” ဘွားမယ်စိန်နှင့်သွေးစုပ်တဲ့ဖုတ် “(စ/ဆုံး)
===============================
ဘွားမယ်စိန်၏နေအိမ်သို့မောင်တိုးတစ်ယောက်
အပြေးတပိုင်းရောက်လာခဲ့သည်။
ရောက်ရောက်ခြင်းစကားပင်မပြောနိုင်ဘဲ
အမောဖြေနေရှာသောမောင်တိုးကို…
“မိဝင်း…ညည်းတူအတွက်ရေတစ်ခွက်
ခပ်ပေးလိုက်စမ်း…မြန်မြန်လေး…”
ဟု…ဘွားမယ်စိန်ကလှမ်းပြောလေတော့
ဒေါ်ဝင်းလည်းမီးဖိုထဲမှ
ပြာပြာသလဲထွက်လာခဲ့ပြီးရေအိုးစင်မှ
ရေတစ်ခွက်ခပ်ယူကာ
မောင်တိုးကိုပေးလိုက်လေသည်။
“ရော့…ရော့သောက်လိုက်ဦး…
ဘာဖြစ်လာတာလဲဟဲ့…
ခွေးများလိုက်လို့လား”
ဟုဒေါ်ဝင်းကမေးတော့မောင်တိုးကရေသောက်နေရင်း
ခေါင်းကိုခါရမ်းလေသည်။
“ဟူးးးး….မောလိုက်တာဗျာ…”
မောင်တိုးတစ်ယောက်…
ရေသောက်ပြီးလို့အမောပြေသွားရှာသည်။
“ဘာဖြစ်လာတာလဲဆိုတာအရင်ပြောစမ်းပါဟယ်…”
ဟုဒေါ်ဝင်းကမောင်တိုးကပြောလေတော့…
“ပြောမှာပေါ့အရီးရာ…
ကျုပ်…ရွာသစ်ကနေဒီကိုအပြေးလာရတာဗျ…
ခဏလေးပါအရီးရာ”
“နင်က…ရွာသစ်ကနေဒီကိုအပြေးလာတယ်…
နေစမ်းပါဦး…နေစမ်းပါဦး…
နင်ကရွာသစ်ကိုဘာသွားလုပ်တာလဲ…
ရွာသစ်ကနေဒီီကိုတောင်ပြေးလာရတယ်ဆိုတော့
နင်ဘာအမှားတွေ လုပ်ခဲ့တာလည်းပြောစမ်းပါဟဲ့
မောင်တိုးရဲ့…”
ဟု…ဒေါ်ဝင်းကနှိုက်နှိုက်ချွတ်ချွတ်မေးလေသည်။
မောင်တိုးမှာ စိတ်ရှုပ်သွားဟန်ဖြင့်…
“အရီးကလည်းဗျာ…
ကျုပ်ပြောတာကိုစောင့်ပါဦး…
အထင်နဲ့ရမ်းပြောနေတော့တာပဲ”
ဟုပြန်ပြော၏။
သူတို့နှစ်ယောက်ပြောဆိုနေသည်များကိုကြည့်နေသော
ဘွားမယ်စိန်မှ…
“ကဲ…မောင်ရင်တို့နှစ်ယောက်ပြောလို့ပြီးကြပြီလား…
ပြောစမ်းဟဲ့…ဘာဖြစ်လာသလဲဆိုတာ…
လိုရင်းကိုမရောက်ကြဘူး…တကယ့်ဟာတွေ”
ဟု…ဝင်ပြီးမာန်လိုက်လေမှ မောင်တိုးလည်း…
“ကျုပ်မနက်ကတည်းက
ရွာသစ်ကိုရောက်နေတာဘွားရဲ့…
ကျုပ်သူငယ်ချင်းကထန်းရည်သောက်ဖို့
ခေါ်ထားလို့သွားတာဗျ…
သွားရင်းကနေ…အပြန်လူတစ်ယောက်ကိုတွေ့ခဲ့တယ်ဗျ”
“ဟေ…ဘယ်သူများလဲ…”
“ပြောမှာပေါ့အရီးရာ…
အဲ့လူက တောလမ်းနားမှာသေနေတာဗျ…
ကျုပ်တို့ကထန်းတောကအပြန်
ရွာပြင်လမ်းကနေဖြတ်လာကြတာဆိုတော့
အဲ့ဘက်ကလည်း တော်ယုံလူတွေ မသွားကြဘူးလေဗျာ…”
“လူသေဆိုတော့ အသတ်ခံရတာလားကွဲ့”
“အစကတော့ကျုပ်လည်းအဲ့သည်လိုပဲထင်မိတာဗျ…
လူကလည်းသေတာကြာပြီထင်တယ်…
တစ်ကိုယ်လုံးက ပြာနှမ်းနေတာပဲဗျ”
“ဟဲ့…သေတဲ့သူကဘယ်သူများလဲ…
ရွာသစ်ကပဲလား…”
“ဟုတ်တယ်အရီး…
ရွာသစ်ကပဲ ကိုထော့ကျိုးလို့ခေါ်တယ်တဲ့…
ညပိုင်းလောက်ကဖားရိုက်မယ်ဆိုပြီးထွက်သွားတာ
အခုလိုပြန်တွေ့တာပဲဗျ”
“ဒါဆိုရင်ဒီအလောင်းကမနေ့ညကတည်းက
သေနေတာပေါ့…”
“ဟုတ်တယ်ဘွား…
သူသေတာကလည်ထူးဆန်းတယ်ဗျ…
ဘာဒဏ်ရာဒဏ်ချက်မှလည်းမတွေ့ရဘူး…
နောက်ပြီးမြွေတို့ကင်းတို့များကိုက်သလားလို့
ရှာကြည့်ကြတော့လည်းဘာမှမတွေ့ဘူးဗျ…
ဒါပေမယ့်သူ့လည်ပင်းမှာကိုက်ရာအကြီးကြီးကိုတော့
တွေ့တယ်…ရွာကလူတွေကတော့
မြွေကလည်ပင်းကိုခဲတယ်လို့ပြောနေကြတာပဲဗျ…
ကျုပ်ကတော့အဲ့သည်လိုမထင်ဘူး…
အဲ့အရာကမြွေကိုက်တဲ့အရာမဟုတ်ဘဲ
လူရဲ့သွားရာလို့ထင်တယ်ဗျ…
အခုလည်းအလောင်းကိုရွာပြင်မှာတွေ့လို့
ရွာပြင်မှာပဲမီးရှို့မယ်လုပ်နေကြတာ…
အဲ့တာကြောင့်ကျုပ်ကဘွားကို
