ပဟေဋိဆန်သောရေတွင်းများ

*  ပဟေဠိ ဆန်သော ရေတွင်းများ*📖📖📖

*********************************
ဖြစ်ရပ်မှန်

အခြားဝတ္ထုများကိုလည်း ဤpageထဲတွင်ဝင်ဖတ်နိုင်ပါသည်။

မိုးရွာပြီးကာစအချိန်မို့ အိမ်ရှေ့ရှိ လမ်းမပေါ်၌ ဗွက်တွေက ဟိုတစ်ကွက်ဒီတစ်ကွက်ပေါက်လျက်ရှိနေသည်။
ယင်းအချိန်၌ နွယ်နီသည် အိမ်ထဲတွင် စာအင်္ဂလိပ်စာကိုကျက်နေခိုက်.အိမ်ရှေ့မှ ခေါ်သံတွေထွက်ပေါ်လာသည်။
“ဟေး နွယ်နီရေ”
ယင်းခေါ်သံကြောင့်နွယ်နီလည်း စာအုပ်ကို ချပြီး ပြတင်းပေါက်မှလှမ်းကြည့်လိုက်ရာ ကြည်ကြည်အောင် ၊ဝိုင်းစိန်နှင့်အိအိမျိုးကိုတွေ့လိုက်ရသည်။
သုံးယောက်စလုံးကလည်း ကျောင်းစာအုပ်
ကိုယ်စီနှင့် နှင်းဆီပန်းပုံပါသည့်ကြိမ်ခြင်းတွေကိုလည်းကိုင်ဆောင်ထားကြသည်။
“အေး လာလေဟယ်”
နွယ်နီက ခေါ်လိုက်တော့ ကြည်ကြည်အောင် သုံးယောက်သား အိမ်ပေါ်သို့တက်လာကြသည်။
နွယ်နီက
“ဘာလဲ..အိမ်မှာစာလာကျက်တာလား”
ယင်းသို့ဆီးကြိုမေးတော့ကြည်ကြည်အောင်က
“မဟုတ်ဘူး။ငါတို့ ဆရာ့ဆီသွားပြီး သင်္ချာ မေးကြမလို့။အဲဒါနင်လည်းလိုက်ခဲ့ဟာ”
“အေး လိုက်ခဲ့မယ်လေ”
ပြောပြီးသည့်နောက် နွယ်နီက အိပ်ခန်းထဲဝင်ကာ အင်္ကျီ လဲလိုက်ပြီး စာအုပ်ကိုကောက်ကိုင်လိုက်သည်။
ပြီးနောက် လေးယောက်သား အိမ်ပေါ်မှဆင်းကာ ကျောင်းဆရာအိမ်သို့ ထွက်လာခဲ့ကြသည်။
ကျောင်းဆရာအိမ်သည် အနည်းငယ် အလှမ်းဝေးသည်။
လမ်းကလည်း ရွှံ့တွေဗွက်တွေကလည်း ပေါလွန်းသဖြင့် လေးယောက်စလုံး၏ခြေထောက်တွေလည်း ပေကျံလျက်ရှိနေသည်။
ယင်းလည်း နွယ်နီမှအပ ကျန်သုံးယောက်မှာ တစ်လမ်းလုံးဆော့ကစားလာခဲ့ကြသည်။
သို့ဖြင့် ကျောင်းဆရာ၏အိမ်သို့ရောက်တော့ရွှံ့တွေပေကျံနေသဖြင့် ခြေလက်ဆေးကြသည်။
ထို့နောက် ကျောင်းဆရာက
“ကဲလာ။အိမ်ပေါ်တက်ကြ”
“ဟုတ်”
လေး​ယောက်သား အိမ်ပေါ်သို့တက်လိုက်ကြသည်။
ပြီးနောက် သူမတို့ သိလိုသည့်သင်္ချာပုစ္ဆာများကိုမေးကြ၊ကျက်ကြသည်။
မိနစ်အနည်းငယ်ကြာတော့ ကျောင်းဆရာက
“သမီးတို့..ဒီမှာကျက်စရာရှိတာကျက်ထားကြ။ဆရာ ဟိုဘက်ရပ်ကွက်ထဲ ခဏသွားလိုက်ဦးမယ်။ရတယ်မလား”
“ဟုတ်..ရပါတယ်ဆရာ”
“အပြင်ထွက်ပြီး မဆော့ကြနဲ့ဦး..မိုးကအေးတယ်..တော်ကြာဖျားနေဦးမယ်”
“ဟုတ်”
ကျောင်းဆရာ အိမ်ပေါ်မှဆင်းပြီးအခြားရပ်ကွက်ဘက်သို့ထွက်သွားသည်။
ယင်းအခိုက်တွင် အိအိမျိုးက
“ဟဲ့ ဆရာမရှိတုန်းအိမ်ရှေ့ထွက်ဆော့ကြမလား”
ယင်းသို့ဆိုတော့ နွယ်နီက
“ဟာ မဆော့ချင်ပါဘူးဟာ။ဆရာပြန်လာရင်ရိုက်လိမ့်မယ်”
“ဆရာမသိပါဘူးဟ။ခဏလေးပဲ”
“အေးလေ။နင်တို့ဆော့ချင်ရင်သွားဆော့ကြ။ငါတော့မဆော့တော့ဘူး”
“အေး..ပြီးတာပဲ”
သုံးယောက်သား အိမ်ပေါ်မှဆင်းသွားကြသည်။
နွယ်နီလည်း ဆရာပေးထားသည့်စာတွေကိုကျက်နေလိုက်သည်။
အချိန်အနည်းငယ်ကြာလာသည့်အခါ၌ ဆရာဖြစ်သူပြန်ရောက်လာသည်။
ပြီးနောက်
“ဟင် သမီး.. တစ်ယောက်တည်းလား..ဟိုသုံးယောက်ရော”
