ဘိုးတော်ပေ နှင့် အကုသိုလ်ကင်းသော မုဆိုးကြီး
(၁၂)
အခန်း (၁)
ငွေတာင်ရွာလေး၏နံနက်ခင်းသည်က အေးငြိမ်းသာယာလျက်ရှိသည်။ပျော်တပြုံးပြုံးနှင့် တယောက်နှင့်တယောက် စနောက်ကာ လယ်ယာလုပ်ငန်းခွင်သို့သွားကြသူများ၊ဘုန်းတော် ကြီးကျောင်းသို့ ဆွမ်းအုပ်ကို ရွက်ကာ ဆွမ်းသွားပို့သော မိန်းမပျိုများနှင့် သောက်ရေသုံးရေခပ်နေကြသော မိန်းမပျိုလေးများတို့သည် ငွေတောင်ရွာလေး၏နံနက်ခင်း အလှတရားကို ဖော်ကြူးလျက်ရှိသည်။ထိုရွာလေး၏ လမ်းမပေါ်တွင်တော့ ပေတူးတယောက် လမ်းလျှောက်လို့နေသည်။ရွာသားများ၏ မျက်နှာသည် မနာလိုခြင်း၊ဒေါသများကင်းနေ၍ တွေ့သည့်လူတိုင်းသည် ပေတူးအား ပြုံးရွှင်စွာနှုတ်ဆက်ကြ၍ ပေတူး ပြန်လည်နှုတ်ဆက်လေသည် ။
“ကျောင်းသား ဘယ်သွားမှာလဲဟေ့”
“ဦးကိုလေးဆီ သွားမှာ”
“အေး အေး မင်းတို့ရွာမှာ နေရတာပျော်လားကွ “
“ပျော်တာပေါ့ဗျာ ဦးကြီးတို့ရွာ အတော်အေးချမ်းတာကိုး “
“အေး ကောင်းတယ် ကဲ ကဲ ငါတို့လည်း သွားတော့မယ် နွား တွေကို နေမပူခင် ဖြုတ်ပေးရတော့မှာ”
ရွာသားကြီးသည် ပေတူးကို နှုတ်ဆက်လိုက်ပြီး သူ၏နွားများနှင့်အတူ တောင်ယာဆီသို့ ထွက်သွားချိန် ပေတူးသည် လည်း မုဆိုးကြီးဦးကိုလေးအိမ်သို့ သွားလိုက်၏။အတန်ကြာသွားသောအခါ အိမ်ရှေ့တွင် တံမြက်စည်းလှည်းနေသော ဖိုးတောကို တွေ့လိုက်ရ၍ ပေတူးသည် အိမ်ဝိုင်းဝမှနေပြီး လှမ်းခေါ် လိုက်လေသည် ။
“ဖိုးတော ငါ ပေတူးလေ မင်း မှတ်မိလား”
“မှတ်မိပါတယ်ကွာ လာ လာ မင်း ငါ့ဆီ လာတာတော့ မဟုတ် လောက်ဘူးမလား ငါ့အဖိုးဆီ လာတာ မဟုတ်လား”
“မင်းတို့ အိမ််ရောက်နေမှတော့ အတူတူပါပဲကွာ”
ပေတူးသည် အိမ်တိုင်းထဲဝင်လိုက်ပြီး ဖိုးတော နေရာပေးသော အိမ်ရှေ့ရှိကွပ်ပျစ်လေးတွင်် ထိုင်လိုက်လေသည်။မကြာသောအချိန်တွင်တော့ အသက်အရွယ်ကြီးရင့်နေပြီး ထူးထူး ခြားခြား ယနေ့ခေတ်တွင် မြင်ရခဲသောသျှောင်ထုံးနှင့် ဦးကိုလေးဆိုသူသည် အငွေ့တထောင်းထောင်းထနေသော ကောက်ညှင်းပေါင်းတပန်းကန်နှင့် နှမ်းဆီရွှဲနေအောင် ဆမ်းထားသော ဆတ်သားဖုတ်တပန်းကန်ကို ယူလာကာ ပေတူးထိုင်နေသော ကွပ်ပျစ်တွင် ချပေးလိုက်ပြီး
“မောင်ကျောင်းသားရေ စားကွ မင်း ငါ့ဆီ လာမယ်လို့ ငါ့မြေးက ပြောထားတယ်”
“ဟုတ်တယ် ကျုပ် ဦးကို စိတ်ဝင်စားနေတာ ငါးပါးသီလလုံတဲ့ မုဆိုးဆိုတာ ကျုပ်တသက် ခုထိ မကြားဖူးသေးဘူးဗျာ ဦးကြီးနဲ့မှ ကျုပ် ကြားဖူးတာ”
“ဘာများ စိတ်ဝင်စားစရာကောင်းလို့လဲကွာ “
ထူးဆန်းတာပေါ့ဗျာ မုဆိုးဆိုတာ သားကောင်တွေကို သတ်ဖြတ်ရတာ မဟုတ်လား သတ်ရဖြတ်ရပြီဆိုကတည်းက သူများအသက်ကို သတ်တဲ့ကံက ကျိုးသွားပြီလေ မဟုတ်ဘူးဘူးလား”
“ကဲ မင်းကို ငါ ဘယ်လိုဖြေရမလဲ မသိဘူး မနက်ဖြန် အစောငါ တောင်တက်မှာ မင်းစိတ်ဝင်စားရင် လိုက်ခဲ့ပေါ့ အခုတော့ ဒီကောက်ညှင်းပေါင်းလေးနဲ့ ဆတ်သားခြောက်လေး စားကွယ်”
ပေတူးသည် ဦးကိုလေး ချထားသော ကောက်ညှင်းပေါင်းနှင့် အသားခြောက်ကို စားလိုက်သည်။စားရသည်မှာ အတော်ကို ကောင်းလွန်းနေသောကြောင့် အတော်များများစားလိုက်ပြီးနောက် ဦးကိုလေးကို ကြည့်လိုက်ပြီး
” တော်တော်စားလို့ ကောင်းတာပဲ ဦးကြီးရာ ကျုပ် မနက်ဖြန် အစောလာခဲ့မယ်ဗျာ ဘယ်အချိန် သွားမှာလဲ ”
“အာရုံတက်ချိန်လောက် သွားတာပေါ့ကွာ “
”ကျုပ် ဘာယူခဲ့ရဦးမလဲ “
“ဘာမှ မလိုပါဘူး။ငါ့မှာ အကုန်ပြည့်ပြည့်စုံစုံ ရှိတယ် ဒီတော့ အေးအေးဆေးဆေးနား မနက်အစောသာ ရောက်အောင်လာ “
