ဒေါသနှင့်ပြောဆိုခြင်းရဲ့နောက်ဝယ်

***ဒေါသနှင့် ကျိန်ဆဲခြင်း၏ နောက်ဝယ်**📖📖📖

**************************************

ဤဇာတ်လမ်းသည် ဖြစ်ရပ်မှန်ကို အခြေခံ၍ ရေးဖွဲ့ ထားခြင်းဖြစ်ပါသည်။

အညာဒေသရှိ မြို့ငယ်လေး တစ်မြို့တွင် ကိုသာထူးနှင့် မထားစိန် ဟူသော လင်မယားနှစ်ယောက် ရှိလေသည်။

သူတို့တွင် သားသမီးသုံးယောက်ထွန်းကားခဲ့လေရာ အကြီးဆုံးသမီးနှင့် အငယ်ဆုံးသမီးတို့ကား အိမ်ထောင်ကျပြီး ဖြစ်သည်။

သူတို့သည် ၎င်းတို့၏ အိမ်ထောင်ဖက်များနှင့်အတူ သီးသန့် အိမ်ခွဲကာ နေကြသည်။

သားအလတ်ဖြစ်သူ မောင်ထိန်လင်းကား ယခုထိ အိမ်ထောင်မကျသေးပေ။
လိမ္မာလွန်း၍ အိမ်ထောင်မပြုပဲ နေခြင်းကား မဟုတ်။
အလုပ်က လက်ကြောတင်းအောင်မလုပ်သည့်အပြင် ထန်းရေလေးတမြမြနှင့်မို့ မိန်းခလေးများက မောင်ထိန်လင်းဆိုသည်နှင့် အနားပင်အကပ်ပင် မခံ… ဝေးဝေးရှောင် ကာ ပြေးကြသည်။

ဒေါ်ထားစိန်၏ သမီးနှစ်ယောက်… ယောက်ျားစောစော ရသွားသည်မှာ လည်း အကြောင်းရှိသည်။

မိခင်ဒေါ်ထားစိန်၏ လူကြားသူကြားမရှောင် မြည်တွန်တောက်တီးကာ အမြဲတစေ ဒေါသထွက်ပြီး အလိုမကျသော မိခင်၏ စိတ်နေသဘောထားများကို သူမ၏ သမီးများက ငြီးငွေ့ကာ အရွယ်မရောက်မီ လင်နောက်လိုက်ခဲ့ကြခြင်းဖြစ်သည်။

ဒေါ်ထားစိန်၏ ယောက်ကျား ဦးသာထူးကား လူအေးတစ်ယောက်ဖြစ်သည်မို့ မိန်းမဖြစ်သူဘာပြောပြော ဘာလုပ်လုပ် ကောင်းသည်ဆိုးသည် ဝေဖန်မှုမပြုပဲ သတင်းစာလေးတစ်စောင်နှင့်သာ အေးရာအေးကြောင်း နေတတ်သည်။

အညာနွေပူပူ၌ နွေ…ဥဩငှက်လေးများ၏ တွန်ကြူးသံများကား လွမ်းမောချင်စရာ ကောင်းလှပေသည်။
မန်းကျည်းပင်ကြီး ၏ အာဝါသ အရိပ်အောက်ရှိခုံလေးပေါ်တွင်… မျက်မှန်ကြီးတပ်ကာ သတင်းစာ ဖတ်ရင်း… ဦးသာထူးတစ်ယောက် ငိုက်မြည်းစပင် ပြုနေသည်။

” ကိုသာထူး… တော့.. ကိုသာထူး”
နေ့ခင်းဖက် ဥဩသံချိုများကြားမှ….  ဒေါ်ထားစိန်၏ ခုနှစ်ချီ အော်သံကြီး သည်… အညာနွေခေါင်ခေါင်တွင် …နေ့ခင်းကြောင်တောင် မိုးကြိုးပစ်ချသည့် အလား ….ကျယ်လောင်စွာ ထွက်ပေါ်လာရာ

ကျိ…ကျလိ… ဖတ်…ဖလပ်…

မန်ကျည်းပင်ပေါ်မှ အရိပ်ခိုနေကြသော ငှက်တစ်သိုက်ပင် အလန့်တကြား ထပျံသွားကြလေသည်။

” ဟ..ဘာတုန်းဟ..ထားစိန်ရ… နင့်မလဲ အော်လိုက်တာ လိပ်ခေါင်းထွက်မတတ်…. ငါနားမကန်းသေးပါဘူးဟ… ပတ်ဝန်းကျင်ကိုလည်း အားနားဦး… တစ်ရပ်ကွက်လုံး မင်းအသံချည်းပဲ… “

” အမလေးတော်… ကိုယ့်ထမင်း ကိုယ်စားတာ ဘယ်ပတ်ဝန်းကျင်ကို ဂရုစိုက်ရမှာလဲ…

တစ်ရပ်ကွက်လုံး ကျုပ်ကျေးဇူးကင်းတာ မဟုတ်ဘူး… ရှင်အပါအဝင်ပေါ့…

ရှင်ကတော့ သူတော်ကောင်းကြီးပေါ့လေ….
ခုလဲ ရှင့်သား ထိန်လင်း ကျုပ်အိတ်ထဲက ငွေတစ်သောင်းနှိုက်သွားပြန်ပြီ…
ရှင့်သားကို ရှင်မဆုံးမတော့ဘူးလား…
တကတည်း သားအဖတွေ ကျုပ်လုပ်စာ လဲ အခန့်သားထိုင်စားနေကြသေးတယ်…
ခိုးကလဲ ခိုးသေး…
အမလေးအရပ်ကတို့ရဲ့ မိထားစိန် ဝဋ်ကြွေး ကြီးပုံကို ကြည့်ကြပါဦးတော်ရေ့… “

