ပေါရိသာဒကျင့်စဥ်

*ပေါရိသာဒကျင့်စဉ်*📖📖📖

***********************

“ဒုတ် . . . ဂျစ်. . . . ဒုတ်”

ညသန်းခေါင်ယံအချိန် သုဿန်အိုကလေးထံတွင် ထိုအသံများဆူညံနေလေသည်။ လမိုက်ညဖြစ်သဖြင့် ပတ်ဝန်းကျင်ကလဲ မှောင်မဲနေလေသည်။ သုဿန်ကလေးထဲတွင်တော့ အုတ်ဂူများက ထိုးထိုးထောင်ထောင်နှင့်ငြိမ်သက်စွာတည်ရှိနေကြသည်။ သို့သော် ဆူညံသည့်အသံကြီးတစ်ခုသည် ညသန်းခေါင်ယံ တိတ်ဆိတ်နေသော သုဿန်ကြီးကိုဖုံးလွှမ်းနေလေသည်။ သေချာကြည့်လိုက်ပါမူ ဖယောင်းတိုင်မီး လက်လက်နှင့် လူသုံးဦးအလုပ်များနေသည်ကိုတွေ့နိုင်ပေသည်။

“ဂစ် . . . ဂီး”

လင်ကောင်ပိုးငှက်တစ်ကောင်က သုဿန်အပေါ်မှဖြတ်သန်းသွားကာ အော်သံပေးလိုက်သည်။

“ဟာကွာ ဒီငှက်ဆိုးကတော့ တစ်မှောင့်”

ပေါက်ပြားဖြင့် မြေကြီးများကိုတူးဖော်နေသည့် လူတစ်ယောက်က ညည်းတွားလိုက်သည်။

“ဟေ့ကောင်ဘူးသီး ဘာမှမဖြစ်နဲ့ မင်းလုပ်ဆရာရှိတာဆက်လုပ်”

ဘူးသီးဆိုသူအား အကျီအနက်ရောင်ဝတ်ဆင်ထားသည့် သူက ဆက်ပြောလိုက်သည်။ ထိုသူက သူတို့သုံးဦးထဲတွင် ဆရာဖြစ်ပုံရသည်။ ထိုသူက ပါးစပ်မှ ပွစိပွစိနှင့် မန္တန်များကို ရွတ်ဖတ်နေလေသည်။ ကျန်သည့်သူနှစ်ဦးကတော့ အုတ်ဂူဟောင်းကြီးတစ်ခုကိုဖြိုဖျက်ပြီးနောက် ထိုအောက်မှမြေကြီးကိုဆက်တူးနေကြလေသည်။ ဖယောင်းတိုင်သုံးတိုင်ကို ထွန်းညှိထားပြီး လမိုက်ညအမှောင်ကို အကာအကွယ်ယူကာ တိုးတိုးတိတ်တိတ်တူးဖော်နေကြခြင်းဖြစ်သည်။

“ဆရာကြီး သုဘရာဇာတွေကို ဆရာကြီး ဘယ်လိုလုပ်ထားလဲ”

“အင်း . . . သူတို့ကို ငွေ ၁၀၀ ပေးပြီးတော့ ရှောင်ခိုင်းထားလိုက်တယ်ကွာ၊ သူတို့လဲ ငွေပေါပေါများများရတာဆိုတော့ ညနေစောင်းကတည်းက သုဿန်ကနေ ထွက်သွားကြပြီကွ”

၁၉၇၀ ခုနှစ်ဝန်းကျင်က ငွေ ၁၀၀ မှာ အလွန်နည်းသည့် ပမာဏတော့မဟုတ်ပေ။

“ဒါနဲ့ဆရာကြီး ကျွန်တော်တို့ ရှာနေတာ ဘာပစ္စည်းလဲ”

ဆရာကြီးက ထိုမေးသည့်သူအား မျက်စောင်းထိုးလိုက်လေသည်။

“မင်းတို့နဲ့မဆိုင်ဘူး၊ အေး  . . . ဒါပေမယ့် ငါပြောနိုင်တာကတော့ အရမ်းအဖိုးတန်တဲ့ ပစ္စည်းတစ်ခုပဲ၊ ရွှေငွေရတနာတော့ မဟုတ်ဘူးပေါ့၊ မင်းတို့ငါခိုင်းတဲ့အတိုင်းသာလုပ်။ ကိစ္စအောင်မြင်ရင် မင်းတို့ကို တစ်ယောက် ၅၀၀ ပေးမယ်၊ ဟုတ်ပြီလား”

“ဟုတ်ကဲ့ပါဆရာကြီး”

“အေး . . ဒါပေမယ့် မင်းတို့ကို တစ်ခုမှာထားရအုန်းမယ်၊ မင်းတို့ ဘာပဲဖြစ်ဖြစ်၊ ဘာပဲကြုံရ ကြုံရ ငါရှိတယ်၊ ငါဖြေရှင်းပေးမယ်၊ ဒါပေမယ့် မင်းတို့ ငါတားထားတဲ့ စည်းဝိုင်းအစီအရင်ထဲကနေတော့ ပြေးမထွက်ကြနဲ့၊ စည်းပေါက်သွားလိမ့်မယ် နားလည်လား”

တူးဖော်နေသည့် လူနှစ်ယောက်က ခေါင်းကိုပြိုင်တူညိတ်လိုက်ကြသည်။ ထို့နောက် သူတို့သည် ချက်အရက်တစ်လုံးကို တစ်ယောက်တစ်ငုံစီမော့သောက်လိုက်ကြပြီး ဆက်လက်၍တူးဖော်နေကြသည်။ ဆရာကြီးဆိုသူကတော့ မတ်တပ်ရပ်နေလျှက် သူတို့နားမလည်သည့် ဘာသာများကို ရွတ်ဖတ်နေလေသည်။

မန်ကျည်းတော သုဿန်သည် ရွာငါးရွာအသုံးပြုသည့် သုဿန်တစ်ခုဖြစ်သည်။ ရွာငါးရွာသာမက အနီးအနား မြို့ငယ်ကလေးမှ ငွေကြေးမတတ်နိုင်ကြသူများပါ လာရောက်မြှုပ်နှံကြသဖြင့် သုဿန်မှာအတော်ပင် ကျယ်ဝန်းနေပြီဖြစ်သည်။ တတ်နိုင်သူများက အုတ်ဂူများပြုလုပ်ကာ မြှုပ်နှံကြသလို မတတ်နိုင်သူများကတော့ ရှေးနည်းအတိုင်း ဖျာဖြင့်လိပ်ပြီး မြှုပ်နှံကြလေသည်။ ယခုဒေသတွင် မီးသဂြိုလ်စက်မရှိသဖြင့် မီးသဂြိုလ်လေ့မရှိကြ။

တူးရင်းတူးရင်း ၆ပေခန့်အနက်အရောက်မှာတော့ ဘူးသီးဆိုသည့် သူက မြေကြီးအောက်တွင် မာကြောသည့်အရာတစ်ခုကို စမ်းမိလိုက်သည်။

“ဆရာ ကျွန်တော်တို့ ရှာနေတဲ့ပစ္စည်းတွေ့ပြီထင်တယ်”

ထို့နောက် မြေကြီးကို ပေါက်တူးလေးဖြင့် အသာမွကာ တူးလိုက်သည်။ မြေကြီးအောက်တွင်တော့ သံသေတ္တာ အသေးလေးတစ်လုံးက ပေါ်ထွက်လာသည်။ နှစ်တွေမည်မျှကြာနေသည်မသိ။ သံသေတ္တာကလေးက သံချေးများကိုက်ပြီး အလွန်ပျက်စီးနေလေသည်။

“ငါမှန်းတာ မှန်ခဲ့ရင် ဒီထဲမှာ ကျွန်းသေတ္တာကလေးတစ်လုံး ထပ်ပြီးရှိရမယ် ထင်တယ်”

သံသေတ္တာကလေးကို တူးထားသည့် ကျင်းနှုတ်ခမ်းပေါ်သို့ ပစ်တင်လိုက်ပြီးနောက် ဘူးသီးနှင့် အခြားမြေတူးသမားတစ်ဦးပါ ကျင်းဘောင်ပေါ်သို့ခုန်တက်လိုက်ကြသည်။ ဆရာဆိုသည့်သူကလဲ အနားသို့တိုးကပ်လိုက်ပြီး သုံးယောက်သား သံသေတ္တာကို ခေါင်းချင်းဆိုင်လိုက်ကြသည်။

“အုန်းသီး . . . ဖွင့်ဟေ့”

ထိုအခါ အုန်းသီးဆိုသူက သေတ္တာကိုပေါက်ပြားလေးနှင့်အသာရိုက်လိုက်ရာ သေတ္တာအဖုံးမှာ ကျွတ်ထွက်သွားလေတော့သည်။ ဆရာဖြစ်သူမှန်းသည့်အတိုင်းပင် အတွင်းတွင် ကျွန်းသားဖြင့်ပြုလုပ်ထားသော သေတ္တာကလေးတစ်လုံးကိုတွေ့လိုက်ရပြန်သည်။ ဆရာတစ်ပည့်သုံးယောက်ခေါင်းချင်းဆိုင်လိုက်ပြီးနောက် ထိုကျွန်းသေတ္တာကလေးကိုခတ်ထားသော သော့ခလောက်သေးသေးလေးကို ရိုက်ဖွင့်လိုက်ကြပြန်သည်။ အခုတော့ ကျွန်းသေတ္တာကလေးကိုသာ ဖွင့်ရန်ကျန်ရှိတော့သည်။

“ကဲ ဖွင့်ကြဟေ့”

ဆရာဖြစ်သူက ပြောလိုက်သည့်အခါတွင် အုန်းသီးက ကျွန်းသေတ္တာကလေးကိုလက်နှင့်ကိုင်ထားလိုက်ပြီးနောက် ဘူးသီးဆိုသူက ထိုသေတ္တာကလေး၏ အဖုံးကိုဖွင့်လိုက်လေသည်။

“ရှူး . . . . ရှူး”

ထိုအခိုက် ကျွန်းသေတ္တာကလေးပွင့်သွားပြီး အတွင်းမှ အခိုးအငွေ့များက အလုအယက်ထွက်လာကြကာ အဖုံးဖွင့်သူ ဘူးသီး၏ မျက်နှာကို တည့်တည့်ရိုက်ခတ်သွားလေသည်။ ဘူးသီးလဲ အစတော့ ဘာမှမဖြစ်သေးပေ။ ငါးမိနစ်ခန့်ကြာလာတော့မှ မျက်နှာကြီးတစ်ခုလုံး ယားယံလာပြီးနောက် ကုတ်ဖဲ့နေရလေသည်။ ထို့နောက် မျက်နှာမှာ သွေးစိမ်းများထွက်လာပြီးနောက် မျက်နှာရှိအသားအရည်များမှာ ယောင်ကိုင်းပြီး ဖောင်းပွလာလေသည်။ ဖယောင်းတိုင်မီးရောင်အောက်တွင် ဘူးသီး၏ မျက်နှာကြီးမှာ မကောင်းဆိုးဝါးကြီးတစ်ကောင်ကဲ့သို့ ပြောင်းလဲသွားလေသည်။

“အား ဆရာ . . . ကယ်ပါဦး .. . . ကျွန်တော်ဘာမှ မမြင်ရတော့ဘူး”

ဘူးသီးက အော်ဟစ်ရင်းလှမ်းလျှောက်နေလေသည်။ ဆရာနှင့် အုန်းသီးဆိုသူလဲ ဘူးသီး၏ အဖြစ်ကို အံ့အားသင့်စွာဖြင့် ကြည့်နေလိုက်ကြသည်။

“ဟေ့ကောင် ရပ်နေ . . . ရပ်နေ မင်းကိုငါကုပေးမယ်၊ မင်းလျှောက်မသွားနဲ့ စည်းဝိုင်းအပြင်ကို မထွက်စေနဲ့”

ထိုအခိုက်မှာပင် ဘူးသီးဆိုသူက မြေပြင်သို့လဲသွားပြီးနောက် တွန့်လိမ်နေလေသည်။ ခဏကြာတော့ တွန့်လိမ်နေတာ ရပ်တန့်သွားသည်။ ဆရာကြီးမှာ ဘူးသီးထံသို့ ပြေးသွားပြီးနောက် ဘူးသီးကို စမ်းသပ်ကြည့်လိုက်သည်။ ထို့နောက် ခေါင်းကိုခါလိုက်သည်။

“သေရှာပြီကွ”

“ခင် . . . ခင်ဗျာ”

အုန်းသီးက ကြောက်ရွံ့သွားပြီး တုန်လှုပ်သွားလေသည်။ ဆရာကြီးက ဘူးသီးအနားမှ ထလိုက်သည်။

“ကောင်းတာပေါ့ကွာ၊ ဒီကောင်သေတာ့ မင်းသူ့ဝေစုပါရတာပေါ့။ မင်းကို ငါ တစ်ထောင်ပေးမယ်”

ထိုအခါ အုန်းသီးမှာလဲ ကြက်သီးမွေးညှင်းများ ထလာလေသည်။ ထို့နောက် သူက ဟိုဟိုသည်သည်ကြည့်လိုက်ရာမှ အနီးရှိ သစ်ပင်ကြီးတစ်ပင်ဆီသို့ အကြည့်ရောက်သွားလေသည်။

“ဆရာ . . . ဟို . . . ဟိုမှာ”

အုန်းသီးလက်ညှိုးထိုးပြသည့်နေရာကို ဆရာဖြစ်သူကလှမ်းကြည့်လိုက်သည်။ သစ်ပင်ကြီးနောက်ကွယ်မှ အကောင်မည်းမည်းကြီးတစ်ကောင်က တဖြေးဖြေးထွက်ပေါ်လာလေသည်။ ထိုအကောင်ကြီးမှာ လူနှစ်ယောက်အရပ်ခန့် မြင့်မားလေသည်။ လူပုံစံလဲ မသဲမကွဲသာမြင်ရလေသည်။

“ဟေ့ကောင် မကြောက်နဲ့ အသာနေစမ်း ငါဆုံးမလိုက်မယ်”

ဆရာဖြစ်သူက ပြောလိုက်ပြီးနောက် သူလွယ်ထားသည့် လွယ်အိတ်ဟောင်းကလေးထဲမှ ဆေးလုံးများကို ထုတ်ယူလိုက်ပြီးနောက် ထိုအကောင်ကြီးကို ပစ်ထည့်လိုက်သည်။ ဆေးလုံးများက ထိုအကောင်ကြီးကို တည့်တည့်မှန်သွားသော်လည်း ထိုအကောင်ကြီးမှာ ဘာမှမဖြစ်ပေ။ ထိုအခါ ဆရာကြီးက ဆေးမှုန့်များကို ထုတ်လိုက်ပြီးပက်ဖြန်းလိုက်ကာ လက်ညှိုးထိုးပြီး မန္တန်တစ်ခုကို ရွတ်လိုက်ပြန်သည်။ သို့သော ်ထိုအကောင်ကြီးက ဘာမှမဖြစ်သည့်အပြင် သူတို့အနားသို့ တစ်ဖြေးဖြေးကပ်လာလေ
သည်။

“ဘာမှမကြောက်ပါနဲ့ ဒီကောင်ကြီး တို့စီရင်ထားတဲ့ စည်းအထဲကို ဝင်လို့မရပါဘူးကွ”

ဆရာကြီးက ထိုသို့ပြောရင်း ခါးထောက်ပြီးကြည့်နေလိုက်သည်။ ထိုစဉ် အကောင်ကြီးက စည်းဝိုင်းထဲကို ခြေတစ်ဖက်ဝင်လာပြီဖြစ်သဖြင့် အုန်းသီးလဲ အလွန်ကြောက်လန့်သွားလေသည်။ ထိုအခါ အုန်းသီးက သူ့လက်ထဲက ကျွန်းသေတ္တာကလေးကို  ကျင်းထဲသို့ ပြန်ပစ်ထည့်လိုက်ပြီးနောက် အော်ဟစ်ကာ သုဿန်အပြင်သို့ ထွက်ပြေးသွားတော့သည်။

