ဖားရှာတဲ့ည

ဖားရှာတဲ့ည(စ/ဆုံး)

——————-

ကျွန်တော် ခလေးဘဝအရွယ်
ရှစ်နှစ်၊ကိုးနှစ်သားခန့်က ပုံပြင်နားထောင်ရခြင်းကို အလွန်နှစ်သက်၏ ။ ပုံပြင်များထဲတွင် သရဲတစ္ဆေ၊ စုန်းကဝေ၊
သိုက်နန်းရှင်ဇတ်လမ်းများကို ပို၍ကြိုက်ပြန်သည်။
အဘစံလို ခလေးချစ်တတ်သော။
ပုံပြောကောင်းသော လူကြီးနဲ့ ကျွန်တော်တို့
လိုပုံပြင်ကြိုက်သော ခလေးများရင်းနှီးသိရှိကြသည်မှာ မဆန်း ။
အဘစံနာမည်အရင်းမှာ စံမောင်ဖြစ်ပြီး
အသက်ငါးဆယ်အရွယ်ခန့်မျရှိကာ။
အသားညိုညို အရပ်ရှည်ရှည် ဖြင့်အဘစံမှာ ရွာပြင်ခြံကြီးတွင် သစ်သီးဝလံပင်များ ခြံအပြည့်စိုက်ပျိုး၍
ခြံအလယ်တွင်အိမ်ဆောက်ကာ တစ်ကိုယ်တည်းနေသူလည်းဖြစ်သည်။
ငယ်ရွယ်စဉ် စစ်သားဘဝ အရပ်တကာ
နယ်တကာလှည့်လာသူဖြစ်သောကြောင့်
သူကြုံခဲ့ရသမျ အကြောင်းအရာများကို
ဇတ်လမ်းဆင်ပြောတတ်သူ၊ စကားပြော
ကောင်းသောလူကြီးပင်။
လသာသောညများတွင် သူ့အိမ်ရှေ့ကွပ်ပစ်တွင် ခလေးများစုရုံးပြီး
အဘစံပြောသမျ ဇတ်လမ်းများကို သည်းတထိတ်ထိတ်ရင်တဖိုဖို နားထောင်ရသည်မှာ ဘာနဲ့မှ မလဲနိူင်သော
ခံစားမူမျိုး ကျွန်တော့်အတွက်ခံစားရမိသည်။
ပြောပြသောပုံပြင်အမျိုးအစားအလိုက်
တခါတရံသရဲအကြောင်းများပြောလာပါက
ကြောက်လန့်၍ အိမ်မပြန်ရဲပါက အဘစံက
သူကိုယ်တိုင်ခလေးများကို အိမ်တိုင်ရာရောက်လိုက်ပို့ပေးတတ်သော
သဘောကောင်းသောလူကြီးတစ်ယောက်ပင်။ အထီးကျန်စွာနေရသော သူ့ဘဝအတွက်
ခလေးများက သူ့အတွက်အဖော်များဟု
ယူဆထားဟန်တူပါသည်။

ယခုည လသာသာဖြင့် ကျွန်တော်တို့သူ
ငယ်ချင်း ငါးယောက်မှာ အဘစံခြံသို့ ချီတက်ခဲ့ကြတော့သည်။
အဘစံခြံဝိုင်းသို့ရောက်သောအခါ
ကွပ်ပစ်တွင် ရေနွေးကြမ်းတအိုးဖြင့် ရှိနေသော အဘစံထံကျွန်တော်နဲ့ သူငယ်ချင်းများ ပြေးသွားကြရင်း အဘစံကို
ပတ်ဝိုင်းထိုင်လိုက်ကြသည်။

” ခလေးတွေ မလာတော့ဘူးတောင်ထင်နေတာ….”

” ဟာ… မလာပဲဘယ်နေမလဲ အဘရ
ကျွန်တော်တို့က အဘ ပုံပြင်နားထောင်ပြီးမှ
အိပ်လို့ပျော်တာ… ”

” ဟုတ်တယ်အဘရဲ့ နားမထောင်ရတဲ့နေ့ဆို
အိပ်ရတာ တစ်ခုခုလိုနေသလို… ”

…ဟားဟား…. ဟားဟား… အိမ်းပါ… အိမ်းပါ…ကဲပြော.. ဘာဇတ်လမ်းပြောပြရမလဲ….