” တော်စမ်းထားစိန်… မင်းပါးစပ်ပိတ်ထားလိုက်တော့….မင်းငွေကို ငါဘယ်တုန်းက ခိုးဖူးလို့လဲ..
ငါတစ်သက်လုံး မင်းကို ရှာကျွေးလာတုန်းကတော့ အသံမထွက်ခဲ့ပါလား….ဟင်…
မင်းအခု ငွေတိုးပေးနေတဲ့ ငွေတွေကလဲ ငါပင်စင်ယူတုန်းက ရတဲ့ လုပ်သက် ချီးမြှင့် ငွေတွေ ဆိုတာ မမေ့နဲ့….
ငါခု ပင်စင် ယူတာ လပိုင်းပဲ ရ်ှိသေးတယ်…
မင်းလေသံက ပြောင်းလာပြီ…..
မင်းသိထား ဖို့က ငါ့ပင်စင်လစာနဲ့ ငါတစ်ကိုယ်တည်း.. စားလောက်တယ်….
မင်းနစ်နာမယ်ထင်ရင် ဒီလကစပြီး…မင်းငါ့ပင်စင် လစာ တစ်ပြားမှ မထိနဲ့…..
ငါလည်း မင်းချက်တဲ့ ထမင်းဟင်း မစားဘူး…
ရှင်းလား ထားစိန်…. “

မှန်ပါသည်…ဦးသာထူးသည် ယခင်က လူဝင်မှု ကြီးကြပ်ရေးရုံး ( လဝက) မှာ စာရေး ဖြစ်ကာ ပင်စင်ယူသည်မှာ သုံးလစွန်းစွန်းသာ ရှိသေးသည်။
ဦးသာထူး အလုပ်လုပ်စဥ်က သူ၏ ရုံးမှ ကြားပေါက်ဝင်ငွေများလည်း အခါအားလျော်စွာ ရတတ်လေရာ မိသားစု အတွက် ငွေးကြေးဖူလုံသည်ဟု ဆိုရပေမည်။

သို့သော် လောဘကြီးသူ ဒေါ်ထားစိန်က ဦးသာထူးပေးအပ်သမျှငွေကို…. မိမိတစ်ယောက်တည်း သိမ်းဆည်းကာ… ဦးသာထူး ကွယ်ရာ၌ မိသားစုအား ဖြစ်သလို ပင်…. ချက်ကျွေးလျှက် သမီးနှစ်ယောက်ကိုလည်း ပညာတစ်ပိုင်းတစ်စနှင့် ကျောင်းမှ ထွက်စေပြီးနောက်…..
အကြီးမအား ကွမ်းရွက် ဒိုင်တွင် လည်းကောင်း… အငယ်မလေးအား လည်း ကုန်စည်ဒိုင်တစ်ခုတွင် လည်းကောင်း အလုပ်လုပ်စေသည်။

ဦးသာထူးက သမီးများအား ပညာတတ်ဖြစ်စေချင်သော်လည်း ဒေါ်ထားစိန်၏ ဇွတ်တရွတ် စီမံမှုကြောင့် ကလေးများပညာရေး…ကံခေ ခဲ့ရရှာသည်။
ပြောပြန်လျှင်လည်း ထားစိန်ကာ ငိုယိုကာ မိမိကိုယ်ကို သတ်သေမည်ဟု ခြိမ်းခြောက်တတ်သေး၏။

သမီး နှစ်ယောက်ကိုလည်း ကျောင်းမှ နှုတ်ထွက် ပြီးမှ ကိုသာထူးအား အသိပေးခဲ့သည်။
ကိုသားထူးကား သမီး နှစ်ယောက် အတွက် ရင်နာလို့ ပင် မဆုံးချေ။

သားဖြစ်သူ ထိန်လင်းကား ဒေါ်ထားစိန်က အလွန်အလိုလိုက်သဖြင့် အတော်ပင် ဆိုးသွမ်းလာခဲ့ လေသည်။
ကျောင်းမှ ရန်ဖြစ်ကာ ……ကျောင်း ထွက်လိုက်ရပြီးနောက် အပြင်လောကရောက်သော အခါ သာ၍ပင် ဆိုးသွမ်းသွားခဲ့လေသည်။

သို့သော် ထိန်လင်းက ဖခင်ဖြစ်သူ ဦးသာထူး ကိုတော့ ကြောက်ရသည်။

လူမှန်လူအေး ဦးသာထူးကား တော်ရုံ သိပ်မပြောပေ။
ဦးသာထူး ဒေါသထွက်လျှင်ကား မလွယ်ပေ။

တစ်ခါကလည်း ထိန်လင်းတစ်ယောက် လမ်းထိပ်တွင် မူးရူး သောင်းကျန်းနေသဖြင့် ဦးသာထူးက လိုက်သွားကာ တားမြစ်သော်လည်း မရသဖြင့် သားဖြစ်သူအား ဆွဲထိုးလေရာ ထိန်လင်းတစ်ယောက် နှာနုရိုး ကျိုးသွား၏။
ဦးသာထူးက ငယ်ကတည်းက လက်ဝှေ့ဝါသနာ ပါကာ အပျော်တမ်းလက်ဝှေ့ ကစားသမားတစ်ယောက်လည်း ဖြစ်ခဲ့ဖူးသည်။
ထိန်လင်းလဲ ဖခင်ဖြစ်သူ၏ လက်စကို မြည်းစမ်းဖူးပြီး နောက်ပိုင်း ဖခင်ရှေ့၌ ဂျိုမထောင်ရဲတော့ပေ။
ဖခင်ဖြစ်သူ၏ လက်စကြောင့် နှာနုရိုးပင် ပေးဆပ်ထားရသည် မဟုတ်ပေလော။

🎶🎶အလင်းရောင်….အလင်းရောင်….သန်းခေါင်ယံညနက်ထဲ….ကြယ်စင်များလည်း အ်ိပ်စက်…..အလင်းရောင်… အလင်းရောင်…
ရင်ခုန်သံတွေ နီးစပ်ပါရစေ…အချစ်ရေ…🎶🎶🎶

” ဟေ့ကောင် ထိန်လင်း”
“ဗျာ”
ထိန်လင်း သီချင်းသံပင် မဆုံးသေးး…ဖခင်ဖြစ်သူ ခေါ်သံကြောင့် အိမ်ပေါ်သို့ ကုတ်ကုတ်လေး တက်လာသည်။
” မင်း…အမေပိုက်ဆံအိတ်ထဲက ငွေ တစ်သောင်း မင်းယူသွားတာလား….”