ဆရာကြီးလဲ စည်းပျက်သွားပြီဖြစ်တာကတစ်ကြောင်း သရဲကြီးက အနားကိုအရမ်းကပ်လာတာကတစ်ကြောင်းမို့ ဆရာကြီးလဲ အခွင့်မသာသဖြင့် သုတ်ချေတင်ကာ ပြန်လှည့်ပြေးလေတော့သည်။ ထိုအခါ သုဿန်အတွင်းမှ သရဲကြီးသည် ခြောက်ခြားဖွယ်အသံကြီးဖြင့် အော်ဟစ်ကာ ရယ်မောလိုက်လေတော့သည်။

“ဟား . . . ဟား . . . . ဟား”

(ခ)

“ဟား . . . ဟား”

ထိုအကောင်ကြီးမှာ ရယ်မောပြီးနောက် လူနှစ်ယောက်အသွင်သို့ပြောင်းသွားလေသည်။ ထိုသူတို့မှာ အခြားသူမဟုတ် သုဿန်အတွင်းမှ သုဘရာဇာ သားအဖပင်ဖြစ်သည်။ သူတို့နှစ်ယောက်က သရဲကြီးတစ်ကောင်အသွင်ပြုလုပ်ကာ ခြောက်လှန့်လိုက်ခြင်းဖြစ်သည်။

“အဘရယ်၊ အောက်လမ်းဆရာသာပြောတာ သရဲတွေ့တော့ ကြောက်လိုက်ကြတာ”

ထိုအခါ သုဘရာဇာအဘိုးကြီးသည် ဆေးလိပ်တစ်လိပ်ကို မီးညှိပြီး ဖွာရှိုက်လိုက်သည်။

“သူလဲ ဆေးတွေတော့ ပစ်နေတာပဲ၊ သရဲအစစ်ဆိုရင်တော့ နိုင်ချင်နိုင်မှာပေါ့ကွာ၊ ခုက ငါတို့က လူတွေဆိုတော့ ဘာဆိုဘာမှကို မဖြစ်တာ”

“အဘက ဒီလူတွေကို ဘာလို့နှောင့်ယှက်ချင်တာလဲ အဘ”

“ဒီလိုကွ၊ ဒီလူတွေဟာ တို့ကိုပိုက်ဆံလဲ များများပေးပြီးရှောင်ခိုင်းတယ်၊ နောက်ပြီးတော့ ပေါက်တူးတွေ၊ ပေါက်ပြားတွေနဲ့ဆိုတော့ သူတို့လာရှာတာဟာ အဖိုးတန်တဲ့ပစ္စည်းတစ်ခုခုဖြစ်ရမယ်ကွ၊ သာမန်အုတ်ဂူလာဖောက်တာတော့ မဖြစ်နိုင်ဘူးဆိုပြီးတော့ ငါထင်လို့ သူတို့ပစ္စည်းတွေ့တဲ့အခါ နှောင့်ယှက်ရအောင်လာခဲ့တာပဲ”

ထိုအခါ လူငယ်က ကျင်းထဲသို့ခုန်ဆင်းလိုက်ပြီး ကျွန်းသေတ္တာကလေးကို ကောက်လိုက်လေသည်။ ထို့နောက် လျှင်မြန်စွာဖြင့် ကျင်းပေါ်သို့ ခုန်တက်လိုက်သည်။

“အဘရဲ့ ကျွန်းသေတ္တာကလေးတစ်ခုကျန်ခဲ့တယ်”

“အေး ဖွင့်ကြည့်ရအောင်ကွာ”

“ဖြစ်ပါ့မလားအဘရဲ့၊ ဟိုလူတစ်ယောက်တောင် သေပြီမဟုတ်လား”

ထိုအခါ အဘိုးကြီးက သေတ္တာကလေးကို မြေတွင်ချလိုက်ပြီးနောက် တုတ်ရှည်တစ်ခုဖြင့် ထိုးကာ ဖွင့်ကြည့်လိုက်လေသည်။ သေတ္တာအတွင်းမှ အမှုန်တစ်ချို့ထွက်လာသည်မှ လွှဲပြီး ဘာမှမဖြစ်တော့။ အတွင်းတွင်တော့ ပိတ်စများဖြင့် သေချာစွာထုတ်ပိုးထားသည့် အထုပ်တစ်ခုကိုတွေ့ရသည်။ သေချာဖြေကြည့်ရာတွင်တော့ နောက်ဆုံးတွင် ပုရပိုက်အသေးလေးတစ်ခုကိုတွေ့လိုက်ရတော့သည်။

“ထူးတော့ထူးပြီကွ”

အဘိုးကြီးကပြောလိုက်တော့ လူငယ်က အနားကိုကပ်လာပြီးကြည့်လေသည်။

“ဘာထူးတာလဲ အဘရဲ့”

“ထူးတာပေါ့ကွ၊ ဒီထဲမှာ ငါတို့ထင်သလို အဖိုးတန်ရတနာတွေမရှိဘဲနဲ့၊ ပေ ပုရပိုက်ကလေးတစ်ခုပဲ ရှိနေတော့ ထူးတာပေါ့ကွ၊ ဧကန္တ ဒီပုရပိုက်ကလေးက ရွှေငွေ တွေထက် တန်ဖိုးရှိလို့များလား မသိဘူး”

အဘိုးကြီးက ပြောလိုက်ပြီးနောက် ထိုပုရပိုက်ကလေးကို လူငယ်ကိုပေးလိုက်လေသည်။ လူငယ်လဲ အဖြူရောင်ပုရပိုက်ကလေးကို သေချာကြည့်နေလေသည်။ ပုရပိုက်အဖုံးတွင်တော့ လုံးဝန်းပြီး လက်ရေးလက်သားလှလှနှင့်ရေးထားသည့် စာသားများကိုတွေ့လိုက်ရလေသည်။

“အဘ အဲဒါဘာတွေရေးထားတာလဲ”

လူငယ်မှ စာမတတ်ပေ။ သို့သော် သုဘရာဇာအဘိုးကြီးကတော့ စာဖတ်တတ်လေသည်။

“အဲဒီမှာ ရေးထားတာကတော့ ပေါရိသာဒ ကျင့်စဉ်လို့ ရေးထားတာပဲကွ”

အဘိုးကြီးက ပြောပြီးနောက် ထိုပုရပိုက်ကို ယူကာ သိမ်းလိုက်တော့လေသည်။

“အဘ သူ့ကိုရော ဘာလုပ်မလဲ”

သေဆုံးနေသည့် ဘူးသီးဟူသည့် လူ၏အလောင်းကို လူငယ်က လက်ညှိုးထိုးပြလိုက်လေသည်။ အဘိုးကြီးက သောက်လက်စဆေးလိပ်ကို မီးသတ်ပြီး သိမ်းလိုက်သည်။

“ထုံးစံအတိုင်းပေါ့ကွာ သူ့ကို မြှုပ်လိုက်ကြတာပေါ့”

အဘိုးကြီးက ထိုသို့ပြောလိုက်ပြီးနောက် လူငယ်က ထိုလူသေ၏ လက်များ၊ ခြေများကို ကြိုးများဖြင့် ချည်နှောင်လိုက်လေသည်။ အဘိုးကြီးက သူ့အကျီအိတ်အတွင်းမှ မတ်စေ့တစ်စေ့ကို ထုတ်လိုက်ပြီးနောက် ဘူးသီး၏ ပါးစပ်ကိုဖြဲကာ အထဲသို့ ထည့်ပေးလိုက်လေသည်။ ထို့နောက်ဘူးသီးကို သူတို့တူးထားသည့် မြေကျင်းထဲသို့ ပစ်ချလိုက်ပြီး သုဘရာဇာသားအဖနှစ်ယောက် မြေမြှုပ်ပေးလိုက်ကြတော့သည်။

(ဂ)

သုဘရာဇာ အဘိုးကြီးမှာ ဦးစောဖြစ်သည်။ မန်ကျည်းတောရွာ ဇာတိဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဦးစော မိသားစုတွေ ဆုံးရှုံးခဲ့ရသည်။ နေစရာမရှိ၊ လုပ်စရာမရှိသဖြင့် သုဿန်တွင်နေထိုင်ပြီး သုဘရာဇာဖြစ်လာခဲ့လေသည်။

သူ့သားအမည်ကတော့ ဒေါန ဖြစ်သည်။ သားအရင်းတော့မဟုတ်ပေ။ အနီးအနား ရှားတောရွာတွင် ဝမ်းရောဂါဖြစ်၍ ကပ်ဆိုက်သောအခါ မောင်ဒေါန၏ မိဘများနှင့် ဆွေမျိုးများအကုန်သေဆုံးခဲ့ပြီး မောင်ဒေါန တစ်ယောက်သာကျန်ရစ်ခဲ့လေသည်။ ထိုစဉ်က ဒေါနမှာ အသက်ခြောက်နှစ်ခန့်သာရှိသေးသည်။ ဦးစောက သနားသဖြင့် ဒေါနကို မွေးစားပြီး သူနှင့်အတူတူ သုဿန်တွင်နေထိုင်သဖြင့် ဒေါနလဲ သုဘရာဇာဖြစ်လာခဲ့လေသည်။

အခြားသူများအတွက် သုဿန်ဟာ အလွန်ကြောက်မက်ဖွယ်ဖြစ်သော်လည်း ဦးစောနှင့် ဒေါနအတွက်တော့ အိမ်ဖြစ်နေသည်။ လူသေများကို မြှုပ်နှံပေးရင်း ရသည့်အဖိုးအခဖြင့် သောက်သောက်စားစားနေကြသည်။ စုဆောင်းခြင်းဆိုသည်ကတော့ နတ္တိ။ ဦးစောခံယူချက်မှာ သေသွားလျှင်အရာအားလုံး ထားခဲ့ရမည်ဖြစ်သဖြင့် မသေခင်ကတည်းက ဘာမှမစုဆောင်းထားပဲ သုံးဖြုန်းရန်သာဖြစ်သည်။

“စုဆောင်းထားတော့ရော တို့တွေသေသွားတော့ ဘာလုပ်လို့ရမှာတုန်းကွ၊ ဒီတော့မသေခင် စားလို့ရတယ်၊ သောက်လို့ရတယ်၊ စားနိုင်သောက်နိုင်တုန်း စားထားကွ”

သုဘရာဇာဆိုပြီး ဝင်ငွေကိုတော့ အထင်မသေးသင့်။ ထိုခေတ်က နေ့စားအလုပ်သမားများထက် ဝင်ငွေကောင်းသည်။ တစ်နေ့ကို သုံးလောင်းလောက်ကျသည့်နေ့ဆို ဦးစောတို့ ငွေရွှင်နေပြီဖြစ်သည်။ ထို့အပြင်ချမ်းသာသည့်သူများ၊ ဂူသွင်းသည့်သူများရှိပါက ဦးစောတို့ မျိုးမျိုးမြတ်မြတ်ကလေး ရတတ်လေသည်။ ထိုအခါတွင် ဦးစောနှင့် ဒေါန မြို့တက်ပြီး စိတ်ကြိုက်သောက်စားပစ်ကြသည်။

“အဘ ကျွန်တော်တို့အလုပ်ကတစ်မျိုးပဲနော်၊ လူတွေ များများသေလေ ပျော်ရလေလိုဖြစ်နေပြီ”

“ဟား . . ဟား ဒီလိုလဲ မဟုတ်သေးဘူးကွ၊ မတတ်နိုင်တဲ့သူတွေ မြှုပ်ခတောင် အနိုင်နိုင်ပေးနေရတဲ့လူတွေ များများသေတော့ရော၊ တို့အတွက် ဘာကျန်လို့တုန်း”

ဒေါနက ခေါင်းညိတ်လိုက်သည်။

“ဒါဆိုလဲ မြှုပ်နိုင်တဲ့လူတွေ၊  ဂူသွင်းနိုင်တဲ့ သူဌေးတွေ များများသေကြလေကောင်းလေပေါ့ဗျာ”

“ဟား . . .ဟား”

သားအဖနှစ်ယောက် တိတ်ဆိတ်နေသည့် သုဿန်ကြီးအတွင်း ရယ်မောပြစ်လိုက်ကြတော့သည်။

သို့သော် သုဘရာဇာလုပ်ပြီး မကောင်းသည့်အချက်တစ်ချက်ရှိသည်။ ထိုအချက်ကတော့ လူမပေါင်းချင်းဖြစ်သည်။ သူတို့သားအဖကို နာရေးကိစ္စမှ တစ်ပါးမည်သူမှ အခေါ်အပြောသိပ်မလုပ်ကြ။ သို့သော် ဒေါနတို့က သိပ်ပြီးဂရုမစိုက်။

(ဃ)

နံနက်လင်းပြီ။
ညက သိုက်ဆရာများ တူးရင်းကျန်ခဲ့သည့် ချက်အရက်များကို အပြတ်ရှင်းထားသဖြင့် ဒေါန ခေါင်းတွေမူးပြီးကိုက်နေလေသည်။ ထို့နောက် ဗိုက်တွေဆာကာ ရင်တွေပူနေလေသည်။ အနားတွင်တွေ့သည့် ငှက်ပျောဖီးမှ ငှက်ပျောသီးတစ်လုံးကို ဖဲ့ယူလိုက်ပြီး အခွံနွာစားလိုက်သည်။ မကြာခင် ဦးစောက ဆေးလိပ်ဖွာရင်းသူ့နား လာထိုင်လေသည်။

“စားကောင်းရဲ့လားကွ၊ အဲဒီ ငှက်ပျောသီးလဲ ညက သိုက်ဆရာပေးထားတဲ့ ပွဲက ငှက်ပျောသီးတွေ”

ဒေါနက ငှက်ပျောသီး သုံးလုံးခန့်စားပြီး သောက်ရေတစ်ခွက်သောက်ချလိုက်မှ နေသာထိုင်သာရှိသွားတော့သည်။

“အဘ နေမြင့်နေပြီ၊ ဒီနေ့အလောင်းမရှိဘူးလား”

“အေးကွ၊ လူတွေလဲ အသက်တွေ ရှည်နေကြတယ်ထင်ပါရဲ့ကွာ”

ထို့နောက် သားအဖနှစ်ယောက် ဇရပ်ထရံကိုမှီကာ သုဿန်အတွင်းရှိ အုတ်ဂူများ၊ မြေပုံများကိုကြည့်ကာ ငေးမောနေလေသည်။

“သား ဒေါန၊ မင်းကို အဘပြောစရာရှိတယ်၊ မင်းရဲ့ အနာဂါတ်အတွက် မင်းဘာလုပ်မယ်စိတ်ကူးလဲ”

“ဘာလုပ်ရမလဲ အဘရယ်၊ သုဘရာဇာက သုဘရာဇာပဲလုပ်ရမှာပေါ့ဗျ”

ထိုအခါ ဦးစောက ခေါင်းခါလိုက်သည်။

“မဟုတ်သေးဘူးသားရဲ့၊ အဘက သုဘရာဇာအလုပ်ကို ရွေးချယ်ခဲ့ပေမယ့် အဘစိတ်ထဲကတော့ ငါ့သားဒေါနကို သုဘရာဇာ မဖြစ်စေချင်ဘူး”

“အဘရယ် ကြံကြံဖန်ဖန်တွေ တွေးလို့၊ သုဘရာဇာလောက်ကောင်းတာ ဘာရှိလဲဗျ”

“စားဝတ်နေရေးထက် တို့မှာ လူမှုရေးမရှိဘူးလေကွာ၊ မင်းတို့ ငါတို့ကို ရွာနားကလူတွေ ဘယ်သူက အခေါ်အပြောလုပ်လို့လဲကွ၊ ကဲ မင်းမိန်းမလိုချင်ပါပြီတဲ့ ဘယ်သူက မင်းကိုယူမလဲ”

ထိုအခါ ဒေါနက ခေါင်းငိုက်စိုက်ကျသွားသည်။

“မိန်းမ . . . မိန်းမ . . . ဟုတ်လားအဘ”

ဒေါနက ဇရပ်ကြမ်းပြင်ကို ငေးကြည့်နေရင်း သူ့စိတ်ကူးများမှာ ပျံ့လွင့်သွားတော့လေသည်။

(င)

“ကလောင် . . . ကလောင်”