….အဘစံပြောတဲ့ ဇတ်လမ်းဆိုအကုန်ကောင်းပြီးသား ကြိုက်ရာသာပြော အကုန်နားထောင်ပါတယ်…

…ကောင်းပြီလေကွယ် ဒါဆိုလည်းပြောပြရတာပေါ့…

အဘစံက ခလေးများတစ်ယောက်တပေါက်ပြော
နေကြခြင်းကို အပြုံးဖြင့်ပြန်လည်တုန့်ပြန်ဖြေကြားရင်းမှ သူ့ဆေးတံကြီးကို ဆေးဟောင်းများခေါက်၍
ဆေးသစ်များထပ်ဖြည့်မီးညှိဖွာရိူက်ရင်း
မူတ်ထုတ်လိုက်သော ဆေးငွေ့များကိုလိုက်ကြည့်လျက်ဖြင့်ရှိနေသည်။
အဘစံငြိမ်သွားခြင်းမှာ ပုံပြင်တစ်ပုဒ်
အစပြုရန် ငြိမ်နေခြင်းဖြစ်ကြောင်း အဘစံပုံပြင်နားထောင်နေကျဖြစ်သော
ကျွန်တော်တို့မှာ သိနေပြီဖြစ်သောကြောင့်
ကျွန်တော်တို့ခလေးများလည်းငြိမ်သက်စွာ
အဘစံပြောလာမည့်ပုံပြင်ကို နားစွင့်လျက်ရှိနေကြသည် ။

…..ဟိုးရှေးတုန်းကပေါ့ကွယ်…….

မနက်ခင်းအလင်းရောင်ဖျဖျရောက်ချိန်။
တစ်တောလုံးတစ်တောင်လုံးမှာ အရွယ်အစားစုံငှက်မျိုးစုံတို့ အော်မြည်သံများဖြင့်ရှိနေသည်။
ကျေးငှက်ပေါင်းစုံတို့မှာအစာရှာဖွေရန်
စားသောက်ရန်နေရာပေါင်းစုံသို့ပျံသန်းလျက်ရှိနေကြ၏ ။
တောကြီးအတွင်းတစ်နေရာတွင်
ညောင်ပင်ကြီးတစ်ပင်မှာ ဝင်းတချို့ ၊မှည့်တချို့အသီးများပြွတ်ခဲစွာဖြင့်ရှိနေကာ၊ ငှက်များမှာ ညောင်သီးမှည့်များ တခြားငှက်များထက်ဦး၍ စားသောက်ရန်
မိုးလင်းစအချိန်မှာပင် အလျိုလျို ရောက်ရှိလာကြတော့သည် ။ အရွယ်စုံ၊
အရောင်စုံငှက်များမှာ ညောင်ကိုင်းများပေါ်
နားလျက်ညောင်သီးများဆွတ်ယူစားသောက်လျက်ရှိနေကြသည်။
ငှက်များမှာ အစာဇောကပ်နေချိန်
…….