“ဆရာ့အိမ်ရှေ့မှာဆော့နေတာလေဆရာ”
“ဟေ။ငါလည်းမတွေ့မိပါဘူး”
ပြောပြီးသည့်နောက် ဆရာသည် အိမ်အောက်သို့ပြန်ဆင်းလေရာ နွယ်နီလည်း အနောက်မှ လိုက်ပါဆင်းလာခဲ့သည်။
သို့ဖြင့် အိမ်ရှေ့သို့ရောက်တော့ အိအိမျိုးတို့ကို တကြော်ကြော်ဖြင့်ခေါ်လေသည်။
သို့သော် သုံးယောက် စလုံးကိုမတွေ့ရသလို ပြန်ထူးသည့်အသံလည်းမကြားရချေ။
ဆရာကလည်း အိအိမျိုးတို့ကို ခေါ်နေရင်းမှ သံသယဝင်လာဟန်ဖြင့် အိမ်ရှေ့ရှိရေတွင်းဆီသို့ဦးတည်ပြီးခပ်သွက်သွက်လျှောက်လေရာ နွယ်နီလည်းအနောက်မှလိုက်ပါခဲ့ပြန်သည်။
ရေတွင်းသည် အလွန်ကျယ်ဝန်းပြီးဘောင်ခတ်မထားသည့်ရေတွင်းဖြစ်သည်။
ရေတွင်းဆီသို့ရောက်တော့ နှစ်ယောက်သား ငုံ့ကြည့်လိုက်ကြရာ အလွန်အမင်းအံ့သြထိတ်လန့်သွားကြရသည်။
အဘယ်ကြောင့်ဆိုသော် အိအိမျိုးတို့သုံးယောက်သည် ရေတွင်းထဲတွင် မှောက်လျက်အနေအထားဖြင့်သေဆုံးနေကြသောကြောင့်ဖြစ်သည်။
ထိုအခါဆရာလည်းထိတ်ထိတ်ပျာပျာဖြင့်

“ဟာ.ဟာ ဘာတွေဖြစ် ကုန်ပြီလဲဟ။ဒုက္ခတော့ရောက်ပြီထင်တယ်”
ယင်းသို့ရေရွတ်ပြီး ရေတွင်းထဲသို့ခပ်သွက်သွက်ဆင်းပြီး အိအိမျိုးတို့သုံးယောက်ကိုအပေါ်ရောက်အောင် ပွေ့ချီပြီးတင်လေသည်။
နွယ်နီကမူ ရေတွင်းနက်သောကြောင့် အိအိမျိုးတို့ရေနစ်ပြီးသေရသည်ဟု ထင်ခဲ့မိသော်လည်း ရေတွင်းကမူ လူတစ်ရပ်စာခန့်သာရှိပြီး ရေကလည်းဆရာ၏ဒူးခေါင်းခန့်အထိသာနက်ကြောင်းတွေ့ရသည်။
သုံးယောက်စလုံးကိုတင်ပြီးသည့်နောက် ဆရာက
“ကဲ သမီး ဒီမှာနေ နေဦး။ဆရာရပ်ကွက်လူကြီးတွေကိုသွားခေါ်လိုက်ဦးမယ်”
“ဟုတ် ဟုတ်ကဲ့ ဆရာ”
ဆရာအိမ်ပေါ်မှခပ်သွက်သွက်ပြန်ဆင်းသွားသည်။
နွယ်နီလည်း အိအိမျိုးတို့အလောင်းတွေကိုကြည့်ကာ ကြောက်စိတ်ဝင်လာသည်မို့ ခြံအပြင်ဘက်သို့ထွက်နေလိုက်သည်။
မိနစ်အနည်းငယ်အကြာတွင်တော့ ဆရာနှင့်အတူ ရပ်ကွက်လူကြီးတွေနှင့်တကွ အိအိမျိုးတို့၏မိဘတွေလည်းလိုက်ပါလာကြသည်။
ထို့နောက် ခြံဝင်းရှေ့တွင်ရပ်နေသည့်နွယ်နီကိုမြင်တော့ ဆရာက
“သမီး အိမ်ပြန်လိုက်တော့နော်..ဆရာတို့ အလုပ်ရှုပ်ဦးမှာ”
“ဟုတ်။ဒါပေမယ့် သမီးတစ်ယောက်တည်းမပြန်ရဲတော့ဘူးဆရာ”
“ဟေ..သြော်အေးအေး”
ထို့နောက် ဆရာလည်း အခြားလူကြီးတစ်ယောက်ကိုအကူအညီတောင်းကာ နွယ်နီကိုလိုက်ပို့ခိုင်းလိုက်လေတော့သည်။
+++++++++++++++++++++++++++
အိအိမျိုးတို့အလောင်းတွေကို မြေချတော့ နွယ်နီအောင်၏မိဘတွေဖြစ်သည့် ဦးဇော်မြင့်နှင့် ဒေါ်သန်းဌေးကလည်း
သင်္ချိုင်းအထိလိုက်ပါပို့ဆောင်ပေးခဲ့သည်။
ယင်းသို့ပို့ပေးသည့်အခါ၌အိအိမျိုးတို့၏မိဘတွေက ဦးဇော်မြင့်နှင့် ဒေါ်သန်းဌေးကိုအခေါ်အပြောမလုပ်ကြချေ။
ကလေး ..လေးယောက်စလုံးအတူတူသွားရောက်ပြီး စာကျက်ကြတာချင်းအတူတူ သူမတို့၏သမီးတွေပဲ သေဆုံးခဲ့ရပြီး နွယ်နီကျ ဘာမှမဖြစ်တာကို မကျေမနပ်ဖြစ်နေကြခြင်းကြောင့်ဟု သိရသည်။
