မိန်းမမ၀င်ရ

မိန်းမမ၀င်ရ(စ/ဆုံး)
—————–
တူနှစ်ကိုယ် ဘ၀တစ်ခုကို ..
ကိုယ် ချစ်တဲ့သူနဲ့ အတူလက်တွဲ ရင်ဆိုင်ကြတော့မယ်ဆိုတော့ ..
လှိုက်ဖိုရင်ခုန်ကြည်နူးခြင်းများစွာ ရင်ထဲ အပြည့်ပေါ့ရှင် ..

ကျွန်မ နာမည်က `အေးသီတာ´ ..
`မောင်´က `အေး´လို့ ခေါ်တယ် ..
`မောင့်´နာမည်က `ကိုလှအောင်´ ..
ကျွန်မထက် (၅)နှစ်လောက် အသက်ငယ်တယ် ..
အဲ့ဒီ့တော့ ကျွန်မရဲ့ အခေါ်က `မောင်´ပေါ့ရှင် ..

ကျွန်မ အသက်က (၃၀)ကို ပျော့ပျော့လေး ကျော်နေပြီဆိုပေမယ့် ..
အပျိုကြီး လုပ်ဖို့ ကံဇာတာကို ..
မောင် က ပြောင်းလဲပစ်လိုက်တယ်လေ ..
ကျွန်မကလည်း အရွယ်မလွန့်တလွန် အချစ်တွေနဲ့
မောင့် ကို သည်းသည်းလှုပ် ချစ်တာပေါ့ ..

ချစ်သူသက်တမ်း (၁)နှစ်ကျော်အကြာမှာပဲ ..
ကျွန်မနဲ့ မောင် အိမ်ထောင်ပြု လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ကြတယ် ..
အဓိက က ကျွန်မရဲ့ အရွယ်လွန်လာတဲ့ ..
အသက်ဆိုတာကြီးကို မောင် က ငဲ့လိုက်တာပါ ..
အဲ့ဒီ့အတွက် မောင့်ကို ကျေးဇူးတင်ပါတယ် ..
တစ်ယောက်ဆို တစ်ယောက် သစ္စာရှိရှိ ချစ်တတ်လို့လေ ..

ကျွန်မရော မောင် ပါ ချမ်းသာပြည့်စုံတဲ့ ..
မိသားစုက ပေါက်ဖွားလာကြသူတွေ မဟုတ်ပါဘူး ..
နှစ်ယောက်စလုံးက အစိုးရ၀န်ထမ်းတွေပါ ..
ကျွန်မနဲ့ မောင်ကလည်း မြန်မာ့စီးပွားရေးဘဏ်မှာ ..
သက်ဆိုင်ရာဌာနတွေအတွက် ..
၀န်ထမ်းလစာငွေတွေ အသီးသီး လာထုတ်ယူကြရင်း ..
မျက်မှန်းတန်း ခင်မင်မိရာကနေ ..
တစ်ဆင့်တက်လို့ ချစ်ကြိုးသွယ် ..
အခုတော့ နောက်တစ်ဆင့် ထပ်တက်လို့ ..
အိမ်ထောင်ပြုကြတော့မယ်လေ ..

လူကြီးချင်းလည်း တွေ့ဆုံနားဖောက်ပြီးပြီ ..
မင်္ဂလာဆောင်ဖို့ ရက်ကလည်း ..
အကြမ်းဖျဉ်း သတ်မှတ်ပြီးပြီဆိုတော့ ..
အိမ်ထောင်ပြုပြီးနောက် လိုအပ်မယ့် ..
အိမ်ထောင်ပစ္စည်းတွေ စတင်၀ယ်ခြမ်းစုဆောင်းကြတာပေါ့ ..
ကျွန်မအိမ်နဲ့ မောင် နေတဲ့ ၀န်ထမ်းလူပျိုဆောင်နဲ့က ..
ဆိုင်ကယ်နဲ့ဆို (၁၀)မိနစ်လောက်ပဲ မောင်းရတယ် ..
နီးတယ်ပေါ့ရှင် …

အိပ်ရာအခမ်းအနား ..
TV … ပန်ကာ ..
ပန်းကန်ခွက်ယောက် ..
စားပွဲ ထိုင်ခုံ စသဖြင့် ..
ဖြည်းဖြည်းချင်း ကြိုတင်၀ယ်ယူပြီး ..
မောင့်ရဲ့ လူပျိုဆောင်အခန်းထဲမှာ စုထားတာပေါ့ ..
(မောင့်အခန်းလေးလည်း အိမ်ထောင်ပစ္စည်းတွေနဲ့ ရှုပ်ပွလို့)
မင်္ဂလာဆောင်ဖို့ ရက်က (၃)ပတ်လောက် လိုပါသေးတယ် ..
မင်္ဂလာဆောင်ပြီးရင်လည်း ယောင်နောက်ဆံထုံးပါ ဆိုသလို ..
မောင့်ရဲ့ ၀န်ထမ်းအိမ်ယာ လိုင်းခန်းတစ်ခန်းမှာပဲ ..
အတူနေထိုင်ကြမှာမို့ နီးစပ်ရာ ..
မောင့်အခန်းလေးထဲမှာပဲ ပစ္စည်းတွေ လာစုထားတာ ..
(ကျွန်မတို့ နေမယ့် လိုင်းခန်းလေးက ..
လိုင်းခန်းအဟောင်းမို့လို့ ..
မောင်က အခန်းအတွင်းပိုင်းတွေ ဆေးအသစ်ပြန်သုတ် ..
လိုအပ်တာလေးတွေ ပြန်ပြုပြင်နေတုန်းလေ ..
နောက်တစ်ပတ်လောက်မှ ပစ္စည်းတွေက ..
အဲ့ဒီ့လိုင်းခန်းလေးကို ရွှေ့ရမှာ ..

