” မာယာများတဲ့ဖုတ် ” (စဆုံး)

” မာယာများတဲ့ဖုတ် ” (စဆုံး)

==============================

(၁)

မခင်ထားတို့စီးနင်းလာသည့် လူနာတင်ကားကလေးမှာ မီးစုံဖွင့်လျှက် အသံကျယ်လောင်စွာအော်မြည်ကာ ကားလမ်းမကြီးအတိုင်း လျှင်မြန်စွာမောင်းနှင်လာလေသည်။ မိုးတွင်းမို့ မိုးကတဖွဲဖွဲကျနေသည်။ ကတ္တရာလမ်းမကြီးပေါ်တွင် မိုးရေများက ဟိုတစ်ကွက် သည်တစ်ကွက်နှင့် အိုင်ထွန်းနေသည်။ ညနက်နေပြီမို့ ကားလမ်းမနံဘေးရှိ ဆိုင်ခန်းများ၊ လူနေအိမ်များမှာတိတ်ဆိတ်လျှက်ရှိသည်။

အပြင်တွင်မိုးများရွာသွန်းနေသကဲ့သို့ လူနာတင်ကားအတွင်းတွင်လည်း အဲယားကွန်းလေအေးပေးစက်ဖွင့်ထားသဖြင့် အေးစိမ့်နေသည်။ သို့သော်လည်း ထိုအေးစက်မှုက မခင်ထားရင်အတွင်း တောက်လောက်နေသည့် သောကအပူမီးကို မအေးမြစေနိုင်ပေ။ မခင်ထားမှာ ကားအတွင်းလိုက်ပါလာသည့် လူမမာဖြစ်သည့် ဖခင်ကြီး၏လက်ကို ကိုင်ရင်း စိုးရိမ်သောကများစွာဖြင့် လိုက်ပါခဲ့ခြင်းဖြစ်သည်။

“လူနာက ရောဂါကျွမ်းနေပါပြီ၊ ကင်ဆာဆဲလ်တွေက ဖြစ်တဲ့နေရာတင်မဟုတ်ဘဲ တခြားကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေကိုပါ ပြန့်နှံသွားပြီမို့ လူနာကိုဆေးပြင်းတွေနဲ့ကုတာထက် သက်တောင့်သက်သာဖြစ်အောင်ထားတာ အကောင်းဆုံးပါပဲ”

ဆရာဝန်ပြောလိုက်သည့်စကားမှာ မခင်ထား၏နားထဲတွင်ပဲ့တင်ထပ်မျှ ပြန်လည်ကြားယောင်နေမိသည်။ နံဘေးတွင်အိပ်လျက်သားလိုက်ပါလာသည့် ဖခင်ဖြစ်သူ ဦးကျော်စိုးမှာတော့ အသည်းကင်ဆာရောဂါကိုပြင်းထန်စွာခံစားနေရပြီး ဗိုက်ကြီးမှာလည်း ပူဖောင်းနေလေသည်။ မခင်ထားတို့ကားကလေးမှာ ရန်ကုန်ဆေးရုံမှ မိမိတို့နေရပ် ကံမမြို့နယ်အတွင်းရှိ ရွာကလေးတစ်ရွာဆီသို့ ပြန်လာနေခြင်းဖြစ်သည်။

ပြည်မြို့ကိုဖြတ်ကျော်ပြီးသည့်အခါ လူနာတင်ကားကလေးက ကားလမ်းမဘေးသို့ထိုးရပ်လိုက်လေသည်။ ထိုနေရာတွင် ညောင်ပင်ကြီးတစ်ပင်ရှိကာ ညောင်ပင်နှင့်မလှမ်းမကမ်းတွင်တော့ ညလုံးပေါက်ဖွင့်သည့် လက်ဖက်ရည်ဆိုင်၊ အရက်ဆိုင်နှင့် ကွမ်းယာဆိုင်များရှိသည်။ လူနာတင်ကားကလေးကို ညောင်ပင်အောက်တွင်ထိုးရပ်လိုက်ကာ ကားပေါ်မှ ယာဉ်အကူက ကားအောက်သို့ပြေးဆင်းသွားလေသည်။ ထိုအချိန်တွင် တဖွဲဖွဲကျနေသည့်မိုးမှာ တဝုန်းဝုန်းနှင့်သည်းထန်စွာရွာချလိုက်သည်။

မခင်ထားမှာ ကားခေါင်းခန်းသို့ကြည့်လိုက်ရင်း

“ဘာဖြစ်တာလဲရှင့်”

“ကွမ်းအရမ်းစားချင်နေလို့ ကွမ်းဆင်းဝယ်တာပါအမ၊ ခဏလေးနော်”

ထိုအခိုက် မခင်ထားနောက်ကျောသို့ မိုးသက်လေတစ်ချက်က လာတိုက်လေရာ ကျောတစ်ပြင်လုံး အေးစိမ့်သွားပြီး ချမ်းတုန်တက်သွားသည်၊ အလုံပိတ်ကာ အဲယားကွန်းဖွင့်ကာ မောင်းနှင်လာသည့် ကားအတွင်းသို့ လေအေးတစ်ချက်ဝေ့၀င်လာသည်ကို မခင်ထားက အံ့သြသွားမိသည်။ သို့ဖြင့်အနောက်သို့လှည့်ကြည့်လိုက်သည့်အခါ လူနာတင်ယာဉ်အနောက်ဘက်ရှိ လူနာအသယ်အထုတ်ပြုလုပ်သည့် ကားတံခါးကြီးမှာ အပေါ်သို့လန်တက်ကာ ပွင့်နေလေသည်။

“လုပ်ပါအုံးရှင့် ကားအနောက်တံခါးပွင့်သွားလို့ လူနာရေစိုကုန်ရင်ဒုက္ခပါပဲရှင်”

မခင်ထားအော်ပြောလိုက်သည့်အခါ ကားရှေ့ခန်းမှ ကားမောင်းသူက အနောက်သို့ပြေးဆင်းလာလေသည်။ ပြီးနောက် ကြောင်အမ်းအမ်းဖြင့် ကားကိုတစ်ချက်ကြည့်လိုက်ကာ ကားအနောက်ဘက်တံခါးကြီးအား ဆွဲချပြီး ဝုန်းခနဲပိတ်လိုက်လေသည်။ ထိုနေရာတွင် ငါးမိနစ်မျှ ရပ်တန့်ပြီးသည့်အခါ ကွမ်းယာရသဖြင့် ကားပြန်ထွက်လာခဲ့သည်။ မခင်ထားတို့နေထိုင်သည့်ရွာကလေးဆီသို့ ညတစ်နာရီခန့်တွင် ကားရောက်လေသည်။

မခင်ထားတို့နေထိုင်သည့်ရွာကလေးမှာ ကားလမ်းမကြီးနံဘေးတွင် မေးတင်ကာတည်ရှိသဖြင့် စည်ကားလှသည့်ရွာကလေးဖြစ်သည်။ ရွာဟုခေါ်ကြသော်လည်း ရွာမက မြို့မကျဖြစ်နေပြီဖြစ်သည်။ မခင်ထားတို့အိမ်ရှေ့မှာ ကားလမ်းမနံဘေးမှ အနည်းငယ်ဝင်ရသည်။ အိမ်ရောက်သည့်အခါ လူနာကိုချလိုက်ပြီး လူနာတင်ကားပြန်လွှတ်လိုက်ရသည်။

မခင်ထားတို့အိမ်တွင် လူများစုံနေသည်။ မခင်ထားတို့ မောင်နှမများနှင့် ဆွေမျိုးများပါ ရောက်ရှိနေကြသည်။ မခင်ထားအဖေ ဦးကျော်စိုး၏ အခြေအနေမှာသိပ်မကောင်းသည်မို့ အိမ်မှမိသားစုများမှာ ပြင်ဆင်သင့်သည့် ကိစ္စများကို ကြိုတင်ပြင်ဆင်နေကြပြီဖြစ်သည်။ မခင်ထားတို့တွင် ညီအကိုမောင်နှမ ငါးယောက်ရှိသည်။ အကြီးဆုံးအကိုကြီးမှာ ကိုကျော်မိုးဖြစ်ပြီး ကျောင်းဆရာဖြစ်ကာ ရွာရှိ မူလွန်ကျောင်းတွင်ပင် တာဝန်ထမ်းဆောင်နေလေသည်။ အကိုကြီးအောက်က မခင်ထားဖြစ်ကာ မခင်ထားအောက်တွင် ညီမတစ်ယောက်နှင့် မောင်နှစ်ယောက်ရှိသည်။ မောင်နှစ်ယောက်မှာ နိုင်ငံရပ်ခြားတွင် အလုပ်သွားရောက်လုပ်ကိုင်နေသည်မို့ လောလောဆယ်တွင် မောင်နှမသုံးယောက်သာရှိသည်။

မခင်ထား ခြေလက်ဆေးကြော အဝတ်အစားလဲပြီးသည့်အခါ အကိုကြီးကျော်မိုးက မခင်ထားအနီးသို့တိုးကပ်လာလေသည်။

“ဆရာဝန်က ဘာပြောလဲ”

မခင်ထားမျက်ရည်များစီးကျလာလေသည်။

“စားချင်တာတွှွေကျွေးပြီး လူနာကိုစိတ်ချမ်းသာအောင်ထားလိုက်ပါတဲ့”

ပြောရင်း မခင်ထားမှာ တရှုံ့ရှုံ့ငိုလေသည်။ ကိုကျော်မိုးက အိမ်ရှေ့သို့ထွက်လာခဲ့ပြီး လူနာကုတင်တွင်တင်ထားသည့် ဖခင်ကြီးအနားသို့ကပ်လိုက်သည်။

“အဖေမောနေလားဟင်”

