*အောက်လမ်းဘိုးထင် နှင့် အရခက် အစွန့်ခက်*📖📖📖
*********************************************
◾အခန်း (၁)
ပညာရပ်အချို့သည် မလိုချင်သော်လည်း မွေးရပါရရှိခဲ့သည်လည်း ရှိသည်။ကောင်းသည့်ပညာရပ်ဖြစ်ပါက ပါရမီရှင်လေးဟု ချီးကျူးကြကာ မလိုချင်ပါသော်လည်း အမှောင်ပညာကိုရရှိခဲ့ပါက မကောင်းဆိုးဝါးလေး၊မွေးကတည်းက ကျက်သ ရေမရှိဘူး ဟု ဆိုကြလေသည်။မည်သူမှ ပါရမီရှင်လေးဟု မဆိုကြပေ။ထိုသည်က လူအများစု၏အယူသာ ဖြစ်လေသည်။
လှည်းနှစ်စီးသည် စိမ်းစိုနေသောတောင်တန်းများဘေးရှိ လှည်းလမ်းလေးပေါ်တွင် ရွေ့လျားသွားလာနေသည်။ထိုလှည်းလေး နှစ်စီးမှာ ဇေယျာမောင်းသော လှည်းလေး နှင့် ဖိုးထွေးမောင်းသောလှည်းလေး တို့ဖြစ်သည်။ဇေယျာ၏ လှည်းလေးပေါ်တွင် မောင်ဘိုးထင်၊ပေတူး နှင့် အဖွားနွေဦိး တို့ လိုက်ပါလာကြသည်။ပေတူးသည် အဖွားနွေဦးကို ကြည့်ကာ
“အဖွား ဘာလို့ပညာတွေကို နှုတ်ချင်တာလဲဗျာ ကျုပ်ကို ပေးလို့မရဘူးလား”
“ငါ့မြေးက ဘာလို့ လိုချင်တာလဲကွ”
“ထူးထူးဆန်းဆန်းပညာတွေ တတ်ထားရင် ကောင်းတယ် မဟုတ်လား အဘွားတို့ပညာတွေက မွေးကတည်းကပါလာတာ ကျုပ် ကြားဘူးတာတော့ အောက်လမ်းပညာတို့ စုန်းပညာတို့ သင်တော့မယ်ဆို ထမိန်ရေ တိုက်ခိုင်းတာဆွေ ခြေဆေးရေ တိုက်တာတွေ လုပ်ကြတယ်ဆို “
ပေတူ၏အမေးအား အဖွားနွေဦး မဖြေခင် မောင်ဘိုးထင်မှ
ကြား၀င်ဖြေလိုက်လေသည် ။
“အဲ့တာတော့ မဟုတ်ပါဘူးကွာ ငါ့အဘဆို အောက်လမ်းဆရာသာ ဖြစ်တာ သန့်တယ် မင်း ပြောတာတွေ ဘယ်လိုလူတွေ က လုပ်လဲ ဆိုတာတော့ ငါလည်း မပြောတတ်ဘူး””
မောင်ဘိုးထင်၏စကားကို အဖွားနွေဦးသည် ခေါင်းညိတ်ထောက်ခံလိုက်ပြီး
“ဆရာလေးပြောတာ မှန်တယ် အောက်လမ်းဆိုတာ ကောင်းတဲ့ပညာရပ်တွေမို့ အောက်လမ်းလို့ခေါ်တာ လူညစ်ပတ်နဲ့တော့ မဆိုင်ဘူး ပညာသင်ရင် ညစ်ပတ်တဲ့အရာတွေ စားသောက်ခိုင်းတယ်ဆိုတာ ဆရာယုတ်တွေရဲ့ လုပ်ရပ်ကွယ့်”
“ကျုပ်လည်း ထင်ပါတယ်”
“ကဲ ငါ့မြေး ဘာသိချင်သေးလဲ “
“စုန်းတွေက လေပေါ် ပျံနိုင်ကြလား အဖွား”
“မပျံနိုင်ပါဘူးကွယ် တခြားသူတော့ အတတ်မပြောနိုင် “
“တချို့တွေကျတော့ ပျံနိုင်တယ် အဖွားရဲ့”
“လူလေးတို့ ဗိုက်ဆာရင်ပြောနော် မိအေးက ထမင်းဟင်းတွေ ထည့်ပေးလိုက်တယ် “
အဖွားနွေဦးသည် အနည်းငယ်သာ ပျော်ရွှင်နိုင်ပြီး စိတ်ပူပန်မှု တို့အနည်းငယ်တော့ ရှိနေသေးသည်။အဘယ်ကြောင့်ဖြစ်ရသ နည်းဆို သူမ ဤပညာရပ်များ စွန့်မည်ကို မလိုလားကြသော အမှောင်ပညာသည်များရှိနိုင်သည်။ထိုအရေးကို မောင်ဘိုးထင်နှင့် ဇေယျာတို့သည်လည်း သိ၏။ကျန်သောသူများသည်က သာမာန်လို့ကဲ့သို့သာ တွေးထားကြလေသည်။ရခဲလှသော ပညာရပ်ကို စွန့်လွှတ်ရမည်မှာ အဘယ်ကြောင့် လွယ်ကူနိုင်ပါမည်နည်း။
◾အခန်း (၂)
