“ဖုတ်ဝင်သွားတဲ့ သူငယ်ချင်း”(စ/ဆုံး)
==============================
(၁)
ဒီအဖြစ်အပျက်က တကယ်ဖြစ်ခဲ့တဲ့အဖြစ်အပျက်ဗျ၊ ကျုပ်တစ်သက်မမေ့စရာအဖြစ်အပျက်ဆိုရင်လည်း မမှားပါဘူးဗျာ၊ အဲဒီအဖြစ်အပျက်မဖြစ်ခင်က ကျုပ်က လူမိုက်ဗျ၊ သရဲတစ္ဆေဆိုတာလည်း ယုံတာမဟုတ်ဘူးဗျာ၊ အကြောက်အလန့်လည်းမရှိဘူး၊ ဖုတ်တို့ဘာဆို့ဆိုရင် ဝေလာဝေးပေါ့ဗျာ၊ ဒီအဖြစ်အပျက်ကြုံပြီးကတည်းက ကျုပ်ပရလောကသားတွေရှိတယ်ဆိုတာကို ယုံသွားတယ်၊ လူမိုက်အဖြစ်ကနေလည်း ကျွတ်သွားတယ်ဆိုပါတော့ဗျာ၊ ဒါ ကျုပ်သူငယ်ချင်းကောင်းမှုှုလို့ ပြောလို့ရပါတယ်။
ဒီလိုဗျ၊ ကျုပ်တို့ရွာကလေးက ကျောက်ဆည်ခရိုင်ထဲမှာရှိတဲ့ရွာကလေးပါ၊ ရွာနာမည်ကိုတော့ မပြောတော့ပါဘူးဗျာ၊ ကျုပ်တို့ရွာကလေးက ရှမ်းရိုးမနဲ့လည်းနီးသဗျ၊ ရွာအရှေ့ဘက်မှာ တောင်တွေရှိတယ်၊ အဲဒီကနေဆက်သွားရင်တော့ ရှမ်းရိုးမပေါ်ရောက်နိုင်တယ်ဗျ၊ ရွာအနောက်ဘက်မှာတော့ လယ်ကွင်းတွေချည်းပါပဲဗျာ၊ လယ်စိုက်ချိန်ဆိုရင်တော့ မျက်စိတစ်ဆုံးလယ်ကွင်းတွေက တစ်မျှော်တစ်ခေါ်ပဲဗျ၊ ကျုပ်တို့ရွာမှာ ကျုပ်က နာမည်ကြီးလူမိုက်ပေါ့ဗျာ၊ ကျုပ်တစ်ယောက်တည်း မိုက်တာတော့မဟုတ်ဘူးဗျ၊ ကျုပ်သူငယ်ချင်းနဲ့ အတူတူပေါင်းပြီးမိုက်ကြတာ၊ ဒီကောင့်နာမည်က တင်ကြိုင်တဲ့ဗျာ။
ကျုပ်နာမည်ကတော့ ဂတုံးလို့ခေါ်တယ်ဗျ၊ ဂတုံးဆိုတဲ့အတိုင်း ကျုပ်ခေါင်းကလည်း အမြဲဂတုံးကြီးပဲဗျာ၊ ဆံပင်ရှည်လာရင်မနေတတ်လို့ သင်တုန်းဓါးထက်ထက်နဲ့ အားတိုင်းခေါင်းကိုရိတ်နေမိတာ၊ ခေါင်းရိတ်ပြီးရင် ဆီပွတ်ရတယ်ဆိုလို့ ဆီတွေပွတ်ထားတော့ ဂတုံးက ပြောင်ပြီးဝင်းနေပါရောဗျာ၊ ကျုပ်တို့ရွာနီးချုပ်စပ်မှာ ဂတုံးနဲ့ငကြိုင်ဆိုရင် မသိသူမရှိဘူးဗျ၊ ဆိုးကြမိုက်ကြတာကိုးဗျာ။
ကျုုပ်ကလည်း အဘွားနဲ့နေတဲ့ကောင်ဗျ၊ မိဘတွေကတော့ မိုးကုတ်တက်ပြီးကျောက်သွားလုပ်ရင်း နှစ်ယောက်စလုံးပြန်မလာနိုင်ကြတော့ဘူး၊ တစ်ကောင်ကြွက်ဆိုတော့ ဘွားအေကလည်း ကျုပ်ကိုသိပ်ချစ်တာဗျ၊ ဒီလိုကနေ လူမိုက်ဖြစ်လာတယ်ပေါ့ဗျာ၊ ငကြိုင်ကတော့ မိဘတွေရှိသေးတယ်ဗျ၊ ဒါပေမယ့် မိဘတွေက ပြောမရလို့ ဥပေက္ခာပြုထားကြတဲ့ကောင်၊ ကျုပ်တို့နှစ်ယောက် မနက်မိုးလင်းတာနဲ့ ရွာထိပ်အရက်ဆိုင်မှာ အတူတူဆုံကြတယ်ဗျ၊ ပြီးတော့ မနက်စာအဖြစ်အရက်သောက်ပြီး ရေချိန်ကိုက်သွားပြီဆိုရင်တော့ ကြက်ဝိုင်းဖြစ်ဖြစ်၊ ဖဲဝိုင်းဖြစ်ဖြစ် လိုက်ရှာတာပါပဲဗျာ၊ အဲဒီမှာ တစ်နေကုန်အချိန်ဖြုန်းတယ်၊ မကျေနပ်ရင်တော့ ရိုက်ကြနှက်ကြတယ်ဗျာ၊ ကျုပ်တို့က လက်ရဲဇက်ရဲဆိုတော့ ကျုပ်တို့ခံလာရတယ်ဆိုတာ ရှားတယ်ဗျ၊ ရိုက်နှက်ပြီးရင်တော့ ရုံးရောက်ဂါတ်ရောက် လိုက်ရှင်းကြတော့ပဲ၊ ဒါပေမယ့် များသောအားဖြင့်က လူမိုက်အချင်းချင်းရိုက်ကြတာဆိုတော့ ရဲတွေဘာတွေတိုင်တဲ့လူရှားတယ်ဗျ၊ တစ်ယောက်နဲ့တစ်ယောက် ညှိုးတေးထားပြီးတော့ အခွင့်သာရင် ဆော်မယ်ဆိုတဲ့ကောင်တွေချည်းပဲကိုး။
ကျုပ်တို့ပိုက်ဆံဘယ်လိုရှာသလဲသိချင်သွားပြီထင်တယ်ဗျ၊ လက်ရဲတဲ့လူအဖို့ ငွေလည်းမခက်ခဲဘူးဆိုသလိုပေါ့ဗျာ၊ ဟိုရွာက ဟိုလူ့ကိုရိုက်ပေးပါဆိုရင် ရိုက်ပေးတာပဲ၊ ရိုက်တာတောင်မှ သေအောင်ရိုက်မှာလား၊ လက်ကျိုးအောင်ရိုက်မှာလား၊ ဆေးရုံရောက်အောင်ရိုက်မှာလား၊ မှတ်လောက်သားလောက်ဖြစ်သွားအောင်ပဲလားဆိုပြီးတော့ အဲဒီအပေါ်ကြည့်ပြီး ငွေကိုယူတာဗျ၊ ခေတ်အခြေအနေကလည်း ၈၈အရေးအခင်းပြီးခါစလောက်ဆိုတော့ ရပ်ရွာကလည်း မငြိမ်သက်သေးဘူးကိုးဗျ၊ ဒီအပေါ်မှာ ကျုပ်တို့က စီးပွားရှာစားနေတာ၊ ရိုက်ခိုင်းတဲ့လူကလည်း ခပ်များများဗျ၊ တောရွာမှာက တစ်ယောက်နဲ့တစ်ယောက်မကျေနပ်ရင် ချောင်းရိုက်ခိုင်းတာများတယ်၊ တစ်ခါတလေဆိုရင် တစ်နေ့တည်း ရိုက်မှုနှစ်မှုလောက် ကြုံနေတာမျိုးရှိသေးတယ်၊ ဒီတော့ အလုပ်နဲ့လက်နဲ့ မပြတ်ဆိုသလို၊ လက်နဲ့ပိုက်ဆံနဲ့လည်း မပြတ်ဘူးပေါ့ဗျာ၊ ကျုပ်တို့ဘယ်လောက်နာမည်ကြီးသလဲဆိုရင် မန္တလေးဘက်ကတောင်မှ ခေါ်ပြီးရိုက်ခိုင်းတာတွေရှိတယ်။
တစ်ညတော့ ကျုပ်နဲ့ငကြိုင်နဲ့ ထုံးစံအတိုင်း လူမှန်းမသိအောင် သောက်စားပြီးတော့ အိမ်ကိုပြန်လာခဲ့ကြတယ်ဗျ၊ ငကြိုင်ရဲ့အိမ်က ရွာထိပ်နားဆိုတော့ သူကအရင်ရောက်သွားတာပေါ့၊ ကျုပ်တို့အိမ်က ရွာစွန်လောက်မှာဆိုတော့ ကျုပ်တစ်ယောက်တည်းပြန်လာခဲ့ပါရောဗျာ၊ အိမ်ရောက်တော့ အဘွားကအိပ်တောင်နေပြီဗျ၊ ကျုပ်ရလာခဲ့တဲ့ ပိုက်ဆံလေးတွေထဲက တစ်ချို့တစ်ဝက်ကို အဘွားဈေးဖိုးအတွက် သူ့ဖျာအောက်မှာထိုးထည့်လိုက်ပြီး ကျုပ်လည်း အိပ်ရာပေါ်တက်အိပ်လိုက်တာပေါ့ဗျာ၊ လူကလည်းမူးနေတာဆိုတော့ ခေါင်းအုံးနဲ့ခေါင်းနဲ့ထိလိုက်တာနဲ့ အိပ်ပျော်သွားတော့တာပဲဗျာ။
“ဟေ့ကောင်၊ ဂတုံး၊ ထစမ်းပါကွာ မင်းကလဲ”
ကျုပ်အိပ်နေတုန်း အသံကြားလို့ခေါင်းထောင်ကြည့်လိုက်တော့ ခေါင်းရင်းဘက်ကနေခေါ်နေတာဗျ၊
“ဟေ ဘယ်သူလဲကွ၊ ငါ့ကိုခေါ်နေတာ”
“ငါပါကွ ငကြိုင်ပါ”
“ဟ၊ ငကြိုင် ဒီအချိန်ကြီးဘာလာလုပ်တာတုန်းကွ၊ ကြည့်ရတာ မင်းအဖေက မင်းကိုအိမ်ပေါ်ကနေ နှင်ချလိုက်ပြီနဲ့တူတယ်၊ လာ . . . လာ အိမ်ပေါ်တက်ခဲ့လေ”
ငကြိုင်ကို ကျုပ်မြင်တော့မမြင်ရဘူးဗျ၊ ဒီကောင်က အိမ်ခေါင်းရင်းကနေ ပြောနေတာကိုး။
“ငါအိမ်ပေါ်မတက်တော့ပါဘူး ဂတုံးရာ၊ ငါ . . . ငါသေပြီကွ”
ကျုပ်ဖြင့််ခေါင်းနားပန်းတွေ ကြီးသွားတယ်။
“ဘာကွ၊ မင်းဘာတွေပြောနေတာလဲ၊ ခုနကပဲ မင်းနဲ့ငါနဲ့ အတူတူအိမ်ပြန်သွားကြတာလေကွာ”
“ဟုတ်တယ်၊ ငါအိမ်မရောက်ခင် ဖိုးကျော်တို့ရောက်လာတယ်ကွ၊ ငါ့ကို ရွာထိပ်ကိုခဏလိုက်ခဲ့ပါလို့ခေါ်ပြီး ရွာထိပ်ရောက်တဲ့အချိန် တိုးကြီးနဲ့ ငကောင်းက ဓါးနဲ့ဝိုင်းခုတ်တာပဲကွာ”
“ဟာ၊ မင်းပြောတာတကယ်လားကွ”
“တကယ်ပါဆိုမှကွာ၊ ငါ့အိမ်ကိုတော့ ငါပြောပြီးပြီ၊ အခုမင်းကိုလာပြောတာ သူငယ်ချင်း”
“ဟေ့ကောင် ငကြိုင်၊ နေပါအုံး၊ နေပါအုံးကွ”
ကျုပ်အော်လိုက်မိတယ်ဗျ၊ အိပ်နေရာကနေလည်း ငုတ်တုတ်ထိုင်မိသွားတယ်၊ ဒီတော့မှ ကျုပ်အိပ်မက်မက်နေမှန်း သိလိုက်သဗျာ၊ ခေါင်းရင်းတံခါးကလည်း ပွင့်လို့ရယ်ဗျ၊ ကျုပ်စိတ်ထဲ အိပ်မက်လိုလို တကယ်လိုလိုနဲ့ လွန်ဆွဲနေတာပေါ့ဗျာ။
“ငကြိုင်က လွယ်လွယ်သေမလား၊ ငါမူးပြိးတော့ အိပ်မက်တွေလျှောက်မက်နေတာဖြစ်မှာပါ”
ကျုပ်လည်း ဖြည့်တွေးလိုက်ပြီးတော့ စောင်ခြုံပြီးဆက်အိပ်နေလိုက်တယ်ဗျာ။
(၂)
“ဟဲ့မြေး၊ ဂတုံး ထတော့ဟဲ့”
မနက်ခင်းလင်းလို့ ကျုပ်ကို အဘွားကလာ နှိုးတော့မှ ကျုပ်လည်း ငုတ်တုတ်ထထိုင်လိုက်ရတယ်၊ ခေါင်းတွေလည်း ကိုက်ခဲနေတာပဲဗျာ။ အဘွားက ဈေးသွားဖို့တောင်အသင့်ဖြစ်နေပါရော။
“အဘွား၊ ဈေးသွားမလို့လား”
“အစကတော့ ဈေးသွားမလို့ပဲ မြေးရဲ့ ရွာထိပ်နားရောက်တော့မှ ပြန်လှည့်လာတာ”
“ဘာဖြစ်လို့ ပြန်လှည့်လာရတာလဲ”
အဘွားက မျက်စိပျက်မျက်နှာပျက်နဲ့
“နင့်သူငယ်ချင်း ငကြိုင်သေပြီတဲ့”
“ဗျာ၊ . . ..”
