ဘုရားပစ္စည်းခိုးမိကြသူများ

“ဘုရားပစ္စည်းခိုးမိကြသူ”📖📖📖(စ/ဆုံး)

*************************************
—————————————-
ပူပြင်းလှသောရာသီကိုအံတုပြီး လူတစ်စုသည် ဘုရားရင်ပြင်ပေါ်၌အလုပ်ရှုပ်နေကြ၏။ အမျိုးသမီးများက ပေါက်တူးတို့ဖြင့် ရင်ပြင်ပေါ်ရှိ အပင်များကိုဖယ်ရှားနေသည်။ အမျိုးသားများက ဝါးလုံးများကိုသယ်ယူလာကြသည်။ တချို့ကထိုဝါးလုံးများဖြင့် ဘုရားပတ်ပတ်လည်ခြမ်းဆင်နေကြသည်။ ချွေးဒီးဒီးကျနေသော်လည်း ပင်ပန်းသည်ဟုမထင်ဘဲ အားသြန္ခန္စြိုက္ကာ ကြိုးစားပမ်းစားလုပ်နေကြသည်။ အကြောင်းကား တစ်ရွာလုံး၏ချွေးနည်းစာများကိုစုပေါင်းပြီး ဘုရားထီးတင်ပွဲလုပ်ကြသောကြောင့်ပင်။

” နားကြပါဦးရှင့်…ဒီမယ်ရွာမျက်နှာဖုံး ဦးမြသာနှင့် ဒေါ်လှပွင့်တို့ မိသားစုက ဘုရားထီးတင်ပွဲအတွက် မနားမနေကြိုးစားနေကြတဲ့ရွာသူရွာသားတွေကို လက်ဖက်ရည်နှင့်မုန့်အချိုတွေ လာကျွေးသတဲ့ရှင့်….”

လုံမပျိုတစ်သိုက်က မုန့်တောင်းနှင့်လက်ဖက်ရည်အိုးများယူလာပြီး ဘုရားတွင်ရှိနေကြသော သူများကိုပြောလိုက်၏။ နားချိန်လည်းရောက်နေပြီဖြစ်သဖြင့် ငြမ်းပေါ်ကလူများနှင့်အောက်မှအလုပ်လုပ်နေကြသောလူများလည်း လုပ်လက်စများကိုရပ်လိုက်ကြ၏။ အရိပ်ရသော သစ်ပင်များအောက်တွင် သူ့အစုကိုယ့်အစုဝိုင်းထိုင်ပြီး အလှူရှင်ကျွေးမွေးသော မုန့်အချိုနှင့်လက်ဖက်ရည်များကို သဒ္ဓါပေါက်အောင်သုံးဆောင်ကြသည်မှာ လုံမပျိုများလက်မလည်အောင်ပင်ဖြစ်ရသည်။

” လုံမတို့ရေ ဒို့ဝိုင်းမှာလည်း မုန့်အချိုတွေဖြည့်ပေးဦးဟေ့…အလှူရှင်က စေတနာတွေပါထည့်ကျွေးတော့ သိပ်ကိုစားကောင်းတာဘဲဗျို့… ”

” ဟုတ်ပါ့ဗျာ…ဟုတ်ပါ့…မကြာခင်ရက်အတွင်းမှာ ဒို့ရွာရဲ့အပျော်ရွှင်ဆုံးနေ့ဖြစ်တဲ့ ဘုရားထီးတင်ပွဲကိုရောက်တော့မယ်ဗျု့ိ…ဒီလိုရက်တွေရောက်ဖို့ကျုပ်တို့ အနှစ်နှစ်အလလကချွေးနည်းစာတွေစုဆောင်းပြီး လှူရတော့ကျုပ်ဖြင့်သိပ်ဝမ်းသာတာဘဲ….”

” ဟုတ်တာပေါ့ဗျာ…ကျုပ်တို့ရွာမှာတည်ထားကိုးကွယ်တဲ့ဒီစေတီလေး ထီးတော်တင်တဲ့နေ့က အတော်ကြာခဲ့ပြီဗျ…အဲတုန်းကကျုပ်ဖြင့် ၁၀နှစ်သားအရွယ်ဘဲရှိသေးသဗျ….”

ဘကြီးသောင်းက စေတီလေးကိုထီးတော်တင်ခဲ့သည်မှာ နှစ်ပေါင်းမည်မျှကြာပြီဖြစ်ကြောင်းခန့်မှန်းမိစေရန် ပြောနေခြင်းဖြစ်၏။

” ဒါဖြင့် ကြာခဲ့ပြီပေါ့နော်ဘကြီး…”

” အေးပေါ့ကွ…ကြာဆိုနှစ်၆၀လောက်ရှိရောပေါ့ကွ…အဲဒီနောက်ပိုင်းဒီစေတီလေးကိုထပ်ပြီးထီးတော်တင်မဲ့အလှူရှင် မရှိတော့တာနဲ့ ခုမြင်တဲ့အတိုင်းဘဲ ထီးတော်မှာရှိတဲ့ရွှေမွှန်းတွေပျောက်ပျက်ပြီး ထီးတော်ဟာလည်းသံချေးကိုက်လို့ ရွဲ့စောင်းစောင်းတောင် ဖြစ်နေပြီဗျို့….”

ဘကြီးသောင်း၏စကားကြောင့် ဘေးဝိုင်းရှိလူများလည်း ခေါင်းမော့ပြီး စေတီလေးကိုမော့ကြည့်မိ၏။ ဘုရားထီးတော်မှာ ရာသီဥတုဒဏ်ကြောင့်အမှန်တကယ်ပင် ရွဲ့စောင်းနေချေပြီ။ စေတီတော်၏သင်္ကန်းရောင်မှာလည်း အဝါရောင်မဟုတ်တော့ဘဲရေညှိများကြောင့် စိမ်းပုပ်ရောင်ဖြစ်နေချေပြီ။

” ဒီလောက်နှစ်အကြာကြီးရနေပြီ…ရွာကလူတွေဘာလို့ထီးတော်အသစ်ထပ်မတင်ကြတာလဲမသိဘူးနော်ဘကြီးသောင်း….”

” ထီးတော်အသစ်တင်ချင်ကြတာပေါ့လူလေးရာ..ဒါပေမဲ့ရွာမှာ ကပ်ရောဂါကျပြီးနောက်ပိုင်း စီးပွားရေးကျဆင်းပြီး စားဖို့သောက်ဖို့တောင်အနိူင်နိူင်ဖြစ်ကြရတာလေကွယ်…”

” ဟုတ္တယ္ကြ….ခုနှစ်တွေမှဘဲတို့ရွာကကောက်ပဲသီးနှံတွေအထွက်ကောင်းလို့ ဘုရားထီးတော်ကို စုပေါင်းပြီးတင်ကြရတာဘဲ….ဒီနှစ်ဘုရားပွဲကိုရွာလုံးကျွတ်ခြိမ့်ခြိမ့်သဲ ကျင်းပကြမယ်….”

