” မဟူရာညရဲတစ္ဆေမ ” (စ/ဆုံး)
================================
အခန်း(၁)
………………….
“”အူး……အူး..အူး””
အဝေးကလွင့်ပျံလာတဲ့ခွေးအူသံတွေကအိပ်ပျော်ဖို့ကြိုးစားနေတဲ့ ကျနော်ကိုပိုပြီးအိပ်ရေးပျက်စေပြန်တယ်။
ကျနော် ရဲ့အိပ်ရေးပျက်ညတွေဟာ အခုဆိုရင်
သိတ်ကိုများနေခဲ့ပါပြီ။
အိပ်လို့မရတော့တဲ့ကျနော် အိပ်ယာထက်ကနေထလိုက်တယ်။
အိပ်ခန်းထဲက ထွက်ပြီး အပြင်ဘက်က
မီးချောင်းကိုဖွင့်လိုက်တယ်။
တစ်ထပ်တိုက်ပုလေးဆိုပေမယ့် အိမ်လေးဟာအတော်အသင့်ကျယ်ဝန်းပြီး ဘုရားခန်း
အိပ်ခန်းသုံးခန်း ၊ စာကြည့်ခန်းတစ်ခန်း၊
စတိုခန်းတစ်ခန်း ၊မီးဖိုခန်းနဲ့ဆိုတော့
တစ်ယောက်တည်းသမား ကျနော်အဖို့
အရမ်းပင်ကျယ်ဝန်းလွန်းနေပါတယ်။
ကျနော် ဒီတိုက်ကိုကြိုက်လွန်းလို့
စုဆောင်းထားတာအကုန်နီးပါး နဲ့ ဝယ်ယူခဲ့တာပေါ့။
အတန့်အသင့်ခြံအကျယ်လေးထဲမှာ
ဂျပန်စတိုင် တိုက်ပုလေးဆောက်ထားတာဖြစ်ပြီး
ဆောက်ထားတာ သုံးနှစ်လောက်ပဲရှိသေးတဲ့
အိမ်ပါ။
နိုင်ငံခြားရေကြောင်းလိုင်းတစ်ခုက
အငယ်တန်းအင်ဂျင်နီယာဖြစ်တဲ့ကျနော်
မြန်မာပြည်ပြန်ရောက်ချိန်မှာ ကိုယ်ပိုင်ပိုင်ဆိုင်မူ့
တစ်ခုအဖြစ် ဝယ်ခဲ့တာပါ။
ကျနော့်အသက်က သုံးဆယ်ကျော်ပြီ။
သဘော်မတတ်ခင် လွန်ခဲ့တဲ့ငါးနှစ်ကျော်ခြောက်နှစ်လောက်က ဇာတိမြေရွှေဘိုမှာပဲ
ချစ်ကြိုက်ခဲ့တဲ့ အိမွန်ဇော်နဲ့ လက်ထပ်ခဲ့တယ်။
အိမ်ထောင်သက်ကမရှည်ကြာလိုက်ဘူး။
တကယ်တမ်းအတူတူ ဘဝလမ်းတစ်ခုကိုလျှောက်တဲ့အခါမှာ အတ္တကြီး၊ အစွန်းရောက်မှု့များလွန်းတဲ့
အိမွန်ဇော်နဲ့ ရှေ့ဆက်ဖို့အဆင်မပြေတော့ဘူး။
နှစ်ဦးသဘောတူညီမှု့နဲ့ ကျနော်တို့လမ်းခွဲခဲ့ကြတယ်။
နောက်ပိုင်းကျနော်သဘော်တက်ဖို့ကြိုးစားခဲ့တယ်။
ချမ်းသာတဲ့မိဘတွေက ကိုယ့်ခြေထောက်ပေါ်ကိုယ့်ရပ်တည်နိုင်ဖို့ ကျနော်ရှာလို့ရသမျှကို
ကိုယ့်ဘာသာကိုယ်စုဆောင်းစေတယ်။
ဘဝမှာကိုယ်ပိုင်အိမ်လေးတစ်လုံးတော့ရှိသင့်တယ်လို့ ကျနော်ထင်မိတယ်။
ဒါကြောင့် ကျနော်် ရှိရှိမဲ့စုနဲ့ ဝယ်ဖြစ်အောင်ဝယ်လိုက်တာပဲ။
တကယ်တော့ ကာလပေါက်စျေးထက် အများကြီး
လျှော့ပြီးပိုင်ရှင်က ရောင်းသွားတာလေ။
သရဲခြောက်လို့ဆိုလား..သတင်းသဲ့သဲ့ကြားတယ်။
ကျနော်က ကမ္ဘာပတ်နေတဲ့ကောင်ဆိုတော့
အယုံအကြည်မရှိဘူး။
ပေါက်စျေးထက်တန်နေပြီမို့ ဝယ်ဖြစ်အောင်ဝယ်လိုက်တယ်။
ဒီအိမ်ကိုပြောင်းလာတာ ဆယ်ရက်ရှိပြီ။
စရောက်တဲ့ညထဲက ဘာဖြစ်နေမှန်းမသိဘူး။
ဘယ်လိုအိပ် အိပ် ၊ အိပ်မပျော်ဘူး။
မိုးလင်းလုနီးမှ အိပ်ပျော်ဖြစ်သွားတယ်။
သရဲခြောက်တယ်ဆိုတဲ့ အသိကြီး
ဝင်နေတာကြောင့်လား…..
ကျနော်က သိတ်ကြောက်တတ်တဲ့ ကောင်လည်း
မဟုတ်ဘူးလေ။
ဘုရားခန်းမှာ ဘုရားပုံတော်လေးတစ်ချပ်နဲ့
ဘုရားပန်းအိုးလေးတစ်လုံးပဲရှိသေးတယ်။
မနက်ဖြန်ကျရင်တော့ နီးရာစေတီဘုရားတစ်ခုက
နိမ္ဗာန်ကုန်ဆိုင် တစ်ခုမှာ ပူဇော်ထားရှိဖို့
ရုပ်ပွားတော်တစ်ဆူတော့မဖြစ်မနေသွားဝယ်ရမယ်လို့တွေးလိုက်မိတယ်။
မီးဖိုခန်းထဲဝင်ပြီး ရေခဲသေတ္တာထဲက
ရေဘူးကိုထုတ်ပြီး မော့ချလိုက်တယ်။
ညဥ့်က အတော်လေးနက်နေပြီ။
ဘာလို့အိပ်မပျော်မှန်း စဥ်းစားလို့ကိုမရဘူး။
နောက်နေ့ကျရင်တော့ အိပ်ဆေးဖြစ်ဖြစ်ဆောင်ထားမှဖြစ်မယ်လို့ ကျနော်တွေးလိုက်မိတယ်။
ရေသောက်လို့ပြီးတော့ ပြန်အိပ်ကြည့်မယ်ဆိုပြီး
နောက်ဖေးမီးကို ပိတ်ဖို့ လက်ကမီးခလုတ်ဆီရောက်သွားတယ်။
မီးက အလိုလိုပိတ်သွားတယ်။
ကျနော်လုံးဝ မနှိပ့်ရသေးဘူး။
အံသြသလိုဖြစ်ပြီးကြောင်နေစဥ်မှာ မီးကပြန်ပွင့်လာတယ်။
ပြန်ပိတ်သွားတယ်။
ဟော…ပြန်ပွင့်လာပြန်တယ်။
စိတ်ကအလိုလိုနေရင်း ကြောက်စိတ်တွေဝင်လာတယ်။
ကျနော် သရဲအခြောက်ခံရပြီလား..လို့ တွေးလိုက်မိတယ်။
ဒါပေမယ့် မီးခလုတ်တစ်ခုခု ဖြစ်တာနေမှာပါလို့
ပြန်တွေးပြီး ပွင့်နေတဲ့ မီးကို ပြန်ပိတ်လိုက်တယ်။
မီးဖိုခန်းက ပြန်ထွက်ဖို့ လုပ်လိုက်တယ်။
အဲ့..အချိန်မှာပဲ…..
