“ဗိုလ်တစ္ဆေရဲ့ တပ်မှူးကြီး “(စ/ဆုံး)

“ဗိုလ်တစ္ဆေရဲ့ တပ်မှူးကြီး “(စ/ဆုံး)

=============================

 

ညက မိုးလေး ဖျိုးဖျိုးဖျောက်ဖျောက်ရွာပြီး အအေးဓာတ်ကလေး ဝင်လာလို့ ထင်တယ်ဗျ။ အိပ်လို့ကောင်းလိုက်တာဗျာ။ ကျုပ်နိုးတော့ပဲ မိုးက စင်စင်လင်းနေပြီ။ မနေ့ကပဲ နှမ်းကြဲတဲ့ကိစ္စ ပြီးသွားလို့ စိတ်လျှော့ ချလိုက်တာလည်း ပါမယ်ဗျ။ ကျုပ်တို့ အညာသားတွေဆိုတာက တစ်ခုခု လုပ်စရာရှိလို့ကတော့ ညကို ဖြောင့်ဖြောင့်အိပ်လို့ ရကြတာမဟုတ်ဘူးဗျ။ အစောကြီးကို နိုးနေကြတာ။ အလုပ်ပြီးလို့ စိတ်လျှော့လိုက်ပြီဆိုရင်တော့ အိပ်လိုက်တာနဲ့ တုံးကနဲပဲဗျ။

အခုလည်း ကျုပ်နိုးတော့ နေတောင်မြင့်နေပြီဗျ။ အဘတို့ အမေတို့ ကလည်း ကျုပ်ကို ခါတိုင်းလို မနှိုးကြဘူးဗျ။ အလုပ်ပြီးသွားရင် ဒီလိုပဲ အိပ်ကြတယ်ဆိုတာ သိနေကြတာလေဗျာ။

“ကိုကြီးတာတေ နိုးပြီလားဗျ၊ အိပ်မက်ထဲမှာ နှမ်းတွေကြဲတုန်းပဲလား”

 

ကျောက်ခဲအသံဗျ။ ဝိုင်းထဲဝင်လာရင်းနဲ့ ပြောလာတာဗျို့။ “ကျောက်ခဲရေ နင့်အစ်ကိုကို နှင့်ဘာသာနှိုးပေတော့ဟေ့၊ နှင့် အစ်ကိုကတော့ အညာသားစည်းစိမ်ယူနေတာဟဲ့”

 

အမေက ကျောက်ခဲကို လှမ်းပြောလိုက်တာဗျ။ ဒီတော့မှ အမေ ဝိုင်းထဲရောက်နေတာ ကျုပ်သိလိုက်တာ။ အဘအသံတော့ မကြားဘူးဗျ။ အဘလည်း ရွာထဲသွားပြီထင်တယ်။

“လာဟေ့ ကျောက်ခဲ၊ ငါနိုးပါပြီကွ၊ အိပ်ကောင်းကောင်းနဲ့ အိပ်လိုက်တာ အခုမှ နိုးတာဟေ့”

ကျောက်ခဲက အိမ်ပေါ်တန်းတက်လာတယ်ဗျ။ ကျုပ်က အိပ်ရာ သိမ်းလိုက်တယ်။

“ကျောက်ခဲ ထိုင်ဦးကွ၊ ငါမျက်နှာသွားသစ်လိုက်ဦးမယ်” ပြောပြောဆိုဆိုနဲ့ ကျုပ်က ဝိုင်းထဲဆင်းပြီး ရေအိုးဆီသွားပြီး မျက်နှာသစ်လိုက်တယ်။ ပြီးတာနဲ့ မီးဖိုထဲဝင်ပြီး အမေပြင်ပေးထားတဲ့ ထမင်းကြမ်းဇလုံနဲ့ ဟင်းကျန်ယူလာခဲ့တယ်။ ဟင်းကောင်းတော့ မရှိဘူးဗျ။ မနေ့ကကျန်တဲ့ ချဉ်ပေါင်ဟင်းကိုပဲ ရွှဲရွှဲဆမ်းပြီး စားလိုက်တာပေါ့ဗျာ။ ကျုပ်က ထမင်းကြမ်းစားပြီးတော့ ကျောက်ခဲထိုင်နေတဲ့ ခုံတန်း လျားနဲ့ မျက်နှာချင်းဆိုင်က တန်းလျားမှာ ဝင်ထိုင်လိုက်တယ်။

“ဘယ်က လှည့်လာတာတုံးကွ ကျောက်ခဲရ” “ဒီကိုပဲ တန်းလာတာဗျ”

“ဒါဆိုရင် ကိစ္စတစ်ခုခုတော့ ရှိလိမ့်မယ်ထင်တယ် ”

လို့ ကျုပ်က ပြောလိုက်တော့ ကျောက်ခဲက ငှဲ့ထားတဲ့ ရေနွေး

ပန်းကန်ကို ပါးစပ်မှာတေ့ပြီး “ဖရူး ဖရူး’ နဲ့ လူကြီးတွေ သောက်သလိုသောက်ပစ်လိုက်တယ်ဗျ။ ရေနွေးတစ်ပန်းကန် ကုန်တော့မှ ဒီကောင်က စကားစပြောတာဗျ။

 

“ကိုကြီးတာတေ ရွာထဲကသတင်း ကြားပြီးပြီလား” “ဟေ့အေး မကြားသေးဘူးကွ ကျောက်ခဲရ၊ ရွာထဲမှာ ဘာတွေ

ဖြစ်လို့တုံး”

 

ကျုပ်က နဂါးဆေးပေါ့လိပ်ကလေးကို မီးညှိရင်းနဲ့ မေးလိုက်တယ်။

 

““ရွာအနောက်ပိုင်းက ကျုပ်တို့ဘထွေး ဦးဘလှိုင်တို့ဝိုင်းကို ကိုကြီး တာတေ သိတယ်မို့လား”

