“ဘွားမယ်စိန်နှင့် လူဝင်စား”(စ/ဆုံး)
=================================
“ဦးစိုးကြည်…….ဗျို့ ဦးစိုးကြည်…….”
“ဟေ…ဘယ်သူတုန်း………”
“ကျုပ်ပါ…ဝင်းမောင်ပါဗျ”
ဦးစိုးကြည်သည် သူနေထိုင်သော တဲအိမ်လေးအတွင်းမှ
ထွက်လာခဲ့လေသည်။
တဲအိမ်အရှေ့၌ရပ်နေသော ဝင်းမောင်ကိုမြင်လေတော့…
“အေး…ဝင်းမောင် ဘာအရေးရှိလို့တုန်းကွ”
“အရေးတော့မရှိပါဘူးဗျာ…ကျုပ်အမေက ဒီမှာလေ
ခင်ဗျားစားဖို့မျှစ်ကြော်လေးပို့ခိုင်းလိုက်လို့ပါဗျ…”
“ဟာ…အတော်ပဲဟေ့…ငါတော့ဒီနေ့ထမင်းလွတ်ပဲ
စားရပြီလို့ထင်နေတာ…ကျေးဇူးပါပဲကွာ…မင်းအမေကိုလည်း
ငါကကျေးဇူးတင်ပါတယ်လို့ပြောလိုက်ပါဦးဝင်းမောင်ရ…”
“ရပါတယ်ဗျာ…ပြောစရာလူတွေမှ မဟုတ်တာပဲ”
ဝင်းမောင်ပေးသော မျှစ်ကြော်ပန်းကန်ကို
လဲလှယ်ဆေးကြောပေးပြီး ဦးစိုးကြည်သည်
ကျေးဇူးတင်စကားပြောလိုက်၏။
ဝင်းမောင်ပြန်သွားလေတော့ ဦးစိုးကြည်မိမိဘဝကို
မိမိပြန်တွေးရင်းမျက်ရည်လေးကလည်ကလည်ဖြစ်ရပြန်သည်။
ယခင်ကဦးစိုးကြည်နေထိုင်သော တဲလေး၌
ဇနီးသည် ဒေါ်ပွေ နှင့်အတူနေထိုင်ခဲ့ကြသည်။
ဥိးစိုးကြည်က လယ်ငှားလိုက်လုပ်ပြီး
အားသောရက်များ၌ ကြွက်ရှာ…ဖားရှာဖြင့်
ဝမ်းရေးကိုဖြေရှင်းခဲ့ကြ၏။
“တော့် ကိုစိုးကြည်…”
“ဘာလဲ မပွေ…”
“ကျုပ်တို့အိမ်ထောင်သက်လည်းအတော်ကြာပြီ…
ကျုပ်တို့မှာရင်သွေးလေးလည်းရှိသင့်နေပြီတော်…”
အိမ်ထောင်သက်ကြာပြီဖြစ်သော်လည်း
သားသမီးရတနာမရ ၍ ဒေါ်ပွေတစ်ယောက်စိတ်မကောင်းပေ။
ဦးစိုးကြည်ကတော့ လင်မယားနှစ်ယောက်ဝမ်းရေးကိုပင်
ကြုံရာလုပ်ကိုင်စားသောက်နေရသည်မို့
နောက်ထပ်ပါးစပ်တစ်ပေါက်ကို မလိုချင်ရှာ။
“မိန်းမရာ…မင်းကလည်း ကလေးရှိလာတော့
တို့တွေဘဝ ပိုခက်ခဲလာမှာပေါ့ဟ…”
“အို…တော်မို့ပြောထွက်ရက်တယ်တော်…
ကျုပ်တို့လည်း သူများတွေလို သားဟယ်…သမီးဟယ်နဲ့
နေချင်တာပေါ့…ဝမ်းရေးက
အခုလည်းအဆင်ပြေအောင်ရှာဖွေနေကြတာပဲတော်…”
