* ပြုစားခံရခြင်း*📖📖📖
********************
+++++++++++++
မောင်ရေခဲလည်းရေအောက်တိုင်းပြည်မှပြန်လာပြီး ဆရာသခင်၏ထံပါးတွင်နေ၍ဆရာသခင်၏ ဝေယျာဝစ္စများကိုလုပ်ပေးနေသည်။ အခြောက်ခံထားသောဂမုန်းများအား ကြိတ်ကာဆေးမျိုးစုံဖော်သည်။ ဘိုးသူတော်ကား တရားထိုင်ရင်း
အားလပ်သည့်အချိန်များတွင် မောင်ရေခဲ ကိုအထက်လမ်းပညာသင်ပေးသည်။ ထိုစဉ် ရင်ဘတ်ထဲမှအောင့်ကာ နာလာပြီး မခံမရပ်နိုင်အောင်ဖြစ်သွားသည်။ ကျောက်တုံးပိသော ဒဏ်ကြောင့်ဖြစ်နေခြင်းဟုသာ မှတ်ပြီး ဆေးလိမ်း၊ဆေးသောက်သော်လည်းပျောက်ကင်းခြင်းမရှိဘဲ ပို၍သာဆိုးလာတော့သည်။
” အား…ဗိုက်အောင့်တယ်…အဘရေကယ်ပါဦး…ကျွန်တော့်အူတွေနုတ်သလိုနာတာ်….အား…သေပါပြီ…”
” တပည့်ကြီး အစားမှားသလားကွယ်…ဒီလောက်ထိဝမ်းဗိုက်နာကျင်နေတာ… ဒီတောထဲက အဆိပ်သီးတွေ စားမိလေပြီလားမသိဘူး…”
ဘိုးသူတော်သည် မောင်ရေခဲ၏သွေးကြောအားစမ်းရာ အဆိပ်မိနေသည်မဟုတ်ဘဲ ပြုစားခံရကြောင်းသိရသည်။
” ဟာ…ငါ့တပည့်ကြီးသွေးရိုးသားရိုး ဗိုက်နာတာမဟုတ်ဘူးဘဲ…ပညာသည်ရဲ့အဝေးကနေပြုစားခံရတာ…မဖြစ်ပေဘူး…”
မောင်ရေခဲ ကားဘာမှမလုပ်နိုင်တော့ဘဲ သေလောက်အောင်နာကျင်နေတော့သည်။
ဘိုးသူတော်သည်သားတပည့်အတွက် ပညာသည်အားနိုင်နင်းရန်ပြင်ဆင်တော့သည်။ မောင်ရေခဲကိုရအောင်ထိုင်ခိုင်းပြီး ပညာသည်အစွဲရှင်အား ခေါ်သွင်းသည်။
” ငါ့တပည့်အား ပြုစားဝံ့တဲ့သူ ငါ့အရှေ့ကိုချက်ချင်းလာခဲ့ပါ…”
အတော်တန်ဖိတ်ခေါ်ပြီးသည်အထိ မောင်ရေခဲ မှာတစ်စုံတစ်ရာတုံ့ပြန်ချင်းမရှိသေးချေ။
” ခေါင်းမာနေတာပေါ့ဟုတ်လား…ငါ့တပည့်လို ဆရာကိုတောင်ပြုစားဝံ့တဲ့ အသင့်ရဲ့ပညာဟာလည်းမသေးဘူးဆိုတာငါသိတယ်…ဒါပေမဲ့ ဒီပညာတွေဟာမကြာခင် ငါအကုန်ဖျက်ဆီးရလိမ့်မယ်…လာစမ်းခုချက်ချင်း…”
ဘိုးသူတော် ကမာန်ပါပါ ခေါ်လိုက်ရာ မောင်ရေခဲ ကဦးခေါင်းထောင်လာပြီး
” ဟား…ဟား…ဟား…ငါကနေရင်းထိုင်ရင်းနဲ့ ဟိမဝန္တာရောက်လာရပါလား…အဟက်ခေါ်တော့လည်း ပျော်ပျော်ကြီး လာရတာပေါ့…”
” ဪမင်းက အောက်ဝိဇ္ဇာအဆင့်တောင်ရောက်နေပြီကိုး ဒါကြောင့်မာန်ကြွနေတာပေါ့…ငါ့တပည့်ကပညာမရင့်သေးလို့ နင်လုပ်တာခံရတာပါ…”
” ဆရာတပည့် အတူတူနဲ့အနူနူဘဲနင်တို့ဆရာတပည့်ပညာလောက်နဲ့ ငါကမမှုဘူးကွ…”
” နင့်လိုအောက်ဝိဇ္ဇာက ငါ့တပည့်ကိုအသေပြုစားရလောက်အောင် ငါ့တပည့်ကနင့်ကိုဘာများလုပ်နေလို့လဲ…”