ပေတူးသည် ဦးကိုလေး၏ စကားကို ခေါင်းညိတ်ပြီး အသိ အမှတ်ပြုလိုက်ကာ သူနှင့်အတူ ကောက်ညှင်းပေါင်းစားနေသော ဖိုးတောနှင့် ဦးကိုလေးကို နှုတ်ဆက်ပြီး အိမ်ဝိုင်းထဲမှ ထွက်ခွာသွားပါတော့သည် ။
အခန်း (၂)
ကျေးငှက်သံလေးများ ညံစီလျက်ရှိသော ဘုန်းကြီးကျောင်းဆီသို့ ပေတူးတယောက် ရွာထဲမှနေ၍ လမ်းလျောက်လာသည်။ သင်္ချိုင်းကို ကျော်လိုက်သည်နှင့် ဘုန်းတော်ကြီးကျောင်းဝန်းထဲသို့ ခြေချမိပြီဖြစ်သည်။ကျောင်းဝန်းထဲတွင်တော့ ဆရာတော်သည် လမ်းလျှောက်လို့နေသည်။တရားမှတ်၍ လမ်းလျှောက် နေခြင်းမျိုးမဟုတ်ပဲ နှုတ်မှ မေတ္တာသုတ်ကို ရွတ်ဖတ်သရဇ္ဇယ်ပြီး လမ်းလျှောက်နေခြင်းဖြစ်သည်။ကျောင်းဝန်းထဲတွင် တံမြက်စည်းလှည်းနေသည့် ဆရာတော်သည် ပေတူးအား မြင်သောအခါ
“မောင်ကျောင်းသား ဘယ်သွားတာလဲကွယ့်”
“မုဆိုးကြီး ဦးကိုလေးအိမ် သွားတာပါ ဘုရား ဦးကိုလေး မနက်ဖြန် တောလည်သွားမှာမို့ လိုက်ခဲ့ဖို့လည်း ပြောပါတယ် “
“အေး အေး လိုက်သွားပေါ့”
ပေတူး နားမလည်နိုင်ဖြစ်မိသည်။ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံရမည်ဟု ဟောကြားထားသော ဆရာတော်မှာ မုဆိုးတယောက်နောက် လိုက်သွားမည်ဆိုသည်ကို ပိတ်ပင်တားဆီးခြင်း မရှိပဲ ကြည်ကြည်ဖြူဖြူ လက်ခံနေသည်။ထိုသည်က ထူးဆန်းနေသည် မဟုတ်ပါလား။ဆရာတော်သည် ပေတူးအား ထိုမျှသာမိန့်ပြီး မေတ္တာသုတ်ကို ပြန်လည်ရွတ်ဖတ်ပြီး လမ်းလျှောက်နေသည်။ပေတူးသည်လည်း အမှိုက်ထည့်ထားသောခြင်းတောင်းကို ယူကာ ဦးကျော်လှိုင် စုပုံထားသော အမှိုက်များကို ကြုံးပြီး ခြင်းထဲထည့်နေသည်။ထိုအချိန် ဦးကျော်လှိုင်သည် တံမြက်စည်းလှည်းနေရင်းမှ ပေတူးအား စကားဆိုလိုက်သည်။
“မောင်ပေတူး “
“ဗျာ ဦးကြီး “
“ဦးကြီးက ဒီနေ့မနက် ပြန်တော့မယ်ကွယ့် မင်းကတော့ ဆရာတော် ပြန်လွှတ်မှ ဦးကြီးဆီ ပြန်လာခဲ့ “
“ချက်ချင်းကြီးပါလား ဦးကြီး”
“ဟိုနေ့တွေကတည်းက ပြန်ဖို့ပဲ အခုတော့ ပြန်တော့မယ် ဆင်ဦးစီးတွေကလည်း အောက်ဘက်ကို ဆင်းမယ်ဆိုပြီး လာအကြောင်းကြားလို့ မောင်ပေတူးရ”
“ဒါနဲ့ ဦးကြီး ကျုပ်မရှင်းတာ တခု မေးလို့ရမလား “
“မေးကွယ့် မေး”
“ဆရာတော်က ကျုပ် မုဆိုးကြီးနောက် တောလည်လိုက်သွားမယ် ဆိုတာကို ဘာလို့ မတားတာလဲဗျ”
“အင်း တားစရာမလိုလို့ မတားတာလို့ပဲ မှတ်ကွာ နောက်တနေ့ မုဆိုးကြီးနဲ့ သွားမှာပဲ အဲ့တာတွေကို မင်းသိတော့မှာပါကွာ အခုဒီအမှိုက်လှည်းပြီး ခဏနားဦး ပြီးရင် နေ့ဆွမ်းလာပို့တဲ့ သူတွေရဲ့ချိုင့်တွေ၊အုပ်တွေကို လှယ်ပေးလိုက်ဦး “
“ဟုတ်ကဲ့ ဦးကြီး”
ပေတူးသည် ဦးကျော်လှိုင် လှည်းထားသော အမှိုက်သရိုက်များကို ကြုံးလိုက်ပြီး ခြင်းတောင်းထဲထည့်ကာ အမှိုက်ပုံတွင် သွားပစ်လိုက်ပါလေတော့သည် ။
အခန်း (၃)
ငွေတောင်ရွာ၏ ရွာဘုန်းတော်ကြီးကျောင်းထဲတွင် ပေတူး တယောက် လမ်းလျှောက်လို့နေသည်။ညမိုးချူပ်ချိန်ဖြစ်သည် အတွက်လည်း တိတ်ဆိတ်ငြိမ်သက်နေပြီး လေလေးတဖြူး ဖြူးနှင့်မို့ အတော်နေလို့ထိုင်လို့ကောင်းပေသည်။လဆန်းပိုင်းမို့ လကွေးကွေးလေးမှ ထွန်းလင်းသောလရောင်သည် မှောင်မဲနေသောနေရာများတွင် အတော်သိသိသာသာ ထွန်းလင်းနေပေသည်။ပေတူးသည် လမ်းလျှောက်ရင်း ကျောင်းဘေးရှိ သင်္ချိုင်းကို တချက်ကြည့်လိုက်မိသည်။ခွေးတကောင်သည် သင်္ချိုင်းထဲတွင် လျှောက်သွားနေသည်ကို