ဒေါ်ပွေသည် သားသမီးလွန်စွာရရှိချင်ရှာသည်။
ငွေကြေးမရှိသည့်ကြားမှ ဗေဒင်မေးယတြာချေ ဖြင့်
ကလေးရဖို့ကြိုးစားရှာသည်။
ဒါတင်မကသေး ဟိုဘက်ရွာကညောင်ပင်…
ဒီဘက်ရွာကညောင်ပင် အစုံပင်ရောက်၍
သားဆုပန်ဆုတောင်းရှာသည်။
သို့သော်လည်း ထိုက်မှရသည်ဟူသော ဆိုရိုးစကားကို
ဒေါ်ပွေ လက်ခံလိုက်ရ၏။
သားသမီးလွန်စွာရချင်ရှာသော မိန်းမဖြစ်သူကိုကြည့်၍
ဦးစိုးကြည်လည်းစိတ်မကောင်းဖြစ်ရရှာသည်။
ထိုသို့ဖြင့်လကို နှစ်စား၍ အချိန်များတဖြေးဖြေး
ပြောင်းလဲလာခဲ့တော့သည်။
ကံကောင်းခြင်းများသည် ဦးစိုးကြည်တို့
ဘဝထဲသို့ရောက်ရှိလာပုံရ၏။
ကလေးအလွန်ရချင်ရှာသော ဒေါ်ပွေတစ်ယောက်
ကိုယ်ဝန်လွယ်ထားရလေပြီ။
ဒေါ်ပွေနည်းတူပင် ဦးစိုးကြည်မှာလည်းအလွန်ပျော်ရွှင်နေ၏။
သားလားသမီးလားမသဲကွဲသေးသော်လည်း
ကိုယ့်ရင်သွေးဆိုသော စိတ်ဖြင့်အလုပ်ကို ပို၍
ကြိုးစားပမ်းစားလုပ်ကိုင်ခဲ့လေသည်။
ကလေး၏ကံသည်ပဲကောင်းခြင်းပေလားမသိ…
ကိုယ်ဝန်ဆောင်ချိန်မှစ၍ ဦးစိုးကြည်တို့၌ငွေရေးကြေးရေးအတော်အတန်အဆင်ပြေလာခဲ့သည်။
ကလေးမွေးလေတော့ သမီးလေးဖြစ်နေခဲ့၏။
သမီးရတနာလေးကို ချစ်မဝဖြစ်နေကြသော
ဥိးစိုးကြည်တို့လင်မယားသည်
သမီးဖြစ်သူ၏အမည်ကိုပင် ဝိုင်းချစ်ဟုခေါ်ကြသည်။
ဝိုင်းချစ်ဟုလည်းခေါ်စရာပင်အကြောင်းမှာက
အသားမည်းကြုတ်လှသောမိဘနှစ်ပါးမှ
ဖြူဖွေးကာ ချစ်ခင်ဖွယ်ကောင်းသော သမီးလေးကို
ပိုင်ဆိုင်ထားခြင်းကြောင့် တစ်ရွာလုံးမှ
မဝိုင်းချစ်ကိုအလွန်ချစ်ကြ၏။
ဝိုင်းချစ်လေးအတွက်ဆိုပြီး မုန့်များ…
အထည်များပေးတတ်ကြသည်မို့ ဝိုင်းချစ်အတွက်
ဦးစိုးကြည်တို့ပူပင်စရာမလိုခဲ့ကြ။
“ဘယ်နဲ့ရှိစ ကိုစိုးကြည်…အရင်ကတော့
တော်ပဲသားသမီးရှိလာခဲ့ရင်ကျုပ်တို့
ပိုပြီး အဆင်မပြေဖြစ်ကြရလိမ့်မယ်ဆို…
အခုတော့ကြည့်စမ်းပါဦး
ကျုပ်တို့သမီးလေးကိုချစ်လိုက်ကြတာ…
ဟော…သမီးလေးအတွက်ဆိုလည်းကျုပ်တို့
ဘာများပူပန်ရတယ်လို့ရှိသလဲတော်…….”