” မေ့ချင်ယောင်ဆောင်နေတာပေါ့ဟုတ်လား…ဟားဟားဟား…ငါ့မယားကိုနိုင်
တယ်ဆိုပြီးဆောင့်ကြွားကြွားလုပ်နေတဲ့အကောင်…ငါ့မယားအထင်မြင်သေးနေတဲ့အကောင်…”
” နင့်မယားကဘယ်သူဘယ်ဝါလဲတော့ငါမသိဘူး…ဒါပေမဲ့ငါ့တပည့်ကိုလုပ်ထားတာတွေပြန်နုတ်ပါ…ငါတော့ငါတပည့်လိုသက်ညှာနေမှာမဟုတ်ဘူး…”
” ကြောက်စရာကြီးပါလား…အေးငါကလည်း နင်တို့်ကိုမကြောက်လို့ကို လုပ်တာသိပြီလား…”
ဘိုးသူတော် လည်းအောက်ဝိဇ္ဇာအဆင့်ရောက်နေသော ထိုသူအားအကြမ်းနည်းနဲ့ဆုံးမကာပညာနုတ်ရမည်ဟုတွေးလိုက်သည်။
အောက်ဝိဇ္ဇာအဆင့်ပေါက်သည့်ဆယ့်နှစ်ကြိုးကဝေဆိုသည်မှာကား
(၁)ဖုသစ္စကြိုး
( လူကိုညို့၍အဟန့်အတားလုပ်နိုင်သောကြိုး)
(၂) ရက္ခန်တိကြိုး
(သုံးမိုင်အထိ ဆွဲဆန့်နိုင်သောကြိုး)
(၃) ဥဒ္ဒစ္စကြိုး
(ရည်မှတ်၍လွတ်နိုင်သောကြိုး)
(၄) ရက္ခိတကြိုး
( မိမိကိုယ်ကို ကာကွယ်နိုင်သည့်ကြိုး)
(၅) အဝယွောကြိုး
(သုံးမိုင်အတွင်းဝေဒနာပညာပေးနိုင်သောကြိုး)
(၆) ဝိသလကြိုး
(တစ္ဆေ၊မှင်စာများကို လူ့ခန္ဓာအတွင်းသို့ မှုတ်သွင်းနိုင်သောကြိုး)
(၇) နေပျောက်ကြိုး
(လျှတ်တပြတ်အတွင်း တိုက်ခိုက်နိုင်သည့်ကြိုး)
(၈) နေသူရကြိုး
(နေပျောက်ကြိုးထက် မြင့်သည့်ကြိုး)
(၉) နွယ်စင်ကြိုး
(မိစ္ဆာမှန်သမျှ ဖမ်းဆီးနိုင်သည့်ကြိုး)
(၁၀) ဘုမ္မိခက်ကြိုး
(မိစ္ဆာအားလုံးကို အမိန့်ပေးနိုင်သည့်ကြိုး)
(၁၁) အလင်းတန်းကြိုး
(ဖြန့်ကျက်ထားပါက အလင်းတန်းရောက်သည်အထိသွားနိုင်သည့်ကြိုး)
(၁၂) ဝိရိယကြိုး
(အသိပညာ ဉာဏ်နဲ့ဆင်ခြင်နိုင်သည့်ကြိုး)
ဤကားဆယ့်နှစ်ကြိုးကဝေ၏ ပညာဉာဏ်အစွမ်းတည်း။ထိုပညာသည်တို့သည် အလွန်အဆင့်မြင့်သည့် အောက်ဝိဇ္ဇများဖြစ်သဖြင့် လူများကိုကြက်ငှက်သဖွယ်ပြုစားနေနိုင်ကြသည်။
ဘိုးသူတော် လည်းပညာသည်၏ပညာမာန်ကိုချိုးရန် ကြံရွယ်ပြီး
” သင်လည်း လုပ်ထားသမျှပြန်နုတ်ပါ…မဟုတ်ရင် သင်ရော သင့်မယားရော နှစ်ဦးစလုံးရဲ့ပညာကို နှုတ်ရလိမ့်မယ် ”
” ဟားဟားဟား…တယ်လည်းအပြောကြီးတဲ့ ဖိုးသူတော်ပါလား…နင့်တပည့်ကိုလည်းငါသတ်မယ် နင့်ကိုလည်းငါသတ်မယ်…”
” အာခံတယ်ပေါ့ဟုတ်စ…အာခံတဲ့ပါးစပ်ကို ပိတ်သွားအောင်လုပ်ပေးရမှပေါ့
ကဲဆိုင်ရာတွေ ပါးစပ်ဆွဲဟပြီး သံရည်ပူလောင်းထဲ့လိုက်စမ်း…ငါရပ်လို့မပြောမချင်းမရပ်နဲ့..”