လရောင်အောက်တွင် မထင်မရှားတွေ့လိုက်ရသည်။သူသည် တိတ်ဆိတ်ပြီး အုတ်ဂူဖွေးဖွေး တချို့၊မြေပုံများ နှင့်အတူ လရောင်အောက်တွင် အတိုင်းသား မြင်နေရသော ဇရပ်ပေါ်တွင် အရိပ်တခုကို တွေ့ လိုက်ရသည်။ကြောက်လန့်ခြင်းမရှိသော ပေတူးသည် ကျောင်းဝန်းအဆုံးသို့ သွားကာ ဇရပ်ထဲအား သေချာကြည့်လိုက်သည်။သူမြင်နေရသော အရိပ်သည် လှုပ်ရှားသွားပြီး ဟောင်းနွမ်းနေသော အုတ်ဂူတလုံးအနီးသို့ သွားလေသည်။ထို့နောက် လူရိပ်သည် အူတ်ဂူရှေ့တွင် ရပ်လိုက်ပြီးနောက် တဖြည်းဖြည်း လှည့်ကြည့်လာပြီးလှမ်းကြည့်နေသော ပေတူးကို မြင်သည့်အလား လက်ယပ်ခေါ်လို့နေသည်။ပေတူးသည် ယောကျာ်းလား မိန်းမလား သဲကွဲစွာ မမြင်ရသော အနေအထားတွင် သူ့အား သင်္ချိုင်းထဲမှနေ၍ လက်ယပ်ခေါ်နေသောသူ့ကို ကြောက်ရွံစိတ်မရှိဘဲ စိတ်ဝင်စား ၍ ထိုအနားသို့ သွားရန် ခြေလှမ်း ပြင်လိုက်ချိန်
“မောင်ပေတူး ဘယ်သွားမလို့လဲကွယ့် “
သူ၏အနောက်မှ ရုတ်တရက်ခေါ်သံကြောင့် နောက်သို့ လှည့်ကြည့်လိုက်ရာ ဦးကျော်လှိုင်အား တွေ့ရ၍ သင်္ချိုင်းဘက်သို့ လက်ညှိုးထိုးပြလိုက်ပြီး ပြန်ဖြေလိုက်သည် ။
“ဟိုးသင်္ချိုင်းထဲက လူတယောက် ကျုပ်ကို လက်ယပ်ခေါ်နေလို့ ဦးကြီး”
“သူက ဘာကြောင့် မောင်ပေတူးကို ခေါ်တာလဲ “
“ကျုပ်လည်း မသိဘူးလေ “
“မောင်ပေတူး ကိုယ်နဲ့ မဆိုင်တာတွေကို တအား မသိချင်ပါနဲ့ကွယ် ကဲ မနက်ဖြန် တောတက်ရမှာ မဟုတ်လား သွားနားချေတော့ “
ပေတူးသည် ဦးကျော်လှိုင်၏စကားကြောင့် သင်္ချိုင်းထဲ သွားနေသော သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်ကာ အိပ်စက် အနားယူရန်အတွက် ဘုန်းကြီးကျောင်းဆီသို့သာ သွားလိုက်ပါလေတော့သည် ။
အခန်း (၄)
လင်းကြက်တွန်သံ နှင့်အတူ ငွေတောင်ရွာဦးကျောင်းတွင် ကျောင်းသားအဖြစ် နေ နေသော ပေတူးတယောက် ရွာဘက်ဆီသို့ လမ်းလျှောက်လို့လာသည်။ သူလာသည်မှာ စောလွန်းနေ သည့်အတွက် လူတယောက်တလေမှ မတွေ့ရသေးသလို ရွာလမ်းတလျှောက်မှာလည်း ရှင်းလင်းလို့ နေသည်။နွားချောင်း ဆိုးသံနှင့် ကလေးငယ်အချို့ ငိုယို၍ မိခင်တို့၏ ချော့မြူသံများအား တချက်တချက် ကြားရသည်။အမှန်ဆို လင်းကြက် တွန်သည်နှင့် အာရုံတက်ပြီ မဟုတ်ပါလား။ယခုဖြင့် ဘယ်သကောင့်သားတကောင်မှ အချိန်မှားတွန်လိုက်သည် မသိပေ။ သို့ပေမဲ့ ကျောင်းသို့ ပြန်မသွားချင်သောကြောင့် မုဆိုးကြီး ဦးကိုလေး၏ အိမ်သို့သာ ဆက်သွားလိုက်သည်။မုဆိုးကြီးအိမ်ဟုသာပြောသည် အမဲလိုက်ခွေးများ မရှိပေ။ထို့ကြောင့် အိမ်ရှေ့ရှိ ကွပ်ပျစ်တွင် ပေတူး ပုဆိုးကို ခြုံ၍ ကွေးလိုက်သည်။မုဆိုးကြီးနှင့် တောလည်လိုက်သွားချင်စိတ်များနေခြင်းကြောင့် သက် ကြီးခေါင်းချချိန် ကြက်တွန်သည်ကို လင်းကြက်တွန်သံဟု ထင်ကာ ပေတူးတယောက် ရွာထဲသို့ ထွက်လာခဲ့ခြင်း ဖြစ်သည်။သူသည် ကွပ်ပျစ်တွင် ပုဆိုးခြုံ၍ ကွေးနေရင်း ပြန်လည် အိပ်ပျော်သွားသည်။မည်မျှကြာကြာ အိပ်ပျော်သွားသည်မသိ။သူ၏ပုခုံးကို တစုံတယောက်မှ လှုပ်နိုးနေ၍ ပုဆိုးကို ပြင်ဝတ်ကာ ငုတ်တုပ် ထထိုင်လိုက်သည်။သူ၏ရှေ့တွင်တော့ မုဆိုးကြီးဦးကိုလေးသည် မီးခွက်ကို ကိုင်ကာ သူ့အားကြည့်၍ စကားဆိုလေသည် ။
“ကောင်လေး တယ်လည်း ဝီရိယကောင်းလှပါလားကွ”
“ကြက်တွန်တာကို အာရုံတက်ပြီ ထင်ပြီး ထွက်လာတာ ပြီးမှ ညသန်းခေါင်ယံ တွန်တာ ဖြစ်နေတယ် အဲ့တာနဲ့ ကျုပ်လည်း မပြန်တော့ပဲ ဦးကြီးအိမ်ရှေ့က ကွပ်ပျစ်မှာ ကွေးနေတာ “
