နွားမျောချောင်းမှအော်သံများ

နွားမျောချောင်းမှအော်သံများ(စ/ဆုံး)

—————————————

အဖြစ်အပျက်လေးကာတော့ ကြာခဲ့ပြီဗျ။ကြာပြီဆိုပေမယ့် ကျွန်းလှရွာလေးမှာတော့ အခုထိ လူတိုင်းယုံကြည်နေသေးသည့် ရှေ့မှီနောက်မှီလူကြီးများရဲ့ ရှေးရိုးစွဲထုံးတမ်းကြီးကကျွန်းလှရွာလေးကို အကျည်းတန်စေ၏။မြောက်မှာ စပါး တောင်မှာ ငါး လို့ဆိုပြီး စာဆိုရှိခဲ့သည့်အတိုင်း ရွာရဲ့မြောက်ဘက်မှာတော့ စိမ်းစိမ်းစိုစိုနဲ့မြစိမ်းရောင် လယ်ယာမြေတွေက ကာရံထားပြီး တောင်ဘက်မှာတော့ ကျွန်းလှရွာသူရွာသားတွေအတွက်တစ်နှစ်ပတ်လုံး ငါးသားပုဇွန်တို့ကျက်
စားရာပင်လယ်ပြင်ကြီးက ဝန်းရံထားလေသည်။အချိန်ကား ညသန်းခေါင်ယံ
သက်ငယ်ခေါင်းချချိန်လောက်

“ဝေါ…. ဝေါ ဝူး….. ဝူး ”
ညဥ့်အချိန် ရွာပြင်မှ ကြားရသော အသံက လေသံလိုလို ရေသံလိုလို မသည်းကွဲ။ထိုအသံက
ကျွန်းလှရွာလေးအပေါ်မှ လွှမ်းခြုံပြီး ခဏကြာ မှလွှင့်ပြယ်သွားလေသည်။

“ကိုတင်အောင် ကိုတင်အောင် ထပါအုံး ထပါအုံးတော့ ရှင်ကလည်း”

အစ််မ မြခင်ရဲ့ အော်ခေါ်သံကြောင့် ကျွန်တော်လည်း အိပ်နေရာမှ ဆတ်ကနဲ့ လန့်နှိုးခဲ့လေသည်။

“ဟာ ဘာလဲ ဟာ”

“ရှင်မကြားလိုက်ဘူးလား နွားမျောချောင်းထဲက အော်လိုက်တဲ့သံကြီး ကို”

“ဘယ်က အော်သံလဲ မကြားမိပါဘူးဟာ
မြခင်ရာ နင် လည်း တစ်ရေးနှိုးရင် အမြဲအဲ့လို ကယောင်းကတမ်းတွေပြောနေတာဘယ်တော့မှရပ်မှာလဲဟာ ပင်ပန်းလို့ အိပ်ရေးဝဝအိပ်ရမလား မှတ်တယ် နင်က”

“ဝေါ …ဝေါ ..ဝူး…. ဝူး”

“ဝူး ..အူး.. အူး.. အူးး”

ကိုတင်အောင် စကားပြောလို့ပင်မဆုံးသေး ရှေ့မနောင်းပါပင် အော်သံကြီးက ထပ်မံထွက်ပေါ်လာပြန်လေသည်။ဒီတစ်ခါတော့ အတော်လေးကျယ်သလို အနောက်မှ အလျင်းသင့်လိုက်ပါလာသော
ဆွဲဆွဲငင်ငင်အူလိုက်သည့် ခွေးအူသံများကြောင့်ကျွန်တော် ကြက်သီးများပင် ထသွားလေသည်။ထို့နောက် အစ်မမြခင်က

“ဒုက္ခပါပဲတော်
ရွာထဲက ဘယ်သူတော့ သေအုံးမလဲမသိပါဘူး
ဘုရား ဘုရား ဘယ်သူ ဘယ်ဝါမှ မသေပါစေနဲ့ဘုရား”

“ဟာ မြခင်ရာ နင်ကလည်း မဦးမချွတ် ဘာတွေပြောနေတာတုန်း”

မိန်းဖြစ်သူ၏ အဆီအငေါ့ မတည့်သော စကားများကြောင့် ကိုတင်အောင် အနည်းငယ်တော့ စိတ်ထင့် သွားလေသည်။ထိုသို့ ကြားရသောအသံက နိမိတ်မကောင်းသည့်အလား စိုးရိမ်ပူပန်နေသောမိန်းမဖြစ်သူကို ကြည့်ရင်း ကိုတင်အောင် သက်ပြင်းချလိုက်လေသည်။ မနက်လင်းသော် ညကအဖြစ်အပျက်ကို ရွာက မိန်းမတွေ ဟိုတစ်စု ဒီတစ်စုဖြင့် ထင်မြင်ရာ ထင်ကြေးဖြင့် ပြောမဆုံးနိူင်အောင် ရှိနေကြလေသည်။ထိုအဖြစ်အပျက်တွေ ဖြစ်ပြီး သုံးလေးရက်လောက်အကြာမှာတော့….