 

“ဟကောင် ကျောက်ခဲရဲ့၊ ငါက မင်းမမွေးခင်ကတည်းက ထနောင်းကုန်းမှာ မွေးလာတဲ့ကောင်ပါကွ၊ ဦးလေးဘလှိုင်တို့ဝိုင်းကို မသိဘဲ

နေမလားဟ။

 

“ဟုတ်ပြီ၊ ဟုတ်ပြီ၊ ဘထွေးဘလှိုင်တို့ဝိုင်း တောင်ဘက်ကပ် လျက်က ဘိုးတောင်ညိုတို့ဝိုင်းမှာ ပုဏ္ဏကတိုက်လို့ဗျ”

‘ဟေ ဟုတ်လားကွ၊ ဘိုးတောင်ညိုဆိုတာ သျှောင်ထုံးနဲ့ ဘိုး တော်ကြီးမို့လား၊ ဘုရားရှိခိုးရင် အကျယ်ကြီးရှိခိုးတဲ့ ဘိုးတော်လေကွာ” ““ဟုတ်ပါ့ဗျာ၊ အဲဒီဘိုးတော်ကြီးအိမ်မှာ ပုဏ္ဏကတိုက်နေတာဗျ” “ဟာ ဘယ်တုန်းက ဖြစ်တာတုံး၊ ကျောက်ခဲရဲ့”

“ညကမှ စဖြစ်တာတဲ့ဗျ၊ ညက အိမ်ခေါင်ပေါ်ကို ခဲတွေကျတာ တဲ့၊ စဖြစ်ဖြစ်ချင်းတော့ သူတို့က တစ်ယောက်ယောက် ပေါက်တယ်ထင် တာတဲ့ဗျ။ နောက်မှ ခဲတွေက ဆက်တိုက်ကို ကျလာလို့ ထွက်ရှာတော့ ပေါက်တဲ့သူလည်း မတွေ့ဘူးပေါ့ဗျာ။ နောက်တော့ ခဲလုံးတွေက ခေါင်းမိုး ပေါ်တင် မဟုတ်တော့ဘဲ အိမ်ထဲမှာပါ ကျလာတာတဲ့ဗျ။ ဒီတော့မှ တစ်ခုခုဖြစ်ပြီဆိုတာကို သူတို့တွေးမိသွားတာတဲ့ဗျ၊ ခဏကြာတော့ ခဲကျတာတင် မဟုတ်တော့ဘဲ ကြမ်းပြင်မှာ မီးတောက်ထတောက်တာတဲ့ဗျို့။ သူတို့လည်း အဝတ်ရေဆွတ်ပြီး ရိုက်ငြိမ်းလိုက်ကြတယ်တဲ့ဗျ။ နောက်တော့ ဟိုနေရာမှာ မီးထတောက်၊ ဒီနေရာမှာ မီးထတောက်နဲ့ ဘိုးတောင်ညိုရဲ့ သားနှစ်ယောက် က ဂုန်နီအိတ်တွေကို ရေရွှဲအောင်ဆွတ်ထားပြီး လိုက်ရိုက်နေရတော့တာတဲ့ ဗျာ။ ခဲတွေကလည်း ကျနေတာပဲတဲ့။ ဒီကြားထဲ မီးတွေကလည်း ထထ တောက်လို့ ငြိမ်းနေရတာ တစ်ညလုံးကို မအိပ်ကြရဘူးတဲ့ဗျ။ ကျုပ်တို့ ဘထွေးဘလှိုင်လည်း အဲဒီဘက်ဝိုင်းကို သွားပြီး မီးကူငြိမ်းနေရတာ သူ လည်း တစ်ညလုံးကို မအိပ်ရဘူးတဲ့ဗျာ”

 

“ဟေ ဟုတ်လား၊ မီးက ကြမ်းပြင်ကနေ ထတောက်တာတဲ့လား၊ ဝိုင်းထဲမှာရော မတောက်ဘူးလား”

“ဟာ ဝိုင်းထဲမှာလည်း မြေကြီးကနေ ထထတောက်တာတဲ့ဗျ။ အိမ်နီးချင်းက ယောက်ျားတွေအားလုံး စုပြီး ဂုန်နီအိတ်ရေစိုတွေနဲ့ စောင့် ကြည့်နေရတာတဲ့ဗျ။ မီးထတောက်တာ မြင်တာနဲ့ ဝိုင်းရိုက်ကြရတာတဲ့ဗျ “ဟာကွာ တော်တော်ကို ဆိုးနေတာပဲ၊ ဒါထက် ပုဏ္ဏကတိုက် တာလို့ ဘယ်သူက ပြောလို့တုံးကွ”

“အားလုံးပြောနေကြတာပဲဗျ၊ နို့ ပုဏ္ဏကတိုက်တာ မဟုတ်လို့ တခြားဘာဖြစ်ရမှာတုံး ကိုကြီးတာတေရဲ့”

“အေးကွ၊ အခု မင်းပြောတဲ့ ပုံစံဆိုရင်တော့ ပုဏ္ဏကတိုက်တာပဲ ဖြစ်ဖို့များပါတယ်၊ ပုဏ္ဏကတိုက်တဲ့ကိစ္စက ငါကြားဖူးတာတော့ အင်းနဲ့ စီရင်ပြီး တစ်ယောက်နဲ့ တစ်ယောက် အတိုက်အခိုက်တွေ လုပ်ကြတာကွ။ ဘီလူးကို ခိုင်းနိုင်တဲ့အဆင့်ရှိမှ ဒါမျိုးလုပ်လို့ရတာကွ။ နို့ ဘိုးတောင်ညိုတို့ ကို မုန်းတီးတဲ့လူတွေ ဘာတွေ ရှိနေလို့လား၊ မင်း အဲဒီကို ရောက်ပြီးပြီမို့လား၊ ဘာပြောသံကြားခဲ့တုံး” “လူတွေပြောတာတော့ ဘိုးတောင်ညိုတို့မိသားစုက အေးအေး ဆေးဆေး နေကြတာတဲ့ဗျ။ လူချစ်လူခင် လွှတ်များတာဆိုပဲ၊ ဒီလိုမျိုး ပုဏ္ဏကတိုက်ရလောက်အောင် လူမုန်းမရှိလောက်ပါဘူးတဲ့”

