ပြန်လမ်းမဲ့မေတ္တာ

ပြန်လမ်းမဲ့မေတ္တာ(စ/ဆုံး)

————————–

” ဟဲ့ဟဲ့… ဪ… ဘယ်လိုဖြစ်လာတာလဲ သားငယ်ရယ်၊ အလောတကြီးနဲ့… ”

” အမေ… သား စာမေးပွဲအောင်တယ်ဗျ၊ ဂုဏ်ထူး ၃ဘာသာတောင်​ ပါတယ် ”

” ဟေ… ”

နေသွေး၏ စကားကြောင့် မိခင်ဖြစ်သူ ဒေါ်မြင့်ရီ ပီတိဝါစာ မြွက်ဟတော့မည့်ဆဲဆဲ …

” ဟာ့… ညီလေး… ညီလေး ၁၀တန်း စာမေးပွဲကို ဂုဏ်ထူး ၃ဘာသာနဲ့ အောင်တယ် ဟုတ်လား ”

ပက်လက်ကုလားထိုင်ပေါ်တွင် လှဲနေသော အစ်ကိုဖြစ်သူ နေမင်းတစ်ယောက် အိမ်အပေါက်ဝသို့ ဒုန်းပြေးလာပြီး …

” တော်လိုက်တာ ညီလေးရာ၊ အစ်ကို သိပ်ဝမ်းသာတာပဲ၊ ညီလေးအတွက် အစ်ကို ဂုဏ်ယူတယ်ကွာ ”

ဟု ဝမ်းပန်းတသာ ဆက်ပြောလျက် နေသွေး၏ ပခုံးကို လှမ်းကိုင်လိုက်သည်။

” ဖယ်စမ်းပါ ”

နေသွေးကတော့ နေမင်း၏ လက်ကို ရိုက်ဖယ်လိုက်ပြီး ဧည့်ခန်းထဲတွင် သွားထိုင်လေရာ ဒေါ်မြင့်ရီလည်း နေသွေး၏ ဘေးနားတွင် ကပ်ထိုင်လိုက်၍ …

” သားငယ်… ဘာဖြစ်လို့ အဲ့လောက် ရိုင်းနေရတာလဲ၊ ဟမ်… အစ်ကို့ကို မလေးမစား မလုပ်ရဘူးလို့ ဘယ်နှခါ ပြောရမလဲ ”

ဟု ဒေါသသံပါပါ ​ပြောလိုက်သည်။

” အဖေ သေတဲ့နေ့ကစပြီး သားမှာ အစ်ကို မရှိတော့ဘူးဗျ ”

ပြောပြီးပြီးချင်းပဲ နေသွေးတစ်ယောက် လမ်းမဘက်သို့ ဒေါကြီးမောကြီး ထွက်သွားတော့၏။

” ပြန်လာခဲ့စမ်း သားငယ်၊ ဟဲ့… ခေါ်နေတယ်လေ၊ ပြန်လာခဲ့လို့… ”

” ထားလိုက်ပါ အမေရယ်၊ ညီလေးက ၁၀တန်းအောင်လို့ ပျော်နေတာလေ၊ စိတ်မွန်းကျပ်အောင် သွားမလုပ်ပါနဲ့ဗျ ”

” သူ အဖြစ်မှန်ကို သိသင့်တယ်၊ သားကြီးကြောင့်သာ… ”

” တော်ပါတော့ အမေရယ်၊ ဆက်မပြောပါနဲ့တော့၊ သားအပေါ် ဘယ်လောက်ပဲ မုန်းမုန်း ညီလေးကို အမြဲ ချစ်နေပါတယ်ဗျ၊ အမြဲတမ်း နားလည်ခွင့်လွှတ်ပေးနေမှာပါ ”

” သူ ပြန်ချစ်တာကိုရော မလိုချင်တော့ဘူးလား သားကြီး ”

” လိုချင်တာပေါ့ အမေရယ်၊ ညီလေး ချစ်တာ ခံချင်တာပေါ့ဗျ၊ ဒါပေမဲ့… သူသာ အဖြစ်မှန်ကို သိသွားရင် သူပဲ စိတ်ထိခိုက်ရမှာ၊ သူပဲ ခံစားရမှာလေ ”