မောင့်ရဲ့ ၀န်ထမ်းလူပျိုဆောင်ကို ..
ပြီးခဲ့တဲ့ တစ်ပတ်လောက်က ကျွန်မ တစ်ခါ ရောက်ဖူးတယ် ..
၀ယ်လာတဲ့ ပစ္စည်းတွေ ဆိုင်ကယ်နဲ့ သယ်လာရင်း
မောင်နဲ့အတူ သွားထားတုန်းကပါ ..
တစ်ချို့အခန်းတွေက (၂)ယောက်တွဲ နေတယ် ..
တစ်ချို့ကတော့ တစ်ဦးတည်း သီးသန့်နေတာပေါ့ ..
အခန်းလည်း လူအပြည့် မရှိပါဘူး ..
အခန်းလွတ်တွေတောင် တွေ့တယ် ..
အခန်းလေးတွေက (၁၂x၁၅)ပေလောက်ပဲ ကျယ်မယ် ..
လူပျိုတွေဆိုတော့လည်း ပစ္စည်းပစ္စယ သိပ်မှ မများကြတာကိုး ..

တစ်နေ့ …
ကျွန်မ ရုံးမှာ Company တစ်ခုက …
Promotion လာလုပ်ပြီး ရောင်းချတဲ့ ..
ထမင်းပေါင်းအိုးနဲ့ လျှပ်စစ်ဒယ်အိုးတစ်ခုကို ၀ယ်လိုက်တာမို့
ညနေကျရင် မောင့်အခန်းကို ဆိုင်ကယ်နဲ့ သွားပို့လိုက်မယ်ဆိုပြီး
ကျွန်မ စဉ်းစားလိုက်တယ် ..
(ခုခေတ်လို ၁၅၀၀ တန် ဖုန်းတွေ မပေါ်သေးတော့ ..
အစိုးရ၀န်ထမ်းအငယ်တွေ ဖြစ်တဲ့ ..
ကျွန်မတို့နဲ့ မသက်ဆိုင်သေးဘူးလေ ..
၀ယ်မကိုင်နိုင်သေးတော့ ဖုန်းအဆက်အသွယ်ဆိုတာလည်း ..
ရုံးဖုန်းနဲ့ PCO ဖုန်းတွေနဲ့ပဲ ဆက်သွယ်ရတာပေါ့..)
ညနေ ရုံးမဆင်းခင် မောင့်ရုံးကို ဖုန်းခေါ်လိုက်တယ် ..
သူ့အခန်းကို ပစ္စည်းလာပို့မယ့်အကြောင်း ပြောဖို့ပါ ..
သူ့ရုံးဖုန်းကလည်း မအားတာနဲ့ ဖုန်းမခေါ်တော့ပဲ..
ညနေကျမှ သွားလိုက်တော့မယ်ဆိုပြီး အိမ်ပြန်လာခဲ့တယ် ..
အိမ်ပြန်ရောက်တော့ အိမ်အလုပ် လုပ် ..
ရေမိုးချိုးပြီး မောင့်အခန်းကို ပစ္စည်းတွေ သွားပို့မယ့်အကြောင်း
မေမေ့ကို အသိပေးပြီး ကျွန်မ အိမ်က ဆိုင်ကယ်နဲ့ ထွက်လာခဲ့တယ် ..

မောင့်အခန်းကို ရောက်တော့ မောင်နဲ့ တွေ့တယ် ..
အဲ့ဒါနဲ့ အခန်းထဲ ၀င် ပစ္စည်းထား ..
မောင်က ကျွန်မအိမ်မှာ ညနေစာ လိုက်စားမှာလေ ..
ညနေစာတိုင်း ကျွန်မအိမ်မှာပဲ စားတာပါ ..
လက်ထပ်တော့မယ်ဆိုတော့ ..
ကျွန်မအိမ်ကို ကိုယ့်အိမ်သားတစ်ယောက်လို ..
၀င်ထွက်သွားလာ စားသောက်နေပြီလေ ..
(ဖေဖေနဲ့ မေမေကလည်း သားယောက်ျားလေး မရှိတာမို့
မောင့်ကို သားအရင်းတစ်ယောက်လို ချစ်ကြတယ် ..
ကျွန်မတို့က ညီအစ်မ နှစ်ယောက်တည်းလေ ..)