““အင်း ဒါဆိုရင်တော့ စဉ်းစားရခက်သားလားကွာ၊ ကဲ အဲဒီဝိုင်း ကို သွားကြရအောင်ကွာ၊ အခြေအနေ ကြည့်ရတာပေါ့ ကျောက်ခဲရာ” “ကိုကြီးတာတေ ဆေးလွယ်အိတ် မယူတော့ဘူးလား” “ဟေ…မယူပါဘူးကွာ၊ ဘာဖြစ်မှန်းမှ မသိတာ၊ ဆေးလွယ်ကြီး လွယ်သွားတော့ လူတွေက တစ်မျိုးထင်မှာပေါ့ကွ၊ ပြီးတော့ ငါက ဆရာမှ မဟုတ်တာ ကျောက်ခဲရာ”

 

“အေးလေ ဒါလည်း ဟုတ်တာပဲ”

ကျုပ်ပြောတော့မှ ဒီကောင်သဘောပေါက်သွားတာဗျ။ ဘိုးတောင်ညိုတို့ဝိုင်းကိုရောက်တော့ လူတွေမှ အုံနေလိုက်တာ ရွာဦးဘုရားပွဲက ပွဲဈေးလား မှတ်ရတယ်ဗျာ။

ကျုပ်ရောက်လာတာကို ဘိုးတောင်ညိုရဲ့ သားအငယ် ကိုကြီး ညိုလင်းက မြင်သွားတယ်ဗျ။ ဘိုးတောင်ညိုမှာက သားနှစ်ယောက် သမီး နှစ်ယောက် ရှိတာလေဗျာ။ သားအကြီးက ကိုကြီးညိုမင်း၊ သားအငယ်က ကိုကြီးညိုလင်း၊ သမီးတွေက မညိုမြနဲ့ မညိုလှဗျ။ အားလုံး ကျုပ်ထက် ကြီးကြတယ်။ ကိုကြီးညိုမင်းက အသက်သုံးဆယ်လောက် ရှိမယ်ဗျ။ ကိုကြီးညိုလင်းက အသက်နှစ်ဆယ့်ရှစ်နှစ်လောက် ရှိမယ်။ မညိုမြတို့ မညိုလှတို့ကလည်း အသက်နှစ်ဆယ့်ခြောက်နှစ် နှစ်ဆယ့်ငါးနှစ်တော့ ရှိကြပြီဗျ။

“ဟေ့ကောင်တာတေ လာကွ၊ ငါတောင် မင်းကို လာခေါ်တော့မလို့ပဲ”

ကျုပ်က လူတွေကြားထဲက တိုးဝင်သွားလိုက်တယ်။ “ကျုပ်မသိဘူးဗျ ကိုကြီးညိုလင်းရဲ့၊ ဟောဒီကောင် ကျောက်ခဲ လာပြောမှ သိတာ၊ ဘယ်လိုက ဘယ်လို စဖြစ်တာတုံးဗျာ”

 

“ငါတို့လည်း ဘာမှကို မသိတာပါ တာတေရာ၊ အိမ်ခေါင်မိုးပေါ် ကို ခဲတွေကျတာက စဖြစ်တာပဲကွ။ နောက်တော့ အိမ်ထဲကို ခဲတွေကျ လာလို့ ငါတို့က တံခါးတွေ ထပိတ်ထားတာ ဒါလည်း မရဘူးကွ၊ ခဲတွေက အိမ်ထဲကို ဘယ်လိုဝင်တယ် မသိပါဘူးကွာ။ တံခါးပိတ်ထားတဲ့ ကြားထဲကကိုပဲ တဒေါက်ဒေါက်နဲ့ ကျနေတာကွ။ သိပ်မကြာပါဘူးကွာ၊ မီးတွေ ထတောက်တော့တာပဲဟေ့။ ပထမတော့ မီးက မီးဖိုခန်းထဲမှာ ထတောက်တာကွ၊ ငါအရင်ဆုံး မြင်လိုက်တာ၊ အဘက အဝတ်ရေဆွတ်ပြီး ရိုက်ဆိုလို့ ပုဆိုးတစ်ထည် ရေပြေးဆွတ်ပြီး ရိုက်လိုက်တာ ငြိမ်းသွားတယ်။ နောက်တော့ မီးက ဘုရားခန်းမှာ ထတောက်ပြန်ရောကွ၊ ဒါနဲ့ ကိုညိုမင်းက ဂုန်နီအိတ် ရေဆွတ်ပြီး ရိုက်ရတော့တာပဲဟေ့။ ငါလည်း ဂုန်နီအိတ် ရေ ဆွတ်ပြီ ကိုင်ထားရတာပေါ့ကွာ။ မြောက်ဘက်ဝိုင်းက လေးလေးဘလှိုင် တို့ကို လှမ်းခေါ်တော့ သားအဖနှစ်ယောက် ရောက်လာပြီး သူတို့လည်း ဂုန်နီအိတ်တွေ ရေဆွတ်ပြီး ဝိုင်းရိုက်ကြတယ်။ ဆူဆူ ဆူဆူ ကြားတော့ တောင်ဘက်ဝိုင်းကလူတွေ အရှေ့ဘက်ဝိုင်းကလူတွေ ရောက်လာပြီး သူတို့ လည်း ဂုန်နီအိတ်တွေနဲ့ ဝိုင်းရိုက်ပြီး ငြိမ်းကြတော့တာပေါ့ကွာ။ ခဲတွေက လည်း ခေါင်းမိုးပေါ်ကျလိုက် အိမ်ထဲကျလိုက်နဲ့ မီးတွေကလည်း ဟိုနား ထတောက်လိုက် ဒီနား ထတောက်လိုက်နဲ့ နောက်ဆုံး ဝိုင်းထဲတွေမှာပါ ထတောက်လို့ တစ်ညလုံး ငြိမ်းနေရတာဟေ့” “အခုရော တောက်သေးလား”

