ပြိတ္တာတို့ရွာ

ပြိတ္တာတို့ရွာ(စ/ဆုံး)
—————–

ပြိတ္တာအမျိုးအစား၁၂မျိုးရှိသည်အနက် ဝေမာနိကပြိတ္တာ
ဟူသည် ကုသိုလ်နှင့် အကုသိုလ်နှစ်မျိုးရောစပ်ကံကြောင့်
တစ်ခါတစ်ရံ ကုသိုလ်အကျိုးကြောင့် နတ်စည်းစိမ်မျိုး
ခံစားရတတ်သလို တစ်ခါတစ်ရံလည်း အကုသိုလ်အကျိုး
ကြောင့် ဒုက္ခဆိုးကျိုးများကိုလည်း ခံစားရတတ်သည်ဟု
ကြားဘူးခဲ့ပါသည်။ သို့ဆိုလျှင် အောက်တွင်ဖော်ပြမည့်
ကိုရွှေမောင်နှင့် မခင်သွေတို့ဇာတ်လမ်းကို ဖတ်ရှူပြီးလျှင်
မခင်သွေအား မည်သည့်ပြိတ္တာအမျိုးအစားဖြစ်မည်ကို
ခန့်မှန်းကြပါကုန် ….။

ထို ဇာတ်ကြောင်းကို အစပြုရသည်ရှိသော် ….

တစ်ခါတုန်းက အထက်အညာဒေသမှ ကိုရွှေမောင်သည်
အောက်ပြည်အောက်ရွာ ကုန်ရောင်းလာရင်း မြစ်ဝကျွန်း
ပေါ်သူ မခင်သွေနှင့် အကြောင်းပါခဲ့ကြလေသည်။
ကိုရွှေမောင်အညာသားမှာ မိဘမဲ့ တစ်ကောင်ကြွက်ဖြစ်၍
ဘယ်ဆွေမျိုးအတွက်မှ ကြောင့်ကျစရာမရှိ၍ မခင်သွေ
နှင့်အကြောင်းပါပြီးနောက် မိန်းမ၏ဌာနေ အောက်ပြည်၌
သာ အခြေချလိုက်တော့သည်။ မခင်သွေမှာကား မိခင်အို
ကြီးကို လုပ်ကျွေးပြုစုနေရသည်ရှိရာ သူမနှင့် အကြောင်း
ပါခဲ့သော အညာသားကိုရွှေမောင်လည်း မခင်သွေ၏မိခင်
ကို သူ့မိခင်ခင်သဖွယ် အလုပ်အကျွေးဖြစ်လာတော့၏။

ကိုရွှေမောင်မှာ လူလုံးလူဖန်ထွားထွားကြိုင်းကြိုင်း ရုပ်ရေ
အားဖြင့်လည်း ယောက်ျားပီသ၍ ကြည့်ပျော်ရှုပျော် ရှိသူ
တစ်ဦးဖြစ်ပေသည်။ မခင်သွေကလည်းဖြူဖြူသွယ်သွယ်
ချောချောမောမော ရုပ်ရေ ရူပကာပိုင်ရှင် ဖြစ်ပေသည်။
သူတို့နှစ်ယောက်ကိုလူတွေက အလွန်လိုက်ဖက်သော ဇနီး
မောင်နှံဟူ၍ အသိအမှတ် ပြုကြလေသည်။

အိမ်ထောင်သက် ၁၅နှစ်ခန့်အရောက်တွင် သားတွေချည်း
၃ ယောက် ထွန်းကားခဲ့လေသည်။ သားအကြီးဆုံး ၈ နှစ်
သားခန့်အရောက်တွင် မခင်သွေ အူယောင်ငန်းဖျားရောဂါ
ဖြစ်လေသည်။ စပြီးဖျားချေပြီဆိုထဲက တစ်ခါမှအပူမကျ
အပြင်းသားဖျားလေရာ ၂ပတ်ခန့် နာမကျန်းဖြစ်ပြီးသည်
တွင် ဆရာများလက်လျှော့လိုက်ရပြီး မခင်သွေလည်း ဆုံး
ပါးသွားရှာလေတော့သည်။ ကိုရွှေမောင်လည်း ကျန်ရစ်ခဲ့
သော မခင်သွေ၏မိခင်အိုကြီးနှင့် သား ၃ယောက်တို့အား
ကုန်ရောင်းကုန်ဝယ်လုပ်ငန်းဖြင့် ဆက်လက်၍ ကျွေးမွေး
စောင့်ရှောက်လာခဲ့ရာမှ မခင်သွေဆုံးပြီး ၁နှစ်ခွဲခန့်အကြာ
၌ ကိုယ်ပိုင်လှေကြီးတစ်စင်းပြင် ၎င်းလှေနှင့် ကုန်အပြည့်
စုဆောင်းမိသဖြင့် မိမိဌာနေ အညာမြေသို့ ကုန်ရောင်းဝယ်
ရန်အလို့ငှာ လှေထိုသား ၅ယောက်ကိုငှားရမ်း ဦးဆောင်၍
အညာသို့ တစ်ခေါက်တစ်ကျင်း တက်ခဲ့ပြန်လေသည်။
ယောက္ခမအိုကြီးနှင့် မိမိရင်သွေး ၃ယောက်တို့အတွက်မူ..
စားရေရိက္ခာအပြည့်အစုံ၊ သုံးစွဲရန်ငွေကြေးအလုံလောက်
ပေးအပ်၍ အိမ်နီးချင်းတို့ဖြင့်မှာကြားအပ်နှံခဲ့ရလေသည်။

သူတို့လှေကြီးဖြင့် အချိန်တစ်ပတ်ခန့် နားသည့်နေရာနား
ဆန်သည့်အခါ ဆန်လျက် တက်ခဲ့ကြပြီးနောက်..ပြည်မြို့
ရွှေဘုံသာမုနိဘုရားနီးအရောက် တစ်ခုသော ကမ်းစပ်တွင်
ခေတ္တ ရပ်နားကြလေသည် ။ ကိုရွှေမောင် ခွင့်ပြုပေးထား
သဖြင့် လှေထိုးသား ၅ယောက်တို့ ကုန်းပေါ်သို့အလှည့်ကျ
တက်ခွင့်ရကြလေ၏။

နှစ်ညအိပ်ခန့်ရပ်နားပြီး လှေပြန်ဆန်မည့်ည ဆန်မတက်မီ
အချိန် ကိုရွှေမောင်လည်း သူ့လှေကို တိတ်တဆိတ် လှည့်
ပတ်စစ်ဆေးလေရာ လှေပဲ့စင်၌ လှေထိုသား၂ယောက်
ကြိတ်ကြိတ် ကြိတ်ကြိတ်နှင့် တစ်စုံတစ်ခုကို တီးတိုးလုပ်
နေကြကြောင်း တွေ့ရလေရာ သူလည်း ထိုလူနှစ်ယောက်
အားတိတ်တဆိတ်ပြန်လေ့လာရတော့သည်။

” ဒီကိစ္စ မင်းနဲ့ငါနှစ်ယောက်ဘဲသိတာ..ဘယ်သူ့ကိုမှအသိ
မပေးနဲ့ .. အညာဆိပ်ကိုရောက်တော့မှ ကုန်းပေါ်တက်ပြီး
အဆက်အသွယ်ကောင်းကောင်းရှာပြီး ထုခွဲကြတာပေါ့ ”

ကြားလိုက်ရသောစကားသံသဲ့သဲ့ကြောင့် ကိုရွှေမောင်မှာ
ထိုသူနှစ်ဦးရှေ့မှ ပစ္စည်းတစ်ခုအား အလင်းရောင် ဖျော့
လျော့လျော့ကြားမှ အားယူစိုက်ကြည့်လိုက်ရာ ….

