*ဘိုးတော်ပေ နှင့် မြိုင်တော*📖📖📖
*****************************
◾အခန်း (၁)
နယ်မြို့လေး၏ လမ်းမထက်တွင် ပေတူးတယောက် လမ်း လျှောက်နေသည်။သူသည် ငှက်ပျောသီး၏ နေအိမ်မှ ထွက်လာပြီး မြို့အပြင်ရှိ သင်္ချိုင်းသို့ သွားနေသည်။လမ်းဘေးတွင် တယောက်တည်း လမ်းလျှောက်နေသော ပေတူးအား ဖြတ်သွားဖြတ်လာမြင်းလှည်းများမှ ပေတူးအား လိုက်လိုလိုက်ငြား ခေါ်ကြသော်လည်း ပေတူးမှာ လမ်းလျှောက်မြဲသာလျှောက်လာရာ မကြာသောအချိန်တွင် မြို့စွန်သင်္ချိုင်းအဝသို့ ရောက်လာလေ ၏။သင်္ချိုင်းဇရပ်တွင် သူတောင်းစားမိသားစုများအား မတွေ့ရဘဲ သုဘရာဇာကြီးကိုသာ ဆေးပေါ့လိပ် ဖွာရှိုက်ပြီး ထိုင်နေ သည် ကိုတွေ့လိုက်ရသည်။ပေတူးသည် ဇရပ်ရှိရာသို့ သွားလိုက်သည်နှင့် ဆေးလိပ်သောက်နေသည့် သုဘရာဇာကြီးသည် ပေတူးအား ပြုံးရွှင်စွာဖြင့် နှုတ်ဆက် စကားဆိုလေသည်။
“ကောင်လေး ပြန်ရောက်လာပြီလားကွ ဇရပ်မှာ ထားခဲ့တဲ့ မင်းပစ္စည်းတွေကို မင်းသွားတဲ့ ညနေကပဲ ဘိုးတော်တယောက် ယူသွားတယ် “
“ဟုတ်တယ် အဲ့တာ ကျုပ်ဆရာဗျ “
“ကဲ ကောင်လေး မင်းဘာလုပ်တာလဲ လာနှုတ်ဆက်တာလား “
“ဆိုပါတော့ဗျာ ဒါနဲ့ သူတောင်းစားလေးတွေရော ဒီကို မလာဘူးလား “
“သူတို့က နောက်ဆယ်ရက်ကြာလောက်မှ ဒီကို ပြန်လာမယ် ထင်တယ် တခြားမြို့မှာ သွားတောင်းနေတယ် ထင်တာပဲ “
“အေးဗျာ ကျုပ်က သူတို့ကိုပါ နှုတ်ဆက်မယ်ဆိုပြီး လာတာ မရှိတော့လည်း သုဘရာဇာကြီးပဲ သူတို့လာရင် ကျုပ် နှုတ် ဆက်သွားတယ်ဆိုတဲ့ အကြောင်း ပြောပေးစမ်းပါဗျာ”
“စိတ်ချ ကောင်လေး ငါပြောပေးမယ် ”
“အဲ့တာဆိုလည်း ကျုပ်သွားဦးမယ် သုဘရာဇာကြီးရေ “
“ကောင်းပါပြီ ကောင်လေး “
ပေတူးသည် သုဘရာဇာကြီးအား နှုတ်ဆက်ပြီးသည်နှင့် သင်္ချိုင်း အုတ်ဂူများရှိရာဘက်သို့ ထွက်သွားရာ သုဘရာဇာကြီးမှ သတိပေးစကား လှမ်းအော်ပြောနေသေးသည် ။
“ကောင်လေး လမ်းမှားနေပြီလေကွာ ”
“မမှားပါဘူးဗျာ “
ပေတူးသည် မည်သည့်စကားမှ ထပ်မပြောပဲ ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်လိုက်သည်၊၊မည်သူတဦးတယောက်မှ မရှိ သည်မို့ ဘိုးတော်စိုးပေးထားသော အင်းစာရွက်အား လွယ်အိတ် ထဲမှ ထုတ်လိုက်ပြီး
“မူလနေရာ ပြန်ရောက်စမ်း “
ပေတူးသည် ထိုသို့ပြောပြီး အင်းစာရွက်အား မြေပြင်ပေါ် ပစ်ပေါက်လိုက်ရာ ဝုန်းဆိုသည့် ကျယ်လောင်သံ နှင့်အတူ မီးခိုးများ ထွက်လာလေသည်။သုဘရာဇာကြီးသည် အသံကြားရာ ဘက်ဆီသို့ အလျင်အမြန် သွားကြည့်လိုက်၏။ထို့နောက် မီးခိုးများထွက်နေသည့် နေရာအား စူးစိုက်ကြည့်လိုက်ပြီး
“ကောင်လေး ဟေ့ကောင်လေး မင်းဘာတွေ လုပ်လိုက်တာ လဲကွ”
သုဘရာဇာကြီးသည် အတန်ကြာအော်ခေါ်နေသော်လည်း ပြန်ထူးသံ မကြားရတော့ပေ။ထို့နောက် မီးခိုးများတဖြည်း ဖြည်း ပျောက်ကွယ်သွားချိန်တွင်တော့ သုဘရာဇာကြီးမှာ ပေတူးအား မတွေ့ရ၍ ဘေးဘီဝဲယာသို့ လိုက်လံရှာဖွေနေပါလေတော့သည် ။
◾အခန်း (၂)
ပေတူးသည် ပိတ်ထားသောမျက်လုံးအား ဖွင့်လိုက်ချိန် သူ၏ ရှေ့တွင် ဘိုးတော်စိုး ကွမ်းယာနေသည်ကို တွေ့ ရသည်။
“ဘိုးတော် ကျုပ် ပြန်ရောက်လာပြီ “
“အေးလေ ကဲ မောင်ပေတူး မင်းလည်း ပင်ပန်းလာရော့ပေါ့ ခဏ နားလိုက်ဦး “