“ဒူ..ဝေဝေ… ဝေ…. ဝေ..
ဒူ ဝေ …ဝေ ဝေ…ဝေ”

ရိုက်ချက်မှန်စွာနဲ့ အသံဆာဆာပေါ်ထွက်လာသော ကြေးစည်သံက ကျွန်းလှရွာအတွင်းမှ ထွက်ပေါ်လာလေ၏။မီးခိုးငွေ့များ တလူလူထွက်နေသည့် မြေအိုးကို ဖိုခနောင့်ပုံစံဆိုင်းကြိုးဖြင့်အရှေ့ဆုံးမှ လူကဆွဲကာ သေဆုံးသူကို သဂြိုလ်ရန် ရွာရဲ့ ဓလေ့အတိုင်း ရွာပြင်သုဿာန်ဆီသို့
သွားကြလေသည်။အဲ့လူအနောက်မှာတော့ ကြေးစည်ထုသည့် လူနှစ်ယောက် ထိုနောက်မှာ
သေဆုံးသူ၏ အလောင်းနှင့်အလောင်းစင်ထမ်းသည့် လူလေးယောက်နှင့်အတူ အသုဘပို့သူများက ရွာပြင်သခ်ျိုင်းရှိရာသို့ သေဆုံးသူအား လိုက်လံပို့ဆောင်ကြရလေသည်။ထိုအခြင်းကား ရွာတိုင်း၏ ဓလေ့ထုံးတမ်းစဉ်လာပင်ဖြစ်၏။
ရောင်စုံပန်းများဖြင့် တန်ဆာဆင်ထားသောအခေါင်းပျဥ်ပေါ်မှာတော့ မောင်အောင်စိန် အသက်(၂၉) နှစ်ဆိုတဲ့မြေဖြူဖြင့်ရေးထားသော စာလုံးလေးက ထင်ရှားစွာ တွေ့ရလေသည်။ရောင်စုံပန်းဆိုတာက ကျွန်တော်တို့ရွာမှာအလေ့ကျပေါက်တဲ့ ပန်းကိုပြောတာလေ။တစ်ချို့က စက္ကူပန်းလို့ ခေါ်ကြသလို့ တစ်ချို့ကလည်း မသာပန်းလို့လည်း ခေါ်ကြတယ်ဗျ။အရောင်က အဖြူနဲ့ ပန်းရောင်ပဲ ပွင့်တာဗျ။တစ်နှစ်မှာ ခုနှစ်လလောက်တော့ ပွင့်ကြတယ်။
သြော် အောင်စိန် အောင်စိန် မင်းတော့ ဒီဘအတွက် ဝဋ်ကျွတ်သွားတာပေါ့ကွာ ကျုပ် စိတ်မကောင်းစွာနဲ့ သက်ပြင်းချကာ မှတ်ချက်ပေးလေခြင်းပင်ဖြစ်သည်။အောင်စိန်ရဲ့ ဘဝအစက ဒီလိုဗျ
သူ့နာမည် အောင်စိန်
အောင်စိန်ဆို ကျုပ်တို့ကျွန်းလှရွာတစ်ရွာလုံးမှာ မသိသူမရှိ ကလေးကအစ
ခွေးကအဆုံး သိကြသည်။ဒီလိုဗျ ခွေးကအစသိတယ်ဆိုတာက အောင်စိန်က အရက်သမား အရက်ဆို အင်မတန်မှ ကြိုက်တဲ့သူ ပြီးတော့လည်း ခွေးသားဆို အောင်စိန်အကြိုက် အသားဟင်းဖြစ်သလို အရက်နဲ့လည်း အမြည်းအဖြစ် ခံတွင်းတွေ့နေတဲ့ မသူတော် တစ်ဦးလည်းဖြစ်သည်။ရွာမှာ
မဂ်လာဆောင် နာရေးရှိပြီဆို အောင်စိန်အတွက် အူစိုပြီလေ။နေ့မနား ညမအား နိူင်အောင် သူ့ခဗျာ
မဂ်ဆောင် နာရေးအိမ်မှာ အချိန်ကုန်အောင် အရက်သောက်သည်။ပြီးရင် တွေ့တဲ့နေရာ ထိုးအိပ်ပြီး အမူးပြေမှ အိမ်ပြန်သည်။အောင်စိန်မှာ
အဖေ အမေမရှိတော့ ရွာပြင် တဲစုတ်လေးမှာ နေတဲ့ အဘညိုနဲ့ အရီးလေးမယ်ဘွား က သနားလို့ အိမ်ပေါ်ခေါ်ထားခြင်းကြောင့် အောင်စိန် အိမ်ဆိုတာ အမည်ခံရခြင်းဖြစ်သည်။အစ်ကိုဖြစ်တဲ့ ပွကြီး
က အောင်စိန်ဆိုနည်းနည်းလေးမှ အကောင်းမမြင် အရက်သောက်ပြီး မူးလာရင် အောင်စိန်ကို တွေ့တဲ့နေရာမှာ အကြောင်းမရှိအကြောင်းရှာပြီး
ရိုက်နှက်ထိုးကြိတ်လေသည်။ထိုအထဲတွင်ပွကြီး
မိန်းမ မိငယ်လည်းပါသည်။မိငယ်က အလောင်း
ကစားဆိုလည်း ဝါသနာထုံသည်။ဖဲရိုက်ရမယ်ဆို ထမင်းမေ့ဟင်းမေ့ မသာ၇ရက်ဆို သူက၈ရက်
ကိုပွကြီးက မိန်းမဖြစ်သူကို ဘာပဲလုပ်လုပ် မပြော ငူတူတူ ငုတ်တုတ်နေသူဖြစ်သည်။
ကိုပွကြီး အောင်စိန်ကို နှိပ်စက်ရန်လိုရသည့်အ
ကြောင်းမူကား အောင်စိန့်ကြောင့် အမေဖြစ်သူ ဆုံးပါးသွားသည်ဟု ပွကြီး
က မှတ်ယူထားခြင်းကြောင့်ဖြစ်သည်။အောင်စိန် အမေက အောင်စိန် ကိုမွေးမွေးပြီးခြင်း မီးတွင်းထဲမှာတင် ဆုံးပါးသွားခဲ့ရသည် ဒါကို သူရဲ့ မအေတူ ဖအေကွဲ အစ်ကိုဖြစ်တဲ့ ပွကြီးက
အောင်စိန့်ကြောင့် သူ့အ
မေသေရတာဟု အခဲမကြေပဲ ရန်သူအဖြစ် အမျက်တင်ခဲ့သည်။ပြီးတော့ သူတို့ညီအစ်နှစ်ယောက်က မအေတူ ဖအေကွဲလည်း ဖြစ်သည်။
အောင်စိန်က အရက်သောက်တယ်ဆိုပေမယ့် ဘယ်သူကိုမှ ဒုက္ခ မပေး မူးနေပေမယ့် ဘယ်သူ့ကိုမျှပြဿနာမရှာတတ်ပေ။

