မသာနှစ်ခေါက်(စ/ဆုံး)
—————–
ရွာမှာ ကိုဘိုးမောင် ကွယ်လွန်တယ်ဆိုလို့ ကျွန်တော် သုံးနှစ်လောက် မရောက်တဲ့ရွာကို တစ်ခေါက် ရောက်ခဲ့ တယ်။ သုံးနှစ်အတွင်း ထူးခြားတာက ကားလမ်းပေါက်သွားတာပဲ။ အရင်ကဆိုရင် နွေပဲ ကားသွားနိုင်တာ။ ခုတော့ အချိန်မရွေး မြိုင်သာကို ကားရောက်မယ်ဆိုတော့ နောက်ဆိုရင် ပိုရောက်ဖြစ်မယ်ထင်တာပဲ။
ရွာဓလေ့ဆိုတော့ အလောင်းကို ၇ ရက်မှ မြေချတယ်။ ခေါင်းသွင်းပြီးတော့ သင်္ချိုင်းမှာထား၊ ရွာထဲကတော့ ကိုဘိုးမောင်အိမ်မှာ ၇ ရက် ၇ လီ ထမင်းကျွေး၊ ဖဲဝိုင်းကလည်း စည်ပါ့။ ဝက်ကပဲ အကောင် ၃၀ လောက် ပေါ်မယ်တဲ့။
ကိုဘိုးမောင်က ဒီရွာမှာ လူကြီးလည်းဖြစ် ပိုက်ဆံလည်းချမ်းသာ၊ ဆွေဂုဏ်မျိုးဂုဏ်ကလည်းတောင့်၊ အသိုင်း အဝိုင်းကလည်းကောင်းသမို့ မသာက မသာနဲ့ မတူတော့ဘူး။ ပွဲလောက်ကိုစည်နေတယ်။ ညဆိုရင် အောက်လင်းမီးတွေနဲ့ ဖဲဝိုင်း၊ ဂျင်ဝိုင်းတွေတောင်ထောင်ထားတယ်။
ကိုဘိုးမောင်သားကြီးက ကျွန်တော့်တပည့်။ ခုတော့ ဒီကောင် ၁၀ တန်းလည်းအောင်သွားပြီ။ ပုသိမ်ဘက်မှာ ခရိုင်စိုက်ပျိုးရေးအရာရှိတဲ့။ ခုလည်း သူ့အဖေ ဆုံးတာ သိသိချင်း ကျွန်တော့်ကို ဝင်ခေါ်ပြီးတော့ လာခဲ့ကြတာ။ ကျွန်တော်ကလည်း ရွာမရောက်တာကြာလို့ သူ့ကားနဲ့ လိုက်ခဲ့မိတယ်။
နောက်ဆုံး အသုဘချတဲ့နေ့ရောက်လာတယ်။ အသုဘချတယ်သာဆိုတာ အလောင်းက သင်္ချိုင်းမှာဆိုတော့ လူတွေနဲ့ ဘုန်းကြီးပင့်ပြီး သွားကြတာပါပဲ။ ရွာစွန်က သင်္ချိုင်းကိုရောက်ဖို့က ၁၅ မိနစ်လောက် လမ်းလျှောက် ကြရသေးတယ်။
အလောင်းကို ဇရပ်အစွန်မှာ စင်နဲ့တင်ထားရာက တရားနာမယ်ဆိုတော့ သွားမ လာကြတယ်။ ဘုန်းကြီး တွေရှေ့ကို အခေါင်းကြီးချလိုက်တော့ နံလိုက်တာလေ။ တရားနာနေတဲ့သူတွေလည်း မျက်နှာတွေ ရှုံ့မဲ့။ ဘုန်ကြီးတွေလည်း မျက်နှာမကောင်း။ ကိုဘိုးမောင်က ဝလည်းဝ၊ အလောင်းကလည်း တစ်ပတ်ထား တာဆိုတော့ စဉ်းစားသာကြည့်ပေတော့။ ပိုဆိုးတာက ကျွန်တော့်ရှေ့တည့်တည့်မှာ အခေါင်း။ နေပူထဲက လာတဲ့အပြင် အပုပ်နံ့ကြောင့် ခေါင်းတွေက တစစ်စစ်နဲ့ ထိုးကိုက်လာတယ်။ ဘုန်းကြီးတွေကလည်း တရားကို မြန်မြန်ဖြတ်ပြီး ရေစက်ချ အမျှဝေလိုက်ပြီး အခေါင်းကို ဂူသွင်းဖို့ ထုတ်သွားကြတယ်။
ကျွန်တော်က အခေါင်းထုတ်သွားတဲ့နောက်ကို မလိုက်တော့ဘူး။ ဆရာတော်အနီးမှာ ထိုင်ခဲ့ပြီးတော့ ဆရာတော်ကို သောက်ရေကပ်နေမိတယ်။ ဆရာတော်က
“ဒကာကြီးရေ … တရားရစရာနော်”
“ဘာများလဲ အရှင်ဘုရား”
“သေတော့လည်း နံလိုက်တဲ့ ပုပ်စော်”