… ဖတ်….ဖတ်…
ဘုန်း…..ဘုန်း…..ဘုန်း…

တချို့ငှက်များမှာ ညောင်ပင်ထက်မှအောက်သို့ပြုတ်ကျကုန်တော့သည်။
တချို့ငှက်များလန့်ပျံကြသေးသော်လည်း
မကြာမှီပြန်ဆင်းလာပြီး ညောင်သီးများကို
ထပ်စားကြရာအောက်သို့ထပ်၍ ပြုတ်ကျကုန်ကြသည် ။ ထိုမြင်ကွင်းကိုခြုံပုတ်တစ်ခုအကွယ်မှ
ပုန်း၍ကြည့်ရူနေသော လူတစ်ယောက်မှာ
အကျေနပ်ကြီးကျေနပ်လျက်ရှိသည်။
ငှက်များအပင်ပေါ်မှပြုတ်ကျရခြင်း
အကြောင်းမှာ အပင်ပေါ်မှ ငှက်နားနိူင်သော
နေရာများတွင် သစ်စေးများသုတ်လိမ်းထားခြင်းကြောင့်
ခြေထောက်နဲ့အတောင်တွင်သစ်စေးများ
ကပ်မိသော ငှက်များမှာ မပျံနိူင်တော့ပဲ
အောက်သို့ ပြုတ်ကျခြင်းပင်။
အင်ကညင်စေးအပါအဝင်တစ်ခြားသော
နွယ်ပင်၊သစ်ပင်များမှ ထုတ်ယူရရှိသောအစေးများကို ရောစပ်၍
ကျိုချက်ကာ ယခုကဲ့သို့ ညောင်ပင်များမှည့်၍ ငှက်လာချိန်တွင်ထောင်ဖမ်းခြင်း။ တစ်တောင်ကျော်ခန့်မျရှည်သောလက်ညိူးလုံးအရွယ် တုတ်ရှည်ပေါ်တွင် အစေးသုတ်လိမ်း၍ မြေပြင်ပေါ်တွင် ခပ်ခွာခွာစိုက်လျက် အလယ်တွင် ပုရစ်
ကြွက် အရှင်များ ကြိုးဖြင့်ချည်၍ ငှက်ခါး၊
စွန်များကဲ့သို့ မျက်လုံးရှင်သော အကောင်များကို အစေးဖြင့်ထောင်ဖမ်းတတ်ကြသည်။

(ယခုဖော်ပြသောနည်းများမှာ အစေးဖြင့်ငှက်ထောင်ဖမ်းနည်းများမှတချို့
တဝက်ဖြစ်သည်။)

နေအနည်းငယ်မြင့်သောအခါ ငှက်လည်း
ညောင်ပင်ပေါ်အလာပါသွားပြီဖြစ်သောကြောင့် ပုန်းကွယ်နေရာမှ ဒီပါ ထွက်လိုက်ရင်း
ညောင်ပင်အောက်သို့သွားရောက်၍ ငှက်အခြေအနေကိုကြည့်လိုက်ရာ အကောင်လေးဆယ်ခန့်မျရှိနေသည်ကိုတွေ့လိုက်ရ၏ ။
မသေပဲရုန်းကန်နေကြသောငှက်များကို
တုတ်တိုတစ်ချောင်းဖြင့် ရိုက်သတ်ရင်း လွယ်လာသော လွယ်အိတ်တွင်ထည့်လျက်
ဒီပါ အိမ်ပြန်လာခဲ့တော့သည် ။
အိမ်မရောက်မှီ လမ်းတစ်ဝက်မှာပင်
ငှက်များကို အမွေးနူတ်၊ မီးမြိုက်လိုက်သည်။ အိမ်အတွက်စားလောက်ရုံမျချန်၍ တခြားငှက်များကို ရွာမှ ငှက်မှာထားသူများထံ သွားပို့လိုက်သည်။

