ဖိုးတင်ကို တမျိုးမထင်ကြပါနဲ့

ဖိုးတင်ကို တမျိုးမထင်ကြပါနဲ့(စ/ဆုံး)
======================

“” ဟင်္သာတမြို့ နယ်ထဲတွင်ပါဝင်သော ငမဲအိုင်အုပ်စုထဲမှာ “ချိုးသေအင်း” ဆိုသော ရွာတရွာရှိပါတယ်။ အရွယ်ကြီးမားသော ချိုးသေအင်းကြီးရဲ့ဘေးမှာရွာတည်ခဲ့သောကြောင့် ချိုးသေအင်းရွာဟု ခေါ်တွင်ခဲ့လေသည်။ အိမ်ခြေ၁ရာ၊လူ၃၀၀ခန့် မှီိခိုနေထိုင်ကြပါသည်။ အများစုက ခြံလုပ်ငန်းကိုလုပ်ကိုင်ကြပြီး အနဲ့စုကတော့ အင်းသူကြီး ဦးပျားအုံရဲ့ထံမှာ တံငါအလုပ်ကို အခစားဖြင့်လုပ်ကိုင်ကြပါသည်။
အင်းသူကြီးဖြစ်သလို ရွာလူကြီးလဲဖြစ်တဲ့ ဦးပျားအုံကို တရွာလုံးက ချစ်ကြောက်ရိုသေကြသည်။ ဦးပြားအုံရဲ့ အုပ်ချုပ်မှုအောက်မှာ ရွာသားအားလုံး စည်းစည်းလုံးလုံးနေထိုင်ကြပါသည်။
ချိုးသေအင်း ရွာဟာ အခြားရွာများနှင့်မတူသော အလေ့အထရှိလေသည်။ ထိုအလေ့အထကပင် ရွာ၏နာမည်နှင့် ထပ်တူကျအောင်ပုံဖော်ပေးလျှက်ရှိသည်။
ချိုးသေကုန်းရွာမှာ မင်္ဂလာဆောင်တခုရှိပြီဆိုရင် ကျွေးမွေးစရိတ်အတွက် ကာယကံရှင်တွေက အကုန်အကျခံစရာမလိုပါဘူး….အကျွေးအမွေးတာဝန်အတွက် ရွာကာလသားခေါင်း/ကာလသမီးခေါင်းတွေက ရွာလူငယ်များနှင့်ပေါင်းပြီး တာဝန်ယူစီစဉ်ပေးကြပါတယ်။ ထိုအစီစဉ်ကိုလဲ လူငယ်အားလုံးက တက်တက်ကြွကြွ ပါဝင်ကူညီကြလေ၏။ အကျွေးအမွေးဆိုလို့ ဝက်သားတို့၊ပေါင်မုန့်အုန်းနို့ဆမ်းတို့ကိုပြေးမမြင်ကြပါနှင့် … ထိုအကျွေးအမွေးက အခြားမဟုတ် “ချိုးကြော်နှင့် ဆီထမင်း”ဖြစ်သည်။
ထိုအကျွေးအမွေးကိုလဲ တနယ်လုံးက နှစ်သက်သဘောကျသဖြင့် ဖိတ်စာမပို့သည့်တိုင် သီတင်းကြားသော ကောစကန်နယ်သားများက လက်ဖွဲ့အကုန်ခံ၍ တကူးတကလာစားကြရာ ကာယကံရှင်တွေအဖို့ လက်ဖွဲ့ငွေအတော်ရကြပါ၏။
ချိုးသေအင်းကြီးဟာ ဧက၁ရာခန့်ကျယ်ဝန်းသည့်အပြင် နွေဘက်ရေခန်းချိန်တွင် အင်းဧရိယာထဲတွင် ဆောက်ကုလားခြုံကြီးများ ထူထပ်စွာပေါ်ပေါက်လာလေသည်။ ထိုခြုံကြီးများဟာ ချိုးငှက်များ၏ တိုင်းပြည်တခုပင်တည်း။ ထောင်မှသောင်းချီသော ချိုးမျိုးစိတ်အပေါင်းဟာ ယင်းနေရာကိုအမှီပြု၍ ပေါချင်တိုင်းပေါနေကြတော့သည်။
ပေါတာကတော့မှန်၏ မင်္ဂလာဆောင်တခုကို ချိုးအကောင်၁ထောင်ရအောင် ဘယ်လိုများဖမ်းကြပါသလဲ……

….ဟုတ်ကဲ့….နောင်၃ရက်ဆိုရင် ရွာထဲမှာ မင်္ဂလာဆောင်တခုရှိပါတယ်…သတို့သားက အင်းလုပ်သား ငတိုးဖြစ်ပြီး သတို့သမီးက ငါးစိမ်းသယ် စန်းစန်းတင့် ဖြစ်သည်။ နှစ်ဦးစလုံးက လက်ဗလာရယ် ထမင်းရေအတူလျှက်မယ်ဆိုပြီး သွေးသစ်လောင်းခဲ့ကြသော ချစ်သူနှစ်ဦးဖြစ်သည်။ ခန်းဝင်ပစ္စည်းများဝယ်ဖို့အတွက် ဦးပျားအုံက ငွေထုတ်ပေးပြီး မင်္ဂလာဆောင်ပြီးရင် ပြန်ဆပ်လိုက်ယုံပါ။
ယခု မင်္ဂလာဆောင်အတွက် ချိုးရိုက်ထွက်ရန် ကာလသားခေါင်းချစ်တင်ဦးဆောင်သော လူငယ်အဖွဲ့ အလုပ်ရှုတ်နေကြသည်။ ချိုးထောင်ရာတွင်အသုံးပြုမဲ့ အလံ၂၀ရှည်သော ကောင်းကင်ပိုက်လေးဖုံကို တက်ညီလက်ညီ လွန်းထိုးနေကြသည်။ လွန်းထိုးပြီးတော့ ဂုန်နီအိတ်တလုံးစီထဲ သေသပ်စွာထဲ့လိုက်သည်။ ထို့နောက် ပိုက်ထောင်စိုက်ရန် အတောင်အစိတ်ခန့်ရှည်သော ထီးရိုးဝါးများကို ရွာအနောက်ဘက်တွင်ထွက်ခုတ်ကြသည်။ လူပေါင်း၃၀ခန့်တက်ညီလက်ညီလုပ်လိုက်သောအခါ ညနေ၄နာရီခန့်တွင် ပိုက်ထောင်ဖို့ကိစ္စ လက်စသပ်လေ၏။
ထိုအချိန်မှာ နေရာသွားကြည့်သော အံမောင် နဲ့ လှသန်းတို့ပြန်လာကြလေ၏။

” ဟေ့ အံမောင် အခြေနေဘယ်လိုလဲ….