ဦးကျော်စိုးက ခေါင်းခါပြသည်။

“အဖေစားချင်တာရှိရင်ပြောလေ၊ သားတို့ချက်ကျွေးမယ်”

“အဖေ ဗိုက်ဆာတယ်သား”

“ဒါပေါ့အဖေရဲ့ အဝေးကြီးကနေ ကားစီးလာရတာဆိုတော့ ဆာတာပေါ့၊ အဖေဘာစားမလဲ၊ ကြက်စွပ်ပြုတ်သောက်မလား၊ အန်ရှူးဝါးသောက်မလား”

ဦးကျော်စိုးက ခေါင်းခါရင်း

“အဖေ ထမင်းစားချင်တယ်”

ကိုကျော်မိုးမှာ အံ့သြသွားမိသည်။

“အဖေက အစာမစားနိုင်လို့ နှာခေါင်းကနေ အစာပိုက်တပ်ထားရတာလေ အဖေရဲ့၊ ထမင်းကို အစာပိုက်ကနေ စားလို့မှမရတာ”

ဦးကျော်စိုးက ကုတင်ပေါ်ကုန်းထိုင်ရင်း

“ရတယ် အဖေထမင်းပဲစားမယ်၊ ထမင်းစားချင်တယ်”

ကိုကျော်မိုးမှာ အိမ်နောက်ဖေးသို့ပြေးဝင်လာသည်။ မခင်ထားက တစ်လမ်းလုံးဘာမှစားမလာရသဖြင့် ဗိုက်ဆာဆာနှင့် ထမင်းစားရန်ပြင်ဆင်နေလေသည်။

“ညီမလေး ခင်ထားရေ၊ အဖေက ထမင်းစားချင်လို့တဲ့”

“အို၊ မဟုတ်တာပဲ အကိုကြီးကလည်း၊ နှာခေါင်းပိုက်တပ်ထားတဲ့လူနာက ထမင်းစားလို့ရမလား”

“သူက စားချင်တယ်ပြောတယ်၊ အခုလည်း ငုတ်တုတ်ထထိုင်နေပြီ”

မခင်ထား အလွန်အံ့အားသင့်သွားသည်။

“အဖေ၊ အဖေက ထထိုင်တယ်တဲ့လား အကိုကြီး”

“ဟုတ်တယ်လေ၊ ညီမ မယုံရင်သွားကြည့်ပေါ့”

မခင်ထားမှာ မယုံသင်္ကာနှင့် အိမ်ရှေ့သို့ပြေးထွက်လာခဲ့သည်။ ကုတင်ပေါ်တွင် ခပ်ကုန်းကုန်းနှင့်ထိုင်နေသည့် အဖေဖြစ်သူကိုကြည့်ရင်း အလွန်အံ့သြနေမိသည်။

“ဘယ်လိုဖြစ်တာလဲ အဖေရယ်”

“ဘာတွေဒီလောက်ထူးဆန်းနေတာလဲ ညီမရဲ့”

“အဖေက ဆေးရုံမှာတုန်းကဆို ထိုင်တောင်မထိုင်နိုင်ဘူး၊ အမြဲပက်လက်ပဲနေရတာ အကိုကြီး”

“အင်းနော်၊ အိမ်ရောက်တော့ သူ့အမျိုးတွေ၊ သားသမီးတွေကိုတွေ့ပြီး စိတ်သက်သာရာရသွားတယ်ထင်တယ်၊ လူမှာ စိတ်ကအရေးအကြီးဆုံးပဲမဟုတ်လား ညီမရဲ့”

ထိုအခါ ဦးကျော်စိုးက ကိုကျော်မိုးကိုကြည့်ရင်း

“ငါ့ကိုထမင်းမကျွေးတော့ဘူးလား၊ ငါဗိုက်ဆာလှပြီဟ”

သို့နှင့် မခင်ထားနှင့် ကိုကျော်မိုးတို့မှာ မီးဖိုထဲသို့ပြေးဝင်လာခဲ့ကြသည်၊ အသင့်ပြင်ဆင်ချက်ပြုတ်ထားသည့် ကြက်သားဟင်းနှင့် ထမင်းအနည်းငယ်ကို စတီးဇလုံကလေးတစ်ခုထဲခူးထည့်ကာ ပြင်ဆင်ပေးလိုက်ကြသည်၊ ဦးကျော်စိုးမှာ တပ်ပေးထားသည့် ဇွန်းနှင့်ပင်မစားဘဲ လက်နှင့်အားရပါးရစားလေရာ ထိုဇလုံကလေးမှာ တစ်ခဏအတွင်း ပြောင်စင်သွားတော့သည်။ ပြီးနောက် ဦးကျော်စိုးမှာ အိပ်ချင်သည်ဟုဆိုကာ ပြန်လည်အိပ်စက်သွားပြန်သည်။

“အကိုကြီးရယ်၊ ဆေးရုံမှာဆိုရင် ဒီလိုထမင်းတစ်ဇလုံစားဖို့မပြောနဲ့ ထမင်းတစ်လုပ်တောင်မှ မြိုကျတာမဟုတ်ဘူး”

“ညီမရယ်၊ အကိုကြီးပြောပြီးသားပဲ ဆေးရုံနဲ့အိမ်နဲ့ဆိုတာ စိတ်ချင်းတော့ဘယ်တူမလဲ အိမ်ရောက်တော့ စိတ်သက်သာသွားတယ်ထင်ပါတယ်၊ ဘာပဲ ဖြစ်ဖြစ် စားနိုင်တာပဲ ကျေးဇူးတင်ပါတယ်”

နောက်ရက်မနက်မိုးလင်းသည့်အခါ ဦးကျော်စိုးမှာ အုန်းနို့ခေါက်ဆွဲတစ်ပွဲကို အားရပါးရစားနေသည်ကိုတွေ့ရသည်။ မခင်ထားက ဦးကျော်စိုးထံသို့ပြေးသွားလိုက်ရင်း နံဘေးမှာရှိသည့် ညီမဖြစ်သူကိုကြည့်ကာ

“ညီမထွေးရယ်၊ အဖေက သွေးတိုးရှိတယ်၊ အုန်းနို့ခေါက်ဆွဲနဲ့ မတည့်ဘူးဆိုတာ မသိဘူးလားညီမရဲ့”

“သိတော့သိပါတယ်၊ ဒါပေမယ့် အဖေက သူစားချင်တယ်ဆိုလို့ သွားဝယ်ပေးလိုက်တာ”

“ခက်တော့တာပါပဲ ညီမထွေးရယ်”

ထိုအခါ ကိုကျော်မိုးက အိမ်နောက်မှထွက်လာကာ

“စားချင်တာပေးစားလိုက်ပါ ညီမခင်ထားရယ်၊ မထူးတော့ပါဘူး”

မခင်ထားမှာ သက်ပြင်းသာချလိုက်ရသည်။ ဖခင်ဖြစ်သူမှာတော့ အုန်းနို့ခေါက်ဆွဲများကို အားရပါးရစားသောက်နေပြီး ထိုအထဲတွင်ပါသည့် ကြက်ခြေထောက်တစ်ချောင်းကိုလည်း တဂျွတ်ဂျွတ်မြည်အောင်ကိုက်ဝါးနေလေသည်။ ကိုကျော်မိုးက ကျောင်းသွားရန်အဝတ်အစားများလဲပြီးသည့်အခါ ဖခင်အနားတွင်ထိုင်လိုက်ရင်း

“အဖေ၊ အဖေဘာစားချင်တာရှိလဲ၊ စားချင်ရင်ပြောနော် အားမနာနဲ့”

ဦးကျော်စိုးက မျက်နှာငယ်ကလေးနှင့်

“အဖေစားချင်တာ ပြောရမလားသား”

“ပြောပါအဖေရဲ့၊ အဖေစားချင်တာသာပြော”

“အဖေ အမဲသားစားချင်တယ်”

မခင်ထားမှာ ထိုစကားကြားလိုက်ရသည့်အခါ အရှေ့သို့တက်လိုက်ပြီး

“အဖေရယ်၊ အဖေက တစ်သက်လုံးအမဲသားစားခဲ့တာမှမဟုတ်တာ၊ အခုမှဘာလို့စားချင်တာလဲ”

ထိုအခါ ကိုကျော်မိုးက မခင်ထားလက်ကိုပုတ်လိုက်ပြီးနောက် မျက်ရိပ်ပြလိုက်လေသည်။ မခင်ထားလည်း ဘာကိုဆိုလိုသည်မှန်းနားလည်သဖြင့် အနောက်သို့ဆုတ်ပေးလိုက်သည်။

“ဘာမှမပူနဲ့အဖေ၊ ခင်ထားကို ဈေးလွှတ်ပြီးတော့ အမဲသားသွားဝယ်ခိုင်းလိုက်မယ်၊ အဖေ့ကိုကြော်ချက်လေး လုပ်ကျွေးမယ်နော်”

ဦးကျော်စိုးမှာ ခေါင်းညိတ်ပြီးနောက် ကိုယ်ကိုဘေးတစ်ခြမ်းစောင်းလှဲချလိုက်ကာ စောင်ပါးကလေးအား ဆွဲခြုံလိုက်လေသည်။ မခင်ထားမှာ ကိုကျော်မိုးလက်ကိုဆွဲကာ အိမ်နောက်ဖေးသို့ဆွဲခေါ်လာခဲ့သည်။

“အကိုကြီးကလည်း အဖေက အရင်ကတည်းက အမဲသား၊ ခြေလေးချောင်းသားကို ဘုရားလှူထားတာ သိရက်နဲ့၊ တခြားအသားကျွေးရင်ရတာကို”