ကျုပ်ဗျာခနဲ အသံအကျယ်ကြီးနဲ့အော်လိုက်မိတယ်၊ ငကြိုင်သေတာကို သိပ်မထူးဆန်းပေမယ့် ညက လာပြောတာကိုကြားပြီးတော့ ပိုပြီးထူးဆန်းနေမိတာဗျ၊ ဒါနဲ့အဘွားလက်တွေကို ဆွဲလိုက်ပြီး
“ဘယ်လိုဖြစ်ပြီးသေသွားရတာလဲ အဘွားရာ”
“သူများသတ်လို့သေတယ်ပြောတာပဲ၊ ရွာအပြင် နတ်ကွန်းအရှေ့နားမှာ ဇက်ပြတ်ပြီးသေနေတာတဲ့၊ သူသေတာကို သူ့အိမ်ကလူတွေကို အိပ်မက်ပေးလို့ ထွက်ကြည့်တော့မှ အလောင်းကိုတွေ့ရတာတဲ့”
ကျုပ်ပါးစပ်ကို မစေ့နိုင်တော့ဘူးဗျာ၊ ကျုပ်ငေါင်ငေါင်ကြီးရပ်နေမိတယ်။
“နင့်သူငယ်ချင်းနေတာကို ဒီအတိုင်းနေလို့မကောင်းဘူး၊ သွားသွား မျက်နှာလေးဘာလေးသွားသစ်၊ အဝတ်အစားလေးဘာလေးလဲပြီးတော့ နာရေးအိမ်သတင်းသွားမေးလိုက်စမ်းပါ”
ကျုပ်လည်း အဘွားပြောတာနဲ့ မျက်နှာကိုကပြာကယာသစ်ပြီးတော့ အဝတ်အစားလဲပြီး ငကြိုင်ရဲ့အိမ်ကိုထွက်ခဲ့ပါရောဗျာ၊ နာရေးအိမ်ဆိုပေမယ့် ငကြိုင်တို့အိမ်မှာ လူသိပ်မစည်ဘူးဗျ၊ ဒီကောင်က လူမိုက်ဆိုတော့ သူသေသွားလို့ ဝမ်းနည်းတာထက် ဝမ်းသာနေကြတဲ့လူက ပိုပြီးများနေမှာဗျ၊ သူ့ညီမတွေနဲ့ မိဘတွေလောက်ပဲရှိတယ်၊ ကာလသားတွေကတော့ ငကြိုင့်အတွက်အခေါင်းစပ်ပေးနေကြတယ်၊ ကျုပ်ရောက်ပြီး ငကြိုင်ကိုကြည့်လိုက်တော့ ငကြိုင်က စင်းစင်းကြီးသေလို့ဗျ၊ လည်ပင်းကိုလည်း အဝတ်တွေနဲ့ပတ်ထားသေးတယ်၊ ကျုပ်အချစ်ဆုံးသူငယ်ချင်း သေတာဆိုတော့ ကျုပ်လည်း သူ့အလောင်းကိုဆွဲဆွဲပြီးငိုတော့တာပေါ့ဗျာ။
ကျုပ်တို့နယ်ဖက်မှာ လူသေရင် ဖဲဝိုင်းထောင်တာထုံးစံပါပဲဗျာ၊ ဖဲဝိုင်းထောင်ပြီး အကောက်ကောက်ရင်းနဲ့ နာရေးအတွက် အလှူငွေလည်းတစ်ဖက်တစ်လမ်းက ဖြစ်တာပေါ့ဗျာ၊ ငကြိုင်နာရေးက မနက်ပိုင်းက မစည်ကားပေးမယ့် ညဘက်ရောက်တော့ လူတွေကို အုံးအုံးထနေတာပါပဲဗျာ၊ လူမိုက်သေတာဆိုတော့ လူမိုက်တွေကပဲ ဖဲဝိုင်းလာထောင်ကြတယ်ဗျာ၊ အိမ်ရှေ့မြေပြင်မှာ ဖျာကြမ်းကြီးခင်းထားပြီးတော့ ဖဲဝိုင်းထောင်ကြတာ၊ ဝိုင်းတင် သုံးလေးဝိုင်းရှိပါရောဗျာ၊ ဖဲဝိုင်းတွေအရှေ့နားမှာတော့ ငကြိုင့်အလောင်းကို အခေါင်းထဲထည့်ပြီးတော့ ချထားကြတယ်။
ကျုပ်လည်း သူငယ်ချင်းသေတာ ဝမ်းနည်းပေမယ့် ဖဲဝိုင်းမြင်တော့ မနေနိုင်ဘူးဗျ၊ ဒါနဲ့လူမိုက်တွေရိုက်တဲ့ လက်ကြီးဝိုင်းမှာ ဖဲဝင်ရိုက်ပါရောဗျာ၊ ဒီအချိန်ဖဲဝိုင်းထဲကို လူနှစ်ယောက်ဝင်လာသဗျ။ တိုးကြီးနဲ့ ငကောင်းဆိုတဲ့ကောင်တွေပေါ့ဗျာ၊ ဒီကောင်တွေက ကျုပ်တို့ရွာသားတော့မဟုတ်ဘူးဗျ၊ ဘေးရွာကကောင်တွေ၊ ဖဲဝိုင်းထဲကိုဝင်လာရင်း သေနေတဲ့ငကြိုင့်အလောင်းကိုကြည့်ပြိးတော့ ပြုံးဖြီးဖြီးလုပ်နေကြသေးတယ်ဗျ၊ ကျုပ်လည်း မတ်တပ်ထလိုက်ရင်း
“ဟေ့ကောင်တိုးကြီး၊ မင်းတို့ ဘာလာလုပ်တာလဲ”
တိုးကြီးက ပြီတီတီနဲ့
“ဟ၊ မသာအိမ်ကိုလာပါတယ်ဆိုမှ ဖဲရိုက်ဖို့လာတာပေါ့ကွ၊ ဘာလဲ ငါတို့က မလာရတော့ဘူးလား”
ကျုပ်မတားတော့ပါဘူးဗျာ၊ ငကြိုင်အိပ်မက်ပေးတုန်းက သူ့ကိုသတ်တာ တိုးကြီးနဲ့ ငကောင်းလို့ပြောတယ်မဟုတ်လားဗျ၊ ဒါပေမယ့် ဒီအတိုင်းထပြောရအောင်ကလည်း ဘာသက်သေမှမရှိတာဆိုတော့ ကျုပ်လည်းငြိမ်နေလိုက်ရတယ်၊ တိုးကြီးတို့က ငွေရွှင်နေတယ်နဲ့တူတယ်ဗျာ၊ ငါးဆယ်တန်တွေကို အထပ်လိုက်ကိုင်လာတာဗျ။ ကျုပ်လည်း ဖဲရိုက်နေရင်း
“ဟေ့ကောင်တိုးကြီး မင်းတို့ငွေရွှင်နေပါလားကွ”
“ဟုတ်တယ် ဂတုံး၊ ငါတို့အလုပ်ကလေးတစ်ခုပြီးသွားလို့ မြိုးမြိုးမြတ်မြတ်ကလေးရလိုက်တယ်”
“ဘာလဲကွ၊ ငကြိုင်သေလို့ ရလိုက်တာတော့ မဟုတ်ပါဘူးနော်”
ငကောင်းမျက်နှာက ကွက်ခနဲပျက်သွားတယ်ဗျ၊ နောက်တော့ တိုးကြီးကိုတစ်ချက်ကြည့်တယ်၊ တိုးကြီးဆိုတဲ့ကောင်ကတော့ သွေးအေးတဲ့ကောင်ဗျ၊ သူ့မျက်နှာက ခပ်ပြုံးပြုံးပါပဲဗျာ၊ ကိုယ်သတ်ထားတဲ့လူရဲ့ နာရေးကိုလာပြီး ဖဲလာရိုက်တယ်ဆိုကတည်းက တော်တော်သွေးအေးတဲ့လူမို့လို့ပဲဗျ။ ကျုပ်ဖြင့်ဒီကောင့်ကိုကြည့်ပြီး နားဘန်ချည်းထထကျင်းချင်တာဗျာ၊ ဒါပေမယ့် ဘေးမှာလူတွေရှိနေတာဆိုတော့ ဒီလိုလုပ်လို့ကလည်း မရဘူးလေ။
ဖဲရိုက်နေရင်း ကျုပ်ကံဆိုးပါရောဗျာ၊ ဒီနေ့မှ ဖဲပွင့်တွေက အညံ့တွေချည်းကျလို့ တော်တော်ရှုံးနေပါရော၊ ဒါနဲ့ ဘာရယ်မဟုတ်ဘူး ငကြိုင့်အခေါင်းကိုကြည့်ပြီးတော့ ပြောလိုက်မိတယ်။
“ငကြိုင်ရေ ငါတော့မွဲနေပြီဟ၊ နည်းနည်းပါးပါး ကူညီစမ်းပါအုံးကွာ”
ပါးစပ်က ခပ်တိုးတိုးပဲပြောလိုက်မိတာဗျ၊ ငကြိုင်ကြောင့်ပဲလား၊ တိုက်ဆိုင်တာလားတော့မသိဘူးဗျာ၊ ဖဲတွေက ဖဲကောင်းတွေချည်းတက်လာတာဗျ၊ ကိုးပွဲဆက်တိုက်ကျုပ်ပဲနိုင်နေတာနဲ့ ဝိုင်းထဲက လူတွေတောင်မှ သံသယဖြစ်လာတယ်၊ အချိန်ကိုကြည့်လိုက်တော့လည်း ညကိုးနာရီကျော်ပြီဗျာ၊ တစ်နေကုန် နာရေးအိမ်ရောက်နေတဲ့ကျုပ်က ဘာမှမစားရသေးဘူး၊ ဗိုက်တွေကလည်းဆာလာပြီ၊ နာရေးအိမ်ကတော့ ကျွေးပါတယ်၊ ကျုပ်က မစားချင်တာပါ၊ ဒါနဲ့ ဖဲဝိုင်းကနေမတ်တပ်ထလိုက်တယ်၊ မကျေနပ်တဲ့ တိုးကြီးက ကျုပ်ကိုကြည့်ရင်း
“ဟေ့ကောင် ဂတုံး၊ ဒီလိုအနိုင်ပိုင်းလို့ရကြေးလားကွ”
“ဟ၊ တိုးကြီးရ၊ ဒါချိန်းဝိုင်းမှမဟုတ်တာ၊ မသာအိမ်က ဖဲဝိုင်းကွ ငါ့ဖာသာငါ၊ ဆော့ချင်ဆော့မယ်၊ မဆော့ချင်မဆော့ဘူး ဘာဖြစ်သလဲကွာ”
တိုးကြီးကလည်း မတ်တပ်ထရပ်ပြီးတော့
“ဟေ့ကောင်၊ မင်းမပြန်ရဘူး”
ငကောင်းတို့ ဖိုးကျော်တို့လည်း မတ်တပ်ထရပ်ကြတယ်ဗျာ၊ နာရေးအိမ်မှာ ရုတ်ရုတ်သဲသဲဖြစ်ကုန်တာပေါ့၊ ဒီတော့ နာရေးရှင်တွေက ဝိုင်းကိုဝင်ထိန်းကြတယ်၊ ရွာထဲက လူကြီးတွေလည်းရှိနေတာနဲ့ တိုးကြီးတို့သုံးယောက်က ဘာမှမပြောတော့ဘဲ ထွက်သွားကြတော့တယ်ဗျာ၊ ကျုပ်လည်း ရတဲ့ငွေတွေထဲက တစ်ဝက်လောက်ကို ငကြိုင့်ညီမလေးကို ပေးလိုက်ပါတယ်။ ကျန်တဲ့ငွေတစ်ဝက်ကိုတော့ ပုဆိုးခါးပုံစထဲထည့်ပြီး အိမ်ကိုပြန်လာခဲ့တာပေါ့ဗျာ၊ ညကိုးနာရီဆိုတော့ ရွာထဲကလူတွေတော်တော်များများအိပ်နေကြပြီဗျ။
အိမ်ကိုပြန်လာတဲ့လမ်းမှာ ကျုပ်အနောက်ကနေ တဘုန်းဘုန်းနဲ့လျှောက်နေတဲ့အသံကိုကြားလိုက်ရတယ်ဗျ၊ ကျုပ်က တိုးကြီးတို့ထင်ပြီးလှည့်ကြည့်လိုက်တော့ လူတစ်ယောက်မှမရှိဘူးဗျာ၊ သရဲမကြောက်တဲ့ကျုပ်တောင်မှ ကျောတွေချမ်းသွားတယ်၊ ဒါနဲ့ အိမ်ဘက်ကိုပြန်အလှည့်မှာ ကျုပ်အရှေ့ပိတ်ရပ်နေတဲ့ ငကြိုင့်ကို တွေ့လိုက်ရပါရောဗျာ၊ ကျုပ်ဖြင့် ဒူးတွေတဆတ်ဆတ်တုန်သွားတော့တာပဲ။
“ငကြိုင်၊ မင်း . . . မင်းလား”
လရောင်အောက်မှာ ငကြိုင့်မျက်နှာကို ထင်ထင်ရှားရှားမြင်နေရတယ်ဗျ။
“ဘာလဲ ဂတုံးရ၊ မင်းက ဖဲဝိုင်းမှာ ပိုက်ဆံတွေနိုင်လာတော့ ငါ့ကိုတောင် မေ့သွားပြီလား”
“မဟုတ်ပါဘူး ငကြိုင်ရာ၊ ရေအဆုံးကုန်းတစ်ဝက်ဆိုပြီးတော့ ငါနိုင်ခဲ့တဲ့ ငွေတစ်ဝက်ကို မင်းနှမကိုပေးခဲ့ပါတယ်ကွ”
“အေးပါကွာ၊ ငါက စတာပါကွ၊ ဒါနဲ့ ငါမင်းကိုအကူအညီတစ်ခုတောင်းချင်တယ်သူငယ်ချင်း”
“အကူအညီ၊ ဟုတ်လား၊ ပြောလေကွာ”
“ငါအရက်သောက်ချင်တယ်”
“ဟေ၊ မင်းက အရက်သောက်ချင်တယ်၊ ဟုတ်လား၊ သရဲက အရက်သောက်လို့ရလို့လား”
“ရတာပေါ့ကွာ၊ အိမ်ကလူတွေက ငါ့အတွက်ထမင်းပွဲတော့ပြင်ပေးပါတယ်၊ ဒါပေမယ့် အရက်ပုလင်းမထောင်ပေးဘူးကွ၊ ငါအရက်တော်တော်ငတ်နေလို့ပါကွာ၊ မင်းအိမ်မှာ အရက်ရှိရင် ငါ့ကိုနည်းနည်းမျှစမ်းပါ”
“ခက်တာပဲ ငကြိုင်ရာ၊ ငါ့အိမ်မှာလည်း အရက်ဝယ်မထားဘူးကွ၊ ဒီလိုလုပ်ကွာ မင်းအရမ်းသောက်ချင်ရင် ခဏအောင့်ထားလိုက်၊ မနက်ကျတော့ ငါဝယ်တိုက်မယ်”
“ဟာကွာ၊ မနက်သောက်ချင်မှတော့ မင်းကိုပြောနေအုံးမလားကွ၊ ငါအခုပဲသောက်ချင်တာ၊ ဒီအချိန်ဆိုရင် ရွာထိပ်က ကိုပြောင်ကြီးတို့ အရက်ဆိုင် မပိတ်လောက်သေးဘူးကွ၊ ငါ့ကိုသွားဝယ်ပေးစမ်းပါကွာ”
“မိုးတော်တော်ချုပ်နေပြီ ငကြိုုင်ရ”
ကျုပ်လည်း ဝယ်မပေးချင်လို့တော့ မဟုတ်ပါဘူးဗျာ၊ ဒါပေမယ့်လည်း ဒီလိုအချိန်မျိုး ရွာပြင်မထွက်တာကောင်းတယ်ဗျ၊ ခုနက ဖဲဝိုင်းမှာ တိုးကြီးတို့နဲ့လည်း ငြိလာခဲ့တာမဟုတ်လား၊ ဒီကောင်တွေက ရွာထဲမှာတော့ ဘာမှမလုပ်ရဲပေမယ့် ရွာပြင်မှာ ကျုပ်ကိုချောင်းပြီးလုပ်ရင် ကျုပ်လည်း ငကြိုင့်အနောက်လိုက်သွားရမှာပေါ့။ ကျုပ်ငြင်းလိုက်တော့ ငကြိုင်က တော်တော်ဒေါသထွက်သွားတယ်။
“ဟေ့ကောင် ဂတုံး၊ မင်းငါ့ကို ဝယ်ပေးမလား၊ မဝယ်ပေးဘူးလား၊ မင်းမဝယ်ပေးဘူးဆိုရင် မင်းအဘွားကိုငါ ခြေထောက်ကျိုးအောင် ချိုးလိုက်မှာနော်”
ကျုပ်လည်း တော်တော်လန့်သွားတယ်။
“မ . . . မလုပ်ပါနဲ့ကွာ၊ ငါအခုပဲ သွားဝယ်ပေးပါ့မယ်ကွ၊ ခဏတော့စောင့်ကွာ၊ ဟုတ်ပြီလား”