ကတောရွာမှနေ၍ ပေပင်ရွာသို့သွားရမည့် ခရီးသည် အတော် လှမ်းသောခရီးဖြစ်သည်။မောင်ဘိုထင်တို့သည် လှည်း တထောက်နားသောအခါ အကောင်ပလောင်များ ပစ်ခတ်ချင်ကြသည်။ဟင်းချက်စားချင်ကြသည်။သို့ပေမဲ့ အဖွားနွေဦး နှင့် ဇေယျာတို့မှ တားထား၍ သူတို့ မလုပ်ကြခြင်းဖြစ်သည်။ဤသို့ ဖြင့် နေ့လယ်စာထမင်းစားချိန်တွင် မောင်ဘိုးထင်တို့သည် ဖျာများကို လှည်းပေါ်မှ ယူလိုက်ပြီး သစ်ပင်တပင်၏အရိပ်အောက်တွင် ခင်းလိုက်ကြသည်။ထို့နောက် တောင်းကို ငပျောဖက်ခံ၍ ထည့်ပေးလိုက်သော ထမင်း နှင့် အုပ်များဖြင့် ထည့်ပေးလိုက်သောဟင်းများကို ခင်းထားသော ဖျာအလယ်တွင် တည်လိုက်ကြသည်။အဖွားနွေဦး နှင့် ဇေယျာသည် ပွင့်လင်းသော မောင်ဘိုးထင်တို့အား အတော်ခင်ခင်မင်မင် ရှိသည်။ထို့ကြောင့် အမြဲ တပြုံးပြုံးနှင့် ဖြစ်သည်။မောင်ဘိုးထင်တို့သည် ထမင်းစားဖို့ရာ အကုန်ပြင်ဆင်ပြီးသောအခါ အားလုံးဝိုင်းဖွဲ့ကာ ထမင်းစားကြ တော့မည့်အချိိန် ဖိုးထွေးမှ မိအေး ချက်ထည့်ပေးလိုက်သော ဟင်းများကို ကြည့်လိုက်ပြီး ပေတူးအား
“ပေတူးရေ ဟင်းတွေက ကောင်းတယ် ဒါပေမဲ့ တခုခုလိုနေတယ်လို့ မထင်ဘူးလား”
“ဘာလိုတာလဲဗျ “
“မင်းကလည်း သေချာကြည့်လေကွာ”
“ကျုပ်ကတော့ အမမိအေး ထည့်ပေးလိုက်တာ အကုန်ပြည့်စုံပြီလို့ ထင်တာပဲ”
“တို့အတွက်ကတော့ ဟုတ်တာပေါ့ကွ ဒါပေမဲ့ လူကြီးဖြစ်တဲ့ အဖွား ပါလာတယ်လေကွာ အဖွားက အတို့အမြှုပ်လေး စားချင်ရှာမှာပေါ့”
ဖိုးထွေး၏စကားကြောင့် ပေတူးသည် တချက်တွေးမိသွားပြီး အဖွားနွေဦးကို ကြည့်ကာ
“အဖွား ကျုပ်တို့ တို့စရာအရွက် သွားရှာပေးရမလား”
“ရပါတယ်ကွယ် လူလေးတို့ အလုပ်ရှုပ်ပါတယ် ရှိတာနဲ့ပဲ စားကြတာပေါ့”
အဖွားနွေဦး ထိုသို့ပြောလိုက်သောအခါ ပေတူးသည် ဖိုးထွေးအား ကြည့်လိုက်သည်။ထိုအခါ ဖိုးထွေးသည်
“မင်းကလည်း အဖွားက အားနာလို့ ဘယ်ရှာခိုင်းမလဲ ငါတို့က အလိုက်သိရမှာပေါ့”
“ဟေ့လူ အပိုမပြောနဲ့ ခင်ဗျား စားချင်နေတာ မဟုတ်လား အဖွားကို အမည်တပ်နေတယ် “
“မင်းကလည်း အဲ့လိုကြီး မပြောပါနဲ့ကွာ ပေပင်ရွာနဲ့ နီးလာပြီလေ ငါတို့ အိမ်ရှင်ဖြစ်ပြီလေကွာ အဲ့တော့ ငါတို့က သိတတ်ရမှာပေါ့”
“ဟုတ်ပါပြီ ကျုပ်နားလည်ပြီ ဟေ့ကောင် ဘိုးထင် မင်းဆက်ထိုင်ဖို့ စဥ်းစားမနေနဲ့ လိုက်ခဲ့ “
“ဘာ ဘာလို့လဲကွ “
မင်းက ကျန်တဲ့နေရာမှာသာ ဆရာ ဖြစ်ရင်ဖြစ်မယ် အခုလို နေရမှာတော့ ငါရယ် မင်းရယ် သာအေးရယ်က တပည့်ကြီးတွေ သူတို့ကိုယ်သူတို့ ဘုရင်ကြီးလို့ထင်နေတဲ့ သူနှစ်ယောက် ခိုင်းတာ လုပ်ရမှာပဲ “
“ဟေ့ ဟေ့ ဘိုးထင်နဲ့ ပေတူး ငါ့ကိုစောင်းမပြောနဲ့နော် ငါက မင်းတို့ကို ဘာမှ ပြောတာမဟုတ်ဘူး သွားစရာရှိတာသာ အမြန်သွား လျှာသိပ်မရှည်နဲ့”
သာရသည် ထမင်းပန်းကန်များကို ပုဆိုးတထည် နှင့် သုတ်ကာ စကားဆိုလိုက်လေ၏။ထို့ကြောင့် ပေတူးနှင့် မောင်ဘိုးထင်တို့သည် သူတို့လက်စွဲတော် လေးဂွလွယ်အိတ်များကို လွယ်ကာ သူတို့နားနေသည် နေရာမှ မြင်နေရသော စိမ်းစိုနေ သည့် တောအုပ်လေးဆီသို့ ထွက်သွားကြပါတော့သည် ။
◾အခန်း (၃)
မောင်ဘိုးထင်နှင့် ပေတူးသည် တောအုပ်ထဲရောက်သည့် အခါ သူတို့၏မကျေနပ်ချက်များကို နှစ်ယောက်သား မျက်နှာ အမူယာအမျိုးမျိုးနှင့် ပြောဆိုကြ၏။
“တောက် ဟိုကောင်သာအေးက သူ တောထဲလိုက်ရမှာစိုးတာနဲ့ ထမင်းပန်းကန်ကိုချည်း လှိမ့်သုတ်နေတာ ပေါက်တောင် ပေါက်ထွက်မယ် “