“သြော် ခင်ထားရယ်၊ အဖေ့အခြေအနေကို နင်အသိဆုံးပဲမဟုတ်လား၊ နောက်ဆုံးအချိန်ကလေးမှာတော့ သူစားချင်တာရှိရင်စားပါစေ၊ တစ်ခါတလေတော့လည်း ရောဂါက အစားတောင်းတယ်မဟုတ်လား၊ ကဲ ဈေးသွားပြီးတော့ အမဲသားတစ်ပိသာလောက်ဆွဲလာခဲ့၊ အဖေ့အတွက် ကြော်ချက်ကလေးလုပ်ပေးလိုက်၊ အဖေဝါးနိုင်အောင်လို့ နူးနူးလေးလုပ်ပေးလိုက်နော်”

“ကဲပါအကိုကြီးရယ် ကျောင်းသွားမှာသာ သွားစမ်းပါ၊ ညီမဈေးသွားလိုက်မယ်”

မခင်ထားမှာ အိမ်ရှိဆိုင်ကယ်ကိုစက်နှိုးကာ ဈေးသို့ထွက်လာခဲ့သည်။ ဈေးသွားရင်းလမ်းတွင် ရပ်ဆွေရပ်မျိုးများနှင့်တွေ့သည့်အခါ မခင်ထားအား ဖခင်ကြီးအခြေအနေကို မေးမြန်းကြလေသည်။

“ဟဲ့ ကင်ဆာဆိုရင် သင်္ဘောရွက်ကြမ်းကြမ်းကို သုံးခွက်တစ်ခွက်တင်ကြိုပြီး သောက်ဟဲ့၊ ဆေးရုံကပြန်လွှတ်လိုက်တဲ့လူတွေဆိုရင် ဒီနည်းနဲ့ကောင်းကုန်တာအများကြီးပဲ”

“ရဲယိုသီးကို ထန်းလျက်ကလေးနဲ့ ခလောက်ပြီးစားပေး၊ ကင်ဆာပျောက်တယ်ဆိုပဲ”

“ဆင်တုံးမနွယ်ကို ဆန်ဆေးရည်နဲ့စိမ်သောက်ဟဲ့”

ရပ်ဆွေရပ်မျိုးများက နည်းလမ်းအမျိုးမျိုးပေးကြသည်။ မခင်ထားမှာတော့ ထိုနည်းလမ်းများကို ယုံတစ်ဝက်မယုံတစ်ဝက်နှင့်ဖြစ်နေသည်။ သို့သော်လည်း နောက်ဆုံးကောက်ရိုးတစ်ပင်ဖြစ်ပါစေ ဆွဲရအုံးမည်ဟုတွေးကာ ထိုနည်းလမ်းများအတိုင်း ဆေးမြီးတိုများကိုစီစဉ်ရလေသည်။

(၂)

သို့နှင့် တစ်ပတ်ခန့်ကြာသည့်အခါ ဦးကျော်စိုးမှာ ထူထူထောင်ထောင်ဖြစ်လာသည်။ မခင်ထားတို့ တိုက်ကျွေးသည့် ဆေးမြီးတိုများ၏ အစွမ်းကြောင့်များလားပင်မသိပေ၊ အစားပုံမှန်စားနိုင်ကာ ရယ်ရယ်မောမောနှင့် နေထိုင်တတ်သည်။ ဖခင်ကြီးပြန်လည်စိုပြေလာသဖြင့် မောင်နှမများမှာ စိတ်ချမ်းသာကြလေသည်။

သို့သော် ဦးကျော်စိုးမှာ ဆေးရုံမှပြန်ဆင်းလာပြီးကတည်းက အစားအင်မတန်မက်လေသည်။ စားသမျှလည်း အသားချည်းသာဖြစ်သည်။ ယခင်က ခြေလေးချောင်းသားရှောင်ခဲ့သည့်သူမှာ ယခုတော့ အမဲသား၊ ဆိတ်သား၊ ဝက်သားများကို နေ့စဉ်ရက်ဆက်စားသောက်လေသည်။ ယခင်က အသီးအရွက်များများစားခဲ့သည့် ဦးကျော်စိုးမှာ ယခုတော့ အသီးအရွက်ပန်းကန်ဆိုလျှင် လက်နှင့်တောင်မထိတော့ဘဲ အသားဟင်းကိုသာ မြိန်ရည်ရှက်ရေစားသောက်သည်။

ယခင်က ဘုရားတရားအလုပ်များသော်လည်း ယခုအခါ ဘုရားတရားလုပ်ရန်ပင်နေနေသာသာ ဘုရားကျောင်းဆောင်ရှေ့သို့ပင်ခြေဦးမလှည့်တော့၊ အိမ်ကိုကြွမြဲဖြစ်သည့် သံဃာတော်များဆွမ်းကြွလျှင်ပင် အိမ်နောက်ဖေးသို့ဝင်နေတတ်သည်။ သို့နှင့် အိမ်ရောက်ပြီးတစ်လခန့်အကြာတွင်တော့ မခင်ထားမှာ တစ်ခုခုကိုရိပ်စားမိလာသည်။ ကျောင်းဆရာဖြစ်သူ အကိုကြီးပြန်လာသည့်အချိန်တွင် အကိုကြီးအားအိမ်ခန်းအတွင်းသို့ခေါ်ကာ မောင်နှမသုံးယောက်တိုင်ပင်ရတော့သည်။

“ဘာပြောမလို့လဲ ခင်ထားရယ်”

“ဒီလိုအကိုကြီးရဲ့၊ အဖေ့အကြောင်းတိုင်ပင်ချင်လို့”

“အဖေက အခုအိမ်မှာနေတာ သက်သာနေပြီမဟုတ်လား”

“အဲဒါအသာထားပါ အကိုကြီးရာ၊ အဖေက အခုတလော မူမမှန်ဘူးနော်”

“ဘယ်လို မူမမှန်တာလဲ ခင်ထားရဲ့”

“အစားတွေအရမ်းစားတယ်၊ စားသမျှကလည်း အရင်က သူတစ်သက်လုံးရှောင်ခဲ့တဲ့ အမဲသား၊ ဝက်သားတွေချည်းပဲ၊ အခုဆို အိမ်မှာ အမဲသားဟင်းက ပြတ်တောင်မပြတ်ဘူးမဟုတ်လား၊ ပြီးတော့ ထမင်းတစ်ခါစားရင် ထမင်းကတစ်ဇလုံကြီးကုန်တဲ့အပြင် အမဲသားငါးဆယ်သားချက်လောက်ကို တစ်နပ်တည်းပြောင်နေအောင်စားတာ”

ကိုကျော်မိုးက ခင်ထားကိုမျက်စောင်းထိုးကာကြည့်လိုက်ရင်း

“သူကြိုက်လို့စားတာ ဘာဖြစ်လဲ ခင်ထား၊ စားနိုင်တဲ့အချိန်မှာစားတာ ဘာဖြစ်သလဲ၊ အဖေက ငါတို့သုံးယောက်ကိုတစ်သက်လုံးရှာဖွေကျွေးမွေးလာခဲ့ရတာ အခုငါတို့အလှည့်ကျတော့ မကျွေးချင်တော့ဘူးလား”

“ဒီလိုတော့ ဘယ်ဟုတ်ပါ့မလဲ အကိုကြီးရယ်၊ ညီမပြောချင်တာက အဖေက အမူအရာပျက်နေတယ်၊ အရင်က မနက်မိုးမလင်းခင် ဘုရားထရှိခိုးတတ်တဲ့အဖေ၊ စိပ်ပုတီးလက်က မချတဲ့အဖေက အခုတော့ ဘုရားကျောင်းဆောင်ဘက်တောင်မလှည့်တော့ဘူး၊ ဘုရားတောင်တစ်ချက်မှ မရှိခိုးတော့ဘူး အကိုကြီး”

ထိုအခါ ညီမငယ် မထွေးက

“ဒါတော့ ဟုတ်တယ်အကိုကြီး၊ ပြီးတော့ အဖေအိမ်ပြန်ရောက်ခါစတုန်းကလည်း လူတွေကိုသိပ်မမှတ်မိဘူး၊ ကျွန်မကိုဆိုရင် တူမလို့ခေါ်တယ်၊ ကျွန်မက “အဖေ၊ သမီးက အဖေ့သမီးလေ” လို့ပြောတော့မှ ကျွန်မကိုလည်း သမီးလို့ခေါ်တာ၊ ဒါနဲ့တစ်ရက်က အဖေ့ကိုသိပ်ပြီးမသင်္ကာလို့ သမီးနာမည်ဘယ်သူလဲဆိုပြီးမေးတော့ အဖေက မဖြေနိုင်ဘူးအကိုကြီး၊ ဟိုဟိုဒီဒီတွေလျှောက်ပြောနေတာ၊ နောက်သေချာမေးတော့ သူမေ့သွားပြီတဲ့”

ကိုကျော်မိုးမှာထူးဆန်းသွားသည်။

“အဖေတစ်ယောက်က သမီးနာမည်ကိုမေ့စရာလား အကိုကြီးရယ်၊ ပြီးတော့ ပိုဆိုးတာက ညညဆိုရင် ရေထသောက်သလိုလို ဆီးထသွားသလိုလိုနဲ့ ရေခဲသေတ္တာကို ထထမွှေနေတာပဲအကိုကြီး”

“နင်တို့က ဘာကိုဆိုလိုချင်တာလဲ”

ထိုအခါ မထွေးက ခင်ထားအားမျက်စပစ်ပြလိုက်သည်။ ခင်ထားက ခေါင်းညိတ်ပြလိုက်ရင်း

“ညီမတို့ကတော့ အဖေက အဖေမဟုတ်တော့ဘူးလို့ထင်တယ်”

“နင့်စကားက ဘာအဓိပ္ပါယ်လဲခင်ထား”