…ကောင်းတယ် ချစ်တင်…
…အင်းရဲ့အနောက်ဘက်မှာ ချိုးတွေပြည်တည်နေကြတယ်…ဆောက်ကုလားခြုံတိုင်းရဲ့အောက်မှာ ချိုးချေးတွေ တောင်ပုံ ယာပုံပဲ….

…ဟုတ်ပြီ….
..ဒါဖြင့် နွားခလောက်နဲ့ လက်နှိတ်မီးတွေ အရံသင့်ပြင်ထားကြ…..
…ည၈နာရီကို ထွက်မယ်….
…ဟို ကာလသမီးခေါင်း ပေါက်စတို့အဖွဲ့ကိုလဲ မိုးပြဲဒယ်ဆင်ပြီးစောင့်နေလို့ပြောထား……

…အေးပါ….
…ပြောလိုက်ပါ့မယ်….

…ဟိုကောင် ငတိုး…
…မိန်းမ ထဘီကြားပဲ ခေါင်းစိုက်မနေနဲ့….အဆီ၅လုံးဝယ်ထား….ပြန်ရောက်တာနဲ့ ဝိုင်းသောက်ကြမှာ…..

…ဟီးဟီး
…သိပါ့ အကိုချစ်ရယ်…
..မနက်ထဲကဝယ်ပြီးသား…
..စဉ့်အိုးထဲမှာ စပ်ထားပြီးအသင့်
..အမြည်းအတွက် ခရုတကျင်းနှိုက်ထားတာ ချက်ပြီးပါပေါ့ ဗျာ…..

…ဟားဟား
…ဒီလိုကြ ငတိုးက အပိုးကျိုးသားဟ
….အေး…အေး
…တို့အားလုံး လူစုခွဲကစို့..
..ည၈နာရီကိုပြန်ဆုံကြမယ်……
…ဟုတ်
…Ok ဗျာ……..

______________________________

ကူကူး…..
…ဖလူး…..ခလူး……..

… တိတ်ဆိပ်သောည၏ လမိုက်အောက်မှာ မိမိတို့ကံကြမ္မာကို မသိရှာသော ချိုးငှက်များဟာ ချိုးသေအင်းအစပ် ဆောက်ကုလားတောကြီးထဲမှာ အိပ်စပ်နေရာယူရင်း လှုတ်လှုတ်ယွယွဖြစ်နေကြသည်။

….ကဲ….
…အချိန်ကျပြီ…လူစုခွဲပြီး ပိုက်ဆင်ကြစို့ ..
… အနောက်ဘက်ကို ငါတို့အဖွဲ့နေရာယူမယ်…
….စန်းဝင်းတို့အဖွဲ့က အရှေ့ဘက်
…အံမောင်တို့က တောင်ဘက်
….ဌေးဝင်းတို့ကမြောက်ဘက်…..

….ပိုက်တဖုံနဲ့ ဝါးလုံး၁၀လုံးစီထမ်းသွား…သွက်သွက်လုပ်ကြ……
…အေး….
..စလိုက်ကြစို့…..

…စုစုပေါင်း လူသုံးဆယ် ဟာ အဖွဲ့လေးဖွဲ့ခွဲပြီး တဧကကျယ်သော ဆောက်ကုလားတောကိုပါတ်၍ တနာရီအတွင်း ကောင်းကင်ပိုက်ဆင်လိုက်ကြသည်။
…..ထိုကဲ့သို့ ဆင်ပြီးသောအခါ…လေးဘက်လေးတန်မှာ ရွာသား၅ဦးစီစောင့်ပြီး ကျန်ဆယ်ဦးက ပိုက်ကွင်းအလယ်တွင် မီးဖိုလိုက်သည်….မီးတောက်အားကောင်းလာသောအခါ အသက့်ပါလာသော အဆစ်ပိတ်ဝါးပိုင်းများကို မီးပုံထဲပစ်ထဲ့လိုက်ရာ…..

…ဒိန်း
…အုန်း…..
…ဖောင်း….ဘောင်း…..အုန်း…

….ဖြော….ဖရော….ဗြော
….ဝုန်းးး ဗြုံး.. ….ဖလူးးးးဝေါ

…ဟေ့…..တိုးကုန်ပြီ…..တိုးကုန်ပြီ…..ပိုက်အိတ်ကို နောက်ဆွဲ……
….ဝေးးဟေးး
…..ခလောက်…..ခလောက်…..
…ဘုံးးဘုံး……..
…….
…မီးပေါက်သံ….ခလောက်သံ…သံပုံးတီးသံများကြောင့်…ကြီးမားသောချိုးအုပ်ကြီးဟာ ကြောက်အားလန့်အားနှင့် အရပ်လေးမျက်နှာသို့ ပြန်ထွက်လိုက်သောအခါ အသင့်ထောင်ထားသော ကောင်းကင်ပိုက်ထဲသို့ စုပြုံပြီးတိုးမိကြတော့၏။

…..အချိန်က ၁၀မိနစ်သာသာပဲကြာလိုက်သည်…..ပိုက်လေးဖုံကိုရုပ်လိုက်သောအခါ ခန့်မှန်း ချိုးအကောင်ရည် တထောင်ကျော်ခန့် ဖမ်းမိလိုက်ပါသည်။ ဖမ်းမိထားသောချိုးများကို တကောင်းခြင်းရိုက်မသက်တော့ပဲ ချိုးသေအင်းကြီးထဲမှာ ပိုက်ထွေးကြီးအတိုင်းမြှုတ်၍ အခိုက်အတံ့ ရေနှစ်ထားလိုက်ခြင်းဖြင့် အနာအဆာလွတ်သော ချိုးသေများကို ရရှိလေ၏။