ကျောင်းဆင်းခေါင်းလောင်းသံကလေးက ပတ်ဝန်းကျင်တွင် ဆူညံသွားလေသည်။ ဒေါနက ကျောင်းရှိ မူလတန်းသင်သည့် ဆရာမကလေးကို ခိုးခိုးကြည့်နေသည်မှာ တစ်ပတ်လောက်ရှိပြီဖြစ်သည်။ မကြာခင် ကျောင်းအတွင်းမှ ကလေးများပြေးထွက်လာကြလေသည်။ ထို့နောက် ကလေးများခြံရံလျှက် ဆရာမလေးတစ်ယောက်ထွက်လာလေသည်။ ဒေါနလဲ သူကိုင်ထားသည့် ပန်းများနှင့်အတူ ဆရာမလေးဆီပြေးလာခဲ့လေသည်။

“ဆရာမလေး”

“အလို . . . ကိုဒေါနပါလား”

“ဟိုလေ . . ဆရာမလေးကို . . . ဒါ . . ဒါလေးပေးချင်လို့”

ဒေါနကပြောလိုက်ကာ ဆရာမလေးကို အဖြူရောင်တောပန်းကလေးများကို ကမ်းပေးလိုက်လေသည်။

“ဆရာမ သင်္ချိုင်းကုန်းက ပေါက်တဲ့ပန်းတွေ ထင်တယ် မယူနဲ့ . . . မယူနဲ့”

အနီးရှိ ကလေးများက ထိုသို့အော်လိုက်သည့်အခါတွင် ဒေါန ခေါင်းငိုက်စိုက်ကျသွားသည်။ ဆရာမလေးကတော့ အားနာသွားသည်ထင်သည်။

“အို . .  အဲဒီလိုမပြောရဘူး ကလေးတွေရဲ့”

ထို့နောက် ကိုဒေါနပေးသည့် ပန်းကလေးများကိုကြည့်လိုက်ပြီး ကိုဒေါနကို ကြည့်လိုက်လေသည်။

“အားနာလိုက်တာရှင်”

“ဒီ . . . ဒီပန်းတွေကလေ သင်္ချိုင်းကုန်းမှာ ပေါက်တဲ့ပန်းတွေမဟုတ်ပါဘူး ဆရာမလေး၊ ဒီပန်းတွေက ကျွန်တော်ကိုယ်တိုင် ဆရာမလေးဖို့ တောစပ်မှာ သွားခူးခဲ့တာပါ”

ထိုအခါ ဆရာမလေးက ပန်းကလေးကို လှမ်းယူလိုက်လေသည်။

“ကျေးဇူးပဲနော် ကိုဒေါန”

“ဒါနဲ့ . . . ဆရာမ ပန်းလေးတွေကိုကြိုက်တယ်မဟုတ်လား၊ ဒါဆိုနောက်ရက်တွေလဲ ကျွန်တော် ပန်းကလေးတွေ ခူးလာပြီး ဆရာမကိုပေးချင်တယ်”

ဆရာမလေးကတော့ ရှက်ပြုံးကလေးပြုံးကာ ခေါင်းညိတ်လိုက်တော့သည်။

ဆရာမလေး နာမည်ကတော့ ပန်းမွှေးဖြစ်သည်။ မန်ကျည်းတောရွာဇာတိဖြစ်သည်။ မြို့တွင် အထက်တန်းအောင်မြင်ပြီးနောက် မန်ကျည်းတောရွာ မူလတန်းကျောင်းတွင် ဆရာမအဖြစ်နှင့် တာဝန်ထမ်းဆောင်လျှက်ရှိသည်။ မန်ကျည်းတောရွာမှာ အနီးအနားရွာများထဲတွင် အိမ်ခြေအများဆုံးရွာဖြစ်ပြီး ရွာကြီးဖြစ်သဖြင့် အစိုးရမူလတန်းကျောင်းတစ်ကျောင်းရှိပြီး ရွာသူရွာသားများသာမက အနီးအပါးရွာများမှ ကလေးငယ်များပါ လာရောက်တတ်ရောက်ကြသည်။

ထိုနောက်ပိုင်း ဒေါနှင့် ပန်းမွှေးက ရင်းနှီးမှုများပိုရလာလေသည်။ ဒေါနကလဲ နေ့တိုင်းတောထဲသွားကာ တောပန်းကလေးများ ခူးပေးတတ်သည်။ ပန်းကြိုက်သည့် ပန်းမွှေးအတွက်တော့ အဆင်သင့်ဖြစ်နေလေသည်။ တစ်ရွာလုံးက ဒေါနကို အခေါ်အပြောမလုပ်သော်လည်း ဆရာမလေး ပန်းမွှေးကတော့ ဒေါနနှင့် စကားပြောဆက်ဆံသည့် တစ်ဦးတည်းသော သူဖြစ်သည်။

“ဒါနဲ့ ဆရာမလေးက ကျွန်တော့်ကို အခေါ်အပြောလုပ်တယ်နော်၊ ရွာကလူတွေက ကျွန်တော်တို့ သားအဖကို ရှောင်ကြဉ်နေကြသလိုပဲ”

စကားပြောရင်း ဒေါနက မပန်းမွှေးကို ပန်းအဝါရောင်လေးတစ်ပွင့်ကိုလှမ်းပေးလိုက်သည်။ မပန်းမွှေးက ထိုပန်းကလေးကို သူ့နောက်တွဲဆံထုံးကလေးတွင် ပန်ဆင်လိုက်၏။

“ဒါကတော့ ရှေးအယူအဆတွေကြောင့်ပါ ကိုဒေါနရဲ့၊ ပန်းမွှေးတို့ ဆိုရှယ်လစ်လမ်းစဉ်မှာတော့ လူတိုင်းဟာ လူပဲဖြစ်တယ်၊ လူတိုင်းမှာ သာတူညီမျှ ခံစားခွင့်ရှိတယ်ဆိုတာတွေ သင်ကြားခဲ့ရတာပေါ့၊ ပန်းမွှေးဖေဖေက ဆိုရှယ်လစ်တစ်ယောက်ပဲလေ”

ပန်းမွှေးအဖေက ဆိုရှယ်လစ်ဆိုသော်လည်း ပန်းမွှေးအကိုနှင့် ဆွေမျိုးများကတော့ ပန်းမွှေး ဒေါနနှင့် ပေါင်းနေသည်ကို မကြိုက်။ ထို့ကြောင့် တစ်ရက် ဒေါနရွာကျောင်းကလေးမှ အပြန်လမ်းတွင် ပန်းမွှေးအကိုများက ဝိုင်းဝန်း ထိုးကြိတ်လွှတ်လိုက်ကြလေသည်။

“ဟေ့ကောင် သုဘရာဇာ၊ မင်းအဆင့်ကိုမင်းသိစမ်းပါ၊ ငါ့ညီမနားကို မင်းလာနေတာ ငါတို့မကြိုက်ဘူး”

(စ)

“တောက်”

ဒေါနက ဇရပ်ကြမ်းပြင်ကိုငေးကြည့်နေရင်း တောက်တစ်ချက်ခေါက်လိုက်သည်။

“လူလေး မင်းဘာတွေ တွေးနေတာလဲ”

ဦးစောက မေးလိုက်တော့မှ ဒေါနက သတိပြန်ကပ်သွားသည်။

“ဘာမှမဟုတ်ပါဘူးအဘ ကျွန်တော်အတွေးလွန်သွားလို့ပါ၊ ဒါနဲ့ အဘက ခုနကစကားတွေပြောနေတော့ အဘဘယ်လို အစီအစဉ်မျိုးရှိလို့လဲအဘ”

ထိုအခါ ဦးစောက ထိုနေရာမှ ထသွားလိုက်ပြီး သူ့ခေါင်းအုံးအောက်မှ ညကတွေ့ခဲ့သည့် ပုရပိုက်ကလေးကို ထုတ်ယူလိုက်သည်။

“ဒီပုရပိုက်ဟာ နှယ်နှယ်ရရတော့မဟုတ်ဘူးကွ၊ ဒီပုရပိုက်ဟာ မကောင်းတဲ့ကျင့်စဉ်တစ်ခုအကြောင်းကိုရေးသားထားတယ်၊ အဲဒီကျင့်စဉ်ကတော့ ပေါရိသာဒကျင့်စဉ်ပဲကွ”

ဒေါနက ခေါင်းညိတ်လိုက်သည်။ ဆက်လက်ပြီး ဦးစောက

“မင်း ဒီကျင့်စဉ်ကို ကျင့်ရမယ်ကွဲ့”

“ဟာ အဘရယ်၊ ဒီကျင့်စဉ်ကို ကျင့်တာနဲ့ ကျွန်တော့်ဘဝတိုးတက်ရာ တိုးတက်ကြောင်းနဲ့ ဘာဆိုင်လို့လဲအဘ”

ဦးစောက ခေါင်းခါလိုက်သည်။

“ဒီကျင့်စဉ်အောင်မြင်ရင် မင်းဟာအလွန်အင်အားရှိလာမယ်၊ မင်းဟာအလွန်လျှင်မြန်ဖြတ်လတ်လာပြီးတော့ မင်းကိုသာမန်လူ ဆယ်ယောက်လောက်တောင် တိုက်ခိုက်လို့ မနိုင်နိုင်ဘူးဖြစ်မယ်ကွ”

“အိုအဘကလဲ အဲသည်လိုဖြစ်တော့ရော ကျွန်တော်က ချမ်းသာပြီတဲ့လား၊ သုဘရာဇာ မဖြစ်တော့ဘူးတဲ့လားဗျ”

“သားကလဲ ခက်တော့တာပဲ။ ဒီမှာ ဒီလိုစွမ်းအားတွေရလာတော့ မင်းက ချမ်းသာပေ့ဆိုတဲ့ သူဌေးကြီးတွေ၊ အရာရှီကြီးတွေ အိမ်ကိုအလွန်တကူကပ်ပြီး ခိုးဝှက်လိုက်ရင် တစ်ချီတည်းနဲ့ ချမ်းသာတာပေါ့ကွ”

ထိုစကားကြားလိုက်တော့မှ ဒေါနက မျက်လုံးများ အရောင်လက်လာလေသည်။

“ဒါဆိုကျင့်မယ်အဘ ကျင့်စဉ်က ဘယ်လိုကျင့်ရတာလဲ၊ ခက်ခက်ခဲခဲတော့ အရမ်းမလုပ်နဲ့နော်၊ ကျွန်တော်က စာတောင်မှ နှစ်ရှည်လများအကြာကြီးသင်နေရလို့ ပျင်းလို့ စာတောင်မသင်တာ”

“သြော်သားရယ်၊ ခက်ခဲတဲ့အလုပ်ဆိုတာ ခက်ခက်ခဲခဲလုပ်ရမှာပေါ့ကွ။ မင်းတွေးကြည့်စမ်း မင်းမချမ်းသာချင်ဘူးလား၊ မင်းလူရာမဝင်ချင်ဘူးလား၊ မင်းကိုနှိမ်ခဲ့တဲ့လူတွေအားလုံးက မင်းကို ခေါင်းငုံ့ပြီး ခယနေတာကို မင်းမြင်ယောင်ကြည့်စမ်းပါ”

ထိုအခါ ဒေါနလဲခဏစဉ်းစားလိုက်ပြီးနောက် အံကိုကြိတ်ကာ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။

“ကောင်းပြီဗျာ၊ ကျုပ်ရအောင်ကျင့်မယ်အဘ”

“အေး . . . ဒီကျင့်စဉ်က တို့နဲ့ကွက်တိပဲကွ၊ ငါကတော့ အသက်လဲကြီးနေပြီ၊ ဘာကိုမှလဲ မမျှော်လင့်တော့ပေမယ့် မင်းကတော့ အသက်ငယ်သေးတယ်ငါ့သား မင်းကြိုးစားကျင့်စမ်းကွာ”

“ဒါနဲ့ ကျင့်စဉ်က ဘယ်လိုကျင့်ရမှာလဲ”

“ဘာမှတော့ သိပ်မထူးခြားပါဘူးကွာ၊ အေး . . . ထူးခြားတာတစ်ခုကတော့ လူသားစားရမှာပဲ”

“ဗျာ . . . . လူ . . . လူသားစားရမယ် ဟုတ်လား”

ဒေါနတစ်ယောက် အလွန်ထိတ်လန့်တုန်လှုပ်သွားလေသည်။

“ဒါကြောင့် တို့နဲ့ အံကိုက်ပဲလို့ပြောတာပေါ့ကွာ၊ မင်းကြည့်လိုက်စမ်း တို့သုဿန်မှာ အပေါဆုံးကဘာလဲ”

ဒေါနက ဟိုကြည့်သည်ကြည့်နှင့် အတန်ငယ်စဉ်းစားနေလေသည်။

“အပေါဆုံးက . . . . မြက်တွေဖြစ်မယ်ဗျ”

ထိုအခါ ဦးစောက သူ့နှဖူးကိုသူ လက်ဖြင့်ပြန်ရိုက်လိုက်တော့သည်။

“သေဟဲ့ . . . ငါပြောချင်တာ မြက်ကို ပြောတာမဟုတ်ဘူး၊ လူသေ ကွ လူသေကွ”

“ဟုတ်ပြီလေ၊ လူသေပေါတော့ဘာဖြစ်လဲ”

“ဘာဖြစ်ရမလဲသားရဲ့ လူသေပေါတော့ လူသားပေါတာပေါ့ကွာ”

“ဖွီ . . . .”

ဒေါနက တံထွေးတစ်ချက်ထွေးထုတ်လိုက်သည်။

“အဘရယ် ပေါက်ပေါက်ရှာရှာ လူသားစားရမယ်လို့ . . . ရွံ့စရာကြီးဗျာ”

“မရွံ့နဲ့ကွ မင်းကိုခုနကပြောသလို မင်းကိုနှိမ်ခဲ့တဲ့သူတွေကို မြင်ယောင်လိုက်စမ်းပါကွာ၊ နောက်ပြီးလူသားကို အစိမ်းစားမှာမှမဟုတ်တာ မင်းစားလို့ကောင်းအောင် ငါစီစဉ်ပေးပါ့မယ်သားရဲ့”

ဒေါနလဲ ခေါင်းညိတ်လိုက်သည်။

(ဆ)

“ဒီကျင့်စဉ်ကို ကျင့်ဖို့ အချိန် တစ်နှစ်နဲ့ ခြောက်လလိုတယ်ကွ၊ သုံးလတစ်ခါမှာ လူသားပွဲတော်အုပ်ပြင်ဆင်ရမယ်၊ အဲဒီပွဲတော်အုပ်ထဲမှာ လူသားတစ်ယောက်ရဲ့ လိင်အင်္ဂါကလွဲလို့ အင်္ဂါအစုံပါအောင်ထည့်ရမယ်။ ပြီးတော့ မန္တန်တစ်ခုကို ရှစ်ဆယ့်ရှစ်ခေါက်ရွတ်ရမယ်။ ပြီးရင်တော့ တစ်ထိုင်ထဲအဲဒီအသားကိုစားရမယ်ကွ”

“အင်း  . . . . အဘက ကျင့်ခိုင်းလို့သာပဲ ကျုပ်တော့သိပ်ပြီးမစားချင်လှဘူးဗျ”

“အဓိကက အချိန်နဲ့နေ့ရက်တိကျဖို့ပဲ၊ နောက်ပြီးသူသတ်မှတ်ထားတဲ့ လူကို သတ်မှတ်ထားတဲ့အချိန်မှာ စားဖို့ပဲကွ”

ဦးစောက ဆေးလိပ်ကိုထုတ်ပြီးဖွာလိုက်သေးသည်။

“ပထမဆုံးအနေနဲ့ အသက် ၇၀ အရွယ်လူသားကို စစားရမှာပဲ၊ အဲဒီကနေ သုံးလကို တစ်ဆင့်နှုန်းနဲ့ အဆင့်တက်သွားပြီး နောက်ဆုံးအဆင့်မှာတော့ မွေးခါစ လသားကလေးငယ်ကို စားရမယ်၊ အဲဒီအဆင့်တွေအားလုံးပြီးရင်တော့ ဆေးအောင်ပြီ၊ ကျင့်စဉ်အောင်ပြီ”