ယင်းလည်း ဦးဇော်မြင့်တို့လင်မယားအတွက်ပြဿနာမဟုတ်ချေ။သူတို့မခေါ်တော့လည်း ကိုယ်တွေကလည်း မခေါ်ရုံပဲပေါ့ဟုနှလုံးပိုက်ကာ အိမ်သို့ပြန်လာခဲ့ကြသည်။
အားလုံးအေးအေးဆေးဆေးပင်ဖြစ်သည်။
သို့သော် တကယ့် ပြဿနာသည်အလောင်းမြေချပြီးသည့်နေ့မှာပင် စတင်ဖြစ်
လာလေတော့သည်။
+++++++++++++++++++++++++++
မနက်ရှစ်နာခွဲအချိန်သို့ရောက်တော့ကျောင်းစောင့်က ကျောင်းဝန်းသို့ရောက်လာသည့် ကျောင်းအုပ်ကြီးကိုဆီးကြိုပြီးပြောသည်။
“ဆရာ ညက စာသင်ကျောင်းထဲမှာ မနေ့ကသေသွားတဲ့ကောင်မလေးတွေကခြောက်တယ်ဆရာ”
ယင်းစကားကြောင့်ကျောင်းအုပ်ကြီးလည်းမျက်မှောင်ကြုတ်သွားသည်။
“ဟေ ဘယ်လိုခြောက်တာတုံး”
“စာသင်ခန်းထဲမှာဆူဆူညံညံအသံပေးပြီးခြောက်တာပါဆရာ”
ယင်းသို့ ပြောပြီးသည့်နောက်
“ကျွန်တော်တော့ ဒီကျောင်းမှာ ညမစောင့်ရဲတော့ဘူးဆရာ”
ထိုအခါ ကျောင်းအုပ်ကြီးက
“ဟာကွာ ကြောက်မနေစမ်းပါနဲ့။ဒါမျိုးကသေပြီးခါစ အချိန်မျိုးတွေမှာပဲဖြစ်တတ်တာပါ။ရက်လည်ဆွမ်းသွပ်ပြီးရင် မခြောက်တော့ပါဘူး”
“ဒါဆိုလည်း ပြီးတာပါပဲဆရာ”
ကျောင်းစောင့်လည်းတဲငယ်ထဲသို့ဝင်သွားသည်။
ကျောင်းအုပ်ကြီး ပြောသကဲ့သို့ပင် ရက်လည်ဆွမ်းသွပ်ပြီးသည့်နောက် စာသင်ကျောင်းထဲတွင် မိန်းကလေးသုံးယောက်၏ဆူဆူညံညံအသံပေးပြီးခြောက်လှန့်သည့်အသံထွက်မလာတော့ဘဲ မူလအတိုင်းပြန်လည်ဆိတ်ငြိမ်သွားတော့သည်။
သို့သော် ပြဿနာက ယင်းမိန်းကလေးသုံးယောက်၏ခြောက်လှန့်မှုက နွယ်နီဆီသို့တမုဟုတ်ချင်းရောက်လာလေတော့သည်။
++++++++++++++++++++++++++
ကောင်းကင်တွင် လမင်းကြီးက ထိန်ထိန်သာလျက်ရှိသည်။
နွယ်နီသည် အမေဖြစ်သူဒေါ်သန်းဌေးနှင့်အတူ ဘုရားရှိခိုးပြီး ဧည့်ခန်းထဲတွင်စာကျက်နေခိုက်
“ဟေး နွယ်နီရေ..နွယ်နီ”
အိမ်ရှေ့မှ လှမ်းအော်ခေါ်သံကြောင့်နွယ်နီလည်း စာအုပ်ကိုစားပွဲခုံပေါ်ချပြီး ပြတင်းပေါက်မှလှမ်းကြည့်လိုက်ရာ နှင်းဆီပန်းပုံပါသည့်ခြင်းကိုကိုယ်စီကိုင်ဆောင်ကာ အိမ်ရှေ့တွင်ရပ်နေကြသည့်အိအိမျိုးတို့သုံးယောက်ကိုတွေ့လိုက်ရသည်။
“ဟင်”
၎င်းတို့သုံးယောက်ကိုမြင်တော့ နွယ်နီလည်း အံ့သြထိတ်လန့်ကာ မှင်တက်သွားမိစဥ် အိအိမျိုးက လှမ်းခေါ်သည်။
“ဟေး..နွယ်နီ လာခဲ့လေ။ငါတို့နဲ့လိုက်ခဲ့ပါလား။ဆရာ့အိမ်ရှေ့ကရေတွင်းမှာ သွားဆော့ရအောင်”
“ဟင့်အင် မဆော့ဘူး ။ငါမလိုက်ဘူး”
ကြောက်လန့်တကြားဖြင့်ယင်းသို့အော်ဟစ်ကာငြင်းဆန်ပြီး နွယ်နီသည် အိပ်ခန်းထဲဝင်ပြေးခိုက်တွင် မိခင်ဖြစ်သူဒေါ်သန်းဌေးက
“ဟဲ့သမီး.ဘာဖြစ်တာလဲ”
“အိအိမျိုးတို့ သမီးကိုလာခေါ်နေကြတယ်အမေ။သမီးကြောက်တယ်”
ပြောရင်းဖြင့် နွယ်နီ သည်ဒေါ်သန်းဌေးကိုဖက်ထားလေရာ ဒေါ်သန်းဌေးက
“ဟဲ့ ဟုတ်လို့လားအေ့”
“သြော်..ဟုတ်ပါတယ်ဆို..အမေကလဲ”
နွယ်နီကငိုမဲ့မဲ့ဖြင့်ပြောလာတော့ဒေါ်သန်းဌေးလည်းပြတင်းပေါက်ဆီသို့သွားကာ အိမ်ရှေ့သို့လှမ်းကြည့်လိုက်ရာ အိအိမျိုးတို့ ကိုင်ဆောင်ထားသည့်ခြင်း