….အဲ့နောက် ချိုးသေများကို ဂုံနီအိတ်ထဲစုထဲ့ပြီး ရွာဘက်ပြန်လာကြသည်။
…ရွာထဲရောက်တော့ ကာလသမီးများအသင့်တည်ထားသော မိုးပြဲရေနွေးဒယ်ထဲမှာရေနွေးဖျောပြီး အမွှေးဝိုင်းနှုတ်ကြ၊ရင်ခွဲကြ၊ဆားနယ်ကြဖြင့် အစီစဉ်တိုင်းဆက်လုပ်ကြသည်။ နောက်တနေ့တော့ ဆားနယ်ထားသောချိုးများကို နေလှန်းသူကလှန်း ဆီထမင်းထိုးဖို့အတွက် ကောက်ညှန်းဖွတ်သူကဖွတ်ဖြင့် ဆက်လုပ်ကြပါသည်။ ထို့နောက် မင်္ဂလာဆောင်ရန်တရက်အလိုမှာ ကာလသားအဖွဲ့က ညဘက် ဆီထမင်းထိုးပြီး ကာလသမီးအဖွဲ့က ချိုးကြော်ကြသည်။ မိုးလင်းလို့ မင်္ဂလာဆောင်ကျင်းပချိန်ရောက်သောအခါ လက်ဆတ်ပြီး အရသာကောင်းသော ချိုးကြော်ဆီထမင်းဟာ လက်ဖွဲ့လာသူများအတွက် နတ်သုဓ္ဓာ တခုဖြစ်ခဲ့ရလေတော့၏။

“””” ဒီလောက်ဆို ချိုးသေအင်းရွာ ရဲ့နာမည်ကြီး အကြောင်းကို တစိတ်တဒေသ သဘောပေါက်မည်ဟု ထင်ပါသည်။

“” ယခု ဆက်လက်ဖော်ပြမည်က ချိုးသေကုန်းရွှာက အံပွားဖိုးတင် အကြောင်းပါ။ ဖိုးတင်ဆိုကိုတရွာလုံးက ကျင်ထားကြသည်။ အသက်အားဖြင့်၃၀ ဝန်းကျင်ခန့်သာရှိသော လူရွယ်တဦးဖြစ်သည်။ လူပုံက ခက်ပိန်ပိန်၊အသားမဲမဲ ညစ်ထပ်ထပ်ရယ် တပါတ်ကိုတခါသာရေချိုးသဖြင့် လမ်းမှာတွေ့ရင် ခက်ဝေးဝေးက ရှောင်သွားတတ်သည်။ ချိုးသေအင်းတဘက်ကမ်းက ဘိုးဘွားပိုင် ထီးရိုးဝါးတောထဲမှာ တဲတလုံးထိုးပြီး တဦးထဲနေသူဖြစ်သည်။ ထူးခြားသည်က မွေးထဲက ပါလာသော အံပွားလေးပင်…အခြားခလေးတွေသွားမပေါက်သေးသောအရွယ်မှာပင် အံပွားလေးတချောင်းပါလာသည်။ ယင်းအချက်ကြောင့်ပဲ တရွာလုံးက ဖိုးထင်ကို ထင်ကြေးအမျိုးမျိုးပေးခဲ့ကြသည်။
ခလေးဘဝက ခလေးအခြင်းခြင်းရန်ဖြစ်ရင် ဘာမှပြန်လုပ်ခြင်းမရှိ သူများလုပ်သည်ကိုသာခံရရှာသည်။ သို့သော် သူ့ကိုလုပ်တဲ့ခလေးဟာ တပါတ်လောက်တော့ အပြင်းဖျားရစမြဲ….ဆေးမနိုင်ရင် သေဆုံးသည့်အထိရှိခဲ့ဖူးသည်။ အရွယ်ရောက်လာတော့ ဖိုးတင်ရဲ့မိဘနှစ်ဦးလုံး အိမ်မီးလောင်တဲ့အထဲပါသွားသဖြင့် ဝါးတောထဲမှာတဦးထဲသွားနေတော့၏။ ခြံထွက်ဝါးများကိုရောင်းရင်း ဘဝကိုရပ်တည်ခဲ့သည်။ အလုပ်မယ်မယ်ရရမရှိသောဖိုးတင်ဟာ ကပ္ပိယဦးကံ ထံတွင် အထက်လမ်းပညာ၊ဖိုပညာများကိုသင်ယူပြီး သူပိုင်ဝါးတောထဲမှာ အဂ္ဂိယက်ထိုးခြင်း ၊ အထက်လမ်း ပဌမံအင်းပညာများကို ရှာဖွေကျင့်ကြံရင်း အချိန်ကုန်ခဲ့သည်။ ထိုအပြုအမူတွေကပဲ ရွာသားတွေရဲ့ အမြင်စောင်းခြင်းခံခဲ့ရသည်။
ရွာထဲမှာတခုခုဖြစ်တာနဲ့ ဖိုးတင်ကိုတန်းစွဲကြသည်။ ဖိုးတင်ကလဲ အနေအစားမတတ်…ရွာထဲမှာတခုခုဖြစ်ရင် သူ့အလိုလိုရောက်လာသည်။ ပရောဂါ ဆိုရင် ဘယ်သူဘာပြောပြော သူဝင်ကြမ်းလိုက်စမြဲ….မပျောက်ဖူးလားဆိုတော့လဲ ပျောက်ပါသည်။ ပျောက်သွားလို့ ကျေးဇူးတင်ခံရမည်မထင်နဲ့ သူလုပ်ခိုင်းပြီး သူပြန်ကုသည်ဟု ယိုးစွတ်ခါ ရိုက်ပုတ်လွှတ်ကြသည်။
တခါက ကြက်သမားလွန်းတင်ကိုအပစီးတုန်းကဖြစ်သည်။
ချိန်းပွဲရှိသဖြင့် ငမဲအိုင်နှစ်သစ်ကူးတွင် ကြက်တိုက်ပြီးပြန်အလာ ညနေ၆နာရီခန့်တွင် ငမဲအိုင်နှင့် ချိုးသေအကြား နာမည်ကြီးတဲ့ ကြို့ပင်ကြီးအောက်မှာ အပေါ့ အလေးစွန့်ခဲသည်…ထိုအပင်မှာ သဘက်ရှိသည်ဟု တနယ်လုံးက အသိအမှတ်ပြုထားသည့်တိုင် အရက်ရှိန်တက်နေသော လွန်းတင်က အတင့်ရဲစွာပြုမူခဲ့ခြင်းဖြစ်သည်…ထိုမျှမက ဆဲဆိုကြိမ်းမောင်းပြီး စိန်ခေါ်ခဲ့ပါသေးသည်။ အဲ့ဒါ ရွာထဲသို့လွန်းတင်ဝင်လာရင်ပဲ ရွာခွေးတအုပ်က စူးစူးဝါးဝါးထိုးဟောင်သလို လေးသူငယ်များလဲ အကြောင်းမဲ့ လန့်ပြီးငိုကြသည်။ သိပ်တော့မကြာလိုက်ပါ လွန်းတင်အိမ်ပေါ်လဲရောက်ရော အိမ်ခါးပန်းမှာမေးတင်ပြီး စန့်စန့်ကြီးဖြစ်နေတော့သည်။

အူးးးစ်…..အစ်….
…အင်းး……အီးး
….တောက်…..