ကျုပ်မေးတာကို ဖြေတောင်မဖြေရသေးပါဘူးဗျာ။ “ဟိုမှာဟေ့ ဟိုမှာ ထတောက်ပြီဟေ့”

 

လို့ အော်သံကြားလို့ ကျုပ်လှည့်ကြည့်လိုက်တော့ ဝိုင်းထဲမှာဗျ အိမ်ရဲ့တောင်ဘက်မှာ ထတောက်တာ။

 

“ဟေ့ သာလှ ငြိမ်းလိုက်လေ၊ မင်းနဲ့နီးနေတဲ့ဟာ” လို့ ရွာသားတစ်ယောက်က အော်လိုက်တော့မှ ကြောင်ပြီးကြည့်နေ တဲ့ ကိုသာလှက သူ့လက်ထဲမှာ ကိုင်ထားတဲ့ ဂုန်နီအိတ်ရေစိုကြီးနဲ့ ပြေး ရိုက်တော့တာဗျို့။

 

“ဖုန်း၊ ဖုန်း၊ ဖုန်း”

ဟာ မီးက မငြိမ်းဘူးဗျ။ ဖုန်းဆိုရိုက်လိုက်၊ ဂုန်နီအိတ် ဖယ်လိုက် ရင် ထတောက်တာပဲဗျ။ တဖုန်းဖုန်းရိုက်လည်း မငြိမ်းဘူးဗျ။ ကျန်တဲ့ ရွာသားနှစ်ယောက်ပါ ပြေးသွားပြီး ဝိုင်းရိုက်တော့မှ ငြိမ်းသွားရောဗျ။ တာတေ ရောက်နေတယ်ဆို၊ အိမ်ပေါ်တက်ခဲ့ပါဦးကွ၊ ဘိုးလည်း မင်းကို မျှော်နေတာ၊ ဒီသတင်းကြားရင် မင်းမနေဘူး ရောက်လာမယ်ဆို တာဘိုးတွေးမိပါတယ်”

 

ဘိုးတောင်ညိုက ပြတင်းပေါက်က ခေါင်းထုတ်ပြီး ကျုပ်ကို လှမ်းခေါ်တယ် ကျုပ်လည်း အိမ်ကြီးပေါ်ကို တက်သွားရတာပေါ့ဗျာ။ အိမ်ပေါ်ရောက်တော့ ကိုကြီးညိုမင်းနဲ့ သူ့သူငယ်ချင်းတွေ လေးငါးယောက် ဂုန်နီအိတ်တွေကိုင်ပြီး စောင့်ကြည့်နေကြရတာဗျ။

ကျုပ်တောင် ဘိုးတောင်ညို ထိုင်နေတဲ့အနား မရောက်သေးပါဘူးဗျာ။

 

“ဟိုမှာ တောက်ပြီဟေ့၊ ဟိုမှာ ဟိုမှာ မီးဖိုခန်းထဲမှာ” လို့ အော်ပြီး ကိုကြီးညိုမင်းနဲ့ သူ့သူငယ်ချင်းနှစ်ယောက် ပြေးငြိမ်းကြရောဗျ။

ဘိုးတောင်ညိုနားမှာ အနောက်ပိုင်းက လူကြီးသုံးလေးယောက် ထိုင်နေကြတယ်။ တချို့ကလည်း ပါးစပ်က ပွစိ ပွစိနဲ့ ရွတ်ဖတ်နေကြ တယ်။ ကျုပ် လူကြီးတွေနားမှာ ထိုင်လိုက်တာနဲ့ ဘိုးတောင်ညိုက စပြော တော့တာဗျ။

 

“မောင်တာတေရေ၊ ဘိုးတို့အဖြစ်တွေကတော့ မင်းမြင်တဲ့အတိုင်း ပဲကွယ်၊ အိမ်ကြီး မီးမလောင်အောင် ညတည်းက မအိပ်ဘဲ စောင့်ကြည့်နေ ကြရတာကွယ်၊ ဘိုးတို့ နေတာထိုင်တာလည်း မင်းတို့အသိပါပဲကွာ၊ ဘယ်သူနဲ့မှကို စကားကတောက်ကဆ မဖြစ်ဖူးပါဘူး။ ဒီလိုနေတဲ့ကြားထဲ ကကို ဘယ်လိုရန်ငြိုးထားပြီး ခုလို ပုဏ္ဏကတိုက်တယ် မသိပါဘူးကွယ်” “ပုဏ္ဏကတိုက်တာ ဟုတ်ချင်မှ ဟုတ်မှာပါ ဘိုးရယ်၊ တခြား အကြောင်းလည်း ဖြစ်ချင်ဖြစ်နေမှာပါ။ ကျုပ် ဒီညပဲ မဖဲဝါကို မေးပါ့မယ်။ ဘာလုပ်ရမယ်ဆိုတာကို မဖဲဝါ ပြောမှာပါ၊ ညရောက်အောင်တော့ သည်းညည်းခံကြပါ ဘိုးရယ်”

 

“ကောင်းပါပြီကွယ်၊ မောင်တာတေ လိုတာလုပ်ပါကွယ်၊ မဖဲဝါ ကို ကျွေးမွေးဖို့ ဘိုးတို့ ဘာတွေလုပ်ပေးရမယ်ဆိုတာသာ ပြောပါကွယ်” ”ဟာ ဘိုးတို့ ဘာမှမလုပ်ကြနဲ့၊ ဘိုးတို့မှာ ဒီလောက် ဒုက္ခများ နေတာ ကျုပ်ဟာကျုပ် အားလုံးစီစဉ်လိုက်ပါမယ်”