အဲ့ဒီ့နေ့ကျမှ မောင် ကလည်း ရုံးအလုပ်တွေ များပြီး
ရုံးဆင်း နောက်ကျလို့ ကျွန်မ ရောက်မှ ရေချိုးနေတယ် ..
အချိန်က ညနေစောင်း(၆)နာရီကျော်ပြီ ..
ကျွန်မလည်း မောင့်အခန်းထဲက ထိုင်ခုံတစ်လုံးမှာ ထိုင်နေရင်း
မောင် ရေချိုးတာ စောင့်နေလိုက်တယ် ..
အဲ့ဒီ့အချိန် ..
`လှအောင် ရေ .. လှအောင် ..
သြော် .. မအေး ရောက်နေတာလား?´
`ဟုတ်ကဲ့ ကိုသောင်းနိုင် …
ကိုလှအောင် ရေချိုးနေတယ် ..´
မောင့်ရဲ့ ရုံး၀န်ထမ်းလုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း
ကျွန်မက သိကျွမ်းခင်မင်နေပြီလေ …

ကိုသောင်းနိုင်လည်း ရေချိုးခန်းဘက်ကို ပြန်ထွက်သွားတယ် ..
ခဏအကြာမှာတော့ မောင် ရေချိုးပြီး အခန်းထဲ ပြန်ရောက်လာတယ် ..
`အေး ရေ .. အခန်းထဲမှာပဲ ခဏစောင့်ဦးကွာ ..
ဆရာ ခေါ်လို့ မောင် ခဏသွားလိုက်ဦးမယ် ..´
`အင်း .. သွားလေ မောင် ..´
မောင် အ၀တ်အစားလဲပြီး ..
သူ့ဆရာရဲ့ လိုင်းခန်းအိမ်ဘက်ကို ဆိုင်ကယ်နဲ့ ထွက်သွားတယ် ..

မောင် ထွက်သွားတော့ ကျွန်မလည်း ပျင်းပျင်းနဲ့ ..
မောင့်စားပွဲပေါ်က ဂျာနယ်တစ်စောင် ယူဖတ်နေလိုက်တယ် ..
အချိန်က ည(၇)နာရီစွန်းစွန်းမို့ မှောင်လာပြီ ..

`ဟာ ! မီးက ပျက်သွားပြန်ပြီ ..´
ကျွန်မလည်း စားပွဲပေါ်က မောင့်ရဲ့ Tabel Lamp လေးကို
ယူပြီး မီးဖွင့်လိုက်တယ် ..
LED မီးရောင်က ခပ်မှိန်မှိန် ..
မောင် အားမသွင်းထားပြန်ဘူးနဲ့ တူတယ် လို့ ..
အတွေးထဲက ပြောလိုက်တယ် ..
Table Lamp မီးကလည်း အားကုန်တော့မှာမို့
ဖယောင်းတိုင်နဲ့ မီးခြစ် အရန်ထားဖို့ လိုက်ရှာလိုက်တယ် ..
မောင် က ဆေးလိပ်သောက်တတ်သူ မဟုတ်တော့ ..
မီးခြစ်က အလွယ်တကူ မတွေ့ ..
ဘယ်မှာ ထားမှန်းလည်း မသိ ..
တစ်ခြားအခန်းတွေမှာ နေတဲ့ မောင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့
ဆိုင်ကယ်စက်နှိုးပြီး အပြင်ကို ထွက်သွားသံ ကြားလိုက်ရတာမို့
မီးခြစ်နဲ့ ဖယောင်းတိုင် သွားငှားဖို့လည်း မဖြစ်နိုင် ..
လျှပ်စစ်မီး ပြန်လာပါစေလို့ပဲ တွေးလိုက်မိတယ် ..

မောင်ကလည်း ကြာလိုက်တာ ..
ခုချိန်ထိ ပြန်မလာသေးဘူး ..
မောင် ထွက်သွားတာ နာရီ၀က်ကျော်ပြီ ..
၀န်ထမ်းလူပျိုဆောင်မှာလည်း တစ်ယောက်မှ မရှိ ..
ထုံးစံအတိုင်း ဒီအချိန်ဆို အပြင်ထွက်ကြပြီပေါ့ ..

Table Lamp မီးရောင်မှိန်မှိန်ကြောင့် ..
ဂျာနယ်လည်း ဖတ်လို့ မရတော့ ..
ဒီအတိုင်းပဲ ထိုင်ခုံမှာ ထိုင်နေလိုက်တယ် ..
ပတ်၀န်းကျင်ကလည်း တိတ်ဆိတ်လို့ ..
မောင်တို့ လူပျိုဆောင်က အတွင်းပိုင်းမှာမို့
ကားသံ ဘာသံတောင် မကြားရ ..
ဆိုင်ကယ် စက်နှိုးထားပြီး မောင့်အခန်းဘက်ကို ..
မီးထိုးထားရင် ကောင်းမယ်လို့ ကျွန်မ တွေးလိုက်တယ် ..
Table Lamp မီးကလည်း အားကုန်တော့မယ် ..
တဖြည်းဖြည်းနဲ့ ပိုမှိန်လာပြီလေ ..

အခန်းအပြင်ထွက်ဖို့ ထိုင်ခုံကနေ ကျွန်မ မတ်တပ်ထရပ်လိုက်တယ် ..
လူတစ်ယောက် ဗြုန်းခနဲ အခန်းထဲ ၀င်လာတာမို့
ကျွန်မ လန့်ဖျပ်သွားတယ် ..
ဘယ်သူလဲ?
ကျွန်မပြောခဲ့သလိုပဲ အခန်းက ကျဉ်းတယ် ဆိုတော့ ..
ကျွန်မ မတ်တပ်ရပ်နေတဲ့ နေရာနဲ့
အခန်းအပေါက်၀ကနေ ၀င်လာတဲ့ လမ်းကြောင်းက ..
အလွန်ဆုံး ဝေးမှ (၇)ပေသာသာထက် မပို ..
အဲ့ဒီ့တော့ ၀င်လာသူကို ထင်ထင်ရှားရှားကြီး မဟုတ်ပေမယ့် ..
မီးမှိန်မှိန် အလင်းရောင်ကြောင့် မြင်လိုက်ရတယ် ..