တွေကိုတွေ့လိုက်ရသည်။
သို့သော်လူတွေကိုတော့မမြင်ရဘဲ..ခြင်းတွေက လေထဲတွင်ရှိနေသည်ကိုတွေ့ရခြင်းဖြစ်သည်။
ယင်းမြင်ကွင်းကြောင့် ဒေါ်သန်းဌေးလည်း အံ့အားသင့်သွားခိုက်တွင် ထမင်းစားခန်းထဲမှ ဦးဇော်မြင့်က ကပျာကယာထွက်လာပြီး
“ဘာဖြစ်တာလဲ..ဆူဆူညံညံနဲ့”ဟုဆိုလေရာ ဒေါ်သန်းဌေးက
“ယောကျ်ားရေ.ဒီကိုလာပါဦး”ဟုခေါ်သဖြင့် ဦးဇော်မြင့်လည်းပြတင်းပေါက်ဆီသို့လျှောက်လိုက်သည်။
အနားသို့ရောက်တော့ ဒေါ်သန်းဌေးက
“ဟိုမှာမြင်လားဆွဲခြင်းသုံးခု။အဲဒါအိအိမျိုးတို့ရဲ့ဆွဲခြင်းတွေပဲ။သူတို့သမီးကိုလာခေါ်နေတာ”
ဦးဇော်မြင့်လည်း အိမ်ရှေ့သို့လှမ်းကြည့်ပြီးအံ့အားသင့်သွားသည်။
ပြီးနောက်
“ဟာ ဒုက္ခပါပဲ ။ဘယ်လိုလုပ်ကြမလဲ”
ယင်းသို့မေးတော့ ဒေါ်သန်းဌေးက အနည်းငယ်စဥ်းစားလိုက်ပြီး
“အင်း ကျုပ်မှာအကြံတစ်ခုတော့ရှိတယ်”
ယင်းသို့ဆိုကာ နွယ်နီကို ဘုရားစင်ရှေ့တွင်ထိုင်ခိုင်းလိုက်သည်။
ပြီးနောက် ဒေါ်သန်းဌေးက မီးဖိုထဲမှ ပြာအနည်းငယ်ကိုယူကာ နွယ်နီ၏ပတ်ပတ်လည်တွင်စည်းဝိုင်းဝိုင်းပေးလိုက်သည်။
ယင်းသို့ ဝိုင်းပေးရင်းမှ ပါးစပ်ကလည်း သံဗုဒ္ဓေဂါထာကိုခပ်တိုးတိုးရွတ်နေလေသည်။
စည်းဝိုင်းဝိုင်းပြီးသည့်အခါတွင်လည်း အိမ်ရှေ့မှ အိအိမျိုးတို့၏ခေါ်သံက ထွက်ပေါ်နေဆဲဖြစ်သည်။
“ဟေး နွယ်နီရေ ငါတို့နဲ့လိုက်ခဲ့ပါဟ။ရေတွင်းမှာသွားဆော့ရအောင်”
ယင်းသို့ ထပ်ခါတလဲလဲ ခေါ်နေတော့နွယ်နီလည်း ကြောက်လည်းကြောက်၊ဒေါသလည်းဖြစ်ကာ ပြန်အော်ပြီးငြင်းလိုက်သည်။
“ဟေး နင်တို့နဲ့ ငါမလိုက်နိုင်ဘူး။နင်တို့နဲ့ငါ ဘာမှမဆိုင်တော့ဘူး။လာမခေါ်နဲ့”
ယင်းသို့ ပြန်လည်အော်ပြောတော့ အိအိမျိုးတို့၏အသံလည်းတိတ်ဆိတ်သွားတော့သည်။
နွယ်နီတို့သားအမိသုံးယောက်လည်းအခြေအနေကိုရင်တထိတ်ထိတ်ဖြင့်စောင့်နေကြသည်။
မိနစ်အနည်းငယ်ကြာလာသည်။
အခြေအနေက မထူးခြားသေးချေ။
ထိုအခါမှ စိတ်အေးရတော့ပြီဟု တွေးကာ သုံးယောက်သား သက်ပြင်းကိုယ်စီချမိခိုက်တွင်
‘ဘုန်း.ဘုန်း.ဘုန်း ‘
“အား”
“အမလေး”
အိမ်၏အနောက်ဘက်မှကာရံထားသည့်ထရံကိုလက်တွေဖြင့်အဆက်မပြတ်ပုတ်သည့်အသံတွေထွက်ပေါ်သောသောကြောင့် သုံးယောက်သားလည်း ထိတ်လန့်ပြီးအော်ဟစ်မိကြသည်။
အိအိမျိုးတို့ကလည်း ထရံကိုလက်ဖြင့်ပုတ်နေကာ သောင်းကျန်းနေဆဲဖြစ်သည်။
ယင်းအခိုက်တွင် ဒေါ်သန်းဌေးလည်း မျက်စိကိုစုံမှိတ်ကာ သံဗုဒ္ဓေဂါထာကိုဖိရွတ်နေလိုက်သည်။
ယင်းအခိုက်မှာပင် အသံတွေကပြန်ငြိမ်သွားသည်။
သို့သော် ခေတ္တ အကြာ၌ပင် အိမ်၏တောင်ဘက်မှထရံကိုလက်ဖြင့်ပုတ်ပြန်လေရာ သုံးယောက်စလုံးထိတ်လန့်သွားကြရပြန်သည်။
ပြီးတော့ ဒေါ်သန်းဌေးကလည်း ဂါထာတော်ကို အသံကျယ်ကျယ်ဖြင့်ဖိရွတ်ပြန်လေသည်။
ထိုအခါ ထရံကိုပုတ်သည့်အသံတွေလည်းငြိမ်သွားပြန်သည်။
သို့သော် မိနစ် အနည်းငယ် အကြာ၌ထိုအသံတွေပြန်ထွက်လာပြန်သည်။