ရေချိုးခန်းဆီက ရေကျသံတွေကို အတိုင်းသားကြားနေရတယ်။
ရေပန်းတပ်ဆင်ထားတာမို့ တစုံတယောက် က
ရေပန်းအောက်မှာ ရေချိုးနေသလို အသံကြားနေရတယ်။
မီးဖိုခန်းက မီးခလုတ်ကိုပြန်ဖွင့်လိုက်တယ်။
မီးခိုခန်းလင်းလာတယ်။
ပိတ်ထားတဲ့ ရေချိုးခန်း ဆီလျှောက်သွားလိုက်တယ်။
အတိုင်းသားကိုကြားနေရတယ်။
အထဲမှာရေချိုးနေတယ်။
အသေအချာကို တစုံတယောက် ရေချိုးနေတာ။
ကျနော် ရေချိူးခန်းတံခါးရဲ့ တံခါးလက်ကိုင်ဘုကို
လှည့်လိုက်တယ်။
တံခါးကိုဖြေးဖြေးချင်း ဖြေးဖြေးချင်းဆွဲဖွင့်လိုက်တယ်။
ရေချိုးခန်းမီးက ဖွင့်မထားပေမယ့်အပြင်က
အလင်းရောင်ကြောင့်ကောင်းစွာမြင်နေရတယ်။
ကျနော် အလန်တကြားဖြစ်သွားတယ်။
ကျနော်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်
ကျနော် အနောက်ကိုတောင်လန့်ဖျန့်ပြီးဆုတ်မိသွားတယ်။
မိန်းမတစ်ယောက်….
ဆံပင်တွေကရှုပ်ပွစွာဖားလျားဖြစ်နေပြီး
အဝါရောင်ပြောင်စမှာ အညိုရောင်နှင်းဆီပွင့်တွေပါတဲ့ ဂါဝန်ရှည်တစ်ခုကိုဝတ်ဆင်ထားပြီး
ရေပန်းအောက်က ကျနေတဲ့ရေတွေကြောင့်
စိုရွှဲနေတယ်။ဆံပင်တွေက မျက်နှာကိုရေစက်တွေနဲအတူဖုံးနေတယ်။
လက်နှစ်ဘက်ကို ပေါင်မှာကပ်ပြီးသတိအနေအထားမျိုးနဲ့ရပ်နေတာပေါ့။
သူမရဲ့အကျီ်မှာ သွေးစ သွေးနတွေပေပြီး
သူမကိုယ့်ကဖြတ်သန်းစီးကျလာတဲ့ရေတွေဟာ
ရေချိုးခန်းထဲမှာ အနီရောင်တွေစီးနေတယ်။
“”ဟေ့…မင်းဘယ်သူလဲ””
ကြောက်ပေမယ့်:.အသံမာမာနဲ့မေးချလိုက်တယ်။
သူမက ငုံနေတဲ့ဦးခေါင်းကို တဖြေးဖြေးချင်းမော့လာတယ်။
သူမမျက်နှာကို မြင်လုဆဲဆဲမှာပဲ
မီးဖိုခန်းက မီးကပြန်မှိတ်သွားတယ်။
ညနက်သန်းခေါင်အိမ်ကြီးတစ်ခုထဲမှာ
ကျနော်နဲ့ သူမ မျက်နှာချင်းဆိုင်ရှိနေတဲ့အဖြစ်ဟာ
တုန်လှုပ်ခြောက်ချားစရာကောင်းလှတယ်။
အမှောင်ထုထဲမှာ နီရဲနေတဲ့ မျက်လုံးစူးစူးကြီးက
ကျနော်ကို စိုက်ကြည့်နေတယ်။
ကျနော်ထွက်ပြေးရမလား…
ဆက်ပြီးရပ်နေရမလား…
ကြောက်စိတ်တွေနဲ့လူကတုန်လှုပ်စပြုနေပါပြီ။
အဲ့အချိန်မှာ မီးကပြန်လင်းလာတယ်။
ရေချိုးခန်းထဲမှာ ဘယ်သူမှရှိမနေတော့ဘူး။
ရေပန်းကလည်း ဘာ ရေ မှကျမနေတော့ဘူး။
ကျနော်ခုနက အသေအချာကိုမြင်လိုက်တာပါ။
ရေချိုးခန်းထဲဝင်ကြည့်လိုက်တော့
ရေချိုးခန်းဟာ ခြောက်ကပ်လို့ပင်နေပြီးအနည်းငယ်မှပင်စိုထိုင်းစ ရှိမနေတော့ပါဘူး။
ကျနော်:.အမြင်မှားနေတာလား။
ညပေါင်းများစွာအိပ်ရေးပျက်လို့ အမြင်အာရုံတွေ
ဝေဝါးနေပြီး သရဲရှိသည်၊သရဲခြောက်သည်ဆိုတဲ့
အသိတစ်ခုကြောင့်ဂယောင်ချောက်ချားတွေမြင်နေရတာလား…
ကျနော်..အူကြောင်ကြောင်နဲ့ ပဲ အိမ်ရှေ့ခန်းဘက်သို့ပြန်ထွက်လာလိုက်တော့တယ်။
ဘုရားခန်းထဲကို ဝင်လိုက်တယ်။
တစ်ခုတည်းသော ဘုရားပုံတော်ကားချပ်ကို
မတ်တတ်ရပ်လျှက်ပင် အသေအချာ
ရှစ်ခိုးကန့်တော့လိုက်တယ်။
စိတ်ကျေနပ်လောက်အောင် ကန့်တော့ပြီးတဲ့အခါ
အိပ်ခန်းထဲကိုပြန်ဝင်လိုက်တယ်။
အိပ်ခန်းထဲမဝင်ခင်မှာ မီးဖိုခန်းကိုလှမ်းကြည့်လိုက်တော့ ခုနကပိတ်ခဲ့တဲ့ မီးဟာ ပြန်ပွင့်လို့နေခဲ့ပါပြီ။
ပွင့်လည်း ပွင့်ပါစေတော့ဆိုပြီး
ကျနော်အိပ်ခန်းထဲဝင်ပြီး ကျန်နေတဲ့ညကိုကြိုးစားအိပ်ဖို့ ခေါင်းအုံးပေါ်မှာခေါင်းချလိုက်ပါတော့တယ်။
သိတ်မကြာခင်မှာပဲ မျက်လုံးတွေဟာမှေးစင်းပြီး
ကျနော် အိပ်ပျော်သွားပါတော့တယ်။
###########################
အခန်း(၂ )
နောက်နေ့မနက်မှာ ကျနော်မနက်ဆယ်နာရီလောက်အထိအိပ်ယာမထနိူင်ခဲ့ပါဘူး။
သွေးတွေလေးပြီး အချိန်မနည်းတော့ဘူးဆိုတာ
သိပေမယ့် ထလို့မရခြင်းပါ။