`အံမယ်လေး !!! ..´

ကျွန်မ ကြောက်ရွံ့ထိတ်လန့်လို့ အော်လိုက်ရင်း
မောင့်ရဲ့ ကုတင်ပေါ် ထိုင်လျက်သား ကျသွားတယ် ..

ကျွန်မ မြင်လိုက်ရတာက …
အရပ်အမောင်းက မောင့် အရပ်လောက်ပဲ ..
(၅ ပေခွဲ၀န်းကျင်လောက်ပေါ့)
ပုံမှန် အ၀တ်အစား ၀တ်ထားတယ် ..
(အရောင်တွေ ဘာတွေတော့ မမှတ်မိ)
မျက်နှာကိုပဲ ကျွန်မ သတိထားမိလိုက်တာ ..
မျက်လုံးနေရာက ဟောင်းလောင်းပေါက်ကြီး ..
မျက်စိ မျက်ဆံ မပါဘူးရှင့် ..
အသားအရေက မဲပုပ်ပုပ်ကြီး …
ဒါ လူမဟုတ် ..
သရဲအခြောက်ခံရပြီဆိုတာ သိလိုက်ရတာမို့ ..
ကျွန်မ လိပ်ပြာလွင့်မတတ် ကြောက်လို့ သွားတော့တယ် ..
အဲ့ဒီ့ သရဲ က အခန်းထဲ ၀င်သွားတယ် ..
မောင့်အခန်းက ၀င်ပေါက်ထွက်ပေါက်က တစ်ပေါက်တည်း ..
အခန်းဆုံးထိ လျှောက်သွားပြီး ပြန်လှည့်လာတယ် ..
ကျွန်မ ထပြေးချင်လာတယ် ..
ဒါပေမယ့် စဉ်းစားလိုက်တာက ..
ထပြေးရင် အဲ့ဒီ့သရဲနဲ့ ကျွန်မ ..
အ၀င်ပေါက်လောက်မှာ ပြန်ဆုံမလား? ပေါ့ ..
သရဲက ကျွန်မဆီကိုတော့ မလာဘူး ..
အပေါက်၀ကနေ အခန်းအပြင် ပြန်ထွက်သွားတယ် ..
ကျွန်မ တစ်ကိုယ်လုံးလည်း တုန်ရီလို့ ..
ခြေထောက်တွေလည်း ထဖို့တောင် အားမရှိတော့သလို ..
ကျွန်မ မျက်ရည်တွေလည်း ကျလာပြီ ..
ရင်တွေလည်း တဒိန်းဒိန်းခုန် ..
ဘုရားစာလည်း တတ်သလောက် မှတ်သလောက် ရွတ် ..
ရွတ်နေတဲ့ ဘုရားစာလည်း အထစ်ထစ်အငေါ့ငေါ့ ..
သရဲ ဆိုတာ ဒီအသက်အရွယ်ထိ ကြုံဖူးတာ မဟုတ် ..
အခုက ကိုယ်တွေ့ ..
ကိုယ့်အနားမှာတင် နီးနီးကပ်ကပ် မြင်လိုက်ရပြီး ..
အခြောက်ခံနေရတာလေ ..
ကျွန်မ ဆက်မကြည့်ရဲတာမို့ ..
မျက်နှာကို လက်ဖဝါးနဲ့ အုပ်ပြီး ..
ဘုရားကိုဘဲ အာရုံပြု ဘုရားစာ ကြိုးစားရွတ်ဖတ်နေလိုက်တယ် ..

ပြန်၀င်လာပြန်တယ် ..
အခန်းဆုံးထိ ၀င်သွားတယ် ..
နောက်ပြီး ပြန်ထွက်သွားတယ် ..
ကျွန်မလည်း လက်ဖဝါးအုပ်ထားတဲ့ကြားထဲက
ချောင်းကြည့်ရင်း ပုံသဏ္ဍာန်ကို မြင်နေရတယ် ..

အချိန် ဘယ်လောက်တောင် ကြာမှန်း မခန့်မှန်းနိုင် ..
သရဲက အခန်းထဲ ၀င်လိုက်ထွက်လိုက် လုပ်နေတာ ..
မောင် ရယ် .. အမြန် ပြန်လာပါတော့ ..
ဒီအတိုင်းဆို အေး ကြောက်ပြီး သေတော့မယ် ..
ကျွန်မ ငိုလည်း ငို ..
ဘုရားစာလည်း ရွတ် ..
ဆုလည်း တောင်း ..
ကျွန်မ တစ်ယောက်တည်း ကမ္ဘာပျက်နေပြီရှင် ..

ကျွန်မ သရဲ ရဲ့ကိုယ်ခန္ဓာ ခါးအောက်ပိုင်းကို မြင်နေရတယ် ..
(ပုံမှန်လူတစ်ယောက်လိုပဲ လမ်းလျှောက်နေတာ)
အထက်ပိုင်းတော့ ဆက်မကြည့်ရဲ ..
ကျွန်မကို ကြည့်နေလား? ကြည့်မနေဘူးလား? မသိ ..