ဆိုရလျှင် ထိုညတစ်ညလုံး နွယ်နီတို့မိသားစုအိပ်မရအောင် သောင်းကျန်းခံခဲ့ရသည့်ညဖြစ်ခဲ့တော့သည်။
သို့ဖြင့်မနက်သို့ရောက်တော့ ဦးဇော်မြင့်နှင့် ဒေါ်သန်းဌေးလည်း စက်ဘီးတစ်စီးဖြင့် အိအိမျိုးတို့၏မိဘတွေဆီသို့သွားကာ အကျိုးအကြောင်းပြောပြလေရာ ၎င်းတို့ကလက်မခံချေ။
“မဖြစ်နိုင်တာ. ကျွန်မတို့ကသမီးအတွက် ကုသိုလ်ပြု အမျှဝေခဲ့ပြီးသား။ဒီမှာလာပြီးသိက္ခာမချပါနဲ့”
ယင်းသို့ဆိုလိုက်တော့ ဦးဇော်မြင့်က
“ကျုပ်တို့သမီးကို တကယ်လာခေါ်နေတာပါ။ကျုပ်တို့က ဆွဲခြင်းကလေးကိုပဲမြင်ရပေမယ့် ကျုပ်သမီးက.အကုန်မြင်နေရတာပါ.ဒီညလည်းလာခေါ်ရင် လွယ်မှာမဟုတ်တော့ဘူးဗျ”
ထိုအခါအိအိမျိုး၏ဖခင်က
“လာခေါ်ရင်လည်းထည့်ပေးလိုက်ပေါ့ဗျာ”ဟုဝင်ပြောလေရာ နှစ်ဦးနှစ်ဖက်၏အခြေအနေကအနည်းငယ်တင်းမာသွားသည်။
သို့သော် နောက်ဆုံးတွင်တော့ ဦးဇော်မြင့်တို့လင်မယားနှစ်ယောက်ကပဲလက်လျော့ပြီးပြန်လာခဲ့ကြရသည်။
အဘယ်ကြောင့်ဆိုသော် အိအိမျိုးတို့၏မိဘအသိုင်းအဝိုင်းသည် အလွန်ချမ်းသာသူများဖြစ်သည့်အလျောက် ဂုဏ်မောက်သူများလည်းဖြစ်ကြသည်။
ပို၍ဆိုးသည်မှာ ၎င်းတို့၏သမီးတွေသာ သေဆုံးခဲ့ကြပြီး နွယ်နီမှာတော့ ဘာမှမဖြစ်ခဲ့ခြင်းကို မကျေမနပ်ဖြစ်နေကြခြင်းဖြစ်သည်။
အိမ်သို့ပြန်ရောက်တော့ လင်မယားနှစ်ယောက်တိုင်ပင်ကြကာ အခြားရပ်ကွက်တစ်ခုမှ မိဘနှစ်ပါး၏အိမ်သို့ တစ်ညတာအဖြစ်ပြောင်းရွေ့နေထိုင်ကြရန်ဆုံးဖြတ်လိုက်ကြတော့သည်။
+++++++++++++++++++++++++
နွယ်နီတို့မိသားစု အိမ်သို့ရောက်လာတော့ အဖိုးဖြစ်သူဦးဆန်းယုနှင့်အဖွားဒေါ်စောလည်းအကျိုးအကြောင်းမေးမြန်းပြီး အိမ်ပတ်ပတ်လည်တွင်စည်းချထားလိုက်တော့သည်။
တစ်ဖန် နွယ်နီကိုလည်း​ေဘးကင်းစေရန်အတွက်ဘုရားစင်ရှေ့တွင်စည်းတားပေးထားသည်။
သို့ဖြင့်ညအချိန်သို့ရောက်တော့အိအိမျိုးတို့သုံးယောက်ရောက်လာပြီး နွယ်နီကိုလှမ်းခေါ်ကြပြန်သည်။
“ဟေး နွယ်နီရေ. ငါတို့နဲ့လိုက်ခဲ့ပါဟာ။ရေတွင်းမှာသွားဆော့ရအောင်”
ယင်းသို့လှမ်းခေါ်သည့်အသံထွက်ပေါ်လာသည်နှင့်တပြိုင်နက်နွယ်နီလည်းဘုရားစင်ရှေ့မှစည်းထဲတွင်ဝင်ထိုင်လိုက်သည်။
အိမ်တွင်မွေးထားသည့်ခွေးတွေကလည်း အိအိမျိုးတို့သုံးယောက်ကိုတွေ့တော့ငြိမ်ကုပ်သွားကြသည်။
ယင်းအခိုက်တွင် အဖိုးဆန်းယုနှင့် ကျန်သုံးယောက်လည်း ပြတင်းပေါက်ကို ခပ်ဟဟလေးဖွင့်ပြီးချောင်းကြည့်လိုက်ရာ ..လေထဲတွင်မြောက်နေသည့်ဆွဲခြင်းသုံးခုကိုသာတွေ့ရလေသည်။
ပြီး ထိုဆွဲခြင်းသုံးခုကလည်း ညဥ့်သန်းခေါင်အချိန်ထိ အိမ်ကိုပတ်လျက်ရှိနေသည်။
ယင်းအခိုက်တွင် လှေကားထစ်တွင်ရှိနေသည့်ခွေးဖြူကြီးသည် အိအိမျိုးတို့သုံးယောက်ကိုအတင်းထိုးဟောင်လေသည်။
ယင်းခွေးဖြူကြီးသည် နွယ်နီ၏အချစ်တော်ခွေးဖြူကြီးသည်။
ခွေးဖြူကြီးသည် ယင်းသို့ထိုးဟောင်နေခိုက်တွင် ၎င်း၏ခန္ဓာကိုယ်လည်း လေထဲသို့စွေ့ခနဲပါသွားကာ အိမ်ရှေ့ရှိရေတွင်းထဲသို့ပြုတ်ကျသွားသည်။
‘ဂိန်.’