ရွာသူရွာသားများအားလုံးမိမိတို့၏ချွေးနည်းစာ အလှူအတွက်လွန်စွာပျော်ရွှင်ဝမ်းမြောက်နေကြ၏။ ထိုနေ့တွင် ဘုရားငြမ်းဆင်ခြင်းနှင့်အတူ တခြားကိစ္စအဝဝတို့ပြီးစီးသွား၏။ မနက်ဖြန်ပြုလုပ်မည့် ဘုရားထီးတင်ပွဲတွင် မုန့်ဈေးတန်းရောင်းချမည့် သူများကလည်း သူ့နေရာကိုယ့်နေရာ သတ်မှတ်ထားကြသည်။ နှစ်အတော်ကြာမှ သည်တစ်ခါပြုလုပ်ရသောဤဘုရားပွဲတွင် ပွဲလာဧည့်ပရိတ်သတ်များစွာ လာရောက်ကြမည်ဟုလည်း တွေးမှတ်ထားကြ၏။ သို့ကြောင့် ကျွေးမွေးရန်ထမင်းနှင့်ဟင်းကိုအပယ်အလျှံချက်ပြုတ်စီမံထားကြ၏။ တစ်ရွာလုံးရှိရွာသူရွာသားတို့၏စိတ်ဝယ်ကား မနက်ဖြန်ကျရောက်မည့် ဘုရားပွဲအတွက် ကြိုတင်ရင်ခုန်နေကြသည်မှာကား အထူးပြောဖွယ်ရာပင် မလိုတော့ချေ။

ည၏တိတ်ဆိတ်လှသော အခါသမယတွင် ရွာသူရွာသားများအားလုံးတိတ်ဆိတ်စွာအိပ်မောကျနေသည်။ တောတောင်ဓလေ့အရ စောစီးစွာအိပ်ယာဝင်ကြသဖြင့် ညဆယ့်တစ်နာရီအချိန်သည် လူသံသူသံများလွန်စွာမှတိတ်ဆိတ်နေချေပြီ။ ကျေးရွာသူကြီး၏ အိမ်သည်လည်းထိုနည်းတူစွာ တိတ်ဆိတ်ငြိမ်သက်နေသည်။ အိမ်ရှေ့မှမွေးထားသော အစောင့်ခွေးကြီးသုံးကောင်လည်း အိမ်ထောင့်တွင်ခွေခွေလေးအိပ်ပျော်နေကြသည်။

” ကျွတ်…ကျွတ်…ကျွတ်….”

အမှောင်ထုထဲရှိ စုတ်သပ်သံကြောင့်ခွေးသုံးကောင်သည် ထိုနေရာသို့စိုက်ကြည့်နေ၏။

” ဝုတ်…ဝုတ်…ဝုတ်….”

” ဝုတ်..ဝုတ်…ဝုတ်….”

ခွေးသုံးကောင်ကအမှောင်ထုထဲကြည့်ပြီး လှမ်းဟောင်နေ၏။ ထိုအခါအမှောင်ထုထဲမှ အဝတ်စအမဲခြုံထားသောလူသည် လရောင်အောက်သို့ထွက်လာပြီး အမဲသားတုံးကိုထိုခွေးသုံးကောင်ရှေ့သို့ပစ်ချပေးလိုက်၏။ ခွေးသုံးကောင်သည် ထိုအသားတုံးနားအလုအယက်ပြေးသွားပြီး နမ်းကြည့်ကာ ထိုအသားတုံးသုံးတုံးကိုတစ်ခုစီကိုက်ချီလိုက်ပြီး အိမ်ထောင့်၌လာထိုင်ပြီး စားကြ၏။

” တယ်လိမ္မာတဲ့ခလေးတွေ…ဟင်းဟင်း….”

” ဝူး…..”

အမဲရောင်အစခြုံထားသောလူက ခွေးသုံးကောင်ကိုကြည့်ပြီး ကျေနပ်စွာစကားဆိုလိုက်၏။ ပြီးမှအမှောင်ထုဘက်လှည့်ကာ

” ဝူး”ဟူသောအသံကိုပြုလိုက်၏။ ထိုအသံသည်အချိန်းအချက်ပြုသံဖြစ်သဖြင့် အမှောင်ထုထဲမှလူလေးယောက်သည် ထိုအဝတ်စအမဲခြုံထားသောလူနားသို့ရောက်လာ၏။

” ခွေးတွေကယုံရလားကိုယ့်လူ….”

ဆိုပြီးပထမလူ၏ နားနားသို့ကပ်ကာမေးလိုက်၏။ ပထမလူကလက်မထောင်ပြကာ

” စိတ္ခ်….ဒီညတင်မကဘူးနောက်နောင်နေ့ညတွေပါစိတ်ချရပြီ….အဟင်း….”

ဟုပြောပြီးကျေနပ်စွာပြုံးလိုက်၏။

” ဒါဖြင့်ရင် လုပ်ငန်းစရအောင် ရွှေတွေဒီအိမ်မှာသိမ်းထားတာသေချာတယ်နော်….”

” သေချာတာပေါ့ မနက်ဖြန်ထီးတင်ပွဲအတွက်ဌာပနာမဲ့ရွှေတွေကိုဒီအိမ်မှာသိမ်းထားတာ…တနေ့ကတောင်ကျုပ်ချောင်းကြည့်ခဲ့သေးတယ်….ရွှေတွေအားလုံးယွန်းအစ်နဲ့အသေအချာထည့်ထားတာကွ…”

” ဒါဆိုဝင်ကြမယ်….ကိုယ့်လူတွေအခြေနေကိုမျက်ခြေမပြတ်စောင့်ကြည့်နော်..တစ်ခုခုထူးတာနဲ့အချက်ပေးဖို့မမေ့နဲ့….”

” အိုခေ ကိုယ့်လူ….”

အဝတ်စခြုံထားသောလူငါးယောက်ကထိုသို့ပြောပြီး ကျန်နှစ်ယောက်က ခြံစည်းရိုးကိုကျော်ခွကာအထဲသို့ခုန်ဝင်လိုက်၏။ ကျန်သုံးယောက်က ကျီးကန်းတောင်းမှောက်အကြည့်မျိုးဖြင့် ဟိုဟိုသည်သည် ကြည့်ကာအခြေအနေကိုစောင့်ကြည့်နေ၏။

အဝတ်စအမည်းခြုံထားသောလူနှစ်ယောက်သည် အိမ်နားသို့တိတ်တဆိတ်ကပ်သွားလိုက်၏။ ခွေးသုံးကောင်မှာအိမ်ထောင့်တွင် ငြိမ်ချက်သားကောင်းနေသည်။ ထိုလူနှစ်ယောက်သည်ပိတ်ထားသောတံခါးမကြီးနားသွားပြီး သေးငယ်သောကြိုးတစ်ချောင်းဖြင့် အထဲမှထိုးထားသောတံခါးဂျက်ကိုဆွဲချနေ၏။

” ချောက်….”

တအောင့်အကြာ၌အထဲမှတံခါးဂျက်ကျသံကိုကြားလိုက်ရ၏။ ထိုအခါလူနှစ်ယောက်သည်ခြေဖော့နင်းကာအထဲသို့တိတ်တဆိတ်ဝင်သွား၏။ အမှောင်ထုထဲတွင်လူနှစ်ယောက်သည် အမည်းရောင်ခြုံထည်ကိုဝတ်ဆင်ထားသောကြောင့် တော်ရုံမမြင်နိူင်ချေ။ သူကြီးတို့ မိသားစုသည်ကား ဟောက်သံထွက်ကာအိပ်မောကျနေ၏။ သူခိုးနှစ်ယောက်သည်ဘုရားကျောင်းဆောင်ထံသွားပြီး မွှေနှောက်နေ၏။

” တွေ့လားကိုယ့်လူ….”