“အဖေက ဖုတ်ဝင်နေတာ . . . ဖုတ်ဝင်နေတာပဲဖြစ်ရမယ်”

ကိုကျော်မိုးက တောက်တစ်ချက်ခေါက်လိုက်ရင်း

“အဲဒါတွေ ညည်းကိုငါမကြိုက်တာပဲခင်ထား၊ အခုလိုသိပ္ပံပညာတွေထွန်းကားနေတဲ့ခေတ်ကြီးမှာ ဒီလိုရှေးအယူအဆတွေကို လက်စွဲကိုင်ထားတုန်းလားအေ့”

မခင်ထား ဘာမှမပြောဖြစ်တော့ ကိုကျော်မိုးက မထွေးဘက်သို့လှည့်လိုက်ရင်း

“မထွေး ညည်းလဲတူတူပဲ၊ ခင်ထားက ခြောက်တန်းအထိပဲတတ်ခဲ့ရလို့ ပညာနည်းလို့ ဒါတွေကိုယုံတာထားပါတော့၊ ညည်းလိုဘွဲ့ရပညာတတ်တစ်ယောက်က ဖုတ်ဝင်တယ်တို့ အပမှီတယ်ဆိုတာတို့ကို ယုံနေတာလား”

“ဒါ . . . ဒါကတော့ အကိုကြီးရယ်”

မထွေးလည်း ဘာမှမပြောနိုင်ပေ။

“ငါကတော့ ဘာပဲဖြစ်ဖြစ်မယုံဘူးဟာ၊ ဒီတော့ နင်တို့မကျွေးရင်နေ ငါ့အဖေကိုငါကျွေးမယ်၊ အဖေက ဖုတ်ကောင်ဖြစ်နေပါစေအုံး ငါတို့အဖေပဲ၊ အဖေ့ကိုကြည့်ပြီး ကျွေးရမွေးရတာနဲ့တင် ငါတို့မိဘကျေးဇူးဆပ်ရာရောက်ပါတယ်”

“အကိုကြီး၊ ဒီလိုဆိုရင်တောင်မှာ အဲဒါအဖေမဟုတ်တော့ဘူး ဖုတ်ကောင်ဖြစ်နေပြီလေအကိုကြီးရဲ့”

“ငါရှင်းအောင်ပြောပြီးပြီးနော်ခင်ထား၊ အဖေက ဖုတ်ကောင်ဆိုရင်တောင်မှ အဖေ့ရုပ်ကိုကြည့်ပြီး အဖေ့ကိုကျွေးတာမွေးတာ မိဘကိုကျွေးတာနဲ့တူတူပဲ၊ ဒီမှာ ညည်းတို့နှစ်ယောက် အဖေ့ကိုဖုတ်ထုတ်ဖို့ ဘာဖို့ညာဖို့မတွေးကြနဲ့နော်၊ ငါကြားလို့ကတော့ ညည်းတို့နာမယ်သာမှတ်”

ထိုအခါ အခန်းအဝသို့ ဦးကျော်စိုးရောက်လာလေသည်။ ဦးကျော်စိုးမျက်လုံးကြီးမှာ ပြူးကြောင်နေပြီး အလွန်ချောက်ချားနေပုံရသည်။

“ဘာကွ၊ မင်းတို့က ငါ့ကိုဖုတ်ဝင်နေတယ်ဆိုပြီးတော့ ဖုတ်ထုတ်ကြမလို့လား”

“မဟုတ်ပါဘူးအဖေ၊ မဟုတ်ပါဘူး”

“အဲဒီလိုတော့ မလုပ်ကြပါနဲ့ကွာ၊ ငါဖုတ်ဝင်နေတာ မဟုတ်ပါဘူးကွ၊ ငါဖုတ်မဝင်ပါဘူး၊ မင်းတို့ဖုတ်ထုတ်ရင် ငါသေမှာကွ”

ပြောရင်းဆိုရင်း ဦးကျော်စိုးမှာ ငိုလေတော့သည်။ ကိုကျော်မိုးက ဦးကျော်စိုးအားပြေးပွေ့ဖက်လိုက်ကာ အိမ်ရှေ့သို့ပြန်ခေါ်သွားသည်။ ခင်ထားနှင့် မထွေးတို့နှစ်ယောက်မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လျှက်

“အမ ဘယ်လိုလုပ်မလဲ”

“အကိုကြီးက အသိခေါက်ခက်အဝင်နက်နေတယ် မထွေး၊ နင်အသာကြည့်နေစမ်းပါ၊ အဖေဖုတ်ဝင်နေတယ်ဆိုတာကို ငါကိုယ်တိုင်သက်သေရှာပြမယ်၊ အကိုကြီးသိအောင်ပြရမယ်”

မခင်ထားကတော့ လွယ်လွယ်နှင့်အလျှော့မပေးသေးပေ။

(၃)

“အဖေ ထမင်းစားရအောင်”

နောက်တစ်နေ့ နေ့လည်ပိုင်းတွင် မခင်ထားက ထမင်းပွဲပြင်ဆင်ပေးလိုက်သည်။ ထိုအခါ စောင်ခေါင်းမြီးခြုံကာ အိပ်နေသည့် ဦးကျော်စိုးက ထလာပြီး ထမင်းဝိုင်းတွင်ဝင်ထိုင်သည်။ ထမင်းဝိုင်းကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက်

“ဟင် ဘယ်မလဲအမဲသား၊ ဘယ်မလဲ ဝက်သား၊ ဘာဟင်းမှ မပါပါလားဟဲ့”

“ဟင်းက သုံးမျိုးတောင်ရှိပါတယ်အဖေရာ၊ ဟောဒီမှာ ကန်စွန်းရိုးနီနဲ့ ကင်ပွန်းချဉ်ရွက်ကို ပုစွန်ကလေးနဲ့ချက်ထားတယ်၊ ပြီးတော့ ရွှေဖရုံသီးဟင်း၊ ဖလံတောင်ဝှေးကြော်၊ ငါးပိရည်ကောင်းကောင်းဖျော်ပြီး တို့စရာလည်းအစုံပါပဲ”

ဦးကျော်စိုးမှာ ခေါင်းကိုသွက်သွက်ခါရင်း

“မစားဘူး၊ ဒါတွေငါမစားဘူး၊ ငါ့ကိုအသားကျွေး၊ အမဲသားပဲကျွေးစမ်းပါ”

“အို၊ အဖေဘယ်လိုပြောလိုက်တာလဲ၊ သမီးတို့က နေ့တိုင်းအသားဟင်းချည်းစားရအောင် ချမ်းသာတာမဟုတ်ဘူး၊ အဖေ့ကိုအရှေ့မှာ ဆေးကုခဲ့တဲ့စရိတ်တွေလည်းရှိသေးတယ်၊ ဒါတောင် နိုင်ငံခြားရောက်နေတဲ့ မောင်နှမတွေက ထောက်ပံ့ပေးနေလို့သာ အသက်ရှူချောင်နေတာ၊ တစ်ခါတလေလည်း အသီးအရွက်လေးဘာလေး စားအုံးမှပေါ့အဖေရာ”

“မစားဘူး၊ ငါမစားဘူး ညည်းတို့ပဲစား”

ဦးကျော်စိုးက ပြောဆိုရင်း ကုတင်ပေါ်သို့တက်ကာ ထုံးစံအတိုင်း စောင်ခေါင်းမြီးခြုံ၍ အိပ်နေလေတော့သည်။ မထွေးက မခင်ထားအား တစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

ပြဿနာက ညနေမှတက်တော့သည်။ အကိုကြီးပြန်လာသည့်အခါ ဦးကျော်စိုးမှာ ကလေးငယ်တစ်ဦးသဖွယ် ငိုကြွေးကာ တိုင်တော့သည်။

“သားရေ သားကြီးရေ၊ ငါ့ကိုလေ ဒင်းတို့ညီအမက ထမင်းမကျွေးဘူးကွဲ့”

ကိုကျော်မိုးက မခင်ထားအားကြည့်လိုက်ရင်း

“အဖေပြောတာ တကယ်လားခင်ထား”

“အဖေ၊ မဟုတ်တာတွေမပြောနဲ့ အဖေ့ကို သမီးက ထမင်းနှစ်ကြိမ်တိတိပြင်ကျွေးခဲ့တာပဲ အဖေမှ စားမှမစားတာ”

“နင်တို့ကျွေးတာလည်းကြည့်အုံးလေ၊ အသားဟင်းမပါဘဲ အသီးအရွက်တွေပဲ ကျွေးတာကိုး၊ ငါက အသားမပါရင် မစားတတ်တာ ညည်းတို့သိရဲ့သားနဲ့”

ကိုကျော်မိုးက မခင်ထားအားကြည့်ရင်း

“နင်တို့ဘယ်လိုလုပ်လိုက်တာလဲ၊ အဖေစားချင်တာ ချက်ကျွေးမှပေါ့”

“အကိုကြီးက ပါးစပ်လေးနဲ့ချက်ကျွေးခိုင်းနေတယ်၊ အဖေက တစ်နေ့ကို အသားတစ်ပိဿာလောက် သူတစ်ယောက်တည်းစားနေတာ အကိုကြီးသိရဲ့လား၊ အခုဆို အိမ်ရဲ့စီးပွားရေးအခြေအနေက မဟန်တော့ဘူး၊ နိုင်ငံခြားရောက်နေတဲ့ မောင်လေးနှစ်ယောက်ဆီကလည်း အဖေ့အတွက်ဆိုပြီး ခဏခဏပိုက်ဆံလှမ်းမတောင်းချင်တော့ဘူး၊ သူတို့မှာလည်း သူတို့ရှေ့ရေးတွေရှိသေးတာပဲ၊ နေ့တိုင်းအသားချည်းစားလို့တော့ ရမလားအကိုကြီးရဲ့”

