*မကျွတ်လွတ်တဲ့ သူနာပြုမလေး*📖📖📖(စ/ဆုံး)
****************************************
———————————–
ခင်စုဝေတို့သားအမိ ဒီအခန်းကို
ပြောင်းလာဖြစ်တာ မကြာသေး။
ခင်စုဝေက မြို့ထဲက နာမည်ကြီး ဖုန်းဆိုင်တခုမှာ
အလုပ်လုပ်သည်။
လုပ်သက်ကြာပြီဖြစ်၍
လစာအတန်အသင့်ကောင်းသည်။
သူ့မေမေကလည်းအိမ်မှာနေရင်း
စက်ချုပ်၍ ဝင်ငွေရှာသဖြင့်
သားအမိနှစ်ယောက်မှာ မရှိမရှား ဖြစ်သည်။
ခင်စုဝေတို့အခန်းက တတိယထပ်ဖြစ်ပြီး
ဘေးတိုက်မရှိ၍ လေဝင်လေထွက်လည်းကောင်းသည်။
နောက်ဖေးဝရံတာကလည်းကျယ်ပြန့်ပြီး
အိပ်ခန်းတခန်းပါသဖြင့်
သားအမိနှစ်ယောက် အေးအေးချမ်းချမ်းနေထိုင်ရန်
လုံလောက်ပေသည်။
တနေ့ ခင်စုဝေ အလုပ်ပိတ်ရက် နောက်ဖေးဘေစင်၌
ဘုရားပန်းလဲရန်ပြင်ဆင်နေစဉ် တယောက်ယောက်စိုက်ကြည့်သလိုခံစားရ၍ ဘေးဘီဝဲယာကို ကြည့်မိရာ
မျက်နှာချင်းဆိုင်အခန်းမှ မိမိနှင့်မတိမ်းမယိမ်းအမျိုးသမီးတယောက်က စူးစူးစိုက်စိုက်ကြည့်နေသည်ကို တွေ့ရလေသည်။
ခင်စုဝေတို့တိုက်နောက်ဖေးလမ်းက အရမ်းမကျယ်ဘဲ
ရက်ကွက်အတွင်းလမ်းဖြစ်၍ လူသွားလူလာရှင်းသည်။
ထိုအမျိုးသမီးနေသောတိုက်ခန်းမှာ ၃ထပ်ရှိပြီး
အမျိုးသမီးက တတိယထပ်ဝရံတာမှာအကျအနထိုင်နေလေသည်။
ခင်စုဝေလည်း မေမေနှင့်အသိဖြစ်လောက်မည်ဟုတွေးကာ ပြုံးပြလိုက်သည်။ထိုအခါ ထိုမိန်းမမှာ ခပ်စူးစူးကြည့်ရင်းနှင့်ပင် အခန်းထဲသို့ဝင်သွားလေသည်။
ခင်စုဝေစိတ်ထဲ အနည်းငယ်ဘဝင်မကျဖြစ်သွားသည်။
ဘယ်လိုလဲ ဆက်ဆံရေးညံ့လိုက်တာဟုတွေးပြီး
အိမ်ထဲ ပြန်ဝင်ခဲ့သည်။
ညဘက်မေမေနှင့်ထမင်းစားရင်း ညနေက ကိစကို
သတိရ၍…
မေမေ့ ရက်ကွက်ထဲက လူတွေနဲ့ အတော်ခင်ပြီလား
ခင်ပါတယ်…မေမေ့ဆီအထည်လာအပ်နေကြတာ
မေမေ မနိုင်လို့ တောင်းပန်ပြီး ငြင်းရတာတွေတောင်ရှိတယ်။
ဘာဖြစ်လို့လဲ။
ဘာမှမဖြစ်ပါဘူးမေမေရဲ့….ဟို နောက်ဖေး လမ်းဘက်က
တိုက်နဲ့ရော သိလား….
ကဲ…ဒီကလေးမဟာ လိုရင်းကိုမရောက်တော့ဘူး
ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်းသာ ပြောပါတော့အေ
ထိုအခါမှ ခင်စုဝေက ရယ်မောရင်း
ညနေက အကြောင်းကို ပြောပြတော့…
မြေညီထပ်က မိန်းမတွေနဲ့တော့ခင်တယ်
သူတို့သားလေးအတွက် အထည်လာအပ်နေကျမို့လေ
ကျန်တာတော့မေမေလည်းမသိဘူး။
အဲ့တိုက်က လူနေနည်းတယ်ထင်ပါတယ်…သမီးတွေ့တာလည်း သူ့ဘာသာ စိတ်မကြည်စရာရှိလို့နေမှာပေါ့
ဘာမှမဟုတ်တာ စိတ်ထဲထားမနေနဲ့….
