မိမိုး(စ/ဆုံး)
————–
မနက် ဝေလီဝေလင်းအချိန် ကြက်တွန်သံကြားသည်နှင့် မိမိုးနိုးလာခဲ့သည်။
မိမိုးခေါင်းများက ကိုက်ခဲကာ တစ်ကိုယ်လုံးလေးလံထိုင်းမှိုင်း လို့နေသည်။
ဘေးမှာအိပ်နေသော သားလေးက ဒီနှစ် သူငယ်တန်း ကျောင်းသားလေး ဖြစ်နေပြီ။ သမီးလေးက သုံးနှစ်အရွယ်သာ ရှိသေးသည်။
ယခုလည်း ဗိုက်ထဲက ကလေးလေးရှိနေပြန်သည်မို့ ကိုယ်ဝန်ဆောင်သည်တို့ ထုံးစံအတိုင်း အစားအသောက်ပျက်ကာ အော့အန်နေသည်။ မိမိုး ဘဝက ပန်းရံသမ လက်လုပ်လက်စား မို့ ပင်ပန်းသည်ကတော့ စာဖွဲ့မရ။
အလုပ်ကပင်ပန်း အစားအသောက်ကလည်းပျက်မို့ မိမိုးကခုလို ထိုင်းမှိုင်းသည်က မထူးဆန်းပေ။
မိမိုးအမျိုးသားက မီးပြင်ဆရာ ။နာမည်က ဘဦး။
အရက်လေးသောက်တတ်စားတတ် ကာ မိန်းမကိစ္စ သတင်းသဲ့သဲ့ ကြားသော်လည်း မိမိုး အတွက် အဆန်းတော့ မဟုတ်တော့။
ယောက်ျားဖြစ်သူထက် သားနဲ့သမီးလေး ကို မိမိုးပိုစိတ်ဝင်စား ဂရုစိုက်သည်။
သားလေး နဲ့ သမီးလေးသာလျှင် မိမိုးအတွက် အနာဂတ်အိပ်မက်။
မိမိုးတို့နေထိုင်ရာ က ဆင်းရဲသားရပ်ကွက် ထဲက တဲတစ်လုံးတွင်ဖြစ်သည်။
အဆီတဝင်းဝင်းမျက်နှာနှင့် အိပ်နေသော လင်တော်မောင် မျက်နှာက်ိုကြည့်ရင်း မျက်စောင်းတစ်ချက်ထိုးကာ သားလေးနှင့် သမီးလေး ၏ ပါးကို မိမိုးတစ်ချက်စီနမ်းရှိုက်ရင်း အိပ်ယာထဲမှ လေးတွဲ့စွါ ထလိုက်သည်။
သားလေး ကျောင်းအတွက် ထမင်းဘူး ထည့်ပေးရမည်။
သမီးလေး ကို ဘေးအိမ်မှာ ယောက်ခမ ဖြစ်သူထံ အပ်နှံပြီး အလုပ်သွားရဦးမည်။
မိမိုးယောက်ကျား ဘဦးအတွက် ထမင်းဘူး ပြင်ပေးရဦးမည်။
တစ်ခါတစ်ရံ စားချင်တာတွေ ကို အားရပါးရ ဝယ်ပြီး စားလိုက်ချင်သော်လည်း မိမိုးမစားရက်။
မိမိုးမှာ လေဖြတ်ထားသော ဖခင်အိုကြီး ကိုလည်း ပြုစုပေးရသေးသည်။ ဖခင်အိုကြီးကိုလည်း တတ်နိုင်တာလေး ဖခင်စားချင်တာလေး ကိုလည်း ဝယ်ကျွေးချင်သေးသည်။
မိမိုးတစ်ခါတစ်ရံ ထီပေါက်ကာ သူဌေးမကြီး ဖြစ်ချင်မိသည်။
လက်တွေ့တွင် ရသမျှက အိမ်အသုံးစရိတ်ထဲ ဝင်သွားသည်မို့ ထီပင် မထိုးနိုင်ချေ။
လေဖြတ်ထားသော ဖခင်အိုကြီးက မိမိုး၏မောင်ဖြစ်သူနှင့် မိမိုးအိမ်၏ မနီးမဝေးတွင်နေထိုင်သည်။
မိမိုးက ကြက်ဥကြော်ကို သားနှင့်သမီး၊လင်တော်မောင်အတွက် ခွဲချမ်းစိတ်ဖြာကာ ချိုင့်အသီးသီးထဲ ထည့်လိုက်ပြီး မိမိချိုင့်ထဲတွင်တော့ ငပိရည်ကျို ရေကျဲ လေးက မိမိုးအတွက် မရိုးနိုင်သော ဟင်းလျာပင်။
အဖေ့အတွက် ကြက်ဥပြုတ်လေး သွားပို့ရင်း အဖေ့ကို သန့်ရှင်းရေး အပြေးအလွှား လုပ်ပေးရသေးသည်။
သူ၏သမီးလေးကို ယောက်ခမအိမ်သို့ပို့ကာ
“သမီး မေမေကိုကို့ကိုကျောင်းပို့ရင်း အလုပ်သွားတော့မယ်နော်.. ဖွားဖွားပြောစကားနားထောင်နော်သမီး ”
ဟု ဆိုတော့ သမီးက ခေါင်းလေးငြိမ့်ကာ
“မေမေ မုန့်ဝယ်လာခဲ့နော် “ဟု ဆိုရှာသည်။
“အေးပါ သမီးရယ် မေမေဝယ်လာပါ့မယ် “ဟုဆိုကာ သားကိုလက်ဆွဲကာ မိမိုးထွက်ခဲ့လိုက်သည်။
ဒါဟာ မိမိုးနေ့စဥ်ပြုမူနေကျအလုပ်ပင်။
မိမိုးက သားဖြစ်သူကို ကျောင်းသို့ပို့ကာ အလုပ်ခွင်သို့ ဦးတည်လိုက်သည်။
မိမိုးလုပ်နေသည်က တည်းခိုခန်း အဆောက်အဦး ကြီးတစ်ခုတွင်ဖြစ်ကာ ထိုအဆောက်အဦးသည် အခန်းအတော်များများ ပါဝင်သော အဆောက်အဦးပင်ဖြစ်သည်။
အလုပ်ခွင် သို့ရောက်လျှင် ထိုတည်းခိုခန်း ပိုင်ရှင် ညီမ မသက် က ဆောက်နေသော အဆောက်အဦး ဘေးတွင် မုန့်ဆိုင်နှင့် ထမင်းဆိုင်ဖွင့်လှစ်ထားလေသည်။
“ဟာ မိမိုး အစောကြီးပါလား၊ဘာစားခဲ့ပြီးပြီလဲ… ငါဒီနေ့ ကြာဇံကြော်လေး နင့်အတွက်ချန်ထားတယ် နင်ကလည်း ကိုယ်ဝန်နဲ့ဆိုတော့ ချဥ်ငံစပ်လေး စားချင်မှာပဲ ရော့.. ရော့ ”
ဟုဆိုကာ ကြာဇံကြော်ပန်းကန်လေး အား မိမိုးရှေ့ ချပေးလိုက်သည်။