” အေး ဟုတ်တယ် အဲ့ဒီကောင် မလိုက်ချင်တာနဲ့ အလုပ်တအား လုပ်နေရတဲ့ပုံစံ လုပ်ပြနေတာ အဲ့တာတွေက ငါကပဲ စလုပ်ခဲ့တာပါကွ “
“တကယ်က ဟိုအဖိုးကြီးစိတ်ဝင်နေတဲ့ကိုဖိုးထွေးက ၀င် လျှာရှည်တာ အဖွားကို အကြောင်းပြပြီး သူ စားချင်နေတာ ဟင်းဘယ်လောက်ကောင်းကောင်း ငါတို့ကို အလုပ်မခိုင်းရရင်သူ စားလို့ မဝင်ဘူးနေမှာ “
“အေးကွာ ကဲ ရှာလိုက်ကြဦးစို့ ဘာတွေများရမလဲလို့ “
သူတို့ တောထဲတွင် အတို့အမြုပ််လိုက်ရှာနေလေရာ မကြာခင် သင်္ဘောအဖိုပင်တပင်ကို တွေ့လိုက်၍ ပါလာသောဓားဖြင့် ခုတ်လိုက်ပြီး ဘေးသားများကိုသပ်ကာ သင်္ဘောခေါင်း လုပ်လိုက်ကြသည်။ဆက်သွားရာ ရှေ့တွင် သရက်ပင်တပင်ကို ထပ်မံတွေ့ရ၍ သရက်ရွက်နုလေးများအား ခူးလိုက်ကြသလို နောက်ထပ်ဆက်သွားရာ လျှိုအစပ်တွင် ပေါက်နေသော မြင်းခွာရွက်များကိုတွေ့၍ နှုတ်လိုက်ကြပြန်သည်။ထို့နောက် ဇရစ်ရိုး၊ဖလံ တောင်ဝှေးနှင့် မုန်လာဖူး၊ပျဥ်းတော်သိမ်ရွက်များကိုပါ တွေ့ရ၍ ခူးလိုက်ကြပြန်သည်။အရွက်အတော်များများရခဲ့၍ လျှိုထဲမှ ပြန်ထွက်မည်ကြံစဥ် သူတို့၏အရှေ့တည့်တည့်လျှိုအစပ်နားတွင် ဘုတ်တကောင်ကို တွေ့လိုက်ရ၍ လက်မြန်သော ပေတူး သည် လေးဂွနှင့် ပစ်လိုက်ရာ အတောင်ကိုထိမှန်သွားပြီး မပျံနိုင်တော့သောကြောင့် ပေတူး အလျှင်အမြန် သွားကောက်လိုက်သည်။မကြာသောအချိန်တွင် အုန်းခွံရောင်ဘုတ်ငှက်ကို ကိုင်ပြီး ပေတူးရောက်လာကာ
“ကဲ ဘိုးထင် ငါ့လက်ရည် တက်လာတယ် မဟုတ်လားကွ”
” အေး ဘုတ်ကောင်ရတာကိုများ ဖြစ်ပျက်နေတာ လာ လာ ဟိုလူတွေ ငါတို့ကို အပြစ်တင်နေရော့မယ် “
ထို့နောက် သူတို့နှစ်ယောက်သည် အတောင်ကျိုးနေသော ဘုတ်ငှက်အပါအ၀င် တုရွင်းများကို သယ်ကာ ပြန်လိုက်ကြပါလေတော့သည်။မကြာသောအချိန်တွင် လည်တမော့မော့နှင့် သူတို့အား စောင့်နေသော ဖိုးထွေး နှင့် သာရတို့သည် လူအနားပင် မရောက်သေး အပြစ်တင်စကား လှမ်းဆိုပါတော့သည်။
“ဟိတ်ကောင်တွေ ကြာလိုက်တာကွာ “
“အေးဆို ဒီမှာ စားဖို့စောင့်နေတဲ့သူတွေကို အားမနာ “
အဖွားနွေဦးနှင့် ဇေယျာတို့သည် မောင်ဘိုးထင်တို့အကြောင်း မသိသေး၍ ရန်ဖြစ်မည်ကို စိုးကာ ဖိုးထွေးနှင့် သာရတို့အား ထိုသို့ မပြောရန် တားလေ၏။ထိုအခါ ဖိုးထွေးသည်
“အဖွား ဘာမှမဖြစ်ဘူး ကျုပ်တို့က ညီအကိုတွေထက်တောင် သံယောဇဥ်ကြီးပါတယ် ဘာမှ မဖြစ်ဘူး”
ဖိုးထွေးမှ ထိုသို့ပြောသောအခါ မောင်ဘိုးထင်သည်လည်း သူမအား ကြည့်ကာ စကားဆိုလိုက်ပြန်သည် ။
“အဖွား ဘာမှပူမနေနဲ့ ဒီလိုပဲ ပြောနေကြ ဆိုနေကြ “
“အဖွားက မသင့်မမြတ်ဖြစ်မှာ စိုးလို့ပါကွယ် ဒါနဲ့ လူလေးရဲ့ လက်ထဲက ငှက်လေး ဘာဖြစ်တာလဲ “
အဖွားနွေဦးမှ ပေတူးလက်ထဲတွင် ကိုင်ထားသော ဘုတ်ငှက်လေးကို ကြည့်ပြီး စကားဆိုလိုက်ရာ ပေတူးမှ သူ ပစ်လာခြင်း ဖြစ်ကြောင်း ပြောပြလေသည်။ထိုအခါ အဖွားနွေဦးသည်
“လူလေး အဖွားက ကောင်းတဲ့အလုပ်တွေလုပ်ဖို့ကြိုးစားနေတာဆိုတော့ သတ္တဝါတွေသေကြေမှာကို အဖွား မမြင််ချင်ဘူး အဲ့ဒီငှက်လေးကို ပြန်လွတ်ပေးလိုက်ပါလား လူလေး”