” မတွေ့သေးဘူးကိုယ့်လူ….တနေ့ကသူကြီးကိုယ်တိုင်ဒီမှာသိမ်းထားတာကျုပ်အသေအချာကိုမြင်ခဲ့တာ…”

သူခိုးနှစ်ယောက်ကလေသံတိုးတိုးဖြင့်ပြောနေ၏။

” ဟိုဖက်အံဝှက်ထဲမှာထင်တယ်….”

အမှောင်လူတစ်ယောက်က သူကြီးတို့လင်မယား၏ခေါင်းရင်းမှရှိသောဗီရိုကိုပြပြီး ပြောလိုက်၏။

” ဒါမှတကယ့်ဒုက္ခဘဲ…ဝင်လာပြီးမှလက်ဗလာနဲ့ပြန်ထွက်ရရင်လာဘ်ပိတ်တယ်…အရဲစွန့်ပြီးအဲဒီအံဝှက်ကိုဖွင့်ပြီးရှာမယ်…”

ထိုသို့ပြောပြီးသူကြီးလင်မယားအိပ်စက်ရာ ကုတင်ဘေးမှကုန်းကုန်းကွကွသွားလိုက်၏။

” အဟွတ်…အဟွတ်….ဗျပ်…ဗျပ်….”

ထိုစဉ်သူကြီးသည်ချောင်းဆိုးပြီး တစ်ခုခုဝါးစားနေသည့်အသံဖြင့် သူခိုးရှိရာဘက်သို့ကိုယ်စောင်းလှည့်လိုက်၏။

” ဟိတ်…ဗုဒ္ဓေါ! ဖွတ်မရဓားဆုံးဖြစ်တော့မှာဘဲ….”

သူခိုးကထိုသို့တွေးပြီးကြမ်းပြင်၌ပြားပြားဝပ်ကာ ခဏငြိမ်သက်နေလိုက်၏။ တအောင့်အကြာ၌သူကြီး၏ဟောက်သံကအချက်ကျကျပြန်လည်ထွက်ပေါ်လာ၏။ ထိုအခါမှသူခိုးလည်းလေးဘက်ထောက်ကာ ခေါင်းရင်းရှိဗီရိုအံဝှက်ရှိရာသို့တိုးကပ်သွားလိုက်၏။ ကျန်တစ်ယောက်က အခန်းထောင့်ရှိမှောင်ရိပ်တွင်ခိုကာအဖော်ဖြစ်သူကိုစောင့်နေ၏။

” ကျွီ…အီ….”

ခေါင်းရင်းရှိသူခိုးက အံဝှက်ကိုညင်သာစွာဆွဲထုတ်လိုက်၏။ ထိုစဉ်အံဝှက်ပတ်တာမှာကြပ်နေသဖြင့်တော်ရုံနှင့်ဆွဲထုတ်၍မရ။ သူခိုးကအားနည်းနည်းစိုက်ပြီး ဆွဲထုတ်လိုက်ရာ ကျွီခနဲမြည်သွားပြီး သူခိုးကသူကြီးလင်မယားနိုးလာပြီအထင်ဖြင့်မှောင်ရိပ်ခိုကာ ခနငြိမ်သက်လိုက်၏။ သို့သော်သူကြီးလင်မယားမှာ အခေါခေါအိပ်မောကျနေဆဲ။ အခြေအနေကိုကြည့်ပြီးသူခိုးသည်အံဝှက်နားသို့တဖန်ပြန်ကပ်လိုက်ပြီး အံဝှက်ထဲသို့လက်လျှိုထည့်လိုက်၏။ အမှောင်ထဲဖြစ်သဖြင့် ဘာကိုမျှသဲသဲကွဲကွဲမမြင်ရချေ။ သို့ကြောင့်အံဝှက်ထဲမှနှိပ်မိသမျှအရာအားလုံးကို ယူပြီးပါလာသောလွယ်အိတ်ကြီးထဲသို့်ထည့်လိုက်၏။ ထို့နောက်အဖော်ကိုခေါ်ကာအိမ်ကြီးထဲမှတိတ်တဆိတ်ပြန်ထွက်လာခဲ့ကြ၏။

ဘုရားထီးတော်တင်ပွဲပြုလုပ်မည့်နေ့၌ ရွာသူရွာသားများအားလုံးသည်ထီးတင်ပွဲသွားရန်အတွက် ဖီးလိမ်းပြင်ဆင်နေကြ၏။ ရွာဦးဘုန်းကြီးကျောင်းမှမနက်စောစောလွှင့်ပျံလာသော ဓမ္မတေးသီချင်းသည်လည်း စိတ်ကိုအေးချမ်းစေ၏။
သူကြီးကတော်လည်းအိပ်ယာမှနိူးကာဆွမ်းချက်ရန်ပြင်၏။ ခါတိုင်း၌အိမ်ရှင်ထလာလျှင် လူအနားသို့ပွတ်ကာသီကာလာလုပ်တတ်သောခွေးသုံးကောင်သည် သည်မနက်၌တစ်ကောင်မှပေါ်မလာ။

” အတော်အားကိုးရတဲ့အကောင်တွေ…ဟင်း….ခုထိအိမ်ကပြင်မှာအိပ်နေကျတုန်းထင်ပါ့….ဟွန်း….”

သူကြီးကတော်ကထိုသို့ပြောပြီး မျက်နှာသစ်ကာ ဘုရားသောက်တော်ရေလဲလိုက်၏။

အရှေ့ဘက်တောင်တန်းမှနေလုံးကြီးထွက်ပြူလာသော် သူကြီးလည်းအိပ်ယာမှထလာပြီး ထန်းလျက်ခဲကိုယူကာ မွေးထားသောခွေးသုံးကောင်ကိုခေါ်လိုက်၏။ အမှန်စင်စစ်သူကြီးသည် ဤခွေးသုံးကောင်အားအလွန်ချစ်တတ်သူဖြစ်၏။

” က်ားဘို…ငညို….ငနက်…လာကြာ…ထန်းလျက်ခဲတွေလာယူကြ….တစ်ညလုံးအိမ်ကိုစောင့်ရတာဆိုတော့ပင်ပန်းနေကြရောပေါ့….”

” တော့ခွေးတွေကခုထိထမလာကြသေးဘူးဟဲ့….ပြန်မလာကြသေးတာလားမသိဘူး….”

” သူတို့လည်းပင်ပန်းလို့အိပ်နေတာပါရှင်မရဲ့….ဟောကိုအိမ်ကပြင်မှာဒီကောင်တွေအိပ်နေကြတာမတွေ့ဘူးလား….”

သူကြီးကတော်၏စကားကြောင့်သူကြီးသည် ခွေးသုံးကောင်အိပ်ရာနေရာသို့လာခဲ့၏။

” ဟင်….ဒီကောင်တွေဘာဖြစ်နေကြတာလဲ….ပါးစပ်မှာလည်းအမြုပ်တွေထွက်နေတယ်….”

သူကြီးကခွေခွေလေးအိပ်နေသော ခွေးသုံးကောင်ကိုကြည့်ပြီး ပုတ်နိူးလိုက်၏။ သို့သော်ခွေးသုံးကောင်မှာအေးစက်နေပြီး တောင့်တောင့်ကြီးသေနေရှာပြီ။

” ရှင်မ…ရှင်မရေ ဒီကိုလာကြည့်ဦး….ကျုပ်တို့ခွေးသုံးကောင်လုံးသေနေကြပြီ….”