ဒီလိုနဲ့ ကျုပ်လည်း ရွာအပြင်ဘက်ကိုအပြေးတစ်ပိုင်းနဲ့ထွက်လာခဲ့တာပေါ့ဗျာ၊ ကိုပြောင်ကြီးတို့အရက်ဆိုင်ဆိုတာက ရွာဟိုးဘက် တာလမ်းထိပ်နားမှာဖွင့်ထားတဲ့ဆိုင်ဗျ၊ ကျုပ်တို့ရွာကနေထွက်ပြီးတော့ လယ်ကွင်းတွေကို ဖြတ်သွားရသေးတယ်၊ သိပ်တော့မဝေးဘူးဆိုပေမယ့် ဒီအချိန်သွားဖို့တော့ အချိန်ကောင်းမဟုတ်ဘူးပေါ့ဗျာ၊ ကျုပ်ပြေးလာရင်း တာလမ်းမပေါ်က ကိုပြောင်ကြီးဆိုင်ကိုရောက်ခဲ့တယ်၊ ဆိုင်က ထူးထူးဆန်းဆန်း မပိတ်သေးဘူးဗျ။
ကျုပ်ဆိုင်ထဲပြေးဝင်လိုက်တော့ တိုးကြီး၊ ဖိုးကျော် နဲ့ ငကောင်းတို့သုံးယောက်က အရက်တွေသောက်နေပါရောဗျာ၊ ကျုပ်ကိုမြင်တော့ ဝိုင်းပြီးစိုက်ကြည့်ကြတယ်၊ ကျုပ်က ဒီကောင်တွေကိုမမြင်ချင်ယောင်ဆောင်ပြီးတော့ ကိုပြောင်ကြီးဆီမှာ အရက်နှစ်လုံးမှာလိုက်ပါရော၊ တစ်လုံးက ကျုပ်ဖို့၊ တစ်လုံးကတော့ ဟိုကောင် ငကြိုင်ဖို့ပေါ့ဗျာ၊ အရက်နှစ်လုံးကိုင်ပြီး ဆိုင်ထဲကနေပြန်ထွက်လာတော့ တိုးကြီးတို့တွေမရှိတော့ဘူးဗျ၊ ဒီကောင်တွေ ပြန်သွားတာဖြစ်မှာ၊ ကျုပ်ပုလင်းကိုင်ပြီး ရွာကိုအပြေးလာခဲ့တော့ ကုက္ကိုပင်ကြီးပင်အောက်အရောက်မှာ လူသုံးယောက်က ဘွားခနဲပေါ်လာပြီးတော့ ကျုပ်ကိုဝိုင်းလိုက်ကြတယ်ဗျ။
အမှောင်ရိပ်ထဲဆိုတော့ ဘယ်သူမှန်းတော့ သေချာမမြင်ရဘူးဆိုပေမယ့် သေချာတာကတော့ တိုးကြီးတို့ပါပဲဗျာ၊ ဒီကောင်တွေက ဓါးရှည်တွေကိုင်လို့ဗျ၊ ကျုပ်လည်း လက်ထဲက ပုလင်းကို ကျစ်နေအောင်ဆုပ်ကိုင်ထားတယ်၊ ဒီကောင်တွေ စတိုက်ပြီဆိုရင်တော့ ကျုပ်က ဒီအတိုင်းဘယ်အသေခံမလဲဗျ၊ ကျုပ်ခွန်ကျုပ်အားနဲ့ ရသလောက်တော့ ပြန်တိုက်ရမှာပဲ။
“ဟေ့ကောင်၊ မင်းဖဲနိုင်ထားတဲ့ပိုက်ဆံတွေ ငါတို့ကိုပေးစမ်း”
“မရှိတော့ဘူး၊ အဲဒီပိုက်ဆံတွေအကုန်လုံးကို ကျုပ်သူငယ်ချင်းနာရေးမှာ ကူငွေအဖြစ်ထည့်လိုက်ပြီ”
“ဘာကွ၊ ဒီလောက်များတဲ့ပိုက်ဆံတွေကို ကူငွေအဖြစ်ထည့်လိုက်တယ်တဲ့လား၊ မင်းသေဖို့သာပြင်ပေတော့”
ဓါးကိုင်ထားတဲ့တစ်ယောက်က ကျုပ်ကိုအနောက်ကနေပြီး ဓါးနဲ့ဝင်ခုတ်တယ်ဗျ၊ လူပုံစံခန့်မှန်းရသလောက်တော့ ဖိုးကျော်ပဲ၊ ကျုပ်လည်း လူမိုက်ဆိုတော့ ဒီကောင်တွေလောက်တော့ လျှင်ပြီးသားပါဗျာ၊ ခေါင်းကိုအသာငုံ့ရှောင်လိုက်တဲ့အချိန်မှာ ဓါးသွားက ကျုပ်ခေါင်းပေါ်ကနေ ဝှီးခနဲဖြတ်သွားသဗျာ၊ ကျုပ်က တံတောင်နောက်ပြန်နဲ့ ဒီကောင့်ရဲ့ရင်ဝကို လှည့်ပေါက်ချလိုက်တော့ ဒီကောင်အင့်ခနဲအသံမြည်ပြီးတော့ အနောက်ကိုယိုင်လဲကျသွားပါရောဗျာ။
ကျန်တဲ့နှစ်ယောက်က ကျုပ်ကိုပြိုင်တူဝင်ခုတ်တယ်ဗျ။ ကျုပ်လည်းအရှောင်မြန်ပေလို့သာပေါ့ဗျာ၊ ဒါပေမယ့် နှစ်ယောက်တစ်ယောက်ဆိုတော့ သိပ်တော့မရှောင်နိုင်ဘူးဗျ၊ တစ်ချီမှာ ဒီကောင်တစ်ကောင်က ကျုပ်ရင်ဝကိုဆောင့်ကန်ထည့်လိုက်တယ်၊ ကျုပ်ခွေကျသွားတော့ နောက်တစ်ယောက်က ကျုပ်ခေါင်းကို ဓါးနဲ့ဝိုက်ခုတ်ပါရောဗျာ၊ ကျုပ်ဖြင့် သေပြီလို့ပဲထင်လိုက်တာဗျ၊ ဒီအချိန် ဖြောင်းခနဲအသံကြီးနဲ့အတူ ဓါးသမားက လွင့်ထွက်သွားပါရောဗျာ၊ လွင့်သွားတာကမှ ဆယ်လံလောက်ကို လွင့်ထွက်သွားတာ၊ ဓါးကိုင်ထားတဲ့ နောက်တစ်ယောက်က ကျုပ်ကိုကြောင်ပြီးတော့ ကြည့်နေတယ်ဗျ၊ ဒီကောင်လည်း ခွပ်ဆိုတဲ့အသံကြားရပြီး အနောက်ကိုလွင့်ထွက်သွားတာပါပဲ။
ခုနက ကျုပ်ရင်ဝကို တံတောင်နဲ့တွတ်လိုက်လို့ လဲကျနေတဲ့ကောင်က ငူငူကြီး ကောက်ကာငင်ကာနဲ့ ထလာသဗျာ၊ ဒီကောင်က သူ့လက်ထဲကဓါးနဲ့ ဟိုနှစ်ကောင်ကို ခုတ်ပါရောဗျာ၊ ဟိုကောင်တွေလည်း ကြောင်စီစီနဲ့ဗျ၊ သူတို့သုံးယောက် အချင်းချင်းခုတ်ကြထစ်ကြနဲ့လုပ်နေတဲ့အချိန်မှာ ကျုပ်လည်း ရွာထဲကိုအပြေးဝင်ခဲ့ပါရော၊ ဘယ်သူ့လက်ချက်လဲဆိုတောတော့ ကျုပ်သိပါတယ်၊ ဒါ ဟိုကောင် ငကြိုင်ပဲနေမှာဗျ၊ ရွာထိပ်ရောက်တော့မှ ကျုပ်လည်း ရွာထဲကလူတွေကို အော်ဟစ်နေမိတော့တယ်၊
“လုပ်ကြပါအုံးဗျို့၊ ရွာပြင်မှာ ဓါးတွေနဲ့ခုတ်ကုန်ကြပြီ၊ ခုတ်ကုန်ကြပြီဗျာ”
ရွာသားတွေထွက်လာပြီး ရွာပြင်ကိုပြေးကြည့်ကြတယ်၊ သူတို့နဲ့အတူတူ ကျုပ်လည်းအပြေးလိုက်ခဲ့တာပေါ့ဗျာ၊ ခုတ်ကြထစ်ကြတဲ့ နေရာကိုရောက်တော့ လူတစ်ယောက်က ဓါးနှစ်လက်ဗိုက်မှာစိုက်ပြီး စင်းစင်းကြီးသေနေသဗျ၊ ကျန်တဲ့လူနှစ်ယောက်ကတော့ ထွက်ပြေးသွားတဲ့ပုံပဲဗျာ၊ ဒီလူက မျက်နှာကို ပုဆိုးနဲ့အုပ်ထားတယ်ဆိုတော့ ဘယ်သူဘယ်ဝါမှန်းသိအောင် ရွာသားတွေက လှန်ကြည့်ကြတယ်၊ ဒီအခါမှ သေနေတဲ့လူက တိုးကြီးဖြစ်နေတယ်ဗျာ။
မြေပေါ်မှာလည်း နားရွက်တစ်ဖက်တွေ့ရတယ်ဗျ၊ တိုးကြီးနားရွက်မဟုတ်ဘူးဆိုတော့ ဘယ်သူနားရွက်ပြတ်ပြီးကျခဲ့သလဲမသိပါဘူး၊ သွေးကွက်တွေလည်း အိုင်လို့ဗျ၊ လူတွေအတော်များလာတော့မှ ကျုပ်လည်း ပုလင်းကလေးပိုက်ပြီး ပြန်လာခဲ့တယ်၊ ခြံဝန်းအရှေ့နားရောက်တဲ့အခါ ခြံဝန်းထောင့်နားမှာ လူတစ်ယောက်က ထိုင်နေသဗျာ။
“ဟေ့ကောင် ဂတုံး”
“ငကြိုင်၊ ခုနကကောင်တွေသေတာ မင်းလက်ချက်မဟုတ်လား”
“ဒါပေါ့ကွ၊ ငါ့ကိုလုပ်တဲ့ကောင်တစ်ကောင်တော့ ကြွသွားပြီဟေ့၊ ငါပျော်တယ်၊ ငါသိပ်ပျော်တယ်ကွ”
“ရော့ ပျော်ရင်ဒါလေးသောက်လိုက်ပါအုံးကွာ၊ ဒါနဲ့ မင်းဘယ်လိုလုပ်လိုက်တာလဲကွ”
“မင်းတံတောင်နဲ့တွတ်လိုက်လိုက် အရှိုက်ထိပြီး မေ့သွားတာက ဖိုးကျော်ကွ၊ ငါက ဒီကောင့်ကိုယ်ထဲကိုဝင်ပူးပြီးတော့ နည်းနည်းဆုံးမလိုက်တာ၊ တိုးကြီးက ပြန်ခုတ်လို့ ဒီကောင်နားရွက်တစ်ဖက်ပြတ်သွားသေးတယ်”
ငကြိုင်က ပြောရင်းဆိုရင်း ကျုပ်ကမ်းပေးလိုက်တဲ့ အရက်ပုလင်းကို ဖင်ထောင်ပြီးမော့ချတာပါပဲဗျာ၊ ဂလု၊ ဂလုနဲ့အသံကြီးက ကြောက်စရာကြီးပါဗျာ၊ သူသောက်ပြီးတော့ ပုလင်းက အရက်တစ်စက်မှတောင် မကျန်တော့ပါဘူး၊ ပြီးတော့ ကျုပ်ကိုင်ထားတဲ့ ပုလင်းကိုလှမ်းကြည့်တယ်။
“ဟေ့ကောင် ဂတုံး၊ ငါ့ကိုအဲဒီ ပုလင်းပေးစမ်း”
“ဟ၊ မင်းလည်းတစ်ပုလင်း၊ ငါလည်းတစ်ပုလင်းပေါ့ကွာ၊ မင်းဟာမင်းသောက်၊ ငါ့ဟာငါသောက်ပဲပေါ့၊ တော်ပြီငကြိုင်ရာ၊ ငါလည်းအရက်ဆာလို့ လက်တွေတောင်တုန်နေပြီကွ”
ကျုပ်ပြောပြောဆိုဆိုနဲ့ ပုလင်းကိုဖွင့်ပြီး တစ်ငုံလောက်မော့ချလိုက်တယ်၊ ဒီအခါ ငကြိုင်က ကျုပ်ဆီကိုပြေးခုန်ဝင်လာတာပါပဲဗျာ၊ ကျုပ်ကိုနပမ်းဝင်လုံးပါရော၊ ဒီကောင်က သရဲဖြစ်ပြီးတော့မှ တော်တော်အားသန်လာတယ်ဗျ၊ ကျုပ်နဲ့လည်း အရင်က ခဏခဏရန်ဖြစ်ပြီး လုံးကြထွေးကြဖူးပေမယ့် ကျုပ်နိုင်တာချည်းပဲ၊ အခုကျတော့ ဒီကောင်က ကျုပ်ကိုချည်းတက်တက်ဖိနေတော့တာ၊ နောက်တော့ ကျုပ်ရင်ဝပေါ်တက်ထိုင်ပြီး ကျုပ်လက်ထဲက ပုလင်းကို ဆွဲလုတယ်၊ ကျုပ်ဖြင့် လှုပ်တောင်မလှုပ်နိုင်တော့ပါဘူးဗျာ၊ ဒီကောင်က ကျုပ်ကိုခွထိုင်ရင်း အရက်တွေကို သောက်ချလိုက်ပါရော။
“ကောင်းတယ်၊ ကောင်းလိုက်တာ ဂတုံးရာ၊ မင်းကိုငါကျေးဇူးတင်ပါတယ်”
ကျုပ်လည်း ဒီကောင့်ကို အော်အော်ပြီးတော့ ဆဲတော့တာပဲဗျာ၊ အရက်အရမ်းကြိုက်တဲ့ကျုပ် ဒီကောင့်ကြောင့် တစ်ရက်လုံး အရက်ငတ်ခဲ့ရပါရောလား။ ဒီကောင်က သောက်ပြီးတာနဲ့ အိမ်ပြန်တော့မယ်ဆိုပြီးတော့ တစ်ချိုးတည်းလစ်တော့တာပဲ။
(၃)
နောက်ရက်တော့ ရွာလူကြီးက ငကြိုင့်အိမ်မှာ ဖဲဝိုင်းထောင်ခွင့်မပေးတော့ဘူးဗျ၊ ညက ခုတ်ကြထစ်ကြတဲ့အမှုမှာ ဖဲဝိုင်းကရန်စကြောင့်လို့ထင်ပြီး ဖဲဝိုင်းပိတ်လိုက်တာပဲဗျာ၊ ကျုပ်လည်း လုပ်စရာမရှိတော့ဘူးပေါ့၊ ငကြိုင့်ကိုလည်း မတွေ့တော့ဘူးဗျ၊ သုံးရက်နေတဲ့အခါ ငကြိုင့်အလောင်းကို မြေချကြတယ်၊ ကျုပ်ကသူငယ်ချင်းဆိုတော့ အစအဆုံးကူညီပေးရတာပေါ့ဗျာ၊ မြေချတဲ့နေ့မှာပဲ မိုးတွေအကြီးအကျယ်ရွာပါရော၊ ဒီလိုနဲ့ မြှုပ်မဲ့မြေကျင်းကြီးက ရေတွေပြည့်ပြီး မြှုပ်မရဘဲဖြစ်နေတာပေါ့၊ ရွာကလူတွေက တစ်မျိုးစီစဉ်ကြတယ်၊ အဲဒါကတော့ အခေါင်းကို ဇရပ်ပေါ်မှာထားခဲ့ပြီး မိုးစဲသွားတာကိုစောင့်ဖို့ပေါ့ဗျာ၊ မိုးစဲသွားပြီးတော့ နည်းနည်းခြောက်ခြောက်သွေ့သွေ့ဖြစ်သွားပြီဆိုတော့မှ အလောင်းကိုမြှုပ်ကြမယ်ပေါ့။
ကျုပ်ရယ်၊ နောက်ပြီးတော့ ဆံရှည်လို့ခေါ်တဲ့ လူနှစ်ယောက်ရယ်ကို ပိုက်ဆံတွေပေးပြီး ထားခဲ့ကြတယ်ဗျာ၊ အသုဘပို့လာတဲ့လူတွေကတော့ ပြန်သွားကြတာပေါ့၊ မြေချတော့ပဲ နေ့လည်တစ်နာရီဗျ၊ မိုးတိတ်မလား၊ တိတ်မလားနဲ့စောင့်နေရင်း ညနေကတဖြည်းဖြည်းစောင်းလာပြီပေါ့၊ ဆံရှည်ဆိုတာကလည်း လူမိုက်တော့မဟုတ်ပေမယ့် တော်တော်အကြောက်အလန့်နည်းတဲ့သူဗျ၊ ဒီကောင်က ဗမာမဟုတ်ဘူး ကရင်လည်းကရင်ကိုး၊ ဘာသာမဲ့လို့ ပြောလို့ရတယ်၊ ဘာကိုမှ အယုံအကြည်မရှိတာ၊ ရွာမှာ နာရေးဖြစ်ပြီး မြေမြှုပ်ဖို့ဆိုရင် ဆံရှည်ကိုပဲ အားကိုးတာများတယ်၊ ရွာသုဿန်ဆိုတာက ရွာသားတွေတောင်မှ မသွားဝံ့ဘူးမဟုတ်လားဗျာ၊ အဲဒီဆံရှည်ကတော့ လုံးဝမကြောက်ပါဘူး၊ အရင်ကဆိုရင် သူတစ်ယောက်တည်း ကျန်နေခဲ့ပြီးတော့ မြေဖို့မြှုပ်နှံပြီး မှတ်တိုင်တွေဘာတွေစိုက်ပြီးတော့မှ သူကရွာပြန်လာတတ်တာ၊ အခုလည်း မိုးများတိတ်မလားဆိုပြီး ကျုပ်တို့နှစ်ယောက် သုဿန်ဇရပ်ကြီးထဲမှာ ထိုင်ရင်းကျန်နေခဲ့ပါရော၊ ညနေကစောင်းလာပြီဗျ၊ မိုးက ဖွဲတဲဖွဲတဲတော့ ကျန်နေသေးတယ်။ ကျုပ်တို့နှစ်ယောက်ဘေးနားမှာတော့ ငကြိုင့်ကိုထည့်ထားတဲ့အခေါင်းကြီးရှိတယ်ဗျ၊ အပုပ်နံ့တွေတောင်မှ ထွက်နေပါပြီဗျာ။
