မစင်စား၍ ကြွေးဆပ်သူ

မစင်စား၍ ကြွေးဆပ်သူ(စ/ဆုံး)
——————————

လူသားတစ်ယောက်အနေဖြင့် စိတ်ကောင်း နှလုံးကောင်းထားတတ်ဖို့ အလွန်အရေးကြီးပေသည်။ တရားသဘောကို နှလုံးပိုက်၍ စိတ်ထားကို စင်ကြယ်စွာထားခြင်းသည်သာ အကောင်းဆုံးဖြစ်ပေသည်။ ဒေါသ လောဘ မောဟ ဟူသည် မိမိအတွက်မည်သည့်အခါမျှ ကောင်းကျိုးချမ်းသာ မဖြစ်စေနိုင်ပေ။ မိမိပြုသည့်အမှုသည် ကောင်းမှုကံဖြစ်စေ မကောင်းမှုကံဖြစ်စေ၊ တစ်ချိန်ချိန်တွင် ထိုအကျိုးအတိုင်း ပြန်လည်ရရှိကြမည်မှာ မလွဲမသွေဖြစ်ပေသည်။ မကောင်းမှုကံကြောင့် လားရမည့် ငရဲသည် သေလွန်ပြီးမှမဟုတ်ဘဲ သက်ရှိထင်ရှား ဘဝ မှာပင် ငရဲကျ ခံနေကြရသူများလည်း ရှိပေသည်။ ငတ်မွတ်ခေါင်းပါးခြင်း ၊ နေစရာ ဆင်းရဲခြင်း ၊ အနာရောဂါ ထူပြောခြင်းတို့သည်လည်း ငရဲ မည်ပေ၏ ။ ထိုနည်းတူစွာ ပြိတ္တာဘုံဘဝသို့လည်း သေလွန်မှ ရောက်ရမည်မဟုတ်ပါဘဲ သက်ရှိထင်ရှားဘဝမှာပင် ပြိတ္တာဖြစ်နေကြရသူ များစွာရှိနေသည်ကို သတိပြုသင့်သည်။

၁။ ဝန္တသိက ပြိတ္တာ = အလွန်မွတ်သိပ် ဆာလောင်သည့်အတွက် သူတပါးစွန့်ထားသော တံတွေး၊ နှပ်၊ အန်ဖတ်များကို စားသောက်ရသည်။

၂။ ကုဏပခါဒက ပြိတ္တာ = မြွေကောင်ပုပ်၊ ခွေးကောင်ပုပ်၊ လူသေကောင်ပုပ်များကို စားသောက်ရသည်။

၃။ ဂူထခါဒက ပြိတ္တာ = လူများစွန့်ထားသော မစင်ကို စားသောက်ရသည်။

၄။ အဂ္ဂိဇာလမုခ ပြိတ္တာ = အစားအစာ တစ်စုံတစ်ရာ မစားရဘဲ ပါးစပ်ထဲမှ မီးလျှံများထွက်နေသည်။

၅။ သူစိမုခ ပြိတ္တာ = ကိုယ်ခန္ဓာအလွန်ကြီးမားပြီး ပါးစပ်ပေါက်သည် အပ်နဖားပေါက်လောက်ရှိသည်။ တစ်ခါတစ်ရံ အစားအစာကို တွေ့သော် လည်း ပါးစပ်ပေါက်က အလွန်ကျဉ်းသောကြောင့် ပါးစပ်မှမသွင်းနိုင်ဘဲ နားပေါက်၊ နှာခေါင်းပေါက်တို့မှ အစားအစာကို သွင်းကြရသည်။

၆။ တဏှဋ္ဋိက ပြိတ္တာ = ရေလုံးဝ မသောက်ရဘဲ အလွန်ရေငတ်နေသည်။ ရေငတ်သည့်ဒုက္ခကို မခံနိုင်၍ မြစ်ချောင်းအင်းအိုင်များသို့ တွားသွား ကြသည်။ မြစ်ချောင်းအင်းအိုင်များသို့ ရောက်သောအခါ ရေမရှိတော့ဘဲ သွေး၊ ပြည်၊ ကျင်ကြီးများ ဖြစ်ကုန်သည်။

၇။ သုနိဇ္ဈာပက ပြိတ္တာ = မီးလောင်ကျွမ်းထားသော သစ်ငုတ်တိုနှင့် တူသည်။ ကြုံလှီပိန်ကပ်၍ နံရိုးအပြိုင်းပြိုင်း ဖြစ်သည်။ အဝတ်မပါ ကိုယ် လုံးတီး ဖြစ်သည်။ အနံ့အသက် အလွန်ဆိုးရွားသည်။ ခြေလက်များ ခွင်နေသည်။ မျက်လုံးများ အပြင်သို့ ပြူးထွက်နေသည်။ ဆာလောင်သော ဒုက္ခ၊ ရေငတ်သည့်ဒုက္ခကို အပြင်းအထန်ခံစားနေရသည်။

၈။ သတ္ထင်္ဂ ပြိတ္တာ = လက်သည်း၊ ခြေသည်းများသည် ဓားလှံ၊ ငါးမြှားချိတ်များကဲ့သို့ ထက်နေသည်။ ထိုထက်နေသော လက်သည်း၊ ခြေ သည် များနှင့် မိမိ၏အသွေးအသားကို ကုတ်ဖဲ့စားသောက်ရသည်။

၉။ ပဗ္ဗတင်္ဂ ပြိတ္တာ = တောင်လောက်ကြီးသော ကိုယ်ခန္ဓာနှင့် မျက်နှာသည် ဇီးကွက်ကဲ့သိုိ့ု ထိပ်တွင်တည်ရှိသည်။ မိမိကိုယ်ခန္ဓာထဲမှ အမြဲ တစေ အခိုးအလျှံများ ထွက်နေပြီး တစ်ကိုယ်လုံး မီးလောင်ကျွမ်းခံနေရသည်။

၁၀။ အဇဂရင်္ဂ ပြိတ္တာ = စပါးကြီးမြွေနှင့် တူသော ကိုယ်ခန္ဓာရှိသည်။ ညအခါ တောက်လောင်နေသော ကိုယ်ခန္ဓာနှင့် သွားလာနေကြရ၍ နေ့အခါတွင် ဆင်းရဲအမျိုးမျိုးခံကြရသည်။

၁၁။ ဥပ္ပိပါသိက ပြိတ္တာ = ဆာလောင်မွတ်သိပ်သည့် ဆင်းရဲ၊ ရေငတ်သည့် ဆင်းရဲကို အမြဲခံစားနေရသည်။

၁၂။ နိဇ္ဈမတဏှိက ပြိတ္တာ = ပါးစပ်ထဲတွင် မီးလျှံများ အမြဲတောက်လောင်နေသည်။ ဆာလောင် ရေငတ်သည့် ဆင်းရဲကို အမြဲ ခံစားနေရ သည်။

၁၃။ ကာလကိဉ္စိက ပြိတ္တာ = သုံးဂါဝုတ်မျှလောက်သော ခန္ဓာကိုယ်အတ္တဘောကြီးရှိလျက် အားနည်းသော အသားအသွေးရှိသဖြင့် သစ်ရွက် ခြောက်ကဲ့သို့ အရိုးကျဲကျဲရှိလျက် ပုဇွန်မျက်စိကဲ့သို့ ထွက်သောမျက်စိရှိသည်။ ထိုပြိတ္တာမျိုးသည် ဦးခေါင်းထိပ်အလယ်၌ အပ်နဖားပေါက် လောက်မျှသော ပါးစပ်ပေါက်ငယ် ရှိသည်။ ထိုပါးစပ်ပေါက်ဖြင့် သုံးဂါဝုတ်ရှိသော ခန္ဓာကိုယ်ကြီးကို ဝလင်အောင် မစားနိုင်ပေ။ (ထိုပြိတ္တာမျိုး ကို အသူရကာယ်ဘုံသားဟုလည်း ခေါ်သည်။)

၁၄။ပရဒတ္တူပဇီဝိက ပြိတ္တာ = မိမိ၏ ကိုယ်စွမ်းကိုယ်စနှင့် အစားအသောက်မစားရ။ သက်ရှိထင်ရှား ဆွေမျိုးများက ကုသိုလ်ကောင်းမှုပြုလုပ် အမျှအတန်းဝေမှ စားရသောက်ရ အသက်ရှင်ရသည်။

၁၅။ဝေမာနိက ပြိတ္တာ = နေရာဗိမ္မာန် ရှိသည်။ ကုသိုလ် အကုသိုလ် ရောနေသော မိဿကကံ ကိုပြုလုပ်ခဲ့၍ ငရဲဘုံတွင် ငရဲထိန်းအလုပ် လုပ် ရသည်။ နေ့အခါ ငရဲထိန်းဘဝ၊ ညအခါ နတ်စည်းစိမ်ချမ်းသာ ခံစားရသည်။