“ငှက်က အတောင်ကျိုးနေပြီ အဖွားရဲ့ သူ မပြန်နိုင်တော့ဘူး”
“အဖွားကို အဲ့ဒီငှက်ကလေး ပေးပါကွယ် “
အဖွားနွေဦးတောင်းနေသဖြင့် ပေတူးသည် အတောင်ကျိုးနေသော ငှက်ကလေးအား ပေးလိုက်လေသည်။ထို့နောက် သူမသည် ငှက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး မျက်လုံးကို မှိတ်ထားလေသည်။ကျန်သောသူများသည်လည်း အဖွားနွေဦးပြုလုပ်နေသည်ကို ငေး၍ ကြည့်နေကြသည်။ငှက်ကို ဆုပ်ကိုင်ထားသော အဖွားနွေဦး၏လက်တို့သည် တုန်ယင်လာသလို မျက်နှာတွင်လည်း ချွေးသီးချွေးပေါက်တို့ ခိုတွဲလာသည်။အတန်ကြာသောအခါ သူမသည် မျက်လုံးဖွင့်လိုက်ပြီး ငှက်အားမောင်းလိုက်ရာ ငှက်လေးသည် သူမ လက်မှလွတ်သည်နှင့် အကောင်းပကတိပမာ ပြန်ထွက်သွား၍ ကျန်သူများ မျက်လုံးအဝိုင်းသားဖြင့် ငေးကြည့်နေကြ၍ အဖွားနွေဦးမှ သတိပေးလိုက်ပါရပါတော့သည်။
“မြေးတို့ ထမင်းစားကြမယ်လေ ဘာတွေ ငေးနေကြတာလဲ “
“ဟုတ် ဟုတ်ကဲ့ အဖွား”
မောင်ဘိုးထင်အပါအ၀င် ကျန်သောသူများသည် အဖွားနွေဦး သတိပေးလိုက်သောအခါမှ သတိ၀င်လာကာ ထမင်းစားဖို့ ပြင်လိုက်ကြပါတော့သည်။
◾အခန်း (၄)
နေ့လယ်ခင်း အချိိန်တွင်ဖြစ်သည်။မောင်ဘိုးထင်တို့သည် ထမင်းစားနားပြီး၍ ခရီး ထပ်ဆက်လိုက်ကြသည်။သာရသည် နွားလှည်းမောင်းနေရင်းမှ ဘေးတွင်ရှိသော ဖိုးထွေးအား စကားဆိုလိုက်လေသည် ။
“ဖိုးထွေး မင်း အမမိကျော့ကို မလွမ်းဘူးလား “
“လွမ်းတယ်ဆိုတာ ဘာမှန်းတောင် မသိတော့ပါဘူးကွာ “
“အေးကွာ ငါလည်းလှရင်ရဲ့မျက်နှာ ဘယ်လိုရှိလဲဆိုတာတောင် မေ့တေ့တေ့ကွာ”
“မင်းလှရင်က ငါ့မိကျော့လေးလောက် မလှပါဘူးကွာ”
“ဟေ့ကောင် မိကျော့ကို လှတယ်ပြောတာ မင်းပဲရှိတယ်။လူကြည့်တော့ သေးညှက်ညှက် အသံက ခပ်စွာစွာ”
“ဟေ့ကောင် သာရ မိန်းမဆိုတာ အသံစွာနေမှကွ “
“ဟေ့ မင်းက ဘာတွေ ပြောနေတာလဲ “
“မိန်းကလေးဆိုတာ မဟုတ်မခံ အသံစွာနေမှလို့ ပြောတာပါကွာ ငါတို့ ယောကျ်ားလေးတွေက နေရာတကာ အားနာတတ်တယ် မဟုတ်လား။အဲ့ဒီတော့ အသံစွာတဲ့မိန်းမကို ရထားတော့ တခုခုဆို ပြောပြီးဆိုပြီးလေ အဲ့တာ တို့တွေအတွက် မကောင်း ဘူးလား”
“အဲ့တာလည်း ဟုတ်တယ်ကွ ငါတို့မိန်းမရရင်တော့ ဘိုးထင်တို့ သာအေးတို့ လွယ်မှာ မဟုတ်ဘူးဟေ့ “
သာရနှင့် ဖိုးထွေးစကားတို့ ပြောနေကြစဥ် သာအေးသည် လှည်းအရှေ့အား လက်ညှိုးထိုးရင်း စကားဆိုလေသည်။
“ဟေ့လူတွေ စကားများမနေနဲ့ ဟိုရှေ့မှာ အမကြီးတယောက် ကျုပ်တို့ လှည်းကို လက်တားနေတယ် “
သာအေး၏စကားကြောင့် သာရနှင့် ဖိုးထွေးတို့ ကြည့်လိုက် ရာ ဟုတ်ပေသည်။လှည်းအား လက်လှမ်းပြကာ တားနေ၍ သာရမှ လှည်းအားရပ်ပေးလိုက်လေသည်။ထိုအခါ လှည်းလမ်း ဘေးတွင်ရပ်နေသော မိန်းမပျိုလေးသည် လှည်းပေါ် ရှိ ဖိုးထွေး နှင့်သာရအားကြည့်ကာ နှစ်လိုဖွယ်ပြုံးပြလိုက်ပြီး စကားဆိုလေသည် ။
“ဒီက နန်းထက် အသက်ငယ်မယ် ထင်တယ် မောင်လေးလို့ပဲ ခေါ်မယ်နော် “
“အော် ဟုတ် ရ ရပါတယ်”
မိန်းကလေးမြင်လျှင် နောက်ပိုးတတ်သော ဖိုးထွေးနှင့် သာရသည် စကား အထစ်ထစ်အငေါ့ငေါ့နှင့် ဖြေသည်။သူတို့ နှစ်ယောက်သည် လှပလွန်းသောမိန်းကလေးကို ငေးနေ၍ သာရမှ သူတို့၏ ခါးများကို တို့လိုက်ကာ