“ကဲ ဒီအတိုင်းဆိုရင်တော့ ငါတို့မိုးချုပ်တော့မယ်ထင်ပါ့၊ မင်းမကြောက်တတ်ဘူးမဟုတ်လား ဂတုံး”
“မကြောက်တတ်ပါဘူးဗျာ”
“ဒါဖြင့် မင်းဒီမှာခဏစောင့်နေခဲ့၊ ငါခဏပြန်အုံးမယ်ကွာ၊ ငါဒီမှာ နောက်ကျမယ့်အကြောင်း သွားပြောအုံးမယ်၊ အပြန်ကျတော့ အရက်နဲ့ ထမင်းယူလာခဲ့မယ်၊ ဒီအခြေအနေဆိုရင် ညဘက်မှအလုပ်ဖြစ်လောက်မယ်ကွ”
“ကျုပ်ကြားဖူးတာကတော့ ညဘက်လူသေကောင်ကို မမြှုပ်ကောင်းဘူးဆိုလားပဲနော် ကိုဆံရှည်”
“ဟာကွာ၊ မင်းကလည်း ဒါတွေမယုံစမ်းပါနဲ့ကွ၊ ညဘက်မမြှုပ်ခိုင်းဘူးဆိုတာ မှောင်လို့ကွ၊ မှောင်ကြီးမည်းကြီးထဲ အလုပ်လုပ်ရတာ တူးရဆွရတာဆိုတော့ မတော်ရင် ပေါက်တူးတွေဘာတွေနဲ့ ခုတ်မိပြီး ဒဏ်ရာရမှာစိုးလို့ ရှေးလူကြီးတွေက တားမြစ်ခဲ့တာပါကွာ”
“မဟုတ်ရင်လည်း ပြီးတာပါပဲဗျာ”
“ဘာလဲကွ၊ မင်းကကြောက်လို့လား၊ ပြောတော့ မင်းကလူမိုက်ဆိုကွ”
ဆံရှည်ရဲ့စကားက ကျုပ်သတ္တိကို လာဆွပေးနေသလိုပဲဗျာ၊ ဒါနဲ့ကျုပ်က ရင်ကိုကော့လိုက်ပြီး
“မကြောက်ပါဘူးဗျာ၊ လုံးဝကိုမကြောက်တာ”
“အေး၊ ဒါဖြင့်ခဏစောင့်ကွာ၊ သိပ်မကြာပါဘူး၊ ဆယ့်ငါးမိနစ်လောက်ပါပဲကွ”
ဆံရှည်က ပြောပြီးတော့ ဇရပ်ပေါ်ကခုန်ဆင်းပြီးထွက်သွားတယ်ဗျာ၊ ကျုပ်ဖြင့် မိုးကိုမော့ကြည့်ပြီး အပြစ်တင်နေမိတယ်၊ မိုးကလည်း ဒီနေ့ကျမှ လာကောင်းနေသေးတယ်၊ ငကြိုင့်ကိုမြှုပ်ဖို့တူးထားတဲ့ကျင်းကြီးထဲမှာလည်း ရေတွေပြည့်နေတာ မနည်းဘူးဗျာ။ မြေသားကပျော့တော့ ရေတွေစိမ့်စိမ့်ပြီး ပြည့်လာတယ်ထင်ပါ့။
ဆံရှည်သွားတာ ခဏလေးဆိုပေမယ့် ကျုပ်အတွက်တော့ အကြာကြီးလို့ထင်နေမိတယ်ဗျ၊ ခဏကြာတော့ လေတွေကလည်း တဝေါဝေါနဲ့တိုက်ပါရောဗျာ၊ ဇရပ်အမိုး သစ်သားပြားက လေတွေလှန်တော့ တဒေါက်ဒေါက်နဲ့ ရိုက်နေတဲ့အသံကလည်း ကြောက်ဖို့ကောင်းတယ်။ ညနေငါးနာရီကျော်တဲ့အပြင် မိုးကလည်းမှောင်နေတာဆိုတော့ သုဿန်ထဲမှာ အမှောင်ထုက တဖြည်းဖြည်းဖုံးလာတယ်ဆိုပါတော့။
ကျုပ်စိတ်ကိုတင်းထားပေမယ့် တော်တော်ကြောက်လာမိတယ်၊ ကိုယ့််စိတ်က ကိုယ့်ကိုပြန်ချောက်လှန့်နေတာကလည်း တော်တော်ဆိုးတယ်ဗျာ။ ဒီအချိန် ကျုပ်ကိုခေါ်သံကြားရတယ်ဗျ။
“ဟေ့ကောင်ဂတုံး၊ ဟေ့ကောင် ဂတုံး”
ကျုပ်ဖြင့် ဆံရှည်လာပြီလားဆိုပြီး လှည့််ကြည့်မိတယ်ဗျ၊ ဆံရှည်ကိုတော့ အရိပ်အယောင်တောင်မတွေ့ရပါဘူးဗျာ၊ အသံက ခပ်အုပ်အုပ်ဗျ၊ သေချာနားထောင်တော့မှ အခေါင်းထဲက ထွက်လာနေတာ။
“ဟေ့ကောင် ဂတုံး”
ကျုပ်တစ်ကိုယ်လုံး တုန်ယင်လာပြီးတော့ ဘယ်လိုကြီးဖြစ်သွားတယ်မသိဘူးဗျာ၊ အခေါင်းထဲက အသံက ကျုပ်ကိုခေါ်မရတော့ အခေါင်းကြီးပါ တဝုန်းဝုန်းနဲ့လှုပ်လာတယ်ဗျ။ အခေါင်းမှာရိုက်ထားတဲ့ သံက ကျွတ်ထွက်ပြီးတော့ ဇရပ်ကြမ်းပေါ် ဂလောက်ခနဲကျတယ်ဗျာ၊ ပြိးတာနဲ့ အခေါင်းအဖုံးကြီးပွင့်သွားပါရောလား၊ အထဲမှာ ပုပ်ပွနေတဲ့ ငကြိုင်က ငုတ်တုတ်ထထိုင်သဗျ၊ ပြီးတော့ ကျုပ်ဘက်ကိုလှည့်ကြည့်တယ်၊ ဒီကောင့်လည်ပင်းက ဓါးခုတ်ရာကြီးက ဟစိဟစိနဲ့ဗျာ၊ ဒီကောင့်မျက်လုံးတွေက ယောင်ကိုင်းနေပြီးတော့ အပြင်ကိုတောင် ပြူးထွက်နေတယ်။
“ဟေ့ကောင် မင်းက ငါခေါ်တာကို မထူးဘူးလား”
“မဟုတ်ပါဘူး ငကြိုင်ရာ၊ ငါက ရုတ်တရက်ဆိုတော့ လန့်သွားလို့ပါကွ”
“အောင်မာ၊ ငါ့ကိုများလန့်တယ်တဲ့လား၊ မင်းနဲ့ငါနဲ့က အရင်းနှီးဆုံးသူငယ်ချင်းတွေနော် ဂတုံး၊ ဒါတောင် မင်းက ငါ့ကိုလန့်နေတာလား”
“မဟုတ်ပါဘူးကွာ၊ ရုတ်တရက်ဖြစ်သွားလို့ပါ၊ ငါမင်းကို လန့်မလားသူငယ်ချင်းရ”
“ဒါဆို ငါ့ကိုရော ကြောက်သလား”
ငကြိုင်စကားပြောလိုက်တိုင်း သွားဖြူဖြူကြီးတွေက ငေါငေါထွက်လာလို့ဗျ၊ သွားဖုံးကြီးတွေကတော့ မည်းတူးလို့ဗျို့၊ပါးစပ်ဟလိုက်တိုင်း အပုပ်နံ့က နှာခေါင်းထဲတိုးပြီးဝင်လာတယ်။
“မ . . . မကြောက်ပါဘူးကွာ”
“မကြောက်ရင်လည်း ပြီးတာပဲ၊ ငါဗိုက်ဆာတယ်ကွ၊ ဟိုထမင်းထုပ်က ငါ့ဖို့မဟုတ်လား”
ငကြိုင်က လက်မမှာပူးချည်ထားတဲ့ ကြိုးတွေဖြည်ပြီးတော့ အခေါင်းပေါ်တင်ထားတဲ့ ထမင်းထုပ်ကို ဖြေပြီးစားတော့တာပဲဗျာ၊ မစားခင် ပါးစပ်ထဲက ကူးတို့ခကိုလည်း ထွီခနဲထွေးထုတ်လိုက်သဗျ၊
“ဒါနဲ့ ငကြိုင်၊ မင်းက သေပြီးပြီမဟုတ်လား၊ အခု ဒီကိုယ်ထဲကို ဘယ်လိုလုပ်ပြီးရောက်နေတာလဲကွ”
ငကြိုင်က ထမင်းလုပ်တန်းလန်းကြီးနဲ့ ကျုပ်ကိုလှည့်ကြည့်ပြီးတော့
“ဟ၊ ငါ့ကိုယ်ထဲ ငါပြန်ဝင်တာ ဘာထူးဆန်းသလဲကွ ဂတုံးရ”
“အေး၊ အေးပါကွာ မဆန်းပါဘူး”
“ဒါထက် မင်းအခုတလော ငါ့အပေါ်အချိုးတွေပြောင်းနေသလိုပဲနော်”
“မပြောင်းပါဘူးကွာ မင်းကထင်လို့ပါ”
“မပြောင်းရင်လည်း ပြီးတာပါပဲကွာ၊ ငါ့ကို သေသွားပြီဆိုပြီးတော့ မခေါ်ချင်မပြောချင်မလုပ်နဲ့နော်၊ လုပ်လို့ကတော့ မင်း ငါ့လက်ချက်နဲ့နာသွားမယ်”
ကျုပ်တော်တော်ကြောက်နေမိတယ်၊ စားပြီးသောက်ပြီးတော့ ငကြိုင်က ပြုံးရင်း
“ဗိုက်ဝသွားပြီ၊ အိပ်တော့မယ်ကွာ”
အဲဒီလိုပြောပြီး အခေါင်းထဲကို ပြန်လှဲချသွားတာပါပဲဗျာ။ အခေါင်းထဲကျပြီး ဆန့်ဆန့်ကြီးပြန်ဖြစ်သွားသဗျ၊ ကျုပ်ကလည်း ဒီကောင်ဘာလုပ်တာလဲဆိုပြီး အော်ခေါ်ပေမယ့် ငကြိုင်က တုတ်တုတ်တောင်မလှုပ်တော့ပါဘူးဗျာ၊
“ဟာ၊ ဂတုံး၊ မင်းဘာတွေလုပ်နေတာလဲ”
ဒီအချိန် ဆံရှည်ပြန်ရောက်လာသဗျ၊ လက်ထဲမှာလည်း မီးခွက်နဲ့ အရက်ပုလင်းကို ကိုင်ထားသေးတယ်၊ ကျုပ်လည်း ဘာပြောရမှန်းကို မသိတော့ပါဘူးဗျာ။ ဆံရှည်က ပွင့်နေတဲ့အခေါင်းကြီးကိုကြည့်ပြီးတော့
“ဂတုံးရာ၊ မင်းဗိုက်ဆာရင်လည်း ငါ့ကို ခဏစောင့်ပေါ့ကွ၊ လူသေရဲ့ထမင်းထုပ်ကို ဖောက်စားလိုက်ရသလား”
ကျုပ်ဘာကိုမှ မပြောတော့ဘဲ ခေါင်းပဲညိတ်နေမိတယ်၊ ဆံရှည်က ကျုပ်ကိုကြည့်ရင်း
“အခေါင်းကြီးလည်း ပွင့်လို့ပါလား၊ ဧကန္တ မင်း ဒီကောင့်ပါးစပ်ထဲက ကူးတို့ခကို နှိုက်တာမဟုတ်လား”
ကျုပ်ခေါင်းခါပြလိုက်တယ်၊ ဆံရှည်က ပြီတီတီနဲ့
“ငါသိပါတယ်ကွ၊ မသာပါးစပ်ထဲက တစ်မတ်စေ့ဆိုတာ မင်းတို့လိုဖဲသမားတွေအတွက် လာဘ်ကီးကောင်းတယ်မဟုတ်လား၊ စိတ်ချစမ်းပါ၊ ငါဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောပါဘူးကွ၊ ကဲ ကဲ အခေါင်းကြီးကို ပြန်ဖုံးလိုက်ရအောင်ဟေ့”
ဆံရှည်က ပြောပြောဆိုဆိုနဲ့ သံချောင်းတွေပြန်ကောက်ပြီးတော့ အခေါင်းအဖုံးကိုပြန်ဖုံးလိုက်တယ်ဗျ၊ ဒီအချိန် မိုးကလည်း တိတ်သွားပြီ၊ ကောင်းကင်မှာတောင် တိမ်မျှင်မျှင်ကလေးတွေပဲရှိတော့တယ်၊ ဆံရှည်က မီးခွက်ထွန်းလိုက်ပြိးတော့
“ကဲ ငါတို့လုပ်ငန်းစကြမယ်ဟေ့”
“ဒီကျင်းကြီးထဲက ရေတွေကိုဘယ်လိုလုပ်မလဲဗျာ”
“အဲဒီကျင်းကို မသုံးတော့ဘူးလေကွာ၊ တို့တွေကျင်းအသစ်ထပ်တူးကြတာပေါ့”
“ဗျာ၊ ကျုပ်တို့နှစ်ယောက်ထဲ တူးမှာလား”
“မြေပျော့ပါတယ်ကွာ၊ သိပ်ပြီးနက်နက်လည်းမတူးပါဘူး၊ လာကွာ၊ စကြရအောင်”
ဆံရှည်က ပေါက်တူးယူပြီးထသွားတော့ ကျုပ်လည်း သူ့အနောက်ကနေ တူရွင်းပြားယူပြီးလိုက်ခဲ့ရတာပေါ့ဗျာ၊ သုဿန်ထဲနေရာတစ်နေရာရှာပြီးတော့ မြေကြီးကိုတူးကြရတယ်ဗျ၊ မြေတွင်းတူးနေတုန်း ခြေမျက်စိလောက်ပဲရောက်သေးတယ်၊ အခေါင်းက သုဿန်ဇရပ်ပေါ်ကနေ လျှောကျသွားပါရောဗျာ၊ ကျုပ်နဲ့ဆံရှည်နဲ့ ဒီအဖြစ်ကိုအတူတူမြင်လိုက်ပါတယ်ဗျ၊ ဆံရှည်က ကျုပ်ကိုကြည့်ရင်း
“မင်းအခေါင်းဖုံးပြန်ပိတ်ပြီးတော့ သေသေချာချာမထားခဲ့ဘူးလားကွ”
“ထားခဲ့ပါတယ်ဗျာ၊ အခေါင်းဖုံးပြန်ပိတ်တာက ကျုပ်ပိတ်တာမှမဟုတ်ဘဲ”
“အေး၊ ငါပိတ်တာပါ၊ ငါလည်းးသေသေချာချာတင်ထားတာ”
ဒီအခါ အခေါင်းကြီးက တဝုန်းဝုန်းနဲ့လှုပ်ခတ်လာပြိးတော့ အခေါင်းအဖုံးက တံခါးကြီးတစ်ချပ်လို ဘေးတိုက်ရွှေ့ပြီးပွင့်သွားတယ်ဗျ၊ အခေါင်းထဲက အလောင်းက မျက်လုံးပွင့်လျှက်သားဖြစ်နေတယ်။ ဆံရှည်က အနားကိုသွားမယ်အလုပ်မှာ အခေါင်းထဲက အလောင်းကောင်ကြီးက ခုန်ဆွ ခုန်ဆွနဲ့ထွက်လာပါရော။
“ပေးစမ်း၊ ငါ့ပစ္စည်းပြန်ပေးစမ်း”
ဆံရှည်ကိုအော်ပြောနေတာဗျ၊ ဆံရှည်က ခေါင်းခါပြိး
“မပေးဘူး၊ အဲဒါမင်းဟာမဟုတ်တော့ဘူးကွ”
ပြောရင်းဆိုရင်း ဆံရှည်က သူ့လက်ထဲက ပေါက်တူးနဲ့ ငကြိုင့်အလောင်းကို ပြေးခုတ်တာပဲဗျာ၊ ဒါပေမယ့် ပေါက်တူးက ဖြောင်းခနဲအသံမြည်သွားပြီးတော့ ဝါးနဲ့လုပ်ထားတဲ့ ပေါက်တူးရိုးက ကျိုးကျသွားတယ်၊ ဆံရှည်လည်း လက်နာသွားတဲ့ပုံပဲဗျ၊ နောက်တော့ ထပြိး သုဿန်ထဲကနေ တစ်ချိုးတည်းပြေးပါရောဗျာ။