၁၆။မဟိဒ္ဓိက ပြိတ္တာ = ဝေမာနိက ပြိတ္တာများကို အုပ်ချုပ်ရသော `ဝေမာနိက ပြိတ္တာမင်း ဖြစ်သည်။ ဝေမာနိက ပြိတ္တာမင်းတို့သည် ငရဲကြီးရှစ် ထပ်၌ ငရဲမင်းကြီး(ယမမင်း)အလုပ် လုပ်ရသည်။ အဆင်းလှပြီး စည်းစိမ်ကြီးသည်ဟု ထင်ရပြီး စားချင်သောက်ချင်တိုင်းမစားရ မသောက်ရ ပေ။ တစ်ခါတစ်ရံမှသာ စားသောက်ရသည်။ တောင့်တမှု၊ အာသာဆန္ဒပြင်းပြမှုတို့ကို အမြဲ ခံစားနေကြရသည်။

ထိုပြိတ္တာမျိုးများအပြင် နာမည်အမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုး ရှိသော ပြိတ္တာများလည်းရှိသေးသည်။

သုစိလောမ ပြိတ္တာ = ထို ပြိတ္တာမျိုးတွင် အပ်သွားလို အမွေးရှိသည်။
ခရလောမ ပြိတ္တာ = ထို ပြိတ္တာမျိုးတွင် မိချောင်းရေလို အရေမျိုးရှိသည်။
ဒီဃနခ ပြိတ္တာ = ထို ပြိတ္တာမျိုးတွင် လက်သည်း၊ ခြေသည်း သိပ်ရှည်သည်။
ဧကပါဒ ပြိတ္တာ = ထို ပြိတ္တာမျိုးတွင် ခြေတစ်ချောင်းသာ ရှိသည်။
ဧကနေတ္တ ပြိတ္တာ = ထို ပြိတ္တာမျိုးတွင် မျက်စိတစ်လုံးသာ ရှိသည်။
အနေကနေတ္တ ပြိတ္တာ = ထို ပြိတ္တာမျိုးတွင် မျက်စိပေါင်း မြောက်များစွာရှိသည်။

ထိုသော ပြိတ္တာများထဲမှ ဒေါသအလျောက် မိမိ၏ အညစ်အကြေးများကို သူတစ်ပါး စားသောက်မည့် အစားအစာထဲသို့ ရောနှောပြီး ကျွေးခဲ့မိသဖြင့် မသေခင် လူ့ဘဝမှာပင် ဂူထခါဒက ပြိတ္တာ ၊ လူ့မစင်စားမှ အဟာရပြည့်ရသော ပြိတ္တာဘဝသို့ ရောက်ရှိခဲ့ရသည့် သူတစ် ယောက်အကြောင်း ။ သူတစ်ပါးအား ပျက်စီးစေလိုသော စေတနာဖြင့်သော်လည်းကောင်း၊ ဒေါသကြောင့် စိတ်လိုလက်ရ ပြုမူမိခြင်းကြောင့် သော်လည်းကောင်း၊ မိမိပြုမူကျူးလွန်ခဲ့သည့် အပြစ်အား တစ်ပါးသူ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ကျူးလွန်မိသည့် အပြစ်အတိုင်း ပေး ဆပ်ရလိမ့်မည်ဖြစ်ကြောင်း အမည်မှန်များ လွှဲပြောင်း၍ ရေးသားတင်ပြလိုက်ရပေသည်။

***************

“ စတီးဝပ် ”

“ ဟုတ်ကဲ့ ကပ္ပတိန် ”

“ ငါ့အခန်း လာမရှင်းတာ ဘယ်နှစ်ရက်ရှိပြီလဲ ”

“ မနေ့ကရှင်းထားပါတယ် ကပ္ပတိန် ”

“ ငါ့ကို မလိမ်နဲ့ ။ အခန်းရှင်းသလား မရှင်းသလားဆိုတာ သိချင်လို့ ကြမ်းထောင့်မှာ သွားကြားထိုးတံပစ်ချထားတာ ဒီအတိုင်းပဲ ရှိသေးတယ် ”

ရေယာဉ်မှုးက အတိအကျပြောနေသဖြင့် ကိုစိုးဝင်း အသာငြိမ်နေလိုက်ရသည်။

“ နောက်တစ်ခါ ဒါမျိုးလုပ်ရင် မင်းကို ပြန်ပို့မယ် ”

“ ဟုတ်တယ် ကပ္ပတိန်။ ဒီကောင် ပြောရဆိုရခက်တယ်။ အလုပ်လည်း ပျင်းတယ်။ မနက်တိုင်း အလုပ်ဝင်တာ နောက်ကျလို့ ခဏခဏ နှိုးနေရတယ်လို့ ထမင်းချက်က ကျွန်တော့်ကို တိုင်တယ် ”

“ ဟုတ်လား စတီးဝပ် ”

ကိုယ့်ဘက်က မှားနေသဖြင့် အဖြေပြန်မပေးဘဲ ရေယာဉ်မှုးနှင့် ကုန်းပတ်မှုးတို့ကို စိတ်ထဲမှ ကျိန်ဆဲရင်း ခေါင်းငုံ့ထားလေသည်။

ဂရိလူမျိုး ရေယာဉ်မှုးနှင့် ဂရိလူမျိုး ကုန်းပတ်မှုးတို့အား ကိုစိုးဝင်း ကြည့်မရသည်မှာ သင်္ဘောပေါ်စတက်ကတည်းက ဖြစ်ပေသည်။ ဆဲဆိုအော်ငေါက်ပြီး အချိန်တိုင်း အပြစ်တင်နေတတ်သည့် ရေယာဉ်မှုးအား အတိုက်အခံ ပြောဆိုရန်ကလည်း မဖြစ်ပေ။ စားပွဲထိုး အလုပ် သည် နိုင်ငံခြားသင်္ဘောပေါ်တွင် ရာထူးအငယ်ဆုံးဖြစ်သည့်အတွက် အောက်ကိုငုံ့ကြည့်လျှင် သံပြားသာရှိတော့သည်။ Steward ( စားပွဲထိုး ) သည် အရာရှိများအား အစားအသောက်ကျွေးမွေး စားပွဲထိုးပေးခြင်းအလုပ်ကို လုပ်ကိုင်ရပြီး စီနီယာအရာရှိ ( Senior Officer ) လေးဦး၏ ရေချိုးခန်းနှင့် အိမ်သာများ ၊ အခန်း ( Cabin ) များ ၊ အရာရှိ ထမင်းစားခန်း ( Officer Messroom ) နှင့် မီးဖိုဆောင် ( Galley ) ကိုလည်း နေ့စဉ် သန့်ရှင်းရေး လုပ်ကိုင်ပေးရသည်။ ကျန်သည့်အချိန်များတွင် ထမင်းချက်ကို ကူညီလုပ် ကိုင်ပေးရပြီး ချက်ပြုတ်ထားသည့် အိုးခွက် ပန်ကန်များ ၊ အရာရှိများ စားသောက်ထားသည့်ပန်းကန်များကို ဆေးကြောပေးရသည် ။

ကိုစိုးဝင်းအနေဖြင့် နိုင်ငံခြားသင်္ဘောပေါ်တွင် ပထမဦးဆုံး စတင်တာဝန်ထမ်းဆောင်ရသည့်အတွက် အလုပ်မပြုတ်စေရန် စိတ်ကို ထိန်း ချုပ်နေရလေသည်။ အမှန်ပြောရလျှင် ကိုစိုးဝင်းကိုယ်တိုင်က အလုပ်လုပ်ကိုင်ရာတွင် လေးပင်သလို ရေသာခိုတတ်သည်။ အရက်ကိုလည်း ကြိုက်နှစ်သက်သဖြင့် အလုပ်တာဝန် ပြီးဆုံးချိန်တိုင်း အလွန်အကျွံသောက်စားတတ်သောကြောင့် နောက်တစ်ရက်မနက်တွင် အိပ်ရာမှ မထနိုင်ဘဲ အလုပ်ချိန် နောက်ကျတတ်လေသည်။