“တော်စမ်းခင်ထား၊ အဖေ့ကို ညည်းတို့မကျွေးနိုင်ရင်နေ၊ ငါကျွေးမယ် . . . ငါကျွေးမယ်ဟဲ့၊ ညည်းတို့အေ ကိုယ့်မိဘကိုတောင် ကိုယ်မသထာကြဘူး”

“အကိုကြီးလစာနဲ့ အကိုကြီးကျွေးတယ်ဆိုရင်တော့ ညီမတို့မတားပါဘူး၊ ညီမတို့က မောင်နှစ်ယောက်ပို့ပေးတဲ့လစာကို ခြစ်ကုပ်ပြီးသုံးနေရတာ၊ ဟိုနှစ်ယောက်က ကုန်ပြန်ပြီလားလို့မေးရင် ညီမဆက်ပြီး ဘယ်လိုဖြေရမယ်ဆိုတာမသိတော့ဘူး”

“သားကြီးရယ်၊ သားကြီးပိုက်ဆံမရှိရင်မကျွေးပါနဲ့ အဖေ အသားမစားရလို့ဘာမှမဖြစ်ပါဘူး”

ဦးကျော်စိုးက မျက်နှာငယ်ကလေးဖြင့် ကိုကျော်မိုးအား ပြောဆိုနေလေသည်။ ကိုကျော်မိုးမှာတော့ ဖခင်ဖြစ်သူအားကြည့်ရင်း သနားနေမိသည်။ မခင်ထားကတော့ ဦးကျော်စိုးသရုပ်ဆောင်နေသည်ကိုကြည့်ရင်း ဖခင်ဖြစ်သူအား တစ်သက်နှင့်တစ်ကိုယ် ပထမဆုံးအကြိမ် အမြင်ကပ်မိနေခြင်းဖြစ်သည်။

ကိုကျော်မိုးက အိမ်ပေါ်မှရုတ်တရက်ဆင်းသွားသည်။ ခဏအကြာပြန်ရောက်လာသည့်အခါ လက်ထဲတွင်ကြွပ်ကြွပ်အိတ်တစ်လုံးပါလာသည်။ အမဲသားဟင်းများအပြင်မှ သွားဝယ်လာခြင်းဖြစ်သည်။ ထိုအမဲသားဟင်းဖြင့် ဦးကျော်စိုးကို ကျွေးသည့်အခါ ဦးကျော်စိုးမှာ ထမင်းအိုးဘေးချကာ အငမ်းမရစားသောက်ရင်း ထမင်းနှစ်လုံးချက်ပြောင်စင်သွားလေတော့သည်။

“စားကောင်းလိုက်တာ သားကြီးရာ၊ အဖေ့မှာ သားကြီးကျွေးမှစားရတာပါ”

“ရတယ်အဖေ၊ ဟိုကောင်မတွေမကျွေးလဲ အဖေ့ကိုသားကျွေးပါ့မယ်”

မခင်ထားမှာ ထိုအဖြစ်ကိုဆက်မကြည့်ချင်တော့သဖြင့် အိမ်ခန်းထဲသို့ဝင်ကာ ကုတင်ပေါ်တွင်ထိုးအိပ်ချလိုက်တော့သည်။

မခင်ထားနားအတွင်း အိုးခွက်သံများကြားလိုက်ရသဖြင့် မခင်ထားလန့်နိုးသွားသည်။ အိပ်ရာနံဘေးမှ စားပွဲတင်နာရီအားကြည့်လိုက်ရာ ညဆယ့်နှစ်နာရီကျော်နေပြီဖြစ်သည်။ အကိုကြီးနှင့်စိတ်ဆိုးကာ ညစာပင်မစားဘဲ အိပ်ချလိုက်သည်မို့ ယခုအချိန်မှ ဗိုက်ကဆာလောင်နေပြီဖြစ်သည်။ သို့နှင့် အိပ်ခန်းအတွင်းမှထွက်လာကာ အိမ်နောက်ဖေးသို့ဝင်ရန်ပြင်ဆင်လိုက်ချိန်တွင် မီးဖိုခန်းထဲတွင် ဖခင်ဖြစ်သူကိုလှမ်းတွေ့လိုက်ရသည်။

ဦးကျော်စိုးမှာ ရေခဲသေတ္တာတံခါးအားဆွဲဖွင့်ကာ လှန်လှောရှာဖွေနေသည်။ မနက်ဖြန်ချက်ပြုတ်ရန်အတွက် စီစဉ်ထားသည့် ကြက်သားအစိမ်းဇလုံကြီးကိုယူကာ အိမ်နောက်ဖေးသို့ဆင်းသွားသည်။ မခင်ထားလည်း အသံမပေးဘဲ အနောက်မှ တိုးတိုးတိတ်တိတ်လိုက်လာခဲ့သည်။ အိမ်နောက်ဖေးတံခါးကိုဖွင့်လိုက်ပြီးနောက် အိမ်သာသွားသည့်ဘက်သို့ တစ်ဦးတည်းဆင်းသွားပြန်သည်။ သစ်ပင်တစ်ပင်အောက်အရောက်တွင်မူ လက်ထဲမှကြက်သားဇလုံကြီးကိုမြေပေါ်သို့သွန်ချလိုက်သည်။ ထိုအခါ သစ်ပင်အပေါ်မှ အနက်ရောင်အကောင်ကြီးနှစ်ကောင်ဆင်းလာပြီး ကြက်သားအစိမ်းများကို လက်နှင့်ကောက်ကာ စားသောက်နေကြသည်။ အိမ်သာသွားသည့်လမ်းတွင် အလင်းရောင်ရစေရန်အတွက် မီးချောင်းတစ်ချောင်းထွန်းထားပေးရာ ထိုအဖြစ်ကိုမခင်ထားတစ်ယောက် သဲသဲကွဲကွဲမြင်နေရသည်။

“ဒီမှာနေရတာ အမေအဆင်ပြေတယ် သားတို့သမီးတို့”

ဦးကျော်စိုးအသံမှာ မိန်းမအသံကြီးဖြစ်နေလေသည်။ မခင်ထားမှာ အံ့သြပြီး ဟာခနဲအော်လိုက်မိသည်။ မခင်ထားအသံကိုကြားလိုက်ရသည့်အတွက် ဦးကျော်စိုးရော သရဲကြီးနှစ်ကောင်ပါ ချာခနဲလှည့်ကြည့်သည်။ မခင်ထားကလည်း အိမ်နောက်ဖေးတံခါး အကွယ်လို့လျှင်မြန်စွာပုန်းအောင်းလိုက်ရလေသည်။ အသံထွက်မိမည်စိုးသဖြင့် ပါးစပ်ကို လက်နှင့်ပိတ်ထားမိသည်။

“ဒီအိမ်က သားကြီးဆိုတဲ့လူက သိပ်သဘောကောင်းတာပဲကွဲ့၊ အမေတောင် ဒီမှာနေရင်း သူ့ကိုချစ်လာပြီ”

အသံက ခဏတိတ်သွားပြန်သည်။

“ဒီအိမ်ကလူတွေကိုရှင်းထုတ်ပြီးရင် သားတို့သမီးတို့ ဝင်နေလို့ရပြီ၊ ဒါဆိုရင် အမေတို့ခြေ အမေတို့လက်ဖြစ်ပြီး အမေတို့စားချင်တိုင်းစားရတော့မှာ”

မခင်ထားမှာ ထိုအသံများကိုနားထောင်ရင်း ပိုမိုထိတ်လန့်လာခဲ့သည်။ သို့နှင့် ချောင်းကြည့်မည်ဟုကြံရွယ်လိုက်ကာ အိမ်နောက်ဖေးတံခါးမှ ခေါင်းပြူကြည့်လိုက်မိသည်။

“ညည်းက ဘယ်သူ့ကိုကြည့်နေတာလဲ”

မျက်နှာအရှေ့တွင် ဖခင်ဖြစ်သူကိုမြင်တွေ့လိုက်ရသည့်အတွက် မခင်ထားတစ်ယောက် လိပ်ပြာလွင့်မတတ်ထိတ်လန့်သွားသည်။ ဦးကျော်စိုးမှာ ခြေသံပင်မကြားလိုက်ရဘဲ မီးဖိုချောင်တံခါးဆီသို့ရောက်နေပြီဖြစ်သည်။ ပြီးနောက် မီးဖိုချောင်အတွင်းသို့ တစ်လှမ်းချင်းဝင်လာသည်။

“ငါတို့ပြောတာတွေကို ညည်းကြားတယ်မဟုတ်လား”

မခင်ထားက ခေါင်းခါလိုက်သည်။

“ဘာပဲဖြစ်ဖြစ် ငါအရင်ရှင်းမယ့်လူက နင့်ကိုပဲ”

ဦးကျော်စိုးက ပြောဆိုပြီးနောက် မခင်ထားအား လည်ပင်းပြေးညှစ်တော့သည်။ မခင်ထားမှာ လည်ပင်းအညှစ်ခံရပြီးနောက် မီးဖိုချောင်နံရံနှင့်ပြေးတိုက်သွားတော့သည်။ ဦးကျော်စိုးလက်များအား ရုန်းကန်သော်လည်း ဦးကျော်စိုးမှာ အလွန်သန်မာနေသဖြင့် ရုန်းကန်၍မရတော့ပေ၊ ဦးကျော်စိုး၏ မျက်လုံးကြီးမှာ အနီရောင်စူးစူးရှရှလင်းလက်နေကာ မျက်နှာကြီးမှာလည်း သရဲကြီးတစ်ကောင်နှယ်ဖြစ်နေလေသည်။