“ဘိုးတော် ကျုပ်က ဘိုးတော် ဘယ်တော့ဖြစ်မှာလဲ “
“ဘိုးတော်ဖြစ်ဖို့ဆိုတာ လွယ်တော့ မလွယ်ဘူး “
“ကျုပ်တို့ဂိုးဏ်က ဘာဂိုဏ်းလဲ ဘိုးတော် “
“ဂိုဏ်းဆိုတာ ငါတို့အတွက်မလိုပါဘူးကွာ ငါတို့မှာ စည်းမျဥ်း တခုပဲ ရှိတယ်။အဲ့တာ ဘာလဲဆိုတော့ မတရားတာကို မလုပ်နဲ့ မကောင်းတာကို မလုပ်နဲ့ လေ့လာသင်ယူစရာတွေကို အကုန်သင်ယူ ကောင်းတာကို ယူ မကောင်းတာဆိုပယ် သူက မင်းကို လမ်းညွှန်ပေးမဲ့ သူပဲ ကျန်တာက မင်းဘာသာ အားထုတ်ရမှာ “
“ကျုပ် သိပ်ပြီး နားမလည်ဘူး ဘိုးတော် “
“အခု မင်း ဘာတတ်ခဲ့လဲ “
“ကျုပ် သူခိုးတယောက်ဆီကနေ အိပ်မွေ့ချတဲ့မန္တန် တတ် မြောက်ခဲ့တယ် ဘိုးတော် “
“အေး မင်းကို ငါနောက်မှ အင်းကွက်အကြောင်းသင်ပေးမယ်”
“အခု မသင်ပေးသေးဘူးလား ဘိုးတော် “
“အင်း မင်းကို သွားခိုင်းစရာရှိတယ် “
“ဗျာ ကျုပ်ဘယ်ကို ထပ်သွားရဦးမှာလဲ “
“မင်း မြိုင်တောဆိုတဲ့ မြို့ကို သွားရမယ် “
“မြိုင်တော ဟုတ်လား ကျုပ်ဖြင့်ကြားတောင် မကြားဖူးဘူး “
“မကြားဖူးလည်း ရှာဖွေပြီး သွားရမယ် “
“သွားဆိုလည်း သွားတာပေါ့ ဘယ်အချိန်သွားရမှာလဲ ကျုပ်ကို အင်းစက္ကူလေးတွေ ပေးလိုက်ဦးနော် “
ပေတူးသည် အရင်ကကဲ့သို့ပင် အင်းစာရွက် နှင့် သွားရမည် ဟုသာ ထင်နေလေရာ ဘိုးတော်စိုး ပြုံးလိုက်သည်။ထို့နောက် ဘိုးတော်စိုးသည် သူ၏လွယ်အိတ်ကို ပေတူးအား ယူခိုင်းလိုက်ကာ အိတ်ထဲမှ ငွေတဆယ်တန်ငါးရွက် ထုတ်လိုက်ပြီး
“မောင်ပေတူး မင်းကို ငါပေးတဲ့ တဆယ်တန် ပြန်ပေးစမ်း ကွာ ရော့ ဒီငွေတွေယူထား “
“ဟုတ်ကဲ့ ဒီမှာပါ ဘိုးတော် “
“မင်းကို ငါ အင်းလည်း မပေးတော့ဘူး မင်းဖာသာမင်း မြိုင်တောမြို့ကို ရှာပြီး သွားရမယ်။ပါးစပ်ပါ ရွာရောက်ပါတယ်ကွာ မှတ်ထားဦး ငါပေးလိုက်တဲ့ ငွေငါးဆယ်က ရိုးရိုးငွေတွေနော် “
“တရာတန်လို့ မြင်တဲ့ ငွေ မဟုတ်ဘူးလား “
“မဟုတ်ဘူး “
“ကျုပ်ကို ပို့မပေးဘူးလား “
“မင်းမှာ ခြေတွေလက်တွေ ပါတာကို ကိုယ့်ဘာသာပဲ သွားပေတော့ မင်း ဒီနေ့သွားမှာလား မောင်ပေတူး “
“အခု ချက်ချင်းကြီးတော့ မသွားနိုင်သေးဘူးဗျာ ထမင်းစား၊နား တရက်လောက် အိပ်ပြီးမှပဲ သွားတော့မယ် “
“မင်းသဘောပါ ကဲ မောင်ပေတူးရေ မကောင်းတာကို မလုပ် နဲ့ မကောင်းတာကို မကြံ နဲ့ ကောင်းတာကို လုပ် ငါ့လမ်းစဉ်က ဒါပဲ မမှတ်မိတာ ရှိလား “
“ဒီလောက်လေးကတော့ မှတ်မိပါတယ် “
ဘိုးတော်စိုး မည်သည့်မှစကားမှ မပြောပဲ ပေတူးကို ကြည့်ကာ ပြုံးလျက်နေပါတော့သည် ။
◾အခန်း (၃)
လူသူမရှိသော တောလမ်းလေးတွင် ပေတူးတယောက် လမ်းလျှောက်လို့နေသည်။သူသွားရမည့် မြိုင်တောမြို့အား ဘယ်ကဘယ်လို သွားရမည်ဆိုသည်အား သူမသိပေ။တယောက်ထဲ တွေးတွေးငေးငေးဖြင့် လမ်းလျှောက်လာရာ တခုသော တောအုပ်အစပ်တွင် နွားလှည်းပေါ် ထင်းပိုင်းများတင်နေသော လူကြီးတယောက်ကို တွေ့ရသည်။အသက်ကြီးရင့်နေပြီး ဖြစ်သော ထိုလူကြီးသည် ထင်းတုံးခပ်ကြီးကြီးကို ထမ်းနေပြီး အတော်ကို မသက်သာဟန်နှင့် ခါးကို လက်ဖြင့်ထောက်ကာ မသက်မသာ အမူအယာဖြင့် သယ်နေလေ၏။ပေတူးသည် ထိုလူကြီးအား ကြည့်၍ သနားလာကာ အနားသို့ သွားလိုက်ပြီး ထင်းတုံးများအား ကူသယ်ပေးလိုက်တော့သည်။
“ဦးကြီး ခါးနာနေတာ ထင်တယ် ကျုပ် ကူသယ်ပေးပါ့မယ် “