မိမိုးလည်း ဘာမှစားမလာရသေးသည်မို့ ကြာဇံကြော်ပန်းကန်အား မြင်သည်နှင့် ဗိုက်ထဲက တကြုတ်ကြုတ်ပင် မြည်လာသည်မို့ ကြာဇံကြော် အား အငမ်းမရ စားလိုက်လေသည်။
“အမယ်လေး မသက်ရယ် ကောင်းလိုက်တဲ့ အရသာ.. ကျေးဇူးတင်လိုက်တာ.. ခုမှ နေသာထိုင်သာ ရှိပြီး ခံတွင်းတွေ့တော့တယ်.. အလုပ်ကလူတွေလဲ မရောက်သေးဘူး.. ပန်းကန်တွေ ကူဆေးပေးဦးမယ် “ဟု ဆိုကာ ပန်းကန်များအား ဆေးကြောလေတော့သည်။
မသက်က မိမိုးထမင်းချိုင့်အား ဖွင့်ကြည့်ပြီး
“ဒီနေ့လည်း ငပိရည်လား ဟေ့ နေ့လည် ထမင်း ငါ့ဆိုင်လာစား.. နင့်ကြိုက်တဲ့ ဟင်းတွေ တစ်ဇွန်းဆီသာ ခပ်ထည့်စားဟေ့ ဒီနေ့ ငါးအိုးကပ်လေး လဲ ပါတယ် နင့်အကြိုက်ပဲ… ငါးဖယ်ဆီပြန်လေးလဲ ကောင်းတယ်မိမိုးရေ… နေ့လည် ငါ့ဆိုင်သာ လာစား အားမနာနဲ့ ငါ့ဆိုင်ဟင်းထဲက နင်ကြိုက်တာလေးတွေ အားမနာနဲ့ယူစား… နင်လဲကိုယ်ဝန်နဲ့ဆိုတော့ အားရှိမှအလုပ်ကလုပ်နိုင်မှာ.. နေ့လည် နင့်အတွက် လက်ဖက်ရည် ကျစိမ့်လေးလဲမှာပေးဦးမယ်ဟေ့ ”
“ဟုတ်ကဲ့ပါမသက်ရေ ကျေးဇူးပါရှင် ”
မိမိုးပြုံးပျော်နေသည်။
ဤကား မသက်နှင့်မိမိုးတို့၏ ခင်မင်မှု ဆက်ဆံရေးများပင် ။အပေးအယူမျှသော မိတ်ဆွေ တွေဟု ဆိုလျှင်လည်း မှားမည်မထင်။
မသက်သည်လည်း ကလေးနှစ်ယောက် မိခင်ပင်။
မသက်သမီး၏ အဝတ်အကျများ အားလုံးကို မိမိုး၏သမီးလေးအား ပေးလေ့ရှိသည်။
တစ်ခါတစ်ရံ ဆန်.. ဆီ.. ဆား ကြက်သွန်လေးများလည်း ထည့်ပေးတတ်သေးသည်။
“မမသက်ရေ မိမိုးပြန်တော့မယ်နော်”
“မိမိုးရေ နင့်သားနဲ့ သမီးအတွက် မုန့်နှစ်ထုတ် ယူသွားဦး.. ရော့ ”
မုန့်ထုတ်လှမ်းပေးသော မသက်အား မိမိုးက ကျေးဇူးတင်စွာကြည့်ရင်း
“ကျေးဇူးပါ မသက်ရေ.. သမီးလေးကလေ ကျွန်မအိမ်ပြန်ရင် အပေါက်လေးမှာ စောင့်ပြီးမျှော်နေရှာတာ၊
မုန့်များပါလို့ကတော့ ဝမ်းသာလို့ မဆုံးဘူး … ကျေးဇူးတင်လိုက်တာ မသက်ရယ်၊
ဒီလုပ်ငန်းခွင်ကို ကျွန်မသိပ်ပျော်တာ…မသက် ဒီအလုပ်ကြီး ပြီးသွားမှာတောင်ကြောက်မိတယ် ”
“အမယ်လေး မိမိုးရယ် နင့်ဒီအလုပ်ပြီးသွားရင်လဲ ငါ့ဆီလာလည်လို့ရတာပဲ ကျန်းမာရေးသာ ဂရုစိုက်ပါအေ. ”
မိမိုးထွက်ခွာသွားရာ ကျောပြင်အားကြည့်ရင်း မသက် သက်ပြင်းချလိုက်မိသည်။
မိမိုး ဝတ်နေကျ ပါတိတ်ထမီအပန်းရောင်လေးသည် ဆေးရောင်များပင် မွဲနေလေပြီ။
မပြေလည်သောဘဝမို့ မိန်းမသားချင်းကိုယ်ချင်းစာကာ မသက်ကမိမိုးအား သံယောဇဥ်ပိုမိလေသည်။
စိတ်ရင်းကောင်းသော မိမိုးတစ်ယောက် အဆင်ပြေပါစေဟုသာ မသက်ရင်ထဲ၌ ဆုတောင်းပေးနေမိတော့သည်။
မသက်ယောက်ျားက ထိုတည်းခိုခန်း ဆောက်ရာတွင် မန်နေဂျာ ။
မသက် မိမိုးအား ပိုက်ဆံပိုရသော နေရာလေးတွင်ခိုင်းဖို့ ပြောပေးရဦးမည်။
နောက်ရက်မနက်စောစော၌ မိမိုးနိုးလာတော့ ရေမိုးချိုးကာ သနပ်ခါး အဖွေးသားနှင့် အိမ်ရှေ့က စံပယ်ပွင့်လေးကို သီကုံးကာ ပန်ဆင်လိုက်သည်။
မိမိုးယောက်ကျား ဘဦးလည်း အစောကြီးနိုးနေသည်မို့ မိမိုးကိုကြည့်ခါ
“ဟာ ငါ့မိန်းမ ဒီနေ့ပန်းတွေဘာတွေပန်ပြီး လှနေပါလား အထူးအဆန်းပါလားကွ ”
“ကိုဘဦး ကျွန်မရှိနေစဥ်မှာ ရှင်နေချင်သလိုနေပါ ကျွန်မဘာတစ်ခုမှ မပြောခဲ့ဘူး၊တစ်ကယ်လို့ ကျွန်မ မရှိတော့ရင်တော့ သားနဲ့သမီးကို ရှင် သေချာလေး ဂရုစ်ိုက်ပေးပါ၊ သားလေးကို ကျောင်းမှန်မှန်ပို့ပေးပါ သမီးလေးက ညနေဆို ကျွန်မကို အိမ်ပေါက်လေးမှာ ထိုင်စောင့်ပြီး မျှော်နေရှာတာ သမီးအတွက် မုန့်တစ်ထုတ်တော့ ပါအောင်ဝယ်ခဲ့ပါ”
“မိမိုးရယ် မဦးမချွတ်နဲ့ ဘာတွေပြောနေတာလဲ ငါကတိပေးပါတယ်ကွာ၊ သားကိုလည်း ကျောင်းမှန်မှန်ပို့မယ် သမီးလေး မျှော်ချိန်အမှီငါ မုန့်ဝယ်ပြီး ငါပြန်မယ်ဟုတ်ပြီလား ”
“ကျွန်မ ခုတစ်လော အိပ်မက်တွေ မကောင်းဘူး စိတ်ထဲမှာ ငါထွက်သွားရရင်ဆိုပြီး သားနဲ့သမီး အတွက် စိတ်မကောင်းဘူး “ဟု ဝမ်းနည်းစွာဆိုရှာသည်။
“အဖေ့ဆီ သွားလိုက်ဦးမယ်နော် ကိုဘဦး..”