ပြောပြချင်တာနဲ့ချက်ချင်းပြေးလာခဲ့တာဗျ”
ဟုမောင်တိုးကပြောတော့ဘွားမယ််စိန်သည်
မျက်ခုံးနှစ်ဖက်ကိုတွန့်ချိုးပြီးစဥ်းစားတော့၏။
“မောင်ရင်ပြောတာက လူရဲ့သွားရာနော်…”
“ဟုတ်တယ်ဘွား…
ကျုပ်ကတော့လူသွားရာလို့ထင်တယ်ဗျ…
ဒါပေမယ့်ဘေးနှစ်ဖက်ကတော့အစွယ်တွေဖြစ်ပုံရမယ်ဗျ…
တော်တော်လေးအသားထဲကိုနက်ဝင်နေတာ…”
“အင်း…ဒါဆို သူတို့မီးမရှို့ခင်သွားကြည့်ကြရအောင်…
ဘွားတို့မှီလောက်ပါရဲ့ကွယ်…”
“ကျုပ်…အောင်မြင့်ကိုလှည်းယူလာခိုင်းထားတယ်ဗျ…
မှီလောက်ပါတယ်ဘွားရယ်…”
“အေး…အေး…အေး…”
မောင်တိုးသောင်ထွန်းရွာထဲပြန်ရောက်လာတော့
အောင်မြင့်နှင့်တွေ့၍နွားလှည်းကို
သွားယူခိုင်းထားခြင်းဖြစ်သည်။
အောင်မြင့်ရောက်လာတော့မောင်တိုးက
နွားလှည်းကိုမောင်း၍
ဘွားမယ်စိန်ကိုလှည်းဖြင့်ရွာသစ်သို့
အသောမောင်းနှင်ကာခေါ်လာခဲ့တော့သည်။
အလောင်းရှိရာသို့ရောက်တော့
လူတွေက အတော်လေး များနေသည်။
“ဟ…ဘွားမယ်စိန်ရောက်လာတာပါလား”
“ဟုတ်ပ…ဘွားမယ်စိန်ရောက်လာတာပဲတော့်”
နွားလှည်းပေါ်မှဆင်းလာသောဘွားမယ်စိန်ကိုမြင်တော့
ထိုသူတို့အံ့သြသွားကြသည်။
“ဘွား…အလောင်းကိုလာကြည့်တာလားဗျ”
ရွာသူကြီးဦးမျိုးသစ်ကလည်း
ဘွားမယ်စိန်အနီးရောက်လာပြီး မေးလေသည်။
“အေးကွယ်…မောင်တိုးကအလောင်းကပုံမှန်မဟုတ်ဘူးလို့
ပြောနေလို့လာကြည့်တာကွဲ့…
မောင်ရင်တို့…မီးများရှို့ပစ်လိုက်ကြပြီလား”
“ဘွားတို့အလာမြန်လို့ဗျ…
ကျုပ်တို့က မီးရှို့ဖို့ပြင်နေကြပြီ”
“အေးကွယ်…ဒါဆိုရင်ဖြင့်…
ခဏလေးပဲစောင့်ပေးကြပါ……
ဘွားသေချာလေး ကြည့်လိုက်ဦးမယ်”
“ရပါတယ်ဗျာ…ဘွားကြိုက်သလောက်ကြည့်ပါ…
ကျုပ်တို့စောင့်ပေးနိုင်ပါတယ်ဗျ…”
သူကြီးဦးမျိုးသစ်ကခွင့်ပြုတော့ဘွားမယ်စိန်လည်း
အလောင်းရှိရာဆီကိုသွားလေသည်။
အလောင်းကို သူကြီးတို့ကထင်းပုံအထက်၌
တင်ထားကြပြီဖြစ်သည်။
အသားများဖြူဖျော့နေသောအလောင်းကို
ဘွားမယ်စိန်သေချာကြည့်နေခဲ့သည်။
မျက်လုံးကြီးပြူး၍သေဆုံးနေသောအလောင်းမှာ
မြင်ရသူများအဖို့ကြောက်စရာပင်ကောင်းနေခဲ့သည်။
ဘွားမယ်စိန်သည်တုတ်ချောင်းအသေးလေးကိုကောက်ယူပြီး
အလောင်း၏လည်ပင်းကိုထောက်ကြည့်လိုက်သည်။
မောင်တိုးပြောသောလူကိုက်ရာနှင့်တူသော
လည်ပင်းမှကိုက်ရာကိုဘွားမယ်စိန်
ကိုက်ရာကလည်းထင်းနေပြီး ဒဏ်ရာ၌
သွေးများပင်ခြောက်ကပ်နေလေသည်။
ဘွားမယ်စိန်ကထိုကိုက်ရာကိုကြည့်နေရင်းမှ
တစ်ခုခုကိုစဥ်းစားနေခဲ့ပြန်သည်။
ပြီးလေတော့ချက်ချင်းအနောက်သို့ပြန်ဆုတ်၍…
“အလောင်းကိုသဂြိုလ်လို့ရပြီကွဲ့”
ဟုပြောလိုက်မှ ရွာသူကြီးဦးမျိုးသစ်က
ရွာသားတွေကိုမီးရှို့ခိုင်းတော့သည်။
ရွာသူကြီးဦးမျိုးသစ်ကဘွားမယ်စိန်အနားသို့ကပ်၍…
“ဘွားကိုယ်တိုင်လာတာဆိုတော့
တစ်ခုခုများဖြစ်လို့လားဗျ…”
ဟုနှစ်ကိုယ်ကြားရုံမျှအသံဖြင့်မေးလိုက်သည်။
ဘွားမယ်စိန်ကခေါင်းညိတ်၍…
“မနက်ဖြန်မှ…ဘွားအိမ်ကိုလာခဲ့လိုက်ကွဲ့…
အဲ့သည်တော့မှသေချာ ပြောကြတာပေါ့”
“ဟုတ်ကဲ့… ကျုပ်လာခဲ့ပါ့မယ်”
ဘွားမယ်စိန်ကထိုမျှသာပြောပြီး
ရွာသို့ပြန်လာခဲ့တော့သည်။
နောက်တစ်နေ့နံနက်၌
ဘွားမယ်စိန်၏နေအိမ်တွင် ရွာသူကြီးဦးနောင်ချို၊
ရွာသစ်ရွာသူကြီးဦးမျိုးသစ်၊
