နုတ်မစောင့်၍ပျက်စီးရ

*နှုတ်မစောင့်က ပျက်စီးရ*📖📖📖(စ/ဆုံး)
—————————————

တစ်ခါတုန်းက မြို့တစ်မြို့မှာ သူတစ် ပါး မကောင်းကြောင်း အတင်းအဖျင်းတွေ လိုက်ဖွတတ်တဲ့ ဒေါ်ဘုမဆိုတဲ့အမျိုးသမီးတစ်ယောက် ရှိသတဲ့ကွယ်။ သူဟာ သူတစ်ပါးရဲ့ အားနည်းချက်၊ မကောင်းကွက်တွေ ကို ရှာဖွေစပ်စုပြီး ပုံကြီးချဲ့ ပြောဆိုတတ်သလို အလွန် ခင်မင်ကြတဲ့ မိတ်ဆွေတွေကြား ကုန်းချောကုန်းတိုက် တတ်သူဖြစ်လို့ ခဏခဏ ရုံးရောက်ဂါတ်ရောက်တဲ့ထိ ဖြစ်ရသတဲ့ကွယ်။

ဘယ်လောက်ပဲ အမှုပြဿနာတွေကြုံရ ကြုံရ ဒေါ်ဘုမဟာ အတင်းအဖျင်းပြော ကဲ့ရဲ့တတ်တဲ့ ဝါသနာကို မစွန့်လွှတ်နိုင်ဘူးတဲ့ကွယ်။ သူ့အကြောင်းကို သိကြတဲ့ သူ့ပတ်ဝန်းကျင် က လူတွေဟာ သူ့ကို အပေါင်း အသင်းတောင် မလုပ်ကြပေမဲ့လည်းသူဟာနောင်တမရဘဲအရင်လိုပဲ ပြဿနာတွေရှာနေတာပေါ့ကွယ်။ အဲဒီမြို့ ရဲ့ တရားသူကြီးဟာ ဒေါ်ဘုမကြောင့် ဖြေရှင်းရတဲ့အမှု ပြဿနာတွေများလွန်းလို့ စိတ်ညစ်နေရသတဲ့ကွယ်။

နောက်ဆုံးတော့ တရားသူကြီးဟာ ဆုံးမလို့ လည်းမရ၊ ဥပဒေနဲ့ သတိပေးလို့လည်းမရတဲ့ ဒေါ်ဘုမ ကို မြို့ စားမင်းထံ တိုင်ကြားလိုက်တော့တယ်။

မြို့စားမင်းလည်း ဒေါ်ဘုမကို-
“အတင်းမပြောရ၊ ကုန်းချောစကားမပြော ရ။ ပြောလျှင် နယ်နှင်ဒဏ်ပေးမည်”လို့ အမိန့်ချလိုက်ရ တော့သတဲ့ကွယ်။ ဒီတော့ အတင်းအဖျင်းမပြောဘဲ မနေနိုင်တဲ့ ဒေါ်ဘုမဟာ နေမထိ ထိုင်မသာနဲ့ စိတ် မချမ်းမသာဖြစ်နေတာပေါ့။ ဒါနဲ့ သူဟာ သူ့ အကျင့်ကို မဖျောက်နိုင်တဲ့အတွက် ဈေးကနေ ကြက်တူရွေး တစ်ကောင်ဝယ်ပြီး သူပြောချင်တဲ့ အတင်းအဖျင်းစကား တွေကို ကြက်တူရွေးဆီ ပြောပြသတဲ့။

သူပြောတဲ့အကြောင်း တွေထဲမှာ နယ်နှင်ဒဏ်ပေးမည်လို့ အမိန့်ထုတ်ထားတဲ့ မြို့စားမင်းအပေါ် မကျေနပ်ချက်တွေလည်း ပါနေတာပေါ့ ကွယ်။ သူ့ဝါသနာအတိုင်း သူပြောချင်တဲ့ စကားတွေကို ကြက်တူရွေးဆီပြောရင်း အချိန်တွေကြာလာတာကိုဒေါ်ဘုမ က သတိမထားမိဘူးတဲ့ကွယ်။ ဒီလိုနဲ့ တစ်နေ့မှာ မြို့စားမင်း ဟာ မြို့ထဲလှည့်လည်ရင်း အတင်းအဖျင်းပြောရတာဝါသနာ ပါတဲ့ ဒေါ်ဘုမနေထိုင်ရာရပ်ကွက်ထဲ ရောက်လာခဲ့တယ်။

အဲဒီအခါဒေါ်ဘုမရဲ့ ကြက်တူရွေးဟာ လှောင်အိမ်ထဲကနေ-
“အသုံးမကျတဲ့ မြို့စားမင်း။ အသုံးမကျတဲ့မြို့စား မင်း…” လို့ ထအော်လေသတဲ့ကွယ်။ မြို့စားမင်းလည်း ကြက်တူရွေးရဲ့စကားကို ကြားတဲ့အခါ အလွန်တရာအမျက် ထွက်ပြီး အမှုထမ်းများကို စုံစမ်းခိုင်းတာပေါ့။ မြို့စားမင်းဟာ အကြောင်းစုံသိသွားပြီး ဝါသနာကို မစွန့်လွှတ်နိုင်တဲ့ ဒေါ်ဘုမ ကို မြို့ကနေ အပြီးတိုင် နှင်ထုတ်လိုက်တော့သတဲ့ကွယ်။

အဲဒီအချိန်ကစပြီး မြို့စားမင်းရဲ့မြို့မှာ အတင်းအဖျင်းပြောတဲ့ သူ တစ်ယောက်မှ မရှိတော့ဘူးတဲ့ကွယ်။ မြို့ကလူတွေဟာ တစ်ယောက်ရဲ့ အားနည်းချက်၊ လျှို့ဝှက်ချက်၊ မကောင်းကွက် တွေကို အပြစ်မဆိုဘဲ အချင်းချင်း ကူညီရိုင်းပင်းစိတ်နဲ့နေထိုင် ကြတဲ့အတွက် မြို့သူမြို့သားအားလုံး စိတ်အေးချမ်းသာစွာ နေထိုင်သွားကြသတဲ့ကွယ်။