*ဖိုးထွားနှင့် ကတက်ချဉ်*📖📖📖
******************************
လယ်တွင်းသားစောချစ်
တနင်္ဂနွေရုံးပိတ်ရက် မိသားစု မနက်စာစားနေကြစဉ်
‘ကတက်ချဉ်’
လမ်းပေါ်မှ ဈေးသည်၏အသံ
‘ဟ. . . ကတက်ချဉ်တဲ့’
ကျွန်တော်စိတ်ဝင်တစား ပြောလိုက်မိသော ကြောင့်….
‘စားချင်လို့လား . ကတက်ချဉ်သည်လာဦး’
ကျွန်တော့်ဇနီးက ကျွန်တော့်ကိုမေးရင်း တစ် ဆက်တည်း ကတက်ချဉ်သည်ကို လှမ်းခေါ်လိုက် သည်။ ကတက်ချဉ်သည်ရောက်လာ၍ ကတက်ချဉ်ဇလုံကြီးကို ခေါင်းပေါ်မှချသည်။ မြင်လိုက်ရုံနှင့် သိ ပါသည်။ ညိုညိုဖားဖားအပြားကြီးကြီး ရာဘာရွက် ကြီးများ. . . . .
“ဟာ . . မစစ်ဘူး”
ကျွန်တော်နှုတ်မှ လွှတ်ခနဲထွက်သွားသည်။
“အစစ်ပါတော်၊ ကိုယ်တိုင်ခူးရောင်းတာ၊ ကျုပ် တို့ဘယ်တော့မှ အတုမရောင်းဘူး”
ကတက်ချဉ်သည် အဒေါ်ကြီးက မကျေနပ် ခပ် စွာစွာပြန်ပြောသည်။
ကျွန်တော် ဘာမျှမပြောတော့ပါ။ ကျွန်တော့် ဇနီးကလည်း ကိစ္စမြန်မြန်ပြီးသွားရန် တစ်ရာဖိုး ဝယ်သည်။
နည်းနည်းလေးသာ ပေးသည်။ အတုပင် ဖောဖော သီသီမရ။ တိုတောင်းသော ကတက်ချဉ်သည်၏ ရာဘာရွက်များကိုကြည့်၍ ဖိုးထွား၏ သွယ်ပြောင်းနူးညံ့သည့် ကတက်ချဉ်ရွက်တို့ကို တသ လွမ်းဆွတ် မိပါသည်။
ဖိုးထွားသည် ကျွန်တော်တို့ရွာသား မဟုတ်။ ကျွန်တော်တို့ရွာဆိုသည်က ကျောက်ဆည်လယ် တွင်း ကိုးခရိုင်အပါအဝင် ဝန်းသိုရွာ။ ဖိုးထွားက အောက်ပြည်အောက်ရွာမှ ကရင်တိုင်းရင်းနွယ်ဖွား။ စစ်အတွင်းက ကုန်ရောင်းကုန်ဝယ်လုပ်ရင်း ဇနီးသည် နှင့်အတူ ရောက်လာသည်ဟုဆိုသည်။
စစ်ကြောင့် ခရီးလည်းမဆက်နိုင်။ အောက်ပြည် အောက်ရွာလည်းမပြန်နိုင်ဘဲ ကျွန်တော်တို့ရွာမှာ သောင်တင်နေခဲ့သည်။ အရေးထဲမှာ ဇနီးသည်က မကျန်းမမာဖြစ်လာသည်။
ဖိုးထွားတို့လင်မယားကို ရွာသားများက ဝိုင်းဝန်း ကူညီကြသည်။ မကျန်းမာသူကို ပြုစုစောင့်ရှောက်ကြသည်။
ဖိုးထွား၏ ဇနီးမှာ ဆုံးသွားရှာသည်။ ရွာသူ ရွာသားအားလုံး ဖိုးထွားကို သနားကြသည်။ ဈာပန ကိစ္စ ကူညီဆောင်ရွက်ပေးကြသည်။
ဇနီးခေါင်းချသော နေရာဖြစ်ရုံမက ရွာသူရွာသား များ၏ စေတနာမေတ္တာကိုလည်း မြတ်နိုးလေးစား၍ ဖိုးထွားအောက်ပြည်အောက်ရွာကို မပြန်တော့ပါ။