“တကယ့်ကောင်ပဲ ကဲ ကဲ မီးဖိုချောင်ထဲမှာ ဆားရှိတယ် မီးသွေးလည်းရှိတယ်။အဲ့တာတွေ မသုံးချင်ရင် တမာရိုး ခြံထောင့်မှာ ရှိတယ်။မျက်နှာသစ်၊သွားတိုက်လိုက်ဦး ငါ မနက်စာ ပြင်လိုက်မယ် ဟိုကောင်ဖိုးတောက နေထွက်မှ ထမှာကွ”
မုဆိုးကြီးကိုလေးသည် မြေးဖြစ်သူ၏ အကြောင်းကိုပါ ပြောရင်း မီးခွက်နှင့် ပေတူးသွားရာ နောက်သို့ လိုက်ပြလိုက်၏။ထို့နောက် ပေတူးသည် မီးဖိုချောင်ထဲမှ မီးသွေးခဲတခဲကို ယူကာ အပြင်ထွက်၍ သွားတိုက်နေချိန် ဦးကိုလေးသည် ဘယ်အချိန်ကတည်းက တည်ထားမှန်းမသိသော ကောက်ညှင်း ပေါင်းအိုးကို ချလိုက်ပြီး အသားခြောက်အချို့ကိုပါ မီးဖုတ်လိုက်သည်။ထို့နောက် ကောက်ညှင်းပေါင်းနှင့် အသားခြောက်ဆီဆမ်းကို ပန်းကန်တခုတွင် ထည့်ယူလာကာ အိမ်ရှေ့ကွပ်ပျစ်တွင် ချထားလိုက်သည်။ပေတူးသည် မျက်နှာသစ်ပြီးပြီ ဖြစ်၍ မနက်စာကို စားလိုက်သည်။မနက်စာ စားပြီးသောအခါ အာရုံတက်နေပြီဖြစ်၍ ဦးကိုလေးသည် သူ၏လွယ်အိတ်ကြီးကို ယူကာ အိမ်အပြင်သို့ ထွက်မည် ပြင်နေချိန် ပေတူးမှ လှမ်း၍ စကားဆိုလာသည် ။
“ဦးကြီး ဒူးလေး မပါဘူးလေ မေ့နေတာလား”
“ဘာလုပ်ဖို့လဲ ငါ့မှာ ဒူးလေးလည်း မရှိပါဘူး “
“ဗျာ အဲ့တာဆို အမဲ ဘယ်လိုလိုက်မှာလဲ ပြောတော့ ဦးကြီးက မုဆိုးဆို “
“ဟုတ်တယ်လေကွာ မုဆိုးလေ “
“ဟာ ကျုပ် ခေါင်းတွေ ရှုပ်လာပြီ ကျုပ်တို့က တောထဲသွားမှာ ဘာမှမပါဘူးလား “
“ပါတယ်လေကွာ ငါ့မှာ ဓားတချောင်းပါလာတယ် ဒီမှာ “
ဦးကိုလေးသည် သူ၏ လွယ်အိတ်ကြီးထဲမှ ဓားမြောင်တချောင်းကို ထုတ်ပြသည်။ပေတူးသည် ဘယ်လိုပြောပြရမည်မှန်း မသိတော့သည့်အတွက် ဦးကိုလေးကို သွားရန်သာ အချက် ပြလိုက်ပြီး သူသည်လည်း အနောက်မှ လိုက်သွားလိုက်လေသည်။သူတို့ နှစ်ယောက် ရွာအနောက်ဖက် တောအုပ်များအစပ် ရောက်သည်အထိ မိုးမလင်းသေးပေ။အတော်ကြာသည်အထိ စကားမပြောပဲနေလာခဲ့ရာ ပေတူးသည် ညက ရွာသင်္ချိုင်းတွင် တွေ့ လိုက်ရသည့် လူရိပ်အကြောင်းကို ရုတ်တရက် အမှတ်ရသွားကာ
“ဦးကြီး “
“အေး”
“သင်္ချိုင်းမှာ ညက လူရိပ်တရိပ် တွေ့တယ် “
“အုတ်ဂူရှေ့ရပ်နေတာ မလား “
“ဟုတ်တယ်ဗျ ဦးကြီးသိတယ်လား”
“ငါတင် မဟုတ်ပါဘူးကွာ တရွာလုံး သိကြတယ် “
“သူက ညကြီးမင်းကြီး သင်္ချိုင်းထဲ ဘာလုပ်တာလဲ “
“မိစိုးအကြောင်း ပြောရရင်တော့ အရှည်ကြီးကွ မင်းသိချင် ရင် နောက်မှ ငါ ပြောပြမယ် “
“ဟုတ်ကဲ့ ကျုပ်တို့ သွားရမဲ့ ခရီးက ဝေးလား ဦးကြီး “
” မွန်းမတည့်ခင်တော့ ရောက်မှာပါ လာသွက်သွက်သွားစို့”
ပေတူး တွေးလိုက်မိသည်။လွယ်အိတ်တလုံးထဲ ပါသော သူက မည်သို့တောလိုက်ပါမည်နည်း။အများဆုံးရ ယုန်ပေါ့ ဟုလည်း တွေးမိပြန်သည်။ငွေတောင်ရွသည် အတော်ထူးဆန်းရုံ မကပဲ အမဲလိုက်သော မုဆိုးကြီးကပါ ထူးဆန်းသည်ဟု တွေးရင်း လိုရာခရီးကိုရောက်နိုင်ဖို့ နှစ်ယောက်သား ခပ်မြန်မြန် လမ်းလျှောက် လိုက်ကြပါတော့သည် ။
အခန်း (၅)
မနက်အာရုံတက်စအချိန်ကတည်းက လမ်းလျှောက်လာသည်မှာ ယခုဆိုနေ့လယ်အချိန်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ နေမွန်းတည့်နေပြီဖြစ်၍ ဦးကိုလေးသည် နေလုံးကို လက်နှင့်ကာ၍ တချက်ကြည့်လိုက်ပြီးနောက်တွင် ပေတူးအားစကားဆိုလိုက်လေသည် ။
“ကောင်လေး ငါတို့ ခဏနားကြရအောင် တို့ ဒီတောထဲမှာ အလုပ် လုပ်ရမယ် “
“ဦးကြီးသဘောပါပဲ “