ဟေ့လူတွေ ဟိုအမက စကားပြောနေတယ်လေ။ခင်ဗျားတို့ တွေက ရေငတ်နေတဲ့ ကျွဲကြီးတွေ ကျနေတာပဲ ပါးစပ်ကြီးတွေ ဟပြီး ဘာဖြစ်နေကြတာလဲ “
“သာအေးရယ် ကျွဲတော့ မလုပ်ပါနဲ့ကွာ နွားလောက်တော့ လုပ်ပါကွာ “
“ခင်ဗျားတို့ အသားအရည်နဲ့များ နွားဖြစ်ချင်နေသေးတယ် “
သာအေး၏စကားကြောင့် မိန်းမချောလေးသည် ချစ်စဖွယ်ဟန်ပန်ဖြင့် ပါးစပ်ကိုပိတ်ကာ ရယ်နေလေ၏။မိန်းမချောလေး ရယ်နေသည်ကို ကျေနပ်နေသော ဖိုးထွေး နှင့်သာရသည် သာအေး၏စကားကို မနာနိုင်ပဲ သဘောကျနေလေသည်။ထို့နောက် မိန်းမချောလေးသည် ချစ်စဖွယ်အမှုအရာနှင့် ထပ်မံစကားဆိုလာ၏ ။
“မောင်လေးတို့လှည်းက ပေပင်ကို ရောက်မှာလားဟင် “
“ရောက်တယ် မမ ကျုပ်တို့က ပေပင်ရွာသားတွေပါ”
“ဟုတ်လား အဲ့တာဆို မမ ကံကောင်းသွားတာပေါ့ မမလည်း ပေပင်ရွာကိုသွားမှာ”
ဖိုးထွေးနှင့် သာရသည် တမတည်း မနေရာ သာအေး အတော်အမြင်ကပ်နေပြီ ဖြစ်သည်။ထို့ကြောင့် လှည်းလမ်းဘေးတွင် ရပ်၍ စကားပြောနေသောမိန်းကလေးအား အသံခပ်မာမာဖြင့် စကားဆိုလိုက်လေသည်။
“အမ လှည်းကြုံလိုက်ချင်တာ မဟုတ်လား အဲ့တာဆို လှည်းပေါ်တက် သွားရမှာနောက်ကျနေပြီ”
“အင်းပါကွယ်”
မိန်းကလေးမှ လှည်းပေါ်တက်မည်ပြုပြီးမှ နောက်မှ မောင်းလာသော မောင်ဘိုးထင်တို့၏ လှည်းကိုမြင်သောအခါ လှည်းပေါ် မတက်သေးဘဲ ဖိုးထွေးနှင့် သာရအား ကြည့်ကာ
“မောင်လေးတို့ နောက်ကလှည်းက မင်းတို့အသိတွေလား “
“ဟုတ်တယ် ကျုပ်တို့နဲ့ အတူလာကြတာ”
“အဲ့တာဆို အဲ့ဒီလှည်းမှာ အမ လိုက်လို့ရအောင် ပြောပေးပါလား အဲ့ဒီလှည်းပေါ်မှာက မိန်းမသားအဖော်ပါလို့လေ “
မိန်းကလေး၏စကားကြောင့် ဖိုးထွေးနှင့် သာရတို့၏ မျက်နှာမှ မျှော်လင့်ချက်ရောင်ခြည်တို့သည် မှိန်ဖျော့သွားပြီး လေးကန်သော အသံဖြင့်
“ရပါတယ်”
“ကျေးဇူးပါ မောင်လေးတို့ရယ်”
ထို့နောက် ဖိုးထွေးသည် လှည်းပေါ်တွင် မတ်တပ်ရပ်လိုက်ပြီး အနောက်လှည်းမှ ကိုဇေယျာအား လှမ်းအော်၍ စကားဆိုလေသည်။
“ဗျို့ ကိုဇေယျာ ကျုပ်တို့ရွာကို လှည်းကြုံလိုက်ချင်လို့ အဲ့တာ အဖွားပါတဲ့လှည်းမှာ လိုက်ချင်လို့တဲ့ ရမလား “
“အေး ခဏ ငါ အဖွားကို မေးလိုက်ဦးမယ် “
ဇေယျာသည် ပေတူး၊မောင်ဘိုးထင်တို့နှင့် စကားကောင်းနေသော အဖွားနွေဦးအား ဖိုးထွေးပြောသည့်အတိုင်းပင် ပြန်ပြောလိုက်ရာ
“ရတာပေါ့ကွယ် လာခိုင်းလိုက် မောင်ဇေယျာ “
အဖွားနွေဦးစကားကြောင့် ဇေယျာသည် ဖိုးထွေးတို့အား လှမ်းအော်ကာ ပြန်ပြောလာသည် ။
“ရတယ်တဲ့ လာခိုင်းလိုက်”
“အင်း အင်း “
နွားလှည်းနှစ်စီးမှာ ဖုန်မှုန့်များခိုးမည် စိုးသောကြောင့် တစီး နှင့်တစီး နီးနီးကပ်ကပ် မသွားကြချေ။ထို့ကြောင့် တယောက် နှင့် တယောက် ခပ်ကျယ်ကျယ် အော်ပြောရခြင်းဖြစ်သည်။ ထို့နောက် ဖိုးထွေးသည် လှည်းအနောက်တွင် ရပ်လျက်ရှိနေသော မိန်းမပျိုလေးအား
“မမ နောက်ကလှည်းကို သွားလိုက်နော် ပေပင်ရွာရောက်ရင် ကျုပ် အိမ်လာလည်ဖို့ မမေ့နဲ့နော် “