“ညည်းကများ ငါ့ကိုဖုတ်ကောင်ဘာညာနဲ့၊ အေး၊ အခု ညည်းကိုသတ်ပြီးတော့ ငါ့သမီးကို ညည်းကိုယ်ထဲထည့်မယ်ဟဲ့”

မီးဖိုချောင်တံခါးအပြင်ဘက်တွင် အနက်ရောင်အကောင်ကြီးနှစ်ကောင်က ပြူတစ်ပြူတစ်လုပ်နေလေသည်။ မခင်ထားလည်း ကြည့်ရင်း ကြံရာမရတော့သည်မို့ နံရံတွင်ချိတ်ဆွဲထားသည့် သားလှီးဓါးကို ဆွဲဖြုတ်ယူလိုက်ကာ ဦးကျော်စိုး၏ ရင်ဝကိုထိုးနှက်လိုက်လေသည်။ ဦးကျော်စိုးမှာ အလွန်နာကျင်စွာအော်ဟစ်ရင်း အနောက်သို့ခုန်ဆုတ်သွားတော့သည်။ မခင်ထားက ဓါးကိုကျစ်နေအောင်ဆုပ်ကိုင်လျှက် ဦးကျော်စိုးအားထပ်မံထိုးရန် ကြံရွယ်လိုက်စဉ်မှာပင် မီးဖိုချောင်အတွင်း မီးများလင်းထိန်သွားသည်။

“ခင်ထား၊ နင်ဒါဘာလုပ်တာလဲ”

ကိုကျော်မိုးမှာ ပြေးဝင်လာပြီး မခင်ထားကို ဖမ်းချုပ်လိုက်သည်။ မခင်ထားလက်အတွင်းမှ ဓါးကိုလည်း ပုတ်ထုတ်လိုက်လေရာ ဓါးမှာကြမ်းပြင်ပေါ်သို့ကျသွားလေသည်။ မခင်ထားကတော့ အရူးမကြီးတစ်ယောက်နှယ် ဆံပင်များဖွာလန်ကျဲနေပြီး

“သတ်မယ်ကောင်မ၊ နင့်ကိုငါသတ်မယ်၊ နင်ကများငါ့ကိုရာရာစစ”

ထိုအခါ ဦးကျော်စိုးမျက်နှာမှာ ပုံစံပြောင်းလဲသွားသည်။ အပြစ်မရှိသည့်ကလေးတစ်ယောက်နှယ် မျက်နှာဖြစ်သွားကာ ကိုကျော်မိုးအားကြည့်ရင်း

“သားကြီးရောက်လာတာ အချိန်မီလို့သာပေါ့သားရယ်၊ မဟုတ်ရင် ခင်ထားလက်ချက်နဲ့ အဖေသေနေလောက်ပြီ”

“ဟဲ့ ဖုတ်ကောင်မ၊ ညည်းမာယာမများနဲ့ နင်သတ္တိရှိရင် အခုငါနဲ့တွေ့မယ်”

“ခင်ထား၊ ညည်းဘယ်လိုဖြစ်နေတာလဲ၊ မိဘကို နင်က ဓါးနဲ့ကိုင်ပြီး သတ်ဖို့တောင်လုပ်နေပါလား၊ ညည်းကံကြီးထိုက်မှာ မကြောက်ဘူးလား”

“ဘာမိဘလဲ၊ ဘာမိဘလဲ၊ ဒီလူကြီးက ဖုတ်၊ ဖုတ်တောင်မှ ဖုတ်ကောင်မ အကိုကြီးရဲ့”

ကိုကျော်မိုးမှာ မခင်ထား၏ပါးပြင်ကို အားပြင်းပြင်းနှင့်ရိုက်ထည့်လိုက်သည်။

“အသိတရားရှိစမ်း ခင်ထား၊ မိဘကိုနင်ပြန်သတ်ရင် နင်အဇာတသတ်ဖြစ်လိမ့်မယ်၊ ငရဲအိုးမှာ ချိုးကပ်လိမ့်မယ်ကောင်မ”

ဦးကျော်စိုးက ငိုယိုလျှက်

“အဖေဘာမှမလုပ်ပါဘူးသားကြီး၊ အိမ်နောက်ဖေးမှာ အသံကြားလို့ ကြောင်များဟင်းခိုးစားတာလားဆိုပြီး ထကြည့်တာပါ သားကြီးရယ်”

မထွေးတစ်ယောက်ပါ မခင်ထားအား မုန်းတီးသည့်အကြည့်နှင့်ကြည့်ရင်း

“ဘာပဲဖြစ်ဖြစ် အမမှားတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အဖေကိုယ် ဖုတ်ကောင်ဆိုပြီး သတ်ဖို့လုပ်တာတော့ အမမှားတယ်”

“ဟဲ့ မထွေး၊ နင် . . . နင်ကပါ ငါ့ကိုမယုံတော့ဘူးတဲ့လား”

မထွေးမှာ ဘာမှမပြောဘဲ တစ်ဖက်သို့လှည့်ကာ မတ်တပ်ရပ်နေလေသည်။ မခင်ထားမှာ ငိုယိုလျှက် ရင်ဘတ်ကိုလက်နှင့်ထုကာ

“အေးပါ၊ သူတော်ကောင်းကြီးတွေရယ်၊ ငါက လူယုတ်မာမကြီးပါ၊ ကိုယ့်အဖေကို ကိုယ် ဓါးနဲ့သတ်ဖို့လုပ်တဲ့ လူယုတ်မာမကြီးပါ၊ ဒီတော့ ငါနင်တို့လို သူတော်ကောင်းတွေနဲ့ မနေဝံ့ပါဘူးဟာ၊ ငါဆင်းမယ်၊ ငါအိမ်ပေါ်ကနေဆင်းမယ်”

မခင်ထားမှာ ပြောဆိုရင်း အိမ်ပေါ်မှပြေးဆင်းလာခဲ့သည်။ စိတ်ကပူထူနေသဖြင့် ဖိနပ်ပင်မစီးမိပေ၊ ညသန်းခေါင်အချိန်ကြီးမို့ မခင်ထားအားတွေ့မြင်ကြသည့် ခွေးများမှာ ဝိုင်းဟောင်ကြလေသည်။ မခင်ထားတစ်ယောက်သာ ကတ္တရာလမ်းမကြီးပေါ်တွင် အရူးကြီးတစ်ယောက်ပမာ ပြေးလွှားနေမိသည်။

(၄)

“နင့်အဖြစ်ကလည်း မလွယ်ပါလား ခင်ထားရာ”

ညကြီးမင်းကြီးအိမ်သို့ရောက်လာသည့် မခင်ထားကိုကြည့်ရင်း မမွန်တစ်ယောက် ပြောဆိုလိုက်မိသည်။ မခင်ထားမှာတော့ သူ့အရှေ့တွင်ချထားပေးသည့် သောက်ရေခွက်ကို အကုန်မော့သောက်ချလိုက်လေသည်။

“ငါပြောတာ အကုန်အမှန်တွေချည်းပါ မွန်မွန်ရယ်၊ နင်ယုံမလား မယုံမလားတော့မသိဘူး”

“ငါယုံပါတယ် ခင်ထား၊ ရပ်ကွက်ထဲမှာလည်း နင်တို့အဖေက ဖုတ်ဝင်နေတယ်ဆိုပြီး လူတွေပြောနေကြတာပဲမဟုတ်လား”

“အခု ငါဘာလုပ်ရမလဲ မွန်မွန်”

“လောလောဆယ် ဒီညတော့ နင်ငါတို့အိမ်မှာပဲအိပ်လိုက်၊ ဖုတ်ကောင်နဲ့လူဆိုတာ အတူမနေကောင်းဘူး ခင်ထားရဲ့၊ အခု နင်အိမ်ပေါ်ကဆင်းလိုက်ပေမယ့် အိမ်မှာကျန်ခဲ့တဲ့ နင့်အကိုနဲ့ နင့်ညီမက အန္တရာယ်မကင်းသေးဘူး၊ နင်ပြောတဲ့အတိုင်းဆိုရင် အဲဒီဖုတ်ကောင်က နင်တို့အိမ်ကလူတွေကို တစ်ယောက်ပြီးတစ်ယောက်သတ်ပြီးတော့ သူ့ရဲ့သရဲသားသမီးတွေကို အိမ်ထဲခေါ်သွင်းချင်ပုံပဲ”

“ဟုတ်တယ်၊ နင်ပြောတာဖြစ်နိုင်တယ် မွန်မွန်”

“မြို့သစ်ဘက်မှာ အထက်လမ်းဆရာကြီးတစ်ယောက်ရှိတယ်လို့ကြားတယ် ခင်ထား၊ အရင်တုန်းကလည်း ဖုတ်ဝင်နေတဲ့လူတွေကို ဖုတ်လိုက်ထုတ်ပေးတယ်လို့ ငါကြားဖူးတယ်၊ မနက်မိုးလင်းတာနဲ့ ငါတို့ အဲဒီဆရာကြီးနဲ့သွားတွေ့ပြီး တိုင်ပင်ကြည့်ရင်ကောင်းမယ်ခင်ထား”

မခင်ထားမှာ ခေါင်းညိတ်လျှက်

“ကျေးဇူးတင်ပါတယ် မွန်မွန်ရယ်”

“ကဲ ခြေတွေလက်တွေဆေးပြီးတော့ ငါ့အင်္ကျီတစ်ထည်ယူဝတ်ပြီး အိပ်လိုက်တော့၊ မနက်လင်းရင် ငါတို့အတူတူအဲဒီဆရာကြီးဆီကို သွားကြတာပေါ့ ခင်ထားရေ”