“အေးပါ မောင်တာတေရယ်၊ ဘိုး မောင်တာတေရဲ့ ကျေးဇူးကို မမေ့ပါဘူးကွယ်”

 

ကျုပ်လည်း ကျောက်ခဲကိုခေါ်ပြီး ဘိုးတောင်ညိုတို့ဝိုင်းထဲက ထွက်လာခဲ့တယ်။ လူတွေက အခုမှကို ပိုများလာတာဗျို့။ ကျုပ်တို့တောင် ဝိုင်းထဲက မနဲတိုးထွက်ခဲ့ရတယ်။ သံမဏိကို ဝင်ခေါ်ပြီး ကျုပ်တို့အိမ်ကိုပြန်ခဲ့ကြတယ်။

ကြက်ဝယ်ဖို့ငွေ ကျောက်ခဲကို ပေးလိုက်တယ်။ ကျန်တာတွေက တော့ အိမ်မှာရှိပြီးသားပေါ့ဗျာ။

 

ကြက်ကိုင်ပြီး တုံးတစ်လုပ်ပြီးတဲ့အချိန်မှာ အမေနဲ့ အဘက ကျုပ် တို့သုံးယောက်ကို ထမင်းကျွေးတယ်။ အဘကလည်း ရွာထဲသွားရင်း ဒီ သတင်းကို ကြားလာခဲ့တာပေါ့ဗျာ။

“ဘယ်လိုတုံး လူကလေးရဲ့၊ ပုဏ္ဏကတိုက်တာကို မဖဲဝါက နိုင်ပါ့မလားကွဲ့”

“မဖဲဝါက မနိုင်လောက်ဘူး အဘရဲ့၊ ကျုပ်တို့က မဖဲဝါကို မေးရုံမေးမှာဗျ။ ဘာလုပ်ရမယ်ဆိုတာ သူကပြောနိုင်တယ်လေ အဘရဲ့ ” “ဪ ဒီလိုလား၊ အင်း တောင်ညိုကြီးကတော့ လူအေးပါ၊ ဘယ်သူနဲ့မှလည်း ရန်ငြိုးရန်စ မရှိပါဘူးကွယ်”

 

“ဟုတ်တယ် အဘရဲ့၊ အဲဒါကြောင့် ကျုပ်က ပုဏ္ဏကတိုက်တာ မဟုတ်ဘူးလားလို့ တွေးနေတာဗျ”

 

ထမင်းစားပြီး ခဏနားနေကြတယ်။ ပြီးတာနဲ့ ထမင်းတစ်အိုးချက် ရတယ်။ ဆန်က လေးလုံးဗျ။ ဟင်းတစ်အိုးချက်တယ်။ ကြက်သားဟင်း ကျက်တော့ ဟင်းရောထမင်းရော အအေးခံထားလိုက်တယ်။ တဖြည်းဖြည်း နဲ့ ညနေစောင်းလာပြီပေါ့ဗျာ။

 

သံမဏိ ရှာလာတဲ့ ငှက်ပျောဖက်ထဲမှာ ထမင်းဟင်းတွေထည့်ပြီး ထုပ်လိုက်တယ်။ ထမင်းထုပ်ကို ထမင်းတောင်းထဲမှာ အဆင်သင့်ထည့် ထားလိုက်တယ်။

 

ညရှစ်နာရီထိုးတာနဲ့ ကျုပ်ရယ်၊ ကျောက်ခဲရယ်၊ သံမဏိရယ် ထနောင်းကုန်းသင်္ချိုင်းထဲကို ထွက်လာခဲ့ကြတယ်။

ကျောက်ခဲက ထမင်းတောင်းလေး ထမ်းလို့ဗျ။ ကျုပ်တို့ လုပ်နေ ကျအတိုင်း ကျောင်းအစ်မကြီး ဒေါ်မယ်ခရဲ့ အုတ်ဂူကြီးပေါ်မှာ ထမင်းထုပ် ဖြည်လိုက်တယ်။ အသင့်ပါလာတဲ့ လက်ဆွဲရေပုံးသေးသေးလေးကို ရေ အပြည့်နဲ့ ချထားတယ်။ ပြီးတော့ ဂူထိပ်မှာ ဖယောင်းတိုင်တစ်တိုင် ထွန်း လိုက်တယ်။

ကျုပ်က မျက်ကွင်းဆေးရော ဒိဗ္ဗသောတဆေးရော လိမ်းထားတယ်။

 

“အရှေ့နေထွက်၊ အနောက်နေဝင်၊ တောင်တံငါ့ကွန်၊ မြောက်ဓူဝံ အတွင်း မည်သည့်အရပ်မှာ ရှိနေသည်ဖြစ်စေ ရောက်ရာအရပ်က အမြန်ဆုံး ကြွမြန်းလာခဲ့ပါ သင်္ချိုင်းရှင်မ မဖဲဝါ၊ တာတေက ညစာစားပွဲနဲ့ စားတော် သွင်းပါတယ်၊ မဖဲဝါ ကြွမြန်းပြီး စားလှည့်ပါ၊ သောက်လှည့်ပါဗျာ”

 

ကျုပ်က မဖဲဝါကို စိတ်ထဲက ရည်စူးပြီး ပင့်ဖိတ်လိုက်တယ်။ ချက်ချင်းတော့ ကြွမလာဘူးဗျ။ ကျုပ်က ထပ်ထပ်ပြီးပင့်တယ်။ “ဝူး ဝူး ဝူး၊ အီ အီ အီ၊ ဝူး”