ကျွန်တော်တို့ရွာမှာ အမြဲနေသွားသည်။ ရွာသူ ရွာသားများက ရွာလယ်ဝတ်တက်စင်နံဘေးမှာ ဖိုးထွားအတွက် အိမ်လေးတစ်လုံးဆောက်ပေးကြ သည်။ ဖိုးထွား၏ အသက်မွေးဝမ်းကျောင်းအလုပ် မှာ ကတက်ချဉ်ရောင်းခြင်းဖြစ်၏။
ကျွန်တော်တို့ရွာ၏တောင်ဘက်တွင် တစ်ချိန်က တက်ဘေးကိုးရွာဖြစ်ခဲ့သည်ဆိုသော ကုန်းကိုးကုန်း ရှိသည်။ ရွာ၏အနောက်တောင်ဘက်တွင် စင်္ကြံကုန်းရှိသည်။ ထိုကုန်းဆယ်ကုန်းတွင် ကတက်ပင်များ ပေါက်ကြသည်။ မည်သူမျှမပိုင်၍ မည်သူမဆို ခူးနိုင် သည်။
သို့သော် ရွာသူရွာသားများက မခူးကြ။ ဖိုးထွား အတွက်ထားသည်။ ဖိုးထွားက ကုန်းဆယ်ကုန်းက ကတက်ပင်များကို အလှည့်ကျခူးပြီး စဉ့်အိုးနှစ်လုံး နှင့် အချဉ်တည်သည်။ ကတက်ချဉ်သွားဝယ်လျှင် ဖိုးထွားက ဘယ်တော့မျှကိုယ်တိုင်ယူမပေး၊ ဝယ်သူကိုယ်တိုင်ယူရသည်။
တစ်ခါဝယ်လျှင် ငွေတစ်မတ်၊ ငွေမရှိလျှင် ဆန် နို့ဆီဘူးနှင့် တစ်လုံးပေးရသည်။ ကတက်ချဉ်က တော့ ကိုယ့်မိသားစုစားလောက်အောင်ယူနိုင်သည်။ မိသားစုများလျှင်များများယူ၊ နည်းလျှင် နည်းနည်း ယူ။ လောဘကြီးပြီး လိုသည်ထက်ပိုယူလျှင်လည်း ဖိုးထွားက ဘာမျှမပြော။
ကတက်ချဉ်ဖိုးရသော ငွေကလေးများနှင့် ဖိုးထွားဟင်းလျာဝယ်သည်။ ရေနွေးကြမ်းသောက်ရန် လက်ဖက်ခြောက်ဝယ်သည်။ ဆေးတံသောက်ရန် ဆေးမှုန့်ဝယ်သည်။ အဝတ်အထည်ကုန်စရာ သိပ်မရှိ။ ချည်ကြမ်းပုဆိုးနှစ်ထည်ရှိလျှင် ဝတ်ပါလေ့။
အင်္ကျီက ဆောင်းလေးလသာ ဖိုးထွားဝတ် သည်။ ကျန်နှစ်လမှာ အင်္ကျီတုံးလုံး။ သိပ်ချမ်းသည့် လများတွင် ဖိုးထွားအတွက် ကာကီရောင် ဂျပန်ဝတ်ရုံကြီးရှိသည်။ ထိုအင်္ကျီကြီးသည် ဖိုးထွားတစ်သက်လုံးအတွက် တစ်ခုတည်းသောအနွေးထည်။
တစ်နှစ်စာဆန်အတွက် ဖိုးထွားမပူရ။ စပါးရိတ်ချိန်ကျလျှင် လယ်ရိတ်သူတိုင်းက ဖိုးထွားကို ဖိတ်ခေါ် ကြသည်။ ထမ်းပိုးတစ်ချောင်းယူ၍ လယ်ရိတ်ရာလိုက်သွားပြီး ရိတ်ပြီးသားကောက်လှိုင်းများထဲမှ ဖိုးထွားထမ်းနိုင်သမျှ တစ်ထမ်းယူခွင့်ရသည်။ ကောက်ဦးကောက်ဖျား ဒါနပြုကြခြင်းဖြစ်၏။