နေမင်း၏ စကားအဆုံးတွင်ပဲ ဒေါ်မြင့်ရီတစ်ယောက် လွန်ခဲ့သော ကိုးလကျော် ကာလကို အတွေးလည်သွားသည်။ …

( ၂ )
” ကိုနေစိုး ကိုနေစိုး… ဟိုမှာ အကြွေးရှင် လာနေပြီတော့်၊ အုပ်လိုက်အသင်းလိုက်ပဲ… ”

” ဒုက္ခပါပဲ မြင့်ရီရယ်၊ အဲ့ဒါကြောင့် နင့်ကို အစောကတည်းက ပြောတာ၊ ဒီကိစ္စကို မလုပ်ပါနဲ့ မလုပ်ပါနဲ့ ဆိုတာ၊ အခုတော့ ကြည့်အုံး ”

” အို… သားငယ်ကလဲ ကျုပ်တို့သားပါပဲတော့်၊ သားအတွက် လုပ်တာလေ ”

” ဟေ့ကောင် နေစိုး… ထွက်ခဲ့စမ်း၊ ဘာလဲ… အကြွေးပေးရမှာ ကြောက်လို့ ပုန်းနေတာလားကွ၊ ဟမ်… ”

ထိုအကြွေးရှင် အော်ကြီးဟစ်ကျယ် ပြောဆိုနေ၍ ဦးနေစိုးနှင့် ဒေါ်မြင့်ရီတို့ လင်မယားလည်း အိမ်အပြင်သို့ ကတမ်းကရမ်း ထွက်လာကြတော့၏။

” တိုးတိုးပြောစမ်းပါကွာ၊ မင့်ပိုက်ဆံကို ငါတို့ ပြန်ပေးမှာပါကွ ”

” မင်းတို့ ပြောလိုက်ရင် အဲ့အတိုင်းပဲ၊ အေး… အခုချက်ချင်း ငါ့ပိုက်ဆံကို ပေးရင်ပေး၊ မပေးလို့ကတော့ မင်းတို့အိမ်ကို ငါသိမ်းမယ် ”

” မလုပ်ပါနဲ့ရှင်၊ ဒီအိမ်ကိုသာ သိမ်းလိုက်ရင် ကျွန်မတို့ နေစရာမဲ့သွားမှာပေါ့၊ အိမ်ကိုတော့ မသိမ်းပါနဲ့ ”

” ဟုတ်ပါတယ်ကွာ၊ ငါတို့ကို တစ်ပတ်လောက်တော့ အချိန်ပေးပါ၊ တစ်ပတ်တည်းပါ ”

” ဟေ့ကောင်တွေ… အိမ်ထဲက ပစ္စည်းတွေ အကုန်လုံးကို ထုတ်ပလိုက်စမ်း၊ အခုကစပြီး ဒီအိမ်က ငါ့အိမ်ပဲ၊ ဘယ်ကောင် တားတား ညှာစရာမလိုဘူး ”

ထိုအခါ အကြွေးရှင်နှင့်အတူ ပါလာသော လူတစ်အုပ်သည် ဦးနေစိုးတို့ အိမ်ထဲသို့ အစုလိုက်အပြုံလိုက် ဝင်သွားကြရာ …

” ဟေ့ဟေ့… ”

ဟန့်တားလိုက်သော ဦးနေစိုးကို တုတ်ဖြင့် ဝိုင်းရိုက်ကြလေ၏။ အခန့်မသင့်၍ သူ့လက်ဖျံကိုလည်း ဓားရှသွားသေး၏။ ခြံဝင်းထဲ၌ ဝရုန်းသုန်းကား ဖြစ်နေသည်ကို အပြင်မှ ပြန်လာသူ နေမင်း မြင်လိုက်၍ ခပ်သုတ်သုတ် ပြေးလာတော့၏။

” ဟေ့လူတွေ ဟေ့လူတွေ… တော်ကြစမ်း၊ ရပ်လိုက်ကြ ”