သူကြီးကတော်လည်း သူကြီး၏အော်သံကြောင့်တည်လျက်စ ထမင်းအိုးကိုထားခဲ့ပြီး သူကြီးရှိရာသို့လာခဲ့၏။

” တော့ခွေးတွေအိပ်နေကြတာနေမှာ….”

” ဘယ်နှယ့်အိပ်ရမှာတုန်းရှင်မရဲ့….ခွေးသုံးကောင်လုံးရဲ့ပါးစပ်မှာအမြုပ်ထွက်နေပြီးသေနေကြပြီ…ဒီကောင်တွေဆေးခပ်ထားတဲ့အစာတွေစားမိပြိထင်တယ်….”

” ဟင်! ကျုပ်တို့်အိမ်သူခိုးကပ်ပြီထင်တယ်အစ်ကို….”

ထိုအခါမှလင်မယားနှစ်ယောက်လုံး ဘုရားဌာပနာကိုသတိရလိုက်ပြီး အပေါ်ထပ်သို့အပြေးတက်လာ၏။

” သွားပြီထင်တယ်….အံဝှက်ကြီးပွင့်နေတယ်…..”

သူကြီးကထိုသို့ပြောပြီးခေါင်းရင်းမှပွင့်နေသောအံဝှက်ကိုကြည့်လိုက်ရာ အထဲ၌ဘာတစ်ခုမှမရှိတော့သည်ကိုတွေ့လိုက်ရသည်။ ဗီရိုမှာအိပ်ယာနဲ့ခပ်လှမ်းလှမ်းတွင်ရှိနေသဖြင့် အိပ်ယာထစဉ်ကပွင့်နေသောအံဝှက်ကိုသတိမထားမိခြင်းဖြစ်၏။

” အံဝှက်ထဲဘာတစ်ခုမှမရှိတော့ဘူး …ကျုပ်တို့ပိုင်တဲ့ပစ္စည်းတွေရော….ဘုရားဌာပနာတွေရော….တံဆိပ်တုံးတွေရော ဘာတစ်ခုမှမရှိတော့ဘူးရှင်မရဲ့….အီးဟီးဟီး…..”

” ရွာကလူတွေကျုပ်တို့ကိုအထင်လွဲကြတော့မှာဘဲတော်ရေ….အများပိုင်ပစ္စည်းကိုမျလုပ်ရက်ကြလေခြင်း သူခိုးတို့ရယ်…အီဟီးဟီး….”

သူကြီးနှင့်သူကြီးကတော်နှစ်ယောက်လုံး ရင်ဘတ်စည်တီးကာငိုယိုနေကြ၏။ အများပိုင်ပစ္စည်းပျောက်ရှသွားသောကြောင့် ထိုးနှက်လာကြမည့်အများ၏စကားလုံးကိုခံနိူင်ရည် မရှိချေ။ ရွာဦးကျောင်းမှလွှင့်ပျံလာသောဓမ္မတေးသည်လည်း မိမိတို့၏အပူလုံးအားမအေးချမ်းစေနိူင်တော့ချေ။

” ဘယ်လိုလုပ်ကြမလဲတော်ရေ…ဒီနေ့ကဘုရားထီးတော်တင်မဲ့နေ့…ဌာပနာတော်တွေထည့်သွင်းမဲ့နေ့ရှင့်…ကျုပ်တော့သေသာ
သေလိုက်ချင်တော့တယ်…အီးဟီးဟီး….”

သူကြီးကတော်ကငိုယိုပြီးထိုသို့ပြောရှာ၏။ သူကြီးလည်းခေါင်းခဲနေလေပြီ။ အချိန်ရှိနေစဉ်ဤကိစ္စကို ဆရာတော်ဘုရားထံလျှောက်ထားမှသင့်တော်ချိမ့်မည်။ သို့ကြောင့်မျက်ရည်သုတ်ပြီး ရွာဦးကျောင်းသို့ပြေးလိုက်၏။ သူကြီးကတော်လည်း အနောက်မှလိုက်လာခဲ့၏။ ဘုန်းကြီးကျောင်းရောက်သော် ဆရာတော်ဘုရားကိုပုဆိန်ပေါက်သလို ဦးချပြီး ဌာပနာပျောက်သွားသောကိစ္စကိုလျှောက်တင်ရနိူးနိူး၊မလျှောက်တင်ရနိူးနိူးဖြင့် ချီတုံချတုံဖြစ်နေ၏။

” ဟူး….စိတ်ရှုပ်လိုက်ပါဘိ….”

သူကြီးကသက်ပြင်းချပြီးလေပူကြီးကိုတချက်မှုတ်ထုတ်လိုက်၏။ ထိုစဉ်သူကြီးကတော်ကပါ ကျောင်းပေါ်သို့ကရောသောပါး ပြေးတက်လာပြီး သူကြီးနည်းတူဆရာတော်ဘုရားကိုပုဆိန်ပေါက်ရှိခိုးလိုက်၏။ ဆရာတော်ဘုရားသည် ထိုလင်မယားအားကြည့်ကာအထူးအဆန်းဖြစ်နေ၏။ ပြီးမှဝါးထားသောကွမ်းကို ထွေးအင်ထဲထွေးထုတ်လိုက်ပြီး

” ဟဲ့….ဒကာကြီးနှင့်ဒကာမကြီးတို့ ဘယ်လိုတွေဖြစ်လာကြတာတုံးကွဲ့…ဒကာကြီးတို့ကိုကြည့်ရတာလည်း အနောက်ကကျားလိုက်လာလို့ပြေးနေရတဲ့အတိုင်းဘဲ….”

” ကျားလိုက်တာထကျဆိုးပါတယ်ဘုရား…”

ဆရာတော်၏အမိန့်ကြောင့်သူကြီးလည်းထိုသို့ပြန်လျှောက်လိုက်၏။

” ဟေ….ဘယ်လိုဖြစ်ကြတာလဲဒကာကြီးတို့ ကျားလိုက်တာထက်ဆိုးတယ်ဆိုတော့…”

” တပည့်တော်တို့အိမ်မှာ ခေတ္တသိမ်းထားတဲ့ ဘုရားဌာပနာပစ္စည်းတွေ သူခိုးလက်ထဲအကုန်ပါသွားပြီဘုရား….”

” ဟေ….”