တစ်နေ့တည်း လယ်ရိတ်တွေ ဆုံနေလျှင် ဖိုးထွား သုံးခေါက်ထမ်းရသည်။ မော၍မထမ်းနိုင်တော့လျှင် ကိစ္စမရှိ နောက်နေ့မှ သွားထမ်း၍ရသည်။
ဖိုးထွား အသက်ခြောက်ဆယ်ခန့်အထိ ကောက် လှိုင်းကြီးကြီး နှစ်စည်းကို ရှေ့နောက်ထမ်းနိုင်သည်။
အိမ်ရောက်သောကောက်လှိုင်းကို ဖိုးထွားက အစေ့ခြွေ နေလှမ်းပြီး ပုတ်နှင့်ထည့်ထားသည်။ နှစ်စဉ်နှစ်တိုင်း စပါးတင်းငါးဆယ်ကျော်ရသည်။
အိမ်အမိုးကို ပြင်မိုးရသော်လည်း ဖိုးထွားအတွက် ငွေမကုန်၊ သက်ငယ်ပျစ်သောမိန်းကလေးများက သက်ငယ်ပျစ်တစ်ရာရတိုင်း ဖိုးထွားအတွက် တစ်ပျစ် ဖယ်ထားပေးကြသည်။
သက်ငယ်ပြည့်စုံသော် ရွာထဲမှ လူငယ်များက ဖိုးထွားအိမ်ကလေးကို ပြင်မိုးပေးနေကျ။ ဖိုးထွား၏ တစ်နေ့တာအလုပ်မှာ မနက်စောစော ကတက်ရွက် ခူးထွက်သည်။
အိမ်ပြန်ရောက်သည်နှင့် ခူးလာသော ကတက် ရွက်များကို ရေစင်စင်ဆေးပြီး အလျဉ်ရနေသော အချဉ်အိုးများမှာထည့်သည်။ သူစားဖို့ထမင်းဟင်း သူကိုယ်တိုင်ချက်သည်။ ဖိုးထွား တစ်နေ့တာ အားလပ်ချိန်များစွာရ၏။ ဖိုးထွား၏ စည်းစိမ်မှာ အိမ် ရှေ့မှ ပက်လက်ကုလားထိုင်တွင် တစ်နေ့လုံးထိုင်ပြီး ရေနွေးကြမ်းသောက်သည်။
ဆေးတံသောက်သည်။ ဖိုးထွားက စကားလည်း အလွန်နည်း၏။ အေးဆေးသော ဖိုးထွား၊ ငြိမ်းချမ်း သောဖိုးထွားကို တစ်ရွာလုံးက ချစ်ခင်ကြသည်။
ကျွန်တော်ငယ်စဉ်က ဖိုးထွားအိမ်သို့ အကြိမ် များစွာ ကတက်ချဉ်သွားဝယ်ခဲ့ဖူးပါ၏။ စပါးရိတ် ချိန်တိုင်း ကောက်လှိုင်းထမ်းနေသော ဖိုးထွားကို မြင်ခဲ့ရပါ၏။
သူ့အိမ်ရှေ့မှဖြတ်သွားတိုင်း ပက်လက် ကုလား ထိုင်တွင်ထိုင်၍ ဆေးတံခဲနေသော ဖိုးထွားကို ကြည့် ခဲ့ရပါ၏။
ထမင်းစားရင်း ကတက်ချဉ်ကို အကြောင်းပြု၍ ဖိုးထွားအကြောင်းကို တသီတတန်းကြီး သတိရ နေသည်။ ထို့ကြောင့် ထမင်းအတူစားနေကြသော မယားနှင့် သားသမီးများကို ဖိုးထွားအကြောင်း စိတ်လို လက်ရပြောပြနေမိသည်။ ပြောရင်းပြောရင်း ဖိုးထွားကို မြင်ယောင်လာသည်။ ကူညီတတ်သော ရွာဓလေ့ကလေးများကို သတိတရဖြစ်မိသည်။
‘အဲဒီ အဘိုးကြီး ခုရှိသေးလား’ သမီးက မေး သည်။
‘မရှိတော့ဘူး ဆုံးရှာပြီ’
‘အဲဒီအဘိုးကြီး မကျန်းမာတော့ ဘယ်သူက ပြုစုလဲ’ ဆယ်တန်းရောက်သော သားကစူးစမ်းသည်။