အနားမှာရှိတဲ့ ဖုန်းက ခဏခဏမြည်နေလေတော့
မနိူးတဝက်နိူးတဝက်နဲ့ ဖုန်းကိုလက်နဲ့စမ်းယူလိုက်တယ်။
“”ဟလို….ကျော်မင်းဟန်ပါ””
“”ဟား:…ဟား…ဟား ဟေ့ရောင် ဖိုးကျော်
ဘာတွေအရှုးနေတာလဲ
မင်းမပြောလည်း ကျော်မင်းဟန်ဆိုတာသိတယ်””
“”အာ…..မိုးကြီး အေးကွာ
ဖုန်းလာလို့သာကောက်ကိုင်လိုက်တာ
နံမည်ကိုမကြည့်မိဘူးကွာ။
ငါအရမ်းအိပ်ချင်လို့ အိပ်နေတာ
အေး…သူငယ်ချင်း ဘာကိစ္စရှိလို့လဲ””
“”ငါ..အခုမင်းတို့ခြံရှေ့မှာကွ…
မနက်ကတည်းက မင်းဖုန်းကိုခေါ်နေတာ။
ဖုန်းမကိုင်တော့စိတ်ကပူနေတယ်။
ဒီကောင်ညကများသွားလို့လား
လေတွေဘာတွေများဖြတ်နေပြီလားလို့
စိတ်ပူလို့ကွာ
လိုအပ်ရင်လူနာတင်ယဥ်ခေါ်ဖို့
အခုပဲ ဖုန်းနံပတ်ရှာနေတာ””
သူငယ်ချင်းဖြစ်သူမိုးကြီးရဲ့စကားကြောင့်
ကျနော်မျက်လုံးများပင်ပြုးကျယ်သွားပြီး
ငုတ်တုတ်ထထိုင်လိုက်တယ်။
အခန်းထဲကထွက်ပြီး ခြံတံခါးကိုသွားဖွင့်ပေးလိုက်တယ်။
“”တကယ်စိတ်ပူလို့ လိုက်လာတာကွ။
မင်းကိုဖုန်းခေါ်ထားတာ အကောနှစ်ဆယ်လောက်
ရှိပြီ။
ဒီလောက်တောင် အိပ်ရအောင်
ညကဘာတွေလုပ်နေလို့လဲ””
“”အေးကွာ..ဒီအိမ်ရောက်တာဆယ်ညရှိပြီ။
တစ်ရက်မှ အိပ်လို့မပျော်ဘူး။
ဘာဖြစ်မှန်းကိုမသိတာကွာ။
ဒီကြားထဲ ညကသရဲအခြောက်ခံရသေးတယ်””
“”ဟာ…ဟေ့ရောင် မခြောက်ပါနဲ့ကွာ
ငါကလူမကြောက်ဘူး။
သရဲကြောက်တတ်တဲ့ကောင်ကွ””
“”မိုးကြီး…မင်းမိန်းမနဲ့ခလေးတွေပဲခူးကပြန်လာကြပြီလား””
“”မလာသေးဘူးလေ
ကျောင်းဖွင့်မှပြန်လာမှာဘာလို့လဲ””
“”ဘာမှမဖြစ်ဘူးကွာ
ညကျရင်မင်းနဲ့လာအိပ်မယ်ဒါပဲ
အခု ငါရေမိုးချိုးလိုက်ဦးမယ်
ပြီးရင်မင်းနဲ့ လိုက်ခဲ့မယ်
မင်းကားပါတယ်မို့လား
ငါ့ကို အနီးဆုံးဘုရားတစ်ခုကနိမ္ဗာန်ကုန်ဆိုင်မှာ
ဘုရားဆင်းတုတော်တစ်ဆူဝယ်ဖို့လိုက်ပို့ပေးကွာ””
မိုးကြီးကိုဧည့်ခန်းမှာထားခဲ့ပြီး
ကျနော်ရေချိုးဖို့ ရေချိုးခန်းထဲဝင်လိုက်တယ်။
ညက မြင်ခဲ့ရတဲ့ သရဲမကိုမျက်လုံးထဲ
မြင်ယောင်လိုက်မိပြန်တယ်။
ကြက်သီးလေးအနည်းငယ်တောင်ထသွားတယ်။
ခေါင်းကိုခါရမ်းပစ်ပြီး ရေပန်းအောက်မှာ
ခေါင်းတွေပါလျှော်ပစ်လိုက်တော့တယ်။
မျက်စိမှိတ်ပြီး ခေါင်းလျှော်ရည်အမြုပ်တွေနဲ့
ခေါင်းလျှော်နေတုန်း ပုတ်အဲ့အဲ့အနံတစ်ခုက
နှာဝဆီရောက်လာတယ်။
ဆပ်ပြာရည်တွေ စင်အောင်လုပ်ပြီး
မျက်လုံးဖွင့်လို့ အနံလာရာကိုရှာလိုက်မိတယ်။
ရေချိုးခန်းလေးထဲမှာ ဘာမှမရှိဘူး။
အဲ့ဒီအချိန်မှာ ကျနော်ပခုံးပေါ် ရေစက်တချို့ကျလာတယ်။
ပခုံကစိုစွတ်မူ့ကိုလက်ဖြင့်စမ်းလိုက်တော့
ပျစ်ခဲနေတဲ့သွေးတုံးစကြီးဖြစ်နေတယ်။
ရေချိုးခန်းအပေါ်မျက်နှာကျက်ကိုမော့ကြည့်လိုက်တော့ အား…လား…လား
မျက်နှာကျက်မှာဇောက်ထိုးကြီးကျနေတဲ့
တစ္ဆေမကိုတွေ့လိုက်ရတယ်။
“””အား….အ မ လေး မိုးကြီးရေ
သရဲ….သရဲမကြီး””
ကျနော်ရေချိုးခန်းထွက်ကနေ အပြင်ကိုပြေးထွက်လိုက်တယ်။
အိမ်ရှေ့ခန်းကနေ မိုးကြီးကအပြေးရောက်လာတယ်။
“”ဟေ့ရောင်…မင်းဘာတွေ့လို့လဲ””
“”ဟိုမှာ….မျက်နှာကျက်မှာတွဲလောင်းကြီး””
မိုးကြီးက ရေချိုးခန်းထဲဝင်ကြည့်လိုက်တယ်။
သူဘာမှမတွေ့သလို ကျနော်လည်းဘာမှမတွေ့တော့ဘူး။ မျက်နှာကျက်မှာလည်းဘာမှမရှိတော့ဘူး။
ကျနော်ပခုံးကို ကျနော်ပြန်စမ်းလိုက်တော့
ခုနက အပေါ်ကပြုတ်ကျလာတဲ့ သွေးပျစ်တွေလည်းမရှိတော့ဘူး။
ကျနော် အသေအချာကိုကျနော်လက်နဲ့
သွေးတွေကိုကိုင်မိခဲ့တာဖြစ်ပြီး
မျက်နှာကျက်ကသရဲမကိုလည်းအသေအချာ
တွေ့ခဲ့တာပါ။
အခုမရှိတော့တာတော့..ကျနော်လည်းနားမလည်တော့ဘူး။
“”ဟေ့ရောင်…ဖိုးကျော်..