….အလို….
…ကိုလွန်းတင်…ဘာဖြစ်လာတာလဲ
…လာ…လာကွပါဦး
…ဒီမှာ ကိုယ်လွန်းတင်ဘာဖြစ်တယ်မသိဘူး…….

…မထွေး၏အော်သံကြောင့် ပတ်ဝန်းကျင်အိမ်မှ ရွာသားအချို့ရောက်လာကြသည်။

…ဟဲ့… မထွေး
…လွန်းတင် ဘာဖြစ်လို့လဲ…

…မသိဘူး ဦးဘေးသိန်း
…ဒီမှာကြည့်ကြပါဦး….

…ဟာ…
…အမလေး….

…လွန်းတင်၏မျက်လုံးတွေက သားငယ်အိမ်လုံးဝမရှိတော့ပဲ မျက်ဖြူလန်နေသည်…..ပါးစပ်မှာ တောက် ခေါက်ပြီး အိမ်ခါးပန်းကို နှာဖူးနှန့်တဒိန်းဒိန်းဆောင့်နေလေ၏…..

….ဒါ…ဒါ…..ရိုးရိုးမဟုတ်ဘူး…
…သွား..နတ်ကတော် စိန်တင်ကိုပြေးခေါ်စမ်း…..

….ဦးသိန်း၏ ခိုင်းစေမှုကြောင့် ရွာသူတဦးပြေးထွက်သွားပြီး ခဏအကြာမှာ နတ်ကတော်စိန်တင့်ပါလာသည်။

….ဟဲ့အကောင်….နင်ဘယ်သူလဲ
…အခုချက်ချင်း ခွာစမ်း….

….အူးးးစျ ဂါးးးး
….ဟီးဟီး ဟားဟား

……ဟေ့…ပြောနေတယ်နော်
…..စိန်တင့်တဲ့…တတင့်ထဲရှိတယ်…၃၇မင်းကိုပင့်ပြီး ငါးဆားနှယ်နှယ်လိုက်ရမလား….

….ဘာ……
…လုပ်ကြည့်လေ…..အကုန် ကာလနာတိုက်သွားမယ်…
…ဘိုးသေတဲ့…..နင်တို့တရွာလုံးကိုဂုတ်ချိုးသက်လို့ရတယ်…ဟီးဟီး ဟားဟား.. ..

…ဟင်….
..ဘိုးသေ…..ဘယ်ကဘိုးသေလဲ….

….ဒေါ်စိန်တင့်ထပ်မေးသော်လဲ လွန်းတင်က ပြန်မဖြေပဲ အိမ်ခါးပန်းကိုသာ ခေါင်းနှင့်တအားဆောင့်တိုက်နေတော့သည်။

ဘယ်…ဘယ်လိုလဲ ဒေါ်စိန်တင့်
…..နိုင်ပါ့မလား…..

…အင်း….အကောင်ကတော့ ကြီးတယ်တော့…..မြင်းဖြူရှင်ကိုခေါ်မှ ရမှာ…..ဟဲ့ မထွေး အိမ်ဦးခန်းက မြင်းဖြူရှင်ကိုဖြုတ်လိုက်….အသက်သွင်းပြီး ဒီကောင်ကို ခွာနဲ့ပေါက်ခိုင်းလိုက်မယ်….

…ဘာ….ဘယ်ကမြင်းဖြူရှင်လဲ…
…ဒီကောင်လား….အေး…ငါ့ကိုမပေါက်ခင် ငါကအရင်ပေါက်တယ်ဟာ….

….လဲနေသောလွန်းတင်က လေးလက်ကုန်းထပြီး မြင်းဖြူရုပ်ကိုဆွဲဖုတ်ခါ ဖနှောင့်ဖြင့် ညက်ညက်ကျေအောင် ပေါက်ချလိုက်လေ၏…

…ဝုန်း…ဗြုံး
…ကဲကြာ….ကဲကြာ…..
….ဟီးးဟီးး
…မြင်းဖြူရှင်ကိုတော့ပေါက်ပြီးပြီ နင်းကိုပေါက်ဖို့ပဲကျန်တော့ တယ် လာပြီဟေ့….

..ဝေါ…ဖြော
…ဘုန်း….
…အင့်..
..အမလေး…သေပါပြီတော့
…ဝုန်း…ဂလုံး….

….အိမ်အောက်သို့ပြုကျသွားသော နတ်ကတော်စိန်တင့်အဖို့ တပါတ်လောက် ကောင်းကောင်းထနိုင်မည်မထင်။

…အခြေနေက အတော်လေးရှုတ်ထွေးသွားသလို တရွာလုံးလဲ လွန်းတင်ရဲ့အိမ်သို့ရောက်လာကြသည်။ အနားတော့မကပ်ရဲကပေ…..
….
….ဘယ်လိုလုပ်ကြမလဲ ဦးပျားအုံ….
…..
…ဟူးးး
..ခက်တော့ ခက်နေပြီကွ
…ဒီကိစ္စမျိုးဆိုတာ အထက်လမ်းဆရာတွေမှနိုင်တာ…ကပ္ပိယကြီးကိုပြေးခေါ်ကြစမ်း

…ဟာ….ကပ္ပိယကြီးကျောင်းမှာမရှိဘူးဗျ…သူ့ရွာကိုပြန်သွားတယ် ၁ပါတ်လောက်ကြမယ်တဲ့…

…ခွီးမှပဲ…ဒီတိုင်းဆို ဘယ့်နဲ့လုပ်ကြမလဲ….ကြာရင် လွန်းတင်သေသွားလိမ့်မယ်။

“” ဒီကိစ္စ ဖိုတင်လက်ကိုအပ်နိုင်မလား သူကြီး…
….လူအုပ်ကြားထဲမှတိုးထွက်လာသော အံပွားဖိုးတင်….