“ဟုတ်အဖေ… သားသူငယ်ချင်းအမေ… ဒေါ်မြင့်… ဆုံးလို့ အသုဘကူငွေ ထည့်မို့ယူသွားတာ…. အမေ့ကို မတွေ့တော့ မပြောလိုက်ရဘူး… ပြန်လာမှ ပြောမယ်ဆိုပြီး…”

” ​ဩ သားရယ် အမေ့ကို ပြောရောပေါ့… မင်းလဲ အလုပ်လေးဘာလေး ရှာဦး… ”
ဒေါ်ထားစိန်က လေပြေလေးနှင့် ဝင်ပြောလေရာ

” အေး…မင်းရဲ့သား ရှေ့မှာတော့ တစ်မျိုး…ကွယ်ရာကျ တော့ ဘီလူးဆိုင်းတီးနေ…. ဒါကြောင့် ဒီကောင် ဒီလို ဖြစ်နေတာ…. အသက်ကကြီးနေပြီ….ငါ့ရုံးမှာ နေရာလပ်လေး ရှိလို့ သွင်းပေးမယ် ဆိုတော့ နေ့စားမို့ မလုပ်ချင်ဘူး…ဘာညာ…နဲ့… ဟင်းး…. တစ်နေ့တော့ ခက်ဦးမယ်….”

ဦးသာထူးလဲ ပြောဆိုကာ အိမ်ရှေ့ဘက်သို့ ထွက်သွားသည်။

ထွက်ခါစလမင်းလေသည်… ည၏ အလှကို စတင်အသက်သွင်းပေးနေသယောင်ပင်…..
ဦးသာထူးက မန်ကျည်းပင် အောက်ရှိ ခုံလေးပေါ်တွင် ထိုင်ကာ စိတ်မှ သရဏဂုံ အား အကြိမ်ကြိမ်ရွတ်ဆို ပွားများလျှက် ရှိနေသည်။

ဂီးး….ဂစ်
ငှက်ဆိုးတစ်ကောင်က ဒေါ်ထားစိန်အိပ်ယာဘေး ဖွင့်ထားသော ပြတင်းပေါက်အနီးမှ..အော်ကာ ဖြတ်ပျံသွား၏။
ဒေါ်ထားစိန်ကလည်း… $ကျက်သရေတုံးတဲ့ငှက်… ငါ့အခန်းဘေး လာအော်နေတယ်…. ဟင်း…ဟ်ို ငရုတ်သီး သည် မသာမကလည်း ငွေက်ို ယူပြီး ပြန်ကို မပေးနိုင်ဘူး… အိမ်က အယွမ နှစ်ယောက်လဲ…လင်ယူပြီး…မအေကို တစ်ပြားမှကို မအပ်ကြဘူး…. အိမ်က..ဟိုသေချင်းဆိုးကြီးကလည်း…ပင်စင်ယူပြီး ထိုင်စားဖို့လောက်သိတာ…အမြန်သေနားအေး…. အသေဆိုးနဲ့ သေပါစေတော်…. ဟု ရွတ်ဖတ်ကာ ဖွင့်ထားသော ပြတင်းပေါက်အား ဆောင့်ကြီး အောင့်ကြီး ပိတ်လိုက်သည်။

ဒုန်း…

တိတ်ဆိတ်နေသော ညချမ်းလေးတွင် ပြတင်းပေါက်ဆောင့်ပိတ်သံသည် ကျယ်လောင်စွာ မြည်ဟီးသွားလေရာ

ဩ….ထားစိန်…ထားစိန်… အသက်ကသာ ကြီးလာတာ လောဘ.. ဒေါသ တွေချည်းပါလား….
ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရား…ယနေ့ကျွန်ုပ် ပြုခဲ့သော ဒါနကုသိုလ် ဆောက်တည်ရသော သီလကုသိုလ်… ပွားများရသော ဘာဝနာ ကုသိုလ် တို့သည် ကျွန်ုပ်၏ ဇနီးဖြစ်သူ ထားစိန်အပေါ်တွင်လည်း… ထပ်တူကုသိုလ် ရပါစေသတည်း…..
လူနတ်..ဗြဟ္မာ သတ္တဝါ အားလုံး ​နှင့်တကွ….မြင်အပ် မမြင်အပ် ဝေနေယျ…သုခိတ…ဒုက္ခိတ ပုဂ္ဂိုလ် သတ္တဝါ  အားလုံး အား အမျှပေးဝေပါကုန်၏…. ဤ မန်ကျည်းပင်ကြီးတွင် နေထိုင်ကြပါကုန်သော ရုက္ခစိုးနှင့်တကွ မမြင်အပ်သော ပုဂ္ဂိုလ် များအားလုံးလဲ…ကုသိုလ် ထပ်တူ ရကြပါစေသတည်း…
(ကုသိုလ် အမျှ..အမျှ…အမျှ
ယူသော် မူကြပါ ကုန်သော်..
သာဓု…သာဓု….သာဓု)၃

ဦးသာထူး၏ အမျှဝေသံအဆုံး၌ ကောင်းကင်ရ်ှိ လမင်းကြီးသည် ထိန်လင်းစွာ ထွက်ပေါ်လာသည်။
လေနုအေးအချို့၏ ညင်ညင်သာသာ တိုက်ခတ်မှုကြောင့် မန်ကျည်းပင် ဂိုဏ်းဖျား အချို့ အသာအယာ လှုပ်ခတ်သွားကာ ဦးသာထူး၏ အမျှဝေမှုကို အသိအမှတ်ပြု ခေါင်းငြိမ့်နေသယောင်ပင်။