အင်တိုင်းရွာသူကြီးဦးဖိုးမှန်တို့ရောက်နေခဲ့ကြသည်။
မောင်တိုးနဲ့မောင်အုန်းတို့ကတော့
သူကြီးတို့တွေထက်အရင်ရောက်နေကြပေသည်။
“ဘွား…ကျုပ်တို့ကိုခေါ်တာတစ်ခုခုများဖြစ်လို့လား”
“ဟုတ်တယ်…ကျုပ်လည်းဘွားက
ခေါ်တယ်ဆိုကတည်းကရင်ထိတ်နေတာဗျ”
“ကျုပ်လည်းအတူတူပါပဲဗျာ…
မနေ့ကအလောင်းကိုဘွားလာကြည့်ကတည်းက
တစ်ခုခုတော့ဖြစ်နေပြီလို့ထင်နေတာ”
ဟုသူကြီးတွေကပြောတော့
ဘွားမယ်စိန်ကခေါင်းကိုညိတ်၍…
“အခုရက်ပိုင်းမောင်ရင်တို့ရွာတွေမှာ
ဘာတွေများထူးထူးခြားခြားဖြစ်သေးလဲကွဲ့…”
ဟုမေးတော့သူကြီးဦးဖိုးမှန်က…
“တခြားတော့မဟုတ်ဘူးဗျ…
ကြက်မွေးထားတဲ့အိမ်တွေမှာ ကြက်တွေ
သေနေတာများနေတယ်ဘွားရဲ့…
ကြက်တွေရောဂါတစ်ခုခုများဖြစ်နေသလား
မသိပါဘူးဗျာ…
ကြက်ကနေတချို့အိမ်တွေဆို
ဆိတ်တွေပါကူးနေပြီဗျ…”
“အဲ့တာတော့ဟုတ်တယ်ဗျ…
ကျုပ်တို့ရွာသစ်မှာလည်း
ခွေးတွေကြက်တွေအသေတွေများနေတယ်…
ဘာတွေဖြစ်နေတယ်မသိပါဘူးဗျာ…”
“အယ်…ဟုတ်လား…ကျုပ်တို့သောင်ထွန်းရွာတော့
ဘာမှမဖြစ်သေးဘူးဗျ”
သူကြီးတွေကသူတို့ရွာတွေမှာ
ဖြစ်ပျက်နေသည်များကို
ဘွားမယ်စိန်အားပြောပြကြသည်။
“မောင်ရင်တို့ရွာတွေမှာဖြစ်ပျက်နေတာတွေက
ရောဂါကြောင့်မဟုတ်ဘူးကွဲ့”
“ဗျာ…”
“ဒါဆိုဘာကြောင့်များလဲဘွား”
သူကြီးတို့အံ့သြကုန်ကြသည်။
“ဘွားပြောပြမယ်…
အခုရက်ပိုင်းအတွင်းဘွားစိတ်တွေလည်းလေးလံနေတယ်…
မကြိုတဲ့ဧည့်သည်တစ်ယောက်တော့
ရောက်နေပြီ ထင်တယ်ကွဲ့…”
“မကြိုတဲ့ဧည့်သည်…”
သူကြီးတို့သုံးယောက်၏
နှုတ်မှပြိုင်တူထွက်လာခဲ့သည်။
ဘွားမယ်စိန်ကခေါင်းတစ်ချက်ညိတ်၍…
“ကြက်တွေ…ဆိတ်တွေနဲ့ ခွေးတွေအပြင်
အခုလူကိုပါဘေးပြုလာပြီကွဲ့…
ဒီအတိုင်းသာဆိုရင် …
လူတွေအသေအကျေများတော့မှာပဲကွယ်…”
ဟု…ဘွားမယ်စိန်ကပြောလေသည်။
“အဲ့တာကဘယ်သူလုပ်နေတာလဲဘွား…
ဘယ်သူကများအခုလိုတွေလုပ်နေရတာလဲဗျ”
ဟု…ထန်းလက်ခုံ၌ထိုင်ကာနားထောင်နေသော
မောင်တိုးကမေးလိုက်သည်။
“ပြောရရင်တော့ သွေးစုပ်ကောင်ပေါ့ကွယ်…”
“ဗျာ…သွေးစုပ်ကောင်…
ဘယ်လိုကြီးလဲဗျ”
သူကြီးတို့နဲ့မောင်တိုးတို့မှာဘွားမယ်စိန်ပြောတာကို
နားမလည်ကြပေ။
“ဒါကဒီလိုကွဲ့…
လူသေပြီးဖုတ်ဝင်တယ်ဆိုတာမောင်ရင်တို့ကြားဖူး…
မြင်ဖူးကြတယ်မဟုတ်လား”
“ဟုတ်ကဲ့”
“အေးကွယ်…အခုကလည်းအဲ့သည်လိုပါပဲ…
သွေးစုပ်ကောင်အဖြစ်ရောက်တဲ့လူက
တစ်စုံတစ်ခုကြောင့်အစိမ်းသေသေခဲ့ရတဲ့သူပဲ…
သူသေနေတဲ့အချိန်မှာ နက္ခတစ်ခုခုနဲ့ကြုံပြီး
သေရာကနေပြန်ရှင်လာပုံရတယ်…
ဒါပေမယ့် သူကလူစိတ်မရှိတော့ဘဲ
ဖုတ်ကောင်ဘဝကိုရောက်သွားခဲ့ပြီ…
ဒါကလည်း…ကြုံတောင့်ကြုံခဲကိစ္စတစ်ခုပဲကွဲ့…”
“ဒီလိုဆို ဒီဖုတ်ကောင်က
ကျုပ်တို့ကိုဘယ်လိုရန်ပြုလာနိုင်လဲဗျ”
သူကြီးဦးမျိုးသစ်မှမေးလိုက်သည်။
“ဖုတ်ကောင်ဆိုတော့ သေမင်းကိုအံတုထားတဲ့
အကောင်ပဲမောင်မျိုးသစ်ရဲ့…
အစပိုင်းမှာတော့ တိရိစ္ဆာန် တွေရဲ့သွေးကိုသောက်တယ်…
နောက်ပိုင်းတဖြေးဖြေးနဲ့လူတွေရဲ့သွေးကိုပါသောက်ပြီး
လူ့ရပ်ရွာမှာပုန်းခိုလာနိုင်တယ်ကွဲ့…”
“ဘုရား…ဘုရား…ဘုရား…
ကျုပ်တို့တော့ဒုက္ခရောက်ပြီထင်ပါရဲ့”
“သူ့စိတ်ထဲမှာသွေးသောက်ဖို့တစ်ခုပဲပြင်းပြနေမှာ…
တိရိစ္ဆာန်သွေးတွေသောက်နေရင်းကနေ