ထိုစကားကြောင့်ဆရာတော်ဘုရားမှာခေါင်းထဲမိုက်ခနဲဖြစ်သွား၏။ ဆရာတော်ဘုရားမှာ နှလုံးရောဂါအခံရှိသူမို့ ယခုလိုစကားကြားရသဖြင့် အသက်ရှူရပ်မတတ်ဖြစ်သွားခဲ့ပြီး ဘာစကားမှမဆိုနိူင်ရှာတော့ချေ။

” တပည့်တော်တို့လည်းသိသိချင်း အတော်လန့်သွားပါတယ်ဘုရား….ဒီပစ္စည်းဟာအများပိုင်ပစ္စည်းဖြစ်တဲ့အပြင် ကနေ့ထီးတင်ပွဲအတွက်ရည်မှန်းထားတာကြောင့် အတော့ကိုစိတ်ထိခိုက်ရပါတယ်ဘုရား….သူခိုးဟာဘုရားပစ္စည်းကိုခိုးယူရုံမကဘူး တပည့်တော်အိမ်ကအစောင့်ခွေးတွေကိုလည်းအဆိပ်ခတ်သတ်ပစ်ထားပါတယ်ဘုရား…”

” ဒီကိစ္စဖြစ်လာတော့ ရပ်သူရွာသားတွေတပည့်တော်မတို့လင်မယားကို သံသယမကင်းဖြစ်နိုူင်တယ်ဘုရား….တပည့်တော်မကတော့ လူ့ဘဝမှာနေကိုမနေချင်တော့ပါဘူးဘုရား…ဟင့်ဟင့်… ”

သူကြီးနှင့်သူကြီးကတော်တို့ကထိုသို့လျှောက်တင်ပြီး သည်းစွာငိုကြွေးနေကြ၏။ ဆရာတော်ဘုရားသည် မိမိ၏စိတ်ကိုချုပ်တည်းလိုက်ပြီး ဖြစ်ခြင်းပျက်ခြင်းတရားသဘောကိုနှလုံးသွင်းလိုက်၏။ ပြီးမှအသက်ကိုပုံမှန်ရှူသွင်းရှူထုတ်ကာ

” ဘယ်တတ်နိူင်မလဲဒကာကြီးတို့ရယ်….ဒီတစ်ခါ အလှူအထမမြောက်လည်း နောင်နှစ်နောင်ချိန်ပေါ့ကွယ်….မရှိလို့ခိုးယူကြတာဆိုတော့လည်း ခိုးယူစားသောက်ကြပါစေ….သူတို့ကိုဆဲရေးတိုင်းထွာပြီး ကိုယ့်အပြစ်မဖြစ်ပါစေနဲ့တော့….မကောင်းတဲ့သူဟာမကောင်းတဲ့လမ်းကိုသွားရမှာပါ….တရားကိုနှလုံးသွင်းကြပါလေ… ”

ဆရာတော်ဘုရားသည်ထိုသို့သာမိန့်ပြီး ထိုင်ရာမှထကာ ကျောင်းအောက်သို့ဆင်းသွား၏။ သူကြီးတို့လင်မယားကိုသာနားချနေရသော်လည်း ဆရာတော်ဘုရားကိုယ်တိုင်ကား လွန်စွာမှဝမ်းနည်းနေသည်။
ဆရာတော်ဘုရားသည် ငြမ်းဆင်ထားသော်ဘုရားကိုမော့ကြည့်ပြီး တစ်စုံတစ်ခုကိုဆုတောင်းနေ၏။ ဘုရားရင်ပြင်ထက်တွင်ကား ဘုရားပွဲသို့လာသည့်သူများစည်ကားနေချေပြီ။ ဘုရားထီးတောင်တင်ရန် ပြုလုပ်ထားသည့်ပန်းရထားသည်ကား ဝမ်းနည်းနေသယောင်ပင်။

ဘုရားထီးတင်ပွဲတော်တင်ပွဲစတင်ချိန်၌ဆရာတော်ဘုရားသည်အခမ်းအနားမှူးနေရာတွင်ဝင်ထိုင်လိုက်၏။ နေရာထိုင်ခင်းမှားနေသောကြောင့် ပွဲလာဧည့်ပရိတ်သတ်များလည်းအထူးအဆန်းဖြစ်နေကြ၏။ ဆရာတော်ဘုရားသည် အခမ်းအနားမှူးခုံမှရပ်ပြီး

” အားလုံး….အားလုံး ဘုန်းကြီးမိန့်တာကိုနားထောင်ပါဦးရွှေပွဲလာဧည့်ပရိတ်သတ်အပေါင်းတို့….ဒီကနေ့ထီးတော်တင်ပွဲမစခင် ဘုန်းဘုရားမိန့်မှာစရာရှိတယ်….”

” တင်ပါ့ဘုရား….မိန့်မှာတော်မူပါဘုရား….”

ပွဲလာဧည့်ပရိတ်သတ်အပေါင်းလည်းငြိမ်သက်စွာနားထောင်နေကြ၏။

” ကနေ့ထီးတင်ပွဲမှာ လှူဒါန်းမဲ့ရွှေငွေရတနာအားလုံး ရန်သူမျိုးငါးပါးထဲမှာပါတဲ့ခိုးသူလက်ထဲအကုန်ပါသွားပြီ…ဒီကိစ္စမှာသူကြီးရောသူကြီးကတော်ကပါအင်မတန်စိတ်ထိခိုက်နေရပါတယ်….ဘုရားဌာပနာဖို့ရည်စူးထားတဲ့ပစ္စည်းပျောက်ရှသွားတဲ့အတွက် ဒီကနေ့ထီးတော်တင်ပွဲမှာထီးတော်သက်သက်ဘဲတင်နိုင်တော့မှာဖြစ်ပြီး ဌာပနာပစ္စည်းဖြစ်တဲ့ရွှေငွေတွေကမပါနိူင်တော့ဘူး….”

” ဟင်….”

” ဟာ….ဒို့ရွာရဲ့အလှူပျက်သွားပြီပေါ့…ဘယ်လိုလုပ်ကြမလဲ….”

” သူကြီးရဲ့ကြံရာပါတွေလားမှမသိဘဲ…သူကြီးအိမ်မှာဌာပနာပစ္စည်းတွေသိမ်းထားမှန်းသူခိုးတွေဘယ်လိုသိတာလဲ…”

” သူကြီးလင်မယားတွေတိုင်ပင်ပြီး ကြံရာပါတွေလွှတ်လိုက်တာနေမှာပေါ့အေ….”

” ဘုရားပစ္စည်းတွေယူသွားတဲ့သူတွေ အသေဆိုးနဲ့သေကြပါစေတော်….ကျုပ်တို့ရဲ့ချွေးနဲစာကိုယူသွားရက်တဲ့ကောင်တွေ….”

ဘုရားဌာပနာပစ္စည်းပျောက်သွားပြီဟူသောအသိကြောင့် ပွဲလာဧည့်ပရိတ်သတ်များအားလုံး ဝမ်းနည်းနေကြ၏။ မိမိတို့၏ချွေးနည်းစာအလှူကို ယူသွားရက်ကြသော သူခိုးကိုလည်းဆဲဆိုနေကြ၏။ ဌာပနာပစ္စည်းမပါဘဲ သည်အတိုင်းထီးတော်တင်လျှင်ရနိူင်သော်လည်း မိမိတို့၏ချွေးနည်းစာရွှေငွေအလှူကိုပြီးမြှောက်အောင်မလှူဒါန်းနိူင်သဖြင့် ဝမ်းနည်းနေကြ၏။ အချို့မှာငိုကြွေးနေကြ၏။ ဆရာတော်ဘုရားလည်း ဗုဒ္ဓသားတော်ပင်ဖြစ်သော်ငြားလည်း ကိလေသာစိတ်မကုန်သေးသောကြောင့်ဝမ်းနည်းပူဆွေးနေရှာ၏။

ထိုဘုရားပွဲသို့လူငယ်နှစ်ယောက်ရောက်လာခဲ့သည်။ လူငယ်နှစ်ယောက်သည်လွန်စွာမှအိန္ဒြေရှိလှပြီး တန်ဆောင်းထဲဝင်ကာဘုရားကိုထိခြင်းကြီးငါးပါးဖြင့်ဦးချကန်တော့၏။ ရွှေပွဲလာဧည့်ပရိတ်သတ်တို့ကား ဝမ်းနည်းပူဆွေးနေသဖြင့် ထိုလူငယ်နှစ်ယောက်ကို သတိမမူမိချေ။ ဘုရားဝတ်ပြုပြီးသော် အခန်းအနားမှူးထိုင်ရာနေရာသို့လျှောက်လာခဲ့၏။ လူငယ်နှစ်ယောက် အနားသို့ရောက်လာမှဆရာတော်ဘုရားလည်း သတိထားမိပြီး

” ဧည့်သည်တွေပါလား….ဟိုဘက်သင့်တင့်ရာနေရာမှာထိုင်ကြပါဒကာလေးတို့….”