ကိုစိုးဝင်း စတင် တာဝန်ထမ်းဆောင်ရသည့် သင်္ဘောသည် ဂရိလူမျိုး ပိုင်ဆိုင်သည့် သင်္ဘောကုမ္ပဏီဖြစ်ပြီး မြန်မာလူမျိုး ရေဒီယို ဆက် သွယ်ရေးအရာရှိ တစ်ယောက်မှလွဲ၍ ကျန်အရာရှိများအားလုံး ဂရိလူမျိုးများဖြစ်ကြသည်။ အောက်ခြေ သင်္ဘောသားများထဲတွင် ကိုစိုးဝင်း အပါအဝင် မြန်မာလူမျိုး တက်မကိုင် ( A/B ) သုံးယောက်နှင့် ဆီလောင်း ( Oiler ) တစ်ယောက်မှလွဲ၍ ကျန်သင်္ဘောသားများအားလုံးသည် ဖိလစ်ပိုင်လူမျိုးများ ဖြစ်ကြလေသည်။ ထိုစဉ်က ကိုစိုးဝင်း၏ အသက်သည် နှစ်ဆယ့်ငါးနှစ်သာသာ ရှိပေသေးသည်။ ထိုသင်္ဘောပေါ်တွင် ရင်း ရင်းနှီးနှီး ပေါင်းသင်းသူ ဆို၍ ဖီလစ်ပိုင်လူမျိုး ဆီလောင်း နယ်လ်ဆင်နှင့် ရေဒီယိုဆက်သွယ်ရေးအရာရှိ ဦးသက်နောင်တို့သာ ရှိပေသည်။

နေ့စဉ်နှင့်အမျှ ဆူပူဟိန်းဟောက်ခံနေရသည့် ကိုစိုးဝင်းသည် မိမိ၏ အမှားကို မမြင်ဘဲ ရေယာဉ်မှုးနှင့် ကုန်းပတ်မှုးတို့ကို သတ်ပစ် ချင်သည်အထိ မုန်းတီး ရွံရှာလာခဲ့သည်။ ရိုက်နှက် ထိုးကြိတ်ရန်ကလည်းမဖြစ် ၊ အသေသတ်ရန်ကလည်း မဖြစ်သည့်အတွက် ဆီလောင်း နယ်လ်ဆင်နှင့် အရက်သောက်သည့်အခါတိုင်း ရင်ဖွင့် ပြောပြတတ်လေသည်။

“ စိုး…..။ မင်း မကျေနပ်ရင် လူကိုယ်တိုင် သတ်စရာမလိုဘူး။ မင်းက လူကောင်သေးသေးလေးကွ။ ဟိုကောင်တွေက မင်းကို ကုတ်ကကိုင်ပြီး ရေထဲပစ်ချလိုက်လို့ရတယ် ”

“ ဒါဆို ဘယ်လိုလုပ်ရမလဲ နယ်လ်ဆင် ။ အကြံပေးစမ်းပါဦးကွာ ”

“ သူတို့ကို အစားအသောက်ကျွေးရင် အိမ်သာဆေးတဲ့ ဆေးရည် နည်းနည်းစီထည့်ကျွေး ။ ကြာရင် အစာအိမ်နဲ့ အူတွေပျက်စီးပြီး သူ့အလိုလို သေသွားလိမ့်မယ် ”

“ ဟာ…. မဆိုးဘူးကွ ။ ငါတောင်စဉ်းစားမိသေးတယ်။ နောက်တစ်ခေါက် သင်္ဘောပြန်တက်ရင် ကြွက်သတ်ဆေး ယူလာမလို့ ”

“ မင်းလုပ်မယ်ဆိုရင် ဘယ်သူမှ မသိစေနဲ့။ ငါ အကြံပေးတယ်လို့လည်း ဘယ်သူ့ကိုမှ မပြောနဲ့ စိုး ။ မင်းတို့ လူမျိုးချင်းလည်း မပြောနဲ့ကွ ။ အဲဒီကောင်တွေက မင်းတို့နိုင်ငံပြန်ရောက်တဲ့အခါ ကုမ္ပဏီ ကိုယ်စားလှယ် (representative ) ကို ပြန်ပြောရင် မင်းကို ပြန်ခေါ်မှာ မဟုတ်ဘူး ”

“ မပြောပါဘူး ။ စိတ်ချပါ ”

“ မင်းလုပ်မယ်ဆိုရင် အင်္ဂျင်နီယာချုပ် ( Chief Engineer ) ကိုပါ ထည့်ကျွေးစမ်းကွာ ။ အဲဒီကောင်ကို ငါ သိပ်မကျေနပ်ဘူး ။ ငါလည်း သူ့ကို သတ်ချင်နေတာ ကြာပြီ ”

“ ဟုတ်တယ် နယ်လ်ဆင် ။ အဲဒီကောင်လည်း လူပါးတော်တော်ဝတယ်။ ခေါတွေ လူပါးဝတာ လွန်နေပြီကွာ ”

“ လူပါးဝမှာပေါ့ကွာ ။ သင်္ဘောပိုင်ရှင် သူဌေးက သူတို့လူမျိုးလေကွာ။ ငါ့ညီလည်း မင်းလို စတီးဝပ်ပဲကွ။ သူလည်း မကျေနပ်ရင် အဲဒီလို လုပ် တယ်။ ငါ အကြံပေးတယ်လို့ ဘယ်သူ့မှ မပြောရဘူးနော် ”

“ စိတ်ချပါ သူငယ်ချင်းရာ။ ဘယ်သူ့မှ မပြောပါဘူး ”

နယ်လ်ဆင် အကြံပေးသည့်အတိုင်းပြုလုပ်ဖို့ အကြိမ်ကြိမ် ကြိုးစားပေမယ့် တကယ်တန်းကျပြန်တော့ မလုပ်ရဲပေ။ အိမ်သာဆေး သည့် ဓာတုဆေးများက အနံ့ရှိနေသဖြင့် သိရှိသွားနိုင်ပေသည်။ ထိုသို့ မလုပ်ရသည့်အဆုံးမှာတော့ အစားအသောက်များထဲတွင် တံတွေး ထွေးထည့်ခြင်း ၊ နှပ်ညှစ်ထည့်ခြင်းများ ပြူလုပ်လေတော့သည်။

ကိုစိုးဝင်း ပြုလုပ်သမျှ မသိရှာကြဘဲ ယုံယုံကြည်ကြည်ဖြင့် စားသောက်နေကြသည့် ရေယာဉ်မှုး ၊ အင်္ဂျင်နီယာချုပ်နှင့် ကုန်းပတ်မှုး တို့ကို ကြည့်ပြီး ကိုစိုးဝင်း ကျေနပ်နေလေသည်။ ရေယာဉ်မှုးနှင့် ကုန်းပတ်မှုးတို့ ဆဲဆို အော်ငေါက်သည့် နေ့များတွင် အစားအသောက်များထဲသို့ မစင် ထည့်ကျွေးသည့် အဆင့်အထိ ဖြစ်လာခဲ့လေသည်။

ရေယာဉ်မှုးနှင့် ကုန်းပတ်မှုးတို့ ပြန်သွားကြပြီး နောက်ထပ်ရောက်လာသည့် သူများကိုလည်း ထိုနည်းကဲ့သို့ ပြုမူ ကျွေးမွေးခဲ့ပြန်သည် ။ ကိုယ်ထိလက်ရောက် တုန့်ပြန်စရာမလိုဘဲ မိမိ၏ နှပ်သလိပ်တို့အား မြိန်ရည်ယှက်ရည် စားသုံးနေကြသည်ကို ကြည့်ပြီး ကျေနပ်နေခဲ့သည်။

ကိုစိုးဝင်းသည် ထို ဂရိကုမ္ပဏီတွင် လေးနှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ရေဒီယိုဆက်သွယ်ရေးအရာရှိ ဦးသက်နောင်နှင့် သင်္ဘော နှစ်စီးပေါ်တွင် အတူတာဝန်ထမ်းဆောင်ခဲ့ရသဖြင့် အလွန် ရင်းနှီးခင်မင်သွားခဲ့ကြသည်။ ဦးသက်နောင်နှင့် ကိုစိုးဝင်းတို့၏ မိသားစုချင်းလည်း ရင်းနှီးခင်မင်ခဲ့ကြလေသည်။ ကိုစိုးဝင်း ထိုကုမ္ပဏီမှ အလုပ်ပြူတ်သွားသည့်အခါမှာလည်း ဦးသက်နောင်က သူလုပ်ကိုင်နေသည့် ကုမ္ပဏီသို့ ခေါ်ယူခဲ့သည်အထိ အကူအညီပေးခဲ့သည်။ ထို့ကြောင့်လည်း ကိုစိုးဝင်းက ဦးသက်နောင်အား ကျေးဇူးရှင်တစ်ယောက်အဖြစ် အသိအမှတ်ပြု ခဲ့သည်။