“ဟေ့ကောင် အောင်စိန် မင်းလောက် လူလိုမသိတဲ့ကောင်ကို ငါ
ညီတော်ရတာ တော်တော်ရှက်ဖို့ကောင်းတယ်ကွ မင်းသိလား”

“ဟာ ..အစ်ကို ကလည်း ကျုပ်က ဘယ်သူတွေကို လိုက်ပြီး ဒုက္ခပေးနေလို့လဲ ကျုပ်ဘာသာ ကျုပ် အရက်ကို ကြိုက်လို့သောက်တာ ကျုပ်အပြစ်ရှိလားဗျာ”

အစ်ဖြစ်တဲ့သူက ဆုံးမတယ်ဆိုပေ့မယ် အပေါ်ယံသာဖြစ်သည်။အများအမြင်မှာ မကောင်းလို့သာ ပြောဆိုနေရခြင်းသာဖြစ်သည်။သူ့ညီကိုတော့ ချစ်ရှာသည်။

“အမယ်လေး အောင်စိန်
ရဲ့ ဖြစ်မှဖြစ်ရလေဟယ်
ငါ့မောင်လေး ဒီအသက်ဒီအရွယ်လောက်မှာဒီလို
အဖြစ်ဆိုးမျိုး
နဲ့သေရလိမ်မယ်လို့ အစ်မတစ်ခါမတွေးခဲ့မိဘူး
နင်ငါတို့ကို အခုတော့စိတ်အေးလက်အေး ထားသွားနိူင်ပြီပေါ့ ဟုတ်လား အောင်စိန်
အစ်မအဖြစ်ကိုလည်း ကြည့်မသွားနိူင်တော့ဘူးလား သာဒင်ရဲ့
အဟီး.. ဟီး”