မင်း..ည ညကျရင် လိုင်းပေါ်ကနေ သရဲဇာတ်လမ်းတွေဖတ်တယ်မို့လား။
ပြီးတော့တခါမှ တစ်ယောက်တည်းမနေဘူးတော့
တောထင် တောင်ထင်တွေဖြစ်နေတာ။
သရဲရှိတယ်လို့လည်းကြားမိတော့ စိတ်တွေက
ဂဏာမငြိမ်တွေဖြစ်နေတာပဲ။
ကြောက်တတ်ရန်ကောကွာ
ကဲ..ငါစောင့်နေပေးမယ်…ရေကိုပြီးအောင်ချိုး
အတွင်းခံလေးတစ်ခုတည်းနဲ့ မြင်ရတာ
ငါရှက်တယ်….ဟား…ဟား…ဟား””
မိုးကြီးကိုရပ်စောင့်ခိုင်းပြီးရေကိုအမြန်လက်စသတ်ပြီးချိုးလိုက်ရတယ်။
ရေချိုးပြီးတော့..မိုးကြီးရဲ့ကားနဲ့ ကမ္ဘာအေးဘုရား
မှာ ဘုရားဆင်းတုတော်တစ်ဆူဝင်ဝယ်ရတယ်။
ဆိုင်ရှင်က အနေကဇာတင်ပေးပြီးဖြစ်ကြောင်းနှင့်
မိမိဘာသာတတ်နိူင်ပါက အနေကဇာထပ်တင်နိူင်ကြောင်းကိုပြောပြလိုက်ပါတယ်။
“”ကဲ..ငါ့အိမ်ကိုတခါတည်းလိုက်မှာလား…
ဆင်းတုတော် သွားထားဦးမှာလား””
“”မနက်ဖြန်မှခဏပြန်ထားမယ်ကွာ…
မပြန်ချင်တော့ဘူး
ဗိုက်ကလည်းဆာနေပြီ
မင်းအိမ်ကိုသာတန်းသွားတော့””
အဲ့လိုနဲ့ မိုးကြီးရဲ့တိုက်ခန်းကိုရောက်သွားပါတော့တယ်။
ဟိုရောက်တော့ နေ့လည်တစ်နာရီနီးပါးရှိနေပါပြီ။
ထမင်းစားသောက်ပြီး ဧည့်ခန်းမှာထိုင်စကားပြောဖြစ်ကြတယ်။
ကျနော်သရဲကြောက်ပြီး ပေါက်ကရတွေမြင်ယောင်တယ်ချည်း မိုးကြီးက ပြောနေပြန်တယ်။
တိုက်ခန်းတံခါးကိုဖွင့်ထားပြီးအပြင်ကနေ
သံပန်းတံခါးတစ်ချပ်ပိတ်ထားတော့ အပြင်ဘက်ကို
မြင်နေရတယ်။
မျက်နှာချင်းဆိုင် အခန်းဟာသော့ခလောက်တန်းလန်းကြီးနဲ့တွေ့ရတယ်။
“”မိုးကြီး..ရှေ့ကအခန်းက အမြဲသော့တန်းလန်းနဲ့နော်
အလုပ်သွားကြတာလား…
အခန်းလွတ်ကြီးလား””
“”အခန်းလွတ်မဟုတ်ဘူးကွ
အခန်းရှင်က ကောင်မလေး…
နည်းနည်းဆယ်လီစရင်း ဝင်နေတဲ့ကောင်မလေးတစ်ယောက်ပဲ။
မော်ဒယ်လ်လိုပြောလည်းရတယ်။
မင်းးကြားဘူးလားမသိဘူး…ရွှေရေးသွယ်..
ဆိုတာလေ တော်တော်ချောချော..အမိုက်စားလေးပဲ
မကြာခဏခရီးသွားတတ်တယ်။
စပွန်စာတွေနဲ့ပေါ့ကွာ။
အခုနိူင်ငံခြားရောက်နေတာလား..ဘာလားတော့မသိဘူး။
တစ်နှစ်လောက်ရှိပြီ ပျောက်နေတာ””
မိုးကြီးပြောပြ၍သာနားထောင်နေတာ
ရွှေရေးသွယ်…ဆိုတဲ့နံမည်ကိုကျနော်မသိပေ။
ဒီညတော့ မိုးကြီးနှင့်သာအိပ်လိုက်ပါတော့မယ်။
နောက်ရက်မှာ..ပိုက်ဆံပေးရရင်ပေးရပါစေ။
အဖော်အဖြစ်..ယောကျာ်းလေးတစ်ဦးကိုရှာရမယ်။
ကျနော်နှင့်အတူနေထိုင်ဖို့ရာ ယောကျာ်းလေးတစ်ဦး
ရှိဖိုအမှန်ပင်လိုနေပါပြီ။
မိုးကြီးကို အကျိုးအကြောင်းပြောပြပြီး
လူရှာခိုင်းရမယ်။
သတ္တိကြောင်တယ်ပဲပြောပြော…ကြောက်တတ်တယ်ပဲဆိုကြစေတော့ ကျနော်အသေအချာမြင်နေရတဲ့ တစ္ဆေမရဲ့ ပုံရိပ်ကြီးကို ပြန်ပြီးမြင်ယောင်နေမိပါတော့တယ်။
############################
အခန်း( ၃)
ကျနော် မထင်မှတ်ပဲ မိုးကြီးရဲ့အိမ်မှာသုံးရက်လောက်သောင်တင်သွားတယ်။
အိပ်ရေးဝဝနဲ့ ကောင်းစွာအိပ်စက်ခွင့်ရခဲ့တယ်။
ကျနော်အဲလို နှစ်နှစ်ခြိုက်ခြိုက်မအိပ်ရတာ
ရက်ပေါင်းများနေပြီမို့ သုံးရက်လောက်အိပ်ရေးဝသွားတော့ လူကအရမ်းကိုလန်းလန်းဆန်းဆန်းဖြစ်လာတယ်။
ပြီးတော့ ဒီမှာဘာသရဲမှလည်းအခြောက်မခံရဘူးလေ။
ပြီးတော့ တယောက်တည်းမဟုတ်ဘူးဆိုတဲ့အသိစိတ်ကြောင့် လူက ကြောက်စိတ်လျော့ပါးနေစေတယ်။
ကျနော်ပြန်စဥ်းစားမိတယ်။
ကျနော်အိမ်မှာ ကျနော်ဘယ်လိုဆက်နေရမလဲ။
ခြောက်လ တစ်နှစ်နားပြီးမှ သဘော်ပြန်တက်ဖို့
စိတ်ကူးထားခဲ့တာ။
ဘယ်လိုနည်းနဲ့မှတော့ ကျနော်တယောက်တည်း
အိမ်မပြန်ရဲတော့ဘူး။
ကျနော် မျက်လုံးထဲမှာ သရဲမ ရဲ့ ပုံရိပ်ကြီးကိုပဲ
ခဏ ခဏမြင်ယောင်နေတယ်။
ကျနော်ရဲ့အကြောက်လွန်မူ့ကို မိုးကြီးကတော့
အရမ်းကို သဘောတွေကျနေပြန်ပါတယ်။
“”ဖိုးကျော်ရေ…မင်းအတွက်အဖော်ရပြီ။
အနောက်ဘက်တိုက်က မမချိုက သူ့အိမ်က
သူ့မောင် ဥက္ကာ ကိုခေါ်ချင်ခေါ်ထားပါတဲ့။
ဒီကောင်လေးက ခြေလေးတစ်ဘက်တော့သိတ်မသန်ရှာဘူး။
အဖော်တော့ရပါတယ်တဲ့။
မုန်ဖိုးသဘောမျိုးပဲ ပေးပါတဲ့လေ။
ဘယ်လိုလဲ မင်းခေါ်မှာလား””
“”ဘယ်အရွယ်လဲ အရမ်းငယ်နေလား””
“”အရမ်းတော့မငယ်ဘူးကွ
နှစ်ဆယ်တော့ကျော်ပြီထင်တယ်
တောသားလေးပါ နူံပေမယ့် မင်းအဖော်ရမှာပါ။
မုန့်ဖိုးလေးဘာလေး နည်းနည်းပါးပါးတော့
ပေးလိုက်ပေါ့ကွာ””
“” ငွေရေးကြေးရေးက အဓိကမဟုတ်ပါဘူးကွာ
အဲဒါဆို အဲ့ကောင်လေးကိုခေါ်ပေးကွာ
ငါနေ့လည်ကျပြန်မယ်။
ဘုရားဆင်းတုတော်ကိုလည်း ဘုရားခန်းမှာ
ပူဇော်ရဦးမယ်””
ထိုနေ့နေ့လည်က မိုးကြီးခေါ်ပေးသည့် ဥက္ကာဆိုသည့်ကောင်လေးနှင့် ကျနော်နေထိုင်ရာအိမ်ဆီသို့
ပြန်လာခဲ့လိုက်ပါတော့သည်။
###################
ကျနော်အိမ်ကိုပြန်ရောက်ရောက်ချင်းဘုရားခန်းမှာ
ပူဇော်ဖို့ပင့်ဆောင်လာတဲ့ ဒက္ခိဏသာခါ ရုပ်ပွားတော်မြတ်ကို ဘုရားစင်ပေါ်မှာ စံပယ်အပူဇော်ခံထားရှိလိုက်ပါတယ်။
အိမ်ရဲ့အခြေအနေကို ဥက္ကာ အားအနည်းငယ်ပြောပြထားပြီးပြီလည်းဖြစ်ပါတယ်။
“”သရဲ တစ္ဆေဆိုတာ သူတို့ကို ကိုယ့်စိတ်ကကြောက်နေလေ။
သူတို့ကပိုပြီးခြောက်လှန့်ချင်လေပဲ ကိုကြီးဖိုးကျော်ရဲ့။