မခင်ထားမှာ ခြေလက်ဆေးပြီးနောက် အဝတ်အစားလဲကာ သူငယ်ချင်းဖြစ်သူ အပျိုကြီးမွန်မွန်ပြင်ဆင်ပေးသည့် အိပ်ရာတွင်လှဲအိပ်လိုက်သော်လည်း မည်သို့မျှအိပ်မပျော်တော့ဘဲ မိုးလင်းပေါက်ခဲ့လေတော့သည်။

မနက်မိုးလင်းသည်နှင့် သူငယ်ချင်းနှစ်ယောက် ဆိုင်ကယ်တစ်စီး စီးကာ မြို့သစ်ဘက်သို့ထွက်လာခဲ့သည်။ မြို့သစ်ဆိုသည်မှာ သူတို့ရွာနှင့်မနီးမဝေးတွင်ရှိသည့် ရွာငယ်ကလေးကိုခေါ်ဆိုခြင်းဖြစ်သည်။ ရွာငယ်ကလေးမှာ ကားလမ်းနံဘေးတွင်တည်ရှိကာ တည်ထောင်ထားသည်မှာ သိပ်မကြာသဖြင့် မြို့သစ်ဟုသာ လူအများက ခေါ်ဝေါ်ကြလေသည်။ မြို့သစ်ရောက်သည့်အခါ သိပ်ထွေထွေထူးထူးစုံစမ်းစရာမလိုလိုက်ဘဲ ဆရာကြီးအိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သည်။

ခြေတံရှည်အိမ်ကြီးပေါ်သို့တက်လိုက်သည့်အခါ အသက်ခြောက်ဆယ်ခန့်ရှိသည့် ဦးလေးကြီးတစ်ယောက်က ဘုရားကျောင်းဆောင်ရှေ့တွင် ကျကျနနထိုင်ကာ ဘုရားရှိခိုးနေလေသည်။ မခင်ထားတို့ သူငယ်ချင်းနှစ်ယောက်လည်း လှေကားအတက်တစ်နေရာတွင် ကျုံ့ကျုံ့ကလေးထိုင်လိုက်ကြသည်။ ဆရာကြီးက ဘုရားရှိခိုးနေသည်ကိုရပ်တန့်လိုက်ပြီး အနောက်သို့လှည့်လာသည်။

“မင်းတို့ရောက်လာတာ အချိန်ကောင်းပဲ မိန်းကလေးတို့”

မခင်ထားတို့မှာ အံ့သြသွားမိသည်။

“မင်းညက သေဘေးကနေ သီသီကလေး လွတ်လာတယ်မဟုတ်လား”

ဆရာကြီးက မခင်ထားအားကြည့်ကာ ပြောဆိုလိုက်သဖြင့် မခင်ထားမှာ အံ့သြသွားမိသည်။ဒင်းတို့ညီအမက

“ဟုတ် . . .ဟုတ်ပါတယ်ဆရာကြီး”

“ခုနက မင်းတို့တက်လာကတည်းက ငါ့ရဲ့ပညာအရ မင်းတို့ဘာဖြစ်လာတယ်ဆိုတာကို သိပြီးသားပါ၊ တော်ရုံလူလာတယ်ဆိုရင် ငါကဘုရားရှိခိုးအပျက်မခံပါဘူး၊ ဒါပေမယ့် မင်းတို့က တော်တော်အရေးကြီးနေလို့ ငါဖျက်လိုက်ပြီ၊ ကိုင်း သွားကြမယ်”

“ဆရာကြီးက အဖေ့အခြေအနေကို သိပြီးပြီလားဆရာကြီး၊ အဖေက . . .အဖေကလေ ဖုတ်ဝင်နေပါတယ်ဆရာကြီးရယ်၊ အဲဒီဖုတ်ကောင်က သားသမီးတွေတောင်ရှိပါတယ်၊ ညက ကျွန်မကို သတ်ဖို့ကြိုးစားပါတယ်”

“ဖုတ်ကောင်ဆိုတာ လူနဲ့ဆင်တူတယ်ဆိုပေမယ့် ဘဝချင်းတော့မတူကြဘူးကွဲ့၊ အတူတူလည်းမနေကောင်းဘူး၊ ပရလောကသားနဲ့လူတွေနဲ့ဆိုတာ သူ့စည်းနဲ့သူနေကြတာကောင်းတယ်၊ ရောရောထွေးထွေးနေကြရင် လူသားတွေအတွက် အန္တရာယ်ရှိနိုင်တယ်”

“ဒါပေမယ့် ဆိုးတာက အကိုကြီးပဲ၊ အကိုကြီးက အဖေ့ကိုဖုတ်ကောင်ပါဆိုတာ လက်မခံဘူး၊ တကယ်လို့ ဖုတ်ကောင်ဆိုရင်တောင်မှ မိဘရုပ်ရည်ပဲဆိုပြီးတော့ မိဘတစ်ယောက်လို ဆက်ပြီးပြုစုလုပ်ကျွေးမယ်လို့ ခံယူထားတယ်တဲ့ ဆရာကြီးရယ်”

“အဲဒါမှားတာပေါ့ကွဲ့၊ ဖုတ်ကောင်ဖြစ်သွားပြီဆိုကတည်းက မိဘမှ မဟုတ်တော့တာ၊ ပြီးတော့ မင်းတို့အဖေကို ဝင်နေတဲ့ဖုတ်ကောင်ဆိုတာကလည်း နှယ်နှယ်ရရဖုတ်ကောင်မဟုတ်ဘူး၊ ကဲပါ အဲဒါတွေအသာထား၊ မင်းတို့အိမ်ရောက်မှ ဆက်ပြောကြတာပေါ့”

ဆရာကြီးက ဆေးလွယ်အိတ်တစ်လုံးကိုဖြုတ်ယူလွယ်လိုက်ကာ ဘုရားကျောင်းဆောင်ပေါ်တင်ထားသည့် တစ်တောင်ခန့်ရှိသည့် ကြိမ်လုံးခပ်သေးသေးတစ်လုံးကို လွယ်အိတ်အတွင်းထည့်လိုက်ပြီး အိမ်ပေါ်မှဆင်းလာခဲ့သည်။ ထို့နောက် မခင်ထားနှင့်မွန်မွန်က ဆိုင်ကယ်တစ်စီး၊ ဆရာကြီးက သူ့ဆိုင်ကယ်သူစီးကာ ထွက်လာခဲ့ကြသည်။

အိမ်ရှေ့သို့ရောက်သည့်အခါ နံနက်ရှစ်နာရီပင်မထိုးသေးပေ၊ မခင်ထားမှာ အိမ်ပေါ်သို့ပြေးတက်လိုက်သည်။

“အကိုကြီး . . . အကိုကြီး”

ထိုအခါ မြင်တွေ့လိုက်ရသည့်မြင်ကွင်းကြောင့် အံ့သြသွားမိသည်။ အိမ်ရှေ့အခန်းထောင့်တစ်နေရာတွင် မထွေးကလဲကျနေသလို ဦးကျော်စိုးအိပ်သည့် အိပ်ရာနားတွင်တော့ အကိုကြီးကိုကျော်မိုးကို ဦးကျော်စိုးက အပေါ်မှတက်စီးထားကာ လည်ပင်းညှစ်နေသည်ကိုတွေ့လိုက်ရသည်။ မခင်ထားမှာ အပြေးအလွှားပြေးသွားပြီး ဦးကျော်စိုးအား လက်ဖြင့်ဆောင့်တွန်းလိုက်သည်။ သို့သော် ဦးကျော်စိုးမှာ တုပ်တုပ်ပင်မလှုပ်ပေ၊ မခင်ထားကိုလည်း မျက်လုံးစိမ်းကြီးဖြင့် စိုက်ကြည့်ကာ

“နင်ဘာလာရှုပ်ပြန်တာလဲ”

ထိုအခါ အိမ်ပေါ်တက်လာသည့် ဆရာကြီးက လက်ကိုမြှောက်လိုက်ပြီး

“ဟယ်၊ ဆိုင်ရာပိုင်ရာများ ဒီဖုတ်ကောင်ကိုဖမ်းချုပ်ပြီး ဆွဲလွှင့်ပစ်လိုက်ကြစမ်း”

ထိုသို့ပြောလိုက်သည်နှင့် ကိုကျော်မိုးအပေါ်တက်ခွစီးထားသည့် ဦးကျော်စိုးအား လူအများကဖမ်းချုပ်ကာ လွင့်ပစ်လိုက်သကဲ့သို့ဖြစ်သွားကာ ဦးကျော်စိုးမှာ ဆယ်ပေခန့်ဝေးသည့် ကြမ်းပြင်တစ်နေရာသို့ တရွတ်တိုက်ဆွဲကာ လွင့်ထွက်သွားလေသည်။

“ဒီကောင့်ကို ချုပ်ထားလိုက်ကြစမ်း”

ဦးကျော်စိုးမှာ မျက်လုံးအပြူးကြီးနှင့် ထိုကြမ်းပြင်ပေါ်နေရာတွင် ငူငူကြီးထိုင်နေလေသည်။ မခင်ထားက ကိုကျော်မိုးထံသို့ပြေးသွားလိုက်ကာ

“အကိုကြီး . . .အကိုကြီး သတိထားပါအုံး”

ကိုကျော်မိုးမှာ အသက်ကိုခပ်မျဉ်းမျဉ်းရှူနေသော်လည်း သတိမရသေးပေ။

“လာကြပါအုံးရှင် . . . .လာကြပါအုံး၊ အကိုကြီးကို ကယ်ပါအုံး”