ခွေးဖြူကြီးလည်း အော်ဟစ်ရင်း​ရေထဲ
ကူးခတ်သည့်အသံထွက်ပေါ်လာသည်။
သို့သော် စက္ကန့် အနည်းငယ်အကြာတွင်တော့ ထိုခွေးဖြူကြီး ကူးခတ်သည့်အသံဆက်လက်ထွက်ပေါ်မလာတော့ပါ။
ထိုအခါအဖိုးဆန်းယုက
“ဟ ငါ့ခွေးကြီးတစ်ခုခုဖြစ်ပြီထင်တယ်..ငါသွားကယ်လိုက်ဦးမယ်”
ယင်းသို့ဆိုလိုက်တော့ အဖွားစောက
“မသွားနဲ့တော့။အခုလောက်ဆို.အသက်မရှိလောက်တော့ဘူး။တို့မြေးလေးအစား သူခံသွားတာ”
ထိုအခါ အဖိုးဆန်းယုလည်း စိတ်မသက်သာစွာဖြင့် လေပူရှည်ကြီးကိုမှုတ်ထုတ်လိုက်လေတော့သည်။
အချိန်တွေတဖြည်းဖြည်းကုန်လာသည်။
သို့ဖြင့်ဝေလီဝေလင်းအချိန်သို့ရောက်တော့ အိမ်ကိုပတ်နေသည့်ဆွဲခြင်းတွေလည်းပျောက်ကွယ်သွားတော့သည်။
ဆိုရလျှင် အိအိမျိုးတို့ပြန်လည်ထွက်ခွာသွားခြင်းဖြစ်သည်။
ထိုအခါမှအဖိုးဆန်းယုလည်း ခွေးဖြူကြီးကိုဆယ်ရန်အတွက် ရေတွင်းဆီသို့ ခပ်သုတ်သုတ်လျှောက်ပြီး ငုံ့ကြည့်လိုက်ရာ လည်ပင်းတွင်..ကုပ်ရာခြစ်ရာတွေဖြင့်သေဆုံးပြီး ရေပေါ်တွင် ပေါလောပေါ်နေသည့်ခွေးဖြူကြီးအား စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့လိုက်ရလေတော့သည်။
+++++++++++++++++++++++++
အဖိုးဆန်းယုလျှောက်တင်သည့်အဖြစ်အပျက်တွေကိုနားထောင်ပြီးသည့်နောက် ကျောင်းထိုင်ဆရာတော်ကြီးက ကိုရင်လေးတစ်ပါးကိုခေါ်လိုက်ပြီး
“ကဲ ကိုရင် ရပ်ကွက်ထဲက ဦးအုန်းကြိုင်တို့လင်မယားရယ်၊ဦးနေဝင်းတို့လင်မယားရယ်၊ဦးသန်းငွေတို့လင်မယားရယ်.. အားလုံးကိုသွားခေါ်ပါ။ဆရာတော်ကြီးက အခေါ်လွှတ်လိုက်တယ်လို့လည်းပြောလိုက်ပါ”
“တင်ပါ့ဘုရား”
ကိုရင်လေး ကျောင်းတိုက်ထဲက ထွက်သွားသည်။
မိနစ်အနည်းငယ်အကြာတွင်တော့. ထိုကိုရင်လေးနှင့်အတူကွယ်လွန်သည့် မိန်းကလေးတို့၏မိဘတွေလည်းရောက်လာကြသည်။
ရောက်ရောက်ချင်း ဦးဇော်မြင့်တို့ကိုမြင်လိုက်ရတော့ အကြောင်းအရင်းကိုသဘောပေါက်လိုက်သည်မို့မျက်နှာတွေရှုံ့မဲ့သွားကြသည်။
အားလုံးဝတ်ဖြည့်ပြီးသည့်အခါ ဆရာတော်ကြီးက
“ကဲ မပြောချင်လည်း ပြောရတော့မယ်. ဒကာတို့ရဲ့ သမီးတွေက ဒီကဒကာမလေးကိုနှောင့်ယှက်လို့ ဘုန်းကြီးကခေါ်ပြောရတာ။ ဒါတင်ပဲလားဆိုတော့မဟုတ်ပြန်ဘူး။သေသွားတဲ့ကလေးမလေးတွေကညညဆို ကျောင်းရှေ့ကသင်္ချိုင်းမှာလည်း လာဆော့ကြသေးတယ်။ ပြီးတော့ ဒီကဒကာမကြီးရဲ့သမီး နွယ်နီကိုလည်းသွားခေါ်ကြတယ်။သူတို့အိမ်မှာမွေးထားတဲ့ခွေးက ကိုယ်စားခံပေးလို့သာ ခေါ်လို့မရကြတာပါ။ကြာရင်