ကုသိုလ် စိတ်နှင့် နေသော သူတော်ကောင်းတို့၏ ပတ်ဝန်းကျင်သည်..  တရားရိပ်ကြောင့် ပင် သာ၍ အေးချမ်းသည်ဟုပင် ထင်ရ၏။

ညပုရစ် ကောင်လေးများ၏ တစီီစီ အော်သံမှလွဲ၍ ပတ်ဝန်းကျင်တစ်ခုလုံးသည် တိတ်ဆိတ်နေပေပြီ။
ဦးသာထူးတစ်ယောက် သူအိပ်နေကျ ဘုရားခန်း၌ တရားထိုင်ကာ မေတ္တာဘာဝနာ ပွားများလျှက် ရှိနေသည်။

အိမ်ထဲ၌ ထိန်လင်း နှင့် ဒေါ်ထားစိန်တို့ ၏ ဟောက်သံကား အပြိုင်အဆိုင်ပင် အခန်းနှစ်ခန်းမှ အလုအယက် ထွက်ပေါ်လျှက် ရှိသည်။

” ကိုသာထူး…. ကိုသာထူး…ကျုပ် အပြင်သွားလိုက်ဦးမယ်…  တော်… ထမင်းဟင်းချက်ထားလိုက်”

” ဥပုသ် နေ့ကြီး ဘယ်သွားမလို့လဲ ထားစိန်…. ငါနဲ့ တစ်ခါတစ်လေ ဘုန်းကြီးကျောင်း လိုက်ခဲ့ပါလား…ဒီနေ့ ဥပုသ် ရအောင်ယူပါလား ထားစိန်”

” အမလေးတော် သူတော်ကောင်းကြီး…တော်ပဲယူပါ… ဟိုငရုတ်သီးသည်မ… အပါးဝပြီး ပိုက်ဆံမပေးလို့…  သွားတောင်းမို့… ဒင်းက ဒီနေ့ စျေးပိတ်ရက်ကို အပြင်မှာ ရောင်းတယ်… ကျုပ်သွားတောင်းမှရမယ်… မရလဲ ရှိတာ သိမ်းလာရမယ်…ထားစ်ိန်တဲ့ တစ်စိန်ထဲ ရှိတယ် “

” အကုသိုလ် များလိုက်တာ ထားစိန်ရယ်… မင်းမလဲ…သူများပစ္စည်းကို မတရား မသိမ်းပါနဲ့..  အဆင်ပြေတော့ ပေးလိမ့်မပေါ့”

“ဩ…  တော်က တော့်မယား မို့ လိုက်နာနေတာလား…  အ့ာဟာမ ဘက်က… ဟုတ်တယ် တော်ရေ့… ကျုပ်က အကုသိုလ်မ..တော်ကသာ.. မကြာခင် အသေဆိုးနဲ့ သေမယ့် မသာကြီး…. ခြေပြတ်လက်ပြတ် နဲ့ ကို သေပါစေတော်”

ဟု ခုနှစ်ချီ အသံကြီးဖြင့် အော်ကာ ခြေဆောင့်ကာ ထွက်သွားလေသည်။

” ထားစိန် ဘေးကင်းပါစေ… သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေ… အဆင်ပြေပါစေ”
ဒေါ်ထားစိန် အပြင်သို့ သွားတိုင်း ဦးသာထူး ဝတ္တရား မပျက် ဆုတောင်းပေးနေကျ စကားလုံးများသာ…..
ဒေါ်ထားစိန်က ဤ သည်ကိုမသ်ိပါချေ။

ဟဲ့ ဆိုင်ကယ် သမား… စျေးကို ကယ်ရီ သွားမယ် ဘယ်လောက်လဲ….

ဒီနေ့ ဥပုသ် နေ့ မို့ ကုသိုလ် ပြုမလို့ …ပေးစရာ မလိုဘူးအန်တီ… ကျတော် လိုက်ပို့ပေးမယ်…. ဥပုသ် နေ့ဆို ဘုန်းကြီးကျောင်းသွားသူတွေများကြတော့ ကျတော့်က ဥပုသ် နေ့တိုင်း အခမဲ့ ပို့နေကြပါ….

အမလေးတော်… သူတော်ကောင်းတွေနဲ့ချည်းလာတိုးနေတယ်…. သာဓုသာဓုသာဓုပါ တော်… မပေးရတော့ ငါ ငွေကုန် သက်သာတာပေါ့…ဟု စိတ်မပါ..တပါ ပြောရင်း…..

ကိုသာထူး…ဒင်းသာ… အလုပ်ရှာလုပ်ရင်..ငါဒီလို လုပ်စရာတောင်မလိုဘူး….ဒင်းက လုပ်နိုင်ကိုင်နိုင်ပါသေးတယ်…တမင်အလုပ်မလုပ်ချင်လို့ ပျင်းပြီး…ဘုရားတရား လုပ်ချင်ယောင်ဆောင်နေတာ…
ဟု ဒေါ်ထားစိန် စိတ်ထဲ၌ ခင်ပွန်းဖြစ်သူအား မကျေမနပ်ဖြင့် ရွတ်ဖတ်နေသည်။
စျေးရှေ့ရောက်သောအခါ…
လှမ်းကြည့်လိုက်လေရာ ငရုတ်သီးသည် ဒေါ်အေးအား တွေ့လိုက်ရသည်မို့….

ဟဲ့ကလေး…ရပ်…ရပ် ဒီတင်ရပ်တော့… ငါဒီမှာပဲ ဆင်းမယ်….

ဟုတ်…  အန်တီ… ဖြေးဖြေး ဆင်းပါ…
အေး…အေး…..

ဒေါ်ထားစိန် အလျှင်စလို  လမ်းဖြတ်အကူး…

အန်တီ….ကားလာနေတယ်….ကား….ဟာ…တိုက်ပြီ

ကျွီ….ဒုန်း……အားးးး

ဟာ တိုက်ပြီ….တိုက်ပြီဟေ့…လုပ်ကြဦး….