…ဟာ….
…ဖိုးတင်
…မင်း…မင်း….ဘာလာလုပ်တာလဲ…….
…..ဒီကောင်ကိုဆုံးမမလို့လာတာလေ….လွန်းတင်ရွာထဲကိုဝင်လာထဲက ဒီကောင်ပါလာတာ ကျုပ်မြင်တယ်….

…ဟေ…..
…ဒါ…ဒါဆို……

…ကြည့်နေ…ကျုပ် ဆုံးမပြမယ်….
ပုဆိုးခါးတောင်းကျိုက်ပြီး လက်ခမောင်းခတ်လိုက်သည်…ခါးတောင်းမြီးတွင်ထိုးထားသော ဝါးခြမ်းပြားဖြင့်လုပ်ထားသော အင်းချပ်၃ချက်ကိုဖြုတ်ပြီး အိမ်ပေါ်သို့ခုန်တက်သွားသည်။

“”ဟေ့””
….ဘိုးသေဆိုတဲ့ သဘက်…
…ခုချက်ချင်း လွန်းတင်အပေါ်ကဆင်းစမ်း….

…တောက်…
..လာပြန်ပြီတကောင်…
..သေချင်လို့လား….

….ဘာကြ…
…ငါ့နာမည် အံပွားဖိုးတင်တဲ့
…ဒီနယ်မှာ ငါ့ကိုအံတုရဲတဲ့ အပ မရှိသေးဘူး….ခုချက်ချင်းဆင်းစမ်း..

…မဆင်းဘူးကွာ..
…မဆင်းတော့ မင်းဘာလုပ်မလဲ..လုပ်လေကွာ..
…အူးး ဟားဟား

…တောက်….ခွေးပါးဝတဲ့ သဘက်
…သိကြရောပေါ့…..ငါ လာပြီဟေ့…

…ဝေါ…ဖြော….
..ဘုန်းး
…အုန်းး
..ဖုန်းးး ဖုန်းးး

..အူးးးစျ ဂါးးးး
…ပူတယ်….ပူတယ်…
…သေပါပြီဗျ….
….ကြောက်ပါပြီ….
…ဆင်းပါတော့မယ်….အဲ့ဒီ အင်းချပ်နဲ့မထုပါနဲ့တော့.
….အီးးဟီးးဟီးး
…ဝုန်း…ဖြော….ဗြော….

..သဘက် ဘိုးသေဟာ အမှတ်မထင် ဖိုးတင်ပြေးထုလိုက်သော အင်းချပ်၏ဒဏ်ကို မခံနိုင်ပဲ လွန်းတင်၏ကိုယ်မှခွာ၍ ဆင်းပြေးသွားလေတော့သည်။
သဘက်ကြီး အိမ်ပေါ်မှခုန်ချပြီးပြေးသည့်အသံကိုအားလုံးကြားရသလို လူအုပ်ကြီးကို တိုးဝှေ့သွားသောကြောင့် ရွာသားအချို့ အလဲလဲအကွဲကွဲဖြစ်ကုန်လေတော့၏။

…..ကဲ….
…ကျုပ်ကိစ္စပြီးပြီ လွန်းတင်ကို ရေမန်းတိုက်လိုက်…မိုးလင်းရင်ကောင်းသွားလိမ့်မယ်….

…အ…အမလေး….
…ကျွန်မခါး ကျိုးသွားပြီထင်တယ်
…ဖိုးတင်…ဒါနင့်အကြံအကုန်လား
…နင်မွေးထားတဲ့အကောင်ကို လွှတ်ပြီး နင်ပြန်ကုတာ ငါသိတယ်
…နင် ယုတ်မာလှချေလား…

…ဗျာ…
…ကျုပ်က ဘယ်အကောင်ကိုလွတ်မိလို့လဲ…
..ခင်ဗျားမှားနေပြီ…..

..ဘာ…..ဟဲ့အကောင်
…စိန်တင့်ဟဲ့….အကြားအမြင်အကုန်ရပြီးသား….နင်က နင့်အကောင်ကိုလွှတ်ပြီး ဒုက္ခပေးယုံမက ရိုးရာနတ်တွေကိုပါ စော်ကားတဲ့အကောင်…နင့်ကြောင့် ရွာနာတော့မယ်…တရွာလုံးဒုက္ခရောက်တော့မယ်……

..ဟာ
…ဟင်
..အဲ့ဒါ ဟုတ်တယ်
…ဒေါ်စိန်တင့်ပြောတာဟုတယ်
…ဖိုးတင် ယုတ်မာတာ….
..ဒီကောင့်ကို ဝိုင်းသမကြ….

..ဟာ
…မဟုတ်ဘူး…ကျုပ်လုပ်တာမဟုတ်ဘူး…….

..ဘာမဟုတ်ရမှာလဲ
..ခ်ကြာ…ထုကြာ…
…အုန်း
..ဖုန်း
…အ….အီး
…ဖြော….ဖရော…….

…အဲ့လိုပေါ့…..ဖိုးတင် ဘာပဲလုပ်လုပ် တရွာလုံးက အကောင်းမမြင်ပဲ အမြဲဆော်လွှတ်ကြလေသည်။ အပြေးကောင်းလို့သာ အသက်နဲ့ခန္တာ တည်မြဲနေခြင်းဖြစ်သည်။

…ယခုဆိုရင် ဖိုးတင်တယောက် သဘက်မွေးထားတယ်ဆိုတဲ့သီတင်းဟာ ဒေါ်စိန်တင့်ကိုအကြောင်းပြုပြီး တရွာလုံးက ယုံကြည်နေကြပေသည်။
ယုံကြပလားဆိုတာကလဲ အကြောင်းမဲ့မဟုတ်…..ဒီရက်အတောအတွင်း ကျွဲ၊နွားတွေအပျောက်အရှဖြစ်လာသည်။ ပျောက်တာမှ လုံးဝကိုလက်သယ်မပေါ်အောင်ပျောက်တာ…..ပျောက်တာကလဲ ချိုးသေအင်းရဲ့တောင်ဘက်ကမ်း ဖိုးတင်၏ဝါးတောစပ်မှာဟု ယူဆကြသည်။
နောက်တော့ ကျွဲ၊နွားများသာမက အိမ်မွေးတရိစ္ဆာန်တွေဖြစ်တဲ့ ခွေး၊ဝက်၊ကြက် တွေကအစပျောက်လာသည်။ ပျောက်တိုင်းလဲ လက်သယ်မပေါ်။ ခိုးသမားနောက်ပါတယ်ဆိုရအောင်လဲ နေ့ခင်းကြောင်တောင်တွေချည်းပျောက်နေတာ….ချိုးသေအင်းပတ်ဝန်းကျင်မှ ခြုံတွေတောတွေမရှိ လယ်ကွင်းများသာ ပါတ်ချာလည်ရှိသဖြင့် သူခိုးအဖို့ လုံးဝ ခိုးနိုင်စရာအကြောင်းမရှိ…ဒါဆို ဒီတိရိစ္ဆာန်တွေပျောက်တာ ဘယ်သူ့လက်ချက်လဲ???????