” ဝူး…ဝူး…ဝါး….အား…”
ဆယ့်နှစ်ကြိုးကဝေကြီးမှာ ပါးစပ်ထဲသံရည်ပူလောင်းထဲ့ခြင်းခံရသဖြင့် ဝူးဝူးဝါးဝါးအော်ဟစ်နေသည်။
” ကဲဖြေစမ်း…ငါ့တပည့်ကိုဘာကြောင့်လုပ်ထားရတာလဲ ”
” နင်တပည့်က တတိုင်ပင်ရွာသူမယ်အုန်းဆိုတဲ့ ငါ့မိန်းမကို သစ္စာရေတိုက်လွတ်လိုက်တယ်ဆို…အဲဒါငါမကျေနပ်လို့ဘဲ…ဘယ်နှယ့် သူ့ရွာသူရွာသားလဲမဟုတ်ဘဲနဲ့ ငါ့မိန်းမမယ်အုန်း ပညာအဆင့်တက်ဖို့ ဖမ်းဆီးထားတဲ့လူတွေကို သူကလွတ်လိုက်ရတယ်လို့… ဆရာကဆရာလိုမနေဘူး…”
” သူ့အမှားလေ ငါ့တပည့်က သင့်မိန်းမဆီက ပညာမနုတ်တာဘဲ ကံကောင်းလှပြီမဟုတ်လား…”
” ဟားဟား… ဟားဟား… ငါ့မိန်းမခက်ခက်ခဲခဲ သင်ထားတဲ့ပညာကို လွယ်လွယ်နဲ့ငါကနုတ်ခွင့်ပေးမှာတဲ့လား…”
” အေး…ငါ့တပည့်မနုတ်ခဲ့တဲ့ပညာတွေကိုငါကိုယ်တိုင် နုတ်ယူမယ်…ကဲငါ့တပည့်ကိုဘာလုပ်ထားတာလဲ ”
” သူ့အူတွေနုတ်ဖို့ မိစ္ဆာတွေကိုခိုင်းထားတာ… မကြာခင်သူ့အူတွေနုတ်ခံရပြီးသေရတော့မှာ…ဟားဟား… ”
” ငါ့တပည့်ဟာ မကောင်းသူပယ် ကောင်းသူကယ်ဖို့ မွေးဖွားလာတဲ့သူမို့ သင်လွယ်လွယ်နဲ့ သတ်လို့ရမယ် ထင်သလား…ကဲ…သင့်ပညာတွေ ပြန်နုတ်စမ်း ”
” မနုတ်နိုင်ဘူး…ငါ့အသက်သေချင်သေပါစေ…ဟားဟား… ”
” သင်ကသေဖို့ဆန္ဒရှိမှတော့ ငါလည်းမတတ်နိုင်ဘူး…ကဲဆင်ပိုင်တွေ ဆင်နဲ့နင်းချလိုက်စမ်း…မသေစေနဲ့…”
ဆယ့်နှစ်ကြိုးကဝေမှာမြေပြင်ပေါ်လူးလွန့်နေပြီး အော်ဟစ်ည ည်းတွားနေသည်။ သို့သော် မျက်နှာထားကခပ်တင်းတင်းပင် အာခံနေသေးသည်။
” သတ်လေ…သတ်…ဟားဟား… နင်တို့အထက်လမ်းကလူတွေ အသက်မသတ်ရဘူးဆိုတာငါသိတယ်…သတ်လေ..သတ်လိုက်စမ်းငါ့ကို…ဟားဟားဟား… ”
ပညာသည်မှာ တဟားဟားရယ်နေပြီး ပတ်ဝန်းကျင်မှာလည်း မဲမှောင်လာသည်။ ချက်ချင်းဆိုသလိုပင် မြေထဲမှ မိစ္ဆာများအလျှိုလျှိုထွက်လာကြသည်။ ဘိုးသူတော် လည်းလည်ပင်းမှဆွဲထားသော (၁၀၈)ပုတီးလုံးကို ဂါထာမန်းမှုတ်ပြီး အပေါ်သို့ပစ်လိုက်ရာ