ဒေါ်ထားစိန် ငရုတ်သီး သည်အား တွေ့လိုက်ရသောကြောင့် အလျှင်စလို လမ်းဖြတ်ကူးလိုက်ရာ အရှိန်ဖြင့် လာသော ကားကို မမြင်လိုက်မိချေ။

ဆန်ပိုင်းတင်ထားသော ဒိုင်နာကား အကြီးစား မို့… အရှိန်ကလည်းများ ဝိတ်ကလဲ ပါလှသည်မို့ ဒေါ်ထားစိန်၏ ခါးမှတက်ကြိတ်မိရာ ခါးတစ်ပိုင်း ပြတ်ထွက်သွားပြီး အူတန်းလန်းဖြင့်….

“ငါ… မသေချင်ဘူး… ကိုသာထူး… ဒင်းကြောင့်….  ငါသေရတော့မယ်…. ဒင်းအလုပ်မလုပ်လို့…ငါ..ဒီလုပ်လုပ်ရတာ….ဟိုကောင်မတွေ ငါ့ငွေ ပြန်ပေး….အ….အ… ငါ့ခြေထောက်…တွေ.. ပြန်..တပ်..ပေးပါ…အ..အား…”

ဟာ ဒေါ်ထားစိန်ကြီး ကားတိုက်ခံရတာဟေ့…. ငြိမ်သွားပြီ… သေပြီထင်တယ်….မသေခင် သူ့ယောက်ျားကိုတောင် ဒေါသထွက်လို့ ရွတ်နေတာဟေ့… သူ့ငွေတွေ ပြန်ပေးလို့လဲ…ပြောသွားသေးတာဟ…..

ကြည့်ရှုသူများ ဒေါ်ထားစ်ိန်ကို ကြည့်ကာ အံ့ဩကြသည်။
ဤမျှ ခါးတစ်ပိုင်းပြတ်ကာ ဝေဒနာ များကြားမှ သွေးရူးတန်းရူး ဒေါသတကြီး ရွတ်ဖတ်နေသည်ကို ကြားရသူအဖို့ အံ့ဩ ကြောက်ရွံမိကြလေသည်။

သူ၏ ခါးအောက်ပိုင်းမှာ ကား၏ အောက်တွင် ကျန်ကာ အူတန်းလန်းဖြင့်ခန္ဓာကိုယ် အပေါ်ပိုင်းက တွားသွားထွက်လာလိုက်သေးသည်။

မြင်ရသူ အဖို့ သွေးပျက်ဖွယ်ရာ မြင်ကွင်းပင် ဖြစ်သည်။

မကြာမီ သူမ၏ အလောင်းအား ဆေးရုံကြီးသို့ သယ်ယူသွားကြကာ သူမ၏ ခင်ပွန်းဦးသာထူးထံသို့ အကြောင်းကြားပေးကြလေသည်။

ဩ ထားစိန်….ထားစိန်… တယ်လဲ မိုက်မဲပါ့….
အသက်ထွက်ခါနီးတောင် ငါ့ကို ဒေါသတွေ ထွက်ပြီး ငွေတွေကို စွဲလမ်းတော့ ဘယ်လိုလုပ် ကောင်းရာသုဂတိ ရောက်ပါတော့မလဲ ထားစိန်ရယ်….

မင်းက်ို ငါ ဥပုသ် ကျောင်းခေါ်တုန်းကသာ လိုက်ရင် မင်းခုလို အဖြစ်ဆိုးနဲ့ တွေ့မှာ မဟုတ်ဘူး…
စိတ်မကောင်းလိုက်တာ ထားစိန်ရယ်… ဒီဘဝဝဋ်ကြွေး…. ဒီမှာပဲ ကြေပါစေကွာ……

ဦးသာထူးလည်း စိတ်မကောင်းကြီးစွာဖြင့် ဒေါ်ထားစိန်၏ အလောင်းအား ကြည့်ကာ သံဝေဂ ရနေလေသည်။
သူတော်ကောင်းခင်ပွန်းသည်ကို အသေဆိုးဖြင့် သေပါစေဟု ဆုတောင်းခဲ့သူ ဒေါ်ထားစိန်တစ်ယောက် ခုတော့ သူမကိုယ်တိုင်ပင် အသေဆိုးနှင့်သေရရှာလေပြီ…….
တစ်ဦးက မေတ္တာ ပို့ကာ ကျန်တစ်ဦးက ကျိန်ဆဲနေသူ….
ပူလောင်သော ဒေါသမီးကို မေတ္တာ ရေစင်သည် အနိုင်ယူခဲ့လေပြီ……
ဒေါသအပူမီးသည်…ကိုယ်တိုင်ကိုသာ လောင်မြိုက်စေလေသည်……
ဒေါ်ထားစိန်၏ စိတ်ထဲ၌ သူမ၏ ခင်ပွန်းသည်က ဘုရားကို ဟန်ပြသာ ကိုးကွယ်သည်ဟု ထင်မှတ်မိခဲ့သည်…….
သို့သော် တရားဘာဝနာ နှင့်မွေ့လျှော်နေသော သူတော်ကောင်းတစ်ဦးကို အကြိမ်ကြိမ်ပြစ်မှားမိသူအား ထိုသူတော်ကောင်းတို့က မည်မျှပင် ခွင့်လွှတ်စေမူ ကံတရားက ခွင့်မလွှတ်ပါချေ…….

ထိန်လင်းတစ်ယောက် သူ့မိခင် အသေဆိုးနှင့် သေသောအခါ အလွန်ပင် သံဝေဂရကာ မိခင်ဖြစ်သူ ရက်လည် တရားနာနေ့၌ ရဟန်းဘောင်သို့ ဝင်ရောက်သွားသည်။

အူ……ဝူးး……အူး…..
ညသန်းခေါင်းယံ အချိန်တွင် ရှည်လျားစွာ ဆွဲငင်လိုက်သော ခွေးအူသံကြောင့် ငရုတ်သီးသည် ဒေါ်အေး အလွန်ထိတ်လန့်နေမိသည်…..