” တင့်ပါဘုရား…ကနေ့လိုဘုရားပွဲတော်နေ့မှာ ရွှေပွဲလာဧည့်ပရိတ်သတ်တွေ ပျော်ရွှင်နေရမဲ့အစား ဘာအတွက်မပျော်ဘဲ မှိုင်တွေနေရတာလဲဘုရား….”

” ဟူး….မပြောချင်တော့ပါဘူးဒကာလေးတို့ရယ်….”

” အခက်အခဲရှိရင်မိန့်တော်မူပါဘုရား…တပည့်တော်တို့တတ်စွမ်းသလောက်ကူညီပေးပါ့မယ်ဘုရား….”

မောင်ရေခဲ၏မေးလျှောက်ချက်ကြောင့် ဆရာတော်ဘုရားသည်ဘုရားဌာပနာတော်ပျောက်ဆုံးသွားခြင်းအကြောင်းကို ပြောပြလိုက်၏။

” အဲဒါပါဘဲဒကာလေးတို့ရယ်…ကနေ့လိုထီးတော်တင်ပွဲနှင့်ဌာပနာထည့်ပွဲလုပ်ခါမှ ဌာပနာဖို့ရည်စူးထားတဲ့ရွှေငွေတွေအားလုံး ပျောက်ချင်းမလှပျောက်သွားကြလေကုန်တော့ ရွာသူရွာသားတွေအားလုံး စိတ်သောကဝေနေရတာပေါ့ကွယ်….”

” တင်ပါ့ဘုရား… အကြောင်းစုံကိုသိရပြီမို့ တပည့်တော်တို့်တတ်စွမ်းသောပညာရပ်ဖြင့် ထိုဌာပနာပစ္စည်းကို ခိုးယူတဲ့လူကိုယ်တိုင်ပြန်လာပို့စေရမယ်ဘုရား….”

” ဟေ…တကယ်လားဒကာလေးတို့…ဒီလိုဒကာလေးတို့သာစွမ်းဆောင်ပေးနိူင်ရင်တော့ ရွာသူရွာသားတို့ရဲ့ပျော်ရွှင်မှုကအတိုင်းထက်အလွန်ပေါ့ကွယ်….”

” စိတ်ချတော်မူပါဘုရား… ယခုထီးတင်ပွဲကိုခုနှစ်ရက်ခုနှစ်လီ ခြိမ့်ခြိမ့်သဲသဲ ဖြစ်ပါရစေ့မယ်ဘုရား….”

မောင်ရေခဲ၏လျှောက်တင်ချက်ကိုဆရာတော်ဘုရားက အားလုံးကြားအောင်ပြောပြလိုက်၏။ ထိုအခါမှအားလုံးက ထူးဆန်းသောဧည့်သည်နှစ်ယောက်ကိုသတိပြုမိ၏။

” တကယ်လို့ ဌာပနာပစ္စည်းတွေပြန်ယူလာပေးနိူင်ရင်တော့ ဒို့ရွာရဲ့အလှူကပိုပြီးစည်ကားမှာပေါ့ကွယ်….”

” ဒီလူငယ်လေးတွေကမျက်နှာစိမ်းဧည့်သည်တွေဘဲ…တကယ်လို့သာဌာပနာပစ္စည်းတွေပြန်ယူလာပေးနိူင်ရင်တော့ကောင်းပေါ့ကွာ….ဒီလူငယ်လေးတွေပြောတဲ့အတိုင်း သူခိုးတွေကိုယ်တိုင်ဌာပနာပစ္စည်းတွေပြန်ယူလာပေးရင်တော့လား…ဟင်း…အဲသူခိုးတွေကိုစိစိညှက်ညှက်ကြေအောင် အမှုန့်ချေပစ်ရမယ်….”

ရွာသူရွာသားများကမောင်ရေခဲတို့အား အားကိုးတကြီးကြည့်နေရှာ၏။

” ရွာသူရွာသားတွေအားလုံး စိတ်ချလက်ချနေကြပါဗျာ….မနက်ဖန်၉နာရီထိုးတာနဲ့ ဘုရားကိုလှူဖို့ရည်မှန်းထားတဲ့သူခိုးဟာ သူတို့ကိုယ်တိုင် အဲဒီပစ္စည်းကိုတစ်ခုမကျန်ပြန်လာပို့ပါလိမ့်မယ်….”

မောင်ရေခဲ၏စကားကြောင့်အားလုံး၏မျက်နှာမှာပူဆွေးနေသောအရိပ်အယောင်များ ပျောက်သွားကြကုန်၏။ ထိုနေ့တွင်ဘုရားထီးတင်ပွဲအဝင်နေ့အဖြစ်သတ်မှတ်ပြီး ထီးတင်ပွဲကိုခုနှစ်ရက်ခုနှစ်လီ ကျင်းပရန်ဆော်ဩလိုက်၏။ မြို့မှနာမည်ကျော်ဆိုင်းဝိုင်းအဖွဲ့ကိုပါ ခေါ်လိုက်၏။ လာသမျှသောဧည့်ပရိတ်သတ်အပေါင်းကို ထမင်းနှင့်ဟင်း အပယ်အလျှံလိုလေးသေးမရှိကျွေးလေ၏။

ညနေပိုင်းတွင်ငှါးထားသောဆိုင်းဝိုင်းသဘင်အဖွဲ့များရောက်လာပြီး ရင်ပြင်၏တောင်ဘက်တွင်အဆင်အယင်ပြုကာဆိုင်းဝိုင်းသဘင်ပွဲကျင်းပလိုက်၏။ မမျှော်လင့်ဘဲဆိုင်းဝိုင်းသဘင်ပါခေါ်နိူင်ခဲ့သဖြင့် ရွာသူရွာသားများအားလုံးပျော်၍မဆုံးတပြုံးပြုံးဖြစ်နေကြ၏။ ဆိုင်းမင်းသမီး၊မင်းသားတို့က လှပသောအဆိုအကတို့်ဖြင့်ဖျော်ဖြေလေရာ ဘုရားထီးတင်ပွဲမှာ ရွှေပွဲလာဧည့်ပရိတ်သတ်တို့ဖြင့် ပြည်လျှံသွားတော့၏။
မောင်ရေခဲတို့ဆရာတပည့်လည်းရွာသူရွာသားတို့ကိုပေးထားသည်ဂတိအတိုင်းစတင်ဆောင်ရွက်၏။ ရှေးဦးစွာမြတ်စွာဘုရားကိုဝတ်ပြုပြီး သိမ်ဝင်သပိတ်ကွဲပေါ်သို့ ခိုးသူဖမ်းအင်းကိုချပြီးလျှင် မဆစ်ဆီငါးကျပ်သားခန့်ထည့်လိုက်သည်။ ပြီးသော်အောက်ပါဂါထာအား (၃၇)အုပ်စုတ်လိုက်၏။