” အလို..ဘုရား ဘုရား ခွေးမသားနှစ်ကောင် မကြံကောင်း
မစီရာကို ကြံစီနေကြပါလား ”

မှန်ပေသည်။ ထိုလူနှစ်ယောက်ရှေ့တွင် ဉာဏ်တော်အမြင့်
၉ လက္မခန့်ရှိသော ဘုရားရွှေဆင်းတုတော် ၃ဆူအား တွေ့
လိုက်ရသောကြောင့်တည်း။ ကသက်ကယဲ့ ကျနေသော
အမှောင်အောက်မှာပင် ရွှေရောင်ဖိတ်ဖိတ်တောက်လျက်
ရှိလေရာ အမြင်အားဖြင့် တစ်ဆူလျှင် ရွှေချိန်တစ်ပိဿာ
ခန့်စီ ရှိနိုင်သည်ဟု သူခန့်မှန်းမိလေသည်။ ဒီတိုင်း ကြည့်
နေ၍ မဖြစ်တော့ဟု သူယူဆကာ…

” ဟေ့ကောင်တွေ..မင်းတို့ မကြံစီအပ်တာကို မကြံစီကြပါ
နဲ့ကွာ..ဒီ ဘုရားတွေ မင်းတို့ ဘယ်ကရလာသလဲ.. ယူလာ
တဲ့နေရာကို ခု လှေမထွက်ခင်လေး ချက်ခြင်းပြန်ပို့ပေးကြ
ပါကြာ .. ”

” ဟင် … ”

ရုတ်တရက် ထွက်လာသော ကိုရွှေမောင်ကြောင့် လှေသား
၂ယောက် ပထမတော့ အံ့ဩသွားကြသည်။ သို့သော် ….

” ဒါ..ကျုပ်တို့ကိစ္စ..ခင်ဗျားနဲ့ ဘာမှမဆိုင်ဘူး ဝင်မရှုပ်နဲ့ ”

” မင်းတို့ဗုဒ္ဓဘာသာဝင်တွေမဟုတ်လား ဘုရားနဲ့ပတ်သက်
တဲ့ပစ္စည်း မလုပ်ကောင်းပါဘူး..ငါ ကောင်းကောင်းမွန်မွန်
ပြောနေတုန်း အသာတကြည်ပြန်ထားလိုက်ပါ..ပြောမရ
ရင်တော့ သက်ဆိုင်ရာ တရားဥပဒေလမ်းကြောင်းပေါ်ကို
ရောက်အောင် ငါ လုပ်ရပါလိမ့်မယ် ”

အခြေအနေ တင်းမာသွားလေပြီ။ လောဘတက်နေသော
လှေသား၂ယောက်က ကိုရွှေမောင့်စကား နားမထောင်..။
ကိုရွှေမောင်အား စတင်သတ်ပုတ် တိုက်ခိုက်ကြလေပြီ ။
ထို၂ယောက်မှာ ကိုရွှေမောင်၏ ဗလနှင့်တန်ပြန်သတ်ပုတ်
မှုကို တုပနိုင်စွမ်းမရှိ၍ ၂ယောက် ၁ယောက်ဖြစ်စေကာမူ
ရှုံးနိမ့်ရလေ၏။ ထိုစဉ် ဆူဆူညံညံအသံများကြောင့် ကျန်
လှေသား ၃ ဦးလည်း ထိုနေရာသို့ရောက်ရှိလာလေရာ ….

” ညီကိုတို့ …ဒီလှေသူကြီးကို ဝိုင်းဝန်းတိုက်ခိုက်ပေးကြပါ
ငါတို့နိုင်လျှင် ဟောဒီရွှေစင်ရွှေသား ဘုရားရုပ်ထုတွေကို
ထုခွဲရတဲ့အထဲက မင်းတို့ကို ဝေစုပေးပါ့မယ် ”

လဲကျနေသော လှေထိုးသားတစ်ယောက်က ရောက်ရှိလာ
သော လှေထိုးသား ၃ ယောက်ကို လှမ်းအော်ပြောလေရာ
သဘောပေါက်လွယ်ပြီး လောဘဇောတိုက်သွားသော ထို
လှေသားတို့ကလည်း ကိုရွှေမောင်ကို ဝိုင်းဝန်းဖမ်းချုပ်ပြီး
ထိုးကြိတ်ကြတော့သည်။ သည်တစ်ကြိမ်တော့ အများနှင့်
တစ်ယောက် ကိုရွှေမောင် မနိုင် နိုင်တော့ချေ ။ ဖူးယောင်
လာသည်အထိ ထိုးကြိတ်ခံလိုက်ရပြီး သတိမေ့မျောသွား
တော့သည်။ သတိမလစ်ခင် နောက်ဆုံးကြားလိုက်ရသည်
ကား …

” အင်း..ခုနေ သည်နေရာမှာ ဒင်းကို ကြိုးတုပ်ပြီး ရေထဲချ
ခဲ့ရင် ရေကြောင်းကတိမ်တော့တစ်နည်းနည်းနဲ့ လွတ်သွား
နိုင်တယ်.. ”

” ဒါဆိုလည်း ကိစ္စတုံး လုပ်ပစ်ပြီး ချခဲ့တာပေါ့.. ”

” အို ဒီလိုလဲ မဖြစ်သေးဘူး ဒီနေရာမြို့နဲ့နီးတော့ အမှုခင်း
နောက်လိုက်လာမယ့် ပုလိပ်သားတွေရန်က ရှိသေးတယ် ”

” ဒါဆို ဘယ်လိုလုပ်ကြမလဲ ”

” ခုနေတော့ သူ့ကိုဖမ်းချုပ်ခေါ်သွားပြီး တောတွေတောင်
တွေနဲ့ နီးတဲ့ မြစ်ပြင်ကျယ်ကျယ် ရေကြောင်းနက်နက်
နေရာရောက်မှ တစ်ခါထဲ ကိစ္စတုံးလိုက်ကြတာပေါ့ … ”

” အင်း..ဒါလဲ ခပ်ကောင်းကောင်းဘဲလေ ” ….

ဤသို့ဖြင့် ကိုရွှေမောင်အား ချုပ်နှောင်ဖမ်းဆီးထားပြီး
လှေသား ၅ယောက်တို့ ဧရာဝတီကို ဆန်ကြလေသည်။
ကိုရွှေမောင်လည်း..ယောက်ျားတို့ဇွဲ သေကာမှလျှော့မည်
အကြံဖြင့် ကြိုးဖြင့်တုပ်နှောင်ခံထားရသည်ကို တစ်နည်း
နည်းဖြင့် လွတ်အောင် မပြတ်ကြိတ်ကြံစီနေတော့သည်။