“သူ့အိမ်ချည်းပဲ မလည်ရဘူးနော် မမ ကျုပ်အိမ်ကိုလည်း လာလည် ကြက်ဥတုံးမကြီးကို ချက်ကျွေးမယ် “
“မင်းက ဥတုံးမကြီး ငါက ငါ့အဘလက်သတ်မွေးထားတဲ့ တိုက်ကြက်ဖကြီးကို ချက်ကျွေးမယ် “
“မင်းအဘရဲ့တိုက်ကြက်က အရိုးရင့်နေပြီ “
“အရိုးရင့်ပေမဲ့ တန်ဖိုးမြင့်တယ်ကွ သိလား”
“မင်းအဘက လူကြီးဖြစ်ပြီး တိုက်ကြက်မွေးတာပဲလား “
“လူကြီးလည်း သူ့ဝါသနာနဲ့ သူပဲ ဟေ့ကောင် “
သာရ နှင့် ဖိုးထွေး စကားများနေသည်ကို သာအေးတယောက် စိတ်မရှည်ဖြစ်လာပြီး သူတို့နှစ်ယောက်ကို စူးရဲစွာ တကြည့်ပြီးနောက် လှည်းနောက်တွင် ရပ်နေသော မိန်းမပျိုကို ကြည့်ကာ
“အမ ခင်ဗျား နောက်လှည်းကို မြန်မြန်သွားတော့ဗျာ ခင်ဗျား မသွားရင် ဒီလူတွေက စကားပြော ရပ်မှာမဟုတ်ဘူး သူတို့က ဒါ ဖြစ်နေတာ “
သာအေးသည် သူ၏နှာခေါင်းကို လက်ညှိုးနှင့် ထိုးပြပြီး ပြောလိုက်သောအခါမှ မိန်းမပျိုလေးသည် ရှက်သွေးသမ်းသွားသော မျက်နှာလေးနှင့် အနောက်တွင် ရပ်နေသောလှည်းဆီသို့ လှည့်ထွက်သွားလေသည်။မိန်မပျိုလေး လှည့်ထွက်သွားသည်ကိုငေးနေသော သာရ နှင့် ဖိုးထွေးတို့ နှစ်ယောက်သည် သူတို့ နှစ်ယောက်အား မကျေမနပ်ဖြင့် ပြောဆိုနေပြီး လှည်းအား မောင်းလိုက်ပါလေတော့သည် ။
◾အခန်း (၅)
မောင်ဘိုးထင်သည် သူတို့လှည်းအနားကို ကပ်လာသော အမျိုးသမီးငယ်အား သေချာကြည့်လိုက်သည်။ရုပ်ရည်သည် ဘယ်လိုနည်းနှင့်မှ ဒီနယ်တဝိုက်က မိန်းကလေး မဖြစ်နိုင်။ အတော်ကို လှပလွန်းနေသည်။နေပူထဲ လမ်းလျှောက်နေသော် လည်း ချွေးထွက်ခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း စသည့် အမူအယာတို့ ရှိမနေသလို မျက်နှာတွင်ပင် ချွေးမစို့သောကြောင့် အံ့ဩနေမိသည်။သူ့နည်းတူ အဖွားနွေဦးသည်လည်း ထိုမိန်းကလေးအား စူးစမ်းနေပြီး မောင်ဘိုးထင် နှင့် အတွေးတူလှသည်။ထို့ နောက် အမျိုးသမီးငယ်သည် သူတို့လှည်းနောက်တွင် ရပ်လိုက်ပြီး ။
“အဖွား နန်းကို လိုက်ခွင့်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင့် “
“ရပါတယ်ကွယ် တက် တက် လူလေး မင်းမမကို လှည်းပေါ် တက်နိုင်အောင် ကူပေးလိုက်ပါဦး”
“ဟုတ်ကဲ့ အဖွား”
မောင်ဘိုးထင်သည် သူမကိုယ်သူမ နန်းဟု နာမ်စားသုံး၍ စကားဆိုသော မိန်းမပျိုလေး၏လက်ကို ဆွဲပြီး လှည်းပေါ် တက်နိုင်ရန် ကူညီလိုက်သည်။မိန်းကလေး၏ လက်သည် ရုပ်ရည်နှင့် ခြားနားစွာ ကြမ်းတမ်းနေ၍ မိန်းကလေး၏မျက်နှာကို မောင်ဘိုးထင် အထူးအဆန်းကြည့်လိုက်မိရာ သူမသည် ပြန်လည်ပြုံးပြပြီး အဖွားနွေဦး၏အနားတွင် ကပ်ထိုင်လိုက်သည်။သူမထိုင်ပြီးသည်နှင့် ဇေယျာသည် လှည်းလေးကို ပြန်မောင်းလိုက်၏။လှည်းပေါ်တွင် ထိုင်နေသော မိန်းမပျိုလေးသည် မောင်ဘိုးထင်၊ပေတူးနှင့် အဖွားနွေဦးတင်မက လှည်းမောင်းနေသော ဇေယျာကိုပါ အကဲခတ်ကြည့်လိုက်ပြီး
“ကျမ နာမည်က နန်းအိခင်ပါ “
” ဪ အေး သမီး အဖွားနာမည်က ဒေါ်နွေဦးပါ “
“ဟုတ်လား အဖွားတို့က ဘယ်ကနေလာကြတာလဲ “
“ကတောရွာ ကနေ လာကြတာ “
“ဪ “