….ဟင်းးဟင်းး
…ရှေရှေဝေးဝေးတွေ စဉ်းစားမနေနဲ့ သူကြီးရယ်….

..ဒီကိစ္စ က ဖိုးတင်ရဲ့လက်ချက်ရှင့်…

…ဟေ..
…ဟဲ့…စိန်တင့်…..
…ဒီကျွဲ၊ဒီနွားတွေကို နေခင်းကြောင်တောင် ဖိုးတင်က ဘယ်လိုခိုးနိုင်မှာလဲဟဲ့…..
…ဒီကောင်က မဟုတ်မဟတ်ပညာတွေသာ လိုက်စားတာ…ဒီနေ့ဒီအချိန်ထိ သူများပစ္စည်းတခါမှ ခိုးတယ်မကြားမိဘူး…..

…ဟင်းးဟင်း
…အဲ့ဒါပြောတာပေါ့….
..ကျွန်မကလဲ သူ့ကိုခိုးတယ်လို့မဆိုလိုပါဘူးတော်..

..ဟေ….ဒါဆို နင်က ဘာလို့ ဖိုးတင်လက်ချက်လို့ပြောတာလဲ…

…ဒီလိုပါသူကြီး…..
…ဖိုးတင်ရဲ့ခြံထဲမှာ သူမွေးထားတဲ့သဘက် တကောင်ရှိတယ်ဆိုတာ သိတယ်မို့လား…..

..အေးလေ…နင်ပဲပြောတဲ့ဟာ…

..အင်းး
..အဲ့သဘက်က ဒီတရိစ္ဆာန်တွေကို ဖမ်းစားနေတာပဲ့သူကြီး…..

…ဟာ….
…လက်ဆုတ်လက်ကိုင်မပြနိုင်ပဲ ဘယ်လိုစွဲနိုင်မှာလဲဟ……

..”ဒေါ်စိန်တင့်ပြောတာမှန်တယ်သူကြီး….
./..အိမ်ပေါ်သို့တက်လာသော ကာလသားခေါင်းချစ်တင်…./

..ဟေ….ဘာလဲချစ်တင်…
…မင်းက ဘယ်လိုအထောက်အထားနဲ့ပြောနိုင်တာလဲ…..

….ပြောနိုင်ဆို ဖိုးတင်ရဲ့သဘက် ကိုက်လွှတ်လိုက်လို့ ခြေတပိုင်းပြတ်လာတဲ့ သူကြီးရဲ့နွားကိုသာသွားကြည့်ပေတော့…အင်းစပ်မှာလဲနေတယ်……

..””ဘာ……..ကြ”””
…သူကြီးပြားအုံ မျက်လုံးပြူးသွားလေတော့သည်။

…အင်း….သဘက်ကိုက်လိုက်တာသေချာပြီ ချစ်တင်…..
…နွားရဲ့ ဘယ်ခြေတပိုင်းလုံး အရိုးပဲကျန်တယ်…ဒါတောင် ငါ့နွားက အားကောင်းလို့ အလွတ်ရုန်းလာနိုင်တာဖြစ်မယ်…

..ဒါဆို ကျုပ်တို့ဘာဆက်လုပ်ကြမလဲ…

..ဒီလိုလုပ်…..
…ခုညနေကို မင်းနဲ့အံမောင် ဖိုးတင်ရဲ့ဝါးတောနားမှာ ကင်းပုန်းသွားဝပ်……၃ရက်မချောင်းရပါဘူးကွာ…..ည၈နာရီလောက်ကြပြန်လာခဲ့…ဟုတ်ပြီလား….
..ဓားတွေကိုယ်စီယူသွား….
…တခုခုထူးခြားတာနဲ့ ရွာဘက်ကိုမီထိုးပြ….ငါတို့ချက်ချင်းလိုက်လာမယ်….

…ကောင်းပြီလေ…..
…သူကြီးပြောတဲ့အတိုင်းလုပ်ပါ့မယ်….

________________________________

“” မင်းက ဝါးတောရဲ့ ညာဘက်မှာစောင့်….ငါက ဘယ်ဘက်မှာစောင့်မယ်….ထူးခြားရင် ငါ့ဘက်မီးထိုးလိုက်….

….Ok ချစ်တင်….
ငါသွားပြီ.
….အေး….အေး…..

…မှောင်ရီပျိုးချိန်ရောက်တော့ နှစ်ဦးလုံး နေရာယူပြီးသွားလေသည်။

…အူးးးစျ ဝူးးးအူးးး

…ခွေးလေ ခွေးလွင့်များ၏ အူသံများကြောင့် ချစ်တင် ကျောထဲစိမ့်သွားလေသည်။

…ည ၇နာရီခွဲသည်အထိတော့ မည်သည့်ထူးခြားချက်မှ မတွေ့ရပေ…
…ဒါ့ကြောင့် အိမ်ပြန်ရန် အံမောင့်ကို ချိုးကူသံပေးလိုက်လေသည်။

…ကူ…ကူးး…
…ကူ…ကူးး..

….အချက်ပေးလိုက်တော့ အံမောင်တယောက် ချုံထဲမှထလာပုံကို ဝိုးတိုးဝါးတားမြင်လိုက်ရသည်…

…သို့သော်…ထို အခိုက်အတန့်မှာပဲ….

..ဝုန်းးး
…အားးး
…ကယ်ကြပါ……အူးးဝူးးး

…ဟာ….
..အံမောင်….ဘာဖြစ်တာလဲ…..