ကျနော်ကတော့ မကြောက်ဘူး။
ကျနော်ငယ်ငယ်က သိမ်ဇရပ်မှာနေတော့
ကျနော်တို့နေတဲ့ အိမ်ကလေသရဲအရမ်းကြောက်ခဲ့တာ။
သွေးပျက်စရာအနိဋ္ဌာရုံမျိုးစုံနဲ့ကို အခြောက်ခံခဲ့ရတာလေ။
ကြာတော့ မကြောက်တော့ဘူး ငါ့အကိုရေ
အဲ့တုန်းက ကျနော်တို့က ခလေးသာသာတွေပဲရှိသေးတာ။
ငါနဲ့ကို ကိုင်တုတ်ပစ်လိုက်တယ်အေးရော
အခုလည်း ကိုကြီးဖိုးကျော် အရမ်းကြောက်မနေပါနဲ့။
ကျနော်တယောက်လုံး ရှိနေပြီပဲနော့””
ဟုတ်တော့လည်း ဟုတ်ပါသည်။
တယောက်တည်းဆိုသည့်အသိမဟုတ်တော့ပဲ
အနားမှာအဖော်ရှိသည်ဆိုသည့် စိတ်က ကြောက်စိတ်အချို့ကို လွင့်ပါးစေပါသည်။
ဘာသာတရားအားနည်းသည့် ကျနော်လည်း
ဒီအိမ်ကိုရောက်မှပင် ဘာသာရေးအသိနှင့် ဘုရားတရားကိုလုပ်ဖြစ်တော့သည်။
ဥက္ကာက ထမင်းချက်ဟင်းချက်လည်း အတော်လေးအဆင်ပြေသည့်အတွက် ခေါ်လာမိသည်မှာမှန်ပြီဟု
ကျေနပ်နေမိသည်။
ဥက္ကာ က ဖင်ပေါ့ပြီး အလိုက်သိတတ်သူဖြစ်သည်။
ညရောက်သောအခါ ဧည့်ခန်းထဲတွင် Tvဖြင့် ချန်နယ်လိုင်းများကိုဖွင့်ပေးထားလိုက်ပါတော့တယ်။
ဥက္ကာတစ်ယောက် ဧည့်ခန်းမှာရှိနေသည်က
အားတစ်ခု ဖြစ်နေ၍ ကျနော် နောက်ဖေးခန်းတွေထဲ
ကြောက်စိတ်လျော့ပါးစွာ ဝင်ထွက်သွားလာခဲ့သည်။
ယခင်ညများကကဲ့သို့ အရိပ်အယောင်နှင့်
ခြောက်လှန့်မှု့များရှိမနေတော့ပေ။
ထိုညက တရေးမှပင်မနိူးတော့ပဲ ကောင်းမွန်စွာ
အိပ်စက်ခဲ့နိူင်ပါတော့သည်။
#################
အခန်း( ၄ )
“”ကိုကြီးဖိုးကျော်…ကိုကြီးဖိုးကျော်””
အခန်းရှေ့ကနေ တံခါးကိုပုတ်လည်းပုတ်ကျနော်နံမည်ကိုလည်းခေါ်နေသည်မို့ ကျနော်နိူးလာခဲ့ပါတယ်။
“”ဟေ…ဥက္ကာ ဘာလဲကွ””
“”ကျနော် မနက်စာတစ်ခုခုသွားဝယ်မလို့ ကိုကြီးဖိုးကျော် အခုမနက်ရှစ်နာရီကျော်နေပြီမို့ နိူးလိုက်တာပါ။ ကျနော် အိမ်ရှေ့ပေါက်ကို သော့ချိတ်ခဲ့မယ်နော်””
ဥက္ကာထွက်သွားတော့ ကျနော်အိပ်ယာထလိုက်တယ်။
လန်းလန်းဆန်းဆန်းဖြစ်သွားအောင် ရေချိုးဦးမယ်လို့တွေးပြီး ရေချိုးခန်းထဲ ဝင်လာလိုက်ပါတယ်။
ကြောက်စိတ်တို့က သိတ်မရှိတော့ပြီမို့
သီချင်းလေး တအေးအေးညည်းရင်း စိမ်ပြေနပြေရေချိုးနေလိုက်ပါတယ်။
“”မိုးအုံ့လို့ သစ်ရွက်ကလေးတွေ ငြိမ်နေစဥ်
ငွေမူံငွေစတွေရွာတော့ကွယ်….””
ကျနော်အသံနဲ့ ထပ်တူနီးပါးနောက်ထပ် အသံတစ်ခုကကပ်ပါလာပါတယ်။
မိန်းခလေးတယောက်ရဲ့ သီချင်းသံပါ။
ကျနော်လန့်ဖြန့်သွားရပြန်ပါတယ်။
ဟူး…..ဥက္ကာကလည်းအိမ်မှာမရှိဘူး။
ကျနော်ကို သရဲမတော့ ပညာခန်းတွေပြနေပြီထင်ပါရဲ့။
ကျနော် ရေချိုးခြင်းကိုလက်စသတ်လိုက်တယ်။
တန်းပေါ်တင်ထားတဲ့ပုဝါကိုလှမ်းယူလိုက်စဥ်
ရေချိုးခန်းထဲက မှန်ထဲမှာ ဂါဝန်အဝါ နှင်းဆီအနက်ပွင့်တွေနဲ့ မိန်းမပျို တယောက်က ခုနကကျနော်ဆိုညည်းနေတဲ့သီချင်းကို ဟန်ပါပါသီဆို၍နေပါတော့တယ်။
ဒါပေမယ့်…ဒီတစ်ခါတော့ မမြင်အပ် မမြင်ဝံတဲ့
အသွင်သဏ္ဍာန်ဖြစ်မနေတော့ပဲ လူသားပကတိအသွင်မိန်းမပျိုတစ်ယောက်ဖြစ်နေတာကို တွေ့ရတယ်။
ကျနော်စိုက်ကြည့်နေတုန်းမှာပဲ မှန်ထဲက သူမဟာ
ပျောက်ကွယ်သွားပါတော့တယ်။
ကျနော်လည်း ရေချိုးခန်း ထဲကအမြန်ထွက်လာလိုက်တယ်။
အိမ်ရှေ့မှာ ဥက္ကာလည်းစားသောက်စရာအချို့နဲ့
ပြန်ရောက်လို့လာခဲ့ပါပြီ။
“”ကိုကြီးဖိုးကျော်ရေ
ဆိုင်ဖျော်လက်ဖက်ရည်နဲ့ အီကြာကွေးနှစ်ချောင်း၊
နန်းကြီးသုတ် တစ်ပွဲဝယ်လာတယ်။
ကျနော်ကတော့ထမင်းကြမ်းနဲ့ အဝဆွဲလိုက်ပြီနော်။
အခုခြံဝမှာ အမဲသားအသည်တွေ့လို့ အမဲသားဝယ်လာလိုက်တယ်။
အမဲသားဟင်းချက်ပေးမယ်နော် “”
“”သြော်….အေး အေး မနက်စာတွေက များတောင်များနေပြီ။
ငါမကုန်ဘူး။
မင်းလည်းစားဦးနော်””
ကျနော် ခုနက မှန်ထဲမှာ ပေါ်သည့်အရိပ်အကြောင်းကိုပြောလည်းမပြောဖြစ်တော့ပေ။
ကျနော်စိတ်က ဖြစ်နေတာလည်း ဖြစ်နိူင်ပြီး
ဥက္ကာကတော့ အိမ်ကြီးထဲမှာ ဘာအရိပ်အယောင်မှ
မမြင်လည်းမမြင်သလို ကြောက်ရွံသည့်အရိပ်အယောင်လည်းမရှိသည်ကိုတွေ့ရပါတယ်။
ယောကျာ်းရင့်မာကြီးဖြစ်ပြီး တအားကြောက်လန့်နေသည့်ပုံဖြစ်နေပါက မိမိမှာ သိက္ခာကျနေပြီမို့
ဆိုးဆိုးရွားရွားမဟုတ်သည့် အခြေအနေမျိုးကို
ပြောပြမနေတော့ပဲနေလိုက်ပါတယ်။
ညရောက်တော့ ဥက္ကာက Tv မကြည့်တော့ပဲ အိပ်တော့မည်ဟုဆိုကာ အိပ်ယာဝင်သွားပါတော့သည်။
ကျနော်က ကျနော်ရဲ့ သဘော်ပေါ်မှမိတ်ဆွေအချို့နှင့် အင်တာနက်တွင် အပြန်အလှန်စကားပြောနေဖြစ်ခဲ့ပါတယ်။
လူမှု့ကွန်ယက် ဖြစ်သည့် facebook က သုံးစွဲသူ
အရမ်းမများကြသေးသည့်အချိန်ကာလတစ်ခုမှာဖြစ်ပါတယ်။
မိုကြီးက ကျနော်ကို cb ကနေ စကားလာပြောနေပြန်ပါတယ်။
“”ဟေ့ရောင်…မင်းမအိပ်သေးဘူးလား””
“”အေး:..ခဏနေ အိပ်တော့မှာပါ””
“”ငါတို့မျက်နှာချင်းဆိုင်အခန်းက မော်ဒယ်မလေးလေမနက်ကတောင် ငါမင်းကိုသူ့အကြောင်းပြောပြသေးတယ်””
“”အင်း….ဘာဖြစ်လို့လဲ “”
“”ဘာမှမဖြစ်ဘူး…အဲ့စော်လေးက တော်တော်ချောတာကွ…
အပြင်မှာပိုချောတယ်….