“ဒါဆို ကျင့်စဉ်မအောင်ရင်ကော အဘရဲ့”

“အေး . . . အဲဒါလဲအရေးကြီးတယ်၊ ကျင့်စဉ်မအောင်ရင်၊ သတ်မှတ်ထားတဲ့ လူအသက်အရွယ်ကိုမစားနိုင်ခဲ့ရင် ကျင့်စဉ်ပျက်မယ်၊ မင်းဟာတဖြေးဖြေးပိန်လှီလာပြီးတော့ နောက်ဆုံးအားအင်ချိနဲ့ပြီး အရိုးပေါ်အရေတင်ဖြစ်ပြီး သေဆုံးသွားလိမ့်မယ်”

ဒေါနလဲ တံတွေးတစ်ချက်မြိုချလိုက်သည်။

“ဘာမှ စိတ်မပူပါနဲ့သားရယ်၊ အဘတစ်ယောက်လုံးရှိပါတယ်။ ကြည့်လိုက်စမ်း တို့သုဿန်မှာ လူသေတွေအများကြီးရှိတယ်။ အဘမင်းကို စီစဉ်ပေးပါ့မယ်”

ဒေါနလဲခေါင်းညိတ်လိုက်သည်။

“ဒါနဲ့ ပေါရိသာဒကျင့်စဉ်ဆိုတော့ ပေါရိသာဒဆိုတာဘာလဲ”

“အင်း . . . လွယ်လွယ်ပြောရရင်တော့ လူသားစားတဲ့သူပေါ့။ သူက အရင်တုန်းကဘုရင်ပဲ၊ နောက်တော့ လူသားအရမ်းစားရင်းကြိုက်သွားတာနဲ့ နန်းစွန့်ပြီးတောထဲဝင်နေတာပေါ့။ သူဟာ အင်အားအလွန်ကြီးတယ်၊ အလွန်လဲလျှင်မြန်တယ်။ နောက်ဆုံး တိုင်းပြည်တွေက ဘုရင်တွေကိုတောင်မှ အစောင့်အရှောက်တွေကြားထဲကနေ အတင်းဝင်ပြီး ဖမ်းဆီးသတ်ဖြတ်နိုင်တယ်ကွ”

ဒေါနလဲ ခေါင်းညိတ်လိုက်သည်။ ထို့နောက် အံကိုကြိတ်ရင်း ပျော်ရွှင်စွာဖြင့် ပြုံးနေလေတော့သည်။
“ဒါနဲ့ အဘဘယ်နေ့စမလဲ”

“မနက်ဖြန်စမယ်ကွာ၊ အရင်ဆုံးအသက် ၇၀ အရွယ်ကိုစားရမယ်ဆိုတော့ မနေ့ကလာချသွားတဲ့ အဘွားကြီးဟာ ၇၂ နှစ်ကွ၊ ငါပြန်ဖော်ပြီးတော့ ပြင်ဆင်ပေးမယ်၊ မင်းကတော့ ငါသင်ပေးမယ့် မန္တန်ကိုသာ အလွတ်ရအောင်ကျက်ထား . . . ဟုတ်ပြီလား”

ထိုအခါ ဒေါနက ပုရပိုက်ကလေးကို ကြည့်ပြီး ဟိုလှန်သည်လှန်လုပ်နေလေသည်။

“အဘကလဲ ကျုပ်မှ စာမတတ်တာ”

“ကိစ္စမရှိပါဘူးသားရဲ့ အဘက တစ်ဆင့်ခြင်းစီ ဘာလုပ်ရမယ်ဆိုတာကို ပြောပြမယ်လေ”

ထို့နောက် ဦးစောက ဒေါနအား မန္တန်တစ်ပုဒ်ကို နှုတ်တိုက်သင်ပေးနေလေသည်။ သုဿန်အတွင်းတော့ ဒေါန မန္တန်ရွတ်သံများမှလွဲ၍ အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်လျှက်ရှိသည်။

(ဆ)

“သားရေ ထတော့ကွ တို့တွေ မိုးမလင်းခင် စရအောင်”

ဦးစော နှိုးလိုက်သဖြင့် ဒေါနလဲ ထလိုက်သည်။ သူထလိုက်သည်နှင့် မွှေးကြိုင်သည့် ရနံ့တစ်ခုက နှာခေါင်းအတွင်းဝင်လာလေသည်။

“မွှေးနေတာပဲ အဘရာ”

“အဲဒါ လူသားချက်ထားတာလေ၊ ဒါတောင် အဖွားကြီးက သေတာကြာနေတော့ သိပ်မလတ်တော့ဘူးကွ၊ မဆလာ နိုင်နိုင်အုပ်ထားရတာ”

ဒေါနလဲ အိပ်ရာမှထလိုက်ပြီး ရေတစ်ခွက်ဖြင့် မျက်နှာသစ်လိုက်ကာ ပလုတ်ကျင်းလိုက်သည်။ ဦးစောက ဇရပ်ပေါ်တွင် ဖျာစုတ်တစ်ခုကို ခင်းထားသည်။ ထိုအပေါ်မှ ပိတ်စအနီတစ်ခုကို ခင်းထားလိုက်သည်။ ထိုပိတ်စအနီမှာ လူတစ်ယောက်ထိုင်၍ရလောက်အောင် ကျယ်ဝန်းလေသည်။

“ကဲသား မင်းဒီပိတ်စပေါ်မှာ ထိုင်နေရမယ်၊ အခုအချိန်ကစပြီး မင်းလူသားတွေ စားပြီးသွားတဲ့အချိန်အထိ မင်းဒီနေရာကနေ မထရဘူးနော်”

ဒေါနလဲ ထိုအခင်းပေါ်တွင် ထိုင်ချလိုက်သည်။ ဦးစောက ဒေါနအရှေ့တွင် စကော မကြီးမသေး တစ်ချပ်ကိုချလိုက်သည်။ ထိုစကောပေါ်တွင် ငှက်ပျောဖက်ခုနှစ်ရွက်ကို ခင်းလိုက်သည်။ ထို့နောက် မီးဖိုပေါ်မှ လူသားဟင်းအိုးကိုယူလာပြီးနောက် စကောပေါ်တွင် ပုံခင်းလိုက်သည်။

လူသားတွေက မဆလာကြောင့် မွှေးကြိုင်နေသည်။ စကောပေါ်တွင် အငွေ့တစ်ထောင်းထောင်းနှင့် စားချင်စဖွယ်ဖြစ်နေလေသည်။

“ကဲ ဟုတ်ပြီသားရေ၊ စကောကို လက်နှစ်ဖက်နှင့်ကိုင်ပြီး နဖူးနားကိုမြှောက်တင်လိုက်”

ဦးစောပြောလိုက်သည်နှင့် ဒေါနလဲ စကောကို သေချာကိုင်ပြီး မြှောက်လိုက်သည်။

“ကဲ လိုက်ဆိုနော်”

“ယခုအချိန်၊ ယခုနေ့ရက်မှ စ၍ ကျွန်တော် မောင်ဒေါနသည် ပေါရိသာဒကျင့်စဉ်ကို စတင်ပြီးကျင့်ပါတော့မည်။ မာရ်နတ်မင်းနှင့်တကွ နတ်ဆိုးအပေါင်း၊ မကောင်းသည့် ဖုတ်၊ ပြိတ္တာ၊ မြေဘုတ်ဘီလူး အားလုံးတို့အားလဲ အသိပေးအပ်ပါသည်။ လူတစ်ယောက်၏ အင်္ဂါအစုံကို ပွဲတော်ခင်းပြီး ပူဇော်အပ်ပါသည်။ ကျွနု်ပ်အား စီးဝင်လျှက် လူသားပွဲတော်အုပ်ကို သုံးဆောင်ကြပါလော့။ ကျွနု်ပ်အားလဲ ကြီးမားသည့် ခွန်အားစွမ်းအင်များကို ပေးသနားတော်မူပါ”

ဦးစော တိုင်ပေးသည့်အတိုင်း ဒေါနက လိုက်ဆိုလိုက်သည်။

ထို့နောက် မနေ့က ဦးစောသင်ပေးထားသည့် မန္တန်ကို ရှစ်ခေါက်ရွတ်ဆိုလိုက်လေသည်။ ထိုအချိန်တွင် ဒေါနကိုယ်လုံးကြီးသည် တဖြေးဖြေး လေးလာသလိုခံစားရသည်။ ခေါင်းမှာလဲ အကြီးကြီးဖြစ်လာသလို ထင်လိုက်ရသည်။ ထို့နောက် သူ့ကိုယ်လုံးက ဘယ်ညာ လှုပ်ယိမ်းနေသည်ဟု ထင်လိုက်ရသည်။

ထို့နောက် တစ်ပြိုင်နက် လက်ထဲမှ စကောကို ချလိုက်ပြီးနောက် လူသားများကို မြိန်ရေရှက်ရေ အားရပါးရ စားသောက်တော့သည်။ ပူလောင်၍ အငွေ့တစ်ထောင်းထောင်းထနေသော လူသားဟင်းများကို မပူနိုင်ဘဲ ပါးစပ်အတွင်းသို့ အမြန်သွတ်သွင်းကာ စားသောက်တော့သည်။ စကောကြီးတစ်ချပ်လုံးကို ငါးမိနစ်ခန့်နှင့် အပြီးစားသောက်ပြစ်လိုက်လေသည်။ လူသားများကုန်သွားသည်နှင့် ဒေါနလဲ နဂိုစိတ်ပြန်ဖြစ်သွားသည်။ လူသားတွေအကုန်လုံးကို သူတစ်ယောက်တည်း မရွံ့မရှာ စားသောက်ခဲ့သည်ကို မယုံနိုင်ဖြစ်နေသည်။

“သားရေ အောင်ပြီကွ . . . အောင်ပြီ . . . ဆိုပြီး သုံးခေါက်ကြွေးကျော်လိုက်စမ်း”

“အောင်ပြီ . . . အောင်ပြီ . . . . အောင်ပြီ”

ဒေါန၏ အသံနက်ကြီးဖြင့် အော်သံကြီးသည် သုဿန်တစ်ခုလုံး အား ဖုံးလွှမ်းသွားတော့သည်။

ထိုနောက်ပိုင်း ဒေါန အိပ်ရာမှ မထနိုင်တော့။ သုဿန်ဇရပ်ကလေးတွင် နေ့ရောညပါ အိပ်နေလေသည်။ ထမင်းဟင်းလဲ ထမစားတော့။ နှစ်ရက်ခန့်ကြာအောင် အိပ်နေခြင်းဖြစ်သဖြင့် ဦးစောလဲ ပူပန်လာလေသည်။

(ဇ)

“ဒုန်း . . . ဒုန်း”

သုဿန်ဇရပ်ကလေးကို လူတစ်စုက လာဝိုင်းထားကြသည်။ ထိုလူများ၏ လက်ထဲတွင်လဲ ဝါးရင်းတုတ်များ၊ သစ်သားတုတ်များကို ကိုင်ထားကြသည်။ ဦးစောက ဇရပ်ပေါ်မှ ထကြည့်လိုက်သည်။ သူတို့ခေါင်းဆောင်ကတော့ တစ်ခြားသူမဟုတ်၊ ဟိုတစ်ညက သိုက်လာတူးသည့် အောက်လမ်းဆရာပင်ဖြစ်သည်။

“ဟေ့ သုဘရာဇာတွေ၊ မင်းတို့ ဟိုတစ်ညက ပစ္စည်းတစ်ခုရသွားတယ်မဟုတ်လား၊ အခုအဲဒီပစ္စည်း ငါ့ကိုပေးစမ်း”

“ဘာပစ္စည်းလဲ ဘာမှမသိဘူး”

ဦးစောကဖြေလိုက်တော့ အောက်လမ်းဆရာက ဒေါသပိုထွက်သွားသည်။

“အဘိုးကြီး ခင်ဗျားမပေးရင် ခင်ဗျားတို့ကို ကျုပ်တို့သတ်ပြီး သုဿန်ထဲ မြှုပ်ပစ်ခဲ့မယ်”

“မင်းတို့ပြောတာတွေ ငါသိလဲမသိဘူး၊ နားလဲ နားမလည်ဘူး”

အောက်လမ်းဆရာက စိတ်မရှည်တော့။

“ဟေ့ကောင်တွေ ချကြကွာ၊ အဘိုးကြီးကို ချပြီးဇရပ်ကို နှံ့အောင်ရှာဖွေကြ”

အောက်လမ်းဆရာ အမိန့်ပေးလိုက်သည်နှင့် တုတ်ကိုင်ထားသည့်လူများက ဇရပ်ပေါ်ပြေးတက်လာကြသည်။ ထို့နောက် လူတစ်ယောက်က ဦးစောထံပြေးလာကာ တုတ်နှင့်ရိုက်ထည့်လိုက်သည်။ ဦးစောလဲ လက်ဖြင့်ကာလိုက်သဖြင့် လက်ကျိုးသွားလေသည်။ ထို့နောက် ထိုလူက ဦးစော၏ ရင်ဘတ်အားခြေထောက်ဖြင့်ကန်ထည့်လိုက်ရာ ဦးစောမှာ ဇရပ်တွင်ကာရံထားသော ထရံတွင် သွားဆောင့်လေတော့သည်။

နောက်တစ်ယောက်က ဦးစောထံပြေးသွားလိုက်ပြီးနောက် ဝါးရင်းတုတ်ဖြင့် ဦးစော၏ ခေါင်းကိုချိန်ပြီး အားဖြင့်ရိုက်ထည့်လိုက်သည်။

“ဘုတ်”

သို့သော် သူ့တုတ်ချက်က ဦးစောကိုမထိပေ၊ လက်တစ်ခုက သူ့ဝါးရင်းတုတ်ကို ဖမ်းဆီးထားလိုက်သဖြင့် ထိုလူကိုကြည့်လိုက်သည်။

“ဘာတွေဖြစ်နေတာလဲကွာ . . . . အိပ်ရေးပျက်တယ်”

ဒေါန နိုးလာခြင်းဖြစ်သည်။ ဒေါနက ထိုလူကိုင်ထားသည့် ဝါးရင်းတုတ်အားလက်တစ်ဖက်ဖြင့် ညှစ်လိုက်လေသည်။

“ဖြောင်း . . . . ဖြောင်း”

ဝါးရင်းတုတ်မှာ အစိတ်စိတ်အမွှာမွှာကွဲထွက်သွားပြီး ဖွာလန်သွားတော့သည်။ ထိုလူလဲ အလွန်အံ့သြနေလေသည်။ ထိုအခါ ဒေါနက ထိုလူအား လက်ဖြင့်တွန်းထုတ်လိုက်သည်။ သို့သော် တွန်းထုတ်သည့် အားကပြင်းသဖြင့် ထိုလူက ဇရပ်ပေါ်မှ လွင့်စင်ပြီး အောက်သို့ကျသွားတော့သည်။

ဒေါနက ဦးစောလဲကျနေသည့်ဘက်ကိုလှည့်ကြည့်လိုက်သည်။

“အဘ ဘာဖြစ်သွားသေးလဲ . . . ဒီကောင်တွေကဘာတွေလဲ”

ဒေါန အနောက်သို့လှည့်ကြည့်လိုက်စဉ် လူမိုက်တစ်ယောက်က ရှားသားတုတ်ဖြင့် ဒေါန၏ နောက်စေ့ကို ပြေးရိုက်လိုက်လေသည်။

“ဖြောင်း . . . .”