ဟုတ်ကဲ့ပါမေမေရယ်….
ထိုညက ခင်စုဝေအကြိုက် အမဲနှပ် ငါးငပိချက်နှင့်
တို့စရာအစုံ ပြင်ဆင်ထားသဖြင့် ခင်စုဝေတယောက်
ခေါင်းပင်မဖော်နိုင်အောင် အဝစား၍
အစောကြီး အိပ်ပျော်ခဲ့လေသည်။
*************************************************
အေး….ပြောရမယ့်လူတွေလားအေ
ငါ့အိမ်က အကျယ်ကြီး…
ဘာမှအားနာစရာမလိုဘူး
ကလေးနေကောင်းဖို့အဓိက…
အေးအေးဆေးဆေးလာပြီး ဆေးကုပါအေ
………….
အေးအေး ပြီးရော။
လာဖြစ်အောင်သာလာခဲ့။
အလုပ်သွားရန်ပြင်ဆင်နေသောခင်စုဝေက
စူးစမ်းသလို ကြည့်ရင်း
ဘယ်သူ ဘာဖြစ်လို့လဲ မေမေ…
ပုသိမ်ကလေ ညီးတူမ ချောင်းဆိုးနေတာ
ရက်ကြာပြီမို့ ကလေးအထူးကုပြရင်ကောင်းမလားလို့တဲ့
မကြည်တို့က ပေါ့ပါတယ်အေ
ကလေးဆေးမြီးတိုနဲ့ ကြိတ်ကုနေမှာစိုးလို့
ခေါ်နေတာ….။
အေးလေနော်…ဒီမှာလာကုလိုက်ရင် သေချာသိရတာပေါ့
ပိုက်ဆံလည်းပြေလည်တာပဲကို….
ဒါဆို သမီးသွားပြီမေမေရေ သော့သေချာခတ်ဦး
အေးအေး….
**********************************************
ခင်စုဝေတူမလေး နိုးနိုးမှာ အရွယ်နဲ့မလိုက်အောင်
စကားတတ်လွန်းပြီး ချစ်ဖို့ကောင်းလှသည်။
ဖွားလေး မီးကို ကိတ်မုန့်ဝယ်ကျွေးရင် အာဘွားပေးမယ်
အမလေး….အာဘွားမပေးလည်းဝယ်ပေးမှာပါအေ
ညီးတော်တော်တတ်။
ခင်စုဝေ၏အဒေါ် ဒေါ်ကြည်နု နှင့် သူ့သမီးဖြစ်သူ နိုးနိုးတို့အမေလင်မယားနှစ်ယောက်ပါ ပါလာသဖြင့်
ယခင်က သားအမိနှစ်ယောက်သာရှိသော ခင်စုဝေတို့အိမ်မှာ ဆူညံစည်ကားနေလေတော့သည်။
ည၁၁နာရီခန့်….
နိုးနိုးမှာ အထူးကုဆရာဝန်ကြီးများနှင့် ပြသပြီးနောက်
အနာနှင့်ဆေးတည့်သည်ဟုပြောရမလားပေမသိ
အတော်သက်သာလာခဲ့သည်။
ညဘက်တွေ အရင်လို
အိပ်ရးမပျက်တာ ၃ ၄ရက်ရှိပြီဖြစ်၍ လူကြီးများအားလုံး
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြလေသည်။
ထိုအထဲတွင် အိပ်မပျာ်နိုင်သူကနိုးနိုး၏အဖေ ဖြိုးဝေ…
နိုးနိုးလေး နေမကောင်းဖြစ်ကတည်းက
စိတ်ရောလူရော အတော်ပင်ပန်းခဲ့ရသည်မှာ အခုမှပင်
အသက်ရှုချောင်သည်။
ရှားရှားပါးပါးရထားသော
သမီးလေးဖြစ်၍လည်း တအိမ်လုံးက အသဲပိုသည်။
သက်သာသွား၍တော်သေးတော့သည်။
နိုးလာရင်း မျက်စိကြောင်နေ၍ ငုတ်တုတ်ထိုင်နေမိသည်။
ညနေက ကော်ဖီနှင့် လက်ဖက်သုပ်တန်ခိုးတွေ ဖြစ်မည်။သောက်နေကျ မဟုတ်၍ အိပ်မပျော်။