အား ကျွတ်…ကျွတ်…
အရေးထဲ ဗိုက်ကနာလာ၏။
ညနေက စားထားသော ပဲဟင်းတန်ခိုးပြပြီထင်သည်….

“ကိုမြကြီး…ထ…ထဦး…ကျုပ်အိမ်သာ သွားချင်လို့…”

“ဟာ….မင်းကလဲ အရေးထဲ…. ကလေးလဲမဟုတ်ပဲ…ငါက မင်းချီးပါတာ စောင့်ပေးရမှာလား….သွား ကိုယ့်ကိုယ်သွား…..”

“ကျုပ်..  ကြောက်လို့ပါတော်…ဒေါ်ထားစိန်ကြီး..ကို ကြောက်လို့ပါ….”

“ဟိုက သေတောင် သေပြီး ဘယ်ရောက်မှန်းမသိဘူး…သွားကွာ.. အိပ်ရေးပျက်တယ်…”

ဒေါ်အေးလဲ ခင်ပွန်းအား နိုးမရသောကြောင့်… ဓာတ်မီးလေးဖြင့်… အိမ်သာသို့ အပြေးသွားရလေတော့သည်။
“အမလေး….ခုမှပဲ ဗိုက်နာ သက်သာသွားတော့တယ်….ဟူး…..”
ထိုစဥ် အိမ်သာ အပြင်၌ အသံတစ်ခုအား ကြားလိုက်ရလေသည်။
ဘတ်…ဘတ်…ဘတ်…..

ဟင် ဘာအသံကြီးပါလိမ့်.. ဒေါ်အေးလဲ အိမ်သာတံခါးအား အသာတွန်းဖွင့်ကာ.. ဓာတ်မီးဖြင့် ဟိုဒီ ထိုးကြည့် လိုက်ရာ အိမ်သာအနီး ကျောက်ဂွေ ဘေး၌ လှုပ်လှုပ်မဲမဲ အရာတစ်ခုအားတွေ့ရလေသည်။
ဘာကောင်ပါလိမ့်…  ခွေးလားမသိဘူး….
ထိုစဥ် ထိုအရာကြီးမှာ ဘတ်..ဘတ်ဟု မြည်ကာ သူမရှိရာဘက် တဖြည်းဖြည်း လာနေသည်။

ဒေါ်အေးလဲ သေချာ ဓာတ်မီးဖြင့်ကြည့်လိုက်ရာ ခါးအောက်ပိုင်းမပါသော ဒေါ်ထားစိန်က လက်နှစ်ဖက်ဖြင့် မြေကြီးအား ယက်ကာ သူမထံလာနေသည်ကို တွေ့လိုက်ရသည်။
ဒေါ်ထားစိန်၏ လက်နှင့် မြေကြီးကို အားရပါးယ ယက်ရာတွင် မြေကြီးနှင့် လက်နှင့် ရိုက်သံ ဘတ်..ဘတ် ဟူသော အသံထွက်နေခြင်း ဖြစ်လေသည်။
ဒေါ်အေးကလဲ မြင်လိုက်ရသောမြင်ကွင်းကြောင့်

“အမလေး….ထားစိန်ကြီး….မထားစိန်ကြီး….ကိုယ်တစ်ပိုင်းပြတ်ကြီးနဲ့ လာနေပြီတော့…. ကယ်ကြပါဦး…..”

ထမိန်ကျွတ်သည်ပင် မကောက်အားတော့ဘဲ ေအာ်ပြေးကာ အိမ်ပေါ်သို့ အတက်…

” ထားစိန် သရဲမကြီးလိုက်နေလို့…”

သူ့စကားပင် မဆုံးသေး ဒေါ်ထားစိန်က လျှင်မြန်သော အဟုန်ဖြင့် သူ့ဆီရောက်လာကာ လက်ကြမ်းကြီးဖြင့် သူမ၏ ခြေတစ်ဖက်အား ကိုင်ကာ လှေကားအောက်သို့ ဆွဲချခံလိုက်ရသည်။
ဝုန်း..ဒုန်း…ဒုန်း…အားးးး
ဒေါ်အေးတ ယောက် ကြောက်လန့်တကြားအော်ကာ လှေကားပေါ်မှ ပြုတ်ကျပြီး သတိပင် လစ်သွားသည်။

ဒေါ်အေး အား ပြန်လည်သတိရရန် …မနည်းပင် နှာနှပ်ယူရသည်။
သတိပြန်ရလာသော်လည်း အသိစ်ိတ်မဲ့ကာ ကြောင်တောင်တောင်ဖြစ်လျှက် သူမ၏ ခြေထောက်တွင်လည်း လက်ဖြင့် ဆုပ်ကိုင်ထားရာကြီး ထင်ကျန်နေလေသည်။

ဒေါ်အေးအား ဒေါ်ထားစိန်ခြောက်လှန့်ပုံ  သတင်းများ ပျံ့သွားကာ ဒေါ်ထားစိန်ထံ အကြွေးယူထားသူများက လည်း အလွန်ပင် ကြောက်လန့်လျှက် ယူထားကြသည့်ငွေများအား ဦးသာထူးထံ သွားရောက်ပေးကြလေတော့သည်။