လူရဲ့သွေးကိုသောက်ထားပြီဆိုတော့ ဒင်းလူသွေးကို
ခံတွင်းတွေ့နေလောက်ပြီကွဲ့ …”
ဘွားမယ်စိန်ပြောတော့ သူကြီးတွေမှာ
မျက်စိမျက်နှာပျက်ကုန်ကြသည်။
မျက်နှာငယ်လေးများဖြင့်တစ်ယောက်ကို
တစ်ယောက်ကြည့်ရင်း…
“ဒါဆိုကျုပ်တို့ဘာဆက်လုပ်ရမလဲဆိုတာ
အကြံပေးပါဦးဗျာ…”
ဟု…ဘွားမယ်စိန်ကိုအကူအညီတောင်းခံကြသည်။
ဘွားမယ်စိန်ကသူ၏ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို
ဖွာရှိုက်ရင်းစဥ်းစားနေပြန်သည်။
ခဏကြာလေတော့မှ…
“ဟိုးရှေးရှေးတုန်းကတော့ဒီလိုကိစ္စမျိုးကြုံဖူးကြပါတယ်…
ဘုရင်တွေခေတ်တွေမှာလည်းအခုလို
သွေးစုပ်ဖုတ်ကောင်ဆိုတာရှိဖူးတယ်ကွဲ့…
ဘွားလည်းမနေ့ညကတည်းကဘွားရဲ့ဆရာကို
လှမ်းပြီးအကူအညီတောင်းထားပါသေးတယ်”
ဟု…ဘွားမယ်စိန်ကပြောလေတော့
သူကြီးဦးဖိုးမှန်မှ…
“ဘွားရဲ့ဆရာကဒီကိုလာသွားတာလားဗျ…”
ဟုမေးလေတော့
ဘွားမယ်စိန်ကပြုံးလေသည်။
သူကြီးဦးဖိုးမှန်အမေးကိုမဖြေသေးဘဲ ဆေးလိပ်ကို
ထပ်မံဖွာရှိုက်လိုက်သည်။
ပြီးလေမှ…
“ဘွားရဲ့ဆရာကဘွားဆီကိုလူကိုယ်တိုင်မလာပါဘူးကွယ်…
ဘွားတို့ရဲ့ စိတ်ဝိညာဥ်ချင်းတွေ့ကြတာပါ…
ကဲပါ…အဲ့တာတွေ အသာထား…
ဟိုအကောင့်မှာအားနည်းချက်နဲ့
အားသာချက်ဆိုတာရှိတယ်ကွဲ့…”
“ဘယ်လိုများလဲဘွားရဲ့…”
“အဲ့တာက ဒီသွေးစုပ်ကောင်က
လူသွေးလည်းသောက်ပြီးပြီဆိုတော့
အတော်လေးအင်အားကြီးနေပြီ…
ဒင်းကိုဖမ်းနိုင်ဖို့ဆိုတာမလွယ်ဘူးကွယ့်”
“ဗျာ…”
သူကြီးတွေခမျာအတော်လေးစိတ်ညစ်သွားကြသည်။
“နေပါဦး…ဘွားပြောပါဦးမယ်
မောင်ရင်တို့က…
တယ်လည်းစိတ်ပျော့လိုက်ကြတာကွယ်…
အဲ့သည်လိုအင်အားကြီးနေတဲ့ကောင်မှာ
အားနည်းချက်တစ်ခုရှိတယ်…
အားနည်းချက်ကဘာလဲဆိုတော့
အလင်းပဲကွဲ့…”
“အလင်း…ဘာအလင်းလဲဗျ”
“အလင်းဆိုတာနေရောင်အလင်းကိုပြောတာကွဲ့…
အဲ့သည်အကောင်က နေ့ဘက်မှာအပြင်ကိုမထွက်နိုင်ဘူး…
နေရောင်မရှိတဲ့အချိန်…လူခြေတိတ်တဲ့အချိန်ရောက်မှ
သူပုန်းခိုတဲ့နေရာကနေထွက်လာတတ်တာ…”
ဟုဘွားမယ်စိန်ကပြောတော့မောင်တိုးက
တွေးတွေးစစဖြင့်…
“ဒါဆိုဒီကောင်ကအလင်းကြောက်တာဆိုတော့
အခုလိုနေ့ခင်းဘက်တွေဆို…
ဘယ်မှာများသွားပုန်းနေမလဲမသိဘူးနော်”
ဟုပြောလိုက်သည်။
ဘွားမယ်စိန်ကခေါင်းလေးတညိတ်ညိတ်ဖြင့်…
“အမှန်ပဲကွဲ့…
ဘွားတို့အခုလုပ်ရမှာကနေ့ဘက်မှာ
ဒီအကောင်ပုန်းခိုနေနိုင်တဲ့
နေရာကိုပဲရှာရပေါ့…
ဘွားစိတ်ထင်တော့…ဒီအကောင်
အင်တိုင်းရွာနဲ့ရွာသစ်ရွာနားမှာ ရှိနေမှာပဲ…
ဘွားတို့ရွာကိုလည်းဒီညဒါမှမဟုတ်နောက်တစ်နေ့ညမှာ
ဒီအကောင်ဝင်လာတော့မှာ…
မောင်ရင်တို့ရွာတွေမှာသူ့စိတ်ကြိုက်မွှေနောက်ပြီးပြီဆိုတော့
ဒီတစ်ခေါက်အလှည့်ကျတာက ဘွားတို့ရွာပဲကွဲ့…”
“ဒီကောင်ကဘယ်လိုနေရာမျိုးတွေမှာ
ပုန်းခိုနေနိုင်လည်းဗျ…
ကျုပ်တို့ဘက်ကတော့ရွာကိုဒုက္ခရောက်မယ့်
အရေးကနေကာကွယ်ဖိုဆိုရင်မြေကိုလှန်ရှာရရှာရဗျာ…”
“ကိုဖိုးမှန်ပြောတာ မှန်တယ်ဗျ”
သူကြီးဦးဖိုးမှန်စကားကိုကျန်သူကြီးတွေက
ထောက်ခံကြသည်။
“အင်း…မောင်ရင်တို့အနေနဲ့သားကောင်လုပ်ချင်လား…
မုဆိုးလုပ်ချင်သလားဆိုတာရွေးမှရတော့မယ်…”
“သားကောင်တွေ..မုဆိုးတွေကဘာကိုပြောတာလဲဗျ…”
“ဟ…မျိုးသစ်ရဲ့….