ဆိုလျက် တင်းပုတ်ကို လှမ်းကောက်ကိုင်လိုက်၏။

” ဟေ့ကောင် နေမင်း… ကလေးက ကလေးနေရာနေ၊ မင်းတို့ ပေးရမဲ့ အကြွေးတွေကို မရလို့ အိမ်ကို သိမ်းနေတာကွ ”

” ၅သိန်းခွဲ မို့လား၊ အေး… ခဏစောင့် ”

ဆိုပြီး နေမင်းသည် ထိုလူအုပ်ကို တွန်းဖယ်၍ အိမ်ထဲသို့ ဝင်သွားကာ အထုပ်တစ်ထုပ် ယူလာ၏။

” ရော့… ၆သိန်းမကဘူး၊ မယုံ… ရေကြည့် ”

အကြွေးရှင်သည် နေမင်း လှမ်းပစ်လိုက်သော အထုပ်ကို ရုတ်ခနဲ ဖွင့်ပြီး ပိုက်ဆံ ပြည့်မပြည့် ရေလိုက်သေး၏။ ပြီးလေသော် …

” လာ ဟေ့ကောင်တွေ… ပြန်ကြမယ် ”

ထိုလူတစ်အုပ် လှည့်ထွက်သွားကြလေမှ နေမင်းတို့ သားအမိသားအဖ သုံးယောက်သား အိမ်ထဲသို့ ပြန်ဝင်လာကြ၏။

” ဒီလောက်များတဲ့ ပိုက်ဆံတွေကို ဘယ်ကနေ ဘယ်လိုရလာတာလဲ သားကြီး ”

ခေတ္တအကြာ ငြိမ်သက်ပြီးလေမှ …

” ရပ်ကွက်ထဲ လှည့်ပြီး ကြုံရာ အလုပ်လုပ်ရင်း ရလာတာပါ အဖေ ”

ဟု မဝံ့မရဲ ပြောလိုက်ရာ ဦးနေစိုးနှင့် ဒေါ်မြင့်ရီတို့နှစ်ယောက်စလုံး မျက်စိမျက်နှာ ပျက်သွားကြကုန်၏။

” အမယ်လေးလေး… ဖြစ်ရလေ သားကြီးရယ်၊ အမေတို့လဲ ဘာမှ မသိရပါလား၊ ဘယ်ကတည်းက လုပ်နေတာလဲဟင် ”

” ညီလေး ၉တန်းအောင်ပြီး… ဘော်ဒါတက်ချင်တယ်လို့ ပြောကတည်းကပါ၊ ညီလေး ဘော်ဒါ စတက်တော့ သားဆီမှာလဲ ပိုက်ဆံ လုံလုံလောက်လောက် မရှိသေးတာမို့ အမေတို့ ပိုက်ဆံချေးတဲ့ကိစ္စကို ဝင်မတားတာ ”

” တွေ့လား… အဲ့ဒီမွေးစားသားက ဘာမှ ကောင်းကျိုးပေးတာ မဟုတ်ဘူး၊ အခုတော့ ငါ့သားပဲ ဒုက္ခရောက်ရပြီ၊ အဲ့ဒီတုန်းက ငါ့သား ပူဆာတာကိုသာ မလိုက်လျောခဲ့ရင် အခုလို ဒုက္ခရောက်ရမှာ မဟုတ်ဘူး ” …

( ၃ )
၆နှစ်သားအရွယ် နေမင်း၊ ဦးနေစိုး၊ ဒေါ်မြင့်ရီတို့ မိသားစု စျေးမှ ပြန်လာစဉ် လမ်းဘေး၌ မွေးကင်းစ ကလေးတစ်ယောက်ကို တွေ့လိုက်ကြချိန် …

” မေမေ ဖေဖေ… ကယေးယေး​က ချစ်ချာယေးညော်၊ ခေါ်ခဲ့ပါယားဟင် ”

” မရဘူး သားလေးရဲ့၊ အဲ့ဒါက သူများ ကလေးလေး ”

” ရဘူး ရဘူး၊ ခေါ်ခဲ့ ခေါ်ခဲ့ ”