ငါတောင်ကြိတ်ကြွေနေတာ သူဘယ်လောက်လှလည်းဆိုတာသိရအောင်
သူ အကောင့်လေး လင့်ချပေးလိုက်မယ်။
တစ်ခုထူးဆန်းတာက အခုဘယ်အကောင့်ကိုလက်ရှိသုံးနေလည်းတော့ မသိဘူး။
အခုချပေးတဲ့အကောင့်က လွန်ခဲ့တဲ့ တစ်နှစ်ကျော်က သုံးခဲ့တဲ့ အကောင့်ပဲ””
မိုးကြီးတစ်ယောက်စိတ်အားထက်သန်စွာပြောနေပုံအရ ဒီမော်ဒယ်လ်မလေးကို အတော်လေးကြွေခဲ့ပုံရပါတယ်။
သူ့မိန်းမ ခင်မမလေးသာသိကြည့်။
ဒီကောင် ပြသနာ အကြီးအကျယ်တတ်နိူင်ပါတယ်။
မိုးကြီး ပို့လိုက်တဲ့ လင့်ခ်တစ်ခု ရောက်လာတယ်။
သိတ်ညွုန်းလွန်းနေ၍ ဝင်ကြည့်ရန် ပြင်လိုက်စဥ်
ရုတ်တရက်မီးကပျက်သွားပြီး မှောင်မိုက်သွားတယ်။
ကျနော်လည်းတစ်ကိုယ်ရေတကာယသမားမို့
မီးပျက်ရင်အလိုလိုလင်းတဲ့ မီးသီး၊ မီးလုံးတွေဘာတစ်ခုမှမဝယ်ရသေးဘူး။
ဖုန်းမီးအလင်းရောင်နဲ့ နောက်ဖေးခန်းကို အပေါ့အပါးသွားဖို့ထွက်လာလိုက်တယ်။
ညက အရမ်းကိုမှောင်လွန်းနေတယ်။
လပြည့်လား…လကွယ်လား
မြန်မာရက်တွေကျနော်သိတ်မသိတော့ဘူး
အိမ်သာထဲဝင်ပြီးအပေါ့သွားနေစဥ်ရေချိုးခန်းဘက်ကရေကျသံတွေထွက်လာတယ်။
“”ဥက်ကာ လား….ဥက်ကာ လား””
ကျနော်အိမ်သာထဲက အမြန်ထွက်လိုက်တယ်။
ဖုန်းမီးရောင်နဲ့ပဲ ရေချိုးခန်းတံခါးကိုဖွင့်ကြည့်လိုက်တယ်။
အထဲမှာဘယ်သူမှရှိမနေဘူး။
ရေပန်းကြီးလည်းပိတ်လျှက်သားပဲ။
ကျနော်တံခါးပြန်ပိတ်မယ်လုပ်တော့ ရေချိုးခန်းထဲကမှန်ချပ်မှာ အါဝရောင်အရိပ်တခုကို လှပ်ကနဲမြင်လိုက်ရသေးတယ်။
ဖုန်းမီးနဲ့ထိုးကြည့်လိုက်တော့ ဘာမှမရှိပြန်ဘူး။
တံခါးကိုပိတ်ပြီး ပြန်အလှည့်
“”အောင်::::မ…..လေး””
ကျနော်ငယ်သံပါအောင်အော်ထည့်လိုက်မိတယ်။
ကျနော်မျက်စိရှေ့မှာ မျက်နာဖြုဖြုကြီးတစ်ခုကပ်ရောက်နေတာကြောင့်ပါ။
“”ကိုကြီးဖိုးကျော်….လန့်လိုက်တာဗျာ
ကျနော်ဥက္ကာပါ…အပေါ့သွားမလို့ပါ””
“”မင်းကွာ…လန့်လိုက်တာ..လိပ်ပြာလွင့်မတတ်ပဲ””
အဲ့ညက စိတ်ကအနည်းငယ်ချောက်ချားသွား၍လားမသိပေ။
တော်တော်နှင့် အိပ်မရခဲ့ပြန်။
မီးကလည်း တစ်ချက်လေးမှပင်ပြန်မလာခဲ့ပေ။
ညနှစ်နာရီနီးပါးလောက်မှာ..ကျနော်အိပ်ပျော်သွားပါတော့တယ်။
ထိုစဥှ….