မင်းကလည်းဝေးပါ့ကွာ…
ဘွားပြောတာက ဒီကောင့်ကိုငါတို့ဖမ်းမလား…
ဒါမှမဟုတ် ငါတို့က…
ဒီကောင်ဖမ်းတာကိုခံမလားလို့ပြောတာပါကွ…
ဟုတ်တယ်နော်ဘွား…”
ဟု…သူကြီးဦးနောင်ချိုက သူကြီးဦးမျိုးသစ်ကို
ပြောလိုက်သည်။
ဘွားမယ်စိန်ကလည်းခေါင်းကိုညိတ်၍…
“မောင်နောင်ချိုပြောတာမှန်တယ်ကွဲ့…
ဒီကောင်ကသွေးဆာရင်တော့ထွက်လာမှာပဲကွဲ့…
ဘွားတို့ကသူ့ကိုရှာနေရင်အချိန်ကုန်
လူပင်ပန်းဖြစ်မှာဆိုတော့…
ဒီကောင်ထွက်လာအောင်လို့ မြှားခေါ်ရမှာပဲ”
“ဘယ်လိုမြှားခေါ်မှာလဲဘွားရဲ့”
“ဒါကတော့ကွယ်…အစီအစဥ်ချရမှာပေါ့
မဟုတ်ဖူးလား”
ဘွားမယ်စိန်ပြောတော့ ရွာသူကြီးတွေ
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြသည်။
သူတို့မျက်နှာတွေကစောစောက ကဲ့သို့
စိုးရိမ်မှုများမရှိတော့ဘဲ
ယုံကြည်ချက်အပြည့်ဖြင့်ရှိနေပြီဖြစ်သည်။
ဘွားမယ်စိန်ကိုယ်တိုင်အစီအစဥ်ကိုပြောပြ၍
ပို၍ယုံကြည်ချက်ရှိလာဟန်ရပေသည်။
အချိန်က ညနေစောင်းပြီဖြစ်သည်။
ထိုအချိန်… သောင်ထွန်းရွာ၏ရွာပြင်တစ်နေရာ၌
ရွာသားတချို့သည် ကြက်ဖကြီးများကိုကိုင်၍
အလုပ်များနေခဲ့ကြသည်။
ထိုသူတို့သည်ကြက်တိုက်ဖို့ပြင်ဆင်နေကြခြင်းမဟုတ်ဘဲ
သူတို့ယူလာသောကြက်ဖကြီးများ၏လည်ချောင်းကို
ဓားဖြင့်ခွဲ၍ကျလာသောသွေးများကို
ကြွေဇလုံတစ်ခုအတွင်းသို့ခံကာထည့်ထားကြသည်။
ကြက်ဖကြီးငါးကောင်ရဲ့ လည်ချောင်းကိုဖောက်၍
လည်ချောင်းမှတစ်စက်စက်ကျဆင်းလာသော
သွေးများကိုဖောက်ယူနေကြခြင်းဖြစ်သည်။
ထိုရွာသားတွေထဲ၌ မောင်တိုးနဲ့မောင်အုန်းလည်း
အတူတူပါရှိနေခဲ့ပေသည်။
“ကိုကြီးအုန်း…
ဘွားရောက်လာပြီဗျ…”
ရွာသားတစ်ဦးကသတိပေးလိုက်၍ ကြည့်လိုက်တော့
ဘွားမယ်စိန်သည်သူ၏တောင်ဝှေးကြီးကိုထောက်၍
ဖြေးညှင်းစွာလျှောက်လှမ်းလာနေသည်ကိုမြင်လိုက်ကြရသည်။
“ဘယ့်နဲ့လဲကွဲ့…အဆင်ပြေကြရဲ့လား”
ဟု…အနီးသို့ရောက်ရောက်ခြင်းပင်
ဘွားမယ်စိန်ကမေးလိုက်သည်။
“သွေးတွေကတော့အဆင်သင့်ပဲဗျ…
ဒါပြီးရင်…ကျုပ်တို့ဘာဆက်လုပ်ရဦးမလဲဘွား…”
ဟု…မောင်တိုးကမေးလေတော့ဘွားမယ်စိန်က
ကောင်းကင်ကိုမော့ကြည့်၍…
“အင်း…မိုးတောင်ချုပ်တော့မှာဆိုတော့…
ဒီနေရာမှာလူအများကြီးရှိနေလို့မကောင်းဘူးကွဲ့…
မောင်ရင်တို့နှစ်ယောက်ကျန်နေခဲ့ပြီး
ကျန်တဲ့လူတွေကိုတော့ ရွာထဲကိုပြန်ဝင်ခိုင်းလိုက်ပါ…”
ဟုပြောသောအခါ…
“ဟုတ်ကဲ့ဘွား…ကျုပ်ပြန်ခိုင်းလိုက်ပါ့မယ်”
“အေး…အေး…အေး…
ရွာထဲမှာလည်းမောင်ရင့်သူကြီးတို့လူစုရှိတယ်…
သူတို့နဲ့ပဲသွားပေါင်းခိုင်းထားလိုက်…
အရေးရယ်အကြောင်းရယ်ဆိုအသင့်ရှိနေကြတော့
ကောင်းတာပေါ့ကွယ်…”
“ဟုတ်ကဲ့ဘွား…ဗျို့ ညီအစ်ကိုတို့
ဘွားကရွာထဲကိုပြန်ကြတော့တဲ့…
ရွာထဲရောက်ရင်ကျူပ်တို့သူကြီးတို့အုပ်စုနဲ့
သွားပေါင်းပြီးနေကြတဲ့ဗျ…
တစ်ခုခုဆိုအသင့်ရှိပါစေနော်ညီအစ်ကိုတို့…”
“အေးပါကွာ…
ငါတို့ကအသင့်ပါပဲကွ…မင်းတို့ဘာမှစိတ်မပူကြနဲ့…
ငါတို့ကသာမင်းတို့ကိုစိတ်ပူနေတာကွ…”
“ဟုတ်တယ်ကွ…ငါတို့ကရွာထဲမှာနေရမှာ…
အဲ့သည်မှာကလူလည်းအများကြီးပဲရှိတယ်လေ…
မင်းတို့ကသာဒီနေရာမှာနေခဲ့ရမှာဆိုတော့
စိတ်ကတော့မချဘူးကွ…”
ဟု…ရွာသားတွေကဝိုင်းပြောကြတော့
မောင်တိုးကခေါင်းကိုရမ်းပြီး…
“ကျူပ်တို့ကိုမပူပါနဲ့ဗျာ…
ကျုပ်တို့ကဒီထက်အန္တရာယ်များတဲ့ကိစ္စတွေမှာတောင်
ဘွားနဲ့အတူတူရှိနေကြတာပါ…
ညီအစ်ကိုတို့သာရွာထဲကိုဂရုစိုက်ကြပါ…
ကျုပ်တို့ခေါ်ရင်လည်းအပြေးလာကြပေါ့ဗျာ…”
“အေးပါကွာ…အေးပါ…
ဒါဆိုရင်လည်းငါတို့သွားတော့မယ်နော်…”
ရွာသားတွေလည်းရွာထဲသို့ပြန်ဝင်သွားကြတော့သည်။
“ဘွား…ကျုပ်တို့ဘာဆက်လုပ်ကြမလဲ”
“မောင်ရင်တို့မှာ…
မီးတုတ်တွေပါကြတယ်မလား…”
“ဟုတ်ပါတယ်ဘွား”
“ဒါဆို မီးတုတ်တွေကိုထွန်းထားကြတော့…
ဘွားကဒီအကောင်…မလာ…လာအောင်ခေါ်ရမှာကွဲ့…
မောင်ရင်တို့ကတော့အခြေအနေကြည့်ပြီးသာလှုပ်ရှားကြပေါ့”
“ဟုတ်ကဲ့ဘွား”