မိငယ်တစ်ယောက် ငိုကြီးချက်မနှင့် တဆာဆာဟစ်အော်ကြွေးသံက အသုဘပို့သူများကြားမှ တိုးထွက်လာလေသည်။အဖတ်မဆယ်နိူင်အောင်
ပူပင်ခြင်းသောကများနဲ့ ဝမ်းနည်းနေပုံက မြင်ရသူတို့ဖို့ မှန်စွာ စိတ်မကောင်းဖြစ်ရသည်အထိ ပူဆွေးပြနေသည်။တကယ်တော့ ဝမ်းနည်းလို့မဟုတ် အောင်စိန်သေမှ သူတို့ ဖဲဝိုင်းထောင်လို့ရမယ်လေ။
ဒီလိုနဲ့ကျွန်တော်လည်း အသုဘလိုက်ပို့ပေးပြီနောက် ညနေစောင်းရောက်တော့ နာရေးအိမ်မှာ ရက်လည်ဆွမ်းကျွေး
အတွက် ဝိုင်းကူရန်အလို့ငှာ အိမ်မှထွက်ခဲ့လေသည်။

“ဟော မောင်သာမောင်ပါလား လာလေကွယ် အိမ်ပေါ်ကို ထိုင်လေ ဒီမှာ လာပါကွယ့် ”

အရီးလေး မယ်ဘွားက ကျွန်တော့်ကို အိမ်ပေါ်သို့ ခေါ်လေသည်။အိမ်ပေါ်မှာတော့ လူကြီးတွေချည်းပဲမို့ ကျွန်တော်လည်း သင့်ရာနေရာမှ ထိုင်နေလိုက်၏။ခဏအကြာ အိမ်ပေါ်မှာ လူအနည်းငယ် ကျဲသွားလေသည်။ထိုအခါမှ ကျွန်တော် အရီးမယ်ဘွားကို စကားစပ်၍မေးလိုက်မိသည်။

“အရီးလေးဘွား”

ကျွန်တော်က ငယ်ငယ်ကတည်းက အရီးမယ်ဘွားကို အရီးလေး ဘွားလို့ပဲခေါ်တာဗျ။
ခေါ်သံကြောင့် အရီးလေးက သောက်လက်စ ပြောင်းဖူးဖတ် ကို ပါးစပ်မှ ဖွာတေးရင်း ခေါင်းညိမ့်ပြသည်။

“အရီးလေး ဘယ်လိုဖြစ်တာလဲဗျာ ရုတ်တရက်ကိုအောင်စိန်ကြီး”

အရီးလေးမယ်ဘွားက ခေါင်းတဆတ်ဆတ်ညိမ့်ရင်း သက်ပြင်းလေး တစ်ချက်ချကာ ပြီးမှ..

“သူက ရေနစ်သေတာဆိုတော့
အသေးဆိုးတယ်လို့ ပဲပြောရမှာပေါ့ကွယ်..မောင်အောင်စိန်က အရက်သောက်ပေမယ့် အရီးလေးတို့အပေါ်မှာတော့ အရပ်က ထင်သလောက်မဆိုးရှာပါဘူး အိမ်မှာဆို သူ့အလုပ်ကို သူလုပ်တယ် ထင်းခွဲ ရေဆွဲဆိုလည်း သူပဲလုပ်တာကွယ့်
ဒါပေမယ့်သူနေမယ်နေ့က အရီးလေး ကြုံခဲ့ရတဲ့
အဖြစ်အပျက်တစ်ခုတော့ရှိတယ် ဒီလိုကွယ့်”

အရီးလေးမယ်ဘွားက စကားအစချီလိုက်သည်နှင့်ဘေးနားရှိ လူကြီး ကျွန်တော်တို့လို လူရွယ်လူငယ်များကလည်း ရိုးရိုးရွရွဖြစ်သွားကြလေသည်။