သူတို့လှေကြီး မြစ်ကြောင်းဆန်တက်လာခဲ့ပြီး ၂နာရီခန့်
အကြာတွင် ရုတ်တရက် လေကြီးမိုးကြီးကျလာလေတော့
သည်။ ထိုအချိန် ကိုရွှေမောင်၏ အားထုတ်မှုကြောင့် တုပ်
နှောင်ခံထားရသော ကြိုးများလည်း ပြေလုပြေခင်ဖြစ်လာ
နေချေပြီ။ မိုးနှင့်လေက တစထက် တစပြင်းထန်လာပြီး
မြစ်မင်းဧရာ၏ဒေါသမာန်ဟုန်သည်လည်း လှိုင်းတဝုန်း
ဝုန်းနှင့် ရှိနေချေတာ့သည်။ ကိုရွှေမောင်လည်း အတုပ်
အနှောင်မှ လွတ်မြောက်သွားပြီဖြစ်ရာ ပြင်းထန်နေသော
လှိုင်းလေအစုံကို ဂရုမပြုအား..ငမိုက်သားတို့ အိပ်ရာများ
သို့သွား၍ ဆင်းတုတော်များကို ရှာလေသည်။ ငမိုက်သား
လှေသားတို့မှာ လှိုင်းနှင့် မိုးလေတို့ကို အံတုနေရချိန်ဖြစ်၍
အခြား ဘာကိုမှ ဂရုမထားနိုင်စဉ် ကိုရွှေမောင်လည်း သို
ဝှက်ထားသော ရွှေဆင်းတုများကို ရှာတွေ့သွားလေပြီ ။
ထိုစဉ်မှာပင် ပြင်းထန်သော လှိုင်းကြမ်းကြီးများက လှေ
အား မနားတမ်း ရိုက်ဆောင့်နေလေသည်။ အခြေအနေ
မဟန်တော့မှန်းသိ၍ ရွှေဆင်းတု ၃ဆူအား စောင်ဖြင့်ပတ်
ချီလျက် ပုခုံးထက် ချိတ်နိုင်အောင်လုပ်ပြီး ဘာဆက်လုပ်
သင့်သည်ကို စဉ်းစားနေခိုက်မှာပင် ကြီးမားသောလှိုင်းလုံး
ကြီးတစ်လုံး၏ရိုက်ချက်ကြောင့်လှေကြီးဗြန်းကနဲကွဲသွား
ကာလှေပေါ်ပါသူအားလုံးလည်းလွင့်စင်ကျကုန်လေတော့
သည်။ သတိကောင်းသောကိုရွှေမောင်က ရေထဲရောက်ပြီ
ဆိုလျှင် သွေးရူးသွေးတန်းလျှောက်မကူး..။ အလိုက်သင့်
ကိုယ်ကိုဖော့၍ အခြေအနေကို သုံးသပ်သည်။ ဝန်းကျင်
တစ်ခုလုံး မှောင်မဲနေပြီး မြစ်ပြင်တစ်ခုလုံး လှိုင်းတွေတဝုံး
ဝုံးနှင့် ဗြောင်းဆန်နေသည်။ မိုးကအနည်းငယ် စဲသွားပြီ ။
မှောင်ထဲတွင် အားစိုက်ကြည့်ပြီး မိမိအတွက် မှီတွယ်စရာ
တစ်ခုခုကိုရှာသည်။ ကံအားလျော်စွာ လှိုင်းအပုတ်မှာ မိမိ
ရှေ့ရောက်လာသော သစ်သားပြား အချပ်ကြီးတစ်ခု ရရှိ
လိုက်လေသည်။ ကျန်သူအားလုံးနှင့်မိမိလှေကြီးကို မတွေ့
ရတော့ပေ။ အနှစ်နှစ်အလလ စုဆောင်းရှာခဲ့ရသော လှေ
ကြီးနှင့် ကုန်များအားလုံး ဆုံးရှုံးသွားရပြီဟူသော အသိ
ကြောင့် ဝမ်းနည်းခြင်းဖြစ်ရသော်လည်း လက်ရှိအချိန်ထိ
မိမိအသက်ရှင်သန်နေသေးသည်ကိုတွေးပြီး မသေမချင်း
ကြိုးစားနိုင်ခွင့်ရှိသေးတာဘဲဟု ပြန်အားတင်းလိုက်သည်။
စိတ်ထဲက ဘုရားရှင်ကိုရည်စူး၍ မိမိဦးခေါင်းထက်သို့ ကြွ
ရောက်စံပါယ်တော်မူနေပါရန် ပင့်လိုက်ပြီး ဘုရား တရား
သံဃာ ရတနာသုံးပါးကို နှလုံးသွင်းလျက် ရသမျှ ပရိတ်
တော်များကို ရွတ်ဖတ်သရစယ်နေလိုက်သည်။ ဝန်းကျင်
တစ်ခုလုံး အမှောင်အတိဖုံးလျက် ဘယ်နေရာ ဘယ်ကမ်း
မမှန်းဆတတ်သည့်အတူတူ မျက်လုံးကိုမှိတ် ဖက်တွယ်မိ
သော သစ်သားချပ်ကို မလွတ်စတမ်း မြဲမြံစွာကိုင်တွယ်၍
ကိုယ်ကိုအလိုက်သင့်ဖော့ကာ ဘုရားတရားကိုသာ မပြတ်
အာရုံပြုကာ မျောချင်ရာမျောစေတော့ နေလိုက်တော့၏။

သို့သော်..ထူးဆန်းသည်က ဤသို့ဖြစ်သွားပြီး တခဏတာ
အတွင်းမှာပင် မိုးလည်းစဲ လှိုင်းလေသည်လည်း ငြိမ်သက်
သွားချေတော့သည်။ မကြာမီ ကောင်းကင်၏ ဖျော့လျော့
သောအလင်းရောင်ဖြင့် မြစ်ပြင်ကိုတဖြည်းဖြည်း မြင်လာ
ရလေသည်။ သူ့လှေကြီးကိုကား စုပ်စမြုပ်စပင် မတွေ့ရ
တော့။ ရေပြင်ထက်၌ ပေါလောမျောနေသော ကုန်ပစ္စည်း
အပိုင်းအစတချို့ကိုတွေ့ရသည်။ သူ့လှေသားတွေ အရိပ်
ယောင်မျှပင် မတွေ့ရချေ။ စိတ်ထဲက တွေးမိသေးသည်။
မပြစ်မှားသင့်သော ဘုရားပစ္စည်းကို ပြစ်မှားမိကြ၍ ယခု
ကဲ့သို့ ဒုက္ခတွေ့ရခြင်းပေလောဟု..ဖြစ်သည်။ ပုခုံးထက်မှ
ဘုရားဆင်းတု ၃ဆူကို သတိထားမိပြန်တော့ သည်ပစ္စည်း
တွေ မူလနေရာပြန်ရောက်အောင် အမြန် ပြန်ပို့မှဖြစ်မည်
ဟု ..တွေးမိပြီး ယခုဖြစ်သွားသော အဖြစ်အပျက်အတွက်
ကျက်သီးဖြန်းဖြန်း ထမိလေသည်။ အမြင်အာရုံအားစိုက်
ကြည့်လိုက်သောခါ မြစ်ပြင်ကျယ်၏ အနားသတ် မှုံပြ ပြ
ခပ်ဝေးဝေးမှ ကမ်းစပ်ကိုမြင်တွေ့ရလေသည်။ ဖက်တွယ်
ထားသော သစ်သားချပ်ကြီးမှာ လှေ၏ပဲ့ချောင်အခေါင်း
ပေါက်အဖုံးဖြစ်နေသည်ကိုသိရပြီး ထိုသစ်သားအဖုံးပြား
ကြီးကို အားပြု မှေးတွယ်ဖက်ရင်း ကမ်းဖက်သို့ ခပ်မှန်မှန်
ကူးခတ်ခဲ့တော့သည်။