ဦးသာထူးလည်း ဒေါ်ထားစိန်သတင်းကြောင့် လွန်စွာ စိတ်မကောင်းဖြစ်ရသည်။

ည၌ ဆွဲဆွဲ ငင်ငင် အူလိုက်သော ခွေးအူသံ များသည် တဖြည်းဖြည်း ဦးသာထူး အိမ်ဘက်သို့ နီးကပ်လာသည်။
ဘတ်…ဘတ်…ဘတ်
မြေကြီးနှင့် လက်၏ ရိုက်သံသည် အဆက်မပြတ်ထွက်ပေါ်နေလေသည်။
ဒေါ်ထားစိန်၏ ခါးအောက်ပိုင်းမပါသော ခန္ဓာကိုယ်ကြီးသည်..ဦးသာထူးအိမ်ရှေ့၌ ရပ်လိုက်စဥ် မန်ကျည်းပင်ပေါ်မှ အဖိုးအိုတစ်ဦးက ဆင်းလာကာ
” ဟဲ့…ကလေးမ…နင်မလာနဲ့….နင်ဒီခြံထဲ ဝင်မရဘူး….နင်ဟာ အကုသိုလ် အတော်များတဲ့သူ….နင်ယောက်ျားသာထူးက ငါတို့ကို အမြဲမေတ္တာပို့ အမျှဝေတယ်…နင်ကတော့ သူတော်ကောင်းကို ကျိန်ဆဲတယ်…ခုနင် အသေဆိုးနဲ့ သေပြီမို့လား….ခုနင် ဒီအိမ်ထဲ ဝင်မရဘူး…သွား…သွားတော့”

” အဖိုးရယ်…ကျမ…ကျမသားကို တွေ့ချင်လို့ပါ… ကျမဒီလိုသွားနေရတာ လက်တွေလဲ နာလှပါပြီ… သားလေးနဲ့ တွေ့ခွင့်ပေးပါ…”

” သွား…နင့်သားလဲ ဒီမှာမရှိဘူး… နင့်ရက်လည်နေ့မှာပဲ ပဉ္ဇင်းတက်ရဟန်းခံလိုက်ပြီ….ဒီအိမ်က သူတော်ကောင်းရဲ့ အိမ် နင်ဝင်လာလို့မရဘူး….နင့်ရက်လည်မှာ နင့်နာမည်ခေါ် အမျှဝေပေးပြီးပြီ…နင့်အကုသိုလ်များလို့ နင်မသိလိုက်တာ….သွား…နင့်နေရာ နင်ပြန်…” ဟု ဆိုကာ တောင်ဝှေးနှင့် လိုက်ရိုက်လေရာ ဒေါ်ထားစိန်လည်း ငိုယိုကာ ထွက်ပြေးရသည်။

ဒေါ်ထားစိန် ၏ ဝိဉာဏ်ကား သူမသေဆုံးသော လမ်းမကြီး၌ တဝဲဝဲ တလည်လည် ဖြစ်နေလေသည်။

ကုန်ခြောက်စာရင်းများ ပြုစုနေသော စာရေးမ လေးသည် ဆိုင်၏ မှန်တံခါး အပြင်မှပုတ်သံကြောင့် စာရင်းတွက်နေရင်း မော့ကြည့်လိုက်ရာ မှန်ပြတင်းပေါက် မှန်ဘောင်အပြင်ဘက်၌ တွယ်တက်နေသော ခါးတပိုင်းပြတ်ဖြင့် ဒေါ်ထားစိန်အား တွေ့လိုက်ရာ…
အမလေး…သရဲ…သရဲမကြီးခါးပြတ်ကြီးနဲ့..ဆိုင်အပြင်မှာ….
ဟုအော်ကာ ဂိုဒေါင်ဖက် ဝင်ပြေးသည်။

ထိုဆိုင်ရှင်နှင့် အလုပ်သမားများလည်း စာရေးမအသံကြောင့် ဝရုန်းသုန်းကား ပြေးကြလေသည်။
နောက်ရက် ထိုအနီးတဝိုက် ဆိုင်များသည် နေဝင်သည်နှင့် ဆိုင်များစောစော ပိတ်ကြတော့သည်။

ဟေ့ရောင်…ဆိုင်ကယ် ဖြေးဖြေးမောင်းနော်…  ဒီလမ်းက မကောင်းဘူး…..

မင်းကလည်း ခုချိန်လာပြောနေတယ်… ပါးစပ်ပိတ်ထား…  လူမှ ကြောက်ပါတယ်ဆ်ို…..

ထိုစဥ် ဆိုင်ကယ်သည်..တစ်ဦးတစ်ယောက်ယောက် လှမ်းဆွဲသကဲ့သို့ ဆွေ့ကနဲ ယိုင်သွားရာ….ညီညီလည်း နောက်လှည့်ကြည့်လိုက်စဥ် သူ၏ ဖင်ထိုင်ခုံနောက်မှ ကယ်ရီယာ တန်းအား လက်နှစ်ဖက်ဖြင့် ခိုကာ လိုက်ပါလာသော ခါးပြတ်ဒေါ်ထားစိန်ကြီးအား တွေ့လိုက်ရာ…

အမလေး….ခါးပြတ်သရဲမကြီး.. ဆိုင်ကယ်နောက်မှာပါလာတယ်…..ဟု အော်သံကြောင့် ရှေ့မှ ဆိုင်ကယ်မောင်းသူ ညီညီ၏ သူငယ်ချင်းလဲ ဆိုင်ကယ်လီဗာအား အသားကုန် တင်လိုက်တော့သည်။
ဆိုင်ကယ်နောက်မှညီညီ၏ ယိမ်းထိုး ကန်ကြောက်မှုကြောင့် အရှိန်မထိန်းနိုင်တော့ပဲ ဓာတ်တိုင်အား အရှိန်ဖြင့် ဝင်တိုက်မိကြတော့သည်။

ဒေါ်ထားစိန်သေပြီး မကြာမီ ထိုနေရာလေး၌ လူငယ်နှစ်ဦး ညဘက်ကြီး ဆိုင်ကယ်နှင့် ဓာတ်တိုင် ဝင်တိုက်ကာ ပွဲချင်းပြီး သေဆုံးကြပြန်လေသည်။

ဦးသာထူးလည်း များစွာ စိတ်မကောင်းဖြစ်မိလေသည်။ ထို့ကြောင့် သံဃာတော်များအား ပင့်ဖိတ်ကာ ထိုလမ်းဆုံ နေရာလေး၌ ပရိတ်ရွတ် တရားနာကာ ဒေါ်ထားစိန် နာမည်အား အကြိမ်ကြ်ိမ်ခေါ်ကာ အမျှပေးဝေကြ၏။

တစ်ည ဦးဇင်း နန္ဒိယ သည် မိမိအခန်းထဲ၌ တရားစာများ ဖတ်ရှုကာ ငိုက်မြည်းနေစဥ်..