‘ရွာက ဝိုင်းပြီးပြုစုကြတာပေါ့၊ အများအားဖြင့် သူ့ အိမ်နဲ့နီးတဲ့ အိမ်တွေကပေါ့’
‘သေတော့ ဘယ်သူကသင်္ဂြိုလ်လဲ’ သား၏ နောက်ထပ်စူးစမ်းမှုတစ်ခု။
‘ရွာကဝိုင်းပြီးသင်္ဂြိုလ်တာပေါ့၊ ရွာထုံးစံအတိုင်း တစ်ရွာလုံးလိုက်ပို့ကြတော့ စည်စည်ကားကားပါပဲ’
‘ဒါတွေအားလုံး ဖေဖေစိတ်ကူးယဉ်ပြောနေ တာ မဟုတ်လား’
ဆယ်တန်းရောက်နေသော သားထံမှ မမျှော်လင့်ဘဲထွက်ပေါ်လာသော မေးခွန်းကြောင့် ကျွန်တော့် စိတ်ထဲမှာ အောင့်သွားသည်။ သားကိုလည်း မကျေ မနပ် ကြည့်လိုက်သည်။
သူမေးပုံက ကျွန်တော် ပြောသည်များကို မယုံ သော သဘော။ စာရေးဆရာဉာဉ်နှင့် စိတ်ကူးယဉ် ပြီး ပြောနေသည်ဟု စွပ်စွဲလိုသောသဘော။
‘ကိုကိုမေးတာဟုတ်တယ်၊ ဖေဖေပြောတာတွေက တကယ်ဖြစ်နိုင်ပါ့မလား’
ရှစ်တန်းရောက်နေသော သမီးကပါ သူ့အစ်ကို နှင့် တစ်သဘောတည်း မေးနေပြန်သည်။
‘ဘာလဲ မင်းတို့က မယုံလို့လား’
ကျွန်တော့်လေသံမာသွား၍ သားနှင့်သမီးက ဘာမျှပြန်မဖြေပါ။
အေး ငါအခုပြောခဲ့တာတွေအားလုံး တစ်ခုမှ လုပ်ကြံတာမပါဘူး။ ငါတို့ရွာမှာ ဖိုးထွားရဲ့ကတက် ချဉ်ကို ဝယ်စားခဲ့တဲ့လူတွေ ဖိုးထွားကို ကောက်လှိုင်း ပေးခဲ့တဲ့လူတွေ ဖိုးထွား နေမကောင်းတော့ ပြုစုခဲ့တဲ့လူတွေ ခုထိအများကြီးရှိသေးတယ်။
‘. . . ငါတို့ရွာမှာ ဒါဟာဘာမှမဆန်းတဲ့ကိစ္စ၊ ဒါ လောက်ရိုးတာလွန်တဲ့ကိစ္စကို အဆန်းထင်နေတဲ့ မင်းတို့ကမှ အံ့ဩစရာကောင်းတာ’
ကျွန်တော်၏ ဒေါသပါသောစကားများကြောင့် ထမင်းဝိုင်းလေး တိတ်ဆိတ်သွားသည်။
‘ဪ. . . သူတို့က မြို့မှာမွေးပြီး မြို့မှာပဲ ကြီးပြင်းရတော့ သူ့ပတ်ဝန်းကျင်နဲ့ယှဉ်ပြီး ဆန်းတယ်လို့ ထင်တာလည်း အံ့ဩစရာ မရှိပါဘူးလေ’
ကလေးများအမေ၏ မှတ်ချက်က ကောင်း ပါသည်။ ကျွန်တော်၏ တင်းမာနေသောစိတ်များ လည်း ပြေလျော့သွားပါသည်။
သို့သော် စိတ်မကောင်းတော့ ဖြစ်မိသည်။
အလွန်ရိုးသားပြီး ချစ်စရာကောင်းသော ရွာဓလေ့ကလေးများသည် မြို့ရပ်ဝန်းကျင်မှ ယနေ့ လူငယ်များအတွက် မယုံနိုင်စရာ အဆန်းတကြယ် ဖြစ်နေကြပြီလား။
လယ်တွင်းသားစောချစ်
ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀)၊ အမှတ်(၅) မှ