အတော်ကြာကြာ နားချည်တစ်ခါ ကူးချည်တစ်လှည့်ဖြင့်
ကူးခဲ့ပြီး ကမ်းစပ်ကုန်းမြေကိုခြေကန်မိချိန်၌ မိုးလင်းခါနီး
ပြီဖြစ်၍ အလင်းဖျော့ဖျော့ပင် အစပျိုးနေလေပြီတည်း။ တစ်ညလုံး မြစ်ထဲတွင်အချိန်ကုန်ခဲ့၍ ရေ၏အအေးဒဏ်
လှုပ်ရှားရုန်းကန် ကူးခတ်ခဲ့သော ပင်ပမ်းမှုဒဏ်တို့ကြောင့်
ကုန်းမြေကမ်းစပ်ပေါ် ပိုင်ပိုင်တက်နိုင်သည်နှင့် စိတ်လျှော့
ချလိုက်ရာ ကိုရွှေမောင်မှာ ဒူးညွှတ်ကွေးလျက် မှောက်ကျ
သွားပါလေတော့သည်။

မည်မျှကြာကြာ မှောက်လျက်သား မေ့မျောနေသည်မသိ။
လူသံတွေ နားထဲသဲ့သဲ့ကြားလိုက်မှ သတိရလာတော့၏။
ခေါင်းထောင်ထ၍ မျက်လုံးကို အားယူဖွင့်ကြည့်သောခါ..
မိန်းမတစ်ယောက်၏မျက်နှာကို မှုံမှုံမွှားမွှားတွေ့ရလေ၏။
တဖြည်းဖြည်း အကြည်ဓာတ်ရလာသောအခါ၌…

” ဟင် … နင် .. နင် .. ”

မြင်တွေ့လိုက်ရသောမျက်နှာကြောင့် အလွန်အံ့အားသင့်
စွာဖြင့်အတင်းလူးလဲထမိလေတော့သတည်း … ။ ။

” အို..ကိုရွှေမောင်ပါလား..အံ့ဩစရာကောင်းလောက်တဲ့
တိုက်ဆိုင်မှုတစ်ခုပါလားရှင်..ဘယ်လိုဖြစ်လာရတာလဲ..
ပြောစမ်းပါအုံး … ”

ကိုရွှေမောင် မြင်တွေ့လိုက်ရသော အသံရှင်မှာ ပြောသည့်
အတိုင်း အမှန်ပင် အံ့ဩစရာကောင်းပေတော့သည်။ သူမ
သည် လွန်ခဲ့သော တစ်နှစ်ခွဲခန့်က ကွယ်လွန်ပြီးဖြစ်သော
မိမိ၏ ဇနီး မခင်သွေ ဖြစ်နေခြင်းကြောင့်တည်း။

” မခင်သွေ..နင် နင် .. ဘုရား ဘုရား ငါ ရေနစ်ပြီးတော့
များ သေခဲ့ပြီလား ငါ့ကိုယ်ငါ သေမှန်းမသိသေးတာလား ”

အံ့ဩတုန်လှုပ်မိရင်း တုန်တုန်ရီရီနှင့် ရေရွတ်မိသည်။
ပြောမပြတတ်အောင်လည်း အကြောက်ကြီးကြောက်လန့်
သွားမိသည်။ သူ၏ ထိတ်ထိတ်ပြာပြာ အမူယာကိုကြည့်
ပြီး သူ့ဇနီး မခင်သွေက ကရုဏာသက်စွာဖြင့် …

” ရှင်မသေပါဘူး ကိုရွှေမောင်ရယ်..ဒါပေမယ့် အံ့ဩစရာ
ကောင်းတာက ရှင်..အရှင်လတ်လတ် ကျွန်မနေတဲ့ ပြိတ္တာ
ရွာကို ရောက်လာတာပါဘဲ …ကျွန်မက အရင်ကလို ရှင့်ရဲ့
ဇနီး ခင်သွေလည်းမဟုတ်တော့ပါဘူး..ပြိတ္တာမ ခင်သွေပါ
ရှင်..ဒါနဲ့ ရှင်ဘယ်လိုဖြစ်လာတာလဲ ပြောပြအုံးလေ ”

ထိုခါမှ ကိုရွှေမောင် အနည်းငယ် အကြောက်ပြေသွားပြီး
သူဖြစ်ပျက်ခဲ့သမျှကို တုန်တုန်ယင်ယင်နှင့် အကျဉ်းချုံး၍
ပြောပြလိုက်လေသည်။ ပြီးတော့ သူ့ ပုခုံးတွင် ယခုထက် တိုင် လွယ်ချိတ်ထားလျက် ရှိနေသေးသော စောင်ဖြင့်ပတ်
ထားသည့် ရွှေဆင်းတု ၃ ဆူကိုလည်း ပြလိုက်လေသည်။

” အလို..ဘုရား ဘုရား ..ရှင် စိတ်ကောင်းရှိလို့သာဘဲရှင်..
ဒါတွေဟာ နောက်ပွင့်မယ့် အရင်မေတ္တယျဘုရားသာသနာ
အတွက်ရည်စူးလှူဒါန်းထားတဲ့ ရွှေဆင်းတုတွေဘဲ..မပြစ်
မှားကောင်းတာတွေကို လောဘတက်ပြစ်မှားကြလို့ ရှင့်ရဲ့
လှေသားတွေ သေခြင်းဆိုးနဲ့သေသွားကြရပါပြီ..ဒါတွေ
ပျောက်သွားမှန်းသိတာနဲ့ သိုက်ချုပ်ဘိုးဘိုးကြီးက ချက်
ခြင်းရှာပြီး အပြစ်ပေးလိုက်တာနဲ့တူတယ်..ရှင်ကတော့
ဒီ ဆင်းတုတွေ မူလနေရာ ပြန်ထားဖို့ စိတ်ရည်စူးထားတာ
ဘိုးဘိုးကြီးမနောအမြင်မှာတွေ့နေလို့ အသက်မသေစေဘဲ
ဒီကိုရောက်အောင် ပို့လိုက်တာထင်ရဲ့ ..မသေပျောက်တာ
ဘဲ တော်လှပါပြီရှင်..အဲ..ဒါနဲ့ ရှင့်ကို တစ်ခုတော့မှာထားရ
အုံးမယ်..အခု ရှင်ရောက်လာတာ ပြိတ္တာရွာနော်..ဒီမှာရှိနေ
တဲ့သူတွေအားလုံး ကျွန်မကအစတစ်ယောက်မှလူမဟုတ်
ကြဘူး..အကုန် ပြိတ္တာတွေချည်းဘဲ..ပြီးတော့ ကျွန်မက
အရင်ကလို ရှင့် မယားမဟုတ်တော့ဘူး.. ဒီရွာက ပြိတ္တာ
အကြီးအကဲရဲ့မယားဖြစ်နေပြီ..ဒီတော့ အခုထဲကမှာထား
မယ်..အရင်က ရှင်နဲ့ကျွန်မ ဘယ်လိုပတ်သက်ပါတယ်..
ညာလိုပတ်သက်ပါတယ်ဆိုတာတွေ ဘယ်သူ့ကိုမှ မဟ မိ
ပါစေနဲ့ .. ”

မခင်သွေ ရှင်းပြသောစကားတို့ကြောင့် ကိုရွှေမောင်ပါးစပ်
အဟောင်းသား ဖြစ်ရချေပြီ။မခင်သွေက ရှင်းပြအပြီး …

” လာကြပါအုံးဟေ့..ဒီမှာ လူတစ်ယောက် လှေပျက်ပြီး
ရောက်လာလို့ ဝိုင်းကူလိုက်ကြပါအုံး … ”

အဲဒီလို အော်ခေါ်လိုက်တော့ ယောက်ျားကြီး၂ယောက်နဲ့
မိန်းမတစ်ယောက်တို့ ရောက်လာကြပါတယ်။ မခင်သွေ
ပြောပြထားလို့ ဒီလူတွေပြိတ္တာဆိုတာသိထားပေမယ့် မြင်
နေရတာက လူတွေအတိုင်းဘဲမို့ ကိုရွှေမောင် အံ့အားသင့်
ရပြန်ပါရော .. ။