ဟု…ဒေါ်ပွေမှပြောလေတော့…
“ဟ…ငါက အိမ်ထောင်ဦးစီးလေ မပွေရာ…
မိသားစုအတွက်အရာရာကြိုတွေးပြီးပြောရတာပေါ့…
အခုလိုကျပြန်တော့လည်းငါ့သမီးလေးကိုချစ်တာပေါ့ဟာ…။
သူများပေးတာကျွေးတာထက်ငါကိုယ်တိုင်လည်း
သမီးအတွက်ပိုပြီးရှာဖွေနေတာ မင်းလည်းအသိပဲဟာ…”
“ဟုတ်ပါတယ်တော်…ဟုတ်ပါတယ်…
ကျုပ်တို့သမီးလေးအတွက် ကျုပ်လည်းကြိုးစားမှာပါ
ကိုစိုးကြည်ရယ်…..”
ဦးစိုးကြည်တို့လင်မယားမှာ သမီးဖြစ်သူ
မဝိုင်းချစ်အတွက် အလုပ်ကိုပို၍ကြိုးစားကြ၏။
မဝိုင်းချစ်လေးကလည်းတဖြေးဖြေးကြီးပျင်းလာခဲ့ပြီး
ပို၍ချောမောလာခဲ့သည်။
မဝိုင်းချစ်ကို ပိုးပန်းချင်သူ…မြန်းချင်သူများကလည်း
အများသားပင်။
“အဖေ…ကျုပ်ကိုကြွက်မိရင်ကြော်ကျွေးဦးနော်…”
“အေးပါငါ့သမီးရယ်…အဖေကြော်ပေးပါ့မယ်…”
မဝိုင်းချစ်သည်က ဖခင်ဖမ်းလာသည့်
ကြွက်များကိုကြော်ကျွေးလျှင်လွန်စွာကြိုက်နှစ်သက်၏။
အပျိုရွယ်ဖြစ်လာသော်လည်း မိဘမှလွဲ၍ကျန်တာမသိသော
မဝိုင်းချစ်သည်…
“အမေ…အမေလို့….”
“ဟေ…….”
ဒေါ်ပွေ သမီးဖြစ်သူအခေါ်ကိုထူးလိုက်သောအခါ…
“ကျုပ်ကို ဘယ်တော့ သောင်ထွန်းရွာကိုလိုက်ပို့မှာလဲ”
ဟု.. မေးလေတော့ ဒေါ်ပွေ၏နှုတ်မှ..
“ဟေ…….”
ဟုသောအံ့သြသံကထွက်ပေါ်လာခဲ့လေသည်။
လုပ်လက်စအလုပ်ကိုပင်ဆက်၍မလုပ်နိုင်တော့ဘဲ
သမီးဖြစ်သူ မဝိုင်းချစ်ဘက်သို့ လှည့်ကာကြည့်လိုက်ပြီး…
“ဘာလို့တုန်းငါ့သမီးရဲ့… အဲ့သည်ရွာကဘယ်အရပ်မှာ
ရှိတယ်ဆိုတာညည်းကသိလို့လား”
“ဟော…အမေတို့ကတော့လုပ်ပြီတော်…
ကျုပ်ငယ်ငယ်ကတည်းက ခဏခဏပြောထားပါရဲ့နဲ့”
ဟု…ပြောရင်းမဝိုင်းချစ်သည် စိတ်ဆိုးဟန်ဖြင့်
နေရာမှ ကောက်ခါငင်ခါ ထွက်သွားတော့၏။
မဝိုင်းချစ်ပြောလျှင်လည်းပြောစရာပင်…
မဝိုင်းချစ်ငယ်စဥ်စကားပြောတတ်စအရွယ်မှစ၍…
“ဝိုင်းချစ်ရေ…သမီးလေး………”
“ဟော…ငါ့သမီးလေးခေါ်နေတာထူးလေကွယ်….
ဝိုင်းချစ်ရဲ့”
“ဝိုင်းချစ်ဟုတ်ဖူး…ကျုပ်နာမည် ပြုံးချို……..”