သို့သော် ဒေါနကဘာမှမဖြစ်သော်လည်း မာလွန်းလှသည်ဆိုသည့် ရှားသားတုတ်ကြီးမှာ ထက်ပိုင်းကျိုးကျသွားလေတော့သည်။ ဒေါနလဲ ခေါင်းကိုလက်ဖြင့်ပွတ်လိုက်ပြီး ထိုလူဘက်သို့ လှည့်ကြည့်လိုက်သည်။ ထို့နောက် ချက်ချင်းပင်ထိုလူ၏ မျက်နှာကိုလက်သီးဖြင့် ပိတ်ထိုးလိုက်သည်။ ထိုလူ၏မျက်နှာကို ဒေါနလက်သီးက တည့်တည့်ထိသွားပြီး ထိုလူ၏ ပါးရိုးများကျိုးကုန်သည့်အပြင် ထိုသူ၏ သွားများမှာလဲ ပြောင်းဖူးစေ့များကဲ့သို့ ပြန့်ကျဲပြီး ထွက်သွားလေသည်။ ထိုသူလဲ ဇရပ်ကြမ်းပြင်တွင် ဆန့်ဆန့်ကြီးလဲကျသွားသည်။

ကျန်သည့်လူမိုက်များ ဆက်မတိုက်ရဲတော့ အကုန်လုံး သုဿန်အတွင်းမှ ကစဉ့်ကလျားပြန်ပြေးကြသည်။ အောက်လမ်းဆရာတစ်ယောက်သာ ကျန်နေခဲ့တော့သည်။

“အော် ခင်ဗျားကိုး”

ဒေါနက ပြောပြီးနောက် အောက်လမ်းဆရာဆီသို့ တည့်တည့်လျှောက်သွားလိုက်သည်။ အောက်လမ်းဆရာက ဒေါနကို အံ့သြပြီး ကြည့်နေလေသည်။

“မင်း . . . မင်းကျင့်စဉ်ကို ကျင့်ခဲ့တာလား”

ထိုသို့ပြောနေစဉ်ပင် ဒေါနက အောက်လမ်းဆရာကို ဖမ်းချုပ်ကိုင်လိုက်ပြီး သူ၏ လည်ပင်းကို အားဖြင့်ကိုက်လိုက်လေသည်။ အောက်လမ်းဆရာလဲ အသံနက်ကြီးဖြင့် အော်ဟစ်လေသည်။ အောက်လမ်းဆရာ၏ လည်ပင်းတွင် ကိုက်ရာကြီးဖြစ်ပြီး အသားတစ်ကြီးတစ်ခုက ဒေါနပါးစပ်အတွင်း ပါသွားလေသည်။ လည်ချောင်းသွေးကြောမကြီးကို ထိသွားသဖြင့် သွေးတွေက ပန်းပြီးထွက်လာလေသည်။

“အို . . . သွေးတွေ နှမြောစရာကြီးဗျာ”

ဒေါနက ပြောလိုက်ပြီးနောက် ထိုအောက်လမ်းဆရာ၏ လည်ပင်းအပေါက်ကြီးကို ပါးစပ်နှင့်စုပ်နေတော့သည်။ အောက်လမ်းဆရာမှာတော့ ပျော့ခွေနေပြီဖြစ်သည်။ ဆယ်မိနစ်ခန့်အကြာတွင်တော့ အောက်လမ်းဆရာမှာ တစ်ကိုယ်လုံးဖြူဖတ်ပြီး သေဆုံးသွားပြီဖြစ်သည်။

“အဘ . . . အဘဘာမှမဖြစ်ဘူးနော်”

ဒေါနက ဦးစောဖက်သို့လှည့်ပြီးကြည့်ကာ ပြောလိုက်သည်။ ဦးစောက ဒေါနမျက်နှာကြီးကိုကြည့်ပြီး ကြောက်လန့်နေမိသည်။ ဒေါနပါးစပ်တွင် သွေးများချင်းချင်းနီရဲနေပြီး သွေးတွေက ပါးစပ်မှာပေကျံ့နေသည်မို့ မကောင်းဆိုးဝါးကြီးတစ်ကောင်ကို ကြည့်နေရသလိုဖြစ်နေသည်။

“ဗိုက်ဆာလိုက်တာဗျာ”

ဒေါနက ထိုသို့ပြောလိုက်ပြီး ဇရပ်ကြမ်းပြင်တွင်ထိုင်ချလိုက်သည်။ ထို့နောက်ကြမ်းပြင်တွင်လဲကျနေသည့် အောက်လမ်းဆရာအား အစိမ်းလိုက်ပင် ကိုက်စားတော့သည်။ အောက်လမ်းဆရာ၏ ဝမ်းဗိုက်ကိုခွဲလိုက်ပြီးနောက် အသည်းများ၊ ကလီစာများကို အငမ်းမရစားသောက်နေသည်။ ကလီစာများ၊ အူများ၊ အသားစများနှင့် သွေးများမှာ ဇရပ်ပေါ်တွင် ပြန့်ကျဲနေတော့သည်။ ဦးစောလဲ ထိုမြင်ကွင်းကိုကြည့်ပြီး မေ့လဲသွားတော့သည်။

(ဈ)

“ရှပ် . . . ရှပ် . . . ရှပ်”

ဇရပ်ပေါ်တွင် အသံများဆူညံနေ၍ ဦးစောက မျက်လုံးဖွင့်ကြည့်လိုက်သည်။ ဇရပ်ကို ဒေါနက သန့်ရှင်းရေးလုပ်နေခြင်းဖြစ်သည်။ ဇရပ်ကြမ်းပြင်တွင် သွေးကွက်များမရှိတော့၊ ရေများသာ စိုရွှဲနေလေသည်။

“သား . . . ဒေါန မင်းဘာဖြစ်သွားသေးလဲ”

“ဘာမှ မဖြစ်ပါဘူးအဘရဲ့”

“ဒါ . . . ဒါနဲ့ လူမိုက်တွေကော “

ထိုအခါ ဒေါနက လေချဉ်တစ်ချက်တက်လိုက်ပြီးနောက် သူ့ပါးစပ်ကို လက်ညှိုးထိုးပြလိုက်သည်။ သည်တော့မှ ဦးစောလဲ ဒေါနကို ကြည့်လိုက်မိသည်။

“ဘုရား . . . ဘုရား”

ဒေါန၏ ဗိုက်ကြီးက မွေးခါနီးဖွားခါနီး ဗိုက်ကြီးသည်တစ်ယောက်၏ ဗိုက်လိုဖောင်းကားနေလေသည်။ ဗိုက်ကြီးက အရှေ့ကို တစ်ပေခန့်ထွက်နေပြီး ဗိုက်အိုးကြီးက တွဲကျနေလေသည်။

“မင်း . . . မင်း သူတို့တွေအကုန်လုံးကို စားလိုက်တာလဲ”

“အင်း . . . ဟုတ်တယ်၊ အောက်လမ်းဆရာရယ်၊ လူမိုက်နှစ်ယောက်ရယ် စုစုပေါင်း သုံးယောက်ပေါ့”

“ဟေ”

ဦးစော အလွန်ထိန်လန့်သွားသည်။ မှားပြီ။ ဒေါန ကို ပေါရိသာဒကျင့်စဉ် ကျင့်ခိုင်းမိရာက အခုတော့ ဒေါနတစ်ယောက် လူမဟုတ်တော့ဘဲ ဘီလူးကြီးတစ်ကောင်ဖြစ်နေချေပြီ။ ဦးစော တံတွေးမြိုချလိုက်သည်။

“သား  . . . ဒီကျင့်စဉ်ဆက်မကျင့်တော့ရင်ကောင်းမယ်”

“ဘာဖြစ်လို့လဲ အဘရဲ့၊ ကျွန်တော်တော့ ဒီကျင့်စဉ်ကို ကြိုက်တယ်။ ကျွန်တော် သွက်လက်ဖြတ်လတ်လာသလိုခံစားရပြီး စိတ်တွေလဲတက်ကြွလာတယ်အဘ၊ နောက်ပြီး ကျွန်တော် ဆက်မကျင့်ရင် ကျွန်တော်သေသွားမှာပေါ့ဗျ”

ဒေါနသေမည်ကိုတော့ ဦးစောက မလိုလားတော့။ ထို့ကြောင့် ထိုအကြောင်းကို ဆက်မပြောဖြစ်တော့ပေ။ သို့သော် ဒေါနလူသားစားတာကိုမြင်တော့ ကြောက်လန့်မိသည်။

“နောင် . . . ေ၀ . . . ဝေ”

အသုဘလာချသည့် လူတစ်စုက သုဿန်အတွင်းဝင်လာလေသည်။ ထိုသူများမှာ မနေ့ကညနေကတည်းက မြေကျင်းတူးထားရန်အတွက် စရံပေးပြီးသားဖြစ်သည်။ နာရေးကိစ္စများပြုလုပ်သည့် ဇရပ်ပေါ်သို့ တက်လာကြပြီးနောက် လုပ်စရာရှိသည်များကို လုပ်ကိုင်နေကြသည်။ နာရေးလုပ်သည့် ဇရပ်က သုဿန်ထိပ်နားတွင်ရှိပြီး ဒေါနတို့နေထိုင်သည့် ဇရပ်မှာ သုဿန်အလယ်တွင်ရှိသည်။

“ဒုက္ခပဲသားရေ”

“ဘာဖြစ်လို့လဲအဘရ”

“ငါလဲ လောလောနဲ့ဆိုတော့ မနေ့က သူတို့ပေးတဲ့ ပိုက်ဆံကို ယူထားလိုက်ပြီး တွင်းမတူးရသေးဘူးကွ”

“မပူပါနဲ့ အဘရယ် ကျုပ်တူးပေးပါ့မယ်၊ အဘကသာ သူတို့နားမှာသွားပြီးအခြေအနေကြည့်ထားပါ”

ဦးစောလဲ ယုံတစ်ဝက်မယုံတစ်ဝက်ဖြင့် ဇရပ်ဖက်သို့ထွက်လာခဲ့သည်။ လူသေမြှုပ်ရန်ကျင်းတူးရသည်မှာလဲ သိပ်တော့မလွယ်၊ လူနှစ်ယောက်တူးတာတောင် သုံးလေးနာရီကြာသည်ဖြစ်ရာ ဒေါနတစ်ယောက် ဖြစ်ပါ့မလားဟု တွေးပူနေမိသည်။

နာရီဝက်ခန့်ကြာတော့ အလောင်းကိုမြေချရန်အတွက် သုဿန်အတွင်းသို့ သယ်ဆောင်လာကြလေသည်။

“ဦးကြီး ကျင်းက ဘယ်နားမှာလဲ”

“ဟို . . . ဟိုနားမှာ”

ဦးစောက ကယောင်ကတမ်းဖြင့် သုဿန်အတွင်းထိုးပြလိုက်ပြီး ထိုလူများကို သုဿန်အတွင်းသို့ ခေါ်လာခဲ့တော့သည်။

“လာအဘရေ ကျင်းကတော့ အဆင်သင့်ပဲ”

တစ်နေရာရောက်တော့ ဒေါနက ဆီးကြိုနေသည်။ ဦးစောလဲ အံ့သြသွားသည်။ ကျင်းက အသစ်လတ်လတ်ဆတ်ဆတ်တူးထားသည့်ကျင်းဖြစ်သည်။ လေးပေ ခြောက်ပေ ကျင်းကို ငါးပေအနက်တူးထားခြင်းဖြစ်ပြီး နာရီဝက်ခန့်သာကြာသေးသည်။ အလောင်းမြေချတော့ ဦးစောလဲ ဒေါနကို အံ့သြပြီးကြည့်နေရာ ဒေါနက ဦးစောကို မျက်စိတစ်ဖက်မှိတ်ပြလိုက်လေသည်။

အသုဘတစ်ခုကတော့ ပြီးဆုံးခဲ့ပြီ။ လူတွေလဲ အလျှိုလျှိုပြန်ကုန်ပြီဖြစ်သည်။ ထိုတော့မှ ဦးစောလဲ ဒေါနအနားကို ကပ်လိုက်သည်။

“သားရေ မင်းဘယ်လိုလုပ်လိုက်တာလဲကွာ”

“အဘရေ ကျင့်စဉ်ကတော့ သိပ်အစွမ်းထက်တာပဲသိလား၊ ဘာလို့လဲဆိုတော့ သားမှာ မကုန်ခမ်းနိုင်တဲ့ အားတွေ ရလာသလိုပဲအဘရဲ့”

ဦးစော မျက်နှာမကောင်းသော်လည်း ဒေါနကျေနပ်အောင်ပြုံးပြလိုက်ရသည်။

ညနေရောက်ပြီ၊ ဦးစောက ရွာထဲမှ အရက်နှင့် ဝက်သားဟင်းများကို ဝယ်ယူလာခဲ့သည်။ ထို့နောက် ဇရပ်ကလေးတွင် သံပန်းကန်ပြားဖြင့် ထမင်းပွဲပြင်လိုက်သည်။

“သား ဒေါနရေ လာကွာ ထမင်းစားရအောင်”

ဒေါနလဲ လာထိုင်ပြီးထမင်းစားသည်။ သို့သော် ဒေါနသည် စားမကောင်းဘူးထင်သည်။ ထမင်းသိပ်မဝင်သလိုဖြစ်နေသည်။ လေချဉ်တွေလဲ တစ်ချက် တစ်ချက် တက်လာလေသည်။

“သားရေ စားလေကွာ မင်းကလဲ၊ ဘာလဲ ခံတွင်းပျက်နေတာလား”

“မသိဘူးအဘရ၊ စားလို့မကောင်းတာတော့အမှန်ပဲ”

ဒေါနက ထမင်းဆက်မစားတော့ဘဲ အရက်တစ်လုံးကိုသာ ကိုင်သွားပြီး ဇရပ်ခါးပန်းတွင်ထိုင်ကာ သောက်နေတော့သည်။

ညရောက်ပြီဖြစ်သည်။ ဦးစောက အိပ်မောကျနေလေသည်။ ထိုစဉ် သူ့နားထဲသို့ ဆူညံသံများကြားရလေသည်။ အသံကတော့ မြေကြီးကို ပေါက်တူးဖြင့်ပေါက်နေသည့်အသံဖြစ်သည်။ ဦးစောက သရဲခြောက်သည်ထင်ပြီး ထမကြည့်ဘဲ ပြန်နှပ်နေလိုက်သည်။ သို့သော် ခဏကြာတော့ ထိုအသံမှာ ရပ်တန့်သွားလေသည်။ ဦးစောလဲ သားဖြစ်သူ ဒေါနဘက်သို့ လှည့်ကြည့်လိုက်သည်။ ဒေါနကား အိပ်ယာတွင်မရှိတော့။

“အလို”

ဦးစောလဲ ရေရွတ်လိုက်ပြီး မီးခွက်ကိုထွန်းလိုက်ကာ သုဿန်အတွင်းဆင်းလာခဲ့သည်။ သုဿန်ထဲမှောင်မှောင်မဲမဲတွင် ကုန်းကုန်း ကုန်းကုန်းနှင့် လူတစ်ယောက်အလုပ်ရှုပ်နေသည်။ ဦးစော မီးခွက်ဖြင့်ကြည့်လိုက်ရာ ဒေါနဖြစ်နေသည်။ ပါးစပ်ထဲတွင်လဲ အူအခွေလိုက်ကြီးကို ကိုက်စားနေလေသည်။
နေ့ခင်းက မြှုပ်သွားသည့် အလောင်းကောင်ကို ပြန်ဖော်ပြီး စားသောက်နေခြင်းဖြစ်သည်။

“သား . . . ဒါ . . . ဒါဘာလုပ်တာလဲ”

“အဘ ကျုပ်ဗိုက်ဆာတယ်၊ ကျုပ် လူသားပဲ စားချင်တယ်”

ဦးစောလဲ သက်ပြင်းတစ်ချက်ချကာ ဇရပ်ဆီသို့ ပြန်လာခဲ့တော့သည်။

ဒေါနဇရပ်ရောက်တော့ တစ်ကိုယ်လုံးပေကျံနေသည်။ ဇရပ်ကြမ်းပြင်ပေါ်တွင် ထိုးပြိးအိပ်လိုက်သည်။ ဦးစောကတော့ အိပ်မပျော်သေးပေ။

“သား . . . မင်းကို အဘပြောစရာရှိတယ်”

“ပြောလေ အဘ”

“မင်းလူသားစားတဲ့ ကျင့်စဉ် ကျင့်ပေမယ့် နေ့တိုင်းတော့ လူသားစားလို့မရဘူးလေကွယ့်၊ တို့သုဿန်က နေ့တိုင်းမှ မသာချတဲ့လူမှမရှိတာကွယ့်”

“ဒါ . . ဒါဆို ကျူပ်ဘယ်လိုလုပ်ရမလဲအဘ”