“မှန်ပါ့ဘုရား”
အဲဒီအချိန်မှာပဲ အမျိုးသမီးကြီးတစ်ယောက်က ဇရပ်ထဲဝင်လာပြီး
“အရှင်ဘုရား … အရှင်ဘုရား … တပည့်တော်ကို သပိတ်သွတ်ခွင့်ပြုပါဘုရား”
ဆရာတော်ရော ကျွန်တော်ရော အပြေးလေး ဝင်လာတဲ့ အဘွားအိုတစ်ယောက်ကို ကြည့်နေမိတယ်။ အဘွားအိုက ဆရာတော်ရှေ့မှာ ဦးကုန်းချလိုက်ပြီး အမောတကောပြောလိုက်တာ
“တပည့်တော် သပိတ်သွတ်ချင်လို့ပါဘုရား”
ဆရာတော်ကြီးက
“ဒကာမကြီး ဘယ်သူသေလို့လဲ”
“တပည့်တော်သား စိန်မောင်ပါဘုရား”
“ဒကာမကြီး စိန်မောင်ကို စောစောလေးကပဲ အခေါင်းထမ်းသွားတာ တွေ့လိုက်သေးတယ်”
“တပည့်တော်သားက သေသွားပါပြီဘုရား၊ တပည့်တော်ကို သနားပါဘုရား။ သားအတွက် ရည်စူးပြီး သပိတ်သွတ်ပါရစေ”
အဘွားအိုက ဆရာတော်ကို လျှောက်ထားရင်းက မျက်ရည်တွေကျလာတယ်။ ထသွားပြီးတော့ သင်္ချိုင်းထဲမှာ ရှိနေတဲ့ လူတွေကို
“အမျိုးတို့ရေ … မပြန်ကြပါနဲ့ဦး … ဒီမှာ တရားနာကြွကြပါဦး” လို့ ဇရပ်အပြင်ကနေ အော်နေတယ်။
လူတွေလည်း စိတ်ဝင်စားစွာနဲ့ ဇရပ်ထဲ ပြန်ဝင်လာကြတယ်။ စူးစမ်းတဲ့ အကြည့်တွေနဲ့ ကြည့်ရင်းက
“ဘယ်သူသေလို့လဲ” ဆိုပြီး မေးနေတယ်။
ကျွန်တော်ကတော့ ဇာတ်လမ်းကောင်း တစ်ပုဒ်ရတော့မယ်ဆိုပြီး စောင့်ကြည့်နေရတယ်။
“လာကြပါရှင် … တရားနာကြွကြပါရှင့်။ ကျွန်မသားလေး စိန်မောင်အတွက် သပိတ်သွတ်ချင်လို့ တရားနာ ကြွကြပါရှင်”
အမေအိုက ဆရာတော်ရှေ့ကိုပြန်ရောက်လာပြီးတော့
“အရှင်ဘုရား … ဒီမှာ ဝတ္ထုငွေ ကပ်ပါတယ်ဘုရား … ရေစက်ချ တရားနာခွင့်ပေးပါဘုရား”
“ဒကာမကြီး စိန်မောင်က ရှိနေသေးတယ်။ မသေသေးပါဘူး။ ဟဲ့ ဒကာတွေ စိန်မောင်ကို သွားခေါ်ကြစမ်း”
ခဏနေတော့ စိန်မောင်က အပြေးလေးရောက်လာတယ်
“အမေ ဘာတွေ လျှောက်လုပ်နေတာလဲ”
“သားရေ … အမျှ အမျှ အမျှ ယူတော်မူပါကွယ်။ ငါ့သားလေး ကျန်းမာ ချမ်းသာပါစေကွယ်။ အမျှ အမျှ အမျှ”
“အမေ ဘာတွေ လုပ်နေသလဲ”
ဆရာတော်ကြီးက
“စိန်မောင် ထိုင်စမ်း။ ဘာဖြစ်သလဲပြော”
“တပည့်တော်လည်း နားမလည် နိုင်လောက်အောင်ဖြစ်နေပါပြီဘုရား”
“ကိုင်း … ဒကာမကြီး ဘာဖြစ်လို့ သားကို သပိတ်သွတ်ခိုင်းရသလဲ ပြောပါဦး”
“တပည့်တော်သားက သေသွားပါပြီဘုရား”
“မဟုတ်ဘူးလေ … ဒကာမကြီးရယ် … ဒီမှာ ရှိနေတာပဲ”
“စိန်မောင် သေသွားလို့ပါဘုရား … တပည့်တော်သား သေသွားပါပြီဘုရား။ တပည့်တော်ကို ကယ်တော်မူပါ ဘုရား … ဟီး … ဟီး … ဟီး”
အမေအိုက ငိုချလိုက်ပြီးတော့ ဇရပ်ထဲမှာ မျက်နှာကို သမံတလင်းပေါ်အပ်ပြီး တရှိုက်ရှိုက်ငိုနေတာ။ ဘေးက ကြည့်နေတဲ့ ကျွန်တော် မျက်ရည်တွေ ဝိုင်းလာတယ်။