“ဟေ…ပြူံးချိုဘယ်ကပြုံးချိုတုန်းငါ့သမီးရဲ့”
“ကျုပ်နာမည်ပြုံးချို အမေနဲ့တောထဲမျှစ်ခူးလိုက်ရင်း
မြွေကိုက်လို့သေခဲ့ရတာ…ဟင်း…သေနာမြွေစုတ်တွေ…
ဟင်းးးး”
မဝိုင်းချစ်သည် ငယ်စဥ်ကတည်းကထိုသို့ပြောတတ်၏။
ကလေးပေမို့ရောက်တတ်ရာရာများပြောသည်ဟု
ဦးစိုးကြည်တို့မှတ်ယူထားသော်လည်း
ထိုသို့မဟုတ်ဘဲ မဝိုင်းချစ်သည် မကြာခဏဆိုသလိုပြောတတ်ပေသည်။
သမီးဖြစ်သူကို လူဝင်စားပေပဲလားဟု ဦးစိုးကြည်တို့ခမြာ
ယုံရခက် မယုံရခက်ဖြင့်နေလာခဲ့ကြရာ…
မဝိုင်းချစ်ပင်အပျိုအရွယ်သို့ပင်ရောက်လာခဲ့လေသည်။
ငယ်စဥ်ကကဲ့သို့မပြောတတ်တော့၍
ဦးစိုးကွညျတို့ဈိတျအေးနခေဲ့ရာမှ ယခုတော့ မဝိုင်းချစ်၏စကားကြောင့် ဦးစိုးကြည်တို့လင်မယားမှာစဥ်းစားရကြပ်ကုန်
ကြသည်။
“ကိုစိုးကြည်…ကျုပ်တို့ဘယ်လိုလုပ်ကြမလဲ…
တော့်သမီးကအတော်ပြောရခက်နေပြီတော့်…”
“အင်း…ငါလည်းအဲ့တာကိုပဲခေါင်းခဲနေတာမပွေရဲ့…
ဘာလုပ်လို့ဘာကိုင်ရမယ်ဆိုတာမသိတော့ပါဘူးကွာ…”
ဦးစိုးကြည်တို့လင်မယားမှာ
သမီးဖြစ်သူမဝိုင်းချစ်အတွက်မည်သို့လုပ်ပေးရမည်မသိကြ။
မိမိတို့မှာလည်း စားဖို့တောင်အနိုင်နိုင်ပေမို့
မဝိုင်းချစ်ပြောသောရွာအား လိုက်ရှာမပေးနိုင်ကြပေ။
“ကိုစိုးကြည်…တော့်သမီးကျုပ်ကိုစကားမပြောဘူးတော့်”
“အင်း….ငါ့လည်းအတူတူပါပဲကွာ…
ဒီကလေး သူပြောတဲ့ရွာလိုက်မပို့လို့များတို့ကိုစိတ်ဆိုးနေတယ်ထင်တယ် မပွေရဲ့”
“ဟုတ်မှာပေါ့တော်…ကျုပ်တော့ သမီးလေးဆန္ဒကိုသာ
လိုက်လျောပစ်လိုက်ချင်တယ်ကိုစိုးကြည်ရယ်…”
“ဟ…ပြောတာကတော့လွယ်တာပေါ့ မပွေရယ်…
အဲ့ရွာကိုသွားဖို့ခရီးစရိတ်တွေကရှိသေးတယ်လေကွာ…”
မိခင်ဖြစ်သူတို့၏စကားကိုကြားလိုက်ရသော မဝိုင်းချစ်သည်…
“အဲ့အတွက်မပူပါနဲ့တော်…ကျုပ်လယ်တောဆင်းလို့ရသမျှကို
စုပေးပါ့မယ်…ကျုပ်ကိုသာ သောင်ထွန်းရွာကို လိုက်ပို့ပေးပါ
အဖေရယ်”
ဟု…ဝင်ပြောလေတော့ ဦးစိုးကြည်တို့မှာလည်း
မတတ်သာသည့်အဆုံးသမီးဖြစ်သူ၏ ဆန္ဒကို သဘောတူလိုက်ကြရသည်။
ထို့နောက်တော့ ဦးစိုးကြည်တို့ရရှိသော လုပ်အားခများကို
လမ်းခရီး၌သုံးဖို့စုဆောင်းကြတော့၏။
လမ်း၌သုံးဖို့ရန် ခရီးစရိတ်ရသည့်အချိန်၌
သောင်ထွန်းရွာရှိရာကိုစုံစမ်းမေးမြန်းပြီး