နန်းအိခင် ဆိုသော မိန်းကလေးကို မောင်ဘိုးထင် အကဲခတ် ကြည့်နေသည်။သူမသည် မည်သည့်နည်းနှင့်မှ သာမာန်မိန်းမပျိုလေးတယောက် မဖြစ်နိုင်ဟု တွေးနေမိသည်။အဘယ့် ကြောင့်ဆိုသော် သူမ၏မျက်လုံးတို့သည် ယခုအချိန်ထိ မျက် တောင်မခတ်သလို နေရောင်အောက်တွင် သူမ၏အရိပ်သည်လည်း မပေါ်ချေ။ထိုအချင်းအရာကို သတိထားမိသည်နှင့် မောင်ဘိုးထင်သည် ချက်ချင်းပင် ဇေယျာကို လှည်းရပ်ခိုင်းလိုက်ကာ
“ကိုဇေယျာ လှည်းကိုရပ် “
“အေး အေး “
လှည်းရပ်သည်နှင့် မောင်ဘိုးထင်သည်
“အဖွား နောက်ဆုတ် ဒီမိန်းမက သာမာန်လူ မဟုတ်ဘူး “
“ဘာ ဘာပြောတာလဲ မောင်လေး မမ နားမလည်ဘူး “
“ခင်ဗျား ရူးချင်ယောင်ဆောင်မနေနဲ့ ဘာအကြံနဲ့ ကျုပ်တို့ လှည်းပေါ် လိုက်လာရတာလဲ “
နန်းအိခင်သည် မောင်ဘိုးထင်၏စကားကို နားမလည်ဟန်နှင့် အံ့ဩစွာ ကြည့်နေပြီး
“ငါ့မောင်ရယ် လှည်းကြုံမခေါ်ချင်ဘူးဆိုလည်း အမ မလိုက် တော့ပါဘူး အခု ချက်ချင်းဆင်းပါ့မယ် “
“ခင်ဗျား ပလီပလာမပြောနဲ့ အဖွား လှည်းပေါ်က ခဏဆင်းပါ ကိုဇေယျာ အဖွားကို ဂရုစိုက် “
မောင်ဘိုးထင်၏စကားကို ယုံကြည်သော ဇေယျာနှင့် ပေတူး သည် အဖွားနွေဦး လှည်းပေါ်မှ အမြန်ဆင်းနိုင်ရန် ကူညီပေးပြီး သူတို့အားလုံးလည်း လှည်းပေါ်မှ ဆင်းလိုက်ကြသည်။ထိုအတွက်ကြောင့် လှည်းပေါ်တွင် နန်းအိခင်တယောက်တည်းသာ ကျန်ခဲ့၏။နန်းအိခင်သည် မောင်ဘိုးထင်တို့အား နားမလည်နိုင် သည့်ဟန်နှင့် ကြည့်ရင်း
“ရှင်တို့က ဘာဖြစ်တာလဲ ကျမလှည်းပေါ် လိုက်လာတာကို မတူသလိုမတန်သလို ဆက်ဆံနေကြတာလား”
“နင် မူယာမာယာတွေများမနေနဲ့ နင်ကဘာလဲ ပြီးတော့ အဖွားနွေဦးအနားကို ကပ်ဖို့ ဘာလို့ကြိုးစားနေတာလဲ”
“ငါ့မောင် နင်က ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ရိုင်းလှချည်လား ငါကနင့်ထက် အသက်ကြီးတယ်နော် “
“နင်က လူမဟုတ်ဘူး နင့်အရိပ်က ဘယ်မှာလဲ ပြီးတော့ တခါမှတောင် မျက်တောင်မခတ်ဘူး ငါ့ကို လိမ်လို့ရမယ် မထင်နဲ့ “
မောင်ဘိုးထင်၏စကားကို ကြားသောအခါ နန်းအိခင်သည် ရုတ်တရက်ရယ်မောလိုက်ပြီး အဖွားနွေဦးကို လက်ညှိုးထိုးကာ
“ငါ နင့်ရဲ့နှလုံးသားကို ထုတ်စားရလိမ့်မယ် အဲ့တော့မှ ငါ့အစွမ်းက တိုးမှာ နင်ကနင့်ပညာတွေ စွန့်တော့မှာ မဟုတ်လား လွယ်လွယ်နဲ့ စွန့်လို့ရမယ်များ ထင်နေလား နင့်ရဲ့နှလုံးကို စားပြီး ငါ့ရဲ့အစွမ်းတွေ တိုးအောင် လုပ်ရလိမ့်မယ် “
နန်းအိခင်၏ချောမောသော ရုပ်ရည်သည် တဖြည်းဖြည်း အရည်ခွံ ကွာကျလာကာ ကြောက်မက်ဖွယ်မျက်နှာနှင့် အကြေး ခွံ အစိမ်းရောင်အဆင်းရှိသော မကောင်းဆိုးဝါးတကောင် အဖြစ် ပြောင်းလဲသွားပြီး လှည်းပေါ်မှခုန်ဆင်းကာ မောင်ဘိုးထင်တို့ ထံသို့ တဖြည်းဖြည်းတိုးကပ်လာလေသည်။ထိုအခါ မောင်ဘိုးထင်သည်
“အဖွား ဘာတွေဖြစ်နေမှန်း ကျုပ် နားမလည်သေးဘူး။သေ ချာတာတော့ ဒီမကောင်းဆိုးဝါးက အဖွားကို ဒုက္ခပေးချင်နေတာပဲ ကျုပ်တို့ ဘယ်လိုတိုက်ရမလဲ “
“အဖွားတသက်လုံး မကောင်းတာတွေ မလုပ်တော့ အဖွားရဲ့ အစွမ်းကပိုထက်နေပြီ ဒီမကောင်းဆိုးဝါးကို အဖွား တိုက်နိုင်ပေမဲ့ သူတခုခုဖြစ်သွားရင် အဖွားရဲ့ပညာတွေကို စွန့်လို့ရတော့မှာမဟုတ်ဘူး ပြီးတော့ မကောင်းတဲ့စိတ်တွေကိုလည်း တားနိုင်မှာမဟုတ်တော့ဘူး။လူတွေ ကဲ့ရဲ့မှာနဲ့ သေမှာဆို အဖွားသေမဲ့ လမ်းပဲ ရွေးတော့မယ် မင်းတို့အဖွားကြောင့် ဒုက္ခအရောက်မခံနဲ့ အဖွားကိုထားပြီး သွားကြတော့ “