“အေး ဟုတ်တယ်ကွဲ့ “
ပေတူး ပြောပြောဆိုဆို ထင်းတုံးကြီးများကို သယ်ပြီး လှည်းပေါ်တင်ပေးလိုက်၏။အကူအညီရသွားသော လူကြီးသည် ပေတူးအား ကျေးဇူးတင်စွာကြည့်ပြီး စကားဆိုလာလေသည်။
“ငါ့တူကြီးရေ တကယ်ကျေးဇူးတင်ပါတယ်ကွာ မင်းသာ မကူညီရင် ဦးကြီး အတော်ကို ဒုက္ခရောက်နေတာ “
“ဦးကြီးက ဘယ်လိုဖြစ်ပြီး အသက်ကြီးမှ တယောက်တည်း ထင်းတိုက်နေရတာလဲဗျ “
“ဦးကြီးလည်း ဘယ်လိုပြောရမှန်း မသိတော့ပါဘူးကွာ ဒါနဲ့ ငါ့တူကြီးက ဘယ်သွားမလို့လဲ “
“ကျုပ်ကို ကျုပ်ဆရာက မြိုင်တောမြို့ကို သွားခိုင်းတာ “
“မြိုင်တောမြို့ဟုတ်လား မြိုင်တောက အတော်လှမ်းတယ် နော် လှည်း နဲ့ သွားရင်တောင် လေးငါးဆင့်လောက် စီးသွားရတာ “
“ဟုတ်လား ကျုပ် မသွားလို့မရဘူး ဦးကြီးရေ သွားရမှာ “
“အဲ့တာဆို ငါ့တူကြီး ဦးတို့ ရွာကို အရင်လိုက်ခဲ့ကွာ “
“ဖြစ်ပါ့မလားဗျာ အားနာစရာ “
“မင်းကလည်း လိုက်မှာသာ လိုက်ခဲ့၊ဦးကြီး လှည်းကောက်လိုက်ဦးမယ် ဒါ့နဲ့ ငါ့တူ နာမည်က ”
“ပေတူး လို့ ခေါ်ပါတယ် ဦးကြီး “
“အေး တူကြီး ဦးကြီးနာမည်က ဦးကျော်လှိုင်လို့ ခေါ်တယ် “
ဦးကျော်လှိုင်ဟု အမည်ရသော လူကြီးသည် တောအစပ်တွင် ချည်ထားသော နွားနှစ်ကောင်ကို သွားဆွဲ၍ လှည်းကောက်ပြီး သည်နှင့် ပေတူးကို ခေါ်ကာ စကားတပြောပြောနှင့် ထွက်လာခဲ့လိုက်သည် ။
ထင်းအပြည့်တင်ထားသော လှည်းပေါ်တွင် လှည်းမောင်းသူ ဦးကျော်လှိုင် နှင့် ပေတူးတို့ စကားတပြောပြော နှင့် သွားနေကြသည်။ဦးကျော်လှိုင်သည် အတော် သဘောမနောကောင်းသော လူကြီးတယောက်ဖြစ်သည်ဆိုသည်အား ပေတူး တစတစပိုသိလာရသည်။သူပြောပုံဆိုပုံများအား ကြည့်ခြင်းအားဖြင့် ဦးကျော်လှိုင်မှာ အထက်လမ်းဆရာတယောက် ဖြစ်နေလေသည်။ပေတူး တွေးမရသည်မှာ အထက်လမ်းဆရာကြီးတယောက်သည် အဘယ်ကြောင့် တယောက်တည်း ထင်းလာတိုက်နေ သည်လဲ ဆိုသည်ကို ဖြစ်သည်။လှည်းလေးသည် တအိအိနှင့်သွားနေရာ လမ်းတွင် အခြားလှည်းများ နှင့် ဆုံလေသည်။လှည်းများပေါ် မှ လူများသည် ဦးကျော်လှိုင်အား တွေ့သော အခါ
“ဆရာကြီး ဘယ်လိုဖြစ်ပြီး ထင်းတွေကို ကိုယ်တိုင်တိုက်နေတာလဲ လိုအပ်ရင် ကျုပ်တို့ကို ပြောရောပေါ့ဗျာ ”
“ရွာက အလှုမှာ လုပ်အားဒါနပြုချင်လို့ကွာ အဲ့တာကြောင့် ကိုယ်တိုင် လာတိုက်တာ “
“အဲ့တာများဆရာကြီးရယ် ကျုပ်တို့ တိုက်ပေးပြီး ဆရာကြီး အိမ်အထိ လာပို့ပေးမှာပေါ့ ပြီးမှ ဆရာကြီး သွားလှုလည်း ရတာကို “
“အဲ့တာကိုပဲ သဘောမကျတာ မောင်တို့ရေ သူကြီးအလှု ရွာသားကောင်းမှု ဖြစ်မှာကို စိုးတယ်ဟေ့ “
လှည်းသမားများသည် ဦးကျော်လှိုင်အား တွေ့သည်နှင့် နှုတ် ဆက် စကားဆိုကြသည်။ပေတူးသည် အခြေအနေကို လေ့လာလိုက်ပြီး ဦးကျော်လှိုင်မှာ လူရိုသေရှင်ရိုသေလူကြီးတယောက် လည်းဖြစ်သည် ဆိုသည်အား ပေတူး ခန့်မှန်းမိလေသည်။မကြာသောအချိန်တွင် သူတို့၏ လှည်းလေးသည် တမာပင်၊မန် ကျည်းပင်များ လမ်းဘေးဝဲယာတလျှောက် စီတန်းပေါက်နေသော ရွာလေးသို့ ရောက်လာသည်။ရွာအဝင်တွင် လမ်းဆုံတခု ရှိပြီး လမ်းဆုံတွင် ရေတွင်းကြီး တတွင်းရှိကာ ထိုရေတွင်းတွင် လူကြီး၊လူရွယ်၊လူငယ် နှင့် မိန်းမပျိုလေးများ ရေအိုးရွက်သူက ရွက်၊ရေထမ်းသူက ထမ်း နှင့် အတော်ကို စည်ကားနေပေသည်၊၊သူတို့သည် ဦးကျော်လှိုင်၏ ထင်းလှည်းဝင်လာသည်ကို မြင်ကြ သည်နှင့် ပြုံးရွှင်စွာ နှုတ်ဆက်ကြပြီး