ခရီးထွက်လာကြလေသည်။
*****************************
“သူငယ်…ဒါသောင်ထွန်းရွာလားကွဲ့…”
“ဟုတ်ပါတယ်ဦးကြီး…ဒါသောင်ထွန်းရွာပါဗျ…
ကြည့်ရတာဧည့်သည်တွေထင်တယ်…
ဘယ်သူ့အိမ်ကိုလာတာလည်း ကျုပ်လိုက်ပို့ပေးပါ့မယ်…”
ရွာသားလူငယ်၏စကားကြောင့် ဦးစိုးကြည်တစ်ယောက်
သမီးဖြစ်သူ မဝိုင်းချစ်ကိုကြည့်လိုက်သည်။
မဝိုင်းချစ်မှ…
“ရွာတောင်ပိုင်းက ဒေါ်ပု အိမ်ကိုပါ…
ဒေါ်ပုကော ရှိသေးတယ်မဟုတ်လားဟင်…”
“သြော်…ကြီးတော်ပုလား…ရှိတာပေါ့ဗျာ…
လာလာ…ကျုပ်လိုက်ပို့ပေးမယ်…”
မဝိုင်းချစ်၏စကားကြောင့် ဦးစိုးကြည်တို့
လင်မယားနှစ်ယောက်
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြသည်။
မဝိုင်းချစ်ကတော့ပျော်နေပုံရ၏။
ဟိုကိုကြည့်လိုက် ဒီကိုကြည့်လိုက်ဖြင့် မျက်နှာထက်၌
အပြုံးများကဝေဆာနေခဲ့ပေသည်။
ရွာသားလူငယ်လည်း ဒေါ်ပု ၏အိမ်ဆီသို့ လိုက်ပို့ပေးလေသည်။
ဒေါ်ပု၏အိမ်ဆီသို့ရောက်တော့…
“ကြီးတော်ပု…ဗျို့ကြီးတော်ပုရေ…
ဒီမှာ ဧည့်သည်ဗျို့…ဧည့်သည်……..”
“ဟေ…အေး…အေး….ဝင်လာကြလေ….”
ထန်းလက်တဲလေးအတွင်းမှအသံကြောင့်
ဦးစိုးကြည်တို့ခြံဝိုင်းထဲဝင်လာကြ၏။
မဝိုင်းချစ်ကတော့ ဝမ်းသားအားရပြေးဝင်သွားလေပြီ…
ထိုအခါ
ဦးစိုးကြည်တို့လည်းနောက်မှအလျင်လိုက်ကြရရှာသည်။
“အမေ……….”
“ဟင်…….”
တဲလေးအတွင်း မီးဖိုနားတွင်ထိုင်နေသော
အဘွားအိုအား အမေဟု…
မဝိုင်းချစ်ဝမ်းသာအားရခေါ်လိုက်သည်။
အဘွားအိုသည်
နှုတ်မှအံ့သြသံများထွက်ပေါ်လာချိန်၌
မဝိုင်းချစ်သည်ထိုအဘွားအိုကို ပြေး၍ပွေ့ဖက်နေလေပြီ။
အဘွားအိုကတော့ နားမလည်သလို…အံ့သြသလိုပုံစံဖြင့်
မဝိုင်းချစ်ကိုကြည့်နေရှာ၏။
မဝိုင်းချစ်မှာ…
ပွေ့ဖက်ထားသည်ကိုပင်မလွှတ်သေးဘဲ…
“အမေ…ကျုပ်…ကျုပ်လေအမေရဲ့…
ကျုပ်ပြုံးချိုမ လေတော်…အမေ့ရဲ့သမီးပြုံးချိုမ ပါ”
“ဟင်…ပြုံးချိုမ………”
အဘွားအိုထံမှ ဒုတိယအကြိမ်
အံ့သြသံထွက်ပေါ်လာပြန်သည်။
“သမီး….ဟဲ့သမီး…အကျိုးအကြောင်းလေး
အရင်ပြောပြလိုက်ဦးလေကွယ်…”
ဟု ဒေါ်ပွေမှ ပြောလိုက်သောအခါ မဝိုင်းချစ်သည်
ပွေ့ဖက်ထားတာကို ခွာလိုက်ပြီး…မျက်ရည်များဖြင့်…
“အမေ…ကျုပ်ကိုမမှတ်မိဘူးလားဟင်…
ကျုပ်ကိုအမေမေ့သွားပြီလားတော့်…….”