`၀ူး !!! ….´
ဆိုင်ကယ်မီးရောင်တစ်ခု လူပျိုဆောင်အပြင်မှာ မြင်လိုက်ရတာမို့ ..
ကျွန်မ အတိုင်းမသိ ၀မ်းသာသွားတယ် ..
ဆိုင်ကယ်မီးရောင်ပဲ မြင်ရတာ ..
လူနဲ့ ဆိုင်ကယ်ကို မမြင်ရ ..
ကျွန်မအထင် မောင့်အခန်း တစ်ခန်းကျော်လောက်အရှေ့မှာ
ဆိုင်ကယ်စက်ရပ်သံ ကြားလိုက်ရတယ် ..
တစ်ယောက်ယောက် ပြန်လာတာပဲ နေမှာ ..
ကျွန်မ အားတက်သွားတယ် ..
အဖော်တစ်ယောက် ရှိပြီဆိုတဲ့ အတွေးနဲ့
ဖြစ်ချင်ရာ ဖြစ်ဆိုပြီး …
မောင့်ကုတင်ပေါ်ကနေ ကျော်ခွပြီး ဘေးမှာ ဖွင့်ထားတဲ့ ..
မှန်ပြတင်းပေါက်ကနေ အခန်းအပြင်ကို အမြန်ခုန်ချလိုက်တယ် ..
(ဆိုင်ကယ်က အခန်းအပြင်မှာ သော့တန်းလန်းထား ရပ်ခဲ့တာ)

အခန်းအပြင် ရောက်တာနဲ့ ဆိုင်ကယ်ဆီ အမြန်သွား ..
မောင့်အခန်းဆီလည်း မကြည့်ရဲတော့ဘူး ..
ဆိုင်ကယ် စက်နှိုး မီးထိုးလို့ ..
ကျွန်မ အမြန်မောင်းထွက်ခဲ့လိုက်တယ် ..
ဆိုင်ကယ်ခြေနင်းခုံပေါ် တင်ထားတဲ့ ..
ကျွန်မ ခြေထောက်နှစ်ချောင်းစလုံး တဆတ်ဆတ်နဲ့ တုန်နေတယ် ..
ဆိုင်ကယ်ကို ထိန်းမောင်းလာခဲ့ရင်း
ကျွန်မ အိမ်ပြန်ရောက်မှပဲ ..
ရေတစ်ခွက် အမြန်ယူသောက် ..
မေမေတို့ကလည်း ..
`သမီးကြီး … ဘာဖြစ်လာတာလဲ? ဝိုင်းမေးတော့မှ ..
ကျွန်မလည်း မောင့်အခန်းထဲမှာ သရဲအခြောက်ခံရတဲ့အကြောင်း
ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တယ် ..
မေမေက ဘုရားသောက်တော်ရေတစ်ခွက် စွန့်ပြီး ..
ကျွန်မ စိတ်ငြိမ်အောင် ထပ်တိုက်လိုက်သေးတယ် ..
တော်တော်လေး ကြာမှ ..
ကျွန်မ အမောပြေပြီး ကြောက်တာ နည်းနည်းပြေသွားတယ် ..
ဒါပေမယ့် မျက်စိထဲမှာ မြင်လိုက်ရတဲ့ သရဲပုံက မထွက် ..

နောက်နာရီ၀က်ကျော်လောက် ကြာမှ ..
ကျွန်မအိမ်ကို မောင် ဆိုင်ကယ်နဲ့ ရောက်လာတယ် ..
`အေး … အေး ဘာဖြစ်လို့ ချက်ချင်းကြီး အမြန်ပြန်သွားတာလဲ?
မောင်လည်း ဆရာ့ဆီကနေ အခန်းပြန်ရောက်တော့မှ ..
ကိုဆန်းမြင့်(ကျွန်မ အပြန်မှာ ရောက်လာတဲ့ လူ)က ..
မင်း ဇနီးလောင်း ဆိုင်ကယ် အမြန်မောင်း ..
ပြန်ထွက်သွားတယ်ဆိုလို့ မောင်လည်း စိတ်ပူပြီး
အခု ချက်ချင်းလိုက်လာတာ …´
အဲ့ဒီ့နောက် ကျွန်မလည်း ကြုံခဲ့ရတာတွေ ..
မောင့်ကို ပြောပြလိုက်တယ် ..

`ဟင် ! ဖြစ်ရလေ အေးရယ် ..
အဲ့ဒီ့ သရဲခြောက်တယ်ဆိုတဲ့ ကိစ္စကြီးက တကယ်ဖြစ်နေတာပေါ့ ..
မောင် က တစ်ယောက်တစ်ပေါက် ..
စကားတွေ ကားခဲ့ပြီး ပြောခဲ့တာ မှတ်လို့ ..
အခု အေး ကိုယ်တိုင် ကြုံခဲ့တာဆိုတော့ ..
မောင်တို့ လူပျိုဆောင်က ..
မိန်းမ လာတာ မကြိုက်ဘူးဆိုတာ မှန်နေပြီပေါ့ ..
ဘုရား … ဘုရား …
တော်သေးတယ် အေးရယ် ..
ဘာမှ မဖြစ်လို့ …´

မောင် ပြောလိုက်မှပဲ ..
ကျွန်မတို့ တစ်အိမ်သားလုံး အံ့အားသင့်ပြီး မေးကြတယ် ..
မောင်တို့ လူပျိုဆောင်က မိန်းမ လာတာ ..
ဘာလို့ မကြိုက်ရတာလဲ? ဆိုတဲ့ အကြောင်းကိုပေါ့ ..
မောင် ပြောပြတာက …
ဒီလိုရှင့် ….