ဟော မဖဲဝါရဲ့ခွေးကြီး နက်ကျော်ရဲ့ အူသံကြီးကို ကြားလိုက်ရ တယ်ဗျ။ ကျောက်ခဲနဲ့ သံမဏိကတော့ ကြားမှာမဟုတ်ဘူးဗျ။ ဒီကောင် နှစ်ယောက်က ဂူပေါ်ကိုပဲ ကြည့်နေကြတာဗျ။

“ကျောက်ခဲနဲ့ သံမဏိ နောက်ကို နည်းနည်းဆုတ်ကြ၊ မဖဲဝါ လာတော့မယ်”

လို့ ကျုပ်က ပြောလိုက်တော့မှ ဒီကောင်နှစ်ကောင် နောက်ကို ဆုတ်သွားတာဗျို့။

 

ဝူးဝူးဝူး၊ အီ အီ အီ“

ဟော နက်ကျော်ကြီးရဲ့အသံက နီးလာပြီဗျ။ ဟော လာကြပြီဗျို့။

သင်္ချိုင်းထဲကို ဝင်လာပြီဗျ။ နက်ကျော်က ဂူတွေကြားထဲက ပြေးလာတာ ဗျို့။ မဖဲဝါက ဆယ်ပေလောက်မြင့်တဲ့အရပ်ကြီးနဲ့ ဂူတွေပေါ်က ရွေ့လာ တာဗျ။ ထဘီနက်နဲ့ အင်္ကျီက အနက်မှာ ချည်အနီနဲ့ အနားကွပ် ထာတဲ့ ခါးတောင်အင်္ကျီဗျ။ ဆံပင်က ဖားလျားကြီးချလို့။ မျက်လုံးနီနီ ကြီးတွေက ပြူးထွက်နေတယ်။ မျက်နှာကြီးက တော်တော်ကို ကြောက်စရာကောင်း တာဗျို့။

 

မနေ့ညကမက်တဲ့ အိပ်မက်ကို ကျုပ်ချက်ချင်းသတိရသွားတယ်။ အင်းဝမှာ ကျုပ်နဲ့ မဖဲဝါက ဆရာကြီး ဘိုးဒိဗ္ဗဆီမှာ ပညာသင်ဘက်တွေ ဖြစ်ခဲ့ကြတယ်။ အိပ်မက်ထဲမှာ ဆရာကြီးက ကျုပ်ကို ပြောတာတော့ “မိဖဲဝါက မောင့်ထက် အသက်ကြီးတယ်၊ မောင့်ရဲ့ အစ်မကြီးအရွယ်ပေါ့” တဲ့။ အဲဒါ ဒီမဖဲဝါပဲလား တခြားတစ်ယောက်လားလို့ ကျုပ်က စဉ်းစား လိုက်မိတယ်။

 

မဖဲဝါက ဒူးကြီးတစ်ဖက်ထောင်ပြီး ထမင်းတွေကို စားမလို့ လုပ်နေရင်းကနေ ကျုပ်ကို စိုက်ကြည့်နေတယ်ဗျ။

“တာတေ နင် အိပ်မက်တွေ မက်နေပြီမို့လား” “ဟင် ငါ အိပ်မက် မက်တာကို မဖဲဝါ သိနေပါလား” လို့ ကျုပ်စိတ်ထဲမှာ တွေးလိုက်တယ်။

 

“ငါသိတယ် တာတေ၊ နင်တွေး နေတာ ဟုတ်တယ်၊ အဲဒါ ငါပဲ၊ နင့်အိပ်မက်တွေက မဆုံးသေးပါဘူး၊ နင်ဆက်ပြီးမက်ဦးမှာပါ၊ ဒီအိမ်မက် မမက်ခင် နင်ရွာမှောက်တယ်မို့လား အဲဒါ အထက်ပုဂ္ဂိုလ်တွေက နင့်ကို အိမ်မက်ပေးတော့မလို့ နင့်ရဲ့လိပ်ပြာကို သိပ်လိုက်ကြတာ တာတေရဲ့။

 

မဖဲဝါက သူ့စကားကိုဖြတ်ပြီး ကျုပ်ကျွေးတဲ့ ကြက်သားဟင်းနဲ့ ထမင်းကို စားတယ်။ အရိုးတွေကို ကိုက်လိုက်တာမှဗျာ ‘ဂွပ် ဂွပ်” နဲ့နေတာဗျို့။ ဂူဘေးမှာ ငုတ်တုတ်ကြီးထိုင်နေတဲ့ နက်ကျော်ကြီးကိုလည်း အရိုးတွေ ပစ်ကျွေးလိုက်တယ်ဗျ။ တော်တော်လေး စားပြီးတော့မှ ကျုပ်ကို လှမ်းကြည့်တယ်။ မဖဲဝါရဲ့ ဒီအကြည့်ကို ကျုပ်က သိပြီးသားလေဗျာ။

“ဒီလိုပါ မဖဲဝါ၊ ကျုပ်တို့ထနောင်းကုန်းမှာ ပုဏ္ဏကတိုက်သလို ဖြစ်နေလို့ဗျ။ အိမ်ခေါင်မိုးပေါ်ကို ခဲတွေကျလာတယ်။ အိမ်ထဲမှာရော ဝိုင်းထဲမှာပါ မီးတွေထတောက်တယ်ဗျ၊

အဲဒါ…”

`တာတေ ဘာပုဏ္ဏကမှ မတိုက်ဘူးဟေ့၊ တောင်ညို့သား နှစ်ယောက် တောတက်တုန်းက တောင်ခြေမှာ တဲထိုးပြီး ထမင်းချက်စား ကြတာ ပြန်တော့ မီးကို သေသေချာချာ မသတ်ခဲ့ဘူး။ ညဘက် လေကြမ်း တိုက်တော့ သူတို့ ထိုးခဲ့တဲ့ တဲရော တဲဘေးက ထိန်ပင်ရော မီးလောင် သွားတယ်။ ထိန်ပင်မှာနေတဲ့ သရဲ ငမဲကြီးက သူနေတဲ့ ထိန်ပင် မီးလောင် သွားလို့ အကြီးအကျယ် ဒေါသထွက်နေတာဟဲ့။ ဒါကြောင့် သူတို့အိမ်ကို ငမဲကြီး ဒုက္ခပေးနေတာ”