“ဆရာကြီး ကျုပ်တို့ ထင်းတွေ အိမ်လိုက်ချပေးရမလား “
“ဆရာကြီး ကျမတို့ ထင်းဖြတ်ပေးရမလား “
“ရပါတယ်ကွယ် အလှုအိမ်ကို ထင်းသွားပို့မှာ လုပ်အားဒါန လေး ပြုတာပါကွယ် “
“ဟုတ်ကဲ့ ဆရာကြီး ဒါနဲ့ ဆရာကြီးတို့အိမ်ကို ဧည့်သည်တွေ ရောက်နေတယ် မိချော နဲ့ ဘေးအိမ်က လူတွေ ဧည့်ခံထားတယ် ထင်တယ် “
“အေး အေး အလှုအိမ်ကို အရင် ဝင်လိုက်ဦးမယ် “
ထို့နောက် ဦးကျော်လှိုင် မောင်းပြီး ပေတူးလိုက်ပါလာသော ထင်းလှည်းလေးသည် ရွာလယ်လမ်းအတိုင်း ရွာအလယ်ရှိ အိမ်ဝိုင်းတဝိုင်းထဲသို့ ဝင်သွားလိုက်သည်။အိမ်ဝိုင်းထဲသို့ ရောက်သောအခါ ပျဉ်ထောင်ပျဉ်ခင်းအိမ်ကြီး၏ အောက်တွင် ကြက်သွန်နီတွဲများကို ချိတ်နေသော လူကြီး နှင့် မိန်းမပျိုလေးတယောက်တို့သည် ဦးကျော်လှိုင်၏ လှည်းအား မြင်သည်နှင့် ပြုံးရွှင်စွာဖြင့် စကားဆိုလေသည် ။
“ဗျို့ ဆရာကြီးက မိချောပြောသလို တကယ်ကို ထင်းသွားတိုက်တာပဲ “
” အေးဗျာ ကိုယ်တိုင်မလှုနိုင်တော့လည်း သူများအလှုမှာ လုပ်အားဒါနလေး ပါ၀င်ကုသိုလ်ပြုချင်လို့ပါ။ကျုပ်က တယောက်ထဲ ထင်းသွားတိုက်တာပဲ ဦးဝင်းကျော်ရေ ဟိုရောက်တော့ ခါးနာနေတာနဲ့ တယောက်ထဲ မသယ်နိုင်တော့ဘူး ဇရာထောင်းလာပြီကိုးဗျ အဲ့တာ ဒီကမောင်ရင်လေး အမြင်မတော် ၀င်ကူညီလို့ ပြီးသွားတာဗျို့ “
“ဆရာကြီးတို့ ထမင်းစားရသေးပုံမပေါ်ဘူး သမီး မြလေးနွယ် ရေ ထမင်းပွဲပြင်စမ်းကွယ် “
“ဟုတ်ကဲ့ အဘ “
” ဆရာကြီးတို့ ခဏ နားကြဦးဗျာ ပြီးမှပဲ လှည်းပေါ်က ထင်းတွေကို စိန်လွင်တို့ကို ချခိုင်းလိုက်မယ် “
“မနားပါဘူးဗျာ ကျုပ်တို့က လှည်းစီးလာရတာ မပင်ပန်းပါဘူး “
ဦးကျော်လှိုင်သည် လှည်းပေါ်မှ ထင်းများကို လှည်းဘေးသို့ ချလိုက်ရာ ပေတူးသည်လည်း ဆရာကြီးနှင့်အတူ ထင်းများအား ကူချပေးလိုက်ပါတော့သည် ။
◾အခန်း (၄)
ဦးကျော်လှိုင် နှင့် ပေတူးတို့သည် အလှုရှင်ဧည့်ခံသော ထမင်းကို စားလိုက်ကြသည်။ကြက်သားဆီပြန်ဟင်း နှင့် ပဲကြီး နှပ်၊အချဉ်ဟင်း၊ငါးခြောက်ကြော် နှင့် အစပ်အဟပ်မိနေလေရာ ပေတူးတယောက် ခေါင်းမဖော်နိုင်အောင်ပင် လွေးနေတော့သည်။ထမင်း ထပ်ခါထပ်ခါယူပေးနေရသော မြလေးနွယ် အမည်ရှိ မိန်းကလေးကိုပင် ပေတူး အားနာကာ မကြာမကြာ ပြုံးပြနေရသည်အထိ ဖြစ်၏။ပေတူး ၏အကြည့်အား သဘောပေါက်သော မြလေးနွယ်သည်
“ငါ့မောင် စားနော် အားမနာနဲ့နော်”
“အမ ပြောမှပဲ အားနာဖို့ကို သတိရတော့တယ် ဗိုက်လည်း ပြည့်ပြီဗျာ “
ဦးကျော်လှိုင် နှင့် ဦးဝင်းကျော်သည် ပေတူး၏ စကားကို သဘောကျကာ ပြုံးလိုက်ကြသည်။ထမင်းစားသောက်ပြီးသော အခါ အိမ်အောက်စားပွဲတန်းလျားတွင် ထန်းလျက်၊မြေပဲဆန် နှင့် ရေနွေးကြမ်းတို့ဖြင့် မြလေးနွယ်မှ ဧည့်ခံနေလေသည်။ ထို့နောက် ဦးဝင်းကျော်သည် ပေတူးအား ကြည့်ကာ
“မောင်ရင်လေးက ဒီနယ်က မဟုတ်ဘူးထင်တယ် “
“မဟုတ်ဘူး ဦးဝင်းကျော်ရေ ဒီက မောင်ပေတူးက ကျုပ်ကို ထင်းကူတိုက်ပေးရင်း မြိုင်တောကို သွားမဲ့သူမလို့ ကျုပ်လည်း ရွာမှာ လမ်းကြုံမဲ့သူရှိမလားလို့ ခေါ်လာတာ “