မောင်တို့ လူပျိုဆောင်က ဆောက်လုပ်ထားတာ ..
နှစ်ပေါင်း(၂၀)ကျော်ပြီ ..
လွန်ခဲ့တဲ့ (၈)နှစ်၀န်းကျင်လောက်က ..
(မောင်လည်း တစ်ဆင့်စကား တစ်ဆင့်နား ပြန်ကြားထားတာပါ)
ရုံးစာရေးတစ်ယောက်က ယခင်က အိမ်ထောင်သည် ..
သူ့မိန်းမက တစ်နေ့ကျတော့ ..
အဝေးပြေးကားသမားတစ်ယောက်နဲ့ ဖောက်ပြန်ပြီး
လင်ငယ်အနောက် လိုက်ပြေးလို့ ခြေရာဖျောက်သွားတယ် ..
အဲ့ဒီ့နောက် အဲ့ဒီ့ ရုံးစာရေးကြီးလည်း ..
စိတ်ညစ်ညစ်နဲ့ အရက်ကို စွဲစွဲမြဲမြဲ သောက်ရင်း
အရက်သမားလုံးလုံးဖြစ် ..
မူးလာရင် သွေးကလည်း ဆိုးတော့ ..
ပတ်၀န်းကျင် လိုင်းခန်းက ၀န်ထမ်းတွေနဲ့လည်း အဆင်မပြေ ..
အဲ့ဒါနဲ့ ဦးစီးမှူးက အိမ်ထောင် မရှိတော့တာမို့ ..
လိုင်းခန်းအိမ် ပြန်အပ်ခိုင်းပြီး ..
အခု ကျွန်မ သရဲ အခြောက်ခံခဲ့ရတဲ့ မောင် နေတဲ့ ..
၀န်ထမ်းလူပျိုဆောင်ကို ပြောင်းနေခိုင်းလိုက်တယ် ..
စာရေးကြီးက ထောင့်ဆုံးအခန်းမှာ နေခဲ့တယ် ..

အဲ့ဒီ့ ရုံးစာရေးကြီးက မနက်ကတည်းက အရက်မူးနေပြီး
ပေးအပ်တဲ့ တာ၀န်လည်း သိပ်မထမ်းဆောင်နိုင်တော့တဲ့အပြင်..
၀န်ထမ်းအချင်းချင်းကလည်း ..
သူ့တာ၀န်တွေပါ လိုက်လုပ်ပေးနေရတော့ ..
နောက်ပြီး အရက်သမားလည်း ဖြစ်နေပြီဆိုတော့ ..
သိပ်မကြည်ဖြူတော့ဘဲ ..
ခပ်ဝေးဝေးက ရှောင်ကြတာပေါ့ ..
အပေါင်းအသင်း လုပ်မယ့်သူ မရှိတော့ ..
အဲ့ဒီ့ လူကြီးက အရက်ပဲ အဖော်ပြု ..
ဒီ့ထက် ပိုဆိုးတာက ..
မကောင်းတဲ့ မိန်းမပျက်တွေ လိုက်စားတာပဲ ..
ရောဂါပိုးတွေ ကူး ..
လူကလည်း တပိန်ပိန် တလိမ်လိမ်နဲ့ ..
ကျန်းမာရေးကလည်း ချို့ယွင်းလာတယ် ..
နောက်အသစ် ပြောင်းလာတဲ့ ဦးစီးမှူးကလည်း ..
စည်းကမ်းပိုင်း တင်းကြပ်တော့ ..
ရုံးစာရေးကြီးနဲ့ အဆင်မပြေ ..
မကြာခဏ အပြစ်တင် ပြောဆိုခံရတာပေါ့..
ဆေးရုံတင်တော့လည်း ဆေးရုံမှာ အရက်ခိုးသောက် …
အရက်က လူကို နိုင်သွားပြီလေ ..
နောက်ဆုံးတော့ အရက်စွဲတဲ့ ဒဏ် ..
အိမ်ထောင်ပြိုကွဲတဲ့ ဒဏ် ..
ပတ်၀န်းကျင်က ဥပက္ခာပြုဒဏ် ..
ခံစားရတဲ့ ဒဏ်ရာဒဏ်ချက်တွေကို မခံစားနိုင်တော့လို့နဲ့ တူပါရဲ့ ..
သူ့အခန်းထဲမှာပဲ ဆွဲကြိုးချ သတ်သေသွားတယ်တဲ့ ..
သူ သေနေတာတောင် အဆောင်အတူနေ ၀န်ထမ်းတွေက ..
ချက်ချင်း မသိကြပါဘူး ..
သူကလည်း အဆောင်ကို ပြန်လာချင်မှ ပြန်လာတတ်တာလေ ..
အခန်းတံခါးကတော့ အတွင်းက ချက် မချထားဘူး ..
စေ့ထားရုံပဲ ..
သူ့ဘေးခန်းမှာ နေတဲ့ စာရေးအငယ်တစ်ယောက်က ..
ဒီလူကြီး ဘယ်လျှောက်သွားနေတာလဲ? မသိဘူး ..
မတွေ့တာ (၂)ရက်လောက် ရှိပြီဆိုပြီး ..
အခန်းတံခါး တွန်းဖွင့် ချောင်းကြည့်တော့မှ ..
အဲ့ဒီ့ စာရေးကြီး ကြိုးဆွဲချသေနေတာ တွေ့ရတာ ..
အလောင်းတောင် အပုပ်နံ့ ထွက်နေပြီတဲ့ ..
သူ့အခန်း မှန်ပြတင်းပေါက်တွေကလည်း ..
အထဲက သတင်းစာတွေ ကပ်ထားတော့ ..
အပြင်ကနေလည်း အထဲကို မမြင်ရဘူးလေ ..
သူ သေတော့ အခန်းထဲက နံရံတွေမှာ ..
သူ့မိန်းမ မကောင်းတဲ့အကြောင်း ..
ဘ၀အဆက်ဆက် မကျေနပ် မုန်းနေမယ့်အကြောင်း ..
သစ္စာ မရှိတဲ့ မိန်းမတွေကို မုန်းတဲ့အကြောင်း ..
လျှောက်လွှာစာရွက်တွေနဲ့ (၄/၅)ရွက်လောက် ရေးပြီး
ကပ်ထားတာ အရင်လူတွေ မြင်ခဲ့ရတယ်တဲ့ ..