” ဥုံ…အရပ်ထက်ဝန်းကျင် စောင့်ထချင်သည်၊ ရှင်နတ်များတို့၊ မတော်မူပါ၊ မတော်မတရားလူမိုက်များအား ထင်ရှားယခု ပြတော်မူပါ မင်းတကာတို့၊ နတ်တကာတွင်အခေါင်ချဉ်းသည့်နတ်မင်း မြင်တော်မူပါ ေဩာင်းဇေယျတု ဇေယျတု အောင်စေသောဝ်…”

(မှတ်ချက်။…။သူခိုးဖမ်းအင်းဂါထာအမှန်ဖြစ်ပါသည်။ကိုးကား)

ထိုကာထာအား(၃၇)အုပ်စုတ်ပြီးသော် အထက်အရပ်ဝန်းကျင်သို့တိုင်အောင်ပွဲပေးပသပြီးလျှင် ငှက်ပျောသီးလေးလုံး၊အုန်းဆံလေးဆံ၊လက်ဖက်လေးဆုပ်၊မုန့်လေးချပ်၊ကွမ်းလေးရာတို့နှင့် ပသပြီး မှန်သောသစ္စာကိုပြုကာ မြတ်ဘုရား၏ရှေ့မှောက်တော်၌ ဆီမီးတိုင်ကိုထွန်းညှိပူဇော်လိုက်၏။

” ကဲထင်ပေါ်ရေ…ကိစ္စတော့ပြီးသွားပြီ မနင်ဖန်၉နာရီထိုးတာနဲ့ ခိုးသူအပေါင်းအပါအားလုံး ခိုးယူထားတဲ့ပစ္စည်းတစ်ခုမကျန်ယူလာပြီး လာတောင်းပန်ကြလိမ့်မယ် စောင့်ကြည့်နေပေတော့….”

” ဟုတ်ကဲ့ဆရာ…”

ရွာသူရွာသားတို့ကား ဆိုင်းဝိုင်းသဘင်ကိုကြည့်ပြီး အရာအားလုံးကိုမေ့ပျောက်ထားလိုက်၏။

နောက်နေ့တွင်ကား ဘုရားထီးတင်ပွဲသည် ယမန်နေ့ကထက်ပို၍စည်ကားလေ၏။ ဆိုင်းဝိုင်းသဘင်ပါသောကြောင့်တစ်ကြောင်း၊ မောင်ရေခဲတို့ကခိုးသူအားဖမ်းပေးမည်ဆိုသောကြောင့်တစ်ကြောင်း စသောသတင်းကြောင့် အခြားရပ်ရွာမှဧည့်သည်များလည်း ဘုရားထီးတောင်တင်ပွဲသို့လာကြ၏။

ပွဲလာဧည့်ပရိတ်သတ်တို့ကား မနက်ကိုးနာရီထိုးမည့်အချိန်ကိုစိတ်ဝင်တစားစောင့်ကြည့်နေကြ၏။ တဖြည်းဖြည်းနှင့်မနက်ကိုးနာရီထိုးလုနီးပါးအချိန်သို့ရောက်လာခဲ့၏။ ထိုအချိန်ဘုရားမုခ်ဦးဘက်မှ လူငါးယောက်သည် ဖိနပ်များပင်မပါဘဲ မောဟိုက်စွာဖြင့်ထီးတင်ပွဲသို့အပြေးလာကြ၏။

” ခွင့်လွှတ်ပါဘုရား….နောက်မလုပ်တော့ဘူဘုရား….”

ဆိုသောစကားကို ငါးယောက်စလုံး၏နူတ်မှတတွတ်တွတ်ပြောဆိုနေကြပြီး တန်ဆောင်းထဲရှိဆရာတော်ဘုရားရှိရာသို့လာခဲ့ကြ၏။ မောင်ရေခဲကား ထိုလူငါးယောက်ကိုကြည့်ပြီး ပြုံးလိုက်၏။ မောင်ထင်ပေါ်က ဆရာ့အပြုံးကိုနားလည်ဟန်ဖြင့် ခေါင်းငြိမ့်၏။

” ဟေ…ဘယ်လိုဖြစ်လာတာလဲမောင်ကျော်….ဒီသူငယ်တွေကဘယ်သူတုန်းကွဲ့…”

” တ…တပည့်တော်…တပည့်တော်တို့ ဘုရားဌာပနာပစ္စည်းတွေပြန်လာထားတာပါဘုရား…”

” ဟေ…”

” ဟင်….”

“ဟာ…”

မောင်ကျော်၏စကားကြောင့် ဆရာတော်ဘုရားနှင့်တကွ ပွဲလာဧည့်ပရိတ်သတ်များပါ အံ့ဩသွားကြကုန်၏။ အကြောင်းမှာမောင်ကျော်သည် မိဘမဆွေမျိုးမရှိတော့သည့် တစ်ကောင်ကြွက်ဖြစ်ပြီး ရပ်ရွာထဲမှအိမ်တကာလှည့်ပြီးစားသောက်နေရသူဖြစ်သောကြောင့်တည်း။

” မောင်ကျော်…ဒကာလေး မင်းကတစ်ရွာလုံးရဲ့ကျေးဇူးကို ဒီလိုဆပ်တာလားကွဲ့…ဟမ်….”

” တပည့်တော်မှားမိပါတယ်ဘုရား…တပည့်တော် မကြံသင့်မကြံအပ်တဲ့အလုပ်ကိုပြုမိပါတယ်….ခွင့်လွတ်တော်မူပါဘုရား နောက်မလုပ်တော့ပါဘူးဘုရား….အီးဟီးဟီး….”

မောင်ကျော်ကပြောပြောဆိုဆို ငိုယိုနေ၏။ ချွေးဇောလည်းပံျနေ၏။ ဆရာတော်ဘုရားက

” ငါမေးတာဖြေဦးလေမောင်ကျော် ဟောဒီသူငယ်တွေကဘယ်သူတုန်း….”

” သူ…သူတို့က တဖက်ရွာကသူခိုးတွေပါဘုရား…”

” ဟာ….မိုက်လိုက်တာမောင်ကျော်ရာ….ကိုယ့်ရွာကပစ္စည်းကိုခိုးယူဖို့ ရွာပြင်ကသူခိုးကိုပါခေါ်လာရတယ်လို့…ကဲကဲရှိပါစေတော့…ဒါဆို ဘာလို့ဌာပနာပစ္စည်းတွေခိုးပြီးပြန်လာပေးရတာလဲ….”

” မပေးလို့မရဘူးဘုရား…ရွာစောင့်နတ်တွေဘီလူးတွေ အမျိုးအမည်မသိတဲ့နတ်တွေက တပည့်တော်တို့ကို အမျိုးမျိုးခြောက်လှန့်တယ်….ငရဲမီးတမျှပူလောင်တဲ့မီးနဲ့လည်းမြိုက်ပါတယ်ဘုရား…ဒါကြောင့်မို့ တပည့်တော်တို့မနေနိုင်ကြလို့ ခိုးယူမိတဲ့ဌာပနာပစ္စည်းတွေကို ပြန်လာပို့တာပါဘုရား…”

” အဲဒါဘုရားကိုလှူဖိုရည်စူးထားတဲ့ပစ္စည်းတွေကို ခိုးယူပြစ်မှားလို့ပြစ်ဒဏ်သင့်တာမောင်ကျော်ရဲ့….ဘုရား ပစ္စည်းမှန်းသိရက်နဲ့ဘာအတွက်ခိုးယူကြတာလဲ…”

” တပည့်တော်တို့ လောင်းကစားလုပ်ဖို့နှင့် စားသောက်သုံးဖြုန်းဖို့ ယူမိတာဘုရား….”