“အရင်တပတ်ကဆိုရင်တော့ ကြုံတာပေါ့ဗျာ အခုတော့ အလှု အတွက် ပစ္စည်း၊ပစ္စယတွေက ဝယ်ပြီးပြီ”
“အေးပေါ့ဗျာ ဘယ်တတ်နိုင်မလဲ ကြုံမှပဲ ထည့်ပေးလိုက်တာပေါ့ သူက မြိုင်တောမြို့ကိုသွားမယ် သာပြောတာ လမ်းတောင် မသိဘူး ဦးဝင်းကျော်ရေ “
ဦးကျော်လှိုင်၊ပေတူး နှင့် ဦးဝင်းကျော်တို့ စကားကောင်းနေကြသည်။စကားပြောရင်းဆိုရင်းမှ ပေတူး၏ဆရာအကြောင်း အား အမှတ်မထင် သိရဖို့ ဖြစ်လာ၏။
“နို့ ဆရာကောင်း၊သမားကောင်းဆိုတာလည်း လိုတယ်ဗျ နော် ဆရာကြီး “
“လိုတာပေါ့ဗျာ ဆရာမကောင်းရင် သူရဲ့တပည့်သားက လည်း ဘယ်လိုလုပ်ကောင်းနိုင်မလဲ “
“အင်း ဟုတ်ပါရဲ့ နို့ ဒါနဲ့ ဒီက မောင်ရင်လေးမှာရော ဆရာရှိလား”
“ရှိပါတယ် ဦးကြီး “
“ဘယ်သူလဲကွယ့် “
“ဘိုးတော်စိုးလို့ ခေါ်ပါတယ်ဗျ”
ပေတူး၏ အဖြေစကားကို ကြားသောအခါ ဦးကျော်လှိုင်သည် မျက်လုံးအဝိုင်းသားဖြင့် မယုံကြည်နိုင်ဖြစ်ကာ ပေတူးကို ကြည့်ပြီး
“မင်း မင်းဆရာက တကယ်ပဲ ဘိုးတော်စိုးလား “
“ဟုတ်တယ်လေး ဦးကြီး “
“ဘိုးတော်စိုးရဲ့ ပုံစံက “
ဦးကျော်လှိုင်သည် ပေတူးအား ဘိုးတော်စိုး၏ ပုံပန်းသဏ္ဍန်ကို ပြောပြလိုက်ရာ ပေတူးမှ အံ့ဩသွားပြီး
“ဟုတ်တယ် ဦးကြီးပြောတာနဲ့ အတူတူပဲ “
“သူက အင်းစာရွက်တွေ သုံးတယ် မဟုတ်လား “
“သုံးတာပေါ့ဗျာ အရင်က မြို့ကိုတခါတက်သေးတယ် ဦးကြီးတို့ ယုံမလားတော့ မသိဘူး ဘိုးတော်က ကျုပ်ကို အင်းနဲ့ ပစ် လိုက်တာ မြို့ကိုတန်း ရောက်သွားတာပဲဗျာ အပြန်ကြတော့ လည်း သူပေးတဲ့ စာရွက်လေးနဲ့ မြေပြင်ကို ပေါက်လိုက်တာ သူ့ဆီ တန်းသွားရောက်ရော “
“ယုံတာပေါ့ကွာ မင်းဆရာက အင်းအကျော်အမော်တယောက်ကွ ဝိဇ္ဇာလို့ ခေါ်ရင်တောင် ရပြီ။မင်းတော့ တော်တော် ကံထူးတာပဲကွာ “
“ဘိုးတော်က ပုံမှန်ပါပဲ အဲ့ဒီလောက်ကြီးလည်း မဟုတ်ပါဘူး”
“မင်းကို မြို့တန်းပို့နိုင်လောက်တဲ့အထိ အစွမ်းရှိတဲ့သူကို မင်းမို့ သာမာန်လို့ ပြောထွက်တယ် မောင်ပေတူးရယ် “
“အဲ့ဒီလိုတွေးရင်လည်း ဟုတ်တယ်ဗျ ကျုပ်ကို အခုလည်း ဘယ်လိုဖြစ်ပြီး မြိုင်တောမြို့ကို သွားခိုင်းလည်းမသိပါဘူးဗျာ”
“ဘိုးတော်က အလွှတ်မဲ့(အကြောင်းမဲ့)တော့ မင်းကို ခိုင်းမှာ မဟုတ်ပါဘူး ကဲ မင်း ငါ့အိမ်ကိုသာ လိုက်ခဲ့ပေတော့ “
ထို့နောက် စကားပြောခြင်းကို လက်စသတ်လိုက်ကာ ဦးကျော်လှိုင်သည် လှည်းကို ကောက်လိုက်ပြီး သူ၏နေအိမ်ဆီသို့ ပေတူး နှင့်အတူ ပြန်သွားပါတော့သည်။
◾အခန်း (၅)
ဦးကျော်လှိုင်မောင်းသော နွားလှည်းလေးသည် မကြာသောအချိန်တွင် အသင့်အတင့်ကျယ်၀န်းသောအိမ်လေးရှိရာ အိမ်ဝိုင်းတခုထဲသို့ မောင်းဝင်လိုက်လေသည်။အိမ်ဝိုင်းထဲတွင် လှည်းလေးရပ်လိုက်သည်နှင့် အသက်သုံးဆယ်ကျော် လူရွယ်တယောက်သည် လှည်းထိပ်တွင် ရပ်လိုက်ပြီး လှည်းထောက်ဂွဖြင့် ထောက်လိုက်ပြီးနောက် နွားများကို လှည်းမှဖြုတ်ပေးလိုက်သည်။ထိုလူရွယ်မှ
“ဘကြီး ဧည့်သည်တွေရောက်နေတယ် ညီမလေး ခေါ်လို့ ကျုပ် ကူပြီး ဧည့်ခံပေးထားတာ “
“အေး ငါ့တူ မင်းသူရေ “
“ကျုပ် နွားတွေ ကျောင်းပေးလိုက်မယ် ဘကြီး “
“အေး အေး “
ဦးကျော်လှိုင် လှည်းပေါ်မှ ဆင်းပြီး အိမ်ရှေ့စားပွဲတန်းလျားဆီသို့ သွားလိုက်လေသည်။ဦးကျော်လှိုင်အားမြင်သည်နှင့် တန်းလျားတွင် ထိုင်နေကြသော ဧည့်သည်နှစ်ယောက်သည် မတ်တတ်ထရပ်လိုက်ရင်း