ကိုစိုးဝင်း၏ အမူအကျင့်သည် သင်္ဘောပေါ်မှာသာ မဟုတ်တော့ဘဲ နေအိမ်အထိ ပါလာခဲ့လေသည်။ ယောက္ခမများနှင့် အဆင်မပြေ သည့်အခါတွင်လည်း ယောက္ခမ မိဘများ စားသောက်မည့် အစားအသောက်များထဲသို့ နှပ် ၊ တံတွေးသလိပ်နှင့် မစင်များထည့်ကျွေးသည် အထိ ပြုလုပ်လာခဲ့သည်။ သူ့အား မကောင်းပြောသူ ၊ မချေမငံ ဆက်ဆံသူတို့သည် သူ၏ အညစ်အကြေးများကို စားသုံးရမည်ဟု သန္နိဋ္ဌာန် ချထားခဲ့လေသည်။

ကိုစိုးဝင်း ပြုလုပ်ခဲ့သည့် အကုသိုလ်ကံသည် လက်ငင်းအကျိုးမပေးသေးဘဲ နောင်နှစ်ပေါင်း နှစ်ဆယ်ကျော်သည့်အခါမှာတော့ အကျိုးပေးလာခဲ့လေသည်။

“ အား…….ကျွတ်…..ကျွတ်…..ကျွတ်…..။ အမလေးဗျာ ”

“ ကိုစိုးဝင်း၊ မသက်သာဘူးလား ”

“ မသက်သာဘူး ညီလေးရာ၊ ဗိုက်ထဲက အရမ်းနာတယ် ”

“ လေထိုးတာဖြစ်မှာပါ ”

“ မဟုတ်နိုင်ပါဘူးကွာ ။ မနေ့ညနေကတည်းက စပြီး အောင့်တာကွ ”

“ အရက်သောက်တာများသွားလို့ အစာအိမ် နာတာနဲ့တူတယ် ”

“ မပြောတတ်ပါဘူးကွာ ။ အား……အမေရေ………၊ နာလိုက်တာ ”

“ မသက်သာရင် စကန်းမိတ် ( Second Mate ) ကို အကြောင်းကြားလေ ”

“ ခဏတော့ စောင့်ကြည့်လိုက်ဦးမယ်ကွာ ”

“ တော်ကြာ အူအတက်ပုပ်တာဖြစ်ရင် ရှောသွားမယ်နော် ။ ကျွန်တော် သရဲကြောက်တယ်ဗျ ”

“ မင်းကလည်း ၊ နိမိတ်မရှိတဲ့စကားတွေ လာပြောနေသေးတယ်။ ထွက်သွားစမ်းကွာ ”

ဗိုက်အောင့်နေသောကြောင့် နှစ်ရက်ဆက်တိုက် အလုပ်မလုပ်နိုင်သဖြင့် ဆေးမှုး ( Medical Officer ) တာဝန်ယူထားရသည့် ဒုတိယ ကုန်းပတ်အရာရှိနှင့် ရေယာဉ်မှုးတို့ လာရောက် ကြည့်ရှုစစ်ဆေးပေးကြသည် ။ ခရိုအေးရှားလူမျိုး ရေယာဉ်မှုးက ကိုစိုးဝင်း၏ လုပ်ရည်ကိုင်ရည်ကို သိရှိထားသူဖြစ်သောကြောင့် ကိုစိုးဝင်း အလုပ်မလုပ်ချင်သဖြင့် ဟန်ဆောင်နေသည်ဟု ယူဆထားလေသည်။

သုံးရက် ကြာသည်အထိ အစာမစားနိုင် ရေမသောက်နိုင်ဖြစ်လာပြီး သတိလစ်သွားသည့်အခါမှ နီးစပ်ရာ ဆိပ်ကမ်းသို့ အမြန်ဝင်ကာ ကိုစိုးဝင်းကို ဆေးရုံပို့ရန် စီစဉ်ပေးလိုက်ရတော့သည်။ အင်ဒိုးနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ဆေးကုသမှုခံယူနေသည့် ကိုစိုးဝင်းတွင် မည်သည့်ရောဂါမျှ ရှာမတွေ့သဖြင့် မြန်မာနိုင်ငံသို့ ပြန်ပို့လိုက်လေသည်။ အမိနိုင်ငံသို့ ပြန်ရောက်သည့်အခါ ထပ်မံစစ်ဆေးကြည့်သော်လည်း ရောဂါရှာမတွေ့ခဲ့ရပေ ။ အစာ အနည်းငယ်သာ စားသောက်နိုင်သဖြင့် ပိန်ချုံးပြီး အရိုးပေါ် အရေတင်နေခဲ့လေပြီ ။ ကျန်းမာရေးကြောင့် သင်္ဘောပြန်မတက်ရတော့သဖြင့် ရှာဖွေ စုဆောင်းထားသမျှ ငွေကြေးများလည်း တဖြည်းဖြည်းနှင့် ကုန်ခမ်းလာခဲ့သည်။

သားနှစ်ယောက်ကလည်း လိမ္မာရေးခြားမရှိဘဲ ဖခင်ရှာဖွေထားသမျှကို ဖြုန်းတီးနေကြသဖြင့် မိသားစု ဆက်လက်ရပ်တည်နိုင်ဖို့ ကိုစိုး ဝင်း စိတ်ပူပန်လာခဲ့သည်။ ကိုစိုးဝင်း၏ ခန္တာကိုယ်နှင့် ပါးစပ်မှ အပုပ်နံ့ထွက်နေသဖြင့် သတင်းမေးရန် လာကြသည့် မိတ်ဆွေများက ကိုစိုးဝင်း၏ အနားသို့ မကပ်ကြဘဲ ခပ်လှမ်းလှမ်းမှသာ စကားပြောကြသည် ။ ကိုစိုးဝင်းအား ကိုယ်ဖိ ရင်ဖိ ပြုစုပေးသူဆို၍ ဇနီးသည်တစ်ယောက်သာ ရှိပေတော့သည်။ ဦးသက်နောင်သည် သင်္ဘောပြန်မတက်ခင်နှင့် ပြန်ရောက်သည့် အချိန်များတွင် ကိုစိုးဝင်းအား လာရောက်တွေ့ဆုံပြီး တတ်နိုင်သလောက် ငွေကြေးအကူအညီပေးတတ်သည်။

မိမိပြုခဲ့သည့်ကံ မိမိထံသို့ အမှန်မသွေရောက်ရလေမည်ဆိုသည့်အတိုင်း ကိုစိုးဝင်းတစ်ယောက် ဝဋ်ကြွေးနှင့် ငရဲကို ခံရပေတော့သည်။ အစားအသောက် မစားနိုင်သဖြင့် ဆေးဖြင့်သာ အဟာရဆက်နေရသည့် ကိုစိုးဝင်းတစ်ယောက် ထူထူထောင်ထောင် ပြန်ဖြစ်လာခဲ့သည်မှာ အံ့သြဖွယ်ကောင်းနေပေသည်။ ဇနီးသည်ကလည်း အတော်ဝမ်းသာနေရှာသည်။ သို့ပါသော်လည်း ထိုသို့ ထူထူထောင်ထောင်ဖြစ် လာခဲ့သည့်အကြောင်းကို သိရှိရမည့်နေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့လေသည်။

“ အစ်ကို…..အစ်ကို…….အဲ…အဲ..အဲဒါ ဘာလုပ်နေတာလဲ……ဝေါ့……ဝေါ့………ထွီ……”

“ ဟင်…….ဆွေ….ငါ….ငါ ”

အိမ်သာတက်နေသည်မှာ အချိန်ကြာမြင့်နေသဖြင့် ကိုစိုးဝင်းအား စိတ်ပူပြီး ဇနီးဖြစ်သူ မဆွေဆွေဦးက အိမ်သာတံခါးကို ဆွဲဖွင့်ကြည့် လိုက်သည့်အခါ မစင်များကို လက်ဖြင့်ကော်ပြီးစားနေသည့် ကိုစိုးဝင်းကို မြင်လိုက်ရလေတော့သည်။ ကိုစိုးဝင်း၏ အဖြစ်ကို မြင်လိုက်ရသည့် မဆွေဆွေဦး တစ်ယောက် ရှက်လည်းရှက်၊ ဒေါသလည်းထွက် ၊ ဝမ်းလည်းနည်း ၊ လူသိသွားမည်ကိုလည်း စိုးရိမ်သဖြင့် ကိုစိုးဝင်းအား အိမ်သာထဲမှ အတင်းဆွဲထုတ်ကာ အိပ်ခန်းထဲသို့ ခေါ်သွားပြီး ထုနှက် ရိုက်ပုတ်ကာ ငိုကြွေးလေတော့သည်။

“ ဟီး…….အစ်ကိုရယ်…..ဘယ်လိုဖြစ်ရတာလဲ ။ ကျွန်မ ရှက်လွန်းလို့ သေတော့မယ် ”

“ ငါ…….ငါ……”

“ ဟီး………။ အဲဒီလောက်အထိ ငတ်နေရအောင် ကျွန်မက ရှင့်ကို အငတ်ထားနေလို့လား ”

“ မ…မဟုတ်ပါဘူး ဆွေရယ် ။ ငါ…ငါ… အရမ်း စားချင်လို့ပါ ”

“ ဘာဖြစ်တယ် ။ ရှင်က ချေးစားရအောင် လူလား ခွေးလားဟင်….လူလား …ခွေးလား….ဟီး…….”