 

‘ဟာ ဒါဆိုရင် ဘယ်လိုလုပ်ရမှာတုံး မဖဲဝါ”

““ထိန်ပင်လေးတစ်ပင် မြန်မြန်ရှာပြီးတော့ မီးလောင်သွားတဲ့ ထိန် ပင်နားမှာ ပြန်စိုက်ပေးလိုက်၊ လူတစ်ရပ်ကျော်သွားရင် သူနေလို့ရပြီ၊ ဒီ အတွင်းတော့ ငမဲကြီးကို ငါနေရာပေးထားလိုက်မယ်။ ပြီးတော့ ထိန်ပင် စိုက်တဲ့နေ့မှာပဲ သူ့ကို တောင်းပန်ပြီး အမဲသားနဲ့ ထမင်း ကျွေးလိုက်၊ အဲဒီ ငမဲကြီးဆိုတာ တခြားသူတော့ မဟုတ်ဘူး တာတေရေ၊ အင်းဝမှာ တုန်းက နင့်ရဲ့တပ်မှူး စက္ကပဲဟေ့”

 

“ဗျာ၊ ငမဲကြီးက တပ်မှူးစက္က ဟုတ်လား မဖဲဝါ”

ကျုပ်မေးတာကို မဖဲဝါက မဖြေတော့ဘူးဗျ။ ထပြန်သွားတယ်။ ကျုပ်တို့လည်း ပြန်ခဲ့ကြတာပေါ့ဗျာ။ မဖဲဝါ ပြန်သွားရင် ကြာကြာနေလို့မကောင်းဘူးဗျ။ မဖဲဝါရဲ့ ကျန်နေတဲ့ ထမင်းနဲ့ဟင်းတွေကို ခွေးနက်ကြီးတွေ ရောက်လာပြီး စားကြတယ်ဗျ။ မဖဲဝါရဲ့ ခွေးနက်ကြီး မဟုတ်ဘူးလေဗျာ။ မဖဲဝါရဲ့ ခွေးနက်ကြီးက မဖဲဝါနဲ့အတူတူ သွားပြီလေ။ တခြားကလာတဲ့ ခွေးနက်ကြီးတွေကိုပြောတာဗျ။

 

အဲဒီခွေးနက်ကြီးတွေက မဖဲဝါရဲ့ တပည့် တပန်း သရဲတွေလေဗျာ။

ကျုပ်တို့ရွာပြန်ရောက်တော့ ဘိုးတောင်ညိုတို့ဝိုင်းကို တန်းသွားကြ တယ်။ သူတို့လည်း မီးတွေငြိမ်းနေကြရတုန်းပဲဗျ။

““ဟာ တာတေတို့ လာကြပြီဟေ့၊ ဘယ်လိုတုံး ငါ့ညီရ၊ အစ်ကို တို့က မင်းပြန်အလာကို စောင့်နေကြတာကွ”

ဘိုးတောင်ညိုရဲ့ သားအကြီး ကိုကြီးညိုမင်းက ဆီးပြောတာဗျ။ ကျုပ်တို့လည်း ဘိုးတောင်ညိုနဲ့ လူကြီးတွေ ရေနွေးသောက်နေကြတဲ့ဝိုင်း မှာ ဝင်ထိုင်လိုက်ကြတယ်ဗျ။

““ပုဏ္ဏကတိုက်တာ မဟုတ်ဘူး ဘိုးရ၊ ကိုကြီးညိုမင်းတို့ ကိုကြီး ညိုလင်းတို့ ဒီရက်ထဲမှာ တောတက်ကြတယ်မို့လား”

 

`အေး ငါတို့တက်တယ်လေကွာ၊ အဲဒါ ဘာဖြစ်လို့တုံး” ကိုကြီးညိုမင်းက ပျာပျာသလဲ ကျုပ်ကို မေးတာပေါ့ဗျာ။ “ကိုကြီးညိုမင်းတို့ ညီအစ်ကို ထိန်ပင်အောက်မှာ တဲထိုးကြတယ်

 

လေဗျာ”

“အေး ဟုတ်တယ်၊ ငါတို့ အဲဒီမှာပဲ စခန်းချကြတာလေကွာ” ““ကိုကြီးညိုမင်းတို့ ပြန်တော့ မီးတွေသေအောင် မသတ်ခဲ့ကြဘူး ဗျ။ အဲဒါ ခင်ဗျားတို့ ထိုးထားတဲ့တဲရော ထိန်ပင်ရော မီးလောင်သွားတယ် တဲ့”

“ဟာ ဟုတ်လား တာတေ

“အဲဒီထိန်ပင်မှာနေတဲ့ ငမဲကြီးဆိုတဲ့ သရဲက ကိုကြီးတို့ညီအစ်ကို ကို မကျေမနပ်ဖြစ်ပြီး အခုလို လုပ်တာတဲ့ဗျို့။

“ဟာ ဒီသရဲ၊ အတော်အစွမ်းထက်တာပါလား တာတေရဲ့” “ဟုတ်တယ် ဘိုးရဲ့၊ သရဲတွေထဲမှာလည်း အစွမ်းထက်တဲ့ သရဲ တွေ ရှိတတ်တယ်ဗျ”

 