“”အကို ညီမကို ကူညီပါ ညီမကို ကူညီပါ””
မိန်းမတစ်ယောက်၏ အကူအညီတောင်းခံနေမူ့ကိုကြားနေရသည်။
အသံကဘယ်ကလာမှန်းပင်မသိရပေ။
ကျနော်အဖို့ အိပ်ရေးပျက်ရသည့်ညတစ်ညကို
ရင်ဆိုင်ရပြန်ပါပြီ။
အိပ်၍မရတော့သည့်နောက်ဆုံး…
ကျနော်ထထိုင်လိုက်တယ်။
စိတ်တို့က ကြောက်ရွံမူ့သိတ်မရှိတော့ပေ။
အခန်းအပြင်ကိုထွက်လိုက်ပြီး မီးဖိုချောင်နောက်ဖေးတံခါးပေါက်ကိုကျနော်ဖွင့်လိုက်တယ်။
အဲ့အချိန်မှာ မီးကပြန်လာတယ်။
ခြံထဲက မီးအလင်းရောင်အောက်မှာကျနော်ဟာခြံနောက်ဖေးကို ထွက်လာလိုက်တယ်။
ကျနော်စိတ်နဲ့ကျနော်တော့မဟုတ်ဘူး။
တစုံတယောက်က လမ်းပြရာကိုလိုက်နေရသလိုခံစားနေရတယ်။
လျှောက်ရင်းကနေ နောက်ဖေးခြေကင်းဘက်ထောင့်နားမရောက်တရောက်ဆီမှာ ကျနော်ခြေလှမ်းတွေရပ်သွားတယ်။
ခြံထဲကမီးမှိန်ပျပျ အလင်းရောင်ကြောင့်
ပန်းအိုးနဲ့စိုက်ထားတဲ့ ပိန်းအလှပင်တွေကို လေးငါးဆယ်အိုးခန့်တွေ့ရတယ်။
ကျနော်ဒီနေရာမှာ ပိန်းပင်တွေရှိတာသိတယ်။
အထူးတလည်စိတ်ဝင်စားစရာမဟုတ်လို့
စိတ်လည်းမဝင်စားခဲ့ဘူး။
ဘာကြောင့် ညဥ့်နက်သန်းခေါင်ဒီနေရာကိုရောက်လာနေမှန်းကိုနားမလည်နိူင်ဘူး။
တိုးဝင်လာတဲ့ အသိစိတ်တစ်ခုနဲ့ အိမ်ထဲပန်ဝင်ဖို့
အလှည့်မှာ ကျနော်နဲ့မျက်နှာချင်းဆိုင် မှာအဝါရောင်ဂါဝန်နဲ့ အမျိုးသမီးကဘွားကနဲပေါ်လာတယ်။
“”ကျမကို ကူညီပါ။ ကျမကိုကူညီပါ။
အမှန်တရားတစ်ခုကိုဖော်ထုတ်ပေးပါ အကိုရယ်””
မျက်နှာကိုသဲကွဲစွာမမြင်ရပေမယ့်။
တစ္ဆေသရဲလို ရုပ်သွင်မျိုးတော့မဟုတ်ဘူး။
ကျနော်ကိုယ်တိုင်လည်း ကြောက်လန့်မနေဘူး။
“”နင်ကဘယ်သူလဲ……
ငါက ဘာကိုကူညီရမှာလဲ””
“”ကျမ ဒီပန်းအိုးတွေရဲ့အောက်မှာရှိနေပါတယ်။
ကျမ ဒီနေရာကိုရောက်နေတာတစ်နှစ်ကျော်နေပါပြီ။
ဘယ်ကိုမှလည်းသွားလို့မရသလို။
ကျမ ဘာတွေဖြစ်ခဲ့တယ်ဆိုတာလည်းလူတွေမသိကြပါဘူး။
အမှန်တရားတစ်ခုအတွက် ကူညီပေးပါနော်။
တောင်းပန်ပါတယ်….ပြီးတော့ ကျမရှင့်ကို
အနိဋ္ဌာရုံမြင်ကွင်းမျိုးနဲ့လည်းခြောက်လှန့်လို့မရတော့ပါဘူး။
မနေ့က ပင့်ဆောင်လာတဲ့ ရုပ်ပွားတော်ရဲ့ တန်ခိုးအရှိန်ကြောင့် ကျမ အစွမ်းတွေထုတ်မရတော့ပါဘူး
ကျမဒီနေရာမှာရှိနေတာကို လူတွေသိအောင်လုပ်ပေးပါ။
ကျမ မတရားသဖြင့်သေဆုံးခဲ့ရတာကိုထုတ်ဖော်ပေးပါ။ ကူညီပါနော်:….ကူညီပါနော်”””
ပြောနေရင်းကနေ သူမရဲ့အသံဟာအဝေးကြီးကို
ရောက်ရှိလို့သွားပါတော့တယ်။
ကျနော်လည်း အသိစိတ်ဝင်ပြီးအိပ်မက်တစ်ခုကနေ
လန့်နိူးလို့လာခဲ့ပါတော့တယ်။
မနက်လင်းတော့ မိုးလင်းလုက မက်တဲ့အိပ်မက်ကို
အခါခါပြန်စဥ်းစားနေမိတယ်။
ကျနော်တွေးကြည့်မိတယ်။
ဒီအိမ်ကြီးထဲမှာ…အမျိုးသမီး တစ်ယောက်အသတ်ခံခဲ့ရတာလား…….
အသတ်ခံရသူဟာ မကျွတ်မလွှတ်ပဲ ခြောက်လှန့်နေခဲ့တာလား….
ကျနော်ဒီအကြောင်းတွေဘယ်သူ့ကိုပြောပြရပါ့မလဲ
ကျနော်ကို စိတ်ဂယောက်ဂယက်ဖြစ်နေပြီလို့တောင်
ထင်နေကြလေမလား….
ကျနော် နောက်ဖေးဘက်ကိုထွက်လာလိုက်တယ်။
ပိန်းအလှပန်းအိုးတွေဟာ ဘာလို့ ဒီနေရာမှာထားရတာလဲ…
အိမ်ရှေ့မှာထားလည်းရပါရဲ့နှင့်လို့ တွေးလိုက်မိတယ်။
ကျနော် ပိန်းအိုးတွေထားရာနေရာတစ်ဝှိက်ကို လှည့်ပတ်ကြည့်နေစဥ်မှာပင်
“”ကိုကြီးဖိုးကျော်…ကျနော် စတိုခန်းထဲမှာ တူ ဝင်ရှာရင်း ဒါလေးတွေ့တယ်။
မိန်းမကိုင် ဖုန်းကာဗာလေးနှင့် ဖုန်းလေးတစ်လုံးကိုမြင်လိုက်ရပါတယ်။
ထိုအခန်းမှာ အရင်ပိုင်ရှင်၏ပစ္စည်းအတိုအထွာများထည့်ထားသောအခန်းဖြစ်ပြီး၊
ပိုင်ရှင်က လာလည်းမယူတော့ပဲ ထားသည်မို့
ကျနော်တောင်ရှင်းထုတ်ပစ်ဖို့ စိတ်ကူးနေမိပါသေးတယ်။
“”သိမ်းထားတာများလာ..ဥက္ကာ “”
“”မဟုတ်လောက်ဘူး..မှန်လည်းအက်နေတယ်
အခန်းထောင့်မှာ ပြုတ်ကျနေသလိုမျိုးပဲအကို””
ကျနော်ဖုန်းကိုဖွင့်ကြည့်လိုက်ရာ ပါဝါဒေါင်းနေပါတယ်။
ဧည့်ခန်းမှာ ဖုန်းကိုအားသွင်းကြည့်လိုက်ရာ ဖုန်းမှာပြန်ပွင့်လာပြီး ဖုန်းအားဝင်နေပါသည်။
ဖုန်းကိုခနအားသွင်းထားလိုက်ပြီး ကျနော်ဖုန်းကို
ဖွင့်၍ လိုင်းတတ်လိုက်သည်။
ညက မိုးကြီးပို့ထားသော လင့် ကိုဝင်ကြည့်လိုက်သည်။
“”ရွှေရေးသွင်””
အကောင့်နံမည်လေးက လှသလို အတော်လေးလှပသော မိန်းခလေးတစ်ယောက်၏ပရိုဖိုင်ကိုမြင်လိုက်ရသည်။
သူမ၏ biography အရ တတ်သစ်စမော်ဒယ်လ်
တစ်ယောက်ဆိုတာသိလိုက်ရတယ်။