“လူသားချည်းနေ့တိုင်းစားနေရင် ငါ့သား ဘီလူးတစ်ကောင်ဖြစ်သွားလိမ့်မယ်၊ နောက်ပြီး ရွာကလူတွေလဲ ရိပ်စားမိသွားလိမ့်မယ်၊ ဒီတော့ တစ်လတစ်ခါလောက်သာ စားနိုင်အောင် ငါ့သားကြိုးစားပါ”

“ဟုတ်ကဲ့အဘ ကျုပ်တစ်လတစ်ခါလောက်သာ စားနိုင်အောင် စိတ်ကိုထိန်းထားပါ့မယ်”

(ည)

“ဟယ် ကိုဒေါန မတွေ့တာတောင်အတော်ကြာပြီနော်”

ပန်းမွှေးက ကျောင်းကိုလာရင်း လမ်းတွင်ဒေါနကိုတွေ့သဖြင့် မေးလိုက်သည်။ ဒေါနက လက်ထဲတွင်ကိုင်ထားသည့် တောပန်းကလေးများကို ပန်းမွှေးကို လှမ်းပေးလိုက်လေသည်။

“တစ်ပါတ်ကျော်လောက်ပဲ ရှိပါသေးတယ် မပန်းမွှေးရဲ့”

“ပန်းမွှေးကတော့ ကိုဒေါန အဆင်ကောပြေရဲ့လားဆိုပြီး စိတ်ပူနေတာ”

“မပူပါနဲ့ မပန်းမွှေးရဲ့ နောက်တော့ဒီထက်အများကြီး ပိုအဆင်ပြေလာမှာပါ”

ပန်းမွှေးက ဘာမှမပြောတော့ဘဲ သူတို့နှစ်ဦးကျောင်းဆီသို့ လမ်းအတူလျှောက်လာကြသည်။ တစ်နေရာအရောက်

“ဟာ . . . ဟိုမှာ ကိုကြီးလာနေပြီ . .ကိုဒေါန သွားတော့နော်”

“အို . . . ပန်းမွှေးရဲ့ သူလာလဲဘာဖြစ်လဲ တို့နှစ်ယောက်က ဘာမဟုတ်တာလုပ်နေလို့လဲ”

ဒေါန သတ္တိတွေ ရှိလာပြီဖြစ်သည်။ အရှေ့တွင် ပန်းမွှေး၏ အကိုအကြီးဆုံးက လမ်းလျှောက်လာလေသည်။ အတန်ငယ်လှမ်းသဖြင့် သူတို့နှစ်ယောက်ကို မြင်ပုံမရ။

“တောင်းပန်ပါတယ် ကိုဒေါနရယ်၊ သွားပါတော့နော်၊ ပန်းမွှေး အကိုကြီးကို ကြောက်လို့ပါ”

ဒေါနလဲ ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီလေ၊ ပန်းမွှေးကြောင့် အကိုဒေါန ထွက်သွားပေးလိုက်ပါ့မယ်”

ဒေါနက ထိုသို့ပြောပြီးနောက် လမ်းကြားကလေးတစ်ခုအတွင်း ဝင်သွားတော့သည်။

လူသားမစားရသည်မှာ ၇ရက်ခန့်ရှိပြီဖြစ်သည်။ ဒေါနတစ်ယောက်လဲ ပိန်လှီကာ တစ်ကိုယ်လုံးအေးစက်ပြီး အဖျားတက်နေပြီဖြစ်သည်။ သို့သော် အံကြိတ်ပြီး စိတ်ကိုထိန်းထားရလေသည်။ ဒီအတောအတွင်း လာရောက်မြှုပ်နှံသည့် အလောင်းများကို တံတွေးမျိုချပြီး ကြည့်နေရလေသည်။ ဆယ်ရက်ခန့်အကြာတွင်တော့ ဒေါနအိပ်ယာမှ မထနိုင်တော့။ တစ်ကိုယ်လုံး တုန်ယင်နေပြီး မျက်တွင်းတွေက ဟောက်ပက်ဖြစ်နေလေသည်။

“ဟင်း . . . ဟင်း . . . အဘရေ ကျုပ်တော့ သေရတော့မယ် ထင်ပါရဲ့ဗျာ”

ဒေါနက လူးလွန့်နေကာ ဇရပ်ကြမ်းပြင်တွင် လှိမ့်နေလေသည်။ ထိုအခါ ဦးစောလဲ မနေသာတော့ဘဲ၊ တမြန်နေ့က မြှုပ်နှံခဲ့သည့် အလောင်းကောင်ကို သွားဖော်လိုက်ပြီးနောက် ခြေထောက်ကို ဓါးဖြင့်ခုတ်ထစ်လိုက်ပြီး ဇရပ်ပေါ်သို့ပြေးတက်ခဲ့သည်။ ဒေါနလဲ လူခြေထောက်ကြီးမြင်သည်နှင့် အိပ်ရာမှ ငေါက်ကနဲ ထထိုင်လိုက်ပြီး ထိုခြေထောက်ကြီးကို ဦးစောလက်ထဲမှ လှမ်းဆွဲယူလိုက်ပြီးနောက် အစိမ်းတိုင်းပင်ကိုက်စားလေသည်။

လူသေခြေထောက်ကြီးမှ အသားများ၊ အရိုး အရွတ်များကို တဂျွတ်ဂျွတ်ကိုက်စားသည်ကို ဦးစောက အော်ဂလီဆန်စွာဖြင့် ကြည့်နေမိသည်။ စားသောက်ပြီးသောအခါ ပေါင်ရိုးနှင့် အရိုးအကြီးကြီးများသာကျန်ခဲ့လေသည်။ ထိုအရိုးကြီးကို ဒေါနက လျှာဖြင့်ယက်နေလေသည်။

“အသားကမလတ်တော့ စားလို့တော့ သိပ်မကောင်းဘူးအဘရဲ့”

ဦးစောတစ်ယောက်လဲ သက်ပြင်းချလိုက်ပြီးနောက် ဇရပ်ပေါ်မှဆင်းခဲ့တော့သည်။

ထိုရက်ပိုင်း ဦးစောက မှိုင်မှိုင်တွေတွေဖြစ်နေသည်။ ဒေါန လူသားစားသည်ကို တားမရတော့ပေ။ ဒေါနက လူသေမြှုပ်ပြီးတိုင်း ပြန်ဖော်ဖော်ပြီးစားလေသည်။ အချို့လူသားများက ဦးစောက ဒေါနမသိအောင် ကျပ်တင်ပြီး ဖက်နှင့်ထုတ်ထားရသည်။ လူသားမရသည့်နေ့များတွင် ဒေါနအတွက် လူသားကျပ်တင်များကို ကျွေးရလေသည်။

ဒေါနလဲ လူသားစားလေ ခွန်အားကြီးမားလာလေဖြစ်သည်။ လူသားမစားရသည့်အခါတွင် သူ့တစ်ကိုယ်လုံး ပိန်လှီသွားပြီး လူသားစားပြီးသည်နှင့် ချက်ချင်းအသားအရည်များက စိုပြေလာလေသည်။

(ဋ)

သုံးလလွန်မြောက်ခဲ့ပြန်ပြီ။ ကျင့်စဉ်နောက်တစ်ဆင့် တက်ရမည့်အချိန်ဖြစ်သည်။ ထိုအခါတွင် အသက် ၆၀ ကျော်လူသားကို လိုအပ်ပေသည်။ သို့သော် ကိစ္စတော့မရှိ။ မနေ့ကမှ အသက် ၆၄ နှစ်ရှိ လူတစ်ယောက်ကို ဂူလာသွင်းသွားသည်မို့ ထိုဂူကို ပြန်ဖောက်ပြီး ချက်ပြုတ်ကျွေးလိုက်သည်။ လူသားပွဲတော်အုပ် တည်ပြီးသည်နှင့် ဒေါနလဲ အိပ်ပြန်သည်။ သုံးရက်လောက်အိပ်ပြီး ပြန်ထလာတော့ ဒေါနအစွမ်းတစ်ခုထက်တိုးသည်။ ထိုအစွမ်းကတော့ အလွန်လျှင်မြန်စွာ ပြေးနိုင်ခြင်းပင်ဖြစ်သည်။

ထိုအစွမ်းကို ညရောက်တော့ ဒေါနက စမ်းသပ်ကြည့်သည်။ ရွာကို သုံးပတ် ပတ်ပြေးသည်မှာ ၁၀ မိနစ်ပင်မကြာလိုက်ပေ။ ရွာမှာ အိမ်တန်းရှည်ကြီးဖြစ်ပြီး လေးမိုင်ခန့် ရှည်လျားသည့်ရွာကို ဒေါနက အလွန်လျှင်မြန်စွာ ပတ်ပြေးလေသည်။ အနည်းငယ်မျှသာ မောပန်းပြီး ကျန်တာဘာမှမဖြစ်ချေ။

“အောင်ပြီဗျ . . . အောင်ပြီ . . . အဘ ကျုပ်ကြိုက်တာလုပ်လို့ရပြီ”

“နှစ်ဆင့်ပဲ ရှိပါသေးတယ်သားရဲ့ . . . အဆင့်တွေအများကြီး ကျန်ပါသေးတယ်”

“နှစ်ဆင့်နဲ့တောင် ဒီလောက်စွမ်းနေတာဗျာ၊ ကျုပ်ဖြင့်အချိန်တွေ မြန်မြန်ကုန်ပြီး အဆင့်တွေ များများတက်လိုက်ချင်တော့တယ်”

ဒေါနတောထဲဝင်ခဲ့ပြီး  ပန်းကလေးတွေခူးခဲ့သည်။ ယခုတော့ သစ်ပင်ပေါ်တွင်ကပ်ပေါက်နေသည့် သစ်ခွပန်းရိုင်းကလေးများပါ ခူးယူခဲ့သည်။ ထို့နောက် ထုံးစံအတိုင်း မပန်းမွှေးကျောင်းအလာကို စောင့်နေတော့သည်။ မကြာခင် မပန်းမွှေးက ဆွဲခြင်းကလေးကိုင်ပြီး ရောက်လာလေသည်။

“မပန်းမွှေးအတွက် ဒီနေ့တော့ တောထဲက သစ်ခွလေးတွေဖဲ့လာခဲ့တယ်”

အဖြူနှင့် အဝါရောင်သန်းနေသည့် သစ်ခွပန်းကလေးများက ကြည့်ရှု၍အလွန်လှနေလေသည်။

“လှလိုက်တာ ကိုဒေါနရယ်”

“မပန်းမွှွေး မပန်းမွှေးကို ကျွန်တော်တစ်ခုတောင်းဆိုစရာရှိတယ်”

“ဘာလဲဟင် ကိုဒေါန”

“မပန်းမွှေး ကျွန်တော့်ကို ပြန်ချစ်နိုင်မလား”

“အို . . .”

မပန်းမွှေးပါးကလေးများက ရဲသွားလေသည်။ ထို့နောက် အရှေ့ကိုဆက်လျှောက်သွားလေသည်။ ဒေါနက မပန်းမွှေးလက်ကို ဆွဲထားလိုက်လေသည်။

“ဟေ့ကောင် မင်းဘာလုပ်တာလဲ”

ထိုအခါ သူတို့အနောက်မှ လူတစ်ယောက်ထွက်ပေါ်လာသည်။ ထိုလူကတော့ ပန်းမွှေး၏ အကိုကြီးပင်ဖြစ်သည်။ အကိုကြီးကို မြင်လိုက်တော့ ပန်းမွှေးအလွန်ထိတ်လန့်သွားလေသည်။

“ဟင် အကို . . . အကိုကြီး”

“မင်း ငါ့ညီမကို ဘာလုပ်တာလဲ ဟေ့ကောင်”

“ဘာလုပ်ရမှာလဲဗျ၊ သူ့လက်ကို ဆွဲထားတာလေ မမြင်ဘူးလား”

ဒေါနက ပြန်ခံပြောလိုက်သည်။ ထိုအခါ ပန်းမွှေးအကိုကြီးက တစ်ချက်ပြုံးလိုက်သည်။ ပန်းမွှေးအကိုအကြီးဆုံးမှာ ရွာတွင် လူမိုက်တစ်ဦးဖြစ်ရာ တော်ရုံတန်ရုံလူက ဝေးဝေးရှောင်ကြသည်။

“မင်း သတ္တိတွေ တယ်ကောင်းနေပါလားကွ”

“ဒီမှာ ကျုပ်ပန်းမွှေးကို ရင်ထဲကနေ တကယ်ချစ်တယ်၊ ချစ်လို့ပန်းမွှေးကို ချစ်စကားဆိုတယ်ဗျာ၊ လူငယ်ချင်း ဘာသာဘာ၀ ချစ်တာကြိုက်တာ ဘာအပြစ်ရှိလို့လဲ”

“ရှိတာပေါ့ကွာ၊ လူငယ်ချင်းချစ်တာ အပြစ်မရှိပေမယ့် မင်းကအပြစ်ရှိတယ်၊ ဘာလို့လဲဆိုတော့ မင်းက လူရာမဝင်တဲ့ သုဘရာဇာမဟုတ်လားကွ”

ဒေါနဒေါသထွက်သွားပြီး လက်သီးများကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်သည်။ သို့သော် အတွေးတစ်ခုက သူ့ခေါင်းထဲဝင်လာသည်။

“ဒီနေရာမှာတော့ ဘာမှလုပ်လို့လဲ ရမှာမဟုတ်ဘူး၊ အခုက ပန်းမွှေးအရှေ့မှာဆိုတော့ ငါသည်းခံနေမှဖြစ်မယ်။ ငါ့သရုပ်မှန်ပေါ်သွားလို့မဖြစ်ဘူး”

ထိုသို့တွေးလိုက်ကာ ခေါင်းကိုအောက်ကို ငုံ့ထားလိုက်တော့သည်။

“ဘာလဲ မင်းကများ ငါ့ကို ထိုးမလို့တဲ့လား . . . ထိုးလေကွာ လာထိုး”

ဒေါန ထိုနေရာတွင်ပင် မတ်တပ်ရပ်နေသည်။

“ကဲ မင်းမထိုးရင် ငါထိုးပြီကွာ”

ဒေါနကို ပန်းမွှေးအကိုကြီးက အတင်းဝင်ထိုးတော့သည်။ ဒေါနက ဘာမှပြန်မလုပ်ပေ။ နောက်တော့ ပန်းမွှေးနှင့် ရွာသူရွာသားအချို့က တားသဖြင့်သာ ပန်းမွှေးအကိုက ရပ်လိုက်တော့သည်။

“ပန်းမွှေး . . . နင်အနေအထိုင်ဆင်ခြင်၊ ရွာကတစ်ခြားလူနဲ့ဆိုရင် ငါဘာမှမပြောဘူး၊ အေး . . . ဒါပေမယ့် အဲ့ဒီသုဘရာဇာကောင်နဲ့တော့ ငါနဲ့မျက်နှာချင်းမဆုံစေနဲ့၊ နောက်တစ်ခါတွေ့ရင် အဲ့ဒီကောင်ကို ငါသတ်မယ်”

ထိုသို့ပြောလိုက်ပြီးနောက် ပုဆိုးတိုတိုပြင်ဝတ်လိုက်ပြီး ရွာလမ်းအတိုင်းထွက်သွားလေတော့သည်။

“အကိုဒေါန . . . အကိုဒေါန ဘာမှမဖြစ်ဘူးမဟုတ်လား၊ အကိုဘာလို့ ပြန်ခံမချတာလဲ”

ဒေါနက ပါးကို လက်ဝါးနှင့်ပွတ်လိုက်သည်။ အထိုးခံရသည်မှန်သော်လည်း ဒေါနဒဏ်ရာကြီးကြီးမားမားမရလိုက်ပေ။

“အကိုက မပန်းမွှေးကြောင့် ခွင့်လွှတ်လိုက်တာပါ . . .”

“ဘယ်လို . . .”