.”.ဘတ်..ဘတ်.. ဘတ်”

ဟူသော အသံအား ကျောင်းဆောင်အရှေ့မှကြားရလေသည်။
ဦးဇင်း နန္ဒိယ လည်း ဘာအသံပါလိမ့်ဟု တွေးရင်း တံခါးဖွင့်ကြည့်ရာ မြေပြင်တွင် လက်နှစ်ဖက်ထောက်လျှက် ဆံပင်များရှေ့သို့ကျနေကာ ရုပ်ပျက်ဆင်းပျက်ဖြင့် ခါးအောက်ပိုင်းမပါသော မိခင်တော်စပ်ဖူးသူ ပြိတ္တာ မကြီး ဒေါ်ထားစိန်အား တွေ့လိုက်ရသည်။

ဦးဇင်း လည်း ရုတ်တရက်မို့ လန့်သွားကာ ထွက်ပြေးမည် ပြုပြီးမှပြန်၍ အသိဝင်လာကာ အိန္ဒြေဆည်လိုက်ပြီး
” ဒကာမကြီး…ဦးဇင်းဘာအကူအညီပေးရမလဲ ” ဟု တုန်တုန်ရင်ရင်ဖြင့် ဆိုလိုက်သည်။

” သားရယ်… အမေဒုက္ခ ရောက်လှပါပြီ….သားအဖေ သူတော်ကောင်းကြီး ကို ပြစ်မှား မိလို့ အမေ အသေဆိုးနဲ့ သေရတယ်…အမေ့လက်တွေလဲ နာလှပါပြီ…ကြည့်ပါဦးသားရယ်..”
ဟု ဆိုကာ သူမလက်နှစ်ဖက်အား မြှောက်ပြရာ သာမန်အရွယ်အစားထက် သုံးဆမျှ ကြီးနေသော လက်ကြီးကို တွေ့ရ၏။

“ဟိုနေ့က ကလေးနှစ်ယောက်ကလဲ အမေ အကူအညီတောင်းမို့ သူတို့ဆိုင်ကယ်နောက် လိုက်မိတာပါ…ဒါကို သူတို့က ကြောက်ပြီး မောင်းပြေး တော့ အသေဆိုးနဲ့ သေသွားကြရတာပါ..
အမေဒီဘဝမှာ မနေချင်တော့ဘူး… အမေ့ကို ကူပါသားရယ်… အကြီးမနဲ့ အငယ်မ ရဲ့သားတွေကို ရှင်ပြုပေးပြီး အမေ့ကို… အမေသေတဲ့ နေရာမှာလာခေါ်ပြီး အမျှဝေပေးပါ…ကိုသာထူးကိုလည်း ပြောပေးပါ…. ဟောဒီအမိုက်မကြီးကို ခွင့်လွှတ်ပေးပါလို့ အီး…ဟီး…ဟီး.. အမေသွားရတော့မယ်သားရေ… အမေမှာတာ မမေ့ပါနဲ့……ကွယ်”

“အမေ….အမေ….”

“ဦးဇင်း… ဦးဇင်း…  ဘာတွေယောင်အော်နေတာလဲ…”
ဘေးမှဦးဇင်းက လှုပ်နိုးသောကြောင့်… ဦးဇင်း နန္ဒိယ လဲ နိုးလာတော့သည်။
ထိုစဉ်

..ဘတ်…ဘတ်…ဘတ်..

ဟူသော မြေကြီးဖြင့် လက်နှင့် ယက်သော အသံကို ကြားလိုက်ရပြီး ထိုအသံသည် တဖြေးဖြေး ဦးဇင်းနန္ဒိယ ၏ ကျောင်းဆောင်နှင့် ဝေး၍ သွားလေသည်။
မကြာမီ….ကွယ်လွန်သူ …ဒေါ်ထားစိန်အား ရည်စူးကာ သူမ၏ မြေးနှစ်ယောက်အား … ရှင်ပြုပေးလိုက်ကြသည်။

ထိုရှင်ပြုပွဲ ပြီးစီးသွားသောအခါ ဦးသာထူးကလည်း သာသနာ့ဘောင်သို့ အပြီး ဝင်ရောက်ကာ  ရဟန်းခံလိုက်သည်။

ဦးသာထူးသည် သာသနာ့ဘောင်သို့ မဝင်ရောက်မီ သူ၏ ပိုင်ဆိုင်သော အိမ်ကိုလည်း  ရောင်းချကာ သမီးနှစ်ယောက်အား အနည်းငယ်စီခွဲဝေပေးပြီး ထိုမြို့၏ မနီးမဝေး ၌ ရှိသော စေတီတစ်ဆူတွင် ဒေါ်ထားစိန်နာမည်ဖြင့် ဇရပ်တစ်ဆောင် ဆောက်လုပ် လှူဒါန်းလိုက်သည်။

ထိုဇရပ်၌ တရားဘာဝနာ ကျင့်ကြံပွားများနေကြသော ရဟန်းနှစ်ပါးကိုလည်း အခါအားလျှော်စွာ ဖူးတွေ့ကြရလေသည်။

ကြာခဲ့ပါပြီ….ရာသီစက်ဝန်းတစ်ခုပြီးတစ်ခု ကုန်ဆုံးကာ ကာလ အလီလီရွေ့လျားခဲ့လေပြီ။

ယခုချိန်တွင်မူ ထိုမြို့လေး၌ ဒေါ်ထားစိန်သေဆုံးခဲ့ဖူးသော ထိုနေရာလေးသည်လည်း နေ့နေ့ညည ပြန်လည်စည်ကားလျှက် ရှိပြီး မည်သည့် ခြောက်လှန့်သံကိုမျှလည်း မကြားရတော့ပါချေ။

လေးစားလျက်
စာရေးသူ Nan Kyarnyoအား😍