ကျုပ်လည်း ကြောင်ကြည့်နေရာကနေ ပြေးဖို့အချိန်တန်ပြီဆိုပြီးတော့ ပြေးပါလေရော၊ သုံးလှမ်းလောက်ပြေးပြီးတဲ့အခါ
“ဟေ့ကောင် ဂတုံး၊ ရပ်လိုက်စမ်း”
ကျုပ်ခြေလှမ်းတွေ အလိုလိုရပ်သွားတယ်ဗျ။
“သူူများထွက်ပြေးတိုင်း မင်းကပြေးလို့မရဘူးလေကွာ၊ မင်းက ငါ့ရဲ့သူငယ်ချင်းမဟုတ်လား”
ကျုပ်လည်း သူ့ဘက်ကိုလှည့်လိုက်ရင်း
“ဟုတ်ပါတယ် သူငယ်ချင်း ငကြိုင်ရာ”
“အေး၊ သူငယ်ချင်းဆိုတာ တစ်ယောက်ဒုက္ခကြုံတဲ့အချိန် တစ်ယောက်ထွက်မပြေးရဘူးတဲ့ကွ၊ ငါ့ကို မြေကြီးထဲထည့်ပေးအုံးလေကွာ၊ ငါက ဒီဇရပ်ပေါ်မှာပဲ နေရမှာလားကွ”
“ကျင်းထဲတော့ထည့်ပေးချင်ပါတယ်ကွာ၊ ကျင်းက တူးမပြီးသေးဘူးကွ၊ ငါကလည်း တူးရတာလက်တွေနာနေပြီ”
ငကြိုင်က ကျုပ်ဆီကိုလမ်းလျှောက်လာပြီးတော့ ကျုပ်လက်ထဲက တူရွင်းပြားကိုလှမ်းယူလိုက်တယ်ဗျာ၊ ငကြိုင်ရဲ့လက်တွေက ပူဖောင်းကြီးတွေလို ပူဖောင်းပြီး ပုပ်ပွနေပါရော၊ ပြီးတော့ ကျုပ်တို့တူးလို့မပြိးသေးတဲ့ကျင်းကို သူ့ဖာသာထပ်တူးတယ်ဗျ၊ အားကတော့ တော်တော်ကောင်းတယ်ဗျာ၊ မြေတွေကို တူးတူးပြီးတော့ ယက်ယက်ထုပ်နေတာ မြန်လိုက်တာ ပြောမနေပါနဲ့၊ မကြာခင်မှာပဲ မြေကျင်းကြီးက တူးပြီးသွားတယ်ဗျ၊ ငကြိုင်က ဗိုက်ဆာတယ်ဆိုပြီး ဆံရှည်ယူလာတဲ့ ထမင်းထုပ်ကိုဖွင့်စားတယ်၊ အရက်ပုလင်းကိုလည်းဖောက်သောက်တယ်ဗျ၊ ပြီးတော့ အခေါင်းကိုမြေကျင်းကြီးထဲပစ်ချပြီးတော့ သူက ခုန်ဝင်သွားပြီး ကျကျနန နေရာယူလိုက်တယ်။
“ကဲ ငါအိပ်လိုက်အုံးမယ်၊ ငါ့ကိုပြန်ဖို့ပေးလေကွာ၊ ဂတုံးရာ”
“အေးအေး၊ ဒါနဲ့ ဆံရှည်က မင်းဆီက ဘာယူသွားလို့လဲကွ”
“ငါနဲ့မင်းနဲ့ ဟိုးတစ်လောက ဖဲနိုင်တုန်းက လက်စွပ်လေးရထားတာမှတ်မိတယ်မဟုတ်လား”
“အေးအေး၊ ငါသိပြီ၊ ရွှေလက်စွပ်မှာ ကျောက်အနီကလေးတစ်လုံးနဲ့လေ”
“အဲဒီလက်စွပ်ကို ဒီကောင်ချွတ်ယူသွားတာကွ၊ နေပါစေအုံးဆံရှည်ရာ၊ မင်းနောက်နေ့ကျမှ ငါနဲ့တွေ့မယ်”
ကြိမ်းဝါးပြီးတော့ ငကြိုင်တစ်ယောက် ငြိမ်သွားပါရောဗျာ၊ ကျုပ်လည်း ကြောက်ကြောက်နဲ့ အခေါင်းကိုအဖုံးဖုံးပြီးတော့ မြေကျင်းဘေးနားက မြေစာတွေကို ခပ်မြန်မြန်တွန်းချပြီး သုဿန်ထဲကနေ အပြေးထွက်ခဲ့ပါရောဗျာ။
ဒီကောင်ငကြိုင်၊ ဘာမွှေအုံးမယ်တော့မသိဘူးဗျ၊ ကျုပ်လည်းရွာထဲကို ဘယ်လိုပြန်ရောက်သွားမှန်းကို မသိပါဘူးဗျာ။
(၄)
ဒီရက်ပိုင်း ကျုပ်ခြေငြိမ်နေတယ်ဗျ၊ မငြိမ်လို့လည်းမရဘူးလေဗျာ၊ ငကြိုင်က သေပြီးပေမယ့် သူ့အလောင်းက ဖုတ်ဝင်ပြီး ဖုတ်ကောင်ကြီးဖြစ်နေတာမဟုတ်လားဗျ၊ အရင်ကဆို ဂတုံးဆိုတဲ့ကျုပ်က ရွာထဲ ညည့်နက်သန်းခေါင်မကလို့ ဘယ်အချိန်ဖြစ်ဖြစ်ထသွားရမှာမကြောက်ပေမယ့် အခုတော့ ညနေစောင်းဆိုတာနဲ့ကို အိမ်ထဲဝင်ပြီး ရှိသမျှအိမ်တံခါးတွေ အကုန်ပိတ်ပြီးနေတတ်တာဗျ၊ အိမ်ကအဘွားတောင်မှ ကျုပ်ကိုနည်းနည်းထူးဆန်းနေသေးတယ်။
“ငါ့မြေး၊ မင်းကိုကြည့်ရတာ အခုတလောခြေငြိမ်နေသလိုပဲ၊ ဘာတွေမဟုတ်တာတွေ လုပ်ထားလို့များလဲ”
“မဟုတ်ပါဘူးအဘွားရာ၊ ဒီလိုပါပဲ”
“အိမ်မှာနေတယ်ဆိုရင်ဖြင့်လည်း အဘွားခိုင်းရတာပေါ့ကွာ၊ သွားသွား အချိန်ရှိတုန်း အိမ်ဘေးနားက ထင်းအခြမ်းလေးတွေကို မီးစိုက်ကောင်းတဲ့အရွယ်ဖြစ်အောင် ပေါက်ပေးစမ်းပါကွယ်”
ကျုပ်လုပ်စရာမရှိတာနဲ့ အတော်ပဲဖြစ်သွားတယ်၊ ပေါက်ဆိန်ယူလိုက်ပြီးတော့ အိမ်ဘေးနားက ထင်းခွဲခြမ်းတွေကို ပြန်ပေါက်နေမိတယ်ဗျ၊ ဒီအလုပ်ကလည်း လုပ်ရတာသိပ်မလွယ်ဘူးဗျို့၊ အဘွားက အနားကနေလာကြည့်ရင်း
“ဘယ်လိုလဲမြေးရဲ့ ထင်းလေးပေါက်ခိုင်းတာ တော်တော်ပင်ပန်းနေပြီလား”
“ပေါက်လက်စမရှိတော့ ခက်တာပေါ့အဘွားရဲ့”
“အေး၊ မင်းကအခုမှခက်နေ၊ ငါဖြင့်မင်းမရှိတုန်းကဆို ဒီလိုပဲနေ့တိုင်းပေါက်ခဲ့ရတာပေါ့”
ဒီတော့မှ ကျုပ်လည်းအဘွားကိုသနားမိသွားတယ်ဗျ၊ ခြေလက်အကောင်းကြီးရှိတဲ့ မြေးတစ် ယောက်လုံးရှိတာတောင် အဘွားက ထင်းပေါက်ရတယ်ဆိုပြီးတော့ ကျုပ်ကိုကျုပ်လည်း ရှက်မိသွားတယ်ဗျ၊ ဒီလိုနဲ့ကျုပ်တစ်နေကုန် ထင်းပေါက်လိုက်၊ အဘွားစိုက်ပျိုးထားတဲ့အပင်တွေကို ရေလောင်း၊ ပေါင်းသင်လုပ်ရင်း အချိန်တွေကုန်မှန်းမသိအောင်ကုန်သွားတော့တယ်၊ အရက်ဆိုတာ လည်း ရွာပြင်မထွက်ရဲလို့ မသောက်ရဘူးပေါ့ဗျာ၊ ညနေနည်းနည်းစောင်းတော့ ရေမိုးချိုးပြီး တယ်ဆိုရင်ပဲ အဘွားက ကျုပ်အရှေ့ကို ပုလင်းတစ်လုံးလာချတယ်။
“ရော့ ငါ့မြေးအတွက်”
အရက်ပုလင်းမြင်တော့ ကျုပ်ဖြင့်ပျော်သွားတာပဲဗျာ၊ အဘွားရှေ့တင်ဟန်မဆောင်နိုင်ဘဲ ချက်ချင်းကောက်ပြီးမော့ချလိုက်တော့တယ်။ အဘွားကတော့ ကျုပ်ကိုပြုံးပြုံးကလေးကြည့်ပြီးတော့ တောင်းတစ်လုံးဆွဲပြီးထွက်သွားတော့တာပဲဗျာ။ အချိန်က နေဝင်ပြီးသွားပြီး ညီအကိုမသိတသိ အချိန်ပေါ့ဗျာ၊ အဘွားနဲ့ကျုပ် နှစ်ယောက်တည်းနေတာဆိုတော့ အခုအဘွားထွက်သွားတော့ ကျုပ်တစ်ယောက်ပဲကျန်နေခဲ့တော့တယ်၊ အရက်ပုလင်းကို ကုန်မှာကြောက်လို့ ဇိမ်ခံပြီးတစ်ငုံချင်းမော့ နေတုန်းမှာပဲ အိမ်နောက်ဘေးတံခါးကို တဘုန်းဘုန်းနဲ့ထုနေသံကို ကြားရပါရောဗျာ။ အစကတော့ ကျုပ်လည်းထမကြည့်ဘူးနေတာဗျ၊ လေးငါးခါလောက်ထုတော့မှ ဘယ်သူဘယ်ဝါများလဲဆိုပြီးတော့ ထကြည့်ပါရော၊ အိမ်နောက်ဖေးတံခါးကို အတွင်းကချက်ဖွင့်လိုက်တာနဲ့ တံခါးက ဝုန်းခနဲပွင့်ထွက်သွားတယ်၊ တံခါးအနောက်မှာ ရပ်နေတဲ့သူကတော့ ငကြိုင်ပဲဗျာ။
“ဟာ၊ ငကြိုင် . . . ငကြိုင်ပါလား”
ငကြိုင်က ကျုပ်ကိုကြည့်ရင်း
“ဘာလဲကွ၊ မင်းအိမ်ကို ငါလာတာတောင်မင်းကမပျော်ဘူးလား”
“မပျော်တာတော့ မဟုတ်ပါဘူးသူငယ်ချင်းရာ၊ လာစမ်းပါ”
“လာစမ်းပါမလုပ်နဲ့ မင်းအိမ်ထဲကို ငါဝင်မရဘူးကွ”
ပြောရင်းဆိုရင်း ငကြိုင်က သူ့လက်ထဲမှာကိုင်ထားတဲ့ ကြက်နှစ်ကောင်ကို ကျုပ်ကို လှမ်းပစ်ပေးလိုက်တယ်၊ ကြက်တွေက သေနေပြီဗျ၊ လည်ပင်းတွေပြတ်ပြီးတော့ ခေါင်းတွေပါ မလာတော့ဘူး။
“အဲဒီနှစ်ကောင်ကို ကင်စမ်းကွာ၊ ပြီးတော့ မင်းသောက်နေတဲ့အရက်ပုလင်းယူလာခဲ့”
“ဟာ၊ ဒီ . .ဒီလိုလုပ်လို့ဖြစ်မလား”
ငကြိုင်က ကျုပ်အရှေ့ကိုတိုးလာပြီးတော့
“မင်းလုပ်မလား မလုပ်ဘူးလား၊ မင်းမလုပ်ဘူးဆိုရင် မင်းကိုငါသတ်ရလိမ့်မယ်ကွနော်”
ကျုပ်ဖြင့်ကြောက်လွန်းလို့ ဒူးတွေတုန်နေမိတယ်ဗျာ၊ ငကြိုင့်ပါးစပ်ထဲကလည်း အပုပ်နံ့တွေက ထောင်းခနဲထွက်လာပါရော၊၊ ဒီကောင့်ရုပ်ကြည့်ရတာ တကယ်လုပ်မယ့်ရုပ်ဗျ။ ဒါနဲ့ ကျုပ်လည်း ကြက်တွေကိုယူပြီး အမွှေးနှုတ်ရပါရောဗျာ၊ ကျုပ်ကမီးဖိုထဲချက်ပြုတ်နေတာကို အပြင်က ငကြိုင်ကလည်း ဆောင့်ကြောင့်ထိုင်ပြီးစောင့်နေသဗျ၊ အချိန်က တဖြည်းဖြည်းမိုးချုပ်လာခဲ့ပြီ၊ တောရွာဘက်က ခြံတွေဆိုတာလည်း သစ်ရိပ်ဝါးရိပ်တွေနဲ့မို့လို့ ပိုပြီးမှောင်နေတာပေါ့၊ ငကြိုင်သောက်ဖို့အတွက် ကျုပ်သောက်လက်စ အရက်ပုလင်းကလေးကို ပေးထားရသေးတယ်၊ ကျုပ်မှာမသောက်ရက်ပဲ တစ်ငုံချင်းငုံနေပေမယ့် ဒီကောင်ကတော့ ပုလင်းထောင်မော့တာဗျာ။
“ဟေ့ကောင် ဂတုံး၊ မင်းကင်နေတဲ့ကြက် ငါ့ကိုပေးစမ်းကွာ”
“ကြက်က မကျက်သေးဘူးကွ ငကြိုင်ရ”
“ဟေ့ကောင်၊ ပေးမှာသာ ပေးစမ်းပါကွာ”
ကျုပ်ကင်နေတဲ့ ကြက်တစ်ကောင်ကို လှမ်းပေးလိုက်ရတယ်၊ ငကြိုင်က ကြက်သား မကျက်တကျက်ကြီးကို သူ့ပါးစပ်ကြီးနဲ့ကိုက်ပြီးတော့ ဝါးနေသဗျာ၊ ဝါးနေတဲ့အသံကြီးကိုက တဂျွတ်ဂျွတ်နဲ့ရယ်ဗျ။
“ငါ့ကိုအရက်ထပ်ပေးစမ်းကွာ”
“မလုပ်ပါနဲ့ကွာ၊ ငါ့မလည်း ဒီတစ်လုံးထဲရှိတာပါကွ”
“မလိုချင်ဘူးကွာ၊ ငါမဝသေးဘူး၊ မင်းအိမ်မှာမရှိတော့ရင် ငါ့ကိုသွားဝယ်ပေး”
ငကြိုင်က အတူတူနဲ့အနူနူချင်းကို တင်စီးပြီးပြောနေတော့ ကျုပ်စိတ်ထဲ ဒေါသထောင်း ခနဲထွက်လာတယ်ဗျ။
“ဟေ့ကောင် ငကြိုင်၊ မင်းငါ့ကို ဒီလိုပြောလို့ရရိုးလားကွ၊ ဘာလဲ မင်းက ဖုတ်ဖြစ်သွားတာကို ရှင်ဘုရင်ဖြစ်သွားတယ်လို့များ ထင်နေတာလားကွ”
ကျုပ်လည်း ပြောပြီးတာနဲ့ မီးဖိုရှေ့ကနေထွက်လိုက်ပြီး ငကြိုင်ကိုခုန်အုပ်လိုက်ပါရောဗျာ၊ ကျုပ်နဲ့ငကြိုင်နဲ့လုံးထွေးပြီးတော့ နပမ်းလုံးကြပါရောဗျာ၊ ငကြိုင့်ကိုယ်လုံးက လူကိုယ်လုံးနဲ့မတူဘဲ သူ့အသားတွေက ရွံ့မြေကြီးလို မာကျစ်ကျစ်နဲ့ဗျ၊ ကျုပ်လည်း ငကြိုင့်အပေါ်တက်ခွပြီး ဒီကောင့်မျက်နှာကို လက်သီးနဲ့ပယ်ပယ်နယ်နယ်ထိုးတာပဲဗျာ၊ ဒီကောင်က အပြုံးမပျက်ဘူးဗျ။