“ ဆွေ……ငါ…ငါ.. ”

“ ရှင် ဘာမှ ထပ်မပြောနဲ့တော့…..ဟီး…။ သားတွေသာတွေ့သွားရင် ဘယ်လိုလုပ်ကြမလဲ ။ ကျွန်မကိုယ်ကျွန်မ သတ်သေမိလိမ့်မယ် ”

ရိုက်ပုတ်ထုနှက်ရင်း ရှိုက်ကြီးတင် ငိုကြွေးနေလေသည့် ဇနီးသည်ကို မည်သို့ မည်ပုံ ရှင်းပြရမည် မသိတော့သဖြင့် ဇနီးသည်နှင့်အတူ ရှိုက်ငိုလေတော့သည် ။ နောက်ပိုင်းတွင် ဇနီးသည် မရှိသည့်အချိန်မှ အိမ်သာသွားပြီး ကိုယ့်မစင်ကိုယ်ပြန်စားသည့် ပြိတ္တာဘဝသို့ ရောက်ခဲ့ရ လေသည်။ ဇနီးဖြစ်သူ မဆွေဆွေဦး ထပ်မံသိရှိသွားချိန်တွင် ကိုစိုးဝင်းအား အလစ်မပေးတော့ဘဲ အပြင်သွားစရာရှိပါက ကိုစိုးဝင်းအား အိမ် တိုင်တွင် ကြိုးဖြင့်ချည်နှောင်ပြီး အိမ်တံခါးများကို သော့ခတ်သွားရသည်အထိ ဖြစ်လာခဲ့သည် ။ မြန်မာ တိုင်းရင်းဆေးဆရာများ ၊ ပရောဂ ဆရာများနှင့် ကုသသော်လည်း ရောဂါဇစ်မြစ်ကို ရှာမရသဖြင့် ဆရာများ လက်လျှော့သွားကြရလေသည် ။ မစင် မစားရသည့် နောက်ပိုင်း ရုပ်သေးကြိုးပြတ်သလို အိပ်ရာထဲ ဘုံးဘုံးလဲပြီး သေလုမြောပါးဖြစ်နေသည့် ခင်ပွန်းသည်ကို မကြည့်ရက်သည့်အဆုံး သားနှစ်ယောက်ကို ဆွေမျိုးများထံတွင် နေထိုင်စေပြီး ကိုစိုးဝင်းအား စိတ်တိုင်းကျ လွှတ်ထားလိုက်ရလေတော့သည်။ မစင်စားမှ နလံပြန်ထူထောင်လာသည့် ခင်ပွန်းသည်အား မစင်စားသည့်ဖုတ်ကောင် ဝင်နေသည်ဟုပင် မဆွေဆွေဦးက ထင်မြင်ယူဆခဲ့သည်။

ညီအစ်ကို မောင်နှမ ၊ ဆွေမျိူးများနှင့် ပတ်ဝန်းကျင်ကလည်း ကိုစိုးဝင်းသည် သင်္ဘောသားတစ်ယောက်ဖြစ်သည့်အတွက် မိန်းမပွေ ရှုပ်သဖြင့် ရောဂါဆိုးကြီး ခံစားနေရသည်ဟု ထင်မြင်ထားကြသဖြင့် ကိုစိုးဝင်း၏အိမ်သို့ ဝင်ထွက်ခြင်းပင် မပြုလုပ်ကြတော့ပေ ။ မိသားစု အသုံးစရိတ်နှင့် ကိုစိုးဝင်းအတွက် ဆေးကုသစရိတ် အကုန်အကျများလာသဖြင့် လက်ရှိအိမ်ကိုရောင်းချပြီး အခြားရပ်ကွက်သို့ ပြောင်းရွှေ့ကာ အိမ်ငှားဘဝဖြင့် နေထိုင်ကြရသည်။ ပေနှစ်ဆယ် မြေကွက်ပေါ်တွင် ဆောက်လုပ်ထားသည့် နှစ်ထပ်အိမ်အား အပေါ်ထပ်တွင် အိမ်ရှင်များ နေထိုင်ကြပြီး အိမ်အောက်ထပ်ကို ငှားစားထားသဖြင့် ကိုစိုးဝင်းတို့ ဇနီးမောင်နှံက အိမ်အောက်ထပ်တွင် ငှားရမ်းနေထိုင်ကြလေသည်။ အိမ်ခန်း ငှားစားသော်လည်း အိမ်ငှားများအတွက် သီးသန့်အိမ်သာဟူ၍ မထားဘဲ အိမ်ရှင် အိမ်ငှား ပေါင်းသုံးရသည့် တစ်ခုတည်းသော အိမ်သာသည် ကိုစိုးဝင်းအတွက် စားသောက်ဆိုင်ကြီးတစ်ဆိုင် ဖြစ်နေခဲ့သည် ။ မဆွေဆွေဦးမှာလည်း ခင်ပွန်းကို မပစ်ရက်သဖြင့် သည်းခံနေရသော်လည်း အရှက်တကွဲဖြစ်မည်စိုးသောကြောင့် ကိုစိုးဝင်းကို အချိန်ပြည့် ကြိုးဖြင့်တုပ်နှောင်ထားရလေသည်။

မစင်စားသုံးနေသည့် ကိုစိုးဝင်းသည် မကြာခင်မှာပင် အနာကြီးကဲ့သို့ အရေပြားရောဂါ ဖြစ်ပွားလာခဲ့သည်။ အရေပြားပေါ်မှ အနာများကို ဆေးကုသသော်လည်း မပျောက်ကင်းနိုင်ဘဲ အခြားရောဂါများလည်း ဆက်တိုက်ဆိုသလို ဝင်ရောက်လာကြသဖြင့် သေရမည့်ရက်ကို စောင့်စား နေရလေတော့သည်။

“ ဆွေ…..ငါ…အာအိုကြီး ( R/O ရေဒီယိုဆက်သွယ်ရေး အရာရှိ ) ကို တွေ့ချင်တယ် ။ ဖုန်းဆက်ပေးပါလား ”

ရေဒီယို ဆက်သွယ်ရေးအရာရှိများ မလိုအပ်တော့သဖြင့် အလုပ်လက်မဲ့ဖြစ်သွားသည့် ဦးသက်နောင်သည် အခြားစီးပွားရေးများ လုပ်ကိုင်နေပြီး ကိုစိုးဝင်းထံသို့ မကြာခဏ လာရောက်ကာ နေကောင်းပါက သူ့နှင့်အတူ အလုပ်လုပ်ရန် အားပေးတတ်ပေသည်။

“ ဆက်ပေးပါ့မယ် ”

ခင်ပွန်းသည် အခြေအနေမကောင်းတော့သည်ကို သိထားပြီးဖြစ်သည့် မဆွေဆွေဦးသည် ခင်ပွန်းသည်ကို ချစ်ခင်သော်လည်း လူ့လောကမှ အမြန်ဆုံးထွက်ခွာပြီး ခံစားနေရသည့် ဝေဒနာများနှင့် ဝဋ်ကြွေးများ ပြေပျောက်သွားစေချင်သည်။ မစင် မစားသုံးရလျှင် သေလု မြောပါးဖြစ်နေသည့် ခင်ပွန်းသည်အား ရွံရှာခြင်းမဖြစ်ဘဲ သနားမိသဖြင့် မဆွေဆွေဦးကိုယ်တိုင် မစင်ကို မရွံမရှာကိုင်ကာ ခင်ပွန်းသည် စိတ်ကျေနပ်စေရန် ကျွေးမွေးရလေသည်။

****************

“ စိုးဝင်း ။ နေကောင်းရဲ့လား ”

“ အာအိုကြီး…….”

လေသံဖျော့ဖျော့ဖြင့် အိပ်ရာထဲမှ လှမ်းနှုတ်ဆက်နေသည့် ကိုစိုးဝင်းတစ်ယောက် အခြေအနေမကောင်းတော့မှန်း ဦးသက်နောင် သဘောပေါက်လိုက်သည် ။

“ မင်းနေကောင်းရင် ငါ့အလုပ်ထဲကို ခေါ်သွားမလို့ကွ ”

“ ဟုတ်လား….”