“ဟုတ်တယ်၊ မပန်းမွှေးရဲ့ အကိုဟာ အကို့ရဲ့ ယောက်ဖဖြစ်လာမယ့်သူလို့ တွေးပြီး အကိုသည်းခံလိုက်ပါတယ်။ မပန်းမွှေး အကို့ကြောင့် အိမ်မှာအနေရခက်တာ မဖြစ်စေချင်လို့ပါ”

“အကိုရယ် . . . “

ပန်းမွှေးမျက်လုံးတွင် မျက်ရည်များက လျှံတက်လာလေတော့သည်။

ညနေစောင်းပြီ။ ဒေါနက ရွာအပြင်လမ်းဘေးတစ်နေရာတွင် သစ်ပင်တစ်ပင်ကို မှီပြီးထိုင်နေလိုက်သည်။ မကြာမီ မပန်းမွှေးအကိုကြီးက အရက်မူးပြီးပြန်လာလေသည်။

“ဟေ့ကောင် မင်းနဲ့တွေ့ပြန်ပြီ မင်းငါ့ရှေ့က ထွက်သွားစမ်းကွာ”

ဒေါနက ခေါင်းခါလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။

“အိုဗျာ ကိုယ့်ယောက်ဖကြီးနဲ့ တွေ့ချင်လို့ လာစောင့်နေပါတယ်ဆိုမှ။ မောင်းထုတ်ရသလားဗျ”

“ဘာ . . . ယောက်ဖဟုတ်လား၊ ထွီ”

မပန်းမွှေးအကိုကပြောလိုက်ပြီး အနားရှိ တုတ်တစ်ချောင်းကို ကောက်ယူလိုက်လေသည်။

“အောင်မာ . . . မင်းနောက်တစ်ခါထပ်ပြောလိုက်စမ်းပါ . . . မင်းတို့သုဿန်မှာ မင်းပြန်မြှုပ်ခံရလိမ့်မယ် ကြားလား”

ဒေါနက တစ်ချက်ရယ်လိုက်သည်။

“ဘယ်သူ မြှုပ်ခံရမလဲ စောင့်ကြည့်လိုက်ပေါ့ဗျာ”

မပန်းမွှေးအကိုကြီးက တုတ်ဖြင့်ဒေါနကို ပြေးရိုက်သည်။ တုတ်က ဒေါနခေါင်းကိုထိပြီး ကျိုးသွားသော်လည်း ဒေါနဘာမှမဖြစ်ပေ။

“ယောက်ဖကြီး ခင်ဗျားကျုပ်ကို ချလို့ဝပြီလားဗျ”

မပန်းမွှေးအကိုက ဒေါသထွက်သွားကာ ဒေါနကို လက်သီးဖြင့်ထိုးသည်။ ခြေထောက်များဖြင့် ကန်ကျောက်သည်၊ သို့သော် ဒေါနက ဘာမှပင်မဖြစ်ပေ။

“ဟင် . . . မင်း . . . မင်းဘာကောင်လဲ”

ထိုအခါ ဒေါနက အပျင်းကြောဆန့်လိုက်သည်။

“ကဲ ယောက်ဖ ခင်ဗျားပြီးရင် ကျုပ်အလှည့်ပေါ့”

ဒေါနက မပန်းမွှေးအကိုကြီးခြေထောက်ဖြင့် ရင်ဝကိုဆီးကန်လိုက်သည်။ မပန်းမွှေးအကိုက လက်ဖျံဖြင့် ခံတားလိုက်သော်လည်း ကန်ချက်က ပြင်းလွန်းသဖြင့် လက်ဖျံရိုးများပါ ကျိုးကုန်ပြီးနောက် နောက်သို့ လေးငါးပေခန့် လွင့်ထွက်သွားတော့သည်။

“ငါ့လက်တွေ . . . ငါ့လက်တွေ ကျိုးကုန်ပြီ”

ဒေါနက အနားသို့ လျှောက်သွားပြီး ပေါင်ကိုတက်နင်းလိုက်သည်။

“အား . . . .”

မပန်းမွှေးအကိုကြီး၏ ပေါင်မှာ ကျိုးသွားလေသည်။ ဒေါနက မပန်းမွှေးအကိုကြီးကို အပေါ်က ငုံ့ကြည့်လိုက်သည်။

“ဟေ့ကောင် သုဘရာဇာ ငါသေရင်တောင် မင်းကိုငါ့နှမနဲ့ သဘောမတူနိုင်ဘူး၊ မင်းကိုငါခွင့်မလွှတ်ဘူးကွ”

ထိုအခါ ဒေါနက ဖနောင့်ဖြင့် မပန်းမွှေးအကိုမျက်နှာကို အကြိမ်များစွာပေါက်လေရာ ခေါင်းကြီးပြားသွားသည်အထိဖြစ်သည်။ အနားတွင် ဦးနှောက်များက ပြန့်ကျဲနေသည်။ မျက်လုံးနှစ်လုံးကလဲ မြေပေါ်တွင် ကျွတ်ထွက်နေပြီး သွားများကလဲ ပြန့်ကျဲနေလေ၏။

“စိတ်ချပါ ယောက်ဖကြီးရယ် ခင်ဗျားသေပြီးမှ ကျုပ်ပန်းမွှေးကို လက်ထပ်ယူမှာပါဗျ . . ဟား . .ဟား”

(ဌ)

မပန်းမွှေးအကိုကြီးမှာ ရွာမှပျောက်ချင်းမလှ ပျောက်သွားရာ အလောင်းပင်ရှာမတွေ့ပေ။ အချို့ကတော့ မြို့တက်သွားတာဖြစ်နိုင်ကြောင်း၊ အချို့ကတော့ ရန်ငြိုးရှိသည့်လူမိုက်များက သတ်သွားတာဖြစ်နိုင်ကြောင်း ထင်ကြေးပေးကြသော်လည်း ဘာဖြစ်သွားသည်ဆိုတာကိုတော့ မည်သူမျှ တိတိကျကျမပြောနိုင်ကျပေ။ အမှန်တကယ်ကတော့ ဒေါနဗိုက်ထဲ ရောက်သွားခြင်းဖြစ်သည်။

ထိုအဖြစ်များဖြစ်ပြီး နှစ်ပတ်အကြာတွင် ဒေါနကို မပန်းမွှေးက အဖြေပြန်ပေးသဖြင့် ဒေါနနှင့် ပန်းမွှေး ချစ်သူတွေဖြစ်သွားကြတော့သည်။ ရွာခံများကတော့ တီးတိုးတီးတိုးဖြင့် မကောင်းကြောင်းဆိုကြသည်။ ဆိုလဲ ဆိုချင်စရာပေ၊ ဒေါနမှာ ပစ္စည်းလက်မဲ့ဆင်းရဲသား သုဘရာဇာဖြစ်ပြီး မပန်းမွှေးကတော့ ရွာတွင် ဂုဏ်ရှိသည့် ကျောင်းဆရာမဖြစ်သည်။

တစ်ရက် သုဿန်ထဲက ဇရပ်ကလေးတွင် ဦးစောက ဆေးလိပ်ထိုင်ဖွာလျှက်ရှိသည်။ ဒေါနက အပြင်မှပြန်လာပြီး ဦးစောနံဘေးတွင် ဝင်ထိုင်လိုက်သည်။

“အဘ မကြာခင် အဆင့်သုံးကို တက်ရတော့မယ်ဆိုတော့ အဆင့်သုံးက ဘယ်လိုလုပ်ရမှာလဲဗျ”

“အင်း အသက် ၅၀ အရွယ်လူသားလိုတယ်၊ အဲဒါကို ဖက်ဝန်းရွက် ၁၀ ရွက်ခင်းပြီး အဲဒီအပေါ်မှာတင်ပြီး စားရမယ်၊ စားတာကတော့ ထုံးစံအတိုင်းပေါ့ကွာ၊ ဘာမှမပူပါနဲ့ သားကိုငါလုပ်ပေးပါ့မယ်ကွ”

“ဟုတ်ကဲ့အဘ”

နှစ်လခန့်ကြာမြင့်ခဲ့ပြီဖြစ်သည်။ သို့သော် ဒေါန အခြေအနေမကောင်းတော့။ သုဿန်တွင် မြေချမည့်သူ မရှိတာ ဆယ်ရက်ခန့်ကျော်နေပြီဖြစ်သည်။ ဦးစောလုပ်ထားသည့် လူသားကျပ်တင်၊ လူသားခြောက်များမှာလဲ ကုန်နေပြီဖြစ်သည်။ ဒေါနက ထုံးစံအတိုင်း အိပ်ယာထဲတွင် ပျော့ခွေနေပြီး ကယောင်ကတမ်းတွေ အော်ဟစ်နေပြီဖြစ်သည်။

သူ့အိပ်မက်ထဲတွင် ဘီလူးကြီးများ၊ သရဲကြီးများက သူ့အားလူသားလာတောင်းကြသည်။ သူကမပေးနိုင်သဖြင့် သူ၏ခြေလက်များကို အစိမ်းလိုက်ကိုက်စားကြသည်။

“မလုပ်နဲ့ . . . မလုပ်နဲ့”

အိပ်နေရာမှလန့်အော်ပြီး မျက်လုံးဖွင့်ကြည့်လိုက်သည်။ အချိန်က ညဖက်ကြီးဖြစ်သည်။ သူ့အနီးတွင် ဦးစောက ဖျာပေါ်တွင် အိပ်စက်နေလေသည်။ ဦးစောက စောင်တစ်ထည်ကို ခြုံပြီးအိပ်နေရာမှ ခြေထောက်တစ်ဖက်က စောင်အပြင်တွင်ထွက်နေလေသည်။ ထိုခြေထောက်က ဒေါန၏ ဆာလောင်နေသည့်စိတ်ကို နှိုးဆော်နေသလို ဖြစ်နေသည်။ ၏

ချက်ချင်းပင် ဒေါနက ကငေါက်ကနဲထလိုက်ပြီးနောက် ဦးစောကို ဖမ်းချုပ်လိုက်သည်။ ဦးစောလဲ လန့်နိုးသွားပြီး

“သား  . . . ဒေါန မင်းဒါဘာလုပ်တာလဲ”

“ကျုပ်မရတော့ဘူးအဘ . . . ကျုပ်အရမ်းဆာလောင်နေပြီ . . . ကျုပ်လူသားစားရမှဖြစ်မယ်”

ဦးစောလဲ အလွန်ထိတ်လန့်သွားသည်။ ဒေါနချုပ်ထားသည့် အားကို သူမရုန်းနိုင်တော့။

“ဟေ့ကောင် မင်းငါ့ကို စားလို့မရဘူး . . . မင်းငါ့ကိုစားလို့မရဘူးနော်”

ဒေါနက တစ်ချက်ငိုင်ကြသွားသည်။

“ဘာဖြစ်လို့လဲအဘ”

“မင်းငါ့ကိုစားရင် မင်းအဆင့်နောက်တစ်ဆင့်တက်ဖို့ ကိစ္စကို ဘယ်သူလုပ်ပေးတော့မလဲကွ”

ဒေါန ဦးစောကို ချုပ်ထားရင်း ငိုင်သွားသည်။

“ဟုတ်တယ်။ ငါအဆင့်တက်ဖို့ ကိစ္စ၊ ငါအဆင့်တက်ဖို့ . . .”

ဒေါနက ရေရွတ်နေပြီးနောက် ဦးစောကို ဆွဲခေါ်လာကာ ဇရပ်တိုင်တွင် ကြိုးဖြင့်တစ်ကိုယ်လုံးကို တုတ်ထားလိုက်တော့သည်။

“ဟေ့ကောင် ငါ့ကိုလွှတ်ပေးစမ်း . . . ငါ့ကိုလွှတ်ပေးစမ်း”

ဒေါနလဲ ဇရပ်ပေါ်မှဆင်းသွားတော့သည်။

မကြာခင် ဒေါနဇရပ်ပေါ်ပြန်တက်လာသည်။ သူ့လက်ထဲတွင် မီးဖိုတစ်လုံးပါလာသည်။ ဒေါနက အေးအေးလူလူပင် မီးဖိုကို ဖိုနေလိုက်သည်။

“ဟေ့ကောင် ဒေါန မင်းဘာလုပ်တာလဲ”

“အဘခြေထောက်ကို ဖြတ်မလို့”

“ဘာကွ . . .”

ဦးစော အလွန်ထိတ်လန့်သွားချေပြီ။ သူ့တစ်ကိုယ်လုံး တုန်လှုပ်လာလေသည်။ ဒေါနက ဓါးမကြီးတစ်ချောင်းယူလာပြီး သံဒယ်အိုးတစ်ခုကိုလဲ ယူလာခဲ့လေသည်။

“သား . . . မင်းကွာ မင်းကိုငါက မွေးထားတာမဟုတ်ပေမယ့် မင်းဘဝတစ်ခုလုံးကို ငါလုပ်ကျွေးခဲ့တာပါကွ၊ မင်းကောင်းစားရေးကိုပဲ ငါတစ်သက်လုံးတွေးလာတာပါဟ ငါ့ကောင်ရဲ့”

ဦးစောမှာ ပြောရင်း မျက်ရည်တွေ ကျလာလေသည်။

“ဒါဆိုလဲဗျာ၊ လုပ်လက်စနဲ့ ဆက်ပြီးသာလုပ်အဘရေ၊ အခု ကျုပ်အဘအသားကို စားတယ်ဆိုတာလဲ ကျုပ် ရှေ့လျှောက်ကောင်းစားရေးလို့ပဲ အဘမှတ်လိုက်ပါ”

“ဘာကွ . . . ငါ့အမှားပါ . . . အားလုံးငါ့အမှားတွေပါ”

ထို့နောက် ဒေါနက သံဒယ်အိုးကို မီးဖိုပေါ်တင်ပြီး အချိန်အတန်ကြာသည်အထိတင်ထားလိုက်သည်။ ထို့နောက် ဦးစောအနားကို ကပ်လာလေသည်။

“မင်း . . . မင်းငါ့ကို ဘာလုပ်မလို့လဲ”

“အဘကိုတော့ ချက်ချင်းစားလို့ မဖြစ်သေးဘူးလေ၊ သန်ဘက်ခါဆို နောက်တစ်ဆင့်ကူးရမယ့် လူသားပွဲတော်အုပ်လုပ်ရမယ့်နေ့မဟုတ်လားအဘရဲ့၊ အဘအသက်ကလဲ ၅၀ ကျော်ဆိုတော့ အဘကိုပဲ ပွဲတော်အုပ်လုပ်ရမှာပဲ”

“မင်း . . မင်းကွာ”

“အခုတော့ အဘရဲ့ ခြေထောက်တစ်ဖက်ကို ဖြတ်ပြီးတော့ စားလိုက်ဦးမယ်၊ အဘသန်ဘက်ခါအထိ သေလို့မဖြစ်သေးဘူးလေ၊ ဒီတော့ အဘခြေထောက်ကို ဓါးနဲ့ဖြတ်ပြီး အနာကျက်အောင်လို့ သံဒယ်အိုးနဲ့ ကပ်ထားလိုက်ရမှာပဲ”

“ဟာ  . .  ဟေ့ကောင် . . . ကယ်ကြပါအုံး . . .. ကယ်ကြပါအုံး”

ညသန်းခေါင် သုဿန်ကြီးမှာ ဦးစောအော်သံကြီးထွက်ပေါ်လာသော်လည်း ကြားနိုင်မည့်သူမရှိချေ။

“အဘရယ် သိပ်မအော်ပါနဲ့ သေမှာမှမဟုတ်တာ”

ဒေါနက ပြောပြီးနောက် အဝတ်စတစ်ခုကို ဦးစောပါးစပ်ကိုဖြဲပြီးထည့်ပေးလိုက်သည်။ ထို့နောက် သစ်သားတုံးတစ်ခုနှင့် ဓါးမကြီးကိုကိုင်လာသည်။ သံဒယ်အိုးကြီးမှာ မီးဖိုပေါ်တင်တာကြာသဖြင့် ပူလောင်လျှက်ရှိသည်။ ဒေါနက ဦးစော ဘယ်ဖက်ပေါင်လယ်လောက်တွင် သစ်သားတုံးကိုခုလိုက်သည်။ ထို့နောက် ပုဆိုးအားလှန်တင်လိုက်ပြီးနောက် ဓါးမကြီးကို ကိုင်ကာ အားဖြင့် လွှဲခုတ်လိုက်တော့သည်။

“ဒုန်း . . .”