ဟုဝမ်းနည်းစွာပြောလေတော့ အဘွားအိုသည်
ဒေါ်ပွေတို့လင်မယားကိုကြည့်လေသည်။
ထိုအခါ ဒေါ်ပွေမှ…
“ကျုပ်တို့သမီးလေးစကားပြောတတ်စကတည်းက
သူ့နာမည်ကို ပြုံးချိုလို့မကြာခဏပြောတတ်တယ်အစ်မရယ်…
သူဘယ်ရွာမှာနေပါတယ်…သူဘယ်လိုဆုံးရပါတယ်ဆိုပြီး
ခဏခဏပြောလွန်းလာတော့ ကျုပ်တို့လည်း
သူဟာလူဝင်စားဆိုတာသိလိုက်ရပါတယ်…
ဒါပေမယ့်အရွယ်ရောက်လာပြန်တော့ သူလည်း
ဒီအကြောင်းတွေသိပ်မပြောတော့ ကျုပ်တို့
စိတ်အေးသွားရပေမယ့်…ကျုပ်တို့ထင်သလို
ဖြစ်မလာခဲ့ဘူးလေ…ဒီရွာမှာနေတဲ့သူ့အမေဆီကိုသွားချင်ပါတယ်ဆိုပြီး ကျုပ်တို့ကိုမခေါ်နိုင်မပြောနိုင်ဖြစ်လာတော့
ကျုပ်တို့လင်မယားလည်းငွေကြေးရှိတဲ့သူတွေမဟုတ်ပြန်တော့ရတဲ့လုပ်အားခလေးတွေစုပြီးအခုလိုလိုက်ပို့ရတာပါ။
ဒီကိုရောက်မှပဲသူပြောလာတဲ့အကြောင်းအရာတွေက်ို
ကျုပ်တို့ယုံကြည်သွားရပါတယ်အဘွားရယ်……..”
ဟု…ပြောသောအခါ၌ အဘွားအိုသည် ဒေါ်ပွေကိုကြည့်နေရင်းမှ မဝိုင်းချစ်ထံပြန်လည်ကြည့်လိုက်ပြီး…
“သမီး…ညည်းက အမေ့သမီး ပြုံးချိုမပေါ့လေ ဟုတ်လား”
“ဟုတ်ပါတယ်အမေ…ကျုပ်ပြုံးချိုမပါ…
အမေ့ရဲ့သမီးပြုံးချိုမအစစ်ပါအမေ…
အဲ့နေ့ကလေ ကျုပ်နဲ့အမေမျှစ်သွားချိုးတာ
မျှစ်တွေအတော်ရခဲ့ပေမယ့်
ကျုပ်ပိုးထိခဲ့တယ်လေအမေရယ်…
ကျုပ်အမေ့လက်ပေါ်မှာပဲဆုံးခဲ့ရတာလေတော်……”
“သမီးးး………အမေ့သမီးပြုံးချိုမ”
“အမေ…….”