ပေတူးသည် ဦးကိုလေး၏အရှေ့မှ သွားနေပြီး တောကြီးထဲ မဝင်မီ နှစ်ယောက်သား လက်ပံပင်ကြီးတပင်အောက်တွင် ထိုင်ရင်း အမောဖြေလိုက်ကြသည်။ထို့နောက် ဦးကိုလေးသည် သူ၏ ကြီးမားသောလွယ်အိတ်ကြီးထဲမှ စစ်သုံးရေဘူးလေးကို ထုတ်ကာ တငုံသောက်လိုက်ပြီးနောက် ပေတူးကို ကမ်းလိုက် လေသည်။ပေတူးလည်း ရေတငုံ ယူသောက်လိုက်ပြီးနောက်ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်လေသည် ။
“ဦးကြီး ဒီတောက တော်တော်နက်တာပဲဗျ တခြားမုဆိုးတွေ ရောက်ပုံမပေါ် ဘူးနော် “
“ဘာဖြစ်လို့လဲကွ”
“ဟိုမှာလေ ယုန်လေးတွေ ကျုပ်တို့ကို မကြောက်ကြဘူး ကြည့်နေတာ “
“ဘာများလဲလို့ကွာ ကဲ ရော့ ငါ ထမင်းထုတ် ထုတ်လာတယ် စားကွာ “
မုဆိုးကြီး ဦးကိုလေးသည် သူ၏လွယ်အိတ်ထဲမှ အင်ဖက်ဖြင့် ထုတ်ထားသော ထမင်းထုတ်နှစ်ထုပ်အနက် တထုပ်အား ပေတူးအား ပေးလိုက်သည်။ထို့နောက် သူတို့သည် ထမင်းစားလိုက်ကြသည်။သူတို့ ထမင်းစားနေချိန် တောထဲမှ တောကြက်ဖများနှင့် ကြက်မီးသအုပ်များ ရောက်လာပြီး သူတို့ဝန်းကျင် တွင် အစာရှာနေကြ၏။ပေတူး ထပ်၍ အံ့ဩရပြန်သည်။သား ကောင် မည်မျှပေါများစေပါမူ ယခုကဲ့သို့ တောကြက်များ အနားလာသည့်အထိတော့ မဖြစ်နိုင်ပေ။သို့ပေမဲ့ ဦးကိုလေးသည် ထူးဆန်းသည်ဟု မြင်ပုံမရပေ။ထို့ကြောင့် ပေတူးမှာ တော်တော် ထူးဆန်းတဲ့မုဆိုးကြီးပါလားဟု မှတ်ချက်ပြုလိုက်သည်။သူတို့ ထမင်းစားပြီးနောက် ခေတ္တနားကာ တောထဲဝင်လိုက်ကြသည်။တောထဲရောက်သည်နှင့် မုဆိုးကြီးသည် ကြီးမားသော ကျွန်းပင်ကြီးတပင်အား ကျွန်းပင်အနီးတွင် အဆင်သင့်ရှိသည့် တုတ်တချောင်း နှင့် ခေါက်လေသည်။ပေတူးသည် အမဲပစ်ဖို့အတွက် ဘာမှမလုပ်ပဲ ယခု တောထဲက ကျွန်းပင်ကြီးအား တုတ်နှင့် ခေါက်နေသော မုဆိုးကြီးမှာ ရူးများ ရူးနေသည်လားဟုပင် ထင်မိနေ၏။သို့ပေမဲ့ သူမည်သို့မှ မပြောပဲ အခြေအနေကိုသာ စောင့်ကြည့်လို့ နေသည်။များမကြာသောအချိန်တွင် ဂျီငယ်တကောင်သည် ကျွန်းပင်ကြီးအနားသို့ ရောက်လာ၏။ပေတူးလည်း မျက်လုံးပြူးသွားရသည်။အဘယ်ကြောင့်များ ဂျီငယ်တကောင်က မုဆိုးအနားထိ ရောက် လာရသည်လဲဆိုတာ မတွေးတတ်အောင်ဖြစ်နေပြီး ဦးကိုလေးမှ ဓားဖြင့် ထိုးသတ်မည်ဟု ထင်လိုက်သဖြင့် ဂျီငယ်လေးကို သနားစိတ်ဝင်လာသည်။ငယ်ငယ်က ခြေမြန်လက်မြန် သတ် ဖြတ်ခဲ့သည်များကိုလည်း သတိရသွားကာ စိတ်မကောင်းပင် ဖြစ်မိနေ၏။မုဆိုးဦးကိုလေးသည် ဂျီငယ်လေးအနား လျှောက်သွားချိန် ပေတူး၏ နှုတ်မှ ဦးကိုလေးကို ဟန့်တားလိုက်မိသည်။
“ဦးကြီး ဒီဂျီကောင်ကို မသတ်ပါနဲ့ဗျာ “
“ဟေ့ မင်းဘာတွေ ပြောနေတာတုန်းကွ”
ဦးကိုလေးမှာ ပေတူးစကားပြောသည်ကို ပြန်မေးလိုက်ပြီး ဂျီ ကောင်လေးအနား ကပ်သွားလိုက်၏။ ဂျီငယ်သည် မပြေးမလွှားပဲ ဦးကိုလေး အနားကပ်လာသည်ကို သဘာကျနေသည့်အလား အမြီးလေးပါ လှုပ်နေသည်။ပေတူးသည် စိတ်မကောင်းစွာနှင့် ဦးကိုလေးနှင့် ဂျီကောင်ကို ကြည့်နေစဉ် ဦးကိုလေးမှ သူ၏လွယ်အိတ်ထဲ လက်နှိုက်လိုက်သည်ကို တွေ့သဖြင့် ပေတူးတယောက် ထိုမြင်ကွင်းအား မမြင်တွေ့ချင်၍ မျက်နှာလွှဲလိုက်သည်။အတန်ကြာသောအခါမှ ဂျီငယ်နှင့် မုဆိုးကြီးဦးကိုလေးတို့အား ပြန်ကြည့်လိုက်သည်။သူမြင်တွေ့ရသည့်မြင်ကွင်းမှာ သူထင်ထားသည်နှင့် လွဲမှားစွာ ရှိနေသည်။သူ ထင်ထား သည်မှာ ဦးကိုလေးသည် သူ၏ပညာဖြင့် ဂျီငယ်ကို ခေါ်ကာ အနားရောက်မှ ဓားမြောင်နှင့် ထိုးသတ်တတ်သည့် ထူးဆန်း သော