ဘွားမယ်စိန်ကထိုမျှသာပြောပြီး
ကြက်သွေးများခံထားသောကြွေစလုံကိုယူလိုက်သည်။
ပြီးနောက်မြေပေါ်၌ တင်ပုလ္လင်ခွေကာထိုင်လိုက်၏။
သူ၏တောင်ဝှေးကြီးကိုတော့သူ၏အရှေ့မြေပေါ်၌
ချထားလေသည်။
ပြီးနောက်ကြက်သွေးများကိုညာလက်ဖြင့်
ဆုပ်ယူလိုက်…
စလုံထဲသို့ပြန်ချလိုက်လုပ်နေခဲ့သည်။
ဘွားမယ်စိန်သည်မျက်ခုံးကိုကျုံ့ထားပြီး
ထိုသွေးခွက်ကိုသာ အာရုံစိုက်ထား၏။
နှုတ်မှလည်း ဂါထာများကိုစတင်ရွတ်လာခဲ့သည်။
ဘွားမယ်စိန်၏နှုတ်မှဂါထာရွတ်သံများသည်
တစတစကျယ်လောင် လာခဲ့သည်။
မောင်တိုးနဲ့မောင်အုန်းတို့ကလည်းဘွားမယ်စိန်၏
အနောက်၌မီးတုတ်ကိုယ်စီကိုယ်၍
ရပ်ကြည့်နေခဲ့ကြရှာသည်။
ဘွားမယ်စိန်သည် ဂါထာရွတ်နေရင်းမှကြက်သွေးစလုံကို
မြေပေါ်သို့ချလိုက်တော့သည်။
ထိုစဉ်ကြက်သွေးစလုံအတွင်းမှ
တဗွက်ဗွက်ဆူပွက်သံများထွက်ပေါ်လာခဲ့သည်။
ထူးဆန်းစွာပင်…စလုံအတွင်းရှိ
ကြက်သွေးများကလည်းတစ တစပို၍များလာပြီး
ဇလုံအပြင်သို့ပင်…လျှံကျလာခဲ့၏။
ထိုအခါဘွားမယ်စိန်သည်နှုတ်မှဂါထာများကိုအဆင်မပြတ်
ရွတ်ဆိုနေရင်းမှကြက်သွေးများကိုလက်အတွင်း၌
ဆုပ်ကိုင်ပြီးဘေးဘယ်ညာကိုကြက်သွေးများ
ပတ်ဖြန်းပစ်တော့သည်။
ငြိမ်သက်နေသောနေရာ၌ ရုတ်တရက်ဆိုသလို
လေများကလည်းတိုက်ခိုက်လာခဲ့၏။
လေများတိုက်လွန်း၍ဖုန်များကလည်း
ပတ်ဝန်းကျင်တစ်ခုလုံးကိုပျံ့လွှင့်လာလေရာ
မောင်တိုးတို့မှာမျက်လုံးအတွင်းသို့မဝင်စေရန်
လက်ဖြင့်ကာထားကြရသည်။
မီးတုတ်များမှာလည်းလေကြမ်းမှုကြောင့်
ငြိမ်းကုန်ပြီဖြစ်၏။
ထိုသို့လေများကြမ်းနေရာမှရုတ်တရက်
ငြိမ်ကျသွားခဲ့ပြန်သည်။
လေငြိမ်သွားတော့မှ ပတ်ဝန်းကျင်သည်
ယခင်အတိုင်းပြောင်းလဲသွားခဲ့သည်။
ထိုအခါမောင်တိုးက မီးခတ်ဖြင့်ခတ်၍
မီးတုတ်ကိုပြန်လည်ထွန်းလိုက်သည်။
မီးတုတ်အလင်းဖြင့် ပတ်ဝန်းကျင်ကို
သေချာရှာဖွေကြည့်ကြတော့…
“ဟင်…ဟိုမှာ…ဟိုမှာဘာကောင်ကြီးလဲ”
ဟု…မောင်တိုးကအလန့်တကြားထအော်လေသည်။
မောင်တိုးလက်ညိုးညွှန်ပြသော မျက်စိတည့်တည့်ရှိ
ကုက္ကိုလ်ပင်ကြီးကိုကြည့်တော့…
“ဟာ…”
ဟုမောင်အုန်းကပင်အလန့်တကြားထအော်လေသည်။
သူတို့အံ့သြလည်းအံ့သြစရာပင်…
ကုက္ကိုလ်ပင်၏အကိုင်းတစ်ခုအထက်၌ လူတစ်ယောက်သည်
ဇောက်ထိုး သဏ္ဌာန်ဖြင့် ဘွားမယ်စိန်တို့ကို
လှမ်းကြည့်နေခဲ့သည်။
ထိုသူ၏မျက်လုံးနှစ်လုံးမှာအမှောင်ထဲ၌ပင်နီကာရဲလို့နေ၏။
“ဟာ…ဟာ…ခုန်ကူးသွားပြီ”
သစ်ကိုင်းတစ်ခုမှအခြားသစ်ကိုင်းတစ်ခုဆီသို့
ပေါ့ပါးစွာခုန်ကူးသွားသောကြောင့်မောင်တိုးတို့မှာ
အံ့သြနေကြသည်။
ထိုသူခုန်ကူးသွားသည်မှာငှက်ကလေးတစ်ကောင်နှယ်
ပေါ့ပါးလို့နေခဲ့၏။
ဘွားမယ်စိန်လည်းနေရာမှထ၍
သူ၏တောင်ဝှေးကြီးကိုမြေပေါ်သို့ထောက်လိုက်သည်။
“သတိထားကြကွဲ့…
ဒီကောင်ကမောင်ရင်တို့သွေးကို
သောက်ရဖို့ချောင်းနေတာ…”
“ဟုတ်ကဲ့ဘွား”
မောင်တိုးတို့လည်းမီးတုတ်များကိုလက်တစ်ဖက်မှ
ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားကြသည်။
မြေပေါ်၌အသင့်ချထားသောဓားရှည်နှစ်လက်ကို
တစ်ယောက်တစ်လက်ဆီကောက်ကိုင်၍
အသင့်အနေအထားနေကြလေသည်။
သူတို့ကြည့်နေစဉ်မှာပင် ထိုသူသည် သစ်ပင်ထက်မှ
မြေပေါ်သို့ခုန်ဆင်းလာခဲ့၏။
ထိုသူခုန်ဆင်းလာသည်မှာသစ်ပင်အထက်မှ
အရွက်လေးတစ်ရွက်ကြွေကျလာသည်ပမာ
ပေါ့ပါးလွန်းနေခဲ့သည်။
ထိုသူ၏မျက်နှာအထက်၌နီရဲနေသောမျက်လုံးနှစ်လုံးအပြင်
ပါးစပ်အပြင်သို့ထိုးထွက်နေသောအစွယ်နှစ်ချောင်းကိုပါ
ဘွားမယ်စိန်တို့မြင်လိုက်ကြသည်။
“ရော့…နင်ဒီသွေးတွေသောက်ချင်နေတာမလား…
သောက်စမ်း…”
ဘွားမယ်စိန်က သွေးစလုံကို ထိုသွေးစုပ်ဖုတ်ကောင်ဆီသို့
လှမ်းကာပစ်ပေးလိုက်သည်။
သွေးစုပ်ဖုတ်ကောင်၏အရှေ့မြေပြင်ပေါ်သို့
သွေးစလုံမှာမှောက်ကျကုန်လေတော့ သွေးစုပ်ဖုတ်ကောင်သည်
ဘွားမယ်စိန်ကိုဒေါသထွက်သွားခဲ့၏။
ထိုစဉ်ဖျောက်ခနဲဆိုသလိုနေရာမှပျောက်သွားပြီး…
“ဟင်….အမယ်လေး”
“ဝီး…ဝီး…”