“စိန်မောင် ဘာဖြစ်သလဲ ပြောစမ်း”
စိန်မောင်နဲ့ ဒေါ်လှမြိုင်က သားအမိတွေ။ အမေတစ်ခု သားတစ်ခုပေါ့။ စိန်မောင်က အသက် ၃၀ ကျော်တဲ့အထိ အိမ်ထောင်မပြုဘဲ အမေအိုကြီးကို လုပ်ကျွေးနေတာ။ ဒါပေမဲ့ သူ့အမေက သူသေသွားရင် သားလေး စိန်မောင် ဒုက္ခရောက်မယ်ဆိုပြီးတော့ အိမ်ထောင်ပြုခိုင်းတယ်။ ဒီလိုနဲ့ စိန်မောင် ဟိုဘက် ခင်တန်းရွာသူ ညိုညိုစိမ့်နဲ့ အိမ်ထောင်ကျတယ်။
မိညိုကလည်း အမေတစ်ခု သမီးတစ်ခုဆိုတော့ စိန်မောင်က ခင်တန်းမှာ သွားနေတယ်။ ရွာမှာ အမေအိုကြီး တစ်ယောက်တည်း ကျန်ခဲ့တယ်။ ယောက္ခမနဲ့ ချွေးမ ကမ္ဘာရန်တွေဆိုတော့ အမေအိုဆီကို ဘယ်သူမှ မလာတော့ဘူး။ မြေးလေးတစ်ယောက်ရလာတော့လည်း မတွေ့ရ၊ မချီရ။ သားကလည်း အနေစိမ်းပြီး တစ်လ တစ်ခေါက်တောင် ရောက်ချင်မှရောက်။ အမေ့လယ်တွေကို လုပ်ပေးလို့ စပါးလေးထောက်တာကလွဲပြီးတော့ စိန်မောင်က အမေအို ပစ်ထားတာကြာပြီပဲ။
အစားအသောက်လည်းမမှန်၊ သားကို ချစ်တဲ့ဇောနဲ့ ခင်တန်းကို သွားပြီး မြေးကို ခိုးချီနေရတဲ့ဘဝ။ သေခါနီးအမေအိုက တစ်နေ့တော့ ဆုံးဖြတ်လိုက်တယ်။
“သားရေ … စိန်မောင် ရေ … မင်း သေသွားပါပြီ။ မင်းသေသွားတာ ကြာပါပြီသားရယ်။ အမေလည်း မနေရတော့ပါဘူး။ အမေ့အရင် သေသွားတဲ့ သားလေးအတွက် ကုသိုလ်ကောင်းမှုလေး အမေလုပ်ပေးပါရစေ”
ကျွန်တော်သာ မဟုတ်ဘူး ဇရပ်တစ်ခုလုံးထဲကို ရောက်နေတဲ့ အားလုံး မျက်ရည်တွေ သုတ်နေရတယ်။ ဆရာတော်ကြီးလည်း ယပ်ကိုကွယ်ပြီးတော့ မျက်ရည်တွေကို သုတ်နေရပြီ။
ဆရာတော်ကြီးက ချောင်းဟန့်လိုက်ပြီးတော့
“အင်း ဘဝဝဋ်ကြွေးတွေပေါ့ကွယ်” ဆိုပြီး ဘုရားဟော ဇာတ်ထဲမှာလည်း ဒီအကြောင်းရှိဖူးတာကို သာဓက ထုတ်ပြတယ်။
စိန်မောင်က သူ့အမေကို ပြန်ခေါ်သွားတယ်။ နောက်ဆက်တွဲ ဘာဖြစ်လာသလဲတော့ ကျွန်တော်မသိဘူး။ ဒီမနက် ကျွန်တော့်ဆီကို ရွာက ဖုန်းဆက်တယ်။ ဆရာတော်ကြီးက ဖုန်းဆက်တာ
“ဒကာတင်ညွန့်”
“ဘုရား”
“ဒေါ်လှမြိုင် ဆုံးပြီ”
“ဘယ်က ဒေါ်လှမြိုင်လဲဘုရား”
“သင်္ချိုင်းမှာ ဘုန်းကြီးတို့ကို တရားလာပြသွားတဲ့ ဒကာမကြီးလေ။ စိန်မောင့်အမေပေါ့”
“ဖြစ်ရလေဘုရား … စိတ်မကောင်းလိုက်တာ။ နောက်ပိုင်း စိန်မောင်တစ်ယောက် သူ့အမေကို ပြုစု စောင့်ရှောက်ရဲ့လားဘုရား”
“အင်း … သူ့အမေဆီကို လာပြန်နေမှပဲ ဒကာမကြီး ဆုံးသွားတာ”
“အို ဖြစ်ရလေဘုရား”
“ဒကာကြီး ဒီအကြောင်း ရေးမှာ မဟုတ်လား”
“ရေးရမှာပေါ့ဘုရား”
#တင်ညွန့်
၁၉.၅.၂၀၁၈
#နီလာ အာကာ
.