ထိုးတဲ့ကျုပ်ပဲ လက်တွေနာလာပါရော၊ ဒီအခါ ဒီကောင်က ကျုပ်ကိုတွန်းချပြီးတော့ သူတစ်လှည့်တက်လုံးတာပဲဗျာ၊ သူ့ကိုယ်လုံးနဲ့အဖိခံရတဲ့ကျုပ်က ဆန်အိတ်လေးငါးအိတ်လောက် အဖိခံလိုက်ရသလို နာသွားတာပဲဗျာ၊ လှုပ်တောင်မလှုပ်နိုင်ဘူး၊ ဒီကောင်က ကျုပ်ရင်ဘတ် ပေါ်ခွထိုင်ပြီးတော့ ကျုပ်လည်ပင်းကို သူ့လက်တွေနဲ့ညှစ်ပါရောဗျာ။ လက်တွေကလည်း တော်တော် သန်တယ်ဗျာ၊ ကျုပ်က ဒီကောင့်ကိုအော်ပြီးဆဲပါရော၊ တဖြည်းဖြည်းနဲ့ ကျုပ်အသက်ရှုတွေကျပ်လာပြီး သေတော့မလိုဖြစ်လာတယ်၊ ဒီတော့မှ ငကြိုင်က ကျုပ်ကိုလွှတ်ပေးလိုက်သဗျ။ ကျုပ်မှာ အသက်ကိုမနည်းလုရှုနေရတယ်ဗျာ၊ ငကြိုင်က ကျုပ်အပေါ်ကို အုပ်မိုးကြည့်ရင်း
“ဟေ့ကောင် ဂတုံး၊ မင်းကို ငါကသူငယ်ချင်းအရင်းမို့ မသတ်ဘဲလွှတ်ပေးလိုက်တာကွ၊ နောက်တစ်ခါဆိုရင်တော့ မင်းကိုငါခွင့်မလွှတ်ဘူး၊ မင်းကိုသတ်ပြီး ငါနဲ့အတူတူခေါ်ထားမယ်ကွ၊ ဟား၊ ဟား”
ငကြိုင်က အသံနက်ကြီးနဲ့ရယ်မောပြီးတော့ ခြံနောက်ဘက်က ဝါးရုံပင်တွေကြားတိုးသွားပြီး ပျောက်သွားတော့တာပါပဲဗျာ၊ ကျုပ်မှာဖြင့် သေကောင်ပေါင်းလဲ ခံစားလိုက်ရတာပြောမနေပါနဲ့။
အရက်မသောက်ရလည်း ဘာထူးလဲဆိုပြီး ကျန်တဲ့ကြက်တစ်ကောင်ကို ဆက်ကင်နေမိတယ်၊ မကြာပါဘူး၊ အဘွားပြန်ရောက်လာတယ်။ မီးဖိုချောင်ထဲအလုပ်များနေတဲ့ကျုပ်ကိုကြည့်ပြီး
“ဟဲ့မြေး၊ ဘာတွေကင်နေတာလဲ၊ အလိုတော် ကြက်ကြီးပါလား”
“ဟုတ်တယ်အဘွားရေ၊ ကျုပ်သူငယ်ချင်းတစ်ယောက် ဟင်းစားဆိုပြီးကြက်လာပေးလို့ ကင်နေတာ၊ အဘွားလည်းစားပေါ့ဗျာ”
“အဘွားက သွားတွေသိပ်မကောင်းလို့ မဝါးနိုင်တော့ပါဘူး၊ ဒါထက် တစ်ကိုယ်လုံးလည်း ရွံ့တွေဗွက်တွေပေနေပါလား”
“ဟုတ်တယ်အဘွား၊ ခုနက အိမ်သာသွားရင်း လမ်းမှာချော်လဲတာ”
“ကြက်တွေ့မှသတိရတယ်၊ ဒီညနေပဲ ကရင်ဆံရှည်အိမ်က ကြက်နှစ်ကောင်ပျောက်သွားလို့တဲ့ ဆံရှည်တစ်ယောက် ဒေါသထွက်ပြီး ဆဲဆိုနေတာပဲ”
ကျုပ်လည်း အကြောင်းစုံသိတာမို့ ခေါင်းသာညိတ်ပြလိုက်တယ်၊ ဧကန္တ ဒီကြက်နှစ်ကောင်က ဆံရှည်ရဲ့ကြက်တွေဖြစ်ရင်ဖြစ်မှာ၊ ဟိုကောင်ငကြိုင် ဆံရှည်ကိုမကျေနပ်တာနဲ့ သွားလုပ်တာ နေမှာပေါ့ဗျာ၊ အဲဒီညကတော့ အရက်မသောက်ရတဲ့အတူတူ ငကြိုင်ပေးခဲ့တဲ့ ကြက်တစ်ကောင်ကိုပဲ ကျကျနနကင်ပြီး အဝစားလိုက်တာပေါ့ဗျာ။
မနက်မိုးလင်းတာနဲ့ ရွာထဲမှာ ဆူဆူညံညံကြားရတာပဲဗျာ၊ အဘွားကိုမေးကြည့်တော့ ညက အရက်ဝယ်ပြီးပြန်လာတဲ့ သာဂိတစ်ယောက် သရဲနဲ့တွေ့ပြီးတော့ အရက်ပုလင်းအလုခံလိုက်ရ တယ်ဆိုပဲ၊ ကျုပ်အထင်တော့ ငကြိုင့်လက်ချက်နေမှာဗျ၊ အဲဒီနေ့ညတော့ ငကြိုင်ကျုပ်ဆီကိုမလာ တော့ဘူး၊ အဘွားကလည်း ကျုပ်ကိုအရက်ဝယ်မပေးဘူးဗျ၊ မေ့နေတယ်ထင်ပါရဲ့ဗျာ၊ ကျုပ်လည်း ကတုန်ကယင်တွေဖြစ်လာတာနဲ့ စောင်ခြုံပြီးအိပ်လိုက်တာ မိုးစင်စင်လင်းမှ နိုးပါရော။
“ဟေ့၊ ဘယ်ကောင်ငါ့ကြက်တွေခိုးသွားတာလဲကွ၊ မိလို့ကတော့ သေပြီသာမှတ်ထား သူခိုးကောင်ရေ”
ကျုပ်အိမ်ရှေ့မှာ မျက်နှာသစ်နေတုန်း ကိုဆံရှည်လမ်းပေါ်ကနေ ဆဲဆိုသွားတဲ့အသံကြား လိုက်ရသဗျ၊ ဒါနဲ့ကျုပ်လည်း ကိုဆံရှည်ကိုကြည့်ပြီး
“ဟေ့လူ ဘာဖြစ်တာလဲဗျ”
“ဘာဖြစ်ရမလဲကွာ၊ ညက ငါ့ကြက်ဆယ်ကောင်ပျောက်သွားတယ်ကွ၊ အိမ်မှာရှိတဲ့ကြက်တွေ မျိုးတုန်းကုန်ပြီ၊၊ ဒါနဲ့ ဂတုံး၊ ဒီကြက်တွေပျောက်တဲ့အမှုမှာ မင်းသိထားတာများရှိသေးလား”
“မသိပါဘူးဗျာ၊ ငကြိုင်သေပြီးကတည်းက ကျုပ်အပြင်မထွက်တာကြာပြီဗျ”
“အေး၊ သတင်းအစအနရရင် ငါ့လာပြောစမ်းကွာ၊ အခုတော့ ရွာထဲမှာ ကြက်သားဟင်း ချက်တဲ့အိမ်တွေကို လိုက်မေးလိုက်အုံးမယ်ဟေ့”
ကိုဆံရှည်က ဓါးကြီးဆွဲပြီးထွက်သွားပါရောဗျာ၊ ဘယ်သူလဲဆိုတာ ကျုပ်သိတာပေါ့၊ ဒါ ငကြိုင့်လက်ချက်ပဲနေမှာ။ အဲဒီနေ့ကလည်း ကျုပ်ခြံထဲမှာပဲ သစ်ပင်တွေခုတ်၊ ခြံသန့်ရှင်းရေးလုပ်ပြီး အချိန်တွေကုန်သွားပါရောဗျာ၊ ငကြိုင်လည်းမလာပါဘူး၊ ဖြစ်ချင်တော့ ညအိပ်တော့မှ ဇာတ်လမ်း စတာလာဗျ။
ကျုပ်အိပ်နေတုန်း ကျုပ်အိပ်တဲ့အနားက ထရံကို လက်နဲ့တဘုန်းဘုန်းထုတဲ့အသံကို ကြားလိုက်ရတယ်၊ ကျုပ်လန့်သွားပြီး မျက်လုံးဖွင့်ကြည့်မိတယ်ဗျ။
“ဟေ့ကောင် ဂတုံး၊ မင်းအတွက်လက်ဆောင်ပါတယ်၊ မင်းအိမ်နောက်ကိုဆင်းလာခဲ့စမ်းပါ”
ကျုပ်ကြောက်ကြောက်နဲ့ အိမ်နောက်ဆင်းသွားတော့ ငကြိုင်က သရက်ပင်အောက်မှာ ငုတ်တုတ်ထိုင်နေသဗျာ၊ ဒီကောင့်အရှေ့မှာတော့ ပုလင်းတွေတန်းစီချထားတယ်ဗျ၊
“ဟား၊ ဟား ငါ့သူငယ်ချင်းကို ငါအရက်လာတိုက်တာဟေ့၊ ဟောဒီမှာ မင်းအတွက်အရက်တွေ၊ သောက်စမ်းကွာ၊ မင်းစိတ်ကြိုက်သောက်စမ်း”
ကျုပ်တော်တော်လန့်သွားတယ်၊ အရက်ပုလင်းတွေချည်း ပုလင်းနှစ်ဆယ်လောက်ရှိတာကိုးဗျ၊ ဒီကောင်ဘယ်ကရလာသလဲတော့မသိဘူး၊ ကျုပ်အနားကိုသွားလိုက်တော့ ငကြိုင်က အရက်ပုလင်း တစ်လုံးလှမ်းပေးတယ်ဗျ။ ကျုပ်က အရက်ကြိုက်တဲ့ကောင်ဆိုပေမယ့် ဒီကောင်ပေးတဲ့အရက်ကျတော့ မသောက်ချင်ပြန်ဘူး။ ငကြိုင်က မျက်လုံးပြူးကြီးနဲ့ ကျုပ်ကိုကြည့်ရင်း
“ဟေ့ကောင်၊ ယူလေကွာ၊ သောက်စမ်းပါကွ၊ အခုတလော မင်းပဲငါ့ကိုအရက်တိုက် နေခဲ့ရတာများပြီ၊ အခုဒီတစ်ခါ ငါတိုက်အလှည့်ပေါ့ကွာ၊ သောက်စမ်းပါကွ”
ကျုပ်ခေါင်းခါလိုက်ရင်း
“မသောက်ဘူး၊ ငါမသောက်ချင်ဘူးသူငယ်ချင်း”
“ဟ၊ ဂတုံး၊ မင်းဘယ်လိုဖြစ်သွားတာလဲကွာ၊ အရက်ဆိုရင် သေမလောက်ကြိုက်တဲ့မင်းက အခုကျတော့ အရက်မသောက်ချင်ဘူးတဲ့လား၊ မဟုတ်တာတွေပြောမနေစမ်းပါနဲ့ သောက်ဆို သောက်စမ်းပါ”
“မသောက်ချင်ဘူးသူငယ်ချင်း၊ ငါအရက်ဖြတ်လိုက်ပြီ၊ ငါအရက်တွေထပ်ပြီးမသောက်ချင် တော့ဘူး”
ငကြိုင်က ရယ်မောရင်း ခေါင်းကိုတဆတ်ဆတ်ညိတ်တယ်ဗျ။
“ကောင်းတယ်၊ ကောင်းတယ်၊ မင်းမသောက်ဘူးဆိုတော့ ငါဝတာပေါ့ကွာ၊ မသောက်မစား လူ့ငနွားတဲ့ကွ၊ ဒီလောက်ကောင်းတဲ့အရက်ကို မင်းမသောက်တာ မင်းက ငနွားပဲ”
ပြောရင်းဆိုရင်း ငကြိုင်က အရက်ပုလင်းတစ်လုံးကိုဆွဲယူပြီး ဖင်ထောင်မော့ပါရောဗျာ၊ အရက်တစ်လုံးကို တစ်ကျိုက်တည်းသောက်ပစ်တာဗျ၊ နောက်တစ်ခါကျတော့ အရက်ပုလင်း နှစ်ပုလင်းကိုဖွင့်ပြီး ပါးစပ်ထဲကို ပုလင်းနှစ်လုံးတစ်ပြိုင်တည်းမော့ချပါရော။ ပုလင်းတွေအကုန်လုံးကို သောက်ပြီးတော့မှ ငကြိုင်က သရက်ပင်ကြီးပေါ်ခုန်တက်သွားပါရောဗျာ၊ ပြီးတော့ သစ်ပင်ကိုင်းတွေ တစ်ကိုင်းပေါ်ကတစ်ကိုင်း ခုန်ကူးရင်းနဲ့ ပျောက်ကွယ်သွားပါရော၊ ဒီကောင်ယူလာတဲ့ပုလင်းတွေကို မတရားလုပ်လာမှန်းကျုပ်သိတယ်၊ ဒါနဲ့ ပုလင်းခွံတွေကို အိမ်သာကျင်းးထဲကို ပစ်ချပြီး လက်စဖျောက်လိုက်ရပါရော။
ထင်တဲ့အတိုင်းပါပဲဗျာ၊ မနက်ခင်းကြားလိုက်ရတဲ့သတင်းက သိပ်မကောင်းဘူးဗျ၊ ရွာပြင်ထိပ်မှာအရက်ရောင်းတဲ့ ကိုပြောင်ကြီးတို့အရက်ဆိုင်ကို ညကသူခိုးဝင်သတဲ့ဗျာ၊ အရက်ပုလင်းတွေကိုချည်းခိုးသွားတာဆိုပဲ၊ ဆိုင်စောင့်တဲ့ကောင်လေးက သူခိုးကိုမြင်တော့ထရိုက်တဲ့ အချိန်မှာ သူခိုးက သူ့ကိုပြန်ရိုက်သွားလို့ လည်ပင်းကြီးစောင်းသွားတယ်ဗျာ၊ လည်ပင်းအောက်ခြေ မှာလည်း ညိုမဲစွဲနေတာ မြင်လို့တောင်မကောင်းဘူး၊ ကျုပ်ကတော့ ငကြိုင့်လက်ချက်မှန်း သိလိုက်ပါတယ်၊ ကိုပြောင်ကြီးတို့လည်း ကြောက်ကြောက်လန့်လန့်နဲ့ ဆိုင်မဖွင့်ရဲတော့ဘဲ ဘေးရွာကိုပြေးကြပါလေရော။
ဒီလိုနဲ့ နောက်နှစ်ရက်လောက်ကြာတော့ ဆံရှည်တစ်ယောက် သေနေပါရောဗျာ၊ သေတာကလည်း ရွာအပြင် သုဿန်ကြီးရဲ့ထိပ်က သစ်ပင်ကြီးအောက်မှာသေနေတာဗျ၊ ရွာကလူတွေပြောတာကတော့ ဆံရှည်က သူ့ကြက်မွေးတွေကို ဒီသစ်ပင်ကြီးအောက်မှာ တွေ့တာနဲ့ သူခိုးကို ဒီသစ်ပင်အောက်မှာ စောင့်ဖမ်းမယ်ဆိုပြီးတော့ စောင့်နေတယ်ဆိုပဲဗျာ၊ အခုတော့ ဇက်ကြီးကျိုးပြီးသေသွားတာ မြင်လို့တောင်မကောင်းဘူးဗျို့၊ ကျုပ်အထင်တော့ ငကြိုင်က ဆံရှည်သူ့လက်စွပ်ယူထားတယ်ဆိုပြီး မကျေနပ်လို့ သတ်လိုက်တာဖြစ်မယ်။
(၅)
ကျုပ်လည်း သူကြီးကိုပြောမလို့ပဲဗျ၊ ဒါပေမယ့် ဘယ်ကနေဘယ်လိုစပြီးပြောရမလဲ မသိဘူးဖြစ်နေတယ်၊ ကျုပ်ပြောလိုက်တာကို ငကြိုင်သိသွားရင် ကျုပ်ကိုလာသတ်မှာကိုလည်း ကြောက်နေရတယ်ဗျာ၊ ငကြိုင်က ဒီရက်ပိုင်းတော့ တစ်ခါတစ်ခါပေါ်လာပါတယ်၊ တစ်ညတုန်းကလည်း ဆိတ်ပေါင်ကြီးဆွဲလို့ ရောက်ချလာပါရော၊ ကျုပ်ကိုဟင်းစားပေးတာတဲ့လေ၊ ကျုပ်လည်း မစားရဲပါဘူးဗျာ၊ ဒီကောင်က ရွာထဲကနေ ခိုးစားဝှက်စားနေတာမဟုတ်လား၊ အခုဆိတ်ပေါင်လည်း တစ်အိမ်အိမ်ကနေဝင်ဆွဲခဲ့တာဖြစ်မယ်ဗျ၊ ဒါကြောင့် ညတွင်းချင်းပဲ မြေကျင်းနက်နက်တူးပြီးတော့ မြှုပ်လိုက်ရတယ်၊ ထင်တဲ့အတိုင်းပါပဲ မနက်ကျတော့ ဆိတ်မွေးတဲ့ မပုတုတို့ခြံကနေ ဆိတ်နှစ်ကောင်ပျောက်သွားလို့တဲ့ဗျာ၊ ရွာထဲမှာ ဆူညံပွက်လောရိုက်နေရာပဲ၊ သူကြီးက ကာလသားတွေကိုစုပြီး ခိုင်းရတော့တယ်၊ ဒီသူခိုးကို ဖမ်းဖို့ပေါ့ဗျာ။