မောင်တိုးတို့အနောက်၌ပြန်၍ပေါ်လာလေတော့
မောင်တိုးမှာအလန့်တကြားဖြင့်ဓားဖြင့်ခုတ်လေရာ
သွေးစုပ်ကောင်သည်ပြန်လည်ပျောက်ကွယ်သွားသောကြောင့်
လေကိုသာခုတ်မိခဲ့၏။
ကိုယ်ရောင်ဖျောက်နိုင်သောသွေးစုပ်ကောင်ကြောင့်
မောင်တိုးတို့မှာအလန့်တကြားဖြစ်ကုန်ကြရှာသည်။
ဘွားမယ်စိန်ကတော့မျက်လုံးကိုမှိတ်ထားပြီး
မလှုပ်မရပ်ကြီးရှိနေခဲ့သည်။
“ကိုကြီးအုန်း…တစ်ခုခုလုပ်ဦးဗျ”
“နေပါဦးကွာ…ဘွားတစ်ခုခုစီစဉ်နေပုံရပါတယ်”
မောင်တိုးကဘွားမယ်စိန်ငြိမ်နေ၍မောင်အုန်းကို
ပြောလိုက်ခြင်းဖြစ်သည်။
ဘွားမယ်စိန်မျက်လုံးများပြန်ပွင့်လာခဲ့ပြီး…
“ဒီကို ဓားပေး”
ဟုတောင်းသောကြောင့် မောင်အုန်းကအလျင်အမြန်ပင်
ဓားကိုပေးလိုက်သည်။
မောင်အုန်းဆီကဓားဖြင့်ဘွားမယ်စိန်သည်
သူ၏လက်ဖဝါးကိုဓားသွားပေါ်ဖိချလိုက်လေသည်။
“ဟာ…ဘွား…”
မောင်တိုးကစိုးရိမ်သောအသံဖြင့်အော်လေတော့
မောင်အုန်းကမောင်တိုးပုခုံးကိုပုတ်၍…
“မင်းအသံမထွက်နဲ့မောင်တိုး…
ဘွားက တစ်ခုခုစီစဉ်နေတာကွ…”
ဟု…သတိပေးလိုက်လေသည်။
ထိုအခါမှမောင်တိုးလည်းခေါင်းညိတ်၍
ဘွားမယ်စိန်ကိုသာကြည့်နေခဲ့တော့သည်။
ဘွားမယ်စိန်သည်ဓားကိုမောင်အုန်းဆီ
ပြန်ပေးလိုက်ပြီးနောက်သူ၏လက်မှမြေပေါ်သို့
တစက်စက်ကျနေသောသွေးစက်များကိုကြည့်ရင်း
အရှေ့သို့ဆက်လျှောက်လာခဲ့သည်။
ဘွားမယ်စိန်လျှောက်ရာလမ်းတစ်လျှောက်၌သွေးစက်များက
မြေပေါ်၌ထင်ကျန်နေခဲ့လေသည်။
“ဟာ…မောင်တိုး…ဟိုမှာဘွားအနောက်မှာမည်းမည်းကြီး
သွေးစက်တွေကိုလျှာနဲ့လျက်နေတာကွ”
ဟု…မောင်အုန်းကပြောတော့…
“ဟုတ်သားဗျ…ဘွားကိုသတိပေးလိုက်ရမလားကိုကြီးအုန်း”
“နေဦး…ဘွားကဒီကောင့်ကိုမြှားခေါ်နေပုံရတယ်ဟ…
တို့အော််လိုက်ရင်ဒီကောင်ထွက်ပြေးသွားနိုင်တယ်…”
ဟု…မောင်အုန်းကစဉ်းစဉ်းစားစားဖြင့်ပြောလေတော့မှ
မောင်တိုးလည်း သဘောတူလိုက်သည်။
ဘွားမယ်စိန်၏မြေပေါ်၌ကျနေသောသွေးစက်များအတိုင်း
အနောက်မှလိုက်လာသောသွေးစုပ်ကောင်သည်
သွေးများကုန်သည်အထိလျက်ပြီးနောက်
ပြန်လည်ပျောက်ကွယ်ဖို့လုပ်သောအခါ
ဂဏာမငြိမ် ဖြစ်ကုန်တော့သည်။
နေရာမှထွက်သွားဖို့လုပ်သော်လည်းထွက်မရဖြစ်နေခဲ့၏။
ထိုသူ၏အဖြစ်ကိုဘွားမယ်စိန်ကတောင်ဝှေးကြီးထောက်၍
ကြည့်နေရင်းမှ…
“ဘယ့်နဲ့လဲ…သွေးကိုငမ်းငမ်းတတ်နေတော့
စည်းဝိုင်းထဲကိုရောက်နေမှန်းမသိတော့ဘူးမလားဟဲ့”
ဟုပြောလိုက်လေတော့ သွေးစုပ်ကောင်သည်
အားကုန်သုံး၍ထွက်ပြေးဖို့လုပ်သော်လည်း
တစ်စုံတစ်ခုမှသူ့အားဆောင့်တွန်းသည့်အလားမြေပေါ်သို့
ခွေခွေလေးကျသွားခဲ့သည်။
ဘွားမယ်စိန်ကလည်းသူ၏သွေးစက်များဖြင့်မြှား၍
သွေးဆာနေသောသွေးစုပ်ကောင်အား
တောင်ဝှေးဖြင့်ဝိုက်၍ထားခဲ့သောစည်းဝိုင်းထဲသို့ဖမ်းစီးထားလိုက်ခြင်းဖြစ်သည်။
“ကဲ…နင်ကလူလည်းမဟုတ်တော့သလို
လူစိတ်လည်းမရှိတော့တဲ့မိစ္ဆာ တစ်ကောင်ဖြစ်နေပြီ…
ဒီတော့နင့်ကိုဒီတိုင်းဆက်ထားရင်လူတွေအတွက်
အန္တရာယ်ရှိနိုင်တယ်…”
“ဟငြးးးးဟငြးးးးးးအားးးးးးးးးးးး”
သွေးစုပ်ကောင်သည်ဒေါသတကြီးဖြင့်ဘွားမယ်စိန်ကို
အော်လိုက်သည်။
ဘွားမယ်စိန်ကလည်းအချိန်မဆွဲတော့ဘဲ
ထိုသွေးစုပ်ကောင်ရှိနေသောစည်းဝိုင်းအရှေ့၌ ထိုင်လိုက်ပြီး…
“နင့်အတွက် သုံးရမယ့်ပစ္စည်းရှိတယ်…
ဒီပစ္စည်းကနင့်အတွက်စီရင်ထားတာ…”
ဟုပြောပြီးသူ၏ကျော၌လွယ်ထားသော
ချည်လွယ်အိတ်လေးကိုနှိက်လိုက်သည်။
လွယ်အိတ်ထဲမှနှိက်ယူလိုက်သည်က
တစ်ထွာသာသာလေးသာရှိသော
ငွေရောင်ဓားလေးတစ်ချောင်းဖြစ်နေခဲ့၏။
ထိုဓားလေးကိုဘွားမယ်စိန်သည်ရှေ့တည့်တည့်မြေပေါ်သို့
ဖြေးညှင်းစွာချလိုက်ပြီးသူ၏ညာလက်ဖဝါးကို
ထိုဓားပေါ်၌မိုးထားပြီး…
“ဆရာသခင်နဲ့အထက်ပုဂ္ဂိုလ်ကြီးများကိုတိုင်တည်ပါတယ်…
ကျုပ်မယ်စိန်သည် ဆရာသခင်တို့စီရင်ထားသော
ဤဓားကိုသုံးပါတော့မယ်…
ဆရာသခင်တို့၏အမိန့်နဲ့အတူလူတွေကိုဘေးရန်ပြုသော
မိစ္ဆာ ကောင်အားရှင်းလင်းပါတော့မည်…….”