ပုတီးစေ့မှာ တင်းပုတ်ထမ်းထားသော နတ်ဘီလူးများဖြစ်ကုန်ပြီး မိစ္ဆာများအား နိုင်နင်းကုန်သည်။ ပညာသည်မှာမျက်စိမျက်နှာပျက်သွားပြီး ဖိုးသူတော်အား မျက်ထောင့်နီကြီးဖြင့် ကြည့်လိုက်သည်။ ဖိုးသူတော်လည်း ကွမ်းရွက်တစ်ရွက်ကိုရေစိမ်ပြီးပးမျက်စဉ်းခပ်ဆေးလုပ်ကာ ပညာသည်၏မျက်လုံးထဲသို့ခပ်ထဲ့လိုက်သည်။
” အား…ကတုံးသူတော် နင်ငါ့ကိုဘာလုပ်လိုက်တာလည်း ငါ့မျက်လုံးကန်းတော့မယ်…အား…ငါဘာမှမမြင်ရတော့ဘူး…”
မျက်စဉ်းခပ်ဆေးကြောင့် ပညာသည်မှာ မျက်လုံးကိုလက်နှစ်ဖက်ဖြင့်ပိတ်ပြီးအော်ဟစ်ည ည်းညူနေသည်။
” နင်လုပ်ထားတာတွေ ဖယ်လိုက် မဟုတ်ရင် နင်ဒီထက်ပိုနာမယ်နော်…”
“ဖယ်..ဖယ်ပါ့မယ်…”
ဆိုကာ ပါးစပ်မှဂါထာတစ်ပုဒ်အားတီးတိုးရွတ်နေသည်။
” ကုန်သွားပြီလား…လိမ်ရင်ပါးစပ်ကို ငရဲမီးလောင်မြိုက်ပါစေ…”
” ကုန်ပါပြီ…သူ့အူတွေနုတ်နေတဲ့မိစ္ဆလည်း မရှိတော့ဘူး…ငါ့ကိုသွားခွင့်ပြုပါ”
“အေး…ငါသွားခွင့်ပြုမယ်..ဒါပေမဲ့ ဒီတိုင်းတော့မရဘူး သင့်ပညာတွေအကုန်လှူခဲ့ပါ…”
” ဒါတော့မလုပ်နဲ့ဖိုးသူတော်ကြီး ငါဒီပညာတွေရဖို့ အနှစ်နှစ်အလလ ဆင်းရဲဒုက္ခခံပြီး ကြိုးစားသင်ယူခဲ့ရတယ်…”
“မရဘူး…သင်ပညာမလှုဘဲသွားလို့မရဘူး အာခံနေရင် ငါ့အကြောင်းသိတယ်နော်…”
” သိပါတယ် ဒါပေမဲ့ငါလည်း မလှူနိုင်ဘူး အသေခံမယ်…”
ဆိုကာ ကိုယ့်လျှာကိုယ်ပြန်ကိုက်ပြီး သေဆုံးသွားသည်။ ဖိုးသူတော်မှာ မြန်လွန်းသောအဖြစ်ကြောင့်တားချိန်ပင်မရလိုက်ချေ။ လျှာမှာတိခနဲပြတ်သွားပြီးသွေးချင်းချင်းနီရဲသွားတော့သည်။ မောင်ရေခဲ လည်းလဲကျသွားပြီး ဘီလူးနဲ့တိုက်ခိုက်နေသော မိစ္ဆာများမှာလည်း အကုန်ပျောက်ကွယ်သွားတော့သည်။ (ပညာသည်မှာ လုပ်ထားသောအရာတွေဖယ်ရှားပြီးဖြစ်သဖြင့် ကိုယ့်လျှာကိုပြန်ကိုက်သောအခါ ပညာသည်ပင်ခံစားရသည်။အပူးခံရသူ မခံစားရပါ)