ဒီပါကား ယခုကဲ့သို့ အကုသိုလ်အလုပ်များ မလုပ်ချင်သော်လည်းသူများတွေလို လယ်ယာကိုင်းကျွန်းမရှိသောကြောင့်
ဝမ်းရေးအတွက် လုပ်ကိုင်နေရခြင်းပင်။
ဇနီးနဲ့ သားနှစ်ယောက်အတွက် သူတတ်ကျွမ်းရာ ငါးရှာ။ ဖားရှာအလုပ်ဖြင့်
ရှာဖွေကျွေးမွေးနေသူတစ်ယောက်ဖြစ်သည်။သားနှစ်ယောက်မှာလည်း အကြီးကရှစ်နှစ်။ အငယ်က ယခုမှနိူ့စို့အရွယ်လေးရှိသေးရာ တဝမ်းတခါးအတွက် ဒီပါတစ်ယောက်
ငရဲကိုမကြောက်နိူင်တော့ပေ ။
တစ်နွေလုံးငှက်ရှာ ၊ငါးရှာလုပ်လာရင်း
ယခုဆိုလျင်မိုးဦးကျကာလသို့ရောက်ရှိလာ
ခဲ့ပြီဖြစ်သည် ။
မိုးရေနဲ့အတူတစ်နွေလုံးတစ်ဆောင်းလုံး
စို့လုပ်၍ မြေတွင်းထဲ အောင်းနေသော
စားဖားများမှာလည်း အော်မြည်သံများ
မိုးနဲ့အပြိုင် ဆူညံ့လျက်ရှိနေ၏။
ဒီပါမှာလည်း ဖားရိုက်ရန်ပြင်ဆင်လျက်
ရှိနေသည်။
ဖားရိုက်ရန် တုတ်ကောင်းကောင်းတစ်ချောင်း ။ နဖူးစီးကြိုးတပ်လက်နှိပ်တစ်လက် ဆိုလျင်
အဆင်ပြေပြီဖြစ်သည် ။
ညနေစောင်းတွင် ဇနီးဖြစ်သူချက်ပြုတ်ပေးသော ညစာထမင်းကို စားသောက်ပြီး ဆေးပေါ့လိပ်တစ်လိပ်ကို အိမ်တိုင်တွင်မှီထိုင်သောက်ရင်း ထမင်းလုံးစီရင်း ဇိမ်ကျလျက် ရှိနေသည် ။
ညခုနှစ်နာရီခန့်တွင် မိုးကလည်း
စွေ၍ရွာလာရာ သူ့အကြိုက် အံ့ကိုက်ဖြစ်သွားရတော့၏ ။ ယခုမိုးနဲ့ဆိုလျင် ကျိန်းသေပေါက် ဖားထွက်မည်မှာ သူ့အတွေ့အကြုံအရ
သေချာနေသည် ။
တိုင်တွင်ချိတ်ထားသော ပလိုင်းကိုဖြုတ်လွယ်ရင်း လွယ်အိတ်စုတ်လေးအတွင်း ဆေးပေါ့လိပ်ကိုရေမစိုစေရန် ပလပ်စတစ်ဖြင့် သေချာထည့်သည်။လက်နှိပ်ဓတ်မီးမှ မီးလုံးကျွမ်းသွားပါကတပ်ရန် မီးလုံးအပို
သုံးလုံးခန့်ထည့်သွင်းယူ၏ ။ ပြီးနောက်လေးခွနဲ့ ဂဲလုံးနှစ်ဆယ်ခန့်ထည့်
ကာဘေးဆီးရန်ကာအဖြစ်သွားလေရာဆောင်တတ်သော ဓားမြောင်တိုကို ထည့်ပြန်သည် ။ ထို့နောက် ကြိမ်တုတ်ကိုကိုင်၍ ဖားရိုက်ရန်
ရွာအပြင်လယ်ကွင်းများသို့ ထွက်လာခဲ့တော့သည် ။
မိုးရေများကြား ခမောက်ကို ခပ်ငိုက်ငိုက်ဆောင်း မိုးကာအကျီပါးဖြင့်
ဒီပါလယ်ကွင်းဆီသို့ရောက်ချိန် ကွင်းပြင်အနှံ့ လက်နှိပ်ဓတ်မီးရောင်များ
ဟိုမှသည်မှ မြင်တွေ့နေရသည်။
သူကဲ့သို့မိုးဦးကျကာလ ဖားရှာထွက်ကြသူများထံမှ လက်နှိပ်ဓတ်မီးရောင်များပင်။
….အွပ်….အွပ်…..အွပ်…..အွပ်…..