ဒါနဲ့ ..သူတို့အားလုံးက ကိုရွှေမောင့်ကို သူတို့အကြီးအကဲ
ဆိုသူထံ ခေါ်သွားကြပါလေသည်။ အကြီးအကဲဆိုသူရှေ့
ရောက်တော့လည်း ပြိတ္တာဟုသာဆိုရ.. မျက်လုံး မျက်ခုံး
ဲ ကောင်းကောင်းနှင့် အကြီးအကဲမှင်မောင်းရှိသော လူကြီး
တစ်ဦးအဖြစ် မြင်ရလေသည်။ အကြီးအကဲက သူ့လူတွေ
ဖက်ကို မေးဆတ်ပြလိုက်ပြီး လေသံခပ်ထန်ထန်ဖြင့် …

” ဘယ်လိုဖြစ်လာကြတာလဲ .. ” ဟု ..မေးလေသည်။

မခင်သွေက လှေပျက်ပြီးမျောလာရာက ရေစပ်မှာတွေ့၍
ကယ်တင်လာကြောင်း..ကျန်တာ သူ့ကိုသာ မေးပါ..ဟု..
တင်ပြသဖြင့် အကြီးအကဲလည်း သူ့ဖက်လှည့်ကာ…

” ကဲ..ဘယ်လို ဖြစ်ပြီး လှေပျက်မျောရတာလဲ..ဆက်ပြော
စမ်းပါအုံး … ” ဟု..မေးပြန်လေသည်။ ကိုရွှေမောင်လည်း
မိမိရွာမှ ကုန်တင်ပြီးလှေစထွက်သည်မှ နောက်ဆုံး လေမိုး
တွေမိပြီး လှေပျက်၍ မျောသည်အထိ အဖြစ်သနစ်စုံကို
ပြောပြလိုက်ပြီး သူ့ပုခုံးထက်မှ စောင်ဖြင့်ထုပ်ထားသော
ရွှေဆင်းတုတော် ၃ဆူကို ပြသလိုက်လေသည်။ အကြီးကဲ
လည်း သေချာစစ်ဆေးကြည့်ပြီး …

” မင်းကိုယ်တိုင်က လိုချင်စိတ်နဲ့ မရ အရယူလာတာတော့
မဟုတ်ပါဘူးနော် .. ”

” ကျွန်တော်မညာဝံ့ပါဘူးဗျာ..တကယ်ကို မူလနေရာပြန်ပို့
ချင်စိတ်နဲ့ သေမယ့်ဖြစ်တဲ့ကြားက အသက်စွန့်ပြီး ယူလာ
ရတာပါ ဒီအဖြစ်ကြောင့် အနှစ်နှစ်အလလ ကျွန်တော် ရှာ
ဖွေစုဆောင်းထားခဲ့တာတွေ အားလုံးဆုံးရှုံးခဲ့ရပါပြီ … မှန်
တာပြောရင် အဲ့ဒီ ဆုံးရှုံးခဲ့တာတွေထက်မက ပြန်ရပါစေ
လို့ ကျိန်တွယ်ပြောဝံ့ပါတယ်.. ”

အကြီးအကဲက သူ့ လက်ထဲက ရွှေဆင်းတုများကို သိမ်း
ယူလိုက်ပြီးလျှင် …

” အေးလေ..ငါတို့အထက်က သိုက်ချုပ်ဘိုးဘိုးကို ဆက်
သွယ်မေးမြန်း ကြည့်ရအုံးမှာပေါ့..မင်းပြောတာတွေ မှန်
မမှန် သူ့ကို ညာလို့မရဘူး..သူ့ မနောစိတ်မှာ အကုန်သိနေ
လိမ့်မယ်..မင်းပြောသလို ဒီ ဘုရားဌာပနာပစ္စည်းတွေကို
မူလနေရာပြန်ပို့ချင်တယ်ဆိုတဲ့ မင်းရဲ့ စိတ်ရင်းစိတ်ခံ မှန်
နေရင်လည်း သူသိနေမှာဘဲ..ဒါဆိုရင်တော့ မင်းသက်သာ
မှာ အမှန်ဘဲ ..ကဲ..မင်းလည်း ရေထဲမိုးထဲ တစ်ညလုံးဒုက္ခ
ခံခဲ့ရလို့ ပင်ပမ်းလှပြီ..ရေစိုအဝတ်တွေ လဲဖယ်ပြီး အနား
ယူပေအုံးတော့ … ကဲဟေ့ ဒီလူ့ကို နေစရာတစ်နေရာစီစဉ်
ပေးလိုက်ကြအုံး..ဟေ့ ဖိုးပေ ခေါ်သွားစမ်း .. ”

အကြီးအကဲ၏ အမိန့်ပေးသံအဆုံး ဖိုးပေဆိုသောပြိတ္တာ
တစ်ဦးက ကိုရွှေမောင့်ကို နေစရာတဲအိမ်ငယ်တစ်ခုဆီသို့
ခေါ်ယူ ပို့ဆောင်ပေးခဲ့လေသည်။ ဖိုးပေဆိုသူမှာ အတော်
တန်ပင်အသားမဲ မျက်နှာပေါက်ဆိုးဆိုး ဗလကောင်းသော်
လည်း ပုကွကွ ဂင်တိုတို မှုံကုပ်ကုပ်နှင့်ဖြစ်လေသည်။
တဲအိမ်လေးထဲရောက်ပြီး ဖိုးပေ ထုတ်ပေးသော အဝတ်
အစားများကို လဲလှယ်ဝတ်ဆင်ပြီး လူပင်ပမ်းစိတ်ပင်ပမ်း
ခဲ့သမျှ အတိုးချ၍ အိပ်ပစ်လိုက်တော့သည်။

ထိုနေ့ညနေ.. အိပ်ရာမှ နိုးသောအခါ ဝမ်းထဲက တကြုတ်
ကြုတ် ဆာလောင်နေ၍ စားစရာတောင်းရန် တစ်စုံတစ်
ယောက်အား မျှော်နေစဉ်မှာပင် မခင်သွေနှင့် အခြားမိန်းမ
တစ်ယောက်တို့ ရောက်ရှိလာကြပြီး …

” ရှင် ဆာနေမယ်မှန်းသိလို့ အကြီးအကဲကိုပြောပြီး စားဖို့
ယူလာတာ..ဒီမှာက သက်သတ်လွတ် အသီးအရွက်တွေ
ဘဲစားကြတာ.. ” ဟု..ပြောကာ ပိန္နဲသီးမှည့်နှင့် ငှက်ပျော
သီးများ ချပေးလေသည်။ ဘာဖြစ်ဖြစ်..ဝမ်းက တောင်း
ဆိုနေချိန် အဟာရမြောက်ဖို့ဘဲ အရေးကြီးသည် မှတ်ခါ
ချပေးလာသော အသီးများကို အားရပါးရ စားသုံးလေ
တော့သည်။

နောက်နေ့ မနက်အိပ်ရာထအပြီးတွင် မနေ့ကဤနေရာသို့
ပို့ပေးခဲ့သော ပုကွကွဂင်တို ဖိုးပေက အကြီးအကဲ ခေါ်ခိုင်း
သည်ဆိုကာ လာခေါ်သဖြင့် ထလိုက်သွားရလေသည်။
အကြီးအကဲနှင့် တွေ့သောအခါ…