“အဲ့နေ့က နွားမျောချောင်းမှာ ငါးတွေ တက်တာလေမှတ်မိကြလား”
(သြော်နွားမျောချောင်းဆိုလို့ အမည်တွင်တာက ဒီလိုဗျ
ဟိုတစ်ချိန်က အဲ့ရွာမှာ နွားတွေရောဂါဝင်တော့ လူတွေက နွားတွေသေတာများတော့ မမြှုပ်နိူင်ကြဘူး သေတဲ့နွားတွေကို ချောင်းထဲ မျောပစ်ကြတာလေ။နွားသေတွေက
ချောင်းရိုးတစ်လျှောက် ဟိုကမ်းကပ် ဒီကမ်းကပ်လိုက်နဲ့ ရေတက်ရေကျ မျောနေတာပေါ့။သေတာမှ မြင်မကောင်း အတုံးအရုံး ဘယ်သူက နွားကသေတာ ဘယ်နှစ်ကောင် စသည်ဖြင့်ပေါ့ဗျာ
အဲ့တာကို ရွာက လူတွေက ခေတ်ကာလမကောင်းတာကတစ်ကြောင်း ဗဟုသုတနည်းပါးတာကတစ်ကြောင်း နွားတွေသေတာ မရိုးဘူးဆိုပြီး တစ်ရောက်တစ်ပေါက် ထင်ကြေးပေးပြောဆိုနေကြတာပေါ့။ဒါကို ရွာက လူကြီးတွေ တစ်ဖက်ရွာက နတ်ဆရာကို မေးမြန်းတော့ ရွာကို အမှောင့်ပယောဂ ဝင်နေလို့ အဲ့လို ကပ်ဘေးရောက်တာဆိုပြီး ယတြာပေးပါလေရော။ပေးတဲ့ယတြာက ခပ်ဆန်းဆန်းဗျ ရွာရှိနွားတွေအားလုံးကို လာမည့် လပြည့်ညမှာ ရွာပြင် ချောင်းစပ်မှာ တစ်စုတည်းချည်နှောင်းထားရမယ်။သူက အဲ့ညမှာ အစီအရင်တွေနဲ့နွားတွေကို ပိုင်ရာဆိုင်ရာတွေအပ်ပေးမယ်ဆိုပြီးပြောလိုက်ပါလေရော့ ဒါကို ရွာကလူတွေက ယုံကြည်ပြီး နွားရှင်တွေက နွားတွေကို ရွာပြင်ချောင်းစပ်မှာ ကြိုးချည်တာပေါ့ အဲ့ညက ဒီရေတွေတက် တောင်ကျရေတွေ ကျပြီး
ရေကြီးတော့ ချည်ထားတဲ့နွားတွေ က ရွာပြင်ချောင်းစပ်မှာဆိုတော့ အကုန်လုံး ချောင်းရေစီးနဲ့မျောပါပြီး နောက်နေ့နွားပိုင်ရှင်တွေ ငိုပါလေရော။အဲ့နတ်ဆရာလည်း နောက်နေ့သွားကြည့်တော့ ရွာကနေထွက်ပြေးသွားတယ်တဲ့။အဲ့အဖြစ်အပျက်ကို အစွဲပြုပြီး ချောင်းကို နွားမျောချောင်းလို့ ခေါ်ခဲ့တာ ယခုချိန်ထိဆိုပါတော့ဗျာ။)

“ဟို လွန်ခဲ့တဲ့ သုံးရက်လောက်ကလေ အရီးလေး ကျွန်တော်တောင် သွားပြီး ပိုက်ချလိုက်သေးတယ် ကျွန်တော်ဆို ငါးတွေမှ ရလိုက်လိုက်တာ
အချိန်မနည်းဘူး”

“ဟေ့ကောင် ချက်ကြီး မင်းကလည်း လူကြီးတွေစကားပြောရင် ဝင်မပြောရဘူးလို့ မင်းကိုငါဘယ်နှစ်ခါပြောရမလည်း”

ဦးလေး ချစ်မောင် ကြီးက သူရဲ့တူ ချက်ကြီးကို စကားဖြတ်ပြောရကောင်းလားဆိုပြီး ဆူပြောလိုက်တာဗျ။ချက်ကြီးက ခေါင်းလေးပုသွားတယ်။

“ဟုတ် …သိတယ်လေ အရီးလေး”

“အေးအဲ့တာ သာမန်ဖြစ်ရိုးဖြစ်စဥ်မဟုတ်ဘူးကွဲ့
ဒါဟာ လူစားဖို့ တစ်နည်းအားဖြင့် လူစားလဲတာလို့လည်း ခေါ်လို့ရတယ်။ပြီးတော့ ငါးရစ်တွေဘာတွေဆိုတာ မိုးတွင်းဘက်မှ ရတာမျိုး အခုက နွေဖက် ချစ်ချစ်တောက် ပူတဲ့နွေရာသီမှာ ငါးတွေတက်တယ်ဆိုတော့ စဥ်းစားစရာဖြစ်နေတာပေါ့”

“အဲ့တာနဲ့ ကိုအောင်စိန်ကြီး သေတာနဲ့ဆိုင်လို့လားအရီးလေး”