မခင်ထားအော်လိုက်သည့်အခါ အိမ်နီးနားချင်းများပြေးလာကြကာ ကိုကျော်မိုးအားဝိုင်းဝန်းပြုစုကြသည်။ အိမ်နီးနားချင်းမှာ ဆွေမျိုးများရောက်လာကြသဖြင့် အိမ်ရှေ့ခန်းတစ်ခုလုံး လူများပြည့်နှက်သွားလေသည်။ မနည်းနှာနှပ်ယူသည့်အခါ မထွေးမှာ လန့်နိုးလာလေသည်။ ထို့နောက်အလန့်တကြားနှင့် ခေါင်းတခါခါ လည်တခါခါဖြစ်ကာ မေးသမျှလည်းမပြောနိုင်ပေ၊ ကိုကျော်မိုးလည်း မကြာခင်နိုးလာလေသည်။

“အကိုကြီး . . . ဘယ်လိုဖြစ်ရတာလဲ အကိုကြီးရယ်”

ကိုကျော်မိုးမှာ ဦးကျော်စိုးအားလက်ညှိုးထိုးကာ အလွန်ကြောက်လန့်လျှက်

“အဖေ၊ အဖေက ငါတို့ကိုသတ်မလို့လုပ်တာပဲ”

ဆရာကြီးက ကြမ်းကိုပုတ်လိုက်ပြီး

“အဲဒါ မင်းတို့အဖေမဟုတ်တော့ဘူးကွ”

ထို့နောက် ဆေးကြိမ်လုံးကိုထုတ်လိုက်ကာ

“ဟေ့ဖုတ်ကောင်၊ မင်းဘယ်သူလဲ၊ ဘယ်ကလဲဆိုတာ မှန်မှန်ပြောစမ်း”

ဦးကျော်စိုးက ဘာမှမပြောဘဲ ဆရာကြီးကိုစိုက်ကြည့်နေလေသည်။ ဆရာကြီးက ဘုရားကျောင်းဆောင်ပေါ်သို့သွားလိုက်ကာ ဘုရားသောက်တော်ရေခွက်ကိုစွန့်ယူလိုက်ပြီး နဖူးနားအထိမြှောက်ကာ တတွတ်တွတ်ရွတ်ဆိုနေသည်။ ပြီးနောက် ထိုရေအားလက်ဖြင့်အသာခပ်ယူကာ ဦးကျော်စိုးကို တောက်ထည့်လိုက်လေသည်။

“အောင်မယ်လေး ပူလိုက်တာ ပူလိုက်တာ”

“ပြောစမ်းဖုတ်ကောင်၊ နင့်ကိုငါ မနှိပ်စက်ချင်ဘူးနော်၊ ဟောဒီသောက်တော်ရေကို နင့်ဝမ်းထဲကိုလောင်းထည့်လိုက်ရင် နင်ဘာဖြစ်သွားမယ်ထင်သလဲ”

“ဟုတ်ကဲ့ . . . ပြောပါ့မယ်ဆရာကြီး”

ဖုတ်ကောင်အသံမှာ မိန်းမသံပြောင်းလဲသွားပြီး အသံမှာလည်း တုန်ယင်နေသေးသည်။

“ပြောစမ်း နင်ဘယ်ကလဲ”

ဖုတ်ကောင်က အတန်ကြာအောင်ငိုယိုလေသည်။ ငိုယိုသည်မှာလည်း ယူကျုံးမရ ချုံးပွဲချငိုနေခြင်းဖြစ်သည်။ ဆရာကြီးက စိတ်မရှည်တော့သဖြင့် ဦးကျော်စိုး၏ ကျောကုန်းကို ကြိမ်လုံးဖြင့်ဖြန်းခနဲရိုက်ထည့်လိုက်သည်။

“ပြောစရာရှိတာပြော ဖုတ်ကောင်မရဲ့၊ ဒါရုပ်ရှင်ရိုက်နေတာမဟုတ်လား နင်ငိုနေလို့လည်း အကယ်ဒမီမရဘူး၊ ပြောစရာရှိတာသာပြော”

“ပြောပါ့မယ်၊ ကျွန်မက မြို့အဝင်ညောင်ပင်ကြီးမှာ သားသမီးနှစ်ယောက်နဲ့နေပါတယ်၊ သူတို့အဖေကို အိမ်ပြန်ခေါ်လာတော့ လမ်းမှာအသက်ပါမလာတော့ပါဘူး၊ သူတို့ကား ညောင်ပင်အောက်မှာရပ်လိုက်တဲ့အချိန် ကျွန်မက သူတို့အဖေကိုယ်ထဲကို မသိမသာကလေး ဝင်လိုက်တာပါ”

“ဒါပဲလားဟေ့”

“သူတို့အိမ်မှာ နေရတာပျော်လို့ ကျွန်မသားသမီးနှစ်ယောက်ကိုလည်း ဒီအိမ်ထဲကို ခေါ်သွင်းဖို့ ကြိုးစားခဲ့ပါတယ်”

“နင်က ဘယ်လိုခေါ်သွင်းချင်တာလဲ”

“ဒီအိမ်ကလူတွေကိုသတ်ပြီးတော့ သားသမီးနှစ်ယောက်ကိုထည့်မလို့ပါ၊ ညက ဟိုမိန်းကလေးက ကျွန်မတို့လုပ်နေတာတွေကိုသိသွားလို့သူ့ကိုလည်ပင်းညှစ်သတ်မလို့ လုပ်ခဲ့ပါသေးတယ်”

ဆရာကြီးက သက်ပြင်းချပြီး

“နင်တို့တွေဟာလေ နိမ့်ကျတဲ့ဘဝရောက်ရတာတောင် အမြင်မှန်မရဘဲ မကောင်းမှုတွေထပ်ပြီးကျူးလွန်ချင်ကြသေးတယ်နော်၊ နင်တို့ မကြောက်တတ်ဘူးလားဟဲ့”

“မှားပါတယ်ဆရာကြီးရယ်၊ ကျွန်မတို့မှားပါတယ်၊ ကျွန်မတို့ကို ခွင့်လွှတ်ပါရှင်၊ မရိုက်မနှက်ပါနဲ့နော်”

“အောင်မာ၊ ညည်းတို့လုပ်ချင်တာလုပ်ပြီးတော့ ငါကခွင့်လွတ်ရအောင် ငါကသူတော်စင်မဟုတ်သေးဘူးဟဲ့၊ လုပ်တုန်းက လုပ်ပြီးတော့ ကိုယ့်အလှည့်ကျတော့ ခံရမှာကြောက်နေသလား”

ဆရာကြီးက လက်တစ်ဖက်လေပေါ်မြှောက်တင်ပြီး

“နင့်ကိုမှတ်သွားအောင် ကျောတစ်ရာ ရင်တစ်ရာ ကြိမ်နဲ့နှက်ပြီး ရွာတော်ရှင်လက်ကိုအပ်မယ်ဟဲ့”

ဆရာကြီးပြောပြီးမကြာခင် ဦးကျော်စိုးတစ်ယောက် အော်ဟစ်ကာ ကျောကော့နေအောင်ခံရတော့သည်။ ကြည့်နေသူများက ဘာမှမမြင်တွေ့ရသော်လည်း ဦးကျော်စိုးမှာတော့ အတော်နာကျင်ကာ ခံရခက်နေပုံရသည်။ အော်ဟစ်ပြီးသည့်နောက် ဦးကျော်စိုးမှာ ခေါင်းငိုက်စိုက်ကျသွားကာ ငူငူကြီးထိုင်နေလေသည်။ ဆရာကြီးက ဦးကျော်စိုးနဖူးအား လက်ဖြင့်ပုတ်လိုက်သည့်အခါ ဦးကျော်စိုးမှာ ဒုန်းခနဲပက်လက်လန်လဲကျသွားပြီးနောက် လူသေကောင်ကြီးအဖြစ်ပြောင်းလဲသွားတော့သည်။

“နင်တို့အဖေကို အခုချက်ချင်းပဲ မြေချဖို့လုပ်၊ မဟုတ်ရင် နေ့လည်လောက်ဆို ပုပ်ပွပြီး ကိုင်လို့မရဘူးဖြစ်သွားလိမ့်မယ်”

ဆရာကြီးပြောသည့်အတိုင်း နာရေးကူညီမှုအသင်းကိုခေါ်ကာ အားချင်းစီစဉ်ရတော့သည်။ ဆရာကြီးမှာ ပြီးသည့်အခါ အိမ်ပေါ်မှဆင်းသွားလေသည်။ မခင်ထားတို့က ပညာကြေးပူဇော်သော်လည်း သုံးပုံတစ်ပုံခန့်သာယူဆောင်ကာ ပြန်သွားလေသည်။ သို့နှင့် ဦးကျော်စိုး၏ နာရေးကို ရပ်ကွက်အတွင်းကျင်းပကြလေသည်။ ကိုကျော်မိုးလည်ပင်းညှစ်ခံရသည့် လည်ပင်းတွင်တော့ လက်ရာအညိုအမည်းစွဲသည့် ဒဏ်ရာကြီးမှာ တစ်ပတ်ခန့်ကြာသည်အထိ ကောင်းကောင်းမပျောက်သေးပေ။

မခင်ထားတို့မှာ နောက်နောင်အကြောင်းရှိ၍ ထိုညောင်ပင်ကြီးအောက်မှ ဖြတ်သန်းရသည့်အချိန်တိုင်း ကြက်သီးမွှေးညှင်းများ ထရသလို ဖခင်ဖြစ်သူဦးကျော်စိုးနှင့် မာယာများသည့်ဖုတ်ကောင်အကြောင်းကိုလည်း ကြုံကြိုက်သည့်အခါတိုင်း သတိရနေဆဲဖြစ်ပါတော့သည်။

ပြီးပါပြီ။
စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျှက်

ရေးသားသူ- အဂ္ဂဇော်

#အဂ္ဂဇော် #သရဲ #ဖြစ်ရပ်မှန်

#crd