“နို့ ဒီကိစ္စကို ဘယ်လိုလုပ်ရမတုံး တာတေ

ဘိုးတောင်ညိုနဲ့ အတူတူထိုင်နေတဲ့ ဘိုးတော်ကြီးတစ်ယောက်က ကျုပ်ကို မေးတာဗျ။

“ထိန်ပင်တစ်ပင် အမြန်ဆုံးရှာပြီး အဲဒီနေရာမှာ ပြန်စိုက်ပေးရမယ် တဲ့ဗျ။ ပြီးတော့ ထိန်ပင်စိုက်တဲ့နေ့မှာ ငမဲကြီးကိုခေါ်ပြီး အမဲသားနဲ့ ထမင်းကျွေးရမယ်။ တောင်းလည်း တောင်းပန်ရမယ်တဲ့ဗျ။ အဲဒီထိန်ပင် လူတစ်ရပ်မကျော်ခင် မဖဲဝါက ငမဲကြီးကို နေရာတစ်ခု ပေးထားမတဲ့ဗျို့”

“ဟာ လုပ်ရမှာပေါ့ကွာ၊ ကဲ ဟေ့ကောင်နှစ်ကောင် မင်းတို့ နမော်နမဲ့လုပ်ခဲ့လို့ အိမ်မီးလောင်မလိုဖြစ်ရတာပဲ၊ မနက်မိုးလင်းတာနဲ့ ထိန် ပင်လေးတစ်ပင် တွေ့အောင်ရှာပေတော့၊ ပြီးရင် ကူးလာခဲ့။ မြို့ကို တစ်ယောက်သွားပြီး အမဲသားဝယ်ခဲ့၊ မနက်ဖြန်ညနေ နွားရိုင်းသွင်းချိန်မှာ ထိန်ပင်လည်းပြန်စိုက်၊ ငမဲကြီးကို ထမင်းကျွေးပြီးတော့ တောင်းပန်ခဲ့ကြ” ဘိုးတောင်ညိုက စိတ်ဆိုးပြီး သူ့သားတွေကို ပြောတော့တာပေါ့ဗျာ။

 

“တာတေ ငါတို့ချည်းတော့ မသွားရဲဘူးကွာ၊ မင်းပါလိုက်ပြီး ပြောဆိုလုပ်ကိုင်ပေးပါ ငါ့ညီရာ”

 

လို့ ကိုကြီးညိုလင်းက ပြောသဗျ။ ဒါနဲ့ ကျုပ်လည်း ကတိပေး လိုက်ရတာပေါ့ဗျာ။

**စိတ်ချ ကိုကြီးညိုလင်း၊ ကျုပ် လိုက်ခဲ့မယ်” လို့ ပြောလိုက်တော့မှ သူတို့ညီအစ်ကို ကျေနပ်သွားကြတယ်ဗျ။ “မင်းကို မီးသေသေချာချာငြိမ်းဖို့ ငါပြောသားပဲ ငလင်းရာ” “ဟာ ဟုတ်သေးပါဘူးဗျ၊ ကိုကြီးပဲ ကျုပ်ကို ထင်းတွေလှည်း ပေါ်တင် ကျန်တာတွေ ငါလုပ်လိုက်မယ်ဆို၊ ဒီတော့ ကျုပ်က ကိုကြီး မီးငြှိမ်းမယ် ထင်သွားတာပေါ့ဗျ”

 

“ကဲ တော်တော့၊ အခုမှတော့ ပြောမနေကြနဲ့တော့၊ ထိန်ပင်သာ ရအောင်ရှာပေတော့။ ကဲပါဗျာ သရဲငမဲကြီးရယ် ကျုပ်သားနှစ်ယောက် ပေါ့လျော့လို့ ဖြစ်တာကို ကျုပ်တောင်းပန်ပါတယ်ဗျာ။ မဖဲဝါပြောတဲ့အတိုင်း အားလုံးလုပ်ပေးပါ့မယ်ဗျာ”

 

လို့ ဘိုးတောင်ညိုက ပြောလိုက်တော့မှ ခေါင်မိုးကို ကျနေတဲ့ ခဲတွေလည်း ရပ်သွားတယ်ဗျ။ မီးတွေလည်း ထမတောက်တော့ဘူးဗျို့။ “ကျေးဇူးတင်လိုက်တာ တာတေရယ်”

 

လို့ မညိုမြတို့ မညိုလှတို့ကလည်း ကျုပ်ကို ပြောကြတယ်ဗျ။ ခဏနေတော့ ကျုပ်နဲ့ ကျောက်ခဲရော သံမဏိပါ ပြန်လာခဲ့ကြတယ်။ အိမ်ပြန်ရောက်တော့ အမေသုပ်ကျွေးတဲ့ လက်ဖက်သုပ်နဲ့ ထမင်း စားရင်း အဘနဲ့ အမေကို အကျိုးအကြောင်း အကုန်ပြောပြရတာပေါ့ဗျာ။ နောက်နေ့ညနေမှာ တောင်ခြေကို လှည်းနဲ့သွားပြီး ထိန်ပင်စိုက်၊ ငမဲကြီးကို ခေါ်ပြီး ထမင်းနဲ့ အမဲသားဟင်းကျွေး၊ ပြီးတော့ ဟိုညီအစ်ကိုက ငမဲကြီးကို တောင်းပန်ကြတာပေါ့ဗျာ။ ကျုပ်ကတော့ ငမဲကြီးဆိုတာ ကျုပ် တပ်မှူးစက္ကဆိုတာ သိလိုက်တော့ စိတ်မကောင်းဘူးဗျာ။ ပြီးတာနဲ့ ကျုပ်တို့ အားလုံး လှည်းကို ခပ်သုတ်သုတ်မောင်းပြီး ပြန်ခဲ့ကြတယ်။ သံမဏိတော့ ပါမလာဘူးဗျ။ ရာပါစပ်ချီးကောင် ကျောက်ခဲတော့ ပါလာခဲ့တယ်လေဗျာ။

ပြီးပါပြီ

မူရင်းရေးသားသူ-ဆရာတာတေ

#တာတေ#မဖဲဝါ

#လေးစားစွာcreditပေးပါသည်