္ခ်င္းပင္ ထိုင္ရာမထ ယခု ႀကီးပြားေတာ့မည့္ ပုံမ်ိဳးလို ငေတာ သေဘာ က်မိၿပီး ပူပင္ေသာက ဟူသမွ် တစ္စမက်န္ ေပ်ာက္ကြယ္ သြားသည္။

အပူကင္းေသာ ဘဝ ေတြးမိေသာ ခဏ၌ သူ႔စိတ္သည္ ၾကည္ႏူး ႐ႊင္လန္း လာၿပီး ဘဝကို အားတက္စဖြယ္ ျမတ္ႏိုး တန္းဖိုးထား ေမွ်ာ္လင့္စဖြယ္ အျဖစ္ ျမင္လာကာ ပို၍ ပို၍ အလုပ္ ႀကိဳးစားလိုစိတ္ ေပၚလာသည္။

ညဥ့္ငွက္တို႔ အစာ ရွာရင္း ခ်စ္ခြန္းတုံ႔တင္ ကယုကယင္ ျမည္သံ၊ တစ္စုံတစ္ခုကို လန႔္ပ်ံသံတို႔ ထြက္ေပၚလာသည္မွ တစ္ပါး ညသည္ တိတ္တိတ္ ဆိတ္ဆိတ္။

ဟိုေတြး သည္ေတြး ေတြးရာမွ ငေတာ အိပ္ေပ်ာ္သြားသည္။

သူ႔ နာမည္ကို ေခၚသံ နားထဲ ၾကားလာရာ ေတာသမားပီတီ ဆက္ခန္ ထထိုင္ၿပီး ပတ္ဝန္းက်င္ကို ငေတာ ၾကည့္သည္။

သူ အိပ္ေပ်ာ္သြားသည္မွာ မၾကာဟု ထင္သည့္တိုင္ လ ထြက္ေနၿပီး လေရာင္ျခည္ ေ႐ႊရည္လဲ့သည္ ႏွင္းဇာလႊာကို ထိုးေဖာက္၍ တစ္ေလာကလုံးအား ေထြးေပြ႕ထားသည္။

လဆုတ္ ရွစ္ရက္ညမွာ လသာၿပီဆိုေတာ့ အခ်ိန္မွာ သန္းေခါင္ေက်ာ္ ေရာ့မည္။

“အေဖ ႏိုးပလား၊ လေရာင္ျခည္ ၾကည္လာၿပီ”
သူ႔ကို ခပ္တိုးတိုး ေမးလာေသာ သားျဖစ္သူ ငလုံး။

“ေအးကြာ အေဖနီးေနပါၿပီ ခ်ိန္ကိုက္ႏိုးသလိုပဲ၊ လေရာင္ ၾကည္လာမွ ေတာ့ ႂကြက္ အစာရွာခ်ိန္၊ ျပန္ခ်ိန္မွာ ႂကြက္စုံပါၿပီ။ တို႔ ေထာင္ေခ်ာက္ေတြ အစအဆုံး အကုန္ သိမ္းၿပီး ျပန္ရေအာင္”

“ထပ္မေထာင္ဘူးလား အေဖ”

“ေနာက္ရက္မွ ေတာေျပာင္းယာေျပာင္း ေထာင္တာေပါ့ကြာ။ ကေန႔ည ေတာ္ရေအာင္ ခု တို႔ေထာင္ေခ်ာက္ထဲမွာ မိတဲ့ ႂကြက္ေတြကို ေဈးအမီ အေရ ဆုတ္ရ၊ ရင္ခြဲရ၊ အူကလီစာတို႔ ထုတ္ပစ္ရ၊ ႂကြက္ဆီရေအာင္ ခ်က္ရနဲ႔ဆိုေတာ့ ေဖာက္သည္အမီ အပ္ႏိုင္ေအာင္ သိမ္းဆည္းၿပီး ျပန္တာေပါ့။ မင္း မီးဖြင့္ကြာ၊ ေထာင္ေခ်ာက္ေတြ စျဖဳတ္မယ္”

ေဆာင္းအေအးဓာတ္ အစြမ္းကို ႏွင္းၾကားမွ ျဖတ္သန္း ေျပးလႊား လာေသာ ေျမာက္ျပန္ေလက ျပသသည္။ အ႐ိုးထဲ၊ အေၾကာထဲ၊ ေသြးထဲ ေရာက္ေအာင္ စိမ့္ေအးသြားသည္။ သို႔ရာတြင္ ငေတာတို႔ အေအးဓာတ္ကို မမႈ။ သူတို႔ ေထာင္ထားေသာ ႂကြက္ေထာင္ေခ်ာက္မ်ား ရွိရာသို႔ သြားကာ အဖ်ားမွ အရင္းဆီသို႔ တစ္စတစ္စ ျဖဳတ္သိမ္းလာသည္။