…အဖြစ်အပျက်ကမြန်ဆန်လွန်းလှသည်…..
…အံမောင်တယောက် အသံ တချက်နှစ်ချက်သာအော်နိုင်ပြီး အကောင်လိုက် အစပျောက်သွားလေတော့သည်။

….ထို့ကြောင့် ချစ်တင်လဲ အံမောင်ဆီ မသွားနိုင်ပဲ ကြောက်အားလန့်အားနှင့် ရွာဘက်သို့ပြန်ပြေးလာလေသည်။

…အားးး
..ကယ်…ကယ်ကြပါ
…အံမောင်ကို သဘက်စားသွားပြီ
….ဖိုးတင်ရဲ့သဘက် စားသွားပြီဗျို့…..
…ဝေါ…ဖြော…..ဖရော….အားးး

…ဟာ
. ..ဟေ့….ချစ်တင်
…ဘာဖြစ်လာတာလဲ…..

…အမလေး….
..သ…ဘက်….တ…ကယ်ရှိတယ်…
…အံမောင်ကို…သဘက်စားသွားပြီ……အီးးဟီးးဟီးး

…တောက်…..
…တွေ့ကြသေးတာပေါ့ကွ
…ရွာကိုဒုက္ခပေးတဲ့ ဖိုးတင်
…ပြားအုံနဲ့တွေ့ကြပြီပေါ့

..ဟေ့…ရွားသားတွေအကုန်စု
…ခုချက်ချင်း ဖိုးတင်ရဲ့ဝါးတောကို မီးတိုက်မယ်….

….သူကြီးရဲ့အူးဆောင်မှုကြောင့် လက်ယားနေသော ရွားသားများဟာ မီးတုတ်ကိုယ်စီဆွဲပြီး ဖိုးတင်ရဲ့ဝါးတောသို့ချီတက်ခါ…ဝါးတောတခုလုံးကို မီးတိုက်လိုက်ကြလေတော့သည်။

…ဝါးတောကို ပါတ်လည်ပိတ်ပြီးမီးတိုက်လိုက်သောကြောင့် ဝါးတောတခုလုံးပြာကျသွားပြီး ဖိုးတင်ရော ဖိုးတင်ရဲ့တဲပါ မီးထဲပါသွားလေတော့သည်။

….ဒါဆို ကိစ္စကအေးသွားပြီလား?

…..မအေးပါ…..
…မိုးလင်းတော့ ရွာဦးကျောင်းဆရာတော်နှင့် ကပ္ပိယကြီး ရွာထဲရောက်လာလေသည်။

“ဒါကာပြားအုံ”
…ညက ဘယ်လိုဖြစ်တာလဲကွဲ့…

…တင်ပါ့…..
…အဖြစ်က ဒီလိုပါဘုရား……
“******************************************””””အဲ့ဒါကြောင့် မဖြစ်မနေ ဖိုးတင်ရဲ့ဝါးတောကို မီးတိုက်လိုက်ရတာပါဘုရား……..

“” မှားလိုက်တာဒါကာရယ်….
…ဖိုးတင်ကို ဘုန်းကြီးယုံတယ်….
…ဒီလိုအလုပ်မျိုးဖိုးတင်မလုပ်ဘူးကွဲ့
….မနေ့ကမနက်ပဲ ဖိုးတင်တယောက် ဘုန်းကြီးဆီလာပြီး သူလေ့လာအားထုတ် နေတဲ့ အထက်လမ်းပညာကို ရာသက်ပန်စွန့်လွှတ်လိုက်ပြီလို့ ဘုန်းကြီးထံမှာ ကတိပြုသွားတယ်ကွဲ့…ဒါကာတို့ သူ့အပေါ်အမြင်မှားနေတာကိုလဲ စိတ်မကောင်းကြောင်းလျှောက်သွားတယ်။ သူ့ဝါးတောကိုလဲ ဘုန်းကြီဆီလှူသွားတယ်ကွဲ့ သာသနာ့အသုံးအဆောင်အဖြစ် အလိုရှိသလိုအသုံးပြုပါတဲ့လေ။ မနေ့ကညနေက ဦးဇင်းဆီမှာ ပုဇဉ်းခံပြီး စစ်ကိုင်းကိုကြွသွားပြီဒါကာကြီးတို့။

…. ဟာ
…ဟင်
……….အလို
….တပည့်တော်တို့မသိလိုက်ဘူး ဘုရား……
…ခက်နေတာက အံမောင်ကို သဘက်စားသွားတယ်ဆိုတာက အမှန်ဖြစ်နေပါတယ်ဘုရား…

…ဟေ…..
..မျက်မြင်သက်သေရှိလို့လား ဒါကာ

..တင်ပါ့
…ချစ်တင်ကိုယ်တိုင်မြင်ခဲ့တာပါဘုရား…..

…ရော်…..ခက်တော့ ခက်နေပြီကွယ်တို့…..တခုခုတော့ မှားနေပြီထင်တယ်…..

…တင်ပါ့…ဒီကိစ္စ တပည့်တော်စုံစမ်းချင်ပါတယ်ဘုရား…
…ဟေ
…ဘယ်လိုစုံစမ်းမှာလဲ ကပ္ပိယကြီး..

..တင်ပါ့…သူကြီးတို့ပြောနေတာကလဲ အမှန်တွေဖြစ်နေတယ်ဘုရား
…ဒီအင်းနားမှာ အန္တရာယ်တခုခု တော့ရှိနေပြီဘုရား…လောကီကိစ္စမို့ သူကြီးနဲ့တိုင်ပင်ပြီးဆောင်ရွက်ပါရစေဘုရား…..

…အိမ်း
…သတိထားပြီးတော့လုပ်ကြကွဲ့
…အမှားမဖြစ်စေနဲ့

……..တင်ပါ့ဘုရား
…သူကြီးတို့ပြောသလို သဘက်ဟုတ်မဟုတ်ဆိုတာကတော့ နေမညိုခင်သိရပါမည်ဘုရား…..

…အိမ်း….
…ဒါဖြင့် ကပ္ပိယကြီးကျန်ခဲ့ ဘုန်းကြီး ကျောင်းပြန်တော့မယ်….

..တင်ပါ့ဘုရား…….

—————————————-

“””” အံမောင်ကို သဘက်စားသွားတယ်ဆိုတာ ဘယ်နေရာလဲ ချစ်တင်….

…ဟိုးရှေ့က ဝါးတောစောင်းမှာ ကပ္ပိယကြီး.. …

…အေး…..အားလုံး ငါ့နောက်ကလိုက် ကျော်မတက်နဲ့……

..ဟုတ်ကဲ့…….