ပါးစပ်ထဲချဉ်လာသည်….ဆေးလိပ်သောက်ချင်၍ဖြစ်သည်။မနေနိုင်တဲ့အဆုံး နောက်ဖေးထွက်ပြီး
ဆေးလိပ်သောက်ရန်ဆုံးဖြတ်လိုက်သည်။
အိတ်ထဲက ဆေးလိပ်ဘူးကိုယူ မီးခြစ်ယူပြီး
နောက်ဖေးဝရံတာသို့ ခြေဖော့နင်းရင်း ထွက်ခဲ့သည်။
အေးကနဲ တိုက်လာသော လေနုအေးကို ခံစားလိုက်ရ၍
လန်းဆန်းသွားသည်။လေအဝှေ့မှာ ပိတောက်ပင်နှင့်
ကွမ်းသီးပင်တို့ယိမ်းနွဲ့နေတာကို အရသာခံကြည့်ရင်း
ဆေးလိပ်ကို ဖွာလိုက်သည်။လဆန်း၁၃ရက်ဖြစ်၍
လ၏အလင်းရောင်ကလည်း ဝင်းပလျှက်။
ဆေးလိပ်ကို အရသာခံနေရင်း စိတ်ထဲတမျိုးဖြစ်လာသဖြင့် တဖက်ကို လှမ်းကြည့်မိတော့
သုံးထပ်တိုက်တွင် မြေညီထပ်တခုသာ မီးရောင်လဲ့လဲ့မြင်ရပြီး ကျန်အထပ်မှာ လူနေဟန်မတူ…။သို့ရာတွင်
လမ်းမီးတိုင်အလင်းဖြင့် မြင်ရသည်က
အမျိုးသမီးတယောက်….။
တိတိကျကျပြောရလျှင်
တတိယထပ်ဝရံတာမှာ အကျအနထိုင်နေသောအမျိုးသမီးတယောက်။
သူလည်းငါ့လိုအိပ်မပျော်လို့ဖြစ်မှာပါဟုတွေးရင်း
လက်ကနာရီကို ကြည့်မိတော့ ၁၂နာရီခွဲလုပြီ။
လက်စသတ်ပြီး အိပ်မှ ဖြစ်မည်ဟုတွေးရင်း တဖက်အခန်းကို ထပ်ကြည့်မိတော့ အစောက အမျိုးသမီးမှာ
လမ်းလျှောက်နေလေသည်။
ဆံထုံးကိုအကျအနထုံးကာ အကျီအဖြူနှင့် ထဘီအနီကိုဝတ်ဆင်ထားပြီး ကိုယ်လုံးသွယ်သွယ် နှင့် အသားဖြူဟန်ရှိလေသည်။
ဒီမိန်းမနှယ် ညနက်သန်းခေါင် ယူနီဖောင်းနဲ့ ရူးများနေလားမသိဘူးဟုတွေးကာ အခန်းထဲဝင်ရန်အလုပ်
နားထဲ၌ အမျိုးသမီးငြီးသံကိုကြားရလေသည်။
ငြီးသံမှာ အတော်ကျယ်လာပြီးနောက် တဖက်အခန်းသို့ ပြန်အကြည့် အစောက အမျိုးသမီးမှာ ဆံပင်ဖားလျားနှင့်
မျက်နှာမှာ ဖောင်းကားနေပြီး သွေးတွေစိုရွှဲနေသည်ကို
မြင်လိုက်ရသည်။
ထိုနောက်တွင် ဖြိုးဝေဆီ ပြေးလာသည်ကို အမြင်……
အောင်မလေး မြတ်စွာဘုရား ကယ်တော်မူပါဟု
ဟစ်အာ်ရင်း အခန်းထဲသို့ ဘယ်လိုရောက်လာခဲ့မှန်းပင်မသိတော့….။
ထိုညက ခင်စုဝေတို့လည်း မအိပ်တော့ရပေ။
*****************************************************
မနက်လင်း၍ အကြောင်းစုံပြောပြပြီးနောက်
အိမ်နားက အန်တီကြီးက….
သမီးတို့က မိန်းမသားတွေဆိုတော့ အထူးအလည်
မခြောက်လောက်ဘူးထင်လို့ မပြောဖြစ်တာ…
အဲ့တိုက်က နာမည်ကြီးလေကွယ် မြေရှင်တွေတောင်
မတတ်သာလို့နေရတာ။
ညညဆို ငြီးငြူသံတွေကြားရတာ
ရိုးတောင်နေလောက်ပြီ….