မုဆိုးဟု ထင်မှတ်ထားပြီး ဂျီငယ်လေးမှာ မြေပြင်တွင် လဲကျသေဆုံးနေပြီး ဦးကိုလေးမှာဖြင့် အားရကျေနပ်နေသည့်မျက်နှာနှင့် ရှိနေလိမ့်မယ် ဟုထင်ထားသည်။ယခု သူ အမှန်တ ကယ်မြင်တွေ့ နေရသည်မှာ ဦးကိုလေးသည် သူ၏လက်ဖဝါး ဖဝါးထဲတွင် ဆားများထည့်ပြီး ဂျီငယ်ကို ယက်စေကာ ကျန်လက်တဖက်ဖြင့် ဂျီငယ်၏ ဦးခေါင်းကို ပွတ်သတ်လို့နေသည့်မြင်ကွင်းကို မယုံနိုင်ဖြစ်နေစဉ် အနီးသို့ တောဝက်တကောင် ထပ်ရောက်လာသည်။ရန်လိုတတ်သော တောဝက်မှာ ယခု ဦးကိုလေး၏အနားသို့ အိမ်မွေးဝက်တကောင်အလား အော်ပြီး ကပ်လာသည်ကို မြင်နေရသည့် ပေတူးမှာ သူ၏မျက်လုံးကိုပင် သူ မယုံနိုင် ဖြစ်နေသည်။ထို့နောက် ဦးကိုလေးသည် တောဝက် နှင့် ဂျီငယ်ကို ကြည့်ကာ စကားဆိုလေသည် ။
“မင်းတို့တတွေ ငါမလာတဲ့အချိန်မှာ အတော် ဒုက္ခရောက်နေတာလားကွ”
ဦးကိုလေး၏စကားကြောင့် ပေတူး ပို၍အံ့ဩသွားရသည်။ အမှန်ဆိုလျှင် မုဆိုးတယောက် တောလည်လျှင် တောထဲရှိ တိရစ္ဆာန်များ ဒုက္ခရောက်ရသည်သာ ရှိ၏။ယခုမှု သူ မလာ၍ တောကောင်များ ဒုက္ခရောက်နေသည်ဟုပြောလာသော မုဆိုးကို အဘယ်သို့ နားလည်ရမည်လဲဟု ပေတူး တွေးနေစဉ် ဦးကိုလေးမှ သူ့အား စကားလှမ်းဆိုလိုက်လေသည်။
“ကောင်လေးရေ အချိန်သိပ်ဆွဲလို့ မကောင်းဘူး ငါတို့ဂျီ ကောင်နောက် အရင်လိုက်ကြတာပေါ့ “
“ဗျာ ဟုတ်ကဲ့”
ဦးကိုလေးသည် ပေတူးကို ပြောပြီးနောက် တောဝက်ကြီးဖက် လှည့်ကာ
” ကဲ မင်းက ခဏ စောင့်ဦး ပြီးမှ ဒီကို ပြန်လာခဲ့မယ် “
ထို့နောက် ဦးကိုလေးနှင့် ပေတူးသည် ဂျီငယ်လေးနောက် လိုက်သွားကြလေသည်။ဂျီငယ်မှာ ရှေ့မှ ခပ်မြန်မြန်သွားသော ကြောင့် သူတို့ နှစ်ယောက်သည်လည်း ခပ်မြန်မြန် သွားလိုက်ရသည်။မကြာသောအချိန်တွင်တော့ လျှိုတခုထဲ ရောက်သွားချိန် ဂျီငယ်သည် ရပ်လိုက်ပြီး ဦးကိုလေးအား လှည့်ကြည့်လိုက်လျှိုထဲသို့ ပြန်ကြည့်လိုက် လုပ်နေရာ နေရာတခုခုကို ညွှန်ပြနေသလိုပင်တည်း။ထို့ကြောင့် ဦးကိုလေးနှင့် ပေတူးသည် ဂျီငယ်ကြည့်နေသော လျှို့ထဲသို့ ကြည့်လိုက်ရာ နွံနစ်နေသော ဂျီငယ်နောက်ထပ်နှစ်ကောင်ကို တွေ့ လိုက်ရသည်။တကောင်မှာ နွံပေါ်တွင် လဲကျနေပြီး ငြိမ်သက်နေကာ တကောင်မှာတော့ အသက်ကို ပြင်းစွာရှုနေရသည်။ဦးကိုလေးသည် အချိန်မဆိုင်းပဲ နွယ်ကြိုးများကို ရှာလိုက်ကာ ပေတူးအားကြည့်လိုက်ပြီး
“ကောင်လေး ငါနွံထဲဆင်းမယ် ပြီးရင် မင်းက ဒီနွယ်ကြိုးနဲ့ ဂျီတွေကို အရင်ဆွဲတင်ပေး ပြီးမှ ငါ့ကို ဆွဲတင် “
“ဦးကြီး ရတယ် ကျုပ် ဆင်းလိုက်မယ် “
ပေတူးသည် ခါးတောင်းကျိုက်လိုက်ပြီး အင်္ကျီကို ချွတ်၍ ချုံပုတ်တခုပေါ် တင်လိုက်ပြီး နွံတောထဲ ဆင်းလိုက်လေသည်။ သစ်ရွက်များ ဖုံးနေသောကြောင့် နွံကို ဂျီများ မသိခြင်းဖြစ်မည် ။ပေတူးသည် သူ၏ပေါင်အရင်းလောက်ထိ ရောက်နေသော နွံ တောထဲသို့ ခက်ခက်ခဲခဲနှင့် ရုန်းပြီး ဂျီလေးတွေ အနားသွားလိုက်သည်။ထို့နောက် အသက်ပြင်းစွာရှုနေသော ဂျီငယ်လေးအား ရင်ဘတ်နေရာမှနေ၍ နွယ်ကြိုးနှင့် ပတ်ပေးလိုက်ပြီး ဦးကိုလေးအား ဆွဲတင်ခိုင်းလိုက်သည်။ထို့နောက် မလှုပ်မရှက် ဖြစ်နေသော နောက်တကောင်ကိုလည်း ထို့နည်းတူစွာ ဆွဲတင်လိုက်နိုင်သည်။နောက်ဆုံးမှ ပေတူးသည် နွယ်ကြိုးကို ဆွဲပြီး ကုန်းပေါ် ခဲရာခဲဆစ်တက်လိုက်သည်။ဦးကိုလေးသည် အသက်ပြင်းစွာရှုနေသော ဂျီငယ်လေးအား မလှမ်းမကမ်းရှိစမ်းချောင်းမှ ရေများကို