” မင်းရဲ့ စိတ်စေတနာကိုလေးစားသွားပြီ..ငါတို့ သိုက်ချုပ်
ဘိုးတော်နဲ့လည်းဆက်သွယ်မေးမြန်းပြီးပြီ..ဘိုးတော်ပြော
ပြလို့ အားလုံးသိရပြီ..ဒီတော့ မင်းဒီမှာဆက်ပြီး အနားယူ
ချင်သေးတယ်ဆိုရင်လည်း နေလို့ရတယ်…ပြန်ချင်တယ်
ဆိုရင်လည်း ဘိုးတော်ဆီက အမိန့်တစ်စုံတစ်ရာရပြီးတာ
နဲ့ ပြန်ပို့ပေးမယ်.. ”

” ဘာများ အမိန့်ချအုံးမှာလည်းဗျာ..တွေးပြီး စိတ်ပူစရာ
ဖြစ်အောင် ထစ်နေပြန်ပြီ .. ”

” စိတ်မပူပါနဲ့ကွာ..ငါတို့က ဒီ သာသနာပိုင်ပစ္စည်းတွေ ပြန်
ရဖို့အတွက် မင်းမှာ ချမ်းသာသမျှအရင်းအနှီးတွေ စွန့်ခဲ့ရ
တဲ့အကြောင်း ဘိုးတော်ကို ရှင်းပြလိုက်တော့ ဒါတွေအား
လုံး သူသိပါတယ် မင်းအတွက် မနစ်နာရအောင် ဆုလာဘ်
တွေ သူပြန်ပေးပါ့မယ်ဆိုလို့ အဲဒီအတွက် အမိန့်ပြန်စောင့်
ရအုံးမှာပေါ့ကွာ..လောလောဆယ် အားနေလို့ ပျင်းနေရင်
လည်း မင်း မပျင်းရအောင် ငါ စီစဉ်ပေးရတာပေါ့ .. ”

ဟု..ဆိုကာ ဖိုးပေအား အနားသို့ ခေါ်၍ တစ်စုံတစ်ခုကို
တီးတိုး ပြောလိုက်လေသည်။ ပြီးသည်နှင့် ဖိုးပေက သူ့ကို
သူနေသည့်တဲသို့ ပြန်ခေါ်သွားပြီး တဲဘေးက မြေကွက်ကို
လက်ညှိုးညွှန်၍ ရှင်းလင်းခိုင်းလေသည်။ သူ ရှင်းလင်း
နေစဉ်မှာပင် ဖိုးပေပြန်ထွက်သွားပြန်လေသည်။ ရှင်းလင်း
ပြီးချိန်ခန့်တွင် ဖိုးပေနှင့်အတူ ပြိတ္တာလူ ၂ယောက် ပါလာ
သည်ကို တွေ့ရပြီး ဖိုးပေက …

” ကိုင်း..ခင်ဗျား မပျင်းရအောင် ကျုပ်တို့ ၃ ကောင်ထဲက
တစ်ကောင်ရွေးပြီး ခင်ဗျားရွေးတဲ့သူနဲ့ နပမ်းလုံးကြမယ် ”

” ဗျာ … ”

” မဗျာနဲ့ ..ဒါ ကျုပ်တို့အကြီးအကဲရဲ့ အမ်ိန့်ဘဲ..ကျုပ်တို့
ရော ခင်ဗျားရော လွန်ဆန်လို့မရဘူး..ကဲ..စကြမယ် ”

ကိုရွှေမောင်လည်း စတွေ့ကတည်းက ဖိုးပေအား စိတ်ချဉ်
ပေါက်ပေါက် ရှိနေသည်ဖြစ်ရာ…

” ခင်ဗျားနဲ့ လုံးမယ်ဗျာ … ” ဟု…ဆိုကာ ဖိုးပေနှင့် နပမ်း
လုံးကြလေသည်။ ဗလချင်းယှဉ်လျှင်၎င်း ၊ အရပ်မောင်း
ချင်းယှဉ်လျှင်၎င်း မိမိက အသာစီးရသဖြင့် အလွယ်တကူ
နိုင်မည် ထင်မိသော်လည်း ဖိုးပေကလည်း ခေသူမဟုတ်..
သတ်လုံး သတ်ပေါက် အတော်ကောင်းလေရာ မနည်းပင်
ယှဉ်ပြိုင်ရလေသည်။ တစ်ကြိမ်တွင် ဖိုးပေအား မြေတွင်
လှဲချ၍ မှောက်လျက်ထားပြီး လက်နှစ်ဖက်ကို နောက်ပြန်
အပိုင်ချုပ်နိုင်ခဲ့၍ ဖိုးပေ အရှုံးပေးရလေသည်..။ ထိုစဉ်
မှာပင် မခင်သွေနှင့် မိန်းမတစ်ယောက် ရောက်ရှိလာပြီး…

” တော်ကြပါတော့..အိမ်ကလူကြီးကလည်း ခပ်ကြောင်
ကြောင်..ဖိုးပေကလည်း သွပ်တွတ်တွတ်နဲ့ ထိခိုက်နာကျင်
ကုန်ပါအုံးမယ်..အခုဘဲ သိုက်ချုပ်ဘိုးတော်ဆီက အမိန့်
ရလာလို့ ရှင့်ကို အိမ်ကလူကြီးက ခေါ်ခိုင်းလိုက်တယ် ”

မခင်သွေ၏ဟန်ပန်က ကြည်နူးဝမ်းမြောက်နေဟန်ရှိသော်
လည်း သူမပြောပြောနေသော အိမ်ကလူကြီးဆိုသော သုံး
နှုန်းပုံကြောင့် ကိုရွှေမောင် ရင်ထဲ နင့်ကနဲဖြစ်သွားမိသည်။
ပြီးတော့မှ …

” ေဩာ်..ခုချိန်မှာသူနဲ့ငါက ဘဝချင်းလည်းခြား..ပြီးတော့
သူက ငါ့မယားလည်း ဟုတ်မှ မဟုတ်တော့တာဘဲလေ…
လက်ရှိဘဝမှာ သူက ဟိုလူကြီး မယားဖြစ်နေပြီဘဲ..သူ့
ယောက်ျားကို အိမ်ကလူကြီးခေါ်တာ ငါက ဝမ်းနည်းနေဖို့
မလိုပါဘူးလေ ” ဟု …ဖြေသိမ့်လိုက်ပြီး မခင်သွေ ခေါ်ရာ
လိုက်ခဲ့လေတော့သည်။

အကြီးအကဲရှေ့မှောက် ရောက်သောအခါ…

” ဘယ့်နယ့်လဲဟေ့..မင်းလည်း အာဂလူပါလား နပမ်းဝိဇ္ဇာ
ဖိုးပေကို နိုင်အောင်လုံးနိုင်တဲ့ မင်းအရည်အချင်းကိုတော့
ကြိုက်သွားပြီ .. ”

” ဖြစ်နိုင်ရင် ကျုပ်က ခင်ဗျားနဲ့တောင် လုံးချင်သေးတာ..
အခုတော့ ရှိစေတော့ဗျာ..ဒါနဲ့ ခင်ဗျားတို့ သိုက်ချုပ်ကြီး
ဆီက ဘယ်လို အမိန့်ထူးပြီလဲဗျ … ”

” ဟား ဟား..မင်းကတော့ကွာ တကယ့်လူဘဲ..အေး အေး
သိုက်ချုပ်ဘိုးတော်က မင်းကို ဟောဒီဆုလာဘ်တွေချပြီး
ဌာနေပြန်လွှတ်ဖို့ အမိန့်ချလိုက်တယ်ကွ.. ”
ဟု..ဆိုကာ သူ့ရှေ့သို့ အထုပ်ကလေးတစ်ထုပ်နှင့် ကျည်
တောက်ဗူးတစ်ဗူးကို ချပြလိုက်လေသည်။