ဟုပြောပြီးဂါထာတစ်ပုဒ်ကိုနှုတ်မှရွှတ်လိုက်သည်။
ထိုသို့ဂါထာရွတ်နေစဉ်မြေပေါ်၌ရှိသောဓားလေးသည်
တဖျက်ဖျက်လှုးလာပြီး…လေပေါ်သို့
မြှောက်ကြွလာခဲ့တော့သည်။
ဓားလေးသည်လျင်မြန်လှသောအရှိန်ဖြင့်…
“ဝီးးးးး………”
လေကိုထိုးဖောက်၍ သွေးစုပ်ကောင်ရှိရာသို့ပြေးဝင်သွားပြီး…
“အားးးးးးးးးးးးးး”
သွေးစုပ်ကောင်၏နှလုံးတည့်တည့်ကိုထိုးစိုက်သွားခဲ့လေသည်။
နှလုံးတည့်တည့်၌ဓားစိုက်သွားသည်နှင့်
သွေးစုပ်ကောင်သည်အော်ဟစ်ပြီး
မြေပေါ်၌လူးကာလှိမ့်နေတော့၏။
ပြီးနောက်လုံးဝငြိမ်သက်သွားခဲ့တော့သည်။
အချိန်ခဏမျှစောင့်ကြည့်ပြီးလေမှမောင်တိုးတို့လည်း
ဘွားမယ်စိန်၏အနီးသို့ရောက်လာခဲ့ကြသည်။
“ဘွား…ဒီကောင်သေပြီလားဗျ”
ဟု…မောင်အုန်းကမေးတော့ဘွားမယ်စိန်က
ခေါင်းညိတ်ပြသည်။
“ကျုပ်တို့ဘာဆက်လုပ်ကြမလဲဘွား”
“ဟာဗျာ…သေပါပြီဆို ဘာဆက်လုပ်ရတော့မှာလည်း
ရွာထဲကိုသွားပြီးသူကြီးတို့ကိုခေါ်ရတော့မှပေါ့ဗျ”
ဟုမောင်တိုးကပြောလိုက်လေမှ…
“ဟာ…ဟုတ်သားပဲ…
ဒါဆိုငါရွာထဲကလူတွေသွားခေါ်လိုက်မယ်…”
မောင်အုန်းလည်းရွာထဲသို့အပြေးသွားတော့သည်။
ဘွားမယ်စိန်ကတော့ သွေးစုပ်ကောင်၏ရင်ဘက်၌စိုက်နေသော
ဓားလေးကိုပြန်နုတ်ယူလိုက်ပြီး ဓား၌ပေနေသောသွေးစများကို
သူ၏လက်ကိုင်ပုဝါလေးဖြင့်သုတ်၍သန့်စင်နေခဲ့သည်။
မောင်အုန်းနှင့်အတူသူကြီးတို့အုပ်စုတွေရောက်လာကြပြန်တော့
သေနေသောသွေးစုပ်ကောင်အား
အထူးအဆန်းသဖွယ်ဝိုင်းကြည့်နေကြ၏။
“ဟယ်…အစွယ်ကြီးနဲ့တော့် ကြောက်စရာကြီး”
“အစွယ်နဲ့ဆိုတော့ဘီလူးထင်တယ်”
“ဟ…ဘီလူးကအသားစားတာလေ
သွေးစုပ်တာမှမဟုတ်တာ…”
“အို…ဒါတော့ သွေးစုပ်တဲ့ဘီလူးနေမှာပေါ့တော့်”
ရွာသူ၊ရွာသားတွေလည်းသွေးစုပ်ကောင်၏အလောင်းကို
ကြည့်ပြီးအမျိုးမျိုးထင်မြင်ချက်များပေးနေခဲ့ကြသည်။
“ကဲ…မောင်နောင်ချို…
ဒီအလောင်းကိုမီးရှို့လိုက်တော့
အကြာကြီးထားလို့မကောင်းဘူးကွဲ့…”
“ဟုတ်…ဟုတ်ကဲ့ဘွား”
“ကဲ…ကျန်တဲ့ကိစ္စကတော့မောင်ရင်ပဲ
စီစဉ်လိုက်တော့ဘွားလည်းအိမ်ပြန်တော့မယ်ကွယ်…”
“ဟုတ်ကဲ့ဘွား…ကျူပ်တို့ကိုစိတ်ချပါ…
ကျူပ်တို့အဲ့သည်အလောင်းကိုမီးရှို့လိုက်ပါ့မယ်…”
“အေး…အေး…အေး…”
ဘွားမယ်စိန်လည်းရွာထဲကိုပြန်ဝင်လာခဲ့တော့သည်။
မောင်တိုးနဲ့မောင်အုန်းတို့ကတော့ ရွာပြင်၌ကျန်နေရစ်ခဲ့ကြ၏။
ဘွားမယ်စိန်အိမ်သို့ရောက်တော့
ဒေါ်ဝင်းနှင့်နန်းကြိုင်တို့မှာအိမ်၌ရှိမနေကြပေ။
အကြောင်းက သွေးစုပ်ကောင်၏အလောင်းအား
တခြားရွာသူ၊ရွာသားများကဲ့သို့
သွားကြည့်နေကြသောကြောင့်ပင်ဖြစ်၏။
နောက်တစ်နေ့နံနက်ရောက်တော့
ရွာသစ်ရွာနှင့်အင်တိုင်းရွာတို့မှသူကြီးတွေပါ
အတူရောက်လာပြီးဘွားမယ်စိန်ကို ကန်တော့ကြသည်။
ရွာတွေကိုလှည့်၍သောင်းကျန်းခဲ့သောသွေးစုပ်ကောင်အား
ရှင်းလင်းနိုင်ခဲ့သောကြောင့်ကျေးဇူးတင်စကားများပြောရင်း
လာရောက်ကန်တော့ကြခြင်းဖြစ်ပေသည်။
ထိုသို့ဖြင့် သွေးစုပ်တဲ့ဖုတ်ကောင်၏အကြောင်းမှာ
ဤမျှနဲ့ပြီးဆုံးသွားခဲ့ပါပြီရှင်။
ပြီးပါပြီ။
ရေးသားသူ-ယဉ်မင်း(ကန့်ဘလူ)
#crd