ဖိုးသူတော်လည်းမောင်ရေခဲအားထိုင်ခိုင်းလိုက်ပြီး ပညာသည်၏ ဇနီးဖြစ်သူ မယ်အုန်းအားပညာနုတ်ရန် ခေါ်လိုက်သည်။
မယ်အုန်းလည်း ချက်ချင်းရောက်လာပြီး
” ငါ့ယောက်ကျာ်းလည်းသေ သွားပြီ… ဘာကိစ္စငါ့ကိုခေါ်ရတာလည်း…ဒီကောင်လေးကို ငါဘာမှမလုပ်ရဘူး..”
” နင်ဘာမှမလုပ်တာ ငါသိတယ်…ဒီကောင်လေးပြုစားခံရတာလည်း နင့်ပရောဂမကင်းဘူး…ဒီတော့နင်လည်းပညာလှူရမယ်…”
” ဟိုလေအဘသူတော်…ဒီပညာတွေမလှူလို့ရမလားဟင်…ကျွန်မ… ခက်ခက်….”
” တော်စမ်း…ပညာတွေမလှူရင် နင်ဒီကသွားလို့ရမယ်မထင်နဲ့…ငါအကြမ်းနည်းသုံးလိုက်ရမလား ”
မိမိလင်ဆယ့်နှစ်ကြိုးကဝေကိုပင် နိုင်နင်းနိုင်သော ဖိုးသူတော်အား မယ်အုန်းအလွန်ကြောက်လေသဖြင့်
” မလုပ်ပါနဲ့ရှင့် လှူဆိုလှူပါ့မယ်..”
ဆိုကာရှေ့မှရှိသော မြေအင်တုံခွက်ထဲသို့ထိုးအန်သည်။ ဖိုးသူတော်လည်းအန်ဖတ်ထဲမှ ဝင်းလဲ့နေသောပညာဗူးအား ကောက်ယူပြီး သိမ်းထားလိုက်သည်။
” ပြန်လို့ရပြီ…ဘုရားတရား မြဲပါစေ…ငါးပါးသီလုံခြုံအောင်စောင့်ထိန်းပါ…”
မယ်အုန်းလည်း ပညာကိုမစွန့်ချင် စွန့်ချင်နဲ့စွန့်ပြီး မောင်ရေခဲကိုယ်ထဲမှပြန်ထွက်သွားသည်။ ဖိုးသူတော်လည်း မောင်ရေခဲ ကိုပြုစုလိုက်ပြီး ဝဋ်ကြွေးကြောင့် ပြုစားခံရကြောင်း ရှင်းပြသည်။ အတိတ်ဘဝက မောင်ရေခဲ သည်သူတစ်ပါးအား
ဝမ်းဗိုက်နာကျင်အောင် ဆေးခပ်ခဲ့ဖူးသောကြောင့် ယခုဘဝပြန်လည်ခံစားရကြောင်း ရှင်းပြလေတော့သည်။…… ။
(အမှားတစ်စုံတစ်ရာ ပါခဲ့ပါက ကျွနု်ပ်၏ လေ့လာမှုအားနည်းချက်ကြောင့်သာဖြစ်ပါသည်။ အထက်လမ်းပညာမှ ပရောဂရှင်းတမ်းသည် ကျွနု်ပ်၏စိတ်ကူးမျှသာဖြစ်ပါသည်။စာဖတ်သူများ ကိုယ်စိတ်နှလုံးကျန်းမာကြပါစေ)
#ပြီး
#ခွန်း