ဦးစော ခြေထောက်မှာ ပေါင်လယ်မှ ယတိပြတ် ပြတ်သွားလေသည်။ သွေးများမှာလဲ ပန်းပြီးထွက်လာကြလေသည်။ ထိုအခါ ဒေါနက သံဒယ်အိုးအပူကြီးကို ယူလိုက်ပြီးနောက် ပြတ်သွားသည့် ဦးစောပေါင်ကို အပြားလိုက် ကပ်လိုက်လေသည်။

“ရှဲ . . . ရှဲ”

ဦးစောမှာ တစ်ကိုယ်လုံးတုန်ယင်နေပြီး ချွေးတွေကျနေလေသည်။ လူသားကို သံဒယ်အိုးအပူကြီးနှင့်ကပ်လိုက်သဖြင့် မီးခိုးလုံးတွေကော ညှော်နံ့တွေပါ မွန်နေတော့သည်။ ဦးစောကလဲ ပါးစပ်ပိတ်ထားသည်မို့ အသံမထွက်နိုင်၊ တအုအုဖြင့်သာ အော်ညည်းနေတော့သည်။ ဒေါနကတော့ ဦးစောခြေထောက်ကို သူ့အရှေ့တွင်ပင် အစိမ်းလိုက်မြိန်ရေရှည်ရည် ဝါးစားနေတော့သည်။ ဦးစောလဲ ထိုမြင်ကွင်းများကို ကြည့်ပြီး မေ့မျောသွားတော့သည်။

မည်မျှကြာအောင် မေ့မျောသွားသည်မသိ၊ ဦးစော သတိပြန်လည်လာတော့ နေ့ခင်းဘက်ကြီးဖြစ်နေသည်။ သူ့ဘယ်ဖက်ခြေထောက်မှာ ပေါင်ရင်းကနေပြတ်နေလေသည်။ သူသတိပြန်ရလာတော့ ဒေါနက သူ့အနားတွင်ထိုင်နေလေသည်။ ထို့နောက် သူ့ပါးစပ်မှ အဝတ်စကြီးကို ထုတ်ပေးလိုက်တော့သည်။

“ထွီ . . .”

ဒေါနကို တံတွေးဖြင့် ထွေးလိုက်လေသည်။

“မင်းကလူမဟုတ်ဘူး . . . လူဆိုရင် ကျေးဇူးတရားကို သိတတ်ရတယ်ကွ”

ဒေါနက ရေတစ်ခွက်ခပ်ပြီး ဦးစောပါးစပ်နားတေ့ပေးလိုက်သည်။ ဦးစောက ရေကိုကမန်းကတန်းသောက်လိုက်သည်။ ရေဆာနေသည်မှာ ကြာပြီဖြစ်သည်။ ထိုစဉ် သုဿန်အဝင်ဝတွင် လူတစ်ချို့ကိုတွေ့လိုက်ရသဖြင့် ဒေါနက လှည့်ကြည့်လိုက်သည်။ ဦးစောကလဲ ထိုအခွင့်အရေးကို လက်လွတ်မခံတော့။

“ကယ်ကြပါအုံး . . . ကယ်ကြပါအုံး”

အသံနက်ကြီးဖြင့်အော်လိုက်သဖြင့် ဒေါနလဲ အလွန်ထိတ်လန့်သွားသည်။ ထို့နောက် ဦးစောကို လက်သီးဖြင့် ခေါင်းကိုထိုးလိုက်လေသည်။ လက်သီးချက်မှာ ပြင်းလွန်းသဖြင့် ဦးစောလဲ မူးမေ့သွားသည်။ ဒေါနက ဦးစောကို စောင်တစ်ထည်နှင့် အုပ်ခဲ့ပြီး ဇရပ်လေးမှ ပြေးဆင်းလာခဲ့လေသည်။

“မသာလာပြီထင်တယ် . . . စားရတော့မယ်ထင်ပါ့”

(ဍ)

လူသုံးလေးယောက်ခန့် သုဿန်ထိပ်တွင်ရပ်နေရာ မသာမဟုတ်မှန်းသိလိုက်ရသည့်အတွက် ဒေါနစိတ်ဓါတ်ကျသွားလေသည်။

“ခုနက အော်သံကြားလိုက်သလားလို့”

“ဟုတ်တယ် ကျုပ်အော်လိုက်တာ”

“ဒါနဲ့ ဦးစော ရှိသလား”

“ဦး . . . ဦးစောကို ဘာလုပ်မလို့လဲ”

ထိုလူများက သုဿန်အတွင်း ဟိုကြည့်သည်ကြည့်လှမ်းကြည့်နေသည်။

“ဒီလိုပါ ဒီနေ့က ကျုပ်တို့အမေဆုံးတာ ငါးနှစ်ပြည့်ပြီလေ၊ ဒီမှာ ဂူသွင်းထားတော့ နှစ်တိုင်း အမေ့အုတ်ဂူကို လာကြည့်ဖြစ်ပါတယ်”

ဒေါနလဲ ခေါင်းညိတ်ပြလိုက်တော့ ထိုလူသုံးယောက် သုဿန်အတွင်း ဝင်လာခဲ့ကြသည်။

“ဦးစော ဘယ်သွားလဲဗျ”

“ဦးစော . . . ဦးစောက မြို့တက်သွားတယ်ဗျ”

“မြို့ကို ဘာသွားလုပ်တာလဲဗျ”

ထိုသူမှာ စကားကြောရှည်နေသည်ကို ဒေါနက မကြိုက်တော့။

“ပေါက်ပြားနဲ့ လိုအပ်တာ တစ်ချို့သွားဝယ်ပါတယ်”

“သြော်ဟုတ်လား ခင်ဗျားကဘယ်သူလဲ”

“ကျုပ်က ဒေါန၊ ဦးစောရဲ့သားပါ”

“အရင်နှစ်တွေက ကျုပ်တို့လာရင် ခင်ဗျားကိုမတွေ့ပါဘူး”

ဒေါနလဲ လမ်းလျှောက်နေရာမှ ရပ်တန့်လိုက်တော့သည်။

“ခင်ဗျားတို့လာတဲ့အချိန် ကျုပ်ကအပြင်သွားနေတာဖြစ်မယ်ဗျ၊ ကဲ . . . ခင်ဗျားတို့အမေရဲ့ အုတ်ဂူကဘယ်မှာလဲ၊ အရှေ့ကနေသွားကြ”

ထိုအုတ်ဂူမှာ သုဿန်အနောက်ဖက်တွင်ရှိသဖြင့် ဒေါနတို့နေသည့် ဇရပ်ကလေးအနီးမှ ဖြတ်သန်းသွားရလေသည်။

ဦးစောလဲ သတိပြန်ဝင်လာသည်။ အော်ဟစ်ဖို့ကြိုးစားပေမယ့် ပါးစပ်ထဲ အဝတ်ဆို့ခဲ့သည်မို့ အသံမထွက်နိုင်ပေ။ ထိုစဉ် လူစကားပြောသံများနှင့် လမ်းလျှောက်လာသည့် ခြေသံများကို ကြားလိုက်ရသည်မို့ အကူအညီရလိုရငြား တစ်ကိုယ်လုံးကို အားကုန်သုံးပြီး ရုန်းကန်တော့သည်။

“ဟေ့လူ၊ ဇရပ်ထောင့်နားမှာ စောင်ကြီးနဲ့အုပ်ထားပြီး စောင်ကြီးကလဲ လှုပ်နေပါလား၊ အဲဒါဘာကြီးလဲ”

ဒေါနလဲ ရင်တထိတ်ထိတ်ဖြစ်သွားသည်။ စပ်စုလှသော ထိုလူက ဇရပ်ပေါ်သို့တက်ကြည့်ရန် ပြင်ဆင်နေလေသည်။

“မသွားနဲ့ . . . မသွားနဲ့”

“ဘာလို့လဲဗျ”

“အဲဒါ သုဿန်ထဲမှာနေတဲ့ ခွေးမဗျ၊ ကလေးမွေးနေလို့ စောင်နဲ့အုပ်ထားတာ၊ ခင်ဗျားသွားလှန်ရင် ခင်ဗျားကို ကိုက်မှာပေါ့”

ထိုအခါထိုလူလဲရပ်တန့်သွားလေသည်။

“ဟုတ်ပဗျာ၊ တအုအုနဲ့ ညည်းသံတောင်ကြားရသေးတယ်နော်”

ထိုသို့ပြောပြီးထိုလူက ဇရပ်ပေါ်မှ ပြန်ဆင်းလိုက်ပြီးနောက် သုဿန်အတွင်းအုတ်ဂူဖြူဖြူများဆီသို့ လျှောက်သွားတော့သည်။ ထိုတော့မှ ဒေါနလဲ သက်ပြင်းချနိုင်တော့သည်။ ထိုလူများပြန်သွားပြီးသည့်အခါ ဒေါနဖို့ အရက်တစ်လုံးနှင့် ခေါက်ဆွဲကြော်တစ်ထုပ်ပေးခဲ့ကြသည်။

ဒေါနလဲ သက်ပြင်းချပြီး ဇရပ်ပေါ်တက်ခဲ့သည်။ ထို့နောက် အရက်နှင့် ခေါက်ဆွဲကြော်ကို ဦးစောအရှေ့တွင်ချပြီးနောက် သူပါထိုင်နေလိုက်သည်။ ဦးစောကို အုပ်ထားသည့် စောင်ကိုဖယ်လိုက်လေသည်။

“အဘကလဲ တိုးတိုးတိတ်တိတ်မနေဘူး ဆူညံ ဆူညံလုပ်နေတယ်”

ထိုသို့ပြောရင်း အစားကျွေးရန် ဦးစောပါးစပ်မှ အဝတ်စကိုထုတ်လိုက်သည်။

“ခွေးလောက်မှ သစ္စာမရှိတဲ့ကောင် . . . ဒါကြောင့်ရှေးလူကြီးတွေပြောတာ ခြေနှစ်ချောင်းမကယ်ကောင်းတဲ့၊ မင်းကို သူတောင်းစားအဖြစ်နဲ့ ဘယ်နားသေသေဆိုပြီး ပစ်ထားခဲ့ရမှာကွာ”

“အပိုတွေ ပြောမနေနဲ့အဘရာ ရော့ခေါက်ဆွဲကြော်စား”

ထိုစဉ် သုဿန်အနားမှ လှည်းတစ်စီးဖြတ်သွားသံကို ကြားလိုက်ရသဖြင့် ဦးစောမျက်လုံးများ ပြူးကျယ်သွားသည်။

“ကယ်ကြပါ . . . . ကယ်ကြပါ”

ဒေါနလဲ စိတ်တိုသွားလေသည်။

“အဘကို တိတ်တိတ်နေပါလို့ပြောတာကို ကျုပ်စိတ်ကိုလာမဆွနဲ့”

ဒေါနက ထိုသို့ပြောလိုက်ပြီး ဇရပ်ထရံတွင်ထိုးထားသည့် ဓါးမြောင်တစ်လက်ကို ပြေးဖြုတ်လိုက်သည်။ ဦးစောကတော့ လွတ်လိုလွတ်ငြား အော်ဟစ်နေဆဲဖြစ်သည်။ ဒေါနက ဦးစော၏ ပါးစပ်ကိုဖြဲလိုက်ပြီးနောက် လျှာကိုလက်ဖြင့်ဆွဲထုတ်လိုက်သည်။ နောက်လက်တစ်ဖက်မှလဲ ဦးစော၏လျှာကို အရင်းမှ ဓါးမြောင်ဖြင့် ဖြတ်ချလိုက်တော့သည်။

“ဝူး . . . ဝူး”

ဦးစောမှာ အော်ဟစ်၍နေလေသည်။ ဒေါနက ဦးစောကို ပြုံးပြီးကြည့်လိုက်သည်။ ထို့နောက်သူ့လက်ထဲက လျှာကို ကြည့်လိုက်သည်။ လျှာမှာ တုန်ယင်နေပြီး တွန့်လိမ်နေလေသည်။

“ဒီလောက်အသံကျယ်တဲ့လျှာ စားပစ်တာပဲအေးမယ်”

ထိုသို့ပြောပြီး ထိုလျှာကို ပါးစပ်ထဲပစ်ထည့်ကာ ဝါးနေလိုက်တော့သည်။ ပြီးနောက် ဦးစောကို အရက်တစ်ခွက်ငှဲ့တိုက်လိုက်သည်။

“ကဲ အဘရေ အရက်ကလေးသောက်ထားလိုက်၊ မူးနေတာ နာတာလျော့တာပေါ့”

သို့သော် လျှာဖြတ်ထားသည်မို့ အရက်များက ပါးစပ်ထဲဝင်သည့်အခါ ပူစပ်နေလေသည်။ ဦးစောလဲ အရက်များကို အကုန်ပြန်ထွေးထုတ်ပြစ်သည်။ ဒေါနက ထိုအခါ ခေါက်ဆွဲကြော်များကို  လက်ဖြင့်ခပ်ယူလိုက်ပြီး ဦးစော ပါးစပ်ထဲ ထည့်ပေးနေလိုက်သည်။

“စားထား ၊ များများသာစားထားအဘရာ။ အဘသန်ဘက်ခါအထိ သေလို့မဖြစ်သေးဘူး၊ ဘာလို့လဲဆိုတော့ လူသားက မလတ်ရင် စားမကောင်းဘူးဗျ”

ဦးစောမှာ ခေါင်းငိုက်စိုက်ကျသွားလေရာ ဒေါနက စောင်ဖြင့် ပြန်အုပ်ထားလိုက်တော့သည်။
ညရောက်ပြီ၊ ဦးစောဘယ်ဖက်လက်က ဆစ်ကနဲခံစားလိုက်ရသည်။ ဦးစော အားယူပြီးမျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ ဒေါနက ညာဖက်လက်ကို လက်မောင်းမှဖြတ်နေသည်။ ထို့နောက် သံဒယ်အိုးကြီးနှင့်ကပ်ပြန်သည်။ ဦးစောလဲ အားရှိသလောက် အသားကုန်အော်ချသော်လည်း လျှာမရှိသဖြင့် အသံကျယ်ကျယ်မထွက်နိုင်တော့။

“ဝူး . . . ဝါး . . .ဝူး”

“အဘရယ် ကျုပ်လဲ ဆာလွန်းလို့ စားရတာပါ၊ စိတ်ရှိတိုင်းဆို အကုန်စားပစ်ချင်ပေမယ့်၊ အင်္ဂါအစုံပါအောင် ချန်ထားရလို့ဗျ”

ဦးစောလဲ ပြန်ပြီးမေ့မျောသွားတော့သည်။

ကျန်သည့်ရက်များတွင် ဦးစော အဖျားတက်နေသည်။ သတိက ရတစ်ချက် မရတစ်ချက်ဖြစ်နေသည်။ သတိပြန်ရလိုက်တိုင်း မြန်မြန်သေဖို့ကိုသာ တောင်းတနေမိသည်။ တစ်ရက်တော့ အေးစက်သော ရေများက ဦးစောမျက်နှာကိုလာစင်သဖြင့် မျက်လုံးများကို အားယူပြီးဖွင့်ကြည့်လိုက်သည်။ ဦးစောအပေါ်ဖက်တွင် ဇရပ်ခေါင်မိုးကြီးကို မြင်တွေ့နေရလေသည်။ သူကပက်လက်အနေအထားဖြစ်နေပြီ လက်တွေခြေတွေကို အားယူလှုပ်ကြည့်သော်လည်း မလှုပ်ရှားနိုင်တော့ပေ။

“ကဲ အဘရေ ဒီနေ့ကတော့ အဘရဲ့နောက်ဆုံးနေ့ပဲ၊ နောက်ဆုံးအနေနဲ့ ကျုပ်ကို တစ်ခုခုမှာခဲ့ပါဦး အဘရဲ့”

ဦးစောက ပါးစပ်ကို ဟရုံသာ ဟနိုင်တော့သည်။ ထို့နောက် လေသံကလေးဖြင့် တစ်ခွန်းပြောလိုက်လေသည်။

“သား . . . .”

သူကထိုသို့ပြောလိုက်သော်လည်း လျှာမရှိတော့သဖြင့်မပြောနိုင်ပေ။

ပြီးပါပြီ။

စာဖတ်သူအပေါင်းရွင်လန်းချမ်းမြေ့ကြပါစေ