အစပိုင်း Suicide လုပ်သေထားတဲ့ အခန်းဆိုတော့ ..
ဘယ်သူမှ မနေရဲကြဘူး ..
နောက်ပိုင်း ကာလအတော်ကြာလာတဲ့အထိ ..
ခြောက်လှန့်မှု မရှိတာကြောင့် ..
အသစ် ပြောင်းလာတဲ့ ၀န်ထမ်းတစ်ယောက်ကို ..
စပြီး ထားကြည့်ခဲ့တယ် တဲ့ ..
သူလည်း အခြောက် မခံရပါဘူး ..
အဲ့ဒီ့အခန်းမှာ နောက်တစ်ယောက် ပြောင်းနေသေးတယ် ..
အဲ့ဒီ့ လူက အိမ်ထောင်သည် ..
သူက မိသားစု ခေါ်မထားဘူး ..
သူ့ဇနီးက တစ်ခြားမြို့မှာ ကျောင်းဆရာမ ..
ကလေး တစ်ယောက်လည်း ရှိတယ် ..
သူလည်း သူ့ဇနီးရှိရာ ခွင့်ပြန် သွားတွေ့ ပြန်လာနဲ့ပဲ နေခဲ့တာ ..

အဲ့ဒီလိုနဲ့ တစ်နေ့မှာ …
သူ့ဇနီးနဲ့ ကလေးငယ်လေးတို့က ..
နွေရာသီ ကျောင်းပိတ်ရက်မို့ ..
သူ့အမျိုးသားရဲ့ အလုပ်ရှိတဲ့ မြို့ကို ..
တစ်ပတ်လောက် အလည်လာတယ် ..
လူပျို၀န်ထမ်းတွေကလည်း ညီအစ်ကိုလို ဖြစ်နေတာကြောင့် ရော ..
သူ့ဇနီးနဲ့ ကလေးကလည်း ..
(၅)ရက်လောက်ပဲ အလည်လာတာ ဆိုတော့ ..
တစ်ခြားနေရာမှာ မထားတော့ဘဲ ..
တာ၀န်ရှိသူတွေကို သတင်းပို့ပြီး ..
လူပျိုဆောင်က သူ့အခန်းမှာ အတူနေလိုက်တယ် ..
အခန်းက ထောင့်ခန်းလည်း ဖြစ် ..
(ဘေးခန်းက လူပျို၀န်ထမ်းကလည်း ..
အလုပ်ကိစ္စနဲ့ နယ်ဆင်းနေတာမို့ပါ..)

သူ့ဇနီးနဲ့ ကလေး စရောက်တဲ့ ညကစပြီး ..
ပျောက်နေ ငြိမ်နေတဲ့ စာရေးသရဲကြီးက ..
တစ်စခန်း ပြန်ထလာတယ်တဲ့ ..
သူ့ဇနီး အိမ်သာတက်နေရင် အပြင်ကနေ တံခါးကို ထုတာတို့ ..
အိပ်ပျော်နေရင်လည်း ကုတင်ပေါ်က ဆွဲချတာတို့ ..
လူကို တွန်းလိုက်လို့ ယိုင်သလို ဖြစ်သွားတာတို့ ..
နောက်တစ်ရက်မှာ စာရေးသရဲကြီးရဲ့ ပုံစံ ပြတာတို့ ..
နည်းမျိုးစုံနဲ့ ခြောက်လှန့်ပြီးတဲ့နောက် ..
အဲ့ဒီ့ ၀န်ထမ်းရဲ့ ဇနီးလည်း ..
သူ့အမျိုးသားရဲ့ အခန်းမှာ ဆက်မနေရဲတော့ပဲ ..
အိမ်ထောင်သည် လိုင်းခန်းတစ်ခုကို ပြောင်းနေတော့တယ် ..
နောက်ပြီး သူ့မြို့ကို ပြန်ပြေးရောတဲ့လေ ..