“ ဟုတ်တာပေါ့ကွာ ။ ဒေါ်လာတော့မရဘူးနော် ”

“ အလကားတောင် လုပ်ပေးရမယ့် သူပါ အာအိုကြီးရယ် ”

“ နေကောင်းအောင် အမြန်လုပ်ကွာ ”

“ မဖြစ်နိုင်တော့ပါဘူးဗျာ ။ ကျွန်တော် သွားရတော့မှာပါ ။ ဒါကြောင့် အာအိုကြီးကို နှုတ်ဆက်ပြီး ကန်တော့လည်း ကန်တော့ချင်တယ် ။ ပြောစရာ စကားတွေလည်းရှိလို့ ခေါ်ခိုင်းလိုက်ရတာပါ ”

“ မင်ကလည်းကွာ ။ မသေနိုင်သေးပါဘူးကွ ”

“ ဒီနေ့နဲ့ မနက်ဖြန် တစ်ရက်ရက်ပါပဲ အာအိုကြီးရယ် ။ အာအိုကြီး ရောက်လာတဲ့အထိ စောင့်နေတာပါ ”

“ မဆွေ ဖုန်းဆက်ကတည်းက လာမလို့ပဲ ။ ငါ ခရီးလွန်နေလို့ မလာဖြစ်ဘူးကွာ ”

“ ရပါတယ် အာအိုကြီးရယ် ။ ကျွန်တော် အာအိုကြီးကို ပြောစရာတွေရှိတယ် ။ အာအိုကြီးကို မိဘလို ရိုသေလေးစားလို့ မသေခင်လေးမှာ ရင်ဖွင့်ပြီး ပြောပြခဲ့ချင်ပါတယ် ”

“ ပြောလေကွာ…… ။ မင်းနဲ့ငါက ပြောစရာလိုတဲ့သူမှ မဟုတ်တာ ”

“ အာအိုကြီး ”

“ ပြောလေ စိုးဝင်း ”

“ ကျွန်တော် ပြောမှားဆိုမှားခဲ့တာတွေရှိရင် ခွင့်လွှတ်ပါ ”

အိပ်ရာပေါ် လဲလျောင်းရင်း လက်အုပ်ချီပြီး ကန်တော့နေသည့် ကိုစိုးဝင်းကို မြင်ရသည်မှာ စိတ်မချမ်းသာသဖြင့် ဦးသက်နောင် ရင်ထဲ ဆို့နင့်သွားမိသည်။

“ ကျွန်တော် လုပ်ခဲ့တဲ့ အကုသိုလ်တွေကို အခုခံစားနေရတာပါ အာအိုကြီးရယ် ။ ကျေနပ်ပါတယ် ။ ဒီဘဝနဲ့ပဲ ခံစားရပါစေတော့ဗျာ ”

“ ဟေ……..မင်းက ဘာတွေ လုပ်ခဲ့လို့လဲ စိုးဝင်း ။ ငါတွေ့တာတော့ မင်းက အေးအေးဆေးဆေးပါကွာ ”

“ မဟုတ်ဘူး အာအိုကြီး ။ ခေါလိုင်းမှာ ကျွန်တော် သင်္ဘောစလိုက်ကတည်းက အကုသိုလ်တွေ လုပ်ခဲ့မိတာပါ ”

“ ဟေ…..ပြောစမ်းပါဦးကွာ ။ ဘာတွေ လုပ်ခဲ့လို့လဲ ”

“ အာအိုကြီး မှတ်မိဦးမှာပေါ့ ။ ခေါ သူကြီးနဲ့ ချီးဘူးလေ ”

“ မှတ်မိတယ်လေ ။ ဘာဖြစ်လဲ ”

“ အဲဒီကောင်တွေ ကျွန်တော့်ကို မိုက်မိုက်ရိုင်းရိုင်း ဆက်ဆံတယ် ၊ ဆဲတယ် ။ အဲဒါကို မကျေနပ်လို့ သူတို့ကို သတ်ဖို့အထိ ကြံမိသေးတယ် ”

“ မဟုတ်သေးဘူး စိုးဝင်း ။ အဲဒီကတည်းက မင်းကို ငါပြောခဲ့တယ် ။ မင်းက အလုပ်ကို အလုပ်နဲ့တူအောင်မလုပ်ဘူး ။ နိုင်ငံခြားသားဆိုတာ မျိုးက တို့မြန်မာလူမျိုးလို ကြင်နာသနားတာ ၊ ညှာတာထောက်ထားတာတွေမရှိဘူးကွ ။ မကောင်းရင် ဂျောင်းပဲ ။ မင်းကို ငါ ဆုံးမခဲ့တာ မှတ်မိ ဦးမှာပေါ့ ”

“ မှတ်မိပါတယ် ”

“ ဆက်ပြောစမ်းပါဦး ”

“ အဲဒါကြောင့် သူတို့စားမယ့် အစားအစာတွေထဲကို တံတွေးထွေးထည့်တယ် ။ သလိပ်ဟပ်ထည့်တယ် ။ ကုန်ကုန်ပြောရရင် မစင်ထည့်ပြီး ကျွေးခဲ့တယ် ”

“ ဟာ………။ မင်းကွာ…..”

“ ဟင်…….ရှင်…ရှင်..၊ မလုပ်သင့်တာ လုပ်တယ် ”

“ ဟုတ်ပါတယ် ။ နောက်သင်္ဘောတွေမှာလည်း အဲဒီလိုပါပဲ ။ ကျွန်တော်နဲ့အဆင်မပြေရင် အစားအသောက်တွေထဲကို တံတွေး ထွေးထည့် တယ် ။ မစင်ထည့်ပြီး ကျွေးတယ် ။ အရက်ပုလင်းထဲ သေးပေါက်ထည့်ခဲ့တယ် ”

“ ဟာ………။ စိုးဝင်းရာ ။ မိုက်ချက်က ကမ်းကုန်ပါပေါ့လား ”

“ ဟင့်………ဟင့်….”

“ မငိုပါနဲ့ ဆွေ ။ နင့်မိဘတွေအပေါ်မှာလည်း ငါလုပ်ခဲ့မိပါတယ် ။ နင့်မိဘတွေကိုလည်း ငါမသေခင် ကန်တော့ပြီး တောင်းပန်ပါ့မယ် ”

“ ရက်စက်လိုက်တာ အစ်ကိုရယ် ”

“ အဲဒီ ဝဋ်ကြွေးတွေကို အခုဘဝမှာတင် ပေးဆပ်နေရပါပြီ ”

“ စိုးဝင်း ။ မင်းလည်း ဗုဒ္ဓဘာသာပါကွာ ။ မလုပ်သင့်တဲ့အလုပ်ကို အစကတည်းက မလုပ်ရဘူး ။ စိတ်ဆိုတာ မိတ်ဆွေလည်းဟုတ်တယ် ၊ ရန်သူဆိုလည်း ဟုတ်တယ် ။ စိတ်ကို မထိန်းချုပ်နိုင် မပြုပြင်နိုင်ရင် ရိုင်းစိုင်းတတ်တယ် ။ အဲဒီ စိတ်ရိုင်းကပဲ ကိုယ့်ကို ပြန်ရန်ပြုတတ်တယ် စိုးဝင်း ။ ဘုရားရှင် လက်ထက်မှာလည်း ကိုယ့်အသားကိုယ်ပြန်စားတဲ့ ပြိတ္တာတွေ ၊ ခန္တာကိုယ်တစ်ခုလုံး မီးဟုန်းဟုန်းတောက်နေတဲ့ ပြိတ္တာတွေ ၊ အစာရေစာပြတ်လပ် ၊ အဝတ်အစား ကိုယ်မှာမကပ်နိုင်ကြတဲ့ ပြိတ္တာတွေအကြောင်း မင်းလည်း ကြားဖူးမှာပေါ့ကွာ ”

“ ကြားဖူးပါတယ် အာအိုကြီး ”