ဖက်ကတော့ဖြင့် ခပ်ပြီး ဂျီငယ်၏ ပါးစပ်ထဲ ထည့်ပေးလိုက်သည်။ထို့နောက် သစ်ပင်ရိပ်လေးတွင် ထားပြီး သူဝတ်ထားသော အင်္ကျီဖြင့် လေရစေရန် ယပ်ခပ်ကာ ဂျီငယ်လေးအား ပြူစုပေးနေသည်။လာခေါ်သော ဂျီငယ်သည်က သူတို့ပြုလုပ်နေသည်ကို ငေး၍ ကြည့်နေသည်။ကျန်သော ဂျီတကောင်မှာ အသက်ပျောက်နေပြီ ဖြစ်သည်။အတန်ကြာသောအခါ အသက်ကို ပြင်းစွာရှုနေသော ဂျီငယ်လေးသည် ခေါင်းလေး မတ်လာ၏။ထိုအခါမှ ဦးကိုလေးသည် သေဆုံးနေပြီဖြစ်သော ဂျီငယ်လေးကို ကိုင်ကာ စကားဆိုလိုက်သည်။
“ဂျီလေးရေ ငါ စိတ်မကောင်းပါဘူး မင်းရဲ့ကိုယ်ခန္ဓာက တောထဲမှာဆိုရင် တခြားသားရဲတွေစားမယ် မစားရင် ပုတ်ပွသွားမယ် အဲ့ဒီတော့ ငါတို့ရဲ့၀မ်းဗိုက် သင်္ချိုင်းကြီးထဲမှာပဲ မင်းကို မြှုပ်နှံပါရစေ သင့်အသားကို ရောင်းလို့ရတဲ့ ငွေနဲ့ လူတွေကို ကူညီပြီး အလှုအတန်း လုပ်ပါ့မယ် ပြီးရင် သင့်အတွက် အမျှအတန်း ဝေပေးပါ့မယ် “
ဦးကိုလေးသည် သေဆုံးနေသော ဂျီငယ်လေး၏ ဦးခေါင်းအား ကိုင်ကာပြောနေခြင်း ဖြစ်သည်။ထိုအချင်းအရာကို မြင်ပြီးနောက် ဆရာတော်မှ မုဆိုးကြီးနောက် လိုက်သွားသည်ကို မတားရသည့် အကြောင်းရင်းအား ယခုမှသာ သဘောပေါက်သွားသည်။အကုသိုလ်ကင်းသောမုဆိုးဟု ဦးကျော်လှိုင်ပြောသည့်စကားကိုလည်း အခုမှ သဘောပေါက်မိသည်။အမှန်တကယ်ကို အကုသိုလ်ကင်းပါသည်ဟုတွေးမိရင်း ဦးကိုလေး ထမ်းယူမည့် ဂျီသေအား ပေတူးထမ်းလိုက်ပြီး ကျန်သောဂျီနှစ်ကောင်ကို ထားခဲ့ကာ ကျွန်းပင်ကြီးအနားသို့ ပြန်သွားလိုက်ကြပါလေတော့ သည် ။
အခန်း (၆)
ပေတူး နှင့် ဦးကိုလေးတို့ ပြန်ရောက်လာသည့်တိုင် တောဝက်ကြီးသည် တောထဲသို့ ပြန်သွားခြင်းမရှိပဲ စောင့်ဆိုင်းနေသည်ကို တွေ့ရလေ၏။ထိုအခါ ဦးကိုလေးသည် ပေတူးကိုကြည့်ကာ
”ကောင်လေး ဂျီကို အောက်ချလိုက်ကွာ တို့တွေ တောဝက် နောက် ထပ်လိုက်ကြတာပေါ့ “
“ဟုတ်ကဲ့ ဦးကြီး “
“ကဲ သွားလို့ရပြီ ဝက်ကြီးရေ”
ဦးကိုလေးပြောလိုက်သည်နှင့် တောဝက်ကြီးသည် ရှေ့မှ လှုပ်ပဲ့လှုပ်ပဲနှင့် သွားနေလေသည်။ပေတူးသည် တောဝက်ကြီးကို ကြည့်ကာ လူအများပြောနေသလို ဝက်လိုက်သည်၊ဂျီလိုက်သည်ဆိုသည်မှာ သူနှင့် ဦးကိုလေး သည်သာ အမှန်ဟု တွေးလိုက်မိသည်။ ဂျီခေါ်ရာနောက်သို့ လိုက်ပြီး၍ ယခုလည်း ဝက်နောက်သို့ နောက်တခါ လိုက်ရပြန်သည်။ဝက်ကြီးသည် အချိန် အတော်ကြာသွားနေပြီးနောက် တခုသော တောင်ကမ်းပါးယံ အရောက်တွင် ဆွေးမြေ့ပုတ်ပွနေသော ဝက်သေတကောင်အနီးရပ်လိုက်ပြီး ဦးကိုလေးကို ကြည့်၍ အော်လေတော့သည်။ထိုအခါ ဦးကိုလေးသည်
“ဝက်ကြီးရေ နင့်အဖော်က သေပြီကွယ့် ငါလည်း ဘာမှမတတ်နိုင်ဘူး ပုတ်နေပြီဆိုတော့ မြေဆွေးအဖြစ်ပဲ ရှိနေတော့ မှာပေါ့။ငါ့အတွက်လည်း အသုံးမဝင်တော့ဘူးဆိုတော့ ငါလည်း မသယ်နိုင်ပေဘူး ကဲ အဲ့တော့ ငါတို့ ပြန်တော့မယ် “
ဦးကိုလေးသည် ထိုသို့ပြောပြီး ကျွန်းပင်ကြီးဆီသို့ ပြန်ဖို့ရာ လှည့်လိုက်သည်။သူတို့ကို လာခေါ်သော ဝက်ကြီးမှာ ငေး၍သာ ကျန်နေခဲ့သည်။ကျွန်းပင်အောက်ပြန်ရောက်သောအခါ ဦးကို လေးသည် ထိုင်၍ နားလိုက်ပြီး နှုတ်မှလည်း မေတ္တာသုတ်ကို ရွတ်ဖတ် သရဇ္ဇယ်နေသည်။မေတ္တာသုတ် ဆုံးသောအခါမှ ပေတူးကို ကြည့်ကာ
“ဘယ်လိုလဲ ကောင်လေး ငါ့အလုပ်ကို မင်းပျင်းနေပြီလား “
“မပျင်းပါဘူးဗျာ ဒါနဲ့ ဦးလေး အလုပ်က မုဆိုးမှ မဟုတ်တာ ဗျ”
“ဘာလို့ မဟုတ်ရမှာလဲ ကောင်လေးရ မုဆိုးအလုပ်ပါ”