” တခြားဟာကိုပဲ ပူဆာပါ သားလေးရယ်၊ သားလေး ဘာစားချင်လဲ၊ ဘာလိုချင်လဲ၊ အရုပ်လား၊ ပုံဆွဲစာအုပ်လား၊ အယ်… ရောင်စုံခဲတံတွေလား ”

” ဟင့်အင်း ဟင့်အင်း… သားက ဒီ ကယေးယေးကိုပဲ ယိုချင်တာ၊ ချစ်ချာ​ယေး ဖေဖေရဲ့၊ ခေါ်ခဲ့ပါညော်… ညော်… ”

” လာပါ သားလေးရယ်၊ ပြန်ကြရအောင်နော် ”

” ကြန်ဘူး ကြန်ဘူး… ကယေးယေးနဲ့မှ ကြန်မှာ ”

ဆိုပြီး ကလေးကို မနိုင့်တနိုင် ပွေ့ချီလိုက်သေး၏။ ထိုအခါ ဦးနေစိုးတို့လည်း မတတ်သာသည့်အဆုံး ယင်းကလေးကို အိမ်သို့ ခေါ်လာခဲ့တော့၏။

ကလေးအပေါ် နေမင်း သံယောဇဉ်တွယ်နေလိုက်ပုံများ နေသွေးဟူသည့် ညီတစ်ယောက်အဖြစ်၊ မွေးစားသား အဖြစ်ရောက်ရှိသွားသည်အထိပင်။ …

( ၄ )
” ကဲပါ အဖေရယ်၊ ပြောမနေပါနဲ့တော့၊ အခုချိန်မှာ နေသွေးက သားရဲ့ညီ၊ အဖေတို့ အမေတို့ရဲ့ သားငယ်၊ အယ်… ညီလေးကိုတော့ ဒီအကြွေးကိစ္စ အသိမပေးနဲ့နော်၊ သူ စာလုပ် ပျက်နေလိမ့်မယ်၊ ၁၀တန်းဆိုတာက တယ်အရေးကြီးတာဗျ ”

နေမင်းခမျာ အိမ့်စီးပွားရေး အခြေအနေကြောင့် ၈တန်းနှင့် ကျောင်းထွက်ပြီး သူ့ညီ နေသွေးကိုသာ ကျောင်းဆက်ထားပေး၏။

ရက်အနည်းငယ်​ကြာပြီးသကာလ ဦးနေစိုးတစ်ယောက် အပြင်းဖျားလေ၏။ အကြွေးလာတောင်းသည့်နေ့က သူ့လက်ဖျံကို ဓားရှမိရာမှ သံအဆိပ်တက်ပြီး မေးခိုင်ပိုးဝင်ကာ အိပ်ရာထက်က မထနိုင် ဖြစ်နေခြင်းပင်။

နေသွေး ဘော်ဒါမှ ခွင့်ယူပြီး အိမ်သို့ ပြန်လာချိန် နေမင်း မရှိပေ။ ဦးနေစိုးကတော့ သူ့နောက်ဆုံးထွက်သက်အထိ သားကြီး နေမင်းကိုသာ တတွတ်တွတ် ခေါ်သွားခဲ့၏။

” အဖေ… အဖေ… ”

အချိန် အတန်ငယ် ကြာလေမှ နေမင်းတစ်ယောက် အိမ်ထဲသို့ ပြေးဝင်လာရာ …

” ခွက်… ”

နေသွေး၏ ထိုးချက်ကြောင့် နောက်သို့ ပစ်လဲကျသွားသေးသည်။

” အဖေ့ ဘေးနားမှာ ရှိမနေနိုင်ရအောင် ခင်ဗျား ဘယ်တွေ လျှောက်သွားနေတာလဲ၊ ဟမ်… ”

” အ… အစ်ကို ”

” အခု အဖေ မရှိတော့ဘူး၊ ခင်ဗျားကြောင့်… ခင်ဗျားကြောင့် အဖေ သေရတာ၊ နောက်ဆုံးအချိန်အထိ အဖေ တသသ ခေါ်နေတဲ့ သားကြီးက အဖေ သေမှ လာတာဗျ၊ အဖေ… ”