ဟုဆိုကာ မိမိုးထွက်သွားလေသည်။
မိမိုးအဖေ အိမ်သို့ ရောက်သော်
“မောင်လေးရေ မောင်လေး လာဦး၊ ငါနင့်ကို မှာစရာ ရှိလို့ ”
“ဟုတ်မိမိုး လာပြီဟ “ဟု ဆိုရင်း မိမိုး၏မောင်လေးက မိမိုးအနားတွင် ဝင်ထိုင်လိုက်သည်။
“မောင်လေး အဖေ့ ကို မျက်နှာ ဒီလိုသစ်ပေး။ သွားလေးလဲတိုက်ပေး ။မနက်ဆို အဖေ့ကို အဝတ်လဲပေး။ အဖေက လေဖြတ်ထားတာဆိုတော့ သွေးတိုးစာတွေနဲ့ မတည့်ဘူး.. ငါက နောက်ဆို လာချင်မှ လာနိုင်တော့မှာ ။ ငါမရှိရင် လိမ္မာအောင်နေပါ အဖေ့ကို ဘယ်တော့မှ ပြစ်မထားဘူးလို့ ကတိပေးပါ သြ.. အဖေက ကြက်ဥပြုတ်သိပ်ကြိုက်တာ.. မကြာမကြာ ကြက်ဥလေး ပြုတ်ကျွေးနော် ”
“မမရယ် နင်ကနိုင်ငံခြားသွားမှာ ကျနေတာပဲ အေးပါ အေးပါ ပြစ်မထားပါဘူး.. တစ်ခါတည်း သေခါနီးလူကျနေတာပဲ မှာနေလိုက်တာ ”
မိမိုးဖခင်က သမီးဖြစ်သူအား ကြည့်ကာ မျက်ရည်များကျလာသည်။
“အဖေရယ်မငိုပါနဲ့ ဘုရားကလဲ ဟောထားတာ တရားတွေလဲ အဖေ နာနေရတာပဲ လူဆိုတာ ကွေးသောလက်မဆန့်မှီ သေခြင်းတရားဟာ ဖြစ်နိုင်တာချည်းပဲ.. သမီးက ခုသေမယ်ပြောတာ မဟုတ်ပါဘူး.. အဖေ့သား လုပ်တတ်ကိုင်တတ် အဖေ့ကို ပြုစုတတ်အောင် သင်ပေးတာပါ.. အဖေ သမီးအလုပ်သွားတော့မယ် … မောင်လေး ငါမှာတာတွေ ကို မမေ့နဲ့ ”
ဖခင်အား နှုတ်ဆက်ကာ ထွက်ခွာလာခဲ့သည်။
မိမိုးစိတ်ထဲ အနှစ်နှစ်အလလ ပြောချင်တာတွေ ကို လင်ဖြစ်သူနှင့် မောင်လေးအား ပြောလိုက်ရသည်မို့ စိတ်ထဲတွင် အတော်လေး ပေါ့ပါးသွားသည်ဟု ထင်မိသည်။
မိမိုးအလုပ်ခွင်သို့ ရောက်သော် ထုံးစံအတိုင်း မည်သူမှ မရောက်သေး။
“မိမိုးရေ လာဟေ့ နင့်ကို ဝမ်းသာစရာ ပြောရဦးမယ်… ဒီနေ့ အလုပ်ပြီးရင် နက်ဖြန် အမိုးကို စလစ်လောင်းမှာ တဲ့…စလစ်လောင်းတဲ့ အထဲ နင် လုပ်ဖို့ ငါ့ယောက်ျားကို ငါပြောပေးထားတယ် ။စလစ်လောင်းရင် တစ်နေ့ နှစ်သောင်းရမှာ ဟဲ့ ”
ဟူသော မသက်စကားကြောင့် မိမိုးပျော်လိုက်သည့်ဖြစ်ခြင်း ။
ယခုက တစ်ရက် ငါးထောင်သာ ရသည်မဟုတ်လား ။
“ကျေးဇူးတင်လိုက်တာ မသက်ရယ် .. ဒီနေ့တော့ ဘယ်လိုပျော်နေမှန်းကို မသိဘူး… နက်ဖြန်ဒီထက်စောစောလာခဲ့မယ် … ကြိုးစားပြီးလုပ်ပါ့မယ် မသက်ရေ ”
“ရော့ နောက်မှကြိုးစားလုပ် ခုတော့ခေါက်ဆွဲကြော်လေးစားလိုက်ဦး… အားရှိမှ အလုပ်လုပ်နိုင်မှာ ”
ဟုဆိုကာ ခေါက်ဆွဲကြော်ပန်းကန်အား မိမိုးရှေ့ ချပေးလိုက်သည်။
မိမိုးလည်း ခေါက်ဆွဲကြော်ပန်းကန်လေးအား ယူကာ အားရပါရ စားလိုက်တော့သည်။
ထိုနေ့က မိမိုးတို့ အလုပ်ခွင်တွင် အုတ်များ ကုန်သွားသည်မို့ နေ့တစ်ဝက်နှင့် အလုပ်နားလိုက်ရ၏။
“မသက်ရေ ဒီနေ့ အုတ်တွေ ကုန်သွားလို့ အုတ်တွေက နက်ဖြန်မှ ရောက်မယ်တဲ့.. ဒီနေ့တော့ စောစောနားပြီ ”
“ဟယ် ဟုတ်လား ၊ငါက နင်ချဥ်ပေါင်ရွက် စပ်ချဥ် လေးစားချင်တယ် ဆိုလို့ ညနေကျရင် ကြော်ပြီး ပေးလိုက်မို့ကို၊အေးလေ တစ်ရက်တစ်လေ စောစော နားရတော့ ကောင်းတာပေါ့.. နက်ဖြန်မနက် စောစောလာမှပဲ စားတော့ လေ.. နင် စိတ်ကူးပေါက်ရင်တော့ ညနေ လာယူရင် လာယူလှည့် ။ ကလေးတွေအတွက် မုန့်ယူသွားလိုက်ဦး ”
“ဒီနေ့တော့ မလာတော့ဘူး နက်ဖြန်မနက် စောစောလာမယ် စလစ်လောင်းမှာဆိုတော့ ဒီနေ့ က လုပ်ဖို့ နည်းနည်းလေး ကျန်တာဆိုတော့ အခြားသူတွေဆက်လုပ်ရမှာတဲ့… ကျွန်မတို့က စလစ်လောင်းရမယ်ပြောတယ် မသက်ရေ ”
ဟုဆိုကာ ပန်းတဝေဝေ အပြုံးတဝေဝေနှင့် ပါတိတ်အပန်းရောင် အမွဲလေးနှင့် မိမိုး ချိုင့်လေး လွှဲကာ လွှဲကာနှင့် အိမ်ပြန်သွား၏။
သို့သော် မိမိုးနောက်ကျောကို ကြည့်ကာ မသက်ရင်ထဲ လှစ်ဟာသွားသလိုကြီး ခံစားလိုက်ရလေသည်။
မပြန်စဖူး နေ့တစ်ပိုင်းနှင့် ပြန်သွားသည်မို့ ဤသို့ခံရသည်ဟုသာ တွေးမိသည်။
မကြာမီ
မသက် လည်း ဆိုင်အတွက် လိုအပ်သည်များဝယ်ရန် စျေးသို့ ဆိုင်ကယ်ဖြင့် ထွက်ခဲ့လေတော့သည်။
ထိုစဥ် လမ်းတစ်ဝက်၌ လူနာတင်ကား မှ အရေးတကြီးထွက်ခွာ သွားရာ ထိုကားပေါ်၌ မသက်တို့၏ ဆောက်လုပ်ရေးကန်ထရိုက်ကြီးအား တွေ့လိုက်ရလေရာ မသက်စိတ်ထဲ၌ သြ ဆောက်လုပ်ရေးက အလုပ်သမား တစ်ဦးဦး မတော်တဆ ဖြစ်တာနေမှာ ငါတို့ဆောက်လုပ်ရေး က ဒီနေ့စောစော နားတော့ မတော်တစ်ဆ ဖြစ်တာ ငါတို့လုပ်ငန်းခွင် ကတော့ မဟုတ်ဘူး.. ဟုတွေးမိသေးသည်။