ဒီပါမှာ ဖားအော်သံလုပ်အော်လိုက်ရင်း
ကွင်းထဲဝင်လာခဲ့တော့သည် ။
ဖားအော်သံများနဲ့အတူ ရွာနီးစပ်ချုပ်တွင် ရှာဖွေသူ များပြားသောကြောင့် ရွာနဲ့ ခပ်ဝေးဝေးလယ်ကွက်များတွင်ရှာရန်ဒီပါမှာ
အိမ်မှာကတည်းက စိတ်ကူးထားခြင်းကြောင့် တောင်ကြားလျိုမြောင်များကြားမှ လယ်ကွက်များသို့ သူ့ခြေလှမ်းများဦးတည်လိုက်သည် ။
ရိုးပြတ်များမှာ မိုးရေများကြားတွင်
နူံးအိလဲပြိုလျက်ရှိနေလျက် ထိုရိုးပြတ်လယ်ကွက်များထဲတွင် မြစ်ချောင်းများကြားမှ ရေစီးနဲ့အတူ ငါးများလည်း ရောက်နေသည်ကိုတွေ့ရသည် ။
သို့ရာတွင် ဒီပါမှာ ငါးထက် စျေးပိုရသော
ဖားရှာရန်စိတ်ကူးခြင်းကြောင့် ငါးကို ဂရုမစိုက်ပေ ။
တစ်နာရီကျော်မျ မြွေပါး၊ကင်းပါးများ
သတိထားရှောင်ရှားသွားလာရင်းဖြင့် တောင်ခြေများအောက်မှ လယ်ကွက်များသို့
ရောက်လာခဲ့တော့သည် ။
ဖားအော်သံများလည်း ဟိုမှသည်မှ အော်သံများကြားရသောကြောင့် ဒီပါ ပျော်သွားမိသည်။
လယ်ကွက်ကန်သင်းများပေါ် မိုးရေတဖွေးဖွေးဖြင့် အပျော်ကြီးပျော်နေကြသော ဖားများမှာ
ဒီပါတုတ်ချက်အောက် ဆန့်ဆန့်ကြီးဖြစ်ကာ
ပလိုင်းအတွင်းရောက်ကုန်ကြတော့သည် ။
နှစ်နာရီကျော်မျအချိန်အတွင်း ဒီပါ ပလိုင်းအတွင်း ဖားအကောင် သုံးလေးဆယ်
မျရောက်နေတော့သည် ။
မိုးမှာ အစကပထမ စွေရွာနေရာမှ
သည်းလာသောကြောင့် ယခုမိုးနဲ့ဆိုလျင်
ဖားရိုက်ရ အဆင်မပြေသောကြောင့် ခနမိုးခိုမည့်နေရာ ရှာဖွေလိုက်ရာတောင်ခြေမှ လယ်တဲတစ်လုံးကို တွေ့ရသောကြောင့်
တဲသို့ ခပ်သုတ်သုတ်ပြေးသွားလိုက်၏ ။
တဲပိုင်ရှင်များမှာ ယခုလိုကာလတွင်
မရှိတတ်ပဲ မိုးမှန်သွားချိန်မျိုးမှ လယ်တဲဝင်တတ်ကြ၏ ။

ဒီပါမှာ တဲအတွင်းဝင်လာရင်း
မိုးကာကို တဲတန်းပေါ်လွားတင်၍ အောက်ပိုင်းရေစိုနေသော ရေစိုပုဆိုးကို
စုညှစ်လိုက်သည် ။ဖားပလိုင်းကို တဲဝင်ပေါက်ရှေ့တိုင်တွင် ချိတ်လိုက်သည် ။
မိုးမှာ တဖြည်းဖြည်းပိုသဲလာသောကြောင့် မိုးနည်းသွားချိန်အထိ စောင့်ရန်လိုသောကြောင့် တဲတွင်းဟိုသည်ရှာဖွေရာ သစ်သားချောင်းများများ
ဝါးလုံးခြောက်များတွေ့လိုက်ရသောကြောင့်ထိုအရာများဖြင့်
မီးမွေးလိုက်၍ အချမ်းပြေ
မီးလူံလျက် ဆေးပေါ့လိပ်ကို မီးခိုးတထောင်းထောင်းထမျ ဖွာရိူက်လျက်ရှိနေသည် ။ အချိန်မှာလည်း
ဆယ်နာရီကျော်မျ အချိန်တွင်းရောက်ရှိနေပြီဖြစ်သည် ။
တစ်ညလုံး ဖားရှာရန်စိတ်ကူးထားခြင်းကြောင့် မနက်မိုးလင်းအိမ်အရောက်ပြန်ရန်စိတ်ကူးထားခြင်းကြောင့် မိုးပါးချိန်အထိစောင့်ဆိုင်း
နေခြင်းပင်။
မိုးမှာကားယခုအထိမတိတ်နိူင်သေးပေ။
ဒီပါတစ်ယောက် မီးဖိုဘေးတွင် အချမ်းပြေမီးလူံနေရင်း မှေးခနဲတစ်ချက်
ဖြစ်သွားစဉ်………………