အော်ဟစ်ငိုယိုလျက် ပရိဒေဝမီး တောက်လောင်နေသော နေသွေး၏ စိတ်သန္တာန်တွင် အစ်ကို ဖြစ်သူ နေမင်းကို အမုန်းကြီး မုန်းသွားခဲ့သည်မှာ ယခု အချိန်ထိပင်။ …

( ၅ )
” တစ်သက်လုံး ဒီအတိုင်းပဲ နေသွားတော့မှာလား သားကြီးရယ်၊ အမေ အကြံပေးချင်တာကတော့ သားငယ်ကို အမှန်အတိုင်း ဖွင့်ပြောစေချင်တယ်၊ မွေးစားသားဆိုတဲ့ အကြောင်းကို မပြောပြချင်နေ၊ ဒါပေမဲ့… ဘယ်သူ့ကြောင့် ဘော်ဒါတက်ရပြီး ၁၀တန်း အောင်ခဲ့တာရယ်၊ သားတို့အဖေ အသည်းအသန် ဖြစ်နေချိန် ဆေးရုံတင်ချင်သပါ့ ဆိုပြီး ရပ်ကွက်ထဲအနှံ့ မျက်နှာငယ်လေးနဲ့ ပိုက်ဆံလိုက်ချေးတာ ဘယ်သူလဲဆိုတာကို… သားငယ် သိသင့်တယ်၊ ဒါမှလဲ သားကြီးအပေါ် သင်္ကာကင်းသွားမှာပေါ့၊ အရင်လို ပြန်ချစ်တော့မှာပေါ့ကွဲ့ ”

” ဘယ်လို ပြောရမှာလဲ အမေရယ်၊ သားကိုဆို မျက်နှာချင်းတောင် ဆိုင်တာမဟုတ်ဘူး၊ အမေ သူ့အနားသွားပြီး သားရဲ့အကြောင်း ပြောတာတောင် လှည့်ထွက်သွားနေကျလေ ”

” သူ နားမထောင်ချင်လဲ ကြားတော့ ကြားမှာပဲလေကွဲ့၊ ဒီလိုလုပ်… ကနေ့ည အမေတို့အားလုံး ထမင်းလက်ဆုံစားဖို့ သားငယ်ကို ဖျောင်းဖျပေးမယ်၊ အဲ့ခါကျ သူနားလည်အောင် အမေ ပြောပြပေးမှာပေါ့ ”

” ဖြစ်… ဖြစ်ပါ့မလားဗျာ၊ သား ကြောက်တယ်ဗျ၊ နဂိုနေမှ ညီလေးက သားကို အသေမုန်းနေတာ၊ အခုလို အချိန်ကြာမှ ပြောပြလို့လဲ သူ တစ်မျိုးထင်သွားမှာ စိုးရတယ် ”

” ကဲ သား… စကားများမနေနဲ့၊ အခု… သားငယ် ကြိုက်တဲ့ ကြက်အမြစ်ကြက်အသည်း သွားဝယ်ချေ၊ သူ ဘော်ဒါတက်နေတုန်း ထုပ်ထုပ်ပေးတဲ့ ထမင်း၊ ဟင်းဟာ အမေ ချက်တယ်လို့ လိမ်ပြောခဲ့တာကိုလဲ သားကြီးရဲ့ လက်ရာကို စားလိုက်ရင် သားငယ် သိသွားလိမ့်မယ်၊ ဘာမှ စဉ်းစားမနေနဲ့၊ သွားသွား… ”

ဟု ရွှင်ပြစွာ ပြောဆိုလျက် အိမ်အပေါက်ဝအထိ လိုက်ပို့လိုက်သေး၏။ သို့ဖြစ်၍ နေမင်းလည်း လမ်းထိပ်စျေးတန်းသို့ လှမ်းသွားတော့၏။ စျေးဝယ်ပြီးပြန်အလာ ညစာ ထမင်းစားဝိုင်းကို မြင်ယောင်လျက် ပြုံးလိုက် မဲ့လိုက်နှင့် ရင်တဒိတ်ဒိတ် ခုန်နေခိုက် …