မသက်ဆိုင်သို့ ပြန်ရောက်သောအခါ မသက်ယောက်ျား အား တစ်ဦးတစ်ယောက်မှ ဖုန်းဆက်ခေါ်၍ အလျှင်စလို ထွက်သွားသည်ဟု သိလိုက်ရသည်။
မသက်လဲ အလုပ်မအားသည်မို့ ကျန်တာမတွေးအားတော့ပဲ မိမိုးစားချင်သည့် ချဥ်ပေါင်ရွက် စပ်ချဥ်ကြော်လေးအား ကြော်ပေးရန်ပြင်ဆင်နေသည်။
ထိုစဥ် ဆိုင်မှ လမ်းထိပ်ဖက်သို့ ကြည့်လိုက်ရာ ပါတိတ်ထမီအပန်းနှင့် မိမိုးအား လေးတွဲ့ စွာ လျှောက်လာသည်ကို လှမ်းတွေ့လိုက်ရာ
“အင်း သူပြောတော့မလာတော့ဘူး ဆိုပြီး စပ်ချဥ်ကြော်လေး စားချင်လို့ လာယူတာနေမှာ ”
ဟု တွေးရင်း ပုဇွန်ဆိတ်ကြော်လေးပါ ပေးလိုက်မည်ဟု တွေးထားသည်။
သို့သော် မိမိုးသည်ကား မသက်ထံ ရောက်မလာခဲ့။
မသက်ကလည်း ဟင်မိမိုးလည်း ခုထိရောက်မလာပါလား.. ဟင်လမ်းမှာလဲ ဘယ်သူမှရှိမနေပါလား… ငါအစောတုန်းက မိမိုးကိုတွေ့လိုက်ပါတယ်… ပါတိတ်ထမီအပန်းလေးနဲ့ သူမှသူအစစ်ပါ…. ငါပဲ အမြင်မှားတာလား မသိဘူး ဟု ဝေခွဲမရ ဖြစ်သွားသည်။
ထိုစဥ် မသက်ထံသို့ မသက်အမျိုးသားမှ ဖုန်းခေါ်လာရာ မသက်လည်း ဖုန်းကိုင်လိုက်စဥ် တစ်ဖက်မှ
“မိန်းမရေ မိမိုးတော့ ကားတိုက်ခံရလို့ ဆုံးပြီဟေ့ ခုအလောင်းက ရင်ခွဲရုံ ပို့လိုက်ပြီ.. အတိုက်ခံရစဥ်ကတည်းက အသက်ပါသွားတာနေမှာ ”
မသက်စကားပင် ပြန်မပြောနိုင်အောင် ဆွံအ သွားလေသည်။
ပူပူနွေးနွေး ချဥ်ပေါင်ရွက်စပ်ချဥ်ကြော်လေးအား ကြည့်ရင်း မိမိုးမျက်နှာလေးကို မြင်ယောင်လာကာ မသက်တစ်ယောပ် မျက်ရည်များ စီးကျလာသည်။
ပြီးမှ ဟလို ဟလို ဟု တစ်ဖက်မှ ပြောနေသော ခင်ပွန်းသည်အား
” မိမိုးက ဘယ်လိုဖြစ်လို့ ရုတ်တစ်ရက်ကြီး ဖြစ်သွားတာလဲ… မယုံနိုင်သေးဘူး.. နေ့လည်ကတောင် အကောင်းကြီးကနေ ခုတော့ ဆုံးပြီတဲ့လား သူ့ကို အစောတုန်းကရိပ်ခနဲ လမ်းထဲဝင်လာတာ တွေ့မိသေးသလိုပဲ သူဝတ်နေကျ ပါတိတ်လုံချည် အပန်းရောင်လေးနဲ့ ”
“ဟုတ်ပကွာ မင်းပြောတဲ့ ထမီနဲ့ပဲ တက္ကသိုလ်ကျောင်းကြိုကားနဲ့ တိုက်မိတာတဲ့… သူက လမ်းဖြတ်အကူး ကားကလည်းအကွေ့ ကားက အရှိန်များတော့ ဖြတ်ကျိတ်မိတာ ပွဲချင်းပြီးပဲ.. ကဲပါ မိန်းမရယ် စိတ်မကောင်းပေမဲ့ ဘယ်တတ်နိုင်ပါ့မလဲ ကွာ ကလေးတွေလဲ ကရုစိုက်ဦး ”
ခင်ပွန်းဖြစ်သူ၏ ဖုန်းချသွားပြီးနောက်
မသက် ဝမ်းနည်းစွာ ငိုနေမိသည်။ထိုစဥ် သူ့နားထဲ၌
“မသက်… မမသက် ”
ဟူသောမိမိုးအသံအား ပီသစွာ ကြားလိုက်ရလျှင်
“ဟင် မိမိုး ညီမရေ အစ်မစိတ်မကောင်းပါဘူး ကောင်းရာသုဂတိ လားပါစေ ညီမရေ အမျှ အမျှ အမျှ ပါ ကွယ်… စိတ်မကောင်းလိုက်တာ မိမိုးရယ် ”
မိမိုး၏အသုဘရက်တွင် ဆောက်လုပ်ရေးလုပ်ငန်းအား ခတ္တနားကာ နာရေးအား ဝိုင်းကူပေးကြသည်။
မိမိုးနာရေးအား ကူညီပြီး နောက်ရက်တွင် ဆက်လက်၍ လုပ်ငန်းအား ဆက်လက်လုပ်ဆောင်ကြလေရာ အဆောက်အဦးအမိုးအား စလစ်လောင်းမည့်ရက်ဖြစ်လေသည်။
မနက် ၇နာရီခန့်တွင် ဆောက်လက်စ အဆောက်အဦး တွင် ပစ္စည်းများ စုထားရာ အခန်းမှ မဆလာ သယ်သည့် ဒယ်အိုး ပြုတ်ကျသံ နှင့်အတူ ပစ္စည်း သယ်ယူသည့်အသံ ကြားရသဖြင့် မသက်ယောက်ျားက
“ဟ..မင်းတို့လာတာ စောလှချည်လား အပေါ်ထပ်မှာ ရောက်နေတာ ဘယ်သူလဲ ဟေ့.. နေဦးကွ လူစုံမှလုပ်ငန်းစမှာ.. တစ်ယောက်တည်းလုပ်လို့ရတဲ့ လုပ်ငန်းများ မှတ်နေလားကွ ”
ဟု လှမ်းအော်လိုက်ရာ ဘာသံမှ မကြားတော့ပဲ အဆောက်အဦး တစ်ခုလုံးတိတ်ဆိတ်လျှက် ရှိလေသည်။
မသက်ယောက်ျားလည်း မသင်္ကါသဖြင့် အပေါ်ထပ်သို့ တက်ကြည့်ရာ လူမဆိုထားနှင့် ခွေးတစ်ကောင် ကြောင်တမြီးမှ မရှိပေ။
မသက်ယောက်ျားလဲ ကြက်သည်းများ ထလာကာ နှာခေါင်းထဲ၌ သွေးညီနံ့များ ရလာ၏။
ထိုစဥ် မသက်ယောက်ျား၏ နောက်ကျောဘက်မှ တစ်ဦးတစ်ယောက်ဖြတ်သွားသကဲ့သို့ ရိပ်ခနဲ တွေ့လိုက်ရပြီး လေးလေး သွဲ့သွဲ့ ဖြင့် သက်ပြင်းရှည်ကြီး ချသံအားလည်း ကြားလိုက်ရလေတော့သည်။
မသက်ယောက်ျားလည်း အပေါ်ထပ်မှ အလန့်တကြားပြေးဆင်းခဲ့ရသည်။
မိမိုးရဲ့ ခြောက်လှန့်မှုတွေ ဘယ်လို ဆက်ကြုံရဦးမှာလဲ…
မိမိုးယောက်ျားဘဦးကရော မိမိုးအတွက် ဘာတွေလုပ်ပေးမှာလဲ….