တစ်ခြား ဖြစ်စဉ်တွေလည်း အများကြီး ..
(နားနဲ့ မနာ ဖဝါးနဲ့ နာပါရှင် ..)
လူပျိုဆောင်လည်း ဖြစ် ..
တစ်ခြားအိမ်ထောင်သည်လိုင်းခန်းတွေ ..
ရုံးတွေ ဘာတွေနဲ့လည်း မနီး ..
သီးခြား အ၀င်/အထွက်လမ်းကြောင်းမှာ ရှိနေတာကြောင့် ..
နည်းနည်း ဆိုးတဲ့ ကဲတဲ့ လူပျို၀န်ထမ်း အငယ်ပိုင်းတစ်ချို့က ..
မကောင်းတဲ့ မိန်းမပျက်တွေကို ..
တစ်ခါတစ်ရံ လူပျိုဆောင်ကို ခေါ်လာပြီး ပျော်ပါးတဲ့အခါဆိုရင်လည်း ..
အဲ့ဒီ့ မိန်းမပျက်တွေကို ခြောက်လှန့်တော့တာပဲ ..
သူတို့လည်း ထွက်ပြေးကြရတာပဲတဲ့လေ ..

နောက်ဆုံးတော့ ..
တစ်ဆင့်စကား တစ်ဆင့်နားနဲ့ …
၀န်ထမ်းလူပျိုဆောင်မှာ ကိုယ့်ဘာသာကိုယ် သတ်သေထားတဲ့ ..
စာရေးသရဲကြီးက မိန်းမ မုန်းသူမို့ ..
မိန်းမ လာတာ မကြိုက် ..
နေတာ မနှစ်မြို့ ..
မိန်းမ မ၀င်ရ ဆိုပြီး ..
တရား၀င် ရုံးစာ မထုတ်ရုံတမယ် ဖြစ်ခဲ့တယ်တဲ့လေ ..
အဆောင်နေ ၀န်ထမ်းတွေကိုတော့ ခြောက်လှန့်ခြင်း
တစ်ကြိမ်တစ်ခါမှ မရှိဘူးလို့ သိရတယ် ..

မောင် ပြောပြမှပဲ ..
ကျွန်မ ပြေချင်သလိုလို ဖြစ်နေတဲ့ ကြောက်စိတ်က ပြန်ပေါ်လာပြီး ..
အဲ့ဒီ့ည မောင် အဆောင်ပြန်သွားတော့ ..
တစ်ယောက်တည်း မအိပ်ရဲတော့လို့ ..
ညီမလေးရဲ့ ကုတင်မှာ ..
နောက်တစ်ပတ်လောက်အထိ သွားပူးအိပ်နေလိုက်ရသေးတယ် ..

အဲ့ဒီ့နောက်တော့ ..
ကျွန်မနဲ့ မောင် အိမ်ထောင်ပြု မင်္ဂလာဆောင်ခဲ့ကြပြီး
အိမ်ထောင်သည်လိုင်းခန်း တစ်ခန်းမှာ နေတယ် ..
အိမ်ထောင်ကျပြီး (၃)ပတ်လောက်ကြာတော့ ..
၀န်ထမ်းလူပျိုဆောင်ဘက် အပေါက်ကနေ ..
သွားရမယ့် နေရာ ရှိနေတာမို့ ..
ညနေစောင်းချိန် မောင်နဲ့အတူ ဆိုင်ကယ် ဖြတ်မောင်းလာခဲ့တယ် ..

မေ့ချင်သလိုလို ဖြစ်နေခါမှ ..
လူပျိုဆောင် အရှေ့ ဖြတ်တဲ့အချိန် ..
ကျွန်မ ပြန်သတိရသွားပြီး ကြက်သီးတွေ ချက်ချင်းထလာတယ် ..
မောင် ပြောပြတာလည်း သတိရသွားတယ်လေ ..
ဘာရယ်မဟုတ် …
ဟိုစာရေးသရဲကြီး နေသွားတဲ့ ထောင့်အခန်းကို ကြည့်လိုက်တော့ ..
အခန်းတံခါးကြီးက ပိတ်သွားတာ မြင်လိုက်ရတာမို့ ..
(အထဲက လူ ပိတ်လိုက်တာလား? ဘာလား?တော့ မသိ)
`အံမယ်လေး !!! …´ ဆိုပြီး ..
ဆိုင်ကယ်အနောက်ကနေ မောင့်ခါးကို ..
တင်းတင်းလေး ပိုဖက်ထားလိုက်တယ် ..
(မောင်ကတော့ သတိမထားမိ …)

ကျွန်မ စိတ်ထဲကနေ ပြောလိုက်မိတယ် ..
`ကျွန်မ လူပျိုဆောင်ကို မလာတော့ပါဘူး စာရေးကြီးရယ် ..
မိန်းမ မ၀င်ရ ဆိုလည်း မ၀င်ပါဘူး ..
ဘယ်တော့မှလည်း မ၀င်ပါဘူးရှင် …´ လို့ပေါ့ ….. ။

#LuGyiThar