ကြည့်နေရင်းမှ သူမနောက်ဆုံးတင်ထားသောပိုစ့်ဆီရောက်လာရာ ဆံပင်များကို ဖားလျားချထားပြီး
အဝါရောင်ဂါဝန်မှာ နှင်းဆီ အပွင့်နက်နက်ကြီးများပါသောဂါဝန်တစ်ထည်ကိုဝတ်ဆင်ထားသည်သူမကိုအံသြစွာတွေ့လိုက်ရပါသည်။
ရိုက်ထားသောပုံမှာ အပြင်ဘက်ရှုခင်းနောက်ခံမဟုတ်ပဲ။ အခန်းတစ်ခုအတွင်းသူမကို
လျှပ်တပြက်လှမ်းရိုက်လိုက်သည့်ပုံစံမျိုးဖြစ်သည်။
ထိုအခန်းကို ကျနော်ရင်းရင်းနှီးနှီးသိပါသည်။
အသေအချာကြည့်လိုက်သောအခါ နံရံရှိမှန်တစ်ချပ်ကိုတွေ့လေမှ ကျနော်အိမ်၏ရေချုးခန်းအတွင်း
ဖြစ်နေကြောင်းသိလိုက်ရပါတယ်။
ထိုပုံသည်…သူမ၏အကောင့်မှနောက်ဆုံးပုံဖြစ်နေပါတော့သည်။
“”ကိုကြီးဖိုးကျော် ဖုန်းအားကဝင်တယ်နော်
ခဏပဲရှိသေးတယ်…အားသုံးဆယ်ရနေပြီ””
ဥက္ကာ စကားကြောင့် အားသွင်းထားသောဖုန်းကိုဖွင့်ကြည့်လိုက်ရာ အံသြဖွယ်ရာ
ရွှေရေးသွင်….ဆိုသည့် မော်ဒယ်မလေး၏ဖုန်းပင်ဖြစ်နေတော့တယ်။
အခြေအနေအချို့ကို ကျနော်တဖြေးဖြေးချင်းသဘောပေါက်၍လာပါတော့တယ်။
ချက်ချင်းဆိုသလို သူငယ်ချင်းဖြစ်သူ မိုးကြီးအား
ဖုန်းဆက်၍ခေါ်လိုက်ပါတယ်။
မိုးကြီးရောက်လာသောအခါအဖြစ်အပျက်တို့အား
ဇာတ်ရည်လည်အောင် ပြောပြလိုက်ပါတော့သည်။
“”အံသြစရာပဲ…ဒါဆို ရွှေရေးသွင်ဟာ
ခရီးသွားနေတာမဟုတ်ပဲ ပျောက်ဆုံးနေခဲ့တာပေါ့။
အရှင်းဆုံးပြောရရင် လုပ်ကြံခံရပြီး အလောင်းဖျောက်ခံထားရတာပဲ””
“”ငါတို့ ဘာဆက်လုပ်ကြမလဲ မိုးကြီး””
“”ဘာလုပ်ရမလဲ…ဒါကသေမူ့သေခင်းကြီးဖြစ်နေတာ
သက်ဆိုင်ရာကို သတင်းပေးရမှာပေါ့ကွာ
အမူ့တွဲထဲတော့ နည်းနည်းပါမှာပေါ့
မတတ်နိူင်ဘူးလေ။
သူ့ခမျာတောင်…သေလို့သေမှန်းတောင်လူတွေကမသိကြရတဲ့အဖြစ် သနားစရာလေးပါကွာ
ပွေပွေရှုပ်ရှုပ်ဇယားထဲကမဟုတ်ရှာဘူး။
သူ့မသေခင်က နောက်ဆုံးတွဲနေတဲ့ ဟိုလုပ်ငန်းရှင်အကောင်ပဲနေမှာပေါ့။
နေပါဦး…ဒီကောင်နံမည်က ဟာကွာ
သတိကလည်းမေ့တတ်လိုက်တာ… အဲ…မှတ်မိပြီ
ထွန်းတေဇ… ထွန်းတေဇ….””
မိုးကြီးစကားကြောင့် ကျနော်ပို၍အံသြရပြန်သည်။
ကျနော်သည် ဤအိမ်ခြံဝန်းကို
ထွန်းတေဇ ဆိုသည့်လူထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ပါတယ်။
အစအဆုံးကို ဆက်စပ်တွေးတောကြည့်မိသောအခါမှ ထွန်းတေဇ နှင့် ရွှေရေးသွင်ဟာ ချစ်သူတွေဖြစ်ကြပြီး မကြခဏ ဤအိမ်ထဲမှာဆုံတွေ့ကြပါလိမ့်မယ်။
အကြောင်းတစ်ခုကြောင့်ထွန်းတေဇ လက်ချက်ဖြင့်
သေဆုံးခဲ့ပြီးအလောင်းဖျောက်ခံထားရရှာခြင်းဖြစ်ပါလိမ့်မယ်။
သိတ်မကြာခင် မိုးကြီးနှင့်တိုင်ပင်ပြီးသက်ဆိုင်ရာကိုအကြောင်းကြားလိုက်ပါတော့တယ်။
ရဲများရောက်ရှိလာပြီး စစ်ဆေးမေးမြန်းမူ့အချို့ပြူလုပ်ကြရာ ကျနော်ကထိတ်လန့့်ဖွယ်ရာအခြောက်ခံခဲ့ရမူ့များကိုထိန်ချန်၍ပြောပြခဲ့ပါတယ်။
နောက်ဖေးဘက်ရှိပိန်းပင်များကိုရွေ့၍တူးဆွကြည့်ကြရာအမှန်တကယ်ပင် အမျိုးသမီးတစ်ယောက်၏
အရိုးစုတစ်ခုကိုတွေ့ရှိရပြန်ပါတယ်။
ထိုအရိုးစုမှာ…အတိအကျအတည်မပြုနိူင်သေးသော်လည်း ရွှေရေးသွင်…ဖြစ်ကြောင်းကိုအကြမ်းမျင်းကောက်ချက်ချနိူင်ခဲ့ပါတယ်။
ထိုနေ့ညမှာပင် ကျနော့်ကိုကျေးဇူးတင်ကြောင်းသူမလာပြောပြပါတယ်။
ထိတ်လန့်အောင်ခြောက်လှန့်မိသည်ကိုတောင်းပန်ကြောင်းနှင့် ထွန်းတေဇတစ်ယောက် တရားဥပဒေနဲ့ရင်ဆိုင်ရသည်ကိုကျေနပ်ကြောင်း။
သူမကို အူအတိုလွန်ပြီး ချစ်သူချင်းကတောက်ကဆဖြစ်ရာမှ လက်လွန်ခဲ့ခြင်းဖြစ်ကြောင်းကို
အိပ်မက်လိုလို တကယ်လိုလို လာပြောပြသွားပါတော့တယ်။
နောက်ရက်တွေမှာ သူမအတွက်ရည်စူးပြီး
ကုသိုလ်ကောင်းမူ့တွေပြုလုပ်ပေးခဲ့ပါတယ်။
အပြီးတိုင်ကျွတ်လွတ်သွားတာမျိုးမဟုတ်ပေမယ့်
ဆိုးဆိုးရွားရွားခြောက်လန့်မူ့တွေတော့
ထပ်မကြုံတွေ့ရတော့ပါဘူး။
ကျနော်လည်း ဥက္ကာကို အမိအရခေါ်ထားပြီးမှဆက်နေရဲခဲ့တာပါ။
အနေကြာလာတော့ ကြောက်ရွံ့မူ့အချို့ကလျော့ပါးလာပြီး မဟူရာညတစ်ညက ထိတ်လန့်ဖွယ်ရာ
သူမရဲ့တစ္ဆေမျက်နှာကိုတောင်မေ့ပျောက်၍သွားပါတော့တယ်။
အခုဆိုကျနော် သဘော်ပြန်တတ်ခဲ့တာ နှစ်နှစ်ရှိခဲ့ပါပြီ။
အကယ်၍ကျနော် မြန်မာပြည်ပြန်ရောက်တဲ့အခါမှာ
သူမရှိနေသေးလား…..
ကျွတ်လွတ်သွားပြီလားဆိုတာကိုတော့…..
မဟူရာညမှာ အဖြေရှာရမှာပဲပေါ့လေ။
ရေးသားသူ- ယွန်းနှင်းဆီခိုင်
#ယွန်းနှင်းဆီခိုင်
#crd