“ဆရာကြီး ဦးကျော်လှိုင်လား ခင်ဗျာ “
“ဟုတ်ပါတယ် ကဲ မောင်ပေတူး လာထိုင်ကွာ “
ဦးကျော်လှိုင်သည် ပေတူးအား ထိုင်ခိုင်းလိုက်ပြီးနောက် ဧည့်များအား ပြန်ကြည့်ကာ
“ကဲ ဘာကိစ္စလဲကွဲ့ ”
“ဒီလိုပါ ကျုပ်တို့က မြိုင်တောမြို့ကပါ “
“မြိုင်တော ဟုတ်လား “
“ဟုတ်ပါတယ် “
“ကဲ ဆိုစမျးပါဦး ”
“ကျနော်တို့ အိမ်မှာ အနှောက်အယှက် ကြီးကြီးမားမားကြုံနေလို့ ဆရာကြီးကို လာပင့်တာပါ ခင်ဗျ “
“နေပါဦး မြိုင်တောမှာ ဆရာတွေ ပေါ်ပါတယ် “
“ကျနော်တို့ အကုန်လုံးပင့်ပြီးပါပြီ။ဒါပေမဲ့ အဆင်မပြေခဲ့ပါဘူး။အဲ့ဒီဆရာတွေကကတော့ ဆရာကြီးဆီကိုပဲ လမ်းညွှန်လိုက်လို့ ကျနော်တို့ ဒီကိုရောက်လာတာပါ “
“ကဲ ဟုတ်ပြီ ကျုပ် လာခဲ့မယ် “
“ဆရာကြီး တခါတည်း လိုက်ခဲ့လို့မရဘူးလား ကျနော်တို့မှာ မော်တော်ကား ပါ ပါတယ် “
“မနက်ဖြန်အစောမှ ကျုပ်တို့ လာခဲ့မယ်။စိတ်ချနေပါ ဆက် ဆက် လာခဲ့မယ် “
“အဲ့တာဆိုရင်လည်း ကျနော်တို့ကို ခွင့်ပြုပါဦး ဒီအချိန် ပြန် မှပဲ ဖြစ်မှာမို့ပါ ကျနော်တို့အတွက်ဆိုပြီး ထန်းလျက်သွားဝယ်တဲ့ ညီမလေးတွေကိုလည်း နှုတ်ဆက်တယ်လို့ ပြောပေးပါဦး ဆရာကြီး ခင်ဗျ “
“စိတ်ချ စိတ်ချ ကျုပ်တို့ အရောက်လာခဲ့ပါမယ် ဪ မေ့မလို့ နေရာလေးတော့ ပြောခဲ့ဦး ”
“ဟုတ်ကဲ့ “
မြို့မှ လာသော အမျိုးသားတဦးနှင့် အမျိုးသမီးတဦးအနက် အမျိုးသားသည် နေရာကို ပြောပြလေသည်။ထိုအမျိုးသားပြောသောနေရာအား ဦးကျော်လှိုင်မှ ပေတူးအား မီးသွေးခဲနှင့် အိမ်ခပန်းတွင် ရေးမှတ်ခိုင်းလိုက်လေသည်။ဧည့်သည်များ ပြန်သွားသောအခါ ဦးကျော်လှိုင်သည်
“မောင်ပေတူး မင်းဆရာဘိုးတော်စိုး ဘာကြောင့် မြိုင်တောကို ထွက်လာခိုင်းလဲဆိုတာ ငါသဘောပေါက်ပြီ။ဘိုးတော်စိုးက မင်းကို ငါ့ဆီကနေ ပညာသင်စေချင်နေတာကိုး ကဲ ကဲ ငါတို့ နှစ်ယောက် မြိုင်တောကို မနက်အစော သွားကြတာပေါ့ “
“ဟုတ်ကဲ့ ဆရာကြီး “
ဦးကျော်လှိုင် နှင့် ပေတူး စကားပြောနေစဉ် အိမ်ဝိုင်းထဲသို့ ပေတူး နှင့် အသက်မတိမ်းမယိမ်းရှိ မိန်းမပျိုလေး သုံးယောက်ဝင်လာလေသည်။ရှေ့ဆုံးမှ မိန်းမပျိုသည် ရုပ်အဆင်းရူပါမှာ အတော်ပင် လှပတင့်တယ်ပြီး အပြုံးချိုချိုလေးလည်း ရှိ၏။ သူမသည် ပေတူးအား တချက်ကြည့်လိုက်ပြီးနောက် ဦးကျော် လှိုင်အား စကားဆိုလေသည်။
“အဘ ဧည်သည့်တွေ ပြန်သွားပြီလား “
“ပြန်သွားပြီလေ သမီး “
“သူတို့အတွက် ရွာထန်းဖိုကနေ ထန်းလျက် သွားယူနေတာ “
“သူတို့ အလျင်လို့နေလို့ ပြန်သွားကြပြီ။မနက်မှ အဘတို့ ယူသွားလိုက်မယ် “
“ဒါနဲ့ အဘ ဟိုတယောက်က ဘယ်သူတုန်း “
“သူက အဘတပည့်လေ မြိုင်တောကို သူနဲ့ သွားမှာ “
“အဲ့တာဆို သူက ဒီမှာ နေမှာပေါ့ “
“ဟုတ်တယ် သူ့နာမည်က ပေတူးတဲ့ “
“နာမည်ကလည်း ပေတူးလို့ပဲ လူနဲ့လည်း လိုက်ပါတယ် ငါပြောတာ ဟုတ်တယ်မဟုတ်လား ကြေးမှုံ နဲ့ မြလေး “
မိန်းမပျိုလေးသည် ပေတူးအား သေချာကြည့်ကာ သူမ၏ ဘေးတွင်ရှိနေသော မိန်းခလေးနှစ်ယောက်အား ပြောလိုက်လေ သည်။ထိုအခါ ဦးကျော်လှိုင်သည် ချောင်းတချက် ဟန့်လိုက် ကာ