“ကျုပ်သိတဲ့ မုဆိုးတွေဆိုတာ သူများအသက်တွေကို သတ်ပြီး သားကောင်ရှာတာလေ “
“ကောင်လေး သူများ အသက်သတ်မှ မုဆိုးလို့ ခေါ်တာ မဟုတ်ဘူးကွ ဆေးပင်ရှာတဲ့ သူဆို လူတွေက ဘယ်လိုခေါ်ကြလဲ “
“ဆေးမုဆိုးလို့ တချို့က ခေါ်တာ ကြားဖူးတယ်ဗျ “
“အေး ဟုတ်တယ် ပန်းရှာရင် ပန်းမုဆိုး ရွှေရှာရင် ရွှေမုဆိုး ငါတို့က သားကောင်ရှာတာ ဆိုတော့ အမဲလိုက်မုဆိုးပေါ့ “
“အဲ့လိုတော့လည်း ဟုတ်တာပဲနော် ဒါပေမဲ့ ဦးကြီးရဲ့ မုဆိုး အလုပ်က အကုသိုလ်တော့ မရှိပါဘူး “
“တကယ်တော့ မေတ္တာပေါ့ကွာ တိရစ္ဆာန်တွေတောင် တို့ရဲ့မေတ္တာကို ခံစားနိုင်စွမ်းရှိတယ် ကောင်လေးရ ဒီနေ့တော့ ဒီတ ကောင်နဲ့တင် လုံလောက်ပါပြီ “
“ဂျီလေးတွေလိုဖြစ်နေတဲ့ လူတွေကို လိုက်ပြီး မကယ်တော့ ဘူးလား ဦးကြီး”
“သတ္တဝါတခု ကံတခုပေါ့ကွယ် ပဌာန်းဆက်ရှိလို့ တို့ကယ်နိုင်ပေမဲ့ အကုန်လုံးကို လိုက်ကယ်ဖို့က ငါတို့က ဘယ်စွမ်းမလဲ “
“အင်း အဲ့တာလည်း ဟုတ်တာပါပဲ ဦးကြီးရေ “
“ကဲ ကောင်လေးရေ ဒီနေ့တော့ ဒီဂျီတကောင်နဲ့ပဲ ပြန်ကြတာပေါ့ “
ဤသို့ဖြင့် မုဆိုးကြီး ဦးကိုလေးနှင့် ပေတူးတို့သည် ဂျီ ကောင်ကို ဝါးလုံးနှင့်လျှိုပြီး နှစ်ယောက်သား ထမ်းကာပြန်လာခဲ့ကြသည်။လမ်းခရီးသည် အတော်ကို လှမ်းပေသည်။ထို့ ကြောင့် လမ်းတလျှောက် နား နားပြီး သယ်လာရာ ဦးကိုလေး၏ သူတော်ကောင်းစကားများကို ပေတူး နားထောင်ရလေသည် ။
“ကောင်လေးရေ တရားမရနိုင်သေးရင်တောင် မတရားတာတော့ မလုပ်မိစေနဲ့ တို့လူလောကမှာ ရှိပါတယ်။ငါက တရားရနေပြီ။အပါယ် တံခါးပိတ်ပြီ ဆိုပြီး အကုသိုလ်အလုပ်တွေကို လုပ်တတ်ကြတယ်။ငါသိတဲ့အကြောင်းလေး ပြောပြမယ် မင်းကြံခင်းတွေမှာ ကြုံခုတ်ပြီးရင် မီးရှို့တာ သိတယ်မဟုတ်လား”
“သိပါတယ် ဦးကြီး အပင်သစ်ခုတ်ပြီး လမိုင်းမထားခင် မီးရှို့တာပါ”
“ရွာတရွာမှာ ဘုရားတရားကို အလွန်တရာမှ လိုက်စားတဲ့ လူကြီးတယောက်ရှိတယ်တဲ့ကွ သူက သူ့ကိုယ်သူ သောတပန် ဖြစ်နေပြီလို့ ထင်ထားတာ မင်းသိတဲ့အတိုင်း သောတပန်ဆို အပါယ်တံခါးပိတ်ပြီ မဟုတ်လား “
“ဟုတ်ကဲ့ “
“တနေ့ တော့ သူ့သားက ကြံခင်းမီးရှို့ဖို့ လုပ်သတဲ့ကွ သူက လည်းကြံခင်းဘက်သွားတာဆိုတော့ သူ့သား ကြံခင်းမီးရှို့ တော့မှာကို မြင်တယ်ပေါ့ကွာ အဲ့တော့ သူက ဘာပြောတယ်ထင်လဲ “
“ဘာပြောလဲ ဦးကြီး”
“ငါ့သားရေ မင်းက ပုထုဇဉ် အဖေက သောတာပန် မင်းကြံခင်းကို မီးရှို့ရင် ကြံခင်းထဲက သက်ရှိသတ္တဝါတွေ သေကြေ ကုန်တော့မယ် အဲဒီတော့ မင်း မရှို့နဲ့ အဖေက သောတာပန် ဖြစ်နေပြီဆိုတော့ ငရဲမကျနိုင်တော့ဘူး အဖေပဲ ရှို့လိုက်မယ်တဲ့ကွာ ဟားး ဟားးး”
ဦးကိုလေးသည် သူ့စကားသူ သဘောကျကာ တဟားဟား ရယ်နေပေမဲ့ ပေတူးမှာဖြင့် ဘာကို ရယ်နေမှန်း နားမလည်ပေ။ ထိုသည်ကလည်း ဦးကိုလေးတို့သိသော တရားကို သူ မသိခြင်းကြောင့် ဖြစ်၏။ထို့နောက် ပေတူးသည် ရွာသို့ ပြန်ရောက်ရင် ဖြစ် သင်္ချိုင်းအုတ်ဂူရှေ့ ရပ်နေသော အမျိုးသမီးအကြောင်းကို ဦးကိုလေးအား မေးမည်ဟု ဆုံးဖြတ်ချက်ချလိုက်ပါတော့ သည်။
ဘိုးတော်ပေ နှင့် အကုသိုလ်ကင်းသော မုဆိုးကြီးသည်က ဤမျှသာ။မကြာမီ ဘိုးတော်ပေနှင့် တရားပေါက် အမည်ရသော ဇာတ်လမ်းလေးအား တင်ဆက်ပေးပါမည်။
အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို Follow နှိပ်ပြီး အားေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။
မောင်တင်ဆန်း