ကျွန်တော်က အရီးလေးပြောပြနေတာတွေကို သိမ့်ပြီး မယုံကြည်ချင် လူဆိုတာ သေနေ့စေ့ရင်သေမှာပဲ ဘာလို့ မမြင်ရတဲ့ အရာတွေကို အပြစ်ပုံ ချနေရတာပါလိမ့် ဟု တွေးနေမိတယ်။

“အေး အဲ့ဒီနေ့က အောင်စိန်ငါးတွေယူလာပြီး အရီးလေးကို လာပေးတယ်။ပြီးတော့ သူက ပြောသေး”

“အမေ သား ငါးတွေ ချောင်းမှာတက်နေလို့ သွားဖမ်းလိုက်အုံးမယ်။အိမ်စားဖို့ လုံလောက်ပြီဆိုပေမယ့် ပိုပိုလျှံလျှံရှာထားတော့
မိုးတွင်း စားဖို့ ငါးခြောက်ငါးခြမ်းတွေလုပ်ရတာပေါ့လို့”

“ပြောပြီးသူအိမ်ပေါ်ကဆင်းတော့ အရီလေးလည်း အမှတ်မထင်သူရှိရာ အိမ်ရှေ့ခြံဝကိုကြည့်လိုက်မိတယ်။အရပ်ရှည်ရှည် ဆံပင်က ခါးအောက်လောက် အနီဝိုင်းဆက်နဲ့မိန်းကလေးနှစ်ယောက် ခြံဝမှာ တစ်ယောက်က
ကျောပေးပြီး ကျန်တစ်ယောက်က မျက်နှာမူလျှက် မတ်တပ်ရပ်ပြီး စကားပြောနေတာ တွေ့ရတယ်ပြီးတော့ အရီးလေးက ဟဲ့အောင်စိန် နင်ဘယ်က မိန်းမတွေ အိမ်ကိုခေါ်လာတာလည်း နင်ရှုတ်ရှုတ်ယှက်ယှက်တွေ လုပ်မလာနဲ့နော်လို့ပြောတော့ အောင်စိန်က”

“ဟာ အမေကလည်း ဘယ်ကမိန်းမလဲ ကျွန်တော်ဘာမှမရှုတ်ပါဘူးဗျာ”

“နင်သာမရှုတ်ဘူးပြောနေ ဟိုနှစ်ယောက်က အိမ်ပေါ်ရောက်တော့မယ်”

“ဘယ်ကနှစ်ယောက်လဲ အမေရ”

“ဟဲ့ နင်ရှေ့မှာလေ မတ်တပ်ရပ်ပြီး စကားပြောနေတဲ့နှစ်ယောက်ကိုပြောတာ”

“ဟာ အမေကလည်း နောက်ပြီ ဘာမှမရှိပါဘူး ကျွန်တော် သွားလိုက်အုံးမယ်တော်ကြာဆို မှောင်တော့မှာဗျ”

“အဲ့လိုပြောပြီး ပလိုင်းကို လွယ်ပြီးခြံထဲကထွက်သွားတော့ အနီဝမ်းဆက်နဲ့မိန်းမနှစ်ယောက်ကလည်း သူနောက်ကို လိုက်သွားတော့တာပဲ
မကြာပါဘူး ညနေနေစောင်းတော့ အောင်စိန် ရေနစ်ပြီးသေပြီဆိုတဲ့ သတင်း အရီးလေးနားထဲကြားလိုက်ရတာပဲ။”

“အဲ့တာ သူသေမယ့်ကံပါလို့သေရတာပါ အရီးလေးရယ်”

“အဲလိုပြောလို့လည်းမရဘူးကွ သာမောင်ရ မင်းမသိတာတွေအများကြီးပဲ အေးမင်းကတော့ ဘယ်သိမလဲ မြို့မှာ အလုပ်သွားလုပ်နေတော့”

နောက်မှ စကားပြောသံကြားတာကြောင့်ကျွန်တော်လည်ပြန်ကြည့်လိုက်မိတယ်။အောင်စိန်ရဲ့အစ်ကို ပွကြီးဖြစ်နေတယ်။

“သြော် ကိုပွကြီး ပါလား လာဗျာ ထိုင်ပါအုံး ဒီမှာ
အရီးလေးနဲ့စကားလက်ဆုံကျနေတာ ပြီးတော့
ကျွန်တော့်စိတ်ထဲမတင်မကျဖြစ်နေတဲ့ ကိစ္စ လေး
မေးစရာလေးရှိလို့ အားတော့နာပါရဲ့ဗျာ မေးရမှာကို”

“ဟာ သာမောင်ရာ မင်းတို့ငါတို့က တစ်ရွာတည်း သားတွေပဲ နှစ်အိမ်တစ်အိမ်လိုနေလာကြတာ အားနာစရာမလိုပါဘူး မေးစရာရှိတာသာမေး”

ကိုပွကြီးက လမ်းကြောင်းပေးသည်မို့ ကျွန်တော်လည်း သိလိုသည့် ကိုအောင်စိန်ကြီး သေပုံက အရီးလေးတို့ပြောသလို သွေးရိုးသားရိုးမဟုတ်တာ သေချာစေရန်အလို့ငှာ အထက်ပါအရီးလေး
ပြောခဲ့သည့်အတိုင်းမေးမြန်းလိုက်လေသည်။ထို့နောက် ကိုပွကြီးက…..