ရွာခံလူမိုက်ကျုပ်လည်း မပါလို့မရဘူး၊ သူကြီးအမိန့်ဆိုတော့လည်း ပါရတာပေါ့ဗျာ၊ ရွာကိုလေးပိုင်းခွဲထားပြီး တစ်ပိုင်းကို ရွာသားအယောက်နှစ်ဆယ်ဆီ စုဝေးထားကြတယ်၊ ဓါးလှံလက်နက်တွေ၊ ဒူးလေးလိုလက်နက်တွေအစုံကိုင်ထားကြတယ်ပေါ့ဗျာ၊ ရွာထောင့်လေးထောင့်မှာလည်း ကင်းပုန်းဝပ်နေကြသေးသဗျ၊ ကျုပ်ကတော့ ငကြိုင်ဘယ်ကလာမယ်ဆိုတာ သိနေတာနဲ့ ရွာပြင်သုဿန်နားကို အထူးသတိထားပြီးတော့ စောင့်ဖို့ပြောတာပေါ့ဗျာ။
သန်းခေါင်ကြက်တွန်လိုက်ပြီး မကြာခင်မှာပဲ သုဿန်ထဲကနေ လူရိပ်တစ်ခုကထွက်လာသဗျ။ ထွက်လာပြီးတော့ ရွာထဲကိုဝင်လာပါရော၊ ကျုပ်လည်း ဒီလူကိုတွေ့တာနဲ့ ငကြိုင်မှန်း တန်းသိလိုက်ပြီးတော့ ကင်းအဖွဲ့ကို အော်ပြောလိုက်တာပေါ့၊ ကင်းအဖွဲ့က ရှစ်ယောက်တိတိရှိတယ်ဗျ၊ ကျုပ်တို့ရှစ်ယောက် ညာသံပေးပြီးတော့ ပုန်းနေရာကနေ ခုန်ထွက်လာကြတဲ့အချိန်မှာ ဒီလူက ကျုပ်တို့ကိုကြည့်ပြီး ရွာထဲကိုဝင်ပြေးသဗျာ၊ ကျုပ်တို့ယောက်ျားရှစ်ယောက်က အမြန်ပြေး လိုက်တာပဲဗျ၊ ဒါပေမယ့်ဒီလူပြေးတဲ့ခြေလှမ်းကို မမီပါဘူးဗျာ။ ကျုပ်တို့အော်ကြဟစ်ကြနဲ့ဆိုတော့ ရွာထဲက ကင်းအဖွဲ့က ကျုပ်တို့အော်သံတွေကြားတဲ့ဘက်ကို ပြေးဆင်းလာကြတယ်၊ ငကြိုင့်ကို ညှပ်ပူးညှပ်ပိတ်မိပြီပေါ့ဗျာ၊ အရှေ့ဆက်ပြေးရင်လည်း ကင်းအဖွဲ့၊ အနောက်ကိုဆုတ်ပြေး တဲ့အခါကျရင်လည်း ကင်းအဖွဲ့ပဲပေါ့။ ဒီကောင့်အနားကို ကျုပ်တို့ဝိုင်းမိတဲ့အချိန်မှာ ဒီကောင်က ဝုန်းခနဲခုန်ထွက်သွားတာပဲဗျာ၊ ခုန်တာကလည်း ဝါးတစ်ပြန်လောက်အမြင့်ကြီးရောက်သွားတယ်ဗျ၊ လမ်းဘေးက သစ်ပင်ကြီးပေါ်ကိုခုန်တက်ပြီး အဲဒီကမှတဆင့် သစ်ပင်တွေတပင်ပြီးတပင် ခုန်ကူးသွားတာမြန်လိုက်တာဗျာ၊ လိုက်တဲ့လူတွေကလည်း ဒူးလေးတွေ၊ လောက်လေးတွေနဲ့ ပစ်ခတ်ကြပေမယ့် ထိကိုမထိဘူးဗျို့။
“တောက်၊ ဒီသူခိုးက တော်တော်လျင်တဲ့သူခိုးပဲကွာာ”
“ဟုတ်ပါ့ကွာ၊ ရွာထဲတင်လမ်းစပျောက်သွားတယ်ဆိုတော့ တစ်ခြံခြံမှာခိုနေနိုင်တယ်ကွ၊ ငါတို့လိုက်ရှာမှရမယ်”
ကျုပ်နဲ့အတူ ရွာသားတွေရှာကုန်ကြတာပေါ့ဗျာ၊ ဒီအခါ ရွာမြောက်ပိုင်းနားက အော်သံဟစ်သံ တွေကြားတာနဲ့ ကျုပ်တို့ပြေးလိုက်ခဲ့ကြတယ်၊ ဒီတစ်ခါတော့ ဆိတ်ခြံကိုဝင်တာမဟုတ်ဘဲ ဘကြီးပြုံးတို့ရဲ့ နွားခြံံကိုဝင်တာဗျာ။ အဲဒီမှာ ငကြိုင်က နွားပေါက်ကို ပါးစပ်နဲ့ကိုက်ချီပြီးတော့ ပြေးပါရော၊ ကျုပ်တို့ရွာသားတွေ အနောက်ကလိုက်ခဲ့ကြပေမယ့် မမီကြဘူးပေါ့ဗျာ။
“သုဿန်ထဲကို ပြေးတာဟေ့၊ လိုက်ကြဟ”
သုဿန်ထဲကိုပြေးလိုက်ကြရင်း မြေပုံကြီးထဲမှာ ပွင့်နေတဲ့အခေါင်းကြီးတစ်ခုကိုတွေ့ လိုက်ကြရပါရောဗျာ၊ ရွာသားတွေအကုန်လန့်သွားကြတာပြောမနေပါနဲ့၊ ဒီအချိန် သုဿန်ထဲက သစ်ခြောက်ပင်ကြီးပေါ်ကနေ မာန်ဖီသံကြီး တဂီးဂီးကြားလိုက်ရတယ်၊ ကျုပ်တို့မော့ကြည့်လိုက်တော့ နွားပေါက်ကို သစ်ပင်ခွကြားမှာတင်ထားပြီး အစွယ်ကြီးတဝင်းဝင်းနဲ့ မာန်ဖီနေတဲ့ ငကြိုင့်ကိုတွေ့ လိုက်ရပါရောဗျာ။
“ဟာ၊ အဲဒါ ငကြိုင်ဟေ့”
“ငကြိုင်ပဲ၊ သေသွားတဲ့လူမိုက် ငကြိုင်ပဲ”
“ငကြိုင်ဖုတ်ဝင်နေတာပဲဟေ့”
ပြောရင်းဆိုရင်း ငကြိုင်က သစ်ပင်ကြီးပေါ်ကနေ ခုန်ချလာပါရောဗျာ၊ ရွာကလူတွေက ဒူးလေးတွေနဲ့ပစ်ပေမယ့် ငကြိုင်ကိုထိတော့ ဒူးလေးမြှားတံတွေအကုန်လုံး ကျိုးထွက်ကုန်သဗျာ၊ အတင့်ရဲတဲ့ ရွာသားတစ်ယောက်က လှံနဲ့ပြေးထိုးတော့ လှံကဗိုက်သားကိုထိပေမယ့် ခွေထွက်သွား သဗျာ။ ငကြိုင်က ပါးစပ်ကြီးဖြဲပြလိုက်တယ်ဆိုရင်ပဲ ရွာသားတွေအကုန်လုံး ထွက်ပြေးကြတော့တာပါပဲ၊ ကျုပ်လည်းပြေးမယ်ဆိုပြီးလုပ်လိုက်ပေမယ့် ကျုပ်ခြေထောက်တွေက ပြေးမရတော့ဘူးဗျ။ ကျုပ်တစ်ကိုယ်လုံး ကျောက်ရုပ်ကြီးလို တောင့်တောင့်ကြီးဖြစ်ပြီး လှုပ်မရတော့ဘူး။
ငကြိုင်က ကျုပ်အနားကိုတစ်လှမ်းချင်းလျှောက်လာတယ်ဗျ၊ လရောင်အောက်မှာ သူ့အစွယ်ကြီးတွေက တဝင်းဝင်းနဲ့လက်နေတယ်၊ စားတာသောက်တာများပြီး ဒီကောင်ထွားလာတဲ့ ပုံစံပဲဗျ၊
“အော်၊ ဂတုံး၊ ဂတုံး၊ ငါကတော့ မင်းကိုသူငယ်ချင်းဆိုပြီး သဘောထားလိုက်ရတာ၊ အခုကျတော့မင်းက ငါ့ကိုသတ်ဖို့အဖွဲ့ထဲမှာတောင် ပါနေပါရောလားကွ”
“မ. . . မဟုတ်ပါဘူး ငကြိုင်ရာ၊ ငါလည်း သူကြီးအမိန့်အရဆိုတော့ မတတ်သာလို့ပါ”
“ငါသိပါတယ် ဂတုံးရာ၊ ငါသေပြီးနောက်ပိုင်းမှ မင်းတော်တော်ပြောင်းလဲသွားတယ်၊ မင်းအချိုးတွေ သိသိသာသာကြီးပြောင်းသွားတာကို ငါသိတာပေါ့ ဂတုံးရာ၊ ဘာလဲကွ၊ မင်းက ငါ့ကိုသေပြီးသားလူဆိုပြီး ငါနဲ့မပေါင်းချင်တော့ဘူးလား၊ ငါနဲ့မပတ်သက်ချင်တော့ဘူးလား”
“ဟုတ်တယ် ငကြိုင်၊ မင်းမေးတော့ငါလည်း ပွင့်ပွင့်လင်းလင်းပဲပြောလိုက်တော့မယ်၊ မင်းနဲ့ငါက အရင်တုန်းက သူငယ်ချင်းဆိုပေမယ့် အခုတော့ ဘဝခြင်းမတူတော့ဘူးကွ၊ မင်းကသရဲကောင်၊ ဖုတ်ကောင်ဖြစ်သွားပြီ၊ ငါကလူလေကွာ၊ ဖုတ်ကောင်နဲ့လူဆိုတာ သူငယ်ချင်းဖြစ်လို့ရရိုးလားကွ၊ ဒီတော့ ငါရှင်းရှင်းပဲပြောမယ်ဟေ့ကောင်၊ အရင်က မင်းနဲ့ငါနဲ့သူငယ်ချင်းဆိုပေမယ့် အခုတော့ သူငယ်ချင်းမဟုတ်တော့ဘူး၊ ဒီနေ့ကစပြီး မင်းနဲ့ငါက သူစိမ်းတွေဖြစ်သွားပြီ၊ မင်းလည်းမင်းလမ်းကိုသွား၊ ငါလည်း ငါ့လမ်းငါလျှောက်တော့မယ်”
ငကြိုင်က တော်တော်ဒေါသထွက်သွားတယ်။
“အေးအေး၊ ဘာတဲ့ မင်းက ငါသရဲဖြစ်သွားလို့ မခင်ချင်တော့ မပေါင်းချင်တော့ဘူးတဲ့လား၊ အေးလေ ဂတုံးရာ၊ မင်းက ဒီလိုဆိုတော့လည်း မင်းကိုငါက သရဲအဖြစ်ပြောင်းပေးရသေးတာပေါ့ကွာ”
ငကြိုင်က ကျုပ်အနားကိုကပ်လာတယ်၊ ကျုပ်လည်းလှုပ်မရဘူးဆိုတော့ သူပြုသမျှ နုရတော့မယ့်ကိန်းပေါ့ဗျာ၊ ဒီအချိန် ကျုပ်နားထဲ အသံတစ်ခုကြားလိုက်ရသဗျ။
“မြေးလေး၊ မြေးလေး”
“အဘွား၊ အဘွား ကျုပ်ကိုကယ်ပါအုံးဗျာ၊ ကျုပ်ကိုကယ်ပါအုံး”
“ကယ်မယ်၊ ငါ့မြေးကိုငါကယ်မယ်၊ ဟဲ့ ဖုတ်ကောင်၊ နင်ငါ့မြေးကိုလွှတ်လိုက်စမ်း”
အဘွားပြောတော့ ငကြိုင်က ရယ်ပါရောဗျာ။
“ဟား၊ ဟား ခင်ဗျားလိုအဘွားကြီးက ကျုပ်ကိုယှဉ်နိုင်မှာတဲ့လား”
အဘွားက ထမီကိုပြင်ဝတ်လိုက်ပြီး
“အေး၊ နိုင်မလားမနိုင်မလားသိချင်ရင် စမ်းကြည့်လိုက်စမ်းဟေ့၊ ရွာသူမိအေးတဲ့ တစ်အေးတည်း ရှိတယ်”
“ဟာ၊ အဘွားကဒါဆိုရင် စုန်းပေါ့၊ ရွာသူမိအေးဆိုတဲ့ စုန်းက အဘွားပေါ့”
အဘွားက ကျုပ်ပခုံးကိုပုတ်ပြီးတော့
“မြေးလေးရေ၊ ပြေးတော့၊ အိမ်ကိုမြန်မြန်ရောက်အောင်သာပြေးတော့၊ အိမ်မှာစည်းတွေချထား လို့ ဒင်းအိမ်ထဲတော့ ဝင်လာနိုင်မှာမဟုတ်ဘူး”
“အဘွား၊ ကျုပ်ပြေးတော့ အဘွားဘယ်လိုလုပ်မလဲဗျ”
“အဘွားအတွက်မပူစမ်းပါနဲ့၊ အဘွားရဲ့ပညာနဲ့ ဒီကောင့်ကိုထိန်းထားလိုက်မယ်၊ ငါ့မြေးသာ ရွာကိုရောက်အောင်ပြေးတော့”
အဘွားနဲ့ဖုတ်ကောင်နဲ့ လုံးထွေးကြပါရောဗျာ၊ ကျုပ်လည်းအဘွားပြောတဲ့အတိုင်း ရွာထဲကိုတစ်ချိုးတည်းပြေးလာခဲ့တာပါပဲ၊ တစ်ညလုံးအဘွားက ပြန်မလာဘူးဗျာ၊ ကျုပ်အိမ်ထဲထိုင်ရင်း ငိုနေရတာပြောမနေပါနဲ့၊ ရွာထဲက ဘယ်သူမှလည်း အိမ်ထဲကအိမ်ပြင်မထွက်ရဲဘူးကိုးဗျ၊ မနက်မိုးလင်းလို့ လူတွေစုပြီး သုဿန်ဆီထွက်ခဲ့တော့ သုဿန်ထဲမှာ ဘာဆိုဘာမှမရှိတော့ဘူး၊ မြေကျင်းကြီးထဲက အခေါင်းကြီးလည်းမရှိတော့သလို အဘွားကိုလည်း အစအနတောင်မတွေ့ရတော့ဘူးဗျာ၊ အဘွားနားရွက်မှာဝတ်ထားတဲ့ နားကပ်ကလေးပဲ ကျန်နေခဲ့ပါရော။
“အဘွားရေ၊ အဘွားရဲ့၊ ဒါကျုပ်အမှားပါ၊ ကျုပ်အမှားပါအဘွား”
ကျုပ်အော်ရင်း မြေကြီးကို လက်သီးနဲ့ထိုးနေမိပါတယ်ဗျာ၊ ရွာသားတွေကတော့ တစ်ယောက်တစ်ခွန်းနဲ့ပြောဆိုနေကြတယ်။
“ဖုတ်ကောင်က လူသားစားဖူးပြီးသွားပြီဟေ့၊ ဒီအတိုင်းဆို သိပ်မကြာခင်မှာပဲ လူတွေကိုလိုက်ပြီးဖမ်းစားတော့မယ်”
ရွာသားတွေလည်း ဖုတ်ကောင်ကိုနှိမ်နင်းနှိုင်မယ့်လူကို ရှာဖွေကြတော့တာပေါ့ဗျာ၊ ဦးစိုင်းလုံကျောက်ဆိုတဲ့ ဆရာကြီးတစ်ဦးကို သွားပင့်လာကြပါရောဗျာ၊ ရှမ်းပြည်အတက် ရွာကလေးတစ်ရွာမှာနေတဲ့ ရှမ်းဆရာကြီးပါ၊ နေ့တွင်းချင်းပင့်ကြတာဆိုတော့ ညနေမစောင်းခင်မှာပဲ ရှမ်းဆရာကြီးရောက်လာပါရော၊ ရွာကလူတွေလည်း တော်တော်ကြောက်နေကြပြီဗျ၊ အိမ်ထဲကအိမ်ပြင် တောင် မထွက်ရဲကြတော့ဘူး၊ ရှမ်းဆရာကြီးက သူကြီးပြောပြတာကိုနားထောင်ပြီးတော့
“မင်းတို့ဖုတ်ကောင်က လူစားပြီးသွားပြီဆိုတော့ တော်တော်အဆင့်မြင့်နေလောက်ပြီဟေ့၊ နောက်သုံးလေးယောက်လောက်သာ ဆက်စားပြီးသွားရင် မြေလျှိုးမိုးပျံနိုင်တဲ့အထိဖြစ်သွားမယ်ကွ”
“ဒါဖြင့် ဘယ်လိုလုပ်ကြမလဲဆရာကြီး”
“သတ္တိကောင်းတဲ့ယောက်ျားလေးငါးယောက် ရှာပေးပါသူကြီး”
“ကျုပ်လည်းပါမယ်၊ ဒီဖုတ်ကောင်က ကျုပ်အဘွားကိုသတ်သွားခဲ့တာ၊ ကျုပ်ဒီအတွက်လက်စား ပြန်ချေမယ်”