….ပျပ်…ပျပ်…ဂလွတ်….ဂွတ်……

သူ့နားအတွင်း အသံတစ်ခုကို ကြားလိုက်ရခြင်းကြောင့် ဆတ်ခနဲ မတ်သွားကာ ခေါင်းငဲ့ရင်းဟိုသည် ကြည့်မိရာ တဲအတွင်းမှောင်မိုက်လျက်ရှိနေသည်။
မီးပုံမှ မီးမှာ သူငိုက်မျည်းနေစဉ် မီးညွန့်တုံးကာ မီးခဲများကျလျက်ရှိနေသည် ။ထို့အတွက် မီးပုံအတွင်း ထင်းများထည့်၍
တဖူးဖူးမူတ်လိုက်ရာမကြာမှီထင်းချောင်းများကိုမီးစွဲကာ အလင်းရလာသောကြောင့်
တဲအတွင်းမျက်လုံးဝေ့၍ ကြည့်လိုက်မိသည်။
သူကြားနေရသော အသံမှာ ခနသာရပ်သွားပြီး ဆက်လက်ထွက်ပေါ်လျက်ရှိနေသည် ။

…..ဟာ…….အမလေးဗျ…… ဘာကောင်ကြီးလဲ……

အကြောက်အလန့်မရှိညကြီးမိုးချုပ်
တစ်ယောက်တည်းသွားလာနေတတ်သော
ဒီပါတစ်ယောက် မြင်လိုက်ရသော မြင်ကွင်းကြောင့် တစ်ကိုယ်လုံးအမွေးအမှင်များထောင်ထကုန်သလို ခံစားမိရင်း ကြောက်လန့်တကြား
အော်လိုက်၏ ။ သို့ရာတွင်ကြောက်ရွံ့မူကြောင့် သူ့အော်သံမှာ
အပြင်သို့ထွက်မလာပဲ လည်ချောင်းဝအတွင်း တစ်ဆို့ပျောက်ကုန်သည် ။ ဒီပါတွေ့လိုက်ရသော မြင်ကွင်းမှာ သွေးပျက်ဖွယ်ရာ မြင်ကွင်းမျိုးပင် ။

တစ်ကိုယ်လုံး ဖားအရေပြားလို အကွက်များ။ ပုကွကွ ဗိုက်ပူပူ ။ မျက်နှာမှာ
ဖားကဲ့သို့ မျက်လုံးပြူးပြူး ပါးစပ်ကျယ်ကျယ် ။ နှာတံကားမရှိပဲ နှာခေါင်းပေါက်နေရာတွင် အပေါက်နှစ်ပေါက်ရှိနေသော ထိုကြောက်စရာ အကောင်မှာ သူ့ပလိုင်းအတွင်းမှ ဖားများကို တစ်ကောင်ပြီး။တစ်ကောင်နိူက်ယူ၍
တဂျွတ်ဂျွတ်ဝါးစားနေ၏ ။
ပါးစပ်အတွင်းဖားကို ပစ်သွင်းလိုက်ရာကျယ်ဝန်းသော ပါးစပ်ပြဲကြီးအတွင်းမှ သွားချွန်ချွန်များကို
မြင်တွေ့နေရသော ဒီပါမှာ ကြောက်လန့်မူကြောင့် နေရာတွင်ကြောင်ငေးလျက် ငုတ်တုတ်ကြီး
ရှိနေ၏ ။
ထိုအကောင်ကြီးမှာ ဒီပါအားတစ်ချက်
စောင်းငဲ့ကြည့်လျက် အရေးမစိုက်ပဲ
ဖားများကိုသာ နိူက်စားမြဲစားလျက်ရှိနေသည် ။

တစ်ကြိမ်တွင်မူ ပလိုင်းအတွင်းလက်နိူက်ရာ ဖားပါမလာတော့ချေ ။ ထိုအကောင်ကြီးစားခြင်းကြောင့်ဖားများကုန်သွားချေပြီ ။
ယခုတစ်ကြိမ်တွင်မူ ထိုအကောင်ကြီးမှာ
ကုန်းကွကွဖြင့် ဒီပါဖက်သို့လှည့်လာရင်း
အစာမဝသေးဟန် သူ့လျာနှစ်ခွ အရှည်ကြီးကို အပြင်သို့ထုတ်၍ ပါး။မျက်နှာများကို သပ်လျက်ရှိနေသည် ။
ဒီပါမှာ ထိုမြင်ကွင်းကိုကြည့်လျက်
ထိတ်လန့်သွားမိသည် ။
ထိုအကောင်ကြီးမှာ အစာမဝသေးပါသူ့ကိုပါ ဆက်စားမည်လားဟူသော အတွေးမှာ
ကြောက်လန့်စွာ သူ့ခေါင်းထဲဝင်လာနေသည် ။
….အွပ်….အွပ်….အွပ်….