ပြုသူတွေအတွက်ရော ဖြစ်သူတွေအတွက်ပါ..အဆင်ပြေမှာမဟုတ်တော့ဘူး။ဒါကြောင့် နောက်တစ်ခါကုသိုလ်ပြုပြီး အမျှပြန်ဝေပေးပါ။ဘုန်းကြီးကိုယ်တိုင် အဲဒီဒကာမလေးတွေ သာဓုခေါ်ခွင့်ရအောင် အနားကို ခေါ်ပေးပါမယ်”
ထိုအခါမှ ဦးနေဝင်းတို့လည်း သက်ပြင်းကိုယ်စီချပြီး
“တင်ပါ့ဘုရား။မနက်ဖြန်တပည့်တော်တို့ ပြုလုပ်ပေးပါမယ်ဘုရား”
ယင်းသို့လျှောက်တင်ပြီးနောက်  ကျောင်းပေါ်မှအသီးသီးပြန်ဆင်းသွားကြလေတော့သည်။
သို့ဖြင့်နောက်တစ်နေ့ ရောက်တော့ ၎င်းတို့ကကွယ်လွန်သွားကြသည့် သမီးတွေအတွက်ကုသိုလ်ပြု ကြသည်။
ပြီးတော့..ရေစက်ချအမျှဝေသည့်အခါတွင် ဆရာတော်ကြီးကိုယ်တိုင်က မကျွတ်မလွတ်ဖြစ်နေကြသည့် ထိုမိန်းကလေးသုံးယောက်အား ခေါ်လိုက်ပြီး သာဓုခေါ်စေလေတော့သည်။
ထိုနေ့မှစ၍လည်း နွယ်နီသည်သူမအား လာရောက်ခေါ်ဆောင်ဖို့ကြိုးစားကြသည့်အိအိမျိုးတို့သုံးယောက်ကိုမတွေ့ရတော့ပါချေ။
+++++++++++++++++++++++
ကုလားထိုင်ပေါ်တွင်ထိုင်ရင်းဖြင့်
အတိတ်မှဖြစ်ရပ်တွေကိုပြန်ပြောပြနေသည့်မိခင်ဖြစ်သူဒေါ်နွယ်နီ၏စကားဆုံးတော့ နွယ်နွယ်က
“အဲဒီနောက် ဘာတွေဆက်ဖြစ်သေးလဲအမေ”
ယင်းသို့ မေးတော့ ဒေါ်နွယ်နီက
“ထူးခြားတာတော့ဆက်မဖြစ်တော့ဘူး။ဒါပေမယ့်  အမေ့သူငယ်ချင်းတွေရဲ့မိဘတွေကတော့ အမေတို့ကိုဒီနေ့အချိန်ထိအခေါ်အပြောမလုပ်တော့ဘူးသမီးရဲ့”
“သြော်”
ထိုအခိုက်တွင် အငယ်မ မီးမီးက
“ရေတွင်းက သိပ်မနက်ဘူးဆိုပေမယ့် အမေ့သူငယ်ချင်းတွေက သေသွားကြတယ်နော်။ဘယ်လိုကြောင့်နစ်ပြီးသေသွားရတာတုန်းအမေ”
ဒေါ်နွယ်နီ မျက်မှောင်ကြုတ်ကာ စဥ်းစားရင်း ခေါင်းခါပြသည်။
ပြီးနောက်
“အဲဒါကလည်း ဒီနေ့အထိဘယ်သူမှမစဥ်းစားတတ်ကြဘူးဖြစ်နေတယ်သမီး။ဒါပေမယ့်အချို့ရေတွင်းတွေဟာ အင်မတန်ထူးဆန်းကြတယ်သမီးရဲ့..။အမေ့ရဲ့ညီမတစ်ဝမ်းကွဲငယ်ငယ်တုန်းကအဖြစ်အပျက်ကိုပြန်ပြောပြရဦးမယ်”
နွယ်နွယ်ရော မီးမီးပါစိတ်ဝင်စားသွား
ကြသည်။
ဒေါ်နွယ်နီက
“သူ့နာမည်က သင်းဝတ်ရည်တဲ့။သူငါးနှစ်အရွယ်လောက်တုန်းကသူတို့
အိမ်ရှေ့မှာ ရေတွင်းတစ်တွင်းစတူးခဲ့ဖူးတယ်..အဲဒီဒေသကလည်း ဒီဘက်လိုပဲ..