” သမီး ဘယ်လိုတွေ ပြောနေတာလဲ အဲ့ဒီလိုစတာ နောက်တာ အဘ မကြိုက်ဘူးနော် ဒီတခါ နောက်ဆုံး ဖြစ်ပါစေ အလိုလိုက်လို့ အမိုက်စော်ကားတာတော့ မဖြစ်စေချင်ဘူး “
“အင်းပါ အဘ သမီးက သူ့ကိုခင်ချင်တဲ့စိတ် ပေါ်လာလို့ စလိုက်တာပါ သမီး မှားပါတယ် “
“ကဲ ကဲ လုပ်စရာရှိတာလုပ်တော့ မောင်ပေတူးက နောက်ဖက် က အိမ်လေးမှာ နေလိမ့်မယ် “
“ဟုတ်ကဲ့ အဘ “
ထို့နောက် ဦးကျော်လှိုင်သမီး၏ သူငယ်ချင်းများဖြစ်ကြသော မိန်းခလေးနှစ်ယောက်သည်
“မိချော ငါတို့ ပြန်တော့မယ် “
“အေးအေး မနက်ဖြန် ငါတယောက်တည်းနော် ညည်းတို့ လာခဲ့ကြဦး ဒီမှာပဲ အိပ်ရမယ်နော် “
“အေးပါဟယ် လာပါ့မယ်။ဆရာကြီး ကျမတို့ကို ခွင့်ပြုပါဦးဟိုအကို ညီမတို့ သွားတော့မယ်နော် “
ဦးကျော်လှိုင် ပြုံး၍ ခေါင်းညိတ်ပြလိုက်သလို ပေတူးသည် လည်း ခေါင်းညိတ်ရင်း ပြန်လည်ပြုံးပြနှုတ်ဆက်လိုက်ပါလေတော့သည် ။
◾အခန်း (၆)
ပေတူးတယောက် နောက်တကြိမ် အထက်လမ်းဆရာကြီး ဦးကျော်လှိုင်၏တပည့် ဖြစ်လာပြန်ပြီဖြစ်သည်။ဦးကျော်လှိုင်သည် သူ့အား အတော်ပင်ဂရုတစိုက် ရှိလှ၏။တွေ့ကာစ လူပျိုလေးတယောက်အား သမီးပျိုလေးရှိသောအိမ်တွင် ယုံယုံကြည်ကြည် ခေါ်ထားသည်ဆိုခြင်းမှာ တော်ရုံ ယုံကြည်ခြင်းမျိုး မဟုတ်ပေ။ပေတူး၏ စိတ်ထဲတွင် မိန်းမချောလေး မိချောအားမည်သည့်စိတ်မှ မထားမိအောင် အတတ်နိုင်ဆုံး ကြိုးစားနေ ထိုင်သည်။အသက် တဆယ့်ခုနစ်နှစ်ကျော်ကျော် အရွယ်သည်က အဘယ်မျှတည်ငြိမ်သေးမည်နည်း လှသည် ချောသည် ကို မြင်လျှင် မြတ်နိုးချင်သည့်စိတ်တော့ သူ့မှာရှိ၏။သို့ပေမဲ့ သူ့ အပေါ် စိတ်ချယုံကြည်သော ဦးကျော်လှိုင်၏ ယုံကြည်မှုအား မဖျောက်ဖျက်ဟု ဆုံးဖြတ်ချက်ချကာ သူ့အတွက် နေဖို့ ပေးထားသော အိမ်လေးတွင် တယောက်တည်းအိပ်နေလိုက်သည်။ထို့နောက် သူ၏အတွေးကို ပြန်စဉ်းစားမိကာ ရယ်ချင်လာ၏။ ယခုမှ ဒီကို ရောက်သည်မှာ တရက်ပင် မပြည့်သေး သူတွေး လိုက်သည့်အရာမှာ တနှစ်ခန့် အချိန်ကို ရောက်သွားပြီဖြစ်၏။ အတွေးထဲတွင် မိချောနှင့်ပင် ချစ်သူတောင် ဖြစ်လိုက်သေး၏။ စိတ်၏ လျင်မြန်သည့် သဘောတရားအား ပေတူး သဘော ပေါက်၍ ပြုံးလိုက်သည်။ထိုစဉ် သူ၏နားထဲသို့ ဘိုးတော်စိုး၏ အသံက အတိုင်းသား ပေါ်လာလေသည်။
“မောင်ပေတူး စိတ်ကသာ အဓိကမို့ မင်းရဲ့ မတည်ငြိမ်တဲ့ စိတ်တွေကို သမထ၊သမာဓိ နဲ့ တည်ပါ “
“ဟုတ်ကဲ့ပါ ဘိုးတော် ကျုပ်လိုက်နာပါ့မယ် “
သတိပေးစကားကြားလိုက်သောအခါ ပေတူးသည် အိပ်နေရင်းမှပင် သူ၏ ဝမ်းဗိုက်အား အမှတ်သညာပြု၍ ဖောင်းက ဖောင်းသည်၊ပိန်က ပိန်သည်ဟု ရှုမှတ်ကာ စိတ်တည်ငြိမ်အောင် ထိန်းချုပ်နေလိုက်ပါသည်။
ဦးကျော်လှိုင်၏အိမ်ပေါ်ရှိ ဘုရားစင်တွင် ဦးကျော်လှိုင်တယောက် မျက်လုံး မှိတ်လို့ တရားထိုင်နေလေသည်။ထို့နောက် တည်ငြိမ်စွာနှင့်ပင် သူ၏နာမ်သည် တောင်ကုန်းတခုပေါ်ရှိ စေတီလေးတဆူဆီသို့ ရောက်လို့သွား၏။စေတီရင်ပြင်ပေါ်တွင် မည်သူမှ မရှိပေ။စေတီရှိ ထီးတော်မှ ထွက်ပေါ်နေသော ခေါင်း လောင်းသံလေးများ နှင့် စေတီပရဝဏ်ကို ဖြာကျနေသော လရောင်ကြောင့် စိတ်အေးချမ်းဖွယ်ရာအတိ ဖြစ်လို့နေသည်။ ဦးကျော်လှိုင်သည် စေတီတော်အား လက်အုပ်ချီပြီး ရှိခိုးနေစဉ် သူ၏ နောက်မှ လူတယောက်၏ အသံ ပေါ်ထွက်လာလေ၏။
“မတွေ့တာကြာပေါ့ မိတ်ဆွေကြီး “