….ဘုတ်…

…ဟာ..အောင်မလေး…. သရဲကြီး….သရဲကြီး…..

ထိုအကောင်ကြီးမှာဖားအော်သံမျိုးကဲ့
သို့အော်လိုက်ရင်း ဖားကဲ့သို့ ကုန်းကွကွဖြင့်
ခုန်လိုက်ရာ ဒီပါ အနီးသို့ရောက်လာသောကြောင့် ဒီပါလည်း
ယခုမှပြေးရန်သတိဝင်လာရင်း ကြောက်လန့်တကြားဖြင့် နေရာမှ ထပြေးတော့သည် ။မိုးသည်ကားမိုးစက်မိုးပေါက်လေးများခပ်ပါးပါးသာကျနေလျက် တလောကလုံးမှောင်မည်းလျက်ရှိနေသည်။
တဲအရှေ့ဖက်ဝင်ပေါက်မှပြေးခြင်းမဟုတ်ပဲ
ဘေးဖက်မှလှည့်ပတ်ပြေးရင်း အမှောင်အတွင်း ရွာဆီမှန်းဆ၍ ပြေးနေတော့၏ ။

….ဗွမ်း…..ဗွမ်း
ဗွမ်း…အွပ်…..ဘုတ်……အွပ်….

သူ့နောက်အမှောင်အတွင်းဆီမှ ဖားအော်သံကြီးကြားရပြီး ခုန်၍လိုက်လာဟန် ရေသံ တဗွမ်းဗွမ်းကိုလည်း ကြားနေရသည် ။

ဒီပါတစ်ယောက်မှာကား အမှောင်အတွင်း အလဲလဲအပြိုပြိုဖြင့်ကြောက်လန့်တကြား
အမောဖောက်မတတ်ပြေးနေလျက်ရှိနေသည် ။
နောက်မှလိုက်လာသောရေသံတဗွမ်းဗွမ်း အသံကိုလည်း ထပ်ကြပ်မကွာကြားနေရသောကြောင့် မနားရဲပေ ။

ထိုအချိန်မှာပင် သူ့ရှေ့ခပ်လှမ်းလှမ်းတွင်
မီးရောင်များတွေ့ရသောကြောင့်
အားတက်သွားကာ ထိုနေရာသို့ အားကုန်သုံး၍
ပြေးသွားလိုက်မိသည် ။

…..ဒုတ်….အ…..ဗျမ်း….ဘုံး…. ..

ဒီပါတစ်ယောက်ကား ကံဆိုးသည်ဆိုရမည်ပင် ရှေ့သို့ မမြင်မစမ်းပြေးနေရာ လယ်ကန်သင်းရိုး
တစ်ခုကို ခလုပ်တိုက်မိ၍ ရှေ့သို့အရှိန်ဖြင့်
ပစ်ကျသွားရင်း နာကျင်မူကြောင့် အတော်နဲ့
ထမရဖြစ်နေချိန်………..

…ဟာ…

စေးထန်းထန်း စိုကပ်ကပ်အရာတစ်ခုက သူ့လက်နှစ်ဖက်ကို ထမရအောင်ဖိထားခြင်း
ခံလိုက်ရပြီး သူ့နှာခေါင်းအတွင်း ပုတ်အက်အက် ညှီစို့စို့ အနံ့ကြီးရလိုက်ကာ
သူ့မျက်နှာပေါ်သို့ ချောကျိကျိ အရာကြီးတစ်ခုက မျက်နှာအနှံ့ လျောက်သွားနေသည်ကို အသည်းတုန်။အူတုန်ခံစားနေရသည်။ ဒီပါမျက်လုံးအတွင်း တဲတွင်သူမြင်ခဲ့ရသော
အကောင်ကြီး၏ လျာကိုပြေးမြင်ရင်း
သူ့မျက်နှာပေါ်မှ အရာမှာ ထိုအကောင်ကြီး
လျှာဖြစ်နိူင်သည်ဟုတွေးလိုက်မိသည်။
ဒီပါမှာ ကြောက်လန့်စွာ အသံကုန်ခြစ်အော်နေသည်။ သို့ရာတွင်သူ့အသံမှာ လည်ချောင်းဝတွင်
တစ်ဆို့လျက် ဘာသံမှ ထွက်မလာချေ ။
ကြောက်လန့်မူကြောင့်အသံကုန်ခြစ်အော်ရင်း သူ့တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ယင်လျက်ရှိနေသည် ။