ပဲသီးေတာင့္ခင္းမ်ား၊ ပဲနက္ခင္းမ်ား၊ ေျပာင္းဖူးခင္းမ်ား၊ ပဲတီခင္း မ်ားကို စားေသာက္ ဖ်က္ဆီး ေနၾကေသာ ႂကြက္လမ္းပိုင္ရွင္ ႂကြက္အုပ္တို႔သည္ သူတို႔ ေျပးလမ္း၊ သြားလမ္း၊ ျပန္လမ္း၌ ေထာင္ထားေသာ ႂကြက္ေထာင္ေခ်ာက္ ၏ ေမာင္းတံကို ျဖတ္ေက်ာ္နင္း၍ အစာရွာရန္ သြားေရာက္ရာမွ ေမာင္းျပဳတ္ ၿပီး စန႔္စန႔္ႀကီးမ်ားျဖစ္ကာ ေထာင္ေခ်ာက္၌ မိေနၾကသည္။ အခ်ိဳ႕ ေထာင္ ေခ်ာက္မ်ားက ေထာင္လ်က္ မိေနၿပီ။ အခ်ိဳ႕ ေထာင္ေခ်ာက္မ်ားမွာ ႐ုန္းကန္၍ လဲက်ေနသည္။ လဲက်ေနေသာ ႂကြက္ေထာင္ေခ်ာက္ မ်ားကို သတိထား၍ ၾကည့္သည္။ ေႁမြကိုလည္း တစ္ခါတစ္ရံ မိေနတတ္၍ အမႈမဲ့ အမွတ္မဲ့ သြားကိုင္က ေႁမြျဖစ္လွ်င္ အကိုက္ခံ ရတတ္သည္။ ႂကြက္ေထာင္ေခ်ာက္မွ ႂကြက္မ်ားကို ျဖဳတ္ရင္း ႂကြက္ေထာင္ေခ်ာက္ သိမ္းရင္း ငေတာေရာ ငလုံးပါ ဝမ္းသာ မဆုံး။

ငေတာ ႂကြက္လမ္း ခန႔္မွန္း ေထာင္ထားသည္မွာ ေစ့စပ္ ေသခ်ာလွ သျဖင့္ ႂကြက္လမ္း၌ ေထာင္ထားသမွ် ေထာင္ေခ်ာက္တိုင္း၌ ႂကြက္မိသည္။ မိေသာ ႂကြက္အားလုံးမွာ ေကာင္ေရ တစ္ရာ့ခုႏွစ္ေကာင္။

ႂကြက္မ်ားကို ဆယ္ေကာင္တစ္တြဲ၊ ဆယ္ေကာင္တစ္တြဲစီ တြဲခ်ည္ၿပီး ႂကြက္ေထာင္ေခ်ာက္ႏွင့္ ႂကြက္တြဲတခ်ိဳ႕ကို ငေတာက ထမ္းသည္။ က်န္ ႂကြက္တြဲႏွင့္ ေတာလိုက္ပစၥည္းမ်ားကို ငလုံးက ထမ္းသည္။ ေတာလိုက္ ဘက္ထရီမီးကို ဖြင့္ကာ သားအဖ ႏွစ္ေယာက္ ႐ြာဆီ အျပန္တြင္ ညေနက ေထာင္ထားေသာ ငါးမွ်ားခ်ိတ္ရွိရာ ေတာင္ပို႔ဆီ ဝင္ၾကသည္။

ပထမဦးဆုံး ပနီသန္လ်က္ကိုင္းကို ခ်ည္ထားေသာႀကိဳးအား ငလုံးကို ငေတာက မီးထိုးျပခိုင္းသည္။

ၿပီးမွ င႐ုတ္ပင္ကို ပတ္ထားေသာ ႀကိဳးအား မီးထိုး ျပခိုင္းသည္။ ပနီသန္လ်က္ကိုင္း လႈပ္ပုံမွာ ၿငိမ့္ခနဲ ၿငိမ့္ခနဲ။

ေတာင႐ုတ္ပင္႐ိုင္းမွာ ပနီသန္လ်က္ကိုင္း ၿငိမ့္ခနဲ ၿငိမ့္ခနဲ အျဖစ္၌ ဆက္ခနဲ၊ ဆက္ခနဲ လာလာျဖစ္သည္။

ငေတာ ၿပဳံးသည္။ ထမ္းပိုးလာသ၍ ေျမေပၚသို႔ ေခတၱခ်သည္။

ပနီသန္လ်က္ကိုင္း ခ်ည္ထားေသာ ႏိုင္လြန္ႀကိဳးအား ေျဖ၍ ခပ္ျဖည္းျဖည္း ခပ္မွ်င္းမွ်င္းျဖင့္ ေတာင္ပို႔ထဲ ခ်၍ ေထာင္ထားသည့္ ငါးမွ်ားခ်ိတ္ကို ဆြဲထုတ္သည္။ ပဲလင္းေႁမြသီး ၀၀တုတ္တုတ္ႀကီးလို သ႑ာန္ ရွိေသာ လူ႔ လက္တစ္လံ ေက်ာ္မွ်ရွိမည့္ လင္းေႁမြဝါႀကီးသည္ ႐ုန္းရင္းကန္ရင္း ပါလာသည္မွာ ယက္ကန္ ယက္ကန္။

စာစီ – မီးမီး