ဦးကျော်လှိုင်သည် အသံလာရာဆီသို့ လှည့်ကြည့်လိုက်ရာ
“ဟုတ်တယ် ဘိုးတော် ကျုပ်ကို ခေါ်လိုက်တာ ဘာအကြောင်း ကိစ္စကြောင့်လဲ “
“တခြားတော့ မဟုတ်ပါဘူး မိတ်ဆွေကြီးဆီကို ရောက်နေတဲ့ ကျုပ်တပည့်ကို ပညာသင်ပေးစေချင်လို့ပါ “
“ကျုပ်လည်း ထင်တော့ထင်ပါတယ် ဘိုးတော်က အကြောင်း မရှိပဲ မောင်ပေတူးကို လွှတ်မှာ မဟုတ်ဘူးဆိုတာကို “
“မောင်ပေတူးက နောက်ဆို လောကီ၊လောကုတ္တရာ နှစ်ဖြာသော အကျိုးကို သယ်ပိုးမဲ့ လူတယောက် ဖြစ်လာမယ် ”
“ဘိုးတော်က လောကကြီးအတွက် အကျိုးမပြုရင် ဘာမှမလုပ်တာ သိလေတော့ ကျုပ်အစွမ်းကုန် ကူညီပါ့မယ် “
“ကောင်းပါပြီ “
ဘိုးတော်စိုးသည် ဦးကျော်လှိုင် နှင့် စကားဆိုနေရင်းနှင့်ပင် စေတီပုရဝဏ်အတွင်းမှ တဖြည်းဖြည်းနှင့် နောက်ဘက်တောင် တန်းများဆီသို့ လွင့်မြော၍ သွားနေသလို ဦးကျော်လှိုင်သည်လည်း သူ၏ ရုပ်ခန္ဓာရှိရာ အိမ်လေးဆီသို့ လွင့်မြော နေပါလေတော့သည်။အိမ်လေးထဲတွင်တော့ စိုးရိမ်တကြီး ခေါ်နေသော မိချောမှာ သူ့၏အဘ ငုတ်တုတ်ထိုင်လျက်နှင့် သတိမေ့နေသည် ထင်ကာ
“ကိုဧည့်သည် ကိုဧည့်သည် လာပါဦး တော် “
ပေတူးသည် သူအား အော်ခေါ်နေသောအသံကြောင့် အိမ်လေးထဲမှာ ထွက်ကာ အိမ်ကြီးပေါ် တက်လိုက်ပြီး ငုတ်တုတ် ထိုင်ကာ ငြိမ်သက်နေသော ဦးကျော်လှိုင်အား မိချောမှ ဆက် လက် လှုပ်နိုးမည့်ဟန်ပြင်လိုက်စဉ် ။
“ညီမ ဆရာကြီးကို သွားမထိနဲ့ “
“ရှင် ဘာဖြစ်လို့လဲ “
“ဆရာကြီး ပုံစံကြည့်ရတာ ရုပ်နဲ့ နာမ် ခွာနေတာ ဖြစ်မယ်။ ထပ်သွားမထိနဲ့ ကြားလား မိချော “
“အဘက အရင်တုန်းက တရားထိုင်ရင် ရှင့်ကို အခု နေခိုင်းတဲ့ အိမ်လေးမှာပဲ ထိုင်တာ “
“ဘာမှ စိတ်မပူပါနဲ့ “
“စိတ်မပူလို့ ရမလားတော် ကျမမှာ အားကိုးစရာဆိုလို့ အဘတယောက်တည်းပဲ ရှိတာ “
“ဘာမှ မဖြစ်ပါဘူး စိတ်ချပါ “
“ရှင်က ရှင့်အဘမှ မဟုတ်တာပဲ ပြောအားရှိတာပေါ့ ရှင့်အဘဆိုရင် ရှင်ဒီလို အေးဆေးနေနိုင်မှာ မဟုတ်ဘူး “
“အဲ့ဒီလို သဘောမဟုတ်ပါဘူးဗျာ စိတ်အေးအေးထားပါ ကျုပ်မှာလည်း ထိုက်သင့်တဲ့ အတွေ့အကြုံ ရှိပါတယ် “
ပေတူးသည် မိချောအား စိတ်မပူရန်ပြောပြနေ၏။မိချောသည် ပုခုံးလှုပ်ပြီး ဆက်လက်နှိုးနေသည့်တိုင်အောင် တင်ပျဉ် ခွေထိုင်လျက် ငြိမ်သက်မြဲ ငြိမ်သက်နေသော အဘဖြစ်သူကြောင့် ပြိုတော့မည့်မိုးအလားပင် မျက်စိမျက်နှာပျက် စိတ်ပူနေရှာသည်။ထို့နောက် ပေတူး နှင့် မိချောသည် ခပ်လှမ်းလှမ်းမှ စောင့်ကြည့်နေရာ မကြာသောအချိန်တွင် ဦးကျော်လှိုင်မှာ မျက်လုံးဖွင့်လာကာ အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် ပေတူးအား သေချာကြည့်ပြီး
“မောင်ပေတူးရေ မင်း မနက်ဖြန်ကစပြီး ပယောဂကုတဲ့ပညာတွေ စသင်ရမယ်နော် “
“ဟုတ်ကဲ့ ဟုတ်ကဲ့ပါ ဆရာကြီး”
ပေတူးသည် ဦးကျော်လှိုင်မှ ဆိုင်းမဆင့် ဗုံမဆင့် ပြောလိုက် သောစကားကြောင့် ကြောင်အမ်းအမ်း နှင့် ခေါင်းညိတ်ပြီး ဟုတ်ကဲ့ဟုသာ ဖြေလိုက်ပါတော့သည် ။
◾ဘိုးတော်ပေ နှင့် မြိုင်တော သည်ကဤမျှသာ။
🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို Follow နှိပ်ပြီး အားေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏
📝မောင်တင်ဆန်း