“အေးကွာ မင်းယုံမယုံတော့ မသိဘူး ငါတို့ရွာမှာ နှစ်တိုင်း လူသေတယ်ကွ သေတာကလည်း ရေနစ်ပြီးသေတာချည်း”

“ဟာ ကိုပွကြီးကတော့ လုပ်ပြီ လူတိုင်း သေမျိုးချည်းပဲလေဗျာ
လူသေတာ အဆန်းမှမဟုတ်တာ ရေနစ်လို့ပဲသေသေ တစ်ခြားရောဂါနဲ့ပဲ သေသေ လူသေတာကအဆန်းမှမဟုတ်တာ”

“ငါစကားကိုလည်း ဆုံးအောင်နားထောင်ပါအုံးကွာလူသေတာမဆန်းပေမယ် ဆန်းတာက သေတဲ့ပုံစံကွ”

“ဗျာ.. ဘယ်လို သေတဲ့ပုံစံ ဟုတ်လား ကိုပွကြီး”

“အေး ဟုတ်တယ် သေတဲ့ပုံစံ နွားမျေားချောင်းမှာ နှစ်တိုင်း လူသေတယ် အရင်နှစ်က ဦးလေး ပွားတို့လင်မယား မျိုးစပါးသယ်ရင်း လင်မယားနှစ်ယောက်စလုံး လှေမှောက်ပြီး သေတယ်။ မနှစ်က ကိုဖိုးလုံး ပြွန်ချောင်းစပ်မှာ အရက်မူးပြီး ရေထဲမှ မက်ခုံကြီး သေနေတာ ငါလှေသွားရွှေ့မှ တွေ့လို့ ရွာကလူတွေ သူ့ကို ရွာပြင်မှာပဲ အလောင်းစင်ထိုးပြီး ထားခဲ့ရတယ်။အဲ့အဖြစ်အပျက်တွေမဖြစ်ခင် သုံးလေးရက်လောက်ကဆို ရွာပြင်က ဟိုတစ်ညက ကြားခဲ့ရသလို အော်သံကြီးကြားရတာကွအဲ့
ဒီလိုပဲလွန်ခဲ့တဲ့သုံးလေးရက်လောက်က မင်းကြားလိုက်တယ်မို့လား ညဥ့်သန်းခေါင်ယံအချိန် အော်သံကြီးကို”

“သြော် မှတ်မိပြီ မှတ်မိပြီ
ကျွန်တော်ကြားလိုက်တယ် အသံအကျယ်ကြီးနဲ့အော်တာ အဲ့ညက ကျွန်တော်ဆို ပြန်တောင်အိပ်မပျော်ဘူး ခွေးအူသံတွေကလည်း အဆက်မပြတ် အူလိုက်တာကိုမှ ကြက်သီးထစရာ ကောင်းပါဘိဗျာ”

“အေးဟုတ်တယ် အဲ့တာ နွားမျောချောင်းက အော်တာကွ လူစားလဲဖို့ပေါ့”

“ဟာ…”

ကိုပွကြီး စကားက အတော်ကလေး ရယ်စရာကောင်းလွန်းသည်ဟု ကျွန်တော် တွေးမိလိုက်သည်။ကျွန်တော်ပါးစပ်မှလည်း ဟာ ဆိုသည့် အာမေဋိတ်သံသာ ထွက်နိူင်ခဲ့သည်။
တစ်ဖက်သက် အယူသည်းလွန်းသည့် ရွာသားများကြောင့် ကျွန်တော်အံ့သြနေမိတာတော့အမှန်ပင်။