” ဟဲ့ မိန်းမ..အထုပ်ကို ဖြေပြလိုက်စမ်း.. ”

အကြီးအကဲက မခင်သွေအား ခိုင်းစေလိုက်သည်။
မခင်သွေ အထုပ်အား ဖြေပြလိုက်သောအခါ ဝင်းလက်နေ
သော ရွှေစင်ရွှေသား ရွှေဒင်္ဂါးပြား ၁၀ပြားကို တွေ့ရလေ
သည်။ ကိုရွှေမောင်၏ မျက်နှာမှာလည်း ရွှေဒင်္ဂါးများသို့
ဝင်းလက်တောက်ပသွားလေသည်။

” အဲ့ဒီရွှေဒင်္ဂါးတွေထုခွဲလိုက်ရင် မင်းရဲ့လှေကြီးနဲ့ ရင်းနှီး
ထားရတဲ့ ကုန်စည်တွေ တန်ဖိုးမျှမက မင်းပြန်ရမှာပါ ..
ကျည်တောက်ထဲကတော့ ငွေသားအကြွေတွေ..မင်းပြော
လို့ မင်းမှာ သား ၃ယောက်ရှိတာသိရတယ်..အဲ့ဒါတွေကို
မင့်သား ၃ယောက် ရှင်ပြုပေးနိုင်အောင် ငါတို့အနေနဲ့ ထပ်
ပြီးချီးမြှင့်ပေးဖို့ ငါ့မိန်းမအကြံပေးတာနဲ့ ထပ်ပြီးထည့်ပေး
လိုက်တာဘဲ … ”

” ဗျာ ”

ကိုရွှေမောင် အံ့အားသင့်စွာ မခင်သွေအား လှမ်းကြည့်မိ
လိုက်သည် ။ မခင်သွေကတော့ ဘာမှမသိသလို နေပြပြီး
သူ့အားလည်း မျက်နှာရိပ်မျက်နှာကဲဖြင့် လှမ်းသတိပေး
လေမှ ကိုရွှေမောင်မှာ သတိရသွားပြီး ဟန်မပျက်အောင်
ထိန်းသိမ်းနေလိုက်ရသည်။ စိတ်ထဲကတော့ တစ်ခါတုန်း
က တော်စပ်ခဲ့သော မိန်းမဖြစ်သူ၏ တမျှင်စ သံယောဇဉ်
ကို သူမြင်တွေ့လိုက်မိသည်။

” နောက်တစ်ခု မှာချင်တာက ဒါတွေယူသွားပြီး မင်းအိမ်
ပြန်ရောက်လို့ မင်းသားတွေ ရှင်ပြုတော့မယ်ဆိုတာနဲ့ ..
မပြုခင် ၃ ရက်အလို မနက်စောစောထပြီး မင်းအိမ်ခေါင်း
ရင်းဖက်ကနေ မင်းပြုတော့မယ့် ကုသိုလ်အမှုအတွက်
ငါကအစထားပြီး ငါတို့ ပြိတ္တာရွာသူရွာသားအားလုံးကို
အမျှအတန်း ထည့်ဝေပေးပါကွယ်..မင်းပေးတဲ့ အမျှတန်း
ကို နာယူပြီး ငါတို့လည်း သာဓုခေါ်ပြီး ကျွတ်တမ်းဝင်ချင်
လို့ပါ ..အဲ့ဒါကိုတော့..သုံးရက် သုံးကြိမ် မင်းဆက်ဆက်
လုပ်ဖြစ်အောင် လုပ်ပေးပါကွယ် ..အလှူပြီးလို့ ရေစက်ချ
တဲ့အခါမှာ ဆရာဘုန်းကြီးကို ပြောပြပြီး ငါတို့ရွာအတွက်
ပါ အမျှအတန်း ဆက်ဆက်ဝေဖြစ်အောင်ဝေပါနော်..အခု
ငါမှာတာတွေ အားလုံးမပျက်မကွက် ဆက်ဆက် လုပ်ဖြစ်
အောင် လုပ်ပေးပါ ငါ့လူရယ် .. ”

အကြီးအကဲဖြစ်သူ၏ စကားကြောင့်၎င်း ၊ ဇနီးဟောင်း
မခင်သွေ၏ စေတနာသံယောဇဉ်ကို မြင်တွေ့လိုက်ရ၍
၎င်း ကိုရွှေမောင်ခမျာ မျက်ရည်စများပင် ဝေ့ဝဲလာပြီး…

” စိတ်ချပါခင်ဗျာ..အကြီးကဲ အမှာရှိတဲ့အတိုင်း မှတ်သား
ပြီး တစ်သဝေမတိမ်း လုပ်ဆောင်ပေးမယ်ဆိုတာကို ကျုပ်
လေးလေးနက်နက် ကတိပေးပါတယ်.. ”

ကိုရွှေမောင်က ပြောအပြီး ဦးတိုက်မည်လုပ်သော်…

” ဟေ့. ဟေ့..အဲ့ဒီလို မလုပ်နဲ့လေ..မလုပ်ပါနဲ့ ..မင်း အဲ့ဒီ
လိုလုပ်ရင် ငါတို့မှာ အတော်ခံရခက်လိမ့်မယ်ကွ..တကယ်
တော့ ငါတို့တွေဟာ မင်းလောက်မှ မမြင့်မြတ်တဲ့ လောက
သားတွေပါ..ငါ့ကို ဦးမတိုက်ပါနဲ့ ..ရိုးရိုးဘဲ နှုတ်ဆက်ပါ..
ကဲ..ဖိုးပေရေ အချိန်မလင့်ခင် သူ့ကိုလိုက်ပို့ပေးလိုက်အုံး ”

ကိုရွှေမောင်လည်း အကြီးအကဲကို ထနှုတ်ဆက်လိုက်ရင်း
မခင်သွေဖက် တစ်ချက် ဝေ့ကြည့်လိုက်သေးသည်။ သူမ
က မျက်နှာလွှဲထားသည်ကိုတွေ့ရသည်။

” ကဲ..ကိုယ့်လူ မိုးမချုပ်ခင် ကိုယ့်လူနေရာပြန်ရောက်ဖို့
ခုထဲက သွက်သွက် ထွက်ကြမှဖြစ်မယ်.. ”

ကိုရွှေမောင်လည်း အကြီးအကဲပေးလိုက်သော ဆုလာဘ်
များကို ထုပ်ပိုးလိုက်ပြီး ဖိုးပေနောက်က လိုက်ခဲ့လေတော့
သည်။ သူတို့နှစ်ယောက် စိုက်စိုက် စိုက်စိုက်နှင့် လျှောက်
လာကြစဉ် …

” ရွှတ် ရွှတ်… ရွှတ် ရွှတ် … ”

လေသံသဲ့သဲ့ကြား၍လှည့်ကြည့်မိတော့ သူ့နောက် မလှမ်း
မကမ်း ခြုံကွယ်တစ်ခုမှ မခင်သွေ ထွက်လာသည်ကို တွေ့
လိုက်ရသည်။ သူမလက်ထဲတွင် ငှက်ပျောသီးတစ်ခိုင် ပါ
လာလေသည်။

” ဟင် ..မခင်သွေ .. ”

” ဟုတ်တယ်..တော့်ကိုမှာစရာရှိလို့ စားစရာတွေလိုက်ပေး
အုံးမှပေါ့ ဆိုပြီး ထွက်လိုက်လာရတာ ”

ကိုရွှေမောင်က ဖိုးပေဖက် လှည့်ကြည့်ရင်း …

” ဘာမှာစရာရှိလို့လဲ ခင်သွေရယ် .. ”