အဘွားအိုနှင့်မဝိုင်းချစ်တို့သည် ငိုရှိုက်နေကြရင်းမှ
တစ်ဦးကိုယ်တစ်ဦးပွေ့ဖက်ထားကြလေသည်။
အဘွားအိုမှ မဝိုင်းချစ်၏ပါးကိုနမ်းရှိုက်ရှာသည်။
ပြီးလေမှ အဘွားအိုသည် မဝိုင်းချစ်၏မိဘများကိုနေရာထိုင်ခင်းပေး၏။
အဘွားအို၏မျက်နှာထက်၌လည်းအပြုံးများက
ဝေဆာနေခဲ့သည်။
ထိုမျှမကသောင်ထွန်းရွာသူကြီးနှင့်ဘွားမယ်စိန်တို့ကိုပါ
အိမ်သို့ပင်ဖိတ်ထားလေသည်။
ဘွားမယ်စိန်သည် ပြုံးချိုမ ဝင်စားသော
မဝိုင်းချစ်ကိုကြည့်နေ၏။
မဝိုင်းချစ်ကတော့ ရောက်လာကြသောအမျိုးသမီးများထဲမှ
အသက်ငါးဆယ်အရွယ်မိန်းမကြီးများနှင့်စကားပြောနေခဲ့သည်။
“ဟဲ့…နင်ကတကယ်ပြုံးချိုမပေါ့နော်….”
“အေးပါဆို ခွေးမရယ်…နင်တောင်
တော်တော်အသက်ကြီးနေပြီနော်…
အရင်ကဆိုရင်တို့တွေ ဘကြီးကျော်လယ်တောမှာ
အတူတူပျိုးနုတ်၊ကောက်စိုက်နဲ့
အတော်ပျော်ခဲ့ကြတာကိုနင်မှတ်မိသေးလား”
“ဟယ်…တကယ်ပြုံးချိုမတော့်…”
“အမယ်…နင့်ယားနာတွေပေါက်တော့ငါပဲဆေးလိမ်းပေးရတာလေ…ဘယ်နားဆိုတာကအစငါပြောရဦးမလား”
“အမယ်လေး…တော်ပါပြီအေ…ငါယုံပါပြီဟဲ့…”
ဒေါ်ခွေးမတစ်ယောက် သူ၏ငယ်ပေါင်းဖြစ်သော
ပြုံးချိုမ ဝင်စားသော
မဝိုင်းချစ်နှင့်စကားလက်ဆုံကြနေပေသည်။
အဘွားဒေါ်ပုကတော့ ဘွားမယ်စိန်အား…
“မယ်စိန်…ညည်းဘယ်လိုထင်တုန်းအေ့”
ဟုမေးလေတော့ ဘွားမယ်စိန်သည်…
“အင်း…သေလွန်ပြီးရင်လူဖြစ်ဖြစ်၊နတ်ဖြစ်ဖြစ်၊တိရိစ္ဆာန်ဖြစ်ဖြစ် အတိတ်ဘဝကိုမှတ်မိတဲ့သူဆိုတာရှိကြတယ်…။
အတိတ်ဘဝကိုမှတ်မိရခြင်းက ဇာတိဿရညဏ်ကြောင့်ပေါ့လေ…ဇာတိဿရညဏ်ဆိုတာ လူဝင်စားတွေမှရရှိတဲ့ညဏ်ပေါ့တော်…ဒါပေမယ့်လို့သေလွန်ပြီးတဲ့လူတိုင်းမှာတော့
အဲ့သည်ညဏ်မျိုးကို မပိုင်ဆိုင်နိုင်ကြပါဘူး
ဒါဟာလည်းသူ့ရဲ့အတိတ်ကကံနဲ့
ဆက်စပ်နေတာကြောင့်ပေါ့လေ….”
“ဒါဆိုရင်ဘယ်လိုဆက်လုပ်ကြမလဲ အဘွားရယ်…
ကျုပ်တို့မှာလည်းဒီသမီးလေးပဲရှိတာပါ…
ကျုပ်သမီးလေးက်ိုခေါ်ထားကြမှာလားဟင်……..”