“အဲ့နေက ငါတို့ညီကိုနှစ်ယောက်နဲ့ ရွာကလူတွေရောပေါ့ကွာ ရွာပြင်ကချောင်းမှာ ငါးဖမ်းကြတယ် အကုသိုလ်အကျိုးပေးတယ်ပဲဆိုရမလား သူကပဲ ကံကောင်းတာလားတော့မသိဘူး
ငါတို့တစ်တွေထဲမှာ ငါ့ညီ အောင်စိန်က ငါးတွေရလိုက်တာကွာ ငါတွေကိုမှ အကြီးကြီးတွေ အဲ့တာကို သူက အပျော်ကြီးပျော်နေတာကွ သူငါဖမ်းတာက ငါတို့လိုချောင်းထဲမှာမဟုတ်ဘူးကွ
ချောင်းကိုဖြတ်ပြီး ပြွန်ပေါက်ထားတဲ့ ရေတံခါးပြွန်ထဲ ရေငုပ်ပြီး ဖမ်းတာ မကြာဘူး ခဏပဲ ငါးကို ဘယ်တစ်ကောင် ညာတစ်ကောင် ကိုင်ပြီး ရေထဲကနေတက်ပြီး ချောင်းစပ်က သူ့ပလိုင်းထဲသွားထည့်တာ။ငါတို့လည်း သူငါးဖမ်းတဲ့အတိုင်း လိုက်ဖမ်းကြည့်တယ် မရဘူး တစ်ခြားနေရာမှာဆိုရင်တော့ အနည်းငယ်လောက်ရတယ်။သူ့ကိုပဲ ရစေချင်လို့ တမင်ကြံရွယ်တာလားမသိပါဘူး။အေး အဲ့နေရာမရလည်း နေပေါ့ဆိုပြီး ငါတို့လည်း တစ်ခြားနေရာမှာ သွားဖမ်းတာပေါ့။ သူနဲ့သိမ့်မလှမ်းဘူးငါတို့နေရာနဲ့က တစ်ခွန်းခေါ်စာလောက်ပဲ လှမ်းမြင်နေရတယ်။ကွမ်းတစ်ယာညှက်လောက်ကြာတော့ ချောင်းစပ်က ကောင်လေးတစ်ယောက်လှမ်းအော်တာပဲ။”

“ကိုပွကြီး ကိုပွကြီးရေ ဗျို့…ကိုပွကြီး ”

“ဝေး ..ဘာတုန်းကွ”

” ဒီမှာ ကိုကြီး အောင်စိန် ပြွန်ခေါင်းထဲ ရေငုပ်ပြီး ဝင်သွားတာ အတော်ကြာပြီ ပြန်ထွက်မလာသေးဘူး လာကြည့်ပါအုံး”

“အဲ့လိုပြောသံကြားတော့ ငါလည်း ပူထူသွားတယ် တစ်ကိုယ်လုံး
အားချင်း ငါသူ့ဆီချောင်းစပ်ကနေ ပြေးသွားခဲ့တာပေါ့ ခါးပိုက်ထဲက ဖမ်းမိတဲ့ ငါးတွေ ပုဇွန်တွေလည်း လွှင့်ကျ ပြုတ်ကျပေါ့ကွာ
ဘာမှမသိတော့ဘူးလေ ငါ့ညီလေးဆိုတဲ့အတွေးက ခေါင်းထဲမှာ ငါ့ဦးနှောက်ကို အသိပေးနေတာ
ငါက မအေတူ ဖအေကွဲညီလေးဆိုပေမယ့် ငါလည်း သူ့ကိုချစ်တာပေါ့ကွာ
ငါလည်းရောက်ရောက်ချင်း ပြွန်ခေါင်းထဲ ရေငုပ်ပြီး လိုက်စမ်းတော့ ပြွန်ခေါင်းထဲမှာ ကားကားကြီး ရေဝနေပြီဖြစ်တဲ့ ငါ့ညီအလောင်းကိုတွေ့ရတာပါပဲကွာ”

ပြောပြနေရင်း မျက်ရည်စိုကာ ငိုတော့မည် မျက်နှာကြီးဖြင့် ကိုပွကြီးက ငိုသံပါပါဖြင့် အားတင်းကာပြောရှာလေသည်။မျက်ရည်မကျအောင် ထိန်းထားပေမယ့် သူညီအရင်းတစ်ယောက်လုံးသူရှေ့မှာ အဲ့လိုဖြစ်သွားတော့ ယောကျာ်း ဖြစ်ပေမယ့်လည်း သူခဗျာ မအောင့်တင်းနိူင်တော့ပဲ ငိုချလေတော့သည်။ကျွန်တော် ဘယ်လိုပဲ အားပေးပေး သူ့ညီသေတာ နွားမျောချောင်းက အော်သံကြောင့် လူစားခံရတာပဲဟု ပါးစပ်က တတွတ်တွတ်ပြောရင်း ငိုနေလေသည်။

စာရေးသူ
အစဥ်လေးစားလျှက်
ကိုနောင်ချို (နတ်မောက်)