” အာ့… ”

နောက်မှနေ တစ်စုံတစ်ယောက် တုတ်ဖြင့် ရိုက်ချက်ကြောင့် နေမင်း ရီဝေဝေဖြစ်သွားပြီး သူ့ဘေးပတ်ပတ်လည်ရှိ လူအုပ်ကိုလည်း မှုန်းဝါးဝါးသာ မြင်နေရလေ၏။

” အား… အား… ”

ထပ်အရိုက်ခံရလေပြီ။ ခပ်မျော့မျော့ ဖြစ်သွားသည်အထိ ထိုလူတစ်အုပ် ဝိုင်းရိုက်ကြပြီးနောက် …

” အာ့… ”

သူ့ဗိုက်တွင် ဓားတန်းလန်းဖြင့် ပစ်လဲကျသွားတော့၏။

” မင်းသာ ငါ့ကိစ္စမှာ ဝင်မရှုပ်ခဲ့ရင် မင်းတို့အိမ်ကို ငါ ပိုင်ပြီးတာ ကြာပေါ့ကွ၊ ငယ်ပါသေးတယ် နေမင်းရာ၊ ထွီး… လာ ဟေ့ကောင်တွေ… သွားမယ် ”

( ၆ )
နေမင်းတစ်ယောက် အိမ်မှ ထွက်သွားသည်ကို မြင်၍ နေသွေးကတော့ အိမ်သို့ ပြန်ရောက်နှင့်နေပြီ ဖြစ်ပြီး ဒေါ်မြင့်ရီကလည်း ညစာ လက်ဆုံစားဖို့ရန် ဖျောင်းဖျလေ၏။

” ဟာ… အဲ့လူနဲ့တော့ ထမင်း အတူတူ မစားချင်ပါဘူး အမေရာ၊ မစားဘူး မစားဘူး ”

နေသွေး ခါးခါးသီးသီး ငြင်းဆန်နေခိုက်…

” ဟဲ့ မြင့်ရီ… မြင့်ရီ… ညည်းရဲ့သား အကြီးကောင် ဓားထိုးခံရလို့ဟဲ့ ”

” ဟေ… ဟုတ်လို့လား၊ သေချာရဲ့လား ”

” ငါတို့ အခုပဲ တွေ့ခဲ့တာဟဲ့၊ စျေးတန်းအနားမှာ၊ လာလာ… သွားမယ် ”

” သားငယ်… သားရဲ့ အစ်ကို ဓားထိုးခံရလို့တဲ့၊ အမေတို့ အမြန် လိုက်သွားကြရအောင် ”

” ဟာ… ဘာဆိုင်လို့ လိုက်ရမှာလဲ၊ သူ့အရှုပ်နဲ့သူ ဖြစ်တာကို၊ အမေပဲသွား၊ သားတော့ မလိုက်ဘူး ”

ဒေါ်မြင့်ရီလည်း အရေးတကြီး ဖြစ်နေ၍ စကားပြန်ပြောမနေတော့ဘဲ ပျာပျာသလဲ ဆင်းထွက်လာပြီး ထိုသူနှင့်အတူ စျေးတန်းသို့ ပြေးသွားကြတော့၏။

” အမယ်လေး… သားကြီး သားကြီး ”

စုဝေးနေသော လူအုပ်ကို တွန်းဖယ်ပြီး နေမင်းအနားတွင် ဝင်ထိုင်လိုက်၏။

” လုပ်ကြပါအုံးရှင်၊ ကျွန်မ့ သားလေးကို ကယ်ကြပါအုံး၊ ဆရာဝန်… ဆရာဝန်ကို သွားခေါ်ပေးကြပါ ”

” ခေါ်ထားပါတယ် မမြင့်ရီ၊ စိတ်မပူပါနဲ့၊ စိတ်ကို အေးအေးထားပါ ”

” ဖြစ်မှ ဖြစ်ရလေ သားကြီးရယ်၊ အားတင်းထားနော် သား၊ ဘာမှ မဖြစ်ဘူး သိလား ”