ဘယ်လိုဖြစ်တာလဲ အန်တီရယ်
ခင်စုဝေကသိလိုစိတ်ပြင်းပြစွာမေးသည်။
ယောက်ျားလေးတွေပိုခြောက်တာ အန်တီရ…
ဟိုးတခါက သားအစာကျွေးနေကျ ခွေးမကြီးက
အဲ့တိုက်ပေါ်ကလေးတွေတက်မွေးလို့
ကျွန်တော်က တက်ကြည့်မို့သွားတာ။
ဒုတိယထပ်မှာ
အဲအန်တီနဲ့တွေ့တာ….ဘာတက်လုပ်တာလဲတဲ့
မျက်လုံးနီကြီးနဲ့ဗျ။
သားလည်းကြောက်ကြောက်နဲ့
ခွေးလေးတွေလာကြည့်တာပါပြောတော့
အကုန်ခေါ်ပြီးပြန် နောက်ထပ်မလာနဲ့တဲ့။
သားမှာ ဘယ်လို ပြန်ပြေးမိမှန်းတောင်မသိဘူး။
ဒေါ်မြင့်ကြူသားလေးရဲ့စကားအဆုံး
ခင်စုဝေ ကြက်သီးတွေပင်ထသွားလေသည်။
ဒေါ်မြင့်ကြူက ဆက်၍……
အရင် အဲ့တိုက်က မိန်းကလေးအဆောင်ငှားထားတာလေ။အပေါ်ဆုံးထပ်မှာက သူနာပြုတကသိုလ်ကလားပဲ
အဲ့ကလေးမတွေနေတာ။
တနေ့သား ကလေးမတယောက်က ကိုယ်ဝန်ကို ကြိတ်ဖျက်ချတာ အသက်ပါပါရော…
ရဲတွေရော မိဘတွေရော အဲ့တလောက ခြေချင်းလိမ်လို့ပေါ့အေ။အဲ့နောက်ပိုင်း အခြောက်အလှန့်ကြမ်းလို့
အခန်းပိတ်ရတဲ့အထိပဲ။အဲ့ဘက်လမ်းထဲ ညနေဘက်ညဘက် လူရှင်းတာသတိထားမိသမို့လား…..
ခင်စုဝေက ပါးစပ်အဟောင်းသားဖြင့်ခေါင်းငြိမ့်ပြတော့…
အေး ဓာတ်သိတွေက မလာတာလေ။
မျိုးစုံခြောက်ခံရတာ…ကားသမား ဘေးတွဲသမားတွေကိုလည်း ဆေးရုံသွားချင်လို့ပါဆိုပြီး ငှားသတဲ့။
ကလေးမလေးသနားစရာပါအေ မိဘတွေလည်းရင်ကျိုးတာပဲ။
ဒေါ်မြင့်ကြူက အာခြောက်ဟန်ဖြင့် ရေနွေးကြမ်းခွက်ကိုမော့ရင်း စကားစကိုသိမ်းသည်။
ဒါဖြင့် သူ့မိဘတွေ ကုသိုလ်ကောင်းမှု လုပ်မပေးဘူးလားဟင်။
လုပ်ပါသကောအေ။ကလေးမက အစိမ်းလည်းသေ
မကျေနပ်စရာတွေရှိလို့ထင်ပအေ ကြုံသလိုခြောက်တာပဲ။
ဒေါ်မြင့်ကြူက စကားဝိုင်းကို အဆုံးသတ်လိုဟန်ပြောသည်။
ခင်စုဝေရော မေမေရော စိတ်ထဲမကောင်းလှ၍
ထိုနေ့က ထမင်းပင် ကောင်းကောင်းမစားနိုင်ကြ။
ဖြိုးဝေကတော့ နောက်နောက်ညအိပ်အလည်မလာရဲတော့ပါဟုဆိုသည်။
ခင်စုဝေကတော့ တဖက်အခန်းက မသေဆုံးခင်တခါမှမမြင်ဖူးခဲ့သော ထိုအမျိုးသမီးလေးကို သနားဂရုဏာသက်မိရင်းဘုရားရှိခိုးတိုင်း မေတာ ပို့ကာ အမျှဝေဖြစ်သည်….
ကောင်းရာဘုံဘ၀ ကောင်းတဲ့အရိပ်မှာ
အေးချမ်းပါစေတော့ကွယ်……..
ပြီးပါပြီ။
(ဖြစ်ရပ်မှန်တခုအား နာမည်လွှဲကာ ပြင်ဆင်ဖြည့်စွက်
စိတ်ကူးယဉ်ရေးပါသည်)
ပညာရှင်မဟုတ်ဘဲ ဝါသနာအရ ရေးတာမို့ အမှားအယွင်း
ရှိခဲ့လျှင် သည်းခံ ပြင်ဆင် ဖတ်ရှုပေးကြပါရှင်။
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ🌿