” ဟင်း..ဖိုးပေလှည့်ကြည့်မှာစိုးလို့လား..စိတ်ချ အဲ့ကောင်
က ရှေ့သွားရင် နောက်ကိုဘယ်တော့မှ ပြန်မကြည့်တတ်
တဲ့အကောင်..တော့်ကိုမှာချင်တာက ဟိုကိုပြန်ရောက်ရင်
အမေ့ကိုလည်း သေချာဂရုစိုက်ဖို့ .. သားလေးတွေ ရှင်ပြု
အလှူလုပ်ရင်လည်း အကြီးအကဲ မှာသလို အမျှအတန်း
ဝေရင် ကျုပ်ကို အဓိကထားပြီးအမျှဝေပေးစေချင်တယ်..
ကျုပ် ..ကျုပ်လေ..ဒီဘဝက အမြန်ဆုံး ကျွတ်လွတ်ချင်
လှပြီ .. ”

မခင်သွေမှာ ပြောရင်း ငိုသံပင်ပါလာချေရာ…

” စိတ်ချပါခင်သွေရယ်..အဲ့ဒီအလှူကျမှရယ် မဟုတ်ပါဘူး
ဘာအလှူ လုပ်လုပ်..ငါ နင့်အတွက် အမျှအတန်း အမြဲဝေ
ပေးနေတာပါ.. ”

” ကဲ..ကဲ..သွားတော့ သွားတော့..ဖိုးပေနောက် မှီအောင်
သွက်သွက်လေးလျှောက်လိုက်သွားပေတော့..အဲ့ဒါလည်း
မှာရင်း..တော့်ကိုလည်း နှုတ်ဆက်ချင်လို့အကြောင်းရှာပြီး
လိုက်လာရတာ..နှုတ်ဆက်လိုက်ပါတယ် ကိုရင်ရွှေမောင်
ရယ် … ”

သု့ မျက်ရည်စကိုမြင်တော့ မိမိကိုယ်တိုင်လည်း မျက်ရည်
မထိန်းနိုင် ဖြစ်ရသည်။ အငိုမျက်လုံး အပြုံးမျက်နှာနှင့်
တစ်ခါက ဇနီးသည်ကို နောက်ဆုံး နှုတ်ဆက်လိုက်ရင်း…

” ကဲ..သွားတော့မယ် မခင်သွေ …စိတ်ချလက်ချနေပါ..
နင်မှာတာတွေ ကိုရွှေမောင် သေချာဂရုစိ်ုက်လုပ်ပေးပါ့
မယ်ကွယ်.. ” တစ်ခါက ဇနီးဟောင်းကို မျက်ရည်စများ
ဖြင့် နောက်ဆုံးနှုတ်ဆက်ပြီးနောက် ဖိုးပေနောက်သို့ ခပ်
သုတ်သုတ်အမှီ လိုက်ခဲ့လေတော့သည်။

” ဟေ့လူ ငါ့လည်းစောင့်ပါအုံးကွ ”

မှီလုမှီခင် ဖိုးပေကို လှမ်းပြောတော့မှ ဒင်းက လှည့်ကြည့်
ပြီး ကိုရွှေမောင့်လက်ထဲက ငှက်ပျောခိုင်ကို လှမ်းယူလိုက်
ပြီး ကူထမ်းပေးလေသည်။ ပြီးတော့ ….

” ဒီမှာကိုယ့်လူ..ခင်ဗျားနဲ့နပမ်းချတာ ကျုပ် ရှုံးချင်လို့ရှုံး
တယ်မထင်နဲ့ ..ကျုပ်တို့ပြိတ္တာမျိုးဆိုတာ တကယ်တော့
ခင်ဗျားတို့ လူသားတွေနဲ့ အသားချင်းထိတွေ့လို့ ကောင်း
တာမဟုတ်ဖူး ခင်ဗျားတို့အသားနဲ့ ခဏလေးထိရုံနဲ့တောင် ကျုပ်တို့ အရမ်းပူလောင်ခံစားရတာ..အကြီးအကဲစကား
မလွန်ဆန်နိုင်လို့သာ ခင်ဗျားကိုရင်ဆိုင်ရတာ..ကျုပ်အဖို့
တော့ မစားသာလှဘူးဗျ … ” ဟု ဖိုးပေကပြောလေသည်။

နောက်ထပ်ဘာစကားမှ မပြောဖြစ်ကြတော့။ ကိုရွှေမောင်
ကသူ့အတွေးများနှင့်သူ လျှောက်လှမ်းနေသလို ဖိုးပေက
လည်း ရှုတည်တည် မှုံတေတေနှင့် လျှောက်လှမ်းနေလေ
သည်။ တောလမ်းတောက်လျှောက် တစ်နေကုန်သွားခဲ့ကြ
ပြီး ညနေစောင်း နာရီပြန် လေးချက်ခန့် တောစပ်ကလေး
မှအထွက်တွင်…

” ကိုင်းကိုယ့်လူ..အခုကစပြီး ခင်ဗျားဟာခင်ဗျားဘဲ ဆက်
သွားရတော့မယ်..ကျုပ်ပြောတာ သေချာနားထောင်နော်..
ကျုပ် နောက်ချန်နေခဲ့တော့မယ်..ခင်ဗျားမျက်လုံးကို မှိတ်
လိုက် ပြီးရင် ရှေ့တည့်တည့်ကိုမှန်းပြီး ခြေလှမ်း ၉ လှမ်း
လှမ်းသွားလိုက်…မျက်လုံးဖွင့်ပြီး နောက်ကိုပြန်လှည့်ခြင်း
လုံးဝ မလုပ်မိပါစေနဲ့ … ကဲ..နှုတ်ဆက်ပါတယ်ဗျာ..ကျုပ်
ပြောတဲ့ အတိုင်းသာ သွားပေတော့ ..ခြေ ၉ လှမ်းပြည့်ရင်
တော့ ခင်ဗျားသဘော လုပ်ချင်သလိုလုပ်လို့ရပြီ .. ”

ဖိုးပေ ပြောသည့်အတိုင်း ကိုရွှေမောင် မျက်စေ့မှိတ်၍ ခြေ
လှမ်း ၉ လှမ်း ရှေ့တူရူသို့လှမ်းလိုက်ပြီး ခြေ ၉ လှမ်းပြည့်
၍ မျက်စေ့ဖွင့်ကြည့်လိုက်သောအခါ…

” Uာc် .. ”

ကိုရွှေမောင် အံ့ဩရခြင်းကား ယခု သူရောက်ရှိနေသော
ပတ်ဝန်းကျင်မှာ စောစောက သူနှင့်ဖိုးပေတို့ လျှောက်ခဲ့
ကြသော တောလမ်းကလေးမဟုတ်တော့ဘဲ ထန်းပင်အုပ်
အုပ်စုစုနှင့် သင်္ချိုင်းတစ်ခု ဖြစ်နေလေသည်။ ဖိုးပေနှင့်
တောအုပ်ကလေးကတော့ ပျောက်ခြင်းမလှ ပျောက်သွား
လေပြီ..။ သေချာကြည့်လိုက်တော့ သူတို့ရွာနှင့် အခြားရွာ
တစ်ရွာတို့ အကြားရှိ သင်္ချိုင်းတစ်ခု ဖြစ်နေသည်ကို သိရှိ
လိုက်ပါလေတော့သတည်း …။ ။

ဖိုးစိန်လေး

မူရင်းရေးသားသူ ဆရာဖိုးစိန်လေးအား လေးစားစွာဖြင့် Crd ပေးပါသည်။