“ဟာ မဟုတ်တာဗျာ အဖွားကို အထိခိုက်မခံနိုင်ပါဘူး “
မောင်ဘိုးထင်သည် ပြောပြောဆိုဆို လွယ်အိတ်ထဲမှ ဦးအုန်း ပေးထားသော အစီအရင်တချို့ကို ထုတ်နေစဉ်
“ဝုန်း ဝုန်း “
ကျယ်လောင်သောအသံကြီး နှင့်အတူ အစိမ်းရောင်အကြေး ခွံရှိသော မကောင်းဆိုးဝါးသည် မီးတောက်များ နှင့်အတူ ပျောက်ကွယ်သွားလေသည်။ထို့နောက် သူတို့အနားသို့ လူနှစ်ယောက် လမ်းလျှောက်လာနေသည်ကို မြင်သောအခါ မောင်ဘိုးထင်သည် အံ့ဩဝမ်းသာသွားသည့်မျက်နှာနှင့် စကားဆိုလိုက်လေသည် ။
“အဘ နဲ့ အင်းဝိဇ္ဇာ”
“အေး ဟုတ်တယ် မင်းတို့ ဒုက္ခရောက်တော့မယ်မှန်းသိလို့ ငါတို့ လာခဲ့တာ “
ထို့နောက် အင်းဝိဇ္ဇာ နှင့် ဦးအုန်းသည် အဖွားနွေဦးဘက် လှည့်ကာ
“အမကြီး အမကြီးရဲ့ပညာတွေကို စွန့်ပစ်တော့မယ်ဆိုတဲ့ သတင်းက ကျုပ်တို့ အမှောင်လောကမှာ ပြန့်နေပြီ အဲ့တော့ အမကြီးရဲ့မကောင်းမှုကင်းတဲ့ နှလုံးသားကို စားပြီး ပညာစဉ်တိုးချင်တဲ့အမှောင်ပညာသည်နဲ့ ဘီလူးတွေ ရှိနေပြီ အမကြီးရေ အဲ့တော့ ပညာစွန့်ဖို့က မလွယ်ဘူး။သူတို့ကို အမကြီး ပြန်တိုက် ခိုက်ရင်လည်း အမကြီးပညာက စွန့်လို့ရမှာ မဟုတ်တော့ဘူး”
“အမကြီးက အသက်ကြီးပါပြီးကွယ် လက်ကျန်အချိန်လေးမှာ မြေးလေးနဲ့ အေးအေးချမ်းချမ်းပဲ နေချင်ပါတယ် ငါ့မောင် တို့ ကူညီနိုင်မယ်ဆိုရင် ကူညီပါကွယ် “
“အမကြီးကို ကူညီချင်ပေမဲ့ ကျုပ်တို့မှာ ကူညီဖို့ အခွင့်မရှိဘူး ကျုပ်တို့နဲ့ သိတဲ့ အထက်ဆရာကြီးတွေ ပြောတာတော့ ရိုးမတောထဲက မယားလဲသရက်ပင်ကို အမကြီး လာနိုင်ရင် ပညာတွေစွန့်လို့ရပြီတဲ့ ကျုပ်တို့က ပေပင်ရွာအထိပဲ အမကြီးကို ကူညီနိုင်မယ်”
ဦးအုန်း၏စကားကို ကြားသောအခါ အဖွားနွေဦး စိတ်ဓာတ် ကျသွားသည်။စိတ်မကောင်းလည်းဖြစ်နေလေ၏။ထိုအခါ ပေတူးသည် ဦးအုန်းကို ကြည့်ကာ
“ဘကြီးအုန်း ကျုပ်တို့ လိုက်ပို့ပေးရင်ရော ရမလား ဘိုးထင်ရော လိုက်လို့ရလား”
“ဘိုးထင်က အမှောင်ပညာသည်အဆင့်ထိမရောက်သေးတော့ သူလည်း လိုက်ပို့လို့ရတယ် ဒါပေမဲ့ “
“အဘ ဒါပေမဲ့မနေနဲ့ ကျုပ်ကတော့ အဖွားကို အေးအေးချမ်းချမ်း နေနိုင်အောင် ကူညီမယ် သေရင် သေပါစေဗျာ “
“ဘိုးထင် မင်းလိုက်ပို့မယ်ဆိုရင် ငါပါလိုက်မယ်ကွာ ငါ့မှာလည်း ထူးဆန်းတဲ့အစွမ်း နည်းနည်းတော့ ရှိပါတယ်ကွ “
အဖွားနွေဦးသည် လူငယ်လေးများ၏ စိတ်အားထက်သန်နေသော စကားများကြားရသောအခါ သူမ၏ မျက်နှာပြန်လန်းလာ ၏။ထို့နောက် သူတို့အားလုံးသည် အင်းဝိဇ္ဇာ နှင့် ဦးအုန်း၏ အစောင့်အရှောက်ဖြင့် ပေပင်ရွာလေးဆီသို့ ခရီး ဆက်လိုက်ကြပါတော့သည် ။
◾အောက်လမ်းဘိုးထင် နှင့် အရခက် အစွန့်ခက် သည်က ဤမျှသာ။
🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို Follow နှိပ်ပြီး အားေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏
📝မောင်တင်ဆန်း