မိမိုးဘယ်အချိန်ထိ သူ့အလုပ်ထဲမှာ ရှိနေမှာလဲ …
ဆိုတာတွေကို
အပိုင်း.. ၂… ဇာတ်သိမ်းတွင် ဆက်လက် ဖတ်ရှုအားပေးကြပါရှင်
လေးစားလျက်
စာရေးသူ Nan Kyarnyo
****** မိမိုး ******
….အပိုင်း (၂) ဇာတ်သိမ်း……
မသက်၏ အမျိုးသားလည်း ကြောက်လန့်တကြား အပေါ်ထပ်မှ ပြေးဆင်းလာပြီးနောက် မိမိ အဖြစ်အား မည်သူ့ကိုမျှ မပြောရဲသောကြောင့် နှုတ်ဆိတ်နေ၏။
ပြောပြန်လျှင်လည်း ဆောက်လုပ်ဆဲ အဆောက်အဦး၌ သရဲခြောက်သည်ဟူသော သတင်းများပြန့်နှံ့သွားကာ ပိုင်ရှင်ထိခိုက်သွားမည်ကိုလည်း စိုးရိမ်ရသေးသည် မဟုတ်လား။
မိမိုး၏ သမီးလေးက ညနေနေဝင်တရီအချိန်တွင်
” ဖေဖေ ရေ မေမေအလုပ်ကပြန်လာပြီ မေမေ ငိုနေတယ် မေမေ့မျက်နှာက သွေးတွေနဲ့ ၊ဖေကြီးရေလာကြည့်ပါဦး မေမေဘာဖြစ်လဲ မသိဘူး.. လာ… မေမေ လာ လာ…မေမေက လာလဲလာဘူး.. ”
သမီးကဘဦးထံသို့ တတွတ်တွတ်ပြောနေသောကြောင့် ဘဦးလည်း အလွန်ဝမ်းနည်းကာ ငိုကြွေး မိသည်။
” မိမိုးရယ်.. ကိုယ်တောင်းပန်ပါတယ်ကွာ.. မင်းရှိနေစဥ်တုန်းက ငါ မင်းကို ဂရုမစိုက်ခဲ့ မိတာ ကိုယ်အရမ်းနောင်တ ရတယ် မိမိုးရယ်… မင်းငါ့အပေါ်သိပ်ကို ကောင်းလွန်းခဲ့ တယ်… မိန်းမရယ်.. ငါကတိပေးပါတယ် … သားနဲ့ သမီးလေး ကို ငါသေချာ စောင့်ရှောက်ပါ့မယ်ကွာ မင်းစိတ်ဖြောင့် လက်ဖြောင့်သာ သွားပါ… ”
ဟု ဝမ်းနည်းသံကြီးဖြင့်ဆိုလေရာ ဘဦးတို့အိမ်အနီး၌ ေခွးများသည်လည်း ဘဦးတို့အိမ်ဘက်မှ လမ်းမကြီး တစ်လျှောက် တစ်စုံတစ်ခုကို တွေ့၍ အူကြ၏။
မကြာမီခွေးအူသံများလည်း ဘဦးတို့အိမ်နှင့် ဝေး၍ ဝေး၍ သွားလေတော့သည်။
မသက်တို့၏ ဆောက်လုပ်ရေး လုပ်ငန်းခွင် ကြီးသည် ညအချိန် တိတ်ဆိတ်ကာ နေလေသည်။
ထိုအချိန်တွင် မသမာသူ နှစ်ဦးသည် အဆောက်အဦး အနီးချဉ်းကပ်လာလေသည်။
“ငတင့် မင်းဂွင်က သေချာလို့လား၊တော်ကြာ ညစောင့်တွေ ဘာတွေ ရှိနေရင် အကျိုးနည်း ကုန်မယ်… ”
” ဟာ… ငတိုတို့က မပိုင်ရင် ခြင်တောင်မရိုက်ဘူးကွ၊ ညစောင့် လူတော့မရှိဘူး၊ဟိုရက်က ကားတိုက်သေသွားတဲ့ ပန်းရံသမတော့ ရှိချင်ရှိမှာ… ကွ ဟား… ဟားး”
ငတင့်နှင့်ငတိုဆိုသူကား ထိုမြို့လေးတွင် အရက်သောက် ဖဲရိုက်ကာ လစ်ရင်လစ်သလို ခိုးသော အလစ်သမားများ ဖြစ်သည်။
ဂွင်ကြီး ရလျှင် ဂွင်ကြီးအလိုက် ခိုးယူတတ်ပြီး ဂွင်ကြီးမရှိလျှင်လည်း ကြုံရာ ခိုးယူတတ်ကြ၏။
ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် သံတိုသံစ မှအစ ပစ္စည်း ကိရိယာ များ ရောင်းစားလို့ ရသမျှ ခိုးမည် ဟူသော အတွေးနှင့် ရောက်လာကြခြင်း ဖြစ်သည်။
ထို အဆောက်အဦး အား မသက်ယောက်ျားက ယခင်က ညဘက် မကြာခဏ လှည့်လည်ကြည့်ရှု တတ်သော်လည်း မိမိုးသေဆုံးပြီး အသံဖြင့် ခြောက်လှန့်ခြင်း၊အနံ့များပေးခြင်း… ရိပ်ကနဲ ကိုယ်ထင်ပြခြင်း တို့ကြောင့် ညအချိန်တွင် မသက်ယောက်ျားမှာ မိမိုးအား ကြောက်သောကြောင့် ထိုအဆောက်အဦးထဲ မသွားဝံတော့ချေ။
ငတင့် နှင့်ငတို နှစ်ယောက်လဲ အောက်ထပ်တွင်လှည့်ပတ်ကြည့်ရှု ကြသော်လည်း ခိုးစရာပစ္စည်း မတွေ့သောကြောင့် အပေါ်ထပ်သို့ တက်လာကြသည်။
ထိုစဥ် ထိုအဆောက်အဦးထဲ သို့ ကြည့်ကာ ခွေးများ ဆွဲဆွဲငင်ငင်အူလိုက်ကြရာ ငတင့်က
” အရေးထဲ ဒီခွေးတွေ ကလဲတစ်မျ်ိုး ” ဟု တီးတိုးရေရွတ်လိုက်သည်။
အဆောက် အဦး အပေါ်ထပ်တွင် အမျိုးသမီး ငိုညည်းသံ သဲ့သဲ့အား ကြားလိုက်ရလျှင် ငတိုက
” မိန်းမငိုသံပဲ သရဲမအသံတော့ မဟုတ်လောက်ဘူး၊ဇယားတွေဘာတွေ ဒီထဲရောက်နေတာလား မသိဘူး တစ်ယောက်ယောက် ခေါ်အိပ်တဲ့ ဂွင်ထင်တယ်… ငတင့်ရေ အခြေအနေ ကောင်းရင် ငါတို့ လည်း ဝင်ကြုံးရအောင် ”
သူတို့၏ခြေလှမ်းများက ငိုသံကြားရာအခန်းဘက်ဦးတည်လိုက်သည်။
ထိုအခန်းထောင့် အမှောင်တွင် ဆံပင်ဖြန့်ကာ စံပယ်ပန်းပန်ထားသော အမျိုးသမီးတစ်ဦးက သူတို့နှစ်ဦးအား ကျောပေးကာ ထိုင်ရင်းတီးတိုး ငိုရှိုက်နေသည်ကို တွေ့လိုက်ရသည်။
“ညီမလေး မငိုပါနဲ့ ကိုကြီးတို့လာပြီ၊ညီမအဆင်မပြေဘူးလား၊မငိုပါနဲ့… လာ..လာ ကိုကြီးရင်ခွင်ထဲ လာဟု ”
ဆိုကာ ထိုအမျိုးသမီးအနီး ချဉ်းကပ်သွားလေရာ ထိုအမျိုးသမီးက ရုတ်တရက် ထိုင်နေရာ မှ နောက်ပြန် အလျှင်အမြန် ရွေ့လျားလာကာ အက်ကွဲနေသော အသံကြီးဖြင့်