ရေထွက်အရမ်းကောင်းတော့ လူတစ်ရပ်စာပဲတူးလိုက်တာနဲ့ ရေကစထွက်တော့တာပဲ။ဒါပေမယ့် ရေတွင်းတူးပြီး မကြာပါဘူး။ညရောက်ပြီဆိုရင် ရေက’တဝုန်းဝုန်း’နဲ့အသံမြည်တော့တာ။
အဲဒီလိုအသံမြည်ပြီးတာနဲ့သင်း
ဝတ်ရည်လည်းချက်ချင်းဖျားတော့တာပဲ။နောက်ပြီးပါးစပ်ကလည်း’ဟိုမှာလာနေပြီ..သမီးကိုလာခေါ်နေပြီ’လို့ကယောင်ကတန်းနဲ့ပြောနေတော့တာ။
ကြာတော့ သမီးတို့ရဲ့အဖွားက’ကလေးအတွက်စိုးရိမ်ရတယ်ဆိုပြီး သင်းဝတ်ရည်
ရဲ့ ဆံပင်.ခြေသည်း..လက်သည်းတွေနဲ့ မဝတ်ဟောင်းတစ်စုံကိုယူပြီး.သူ့
ရဲ့မွေးနေ့ သောကြာနေ့ညရောက်တော့ ရေတွင်းကအသံမြည်တဲ့အချိန်မှာပဲ အကုန်လုံးကို ပစ်ချလိုက်တော့တာ။အဲဒီလိုပစ်ချလိုက်ပြီးတဲ့နောက် ရေတွင်းက ဘာအသံမှမထွက်တော့ဘူး။ဒါလည်းအဖွားက စိတ်မချရသေးဘူးဆိုပြီး နောက်တစ်နေ့ မနက် မှာဘုန်းကြီးတွေပင့်ပြီး ရေတွင်းအနားမှာ ပရိတ်ရွတ်.အမျှဝေပြီး ရေတွင်းကိုပြန်ဖို့ပစ်လိုက်ရတော့တယ်”
“သြော် အဲဒီနောက်ဘာတွေဆက်ထူးခြား
သေးလဲအမေ”
မီးမီးကမေးလိုက်ခြင်းဖြစ်သည်။
ထိုအခါဒေါ်နွယ်နီက
“ထူးခြားတယ်သမီး..သင်းဝတ်ရည်နဲ့အမေတို့ အပျိုအရွယ်ရောက်တော့ အဲဒီဖို့ထားတဲ့တွင်းနဲ့ခပ်လှမ်းလှမ်းမှာနောက်ထပ် ရေတွင်းတစ်တွင်းထပ်တူးတယ်။ထူးဆန်းတယ်သမီးရေ..အဲဒီလိုတူးရင်းနဲ့ အရင်ရေတွင်းထဲပစ်ချထားခဲ့တဲ့သင်းဝတ်ရည်ရဲ့ပစ္စည်းတွေအားလုံးကိုမပျက်မစီးဘဲအကုန်ပြန်တွေ့ရတယ်။သမီးတို့စဥ်းစားကြည့်ပေါ့..ပစ်ချထားတာက တွင်းတစ်တွင်း..နောက်ပြီးမြေလည်းပြန်ဖို့ထားတာ။
ပြန်တွေ့တော့ အခြားတွင်းတစ်တွင်းမှာ။ပစ္စည်းတွေကမပျက်မစီးဘဲ မူလအတိုင်းဘဲ”
“အဲဒါနဲ့ ရေတွင်းကို ဆက်တူးဖြစ်သေးလားအမေ”
ဒီတစ်ခါတော့ အကြီးမ နွယ်နွယ်က ဝင်မေးလိုက်ခြင်းဖြစ်သည်။
ယင်းသို့ မေးတော့ ဒေါ်နွယ်နီက ခေါင်းညိတ်ပြလိုက်ရင်း
“ဆက်တူးတာပေါ့သမီးရယ်။ဒါပေမယ့် လူတစ်ရပ်လောက် တူးလိုက်တာနဲ့ ရေတွေချက်ချင်းထွက်တဲ့အထိ ရေကြောကောင်းတဲ့ အဲဒီနေရာမှာ ရေကမထွက်တော့ဘူး။ပေနှစ်ဆယ်လောက်ဆက်တူးပေမယ့်လည်းလုံးဝကိုမထွက်တော့တာသမီးရေ..အဲဒါဒီနေ့အထိပါပဲ”
ဒေါ်နွယ်နီ၏စကားအဆုံးတွင်တော့ နွယ်နွယ်ရော မီးမီးပါ အံ့သြစိတ်တွေကြောင့် ပါးစပ်အဟောင်းသားလေးတွေနှင့်ဖြစ်သွားကြသည်။
ရေတွင်းနှင့်ပတ်သက်ပြီး ဤမျှလောက် ဆန်းကြယ်သောဖြစ်ရပ်များရှိလိမ့်မယ်ဟုလည်း တစ်ခါမှ မစဥ်းစားခဲ့ဖူးကြပါ။
ယင်းအခိုက်တွင်.. ပြတင်းပေါက်တွင်တပ်ဆင်ထားသည့် သံဇကာ ပေါက်တွေကြားမှ လေပြင်းတွေက တဝေ့ဝေ့တို့းဝှေ့တိုက်ခိုက် လာလေသည်။
ထိုအခါ ဒေါ်နွယ်နီက တိုင်ကပ်နာရီကိုလှမ်းကြည့်လိုက်ပြီး
“ဟော ဆယ်နာရီတောင်ထိုးနေပြီ။သမီးတို့လည်းအိပ်ကြတော့။မနက် အလုပ်သွားရဦးမှာမဟုတ်လား”
“ဟုတ်.အမေ”
ညီအစ်မနှစ်ယောက် အိပ်ခန်းထဲသို့ဝင်လာခဲ့ကြသည်။
သို့သော် အိပ်ရာပေါ်သို့ရောက်သည့်တိုင်အောင် အိပ်မပျော်ကြသေးဘဲ မိခင်ဖြစ်သူ ပြောပြသည့် ချောက်ချားဖွယ်ကောင်းသော ပဟေဠိ ဆန်လွန်းသော ရေတွင်းတွေအကြောင်းကိုအတွေးနယ်ချဲ့နေကြလေတော့သည်။
အားလုံးအေးချမ်းပါစေ…။
(အချိန်အခက်အခဲကြောင့်မန့်တွေကိုမပြန်နိုင်ရင်လည်းနားလည်ပေးကြပါ။
ဆရာဆွေ(တောင်တွင်း)