နေမင်း၏ ရင်ဘတ်တွင်တော့ ဒေါ်မြင့်ရီ၏ မျက်ရည်များ စိုရွှဲနေလေပြီ။

” သားငယ်… သားငယ်ကို သွားခေါ်ပေးမယ်နော်၊ သားရဲ့ ညီလေးကို သွားခေါ်ပေးမယ်လေနော်၊ အားတင်းထား… ကျေးဇူးပြုပြီး ကျွန်မ့သား နေသွေးကို သွားခေါ်ပေးကြပါလားရှင်၊ သားကြီးက သူ့ညီကို မြင်ရင် သက်သာသွားမှာရှင့်၊ သွားခေါ်ပေးကြပါ ”

ထိုအခါ နေမင်းသည် ဒေါ်မြင့်ရီ၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး …

” မ… မခေါ်… ပါနဲ့၊ အ… အခုချိန်… ဆို… ညီ… ညီလေးက ပျော်နေ… ရှာမှာ၊ အ… အပျော်… ပျက်သွား… လိမ့်မယ်၊ မခေါ်… ပါနဲ့တော့… ”

ဒေါ်မြင့်ရီမှာမူ ဆို့နင့်အောင် ခံစားရလွန်း၍ ရှိုက်ကြီးတငင် ငိုနေတော့၏။

” ညီ… ညီလေး… ချစ်… ချစ်တာ… ခံသွားချင်… သေးတယ်… ”

” အဲ့လို မပြောပါနဲ့ သားကြီးရယ်၊ သားငယ် ချစ်တာ ခံရမှာပေါ့ကွဲ့၊ အားတင်းထားစမ်းပါ ”

” မေတ္တာ… ဆိုတာ… လေး… ကိုတော့… အသွား… အ… အပြန်… ရှိခွင့်… ပေးပါ… ညီ… လေး… ရယ်… ”

” ဘာတွေ ပြောနေတာလဲ၊ မပြောစမ်းပါနဲ့ကွယ်၊ တောက်ခ်… ဆရာဝန်က ဘာလုပ်နေလို့ အခုထိ ရောက်မလာသေးတာလဲ၊ ဟမ်… ငါ့သား တစ်ခုခု ဖြစ်လို့ကတော့ အဲ့ဆရာဝန် အသေပဲမှတ် ”

မျက်ရည်ဖြိုင်ဖြိုင် စီးကျလျက် ဒေါသူပုန်ထနေသော ဒေါ်မြင့်ရီတစ်ယောက် ထိုအခါတွင်ပဲ ငြိမ်ကျသွား၏။

” သား… သားကြီး… အမယ်လေး အမေ့သား… ဘာလို့ မျက်လုံးမှိတ်ထားတာလဲ၊ သားရဲ့ ညီလေးကို ကြည့်ရအုံးမယ်လေ၊ မျက်စိဖွင့်ပါအုံး၊ အမေ့ကို မျက်စိဖွင့်ပြပါအုံးကွဲ့… ”

ဒေါ်မြင့်ရီတစ်ယောက် ရင်ဘတ်ကို တဘုန်းဘုန်း ထုလျက် အော်ပြောနေရုံမက၍ အရမ်းချစ်ရသော ညီဖြစ်သူ နေသွေး လာပြောလျှင်တောင်မှ နေမင်းကတော့ မျက်လုံး မဖွင့်နိုင်တော့ပေ။

နေသွေး၏ အသွားအပြန် မရှိသော မေတ္တာတို့ဖြင့် နေမင်းတစ်ယောက်၊ ညီလေး ချစ်တာ ခံသွားချင်သေးတယ် ဟူသော သူ့ဆန္ဒလေး မပြည့်ဝနိုင်ခဲ့ပါတကား ။

နောက်ထပ် တစ်စက္ကန့်ဟာ အတပ်မရှိတာမို့ …
အသက်ရှူခွင့်ရတုန်းလေးမှာ …
အမုန်းကင်း​ကင်း ထားပြီး အချင်းချင်း မေတ္တာပွားကြပါ …

ကြိုးစားသွားပါဦးမည်။ စာရေးသူ၊ စာဖတ်သူများအား အစဉ် လေးစားလျက် …