ကြောက်လန့်မူကြောင့် မျက်လုံးများပြာဝေကာ သတိလစ်မည်ကဲ့သို့
ရှိနေစဉ် သူ့နားအတွင်းစကားသံများကြားလိုက်ရတော့သည် ။

….ဟာ ဟိုမှာလူတစ်ယောက်လဲနေပါလား
ဖားထွက်ရှာရင်း မြွေကိုက်ပြီးလဲနေတာလား
မသိဘူး….

….အသက်ရှိသေးလားမသိဘူး
သွားကြည့်ကြရအောင်…..

သူ့ကိုယ်ပေါ်သို့ ဖျာကျလာသော လက်နှိပ်ဓတ်မီးအလင်းရောင်နဲ့အတူ စကားသံများကြောင့် ဒီပါ အားတက်သွားမိသည် ။

…ကျုပ်…ကျုပ်…ပါ……

…ဟင်..ဒီပါ….ပါလား…..

…ဘာဖြစ်တာလဲ ဒီပါ.. ပိုးထိတာလား….

….မဟုတ်…မဟုတ်ဘူး…ကျုပ်သရဲခြောက်ခံရလို့.. ခင်များတို့အရောက်မြန်လို့သာပေါ့…ဒါနဲ့ဟိုအကောင်ကြီးရော….

…ဘယ်အကောင်ကြီးလဲကွ.. ငါတို့ရောက်လာတော့ မင်းတစ်ယောက်တည်းလဲနေတာပဲတွေ့တယ်
ဘယ်သူမှ မတွေ့ဘူး….

ဒီပါတစ်ယောက်ဘေးဘီသို့မလုံမလဲကြည့်
ရင်း ထိတ်လန့်တကြား ကျောမလုံသလိုခံစားနေရသည် ။ သူကဲ့သို့
ဖားရှာသူနှစ်ယောက်သာ အချိန်မှီရောက်မလာပါက သူ့အခြေအနေမှာ
တွေးရဲစရာပင်မရှိပေ ။
ဒီပါတစ်ယောက် သူ့ကြုံလာရသောအခြေအနေကို ရင်တုန်ပန်းတုန်ပြောပြရင်း ကြောက်လန့်တကြားဖြင့်ရှိနေတော့၏ ။

……………………………………………..

“ဒါက အဘစံ ဧရာဝတီတိုင်းဖက် ရွာလေးတစ်ရွာကို ရောက်တုန်းသိခဲ့ရတဲ့
ဇတ်လမ်းတစ်ပုဒ်ပဲကွယ့်…ဒီပါကတော့
တသက်လုံး အကုသိုလ်အလုပ်မျိုးရှောင်သွားတယ်
ပြောကြတယ်… ”

…ဒါနဲ့ အဲဒီထဲမှာ ဒီပါကိုလိုက်တဲ့
အကောင်ကြီးက ဘာကောင်ကြီးလဲ အဘစံ……

…..မကောင်းဆိုးဝါး။ ပြိတ္တာတစ်မျိုးမျိုးနေမှာပေါ့ကွယ်…ကဲကဲ
ခလေးတွေညနက်ပြီ ပြန်ုကြတော့.
ပြန်ကောပြန်ရဲကြလား….

..ခါတိုင်းလိုပဲ လိုက်ပို့ပေး….

…ဟားဟား… သတ္တိခဲလေးတွေ သူတို့ပဲ
သရဲ ဇတ်လမ်းနားထောင်ချင်တယ်
ပြီးတော့မပြန်ရဲကြတော့ဘူး..ကဲလာ
သွားကြမယ်…

ထို့နေ့ညက အဘစံတစ်ယောက် ကျွန်တော်တို့ ခလေးတစ်ဖွဲ့ကို အိမ်တိုင်ယာရောက် လိုက်ပို့ပေးရပါတော့သတည်း။
===============================
…ပြီးပါပြီ…

မြူခိုးအလင်္ကာ