” အိမ်း…တကယ့်သူခိုးတွေမှသွားပေါင်းပြီး ဘုရားပစ္စည်းကိုမှခိုးယူရတယ်လို့…နောင်ဘဝမှာ အပါယ်လားရမှာကိုမတွေးမိကြဘူးလား….”

” တွေးမိပါတယ်ဘုရား…ဒါပေမဲ့ ဒီဘဝကောင်းစားရင်ရပြီ နောင်ဘဝနောင်ခန္ဓာနဲ့ခံမယ်လို့ တွေးထားမိကြပါတယ်ဘုရား…ခွင့်လွတ်တော်မူပါ…ရွာသူရွာသားအားလုံးကိုလည်းတောင်းပန်ပါတယ်….ခွင့်လွတ်ကြပါဗျာ…”

သူခိုးငါးယောက်စလုံးက ဆရာတော်ဘုရားနှင့်ရွာသူရွာသားတို့ဘက်လှည့်ပြီး ငိုယိုကာရှိခိုးတောင်းပန်နေကြ၏။

” ကျွေးကျေးဇူးကိုမှမထောက် ကျေးဇူးကိုကျေးဇွပ်တဲ့ကောင် သတ်လိုက်ကြ….”

” ဟုတ်တယ်…ဒီတစ်ခါခွင့်လွတ်လိုက်ရင် ဒီကောင်တွေက နောက်လည်းခိုးနေကြဦးမှာဘဲအပြတ်ရှင်းလိုက်တာနားအေးတယ်…”

ရွာသူရွာသားတို့ကား သူခိုးငါးယောက်ကိုကြည့်ပြီးသတ်ရန်တကဲကဲလုပ်နေကြ၏။ သူခိုးငါးယောက်၏မျက်နှာမှာဇီးရွက်မှ ဇီးစေ့သာသာ ကျန်ပြီး အသက်ကိုဖက်ရွက်နဲ့ထုပ်ထားကြရ၏။ ဆရာတော်ဘုရားလည်း မဖြစ်သင့်တာ မဖြစ်ရလေအောင် မောင်ရေခဲဘက်လှည့်ပြီး

” ကဲ…ဒကာလေးတို့ဘဲကြည့်ပြီး ဖျောင်းဖျပေးပါဦး…”

” တင်ပါ့ဘုရား…”

မောင်ရေခဲက ပွဲလာဧည့်ပရိတ်သတ်ရှေ့သို့လှည့်ပြီး

” ကဲကဲ… အားလုံးစိတ်လျှော့လိုက်ကြပါ… ကနေ့ဟာကုသိုလ်ယူနေတာဖြစ်တဲ့အတွက်ကြောင့် အကုသိုလ်စိတ်မဖြစ်ပါစေနဲ့….ဒီကကောင်လေးတွေလည်း နောက်နောင်သူတို့မခိုးဝံ့တော့ဘူး….ဘာလို့လဲဆိုတော့ ဒီတစ်ခါသူတို့တွေ့မြင်လိုက်ရတဲ့အရာတွေက အရမ်းကြောက်စရာကောင်းနေလို့ဘဲ….သူတို့စိတ်ထဲမှာခိုးယူဖို့ကြံစည်တိုင်း ဒီမြင်ကွင်းဟာ သူတို့ရဲ့အာရုံထဲမှာကွက်ကွက်ကွင်းကွင်းပြန်ပေါ်လာမှာပါ…ဒါကြောင့်သူတို့ခိုးယူဖို့စိတ်တောင်ကူးရဲတော့မှာမဟုတ်ပါဘူး…”

” ဟင်း…ဆရာလေးကြောင့်သာပေါ့…မဟုတ်ရင်ဒင်းတို့တွေတမလွန်ကိုသွားနေရပြီ…”

” ဒီကောင်တွေ နောက်ထပ်ခိုးယူလို့ကတော့ ခိုးယူတဲ့ခြေလက်တွေကိုရိုက်ချိုးပစ်ရမယ်…”

မောင်ရေခဲ၏မေတ္တာရပ်ခံချက်ကြောင့် ခိုးသားငါးယောက်ကိုသတ်ရန်တကဲကဲလုပ်နေသော ရွာသူ ရွာသားများလက်လျှော့သွားကြကုန်၏။ ထိုအခါမှခိုးသားငါးယောက်မှာ အသက်ဖြောင့်ဖြောင့်ရှူရဲကြတော့သည်။

ပွဲတော်ကျင်းပပြီးသုံးရက်မြှောက်နေ့၌ ဘုရားထီးတော်တင်ခြင်းနှင့်ဌာပနာထည့်ခြင်းကို ဆရာတော်ဘုရားမှဦးဆောင်ပြီး စည်ကားစွာပြုလုပ်ကြ၏။ ထိုအခါမောင်ရေခဲမှ ပါလာသောစိန်နားကပ်တစ်ရံကိုထုတ်ယူပြီး အလှူရှင်ဒေါ်ခမ်းနွံအတွက်ရည်စူးကာ ဌာပနာထည့်သွင်းလှူဒါန်းလိုက်၏။ မောင်ထင်ပေါ်က နဂါးမင်းသမီးသီရိမာလာ ပေးခဲ့သော လက်စွပ်လေးကိုချွတ်ယူပြီး ဌာပနာထည့်ဝင်လှူဒါန်းလိုက်၏။
ဘုရားထီးတော်တင်ပွဲသည် ရပ်သူရွာသားတို့၏အလှူ၊တခြားရပ်ရွာမှ အားဖြည့်ကူညီကြသောအလှူနှင့်မောင်ရေခဲတို့ မတည်လှူဒါန်းသောအလှူတို့ကြောင့် ခုနှစ်ရက်ခုနှစ်လီ ခြိမ့်ခြိမ့်သည်းသည်း ကျင်းပခဲ့ကြ၏။ ယခုမူကားစေတီတော်သည် ရွှေရောင်တဖိတ်ဖိတ်ဖြင့် တောင်ကုန်းထိပ်၌ငွားငွားစွင့်စွင့် သပ္ပါယ်စွာတည်ရှိနေ၏။ ရွာသူရွာသားတို့သည်စေတီကိုဖူးမြှော်တိုင်းမိမိတို့၏အလှူကို ပြန်လည်အောက်မေ့မိပြီး စိတ်ဝယ်ပီတိဖြစ်ကာ အကြိမ်ကြိမ်သာဓုခေါ်မိတော့သည်။ ကိစ္စအားလုံးပြီးစီးသွားသော် မောင်ရေခဲတို့သည် ဆရာတော်ဘုရားနှင့်ရပ်သူရွာသားအပေါင်းကို နူတ်ဆက်ပြီးထိုရွာကလေးမှ ထွက်ခွာလာခဲ့ကြတော့သတည်း။……။

( အားပေးဖတ်ရှုသူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေသောဝ်…)

# ပြီး