“ မိုက်လိုက်တဲ့ကောင် ။ ဘုရားဟောဆိုတာ အလကားမဟုတ်ဘူးကွ ။ အိပ်ရာဝင် ပုံပြင်တစ်ပုဒ်လို့ သဘောထားမယ်ဆိုရင်တောင် ဒါတွေ ဟာ တကယ်ဖြစ်နိုင်ပါလားဆိုတာ လက်ခံနိုင်ရမယ် ။ ဆုံးမစာအဖြစ် တန်ဖိုးထားရမယ် ။ ပြိတ္တာဘုံဆိုတာ သေမှရောက်တာ မဟုတ်ပါဘူး စိုးဝင်းရာ ။ သက်ရှိဘဝမှာတင် အစာရေစာ ပြတ်လပ်တဲ့ ပြိတ္တာ ၊ ချမ်းသာပြည့်စုံပါလျက်နဲ့ မစားနိုင် မသောက်နိုင်တဲ့ ပြိတ္တာ ၊ ခန္တာကိုယ်မှာ အနာရောဂါတွေစွဲကပ်ပြီး ကုသလို့မရတဲ့ ပြိတ္တာတွေ အများကြီးကွ ။ ကိုယ့်ကိုယ်ကို ပြိတ္တာလို့မထင်ကြဘူး ။ မသေခင်ကတည်းက ပြိတ္တာဖြစ်နေကြပြီဆိုတာ တရားမရကြဘူး ။ မင်းလည်း ဘာထူးသလဲ စိုးဝင်း ။ သူတစ်ပါးအပေါ်မှာ မကောင်းတာလုပ်ခဲ့တဲ့အတွက် မသေခင် ခံစားနေရတဲ့ ဝေဒနာတွေကို တရားသဘောနဲ့ပြန်ကြည့်စမ်း ။ ဆေးကုလို့တောင်မရဘူးမဟုတ်လား ။ ငါတို့က အားပေးရုံ ၊ ဆေးကုသပေးရုံသာ လုပ်ပေးလို့ရမှာ ။ မင်းနေရာမှာ ကိုယ်စားဝင်ခံပေးလို့မရဘူး စိုးဝင်း ”

“ နားလည်ပါပြီ အာအိုကြီးရယ် ။ နောင်တလည်း ရပါပြီ ”

“ နောင်မှတတဲ့ နောင်တတော့ မဖြစ်သင့်ဘူးကွာ ။ နောင်တရတဲ့အချိန်မှာ နှောင်းနေပြီ ။ ဒါ့ကြောင့်လည်း နောင်မှ အမှားကိုသိပြီး ငါမလုပ်ခဲ့မိရင် ကောင်းသားဆိုတာကို တသသဖြစ်နေလို့ နောင်တလို့ခေါ်ကြတာ ။ နောင်တမရခင် အမှန်မြင် ၊ စိတ်ကိုပြင်မှ ချမ်းသာရတဲ့ကွ ။ အခုတော့ လွန်သွားပြီ စိုးဝင်းရေ ၊ လွန်သွားပြီကွ ”

“ အစ်…အစ်ကို ၊ အာအိုကြီးကို ပြောပြလိုက်လေ…….ဟီး………….”

“ ဘာလဲ မဆွေ ။ ဘာဖြစ်လို့ ငိုရတာလဲ ”

“ သူ…သူလေ…..၊ မ…မစင်တွေစားတယ် အာအိုကြီးရယ်……ဟီး…”

“ ဟာ………….၊ ဟေ့…ဟေ့ကောင် ။ အဟုတ်လား ”

“ ဟုတ်…ဟုတ်ပါတယ် ”

“ ဟာကြာ…”

“ ပြော…ပြောပြလိုက်လေ……”

“ ပြောပြပါ့မယ် ။ ကျွန်တော် ဗိုက်အရမ်းအောင့်လို့ သတိလစ်ပြီး အင်ဒိုနီးရှားမှာ ဆေးရုံတက်ခဲ့ရတာက စခဲ့တာပါ ။ အဲဒီဆေးရုံမှာကတည်းက ဘာမှ စားချင်စိတ်မရှိဘူး။ ထမင်းနံ့ ဟင်းနံ့တွေရရင် အန်ချင်တယ် ။ ဒါပေမဲ့ အိမ်သာတက်လို့ မစင်အနံ့ရရင် မွှေးကြိုင်နေသလို ခံစားရတယ် ။ ရွံလည်း မရွံတော့ဘူးဗျာ ။ စားကြည့်ချင်စိတ်တွေ ဖြစ်လာခဲ့တယ် ။ ကျွန်တော် စိတ်ထိန်းခဲ့ပေမယ့် မရဘူးဗျာ ။ အိမ်သာတက်ပြီးလို့ သန့်ရှင်းရေးလုပ်တဲ့အခါ လက်မှာပေနေတဲ့ မစင်ကို လျှာနဲ့လျက်ကြည့်မိတယ် ။ အသွေးအသားထဲအထိ စိမ့်ဝင်သွားလောက်အောင် အရသာရှိလိုက်တာဗျာ ”

“ ဟာ…………ထွီ…..။ စိုးဝင်းရာ…….”

“ ဟုတ်ပါတယ် အာအိုကြီးရယ် ။ ကျွန်တော် မဖြစ်သင့်ဘူးဆိုတာသိလို့ စိတ်ကို ရအောင်ထိန်းခဲ့ပါတယ် ။ မြန်မာပြည်ပြန်ရောက်တော့လည်း အောင့်အီးပြီး နေပါတယ်။ လူက မစင်မစားရရင် အားအင်တွေလျော့နေသလိုခံစားရတယ် ။ မစင်နံ့ရရင် ဆာလောင်လာတယ် ။ နောက်ဆုံး စိတ်မထိန်းနိုင်တာနဲ့ အိမ်သာတက်တိုင်း စားမိပါတယ် ”

“ ထွီ….မင်းက ပြိတ္တာတောင်မှ ဂူထခါဒကပေတ ( မစင်စားသော ပြိတ္တာ ) ပြိတ္တာစစ်စစ်ဖြစ်နေပြီပဲ စိုးဝင်းရယ် ။ မစင်ဘင်ဘုတ်စားတဲ့ ပြိတ္တာကွ ”

“ ဟုတ်ပါတယ် အာအိုကြီးရယ် ။ ကျွန်တော် လုပ်ခဲ့တဲ့ အကုသိုလ်ကံတွေပါဗျာ ။ နောက်တော့ ဆွေ မြင်သွားပြီး ကျွန်တော့်ကို ကြိုးနဲ့တုပ် ထားခဲ့တယ်။ ကျွန်တော် အဲဒီလို လုပ်စေချင်လို့ မငြင်းခဲ့ပါဘူး ။ ဒါပေမဲ့ မစင်မစားရတော့ လူလည်း အဟာရပြတ်ပြီး မြော့ခွေသွားတယ်ဗျာ ။ ဆွေက ကျွန်တော့်အပေါ် အရမ်းကောင်းတဲ့ ဇနီးကောင်းတစ်ယောက်ပါ ။ ဆွေ့ကျေးဇူးကို ဒီတစ်သက် မဟုတ်ပါဘူး၊ နောင်တစ်သက်အထိမေ့မှာ မဟုတ်ပါဘူးဆွေ ”

“ ဟင့်……..မ…..မပြော..မပြောပါနဲ့တော့ ”

“ ကျွန်တော့်ကို ခွင့်လွှတ်ကြပါ ”

“ ငါတို့က ခွင့်လွှတ်နိုင်ပေမယ့် မင်းလုပ်ခဲ့တဲ့ ကံအတိုင်း မင်းကိုယ်တိုင် ခံရတော့မယ် စိုးဝင်း ။ မည်သူမပြု မိမိမှုပဲ ။ မင်းကို ဘုရားက အပြစ်ပေးတာမဟုတ်ဘူး ။ နတ်ဗြဟ္မာတွေကလည်း အပြစ်ပေးတာမဟုတ်ဘူး ။ မင်းပြုခဲ့တဲ့အတိုင်း ပြန်ခံရတာပဲ စိုးဝင်း ။ Action မရှိဘဲ Reaction ဆိုတာ ရှိမလာနိုင်ဘူး။ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုတွေရှိတယ် စိုးဝင်း။ ဘုရားရှင်ကိုယ်တော်တိုင်တောင်မှ ဘုရားမဖြစ်ခင်နဲ့ ဘုရားဖြစ်တော်မူပြီးတဲ့အထိ ဝဋ်ကြွးကို ပေးဆပ်ခဲ့ရတာပဲလေ ”

“ ဟုတ်ပါတယ် အာအိုကြီး ။ ကျွန်တော် မသေခင်လေး ရင်ဖွင့်ခဲ့ချင်လို့ အာအိုကြီးကို ခေါ်ခိုင်းလိုက်ရတာပါ ”

“ ကောင်းတာပေါ့ကွာ ။ ငါ့အတွက်လည်း တရားတစ်ခု ရလိုက်တာပေါ့ ”

“ ဒါပေမဲ့ ဘယ်သူ့ကိုမှ မပြောပါနဲ့ အာအိုကြီးရယ်၊ ကတိပေးပါဗျာ ။ ကျွန်တော့်အတွက် မဟုတ်ပါဘူး ၊ ဆွေနဲ့ သားတွေအတွက်ပါဗျာ ”

“ ကတိတော့ မပေးနိုင်ဘူး စိုးဝင်း ။ အခြားသူတွေလည်း မင်းလိုမဖြစ်ရအောင် ကြုံကြိုက်ရင်တော့ ပြောပြသင့်ရင် ပြောပြမှာပေါ့ ။ ပြောတဲ့ အခါမှာတော့ မင်းနဲ့ မင်းမိသားစုကို မထိခိုက်အောင် နာမည်တပ်ပြီး ပြောမှာမဟုတ်ဘူးဆိုတာကိုတော့ ကတိပေးတယ် ”

“ ဒီလောက်ဆိုရပါပြီ အာအိုကြီးရယ် ။ ကျေးဇူးတင်ပါတယ်ဗျာ ”

“ မလိုပါဘူးကွာ ။ ငါ စိတ်အတော် မကောင်းဘူး စိုးဝင်း ။ မင်ကွာ…..မလုပ်သင့်တာတွေ လုပ်ခဲ့တယ် ။ အဲဒီအတွက် ပေးဆပ်ပေတော့ကွာ ။ အခုဘဝနဲ့ပဲ ပြီးသွားပါစေလို့ ဆုတောင်းပေးပါတယ် ”

“ ဟုတ်…ဟုတ်ကဲ့………ဟီး………………..ဟီး………..”