ရှမ်းဆရာကြီးက သူ့လွယ်အိတ်ထဲက သစ်သားချောင်းအချွန်တွေကိုထုတ်လိုက်တယ်ဗျ၊ သစ်သားချောင်းတွေက အနက်ရောင်တွေဆိုပေမယ့် သစ်သားချောင်းထိပ်အချွန်တွေကတော့ အနီရောင်တွေဗျ။
“ဒါတွေက ဘာတွေလဲဆရာကြီး”
“ဖုတ်ကောင်ဆိုတာက သာမန်ဓါးလှံလက်နက်မတိုးဘူးကွ၊ သူတို့ကိုတိုးတာ ဟောဒီစို့တွေပဲ၊ ဒီစို့တွေနဲ့ ဖုတ်ကောင်ရဲ့အသည်းနှလုံးတည့်တည့်ကို ထိုးစိုက်ရမယ်၊ ဒီလိုထိုးစိုက်တဲ့အခါ ဖုတ်ကောင်က ငြိမ်ကျသွားလိမ့်မယ်ကွ၊ ငြိမ်ကျသွားတဲ့အခါမှ မန်းမှုတ်ထားတဲ့ ဓါးမန်းနဲ့ဖုတ်ကောင်ရဲ့ ခက်မငါးဖြာလို့ခေါ်တဲ့၊ ဦးခေါင်း၊ လက်နှစ်ဖက်၊ ခြေနှစ်ဖက်ကိုဖြတ်ရမယ်၊ ပြီးရင် နေရာခြောက်နေရာမှာ ခက်မငါးဖြာနဲ့ကိုယ်လုံးနဲ့ကို သပ်သပ်စီခွဲပြီးမြှုပ်ထားရမယ်၊ မြှုပ်ထား တဲ့အချိန်အတွင်းမှာလည်း ဖုတ်ကောင်က မသေသေးဘူးနော်၊ တကယ်လို့ ဒီအပိုင်းတွေ အတူတူပြန်ထားတယ်ဆိုရင် သူ့အလိုလိုပြန်ဆက်နိုင်တယ်ကွ၊ ခြောက်လကြာအောင် တစ်နေရာစီခွဲ ထားနိုင်တော့မှ ဖုတ်ကောင်ကသေသွားမှာ”
“ဒါဆိုရင် အဲဒီကောင်ကို ဘယ်လိုသတ်မှာလဲဗျာ”
“အရင်ဆုံး ဖုတ်ကောင်ဘယ်ကိုပြေးသွားသလဲဆိုတာ စောင့်ကြည့်ကြတာပေါ့”
ရှမ်းဆရာကြီးက သုဿန်ကိုသွားချင်တယ်ပြောတာနဲ့ ကျုပ်တို့တွေအတူတူလိုက်ခဲ့ကြတာပေါ့၊ ညမှောင်နေပြီဆိုတော့ မီးတုတ်တွေကိုလည်း အသင့်ပြင်ထားကြရတယ်။ သုဿန်ရောက်တော့ ငကြိုင့်ကိုမြှုပ်ထားတဲ့ မြေကျင်းကြီးထဲကိုကြည့်ပြီး ရှမ်းဆရာကြီးက စက္ကူလေးတွေဖြဲပြီးချတယ်၊ နောက်တော့ အမွှေးတိုင်တစ်တိုင်ကို သူ့လက်မှာထွန်းကိုင်ပြီးတော့ ပါးစပ်ကနေလည်း ရှမ်းလိုတွေ မန်းမှုတ်နေပါရော။
“ဟောဒီအမွှေးတိုင်ကထွက်တဲ့ အငွေ့ရဲ့အနောက်ကို လိုက်ရမယ်”
မီးခိုးငွေ့တွေအတိုင်း ရှမ်းဆရာကြီးကလိုက်တော့ ကျုပ်တို့အတူတူအနောက်က လိုက်ခဲ့ကြ တယ်၊ ရှမ်းဆရာကြီးကသွားနေရင်း ရွာအပြင်ယာခင်းတွေကိုဖြတ်ခဲ့တယ်၊ နောက်တော့ တောတန်း ကလေးတစ်ခုထဲကိုရောက်ခဲ့ပါရောဗျာ၊ အမွှေးတိုင်အငွေ့တွေက အဲဒီနေရာမှာ ရစ်ဝဲနေကြတယ်။
“ဖုတ်ကောင်က ဒီနေရာတစ်ဝိုက်မှာ အသိုက်ဖွဲ့ထားတယ်ထင်ပါ့၊ ဒီကောင့်ကို လိုက်ရှာကြ မယ်ဟေ့”
တောတန်းကလေးထဲကို လိုက်ရှာပေမယ့် တွေ့ကိုမတွေ့ပါဘူးဗျာ၊ ရှာရင်းဖွေရင်း ညလယ်လောက်ရောက်လာတယ်ဗျ၊ ရှာတဲ့လူတွေလည်း တော်တော်မောပန်းနေကြပြီပေါ့ဗျာ၊ ရှမ်းဆရာကြီးက ကျုပ်တို့ကိုပြန်ခေါ်ပြီးတော့ ယာခင်းအလယ်မှာမိးပုံကြီးတစ်ပုံကို ဖိုခိုင်းလိုက်တယ်။
မီးများများထည့်ထားတဲ့ မီးပုံကြီးပေါ့ဗျာ၊ ပြီးတော့ ကျုပ်တို့ငါးယောက်၊ ရှမ်းဆရာကြီးနဲ့ဆိုရင် စုစုပေါင်းခြောက်ယောက် မီးပုံနံဘေးမှာ ခပ်ကျဲကျဲထိုင်လိုက်ကြတယ်၊ ထိုင်တာကလည်း မီးပုံကိုမျက်နှာချင်းဆိုင်မဟုတ်ဘဲ ကျောပေးထိုင်ကြရတာဗျ၊ ဆရာကြီးက စို့ငါးချောင်းကို ကျုပ်တို့ လူငါးယောက်ကို တစ်ယောက်တစ်ချောင်းခွဲပေးတယ်။
“မင်းတို့ စို့နဲ့သာစိုက်ဖို့လုပ်၊ ဒီကောင့်ကိုတွေ့တာနဲ့ စို့နဲ့သာထိုးပေတော့၊ ငါဖုတ်ကောင်ကို မန္တန်စုပ်ပြီး ခေါ်မယ်ကွ”
ရှမ်းဆရာကြီးက ရွတ်ပါရောဗျာ၊ ရွတ်ရင်းခဏကြာတဲ့အခါ တောတန်းထဲက လူကြီးတစ်ယောက်ထွက်လာတယ်ဗျ၊ တစ်လှမ်းချင်းလှမ်းလာပြီးတော့ ကျုပ်တို့မီးပုံဆီကိုလာပါရော၊ လာတဲ့လူကတော့ ငကြိုင်မှ ငကြိုင်အစစ်ဗျ၊ ရှမ်းဆရာကြီးက ကျုပ်တို့ကိုမလှုပ်ခိုင်းဘူးဗျာ၊ သူ့အနားရောက်လာတော့မှ ချည်မန်းကွင်းတစ်ခုနဲ့လှမ်းပစ်ထည့်လိုက်ပါရော၊ ချည်မန်းကွင်းက ငကြိုင့်ဒူးနားကိုပတ်မိပြီး ငကြိုင်ရပ်သွားတယ်ဗျ၊ ဒီအခါမှ ဆရာကြီးက ကျုပ်တို့ကိုပြေးထိုး ခိုင်းပါရောဗျာ။
“ဟေ့ကောင်တွေ၊ ဒီအချိန်ပြေးထိုးကြလေကွာ”
ရွာသားတွေလည်း ကုန်းထပြီးတော့ စို့တွေနဲ့ပြေးဝင်သွားကြပါရော၊ ဒါပေမယ့် ခက်တာက ငကြိုင်ကခြေထောက်ပဲလှုပ်မရတာဗျ၊ လက်ကလှုပ်ရနေတော့ သူ့ဆီပြေးဝင်လာတဲ့လူတွေကို လက်နဲ့ပုတ်ထုတ်ပါရောဗျာ၊ သူ့လက်နဲ့ထိတာနဲ့ ဖြောင်းခနဲအသံမြည်ပြီး ရွာသားတွေလွင့် ထွက်သွား ကြတယ်ဗျာ၊ နောက်ဆုံးတော့ ကျုပ်အလှည့်ပဲ ကျုပ်လည်း လက်ထဲမှာစို့တံကို ကျစ်ကျစ်ပါ အောင်ကိုင်ရင်း ငကြိုင့်ဆီကိုပြေးသွားလိုက်တယ်။
“သေပေတော့၊ ငါ့အဘွားကို သတ်တဲ့ကောင် သေစမ်း”
ဒါပေမယ့် ငကြိုင့်လက်က မြန်သဗျာ၊ ကျုပ်ဇက်ပိုးကိုရိုက်မိပြီးတော့ ကျုပ်ဘေးကိုလွင့်ထွက်သွား တော့တယ်၊ ခဏကြာတဲ့အခါ ငကြိုင်က ခြေထောက်ကိုရုန်းလိုက်ပြီး ချည်မန်းကွင်းကို ဆွဲဖြုတ်လိုက်ပါရောဗျာ၊ ပြီးတော့ ဓါးမန်းကိုင်ပြီးရပ်နေတဲ့ ရှမ်းဆရာကြီးကို ခုန်အုပ်ပြီး ဝင်လုံးပါရော၊ ရှမ်းဆရာကြီးနဲ့ ငကြိုင်နဲ့လုံးထွေးနေကြရင်း ရှမ်းဆရာကြီးက အခြေအနေမဟန်တော့ဘူးဗျ၊ ကျုပ်လည်း စို့တံကိုင်ပြီး ထိုးဖို့ပြင်နေမိတယ်၊ သူတို့နှစ်ယောက်က ဘတစ်ပြန် ကျားတစ်ပြန်လုံးနေကြတာဆိုတော့ ကျုပ်လည်းအထိုးရခက်တာပေါ့ဗျာ၊ တစ်ခါသားတော့ ငကြိုင်က ရှမ်းဆရာကြီးရဲ့ရင်ဘတ်ပေါ်တက်ထိုင်ပြီး ဆရာကြီးရဲ့လည်မြိုကိုညှစ်ပါရော၊ ဒီအခါကျုပ်လည်း ငကြိုင့်အနောက်ကိုအပြေးဝင်သွားပြီး လက်ထဲက စို့တံကို ငကြိုင့်ရဲ့နောက်ကျော အလယ်တည့်တည့် ကို ထိုးစိုက်ချလိုက်ပါရောဗျာ။
ငကြိုင်က အသံနက်ကြီးနဲ့အော်ဟစ်ပြီးတော့ လက်တွေခြေတွေတုန်ယင်လာတယ်။
“ဟေ့ကောင် ဂတုံး၊ ငါကတော့ သူငယ်ချင်းဆိုပြီး ခင်လိုက်ရတာ၊ အခုတော့ မင်းက ငါ့နောက်ကျောကို ဓါးနဲ့ထိုးတယ်ပေါ့၊ ဟုတ်သလား”
“ဟုတ်တယ်၊ ဒါပေမယ့် ငါထိုးတာ ဓါးမဟုတ်ဘူး၊ စို့ကွ၊ စို့နဲ့ထိုးတာ”
ကျုပ်လည်း မြေပေါ်ကျနေတဲ့ရှမ်းဆရာကြီးရဲ့ ဓါးမန်းကိုကောက်ပြီး မတ်တပ်ထလိုက်တယ်၊ ဓါးကိုအားနဲ့လွှဲပြီးတော့ ငကြိုင့်ရဲ့ဇက်ပိုးကို ခုတ်ချလိုက်ပါရောဗျာ၊ ငကြိုင့်ရဲ့ခေါင်းက ပြတ်ထွက်ပြီး ဘောလုံးကြီးတစ်လုံးလို တဘုတ်ဘုတ်နဲ့လိမ့်သွားသေးတယ်ဗျ၊ ရှမ်းဆရာကြီးက မတ်တပ်ထပြီး
“အကုန်ဖြတ်၊ ဒီကောင့်ရဲ့ခက်မငါးဖြာကို အကုန်ဖြတ်စမ်းကွာ”
ဆရာကြီးပြောတဲ့အတိုင်း ကျုပ်လည်း ငကြိုင့်ရဲ့ခြေတွေလက်တွေကို ခုတ်ဖြတ်ရပါရော၊ ညတွင်းချင်းပဲ ဒီကောင့်ရဲ့အစိတ်အပိုင်းတွေကို ရွာလေးထောင့််မှာမြှုပ်၊ ခေါင်းကိုတော့ သုဿန်မှာ၊ ကိုယ်လုံးကိုတော့ ရွာအပြင်တာလမ်းနံဘေးမှာ မြှုပ်လိုက်ရပါရောဗျာ။
ဖုတ်ကောင်သေပြီဆိုတော့ ရှမ်းဆရာကြီးကို ရွာကလူတွေက လက်ဆောင်တွေ ဘာတွေပေးကြတယ်ဗျ၊ ကျုပ်ဆိုရင် ဆရာကြီးကို တော်တော်ကြည်ညိုသွားတာ၊ ဆရာကြီးက နေ့လည်လောက်မှာပဲ ရွာကပြန်ဖို့လုပ်တယ်၊ ကျုပ်က ဆရာကြီးကိုပြန်ပို့ဖို့အတွက် လိုက်လာခဲ့မိတယ်။
“ဆရာကြီး ကျုပ်က အခုအချိန်မှာ တစ်ကောင်ကြွက်ဖြစ်သွားခဲ့ပါပြီ၊ ဒါကြောင့် ဆရာကြီးအနောက်ကိုလိုက်ပါရစေ၊ ဆရာကြီးရဲ့လုပ်ငန်းတွေမှာ ကူညီလုပ်ကိုင်ပေးပါရစေဆရာကြီး၊ ဆရာကြီး ကျုပ်ကို တပည့်သားရင်းတစ်ယောက်လို့ သဘောထားနိုင်ပါတယ်”
ရှမ်းဆရာကြီးက ခေါင်းတဆတ်ဆတ်ညိတ်ပြီး
“အေးလေ၊ မင်းပုံကြည့််ရတာ အားကိုးရမယ့်ပုံပဲ၊ ညကလည်း မင်းသာ ဒီကောင့်ကျောကို စို့နဲ့ဝင်မထိုးရင် ခုမနက်ဆို ငါအသုဘဖြစ်နေလောက်ပြီကွ၊ မင်းတကယ်ပြောတာနော် ဂတုံး”
“တကယ်ပါဆရာကြီးရယ်”
“ငါလျှောက်နေတဲ့လမ်းက ခက်ခဲကြမ်းတမ်းတယ်၊ တစ်ခါတစ်ခါလည်း အသက်ဘေးနဲ့ရင်ဆိုင် တွေ့ရတတ်တယ်ကွ၊ မင်းလိုက်ရဲမှ လိုက်ရဲတယ်လို့ပြောနော်”
“ကျုပ်လူမိုက်ပါဗျ၊ ကျုပ်က ဆုံးဖြတ်ချက်ချပြီးပြီဆိုရင် ရေဆုံးမြေဆုံးလုပ်ရမှကျေနပ်တဲ့လူမျိုးပါ”
“ကောင်းပြီ၊ ကဲ ဒါဖြင့်ရင်လည်း ယူစရာရှိတာယူပြီး လှည်းပေါ်ကိုတက်လိုက်လာခဲ့စမ်းကွာ”
“ကျုပ်မှာအနောင်အဖွဲ့ဘာမှမရှိတော့ပါဘူးဆရာကြီး၊ ကျုပ်ဘာမှမယူဘဲ အခုပဲလိုက်ခဲ့တော့ မယ်”
ကျုပ်လည်းပြောဆိုပြီးတော့ ဆရာကြီးလှည်းပေါ်တက်လိုက်လာခဲ့တယ်ဆိုပါတော့ဗျာ၊ အဲဒီ အချိန်ကစပြီး ကျုပ်လူမိုက်အဖြစ်ကနေ ရာသက်ပန်ကျွတ်လွတ်သွားတော့တာပါပဲ၊ ရှမ်းဆရာကြီးနဲ့ လိုက်ပြီးတော့ အတူတူသမထတွေလုပ်၊ လူသားတွေကိုကယ်တင်နဲ့ တစ်သက်လုံးကောင်းမှုတွေ ဘဲလုပ်ပြီး နေထိုင်သွားဖြစ်တော့တာပါပဲဗျာ၊ အရင်က ကျုပ်အဘွားကိုသတ်ခဲ့လို့ သူငယ်ချင်းငကြိုင်ကို စိတ်နာတယ်ဆိုပေမယ့် အခုပြန်တွေးကြည့်တော့ သူငယ်ချင်းငကြိုင်သာ သေပြီး ဖုတ်မဝင်ခဲ့ရင် ကျုပ်အရင်လိုပဲ ရွာမှာလူမိုက်ဆက်ဖြစ်နေမယ်ထင်ပါတယ်ဗျာ၊ အခုလိုလူကောင်းသူကောင်းဖြစ်ဖို့က သူငယ်ချင်းငကြိုင်ရဲ့ ကျေးဇူးတွေအများကြီးပါတာကြောင့်မို့လို့ နောက်ပိုင်းကျုပ်ငကြိုင့််ကိုသတိရ တိုင်း ဒီကောင် ကောင်းရာမွန်ရာရောက်ပါစေဆိုပြီးတော့ ဆုတောင်းပေးမိပါတော့တယ်ဗျာ။
ပြီးပါပြီ။
#အဂ္ဂဇော် #သရဲ