” ငါ စလစ်လောင်းမှာ… ငါစလစ်လောင်းချင်တယ်… ငါ.. အလုပ်လုပ်မှာ…. နင်တို့ ကိုပါ စလစ်ထဲ ထည့်လောင်းပစ်မယ်… ဟားဟားဟား… အီးဟီး… ဟီး”
ဟုဆိုကာ လက်များကွေးကောက်လျှက် ခေါင်းတစ်ခြမ်းက ပြားနေကာ ဦးနှောက်အချို့က တဖတ်ဖတ်ပြုတ်ကျ ကုန်လေသည်။
ငတိုနှင့်ငတင့်တို့လည်း ရုတ်တရက် အလွန်အမင်းလန့်ကာ ကြောင်ကြည့်နေမိကြသည်။
ထိုအခါ အမျိုးသမီးက သူဗိုက်ထဲမှ ကလေးအား ဆွဲထုတ်ကာ သူတ်ို့ထံ သို့ ပစ်ပေါက်လိုက်လေလျှင် နှစ်ဦးသား
” အမယ်လေး သရဲဗျို့ သရဲ မကြီး ပြေးးးပြေး ”
ဟုဆိုကာ သတိလစ်မေ့မျောသွားကြသည်။
မသက်တို့တွေလည်း ညကြီး မင်းကြီး အသံများကြောင့် နိုးလာကြ၍ ထိုအဆောက်အဦး ထံသို့ အလျှင်အမြန်သွားရောက်ကြည့်ရှုရာ သတိလစ်မေ့မျော နေသော ငတိုနှင့်ငတင့်တို့အား တွေ့လိုက်ရသည်။
မသက်တို့လည်း ရဲစခန်းသို့ အကြောင်းကြားရာ မကြာမီ ငတိုနှင့်ငတင့်တို့လည်း မေ့မျှောလျှက် ရဲစခန်းသို့ ပါသွားကြသည်။
ထိုသူခိုးနှစ်ဦးသည် စခန်းသို့ ရောက်လျှင်သတိများ ပြန်ရလာကာ ကယ်ပါ ယူပါ အော်ဟစ်ကြတော့သည်။
အတော်လေး ကြောက်စရာ ကောင်းသော မြင်ကွင်းကို မြင်သွားသဖြင့် ရူးမတတ်ပင် ဖြစ်ကြရလေသည်။
လွန်ခဲ့ သောလက မိမိုးတို့ ဆောက်လုပ်ရေး လုပ်ငန်းခွင်၏ တစ်ခြံကျော်တွင် ခိုးမှုတစ်ခု ဖြစ်ပွားဖူးလေသည်။
အိမ်ရှင်များ ဘုရားဖူးသွားစဥ် ဖောက်ထွင်းခံ ရကာ ကာလတန်ဖိုး ကျပ်သိန်းငါးဆယ် ခန့် ခိုးယူခံရသည်။
ထိုဖြစ်စဥ်ကြောင့် သံသယရှိသူများတွင် မိမိုးတို့ ဆောက်လုပ်ရေးမှ အလုပ်သမားများ .. မိမိုးအပါအဝင် အားလုံး အစစ်အဆေးခံကြရဖူးလေသည်။
ထိုသို့ အစစ်အဆေးခံရစဥ်က အလုပ်သမားများ အားလုံး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ခဲ့ ရဖူးကာ ယခုချိန်ထိ တရားခံ ဖော်မရပဲ ထိုအလုပ်သမားများမှာလည်း သံသယဖြင့် စောင့်ကြည့်ခံကြရဆဲ ဖြစ်၏။
စခန်းတွင် ငတိုနှင့်ငတင့်တို့ သည် ကြောက်အားလန့်အားနှင့် ကယောင်ကတမ်းရေရွတ်ရင်း လွန်ခဲ့ သော လက သိန်းငါးဆယ် ခန့်ဖောက်ထွင်းမှုကို ဝန်ခံမိကြသည်။
ထိုအမှုတရားခံမှာ ဒင်းတို့ နှစ်ယောက်ဖြစ်မှန်း ယခုမှပင် သိကြရသည်။
အကုသိုလ် ပြုသူတို့သည်ကား အချိန်တန်လျှင် ပြန်၍ အကျိုးပြုမြဲတည်း။
တစ်ဖက်တွင်လည်း အဆောက်အဦးဆောက်လုပ်နေစဥ်
စလစ်လောင်းသည့်အဖွဲ့မှာ ပစ္စည်းတွေ အလိုလိုရွေ့သွားခြင်း..များကို မကြာခဏ တွေ့ကြရသည်။
နေဝင်တရီ အချိန်တွင် ထိုတိုက်ပေါ်တွင် အမျိုးသမီးတစ်ဦး ပြေးတက်ပြေးဆင်း လုပ်နေသည်ကိုလည်း၊ဖြတ်သွားဖြတ်လာ လူများမှ တွေ့ရှိတတ်သည်။
မသက် နားထဲတွင် မသက်ရေ.. မသက် ဟူသော မိမိုးခေါ်သံကို မကြာခဏ ကြားရသည်။
မသက်လည်း ထိုတည်းခိုခန်း ပိုင်ရှင် သူ့အစ်မထံ
” မအိရေ မိမိုးကမကျွတ်ဘူး..သူ့အလုပ်မှာ စွဲနေတယ် ကြာရင်မကောင်းဘူး နက်ဖြန်မိမိုးရက်လည်ဆိုတော့ ဒီတည်းခိုခန်းမှာလည်း တရားနာလိုက်ရအောင် အစ်မ.. ဟိုနေ့က သူခိုးနှစ်ယောက်လဲ မိမိုးခြောက်လွှတ်လိုက်လို့ ရူးမတတ်ဘဲ… အစ်မအဆောက်အဦးမှာလဲ ဒီလိုတွေ ဖြစ်နေရင် အလုပ်ဖြစ်မှာ မဟုတ်ဘူး ”
မအိလည်း တရားနာရန် သဘောတူလိုက်သည်။
မအိနှင့် မသက်တို့ ညီအစ်မတွေလည်း မိမိုးရက်လည်နေ့တွင် ထိုအဆောက်အဦးတွင် တရားနာကာ အမျှပေးဝေလေသည်။
သို့သော် အစွဲအလမ်းကြီးလွန်းသော အလုပ်ကို ချစ်သော မိမိုးသည်ကား ထိုအဆောက်အဦး၌ ရှိနေမြဲတည်း။
မိမိုးအမျိုးသား ဘဦးလည်း မိမိုးမကျွတ်သည်ကို သိ၍ အလွန်စိတ်မကောင်း ဖြစ်ရသည်။
ဘဦးအရက်လဲ မသောက်တော့ပေ။
မိမိုးအတွက် လျှော်ကြေးငွေ သိန်းငါးဆယ်ရလေသည်။
အများထင်ကြသည်က ထိုငွေနှင့် ဘဦး နောက်အိမ်ထောင်ပြုမည်ဟု ပင်။
ထင်မည်ဆိုလည်း ထင်စရာပင်၊ယခင်က ဘဦးက မိန်းမကိစ္စ အရှုပ်အရှင်းရှိသည်ဟု သိကြသောကြောင့် ဖြစ်သည်။
သို့သော် ဘဦးသည် မိမိုးအတွက် ရငွေသိန်းငါးဆယ်လုံးအား တစ်ပြားမှ မသုံးပဲ ဘုန်းကြီးကျောင်း မုတ်ဦးတစ်ခုလုံးအား မိမိုးနာမည်နှင့် လှူဒါန်းပေးလိုက်၏။
အများက ချီးကျူးကြရသည့် မိမိုးယောက်ျား ဘဦး၏ အလှူတည်း။