“ နောင်မှရတဲ့ နောင်တအတွက် နောင်တမျက်ရည်မကျစေနဲ့ စိုးဝင်း။ အချိန်ရှိတုန်း ရတနာသုံးပါးကို ဆည်းကပ်ပါ ။ မှားခဲ့သမျှတွေကို ဝန်ချ တောင်းပန်ပြီး သရဏဂုံတည်ပါ သရဏဂုံဆိုတာ သေမှ တည်လို့ရတာမဟုတ်ဘူး စိုးဝင်း။ မသေခင်ကတည်းက သရဏ ဆိုတဲ့ ဘုရား ၊ တရား ၊ သံဃာ ရတနာသုံးပါးကို မပြတ်ဆည်းကပ်ပြီး စိတ်မှာရော နှလုံးသားထဲမှာပါ ကိန်းဝပ်အောင် ကြိုးစားပေတော့ ”

“ ဟုတ်….ဟုတ်ကဲ့….အာအိုကြီး ”

“ ငါပြန်တော့မယ်ကွာ ။ မနက်ဖြန်မှ လာတော့မယ် ”

“ အာအိုကြီးကို ကန်တော့ပါတယ် ”

“ သာဓု…သာဓု….သာဓု……ပါကွာ ။ ဖြစ်လေရာ ဘဝမှာ အခုလို အဖြစ်မျိုးမကြုံရလေအောင် ဆုတောင်းပေးပါတယ် ”

“ ဟုတ်…..ဟုတ်ကဲ့ ”

“ မဆွေ ”

“ ရှင်…..အာအိုကြီး……”

“ ကျွန်တော် ပြန်မယ်ဗျာ ။ မနက်ဖြန်မှ လာခဲ့တော့မယ် ”

“ ဟုတ်ကဲ့ ရှင့် ”

“ ခင်ဗျားလည်း မြင်ပြီမဟုတ်လား ”

“ ဟင့်…မြင်…မြင်ပါတယ် ”

“ တရားသဘောနဲ့သာ ကြည့်ပေတော့ ။ သူမသေခင် သူစားချင်တာကို ကျွေးလိုက်ပါတော့ဗျာ ”

“ ကျွေး…ကျွေးပါတယ်……ဟီး……။ ကျွန်မလေ …အရမ်းရွံတတ်ပါတယ်။ ဒါပေမဲ့..သူ့အတွက် မရွံမရှာနဲ့…..ကိုင်တွယ်ပြီး.. ကျွေးပါတယ်… ဟီး………..။ ဟီး……..”

“ ခင်ဗျားက ပါရမီဖြည့်ဖက်ကောင်းပါ မဆွေ ။ ကောင်းတဲ့ပါရမီကိုပဲဖြည့်ဖြည့် ၊ မကောင်းတဲ့ ပါရမီကိုပဲဖြည့်ဖြည့် ၊ ကိုယ့်လင်သားရဲ့ ပါရမီကို ဖြည့်ဆည်းပေးခြင်းဟာ မိန်းမကောင်း မိန်းမမြတ်ပါဗျာ ။ သူ သိပ်မနေရတော့ပါဘူး ။ သူဖြစ်ချင်တာသာ လုပ်ပေးလိုက်ပါတော့ ”

“ လုပ်ပေးမှာပါ အာအိုကြီးရယ် ။ သူလည်း နောင်ဘဝအထိ ပေးဆပ်ရဦးမယ် ထင်ပါတယ် ”

“ သေချာတာပေါ့ဗျာ ။ အခုပဲကြည့်လေ ၊ မသေခင်ကတည်းက အပုပ်နံ့ထွက်နေပြီ ။ လူရုပ် သူရုပ်တောင် မပေါက်တော့ဘူးဗျာ ။ ကျွန်တော် အသက်ကို မနည်းအောင့်ထားရတယ် ။ ခင်ဗျားကိုလည်း ကိုယ်ချင်းစာမိပါတယ် ”

“ ယောက်ျားဆိုတော့လည်း ပစ်ထားလို့မှမဖြစ်တာ ။ ကျွန်မလည်း သူ့ဝဋ်တွေပါလာလို့ နေမှာပါ ”

“ မှန်တယ်ဗျာ ။ ကိုင်း ၊ ကျွန်တော် ပြန်တော့မယ် ။ ရော့……မဆွေ ၊ သုံးဖို့စွဲဖို့ ယူထားလိုက်ဦး ။ အရေးကြီးတာတစ်ခု မှာခဲ့မယ် ”

“ ဟုတ်ကဲ့ အာအိုကြီး ”

“ သူမသေခင် မနက်ဖြန်ဖြစ်ဖြစ် သန်ဘက်ခါဖြစ်ဖြစ် သံဃာတွေပင့်ပြီး ဆွမ်းကပ်ပါ ။ ဆွမ်းသင်္ကန်းကို သူ့လက်နဲ့ ကပ်ခိုင်းလိုက်ပါ ”

“ မနက်ဖြန် ဆက်ဆက် လုပ်လိုက်ပါ့မယ် ”

“ ခင်ဗျားရဲ့ သားတွေ သူ့အဖေ ဟိုဟာစားတာ သိကြလား ”

“ မသိပါဘူး အာအိုကြီး ”

“ မသိစေနဲ့ဗျာ ။ ခင်ဗျားရဲ့ ရင်ဘတ်ထဲမှာ သေတဲ့အထိသာ သိမ်းသွားပါတော့ ”

“ ဟုတ်……ဟုတ်ကဲ့…..ဟင့်…..”

“ သူ့ညီအစ်ကို မောင်နှမနဲ့ ဆွေမျိုးတွေ လာမကြည့်ကြဘူးလား ”

“ ရောဂါကူးမှာစိုးလို့ မလာကြဘူး အာအိုကြီး ”

“ အင်း…..ငရဲပေါ့ဗျာ ။ ကျွန်တော် မှာတာ မမေ့နဲ့နော် ”

“ မ…မမေ့ပါဘူး အာအိုကြီး ။ ဒီနေ့ စလုပ်ပါ့မယ် ”

“ ကောင်းတယ်ဗျာ ”

****************

ဦးသက်နောင်ပြန်သွားပြီး နောက်တစ်နေ့မနက် အရုဏ်တက်အချိန်တွင် ကိုစိုးဝင်းတစ်ယောက် အနိစ္စရောက်သွားခဲ့လေသည်။ ဦး သက်နောင်နှင့် မဆွေဆွေဦးတို့ စီစဉ်ထားသည့်အတိုင်း သံဃာတော်များအား ကိုယ်တိုင်ကိုယ်ကျ ဆွမ်းသင်္ကန်း ကပ်လှူခွင့် မရခဲ့သည်မှာ လည်း ကိုစိုးဝင်း၏ အကုသိုလ်ကံ ဖိစီးနေခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည် ။

ကိုစိုးဝင်း တစ်ယောက် ဒေါသအလျောက် မပြုလုပ်ခင်က ဦးနှောက်ဖြင့်ဝေဖန်သုံးသပ်ပြီး အမှား အမှန်ကိုသာ မြင်ခဲ့မည်ဆိုပါလျှင် ၊ သူတစ်ပါးအား မိမိ၏အညစ်အကြေးများ စားသောက်စေခြင်း မပြုလုပ်ခဲ့ပါလျှင် ၊ မိမိပြုသည့်ကံ မိမိထံသို့ မလွဲမသွေ ပြန်လာတတ်ကြောင်း ကိုစိုးဝင်းသာ သဘောပေါက်ခဲ့မည် ဆိုပါလျှင်…….

( ဖြစ်ရပ်မှန်အား အမည်များလွှဲပြောင်းပြီး ရေးသားထားပါသည် )

*********************

ချစ်ခင် လေးစားစွာဖြင့်

လွင်ဦးဟန်