ဒေါ်ပွေသည် သမီးဖြစ်သူကိုထားခဲ့ရမည်ကိုစိုးရိမ်နေရှာသည်။
ထိုအခါအဘွားပုမှ…
“ဒီက မိဘများကိုလည်း ကိုယ်ချင်းစာပါတယ်ကွယ်…
အဘွားမှာ ဟိုးတုန်းကတော့ အသက်သုံးဆယ်ကျော်အရွယ်
သမီးဖြစ်သူ ပြုံးချိုမနဲ့ဘဝကိုသားအမိနှစ်ယောက်ရုန်းကန်ခဲ့ကြတာပေါ့လေ…ဒါပေမယ့်ကံဆိုးချင်လာတော့
သမီးဖြစ်သူပိုးထိလို့ဆုံးသွားခဲ့ရပြန်တယ်…
အဲ့အချိန်ကစလို့အဘွားလည်း
ကိုယ့်ဘဝကိုယ်ရုန်းကန်လာခဲ့ရတာပါ…
အခုချိန်ကျမှသမီးလေးဝင်စားပြီးပြန်ရောက်လာတယ်ဆိုတော့
ဝမ်းသာမိသွားတာအမှန်ပါ…
ဒါပေမယ့်လည်း သမီးလေးဆန္ဒကိုပဲ
အဘွားဘက်ကအလေးထားပါတယ်…ဒါကြောင့်မို့…
တူမကြီးတို့ကိုလည်းမစိုးရိမ်ကြပါနဲ့
အဘွားဘက်ကပြန်ခေါ်မယ်လို့မပြောပါဘူးကွယ်…..”
အဘွားပုစကားကြားလေတော့ ဒေါ်ပွေနှင့်ဦးစိုးကြည်တို့
စိတ်မကောင်းဖြစ်နေကြရှာသည်။
သို့သော်လည်း နောက်ဆုံး၌ မဝိုင်းချစ်သည် မိဘများကို
သောင်ထွန်းရွာသို့ပြောင်းရွေ့နေထိုင်ခိုင်းတော့၏။
ထိုအခါအဘွားပုကလည်းကြည်ဖြူရှာသည်။
“အင်း…ငါ့သမီးဆန္ဒကိုအဖေသိပါတယ်လေ…
ဒါပေမယ့် အဖေကလည်းဟိုရွာမှာပဲပျော်တာငါ့သမီးရဲ့…”
ဦးစိုးကြည်စကားကြောင့် မဝိုင်းချစ်တွေဝေသွားပြန်သည်။
ထိုအခါဒေါ်ပွေမှ…
“တော့် ကိုစိုးကြည်ကလည်း…ကျုပ်ကသမီးနဲ့အတူ
ဒီရွာမှာနေမယ်…တော်ကပျင်းရင်ဟိုရွာကိုပြန်…
ဒီလိုပဲအသွားအလာလုပ်ပေါ့…
ကျုပ်တို့ရွာကဖြင့်ဟောသည်သောင်ထွန်းရွာလောက်
အလုပ်အကိုင်မပေါတော့…ကျုပ်ဒီမှာပဲနေဖို့ဆုံးဖြတ်လိုက်ပြီတော်”
ဒေါ်ပွေသည်လည်းသောင်ထွန်းရွာ၌နေဖို့ရန်ဆုံးဖြတ်လေသည်။
ထိုအခါ ဦးစိုးကြည်တစ်ယောက်သာသောင်ထွန်းရွာနှင့်
မိမိရွာကို ကူးလူးသွားလာရတော့၏။
ဥိးစိုးကြည်တစ်ယောက်…
အတိတ်ကိုပြန်တွေးရင်း
ရေနွေးကြမ်းတစ်အိုးကုန်လေသောအခါ…
“အင်း…မဖြစ်ချေဘူး…ဒီတစ်ခေါက်သောင်ထွန်းရွာကို
လာရင်ငါ့သမီးက ကြွက်ကင်ကောင်းကောင်းလေးစားချင်တယ်လို့ပြောနေရှာတာ…အချိန်ဆွဲနေလို့မကောင်းပါဘူးလေ
အခုပဲကြွက်သွားဖမ်းဦးမှပါ…….”
ဟု..တွေးရင်းနေရာမှထ၍ ကြွက်ဖမ်းသွားတော့လေသည်။
ထိုသို့ဖြင့် ဇာတ်လမ်းလေးပြီးဆုံးသွားခဲ့ပါသည်။
ပြီးပါပြီ။
ရေးသားသူ-ယဉ်မင်း(ကန့်ဘလူ)
#crd