သို့သော် ဘဦး၏ချစ်ဇနီး မိမိုးသည်ကား သူပန်းရံလုပ်ရာ အဆောက်အဦးလေးထဲ၌သာ တစ်ဝဲဝဲ တလည်လည်ပင်။
အဆောက်အဦး ဆောက်လုပ်ပြီးစီး သွားပြီး မီးဆင်ရာတွင် ဘဦးတို့ အဖွဲ့ ထိုအဆောက်အဦး၌ မီးဆင်ကြရလေသည်။
ဘဦး နေ့ခင်းဘက် ထမင်းစားနားပြီး ထိုအဆောက်အဦး၌ တစ်ရေးအိပ်နေစဥ်
” ကိုဘဦး ယောက်ျား ထ.. ထ ”
ဟူသော အသံကြောင့် ဘဦးလဲ ကြည့်လိုက်ရာ ပါတိတ်ထမီအပန်းလေးနှင့် ညှိုးရော်စွါ ရပ်နေသော မိမိုးကိုတွေ့လိုက်ရသည်။
” ဟင်မိမိုး.. မိန်းမ မင်းသေသွားပြီမို့လား၊ဖြစ်နိုင်ရင်ငါ့ဆီပြန်လာပါ၊
မိန်းမအတွက် ဘုရားမှာမုတ်ဦး လှူပေးလိုက်တယ်လေ၊မင်းသေတော့ လျှော်ကြေးငွေ သိန်းငါးဆယ် ရတယ်၊ငါတစ်ပြားမှမသုံးဘူး၊မင်းအတွက် လှူပေးလိုက်တာ.. မင်းသာဓု မခေါ်ဘူးလား ”
” သိပါတယ် သာဓု ခေါ်မရလို့.. ကျုပ်စလစ်လောင်းဖို့ပဲစိတ်စွဲပြီးသေတော့ ဒီနေရာက နေဘယ်မှ သွားမရဘူး၊ကျုပ်ဒီလုပ်ငန်းခွင်ကို အရမ်းခင်တွယ်ခဲ့လို့ ကျုပ် ဒီမှာပျော်နေတယ်… ကျုပ်မသက်ကိုလည်း အရမ်းခင်လို့ သူတို့ဆီမှာ နေခွင့်ရဖို့ ကြိုးစားနေတာ၊ကျုပ် ဒီအဆောက်အဦးမှာ ေစာင့်ရဦးမယ်၊အဲဒါ အရေးမကြီးဘူး… ထတော့ ခုချက်ချင်း ပြန်ပါ၊ကျုပ်စကား နားထောင်… ရှင်သေလို့မဖြစ်ဘူး… ကျုပ်ကလေးတွေက ရှင်ရှိမှဖြစ်မှာထ ပြန်တော့… ရှင်မပြန်ရင် ကျမ အဆိုးမဆိုနဲ့.. ”
ဟုဆိုကာ မိမိုးသည် ရုတ်ပျက်ဆင်းပျက် ပုံစံဖြင့် ဘဦးထံ ရောက်လာကာ လည်ပင်းညှစ်တော့သည်။
ဘဦး အသက်ရှုကြပ်လာသဖြင့် လန့်နိုးလာရာသူ့လည်ပင်း၌ လက်သည်းခြစ်ရာကြီးအား တွေ့လိုက်ရ၏။
ဘဦးလည်း အရမ်းလန့်သွားကာ ထိုနေ့တွင် အလုပ်ဆက်လုပ်လိုစိတ်မရှိတာကြောင့် နေ့တစ်ဝက် အလုပ်နားကာ လေးသွဲ့စွာဖြင့် အိမ်ပြန်ခဲ့လေတော့သည်။
ဘဦး နားမလည်ပေ။ မိမိုးဘာကြောင့် ပြန်ခိုင်းပြီး သူ့ကို ရန်ရှာလေသနည်း ။
ထိုနေ့တွင် ကျန်လူများက အလုပ်ဆက်လုပ်နေကြသည်။
ညနေခင်း၌ ထိုအဆောက်အဦးအား မီးဆင်နေစဥ် ဝါယာလျှော့ ဖြစ်ကာ အလုပ်သမားတစ်ဦးသည် ထိုအဆောက်အဦးတွင် ဓာတ်လိုက်သေဆုံးသွားသည်။
အမှန်တစ်ကယ် ထိုလူအလုပ်လုပ်ရာနေရာသည် ဘဦး ဆက်လက်လုပ်ဆောင်ရမည့် နေရာဖြစ်ပြီး ဘဦးသာ အိမ်မပြန်ခဲ့ပါမူ သေဆုံးသူသည်လည်း ဘဦးသာ ဖြစ်ပေလိမ့်မည်။
သြ မိန်းမဟူသည် သေဆုံး၍ မကျွတ်မလွတ်သော ဘဝသို့ ရောက်နေသည့် တိုင်အောင် မိမိယောက်ျားအား အန္တရာယ်များ ကို ကာကွယ်ပေးတတ်ရှာသည်။
တည်းခိုခန်းပိုင်ရှင် မအိတို့လည်း တစ်ပူပေါ် နှစ်ပူဆင့် ကာ ဓာတ်လိုက်သေဆုံးသွားသော အမှုအား ထပ်မံဖြေရှင်းရပြန်သည်။
ဤသို့ဖြင့် တည်းခိုခန်းကြီးသည် အခက်အခဲ ကြားမှ ပြီးစီးသွားတော့သည်။
တည်းခိုခန်း ဖွင့်ထားသည်မို့ မသက်၏ ထမင်းဆိုင်လေးလည်း အတော်လေး ရောင်းရလေသည်။
တည်းခ်ိုခန်းတွင် ဧည့်ကြိုမလေးက အပေါ်ထပ်တက်မည်အပြု ထမီအပန်းနှင့် အမျိုးသမီး အပေါ်ထပ်တက်သွားသည်ကို တွေ့လိုက်ရာ ဘယ်သူများလည်း ဟူသော သိချင်စိတ်ကြောင့် နောက်မှ အလျှင်အမြန်လိုက်ကြည့်ရာ မည်သူတစ်ဦးတစ်ယောက်မှ မတွေ့ရတော့သဖြင့် တွေဝေသွား၏။
ထိုအမျိုးသမီးက နေ့ခင်းဘက် မသက်ဆိုင်လေးထဲ ထမင်းလာစားရင်း
” အန်တီသက် မနက်က တည်းခိုဆောင် အပေါ်ထပ်ကို ထမီအပန်းနဲ့ အမျိုးသမီး တစ်ယောက် တက်သွားတာတွေ့လိုက်လို့ လိုက်ကြည့်တာ မျက်စိရှေ့မှာတင် ပျောက်သွားတာ… ဘယ်ရောက်သွားမှန်းလဲ မသိဘူး… ”
ဟုဆိုကာ ထမင်းဆက်စားနေလေသည်။
ထိုအမျိုးသမီးငယ်သည် မိမိုးအကြောင်း လုံးဝမသိသောသူမို့ ကြောက်ရကောင်းမှန်းလည်း မသိပေ။
မသက်ကထိုအမျိုးသမီးစကားကြောင့် သူ့လက်က ဇွန်းပင်လွတ်ကျ သွားသည်။
” သြ သမီး အမြင်မှားတာနေမှာပါ ”
ဟုသာ ဆိုလိုက်ရင်း သူ့စိတ်ထဲ၌
” မိမိုးခုထိ မကျွတ်သေးပါလား… ” ဟုဆိုကာဝမ်းနည်းမိလေသည်။
ထို့ကြောင့် မသက်၏ ကလေးများအား မသက်က ထိုအဆောက်အဦးဘက်သို့ ပေးမသွားပေ။
အဘယ်ကြောင့် ဆိုသော် မိမိုးသည် မသက်၏ ကလေးများအား ချစ်ခင်ကာ အထူးသဖြင့် သမီးငယ်လေးအား ပို၍ ချစ်ခင်သောကြောင့် ဖြစ်သည်။
မသက်ယောက်ကျားကား ထိုအဆောက်အဦး ပြီးကတည်းက မည်သည့်အလုပ်မှ မလုပ်တော့ပဲ.. မသက်အားလည်း မကူ၊ အခန့်သားဖြင့် မသက်လုပ်စာ ထိုင်စားနေသည်။