….ကပ္ပိယကြီးဟာ တုတ်ရှည်တချောင်းနဲ့ မြေကြီးကိုပုတ်ရင်း ခက်ဖြေးဖြေး ရှေ့ကသွားသည်။

…သွားရင်းနဲ့ အံမောင်ကို သဘက်စားသည်ဟုယူဆရသောနေရာရောက်သောအခါ..

…ဟေ့….ရပ်စမ်း….

..ဟင်…ဘာတွေ့လို့လဲ ကပ္ပိယကြီး

…အသာနေ….ရှေ့က မြေကွက်လပ်ကိုတွေ့လား ၈တောင်ပါတ်လည်လောက်ရှိတယ်

..ဟုတ်ကဲ့တွေ့တယ်…
…ဘာဖြစ်လို့လဲ…..

..အေး…ငါမှန်းတာမလွဲရင် အဲ့ဒါ တရားခံပဲ……

..ဟာ
…အလို
…ဗျာ…………

…ပြောပြောဆိုဆို ကပ္ပိယကြီးဟာ မြေကြီးခဲတခဲယူပြီး ထိုမြေကွက်လပ်ကိုလှန်းပေါက်လိုက်လေသည်။

..ဝှစ်
…ဖတ်
…ဖြော….ဗွပ်…..ဝီ….ဝီ……

..ဟာ
…ဘာကောင်တွေလဲ

…အဲ့ဒါ “ဆမန်နီ” လို့ခေါ်တဲ့ အသားစား ပုရွက်ဆိတ်တွေပဲ အဲ့ကျင်းကသူတို့နေတဲ့ကျင်းကြီးပဲ…အဲ့ထဲကိုကျသွားရင် လူမပြောနဲ့ ဆင်တောင် ၅မီးနစ်အတွင်းအရိုးကျအောင်စားပြစ်တာကွ…..

..ဗျာ
…အမလေး
…ဘုရား….ဘုရား
…ဘယ်….ဘယ်လိုလုပ်ကြမလဲ ကပ္ပိယကြီး….

..အင်းး
…ငါ့တသက် ပါဏာတိပါတာကံ ကိုမကြူးလွန်တော့ဘူးလို့ဆုံးဖြတ်ထားတာ ခုတော့ မဖြစ်မနေကြူးလွန်ရတော့မယ်… မကြူးလွန်ရင်လဲ လူတွေ တိရစ္ဆာန် တွေ ဒီကျင်းထဲမှာ ဘယ်လောက်တောင်ဆက်သေနေကြဦးမယ်မသိဘူး….ဟူးးး

…ကဲ…ချစ်တင်….အင်းစပ်မှာ ရွံ့စေးစေး များများသွားခွာစမ်း….ကျင်းရဲ့ဂယ်ပေါက်တွေကို ပိတ်ရမယ်…..ငတိုးက ရွာဘက်ပြန်ပြီး သူကြီးဆီက ရေနံတပုံးတောင်းလာခဲ့…..

..ဟုတ်ကဲ့ ကပ္ပိယကြီး

….ထို့နောက် ကပ္ပိယကြီးဟာ ကျင်းနှုတ်ခမ်းများကို တုတ်နဲ့ထိုးပြီးနေရာမှတ်လိုက်သည်။ ပါတ်လည်အကျယ်က ၈တောင်ပါတ်လည်လောက်ရှိသည်…အပေါက်အားလုံး ဂယ်ပေါက်၃ပေါက် အဓိကအပေါက်တခုက၁ထွာသာသာကျယ်သည်။
ချစ်တင်တို့ပြန်ရောက်လာတော့ ရွှံစေးများဖြင့်ဂယ်ပေါက်များကိုပိတ်လိုက်သည်။ ထို့နောက် ချစ်တင်ယူလာသောရေနံဆီများဖြင့် အမိုက်တွေကိုနယ်ပြီး ကျင်းထဲသို့ ဖြေးဖြေးခြင်းထိုးထဲ့လိုက်သည်။ လိုအက်သည့်အတိုင်းအတာထိထည့်ပြီးသောအခါ ရေနံဆီအဝတ်စတခုကိုမီးရှို့ပြီး ကျင်းပေါက်ထဲသို့ထဲ့လိုက်ရာ…..

….ရှဲ….ရှဲ…….
…ဖြော….ဗြော……
…ဝေါ…….ဝုန်း……..
…ဝီ…..ဝီ…..ဝီ………….
….ဝေါ…..ဝေါ………..ဖရော…..

…ရေနံဆွတ်ထားသောအမှိုက်များဟာ ကျင်းအတွင်းမှ မီးတောက်မထွက်ပဲ လိုက်ပြီးလောင်နေသဖြင့် မီးခိုးများအူထွက်လာခြင်းနဲ့အတူ ကျင်းအတွင်းက ဆမန်နီအသားစားပုရွက်ဆိတ်များအားလုံး ရုန်းရင်းဆန်ခတ်ဖြစ်ကုန်ပြီး ဂျက်လေယဉ်အသံကဲ့သို့ တဝီဝီမြည်ကာ ကမ္ဘာပျက်ကုန်ကြလေသည်။ ဤသို့ဖြင့် ကျင်းထဲမှ အသံများတိတ်သွားသောအခါ ကျင်းပေါ်သို့ ဝါးလုံးရှည်များဝိုင်းထိုး၍ ကျင်းကို ဖြိုလိုက်ကြသည်။

ဝုန်းးး ဖြောင်းးအုန်းးး

…ကျင်းအဖုံးပွင့်သွားသောကြောင့် လှိုက်၍လောင်နေသောလောင်စာများဟာ အရှိန်ပြင်းပြင်းနှင့်မီးထတောက်ပြီး တကျင်းလုံးပြာကျအောင်ဝါးမြိုသွားလေတောသည်၊
….မီးငြိမ်းသွားတော့ ကျင်းအတွင်းသို့သေသေချချာဝိုင်းကြည့်လိုက်သောအခါ….ပြာဖြစ်သွားသောပုရွတ်ဆိတ်များအပြင် တိရစ္ဆာန် ပေါင်းစုံ၏အရိုးစုများအပါအဝင် လူအရိုးစုတခုကိုပါတွေ့လိုက်ရပါတော့သည်။
……. ထိုးအရိုးစုကတော့ သဘက်ကိုက်လို့သေပါသည်ဆိုသော အုံးမောင်၏အရိုးစုသာဖြစ်ပါတော့သည်ခင်ဗျာ။

( ပြီးပါပြီ)

မောင်ဂေါ်လိီ (ဟင်္သာတ)

#credit