တစ်ခါတစ်ရံ တည်းခိုခန်းဘက် သို့ ဟိုယောင်ယောင် ဒီယောင်ယောင်ဖြင့် ဆရာကြီး စတိုင်ထုတ်လိုက်သေးသည်။
တစ်နေ့ တည်းခိုခန်းရှေ့ ခုံတန်းရှည်တွင် မသက်ယောက်ကျား အိပ်ပျော်နေစဥ် အိပ်မက်ထဲ၌
” နင့်ကို ကြည့်နေတာကြာပြီ.. မိန်းမကိုမကူပဲ လက်ယျား လက်ယျား လုပ်နေတာ၊ထစမ်း ငါ့ရှေ့မှာ လာမအိပ်နဲ့ နင့်မိန်းမ ဆီသွားကူ”
ဟူသော အသံကိုကြားရပြီး မသက်ယောက်ျားလဲ အိပ်နေရင်း ခုံပေါ်မှအောက်သို့ တစ်စုံတစ်ဦးက ဆွဲချသကဲ့သို့ ပြုတ်ကျကာ လက်ကျိုးသွားသည်။
ထိုနောက်ပိုင်း မသက်ယောက်ကျားက တည်းခိုခန်းဘက်၌ မအိပ်ရဲတော့။
တစ်ည ထိုတစ်ည၌ မသက် အိပ်ပျော်နေစဥ် အိပ်မက်ထဲ၌
” မသက် မိမိုးလေ မသက်တို့နဲ့ အတူ နေချင်တယ် မိမိုးကို နေခွင့် ပြုပါနော် ”
ဟု သနားစဖွယ်တောင်းဆိုလေသည်။
” မိမိုးရယ် နင်သိတဲ့အတိုင်းပဲ ငါကအလုပ်ကလည်းများ.. သားအိမ်ကလဲ မကောင်းလို့ ဆေးခန်းပြနေရတာ၊ နင်ငါတို့ဆီလာနေလို့ အဆင်မပြေဘူး၊ ဆရာဝန်ကလည်းငါ့ကို ကလေးထပ်မယူ ရဘူးပြောထားတာ၊ ငါ့ညီမရယ် နင်ငါတို့ထက် အဆင်ပြေပြီး ချမ်းသာတဲ့ မိသားစုလေးကို ရှာပါ နင် အရမ်းပင်ပန်းခဲ့ ရတော့ နင် ထပ်ပြီး ပင်ပန်းရမယ့် မိသားစု မှာ ထပ်မနေပါတော့နဲ့ ”
မိမိုးသည် ညှိုးငယ်သောမျက်နှာလေးနှင့် ပန်းရံလုပ်ရာတွင် မဆလာထည့်သယ်သော သံဒယ်အိုးကို ရွက်ကာ အထုပ်ကြီးတစ်ထုတ်အား လက်က ဆွဲလျှက်
“ဒါဆိုလည်း မိမိုးသွားရတော့မယ် မသက်ရေ၊ မိမိုးတာဝန်ကျေပါပြီ၊မိမိုးကို သွားခွင့် ပြုပါ၊မိမိုးကို လက်ခံတဲ့ မိသားစုဆီကို မိမိုးသွားပါပြီ ”
ဟုဆိုကာ မသက်အိမ်ရှေ့ မှ လမ်းမကြီး တစ်လျှောက် ထွက်ခွာသွားသည်ကို တွေ့လိုက်ရ၏။
ထိုစဥ် မသက်လဲ အိပ်မက်မှ လန့်နိုးလာလျှင် လမ်းတစ်လျှောက်ခွေးများ ဆွဲဆွဲငင်ငင် အူသံကြားလိုက်ရပြီး ခွေးအူသံများသည်လည်း မသက်အိမ်နှင့် ဝေး၍ ဝေး၍ သွားလေတော့သည်။
ထိုနေ့ည၌ မိုးသည်လည်း သဲကြီးမဲကြီး ရွာနေလေသည်။
ကြာခဲ့ပါပြီ မိမိုးသေဆုံးသွားသည်မှာ သုံးနှစ်စွန်းစွန်းရှိခဲ့လေပြီ။
တစ်နေ့ မသက်ဆိုင်ရှေ့ ဆိုင်ကယ်နှင့် စျေးဝယ်သူတစ်ဦးရောက်လာကာ ဟင်းဝယ်နေစဥ် ထိုစျေးဝယ်သူ၏ သမီးလေးက
” မေမေ ချဥ်ပေါင်ရွက်စပ်ချဥ်ကြော်လေး မီးမီးကြိုက်တယ် ”
ထိုကလေးသည် မသက်အား ကြည့်ခါ ပြုံးပြ နေလေသည်။
ထိုကလေး၏ မိခင်က အသားဖြူသော်လည်း ကလေးက အသားညိုစိမ့်စိမ့်နှင့် ချစ်စရာလေးပင် ။
မသက်က ကလေးမျက်နှာကို ကြည့်ကာ ရင်းနှီးဖူးသကဲ့ သို့ ထင်မိသောကြောင့် စပ်စုကာ
” အစ်မသမီးလား အစ်မက အသားဖြူပြီး ကလေးက ညိုစိမ့်စိမ့်လေး ဖအေတူထင်တယ် ”
“ဘယ်ကလာ သူ့အဖေကတရုတ်စပ်၊ အသားက ကျွန်မထက်တောင်ဖြူသေးတယ်၊ကျွန်မတို့က ကလေးသိပ်လိုချင်ပေမဲ့ ကလေးမရကြဘူး… မိုးရွာတဲ့ ညကြီးတစ်ညက အိပ်မက်ထဲမှာ မိန်းခလေးတစ်ယောက်က အထုတ်လေးပိုက်ပြီး နေပါရစေလို့ ခွင့်တောင်းလို့ သနားပြီး၊အေး နေချင်နေလေလို့ အိပ်မက်မက်ပြီး နောက်ပိုင်း ကိုယ်ဝန်ရှိပြီး ဒီသမီးလေး မွေးတာပဲ…. သမီးလေးက ထမင်းစ စားတတ်ကတည်းက ချဥ်ပေါင်ရွက် စပ်ချဉ်ကြော် သိပ်ကြိုက်တာ ”
ဟု ဆိုရာ မသက် အံ့သြသွားသည်။
ထိုအခါမှ ကလေးမျက်နှာလေးက မိမိုးမျက်နှာလေးနှင့် ဆင်နေသည်ကို စဥ်းစားမိ၏။
ကလေးအမေက ဆိုင်မှထွက်ခါနီး ကလေးက ဆိုင်ကယ်ပေါ်မှဆင်းကာ
” မုန့်ထုတ်ပေးဦးလေ “ဟု တောင်းရာ ကလေးအမေက အားနာစွာနှင့်
” သြ သမီးရယ် စားချင်ရင်ပြောလေ မေမေဝယ်ကျွေးမှပေါ့ ”
မသက်လည်း အားရဝမ်းသာဖြင့် မုန့်နှစ်ထုတ်ဖြုတ်ကာ
“ရော့ ထုံးစံအတိုင်း မုန့်နှစ်ထုတ် ” ဟုပေးရင်း ကလေးမလေးရော မသက်ပါ ပျော်ရွှင်စွာ ရယ်မော မိကြလေသည်။
ကလေးမိခင်ကတော့ မသက်တို့ကို နားမလည်စွာ ကြည့်နေရင်း
” အစ်မမုန့်က ဘယ်လောက်လဲ ”
“ပိုက်ဆံပေးစရာ မလိုပါဘူးအစ်မရယ်၊ကလေးကို ချစ်လို့ ကျွေးတာပါ”ဟု ဆိုလိုက်လေသည်။
ထိုသားအမိ ဆိုင်ကယ်က မသက်ဆိုင်မှ ထွက်ခွာသွားချိန်၌ မသက်၏ မျက်ဝန်းအိမ်ထဲ၌ မျက်ရည်များ ကျလာသည်။
ဤတစ်ကြိမ်၌ မသက်မျက်ဝန်းမှကျသော မျက်ရည်သည်ကား ဝမ်းသာ၍ ကျရသော မျက်ရည် ဆိုတာ စာဖတ်သူတို့လည်း သိမည်ထင်ပါသည်။
လေးစားလျက်
စာရေးသူ Nan Kyarnyo